ဒီဃနိကာယ်

၅—ဇနဝသဘသုတ်

နာတိက ရွာသားတို့၏ အမေးကို ဖြေတော်မူခြင်း

၂၇၃။ အသျှင်ဘုရား အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်—

အခါတစ်ပါး၌ မြတ်စွာဘုရားသည် နာတိက (ရွာ) အုတ်တိုက်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏။ ထိုစဉ်အခါ၌ မြတ်စွာဘုရားသည် ပတ်ဝန်းကျင်ရှိ ထိုထို ဇနပုဒ်တို့၌ ကွယ်လွန်စုတေသွားကြသော အလုပ်အကျွေး ဥပါသကာတို့၏ ဖြစ်ရာဘဝတို့ကို (မေးလျှောက်သဖြင့်) ဖြေဆိုဟောကြားတော်မူ၏။ ကာသိတိုင်းကောသလတိုင်း ဝဇ္ဇီတိုင်း မလ္လတိုင်း စေတိယတိုင်း ဝံသတိုင်း ကုရုတိုင်း ပဉ္စာလတိုင်း မဇ္ဈတိုင်းသုရသေနတိုင်းတို့၌ “ဤမည်သော သူသည် ဤမည်သော ဘဝ၌ ဖြစ်၏၊ ဤမည်သော သူသည် ဤမည်သော ဘဝ၌ ဖြစ်၏။

ကွယ်လွန်စုတေသွားကြသော နာတိကရွာသား အလုပ်အကျွေး ဥပါသကာ ငါးကျိပ်ကျော်တို့သည်အောက် (ကာမဘုံ၌ ပဋိသန္ဓေနေခြင်း) အဖို့ရှိသည့် ငါးပါးသော သံယောဇဉ် ‘အနှောင်အဖွဲ့’တို့၏ အကြွင်းမဲ့ကုန်ခြင်းကြောင့် ဗြဟ္မာ့ဘုံ၌ ဥပပါတ်ပဋိသန္ဓေနေ၍ ထို (ဘုံ) ၌သာလျှင် ပရိနိဗ္ဗာန်ပြုလတ္တံ့သော ထိုဘုံမှ ပြန်လည်ခြင်းသဘောမရှိသော အနာဂါမ်ပုဂ္ဂိုလ်များ ဖြစ်ကုန်၏။

ကွယ်လွန်စုတေသွားကြသော နာတိကရွာသား အလုပ်အကျွေး ဥပါသကာ ကိုးကျိပ်ကျော်တို့သည်သုံးပါးသော သံယောဇဉ် ‘အနှောင်အဖွဲ့’ တို့၏ အကြွင်းမဲ့ကုန်ခြင်းကြောင့်လည်းကောင်း၊ တပ်မက်ခြင်း ‘ရာဂ’, ပြစ်မှားခြင်း ‘ဒေါသ’, တွေဝေခြင်း ‘မောဟ’ တို့၏လည်း ခေါင်းပါးခြင်းကြောင့်လည်းကောင်း ဤလူ့ပြည်သို့ တစ်ကြိမ်သာလာ၍ ဆင်းရဲ၏အဆုံးကိုပြုလတ္တံ့သော သကဒါဂါမ်ပုဂ္ဂိုလ်များ ဖြစ်ကုန်၏။

ကွယ်လွန်စုတေသွားကြသော နာတိကရွာသား အလုပ်အကျွေး ဥပါသကာ ငါးရာကျော်တို့သည်သုံးပါးသော သံယောဇဉ် ‘အနှောင်အဖွဲ့’ တို့၏ အကြွင်းမဲ့ကုန်ခြင်းကြောင့် အပါယ်သို့ ကျခြင်းသဘော မရှိသော ကိန်းသေမြဲသော၁ အထက်မဂ်သုံးပါးလျှင် လားရာရှိသော သောတာပန်ပုဂ္ဂိုလ်များ ဖြစ်ကုန်၏”ဟု (ဖြေဆိုဟောကြားတော်မူ၏)။

၂၇၄။ ထိုသို့ဖြေဆို ဟောကြားသည်ကို အလုပ်အကျွေးဥပါသကာဖြစ်သော နာတိကရွာသားတို့သည် (ဤသို့) ကြားကြကုန်၏။ “မြတ်စွာဘုရားသည် ပတ်ဝန်းကျင်ရှိ ထိုထိုဇနပုဒ်တို့၌ ကွယ်လွန်စုတေသွားကြသော အလုပ်အကျွေး ဥပါသကာတို့၏ ဖြစ်ရာဘဝကို (မေးလျှောက်သဖြင့်) ဖြေဆိုဟောကြားတော်မူ၏။ ကာသိတိုင်း ကောသလတိုင်း ဝဇ္ဇီတိုင်း မလ္လတိုင်း စေတိယတိုင်း ဝံသတိုင်း ကုရုတိုင်း ပဉ္စာလတိုင်းမဇ္ဈ တိုင်း သုရသေနတိုင်းတို့၌ ‘ဤမည်သော သူသည် ဤမည်သော ဘဝ၌ ဖြစ်၏၊ ဤမည်သောသူသည် ဤမည်သော ဘဝ၌ ဖြစ်၏။

ကွယ်လွန်စုတေသွားကြသော နာတိကရွာသား အလုပ်အကျွေး ဥပါသကာ ငါးကျိပ်ကျော်တို့သည်အောက် (ကာမဘုံ၌ ပဋိသန္ဓေနေခြင်း) အဖို့ရှိသည့် ငါးပါးသော သံယောဇဉ် ‘အနှောင်အဖွဲ့’ တို့၏ အကြွင်းမဲ့ ကုန်ခြင်းကြောင့် ဗြဟ္မာ့ဘုံ၌ ဥပပါတ်ပဋိသန္ဓေနေ၍ ထို (ဘုံ) ၌သာလျှင် ပရိနိဗ္ဗာန်ပြုလတ္တံ့သော ထိုဘုံမှပြန်လည်ခြင်း သဘောမရှိသော အနာဂါမ်ပုဂ္ဂိုလ်များ ဖြစ်ကုန်၏။

ကွယ်လွန်စုတေသွားကြသော နာတိကရွာသား အလုပ်အကျွေး ဥပါသကာ ကိုးကျိပ်ကျော်တို့သည်သုံးပါးသော သံယောဇဉ် ‘အနှောင်အဖွဲ့’ တို့၏ အကြွင်းမဲ့ကုန်ခြင်းကြောင့်လည်းကောင်း၊ တပ်မက်ခြင်း ‘ရာဂ’, ပြစ်မှားခြင်း ‘ဒေါသ’, တွေဝေခြင်း ‘မောဟ’ တို့၏လည်းခေါင်းပါးခြင်းကြောင့်လည်းကောင်း ဤလူ့ပြည်သို့ တစ်ကြိမ်သာလျှင်လာ၍ ဆင်းရဲ၏အဆုံးကိုပြုလတ္တံ့သော သကဒါဂါမ်ပုဂ္ဂိုလ်များ ဖြစ်ကုန်၏။

ကွယ်လွန်စုတေသွားကြသော နာတိကရွာသား အလုပ်အကျွေး ဥပါသကာ ငါးရာကျော်တို့သည်သုံးပါးသော သံယောဇဉ် ‘အနှောင်အဖွဲ့’ တို့၏ အကြွင်းမဲ့ကုန်ခြင်းကြောင့် အပါယ်သို့ ကျခြင်းသဘောမရှိသော ကိန်းသေမြဲသော အထက်မဂ်သုံးပါးလျှင် လားရာရှိသော သောတာပန်ပုဂ္ဂိုလ်များ ဖြစ်ကုန်၏’ဟုဖြေဆိုဟောကြားတော်မူသည်” ကို (ကြားကြကုန်၏)။

နာတိကရွာသား အလုပ်အကျွေး ဥပါသကာတို့သည် မေးလျှောက်သဖြင့် မြတ်စွာဘုရား ဖြေဆို ဟောကြားတော်မူသည်ကို ကြားကုန်၍ ထိုအကြောင်းအရာဖြင့် ဝမ်းမြောက်ဝမ်းသာ နှစ်ခြိုက်ရွှင်ပြလျက်ရှိကုန်၏။

၂၇၅။ (ထိုအကြောင်းအရာကို) အသျှင်အာနန္ဒာသည် (ဤသို့ ကြားလေ၏) —

“မြတ်စွာဘုရားသည် ပတ်ဝန်းကျင်ရှိ ထိုထို ဇနပုဒ်တို့၌ ကွယ်လွန်စုတေသွားကြသော အလုပ် အကျွေးဥပါသကာတို့သည် ဖြစ်ရာဘဝတို့ကို (မေးလျှောက်သဖြင့်) ဖြေဆိုဟောကြားတော်မူ၏။ ကာသိတိုင်းကောသလတိုင်း ဝဇ္ဇီတိုင်း မလ္လတိုင်း စေတိယတိုင်း ဝံသတိုင်း ကုရုတိုင်း ပဉ္စာလတိုင်း မဇ္ဈ တိုင်းသုရသေနတိုင်းတို့၌ ‘ဤမည်သော သူသည် ဤမည်သော ဘဝ၌ ဖြစ်၏၊ ဤမည်သော သူသည်ဤမည်သော ဘဝ၌ ဖြစ်၏။

ကွယ်လွန်စုတေသွားကြသော နာတိကရွာသား အလုပ်အကျွေး ဥပါသကာ ငါးကျိပ်ကျော်တို့သည်အောက် (ကာမဘုံ၌ ပဋိသန္ဓေနေခြင်း) အဖို့ရှိသည့် ငါးပါးသော သံယောဇဉ် ‘အနှောင်အဖွဲ့’ တို့၏အကြွင်းမဲ့ကုန်ခြင်းကြောင့် ဗြဟ္မာ့ဘုံ၌ ဥပပါတ်ပဋိသန္ဓေနေ၍ ထို (ဘုံ) ၌သာလျှင် ပရိနိဗ္ဗာန်ပြု လတ္တံ့သောထို (ဘုံ) မှ ပြန်လည်ခြင်းသဘော မရှိသော အနာဂါမ်ပုဂ္ဂိုလ်များ ဖြစ်ကုန်၏။

ကွယ်လွန်စုတေသွားကြသော နာတိကရွာသား အလုပ်အကျွေး ဥပါသကာ ကိုးကျိပ်ကျော်တို့သည်သုံးပါးသော သံယောဇဉ် ‘အနှောင်အဖွဲ့’ တို့၏ အကြွင်းမဲ့ကုန်ခြင်းကြောင့်လည်းကောင်း၊ တပ်မက်ခြင်း ‘ရာဂ’, ပြစ်မှားခြင်း ‘ဒေါသ, တွေဝေခြင်း ‘မောဟ’ တို့၏လည်း ခေါင်းပါးခြင်းကြောင့်လည်း ကောင်းဤလူ့ပြည်သို့ တစ်ကြိမ်သာလာ၍ ဆင်းရဲ၏ အဆုံးကို ပြုလတ္တံ့သော သကဒါဂါမ် ပုဂ္ဂိုလ်များ ဖြစ်ကုန်၏။

ကွယ်လွန်စုတေသွားကြသော နာတိကရွာသား အလုပ်အကျွေး ဥပါသကာ ငါးရာကျော်တို့သည်သုံးပါးသော သံယောဇဉ် ‘အနှောင်အဖွဲ့’ တို့၏ အကြွင်းမဲ့ကုန်ခြင်းကြောင့် အပါယ်သို့ ကျခြင်းသ ဘောမရှိသော ကိန်းသေမြဲသော အထက်မဂ်သုံးပါးလျှင် လားရာရှိသော သောတာပန်ပုဂ္ဂိုလ်များ ဖြစ်ကုန်၏’ဟု (ဖြေဆိုဟောကြားတော်မူ၏)။

နာတိကရွာသား အလုပ်အကျွေး ဥပါသကာတို့သည် မေးလျှောက်သဖြင့် မြတ်စွာဘုရား ဖြေဆိုဟောကြားတော်မူသည်ကို ကြားကုန်၍ ထိုအကြောင်းအရာဖြင့် ဝမ်းမြောက်ဝမ်းသာ နှစ်ခြိုက်ရွှင်ပျ လျက်ရှိကုန်၏”ဟု (ကြားလေ၏)။

၁။ သုဂတိ၌သာဖြစ်ရန် ကိန်းသေမြဲသော တစ်နည်း—ဆင်းရဲ၏အဆုံးသို့ရောက်ရန် ကိန်းသေမြဲသော။

အသျှင်အာနန္ဒာ၏ သွယ်ဝိုက်သော စကား

၂၇၆။ ထိုအခါ အသျှင်အာနန္ဒာအား ဤသို့ အကြံဖြစ်လေ၏—

“ကွယ်လွန်စုတေသွားကြသော ဤမဂဓတိုင်းသား အလုပ်အကျွေး ဥပါသကာတို့သည် များလည်းများကုန်၏၊ ရှေးလည်း ကျကုန်၏၊ အင်္ဂတိုင်း မဂဓတိုင်းတို့၌ ကွယ်လွန်စုတေသွားကြသော (အင်္ဂ, မဂဓ) တိုင်းရင်းသားတို့တွင် အလုပ်အကျွေး ဥပါသကာများ မရှိသကဲ့သို့ ဖြစ်၏။ စင်စစ်သော် ကားထိုအင်္ဂ, မဂဓတိုင်းသားတို့သည်လည်း ဘုရား တရား သံဃာ၌ ကြည်ညိုကြပေကုန်၏၊ သီလတို့၌ပြည့်စုံစွာ ကျင့်လေ့ ရှိကြပေကုန်၏၊ (သို့ဖြစ်ပါလျက်) ကွယ်လွန်စုတေသွားကြသော ထို သူတို့၏ (အကြောင်းအရာ) ကို မြတ်စွာဘုရားသည် ဟောတော်မမူသေးချေ။ ထိုသူတို့၏ (အကြောင်းအရာ) ကိုလည်း ဟောကြားပါမူ ကောင်းလေစွ၊ လူအများသည် ကြည်ညို၍ ကောင်းသောဂတိသို့ လားရာ၏။

ထို့ပြင် တရားစောင့်သော တရားသဖြင့် မင်းပြုသော မဂဓတိုင်းရှင် သေနိယမည်သော ဤဗိမ္ဗိသာရမင်းသည်လည်း ပုဏ္ဏားနှင့် သူကြွယ်တို့၏လည်းကောင်း နိဂုံးနှင့် ဇနပုဒ်သားတို့၏လည်း ကောင်းအကျိုးစီးပွါးကို ဆောင်ပေ၏၊ ထို့ပြင်လည်း တရားစောင့်သော တရားသဖြင့် မင်းပြု သောထိုဗိမ္ဗိသာရမင်းသည် ‘ငါတို့အား ဤသို့ ချမ်းသာစေ၍ နတ်ရွာစံတော်မူလေ၏၊ တရား စောင့်သောထိုတရားမင်း၏ နိုင်ငံတော်၌ ငါတို့သည် ဤသို့ ချမ်းသာစွာ နေကြရပေကုန်၏’ဟု လူတို့သည် (ထိုဗိမ္ဗိသာရမင်းကို) ချီးမွမ်းလျက် ရှိကုန်၏။ ထို (ဗိမ္ဗိသာရမင်း) သည်လည်း ဘုရား တရား သံဃာ၌ကြည်ညိုပေ၏၊ သီလတို့၌ ပြည့်စုံစွာ ကျင့်လေ့ရှိပေ၏၊ ထို့ပြင် ‘မဂဓတိုင်းရှင် သေနိယမည်သောဗိမ္ဗိသာရမင်းသည် သေခါနီးတိုင်အောင်ပင် မြတ်စွာဘုရားကို ချီးကျူးလျက် နတ်ရွာစံလေသည်’ ဟူ၍လည်း လူတို့ဆိုကုန်သေး၏၊ ကွယ်လွန်စုတေသွားသော ထို (မင်း၏ အကြောင်းအရာ) ကို့မြတ်စွာဘုရားသည် ဟောကြားတော်မမူသေးချေ၊ ထိုမင်း၏ အကြောင်းအရာ ကိုလည်း ဟောကြားပါမူကောင်းလေစွ၊ လူအများသည် ကြည်ညို၍ ကောင်းသောဂတိသို့ လား ရာ၏။

မြတ်စွာဘုရားသည် သမ္မာသမ္ဗောဓိဉာဏ်ကို မဂဓတိုင်း၌ ရတော်မူ၏။ ယင်းမဂဓတိုင်း၌ကွယ်လွန်စုတေသွားကြသော မဂဓတိုင်းသား အလုပ်အကျွေး ဥပါသကာတို့၏ ဖြစ်ရာဘဝတို့ကိုမြတ်စွာဘုရားသည် အဘယ့်ကြောင့် မဟောကြားဘဲ ရှိရာသနည်း၊ ကွယ်လွန်စုတေသွားကြသောမဂဓတိုင်းသား အလုပ်အကျွေး ဥပါသကာတို့၏ ဖြစ်ရာဘဝတို့ကို မြတ်စွာဘုရားသည် မဟော ကြားဘဲနေငြားအံ့၊ ထို့ကြောင့် ထိုမဂဓတိုင်းသား အလုပ်အကျွေး ဥပါသကာတို့သည် စိတ်အား ငယ်ကြကုန်ရာ၏။

ယင်းသို့ မဂဓတိုင်းသား အလုပ်အကျွေး ဥပါသကာတို့သည် စိတ်အားငယ်ကြရာသောအကြောင်းရှိပါလျက် မြတ်စွာဘုရားသည် ထိုသူတို့၏ အကြောင်းအရာကို အဘယ့်ကြောင့် မဟောကြားဘဲ ရှိရာအံ့နည်း”ဟု (အကြံဖြစ်လေ၏)။

၂၇၇။ အသျှင်အာနန္ဒာသည် မဂဓတိုင်းသား အလုပ်အကျွေး ဥပါသကာတို့နှင့် စပ်လျဉ်းသော ဤအကြောင်းအရာကို တစ်ပါးတည်း ဆိတ်ကွယ်ရာ၌ အဖန်ဖန် တွေးတောပြီးလျှင် ညဉ့်၏အဆုံး မိုးသောက်ယံ၌ နေရာမှထ၍ မြတ်စွာဘုရားထံသို့ ချဉ်းကပ်လေ၏၊ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားကို ရှိခိုး၍တစ်ခု သော နေရာ၌ ထိုင်လျက် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏—

“အသျှင်ဘုရား အကျွန်ုပ်သည် ဤစကားကို ကြားရပါ၏၊ ‘မြတ်စွာဘုရားသည် ပတ်ဝန်းကျင်ရှိ ထိုထိုဇနပုဒ်တို့၌ ကွယ်လွန်စုတေသွားကြသော အလုပ်အကျွေး ဥပါသကာတို့၏ ဖြစ်ရာဘဝတို့ကို (မေးလျှောက်သဖြင့်) ဖြေဆိုဟောကြားတော်မူ၏၊ ကာသိတိုင်း ကောသလတိုင်း ဝဇ္ဇီတိုင်း မလ္လတိုင်း စေတိယတိုင်း ဝံသတိုင်း ကုရုတိုင်း ပဉ္စာလတိုင်း မဇ္ဈ တိုင်း သုရသေနတိုင်းတို့၌ ‘ဤမည်သော သူသည် ဤမည်သော ဘဝ၌ ဖြစ်၏ ဤမည်သော သူသည် ဤမည်သော ဘဝ၌ ဖြစ်၏’ဟု (ဟောကြားတော်မူ၏)၊ ကွယ်လွန်စုတေသွားကြသော နာတိကရွာသား အလုပ်အကျွေး ဥပါသကာ ငါးကျိပ်ကျော်တို့သည် အောက် (ကာမဘုံ၌ ပဋိသန္ဓေနေခြင်း) အဖို့ရှိသည့် ငါးပါးသော သံယောဇဉ် ‘အနှောင်အဖွဲ့’ တို့၏ အကြွင်းမဲ့ကုန်ခြင်းကြောင့် ဗြဟ္မာဘုံ၌ ဥပပါတ် ပဋိသန္ဓေ နေ၍ ထို (ဘုံ) ၌သာလျှင် ပရိနိဗ္ဗာန်ပြုလတ္တံ့သော ထိုဘုံမှပြန်လည်ခြင်းသဘောမရှိသော အနာဂါမ်ပုဂ္ဂိုလ်များ ဖြစ်ကုန်၏။

ကွယ်လွန်စုတေသွားကြသော နာတိကရွာသား အလုပ်အကျွေး ဥပါသကာ ကိုးကျိပ်ကျော်တို့သည်သုံးပါးသော သံယောဇဉ် ‘အနှောင်အဖွဲ့’ တို့၏ အကြွင်းမဲ့ကုန်ခြင်းကြောင့်လည်းကောင်း တပ်မက်ခြင်း ‘ရာဂ’, ပြစ်မှားခြင်း ‘ဒေါသ’, တွေဝေခြင်း ‘မောဟ’ တို့၏လည်း ခေါင်းပါးခြင်းကြောင့်လည်းကောင်း ဤလူ့ပြည်သို့ တစ်ကြိမ်သာလာ၍ ဆင်းရဲ၏ အဆုံးကို ပြုလတ္တံ့သော သကဒါဂါမ်ပုဂ္ဂိုလ်များ ဖြစ်ကုန်၏။

ကွယ်လွန်စုတေသွားကြသော နာတိကရွာသား အလုပ်အကျွေး ဥပါသကာ ငါးရာကျော်တို့သည်သုံးပါးသော သံယောဇဉ် ‘အနှောင်အဖွဲ့’ တို့၏ အကြွင်းမဲ့ကုန်ခြင်းကြောင့် အပါယ်သို့ ကျခြင်းသဘော မရှိသော ကိန်းသေမြဲသော အထက်မဂ်သုံးပါးလျှင် လားရာရှိသော သောတာပန်ပုဂ္ဂိုလ်များ ဖြစ်ကုန်၏’ဟု (ဖြေဆိုဟောကြားတော်မူ၏)။

နာတိကရွာသား အလုပ်အကျွေး ဥပါသကာတို့သည် မေးလျှောက်သဖြင့် မြတ်စွာဘုရား ဖြေဆိုဟောကြားတော်မူသည်ကို ကြားသိကုန်၍ ထိုအကြောင်းအရာဖြင့် ဝမ်းမြောက်ဝမ်းသာ နှစ်ခြိုက်ရွှင်ပျလျက်ရှိပါကုန်၏။

အသျှင်ဘုရား ကွယ်လွန်စုတေသွားကြသော ဤမဂဓတိုင်းသား အလုပ်အကျွေး ဥပါသကာတို့သည်စင်စစ် များလည်း များပါကုန်၏၊ ရှေးလည်း ကျပါကုန်၏၊ အင်္ဂတိုင်း မဂဓတိုင်းတို့၌ ကွယ်လွန်စုတေသွားကြသော အင်္ဂ, မဂဓတိုင်းရင်းသားတို့တွင် အလုပ်အကျွေး ဥပါသကာများ မရှိသကဲ့သို့ ဖြစ်ပါ၏။ အသျှင်ဘုရား စင်စစ်သော်ကား ထိုသူတို့သည်လည်း ဘုရား တရား သံဃာ၌ ကြည်ညိုကြပါကုန်၏၊ ့သီလ တို့၌ ပြည့်စုံစွာ ကျင့်လေ့ရှိကြပါကုန်၏၊ (သို့ဖြစ်ပါလျက်) ကွယ်လွန်စုတေသွားကြသော ထိုသူတို့၏ (အကြောင်းအရာ) ကို မြတ်စွာဘုရားသည် ဟောကြားတော်မမူသေးချေ၊ ထိုသူတို့၏ (အကြောင်းအရာ) ကိုလည်း ဟောကြားပါမူကား ကောင်းလေစွ၊ လူအများသည် ကြည်ညို၍ ကောင်းသောဂတိသို့ လားရာပါ၏။

အသျှင်ဘုရား ထို့ပြင် တရားစောင့်သော တရားသဖြင့် မင်းပြုသော မဂဓတိုင်းရှင် သေနိယမည် သောဤဗိမ္ဗိသာရမင်းသည်လည်း ပုဏ္ဏားနှင့်သူကြွယ်တို့၏လည်းကောင်း နိဂုံးနှင့်ဇနပုဒ်သားတို့၏လည်း ကောင်းအကျိုးစီးပွါးကို ဆောင်ပါပေ၏။

ထို့ပြင်လည်း တရားစောင့်သော တရားသဖြင့် မင်းပြုသော ထိုဗိမ္ဗိသာရမင်းသည် ‘ငါတို့အား ဤသို့ချမ်းသာစေ၍ နတ်ရွာစံတော်မူလေ၏၊ တရားစောင့်သော ထိုတရားမင်း၏ နိုင်ငံတော်၌ ငါတို့သည် (ဤသို့) ချမ်းသာစွာ နေကြရပေကုန်၏’ဟု လူတို့သည် (ထိုမင်းကို) ချီးမွမ်းလျက် ရှိပါကုန်၏။ အသျှင်ဘုရား ထို (ဗိမ္ဗိသာရမင်း) သည်လည်း ဘုရား တရား သံဃာ၌ ကြည်ညိုပါပေ၏၊ သီလတို့၌ ပြည့်စုံစွာကျင့်လေ့ရှိပါပေ၏။

ထို့ပြင် ‘မဂဓတိုင်းရှင် သေနိယမည်သော ဗိမ္ဗိသာရမင်းသည် သေခါနီးတိုင်အောင်ပင် မြတ်စွာဘုရား ကိုချီးကျူးလျက် နတ်ရွာစံလေသည်ဟူ၍လည်း လူတို့ ဆိုပါကုန်သေး၏၊ ကွယ်လွန်စုတေသွားသော ထိုမင်း၏ အကြောင်းအရာကိုလည်း မြတ်စွာဘုရားသည် ဟောကြားတော်မမူရသေးပါ၊ ထိုမင်း၏ အကြောင်းအရာကိုလည်း ဟောကြားပါမူကား ကောင်းလေစွ၊ လူအများလည်း ကြည်ညို၍ ကောင်းသောဂတိသို့လားရာပါ၏။

အသျှင်ဘုရား မြတ်စွာဘုရားသည် သမ္မာသမ္ဗောဓိဉာဏ်ကို မဂဓတိုင်း၌ ရတော်မူပါ၏၊ အသျှင်ဘုရားယင်းမဂဓတိုင်း၌ ကွယ်လွန်စုတေသွားကြသော မဂဓတိုင်းသား အလုပ်အကျွေး ဥပါသကာတို့၏ဖြစ်ရာဘဝတို့ကို မြတ်စွာဘုရားသည် အဘယ့်ကြောင့် မဟောကြားဘဲ ရှိရာပါသနည်း။ အသျှင်ဘုရားကွယ်လွန်စုတေသွားကြသော မဂဓတိုင်းသား အလုပ်အကျွေး ဥပါသကာတို့၏ ဖြစ်ရာဘဝတို့ကို မြတ်စွာဘုရားသည် မဟောကြားဘဲ နေတော်မူငြားအံ့၊ ထို့ကြောင့် ထိုမဂဓတိုင်းသား အလုပ်အကျွေး ဥပါသကာတို့သည် စိတ်အားငယ်ကြကုန်ရာပါ၏။

ယင်းသို့ မဂဓတိုင်းသား အလုပ်အကျွေး ဥပါသကာတို့သည် စိတ်အားငယ်ကြရာသော အကြောင်းရှိပါလျက် ထိုသူတို့၏ အကြောင်းအရာကို မြတ်စွာဘုရားသည် အဘယ့်ကြောင့် မဟောကြားဘဲ ရှိရာပါသနည်း”ဟု (လျှောက်၏)။

အသျှင်အာနန္ဒာသည် မဂဓတိုင်းသား အလုပ်အကျွေး ဥပါသကာတို့ကို အကြောင်းပြု၍ မြတ်စွာဘုရား၏ မျက်မှောက်တော်၌ ဤသွယ်ဝိုက်သော စကားကို လျှောက်ထားပြီးသော် နေရာမှ ထ၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် အရိုအသေပြုကာ ဖဲခွါသွားလေ၏။

၂၇၈။ ထို့နောက် မြတ်စွာဘုရားသည် အသျှင်အာနန္ဒာ ဖဲခွါသွား၍ မကြာမီပင် နံနက်အချိန်၌ (သင်္ကန်းကို) ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူလျက် နာတိကရွာသို့ ဆွမ်းခံဝင်တော်မူ၏၊ နာတိကရွာ၌ဆွမ်းခံလှည့်လှည်၍ ဆွမ်းစားပြီးနောက် ဆွမ်းစားရာမှ ဖဲခွါခဲ့ပြီးသော် ခြေတော်တို့ကို ဆေးကြော၍ အုတ်တိုက်ကျောင်းသို့ ဝင်တော်မူပြီးလျှင် မဂဓတိုင်းသား အလုပ်အကျွေး ဥပါသကာတို့ကို အကြောင်းပြု၍ “ထို သူတော်ကောင်းတို့၏ လားရာဂတိ ရောက်ရာဘဝကို သိအောင်ရှုအံ့”ဟု လိုလားလျက်နှလုံးသွင်းလျက် အကြောင်းအရာအားလုံးကို စိတ်ဖြင့် ဆင်ခြင်လျက် ခင်းထားသော နေရာ၌ထိုင်နေတော်မူ၏။

မြတ်စွာဘုရားသည် “မဂဓတိုင်းသား အလုပ်အကျွေး ဥပါသကာဖြစ်ကုန်သော ထိုသူတော်ကောင်းတို့သည် ယင်းသို့ လားရာဂတိ ရောက်ရာ ဘဝရှိကုန်၏”ဟု မြင်တော်မူ၏။

ထို့နောက် မြတ်စွာဘုရားသည် ညနေချမ်းအချိန် တစ်ပါးတည်း ကိန်းအောင်းနေရာမှ ထတော်မူ၍အုတ်တိုက်ကျောင်းမှ ထွက်တော်မူပြီးလျှင် ကျောင်းရိပ်ဝယ် ခင်းထားသော နေရာ၌ ထိုင်နေတော်မူ၏။

၂၇၉။ ထိုအခါ အသျှင်အာနန္ဒာသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင်တစ်ခုသောနေရာ၌ ထိုင်လျက် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏—

“အသျှင်ဘုရား မြတ်စွာဘုရားသည် အထူးသဖြင့် ငြိမ်သက်သော အသွင်အပြင်ရှိနေပါ၏၊ ဣနြေမျြားကြည်လင်သောကြောင့် မြတ်စွာဘုရား၏ မျက်နှာတော်အဆင်းသည် အလွန်ပင် တောက်ပတင့်တယ်နေ၏။ အသျှင်ဘုရား ယနေ့ မြတ်စွာဘုရားသည် ငြိမ်သက်သော (အရဟတ္တဖိုလ်) သမာပတ် ဖြင့်နေတော်မူသည်”ဟု ထင်ပါသည် (ဟူ၍ လျှောက်၏)။

အာနန္ဒာ သင်သည် မဂဓတိုင်းသား အလုပ်အကျွေး ဥပါသကာတို့ကို အကြောင်းပြု ၍ ငါ၏ မျက်မှောက်၌ သွယ်ဝိုက်သော စကားကို လျှောက်ထားပြီးလျှင် နေရာမှထကာ ဖဲခွါသွားခဲ့၏၊ (ထို့နောက်မကြာမီပင်) ငါသည် နာတိကရွာ၌ ဆွမ်းခံလှည့်လည်၍ ဆွမ်းစားပြီးနောက် ဆွမ်းစားရာမှ ဖဲခွါခဲ့ပြီးသော်ခြေတို့ကို ဆေး၍ အုတ်တိုက်ကျောင်းသို့ ဝင်ပြီးလျှင် ထိုမဂဓတိုင်းသား အလုပ်အကျွေး ဥပါသကာတို့ကိုပင် အကြောင်းပြု၍ “ထိုသူတော်ကောင်းတို့၏ ထိုလားရာဂတိ ရောက်ရာဘဝကို သိအောင်ရှုအံ့”ဟုလိုလားလျက် နှလုံးသွင်းလျက် အကြောင်းအရာအားလုံးကို စိတ်ဖြင့် ဆင်ခြင်လျက် ခင်းထားသောနေရာ၌ ထိုင်နေခဲ့၏။

အာနန္ဒာ ငါသည် ထိုမဂဓတိုင်းသား အလုပ်အကျွေး ဥပါသကာဖြစ်သော သူတော်ကောင်းတို့၏ “လားရာဂတိ ရောက်ရာဘဝတို့ကို တွေ့မြင်ရပေ၏”ဟု (မိန့်တော်မူ၏)။

ဇနဝသဘနတ်သား

၂၈ဝ။ အာနန္ဒာ ထိုအခါ (တစ်ဦးသော) နတ်သည် ကိုယ်ထင်ရှားမပြဘဲ “ဘုန်းတော်ကြီးသောမြတ်စွာဘုရား အကျွန်ုပ်သည် ဇနဝသဘဖြစ်ပါသည်၊ ကောင်းသောစကားကို ဆိုတော်မူတတ်သောမြတ်စွာ ဘုရား အကျွန်ုပ်သည် ဇနဝသဘဖြစ်ပါသည်”ဟု (အသံကို ကြားစေ၏)။ အာနန္ဒာ သင်သည်ဤမှ ရှေး အခါ၌ ‘ဇနဝသဘ’ ဟူသော အမည်ကို ကြားဖူးသည်ဟု အမှတ်ရပါ၏လောဟု (မိန့်တော်မူ၏)။

အသျှင်ဘုရား အကျွန်ုပ်သည် ဤမှ ရှေးအခါ၌ ဇနဝသဘ ဟူသော အမည်ကို ကြားဖူးသည်ဟုအမှတ်မရပါ၊ အသျှင်ဘုရား သို့သော်လည်း “ဇနဝသဘ” ဟူသော အမည်ကို ကြားသဖြင့် အကျွန်ုပ်အားကြက်သီးမွေးညင်းများ ထပါကုန်၏။ “အသျှင်ဘုရား ဇနဝသဘဟု ဤသို့ ခံ့ညားသော အမည်ဖြင့်ခေါ်ဝေါ်ရသော ထိုနတ်သည် မြင့်မြတ်သော နတ်ဖြစ်ပေလိမ့်မည်”ဟု အကျွန်ုပ် ထင်မြင်မိပါ၏။

အာနန္ဒာ အသံပေါ်လာသည်မှ အခြားမဲ့၌ပင် အဆင်းသဏ္ဌာန် ခံ့ညားသော နတ်သည် ငါ၏ မျက်မှောက်၌ ထင်ရှားပေါ်လာပြီးလျှင် “ဘုန်းတော်ကြီးသော မြတ်စွာဘုရား အကျွန်ုပ်သည် ဗိမ္ဗိသာရမင်းဖြစ်ပါသည်၊ ကောင်းသောစကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရား အကျွန်ုပ်သည် ဗိမ္ဗိသာရမင်းဖြစ်ပါသည်”ဟု နှစ်ကြိမ်မြောက်လည်း အသံကို ကြားစေပြန်၏။

အသျှင်ဘုရား အကျွန်ုပ်သည် ဝေဿဝဏ်နတ်မင်း၏ အပေါင်းအဖော်အဖြစ်သို့ ကပ်ရောက်ရသည်မှာဤအကြိမ်သည် ခုနစ်ကြိမ်မြောက်ဖြစ်ပါသည်၊ ထို (ဗိမ္ဗိသာရမင်းဘဝ) မှ စုတေခဲ့သော ထိုအကျွန်ုပ်သည်နတ်မင်း ဖြစ်ခြင်းငှါ စွမ်းနိုင်ပါ၏၊ (သို့သော်လည်း)။

အကျွန်ုပ်သည် ဤ (နတ်ပြည်) မှ (စုတေ၍ လူ့ပြည်၌) ခုနစ်ဘဝ၊ ထို (လူ့ပြည်) မှ (စုတေ၍ ဤနတ်ပြည်၌) ခုနစ်ဘဝ၊ (ပေါင်း) တစ်ဆယ့်လေးဘဝတို့တိုင်တိုင် ရှေးအခါက အကျွန်ုပ်၏ နေခဲ့ဖူးရာဌာနကို အကျွန်ုပ် အမှတ်၁ရလျက် ရှိပါ၏။

၂၈၁။ အသျှင်ဘုရား အကျွန်ုပ်သည် ရှည်မြင့်စွာသော ကာလပတ်လုံး အပါယ်သို့ ကျခြင်းမရှိ တော့ပါ၊ ့အပါယ်သို့ ကျခြင်းမရှိသော သောတာပန်ဖြစ်နေသည်ကို သိပါသည်၊ သို့ရာတွင် အကျွန်ုပ်၏အလို ‘အာသာ’ သည်ကား သကဒါဂါမ်ဖြစ်ရန် ထက်သန်လျက် တည်ရှိနေပါသည်ဟု (လျှောက်၏)။

“အသျှင်ဘုရား အကျွန်ုပ်သည် ရှည်မြင့်စွာသော ကာလပတ်လုံး အပါယ်သို့ ကျခြင်းမရှိတော့ပါ၊ အပါယ်သို့ကျခြင်းမရှိသော သောတာပန်ဖြစ်နေသည်ကို သိပါသည်” ဟူ၍လည်းကောင်း၊ “အကျွန်ုပ်၏အလို ‘အာသာ’ သည် သကဒါဂါမ်ဖြစ်ရန် ထက်သန်လျက် တည်ရှိနေပါသည်” ဟူ၍လည်းကောင်း ဆိုသောအသျှင်ဇနဝသဘနတ်သား၏ ဤစကားသည် အံ့ဖွယ်ရှိပါပေ၏၊ မဖြစ်ဖူးမြဲ ဖြစ်ပါပေ၏။

အသျှင်ဇနဝသဘနတ်သားသည် ဤသို့ မြင့်မြတ်သော တရားထူးကို အဘယ်မှ ရခဲ့ပါသနည်းဟူမူ—

ဘုန်းတော်ကြီးသော မြတ်စွာဘုရား အသျှင်ဘုရား၏ အဆုံးအမတော်နှင့် ကင်း၍ ရခဲ့သည် မဟုတ် ပါ၊ ကောင်းသောစကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရား အသျှင်ဘုရား၏ အဆုံးအမတော်နှင့် ကင်း၍ရခဲ့သည်မဟုတ်ပါ၊ အသျှင်ဘုရား အကျွန်ုပ်သည် (မြတ်စွာဘုရားကို ရှေးဦးစွာ ဖူးတွေ့လျက်) မြတ်စွာဘုရား၌ အကြွင်းမဲ့ယုံကြည်ခြင်းသို့ ရောက်သည့်အခါမှစ၍ ရှည်မြင့်စွာသော ကာလပတ်လုံးအပါယ် သို့ ကျခြင်းမရှိတော့ပါ၊ အပါယ်သို့ ကျခြင်းမရှိသော သောတာပန်ဖြစ်ခဲ့သည်ကို သိပါ၏၊ သို့ရာတွင် အကျွန်ုပ်၏ အလို ‘အာသာ’ သည်ကား သကဒါဂါမ်ဖြစ်ရန် ထက်သန်လျက် တည်ရှိနေပါသည်။

အသျှင်ဘုရား ဝေဿဝဏ်နတ်မင်းကြီးသည် ဝိရုဠှကနတ်မင်းကြီးအထံသို့ ကိစ္စတစ်ခုဖြင့် အကျွန်ုပ်ကိုစေလွှတ်လိုက်သဖြင့် (လာခဲ့ရာ) ခရီးအကြားဝယ် (မြတ်စွာဘုရားသည်) အုတ်တိုက်ကျောင်းသို့ ဝင်တော်မူပြီးလျှင် မဂဓတိုင်းသား အလုပ်အကျွေး ဥပါသကာတို့ကို အကြောင်းပြု ၍ “ထိုသူတော်ကောင်းတို့၏လားရာဂတိ ရောက်ရာဘဝကို သိအောင်ရှုအံ့”ဟု လိုလားလျက် နှလုံးသွင်းလျက် အကြောင်းအရာအားလုံးကို စိတ်ဖြင့် ဆင်ခြင်လျက် ထိုင်နေတော်မူသည်ကို အကျွန်ုပ်တွေ့မြင်ရပါ၏။ အသျှင်ဘုရား အလွန်အံ့ဖွယ်ရာ အကြောင်းတိုက်ဆိုင်သည်မှာ “ထို (မဂဓတိုင်းသား) သူတော်ကောင်းတို့သည် ယင်းသို့လားရာ ဂတိ ရောက်ရာဘဝ ရှိကုန်၏”ဟု ထို (နတ်) ပရိသတ်၌ ဝေဿဝဏ်နတ်မင်းကြီး ပြောဆိုသောစကားကို ကိုယ်တိုင် ကြားနာမှတ်သားလိုက်ရပါသည်။

အသျှင်ဘုရား ထိုအကျွန်ုပ်အား “မြတ်စွာဘုရားကိုလည်း ဖူးမြော်အံ့၊ ဤအကြောင်းကိုလည်း မြတ်စွာဘုရားအား လျှောက်ထားအံ့”ဟု အကြံဖြစ်ပါ၏။ အသျှင်ဘုရား ဤအကြောင်းနှစ်ပါးကြောင့် အကျွန်ုပ်သည် မြတ်စွာဘုရားကို ဖူးမြော်ရန် ချဉ်းကပ်လာပါ၏။

၁။ ဤသို့အမှတ်ရလျက် ထိုဌာနတို့၌ တွယ်တာမှုအားကြီးသောကြောင့် အထက်နတ်ပြည်တို့၌ ဖြစ်နိုင်ငြားသော်လည်း မဖြစ်မူ၍ ဤဝေဿဝဏ်နတ်မင်း၏ အပေါင်းအဖော်အဖြစ်သို့သာလျှင် ရောက်ရလေသည်ဟုအဋ္ဌကထာ၌ ဆို၏။

နတ်သဘင်

၂၈၂။ အသျှင်ဘုရား ယခင့်ယခင် ကာလက ဥတု, လတို့ပြည့်ရာ ဝါဆိုလပြည့် တစ်ဆယ့်ငါးရက် မြောက်ဥပုသ်နေ့ညဉ့်၌ သုဓမ္မာနတ်သဘင်ဝယ် တာဝတိံသာနတ်တို့သည် အားလုံးလိုလိုပင် အညီအညွတ်စည်းဝေးနေပါကုန်၏၊ များစွာသော နတ်ပရိသတ်တို့သည်လည်း ထက်ဝန်းကျင်၌ ထိုင်နေပါကုန်၏၊ နတ်မင်းကြီးလေးယောက်တို့သည်လည်း အရပ်လေးမျက်နှာတို့၌ ထိုင်နေကြပါကုန်၏၊ အရှေ့အရပ်မှဓတရဋ္ဌနတ်မင်းကြီးသည် အနောက်အရပ်သို့ မျက်နှာမူကာ နတ်အပေါင်းကို ရှေးရှုလျက် ထိုင်နေပါ၏၊ တောင်အရပ်မှ ဝိရူဠှကနတ်မင်းကြီးသည် မြောက်အရပ်သို့ မျက်နှာမူကာ နတ်အပေါင်းကို ရှေးရှုလျက်ထိုင်နေပါ၏၊ အနောက်အရပ်မှ ဝိရူပက္ခနတ်မင်းကြီးသည် အရှေ့အရပ်သို့ မျက်နှာမူကာ နတ်အပေါင်းကို့ရှေးရှုလျက် ထိုင်နေပါ၏၊ မြောက်အရပ်မှ ဝေဿဝဏ်နတ်မင်းကြီးသည် တောင်အရပ်သို့ မျက်နှာမူကာနတ်အပေါင်းကို ရှေးရှုလျက် ထိုင်နေပါ၏။

အသျှင်ဘုရား ယင်းသို့ သုဓမ္မာနတ်သဘင်ဝယ် တာဝတိံသာနတ်တို့သည် အားလုံးလိုလိုပင် အညီအညွတ် စည်းဝေးနေကြလျက် များစွာသော နတ်ပရိသတ်တို့သည်လည်း ထက်ဝန်းကျင်၌ထိုင်နေကြလျက် နတ်မင်းကြီး လေးယောက်တို့သည်လည်း အရပ်လေးမျက်နှာတို့၌ ထိုင်နေကြသောအခါထိုနတ်မင်းကြီးတို့ နေရာ၏ နောက်၌ အကျွန်ုပ်တို့ ထိုင်နေရပါ၏။

အသျှင်ဘုရား မြတ်စွာဘုရား၏ သာသနာတော်၌ မြတ်သောအကျင့်ကို ကျင့်၍ တာဝတိံသာနတ် ပြည်၌ယခုမှ ဖြစ်လာကြသော နတ်တို့သည် အခြားနတ်တို့ထက် အဆင်းအားဖြင့်လည်းကောင်း အခြံအရံအားဖြင့်လည်းကောင်း သာလွန်၍ တင့်တယ်ပါကုန်၏၊ အသျှင်ဘုရား ထို့ကြောင့်တာဝတိံသာနတ်တို့သည် “အချင်းတို့ အသုရာအပေါင်းတို့ ဆုတ်ယုတ်၍ နတ်အပေါင်းတို့ပြည့်နှက်စည်ကားလာပေကုန်စွတကား”ဟု ဝမ်းမြောက်ဝမ်းသာ နှစ်ခြိုက်ရွှင်ပျလျက် ရှိပါကုန်၏။

အသျှင်ဘုရား ထိုအခါ နတ်တို့အရှင် သိကြားမင်းသည် တာဝတိံသာနတ်တို့ ကြည်နူးနေကြသည်ကိုသိ၍ ဤဂါထာဖြင့် ဝမ်းမြောက်စကား ပြောကြားပါ၏—

“အချင်းတို့ မြတ်စွာဘုရား၏ သာသနာတော်၌ မြတ်သော အကျင့်ကို ကျင့်သုံး၍ ဤတာဝတိံသာနတ်ဘုံသို့ ရောက်လာသော အဆင်း အခြံအရံနှင့်ပြည့်စုံသော နတ် အသစ်တို့ကို တွေ့မြင်ကြရ၍သိကြားမင်းနှင့် တကွ တာဝတိံသာနတ်တို့သည် မြတ်စွာဘုရားကို ဦးညွတ်ကုန်လျက် တရားတော်၏တရားကောင်းအဖြစ်ကိုလည်း ချီးကျူးကုန်လျက် ဝမ်းမြောက်ပေကုန်စွတကား။ မြတ်စွာဘုရား၏ တပည့်ဖြစ်သော ဤ (နတ်ပြည်) သို့ ထူးခြားစွာ ရောက်လာကုန် သောထိုနတ်အသစ်တို့သည် အခြားနတ်တို့ထက် အဆင်းအားဖြင့်လည်းကောင်း၊ အခြံအရံအားဖြင့်လည်းကောင်း၊ အသက်အားဖြင့်လည်းကောင်း သာလွန်တင့်တယ် ပေကုန်၏။

ဤ (အကြောင်းအရာ) ကို မြင်ကုန်၍ သိကြားမင်းနှင့်တကွ တာဝတိံသာနတ်တို့ သည် မြတ်စွာဘုရားကိုဦးညွတ်ကုန်လျက် တရားတော်၏ တရားကောင်းအဖြစ်ကို လည်း (ချီးကျူးကုန်လျက်) ပျော်ရွှင်ကြပေကုန်၏”ဟု ဝမ်းမြောက်စကား ပြောကြား ပါ၏။

အသျှင်ဘုရား ထို (သိကြားမင်း၏ ဝမ်းမြောက်စကား)ကြောင့် တာဝတိံသာနတ်တို့သည် “အချင်း တို့အသူရာအပေါင်းတို့ ဆုတ်ယုတ်၍ နတ်အပေါင်းတို့ ပြည့်နှက် စည်ကားပေကုန်စွတကား”ဟု အတိုင်းထက်အလွန်ဝမ်းမြောက်ဝမ်းသာ နှစ်ခြိုက်ရွှင်ပျလျက် ရှိပါကုန်၏။

အသျှင်ဘုရား ထိုအခါ သုဓမ္မာနတ်သဘင်ဝယ် တာဝတိံသာနတ်တို့ စည်းဝေးခြင်း၏ အကြောင်းရင်းဖြစ်သောကိစ္စကို စဉ်းစားဆွေးနွေးပြီးဖြစ်သဖြင့် နတ်မင်းကြီးလေးယောက်တို့သည် ထိုကိစ္စနှင့် ပတ်သက်၍ မိန့်မှာချက် နောက်ထပ်ညွှန်ကြားချက်များကို ခံယူပြီးလျှင် ဖဲခွါမသွားကြသေးဘဲ၁ မိမိ မိမိတို့နေရာတို့၌ တည်လျက် ရှိကုန်၏။ မိန့်မှာချက်ကို ရရှိပြီးသော ထိုနတ်မင်းကြီး လေးယောက်တို့သည် နောက်ထပ် ညွှန်ကြားချက်ကိုလည်း ခံယူကြကုန်ပြီး၍ အထူးသဖြင့် စိတ်ကြည်နူးကာ မိမိတို့ နေရာ၌ ငြိမ်သက်စွာ တည်လျက်ရှိကုန်၏။

၂၈၃။ အသျှင်ဘုရား ထိုအခိုက်ဝယ် နတ်တို့၏ အာနုဘော်အလင်းရောင်ကို ကျော်လွန်၍ ကြီးကျယ်သော အလင်းရောင်သည် မြောက်အရပ်မှ ထွက်ပေါ်လာပါ၏။ အသျှင်ဘုရား ထိုအခါ နတ်တို့၏အရှင်သိကြားမင်းသည် တာဝတိံသာနတ်တို့ကို မိန့်ဆိုပါ၏။

“အချင်းတို့ (ဗြဟ္မာထင်ရှားပေါ်လာရန်) ရှေ့ပြေးနိမိတ်တို့သည် ထင်ကုန်၏၊ ကြီးကျယ်သောအလင်းရောင်သည် ထွက်ပေါ်လာ၏၊ (သို့ဖြစ်၍) ဗြဟ္မာသည် ထင်ရှားပေါ်လာလတ္တံ့၊ ဤအလင်းရောင်ထွက်ပေါ်လာခြင်းသည် ဗြဟ္မာထင်ရှားပေါ်လာရန် ရှေ့ပြေးနိမိတ်ဖြစ်သည်”ဟု (မိန့်ဆိုပါ၏)။

ရှေ့ပြေး နိမိတ်တို့ထင်သောကြောင့် ဗြဟ္မာသည် ထင်ရှားပေါ်လာလတ္တံ့၊ ကြီးမား ပြန့်ကျယ်သောဤအလင်းရောင်ဖြစ်ပေါ်ခြင်းသည် ဗြဟ္မာပေါ်လာရန် ရှေ့ပြေး နိမိတ်ပေတည်း။

၁။ အဝိပက္ကန္တာဟူသောပါဠိမူကွဲ အဂတာဟူသောအဠကထာမူကွဲများနှင့်အညီ ပြန်ဆိုထားသည်။

သနင်္ကုမာရ ဗြဟ္မာမင်း အကြောင်း

၂၈၄။ အသျှင်ဘုရား ထိုအခါ တာဝတိံသာနတ်တို့သည် “ဤအလင်းရောင်ကို သိရအောင် စောင့်ကြည့်ကုန်အံ့၊ ဤအလင်းရောင်ကြောင့် ဖြစ်ပေါ်မည့် အကျိုးကို မျက်မှောက်တွေ့မြင်ပြီးမှ သာလျှင်သွားကုန်အံ့”ဟု ရည်ရွယ်၍ မိမိတို့၏ ထိုင်မြဲနေရာတို့၌ပင် ထိုင်နေပါကုန်၏။ နတ်မင်းကြီးလေးယောက်တို့သည် လည်း “ဤအလင်းရောင်ကို သိရအောင် စောင့်ကြည့်ကုန်အံ့၊ ဤအလင်းရောင်ကြောင့် ဖြစ်ပေါ်မည့်အကျိုး ကို မျက်မှောက် တွေ့မြင်ပြီးမှသာလျှင် သွားကုန်အံ့”ဟုရည်ရွယ်၍ မိမိတို့၏ ထိုင်မြဲနေရာတို့၌ပင် ထိုင် နေကြပါကုန်၏။

တာဝတိံသာနတ်တို့သည် ဗြဟ္မာပေါ်လာလတ္တံ့ဟုဆိုသော သိကြားမင်း၏ ဤစကားကို ကြားကုန်၍ “ဤအလင်းရောင်ကို သိရအောင် စောင့်ကြည့်ကုန်အံ့၊ ဤအလင်းရောင်ကြောင့် ဖြစ်ပေါ်မည့်အကျိုးကို မျက်မှောက်တွေ့မြင်ပြီးမှသာလျှင် သွားကုန်အံ့” ဟူ၍ ငြိမ်သက်တည်ကြည်စွာ စိတ်ဝင်စားလျက်ရှိပါကုန်၏။

အသျှင်ဘုရား သနင်္ကုမာရဗြဟ္မာသည် တာဝတိံသာနတ်တို့၏ (မျက်မှောက်၌) ထင်ရှားပေါ်လာသောအခါ ကြမ်းတမ်းသော အတ္တဘောကို ဖန်ဆင်းလျက် ပေါ်လာရပါ၏။ အသျှင်ဘုရား (အကြောင်းမူကား) ဗြဟ္မာ၏ ပြကတေ့အဆင်းသည် တာဝတိံသာနတ်တို့၏ မျက်စိ၌ မထင်ပေါ်နိုင်ပါ။

အသျှင်ဘုရား သနင်္ကုမာရဗြဟ္မာသည် တာဝတိံသာနတ်တို့၏ (မျက်မှောက်၌) ထင်ရှားပေါ်လာသောအခါ အခြားသော နတ်တို့ထက် အဆင်းအားဖြင့်လည်းကောင်း အခြံအရံအားဖြင့်လည်းကောင်းသာလွန်၍ တင့်တယ်ပါ၏။

အသျှင်ဘုရား ဥပမာသော်ကား ရွှေစင်ရုပ်ကိုယ်သည် လူ၏ ရုပ်ကိုယ်ထက် သာလွန်၍ တင့်တယ်သကဲ့သို့ အသျှင်ဘုရား ဤအတူပင် သနင်္ကုမာရဗြဟ္မာသည် တာဝတိံသာနတ်တို့၏ (မျက်မှောက်၌) ထင်ရှားပေါ်လာသောအခါ အခြားသော နတ်တို့ထက် အဆင်းအားဖြင့်လည်းကောင်း အခြံအရံအားဖြင့်လည်းကောင်း သာလွန်၍ တင့်တယ်ပါ၏။

အသျှင်ဘုရား သနင်္ကုမာရဗြဟ္မာသည် တာဝတိံသာနတ်တို့၏ (မျက်မှောက်၌) ထင်ရှားပေါ်လာသောအခါ ထိုပရိသတ်၌ တစ်ဦးတစ်ယောက်သောနတ်မျှ သနင်္ကုမာရဗြဟ္မာကို ရှိလည်း မခိုးပါ၊ ခရီးဦးကြိုလည်း မပြုပါ၊ နေရာဖြင့်လည်း မဖိတ်ခေါ်ပါ၊ “ယခုအခါ သနင်္ကုမာရဗြဟ္မာသည် အလိုရှိရာ နတ်၏ပလ္လင် ၌ ထိုင်လတ္တံ့”ဟု ဆိတ်ဆိတ်သာလျှင် နှလုံးသွင်းလျက် အလုံးစုံသော နတ်တို့သည်လက်အုပ်ချီကာ ထက်ဝယ်ဖွဲ့ခွေ ထိုင်နေကြပါကုန်၏။

အသျှင်ဘုရား သနင်္ကုမာရဗြဟ္မာသည် အကြင်နတ်၏ ပလ္လင်၌ ထိုင်ငြားအံ့၊ ထိုနတ်သည် မြတ်သောဝမ်းမြောက်မှုကို ရပါ၏၊ မြတ်သော ဝမ်းသာမှုကို ရပါ၏၊ အသျှင်ဘုရား ဥပမာသော်ကား မင်းအဖြစ်ဖြင့်အဘိသိက် သွန်းပြီးခါစဖြစ်သော အဘိသိက်ခံရေမြေ့ရှင်မင်းသည် မြတ်သော ဝမ်းမြောက်ဝမ်းသာမှုကိုရသကဲ့သို့ အသျှင်ဘုရား ဤအတူပင် သနင်္ကုမာရဗြဟ္မာသည် အကြင်နတ်၏ ပလ္လင်၌ ထိုင်ငြားအံ့၊ ထိုနတ်သည် မြတ်သော ဝမ်းမြောက်မှုကို ရပါ၏၊ မြတ်သော ဝမ်းသာမှုကို ရပါ၏။

အသျှင်ဘုရား ထို့နောက် သနင်္ကုမာရဗြဟ္မာသည် ကြမ်းတမ်းထင်ရှားသော အတ္တဘောကို ဖန်ဆင်း့လျက် ဦးစွန်းငါးခုရှိသော သတို့သားအသွင်ဖြင့် တာဝတိံသာနတ်တို့၏ (မျက်မှောက်၌) ထင်ရှားပေါ်လာပါ၏၊ ထို (ဗြဟ္မာ) သည် ကောင်းကင်သို့ ပျံတက်၍ ဟင်းလင်းအပြင် ကောင်းကင်၌ ထက်ဝယ်ဖွဲ့ခွေ ထိုင်နေပါ၏။

အသျှင်ဘုရား အားရှိသောယောကျာ်းသည် ကောင်းစွာ ခင်းထားသော ပလ္လင်၌ဖြစ်စေ ညီညွတ်သောမြေပြင်၌ဖြစ်စေ ထက်ဝယ်ဖွဲ့ခွေထိုင်နေသကဲ့သို့ အသျှင်ဘုရား ဤအတူပင် သနင်္ကုမာရဗြဟ္မာသည်ကောင်း ကင်သို့ ပျံတက်၍ ဟင်းလင်းအပြင် ကောင်းကင်၌ ထက်ဝယ်ဖွဲ့ခွေ ထိုင်နေပြီးလျှင်တာဝတိံသာနတ်တို့ ကြည်နူးနေကြသည်ကို သိ၍ ဤဂါထာတို့ဖြင့် ဝမ်းမြောက်စကား ပြောကြား၏—

“အချင်းတို့ မြတ်စွာဘုရား၏ သာသနာတော်၌ မြတ်သောအကျင့်ကို ကျင့်သုံး၍ ဤတာဝတိံသာနတ်ဘုံသို့ ရောက်လာသော အဆင်းအခြံအရံနှင့် ပြည့်စုံသော နတ် အသစ်တို့ကို တွေ့မြင်ကြရ၍သိကြားမင်းနှင့်တကွ တာဝတိံသာနတ်တို့သည် မြတ်စွာဘုရားကို ဦးညွတ်ကုန်လျက် တရားတော်၏တရားကောင်းအဖြစ်ကိုလည်း (ချီးကျူးကုန်လျက်) ဝမ်းမြောက်ပေကုန်စွတကား။ မြတ်စွာဘုရား၏ တပည့်ဖြစ်သော ဤ (နတ်ပြည်) သို့ ထူးခြားစွာ ရောက်လာကုန် သောထို (နတ်အသစ်) တို့သည် အခြားနတ်တို့ထက် အဆင်းအားဖြင့်လည်း ကောင်း၊ အခြံအရံအားဖြင့်လည်းကောင်း၊ အသက်အားဖြင့်လည်းကောင်း သာလွန် တင့်တယ်ပေကုန်၏။ ဤ (အကြောင်းအရာ) ကို မြင်ကုန်၍ သိကြားမင်းနှင့်တကွ တာဝတိံသာနတ်တို့ သည် မြတ်စွာဘုရားကိုဦးညွတ်ကုန်လျက် တရားတော်၏ တရားကောင်းအဖြစ် ကိုလည်း (ချီးကျူးကုန်လျက်) ပျော်ရွှင်ကြကုန်၏”ဟု (ဝမ်းမြောက်စကား ပြောကြား ပါ၏)။

၂၈၅။ အသျှင်ဘုရား သနင်္ကုမာရဗြဟ္မာသည် ဤအကြောင်းကို မိန့်ဆိုပါ၏။ အသျှင်ဘုရား ဤအကြေင်းကို မိန့်ဆိုသော သနင်္ကုမာရဗြဟ္မာ၏ အသံသည် သန့်ရှင်းခြင်း၊ ပြတ်သားခြင်း၊ သာယာခြင်း၊ နားဝင်ချိုခြင်း၊ အသံလုံးခြင်း၊ မကွဲအက်ခြင်း၊ အသံအောင်ခြင်း၊ မြည်ဟိန်းခြင်းဟူသော အင်္ဂါရှစ်ပါးနှင့်ပြည့်စုံပါ၏။

အသျှင်ဘုရား သနင်္ကုမာရဗြဟ္မာသည် ပရိသတ်ရှိသလောက် အသံဖြင့် ကြားသိစေပါသည်၊ ထို (ဗြဟ္မာ) ၏ အသံသည် ပရိသတ်၏ ပြင်ပသို့လည်း မထွက်ပါ၊ အသျှင်ဘုရား ဤသို့ အင်္ဂါရှစ်ပါးနှင့်ပြည့်စုံ သော အသံရှိသူကို “ဗြဟ္မာ့အသံနှင့်တူသော အသံရှိသူ” ဟူ၍ ဆိုအပ်ပါ၏။

အသျှင်ဘုရား ထိုအခါ သနင်္ကုမာရဗြဟ္မာသည် သုံးဆယ့်သုံးခုသော အတ္တဘောတို့ကို ဖန်ဆင်း၍ (သုံးကျိပ်သုံးယောက်သော) တာဝတိံသာနတ်တို့၏ ပလ္လင်တို့၌ အသီးအသီး ထက်ဝယ်ဖွဲ့ခွေ ထိုင်နေပြီးလျှင် တာဝတိံသာနတ်တို့ကို ပြောဆိုပါ၏—

“အချင်းတာဝတိံသာနတ်တို့ ထိုအရာကို အဘယ်သို့ မှတ်ထင်ကုန်သနည်း၊ ထိုမြတ်စွာဘုရားသည် လူအများ၏ စီးပွါးချမ်းသာအလို့ငှါ လောကကို စောင့်ရှောက်ရန်အလို့ငှါ နတ်လူတို့၏ အကျိုးစီးပွါးချမ်း သာအလို့ငှါ လွန်စွာကျင့်တော်မူပါပေ၏။

အချင်းတို့ အကြင်သူတို့သည် မြတ်စွာဘုရားကို ကိုးကွယ်ရာဟု ဆည်းကပ်ကုန်၏၊ တရားတော်ကိုကိုးကွယ်ရာဟု ဆည်းကပ်ကုန်၏၊ သံဃာတော်ကို ကိုးကွယ်ရာဟု ဆည်းကပ်ကုန်၏၊ သီလတို့၌ ပြည့်စုံစွာ ကျင့်လေ့ရှိကုန်၏။ ထိုသူတို့သည် ခန္ဓာကိုယ်ပျက်စီး၍ သေသည်မှ နောက်၌ ပရနိမ္မိတဝသဝတ္တီနတ်ပြည်သို့ အချို့ရောက်ကြကုန်၏၊ နိမ္မာနရတိနတ်ပြည်သို့ အချို့ရောက်ကြကုန်၏၊ တုသိတာနတ်ပြည်သို့အချို့ ရောက်ကြကုန်၏။ ယာမာနတ်ပြည်သို့ အချို့ရောက်ကြကုန်၏၊ တာဝတိံသာနတ်ပြည်သို့ အချို့ရောက်ကြကုန်၏၊ စာတုမဟာရာဇ်နတ်ပြည်သို့ အချို့ရောက်ကြကုန်၏၊ အနိမ့်ဆုံး နတ်မျိုး၌ ဖြစ်သောသူတို့သည်ပင်လျှင် ဂန္ဓဗ္ဗနတ်မျိုး၌ ဖြစ်ကုန်၏”ဟု (ပြောဆိုပါ၏)။

၂၈၆။ အသျှင်ဘုရား သနင်္ကုမာရဗြဟ္မာသည် ဤအကြောင်းကို ပြောဆိုပါ၏၊ အသျှင်ဘုရား ဤအ့ကြောင်းကို သနင်္ကုမာရဗြဟ္မာပြောဆိုလတ်သော် “ငါ၏ ပလ္လင်၌ ထိုင်နေသော ဗြဟ္မာတစ်ဦးတည်းသာပြောဆိုသည်”ဟု နတ်တို့သည် မှတ်ထင်ကုန်၏။ (ဗြဟ္မာ) တစ်ဦး ပြောဆိုလတ်သော် ဖန်ဆင်းထားသော ဗြဟ္မာအားလုံးပင် ပြောဆို ကုန်၏၊ (ဗြဟ္မာ) တစ်ဦး ဆိတ်ဆိတ်နေသော် ထိုဖန်ဆင်းထားသော ဗြဟ္မာအားလုံး ပင် ဆိတ်ဆိတ်နေကုန်၏၊

ထိုအခါ သိကြားမင်းနှင့်တကွသော တာဝတိံသာနတ်တို့သည် ငါ၏ ပလ္လင်၌ ထိုင် နေသောဗြဟ္မာတစ်ဦးတည်းသာ ပြောဆိုသည်ဟု မှတ်ထင်ကုန်၏။

အသျှင်ဘုရား ထို့နောက် သနင်္ကုမာရဗြဟ္မာသည် မိမိကိုယ်ကို တစ်ဦးတည်းအဖြစ်သို့ ပြန်၍ဆောင်ပြီးလျှင် နတ်တို့၏အရှင် သိကြားမင်း၏ ပလ္လင်၌ ထက်ဝယ်ဖွဲ့ခွေ ထိုင်နေလျက်တာဝတိံသာနတ်တို့ ကို ဤသို့ ဟောပြောပါသည်။

ပွါးများအပ်ပြီးသော ဣဒ္ဓိပါဒ်ရှိသူ

၂၈၇။ အချင်းတို့ ထိုအရာကို တာဝတိံသာနတ်တို့သည် အဘယ်သို့ မှတ်ထင်ကုန်သနည်း၊ (အလုံးစုံကို) သိတော်မူ မြင်တော်မူသော ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားသည် တန်ခိုးဖန်ဆင်းခြင်း၌ စွမ်းနိုင်စေခြင်းငှါ တန်ခိုးအရာ၌ ကျေပွန်စေခြင်းငှါ အထူးထူးအပြားပြား တန်ခိုးဖန်ဆင်းနိုင်စေခြင်းငှါ ဤပြီးစီးခြင်း၏အခြေခံ ‘ဣဒ္ဓိပါဒ်’ တရားလေးပါးတို့ကို ကောင်းစွာ ဟောကြားထားပေ၏။

အဘယ်လေးပါးတို့နည်းဟူမူ—အချင်းတို့ ဤ (သာသနာတော်) ၌ ရဟန်းသည် ဆန္ဒလွန်ကဲသောသမာဓိနှင့်လည်းကောင်း၊ အားထုတ်ပြုပြင်မှု ‘ပဓာနသင်္ခါရ’ နှင့်လည်းကောင်း ပြည့်စုံပြီးသော ပြီးစီးခြင်း၏အခြေခံ ‘ဣဒ္ဓိပါဒ်’ တရားကို ပွါးများ၏၊ ဝီရိယလွန်ကဲသော သမာဓိနှင့်လည်းကောင်း၊ အားထုတ်ပြုပြင်မှု ‘ပဓာနသင်္ခါရ’ နှင့်လည်းကောင်း၊ ပြည့်စုံသော ပြီးစီးခြင်း၏အခြေခံ ‘ဣဒ္ဓိပါဒ်’ တရားကို ပွါးများ၏၊ စိတ်လွန်ကဲသော သမာဓိနှင့်လည်းကောင်း အားထုတ်ပြုပြင်မှု ‘ပဓာနသင်္ခါရ’ နှင့်လည်းကောင်း ပြည့်စုံသော ပြီးစီးခြင်း၏အခြေခံ ‘ဣဒ္ဓိပါဒ်’ တရားကို ပွါးများ၏၊ ပညာလွန်ကဲသော သမာဓိနှင့်လည်းကောင်း အားထုတ်ပြုပြင်မှု ‘ပဓာနသင်္ခါရ’ နှင့်လည်းကောင်း ပြည့်စုံသော ပြီးစီးခြင်း၏အခြေခံ ‘ဣဒ္ဓိပါဒ်’ တရားကို ပွါးများ၏။

အချင်းတို့ (အလုံးစုံကို) သိတော်မူ မြင်တော်မူသော ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားသည် တန်ခိုးဖန်ဆင်းခြင်း၌ စွမ်းနိုင်စေခြင်းငှါ တန်ခိုးအရာ၌ ကျေပွန်စေခြင်းငှါ (တန်ခိုးအရာ၌ အလေ့အလာဖြစ်စေခြင်းငှါ) အထူးထူးအပြားပြား တန်ခိုးဖန်ဆင်း နိုင်စေခြင်းငှါ ကောင်းစွာ ဟောကြားအပ်သော ပြီးစီးခြင်း၏ အခြေခံ ‘ဣဒ္ဓိပါဒ်’ တရား လေးပါးတို့ဟူသည် ဤသည်တို့ပင်တည်း။

အချင်းတို့ အတိတ်ကာလ၌ များပြားသော တန်ခိုးဖန်ဆင်းခြင်းကို ပြီးစေကုန်သော ထိုသမဏဗြာဟ္မဏအားလုံးတို့သည် ဤပြီးစီးခြင်း၏အခြေခံ ‘ဣဒ္ဓိပါဒ်’ တရား လေးပါးတို့ကိုပင် ပွါးများလေ့လာကြသောကြောင့် ပြီးစေနိုင်ခဲ့ကုန်၏။

အချင်းတို့ အနာဂတ်ကာလ၌ များပြားသော တန်ခိုးဖန်ဆင်းခြင်းကို ပြီးစေကုန်လတ္တံ့သော ထိုသမဏဗြာဟ္မဏအားလုံးတို့သည်လည်း ဤပြီးစီးခြင်း၏အခြေခံ ‘ဣဒ္ဓိပါဒ်’ တရား လေးပါးတို့ကိုပင် ပွါးများလေ့လာကြသောကြောင့် ပြီးစေနိုင်ကုန်လတ္တံ့။

အချင်းတို့ ယခု ပစ္စုပ္ပန်ကာလ၌ များပြားသော တန်ခိုးဖန်ဆင်းခြင်းကို ပြီးစေကုန်သော ထိုသမဏဗြာဟ္မဏအားလုံးတို့သည်လည်း ဤပြီးစီးခြင်း၏အခြေခံ ‘ဣဒ္ဓိပါဒ်’ တရားလေးပါးတို့ကိုပင် ပွါးများလေ့လာကြသောကြောင့် ပြီးစီးနိုင်စေကုန်၏။

အချင်းတာဝတိံသာနတ်တို့ ဤသို့ သဘောရှိသော ငါ၏ တန်ခိုးအာနုဘော်ကိုလည်း မြင်ကုန်၏့မဟုတ်လောဟု (မေး၏)။

“မြင်ရပါကုန်၏ အသျှင်ဗြဟ္မာကြီး”ဟု (ဖြေကြကုန်၏)။

အချင်းတို့ ငါသည်လည်း ဤပြီးစီးခြင်း၏အခြေခံ ‘ဣဒ္ဓိပါဒ်’ တရား လေးပါးတို့ကိုပင် ပွါးများလေ့လာထားသောကြောင့် ဤသို့တန်ခိုးအာနုဘော်ကြီးပေ၏ဟု (ဆို၏)။

အသျှင်ဘုရား သနင်္ကုမာရဗြဟ္မာသည် ဤအကြောင်းကို ဟောပြောပါသည်။ အသျှင်ဘုရားသနင်္ကုမာရဗြဟ္မာသည် ဤအကြောင်းကို ဟောပြောပြီးလျှင် တာဝတိံသာနတ်တို့ကို (ဤသို့လည်း) ဟောပြောပြန်ပါသည်။

၂၈၈။ အချင်းတို့ ထိုအရာကို တာဝတိံသာနတ်တို့သည် အဘယ်သို့ မှတ်ထင်ကုန်သနည်း၊ သိတော်မူမြင်တော်မူ၍ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာသိတော်မူသော ထိုမြတ်စွာဘုရားသည် (ဈာန် မဂ် ဖိုလ်) ချမ်းသာကို ရခြင်းငှါ အခွင့်ရမှု ‘သြကာသာဓိဂမ’ သုံးပါးတို့ကို အထူးသဖြင့် သိတော်မူပါပေ၏၊ အဘယ်သုံးပါးတို့နည်းဟူမူ—

အချင်းတို့ ဤလောက၌ အချို့သောသူသည် ကာမဂုဏ်တို့နှင့် ရောယှက်သည်ဖြစ်၍ အကုသိုလ်တရားတို့နှင့် ရောယှက်သည်ဖြစ်၍ နေ၏။ ထိုသူသည် အခါတစ်ပါး၌ မြတ်သော တရားတော်ကိုကြားနာ ရ၏၊ နည်းလမ်းမှန်စွာ နှလုံးသွင်း၏၊ (လောကုတ္တရာ) တရားနှင့် လျော်သောအကျင့်ကို ကျင့်၏။ ထိုသူ သည် မြတ်သော တရားကို ကြားနာရမှု၊ နည်းလမ်းမှန်စွာ နှလုံးသွင်းမှု၊ (လောကုတ္တရာ) တရားနှင့် လျော်စွာ ကျင့်မှုတို့ကို အကြောင်းပြု၍ ကာမဂုဏ်တို့နှင့် မရောယှက်သည်ဖြစ်၍အကုသိုလ်တရားတို့နှင့် မရောယှက်သည်ဖြစ်၍ နေ၏။

ကာမဂုဏ်တို့နှင့် မရောယှက်သည်ဖြစ်၍ အကုသိုလ်တရားတို့နှင့် မရောယှက်သည်ဖြစ်၍ နေသောထိုသူအား (ပဌမဈာန်) ချမ်းသာသည် ဖြစ်၏၊ ချမ်းသာသောကြောင့် အလွန်ဝမ်းမြောက်၏၊ အချင်းတို့ဥပမာသော်ကား နှစ်သိမ့်မှုကြောင့် ဝမ်းမြောက်မှုဖြစ်သကဲ့သို့ ဤအတူပင် ကာမဂုဏ်တို့နှင့် မရောယှက်သည်ဖြစ်၍ အကုသိုလ်တရားတို့နှင့် မရောယှက်သည်ဖြစ်၍ နေသော ထိုသူ့အား (ပဌမဈာန်) ချမ်းသာသည် ဖြစ်၏၊ ချမ်းသာသောကြောင့် အလွန်ဝမ်းမြောက်၏။ အချင်းတို့ (အလုံးစုံကို) သိတော်မူ မြင်တော်မူသော ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားသည် (ဈာန် မဂ် ဖိုလ်) ချမ်းသာကို ရခြင်းငှါ ရှေးဦးစွာသောဤအခွင့်ရမှု ‘သြကာသာ ဓိဂမ’ ကို သိတော်မူပါပေ၏။

အချင်းတို့ တစ်ဖန် ထို့ပြင်လည်း ဤလောက၌ အချို့သော သူအား ရုန့်ရင်းသော ထွက်သက် ဝင်သက် ‘ကာယသင်္ခါရ’ တို့သည် မငြိမ်းကုန်၊ ရုန့်ရင်းသော ကြံစည်မှု စဉ်းစားမှု ‘ဝစီသင်္ခါရ’ တို့သည် မငြိမ်းကုန်၊ ရုန့်ရင်းသော ခံစားမှု မှတ်သားမှု ‘စိတ္တသင်္ခါရ’ တို့သည် မငြိမ်းကုန်၊ ထိုသူသည် အခါတစ်ပါး၌ မြတ်သောတရားတော်ကို ကြားနာရ၏၊ နည်းလမ်းမှန်စွာ နှလုံးသွင်း၏၊ (လောကုတ္တရာ) တရားနှင့် လျော် သောအကျင့်ကို ကျင့်၏။ ထိုသူအား မြတ်သောတရားကို ကြားနာရမှု၊ နည်းလမ်းမှန်စွာ နှလုံးသွင်းမှု၊ (လောကုတ္တရာ) တရားနှင့်လျော်စွာ ကျင့်မှုကိုအကြောင်းပြု၍ ရုန့်ရင်းသော ထွက်သက်ဝင်သက် ‘ကာယသင်္ခါရ’ တို့သည် ငြိမ်းကုန်၏၊ ရုန့်ရင်းသော ကြံစည်မှု စဉ်းစားမှု ‘ဝစီသင်္ခါရ’ တို့သည် ငြိမ်းကုန်၏၊ ရုန့်ရင်းသော ခံစားမှု မှတ်သားမှု ‘စိတ္တသင်္ခါရ’ တို့သည် ငြိမ်းကုန်၏။ ထိုသူအား ရုန့်ရင်းသော ကာယသင်္ခါရ ဝစီသင်္ခါရ စိတ္တသင်္ခါရတို့၏ ငြိမ်းခြင်းကြောင့် (စတုတ္ထဈာန်) ချမ်းသာသည် ဖြစ်၏၊ ချမ်းသာသောကြောင့် အလွန်ဝမ်းမြောက်၏၊ အချင်းတို့ ဥပမာအားဖြင့် နှစ်သိမ့်မှုကြောင့် ဝမ်းမြောက်မှုဖြစ်သကဲ့သို့ဤအတူပင် ရုန့်ရင်းသော ကာယသင်္ခါရ ဝစီသင်္ခါရ စိတ္တသင်္ခါရတို့၏ ငြိမ်းခြင်းကြောင့် (စတုတ္ထဈာန်) ချမ်းသာသည် ဖြစ်၏၊ ချမ်းသာသောကြောင့် အလွန်ဝမ်းမြောက်၏၊ အချင်းတို့ (အလုံးစုံကို) သိတော်မူမြင်တော်မူသော ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ့သိတော်မူသော ထိုမြတ်စွာဘုရားသည် (ဈာန် မဂ် ဖိုလ်) ချမ်းသာကို ရခြင်းငှါ နှစ်ကြိမ်မြောက်ဖြစ်သော ဤအခွင့်ရမှု ‘သြကာသာဓိဂမ’ ကို သိတော်မူပါပေ၏။

အချင်းတို့ တစ်ဖန်ထို့ပြင်လည်း ဤလောက၌ အချို့သော သူသည် “ဤကား ကုသိုလ်တည်း”ဟုဟုတ်မှန်သည့်အတိုင်း မသိ၊ “ဤကား အကုသိုလ်တည်း”ဟုဟုတ်မှန်သည့်အတိုင်း မသိ၊ “ဤကားအပြစ်ရှိ၏၊ ဤကား အပြစ်မရှိ။ ဤကား မှီဝဲအပ်၏၊ ဤကား မမှီဝဲအပ်။ ဤကား ယုတ်၏၊ ဤကားမြတ်၏။ ဤကား မည်းသောအဖို့, ဖြူသောအဖို့ ရှိ၏”ဟုဟုတ်မှန်သည့်အတိုင်း မသိ၊ ထိုသူသည်အခါတစ်ပါး၌ မြတ်သောတရားကို ကြားနာရ၏၊ နည်းလမ်းမှန်စွာ နှလုံးသွင်း၏၊ (လောကုတ္တရာ) တရားနှင့်လျော်သော အကျင့်ကို ကျင့်၏။ ထိုသူသည် မြတ်သောတရားကို ကြားနာရမှု၊ နည်းလမ်းမှန်စွာနှလုံးသွင်းရမှု၊ လောကုတ္တရာတရားနှင့်လျော်စွာ ကျင့်မှုတို့ကို အကြောင်းပြု ၍ “ဤကား ကုသိုလ်တည်း”ဟုဟုတ်မှန်သည့် အတိုင်း သိ၏၊ “ဤကား အကုသိုလ်တည်း”ဟုဟုတ်မှန်သည့်အတိုင်း သိ၏၊ “ဤကား အပြစ်ရှိ၏၊ ဤကား အပြစ်မရှိ။ ဤကား မှီဝဲအပ်၏၊ ဤကား မမှီဝဲအပ်။ ဤကား ယုတ်၏၊ ဤကား မြတ်၏။ ဤကား မည်းသောအဖို့, ဖြူသောအဖို့ ရှိ၏”ဟုဟုတ်မှန်သည့်အတိုင်း သိ၏။

ဤသို့ သိ, မြင်သော ထိုသူအား မသိမှု ‘အဝိဇ္ဇာ’ ပျောက်၏၊ သိမှု ‘ဝိဇ္ဇာ’ ဖြစ်ပေါ်၏၊ ထိုသူ့အားအဝိဇ္ဇာပျောက်၍ ဝိဇ္ဇာဖြစ်ပေါ်ခြင်းကြောင့် (မဂ် ဖိုလ်) ချမ်းသာသည် ဖြစ်၏၊ ချမ်းသာသောကြောင့် အလွန်ဝမ်းမြောက်၏၊ အချင်းတို့ ဥပမာသော်ကား နှစ်သိမ့်မှုကြောင့် ဝမ်းမြောက်မှုဖြစ်သကဲ့သို့ ဤအတူပင်အဝိဇ္ဇာပျောက်၍ ဝိဇ္ဇာဖြစ် ပေါ်ခြင်းကြောင့် (မဂ် ဖိုလ်) ချမ်းသာသည် ဖြစ်၏၊ ချမ်းသာသောကြောင့်အလွန်ဝမ်းမြောက်၏။ အချင်းတို့ (အလုံးစုံကို) သိတော်မူ မြင်တော်မူသော ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားသည် (ဈာန် မဂ်ဖိုလ်) ချမ်းသာကို ရခြင်းငှါ သုံးကြိမ်မြောက်ဖြစ်သော ဤအခွင့်ရမှု ‘သြကာသာဓိဂမ’ ကို သိတော်မူပါပေ၏။

အချင်းတို့ (အလုံးစုံကို) သိတော်မူ မြင်တော်မူသော ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားသည် (ဈာန်မဂ်ဖိုလ်) ချမ်းသာကိုရခြင်းငှါ သိတော်မူထားသော အခွင့်ရမှု ‘သြကာသာဓိဂမ’ သုံးပါးတို့ဟူသည်” ဤသည်တို့ပင်တည်း။

အသျှင်ဘုရား ဤ အကြောင်းကိုလည်း သနင်္ကုမာရဗြဟ္မာသည် ဟောပြောပြန်ပါသည်၊ အသျှင်ဘုရားသနင်္ကုမာရဗြဟ္မာသည် ဤအကြောင်းကို ဟောပြောပြီးလျှင် တာဝတိံသာနတ်တို့ကို (ဤသို့လည်း) ဟောပြောပြန်ပါသည်။

သတိပဋ္ဌာန် လေးပါး

၂၈၉။ “အချင်းတို့ ထိုအရာကို အသျှင်တာဝတိံသာနတ်တို့သည် အဘယ်သို့ မှတ်ထင်ကြကုန်သနည်း၊ (အလုံးစုံကို) သိတော်မူ မြင်တော်မူသော ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားသည် ဤသတိပဋ္ဌာန်တရား လေးပါးတို့ကို ကောင်းစွာ ဟောကြားထားပေ၏၊ (မဂ်ဖိုလ်ဟုဆိုအပ်သော) ကုသိုလ်ရခြင်းငှါ ဟောကြားထားပေ၏။

အဘယ်လေးပါးတို့နည်းဟူမူ—အချင်းတို့ ဤ (သာသနာတော်) ၌ ရဟန်းသည် ပြင်းစွာအားထုတ်လျက်ဆင်ခြင်လျက် သတိရှိလျက် မိမိ၏ ရုပ်အပေါင်း၌ ရုပ်အပေါင်းဟု အဖန်ဖန်ရှုလျက် လောက၌ (ဖြစ်တတ်သော) လိုချင်တပ်မက်ခြင်းနှင့် နှလုံးမသာယာခြင်းကို ပယ်ဖျောက်၍ နေ၏၊ မိမိ၏ ရုပ်အပေါင်း၌ ရုပ်အပေါင်းဟု အဖန်ဖန် ရှုလျက်နေသော ရဟန်းသည် ထို (မိမိရုပ်အပေါင်း) ၌ ကောင်းစွာ စူးစိုက်တည်ကြည်၏၊ ကောင်းစွာ ကြည်လင်၏၊ ထို (ရဟန်း) သည် ထို (မိမိရုပ်အပေါင်း) ၌ ကောင်းစွာ စူးစိုက်တည်ကြည်၍ ကောင်းစွာ ကြည်လင်လတ်သော် ပြင်ပ သူတစ်ပါး၏ ရုပ်အပေါင်း၌ ဉာဏ်အမြင်ကို ဖြစ်စေ၏။

ပြင်းစွာအားထုတ်လျက် ဆင်ခြင်လျက် သတိရှိလျက် မိမိ၏ ခံစားမှု ‘ဝေဒနာ’ တို့၌ ခံစားမှု ‘ဝေဒနာ’ဟုအဖန်ဖန်ရှုလျက် နေ၏။ ပ။ ပြင်ပသူတစ်ပါး၏ ခံစားမှု ‘ဝေဒနာ’ တို့၌ ဉာဏ်အမြင်ကို ဖြစ်စေ၏။

ပြင်းစွာအားထုတ်လျက် ဆင်ခြင်လျက် သတိရှိလျက် မိမိ၏ စိတ်၌ စိတ်ဟု အဖန်ဖန်ရှုလျက် နေ၏။ပ။ ပြင်ပသူတစ်ပါး၏ စိတ်၌ ဉာဏ်အမြင်ကို ဖြစ်စေ၏။

ပြင်းစွာအားထုတ်လျက် ဆင်ခြင်လျက် သတိရှိလျက် မိမိ၏ သဘောတရား ‘ဓမ္မ’ တို့၌ သဘောတရား ‘ဓမ္မ’ဟု အဖန်ဖန်ရှုလျက် လောက၌ (ဖြစ်တတ်သော) လိုချင်တပ်မက်ခြင်းနှင့်နှလုံးမသာယာခြင်းကို ပယ်ဖျောက်၍ နေ၏၊ မိမိ၏ သဘောတရား ‘ဓမ္မ’ တို့၌ သဘောတရား ‘ဓမ္မ’ဟုအဖန်ဖန်ရှုလျက်နေသော ရဟန်းသည် ထို (မိမိ၏ သဘောတရား) တို့၌ ကောင်းစွာ စူးစိုက်တည်ကြည်၏၊ ကောင်းစွာ ကြည်လင်၏၊ ထို (ရဟန်း) သည် ထို (မိမိ၏ သဘောတရား) တို့၌ ကောင်းစွာစူးစိုက်တည်ကြည်၍ ကောင်းစွာ ကြည်လင် လတ်သော် ပြင်ပသူတစ်ပါး၏ သဘောတရား ‘ဓမ္မ’ တို့၌ဉာဏ်အမြင်ကို ဖြစ်စေ၏။

အချင်းတို့ (အလုံးစုံကို) သိတော်မူ မြင်တော်မူသော ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားသည် (မဂ်ဖိုလ်ဟုဆိုအပ်သော) ကုသိုလ်ကို ရခြင်းငှါ ဟောကြားထားသော သတိပဋ္ဌာန်လေးပါးတို့” ဟူသည် ဤသည်တို့ပင်တည်း။

အသျှင်ဘုရား ဤအကြောင်းကို သနင်္ကုမာရဗြဟ္မာဟောပြောပါသည်၊ အသျှင်ဘုရား ဤသနင်္ကုမာရဗြဟ္မာသည် ဤအကြောင်းကို ဟောပြောပြီးလျှင် တာဝတိံသာနတ်တို့အား (ဤသို့လည်း) ဟောပြောပြန်ပါ သည်။

သမာဓိ၏ အခြံအရံ ခုနစ်ပါး

၂၉ဝ။ “အချင်းတို့ ထိုအရာကို အသျှင်တာဝတိံသာနတ်တို့သည် အဘယ်သို့ မှတ်ထင်ကြကုန်သနည်း၊ (အလုံးစုံကို) သိတော်မူ မြင်တော်မူသော ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားသည် သမ္မာသမာဓိကို ဖြစ်ပွါးစေခြင်းငှါသမ္မာသမာဓိ လုံးဝပြည့်စုံခြင်းငှါ ဤသမ္မာသမာဓိ၏ အခြံအရံ ခုနစ်ပါးတို့ကို ကောင်းစွာ ဟောကြားတော်မူပေ၏။

အဘယ်ခုနစ်ပါးတို့နည်းဟူမူ—မှန်စွာသိမြင်ခြင်း ‘သမ္မာဒိဋ္ဌိ’ ၊ မှန်စွာကြံခြင်း ‘သမ္မာသင်္ကပ္ပ’ ၊ မှန်စွာပြောဆိုခြင်း ‘သမ္မာဝါစာ’ ၊ မှန်စွာပြုလုပ်ခြင်း ‘သမ္မာကမ္မ န္တ’ ၊ မှန်စွာအသက်မွေးခြင်း ‘သမ္မာအာဇီဝ’ ၊ မှန်စွာအားထုတ်ခြင်း ‘သမ္မာဝါယာမ’ ၊ မှန်စွာအောက်မေ့ခြင်း ‘သမ္မာသတိ’ တို့ပေတည်း။

အချင်းတို့ ဤ အင်္ဂါခုနစ်ပါးတို့ခြံရံလျက်ရှိသော စိတ်၏ တည်ကြည်မှု ဤ အရိယသမ္မာသမာဓိကိုအကြောင်းနှင့် ပြည့်စုံသည်ဟူ၍လည်းကောင်း၊ အခြံအရံနှင့် ပြည့်စုံသည်ဟူ၍လည်းကောင်းဆိုအပ်ပေ၏။

အချင်းတို့ မှန်စွာ သိမြင်ခြင်းရှိသော သူအား မှန်စွာ ကြံခြင်းသည် ဖြစ်၏၊ မှန်စွာ ကြံခြင်းရှိသောသူအား မှန်စွာ ပြောဆိုခြင်းသည် ဖြစ်၏၊ မှန်စွာ ပြောဆိုခြင်းရှိသော သူအား မှန်စွာ ပြုလုပ်ခြင်းသည်ဖြစ်၏၊ မှန်စွာ ပြုလုပ်ခြင်းရှိသော သူအား မှန်စွာ အသက်မွေးခြင်းသည် ဖြစ်၏၊ မှန်စွာ အသက်မွေးခြင်းရှိသော သူအား မှန်စွာ အားထုတ်ခြင်းသည် ဖြစ်၏၊ မှန်စွာ အားထုတ်ခြင်းရှိသော သူအားမှန်စွာ အောက်မေ့ခြင်းသည် ဖြစ်၏၊ မှန်စွာ အောက်မေ့ခြင်းရှိသော သူအား မှန်စွာ သိခြင်းသည် ဖြစ်၏၊ မှန်စွာ သိခြင်းရှိသော သူအား မှန်စွာ လွတ်မြောက်ခြင်းသည် ဖြစ်၏။

အချင်းတို့ (တရားတော်၏ ဂုဏ်ကို) ကောင်းစွာ ပြောဆိုလိုသော သူသည် “ဘုရားသျှင် ဟောအပ်သော တရားတော်သည် ကောင်းစွာ ဟောထားသော တရားတော်ပါပေတည်း၊ ကိုယ်တိုင် သိမြင်နိုင်သော တရားတော်ပါပေတည်း၊ အခါမလင့် အကျိုးကို ပေးတတ်သော တရားတော်ပါပေတည်း၊ လာလှည့်ရှုလှည့်ဟု ဖိတ်ခေါ်ပြထိုက်သော တရားတော်ပါပေတည်း၊ (မိမိတို့ကိုယ်ထဲ စိတ်ထဲ၌) ဆောင်ယူထားထိုက်သော တရားတော်ပါပေတည်း၊ (အရိယာ) ပညာရှိတို့သာ ကိုယ်စီကိုယ်င သိနိုင်ခံစားနိုင်သော တရားတော်ပါပေတည်း၊ ဖွင့်လှစ်ထားသော အမြိုက် နိဗ္ဗာန်တံခါးကြီးပါပေတည်း” ဟူ၍ အကြင်တရားကိုပြောဆိုရာ၏၊ ကောင်းစွာ ပြောဆိုလိုက ထိုသို့ပြောဆိုရာသော တရားသည် ဤ (သမ္မာဒိဋ္ဌိအစရှိသော) တရားတော်သာ လျှင် ဖြစ်ပေ၏။ အချင်းတို့ အကြောင်းမူကား— မြတ်စွာဘုရား ဟောတော်မူအပ်သောဤတရားတော်သည် ကောင်းစွာ ဟောထားသော တရားတော်လည်း မှန်ပါပေ၏၊ ကိုယ်တိုင်သိမြင်နိုင်သော တရားတော်လည်း မှန်ပါပေ၏၊ အခါမလင့် အကျိုးကို ပေးတတ်သော တရားတော်လည်းမှန်ပါပေ၏၊ လာလှည့် ရှုလှည့်ဟု ဖိတ်ခေါ်ပြထိုက်သော တရားတော်လည်း မှန်ပါပေ၏၊ (မိမိတို့ကိုယ်ထဲ စိတ်ထဲ၌) ဆောင်ယူထားထိုက်သော တရားတော်လည်း မှန်ပါပေ၏၊ (အရိယာ) ပညာရှိတို့သာ ကိုယ်စီကိုယ်င သိနိုင်ခံစားနိုင်သော တရားတော် လည်း မှန်ပါပေ၏၊ ဖွင့်လှစ်ထားသော အမြိုက်နိဗ္ဗာန် တံခါးကြီးလည်း မှန်ပါပေ၏။

အချင်းတို့ အကြင်သူတို့သည် ဘုရား တရား သံဃာကို ဉာဏ်ဖြင့် တွေ့၍ (တုန်လှုပ်ခြင်းမရှိသော) ကြည်ညိုခြင်းနှင့် ပြည့်စုံကုန်၏၊ အရိယာတို့ နှစ်သက်မြတ်နိုးအပ်သော သီလတို့နှင့် ပြည့်စုံကုန်၏။ (ထို့ပြင်) အကြင် မဂဓတိုင်းသား အလုပ်အကျွေး ဥပါသကာ နှစ်သန်းလေးသိန်းကျော်တို့သည် တရားတော်ဖြင့် ယဉ်ကျေးသိမ်မွေ့လျက် (လူ့ပြည်မှ) ကွယ်လွန်စုတေခဲ့၍ နတ်ပြည်၌ ထင်ရှားဖြစ်လာကုန်၏၊ (ထိုသူအားလုံးတို့သည်) သုံးပါးသော သံယောဇဉ် ‘အနှောင်အဖွဲ့’ တို့၏ အကြွင်းမဲ့ကုန်ခြင်းကြောင့် အပါယ်လေးပါးသို့ ကျခြင်းသဘောမရှိသော ကိန်းသေမြဲသော အထက်မဂ်သုံးပါးလျှင် လားရာရှိသော သောတာပန်ပုဂ္ဂိုလ်များ ဖြစ်ကုန်၏၊ ဤပုဂ္ဂိုလ်များထဲ၌ သကဒါဂါမ်ပုဂ္ဂိုလ်တို့သည် ပါဝင်လျက်ရှိကုန်၏။

ဤ (သောတာပန် သကဒါဂါမ်) တို့မှ တစ်ပါး ကောင်းမှုအဖို့ကြောင့် ဖြစ်သော အနာဂါမ် ပုဂ္ဂိုလ်တို့လည်းရှိကြသေး၏ဟု အကျွန်ုပ်သိပါ၏၊ သို့ရာတွင် မုသာဝါဒ ဖြစ်မည်စိုး၍ အတိအကျအရေအတွက်ကိုဖော်ပြရန်ကား မစွမ်းနိုင်ပါ။

၂၉၁။ အသျှင်ဘုရား သနင်္ကုမာရဗြဟ္မာသည် ဤအကြောင်းကို ဟောပြောပါ၏။

အသျှင်ဘုရား သနင်္ကုမာရဗြဟ္မာသည် ဤအကြောင်းကို ဟောပြောလတ်သော် ဝေဿဝဏ်နတ်မင်းကြီးအား ဤသို့သော စိတ်အကြံသည် ထင်ရှားဖြစ်ပါ၏—

“အချင်းတို့ အံ့ဖွယ်ရှိပါပေစွတကား၊ အချင်းတို့ မဖြစ်ဖူးမြဲ ဖြစ်ပါပေစွတကား၊ ဤမျှလောက်ကြီးကျယ်မြင့်မြတ်သော ဆရာသည် ဖြစ်ပေါ်တုံဘိ၏၊ ဤမျှလောက် ကြီးကျယ်မြင့်မြတ်သော တရားဟောခြင်းသည် ဖြစ်ပေါ်တုံဘိ၏၊ ဤမျှလောက် များပြားသော တရားထူး ရသူတို့သည် ထင်ရှားပေါ်လာကုန်ဘိ၏”ဟု (စိတ်အကြံသည် ဖြစ်ပါ၏)။

အသျှင်ဘုရား ထိုအခါ သနင်္ကုမာရဗြဟ္မာသည် ဝေဿဝဏ်နတ်မင်းကြီး၏ စိတ်အကြံကို မိမိစိတ်ဖြင့်သိ၍ ဝေဿဝဏ်နတ်မင်းကြီးအား ဤစကားကို ဆိုပါ၏ “ထိုအရာကို အရှင်ဝေဿဝဏ်နတ်မင်းကြီးသည်အဘယ်သို့ မှတ်ထင်ပါသနည်း၊ အတိတ်ကာလ၌လည်း ဤမျှလောက် ကြီးကျယ်မြင့်မြတ်သော ဆရာသည်ဖြစ်ပေါ်ခဲ့ဖူးပြီ၊ ဤမျှလောက် ကြီးကျယ်မြင့်မြတ်သော တရားဟောခြင်းသည် ဖြစ်ပေါ်ခဲ့ဖူးပြီ၊ ဤမျှလောက် များပြားသော တရားထူးရသူတို့သည် ထင်ရှားပေါ်လာခဲ့ဖူးကုန်ပြီ၊ အနာဂတ်ကာလ၌လည်းဤမျှလောက် ကြီးကျယ်မြင့်မြတ်သော ဆရာသည် ဖြစ်ပေါ်ဦးလတ္တံ့၊ ဤမျှလောက်ကြီးကျယ်မြင့်မြတ်သော တရားဟောခြင်းသည် ဖြစ်ပေါ်ဦးလတ္တံ့၊ ဤမျှလောက် များပြားသောတရားထူးရသူတို့သည် ထင်ရှားပေါ်လာကုန်ဦး လတ္တံ့ဟု (ဆိုပါ၏)။ အသျှင်ဘုရား ဤအကြောင်းကိုသနင်္ကုမာရဗြဟ္မာသည် တာဝတိံသာနတ်တို့အား ပြောဆိုပါ၏။

၂၉၂။ တာဝတိံသာနတ်တို့အား သနင်္ကုမာရဗြဟ္မာ ပြောဆိုသော ဤစကားကို ဝေဿဝဏ်နတ်မင်းကြီးသည် ကိုယ်တိုင်ကြားနာ ခံယူပြီးလျှင် မိမိပရိသတ်အား (တစ်ဆင့်) ပြောကြားပါ၏၊ မိမိပရိသတ်အား ဝေဿဝဏ်နတ်မင်းကြီး ပြောဆိုသော ဤအကြောင်းကို ဇနဝသဘနတ်သားသည်ကိုယ်တိုင်ကြားနာခံ ယူပြီးလျှင် မြတ်စွာဘုရားအား လျှောက်ကြား၏၊ မြတ်စွာဘုရားသည်ဤအကြောင်းကို ဇနဝသဘနတ် သား၏ထံမှ ကြားနာလက်ခံ တော်မူရသည့်ပြင် ကိုယ်တိုင်လည်းထူးသောဉာဏ်ဖြင့် သိတော်မူ၍ အသျှင် အာနန္ဒာအား ဟောကြားတော်မူ၏၊ အသျှင်အာနန္ဒာသည်ဤအကြောင်းကို မြတ်စွာဘုရား၏ မျက်မှောက် တော်မှ ကြားနာခံယူပြီးလျှင် ရဟန်းယောကျာ်းရဟန်းမိန်းမ ဥပါသကာယောကျာ်း ဥပါသိကာမိန်းမ တို့အား (တစ်ဆင့်) ဟောကြားတော်မူ၏။

ယင်းသို့ ဟောကြားသဖြင့်လည်း ဤမြတ်သောအကျင့် (သာသနာတော်) သည် ပညာရှိနတ်လူတို့ကောင်းစွာ ပြနိုင်သည့်တိုင်အောင် ပြည့်စုံ စည်ပင် ပြန့်ပွါးလျက် လူအများသိဖြစ်ကာ အကြီးအကျယ်ထွန်းကားလေသတည်း။

ငါးခုမြောက် ဇနဝသဘသုတ် ပြီး၏။