ဒီဃနိကာယ်

၁ဝ—ပါယာသိသုတ်

၄ဝ၆။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်—

အခါတစ်ပါး၌ အသျှင်ကုမာရကဿပသည် ငါးရာမျှသော များစွာသော ရဟန်းသံဃာနှင့်အတူကောသလတိုင်း၌ ဒေသစာရီလှည့်လည်ရာ ကောသလမင်းသားတို့၏ သေတဗျမည်သောမြို့သို့ ရောက်၍ထိုသေတဗျမြို့၏ မြောက်အရပ် ယင်းတိုက်တော၌ သီတင်းသုံးနေတော်မူ၏။

ထိုအခါ ပါယာသိမြို့စားသည် လူစည်ကား၍ ကျွဲ နွား စသည် ပေါများသော မြက် ထင်း ရေတို့နှင့်ပြည့်စုံသော ဆန်စပါးနှင့် ပြည့်စုံသော မင်းမှရသည့် စည်းစိမ်ဖြစ်သော ပသေနဒီကောသလမင်းသည်ဆုလာဘ်အဖြစ်ဖြင့် အပိုင်စားပေးထားသော သေတဗျမြို့ကို အုပ်ချုပ်၍ နေ၏။

ပါယာသိမြို့စား ဝတ္ထု

၄ဝ၇။ ထိုအခါ ပါယာသိမြို့စားအား ဤသို့သဘောရှိသော ယုတ်မာသော အယူသည် ဖြစ်လျက် ရှိ၏—

“ဤအကြောင်းကြောင့်လည်း တစ်ပါးသော လောကသည် မရှိ၊ (သေ၍) တစ်ဖန် ဖြစ်ပေါ်သောသတ္တဝါတို့သည် မရှိကုန်၊ ကောင်းမှုကံ, မကောင်းမှုကံတို့၏ အကျိုးဝိပါက်သည် မရှိ”ဟု (ယုတ်မာသော အယူသည် ဖြစ်လျက်ရှိ၏)။

သေတဗျမြို့နေ ပုဏ္ဏားနှင့် အမျိုးသားတို့သည် ဤသို့ ကြားသိလေကုန်၏—

“အချင်းတို့ ရဟန်းဂေါတမ၏ တပည့် ကုမာရကဿပရဟန်းသည် ငါးရာမျှသော များစွာသောရဟန်းသံဃာနှင့်အတူ ကောသလတိုင်း၌ ခရီးဒေသစာရီ လှည့်လည်ခဲ့ရာ သေတဗျမြို့သို့ ရောက်၍သေတဗျမြို့၏ မြောက်အရပ် ယင်းတိုက်တော၌ (သီတင်းသုံးနေတော်မူ၏)။ ထိုအသျှင်ကုမာရ ကဿပ၏ကောင်းသော ကျော်စောသတင်းသည် ဤသို့ ပျံ့နှံ့၍ ထွက်၏။

‘အသျှင်ကုမာရကဿပသည် ပညာရှိ၏၊ လိမ္မာ၏၊ ထက်မြက်သော ဉာဏ်ရှိ၏၊ အကြားအမြင် များ၏၊ ဆန်းကြယ်သော တရားစကားကို ဟောတတ်၏၊ ပြေပြစ်သော စကားလည်း ရှိ၏၊ သက်ကြီးဝါကြီးလည်း ဖြစ်၏၊ ရဟန္တာလည်း ဖြစ်၏’ဟု ပျံ့နှံ့၍ ထွက်၏၊ ထိုသို့သဘောရှိသောရဟန္တာပုဂ္ဂိုလ်တို့ကို ဖူးမြော်ရခြင်းသည် ကောင်းသည်သာတည်း”ဟု (ကြားသိလေကုန်၏)။

ထိုအခါ သေတဗျမြို့နေ ပုဏ္ဏားနှင့် အမျိုးသားတို့သည် သေတဗျမြို့မှ အစုလိုက် အအုပ်လိုက့်ထွက်ကြပြီးလျှင် တစ်ပေါင်းတည်း ဖြစ်ကုန်လျက် မြောက်အရပ်သို့ မျက်နှာမူကာ ယင်းတိုက်တောဆီသို့သွားကုန်၏။

၄ဝ၈။ ထိုအခါ ပါယာသိမြို့စားသည် ပြာသာဒ်ထက်၌ နေ့အချိန် လျောင်းစက်ရာသို့ ကပ်ရောက်လျက်ရှိ၏၊ ထိုပါယာသိမြို့စားသည် သေတဗျမြို့မှ အစုလိုက် အအုပ်လိုက် ထွက်ကြပြီးလျှင် တစ်ပေါင်းတည်း ဖြစ်ကုန်လျက် မြောက်အရပ်သို့ မျက်နှာမူကာ ယင်းတိုက်တောဆီသို့ ချဉ်းကပ်ကုန်သော သေတဗျမြို့နေ ပုဏ္ဏားနှင့် အမျိုးသားတို့ကိုမြင်သော် အမတ်အား ဤသို့မေး၏—

“အမတ် သေတဗျမြို့နေ ပုဏ္ဏားနှင့် အမျိုးသားတို့သည် သေတဗျမြို့မှ အစုလိုက် အအုပ်လိုက်ထွက်ကြပြီးလျှင် တစ်ပေါင်းတည်း ဖြစ်ကုန်လျက် မြောက်အရပ်သို့ မျက်နှာမူကာ ယင်းတိုက်တော ဆီသို့အဘယ်ကြောင့် ချဉ်းကပ်ကုန်သနည်း”ဟု (မေး၏)။

အရှင် ရဟန်းဂေါတမ၏တပည့် ကုမာရကဿပရဟန်းသည် ငါးရာမျှသော များစွာသော ရဟန်းသံဃာနှင့်အတူ ကောသလတိုင်း၌ ဒေသစာရီ လှည့်လည်ရာ သေတဗျမြို့သို့ ရောက်၍ သေတဗျမြို့ ၏မြောက်အရပ် ယင်းတိုက်တော၌ နေ၏၊ ထိုအသျှင်ကုမာရကဿပ၏ ကောင်းသော ကျော်စောသတင်းသည် ဤသို့ ပျံ့နှံ့၍ ထွက်ပါ၏။

“အသျှင်ကုမာရကဿပသည် ပညာရှိ၏၊ လိမ္မာ၏၊ ထက်မြက်သော ဉာဏ်ရှိ၏၊ အကြားအမြင်များ၏၊ ဆန်းကြယ်သော တရားစကားကို ဟောတတ်၏၊ ပြေပြစ်သော စကားရှိ၏၊ သက်ကြီးဝါကြီးလည်း ဖြစ်၏၊ ရဟန္တာလည်း ဖြစ်၏”ဟု (ပျံ့နှံ့၍ ထွက်ပါ၏)။

ထိုပုဏ္ဏားနှင့် အမျိုးသားတို့သည် ထိုအသျှင်ကုမာရကဿပကို ဖူးမြော်ခြင်းငှါ ချဉ်းကပ်ကုန်၏ဟု (ပြန်ကြားပြောဆို၏)။

အမတ် သို့ဖြစ်လျှင် “ဤအကြောင်းကြောင့်လည်း တစ်ပါးသော လောကသည် ရှိ၏၊ (သေ၍) တစ်ဖန် ဖြစ်ပေါ်သော သတ္တဝါတို့သည် ရှိကုန်၏၊ ကောင်းမှုကံ, မကောင်းမှုကံတို့၏ အကျိုးဝိပါက်သည် ရှိ၏ဟု ကုမာရကဿပရဟန်းသည် မိုက်ကုန်သော မလိမ္မာကုန်သော သေတဗျမြို့နေပုဏ္ဏားနှင့် အမျိုးသားတို့ကို မဟောကြားမီ သေတဗျမြို့နေ ပုဏ္ဏားနှင့် အမျိုးသားတို့ထံသို့ ချဉ်း ကပ်၍ ‘အသျှင်တို့ ဆိုင်းငံ့ကြပါဦး၊ ပါယာသိမြို့စားသည်လည်း ကုမာရကဿပရဟန်းကို ဖူးမြော် ရန်ချဉ်းကပ်ပါလိမ့်မည်’ဟု ပါယာသိမြို့စားက မှာကြားလိုက်ပါသည် ဟူ၍ ပြောကြားချေလော့၊ အမတ်စင်စစ်မူကား တစ်ပါးသော လောကသည် မရှိ၊ (သေ၍) တစ်ဖန် ဖြစ်ပေါ်လာသော သတ္တဝါတို့သည်မရှိကုန်၊ ကောင်းမှုကံ, မကောင်းမှုကံတို့၏ အကျိုးဝိပါက်သည် မရှိ”ဟု (ဆို၏)။

“အရှင် ကောင်းပါပြီ”ဟု ထိုအမတ်သည် ပါယာသိမြို့စားအား ဝန်ခံပြီးလျှင် သေတဗျမြို့နေ ပုဏ္ဏားနှင့်အမျိုးသားတို့ထံသို့ ချဉ်းကပ်၍ သေတဗျမြို့နေ ပုဏ္ဏားနှင့် အမျိုးသားတို့အား ဤစကားကိုပြောကြား၏—

“အသျှင်တို့ ဆိုင်းငံ့ကြပါဦး။ ပါယာသိမြို့စားသည်လည်း ကုမာရကဿပရဟန်းကို ဖူးမြော်ရန်ချဉ်းကပ်ပါလိမ့်မည်’ဟု ပါယာသိမြို့စားက မှာကြားလိုက်ပါသည်”ဟု (ပြောကြား၏)။

၄ဝ၉။ ထို့နောက် ပါယာသိမြို့စားသည်လည်း သေတဗျမြို့နေ ပုဏ္ဏားနှင့် အမျိုးသားတို့ဖြင့်ခြံရံလျက်ယင်းတိုက်တော အသျှင်ကုမာရကဿပထံသို့ ချဉ်းကပ်ပြီးလျှင် အသျှင်ကုမာရကဿပနှင့်အတူဝမ်းမြောက်ဝမ်းသာ (နှုတ်ဆက်) ပြောဆို၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြောဆိုပြီးဆုံးစေ၍တစ်ခုသော နေရာ၌ ထိုင်နေ၏။

သေတဗျမြို့နေ အချို့သော ပုဏ္ဏားနှင့် အမျိုးသားတို့သည်လည်း အသျှင်ကုမာရကဿပကို ရှိခိုး၍တစ်ခုသော နေရာ၌ ထိုင်ကုန်၏၊ အချို့သော သူတို့သည် အသျှင်ကုမာရကဿပနှင့်အတူ ဝမ်းမြောက်ဝမ်းသာ (နှုတ်ဆက်) ပြောဆိုကုန်၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြောဆိုပြီးဆုံးစေ၍ တစ်ခု့သောနေရာ၌ ထိုင်ကုန်၏၊ အချို့သော သူတို့သည် အသျှင်ကုမာရကဿပရှိရာအရပ်သို့ လက်အုပ်ချီကုန်လျက် တစ်ခုသော နေရာ၌ ထိုင်ကုန်၏၊ အချို့သောသူတို့သည် အမည်အနွယ်ကို ပြောကြားလျက် တစ်ခုသော နေရာ၌ ထိုင်ကုန်၏၊ အချို့သော သူတို့သည် တိတ်ဆိတ်စွာ တစ်ခုသော နေရာ၌ ထိုင်ကုန်၏။

ကံ—ကံ၏ အကျိုးမရှိ ဟူသော အယူ

၄၁ဝ။ တစ်ခုသော နေရာ၌ ထိုင်ပြီးသော ပါယာသိမြို့စားသည် အသျှင်ကုမာရကဿပအား ဤစကားကိုလျှောက်၏—

“အသျှင်ကဿပ အကျွန်ုပ်သည် ဤသို့ဆိုလေ့ရှိပါ၏၊ ဤသို့ယူလေ့ရှိပါ၏၊ ‘ဤအကြောင်းကြောင့်လည်း တစ်ပါးသော လောကသည် မရှိ၊ (သေ၍) တစ်ဖန် ဖြစ်ပေါ်သော သတ္တဝါတို့သည် မရှိကုန်၊ ကောင်းမှုကံ, မကောင်းမှုကံတို့၏ အကျိုးဝိပါက်သည် မရှိ’ဟု ယူလေ့ရှိပါသည်” ဟူ၍ (လျှောက်၏)။

မြို့စား ငါသည် ဤသို့ဆိုလေ့ရှိသောသူ ဤသို့ယူလေ့ရှိသောသူကို မြင်လည်း မမြင်စဖူး ကြား လည်းမကြားစဖူး “ဤအကြောင်းကြောင့်လည်း တစ်ပါးသော လောကသည် မရှိ၊ (သေ၍) တစ်ဖန်ဖြစ်ပေါ်သော သတ္တဝါတို့သည် မရှိကုန်၊ ကောင်းမှုကံ, မကောင်းမှုကံတို့၏ အကျိုးဝိပါက်သည် မရှိ”ဟုအဘယ့်ကြောင့် ဆိုသနည်း။

လ နေ ဥပမာ

၄၁၁။ မြို့စား သို့ဖြစ်လျှင် ဤအရာ၌ သင့်ကိုပင် ပြန်၍ မေးအံ့၊ သင်နှစ်သက်သည့်အတိုင်းထို (အမေး) ကို ဖြေလော့။ မြို့စား ထို (အရာ) ကို အဘယ်သို့ ထင်သနည်း၊ ဤလနေတို့သည် ဤလောက၌ ဖြစ်ကုန်သလော၊ တစ်ပါးသော လောက၌ ဖြစ်ကုန်သလော၊ ထိုလနေတို့သည် နတ်တို့ ဖြစ်ကုန်သလော၊ လူတို့ ဖြစ်ကုန်သလောဟု (မေး၏)။

အသျှင်ကဿပ ဤလနေတို့သည် တစ်ပါးသော လောက၌ ဖြစ်ပါကုန်၏၊ ဤလောက၌ မဖြစ်ပါကုန်၊ ထိုလနေတို့သည် နတ်တို့ ဖြစ်ပါကုန်၏၊ လူတို့ မဟုတ်ပါကုန်ဟု (ဖြေဆို၏)။

မြို့စား ဤအကြောင်းဖြင့်လည်း သင်၏ အယူသည် ဤသို့ ဖြစ်ပါလော့—

“ဤအကြောင်းကြောင့်လည်း တစ်ပါးသော လောကသည် ရှိ၏၊ (သေ၍) တစ်ဖန် ဖြစ်ပေါ်သောသတ္တဝါတို့သည် ရှိကုန်၏၊ ကောင်းမှုကံ, မကောင်းမှုကံတို့၏ အကျိုးဝိပါက်သည် ရှိ၏”ဟု (ဖြစ်ပါလော့ဟု ဆို၏)။

၄၁၂။ အသျှင်ကဿပသည် ဤသို့ဆိုသော်လည်း ဤအရာ၌ အကျွန်ုပ်၏အယူသည် ဤသို့ပင် ဖြစ်ပါ၏—

“ဤအကြောင်းကြောင့်လည်း တစ်ပါးသော လောကသည် မရှိ၊ (သေ၍) တစ်ဖန် ဖြစ်ပေါ်သောသတ္တဝါတို့သည် မရှိကုန်၊ ကောင်းမှုကံ, မကောင်းမှုကံတို့၏ အကျိုးဝိပါက်သည် မရှိ”ဟု (ဖြစ်ပါ၏ဟုလျှောက်၏)။

မြို့စား “ဤအကြောင်းကြောင့်လည်း တစ်ပါးသော လောကသည် မရှိ၊ (သေ၍) တစ်ဖန် ဖြစ်ပေါ်သော သတ္တဝါတို့သည် မရှိကုန်၊ ကောင်းမှုကံ, မကောင်းမှုကံတို့၏ အကျိုးဝိပါက်သည် မရှိ” ဟူသောသင်၏ အယူဖြစ်ခြင်း၏ အကြောင်းသည် ရှိသလောဟု (မေး၏)။

အသျှင်ကဿပ “ဤအကြောင်းကြောင့်လည်း တစ်ပါးသော လောကသည် မရှိ၊ (သေ၍) တစ်ဖန်ဖြစ်ပေါ်သော သတ္တဝါတို့သည် မရှိကုန်၊ ကောင်းမှုကံ, မကောင်းမှုကံတို့၏ အကျိုးဝိပါက်သည် မရှိ” ဟူသော အကျွန်ုပ်၏ အယူဖြစ်ခြင်း၏ အကြောင်းသည် ရှိပါ၏ဟု (လျှောက်၏)။

မြို့စား (ထိုအဧကြာင်းကား) အဘယ်နည်းဟု (မေး၏)။

အသျှင်ကဿပ ဤလောက၌ အကျွန်ုပ်၏ အဆွေခင်ပွန်းသားချင်းပေါက်ဖော်တို့သည် အသက်ကို့သတ်လေ့ရှိကုန်၏၊ မပေးသော ဥစ္စာကို ယူလေ့ရှိကုန်၏၊ ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်လေ့ရှိကုန်၏၊ မဟုတ်မမှန်သော စကားကို ပြောလေ့ရှိကုန်၏၊ ကုန်းချောစကားကို ပြောလေ့ရှိကုန်၏၊ ကြမ်းတမ်းသောစကားကို ပြောလေ့ရှိကုန်၏၊ ပြိန်ဖျင်းသော စကားကို ပြောလေ့ရှိကုန်၏၊ တပ်မက်မောခြင်း များကုန်၏၊ ပျက်စီးစေလိုသော စိတ်ရှိကုန်၏၊ မှားသော အယူရှိကုန်၏၊ ထိုသူတို့သည် နောင်အခါ၌ ရောဂါနှိပ်စက်ကုန်၏၊ ဆင်းရဲခြင်းသို့ ရောက်ကုန်၏၊ ပြင်းထန်စွာ နာမကျန်းရှိကုန်၏၊ “ဤသူတို့သည် ဤရောဂါမှမထကုန်လတ္တံ့”ဟု သိသောအခါ အကျွန်ုပ်သည် ထိုသူတို့ထံ ချဉ်းကပ်၍ ဤသို့ ပြောဆိုပါ၏။

“အချင်းတို့ အချို့သော သမဏဗြာဟ္မဏတို့သည် ဤသို့ဆိုလေ့ရှိကုန်၏၊ ဤသို့ယူလေ့ရှိကုန်၏—

‘အကြင်သူတို့သည် အသက်ကို သတ်လေ့ရှိကုန်၏၊ မပေးသော ဥစ္စာကို ယူလေ့ရှိကုန်၏၊ ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်လေ့ရှိကုန်၏၊ မဟုတ်မမှန်သော စကားကို ပြောလေ့ရှိကုန်၏၊ ကုန်းချောစကားကို ပြောလေ့ရှိကုန်၏၊ ကြမ်းတမ်းသော စကားကို ပြောလေ့ရှိကုန်၏၊ ပြိန်ဖျင်း သောစကားကို ပြောလေ့ရှိကုန်၏၊ တပ်မက်မောခြင်း များကုန်၏၊ ပျက်စီးစေလိုသော စိတ်ရှိကုန် ၏၊ မှားသော အယူရှိကုန်၏၊ ထိုသူတို့သည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်း သာကင်းရာမကောင်းသော လားရာ ပျက်စီးလျက် ကျရောက်ရာ ငရဲသို့ ရောက်ကုန်လတ္တံ့’ဟု (ဆိုလေ့ယူလေ့ရှိကုန်၏)။

အချင်းတို့သည်ကား အသက်ကို သတ်လေ့ရှိကုန်၏၊ မပေးသော ဥစ္စာကို ယူလေ့ရှိကုန်၏၊ ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်လေ့ရှိကုန်၏၊ မဟုတ်မမှန်သော စကားကို ပြောလေ့ရှိကုန်၏၊ ကုန်းချောစကားကို ပြောလေ့ရှိကုန်၏၊ ကြမ်းတမ်းသော စကားကို ပြောလေ့ရှိကုန်၏၊ ပြိန်ဖျင်းသော စကားကိုပြောလေ့ရှိကုန်၏၊ တပ်မက်မောခြင်းများကုန်၏၊ ပျက်စီးစေလိုသော စိတ်ရှိကုန်၏၊ မှားသော အယူရှိကုန်၏၊ ထိုအသျှင်သမဏ ဗြာဟ္မဏတို့၏ စကားသည် အကယ်၍ မှန်အံ့၊ အချင်းတို့သည်ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းရာ မကောင်းသောလားရာပျက်စီးလျက်ကျရောက်ရာ ငရဲသို့ ရောက်ကုန်လတ္တံ့။

အချင်းတို့သည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းရာ မကောင်းသော လားရာပျက်စီးလျက်ကျရောက်ရာ ငရဲသို့ အကယ်၍ ကျရောက်ကုန်သော် ငါ့ထံလာ၍ ပြောကြားကြပါ ကုန်လော့—

‘ဤအကြောင်းကြောင့်လည်း တစ်ပါးသော လောကသည် ရှိ၏၊ (သေ၍) တစ်ဖန် ဖြစ်ပေါ်သောသတ္တဝါတို့သည် ရှိကုန်၏၊ ကောင်းမှုကံ, မကောင်းမှုကံတို့၏ အကျိုးဝိပါက်သည် ရှိ၏’ဟု (လာ၍ပြောကြားကြပါကုန်လော့)။

အချင်းတို့သည် ငါ၏ ယုံကြည်ကိုးစားထိုက်သူတို့ ဖြစ်ကြပါကုန်၏၊ အချင်းတို့ သိမြင်သော အရာ သည်ငါ ကိုယ်တိုင် သိမြင်သော အရာကဲ့သို့ ဖြစ်ပါလတ္တံ့”ဟု (ပြောဆိုပါ၏)။

ထိုသူတို့သည် “ကောင်းပါပြီ”ဟု အကျွန်ုပ်အား ဝန်ခံကြပြီးလျှင် လာ၍လည်း မပြောကြားကြပါကုန်၊ တမန်ကိုလည်း မစေလွှတ်ကြပါကုန်။

အသျှင်ကဿပ (ယင်းဆိုခဲ့သည့် ပုံသက်သေ) အကြောင်းအားဖြင့် အကျွန်ုပ်၏ အယူသည် ဤသို့ဖြစ်ပါ၏—

“ဤအကြောင်းကြောင့်လည်း တစ်ပါးသော လောကသည် မရှိ၊ (သေ၍) တစ်ဖန် ဖြစ်ပေါ်သောသတ္တဝါတို့သည် မရှိကုန်၊ ကောင်းမှုကံ, မကောင်းမှုကံတို့၏ အကျိုးဝိပါက်သည် မရှိ”ဟု ဖြစ်ပါ ၏။ ဤ (ဆိုခဲ့သည့် ပုံသက်သေ) သည်လည်း (အကျွန်ုပ်၏ အယူဖြစ်ခြင်း၏) အကြောင်းပါတည်းဟု (လျှောက်၏)။

ခိုးသူ ဥပမာ

၄၁၃။ မြို့စား သို့ဖြစ်လျှင် ဤအရာ၌ သင့်ကိုပင် ပြန်၍ မေးအံ့၊ သင်နှစ်သက်သည့်အတိုင်း (ထိုအမေး) ကို ဖြေလော့၊ မြို့စား ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ ဤလောက၌ သင်၏မင်းချင်းယောကျာ်းတို့သည် အပြစ်ကျူးလွန်သော ခိုးသူကို ပြကုန်ရာ၏။

“အရှင် ဤသူကား အပြစ်ကို ကျူးလွန်သော အရှင်၏ (စိုးအုပ်ရာနယ်မြေမှ) ခိုးသူပါတည်း၊ ဤခိုးသူအား ပေးလိုသော အပြစ်ဒဏ်ကို ပေးပါလော့”ဟု (ပြကုန်ရာ၏)။

ထိုသူတို့ကို သင်သည် ဤသို့ ဆိုရာ၏။

“အချင်းတို့ သို့ဖြစ်လျှင် ဤ (ခိုးသူ) ယောကျာ်းကို ခိုင်သောကြိုးဖြင့်မြဲမြံစွာ လက်ပြန်ကြိုးချည်၍ခေါင်းတုံးရိတ်ပြီးလျှင် အသံပြင်းစွာ မည်သော စည်ဖြင့် (ကြေညာလျက်) လမ်းမတစ်ခုမှ လမ်းမတစ်ခုသို့လမ်းဆုံတစ်ခုမှ လမ်းဆုံတစ်ခုသို့ ခေါ်ဆောင်၍ တောင်တံခါးမှ ထွက်ပြီးလျှင်မြို့၏ တောင်ဘက်သူသတ်ကုန်း၌ ဦးခေါင်းကို ဖြတ်ကုန်လော့”ဟု (ဆိုရာ၏)။

ထိုသူတို့သည် “ကောင်းပါပြီ”ဟု ဝန်ခံ၍ ထို (ခိုးသူ) ယောကျာ်းကို ခိုင်သော ကြိုးဖြင့်မြဲမြံစွာလက်ပြန် ကြိုးချည်၍ ခေါင်းတုံးရိတ်ပြီးလျှင် အသံပြင်းစွာ မည်သော စည်ဖြင့် (ကြေညာလျက်) လမ်းမတစ်ခုမှ လမ်းမတစ်ခုသို့ လမ်းဆုံတစ်ခုမှ လမ်းဆုံတစ်ခုသို့ ခေါ်ဆောင်၍ တောင်တံခါးမှ ထွက်ပြီးလျှင်မြို့၏ တောင်ဘက် သူသတ်ကုန်း၌ ထိုင်နေစေကုန်ရာ၏။

ထိုခိုးသူသည် သူသတ်တို့ကို “အရှင်သူသတ်တို့ ဤမည်သော ရွာနိဂုံး၌ အကျွန်ုပ်၏ အဆွေခင်ပွန်းသားချင်းပေါက်ဖော်တို့သည် ရှိပါကုန်၏၊ အကျွန်ုပ်သည် ထိုအဆွေခင်ပွန်းသားချင်းပေါက်ဖော်တို့အား (မိမိကိုယ်ကိုလည်းကောင်း သိုမှီးထားသော ဥစ္စာကိုလည်းကောင်း) ပြ၍ ပြန်လာသည့်တိုင်အောင် ဆိုင်းငံ့ပါဦးလော့”ဟု (အခွင့်တောင်းသော်) ရရာသလော၊ သို့မဟုတ် ငိုကြွေးမြည်တမ်းစဉ်ပင်လျှင် သူသတ်တို့သည်ဦးခေါင်းကို ဖြတ်ကုန်ရာသလောဟု (မေး၏)။

အသျှင်ကဿပ ထိုခိုးသူသည် သူသတ်တို့ကို “အရှင်သူသတ်တို့ ဤမည်သော ရွာနိဂုံး၌ အကျွန်ုပ်၏အဆွေခင်ပွန်းသားချင်းပေါက်ဖော်တို့သည် ရှိပါကုန်၏၊ အကျွန်ုပ်သည် ထိုအဆွေခင်ပွန်းသားချင်းပေါက်ဖော်တို့အား (မိမိကိုယ်ကိုလည်းကောင်း သိုမှီးထားသော ဥစ္စာကိုလည်းကောင်း) ပြ၍ ပြန်လာသည့်တိုင်အောင် ဆိုင်းငံ့ပါဦးလော့”ဟု (အခွင့်တောင်းသော်) မရရာပါ။ စင်စစ်သော်ကား ငိုကြွေးမြည်တမ်းစဉ်ပင်လျှင် သူသတ်တို့သည် ထိုသူ၏ ဦးခေါင်းကို ဖြတ်ကုန်ရာပါ၏ဟု (လျှောက်၏)။

မြို့စား လူသားဖြစ်သော ထိုခိုးသူသည် လူသားဖြစ်သော သူသတ်တို့ကို “အရှင်သူသတ်တို့ ဤမည်သော ရွာနိဂုံး၌ အကျွန်ုပ်၏ အဆွေခင်ပွန်းသားချင်းပေါက်ဖော်တို့သည် ရှိပါကုန်၏၊ အကျွန်ုပ်သည်ထိုအဆွေ ခင်ပွန်း သားချင်းပေါက်ဖော်တို့အား (မိမိကိုယ်ကိုလည်းကောင်း သိုမှီးထားသော ဥစ္စာကိုလည်းကောင်း) ပြ၍ ပြန်လာသည့် တိုင်အောင် ဆိုင်းငံ့ပါဦးလော့”ဟု (အခွင့်တောင်း၍) မရအံ့၊ ယင်းသို့ဖြစ်မူသူ့အသက်ကို သတ်လေ့ရှိကုန်သော၊ မပေးသော ဥစ္စာကို ယူလေ့ရှိကုန်သော၊ ကာမဂုဏ်တို့၌မှားယွင်းစွာ ကျင့်လေ့ရှိကုန်သော၊ မဟုတ်မမှန်သော စကားကို ပြောလေ့ရှိကုန်သော၊ ကုန်းချောစကားကိုပြောလေ့ရှိ ကုန်သော၊ ကြမ်းတမ်းသော စကားကို ပြောလေ့ရှိကုန်သော၊ ပြိန်ဖျင်းသော စကားကိုပြောလေ့ရှိကုန်သော၊ တပ်မက်မောခြင်းများကုန်သော၊ ပျက်စီးစေလိုသော စိတ်ရှိကုန်သော၊ မှားသောအယူရှိကုန်သော သင်၏ အဆွေခင်ပွန်းသားချင်းပေါက်ဖော်တို့သည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှနောက်၌ ချမ်းသာကင်းရာ မကောင်းသောလားရာ ပျက်စီးလျက်ကျ ရောက်ရာ ငရဲသို့ရောက်ကုန်သည်ရှိသော် ငရဲထိန်းတို့ကို “အရှင်ငရဲထိန်းတို့ အကျွန်ုပ်တို့သည် ပါယာသိမည်သောမြို့စား၏ အထံသို့ သွား၍ ‘ဤအကြောင်းကြောင့်လည်း တစ်ပါးသော လောကသည် ရှိ၏၊ (သေ၍) တစ်ဖန် ဖြစ်ပေါ်သော သတ္တဝါတို့သည် ရှိကုန် ၏၊ ကောင်းမှုကံ, မကောင်းမှုကံတို့၏အကျိုးဝိပါက်သည် ရှိ၏’ဟု ပြောဆိုရန် ဆိုင်းငံ့ပါကုန် လော့”ဟု အဘယ်မှာ (အခွင့်တောင်း၍) ့ရရာအံ့နည်း၊ မြို့စား ဤအကြောင်းဖြင့်လည်း သင်၏ အယူသည် ဤသို့ ဖြစ်ပါလော့—

“ဤအကြောင်းကြောင့်လည်း တစ်ပါးသော လောကသည် ရှိ၏၊ (သေ၍) တစ်ဖန် ဖြစ်ပေါ်သောသတ္တဝါတို့သည် ရှိကုန်၏၊ ကောင်းမှုကံ, မကောင်းမှုကံတို့၏ အကျိုးဝိပါက်သည် ရှိ၏”ဟု (ဖြစ်ပါလော့ဟု ဆို၏)။

၄၁၄။ အသျှင်ကဿပသည် ဤသို့ဆိုသော်လည်း ဤအရာ၌ အကျွန်ုပ်၏အယူသည် ဤသို့ပင် ဖြစ်ပါ၏—

“ဤအကြောင်းကြောင့်လည်း တစ်ပါးသော လောကသည် မရှိ၊ (သေ၍) တစ်ဖန် ဖြစ်ပေါ်သောသတ္တဝါတို့သည် မရှိကုန်၊ ကောင်းမှုကံ, မကောင်းမှုကံတို့၏ အကျိုးဝိပါက်သည် မရှိ”ဟု (ဖြစ်ပါ၏ဟုလျှောက်၏)။

မြို့စား “ဤအကြောင်းကြောင့်လည်း တစ်ပါးသော လောကသည် မရှိ၊ (သေ၍) တစ်ဖန် ဖြစ်ပေါ်သော သတ္တဝါတို့သည် မရှိကုန်၊ ကောင်းမှုကံ, မကောင်းမှုကံတို့၏ အကျိုးဝိပါက်သည် မရှိ” ဟူသောသင်၏ အယူဖြစ်ခြင်း၏ အကြောင်းသည် ရှိသေးသလောဟု (မေး၏)။

အသျှင်ကဿပ “ဤအကြောင်းကြောင့်လည်း တစ်ပါးသော လောကသည် မရှိ၊ (သေ၍) တစ်ဖန်ဖြစ်ပေါ်သော သတ္တဝါတို့သည် မရှိကုန်၊ ကောင်းမှုကံ, မကောင်းမှုကံတို့၏ အကျိုးဝိပါက်သည် မရှိ” ဟူသော အကျွန်ုပ်၏ အယူဖြစ်ခြင်း၏ အကြောင်းသည် ရှိပါသေး၏ဟု (လျှောက်၏)။

မြို့စား (ထိုအကြောင်းကား) အဘယ်နည်းဟု (မေး၏)။

အသျှင်ကဿပ ဤလောက၌ အကျွန်ုပ်၏ အဆွေခင်ပွန်းသားချင်းပေါက်ဖော်တို့သည် အသက်ကိုသတ်ခြင်းမှ ရှောင်ကြဉ်ကုန်၏၊ မပေးသော ဥစ္စာကို ယူခြင်းမှ ရှောင်ကြဉ်ကုန်၏၊ ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်ခြင်းမှ ရှောင်ကြဉ်ကုန်၏၊ မဟုတ်မမှန်သော စကားကို ပြောခြင်းမှ ရှောင်ကြဉ်ကုန်၏၊ ကုန်း ချောစကားကို ပြောခြင်းမှ ရှောင်ကြဉ်ကုန်၏၊ ကြမ်းတမ်းသော စကားကို ပြောခြင်းမှရှောင်ကြဉ်ကုန်၏၊ ပြိန်ဖျင်းသော စကားကို ပြောခြင်းမှ ရှောင်ကြဉ်ကုန်၏၊ တပ်မက်မောခြင်း မများကုန်၊ ပျက်စီးစေလိုသော စိတ်မရှိကုန်၊ မှန်သော အယူရှိကုန်၏၊ ထိုသူတို့သည် နောင်အခါ၌ရောဂါနှိပ်စက်အပ်ကုန်၏၊ ဆင်းရဲခြင်း သို့ ရောက်ကုန်၏၊ ပြင်းထန်စွာ နာမကျန်းရှိကုန်၏၊ “ဤသူတို့သည် ဤရောဂါမှ မထကုန် လတ္တံ့”ဟု သိသောအခါ အကျွန်ုပ်သည် ထိုသူတို့ထံ ချဉ်းကပ်၍ဤသို့ ပြောဆိုပါ၏။

“အချင်းတို့ အချို့သော သမဏဗြာဟ္မဏတို့သည် ဤသို့ဆိုလေ့ရှိကုန်၏၊ ဤသို့ယူလေ့ရှိကုန်၏—

‘အကြင်သူတို့သည် အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်ကုန်၏၊ မပေးသော ဥစ္စာကို ယူခြင်းမှရှောင်ကြဉ်ကုန်၏၊ ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်ခြင်းမှ ရှောင်ကြဉ်ကုန်၏၊ မဟုတ်မမှန်သောစကားကို ပြောခြင်းမှ ရှောင်ကြဉ်ကုန်၏၊ ကုန်းချောစကားကို ပြောခြင်းမှ ရှောင်ကြဉ်ကုန်၏၊ ကြမ်းတမ်းသော စကားကို ပြောခြင်းမှ ရှောင်ကြဉ်ကုန်၏၊ ပြိန်ဖျင်းသော စကားကို ပြောခြင်းမှ ရှောင်ကြဉ်ကုန်၏၊ တပ်မက်မောခြင်း မများကုန်၊ ပျက်စီးစေလိုသော စိတ်မရှိကုန်၊ မှန်သော အယူ ရှိကုန်၏၊ ထိုသူတို့သည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသောလားရာ နတ် ပြည်သို့ရောက်ကုန်၏’ဟု ယူလေ့ရှိကုန်၏။

အချင်းတို့သည်ကား အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်ကုန်၏၊ မပေးသော ဥစ္စာကို ယူခြင်းမှရှောင်ကြဉ်ကုန်၏၊ ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်ခြင်းမှ ရှောင်ကြဉ်ကုန်၏၊ မဟုတ်မမှန်သောစကားကိုပြောခြင်းမှ ရှောင်ကြဉ်ကုန်၏၊ ကုန်းချောစကားကို ပြောခြင်းမှ ရှောင်ကြဉ်ကုန်၏၊ ကြမ်းတမ်းသောစကားကို ပြောခြင်းမှ ရှောင်ကြဉ်ကုန်၏၊ ပြိန်ဖျင်းသော စကားကို ပြောခြင်းမှ ရှောင်ကြဉ်ကုန်၏၊ တပ်မက်မောခြင်း မများကုန်၊ ပျက်စီးစေလိုသော စိတ်မရှိကုန်၊ မှန်သော အယူရှိကုန် ၏၊ ထိုအသျှင်သမဏဗြာဟ္မဏတို့၏ စကားသည် အကယ်၍ မှန်အံ့၊ အချင်းတို့သည် ခန္ဓာကိုယ် ပျက်စီး၍့သေပြီးသည်မှ နောက်၌ ကောင်းသောလားရာ နတ်ပြည်သို့ ရောက်ကုန်လတ္တံ့။

အချင်းတို့သည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသောလားရာ နတ်ပြည်သို့အကယ်၍ ရောက်ကုန်သော် ငါ့ထံလာ၍ ပြောကြားပါကုန်လော့—

‘ဤအကြောင်းကြောင့်လည်း တစ်ပါးသော လောကသည် ရှိ၏၊ (သေ၍) တစ်ဖန် ဖြစ်ပေါ်သောသတ္တဝါတို့သည် ရှိကုန်၏၊ ကောင်းမှုကံ, မကောင်းမှုကံတို့၏ အကျိုးဝိပါက်သည် ရှိ၏’ဟု (လာ၍ပြောကြားပါကုန်လော့)။

အချင်းတို့သည် ငါ၏ ယုံကြည်ကိုးစားထိုက်သူတို့ ဖြစ်ကြပါကုန်၏၊ အချင်းတို့ သိမြင်သော အရာ သည်ငါကိုယ်တိုင် သိမြင်သော အရာကဲ့သို့ ဖြစ်ပါလတ္တံ့”ဟု (ပြောဆိုပါ၏)။

ထိုသူတို့သည် “ကောင်းပါပြီ”ဟု အကျွန်ုပ်အား ဝန်ခံကြပြီးလျှင် လာ၍လည်း မပြောကြားကြပါကုန်၊ တမန်ကိုလည်း မစေလွှတ်ကြပါကုန်။

အသျှင်ကဿပ (ယင်းဆိုခဲ့သည့် ပုံသက်သေ) အကြောင်းအားဖြင့် အကျွန်ုပ်၏အယူသည် ဤသို့ ဖြစ်ပါ၏—

“ဤအကြောင်းကြောင့်လည်း တစ်ပါးသော လောကသည် မရှိ၊ (သေ၍) တစ်ဖန် ဖြစ်ပေါ်သောသတ္တဝါတို့သည် မရှိကုန်၊ ကောင်းမှုကံ, မကောင်းမှုကံတို့၏ အကျိုးဝိပါက်သည် မရှိ”ဟု ဖြစ်ပါ ၏။ ဤ (ဆိုခဲ့သည့်ပုံသက်သေ) သည်လည်း (အကျွန်ုပ်၏ အယူဖြစ်ခြင်း၏) အကြောင်းပါတည်းဟု (လျှောက်၏)။

မစင်တွင်း၌ နစ်မြုပ်သော ယောကျာ်း ဥပမာ

၄၁၅။ မြို့စား သို့ဖြစ်လျှင် ဥပမာပြု၍ သင့်အား ပြောအံ့၊ ဤလောက၌ အချို့သော ပညာရှိတို့ သည်ဥပမာဖြင့် ပြောဆိုသော စကား၏ အဓိပ္ပါယ်ကို သိကုန်၏။ မြို့စား ဥပမာသော်ကား ယောကျာ်းတစ်ယောက်သည် မစင်တွင်း၌ ဦးခေါင်းနှင့်တကွ နစ်မြုပ်လျက် ရှိရာ၏၊ ထိုအခါ သင်သည် မင်းချင်းယောကျာ်းတို့ကို ဤသို့လည်း စေခိုင်းရာ၏—

“အချင်းတို့ ထိုယောကျာ်းကို ထိုမစင်တွင်းမှ ထုတ်ယူကုန်လော့”ဟု (စေခိုင်းရာ၏)။ ထိုသူ တို့သည် “ကောင်းပါပြီ”ဟု ဝန်ခံ၍ ထိုယောကျာ်းကို ထိုမစင်တွင်းမှ ထုတ်ယူကုန်ရာ၏။

ထိုသူတို့ကို သင်သည် ဤသို့ ဆိုပြန်ရာ၏။

“အချင်းတို့ ထိုယောကျာ်း၏ ကိုယ်၌ ပေကျံနေသော မစင်ကို ဝါးခြမ်းစိတ်တို့ဖြင့် ကောင်းစွာသုတ်သင်ကုန်လော့”ဟု (ဆိုပြန်ရာ၏)။ ထိုသူတို့သည် “ကောင်းပါပြီ”ဟု ဝန်ခံ၍ ထိုယောကျာ်း ၏ကိုယ်မှ မစင်ကို ဝါးခြမ်းစိတ်တို့ဖြင့် ကောင်းစွာ သုတ်သင်ကုန်ရာ၏။

ထိုသူတို့ကို သင်သည် ဤသို့ ဆိုပြန်ရာ၏။

“အချင်းတို့ ထိုယောကျာ်း၏ ကိုယ်ကို မြေဖြူဖြင့် သုံးကြိမ်တိုင်အောင် ကောင်းစွာ ပွတ်တိုက်ခြင်း ဖြင့်ပွတ်တိုက်ကုန်လော့”ဟု (ဆိုပြန်ရာ၏)။ ထိုသူတို့သည် ထိုယောကျာ်း၏ ကိုယ်ကို မြေဖြူဖြင့်သုံးကြိမ်တိုင်အောင် ကောင်းစွာ ပွတ်တိုက်ခြင်းဖြင့် ပွတ်တိုက်ကုန်ရာ၏။

ထိုသူတို့ကို သင်သည် ဤသို့ ဆိုပြန်ရာ၏။

“အချင်းတို့ ထိုယောကျာ်းကို ဆီဖြင့်သုတ်ပြန်၍ နူးညံ့သော ကသယ်မှုန့်ဖြင့်သုံးကြိမ် ကောင်းစွာဆေးကြောခြင်းကို ပြုကုန်လော့”ဟု (ဆိုပြန်ရာ၏)။ ထိုသူတို့သည် ထိုယောကျာ်းကို ဆီဖြင့် သုတ်၍နူးညံ့သော ကသယ်မှုန့်ဖြင့် သုံးကြိမ်ဆေးကြောခြင်းကို ပြုကုန်ရာ၏။

ထိုသူတို့ကို သင်သည် ဤသို့ ဆိုပြန်ရာ၏။

“အချင်းတို့ ထိုယောကျာ်း၏ ဆံမုတ်ဆိတ်ကို ပြုပြင်ကုန်လော့”ဟု (ဆိုပြန်ရာ၏)။ ထိုသူတို့ သည်ထိုယောကျာ်း၏ ဆံမုတ်ဆိတ်ကို ပြုပြင်ကုန်ရာ၏။

ထိုသူတို့ကို သင်သည် ဤသို့ ဆိုပြန်ရာ၏—

“အချင်းတို့ ထိုယောကျာ်းအား အဖိုးထိုက်သော ပန်းကုံးကိုလည်းကောင်း အဖိုးထိုက်သော နံ့သာပျောင်းကိုလည်းကောင်း အဖိုးထိုက်သော အဝတ်တို့ကိုလည်းကောင်း ဆောက်နှင်းကုန်လော့”ဟု (ဆိုပြန်ရာ၏)။

ထိုသူတို့သည် ထိုယောကျာ်းအား အဖိုးထိုက်သော ပန်းကုံးကိုလည်းကောင်း အဖိုးထိုက်သောနံ့သာပျောင်းကိုလည်းကောင်း အဖိုးထိုက်သော အဝတ်တို့ကိုလည်းကောင်း ဆောက်နှင်းကုန်ရာ၏။

ထိုသူတို့ကို သင်သည် ဤသို့ ဆိုပြန်ရာ၏—

“အချင်းတို့ ထိုယောကျာ်းကို ပြာသာဒ်ထက်သို့ တင်၍ ကာမဂုဏ်ငါးပါးတို့ကို (အဆင်သင့်ရရှိရန်) ထားကုန်လော့”ဟု (ဆိုပြန်ရာ၏)။

ထိုသူတို့သည် ထိုယောကျာ်းကို ပြာသာဒ်ထက်သို့ တင်၍ ကာမဂုဏ်ငါးပါးတို့ကို (အဆင်သင့်ရရှိ ရန်) ထားကုန်ရာ၏။

မြို့စား ထို (မေးလတ္တံ့သော) စကားကို အဘယ်သို့ မှတ်ထင်သနည်း၊ ကောင်းစွာ ရေချိုးပြီးသောကောင်းစွာ အမွှေးနံ့သာ လိမ်းကျံပြီးသော ကောင်းစွာ ဆံမုတ်ဆိတ် ပြုပြင်ပြီးသော ပန်းကုံးစွပ်ပြီးသောကောင်းစွာ တန်ဆာဆင်ပြီးသော ဖြူစင်သော အဝတ်ဝတ်ပြီးသော မြတ်သော ပြာသာဒ်ထက်၌ ရောက်လျက် ကာမဂုဏ်ငါးပါးတို့ဖြင့် ကုံလုံပြည့်စုံစွာ ခံစား၍နေရသော ထိုယောကျာ်းအား ထိုမစင်တွင်း၌ တစ်ဖန်နစ်မြုပ်လိုသော ဆန္ဒ ဖြစ်ရာသေးသလောဟု (မေး၏)။

အသျှင်ကဿပ ထိုသို့ မဖြစ်ရာပါ။ အဘယ်ကြောင့်ဆိုသော် အသျှင်ကဿပ မသုတ်သင်သော မစင်တွင်းသည် ညစ်ညမ်းသည်လည်း ဖြစ်၏၊ ညစ်ညမ်းသော သဘောသို့လည်း ရောက်၏၊ နံစော်သည်လည်းဖြစ်၏၊ နံစော်သော မကောင်းသော သဘောသို့လည်း ရောက်၏၊ စက်ဆုပ်ဖွယ်လည်း ဖြစ်၏၊ စက်ဆုပ်ဖွယ် သဘောသို့လည်း ရောက်၏၊ ရွံရှာဖွယ်လည်း ဖြစ်၏၊ ရွံရှာဖွယ်သဘောသို့လည်း ရောက်၏ဟု (လျှောက်၏)။

မြို့စား ဤအတူသာလျှင် လူတို့သည် နတ်တို့၏ (အခြေအနေ၌) ညစ်ညမ်းသည်လည်း ဖြစ်၏၊ ညစ်ညမ်းသော သဘောသို့လည်း ရောက်၏၊ နံစော်သည်လည်း ဖြစ်၏၊ နံစော်သော သဘောသို့လည်းရောက်၏၊ စက်ဆုပ်ဖွယ်လည်း ဖြစ်၏၊ စက်ဆုပ်ဖွယ်သဘောသို့လည်း ရောက်၏၊ ရွံရှာဖွယ်လည်းဖြစ်၏၊ ရွံရှာဖွယ် သဘောသို့လည်း ရောက်၏၊ မြို့စား ယူဇနာတစ်ရာကပင် လူတို့၏ အနံ့သည်နတ်တို့ကို နှိပ်စက်နိုင်၏။ ယင်းသို့ ဖြစ်၍ အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်ကုန်သော၊ မပေးသောဥစ္စာကို ခိုးယူခြင်းမှ ရှောင်ကြဉ်ကုန်သော၊ ကာမဂုဏ်တို့၌ မှားယွင်းစွာကျင့်ခြင်းမှရှောင်ကြဉ်ကုန်သော၊ မဟုတ်မမှန် သောစကားကို ပြောခြင်းမှ ရှောင်ကြဉ်ကုန်သော၊ ကုန်းချောစကားကိုပြောခြင်းမှ ရှောင်ကြဉ်ကုန်သော၊ ကြမ်းတမ်းသောစကားကို ပြောခြင်းမှ ရှောင်ကြဉ်ကုန်သော၊ ပြိန်ဖျင်းသောစကားကို ပြောခြင်းမှ ရှောင် ကြဉ်ကုန်သော၊ တပ်မက်မောခြင်းမများကုန်သော၊ ပျက်စီးစေလိုသော စိတ်မရှိကုန်သော၊ မှန်သော အယူ ရှိကုန်သော သင်၏အဆွေခင်ပွန်းသားချင်းပေါက်ဖော်တို့သည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက် ၌ကောင်းသောလားရာ နတ်ပြည်သို့ ရောက်ကုန်သည်ရှိသော် “ဤအကြောင်းကြောင့်လည်း တစ်ပါးသောလောကသည် ရှိ၏၊ (သေ၍) တစ်ဖန် ဖြစ်ပေါ်လာသော သတ္တဝါတို့သည် ရှိကုန်၏၊ ကောင်းမှုကံ, မကောင်းမှုကံတို့၏ အကျိုးဝိပါက်သည် ရှိ၏”ဟု အဘယ်မှာ လာ၍ ပြောကြားကုန်အံ့နည်း။

မြို့စား ဤအကြောင်းဖြင့်လည်း သင်၏ အယူသည် ဤသို့ဖြစ်ပါလော့—

“ဤအကြောင်းကြောင့်လည်း တစ်ပါးသော လောကသည် ရှိ၏၊ (သေ၍) တစ်ဖန် ဖြစ်ပေါ်သောသတ္တဝါတို့သည် ရှိကုန်၏၊ ကောင်းမှုကံ, မကောင်းမှုကံတို့၏ အကျိုးဝိပါက်သည် ရှိ၏”ဟု (ဖြစ်ပါ့လော့ဟု မိန့်ဆို၏)။

၄၁၆။ အသျှင်ကဿပသည် ဤသို့ဆိုသော်လည်း ဤအရာ၌ အကျွန်ုပ်၏အယူသည် ဤသို့ပင် ဖြစ်ပါ၏—

“ဤအကြောင်းကြောင့်လည်း တစ်ပါးသော လောကသည် မရှိ၊ (သေ၍) တစ်ဖန် ဖြစ်ပေါ်သောသတ္တဝါတို့သည် မရှိကုန်၊ ကောင်းမှုကံ မကောင်းမှုကံတို့၏ အကျိုးဝိပါက်သည် မရှိ”ဟု (ဖြစ်ပါ၏ဟုလျှောက်၏)။

မြို့စား သင်၏ အယူဖြစ်ခြင်း၏ အကြောင်းသည် ရှိသေးသလော။ပ။

အသျှင်ကဿပ အကျွန်ုပ်၏ အယူဖြစ်ခြင်း၏ အကြောင်းသည် ရှိပါသေး၏။ပ။

မြို့စား (ထိုအကြောင်းကား) အဘယ်နည်းဟု (မေး၏)။

အသျှင်ကဿပ ဤလောက၌ အကျွန်ုပ်၏ အဆွေခင်ပွန်းသားချင်းပေါက်ဖော်တို့သည် အသက်ကိုသတ်ခြင်းမှ ရှောင်ကြဉ်ကုန်၏၊ မပေးသောဥစ္စာကို ယူခြင်းမှ ရှောင်ကြဉ်ကုန်၏၊ ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်ခြင်းမှ ရှောင်ကြဉ်ကုန်၏၊ မဟုတ်မမှန်သော စကားကို ပြောခြင်းမှ ရှောင်ကြဉ်ကုန်၏၊ ယစ်မူးမေ့လျော့ခြင်း၏ အကြောင်းဖြစ်သော သေအရက်သောက်ခြင်းမှ ရှောင်ကြဉ်ကုန်၏၊ ထိုသူတို့သည်နောင်အခါ၌ ရောဂါနှိပ်စက်အပ်ကုန်၏၊ ဆင်းရဲခြင်းသို့ ရောက်ကုန်၏၊ ပြင်းထန်စွာ နာမကျန်းရှိကုန်၏၊ “ဤသူတို့ သည် ဤရောဂါမှ မထကုန်လတ္တံ့”ဟု သိသောအခါ အကျွန်ုပ်သည် ထိုသူတို့ထံ ချဉ်းကပ်၍ဤသို့ ပြော ဆိုပါ၏—

“အချင်းတို့ အချို့သော သမဏဗြာဟ္မဏတို့သည် ဤသို့ဆိုလေ့ရှိကုန်၏၊ ဤသို့ယူလေ့ရှိကုန်၏—

‘အကြင်သူတို့သည် အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်ကုန်၏၊ မပေးသော ဥစ္စာကို ယူခြင်းမှရှောင်ကြဉ်ကုန်၏၊ ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်ခြင်းမှ ရှောင်ကြဉ်ကုန်၏၊ မဟုတ်မမှန်သောစကားကို ပြောခြင်းမှ ရှောင်ကြဉ်ကုန်၏၊ ယစ်မူးမေ့လျော့ခြင်း၏ အကြောင်းဖြစ်သော သေအရက်ကိုသောက်ခြင်းမှ ရှောင်ကြဉ်ကုန်၏၊ ထိုသူတို့သည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ကောင်းသော လားရာ နတ်ပြည်ဝယ် တာဝတိံသာနတ်တို့၏ အပေါင်းအသင်းအဖြစ်သို့ ရောက်ကုန် ၏‘ဟုဆိုလေ့ယူလေ့ ရှိကုန်၏။

အချင်းတို့သည်ကား အသက်သတ်ခြင်းမှ ရှောင်ကြဉ်ကုန်၏၊ မပေးသော ဥစ္စာကိုယူခြင်းမှ ရှောင်ကြဉ်ကုန်၏၊ ကာမဂုဏ်တို့၌ မှားယွင်းစွာကျင့်ခြင်းမှ ရှောင်ကြဉ်ကုန်၏၊ မဟုတ်မမှန်သော စကား ကိုပြောခြင်းမှ ရှောင်ကြဉ်ကုန်၏၊ ယစ်မူးမေ့လျော့ခြင်း၏ အကြောင်းဖြစ်သော သေအရက်ကို သောက်ခြင်းမှရှောင်ကြဉ်ကုန်၏၊ ထိုအသျှင်သမဏဗြာဟ္မဏတို့၏ စကားသည် အကယ်၍ မှန်ခဲ့ လျှင် အချင်းတို့သည်ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသောလားရာ နတ်ပြည် ဝယ် တာဝတိံသာနတ်တို့၏ အပေါင်းအသင်းအဖြစ်သို့ ရောက်ကုန်လတ္တံ့။

အချင်းတို့ ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသောလားရာ နတ်ပြည်ဝယ်တာဝတိံသာနတ်တို့၏ အပေါင်းအသင်းအဖြစ်သို့ အကယ်၍ ရောက်ကုန်သော် ငါ့ထံလာ၍ ပြောကြားပါကုန်လော့။

‘ဤအကြောင်းကြောင့်လည်း တစ်ပါးသော လောကသည် ရှိ၏၊ (သေ၍) တစ်ဖန် ဖြစ်ပေါ်သောသတ္တဝါတို့သည် ရှိကုန်၏၊ ကောင်းမှုကံ, မကောင်းမှုကံတို့၏ အကျိုးဝိပါက်သည် ရှိ၏’ဟု (လာ၍ပြောကြားကြပါကုန်လော့)။ အချင်းတို့သည် ငါ၏ ယုံကြည်ကိုးစားထိုက်သူတို့ ဖြစ်ကြပါကုန်၏၊ အချင်းတို့သိမြင်သော အရာသည် ငါကိုယ်တိုင် သိမြင်သော အရာကဲ့သို့ ဖြစ်ပါလတ္တံ့”ဟု (ပြောဆိုပါ၏)။

ထိုသူတို့သည် “ကောင်းပါပြီ”ဟု အကျွန်ုပ်အား ဝန်ခံပြီးလျှင် လာ၍လည်း မပြောကြားကြပါကုန်၊ တမန်ကိုလည်း မစေလွှတ်ကြပါကုန်။

အသျှင်ကဿပ ယင်း (ဆိုခဲ့ပြီးသည့် ပုံသက်သေ) အကြောင်းအားဖြင့် အကျွန်ုပ်၏ အယူသည် ဤသို့ဖြစ်ပါ၏—

“ဤအကြောင်းကြောင့်လည်း တစ်ပါးသောလောကသည် မရှိ၊ (သေ၍) တစ်ဖန်ဖြစ်ပေါ်လာသောသတ္တဝါတို့သည် မရှိကုန်၊ ကောင်းမှုကံ မကောင်းမှုကံတို့၏ အကျိုးဝိပါက်သည် မရှိ”ဟု (ဖြစ်ပါ ၏)။ ဤ (ဆိုခဲ့သည့် ပုံသက်သေ) သည်လည်း (အကျွန်ုပ်၏ အယူဖြစ်ခြင်း၏) အကြောင်းပါတည်းဟု (လျှောက်၏)။

တာဝတိံသာနတ် ဥပမာ

၄၁၇။ မြို့စား သို့ဖြစ်လျှင် ဤအရာ၌ သင့်ကိုပင် ပြန်၍မေးအံ့၊ သင်နှစ်သက်သည့်အတိုင်း ထိုအမေးကို ဖြေလော့။ မြို့စား လူ့ပြည်၌ အနှစ်တစ်ရာသည် တာဝတိံသာနတ်တို့၏ တစ်နေ့တစ်ညဉ့်ဖြစ်၏။ ထိုသို့သော နေ့ညဉ့်သုံးဆယ်သည် တစ်လမည်၏၊ ထိုသို့သော တစ်ဆယ့်နှစ်လသည် တစ်နှစ်မည်၏၊ ထိုသို့သောနှစ်ဖြင့် နတ်ပြည်၌ဖြစ်သော အနှစ်တစ်ထောင်သည် တာဝတိံသာနတ်တို့၏ အသက်တမ်းဖြစ်၏၊ အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်ကုန်သော၊ မပေးသောဥစ္စာကို ယူခြင်းမှ ရှောင်ကြဉ်ကုန်သော၊ ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်ခြင်းမှ ရှောင်ကြဉ်ကုန်သော၊ မဟုတ်မမှန်သော စကားကို ပြောခြင်းမှ ရှောင်ကြဉ်ကုန်သော၊ ယစ်မူးမေ့လျော့ခြင်း၏ အကြောင်းဖြစ်သော သေအရက်ကိုသောက်ခြင်းမှရှောင်ကြဉ်ကုန်သော သင်၏ အဆွေခင်ပွန်းသားချင်း ပေါက်ဖော်တို့သည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသောလားရာ နတ်ပြည်ဝယ် တာဝတိံသာနတ်တို့၏ အပေါင်းအသင်းအဖြစ်သို့ရောက်ကုန်သော် ထိုသူတို့အား အကယ်၍ ဤသို့ အကြံဖြစ်အံ့—

“ငါတို့သည် နတ်ပြည်၌ ဖြစ်သော ကာမဂုဏ်ငါးပါးတို့ဖြင့် ကုံလုံပြည့်စုံစွာ နှစ်ရက် သုံးရက်စံစားကုန်ဦးအံ့၊ ထို့နောက်မှ ငါတို့သည် ပါယာသိမြို့စားထံ သွား၍ ‘ဤအကြောင်းကြောင့်လည်းတစ်ပါးသော လောကသည် ရှိ၏၊ (သေ၍) တစ်ဖန်ဖြစ်ပေါ်သော သတ္တဝါတို့သည် ရှိကုန်၏၊ ကောင်းမှုကံ, မကောင်းမှုကံတို့၏ အကျိုးဝိပါက်သည် ရှိ၏’ဟု ပြောကြားကုန်အံ့” ဟူ၍ (အကြံ ဖြစ်အံ့)။

ဤသို့ဖြစ်ခဲ့သော် ထိုသူတို့သည် လာ၍ ပြောကြားနိုင်ကုန်ရာသလော “ဤအကြောင်းကြောင့်လည်းတစ်ပါးသော လောကသည် ရှိ၏၊ (သေ၍) တစ်ဖန် ဖြစ်ပေါ်လာသော သတ္တဝါတို့သည် ရှိကုန်၏၊ ကောင်းမှုကံ, မကောင်းမှုကံတို့၏ အကျိုးဝိပါက်သည် ရှိ၏”ဟု (ပြောကြားနိုင်ကုန်ရာသလောဟု မေး၏)။

အသျှင်ကဿပ မပြောကြားနိုင်ကုန်ရာပါ၊ အသျှင်ကဿပ စင်စစ်အားဖြင့် အကျွန်ုပ်တို့သည် ကြာမြင့်စွာ အခါကပင် သေပြီးဖြစ်ကုန်ရာပါ၏၊ “တာဝတိံသာနတ်တို့သည် ရှိကုန်၏” ဟူ၍လည်းကောင်း “တာဝတိံသာနတ်တို့သည် ဤသို့ အသက်ရှည်ကုန်၏” ဟူ၍လည်းကောင်း ဤအကြောင်းကို အသျှင်ကဿပအား အဘယ်သူသည် ပြောကြားပါသနည်း။ “တာဝတိံသာနတ်တို့သည် ရှိကုန်၏” ဟူ၍လည်းကောင်း “တာဝတိံသာနတ်တို့သည် ဤသို့ အသက်ရှည်ကုန်၏” ဟူ၍လည်းကောင်း (ဆိုသော) အသျှင်ကဿပ၏ စကားကို အကျွန်ုပ်တို့ မယုံကြည်ပါကုန်ဟု (လျှောက်၏)။

ဝမ်းတွင်း ကန်းသော ယောကျာ်း ဥပမာ

၄၁၈။ မြို့စား ဥပမာသော်ကား ဝမ်းတွင်းကန်းသော ယောကျာ်းသည် မည်းသော အဆင်း, ဖြူသောအဆင်းတို့ကို မမြင်ရာ၊ ညိုသော အဆင်းတို့ကို မမြင်ရာ၊ ရွှေသော အဆင်းတို့ကို မမြင်ရာ၊ နီသောအဆင်းတို့ကို မမြင်ရာ၊ မောင်းသော အဆင်းတို့ကို မမြင်ရာ၊ ညီညွတ်သောအရာ, မညီညွတ်သောအရာကို မမြင်ရာ၊ ကြယ်တာရာအရောင်တို့ကို မမြင်ရာ၊ လ နေတို့ကို မမြင်ရာ၊ ထိုဝမ်းတွင်းကန်းသည် ဤသို့ ပြောဆိုရာ၏—

“မည်းသောအဆင်း ဖြူသောအဆင်းတို့သည် မရှိကုန်၊ မည်းသော အဆင်း, ဖြူသော အဆင်း တို့ကိုမြင်သောသူတို့သည် မရှိကုန်၊ ညိုသော အဆင်းတို့သည် မရှိကုန်၊ ညိုသော အဆင်းတို့ကို့မြင်သောသူတို့သည် မရှိကုန်၊ ရွှေသော အဆင်းတို့သည် မရှိကုန်၊ ရွှေသော အဆင်းတို့ကိုမြင်သောသူတို့သည် မရှိကုန်၊ နိီသော အဆင်းတို့သည် မရှိကုန်၊ နီသော အဆင်းတို့ကို မြင်သောသူတို့သည် မရှိကုန်၊ မောင်းသော အဆင်းတို့သည် မရှိကုန်၊ မောင်းသော အဆင်းတို့ကို မြင် သောသူတို့သည် မရှိကုန်၊ ညီညွတ်သောအရာ, မညီညွတ်သောအရာသည် မရှိ၊ ညီညွတ်သော အရာ, မညီညွတ်သောအရာကို မြင်သော သူတို့သည် မရှိကုန်၊ ကြယ်တာရာအရောင်တို့သည် မရှိ ကုန်၊ ကြယ်တာရာအရောင်တို့ကို မြင်သော သူတို့သည် မရှိကုန်၊ လ နေတို့သည် မရှိကုန်၊ လ နေ တို့ကိုမြင်သော သူတို့သည် မရှိကုန်၊ ငါသည် ဤ (အမည်း အဖြူစသည်) ကို မသိ၊ ငါသည် ဤ (အမည်းအဖြူစသည်) ကို မမြင်၊ ထို့ကြောင့် ထို (အမည်းအဖြူစသည်) သည် မရှိ”ဟု (ပြောဆို ရာ၏)။

မြို့စား ထိုသို့ဆိုသော် ထိုဝမ်းတွင်းကန်းသည် မှန်စွာ ဆိုသည် မည်ရာသလောဟု (မေး၏)။

အသျှင်ကဿပ မှန်စွာ ဆိုသည် မမည်ရာပါ၊ အသျှင်ကဿပ မည်းသော အဆင်း, ဖြူသောအဆင်းတို့သည် ရှိပါကုန်၏၊ မည်းသော အဆင်း ဖြူသော အဆင်းတို့ကို မြင်သော သူတို့သည် ရှိပါကုန်၏၊ ညိုသော အဆင်းတို့သည် ရှိပါကုန်၏၊ ညိုသော အဆင်းတို့ကို မြင်သော သူတို့သည် ရှိပါကုန်၏။ပ။ ညီညွတ်သောအရာ, မညီညွတ်သောအရာသည် ရှိပါ၏၊ ညီညွတ်သောအရာ, မညီညွတ်သောအရာ ကို မြင်သောသူတို့သည် ရှိပါကုန်၏၊ ကြယ်တာရာအရောင်တို့သည် ရှိပါကုန်၏၊ ကြယ်တာရာအရောင်တို့ ကို မြင်သော သူတို့သည် ရှိပါကုန်၏၊ လ နေတို့သည် ရှိပါကုန်၏၊ လ နေတို့ကို မြင်သောသူတို့သည် ရှိပါကုန်၏၊ (ထိုသို့ ရှိကုန်လျက်) “ငါသည် ဤ (အမည်း အဖြူစသည်) ကို မသိ၊ ငါသည်ဤ (အမည်း အဖြူစသည်) ကို မမြင်၊ ထို့ကြောင့် ထို (အမည်းအဖြူ စသည်) သည် မရှိ”ဟု ဆိုအံ့၊ ယင်းသို့ဆိုသော် ထိုဝမ်းတွင်းကန်းသည် မှန်စွာဆိုသည် မမည်ရာပါဟု (လျှောက်၏)။ မြို့စား ဤအတူပင်ငါ့အား သင်ပြောသော စကားကြောင့် သင်သည် ဝမ်းတွင်းကန်းကဲ့သို့ ဖြစ်မည်မှာ ထင်ရှား၏။

“တာဝတိံသာနတ်တို့သည် ရှိကုန်၏” ဟူ၍လည်းကောင်း “တာဝတိံသာနတ်တို့သည် ဤသို့အသက်ရှည်ကုန်၏” ဟူ၍လည်းကောင်း ဤအကြောင်းကို အသျှင်ကဿပအား အဘယ်သူသည်ပြောကြား ပါသနည်း၊ “တာဝတိံသာနတ်တို့သည် ရှိကုန်၏” ဟူ၍လည်းကောင်း “တာဝတိံသာနတ်တို့သည် ဤသို့ အသက်ရှည်ကုန်၏” ဟူ၍လည်းကောင်း (ဆိုသော) အသျှင်ကဿပ၏စကားကို အကျွန်ုပ်တို့ မယုံကြည်ပါ ကုန်ဟု သင် ဆို၏။ မြို့စား သင် ထင်သကဲ့သို့ ဤမံသစက္ခုဖြင့်တစ်ပါးသောလောကကို မြင်အပ်သည်ဟု မမှတ်အပ်။ မြို့စား အကြင် သမဏဗြာဟ္မဏတို့သည် ရွာမှဝေးကွာသော ဆိတ် ငြိမ်ရာ တောကျောင်းတို့ ကို မှီဝဲနေကုန်၏၊ မမေ့မလျော့ကုန်သည်ဖြစ်၍ပြင်းထန်သော လုံ့လရှိကုန်သည်ဖြစ်၍ တည်ကြည်သော စိတ်ရှိကုန်သည်ဖြစ်၍ ထိုတောကျောင်းတို့၌နေကုန်သော ထိုသမဏဗြာဟ္မဏတို့သည် ဒိဗ္ဗစက္ခုအဘိညာဉ် ကို ကြည်လင်စေကုန်၏၊ ထိုသမဏဗြာဟ္မဏတို့သည် အထူးသဖြင့် ကြည်လင်သော လူတို့၏ မျက်စိ အမြင်ထက် သာလွန်သောနတ်မျက်စိနှင့်တူသော ‘ဒိဗ္ဗစက္ခု’ အဘိညာဉ်ဖြင့် ဤလောကကိုလည်းကောင်း တစ်ပါးသောလောကကိုလည်းကောင်း သေ၍ တစ်ဖန်ဖြစ်ပေါ်သော သတ္တဝါတို့ကိုလည်းကောင်း မြင်ကုန် ၏၊ မြို့စားဤသို့လျှင် တစ်ပါးသောလောကကို မှတ်အပ်၏၊ သင် ထင်သကဲ့သို့ ဤမံသစက္ခုဖြင့် မြင်အပ် သည်ဟုမမှတ်အပ်။

မြို့စား ဤအကြောင်းဖြင့်လည်း သင်၏ အယူသည် ဤသို့ဖြစ်ပါလော့—

“ဤအကြောင်းကြောင့်လည်း တစ်ပါးသော လောကသည် ရှိ၏၊ (သေ၍) တစ်ဖန် ဖြစ်ပေါ်သောသတ္တဝါတို့သည် ရှိကုန်၏၊ ကောင်းမှုကံ, မကောင်းမှုကံတို့၏ အကျိုးဝိပါက်သည် ရှိ၏”ဟု (ဖြစ်ပါလော့ဟု မိန့်ဆို၏)။

၄၁၉။ အသျှင်ကဿပသည် ဤသို့ ဆိုသော်လည်း ဤအရာ၌ အကျွန်ုပ်၏အယူသည် ဤသို့ပင် ဖြစ်ပါ၏—့

“ဤအကြောင်းကြောင့်လည်း တစ်ပါးသော လောကသည် မရှိ၊ (သေ၍) တစ်ဖန် ဖြစ်ပေါ်သောသတ္တဝါတို့သည် မရှိကုန်၊ ကောင်းမှုကံ, မကောင်းမှုကံတို့၏ အကျိုးဝိပါက်သည် မရှိ”ဟု (ဖြစ်ပါ ၏ဟုလျှောက်၏)။

မြို့စား သင်၏ အယူဖြစ်ခြင်း၏ အကြောင်းသည် ရှိသေးသလော။ပ။

အသျှင်ကဿပ အကျွန်ုပ်၏ အယူဖြစ်ခြင်း၏ အကြောင်းသည် ရှိပါသေး၏။ပ။

မြို့စား (ထိုအကြောင်းကား) အဘယ်နည်းဟု (မေး၏)။

အသျှင်ကဿပ ဤလောက၌ သီလရှိကုန်သော ကောင်းသောအကျင့်ရှိကုန်သော အသက်ရှည်ခြင်းငှါအလိုရှိကုန်သော မသေခြင်းငှါ အလိုရှိကုန်သော ချမ်းသာကို အလိုရှိကုန်သော ဆင်းရဲကို စက်ဆုပ်ကုန်သော သမဏဗြာဟ္မဏတို့ကို အကျွန်ုပ် တွေ့မြင်ရပါ၏၊ အသျှင်ကဿပ (ထိုသို့တွေ့မြင်သော အခါ) ထိုအကျွန်ုပ်အား ဤသို့ အကြံဖြစ်ပါ၏—

သီလရှိကုန်သော ကောင်းသောအကျင့်ရှိကုန်သော ဤသမဏဗြာဟ္မဏတို့သည် “ငါတို့ သေကုန် သော်ဤလောကထက် မွန်မြတ်သည် ဖြစ်လတ္တံ့”ဟု သိကုန်ငြားအံ့။ သီလရှိကုန်သော ကောင်း သောအကျင့်ရှိကုန်သော ဤအသျှင်သမဏဗြာဟ္မဏတို့သည် ယခုချက်ခြင်း အဆိပ်ကိုမူလည်း စား၍သေကုန်ရာ၏၊ ဓားလက်နက်ကိုမူလည်း ဆောင်ယူ၍ သတ်သေကုန်ရာ၏၊ ကြိုးဆွဲချ၍မူ လည်းသေကုန်ရာ၏၊ ကမ်းပါးပြတ်၌မူလည်း ခုန်ချ၍ သေကုန်ရာ၏၊ သီလရှိကုန်သော ကောင်း သောအကျင့်ရှိကုန်သော ဤအသျှင်သမဏဗြာဟ္မဏတို့သည် “ငါတို့ သေကုန်သော် ဤလောက ထက်မွန်မြတ်သည် ဖြစ်လတ္တံ့”ဟု မသိကုန်သောကြောင့် သီလရှိကုန်သော ကောင်းသော အကျင့် ရှိကုန်သောဤသမဏဗြာဟ္မဏတို့သည် အသက်ရှည်ခြင်းငှါ အလိုရှိကုန်၏၊ မသေခြင်းငှါ အလိုရှိ ကုန်၏၊ ချမ်းသာကိုအလိုရှိကုန်၏၊ ဆင်းရဲကို စက်ဆုပ်ကုန်၏၊ “မိမိကိုယ်ကို မသတ်ကုန်”ဟု (အကြံဖြစ်ပါ၏)။

အသျှင်ကဿပ ယင်း (ဆိုခဲ့သည့်ပုံသက်သေ) အကြောင်းအားဖြင့် အကျွန်ုပ်၏အယူသည် ဤသို့ ဖြစ်ပါ၏—

“ဤအကြောင်းကြောင့်လည်း တစ်ပါးသောလောကသည် မရှိ၊ (သေ၍) တစ်ဖန် ဖြစ်ပေါ်သောသတ္တဝါတို့သည် မရှိကုန်၊ ကောင်းမှုကံ, မကောင်းမှုကံတို့၏ အကျိုးဝိပါတ်သည် မရှိ”ဟု (ဖြစ်ပါ ၏)။

ဤ (ဆိုခဲ့သည့်ပုံသက်သေ) သည်လည်း (အကျွန်ုပ်၏ အယူဖြစ်ခြင်း၏) အကြောင်းပါတည်းဟု (လျှောက်၏)။

ကိုယ်ဝန်ဆောင်ပုဏ္ဏေးမ ဥပမာ

၄၂ဝ။ မြို့စား သို့ဖြစ်လျှင် ဥပမာပြု၍ သင့်အား ပြောအံ့၊ ဤလောက၌ အချို့သော ပညာရှိယောကျာ်းတို့သည် ဥပမာဖြင့် ဆိုအပ်သောစကား၏ အဓိပ္ပါယ်ကို သိကုန်၏။

မြို့စား ရှေး၌ဖြစ်ဖူးသည်ကား ပုဏ္ဏားတစ်ယောက်အား မယားနှစ်ယောက်ရှိ၏၊ တစ်ယောက်အားဆယ်နှစ်ရွယ် ဆယ့်နှစ်နှစ်ရွယ် သားတစ်ယောက်ရှိ၏၊ တစ်ယောက်သည်ကား ကိုယ်ဝန်အရင့်အမာသားဖွားခါနီးဖြစ်၏။ ထိုအခါ ထိုပုဏ္ဏားသည် သေလေ၏။ ထို (ပုဏ္ဏားသေသော) အခါ ထို (ပုဏ္ဏား၏သား) လုလင်ငယ်သည် အမိ၏ ရန်သူ (မိထွေး) အား ဤစကားကို ဆို၏—

“အမိ ဤ ဥစ္စာ စပါး ရွှေ ငွေအလုံးစုံသည် အကျွန်ုပ်၏ ဥစ္စာသာတည်း၊ ဤဥစ္စာစု၌ သင်၏ အဖို့တစ်စုံတစ်ခုမျှ မရှိ၊ အမိ အကျွန်ုပ်အား အဖ၏ အမွေအနှစ်ကို အပ်နှင်းပါလော့”ဟု (ဆို၏)၊ ဤသို့ဆိုသော် ထို (မိထွေး) ပုဏ္ဏေးမသည် ထိုလုလင်ငယ်အား ဤစကားကို ဆို၏—

“အမောင် မွေးဖွားသည့်တိုင်အောင် ဆိုင်းငံ့ပါဦး၊ အကယ်၍ သတို့သားမွေးဖွားသည် ဖြစ်အံ့၊ အချို့အဝက်သည် ထိုသတို့သား၏ အဖို့အစုလည်း ဖြစ်လတ္တံ့၊ အကယ်၍ သတို့သမီး မွေးဖွား သည့်ဖြစ်အံ့၊ ထိုသတို့သမီးသည်လည်း သင်၏ အလုပ်အကျွေးဖြစ်လတ္တံ့”ဟု (ဆို၏)။

နှစ်ကြိမ်မြောက်လည်း ထိုလုလင်ငယ်သည် အမိ၏ ရန်သူ (မိထွေး) အား ဤစကားကို ဆို၏—

“အမိ ဤ ဥစ္စာ စပါး ရွှေ ငွေ အလုံးစုံသည် အကျွန်ုပ်၏ ဥစ္စာသာတည်း၊ ဤဥစ္စာစု၌ သင်၏ အဖို့တစ်စုံတစ်ခုမျှ မရှိ၊ အမိ အကျွန်ုပ်အား အဖ၏ အမွေအနှစ်ကို အပ်နှင်းပါလော့”ဟု ဆို၏။ နှစ်ကြိမ်မြောက်လည်း ထို (မိထွေး) ပုဏ္ဏေးမသည် ထိုလုလင်ငယ်အား ဤစကားကို ဆို၏—

“အမောင် မွေးဖွားသည့်တိုင်အောင် ဆိုင်းငံ့ပါဦး၊ အကယ်၍ သတို့သား မွေးဖွားသည် ဖြစ်အံ့၊ အချို့အဝက်သည် ထိုသတို့သား၏ အဖို့အစုလည်း ဖြစ်လတ္တံ့၊ အကယ်၍ သတို့သမီး မွေးဖွား သည်ဖြစ်အံ့၊ ထိုသတို့သမီးသည်လည်း သင်၏ အလုပ်အကျွေးဖြစ်လတ္တံ့”ဟု (ဆို၏)။

သုံးကြိမ်မြောက်လည်း ထိုလုလင်ငယ်သည် အမိ၏ ရန်သူ (မိထွေး) အား ဤစကားကို ဆို၏—

“အမိ ဤ ဥစ္စာ စပါး ရွှေ ငွေ အလုံးစုံသည် အကျွန်ုပ်၏ ဥစ္စာသာတည်း၊ ဤဥစ္စာစု၌ သင်၏ အဖို့တစ်စုံတစ်ခုမျှ မရှိ၊ အမိ အကျွန်ုပ်အား အဖ၏ အမွေအနှစ်ကို အပ်နှင်းပါလော့”ဟု (ဆို၏)။

ထိုအခါ ထိုပုဏ္ဏေးမသည် ဓားလက်နက်ကို ယူ၍ တိုက်ခန်းသို့ ဝင်ပြီးလျှင် သတို့သားဖြစ်စေသတို့သမီးဖြစ်စေ မွေးဖွားစေခြင်းငှါ ဝမ်းကို ခွဲလေ၏။ ထိုပုဏ္ဏေးမသည် မိမိကိုယ်ကိုလည်းကောင်းအသက်ကိုလည်းကောင်း အလုံးစုံသော ဥစ္စာနှစ်ကိုလည်းကောင်း ဖျက်ဆီး၏၊ မိုက်သော မလိမ္မာသောပုဏ္ဏေးမသည် အဆင်ခြင်ကင်းမဲ့စွာ အမွေအနှစ်ကို ရှာသည်ဖြစ်၍ ပျက်စီးခြင်းသို့ ရောက်ဘိသကဲ့သို့၊ မြို့စား ဤအတူသာလျှင် မိုက်သော မလိမ္မာသော သင်သည် အဆင်ခြင်ကင်းမဲ့စွာ တစ်ပါးသောလောကကိုရှာသည်ဖြစ်၍ ပျက်စီးခြင်းသို့ ရောက်လတ္တံ့၊ မြို့စား မိုက်သော မလိမ္မာသော ထိုပုဏ္ဏေးမသည် အဆင်ခြင်ကင်းမဲ့စွာ အမွေအနှစ်ကို ရှာသည်ဖြစ်၍ ပျက်စီးခြင်းသို့ ရောက်သကဲ့သို့ သီလရှိကုန်သော ကောင်းသောအကျင့်ရှိကုန်သော သမဏဗြာဟ္မဏတို့သည် မရင့်ကျက်သေးသည်ကို ရင့်ကျက်အောင် မပြုကုန်၊ စင်စစ်သော်ကား ရင့်ကျက်သော အခါကို ဆိုင်းငံ့ကုန်၏။ မြို့စား သီလရှိကုန်သော ကောင်းသောအကျင့်ရှိကုန်သော သမဏဗြာဟ္မဏတို့သည် အဓွန့်ရှည်စွာ တည်နေသည့်အလျောက် များစွာသော ကုသိုလ်ကောင်းမှုကို တိုးပွါးစေကုန်၏၊ လူအများတို့၏ ပွါးစီးခြင်းအလို့ငှါလည်း ကျင့်ကုန်၏၊ လူအများတို့၏ချမ်းသာခြင်းအလို့ငှါလည်း ကျင့်ကုန်၏၊ သတ္တလောကကို သနားသောကြောင့် နတ် လူတို့၏ အကျိုးများခြင်းအလို့ငှါ ပွါးစီးခြင်းအလို့ငှါ ချမ်းသာခြင်းအလို့ငှါ ကျင့်ကုန်၏။ မြို့စား ဤအကြောင်း ဖြင့်လည်းသင်၏ အယူသည် ဤသို့ဖြစ်ပါလော့—

“ဤအကြောင်းကြောင့်လည်း တစ်ပါးသော လောကသည် ရှိ၏၊ (သေ၍) တစ်ဖန်ဖြစ်ပေါ်သောသတ္တဝါတို့သည် ရှိကုန်၏၊ ကောင်းမှုကံ, မကောင်းမှုကံတို့၏ အကျိုးဝိပါက်သည် ရှိ၏”ဟု (ဖြစ်ပါလော့ဟု မိန့်ဆို၏)။

၄၂၁။ အသျှင်ကဿပသည် ဤသို့ဆိုသော်လည်း ဤအရာ၌ အကျွန်ုပ်၏ အယူသည် ဤသို့ပင်ဖြစ်ပါ၏—

“ဤအကြောင်းကြောင့်လည်း တစ်ပါးသောလောကသည် မရှိ၊ (သေ၍) တစ်ဖန်ဖြစ်ပေါ်သောသတ္တဝါတို့သည် မရှိကုန်၊ ကောင်းမှုကံ, မကောင်းမှုကံတို့၏ အကျိုးဝိပါက်သည် မရှိ”ဟု (ဖြစ်ပါ ၏ဟုလျှောက်၏)။

မြို့စား သင်၏ အယူဖြစ်ခြင်း၏ အကြောင်းသည် ရှိသေးသလော။ပ။

အသျှင်ကဿပ အကျွန်ုပ်၏ အယူဖြစ်ခြင်း၏ အကြောင်းသည် ရှိပါသေး၏။ပ။

မြို့စား (ထိုအကြောင်းကား) အဘယ်နည်းဟု (မေး၏)။

အသျှင်ကဿပ ဤလောက၌ အကျွန်ုပ်၏ မင်းချင်းယောကျာ်းတို့သည် အပြစ်ကျူးလွန်သော ခိုးသူကိုဖမ်း၍ ပြပါကုန်၏—့

“အရှင် ဤသူကား အပြစ်ကို ကျူးလွန်သော အရှင် (စိုးအုပ်ရာနယ်မြေမှ) ခိုးသူပါတည်း၊ ဤ သူအားပေးလိုသော အပြစ်ဒဏ်ကို ပေးပါလော့”ဟု (ပြပါကုန်၏)။

ထိုမင်းချင်းယောကျာ်းတို့ကို အကျွန်ုပ်သည် ဤသို့ ဆိုပါ၏—

“အချင်းတို့ သို့ဖြစ်လျှင် ဤယောကျာ်းကို အသက်ရှင်စဉ်ပင် အိုး၌ ထည့်၍ အိုးဝကို ပိတ်ပြီးလျှင်စိုစွတ်သော သားရေဖြင့် ကြက်၍ စိုစွတ်သော မြေဖြင့် ထူစွာလိမ်းကျံပြီးသော် ခုံလောက်ပေါ်သို့တင်လျက် မီးတိုက်ကုန်လော့”ဟု (ဆိုပါ၏)။

ထို (မင်းချင်းယောကျာ်း) တို့သည် “ကောင်းပါပြီ”ဟု အကျွန်ုပ်အား ဝန်ခံပြီးလျှင် ထို (ခိုးသူ) ယောကျာ်းကို အသက်ရှင်စဉ်ပင် အိုး၌ ထည့်၍ အိုးဝကို ပိတ်ပြီးလျှင် စိုစွတ်သော သားရေဖြင့် ကြက်၍စိုစွတ်သော မြေဖြင့် ထူစွာလိမ်းကျ ံပြီးသော် ခုံလောက်ပေါ်သို့ တင်လျက် မီးတိုက်ကုန်၏။

အကျွန်ုပ်တို့သည် “ထိုယောကျာ်းသေပြီ”ဟု သိသောအခါ ထိုအိုးကို (ခုံလောက်မှ) ချ၍ လိမ်းကျံ သောမြေကိုခွါလျက် အိုးဝကို ဖြည်းညင်းစွာ ဖွင့်ပြီးလျှင် “ထိုခိုးသူ၏ ထွက်သွားသော အသက်ကို မြင်ကောင်းမြင်ကုန်ရာ၏”ဟု ကြည့်ကြပါကုန်၏။ (သို့ကြည့်ကြရာ) ထိုခိုးသူ၏ ထွက်သွားသော အသက်ကိုအကျွန်ုပ်တို့သည် မမြင်ရပါကုန်။ အသျှင်ကဿပ ယင်း (ဆိုခဲ့သည့်ပုံသက်သေ) အကြောင်းအားဖြင့်အကျွန်ုပ် ၏ အယူသည် ဤသို့ ဖြစ်ပါ၏—

“ဤအကြောင်းကြောင့်လည်း တစ်ပါးသော လောကသည် မရှိ၊ (သေ၍) တစ်ဖန် ဖြစ်ပေါ်သောသတ္တဝါတို့သည် မရှိကုန်၊ ကောင်းမှုကံ, မကောင်းမှုကံတို့၏ အကျိုးဝိပါက်သည် မရှိ”ဟု (ဖြစ်ပါ ၏)။

ဤဆိုခဲ့သည့်ပုံသက်သေသည်လည်း (အကျွန်ုပ်၏ အယူဖြစ်ခြင်း၏) အကြောင်းပါတည်းဟု (လျှောက် ၏)။

အိပ်မက် ဥပမာ

၄၂၂။ မြို့စား သို့ဖြစ်လျှင် ဤအရာ၌ သင့်ကိုပင် ပြန်၍ မေးအံ့၊ သင်နှစ်သက်သည့်အတိုင်း ထိုအမေးကို ဖြေလော့။ မြို့စား သင် နေ့အချိန် အပန်းဖြေအိပ်စက်စဉ်အခါ အရံ၏မွေ့လျော်ဖွယ် ဥယျာဉ်၏မွေ့လျော်ဖွယ် မြေ၏မွေ့လျော်ဖွယ် ရေကန်၏မွေ့လျော်ဖွယ်တို့ကို အိပ်မက်၌ မြင်မက်ဖူးသည်ကို မှတ်မိပါသလောဟု (မေး၏)။

အသျှင်ကဿပ အကျွန်ုပ်သည် နေ့အချိန် အပန်းဖြေအိပ်စက်နေစဉ်အခါ အရံ၏မွေ့လျော်ဖွယ်ဥယျာဉ်၏မွေ့လျော်ဖွယ် မြေ၏မွေ့လျော်ဖွယ် ရေကန်၏ မွေ့လျော်ဖွယ်တို့ကို အိပ်မက်၌မြင်မက်ဖူးသည်ကို မှတ်မိပါ၏ဟု (လျှောက်၏)။

မြို့စား ထိုအိပ်မက်စဉ်အခါ အမျိုးညံ့သည်လည်း ဖြစ်ကုန်သော အမျိုးမြတ်သည်လည်း ဖြစ်ကုန် သောကလေးအရွယ်လည်း ဖြစ်ကုန်သော အပျိုအရွယ်လည်း ဖြစ်ကုန်သော မောင်းမတို့သည် သင့်ကိုစောင့်နေကုန်သလောဟု (မေး၏)။

အသျှင်ကဿပ ထို (အိပ်မက်မက်စဉ်) အခါ အမျိုးညံ့သည်လည်းဖြစ်ကုန်သော အမျိုးမြတ်သည်လည်းဖြစ်ကုန်သော ကလေးအရွယ်လည်း ဖြစ်ကုန်သော အပျိုအရွယ်လည်း ဖြစ်ကုန်သော မောင်းမတို့သည် အကျွန်ုပ်ကို စောင့်နေကြပါကုန်၏ဟု (လျှောက်၏)။

မြို့စား ထိုမောင်းမတို့သည် သင်၏ အသက်ဝင်သည်ကိုလည်းကောင်း ထွက်သည်ကိုလည်းကောင်းမြင်ကြကုန်သလောဟု (မေး၏)။

အသျှင်ကဿပ မမြင်ကြပါကုန်ဟု (လျှောက်၏)။

မြို့စား အသက်ရှင်လျက်ရှိကုန်သော ထိုမောင်းမတို့သည် အသက်ရှင်လျက်ရှိသော သင်၏ အသက်ဝင်သည်ကိုလည်းကောင်း ထွက်သည်ကိုလည်းကောင်း မမြင်ရမူ သင်သည် သေသောသူ၏ အသက်ဝင်သည်ကိုလည်းကောင်း ထွက်သည်ကိုလည်းကောင်း အဘယ်မှာ မြင်ပါအံ့နည်း။ မြို့စား ဤအကြောင်းဖြင့်လည်း သင်၏ အယူသည် ဤသို့ဖြစ်ပါလော့—

“ဤအကြောင်းကြောင့်လည်း တစ်ပါးသော လောကသည် ရှိ၏၊ (သေ၍) တစ်ဖန် ဖြစ်ပေါ်သောသတ္တဝါတို့သည် ရှိကုန်၏၊ ကောင်းမှုကံ, မကောင်းမှုကံတို့၏ အကျိုးဝိပါက်သည် ရှိ၏”ဟု (ဖြစ်ပါလော့ဟု မိန့်ဆို၏)။

၄၂၃။ အသျှင်ကဿပသည် ဤသို့ဆိုသော်လည်း ဤအရာ၌ အကျွန်ုပ်၏ အယူသည် ဤသို့ပင်ဖြစ်ပါ၏—

“ဤအကြောင်းကြောင့်လည်း တစ်ပါးသော လောကသည် မရှိ၊ (သေ၍) တစ်ဖန် ဖြစ်ပေါ်သောသတ္တဝါတို့သည် မရှိကုန်၊ ကောင်းမှုကံ, မကောင်းမှုကံတို့၏ အကျိုးဝိပါက်သည် မရှိ”ဟု (ဖြစ်ပါ ၏ဟုလျှောက်၏)။

မြို့စား သင်၏ အယူဖြစ်ခြင်း၏ အကြောင်းသည် ရှိသေးသလော။ပ။

အသျှင်ကဿပ အကျွန်ုပ်၏ အယူဖြစ်ခြင်း၏ အကြောင်းသည် ရှိပါသေး၏။ပ။

မြို့စား (ထိုအကြောင်းကား) အဘယ်နည်းဟု (မေး၏)။

အသျှင်ကဿပ ဤလောက၌ အကျွန်ုပ်၏ မင်းချင်းယောကျာ်းတို့သည် အပြစ်ကျူးလွန်သော ခိုးသူကိုဖမ်း၍ ပြပါကုန်၏—

“အရှင် ဤသူသည် အပြစ်ကိုကျူးလွန်သော အရှင်၏ (စိုးအုပ်ရာနယ်မြေမှ) ခိုးသူပါတည်း၊ ဤ (ခိုးသူ) အားပေးလိုရာ အပြစ်ဒဏ်ကို ပေးတော်မူပါလော့”ဟု (ပြပါကုန်၏)။

ထိုမင်းချင်းယောကျာ်းတို့ကို အကျွန်ုပ်သည် ဤသို့ ဆိုပါ၏—

“အချင်းတို့ သို့ဖြစ်လျှင် ဤယောကျာ်းကို အသက်ရှင်စဉ်ပင် စဉ်းချိန်ဖြင့် ချိန်စက်လျက် ထွက်သက်မရှိအောင် လေးကြိုးဖြင့် လည်၌ ညှစ်၍ သတ်ပြီးလျှင် တစ်ဖန် စဉ်းချိန်ဖြင့် ချိန်စက်ကုန် လော့”ဟု (ဆိုပါ၏)။

ထို (မင်းချင်းယောကျာ်း) တို့သည် “ကောင်းပါပြီ”ဟု အကျွန်ုပ်အား ဝန်ခံပြီးလျှင် ထို (ခိုးသူ) ယောကျာ်းကို အသက်ရှင်စဉ်ပင် စဉ်းချိန်ဖြင့် ချိန်စက်လျက် ထွက်သက်မရှိအောင် လေးကြိုးဖြင့် လည်၌ညှစ်၍ သတ်ပြီးလျှင် တစ်ဖန် စဉ်းချိန်ဖြင့် ချိန်စက်ကုန်၏။ ထိုယောကျာ်းသည် အသက်ရှင်နေစဉ်အခါ၌ပိုမို၍ ပေါ့လည်းပေါ့၏၊ ပိုမို၍ ပျော့ပျောင်းလည်း ပျော့ပျောင်း၏၊ ပိုမို၍ အပြုအပြင်လည်း ခံ၏၊ ထိုခိုးသူယောကျာ်းသည် သေသည့်အခါ၌ ပိုမို၍ လေးလည်း လေး၏၊ ပိုမို၍ ခက်မာလည်း ခက်မာ၏၊ ပိုမို၍အပြုအပြင်လည်း မခံ၊ ယင်း (ဆိုခဲ့ပြီးသည့် ပုံသက်သေ) အကြောင်းအားဖြင့် အကျွန်ုပ်၏ အယူသည် ဤသို့ပင် ဖြစ်ပါ၏—

“ဤအကြောင်းကြောင့်လည်း တစ်ပါးသော လောကသည် မရှိ၊ (သေ၍) တစ်ဖန် ဖြစ်ပေါ်သောသတ္တဝါတို့သည် မရှိကုန်၊ ကောင်းမှုကံ, မကောင်းမှုကံတို့၏ အကျိုးဝိပါက်သည် မရှိ”ဟု (ဖြစ်ပါ ၏)။

ဤ (ဆိုခဲ့သည်ပုံသက်သေ) သည်လည်း (အကျွန်ုပ်၏ အယူဖြစ်ခြင်း၏) အကြောင်းပါတည်းဟု (လျှောက်၏)။

ရဲရဲညိသော သံတွေခဲ ဥပမာ

၄၂၄။ မြို့စား သို့ဖြစ်လျှင် ဥပမာပြု၍ သင့်အား ပြောအံ့၊ ဤလောက၌ အချို့သော ပညာရှိယောကျာ်းတို့သည် ဥပမာဖြင့် လိုအပ်သော စကားတို့၏ အဓိပ္ပါယ်ကို သိကုန်၏။

မြို့စား ဥပမာအားဖြင့် ယောကျာ်း (တစ်ယောက်) သည် တစ်နေ့ပတ်လုံး ပူလောင်သော ရဲရဲညိသောပြောင်ပြောင်တောက်သော အလျှံနှင့်တကွဖြစ်သော သံတွေခဲကို စဉ်းချိန်ဖြင့် ချိန်စက်ရာ၏။ နောင်အခါအေးပြီးသော အခိုး ငြိမ်းပြီးသော ထိုသံတွေခဲကို စဉ်းချိန်ဖြင့် တစ်ဖန် ချိန်စက်ပြန်ရာ၏။ အဘယ်အခါမှာ့ထိုသံတွေခဲသည် ပိုမို၍ ပေါ့လည်း ပေါ့သနည်း၊ ပိုမို၍ ပျော့ပျောင်းလည်း ပျော့ပျောင်းသနည်း၊ ပိုမို၍အပြုအပြင်လည်း ခံသနည်း၊ ရဲရဲညိသော ပြောင်ပြောင်တောက်သော အလျှံနှင့်တကွဖြစ်သော အခါလော၊ (သို့မဟုတ်) အေးပြီးသော အခိုး ငြိမ်းပြီးသော အခါလောဟု (မေး၏)။

အသျှင်ကဿပ ထိုသံတွေခဲသည် အပူဓာတ် လေဓာတ်နှင့် ပေါင်းဆုံမိ၍ ရဲရဲညိသော ပြောင်ပြောင်တောက်သော အလျှံနှင့်တကွဖြစ်သောအခါ ပိုမို၍ ပေါ့လည်းပေါ့၏၊ ပိုမို၍ ပျော့ပျောင်းလည်း ပျော့ပျောင်း၏၊ ပိုမို၍ အပြုအပြင်လည်း ခံ၏၊ ထိုသံတွေခဲသည် အပူဓာတ် လေဓာတ် ကင်းကွာ၍ အေးသော အခိုး ငြိမ်းသော အခါ၌ကား ပိုမို၍ လေးလည်းလေး၏၊ ပိုမို၍ ခက်မာလည်း ခက်မာ၏၊ ပိုမို၍ အပြုအပြင်လည်း မခံပါဟု (လျှောက်၏)။

မြို့စား ဤအတူပင် ဤကိုယ်သည် အသက် + ကိုယ်ငွေ့ + ဝိညာဉ်တို့နှင့် ပေါင်းဆုံမိသောအခါ ပိုမို၍ပေါ့လည်ပေါ့၏၊ ပိုမို၍ ပျော့ပျောင်းလည်း ပျော့ပျောင်း၏၊ ပိုမို၍ အပြုအပြင်လည်း ခံ၏၊ ဤကိုယ်သည်အသက်, ကိုယ်ငွေ့, ဝိညာဉ်တို့နှင့် ကင်းကွာသော အခါ၌ကား ပိုမို၍ လေးလည်း လေး၏၊ ပိုမို၍ခက်မာလည်း ခက်မာ၏၊ ပိုမို၍ အပြုအပြင်လည်း မခံ။ မြို့စား ဤအကြောင်းဖြင့်လည်း သင်၏အယူသည် ဤသို့ ဖြစ်ပါလော့—

“ဤအကြောင်းကြောင့်လည်း တစ်ပါးသော လောကသည် ရှိ၏၊ (သေ၍) တစ်ဖန် ဖြစ်ပေါ်သောသတ္တဝါတို့သည် ရှိကုန်၏၊ ကောင်းမှုကံ, မကောင်းမှုကံတို့၏ အကျိုးဝိပါက်သည် ရှိ၏”ဟု (ဖြစ်ပါလော့ဟု မိန့်ဆို၏)။

၄၂၅။ အသျှင်ကဿပသည် ဤသို့ဆိုသော်လည်း ဤအရာ၌ အကျွန်ုပ်၏ အယူသည် ဤသို့ပင်ဖြစ်ပါ၏—

“ဤအကြောင်းကြောင့်လည်း တစ်ပါးသော လောကသည် မရှိ၊ (သေ၍) တစ်ဖန် ဖြစ်ပေါ်သောသတ္တဝါတို့သည် မရှိကုန်၊ ကောင်းမှုကံ, မကောင်းမှုကံတို့၏ အကျိုးဝိပါက်သည် မရှိ”ဟု (ဖြစ်ပါ ၏ဟုလျှောက်၏)။

မြို့စား သင်၏ အယူဖြစ်ခြင်း၏ အကြောင်းသည် ရှိသေးသလော။ပ။

အသျှင်ကဿပ အကျွန်ုပ်၏ အယူဖြစ်ခြင်း၏ အကြောင်းသည် ရှိပါသေး၏။ပ။

မြို့စား (ထိုအကြောင်းကား) အဘယ်နည်းဟု (မေး၏)။

အသျှင်ကဿပ ဤလောက၌ အကျွန်ုပ်၏ မင်းချင်းယောကျာ်းတို့သည် အပြစ်ကျူးလွန်သော ခိုးသူကိုဖမ်း၍ ပြပါကုန်၏—

“အရှင် ဤသူသည် အပြစ်ကို ကျူးလွန်သော အရှင်၏ (စိုးအုပ်ရာနယ်မြေမှ) ခိုးသူပါတည်း၊ ဤ (ခိုးသူ) အား ပေးလိုရာ အပြစ်ဒဏ်ကို ပေးတော်မူပါလော့”ဟု (ပြပါကုန်၏)။

ထိုမင်းချင်းယောကျာ်းတို့ကို အကျွန်ုပ်သည် ဤသို့ ဆိုပါ၏—

“အချင်းတို့ သို့ဖြစ်လျှင် ဤယောကျာ်းကို အရေပါး အရေထူ အသား အကြော အရိုး ရိုးတွင်းချဉ်ဆီကို မပျက်စီးစေမူ၍ ဇီဝိတိန္ဒြေမှ ချကုန်လော့၊ ထိုသူ၏ အသက်ထွက်သည်ကို မြင်ကောင်းမြင်ရာ၏”ဟု (ဆိုပါ၏)။

ထိုသူတို့သည် “ကောင်းပါပြီ”ဟု အကျွန်ုပ်အား ဝန်ခံ၍ ထို (ခိုးသူ) ယောကျာ်းကို အရေပါးကိုမပျက်စီးစေမူ၍။ပ။ ဇီဝိတိန္ဒြေမှ ချပါကုန်၏။

ထိုခိုးသူသည် သေတော့မည့် ဆဲဆဲဖြစ်သောအခါ မင်းချင်းယောကျာ်းတို့ကို အကျွန်ုပ်သည် ဤသို့ဆိုပါ၏—

“အချင်းတို့ သို့ဖြစ်လျှင် ဤ (ခိုးသူ) ယောကျာ်းကို ပက်လက်ချထားကြကုန်လော့၊ ထိုသူ၏အသက်ထွက်သည်ကို မြင်ကောင်း မြင်ရာ၏”ဟု (ဆိုပါ၏)။

ထို (မင်းချင်းယောကျာ်း) တို့သည် ထိုယောကျာ်းကို ပက်လက် ချထားကြပါကုန်၏။ အကျွန်ုပ်တို့သည် ထိုသူ၏ အသက်ထွက်သည်ကို မမြင်ကြရပါကုန်၊ (ထိုအခါ) အကျွန်ုပ်သည် ထို (မင်းချင်းယောကျာ်း) တို့အား ဤသို့ဆိုပါ၏—

“အချင်းတို့ သို့ဖြစ်လျှင် ဤ (ခိုးသူ) ယောကျာ်းကို မှောက်ခုံချထားကုန်လော့၊ တစ်ဖက်သို့ စောင်း ၍ချထားကုန်လော့၊ အခြားတစ်ဖက်သို့ စောင်း၍ ချထားကုန်လော့၊ မတ်ရပ်ထောင်၍ ထားကုန် လော့၊ ဦးစောက်ပြောင်းပြန် ထားကုန်လော့၊ လက်ဖြင့် ပုတ်ကုန်လော့၊ ခဲဖြင့် ထုကုန်လော့၊ တုတ်ဖြင့်ရိုက်ကုန်လော့၊ ဓားဖြင့် ခုတ်ကုန်လော့၊ ဤမှာဘက်မှ (ပုတ်ခြင်း ထုခြင်းစသည်ကို) ပြုကုန်လော့၊ ထိုမှာဘက်မှ (ပုတ်ခြင်း ထုခြင်း စသည်ကို) ပြုကုန်လော့၊ ဤဘက် ထိုဘက် အပြန်ပြန် အလှန်လှန် (ပုတ်ခြင်း ထုခြင်းစသည်ကို) ပြုကုန်လော့၊ ငါတို့သည် ထိုသူ၏ အသက်ထွက်သည်ကို မြင်ရကောင်းမြင်ရကုန်ရာ၏”ဟု (ဆိုပါ၏)။

ထို (မင်းချင်းယောကျာ်း) တို့သည် ထို (ခိုးသူ) ယောကျာ်းကို ဤမှာဘက်မှ (ပုတ်ခြင်း ထုခြင်းစသည် ကို) ပြုပါကုန်၏၊ ထိုမှာဘက်မှ (ပုတ်ခြင်း ထုခြင်းစသည်ကို) ပြုပါကုန်၏၊ ဤဘက် ထိုဘက် အပြန်ပြန်အလှန်လှန် (ပုတ်ခြင်း ထုခြင်းစသည်ကို) ပြုပါကုန်၏၊ အကျွန်ုပ်တို့သည် ထိုသူ၏ အသက်ထွက်သည်ကိုမမြင်ကြရပါကုန်၊ ထိုသူအား ထိုမျက်စိ ထိုရူပါရုံတို့ပင် ရှိလျက် ဖြစ်ပါကုန်၏၊ သို့ရာတွင် ထိုမျက်စိဖြင့်ရူပါရုံကို မခံစားပါ။ ထိုနား ထိုသဒ္ဒါရုံတို့ပင် ရှိလျက် ဖြစ်ပါကုန်၏၊ သို့ရာတွင် ထိုနားဖြင့် သဒ္ဒါရုံကို မခံစားပါ။ ထိုနှာခေါင်း ထိုဂန္ဓာရုံတို့ပင် ရှိလျက် ဖြစ်ပါကုန်၏၊ သို့ရာတွင် ထိုနှာခေါင်းဖြင့် ဂန္ဓာရုံကို မခံစားပါ။ ထိုလျှာ ထိုရသာရုံတို့ပင် ရှိလျက် ဖြစ်ပါကုန်၏၊ သို့ရာတွင် ထိုလျှာဖြင့် ရသာရုံကို မခံစားပါ။ ထိုကိုယ် ထိုဖောဋ္ဌဗ္ဗာရုံတို့ပင် ရှိလျက် ဖြစ်ပါကုန်၏။ သို့ရာတွင် ထိုကိုယ်ဖြင့် ဖောဋ္ဌဗ္ဗာရုံကို မခံစားပါ။ အသျှင်ကဿပ ယင်း (ဆိုခဲ့သည့် ပုံသက်သေ) အကြောင်းအားဖြင့် အကျွန်ုပ်၏ အယူသည် ဤသို့ ဖြစ်ပါ၏—

“ဤအကြောင်းကြောင့်လည်း တစ်ပါးသော လောကသည် မရှိ၊ (သေ၍) တစ်ဖန် ဖြစ်ပေါ်သောသတ္တဝါတို့သည် မရှိကုန်၊ ကောင်းမှုကံ, မကောင်းမှုကံတို့၏ အကျိုးဝိပါက်သည် မရှိ”ဟု (ဖြစ်ပါ ၏)။

ဤ (ဆိုခဲ့သည့် ပုံသက်သေ) သည်လည်း (အကျွန်ုပ်၏ အယူဖြစ်ခြင်း) အကြောင်းပါတည်းဟု (လျှောက်၏)။

ခရုသင်းမှုတ်သော ယောကျာ်း ဥပမာ

၄၂၆။ မြို့စား သို့ဖြစ်လျှင် ဥပမာပြု၍ သင့်အား ပြောအံ့၊ ဤလောက၌ အချို့သော ပညာရှိယောကျာ်းတို့သည် ဥပမာဖြင့် ဆိုအပ်သော စကား၏ အဓိပ္ပါယ်ကို သိကုန်၏။

မြို့စား ရှေး၌ဖြစ်ဖူးသည်ကား ခရုသင်းမှုတ်သော ယောကျာ်းတစ်ယောက်သည် ခရုသင်းကို ယူ၍တိုင်းစွန်ပြည်ဖျား ကျေးလက်တစ်ခုသို့ သွားလေ၏၊ ထိုသူသည် ရွာတစ်ရွာသို့ ချဉ်းကပ်၍ ရွာ၏ အလယ်၌ ရပ်လျက် ခရုသင်းကို သုံးကြိမ်မှုတ်ပြီးလျှင် ခရုသင်းကို မြေ၌ ချထား၍ သင့်လျော်သော အရပ်၌ ထိုင်နေ၏၊ မြို့စား ထိုအခါ တိုင်းစွန်ပြည်ဖျား ကျေးလက်သားတို့အား ဤသို့သော အကြံသည် ဖြစ်၏—

“အချင်းတို့ ဤသို့ တပ်မက်ဖွယ်ဖြစ်သော ဤသို့ နှစ်သက်ဖွယ်ဖြစ်သော ဤသို့ ယစ်မူးဖွယ်ဖြစ်သောဤသို့ ငြိတွယ်ဖွယ်ဖြစ်သော ဤသို့ မိန်းမောဖွယ်ဖြစ်သော ဤအသံသည် အဘယ်အရာ၏အသံပါနည်း”ဟု (အကြံဖြစ်၏)။

ဤသို့ ကြံပြီးသော် အညီအညွတ် စည်းဝေးကုန်၍ ထိုခရုသင်းမှုတ်သော ယောကျာ်းကို ဤသို့မေးမြန်းကုန်၏—

“အချင်း ဤသို့ တပ်မက်ဖွယ်ဖြစ်သော ဤသို့ နှစ်သက်ဖွယ်ဖြစ်သော ဤသို့ ယစ်မူးဖွယ်ဖြစ် သော ဤသို့ ငြိတွယ်ဖွယ်ဖြစ်သော ဤသို့ မိန်းမောဖွယ်ဖြစ်သော ဤအသံသည် အဘယ်အရာ၏ အသံပါနည်း”ဟု (မေးမြန်းကုန်၏)။

အချင်းတို့ ဤအရာသည် ခရုသင်းမည်၏၊ ဤသို့ တပ်မက်ဖွယ်ဖြစ်သော ဤသို့ နှစ်သက်ဖွယ်ဖြစ် သောဤသို့ ယစ်မူးဖွယ်ဖြစ်သော ဤသို့ ငြိတွယ်ဖွယ်ဖြစ်သော ဤသို့ မိန်းမောဖွယ်ဖြစ်သော ဤအသံ သည်ယင်း ခရုသင်း၏ အသံတည်းဟု (ဆို၏)။

ထို (ကျေးလက်သား) တို့သည် ထိုခရုသင်းကို ပက်လက် ချထားကုန်၏၊ (ပက်လက်ထားကုန်၍) “ခရုသင်းမြည်လော့၊ ခရုသင်း မြည်လော့”ဟု ဆိုကြကုန်၏။ ထိုခရုသင်းသည် အသံမမြည်သည်သာတည်း။ ထို (ကျေးလက်သား) တို့သည် ထိုခရုသင်းကို မှောက်ခုံ ချထားကုန်၏၊ တစ်ဖက်သို့ စောင်း၍ချထားကုန်၏၊ အခြားတစ်ဖက်သို့ စောင်း၍ ချထားကုန်၏၊ မတ်ရပ်ထောင်၍ ချထားကုန်၏၊ ဦးစောက်ပြောင်းပြန် ထားကုန်၏၊ လက်ဖြင့် ပုတ်ကုန်၏၊ ခဲဖြင့် ထုကုန်၏၊ တုတ်ဖြင့် ရိုက်ကုန်၏၊ ဓားဖြင့် ခုတ်ကုန်၏၊ ဤမှာဘက်မှ (ပုတ်ခြင်း ထုခြင်းစသည်ကို) ပြုကုန်၏၊ ထိုမှာဘက်မှ (ပုတ်ခြင်း ထုခြင်းစသည်ကို) ပြုကုန်၏၊ ဤဘက် ထိုဘက် အပြန်ပြန် အလှန်လှန် (ပုတ်ခြင်း ထုခြင်းစသည်ကို) ပြုကုန်၏၊ “ခရုသင်းမြည်လော့၊ ခရုသင်းမြည်လော့”ဟု ဆိုကြကုန်၏။ ထိုခရုသင်းသည် အသံ မမြည်သည်သာတည်း။

မြို့စား ထိုအခါ ထိုခရုသင်း မှုတ်သော ယောကျာ်းအား ဤသို့သော အကြံသည် ဖြစ်၏—

“ဤတိုင်းစွန်ပြည်ဖျား ကျေးလက်သားတို့သည် ဤမျှလောက် မိုက်ကြကုန်စွတကား၊ ခရုသင်းသံ ကိုအဆင်အခြင်ကင်းမဲ့စွာ အဘယ့်ကြောင့် ရှာကုန်ဘိသနည်း”ဟု (အကြံဖြစ်၏)။

ထို (ကျေးလက်သား) တို့ ကြည့်နေစဉ် ထိုခရုသင်း မှုတ်သော သူသည် ခရုသင်းကို ကိုင်၍သုံးကြိမ်မှုတ်ပြီးလျှင် ခရုသင်းကို ယူ၍ ဖဲသွားလေ၏။

မြို့စား ထိုအခါ ထိုတိုင်းစွန်ပြည်ဖျား ကျေးလက်သားတို့အား ဤသို့သော အကြံသည် ဖြစ်၏—

“အချင်းတို့ ဤခရုသင်းမည်သည်ကား (မှုတ်သော) ယောကျာ်း+ (မှုတ်ခြင်း) လုံ့လ+ (မှုတ်အပ်သော) လေနှင့် ပေါင်းဆုံမိသောအခါ အသံမြည်၏၊ အချင်းတို့ ဤခရုသင်းမည်သည်ကား (မှုတ် သော) ယောကျာ်း+ (မှုတ်ခြင်း) လုံ့လ+ (မှုတ်အပ်သော) လေတို့နှင့် ကင်းကွာသောအခါ အသံ မမြည်ဟု (အကြံဖြစ်၏)။

မြို့စား ဤအတူ ဤကိုယ်သည် အသက် + ကိုယ်ငွေ့ + ဝိညာဏ်တို့နှင့် ပေါင်းဆုံမိသောအခါရှေ့သို့လည်း တက်၏၊ နောက်သို့လည်း ဆုတ်၏၊ ရပ်လည်း ရပ်၏၊ ထိုင်လည်း ထိုင်၏၊ အိပ်လည်းအိပ်၏၊ မျက်စိဖြင့်လည်း ရူပါရုံကို မြင်၏၊ နားဖြင့်လည်း သဒ္ဒါရုံကို ကြား၏၊ နှာခေါင်းဖြင့်လည်း ဂန္ဓာရုံကို နမ်း၏၊ လျှာဖြင့်လည်း ရသာရုံကို လျက်၏၊ ကိုယ်ဖြင့်လည်း ဖောဋ္ဌဗ္ဗာရုံကို တွေ့ထိ၏၊ စိတ်ဖြင့်လည်း ဓမ္မာရုံကို သိ၏၊ ဤကိုယ်သည် အသက်, ကိုယ်ငွေ့, ဝိညာဉ်တို့နှင့် ကင်းကွာသောအခါ ရှေ့သို့လည်း မတက်သည်သာတည်း၊ နောက်သို့လည်း မဆုတ်သည်သာတည်း၊ မရပ်သည်သာတည်း၊ မထိုင်သည်သာတည်း၊ မအိပ်သည်သာတည်း၊ မျက်စိဖြင့်လည်း ရူပါရုံကို မမြင်သည်သာတည်း၊ နားဖြင့်လည်းသဒ္ဒါရုံကို မကြားသည်သာတည်း၊ နှာခေါင်းဖြင့်လည်း ဂန္ဓာရုံကို မနံသည်သာတည်း၊ လျှာဖြင့်လည်းရသာရုံကို မလျက်သည်သာတည်း၊ ကိုယ်ဖြင့်လည်း ဖောဋ္ဌဗ္ဗာရုံကို မတွေ့ထိသည်သာတည်း၊ စိတ်ဖြင့်လည်း ဓမ္မာရုံကို မသိသည်သာတည်း။ မြို့စား ဤအကြောင်းဖြင့်လည်း သင်၏ အယူသည် ဤသို့ဖြစ်ပါလော့—

“ဤအကြောင်းကြောင့်လည်း တစ်ပါးသော လောကသည် ရှိ၏၊ (သေ၍) တစ်ဖန် ဖြစ်ပေါ်သောသတ္တဝါတို့သည် ရှိကုန်၏၊ ကောင်းမှုကံ မကောင်းမှုကံတို့၏ အကျိုးဝိပါက်သည် ရှိ၏”ဟု (ဖြစ်ပါလော့ဟု မိန့်ဆို၏)။

၄၂၇။ အသျှင်ကဿပသည် ဤသို့ဆိုသော်လည်း ဤအရာ၌ အကျွန်ုပ်၏ အယူသည် ဤသို့ပင့်ဖြစ်ပါ၏—

“ဤအကြောင်းကြောင့်လည်း တစ်ပါးသော လောကသည် မရှိ၊ (သေ၍) တစ်ဖန် ဖြစ်ပေါ်သောသတ္တဝါတို့သည် မရှိကုန်။ ကောင်းမှုကံ, မကောင်းမှုကံတို့၏ အကျိုးဝိပါက်သည် မရှိ”ဟု (ဖြစ်ပါ၏ဟု လျှောက်၏)။

မြို့စား သင်၏ အယူဖြစ်ခြင်း၏ အကြောင်းသည် ရှိသေးသလော။ပ။

အသျှင်ကဿပ အကျွန်ုပ်၏ အယူဖြစ်ခြင်း၏ အကြောင်းသည် ရှိပါသေး၏။ပ။

မြို့စား (ထိုအကြောင်းကား) အဘယ်နည်းဟု (မေး၏)။

အသျှင်ကဿပ ဤလောက၌ အကျွန်ုပ်၏ မင်းချင်းယောကျာ်းတို့သည် အပြစ်ကို ကျူးလွန်သောခိုးသူကို ဖမ်း၍ ပြပါကုန်၏—

“အရှင် ဤသူကား အပြစ်ကို ကျူးလွန်သော အရှင်၏ (စိုးအုပ်ရာ နယ်မြေမှ) ခိုးသူပါတည်း၊ ဤ (ခိုးသူ) အား ပေးလိုရာ အပြစ်ဒဏ်ကို ပေးတော်မူပါလော့”ဟု (ပြပါကုန်၏)။

ထိုမင်းချင်းယောကျာ်းတို့ကို အကျွန်ုပ်သည် ဤသို့ ဆိုပါ၏—

“အချင်းတို့ သို့ဖြစ်လျှင် ဤ (ခိုးသူ) ယောကျာ်းကို အရေပါးကို ခွါကုန်လော့၊ ထို (ခိုးသူ) ၏ အသက်ကိုမြင်ရကောင်း မြင်ရတန်ရာ၏”ဟု (ဆိုပါ၏)။

ထို (မင်းချင်းယောကျာ်း) တို့သည် ထို (ခိုးသူ) ယောကျာ်း၏ အရေပါးကို ခွါပါကုန်၏၊ အကျွန်ုပ် တို့သည်ထို (ခိုးသူ) ယောကျာ်း၏ အသက်ကို မမြင်ရပါကုန်၊ ထို (မင်းချင်းယောကျာ်း) တို့ကို အကျွန်ုပ် သည်ဤသို့ ဆိုပါ၏—

“အချင်းတို့ သို့ဖြစ်လျှင် ဤ (ခိုးသူ) ယောကျာ်းကို အရေထူကို ခွါကြကုန်လော့၊ အသားကို လှီးကြကုန်လော့၊ အကြောကို ဖြတ်ကြကုန်လော့၊ အရိုးကို ပိုင်းကြကုန်လော့၊ ရိုးတွင်းချဉ်ဆီကို ထုတ်ကြကုန်လော့၊ ထို (ခိုးသူ) ၏ အသက်ကို မြင်ရကောင်း မြင်ရတန်ရာ၏”ဟု (ဆိုပါ၏)။

ထို (မင်းချင်းယောကျာ်း) တို့သည် ထို (ခိုးသူ) ယောကျာ်း၏ ရိုးတွင်းချဉ်ဆီကို ထုတ်ကြပါကုန်၏။ အကျွန်ုပ်တို့သည် ထို (ခိုးသူ) ၏ အသက်ကို မမြင်ကြရပါကုန်။

အသျှင်ကဿပ ယင်း (ဆိုခဲ့သည့်ပုံသက်သေ) အကြောင်းအားဖြင့် အကျွန်ုပ်၏ အယူသည် ဤသို့ပင်ဖြစ်ပါ၏—

“ဤအကြောင်းကြောင့်လည်း တစ်ပါးသော လောကသည် မရှိ၊ (သေ၍) တစ်ဖန် ဖြစ်ပေါ်သောသတ္တဝါတို့သည် မရှိကုန်၊ ကောင်းမှုကံ, မကောင်းမှုကံတို့၏ အကျိုးဝိပါက်သည် မရှိ”ဟု (ဖြစ်ပါ ၏)။

ဤ (ဆိုခဲ့သည့် ပုံသက်သေ) သည်လည်း (အကျွန်ုပ်၏ အယူဖြစ်ခြင်း၏) အကြောင်းပါတည်းဟု (လျှောက်၏)

မီးကို လုပ်ကျွေးသော ရသေ့ ဥပမာ

၄၂၈။ မြို့စား သို့ဖြစ်လျှင် ဥပမာပြု၍ သင့်အား ပြောအံ့၊ ဤလောက၌ အချို့သော ပညာရှိယောကျာ်းတို့သည် ဥပမာဖြင့် ဆိုအပ်သော စကား၏ အဓိပ္ပါယ်ကို သိကြကုန်၏။

မြို့စား ရှေး၌ဖြစ်ဖူးသည်ကား မီးကို လုပ်ကျွေးသော ရသေ့တစ်ယောက်သည် တောကြီးအတွင်းသစ်ရွက်မိုးကျောင်း၌ နေ၏၊ မြို့စား ထိုအခါ ဇနပုဒ်၌ လှည်းအုပ် တစ်အုပ်သည် ခရီးထွက်စဉ် ထိုလှည်းအုပ်သည် မီးကိုလုပ်ကျွေးသော ထိုရသေ့၏ သင်္ခမ်းကျောင်းအနီး၌ တစ်ညဉ့်မျှတည်းခို၍ သွားလေ၏၊ မြို့စား ထိုအခါ မီးကိုလုပ်ကျွေးသော ထိုရသေ့အား ဤသို့သော အကြံသည် ဖြစ်၏—

“ငါသည် ထိုလှည်းစခန်း ချရာသို့ ချဉ်းကပ်ရမူ ကောင်းလေစွ၊ ဤ (လှည်းစခန်းချရာ) ၌ တစ်စုံတစ်ခုသော အသုံးအဆောင်ကို ရကောင်း ရတန်ရာ၏”ဟု (အကြံဖြစ်၏)။

ထို့နောက် မီးကို လုပ်ကျွေးသော ထိုရသေ့သည် စောစောထပြီးလျှင် ထိုလှည်းစခန်းချရာသို့ ချဉ်းကပ်လေ၏၊ ချဉ်းကပ်ပြီးသော် ထိုလှည်းစခန်းချရာ၌ စွန့်ပစ်ထားခဲ့သော နုနယ်သော ပက်လက်အိပ်တတ်ကာမျှဖြစ်သော သူငယ်ကလေးကို မြင်လေ၏၊ မြင်ပြီးသော် ထို (ရသေ့) အား ဤသို့သော အကြံသည်ဖြစ်၏—

“ငါမြင်ပါလျက် လူသားစစ်စစ်ဖြစ်သော သူငယ်ကလေး သေဆုံးပါမူ ငါ့အား မသင့်လျော်ပေ၊ ငါသည်ဤသူငယ်ကလေးကို သင်္ခမ်းကျောင်းသို့ ဆောင်ယူ၍ အသက်ရှည်စေရမူ မွေးမြူရမူ ကြီး ပွါးစေရမူကောင်းလေစွ”ဟု (အကြံဖြစ်၏)။

ထို့နောက် မီးကို လုပ်ကျွေးသော ထိုရသေ့သည် ထိုသူငယ်ကို သင်္ခမ်းကျောင်းသို့ ဆောင်ယူ၍အသက်ရှည်စေ၏၊ မွေးမြူ၏၊ ကြီးပွါးစေ၏၊ ထိုသူငယ်သည် ဆယ်နှစ် ဆယ့်နှစ်နှစ်သားအရွယ်သို့ရောက် သောအခါ မီးကို လုပ်ကျွေးသော ထိုရသေ့အား ဇနပုဒ်၌ တစ်စုံတစ်ခုသော ပြုဖွယ်ကိစ္စသည်ဖြစ်ပေါ်လာ ၏၊ ထိုအခါ မီးကို လုပ်ကျွေးသော ထိုရသေ့သည် ထိုသူငယ်အား ဤစကားကို ဆို၏—

“ချစ်သား ငါသည် ဇနပုဒ်ကို သွားလို၏၊ ချစ်သား မီးကို လုပ်ကျွေးရစ်လော့၊ သင်သည် မီးကိုမငြိမ်းစေလင့်၊ အကယ်၍ မီး ငြိမ်းခဲ့ငြားအံ့၊ ဤကား ပဲခွပ်တည်း၊ ဤသည်တို့ကား ထင်းတို့ တည်း၊ ဤကား မီးပွတ်အစုံ၁တည်း၊ မီးကို ဖြစ်စေ၍ မီးကို လုပ်ကျွေးရစ်လော့”ဟု (ဆို၏)။

ထိုနောက် မီးကို လုပ်ကျွေးသော ထိုရသေ့သည် ထိုသူငယ်ကို ဤသို့ သွန်သင်၍ ဇနပုဒ်သို့ သွားလေ၏၊ ထိုသူငယ် ကစားမြူးထူး၍နေစဉ် မီးသည် ငြိမ်းလေ၏၊ ထိုအခါ ထိုသူငယ်အား ဤသို့သောအကြံသည် ဖြစ်၏—

“ငါ့ကို အဖသည် ‘ချစ်သား မီးကို လုပ်ကျွေးရစ်လော့၊ သင်သည် မီးကို မငြိမ်းစေလင့်၊ အကယ်၍မီး ငြိမ်းခဲ့ငြားအံ့၊ ဤကား ပဲခွပ်တည်း၊ ဤသည်တို့ကား ထင်းတို့တည်း၊ ဤကား မီးပွတ်အစုံတည်း၊ မီးကို ဖြစ်စေ၍ မီးကို လုပ်ကျွေးရစ်လော့’ဟု မှာခဲ့၏၊ ငါသည် မီးကို ဖြစ် စေ၍ မီးကိုလုပ်ကျွေးရမူကား ကောင်းစွ”ဟု (အကြံဖြစ်၏)။

ထို့နောက် ထိုသူငယ်သည် “မီးကို ရကောင်းရတန်ရာ၏”ဟု စဉ်းစားလျက် မီးပွတ်အစုံကို ပဲခွပ်ဖြင့်ရွေ၏၊ ထိုသူငယ်သည် မီးကို မရသည်သာလျှင်တည်း။ မီးပွတ်အစုံကို နှစ်စိတ်ခွဲ၏၊ သုံးစိတ်ခွဲ၏၊ လေးစိတ်ခွဲ၏၊ ငါးစိတ်ခွဲ၏၊ ဆယ်စိတ်ခွဲ၏၊ အစိတ်တစ်ရာခွဲ၏၊ အစိတ်စိတ်ပြု၏၊ အစိတ်စိတ်ပြု ၍ ဆုံ၌ထောင်း ၏၊ ဆုံ၌ ထောင်း၍ “မီးကို ရကောင်းရတန်ရာ၏”ဟု စဉ်းစားလျက် ပြင်းစွာသော လေ၌ကြဲလွှင့်၏၊ ထို သူငယ်သည် မီးကို မရသည်သာတည်း။

ထိုအခါ မီးကို လုပ်ကျွေးသော ထိုရသေ့သည် ဇနပုဒ်၌ ပြုဖွယ်ကိစ္စ ပြီးဆုံး၍ မိမိသင်္ခမ်း ကျောင်း သို့ချဉ်းကပ်ပြီးလျှင် ထိုသူငယ်အား “ချစ်သား အသို့နည်း၊ သင့်အား မီးမငြိမ်းဘဲ ရှိပါ၏လော”ဟု ဆို၏။

ဖခင် ဤအရပ်၌ အကျွန်ုပ် ကစားမြူးထူး၍နေစဉ် မီးသည် ငြိမ်းခဲ့ပါ၏၊ ထိုအခါ အကျွန်ုပ်အား ဤသို့သော အကြံသည် ဖြစ်ခဲ့ပါ၏—

“ငါ့ကို ဖခင်သည် ဤသို့ မှာခဲ့၏၊ ‘ချစ်သား မီးကို လုပ်ကျွေးရစ်လော့၊ သင်သည် မီးကို မငြိမ်းစေလင့်၊ အကယ်၍ မီး ငြိမ်းခဲ့ငြားအံ့၊ ဤကား ပဲခွပ်တည်း၊ ဤသည်တို့ကား ထင်းတို့တည်း၊ ဤကားမီးပွတ် အစုံတည်း၊ မီးကို ဖြစ်စေ၍ မီးကို လုပ်ကျွေးရစ်လော့’ဟု မှာခဲ့၏၊ ငါသည် မီးကို ဖြစ်စေ၍မီးကို လုပ်ကျွေးရမူကား ကောင်းစွ”ဟု (အကြံဖြစ်၏)။ ဖခင် ထို့နောက် အကျွန်ုပ်သည် “မီးကိုရကောင်း ရတန်ရာ၏”ဟု စဉ်းစားလျက် မီးပွတ်အစုံကို ပဲခွပ်ဖြင့် ရွေပါ၏၊ အကျွန်ုပ်သည် မီးကို မရပါ၊ မီးပွတ် အစုံကို နှစ်စိတ်ခွဲပါ၏၊ သုံးစိတ်ခွဲပါ၏၊ လေးစိတ် ခွဲပါ၏၊ ငါးစိတ်ခွဲပါ၏၊ ဆယ်စိတ်ခွဲပါ၏၊ အစိတ်တစ်ရာ ခွဲပါ၏၊ အစိတ်စိတ်ပြုပါ၏၊ အစိတ်စိတ်ပြု၍ ဆုံ၌ ထောင်းပါ၏၊ “မီးကို ရကောင်းရတန်ရာ၏”ဟု စဉ်းစားလျက် ဆုံ၌ ထောင်း၍ ပြင်းစွာသော လေ၌ ကြဲလွှင့်ပါ၏၊ အကျွန်ုပ်သည် မီးကို့မရပါဟု (ပြောဆို၏)။

ထိုအခါ မီးကိုလုပ်ကျွေးသော ထိုရသေ့အား ဤသို့သော အကြံသည် ဖြစ်၏—

“ဤသူငယ်သည် ဤမျှလောက် မိုက်စွတကား၊ ဤမျှလောက် မလိမ္မာစွတကား၊ အဆင်အခြင်ကင်းမဲ့စွာ မီးကို အဘယ်ကြောင့် ရှာဘိသနည်း”ဟု (အကြံဖြစ်၏)။

ထိုသူငယ်သည် ကြည့်နေစဉ်ပင်လျှင် မီးပွတ်အစုံကို ယူ၍ မီးကို ဖြစ်စေလျက် ထိုသူငယ်အားဤစကားကို ပြောဆို၏—

“ချစ်သား မီးကို ဤသို့သာ ဖြစ်စေအပ်၏၊ မိုက်သော မလိမ္မာသော သင်သည် အဆင်အခြင်ကင်းမဲ့စွာ မီးကို ရှာသကဲ့သို့ (ပညာရှိသော လိမ္မာသောသူသည်) မရှာသည်သာတည်း”ဟု (ပြော ဆို၏)။

မြို့စား ဤအတူ မိုက်သော မလိမ္မာသော သင်သည် အဆင်အခြင်ကင်းမဲ့စွာ တစ်ပါးသော လောက ကိုရှာဘိ၏။ မြို့စား ယုတ်မာသော ဤမိစ္ဆာအယူကို စွန့်လွှတ်လော့၊ မြို့စား ယုတ်မာသော ဤမိစ္ဆာအယူကို စွန့်လွှတ်လော့၊ သင့်အား ရှည်မြင့်စွာသော ကာလပတ်လုံး အစီးအပွါးမဲ့ခြင်းငှါ ဆင်းရဲခြင်းငှါမဖြစ်ပါစေလင့်ဟု (မိန့်ဆို၏)။

၄၂၉။ အသျှင်ကဿပသည် ဤသို့ဆိုသော်လည်း အကျွန်ုပ်သည် ယုတ်မာသော ဤမိစ္ဆာအယူကိုစွန့်ခြင်းငှါ မတတ်နိုင်ပါ၊ (အဘယ်ကြောင့်ဆိုသော်) “ပါယာသိမြို့စားသည် ‘ဤအကြောင်းကြောင့်လည်းတစ်ပါးသော လောကသည် မရှိ၊ (သေ၍) တစ်ဖန်ဖြစ်ပေါ်သော သတ္တဝါတို့သည် မရှိကုန်၊ ကောင်းမှုကံ, မကောင်းမှု ကံတို့၏ အကျိုးဝိပါက်သည် မရှိ’ ဤသို့ဆိုလေ့ရှိ၏၊ ဤသို့ယူလေ့ရှိ၏”ဟု အကျွန်ုပ်ကိုပသေနဒိကောသလ မင်းသည်လည်း သိပါ၏။ တိုင်းတစ်ပါး၌နေသော မင်းတို့သည်လည်း သိပါကုန်၏၊ (ထို့ကြောင့် စွန့်လွှတ်ခြင်းငှါ မတတ်နိုင်ပါ)။ အသျှင်ကဿပ အကျွန်ုပ်သည် ယုတ်မာသော ဤမိစ္ဆာအယူကို အကယ်၍ စွန့်လွှတ်သည် ဖြစ်အံ့၊ “ပါယာသိမြို့စားသည် ဤမျှလောက် မိုက်စွတကား၊ ဤမျှလောက် မလိမ္မာလေစွတကား၊ ယုတ်မာသော အယူကို ယူလေစွတကား”ဟု အကျွန်ုပ်အားပြောဆိုသူတို့ ရှိပါကုန် လတ္တံ့။ ထိုသူတို့၌ အမျက်ထားသောအားဖြင့်လည်း ထို (အယူ) ကို ယူမြဲယူရပါဦးအံ့၊ အသျှင်ဘုရား၏ စကားကို ချေပသောအားဖြင့်လည်း ထို (အယူ) ကို ယူမြဲ ယူရပါဦးအံ့၊ အသျှင်ဘုရားကို တုပြိုင်သောအား ဖြင့်လည်း ထို (အယူ) ကို ယူမြဲ ယူရပါဦးအံ့ဟု (လျှောက်၏)။

၁။ ပွတ်ခုံ ပွတ်ကြည် အစုံတည်း။

လှည်းမှူးကြီး နှစ်ယောက် ဥပမာ

၄၃ဝ။ မြို့စား ဤသို့ ဖြစ်လျှင် ဥပမာပြု၍ သင့်အား ပြောအံ့၊ ဤလောက၌ ပညာရှိသောယောကျာ်းတို့သည် ဥပမာဖြင့် ဆိုအပ်သော စကား၏ အဓိပ္ပါယ်ကို သိကြကုန်၏။

မြို့စား ရှေး၌ ဖြစ်ဖူးသည်ကား လှည်းတစ်ထောင်ပါသော လှည်းအုပ်ကြီးတစ်ခုသည် အရှေ့နိုင်ငံမှအနောက်နိုင်ငံသို့ သွားလေ၏၊ ထိုလှည်းအုပ်ရောက်သောအရပ်၌ မြက် ထင်း ရေနှင့် စိမ်းစိုသောသစ်ရွက်တို့သည် လျင်မြန်စွာ ကုန်လေ၏။ ထိုလှည်းအုပ်ကြီး၌ ငါးရာငါးရာသော လှည်းတို့၏ အကြီးအမှူးဖြစ်သော လှည်းမှူးနှစ်ယောက်တို့ပါရှိကုန်၏။ ထိုအခါ ထိုလှည်းမှူးကြီးတို့အား ဤသို့သော အကြံသည် ဖြစ်၏—

“ဤလှည်းအုပ်သည် တစ်ထောင်အရေအတွက်ရှိ၏၊ ထိုငါတို့ရောက်လေရာရာအရပ်၌ မြက် ထင်းရေနှင့် စိမ်းစိုသောအရွက်တို့သည် လျင်မြန်စွာ ကုန်လေ၏။ ငါတို့သည် လှည်းအုပ်ကြီးကို တစ်အုပ်လျှင်လှည်းငါးရာ ငါးရာစီ နှစ်အုပ်ခွဲရမူ ကောင်းလေစွ”ဟု (အကြံဖြစ်၏)။

ထို့နောက် ထို (လှည်းမှူး) တို့သည် ထိုလှည်းအုပ်ကြီးကို တစ်အုပ်လျှင် လှည်းငါးရာ ငါးရာစီနှစ်အုပ်ခွဲလေကုန်၏။ တစ်ယောက်သော လှည်းမှူးသည် များစွာသော မြက် ထင်း ရေတို့ကို တင်၍လှည်းအုပ်ကို မောင်းနှင်စေ၏၊ နှစ်ရက် သုံးရက် မောင်းနှင်မိသော် ထိုလှည်းမှူးသည် “နီသော မျက်စိရှိသော လေးမြားတောင့်ကို လွယ်သော ကြာပန်းကို ပန်သော စိုသောအဝတ်ရှိသော စိုသောဆံပင်ရှိသောမည်းနက်သော ယောကျာ်းကို ညွန်တို့ဖြင့် လိမ်းကပ်သော လှည်းဘီးရှိသော ကောင်းသော ရထားဖြင့်ခရီးရင်ဆိုင်လာနေသည်ကို မြင်လေ၏၊ မြင်လတ်သော် “အချင်း အဘယ်အရပ်မှ လာခဲ့ပါသနည်း”ဟု (မေး၏)။

ဤအမည်ရှိသော အရပ်မှ လာခဲ့ပါသည်ဟု (ဆို၏)။

“အဘယ်အရပ်သို့ သွားအံ့နည်း”ဟု (မေးပြန်၏)။

ဤမည်သော အရပ်သို့ သွားပါအံ့ဟု (ဆို၏)။

“အချင်း အသို့နည်း၊ ရှေ့ခရီး၌ မိုးကြီးသည်းထန်စွာ ရွာသွန်းပါသလော”ဟု (မေးပြန်၏)။

အရှင် မှန်ပါ၏၊ ရှေ့ခရီး၌ မိုးကြီးသည်းထန်စွာ ရွာသွန်းပါ၏၊ ခရီးလမ်းတို့သည် မိုးရေဖြင့်သွန်းဖျန်းထားအပ်ကုန်၏၊ မြက် ထင်း ရေသည်လည်း ပေါများပါ၏၊ အရှင်တို့ အဟောင်းဖြစ်သော မြက်ထင်း ရေတို့ကို စွန့်ပစ်ပါကုန်လော့၊ ဝန်ပေါ့လှည်းတို့ဖြင့် လျင်လျင်မြန်မြန် သွားပါကုန်လော့၊ နွားတို့ကိုမပင်ပန်းပါစေကုန်လင့်ဟု (ဆို၏)။

ထိုအခါ ထိုလှည်းမှူးသည် လှည်းသားတို့ကို ပြောကြား၏—

“အချင်းတို့ ဤယောကျာ်းသည် ဤသို့ ဆို၏ ‘ရှေ့ခရီး၌ မိုးကြီးသည်းထန်စွာ ရွာပါ၏၊ ခရီးလမ်းတို့သည် မိုးရေဖြင့် သွန်းဖျန်းထားအပ်ကုန်၏၊ မြက် ထင်း ရေတို့သည်လည်း ပေါများ၏၊ အရှင်တို့အဟောင်းဖြစ်သော မြက် ထင်း ရေတို့ကို စွန့်ပစ်ပါကုန်လော့၊ ဝန်ပေါ့လှည်းတို့ဖြင့် လျင်လျင်မြန်မြန်သွားပါကုန်လော့၊ နွားတို့ကို မပင်ပန်းပါစေကုန်လင့်’ဟု ဆို၏၊ အချင်းတို့ အဟောင်းဖြစ်သောမြက် ထင်း ရေတို့ကို စွန့်ပစ်ကုန်လော့၊ ဝန်ပေါ့လှည်းတို့ဖြင့် လှည်းတို့ကို မောင်းနှင်ကုန်လော့”ဟု (ပြောကြား၏)။

“အရှင် ကောင်းပါပြီ”ဟု ထိုလှည်းသားတို့သည် ထိုလှည်းမှူးအား ဝန်ခံကြပြီးလျှင် အဟောင်းဖြစ်သော မြက် ထင်း ရေတို့ကို စွန့်ပစ်ကုန်၏၊ ဝန်ပေါ့လှည်းတို့ဖြင့် လှည်းကို မောင်းနှင်ကုန်၏၊ ထို (လှည်းသား) တို့သည် ပဌမလှည်းစခန်းချရာ၌လည်း မြက် ထင်း ရေတို့ကို မတွေ့မမြင်ရကုန်။

ဒုတိယ လှည်းစခန်းချရာ၌လည်း။

တတိယ လှည်းစခန်းချရာ၌လည်း။

စတုတ္ထ လှည်းစခန်းချရာ၌လည်း။

ပဉ္စမ လှည်းစခန်းချရာ၌လည်း။

ဆဋ္ဌ လှည်းစခန်းချရာ၌လည်း။

သတ္ထမ လှည်းစခန်းချရာ၌လည်း မြက် ထင်း ရေတို့ကို မတွေ့မြင်ရကုန်၊ အလုံးစုံသော သူတို့ သည်ကြီးစွာသော ပျက်စီးခြင်းသို့ ရောက်ရကုန်၏၊ ထိုလှည်းအုပ်၌ပါသော အလုံးစုံသော လူ နှင့် နွား တို့ကိုလူယောင်ဆောင်သော ဘီလူးသည် စားလေ၏၊ အရိုးတို့သာလျှင် ကြွင်းကျန်ကုန်၏။

ဒုတိယလှည်းမှူးသည် “ထိုလှည်းအုပ်ထွက်သွားသည်မှာ ကြာလေပြီ”ဟု သိသောအခါ များစွာသော မြက်ထင်း ရေတို့ကို တင်၍ လှည်းအုပ်ကို မောင်းနှင်စေ၏။ နှစ်ရက် သုံးရက် မောင်းနှင်မိသော် ထိုလှည်းမှူးသည် “နီသော မျက်စိရှိသော လေးမြားတောင့်ကို လွယ်သော ကြာပန်းကို ပန်သော စိုသောအဝတ်ရှိသော စိုသောဆံပင် ရှိသော မည်းနက်သော ယောကျာ်းကို ညွန်တို့ဖြင့် လိမ်းကပ်သောလှည်းဘီး ရှိသော ကောင်းသော ရထားဖြင့် ခရီးရင်ဆိုင် လာနေသည်ကို မြင်လေ၏၊ မြင်လတ်သော့် “အချင်း အဘယ်အရပ်မှ လာခဲ့ပါသနည်း”ဟု (မေး၏)။

ဤအမည်ရှိသော အရပ်မှ လာခဲ့ပါသည်ဟု (ဆို၏)။

“အဘယ်အရပ်သို့ သွားအံ့နည်း”ဟု (မေးပြန်၏)။

ဤမည်သော အရပ်သို့ သွားပါအံ့ဟု (ဆို၏)။

“အချင်း အသို့နည်း၊ ရှေ့ခရီး၌ မိုးကြီးသည်းထန်စွာ ရွာသွန်းပါသလော”ဟု (မေးပြန်၏)။

“အရှင် ရှေ့ခရီး၌ မိုးကြီးသည်းထန်စွာ ရွာပါ၏၊ ခရီးလမ်းတို့သည် မိုးရေဖြင့် သွန်းဖျန်းထားအပ်ကုန်၏၊ မြက် ထင်း ရေသည်သည်း ပေါများပါ၏၊ အရှင်တို့ အဟောင်းဖြစ်သော မြက် ထင်း ရေတို့ကိုစွန့်ပစ်ပါကုန်လော့၊ ဝန်ပေါ့လှည်းတို့ဖြင့် လျင်လျင်မြန်မြန် သွားပါကုန်လော့၊ နွားတို့ကို မပင်ပန်းပါစေကုန်လင့်”ဟု (ဆို၏)။

ထိုအခါ ထိုလှည်းမှူးသည် လှည်းသားတို့အား ဤသို့ ပြောကြား၏—

“အချင်းတို့ ဤယောကျာ်းသည် ဤသို့ ဆို၏ ‘ရှေ့ခရီး၌ မိုးကြီး သည်းထန်စွာ ရွာပါ၏၊ ခရီးလမ်းတို့သည် မိုးရေဖြင့် သွန်းဖျန်းထားအပ်ကုန်၏၊ မြက် ထင်း ရေသည်သည်း ပေါများ၏၊ အရှင် တို့အဟောင်းဖြစ်သော မြက် ထင်း ရေတို့ကို စွန့်ပစ်ကြကုန်လော့၊ ဝန်ပေါ့လှည်းတို့ဖြင့် လျင်လျင် မြန်မြန်သွားကြကုန်လော့၊ နွားတို့ကို မပင်ပန်းပါစေကုန်လင့်’ဟု ဆို၏၊ အချင်းတို့ ဤယောကျာ်း သည်ငါတို့၏ မိတ်ဆွေလည်း မဟုတ်၊ သားချင်းပေါက်ဖော်လည်း မဟုတ်၊ အဘယ့်ကြောင့် ငါတို့ သည်ဤသူအား ယုံကြည်၍ သွားကုန်အံ့နည်း၊ ထိုအဟောင်းဖြစ်သော မြက် ထင်း ရေတို့ကို မစွန့် ပစ်အပ်ကုန်၊ တင်ခဲ့တိုင်းသော ပစ္စည်းဘဏ္ဍာဖြင့်သာ လှည်းတို့ကို မောင်းနှင်ကုန်လော့၊ ငါတို့သည်ပစ္စည်းဟောင်းတို့ကို မစွန့်ပစ်ကုန်အံ့”ဟု (ပြောကြား၏)။

“အရှင် ကောင်းပါပြီ”ဟု ထိုလှည်းသားတို့သည် ထိုလှည်းမှူးအား ဝန်ခံ၍ တင်ခဲ့တိုင်းသော ပစ္စည်းဘဏ္ဍာဖြင့်သာ လှည်းအုပ်ကို မောင်းနှင်ကုန်၏။

ထို (လှည်းသား) တို့သည် ပဌမ လှည်းစခန်းချရာ၌လည်း မြက် ထင်း ရေတို့ကို မတွေ့မြင်ရကုန်။

ဒုတိယ လှည်းစခန်းချရာ၌လည်း။

တတိယ လှည်းစခန်းချရာ၌လည်း။

စတုတ္ထ လှည်းစခန်းချရာ၌လည်း။

ပဉ္စမ လှည်းစခန်းချရာ၌လည်း။

ဆဋ္ဌ လှည်းစခန်းချရာ၌လည်း။

သတ္ထမ လှည်းစခန်းချရာ၌လည်း မြက် ထင်း ရေတို့ကို မတွေ့မြင်ရကုန်။ ပျက်စီးခြင်းသို့ ရောက်နေသော ထိုလှည်းအုပ်ကိုသာ တွေ့မြင်ရကုန်၏။ လူယောင်ဆောင်သော ဘီလူး စားထားသည့် ထိုလှည်းအုပ်၌ပါသော လူနှင့် နွားတို့၏ အရိုးတို့ကိုသာ တွေ့မြင်ရကုန်၏။

ထိုအခါ ထိုလှည်းမှူးသည် လှည်းသားတို့ကို ဤသို့ ပြောကြား၏—

“အချင်းတို့ လူမိုက် လှည်းမှူးခေါင်းဆောင်သောကြောင့် ဤလှည်းအုပ်သည် ပျက်စီးခြင်းသို့ ရောက်ရ၏၊ အချင်းတို့ သို့ဖြစ်၍ ငါတို့၏ လှည်းအုပ်မှ အဖိုးမထိုက်သော ကုန်တို့ကို စွန့်ပစ်၍ ဤလှည်းအုပ်မှအဖိုးထိုက်သော ကုန်တို့ကို ယူခဲ့ကုန်လော့”ဟု (ပြောကြား၏)။

“အရှင် ကောင်းပါပြီ”ဟု ထိုလှည်းသားတို့သည် ထိုလှည်းမှူးကြီးအားဝန်ခံ၍ မိမိတို့၏ လှည်းအုပ်မှအဖိုးမထိုက်သော ကုန်တို့ကို စွန့်ပစ်၍ ထိုလှည်းအုပ်မှ အဖိုးထိုက်သော ကုန်တို့ကို ယူခဲ့ကုန်ပြီးလျှင်လူလိမ္မာ (ပညာရှိ) လှည်းမှူးခေါင်းဆောင်သောကြောင့် ချမ်းသာစွာ ထိုခရီးကို လွန်မြောက်ရကုန်၏။

မြို့စား ဤအတူ မိုက်သော မလိမ္မာသော သင်သည် အဆင်အခြင်ကင်းမဲ့စွာ တစ်ပါးသော လောက ကိုရှာသော် ထိုရှေ့ဖြစ်သော လှည်းမှူးကဲ့သို့ ကြီးစွာသော ပျက်စီးခြင်းသို့ ရောက်ရလတ္တံ့၊ သင်၏ အယူ့စကားကို နာယူအပ်၏၊ ယုံကြည်အပ်၏ဟု မှတ်ထင်ကုန်သော သူတို့သည်လည်း ထိုရှေ့ဖြစ်သော လှည်းသားတို့ကဲ့သို့ ကြီးစွာသော ပျက်စီးခြင်းသို့ ရောက်ရကုန်လတ္တံ့၊ မြို့စား ယုတ်မာသော ဤမိစ္ဆာအယူကိုစွန့်လွှတ်လော့၊ မြို့စား ယုတ်မာသော ဤမိစ္ဆာအယူကို စွန့်လွှတ်လော့၊ သင့်အား ရှည်မြင့်စွာသောကာလပတ်လုံး အစီးအပွါးမဲ့ခြင်းငှါ ဆင်းရဲခြင်းငှါ မဖြစ်ပါစေလင့်ဟု (မိန့်ဆို၏)။

၄၃၁။ အသျှင်ကဿပသည် ဤသို့ဆိုသော်လည်း အကျွန်ုပ်သည် ယုတ်မာသော ဤမိစ္ဆာအယူကိုစွန့်လွှတ်ခြင်းငှါ မတတ်နိုင်ပါ၊ (အဘယ်ကြောင့်ဆိုသော်) “ပါယာသိမြို့စားသည် ‘ဤအကြောင်းကြောင့်လည်း တစ်ပါးသော လောကသည် မရှိ၊ (သေ၍) တစ်ဖန် ဖြစ်ပေါ်သော သတ္တဝါတို့သည် မရှိကုန်၊ ကောင်းမှုကံ, မကောင်းမှုကံတို့၏ အကျိုးဝိပါက်သည် မရှိ၊ ဤသို့ ဆိုလေ့ရှိ၏၊ ဤသို့ ယူလေ့ရှိ၏’ဟုပသေနဒိကောသလ မင်းသည်လည်း သိပါ၏၊ တိုင်းတစ်ပါးမင်းတို့သည်လည်း သိပါကုန်၏၊ (ထို့ကြောင့်စွန့်လွှတ်ခြင်းငှါ မတတ်နိုင်ပါ)”။ အသျှင်ကဿပ အကျွန်ုပ်သည် ယုတ်မာသော ဤမိစ္ဆာအယူကိုအကယ်၍ စွန့်လွှတ်သည် ဖြစ်အံ့၊ “ပါယာသိမြို့စားသည် ဤမျှလောက် မိုက်လေစွတကား၊ ဤမျှလောက် မလိမ္မာ လေစွတကား၊ ယုတ်မာသော မိစ္ဆာအယူကို ယူလေစွတကား”ဟု အကျွန်ုပ်အားပြောဆိုသူတို့ ရှိပါကုန် လတ္တံ့။ ထိုသူတို့၌ အမျက်ထားသော အားဖြင့်လည်း ထိုအယူကို ယူမြဲယူရပါဦးအံ့၊ အသျှင်ဘုရား၏ စကားကို ချေပသောအားဖြင့်လည်း ထိုအယူကို ယူမြဲ ယူရပါဦးအံ့၊ အသျှင်ဘုရားကို တုပြိုင်သောအား ဖြင့်လည်း ထိုအယူကို ယူမြဲ ယူရပါဦးအံ့ဟု (လျှောက်၏)။

မစင်ထုပ်ဆောင်သူ ဥပမာ

၄၃၂။ မြို့စား သို့ဖြစ်လျှင် ဥပမာပြု၍ သင့်အား ပြောအံ့၊ ဤလောက၌ အချို့သော ပညာရှိယောကျာ်းတို့သည် ဥပမာဖြင့် ဆိုအပ်သော စကား၏ အဓိပ္ပါယ်ကို သိကြကုန်၏။

မြို့စား ရှေး၌ ဖြစ်ဖူးသည်ကား ဝက်မွေးသော ယောကျာ်းတစ်ယောက်သည် မိမိရွာမှ တစ်ပါးသောရွာသို့ သွား၏၊ ထိုရွာ၌ စွန့်ပစ်ထားသော များစွာသော ကျင်ကြီးခြောက်ကို မြင်လေ၏၊ မြင်သောကြောင့်ထို ယောကျာ်းအား ဤအကြံသည် ဖြစ်၏—

“ဤများစွာသော ကျင်ကြီးခြောက်တို့ကို စွန့်ပစ်ထား၏၊ ငါ့အားလည်း ဝက်စာဖြစ်၏၊ ငါသည်ဤအရပ်မှ ကျင်ကြီးခြောက်တို့ကို ဆောင်ယူရမူ ကောင်းလေစွ”ဟု (အကြံဖြစ်၏)။

ထိုယောကျာ်းသည် အပေါ်ရုံကို ဖြန့်၍ များစွာသော ကျင်ကြီးခြောက်တို့ကို ထည့်ပြီးလျှင် အထုပ်ထုပ်လျက် ဦးခေါင်း၌ တင်၍ သွား၏၊ ထိုယောကျာ်းသည် (ရွာသို့ မရောက်မီ) ခရီးအကြား၌ အခါမဲ့မိုးကြီးသည် သည်းထန်စွာရွာ၏။ ထိုယောကျာ်းသည် ခြေသည်းဖျား လက်သည်းဖျားတိုင်အောင် မစင်တို့ဖြင့် ပေကျံသည် ဖြစ်၍ လျှံထွက် ယိုစီးနေသော မစင်ထုပ်ကို ယူ၍ သွား၏။

ထိုယောကျာ်းကို လူတို့သည် တွေ့မြင်ကြ၍ ဤသို့ ဆိုကြကုန်၏—

“အချင်း သင်သည် ရူးသလော၊ သင်သည် စိတ်ပျံ့လွင့်သလော၊ ခြေသည်းဖျား လက်သည်းဖျားတိုင်အောင် မစင်တို့ဖြင့် ပေကျံသည် ဖြစ်၍ လျှံထွက် ယိုစီးနေသော မစင်ထုပ်ကို အဘယ့်ကြောင့် ဆောင်ယူဘိသနည်း”ဟု (ဆိုကြကုန်၏)။

အချင်းတို့ သင်တို့သည်သာလျှင် ရူးကုန်၏၊ သင်တို့သည်သာလျှင် စိတ်ပျံ့လွင့်ကုန်၏၊ ထိုမစင်ထုပ်သည် ငါ၏ ဝက်စာဖြစ်၏ဟု (ပြန်ပြော၏)။

မြို့စား ဤအတူ သင်သည် မစင်ထုပ်ကို ဆောင်ယူခဲ့သော သူကဲ့သို့ ဖြစ်သည်မှာ ထင်ရှား၏၊ မြို့စားယုတ်မာသော မိစ္ဆာအယူကို စွန့်လွှတ်လော့၊ မြို့စား ယုတ်မာသော ဤမိစ္ဆာအယူကို စွန့်လွှတ်လော့၊ သင့်အား ရှည်မြင့်စွာသော ကာလပတ်လုံး အစီးအပွါးမဲ့ခြင်းငှါ ဆင်းရဲခြင်းငှါ မဖြစ်ပါစေလင့်ဟု (မိန့်ဆို၏)။

၄၃၃။ အသျှင်ကဿပသည် ဤသို့ဆိ်ုသော်လည်း အကျွန်ုပ်သည် ယုတ်မာသော ဤမိစ္ဆာအယူကိုစွန့်လွှတ်ခြင်းငှါ မတတ်နိုင်၊ (အဘယ့်ကြောင့်ဆိုသော်) “ပါယာသိမြို့စားသည် ‘ဤအကြောင်းကြောင့်လည်း တစ်ပါးသော လောကသည် မရှိ၊ (သေ၍) တစ်ဖန် ဖြစ်ပေါ်သောသတ္တဝါတို့သည် မရှိကုန်။ပ။ အကျိုး ဝိပါက်သည်မရှိ၊ ဤသို့ဆိုလေ့ရှိ၏၊ ဤသို့ယူလေ့ရှိ၏’ဟုပသေနဒိကောသလမင်းသည်လည်း သိပါ၏၊ တိုင်းတစ်ပါးမင်းတို့သည်လည်း သိပါကုန်၏၊ (ထို့ကြောင့်စွန့်လွှတ်ခြင်းငှါ မတတ်နိုင်ပါ)”။ အသျှင် ကဿပ အကျွန်ုပ်သည် ယုတ်မာသော ဤမိစ္ဆာအယူကိုအကယ်၍ စွန့်လွှတ်သည် ဖြစ်အံ့၊ “ပါယာသိမြို့စားသည် ဤမျှလောက် မိုက်လေစွ တကား၊ ဤမျှလောက် မလိမ္မာလေစွတကား၊ ယုတ်မာသော အယူ ကို ယူလေစွတကား”ဟု အကျွန်ုပ်အားပြောဆိုသူတို့ ရှိပါကုန်လတံ္တ့၊ ထိုသူတို့၌ အမျက်ထားသော အားဖြင့်လည်း ထိုအယူကို ယူမြဲယူရပါဦးအံ့၊ အသျှင်ဘုရား၏ စကားကို ချေပသောအားဖြင့်လည်း ထို အယူကို ယူမြဲ ယူရပါဦးအံ့၊ အသျှင်ဘုရားကို တုပြိုင်သောအားဖြင့်လည်း ထိုအယူကို ယူမြဲ ယူရပါဦး အံ့ဟု (လျှောက်၏)။

အန်ကစားသူ ဥပမာ

၄၃၄။ မြို့စား သို့ဖြစ်လျှင် ဥပမာပြု၍ သင့်အား ပြောအံ့၊ ဤလောက၌ အချို့သော ပညာရှိယောကျာ်းတို့သည် ဥပမာဖြင့် ဆိုအပ်သော စကား၏ အဓိပ္ပါယ်ကို သိကြကုန်၏။

မြို့စား ရှေး၌ ဖြစ်ဖူးသည်ကား အန်သမားနှစ်ယောက်တို့သည် အန်ကစားကြကုန်၏။ တစ်ယောက်သော အန်သမားသည် လာတိုင်းလာတိုင်းသော ရှုံးမည့်အန်ကို မျို၏၊ ဒုတိယ အန်သမားသည် လာတိုင်းလာတိုင်းသော ရှုံးမည့်အန်ကို မျိုနေသော ထိုအန်သမားကို မြင်၏၊ မြင်လတ်သော် ထိုပဌမအန်သမားကို “အဆွေ သင်သည် အမှန်ပင် နိုင်ပေ၏၊ အဆွေ အကျွန်ုပ်အား အန်တို့ကို ပေးဦးလော့၊ အကျွန်ုပ်သည်နတ်တင်ဦးအံ့”ဟု ပြော၏။

“အဆွေ ကောင်းပြီ”ဟု ထိုပဌမ အန်သမားသည် ဒုတိယ အန်သမားအား အန်တို့ကို ပေး၏။

ထိုအခါ ထိုဒုတိယ အန်သမားသည် အန်တို့ကို အဆိပ်ဖြင့် လိမ်း၍ ထိုပဌမ အန်သမားကို “အဆွေလာလော့၊ အန်ကစားကုန်အံ့”ဟု ပြော၏။

“အဆွေ ကောင်းပြီ”ဟု ထို ပဌမအန်သမားသည် ထို ဒုတိယအန်သမားအား ပြန်ပြော၏။ နှစ်ကြိမ်မြောက်လည်း ထို အန်သမားတို့သည် အန်ကစားကုန်၏။ နှစ်ကြိမ်မြောက်လည်း ထိုပဌမအန်သမားသည်လာ တိုင်းလာတိုင်းသော ရှုံးမည့်အန်ကို မျို၏၊ ဒုတိယအန်သမားသည် နှစ်ကြိမ်မြောက်လည်း လာတိုင်းလာတိုင်းသော ရှုံးမည့်အန်ကို မျိုနေသော ထိုပဌမအန်သမားကို မြင်၏၊ မြင်လတ်သော် ထိုအန်သမားအားဤစကားကို ဆို၏—

“အန်ကို မျိုသော ယောကျာ်းသည် အလွန်အစွမ်းထက်သော အဆိပ်ဖြင့် လိမ်းထားသည်ကို မသိ၊ ဟယ် ယုတ်မာသော အန်သမား မျိုဦးလော့၊ ဟယ် ညစ်သော အန်သမား မျိုဦးလော့၊ နောက်မကြာမီသင့်အား ပြင်းထန်ဆိုးဝါးသော ဘေးဒုက္ခသည် ဖြစ်လတ္တံ့”ဟု (ဆို၏)။

မြို့စား ဤအတူပင် သင်သည် ပဌမအန်သမားကဲ့သို့ ဖြစ်သည်မှာ ထင်ရှား၏၊ မြို့စား ယုတ်မာ သောဤမိစ္ဆာအယူကို စွန့်လွှတ်လော့၊ မြို့စား ယုတ်မာသော ဤမိစ္ဆာအယူကို စွန့်လွှတ်လော့၊ သင့်အားရှည်မြင့်စွာသော ကာလပတ်လုံး အစီးအပွါးမဲ့ခြင်းငှါ ဆင်းရဲခြင်းငှါ မဖြစ်ပါစေလင့်ဟု (မိန့်ဆို၏)။

၄၃၅။ အသျှင်ကဿပသည် ဤသို့ဆိုသော်လည်း အကျွန်ုပ်သည် ယုတ်မာသော ဤမိစ္ဆာအယူကိုစွန့်လွှတ်ခြင်းငှါ မတတ်နိုင်ပါ၊ (အဘယ့်ကြောင့်ဆိုသော်) “ပါယာသိမြို့စားသည် ‘ဤအကြောင်းကြောင့်လည်း တစ်ပါးသော လောကသည် မရှိ၊ (သေ၍) တစ်ဖန် ဖြစ်ပေါ်သော သတ္တဝါတို့သည် မရှိကုန်။ပ။ အကျိုးဝိပါက်သည် မရှိ၊ ဤသို့ဆိုလေ့ရှိ၏၊ ဤသို့ယူလေ့ရှိ၏’ဟု အကျွန်ုပ်ကို ပသေနဒိကောသလမင်း့သည်လည်း သိပါ၏၊ တိုင်းတစ်ပါးမင်းတို့သည်လည်း သိပါကုန်၏၊ (ထို့ကြောင့် စွန့်လွှတ်ခြင်းငှါ မတတ်နိုင်ပါ)”။ အသျှင်ကဿပ အကျွန်ုပ်သည် ယုတ်မာသော ဤမိစ္ဆာအယူကို အကယ်၍ စွန့်လွှတ်သည်ဖြစ်အံ့၊ “ပါယာသိမြို့စားသည် ဤမျှလောက် မိုက်လေစွတကား၊ ဤမျှလောက် မလိမ္မာလေစွတကား၊ ယုတ်မာ သော အယူကို ယူလေစွတကား”ဟု အကျွန်ုပ်အား ပြောဆိုသူတို့ ရှိပါကုန်လတံ္တ့၊ ထိုသူတို့၌အမျက်ထား သောအားဖြင့်လည်း ထိုအယူကို ယူမြဲ ယူရပါဦးအံ့၊ အသျှင်ဘုရား၏ စကားကိုချေပသောအားဖြင့်လည်း ထိုအယူကို ယူမြဲ ယူရပါဦးအံ့၊ အသျှင်ဘုရားကို တုပြိုင်သော အားဖြင့်လည်းထိုအယူကို ယူမြဲယူရပါဦး အံ့ဟု (လျှောက်၏)။

ပိုက်ဆံလျှော်ထုပ်ယူသူ ဥပမာ

၄၃၆။ မြို့စား သို့ဖြစ်လျှင် ဥပမာပြု၍ သင့်အား ပြောအံ့၊ ဤလောက၌ အချို့သော ပညာရှိယောကျာ်းတို့သည် ဥပမာဖြင့် ဆိုအပ်သော စကား၏ အဓိပ္ပါယ်ကို သိကြကုန်၏။

မြို့စား ရှေး၌ ဖြစ်ဖူးသည်ကား တစ်ခုသော ကျေးလက်သည် ပြောင်းရွှေ့၏။ ထိုအခါ မိတ်ဆွေတစ်ဦးသည် မိတ်ဆွေတစ်ဦးကို ဤသို့ ပြောဆို၏—

“အဆွေ လာ, သွားကြကုန်အံ့၊ ပြောင်းရွှေ့သွားသော ကျေးလက်ဆီသို့ ချဉ်းကပ်ကုန်အံ့၊ ဤကျေးလက်၌ တစ်စုံတစ်ရာသော ဥစ္စာကို ရကောင်း ရတန်ရာ၏”ဟု (ပြောဆို၏)။

“အဆွေ ကောင်းပါပြီ”ဟု မိတ်ဆွေတစ်ဦးသည် မိတ်ဆွေတစ်ဦးအား ပြန်ပြော၏။

ထိုသူတို့သည် ထိုကျေးလက်အတွင်းရှိ ရွာတစ်ရွာသို့ ချဉ်းကပ်ကုန်၏၊ ထိုရွာ၌ စွန့်ပစ်ထားသောများစွာသော ပိုက်ဆံလျှော်ကို တွေ့မြင်၍ မိတ်ဆွေတစ်ဦးသည် မိတ်ဆွေတစ်ဦးကို ပြော၏—

“အဆွေ ဤများစွာသော ပိုက်ဆံလျှော်ကို စွန့်ပစ်ထား၏၊ အဆွေ သို့ဖြစ်၍ သင်လည်း ပိုက်ဆံလျှော်ထုပ်ကို ထုပ်လော့၊ အကျွန်ုပ်လည်း ပိုက်ဆံလျှော်ထုပ်ကို ထုပ်အံ့၊ အကျွန်ုပ်တို့ နှစ်ယောက်ပိုက်ဆံလျှော်ထုပ်ကို ယူ၍ သွားကုန်အံ့”ဟု (ပြော၏)။

“အဆွေ ကောင်းပါပြီ”ဟု မိတ်ဆွေတစ်ဦးသည် မိတ်ဆွေတစ်ဦးကို ပြန်ပြော၍ ပိုက်ဆံလျှော်ထုပ် ကိုထုပ်ပြီးလျှင် ထိုမိတ်ဆွေနှစ်ယောက်တို့သည် ပိုက်ဆံလျှော်ထုပ်ကို ယူ၍ အခြားရွာတစ်ရွာသို့ချဉ်းကပ်ကြကုန်၏။

ထိုရွာ၌ စွန့်ပစ်ထားသော များစွာသော ပိုက်ဆံလျှော်ချည်ကို တွေ့မြင်၍ မိတ်ဆွေတစ်ဦးသည်မိတ်ဆွေတစ်ဦးကို ပြော၏—

“အဆွေ ပိုက်ဆံလျှော်ချည် အကျိုးငှါ ပိုက်ဆံလျှော်ကို အလိုရှိကုန်ရာ၏၊ ဤများစွာသော ပိုက်ဆံလျှော်ချည်ကို စွန့်ပစ်ထား၏၊ အဆွေ သို့ဖြစ်၍ သင်သည် ပိုက်ဆံလျှော်ထုပ်ကို စွန့်ပစ်လော့၊ အကျွန်ုပ်သည်လည်း ပိုက်ဆံလျှော်ထုပ်ကို စွန့်ပစ်အံ့၊ အကျွန်ုပ်တို့ နှစ်ယောက် ပိုက်ဆံလျှော်ချည် ထုပ်ကိုယူ၍ သွားကုန်အံ့”ဟု (ပြော၏)။

အဆွေ အကျွန်ုပ်သည် ဤပိုက်ဆံလျှော်ထုပ်ကို ဝေးလံသော အရပ်မှ ဆောင်ယူခဲ့ရ၏၊ ကောင်းစွာထုပ်၍လည်း ထား၏၊ အကျွန်ုပ်အား ဤလျှော်ဖြင့်ပင် တော်ပါပြီ၊ သင်သည်သာလျှင် ခွဲခြား၍ သိပါလော့ဟု ဆို၏၊ ထိုအခါ ထိုမိတ်ဆွေသည် ပိုက်ဆံလျှော်ထုပ်ကို စွန့်ပစ်၍ ပိုက်ဆံလျှော်ချည်ထုပ်ကို ယူ၏။

ထိုသူတို့သည် အခြား ရွာတစ်ရွာသို့ ချဉ်းကပ်ကြပြန်ကုန်၏၊ ထိုရွာ၌ စွန့်ပစ်ထားသော များစွာသောပိုက်ဆံလျှော် အထည်တို့ကို တွေ့မြင်၍ မိတ်ဆွေတစ်ဦးသည် မိတ်ဆွေတစ်ဦးကို ပြော၏—

“အဆွေ ပိုက်ဆံလျှော် အထည်အကျိုးငှါ ပိုက်ဆံလျှော်ကိုလည်းကောင်း ပိုက်ဆံလျှော်ချည်ကိုလည်းကောင်း အလိုရှိကုန်ရာ၏၊ ဤသည်တို့ကား ပိုက်ဆံလျှော် အထည်တို့တည်း၊ အဆွေ သို့ဖြစ်၍သင်သည် ပိုက်ဆံလျှော်ထုပ်ကို စွန့်ပစ်လော့၊ အကျွန်ုပ်လည်း ပိုက်ဆံလျှော်ချည်ထုပ်ကို စွန့်ပစ်အံ့၊ ့အကျွန်ုပ်တို့ နှစ်ယောက် ပိုက်ဆံလျှော် အထည်ထုပ်ကို ယူ၍ သွားကုန်အံ့”ဟု (ပြော၏)။

အဆွေ အကျွန်ုပ်သည် ဤပိုက်ဆံလျှော်ထုပ်ကို ဝေးလံသော အရပ်မှ ဆောင်ယူခဲ့ရ၏၊ ကောင်းစွာထုပ်၍လည်း ထား၏၊ အကျွန်ုပ်အား ဤလျှော်ဖြင့်ပင် တော်ပါပြီ၊ သင်သည်သာလျှင် ခွဲခြား၍သိပါလော့ဟု ဆို၏၊ ထိုအခါ မိတ်ဆွေသည် ပိုက်ဆံလျှော်ချည်ထုပ်ကို စွန့်ပစ်၍ပိုက်ဆံလျှော်အထည်ထုပ်ကို ယူ၏။

ထိုသူတို့သည် အခြားရွာတစ်ရွာသို့ ချဉ်းကပ်ကြပြန်ကုန်၏၊ ထိုရွာ၌ စွန့်ပစ်ထားသော များစွာသောခုံလျှော်ကို တွေ့မြင်ရ၍။ပ။ စွန့်ပစ်ထားသော များစွာသော ခုံလျှော်ချည်ကို တွေ့မြင်ရ၍။ ပ။ စွန့်ပစ်ထားသော များစွာသော ခုံလျှော်အထည်ကို တွေ့မြင်ရ၍။ပ။ စွန့်ပစ်ထားသော များစွာသော ဝါကိုတွေ့မြင်ရ၍။ပ။ စွန့်ပစ်ထားသော များစွာသော ဝါချည်ကို တွေ့မြင်ရ၍။ပ။ စွန့်ပစ်ထားသော များစွာသော ဝါချည်အထည်ကို တွေ့မြင်ရ၍။ပ။ စွန့်ပစ်ထားသော များစွာသော သံကို တွေ့မြင်ရ၍။ပ။ စွန့်ပစ်ထားသော များစွာသော ကြေးကို တွေ့မြင်ရ၍။ပ။ စွန့်ပစ်ထားသော များစွာသော ခဲပုပ်ကို တွေ့မြင်ရ၍။ ပ။ စွန့်ပစ်ထားသော များစွာသော ဘင်ကို တွေ့မြင်ရ၍။ပ။ စွန့်ပစ်ထားသော များစွာသော ငွေကိုတွေ့မြင်ရ၍။ပ။ စွန့်ပစ်ထားသော များစွာသော ရွှေကို တွေ့မြင်ရ၍ မိတ်ဆွေတစ်ဦးသည် မိတ်ဆွေတစ်ဦးကို ပြော၏—

“အဆွေ ရွှေအကျိုးငှါ ပိုက်ဆံလျှော်ကိုလည်းကောင်း၊ ပိုက်ဆံလျှော်ချည်ကိုလည်းကောင်း၊ ပိုက်ဆံ လျှော်အထည်ကိုလည်းကောင်း၊ ခုံလျှော်ကိုလည်းကောင်း၊ ခုံလျှော်ချည်ကိုလည်းကောင်း၊ ခုံလျှော်အထည်ကိုလည်းကောင်း၊ ဝါကိုလည်းကောင်း၊ ဝါချည်ကိုလည်းကောင်း၊ ဝါချည်အထည်ကိုလည်း ကောင်း၊ သံကိုလည်းကောင်း၊ ကြေးကိုလည်းကောင်း၊ ခဲပုပ်ကိုလည်းကောင်း၊ ဘင်ကိုလည်းကောင်း၊ ငွေကိုလည်းကောင်း အလိုရှိကုန်ရာ၏။ များစွာသော ရွှေတို့ကို စွန့်ပစ်ထား၏။ အဆွေ သို့ဖြစ်၍သင်သည် ပိုက်ဆံလျှော် ထုပ်ကို စွန့်ပစ်လော့၊ အကျွန်ုပ်လည်း ငွေထုပ်ကို စွန့်ပစ်ပါအံ့၊ အကျွန်ုပ် တို့နှစ်ယောက် ရွှေထုပ်ကို ယူ၍ သွားကုန်အံ့”ဟု (ပြော၏)။

အဆွေ အကျွန်ုပ်သည် ဤပိုက်ဆံလျှော်ထုပ်ကို အဝေးမှ ဆောင်ယူခဲ့ရ၏၊ ကောင်းစွာ ထုပ်၍လည်းထား၏၊ အကျွန်ုပ်အား ဤလျှော်ဖြင့်ပင် တော်ပါပြီ၊ သင်သည်သာလျှင် ခွဲခြား၍ သိပါလော့ဟု ဆို၏၊ ထိုအခါ ထိုမိတ်ဆွေသည် ငွေထုပ်ကို စွန့်ပစ်၍ ရွှေထုပ်ကို ယူလေ၏။

ထိုသူတို့သည် မိမိတို့ ရွာရှိရာသို့ ချဉ်းကပ်ကုန်၏။ ထိုနှစ်ယောက်တို့တွင် ပိုက်ဆံလျှော်ထုပ်ကို ယူ၍သွားသော မိတ်ဆွေ၏ အမိ အဖ သား မယား အဆွေခင်ပွန်းတို့သည် မနှစ်သက်ကုန်၊ ထိုပိုက်ဆံလျှော်ကို ယူခဲ့ခြင်းကြောင့် ချမ်းသာခြင်း ဝမ်းမြောက်ခြင်းကို မရ၊ ရွှေထုပ်ကို ယူ၍ သွားသော မိတ်ဆွေ၏အမိ အဖ သား မယား အဆွေခင်ပွန်းတို့သည် နှစ်သက်ကုန်၏၊ ထိုရွှေကို ယူခဲ့ခြင်းကြောင့် ချမ်းသာခြင်းဝမ်းမြောက်ခြင်းကို ရ၏။

မြို့စား ဤအတူပင် သင်သည် ပိုက်ဆံလျှော်ထုပ်ကို ဆောင်ယူသော သူကဲ့သို့ ဖြစ်သည်မှာ ထင်ရှား၏၊ မြို့စား ယုတ်မာသော ဤမိစ္ဆာအယူကို စွန့်လွှတ်လော့၊ မြို့စား ယုတ်မာသော ဤမိစ္ဆာအယူကိုစွန့်လွှတ်လော့၊ သင့်အား ရှည်မြင့်စွာသော ကာလပတ်လုံး အစီးအပွါးမဲ့ခြင်းငှါ ဆင်းရဲခြင်းငှါ မဖြစ်ပါစေလင့်ဟု (မိန့်ဆို၏)။

သရဏဂုံကို ဆောက်တည်ခြင်း

၄၃၇။ အသျှင်ကဿပ၏ ရှေးဦးစွာသော ဥပမာဖြင့်ပင်လျှင် အကျွန်ုပ်သည် နှစ်သက်ပါ၏၊ ကြည်ညိုပါ၏၊ ထိုသို့ ဖြစ်သော်လည်း အကျွန်ုပ်သည် ဤဆန်းကြယ်သော အမေး အဖြေတို့ကို နာကြားလိုသည် ဖြစ်၍သာလျှင် အသျှင်ကဿပကို ဆန့်ကျင်ဘက်ကဲ့သို့ ပြုအပ်သည်ဟု အကျွန်ုပ် မှတ်ထင်ခဲ့မိပါ၏၊ ့အသျှင်ကဿပ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေ၏၊ အသျှင်ကဿပ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေ၏၊ အသျှင်ကဿပ ဥပမာသော်ကား မှောက်ထားသည်ကို လှန်ဘိသကဲ့သို့လည်းကောင်း၊ ဖုံးလွှမ်းထားသည်ကို ဖွင့်လှစ်ဘိသကဲ့သို့လည်းကောင်း၊ မျက်စိလည်သောသူအား လမ်းမှန်ကို ပြောကြားဘိသကဲ့သို့လည်းကောင်း၊ “မျက်စိအမြင်ရှိသော သူတို့သည် အဆင်းတို့ကိုမြင်ကြလိမ့်မည်”ဟု အမိုက်မှောင်၌ ဆီမီးတန်ဆောင်ကို ဆောင်ပြဘိသကဲ့သို့လည်းကောင်း ဤအတူအသျှင်ကဿပသည် များစွာသော အကြောင်းဖြင့် တရားတော်ကို ပြတော်မူပါပေ၏၊ အသျှင်ကဿပအကျွန်ုပ်သည် အသျှင် ဂေါတမကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ တရားတော်ကိုလည်းကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ သံဃာတော်ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ အသျှင်ကဿပသည် အကျွန်ုပ်ကို ယနေ့မှ စ၍ အသက်ထက်ဆုံး (ဘုရား တရား သံဃာကို) ကိုးကွယ်ဆည်းကပ်သော ‘ဥပါသကာ’ဟု မှတ်တော်မူပါ၊ အသျှင်ကဿပ အကျွန်ုပ်သည် ကြီးစွာသောယဇ်ပူဇော်ခြင်းငှါ အလိုရှိပါ၏၊ ရှည်မြင့်စွာသော ကာလ ပတ်လုံး အကျွန်ုပ်၏ ပွါးစီးခြင်း ချမ်းသာခြင်းဖြစ်ရာသော ယဇ်ကို အသျှင်ကဿပသည် အကျွန်ုပ်အား ညွှန်ကြားတော်မူပါလော့ဟု (လျှောက်၏)။

ယဇ်ပူဇော်ခြင်းကို ပြဆိုရာ

၄၃၈။ မြို့စား အကြင်သို့ သဘောရှိသော ယဇ်ပူဇော်ခြင်း၌ နွား ဆိတ် ကြက် ဝက်တို့ကို သတ်ကုန်၏၊ အမျိုးမျိုးသော သတ္တဝါတို့သည် သေခြင်းသို့ ရောက်ကုန်၏၊ အလှူခံပုဂ္ဂိုလ်တို့သည်လည်း မှားစွာသိမြင်ခြင်း၊ မှားစွာကြံခြင်း၊ မှားစွာပြောဆိုခြင်း၊ မှားစွာပြုလုပ်ခြင်း၊ မှားစွာအသက်မွေးခြင်း၊ မှားစွာအားထုတ်ခြင်း၊ မှားစွာ အောက်မေ့ခြင်း၊ မှားစွာတည်ကြည်ခြင်း ရှိကုန်၏။ မြို့စားဤသို့သဘောရှိသော ယဇ်ပူဇော်ခြင်းသည် ကြီးသောအကျိုးရင်း မရှိ၊ ကြီးသော အကျိုးဆက်မရှိ၊ ကြီးသော တန်ခိုးမရှိ၊ ကြီး သော ပြန့်ပြောခြင်းမရှိ။

မြို့စား ဥပမာသော်ကား လယ်သမားသည် မျိုးစေ့နှင့် ထွန်ကိုယူ၍ တောသို့ ဝင်ရာ၏၊ ထိုယောကျာ်းသည် မြေမညီညွတ်သော သစ်ငုတ်ဆူးငြောင့် မနုတ်အပ်သော မကောင်းသော လယ်၌ ကျိုးပဲ့ကုန်သော ပုပ်ဆွေးကုန်သော လေပူ နေပူနှိပ်စက်အပ်ကုန်သော အနှစ်အဆံ မရှိကုန်သော ကောင်းစွာမသိမ်းဆည်းအပ်ကုန်သော မျိုးစေ့တို့ကို စိုက်ပျိုးရာ၏၊ မိုးသည်လည်း အခါအားလျော်စွာ ကောင်းစွာမရွာသွန်းရာ။ (ဤသို့ဖြစ်သော်) ထိုမျိုးစေ့တို့သည် ကြီးပွါးစည်ပင် ပြန့်ပြောခြင်းသို့ ရောက်ကုန်ရာသလော၊ လယ်သမားသည်လည်း ပြန့်ပြောသော အကျိုးကို ရရာသလောဟု (မေး၏)။

“အသျှင်ကဿပ မရရာပါ”ဟု (လျှောက်၏)။

မြို့စား ဤအတူ အကြင်သို့သဘောရှိသော ယဇ်ပူဇော်ခြင်း၌ နွား ဆိတ် ကြက် ဝက်တို့ကို သတ်ကုန်၏၊ အမျိုးမျိုးသော သတ္တဝါတို့သည် သေခြင်းသို့ ရောက်ကုန်၏၊ အလှူခံပုဂ္ဂိုလ်တို့သည်လည်းမှားစွာ သိမြင်ခြင်း၊ မှားစွာကြံခြင်း၊ မှားစွာ ပြောဆိုခြင်း၊ မှားစွာ ပြုလုပ်ခြင်း၊ မှားစွာအသက်မွေးခြင်း၊ မှားစွာ အားထုတ်ခြင်း၊ မှားစွာ အောက်မေ့ခြင်း၊ မှားစွာ တည်ကြည်ခြင်း ရှိကုန်၏။ မြို့စား ဤသို့ သဘောရှိသော ယဇ်ပူဇော်ခြင်းသည် ကြီးသော အကျိုးရင်း မရှိ၊ ကြီးသော အကျိုးဆက်မရှိ၊ ကြီးသော တန်ခိုး မရှိ၊ ကြီးသော ပြန့်ပြောခြင်း မရှိ။

မြို့စား အကြင်သို့ သဘောရှိသော ယဇ်ပူဇော်ခြင်း၌ နွား ဆိတ် ကြက် ဝက်တို့ကို မသတ်ကုန်၊ အမျိုးမျိုးသော သတ္တဝါတို့သည် သေခြင်းသို့ မရောက်ကုန်၊ အလှူခံပုဂ္ဂိုလ်တို့သည်လည်း မှန်စွာသိမြင်ခြင်း မှန်စွာကြံခြင်း၊ မှန်စွာပြောဆိုခြင်း၊ မှန်စွာပြုလုပ်ခြင်း၊ မှန်စွာအသက်မွေးခြင်း၊ မှန်စွာအားထုတ်ခြင်း၊ မှန်စွာအောက်မေ့ခြင်း၊ မှန်စွာတည်ကြည်ခြင်း ရှိကုန်၏။ မြို့စား ဤသို့သဘောရှိသော ယဇ်ပူဇော်ခြင်းသည် ကြီးသော အကျိုးရင်းရှိ၏၊ ကြီးသော အကျိုးဆက်ရှိ၏၊ ကြီးသော တန်ခိုးရှိ၏၊ ကြီးသော ပြန့်ပြောခြင်းရှိ၏။

မြို့စား ဥပမာသော်ကား လယ်လုပ်ယောကျာ်းသည် မျိုးစေ့နှင့်ထွန်ကို ယူ၍ တောသို့ ဝင်ရာ၏၊ ထိုလယ်သမားသည် မြေညီညွတ်သော သစ်ငုတ်ဆူးငြောင့်ကို ကောင်းစွာ နုတ်အပ်သော ကောင်းသောလယ်၌ မကျိုးပဲ့ကုန်သော မပုပ်ဆွေးကုန်သော လေပူ နေပူတို့သည် မနှိပ်စက်အပ်ကုန်သော အနှစ်အဆံရှိကုန်သော ကောင်းစွာ သိမ်းဆည်းအပ်ကုန်သော မျိုးစေ့တို့ကို စိုက်ပျိုးရာ၏၊ မိုးသည်လည်း အခါအားလျော်စွာ ကောင်းစွာ ရွာသွန်းရာ၏။ (ဤသို့ဖြစ်သော်) ထိုမျိုးစေ့တို့သည် ကြီးပွားစည်ပင် ပြန့်ပြောခြင်းသို့ ရောက်ကုန်ရာသလော၊ လယ်သမားသည်လည်း ပြန့်ပြောသော အကျိုးကို ရရာသလောဟု (မေး၏)။

“အသျှင်ကဿပ ရရာပါ၏”ဟု (လျှောက်၏)။

မြို့စား ဤအတူ အကြင်သို့သဘောရှိသော ယဇ်ပူဇော်ခြင်း၌ နွား ဆိတ် ကြက် ဝက်တို့ကို မသတ်ကုန်၊ အမျိုးမျိုးသော သတ္တဝါတို့သည် သေခြင်းသို့ မရောက်ကုန်၊ အလှူခံပုဂ္ဂိုလ်တို့သည်လည်း မှန်စွာသိမြင်ခြင်း၊ မှန်စွာကြံခြင်း၊ မှန်စွာပြောဆိုခြင်း၊ မှန်စွာပြုလုပ်ခြင်း၊ မှန်စွာအသက်မွေးခြင်း၊ မှန်စွာအားထုတ်ခြင်း၊ မှန်စွာ အောက်မေ့ခြင်း၊ မှန်စွာတည်ကြည်ခြင်း ရှိကုန်၏။ မြို့စား ဤသို့ သဘောရှိသောယဇ် ပူဇော်ခြင်းသည် ကြီးသော အကျိုးရင်းရှိ၏၊ ကြီးသော အကျိုးဆက်ရှိ၏၊ ကြီးသော တန်ခိုးရှိ၏၊ ကြီး သော ပြန့်ပြောခြင်းရှိ၏ဟု (မိန့်ဆို၏)။

ဥတ္တရလုလင် ဝတ္ထု

၄၃၉။ ထိုအခါ ပါယာသိမြို့စားသည် သမဏ ဗြာဟ္မဏ အထီးကျန်သူ ခရီးသည် သူဖုန်းစားတို့ အားအလှူကို ပေးလှူ၏၊ ထိုအလှူ၌ ပုံးရည်ဟင်းလျှင် နှစ်ခုမြောက်သော ဆန်ကွဲထမင်းသာလျှင် ဖြစ် သောဤသို့သဘောရှိသော ဘောဇဉ်ကို ပေးလှူ၏၊ ချည်ထုံး ချည်မျှင် ရှိသည်လည်း ဖြစ်ကုန်သော ထူလည်းထူကုန်သော အဝတ်အထည်တို့ကို ပေးလှူ၏၊ ထိုအလှူ၌ ဥတ္တရလုလင်သည် အုပ်ချုပ်စီမံသူအလှူမှူး ဖြစ်၏၊ ထိုဥတ္တရလုလင်သည် အလှူကို ပေးလှူ၍ ဤသို့ ဆုတောင်း၏—

“ဤအလှူကြောင့် အကျွန်ုပ်သည် ပါယာသိမြို့စားကို ဤပစ္စုပ္ပန်လောက၌သာလျှင် ပေါင်းဆုံရ၍တစ်ပါးသော လောက၌ မပေါင်းဆုံရစေသတည်း”ဟု (ဆုတောင်း၏)။

ဥတ္တရလုလင်သည် အလှူကို ပေးလှူ၍ “ဤအလှူကြောင့် အကျွန်ုပ်သည် ပါယာသိမြို့စားကို ဤပစ္စုပ္ပန်လောက၌သာလျှင် ပေါင်းဆုံရ၍ တစ်ပါးသော လောက၌ မပေါင်းဆုံရစေသတည်း”ဟု ဆုတောင်းသည်ကို ပါယာသီမြို့စား ကြားလေ၏။

ထိုအခါ ပါယာသိမြို့စားသည် ဥတ္တရလုလင်ကို ခေါ်၍ ဤသို့ မေး၏ —

“အမောင် ဥတ္တရ သင်သည် အလှူကို ပေးလှူ၍ ‘ဤအလှူကြောင့် အကျွန်ုပ်သည် ပါယာသိမြို့ စားကိုဤပစ္စုပ္ပန်လောက၌သာလျှင် ပေါင်းဆုံရ၍ တစ်ပါးသော လောက၌ မပေါင်းဆုံရစေသတည်း’ဟုဆုတောင်း၏ ဟူသည် မှန်သလော”ဟု (မေး၏)။

အရှင် မှန်ပါ၏ဟု (ပြန်ပြော၏)။

အမောင် ဥတ္တရ အဘယ်ကြောင့် သင်သည် အလှူကို ပေးလှူ၍ ဤသို့ ဆုတောင်းသနည်း—

“ဤအလှူကြောင့် အကျွန်ုပ်သည် ပါယာသိမြို့စားကို ဤပစ္စုပ္ပန်လောက၌သာလျှင် ပေါင်းဆုံရ၍တစ်ပါးသော လောက၌ မပေါင်းဆုံရစေသတည်း”ဟု (ဆုတောင်းသနည်း)။

အမောင် ဥတ္တရ ငါတို့သည် ကောင်းမှုကို အလိုရှိကုန်သည်သာလျှင် မဟုတ်ပါကုန်လော၊ အလှူ၏အကျိုးကို အလိုရှိကုန်သည်သာလျှင် မဟုတ်ပါကုန်လောဟု (မိန့်ဆို၏)။

အရှင်၏ အလှူ၌ ပုံးရည်ဟင်းလျှင် နှစ်ခုမြောက်သော ဆန်ကွဲထမင်းသာလျှင် ဖြစ်သော ဤသို့သဘောရှိသော ဘောဇဉ်ကို ပေးလှူ၏၊ ထိုဘောဇဉ်ကို အရှင်သည် ခြေဖြင့် တို့ထိရန်ပင် အလိုမရှိရာ၊ ့သုံးဆောင်ရန်ကား အဘယ်မှာ ဆိုဖွယ်ရာရှိအံ့နည်း။ ချည်ထုံး ချည်မျှင် ရှိသည်လည်းဖြစ်ကုန်သောထူသည်လည်း ဖြစ်ကုန်သော အဝတ်အထည်တို့ကို ပေးလှူ၏၊ ထိုအဝတ်အထည်တို့ကို အရှင်သည် ခြေဖြင့် တို့ထိရန်ပင် အလိုမရှိရာ၊ ဝတ်ဆင်ရန်ကား အဘယ်မှာ ဆိုဖွယ်ရာရှိအံ့နည်း။ အရှင့်ကို အကျွန်ုပ်တို့သည် ချစ်ခင်အပ်ပါ၏၊ နှစ်သက်အပ်ပါ၏၊ နှစ်သက်အပ်သောအရာကို မနှစ်သက်အပ်သော အရာဖြင့်အကျွန်ုပ်တို့ အဘယ်သို့ ယှဉ်တွဲရောစပ်ရကုန်အံ့နည်းဟု (လျှောက်၏)။

အမောင်ဥတ္တရ ယင်းသို့ ဖြစ်လျှင် ငါသုံးဆောင်သော ဘောဇဉ်မျိုးကို ပေးလှူလော့၊ ငါဝတ်ဆင်သောအဝတ်အထည်မျိုးတို့ကို ပေးလှူလော့ဟု (မိန့်ဆို၏)။

“အရှင် ကောင်းပါပြီ”ဟု ဥတ္တရလုလင်သည် ပါယာသိမြို့စားအား ဝန်ခံပြီးလျှင် ပါယာသိမြို့စားသုံးဆောင်သော ဘောဇဉ်မျိုးကို ပေးလှူ၏၊ ပါယာသိမြို့စားဝတ်ဆင်သော အဝတ်အထည်မျိုးတို့ကို ပေးလှူ၏။

၄၄ဝ။ ထို့နောက် ပါယာသိမြို့စားသည် အရိုအသေမပြုမူ၍ အလှူကို လှူခြင်းကြောင့် မိမိလက်ဖြင့်မဟုတ်မူ၍ လှူခြင်းကြောင့် အလေးအမြတ် မပြုမူ၍ အလှူကို လှူခြင်းကြောင့် ပစ်ပစ်ခါခါကဲ့သို့ ပြု၍အလှူကိုလှူခြင်းကြောင့် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ပရိသတ်ကင်းမဲ့သော သေရီသကဗိမာန်ဝယ် စာတုမဟာရာဇ်နတ်တို့၏ အပေါင်းအသင်းအဖြစ်သို့ ရောက်လေ၏။

ထိုပါယာသိမြို့စား၏ အလှူ၌ အုပ်ချုပ်စီမံသော ဥတ္တရလုလင်သည်ကား အရိုအသေပြု၍ အလှူကိုလှူခြင်းကြောင့် မိမိလက်ဖြင့် အလှူကို လှူခြင်းကြောင့် အလေးအမြတ်ပြု၍ အလှူကို လှူခြင်းကြောင့်ပစ်ပစ်ခါခါကဲ့သို့ မပြုမူ၍ အလှူကို လှူခြင်းကြောင့် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသောလားရာ နတ်ပြည်ဝယ် တာဝတိံသာနတ်တို့၏ အပေါင်းအသင်းအဖြစ်သို့ ရောက်လေ၏။

ပါယာသိနတ်သား ဝတ္ထု

၄၄၁။ ထိုအခါ ဂဝံပတိထေရ်သည် ပရိသတ်ကင်းမဲ့သော သေရီသကဗိမာန်သို့ နေ့သန့်စင်ရန်အစဉ်မပြတ် ကြွတော်မူ၏။ ထိုအခါ ပါယာသိနတ်သားသည် ဂဝံပတိထေရ်ထံသို့ ချဉ်းကပ်၍ဂဝံပတိထေရ် ကို ရှိခိုးပြီးလျှင် တစ်ခုသောနေရာ၌ ရပ်၏၊ တစ်ခုသောနေရာ၌ ရပ်နေသောပါယာသိနတ်သားအား ဂဝံပတိထေရ်သည် ဤစကားကို မေး၏—

“ဒါယကာနတ်သား သင်သည် အဘယ်သူနည်း”ဟု (မေး၏)။

“အသျှင်ဘုရား အကျွန်ုပ်သည် ပါယာသိမြို့စား ဖြစ်ပါ၏”ဟု (လျှောက်၏)။

ဒါယကာ နတ်သား သင်သည် ဤသို့သော အယူရှိခဲ့သည် မဟုတ်လော—

“ဤအကြောင်းကြောင့်လည်း တစ်ပါးသော လောကသည် မရှိ၊ (သေ၍) တစ်ဖန် ဖြစ်ပေါ်သောသတ္တဝါတို့သည် မရှိကုန်၊ ကောင်းမှုကံ, မကောင်းမှုကံတို့၏ အကျိုးဝိပါက်သည် မရှိ” ဟူသောအယူရှိခဲ့သည် မဟုတ်ပါလောဟု (မေး၏)။

မှန်ပါသည် အသျှင်ဘုရား အကျွန်ုပ်သည် ဤသို့သော အယူရှိခဲ့ပါ၏—

“ဤအကြောင်းကြောင့်လည်း တစ်ပါးသော လောကသည် မရှိ၊ (သေ၍) တစ်ဖန် ဖြစ်ပေါ်သောသတ္တဝါတို့သည် မရှိကုန်၊ ကောင်းမှုကံ, မကောင်းမှုကံတို့၏ အကျိုးဝိပါက်သည် မရှိ” ဟူသောအယူရှိခဲ့ပါ၏။

သို့ရှိခဲ့သော်လည်း အသျှင်ကုမာရကဿပသည် အကျွန်ုပ်ကို ထိုယုတ်မာသော အယူမှ ကင်းလွတ်စေခဲ့ပါ၏ဟု (လျှောက်၏)

ဒါယကာနတ်သား သင်၏ အလှူ၌ အုပ်ချုပ်စီမံသော ဥတ္တရမည်သော လုလင်သည် အဘယ်၌ဖြစ်သနည်းဟု (မေး၏)။

အသျှင်ဘုရား အကျွန်ုပ်၏ အလှူ၌ အုပ်ချုပ်စီမံသော ဥတ္တရမည်သော လုလင်သည် အရိုအသေပြု၍အလှူကို လှူခြင်းကြောင့် မိမိလက်ဖြင့် အလှူကို လှူခြင်းကြောင့် အလေးအမြတ်ပြု၍ အလှူကို လှူခြင်းကြောင့် ပစ်ပစ်ခါခါကဲ့သို့ မပြုမူ၍ အလှူကို လှူခြင်းကြောင့် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှနောက်၌ကောင်းသောလားရာ နတ်ပြည်ဝယ် တာဝတိံသာနတ်တို့၏ အပေါင်းအသင်း အဖြစ်သို့ ရောက်ရပါ၏။ အသျှင်ဘုရား အကျွန်ုပ်သည်ကား အရိုအသေမပြုမူ၍ အလှူကို လှူခြင်းကြောင့် မိမိလက်ဖြင့် မဟုတ်မူ၍အလှူကို လှူခြင်းကြောင့် အလေးအမြတ် မပြုမူ၍ အလှူကို လှူခြင်းကြောင့် ပစ်ပစ်ခါခါကဲ့သို့ ပြု၍အလှူကို လှူခြင်းကြောင့် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ပရိသတ်ကင်းမဲ့သော သေရီသကဗိမာန်ဝယ် စာတုမဟာရာဇ်နတ်တို့၏ အပေါင်းအသင်းအဖြစ်သို့ ရောက်ရပါ၏။ ထို့ကြောင့်အသျှင်ဂဝံပတိ ထေရ်သည် လူ့ပြည်သို့ ကြွတော်မူသော် ဤသို့ မိန့်ကြားတော်မူပါလော့—

“အရိုအသေပြု ၍ အလှူကို လှူကုန်လော့၊ မိမိလက်ဖြင့် အလှူကို လှူကုန်လော့၊ အလေးအမြတ်ပြု ၍ အလှူကို လှူကုန်လော့၊ ပစ်ပစ်ခါခါကဲ့သို့ မပြုမူ၍ အလှူကို လှူကုန်လော့၊ ပါယာသိမြို့စားသည် အရိုအသေ မပြုမူ၍ အလှူကို လှူခြင်းကြောင့် မိမိလက်ဖြင့် မဟုတ်မူ၍ အလှူကို လှူခြင်းကြောင့် အလေးအမြတ် မပြုမူ၍ အလှူကို လှူခြင်းကြောင့် ပစ်ပစ်ခါခါကဲ့သို့ ပြု၍ အလှူကိုလှူခြင်းကြောင့် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ပရိသတ်ကင်းမဲ့သော သေရီသက ဗိမာန်ဝယ်စာတုမဟာရာဇ်နတ်တို့၏ အပေါင်းအသင်းအဖြစ်သို့ ရောက်ရ၏။ ထိုပါယာသိမြို့စား၏ အလှူ၌အုပ်ချုပ်စီမံသော ဥတ္တရလုလင်သည်ကား အရိုအသေပြု၍ အလှူကို လှူခြင်းကြောင့် မိမိလက်ဖြင့်အလှူကို လှူခြင်းကြောင့် အလေးအမြတ်ပြု၍ အလှူကို လှူခြင်းကြောင့် ပစ်ပစ်ခါခါ ကဲ့သို့ မပြုမူ၍အလှူကို လှူခြင်းကြောင့် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်း သော လားရာနတ်ပြည်ဝယ် တာဝတိံသာနတ်တို့၏ အပေါင်းအသင်းအဖြစ်သို့ ရောက်ရ၏”ဟု (မိန့်ကြားတော်မူပါလော့ဟု လျှောက်၏)။

ထိုအခါ အသျှင်ဂဝံပတိထေရ်သည် လူ့ပြည်သို့ လာ၍ ဤသို့ ပြောကြားတော်မူ၏—

“အရိုအသေပြု ၍ အလှူကို လှူကုန်လော့၊ မိမိလက်ဖြင့် အလှူကို လှူကုန်လော့၊ အလေးအမြတ် ပြု၍အလှူကို လှူကုန်လော့၊ ပစ်ပစ်ခါခါကဲ့သို့ မပြုမူ၍ အလှူကို လှူကုန်လော့၊ ပါယာသိမြို့စား သည်အရိုအသေမပြုမူ၍ အလှူကို လှူခြင်းကြောင့် မိမိလက်ဖြင့် မဟုတ်မူ၍ အလှူကို လှူခြင်းကြောင့် အလေးအမြတ် မပြုမူ၍ အလှူကို လှူခြင်းကြောင့် ပစ်ပစ်ခါခါကဲ့သို့ ပြု၍ အလှူကို လှူခြင်းကြောင့် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ပရိသတ်ကင်းမဲ့သော သေရီသကဗိမာန် ဝယ်စာတုမဟာရာဇ်နတ်တို့၏ အပေါင်းအသင်းအဖြစ်သို့ ရောက်ရ၏။ ထိုပါယာသိမြို့စား၏ အလှူ၌အုပ်ချုပ်စီမံသော ဥတ္တရလုလင်သည်ကား အရိုအသေပြု၍ အလှူကို လှူခြင်းကြောင့် မိမိ လက်ဖြင့်အလှူကို လှူခြင်းကြောင့် အလေးအမြတ်ပြု၍ အလှူကို လှူခြင်းကြောင့် ပစ်ပစ်ခါခါ ကဲ့သို့ မပြုမူ၍အလှူကို လှူခြင်းကြောင့် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်း သောလားရာနတ်ပြည်ဝယ် တာဝတိံသာနတ်တို့၏ အပေါင်းအသင်းအဖြစ်သို့ ရောက်ရ၏”ဟု ပြောကြားတော်မူလေသတည်း။

ဆယ်ခုမြောက် ပါယာသိသုတ် ပြီး၏။

ထိုမဟာဝဂ်၏ အကျဉ်းချုပ်သုတ်အစဉ်ကား

၁။ မဟာပဒါနသုတ်

၂။ မဟာနိဒါနသုတ်

၃။ မဟာပရိနိဗ္ဗာနသုတ်

၄။ မဟာသုဒဿနသုတ်

၅။ ဇနဝသဘသုတ်

၆။ မဟာဂေါဝိန္ဒသုတ်

၇။ မဟာသမယသုတ်

၈။ သက္ကပဥှသုတ်

၉။ မဟာသတိပဋ္ဌာနသုတ်

၁ဝ။ ဆယ်ခုမြောက် ပါယာသိရာဇညသုတ်သည် ဖြစ်၏။

မဟာဝဂ်ပါဠိတော် မြန်မာပြန် ပြီး၏။