ဒီဃနိကာယ်

၃၄၄။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည် —

အခါတစ်ပါး၌ မြတ်စွာဘုရားသည် မဂဓတိုင်း ရာဇဂြိုဟ်ပြည်၏ အရှေ့အရပ် အမ္ဗသဏ္ဍမည်သောပုဏ္ဏားရွာ၏ မြောက်အရပ် ဝေဒိယကတောင် ဣန္ဒသာလဂူ၌၁ သီတင်းသုံးနေတော်မူ၏။

ထိုအခါ နတ်တို့အရှင် သိကြားမင်းအား မြတ်စွာဘုရားကို ဖူးမြော်ရန် ပြင်းစွာတောင့်တသော စိတ်ဖြစ်ပေါ်လေ၏၊ ထို့နောက် နတ်တို့၏အရှင် သိကြားမင်းအား—

“ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူ သောမြတ်စွာဘုရားသည် ယခုအခါ အဘယ်အရပ်၌ သီတင်းသုံးနေတော်မူသနည်း”ဟု အကြံဖြစ်၏။

(ထိုအခါ) မဂဓတိုင်း ရာဇဂြိုဟ်ပြည်၏ အရှေ့အရပ် အမ္ဗသဏ္ဍမည်သော ပုဏ္ဏားရွာ၏ မြောက် အရပ်ဝေဒိယကတောင် ဣန္ဒသာလဂူ၌ မြတ်စွာဘုရား သီတင်းသုံးနေတော်မူလျက် ရှိသည်ကို မြင်၍နတ်တို့၏အရှင် သိကြားမင်းသည် တာဝတိံသာနတ်တို့အား (ဤသို့) မိန့်ဆို၏—

“အချင်းတို့ ဤမြတ်စွာဘုရားသည် မဂဓတိုင်း ရာဇဂြိုဟ်ပြည်၏ အရှေ့အရပ် အမ္ဗသဏ္ဍမည်သော ပုဏ္ဏားရွာ၏ မြောက်အရပ် ဝေဒိယကတောင် ဣန္ဒသာလဂူ၌ သီတင်းသုံးနေတော်မူလျက် ရှိ၏။ အချင်းတို့ ငါတို့သည် ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာသိတော်မူ သော မြတ်စွာဘုရားကို ဖူးမြော်ရန် ချဉ်းကပ်ကြရမူ ကောင်းလေစွ”ဟု (မိန့်ဆို၏)။

“ကောင်းပါပြီ အရှင်သိကြားမင်း”ဟု တာဝတိံသာနတ်တို့သည် နတ်တို့၏အရှင် သိကြားမင်းအားဝန်ခံကုန်၏။

၃၄၅။ ထို့နောက် နတ်တို့၏အရှင် သိကြားမင်းသည် ပဉ္စသိခမည်သော ဂန္ဓဗ္ဗနတ်သားအား (ဤသို့) မိန့်ဆို၏—

“အမောင်ပဉ္စသိခ ဤမြတ်စွာဘုရားသည် မဂဓတိုင်း ရာဇဂြိုဟ်ပြည်၏ အရှေ့အရပ် အမ္ဗသဏ္ဍမည်သော ပုဏ္ဏားရွာ၏ မြောက်အရပ် ဝေဒိယကတောင် ဣန္ဒသာလဂူ၌ သီတင်းသုံးနေတော်မူလျက် ရှိ၏။ အမောင်ပဉ္စသိခ ငါတို့သည် ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရားကို ဖူးမြော်ရန် ချဉ်းကပ်ကြရမူ ကောင်းလေစွ”ဟု (မိန့်ဆို၏)။

“ကောင်းပါပြီ အရှင်သိကြားမင်း”ဟု နတ်တို့၏အရှင် သိကြာမင်းအား ဝန်ခံပြီးလျှင် ပဉ္စသိခမည် သောဂန္ဓဗ္ဗနတ်သားသည် ဗေလုဝပဏ္ဍု၂မည်သော စောင်းကိုယူ၍ နတ်တို့၏အရှင် သိကြားမင်းထံသို့ အတူလိုက်ပါရန် ချဉ်းကပ်လေ၏။

၃၄၆။ ထိုအခါ နတ်တို့အရှင် သိကြားမင်းသည် တာဝတိံသာနတ်တို့ဖြင့် ခြံရံ၍ ပဉ္စသိခနတ်သားကို ရှေ့ဆောင်ပြုလျက် ခွန်အားရှိသော ယောကျာ်းသည် ကွေးသော လက်ကို ဆန့်သကဲ့သို့၊ ဆန့်သောလက်ကို ကွေးသကဲ့သို့ ဤအတူပင် တာဝတိံသာနတ်ပြည်မှ ကွယ်ခဲ့၍ မဂဓတိုင်း ရာဇဂြိုဟ်ပြည်၏အရှေ့အရပ်ရှိ အမ္ဗသဏ္ဍမည်သော ပုဏ္ဏားရွာ၏ မြောက်အရပ် ဝေဒိယကတောင်၌ ထင်ရှားပေါ်လာ၏။

ထိုစဉ်အခါ ဝေဒိယကတောင်နှင့် အမ္ဗသဏ္ဍပုဏ္ဏားရွာသည် နတ်တို့၏ အရောင်ဖြင့် အလွန်တောက်ပလျက်ရှိ၏၊ ထက်ဝန်းကျင်ရွာတို့၌ နေကုန်သော လူတို့သည် ဤသို့ ဆိုကြကုန်၏—

“ယနေ့ ဝေဒိယကတောင်သည် မီးတောက်သကဲ့သို့ ဖြစ်နေ၏တကား၊ ယနေ့ ဝေဒိယကတောင်သည် မီးလောင်နေသကဲ့သို့ ဖြစ်နေ၏တကား၊ ယနေ့ ဝေဒိယကတောင်သည် မီးလျှံထွက်သကဲ့သို့ ဖြစ်နေ၏တကား၊ ယနေ့ ဝေဒိယကတောင်နှင့် အမ္ဗသဏ္ဍပုဏ္ဏားရွာသည် အဘယ်အကြောင်းကြောင့် အလွန်တောက်ပ လျက်ရှိလေသနည်း”ဟု ဆိုကြကုန်၏၊ ထိတ်လန့်ခြင်း ကြက်သီးမွေးညင်းထခြင်း ဖြစ်ကြကုန်၏။

၃၄၇။ ထိုအခါ နတ်တို့၏အရှင် သိကြားမင်းသည် ပဉ္စသိခနတ်သားအား (ဤသို့) မိန့်ဆို၏—

“အမောင်ပဉ္စသိခ မြတ်စွာဘုရားတို့သည် ဈာန်ဝင်စားလေ့ရှိကုန်၏၊ ဈာန်၌ မွေ့လျှော်ကုန်၏၊ ထိုအခိုက်၌ တစ်ပါးတည်း ကိန်းအောင်းတော်မူကုန်၏။ (ထို့ကြောင့်) ငါသို့သော သူသည် ချဉ်းကပ်ရန်မလွယ်ကူလှပေ၊ အမောင်ပဉ္စသိခ သင်သည် မြတ်စွာဘုရားကို ရှေးဦးစွာ ခွင့်ပန်ပါလော့၊ အမောင်ပဉ္စသိခသင် ခွင့်ပန်အပ်ပြီးသည့် နောက်မှ ငါတို့သည် ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားကို ဖူးမြော်ရန် ချဉ်းကပ်ရမူ ကောင်းလေစွ”ဟု မိန့်ဆို၏။

“ကောင်းပါပြီ အရှင်သိကြားမင်း”ဟု ပဉ္စသိခနတ်သားသည် နတ်တို့၏အရှင် သိကြားမင်းအားဝန်ခံပြီးလျှင် ဗေလုဝပဏ္ဍုမည်သော စောင်းကို ယူ၍ ဣန္ဒသာလဂူ ရှိရာသို့ ချဉ်းကပ်လေ၏၊ ချဉ်းကပ်ပြီးလျှင် “ဤနေရာ၌ နေ၍ စောင်းတီးသည်ရှိသော် မြတ်စွာဘုရားသည် ငါနှင့် မဝေးလွန်း မနီးလွန်းဖြစ်၍ငါ၏ စောင်းသံကိုလည်း ကြားလတ္တံ့”ဟု နှလုံးသွင်းကာ တစ်ခုသော နေရာ၌ ရပ်တည်လေ၏။

၁။ ဣန္ဒသာလဂူ—တံခါဝ၌ နှံပဲပင်ရှိသောဂူ

၂။ (ဗေလုဝ—ဥသျှစ်သီး၊ ပဏ္ဍု—ဖျော့တော့)၊ ဥသျှစ်သီးမှည့်အဆင်းကဲ့သို့ ဖျော့တော့သော ဝါဝင်းသောအဆင်း ရှိသော နတ်စောင်း

ပဉ္စသိခ နတ်သား၏ သီချင်းဂါထာ

၃၄၈။ တစ်ခုသော နေရာ၌ ရပ်တည်ပြီးသော် ပဉ္စသိခနတ်သားသည် ဗေလုဝပဏ္ဍုမည်သော စောင်းကိုတီးလေ၏၊ ဘုရားနှင့်စပ်သော တရားနှင့်စပ်သော သံဃာနှင့်စပ်သော ရဟန္တာတို့နှင့်စပ်သော ကာမဂုဏ်နှင့် စပ်သော ဤဂါထာတို့ကိုလည်း သီဆို၏—

“ချစ်နှမ သူရိယဝစ္ဆသာ အကြင်နတ်မင်းကြောင့် ကောင်းခြင်းအင်္ဂါ လက္ခဏာနှင့် ပြည့်စုံ၍ ငါ့အား နှစ်သက်မြတ်နိုးခြင်းကို ဖြစ်စေနိုင်သည့် သင်သည် ဖြစ်ပေါ်၍ လာရပေ၏၊ သင်၏ ဖခင် ထိုတိမ္ဗရုသကနတ်မင်းကို ငါရှိခိုးပါ၏။ ပြိုးပြိုးပြက် အရောင်ထွက်သော ချစ်နှမ၊ ချွေးထွက်နေသူတို့သည် လေအေးကို နှစ်သက်သကဲ့သို့၊ ရေငတ်နေသူတို့သည် ရေအေးကို နှစ်သက်သကဲ့သို၊ ရဟန္တာတို့သည် (လောကုတ္တရာ) တရားကို နှစ်သက်တော်မူသကဲ့သို့၊ ငါသည် သင့်ကို ချစ်ကြိုက်လျက် ရှိပါ၏။ (ချစ်နှမ) ဆေးသည် သူနာ၏ ရောဂါကို ငြိမ်းစေသကဲ့သို့၊ အစာသည် ငတ်မွတ်နေသူ၏ ဆာလောင်ခြင်းကို ငြိမ်းစေသကဲ့သို့၊ တောက်လောင်နေသော မီးကို ရေဖြင့် ငြိမ်းစေသကဲ့သို့၊ ငါ၏ အချစ်မီးကို ငြိမ်းစေပါလော့။ (ချစ်နှမ) အလွန်ပူအိုက်သော ဆင်ပြောင်ကြီးသည် ကြာဝတ်မှုန်ပြွမ်းလျက် အေးမြသော ရေရှိသည့် ရေကန်ထဲသို့ (သက်ဆင်းသကဲ့သို့) ငါသည် သင်၏ ရင်ခွင်ထဲသို့ သက်ဆင်းလိုပါ၏။ (ချစ်နှမ) ချွန်းအုပ်မရအောင် အမုန်ကျနေသော ဆင်သည် လှံလျင် လှံမကို ငါနိုင်ပြီဟု မာန်ယစ်လျက် မည်သည့်အကြောင်းကိုမျှ မသိသကဲ့သို့၊ လက္ခဏာနှင့် ညီညွတ်သည့် ပေါင်ရှိသော သင်နှမကြောင့် အချစ်မာန်ယစ်မူးနေသော ငါသည် မည်သည့်အကြောင်းကိုမျှ မသိတော့ပါ။ (ချစ်နှမ) ငါ၏ စိတ်သည် သင်နှမအပေါ်၌ တစ်ဖက်သတ် တိမ်းညွတ်လျက် စွဲမက်နေချေပြီ၊ ငါးမျှားချိတ်ကို မျိုမိသော ငါးကဲ့သို့ပင် (ငါ၏စိတ်ကို) ပြန်လည် ဆုတ်နစ်စေရန် မစွမ်းနိုင်တော့ပါ။ တင့်တယ်သော ပေါင်ရှိသော ချစ်နှမ၊ ငါ့ကို ဖက်လှည့်ပါလော့။ မခို့တရို့ ကြည့် လေ့ရှိသော ချစ်နှမ၊ ငါ့ကို ဖက်လှည့်ပါလော့။ ကောင်းခြင်းလက္ခဏာနှင့် ပြည့်စုံသော ချစ်နှမ၊ ငါ့ကို ဖက်လှည့်ပါလော့။ ဤသို့ ဖက်ခြင်းကို ငါသည် အလွန်ပင် တောင့်တလျက် ရှိပါ၏။ (ချစ်နှမ) ငါ၏ ချစ်ခင်တပ်မက်မှုသည် ပကတိအားဖြင့် အနည်းငယ်မျှဖြစ်သော်လည်း ရဟန္တာပုဂ္ဂိုလ်၌ လှူဒါန်းခြင်းဒါန စေတနာသည် အတိုင်းမသိ တိုးပွားသကဲ့သို့၊ အဖျားကော့သော ဆံပင်ရှိသည့် သင်နှမ၌ ငါ၏ ချစ်ခင်တပ်မက်မှုသည် အမျိုးမျိုး တိုးပွါး ဖြစ်ပေါ်လျက် ရှိပါ၏။ အလုံးစုံသော ကောင်းခြင်းငါးဖြာ လက္ခဏာနှင့် ပြည့်စုံသော ချစ်နှမ၊ သည်း ခံခြင်းစသည့် တာဒိဂုဏ်နှင့်ပြည့်စုံကုန်သော မြတ်စွာဘုရားတို့၌ ပြုခဲ့သော ငါ၏ ကောင်းမှု ဟူသမျှသည် သင်နှမနှင့် အတူအကျိုးပေးပါစေသတည်း။ အလုံးစုံသော ကောင်းခြင်းငါးဖြာ လက္ခဏာနှင့် ပြည့်စုံသော ချစ်နှမ၊ ဤမြေ ပြင်၌ ငါပြုထားသောကောင်းမှုဟူသမျှသည် သင်နှမနှင့် အတူ အကျိုးပေးပါစေ သတည်း။ (ချစ်နှမ) သူရိယဝစ္ဆသာ၊ သာကီဝင်မင်းသား မြတ်စွာဘုရားသည် ဈာန်ဖြင့် တစ်စိတ် ထည်းရှိလျက်သတိ ပညာနှင့် ယှဉ်လျက် အမြိုက်နိဗ္ဗာန်ကို ရှာသကဲ့သို့၊ ငါသည် သင့်ကို ရှာ၍ နေပါ၏။ ကောင်းခြင်း လက္ခဏာနှင့် ပြည့်စုံသော ချစ်နှမ၊ မြတ်စွာဘုရားသည် မြတ်သော သမ္ဗောဓိဉာဏ်သို့ရောက်၍ ဝမ်းမြောက်တော်မူသကဲ့သို့၊ ဤအတူပင် ငါသည် သင်နှင့် ပေါင်းသင်းရသည် ဖြစ်၍ဝမ်းမြောက်ရပါစေသား။ (ချစ်နှမ) သူရိယဝစ္ဆသာ၊ တာဝတိံသာနတ်တို့၏အရှင် သိကြားမင်းသည် ငါ့အား လိုရာဆုကိုပေးခဲ့လျှင် ငါသည် သင်နှမကိုသာ တောင်းယူပါအံ့၊ ငါ၏ ချစ်ကြိုက်ခြင်းသည် ဤမျှလောက် ခိုင်မြဲလျက်ရှိပါ၏။ လိမ္မာရေးခြားရှိလှပေသော ချစ်နှမ၊ ဤသို့ ကောင်းခြင်း လက္ခဏာနှင့် ပြည့်စုံ သည့်သမီးရတနာရှိသော၊ ပွင့်သစ်စ အင်ကြင်းပင်သဖွယ် တင့်တယ်သော သင့် ဖခင် တိမ္ဗရုသကနတ်မင်းကြီးကို ဦးညွတ်ရှိခိုးပါ၏”ဟု (သီဆို၏)။

၃၄၉။ ဤသို့ (စောင်းတီး၍ သီချင်း) ဆိုသော် မြတ်စွာဘုရားသည် ပဉ္စသိခဂန္ဓဗ္ဗနတ်သားအား ဤစကားကို မိန့်တော်မူ၏—

“ပဉ္စသိခ သင်၏ စောင်းသံသည် သီချင်းသံနှင့် ကိုက်ညီပေ၏၊ သီချင်းသံသည်လည်း စောင်းသံနှင့်ကိုက် ညီပေ၏၊ သင်၏ စောင်းသံသည် သီချင်းသံကို မလွန်ပေ၊ သီချင်းသံသည်လည်း စောင်းသံကိုမလွန်ပေ။ ပဉ္စသိခ သင်သည် ဘုရားနှင့်စပ်သော တရားနှင့်စပ်သော သံဃာနှင့်စပ်သော ရဟန္တာတို့နှင့်စပ်သော ကာမဂုဏ် နှင့်စပ်သော ဤဂါထာတို့ကို အဘယ်အခါက သီကုံးထားသနည်း”ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရား အခါတစ်ပါး၌ မြတ်စွာဘုရားသည် သမ္မာသမ္ဗောဓိဉာဏ်ကို ရတော်မူပြီးကာစ ဥရုဝေလတောနေရဉ္ဇရာမြစ်ကမ်းပါးအနီး အဇပါလပညောင်ပင်၌ သီတင်းသုံးနေတော်မူလျက် ရှိပါ၏။ အသျှင်ဘုရား ထိုအခါ အကျွန်ုပ်သည် တိမ္ဗရုဂန္ဓဗ္ဗနတ်မင်းကြီး၏သမီး ဘဒ္ဒါမည်သော သူရိယဝစ္ဆသာကိုချစ်ကြိုက်နေပါ၏။ အသျှင်ဘုရား ထိုသူငယ်မသည်ကား ရထားထိန်း မာတလိ၏သား သိခဏ္ဍီမည်သောအခြားသူကို ချစ်ကြိုက်နေပါ၏။

အသျှင်ဘုရား အကျွန်ုပ်သည် ထိုသူရိယဝစ္ဆသာကို မည်သည့်နည်းနှင့်မျှ မရနိုင်သောအခါ ဗေလုဝ ပဏ္ဍုစောင်းကို ယူ၍ တိမ္ဗရုဂန္ဓဗ္ဗနတ်မင်းကြီး၏ ဗိမာန်သို့ ချဉ်းကပ်လျက် ဗေလုဝပဏ္ဍုစောင်းကို တီးခဲ့ပါ၏၊ ဘုရားနှင့် စပ်သော တရားနှင့်စပ်သော သံဃာနှင့်စပ်သော ရဟန္တာတို့နှင့်စပ်သော ကာမဂုဏ်နှင့်စပ်သော ဤဂါထာတို့ကို သီဆိုခဲ့ပါ၏—

“ချစ်နှမ သူရိယဝစ္ဆသာ၊ အကြင်နတ်မင်းကြောင့် ကောင်းခြင်းအင်္ဂါ လက္ခဏာနှင့် ပြည့်စုံ၍ ငါ့အားနှစ်သက်မြတ်နိုးခြင်းကို ဖြစ်စေနိုင်သည့် သင်သည် ဖြစ်ပေါ်၍ လာရပေ၏၊ သင်၏ ဖခင်ထိုတိမ္ဗရုသကနတ်မင်းကို ငါရှိခိုးပါ၏။ပ။ လိမ္မာရေးခြားရှိလှပေသော ချစ်နှမ၊ ဤသို့ ကောင်းခြင်း လက္ခဏာနှင့် ပြည့်စုံ သည့်သမီးရတနာရှိသော၊ ပွင့်သစ်စအင်ကြင်းပင်သဖွယ် တင့်တယ်သော သင့်ဖခင် တိမ္ဗရုသက နတ်မင်းကြီးကိုဦးညွတ်ရှိခိုးပါ၏”ဟု (သီဆို၏)။ အသျှင်ဘုရား ဤသို့သီဆိုအပ်သည်ရှိသော် ဘဒ္ဒါမည်သော သူရိယဝစ္ဆသာသည် အကျွန်ုပ်အားဤစကားကို ဆိုပါ၏—

“အရှင် အကျွန်ုပ်သည် ထိုမြတ်စွာဘုရားကို မျက်မှောက်မဖူးမြော်ရသေးပါ၊ သို့သော်လည်းတာဝတိံသာ နတ်သားတို့၏ သုဓမ္မာသဘင်၌ အကျွန်ုပ် ကနေစဉ် ထိုမြတ်စွာဘုရားအကြောင်းကို ကြားခဲ့ရပါသည်၊ အရှင် သင်သည် ထိုမြတ်စွာဘုရားကို ပြောဆိုချီးကျူးသည့်အတွက် ယနေ့ အကျွန်ုပ်တို့အားပေါင်းဆုံမိခြင်း ဖြစ်ပါစေလော့”ဟု (ဆိုပါ၏)။ အသျှင်ဘုရား အကျွန်ုပ်တို့သည် ထိုသူငယ်မနှင့်အတူ ထိုမျှသာ ပေါင်းဆုံခဲ့ရပါ၏။ ထိုမှ နောက်၌ ယခုတိုင်အောင် မပေါင်းဆုံရတော့ပါဟု (လျှောက်၏)။

သိကြားမင်း ချဉ်းကပ်ခြင်း

၃၅ဝ။ ထိုအခါ နတ်တို့၏အရှင် သိကြားမင်းအား “ပဉ္စသိခ ဂန္ဓဗ္ဗနတ်သားသည် မြတ်စွာဘုရားနှင့်ဝမ်းမြောက်ဝမ်းသာ ပြောဆိုလျက် ရှိ၏၊ မြတ်စွာဘုရားသည်လည်း ပဉ္စသိခနှင့် ဝမ်းမြောက်ဝမ်းသာ ပြောဆိုလျက် ရှိ၏”ဟု အကြံဖြစ်၏။

ထိုအခါ နတ်တို့၏အရှင် သိကြားမင်းသည် ပဉ္စသိခဂန္ဓဗ္ဗနတ်သားကို မိန့်ဆို၏—

“အမောင်ပဉ္စသိခ သင်သည် ငါ၏ စကားကို မြတ်စွာဘုရားအား လျှောက်ပါလော့ ‘အသျှင်ဘုရားနတ်တို့၏အရှင် သိကြားမင်းသည် အမတ်နှင့်တကွ အခြံအရံပရိသတ်နှင့်တကွ မြတ်စွာဘုရားအားခြေတော် ဦးခိုက်ရှိခိုးပါ၏’ ဟူ၍ လျှောက်ပါလော့”ဟု (မိန့်တော်မူ၏)။

“ကောင်းပါပြီ အရှင်သိကြားမင်း”ဟု ပဉ္စသိခဂန္ဓဗ္ဗနတ်သားသည် နတ်တို့၏အရှင် သိကြားမင်းအားဝန်ခံ၍ မြတ်စွာဘုရားကို လျှောက်၏။ “အသျှင်ဘုရား နတ်တို့၏အရှင် သိကြားမင်းသည် အမတ်နှင့်တကွ အခြံအရံ ပရိသတ်နှင့်တကွ မြတ်စွာဘုရားအား ခြေတော်ဦးခိုက် ရှိခိုးပါ၏”ဟု လျှောက်၏။ပဉ္စသိခ ကောင်းပြီ၊ နတ်တို့၏အရှင် သိကြားမင်းသည် အမတ်နှင့်တကွ အခြံအရံပရိသတ်နှင့်တကွချမ်းသာ ပါစေသတည်း။ နတ်, လူ, အသူရာ, နဂါး, ဂန္ဓဗ္ဗနတ်တို့သည်လည်းကောင်း၊ အခြားသောသတ္တဝါ အများတို့သည်လည်းကောင်း ချမ်းသာကို အလိုရှိကြသည်ချည်းသာ ဖြစ်ပေ၏ဟု မိန့်ဆိုတော်မူ၏။

၃၅၁။ မြတ်စွာဘုရားတို့သည် ဤသို့သဘောရှိသော တန်ခိုးကြီးနတ်တို့ကို ဤသို့ပင် မိန့်ဆိုတော်မူလေ့ရှိကုန်၏။

ဤသို့ မြတ်စွာဘုရား မိန့်ဆိုတော်မူသည်ရှိသော် နတ်တို့၏အရှင် သိကြားမင်းသည် ဣန္ဒသာလဂူသို့ဝင်၍ မြတ်စွာဘုရားအား ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ရပ်တည်၏။ တာဝတိံသာနတ်တို့သည်လည်း ဣန္ဒသာလဂူသို့ ဝင်ကုန်၍ မြတ်စွာဘုရားအား ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ရပ်တည်ကုန်၏။ပဉ္စသိခဂန္ဓဗ္ဗ နတ်သားသည်လည်း ဣန္ဒသာလဂူသို့ ဝင်၍ မြတ်စွာဘုရားအား ရှိခိုးပြီးလျှင် တစ်ခုသောနေရာ၌ ရပ်တည်၏။

ထိုစဉ်အခါ ဣန္ဒသာလဂူသည် မညီမညာဖြစ်ပါလျက် ညီညာလာ၏၊ ကျဉ်းမြောင်းသည်ဖြစ်ပါလျက်ကျယ်ဝန်းလာ၏၊ နတ်တို့၏အရောင်ဖြင့် ဂူတွင်း၌ အမိုက်မှောင်ကွယ်ပျောက်၍ အလင်းရောင်ဖြစ်ပေါ်လာ၏။

၃၅၂။ ထိုအခါ မြတ်စွာဘုရားသည် နတ်တို့၏အရှင် သိကြားမင်းအား “ပြုဖွယ်ကိစ္စ အလွန်များပါလျက် ကောသိယအနွယ် အရှင်သိကြား၏ ဤအရပ်သို့ လာနိုင်ခြင်းသည် အံ့ဖွယ်ရှိပေ၏၊ မဖြစ်ဖူးမြဲဖြစ်ပေ၏”ဟု မိန့်တော်မူ၏။

အသျှင်ဘုရား အကျွန်ုပ်သည် မြတ်စွာဘုရားကို ဖူးမြော်ရန် ချဉ်းကပ်လိုသည်မှာ ကာလကြာမြင့်ပါပြီ၊ သို့သော်လည်း တာဝတိံသာနတ်တို့၏ အချို့အချို့သော ပြုဖွယ်ကိစ္စတို့၌ကြောင့်ကြစိုက်နေရပါသောကြောင့် မြတ်စွာဘုရားကို ဖူးမြော်ရန် မချဉ်းကပ်နိုင်ခဲ့ပါ။

အသျှင်ဘုရား အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် သလဠဂန္ဓကုဋိ၌ နေတော်မူလျက်ရှိပါ၏၊ အသျှင်ဘုရား ထိုအခါ အကျွန်ုပ်သည် မြတ်စွာဘုရားကို ဖူးမြော်ရန် သာဝတ္ထိပြည်သို့ သွားပါ၏၊ အသျှင်ဘုရား ထိုစဉ်အခါ၌ မြတ်စွာဘုရားသည် တစ်ခုသော ဖလသမာပတ်ကို ဝင်စားနေတော်မူပါ၏။ ဝေဿဝဏ်နတ်မင်းကြီး၏ မိဖုရား ဘူဇတိမည်သော နတ်သမီးသည် မြတ်စွာဘုရားကို လက်အုပ်ချီမိုးရှိခိုးကာရပ်လျက် ဝတ်ပြုနေပါ၏။

အသျှင်ဘုရား ထိုအခါ အကျွန်ုပ်သည် ဘူဇတိနတ်သမီးအား ဤစကားကို ဆိုပါ၏—

“နတ်သမီး သင်သည် မြတ်စွာဘုရားအား ငါ၏ စကားကို လျှောက်ပါလော့ ‘အသျှင်ဘုရား နတ်တို့၏အရှင်သိကြားမင်းသည် အမတ်နှင့်တကွ အခြံအရံပရိသတ်နှင့်တကွ မြတ်စွာဘုရားကို ခြေတော် ဦးခိုက်ရှိခိုးပါ၏’ ဟူ၍ လျှောက်ပါလော့”ဟု (ဆိုပါ၏)။

အသျှင်ဘုရား ဤသို့ ဆိုသော် ထိုဘူဇတိနတ်သမီးသည် အကျွန်ုပ်အား “အရှင်သိကြားမင်းမြတ်စွာဘုရားကို ဖူးမြော်ရန် အခါမဟုတ်ပါ၊ မြတ်စွာဘုရားသည် တစ်ပါးတည်း ကိန်းအောင်းလျက်ရှိပါသည်”ဟု ဆိုပါ၏။

နတ်သမီး သို့ဖြစ်လျှင် မြတ်စွာဘုရား ထိုဖလသမာပတ်မှ ထတော်မူသောအခါ ငါ၏ စကားဖြင့်မြတ်စွာဘုရားကို လျှောက်ပါလော့၊ “အသျှင်ဘုရား နတ်တို့၏အရှင် သိကြားမင်းသည် အမတ်နှင့်တကွအခြံအရံ ပရိသတ်နှင့်တကွ မြတ်စွာဘုရားအား ခြေတော်ဦးခိုက် ရှိခိုးပါ၏ ဟူ၍ လျှောက်ပါလော့”ဟုမှာခဲ့ ပါ၏။

အသျှင်ဘုရား အသို့ပါနည်း ထိုနတ်သမီးသည် အကျွန်ုပ်၏ စကားဖြင့် မြတ်စွာဘုရားကို လျှောက်ပါ၏လော၊ မြတ်စွာဘုရားသည် ထိုနတ်သမီး၏ စကားကို သတိရတော်မူပါ၏လောဟု လျှောက်၏။

“နတ်တို့၏အရှင် သိကြားမင်း ထိုနတ်သမီးသည် ငါ့ကို လျှောက်ပါ၏၊ ထိုနတ်သမီး၏ စကားကိုငါသတိရပါ၏၊ စင်စစ်သော်ကား အရှင်သိကြား၏ ရထားဘီးသံဖြင့်ပင် ထိုသမာပတ်မှ ငါထပေ၏”ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရား အကျွန်ုပ်တို့ထက် အလျင်စောစွာ တာဝတိံသာနတ်ပြည်၌ ဖြစ်နေကြသော ထိုနတ် တို့၏မျက်မှောက်၌ ဤသို့ အကျွန်ုပ် ကြားနာ သိမှတ်ခဲ့ရပါသည်၊ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော မြတ်စွာဘုရားတို့ ပွင့်တော်မူသော အခါအသူရာအပေါင်းတို့ ဆုတ်ယုတ်လျက် နတ်အပေါင်းတို့ ပြည့်နှက်စည်ကားကုန်၏ဟု (ကြားနာ သိမှတ်ခဲ့ရပါ၏)။ အသျှင်ဘုရား ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရားသည် လောက၌ ပွင့်တော်မူသော အခါမှ စ၍ အသူရာ အပေါင်းတို့ဆုတ်ယုတ်လျက် နတ်အပေါင်းတို့ ပြည့်နှက် စည်ကားနေကြောင်းကို အကျွန်ုပ် ကိုယ်တိုင် တွေ့မြင်ရပါ၏ဟု (လျှောက်၏)။

ဂေါပကနတ်သား ဝတ္ထု

၃၅၃။ အသျှင်ဘုရား ဤကပိလဝတ်ပြည်၌ပင်လျှင် ဘုရား တရား သံဃာ၌ ကြည်ညို၍ ငါးပါး သီလကိုစောင့်ထိန်းလေ့ရှိသည့် ဂေါပိကာမည်သော သာကီဝင်မင်းသမီးသည် ရှိပါ၏၊ ထို (မင်းသမီး) သည်မိန်းမအဖြစ် (မိန်းမဘဝ) ကို စက်ဆုပ်လျက် ယောကျာ်းဖြစ်ကြောင်းကို ဖြည့်ကျင့်၍ ခန္ဓာကိုယ် ပျက်စီး၍သေပြီးသည်မှ နောက်၌ ကောင်းသောလားရာ တာဝတိံသာနတ်ပြည်ဝယ် အကျွန်ုပ်တို့၏ သား အဖြစ်သို့ရောက်လာပါ၏။ ထို (တာဝတိံသာ နတ်ပြည်) ၌လည်း ထို (နတ်သား) ကို “ဂေါပကနတ်သားဂေါပကနတ်သား” ဟူ၍ ခေါ်ကြပါကုန် ၏။

အသျှင်ဘုရား အခြားရဟန်းသုံးပါးတို့သည်ကား မြတ်စွာဘုရားထံ၌ မြတ်သောအကျင့်ကို ကျင့်ပါ လျက်ယုတ်နိမ့်သော ဂန္ဓဗ္ဗနတ်မျိုး၌ ဖြစ်လာပါကုန်၏။ ထိုနတ်တို့သည် ကာမဂုဏ်ငါးပါးတို့ဖြင့် ကုံလုံ ပြည့်စုံစွာခံစား ပျော်ရွှင်လျက် အကျွန်ုပ်တို့အား ခစားဖျော်ဖြေရန် သုဓမ္မာ နတ်သဘင်သို့ လာရောက် ကြပါကုန်၏။

အကျွန်ုပ်တို့အား ခစားဖျော်ဖြေရန် လာရောက်သော ထိုနတ်တို့ကို ဂေါပကနတ်သားသည် (ဤသို့) သတိပေးပြောဆိုပါ၏။

“အသျှင်တို့ သင်တို့သည် အဘယ်ကို ဉာဏ်ဦးလှည့်၍ ထိုမြတ်စွာဘုရား၏ တရားတော်ကို နာခဲ့ကြပါသနည်း၊ အကျွန်ုပ်သည်ကား ဘုရား, တရား, သံဃာ၌ ကြည်ညို၍ ငါးပါးသီလမျှကို စောင့်ထိန်းလေ့ရှိသည့် မိန်းမပင်ဖြစ်သော်လည်း မိန်းမအဖြစ် (မိန်းမဘဝ) ကို စက်ဆုပ်လျက် ယောကျာ်းဖြစ်ကြောင်းကိုဖြည့်ကျင့်သဖြင့် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသောလားရာ တာဝတိံသာနတ်ပြည်ဝယ် နတ်တို့၏အရှင် သိကြားမင်း၏ သားအဖြစ်သို့ ရောက်လာပါ၏၊ ဤတာဝတိံသာနတ်ပြည်၌လည်း့အကျွန်ုပ်ကို “ဂေါပကနတ်သား ဂေါပကနတ်သား” ဟူ၍ ခေါ်ကြပါကုန်၏။

အသျှင်တို့ သင်တို့သည်ကား မြတ်စွာဘုရားအထံ၌ မြတ်သောအကျင့်ကို ကျင့်ခဲ့ပါလျက် ယုတ်နိမ့် သောဂန္ဓဗ္ဗနတ်မျိုး၌ ဖြစ်လာရကုန်၏၊ အသျှင်တို့ တရားကျင့်ဖက်ပုဂ္ဂိုလ်တို့ကို ယုတ်နိမ့်သော ဂန္ဓဗ္ဗနတ် မျိုး၌ဖြစ်နေကြသည်တို့ကို မြင်ရကုန်သော အကျွန်ုပ်တို့သည် မမြင်သင့်သော သဘောကို မြင်ရလေကုန်စွတကား”ဟု (သတိပေးပြောဆိုပါ၏)။

အသျှင်ဘုရား ဂေါပကနတ်သားသည် သတိပေးပြောဆိုအပ်ကုန်သော ထိုနတ်သားသုံးယောက်တို့တွင်နတ်သားနှစ်ယောက်တို့သည် မျက်မှောက်ဘဝ၌ပင် (ပဌမဈာန်) သတိကိုရလျက် ဗြဟ္မပုရောဟိတဘုံသို့ရောက်ကုန်၏၊ တစ်ယောက်သောနတ်သားသည်ကား ကာမဘုံ၌ပင် ပျော်၍ နေပါ၏။

၃၅၄။ အကျွန်ုပ်သည် စက္ခုငါးပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား၏ ဥပါသိ ကာမဖြစ်ခဲ့ပါ၏၊ အကျွန်ုပ်၏ အမည်သည် ‘ဂေါပိကာ’ ဖြစ်ပါ၏၊ အကျွန်ုပ်သည် ဘုရား, တရား၌ အလွန်ကြည်ညိုခဲ့ပါ၏၊ သံဃာကိုလည်း ကြည်ညိုသော စိတ်ဖြင့် လုပ်ကျွေးခဲ့ပါ၏။ ထိုမြတ်စွာဘုရား တရားတော်၏ ကောင်းမြတ်ခြင်းကြောင့်သာလျှင် အကျွန်ုပ်သည်တာဝတိံသာနတ်ပြည်သို့ ရောက်၍ သိကြားမင်း၏ တန်ခိုးအာနုဘော်ကြီးသော သားဖြစ်ရပါ၏၊ ဤ (တာဝတိံသာနတ်ပြည်) ၌လည်း အကျွန်ုပ်ကို ‘ဂေါပက’ဟု ခေါ်ကြပါကုန်၏။ ထိုအခါ ဂန္ဓဗ္ဗနတ်မျိုး၌ ရောက်၍ နေကုန်သော ရှေးက မြင်ဖူးကုန်သော ရဟန်း ဖြစ်ခဲ့ကုန်သောဤနတ်တို့ကို မြင်ရပါ၏။ မှန်ပါ၏၊ ဂေါတမမြတ်စွာ ဘုရား၏ တပည့်ရဟန်း ဖြစ်ခဲ့ကုန်သောထိုနတ်တို့ကို အကျွန်ုပ်တို့သည် ရှေးလူ ဖြစ်စဉ်က ခြေဆေးရေ ခြေနယ်ဆီတို့ဖြင့် ချီးမြှောက်ပူဇော်၍ဆွမ်းဖြင့်လည်းကောင်း၊ အဖျော်ဖြင့်လည်းကောင်း လုပ်ကျွေးပြုစုခဲ့ပါကုန်၏၊ ဤအသျှင်တို့သည်အဘယ်ကို ဉာဏ်ဦးလှည့်၍ မြတ်စွာဘုရား၏ တရားတော်တို့ကို နာယူခဲ့ကြပါကုန်သနည်း။ စက္ခုငါးပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားသည် ထိုးထွင်းသိတော်မူ၍ ကောင်းစွာဟောကြားအပ်သော တရားတော်ကို ကိုယ်တိုင် သိခဲ့ရပါ၏၊ အကျွန်ုပ် သည် အသျှင်တို့ကိုပင်ဆည်းကပ်ကိုးကွယ်လျက် အရိယာတို့ ကောင်းစွာ ဟော အပ်သော တရားတို့ကို ကြားနာရသဖြင့်တာဝတိံသာနတ်ပြည်သို့ ရောက်၍ သိကြားမင်း၏ တန်ခိုးအာနုဘော်ကြီးသော သား ဖြစ်ရပါ၏။ အသျှင်တို့ သင်တို့သည်ကား မြတ်စွာဘုရားကို ဆည်းကပ်ရပါကုန်လျက် အမြတ် ဆုံး အကျင့်ကိုကျင့်ကြရပါကုန်လျက် ယုတ်နိမ့်သော ဂန္ဓဗ္ဗ နတ်မျိုး၌ ဖြစ်ကြရ ကုန်၏။ အသျှင်တို့၏ ဘဝအကျိုးပေးသည် မသင့်လျော်လေစွတကား၊ တရားကျင့်ဖက် ပုဂ္ဂိုလ်တို့ကိုယုတ်နိမ့်သော ဂန္ဓဗ္ဗနတ်မျိုး၌ ဖြစ်နေကြသည်တို့ကို မြင်ရကုန်သော အကျွန်ုပ်တို့သည် မမြင်သင့်သောသဘောကို မြင်ရလေကုန်စွတကား။ အသျှင်တို့ (သင်တို့သည်) ဂန္ဓဗ္ဗနတ်မျိုး၌ ဖြစ်နေကြရသောကြောင့် တာဝတိံသာ နတ်တို့ကိုခစားဖျော်ဖြေရန် လာကြရကုန်၏။ လူ့ဘောင်၌နေသော အကျွန်ုပ်၏ ဤထူးခြား သောအဖြစ်ကိုရှုစမ်းပါလော့။ ထို (အကျွန်ုပ်သည်) ရှေးဘဝ၌ မိန်းမဖြစ်လျက် ယခုအခါ၌ နတ်စည်းစိမ်တို့နှင့် ပြည့်စုံသောနတ်ယောကျာ်းဖြစ်လာရပါ၏၊ ဤသို့ ဂေါတမမြတ်စွာဘုရား၏တပည့် ဂေါပကနတ်သားသည်သတိပေးပြောဆိုအပ်ကုန်သော ထိုနတ်သားသုံးယောက်တို့ သည် သံဝေဂရကြကုန်၍ ဂေါပကနတ်သားထံအညီအညွတ်သွားကြပြီးလျှင်—

ငါတို့သည် (တရားထူးကို ရခြင်းငှါ) ယခု အားထုတ်ကုန်တော့အံ့၊ ပြင်းစွာအား ထုတ်ကုန်တော့အံ့၊ သူတစ်ပါးတို့၏ အစေခံမဖြစ်ကုန်တော့အံ့ဟု ဆိုကုန်၍၊ ထို (သုံးယောက်) တို့တွင်နှစ်ယောက်သောနတ်တို့သည် ဂေါတမမြတ်စွာဘုရား၏ အဆုံးအမတို့ကို အဖန်ဖန် အောက်မေ့လျက့်အားထုတ်ခြင်းကို ဖြစ်စေကုန်၏။ ဤနတ်ပြည်၌ပင် စိတ်တို့ကို တပ်မက်ခြင်းကင်းစေ၍ ကာမဂုဏ်တို့၌ အပြစ်ကို မြင်ကုန်၏။ ဆင်ပြောင်ကြီးသည်မြဲစွာ ဖွဲ့ချည်ထားသော ကြိုးတို့ကို ဖြတ်သကဲ့ သို့၊ ထိုနတ်နှစ်ယောက်တို့သည်လွန်မြောက်နိုင်ခဲသော မာရ်နတ်၏ နှောင်ကြိုးဖြစ် ကုန်သော ကာမသံယောဇဉ် ကာမအနှောင်အဖွဲ့တို့ကိုဖြတ်၍ တာဝတိံသာနတ်တို့ ကို ကျော်လွန်၍ ဗြဟ္မာ့ဘုံ၌ ဖြစ်ကုန်၏၊ ရာဂကင်းခြင်းကို ပြုကုန်လျက်အနာဂါမ် ဖြစ်ကုန်သော သူရဲကောင်းနတ်သား နှစ်ယောက်တို့သည် သိကြားမင်းနှင့်တကွပဇာပတိနတ်မင်းနှင့်တကွ သုဓမ္မာနတ်သဘင်သို့ ပါဝင်တက်ရောက်ကုန်သော အလုံး စုံသောနတ်တို့ကိုကျော်လွန်၍ ဗြဟ္မာ့ဘုံ၌ ဖြစ်ကုန်၏၊ နတ်တို့ကို စိုးမိုးသော သိကြားမင်းသည် ထို (နတ်) တို့ကို မြင်၍ဤနတ်သား နှစ်ယောက်တို့သည် ယုတ် နိမ့်သော ဂန္ဓဗ္ဗနတ်မျိုး၌ ဖြစ်လာကုန်သော်လည်းတာဝတိံသာနတ်တို့ကို ကျော် လွန်၍ ဗြဟ္မာ့ဘုံ၌ ဖြစ်ကုန်၏ဟု (ဆိုလျက်) နတ်အပေါင်း၏ အလယ်၌သံဝေဂဖြစ် လေ၏၊ ထိုဂေါပကနတ်သားသည် သံဝေဂဖြစ်နေသော သိကြားမင်း၏ စကားကို ကြား၍သိကြားမင်းကို (ဤသို့) ပြောဆို၏။ နတ်တို့၏အရှင် သိကြားမင်း လူ့ပြည်၌ ဘုရားသည် ပွင့်တော်မူလျက်ရှိ၏။ ကာမဂုဏ်တို့ကိုနှိမ်နင်းနိုင်သော သကျမုနိ ‘သာကီဝင်မင်းသား ဘုရားသျှင်’ဟု ကျော်စော၏။ ထိုနတ်တို့သည်ပဌမဈာန်သတိမှ ကင်းလွတ်လျက်ရှိကုန်သော ထို မြတ်စွာဘုရား၏ သားတော်တို့ပင် ဖြစ်ပါကုန်၏၊ အကျွန်ုပ် သတိပေးအပ်သည် ဖြစ်၍ ပဌမဈာန်သတိကို ရကြပါကုန်ပြီ။ ထိုနတ်သားသုံးယောက်တို့တွင် နတ်သားတစ်ယောက်သည် ဤဂန္ဓဗ္ဗနတ်မျိုး၌ ထာဝစဉ်နေသူ အာဝါသိကဖြစ်နေပါ၏၊ နှစ်ယောက်သော နတ်သားတို့သည်ကား ဂန္ဓဗ္ဗနတ်မျိုး၌ ကပ်ရောက်၍နေလာကုန်သော်လည်း အနာဂါမိမဂ်သို့ ရောက်လျက် တည်ကြည်သော စိတ်ရှိကုန်၍နတ်တို့ကိုပင်သော်လည်း ယုတ်ညံ့သည် ထင်ပါကုန် ၏။ ဤ (သာသနာတော်၌) တရားတော်ကို ထင်ရှားစေကုန်သော ဂုဏ်နှင့်ပြည့်စုံသည့် ဤသို့သောတပည့်သာဝကတို့ ရှိပါကုန်၏။ ထိုတပည့်သာဝကတို့တွင် တစ်စုံတစ် ယောက်သော တပည့်သာဝကသည် (ဘုရားစသည်၌) အဘယ်သို့ ယုံမှားတော့အံ့နည်း၊ မယုံမှားတော့သည်သာ ဖြစ်၏။ သြဃလေးပါးကို ကူးမြောက်တော်မူ ပြီးသော၊ ဝိစိကိစ္ဆာကို ဖြတ်တောက်တော်မူပြီးသော၊ မာရ်ငါးပါးကို အောင်တော်မူသော၊ လူသုံးပါးတို့ထက် မြတ်တော်မူသော မြတ်စွာဘုရားကို အကျွန်ုပ်တို့သည် ရှိခိုးကြပါကုန်စို့ဟု (ပြောဆို၏)။ (အသျှင်ဘုရား) ထို (နတ်သားသုံးယောက်) တို့တွင် နတ်သားနှစ်ယောက်တို့သည် ဤနတ်ပြည်၌အသျှင်ဘုရား၏ တရားကို သိကုန်သောကြောင့် ဗြဟ္မပုရောဟိတ ကိုယ်ခန္ဓာကို ရ၍ အနာဂါမိမဂ်ဟူသောတရားထူးကို ရကြပါကုန်၏။ အသျှင်ဘုရား အကျွန်ုပ်တို့သည် ဤတရားထူးကို ရခြင်းငှါ လာရောက်ကြပါ ကုန်၏၊ အသျှင်ဘုရားမြတ်စွာဘုရားသည် အခွင့်ပေးတော်မူပါသော် အကျွန်ုပ်တို့ သည် ပြဿနာကို မေးလိုပါကုန်၏ဟု (လျှောက်၏)။

၃၅၅။ ထိုအခါ မြတ်စွာဘုရားအား ဤသို့သော အကြံသည် ဖြစ်၏—

“ဤသိကြားမင်းသည်၁ ရှည်စွာသော နေ့ညဉ့်ပတ်လုံး စင်ကြယ်သော အကျင့်ရှိခဲ့၏၊ မည်သည့်ပြဿနာကို မေးသည်ဖြစ်စေ အကြောင်းနှင့်စပ်သော ပြဿနာကိုသာ မေးလတ္တံ့၊ အကြောင်းနှင့်မစပ်သောပြဿနာကို မမေးလတ္တံ့။ ထိုသိကြားမင်းမေး၍ ငါဖြေလတ်သော် ထိုအဖြေကို လျင်မြန်စွာပင်သိလတ္တံ့”ဟု (အကြံဖြစ်၏)။

၃၅၆။ ထိုအခါ မြတ်စွာဘုရားသည် နတ်တို့၏အရှင် သိကြားမင်းကို ဂါထာဖြင့် မိန့်ကြားတော်မူ၏— “သိကြားမင်း သင်၏ စိတ်၌ မေးလိုသော ပြဿနာကို ငါ့အား မေးလော့၊ ထိုထိုပြဿနာအ တွက်ဖြစ်ပေါ်နေသော သင်၏ ယုံမှားခြင်းဝိစိကိစ္ဆာကို အဆုံးတိုင် ပြေရှင်းအောင် ငါ ဖြေရှင်းအံ့”ဟု (မိန့်တော်မူ၏)။

ပဌမအခန်း ပြီး၏။

၃၅၇။ မြတ်စွာဘုရား ခွင့်ပြုတော်မူလတ်သော် နတ်တို့၏အရှင် သိကြားမင်းသည် မြတ်စွာဘုရားအားရှေးဦးစွာ ဤပြဿနာကို မေးလျှောက်၏—

“အသျှင်ဘုရား ‘ရန်ငြိုးကင်းကုန်လျက် ဒဏ်ကင်းကုန်လျက် ရန်သူကင်းကုန်လျက် စိတ်ဆင်းရဲခြင်းကင်းကုန်လျက် အမျက်ထွက်ခြင်းကင်းကုန်လျက် ငါတို့ နေကြရပါစေ’ဟု နတ်, လူ, အသူရာ, နဂါး, ဂန္ဓဗ္ဗတို့နှင့် အခြားများစွာသော ထိုသတ္တဝါတို့အား တောင့်တခြင်းသည် ဖြစ်၏၊ ယင်းသို့ တောင့်တခြင်းဖြစ်သော်လည်း ထိုသတ္တဝါတို့သည် ရန် ငြိုးရှိကုန်လျက် ဒဏ်ရှိကုန်လျက် ရန်သူရှိကုန်လျက် စိတ်ဆင်းရဲခြင်းရှိကုန်လျက် အမျက်ရှိကုန်လျက် နေကြရပါကုန်၏။ (ဤသို့နေရခြင်းသည်) အဘယ်အနှောင်အဖွဲ့ကြောင့်ပါနည်း”ဟု နတ်တို့၏အရှင် သိကြားမင်းသည် မြတ်စွာဘုရားအား ဤအခြင်းအရာဖြင့် ပြဿနာကို မေးလျှောက်၏။ ထိုသိကြားမင်း မေးလတ်သော် မြတ်စွာဘုရားသည် ပြဿနာကို ဖြေကြားတော်မူ၏။

“နတ်တို့၏အရှင် သိကြားမင်း ရန် ငြိုးကင်းကုန်လျက် ဒဏ်ကင်းကုန်လျက် ရန်သူကင်းကုန်လျက်စိတ်ဆင်းရဲခြင်းကင်းကုန်လျက် အမျက်ထွက်ခြင်းကင်းကုန်လျက် နေကြရပါစေဟု နတ်, လူ, အသူရာ, နဂါး, ဂန္ဓဗ္ဗနှင့် အခြားများစွာသော ထိုသတ္တဝါတို့အား တောင့်တခြင်းသည် ဖြစ်၏၊ ယင်းသို့ တောင့်တခြင်းဖြစ်သော်လည်း ထိုသတ္တဝါတို့သည် ရန် ငြိုးရှိကုန်လျက် ဒဏ်ရှိကုန်လျက် ရန်သူရှိကုန်လျက် စိတ်ဆင်းရဲခြင်းရှိကုန်လျက် အမျက်ရှိကုန်လျက် နေကြရကုန်၏။ (ဤသို့နေရခြင်းသည်) ဣဿာ, မစ္ဆရိယ၂ သံယောဇဉ်ကြောင့်ဖြစ်၏”ဟု (ဖြေကြားတော်မူ၏)။

နတ်တို့၏အရှင် သိကြားမင်း မေးအပ်သည်ဖြစ်၍ မြတ်စွာဘုရားသည် ဤအခြင်းအရာဖြင့် ပြဿနာ ကိုဖြေကြားတော်မူလတ်သော် နတ်တို့၏အရှင် သိကြားမင်းသည် နှစ်လိုသည်ဖြစ်၍ မြတ်စွာဘုရား၏တရားတော်ကို ဝမ်းမြောက်စွာ ခံယူ၏။

“ဘုန်းတော်ကြီးသော မြတ်စွာဘုရား၊ ဟောတော်မူသည့်အတိုင်း မှန်လှပါ၏။ ကောင်းသောစကားကိုဆိုတော်မူတတ်သော မြတ်စွာဘုရား၊ ဟောတော်မူသည့်အတိုင်း မှန်လှပါ၏။ မြတ်စွာဘုရား ဟောအပ်သော ပြဿနာကို ကြားနာရသောကြောင့် ဤပြဿနာ၌ အကျွန်ုပ်သည် ယုံမှားခြင်းမှ လွန်မြောက်ပါပြီ၊ သို့လော သို့လော တွေးတောခြင်း ကင်းပါပြီ”ဟု (ဝမ်းမြောက်စွာခံယူ၏)။

၃၅၈။ ဤသို့လျှင် နတ်တို့၏အရှင် သိကြားမင်းသည် မြတ်စွာဘုရား၏ တရားတော်ကို နှစ်လိုသည်ဖြစ်၍ ဝမ်းမြောက်စွာ ခံယူပြီးလျှင် မြတ်စွာဘုရားအား နောက်ထပ်ပြဿနာကို မေးလျှောက်ပြန်၏—

“အသျှင်ဘုရား ဣဿာ, မစ္ဆရိယသည်ကား အခြေခံဖြစ်ရာ အဘယ်အကြောင်း တိုးတက်ဖြစ်ပွါးရာအဘယ်အကြောင်းရှိပါသနည်း၊ ထင်ရှားဖြစ်ပေါ်ရာ အဘယ်အ ကြောင်းရှိပါသနည်း၊ အမွန်အစဖြစ်ရာအဘယ်အကြောင်းရှိပါသနည်း၊ အဘယ် တရားရှိသော် ဣဿာ, မစ္ဆရိယ ဖြစ်ပါသနည်း၊ အဘယ်တရားမရှိသော် ဣဿာ, မစ္ဆရိယ မဖြစ်ပါသနည်း”ဟု (မေးလျှောက်ပြန်၏)။

နတ်တို့၏အရှင် သိကြားမင်း ဣဿာ, မစ္ဆရိယသည် ချစ်ခြင်း, မုန်းခြင်းဟူသော အခြေခံဖြစ်ရာအကြောင်းရှိ၏၊ ချစ်ခြင်း, မုန်းခြင်းဟူသော တိုးတက်ဖြစ်ပွါးရာ အကြောင်းရှိ၏၊ ချစ်ခြင်း, မုန်းခြင်းဟူသော ထင်ရှားဖြစ်ပေါ်ရာ အကြောင်းရှိ၏၊ ချစ်ခြင်း, မုန်းခြင်းဟူသောအမွန်အစဖြစ်ရာ အကြောင်းရှိ၏၊ ချစ်ခြင်း, မုန်းခြင်းရှိသော် ဣဿာ, မစ္ဆရိယ ဖြစ်၏၊ ချစ်ခြင်း, မုန်းခြင်းမရှိသော် ဣဿာမစ္ဆရိယ မဖြစ်ဟု (ဖြေကြား တော်မူ၏)။

“အသျှင်ဘုရား ချစ်ခြင်း, မုန်းခြင်းသည်ကား အခြေခံဖြစ်ရာ အဘယ်အကြောင်းရှိပါသနည်း၊ တိုးတက်ဖြစ်ပွါးရာ အဘယ်အကြောင်းရှိပါသနည်း၊ ထင်ရှားဖြစ်ပေါ်ရာ အဘယ်အကြောင်းရှိပါသနည်း၊ အမွန်အစဖြစ်ရာ အဘယ်အကြောင်းရှိပါသနည်း၊ အဘယ်တရားရှိသော် ချစ်ခြင်း, မုန်းခြင်းဖြစ်ပါသနည်း၊ အဘယ်တရားမရှိသော် ချစ်ခြင်း, မုန်းခြင်း မဖြစ်ပါသနည်း”ဟု (မေးလျှောက်ပြန်၏)။

နတ်တို့၏အရှင် သိကြားမင်း ချစ်ခြင်း, မုန်းခြင်းသည် လိုချင်ခြင်း ‘ဆန္ဒ’ ဟူသော အခြေခံဖြစ်ရာအကြောင်း ရှိ၏၊ လိုချင်ခြင်း ‘ဆန္ဒ’ ဟူသော တိုးတက်ဖြစ်ပွါးရာ အကြောင်းရှိ၏၊ လိုချင်ခြင်း ‘ဆန္ဒ’ ဟူသောထင်ရှားဖြစ်ပေါ်ရာ အကြောင်းရှိ၏၊ လိုချင်ခြင်း ‘ဆန္ဒ’ ဟူသော အမွန်အစဖြစ်ရာ အကြောင်းရှိ၏၊ လိုချင်ခြင်း ‘ဆန္ဒ’ ရှိသော် ချစ်ခြင်း, မုန်းခြင်း ဖြစ်၏၊ လိုချင်ခြင်း ‘ဆန္ဒ’ မရှိသော် ချစ်ခြင်း, မုန်းခြင်း မဖြစ်ဟု (ဖြေကြားတော်မူ၏)။

အသျှင်ဘုရား လိုချင်ခြင်း ‘ဆန္ဒ’ သည်ကား အခြေခံဖြစ်ရာ အဘယ်အကြောင်းရှိပါသနည်း၊ တိုးတက်ဖြစ် ပွါးရာ အဘယ်အကြောင်းရှိပါသနည်း၊ ထင်ရှားဖြစ်ပေါ်ရာ အဘယ်အကြောင်းရှိပါသနည်း၊ အမွန်အစဖြစ်ရာအဘယ် အကြောင်းရှိပါသနည်း၊ အဘယ်တရားရှိသော် လိုချင်ခြင်း ‘ဆန္ဒ’ ဖြစ်ပါသနည်း၊ အဘယ်တရားမရှိသော် လိုချင်ခြင်း ‘ဆန္ဒ’ မဖြစ်ပါသနည်း”ဟု (မေးလျှောက်ပြန်၏)။

နတ်တို့၏အရှင် သိကြားမင်း လိုချင်ခြင်း ‘ဆန္ဒ’ သည် ကြံစည်ခြင်း ‘ဝိတက်’ ဟူသော အခြေခံဖြစ်ရာအကြောင်းရှိ၏၊ ကြံစည်ခြင်း ‘ဝိတက်’ ဟူသော တိုးတက်ဖြစ်ပွါးရာ အကြောင်းရှိ၏၊ ကြံစည်ခြင်း ‘ဝိတက်’ ဟူသော ထင်ရှားဖြစ်ပေါ်ရာ အကြောင်းရှိ၏၊ ကြံစည်ခြင်း ‘ဝိတက်’ ဟူသော အမွန်အစဖြစ်ရာအကြောင်း ရှိ၏၊ ကြံစည်ခြင်း ‘ဝိတက်’ ရှိသော် လိုချင်ခြင်း ‘ဆန္ဒ’ ဖြစ်၏၊ ကြံစည်ခြင်း ‘ဝိတက်’ မရှိသော်လိုချင်ခြင်း ‘ဆန္ဒ’ မဖြစ်ဟု (ဖြေကြားတော်မူ၏)။

အသျှင်ဘုရား ကြံစည်ခြင်း ‘ဝိတက်’ သည် အခြေခံဖြစ်ရာ အဘယ်အကြောင်းရှိပါသနည်း၊ တိုးတက်ဖြစ်ပွါးရာ အဘယ်အကြောင်းရှိပါသနည်း၊ ထင်ရှားဖြစ်ပေါ်ရာ အဘယ်အကြောင်းရှိပါသနည်း၊ အမွန်အစဖြစ်ရာ အဘယ်အကြောင်းရှိပါသနည်း၊ အဘယ်တရားရှိသော် ကြံစည်ခြင်း ‘ဝိတက်’ ဖြစ်ပါသနည်း၊ အဘယ်တရားမရှိသော် ကြံစည်ခြင်း ‘ဝိတက်’ မဖြစ်ပါသနည်း”ဟု (မေးလျှောက်ပြန်၏)။

နတ်တို့၏အရှင် သိကြားမင်း ကြံစည်ခြင်း ‘ဝိတက်’ သည် သံသရာချဲ့ထွင်တတ်သည့် တရား ‘ပပဉ္စသညာ၃’ အစုဟူသော အခြေခံဖြစ်ရာ အကြောင်းရှိ၏၊ သံသရာချဲ့ထွင်တတ်သည့် တရားအစုဟူသောတိုးတက်ဖြစ်ပွါးရာ အကြောင်းရှိ၏၊ သံသရာချဲ့ထွင်တတ်သည့် တရားအစုဟူသော ထင်ရှားဖြစ်ပေါ်ရာအကြောင်းရှိ၏၊ သံသရာချဲ့ထွင်တတ်သည့် တရားအစုဟူသော အမွန်အစဖြစ်ရာ အကြောင်းရှိ၏၊ သံသရာချဲ့ထွင်တတ်သည့် တရားအစုရှိသော် ကြံစည်ခြင်း ‘ဝိတက်’ ဖြစ်၏၊ သံသရာချဲ့ထွင်တတ်သည့် တရားအစုမရှိသော် ကြံစည်ခြင်း ‘ဝိတက်’ မဖြစ်ဟု (ဖြေကြားတော်မူ၏)။

“အသျှင်ဘုရား အဘယ်သို့ ကျင့်သော ရဟန်းသည် သံသရာချဲ့ထွင်တတ်သည့် တရား ‘ပပဉ္စသညာ’ အစု၏ ချုပ်ခြင်းအားလျော်၍ ထိုချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်းအကျင့်ကို ကျင့်သည် မည်ပါသနည်း”ဟု (မေးလျှောက်ပြန်၏)။

၁။ မစလရွာ မာဃလုလင်ဘဝမှ စ၍ စင်ကြယ်ခြင်းကို မြင်၍ မြတ်စွာဘုရား ဤစကားကို ဆို၏ဟု အဋ္ဌကထာ၌ လာ၏။

၂။ ဣဿာ—မနာလိုမှု၊ မစ္ဆရိယ—ဝန်တိုမှု။

၃။ တဏှာ မာန ဒိဋ္ဌိဟူသော ပပဉ္စတရား သုံးပါးတွင် ဤ၌ တဏှာပပဉ္စကိုသာ လို၏ဟု အဋ္ဌကထာ၌ ဆို၏။

ဝေဒနာ ကမ္မဋ္ဌာန်း

၃၅၉။ နတ်တို့၏အရှင် သိကြားမင်း ဝမ်းမြောက်ခြင်း ‘သောမနဿ’ ကိုလည်း မှီဝဲအပ်သောဝမ်းမြောက်ခြင်း၊ မမှီဝဲအပ်သော ဝမ်းမြောက်ခြင်း ဟူ၍ နှစ်ပါးအပြားအားဖြင့် ငါဟော၏။

နတ်တို့၏အရှင် သိကြားမင်း နှလုံးမသာခြင်း ‘ဒေါမနဿ’ ကိုလည်း မှီဝဲအပ်သော နှလုံးမသာခြင်း၊ မမှီဝဲအပ်သော နှလုံးမသာခြင်း ဟူ၍ နှစ်ပါးအပြားအားဖြင့် ငါဟော၏။

နတ်တို့၏အရှင် သိကြားမင်း လျစ်လျူ ရှုခြင်း ‘ဥပေက္ခာ’ ကိုလည်း မှီဝဲအပ်သော လျစ်လျူရှုခြင်း၊ မမှီဝဲအပ်သော လျစ်လျူရှုခြင်း ဟူ၍ နှစ်ပါးအပြားအားဖြင့် ငါဟော၏။

၃၆ဝ။ “နတ်တို့၏အရှင် သိကြားမင်း ဝမ်းမြောက်ခြင်း ‘သောမနဿ’ ကိုလည်း မှီဝဲအပ်သော ဝမ်းမြောက်ခြင်း၊ မမှီဝဲအပ်သော ဝမ်းမြောက်ခြင်း ဟူ၍ နှစ်ပါးအပြားအားဖြင့် ငါဟော၏” ဟူသော ဤစကားကို ဆိုခဲ့၏၊ အဘယ်အကြောင်းကို စွဲ၍ ဤစကားကို ဆိုခဲ့သနည်းဟူမူ— ထို (နှစ်ပါးသော ဝမ်းမြောက်ခြင်း) တို့တွင် “ဤဝမ်းမြောက်ခြင်းကို မှီဝဲသော ငါ့အား အကုသိုလ်တရားတို့ တိုးပွါး၍ ကုသိုလ်တရားတို့ဆုတ်ယုတ်ကုန်၏”ဟု အကြင်ဝမ်းမြောက်ခြင်းကို သိငြားအံ့၊ ဤသို့ သဘောရှိသော ဝမ်းမြောက်ခြင်းကိုမမှီဝဲအပ်။

ထို (နှစ်ပါးသော ဝမ်းမြောက်ခြင်း သောမနဿ) တို့တွင် “ဤဝမ်းမြောက်ခြင်းကို မှီဝဲသော ငါ့အားအကုသိုလ်တရားတို့ ဆုတ်ယုတ်၍ ကုသိုလ်တရားတို့ တိုးပွါးကုန်၏”ဟု အကြင်ဝမ်းမြောက်ခြင်းကိုသိငြား အံ့၊ ဤသို့သဘောရှိသော ဝမ်းမြောက်ခြင်းကို မှီဝဲအပ်၏။

ထို (မှီဝဲအပ်သော ဝမ်းမြောက်ခြင်း သောမနဿ) ၌ အကြင် (ဝမ်းမြောက်ခြင်း) သည် ကြံစည်ခြင်း ‘ဝိတက်’ နှင့်လည်း တကွဖြစ်၏၊ သုံးသပ်ခြင်း ‘ဝိစာရ’ နှင့်လည်း တကွဖြစ်၏၊ အကြင် (ဝမ်းမြောက်ခြင်း) သည် ကြံစည်ခြင်းလည်း မရှိ၊ သုံးသပ်ခြင်းလည်း မရှိ၊ ထို (နှစ်ပါး) တို့ တွင် ကြံစည်ခြင်းလည်း မရှိ, သုံးသပ်ခြင်းလည်း မရှိသော ထိုဝမ်းမြောက်ခြင်းသည် သာလွန်၍ မြတ်၏။

“နတ်တို့၏အရှင် သိကြားမင်း ဝမ်းမြောက်ခြင်း ‘သောမနဿ’ ကိုလည်း မှီဝဲအပ်သော ဝမ်းမြောက်ခြင်း၊ မမှီဝဲအပ်သော ဝမ်းမြောက်ခြင်း ဟူ၍ နှစ်ပါအပြားအားဖြင့် ငါဟော၏” ဟူသော ဤစကားကို ထိုဆိုခဲ့ပြီးသော အကြောင်းကို စွဲ၍ ငါဆို၏။

၃၆၁။ “နတ်တို့၏အရှင် သိကြားမင်း နှလုံးမသာခြင်း ‘ဒေါမနဿ’ ကိုလည်း မှီဝဲအပ်သော နှလုံးမသာခြင်း၊ မမှီဝဲအပ်သော နှလုံးမသာခြင်း ဟူ၍ နှစ်ပါအပြားအားဖြင့် ငါဟော၏” ဟူသော ဤစကားကိုဆိုခဲ့၏၊ အဘယ်အကြောင်းကို စွဲ၍ ဤစကားကို ဆိုခဲ့သနည်းဟူမူ— ထို (နှစ်ပါးသော နှလုံးမသာခြင်း) တို့တွင် “ဤနှလုံးမသာခြင်းကို မှီဝဲသော ငါ့အား အကုသိုလ်တရားတို့ တိုးပွါး၍ ကုသိုလ်တရားတို့ ဆုတ်ယုတ်ကုန်၏”ဟု အကြင်နှလုံးမသာခြင်းကို သိငြားအံ့၊ ဤသို့သဘောရှိသော နှလုံးမသာခြင်းကို မမှီဝဲအပ်။

ထို (နှစ်ပါးသော နှလုံးမသာခြင်းဒေါမနဿ) တို့တွင် “ဤနှလုံးမသာခြင်းကို မှီဝဲသော ငါ့အားအကုသိုလ်တရားတို့ ဆုတ်ယုတ်၍ ကုသိုလ်တရားတို့ တိုးပွါးကုန်၏”ဟု အကြင်နှလုံးမသာခြင်းကိုသိငြား အံ့၊ ဤသို့ သဘောရှိသော နှလုံးမသာခြင်းကို မှီဝဲအပ်၏။

ထို (မှီဝဲအပ်သော နှလုံးမသာခြင်းဒေါမနဿ) ၌ အကြင် (နှလုံးမသာခြင်း) သည် ကြံစည်ခြင်း ‘ဝိတက်’ နှင့်လည်းတကွ ဖြစ်၏၊ သုံးသပ်ခြင်း ‘ဝိစာရ’ နှင့်လည်း တကွဖြစ်၏၊ အကြင် (နှလုံးမသာခြင်း) သည် ကြံစည်ခြင်းလည်း မရှိ၊ သုံးသပ်ခြင်းလည်း မရှိ၊ ထို (နှစ်ပါး) တို့တွင်ကြံစည်ခြင်းလည်း မရှိ, သုံးသပ်ခြင်းလည်း မရှိသော ထိုနှလုံးမသာခြင်းသည် သာလွန်၍ မြတ်၏။

“နတ်တို့၏အရှင် သိကြားမင်း “နှလုံးမသာခြင်း ‘ဒေါမနဿ’ ကိုလည်း မှီဝဲအပ်သော နှလုံးမသာခြင်း၊ မမှီဝဲအပ်သော နှလုံးမသာခြင်း ဟူ၍ နှစ်ပါးအပြားအားဖြင့် ငါဟော၏” ဟူသော ဤစကားကို ထို့ဆိုအပ်ပြီးသော အကြောင်းကို စွဲ၍ ငါဆို၏။

၃၆၂။ “နတ်တို့၏အရှင် သိကြားမင်း လျစ်လျူရှုခြင်း ‘ဥပေက္ခာ’ ကိုလည်း မှီဝဲအပ်သော လျစ်လျူရှုခြင်း၊ မမှီဝဲအပ်သော လျစ်လျူရှုခြင်း ဟူ၍ နှစ်ပါအပြားအားဖြင့် ငါဟော၏” ဟူသော ဤစကားကိုဆိုခဲ့၏၊ အဘယ်အကြောင်းကို စွဲ၍ ဤစကားကို ဆိုခဲ့သနည်းဟူမူ— ထို (နှစ်ပါးသော လျစ်လျူရှုခြင်း) တို့တွင် “ဤလျစ်လျူရှုခြင်းကို မှီဝဲသော ငါ့အား အကုသိုလ်တရားတို့ တိုးပွါး၍ ကုသိုလ်တရားတို့ဆုတ်ယုတ်ကုန်၏”ဟု အကြင်လျစ်လျူရှုခြင်းကို သိငြားအံ့၊ ဤသို့သဘောရှိသော လျစ်လျူရှုခြင်းကိုမမှီဝဲအပ်။

ထို (နှစ်ပါးသော လျစ်လျူရှုခြင်းဥပေက္ခာ) တို့တွင် “ဤလျစ်လျူရှုခြင်းကို မှီဝဲသော ငါ့အား အကုသိုလ်တရားတို့ ဆုတ်ယုတ်၍ ကုသိုလ်တရားတို့ တိုးပွါးကုန်၏”ဟု အကြင် လျစ်လျူရှုခြင်းကို သိငြားအံ့၊ ဤသို့ သဘောရှိသော လျစ်လျူရှုခြင်းကို မှီဝဲအပ်၏။

ထို (မှီဝဲအပ်သော လျစ်လျူရှုခြင်းဥပေက္ခာ) ၌ အကြင်လျစ်လျူရှုခြင်းသည် ကြံစည်ခြင်း ‘ဝိတက်’ နှင့်လည်းတကွ ဖြစ်၏၊ သုံးသပ်ခြင်း ‘ဝိစာရ’ နှင့်လည်း တကွဖြစ်၏၊ အကြင်လျစ်လျူရှုခြင်းသည် ကြံစည်ခြင်းလည်း မရှိ၊ သုံးသပ်ခြင်းလည်း မရှိ၊ ထို (နှစ်ပါး) တို့တွင် ကြံစည်ခြင်းလည်း မရှိ, သုံးသပ်ခြင်းလည်းမရှိသော ထိုလျစ်လျူရှုခြင်းသည် သာလွန်၍ မြတ်၏။

“နတ်တို့၏အရှင် သိကြားမင်း လျစ်လျူရှုခြင်း ‘ဥပေက္ခာ’ ကိုလည်း မှီဝဲအပ်သော လျစ်လျူရှုခြင်း၊ မမှီဝဲအပ်သော လျစ်လျူရှုခြင်း ဟူ၍ နှစ်ပါအပြားအားဖြင့် ငါဟော၏” ဟူသော ဤစကားကို ထိုဆိုအပ်ပြီးသော အကြောင်းကို စွဲ၍ ငါဆို၏။

၃၆၃။ နတ်တို့၏အရှင် သိကြားမင်း ဤသို့ကျင့်သော ရဟန်းသည် သံသရာချဲ့ထွင်တတ်သည့် ‘ပပဉ္စသညာ’ အစု၏ ချုပ် ငြိမ်းခြင်းအားလျော်၍ ထိုချုပ်ရာ နိဗ္ဗာန်ရောက်ကြောင်း အကျင့်ကို ကျင့်သည်မည်၏ဟု (ဟောကြားတော်မူ၏)။

နတ်တို့၏အရှင် သိကြားမင်း မေးအပ်သည်ဖြစ်၍ မြတ်စွာဘုရားသည် ဤအခြင်းအရာဖြင့် ပြဿနာကိုဖြေကြားတော်မူလတ်သော် နတ်တို့၏အရှင် သိကြားမင်းသည် နှစ်လိုသည်ဖြစ်၍ မြတ်စွာဘုရား၏တရားတော်ကို ဝမ်းမြောက်စွာ ခံယူလေ၏—

“ဘုန်းတော်ကြီးသော မြတ်စွာဘုရား ဟောတော်မူသည့်အတိုင်း မှန်လှပါ၏၊ ကောင်းသော စကားကိုဆိုတော်မူတတ်သော မြတ်စွာဘုရား ဟောတော်မူသည့်အတိုင်း မှန်လှပါ၏၊ မြတ်စွာ ဘုရားဟောအပ်သောပြဿနာအဖြေကို ကြားနာရသောကြောင့် ဤပြဿနာ၌ အကျွန်ုပ်သည် ယုံမှားခြင်းမှ လွန်မြောက်ပါပြီ၊ သို့လော သို့လော တွေးတောခြင်း ကင်းပါပြီ”ဟု (ဝမ်းမြောက်စွာ ခံယူလေ၏)။

ပါတိမောက္ခသံဝရ သီလ

၃၆၄။ ဤသို့လျှင် နတ်တို့၏အရှင် သိကြားမင်းသည် မြတ်စွာဘုရား၏ တရားတော်ကို နှစ်လိုသည်ဖြစ်၍ ဝမ်းမြောက်စွာ ခံယူပြီးလျှင် မြတ်စွာဘုရားအား နောက်ထပ်ပြဿနာကို မေးလျှောက်ပြန်၏—

“မြတ်စွာဘုရား အဘယ်သို့ ကျင့်သော ရဟန်းသည် ပါတိမောက္ခသံဝရသီလကို ကျင့်သည် မည်ပါသနည်း”ဟု (မေးလျှောက်ပြန်၏)။

နတ်တို့၏အရှင် သိကြားမင်း ကိုယ်အကျင့် ‘ကာယသမာစာရ’ ကိုလည်း မှီဝဲအပ်သော ကိုယ် အကျင့်၊ မမှီဝဲအပ်သော ကိုယ်အကျင့်ဟူ၍ နှစ်ပါးအပြားအားဖြင့် ငါဟော၏။

နတ်တို့၏အရှင် သိကြားမင်း နှုတ်အကျင့် ‘ဝစီသမာစာရ’ ကိုလည်း မှီဝဲအပ်သော နှုတ်အကျင့်၊ မမှီဝဲအပ်သော နှုတ်အကျင့်ဟူ၍ နှစ်ပါးအပြားအားဖြင့် ငါဟော၏။

နတ်တို့၏အရှင် သိကြားမင်း ရှာမှီးခြင်း ‘ပရိယေသနာ’ ကိုလည်း မှီဝဲအပ်သော ရှာမှီးခြင်း၊ မမှီဝဲ့အပ်သော ရှာမှီးခြင်းဟူ၍ နှစ်ပါးအပြားအားဖြင့် ငါဟော၏။

“နတ်တို့၏အရှင် သိကြားမင်း ကိုယ်အကျင့် ‘ကာယသမာစာရ’ ကိုလည်း မှီဝဲအပ်သော ကိုယ်အကျင့်၊ မမှီဝဲအပ်သော ကိုယ်အကျင့်ဟူ၍ နှစ်ပါးအပြားအားဖြင့် ငါဟော၏” ဟူသော ဤစကားကို ဆိုခဲ့၏၊ အဘယ်အကြောင်းကို စွဲ၍ ဤစကားကို ဆိုသနည်းဟူမူ— ထို (နှစ်ပါးသော ကိုယ်အကျင့်) တို့တွင် “ဤကိုယ်အကျင့်ကို မှီဝဲသော ငါ့အား အကုသိုလ်တရားတို့ တိုးပွါး၍ ကုသိုလ်တရားတို့ဆုတ်ယုတ်ကုန်၏”ဟု အကြင်ကိုယ်အကျင့်ကို သိငြားအံ့၊ ဤသို့သဘောရှိသော ကိုယ်အကျင့်ကိုမမှီဝဲအပ်။

ထို (နှစ်ပါးသော ကိုယ်အကျင့်ကာယသမာစာရ) တို့တွင် “ဤကိုယ်အကျင့်ကို မှီဝဲသော ငါ့အားအကုသိုလ် တရားတို့ ဆုတ်ယုတ်၍ ကုသိုလ်တရားတို့ တိုးပွါးကုန်၏”ဟု အကြင်ကိုယ်အကျင့်ကိုသိငြားအံ့၊ ဤသို့သဘောရှိသော ကိုယ်အကျင့်ကို မှီဝဲအပ်၏။

“နတ်တို့၏အရှင် သိကြားမင်း ကိုယ်အကျင့် ‘ကာယသမာစာရ’ ကိုလည်း မှီဝဲအပ်သော ကိုယ် အကျင့်၊ မမှီဝဲအပ်သော ကိုယ်အကျင့်ဟူ၍ နှစ်ပါးအပြားအားဖြင့် ငါဟော၏” ဟူသော ဤစကားကို ထိုဆိုအပ်ခဲ့ပြီးသော အကြောင်းကို စွဲ၍ ငါဆို၏။

“နတ်တို့၏အရှင် သိကြားမင်း နှုတ်အကျင့် ‘ဝစီသမာစာရ’ ကိုလည်း မှီဝဲအပ်သော နှုတ်အကျင့့််၊ မမှီဝဲအပ်သော နှုတ်အကျင့်ဟူ၍ နှစ်ပါးအပြားအားဖြင့် ငါဟော၏” ဟူသော ဤစကားကို ဆိုခဲ့၏၊ အဘယ် အကြောင်းကို စွဲ၍ ဤစကားကို ဆိုခဲ့သနည်းဟူမူ— ထို (နှစ်ပါးသော နှုတ်အကျင့်) တို့တွင် “ဤနှုတ် အကျင့်ကို မှီဝဲသော ငါ့အား အကုသိုလ်တရားတို့ တိုးပွါး၍ ကုသိုလ်တရားတို့ဆုတ်ယုတ်ကုန်၏”ဟု အကြင်နှုတ်အကျင့့််ကို သိငြားအံ့၊ ဤသို့သဘောရှိသော နှုတ်အကျင့်ကို မမှီဝဲအပ်။

ထို (နှစ်ပါးသော နှုတ်အကျင့်ဝစီသမာစာရ) တို့တွင် “ဤနှုတ်အကျင့်ကို မှီဝဲသော ငါ့အား အကုသိုလ်တရားတို့ ဆုတ်ယုတ်၍ ကုသိုလ်တရားတို့ တိုးပွါးကုန်၏”ဟု အကြင်နှုတ်အကျင့်ကို သိငြားအံ့၊ ဤသို့သဘောရှိသော နှုတ်အကျင့်ကို မှီဝဲအပ်၏။

“နတ်တို့၏အရှင် သိကြားမင်း နှုတ်အကျင့် ‘ဝစီသမာစာရ’ ကိုလည်း မှီဝဲအပ်သော နှုတ်အကျင့့််၊ မမှီဝဲအပ်သော နှုတ်အကျင့်ဟူ၍ နှစ်ပါးအပြားအားဖြင့် ငါဟော၏” ဟူသော ဤစကားကို ထိုဆိုအပ်ခဲ့ပြီးသော အကြောင်းကို စွဲ၍ ငါဆို၏။

“နတ်တို့၏အရှင် သိကြားမင်း ရှာမှီးခြင်း ‘ပရိယေသနာ’ ကိုလည်း မှီဝဲအပ်သော ရှာမှီးခြင်း၊ မမှီဝဲအပ်သော ရှာမှီးခြင်းဟူ၍ နှစ်ပါးအပြားအားဖြင့် ငါဟော၏” ဟူသော ဤစကားကို ဆိုခဲ့၏၊ အဘယ်အကြောင်းကို စွဲ၍ ဤစကားကို ဆိုသနည်းဟူမူ— ထို (နှစ်ပါးသော ရှာမှီးခြင်း) တို့တွင် “ဤရှာမှီးခြင်းကိုမှီဝဲသော ငါ့အား အကုသိုလ်တရားတို့ တိုးပွါး၍ ကုသိုလ်တရားတို့ ဆုတ်ယုတ်ကုန်၏”ဟု အကြင် ရှာမှီးခြင်းကို သိငြားအံ့၊ ဤသို့ သဘောရှိသော ရှာမှီးခြင်းကို မမှီဝဲအပ်။

ထို (နှစ်ပါးသော ရှာမှီးခြင်းပရိယေသနာ) တို့တွင် “ဤရှာမှီးခြင်းကို မှီဝဲသော ငါ့အား အကုသိုလ်တရားတို့ ဆုတ်ယုတ်၍ ကုသိုလ်တရားတို့ တိုးပွါးကုန်၏”ဟု အကြင်ရှာမှီးခြင်းကို သိငြားအံ့၊ ဤသို့သဘောရှိသော ရှာမှီးခြင်းကို မှီဝဲအပ်၏။

“နတ်တို့၏အရှင် သိကြားမင်း ရှာမှီးခြင်း ‘ပရိယေသနာ’ ကိုလည်း မှီဝဲအပ်သော ရှာမှီးခြင်း၊ မမှီဝဲအပ်သော ရှာမှီးခြင်းဟူ၍ နှစ်ပါးအပြားအားဖြင့် ငါဟော၏” ဟူသော ဤစကားကို ထိုဆိုအပ်ခဲ့ပြီးသောအကြောင်းကို စွဲ၍ ငါဆို၏။

နတ်တို့၏အရှင် သိကြားမင်း ဤသို့ကျင့်သော ရဟန်းသည် ပါတိမောက္ခသံဝရသီလကို ကျင့်သည်မည်၏ဟု (ဖြေကြားတော်မူ၏)။

နတ်တို့၏အရှင် သိကြားမင်း မေးအပ်သည်ဖြစ်၍ မြတ်စွာဘုရားသည် ဤအခြင်းအရာအားဖြင့်ပြဿနာကို ဖြေကြားတော်မူလတ်သော် နတ်တို့၏အရှင် သိကြားမင်းသည် နှစ်လိုသည်ဖြစ်၍မြတ်စွာဘုရား ၏ တရားတော်ကို ဝမ်းမြောက်စွာ ခံယူ၏—

“ဘုန်းတော်ကြီးသော မြတ်စွာဘုရား၊ ဟောတော်မူသည့်အတိုင်း မှန်လှပါ၏။ ကောင်းသောစကားကိုဆိုတော်မူတတ်သော မြတ်စွာဘုရား၊ ဟောတော်မူသည့် အတိုင်းမှန်လှပါ၏။ မြတ်စွာဘုရားဟောအပ်သောပြဿနာအဖြေကို ကြားနာရသောကြောင့် ဤပြဿနာ၌ အကျွန်ုပ်သည် ယုံမှားခြင်းမှ လွန်မြောက်ပါပြီ၊ သို့လော သို့လော တွေးတောခြင်း ကင်းပါပြီ”ဟု (ဝမ်းမြောက်စွာ ခံယူ၏)။

ဣန္ဒြိယသံဝရ သီလ

၃၆၅။ ဤသို့လျှင် သိကြားမင်းသည် မြတ်စွာဘုရား၏ တရားတော်ကို ဝမ်းမြောက်စွာ ခံယူပြီးလျှင်နောက်ထပ်ပြဿနာကို မေးလျှောက်ပြန်၏—

“အသျှင်ဘုရား အဘယ်သို့ကျင့်သော ရဟန်းသည် ဣန္ဒြိယသံဝရ ‘ဣန္ဒြေစောင့်စည်းခြင်း’ သီလကိုကျင့်သည် မည်ပါသနည်း”ဟု (မေးလျှောက်ပြန်၏)။

နတ်တို့၏အရှင် သိကြားမင်း မျက်စိဖြင့် သိအပ်သော ရူပါရုံကိုလည်း မှီဝဲအပ်သော ရူပါရုံ၊ မမှီဝဲအပ်သော ရူပါရုံ ဟူ၍ နှစ်ပါးအပြားအားဖြင့် ငါဟော၏။

နတ်တို့၏အရှင် သိကြားမင်း နားဖြင့် သိအပ်သော သဒ္ဒါရုံကိုလည်း မှီဝဲအပ်သော သဒ္ဒါရုံ၊ မမှီဝဲအပ်သော သဒ္ဒါရုံ ဟူ၍ နှစ်ပါးအပြားအားဖြင့် ငါဟော၏။

နတ်တို့၏အရှင် သိကြားမင်း နှာခေါင်းဖြင့် သိအပ်သော ဂန္ဓာရုံကိုလည်း မှီဝဲအပ်သော ဂန္ဓာရုံ၊ မမှီဝဲအပ်သော ဂန္ဓာရုံ ဟူ၍ နှစ်ပါးအပြားအားဖြင့် ငါဟော၏။

နတ်တို့၏အရှင် သိကြားမင်း လျှာဖြင့် သိအပ်သော ရသာရုံကိုလည်း မှီဝဲအပ်သော ရသာရုံ၊ မမှီဝဲအပ်သော ရသာရုံ ဟူ၍ နှစ်ပါးအပြားအားဖြင့် ငါဟော၏။

နတ်တို့၏အရှင် သိကြားမင်း ကိုယ်ဖြင့် သိအပ်သော ဖောဋ္ဌာဗ္ဗာရုံကိုလည်း မှီဝဲအပ်သော ဖောဋ္ဌဗ္ဗာ ရုံ၊ မမှီဝဲအပ်သော ဖောဋ္ဌဗ္ဗာရုံ ဟူ၍ နှစ်ပါးအပြားအားဖြင့် ငါဟော၏။

နတ်တို့၏အရှင် သိကြားမင်း စိတ်ဖြင့် သိအပ်သော ဓမ္မာရုံကိုလည်း မှီဝဲအပ်သော ဓမ္မာရုံ၊ မမှီဝဲအပ်သော ဓမ္မာရုံ ဟူ၍ နှစ်ပါးအပြားအားဖြင့် ငါဟော၏။

ဤသို့ဟောတော်မူလတ်သော် နတ်တို့၏အရှင် သိကြားမင်းသည် မြတ်စွာဘုရားအား ဤစကားကိုလျှောက်၏—

“အသျှင်ဘုရား အကျဉ်းအားဖြင့် မြတ်စွာဘုရား ဟောတော်မူသော ဤတရားတော်၏ အနက်ကိုအကျယ်အားဖြင့် အကျွန်ုပ် ဤသို့ သိပါ၏။

အသျှင်ဘုရား မျက်စိဖြင့်သိအပ်သော အကြင်သို့သဘောရှိသော ရူပါရုံကို မှီဝဲသောသူအားအကုသိုလ်တရားတို့ တိုးပွါး၍ ကုသိုလ်တရားတို့ ဆုတ်ယုတ်ကုန်၏၊ မျက်စိဖြင့်သိအပ်သော ဤသို့သဘောရှိသော ရူပါရုံကို မမှီဝဲအပ်၊ မျက်စိဖြင့်သိအပ်သော အကြင်သို့သဘောရှိသော ရူပါရုံကို မှီဝဲသောသူအား အကုသိုလ်တရားတို့ ဆုတ်ယုတ်၍ ကုသိုလ်တရားတို့ တိုးပွါးကုန်၏၊ မျက်စိဖြင့်သိအပ်သော ဤသို့သဘောရှိသော ရူပါရုံကို မှီဝဲအပ်၏။

အသျှင်ဘုရား နားဖြင့်သိအပ်သော အကြင်သို့သဘောရှိသော သဒ္ဒါရုံကို မှီဝဲသောသူအား။ နှာခေါင်း ဖြင့်သိအပ်သော အကြင်သို့သဘောရှိသော ဂန္ဓာရုံကို မှီဝဲသောသူအား။ လျှာဖြင့်သိအပ်သော အကြင်သို့သဘောရှိသော ရသာရုံကို မှီဝဲသောသူအား။ ကိုယ်ဖြင့်သိအပ်သော အကြင်သို့သဘောရှိသော ဖောဋ္ဌဗ္ဗာရုံကို မှီဝဲသောသူအား။ စိတ်ဖြင့်သိအပ်သော အကြင်သို့သဘောရှိသော ဓမ္မာရုံကို မှီဝဲသောသူအားအကုသိုလ်တရားတို့ တိုးပွါး၍ ကုသိုလ်တရားတို့ ဆုတ်ယုတ်ကုန်၏၊ စိတ်ဖြင့်သိအပ်သော ဤသို့သဘော့ရှိသော ဓမ္မာရုံကို မမှီဝဲအပ်။

အသျှင်ဘုရား စိတ်ဖြင့် သိအပ်သော အကြင်သို့သဘောရှိသော ဓမ္မာရုံကို မှီဝဲသောသူအား အကုသိုလ်တရားတို့ ဆုတ်ယုတ်၍ ကုသိုလ်တရားတို့ တိုးပွါးကုန်၏၊ စိတ်ဖြင့်သိအပ်သော ဤသို့သဘော ရှိသောဓမ္မာရုံကို မှီဝဲအပ်၏။

အသျှင်ဘုရား အကျဉ်းအားဖြင့် မြတ်စွာဘုရား ဟောတော်မူသော ဤတရားတော်၏ အနက်ကိုအကျယ်အားဖြင့် ဤသို့သိသော အကျွန်ုပ်သည် မြတ်စွာဘုရား ဟောအပ်သော ပြဿနာ၏ အဖြေကိုကြားနာရသောကြောင့် ဤပြဿနာ၌ ယုံမှားခြင်းမှ လွန်မြောက်ပါပြီ၊ သို့လော သို့လော တွေးတောခြင်းကင်းပါပြီ”ဟု (လျှောက်၏)။

၃၆၆။ ဤသို့လျှင် နတ်တို့၏အရှင် သိကြားမင်းသည် မြတ်စွာဘုရား၏ တရားတော်ကို နှစ်လိုသည်ဖြစ်၍ ဝမ်းမြောက်စွာ ခံယူပြီးလျှင် မြတ်စွာဘုရားအား နောက်ထပ်ပြဿနာကို မေးလျှောက်ပြန်၏—

“အသျှင်ဘုရား အလုံးစုံသော သမဏဗြာဟ္မဏတို့သည် တူသောအဆုံးအမ တူသောအကျင့် တူသောအယူ တူသောပြီးဆုံးရာ ရှိပါကုန်သလော”ဟု (မေးလျှောက်ပြန်၏)။

နတ်တို့၏အရှင် သိကြားမင်း အလုံးစုံသော သမဏဗြာဟ္မဏတို့သည် တူသောအဆုံးအမ တူသောအကျင့် တူသောအယူ တူသောပြီးဆုံးရာ မရှိကုန်ဟု (ဖြေကြားတော်မူ၏)။

“အသျှင်ဘုရား အလုံးစုံသော သမဏဗြာဟ္မဏတို့သည် အဘယ့်ကြောင့် တူသောအဆုံးအမတူသောအကျင့် တူသောအယူ တူသောပြီးဆုံးရာ မရှိပါကုန်သနည်းဟု (မေးလျှောက်ပြန်၏)။

နတ်တို့၏အရှင် သိကြားမင်း လောကသည် များသော အမျိုးမျိုးသော ဓာတ်ရှိ၏။ များသောအမျိုးမျိုးသော ဓာတ်ရှိသည့် ထိုလောက၌ သတ္တဝါတို့သည် အကြင် အကြင် ဓာတ်ကို စွဲလမ်းကုန်၏၊ ထိုထိုဓာတ်ကိုသာလျှင် ပြင်းထန်မြဲမြံစွာ စွဲလမ်း၍ “ဤငါ၏ အယူသည်သာ မှန်၏၊ တစ်ပါးသောသူတို့၏အယူသည် အချည်းနှီးသာတည်း”ဟု ပြောဆိုကုန်၏။ ထို့ကြောင့် အလုံးစုံသော သမဏဗြာဟ္မဏတို့သည် တူသောအဆုံးအမ တူသောအကျင့် တူသောအယူ တူသောပြီးဆုံးရာ မရှိကုန်ဟု (ဖြေကြားတော်မူ၏)။

“အသျှင်ဘုရား အလုံးစုံသော သမဏဗြာဟ္မဏတို့သည် ပျက်စီးခြင်းကိုလွန်သော မှီခိုအားထားရာရှိပါကုန်သလော၊ ပျက်စီးခြင်းကိုလွန်သော ယောဂကုန်ရာ ရှိပါကုန်သလော၊ ပျက်စီးခြင်းကိုလွန်သောတရားအလို့ငှါ မြတ်သောအကျင့် ရှိပါကုန်သလော၊ ပျက်စီးခြင်းကိုလွန်သော ပြီးဆုံးရာ ရှိပါကုန်သလော”ဟု (မေးလျှောက်ပြန်၏)။

နတ်တို့၏အရှင် သိကြားမင်း အလုံးစုံသော သမဏဗြာဟ္မဏတို့သည် ပျက်စီးခြင်းကိုလွန်သော မှီခိုအားထားရာ မရှိကုန်၊ ပျက်စီးခြင်းကိုလွန်သော ယောဂကုန်ရာ မရှိကုန်၊ ပျက်စီးခြင်းကိုလွန်သော တရားအလို့ငှါ မြတ်သောအကျင့် မရှိကုန်၊ ပျက်စီးခြင်းကိုလွန်သော ပြီးဆုံးရာ မရှိကုန်ဟု (ဖြေကြားတော်မူ၏)။

“အသျှင်ဘုရား အဘယ့်ကြောင့် အလုံးစုံသော သမဏဗြာဟ္မဏတို့သည် ပျက်စီးခြင်းကိုလွန်သောမှီခိုအားထားရာ မရှိပါကုန်သနည်း၊ ပျက်စီးခြင်းကိုလွန်သော ယောဂကုန်ရာ မရှိပါကုန်သနည်း၊ ပျက်စီးခြင်းကို လွန်သော တရားအလို့ငှါ မြတ်သောအကျင့် မရှိပါကုန်သနည်း၊ ပျက်စီးခြင်းကိုလွန်သော ပြီးဆုံးရာမရှိပါကုန်သနည်း”ဟု (မေးလျှောက်ပြန်၏)။

နတ်တို့၏အရှင် သိကြားမင်း တဏှာကို ကုန်ခန်းစေတတ်သော မဂ်ဖြင့် ကိလေသာမှ လွတ်ကုန်သောရဟန်းတို့သည် ပျက်စီးခြင်းကိုလွန်သော မှီခိုအားထားရာ ရှိကုန်၏၊ ပျက်စီးခြင်းကိုလွန်သော ယောဂကုန်ရာ ရှိကုန်၏၊ ပျက်စီးခြင်းကိုလွန်သော တရားအလို့ငှါ မြတ်သောအကျင့် ရှိကုန်၏၊ ပျက်စီးခြင်းကိုလွန်သော ပြီးဆုံးရာ ရှိကုန်၏။ ထို့ကြောင့် အလုံးစုံသော သမဏဗြာဟ္မဏတို့သည် ပျက်စီးခြင်းကိုလွန်သော မှီခိုအားထားရာ မရှိကုန်၊ ပျက်စီးခြင်းကိုလွန်သော ယောဂကုန်ရာ မရှိကုန်၊ ပျက်စီးခြင်းကိုလွန့်သော တရားအလို့ငှါ မြတ်သော အကျင့် မရှိကုန်၊ ပျက်စီးခြင်းကို လွန်သော ပြီးဆုံးရာ မရှိကုန်ဟု (ဖြေကြားတော်မူ၏)။

နတ်တို့၏အရှင် သိကြားမင်း မေးအပ်သည် ဖြစ်၍ မြတ်စွာဘုရားသည် ဤအခြင်းအရာအားဖြင့်ပြဿနာကို ဖြေကြားတော်မူလတ်သော် နတ်တို့၏အရှင် သိကြားမင်းသည် နှစ်လိုသည်ဖြစ်၍ မြတ်စွာဘုရား၏ တရားတော်ကို ဝမ်းမြောက်စွာ ခံယူ၏။ “ဘုန်းတော်ကြီးသော မြတ်စွာဘုရား ဟောတော်မူသည့်အတိုင်း မှန်လှပါ၏။ ကောင်းသောစကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရား ဟောတော်မူသည့်အတိုင်း မှန်လှပါ၏။ မြတ်စွာဘုရား ဟောအပ်သော ပြဿနာ၏ အဖြေကို ကြားနာရသောကြောင့် ဤပြဿနာ၌ အကျွန်ုပ်သည် ယုံမှားခြင်းမှ လွန်မြောက်ပါပြီ၊ သို့လော သို့လော တွေးတောခြင်းကင်းပါပြီ”ဟု (ဝမ်းမြောက်စွာ ခံယူ၏)။

၃၆၇။ ဤသို့လျှင် နတ်တို့၏အရှင် သိကြားမင်းသည် မြတ်စွာဘုရား၏ တရားတော်ကို နှစ်လိုသည်ဖြစ်၍ ဝမ်းမြောက်စွာ ခံယူပြီးလျှင် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏။

အသျှင်ဘုရား တဏှာသည် ရောဂါမည်ပါ၏၊ တဏှာသည် အိုင်းအမာမည်ပါ၏၊ တဏှာသည်ငြောင့်မည်ပါ၏၊ တဏှာသည် ဤသတ္တဝါအပေါင်းကို ထိုထိုဘဝ၌ ဖြစ်စေခြင်းငှါ ဆွဲငင်ပါ၏၊ ထို့ကြောင့်ဤသတ္တဝါအပေါင်းသည် မြတ်သောဘဝ ယုတ်သောဘဝသို့ ရောက်ရပါ၏။

“အသျှင်ဘုရား အကျွန်ုပ်သည် ဤသာသနာတော်မှအပ အခြားသော သမဏဗြာဟ္မဏတို့၌ အကြင်ပြဿနာတို့ကို မေးခွင့်မျှလည်း မရခဲ့ပါ၊ ထိုပြဿနာတို့ကို မြတ်စွာဘုရားသည် အကျွန်ုပ်အား ဖြေကြားတော်မူပါ၏၊ အကျွန်ုပ်၏ (သန္တာန်၌) ရှည်မြင့်စွာသော နေ့ ညဉ့်ပတ်လုံး ကိန်းအောင်း၍နေသောသို့လော သို့လော တွေးတောယုံမှားခြင်း ငြောင့်သည် ရှိပါ၏၊ ထိုငြောင့်ကိုလည်း မြတ်စွာဘုရားသည်နုတ်တော်မူ အပ်ပါ၏”ဟု (လျှောက်၏)။

နတ်တို့၏အရှင် သိကြားမင်း သင်သည် ဤပြဿနာတို့ကို အခြားသော သမဏဗြာဟ္မဏတို့အားမေးဖူးသည်ကို မှတ်မိပါ၏လောဟု (မိန့်တော်မူ၏)။

ဤပြဿနာတို့ကို အခြားသော သမဏဗြာဟ္မဏတို့အား မေးဖူးသည်ကို အကျွန်ုပ် မှတ်မိပါသည်အသျှင်ဘုရားဟု (လျှောက်၏)။

နတ်တို့၏အရှင် သိကြားမင်း ထို (သမဏဗြာဟ္မဏ) တို့သည် အဘယ်သို့ ဖြေကြားကုန်သနည်း၊ အကယ်၍ သင့်အား ဝန်မလေးမူ ပြောကြားပါလော့ဟု (မိန့်တော်မူ၏)။

မြတ်စွာဘုရားဖြစ်စေ၊ မြတ်စွာဘုရားကဲ့သို့သော ပုဂ္ဂိုလ်ဖြစ်စေ ထိုင်နေရာအရပ်၌ ပြောကြားရန်အကျွန်ုပ်အား ဝန်မလေးပါ အသျှင်ဘုရားဟု (လျှောက်၏)။

နတ်တို့၏အရှင် သိကြားမင်း သို့ဖြစ်လျှင် ပြောကြားပါလော့ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရား အကြင်သမဏဗြာဟ္မဏတို့ကို ဆိတ် ငြိမ်ရာ တောကျောင်းနေ ပုဂ္ဂိုလ်တို့ဟူ၍ အကျွန်ုပ်မှတ်ထင်ပါ၏၊ ထို (သမဏဗြာဟ္မဏ) တို့ထံ ချဉ်းကပ်၍ ဤပြဿနာတို့ကို အကျွန်ုပ် မေးဖူးပါ၏၊ အကျွန်ုပ် မေးလတ်သော် ထို (သမဏဗြာဟ္မဏ) တို့သည် မဖြေနိုင်ကြပါကုန်၊ မဖြေနိုင်ကြကုန်သည် ဖြစ်၍ “အသျှင် သည် အဘယ်အမည်ရှိပါသနည်း”ဟု အကျွန်ုပ်ကိုပင် ပြန်၍ မေးကြပါကုန်၏။

ထို (သမဏဗြာဟ္မဏ) တို့ မေးအပ်သည်ဖြစ်၍ “အသျှင်တို့ အကျွန်ုပ်သည်ကား နတ်တို့၏အရှင်သိကြားမင်းပါတည်း”ဟု အကျွန်ုပ် ဖြေကြားပါ၏၊ ထို (သမဏဗြာဟ္မဏ) တို့သည် အကျွန်ုပ်ကိုပင် “နတ်တို့၏အရှင် သိကြားမင်း အရှင်သည် အဘယ်ကံကို ပြု၍ ဤသိကြားနေရာသို့ ရောက်ပါသနည်း”ဟု ထပ်၍မေးကြပြန်ပါကုန်၏။ ကြားဖူးသည့်အတိုင်း သင်ဖူးသည့်အတိုင်း (ခုနစ်ပါးသော သိကြားဖြစ်ကြောင်း) တရားကို ထိုသမဏဗြာဟ္မဏတို့အား အကျွန်ုပ်ဟောပါ၏။ ထို (သမဏဗြာဟ္မဏ) တို့သည် ထိုမျှဖြင့်ပင်လျှင် “ငါတို့သည် နတ်တို့၏ အရှင်သိကြားမင်းကို တွေ့မြင်ရပေ၏၊ အကြင် (ပြဿနာ) ကိုလည်း ငါတို့သည် မေးကြရကုန်၏၊ ထို (ပြဿနာ) ကိုလည်း ငါတို့အား ဖြေကြားပေ၏”ဟု ထို (သမဏဗြာဟ္မဏ) တို့သည် ဝမ်းမြောက်ကြကုန်၏။ စင်စစ်အားဖြင့် ထို (သမဏဗြာဟ္မဏ) တို့သည် အကျွန်ုပ်၏ တပည့်သာလျှင် ဖြစ်ကြပါကုန်၏၊ အကျွန်ုပ်သည်ကား ထို (သမဏဗြာဟ္မဏ) တို့၏ တပည့် မဖြစ်ပါ၊ အသျှင်ဘုရားအကျွန်ုပ်သည်ကား အပါယ်လေးပါးသို့ ကျခြင်းသဘောမရှိသော ကိန်းသေမြဲသော အထက်မဂ်သုံးပါးလျှင်လားရာရှိသော မြတ်စွာဘုရား၏တပည့် သောတာပန်ဖြစ်ပါ၏ဟု (လျှောက်၏)။

ဝမ်းမြောက်မှုကို ရဖူးခြင်း

၃၆၈။ နတ်တို့၏အရှင် သိကြားမင်း သင်သည် ဤယခုမှ ရှေးအခါက ဤသို့သဘောရှိသောနှစ်သက်ခြင်း ဝမ်းမြောက်ခြင်းမျိုး ရဖူးသည်ကို မှတ်မိပါ၏လောဟု (မိန့်တော်မူ၏)။

အသျှင်ဘုရား အကျွန်ုပ်သည် ဤယခုမှ ရှေးအခါက ဤသို့သဘောရှိသော နှစ်သက်ခြင်း ဝမ်းမြောက်ခြင်းမျိုး ရဖူးသည်ကို မှတ်မိပါ၏ဟု (လျှောက်၏)။

နတ်တို့၏အရှင် သိကြားမင်း ဤယခုမှ ရှေးအခါက ဤသို့သဘောရှိသော နှစ်သက်ခြင်း ဝမ်းမြောက်ခြင်းမျိုး ရဖူးသည်ကို သင် အဘယ်သို့ မှတ်မိပါသနည်းဟု (မိန့်တော်မူ၏)။

အသျှင်ဘုရား ရှေး၌ဖြစ်ဖူးသည်ကား နတ်နှင့် အသူရာတို့ စစ်ပွဲဖြစ်ခဲ့ပါ၏၊ အသျှင်ဘုရား ထိုစစ်ပွဲ၌နတ်တို့နိုင်၍ အသုရာတို့ ရှုံးကြပါ၏။ အသျှင်ဘုရား ထိုစစ်ကို နိုင်သောကြောင့် စစ်နိုင်သော ထိုအကျွန်ုပ်အား ဤသို့သော နှစ်သက်ဝမ်းမြောက်ခြင်း ဖြစ်ပါ၏၊ “ယခုအခါ နတ်တို့၏ အစာအာဟာရအသူရာတို့၏ အစာအာဟာရဟူ၍ရှိရာ ဤနှစ်မျိုးလုံးကို နတ်တို့ချည်းသာ သုံးဆောင်ကြရကုန်လတ္တံ့”ဟု (နှစ်သက်ဝမ်းမြောက်ခြင်း ဖြစ်ပါ၏)။ အသျှင်ဘုရား အကျွန်ုပ်အား ထိုနှစ်သက်ခြင်း ဝမ်းမြောက်ခြင်းမျိုးကိုရခြင်းသည် တုတ် ဓား လက်နက် ကိုင်ဆောင်ရသော ချမ်းသာမျိုးဖြစ်ပါ၏၊။ ငီးငွေ့ရန်အလို့ငှါ တပ်မက်ခြင်းကင်းရန်အလို့ငှါ ဝဋ်ဆင်းရဲချုပ်ရန်အလို့ငှါ ရာဂစသည် ငြိမ်းရန်အလို့ငှါ ထူးသောဉာဏ်ဖြင့် သိရန်အလို့ငှါ သစ္စာလေးပါးကို သိရန်အလို့ငှါ နိဗ္ဗာန်ကို မျက်မှောက်ပြုရန်အလို့ငှါ မဖြစ်ပါ။

အသျှင်ဘုရား မြတ်စွာဘုရား၏ တရားတော်ကို ကြားနာရ၍ အကျွန်ုပ်၏ အကြင်နှစ်သက်ခြင်းဝမ်းမြောက်ခြင်းမျိုးကို ရခြင်းသည် ရှိပါ၏၊ ထို (နှစ်သက်ခြင်းဝမ်းမြောက်ခြင်းမျိုးကို ရခြင်း) သည်သာတုတ် ဓား လက်နက်မကိုင်ဆောင်ရသော ချမ်းသာခြင်းမျိုး ဖြစ်ပါ၏၊ စင်စစ်။ ငီးငွေ့ရန်အလို့ငှါ တပ်မက်ခြင်းကင်းရန်အလို့ငှါ ဝဋ်ဆင်းရဲ ချုပ်ရန်အလို့ငှါ ရာဂစသည် ငြိမ်းရန်အလို့ငှါ ထူးသောဉာဏ်ဖြင့် သိရန်အလို့ငှါ သစ္စာလေးပါးကို သိရန်အလို့ငှါ နိဗ္ဗာန်ကို မျက်မှောက်ပြုရန်အလို့ငှါ ဖြစ်ပါသည်ဟု (လျှောက်၏)။

၃၆၉။ နတ်တို့၏အရှင် သိကြားမင်း သင်သည် အဘယ်အကျိုးထူးကို မြင်၍ ဤသို့သဘောရှိသောနှစ်သက်ခြင်း ဝမ်းမြောက်ခြင်းမျိုး ရခြင်းကို ချီးကျူးပြောဆိုပါသနည်းဟု (မိန့်တော်မူ၏)။

အသျှင်ဘုရား အကျွန်ုပ်သည် ခြောက်ပါးသော အကျိုးထူးကို မြင်၍ ဤသို့သဘော ရှိသောနှစ်သက်ခြင်း ဝမ်းမြောက်ခြင်းမျိုးရခြင်းကို ချီးကျူးပြောဆိုပါ၏။

အသျှင်ဘုရား အကျွန်ုပ်သည် ဤအရပ်၌ပင် တည်နေလျက် သိကြားပင် ပြန်ဖြစ်၍ အသက်ကိုလည်းတစ်ဖန် ပြန်၍ ရပါ၏၊ အသျှင်ဘုရား ဤသို့ သိတော်မူပါလော့။

အသျှင်ဘုရား အကျွန်ုပ်သည် ရှေးဦးစွာသော ဤအကျိုးထူးကို မြင်၍ ဤသို့ သဘော ရှိသောနှစ်သက်ခြင်း ဝမ်းမြောက်ခြင်းမျိုး ရခြင်းကို ချီးကျူးပြောဆိုပါ၏။

အသျှင်ဘုရား အကျွန်ုပ်သည် နတ်ဘုံမှ စုတေ့၍ နတ်အသက်ကို စွန့်ပြီးလျှင် မတွေမဝေ သတိရှိလျက်အကျွန်ုပ်၏ စိတ်မွေ့လျော်ရာဘုံ၌ ပဋိသန္ဓေနေခြင်းသို့ ရောက်ရပါအံ့။ အသျှင်ဘုရား အကျွန်ုပ်သည် နှစ်ခုမြောက်သော ဤအကျိုးထူးကို မြင်၍ ဤသို့ သဘောရှိသော နှစ်သက်ခြင်း ဝမ်းမြောက်ခြင်းမျိုး ရခြင်းကို ချီးကျူးပြောဆိုပါ၏။ အသျှင်ဘုရား ယုံမှားတွေဝေခြင်းကင်းသည် ဖြစ်၍ သာသနာတော်၌ မွေ့လျော်စွာ နေသောထိုအကျွန်ုပ်သည် သတိ သမ္ပဇဉ်နှင့်ယှဉ်လျက် အရိယာအဖြစ်နှင့်လျော်စွာ နေရပါလတ္တံ့။

အသျှင်ဘုရား အကျွန်ုပ်သည် သုံးခုမြောက်သော ဤအကျိုးထူးကို မြင်၍ ဤသို့သဘောရှိသောနှစ်သက်ခြင်း ဝမ်းမြောက်ခြင်းမျိုး ရခြင်းကို ချီးကျူးပြောဆိုပါ၏။

အသျှင်ဘုရား အရိယာအဖြစ်နှင့် သင့်လျော်လျောက်ပတ်စွာ ကျင့်ဆောင်နေထိုင် သော အကျွန်ုပ်အားအကယ်၍ သကဒါဂါမိမဂ်ဉာဏ်သည်ဖြစ်အံ့၊ (အထက်မဂ်ကို) သိလိုသည် ဖြစ်၍ နေပါအံ့၊ ထို (ဘဝ) သည်ပင် လူ့ပြည်၌ အဆုံးဘဝဖြစ်ပါလတ္တံ့။

အသျှင်ဘုရား အကျွန်ုပ်သည် လေးခုမြောက်သော ဤအကျိုးထူးကို မြင်၍ ဤသို့ သဘောရှိသောနှစ်သက်ခြင်း ဝမ်းမြောက်ခြင်းမျိုး ရခြင်းကို ချီးကျူးပြောဆိုပါ၏။

အသျှင်ဘုရား အကျွန်ုပ်သည် လူ့ဘုံမှ စုတေ့၍ လူ့အသက်ကို စွန့်ပြီးလျှင် နတ်ပြည်၌ သိကြားမင်းတစ်ဖန် ဖြစ်ရပါလတ္တံ့။

အသျှင်ဘုရား အကျွန်ုပ်သည် ငါးခုမြောက်သော ဤ အကျိုးထူးကို မြင်၍ ဤသို့သဘောရှိသောနှစ်သက်ခြင်း ဝမ်းမြောက်ခြင်းမျိုး ရခြင်းကို ချီးကျူးပြောဆိုပါ၏။

အသျှင်ဘုရား အကနိဋ္ဌဗြဟ္မာတို့သည် သာလွန်၍ မြတ်ကုန်၏၊ အခြံအရံများ ကုန်၏၊ အဆုံးဘဝဖြစ်သည် ရှိသော် ထို (အကနိဋ္ဌဘုံ) သည် (အကျွန်ုပ်၏) နေရာ ဖြစ်ပါလတ္တံ့။

အသျှင်ဘုရား အကျွန်ုပ်သည် ခြောက်ခုမြောက်သော ဤအကျိုးထူးကို မြင်၍ ဤသို့ သဘောရှိ သောနှစ်သက်ခြင်း ဝမ်းမြောက်ခြင်းမျိုး ရခြင်းကို ချီးကျူးပြောဆိုပါ၏။

အသျှင်ဘုရား အကျွန်ုပ်သည် ခြောက်ပါးကုန်သော ဤအကျိုးထူးတို့ကို မြင်၍ ဤသို့သဘော ရှိသောနှစ်သက်ခြင်း ဝမ်းမြောက်ခြင်းမျိုး ရခြင်းကို ချီးကျူးပြောဆိုပါ၏။

၃၇ဝ။ အသျှင်ဘုရား သို့လော သို့လော တွေးတောယုံမှားခြင်းရှိသော အကျွန်ုပ် သည်မပြီးမြောက်သည့် ကြံစည်တောင့်တခြင်းနှင့် မြတ်စွာဘုရားကို ရှာလျက် အဓွန့်ရှည်စွာ လှည့်လည်ခဲ့ပါ၏။ အကျွန်ုပ်သည် အကြင်သမဏဗြာဟ္မဏတို့ကို ဝိဝေကတရားကို ပွါးများ၍ နေလေ့ ရှိကုန်သောဘုရားတို့ဟူ၍ မှတ်ထင်ပါကုန်၏၊ ထိုသမဏဗြာဟ္မဏတို့ထံ ဆည်း ကပ်ရန် သွားရောက်ခဲ့ပါ၏။ အဘယ်နည်းဖြင့် မဂ်၏ ပြည့်စုံခြင်းဖြစ်သနည်း၊ အဘယ်နည်းဖြင့် မဂ်၏ မပြည့် စုံခြင်းဖြစ်သနည်း၊ ဤသို့မေးအပ်သော် မဂ်၌လည်းကောင်း အကျင့်တို့၌လည်း ကောင်း ထို (သမဏဗြာဟ္မဏ) တို့မဖြေနိုင်ကြပါကုန်။ ယခုလာသော သူသည် နတ်တို့၏အရှင် သိကြားမင်းဟု အကျွန်ုပ်ကို သိကြသော အခါအဘယ် (ကောင်းမှုကံ) ကို ပြု၍ ဤ (သိကြားအဖြစ်) သို့ ရောက်သနည်းဟု အကျွန်ုပ် ကိုသာလျှင်ထို (သမဏဗြာဟ္မဏ) တို့ မေးကြပါကုန်၏။ လူတို့ပြည်၌ ထင်ရှားသော ခုနစ်ပါးသော သိကြားမင်းဖြစ်ကြောင်းတရားကို ကြား ဖူးသည့်အတိုင်းထို (သမဏဗြာဟ္မဏ) တို့အား အကျွန်ုပ်ဟောပါ၏၊ ထို (တရား ဟောသော)ကြောင့် ငါတို့သည်သိကြားမင်းကို မြင်ရပေပြီဟု ထို (သမဏဗြာဟ္မဏ) တို့သည် ဝမ်းမြောက်ကြပါကုန်၏။ အကျွန်ုပ်၏ ယုံမှားခြင်းကို လွန်မြောက်စေတော်မူသော မြတ်စွာဘုရားကို ဖူးမြော် ရသောအခါမှ စ၍မြတ်စွာဘုရားကို ဆည်းကပ်ခဲ့သောကြောင့် ယခုအခါ၌ အကျွန်ုပ် သည် ကြောက်ရွံ့ခြင်းကင်းရပါပြီ။ တဏှာတည်းဟူသော ငြောင့်ကို ပယ်နှုတ်တော်မူတတ်သော သစ္စာလေးပါးကို သိ တော်မူပြီးသောအတုမဲ့ပုဂ္ဂိုလ်ဖြစ်တော်မူသော ကြီးမြတ်သော လုံ့လရှိတော်မူသော နေမင်း၏ အဆွေဖြစ်တော်မူသောမြတ်စွာဘုရားကို အကျွန်ုပ် ရှိခိုးပါ၏။ ့အသျှင်ဘုရား အကျွန်ုပ်တို့သည် ဗြဟ္မာအား ရှိခိုးခြင်းကို ပြုခဲ့ပါကုန်၏၊ ယနေ့မှ စ၍ နတ်တို့နှင့်အတူအကျွန်ုပ်တို့အား ထိုရှိခိုးခြင်းသည် မရှိတော့ပါဟု အသျှင် ဘုရားအား ပြပါကုန်အံ့။ ယခုမူအကျွန်ုပ်တို့သည် အသျှင်ဘုရားအား ရှိခိုးပူဇော်ခြင်းကို ပြုကြပါကုန်၏။ အသျှင်ဘုရားသည်သာလျှင် အလုံးစုံသော တရားတို့ကို သိသော ဘုရားဖြစ် တော်မူပါ၏၊ အသျှင်ဘုရားသည် အတုမရှိသော ဆရာဖြစ်တော်မူပါ၏၊ နတ်နှင့်တကွ သော လောက၌အသျှင်ဘုရားနှင့်တူသော ပုဂ္ဂိုလ် မရှိပါဘုရားဟု (လျှောက်ထား၏)။

၃၇၁။ ထိုအခါ နတ်တို့၏အရှင် သိကြားမင်းသည် ဂန္ဓဗ္ဗနတ်မျိုးဖြစ်သော ပဉ္စသိခနတ်သားကို မိန့်ကြားလေ၏။

“အမောင်ပဉ္စသိခ သင်သည် ငါ့အား ကျေးဇူးများလှပေ၏၊ သင်သည် မြတ်စွာဘုရားကို ရှေးဦးစွာခွင့်ပန်ပေ၏၊ အမောင်ပဉ္စသိခ သင်ခွင့်ပန်ပြီးသည့်နောက်မှ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားကို ငါတို့သည် နောက်မှ ဖူးမြော်ခြင်းငှါ ချဉ်းကပ်ကြရကုန်၏။ (ငါသည်) သင့်အား သင့်အဖရာထူး၌လည်း ထားအံ့၊ ဂန္ဓဗ္ဗနတ်မင်းလည်းသင်ဖြစ်အံ့၊ ကောင်းခြင်း လက္ခဏာနှင့် ပြည့်စုံသော သင်အလွန်တောင့်တသော သူရိယဝစ္ဆသာနတ်သမီးကိုလည်း သင့်အားပေးအံ့”ဟု (မိန့်ကြားလေ၏)။

ထို့နောက် နတ်တို့၏အရှင် သိကြားမင်းသည် လက်ဖြင့် မြေကို ပုတ်၍—

“နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ”ဟု သုံးကြိမ် ဥဒါန်းကျူးရင့်၏။

ဤအမေးအဖြေနှင့်တကွသော တရားဒေသနာတော်ကို ဟောတော်မူသည်ရှိသော် “ဖြစ်ခြင်းသဘောရှိသော တရားအလုံးစုံသည် ချုပ်ခြင်းသဘောရှိ၏”ဟု နတ်တို့၏အရှင် သိကြားမင်းအား ကိလေသာမြူအညစ်အကြေးကင်းသော တရားမျက်စိ ‘သောတာပတ္တိမဂ်ဉာဏ်’ သည် ထင်ရှားဖြစ်ပေါ်လေ၏၊ (သိကြားမင်းမှ) တစ်ပါး အခြားရှစ်သောင်းသော နတ်တို့အားလည်း တရားမျက်စိ ‘သောတာပတ္တိမဂ်ဉာဏ်’ သည်ထင်ရှားဖြစ်ပေါ်လေ၏။

ဤသို့ နတ်တို့၏အရှင် သိကြားမင်း တောင်းပန်သော ပြဿနာတို့ကို မြတ်စွာဘုရား ဖြေကြားတော်မူသောကြောင့် ဤတရားဒေသနာတော်၏ အမည်သည် ‘သက္ကပဥှ’ ဟူ၍သာလျှင် တွင်သတည်း။

ရှစ်ခုမြောက် သက္ကပဥှသုတ်ပြီး၏။