ဒီဃနိကာယ်

၁ဝ—သုဘသုတ်

သုဘလုလင်ဝတ္ထု

၄၄၄။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည် —

အခါတစ်ပါး၌ အသျှင်အာနန္ဒာသည် မြတ်စွာဘုရား ပရိနိဗ္ဗာန်စံ၍ မကြာသေးမီ သာဝတ္ထိပြည်အနာထပိဏ်သူဌေး၏ အရံ ဇေတဝန် (ကျောင်းတိုက်) ၌ (သီတင်းသုံး) နေတော်မူ၏။

၄၄၅။ ထိုစဉ်အခါ၌ တောဒေယျ၏သား သုဘလုလင်သည် သာဝတ္ထိပြည်၌ ကိစ္စတစ်ခုဖြင့်တည်းခို နေ၏။

ထိုအခါ တောဒေယျ၏သား သုဘလုလင်သည် သူငယ်တစ်ယောက်ကို ခေါ်၍ (ဤသို့) ပြောဆို၏ —

“သူငယ် လာလော့၊ သင်သည် အာနန္ဒာ ရဟန်းတော်ထံသို့ ချဉ်းကပ်၍ ငါ့စကားဖြင့် အာနန္ဒာရဟန်းတော်အား အနာကင်းကြောင်း ရောဂါကင်းကြောင်း ကျန်းမာကြောင်း သန်စွမ်းကြောင်းချမ်းသာစွာ နေရကြောင်းများကို မေးလျှောက်လေလော့၊ ‘တောဒေယျ၏သား သုဘလုလင်သည်အသျှင်အာနန္ဒာအား အနာကင်းကြောင်း ရောဂါကင်းကြောင်း ကျန်းမာကြောင်း သန်စွမ်းကြောင်းချမ်းသာစွာ နေရကြောင်းများကို မေးလိုက်ပါ၏’ဟု လျှောက်လေလော့၊ ထို့ပြင် ‘အသျှင်အာနန္ဒာသည်အစဉ်သနားသဖြင့် တောဒေယျ၏ သား သုဘလုလင်၏ အိမ်သို့ ချဉ်းကပ်တော်မူရန် တောင်း ပန်လိုက်ပါသည်’ဟု ဤသို့လည်း လျှောက်ထားလေလော့” ဟူ၍ ပြောဆို၏။

၄၄၆။ “အသျှင်ကောင်းပါပြီ”ဟု ထိုသူငယ်သည် တောဒေယျ၏သား သုဘလုလင်အား ဝန်ခံပြီးလျှင်အသျှင်အာနန္ဒာထံသို့ ချဉ်းကပ်၍ အသျှင်အာနန္ဒာနှင့်အတူ ဝမ်းမြောက်ဝမ်းသာ (နှုတ်ဆက်) ပြောဆို၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ်စကားကို ပြီးဆုံးစေ၍ တစ်ခုသော နေရာ၌ ထိုင်ပြီးသော် ထိုသူငယ်သည်အသျှင်အာနန္ဒာအား ဤစကားကို လျှောက်၏ —

“တောဒေယျ၏ သား သုဘလုလင်သည် အသျှင်အာနန္ဒာအား အနာကင်းကြောင်း ရောဂါကင်းကြောင်း ကျန်းမာကြောင်း သန်စွမ်းကြောင်း ချမ်းသာစွာ နေရကြောင်းများကို မေးလိုက်ပါ၏၊ ထို့ပြင် ‘အသျှင်အာနန္ဒာသည် အစဉ်သနားသဖြင့် တောဒေယျ၏ သား သုဘလုလင်၏အိမ်သို့ ချဉ်းကပ်တော်မူပါရန် တောင်းပန်လိုက်ပါသည်’ဟု ဤသို့လည်း လျှောက်လိုက်ပါ၏” ဟူ၍ လျှောက်၏။

၄၄၇။ ဤသို့ လျှောက်သော် အသျှင်အာနန္ဒာသည် ထိုသူငယ်အား ဤစကားကို ဆို၏ —

“သူငယ် (ချဉ်းကပ်ရန်) အခါမသင့်သေး၊ ငါသည် ယနေ့ ဆေးအနည်းငယ် သောက်ထား၏၊ နက်ဖြန်အခါအခွင့်ကို ထောက်ချင့်၍ ချဉ်းကပ်ကောင်း ချဉ်းကပ်နိုင်ပါလိမ့်မည်”ဟု ဆို၏။

“အသျှင်ကောင်းပါပြီ”ဟု ထိုသူငယ်သည် အသျှင်အာနန္ဒာအား ဝန်ခံ၍ နေရာမှ ထပြီးလျှင်တောဒေယျ၏သား သုဘလုလင်ထံသို့ ချဉ်းကပ်၍ တောဒေယျ၏သား သုဘလုလင်အား ဤစကားကိုဆို၏ —

“အကျွန်ုပ်တို့သည် အသျှင့်စကားဖြင့် တောဒေယျ၏သား သုဘလုလင်သည် အသျှင်အာနန္ဒာကို အနာကင်းကြောင်း ရောဂါကင်းကြောင်း ကျန်းမာကြောင်း သန်စွမ်းကြောင်း ချမ်းသာစွာ နေရကြောင်းများကို မေးလိုက်ပါ၏၊ ထို့ပြင် ‘အသျှင်အာနန္ဒာသည် အစဉ်သနားသဖြင့် တောဒေယျ၏ သားသုဘလုလင်၏ အိမ်သို့ ချဉ်းကပ်တော်မူရန် တောင်းပန်လိုက်ပါသည်’ဟု ဤသို့လည်းလျှောက်လိုက်ပါ၏ဟူ၍ ထိုအသျှင်အာနန္ဒာအား လျှောက်ခဲ့ပါကုန်၏။အသျှင်ဤသို့ လျှောက်သော် အာနန္ဒာရဟန်းတော်သည် အကျွန်ုပ်အား ဤစကားကို ဆိုလိုက် ပါ၏။ ‘သူငယ် (ချဉ်းကပ်ရန်) အခါမသင့်သေး၊ ငါသည် ယနေ့ ဆေးအနည်းငယ် သောက်ထား၏၊ နက်ဖြန်အခါအခွင့်ကို ထောက်ချင့်၍ ချဉ်းကပ်ကောင်း ချဉ်းကပ်နိုင်ပါလိမ့်မည်’ဟု ဆိုလိုက်ပါ၏” ဟူ၍ ဆို၏။ “အချင်း (သူငယ်) ဤမျှဖြင့်လည်း ထိုကိစ္စပြီးပါပြီ၊ အကြောင်းသော်ကား ထိုအသျှင်အာနန္ဒာသည်နက်ဖြန် ချဉ်းကပ်တော်မူရန် ခွင့်ပြုပြီး ဖြစ်ပေ၏”ဟု (သုဘလုလင်က) ဆို၏။

၄၄၈။ ထိုအခါ အသျှင်အာနန္ဒာသည် ထိုညဉ့်လွန်ပြီးနောက် နံနက်အချိန်၌ (သင်္ကန်းကို) ပြင်ဝတ်၍သပိတ်သင်္ကန်းကို ယူလျက် စေတကမည်သော နောက်ပါ ရဟန်းနှင့်အတူ တောဒေယျ၏သား သုဘလုလင်၏ အိမ်သို့ ချဉ်းကပ်၍ ပြင်ထားသော နေရာ၌ ထိုင်နေတော်မူ၏။

ထိုအခါ တောဒေယျ၏သား သုဘလုလင်သည် အသျှင်အာနန္ဒာထံသို့ ချဉ်းကပ်၍ အသျှင်အာနန္ဒာနှင့်အတူ ဝမ်းမြောက်ဝမ်းသာ (နှုတ်ဆက်) ပြောဆို၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြီးဆုံးစေ၍တစ်ခုသော နေရာ၌ ထိုင်၏၊ တစ်ခုသော နေရာ၌ ထိုင်ပြီးသော် တောဒေယျ၏သား သုဘလုလင်သည်အသျှင်အာနန္ဒာအား ဤစကားကို လျှောက်၏ —

“အသျှင်အာနန္ဒာသည် ကာလရှည်မြင့်စွာ ထိုအသျှင်ဂေါတမ၏ ထံပါး၌ နေ၍ အနီး၌ အမြဲရှိသောအလုပ်အကျွေး ဖြစ်ပါ၏၊ ထိုအသျှင်ဂေါတမသည် အကြင်တရားတို့ကို ချီးကျူးလေ့ရှိ၏၊ အကြင်တရား၌လည်း ဤလူအပေါင်းကို ဆောက်တည်စေ၏၊ သက်ဝင်စေ၏၊ တည်စေ၏၊ ထိုတရားတို့ကိုအသျှင်အာနန္ဒာသည် သိတော်မူရာပါ၏၊ အသျှင်အာနန္ဒာ ထိုအသျှင်ဂေါတမသည် အဘယ်တရား တို့ကိုချီးကျူးလေ့ရှိပါသနည်း၊ အဘယ်တရားတို့၌လည်း ဤလူအပေါင်းကို ဆောက်တည်စေပါ သနည်း၊ သက်ဝင်စေပါသနည်း၊ တည်စေပါသနည်း”ဟု လျှောက်၏။

၄၄၉။ လုလင် ထိုမြတ်စွာဘုရားသည် သုံးပါးသော ခန္ဓာတို့ကို ချီးကျူးတော်မူလေ့ရှိ၏၊ ဤ (သုံးပါးသောခန္ဓာ) တို့၌လည်း ဤလူအပေါင်းကို ဆောက်တည်စေတော်မူ၏၊ သက်ဝင်စေတော်မူ၏၊ တည်စေတော်မူ၏။

အဘယ် (ခန္ဓာ) သုံးပါးတို့ကို ချီးကျူးတော်မူလေ့ရှိပါသနည်း၊ လုလင် မြတ်သော သီလက္ခန္ဓာ ‘သီလအစု’ ကိုလည်းကောင်း၊ မြတ်သော သမာဓိက္ခန္ဓာ ‘သမာဓိအစု’ ကိုလည်းကောင်း၊ မြတ်သောပညာက္ခန္ဓာ ‘ပညာအစု’ ကိုလည်းကောင်း ဤသုံးပါးသော ခန္ဓာတို့ကို ထိုမြတ်စွာဘုရားသည်ချီးကျူးတော်မူလေ့ရှိ၏၊ ဤ (သုံးပါးသောခန္ဓာ) တို့၌လည်း ဤလူအပေါင်းကို ဆောက်တည်စေတော်မူ၏၊ သက်ဝင်စေတော်မူ၏၊ တည်စေတော်မူ၏။

သီလအစု

၄၅ဝ။ အသျှင်အာနန္ဒာ ထို အသျှင်ဂေါတမသည် အကြင် (သီလက္ခန္ဓာ) ကို ချီးကျူးလေ့ရှိ၏၊ အကြင် (သီလက္ခန္ဓာ) ၌လည်း ဤလူအပေါင်းကို ဆောက်တည်စေ၏၊ သက်ဝင်စေ၏၊ တည်စေ၏၊ ထိုမြတ်သောသီလက္ခန္ဓာကား အဘယ်ပါနည်း။

လုလင် ပူဇော်အထူးကို ခံတော်မူထိုက်သော၊ (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော၊ အသိဉာဏ် ‘ဝိဇ္ဇာ’ အကျင့် ‘စရဏ’ နှင့် ပြည့်စုံတော်မူသော၊ ကောင်းသောစကားကို ဆိုတော်မူတတ်သော၊ လောကကို သိတော်မူသော၊ ဆုံးမထိုက်သူကို ဆုံးမတတ်သည့် အတုမဲ့ပုဂ္ဂိုလ်ဖြစ်တော်မူသော၊ နတ်လူတို့၏ ဆရာဖြစ်တော်မူသော၊ (သစ္စာလေးပါးတရားတို့ကို) သိစေတော်မူတတ်သော၊ ဘုန်းတန်ခိုးကြီးတော်မူသော မြတ်စွာဘုရားသည် ဤလောက၌ ပွင့်တော်မူ၏၊ ထိုမြတ်စွာဘုရားသည် နတ်နှင့်တကွသောမာရ်နတ်နှင့်တကွသော ဗြဟ္မာနှင့်တကွသော ဤလောကကိုလည်းကောင်း၊ သမဏ ဗြာဟ္မဏနှင့် တကွသောမင်းများ လူများနှင့် တကွသော သတ္တဝါအပေါင်းကိုလည်းကောင်း ကိုယ်တိုင် ထူးသော ဉာဏ်ဖြင့် သိ၍မျက်မှောက်ပြုလျက် ဟောကြားတော်မူ၏၊ ထိုမြတ်စွာဘုရားသည် အစ၏ကောင်းခြင်း အလယ်၏ကောင်းခြင်း အဆုံး၏ကောင်းခြင်းရှိသော အနက်နှင့်ပြည့်စုံသော သဒ္ဒါနှင့် ပြည့်စုံသော တရားကို ဟောတော်မူ၏၊ အလုံးစုံပြည့်စုံသော စင်ကြယ်သော မြတ်သော အကျင့်ကို ပြတော်မူ၏။

ထိုတရားတော်ကို သူကြွယ်သည်လည်းကောင်း၊ သူကြွယ်၏သားသည်လည်းကောင်း၊ အခြားဇာတ်တစ်မျိုးမျိုး၌ ဖြစ်သော သူသည်လည်းကောင်း ကြားနာရ၏၊ ထိုသူသည် ထိုတရားတော်ကို ကြားနာရ၍့မြတ်စွာဘုရား၌ ယုံကြည်မှုကို ရ၏၊ ထိုသူသည် ယုံကြည်မှုကို ရသည်ဖြစ်၍ ဤသို့ ဆင်ခြင်၏ —

“လူ့ဘောင်၌ နေရခြင်းသည် ကျဉ်းမြောင်း၏၊ (ကိလေသာ) မြူထရာ လမ်းကြောင်းဖြစ်၏၊ ရဟန်းအဖြစ်သည် လွင်ပြင်နှင့်တူ၏၊ လူ့ဘောင်၌ နေသူသည် ဤမြတ်သော အကျင့်ကို စင်စစ် ပြည့်စုံစွာစင်စစ်စင်ကြယ်စွာ ခရုသင်းပွတ်သစ်စနှင့် တူစွာ ကျင့်ခြင်းငှါ မလွယ်၊ ငါသည် ဆံ မုတ်ဆိတ်ကိုပယ်ပြီးလျှင် ဖန်ရည်ဆိုးအဝတ်တို့ကို ဝတ်၍ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင် ရောက်ရမူကောင်းလေစွ”ဟု ဆင်ခြင်၏။

ထိုသူသည် နောင်အခါ၌ နည်းသော ဥစ္စာစုကို စွန့်၍ဖြစ်စေ များသော ဥစ္စာစုကို စွန့်၍ဖြစ်စေနည်းသော ဆွေမျိုးစုကို စွန့်၍ဖြစ်စေ များသော ဆွေမျိုးစုကို စွန့်၍ဖြစ်စေ ဆံမုတ်ဆိတ်ကို ပယ်ပြီးလျှင်ဖန်ရည်ဆိုးအဝတ်တို့ကို ဝတ်၍ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်၏။

ထိုသူသည် ဤသို့ ဝင်ရောက်ပြီးသော် ပါတိမောက္ခသံဝရသီလကို စောင့်ထိန်းလျက် နေ၏၊ အကျင့် ‘အာစာရ’ ကျက်စားရာ ‘ဂေါစရ၁’ နှင့် ပြည့်စုံ၏၊ အနည်းငယ်မျှသော အပြစ်တို့၌သော်လည်း ဘေးဟုရှုလေ့ရှိ၏၊ သိက္ခာပုဒ်တို့၌ ကောင်းစွာ ဆောက်တည်၍ ကျင့်၏၊ ကောင်းသော ကာယကံ ဝစီကံနှင့်ပြည့်စုံသည် ဖြစ်၍ စင်ကြယ်သော အသက်မွေးမှု ရှိ၏၊ သီလနှင့် ပြည့်စုံ၏၊ ဣန္ဒြေတို့၌ ပိတ်ထားသောတံခါးရှိ၏ (ဣန္ဒြေတို့ကို စောင့်စည်း၏)၊ စားဖွယ်၌ အတိုင်းအရှည်ကို သိ၏၊ အောက်မေ့ခြင်း ‘သတိ’ ဆင်ခြင်ခြင်း ‘သမ္ပဇဉ်’ နှင့် ပြည့်စုံ၏၊ ရောင့်ရဲလွယ်၏။

၄၅၁။ လုလင် ရဟန်းသည် အဘယ်သို့လျှင် အကျင့်သီလနှင့် ပြည့်စုံသနည်း။ လုလင် ဤ (လောက) ၌ ရဟန်းသည် အသက်သတ်ခြင်းကို ပယ်၍ အသက်သတ်ခြင်းမှ ရှောင်ကြဉ်၏၊ တုတ်ကိုချထားပြီးဖြစ်၏၊ လက်နက်ကို ချထားပြီးဖြစ်၏၊ ရှက်ခြင်းရှိ၏၊ သနားတတ်၏၊ ခပ်သိမ်းသော သတ္တဝါတို့၏ အစီးအပွားကို လိုလားလျက် နေ၏။

လုလင် ရဟန်းသည် ယင်းအသက်သတ်ခြင်းကို ပယ်၍ အသက်သတ်ခြင်းမှ ရှောင်ကြဉ်၏၊ တုတ်ကိုချထားပြီးဖြစ်၏၊ လက်နက်ကို ချထားပြီးဖြစ်၏၊ ရှက်ခြင်းရှိ၏၊ သနားတတ်၏၊ ခပ်သိမ်းသော သတ္တဝါတို့၏ အစီးအပွားကို လိုလားလျက် နေ၏၊ ဤသည်လည်း ထိုရဟန်း၏ သီလပေတည်း။[ထိုမှ နောက်၌ အလုံးစုံကို ချဲ့အပ်၏]

ထို့ပြင်လည်း အချို့သော အသျှင်သမဏဗြာဟ္မဏတို့သည် ယုံကြည်၍လှူသော သုံးဆောင်ဖွယ် တို့ကိုသုံးဆောင်ကြပြီးလျှင် မှားသောအသက်မွေးမှုဖြစ်သော ဤသို့သော ဖီလာအတတ်ဖြင့် အသက်မွေးကြ၏၊ ဤသည်တို့ကား အဘယ်နည်း —

နတ်ကိုးခြင်း တောင်းဆုပြည့်၍ နတ်ပူဇော်ခြင်း ဖုတ်တစ္ဆေအတတ်ကို လေ့ကျင့်ခြင်း မြေအိမ်၌နေ၍ သင်အပ်သော အတတ်ကို လေ့ကျင့်ခြင်း (ပဏ္ဍုက်ကို) ယောကျာ်းဖြစ်စေခြင်း (ယောကျာ်းကို) ပဏ္ဍုက်ဖြစ်စေခြင်း မြေကြန်အတတ်ကိုလေ့ကျင့်ခြင်း ဆောက်လုပ်မည့် မြေရာ၌ အစီအရင်ပြုခြင်းခံတွင်းဆေးခြင်း ရေချိုးစေခြင်း မီးပူဇော်ခြင်း ပျို့အန်စေခြင်း ဝမ်းသက်စေခြင်း (သလိပ်စသည့်ဒေါသတို့ကို) အထက်သို့လှန်စေခြင်း အောက်သို့လျှောစေခြင်း ဦးခေါင်းမှ (သွေးစသော ဒေါသတို့ကို) ထွက်စေခြင်း နားဆီချက်ခြင်း မျက်စဉ်းဆီချက်ခြင်း နှာနှတ်ခြင်း ထက်သော မျက်စဉ်းဆေးဖော်ခြင်း အေးသော မျက်စဉ်းဆေးဖော်ခြင်း တိမ်သလာကို ဆေးကုခြင်း ခွဲစိတ်ကုသခြင်း သူငယ်နာဆေးကုခြင်း မူလဆေးတို့ကို ပေးခြင်း အနာဆေးတို့ကို (ကပ်ခြင်း) ခွါခြင်း၊ ဤသည်တို့တည်း။

(ရဟန်းသည်) မှားသောအသက်မွေးမှုဖြစ်သော ဤသို့သော ဖီလာအတတ်ဖြင့် အသက်မွေးခြင်းမှရှောင်ကြဉ်၏။

လုလင် ထို့ပြင်လည်း အချို့သော အသျှင်သမဏဗြာဟ္မဏတို့သည် ယုံကြည်၍လှူသော သုံးဆောင်ဖွယ်တို့ကို သုံးဆောင်ကြပြီးလျှင် မှားသောအသက်မွေးမှုဖြစ်သော ဤသို့သောဖီလာအတတ်ဖြင့် အသက့်မွေးကြ၏၊ ဤသည်တို့ကား အဘယ်နည်း —

နတ်ကိုးခြင်း တောင်းဆုပြည့်၍ နတ်ပူဇော်ခြင်း။ပ။ အနာဆေးတို့ကို (ကပ်ခြင်း) ခွါခြင်း ဤသည်တို့တည်း။

ရဟန်းသည် ယင်းသို့ မှားသောအသက်မွေးမှုဖြစ်သော ဤသို့သော ဖီလာအတတ်ဖြင့် အသက်မွေးခြင်းမှ ရှောင်ကြဉ်၏၊ ဤသည်လည်း ထို (ရဟန်း)၏ သီလပေတည်း။

၄၅၂။ လုလင် စင်စစ်မူကား ဤသို့ သီလနှင့် ပြည့်စုံသော ထိုရဟန်းသည် ယင်းသို့ သီလစောင့်ထိန်းခြင်းနှင့် စပ်၍ မည်သည့် အကြောင်းကြောင့်မျှ ဘေးကို မတွေ့မြင်ရ။ လုလင် အဘိသိက်သွန်းပြီးသော၊ ရန်သူကို ပယ်ပြီးသော မင်းသည် ရန်သူနှင့်စပ်၍ မည်သည့်အကြောင်းကြောင့်မျှ ဘေးကိုမတွေ့ မြင်ရသကဲ့သို့၊ ဤအတူ ဤသို့ သီလနှင့်ပြည့်စုံသော ရဟန်းသည် သီလစောင့်ထိန်းခြင်းနှင့်စပ်၍မည်သည့် အကြောင်းကြောင့်မျှ ဘေးကို မတွေ့မြင်ရ၊ ထိုရဟန်းသည် ဤမြတ်သော သီလက္ခန္ဓာနှင့်ပြည့်စုံသည် ဖြစ်၍ မိမိသန္တာန်၌ အပြစ်ကင်းသော ချမ်းသာကို ခံစား၏၊ လုလင် ရဟန်းသည်ဤသို့လျှင် သီလနှင့် ပြည့်စုံပေ၏။

၄၅၃။ လုလင် ထိုမြတ်စွာဘုရားသည် အကြင် (သီလက္ခန္ဓာ) ကို ချီးကျူးလေ့ ရှိတော်မူ၏၊ အကြင် (သီလက္ခန္ဓာ) ၌လည်း ဤလူအပေါင်းကို ဆောက်တည်စေတော်မူ၏၊ သက်ဝင်စေတော်မူ၏၊ တည်စေတော်မူ၏၊ ထိုမြတ်သော သီလက္ခန္ဓာကား ဤသည်ပင်တည်း၊ သို့ရာတွင် ဤ (သာသနာတော်၌) ၌ (ဤသီလက္ခန္ဓာထက်) လွန်သော ပြုဖွယ်ကိစ္စသည်ကား ရှိသေးသည်သာတည်း။

အံ့သြဖွယ် ရှိပါပေစွ အသျှင်အာနန္ဒာ၊ မဖြစ်ဖူးမြဲ ဖြစ်ပါပေစွ အသျှင်အာနန္ဒာ၊ အသျှင်အာနန္ဒာထိုမြတ်သော သီလက္ခန္ဓာသည် မပြည့်စုံသည်မဟုတ် ပြည့်စုံပါပေ၏၊ အသျှင်အာနန္ဒာ အကျွန်ုပ်သည်ဤသို့ ပြည့်စုံသော သီလက္ခန္ဓာကို ဤ (သာသနာတော်မှ) အပ တစ်ပါးသောသမဏဗြာဟ္မဏတို့၌ မမြင် (မတွေ့) ရပါ၊ အသျှင်အာနန္ဒာ ဤသို့ပြည့်စုံသော မြတ်သော သီလက္ခန္ဓာကို ဤ (သာသနာတော်မှ) အပတစ်ပါးသောသမဏဗြာဟ္မဏတို့သည် မိမိတို့ (သန္တာန်) ၌ မြင် (တွေ့) ကုန်ငြားအံ၊ ထိုသူတို့သည် ထိုမျှလောက် ဖြင့်သာလျှင် ဝမ်းမြောက် ကျေနပ်နေကုန်ရာ၏၊ “ဤမျှလောက်ဖြင့် ပြည့်စုံပြီ၊ ဤမျှလောက်ဖြင့် (ပြုဖွယ်ကိစ္စကို) ပြုပြီးပြီ၊ ငါတို့သည် ရဟန်းဖြစ်ကျိုးကို ရပြီ၊ (ဤသီလက္ခန္ဓာထက်) လွန်သောတစ်စုံတစ်ခုသော ပြုဖွယ်ကိစ္စသည် ငါတို့အား မရှိတော့ပြီ”ဟု (ဝမ်းမြောက်ကျေနပ် နေကုန်ရာ၏)၊ ထိုသို့ ဖြစ်ပါလျက် အသျှင်အာနန္ဒာသည် ဤ (သာသနာတော်) ၌ (ဤသီလက္ခန္ဓာထက်) လွန်သော ပြုဖွယ်ကိစ္စသည်ကား ရှိသေးသည်သာတည်းဟု မိန့်တော်မူဘိ၏။

၁။ သွားလာဝင်ထွက် ဆက်ဆံရန် သင့်လျော်သော အရပ် ပုဂ္ဂိုလ်စသည်။

သမာဓိအစု

၄၅၄။ အသျှင်အာနန္ဒာ ထို အသျှင်ဂေါတမသည် အကြင် (သမာဓိက္ခန္ဓာ) ကို ချီးကျူးလေ့ရှိ၏၊ အကြင် (သမာဓိက္ခန္ဓာ) ၌လည်း ဤ လူအပေါင်းကို ဆောက်တည်စေ၏၊ သက်ဝင်စေ၏၊ တည်စေ၏၊ ထိုမြတ်သောသမာဓိက္ခန္ဓာသည် အဘယ်ပါနည်း။

လုလင် ရဟန်းသည် အဘယ်သို့လျှင် ဣန္ဒြေတို့၌ ပိတ်ထားသော တံခါးရှိသနည်း (ဣန္ဒြေတို့ကိုစောင့်စည်းသနည်း)။ လုလင် ဤလောက၌ ရဟန်းသည် မျက်စိဖြင့် အဆင်း ‘ရူပါရုံ’ ကို မြင်သော် (မိန်းမ ယောကျာ်း စသော) သဏ္ဌာန်နိမိတ်ကို စွဲယူလေ့မရှိ၊ (လက်ခြေစသော အင်္ဂါ။ပုံးဟန်ရယ်ဟန်စသောအမူအရာ) အမှတ်လက္ခဏာကို စွဲယူလေ့မရှိ၊ (အကယ်၍) စက္ခုန္ဒြေကို မစောင့်စည်းဘဲနေလျှင် ယင်း ့ (စက္ခုန္ဒြေကို မစောင့်စည်းခြင်း ဟူသော) အကြောင်းကြောင့် လိုချင်တပ်မက်ခြင်း ‘အဘိဇ္ဈာ’ နှလုံးမသာခြင်း ‘ဒေါမနဿ’ ဟူသော ယုတ်မာသော အကုသိုလ်တရားတို့သည် ထိုမစောင့်စည်းသူကို လိုက်၍နှိပ်စက်ကုန် ရာ၏၊ (ထို့ကြောင့် ရဟန်းသည်) ထိုစက္ခုန္ဒြေကို စောင့်စည်းခြင်းငှါ ကျင့်၏၊ စက္ခုန္ဒြေကိုစောင့်စည်း၏၊ စက္ခုန္ဒြေ၌ စောင့်စည်းခြင်းသို့ ရောက်၏။

နားဖြင့် အသံ ‘သဒ္ဒါရုံ’ ကို ကြားသော်။ပ။ နှာခေါင်းဖြင့် အနံ့ ‘ဂန္ဓာရုံ’ ကို နမ်းသော်။ လျှာဖြင့် အရသာ ‘ရသာရုံ’ ကို လျက်သော်။ ကိုယ်ဖြင့် အတွေ့ ‘ဖောဋ္ဌဗ္ဗာရုံ’ ကို ထိသော်။ စိတ်ဖြင့် သဘော ‘ဓမ္မာရုံ’ ကိုသိသော် (မိန်းမ ယောကျာ်း စသော) သဏ္ဌာန်နိမိတ်ကို စွဲယူလေ့မရှိ၊ (လက်ခြေ စသော အင်္ဂါ ပြုံးဟန်ရယ်ဟန် စသော အမူအရာ) အမှတ်လက္ခဏာကို စွဲယူလေ့မရှိ၊ (အကယ်၍) မနိန္ဒြေကို မစောင့်စည်းဘဲနေလျှင် ယင်း (မနိန္ဒြေကို မစောင့်စည်းခြင်းဟူသော) အကြောင်းကြောင့် လိုချင်တပ်မက်ခြင်း ‘အဘိဇ္ဈာ’ နှလုံးမသာခြင်း ‘ဒေါမနဿ’ ဟူသော ယုတ်မာသော အကုသိုလ်တရားတို့သည် ထိုမစောင့်စည်းသူကိုလိုက်၍ နှိပ်စက်ကုန်ရာ၏၊ (ထို့ကြောင့် ရဟန်းသည်) ထိုမနိန္ဒြေကို စောင့်စည်းခြင်းငှါ ကျင့်၏၊ မနိန္ဒြေကိုစောင့်စည်း၏၊ မနိန္ဒြေ၌ စောင့်စည်းခြင်းသို့ ရောက်၏။

ထို (ရဟန်း) သည် ဤမြတ်သော ဣန္ဒြေကို စောင့်စည်းခြင်းနှင့် ပြည့်စုံသည်ဖြစ်၍ မိမိသန္တာန်၌ (ကိလေသာနှင့်) မရောသော ချမ်းသာကို ခံစား၏၊ လုလင် ရဟန်းသည် ဤသို့လျှင် ဣန္ဒြေတို့၌ပိတ်ထား သော တံခါးရှိပေ၏ (ဣန္ဒြေတို့ကို စောင့်စည်းပေ၏)။

၄၅၅။ လုလင် ရဟန်းသည် အဘယ်သို့လျှင် အောက်မေ့ခြင်း ‘သတိ’ ဆင်ခြင်ခြင်း ‘သမ္ပဇဉ်’ နှင့်ပြည့်စုံသနည်း။ လုလင် ဤသာသနာတော်၌ ရဟန်းသည် ရှေ့သို့ တက်ရာ နောက်သို့ ဆုတ်ရာ၌ ဆင်ခြင်လျက် ပြုလေ့ရှိ၏၊ တူရူကြည့်ရာ တစောင်းကြည့်ရာ၌ ဆင်ခြင်လျက် ပြုလေ့ရှိ၏၊ ကွေးရာ ဆန့်ရာ၌ဆင်ခြင်လျက် ပြုလေ့ရှိ၏၊ ဒုကုဋ် သပိတ် သင်္ကန်းကို ဆောင်ရာ၌ ဆင်ခြင်လျက် ပြုလေ့ရှိ၏၊ စားရာသောက်ရာ ခဲရာ လျက်ရာ၌ ဆင်ခြင်လျက် ပြုလေ့ရှိ၏၊ ကျင်ကြီး ကျင်ငယ် စွန့်ရာ၌ ဆင်ခြင်လျက်ပြုလေ့ရှိ၏၊ သွားရာ ရပ်ရာ ထိုင်ရာ အိပ်ရာ နိုးရာ ပြောရာ ဆိတ်ဆိတ်နေရာ၌ ဆင်ခြင်လျက်ပြုလေ့ရှိ၏၊ လုလင် ရဟန်းသည် ဤသို့လျှင် အောက်မေ့ခြင်း ‘သတိ’ ဆင်ခြင်ခြင်း ‘သမ္ပဇဉ်’ နှင့်ပြည့်စုံပေ၏။

၄၅၆။ လုလင် ရဟန်းသည် အဘယ်သို့လျှင် ရောင့်ရဲလွယ်သနည်း။ လုလင် ဤသာသနာတော်၌ရဟန်းသည် ကိုယ်ကို မျှတစေနိုင်ရုံသော သင်္ကန်းဖြင့်, ဝမ်းကို မျှတစေနိုင်ရုံသော ဆွမ်းဖြင့် ရောင့်ရဲ၏၊ ထိုရဟန်းသည် သွားလေရာရာသို့ (ကိုယ်နှင့် အတူပါမြဲ ပရိက္ခရာမျှသာရှိသဖြင့်) တစ်ပါတည်း ယူပြီးဖြစ်၍သာလျှင် သွား၏၊ လုလင် အတောင်ရှိသော ငှက်သည် ပျံလေရာရာသို့ မိမိအတောင်သာ ဝန်ရှိသည်ဖြစ်၍ပျံသကဲ့သို့၊ လုလင် ဤအတူ ရဟန်းသည် ကိုယ်ကို မျှတစေနိုင်ရုံသော သင်္ကန်းဖြင့် ဝမ်းကို မျှတစေနိုင်ရုံသော ဆွမ်းဖြင့် ရောင့်ရဲ၏၊ ထိုရဟန်းသည် သွားလေရာရာသို့ (ကိုယ်နှင့် အတူပါမြဲ ပရိက္ခရာမျှသာ ရှိသဖြင့်) တစ်ပါတည်း ယူပြီး ဖြစ်၍သာလျှင် သွား၏၊ လုလင် ရဟန်းသည်ဤသို့လျှင် ရောင့်ရဲလွယ်ပေ၏။

၄၅၇။ ထိုရဟန်းသည် ဤမြတ်သော သီလက္ခန္ဓာ ‘သီလအစု’ နှင့်လည်း ပြည့်စုံသည်ဖြစ်၍ ဤမြတ် သောဣန္ဒြေစောင့်စည်းခြင်းနှင့်လည်း ပြည့်စုံသည်ဖြစ်၍ ဤမြတ်သော အောက်မေ့ခြင်း ‘သတိ’ ဆင်ခြင်ခြင်း ‘သမ္ပဇဉ်’ နှင့်လည်း ပြည့်စုံသည်ဖြစ်၍ ဤမြတ်သော ရောင့်ရဲခြင်းနှင့်လည်း ပြည့်စုံသည်ဖြစ်၍ တော၊ သစ်ပင်ရင်း၊ တောင်၊ ချောက်၊ တောင်ခေါင်း၊ သင်းချိုင်း၊ တောအုပ်၊ လွင်ပြင်၊ ကောက်ရိုးပုံ၊ ဆိတ်ငြိမ် သော ကျောင်းအိပ်ရာနေရာကို မှီဝဲ၏။ ထိုရဟန်းသည် ဆွမ်းခံရာမှ ပြန်ခဲ့၍ ဆွမ်းစားပြီးနောက်ထက်ဝယ် ဖွဲ့ခွေပြီးလျှင် ကိုယ်ကို ဖြောင့်မတ်စွာ ထား၍ ကမ္မဋ္ဌာန်းသို့ ရှေးရှု သတိကို ဖြစ်စေလျက်ထိုင်၏။

၄၅၈။ ထိုရဟန်းသည် (ဥပါဒါနက္ခန္ဓာငါးပါးဟူသော) လောက၌ လိုချင်တပ်မက်ခြင်း ‘အဘိဇ္ဈာ’ ကို ပယ်၍လိုချင်တပ်မက်ခြင်း ‘အဘိဇ္ဈာ’ ကင်းသော စိတ်ဖြင့် နေ၏၊ လိုချင်တပ်မက်ခြင်း ‘အဘိဇ္ဈာ’ မှ စိတ်ကိုစင်ကြယ်စေ၏၊ ပျက်စီးစေလိုသော ဒေါသကို ပယ်၍ မပျက်စီးစေလိုသော စိတ်ရှိသည် ဖြစ်၍ ခပ်သိမ်းသော သတ္တဝါတို့၏ အစီးအပွားကို လိုလားလျက် နေ၏၊ ပျက်စီးစေလိုသော ဒေါသမှ စိတ်ကို စင်ကြယ်စေ၏၊ လေးလံ ထိုင်းမှိုင်းခြင်း ‘ထိန မိဒ္ဓ’ ကို ပယ်၍ လေးလံထိုင်းမှိုင်းခြင်း ‘ထိနမိဒ္ဓ’ မှ ကင်းသည် ဖြစ်၍အောက်မေ့ဆင်ခြင်လျက် အလင်းရောင်ကို မှတ်ခြင်းရှိသည် ဖြစ်၍ နေ၏၊ လေးလံထိုင်းမှိုင်းခြင်း ‘ထိနမိဒ္ဓ’ မှ စိတ်ကို စင်ကြယ်စေ၏၊ ပျံ့လွင့့််ခြင်း ‘ဥဒ္ဓစ္စ’ နောင်တတစ်ဖန် ပူပန်ခြင်း ‘ကုက္ကုစ္စ’ ကို ပယ်၍ မိမိသန္တာန်၌ ငြိမ်းအေးသော စိတ်ရှိသည်ဖြစ်၍မပျံ့လွင့်သည် ဖြစ်၍ နေ၏၊ ပျံ့လွင့်ခြင်း ‘ဥဒ္ဓစ္စ’ နောင်တတစ်ဖန် ပူပန်ခြင်း ‘ကုက္ကုစ္စ’ မှစိတ်ကို စင်ကြယ်စေ၏၊ ယုံမှားခြင်း ‘ဝိစိကိစ္ဆာ’ ကို ပယ်၍ ယုံမှားခြင်း ‘ဝိစိကိစ္ဆာ’ ကို လွန်မြောက်သည်ဖြစ်၍ ကုသိုလ်တရားတို့၌ သို့လော သို့လော မရှိသည် ဖြစ်၍နေ၏၊ ယုံမှားခြင်း ‘ဝိစိကိစ္ဆာ’ မှ စိတ်ကိုစင်ကြယ်စေ၏။

၄၅၉။ လုလင် ဥပမာသော်ကား ယောကျာ်းသည် ကြွေးယူ၍ အလုပ်တို့ကို လုပ်ကိုင်ရာ၏၊ ထိုသူ၏အလုပ်တို့သည် ဖွံ့ဖြိုးကုန်ရာ၏၊ ထိုသူသည် အဟောင်းဖြစ်သော ကြွေးရင်းတို့ကိုလည်း ဆပ်ရာ၏၊ ထိုသူ အား သားမယားကျွေးမွေးရန် အလို့ငှါ အမြတ်လည်း ကျန်ရာ၏၊ ထိုသူအား ဤသို့ အကြံဖြစ်ရာ၏ —

“ငါသည် ရှေးက ကြွေးယူ၍ အလုပ်တို့ကို လုပ်ကိုင်ခဲ့၏၊ ထိုငါ၏ အလုပ်တို့သည် ဖွံ့ဖြိုးခဲ့ကုန်၏၊ ငါသည် အဟောင်းဖြစ်သော ကြွေးရင်းတို့ကိုလည်း ဆပ်ခဲ့ရ၏၊ ငါ့အား သားမယားကျွေးမွေးရန် အလို့ငှါအမြတ်လည်း ကျန်သေး၏”ဟု အကြံ ဖြစ်ရာ၏။

ထိုသူသည် ထို (ကြွေးကင်းခြင်း) အကြောင်းကြောင့် ဝမ်းမြောက်ခြင်းကို ရရာ၏၊ ဝမ်းသာခြင်းသို့ရောက်ရာ၏။

၄၆ဝ။ လုလင် ဥပမာ တစ်မျိုးသော်ကား အနာရောဂါရှိသော ဆင်းရဲနှိပ်စက်ခံရသော ပြင်းစွာမကျန်းမာသော ယောကျာ်းသည် ရှိရာ၏၊ ထိုသူ၌ ထမင်းကိုလည်း စားလိုစိတ်မရှိရာ၊ ထိုသူ၏ ကိုယ်၌အားလည်း မရှိရာ၊ ထိုသူသည် နောင်အခါ၌ ထိုအနာရောဂါမှ လွတ်ရာ၏၊ ထိုသူသည် ထမင်းကိုလည်းစားလိုစိတ် ရှိရာ၏၊ ထိုသူ၏ ကိုယ်၌ အားလည်း ရှိရာ၏၊ ထိုသူအား ဤသို့ အကြံဖြစ်ရာ၏ —

“ငါသည် ရှေး၌ အနာရောဂါရှိသော ဆင်းရဲနှိပ်စက်ခံရသော ပြင်းစွာ မကျန်းမာသောသူ ဖြစ်ခဲ့၏၊ ငါ၌ထမင်းကိုလည်း စားလိုစိတ် မရှိခဲ၊ ငါ၏ ကိုယ်၌ အားလည်း မရှိခဲ၊ ထိုငါသည် ယခုအခါထိုအနာရောဂါမှ လွတ်ခဲ့၏၊ ငါ၌ ထမင်းကိုလည်း စားလိုစိတ် ရှိ၏၊ ငါ၏ ကိုယ်၌ အားလည်း ရှိ၏”ဟုအကြံ ဖြစ်ရာ၏။

ထိုသူသည် ထို (အနာကင်းခြင်း) အကြောင်းကြောင့် ဝမ်းမြောက်ခြင်းကို ရရာ၏၊ ဝမ်းသာခြင်းသို့ရောက်ရာ၏။

၄၆၁။ လုလင် ဥပမာ တစ်မျိုးသော်ကား နှောင်အိမ်၌ နှောင်ဖွဲ့ခံရသော ယောကျာ်းသည် ရှိရာ၏၊ ထိုသူသည် နောင်အခါ၌ ထိုနှောင်အိမ်မှ ဘေးကင်းလျက် ချမ်းသာစွာ လွတ်ရာ၏၊ ထိုသူအား စည်းစိမ်လည်း အနည်းငယ်မျှ ပျက်စီးခြင်း မရှိရာ၊ ထိုသူအား ဤသို့ အကြံဖြစ်ရာ၏ —

“ငါသည် ရှေးက နှောင်အိမ်၌ နှောင်ဖွဲ့ခံခဲ့ရ၏၊ ထိုငါသည် ယခုအခါ ထိုနှောင်အိမ်မှ ဘေးကင်း လျက်ချမ်းသာစွာ လွတ်ခဲ့ရ၏၊ ငါ့အား စည်းစိမ်လည်း အနည်းငယ်မျှ ပျက်စီးခြင်း မရှိ”ဟု အကြံဖြစ်ရာ၏။

ထိုသူသည် ထို (နှောင်အိမ်မှလွတ်ခြင်း) အကြောင်းကြောင့် ဝမ်းမြောက်ခြင်းကို ရရာ၏၊ ဝမ်းသာခြင်း သို့ရောက်ရာ၏။

၄၆၂။ လုလင် ဥပမာတစ်မျိုးသော်ကား (မိမိကိုယ်ကို) မိမိ မစိုးပိုင်သော သူတစ်ပါးတို့ စိုးပိုင်သောအလိုရှိရာသို့ မသွားနိုင်သော ကျွန်ယောကျာ်းသည် ရှိရာ၏၊ ထိုသူသည် နောင်အခါ၌ ထိုကျွန်အဖြစ်မှလွတ်ရာ၏၊ (မိမိကိုယ်ကို) မိမိ စိုးပိုင်သော သူတစ်ပါးတို့ မစိုးပိုင်သော အလိုရှိရာသို့ သွားနိုင်သောလွတ်လပ်သူ ဖြစ်ရာ၏၊ ထိုသူအား ဤသို့ အကြံဖြစ်ရာ၏ —

“ငါသည် ရှေးက (မိမိကိုယ်ကို) မိမိ မစိုးပိုင်သော သူတစ်ပါးတို့ စိုးပိုင်သော အလိုရှိရာသို့မသွားနိုင်သော ကျွန်ဖြစ်ခဲ့၏၊ ထိုငါသည် ယခု ထိုကျွန်အဖြစ်မှ လွတ်ခဲ့၏၊ (မိမိကိုယ်ကို) မိမိ စိုးပိုင်သောသူတစ်ပါးတို့ မစိုးပိုင်သော အလိုရှိရာသို့ သွားနိုင်သော လွတ်လပ်သူ ဖြစ်၏”ဟု အကြံဖြစ်ရာ၏။

ထိုသူသည် ထို (လွတ်လပ်သူ ဖြစ်ခြင်း) အကြောင်းကြောင့် ဝမ်းမြောက်ခြင်းကို ရရာ၏၊ ဝမ်းသာခြင်းသို့ ရောက်ရာ၏။

၄၆၃။ လုလင် ဥပမာ တစ်မျိုးသော်ကား ယောကျာ်းသည် အစာခေါင်းပါးသော ဘေးရန်ရှိသောရှည်ဝေးသော ခရီးခဲကို ဥစ္စာအသုံးအဆောင်နှင့်တကွ သွားရောက်၏၊ ထိုသူသည် နောင်အခါ၌ထိုခရီးခဲကို ချမ်းသာစွာ လွန်မြောက်၍ ငြိမ်းချမ်းသော ဘေးမရှိသော ရွာသို့ ရောက်ရာ၏။ ထိုသူအားဤသို့ အကြံ ဖြစ်ရာ၏ —

“ငါသည် ရှေးက အစာခေါင်းပါးသော ဘေးရန်ရှိသော ရှည်ဝေးသော ခရီးခဲကို ဥစ္စာအသုံး အဆောင်နှင့်တကွ သွားခဲ့၏၊ ထိုငါသည် ယခုအခါ ထိုခရီးခဲကို ချမ်းသာစွာ လွန်မြောက်၍ ငြိမ်းချမ်းသောဘေးမရှိသော ရွာသို့ ရောက်၏”ဟု အကြံဖြစ်ရာ၏။

ထိုသူသည် ထို (ငြိမ်းချမ်းရာသို့ ရောက်ခြင်း) အကြောင်းကြောင့် ဝမ်းမြောက်ခြင်းကို ရရာ၏၊ ဝမ်းသာခြင်းသို့ ရောက်ရာ၏။

၄၆၄။ လုလင် ဤအတူ ရဟန်းသည် ကြွေးကဲ့သို့ အနာရောဂါကဲ့သို့ နှောင်အိမ်ကဲ့သို့ ကျွန်အဖြစ်ကဲ့သို့ ရှည်ဝေးသော ခရီးခဲကဲ့သို့ မိမိ၌ မပယ်ရသေးကုန်သော ဤအပိတ်အပင် ‘နီဝရဏ’ တရား ငါးပါးတို့ကို ကောင်းစွာ မြင်၏။

၄၆၅။ လုလင် ကြွေးကင်းခြင်းကဲ့သို့ အနာရောဂါကင်းခြင်းကဲ့သို့ နှောင်အိမ်မှ လွတ်ခြင်းကဲ့သို့လွတ်လပ်သူဖြစ်ခြင်းကဲ့သို့ ငြိမ်းချမ်းရာအရပ်သို့ ရောက်ခြင်းကဲ့သို့ လုလင် ဤအတူ ရဟန်းသည် မိမိ၌ဤအပိတ်အပင် ‘နီဝရဏ’ တရားငါးပါးတို့ကို ပယ်ပြီးဖြစ်သည်ကို ကောင်းစွာ မြင်၏။

၄၆၆။ မိမိ၌ ဤအပိတ်အပင် ‘နီဝရဏ’ တရားငါးပါး ပယ်ပြီးဖြစ်သည်ကို ကောင်းစွာမြင်သောထိုရဟန်းအား ဝမ်းမြောက်ခြင်းသည် ဖြစ်၏၊ ဝမ်းမြောက်သော ရဟန်းအား နှစ်သိမ့်ခြင်း ‘ပီတိ’ သည် ဖြစ်၏၊ နှစ်သိမ့်သော စိတ်ရှိသော ရဟန်း၏ ကိုယ်သည် ငြိမ်းအေး၏၊ ငြိမ်းအေးသော ကိုယ်ရှိသော ရဟန်းသည် ချမ်းသာကို ခံစား၏၊ ချမ်းသာသော ရဟန်း၏ စိတ်သည် တည်ကြည်၏။

ပဌမဈာန်

၄၆၇။ ထို (ရဟန်း) သည် ကာမဂုဏ်တို့မှ ကင်းဆိတ်၍သာလျှင် အကုသိုလ်တရားတို့မှ ကင်းဆိတ်၍သာလျှင် ကြံစည်ခြင်း ‘ဝိတက်’ နှင့် တကွဖြစ်သော သုံးသပ်ဆင်ခြင်ခြင်း ‘ဝိစာရ’ နှင့် တကွဖြစ်သော ‘နီဝရဏ’ ကင်းဆိတ်ခြင်းကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ ရှိသော ပဌမဈာန်သို့ရောက်၍ နေ၏၊ ထို (ရဟန်း) သည် ဤကိုယ်ကိုပင်လျှင် ‘နီဝရဏ’ ကင်းဆိတ်ခြင်းကြောင့် ဖြစ်သောနှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ ဖြင့် စိုစွတ်စေ၏၊ အလုံးစုံစိုစွတ်စေ၏၊ ပြည့်စေ၏၊ ပျံ့နှံ့စေ၏၊ ‘နီဝရဏ’ ကင်းဆိတ်ခြင်းကြောင့် ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ ဖြင့် ထိုရဟန်း၏တစ်ကိုယ်လုံး၌ မပျံ့နှံ့သောနေရာ အနည်းငယ်မျှ မရှိ။

လုလင် ဥပမာသော်ကား ကျွမ်းကျင်သော ရေချိုးပေးသူသည်လည်းကောင်း ရေချိုးပေးသူ၏တပည့်သည်လည်းကောင်း ကြေးခွက်၌ ရေချိုးကသယ်မှုန့်တို့ကို ဖြူးပြီးလျှင် ရေဖြင့် ဖျန်းလျက်ဖျန်းလျက် အခဲပြုရာ၏၊ ထိုရေချိုးကသယ်မှုန့်သည် အစေးဖြင့် စိမ့်ဝင်လျက် ရှိရာ၏၊ အစေးဖြင့်ဖွဲ့စည်းလျက် ရှိရာ၏၊ အတွင်းအပြင်၌ အစေးဖြင့် ပျံ့နှံ့လျက် ရှိရာ၏၊ ယိုကျခြင်းသည် မရှိရာ။

လုလင် ဤအတူ ရဟန်းသည် ဤကိုယ်ကိုပင်လျှင် ‘နီဝရဏ’ ကင်းဆိတ်ခြင်းကြောင့် ဖြစ်သောနှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ ဖြင့် စိုစွတ်စေ၏၊ အလုံးစုံ စိုစွတ်စေ၏၊ ပြည့်စေ၏၊ ပျံ့နှံ့စေ၏၊ ‘နီဝရဏ’ ကင်းဆိတ်ခြင်းကြောင့် ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ ဖြင့် ထိုရဟန်း၏တစ်ကိုယ်လုံး၌ မပျံ့နှံ့သော နေရာ အနည်းငယ်မျှ မရှိ။

လုလင် ရဟန်းသည် ကာမဂုဏ်တို့မှ ကင်းဆိတ်၍သာလျှင် အကုသိုလ်တရားတို့မှ ကင်းဆိတ်၍သာလျှင် ကြံစည်ခြင်း ‘ဝိတက်’ နှင့် တကွဖြစ်သော သုံးသပ်ဆင်ခြင်ခြင်း ‘ဝိစာရ’ နှင့် တကွဖြစ်သော ‘နီဝရဏ’ ကင်းဆိတ်ခြင်းကြောင့် ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ ရှိသော အကြင်ပဌမဈာန်သို့ ရောက်၍ နေ၏၊ ထိုရဟန်းသည် ဤကိုယ်ကိုပင်လျှင် ‘နီဝရဏ’ ဆိတ်ခြင်းကြောင့်ဖြစ်သောနှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ ဖြင့် စိုစွတ်စေ၏၊ အလုံးစုံစိုစွတ်စေ၏၊ ပြည့်စေ၏၊ ပျံ့နှံ့စေ၏၊ ‘နီဝရဏ’ ကင်းဆိတ်ခြင်းကြောင့် ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ ဖြင့် ထိုရဟန်း၏တစ်ကိုယ်လုံး၌ မပျံ့နှံ့သောနေရာ အနည်းငယ်မျှ မရှိ၊ ဤ (ပဌမဈာန်) သည်လည်း ထိုရဟန်း၏ သမာဓိပေတည်း။

ဒုတိယဈာန်

၄၆၈။ လုလင် တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် ဝိတက် ဝိစာရ ငြိမ်းခြင်းကြောင့် မိမိသန္တာန်၌စိတ်ကို ကြည်လင်စေတတ်သော၊ စိတ်တည်ကြည်ခြင်း ‘သမာဓိ’ ကို ဖြစ်ပွားစေတတ်သော၊ ကြံစည်ခြင်း ‘ဝိတက်’ မရှိသော သုံးသပ်ခြင်း ‘ဝိစာရ’ မရှိသော၊ တည်ကြည်ခြင်း ‘သမာဓိ’ ကြောင့်ဖြစ်သော၊ နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ ရှိသော ဒုတိယဈာန်သို့ ရောက်၍ နေ၏၊ ထိုရဟန်းသည် ဤကိုယ်ကို ပင်လျှင်တည်ကြည်ခြင်း ‘သမာဓိ’ ကြောင့် ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ ဖြင့် စိုစွတ်စေ၏၊ အလုံးစုံစိုစွတ်စေ၏၊ ပြည့်စေ၏၊ ပျံ့နှံ့စေ၏၊ တည်ကြည်ခြင်း ‘သမာဓိ’ ကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ ဖြင့် ထိုရဟန်း၏ တစ်ကိုယ်လုံး၌ မပျံ့နှံ့သောနေရာ အနည်းငယ်မျှ မရှိ။

လုလင် ဥပမာသော်ကား နက်စွာသော စိမ့်ရေရှိသော ရေအိုင်သည် ရှိရာ၏၊ ထိုရေအိုင်၏ အရှေ့အရပ်၌လည်း ရေဝင်ပေါက်မရှိရာ၊ တောင်အရပ်၌လည်း ရေဝင်ပေါက်မရှိရာ၊ အနောက်အရပ်၌လည်းရေဝင် ပေါက် မရှိရာ၊ မြောက်အရပ်၌လည်း ရေဝင်ပေါက် မရှိရာ၊ မိုးသည်လည်း အချိန်မှန်မှန်သည်းထန်စွာ ရွာသွန်းခြင်း မရှိရာ၊ သို့သော်လည်း ထိုရေအိုင်မှ အေးမြသော ရေယဉ်သည် စိမ့်ထွက်၍ထိုရေအိုင်ကို ပင်လျှင် အေးမြသော ရေဖြင့် စိုစွတ်စေရာ၏၊ အလုံးစုံ စိုစွတ်စေရာ၏၊ ပြည့်စေရာ၏၊ ပျံ့နှံ့စေရာ၏၊ အေးမြသော ရေဖြင့် ထိုရေအိုင် တစ်ခုလုံး၌ မပျံ့နှံ့သောနေရာ အနည်းငယ်မျှ မရှိရာ။

လုလင် ဤအတူ ရဟန်းသည် ဤကိုယ်ကိုပင်လျှင်။ပ။

လုလင် ရဟန်းသည် ဝိတက်ဝိစာရငြိမ်းခြင်းကြောင်။ပ။ အကြင်ဒုတိယဈာန်သို့ ရောက်၍နေ၏၊ ထိုရဟန်းသည် ဤကိုယ်ကိုပင်လျှင် တည်ကြည်ခြင်း ‘သမာဓိ’ ကြောင့် ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ ဖြင့် စိုစွတ်စေ၏၊ အလုံးစုံစိုစွတ်စေ၏၊ ပြည့်စေ၏၊ ပျံ့နှံ့စေ၏၊ တည်ကြည်ခြင်း ‘သမာဓိ’ ကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ ဖြင့် ထိုရဟန်း၏ တစ်ကိုယ်လုံး၌ မပျံ့နှံ့သော နေရာ အနည်းငယ်မျှ မရှိ၊ ဤ (ဒုတိယဈာန်) သည်လည်း ထိုရဟန်း၏ သမာဓိပေတည်း။

တတိယဈာန်

၄၆၉။ လုလင် တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် နှစ်သိမ့်ခြင်း ‘ပီတိ’ ကိုလည်း မတပ်မက်ခြင်းကြောင့်သတိ သမ္ပဇဉ်နှင့် ပြည့်စုံသည် ဖြစ်၍ လျစ်လျူရှုလျက် နေ၏၊ ချမ်းသာခြင်း ‘သုခ’ ကိုလည်း ကိုယ်ဖြင့်ခံစား၏၊ အကြင် တတိယဈာန်ကြောင့် ထိုသူကို ‘ လျစ်လျူရှုသူ သတိရှိသူ ချမ်းသာစွာ နေလေ့ရှိသူ’ဟုအရိယာ (ပုဂ္ဂိုလ်) တို့သည် ပြောကြားကုန်၏၊ (ရဟန်းသည်) ထိုတတိယဈာန်သို့ ရောက်၍ နေ၏၊ ထိုရဟန်းသည် ဤကိုယ်ကိုပင်လျှင် နှစ်သိမ့်ခြင်း ‘ပီတိ’ ကင်းသော ချမ်းသာခြင်း ‘သုခ’ ဖြင့် စိုစွတ်စေ၏၊ အလုံးစုံ စိုစွတ်စေ၏၊ ပြည့်စေ၏၊ ပျံ့နှံ့စေ၏၊ နှစ်သိမ့်ခြင်း ‘ပီတိ’ ကင်းသော ချမ်းသာခြင်း ‘သုခ’ ဖြင့်ထိုရဟန်း၏ တစ်ကိုယ်လုံး၌ မပျံ့နှံ့သော နေရာ အနည်းငယ်မျှ မရှိ။

လုလင် ဥပမာသော်ကား ဥပ္ပလ၁ကြာတော၌လည်းကောင်း၊ ပဒုမ္မာကြာတော၌လည်းကောင်း၊ ပုဏ္ဍရိက်ကြာတော၌လည်းကောင်း၊ ဥပ္ပလကြာအချို့တို့သည်လည်းကောင်း၊ ပဒုမ္မာကြာ အချို့တို့သည်လည်းကောင်း၊ ပုဏ္ဍရိက်ကြာ အချို့တို့သည်လည်းကောင်း ရေ၌ ပေါက်ကုန်၏၊ ရေ၌ ကြီးပွားကုန်၏၊ ရေမှ မပေါ်ထွက် သေးကုန်၊ ရေထဲ၌ မြုပ်၍ ဖွံ့ဖြိုးကုန်၏၊ ထိုကြာတို့သည် အဖျား အရင်းတိုင်အောင်အေးမြသော ရေဖြင့် စိုစွတ်ကုန်၏၊ အလုံးစုံ စိုစွတ်ကုန်၏၊ ပြည့်ကုန်၏၊ ပျံ့နှံ့ကုန်၏၊ ထိုဥပ္ပလကြာပဒုမ္မာကြာ ပုဏ္ဍရိက်ကြာ တို့၏ အစိတ်အပိုင်း အလုံးစုံ၌ အေးမြသော ရေဖြင့် မပျံ့နှံ့သော နေရာအနည်းငယ်မျှ မရှိရာ။

လုလင် ဤအတူ ရဟန်းသည် ဤကိုယ်ကိုပင်လျှင်။ပ။

လုလင် ရဟန်းသည် နှစ်သိမ့်ခြင်း ‘ပီတိ’ ကိုလည်း မတပ်မက်ခြင်းကြောင်။ပ။ အကြင်တတိယဈာန် သို့ရောက်၍ နေ၏၊ ထိုရဟန်းသည် ဤ ကိုယ်ကိုပင်လျှင် နှစ်သိမ့်ခြင်း ‘ပီတိ’ ကင်းသော ချမ်းသာခြင်း ‘သုခ’ ဖြင့် စိုစွတ်စေ၏၊ အလုံးစုံစိုစွတ်စေ၏၊ ပြည့်စေ၏၊ ပျံ့နှံ့စေ၏၊ နှစ်သိမ့်ခြင်း ‘ပီတိ’ ကင်းသောချမ်းသာခြင်း ‘သုခ’ ဖြင့် ထိုရဟန်း၏ တစ်ကိုယ်လုံး၌ မပျံ့နှံ့သော နေရာအနည်းငယ်မျှ မရှိ၊ ဤ (တတိယဈာန်) သည်လည်း ထိုရဟန်း၏ သမာဓိပေတည်း။

၁။ ဥပ္ပလ=ကြာဖြူ ကြာနီ ကြာညို။

စတုတ္ထဈာန်

၄၇ဝ။ လုလင် တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် ချမ်းသာ ဆင်းရဲကို ပယ်ခြင်းကြောင့်လည်းကောင်း၊ ရှေးဦးကပင်လျှင် ဝမ်းသာခြင်း နှလုံးမသာခြင်းတို့၏ ချုပ်နှင့်ခြင်းကြောင့်လည်းကောင်း ဆင်းရဲ ချမ်းသာမရှိသော လျစ်လျူရှုမှု ‘ဥပေက္ခာ’ ကြောင့်ဖြစ်သည့် သတိ၏စင်ကြယ်ခြင်းရှိသော စတုတ္ထဈာန်သို့ ရောက်၍နေ၏၊ ထိုရဟန်းသည် ဤကိုယ်ကိုပင်လျှင် သန့်ရှင်းဖြူစင်သော စိတ်ဖြင့် ပျံ့နှံ့စေ၏၊ ထိုရဟန်း၏တစ်ကိုယ်လုံး၌ သန့်ရှင်းဖြူစင်သော စိတ်ဖြင့် မပျံ့နှံ့သောနေရာ အနည်းငယ်မျှ မရှိ။

လုလင် ဥပမာသော်ကား ယောကျာ်းသည် ဖြူစင်သောအဝတ်ဖြင့် ဦးခေါင်းနှင့်တကွ (တစ်ကိုယ်လုံး) ခြုံ၍ ထိုင်နေသည်ရှိသော် ထိုယောကျာ်း၏ တစ်ကိုယ်လုံး၌ ဖြူသော အဝတ်ဖြင့် မပျံ့နှံ့သော နေရာအနည်းငယ်မျှ မရှိရာ။

လုလင် ဤအတူ ရဟန်းသည် ဤကိုယ်ကိုပင်လျှင်။ပ။

လုလင် ရဟန်းသည် ချမ်းသာ ဆင်းရဲကို ပယ်ခြင်းကြောင့်လည်းကောင်း၊ ရှေးဦးကပင်လျှင် ဝမ်းသာခြင်း နှလုံးမသာခြင်းတို့၏ ချုပ်နှင့်ခြင်းကြောင့်လည်းကောင်း ဆင်းရဲ ချမ်းသာမရှိသော လျစ်လျူရှုမှု ‘ဥပေက္ခာ’ ကြောင့်ဖြစ်သည့် သတိ၏ စင်ကြယ်ခြင်းရှိသော အကြင်စတုတ္ထဈာန်သို့ ရောက်၍ နေ၏၊ ထိုရဟန်းသည် ဤကိုယ်ကိုပင်လျှင် သန့်ရှင်းစင်ကြယ်သော စိတ်ဖြင့် ပျံ့နှံ့စေ၍ နေ၏၊ ထိုရဟန်း၏တစ်ကိုယ်လုံး၌ သန့်ရှင်းစင်ကြယ်သော စိတ်ဖြင့် မပျံ့နှံ့သောနေရာ အနည်းငယ်မျှ မရှိ၊ ဤ (စတုတ္ထဈာန်) သည်လည်း ထိုရဟန်း၏ သမာဓိပေတည်း။

၄၇၁။ လုလင် ထိုမြတ်စွာဘုရားသည် အကြင် (သမာဓိက္ခန္ဓာ) ကို ချီးကျူးလေ့ရှိတော်မူ၏၊ အကြင် (သမာဓိက္ခန္ဓာ) ၌လည်း၁ ဤလူအပေါင်းကို ဆောက်တည်စေတော်မူ၏၊ သက်ဝင်စေတော်မူ၏၊ တည်စေတော်မူ၏၊ ထိုမြတ်သော သမာဓိက္ခန္ဓာကား ဤသည်ပင်တည်း၊ သို့ရာတွင် ဤ (သာသနာတော်) ၌ (ဤသမာဓိ က္ခန္ဓာထက်) လွန်သော ပြုဖွယ်ကိစ္စသည်ကား ရှိသေးသည်သာတည်း။

အံ့ဖွယ်ရှိပါပေစွ အသျှင်အာနန္ဒာ၊ မဖြစ်ဖူးမြဲဖြစ်ပါပေစွ အသျှင်အာနန္ဒာ၊ အသျှင်အာနန္ဒာ ထိုမြတ် သောသမာဓိက္ခန္ဓာသည် မပြည့်စုံသည်မဟုတ် ပြည့်စုံပါပေ၏၊ အသျှင်အာနန္ဒာ အကျွန်ုပ်သည် ဤသို့ပြည့်စုံသော မြတ်သော သမာဓိက္ခန္ဓာကို ဤ (သာသနာတော်) မှ အပ တစ်ပါးသောသမဏဗြာဟ္မဏတို့၌မမြင် (မတွေ့) ရပါ၊ အသျှင်အာနန္ဒာ ဤသို့ပြည့်စုံသော မြတ်သော သမာဓိက္ခန္ဓာကိုဤ (သာသနာတော်) မှ အပ တစ်ပါးသောသမဏဗြာဟ္မဏတို့သည် မိမိ (တို့သန္တာန်) ၌မြင် (တွေ့) ကုန်ငြားအံ၊ ထိုသူတို့သည် ထိုမျှလောက်ဖြင့်သာလျှင် ဝမ်းမြောက် ကျေနပ်နေကုန်ရာ၏၊ “ဤမျှလောက်ဖြင့် ပြည့်စုံပြီ၊ ဤမျှ လောက်ဖြင့် (ပြုဖွယ်ကိစ္စကို) ပြုပြီးပြီ၊ ငါတို့သည် ရဟန်းဖြစ်ကျိုးကိုရပြီ၊ (ဤသမာဓိက္ခန္ဓာထက်) လွန်သော တစ်စုံတစ်ခုသော ပြုဖွယ်ကိစ္စသည် ငါတို့အား မရှိတော့ပြီ”ဟုဝမ်းမြောက် ကျေနပ်နေကုန် ရာ၏၊ ထိုသို့ဖြစ်ပါလျက် အသျှင်အာနန္ဒာသည် ဤသာသနာတော်၌ဤ (သမာဓိက္ခန္ဓာ) ထက် လွန်သော ပြုဖွယ်ကိစ္စသည်ကား ရှိသေးသည်သာတည်းဟု မိန့်တော်မူဘိ၏။

၁။ ပါဠိ၌ ‘ယတ္ထ’ဟု ရှိသင့်သည့်အတိုင်း ပြန်ဆိုထားသည်။

ပညာအစု

၄၇၂။ အသျှင်အာနန္ဒာ ထိုအသျှင်ဂေါတမသည် အကြင် (ပညာက္ခန္ဓာ) ကို ချီးကျူးလေ့ရှိ၏၊ အကြင် (ပညာက္ခန္ဓာ) ၌လည်း ဤလူအပေါင်းကို ဆောက်တည်စေ၏၊ သက်ဝင်စေ၏၊ တည်စေ၏၊ ထို မြတ်သောပညာက္ခန္ဓာကား အဘယ်ပါနည်း။

ဝိပဿနာဉာဏ်

ဤသို့ တည်ကြည်သော စိတ်သည် စင်ကြယ်လတ်သော် ဖြူစင်လတ်သော် ညစ်ကြေးမရှိလတ်သော်ညစ်ညူးခြင်းကင်းလတ်သော် နူးညံ့လတ်သော် ပြုခြင်းငှါ သင့်လျော်လတ်သော် တည်တံ့လတ်သော် မတုန်လှုပ်ခြင်းသို့ ရောက်လတ်သော် ထိုရဟန်းသည် (ဝိပဿနာ) ဉာဏ်အမြင်အလို့ငှါ စိတ်ကိုရှေးရှုပို့ဆောင်၏၊ ရှေးရှုညွတ်စေ၏၊ ထိုရဟန်းသည် ဤသို့ သိ၏ —

“ငါ၏ ဤကိုယ်ကား ရုပ်ရှိ၏၊ မဟာဘုတ်လေးပါးအစုအဝေး ဖြစ်၏၊ မိဘတို့မှ ပေါက်ဖွား၏၊ ထမင်း မုန့်တို့ဖြင့် ကြီးပွား၏၊ မမြဲခြင်း ပွတ်သပ်ပေးရခြင်း၁ ဆုပ်နယ်ပေးရခြင်း ပြိုကွဲခြင်း ပျက်စီးခြင်းသဘော ရှိ၏၊ ငါ၏ ဤဝိညာဉ်သည်လည်း ဤ (ကိုယ်) ၌ မှီတွယ်၏၊ ဤ (ကိုယ်) ၌ဆက်စပ်၏”ဟု သိ၏။

လုလင် ဥပမာသော်ကား အလွန်တောက်ပသော အမျိုးမှန်သော ရှစ်မြှောင့်ရှိသော ကောင်းစွာ ပြုပြင်ပြီးဖြစ်သော အရည်ကောင်းသော အထူးကြည်လင်သော နောက်ကျုကင်းသော (သွေးခြင်းဖောက်ခြင်းစသော) အခြင်းအရာအားလုံးနှင့် ပြည့်စုံသော ဝေဠုရိယ ကြောင်မျက်ရွဲရတနာသည် ရှိရာ၏၊ ထို (ဝေဠုရိယ ကြောင်မျက်ရွဲရတနာ) ၌ ညိုသော ချည်ကိုသော်လည်းကောင်း၊ ဝါသော ချည်ကိုသော်လည်း ကောင်း၊ နီသော ချည်ကိုသော်လည်းကောင်း၊ ဖြူသော ချည်ကိုသော်လည်းကောင်း၊ ဝါဖျော့သော ချည်ကိုသော်လည်းကောင်း တပ်ထားရာ၏၊ ထို (ဝေဠုရိယကြောင်မျက်ရွဲရတနာ) ကို မျက်စိအမြင်ရှိသောယောကျာ်းသည် လက်၌ တင်ထား၍ (ဤသို့) ဆင်ခြင်ရာ၏ —

“ဤ (ဝေဠုရိယ ကြောင်မျက်ရွဲရတနာ) သည် အလွန်တောက်ပ၏၊ အမျိုးမှန်၏၊ ရှစ်မြှောင့်ရှိ၏၊ ကောင်းစွာ ပြုပြင်ပြီးဖြစ်၏၊ အရည်ကောင်း၏၊ အထူးကြည်လင်၏၊ နောက်ကျုကင်း၏၊ (သွေးခြင်းဖောက်ခြင်း စသော အခြင်းအရာ) အားလုံးနှင့် ပြည့်စုံ၏၊ ထို (ဝေဠုရိယကြောင်မျက်ရွဲရတနာ) ၌ ဤညိုသော ချည်ကို တပ်ထား၏ ဟူ၍သော်လည်းကောင်း၊ ဤဝါသော ချည်ကို တပ်ထား၏ဟူ၍သော်လည်းကောင်း၊ ဤနီသော ချည်ကို တပ်ထား၏ဟူ၍သော်လည်းကောင်း၊ ဤဖြူသော ချည်ကိုတပ်ထား၏ဟူ၍သော်လည်းကောင်း၊ ဤဝါဖျော့သော ချည်ကို တပ်ထား၏ဟူ၍သော်လည်းကောင်း” ဆင်ခြင်ရာ၏။

လုလင် ဤအတူ ဤသို့တည်ကြည်သော စိတ်သည် စင်ကြယ်လတ်သော် ဖြူစင်လတ်သော် ညစ်ကြေးမရှိလတ်သော် ညစ်ညူးခြင်း ကင်းလတ်သော် နူးညံ့လတ်သော် ပြုခြင်းငှါ သင့်လျော်လတ်သော်တည်တံ့လတ်သော် မတုန်မလှုပ်ခြင်းသို့ ရောက်လတ်သော် ရဟန်းသည် (ဝိပဿနာ) ဉာဏ်အမြင် အလို့ငှါစိတ်ကို ရှေးရှုပို့ဆောင်၏၊ ရှေးရှုညွတ်စေ၏၊ ထိုရဟန်းသည် ဤသို့ သိ၏ —

“ငါ၏ ဤကိုယ်ကား ရုပ်ရှိ၏၊ မဟာဘုတ်လေးပါး အစုအဝေး ဖြစ်၏၊ မိဘတို့မှ ပေါက်ဖွား၏၊ ထမင်း မုန့်တို့ဖြင့် ကြီးပွား၏၊ မမြဲခြင်း ပွတ်သပ်ပေးရခြင်း ဆုပ်နယ်ပေးရခြင်း ပြိုကွဲခြင်း ပျက်စီးခြင်းသဘောရှိ၏၊ ငါ၏ ဤဝိညာဉ်သည်လည်း ဤ (ကိုယ်) ၌ မှီတွယ်၏၊ ဤ (ကိုယ်) ၌ ဆက်စပ်၏”ဟုသိ၏။

လုလင် ဤသို့တည်ကြည်သော စိတ်သည်။ပ။ မတုန်လှုပ်ခြင်းသို့ ရောက်လတ်သော် ရဟန်းသည်အကြင် (ဝိပဿနာ) ဉာဏ်အမြင်အလို့ငှါ စိတ်ကို ရှေးရှုပို့ဆောင်၏၊ ရှေးရှုညွတ်စေ၏၊ ထိုရဟန်းသည်။ပ။ဤ (ကိုယ်) ၌ ဆက်စပ်၏ဟု သိ၏၊ ဤ (ဝိပဿနာဉာဏ်အမြင်) သည်လည်း ထိုရဟန်း၏ ပညာပေတည်း။

၁။ သူငယ်နံ့ ပျောက်စေခြင်းငှါ ငယ်စဉ်က နံ့သာဖြင့် ပွတ်ပေးရခြင်းကို ဆိုသည်။

မနောမယိဒ္ဓိဉာဏ်

၄၇၃။ ဤသို့တည်ကြည်သော စိတ်သည် စင်ကြယ်လတ်သော် ဖြူစင်လတ်သော် ညစ်ကြေးမရှိလတ်သော် ညစ်ညူးခြင်းကင်းလတ်သော် နူးညံ့လတ်သော် ပြုခြင်းငှါ သင့်လျော်လတ်သော် တည်တံ့လတ်သော်မတုန်လှုပ်ခြင်းသို့ ရောက်လတ်သော် ထို (ရဟန်း) သည် စိတ်ဖြင့် ပြီးသော ကိုယ်ကို ဖန်ဆင်းခြင်း ‘မနောမယိဒ္ဓိဉာဏ်’ အလို့ငှါ စိတ်ကို ရှေးရှုပို့ဆောင်၏၊ ရှေးရှုညွတ်စေ၏၊ ထို (ရဟန်း) သည် ဤ (မိမိ) ကိုယ်မှ တစ်ပါးသော ရုပ်ရှိသော စိတ်ဖြင့် ပြီးသော အင်္ဂါကြီးငယ် အလုံးစုံရှိသော ဣန္ဒြေမချို့တဲ့သော ကိုယ်ကိုဖန်ဆင်း၏။

လုလင် ဥပမာသော်ကား ယောကျာ်းသည် ဖြူဆံမြက်မှ အညွန့်တံကို နှုတ်ရာ၏၊ ထို (ယောကျာ်း) အားဤသို့ အကြံဖြစ်ရာ၏ —

“ဤကား ဖြူဆံမြက်တည်း၊ ဤကား အညွန့်တံတည်း၊ ဖြူဆံမြက်ကား တခြား, အညွန့်တံကားတခြားတည်း၊ ဖြူဆံမြက်မှသာလျှင် အညွန့်တံကို နှုတ်ထား၏”ဟု အကြံဖြစ်ရာ၏။

လုလင် ဥပမာ တစ်မျိုးသော်ကား ယောကျာ်းသည် သန်လျက်ကို အအိမ်မှထုတ်ရာ၏၊ ထို (ယောကျာ်း) အား ဤသို့ အကြံဖြစ်ရာ၏ —

“ဤကား သန်လျက်တည်း၊ ဤကား အအိမ်တည်း၊ သန်လျက်ကား တခြား, အအိမ်ကားတခြားတည်း၊ အအိမ်မှသာလျှင် သန်လျက်ကို ထုတ်ထား၏”ဟု အကြံဖြစ်ရာ၏။

လုလင် ဥပမာတစ်မျိုးသော်ကား ယောကျာ်းသည် အရေခွံမှ မြွေကို ထုတ်ရာ၏၊ ထို (ယောကျာ်း) အားဤသို့ အကြံ ဖြစ်ရာ၏ —

“ဤကား မြွေတည်း၊ ဤကား အရေခွံတည်း၊ မြွေကား တခြား, အရေခွံကား တခြားတည်း၊ အရေခွံမှသာလျှင် မြွေကို ထုတ်ထား၏”ဟု အကြံ ဖြစ်ရာ၏။

လုလင် ဤအတူသာလျှင် ရဟန်းသည်။ပ။ လုလင် ဤသို့ တည်ကြည်သော စိတ်သည် စင်ကြယ်လတ်သော် ဖြူစင်လတ်သော် ညစ်ကြေးမရှိလတ်သော် ညစ်ညူးခြင်းကင်းလတ်သော် နူးညံ့လတ်သော်ပြုခြင်းငှါ သင့် လျော်လတ်သော် တည်တံ့လတ်သော် မတုန်လှုပ်ခြင်းသို့ ရောက်လတ်သော် ရဟန်းသည်အကြင် စိတ်ဖြင့်ပြီးသော ကိုယ်ကို ဖန်ဆင်းခြင်း ‘မနောမယိဒ္ဓိဉာဏ်’ အလို့ငှါ စိတ်ကို ရှေးရှုပို့ဆောင်၏၊ ရှေးရှု ညွတ်စေ၏။ပ။ ဤ (မနောမယိဒ္ဓိဉာဏ်) သည်လည်း ထိုရဟန်း၏ ပညာပေတည်း။

ဣဒ္ဓိဝိဓဉာဏ်

၄၇၄။ ဤသို့ တည်ကြည်သော စိတ်သည် စင်ကြယ်လတ်သော် ဖြူစင်လတ်သော် ညစ်ကြေးမရှိလတ်သော် ညစ်ညူးခြင်း ကင်းလတ်သော် နူးညံ့လတ်သော် ပြုခြင်းငှါ သင့်လျော်လတ်သော် တည်တံ့လတ်သော် မတုန်လှုပ်ခြင်းသို့ ရောက်လတ်သော် ထို (ရဟန်း) သည် တန်ခိုးဖန်ဆင်းခြင်း ‘ ဣဒ္ဓိဝိဓဉာဏ်’ အလို့ငှါ စိတ်ကို ရှေးရှုပို့ဆောင်၏၊ ရှေးရှုညွတ်စေ၏၊ ထို (ရဟန်း) သည် များပြားသော တန်ခိုးဖန်ဆင်းခြင်းကို ပြီးစေ၏၊ တစ်ယောက်တည်း ဖြစ်လျက်လည်း အများဖြစ်သွား၏၊ အများဖြစ်လျက်လည်းတစ်ယောက်တည်း ဖြစ်လာ၏၊ ကိုယ်ထင်ရှား ဖြစ်စေ၏၊ ကိုယ်ပျောက်စေ၏၊ နံရံတစ်ဖက် တံတိုင်းတစ်ဖက် တောင်တစ်ဖက်သို့ မထိမငြိဘဲ ကောင်းကင်၌ကဲ့သို့ သွား၏၊ မြေ၌လည်း ငုပ်ခြင်းပေါ်ခြင်းကိုရေ၌ကဲ့သို့ ပြု၏၊ ရေ၌လည်း မကွဲစေဘဲ မြေ၌ကဲ့သို့ သွား၏၊ ကောင်းကင်၌လည်း ထက်ဝယ်ဖွဲ့ခွေလျက်အတောင်ရှိသော ငှက်ကဲ့သို့ သွား၏၊ ဤသို့တန်ခိုးကြီးကုန်သော ဤသို့အာနုဘော်ကြီးကုန်သော ဤလနေ တို့ကိုလည်း လက်ဖြင့် သုံးသပ်၏၊ ဆုပ်ကိုင်၏၊ ဗြဟ္မာ့ပြည်တိုင်အောင်လည်း ကိုယ်ကို (မိမိ) အလို အတိုင်း ဖြစ်စေ၏။

လုလင် ဥပမာသော်ကား ကျွမ်းကျင်သော အိုးထိန်းသည်သည်လည်းကောင်း၊ အိုးထိန်းသည်၏တပည့်သည်လည်းကောင်း မြေကို ညက်စွာ နယ်ပြီးလတ်သော် အလိုရှိရာ အိုးခွက်အမျိုးမျိုးကို ပြုလုပ်ရာ၏၊ ပြီးစေရာ၏။

လုလင် ဥပမာတစ်မျိုးသော်ကား ကျွမ်းကျင်သော ဆင်စွယ်ပန်းပုသည်သည်လည်းကောင်း၊ ဆင်စွယ်ပန်းပုသည်၏ တပည့်သည်လည်းကောင်း ဆင်စွယ်ကို ကောင်းစွာ ပြုပြင်ပြီးလတ်သော် အလိုရှိရာဆင်စွယ်ထည်ကို ပြုလုပ်ရာ၏၊ ပြီးစေရာ၏။

လုလင် ဥပမာတစ်မျိုးသော်ကား ကျွမ်းကျင်သော ရွှေပန်းထိမ်သည်သည်လည်းကောင်း၊ ရွှေပန်းထိမ်သည်၏ တပည့်သည်လည်းကောင်း ရွှေကို ကောင်းစွာ ပြုပြင်ပြီးလတ်သော် အလိုရှိရာ ရွှေထည်ကို ပြုလုပ်ရာ၏၊ ပြီးစေရာ၏။

လုလင် ဤအတူ ဤသို့ တည်ကြည်သော စိတ်သည် စင်ကြယ်လတ်သော် ဖြူစင်လတ်သော် ညစ်ကြေးမရှိလတ်သော် ညစ်ညူးခြင်းကင်းလတ်သော် နူးညံ့လတ်သော် ပြုခြင်းငှါ သင့်လျော်လတ်သော်တည်တံ့လတ်သော် မတုန်လှုပ်ခြင်းသို့ ရောက်လတ်သော် ထိုရဟန်းသည် တန်ခိုးဖန်ဆင်းခြင်း ‘ဣဒ္ဓိဝိဓဉာဏ်’ အလို့ငှါ စိတ်ကို ရှေးရှုပို့ဆောင်၏၊ ရှေးရှုညွတ်စေ၏၊ ထို (ရဟန်း) သည် များပြားသော တန်ခိုးဖန်ဆင်းခြင်းကို ပြီးစေ၏၊ တစ်ယောက်တည်း ဖြစ်လျက်လည်း အများဖြစ်သွား၏။ပ။ ဗြဟ္မာ့ပြည့်တိုင်အောင်လည်း ကိုယ်ကို (မိမ ိ) အလိုအတိုင်း ဖြစ်စေ၏။ ဤ (ဣဒ္ဓိဝိဓဉာဏ်) သည်လည်း ထိုရဟန်း၏ပညာပေတည်း။

ဒိဗ္ဗသောတဉာဏ်

၄၇၅။ ဤသို့ တည်ကြည်သော စိတ်သည်။ပ။ မတုန်လှုပ်ခြင်းသို့ ရောက်လတ်သော် ထို (ရဟန်း) သည် ဒိဗ္ဗသောတဉာဏ်အလို့ငှါ စိတ်ကို ရှေးရှုပို့ဆောင်၏၊ ရှေးရှုညွတ်စေ၏၊ ထို (ရဟန်း) သည် အထူးသဖြင့် စင်ကြယ်သော လူတို့၏ နားထက်သာ လွန်သော နတ်တို့၏ နားနှင့် တူသော ‘ဒိဗ္ဗသောတ’ ဉာဏ်ဖြင့် နတ်၌လည်း ဖြစ်ကုန်သော လူ၌လည်း ဖြစ်ကုန်သော ဝေးသည်လည်း ဖြစ်ကုန်သော နီးသည်လည်းဖြစ်ကုန်သော နှစ်မျိုးသော အသံတို့ကို ကြားရ၏။

လုလင် ဥပမာသော်ကား ခရီးရှည်သွားသော ယောကျာ်းသည် စည်ကြီးသံ မုရိုးစည်သံ ခရုသင်းသံ ထက်စည်သံ ပတ်သာသံများကို ကြားရာ၏၊ ထို (ယောကျာ်း) သည် ဤသို့ သိရာ၏ —

“ဤကား စည်ကြီးသံ၊ ဤကား မုရိုးစည်သံ၊ ဤကား ခရုသင်းသံ၊ ဤကား ထက်စည်သံ၊ ဤကားပတ်သာသံတည်း”ဟု သိရာ၏။

လုလင် ဤအတူသာလျှင် ရဟန်းသည်။ပ။

လုလင် ဤသို့ တည်ကြည်သော စိတ်သည်။ပ။ မတုန်လှုပ်ခြင်းသို့ ရောက်လတ်သော် ထို (ရဟန်း) သည် ဒိဗ္ဗသောတဉာဏ်အလို့ငှါ စိတ်ကို ရှေးရှုပို့ဆောင်၏၊ ရှေးရှုညွတ်စေ၏၊ ထို (ရဟန်း) သည် အထူးသဖြင့် စင်ကြယ်သော လူတို့၏ နားထက် သာလွန်သော နတ်တို့၏ နားနှင့် တူသော ‘ဒိဗ္ဗသောတ’ ဉာဏ် ဖြင့် နတ်၌လည်းဖြစ်ကုန်သော လူ၌လည်း ဖြစ်ကုန်သော ဝေးသည်လည်း ဖြစ်ကုန်သော နီးသည်လည်း ဖြစ်ကုန်သော နှစ်မျိုးသော အသံတို့ကို ကြားရ၏။ ဤ (ဒိဗ္ဗသောတဉာဏ်) သည်လည်းထိုရဟန်း၏ ပညာပေတည်း။

စေတောပရိယဉာဏ်

၄၇၆။ ဤသို့ တည်ကြည်သော စိတ်သည် စင်ကြယ်လတ်သော် ဖြူစင်လတ်သော် ညစ်ကြေးမရှိလတ်သော် ညစ်ညူးခြင်း ကင်းလတ်သော် နူးညံ့လတ်သော် ပြုခြင်းငှါ သင့်လျော်လတ်သော် တည်တံ့လတ်သော် မတုန်လှုပ်ခြင်းသို့ ရောက်လတ်သော် ထိုရဟန်းသည် (သူတစ်ပါးတို့၏) စိတ်ကို ပိုင်းခြား၍ သိသော ‘စေတောပရိယ’ ဉာဏ် အလို့ငှါ စိတ်ကို ရှေးရှုပို့ဆောင်၏၊ ရှေးရှုညွတ်စေ၏၊ ထို (ရဟန်း) သည်တစ်ပါးသော သတ္တဝါ တစ်ပါးသော ပုဂ္ဂိုလ်တို့၏ စိတ်ကို (မိမိ) စိတ်ဖြင့် ပိုင်းခြား၍ သိ၏။

တပ်မက်ခြင်း ‘ရာဂ’ နှင့်တကွသော စိတ်ကိုလည်း တပ်မက်ခြင်း ‘ရာဂ’ နှင့်တကွသော စိတ်ဟု သိ၏၊ တပ်မက်ခြင်း ‘ရာဂ’ ကင်းသော စိတ်ကိုလည်း တပ်မက်ခြင်း ‘ရာဂ’ ကင်းသော စိတ်ဟု သိ၏၊ အမျက်ထွက်ခြင်း ‘ဒေါသ’ နှင့်တကွသော စိတ်ကိုလည်း အမျက်ထွက်ခြင်း ‘ဒေါသ’ နှင့်တကွသော စိတ်ဟုသိ၏၊ အမျက် ထွက်ခြင်း ‘ဒေါသ’ ကင်းသော စိတ်ကိုလည်း အမျက်ထွက်ခြင်း ‘ဒေါသ’ ကင်းသော စိတ်ဟုသိ၏၊ တွေဝေခြင်း ‘မောဟ’ နှင့် တကွ သော စိတ်ကိုလည်း တွေဝေခြင်း ‘မောဟ’ နှင့်တကွသောစိတ်ဟု သိ၏။ တွေဝေခြင်း ‘မောဟ’ ကင်းသော စိတ်ကိုလည်း တွေဝေခြင်း ‘မောဟ’ ကင်းသော စိတ်ဟုသိ၏၊ ကျုံ့သော ‘သံခိတ္တ’ စိတ်ကိုလည်း ကျုံ့သော ‘သံခိတ္တ’ စိတ်ဟု သိ၏၊ ပျံ့သော ‘ဝိက္ခိတ္တ’ စိတ်ကိုလည်း ပျံ့သော ‘ဝိက္ခိတ ္တ’ စိတ်ဟု သိ၏၊ မြတ်သည်၏ အဖြစ်သို့ရောက်သော ‘မဟဂ္ဂုတ်’ စိတ်ကိုလည်း မြတ်သည်၏ အဖြစ်သို့ ရောက်သော ‘မဟဂ္ဂုတ်’ စိတ်ဟု သိ၏၊ မြတ်သည်၏ အဖြစ်သို့ မရောက်သော ‘အမဟဂ္ဂုတ်’ စိတ်ကိုလည်း မြတ်သည်၏ အဖြစ်သို့မရောက်သော ‘အမဟဂ္ဂုတ်’ စိတ်ဟု သိ၏၊ သာလွန်သော တရား ရှိသော ‘သဥတ္တရ’ စိတ်ကိုလည်း သာလွန်သော တရား ရှိသော ‘သဥတ္တရ’ စိတ်ဟု သိ၏၊ သာလွန်သော တရားမရှိသော ‘အနုတ္တရ’ စိတ်ကိုလည်း သာလွန်သော တရားမရှိသော ‘အနုတ္တရ’ စိတ်ဟု သိ၏၊ တည်ကြည်သော ‘သမာဟိတ’ စိတ်ကိုလည်း တည်ကြည်သော ‘သမာဟိတ’ စိတ်ဟု သိ၏၊ မတည်ကြည်သော ‘အသမာဟိတ’ စိတ်ကိုလည်း မတည်ကြည်သော ‘အသမာဟိတ’ စိတ်ဟု သိ၏၊ လွတ်မြောက်သော ‘ဝိမုတ္တ’ စိတ်ကိုလည်း လွတ်မြောက်သော ‘ဝိမုတ္တ’ စိတ်ဟု သိ၏၊ မလွတ်မြောက်သော ‘အဝိမုတ္တ’ စိတ်ကိုလည်း မလွတ်မြောက်သော ‘အဝိမုတ္တ’ စိတ်ဟု သိ၏။

လုလင် ဥပမာသော်ကား ငယ်ရွယ်သော အလှပြင်လေ့ရှိသော မိန်းမပျိုသည်လည်းကောင်း၊ ယောကျာ်းပျိုသည်လည်းကောင်း သန့်ရှင်း ဖြူစင်သော မှန်၌ဖြစ်စေ ကြည်လင်သော ရေခွက်၌ဖြစ်စေ မိမိမျက်နှာရိပ်ကို ကြည့်ရှုလတ်သော် (မှဲ့စသော) အပြောက်အစွန်း ရှိသည်ကို (မှဲ့စသော) အပြောက်အစွန်းရှိ၏ဟု သိရာ၏၊ (မှဲ့စသော) အပြောက်အစွန်း မရှိသည်ကို (မှဲ့စသော) အပြောက်အစွန်း မရှိဟု သိရာ၏။

လုလင် ဤအတူသာလျှင် ရဟန်းသည်။ပ။

လုလင် ဤသို့ တည်ကြည်သော စိတ်သည်။ပ။ မတုန်လှုပ်ခြင်းသို့ ရောက်လတ်သော် ထိုရဟန်းသည်အကြင် (သူတစ်ပါးတို့၏) စိတ်ကို ပိုင်းခြား၍ သိသော ‘စေတောပရိယ’ ဉာဏ် အလို့ငှါ စိတ်ကို ရှေးရှုပို့ဆောင်၏၊ ရှေးရှု ညွတ်စေ၏၊ ထို (ရဟန်း) သည် တစ်ပါးသော သတ္တဝါ တစ်ပါးသော ပုဂ္ဂိုလ်တို့၏စိတ်ကို (မိမိ) စိတ်ဖြင့် ပိုင်းခြား၍ သိ၏။

တပ်မက်ခြင်း ‘ရာဂ’ နှင့် တကွသော စိတ်ကိုလည်း တပ်မက်ခြင်း ‘ရာဂ’ နှင့် တကွသော စိတ်ဟုသိ၏။ပ။မလွတ်မြောက်သော ‘အဝိမုတ္တ’ စိတ်ကိုလည်း မလွတ်မြောက်သော ‘အဝိမုတ္တ’ စိတ်ဟု သိ၏။ ဤ (စေတောပရိယဉာဏ်) သည်လည်း ထိုရဟန်း၏ ပညာပေတည်း။

ပုဗ္ဗေနိဝါသာနုဿတိဉာဏ်

၄၇၇။ ဤသို့ တည်ကြည်သော စိတ်သည်။ပ။ မတုန်လှုပ်ခြင်းသို့ ရောက်လတ်သော် ထို (ရဟန်း) သည် ရှေး၌ဖြစ်ဖူးသော ဘဝကို အောက်မေ့၍ သိသော ‘ပုဗ္ဗေနိဝါသာနုဿတိ’ ဉာဏ်အလို့ငှါ စိတ်ကိုရှေးရှု ပို့ဆောင်၏၊ ရှေးရှုညွတ်စေ၏၊ ထို (ရဟန်း) သည် များပြားသော ရှေး၌ ဖြစ်ဖူးသော ဘဝကိုအောက်မေ့၏၊ ဤသည်ကား အဘယ်နည်း —

တစ်ဘဝကိုလည်းကောင်း၊ နှစ်ဘဝတို့ကိုလည်းကောင်း၊ သုံးဘဝတို့ကိုလည်းကောင်း၊ လေးဘဝတို့ကိုလည်းကောင်း၊ ငါးဘဝတို့ကိုလည်းကောင်း၊ ဆယ်ဘဝတို့ကိုလည်းကောင်း၊ ဘဝနှစ်ဆယ်တို့ကိုလည်းကောင်း၊ ဘဝသုံးဆယ်တို့ကိုလည်းကောင်း၊ ဘဝလေးဆယ်တို့ကိုလည်းကောင်း၊ ဘဝငါးဆယ်တို့ကိုလည်းကောင်း၊ ဘဝတစ်ရာကိိုုလည်းကောင်း၊ ဘဝတစ်ထောင်ကိိုုလည်းကောင်း၊ ဘဝတစ်သိန်းကိိုုလည်းကောင်း၊ များပြားသော ပျက်ကပ်တို့ကိိုုလည်းကောင်း၊ များပြားသောဖြစ်ကပ်တို့ကိိုုလည်းကောင်း၊ များပြားသော ပျက်ကပ်ဖြစ်ကပ်တို့ကိိုုလည်းကောင်း ဤမည်သော ဘဝ၌ငါသည် ဤသို့သော အမည် ရှိခဲ့၏၊ ဤသို့သော အနွယ်ရှိခဲ့၏၊ ဤသို့သော အဆင်း ရှိခဲ့၏၊ ဤသို့သောအစာ ရှိခဲ့၏၊ ဤသို့သော ချမ်းသာ ဆင်းရဲကို ခံစားခဲ့၏၊ ဤသို့သော အသက် အပိုင်းအခြား ရှိခဲ့၏၊ ထို (ငါ) သည် ထိုဘဝမှ သေခဲ့၍ ဤမည်သော ဘဝ၌ ဖြစ်ပြန်၏၊ ထိုဘဝ၌လည်း ဤသို့သောအမည်ရှိခဲ့၏၊ ဤသို့သော အနွယ်ရှိခဲ့၏၊ ဤသို့သော အဆင်းရှိခဲ့၏၊ ဤသို့သော အစာရှိခဲ့၏၊ ဤသို့သော ချမ်းသာ ဆင်းရဲကို ခံစားခဲ့၏၊ ဤသို့သော အသက် အပိုင်းအခြားရှိခဲ့၏၊ ထို (ငါ) သည်ထိုဘဝမှ သေခဲ့၍ ဤဘဝ၌ ဖြစ်ပြန်၏ဟု ဤသို့ အခြင်းအရာ နှင့်တကွ ညွှန်ပြဖွယ် (အမည်အနွယ်) နှင့်တကွ များပြားသော ရှေး၌ ဖြစ်ဖူးသော ဘဝကို အောက်မေ့၏။

လုလင် ဥပမာသော်ကား ယောကျာ်းသည် မိမိရွာမှ တစ်ပါးသော ရွာသို့ သွားရာ၏၊ ထိုရွာမှလည်း တစ်ပါးသော ရွာသို့ သွားရာ၏၊ ထို (ယောကျာ်း) သည် ထိုရွာမှ မိမိရွာသို့သာလျှင် ပြန်လာရာ၏၊ ထိုယောကျာ်းအား ဤသို့ အကြံဖြစ်ရာ၏ —

“ငါသည် မိမိရွာမှ ဤမည်သော ရွာသို့ သွားခဲ့၏၊ ထိုရွာ၌လည်း ဤသို့ ရပ်ခဲ့၏၊ ဤသို့ ထိုင်ခဲ့၏၊ ဤသို့ ပြောဆိုခဲ့၏၊ ဤသို့ ဆိတ်ဆိတ်နေခဲ့၏၊ ထိုရွာမှလည်း ဤမည်သော ရွာသို့ သွားခဲ့၏၊ ထိုရွာ၌လည်း ဤသို့ ရပ်ခဲ့၏၊ ဤသို့ ထိုင်ခဲ့၏၊ ဤသို့ ပြောဆိုခဲ့၏၊ ဤသို့ ဆိတ်ဆိတ်နေခဲ့၏၊ ထိုငါသည် ထိုရွာမှ မိမိရွာသို့သာလျှင် ပြန်လာ၏”ဟု အကြံဖြစ်ရာ၏။

လုလင် ဤအတူသာလျှင် ရဟန်းသည်။ပ။ လုလင် ဤသို့ တည်ကြည်သော စိတ်သည်။ပ။မတုန်လှုပ်ခြင်းသို့ ရောက်လတ်သော် ရဟန်းသည် ရှေး၌ဖြစ်ဖူးသော ဘဝကို အောက်မေ့၍ သိသော ‘ပုဗ္ဗေနိဝါသာနုဿတိ’ ဉာဏ်အလို့ငှါ စိတ်ကို ရှေးရှုပို့ဆောင်၏၊ ရှေးရှုညွတ်စေ၏၊ ထို (ရဟန်း) သည်များပြားသော ရှေး၌ ဖြစ်ဖူးသော ဘဝကို အောက်မေ့၏၊ ဤသည်ကား အဘယ်နည်း —

တစ်ဘဝကိုလည်းကောင်း။ပ။ ဤသို့ အခြင်းအရာနှင့် တကွ ညွှန်ပြဖွယ် (အမည်အနွယ်) နှင့် တကွများပြားသော ရှေး၌ ဖြစ်ဖူးသော ဘဝကို အောက်မေ့၏၊ ဤ (ပုဗ္ဗေနိဝါသာနုဿတိဉာဏ်) သည်လည်းထိုရဟန်း၏ ပညာပေတည်း။

စုတူပပါတဉာဏ်

၄၇၈။ ဤသို့ တည်ကြည်သော စိတ်သည်။ပ။ မတုန်လှုပ်ခြင်းသို့ ရောက်လတ်သော် ထို (ရဟန်း) သည် သတ္တဝါတို့၏ သေခြင်း ဖြစ်ပေါ်ခြင်းကို သိသော ‘စုတူပပါတ’ ဉာဏ်၁ အလို့ငှါ စိတ်ကို ရှေးရှုပို့ဆောင်၏၊ ရှေးရှု ညွတ်စေ၏၊ ထို (ရဟန်း) သည် အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိထက်သာလွန်သော နတ်တို့၏ မျက်စိနှင့် တူသော ‘ဒိဗ္ဗစက္ခု’ ဉာဏ်ဖြင့် သေဆဲသတ္တဝါ ဖြစ်ပေါ်ဆဲသတ္တဝါယုတ်သော သတ္တဝါ မြတ်သော သတ္တဝါ အဆင်းလှသော သတ္တဝါ အဆင်းမလှသော သတ္တဝါ ကောင်းသောလားရာရှိသော သတ္တဝါ မကောင်းသော လားရာရှိသော သတ္တဝါတို့ကို မြင်၏၊ ကံအားလျော်စွာ ဖြစ်သောသတ္တဝါတို့ကို သိ၏ —

“အချင်းတို့ ဤသတ္တဝါတို့သည် ကိုယ်ဖြင့်ပြုသော မကောင်းသော အကျင့် ‘ကာယဒုစရိုက်’ နှင့်ပြည့်စုံကုန်၏၊ နှုတ်ဖြင့်ပြုသော မကောင်းသော အကျင့် ‘ဝစီဒုစရိုက်’ နှင့် ပြည့်စုံကုန်၏၊ စိတ်ဖြင့်ပြုသော မကောင်းသော အကျင့် ‘မနောဒုစရိုက်’ နှင့် ပြည့်စုံကုန်၏၊ အရိယာတို့ကို စွပ်စွဲ တတ်ကုန်၏၊ မှားသော အယူ ရှိကုန်၏၊ မှားသော အယူဖြင့် ပြုသော ကံရှိကုန်၏၊ ထိုသတ္တဝါတို့သည်ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသော လားရာ ပျက်စီးလျက်ကျရောက်ရာ ငရဲ၌ ဖြစ်ပေါ်ကုန်၏၊ အချင်းတို့ ဤသတ္တဝါတို့သည်ကား ကိုယ်ဖြင့်ပြု သောကောင်းသောအကျင့် ‘ကာယ သုစရိုက်’ နှင့် ပြည့်စုံကုန်၏၊ နှုတ်ဖြင့်ပြုသော ကောင်းသော အကျင့် ‘ဝစီသုစရိုက်’ နှင့် ပြည့်စုံကုန်၏၊ စိတ်ဖြင့် ပြုသော ကောင်းသော အကျင့် ‘မနောသုစရိုက်’ နှင့် ပြည့်စုံကုန်၏၊ အရိယာတို့ကို မစွပ်စွဲ တတ်ကုန်၊ မှန်သော အယူရှိကုန်၏၊ မှန်သောအယူဖြင့်ပြုသော ကံရှိကုန်၏၊ ထိုသတ္တဝါတို့သည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ကောင်းသော လားရာ နတ်ပြည်၌ ဖြစ်ပေါ်ကုန်၏”ဟု သိ၏။

ဤသို့လျှင် အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိထက် သာလွန်သော နတ်တို့၏ မျက်စိနှင့်တူသော ‘ဒိဗ္ဗစက္ခု’ ဉာဏ်ဖြင့် သေဆဲသတ္တဝါ ဖြစ်ပေါ်ဆဲသတ္တဝါ ယုတ်သော သတ္တဝါ မြတ်သော သတ္တဝါအဆင်းလှသော သတ္တဝါ အဆင်းမလှသော သတ္တဝါ ကောင်းသော လားရာရှိသော သတ္တဝါ မကောင်းသော လားရာရှိသော သတ္တဝါတို့ကို မြင်၏၊ ကံအားလျော်စွာ ဖြစ်သော သတ္တဝါတို့ကို သိ၏။

လုလင် ဥပမာသော်ကား (ဗဟို) လမ်းဆုံအလယ်၌ ပြာသာဒ် ရှိရာ၏၊ ထို (ပြာသာဒ်ထက်) ၌ ရပ် လျက့်နေသော မျက်စိအမြင်ရှိသော ယောကျာ်းသည် အိမ်သို့ ဝင်ကုန်သော အိမ်မှ ထွက်ကုန်သော လမ်းမ ၌လမ်းလျှောက် သွားလာနေကုန်သော လမ်းဆုံအလယ်၌ ထိုင်နေကုန်သော လူတို့ကို မြင်ရာ၏၊ ထိုယောကျာ်းအား ဤသို့ အကြံ ဖြစ်ရာ၏ —

“ဤသူတို့သည် အိမ်သို့ ဝင်ကုန်၏၊ ဤသူတို့သည် (အိမ်) မှ ထွက်ကုန်၏၊ ဤသူတို့သည် လမ်းမ၌လမ်းလျှောက်သွားလာနေကုန်၏၊ ဤသူတို့သည် လမ်းဆုံအလယ်၌ ထိုင်နေကုန်၏”ဟု အကြံဖြစ် ရာ၏။

လုလင် ဤအတူသာလျှင် ရဟန်းသည်။ပ။ လုလင် ဤသို့ တည်ကြည်သော စိတ်သည်။ပ။မတုန်လှုပ်ခြင်းသို့ ရောက်လတ်သော် ရဟန်းသည် အကြင်သတ္တဝါတို့၏ သေခြင်း ဖြစ်ပေါ်ခြင်းကို သိသော ‘စုတူပပါတ’ ဉာဏ် အလို့ငှါ စိတ်ကို ရှေးရှုပို့ဆောင်၏၊ ရှေးရှူညွတ်စေ၏၊ ထို (ရဟန်း) သည်အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိထက် သာလွန်သော နတ်တို့၏ မျက်စိနှင့် တူသော ‘ဒိဗ္ဗစက္ခု’ ဉာဏ်ဖြင့် သေဆဲသတ္တဝါ ဖြစ်ပေါ်ဆဲသတ္တဝါ ယုတ်သော သတ္တဝါ မြတ်သော သတ္တဝါအဆင်းလှသော သတ္တဝါ အဆင်း မလှသော သတ္တဝါ ကောင်းသော လားရာရှိသော သတ္တဝါ မကောင်းသော လားရာ ရှိသော သတ္တဝါတို့ကို မြင်၏၊ ကံအားလျော်စွာ ဖြစ်သော သတ္တဝါတို့ကို သိ၏၊ ဤ (စုတူပပါတဉာဏ်) သည်လည်း ထိုရဟန်း၏ ပညာပေတည်း။

၁။ စုတိ = သေခြင်း၊ ဥပပါတ = ဖြစ်ပေါ်ခြင်း ပဋိသန္ဓေ။

အာသဝက္ခယဉာဏ်

၄၇၉။ ဤသို့တည်ကြည်သော စိတ်သည် စင်ကြယ်လတ်သော် ဖြူစင်လတ်သော် ညစ်ကြေး မရှိလတ်သော် ညစ်ညူးခြင်း ကင်းလတ်သော် နှုးညံ့လတ်သော် ပြုခြင်းငှါ သင့်လျော်လတ်သော် တည်တံ့လတ်သော်မတုန်လှုပ်ခြင်းသို့ ရောက်လတ်သော် ထို (ရဟန်း) သည် အာသဝတို့ကို ကုန်စေသော ‘အာသဝက္ခယ’ ဉာဏ်အလို့ငှါ စိတ်ကို ရှေးရှုပို့ဆောင်၏၊ ရှေးရှုညွတ်စေ၏၊ ထို (ရဟန်း) သည် ဤကား ဆင်းရဲဟုဟုတ်မှန်သောအတိုင်း သိ၏၊ ဤကား ဆင်းရဲဖြစ်ပေါ်ခြင်း၏ အကြောင်းဟုဟုတ်မှန်သော အတိုင်းသိ၏၊ ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်)ဟုဟုတ်မှန်သောအတိုင်း သိ၏၊ ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်ဟုဟုတ်မှန်သောအတိုင်း သိ၏၊ ဤသည်တို့ကား အာသဝတို့ဟုဟုတ်မှန်သော အတိုင်း သိ၏၊ ဤကား အာသဝတို့ ဖြစ်ပေါ်ခြင်း၏ အကြောင်းဟုဟုတ်မှန်သောအတိုင်းသိ၏၊ ဤကား အာသဝတို့ချုပ်ရာ (နိဗ္ဗာန်)ဟုဟုတ်မှန်သော အတိုင်း သိ၏၊ ဤသည်ကား အာသဝတို့ချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်ဟုဟုတ်မှန်သော အတိုင်း သိ၏၊ ဤသို့ သိသော ဤသို့မြင်သော ထို (ရဟန်း)၏ စိတ်သည် ကာမာသဝမှလည်း လွတ်မြောက်၏၊ ဘဝါသဝမှလည်း လွတ်မြောက်၏၊ အဝိဇ္ဇာသဝမှလည်း လွတ်မြောက်၏၊ လွတ်မြောက်ပြီးလတ်သော် လွတ်မြောက်လေပြီဟုအသိဉာဏ် ဖြစ်ပေါ်၏၊ ပဋိသန္ဓေနေမှု ကုန်ပြီ၊ မြတ်သော အကျင့်ကို ကျင့်သုံးပြီးပြီ၊ (မဂ်) ကိစ္စကိုပြုပြီးပြီ၊ ဤ (မဂ်) ကိစ္စ အလို့ငှါ တစ်ပါးသော ပြုဖွယ်ကိစ္စ မရှိတော့ပြီဟု သိ၏။

လုလင် ဥပမာသော်ကား တောင်ဝှမ်း၌ ကြည်လင်သန့်ရှင်း နောက်ကျုကင်းသော ရေအိုင်သည် ရှိရာ၏၊ မျက်စိအမြင်ရှိသော ယောကျာ်းသည် ထိုရေအိုင်၏ ကမ်း၌ ရပ်လျက် ခရု ယောက်သွား ကျောက် စရစ်အိုးခြမ်း ငါးအပေါင်းတို့ သွားနေကြသည်ကိုလည်းကောင်း၊ ရပ်တည်နေကြသည်ကိုလည်းကောင်း မြင်ရ၏၊ ထိုယောကျာ်းအား ဤသို့ အကြံဖြစ်ရာ၏ —

“ဤ ရေအိုင်သည် ကြည်လင်သန့်ရှင်း နောက်ကျုကင်း၏၊ ထိုရေအိုင်၌ ဤ ခရု ယောက်သွားကျောက်စရစ် အိုးခြမ်း ငါးအပေါင်းတို့ သွားလည်း သွားကြ၏၊ ရပ်တည်လည်း ရပ်တည်ကြ၏”ဟု့အကြံ ဖြစ်ရာ၏။

လုလင် ဤအတူသာလျှင် ရဟန်းသည်။ပ။ လုလင် ဤသို့ တည်ကြည်သော စိတ်သည်။ပ။ မတုန်လှုပ်ခြင်းသို့ ရောက်လတ်သော် ရဟန်းသည် အကြင်အာသဝတို့ကို ကုန်စေသော ‘အာသဝက္ခယ’ ဉာဏ်အလို့ငှါ စိတ်ကို ရှေးရှုပို့ဆောင်၏၊ ရှေးရှုညွတ်စေ၏၊ ထို (ရဟန်း) သည် ဤကား ဆင်းရဲဟုဟုတ်မှန်သောအတိုင်း သိ၏။ပ။ နိဗ္ဗာန်သို့ ရောက်ကြောင်းအကျင့်ဟုဟုတ်မှန်သောအတိုင်း သိ၏၊ ဤသို့ သိသောဤသို့ မြင်သော ထို (ရဟန်း)၏ စိတ်သည် ကာမာသဝမှလည်း လွတ်မြောက်၏၊ ဘဝါသဝမှလည်း လွတ်မြောက်၏၊ အဝိဇ္ဇာသဝမှလည်း လွတ်မြောက်၏၊ လွတ်မြောက်ပြီးလတ်သော် ‘လွတ်မြောက်လေပြီ’ဟုအသိဉာဏ် ဖြစ်ပေါ်၏၊ ပဋိသန္ဓေနေမှု ကုန်ပြီ၊ မြတ်သော အကျင့်ကို ကျင့်သုံးပြီးပြီ၊ (မဂ်) ကိစ္စကိုပြုပြီးပြီ၊ ဤ (မဂ်) ကိစ္စအလို့ငှါ တစ်ပါးသော ပြုဖွယ်ကိစ္စ မရှိတော့ပြီဟု သိ၏၊ ဤ (အာသဝက္ခယဉာဏ်) သည်လည်း ထိုရဟန်း၏ ပညာပေတည်း။

၄၈ဝ။ လုလင် ထို မြတ်စွာဘုရားသည် အကြင် (ပညာက္ခန္ဓာ) ကို ချီးကျူးလေ့ရှိတော်မူ၏၊ အကြင် (ပညာက္ခန္ဓာ) ၌လည်း၁ ဤလူအပေါင်းကို ဆောက်တည်စေတော်မူ၏၊ သက်ဝင်စေတော်မူ၏၊ တည်စေတော်မူ၏၊ ထိုမြတ်သော ပညာက္ခန္ဓာကား ဤသည်ပင်တည်း၊ ဤ (သာသနာတော်) ၌ (ဤပညာက္ခန္ဓာထက်) လွန်သော ပြုဖွယ်ကိစ္စသည် မရှိတော့ပြီဟု မိန့်တော်မူ၏။

အံ့ဖွယ်ရှိပါပေစွ အသျှင်အာနန္ဒာ၊ မဖြစ်ဖူးမြဲဖြစ်ပါပေစွ အသျှင်အာနန္ဒာ၊ အသျှင်အာနန္ဒာ ထို မြတ် သောပညာက္ခန္ဓာသည် မပြည့်စုံသည် မဟုတ်၊ ပြည့်စုံပါပေ၏။ အသျှင်အာနန္ဒာ အကျွန်ုပ်သည် ဤသို့ပြည့်စုံသော မြတ်သော ပညာက္ခန္ဓာကို ဤ (သာသနာတော်) မှ အပ တစ်ပါးသော သမဏ ဗြာဟ္မဏတို့၌၂ မမြင် (မတွေ့) ရပါ၊ ဤအရာ၌ (ဤပညာက္ခန္ဓာထက်) လွန်သော ပြုဖွယ်ကိစ္စသည် မရှိနိုင်တော့ပါ။

အသျှင်အာနန္ဒာ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေ၏၊ အသျှင်အာနန္ဒာ (တရားတော်သည်) အလွန်နှစ်သက်ဖွယ်ရှိပါပေ၏၊ အသျှင်အာနန္ဒာ မှောက်ထားသည်ကို လှန်ဘိသကဲ့သို့လည်းကောင်း၊ ဖုံးလွှမ်း ထားသည်ကို ဖွင့်လှစ်ဘိသကဲ့သို့လည်းကောင်း၊ မျက်စိလည်သော သူအား လမ်းမှန်ကိုပြောကြားဘိသကဲ့သို့လည်းကောင်း၊ “မျက်စိအမြင်ရှိသော သူတို့သည် အဆင်းတို့ကို မြင်ကြလိမ့်မည်”ဟုအမိုက်မှောင်၌ ဆီမီးတန်ဆောင်ကို ဆောင်ပြဘိသကဲ့သို့လည်းကောင်း ဤအတူသာလျှင် အသျှင်အာနန္ဒာသည် များစွာသော အကြောင်းဖြင့် တရားတော်ကို ပြတော်မူပါပေ၏၊ အသျှင်အာနန္ဒာ ထိုအကျွန်ုပ်သည်ထိုအသျှင်ဂေါတမကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ တရားတော်ကိုလည်း ကိုးကွယ်ရာဟူ၍ဆည်းကပ် ပါ၏၊ သံဃာတော်ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ အသျှင်အာနန္ဒာသည်အကျွန်ုပ်ကို ယနေ့မှစ၍ အသက်ထက်ဆုံး ကိုးကွယ် ဆည်းကပ်သော ဥပါသကာဟု မှတ်တော်မူပါဟူ၍လျှောက်ထား လေသတည်း။

ဆယ်ခုမြောက်သော သုဘသုတ် ပြီး၏။

၁။ ပါဠိ “ယတ္ထ”ဟု ရှိသင့်သည့်အတိုင်း ပြန်ဆိုထားသည်။

၂။ န သမနုပဿာမိ၊ နတ္ထိ စေ ဝေတ္ထ ဥတ္တရိ ကရဏီယန္တိဟူသော သီဟိုဠ်မူနှင့် လန်ဒန်မူတို့အရ ပြန်ဆိုထားသည်။