ဒီဃနိကာယ်

၁၂—လောဟိစ္စသုတ်

လောဟိစ္စပုဏ္ဏားဝတ္ထု

၅ဝ၁။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည် —

အခါတစ်ပါး၌ မြတ်စွာဘုရားသည် ငါးရာမျှသော များစွာသော ရဟန်းသံဃာနှင့် အတူ ကောသလတိုင်း၌ ဒေသစာရီ လှည့်လည်တော်မူလတ်သော် သာလဝတိကာ (ရွာ) သို့ ရောက်တော်မူ၏။

ထိုစဉ်အခါ၌ လောဟိစ္စပုဏ္ဏားသည် လူစည်ကား၍ ကျွဲနွားစသည် ပေါများသော မြက် ထင်း ရေတို့နှင့်ပြည့်စုံသော ဆန်စပါးနှင့် ပြည့်စုံသော မင်းမှ ရသည့် စည်းစိမ်ဖြစ်သော ပသေနဒီကောသလ မင်းသည်အပိုင်စား ပေးထားသော သာလဝတိကာ (ရွာ) ကို အုပ်ချုပ်၍ နေ၏။

၅ဝ၂။ ထိုစဉ်အခါ၌ လောဟိစ္စပုဏ္ဏားအား ဤသို့သဘောရှိသော ယုတ်မာသော မိစ္ဆာအယူသည်ဖြစ်ပေါ်လျက် ရှိ၏။ “ဤ (လောက) ၌ သမဏဖြစ်စေ ဗြာဟ္မဏဖြစ်စေ ကုသိုလ်တရားကို ရနိုင်ပါ၏၊ (သို့သော်) ကုသိုလ်တရားကို ရပြီးလျှင် တစ်ပါးသော သူအား မဟောပြောသင့်ပေ၊ တစ်ပါးသော သူသည်တစ်ပါးသော သူအား အဘယ်ပြုအံ့နည်း၊ ဤဟောပြောခြင်းသည် အနှောင်အဖွဲ့အဟောင်းကို ဖြတ်၍အခြားအနှောင် အဖွဲ့သစ်ကို ပြုသည်နှင့် တူ၏၊ (ထို့ကြောင့်) ဤဟောပြောခြင်းကို ယုတ်မာသော လောဘတရားဟု (ငါ) ဆို၏၊ တစ်ပါးသော သူသည် တစ်ပါးသော သူအား အဘယ်ပြုအံ့နည်း”ဟုဖြစ်ပေါ်လျက် ရှိ၏။

၅ဝ၃။ (ထိုအခါ) လောဟိစ္စပုဏ္ဏားသည် (ဤသို့) ကြားသိလေ၏ —

“အချင်းတို့ သာကီဝင်မင်းမျိုးမှ ရဟန်းပြုသော သာကီဝင်မင်းသား ရဟန်းဂေါတမသည် ငါးရာမျှ သောများစွာသော ရဟန်းသံဃာနှင့်အတူ ကောသလတိုင်း၌ ဒေသစာရီ လှည့်လည်တော်မူရာသာလဝတိကာ (ရွာ) သို့ ရောက်တော်မူ၏၊ ထိုအသျှင်ဂေါတမ၏ ကောင်းသော ကျော်စောသတင်းသည်ဤသို့ ပျံ့နှံ့၍ ထွက်၏ —

‘ထိုမြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သော အကြောင်းကြောင့်လည်း ‘အရဟံ’ မည်တော်မူ၏၊ (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော အကြောင်းကြောင့်လည်း ‘သမ္မာသမ္ဗုဒ္ဓ’ မည်တော်မူ၏၊ အသိဉာဏ် ‘ဝိဇ္ဇာ’ အကျင့် ‘စရဏ’ နှင့် ပြည့်စုံတော်မူသော အကြောင်းကြောင့်လည်း ‘ဝိဇ္ဇာစရဏသမ္ပန္န’ မည်တော်မူ၏၊ ကောင်းသော စကားကို ဆိုတော်မူတတ်သောအကြောင်းကြောင့်လည်း ‘သုဂတ’ မည်တော်မူ၏၊ လောကကို သိတော်မူသော အကြောင်းကြောင့်လည်း ‘လောကဝိဒူ’ မည်တော်မူ၏၊ ဆုံးမထိုက်သူကို ဆုံးမတတ်သည့် အတုမဲ့ပုဂ္ဂိုလ်ဖြစ်တော်မူ သောအကြောင်းကြောင့်လည်း ‘အနုတ္တရော ပုရိသဒမ္မ သာရထိ’ မည်တော်မူ၏၊ နတ်လူတို့၏ ဆရာဖြစ်တော်မူသော အကြောင်းကြောင့်လည်း ‘သတ္ထာ ဒေဝမနုဿာနံ’ မည်တော်မူ၏၊ (သစ္စာလေးပါးတရားတို့ကို) သိစေတော်မူသော အကြောင်းကြောင့်လည်း ‘ဗုဒ္ဓ’ မည်တော်မူ၏၊ ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်းကြောင့်လည်း ‘ဘဂဝါ’ မည်တော်မူ၏’ဟု ပျံ့နှံ့၍ ထွက်၏။ထို (မြတ်စွာဘုရား) သည် နတ်နှင့်တကွသော မာရ်နတ်နှင့်တကွသော ဗြဟ္မာနှင့်တကွသော ဤလောကကိုလည်းကောင်း၊ သမဏဗြာဟ္မဏနှင့်တကွသော မင်းများ လူများနှင့်တကွသော သတ္တဝါအပေါင်းကိုလည်းကောင်း ထူးသော ဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက်ပြုလျက် ဟောကြားတော် မူ၏။

ထိုမြတ်စွာဘုရားသည် အစ၏ ကောင်းခြင်း၊ အလယ်၏ ကောင်းခြင်း၊ အဆုံး၏ ကောင်းခြင်းရှိသောအနက်နှင့် ပြည့်စုံသော သဒ္ဒါနှင့် ပြည့်စုံသော တရားကို ဟောတော်မူ၏၊ အလုံးစုံ ပြည့်စုံသောစင်ကြယ်သော မြတ်သော အကျင့်ကို ပြတော်မူ၏၊ ထိုသို့သဘောရှိသော ရဟန္တာ (ပုဂ္ဂိုလ်) တို့ကိုဖူးမြော်ရခြင်းသည် ကောင်းသည်သာတည်း”ဟု ကြားသိလေ၏။

၅ဝ၄။ ထိုအခါ လောဟိစ္စပုဏ္ဏားသည် ရောသိကာမည်သော ဆတ္တာသည်ကို (ဤသို့) မိန့်ဆို၏ —

“အချင်း ရောသိကာ လာလော့၊ သင်သည် ရဟန်းဂေါတမထံသို့ ချဉ်းကပ်၍ ငါ့စကားဖြင့် ရဟန်းဂေါတမအား အနာကင်းကြောင်း ရောဂါကင်းကြောင်း ကျန်းမာကြောင်း သန်စွမ်းကြောင်း ချမ်းသာ စွာ နေရကြောင်းများကို မေးလျှောက်လေလော။ ‘အသျှင်ဂေါတမ လောဟိစ္စပုဏ္ဏားသည် အသျှင်ဂေါတမအား အနာကင်းကြောင်း ရောဂါကင်း ကြောင်းကျန်းမာကြောင်း သန်စွမ်းကြောင်း ချမ်းသာစွာ နေရကြောင်းများကို မေးလိုက်ပါ၏’ဟုလျှောက်လေလော။ (ထို့ပြင်) အသျှင်ဂေါတမသည် နက်ဖြန်အဖို့ လောဟိစ္စပုဏ္ဏား၏ ဆွမ်းကို ရဟန်းသံဃာနှင့် အတူ့လက်ခံတော်မူပါဟူ၍လည်း လျှောက်ထားလေလော့”ဟု မိန့်ဆို၏။

၅ဝ၅။ “အသျှင်ကောင်းပါပြီ”ဟု ရောသိကာမည်သော ဆတ္တာသည်သည် လောဟိစ္စပုဏ္ဏားအားဝန်ခံပြီးလျှင် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသော နေရာ၌ ထိုင်၏၊ တစ်ခုသော နေရာ၌ ထိုင်ပြီးသော် ရောသိကာမည်သော ဆတ္တာသည်သည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏ —

“အသျှင်ဘုရား လောဟိစ္စပုဏ္ဏားသည် မြတ်စွာဘုရားအား အနာကင်းကြောင်း ရောဂါကင်း ကြောင်းကျန်းမာကြောင်း သန်စွမ်းကြောင်း ချမ်းသာစွာ နေရကြောင်းများကို မေးလိုက်ပါ၏၊ အသျှင်ဘုရား (ထို့ပြင်) မြတ်စွာဘုရားသည် နက်ဖြန်အဖို့ လောဟိစ္စပုဏ္ဏား၏ ဆွမ်းကို ရဟန်း သံဃာနှင့်အတူလက်ခံတော်မူပါ ဟူ၍လည်း လျှောက်လိုက်ပါ၏”ဟု လျှောက်၏။

မြတ်စွာဘုရားသည် ဆိတ်ဆိတ်နေခြင်းဖြင့် လက်ခံတော်မူ၏။

၅ဝ၆။ ထို့နောက် ရောသိကာမည်သော ဆတ္တာသည်သည် မြတ်စွာဘုရား၏ လက်ခံတော်မူခြင်းကို သိ၍နေရာမှ ထကာ မြတ်စွာဘုရားကို ရှိခိုးလျက် အရိုအသေပြုပြီးလျှင် လောဟိစ္စပုဏ္ဏား ထံသို့ ချဉ်းကပ်၍လောဟိစ္စပုဏ္ဏား အား ဤစကားကို ဆို၏ —

“အသျှင်အကျွန်ုပ်တို့သည် အသျှင်၏ စကားဖြင့် ထိုမြတ်စွာဘုရားကို ဤသို့ လျှောက်ခဲ့ပါ ကုန်ပြီ— ‘အသျှင်ဘုရား လောဟိစ္စပုဏ္ဏားသည် မြတ်စွာဘုရားအား အနာကင်းကြောင်း ရောဂါ ကင်းကြောင်းကျန်းမာကြောင်း သန်စွမ်းကြောင်း ချမ်းသာစွာ နေရကြောင်းများကို မေးလိုက်ပါ၏၊ အသျှင်ဘုရား (ထို့ပြင်) မြတ်စွာဘုရားသည် နက်ဖြန်အဖို့ လောဟိစ္စပုဏ္ဏား၏ ဆွမ်းကို ရဟန်း သံဃာနှင့်အတူလက်ခံတော်မူပါဟူ၍လည်း လျှောက်ထားလိုက်ပါ၏’ဟု လျှောက်ခဲ့ပါကုန်ပြီ၊ ထိုမြတ်စွာဘုရားသည်လည်း လက်ခံတော်မူလိုက်ပါပြီ”ဟု ဆို၏။

၅ဝ၇။ ထိုအခါ လောဟိစ္စပုဏ္ဏားသည် ထိုညဥ့်လွန်မြောက်ပြီးနောက် မိမိနေအိမ်၌ မွန်မြတ်သော ခဲဖွယ်ဘောဇဉ်ကို စီရင်စေ၍ ရောသိကာမည်သော ဆတ္တာသည်ကို (ဤသို့) မိန့်ဆို၏ —

“အချင်း ရောသိကာ လာလော့၊ သင်သည် ရဟန်းဂေါတမထံသို့ ချဉ်းကပ်ပြီးလျှင် ‘ အသျှင်ဂေါတမအချိန်တန်ပါပြီ၊ ဆွမ်းပြင်ပြီးပါပြီ’ဟု ရဟန်းဂေါတမအား အချိန် (တန်ကြောင်း) ကို လျှောက်လော့” ဟူ၍မိန့်ဆို၏။ “အသျှင်ကောင်းပါပြီ”ဟု ရောသိကာမည်သော ဆတ္တာသည်သည် လောဟိစ္စပုဏ္ဏားအား ဝန်ခံပြီး လျှင်မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသော နေရာ၌ ထိုင်ပြီး သော် “အသျှင်ဘုရား အချိန်တန်ပါပြီ၊ ဆွမ်းပြင်ပြီးပါပြီ”ဟု မြတ်စွာဘုရားအား အချိန် (တန်ကြောင်း) ကိုလျှောက်၏။

၅ဝ၈။ ထိုအခါ မြတ်စွာဘုရားသည် နံနက်အချိန်၌ (သင်္ကန်းကို) ပြင်ဝတ်တော်မူ၍ သပိ်တ် သင်္ကန်းကိုယူလျက် ရဟန်းသံဃာနှင့်အတူ သာလဝတိကာ (ရွာ) သို့ ကပ်ရောက်တော်မူ၏။

ထိုစဉ်အခါ၌ ရောသိကာမည်သော ဆတ္တာသည်သည် မြတ်စွာဘုရား၏ နောက်မှ နောက်မှ အစဉ်လိုက်ပါလာ၏။

ထိုအခါ ရောသိကာမည်သော ဆတ္တာသည်သည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏ —

“အသျှင်ဘုရား ‘ဤ (လောက) ၌သမဏဖြစ်စေ ဗြာဟ္မဏဖြစ်စေ ကုသိုလ်တရားကို ရနိုင်ပါ၏၊ (သို့သော်) ကုသိုလ်တရားကို ရပြီးလျှင် တစ်ပါးသော သူအား မဟောပြောသင့်ပေ၊ တစ်ပါးသော သူသည် တစ်ပါးသော သူအား အဘယ်ပြုအံ့နည်း၊ ဤဟောပြောခြင်းသည် အနှောင်အဖွဲ့ အဟောင်းကိုဖြတ်၍ အခြားအနှောင်အဖွဲ့သစ်ကို ပြုသည်နှင့်တူ၏၊ (ထို့ကြောင့်) ဤဟောပြောခြင်းကို ယုတ်မာသောလောဘတရားဟု (ငါ) ဆို၏၊ တစ်ပါးသော သူသည် တစ်ပါးသော သူအား အဘယ်ပြုအံ့နည်း’ဟု့လောဟိစ္စပုဏ္ဏားအား ဤသို့ သဘောရှိသော ယုတ်မာသော မိစ္ဆာအယူသည် ဖြစ်ပေါ်လျက် ရှိပါ၏၊ အသျှင်ဘုရား တောင်းပန်ပါ၏၊ မြတ်စွာဘုရားသည် လောဟိစ္စပုဏ္ဏားကို ထိုယုတ်မာသော မိစ္ဆာအယူမှလွတ်စေပါလော့”ဟု လျှောက်၏။

“ရောသိကာ ဖြစ်နိုင်ကောင်းပါ၏၊ ရောသိကာ ဖြစ်နိုင်ကောင်းပါ၏”ဟု မိန့်တော်မူ၏။

ထိုအခါ မြတ်စွာဘုရားသည် လောဟိစ္စပုဏ္ဏား၏ အိမ်သို့ ချဉ်းကပ်၍ ပြင်ထားသော နေရာ၌ထိုင်တော်မူ၏။

ထိုအခါ လောဟိစ္စပုဏ္ဏားသည် မြတ်စွာဘုရား အမှူးရှိသော ရဟန်းသံဃာကို မွန်မြတ်သော ခဲဖွယ် ဘောဇဉ်ဖြင့် ရောင့်ရဲသည်တိုင်အောင် တားမြစ်သည်တိုင်အောင် မိမိကိုယ်တိုင် လုပ်ကျွေး၏။

——————

လောဟိစ္စပုဏ္ဏားအား မေးမြန်းစိစစ်ခြင်း

၅ဝ၉။ မြတ်စွာဘုရားသည် ဆွမ်းစားပြီး၍ သပိတ်မှ လက်တော်ကို ဖယ်ပြီးသောအခါ လောဟိစ္စပုဏ္ဏားသည် နိမ့်သော ထိုင်စရာတစ်ခုကို ယူ၍ တစ်ခုသော နေရာ၌ ထိုင်၏၊ တစ်ခုသော နေရာ၌ထိုင်နေသော လောဟိစ္စပုဏ္ဏားအား မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏— “လောဟိစ္စ ‘ဤ (လောက) ၌သမဏဖြစ်စေ ဗြာဟ္မဏဖြစ်စေ ကုသိုလ်တရားကို ရနိုင်ပါ၏၊ (သို့ သော်) ကုသိုလ်တရားကို ရပြီးလျှင် တစ်ပါးသော သူအား မဟောပြောသင့်ပေ၊ တစ်ပါးသော သူသည်တစ်ပါးသောသူအား အဘယ်ပြုအံ့နည်း၊ ဤဟောပြောခြင်းသည် အနှောင်အဖွဲ့ အဟောင်း ကို ဖြတ်၍အခြား အနှောင်အဖွဲ့သစ်ကို ပြုသည်နှင့် တူ၏၊ (ထို့ကြောင့်) ဤဟောပြောခြင်းကို ယုတ်မာသောလောဘတရားဟု (ငါ) ဆို၏၊ တစ်ပါးသော သူသည် တစ်ပါးသော သူအား အဘယ်ပြုအံ့နည်း’ဟု သင့်အား ဤသို့ သဘောရှိသော ယုတ်မာသော မိစ္ဆာအယူ ဖြစ်ပေါ်လျက် ရှိ၏ ဟူသည်မှာမှန်သလော”ဟု မိန့်တော်မူ၏။

“အသျှင်ဂေါတမ မှန်ပါ၏”။

လောဟိစ္စ ထိုအရာကို အဘယ်သို့ ထင်သနည်း၊ သင်သည် သာလဝတိကာ (ရွာ) ကို အုပ်ချုပ်၍ နေသည်မဟုတ်လော။

“အသျှင်ဂေါတမဟုတ်ပါ၏”။

လောဟိစ္စ အကြင်သူသည် ဤသို့ ဆိုငြားအံ့ —

“လောဟိစ္စပုဏ္ဏားသည် သာလဝတိကာ (ရွာ) ကို အုပ်ချုပ်၍ နေ၏၊ သာလဝတိကာ (ရွာ) မှ (ထွက်သော) အခွန်အတုတ်အပေါင်းကို လောဟိစ္စပုဏ္ဏား တစ်ယောက်တည်းသာ ခံစားပါစေ၊ အခြားသူ တို့အားမပေးပါစေလင့်”ဟု ဆိုငြားအံ။

ဤသို့ ဆိုသော် ထိုသူသည် သင့်ကို မှီ၍ အသက်မွေးနေသော သူတို့၏ (လာဘ်) အန္တရာယ်ကိုပြုသူ ဖြစ်သလော့၊ မဖြစ်သလော။

“အသျှင်ဂေါတမ (လာဘ်) အန္တရာယ်ကို ပြုသူ ဖြစ်ပါ၏”။

အန္တရာယ်ကို ပြုသူ ဖြစ်ခဲ့သော် ထိုသူတို့၏ အစီးအပွားကို လိုလားသူ ဖြစ်သလော့၊ အစီးအပွားကိုမလိုလားသူ ဖြစ်သလော။

“အသျှင်ဂေါတမ အစီးအပွားကို မလိုလားသူ ဖြစ်ပါ၏”။

အစီးအပွားကို မလိုလားသူအား ထိုသူတို့အပေါ်၌ မေတ္တာစိတ် ဖြစ်ပေါ်သလော့၊ ရန်သူစိတ်ဖြစ်ပေါ်သလော။

“အသျှင်ဂေါတမ ရန်သူစိတ် ဖြစ်ပေါ်ပါ၏”။

ရန်သူစိတ် ဖြစ်ခဲ့သော် မှားသော အယူ ‘မိစ္ဆာဒိဋ္ဌိ’ ဖြစ်သလော့၊ မှန်သော အယူ ‘သမ္မာဒိဋ္ဌိ’ ဖြစ် သလော။ “အသျှင်ဂေါတမ မှားသော အယူ ‘မိစ္ဆာဒိဋ္ဌိ’ ဖြစ်ပါ၏”။

လောဟိစ္စ မှားသော အယူ ‘မိစ္ဆာဒိဋ္ဌိ’ ရှိသူအား ငရဲနှင့် တိရစ္ဆာန် နှစ်ပါးတို့တွင် တစ်ပါးပါးသောလားရာရှိ၏ဟု ငါ ဟောပေ၏။

၅၁ဝ။ လောဟိစ္စ ထိုအရာကို အဘယ်သို့ ထင်သနည်း၊ ပသေနဒီကောသလမင်းသည် ကာသိတိုင်းကောသလတိုင်းကို အုပ်စိုး၍ နေသည် မဟုတ်လော။

“အသျှင်ဂေါတမဟုတ်ပါ၏”။

လောဟိစ္စ အကြင်သူသည် ဤသို့ ဆိုငြားအံ့ —

“ပသေနဒီကောသလမင်းသည် ကာသိတိုင်း ကောသလတိုင်းကို အုပ်စိုးနေ၏၊ ကာသိတိုင်းကောသလတိုင်းမှ (ထွက်သော) အခွန်အတုတ်အပေါင်းကို ပသေနဒီကောသလမင်း တစ်ယောက်တည်းသာ ခံစားပါစေ၊ တစ်ပါးသူတို့အား မပေးပါစေလင့်”ဟု ဆိုငြားအံ။

ဤသို့ဆိုသော် ထိုသူသည် ပသေနဒီကောသလမင်းကို မှီ၍ အသက်မွေးသော သင်တို့၏လည်းကောင်း၊ တစ်ပါးသော သူတို့၏လည်းကောင်း (လာဘ်) အန္တရာယ်ကို ပြုသူ ဖြစ်သလော့၊ မဖြစ်သ လော။

“အသျှင်ဂေါတမ (လာဘ်) အန္တရာယ်ကို ပြုသူ ဖြစ်ပါ၏”။

အန္တရာယ်ကို ပြုသူဖြစ်ခဲ့သော် ထိုသူတို့၏ အစီးအပွားကို လိုလားသူ ဖြစ်သလော့၊ အစီးအပွားကိုမလိုလားသူ ဖြစ်သလော။

“အသျှင်ဂေါတမ အစီးအပွားကို မလိုလားသူ ဖြစ်ပါ၏”။

အစီးအပွားကို မလိုလားသောသူအား ထိုသူတို့အပေါ်၌ မေတ္တာစိတ် ဖြစ်ပေါ်သလော့၊ ရန်သူစိတ်ဖြစ်ပေါ်သလော။

“အသျှင်ဂေါတမ ရန်သူစိတ် ဖြစ်ပေါ်ပါ၏”။

ရန်သူစိတ် ဖြစ်ပေါ်ခဲ့သော် မှားသော အယူ ‘မိစ္ဆာဒိဋ္ဌိ’ ဖြစ်သလော့၊ မှန်သောအယူ ‘သမ္မာဒိဋ္ဌိ’ ဖြစ်သ လော။

“အသျှင်ဂေါတမ မှားသော အယူ ‘မိစ္ဆာဒိဋ္ဌိ’ ဖြစ်ပါ၏”။

လောဟိစ္စ မှားသော အယူ ‘မိစ္ဆာဒိဋ္ဌိ’ ရှိသူအား ငရဲနှင့် တိရစ္ဆာန် နှစ်ပါးတို့တွင် တစ်ပါးပါးသောလားရာရှိ၏ဟု ငါ ဟောပေ၏။

၅၁၁။ လောဟိစ္စ “လောဟိစ္စပုဏ္ဏားသည် သာလဝတိကာ (ရွာ) ကို အုပ်ချုပ်၍ နေ၏၊ သာလဝတိကာ (ရွာ) မှ (ထွက်သော) အခွန်အတုတ်အပေါင်းကို လောဟိစ္စပုဏ္ဏား တစ်ယောက်တည်းသာ ခံစားပါစေ၊ အခြားသူ တို့အား မပေးပါစေလင့်”ဟု ဆိုသော ထိုသူသည် သင့်ကိုမှီ၍ အသက်မွေးသော သူတို့၏ (လာဘ်) အန္တရာယ်ကို ပြုသူ ဖြစ်၏။ အန္တရာယ်ကို ပြုသူဖြစ်သောကြောင့် အစီးအပွားကို မလိုလားသူဖြစ်၏၊ အစီးအပွားကို မလိုလားသူအား ရန်သူစိတ် ဖြစ်ပေါ်၏၊ ရန်သူစိတ် ဖြစ်ပေါ်လတ် သော်မှားသော အယူ ‘မိစ္ဆာဒိဋ္ဌိ’ ဖြစ်၏။

လောဟိစ္စ ဤနည်းတူပင် “ဤ (လောက) ၌သမဏဖြစ်စေ ဗြာဟ္မဏဖြစ်စေ ကုသိုလ်တရားကိုရနိုင်ပါ၏၊ ကုသိုလ်တရားကို ရပြီးလျှင် တစ်ပါးသော သူအား မဟောပြောသင့်ပေ၊ တစ်ပါးသော သူသည်တစ်ပါးသော သူအား အဘယ်ပြုအံ့နည်း၊ ဤဟောပြောခြင်းသည် အနှောင်အဖွဲ့အဟောင်းကို ဖြတ်၍အခြား အနှောင်အဖွဲ့သစ်ကို ပြုသည်နှင့်တူ၏။ပ။ တစ်ပါးသောသူသည် တစ်ပါးသောသူအား အဘယ်ပြုအံ့နည်း”ဟု ဆိုသော ထိုသူသည်လည်း မြတ်စွာဘုရားဟောကြားသော ဓမ္မဝိနယကို အကြောင်းပြု၍သောတာပတ္တိဖိုလ်ကိုလည်းကောင်း၊ သကဒါဂါမိဖိုလ်ကိုလည်းကောင်း၊ အနာဂါမိဖိုလ်ကိုလည်းကောင်း၊ အရဟတ္တဖိုလ်ကိုလည်းကောင်း၊ မျက်မှောက်ပြုကုန်လျက် ဤသို့သဘောရှိသော မြတ်သော တရားထူးကိုရကုန်အံ့သော အမျိုးကောင်းသားတို့၏လည်းကောင်း၊ နတ်ဘဝခန္ဓာတို့ ဖြစ်ပေါ်စေရန် နတ်ပြည်မျိုးစေ့ကောင်းမှုတို့ကို ရင့်ကျက်စေကုန်အံ့သော အမျိုးကောင်းသားတို့၏လည်းကောင်း (လာဘ်) အန္တရာယ်ကို့ပြုသူ ဖြစ်၏၊ အန္တရာယ်ကို ပြုသောကြောင့် အစီးအပွားကို မလိုလားသူ ဖြစ်၏၊ အစီးအပွားကိုမလိုလားသူအား ရန်သူစိတ် ဖြစ်ပေါ်၏၊ ရန်သူစိတ်ဖြစ်လတ်သော် မှားသော အယူ ‘မိစ္ဆာဒိဋ္ဌိ’ ဖြစ်၏၊ လောဟိစ္စ မှားသော အယူ ‘မိစ္ဆာဒိဋ္ဌိ’ ရှိသူအား ငရဲနှင့်တိရစ္ဆာန် နှစ်ပါးသောလားရာတို့တွင် တစ်ပါးပါးသောလားရာ ရှိ၏ဟု ငါဟောပေ၏။

၅၁၂။ လောဟိစ္စ “ပသေနဒီကောသလမင်းသည် ကာသိတိုင်း ကောသလတိုင်း ကို အုပ်ချုပ်၍ နေ၏၊ ကာသိတိုင်း ကောသလတိုင်း မှ (ထွက်သော) အခွန်အတုတ်အပေါင်းကို ပသေနဒီကောသလမင်းတစ်ယောက်တည်းသာ ခံစားပါစေ၊ တစ်ပါးသူတို့အား မပေးပါစေလင့်”ဟု ဆိုသော ထိုသူသည်ပသေနဒီ ကောသလမင်းကို မှီ၍ အသက်မွေးသော သင်တို့၏လည်းကောင်း၊ တစ်ပါးသောသူတို့၏လည်းကောင်း၊ (လာဘ်) အန္တရာယ်ကို ပြုသူ ဖြစ်၏။ အန္တရာယ်ကို ပြုသူဖြစ်သောကြောင့်အစီးအပွားကို မလိုလားသူ ဖြစ်၏၊ အစီးအပွားကို မလိုလားသူအား ရန်သူစိတ် ဖြစ်ပေါ်၏၊ ရန်သူစိတ်ဖြစ်ပေါ်လတ်သော် မှားသော အယူ ‘မိစ္ဆာဒိဋ္ဌိ’ ဖြစ်၏။

လောဟိစ္စ ဤနည်းတူပင် “ဤ (လောက) ၌သမဏဖြစ်စေ ဗြာဟ္မဏဖြစ်စေ ကုသိုလ်တရားကိုရနိုင်ပါ၏၊ ကုသိုလ်တရားကို ရပြီးလျှင် တစ်ပါးသော သူအား မဟောပြောသင့်ပေ၊ တစ်ပါးသော သူသည်တစ်ပါးသော သူအား အဘယ်ပြုအံ့နည်း၊ ဤဟောပြောခြင်းသည် အနှောင်အဖွဲ့အဟောင်းကို ဖြတ်၍အခြား အနှောင်အဖွဲ့သစ်ကို ပြုသည်နှင့်တူ၏။ပ။ တစ်ပါးသောသူသည် တစ်ပါးသောသူအား အဘယ်ပြုအံ့နည်း”ဟု ဆိုသော ထိုသူသည်လည်း မြတ်စွာဘုရား ဟောကြားသော ဓမ္မဝိနယကို အကြောင်းပြု၍သောတာပတ္တိဖိုလ်ကိုလည်းကောင်း၊ သကဒါဂါမိဖိုလ်ကိုလည်းကောင်း၊ အနာဂါမိဖိုလ်ကိုလည်းကောင်း၊ အရဟတ္တဖိုလ်ကိုလည်းကောင်း၊ မျက်မှောက်ပြုလျက် ဤသို့ သဘောရှိသော မြတ်သော တရားထူးကိုရကုန်အံ့သော အမျိုးကောင်းသားတို့၏လည်းကောင်း၊ နတ်ဘဝခန္ဓာတို့ ဖြစ်ပေါ်စေရန် နတ်ပြည်မျိုးစေ့ ကောင်းမှုတို့ကို ရင့်ကျက်စေကုန်အံ့သော အမျိုးကောင်းသားတို့၏လည်းကောင်း (လာဘ်) အန္တရာယ်ကိုပြုသူ ဖြစ်၏၊ အန္တရာယ်ကို ပြုသူဖြစ်သောကြောင့် အစီးအပွားကို မလိုလားသူ ဖြစ်၏၊ အစီးအပွားကိုမလိုလားသူအား ရန်သူစိတ် ဖြစ်ပေါ်၏၊ ရန်သူစိတ်ဖြစ်လတ်သော် မှားသော အယူ ‘မိစ္ဆာဒိဋ္ဌိ’ ဖြစ်၏၊ လောဟိစ္စ မှားသောအယူ ‘မိစ္ဆာဒိဋ္ဌိ’ ရှိသူအား ငရဲနှင့်တိရစ္ဆာန် နှစ်ပါးသော လားရာတို့တွင် တစ်ပါးပါးသောလားရာ ရှိ၏ဟု ငါ ဟောပေ၏။

——————

စောဒနာထိုက်သော ဆရာသုံးဦး

၅၁၃။ လောဟိစ္စ လောက၌ အပြစ်တင် ‘စောဒနာ’ ထိုက်ကုန်သော ဤဆရာတို့သည် သုံးဦးရှိကုန်၏၊ ယင်းဆရာတို့ကို တစ်စုံတစ်ယောက်က အပြစ်တင် ‘စောဒနာ’ သည် ရှိသော် (ထိုသူ၏) ထိုအပြစ်တင် ‘စောဒနာ’ ချက်သည်ဟုတ်မှန်၍ တရားနှင့် လျော်ပေ၏၊ အပြစ်လည်း မရှိပေ။

ဤသုံးဦးတို့ဟူသည် အဘယ်နည်း။

လောဟိစ္စ ဤ (လောက) ၌ အချို့သော ဆရာသည် အကြင် ရဟန်းဖြစ်ကျိုးအလို့ငှါ လူ့ဘောင်မှရဟန်းဘောင်သို့ ဝင်ရောက်၏၊ ထို (ဆရာ) သည် ထိုရဟန်းဖြစ်ကျိုးကို မရသေးဘဲလျက် တပည့်တို့အား ‘ဤကား သင်တို့၏ အစီးအပွားအလို့ငှါ ဖြစ်၏၊ ဤကား သင်တို့၏ ချမ်းသာအလို့ငှါ ဖြစ်၏”ဟု တရားကို ဟော၏၊ ထို (ဆရာ)၏ (တရားကို) တပည့်တို့သည် မနာယူကုန်၊ နားမထောင်ကုန်၊ သိရန်စိတ်မဝင်စားကုန်၊ ဆရာ၏ အဆုံးအမမှ ဖဲခွါ၍လည်း ကျင့်ကုန်၏။

ထို (ဆရာ) ကို ဤသို့ အပြစ်တင် ‘စောဒနာ’ အပ်၏ —

“အသျှင်သည် အကြင်ရဟန်းဖြစ်ကျိုးအလို့ငှါ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်၏၊ (ထိုသို့ဝင်ရောက်သော) သင်သည် ထိုရဟန်းဖြစ်ကျိုးကို မရသေးဘဲလျက် တပည့်တို့အား “ဤကား သင်တို့၏အစီးအပွားအလို့ငှါ ဖြစ်၏၊ ဤကား သင်တို့၏ ချမ်းသာအလို့ငှါ ဖြစ်၏”ဟု တရားကို ဟောဘိ၏၊ ထိုသင်၏ (တရားကို) တပည့်တို့သည် မနာယူကုန်၊ နားမထောင်ကုန်၊ သိရန် စိတ်မဝင်စားကုန်၊ ဆရာ၏အဆုံးအမမှ ဖဲခွါ၍လည်း ကျင့်ကုန်၏။ ဤဟောပြောခြင်းသည် (အလိုမရှိ၍) ဆုတ်ခွါသွားသော လုံမကိုလိုက်၍ ကပ်သည်နှင့်လည်း တူ၏၊ (မကြည့်လို၍) မျက်နှာလွှဲနေသော လုံမကို (နောက်မှ) ပွေ့ဖက်သည်နှင့်လည်း တူ၏၊ (ထို့ကြောင့်) ဤဟောပြောခြင်းကို ယုတ်မာသော လောဘတရားဟု (ငါ) ဆို၏၊ တစ်ပါးသော သူသည် တစ်ပါးသော သူအား အဘယ်ပြုအံ့နည်း”ဟု အပြစ်တင်အပ်၏။

လောဟိစ္စ ဤသည်ကား လောက၌ အပြစ်တင် ‘စောဒနာ’ ထိုက်သော ပဌမဆရာပေတည်း၊ ယင်းဆရာကို တစ်စုံတစ်ယောက်က အပြစ်တင် ‘စောဒနာ’ သည်ရှိသော် ထိုအပြစ်တင် ‘စောဒနာ’ ချက်သည်ဟုတ်မှန်၍ တရားနှင့် လျော်ပေ၏၊ အပြစ်လည်း မရှိပေ။

၅၁၄။ လောဟိစ္စ တစ်ဖန် ထို့ပြင်လည်း ဤ (လောက) ၌ အချို့သော ဆရာသည် အကြင် ရဟန်းဖြစ်ကျိုး အလို့ငှါ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်၏၊ ထို (ဆရာ) သည် ထိုရဟန်းဖြစ်ကျိုးကိုမရသေးဘဲလျက် တပည့်တို့အား “ဤကား သင်တို့၏ အစီးအပွားအလို့ငှါ ဖြစ်၏၊ ဤကား သင်တို့၏ချမ်းသာအလို့ငှါ ဖြစ်၏”ဟု တရားကို ဟော၏၊ ထို (ဆရာ)၏ (တရားကို) တပည့်တို့သည် နာယူကုန်၏၊ နားထောင်ကုန်၏၊ သိရန် စိတ်ဝင်စားကုန်၏၊ ဆရာ၏ အဆုံးအမမှ မဖဲခွါမူ၍လည်း ကျင့်ကုန်၏။

ထို (ဆရာ) ကို ဤသို့ အပြစ်တင် ‘စောဒနာ’ အပ်၏ —

“အသျှင်သည် အကြင် ရဟန်းဖြစ်ကျိုးအလို့ငှါ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်၏၊ (ထိုသို့ဝင်ရောက်သော) သင်သည် ထိုရဟန်းဖြစ်ကျိုးကို မရသေးဘဲလျက် တပည့်တို့အား “ဤကား သင်တို့၏အစီးအပွားအလို့ငှါ ဖြစ်၏၊ ဤကား သင်တို့၏ ချမ်းသာအလို့ငှါ ဖြစ်၏”ဟု တရားကို ဟောဘိ၏၊ ထိုသင်၏ (တရားကို) တပည့်တို့သည် နာယူကုန်၏၊ နားထောင်ကုန်၏၊ သိရန် စိတ်ဝင်စားကုန်၏၊ ဆရာ၏ အဆုံးအမမှ မဖဲခွါမူ၍လည်း ကျင့်ကုန်၏။ ဤဟောပြောခြင်းသည် မိမိလယ်ကို စွန့်၍သူတစ်ပါးလယ်ကို ပေါင်းသင်အပ်သည်ဟု မှတ်ထင်သည်နှင့် တူ၏၊ (ထို့ကြောင့်) ဤဟောပြောခြင်းကိုယုတ်မာသော လောဘ တရားဟု (ငါ) ဆို၏၊ တစ်ပါးသော သူသည် တစ်ပါး သော သူအားအဘယ်ပြုအံ့နည်း”ဟု အပြစ်တင်အပ်၏။လောဟိစ္စ ဤသည်ကား လောက၌ အပြစ်တင် ‘စောဒနာ’ ထိုက်သော ဒုတိယ ဆရာပေတည်း၊ ယင်းဆရာကို တစ်စုံတစ်ယောက်က အပြစ်တင် ‘စောဒနာ’ သည်ရှိသော် ထိုအပြစ်တင် ‘စောဒနာ’ ချက်သည်ဟုတ်မှန်၍ တရားနှင့် လျော်ပေ၏၊ အပြစ်လည်း မရှိပေ။

၅၁၅။ လောဟိစ္စ တစ်ဖန် ထို့ပြင်လည်း ဤ (လောက) ၌ အချို့သော ဆရာသည် အကြင် ရဟန်းဖြစ်ကျိုး အလို့ငှါ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်၏၊ ထို ဆရာသည် ထိုရဟန်းဖြစ်ကျိုးကိုရပြီးလျှင် တပည့်တို့အား “ဤကား သင်တို့၏ အစီးအပွားအလို့ငှါ ဖြစ်၏၊ ဤကား သင်တို့၏ ချမ်းသာအလို့ငှါ ဖြစ်၏”ဟု တရားကို ဟော၏၊ ထို (ဆရာ)၏ (တရားကို) တပည့်တို့သည် မနာယူကုန်၊ နားမထောင်ကုန်၊ သိရန် စိတ်မဝင်စားကုန်၊ ဆရာ၏ အဆုံးအမမှ ဖဲခွါ၍လည်း ကျင့်ကုန်၏။

ထို (ဆရာ) ကို ဤသို့ အပြစ်တင် ‘စောဒနာ’ အပ်၏ —

“အသျှင်သည် အကြင်ရဟန်းဖြစ်ကျိုးအလို့ငှါ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်၏၊ သင်သည်ထိုရဟန်းဖြစ်ကျိုးကို ရပြီး၍ တပည့်တို့အား ‘ဤကား သင်တို့၏ အစီးအပွား အလို့ငှါ ဖြစ်၏၊ ဤကားသင်တို့၏ ချမ်းသာအလို့ငှါ ဖြစ်၏’ဟု တရားကို ဟော၏၊ ထို (ဆရာ)၏ (တရားကို) ထိုတပည့်တို့သည်မနာယူကုန်၊ နားမထောင်ကုန်၊ သိရန်စိတ်မဝင်စားကုန်၊ ဆရာ၏ အဆုံးအမမှ ဖဲခွါ၍လည်း ကျင့်ကုန်၏။ဤ ဟောပြောခြင်းသည် အနှောင်အဖွဲ့အဟောင်းကို ဖြတ်၍ အခြားအနှောင်အဖွဲ့သစ်ကို ပြုသည်နှင့် တူ၏၊ (ထို့ကြောင့်) ဤဟောပြောခြင်းကို ယုတ်မာသော လောဘတရားဟု (ငါ) ဆို၏၊ တစ်ပါးသော သူသည့်တစ်ပါးသော သူအား အဘယ်ပြုအံ့နည်း”ဟု အပြစ်တင်အပ်၏။လောဟိစ္စ ဤသည်ကား လောက၌ အပြစ်တင် ‘စောဒနာ’ ထိုက်သော တတိယ ဆရာပေတည်း၊ ယင်းဆရာကို တစ်စုံတစ်ယောက်က အပြစ်တင် ‘စောဒနာ’ သည်ရှိသော် ထိုအပြစ်တင် ‘စောဒနာ’ ချက်သည်ဟုတ်မှန်၍ တရားနှင့် လျော်ပေ၏၊ အပြစ်လည်း မရှိပေ။လောဟိစ္စ လောက၌ အပြစ်တင် ‘စောဒနာ’ ထိုက်သော ဆရာသုံးဦးတို့ဟူသည် ဤသူတို့ပင်တည်း၊ ယင်းဆရာတို့ကို တစ်စုံတစ်ယောက်က အပြစ်တင် ‘စောဒနာ’ သည်ရှိသော် ထိုသူ၏ ထိုအပြစ်တင် ‘စောဒနာ’ ချက်သည်ဟုတ်မှန်၍ တရားနှင့် လျော်ပေ၏၊ အပြစ်လည်း မရှိပေဟု မိန့်တော်မူ၏။

——————

မစောဒနာထိုက်သော ဆရာသုံးဦး

၅၁၆။ ဤသို့ မိန့်တော်မူသော် လောဟိစ္စပုဏ္ဏားက မြတ်စွာဘုရားအား “အသျှင်ဂေါတမ လောက၌ အပြစ်တင် ‘စောဒနာ’ခြင်းငှါ မထိုက်သော တစ်စုံတစ်ယောက်သော ဆရာသည် ရှိပါသေးသလော”ဟုလျှောက်၏။

လောဟိစ္စ လောက၌ အပြစ်တင် ‘စောဒနာ’ခြင်းငှါ မထိုက်သော ဆရာသည် ရှိသေး၏ဟု မိန့်တော်မူ၏။

အသျှင်ဂေါတမ လောက၌ အပြစ်တင် ‘စောဒနာ’ခြင်းငှါ မထိုက်သော ထိုဆရာကား အဘယ်နည်း။

လောဟိစ္စ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာသိတော်မူသော။ပ။ မြတ်စွာဘုရားသည် ဤလောက၌ ပွင့်တော်မူ၏။[သာမညဖလသုတ်၌ကဲ့သို့ နည်းတူ ချဲ့အပ်၏။]

လောဟိစ္စ ဤသို့လျှင် ရဟန်းသည် သီလနှင့် ပြည့်စုံပေ၏။ပ။ ပဌမဈာန်သို့ ရောက်၍ နေ၏။လောဟိစ္စ အကြင်ဆရာ့ထံ၌ တပည့်သည် ဤသို့သဘောရှိသော မြတ်သော (တရား) အထူးကို ရ၏။လောဟိစ္စ ဤဆရာသည်လည်း လောက၌ အပြစ်တင် ‘စောဒနာ’ခြင်းငှါ မထိုက်သော ဆရာပေတည်း၊ ဤသို့သော ဆရာကို တစ်စုံတစ်ယောက်က အပြစ်တင် ‘စောဒနာ’ သည် ရှိသော် ထိုအပြစ်တင် ‘စောဒနာ’ ချက်သည် မဟုတ် မမှန်၍ တရားနှင့် မလျော်ချေ၊ အပြစ်လည်း ရှိချေ၏။

။ပ။ ဒုတိယဈာန်။ တတိယဈာန်။ စတုတ္ထဈာန်သို့ ရောက်၍ နေ၏၊ လောဟိစ္စ အကြင်ဆရာ့ထံ၌တပည့်သည် ဤသို့သဘောရှိသော မြတ်သော (တရား) အထူးကို ရ၏။ ဤဆရာသည်လည်း လောက၌အပြစ်တင် ‘စောဒနာ’ခြင်းငှါ မထိုက်သော ဆရာပေတည်း၊ ဤသို့သော ဆရာကို တစ်စုံတစ်ယောက်ကအပြစ်တင် ‘စောဒနာ’ သည်ရှိသော် ထိုအပြစ်တင် ‘စောဒနာ’ ချက်သည် မဟုတ်မမှန်၍ တရားနှင့် မလျော်ချေ၊ အပြစ်လည်း ရှိချေ၏။

။ပ။ (ဝိပဿနာ) ဉာဏ်အမြင်အလို့ငှါ စိတ်ကို ရှေးရှုပို့ဆောင်၏၊ ရှေးရှုညွတ်စေ၏။ လောဟိစ္စအကြင်ဆရာ့ထံ၌ တပည့်သည် ဤသို့သဘောရှိသော မြတ်သော (တရား) အထူးကို ရ၏။ လောဟိစ္စဤဆရာသည်လည်း လောက၌ အပြစ်တင် ‘စောဒနာ’ခြင်းငှါ မထိုက်သော ဆရာပေတည်း၊ ဤသို့သောဆရာကို တစ်စုံတစ်ယောက်က အပြစ်တင် ‘စောဒနာ’ သည် ရှိသော် ထိုအပြစ်တင် ‘စောဒနာ’ ချက်သည်မဟုတ်မမှန်၍ တရားနှင့် မလျော်ချေ၊ အပြစ်လည်း ရှိချေ၏။

။ပ။ ဤမဂ်ကိစ္စအလို့ငှါ တစ်ပါးသော ပြုဖွယ်ကိစ္စ မရှိတော့ပြီဟု သိ၏။ လောဟိစ္စ အကြင် ဆရာ့ထံ၌တပည့်သည် ဤသို့ သဘောရှိသော မြတ်သော (တရား) အထူးကို ရ၏။ လောဟိစ္စ ဤ ဆရာသည်လည်း လောက၌ အပြစ်တင် ‘စောဒနာ’ခြင်းငှါ မထိုက်သော ဆရာပေတည်း၊ ဤသို့သောဆရာကို တစ်စုံတစ်ယောက်က အပြစ်တင် ‘စောဒနာ’ သည်ရှိသော် ထိုအပြစ်တင် ‘စောဒနာ’ ချက်သည်မဟုတ်မမှန်၍ တရားနှင့် မလျော်ချေ၊ အပြစ်လည်း ရှိချေ၏ဟု မိန့်တော်မူ၏။

၅၁၇။ ဤသို့ မိန့်တော်မူသော် လောဟိစ္စပုဏ္ဏားသည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏ —

“အသျှင်ဂေါတမ ယောကျာ်း (တစ်ယောက်) သည် နရက်ချောက်သို့ ကျသော ယောကျာ်းအား ဆံပင်တို့ကို ဆုပ်ကိုင်လျက် ဆွဲတင်ကာ ကုန်းပေါ်၌ တည်စေသကဲ့သို့ ဤနည်းတူပင် အသျှင်ဂေါတမသည်နရက်ချောက်သို့ ကျသော အကျွန်ုပ်ကို ဆွဲတင်ကာ ကုန်းပေါ်၌ တည်စေပါပေ၏။ အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေစွ၊ အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေစွ၊ အသျှင်ဂေါတမ မှောက်ထားသည်ကို လှန်ဘိသကဲ့သို့လည်းကောင်း၊ ဖုံးလွှမ်းထားသည်ကို ဖွင့်လှစ်ဘိသကဲ့သို့လည်းကောင်း၊ မျက်စိလည်သော သူအား လမ်းမှန်ကို ပြောကြား ဘိသကဲ့သို့လည်းကောင်း၊ ‘မျက်စိအမြင်ရှိသော သူတို့သည် အဆင်းတို့ကို မြင်ကြလိမ့်မည်’ဟု အမိုက်မှောင်၌ဆီမီးတန်ဆောင်ကို ဆောင်ပြဘိသကဲ့သို့လည်းကောင်း အသျှင်ဂေါတမ ဤအတူသာလျှင် အသျှင်ဂေါတမသည် များစွာသော အကြောင်းဖြင့် တရားတော်ကို ပြတော်မူပါပေ၏၊ အသျှင်ဂေါတမ အကျွန်ုပ်သည်အသျှင်ဂေါတမကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ တရားတော်ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ သံဃာတော်ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ အသျှင်ဂေါတမသည် အကျွန်ုပ်ကိုယနေ့မှ စ၍ အသက်ထက်ဆုံး ကိုးကွယ် ဆည်းကပ်သော ဥပါသကာဟု မှတ်တော်မူပါ”ဟု လျှောက်လေသတည်း။

တစ်ဆယ့်နှစ်ခုမြောက်သော လောဟိစ္စသုတ်ပြီး၏။

——————