အင်္ဂုတ္တရနိကာယ်
၂-သီဟနာဒဝဂ်
၃-ကောဋ္ဌိကသုတ်
၁၃။ ထိုအခါ အသျှင်မဟာကောဋ္ဌိကသည် အသျှင်သာရိပုတြာအထံသို့ ချဉ်းကပ်၍ အသျှင် သာရိပုတြာနှင့်အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆို၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြောဆိုပြီးဆုံးစေပြီးနောက် တစ်ခုသောနေရာ၌ ထိုင်ပြီးသော် အသျှင်သာရိပုတြာအား—
“ငါ့သျှင် သာရိပုတြာ ‘မျက်မှောက်ဘဝ၌ ခံစားရမည့် အကျိုးရှိသော ကံသည် ငါ့အား တမလွန်ဘဝ၌ ခံစားရမည့် အကျိုးရှိသော ကံဖြစ်ပါစေ’ဟူသော ဤအကျိုးငှါ မြတ်စွာဘုရား (အထံ၌) မြတ်သော အကျင့်ကို ကျင့်သုံးနေသလော”။ ငါ့သျှင် ဤသို့ ကျင့်သုံးသည် မဟုတ်ပါ။ “ငါ့သျှင်သာရိပုတြာ (ထိုသို့ မဟုတ်လျှင်) ‘တမလွန်ဘဝ၌ ခံစားရမည့် အကျိုးရှိသော ကံသည် ငါ့အား မျက်မှောက်ဘဝ၌ ခံစား ရမည့် အကျိုးရှိသော ကံဖြစ်ပါစေ’ဟူသော ဤအကျိုးငှါ မြတ်စွာဘုရား (အထံ)၌ မြတ်သော အကျင့်ကို ကျင့်သုံးနေသလော”။ ငါ့သျှင် ဤသို့လည်း ကျင့်သုံးသည် မဟုတ်ပါ။
“ငါ့သျှင် သာရိပုတြာ ‘ချမ်းချမ်းသာသာ ခံစားရမည့် အကျိုးရှိသော ကံသည် ငါ့အား ဆင်းဆင်းရဲရဲ ခံစားရမည့် အကျိုးရှိသော ကံဖြစ်ပါစေ’ဟူသော ဤအကျိုးငှါ မြတ်စွာဘုရား (အထံ၌) မြတ်သော အကျင့်ကို ကျင့်သုံးနေသလော”။ ငါ့သျှင် ဤသို့လည်း ကျင့်သုံးသည် မဟုတ်ပါ။ “ငါ့သျှင် သာရိပုတြာ (ထိုသို့ မဟုတ်လျှင်) ‘ဆင်းဆင်းရဲရဲ ခံစားရမည့် အကျိုးရှိသော ကံသည် ငါ့အား ချမ်းချမ်းသာသာ ခံစား ရမည့် အကျိုးရှိသော ကံဖြစ်ပါစေ’ဟူသော ဤအကျိုးငှါ မြတ်စွာဘုရား (အထံ)၌ မြတ်သော အကျင့်ကို ကျင့်သုံးနေသလော”။ ငါ့သျှင် ဤသို့လည်း ကျင့်သုံးသည် မဟုတ်ပါ။
“ငါ့သျှင် သာရိပုတြာ ‘ရင့်ကျက်မှ ခံစားရမည့် အကျိုးရှိသော ကံသည် ငါ့အား မရင့်ကျက်မီ ခံစားရမည့် အကျိုးရှိသော ကံဖြစ်ပါစေ’ဟူသော ဤအကျိုးငှါ မြတ်စွာဘုရား (အထံ၌) မြတ်သော အကျင့်ကို ကျင့်သုံးနေသလော”။ ငါ့သျှင် ဤသို့လည်း ကျင့်သုံးသည် မဟုတ်ပါ။ “ငါ့သျှင် သာရိပုတြာ (ထိုသို့ မဟုတ်လျှင်) ‘မရင့်ကျက်မီ ခံစားရမည့် အကျိုးရှိသော ကံသည် ငါ့အား ရင့်ကျက်မှ ခံစားရမည့် အကျိုးရှိသော ကံဖြစ်ပါစေ’ဟူသော ဤအကျိုးငှါ မြတ်စွာဘုရား (အထံ)၌ မြတ်သော အကျင့်ကို ကျင့်သုံး နေသလော”။ ငါ့သျှင် ဤသို့လည်း ကျင့်သုံးသည် မဟုတ်ပါ။
“ငါ့သျှင် သာရိပုတြာ ‘များစွာ ခံစားရမည့် အကျိုးရှိသော ကံသည် ငါ့အား အနည်းငယ် ခံစားရမည့် အကျိုးရှိသော ကံဖြစ်ပါစေ’ဟူသော ဤအကျိုးငှါ မြတ်စွာဘုရား (အထံ၌) မြတ်သော အကျင့်ကို ကျင့်သုံးနေသလော။ ငါ့သျှင် ဤသို့လည်း ကျင့်သုံးသည် မဟုတ်ပါ။ “ငါ့သျှင်သာရိပုတြာ (ထိုသို့ မဟုတ်လျှင်) ‘အနည်းငယ် ခံစားရမည့် အကျိုးရှိသော ကံသည် ငါ့အား များစွာ ခံစားရမည့် အကျိုး ရှိသော ကံဖြစ်ပါစေ’ဟူသော ဤအကျိုးငှါ မြတ်စွာဘုရား (အထံ)၌ မြတ်သောအကျင့်ကို ကျင့်သုံးနေ သလော”။ ငါ့သျှင် ဤသို့လည်း ကျင့်သုံးသည် မဟုတ်ပါ။
“ငါ့သျှင် သာရိပုတြာ ‘ခံစားရမည့် အကျိုးရှိသော ကံသည် ငါ့အား ခံစားရမည့် အကျိုးမရှိသော ကံဖြစ်ပါစေ’ဟူသော ဤအကျိုးငှါ မြတ်စွာဘုရား (အထံ၌) မြတ်သော အကျင့်ကို ကျင့်သုံးနေသလော”။ ငါ့သျှင် ဤသို့လည်း ကျင့်သုံးသည် မဟုတ်ပါ။ “ငါ့သျှင် သာရိပုတြာ (ထိုသို့ မဟုတ်လျှင်) ‘ခံစားရမည့် အကျိုးမရှိသော ကံသည် ငါ့အား ခံစားရမည့် အကျိုးရှိသော ကံဖြစ်ပါစေ’ဟူသော ဤအကျိုးငှါ မြတ်စွာဘုရား (အထံ)၌ မြတ်သော အကျင့်ကို ကျင့်သုံးနေသလော”။ ငါ့သျှင် ဤသို့လည်း ကျင့်သုံးသည် မဟုတ်ပါ။
“ငါ့သျှင်သာရိပုတြာ ‘မျက်မှောက်ဘဝ၌ ခံစားရမည့် အကျိုးရှိသော ကံသည် ငါ့အား တမလွန်ဘဝ၌ ခံစားရမည့် အကျိုးရှိသော ကံဖြစ်ပါစေ’ဟူသော ဤအကျိုးငှါ မြတ်စွာဘုရား (အထံ၌) မြတ်သော အကျင့်ကို ကျင့်သုံးနေသလော”ဟု ဤသို့ မေးလတ်သော် “ငါ့သျှင် ဤသို့ ကျင့်သုံးသည် မဟုတ်ပါ”ဟု ဆိုဘိ၏။ “ငါ့သျှင်သာရိပုတြာ (ထိုသို့ မဟုတ်လျှင်) တမလွန်ဘဝ၌ ခံစားရမည့် အကျိုးရှိသော ကံသည် ငါ့အား ‘မျက်မှောက်ဘဝ၌ ခံစားရမည့် အကျိုးရှိသော ကံဖြစ်ပါစေ’ဟူသော ဤအကျိုးငှါ မြတ်စွာ့ဘုရား (အထံ)၌ မြတ်သော အကျင့်ကို ကျင့်သုံးနေသလော”ဟု ဤသို့ မေးလတ်သော် “ငါ့သျှင် ဤသို့ လည်း ကျင့်သုံးသည် မဟုတ်ပါ”ဟု ဆိုဘိ၏။ “ငါ့သျှင် သာရိပုတြာ ‘ချမ်းချမ်းသာသာ ခံစားရမည့် အကျိုးရှိသော ကံသည် ငါ့အား ဆင်းဆင်းရဲရဲ ခံစားရမည့် အကျိုးရှိသော ကံဖြစ်ပါစေ’ဟူသော ဤအကျိုးငှါ မြတ်စွာဘုရား (အထံတော်) ၌ မြတ်သော အကျင့်ကို ကျင့်သုံးနေသလော”ဟု ဤသို့ မေးလတ်သော် “ငါ့သျှင် ဤသို့လည်း ကျင့်သုံးသည် မဟုတ်ပါ”ဟု ဆိုဘိ၏။ “ငါ့သျှင် သာရိပုတြာ (ထိုသို့ မဟုတ်လျှင်) “ဆင်းဆင်းရဲရဲ ခံစားရမည့် အကျိုး ရှိသော ကံသည် ငါ့အား ချမ်းချမ်းသာသာ ခံစားရမည့် အကျိုးရှိသော ကံဖြစ်ပါစေ”ဟူသော ဤအကျိုးငှါ မြတ်စွာဘုရားအထံ၌ မြတ်သော အကျင့်ကို ကျင့်သုံးနေသလော”ဟု ဤသို့ မေးလတ်သော် “ငါ့သျှင် ဤသို့လည်း ကျင့်သုံးသည် မဟုတ်ပါ”ဟု ဆိုဘိ၏။ “ငါ့သျှင်သာရိပုတြာ ‘ရင့်ကျက်မှ ခံစားရမည့် အကျိုးရှိသော ကံသည် ငါ့အား မရင့်ကျက်မီ ခံစား ရမည့် အကျိုးရှိသော ကံဖြစ်ပါစေ’ဟူသော ဤအကျိုးငှါ မြတ်စွာဘုရားအထံ၌ မြတ်သော အကျင့်ကို ကျင့်သုံးနေသလော”ဟု ဤသို့ မေးလတ်သော် “ငါ့သျှင် ဤသို့လည်း ကျင့်သုံးသည် မဟုတ်ပါ”ဟု ဆိုဘိ၏။ “ငါ့သျှင်သာရိပုတြာ (ထိုသို့ မဟုတ်လျှင်) “မရင့်ကျက်မီ ခံစားရမည့် အကျိုးရှိသော ကံသည် ငါ့အား ရင့်ကျက်မှ ခံစားရမည့် အကျိုးရှိသော ကံဖြစ်ပါစေ”ဟူသော ဤအကျိုးငှါ မြတ်စွာဘုရားအထံ၌ မြတ်သော အကျင့်ကို ကျင့်သုံးနေသလော”ဟု ဤသို့ မေးလတ်သော် “ငါ့သျှင် ဤသို့လည်း ကျင့်သုံး သည် မဟုတ်ပါ”ဟု ဆိုဘိ၏။ “ငါ့သျှင်သာရိပုတြာ ‘များစွာ ခံစားရမည့် အကျိုးရှိသော ကံသည် ငါ့အား အနည်းငယ် ခံစားရမည့် အကျိုးရှိသော ကံဖြစ်ပါစေ’ဟူသော ဤအကျိုးငှါ မြတ်စွာဘုရားအထံ၌ မြတ်သော အကျင့်ကို ကျင့်သုံးနေ သလော”ဟု ဤသို့ မေးလတ်သော် “ငါ့သျှင် ဤသို့လည်း ကျင့်သုံးသည် မဟုတ်ပါ”ဟု ဆိုဘိ၏။ “ငါ့သျှင်သာရိပုတြာ (ထိုသို့ မဟုတ်လျှင်) ‘အနည်းငယ် ခံစားရမည့် အကျိုးရှိသော ကံသည် ငါ့အား များစွာ ခံစားရမည့် အကျိုးရှိသော ကံဖြစ်ပါစေ’ဟူသော ဤအကျိုးငှါ မြတ်စွာဘုရားအထံ၌ မြတ်သော အကျင့်ကို ကျင့်သုံးနေသလော”ဟု ဤသို့ မေးလတ်သော် “ငါ့သျှင် ဤသို့လည်း ကျင့်သုံးသည် မဟုတ်ပါ”ဟု ဆိုဘိ၏။ “ငါ့သျှင် သာရိပုတြာ ‘ခံစားရမည့် အကျိုးရှိသော ကံသည် ငါ့အား ခံစားရမည့် အကျိုးမရှိသော ကံဖြစ်ပါစေ’ဟူသော ဤအကျိုးငှါ မြတ်စွာဘုရားအထံ၌ မြတ်သော အကျင့်ကို ကျင့်သုံးနေသလော”ဟု ဤသို့ မေးလတ်သော် “ငါ့သျှင် ဤသို့လည်း ကျင့်သုံးသည် မဟုတ်ပါ”ဟု ဆိုဘိ၏။ “ငါ့သျှင် သာရိပုတြာ (ထိုသို့ မဟုတ်လျှင်) ‘ခံစားရမည့် အကျိုးမရှိသော ကံသည် ငါ့အား ခံစားရမည့် အကျိုး ရှိသော ကံဖြစ်ပါစေ’ဟူသော ဤအကျိုးငှါ မြတ်စွာဘုရားအထံ၌ အကျင့်ကို ကျင့်သုံးနေသလော”ဟု ဤသို့ မေးလတ်သော် “ငါ့သျှင် ဤသို့လည်း ကျင့်သုံးသည် မဟုတ်ပါ”ဟု ဆိုဘိ၏။ “ငါ့သျှင် (ထိုသို့ မဟုတ်လျှင်) အဘယ်အကျိုးငှါ မြတ်စွာဘုရားအထံ၌ မြတ်သောအကျင့်ကို ကျင့်သုံးနေသနည်းဟု (မေး၏)။
ငါ့သျှင် မသိရသေး မမြင်ရသေး မရောက်ရသေး မျက်မှောက်မပြုရသေး ထိုးထွင်း၍ မသိရသေးသော တရားကို သိနိုင်ရန် မြင်နိုင်ရန် ရောက်နိုင်ရန် မျက်မှောက်ပြုနိုင်ရန် ထိုးထွင်း၍ သိနိုင်ရန် မြတ်စွာဘုရားအထံ၌ မြတ်သောအကျင့်ကို ကျင့်သုံးနေပါ၏ဟု (ဆို၏)။ “ငါ့သျှင် မသိရသေး မမြင်ရသေး မရောက်ရသေး မျက်မှောက်မပြုရသေး ထိုးထွင်း၍ မသိရသေးသော တရားကို သိနိုင်ရန် မြင်နိုင်ရန် ရောက်နိုင်ရန် မျက်မှောက်ပြုနိုင်ရန် ထိုးထွင်း၍ သိနိုင်ရန် မြတ်စွာဘုရားအထံ၌ မြတ်သောအကျင့်ကို ကျင့်သုံးနေရသော တရားကား အဘယ်ပါနည်း”ဟု (မေး၏)။
ငါ့သျှင် “ဤကား ဒုက္ခတည်း”ဟု မသိရသေး မမြင်ရသေး မရောက်ရသေး မျက်မှောက်မပြုရသေး ထိုးထွင်း၍ မသိရသေးသော တရားကို သိနိုင်ရန် မြင်နိုင်ရန် ရောက်နိုင်ရန် မျက်မှောက်ပြုနိုင်ရန့်ထိုးထွင်း၍ သိနိုင်ရန် မြတ်စွာဘုရားအထံ၌ မြတ်သောအကျင့်ကို ကျင့်သုံးနေပါ၏၊ ငါ့သျှင် “ဤကား ဒုက္ခ ဖြစ်ကြောင်းတည်း”ဟု။ပ။ ငါ့သျှင် “ဤကား ဒုက္ခချုပ်ရာတည်း”ဟု။ပ။ ငါ့သျှင် “ဤကား ဒုက္ခချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်း အကျင့်တည်း”ဟု မသိရသေး မမြင်ရသေး မရောက်ရသေး မျက်မှောက် မပြုရသေး ထိုးထွင်း၍ မသိရသေးသော တရားကို သိနိုင်ရန် မြင်နိုင်ရန် ရောက်နိုင်ရန် မျက်မှောက် ပြုနိုင်ရန် ထိုးထွင်း၍ သိနိုင်ရန် မြတ်စွာဘုရားအထံ၌ မြတ်သောအကျင့်ကို ကျင့်သုံးနေပါ၏။ ငါ့သျှင် ဤသည်ကား မသိရသေး မမြင်ရသေး မရောက်ရသေး မျက်မှောက်မပြုရသေး ထိုးထွင်း၍ မသိရသေးသော တရားကို သိနိုင်ရန် မြင်နိုင်ရန် ရောက်နိုင်ရန် မျက်မှောက်ပြုနိုင်ရန် ထိုးထွင်း၍ သိနိုင်ရန် မြတ်စွာဘုရားအထံ၌ မြတ်သောအကျင့်ကို ကျင့်သုံးနေပါ၏ဟု (ဆို၏)။
တတိယသုတ်။