ဒီဃနိကာယ်
၁၃ — တေဝိဇ္ဇသုတ်
ဝါသေဋ္ဌနှင့် ဘာရဒွါဇတို့ တိုင်ပင်ခန်း
၅၁၈။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည် —အခါတစ်ပါး၌ မြတ်စွာဘုရားသည် ငါးရာမျှသော များစွာသော ရဟန်းသံဃာနှင့် အတူ ကောသလတိုင်း၌ ဒေသစာရီ လှည့်လည်တော်မူလတ်သော် မနသာကဋမည်သော ပုဏ္ဏားရွာသို့ ရောက်တော်မူ၍ထိုရွာ၏ မြောက်ဘက် အစိရဝတီ မြစ်ကမ်းနား သရက်တော၌ (သီတင်းသုံး) နေတော်မူ၏။
၅၁၉။ ထိုစဉ်အခါ၌ အလွန်ထင်ရှား ကျော်စောကုန်သော ပုဏ္ဏား သူဌေးများစွာတို့သည် မနသာကဋရွာ၌တည်းခိုနေကုန်၏၊ ဤသူတို့ကား အဘယ်နည်း —စင်္က ီပုဏ္ဏား တာရုက္ခပုဏ္ဏား ပေါက္ခရသာတိပုဏ္ဏား ဇာဏုသောဏိပုဏ္ဏား တောဒေယျပုဏ္ဏားနှင့် အလွန်ထင်ရှား ကျော်စောကုန်သော အခြား ပုဏ္ဏားသူဌေးတို့ပေတည်း။
၅၂ဝ။ ထိုအခါ အညောင်းပြေ လမ်းလျှောက်ခြင်းဖြင့် တစ်ယောက်နောက် တစ်ယောက်လိုက်ကာစင်္ကြ ံသွားလာ လှည့်လည်လျက် နေကြစဉ် ဝါသေဋ္ဌနှင့် ဘာရဒွါဇလုလင်တို့အား (ဗြဟ္မာ၏အပေါင်း အဖော်ဖြစ်ရန်) ဖြောင့်သော လမ်းဟုတ်သည် မဟုတ်သည်၌ စကားသည် ဖြစ်ပေါ်၏။
ဝါသေဋ္ဌလုလင်သည် ဤသို့ဆို၏ — “ပေါက္ခရသာတိပုဏ္ဏားဟောကြားသော ဤလမ်းသည်သာ ဖြောင့်တန်းသော လမ်းဖြစ်၏၊ ဤလမ်းသည်သာ ဖြောင့်စင်းသော လမ်းဖြစ်၏၊ ထိုလမ်းကို သွားသော သူအား ဗြဟ္မာ၏အပေါင်းအဖော်ဖြစ်ရန် (ယင်းလမ်းသည်) စင်စစ် ပို့ဆောင်၏”ဟု ဆို၏။
ဘာရဒွါဇလုလင်သည်လည်း ဤသို့ဆို၏ — “တာရုက္ခပုဏ္ဏား ဟောကြားသော ဤလမ်းသည်သာ ဖြောင့်တန်းသော လမ်းဖြစ်၏၊ ဤလမ်းသည်သာ ဖြောင့်စင်းသော လမ်းဖြစ်၏၊ ထိုလမ်းကို သွားသောသူအား ဗြဟ္မာ၏ အပေါင်းအဖော် ဖြစ်ရန် (ယင်းလမ်းသည်) စင်စစ် ပို့ဆောင်၏”ဟု ဆို၏။
ဝါသေဋ္ဌလုလင်သည် ဘာရဒွါဇလုလင်ကို သိနားလည်စေခြင်းငှါ မစွမ်းနိုင်၊ ဘာရဒွါဇလုလင်သည် လည်း ဝါသေဋ္ဌလုလင်ကို သိနားလည်စေခြင်းငှါ မစွမ်းနိုင်။
၅၂၁။ ထိုအခါ ဝါသေဋ္ဌလုလင်သည် ဘာရဒွါဇလုလင်ကို (ဤသို့) ပြော၏ — “ဘာရဒွါဇ သာကီဝင်မင်းမျိုးမှ ရဟန်းပြုသော သာကီဝင်မင်းသား ရဟန်းဂေါတမသည် မနသာကဋရွာ၏ မြောက်ဘက် အစိရဝတီ မြစ်ကမ်းနား သရက်တော၌ (သီတင်းသုံး) နေတော်မူ၏။
ထိုအသျှင်ဂေါတမ၏ ကောင်းသော ကျော်စောသတင်းသည် ဤသို့ ပျံ့နှံ့၍ ထွက်၏ — ‘ထိုမြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သော အကြောင်းကြောင့်လည်း ‘အရဟံ’ မည်တော်မူ၏၊ (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော အကြောင်းကြောင့်လည်း ‘သမ္မာသမ္ဗုဒ္ဓ’ မည်တော်မူ၏၊ အသိဉာဏ် ‘ ဝိဇ္ဇာ’ အကျင့် ‘စရဏ’ နှင့် ပြည့်စုံတော်မူသော အကြောင်းကြောင့်လည်း ‘ဝိဇ္ဇာစရဏသမ္ပန္န’ မည်တော်မူ၏၊ ကောင်းသော စကားကို ဆိုတော်မူတတ်သောအကြောင်းကြောင့်လည်း ‘သုဂတ’ မည်တော်မူ၏၊ လောကကို သိတော်မူသော အကြောင်းကြောင့် လည်း ‘လောကဝိဒူ’ မည်တော်မူ၏၊ ဆုံးမထိုက်သူကို ဆုံးမတတ်သည့် အတုမဲ့ပုဂ္ဂိုလ်ဖြစ်တော်မူ သောအကြောင်းကြောင့်လည်း ‘အနုတ္တရော ပုရိသဒမ္မသာရထိ’ မည်တော်မူ၏၊ နတ်လူတို့၏ ဆရာဖြစ်တော်မူသော အကြောင်းကြောင့်လည်း ‘သတ္ထာ ဒေဝမနုဿာနံ’ မည်တော်မူ၏၊ (သစ္စာလေးပါးတရားတို့ကို) သိစေတော်မူသော အကြောင်းကြောင့်လည်း ‘ဗုဒ္ဓ’ မည်တော်မူ၏၊ ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်းကြောင့်လည်း ‘ဘဂဝါ’ မည်တော်မူ၏’ဟု ပျံ့နှံ့၍ ထွက်၏။အချင်း ဘာရဒွါဇ သွားကြစို့၊ ရဟန်းဂေါတမထံသို့ ချဉ်းကပ်၍ ဤအကြောင်းကို ရဟန်းဂေါတမ အားမေးကုန်အံ၊ ရဟန်းဂေါတမ ဖြေကြားသောအတိုင်း (ထိုအကြောင်း) ကို ငါတို့ မှတ်သား ကုန်အံ့”ဟုပြော၏။
“အချင်း ကောင်းပါပြီ”ဟု ဘာရဒွါဇလုလင်သည် ဝါသေဋ္ဌလုလင်အား ဝန်ခံ၏။
——————
လမ်းဟုတ်သည်, မဟုတ်သည်ကို ဆိုသောစကား
၅၂၂။ ထိုအခါ ဝါသေဋ္ဌနှင့် ဘာရဒွါဇလုလင်တို့သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားနှင့် အတူ ဝမ်းမြောက်ဝမ်းသာ (နှုတ်ဆက်) ပြောဆိုကုန်၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ်စကားကိုပြီးဆုံးစေ၍ တစ်ခုသော နေရာ၌ ထိုင်ကုန်၏၊ တစ်ခုသော နေရာ၌ ထိုင်ပြီးသော် ဝါသေဋ္ဌလုလင်သည်မြတ်စွာဘုရားအား ဤစကားကို လျှောက်၏ — “အသျှင်ဂေါတမ ဤ (အရပ်) ၌ အညောင်းပြေ လမ်းလျှောက်ခြင်းဖြင့် တစ်ယောက်နောက် တစ်ယောက် လိုက်ကာ စင်္ကြ ံသွားလာ လှည့်လည်လျက်နေကြစဉ် အကျွန်ုပ်တို့အား (ဗြဟ္မာ၏ အပေါင်းအဖော်ဖြစ်ရန်) ဖြောင့်သော လမ်းဟုတ် မဟုတ်နှင့် စပ်လျဉ်း၍ စကားသည် ဖြစ်ပေါ်ခဲ့ပါ၏။ ‘ ပေါက္ခရသာတိပုဏ္ဏား ဟောကြားသော ဤလမ်းသည်သာ ဖြောင့်တန်းသော လမ်းဖြစ်၏၊ ဤလမ်းသည်သာ ဖြောင့်စင်းသော လမ်းဖြစ်၏၊ ထိုလမ်းကို သွားသူအား ဗြဟ္မာ၏ အပေါင်းအဖော် ဖြစ်ရန် (ယင်း လမ်းသည်) စင်စစ် ပို့ဆောင်၏’ဟု အကျွန်ုပ်က ဆိုပါ၏။ ‘ တာရုက္ခပုဏ္ဏား ဟောကြားသော ဤလမ်းသည်သာ ဖြောင့်တန်းသော လမ်းဖြစ်၏၊ ဤလမ်းသည်သာဖြောင့်စင်းသော လမ်းဖြစ်၏၊ ထိုလမ်းကို သွားသူအား ဗြဟ္မာ၏ အပေါင်းအဖော် ဖြစ်ရန် (ယင်း လမ်းသည်) စင်စစ် ပို့ဆောင်၏’ဟု ဘာရဒွါဇလုလင်က ဆိုပါ၏။အသျှင်ဂေါတမ ဤအရာ၌ ဆန့်ကျင်သော အယူရှိနေပါ၏၊ အငြင်းအခုံရှိနေပါ၏၊ ဝါဒ အကွဲအပြားရှိနေပါ၏”ဟု လျှောက်၏။
၅၂၃။ ဝါသေဋ္ဌ “ပေါက္ခရသာတိပုဏ္ဏားဟောကြားသော ဤလမ်းသည်သာ ဖြောင့်တန်းသော လမ်းဖြစ်၏၊ ဤလမ်းသည်သာ ဖြောင့်စင်းသော လမ်းဖြစ်၏၊ ထိုလမ်းကို သွားသူအား ဗြဟ္မာ၏ အပေါင်း အဖော်ဖြစ်ရန် (ယင်းလမ်းသည်) စင်စစ် ပို့ဆောင်၏”ဟု သင်က ဆိုသည် မဟုတ်လော။
“တာရုက္ခပုဏ္ဏား ဟောကြားသော ဤလမ်းသည်သာ ဖြောင့်တန်းသော လမ်းဖြစ်၏၊ ဤလမ်းသည် သာဖြောင့်စင်းသော လမ်းဖြစ်၏၊ ထိုလမ်းကို သွားသူအား ဗြဟ္မာ၏ အပေါင်းအဖော် ဖြစ်ရန် (ယင်းလမ်းသည်) စင်စစ် ပို့ဆောင်၏”ဟု ဘာရဒွါဇလုလင်က ဆိုသည် မဟုတ်လော။
ဝါသေဋ္ဌ ထိုသို့ဆိုသော် အဘယ်အရာ၌ သင်တို့အား ဆန့်ကျင်သော အယူဖြစ်သနည်း၊ အဘယ် အရာ၌အငြင်းအခုံ ဖြစ်သနည်း၊ အဘယ်အရာ၌ ဝါဒအကွဲအပြား ဖြစ်သနည်း။
၅၂၄။ အသျှင်ဂေါတမ ဖြောင့်တန်းသော လမ်းဟုတ်သည် မဟုတ်သည်၌ (ဖြစ်ပါ၏)။
အသျှင်ဂေါတမ အဒ္ဓရိယပုဏ္ဏားတို့သည်လည်းကောင်း၊ တိတ္တိရိယပုဏ္ဏားတို့သည်လည်းကောင်း၊ ဆန္ဒောကပုဏ္ဏားတို့သည်လည်းကောင်း၊ ဗဝှါရိဇ္ဈပုဏ္ဏားတို့သည်လည်းကောင်း အထူးထူးသော လမ်းတို့ကိုပညတ်ကုန်သော ်လည်း ထိုလမ်းအလုံးစုံတို့သည် ထိုလမ်းအတိုင်း သွားသူအား အပေါင်းအဖော်ဖြစ်ရန်စင်စစ် ပို့ဆောင်ပါကုန်၏။
အသျှင်ဂေါတမ ရွာနိဂုံးတို့၏ မနီးမဝေး၌ များစွာကုန်သော အထူးထူးအပြားပြားသော လမ်းတို့သည်ရှိကုန်ငြားသော်လည်း ထိုလမ်းအလုံးစုံတို့သည် ရွာ၌ ပေါင်းဆုံဆိုက်ရောက်ကုန်သကဲ့သို့၊ အသျှင်ဂေါတမဤအတူပင် အဒ္ဓရိယပုဏ္ဏားတို့သည်လည်းကောင်း၊ တိတ္တိရိယပုဏ္ဏားတို့သည်လည်းကောင်း၊ ဆန္ဒောကပုဏ္ဏားတို့သည်လည်းကောင်း၊ ဗဝှါရိဇ္ဈပုဏ္ဏားတို့သည်လည်းကောင်း အထူးထူးအပြားပြားသော လမ်းတို့ကို ပညတ်ကုန်သော ်လည်း ထိုလမ်းအလုံးစုံတို့သည် ထိုလမ်းကို သွားသူအား အပေါင်းအဖော် ဖြစ်ရန်စင်စစ် ပို့ဆောင်ပါကုန်၏။
——————
ဝါသေဋ္ဌလုလင်အား မေးမြန်းစိစစ်ခြင်း
၅၂၅။ ဝါသေဋ္ဌ ပို့ဆောင်ကုန်၏ဟု (သင်) ဆိုသလော။
“အသျှင်ဂေါတမ ပို့ဆောင်ကုန်၏”ဟု (အကျွန်ုပ်) ဆိုပါ၏။
ဝါသေဋ္ဌ ပို့ဆောင်ကုန်၏ဟု (သင်) ဆိုသလော။
“အသျှင်ဂေါတမ ပို့ဆောင်ကုန်၏”ဟု (အကျွန်ုပ်) ဆိုပါ၏။
ဝါသေဋ္ဌ ပို့ဆောင်ကုန်၏ဟု (သင်) ဆိုသလော။
“အသျှင်ဂေါတမ ပို့ဆောင်ကုန်၏”ဟု (အကျွန်ုပ်) ဆိုပါ၏။
ဝါသေဋ္ဌ ဗေဒင်သုံးပုံဆောင်ပုဏ္ဏားတို့တွင် ဗြဟ္မာကို မျက်ဝါးထင်ထင်မြင်ဖူးသော ပုဏ္ဏားတစ်ဦး တစ်ယောက်မျှသော်လည်း ရှိ၏လော။
“အသျှင်ဂေါတမ မရှိပါ”။
ဝါသေဋ္ဌ ဗြဟ္မာကို မျက်ဝါးထင်ထင် မြင်ဖူးသော ဗေဒင်သုံးပုံဆောင်ပုဏ္ဏားတို့၏ ဆရာတစ်ဦးတစ်ယောက်မျှသော်လည်း ရှိ၏လော။
“အသျှင်ဂေါတမ မရှိပါ”။
ဝါသေဋ္ဌ ဗြဟ္မာကို မျက်ဝါးထင်ထင် မြင်ဖူးသော ဗေဒင်သုံးပုံဆောင် ပုဏ္ဏားတို့၏ ဆရာ့ ဆရာတစ်ဦးတစ်ယောက်မျှသော်လည်း ရှိ၏လော။
“အသျှင်ဂေါတမ မရှိပါ”။
ဗေဒင်သုံးပုံဆောင် ပုဏ္ဏားတို့၏ ဆရာခုနစ်ဆက်တိုင်အောင် ဗြဟ္မာကို မျက်ဝါးထင်ထင် မြင်ဖူးသောဆရာ တစ်ဦး တစ်ယောက်မျှသော်လည်း ရှိ၏လော။
“အသျှင်ဂေါတမ မရှိပါ”။
၅၂၆။ ဝါသေဋ္ဌ ဗေဒင်သုံးပုံဆောင် ပုဏ္ဏားတို့၏ လက်ဦးဆရာဖြစ်ကုန်သော ဝေဒကျမ်းတို့ကို့စီရင်ကုန်သော ဝေဒကျမ်းတို့ကို ပို့ချကုန်သော အကြင်ရသေ့တို့သည် ရှိကုန်၏၊ ယခုအခါ ဗေဒင်သုံးပုံဆောင်ပုဏ္ဏားတို့သည် အကြင် (ရသေ့) တို့ သီဆို ပို့ချ ပေါင်းစုထားသော ထိုရှေးဟောင်းဝေဒကျမ်းကိုလိုက်၍ သီဆိုကုန်၏၊ လိုက်၍ ရွတ်ဆိုကုန်၏၊ ရွတ်ဆိုထားတိုင်း လိုက်၍ ရွတ်ဆိုကုန်၏၊ ပို့ချထားတိုင်းလိုက်၍ ပို့ချကုန်၏၊ ဤရသေ့တို့ကား အဘယ်နည်း။အဋ္ဌကရသေ့ ဝါမကရသေ့ ဝါမဒေဝရသေ့ ဝေဿာမိတ္တရသေ့ ယမဒဂ္ဂိရသေ့ အင်္ဂ ီရသရသေ့ဘာရဒွါဇရသေ့ ဝါသေဋ္ဌရသေ့ ကဿပရသေ့ ဘဂုရသေ့တို့တည်း။
ထို (ရသေ့) တို့သည်လည်း “ဗြဟ္မာနေရာဘုံ ဗြဟ္မာလာရာလမ်း ဗြဟ္မာသွားရာအရပ်တို့ကို ငါတို့သိကုန်၏။ ငါတို့ မြင်ကုန်၏”ဟု ဤသို့ ပြောကြားခဲ့ကုန်၏လော။
“အသျှင်ဂေါတမ မပြောကြားခဲ့ပါကုန်”။
၅၂၇။ ဝါသေဋ္ဌ ဗေဒင်သုံးပုံဆောင် ပုဏ္ဏားတို့၏ ဗြဟ္မာကို မျက်ဝါးထင်ထင် မြင်ဖူးသော ပုဏ္ဏား တစ်ဦးတစ်ယောက်မျှသော်လည်း မရှိဟူ၍လည်းကောင်း၊ ဗြဟ္မာကို မျက်ဝါးထင်ထင် မြင်ဖူးသော ဗေဒင်သုံးပုံဆောင် ပုဏ္ဏားတို့၏ ဆရာတစ်ဦးတစ်ယောက်မျှသော်လည်း မရှိဟူ၍လည်းကောင်း၊ ဗြဟ္မာကိုမျက်ဝါးထင်ထင် မြင်ဖူးသော ဗေဒင်သုံးပုံဆောင် ပုဏ္ဏားတို့၏ ဆရာ့ ဆရာ တစ်ဦးတစ်ယောက်မျှသော်လည်း မရှိချေဟူ၍လည်းကောင်း၊ ဗေဒင်သုံးပုံဆောင် ပုဏ္ဏားတို့၏ ဆရာခုနစ်ဆက်တိုင်အောင် ဗြဟ္မာကိုမျက်ဝါးထင်ထင် မြင်ဖူးသော ဆရာတစ်ဦး တစ်ယောက်မျှသော်လည်း မရှိချေဟူ၍လည်းကောင်း ဤသို့ဆို၏၊ (ထို့ပြင်) ဗေဒင်သုံးပုံဆောင် ပုဏ္ဏားတို့၏ လက်ဦးဆရာဖြစ်ကုန်သော ဝေဒကျမ်းတို့ကို စီရင်ကုန်သော ဝေဒကျမ်းတို့ကို ပို့ချကုန်သော အကြင်ရသေ့တို့သည် ရှိကုန်၏၊ ယခုအခါ ဗေဒင်သုံးပုံဆောင်ပုဏ္ဏားတို့သည် အကြင် (ရသေ့) တို့ သီဆို ပို့ချ ပေါင်းစုထားသော ထိုရှေးဟောင်း ဝေဒကျမ်းကိုလိုက်၍ သီဆို ကုန်၏၊ လိုက်၍ ရွတ်ဆိုကုန်၏၊ ရွတ်ဆိုထားတိုင်း လိုက်၍ ရွတ်ဆိုကုန်၏၊ ပို့ချထားတိုင်းလိုက်၍ ပို့ချကုန်၏၊ ဤရသေ့တို့ကား အဘယ်နည်း။အဋ္ဌကရသေ့ ဝါမကရသေ့ ဝါမဒေဝရသေ့ ဝေဿာမိတ္တရသေ့ ယမဒဂ္ဂိရသေ့ အင်္ဂီရသရသေ့ဘာရဒွါဇရသေ့ ဝါသေဋ္ဌရသေ့ ကဿပရသေ့ ဘဂုရသေ့တို့တည်း။
ထို (ရသေ့) တို့သည်လည်း “ဗြဟ္မာနေရာဘုံ ဗြဟ္မာလာရာလမ်း ဗြဟ္မာသွားရာအရပ်တို့ကို ငါတို့သိကုန်၏။ ငါတို့ မြင်ကုန်၏”ဟု ဤသို့ မပြောကြားခဲ့ကုန်ဟူ၍ ဆို၏၊ (သို့ဖြစ်ပါလျက်) ထိုဗေဒင်သုံးပုံဆောင်ပုဏ္ဏားတို့သည် ဤသို့ ဆိုကုန်ဘိ၏ — “ဤသည်လျှင် ဖြောင့်တန်းသော လမ်းတည်း၊ ဤသည်လျှင် ဖြောင့်စင်းသော လမ်းတည်း၊ ထိုလမ်းကို သွားသူအား ဗြဟ္မာ၏ အပေါင်းအဖော် ဖြစ်ရန် (ယင်းလမ်းသည်) စင်စစ် ပို့ဆောင်၏ဟုမသိ မမြင်ဖူးသော ထိုဗြဟ္မာ၏ အပေါင်းအဖော်ဖြစ်ရန် လမ်းကို ငါတို့ ဟောကြားပါကုန်သည်” ဟူ၍ဆိုကုန်ဘိ၏။
၅၂၈။ ဝါသေဋ္ဌ ထိုအရာကို အဘယ်သို့ ထင်သနည်း၊ သို့ဖြစ်လျှင် ထိုဗေဒင်သုံးပုံဆောင် ပုဏ္ဏား တို့၏စကားသည် အခြေအမြစ်မရှိသောစကား ဖြစ်နေသည် မဟုတ်လော။
အသျှင်ဂေါတမ ဤသို့ဖြစ်လျှင် ထိုဗေဒင်သုံးပုံဆောင် ပုဏ္ဏားတို့၏ စကားသည် အခြေအမြစ် မရှိသောစကား မချွတ်ပင် ဖြစ်နေပါ၏။
ဝါသေဋ္ဌ ကောင်းပြီ၊ ဝါသေဋ္ဌ ထိုဗေဒင်သုံးပုံဆောင် ပုဏ္ဏားတို့သည် “ဤသည်လျှင် ဖြောင့်တန်း သောလမ်းတည်း၊ ဤသည်လျှင် ဖြောင့်စင်းသော လမ်းတည်း၊ ထိုလမ်းကို သွားသူအား ဗြဟ္မာ၏အပေါင်းအဖော်ဖြစ်ရန် (ယင်းလမ်းသည်) စင်စစ် ပို့ဆောင်၏”ဟု မသိမမြင်ဖူးသော ထိုဗြဟ္မာ၏ အပေါင်းအဖော်ဖြစ်ရန် လမ်းကို ဟောကြားနိုင်အံ့သော အကြောင်းသည် မရှိချေ။
၅၂၉။ ဝါသေဋ္ဌ အချင်းချင်း ဆွဲကိုင်ဆက်စပ်နေသော သူကန်းတို့၏ အစဉ်အတန်းတွင် ရှေ့ဆုံးသူ့သည်လည်း မမြင်၊ အလယ်သူသည်လည်း မမြင်၊ နောက်ဆုံးသူသည်လည်း မမြင်သကဲ့သို့၊ ဝါသေဋ္ဌ ဤအတူပင် ဗေဒင်သုံးပုံဆောင် ပုဏ္ဏားတို့၏ စကားသည် ‘သူကန်းတို့၏ အစဉ်အတန်း’ နှင့် တူလှချေ၏တကား၊ ရှေ့ဆုံးသူသည်လည်း မမြင်၊ အလယ်သူသည်လည်း မမြင်၊ နောက်ဆုံးသူသည်လည်း မမြင်ချေတကား၊ ထိုဗေဒင်သုံးပုံဆောင် ပုဏ္ဏားတို့၏ ဤစကားသည် ရယ်ဖွယ်သာ ဖြစ်ချေ၏၊ အပြောမျှသာဖြစ်ချေ၏၊ အနက်မဲ့သာ ဖြစ်ချေ၏၊ အချည်းနှီးသာ ဖြစ်ချေ၏။
၅၃ဝ။ ဝါသေဋ္ဌ ထိုအရာကို အဘယ်သို့ ထင်သနည်း။
ဗေဒင်သုံးပုံဆောင် ပုဏ္ဏားတို့သည်လည်းကောင်း၊ အခြား လူများစွာတို့သည်လည်းကောင်း လနှင့်နေတို့ကို မြင်ကြသည် မဟုတ်လော့၊ မြင်ကြသောကြောင့်ပင် လနှင့်နေတို့ ထွက်လာရာအရပ် ဝင်သွားရာအရပ်တို့သို့ မျက်နှာမူကာ လက်အုပ်ချီမိုး ရှိခိုးလျက် ချီးကျူးနေကြ ဆုတောင်းနေကြသည် မဟုတ်လော။
အသျှင်ဂေါတမမှန်ပါ၏၊ ဗေဒင်သုံးပုံဆောင် ပုဏ္ဏားတို့သည်လည်းကောင်း၊ အခြား လူများစွာတို့သည်လည်းကောင်း လနှင့်နေတို့ကို မြင်ကြပါ၏၊ မြင်ကြသောကြောင့်ပင် လနှင့်နေတို့ ထွက်လာရာ အရပ်ဝင်သွားရာအရပ်တို့သို့ မျက်နှာမူကာ လက်အုပ်ချီမိုး ရှိခိုးလျက် ချီးကျူးနေကြ ဆုတောင်းနေကြပါ၏။
၅၃၁။ဝါသေဋ္ဌ ထိုအရာကို အဘယ်သို့ထင်သနည်း၊ ဗေဒင်သုံးပုံဆောင် ပုဏ္ဏားတို့သည်လည်းကောင်း၊ အခြား လူများစွာတို့သည်လည်းကောင်း အကြင်လနှင့်နေတို့ကို မြင်ကြသည်ဖြစ်၍ အကြင် လနှင့် နေတို့ထွက်လာရာအရပ် ဝင်သွားရာအရပ်တို့သို့ မျက်နှာမူကာ လက်အုပ်ချီမိုး ရှိခိုးလျက် ချီးကျူးနေကြဆုတောင်းနေကြကုန်၏။ ဗေဒင်သုံးပုံဆောင်ပုဏ္ဏားတို့သည် “ဤသည်လျှင် ဖြောင့်တန်းသော လမ်းတည်း၊ ဤသည်လျှင် ဖြောင့်စင်းသော လမ်းတည်း၊ ထိုလမ်းကို သွားသူအား ထိုလနှင့်နေတို့၏ အပေါင်းအဖော်ဖြစ်ရန် (ယင်းလမ်းသည်) စင်စစ် ပို့ဆောင်၏”ဟု ထိုလနှင့်နေတို့၏ အပေါင်းအဖော်ဖြစ်ရန်လမ်း ကို ဟောကြားခြင်းငှါ စွမ်းနိုင်ကုန်၏လော။
“အသျှင်ဂေါတမ မစွမ်းနိုင်ပါကုန်”။
ဝါသေဋ္ဌ ဗေဒင်သုံးပုံဆောင် ပုဏ္ဏားတို့သည်လည်းကောင်း၊ အခြားလူများစွာတို့သည်လည်းကောင်းအကြင် လနှင့်နေတို့ကို မြင်ကြသည် ဖြစ်၍ အကြင်လနှင့်နေတို့ ထွက်လာရာအရပ် ဝင်သွားရာအရပ်တို့သို့မျက်နှာမူကာ လက်အုပ်ချီမိုး ရှိခိုးလျက် ချီးကျူးနေကြ ဆုတောင်းနေကြကုန်၏။ ထို (ဗေဒင်သုံးပုံဆောင်ပုဏ္ဏား) တို့သည် “ဤသည်လျှင် ဖြောင့်တန်းသော လမ်းတည်း၊ ဤသည်လျှင် ဖြောင့်စင်းသော လမ်းတည်း၊ ထိုလမ်းကို သွားသူအား ထို လနှင့်နေတို့၏ အပေါင်းအဖော်ဖြစ်ရန် (ယင်းလမ်းသည်) စင်စစ်ပို့ဆောင်၏”ဟု ထိုလနှင့် နေတို့၏ အပေါင်းအဖော်ဖြစ်ရန် လမ်းကို ဟောကြားခြင်းငှါ မစွမ်းနိုင်ကုန်ဟုဤသို့ ဆို၏။
၅၃၂။ ဗေဒင်သုံးပုံဆောင်ပုဏ္ဏားတို့သည် ဗြဟ္မာကို မျက်ဝါးထင်ထင် မမြင်ဖူးကုန်ဟု ဆို၏၊ ဗေဒင်သုံးပုံဆောင် ပုဏ္ဏားတို့၏ ဆရာတို့သည်လည်း ဗြဟ္မာကို မျက်ဝါးထင်ထင် မမြင်ဖူးကုန်ဟု ဆို၏၊ ဗေဒင်သုံးပုံဆောင် ပုဏ္ဏားတို့၏ ဆရာ့ ဆရာတို့သည်လည်း ဗြဟ္မာကို မျက်ဝါးထင်ထင် မမြင်ဖူးကုန်ဟု ဆို၏၊ ဗေဒင်သုံးပုံဆောင် ပုဏ္ဏားတို့၏ ခုနစ်ဆက်တိုင်အောင်သော ဆရာတို့သည်လည်း ဗြဟ္မာကို မျက်ဝါးထင်ထင် မမြင်ဖူးကုန်ဟု ဆို၏၊ ဗေဒင်သုံးပုံဆောင် ပုဏ္ဏားတို့၏ လက်ဦးဆရာဖြစ်ကုန်သော ဝေဒကျမ်းတို့ကိုစီရင်ကုန်သော ။ပ။ ထို (ရသေ့) တို့သည်လည်း “ဗြဟ္မာနေရာဘုံ ဗြဟ္မာလာရာလမ်း ဗြဟ္မာသွားရာအရပ်တို့ကို ငါတို့ သိကုန်၏။ ငါတို့ မြင်ကုန်၏”ဟု ဤသို့ မပြောကြားခဲ့ကုန်ဟူ၍ ဆို၏၊ (သို့ဖြစ်ပါလျက်) ထိုဗေဒင်သုံးပုံဆောင် ပုဏ္ဏားတို့သည် ဤသို့ ဆိုကုန်ဘိ၏ — “ဤသည်လျှင် ဖြောင့်တန်းသော လမ်းတည်း၊ ဤသည်လျှင် ဖြောင့်စင်းသော လမ်းတည်း၊ ထိုလမ်းကိုသွားသူအား ဗြဟ္မာ၏အပေါင်းအဖော်ဖြစ်ရန် (ယင်းလမ်းသည်) စင်စစ် ပို့ဆောင်၏ဟု မသိမမြင်ဖူးသောထိုဗြဟ္မာ၏ အပေါင်းအဖော်ဖြစ်ရန် လမ်းကို ငါတို့ ဟောကြားပါကုန်သည်” ဟူ၍ ဆိုကုန်ဘိ၏။
၅၃၃။ ဝါသေဋ္ဌ ထိုအရာကို အဘယ်သို့ ထင်သနည်း၊ ဤသို့ဖြစ်လျှင် ဗေဒင်သုံးပုံဆောင် ပုဏ္ဏားတို့၏စကားသည် အခြေအမြစ်မရှိသော စကားဖြစ်နေသည် မဟုတ်လော။
အသျှင်ဂေါတမ ဤသို့ဖြစ်လျှင် ဗေဒင်သုံးပုံဆောင် ပုဏ္ဏားတို့၏ စကားသည် အခြေအမြစ်မရှိသောစကား မချွတ်ပင် ဖြစ်နေပါ၏။
ဝါသေဋ္ဌ ကောင်းပြီ၊ ဝါသေဋ္ဌ ထိုဗေဒင်သုံးပုံဆောင် ပုဏ္ဏား တို့သည် “ဤသည်လျှင် ဖြောင့်တန်း သောလမ်းတည်း၊ ဤသည်လျှင် ဖြောင့်စင်းသော လမ်းတည်း၊ ထိုလမ်းကို သွားသူအား ဗြဟ္မာ၏အပေါင်းအဖော် ဖြစ်ရန် (ယင်းလမ်းသည်) စင်စစ် ပို့ဆောင်၏”ဟု စင်စစ် မသိမမြင်ဖူးသော ထိုဗြဟ္မာ၏အပေါင်းအဖော် ဖြစ်ရန် လမ်းကို ဟောကြားနိုင်အံ့သော အကြောင်းသည် မရှိချေ။
——————
ဇနပဒကလျာဏီ ဥပမာ
၅၃၄။ ဝါသေဋ္ဌ “ငါသည် ဤနိုင်ငံ၌ (ဇနပဒကလျာဏီဘွဲ့ရ) အလှဆုံး မိန်းမကို လိုချင်၏၊ ချစ်ကြိုက်၏”ဟု ဆိုသော ယောကျာ်းသည် ရှိရာ၏၊ ထိုယောကျာ်းကို ဤသို့ မေးကုန်ရာ၏ — “အချင်းယောကျာ်း သင်လိုချင် ချစ်ကြိုက်သော (ဇနပဒကလျာဏီဘွဲ့ရ) အလှဆုံးမိန်းမကိုမင်းအမျိုးသမီးဟူ၍လည်းကောင်း၊ ပုဏ္ဏားအမျိုးသမီးဟူ၍လည်းကောင်း၊ ကုန်သည်အမျိုးသမီးဟူ၍လည်းကောင်း၊ ဆင်းရဲသားအမျိုးသမီးဟူ၍လည်းကောင်း သိပါ၏လော”။
ဤသို့ မေးသော် “မသိပါ”ဟု ဆိုရာ၏။
ထိုယောကျာ်းကို ဤသို့ မေးကုန်ပြန်ရာ၏ —
“အချင်းယောကျာ်း သင်လိုချင် ချစ်ကြိုက်သော (ဇနပဒကလျာဏီဘွဲ့ရ) အလှဆုံးမိန်းမကို ဤအမည်ရှိ၏ဟူ၍လည်းကောင်း၊ ဤအမျိုးအနွယ်ရှိ၏ဟူ၍လည်းကောင်း၊ (အရပ်) မြင့်၏ဟူ၍လည်းကောင်း၊ (အရပ်) နိမ့်၏ ဟူ၍လည်းကောင်း၊ အလတ်စား (မမြင့်မနိမ့်) ဖြစ်၏ဟူ၍လည်းကောင်း၊ (အသား) မည်း၏ ဟူ၍လည်းကောင်း၊ (အသား) ဝါရွှေ၏ဟူ၍လည်းကောင်း၊ (အသား) ညို၏ဟူ၍လည်းကောင်းသိပါ၏လော့၊ ဤ (မည်သော) ရွာ၌ နေ၏ဟူ၍လည်းကောင်း၊ ဤ (မည်သော) နိဂုံး၌ နေ၏ဟူ၍လည်းကောင်း၊ ဤ (မည်သော) မြို့၌ နေ၏ဟူ၍လည်းကောင်း သိပါ၏လော”။
ဤသို့ မေးသော် “မသိပါ”ဟု ဆိုရာ၏။
ထိုယောကျာ်းကို ဤသို့ မေးကုန်ပြန်ရာ၏။
“အချင်းယောကျာ်း သင်သည် မသိဖူးမမြင်ဖူးသူကို လိုချင်ချစ်ကြိုက်နေသလော”။
ဤသို့ မေးသော် “ဟုတ်ပါ၏”ဟု ဖြေဆိုရာ၏။
၅၃၅။ ဝါသေဋ္ဌ ထိုအရာကို အဘယ်သို့ ထင်သနည်း၊ ဤသို့ဖြစ်လျှင် ထိုယောကျာ်း၏ စကားသည်အခြေအမြစ်မရှိသောစကား ဖြစ်နေသည် မဟုတ်လော။
အသျှင်ဂေါတမ ဤသို့ဖြစ်လျှင် ထိုယောကျာ်း၏ စကားသည် အခြေအမြစ်မရှိသောစကား မချွတ်ပင်ဖြစ်နေပါသည်။
၅၃၆။ ဝါသေဋ္ဌ ဤအတူပင် ဗေဒင်သုံးပုံဆောင် ပုဏ္ဏားတို့သည် ဗြဟ္မာကို မျက်ဝါးထင်ထင် မမြင်ဖူးကုန်ဟု ဆို၏၊ ဗေဒင်သုံးပုံဆောင် ပုဏ္ဏားတို့၏ ဆရာတို့သည်လည်း ဗြဟ္မာကို မျက်ဝါးထင်ထင်မမြင်ဖူးကုန်ဟု ဆို၏၊ ဗေဒင်သုံးပုံဆောင် ပုဏ္ဏားတို့၏ ဆရာ့ ဆရာတို့သည်လည်း ဗြဟ္မာကို မျက်ဝါးထင်ထင် မမြင်ဖူးကုန်ဟု ဆို၏၊ ဗေဒင်သုံးပုံဆောင် ပုဏ္ဏားတို့၏ ခုနစ်ဆက်တိုင်အောင်သော ဆရာတို့သည်လည်း ဗြဟ္မာကို မျက်ဝါးထင်ထင် မမြင်ဖူးကုန်ဟု ဆို၏၊ ဗေဒင်သုံးပုံဆောင် ပုဏ္ဏားတို့၏ လက်ဦးဆရာဖြစ်ကုန်သော ဝေဒကျမ်းတို့ကို စီရင်ကုန်သော ။ပ။ ထို (ရသေ့) တို့သည်လည်း “ဗြဟ္မာနေရာဘုံဗြဟ္မာလာရာလမ်း ဗြဟ္မာသွားရာအရပ်တို့ကို ငါတို့ သိကုန်၏။ ငါတို့ မြင်ကုန်၏”ဟု ဤသို့ မပြော့ကြားခဲ့ကုန်ဟူ၍ ဆို၏၊ (သို့ဖြစ်ပါလျက်) ထိုဗေဒင်သုံးပုံဆောင် ပုဏ္ဏားတို့သည် ဤသို့ ဆိုကုန်ဘိ၏ — “ဤသည်လျှင် ဖြောင့်တန်းသော လမ်းတည်း၊ ဤသည်လျှင် ဖြောင့်စင်းသော လမ်းတည်း၊ ထို လမ်းကိုသွားသူအား ဗြဟ္မာ၏ အပေါင်းအဖော်ဖြစ်ရန် (ယင်းလမ်းသည်) စင်စစ် ပို့ဆောင်၏ဟုစင်စစ် မသိမမြင်ဖူးသော ထိုဗြဟ္မာ၏ အပေါင်းအဖော်ဖြစ်ရန် လမ်းကို ငါတို့ ဟောကြားပါကုန်သည်” ဟူ၍ ဆိုကုန်ဘိ၏။
၅၃၇။ ဝါသေဋ္ဌ ထိုအရာကို အဘယ်သို့ ထင်သနည်း၊ ဤသို့ဖြစ်လျှင် ထိုဗေဒင်သုံးပုံဆောင် ပုဏ္ဏားတို့၏ စကားသည် အခြေအမြစ်မရှိသောစကား ဖြစ်နေသည် မဟုတ်လော။
အသျှင်ဂေါတမ ဤသို့ဖြစ်လျှင် ထိုဗေဒင်သုံးပုံဆောင် ပုဏ္ဏားတို့၏ စကားသည် အခြေအမြစ် မရှိသောစကား မချွတ်ပင် ဖြစ်နေပါ၏။
ဝါသေဋ္ဌ ကောင်းပြီ၊ ဝါသေဋ္ဌ ထိုဗေဒင်သုံးပုံဆောင် ပုဏ္ဏားတို့သည် “ဤသည်လျှင် ဖြောင့်တန်းသောလမ်းတည်း၊ ဤသည်လျှင် ဖြောင့်စင်းသော လမ်းတည်း၊ ထိုလမ်းကို သွားသူအား ဗြဟ္မာ၏အပေါင်းအဖော်ဖြစ်ရန် (ယင်းလမ်းသည်) စင်စစ် ပို့ဆောင်၏”ဟု စင်စစ် မသိမမြင်ဖူးသော ထိုဗြဟ္မာ၏အပေါင်းအဖော်ဖြစ်ရန် လမ်းကို ဟောကြားနိုင်အံ့သော အကြောင်းသည် မရှိချေ။
——————
လှေကားဥပမာ
၅၃၈။ ဝါသေဋ္ဌ လမ်းမလေးခုဆုံရာ၌ ပြာသာဒ် (ထက်) သို့ တက်ရန် လှေကားကို ပြုလုပ်နေသောယောကျာ်းသည် ရှိရာ၏၊ ထိုယောကျာ်းကို ဤသို့ မေးကုန်ရာ၏ —
“အချင်းယောကျာ်း ပြာသာဒ် (ထက်) သို့ တက်ရန် လှေကားကို ပြုလုပ်နေသော သင်သည် ထိုပြာသာဒ်ကို အရှေ့အရပ်၌ (ရှိ၏ဟူ၍)လည်းကောင်း၊ တောင်အရပ်၌ (ရှိ၏ဟူ၍)လည်းကောင်း၊ အနောက်အရပ်၌ (ရှိ၏ဟူ၍)လည်းကောင်း၊ မြောက်အရပ်၌ (ရှိ၏ဟူ၍)လည်းကောင်း၊ မြင့်၏ဟူ၍လည်းကောင်း နိမ့်၏ဟူ၍လည်းကောင်း၊ အလတ်စား (မမြင့်မနိမ့်) ဖြစ်၏ဟူ၍လည်းကောင်း သိပါ၏လော”။
ဤသို့ မေးသော် “မသိပါ”ဟု ဆိုရာ၏။
ထိုယောကျာ်းကို ဤသို့ မေးကုန်ပြန်ရာ၏။ “အချင်းယောကျာ်း သင်သည် မသိမမြင်ရသော ပြာသာဒ် (ထက်) သို့ တက်ရန် လှေကားကိုပြုလုပ်နေဘိသလော”။
ဤသို့ မေးသော် “ဟုတ်ပါ၏”ဟု ဖြေဆိုရာ၏။
၅၃၉။ ဝါသေဋ္ဌ ထိုအရာကို အဘယ်သို့ ထင်သနည်း၊ ဤသို့ဖြစ်လျှင် ထိုယောကျာ်း၏ စကားသည်အခြေအမြစ်မရှိသောစကား ဖြစ်နေသည် မဟုတ်လော။
အသျှင်ဂေါတမ ဤသို့ဖြစ်လျှင် ထိုယောကျာ်း၏ စကားသည် အခြေအမြစ်မရှိသော စကား မချွတ်ပင်ဖြစ်နေပါသည်။
၅၄ဝ။ ဝါသေဋ္ဌ ဤအတူပင် ဗေဒင်သုံးပုံဆောင် ပုဏ္ဏားတို့သည် ဗြဟ္မာကို မျက်ဝါးထင်ထင် မမြင်ဖူးကုန်ဟု ဆို၏၊ ဗေဒင်သုံးပုံဆောင် ပုဏ္ဏားတို့၏ ဆရာတို့သည်လည်း ဗြဟ္မာကို မျက်ဝါးထင်ထင် မမြင်ဖူးကုန်ဟု ဆို၏၊ ဗေဒင်သုံးပုံဆောင် ပုဏ္ဏားတို့၏ ဆရာ့ ဆရာတို့သည်လည်း ဗြဟ္မာကို မျက်ဝါးထင်ထင်မမြင်ဖူးကုန်ဟု ဆို၏၊ ဗေဒင်သုံးပုံဆောင် ပုဏ္ဏားတို့၏ ခုနစ်ဆက်တိုင်အောင်သော ဆရာတို့သည်လည်းဗြဟ္မာကို မျက်ဝါးထင်ထင် မမြင်ဖူးကုန်ဟု ဆို၏၊ ဗေဒင်သုံးပုံဆောင် ပုဏ္ဏားတို့၏ လက်ဦးဆရာ ဖြစ်ကုန်သော ဝေဒကျမ်းတို့ကို စီရင်ကုန်သော ဝေဒကျမ်းတို့ကို ပို့ချကုန်သော အကြင်ရသေ့တို့သည် ရှိကုန်၏၊ ယခုအခါ ဗေဒင်သုံးပုံဆောင် ပုဏ္ဏားတို့သည် အကြင်ရသေ့တို့ သီဆို ပို့ချ ပေါင်းစုထားသော ထိုရှေး ဟောင်း ဝေဒကျမ်းကို လိုက်၍ သီဆိုကုန်၏၊ လိုက်၍ ရွတ်ဆိုကုန်၏၊ ရွတ်ဆိုထားတိုင်း လိုက်၍ ရွတ်ဆိုကုန်၏၊ ပို့ချထားတိုင်း လိုက်၍ ပို့ချကုန်၏၊ ဤရသေ့တို့ကား အဘယ်နည်း —အဋ္ဌကရသေ့ ဝါမကရသေ့ ဝါမဒေဝရသေ့ ဝေဿာမိတ္တရသေ့ ယမဒဂ္ဂိရသေ့ အင်္ဂ ီရသရသေ့ဘာရဒွါဇရသေ့ ဝါသေဋ္ဌရသေ့ ကဿပရသေ့ ဘဂုရသေ့တို့တည်း။
ထိုရသေ့တို့သည်လည်း “ဗြဟ္မာနေရာဘုံ ဗြဟ္မာလာရာလမ်း ဗြဟ္မာသွားရာအရပ်တို့ကို ငါတို့ သိကုန်၏၊ ငါတို့ မြင်ကုန်၏”ဟု ဤသို့ မပြောကြားခဲ့ကုန်ဟူ၍ ဆို၏၊ (သို့ဖြစ်ပါလျက်) ထိုဗေဒင် သုံးပုံဆောင်ပုဏ္ဏားတို့သည် ဤသို့ ဆိုကုန်ဘိ၏ — “ဤသည်လျှင် ဖြောင့်တန်းသော လမ်းတည်း၊ ဤသည်လျှင် ဖြောင့်စင်းသော လမ်းတည်း၊ ထိုလမ်းကို သွားသူအား ဗြဟ္မာ၏ အပေါင်းအဖော်ဖြစ်ရန် (ယင်းလမ်းသည်) စင်စစ် ပို့ဆောင်၏ဟုမသိ မမြင်ဖူးသော ထိုဗြဟ္မာ၏အပေါင်းအဖော်ဖြစ်ရန် လမ်းကို ငါတို့ ဟောကြားပါကုန်သည်” ဟူ၍ ဆိုကုန်ဘိ၏။
၅၄၁။ ဝါသေဋ္ဌ ထိုအရာကို အဘယ်သို့ ထင်သနည်း၊ သို့ဖြစ်လျှင် ထိုဗေဒင်သုံးပုံဆောင် ပုဏ္ဏား တို့၏စကားသည် အခြေအမြစ်မရှိသော စကား ဖြစ်နေသည် မဟုတ်လော။
အသျှင်ဂေါတမ ဤသို့ဖြစ်လျှင် ထိုဗေဒင်သုံးပုံဆောင် ပုဏ္ဏားတို့၏စကားသည် အခြေအမြစ်မရှိသောစကား မချွတ်ပင် ဖြစ်နေပါ၏။
ဝါသေဋ္ဌ ကောင်းပြီ၊ ဝါသေဋ္ဌ ထိုဗေဒင်သုံးပုံဆောင်ပုဏ္ဏားတို့သည် “ဤသည်လျှင် ဖြောင့်တန်းသောလမ်းတည်း၊ ဤသည်လျှင် ဖြောင့်စင်းသောလမ်းတည်း၊ ထိုလမ်းကိုသွားသူအား ဗြဟ္မာ၏ အပေါင်းအဖော်ဖြစ်ရန် (ယင်းလမ်းသည်) စင်စစ် ပို့ဆောင်၏”ဟု စင်စစ် မသိမမြင်ဖူးသော ထိုဗြဟ္မာ၏ အပေါင်းအဖော်ဖြစ်ရန် လမ်းကို ဟောကြားနိုင်အံ့သော အကြောင်းသည် မရှိချေ။
——————
အစိရဝတီမြစ် ဥပမာ
၅၄၂။ ဝါသေဋ္ဌ ဤအစိရဝတီမြစ်သည် (ကမ်းမှာနား၍) ကျီးသောက်နိုင်လောက်အောင် ကမ်းနှင့် အညီရေပြည့်လျက် ရှိ၏၊ ထိုအခါ တစ်ဖက်ကမ်းသို့ သွားလို ဆိုက်လို ရောက်လို ကူးမြောက်လိုသောယောကျာ်းသည် လာရာ၏၊ ထိုယောကျာ်းသည် ဤမှာဘက်ကမ်း၌ ရပ်လျက် “ဟေဟိုဘက်ကမ်းသည်ဘက်ကမ်းသို့ လာခဲ့လော့၊ ဟေဟိုဘက်ကမ်းသည်ဘက်ကမ်းသို့ လာခဲ့လော”ဟု ထိုမှာဘက်ကမ်းကို ခေါ်ရာ၏။
၅၄၃။ ဝါသေဋ္ဌ ထိုအရာကို အဘယ်သို့ ထင်သနည်း။
ထိုယောကျာ်း၏ ခေါ်ခြင်းအကြောင်းကြောင့်လည်းကောင်း၊ တောင်းပန်ခြင်းအကြောင်းကြောင့်လည်းကောင်း၊ တောင့်တခြင်းအကြောင်းကြောင့်လည်းကောင်း၊ အလိုရှိခြင်းအကြောင်းကြောင့်လည်းကောင်းအစိရ ဝတီမြစ်၏ ထိုမှာဘက်ကမ်းသည် ဤမှာဘက်ကမ်းသို့ လာရာသလော။
“အသျှင်ဂေါတမ မလာရာပါ”။
၅၄၄။ ဝါသေဋ္ဌ ဤအတူပင် ဗေဒင်သုံးပုံဆောင် ပုဏ္ဏားတို့သည် ဗြာဟ္မဏဖြစ်စေနိုင်သော တရား တို့ကိုပယ်ရှား၍ ဗြာဟ္မဏမဖြစ်စေနိုင်သော တရားတို့ကို ကျင့်ကုန်လျက် ဤသို့ ဆိုကုန်၏ — “(ငါတို့သည်) ဣန္ဒ (နတ်) ကို ခေါ်ကုန်၏၊ သောမ (နတ်) ကို ခေါ်ကုန်၏၊ ဝရုဏ (နတ်) ကို ခေါ်ကုန်၏၊ ဤသာန (နတ်) ကို ခေါ်ကုန်၏၊ ပဇာပတိ (နတ်) ကို ခေါ်ကုန်၏၊ ဗြဟ္မာကို ခေါ်ကုန်၏၊ မဟိဒ္ဓိ (နတ်) ကို ခေါ်ကုန်၏၊ ယမ (နတ်) ကို ခေါ်ကုန်၏”ဟု ဆိုကုန်၏။
ဝါသေဋ္ဌ ထိုဗေဒင်သုံးပုံဆောင်ပုဏ္ဏားတို့သည် ဗြာဟ္မဏဖြစ်စေနိုင်သော တရားတို့ကို ပယ်ရှား၍ဗြာဟ္မဏမဖြစ်စေနိုင်သော တရားတို့ကို ကျင့်ကုန်လျက် (နတ်တို့ကို) ခေါ်ခြင်းအကြောင်းကြောင့်လည်း ကောင်း၊ တောင်းပန်ခြင်းအကြောင်းကြောင့်လည်းကောင်း၊ တောင့်တခြင်းအကြောင်းကြောင့်လည်းကောင်း၊ အလိုရှိခြင်းအကြောင်းကြောင့်လည်းကောင်း ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ဗြဟ္မာ၏အပေါင်း အဖော်အဖြစ်သို့ ရောက်နိုင်အံ့သော အကြောင်းသည် မရှိချေ။
၅၄၅။ ဝါသေဋ္ဌ ဤ အစိရဝတီမြစ်သည် (ကမ်းမှာ နား၍) ကျီးသောက်နိုင်လောက်အောင် ကမ်းနှင့် အညီရေပြည့်လျက် ရှိ၏၊ ထိုအခါ တစ်ဖက်ကမ်းသို့ သွားလို ဆိုက်လိ်ု ရောက်လို ကူးမြောက်လိုသောယောကျာ်းသည် လာရာ၏။ ထိုယောကျာ်းကို ဤမှာဘက်ကမ်း၌ပင် ခိုင်ခံ့သော နှောင်ကြိုးဖြင့် လက်ပြန်ကြိုးကို မြမြံစွာ နှောင်ဖွဲ့ ထားရာ၏။
ဝါသေဋ္ဌ ထိုအရာကို အဘယ်သို့ ထင်သနည်း၊ ထိုယောကျာ်းသည် အစိရဝတီမြစ်၏ ဤမှာဘက် ကမ်းမှထိုမှာဘက်ကမ်းသို့ သွားနိုင်ပါမည်လော။
“အသျှင်ဂေါတမ မသွားနိုင်ပါ”။
၅၄၆။ ဝါသေဋ္ဌ ဤအတူပင်လျှင် ဤကာမဂုဏ်ငါးပါးတို့ကို အရိယာ (ဘုရား)၏ အဆုံးအမ၌နှောင်ကြိုးတို့ဟူ၍လည်း ဆိုအပ်ကုန်၏၊ အနှောင်အဖွဲ့တို့ဟူ၍လည်း ဆိုအပ်ကုန်၏၊ (ကာမဂုဏ်) ငါးပါးတို့ဟူသည် အဘယ်သည်တို့နည်း။အလိုရှိအပ် နှစ်သက်အပ် မြတ်နိုးအပ်ကုန်သော ချစ်ဖွယ်သဘောရှိကုန်သော နှစ်သက်သာယာဖွယ်ဖြစ်ကုန်သော တပ်မက်ဖွယ်ဖြစ်ကုန်သော မျက်စိဖြင့် (မြင်) သိနိုင်သော အဆင်း ‘ရူပါရုံ’ များ။ပ။ နားဖြင့် (ကြား) သိနိုင်သော အသံ ‘သဒ္ဒါရုံ’ များ။ပ။ နှာခေါင်းဖြင့် (နမ်း) သိနိုင်သော အနံ့ ‘ဂန္ဓာရုံ’ များ။ပ။လျှာဖြင့် (လျက်) သိနိုင်သော အရသာ ‘ရသာရုံ’ များ၊ အလိုရှိအပ် နှစ်သက်အပ် မြတ်နိုးအပ်ကုန်သော ချစ်ဖွယ်သဘော ရှိကုန်သော နှစ်သက်သာယာဖွယ်ဖြစ်ကုန်သော တပ်မက်ဖွယ် ဖြစ်ကုန်သော ကိုယ်ဖြင့် (ထိ) သိနိုင်သော အတွေ့ ‘ဖောဋ္ဌဗ္ဗာရုံ’ များတို့ပေတည်း။
ဝါသေဋ္ဌ ဤကာမဂုဏ်ငါးပါးတို့ကို အရိယာ (ဘုရား)၏ အဆုံးအမ၌ နှောင်ကြိုးတို့ဟူ၍လည်း ဆိုအပ်ကုန်၏၊ အနှောင်အဖွဲ့တို့ဟူ၍လည်း ဆိုအပ်ကုန်၏။
ဝါသေဋ္ဌ ဗေဒင်သုံးပုံဆောင် ပုဏ္ဏားတို့သည် ဤကာမဂုဏ်ငါးပါး၌ မက်မောကာ တွေဝေကာအလွန်ဝင်စားကာ အပြစ်မမြင်ဘဲ ထွက်မြောက်ကြောင်း ဆင်ခြင်ဉာဏ်မယှဉ်ဘဲ သုံးဆောင် (ခံစား) ကုန်၏၊ ဝါသေဋ္ဌ ထိုဗေဒင်သုံးပုံဆောင် ပုဏ္ဏားတို့သည် ဗြာဟ္မဏဖြစ်စေနိုင်သော တရားတို့ကို ပယ်ရှား၍ဗြာဟ္မဏမဖြစ်စေနိုင်သော တရားတို့ကို ကျင့်ကုန်လျက် ကာမဂုဏ်ငါးပါး၌ မက်မောကာ တွေဝေကာအလွန်ဝင်စားကာ အပြစ်မမြင်ဘဲ ထွက်မြောက်ကြောင်း ဆင်ခြင်ဉာဏ်မယှဉ်ဘဲ သုံးဆောင် (ခံစား) ကုန်လျက် (ကာမဂုဏ်) နှောင်ကြိုး (ကာမဂုဏ်) အနှောင်အဖွဲ့တို့ဖြင့် နှောင်ဖွဲ့ခံရကုန်လျက် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှနောက်၌ ဗြဟ္မာ၏ အပေါင်းအဖော်အဖြစ်သို့ ရောက်အံ့သော အကြောင်းသည် မရှိချေ။
၅၄၇။ ဝါသေဋ္ဌ ဤအစိရဝတီမြစ်သည် (ကမ်းမှာ နား၍) ကျီးသောက်နိုင်လောက်အောင် ကမ်းနှင့် အညီရေပြည့်လျက် ရှိ၏၊ ထိုအခါ တစ်ဖက်ကမ်းသို့ သွားလို ဆိုက်လို ရောက်လို ကူးမြောက်လိုသောယောကျာ်းသည် လာရာ၏၊ ထိုယောကျာ်းသည် ဤမှာဘက်ကမ်း၌ ခေါင်းမြီးခြုံ၍ အိပ်နေရာ၏။
ဝါသေဋ္ဌ ထိုအရာကို အဘယ်သို့ ထင်သနည်း၊ ထိုယောကျာ်းသည် အစိရဝတီမြစ်၏ ဤမှာဘက် ကမ်းမှထိုမှာဘက်ကမ်းသို့ ရောက်နိုင်ပါမည်လော။
“အသျှင်ဂေါတမ မရောက်နိုင်ပါ”။
၅၄၈။ ဝါသေဋ္ဌ ဤအတူပင်လျှင် ဤနီဝရဏငါးပါးတို့ကို အရိယာ (ဘုရား)၏ အဆုံးအမ၌ အဖုံးအလွှမ်းတို့ဟူ၍လည်း ဆိုအပ်ကုန်၏၊ အပိတ်အပင်တို့ဟူ၍လည်း ဆိုအပ်ကုန်၏၊ အနှောင်အဖွဲ့တို့ဟူ၍လည်း ဆိုအပ်ကုန်၏၊ အမြှေးအယှက်တို့ဟူ၍လည်း ဆိုအပ်ကုန်၏၊ ‘နီဝရဏ’ ငါးပါးတို့ဟူသည် အဘယ့်သည်တို့နည်း။
ကာမဂုဏ်၌ လိုချင်မှု အပိတ်အပင် ‘ကာမစ္ဆန္ဒနီဝရဏ’၊
ပျက်စီးစေလိုမှု အပိတ်အပင် ‘ဗျာပါဒနီဝရဏ’၊
လေးလံထိုင်းမှိုင်းမှု အပိတ်အပင် ‘ထိန မိဒ္ဓနီဝရဏ’၊
ပျံ့လွင့်မှု နောင်တတစ်ဖန်ပူပန်မှု အပိတ်အပင် ‘ဥဒ္ဓစ္စ ကုက္ကုစ္စနီဝရဏ’၊
ယုံမှားမှု အပိတ်အပင် ‘ ဝိစိကိစ္ဆာနီဝရဏ’ တို့တည်း။
ဝါသေဋ္ဌ ဤနီဝရဏငါးပါးတို့ကို အရိယာ (ဘုရား)၏ အဆုံးအမ၌ အဖုံးအလွှမ်းတို့ဟူ၍လည်း ဆိုအပ်ကုန်၏၊ အပိတ်အပင်တို့ဟူ၍လည်း ဆိုအပ်ကုန်၏၊ အနှောင်အဖွဲ့တို့ဟူ၍လည်း ဆိုအပ်ကုန်၏၊ အမြှေး အယှက်တို့ဟူ၍လည်း ဆိုအပ်ကုန်၏။
၅၄၉။ ဝါသေဋ္ဌ ဤနီဝရဏငါးပါးတို့သည် ဗေဒင်သုံးပုံဆောင် ပုဏ္ဏားတို့ကို ဖုံးလွှမ်းထားကုန်၏၊ ပိတ်ပင်ထားကုန်၏၊ နှောင်ဖွဲ့ထားကုန်၏၊ မြှေးယှက်ထားကုန်၏၊ ဝါသေဋ္ဌ ထိုဗေဒင်သုံးပုံဆောင် ပုဏ္ဏားတို့သည် ဗြာဟ္မဏဖြစ်စေနိုင်သော တရားတို့ကို ပယ်ရှား၍ ဗြာဟ္မဏမဖြစ်စေနိုင်သော တရားတို့ကိုကျင့်ကုန်လျက် ‘နီဝရဏ’ ငါးပါးတို့က ဖုံးလွှမ်းထားပါကုန်လျက် ပိတ်ပင်ထားပါကုန်လျက် နှောင်ဖွဲ့ထားပါကုန်လျက် မြှေးယှက်ထားပါကုန်လျက် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ဗြဟ္မာ၏ အပေါင်းအဖော်အဖြစ်သို့ ရောက်အံ့သော အကြောင်းသည် မရှိချေ။
၅၅ဝ။ ဝါသေဋ္ဌ ထိုအရာကို အဘယ်သို့ ထင်သနည်း။
အသက်ကြီးကုန်သော အရွယ်ရင့်ကုန်သော ဆရာဖြစ်ကုန်သော ဆရာ့ ဆရာဖြစ်ကုန်သော ပုဏ္ဏားတို့ပြောဆိုသည်ကို သင် အဘယ်သို့ ကြားဖူးသနည်း၊ ဗြဟ္မာသည် (သားမယားကို) သိမ်းဆည်းခြင်းရှိသလော့၊ သိမ်းဆည်းခြင်း မရှိသလော။
အသျှင်ဂေါတမ (ကာမစ္ဆန္ဒမရှိသောကြောင့်) သိမ်းဆည်းခြင်း မရှိပါ။
ရန်နှင့်ယှဉ်သောစိတ် ရှိသလော့၊ ရန်နှင့်ယှဉ်သောစိတ် မရှိသလော။
အသျှင်ဂေါတမ (ဗျာပါဒမရှိသောကြောင့်) ရန်နှင့်ယှဉ်သောစိတ် မရှိပါ။
မခံ့ကျန်းသောစိတ် ရှိသလော့၊ မခံ့ကျန်းသောစိတ် မရှိသလော။
အသျှင်ဂေါတမ (ထိနမိဒ္ဓမရှိသောကြောင့်) မခံ့ကျန်းသောစိတ် မရှိပါ။
ညစ်နွမ်းသောစိတ် ရှိသလော့၊ ညစ်နွမ်းသောစိတ် မရှိသလော။
အသျှင်ဂေါတမ (ဥဒ္ဓစ္စ ကုက္ကုစ္စ စသော ကိလေသာမရှိသောကြောင့်) ညစ်နွမ်းသောစိတ် မရှိပါ။
(စိတ်ကို) အလိုအတိုင်း ဖြစ်စေနိုင်သလော့၊ အလိုအတိုင်း မဖြစ်စေနိုင်သလော။
အသျှင်ဂေါတမ (ဝိစိကိစ္ဆာမရှိသောကြောင့်) အလိုအတိုင်း ဖြစ်စေနိုင်ပါ၏။
ဝါသေဋ္ဌ ထိုအရာကို အဘယ်သို့ထင်သနည်း၊ ဗေဒင်သုံးပုံဆောင် ပုဏ္ဏားတို့သည် (သားမယားကို) သိမ်းဆည်းခြင်း ရှိကုန်သလော့၊ သိမ်းဆည်းခြင်း မရှိကုန်သလော။
အသျှင်ဂေါတမ (ကာမစ္ဆန္ဒရှိသောကြောင့်) သိမ်းဆည်းခြင်း ရှိပါကုန်၏။
ရန်နှင့်ယှဉ်သောစိတ် ရှိသလော့၊ ရန်နှင့်ယှဉ်သောစိတ် မရှိသလော။
အသျှင်ဂေါတမ (ဗျာပါဒရှိသောကြောင့်) ရန်နှင့်ယှဉ်သောစိတ် ရှိပါကုန်၏။
မခံ့ကျန်းသောစိတ် ရှိသလော့၊ မခံ့ကျန်းသောစိတ် မရှိသလော။
အသျှင်ဂေါတမ (ထိနမိဒ္ဓရှိသောကြောင့်) မခံ့ကျန်းသောစိတ် ရှိပါကုန်၏။
ညစ်နွမ်းသောစိတ် ရှိသလော့၊ ညစ်နွမ်းသောစိတ် မရှိသလော။
အသျှင်ဂေါတမ (ဥဒ္ဓစ္စ ကုက္ကုစ္စ စသော ကိလေသာရှိသောကြောင့်) ညစ်နွမ်းသောစိတ် ရှိပါကုန်၏။
(စိတ်ကို) အလိုအတိုင်း ဖြစ်စေနိုင်သလော့၊ အလိုအတိုင်း မဖြစ်စေနိုင်သလော။ အသျှင်ဂေါတမ (ဝိစိကိစ္ဆာရှိသောကြောင့်) အလိုအတိုင်း မဖြစ်စေနိုင်ပါကုန်။
၅၅၁။ ဝါသေဋ္ဌ ဗေဒင်သုံးပုံဆောင် ပုဏ္ဏားတို့သည် (သားမယားကို) သိမ်းဆည်းခြင်း ရှိကုန်၏၊ ဗြဟ္မာသည်ကား (သားမယားကို) သိမ်းဆည်းခြင်း မရှိဟု ဆို၏၊ (သို့ဖြစ်လျှင်) ဗေဒင်သုံးပုံဆောင်ပုဏ္ဏားတို့သည် (သားမယားကို) သိမ်းဆည်းခြင်းသည် ဗြဟ္မာ၏ (သားမယားကို) မသိမ်းဆည်းခြင်းနှင့်အတူရောနှော ညီညွတ်မည်လော။
“အသျှင်ဂေါတမ မရောနှော မညီညွတ်ပါ”။
ဝါသေဋ္ဌ ကောင်းပြီ၊ ဝါသေဋ္ဌ ထို (သားမယား) ကို သိမ်းဆည်းခြင်းရှိကုန်သော ဗေဒင်သုံးပုံဆောင်ပုဏ္ဏားတို့သည် (ခန္ဓာ) ကိုယ်ပျက်စီး၍ သေပြီးသည်နောက်၌ (သားမယားကို) သိမ်းဆည်းခြင်းမရှိသောဗြဟ္မာ၏ အပေါင်းအဖော်အဖြစ်သို့ ရောက်အံ့သော အကြောင်းသည် မရှိချေ။
ဝါသေဋ္ဌ ဗေဒင်သုံးပုံဆောင် ပုဏ္ဏားတို့သည် ရန်နှင့် ယှဉ်သော စိတ် ရှိကုန်၏၊ ဗြဟ္မာသည်ကား ရန်နှင့်ယှဉ်သော စိတ် မရှိဟု ဆို၏။ပ။
ဝါသေဋ္ဌ ဗေဒင်သုံးပုံဆောင် ပုဏ္ဏားတို့သည် မခံ့ကျန်းသော စိတ် ရှိကုန်၏၊ ဗြဟ္မာသည်ကားမခံ့ကျန်းသော စိတ် မရှိဟု ဆို၏။ပ။
ဝါသေဋ္ဌ ဗေဒင်သုံးပုံဆောင် ပုဏ္ဏားတို့သည် ညစ်နွမ်းသော စိတ် ရှိကုန်၏၊ ဗြဟ္မာသည်ကားညစ်နွမ်းသော စိတ် မရှိဟု ဆို၏။ပ။
ဝါသေဋ္ဌ ဗေဒင်သုံးပုံဆောင် ပုဏ္ဏားတို့သည် (စိတ်ကို) အလိုအတိုင်း မဖြစ်စေနိုင်ကုန်၊ ဗြဟ္မာသည် ကား (စိတ်ကို) အလိုအတိုင်း ဖြစ်စေနိုင်သည်ဟု ဆို၏၊ သို့ဖြစ်လျှင် ဗေဒင်သုံးပုံဆောင် ပုဏ္ဏားတို့၏ (စိတ်ကို) အလိုအတိုင်း မဖြစ်စေနိုင်ခြင်းသည် ဗြဟ္မာ၏ (စိတ်ကို) အလိုအတိုင်း ဖြစ်စေခြင်းနှင့် အတူရောနှော ညီညွတ်မည်လော။
“အသျှင်ဂေါတမ မရောနှော မညီညွတ်နိုင်ပါ”။
ဝါသေဋ္ဌ ကောင်းပြီ၊ ဝါသေဋ္ဌ ထို (စိတ်ကို) အလိုအတိုင်း မဖြစ်စေနိုင်ကုန်သော ဗေဒင်သုံးပုံဆောင်ပုဏ္ဏားတို့သည် (ခန္ဓာ) ကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ (စိတ်ကို) အလိုအတိုင်း ဖြစ်စေနိုင်သောဗြဟ္မာ၏ အပေါင်းအဖော်အဖြစ်သို့ ရောက်အံ့သော အကြောင်းသည် မရှိချေ။
၅၅၂။ ဝါသေဋ္ဌ ဗေဒင်သုံးပုံဆောင် ပုဏ္ဏားတို့သည် ဤ (ဗေဒင်သုံးပုံ) ၌ ကိုးစားကပ်ရောက်၍နစ်မြုပ်ကုန်၏၊ နစ်မြုပ်၍ ပျက်စီးခြင်းသို့ ရောက်ကုန်၏၊ (တံလှပ်ကို ရေမှတ်၍) အခြောက်တိုက် ကူးသည်နှင့် တူကုန်၏တကား၊ ထို့ကြောင့် ဗေဒင်သုံးပုံဆောင် ပုဏ္ဏားတို့၏ ဤဗေဒင်သုံးပုံတို့ကို (ရွာမနီးသော) တောကြီးဟူ၍လည်း ဆိုအပ်ကုန်၏၊ ဗေဒင်သုံးပုံတို့ကို (အစာရေစာမရှိသော) တောနက်ကြီးဟူ၍လည်း ဆိုအပ်ကုန်၏၊ ဗေဒင်သုံးပုံတို့ကို ပျက်စီးရာပျက်စီးကြောင်း ဟူ၍လည်း ဆိုအပ်ကုန်၏။
၅၅၃။ ဤသို့မိန့်တော်မူသော် ဝါသေဋ္ဌလုလင်သည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏ — “အသျှင်ဂေါတမ ‘ရဟန်းဂေါတမသည် ဗြဟ္မာ၏ အပေါင်းအဖော်ဖြစ်ရန် လမ်းကို သိ၏’ ဟူ၍ အကျွန်ုပ်ကြားဖူးပါ၏”ဟု လျှောက်၏။
ဝါသေဋ္ဌ ထိုအရာကို အဘယ်သို့ ထင်သနည်း၊ မနသာကဋရွာသည် ဤမှ နီးသည် မဟုတ်လော့၊ မနသာကဋရွာသည် ဤမှ မဝေးသည် မဟုတ်လော။
“အသျှင်ဂေါတမဟုတ်ပါ၏၊ မနသာကဋရွာသည် ဤမှ နီးပါ၏၊ မနသာကဋရွာသည် ဤမှ မဝေးပါ”။
၅၅၄။ ဝါသေဋ္ဌ ထိုအရာကို အဘယ်သို့ ထင်သနည်း၊ ဤမနသာကဋရွာ၌ မွေးဖွား၍ (ဤရွာ၌ပင်) ကြီးပြင်းလာသော ထိုယောကျာ်းသည် မနသာကဋရွာမှ ထွက်ခွါလာရာ၏၊ ထိုယောကျာ်းအား ထိုခဏ၌ပင်မနသာကဋရွာ၏ လမ်းကို မေးကုန်ရာ၏။
ဝါသေဋ္ဌ ထိုသို့မေးသည်ရှိသော် မနသာကဋရွာ၌ မွေးဖွား၍ (ဤရွာ၌ပင်) ကြီးပြင်းလာသော ယောကျာ်းအား နှောင့်နှေးခြင်း ဆိုင်းတွခြင်း ရှိရာသလော။
“အသျှင်ဂေါတမ နှောင့်နှေးခြင်း ဆိုင်းတွခြင်း မရှိရာပါ၊ ထို (သို့ မရှိခြင်း) သည် အဘယ်ကြောင့်ဆိုသော် အသျှင်ဂေါတမ ဤယောကျာ်းသည် မနသာကဋရွာ၌ မွေးဖွား၍ (ဤရွာ၌ပင်) ကြီးပြင်းလာသဖြင့်မနသာကဋရွာ၏ လမ်းအလုံးစုံတို့ကို ကောင်းစွာ သိသောကြောင့်ပါတည်း”။
ဝါသေဋ္ဌ မနသာကဋရွာ၌ မွေးဖွား၍ (ထိုရွာ၌ပင်) ကြီးပြင်းလာသော ထိုယောကျာ်းအားမနသာကဋရွာ၏ လမ်းကို မေးသည်ရှိသော် နှောင့်နှေးခြင်း ဆိုင်းတွခြင်းသည် ရှိမူလည်း ရှိရာသေး၏၊ မြတ်စွာဘုရားအား ဗြဟ္မာ့ပြည်ကိုလည်းကောင်း၊ ဗြဟ္မာ့ပြည်သို့ ရောက်ကြောင်း အကျင့်ကိုလည်းကောင်းမေးသည်ရှိသော် နှောင့်နှေးခြင်း ဆိုင်းတွခြင်း မရှိသည်သာတည်း။
ဝါသေဋ္ဌ ဗြဟ္မာကိုလည်းကောင်း ဗြဟ္မာ့ပြည်ကိုလည်းကောင်း၊ ဗြဟ္မာ့ပြည်သို့ ရောက်ကြောင်းအကျင့်ကိုလည်းကောင်း ငါသိ၏၊ မည်သို့ကျင့်သည်ရှိသော် ဗြဟ္မာ့ပြည်သို့ ရောက်၏ဟု ထို (ကျင့်ပုံနည်းလမ်း) ကိုလည်း (ငါ) သိ၏။
၅၅၅။ ဤသို့ မိန့်တော်မူသော် ဝါသေဋ္ဌလုလင်သည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏
“အသျှင်ဂေါတမ ရဟန်းဂေါတမသည် ဗြဟ္မာ၏ အပေါင်းအဖော်ဖြစ်ရန် လမ်းကို ဟောကြား၏ဟုအကျွန်ုပ် ကြားဖူးပါ၏၊ တောင်းပန်ပါ၏ အသျှင်ဂေါတမ အကျွန်ုပ်အား ဗြဟ္မာ၏ အပေါင်း အဖော်ဖြစ်ရန်လမ်းကို ဟောကြားတော်မူပါ၊ အသျှင်ဂေါတမသည် ပုဏ္ဏားအမျိုးသားအပေါင်းကို ကယ်တင်တော်မူပါ”ဟုလျှောက်၏။
ဝါသေဋ္ဌ သို့ဖြစ်လျှင် နားထောင်လော့၊ ကောင်းစွာ နှလုံးသွင်းလော့၊ ဟောပေအံ။
“ကောင်းပါပြီ အသျှင်ဂေါတမ”ဟု ဝါသေဋ္ဌလုလင်သည် မြတ်စွာဘုရား၏ စကားကို ဝန်ခံ၏။
——————
ဗြဟ္မာ့ပြည်သို့ သွားရာလမ်းကို ဟောကြားခြင်း
၅၅၆။ မြတ်စွာဘုရားသည် ဤစကားကို ဟောကြားတော်မူ၏ —ဝါသေဋ္ဌပူဇော် (အထူး) ကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာသိတော်မူသော။ပ။ မြတ်စွာဘုရားသည် ဤလောက၌ ပွင့်တော်မူ၏။ပ။ [သာမညဖလသုတ်၌ကဲ့သို့ နည်းတူ ချဲ့အပ်၏။]
ဝါသေဋ္ဌ ဤသို့လျှင် ရဟန်းသည် သီလနှင့် ပြည့်စုံပေ၏။
။ပ။ မိမိ၌ ဤအပိတ်အပင် ‘နီဝရဏ’ တရားငါးပါး ပယ်ပြီးဖြစ်သည်ကို ကောင်းစွာ မြင်သော ထိုသူ အားဝမ်းမြောက်ခြင်းသည် ဖြစ်၏၊ ဝမ်းမြောက်သော သူအား နှစ်သိမ့်ခြင်း ‘ပီတိ’ သည် ဖြစ်၏၊ နှစ်သိမ့် သောစိတ်ရှိသောသူ၏ ကိုယ်သည် ငြိမ်းအေး၏၊ ငြိမ်းအေးသော ကိုယ်ရှိသော သူသည် ချမ်းသာကို ခံစား၏၊ ချမ်းသာသော သူ၏ စိတ်သည် တည်ကြည်၏၊ ထိုသူသည် ချမ်းသာစေလိုခြင်း မေတ္တာနှင့်ယှဉ် သောစိတ်ဖြင့် တစ်ခုသော အရပ်မျက်နှာကို ပျံ့နှံ့စေ၍ နေ၏။ ထို့အတူ နှစ်ခုမြောက် အရပ်မျက်နှာကို။သုံးခုမြောက်အရပ် မျက်နှာကို။ လေးခုမြောက် အရပ်မျက်နှာကို ပျံ့နှံ့စေ၍ နေ၏။ ဤနည်းဖြင့် အထက်အောက် ဖီလာအရပ်မျက်နှာကို ပျံ့နှံ့စေ၍ နေ၏၊ အလုံးစုံသော အရပ်မျက်နှာတို့၌ (ရှိသော) သတ္တဝါအားလုံးကို မိမိနှင့်အတူ ပြု၍ သတ္တဝါအားလုံးပါဝင်သော သတ္တလောကကို ပြန့်ပြောသော မြင့်မြတ်သောအတိုင်းအရှည်မရှိသော ရန်မရှိသော ငြိုငြင်ခြင်းမရှိသော မေတ္တာနှင့်ယှဉ်သော စိတ်ဖြင့် ပျံ့နှံ့စေ၍ နေ၏။
ဝါသေဋ္ဌ အားကောင်းသော ခရုသင်းမှုတ်သမားသည် အရပ်လေးမျက်နှာတို့ကို ပင်ပန်းခြင်းမရှိဘဲသာလျှင် ကြားသိစေရာသကဲ့သို့၊ ဤ နည်းအတူပင်လျှင် မေတ္တာနှင့် ယှဉ်သော လွတ်မြောက်သောစိတ် ‘မေတ္တာစေတော ဝိမုတ္တိ’ ကို (အရပ်ဆယ်မျက်နှာတို့၌) ပွါးများလိုက်သည်ရှိသော် အတိုင်းအရှည်ဖြင့် ပြုခဲ့သော (ကာမာဝစရ) ကံသည် ထို (မေတ္တာစေတောဝိမုတ္တိတည်ရာ) ၌ မကြွင်းကျန်တော့လတ္တံ့၊ အတိုင်းအရှည့်ဖြင့် ပြုခဲ့သော ထို (ကာမာဝစရ) ကံသည် ထို (မေတ္တာစေတောဝိမုတ္တိတည်ရာ) ၌ မတည်နိုင်တော့လတ္တံ့၊ ဝါသေဋ္ဌ ဤသည်လည်း ဗြဟ္မာ၏ အပေါင်းအဖော် ဖြစ်ရန် လမ်းပေတည်း။
ဝါသေဋ္ဌ တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် သနားခြင်း ‘ကရုဏာ’ နှင့် ယှဉ်သော စိတ်ဖြင်။ပ။
တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် ဝမ်းမြောက်ခြင်း ‘မုဒိတာ’ နှင့် ယှဉ်သော စိတ်ဖြင်။ပ။
တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် လျစ်လျူရှုခြင်း ‘ဥပေက္ခာ’ နှင့် ယှဉ်သော စိတ်ဖြင့် တစ်ခုသောအရပ်မျက်နှာကို ပျံ့နှံ့စေ၍ နေ၏။ ထို့အတူ နှစ်ခုမြောက် အရပ်မျက်နှာကို။ သုံးခုမြောက် အရပ်မျက်နှာကို။ လေးခုမြောက် အရပ်မျက်နှာကို ပျံ့နှံ့စေ၍ နေ၏။ ဤနည်းဖြင့်အထက် အောက် ဖီလာအရပ် မျက်နှာကို ပျံ့နှံ့စေ၍ နေ၏။ အလုံးစုံသော အရပ်မျက်နှာတို့၌ (ရှိသော) သတ္တဝါအားလုံးကို မိမိနှင့် အတူပြု၍ သတ္တဝါအားလုံးပါဝင်သော သတ္တလောကကို ပြန့်ပြောသောမြင့်မြတ်သော အတိုင်းအရှည် မရှိသော ရန်မရှိသော ငြိုငြင်ခြင်း မရှိသော ဥပေက္ခာနှင့် ယှဉ်သောစိတ်ဖြင့် ပျံ့နှံ့စေ၍ နေ၏။
ဝါသေဋ္ဌ အားကောင်းသော ခရုသင်းမှုတ်သမားသည် အရပ်လေးမျက်နှာတို့ကို ပင်ပန်းခြင်းမရှိဘဲသာလျှင် ကြားသိစေရာသကဲ့သို့၊ ဤနည်းအတူပင်လျှင် ဥပေက္ခာနှင့် ယှဉ်သော လွတ်မြောက်သောစိတ် ‘ဥပေက္ခာစေတောဝိမုတ္တိ’ ကို (အရပ်ဆယ်မျက်နှာတို့၌) ပွါးများလိုက်သည်ရှိသော် အတိုင်းအရှည်ဖြင့် ပြုခဲ့သော (ကာမာဝစရ) ကံသည် ထို (ဥပေက္ခာစေတောဝိမုတ္တိတည်ရာ) ၌ မကြွင်းကျန်တော့လတ္တံ့၊ အတိုင်းအရှည်ဖြင့် ပြုခဲ့သော ထို (ကာမာဝစရ) ကံသည် ထို (ဥပေက္ခာစေတောဝိမုတ္တိတည်ရာ) ၌ မတည်နိုင်တော့လတ္တံ့၊ ဝါသေဋ္ဌ ဤသည်လည်း ဗြဟ္မာ၏အပေါင်း အဖော်ဖြစ်ရန် လမ်းပေတည်း။
၅၅၇။ ဝါသေဋ္ဌ ထိုအရာကို အဘယ်သို့ ထင်သနည်း။ ဤသို့နေလေ့ရှိသော ရဟန်းသည် (သားမယားကို) သိမ်းဆည်းခြင်း ရှိသလော့၊ သိမ်းဆည်းခြင်း မရှိသလော။
အသျှင်ဂေါတမ (ကာမစ္ဆန္ဒမရှိသောကြောင့်) သိမ်းဆည်းခြင်း မရှိပါ။
ရန်နှင့်ယှဉ်သောစိတ် ရှိသလော့၊ ရန်နှင့်ယှဉ်သောစိတ် မရှိသလော။
အသျှင်ဂေါတမ (ဗျာပါဒမရှိသောကြောင့်) ရန်နှင့်ယှဉ်သောစိတ် မရှိပါ။
မခံ့ကျန်းသောစိတ် ရှိသလော့၊ မခံ့ကျန်းသောစိတ် မရှိသလော။
အသျှင်ဂေါတမ (ထိနမိဒ္ဓမရှိသောကြောင့်) မခံ့ကျန်းသောစိတ် မရှိပါ။
ညစ်နွမ်းသောစိတ် ရှိသလော့၊ ညစ်နွမ်းသောစိတ် မရှိသလော။
အသျှင်ဂေါတမ (ဥဒ္ဓစ္စ ကုက္ကုစ္စ စသော ကိလေသာမရှိသောကြောင့်) ညစ်နွမ်းသောစိတ် မရှိပါ။
(စိတ်ကို) အလိုအတိုင်း ဖြစ်စေနိုင်သလော့၊ အလိုအတိုင်း မဖြစ်စေနိုင်သလော။
အသျှင်ဂေါတမ (ဝိစိကိစ္ဆာမရှိသောကြောင့်) အလိုအတိုင်း ဖြစ်စေနိုင်ပါ၏။
ဝါသေဋ္ဌ ရဟန်းသည် (သားမယားကို) သိမ်းဆည်းခြင်း မရှိ၊ ဗြဟ္မာသည်လည်း (သားမယားကို) သိမ်းဆည်းခြင်းမရှိဟု ဆို၏၊ (သို့ဖြစ်လျှင်) ရဟန်း၏ (သားမယားကို) မသိမ်းဆည်းခြင်းသည် ဗြဟ္မာ၏ (သားမယားကို) မသိမ်းဆည်းခြင်းနှင့်အတူ ရောနှော ညီညွတ်သည် မဟုတ်ပါလော။
“အသျှင်ဂေါတမဟုတ်ပါ၏”။
ဝါသေဋ္ဌ ကောင်းပြီ၊ (သားမယားကို) သိမ်းဆည်းခြင်းမရှိသော ထိုရဟန်းသည် ခန္ဓာကိုယ် ပျက်စီး၍ သေပြီးသည်မှ နောက်၌ (သားမယားကို) သိမ်းဆည်းခြင်းမရှိသော ဗြဟ္မာ၏ အပေါင်းအဖော်အဖြစ် သို့ရောက်နိုင်အံ့သော အကြောင်းသည် ရှိပေ၏။
၅၅၈။ ဝါသေဋ္ဌ ရဟန်းသည် ရန်နှင့်ယှဉ်သောစိတ် မရှိ၊ ဗြဟ္မာသည်လည်း ရန်နှင့်ယှဉ်သောစိတ် မရှိဟုဆို၏။ပ။
ဝါသေဋ္ဌ ရဟန်းသည် မခံ့ကျန်းသောစိတ် မရှိ၊ ဗြဟ္မာသည်လည်း မခံ့ကျန်းသောစိတ် မရှိဟု ဆို၏။ပ။ ဝါသေဋ္ဌ ရဟန်းသည် ညစ်နွမ်းသောစိတ် မရှိ၊ ဗြဟ္မာသည်လည်း ညစ်နွမ်းသောစိတ် မရှိဟု ဆို၏။ပ။
ဝါသေဋ္ဌ ရဟန်းသည် (စိတ်ကို) အလိုအတိုင်း ဖြစ်စေနိုင်၏၊ ဗြဟ္မာသည်လည်း (စိတ်ကို) အလိုအတိုင်း ဖြစ်စေနိုင်သည်ဟု ဆို၏၊ (ဤသို့ဖြစ်လျှင်) ရဟန်း၏ (စိတ်ကို) အလိုအတိုင်းဖြစ်စေနိုင်ခြင်းသည် ဗြဟ္မာ၏ (စိတ်ကို) အလိုအတိုင်း ဖြစ်စေခြင်းနှင့် အတူ ရောနှော ညီညွတ်သည်မဟုတ်ပါလော။
အသျှင်ဂေါတမဟုတ်ပါ၏။
ဝါသေဋ္ဌ ကောင်းပြီ၊ ဝါသေဋ္ဌ (စိတ်ကို) အလိုအတိုင်းဖြစ်စေနိုင်သော ထိုရဟန်းသည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ (စိတ်ကို) အလိုအတိုင်း ဖြစ်စေနိုင်သော ဗြဟ္မာ၏ အပေါင်း အဖော်အဖြစ်သို့ ရောက်နိုင်အံ့သော အကြောင်းသည် ရှိပေ၏ဟု ဟောကြားတော်မူ၏။
၅၅၉။ ဤသို့ ဟောကြားတော်မူသော် ဝါသေဋ္ဌနှင့်ဘာရဒွါဇလုလင်တို့သည် မြတ်စွာဘုရားအား ဤစကားကို လျှောက်ကြားလေကုန်၏ —
“အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေစွ၊ အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေစွ၊ အသျှင်ဂေါတမ မှောက်ထားသည်ကို လှန်ဘိသကဲ့သို့လည်းကောင်း၊ ဖုံးလွှမ်းထားသည်ကို ဖွင့်လှစ်ဘိသကဲ့သို့လည်းကောင်း၊ မျက်စိလည်သူအား လမ်းမှန်ကို ပြောကြားဘိသကဲ့သို့လည်းကောင်း၊ “မျက်စိအမြင်ရှိသော သူတို့သည် အဆင်းတို့ကို မြင်ကြလိမ့်မည်”ဟု အမိုက်မှောင်၌ ဆီမီးတန်ဆောင်ကို ဆောင်ပြဘိသကဲ့သို့လည်းကောင်း (အသျှင်ဂေါတမ) ဤအတူသာလျှင်အသျှင်ဂေါတမသည် များစွာသော အကြောင်းဖြင့် တရားတော်ကို ပြတော်မူပါပေ၏၊ အသျှင်ဂေါတမ ထိုအကျွန်ုပ်တို့သည် အသျှင်ဂေါတမကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါကုန်၏၊ တရားတော်ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါကုန်၏၊ သံဃာတော်ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါကုန်၏၊ အသျှင်ဂေါတမသည် အကျွန်ုပ်တို့ကို ယနေ့မှစ၍ အသက်ထက်ဆုံး ကိုးကွယ် ဆည်းကပ်သော ဥပါသကာတို့ဟူ၍ မှတ်တော်မူပါ”ဟု လျှောက်ကြားလေကုန်သတည်း။
တစ်ဆယ့်သုံးခုမြောက်သော တေဝိဇ္ဇသုတ်ပြီး၏။
သုတ်အစဉ်ကား
၁။ ဗြဟ္မဇာလသုတ် ၂။ သာမညဖလသုတ်
၃။ အမ္ဗဋ္ဌသုတ် ၄။ သောဏဒဏ္ဍသုတ်
၅။ ကူဋဒန္တသုတ် ၆။ မဟာလိသုတ်
၇။ ဇာလိယသုတ် ၈။ မဟာသီဟနာဒသုတ်
၉။ ပေါဋ္ဌပါဒသုတ် ၁ဝ။ သုဘသုတ်
၁၁။ ကေဝဋ္ဋသုတ် ၁၂။ လောဟိစ္စသုတ်
၁၃။ တေဝိဇ္ဇသုတ် ဤတစ်ဆယ့်သုံးသုတ်တို့တည်း။
သီလက္ခန္ဓဝဂ်ပါဠိတော် မြန်မာပြန် ပြီး၏။
——————