ဒီဃနိကာယ်

၁—ပါထိကသုတ်

သုနက္ခတ်ရဟန်း ဝတ္ထု

၁။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည် —

အခါတစ်ပါး၌ မြတ်စွာဘုရားသည် မလ္လတိုင်း မလ္လမင်းတို့၏ အနုပိယမည်သော နိဂုံး၌ သီတင်းသုံးနေတော်မူ၏။ ထိုစဉ်အခါ၌ မြတ်စွာဘုရားသည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကိုယူလျက် အနုပိယနိဂုံးသို့ ဆွမ်းအလို့ငှါ ဝင်တော်မူ၏၊ ထိုအခါ မြတ်စွာဘုရားအား ဤသို့သော အကြံသည် ဖြစ်၏ —

“အနုပိယနိဂုံး၌ ဆွမ်းခံလှည့်လည်ရန် စောလွန်းသေး၏၊ ငါသည် ဘဂ္ဂဝအနွယ်ဖြစ်သော ဘဂ္ဂဝပရိဗိုဇ်၏အရံ ဘဂ္ဂဝပရိဗိုဇ်ရှိရာသို့ ချဉ်းကပ်ရမူ ကောင်းလေစွ”ဟု (အကြံဖြစ်၏)။

၂။ ထို့နောက် မြတ်စွာဘုရားသည် ဘဂ္ဂဝအနွယ်ဖြစ်သော ဘဂ္ဂဝပရိဗိုဇ်၏ အရံဘဂ္ဂဝပရိဗိုဇ်ရှိရာသို့ ချဉ်းကပ်တော်မူ၏။ ထိုအခါ ဘဂ္ဂဝပရိဗိုဇ်သည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏ —

“မြတ်စွာဘုရား ကြွလာတော်မူပါ အသျှင်ဘုရား၊ မြတ်စွာဘုရား၏ ကြွလာခြင်းသည် ကောင်းသော ကြွလာခြင်းဖြစ်ပါသည် အသျှင်ဘုရား၊ မြတ်စွာဘုရားသည် ကြာမြင့်မှ ဤအရပ်သို့ ကြွလာတော်မူရန် အလှည့်ကို ပေးတော်မူဘိ၏ အသျှင်ဘုရား၊ မြတ်စွာဘုရား ထိုင်တော်မူပါ၊ ဤနေရာကို ပြင်ထားပါသည် အသျှင်ဘုရား”ဟု (လျှောက်၏)။

မြတ်စွာဘုရားသည် ခင်းထားသောနေရာ၌ ထိုင်တော်မူ၏။ ဘဂ္ဂဝပရိဗိုဇ်သည်လည်း နိမ့်သော ထိုင်စရာတစ်ခုကိုယူ၍ တစ်ခုသောနေရာ၌ ထိုင်၏၊ တစ်ခုသောနေရာ၌ ထိုင်လျက် ဘဂ္ဂဝပရိဗိုဇ်သည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏ —

“မြတ်စွာဘုရား ယခင့်ယခင်နေ့တို့၌ လိစ္ဆဝီမင်းသား သုနက္ခတ်သည် အကျွန်ုပ်ထံသို့ ချဉ်းကပ်ပြီးလျှင် ‘ဘဂ္ဂဝ ယခု ငါသည် မြတ်စွာဘုရားကို စွန့်လိုက်ပြီ၊ ယခု ငါသည် မြတ်စွာဘုရားကို (ဆရာဟု) ရည်ညွှန်း၍ မနေတော့ပါ’ဟု အကျွန်ုပ်အား ဤစကားကို ဆိုပါ၏၊ မြတ်စွာဘုရား လိစ္ဆဝီမင်းသား သုနက္ခတ်ဆိုသည့်အတိုင်း ဤစကားသည် မှန်ပါသလော”ဟု (လျှောက်၏)။

ဘဂ္ဂဝ လိစ္ဆဝီမင်းသား သုနက္ခတ်ဆိုသည့်အတိုင်း ဤစကားသည် မှန်၏။

၃။ ဘဂ္ဂဝ ယခင့် ယခင်နေ့တို့၌ လိစ္ဆဝီမင်းသား သုနက္ခတ်သည် ငါ့ထံသို့ ချဉ်းကပ်ပြီးလျှင် ငါ့ကို ရှိခိုး၍ တစ်ခုသောနေရာ၌ ထိုင်လျက် “မြတ်စွာဘုရား ယခု အကျွန်ုပ်သည် မြတ်စွာဘုရားကို စွန့်ပါအံ့၊ ယခု အကျွန်ုပ်သည် မြတ်စွာဘုရားကို (ဆရာဟု) ရည်ညွှန်း၍ နေတော့မည် မဟုတ်ပါ”ဟု ငါ့အား ဤစကားကို ဆို၏။

ဘဂ္ဂဝ ဤသို့ဆိုသော် ငါသည် လိစ္ဆဝီမင်းသား သုနက္ခတ်အား ဤစကားကို ဆို၏။

“သုနက္ခတ် သင်လာလော့၊ ငါ့ကို (ဆရာဟု) ရည်ညွှန်း၍ နေလော့ဟု သင့်ကို ငါ ဆိုဖူးသလော”ဟု (ဆို၏)။

မဆိုဖူးပါ မြတ်စွာဘုရား (ဟု လျှောက်၏)။

“မြတ်စွာဘုရား မြတ်စွာဘုရားကို (ဆရာဟု) ရည်ညွှန်း၍ အကျွန်ုပ်နေပါအံ့”ဟု သင်ကလည်း ငါ့ကို ဆိုဖူးသလောဟု (ဆို၏)။

မဆိုဖူးပါ မြတ်စွာဘုရား (ဟု လျှောက်၏)။

သုနက္ခတ် ငါကလည်း သင့်ကို “သုနက္ခတ် သင်လာလော့၊ ငါ့ကို (ဆရာဟု) ရည်ညွှန်း၍ နေလော့”ဟု မဆိုစဖူး၊ သင်ကလည်း ငါ့ကို “မြတ်စွာဘုရား မြတ်စွာဘုရားကို (ဆရာဟု) ရည်ညွှန်း၍ အကျွန်ုပ် နေပါအံ့”ဟု မဆိုစဖူး၊ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သောယောကျာ်း ဤသို့ဖြစ်လျှင် သင်သည် အဘယ်သူဖြစ်၍ အဘယ်သူကို စွန့်သနည်း၊ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သောယောကျာ်း သင်အဘယ်မျှ လွန်ကျူးပြစ်မှားသည်ကို ရှုဘိလော့ဟု (ဆို၏)။

၄။ မြတ်စွာဘုရား မြတ်စွာဘုရားသည် အကျွန်ုပ်အား လူတို့၏ ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက် လွန်မြတ်သော တန်ခိုးပြာဋိဟာကို ပြတော်မမူပါဟု (လျှောက်၏)။

“သုနက္ခတ် သင်လာလော့၊ ငါ့ကို (ဆရာဟု) ရည်ညွှန်း၍ နေလော့၊ သင့်ကို ငါသည် လူတို့၏ ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက် လွန်မြတ်သော တန်ခိုးပြာဋိဟာကို ပြမည်”ဟု ငါသည် သင့်ကို ဆိုဖူးသလောဟု (ဆို၏)။

မဆိုဖူးပါ မြတ်စွာဘုရား (ဟု လျှောက်၏)။

“မြတ်စွာဘုရား မြတ်စွာဘုရားသည် အကျွန်ုပ်အား လူတို့၏ ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက် လွန်မြတ်သော တန်ခိုးပြာဋိဟာကို ပြမည်ဆိုလျှင် အကျွန်ုပ်သည် မြတ်စွာဘုရားကို (ဆရာဟု) ရည်ညွှန်း၍ နေပါအံ့”ဟု သင်ကလည်း ငါ့အား ဆိုဖူးသလောဟု (ဆို၏)။

မဆိုဖူးပါ မြတ်စွာဘုရား (ဟု လျှောက်၏)။

သုနက္ခတ် ငါကလည်း သင့်ကို “သုနက္ခတ် သင်လာလော့၊ ငါ့ကို (ဆရာဟု) ရည်ညွှန်း၍ နေလော့၊ သင့်ကို ငါသည် လူတို့၏ ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက် လွန်မြတ်သော တန်ခိုး ပြာဋိဟာကို ပြမည်”ဟု မဆိုစဖူး၊ သင်ကလည်း ငါ့ကို “မြတ်စွာဘုရား မြတ်စွာဘုရားသည် အကျွန်ုပ် အား လူတို့၏ ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက် လွန်မြတ်သော တန်ခိုးပြာဋိဟာကို ပြမည်ဆိုလျှင် အကျွန်ုပ်သည် မြတ်စွာဘုရားကို (ဆရာဟု) ရည်ညွှန်း၍ နေပါအံ့”ဟု မဆိုစဖူး၊ (မဂ်ဖိုလ်မှ) အချည်း နှီးဖြစ်သောယောကျာ်း ဤသို့ဖြစ်လျှင် သင်သည် အဘယ်သူ ဖြစ်၍ အဘယ်သူကို စွန့်သနည်း။ သုနက္ခတ် ထိုအရာကို အဘယ်သို့ ထင်သနည်း၊ လူတို့၏ ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက် လွန်မြတ်သော တန်ခိုးပြာဋိဟာကို ပြသည်ဖြစ်စေ၊ မပြသည်ဖြစ်စေ ဆင်းရဲကုန်ခြင်းအကျိုးငှါ ငါ ဟောအပ်သော ထိုတရားသည် ထိုဟောသည့်အတိုင်း ကျင့်သူ၏ အလုံးစုံသော ဆင်းရဲကုန်ခြင်း အကျိုးငှါ ဖြစ်သည် မဟုတ်လောဟု (ဆို၏)။

မြတ်စွာဘုရား လူတို့၏ ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက် လွန်မြတ်သော တန်ခိုးပြာဋိဟာကို ပြသည်ဖြစ်စေ၊ မပြသည်ဖြစ်စေ ဆင်းရဲကုန်ခြင်းအကျိုးငှါ မြတ်စွာဘုရားဟောအပ်သော ထိုတရားသည် ထိုဟောသည့်အတိုင်း ကျင့်သူ၏ အလုံးစုံသော ဆင်းရဲကုန်ခြင်းအကျိုးငှါ ဖြစ်ပါ၏ဟု (လျှောက်၏)။

သုနက္ခတ် လူတို့၏ ကုသိုလ်ကမ္မပထတရားဆယ်ပါးထက် လွန်မြတ်သော တန်ခိုးပြာဋိဟာကို ပြသည်ဖြစ်စေ၊ မပြသည်ဖြစ်စေ ဆင်းရဲကုန်ခြင်းအကျိုးငှါ ငါဟောအပ်သော ထိုတရားသည် ထိုဟောသည့်အတိုင်း ကျင့်သူ၏ အလုံးစုံသော ဆင်းရဲကုန်ခြင်းအကျိုးငှါ ဖြစ်၏။ သုနက္ခတ် ဤသို့ဖြစ်သော် လူတို့၏ ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက် လွန်မြတ်သော တန်ခိုးပြာဋိဟာကို ပြခြင်းသည် အဘယ်ပြုအံ့နည်း၊ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သောယောကျာ်း သင်အဘယ်မျှ လွန်ကျူးပြစ်မှားသည်ကို ရှုဘိလော့ဟု (ဆို၏)။

၅။ မြတ်စွာဘုရား မြတ်စွာဘုရားသည် အကျွန်ုပ်အား လောက၏ အစဟု သိအပ်သော အဂ္ဂညတရားကို ဟောတော်မမူပါဟု (လျှောက်၏)။

“သုနက္ခတ် သင်လာလော့၊ ငါ့ကို (ဆရာဟု) ရည်ညွှန်း၍ နေလော့၊ ငါသည် လောက၏ အစဟု သိအပ်သော အဂ္ဂညတရားကို ဟောမည်”ဟု ငါသည် သင့်အား ဆိုဖူးသလော (ဟု ဆို၏)။

မဆိုဖူးပါ မြတ်စွာဘုရား (ဟု လျှောက်၏)။

“မြတ်စွာဘုရား မြတ်စွာဘုရားသည် အကျွန်ုပ်အား လောက၏ အစဟု သိအပ်သော အဂ္ဂညတရား ကို ဟောတော်မူမည်ဆိုလျှင် အကျွန်ုပ်သည် မြတ်စွာဘုရားကို (ဆရာဟု) ရည်ညွှန်း၍ နေပါအံ့”ဟု သင်ကလည်း ငါ့အား ဆိုဖူးသလောဟု (ဆို၏)။

မဆိုဖူးပါ မြတ်စွာဘုရား (ဟု လျှောက်၏)။

သုနက္ခတ် ငါကလည်း သင့်ကို “သုနက္ခတ် သင်လာလော့၊ ငါ့ကို (ဆရာဟု) ရည်ညွှန်း၍ နေလော့၊ ငါသည် လောက၏ အစဟု သိအပ်သော အဂ္ဂညတရားကို ဟောမည်”ဟု သင့်အား မဆိုစဖူး၊ သင်ကလည်း ငါ့ကို “မြတ်စွာဘုရား မြတ်စွာဘုရားသည် အကျွန်ုပ်အား လောက၏ အစဟု သိအပ်သော အဂ္ဂညတရားကို ဟောမည်ဆိုလျှင် အကျွန်ုပ်သည် မြတ်စွာဘုရားကို (ဆရာဟု) ရည်ညွှန်း၍ နေပါအံ့”ဟု မဆိုစဖူး၊ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သောယောကျာ်း ဤသို့ဖြစ်လျှင် သင်သည် အဘယ်သူဖြစ်၍ အဘယ်သူကို စွန့်သနည်း။ သုနက္ခတ် ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ လောက၏ အစဟု သိအပ်သော အဂ္ဂညတရားကို ဟောသည်ဖြစ်စေ၊ မဟောသည်ဖြစ်စေ ဆင်းရဲကုန်ခြင်းအကျိုးငှါ ငါဟောအပ်သော ထိုတရားသည် ထိုဟောသည့်အတိုင်း ကျင့်သူ၏ အလုံးစုံသော ဆင်းရဲကုန်ခြင်းအကျိုးငှါ ဖြစ် သည် မဟုတ်လောဟု (ဆို၏)။

မြတ်စွာဘုရား လောက၏ အစဟု သိအပ်သော အဂ္ဂညတရားကို ဟောသည်ဖြစ်စေ၊ မဟောသည် ဖြစ်စေ ဆင်းရဲကုန်ခြင်းအကျိုးငှါ မြတ်စွာဘုရားဟောအပ်သော ထိုတရားသည် ထိုဟောသည့်အတိုင်း ကျင့်သူ၏ အလုံးစုံသော ဆင်းရဲကုန်ခြင်းအကျိုးငှါ ဖြစ်ပါ၏ဟု (လျှောက်၏)။

သုနက္ခတ် လောက၏ အစဟု သိအပ်သော အဂ္ဂညတရားကို ဟောသည်ဖြစ်စေ၊ မဟောသည်ဖြစ်စေ ဆင်းရဲကုန်ခြင်းအကျိုးငှါ ငါဟောအပ်သော ထိုတရားသည် ထိုဟောသည့်အတိုင်း ကျင့်သူ၏ အလုံးစုံသော ဆင်းရဲကုန်ခြင်းအကျိုးငှါ ဖြစ်၏။ သုနက္ခတ် ဤသို့ဖြစ်သော် လောက၏ အစဟု သိအပ်သော အဂ္ဂညတရားကို ဟောခြင်းသည် အဘယ်ပြုအံ့နည်း၊ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သောယောကျာ်း သင်အဘယ်မျှ လွန်ကျူးပြစ်မှားသည်ကို ရှုဘိလော့။

၆။ သုနက္ခတ် အကြောင်းအမျိုးမျိုးဖြင့် ငါ၏ ဂုဏ်ကို ဝဇ္ဇီမင်းတို့၏ ရွာ၌ သင်ပြောဆိုချီးကျူးဖူး၏ —

“ထိုမြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သော အကြောင်းကြောင့်လည်း ‘အရဟံ’ မည်တော်မူပါပေ၏၊ (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော အကြောင်းကြောင့်လည်း ‘သမ္မာသမ္ဗုဒ္ဓ’ မည်တော်မူပါပေ၏၊ အသိဉာဏ် ‘ဝိဇ္ဇာ’ အကျင့် ‘စရဏ’နှင့် ပြည့်စုံတော်မူသော အကြောင်းကြောင့်လည်း ‘ဝိဇ္ဇာစရဏသမ္ပန္န’ မည်တော်မူပါပေ၏၊ ကောင်းသောစကားကို ဆိုတော်မူတတ်သော အကြောင်းကြောင့်လည်း ‘သုဂတ’ မည်တော်မူပါပေ၏၊ လောကကို သိတော်မူသော အကြောင်းကြောင့်လည်း ‘လောကဝိဒူ’ မည်တော်မူပါပေ၏၊ ဆုံးမထိုက်သူကို ဆုံးမတတ်သည့် အတုမဲ့ပုဂ္ဂိုလ်ဖြစ်တော်မူသော အကြောင်းကြောင့်လည်း ‘အနုတ္တရောပုရိသ ဒမ္မသာရထိ’ မည်တော်မူပါပေ၏၊ နတ်လူတို့၏ ဆရာဖြစ်တော်မူသော အကြောင်းကြောင့်လည်း ‘သတ္ထာ ဒေဝမနုဿာနံ’ မည်တော်မူပါပေ၏၊ (သစ္စာလေးပါးတရားတို့ကို) သိစေတော်မူသော အကြောင်းကြောင့်လည်း ‘ဗုဒ္ဓ’ မည်တော်မူပါပေ၏၊ ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်းကြောင့်လည်း ‘ဘဂဝါ’ မည်တော်မူပါပေ၏”ဟု (သင်ပြောဆိုချီးကျူးဖူး၏)။

သုနက္ခတ် ဤသို့လျှင် အကြောင်းအမျိုးမျိုးဖြင့် ငါ၏ ဂုဏ်ကို ဝဇ္ဇီမင်းတို့၏ ရွာ၌ သင်ပြောဆို ချီးကျူးဖူး၏။

သုနက္ခတ် အကြောင်းအမျိုးမျိုးဖြင့် တရားတော်၏ ဂုဏ်ကို ဝဇ္ဇီမင်းတို့၏ ရွာ၌ သင်ပြောဆို ချီးကျူးဖူး၏ —

“မြတ်စွာဘုရား ဟောအပ်သော တရားတော်သည် ကောင်းစွာဟောအပ်သော တရားတော်ပါပေတည်း၊ ကိုယ်တိုင် သိမြင်နိုင်သော တရားတော်ပါပေတည်း၊ အခါမလင့် အကျိုးပေးတတ်သော တရားတော်ပါပေတည်း၊ လာလှည့် ရှုလှည့်ဟု ပြထိုက်သော တရားတော်ပါပေတည်း၊ မိမိ၏ ကိုယ်ထဲ စိတ်ထဲ၌ ဆောင်ယူထားထိုက်သော တရားတော်ပါပေတည်း။ (အရိယာ) ပညာရှိတို့သာ ကိုယ်စီ ကိုယ်င သိနိုင် ခံစားနိုင်သော တရားတော်ပါပေတည်း”ဟု (သင်ပြောဆိုချီးကျူးဖူး၏)။

သုနက္ခတ် ဤသို့လျှင် အကြောင်းအမျိုးမျိုးဖြင့် တရားတော်၏ ဂုဏ်ကို ဝဇ္ဇီမင်းတို့၏ ရွာ၌ သင်ပြောဆို ချီးကျူးဖူး၏။

သုနက္ခတ် အကြောင်းအမျိုးမျိုးဖြင့် သံဃာတော်၏ ဂုဏ်ကို ဝဇ္ဇီမင်းတို့၏ ရွာ၌ သင်ပြောဆို ချီးကျူးဖူး၏ —

“မြတ်စွာဘုရား၏ တပည့်သား ‘သာဝက’ သံဃာတော်သည် ကောင်းသော အကျင့်ရှိတော်မူပါပေ၏၊ မြတ်စွာဘုရား၏ တပည့်သား ‘သာဝက’ သံဃာတော်သည် ဖြောင့်မတ်သော အကျင့်ရှိတော်မူပါပေ၏၊ မြတ်စွာဘုရား၏ တပည့်သား ‘သာဝက’ သံဃာတော်သည် မှန်သော အကျင့်ရှိတော်မူပါပေ၏၊ မြတ်စွာဘုရား၏ တပည့်သား ‘သာဝက’ သံဃာတော်သည် လျော်ကန်သော အကျင့်ရှိတော် မူပါပေ၏၊ အစုံအားဖြင့် လေးစုံ ပုဂ္ဂိုလ်အားဖြင့် ရှစ်ပါးအရေအတွက်ရှိသော မြတ်စွာဘုရား၏ တပည့်သား ‘သာဝက’ သံဃာတော်သည် (အရပ်ဝေးမှ) ဆောင်လာ၍သော်လည်း ပေးလှူပူဇော်ရန် ထိုက်တန်တော်မူပါပေ၏၊ ဧည့်သည်တို့အလို့ငှါ စီမံထားသော ပစ္စည်းဝတ္ထုကိုသော်လည်း ပေးလှူ ပူဇော်ရန် ထိုက်တန်တော်မူပါပေ၏၊ တမလွန်အတွက် ရည်ညွှန်းသော အလှူကို ခံတော်မူထိုက် ပါပေ၏၊ လက်အုပ်ချီခြင်းကို ခံတော်မူထိုက်ပါပေ၏၊ သတ္တဝါအပေါင်း၏ ကောင်းမှုပြုရန် အမြတ်ဆုံးလယ်မြေ ဖြစ်တော်မူပါပေ၏”ဟု (သင်ပြောဆိုချီးကျူးဖူး၏)။

သုနက္ခတ် ဤသို့လျှင် အကြောင်းအမျိုးမျိုးဖြင့် သံဃာတော်၏ ဂုဏ်ကို ဝဇ္ဇီမင်းတို့၏ ရွာ၌ သင်ပြောဆိုချီးကျူးဖူး၏။

သုနက္ခတ် သင့်ကို ငါ ပြောကြားအံ့၊ သုနက္ခတ် သင့်ကို ငါ သိစေအံ့၊ သုနက္ခတ် “လိစ္ဆဝီမင်းသား သုနက္ခတ်သည် ရဟန်းဂေါတမထံ၌ မြတ်သော အကျင့်ကို ကျင့်ရန် မစွမ်းနိုင်သဖြင့် သိက္ခာချ၍ လူ ထွက်၏”ဟု သင့်ကို ကဲ့ရဲ့ကုန်လတ္တံ့။ သုနက္ခတ် ဤသို့လျှင် သင့်ကို ကဲ့ရဲ့ကုန်လတ္တံ့ဟု သုနက္ခတ်အား ငါပြော၏၊ ဘဂ္ဂဝ ဤသို့ ငါပြောသော်လည်း အပါယ်ငရဲလားထိုက်သူသည် ဖဲသွားသကဲ့သို့ ဤလိစ္ဆဝီ မင်းသား သုနက္ခတ်သည် ဤသာသနာတော်မှ ဖဲသွားသည်သာလျှင်တည်း။

ကောရခတ္တိယ ဝတ္ထု

၇။ ဘဂ္ဂဝ အခါတစ်ပါး၌ ငါသည် ထူလုဇနပုဒ် ဥတ္တရကာ မည်သော နိဂုံး၌ နေ၏၊ ဘဂ္ဂဝ ထိုအခါ ငါသည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူလျက် နောက်လိုက်ရဟန်း လိစ္ဆဝီ မင်းသား သုနက္ခတ်နှင့်အတူ ဥတ္တရကာနိဂုံးသို့ ဆွမ်းခံဝင်၏။ ထိုအခါ အဝတ်မဝတ်သော ကောရခတ္တိယ တက္ကတွန်းသည် ခွေးကျင့် ကျင့်၏၊ လေးဘက်ထောက် သွား၏၊ မြေ၌ ချထားသည့် အစာကို ပါးစပ်ဖြင့်သာ ဟပ်၏၊ ပါးစပ်ဖြင့်သာ စား၏။ ဘဂ္ဂဝလိစ္ဆဝီမင်းသား သုနက္ခတ်သည် ခွေးကျင့်ကျင့်လျက် လေးဘက်ထောက် သွားနေသော မြေ၌ ချထားသည့် အစာကို ပါးစပ်ဖြင့်သာ ဟပ်၍ ပါးစပ်ဖြင့်သာ စားနေသော အဝတ်မဝတ်သော ကောရခတ္တိယ တက္ကတွန်းကို မြင်၍ ဤသို့သော အကြံသည် ဖြစ်၏ —

“အချင်းတို့ လေးဘက်ထောက်လျက် သွားသော မြေ၌ ချထားသည့် အစာကို ပါးစပ်ဖြင့်သာ ဟပ်၍ ပါးစပ်ဖြင့်သာ စားသော ဤရဟန်းကား ချီးမွမ်းအံ့သြဖွယ် ကောင်းလေစွတကား”ဟု (အကြံဖြစ်၏)။

ဘဂ္ဂဝ ထိုအခါ ငါသည် ငါ၏ စိတ်ဖြင့် လိစ္ဆဝီမင်းသား သုနက္ခတ်၏ စိတ်အကြံကို သိ၍ လိစ္ဆဝီ မင်းသား သုနက္ခတ်အား ဤစကားကို ဆို၏ —

“ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သောယောကျာ်း သင်သည် သာကီဝင်မင်းသား ဘုရား၏ တပည့်သား ရဟန်းဟု ဝန်ခံဘိ၏”ဟု (ဆို၏)။

မြတ်စွာဘုရား မြတ်စွာဘုရားသည် အကျွန်ုပ်ကို “ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သောယောကျာ်း သင်သည် သာကီဝင်မင်းသား ဘုရား၏ တပည့်သား ရဟန်းဟု ဝန်ခံဘိ၏”ဟု အဘယ့်ကြောင့် ဆိုတော်မူပါသနည်းဟု (လျှောက်၏)။

သုနက္ခတ် သင်သည် ခွေးကျင့် ကျင့်လျက် လေးဘက်ထောက် သွားသော မြေ၌ ချထားသည့် အစာကို ပါးစပ်ဖြင့်သာ ဟပ်၍ ပါးစပ်ဖြင့်သာ စားသော ဤကောရခတ္တိယ တက္ကတွန်းကို မြင်၍ “အချင်းတို့ လေးဘက်ထောက် သွားသော မြေ၌ ချထားသည့် အစာကို ပါးစပ်ဖြင့်သာ ဟပ်၍ ပါးစပ်ဖြင့်သာ စားသော ဤရဟန်းကား ချီးမွမ်းအံ့သြဖွယ် ကောင်းလေစွတကား”ဟု အကြံဖြစ်သည် မဟုတ်လောဟု (ဆို၏)။

“မှန်ပါသည် မြတ်စွာဘုရား၊ မြတ်စွာဘုရားသည် အဘယ့်ကြောင့် အရဟတ္တဖိုလ်ကို ဝန်တိုပါ သနည်း”ဟု (လျှောက်၏)။

(မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သောယောကျာ်း ငါသည် အရဟတ္တဖိုလ်ကို ဝန်မတို၊ စင်စစ် သင့်အား သာလျှင် ဤယုတ်မာသော မိစ္ဆာအယူသည် ဖြစ်ပေါ်နေ၏၊ ထိုအယူကို စွန့်လော့။ သင့်အား ကြာမြင့်စွာ အစီးအပွါးမဲ့ခြင်းငှါ ဆင်းရဲခြင်းငှါ မဖြစ်စေလင့်။ သုနက္ခတ် အဝတ်မဝတ်သော ကောရခတ္တိယတက္ကတွန်းကို “ဤရဟန်းကား ချီးမွမ်းအံ့သြဖွယ် ကောင်းလေစွတကား”ဟု သင်ထင်ဘိ၏၊ ထိုသူသည် ခုနစ်ရက်မြောက်သောနေ့၌ စားပိုးနင့်သော ရောဂါဖြင့် သေလတ္တံ့၊ သေပြီးသော် အယုတ်ဆုံးသော အသုရာဘုံ၌ ကာလကဉ္စိကာမည်သော အသုရာ ဖြစ်လတ္တံ့။ သေပြီးသော် ထိုသူကို ပြိတ်မြက်တောရှိသော သင်္ချိုင်း၌ စွန့်ကုန်လတ္တံ့။ သုနက္ခတ် သင်အလိုရှိခဲ့လျှင် အဝတ်မဝတ်သော ကောရခတ္တိယတက္ကတွန်းထံသို့ ချဉ်းကပ်၍ “အဝတ်မဝတ်သော ငါ့သျှင် ကောရခတ္တိယ မိမိလားရာကို သိ၏လော”ဟု မေးလော့။ သုနက္ခတ် အဝတ်မဝတ်သော ကောရခတ္တိယတက္ကတွန်းသည် “ငါ့သျှင် သုနက္ခတ် မိမိလားရာကို သိပါ၏၊ အယုတ်ဆုံးသော အသုရာဘုံ၌ ကာလကဉ္စိကာအသုရာ ဖြစ်နေ၏”ဟု ဖြေလတ္တံ့သော အကြောင်းသည် ရှိ၏ဟု (ဆို၏)။

ဘဂ္ဂဝ ထိုအခါ လိစ္ဆဝီမင်းသား သုနက္ခတ်သည် အဝတ်မဝတ်သော ကောရခတ္တိယတက္ကတွန်းထံသို့ ချဉ်းကပ်ပြီးလျှင် ဤစကားကို ဆို၏ “ငါ့သျှင် ကောရခတ္တိယ ‘အဝတ်မဝတ်သော ကောရခတ္တိယ တက္ကတွန်းသည် ခုနစ်ရက်မြောက်သောနေ့၌ စားပိုးနင့်သော ရောဂါဖြင့် သေလတ္တံ့၊ သေပြီးသော် အယုတ်ဆုံးသော အသုရာဘုံ၌ ကာလကဉ္စိကာမည်သော အသုရာဖြစ်လတ္တံ့၊ သေပြီးသော ထိုသူကို ပြိတ်မြက် တောရှိသော သင်္ချိုင်း၌ စွန့်ကုန်လတ္တံ့ ‘ဟု ရဟန်းဂေါတမသည် ပြောထား၏၊ ငါ့သျှင် ကောရခတ္တိယ ယင်းသို့ဖြစ်သောကြောင့် ရဟန်းဂေါတမ၏ စကားလွဲမှားစေခြင်းငှါ အတိုင်းအရှည်နှင့်ယှဉ်၍ အစာကို စားလော့၊ အတိုင်းအရှည်နှင့်ယှဉ်၍ ရေကို သောက်လော့”ဟု (ဆို၏)။

၈။ ဘဂ္ဂဝ ထို့နောက် လိစ္ဆဝီမင်းသား သုနက္ခတ်သည် ငါ၏စကားကို မယုံသည်ဖြစ်၍ တစ်ရက် နှစ်ရက်ဟု ဆို၍ ခုနစ်ရက်တို့တိုင်အောင် ရေတွက်၏။

ဘဂ္ဂဝ စင်စစ်သော်ကား အဝတ်မဝတ်သော ကောရခတ္တိယတက္ကတွန်းသည် ခုနစ်ရက်မြောက်သောနေ့၌ စားပိုးနင့်သော ရောဂါဖြင့် သေလေ၏၊ သေပြီးသော် အယုတ်ဆုံးသော အသုရာဘုံ၌ ကာလကဉ္စိကာ မည်သော အသုရာဖြစ်၏၊ သေပြီးသော် ထိုသူကို ပြိတ်မြက်တောရှိသော သင်္ချိုင်း၌ စွန့်ကြကုန်၏။

၉။ ဘဂ္ဂဝ လိစ္ဆဝီမင်းသား သုနက္ခတ်သည် “အဝတ်မဝတ်သော ကောရခတ္တိယတက္ကတွန်းကို စားပိုး နင့်သော ရောဂါဖြင့် သေ၍ ပြိတ်မြက်တောရှိသော သင်္ချိုင်း၌ စွန့်ထားသည်”ဟု ကြား၏။ ဘဂ္ဂဝ ထိုအခါ လိစ္ဆဝီမင်းသား သုနက္ခတ်သည် ပြိတ်မြက်တောရှိသော သင်္ချိုင်း၌ အဝတ်မဝတ်သော ကောရခတ္တိယ တက္ကတွန်းထံသို့ ချဉ်းကပ်ပြီးလျှင် “ငါ့သျှင် ကောရခတ္တိယ မိမိလားရာကို သိ၏လော”ဟု လက်ဖြင့် သုံးကြိမ်ပုတ်၍ အဝတ်မဝတ်သော ကောရခတ္တိယတက္ကတွန်းကို မေး၏။ ဘဂ္ဂဝ ထိုအခါ အဝတ်မဝတ်သော ကောရခတ္တိယတက္ကတွန်းသည် လက်ဖြင့် ကျောကိုပွတ်လျက် ထပြီးလျှင် “ငါ့သျှင် သုနက္ခတ် မိမိလားရာကို သိပါ၏၊ အယုတ်ဆုံးသော အသုရာဘုံ၌ ကာလကဉ္စိကာမည်သော အသုရာဖြစ်နေပါ၏”ဟု ဆို၍ ထိုနေရာ၌ပင်လျှင် ပက်လက်လဲလေ၏။

၁ဝ။ ဘဂ္ဂဝ ထို့နောက် လိစ္ဆဝီမင်းသား သုနက္ခတ်သည် ငါ့ထံသို့ ချဉ်းကပ်ပြီးလျှင် ငါ့ကို ရှိခိုး၍ တစ်ခုသောနေရာ၌ ထိုင်၏။ ဘဂ္ဂဝ တစ်ခုသောနေရာ၌ ထိုင်ပြီးသော လိစ္ဆဝီမင်းသား သုနက္ခတ်အား ငါသည် ဤစကားကို ဆို၏ —

သုနက္ခတ် ထိုအရာကို အဘယ်သို့ ထင်သနည်း၊ အဝတ်မဝတ်သော ကောရခတ္တိယတက္ကတွန်းကို အကြောင်းပြု၍ ငါ ပြောကြားသည့်အတိုင်း ထိုစကား၏ အကျိုးသည် ဖြစ်သလော၊ သို့မဟုတ် တစ်နည်း တစ်ဖုံအားဖြင့် ဖြစ်သလောဟု (ဆို၏)။

မြတ်စွာဘုရား အဝတ်မဝတ်သော ကောရခတ္တိယတက္ကတွန်းကို အကြောင်းပြု၍ မြတ်စွာဘုရား ပြောကြားတော်မူသည့်အတိုင်း ထိုစကား၏ အကျိုးသည် ဖြစ်ပါ၏၊ တစ်နည်းတစ်ဖုံအားဖြင့် မဖြစ်ပါဟု (လျှောက်၏)။

သုနက္ခတ် ထိုအရာကို အဘယ်သို့ ထင်သနည်း၊ ယင်းသို့ဖြစ်သော် လူတို့၏ ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက် လွန်မြတ်သော တန်ခိုးပြာဋိဟာကို ပြသည်မည်သလော၊ မပြသည်မည်သလောဟု (ဆို၏)။

မြတ်စွာဘုရား ဤသို့ဖြစ်သော် လူတို့၏ ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက် လွန်မြတ်သော တန်ခိုးပြာဋိဟာကို စင်စစ် ပြသည် မည်ပါ၏၊ မပြသည် မမည်ပါဟု (လျှောက်၏)။

(မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သောယောကျာ်း လူတို့၏ ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက် လွန်မြတ်သော တန်ခိုးပြာဋိဟာကို ဤသို့ပြသော ငါ့ကို “မြတ်စွာဘုရား မြတ်စွာဘုရားသည် အကျွန်ုပ်အား လူတို့၏ ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက် လွန်မြတ်သော တန်ခိုးပြာဋိဟာကို ပြတော်မမူ”ဟု သင်ဆိုဘိ၏။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သောယောကျာ်း သင်အဘယ်မျှ လွန်ကျူးပြစ်မှားသည်ကို ရှုဘိလော့ဟု (ဆို၏)။

ဘဂ္ဂဝ ဤသို့ပင် ငါဆိုသော်လည်း အပါယ်ငရဲ လားထိုက်သူသည် ဖဲသွားသကဲ့သို့ လိစ္ဆဝီမင်းသား သုနက္ခတ်သည် ဤသာသနာတော်မှ ဖဲသွားသည်သာလျှင်တည်း။

ကဠာရမဋ္ဋက တက္ကတွန်း ဝတ္ထု

၁၁။ ဘဂ္ဂဝ ငါသည် အခါတစ်ပါး၌ ဝေသာလီပြည် မဟာဝုန်တော ပြာသာဒ်ဆောင်ပေါက်သော ကျောင်းကြီး၌ နေ၏။ ထိုစဉ်အခါ၌ အဝတ်မဝတ်သော ကဠာရမဋ္ဋက တက္ကတွန်းသည် ဝေသာလီပြည် ဝဇ္ဇီမင်းတို့၏ ရွာ၌ လာဘ်များခြင်း အခြံအရံများခြင်း အထွတ်အထိပ်သို့ ရောက်၍ နေ၏။ သူသည် ကျင့်ဝတ်ခုနစ်မျိုးတို့ကို ဆောက်တည်ကျင့်သုံး၏။

(၁) အသက်ထက်ဆုံး အဝတ်မဝတ်သူ ဖြစ်အံ့၊ အဝတ်ကို မဝတ်အံ့။

(၂) အသက်ထက်ဆုံး မြတ်သောအကျင့်ကို ကျင့်သူ ဖြစ်အံ့၊ မေထုန်အကျင့်ကို မမှီဝဲအံ့။

(၃) အသက်ထက်ဆုံး သေရည်နှင့် အသားတို့ဖြင့်သာ မျှတအံ့၊ ထမင်း မုန့်ကို မစားအံ့။

(၄) ဝေသာလီပြည်၏ အရှေ့အရပ် ဥဒေနစေတီ (နတ်ကွန်း) ကို လွန်၍ မသွားအံ့။

(၅) ဝေသာလီပြည်၏ တောင်အရပ် ဂေါတမကစေတီ (နတ်ကွန်း) ကို လွန်၍ မသွားအံ့။

(၆) ဝေသာလီပြည်၏ အနောက်အရပ် သတ္တမ္ဗစေတီ (နတ်ကွန်း) ကို လွန်၍ မသွားအံ့။

(၇) ဝေသာလီပြည်၏ မြောက်အရပ် ဗဟုပုတ္တစေတီ (နတ်ကွန်း) ကို လွန်၍ မသွားအံ့ဟု (ဆောက်တည်ကျင့်သုံး၏)။

ထိုသူသည် ဤကျင့်ဝတ်ခုနစ်မျိုးတို့ကို ဆောက်တည်ကျင့်သုံးသောကြောင့် ဝဇ္ဇီမင်းတို့၏ ရွာ၌ လာဘ်များခြင်း အခြံအရံများခြင်း အထွတ်အထိပ်သို့ ရောက်၍ နေ၏။

၁၂။ ဘဂ္ဂဝ ထိုအခါ လိစ္ဆဝီမင်းသား သုနက္ခတ်သည် အဝတ်မဝတ်သော ကဠာရမဋ္ဋကတက္ကတွန်းထံသို့ ချဉ်းကပ်ပြီးလျှင် အဝတ်မဝတ်သော ကဠာရမဋ္ဋကတက္ကတွန်းအား ပြဿနာကို မေး၏။

ထိုသုနက္ခတ် မေးလတ်သော် အဝတ်မဝတ်သော ကဠာရမဋ္ဋက တက္ကတွန်းသည် ပြဿနာကို မဖြေနိုင်၊ မဖြေနိုင်သောကြောင့် အမျက်ထွက်မှု စိတ်ပျက်မှု မနှစ်သက်မှုကို ဖော်ပြ၏။

ဘဂ္ဂဝ ထိုအခါ လိစ္ဆဝီမင်းသား သုနက္ခတ်အား ဤသို့ အကြံဖြစ်၏ —

“အချင်းတို့ ချီးမွမ်း အံ့သြဖွယ်ကောင်းသော ရဟန္တာကို ထိပါးမိလေစွတကား၊ ငါတို့အား ကြာမြင့်စွာ အစီးအပွါးမဲ့ခြင်းငှါ ဆင်းရဲခြင်းငှါ မဖြစ်စေလင့်”ဟု (အကြံဖြစ်၏)။

၁၃။ ဘဂ္ဂဝ ထို့နောက် လိစ္ဆဝီမင်းသား သုနက္ခတ်သည် ငါ့ထံသို့ ချဉ်းကပ်ပြီးလျှင် ငါ့ကို ရှိခိုး၍ တစ်ခုသောနေရာ၌ ထိုင်၏။ ဘဂ္ဂဝ တစ်ခုသောနေရာ၌ ထိုင်ပြီးသော လိစ္ဆဝီမင်းသား သုနက္ခတ်ကို ငါသည် ဤသို့ ဆို၏၊ “ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သောယောကျာ်း သင်သည် သာကီဝင်မင်းသား ဘုရား၏ တပည့်သား ရဟန်းဟု ဝန်ခံဘိ၏”ဟု (ဆို၏)။

မြတ်စွာဘုရား မြတ်စွာဘုရားသည် အကျွန်ုပ်ကို “ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သောယောကျာ်း သင်သည် သာကီဝင်မင်းသား ဘုရား၏တပည့်သား ရဟန်းဟု ဝန်ခံဘိ၏”ဟု အဘယ့်ကြောင့် မိန့်တော်မူပါသနည်းဟု (လျှောက်၏)။

သုနက္ခတ် သင်သည် အဝတ်မဝတ်သော ကဠာရမဋ္ဋကတက္ကတွန်းထံသို့ ချဉ်းကပ်ပြီးလျှင် ပြဿနာ မေး၏၊ သင်မေးလတ်သော် အဝတ်မဝတ်သော ကဠာရမဋ္ဋက တက္ကတွန်းသည် ပြဿနာကို မဖြေနိုင်၊ မဖြေနိုင်သောကြောင့် အမျက်ထွက်မှု စိတ်ပျက်မှု မနှစ်သက်မှုများကို ဖော်ပြသည် မဟုတ်လော၊ ထို့ပြင် “အချင်းတို့ ချီးမွမ်းအံ့သြဖွယ်ကောင်းသော ရဟန္တာကို ထိပါးမိလေစွတကား၊ ငါတို့အား ကြာမြင့်စွာ အစီးအပွါးမဲ့ခြင်းငှါ ဆင်းရဲခြင်းငှါ မဖြစ်ပါစေလင့်”ဟု သင့်အား အကြံသည် ဖြစ်သည် မဟုတ်လောဟု (ဆို၏)။

မှန်ပါသည် မြတ်စွာဘုရား၊ မြတ်စွာဘုရားသည် အဘယ့်ကြောင့် အရဟတ္တဖိုလ်ကို ဝန်တိုဘိသနည်းဟု (လျှောက်၏)။

(မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သောယောကျာ်း ငါသည် အရဟတ္တဖိုလ်ကို ဝန်မတို၊ စင်စစ် သင့်အား သာလျှင် ဤယုတ်မာသော မိစ္ဆာအယူသည် ဖြစ်ပေါ်နေ၏၊ ထိုအယူကို စွန့်လော့။ သင့်အား ကြာမြင့်စွာ အစီးအပွါးမဲ့ခြင်းငှါ မဖြစ်စေလင့်။ သုနက္ခတ် သင်သည် အဝတ်မဝတ်သော ကဠာရမဋ္ဋကတက္ကတွန်းကို “ဤရဟန်းကား ချီးမွမ်းအံ့သြဖွယ်ကောင်း၏”ဟု ထင်၏၊ ထိုသူသည် မကြာမီပင် လူအဝတ်ကို ဝတ်လျက် ခင်ပွန်းမနှင့် အတူလှည့်လည်ကာ ထမင်း မုန့်ကို စားပြီးလျှင် အားလုံးသော ဝေသာလီပြည်ရှိ စေတီ နတ်ကွန်းတို့ကို လွန်၍ အခြံအရံ ဆုတ်ယုတ်လျက် သေလတ္တံ့ဟု (ငါဆို၏)။

ဘဂ္ဂဝ ထို့နောက် မကြာမီပင် ကဠာရမဋ္ဋကတက္ကတွန်းသည် လူဝတ်ကို ဝတ်၍ ခင်ပွန်းမနှင့်အတူ လှည့်လည်ကာ ထမင်း မုန့်ကို စားပြီးလျှင် အားလုံးသော ဝေသာလီပြည်ရှိ စေတီနတ်ကွန်းတို့ကို လွန်၍ အခြံအရံ ဆုတ်ယုတ်လျက် သေလေ၏။

၁၄။ ဘဂ္ဂဝ လိစ္ဆဝီမင်းသား သုနက္ခတ်သည် “အဝတ်မဝတ်သော ကဠာရမဋ္ဋကတက္ကတွန်းသည် လူဝတ်ကို ဝတ်၍ ခင်ပွန်းမနှင့်အတူ လှည့်လည်ကာ ထမင်း မုန့်ကို စားပြီးလျှင် အားလုံးသော ဝေသာလီ ပြည်ရှိ စေတီနတ်ကွန်းတို့ကို လွန်၍ အခြံအရံ ဆုတ်ယုတ်လျက် သေလေသတတ်”ဟု ကြားလေ၏။ ဘဂ္ဂဝ ထိုအခါ လိစ္ဆဝီမင်းသား သုနက္ခတ်သည် ငါ့ထံသို့ ချဉ်းကပ်ပြီးလျှင် ငါ့ကို ရှိခိုး၍ တစ်ခုသောနေရာ၌ ထိုင်၏။ ဘဂ္ဂဝ တစ်ခုသောနေရာ၌ ထိုင်ပြီးသော လိစ္ဆဝီမင်းသား သုနက္ခတ်အား ငါသည် ဤစကားကို ဆို၏။

“သုနက္ခတ် ထိုအရာကို အဘယ်သို့ ထင်သနည်း၊ အဝတ်မဝတ်သော ကဠာရမဋ္ဋကတက္ကတွန်းကို အကြောင်းပြု၍ ငါပြောကြားသည့်အတိုင်း ထိုစကား၏ အကျိုးသည် ဖြစ်သလော၊ သို့မဟုတ် တစ်မျိုး တစ်ဖုံအားဖြင့် ဖြစ်သလော”ဟု (ဆို၏)။

မြတ်စွာဘုရား အဝတ်မဝတ်သော ကဠာရမဋ္ဋကတက္ကတွန်းကို အကြောင်းပြု၍ မြတ်စွာဘုရား ပြော ကြားတော်မူသည့်အတိုင်း ထိုစကား၏ အကျိုးသည် ဖြစ်ပါ၏၊ တစ်မျိုးတစ်ဖုံအားဖြင့် မဖြစ်ပါဟု (လျှောက်၏)။

သုနက္ခတ် ထိုအရာကို အဘယ်သို့ ထင်သနည်း၊ ယင်းသို့ဖြစ်သော် လူတို့၏ ကုသိုလ်ကမ္မပထ တရား ဆယ်ပါးထက် လွန်မြတ်သော တန်ခိုးပြာဋိဟာကို ပြသည် မည်သလော၊ မပြသည် မည်သလောဟု (ဆို၏)။

မြတ်စွာဘုရား ဤသို့ဖြစ်သော် လူတို့၏ ကုသိုလ်ကမ္မပထတရားဆယ်ပါးထက် လွန်မြတ်သော တန်ခိုးပြာဋိဟာကို စင်စစ် ပြသည် မည်ပါ၏၊ မပြသည် မမည်ပါဟု (လျှောက်၏)။

(မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သောယောကျာ်း လူတို့၏ ကုသိုလ်ကမ္မပထတရားဆယ်ပါးထက် လွန်မြတ်သော တန်ခိုးပြာဋိဟာကို ဤသို့ပြသော ငါ့ကို “မြတ်စွာဘုရား မြတ်စွာဘုရားသည် အကျွန်ုပ်အား လူတို့၏ ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက် လွန်မြတ်သော တန်ခိုးပြာဋိဟာကို ပြတော်မမူပါ”ဟု သင်ဆို၏၊ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သောယောကျာ်း သင်အဘယ်မျှ လွန်ကျူးပြစ်မှားသည်ကို ရှုဘိလော့ဟု (ဆို၏)။

ဘဂ္ဂဝ ဤသို့ပင် ငါ ဆိုသော်လည်း အပါယ်ငရဲ လားထိုက်သူသည် ဖဲသွားသကဲ့သို့ လိစ္ဆဝီမင်းသား သုနက္ခတ်သည် ဤသာသနာတော်မှ ဖဲသွားသည်သာလျှင်တည်း။

ပါထိကပုတ္တ တက္ကတွန်း ဝတ္ထု

၁၅။ ဘဂ္ဂဝ အခါတစ်ပါး၌ ငါသည် ထိုဝေသာလီပြည် မဟာဝုန်တော ပြာသာဒ်ဆောင်ပေါက်သော ကျောင်းကြီး၌ပင် နေ၏။ ထိုအခါ အဝတ်မဝတ်သော ပါထိကပုတ္တတက္ကတွန်းသည် ဝေသာလီပြည် ဝဇ္ဇီမင်းတို့၏ ရွာ၌ လာဘ်များခြင်း အခြံအရံများခြင်း အထွတ်အထိပ်သို့ ရောက်၍ နေ၏။ ထိုသူသည် ဝေသာလီပြည်ပရိသတ်၌ ဤသို့သော စကားကို ပြော၏ —

“ရဟန်းဂေါတမသည် သဗ္ဗညုတဉာဏ်ကို ဝန်ခံ၏၊ ငါသည်လည်း သဗ္ဗညုတဉာဏ်ကို ဝန်ခံ၏၊ သဗ္ဗညုတဉာဏ်ကို ဝန်ခံသော ပုဂ္ဂိုလ်သည် သဗ္ဗညုတဉာဏ်ကို ဝန်ခံသော ပုဂ္ဂိုလ်နှင့် လူတို့၏ ကုသိုလ် ကမ္မပထတရား ဆယ်ပါးထက် လွန်မြတ်သော တန်ခိုးပြာဋိဟာကို ပြရန်ထိုက်၏၊ ရဟန်းဂေါတမသည် ခရီးထက်ဝက်သို့လာလျှင် ငါသည်လည်း ခရီးထက်ဝက်သို့ သွားအံ့၊ ထိုနေရာ၌ ထို (ငါတို့) နှစ်ဦးလုံး လူတို့၏ ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက် လွန်မြတ်သော တန်ခိုးပြာဋိဟာကို ပြကြကုန်အံ့၊ အကယ် ၍ ရဟန်းဂေါတမသည် လူတို့၏ ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက် လွန်မြတ်သော တန်ခိုးပြာဋိဟာ တစ်ခုကို ပြလျှင် ငါသည် နှစ်ခုပြအံ့၊ ရဟန်းဂေါတမသည် လူတို့၏ ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက် လွန်မြတ်သော တန်ခိုးပြာဋိဟာ နှစ်ခုကို ပြလျှင် ငါသည် လေးခုပြအံ့၊ ရဟန်းဂေါတမသည် လူတို့၏ ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက် လွန်မြတ်သော တန်ခိုးပြာဋိဟာ လေးခုကိုပြလျှင် ငါသည် ရှစ်ခုပြအံ့၊ လူတို့၏ ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက် လွန်မြတ်သော တန်ခိုးပြာဋိဟာကို ရဟန်း ဂေါတမ ပြတိုင်း ပြတိုင်းထက် ငါသည် ဤသို့ နှစ်ဆ နှစ်ဆ တက်၍ ပြအံ့”ဟု (ပြော၏)။

၁၆။ ဘဂ္ဂဝ ထိုအခါ လိစ္ဆဝီမင်းသား သုနက္ခတ်သည် ငါ့ထံသို့ ချဉ်းကပ်ပြီးလျှင် ငါ့ကို ရှိခိုး၍့တစ်ခုသောနေရာ၌ ထိုင်၍ ငါ့အား ဤစကားကို လျှောက်၏။

မြတ်စွာဘုရား အဝတ်မဝတ်သော ပါထိကပုတ္တတက္ကတွန်းသည် ဝေသာလီပြည် ဝဇ္ဇီမင်းတို့၏ ရွာ၌ လာဘ်များခြင်း အခြံအရံများခြင်း အထွတ်အထိပ်သို့ ရောက်၍ နေ၏၊ ထိုသူသည် ဝေသာလီပြည် ပရိသတ်၌ ဤသို့သော စကားကို ဆိုပါ၏ — “ရဟန်းဂေါတမသည်လည်း သဗ္ဗညုတဉာဏ်ကို ဝန်ခံ၏၊ ငါသည်လည်း သဗ္ဗညုတဉာဏ်ကို ဝန်ခံ၏။ သဗ္ဗညုတဉာဏ်ကို ဝန်ခံသော ပုဂ္ဂိုလ်သည် သဗ္ဗညုတဉာဏ်ကို ဝန်ခံသော ပုဂ္ဂိုလ်နှင့် လူတို့၏ ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက် လွန်မြတ်သော တန်ခိုးပြာဋိဟာကို ပြရန် ထိုက်၏။ ရဟန်းဂေါတမသည် ခရီးထက်ဝက်သို့ လာလျှင် ငါသည်လည်း ခရီးထက်ဝက်သို့ သွားအံ့၊ ထိုနေရာ၌ ထို (ငါတို့) နှစ်ဦးလုံး လူတို့၏ ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက် လွန်မြတ်သော တန်ခိုးပြာဋိဟာကို ပြကုန်အံ့၊ အကယ်၍ ရဟန်းဂေါတမသည် လူတို့၏ ကုသိုလ်ကမ္မပထတရား ဆယ်ပါး ထက် လွန်မြတ်သော တန်ခိုးပြာဋိဟာ တစ်ခုကို ပြလျှင် ငါသည် နှစ်ခုပြအံ့၊ ရဟန်းဂေါတမသည် လူတို့၏ ကုသိုလ်ကမ္မပထတရားဆယ်ပါးထက် လွန်မြတ်သော တန်ခိုးပြာဋိဟာ နှစ်ခုကို ပြလျှင် ငါသည် လေးခုပြ အံ့၊ ရဟန်းဂေါတမသည် လူတို့၏ ကုသိုလ်ကမ္မပထတရားဆယ်ပါးထက် လွန်မြတ်သော တန်ခိုးပြာဋိဟာ လေးခုကို ပြလျှင် ငါသည် ရှစ်ခုပြအံ့၊ လူတို့၏ ကုသိုလ်ကမ္မပထတရားဆယ်ပါးထက် လွန်မြတ်သော တန်ခိုးပြာဋိဟာကို ရဟန်းဂေါတမ ပြတိုင်း ပြတိုင်းထက် ငါသည် ဤသို့ နှစ်ဆ နှစ်ဆ တက်၍ ပြအံ့”ဟု (ပြောပါသည်ဟူ၍ လျှောက်၏)။

ဘဂ္ဂဝ ဤသို့ လျှောက်သော် ငါသည် လိစ္ဆဝီမင်းသား သုနက္ခတ်အား ဤစကားကို ဆို၏ —

“သုနက္ခတ် အဝတ်မဝတ်သော ပါထိကပုတ္တတက္ကတွန်းသည် ထိုစကားကို မရုပ်သိမ်းမူ၍ ထိုစိတ်ကို မပယ်မူ၍ ထိုအယူကို မစွန့်မူ၍ ငါ၏ မျက်မှောက်သို့ လာရန် မထိုက်၊ ‘ထိုစကားကို မရုပ်သိမ်းမူ၍ ထိုစိတ်ကို မပယ်မူ၍ ထိုအယူကို မစွန့်မူ၍ ရဟန်းဂေါတမ၏ မျက်မှောက်သို့ ငါသွားအံ့’ဟု အကယ်၍ ထိုသူအား ဤသို့သော အကြံသည် ဖြစ်ငြားအံ့၊ ထိုသူ၏ ဦးခေါင်းသော်လည်း ပြတ်၍ ကျရာ၏”ဟု (ဆို၏)။

၁၇။ မြတ်စွာဘုရား ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဤစကားကို စောင့်စည်းတော်မူပါ၊ ကောင်းသောစကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည် ဤစကားကို စောင့်စည်းတော်မူပါဟု (လျှောက်၏)။

သုနက္ခတ် သင်သည် အဘယ့်ကြောင့် ဤစကားကို ဆိုသနည်း၊ “မြတ်စွာဘုရား ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဤစကားကို စောင့်စည်းတော်မူပါ၊ ကောင်းသောစကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည် ဤစကားကို စောင့်စည်းတော်မူပါ”ဟု (ဆိုသနည်းဟု မေး၏)။

မြတ်စွာဘုရား မြတ်စွာဘုရားသည် ဤစကားကို မုချအားဖြင့် ဆိုတော်မူ၏၊ “ပါထိကပုတ္တ တက္ကတွန်းသည် ထိုစကားကို မရုပ်သိမ်းမူ၍ ထိုစိတ်ကို မပယ်မူ၍ ထိုအယူကို မစွန့်မူ၍ ငါ၏ မျက် မှောက်သို့ လာရန် မထိုက်၊ ‘ထိုစကားကို မရုပ်သိမ်းမူ၍ ထိုစိတ်ကို မပယ်မူ၍ ထိုအယူကို မစွန့်မူ၍ ရဟန်းဂေါတမ၏ မျက်မှောက်သို့ ငါသွားအံ့’ဟု အကယ်၍ ထိုသူအား ဤသို့သော အကြံသည် ဖြစ်ငြား အံ့၊ ထိုသူ၏ ဦးခေါင်းသော်လည်း ပြတ်၍ ကျရာ၏”ဟု ဆိုတော်မူ၏။ မြတ်စွာဘုရား အဝတ်မဝတ်သော ပါထိကပုတ္တတက္ကတွန်းသည် ပြောင်းလွဲသော ရုပ်ဖြင့် မြတ်စွာဘုရား မျက်မှောက်သို့ လာခဲ့သော် မြတ်စွာ ဘုရား၏ ထိုစကားသည် မှားရာ၏ဟု (လျှောက်၏)။

၁၈။ “သုနက္ခတ် ဘုရားသည် နှစ်ခွဖြစ်သော စကားကို ပြောရာသလော”ဟု (ဆို၏)။

မြတ်စွာဘုရား မြတ်စွာဘုရားသည် အဝတ်မဝတ်သော ပါထိကပုတ္တ တက္ကတွန်းကို “အဝတ်မဝတ်သော ပါထိကပုတ္တတက္ကတွန်းသည် ထိုစကားကို မရုပ်သိမ်းမူ၍ ထိုစိတ်ကို မပယ်မူ၍ ထိုအယူကို မစွန့် မူ၍ ငါ၏ မျက်မှောက်သို့ လာရန် မထိုက်၊ ‘ထိုစကားကို မရုပ်သိမ်းမူ၍ ထိုစိတ်ကို မပယ်မူ၍ ထိုအယူကို မစွန့်မူ၍့ရဟန်းဂေါတမ၏ မျက်မှောက်သို့ ငါသွားအံ့’ဟု အကယ်၍ ထိုသူအား ဤသို့သော အကြံသည် ဖြစ်ငြားအံ့၊ ထိုသူ၏ ဦးခေါင်းသော်လည်း ပြတ်၍ ကျရာ၏”ဟု (အဝတ်မဝတ်သော ပါထိကပုတ္တ တက္ကတွန်း၏) စိတ်ကို (မြတ်စွာဘုရား၏ စိတ်ဖြင့်) ပိုင်းခြား၍ သိတော်မူပါသလော။

သို့မဟုတ် ထိုအကြောင်းကို နတ်တို့ကသော်လည်း မြတ်စွာဘုရားအား —“မြတ်စွာဘုရား အဝတ် မဝတ်သော ပါထိကပုတ္တတက္ကတွန်းသည် ထိုစကားကို မရုပ်သိမ်းမူ၍ ထိုစိတ်ကို မပယ်မူ၍ ထိုအယူကို မစွန့်မူ၍ မြတ်စွာဘုရား၏ မျက်မှောက်သို့ လာရန် မထိုက်၊ ‘ထိုစကားကို မရုပ်သိမ်းမူ၍ ထိုစိတ်ကို မပယ်မူ၍ ထိုအယူကို မစွန့်မူ၍ ရဟန်းဂေါတမ၏ မျက်မှောက်သို့ ငါသွားအံ့’ဟု အကယ်၍ ထိုသူအား ဤသို့သော အကြံသည် ဖြစ်ငြားအံ့၊ ထိုသူ၏ ဦးခေါင်းသော်လည်း ပြတ်၍ ကျရာ၏ ဟူ၍ လျှောက်ထားပါ ကုန်သလော”ဟု (လျှောက်၏)။

၁၉။ သုနက္ခတ် “အဝတ်မဝတ်သော ပါထိကပုတ္တတက္ကတွန်းသည် ထိုစကားကို မရုပ်သိမ်းမူ၍ ထိုစိတ်ကို မပယ်မူ၍ ထိုအယူကို မစွန့်မူ၍ ငါ၏ မျက်မှောက်သို့ လာရန် မထိုက်၊ ‘ထိုစကားကို မရုပ် သိမ်းမူ၍ ထိုစိတ်ကို မပယ်မူ၍ ထိုအယူကို မစွန့်မူ၍ ရဟန်းဂေါတမ၏ မျက်မှောက်သို့ ငါသွားအံ့’ဟု အကယ်၍ ထိုသူအား ဤသို့သော အကြံသည် ဖြစ်ငြားအံ့၊ ထိုသူ၏ ဦးခေါင်းသော်လည်း ပြတ်၍ ကျရာ၏”ဟု ပါထိကပုတ္တ၏ စိတ်ကို ငါ၏ စိတ်ဖြင့် ပိုင်းခြား၍လည်း သိ၏၊ ထိုအကြောင်းကို နတ်တို့သည် လည်း လျှောက်ထားကုန်၏ —“မြတ်စွာဘုရား အဝတ်မဝတ်သော ပါထိကပုတ္တတက္ကတွန်းသည် ထိုစကားကို မရုပ်သိမ်းမူ၍ ထိုစိတ်ကို မပယ်မူ၍ ထိုအယူကို မစွန့်မူ၍ မြတ်စွာဘုရား၏ မျက်မှောက်သို့ လာရန် မထိုက်ပါ၊ ‘ထိုစကားကို မရုပ်သိမ်းမူ၍ ထိုစိတ်ကို မပယ်မူ၍ ထိုအယူကို မစွန့်မူ၍ ရဟန်းဂေါတမ၏ မျက်မှောက်သို့ ငါသွားအံ့’ဟု အကယ်၍ ထိုသူအား ဤသို့သော အကြံသည် ဖြစ်ငြားအံ့၊ ထိုသူ၏ ဦးခေါင်းသော်လည်း ပြတ်၍ကျရာ၏”ဟု (လျှောက်ထားကုန်၏)။

အဇိတမည်သော လိစ္ဆဝီစစ်သူကြီးသည် သေလွန်၍ ယခုတာဝတိံသာဘုံ၌ ဖြစ်နေ၏။ ထိုသူသည် လည်း ငါ့ထံသို့ ချဉ်းကပ်၍ “မြတ်စွာဘုရား အဝတ်မဝတ်သော ပါထိကပုတ္တတက္ကတွန်းသည် အရှက်မရှိသူ ဖြစ်ပါ၏၊ မြတ်စွာဘုရား အဝတ်မဝတ်သော ပါထိကပုတ္တတက္ကတွန်းသည် မုသားပြောတတ်သူ ဖြစ်ပါ၏၊ မြတ်စွာဘုရား အဝတ်မဝတ်သော ပါထိကပုတ္တတက္ကတွန်းသည် အကျွန်ုပ်ကိုလည်း ‘အဇိတလိစ္ဆဝီ စစ်သူကြီး သည် ကြီးစွာသော ငရဲ၌ ဖြစ်၏ ‘ဟု ဝဇ္ဇီမင်းတို့၏ ရွာ၌ ပြောကြားပါ၏။ မြတ်စွာဘုရား အကျွန်ုပ်သည် ကြီးစွာသော ငရဲ၌ မဖြစ်ပါ၊ တာဝတိ ံသာဘုံ၌ ဖြစ်ပါ၏။ မြတ်စွာဘုရား အဝတ်မဝတ်သော ပါထိကပုတ္တ တက္ကတွန်းသည် အရှက်မရှိသူ ဖြစ်ပါ၏၊ မြတ်စွာဘုရား အဝတ်မဝတ်သော ပါထိကပုတ္တတက္ကတွန်းသည် မုသားပြောတတ်သူ ဖြစ်ပါ၏၊ “မြတ်စွာဘုရား အဝတ်မဝတ်သော ပါထိကပုတ္တတက္ကတွန်းသည် ထိုစကား ကို မရုပ်သိမ်းမူ၍ ထိုစိတ်ကို မပယ်မူ၍ ထိုအယူကို မစွန့်မူ၍ မြတ်စွာဘုရား၏ မျက်မှောက်သို့ လာရန် မထိုက်ပါ၊ ‘ထိုစကားကို မရုပ်သိမ်းမူ၍ ထိုစိတ်ကို မပယ်မူ၍ ထိုအယူကို မစွန့်မူ၍ ရဟန်းဂေါတမ၏ မျက် မှောက်သို့ ငါ သွားအံ့’ဟု အကယ်၍ ထိုသူအား ဤသို့သော အကြံသည် ဖြစ်ငြားအံ့၊ ထိုသူ၏ ဦးခေါင်းသော်လည်း ပြတ်၍ ကျရာ၏”ဟု လျှောက်၏။

သုနက္ခတ် ဤသို့လျှင် ငါဘုရားသည် အဝတ်မဝတ်သော ပါထိကပုတ္တတက္ကတွန်းကို “အဝတ်မဝတ်သော ပါထိကပုတ္တတက္ကတွန်းသည် ထိုစကားကို မရုပ်သိမ်းမူ၍ ထိုစိတ်ကို မပယ်မူ၍ ထိုအယူကို မစွန့်မူ၍ ငါ၏ မျက်မှောက်သို့ လာရန် မထိုက်၊ ‘ထိုစကားကို မရုပ်သိမ်းမူ၍ ထိုစိတ်ကို မပယ်မူ၍ ထိုအယူကို မစွန့်မူ၍ ရဟန်းဂေါတမ၏ မျက်မှောက်သို့ ငါသွားအံ့’ဟု အကယ်၍ ထိုသူအား ဤသို့သော အကြံသည် ဖြစ်ငြားအံ့၊ ထိုသူ၏ ဦးခေါင်းသော်လည်း ပြတ်၍ကျရာ၏”ဟု ပါထိကပုတ္တ၏ စိတ်ကို ငါ၏ စိတ်ဖြင့် ပိုင်းခြား၍လည်း သိ၏၊ ထိုအကြောင်းကို နတ်တို့သည်လည်း လျှောက်ထားကုန်၏ —“မြတ်စွာဘုရား့အဝတ်မဝတ်သော ပါထိကပုတ္တတက္ကတွန်းသည် ထိုစကားကို မရုပ်သိမ်းမူ၍ ထိုစိတ်ကို မပယ်မူ၍ ထိုအယူ ကို မစွန့်မူ၍ မြတ်စွာဘုရား၏ မျက်မှောက်သို့ လာရန် မထိုက်ပါ၊ ‘ထိုစကားကို မရုပ်သိမ်းမူ၍ ထိုစိတ်ကို မပယ်မူ၍ ထိုအယူကို မစွန့်မူ၍ ရဟန်းဂေါတမ၏ မျက်မှောက်သို့ ငါသွားအံ့ ‘ဟု အကယ်၍ ထိုသူအား ဤသို့သော အကြံသည် ဖြစ်ငြားအံ့၊ ထိုသူ၏ ဦးခေါင်းသော်လည်း ပြတ်၍ကျရာ၏”ဟု (လျှောက်ထား ကုန်၏)။

သုနက္ခတ် ငါသည် ဝေသာလီပြည်၌ ဆွမ်းခံလှည့်လည်၍ ဆွမ်းစားပြီးသော် ဆွမ်းခံရွာမှ ဖဲခွါခဲ့လျက် နေ့သန့်စင်နေခြင်းငှါ အဝတ်မဝတ်သော ပါထိကပုတ္တ တက္ကတွန်း၏ အရံသို့ ချဉ်းကပ်အံ့၊ သုနက္ခတ် ယခု သင်ပြောကြားလိုသူကို ပြောကြားလော့ဟု (ဆို၏)။

တန်ခိုးပြာဋိဟာကို ပြခန်း

၂ဝ။ ဘဂ္ဂဝ ထို့နောက် ငါသည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူလျက် ဝေသာလီပြည်သို့ ဆွမ်းခံဝင်၏၊ ဝေသာလီပြည်၌ ဆွမ်းခံလှည့်လည်၍ ဆွမ်းစားပြီးသော် ဆွမ်းခံရွာမှ ဖဲခွါခဲ့လျက် နေ့သန့်စင်နေခြင်းငှါ အဝတ်မဝတ်သော ပါထိကပုတ္တတက္ကတွန်း၏ အရံသို့ ချဉ်းကပ်၏။

ဘဂ္ဂဝ ထိုအခါ လိစ္ဆဝီမင်းသား သုနက္ခတ်သည် လျင်လျင်မြန်မြန် ဝေသာလီပြည်သို့ ဝင်၍ ထင်ရှား ကုန် ထင်ရှားကုန်သော လိစ္ဆဝီမင်းတို့ထံ ချဉ်းကပ်ပြီးလျှင် ဤစကားကို ဆို၏၊ “ငါ့သျှင်တို့ မြတ်စွာ ဘုရားသည် ဝေသာလီပြည်၌ ဆွမ်းခံလှည့်လည်၍ ဆွမ်းစားပြီးသော် ဆွမ်းခံရွာမှ ဖဲခဲ့လျက် နေ့သန့်စင် နေခြင်းငှါ အဝတ်မဝတ်သော ပါထိကပုတ္တတက္ကတွန်း၏ အရံသို့ ချဉ်းကပ်၏။ ငါ့သျှင်တို့ သွားကြကုန်လော့၊ ငါ့သျှင်တို့ သွားကြကုန်လော့၊ ချီးမွမ်းအံ့သြဖွယ်ကောင်းကုန်သော ရဟန်းတို့၏ လူတို့၏ ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက် လွန်မြတ်သော တန်ခိုးပြာဋိဟာသည် ဖြစ်လတ္တံ့”ဟု (ဆို၏)။

ဘဂ္ဂဝ ထိုအခါ ထင်ရှားကုန် ထင်ရှားကုန်သော လိစ္ဆဝီမင်းတို့အား ဤသို့သော အကြံသည် ဖြစ်၏ —

“အချင်းတို့ အံ့သြချီးမွမ်းဖွယ်ကောင်းကုန်သော ရဟန်းတို့၏ လူတို့၏ ကုသိုလ်ကမ္မပထ တရား ဆယ်ပါးထက် လွန်မြတ်သော တန်ခိုးပြာဋိဟာသည် ဖြစ်လိမ့်သတတ်၊ အချင်းတို့ ယခုသွားကြ ကုန်အံ့”ဟု (အကြံဖြစ်၏)။

ထင်ရှားကုန် ထင်ရှားကုန်သော ပုဏ္ဏားသူဌေး အမျိုးသားသူဌေးများနှင့် အယူအမျိုးမျိုးရှိကုန်သော သမဏဗြာဟ္မဏတို့ထံသို့လည်း ချဉ်းကပ်၍ “ငါ့သျှင်တို့ မြတ်စွာဘုရားသည် ဝေသာလီပြည်၌ ဆွမ်းခံ လှည့်လည်၍ ဆွမ်းစားပြီးသော် ဆွမ်းခံရွာမှ ဖဲခဲ့လျက် နေ့သန့်စင်နေခြင်းငှါ အဝတ်မဝတ်သော ပါထိက ပုတ္တတက္ကတွန်း၏ အရံသို့ ချဉ်းကပ်၏။ ငါ့သျှင်တို့ သွားကြကုန်လော့၊ ငါ့သျှင်တို့ သွားကြကုန်လော့၊ ချီးမွမ်းအံ့သြဖွယ်ကောင်းကုန်သော ရဟန်းတို့၏ လူတို့၏ ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက် လွန်မြတ်သော တန်ခိုးပြာဋိဟာသည် ဖြစ်လတ္တံ့”ဟု ထင်ရှားကုန် ထင်ရှားကုန်သော ပုဏ္ဏားသူဌေး အမျိုးသား သူဌေးများနှင့် အယူအမျိုးမျိုးရှိကုန်သော သမဏဗြာဟ္မဏ တို့အားလည်း ဤစကားကို ဆို၏။

ဘဂ္ဂဝ ထိုအခါ ထင်ရှားကုန် ထင်ရှားကုန်သော ပုဏ္ဏားသူဌေး အမျိုးသားသူဌေးများနှင့် အယူ အမျိုးမျိုးရှိကုန်သော သမဏဗြာဟ္မဏတို့အားလည်း ဤသို့သော အကြံသည် ဖြစ်၏ —

“အချင်းတို့ ချီးမွမ်းအံ့သြဖွယ်ကောင်းကုန်သော ရဟန်းတို့၏ လူတို့၏ ကုသိုလ်ကမ္မပထ တရား ဆယ်ပါးထက် လွန်မြတ်သော တန်ခိုးပြာဋိဟာသည် ဖြစ်လိမ့်သတတ်၊ အချင်းတို့ ယခု သွားကြကုန်အံ့”ဟု (အကြံဖြစ်၏)။

ဘဂ္ဂဝ ထိုအခါ ထင်ရှားကုန် ထင်ရှားကုန်သော လိစ္ဆဝီမင်းများ ထင်ရှားကုန် ထင်ရှားကုန်သော ပုဏ္ဏား သူဌေး အမျိုးသားသူဌေးများနှင့် အယူအမျိုးမျိုးရှိကုန်သော သမဏဗြာဟ္မဏတို့သည် အဝတ် မဝတ်သော ပါထိကပုတ္တ တက္ကတွန်း၏ အရံသို့ ချဉ်းကပ်ကြကုန်၏၊ ဘဂ္ဂဝ ထိုပရိသတ်ကား များလှ၏၊ အရာမက့အထောင်မက ဖြစ်၏။

၂၁။ ဘဂ္ဂဝ အဝတ်မဝတ်သော ပါထိကပုတ္တတက္ကတွန်းသည် “ထင်ရှားကုန် ထင်ရှားကုန်သော လိစ္ဆဝီမင်းတို့ ကြွလာကုန်သတတ်၊ ထင်ရှားကုန် ထင်ရှားကုန်သော ပုဏ္ဏားသူဌေးများ အမျိုးသားသူဌေး များနှင့် အယူအမျိုးမျိုးရှိကုန်သော သမဏဗြာဟ္မဏတို့လည်း ကြွလာကုန်သတတ်၊ ရဟန်းဂေါတမသည် ငါ၏ အရံ၌ နေ့သန့်စင်နေသတတ်”ဟု ကြားလေ၏၊ ကြားသောကြောင့် ထိုသူ့အား ကြောက်လန့်ခြင်း တုန်လှုပ်ခြင်း ကြက်သီးမွေးညင်း ထခြင်းသည် ဖြစ်၏။ ဘဂ္ဂဝ ထိုအခါ အဝတ်မဝတ်သော ပါထိကပုတ္တ တက္ကတွန်းသည် ကြောက်လန့်သည်ဖြစ်၍ တုန်လှုပ်သည်ဖြစ်၍ ကြက်သီးမွေးညင်းထသည်ဖြစ်၍ တိန္ဒုကခါ ဏုပရိဗိုဇ်အရံရှိရာသို့ ချဉ်းကပ်၏။

ဘဂ္ဂဝ “အဝတ်မဝတ်သော ပါထိကပုတ္တတက္ကတွန်းသည် ကြောက်လန့်သည်ဖြစ်၍ တုန်လှုပ်သည် ဖြစ်၍ ကြက်သီးမွေးညင်းထသည်ဖြစ်၍ တိန္ဒုကခါဏုပရိဗိုဇ်အရံသို့ သွားလေသတတ်”ဟု ထိုပရိသတ်သည် ကြားလေ၏။ ဘဂ္ဂဝ ထိုအခါ ထိုပရိသတ်သည် ယောကျာ်းတစ်ယောက်ကို စေခိုင်း၏ —

အချင်းယောကျာ်း လာလော့၊ တိန္ဒုကခါဏုပရိဗိုဇ်အရံ၌ အဝတ်မဝတ်သော ပါထိကပုတ္တတက္ကတွန်း ထံသို့ ချဉ်းကပ်ပြီးလျှင် အဝတ်မဝတ်သော ပါထိကပုတ္တတက္ကတွန်းကို “ငါ့သျှင် ပါထိကပုတ္တ ကြွလာပါလော့၊ ထင်ရှားကုန် ထင်ရှားကုန်သော လိစ္ဆဝီမင်းတို့သည် ကြွလာကြပါကုန်၏၊ ထင်ရှားကုန် ထင်ရှားကုန်သော ပုဏ္ဏားသူဌေးများ အမျိုးသားသူဌေးများနှင့် အယူအမျိုးမျိုးရှိကုန်သော သမဏဗြာဟ္မဏတို့လည်း ကြွလာကြပါကုန်၏၊ ရဟန်းဂေါတမသည်လည်း အသျှင်၏ အရံ၌ နေ့သန့်စင်နေပါ၏၊ ငါ့သျှင် ပါထိကပုတ္တ သင်သည် ဝေသာလီပရိသတ်၌ ဤစကားကို ပြောဖူး၏၊ ‘ရဟန်းဂေါတမသည်လည်း သဗ္ဗညုတဉာဏ်ကို ဝန်ခံ၏၊ ငါသည်လည်း သဗ္ဗညုတဉာဏ်ကို ဝန်ခံ၏၊ သဗ္ဗညုတဉာဏ်ကို ဝန်ခံသောသူသည် သဗ္ဗညုတဉာဏ် ကို ဝန်ခံသောသူနှင့်အတူ လူတို့၏ ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက် လွန်မြတ်သော တန်ခိုးပြာဋိဟာ ကို ပြရန်ထိုက်၏၊ ရဟန်းဂေါတမသည် ခရီးထက်ဝက်သို့ လာလျှင် ငါသည်လည်း ခရီးထက်ဝက်သို့ သွားအံ့၊ ထိုနေရာ၌ ထို (ငါတို့) နှစ်ဦးလုံး လူတို့၏ ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက် လွန်မြတ်သော တန်ခိုးပြာဋိဟာကို ပြကုန်အံ့၊ အကယ်၍ ရဟန်းဂေါတမသည် လူတို့၏ ကုသိုလ်ကမ္မပထတရား ဆယ်ပါး ထက် လွန်မြတ်သော တန်ခိုးပြာဋိဟာ တစ်ခုကို ပြလျှင် ငါသည် နှစ်ခု ပြအံ့၊ အကယ်၍ ရဟန်းဂေါတမ သည် လူတို့၏ ကုသိုလ်ကမ္မပထတရားဆယ်ပါးထက် လွန်မြတ်သော တန်ခိုးပြာဋိဟာ နှစ်ခုကို ပြလျှင် ငါသည် လေးခုပြအံ့၊ အကယ်၍ ရဟန်းဂေါတမသည် လူတို့၏ ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက် လွန်မြတ်သော တန်ခိုးပြာဋိဟာ လေးခုကို ပြလျှင် ငါသည် ရှစ်ခုပြအံ့၊ လူတို့၏ ကုသိုလ် ကမ္မပထတရား ဆယ်ပါးထက် လွန်မြတ်သော တန်ခိုးပြာဋိဟာကို ရဟန်းဂေါတမ ပြတိုင်း ပြတိုင်းထက် ငါသည် ဤသို့ နှစ်ဆ နှစ်ဆ တက်၍ ပြအံ့ ‘ ဟူသော (စကားကို သင်ပြောဖူး၏)၊ ငါ့သျှင် ပါထိကပုတ္တ ခရီးထက်ဝက်တိုင် အောင်သာ ကြွပါ၊ ရဟန်းဂေါတမသည် ရှေးဦးစွာပင် ကြွလာ၍ အသျှင်၏ အရံ၌ နေ့သန့်စင်နေပါသည်”ဟု (ပြောချေလော့ဟူ၍ စေခိုင်း၏)။

၂၂။ ဘဂ္ဂဝ ထိုယောကျာ်းသည် “အသျှင် ကောင်းပါပြီ”ဟု ထိုပရိသတ်အား ဝန်ခံ၍ တိန္ဒုကခါဏု ပရိဗိုဇ် အရံ၌ အဝတ်မဝတ်သော ပါထိကပုတ္တတက္ကတွန်းထံသို့ ချဉ်းကပ်ပြီးလျှင် အဝတ်မဝတ်သော ပါထိကပုတ္တတက္ကတွန်းကို ဤသို့ ဆို၏ —

“ငါ့သျှင် ပါထိကပုတ္တ လာပါလော့၊ ထင်ရှားကုန် ထင်ရှားကုန်သော လိစ္ဆဝီမင်းတို့သည် ကြွလာပါကုန်၏၊ ထင်ရှားကုန် ထင်ရှားကုန်သော ပုဏ္ဏားသူဌေးများ အမျိုးသားသူဌေးများနှင့် အယူအမျိုးမျိုးရှိကုန်သော သမဏဗြာဟ္မဏတို့လည်း ကြွလာပါကုန်၏၊ ရဟန်းဂေါတမသည်လည်း အသျှင်၏ အရံ၌ နေ့သန့်စင်နေပါ၏၊ ငါ့သျှင် ပါထိကပုတ္တ သင်သည် ဝေသာလီပရိသတ်၌ ဤစကားကို့ပြောဖူး၏၊ ‘ရဟန်းဂေါတမသည်လည်း သဗ္ဗညုတဉာဏ်ကို ဝန်ခံ၏၊ ငါသည်လည်း သဗ္ဗညုတဉာဏ်ကို ဝန်ခံ၏၊ သဗ္ဗညုတဉာဏ်ကို ဝန်ခံသောသူသည် သဗ္ဗညုတဉာဏ်ကို ဝန်ခံသော သူနှင့်အတူ လူတို့၏ ကုသိုလ်ကမ္မ ပထတရားဆယ်ပါးထက် လွန်မြတ်သော တန်ခိုးပြာဋိဟာကို ပြရန် ထိုက်၏။ပ။ ငါသည် နှစ်ဆ နှစ်ဆ တက်၍ ပြအံ့ ‘ဟူသော (စကားကို သင်ပြောဖူး၏)၊ ငါ့သျှင် ပါထိကပုတ္တ ခရီးထက်ဝက်တိုင်အောင် ကြွသာကြွပါ၊ ရဟန်းဂေါတမသည် ရှေးဦးစွာ ကြွလာ၍ အသျှင်၏ အရံ၌ နေ့သန့်စင်နေပါသည်”ဟု (ဆို၏)။

ဘဂ္ဂဝ ဤသို့ဆိုသော် အဝတ်မဝတ်သော ပါထိကပုတ္တတက္ကတွန်းသည် “ငါ့သျှင် လာပါအံ့၊ ငါ့သျှင် လာပါအံ့”ဟု ဆို၍ ထိုနေရာ၌သာလျှင် လူးလွန့်၍ နေ၏၊ နေရာမှ ထရန်ပင် မစွမ်းနိုင်။

ဘဂ္ဂဝ ထိုအခါ ထိုယောကျာ်းသည် အဝတ်မဝတ်သော ပါထိကပုတ္တတက္ကတွန်းအား “ငါ့သျှင် ပါထိကပုတ္တ သင်၏ တင်ပါးတို့သည် ထိုင်ခုံ၌ ငြိကပ်နေပါသလော၊ ထိုင်ခုံသည် သင်၏ တင်ပါးတို့၌ ငြိကပ်နေပါသလော၊ ‘ငါ့သျှင် လာပါအံ့၊ ငါ့သျှင် လာပါအံ့ ‘ဟု ဆို၍ ထိုနေရာ၌သာလျှင် လူးလွန့်၍ နေ၏၊ နေရာမှ ထရန်ပင် မစွမ်းနိုင်”ဟု ဆို၏။

ဘဂ္ဂဝ ဤသို့ပင် ဆိုသော်လည်း အဝတ်မဝတ်သော ပါထိကပုတ္တတက္ကတွန်းသည် “ငါ့သျှင် လာပါအံ့၊ ငါ့သျှင် လာပါအံ့”ဟု ဆို၍ ထိုနေရာ၌သာလျှင် လူးလွန့်၍ နေ၏၊ နေရာမှ ထရန်ပင် မစွမ်းနိုင်။

၂၃။ ဘဂ္ဂဝ ထိုယောကျာ်းသည် “ဤအဝတ်မဝတ်သော ပါထိကပုတ္တတက္ကတွန်းကား ‘ငါ့သျှင် လာပါအံ့၊ ငါ့သျှင် လာပါအံ့ ‘ဟု ဆို၍ ထိုနေရာ၌သာလျှင် လူးလွန့်၍ နေ၏၊ နေရာမှ ထရန်ပင် မစွမ်းနိုင်၊ ရှုံးပုံပေါ်၏”ဟု သိသောအခါ ပရိသတ်ထံသို့ ပြန်လာ၍ “အသျှင်တို့ ဤအဝတ်မဝတ်သော ပါထိက ပုတ္တ တက္ကတွန်းသည် ‘ငါ့သျှင် လာပါအံ့၊ ငါ့သျှင် လာပါအံ့ ‘ဟု ဆို၍ ထိုနေရာ၌သာလျှင် လူးလွန့်၍ နေ၏၊ နေရာမှ ထရန်ပင် မစွမ်းနိုင်၊ ရှုံးပုံပေါ်၏”ဟု ပြောကြား၏။

ဘဂ္ဂဝ ဤသို့ဆိုသော် ငါသည် ထိုပရိသတ်အား ဤစကားကို ဆို၏ —

“ငါ့သျှင်တို့ အဝတ်မဝတ်သော ပါထိကပုတ္တတက္ကတွန်းသည် ထိုစကားကို မရုပ်သိမ်းမူ၍ ထို စိတ်ကို မပယ်မူ၍ ထိုအယူကို မစွန့်မူ၍ ငါ၏ မျက်မှောက်သို့ လာရန် မထိုက်၊ ‘ထိုစကားကို မရုပ်သိမ်းမူ၍ ထိုစိတ်ကို မပယ်မူ၍ ထိုအယူကို မစွန့်မူ၍ ရဟန်းဂေါတမ၏ မျက်မှောက်သို့ ငါသွားအံ့’ဟု အကယ်၍ ထိုသူအား ဤသို့သော အကြံသည် ဖြစ်ငြားအံ့၊ ထိုသူ၏ ဦးခေါင်းသော် လည်း ပြတ်၍ ကျရာ၏”ဟု (ဆို၏)။

ပဌမခန်းပြီး၏။

၂၄။ ထိုအခါ လိစ္ဆဝီအမတ်ကြီးတစ်ဦးသည် နေရာမှ ထ၍ ထိုပရိသတ်အား ဤစကားကို ဆို၏ —

“အသျှင်တို့ သို့ဖြစ်လျှင် အကျွန်ုပ် ပြန်လာသည့်တိုင်အောင် ခဏမျှ ဆိုင့်ငံ့ကြပါဦး၊ အကျွန်ုပ်သည် အဝတ်မဝတ်သော ပါထိကပုတ္တတက္ကတွန်းကို ဤပရိသတ်သို့ ခေါ်လာရန် တတ်နိုင် ကောင်း တတ်နိုင်ပါလိမ့်မည်”ဟု (ဆို၏)။

ဘဂ္ဂဝ ထို လိစ္ဆဝီအမတ်ကြီးသည် တိန္ဒုကခါဏုပရိဗိုဇ် အရံ၌ အဝတ်မဝတ်သော ပါထိကပုတ္တ တက္ကတွန်းထံသို့ ချဉ်းကပ်ပြီးလျှင် အဝတ်မဝတ်သော ပါထိကပုတ္တတက္ကတွန်းအား ဤစကားကို ဆို၏ —

ငါ့သျှင် ပါထိကပုတ္တ ကြွလာပါလော့၊ ကြွလာခြင်းသည် သင့်အား ကောင်းမြတ်၏၊ ထင်ရှားကုန် ထင်ရှားကုန်သော လိစ္ဆဝီမင်းတို့ ကြွလာပါကုန်၏။

ထင်ရှားကုန် ထင်ရှားကုန်သော ပုဏ္ဏားသူဌေးများ အမျိုးသားသူဌေးများ နှင့် အယူအမျိုးမျိုး ရှိကုန်သော သမဏဗြာဟ္မဏတို့လည်း ကြွလာပါကုန်၏၊

ရဟန်းဂေါတမသည်လည်း အသင်၏အရံ၌ နေ့သန့်စင်နေပါ၏၊ ငါ့သျှင် ပါထိကပုတ္တ သင်သည် ဝေသာလီ့ပရိသတ်၌ ဤစကားကို ပြောဖူး၏၊ ‘ရဟန်းဂေါတမသည်လည်း သဗ္ဗညုတဉာဏ်ကို ဝန်ခံ၏။ပ။ ငါသည် နှစ်ဆ နှစ်ဆ တက်၍ ပြအံ့ ‘ ဟူသော (စကားကို သင်ပြောဖူး၏)။ ငါ့သျှင် ပါထိကပုတ္တ ခရီး ထက်ဝက်တိုင်အောင် ကြွလာပါ။ ရဟန်းဂေါတမသည် ရှေးဦးစွာ ကြွလာ၍ အသျှင်၏ အရံ၌ နေ့သန့်စင် နေပါသည်၊ ငါ့သျှင်ပါထိကပုတ္တ ရဟန်းဂေါတမသည် ပရိသတ်၌ ဤစကားကို ပြော၏၊ “အဝတ်မဝတ်သော ပါထိကပုတ္တတက္ကတွန်းသည် ထိုစကားကို မရုပ်သိမ်းမူ၍ ထိုစိတ်ကို မပယ်မူ၍ ထိုအယူကို မစွန့်မူ၍ ငါ၏မျက်မှောက်သို့ လာရန်မထိုက်၊ ‘ထိုစကားကို မရုပ်သိမ်းမူ၍ ထိုစိတ်ကို မပယ်မူ၍ ထိုအယူကို မစွန့်မူ၍ ရဟန်းဂေါတမ၏ မျက်မှောက်သို့ ငါသွားအံ့’ဟု အကယ်၍ ထိုသူအား ဤသို့သော အကြံသည် ဖြစ်ငြားအံ့၊ ထိုသူ၏ ဦးခေါင်းသော်လည်း ပြတ်၍ ကျရာ၏”ဟု (ဤစကားကို ပြော၏)။ ငါ့သျှင် ပါထိက ပုတ္တ ကြွလာလော့၊ ကြွလာရုံဖြင့်ပင် သင့်ကို အနိုင်၊ ရဟန်းဂေါတမကို အရှုံးပြုကြပါကုန်အံ့ဟု (ဆို၏)။

ဘဂ္ဂဝ ဤသို့ဆိုသော် အဝတ်မဝတ်သော ပါထိကပုတ္တတက္ကတွန်းသည် “ငါ့သျှင် လာပါအံ့၊ ငါ့သျှင် လာပါအံ့”ဟု ဆို၍ ထိုနေရာ၌သာလျှင် လူးလွန့်၍ နေ၏၊ နေရာမှ ထရန်ပင် မစွမ်းနိုင်။

ဘဂ္ဂဝ ထိုအခါလိစ္ဆဝီအမတ်ကြီးသည် အဝတ်မဝတ်သော ပါထိကပုတ္တတက္ကတွန်းအား “ငါ့သျှင် ပါထိကပုတ္တ သင်၏ တင်ပါးတို့သည် ထိုင်ခုံ၌ ငြိကပ်နေပါသလော၊ ထိုင်ခုံသည် သင်၏ တင်ပါးတို့၌ ငြိကပ်၍ နေသလော၊ ‘ငါ့သျှင် လာပါအံ့၊ ငါ့သျှင် လာပါအံ့ ‘ဟု ဆို၍ ထိုနေရာ၌သာလျှင် လူးလွန့်၍ နေ၏၊ နေရာမှ ထရန်ပင် မစွမ်းနိုင်”ဟု ဆို၏။

ဘဂ္ဂဝ ဤသို့ပင် ပြောသော်လည်း ပါထိကပုတ္တတက္ကတွန်းသည် “ငါ့သျှင် လာပါအံ့၊ ငါ့သျှင် လာပါ အံ့”ဟု ဆို၍ ထိုနေရာ၌သာလျှင် လူးလွန့်၍ နေ၏၊ နေရာမှ ထရန်ပင် မစွမ်းနိုင်။

၂၅။ ဘဂ္ဂဝ ထိုလိစ္ဆဝီအမတ်ကြီးသည် “ဤအဝတ်မဝတ်သော ပါထိကပုတ္တတက္ကတွန်းကား ‘ငါ့သျှင် လာပါအံ့၊ ငါ့သျှင် လာပါအံ့’ဟု ဆို၍ ထိုနေရာ၌သာလျှင် လူးလွန့်၍ နေ၏၊ နေရာမှ ထရန်ပင် မစွမ်းနိုင်၊ ရှုံးပုံပေါ်၏”ဟု သိသောအခါ ထိုပရိသတ်ထံသို့ ပြန်လာ၍ “အသျှင်တို့ အဝတ်မဝတ်သော ပါထိက ပုတ္တတက္ကတွန်းကား ‘ငါ့သျှင် လာပါအံ့၊ ငါ့သျှင် လာပါအံ့’ဟု ဆို၍ ထိုနေရာ၌သာလျှင် လူးလွန့်၍ နေ၏၊ နေရာမှ ထရန်ပင် မစွမ်းနိုင်၊ ရှုံးပုံပေါ်၏”ဟု ပြောကြား၏။

ဘဂ္ဂဝ ဤသို့ပြောကြားသော် ငါသည် ထိုပရိသတ်အား ဤစကားကို ဆို၏ —

“ငါ့သျှင်တို့ အဝတ်မဝတ်သော ပါထိကပုတ္တတက္ကတွန်းသည် ထိုစကားကို မရုပ်သိမ်းမူ၍ ထို စိတ်ကို မပယ်မူ၍ ထိုအယူကို မစွန့်မူ၍ ငါ၏ မျက်မှောက်သို့ လာရန် မထိုက်။ ‘ထိုစကားကို မရုပ်သိမ်းမူ၍ ထိုစိတ်ကို မပယ်မူ၍ ထိုအယူကို မစွန့်မူ၍ ရဟန်းဂေါတမ၏ မျက်မှောက်သို့ ငါသွားအံ့’ဟု အကယ်၍ ထိုသူအား ဤသို့သော အကြ ံသည် ဖြစ်ငြားအံ့၊ ထိုသူ၏ ဦးခေါင်းသည် ပြတ်၍ ကျရာ၏၊ အကယ်၍ ငါ့သျှင် လိစ္ဆဝီတို့အား ‘ငါတို့သည် အဝတ်မဝတ်သော ပါထိကပုတ္ထ တက္ကတွန်းကို လွန်ကြိုးတို့ဖြင့် ချည်၍ နွားအရှဉ်းများစွာတို့ဖြင့် ဆွဲယူကုန်အံ့’ဟု ဤသို့သော အကြံသည် ဖြစ်ငြားအံ့၊ ထိုလွန်ကြိုးတို့သော်လည်း ပြတ်ကုန်ရာ၏၊ ပါထိကပုတ္ထတက္ကတွန်းသော် လည်း ပြတ်ရာ၏၊ အဝတ်မဝတ်သော ပါထိကပုတ္ထ တက္ကတွန်းသည် ထိုစကားကို မရုပ်သိမ်းမူ၍ ထိုစိတ်ကို မပယ်မူ၍ ထိုအယူကို မစွန်မူ၍ ငါ၏ မျက်မှောက်သို့ လာရန် မထိုက်၊ ‘ထိုစကားကို မရုပ်သိမ်းမူ၍ ထိုစိတ်ကို မပယ်မူ၍ ထိုအယူကို မစွန့်မူ၍ ရဟန်းဂေါတမ၏ မျက်မှောက်သို့ ငါ သွားအံ့’ဟု အကယ်၍ ထိုသူအား ဤသို့သော အကြံသည် ဖြစ်ငြားအံ့၊ ထိုသူ၏ ဦးခေါင်းသည် ပြတ်၍ ကျရာ၏”ဟု (ဆို၏)။

၂၆။ ဘဂ္ဂဝ ထိုအခါ ဒါရုပတ္တိက၏တပည့် ဇာလိယသည် နေရာမှ ထ၍ ထိုပရိသတ်ကို ဤသို့ ဆို၏၊ “အသျှင်တို့ သို့ဖြစ်လျှင် အကျွန်ုပ် ပြန်လာသည့်တိုင်အောင် ခဏမျှ ဆိုင်းငံံ့ကြပါဦး၊ အဝတ်မဝတ်သော ပါထိကပုတ္ထတက္ကတွန်းကို ဤပရိသတ်သို့ ခေါ်လာရန် တတ်နိုင်ကောင်း တတ်နိုင်ပါလိမ့်မည်”ဟု (ဆို၏)။

ဘဂ္ဂဝ ထို့နောက် ထိုဒါရုပတ္တိက၏တပည့် ဇာလိယသည် တိန္ဒုကခါဏုပရိဗိုဇ်အရံ၌ အဝတ်မဝတ်သော ပါထိကပုတ္ထတက္ကတွန်းထံသို့ ချဉ်ကပ်ပြီးလျှင် ဤစကားကို ဆို၏ —

ငါ့သျှင် ပါထိကပုတ္တ ကြွလာပါလော့၊ ကြွလာခြင်းသည် သင့်အား ကောင်းမြတ်၏၊ ထင်ရှားကုန် ထင်ရှားကုန်သော လိစ္ဆဝီမင်းတို့သည် ကြွလာပါကုန်၏၊ ထင်ရှားကုန် ထင်ရှားကုန်သော ပုဏ္ဏားသူဌေးများ အမျိုးသား သူဌေးများနှင့် အယူအမျိုးမျိုးရှိကုန်သော သမဏ ဗြာဟ္မဏတို့လည်း ကြွလာပါကုန်၏။ ရဟန်းဂေါတမသည်လည်း အသျှင်၏ အရံ၌ နေ့သန့်စင်နေပါ၏။ ငါ့သျှင် ပါထိကပုတ္တ သင်သည် ဝေသာလီပရိသတ်၌ ဤစကားကို ပြောဖူး၏ “ဂေါတမသည်လည်း သဗ္ဗညုတဉာဏ်ကို ဝန်ခံ၏။ပ။ ငါသည် နှစ်ဆ နှစ်ဆ တက်၍ ပြအံ့” ဟူသော (စကားကို သင်ပြောဖူး၏)။ ငါ့ရှင် ပါထိကပုတ္တ ခရီးထက်ဝက် တိုင်အောင် ကြွသာ ကြွလာပါ၊ ရဟန်းဂေါတမသည် ရှေးဦးစွာပင် လာ၍ အသျှင်၏ အရံ၌ နေ့သန့်စင်နေ ပါသည်၊ ငါ့သျှင် ပါထိကပုတ္တ ရဟန်းဂေါတမသည် ပရိသတ်၌ ဤစကားကို ဆို၏၊ “အဝတ်မဝတ်သော ပါထိက ပုတ္တတက္ကတွန်းသည် ‘ထိုစကားကို မရုပ်သိမ်းမူ၍ ထိုစိတ်ကို မပယ်မူ၍ ထိုအယူကို မစွန့်မူ၍ ရဟန်းဂေါတမ၏ မျက်မှောက်သို့ ငါသွားအံ့’ဟု ထိုသူ့အား ဤသို့သော အကြံသည် ဖြစ်ငြားအံ့၊ ထိုသူ၏ ဦးခေါင်းသည် ပြတ်၍ ကျရာ၏၊ အကယ်၍ ငါ့သျှင် လိစ္ဆဝီတို့အား ‘ငါတို့သည် အဝတ်မဝတ်သော ပါထိကပုတ္တတက္ကတွန်းကို လွန်ကြိုးတို့ဖြင့် ချည်၍ နွားအရှဉ်းများစွာတို့ဖြင့် ဆွဲယူကုန်အံ့’ဟု ဤသို့သော အကြံသည် ဖြစ်ငြားအံ့။ ထိုလွန်ကြိုးတို့သော်လည်း ပြတ်ကုန်ရာ၏၊ ပါထိကပုတ္တသော်လည်း ပြတ်ရာ၏၊ ပါထိကပုတ္တတက္ကတွန်းသည်ကား ထိုစကားကို မရုပ်သိမ်းမူ၍ ထိုစိတ်ကို မပယ်မူ၍ ထိုအယူကို မစွန့်မူ၍ ငါ၏ မျက်မှောက်သို့ လာရန် မထိုက်၊ ‘ထိုစကားကို မရုပ်သိမ်းမူ၍ ထိုစိတ်ကို မပယ်မူ၍ ထိုအယူကို မစွန့်မူ၍ ရဟန်းဂေါတမ၏ မျက်မှောက်သို့ ငါသွားအံ့’ဟု အကယ်၍ ထိုသူ့အား ဤသို့သော အကြံသည် ဖြစ်ငြားအံ့၊ ထိုသူ၏ ဦးခေါင်းသည် ပြတ်၍ ကျရာ၏”ဟု (ဆို၏)။ ငါ့သျှင် ပါထိကပုတ္တ ကြွလာပါလော့၊ ကြွလာရုံဖြင့်ပင် သင့်ကို အနိုင်၊ ရဟန်းဂေါတမကို အရှုံးပြုပါကုန်အံ့ဟု (ဆို၏)။

ဘဂ္ဂဝ ဤသို့ဆိုသော် အဝတ်မဝတ်သော ပါထိကပုတ္တတက္ကတွန်းသည် “ငါ့သျှင် လာပါအံ့၊ ငါ့သျှင် လာပါအံ့”ဟု ဆို၍ ထိုနေရာ၌သာလျှင် လူးလွန့်၍ နေ၏၊ နေရာမှ ထရန်ပင် မစွမ်းနိုင်။

ဘဂ္ဂဝ ထို့နောက် ဒါရုပတ္တိက၏ တပည့် ဇာလိယသည် အဝတ်မဝတ်သော ပါထိကပုတ္တတက္ကတွန်း အား ဤစကားကို ဆို၏၊ “ငါ့ရှင် ပါထိကပုတ္တ သင်၏ တင်ပါးတို့သည် ထိုင်ခုံ၌ ငြိကပ်၍ နေသလော၊ ထိုင်ခုံသည် သင်၏ တင်ပါးတို့နှင့် ငြိကပ်၍နေသလော၊ ‘ငါ့သျှင် လာပါအံ့၊ ငါ့သျှင် လာပါအံ့’ဟု ဆို၍ ထိုနေရာ၌သာလျှင် လူးလွန့်၍ နေ၏၊ နေရာမှ ထရန်ပင် မစွမ်းနိုင်”ဟု (ဆို၏)။

ဘဂ္ဂဝ ဤသို့ပင် ဆိုသော်လည်း အဝတ်မဝတ်သော ပါထိကပုတ္တတက္ကတွန်းသည် “ငါ့သျှင် လာပါအံ့၊ ငါ့သျှင် လာပါအံ့”ဟု ဆို၍ ထိုနေရာ၌သာလျှင် လူးလွန့်၍ နေ၏၊ နေရာမှ ထရန်ပင် မစွမ်းနိုင်။

၂၇။ ဘဂ္ဂဝ ဒါရုပတ္တိက၏တပည့် ဇာလိယသည် “ဤပါထိကပုတ္တ တက္ကတွန်းသည် ‘ငါ့သျှင် လာပါအံ့၊ ငါ့သျှင် လာပါအံ့”ဟု ဆို၍ ထိုနေရာ၌သာလျှင် လူးလွန့်၍ နေ၏၊ နေရာမှပင် ထရန် မစွမ်းနိုင်၊ ရှုံးပုံ ပေါ်၏ ‘ဟု သိသောအခါ ထို (ပါထိကပုတ္တ) အား ဤစကားကို ဆို၏ —

ငါ့သျှင် ပါထိကပုတ္တ ရှေး၌ ဖြစ်ဖူးသည်ကား သားများဘုရင် ခြင်္သေ့မင်းအား ဤသို့သော အကြံ သည် ဖြစ်၏ —

“ငါသည် တောအုပ်တစ်ခုကို မှီ၍ ခိုအောင်းရာပြုအံ့၊ ထိုတောအုပ်၌ ခိုအောင်းရာပြုပြီးလျှင် ညနေချမ်းအခါ ထိုနေရာမှ ထွက်အံ့၊ ကိုယ်လက်ဆန့်တန်းပြီးလျှင် ထက်ဝန်းကျင် အရပ်လေး မျက်နှာသို့ လှည့်လည်ကြည့်ရှုအံ့၊ ထက်ဝန်းကျင် အရပ်လေးမျက်နှာသို့ လှည့်လည်ကြည့်ရှုပြီးလျှင် ရဲရင့်သော ဟောက်ခြင်းကို သုံးကြိမ်ဟောက်အံ့၊ ရဲရင့်သော ဟောက်ခြင်းကို သုံးကြိမ်ဟောက် ပြီးလျှင့်အစာရှာခြင်းငှါ ထွက်အံ့၊ ကောင်းကုန် ကောင်းကုန်သော သားအပေါင်းတို့ကို သတ်၍ နူးညံ့ကုန် နူးညံ့ကုန်သော အသားတို့ကို စားပြီးလျှင် ခိုအောင်းရာသို့သာလျှင် ကပ်အံ့၊ (ဤသို့ ပြုရမူ) ကောင်းလေစွ”ဟု (အကြံဖြစ်၏)။

ငါ့သျှင် ထို့နောက် ထိုသားများဘုရင် ခြင်္သေ့မင်းသည် တောအုပ်တစ်ခုကို မှီ၍ ခိုအောင်းရာ ပြု၏၊ ထိုတောအုပ်၌ ခိုအောင်းရာပြုပြီးလျှင် ညနေချမ်းအခါ ခိုအောင်းရာမှ ထွက်၏၊ ခိုအောင်းရာမှ ထွက် ပြီးလျှင် ကိုယ်လက်ဆန့်တန်း၏၊ ကိုယ်လက်ဆန့်တန်းပြီးလျှင် ထက်ဝန်းကျင် အရပ်လေးမျက်နှာတို့ကို လှည့်လည်ကြည့်ရှု၏၊ ထက်ဝန်းကျင် အရပ်လေးမျက်နှာသို့ လှည့်လည်ကြည့်ရှုပြီးလျှင် ရဲရင့်သော ဟောက်ခြင်းကို သုံးကြိမ်ဟောက်၏၊ ရဲရင့်သော ဟောက်ခြင်းကို သုံးကြိမ်ဟောက်ပြီးလျှင် အစာရှာခြင်းငှါ ထွက်၏၊ ကောင်းကုန် ကောင်းကုန်သော သားအပေါင်းတို့ကို သတ်၍ နူးညံ့ကုန် နူးညံ့ကုန်သော အသား တို့ကို စားပြီးလျှင် ထိုခိုအောင်းရာသို့ ကပ်၏။

၂၈။ ငါ့သျှင် ပါထိကပုတ္တ ထို သားများဘုရင် ခြင်္သေ့မင်း၏ စားကြွင်းဖြင့်သာ ကြီးပွားလာသော ဝလည်းဝ အားလည်းကောင်းသော မြေခွေးအိုသည် ရှိ၏၊ ငါ့သျှင် ထိုအခါ ထိုမြေခွေးအိုအား ဤသို့သော အကြံသည် ဖြစ်၏ —

“ငါကား အဘယ်သူနည်း၊ သားများဘုရင် ခြင်္သေ့မင်းကား အဘယ်သူနည်း၊ ငါလည်း တောအုပ်တစ်ခုကို မှီ၍ ခိုအောင်းရာပြုအံ့၊ ထိုတောအုပ်၌ ခိုအောင်းရာပြုပြီးလျှင် ညနေချမ်းအခါ ခိုအောင်းရာမှ ထွက်အံ့၊ ခိုအောင်းရာမှ ထွက်ပြီးလျှင် ကိုယ်လက်ဆန့်တန်းအံ့၊ ကိုယ်လက် ဆန့် တန်းပြီးလျှင် ထက်ဝန်းကျင် အရပ်လေးမျက်နှာသို့ လှည့်လည်ကြည့်ရှုအံ့၊ ထက်ဝန်းကျင် အရပ် လေးမျက်နှာသို့ လှည့်လည်ကြည့်ရှုပြီးလျှင် ရဲရင့်သော ဟောက်ခြင်းကို သုံးကြိမ်ဟောက်အံ့၊ ရဲရင့်သော ဟောက်ခြင်းကို သုံးကြိမ်ဟောက်ပြီးလျှင် အစာရှာခြင်းငှါ ထွက်အံ့၊ ကောင်းကုန် ကောင်းကုန်သော သားအပေါင်းတို့ကို သတ်၍ နူးညံ့ကုန် နူးညံ့ကုန်သော အသားတို့ကို စားပြီးလျှင် ထိုခို အောင်းရာသို့သာ ကပ်အံ့၊ ဤသို့ ပြုရမူ ကောင်းလေစွ”ဟု (အကြ ံဖြစ်၏)။

ငါ့သျှင် ထို့နောက် ထိုမြေခွေးအိုသည် တောအုပ်တစ်ခုကို မှီ၍ ခိုအောင်းရာပြု၏၊ ထိုတောအုပ်၌ ခိုအောင်းရာပြုပြီးလျှင် ညနေချမ်းအခါ ခိုအောင်းရာမှ ထွက်၏၊ ခိုအောင်းရာမှ ထွက်ပြီးလျှင် ကိုယ်လက် ဆန့်တန်း၏၊ ကိုယ်လက်ဆန့်တန်းပြီးလျှင် ထက်ဝန်းကျင် အရပ်လေးမျက်နှာသို့ လှည့်လည်ကြည့်ရှု၏၊ ထက်ဝန်းကျင် အရပ်လေးမျက်နှာသို့ လှည့်လည်ကြည့်ရှုပြီးလျှင် ရဲရင့်သော ဟောက်ခြင်းကို “သုံးကြိမ် ဟောက်အံ့”ဟု ဟောက်သော်လည်း မြေခွေးဟောင်ခြင်းကိုသာ ဟောင်၏၊ ငှက်ဆိုးသံကိုသာ မြည်၏၊ မြေခွေးယုတ်ကား အဘယ်သူနည်း၁၊ ခြင်္သေ့သံကား အဘယ်သူနည်း၂။

ငါ့သျှင် ပါထိကပုတ္တ သင်သည် ဤအတူ ဘုရားသာသနာတော်ဖြစ်သော သိက္ခာတို့၌ (မှီ၍) အသက် ရှင်လျက် ဘုရား၏ စားကြွင်းများကို စားလျက် ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ဘုရားကို ပုတ်ခတ်ထိုက်သည်ဟု ထင်ဘိ၏၊ ယုတ်သော ပါထိကပုတ္တကား အဘယ်သူနည်း၃၊ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ဘုရားတို့ကို ပုတ်ခတ်ခြင်းကား အဘယ်နည်း၄ဟု ဆို၏။

၂၉။ ဘဂ္ဂဝ ဒါရုပတ္တိက၏တပည့် ဇာလိယသည် ဤဥပမာဖြင့် အဝတ်မဝတ်သော ပါထိကပုတ္တ တက္ကတွန်းကို ထိုနေရာမှ ရွေ့အောင် မတတ်နိုင်သောအခါ ထို (ပါထိကပုတ္တ) အား ဤစကားကို ဆို၏ —

“မြေခွေးသည် မိမိကိုယ်ကို ခြင်္သေ့ဟု ထင်သည်သာမက ငါကား သားတကာတို့၏ ဘုရင် ဖြစ်၏ဟု ထင်၏၊ ယင်းသို့ ထင်သော်လည်း ထို မြေခွေးသည် ထို ငယ်စဉ်ကအတိုင်း မြေခွေးဟောင် ခြင်းကိုသာ ဟောင်၏၊ မြေခွေးယုတ်ကား အဘယ်သူနည်း၊ ခြင်္သေ့သံကား အဘယ်နည်း”ဟု (ဆို၏)။

ငါ့သျှင် ပါထိကပုတ္တ သင်သည် ဤအတူ ဘုရားသာသနာတော်ဖြစ်သော သိက္ခာတို့၌ (မှီ၍)့အသက်ရှင်နေပါလျက် ဘုရား၏ စားကြွင်းများကို စားနေပါလျက် ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ဘုရားကို ပုတ်ခတ်ထိုက်သည်ဟု ထင်ဘိ၏၊ ယုတ်သော ပါထိကပုတ္တကား အဘယ်သူနည်း၊ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ဘုရားတို့ကို ပုတ်ခတ်ခြင်းကား အဘယ်နည်းဟု (ဆို၏)။

၃ဝ။ ဘဂ္ဂဝ ဒါရုပတ္တိက၏ တပည့် ဇာလိယသည် ဤဥပမာဖြင့်လည်း အဝတ်မဝတ်သော ပါထိကပုတ္တကို ထိုနေရာမှ ရွေ့အောင် မတတ်နိုင်သောအခါ ထိုပါထိကပုတ္တအား ဤစကားကို ဆို၏ —

“မြေခွေးသည် သူတစ်ပါးနောက်လိုက် ဖြစ်သော မိမိကိုယ်ကို ရေကြွင်းရေကျန်၌ ကြည့်၍ မိမိ ကိုယ်ကိုဟုတ်မှန်သည့်အတိုင်း မမြင်သမျှ ခြင်္သေ့ဟု ထင်၏၊ ယင်းသို့ ထင်သော်လည်း ထိုမြေခွေးသည် ထိုငယ်စဉ်ကအတိုင်း မြေခွေးဟောင်ခြင်းကိုသာ ဟောင်၏၊ မြေခွေးယုတ်ကား အဘယ်သူနည်း၊ ခြင်္သေ့သံ ကား အဘယ်နည်း”ဟု (ဆို၏)။

ငါ့သျှင် ပါထိကပုတ္တ သင်သည် ဤအတူပင် ဘုရားသာသနာတော်ဖြစ်သော သိက္ခာတို့၌ (မှီ၍) အသက်ရှင်နေပါလျက် ဘုရား၏ စားကြွင်းများကို စားနေပါလျက် ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ဘုရားတို့ကို ပုတ်ခတ်ထိုက်သည်ဟု ထင် ဘိ၏၊ “ယုတ်သော ပါထိကပုတ္တကား အဘယ်သူနည်း၊ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ဘုရားတို့ကို ပုတ်ခတ်ခြင်းကား အဘယ်နည်း”ဟု (ဆို၏)။

၃၁။ ဘဂ္ဂဝ ဒါရုပတ္တိက၏ တပည့် ဇာလိယသည် ဤဥပမာဖြင့်လည်း အဝတ်မဝတ်သော ပါထိက ပုတ္တ တတ္ကတွန်းကို ထိုနေရာမှ ရွေ့အောင် မတတ်နိုင်သောအခါ ထိုပါထိကပုတ္တအား ဤစကားကို ဆို၏ —

“ဖားများ လယ်ကြွက်များကိုလည်းကောင်း သင်းချိုင်း၌ ပစ်ထားသော အကောင်ပုပ်များကို လည်းကောင်း စား၍ တောကြီးဆိတ်ညံ၌ ကြီးပွါးနေသော မြေခွေးသည် ငါကား ခြင်္သေ့ဟု ထင်၏၊ ယင်းသို့ ထင်သော်လည်း ထိုမြေခွေးသည် ထိုငယ်စဉ်ကအတိုင်း မြေခွေးဟောင်ခြင်းကိုသာ ဟောင်၏၊ မြေခွေးယုတ်ကား အဘယ်သူနည်း၊ ခြင်္သေ့သံကား အဘယ်နည်း”ဟု (ဆို၏)။

ငါ့သျှင် ပါထိကပုတ္တ သင်သည် ဤအတူပင် ဘုရားသာသနာတော်ဖြစ်သော သိက္ခာတို့ ၌ (မှီ၍) အသက်ရှင်နေပါလျက် ဘုရား၏ စားကြွင်းများကို စားနေပါလျက် ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ဘုရားကို ပုတ်ခတ်ထိုက်သည်ဟု ထင်ဘိ၏၊ ယုတ်သော ပါထိကပုတ္တကား အဘယ်သူနည်း၊ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ဘုရားတို့ကို ပုတ်ခတ်ခြင်းကား အဘယ်နည်း”ဟု (ဆို၏)။

၃၂။ ဘဂ္ဂဝ ဒါရုပတ္တိက၏ တပည့် ဇာလိယသည် ဤဥပမာဖြင့်လည်း အဝတ်မဝတ်သော ပါထိကပုတ္တ တတ္ကတွန်းကို ထိုနေရာမှ ရွေ့အောင် မတတ်နိုင်သောအခါ ထိုပရိသတ်ထံသို့ ပြန်လာ၍ “အသျှင်တို့ ဤအဝတ် မဝတ်သော ပါထိကပုတ္တတက္ကတွန်းကား ‘ငါ့သျှင် လာပါအံ့၊ ငါ့သျှင် လာပါအံ့”ဟု ဆို၍ ထိုနေရာ၌သာလျှင် လူးလွန့် ၍ နေ၏၊ နေရာမှ ထရန်ပင် မစွမ်းနိုင်၊ ရှုံးပုံပေါ်၏”ဟု ပြောကြား၏။

၃၃။ ဘဂ္ဂဝ ဤသို့ ပြောကြားသော် ငါသည် ထိုပရိသတ်အား ဤစကားကို ဆို၏ —

“ငါ့သျှင်တို့ အဝတ်မဝတ်သော ပါထိကပုတ္တတက္ကတွန်းသည် ထိုစကားကို မရုပ်သိမ်းမူ၍ ထိုစိတ်ကို မပယ်မူ၍ ထိုအယူကို မစွန့်မူ၍ ငါ၏ မျက်မှောက်သို့ လာရန် မထိုက်။ ‘ထိုစကားကို မရုပ်သိမ်းမူ၍ ထိုစိတ်ကို မပယ်မူ၍ ထိုအယူကို မစွန့်မူ၍ ရဟန်းဂေါတမ၏ မျက်မှောက်သို့ ငါ သွားအံ့’ဟု အကယ်၍ ထိုသူအား ဤသို့သော အကြံသည် ဖြစ်ငြားအံ့၊ ထိုသူ၏ ဦးခေါင်းသည် ပြတ်၍ ကျရာ၏၊ အကယ်၍့ငါ့သျှင် လိစ္ဆဝီတို့အား ‘ငါတို့သည် အဝတ်မဝတ်သော ပါထိကပုတ္တ တက္ကတွန်းကို လွန်ကြိုးတို့ဖြင့် ချည်၍ နွားအရှဉ်းများစွာတို့ဖြင့် ဆွဲယူကုန်အံ့ ‘ဟု ဤသို့သော အကြံသည် ဖြစ်ငြားအံ့၊ ထိုလွန်ကြိုးတို့သော်လည်း ပြတ်ကုန်ရာ၏၊ ပါထိကပုတ္တသော်လည်း ပြတ်ရာ၏၊ အဝတ်မဝတ်သော ပါထိကပုတ္တတက္ကတွန်းသည်ကား ထိုစကားကို မရုပ်သိမ်းမူ၍ ထို စိတ်ကို မပယ်မူ၍ ထိုအယူကို မစွန့်မူ၍ ငါ၏ မျက်မှောက်သို့ လာရန် မထိုက်။ ‘ထိုစကားကို မရုပ်သိမ်းမူ၍ ထိုစိတ်ကို မပယ်မူ၍ ထိုအယူကို မစွန့်မူ၍ ရဟန်းဂေါတမ၏ မျက်မှောက်သို့ ငါ သွားအံ့ ‘ဟု အကယ်၍ ထိုသူ့အား ဤသို့သော အကြံသည် ဖြစ်ငြားအံ့၊ ထိုသူ၏ ဦးခေါင်းသည် ပြတ်၍ ကျရာ၏”ဟု (ဆို၏)။

၃၄။ ဘဂ္ဂဝ ထို့နောက် ငါသည် ထိုပရိသတ်ကို တရားစကားဖြင့် (အကျိုးစီးပွါးကို) သိမြင်စေလျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန်ရွှင်လန်းစေ၏၊ ထိုပရိသတ်ကို တရားစကားဖြင့် (အကျိုးစီးပွါးကို) သိမြင်စေလျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန် ရွှင်လန်းစေပြီးသော် ရှစ်သောင်းလေးထောင်သော သတ္တဝါတို့ကို (ကိလေသာ) အနှောင်အဖွဲ့မှ လွတ်စေ၍ (သြဃလေးပါး) ခရီးခဲမှ ထုတ်ဆောင်ပြီးလျှင် တေဇောဓာတ်ကို ဝင်စား၍ ကောင်းကင်သို့ ထန်းခုနစ်ဆင့်တိုင်အောင် တက်၍ အထက်သို့ အခြားထန်းခုနစ်ဆင့်တိုင်အောင်လည်း မီးလျှံဖန်ဆင်း၍ ပြောင်ပြောင်တောက်စေ၍ အခိုးထွက်စေ၍ မဟာဝုန်တော ပြာသာဒ်ဆောင်ပေါက်သော ကျောင်းကြီးသို့ ပြန်၍ တည်၏ ‘ရောက်၏’။

၃၅။ ဘဂ္ဂဝ ထိုအခါ လိစ္ဆဝီမင်းသား သုနက္ခတ်သည် ငါ့ထံသို့ ချဉ်းကပ်ပြီးလျှင် ငါ့ကို ရှိခိုး၍ တစ်ခုသောနေရာ၌ ထိုင်၏။ ဘဂ္ဂဝ တစ်ခုသောနေရာ၌ ထိုင်သော လိစ္ဆဝီမင်းသား သုနက္ခတ်အား ဤသို့သော စကားကို ငါဆို၏ —

“သုနက္ခတ် ထိုအရာကို အဘယ်သို့ ထင်သနည်း၊ အဝတ်မဝတ်သော ပါထိကပုတ္တတက္ကတွန်းကို အကြောင်းပြု၍ ငါဟောသည့်အတိုင်း ထိုစကား၏ အကျိုးသည် ဖြစ်သလော၊ သို့မဟုတ် တစ်မျိုးတစ်ဖုံအားဖြင့် ဖြစ်သလော”ဟု (ဆို၏)။

မြတ်စွာဘုရား အဝတ်မဝတ်သော ပါထိကပုတ္တတက္ကတွန်းကို အကြောင်းပြု၍ မြတ်စွာဘုရား ဟော တော်မူသည့်အတိုင်း ထိုစကား၏ အကျိုးသည် ဖြစ်ပါ၏၊ တစ်မျိုးတစ်ဖုံအားဖြင့် မဖြစ်ပါဟု (လျှောက်၏)။

သုနက္ခတ် ထိုအရာကို အဘယ်သို့ ထင်သနည်း၊ ယင်းသို့ဖြစ်သော် လူတို့၏ ကုသိုလ်ကမ္မပထ တရား ဆယ်ပါးထက် လွန်မြတ်သော တန်ခိုးပြာဋိဟာကို ပြသည် မည်သလော၊ မပြသည် မည်သလောဟု (ဆို၏)။

မြတ်စွာဘုရား ဤသို့ဖြစ်သော် လူတို့၏ ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက် လွန်မြတ်သော တန်ခိုးပြာဋိဟာကို စင်စစ် ပြသည် မည်ပါ၏၊ မပြသည် မမည်ပါဟု (လျှောက်၏)။

(မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောကျာ်း လူတို့၏ ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက် လွန်မြတ်သော တန်ခိုးပြာဋိဟာကို ဤသို့ပြသော ငါ့ကို “မြတ်စွာဘုရား မြတ်စွာဘုရားသည် အကျွန်ုပ်အား လူတို့၏ ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက် လွန်မြတ်သော တန်ခိုးပြာဋိဟာကို ပြတော်မမူပါ”ဟု သင်ဆို၏။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောကျာ်း သင်အဘယ်မျှ လွန်ကျူးပြစ်မှားသည်ကို ရှုဘိ လော့။ ဘဂ္ဂဝ ဤသို့ပင် ငါပြောသော်လည်း အပါယ်ငရဲ လားထိုက်သူသည် ဖဲသွားသကဲ့သို့ လိစ္ဆဝီ မင်းသား သုနက္ခတ်သည် ဤသာသနာတော်မှ ဖဲသွားသည်သာလျှင်တည်း။

၁—၂။ မြေခွေးယုတ် နှင့် ခြင်္သေ့ သံကား အဘယ်မှာ သက်ဆိုင်ပါအံ့နည်း။

မြေခွေးယုတ် နှင့် ခြင်္သေ့ သံကား မတန်မရာလေစွဟု အဓိပ္ပါယ်ရနိုင်သည်။

၃—၄။ မြတ်စွာဘုရားကို ယုတ်သော ပါထိကပုတ္တ၏ ပုတ်ခတ်ခြင်းကား အဘယ်မှာ ထိရောက်ပါအံ့နည်း။ လပြည့်ဝန်းကို ဟောင်သကဲ့သို့သာ ရှိလေစွ ထင်အပ်လေစွဟု အဓိပ္ပါယ်ရနိုင်သည်။

အစဟုသိအပ်သော တရားကို ပညတ်ခြင်း

၃၆။ ငါသည် လောက၏အစဟု သိအပ်သော အဂ္ဂညတရားကိုလည်း သိ၏၊ ထို (အဂ္ဂညတရား) ကိုလည်း သိ၏၊ ထို့ထက် လွန်မြတ်သော တရားကိုလည်း သိ၏၊ ထိုသို့ သိသော်လည်း မှားသောအား ဖြင့် မသုံးသပ်၊ မှားသောအားဖြင့် မသုံးသပ်သောကြောင့် ငါသည် မိမိ၌ ကိလေသာငြိမ်းခြင်းကို ကိုယ်တိုင် သာလျှင် သိ၏၊ ယင်းသို့ သိသော ဘုရားသည် ဆင်းရဲခြင်းသို့ မရောက်။

၃၇။ ဘဂ္ဂဝ အစိုးရသူဖန်ဆင်းခြင်းဟူသော ဗြဟ္မာဖန်ဆင်းခြင်းဟူသော ဆရာ့ဝါဒဖြစ်သော လောက၏ အစဟု သိအပ်သော အဂ္ဂညတရားကို ဟောကုန်သော သမဏဗြာဟ္မဏတို့သည် ရှိကုန်၏။ ငါသည် ထိုသူတို့ ထံသို့ ချဉ်းကပ်၍ “ငါ့သျှင်တို့ သင်တို့သည် အစိုးရသူဖန်ဆင်းခြင်းဟူသော ဗြဟ္မာဖန်ဆင်းခြင်း ဟူသော ဆရာ့ဝါဒဖြစ်သော လောက၏ အစဟု သိအပ်သော အဂ္ဂညတရားကို ဟောကုန်၏ ဟူသည် မှန်သလော”ဟု မေး၏။ ငါသည် ဤသို့ မေးသော် ထိုသူတို့သည်လည်း “မှန်ပါသည်”ဟု ဝန်ခံကုန်၏။ “ငါ့သျှင်တို့ အစိုးရသူဖန်ဆင်းခြင်းဟူသော ဗြဟ္မာဖန်ဆင်းခြင်းဟူသော ဆရာ့ဝါဒဖြစ်သော လောက၏ အစဟု သိအပ်သော အဂ္ဂညတရားကို အဘယ်အစီအရင်ဖြင့် သင်တို့ ဟောကုန်သနည်း”ဟု ထိုသူတို့ကို ငါမေး၏။ ထိုသူတို့သည် ဤသို့ ငါမေးသော် မဖြေနိုင်ကြကုန်၊ မဖြေနိုင်ကုန်၍ ငါ့ကိုသာ ပြန်၍ မေးကြ ကုန်၏၊ ငါသည် မေးလတ်သော် ထိုသူတို့အား ဤသို့ ဖြေကြား၏ —

၃၈။ ငါ့သျှင်တို့ ရှည်သော ကာလလွန်သော် တစ်ရံတစ်ခါ၌ ဤလောကသည် ပျက်၏၊ ထိုအခါသည် ရှိသည်သာတည်း၊ လောကပျက်လတ်သော် သတ္တဝါတို့သည် များသောအားဖြင့် အာဘဿရဘုံ၁ ၌ ဖြစ်ကုန်၏၊ ထိုသူတို့သည် ထိုဘုံ၌ ဈာန်စိတ်ကြောင့် ဖြစ်ကုန်၏၊ နှစ်သိမ့်ခြင်း ‘ပီတိ’ လျှင် အစာရှိကုန်၏၊ မိမိတို့ ကိုယ်ရောင်ဖြင့် လင်းလျက် ရှိကုန်၏၊ ကောင်းကင်၌ ကျက်စားကုန်၏၊ တင့်တယ်သောနေရာ ရှိကုန်၏၊ ကြာရှည်စွာသော ကာလပတ်လုံး တည်ကုန်၏။

ငါ့သျှင်တို့ ရှည်သော ကာလလွန်သော် တစ်ခါတစ်ရံ၌ ဤလောကသည် ဖြစ်၏၊ ထိုအခါသည် ရှိသည်သာတည်း၊ လောကဖြစ်လတ်သော် (သတ္တဝါမှ) ဆိတ်သော ဗြဟ္မာ့ဗိမာန်သည် ထင်ရှား ဖြစ်ပေါ်၏၊ ထိုအခါ တစ်ဦးတစ်ယောက်သော သတ္တဝါသည် အသက်ကုန်သောကြောင့်ဖြစ်စေ ကောင်းမှုကံကုန်သော ကြောင့်ဖြစ်စေ အာဘဿရဘုံမှ သေခဲ့၍ (သတ္တဝါမှ) ဆိတ်သော ဗြဟ္မာ့ဗိမာန်၌ ဖြစ်ပေါ်၏၊ ထိုသူသည် ထိုဘုံ၌ ဈာန်စိတ်ကြောင့်ဖြစ်၏၊ နှစ်သိမ့်ခြင်း ‘ပီတိ’ လျှင် အစာရှိ၏၊ မိမိကိုယ်ရောင်ဖြင့် လင်းလျက် ရှိ၏၊ ကောင်းကင်၌ ကျက်စား၏၊ တင့်တယ်သောနေရာရှိ၏၊ ကြာရှည်စွာသော ကာလပတ်လုံး တည်၏။

ထိုဘုံ၌ ထိုသူသည် တစ်ယောက်ထီးတည်း ကာလရှည်စွာနေရသောကြောင့် မမွေ့လျော်သည် ဖြစ်၍ “တစ်ပါးသော သတ္တဝါတို့လည်း ဤဘုံသို့ ရောက်လာဘိမူ ကောင်းလေစွ”ဟု တောင့်တ၏။ ထိုအခါ တစ်ပါးသော သတ္တဝါတို့လည်း အသက်ကုန်သောကြောင့်ဖြစ်စေ ကောင်းမှုကံကုန်သောကြောင့် ဖြစ်စေ အာဘဿရဘုံမှ သေခဲ့ကုန်၍ ထိုသတ္တဝါ၏ အပေါင်းအဖော်အဖြစ်ဖြင့် ဗြဟ္မာ့ဘုံ၌ ဖြစ်ပေါ်ကုန်၏၊ ထိုသူတို့သည်လည်း ထိုဘုံ၌ ဈာန် စိတ်ကြောင့် ဖြစ်ကုန်၏၊ နှစ်သိမ့်ခြင်း ‘ပီတိ’လျှင် အစာရှိကုန်၏၊ မိမိတို့ကိုယ်ရောင်ဖြင့် လင်းလျက် ရှိကုန်၏၊ ကောင်းကင်၌ ကျက်စားကုန်၏၊ တင့်တယ်သောနေရာရှိကုန်၏၊ ကြာရှည်စွာသော ကာလပတ်လုံး တည်ကုန်၏။

၃၉။ ငါ့သျှင်တို့ ထိုသတ္တဝါတို့တွင် ရှေးဦးဖြစ်ပေါ်နှင့်သော သတ္တဝါအား ဤသို့သော အကြံသည် ဖြစ်၏ —

“ငါသည် ဗြဟ္မာ ဖြစ်၏၊ မဟာဗြဟ္မာ ဖြစ်၏၊ လွှမ်းမိုးနိုင်သူ ဖြစ်၏၊ မည်သူကမျှ မလွှမ်း မိုးနိုင်သူ ဖြစ်၏၊ စင်စစ် (အလုံးစုံကို) မြင်သူ ဖြစ်၏၊ အလိုအတိုင်း ဖြစ်စေနိုင်သူ ဖြစ်၏၊ အစိုးရ သူ ဖြစ်၏၊ ပြုသူ ဖြစ်၏၊ ဖန်ဆင်းသူ ဖြစ်၏၊ အမြတ်ဆုံး ဖြစ်၏၊ စီမံသူ ဖြစ်၏၊ (ဈာန်၌) လေ့လာပြီးသူ ဖြစ်၏၊့ဖြစ်ပြီး ဖြစ်ဆဲသော သတ္တဝါတို့၏ အဖ ဖြစ်၏၊ ဤသတ္တဝါတို့ကို ငါ ဖန်ဆင်းထား၏၊ အဘယ်ကြောင့်ဆိုသော် ‘တစ်ပါးသော သတ္တဝါတို့သည်လည်း ဤဘုံသို့ ရောက် လာဘိမူ ကောင်းလေစွ’ဟု ငါ့အား ရှေး၌ အကြံဖြစ်ခဲ့၏၊ ဤသို့ ငါ့အားလည်း တောင့်တခြင်း သည် ဖြစ်၏၊ ဤသတ္တဝါတို့သည်လည်း ဤဗြဟ္မာဘုံသို့ ရောက်လာကုန်၏”ဟု (အကြ ံဖြစ်၏)။ နောက်မှ ဖြစ်ပေါ်လာသော ထိုသတ္တဝါတို့အားလည်း ဤသို့သော အကြ ံသည် ဖြစ်၏ —

“ဤအသျှင်သည် ဗြဟ္မာ ဖြစ်၏၊ မဟာဗြဟ္မာ ဖြစ်၏၊ လွှမ်းမိုးနိုင်သူ ဖြစ်၏၊ မည်သူကမျှ မလွှမ်းမိုးနိုင်သူ ဖြစ်၏၊ စင်စစ် (အလုံးစုံကို) မြင်သူ ဖြစ်၏၊ အလိုအတိုင်း ဖြစ်စေနိုင်သူ ဖြစ်၏၊ အစိုးရသူ ဖြစ်၏၊ ပြုသူ ဖြစ်၏၊ ဖန်ဆင်းသူ ဖြစ်၏၊ အမြတ်ဆုံး ဖြစ်၏၊ စီမံသူ ဖြစ်၏၊ (ဈာန်၌) လေ့လာပြီးသူ ဖြစ်၏၊ ဖြစ်ပြီး ဖြစ်ဆဲသော သတ္တဝါတို့၏ အဖ ဖြစ်၏၊ ငါတို့ကို ဤအသျှင်ဗြဟ္မာ ဖန်ဆင်းထား၏၊ အဘယ်ကြောင့်ဆိုသော် ဤဘုံ၌ ဤဗြဟ္မာကြီး ရှေးဦးစွာ ဖြစ်ပေါ် နေနှင့်သည်ကို ငါတို့ မြင်ရကုန်၏၊ ငါတို့သည်ကား နောက်မှ ဖြစ်ပေါ်လာကုန်၏”ဟု (အကြံ ဖြစ်၏)။

၄ဝ။ ငါ့သျှင်တို့ ထိုသတ္တဝါတို့တွင် ရှေးဦးစွာ ဖြစ်ပေါ်နှင့်သော ထိုသတ္တဝါသည် အသက်လည်း သာလွန်၍ ရှည်၏၊ အဆင်းလည်း သာလွန်၍ လှ၏၊ တန်ခိုးလည်း သာလွန်၍ ကြီး၏၊ နောက်မှ ဖြစ်ပေါ် လာကုန်သော သတ္တဝါတို့ကား (ရှေးဦးစွာ ဖြစ်ပေါ်နှင့်သော သတ္တဝါနှင့် နှိုင်းစာလျှင်) အသက်လည်း တိုကုန်၏၊ အဆင်းလည်း မလှကုန်၊ တန်ခိုးလည်း နည်းကုန်၏။

ငါ့သျှင်တို့ ဤသို့သော အကြောင်းသည် ရှိသေး၏၊ တစ်ဦးတစ်ယောက်သော သတ္တဝါသည် ထို (ဗြဟ္မာ)ဘုံမှ စုတေခဲ့၍ ဤ (လူ့) ဘုံသို့ ရောက်လာသော် လူ့ဘောင်မှ ရသေ့ရဟန်းဘောင်သို့ ဝင်ပြီးလျှင် ပြင်းစွာ အားထုတ်ခြင်းကို စွဲ၍ မြဲမြံစွာ အားထုတ်ခြင်းကို စွဲ၍ အဖန်ဖန် အားထုတ်ခြင်းကို စွဲ၍ မမေ့ မလျော့ခြင်းကို စွဲ၍ ကောင်းစွာ နှလုံးသွင်းခြင်းကို စွဲ၍ ထိုသို့သော သဘောရှိသော စိတ်တည်ကြည်ခြင်း ကို ရ၏၊ ယင်းသို့ စိတ်တည်ကြည်လတ်သော် ရှေး၌နေဖူးသော ထို (ဗြဟ္မာ) ဘဝကို အောက်မေ့နိုင်၏၊ ထို့ထက်လွန်၍ မအောက်မေ့နိုင်။ ထိုသူသည် ဤသို့ ဆို၏ —

“အကြင် အသျှင်သည် ဗြဟ္မာ ဖြစ်၏၊ မဟာ ဗြဟ္မာ ဖြစ်၏၊ လွှမ်းမိုးနိုင်သူ ဖြစ်၏၊ မည်သူ ကမျှ မလွှမ်းမိုးနိုင်သူ ဖြစ်၏၊ စင်စစ် (အလုံးစုံကို) မြင်သူ ဖြစ်၏၊ အလိုအတိုင်း ဖြစ်စေနိုင်သူ ဖြစ်၏၊ အစိုးရသူ ဖြစ်၏၊ ပြုသူ ဖြစ်၏၊ ဖန်ဆင်းသူ ဖြစ်၏၊ အမြတ်ဆုံး ဖြစ်၏၊ စီမံသူ ဖြစ်၏၊ (ဈာန်၌) လေ့လာပြီးသူ ဖြစ်၏၊ ဖြစ်ပြီး ဖြစ်ဆဲသော သတ္တဝါတို့၏ အဖ ဖြစ်၏၊ ငါတို့ကို ယင်း အသျှင်ဗြဟ္မာသည် ဖန်ဆင်းထား၏၊ ထိုဗြဟ္မာသည် (ဖြစ်ပေါ်ခြင်း မရှိမူ၍) မြဲ၏၊ (သေခြင်း မရှိမူ ၍) ခိုင်မြဲ၏၊ (ထာဝစဉ်ရှိနေ၍) တည်မြဲ၏၊ ဖောက်ပြန်ခြင်းသဘောမရှိ၊ ထို့ကြောင့် မြဲသောအရာ တို့နှင့်တူစွာ တည်မြဲတိုင်းပင် တည်လတ္တံ့၊ ထိုအသျှင်ဗြဟ္မာ ဖန်ဆင်းထားသော ငါတို့သည်ကား (ဖြစ်ပေါ်ခြင်းရှိ၍) မမြဲကုန်၊ (သေခြင်းရှိ၍) မခိုင်ကုန်၊ (ထာဝစဉ်မရှိ၍) မတည်မြဲကုန်၊ အသက် တိုကုန်၏၊ သေခြင်းသဘောရှိကုန်၏၊ ထို့ကြောင့် ဤလူ့ဘုံသို့ ရောက်လာကုန်၏”ဟု (ဆို၏)။

ငါ့သျှင်တို့ အစိုးရသူဖန်ဆင်းခြင်းဟူသော ဗြဟ္မာဖန်ဆင်းခြင်းဟူသော ဆရာ့ဝါဒဖြစ်သော လောက၏ အစဟု သိအပ်သော အဂ္ဂညတရားကို သင်တို့သည် ဤသို့သော အစီအရင်ဖြင့် ဟောကုန်သလောဟု (မေး၏)။

“ငါ့သျှင်ဂေါတမ အသျှင်ဂေါတမဟောကြားသည့်အတိုင်း ငါတို့ ကြားဖူးကြပါကုန်၏”ဟု ထိုသူတို့ သည် ဤသို့ ဆိုကြကုန်၏။

ဘဂ္ဂဝ ငါသည် လောက၏အစဟု သိအပ်သော အဂ္ဂညတရားကိုလည်း သိ၏၊ ထို (အဂ္ဂညတရား) ကိုလည်း သိ၏၊ ထို့ထက်လွန်မြတ်သော တရားကိုလည်း သိ၏၊ ထိုသို့သိသော်လည်း မှားသောအားဖြင့်မသုံးသပ်၊ မှားသောအားဖြင့် မသုံးသပ်သောကြောင့် ငါသည် မိမိ၌ ကိလေသာငြိမ်းခြင်းကို ကိုယ်တိုင်သာ လျှင် သိ၏၊ ယင်းသို့သိသော ဘုရားသည် ဆင်းရဲခြင်းသို့ မရောက်။

၄၁။ ဘဂ္ဂဝ ခိဍ္ဍာပဒေါသိကနတ်လျှင် အကြောင်းရင်းရှိသော ဆရာ့ဝါဒဖြစ်သော လောက၏အစဟု သိအပ်သော အဂ္ဂညတရားကို ဟောကုန်သော အချို့သော သမဏဗြာဟ္မဏတို့သည် ရှိကုန်၏။ ငါသည် ထိုသူတို့ထံသို့ ချဉ်းကပ်၍”ငါ့သျှင်တို့ သင်တို့သည် ခိဍ္ဍာပဒေါသိကနတ်လျှင် အကြောင်းရင်းရှိသော ဆရာ့ ဝါဒဖြစ်သော လောက၏ အစဟု သိအပ်သော အဂ္ဂညတရားကို ဟောကုန်၏ ဟူသည် မှန်သလော”ဟု မေး၏။ ငါသည် ဤသို့မေးသော် ထိုသူတို့သည်လည်း “မှန်ပါသည်”ဟု ဝန်ခံကုန်၏။ “ငါ့သျှင်တို့ သင်တို့သည် ခိဍ္ဍာပဒေါသိကနတ်လျှင် အကြောင်းရင်းရှိသော ဆရာ့ဝါဒဖြစ်သော လောက၏အစဟု သိအပ်သော အဂ္ဂညတရားကို အဘယ်အစီအရင်ဖြင့် ဟောကုန်သနည်း”ဟု ထိုသူတို့ကို ငါ မေး၏။ ဤသို့ ငါ မေးသော် ထိုသူတို့သည် မဖြေနိုင်ကြကုန်၊ မဖြေနိုင်ကြကုန်၍ ငါ့ကိုသာ ပြန်၍ မေးကြကုန်၏၊ ငါသည် မေးလတ်သော် ထိုသူတို့အား ဤသို့ ဖြေကြား၏ —

၄၂။ ငါ့သျှင်တို့ ခိဍ္ဍာပဒေါသိကနတ် မည်သော နတ်တို့သည် ရှိကုန်၏၊ ထိုနတ်တို့သည် အလွန် ကြာမြင့်စွာ ကျီစယ်ပျော်ပါးလျက် နေကုန်၍ (စားသောက်ရန်) သတိမေ့သောကြောင့် ထိုနတ်ဘဝမှ စုတေ ကုန်၏။

ငါ့သျှင်တို့ ဤသို့သော အကြောင်းသည် ရှိသေး၏၊ တစ်ဦးတစ်ယောက်သော သတ္တဝါသည် ထို (နတ်)ဘုံမှ စုတေခဲ့၍ ဤ (လူ့ဘုံ) သို့ ရောက်လာသော် လူ့ဘောင်မှ ရသေ့ရဟန်းဘောင်သို့ ဝင်ပြီးလျှင် ပြင်းစွာ အားထုတ်ခြင်းကို စွဲ၍ မြဲမြံစွာ အားထုတ်ခြင်းကို စွဲ၍ အဖန်ဖန် အားထုတ်ခြင်းကို စွဲ၍ မမေ့ မလျော့ခြင်းကို စွဲ၍ ကောင်းစွာ နှလုံးသွင်းခြင်းကို စွဲ၍ ထိုသို့သဘောရှိသော စိတ်တည်ကြည်ခြင်းကို ရ၏၊ ယင်းသို့ စိတ်တည်ကြည်လတ်သော် ရှေး၌ နေဖူးသော ထို (နတ်) ဘဝကို အောက်မေ့နိုင်၏၊ ထို့ထက် လွန်၍ မအောက်မေ့နိုင်။

ထိုသူသည် ဤသို့ ဆို၏ —

“အကြင် အသျှင် နတ်တို့သည် ခိဍ္ဍာပဒေါသိက၂ မဟုတ်ကုန်၊ ထိုနတ်တို့သည် အလွန်ကြာ မြင့်စွာ ကျီစယ်ပျော်ပါးလျက် မနေကုန်၍ (စားသောက်ရန်) သတိမမေ့သောကြောင့် ထိုနတ်ဘဝမှ မစုတေကုန်၊ (ဖြစ်ပေါ်ခြင်း မရှိ၍) မြဲကုန်၏၊ (သေခြင်း မရှိ၍) ခိုင်မြဲကုန်၏၊ (ထာဝစဉ် ရှိနေ၍) တည်မြဲကုန်၏၊ ဖောက်ပြန်ခြင်းသဘော မရှိကုန်၊ ထို့ကြောင့် မြဲသော အရာတို့နှင့် တူစွာ တည်မြဲ တိုင်းပင် တည်ကုန်လတ္တံ့။ ခိဍ္ဍာပဒေါသိကဖြစ်သော ငါတို့သည်ကား အလွန်ကြာမြင့်စွာ ကျီစယ် ပျော်ပါးလျက် နေကုန်၍ (စားသောက်ရန်) သတိမေ့သောကြောင့် ထိုနတ်ဘဝမှ စုတေခဲ့ကုန်၏၊ (ဖြစ်ပေါ်ခြင်းရှိ၍) မမြဲကုန်၊ (သေခြင်းရှိ၍) မခိုင်မြဲကုန်၊ (ထာဝစဉ်မရှိ၍) မတည်မြဲကုန်၊ အသက် တိုကုန်၏၊ သေခြင်းသဘောရှိကုန်၏၊ ထို့ကြောင့် ဤလူ့ဘုံသို့ ရောက်လာကုန်၏”ဟု (ဆို၏)။

ငါ့သျှင်တို့ သင်တို့သည် ခိဍ္ဍာပဒေါသိကနတ်လျှင် အကြောင်းရင်းရှိသော ဆရာ့ဝါဒဖြစ်သော လောက၏ အစဟု သိအပ်သော အဂ္ဂညတရားကို ဤသို့သော အစီအရင်ဖြင့် ဟောကုန်သလောဟု (မေး၏)။

“ငါ့သျှင်ဂေါတမ အသျှင် ဂေါတမဟောကြားသည့်အတိုင်း ငါတို့ ကြားဖူးကြပါကုန်၏”ဟု ထိုသူတို့ သည် ဤသို့ ဆိုကြကုန်၏။

ဘဂ္ဂဝ ငါသည် လောက၏ အစဟု သိအပ်သော အဂ္ဂညတရားကိုလည်း သိ၏။ပ။ ယင်းသို့ သိသောဘုရားသည် ဆင်းရဲခြင်းသို့ မရောက်။

၄၃။ ဘဂ္ဂဝ မနောပဒေါသိက၃ နတ်လျှင် အကြောင်းရင်းရှိသော ဆရာ့ဝါဒဖြစ်သော လောက၏ အစဟု သိအပ်သော အဂ္ဂညတရားကို ဟောကုန်သော အချို့သော သမဏဗြာမဟ္မဏတို့သည် ရှိကုန်၏၊ ထိုသူတို့ကို ချဉ်းကပ်၍ “ငါ့သျှင်တို့ သင်တို့သည် မနောပဒေါသိကနတ်လျှင် အကြောင်းရင်းရှိသော ဆရာ့ဝါဒဖြစ်သော လောက၏ အစဟု သိအပ်သော အဂ္ဂညတရားကို ဟောကုန်၏ ဟူသည် မှန်သလော”ဟု ငါ မေး၏။ ငါသည် ဤသို့ မေးသော် ထိုသူတို့သည်လည်း “မှန်ပါသည်”ဟု ဝန်ခံကြကုန်၏။ “ငါ့သျှင်တို့ သင်တို့သည် မနောပဒေါသိကနတ်လျှင် အကြောင်းရင်းရှိသော ဆရာ့ဝါဒဖြစ်သော လောက၏ အစဟု သိအပ်သော အဂ္ဂညတရားကို အဘယ်အစီအရင်ဖြင့် ဟောကုန်သနည်း”ဟု ထိုသူတို့ကို ငါမေး၏။ ထို သူတို့သည် ဤသို့ ငါမေးသော် မဖြေနိုင်ကြကုန်၊ မဖြေနိုင်ကြကုန်၍ ငါ့ကိုသာ ပြန်၍ မေးကြကုန်၏၊ မေးလတ်သော် ထိုသူတို့အား ဤသို့ ငါ ဖြေကြား၏ —

၄၄။ ငါ့သျှင်တို့ မနောပဒေါသိကနတ်တို့သည် ရှိကုန်၏၊ ထိုနတ်တို့သည် အလွန်ကြာမြင့်စွာ အချင်းချင်း တစိန်းစိန်း ကြည့်ကုန်သဖြင့် အချင်းချင်း ဒေါသစိတ် ဖြစ်ကုန်၍ ကိုယ်စိတ်ပင်ပန်းသောကြောင့် ထိုနတ်ဘဝမှ စုတေကုန်၏။

ငါ့သျှင်တို့ ဤသို့သော အကြောင်းသည် ရှိသေး၏၊ တစ်ဦးတစ်ယောက်သော သတ္တဝါသည် ထို (နတ်)ဘုံမှ စုတေခဲ့၍ ဤ (လူ့ဘုံ) သို့ ရောက်လာသော် လူ့ဘောင်မှ ရသေ့ရဟန်းဘောင်သို့ ဝင်ပြီးလျှင် ပြင်းစွာ အားထုတ်ခြင်းကို စွဲ၍ မြဲမြံစွာ အားထုတ်ခြင်းကို စွဲ၍ အဖန်ဖန် အားထုတ်ခြင်းကို စွဲ၍ မမေ့ မလျော့ခြင်းကို စွဲ၍ ကောင်းစွာ နှလုံးသွင်းခြင်းကို စွဲ၍ ထိုသို့သဘောရှိသော စိတ်တည်ကြည်ခြင်းကိုရ၏၊ ယင်းသို့ စိတ်တည်ကြည်လတ်သော် ရှေး၌ နေဖူးသော ထို (နတ်) ဘဝကို အောက်မေ့နိုင်၏၊ ထို့ထက်လွန် ၍ မအောက်မေ့နိုင်။

ထိုသူသည် ဤသို့ ဆို၏ —

“အကြင် အသျှင် နတ်တို့သည် မနောပဒေါသိက မဟုတ်ကုန်၊ ထိုနတ်တို့သည် အလွန်ကြာ မြင့်စွာ အချင်းချင်း တစိန်းစိန်း မကြည့်ကုန်သဖြင့် အချင်းချင်း ဒေါသစိတ် မဖြစ်ကုန်၍ ကိုယ်စိတ် မပင်ပန်း ကုန်သောကြောင့် ထိုနတ်ဘဝမှ မစုတေကုန်၊ (ဖြစ်ပေါ်ခြင်းမရှိ၍) မြဲကုန်၏၊ (သေခြင်း မရှိ၍) ခိုင်မြဲကုန်၏၊ (ထာဝစဉ်ရှိနေ၍) တည်မြဲကုန်၏၊ ဖောက်ပြန်ခြင်းသဘော မရှိကုန်၊ ထို့ ကြောင့် မြဲသောအရာတို့နှင့် တူစွာ တည်မြဲတိုင်းပင် တည်ကုန်လတ္တံ့။ မနောပဒေါသိကဖြစ်သော ငါတို့သည်ကား အလွန်ကြာမြင့်စွာ အချင်းချင်း တစိန်းစိန်း ကြည့်ကုန်သဖြင့် အချင်းချင်း ဒေါသ စိတ်ဖြစ်ကုန်၍ ကိုယ်စိတ်၏ ပင်ပန်းသောကြောင့် ထိုနတ်ဘဝမှ စုတေကုန်၏၊ (ဖြစ်ပေါ်ခြင်းရှိ၍) မမြဲကုန်၊ (သေခြင်းရှိ၍) မခိုင်မြဲကုန်၊ (ထာဝစဉ်မရှိ၍) မတည်မြဲကုန်၊ အသက်တိုကုန်၏၊ သေခြင်း သဘော ရှိကုန်၏၊ ထို့ကြောင့် ဤလူ့ဘုံသို့ ရောက်လာကုန်၏”ဟု (ဆို၏)။

ငါ့သျှင်တို့ သင်တို့သည် မနောပဒေါသိကနတ်လျှင် အကြောင်းရင်းရှိသော ဆရာ့ဝါဒဖြစ်သော လောက၏ အစဟု သိအပ်သော အဂ္ဂညတရားကို ဤသို့သော အစီအရင်ဖြင့် ဟောကုန်သလောဟု (မေး၏)။

“ငါ့သျှင်ဂေါတမ အသျှင်ဂေါတ မဟောကြားသည့်အတိုင်း ငါတို့ ကြားဖူးကြပါကုန်၏”ဟု ထိုသူတို့ သည် ဤသို့ ဆိုကြကုန်၏။

ဘဂ္ဂဝ ငါသည် လောက၏ အစဟု သိအပ်သော အဂ္ဂညတရားကိုလည်း သိ၏။ပ။ ယင်းသို့ သိသော ဘုရားသည် ဆင်းရဲခြင်းသို့ မရောက်။

၄၅။ ဘဂ္ဂဝ အကြောင်းမဲ့ ဖြစ်ပေါ်ခြင်းဟူသော ဆရာ့ဝါဒဖြစ်သော လောက၏ အစဟု သိအပ်သော အဂ္ဂညတရားကို ဟောကုန်သော အချို့သော သမဏဗြာဟ္မဏတို့သည် ရှိကုန်၏။ ငါသည် ထိုသူတို့ ထံသို့ ချဉ်းကပ်၍ “ငါ့သျှင်တို့ သင်တို့သည် အကြောင်းမဲ့ ဖြစ်ပေါ်ခြင်းဟူသော ဆရာ့ဝါဒဖြစ်သော လောက၏ အစဟု သိအပ်သော အဂ္ဂညတရားကို ဟောကုန်၏ ဟူသည် မှန်သလော”ဟု မေး၏။ ငါသည် ဤသို့ မေးလတ်သော် ထိုသူတို့သည်လည်း “မှန်ပါသည်”ဟု ဝန်ခံကုန်၏။ “ငါ့သျှင်တို့ သင်တို့သည် အကြောင်းမဲ့ ဖြစ်ခြင်းဟူသော ဆရာ့ဝါဒဖြစ်သော လောက၏ အစဟု သိအပ်သော အဂ္ဂညတရားကို အဘယ်အစီအရင်ဖြင့် ဟောကုန်သနည်း”ဟု ထိုသူတို့ကို ငါမေး၏။ ဤသို့ ငါ မေးသော့်ထိုသူတို့သည် မဖြေနိုင်ကြကုန်၊ မဖြေနိုင်ကြကုန်၍ ငါ့ကိုသာ ပြန်၍ မေးကြကုန်၏၊ မေးလတ်သော် ထိုသူတို့အား ဤသို့ ငါ ဖြေကြား၏ —

၄၆။ ငါ့သျှင်တို့ အသညသတ်မည်သော ဗြဟ္မာတို့သည် ရှိကုန်၏၊ ထိုဗြဟ္မာတို့သည် ပဋိသန္ဓေသညာ ဖြစ်ပေါ်ခြင်းကြောင့် ထိုဗြဟ္မာ့ဘုံမှ စုတေကုန်၏။

ငါ့သျှင်တို့ ဤသို့သော အကြောင်းသည် ရှိသေး၏၊ တစ်ဦးတစ်ယောက်သော သတ္တဝါသည် ထို (ဗြဟ္မာ့)ဘုံမှ စုတေ၍ ဤ (လူ့) ဘုံ သို့ ရောက်လာသော် လူ့ဘောင်မှ ရသေ့ရဟန်းဘောင်သို့ ဝင်ပြီးလျှင် ပြင်းစွာ အားထုတ်ခြင်းကို စွဲ၍ မြဲမြံစွာ အားထုတ်ခြင်းကို စွဲ၍ အဖန်ဖန် အားထုတ်ခြင်းကို စွဲ၍ မမေ့ မလျော့ခြင်းကို စွဲ၍ ကောင်းစွာ နှလုံးသွင်းခြင်းကို စွဲ၍ ထိုသို့သဘောရှိသော စိတ်တည်ကြည်ခြင်းကို ရ၏၊ ယင်းသို့ စိတ်တည်ကြည်လတ်သော် ပဋိသန္ဓေသညာဖြစ်ပေါ်ခြင်းကို အောက်မေ့နိုင်၏၊ ထို့ထက်အလွန် မအောက်မေ့နိုင်။

ထိုသူသည် ဤသို့ ဆို၏ —

“အတ္တသည်လည်ကောင်း လောကသည်လည်းကောင်း အကြောင်းမဲ့ ဖြစ်ပေါ်၏၊ အဘယ် ကြောင့်ဆိုသော် ငါသည် ရှေး၌ မရှိခဲ့၊ ထိုငါသည် မရှိခဲ့ဘဲလျက် ယခု ထင်ရှားရှိလာ၏”ဟု (ဆို၏)။

ငါ့သျှင်တို့ သင်တို့သည် အကြောင်းမဲ့ ဖြစ်ပေါ်ခြင်းဟူသော ဆရာ့ဝါဒဖြစ်သော လောက၏အစဟု သိအပ်သော အဂ္ဂညတရားကို ဤသို့သော အစီအရင်ဖြင့် ဟောကုန်သလောဟု (မေး၏)။

“ငါ့သျှင် ဂေါတမ အသျှင်ဂေါတမဟောကြားသည့်အတိုင်း ငါတို့ ကြားဖူးကြပါကုန်၏”ဟု ထိုသူတို့ သည် ဤသို့ ဆိုကြကုန်၏။

ဘဂ္ဂဝ ငါသည် လောက၏ အစဟု သိအပ်သော အဂ္ဂညတရားကိုလည်း သိ၏၊ ထို (အဂ္ဂညတရား) ကိုလည်း သိ၏၊ ထို့ထက်လွန်မြတ်သော တရားကိုလည်း သိ၏၊ ထိုသို့သိသော်လည်း မှားသောအားဖြင့် မသုံးသပ်သောကြောင့် ငါသည် မိမိသန္တာန်၌ ကိလေသာငြိမ်းခြင်းကို သိ၏၊ ယင်းသို့ သိသော ဘုရားသည် ဆင်းရဲခြင်းသို့ မရောက်။

၄၇။ ဘဂ္ဂဝ ဤသို့ဆိုလေ့ရှိသော ဤသို့ဟောလေ့ရှိသော ငါ့ကို အချို့သော သမဏဗြာဟ္မဏတို့သည် ထင်ရှားမရှိသော အချည်းနှီးသော ချွတ်လွဲသော မဟုတ်မမှန်သော စကားဖြင့် စွပ်စွဲကုန်၏၊ “ရဟန်းဂေါတမသည် ဖောက်ပြန်သော သညာရှိ၏၊ ရဟန်းတို့သည်လည်း ဖောက်ပြန်သော သညာရှိကုန်၏၊ ရဟန်းဂေါတမသည် ‘တင့်တယ်သည်ဟု ဆိုအပ်သော ဝိမောက္ခဈာန်ကို ဝင်စား၍ နေသောအခါ အလုံး စုံ (တင့်တယ် မတင့်တယ်သော အာရုံ) ကို မတင့်တယ် ‘ဟုသာ သိမှတ်၏ဟူ၍ ဟော၏”ဟု စွပ်စွဲကုန်၏။

ဘဂ္ဂဝ “တင့်တယ်သည်ဟု ဆိုအပ်သော ဝိမောက္ခဈာန်ကို ဝင်စား၍ နေသောအခါ အလုံးစုံ (တင့် တယ် မတင့်တယ်သော အာရုံ) ကို မတင့်တယ်ဟုသာ သိမှတ်၏”ဟု ဤသို့ မဟော၊ ဘဂ္ဂဝ “တင့်တယ် သည်ဟု ဆိုအပ်သော ဝိမောက္ခဈာန်ကို ဝင်စား၍ နေသောအခါ တင့်တယ်၏ ဟူ၍သာ သိမှတ်၏”ဟု ဤသို့သာ ငါ ဟော၏ (ဟု မိန့်တော်မူ၏)။

မြတ်စွာဘုရား မြတ်စွာဘုရားကိုလည်းကောင်း ရဟန်းတို့ကိုလည်းကောင်း ဖောက်ပြန်သောအားဖြင့် စွပ်စွဲကြသော ထိုသူတို့သာ ဖောက်ပြန်ကုန်၏။ မြတ်စွာဘုရား မြတ်စွာဘုရား၌ အကျွန်ုပ်သည် ဤသို့ ကြည်ညိုပါ၏ “အကျွန်ုပ်သည် တင့်တယ်သည်ဟု ဆိုအပ်သော ဝိမောက္ခဈာန်ကို ဝင်စား၍ နေနိုင်သည့် တိုင်အောင် မြတ်စွာဘုရားသည် အကျွန်ုပ်အား တရားဟောရန် စွမ်းနိုင်ပါ၏”ဟု (ကြည်ညိုပါ၏ ဟူ၍ လျှောက်၏)။

၄၈။ ဘဂ္ဂဝ အယူတစ်မျိုး အလိုတစ်မျိုး အကြိုက်တစ်မျိုး အားထုတ်မှုတစ်မျိုး ဆရာတစ်မျိုးရှိသော သင်သည် တင့်တယ်သည်ဟု ဆိုအပ်သော ထိုဝိမောက္ခဈာန်ကို ဝင်စား၍ နေရန် ခဲယဉ်း၏။ ဘဂ္ဂဝ ငါ့တိုက်တွန်း၏၊ သင်သည် ငါ၌ ကြည်ညိုခြင်းကိုသာ ကောင်းစွာ စောင့်ထိန်းလော့ဟု (မိန့်တော် မူ၏)။

မြတ်စွာဘုရား အယူတစ်မျိုး အလိုတစ်မျိုး အကြိုက်တစ်မျိုး အားထုတ်မှုတစ်မျိုး ဆရာတစ်မျိုး ရှိသော အကျွန်ုပ်သည် တင့်တယ်သည်ဟု ဆိုအပ်သော ထိုဝိမောက္ခဈာန်ကို ဝင်စား၍ နေရန် အကယ်၍ ခဲယဉ်းပါလျှင် မြတ်စွာဘုရား၌ အကျွန်ုပ်၏ ကြည်ညိုခြင်းကိုသာ အကျွန်ုပ် ကောင်းစွာ စောင့်ထိန်းပါအံ့ဟု (လျှောက်၏)။

မြတ်စွာဘုရားသည် ဤတရားတော်ကို မိန့်တော်မူ၏၊ ဘဂ္ဂဝအနွယ် ပရိဗိုဇ်သည် မြတ်စွာဘုရား ဟောကြားတော်မူသော တရားတော်ကို နှစ်လိုသည်ဖြစ်၍ ဝမ်းမြောက်စွာ ခံယူလေသတည်း။

ရှေးဦးစွာသော ပါထိကသုတ် ပြီး၏။

၁။ ဒုတိယဈာန်သုံးဘုံတွင် တတိယဘုံ၊ အရောင်အဝါထွက်သော ဗြဟ္မာတို့၏ နေရာ။

၂။ ခိဍ္ဍာပဒေါသိက (ပါဠိ) ခိဍာ၊ ပျော်ပါးခြင်းကြောင့်။ ပဒေါသိက၊ ပျက်စီးသောနတ်။

၃။ မနော၊ စိတ်ကြောင့်။ ပဒေါသိက၊ ပျက်စီးသောနတ်။