ဒီဃနိကာယ်
၂—ဥဒုမ္ဗရိကသုတ်
နိဂြောဓပရိဗိုဇ် ဝတ္တု
၄၉။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည် —
အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ဂိဇ္ဈကုဋ်တောင်၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ နိဂြောဓပရိဗိုဇ်သည် ဥဒုမ္ဗရိကာမိဖုရား၏ ပရိဗိုဇ်အရံ၌ သုံးထောင်မျှသော များစွာသော ပရိသတ် နှင့်အတူ နေ၏။ ထိုအခါ သန္ဓာနသူကြွယ်သည် မြတ်စွာဘုရားကို ဖူးမြော်ရန် နေမွန်းလွဲအချိန်၌ ရာဇဂြိုဟ်မှ ထွက်ခဲ့၏၊ သို့ထွက်ခဲ့စဉ် သန္ဓာနသူကြွယ်အား ဤသို့ အကြံဖြစ်၏။
“မြတ်စွာဘုရားကို ဖူးမြော်ရန် အခါမဟုတ်သေး၊ မြတ်စွာဘုရားသည် (ဈာန်ဝင်စားလျက်) တစ်ပါးတည်း ကိန်းအောင်းနေတော်မူ၏၊ နှလုံးကို ပွါးစေနိုင်ကုန်သော ရဟန်းတို့ကိုလည်း ဖူးမြော် ရန် အခါမဟုတ်သေး၊ နှလုံးကို ပွါးစေနိုင်ကုန်သော ရဟန်းတို့လည်း (ဈာန်ဝင်စားလျက်) တစ်ပါးတည်း ကိန်းအောင်းနေကုန်၏၊ ငါသည် ဥဒုမ္ဗရိကာ မိဖုရား၏ ပရိဗိုဇ်အရံ၌ နိဂြောဓ ပရိဗိုဇ်ထံသို့ ချဉ်းကပ်ရမူ ကောင်းလေစွ”ဟု (အကြ ံဖြစ်၏)။
ထို့နောက် သန္ဓာနသူကြွယ်သည် ဥဒုမ္ဗရိကာ မိဖုရား၏ ပရိဗိုဇ်အရံ၌ နိဂြောဓပရိဗိုဇ်ထံသို့ ချဉ်း ကပ်၏။
၅ဝ။ ထိုစဉ်အခါ၌ နိဂြောဓပရိဗိုဇ်သည် များစွာသော ဖီလာစကားကို ပြင်းပြကျယ်လောင်စွာ ပဲ့တင် ထပ်မျှ ပြောဆိုနေကြသော များစွာသော ပရိဗိုဇ်ပရိသတ်နှင့် အတူ ထိုင်နေလျက် ရှိ၏၊ ဤဖီလာ စကားတို့ကား အဘယ်နည်း —
“မင်းနှင့် စပ်သော စကား၊ ခိုးသူနှင့် စပ်သော စကား၊ အမတ်ကြီးနှင့် စပ်သော စကား၊ စစ်သည်နှင့် စပ်သော စကား၊ ကြောက်ဖွယ်နှင့် စပ်သော စကား၊ စစ်ထိုးခြင်းနှင့် စပ်သော စကား၊ စားဖွယ်နှင့် စပ်သော စကား၊ သောက်ဖွယ်နှင့် စပ်သော စကား၊ အဝတ်နှင့် စပ်သောစကား၊ အိပ်ရာနှင့် စပ်သော စကား၊ ပန်းနှင့် စပ်သောစကား၊ နံ့သာနှင့် စပ်သော စကား၊ ဆွေမျိုးနှင့် စပ်သော စကား၊ ယာဉ်နှင့် စပ်သော စကား၊ ရွာနှင့် စပ်သော စကား၊ နိဂုံးနှင့် စပ်သော စကား၊ မြို ့နှင့် စပ်သော စကား၊ နယ်နှင့် စပ်သော စကား၊ မိန်းမနှင့် စပ်သော စကား၊ ယောကျာ်းနှင့် စပ်သော စကား၊ သူရဲကောင်းနှင့် စပ်သော စကား၊ လမ်း၁ နှင့် စပ်သော စကား၊ ရေခပ်ဆိပ်နှင့် စပ်သော စကား၊ သေလွန်သူနှင့် စပ်သော စကား၊ အထွေထွေနှင့် စပ်သော စကား၊ လောက (အကြောင်း)နှင့် စပ်သော စကား၊့သမုဒ္ဒရာ (အကြောင်း) နှင့် စပ်သော စကား၊ ကြီးပွါးခြင်း ဆုတ်ယုတ်ခြင်းနှင့် စပ်သော စကားတို့တည်း။
၅၁။ နိဂြောဓပရိဗိုဇ်သည် လာသော သန္ဓာနသူကြွယ်ကို အဝေးမှပင် မြင်၍ မိမိပရိသတ်ကို သေဝပ်စွာ နေရန် ပြောဆို၏ —
“ အသျှင်တို့ အသံ မပြုကုန်လင့်၊ ရဟန်းဂေါတမ၏ တပည့်ဖြစ်သော ဤသန္ဓာနသူကြွယ်သည် လာနေ၏။ ရဟန်းဂေါတမ၏ တပည့်ဖြစ်ကုန်သော အဝတ်ဖြူ၂ဝတ်ကုန်သော အကြင်မျှ လောက်သော လူတို့သည် ရာဇဂြိုဟ်ပြည်၌ နေကုန်၏၊ ဤသန္ဓာနသူကြွယ်သည် ထိုတပည့်တို့တွင် တစ်ယောက် အပါအဝင်ဖြစ်၏၊ ထိုအသျှင်တို့သည် တိတ်ဆိတ်ခြင်းကို အလိုရှိကုန်၏၊ တိတ်ဆိတ် ခြင်း၌ ဆုံးမသွန်သင်ပြီးဖြစ်ကုန်၏၊ တိတ်ဆိတ်ခြင်းကို ချီးမွမ်းလေ့ရှိကုန်၏၊ ပရိသတ် အသံ တိတ်ဆိတ်နေသည်ကို သိလျှင် ချဉ်းကပ်သင့်သည်ဟု အောက်မေ့တန်ရာ၏”ဟူ၍ (ပြောဆို၏)။
ဤသို့ ပြောဆိုသော် ထိုပရိဗိုဇ်တို့သည် တိတ်ဆိတ်စွာ နေကုန်၏။
၅၂။ ထိုအခါ သန္ဓာနသူကြွယ်သည် နိဂြောဓပရိဗိုဇ်ထံသို့ ချဉ်းကပ်ပြီးလျှင် နိဂြောဓပရိဗိုဇ်နှင့် အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆို၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြောဆိုပြီး၍ တစ်ခုသောနေရာ၌ ထိုင်၏။ တစ်ခုသောနေရာ၌ ထိုင်ပြီးသော သန္ဓာနသူကြွယ်သည် နိဂြောဓပရိဗိုဇ် အား ဤစကားကို ဆို၏ —
“ဂိုဏ်းတစ်ပါးဖြစ်ကုန်သော ဤအသျှင်ပရိဗိုဇ်တို့သည် မြတ်စွာဘုရားတို့နှင့်မတူ အမူခြားနားသော အားဖြင့် ပေါင်းဆုံစည်းဝေးကုန်၍ ပြင်းပြကျယ်လောင်သော အသံဖြင့် ပဲ့တင်ထပ်မျှ အမျိုးမျိုးသော (မဂ်ဖိုလ်မှ) ဖီလာစကားကို ပြောဆိုလျက် နေကြကုန်၏။ ဤဖီလာစကားတို့ကား အဘယ်နည်း၊ မင်းနှင့် စပ်သော စကား။ပ။ ကြီးပွါးခြင်း ဆုတ်ယုတ်ခြင်းနှင့် စပ်သော စကားများ ဖြစ်၏။ သို့သော် ထိုမြတ်စွာ ဘုရားသည်ကား ပရိဗိုဇ်တို့နှင့် မတူ အမူခြားနားသောအားဖြင့် ဆူညံသောအသံ နည်းကုန်သော တိုးတိုး တိတ်တိတ်အသံလည်း နည်းကုန်သော လူစော်မနံ လူတို့၏ အနံ့အသက်မှ ကင်းကုန်သော လူတို့၏ လျှို့ ဝှက်သော အမှုကို ပြုခြင်းငှါထိုက်ကုန်သော တစ်ပါးတည်း ကိန်းအောင်း၍ နေခြင်းငှါ လျောက်ပတ်ကုန်သော ဝေးကွာသော တောကျောင်းတို့ကို မှီဝဲနေထိုင်တော်မူ၏”ဟု (ဆို၏)။
၅၃။ ဤသို့ ပြောသော် နိဂြေ ာဓပရိဗိုဇ်သည် သန္ဓာနသူကြွယ်အား ဤစကားကို ဆို၏ —
“သန္ဓာနသူကြွယ် သင်သိပါ၏လော့၊ ရဟန်းဂေါတမသည် အဘယ်သူနှင့် စကားပြောသနည်း၊ အဘယ်သူနှင့် ဆွေးနွေးသနည်း၊ အဘယ်သူနှင့် စကားယှဉ်ပြိုင်ခြင်းဖြင့် ပညာအရာ၌ ထင်ရှားခြင်းသို့ ရောက်သနည်း၊ ရဟန်းဂေါတမ၏ ပညာသည် ဆိတ်ငြိမ်ရာ၌ တစ်ပါးတည်းနေသဖြင့် ပျောက်ပျက်၏၊ ရဟန်းဂေါတမသည် ပရိသတ်ထဲ ဝင်ဝံ့သူ မဟုတ်၊ စကားပြောခြင်းငှါ မစွမ်းနိုင်၊ ထို (ရဟန်းဂေါတမ) သည် ဝေးကွာသော တောကျောင်းတို့ကိုသာ မှီဝဲနေထိုင်၏။ ဥပမာအားဖြင့် ကန်းသော နွားမသည် (နွားတို့၏) အစွန်အဖျား၌ ကျက်စားလေ့ရှိသည် ဖြစ်၍ အစွန်အဖျားအရပ်တို့ကိုသာ မှီဝဲသကဲ့သို့ ဤအတူသာလျင် ရဟန်းဂေါတမ၏ ပညာသည် ဆိတ်ငြိမ်ရာ၌ တစ်ပါးတည်းနေသဖြင့် ပျောက်ပျက်၏၊ ရဟန်းဂေါတမသည် ပရိသတ်ထဲ ဝင်ဝံ့သူမဟုတ်၊ စကား ပြောခြင်းငှါ မစွမ်းနိုင်၊ ထိုသူသည် ဝေးကွာသော တောကျောင်းတို့ကိုသာ မှီဝဲနေထိုင်၏၊ သူကြွယ် စင်စစ်သော်ကား ရဟန်းဂေါတမသည် ဤပရိသတ် ရှိရာသို့ လာငြားအံ့၊ ထို (ရဟန်းဂေါတမ) ကို ပြဿနာတစ်ချက်တည်းဖြင့် ချောက်ချားစေနိုင်ကုန်ရာသည်၊ ရေမရှိသော အိုးကဲ့သို့ လှည့်ပတ်ဖွဲ့ချည်နိုင်ကုန်ရာသည်ဟု ထင်၏”ဟူ၍ (ဆို၏)။
၅၄။ မြတ်စွာဘုရားသည် အထူးသဖြင့် စင်ကြယ်သော လူတို့၏ နားထက် သာလွန်သောနား ‘ဒိဗ္ဗသောတအဘိညာဉ် ‘ ဖြင့် နိဂြောဓပရိဗိုဇ်နှင့် အတူ သန္ဓာနသူကြွယ်၏ ဤစကားပြောဆိုခြင်းကို ကြား တော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ဂိဇ္ဈကုဋ်တောင်မှ ဆင်းသက်တော်မူ၍ သုမာဂဓာရေကန်၏ ကမ်း့နား ဥဒေါင်းတို့ကို (ဘေးမဲ့ပေး၍) အစာကျွေးရာအရပ်သို့ ချဉ်းကပ်၍ သုမာဂဓာရေကန်၏ ကမ်းနား ဥဒေါင်းတို့ကို (ဘေးမဲ့ပေး၍) အစာကျွေးရာ လွင်ပြင်၌ စင်္ကြံကြွတော်မူ၏။ နိဂြောဓပရိဗိုဇ်သည် သုမာဂဓာရေကန်၏ ကမ်းနား ဥဒေါင်းတို့ကို (ဘေးမဲ့ပေး၍) အစာကျွေးရာ လွင်ပြင်၌ စင်္ကြံကြွတော်မူသော မြတ်စွာဘုရားကို မြင်လတ်သော် “အသျှင်တို့ တိတ်ဆိတ်စွာ နေကြပါကုန်လော့၊ အသျှင်တို့ အသံ မပြုပါကုန်လင့်၊ ဤရဟန်းဂေါတမသည် စင်္ကြံကြွနေ၏၊ ထိုအသျှင် (ဂေါတမ) သည် တိတ်ဆိတ်ခြင်းကို အလိုရှိ၏၊ တိတ်ဆိတ်ခြင်းကို ချီးမွမ်းလေ့ရှိ၏၊ ‘ပရိသတ်အသံ တိတ်ဆိတ်နေသည်ကို သိလျှင် ချဉ်း ကပ်သင့်သည် ‘ဟု အောက်မေ့တန်ရာ၏၊ ရဟန်းဂေါတမသည် ဤပရိသတ်သို့ အကယ်၍ လာငြားအံ့၊ ဤရဟန်းဂေါတမအား ထိုပြဿနာကို မေးကုန်ရာ၏ —
‘မြတ်စွာဘုရား မြတ်စွာဘုရားသည် ယင်းတရားဖြင့် တပည့်တို့ကို ဆုံးမဟောကြား၏၊ ယင်း တရားဖြင့် မြတ်စွာဘုရား ဆုံးမဟောကြားအပ်ကုန်သော တပည့်တို့သည် (အရဟတ္တမဂ်ကို ရသည်၏ အစွမ်းဖြင့်) နှစ်သိမ့်ဝမ်းသာခြင်းသို့ ရောက်ကုန်၍ ဤကား မြတ်သော မှီရာဖြစ်သော ရှေးဟောင်းအရိယ မဂ်တည်းဟု ဝန်ခံကုန်၏၊ မြတ်စွာဘုရား ဆုံးမဟောကြားကြောင်းဖြစ်သော ထိုတရားကား အဘယ်ပါ နည်း’ဟု မေးကုန်ရာ၏”ဟု ဆိုပြီးလျှင် မိမိပရိသတ်ကို သေဝပ်စွာ နေစေ၏။ ဤသို့ဆိုသော် ထိုပရိဗိုဇ် တို့သည် တိတ်ဆိတ်စွာ နေကြကုန်၏။
၅၅။ ထိုအခါ မြတ်စွာဘုရားသည် နိဂြေ ာဓပရိဗိုဇ်ထံသို့ ချဉ်းကပ်တော်မူ၏။ ထိုအခါ နိဂြောဓ ပရိဗိုဇ်သည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏ —
“မြတ်စွာဘုရား ကြွလာတော်မူပါ၊ အသျှင်ဘုရား မြတ်စွာဘုရား၏ ကြွလာခြင်းသည် ကောင်းသော ကြွလာခြင်းဖြစ်ပါသည်၊ အသျှင်ဘုရား မြတ်စွာဘုရားသည် ကြာမြင့်မှ ဤအရပ်သို့ ကြွလာတော်မူရန် အလှည့်ကို ပေးတော်မူဘိ၏။ အသျှင်ဘုရား မြတ်စွာဘုရားသည် ထိုင်တော်မူပါ၊ ဤနေရာကို ခင်းထားပါသည် အသျှင်ဘုရား”ဟု (လျှောက်၏)။
မြတ်စွာဘုရားသည် ခင်းထားသောနေရာ၌ ထိုင်တော်မူ၏။ နိဂြောဓပရိဗိုဇ်သည်လည်း နိမ့်သော ထိုင်စရာတစ်ခုကို ယူ၍ တစ်ခုသောနေရာ၌ ထိုင်၏။ တစ်ခုသောနေရာ၌ ထိုင်ပြီးသော နိဂြောဓပရိဗိုဇ် အား မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏ —
“နိဂြောဓ ယခုအခါ အဘယ်စကားဖြင့် စုဝေးထိုင်နေကုန်သနည်း၊ သင်တို့ မပြီးသေးသော အကြားစကားသည်ကား အဘယ်နည်း”ဟု (မိန့်တော်မူ၏)။ ဤသို့ မိန့်တော်မူသော နိဂြောဓပရိဗိုဇ်သည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏ —
မြတ်စွာဘုရား အကျွန်ုပ်တို့သည် သုမာဂဓာရေကန်၏ ကမ်းနား ဥဒေါင်းတို့ကို (ဘေးမဲ့ပေး၍) အစာကျွေးရာ ဤလွင်ပြင်၌ စင်္ကြံကြွနေသော မြတ်စွာဘုရားကို မြင်၍ ဤသို့ ဆိုပါကုန်၏ —
“ရဟန်းဂေါတမသည် အကယ်၍ ဤပရိသတ်သို့ လာငြားအံ့၊ ဤရဟန်းဂေါတမအား ထိုပြဿနာကို မေးကုန်ရာ၏၊ ‘မြတ်စွာဘုရား မြတ်စွာဘုရားသည် ယင်းတရားဖြင့် တပည့်တို့ကို ဆုံးမဟောကြား၏၊ ယင်းတရားဖြင့် မြတ်စွာဘုရား ဆုံးမဟောကြားအပ်ကုန်သော တပည့်တို့သည် (အရဟတ္တမဂ်ကို ရသည်၏ အစွမ်းဖြင့်) နှစ်သိမ့်ဝမ်းသာခြင်းသို့ ရောက်ကုန်၍ ဤကား မြတ်သော မှီရာဖြစ်သော ရှေးဟောင်း အရိယမဂ်တည်း’ဟု ဝန်ခံကုန်၏။ မြတ်စွာဘုရား ဆုံးမဟောကြား ကြောင်းဖြစ်သော ထိုတရားကား အဘယ်နည်း”ဟု မေးကုန်အံ့ဟူ၍ ဆိုပါကုန်၏။
“မြတ်စွာဘုရား အကျွန်ုပ်တို့၏ မပြီးသေးသော စကားကား ဤစကားပါတည်း၊ ထိုအခါ မြတ်စွာဘုရား ကြွရောက်တော်မူလာပါသည်”ဟု (လျှောက်၏)။
၅၆။ နိဂြေ ာဓ ငါသည် ယင်းတရားဖြင့် တပည့်တို့ကို ဆုံးမဟောကြား၍ ယင်းတရားဖြင့် ငါဆုံး မဟောကြားအပ်ကုန်သော တပည့်တို့သည် (အရဟတ္တမဂ်ကို ရသည်၏ အစွမ်းဖြင့်) နှစ်သိမ့်ဝမ်းသာ့ခြင်းသို့ ရောက်ကုန်၍ ဤကား မြတ်သော မှီရာဖြစ်သော ရှေးဟောင်းအရိယမဂ်တည်းဟု ဝန်ခံကုန်၏၊ ငါ ဆုံးမဟောကြားကြောင်းဖြစ်သော ထိုတရားကို အယူဝါဒ၌ ထင်မြင်ခြင်းတစ်မျိုး နှစ်သက်ခြင်းတစ်မျိုး သဘောကျခြင်းတစ်မျိုး အားထုတ်လေ့ လာခြင်းတစ်မျိုး ဆရာတစ်မျိုးရှိသော သင်သည် သိနိုင်ခဲ၏၊ နိဂြောဓ သင်သည် မိမိ၏ ဆရာ့ဝါဒဖြစ်သော အဓိဇေဂုစ္ဆာဝါဒ၌၃ ငါ့အား ပြဿနာကို မေးလော့ — “မြတ်စွာဘုရား အဓိဇေဂုစ္ဆာဝါဒသည် အဘယ်သို့ဖြစ်လျှင် စင်ကြယ်ပါသနည်း၊ အဘယ်သို့ဖြစ်လျှင် မစင်ကြယ်ပါသနည်း”ဟု (မေးလော့ဟု ဆို၏)။
ဤသို့ ဆိုသော် ထို ပရိဗိုဇ်တို့သည် “အချင်းတို့ ရဟန်းဂေါတမ၏ တန်ခိုးကြီးပုံ အာနုဘော်ကြီး ပုံကား အံ့ဖွယ်ရှိပေစွ၊ မဖြစ်ဖူးမြဲ ဖြစ်ပေစွ၊ မိမိဝါဒကို ထား၍ သူတစ်ပါးဝါဒဖြင့် ဖိတ်ပါပေ၏”ဟု ပြင်းပြကျယ်လောင်စွာ ပဲ့တင်ထပ်မျှ ကြွေးကြော်ကြကုန်၏။
၅၇။ ထိုအခါ နိဂြေ ာဓပရိဗိုဇ်သည် ထိုပရိသတ်တို့ကို အသံတိတ်စေ၍ မြတ်စွာဘုရားအား ဤစကားကို လျှောက်၏ —
“မြတ်စွာဘုရား အကျွန်ုပ်တို့သည် တပေါဇိဂုစ္ဆာဝါဒကို၄ နှုတ်ဖြင့် ပြောဆိုလေ့ရှိပါကုန်၏၊ တပေါ ဇိဂုစ္ဆာဝါဒကို စိတ်ဖြင့် အနှစ်သာရဟု မှတ်ယူလေ့ရှိပါကုန်၏၊ တပေါဇိဂုစ္ဆာဝါဒကို ကိုယ်ဖြင့် စွဲမြဲစွာ ကျင့်သုံးလေ့ရှိပါကုန်၏။
မြတ်စွာဘုရား တပေါဇိဂုစ္ဆာဝါဒသည် အဘယ်သို့ဖြစ်လျှင် စင်ကြယ်ပါသနည်း၊ အဘယ်သို့ဖြစ်လျှင် မစင်ကြယ်ပါသနည်း”ဟု (လျှောက်၏)။
နိဂြောဓ ဤလောက၌ တပဿီပုဂ္ဂိုလ်သည်၅ အဝတ် မဝတ်မူ၍ ကျင့်၏၊ လွတ်လပ်စွာကျင့်၏၆၊ လက်ဖြင့် (မစင်ကို) သုတ်လေ့ရှိ၏၊ အသျှင် လာပါလော့ ဆိုသူ၏ ဆွမ်းကို မခံ၊ အသျှင် ရပ်ပါဦးလော့ ဆိုသူ၏ ဆွမ်းကို မခံ၊ မိမိမကပ်ရောက်မီ ယူဆောင်လာသော ဆွမ်းကို မခံ၊ ရည်စူး၍ပြုသော ဆွမ်းကို မခံ၊ ပင့်ဖိတ်ဆွမ်းကို မခံ၊ အိုးဝမှ (ကော်၍ လောင်းသော) ဆွမ်းကို မခံ၊ တောင်းဝမှ (ကော်၍ လောင်းသော) ဆွမ်းကို မခံ၊ တံခါးခုံခြား၍ (လောင်းသော) ဆွမ်းကို မခံ၊ တုတ်ခြား၍ (လောင်းသော) ဆွမ်းကို မခံ၊ ကျည်ပွေ့ခြား၍ (လောင်းသော) ဆွမ်းကို မခံ၊ နှစ်ယောက်စားနေစဉ်မှ (လောင်းသော) ဆွမ်းကို မခံ၊ ကိုယ်ဝန်ဆောင်မိန်းမ၏ (လောင်းသော) ဆွမ်းကို မခံ၊ နို့တိုက်ဆဲ မိန်းမ၏ (လောင်းသော) ဆွမ်းကို မခံ၊ ယောကျာ်းနှင့် နှီးနှောနေသော မိန်းမ၏ (လောင်းသော) ဆွမ်းကို မခံ၊ ဆော်အော စုဆောင်း၍ (လောင်းသော) ဆွမ်းတို့ကို မခံ၊ ခွေးမျှော်နေရာမှ ဆွမ်းကို မခံ၊ ယင်အုံရာမှ ဆွမ်းကို မခံ၊ ငါးမစား၊ အမဲမစား၊ သေမသောက် အရက်မသောက်၊ ဖွဲ၌မြုပ်သော ဆေးရည်ကို မသောက်၊ တစ်အိမ်၌သာ ဆွမ်းခံ၏၊ တစ်လုပ်သာ စား၏၊ နှစ်အိမ်၌သာ ဆွမ်းခံ၏၊ နှစ်လုပ်သာ စား၏၊ ခုနစ်အိမ်၌သာ ဆွမ်းခံ၏၊ ခုနစ်လုပ်သာ စား၏၊ ဆွမ်းလောင်းခွက်ငယ် တစ်ခုစာဖြင့်လည်း ရောင့်ရဲ၏၊ ဆွမ်းလောင်း ခွက်ငယ် နှစ်ခုစာဖြင့်လည်း ရောင့်ရဲ၏၊ တစ်ရက်ခြားလည်း အစာစား၏၊ နှစ်ရက်ခြားလည်း အစာစား၏၊ ခုနစ်ရက်ခြားလည်း အစာစား၏၊ ဤနည်းဖြင့် လခွဲတစ်ကြိမ်တိုင်အောင်လည်း ဤသို့သဘောရှိသော ရက်ပိုင်းခြား၍ အစာစားခြင်းကို ကျင့်လျက်နေ၏။
သူသည် ဟင်းရွက်စိမ်းကိုသော်လည်း စားနေ၏၊ ပြောင်း၇ဆန်ကိုသော်လည်း စားနေ၏၊ ကျိတ်သီး၈ ဆန်ကိုသော်လည်း စားနေ၏၊ သားရေဖတ်အစအနကိုသော်လည်း စားနေ၏၊ မှော်ကိုသော်လည်း စားနေ၏၊ ဖွဲနု၉ကိုသော်လည်း စားနေ၏၊ ထမင်းရည်၁ဝကိုသော်လည်း သောက်စားနေ၏၊ နှမ်းမှုန့်ညက် ကိုလည်း စားနေ၏၊ မြက်ကိုသော်လည်း စားနေ၏၊ နွားချေးကိုသော်လည်း စားနေ၏၊ တောသစ်မြစ် သစ်သီးကို စားလျက် မျှတ၏၊ ကြွေကျသော သစ်သီးကိုစားလျက် မျှတ၏။
သူသည် ပိုက်ဆံလျှော်အဝတ်တို့ကိုလည်း ဝတ်၏၊ ပိုက်ဆံလျှော်နှင့် ရောနှောရက်သော အဝတ်တို့ကို လည်း ဝတ်၏၊ သူသေကောင်မှ အဝတ်တို့ကိုလည်း ဝတ်၏၊ ပံ့သကူအဝတ်တို့ကိုလည်း ဝတ်၏၊့သစ်ခေါက်အဝတ်တို့ကိုလည်း ဝတ်၏၊ သစ်နက်ရေကိုလည်း ဝတ်၏၊ သစ်နက်ရေမျှင်အဝတ်ကိုလည်း ဝတ်၏၊ သမန်းမြက်အဝတ်ကိုလည်း ဝတ်၏၊ လျှော်တေအဝတ်ကိုလည်း ဝတ်၏၊ ပျဉ်ချပ်အဝတ်ကိုလည်း ဝတ်၏၊ ဆံခြည်ကမ္ဗလာကိုလည်း ဝတ်၏၊ သားမြီးကမ္ဗလာကိုလည်း ဝတ်၏၊ ခင်ပုတ်ငှက်တောင်အဝတ် ကိုလည်း ဝတ်၏၊ ဆံမုတ်ဆိတ်ကိုလည်း နုတ်၏၊ ဆံမုတ်ဆိတ်နုတ်ခြင်း အမှုကိုလည်း အားထုတ်၏၊ ထိုင် ရန်နေရာကို ပယ်၍ ရပ်လျက်လည်း နေ၏၊ ဆောင့်ကြောင့်လည်း ထိုင်နေ၏၊ ဆောင့်ကြောင့်ထိုင် နေခြင်း အမှုကိုလည်း အားထုတ်၏၊ ဆူးအခင်းပေါ်၌လည်း နေ၏၊ ဆူးအခင်းပေါ်၌ အိပ်၏၊ ပျဉ်ပြားပေါ်၌လည်း အိပ်၏၊ ကြမ်းတမ်းသော မြေပြင်၌လည်း အိပ်၏၊ နံပါးတစ်ဖက်တည်းဖြင့်လည်း အိပ်၏၊ မြူအညစ် အကြေးကိုလည်း ဆောင်၏၊ လွင်ပြင်၌လည်း နေ၏၊ ရတိုင်းသောနေရာ၌လည်း နေ၏၊ မစင်ကိုလည်း စား၏၊ မစင်စားခြင်းအမှုကိုလည်း အားထုတ်၏၊ ရေမသောက်မှု၍လည်း နေ၏၊ ရေမသောက်ခြင်းအမှု ကိုလည်း အားထုတ်၏၊ ညနေချမ်းလျှင် သုံးကြိမ်မြောက် ရေသို့ သက်ဆင်းခြင်းအမှုကိုလည်း အားထုတ် ၍ နေ၏။
နိဂြောဓ ထိုအရာကို အဘယ်သို့ ထင်သနည်း၊ ယင်းသို့ဖြစ်သော် တပေါဇိဂုစ္ဆာဝါဒသည် စင်ကြယ် သလော မစင်ကြယ်သလောဟု (မေးတော်မူ၏)။
မြတ်စွာဘုရား ဤသို့ဖြစ်သော် တပေါဇိဂုစ္ဆာဝါဒသည် ဧကန် စင်ကြယ်ပါ၏၊ မစင်ကြယ်သည် မဟုတ်ပါဟု (လျှောက်၏)။
နိဂြောဓ ဤသို့သော စင်ကြယ်သော တပေါဇိဂုစ္ဆာဝါဒ၌လည်း ညစ်ညူးခြင်း အမျိုးမျိုးတို့ကို ငါ ဟော၏ဟု (မိန့်တော်မူ၏)။
၁။ မြို့တွင်းရှိလမ်းကို ဆိုသည်။
၂။ ထိုခေတ်တွင် ထိုဒေသ၌နေသော လူတို့သည် အဝတ်ဖြူကို ဝတ်လေ့ရှိ၍ ရသေ့ ရဟန်းတို့သည် ဖန်ရည်ဆိုးအဝတ်ကို ဝတ်လေ့ရှိသည်။
၃။ အားထုတ်လုံးလဖြင့် မကောင်းမှုကို ပယ်ခြင်းဟု အဋ္ဌကထာပြဆိုသည်၊ စင်စစ်သော်ကား ကိလေသာကုန်ခန်းစေရန် ဆို၍ အဝတ်မဝတ်ခြင်း အစာမစားခြင်း ရေချိုးခြင်း မီးလှုံခြင်း စသည်ဖြင့် မိမိကိုယ်ကို ညှဉ်းပန်းသော အတ္တကိလမထာအကျင့်မျိုးကို စွဲယူကျင့်သုံးသော ဝါဒဖြစ်သည်။
၄။ အဓိဇေဂုစ္ဆာဝါဒနှင့် အလားတူ ဖြစ်သည်
၅။ အမျိုးကောင်းသားတို့၏ အလေ့အထဟူသမျှကို ပယ်၍ ရပ်လျက် ကျင်ကြီးကျင်ငယ်စွန့်ခြင်း စသည်ကို ပြု ခြင်းပင်တည်း။
၆။ တိတ္ထိတက္ကတွန်းများ ပရိဗိုဇ်များကို ဆိုလိုသည်။
၇။ ဂျုံဆန် သို့မဟုတ် ဆန်စိမ်းဟု အချို့မူများ၌ ပြန်၏။
၈။ မြက်သီးဆန် သို့မဟုတ် ဆန်တစ်မျိုးဟု အချို့မူများ၌ ပြန်၏။
၉။ ကဏောပိတဏ္ဍုလံ ပရိယောနန္ဓိ = ဖွဲနုသည်လည်း ဆန်ကို မြှေးရှက်၏၊ (ပါထိကဝဂ် အဂ္ဂညသုတ်) နှင့်အညီ ကဏကို ဖွဲနုဟု ပြန်သည်။
၁ဝ။ ထမင်းချိုးလည်းဟူ၏။
ညစ်ညူးခြင်း အမျိုးမျိုး
၅၈။ မြတ်စွာဘုရား ဤသို့စင်ကြယ်သော တပေါဇိဂုစ္ဆာဝါဒ၌ ညစ်ညူးခြင်းအမျိုးမျိုးတို့ကို မြတ်စွာ ဘုရားသည် အဘယ်သို့ ဟောပါသနည်းဟု (လျှောက်၏)။
နိဂြောဓ ဤလောက၌ တပဿီ၁ ပုဂ္ဂိုလ်သည် တပအကျင့်ကို၂ ဆောက်တည်၍ ကျင့်၏၊ ထိုသူသည် ထိုအကျင့်ဖြင့် ဝမ်းမြောက်၏၊ ပြည့်စုံပြီဟု ထင်၏။ နိဂြောဓ တပဿီပုဂ္ဂိုလ်သည် တပအကျင့်ကို ဆောက်တည်၍ ကျင့်၏၊ ထိုသူအား ထိုအကျင့်ဖြင့် အကြင်ဝမ်းမြောက်ခြင်း ပြည့်စုံပြီဟု ထင်ခြင်းသည် ဖြစ်၏၊ နိဂြောဓ ဤ (ဝမ်းမြောက်ခြင်း ပြည့်စုံပြီဟု ထင်ခြင်း) သည် တပဿီပုဂ္ဂိုလ်၏ ညစ်ညူးခြင်းဖြစ်၏။
နိဂြောဓ တစ်ဖန် ထို့ ပြင်လည်း တပဿီပုဂ္ဂိုလ်သည် တပအကျင့်ကို ဆောက်တည်၍ ကျင့်၏၊ ထိုသူသည် ထိုအကျင့်ဖြင့် မိမိကို မြှင့်တင်၏၊ သူတစ်ပါးကို ရှုတ်ချ၏။ နိဂြောဓ တပဿီပုဂ္ဂိုလ်သည် တပအကျင့်ကို ဆောက်တည်၍ ကျင့်၏၊ ထိုသူအား ထိုအကျင့်ဖြင့် အကြင်မိမိကို မြှင့်တင်ခြင်း သူတစ်ပါးကို ရှုတ်ချခြင်းသည် ဖြစ်၏၊ နိဂြောဓ ဤ (မိမိကိုယ်ကို မြှင့်တင်ခြင်း သူတစ်ပါးကို ရှုတ်ချခြင်း) သည်လည်း တပဿီပုဂ္ဂိုလ်၏ ညစ်ညူးခြင်း ဖြစ်၏။
နိဂြောဓ တစ်ဖန် ထို့ ပြင်လည်း တပဿီပုဂ္ဂိုလ်သည် တပအကျင့်ကို ဆောက်တည်၍ ကျင့်၏၊ ထိုသူသည် ထိုအကျင့်ဖြင့် မာန်ယစ်၏၊ တွေဝေ၏၊ မေ့လျော့ခြင်းသို့ ရောက်၏။ နိဂြောဓ တပဿီ ပုဂ္ဂိုလ်သည် တပအကျင့်ကို ဆောက်တည်၍ ကျင့်၏၊ ထိုသူအား ထိုအကျင့်ဖြင့် အကြင်မာန်ယစ်ခြင်း တွေ ဝေခြင်း မေ့လျော့ခြင်းသည် ဖြစ်၏၊ နိဂြောဓ ဤ (မာန်ယစ်ခြင်း တွေဝေခြင်း မေ့လျော့ခြင်း) သည်လည်း တပဿီပုဂ္ဂိုလ်၏ ညစ်ညူးခြင်း ဖြစ်၏။
၅၉။ နိဂြောဓ တစ်ဖန် ထို့ ပြင်လည်း တပဿီပုဂ္ဂိုလ်သည် တပအကျင့်ကို ဆောက်တည်၍ ကျင့်၏၊ ထိုသူသည် ထိုအကျင့်ဖြင့် လာဘ်ရမှု အရိုအသေပြုမှု ကျော်ကြားမှုကို ဖြစ်စေ၏၊ ထိုသူသည် ထို လာဘ်ရမှု အရိုအသေပြုမှု ကျော်ကြားမှုဖြင့် ဝမ်းမြောက်၏၊ ပြည့်စုံပြီဟု ထင်၏။ နိဂြောဓ တပဿီ ပုဂ္ဂိုလ်သည် တပအကျင့်ကို ဆောက်တည်၍ ကျင့်၏၊ ထိုသူသည် ထိုအကျင့်ဖြင့် လာဘ်ရမှု အရိုအသေပြုမှု ကျော်ကြားမှုကို ဖြစ်စေ၏၊ ထိုသူအား ထိုလာဘ်ရမှု အရိုအသေပြုမှု ကျော်ကြားမှုဖြင့် အကြင် ဝမ်း မြောက်ခြင်း ပြည့်စုံပြီဟု ထင်ခြင်းသည် ဖြစ်၏၊ နိဂြောဓ ဤ (ဝမ်းမြောက်ခြင်း ပြည့်စုံပြီဟု ထင်ခြင်း) သည်လည်း တပဿီပုဂ္ဂိုလ်၏ ညစ်ညူးခြင်း ဖြစ်၏။
နိဂြောဓ တစ်ဖန် ထို့ ပြင်လည်း တပဿီပုဂ္ဂိုလ်သည် တပအကျင့်ကို ဆောက်တည်၍ ကျင့်၏၊ ထိုသူသည် ထိုအကျင့်ဖြင့် လာဘ်ရမှု အရိုအသေပြုမှု ကျော်ကြားမှုကို ဖြစ်စေ၏၊ ထိုသူသည် ထိုလာဘ်ရ မှု အရိုအသေပြုမှု ကျော်ကြားမှုဖြင့် မိမိကို မြှင့်တင်၏၊ သူတစ်ပါးကို ရှုတ်ချ၏။ နိဂြောဓ တပဿီ ပုဂ္ဂိုလ်သည် တပအကျင့်ကို ဆောက်တည်၍ ကျင့်၏၊ ထိုအကျင့်ဖြင့် လာဘ်ရမှု အရိုအသေပြုမှု ကျော်ကြားမှုကို ဖြစ်စေ၏၊ ထိုသူအား ထိုလာဘ်ရမှု အရိုအသေပြုမှု ကျော်ကြားမှုဖြင့် အကြင် မိမိကို မြှင့်တင်ခြင်း သူတစ်ပါးကို ရှုတ်ချခြင်းသည် ဖြစ်၏၊ နိဂြောဓ ဤ (မိမိကို မြှင့်တင်ခြင်း သူတစ်ပါးကို ရှုတ်ချခြင်း) သည်လည်း တပဿီပုဂ္ဂိုလ်၏ ညစ်ညူးခြင်း ဖြစ်၏။
နိဂြောဓ တစ်ဖန် ထို့ ပြင်လည်း တပဿီပုဂ္ဂိုလ်သည် တပအကျင့်ကို ဆောက်တည်၍ ကျင့်၏၊ ထိုသူသည် ထိုအကျင့်ဖြင့် လာဘ်ရမှု အရိုအသေပြုမှု ကျော်ကြားမှုကို ဖြစ်စေ၏၊ ထိုသူသည် ထို လာဘ်ရမှု အရိုအသေပြုမှု ကျော်ကြားမှုဖြင့် မာန်ယစ်၏၊ တွေဝေ၏၊ မေ့လျော့ခြင်းသို့ ရောက်၏။ နိဂြောဓ တပဿီပုဂ္ဂိုလ်သည် တပအကျင့်ကို ဆောက်တည်၍ ကျင့်၏၊ ထိုသူသည် ထိုအကျင့်ဖြင့် လာဘ်ရ မှု အရိုအသေပြုမှု ကျော်ကြားမှုကို ဖြစ်စေ၏၊ ထိုသူအား ထိုလာဘ်ရမှု အရိုအသေပြုမှု ကျော်ကြားမှုဖြင့် အကြင် မာန်ယစ်ခြင်း တွေဝေခြင်း မေ့လျော့ခြင်းသည် ဖြစ်၏၊ နိဂြောဓ ဤ (မာန်ယစ်ခြင်း တွေဝေခြင်း မေ့လျော့ခြင်း) သည်လည်း တပဿီပုဂ္ဂိုလ်၏ ညစ်ညူးခြင်း ဖြစ်၏။
၆ဝ။ နိဂြောဓ တစ်ဖန် ထို့ ပြင်လည်း တပဿီပုဂ္ဂိုလ်သည် တပအကျင့်ကို ဆောက်တည်၍ ကျင့်၏၊ အစားအစာတို့၌ “ဤအစာကို ငါနှစ်သက်၏၊ ဤအစာကို ငါမနှစ်သက်”ဟု နှစ်မျိုး ခွဲခြားခြင်းသို့ ရောက့်၏။ ထိုသူသည် မနှစ်သက်သောအစာကို တပ်မက်ခြင်းရှိလျက် စွန့်၏၊ နှစ်သက်သောအစာကို မက်မော လျက် တွေဝေလျက် ငြိတွယ်လျက် အပြစ်ကို မရှုမူ၍ ပစ္စဝေက္ခဏာဉာဏ်ဖြင့် မဆင်ခြင်မူ၍ သုံးဆောင်၏။ပ။ နိဂြောဓ ဤ (မက်မောခြင်းစသည်ဖြင့် သုံးဆောင်ခြင်း) သည်လည်း တပဿီပုဂ္ဂိုလ်၏ ညစ်ညူးခြင်း ဖြစ်၏။
နိဂြောဓ တစ်ဖန် ထို့ ပြင်လည်း တပဿီပုဂ္ဂိုလ်သည် “ဘုရင်များ အမတ်ကြီးများ မင်းမျိုးများ ပုဏ္ဏားများ သူကြွယ်များနှင့် ဂိုဏ်းဆရာများတို့သည် ငါ့ကို ရိုသေကုန်လတ္တံ့”ဟု လာဘ်ရမှု အရိုအသေ ပြုမှု ကျော်ကြားမှုကို တပ်နှစ်သက်ခြင်းဟူသော အကြောင်းကြောင့် တပအကျင့်ကို ဆောက်တည်၍ ကျင့်၏။ပ။ နိဂြောဓ ဤ (လာဘ်ရမှုစသည်ကို တပ်နှစ်သက်ခြင်း) သည်လည်း တပဿီပုဂ္ဂိုလ်၏ ညစ်ညူးခြင်း ဖြစ်၏။
၆၁။ နိဂြောဓ တစ်ဖန် ထို့ ပြင်လည်း တပဿီပုဂ္ဂိုလ်သည် တစ်ဦးဦးသော သမဏကိုသော်လည်း ကောင်း ဗြာဟ္မဏကိုသော်လည်းကောင်း ရှုတ်ချကဲ့ရဲ့၏၊ “ဤသူသည် အမျိုးမျိုးအဖုံဖုံ စားသောက်လေ့ ရှိ၏၊ အမြစ်မျိုးစေ့ ပင်စည်မျိုးစေ့ အဆစ်မျိုးစေ့ အညွန့်မျိုးစေ့ ငါးခုမြောက် အစေ့မျိုးစေ့ဟူသော အစာအားလုံးကို စား၏၊ သို့ပါလျက် မိုးကြိုးစက်နှင့် တူသော သွားရှိသော ထိုသူကို သမဏဗြာဟ္မဏဟု ခေါ်သဖြင့် အဘယ်အကျိုးရှိမည်နည်း”ဟု ရှုတ်ချကဲ့ရဲ့၏။ပ။ နိဂြောဓ ဤ (ရှုတ်ချကဲ့ရဲ့ခြင်း) သည်လည်း တပဿီပုဂ္ဂိုလ်၏ ညစ်ညူးခြင်း ဖြစ်၏။
နိဂြောဓ တစ်ဖန် ထို့ ပြင်လည်း တပဿီပုဂ္ဂိုလ်သည် ဒါယကာတို့ အရိုအသေပြုသော အလေးပြုသော မြတ်နိုးသော ပူဇော်သော တစ်ဦးဦးသော သမဏကိုသော်လည်းကောင်း ဗြာဟ္မဏကိုသော်လည်း ကောင်း မြင်၏၊ မြင်သောကြောင့် ထိုသူအား ဤသို့သော အကြံသည် ဖြစ်၏၊ “အမျိုးမျိုး အဖုံဖုံ စားသောက်လေ့ရှိသော ဤသူကို ဒါယကာတို့သည် ရိုသေကုန်၏၊ အလေးပြုကုန်၏၊ မြတ်နိုးကုန်၏၊ ပူဇော် ကုန်၏၊ ခြိုးခြံသော အကျင့်ရှိသော ခေါင်းပါးသော အသက်မွေးခြင်းရှိသော ငါ့ကိုကား ဒါယကာတို့သည် မရိုသေကုန်၊ မလေးစားကုန်၊ မမြတ်နိုးကုန်၊ မပူဇော်ကုန်”ဟု (အကြံဖြစ်၏)၊ ဤသို့ ထိုသူသည် ဒါယကာ တို့၌ မနာလိုဝန်တိုစိတ်ကို ဖြစ်စေ၏။ပ။ နိဂြောဓ ဤ (မနာလိုဝန်တိုခြင်း) သည်လည်း တပဿီပုဂ္ဂိုလ်၏ ညစ်ညူးခြင်း ဖြစ်၏။
၆၂။ နိဂြောဓ တစ်ဖန် ထို့ ပြင်လည်း တပဿီပုဂ္ဂိုလ်သည် (ကျင့်ဝတ်ပြုဟန်ဆောင်လျက်) လူမြင်သော အရပ်၌ နေလေ့ရှိ၏။ပ။ နိဂြောဓ ဤ (မိမိအကျင့်ကို လူမြင်အောင်နေခြင်း) သည်လည်း တပဿီ ပုဂ္ဂိုလ်၏ ညစ်ညူးခြင်း ဖြစ်၏။
နိဂြောဓ တစ်ဖန် ထို့ ပြင်လည်း တပဿီပုဂ္ဂိုလ်သည် “ဤသည်လည်း ငါ၏ အကျင့်ဖြစ်၏၊ ဤသည်လည်း ငါ၏ အကျင့်ဖြစ်၏”ဟု ဒါယကာတို့၌ မိမိ (ဂုဏ်) ကို ပြလျက် လှည့်လည်၏။ပ။ နိဂြောဓ ဤ (မိမိဂုဏ်ကို ပြ၍ လှည့်လည်ခြင်း) သည်လည်း တပဿီပုဂ္ဂိုလ်၏ ညစ်ညူးခြင်း ဖြစ်၏။
နိဂြောဓ တစ်ဖန် ထို့ပြင်လည်း တပဿီပုဂ္ဂိုလ်သည် မည်သည့်အရာကိုမဆို လျှို့ဝှက်၍သာလျှင် ပြုကျင့်၏၊ ထိုသူသည် “သင်ဤအရာကို နှစ်သက်သလော”ဟု မေးလျှင် မနှစ်သက်သည်ကို “နှစ်သက်၏”ဟု ဆို၏။ နှစ်သက်သည်ကို “မနှစ်သက်”ဟု ဆို၏၊ ဤသို့လျှင် သိလျက် မဟုတ်မမှန် ပြော တတ်၏။ပ။ နိဂြောဓ ဤ (သိလျက် မဟုတ်မမှန်ပြောခြင်း) သည်လည်း တပဿီပုဂ္ဂိုလ်၏ ညစ်ညူးခြင်း ဖြစ်၏။
နိဂြောဓ တစ်ဖန် ထို့ ပြင်လည်း တပဿီပုဂ္ဂိုလ်သည် မြတ်စွာဘုရားဖြစ်စေ မြတ်စွာဘုရား၏ တပည့်ဖြစ်စေ တရားဟောသောအခါဟုတ်မှန်သည်သာဖြစ်သော ဝန်ခံသင့်သောအကြောင်းကို (ဟုတ်မှန်ပါ ပေသည်ဟု) ဝန်မခံ။ပ။ နိဂြောဓ ဤ (ဝန်ခံသင့်သော အကြောင်းကို ဝန်မခံခြင်း) သည်လည်း တပဿီ ပုဂ္ဂိုလ်၏ ညစ်ညူးခြင်း ဖြစ်၏။
၆၃။ နိဂြောဓ တစ်ဖန် ထို့ ပြင်လည်း တပဿီပုဂ္ဂိုလ်သည် အမျက်ထွက်၏၊ ရန်ငြိုးဖွဲ့၏။ နိဂြောဓ တပဿီပုဂ္ဂိုလ်အား အကြင်အမျက်ထွက်ခြင်း ရန်ငြိုးဖွဲ့ခြင်းသည် ဖြစ်၏၊ ဤ (အမျက်ထွက်ခြင်း ရန်ငြိုး ဖွဲ့ခြင်း) သည်လည်း တပဿီပုဂ္ဂိုလ်၏ ညစ်ညူးခြင်း ဖြစ်၏။
နိဂြောဓ တစ်ဖန် ထို့ ပြင်လည်း တပဿီပုဂ္ဂိုလ်သည် သူတစ်ပါးဂုဏ်ကို ချေဖျက်၏၊ ဂုဏ်ပြိုင်၏။ပ။ မနာလိုစိတ်ရှိ၏၊ နှမြော (ဝန်တို)၏။ စဉ်းလဲ၏၊ လှည့်စား၏။ စိတ်ခက်ထန်၏၊ မာန်ထောင်လွှား၏။ ယုတ်မာသော အလိုရှိ၏၊ ယုတ်မာသော အလိုသို့ လိုက်ပါ၏။ ကောင်းမှု မကောင်းမှု၏ အကျိုး မရှိ ဟူသော (မိစ္ဆာဒိဋ္ဌိ) အယူရှိ၏၊ သေလျှင်ဆုံး၏ ပြတ်၏ဟူသော (အန္တဂ္ဂါဟိက) အယူရှိ၏။ မိမိအယူကို မှားသောအားဖြင့် သုံးသပ်လေ့ရှိ၏၊ မှားသောအယူကို မြဲမြံစွာယူလေ့ရှိ၏၊ စွန့်နိုင်ခဲ၏။ နိဂြောဓ တပဿီ ပုဂ္ဂိုလ်အား အကြင် မိမိအယူကို မှားသောအားဖြင့် သုံးသပ်ခြင်း မှားသော အယူကို မြဲမြံစွာ ယူလေ့ရှိခြင်း စွန့်နိုင်ခဲခြင်းသည် ရှိ၏၊ နိဂြောဓ ဤ (မိမိ အယူကို မှားသောအားဖြင့် သုံးသပ်ခြင်းစသည်)သည်လည်း တပဿီပုဂ္ဂိုလ်၏ ညစ်ညူးခြင်း ဖြစ်၏။
နိဂြောဓ ထိုအရာကို အဘယ်သို့ ထင်သနည်း၊ “ဤတပေါဇိဂုစ္ဆာဝါဒတို့သည် ညစ်ညူးကုန်သလော၊ မညစ်ညူးကုန်သလော”ဟု (မေးတော်မူ၏)။
မြတ်စွာဘုရား ဤတပေါဇိဂုစ္ဆာဝါဒတို့သည် ဧကန်ညစ်ညူးပါကုန်၏၊ မညစ်ညူးသည် မဟုတ်ပါကုန်။ မြတ်စွာဘုရား “ဤလောက၌ အချို့သော တပဿီပုဂ္ဂိုလ်သည် ဤညစ်ညူးခြင်း အားလုံးတို့နှင့်ပင် ပြည့်စုံပါမူ အခြား အခြား ညစ်ညူးခြင်းနှင့် မပြည့်စုံဟု အဘယ်ဆိုဖွယ်ရာ ရှိပါမည်နည်း” ဟူသော ထို အကြောင်းသည် ရှိပါ၏ဟု (လျှောက်၏)။
၁။ တိတ္ထိတက္ကတွန်းများ ပရိဗိုဇ်များအပြင် ဤသာသနာတော်က ဓုတင်ဆောင် ပုဂ္ဂိုလ်များကိုပါ ဆိုလိုသည်။
၂။ မိမိကိုယ်တိုင် ပင်ပန်းဆင်းရဲစေသည့် အတ္တကိလမထအကျင့်များ ခြိုးခြံသော ဓုတင်အကျင့်များကို ဆိုလိုသည်။
အခွံအပွေးနှင့်တူသော စင်ကြယ်ခြင်းကို ပြဆိုရာ
၆၄။ နိဂြောဓ ဤလောက၌ တပဿီပုဂ္ဂိုလ်သည် တပအကျင့်ကို ဆောက်တည်၍ ကျင့်၏၊ ထိုသူသည် ထိုအကျင့်ဖြင့် ဝမ်းမမြောက်၊ ပြည့်စုံပြီဟု မထင်။ နိဂြောဓ တပဿီပုဂ္ဂိုလ်သည် တပအကျင့်ကို ဆောက်တည်၍ ကျင့်၏၊ ထိုသူအား ထိုအကျင့်ဖြင့် အကြင် ဝမ်းမမြောက်ခြင်း၊ ပြည့်စုံပြီဟု မထင်ခြင်းသည် ဖြစ်၏။ ဤအကြောင်းကြောင့် ထိုသူသည် ထိုအဆင့်၌ စင်ကြယ်၏။
နိဂြောဓ တစ်ဖန် ထို့ ပြင်လည်း တပဿီပုဂ္ဂိုလ်သည် တပအကျင့်ကို ဆောက်တည်၍ ကျင့်၏၊ ထို သူသည် ထိုအကျင့်ဖြင့် မိမိကို မမြှင့်တင်၊ သူတစ်ပါးကို မရှုတ်ချ။ပ။ ဤအကြောင်းကြောင့် ထိုသူသည် ထိုအဆင့်၌ စင်ကြယ်၏။
နိဂြောဓ တစ်ဖန် ထို့ ပြင်လည်း တပဿီပုဂ္ဂိုလ်သည် တပအကျင့်ကို ဆောက်တည်၍ ကျင့်၏၊ ထို သူသည် ထိုအကျင့်ဖြင့် မာန်မယစ်၊ မတွေဝေ၊ မေ့လျော့ခြင်းသို့ မရောက်။ပ။ ဤအကြောင်းကြောင့် ထိုသူ သည် ထိုအဆင့်၌ စင်ကြယ်၏။
၆၅။ နိဂြောဓ တစ်ဖန် ထို့ ပြင်လည်း တပဿီပုဂ္ဂိုလ်သည် တပအကျင့်ကို ဆောက်တည်၍ ကျင့်၏၊ ထိုသူသည် ထိုအကျင့်ဖြင့် လာဘ်ရမှု အရိုအသေပြုမှု ကျော်ကြားမှုကို ဖြစ်စေ၏၊ ထိုသူသည် ထိုလာဘ် ရမှု အရိုအသေပြုမှု ကျော်ကြားမှုဖြင့် ဝမ်းမမြောက်၊ ပြည့်စုံပြီဟု မထင်။ပ။ ဤအကြောင်းကြောင့် ထိုသူ သည် ထိုအဆင့်၌ စင်ကြယ်၏။
နိဂြောဓ တစ်ဖန် ထို့ ပြင်လည်း တပဿီပုဂ္ဂိုလ်သည် တပအကျင့်ကို ဆောက်တည်၍ ကျင့်၏၊ ထို သူသည် ထိုအကျင့်ဖြင့် လာဘ်ရမှု အရိုအသေပြုမှု ကျော်ကြားမှုကို ဖြစ်စေ၏၊ ထိုသူသည် ထိုလာဘ်ရမှု အရိုအသေပြုမှု ကျော်ကြားမှုဖြင့် မိမိကို မမြှင့်တင်၊ သူတစ်ပါးကို မရှုတ်ချ။ပ။ ဤအကြောင်းကြောင့် ထိုသူသည် ထိုအဆင့်၌ စင်ကြယ်၏။
နိဂြောဓ တစ်ဖန် ထို့ ပြင်လည်း တပဿီပုဂ္ဂိုလ်သည် တပအကျင့်ကို ဆောက်တည်၍ ကျင့်၏၊ ထိုသူသည် ထိုအကျင့်ဖြင့် လာဘ်ရမှု အရိုအသေပြုမှု ကျော်ကြားမှုကို ဖြစ်စေ၏၊ ထိုသူသည် ထိုလာဘ်ရ မှု အရိုအသေပြုမှု ကျော်ကြားမှုဖြင့် မာန်မယစ်၊ မတွေဝေ၊ မေ့လျော့ခြင်းသို့ မရောက်။ပ။ ဤအကြောင်း ကြောင့် ထိုသူသည် ထိုအဆင့်၌ စင်ကြယ်၏။
၆၆။ နိဂြောဓ တစ်ဖန် ထို့ ပြင်လည်း တပဿီပုဂ္ဂိုလ်သည် အစားအစာတို့၌ “ဤ (အစာ) ကို ငါ နှစ်သက်၏၊ ဤ (အစာ) ကို ငါမနှစ်သက်”ဟု နှစ်မျိုးခွဲခြားခြင်းသို့ မရောက်၊ ထိုသူသည် မနှစ်သက်သော အစာကို တပ်မက်ခြင်း မရှိသည်ဖြစ်၍ စွန့်၏။ နှစ်သက်သော အစာကို မမက်မော မတွေဝေ မငြိ တွယ်မူ၍ အပြစ်ကို ရှုလေ့ရှိသည်ဖြစ်၍ ပစ္စဝေက္ခဏာ ဆင်ခြင်လျက် သုံးဆောင်၏။ပ။ ဤအကြောင်း ကြောင့် ထိုသူသည် ထိုအဆင့်၌ စင်ကြယ်၏။
နိဂြောဓ တစ်ဖန် ထို့ ပြင်လည်း တပဿီပုဂ္ဂိုလ်သည် “ဘုရင်များ အမတ်ကြီးများ မင်းမျိုးများ ပုဏ္ဏားများ သူကြွယ်များ ဂိုဏ်းဆရာများတို့သည် ငါ့ကို ရိုသေကုန်လတ္တံ့”ဟု လာဘ်ရမှု အရိုအသေပြုမှု ကျော်ကြားမှုကို နှစ်သက်ခြင်းဟူသော အကြောင်းကြောင့် တပအကျင့်ကို ဆောက်တည်၍ မကျင့်။ပ။ ဤအကြောင်းကြောင့် ထိုသူသည် ထိုအဆင့်၌ စင်ကြယ်၏။
၆၇။ နိဂြောဓ တစ်ဖန် ထို့ ပြင်လည်း တပဿီပုဂ္ဂိုလ်သည် တစ်ဦးဦးသော သမဏကိုသော်လည်း ကောင်း ဗြာဟ္မဏကိုသော်လည်းကောင်း မရှုတ်ချ မကဲ့ရဲ့ “ဤသူသည် အမျိုးမျိုးအဖုံဖုံ စားသောက်လေ့ ရှိ၏၊ အမြစ်မျိုးစေ့ ပင်စည်မျိုးစေ့ အဆစ်မျိုးစေ့ အညွန့်မျိုးစေ့ ငါးခုမြောက် အစေ့မျိုးစေ့ဟူသော အစာအားလုံးကို စား၏၊ မိုးကြိုးစက်နှင့် တူသော သွားရှိသော ထိုသူကို သမဏဗြာဟ္မဏဟု ခေါ်သဖြင့် အဘယ် အကျိုးရှိမည်နည်း”ဟု (မရှုတ်ချ မကဲ့ရဲ့)။ပ။ ဤအကြောင်းကြောင့် ထိုသူသည် ထိုအဆင့်၌ စင်ကြယ်၏။
နိဂြောဓ တစ်ဖန် ထို့ ပြင်လည်း တပဿီပုဂ္ဂိုလ်သည် ဒါယကာတို့ အရိုအသေပြုသော အလေးပြုသော မြတ်နိုးသော ပူဇော်သော တစ်ဦးဦးသော သမဏကိုသော်လည်းကောင်း ဗြာဟ္မဏကိုသော်လည်း ကောင်း မြင်၏၊ မြင်သောကြောင့် ထိုသူအား ဤသို့ အကြံမဖြစ်၊ “အမျိုးမျိုးအဖုံဖုံ စားသောက်လေ့ရှိသော ဤသူကို ဒါယကာတို့သည် ရိုသေကုန်၏၊ အလေးပြုကုန်၏၊ မြတ်နိုးကုန်၏၊ ပူဇော်ကုန်၏၊ ခြိုးခြံသော အကျင့်ကိုကျင့်သော ခေါင်းပါးစွာ စားသောက်လေ့ရှိသော ငါ့ကိုကား ဒါယကာတို့သည် မရိုသေကုန်၊ မလေးစားကုန်၊ မမြတ်နိုးကုန်၊ မပူဇော်ကုန်”ဟု (အကြံမဖြစ်)၊ ဤသို့ ထိုသူသည် ဒါယကာတို့၌ မနာလို ဝန်တိုစိတ်ကို မဖြစ်စေ။ပ။ ဤအကြောင်းကြောင့် ထိုသူသည် ထိုအဆင့်၌ စင်ကြယ်၏။
၆၈။ နိဂြောဓ တစ်ဖန် ထို့ ပြင်လည်း တပဿီပုဂ္ဂိုလ်သည် ကျင့်ဝတ်ပြုဟန်ဆောင်၍ လူမြင်သော အရပ်၌ နေလေ့မရှိ။ပ။ ဤအကြောင်းကြောင့် ထိုသူသည် ထိုအဆင့်၌ စင်ကြယ်၏။
နိဂြောဓ တစ်ဖန် ထို့ ပြင်လည်း တပဿီပုဂ္ဂိုလ်သည် “ဤသည်လည်း ငါ၏ အကျင့်တည်း၊ ဤသည်လည်း ငါ၏ အကျင့်တည်း”ဟု ဒါယကာတို့၌ မိမိ (ဂုဏ်) ကို ပြလျက် မလှည့်လည်။ပ။ ဤအ ကြောင်းကြောင့် ထိုသူသည် ထိုအဆင့်၌ စင်ကြယ်၏။
နိဂြောဓ တစ်ဖန် ထို့ ပြင်လည်း တပဿီပုဂ္ဂိုလ်သည် မည်သည့်အရာကိုမဆို လျှို့ဝှက်၍ မပြုကျင့်၊ ထိုသူသည် “သင်ဤအရာကို နှစ်သက်သလော”ဟု မေးလျှင် မနှစ်သက်သည်ကို “မနှစ်သက်”ဟု ဆို၏၊ နှစ်သက်သည်ကို “နှစ်သက်၏”ဟု ဆို၏။ ဤသို့ ထိုသူသည် သိလျက် မဟုတ်မမှန် မပြော။ပ။့ဤအကြောင်းကြောင့် ထိုသူသည် ထိုအဆင့်၌ စင်ကြယ်၏။
နိဂြောဓ တစ်ဖန် ထို့ ပြင်လည်း တပဿီပုဂ္ဂိုလ်သည် မြတ်စွာဘုရားသည်လည်းကောင်း မြတ်စွာ ဘုရား၏ တပည့်သည်လည်းကောင်း တရားဟောသောအခါဟုတ်မှန်သည်သာဖြစ်သော ဝန်ခံသင့်သော အ ကြောင်းကို (ဟုတ်မှန်ပါပေသည်)ဟု ဝန်ခံ၏။ပ။ ဤအကြောင်းကြောင့် ထိုသူသည် ထိုအဆင့်၌ စင်ကြယ်၏။
၆၉။ နိဂြောဓ တစ်ဖန် ထို့ ပြင်လည်း တပဿီပုဂ္ဂိုလ်သည် အမျက်မထွက်၊ ရန်ငြိုးမဖွဲ့။ နိဂြောဓ တပဿီပုဂ္ဂိုလ်အား အကြင် အမျက်မထွက်ခြင်း ရန်ငြိုးမဖွဲ့ခြင်းသည် ဖြစ်၏။ပ။ ဤအကြောင်းကြောင့် ထို သူသည် ထိုအဆင့်၌ စင်ကြယ်၏။
နိဂြောဓ တစ်ဖန် ထို့ ပြင်လည်း တပဿီပုဂ္ဂိုလ်သည် သူတစ်ပါး၏ ဂုဏ်ကို မချေဖျက် ဂုဏ် မပြိုင်။ပ။ မနာလိုစိတ်မရှိ၊ ဝန်မတို။ မစဉ်းလဲ၊ မလှည့်စား။ စိတ်မခက်ထန်၊ မာန်မထောင်လွှား။ ယုတ်မာသော အလိုမရှိ၊ ယုတ်မာသော အလိုသို့ မလိုက်ပါ။ ကောင်းမှု မကောင်းမှု၏ အကျိုးမရှိ ဟူသော (မိစ္ဆာဒိဋ္ဌိ) အယူမရှိ၊ သေလျှင် ဆုံး၏ ပြတ်၏ဟူသော (အန္တဂ္ဂါဟိက) အယူမရှိ။ မိမိအယူကို မှားသော အားဖြင့် မသုံးသပ်၊ မှားသောအယူကို မြဲမြံစွာ ယူလေ့မရှိ၊ စွန့်နိုင်လွယ်၏။ နိဂြောဓ တပဿီပုဂ္ဂိုလ်အား အကြင် မိမိအယူကို မှားသောအားဖြင့် မသုံးသပ်ခြင်း၊ မှားသောအယူကို မြဲမြံစွာ ယူလေ့မရှိခြင်း၊ စွန့်နိုင် လွယ်ခြင်းသည် ဖြစ်၏။ ဤအကြောင်းကြောင့် ထိုသူသည် ထိုအဆင့်၌ စင်ကြယ်၏။
နိဂြောဓ ထိုအရာကို အဘယ်သို့ ထင်သနည်း၊ “ဤသို့ ဖြစ်သော် တပေါဇိဂုစ္ဆာဝါဒသည် စင်ကြယ် သလော၊ မစင်ကြယ်သလော”ဟု (မေးတော်မူ၏)။
မြတ်စွာဘုရား ဤသို့ ဖြစ်သော် တပေါဇိဂုစ္ဆာဝါဒသည် ဧကန် စင်ကြယ်ပါ၏၊ မစင်ကြယ်သည် မဟုတ်ပါ၊ အထွတ်အထိပ်သို့လည်း ရောက်ပါ၏၊ အနှစ်သာရသို့လည်း ရောက်ပါ၏ဟု (လျှောက်၏)။
နိဂြောဓ တပေါဇိဂုစ္ဆာဝါဒသည် ဤမျှဖြင့် အထွတ်အထိပ်သို့လည်း မရောက်သေး၊ အနှစ်သာရသို့ လည်း မရောက်သေး၊ စင်စစ်သော်ကား အခွံအပွေးသို့ ရောက်ရုံသာ ရှိသေး၏ဟု (မိန့်တော်မူ၏)။
အခေါက်နှင့်တူသော စင်ကြယ်ခြင်းကို ပြဆိုရာ
၇ဝ။ မြတ်စွာဘုရား တပေါဇိဂုစ္ဆာဝါဒသည် အဘယ်မျှဖြင့် အထွတ်အထိပ်သို့လည်း ရောက်ပါသနည်း၊ အနှစ်သာရသို့လည်း ရောက်ပါသနည်း၊ မြတ်စွာဘုရား တောင်းပန်ပါ၏၊ မြတ်စွာဘုရားသည် တပေါဇိဂုစ္ဆာဝါဒ၏ အထွတ်အထိပ်သို့သာ ရောက်အောင် ဟောတော်မူပါ၊ အနှစ်သာရသို့သာ ရောက်အောင် ဟောတော်မူပါဟု (လျှောက်၏)။
နိဂြောဓ ဤလောက၌ တပဿီ၁ ပုဂ္ဂိုလ်သည် စောင့်စည်းခြင်း လေးမျိုးဖြင့် စောင့်စည်း၏။ နိဂြောဓ တပဿီပုဂ္ဂိုလ်သည် အဘယ်သို့လျှင် စောင့်စည်းခြင်း လေးမျိုးဖြင့် စောင့်စည်းသနည်း၊ နိဂြောဓ ဤလောက၌ တပဿီပုဂ္ဂိုလ်သည် အသက်ကို မသတ်၊ အသက်ကို မသတ်စေ၊ အသက် သတ်သောသူအား အလိုမတူ။ မပေးသော ဥစ္စာကို မယူ၊ မပေးသော ဥစ္စာကို မယူစေ၊ မပေးသော ဥစ္စာကို ယူသောသူအား အလိုမတူ။ မဟုတ် မမှန်သောစကားကို မပြော၊ မဟုတ်မမှန်သောစကားကို မပြောစေ၊ မဟုတ်မမှန်သော စကားကို ပြောသောသူအား အလိုမတူ။ ကာမဂုဏ်ငါးပါးကို မခံစား၊ ကာမဂုဏ်ငါးပါးကို မခံစားစေ၊ ကာမဂုဏ်ငါးပါးကို ခံစားသောသူအား အလိုမတူ။ နိဂြောဓ တပဿီပုဂ္ဂိုလ်သည် ဤသို့ စောင့်စည်းခြင်း လေးမျိုးဖြင့် စောင့်စည်း၏။
နိဂြောဓ တပဿီ၂ ပုဂ္ဂိုလ်သည် စောင့်စည်းခြင်း လေးမျိုးဖြင့် စောင့်စည်းသောအခါ ထက်သန်သော လုံ့လရှိသည်၏ အဖြစ်ကြောင့် ဤဆိုလတ္တံ့သော လက္ခဏာသည် ဖြစ်၏၊ ထိုသူသည် (ထိုသီလကို) ပွါးစေ၏၊ လူ့ဘောင်သို့ ပြန်၍ မလည်။ ထိုသူသည် ဆိတ်ငြိမ်သော ကျောင်းအိပ်ရာ နေရာကို မှီဝဲ၏၊ တော, သစ်ပင်ရင်း, တောင်, ချောက်, တောင်ခေါင်း, သင်္ချိုင်း, တောအုပ်, လွင်ပြင်, ကောက်ရိုးပုံဟူသော ဆိတ်ငြိမ်သော ကျောင်းအိပ်ရာ နေရာကို မှီဝဲ၏။
ထိုသူသည် ဆွမ်းခံရာမှ ပြန်ခဲ့၍ ဆွမ်းစားပြီးနောက် ထက်ဝယ်ဖွဲ့ခွေပြီးလျှင် ကိုယ်ကို ဖြောင့်မတ်စွာ ထား၍ ကမ္မဋ္ဌာန်းသို့ ရှေးရှု သတိကို ဖြစ်စေလျက် ထိုင်၏၊ ထိုသူသည် (ဥပါဒါနက္ခန္ဓာငါးပါးဟူသော) လောက၌ မက်မောခြင်း ‘အဘိဇ္ဈာ’ကို ပယ်၍ မက်မောခြင်း ‘အဘိဇ္ဈာ’ ကင်းသော စိတ်ဖြင့်နေ၏၊ မက်မောခြင်း ‘အဘိဇ္ဈာ’ မှ စိတ်ကို စင်ကြယ်စေ၏။ ပျက်စီးစေလိုခြင်း ‘ဒေါသ’ ကို ပယ်စွန့်၍ မပျက်စီးစေ လိုသော စိတ်ရှိသည် ဖြစ်၍ ခပ်သိမ်းသော သတ္တဝါတို့၏ အစီးအပွါးကို လိုလားလျက် နေ၏၊ ပျက်စီး စေလိုခြင်း ‘ဒေါသ’ မှ စိတ်ကို စင်ကြယ်စေ၏။ လေးလံထိုင်းမှိုင်းခြင်း ‘ထိနမိဒ္ဓ’ ကို ပယ်၍ လေးလံထိုင်း မှိုင်းခြင်း ‘ထိနမိဒ္ဓ’ မှ ကင်းသည် ဖြစ်၍ အောက်မေ့ဆင်ခြင်လျက် အလင်းရောင်ကို မှတ်ခြင်းရှိသည် ဖြစ်၍ နေ၏၊ လေးလံထိုင်းမှိုင်းခြင်း ‘ထိနမိဒ္ဓ’ မှ စိတ်ကို စင်ကြယ်စေ၏။ ပျံ့လွင့်ခြင်း ‘ဥဒ္ဓစ္စ’ နောင်တတစ်ဖန် ပူပန်ခြင်း ‘ကုက္ကုစ္စ’ ကို ပယ်၍ မိမိသန္တာန်၌ ငြိမ်းအေးသော စိတ်ရှိသည်ဖြစ်၍ မပျံ့လွင့်သည် ဖြစ်၍ နေ၏၊ ပျံ့လွင့်ခြင်း ‘ဥဒ္ဓစ္စ’ နောင်တတစ်ဖန် ပူပန်ခြင်း ‘ကုက္ကုစ္စ’ မှ စိတ်ကို စင်ကြယ်စေ၏။ ယုံမှားခြင်း ‘ဝိစိကိစ္ဆာ’ ကို ပယ်၍ ယုံမှားခြင်း ‘ဝိစိကိစ္ဆာ’ကို လွန်မြောက်သည် ဖြစ်၍ ကုသိုလ်တရားတို့၌ သို့လော သို့လော မရှိသည်ဖြစ်၍ နေ၏၊ ယုံမှားခြင်း ‘ဝိစိကိစ္ဆာ’ မှ စိတ်ကို စင်ကြယ်စေ၏။
၇၁။ ထိုသူသည် စိတ်ညစ်ညူးကြောင်းဖြစ်သော ပညာအားနည်းအောင် ပြုတတ်သော ဤအပိတ် အပင် ‘နီဝရဏ’ ငါးမျိုးတို့ကို ပယ်ပြီး၍ မေတ္တာနှင့်ယှဉ်သော စိတ်ဖြင့် တစ်ခုသော အရပ်မျက်နှာကို ပျံ ့နှံ့စေ၍ နေ၏။ ထို့အတူ နှစ်ခုမြောက် အရပ်မျက်နှာကို။ သုံးခုမြောက် အရပ်မျက်နှာကို။ လေးခုမြောက် အရပ်မျက်နှာကို ပျံ့နှံ့စေ၍ နေ၏။ ဤနည်းဖြင့် အထက် အောက် ဖီလာ အရပ်မျက်နှာကို ပျံ့နှံ့စေ၍ နေ၏။ အလုံးစုံသော အရပ်မျက်နှာတို့၌ (ရှိသော) သတ္တဝါအားလုံးကို မိမိနှင့် အတူ ပြု၍ သတ္တဝါ အားလုံးပါဝင်သော သတ္တလောကကို ပြန့်ပြောသော မြင့်မြတ်သော အတိုင်းအရှည်မရှိသော ရန်မရှိသော ငြိုငြင်ခြင်းမရှိသော မေတ္တာနှင့် ယှဉ်သော စိတ်ဖြင့် ပျံ့နှံ့စေ၍ နေ၏။ သနားခြင်း ‘ကရုဏာ’ နှင့်ယှဉ်သော စိတ်ဖြင့်။ပ။ ဝမ်းမြောက်ခြင်း ‘မုဒိတာ’ နှင့်ယှဉ်သော စိတ်ဖြင့်။ပ။ လျစ်လျူရှုခြင်း ‘ဥပေက္ခာ’ နှင့်ယှဉ်သော စိတ်ဖြင့် တစ်ခုသော အရပ်မျက်နှာကို ပျံ့နှံ့စေ၍ နေ၏။ ထို့အတူ နှစ်ခုမြောက် အရပ် မျက်နှာကို။ သုံးခုမြောက် အရပ်မျက်နှာကို။ လေးခုမြောက် အရပ်မျက်နှာကို ပျံ့နှံ့စေ၍ နေ၏။ ဤနည်းဖြင့် အထက် အောက် ဖီလာ အရပ်မျက်နှာကို ပျံ့နှံ့စေ၍ နေ၏။ အလုံးစုံသော အရပ်မျက်နှာတို့၌ (ရှိသော) သတ္တဝါ အားလုံးတို့ကို မိမိနှင့် အတူပြု၍ သတ္တဝါအားလုံးပါဝင်သော သတ္တလောကကို ပြန့်ပြောသော မြင့်မြတ်သော အတိုင်းအရှည် မရှိသော ရန်မရှိသော ငြိုငြင်ခြင်းမရှိသော ဥပေက္ခာနှင့် ယှဉ်သော စိတ်ဖြင့် ပျံ့နှံ့စေ၍ နေ၏။
နိဂြောဓ ထိုအရာကို အဘယ်သို့ ထင်သနည်း၊ “ဤသို့ ဖြစ်သော် တပေါဇိဂုစ္ဆာဝါဒသည် စင်ကြယ် သလော၊ မစင်ကြယ်သလော”ဟု (မေးတော်မူ၏)။
မြတ်စွာဘုရား ဤသို့ဖြစ်သော် တပေါဇိဂုစ္ဆာဝါဒသည် ဧကန်စင်ကြယ်ပါ၏၊ မစင်ကြယ်သည် မဟုတ် ပါ၊ အထွတ်အထိပ်သို့လည်း ရောက်ပါ၏၊ အနှစ်သာရသို့လည်း ရောက်ပါ၏ဟု (လျှောက်၏)။
နိဂြောဓ ဤမျှဖြင့် တပေါဇိဂုစ္ဆာဝါဒသည် အထွတ်အထိပ်သို့လည်း မရောက်သေး၊ အနှစ်သာရသို့ လည်း မရောက်သေး၊ စင်စစ်သော်ကား အခေါက်သို့ ရောက်ရုံသာ ရှိသေး၏ဟု (မိန့်တော်မူ၏)။
၁။ သီလကို လုံခြုံအောင် လုံ့လပြုသော သီလသံဝရပုဂ္ဂိုလ်ကို ဆိုလိုသည်။
၂။ ပလိဗောဓမှ ကင်းဝေးအောင် လုံ့လပြုသော ယောဂါဝစရပုဂ္ဂိုလ် ဈာန်ရပုဂ္ဂိုလ်နှင့် အဘိညာဉ်ရပုဂ္ဂိုလ်များကို ဆိုလိုသည်။
အကာနှင့်တူသော စင်ကြယ်ခြင်းကို ပြဆိုရာ
၇၂။ မြတ်စွာဘုရား တပေါဇိဂုစ္ဆာဝါဒသည် အဘယ်မျှဖြင့် အထွတ်အထိပ်သို့လည်း ရောက်ပါသနည်း၊ အနှစ်သာရသို့လည်း ရောက်ပါသနည်း၊ မြတ်စွာဘုရား တောင်းပန်ပါ၏၊ မြတ်စွာဘုရားသည် တပေါဇိဂုစ္ဆာဝါဒ၏ အထွတ်အထိပ်သို့သာ ရောက်အောင် ဟောတော်မူပါ၊ အနှစ်သာရသို့သာ ရောက်အောင် ဟောတော်မူပါဟု (လျှောက်၏)။
နိဂြောဓ ဤလောက၌ တပဿီပုဂ္ဂိုလ်သည် စောင့်စည်းခြင်း လေးမျိုးဖြင့် စောင့်စည်း၏။ နိဂြောဓ တပဿီပုဂ္ဂိုလ်သည် အဘယ်သို့လျှင် စောင့်စည်းခြင်း လေးမျိုးဖြင့် စောင့်စည်းသနည်း။ပ။ နိဂြောဓ တပဿီပုဂ္ဂိုလ်သည် ဤသို့ စောင့်စည်းခြင်းလေးမျိုးဖြင့် စောင့်စည်းသောအခါ ထက်သန်သော လုံ့လရှိ သည်၏ အဖြစ်ကြောင့် ဤဆိုလတ္တံ့သော လက္ခဏာသည် ဖြစ်၏။ ထိုသူသည် (ထိုသီလကို) ပွါးစေ၏၊ လူ့ဘောင်သို့ ပြန်၍ မလည်၊ ထိုသူသည် ဆိတ်ငြိမ်သော ကျောင်းအိပ်ရာနေရာကို မှီဝဲ၏။ပ။ ထိုသူသည် စိတ်ညစ်ညူးကြောင်း ဖြစ်ကုန်သော ပညာကို အားနည်းအောင် ပြုတတ်ကုန်သော ဤအပိတ်အပင် ‘နီဝရဏ’ ငါးမျိုးတို့ကို ပယ်ဖျောက်၍ မေတ္တာနှင့် ယှဉ်သော စိတ်ဖြင့်။ပ။ ကရုဏာနှင့် ယှဉ်သော စိတ်ဖြင့်။ပ။ မုဒိတာနှင့်ယှဉ်သော စိတ်ဖြင့်။ပ။ ပြန့်ပြောသော မြင့်မြတ်သော အတိုင်းအရှည်မရှိသော ရန်မရှိသော ငြိုငြင်ခြင်းမရှိသော ဥပေက္ခာနှင့်ယှဉ်သော စိတ်ဖြင့် ပျံ့နှံ့စေ၍ နေ၏၊ ထိုသူသည် များပြားသော ရှေး၌ ဖြစ်ဖူးသော ဘဝကို အောက်မေ့နိုင်၏။
ဤသည်ကား အဘယ်နည်း —
တစ်ဘဝကိုလည်းကောင်း နှစ်ဘဝတို့ကိုလည်းကောင်း သုံးဘဝတို့ကိုလည်းကောင်း လေး ဘဝတို့ကိုလည်းကောင်း ငါးဘဝတို့ကိုလည်းကောင်း ဆယ်ဘဝတို့ကိုလည်းကောင်း ဘဝနှစ်ဆယ် တို့ကိုလည်းကောင်း ဘဝသုံးဆယ်တို့ကိုလည်းကောင်း ဘဝလေးဆယ်တို့ကိုလည်းကောင်း ဘဝ ငါးဆယ်တို့ကိုလည်းကောင်း ဘဝတစ်ရာကိုလည်းကောင်း ဘဝတစ်ထောင်ကိုလည်းကောင်း ဘဝ တစ်သိန်းကိုလည်းကောင်း များပြားသော ပျက်ကပ်တို့ကိုလည်းကောင်း များပြားသော ဖြစ်ကပ် တို့ကိုလည်းကောင်း များပြားသော ပျက်ကပ်ဖြစ်ကပ်တို့ကိုလည်းကောင်း “ဤမည်သော ဘဝ၌ (ငါသည်) ဤသို့သော အမည်ရှိခဲ့၏၊ ဤသို့သော အနွယ်ရှိခဲ့၏၊ ဤသို့သော အဆင်းရှိခဲ့၏၊ ဤသို့သော အစာရှိခဲ့၏၊ ဤသို့သော ချမ်းသာဆင်းရဲကို ခံစားခဲ့၏၊ ဤသို့သော အသက်အပိုင်း အခြား ရှိခဲ့၏၊ ထို (ငါ) သည် ထိုဘဝမှ သေခဲ့၍ ဤမည်သော ဘဝ၌ ဖြစ်ပြန်၏၊ ထိုဘဝ၌လည်း (ငါသည်) ဤသို့သော အမည်ရှိခဲ့၏၊ ဤသို့သော အနွယ်ရှိခဲ့၏၊ ဤသို့သော အဆင်းရှိခဲ့၏၊ ဤသို့သော အစာရှိခဲ့၏၊ ဤသို့သော ချမ်းသာဆင်းရဲကို ခံစားခဲ့၏၊ ဤသို့သော အသက်အပိုင်း အခြား ရှိခဲ့၏၊ ထို (ငါ) သည် ထိုဘဝမှ သေခဲ့၍ ဤဘဝ၌ ဖြစ်ပြန်၏”ဟု ဤသို့ အခြင်းအရာနှင့် တကွ ညွှန်းပြဖွယ် (အမည်အနွယ်) နှင့်တကွ များပြားသော ရှေး၌ ဖြစ်ဖူးသော ဘဝကို အောက် မေ့နိုင်၏။
နိဂြောဓ ထိုအရာကို အဘယ်သို့ ထင်သနည်း၊ “ဤသို့ ဖြစ်သော် တပေါဇိဂုစ္ဆာဝါဒသည် စင်ကြယ် သလော၊ မစင်ကြယ်သလော”ဟု (မေးတော်မူ၏)။
မြတ်စွာဘုရား ဤသို့ဖြစ်သော် တပေါဇိဂုစ္ဆာဝါဒသည် ဧကန် စင်ကြယ်ပါ၏၊ မစင်ကြယ်သည် မဟုတ်ပါ၊ အထွတ်အထိပ်သို့လည်း ရောက်ပါ၏ အနှစ်သာရသို့လည်း ရောက်ပါ၏ဟု (လျှောက်၏)။
နိဂြောဓ ဤမျှဖြင့် တပေါဇိဂုစ္ဆာဝါဒသည် အထွတ်အထိပ်သို့လည်း မရောက်သေး၊ အနှစ်သာရသို့ လည်း မရောက်သေး၊ စင်စစ်သော်ကား အကာသို့ ရောက်ရုံသာ ရှိသေး၏ဟု (မိန့်တော်မူ၏)။
အထွတ်အထိပ် အနှစ်သာရနှင့် တူသော စင်ကြယ်ခြင်းကို ပြဆိုရာ
၇၃။ မြတ်စွာဘုရား တပေါဇိဂုစ္ဆာဝါဒသည် အဘယ်မျှဖြင့် အထွတ်အထိပ်သို့လည်း ရောက်ပါသနည်း၊ အနှစ်သာရသို့လည်း ရောက်ပါသနည်း၊ မြတ်စွာဘုရား တောင်းပန်ပါ၏၊ မြတ်စွာဘုရားသည် တပေါဇိဂုစ္ဆာဝါဒ၏ အထွတ်အထိပ်သို့သာ ရောက်အောင် ဟောတော်မူပါ၊ အနှစ်သာရသို့သာ ရောက်အောင် ဟောတော်မူပါဟု (လျှောက်၏)။
နိဂြောဓ ဤလောက၌ တပဿီပုဂ္ဂိုလ်သည် စောင့်စည်းခြင်း လေးမျိုးဖြင့် စောင့်စည်း၏။ နိဂြောဓ တပဿီပုဂ္ဂိုလ်သည် အဘယ်သို့လျှင် စောင့်စည်းခြင်း လေးမျိုးဖြင့် စောင့်စည်းသနည်း။ပ။ နိဂြောဓ တပဿီပုဂ္ဂိုလ်သည် စောင့်စည်းခြင်း လေးမျိုးဖြင့် စောင့်စည်းသောအခါ ထက်သန်သော လုံ့လရှိသည်၏ အဖြစ်ကြောင့် ဤဆိုလတ္တံ့သော လက္ခဏာသည် ဖြစ်၏။ ထိုသူသည် (ထိုသီလကို) ပွါးစေ၏၊ လူ့ဘောင် သို့ ပြန်၍မလည်။ ထိုသူသည် ဆိတ်ငြိမ်သော ကျောင်းအိပ်ရာနေရာကို မှီဝဲ၏။ပ။ ထိုသူသည် စိတ် ညစ်ညူးကြောင်း ဖြစ်ကုန်သော ပညာကို အားနည်းအောင် ပြုတတ်ကုန်သော ဤအပိတ်အပင် ‘နီဝရဏ’ ငါးမျိုးတို့ကို ပယ်ဖျောက်၍ မေတ္တာနှင့် ယှဉ်သော စိတ်ဖြင့်။ပ။ ပြန့်ပြောသော မြတ်သော အတိုင်းအရှည် မရှိသော ရန်မရှိသော ငြိုငြင်ခြင်းမရှိသော ဥပေက္ခာနှင့်ယှဉ်သော စိတ်ဖြင့် ပျံ့နှံ့၍ နေ၏။ ထိုသူသည် များပြားသော ရှေး၌ နေဖူးသော ဘဝကို အောက်မေ့နိုင်၏။
ဤသည်ကား အဘယ်နည်း —
တစ်ဘဝကိုလည်းကောင်း နှစ်ဘဝတို့ကိုလည်းကောင်း သုံးဘဝတို့ကိုလည်းကောင်း လေး ဘဝတို့ကိုလည်းကောင်း ငါးဘဝတို့ကိုလည်းကောင်း။ပ။ ဤသို့ အခြင်းအရာနှင့်တကွ ညွှန်းပြဖွယ် (အမည်အနွယ်) နှင့်တကွ များပြားသော ရှေး၌ဖြစ်ဖူးသော ဘဝကို အောက်မေ့၏။
ထိုသူသည် အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိထက် သာလွန်သော နတ်တို့၏ မျက်စိနှင့် တူသော ‘ဒိဗ္ဗစက္ခု’ ဉာဏ်ဖြင့် သေဆဲသတ္တဝါ ဖြစ်ပေါ်ဆဲသတ္တဝါ ယုတ်သောသတ္တဝါ မြတ်သောသတ္တဝါ အဆင်းလှသောသတ္တဝါ အဆင်းမလှသောသတ္တဝါ ကောင်းသော လားရာရှိသောသတ္တဝါ မကောင်းသော လားရာရှိသော သတ္တဝါတို့ကို မြင်၏၊ ကံအားလျော်စွာ ဖြစ်ပေါ်သော သတ္တဝါတို့ကို သိ၏။
“အချင်းတို့ ဤသတ္တဝါတို့သည် ကိုယ်ဖြင့်ပြုသော မကောင်းသော အကျင့် ‘ကာယဒုစရိုက်’ နှင့် ပြည့်စုံကုန်၏၊ နှုတ်ဖြင့်ပြုသော မကောင်းသော အကျင့် ‘ဝစီဒုစရိုက်’ နှင့် ပြည့်စုံကုန်၏၊ စိတ်ဖြင့်ပြုသော မကောင်းသော အကျင့် ‘မနောဒုစရိုက်’ နှင့် ပြည့်စုံကုန်၏၊ အရိယာတို့ကို စွပ်စွဲတတ်ကုန်၏၊ မှားသော အယူရှိကုန်၏၊ မှားသော အယူဖြင့် ပြုသော ကံရှိကုန်၏၊ ထို (သတ္တဝါ) တို့သည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသော လားရာ ပျက်စီးလျက် ကျရောက်ရာ ငရဲ၌ ဖြစ်ပေါ်ကုန်၏။ အချင်းတို့ ဤသတ္တဝါတို့သည်ကား ကိုယ်ဖြင့် ပြုသော ကောင်းသော အကျင့် ‘ကာယ သုစရိုက်’ နှင့် ပြည့်စုံကုန်၏၊ နှုတ်ဖြင့် ပြုသော ကောင်းသော အကျင့် ‘ဝစီသုစရိုက်’ နှင့် ပြည့်စုံကုန်၏၊ စိတ်ဖြင့် ပြုသော ကောင်းသောအကျင့် ‘မနောသုစရိုက်’ နှင့် ပြည့်စုံကုန်၏၊ အရိယာတို့ကို မစွပ်စွဲ တတ်ကုန်၊ မှန်သော အယူရှိကုန်၏၊ မှန်သောအယူဖြင့် ပြုသောကံ ရှိကုန်၏၊ ထို (သတ္တဝါ) တို့သည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော လားရာ နတ်ပြည်၌ ဖြစ်ပေါ်ကုန်၏”ဟု (သိ၏)။
ဤသို့လျှင် အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိထက် သာလွန်သော နတ်မျက်စိနှင့် တူသော ‘ဒိဗ္ဗစက္ခု’ ဉာဏ်ဖြင့် သေဆဲသတ္တဝါ ဖြစ်ပေါ်ဆဲသတ္တဝါ ယုတ်သောသတ္တဝါ မြတ်သောသတ္တဝါ အဆင်းလှသောသတ္တဝါ အဆင်းမလှသောသတ္တဝါ ကောင်းသော လားရာရှိသောသတ္တဝါ မကောင်းသော လားရာရှိသောသတ္တဝါတို့ကို မြင်၏၊ ကံအားလျော်စွာ ဖြစ်ပေါ်သော သတ္တဝါတို့ကို သိ၏။
နိဂြောဓ ထိုအရာကို အဘယ်သို့ ထင်သနည်း၊ “ဤသို့ ဖြစ်သော် တပေါဇိဂုစ္ဆာဝါဒသည် စင်ကြယ် သလော၊ မစင်ကြယ်သလော”ဟု (မေးတော်မူ၏)။
မြတ်စွာဘုရား ဤသို့ဖြစ်သော် တပေါဇိဂုစ္ဆာဝါဒသည် ဧကန်စင်ကြယ်ပါ၏၊ မစင်ကြယ်သည် မဟုတ်ပါ အထွတ်အထိပ်သို့လည်း ရောက်ပါ၏၊ အနှစ်သာရသို့လည်း ရောက်ပါ၏ဟု (လျှောက်၏)။
၇၄။ နိဂြောဓ တပေါဇိဂုစ္ဆာဝါဒသည် ဤမျှဖြင့် အထွတ်အထိပ်သို့လည်း ရောက်၏၊ အနှစ်သာရသို့ လည်း ရောက်၏။ နိဂြောဓ သင်သည် ငါ့အား “မြတ်စွာဘုရား မြတ်စွာဘုရားသည် ယင်းတရားဖြင့် တပည့်တို့ကို ဆုံးမဟောကြား၏၊ ယင်းတရားဖြင့် မြတ်စွာဘုရား ဆုံးမဟောကြားအပ်ကုန်သော တပည့် တို့သည် (အရဟတ္တမဂ်ကို ရသည်၏ အစွမ်းဖြင့်) နှစ်သိမ့်ဝမ်းသာခြင်းသို့ ရောက်ကုန်၍ ဤကား မြတ်သော မှီရာဖြစ်သော ရှေးဟောင်း အရိယမဂ်တည်းဟု ဝန်ခံကုန်၏၊ မြတ်စွာဘုရား ဆုံးမဟောကြား ကြောင်း ဖြစ်သော ထိုတရားကား အဘယ်ပါနည်း”ဟု အကြင် အမေးစကားကို ဆိုခဲ့၏၊ နိဂြောဓ ငါသည် ယင်း တရားဖြင့် တပည့်တို့ကို ဆုံးမဟောကြား၏၊ ယင်းတရားဖြင့် ငါဆုံးမဟောကြားအပ်ကုန်သော တပည့်တို့သည် (အရဟတ္တမဂ်ကို ရသည်၏ အစွမ်းဖြင့်) နှစ်သိမ့်ဝမ်းသာခြင်းသို့ ရောက်ကုန်၍ ဤကား မြတ်သော မှီရာဖြစ်သော ရှေးဟောင်း အရိယမဂ်တည်းဟု ဝန်ခံကုန်၏၊ ငါဆုံးမ ဟောကြားကြောင်း ဖြစ်သော သင်မေးသည့် ထိုတရားကား (တပေါဇိဂုစ္ဆာဝါဒ၏ အထွတ်အထိပ်တရားထက်) လွန်လည်းလွန်ကဲ၏၊ မွန်လည်းမွန်မြတ်၏ဟု (မိန့်တော်မူ၏)။
ဤသို့ မိန့်တော်မူသော် “ဆရာနှင့် တကွသော ငါတို့သည် ဤ (လွန်ကဲမြင့်မြတ်သောတရား) ၌ ဆုံးရှုံးကြရကုန်ပြီ၊ ငါတို့သည် ဤ (ဒိဗ္ဗစက္ခုဉာဏ်ထက်) လွန်မြတ်သော တရားကို မသိကြရကုန်”ဟု ပဲ့တင် ထပ်မျှ ပြင်းပြကျယ်လောင်စွာ ကြွေးကြော်ကြကုန်၏။
နိဂြောဓပရိဗိုဇ်၏ မှိုင်တွေခြင်း
၇၅။ “ဂိုဏ်းတစ်ပါး ဖြစ်ကုန်သော ဤပရိဗိုဇ်တို့သည် ယခုအခါ မြတ်စွာဘုရား၏ စကားကို စင်စစ် နာကြားလိုကုန်၏၊ နားစိုက်ကုန်၏၊ သိလိုစိတ်ကို ဖြစ်စေကုန်၏”ဟု သန္ဓာနသူကြွယ်သည် သိသောအခါ ထိုနိဂြောဓပရိဗိုဇ်အား ဤစကားကို ဆို၏ —
“အသျှင်နိဂြောဓ သင်သည် အကျွန်ုပ်အား ဤစကားကို ဆိုခဲ့ပါ၏၊ ‘သူကြွယ် သင်သိပါ၏လော၊ ရဟန်းဂေါတမသည် အဘယ်သူနှင့်အတူ စကားပြောသနည်း၊ အဘယ်သူနှင့် ဆွေးနွေးသနည်း၊ အဘယ် သူနှင့် စကားယှဉ်ပြိုင်ခြင်းဖြင့် ပညာအရာ၌ ထင်ရှားခြင်းသို့ ရောက်သနည်း၊ ရဟန်းဂေါတမ၏ ပညာသည် ဆိတ်ငြိမ်ရာ၌ တစ်ပါးတည်းနေခြင်းဖြင့် ပျောက်ပျက်၏၊ ရဟန်းဂေါတမသည် ပရိသတ်ထဲသို့ ဝင်ဝံ့သူ မဟုတ်၊ စကားပြောခြင်းငှါ မစွမ်းနိုင်၊ ထို (ရဟန်းဂေါတမ) သည် အစွန်အဖျား အရပ်တို့ကိုသာ မှီဝဲ၏၊ ဥပမာအားဖြင့် ကန်းသော နွားမသည် အစွန်အဖျား၌ ကျက်စားလေ့ရှိသည်ဖြစ်၍ အစွန်အဖျား အရပ်တို့ကိုသာ မှီဝဲသကဲ့သို့ ဤအတူ ရဟန်းဂေါတမ၏ ပညာသည် ဆိတ်ငြိမ်ရာ၌ တစ်ပါးတည်းနေခြင်း ဖြင့် ပျောက်ပျက်၏၊ ရဟန်းဂေါတမသည် ပရိသတ်ထဲသို့ ဝင်ဝံ့သူမဟုတ်၊ စကားပြောခြင်းငှါ မစွမ်းနိုင်၊ ထို (ရဟန်းဂေါတမ)သည် အစွန်အဖျား အရပ်တို့ကိုသာ မှီဝဲ၏၊ သူကြွယ် စင်စစ်သော်ကား ရဟန်း ဂေါတမသည် ဤပရိသတ်သို့ လာငြားအံ့၊ ထို (ရဟန်းဂေါတမ) ကို ပြဿနာ တစ်ချက်တည်းဖြင့် ချောက် ချားစေနိုင်ကုန်ရာသည်၊ ရေမရှိသော အိုးကဲ့သို့ လှည့်ပတ်ဖွဲ့ချည်နိုင်ကုန်ရာသည်ဟု ငါထင်၏ ‘ ဟူ၍ ဆိုခဲ့ပါ၏၊ အသျှင်ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော် မူသော ထိုမြတ်စွာဘုရားသည် ဤအရပ်သို့ ရောက်လာပါပြီ၊ ထိုမြတ်စွာဘုရားကို ပရိသတ်ထဲသို့ မဝင်ဝံ့ သူဖြစ်အောင် ပြုပါလော့၊ အစွန်အဖျား၌ ကျက်စားသော နွားမကန်းကဲ့သို့ ပရိသတ်အစွန် အဖျားရောက် သွားအောင် ပြုပါလော့၊ ထို (မြတ်စွာဘုရား)ကို ပြဿနာတစ်ချက်တည်းဖြင့် ချောက်ချားအောင့်ပြုပါလော့၊ ထိုမြတ်စွာဘုရားကို ရေမရှိသော အိုးကဲ့သို့ လှည့်ပတ်ဖွဲ့ချည်ပါလော့”ဟု (ဆို၏)။
ဤသို့ဆိုသော် နိဂြောဓပရိဗိုဇ်သည် တိတ်ဆိတ်ညှိုးငယ်စွာ ဦးခေါင်းငိုက်စိုက် မျက်နှာအောက်ချ၍ မိုင်တွေလျက် စကားတုံ့မဆိုနိုင်ဘဲ ထိုင်နေ၏။
၇၆။ ထိုအခါ မြတ်စွာဘုရားသည် နိဂြောဓပရိဗိုဇ်ကို တိတ်ဆိတ်ညှိုးငယ်စွာ ဦးခေါင်းငိုက်စိုက် မျက်နှာအောက်ချ၍ မှိုင်တွေလျက် စကားတုံ့မဆိုနိုင်ဘဲ ထိုင်နေသည်ကို သိတော်မူ၍ နိဂြောဓပရိဗိုဇ်အား “နိဂြောဓ ဤစကားကို သင်ပြောဆိုခြင်းသည် မှန်သလော”ဟု မိန့်တော်မူ၏။
မြတ်စွာဘုရား အကျွန်ုပ်သည် မိုက်သည့်အလျောက် တွေဝေသည့်အလျောက် မလိမ္မာသည့် အလျောက် ဤစကားကို ပြောမိသည် မှန်ပါ၏ဟု (လျှောက်၏)။
နိဂြောဓ ထိုအရာကို အဘယ်သို့ ထင်သနည်း၊ အသက်ကြီးကုန်သော အရွယ်ရင့်ကုန်သော ဆရာ ဖြစ်ကုန်သော ဆရာ့ဆရာဖြစ်ကုန်သော ပရိဗိုဇ်တို့ပြောဆိုသည်ကို သင်အဘယ်သို့ ကြားဖူးသနည်း “အတိတ်အခါက ပွင့်ကုန်ပြီးသော ပူဇော်အထူးကို ခံတော်မူထိုက်ကုန်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူကုန်သော မြတ်စွာဘုရားတို့သည် ယခုအခါ ဆရာနှင့် တကွသော သင်ကဲ့သို့ ပေါင်းဆုံစည်းဝေး၍ ပဲ့တင်ထပ်မျှ ပြင်းပြကျယ်လောင်သော အသံရှိကုန်လျက် မင်းနှင့်စပ်သောစကား ခိုးသူ နှင့်စပ်သောစကား။ပ။ ကြီးပွါးခြင်း ဆုတ်ယုတ်ခြင်းနှင့်စပ်သော စကားဟူသော အမျိုးမျိုးသော (မဂ်ဖိုလ် မှ) ဖီလာဖြစ်သော စကားကို ပြောဆိုလျက် နေတော်မူကုန်သလော၊ ထိုသို့မဟုတ် ထိုမြတ်စွာ ဘုရားတို့ သည် ယခုအခါ ငါကဲ့သို့ ဆူညံသောအသံ နည်းကုန်သော တိုးတိုးတိတ်တိတ်အသံလည်း နည်းကုန်သော လူစော်မနံ ‘လူတို့၏ အနံ့အသက်မှ ကင်း’ ကုန်သော လူတို့၏ လျှို့ဝှက်သော အမှုကို ပြုခြင်းငှါ ထိုက် ကုန်သော တစ်ပါးတည်း ကိန်းအောင်း၍ နေခြင်းငှါ လျောက်ပတ်ကုန်သော ဝေးကွာသော တောကျောင်း တို့ကို မှီဝဲနေထိုင်တော်မူကုန်သလော၊ အဘယ်သို့ ကြားဖူးသနည်း”ဟု (မေးတော်မူ၏)။
မြတ်စွာဘုရား အသက်ကြီးကုန်သော အရွယ်ရင့်ကုန်သော ဆရာဖြစ်ကုန်သော ဆရာ့ဆရာ ဖြစ်ကုန်သော ပရိဗိုဇ်တို့ ပြောဆိုကြသည်ကို ဤသို့ ကြားဖူးပါ၏၊ “အတိတ်အခါက ပွင့်ပြီးကုန်သော ပူဇော်အထူး ကို ခံတော်မူထိုက်ကုန်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူကုန်သော မြတ်စွာ ဘုရားတို့သည် ယခုအခါ ဆရာနှင့်တကွသော အကျွန်ုပ်ကဲ့သို့ ပေါင်းဆုံစည်းဝေး၍ ပဲ့တင်ထပ်မျှ ပြင်းပြ ကျယ်လောင်သော အသံရှိကုန်လျက် မင်းနှင့်စပ်သောစကား ခိုးသူနှင့်စပ်သောစကား။ပ။ ကြီးပွါးဆုတ်ယုတ် ခြင်းနှင့် စပ်သောစကား ဟူသော အမျိုးမျိုးသော (မဂ်ဖိုလ်မှ) ဖီလာဖြစ်သော စကားကို ပြောဆိုလျက် နေတော်မမူကုန်၊ ထိုမြတ်စွာဘုရားတို့သည် ယခုအခါ မြတ်စွာဘုရားကဲ့သို့ ဆူညံသော အသံနည်းကုန်သော တိုးတိုးတိတ်တိတ်အသံလည်း နည်းကုန်သော လူစော်မနံ ‘လူတို့၏ အနံ့အသက်မှ ကင်း ‘ကုန်သော လူတို့၏ လျှို့ဝှက်သော အမှုကို ပြုခြင်းငှါ ထိုက်ကုန်သော တစ်ပါးတည်း ကိန်းအောင်း၍ နေခြင်းငှါ လျောက်ပတ်ကုန်သော ဝေးကွာသော တောကျောင်းတို့ကို မှီဝဲနေထိုင်တော်မူကုန်၏ဟု ကြားဖူးပါ၏”ဟု (လျှောက်၏)။
နိဂြောဓ သင်သည် ပညာရှိသူ အရွယ်ကြီးသူ ဖြစ်လျက် ဤသို့သော အကြံသည် မဖြစ်၊ “ထို မြတ်စွာဘုရားသည် (သစ္စာလေးပါးကို) သိပြီးသည်ဖြစ်၍ (သစ္စာလေးပါးကို) သိစေခြင်းငှါ တရားကို ဟော၏၊ ထိုမြတ်စွာဘုရားသည် ယဉ်ကျေးပြီးသည်ဖြစ်၍ ယဉ်ကျေးစေခြင်းငှါ တရားကို ဟော၏၊ ထို မြတ်စွာဘုရားသည် ငြိမ်းအေးပြီးသည်ဖြစ်၍ ငြိမ်းအေးစေခြင်းငှါ တရားကို ဟော၏၊ ထိုမြတ်စွာဘုရား သည် ကူးမြောက်ပြီးသည် ဖြစ်၍ ကူးမြောက်စေခြင်းငှါ တရားကို ဟော၏၊ ထိုမြတ်စွာဘုရားသည် နိဗ္ဗာန် ရောက်ပြီးသည်ဖြစ်၍ နိဗ္ဗာန်သို့ ရောက်စေခြင်းငှါ တရားကို ဟော၏”ဟု အကြံမဖြစ် (ဟူ၍ မိန့်တော် မူ၏)။
အရဟတ္တဖိုလ်ကို မျက်မှောက်ပြုနိုင်ခြင်း
၇၇။ ဤသို့ မိန့်တော်မူသော် နိဂြောဓပရိဗိုဇ်သည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏ —
“မြတ်စွာဘုရား အကျွန်ုပ်သည် မိုက်သည့်အလျောက် တွေဝေသည့်အလျောက် မလိမ္မာသည့် အလျောက် အပြစ်သည် အကျွန်ုပ်ကို လွှမ်းမိုးခဲ့ပါ၏၊ မြတ်စွာဘုရားကို အကျွန်ုပ်သည် ဤသို့ ပြောမိပါ၏၊ မြတ်စွာဘုရားသည် ထိုအကျွန်ုပ်၏ အပြစ်ကို နောင်အခါ စောင့်စည်းခြင်းငှါ အပြစ်ဟု သည်းခံတော်မူပါ” ဟူ၍ (လျှောက်၏)။
နိဂြောဓ သင်သည် မိုက်သည့်အလျောက် တွေဝေသည့်အလျောက် မလိမ္မာသည့်အလျောက် အပြစ် သည် သင့်ကို စင်စစ် လွှမ်းမိုးခဲ့၏၊ သင်သည် ငါ့ကို ဤသို့ ဆိုခဲ့၏။ နိဂြောဓ သင်သည် အပြစ်ကို အပြစ်ဟု သိမြင်၍ တရားအားလျော်စွာ ကုစားသောကြောင့် သင်၏ ထိုအပြစ်ကို အပြစ်ဟု ငါတို့ သည်းခံ ကုန်၏။ နိဂြောဓ အကြင်သူသည် အပြစ်ကို အပြစ်ဟု မြင်၍ အကြောင်းအားလျော်စွာ ကုစား၏၊ နောင်အခါ စောင့်စည်း၏၊ (ထိုသူ၏) ဤ (ကုစား,စောင့်စည်းခြင်း) သည် အရိယာ၏ ဝိနည်း ‘အဆုံးအမ’ ၌ ကြီးပွါးကြောင်းသာလျှင် ဖြစ်၏။ နိဂြောဓ ငါသည် စင်စစ် ဤသို့ မိန့်ဆို၏ —
မစဉ်းလဲ မလှည့်စား ဖြောင့်မတ်သော သဘောရှိသော ပညာရှိသော ပုဂ္ဂိုလ်သည် လာပါစေ၊ ငါသည် ဆုံးမသွန်သင်အံ့၊ ငါသည် တရားဟောအံ့၊ ဆုံးမသွန်သင်သည့်အတိုင်း ကျင့်သော သူသည် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ကြသည့် အမျိုးကောင်းသားတို့ လိုလားအပ်သော သာသနာတော်၏ အထွတ်အထိပ်ဖြစ်သော အတုမဲ့သော အရဟတ္တဖိုလ်အကျိုးကို ခုနစ်နှစ်အတွင်း ကိုယ်တိုင် ထူးသော ဉာဏ်ဖြင့် မျက်မှောက်ပြုကာ ကပ်ရောက်၍ နေရလတ္တံ့။
နိဂြောဓ ခုနစ်နှစ်တို့ကို ထားဘိဦး၊ မစဉ်းလဲ မလှည့်စား ဖြောင့်မတ်သော သဘောရှိသော ပညာ ရှိသော ပုဂ္ဂိုလ်သည် လာပါစေ၊ ငါသည် ဆုံးမသွန်သင်အံ့၊ ငါသည် တရားဟောအံ့၊ ဆုံးမသွန်သင်သည့် အတိုင်း ကျင့်သောသူသည် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ကြသည့် အမျိုးကောင်းသားတို့ လိုလားအပ်သော သာသနာတော်၏ အထွတ်အထိပ်ဖြစ်သော အတုမဲ့သော အရဟတ္တဖိုလ်အကျိုးကို ခြောက်နှစ်၊ ငါးနှစ်၊ လေးနှစ်၊ သုံးနှစ်၊ နှစ်နှစ်၊ တစ်နှစ်အတွင်း ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် မျက် မှောက်ပြုကာ ကပ်ရောက်၍ နေရလတ္တံ့။ နိဂြောဓ တစ်နှစ်ကို ထားဘိဦး၊ မစဉ်းလဲ မလှည့်စား ဖြောင့် မတ်သော သဘောရှိသော ပညာရှိသော ပုဂ္ဂိုလ်သည် လာပါစေ၊ ငါသည် ဆုံးမသွန်သင်အံ့၊ ငါသည် တရားဟောအံ့၊ ဆုံးမသွန်သင်သည့်အတိုင်း ကျင့်သောသူသည် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက် ကြသည့် အမျိုးကောင်းသားတို့ လိုလားအပ်သော သာသနာတော်၏ အထွတ်အထိပ်ဖြစ်သော အတုမဲ့သော အရဟတ္တဖိုလ်အကျိုးကို ခုနစ်လအတွင်း ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုကာ ကပ်ရောက်၍ နေရလတ္တံ့။
နိဂြောဓ ခုနစ်လကို ထားဘိဦး။ ခြောက်လ၊ ငါးလ၊ လေးလ၊ သုံးလ၊ နှစ်လ၊ တစ်လ၊ လဝက် အတွင်း ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုကာ ကပ်ရောက်၍ နေရလတ္တံ့။ နိဂြောဓ လဝက်ကို ထားဘိဦး၊ မစဉ်းလဲ မလှည့်စား ဖြောင့်မတ်သော သဘောရှိသော ပညာရှိသော ပုဂ္ဂိုလ်သည် လာပါစေ၊ ငါသည် ဆုံးမသွန်သင်အံ့၊ ငါသည် တရားဟောအံ့၊ ဆုံးမသွန်သင်သည့်အတိုင်း ကျင့်သောသူသည် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ကြသည့် အမျိုးကောင်းသားတို့ လိုလားအပ်သော သာသနာတော်၏ အထွတ်အထိပ် ဖြစ်သော အတုမဲ့သော အရဟတ္တဖိုလ်အကျိုးကို ခုနစ်ရက်အတွင်း ကိုယ်တိုင် ထူးသော ဉာဏ်ဖြင့် မျက်မှောက်ပြုကာ ကပ်ရောက်၍ နေရလတ္တံ့။
ပရိဗိုဇ်တို့၏ မှိုင်တွေခြင်း
၇၈။ နိဂြောဓ “ရဟန်းဂေါတမသည် ငါတို့ကို တပည့်ခံစေလိုသဖြင့် ဤ (လာပါစေ စသော) စကားကို့ဆို၏”ဟု တစ်ရံတစ်ခါ သင့်အား ဤသို့သော အကြံသည် ဖြစ်ရာ၏၊ နိဂြောဓ ဤ (လာပါစေ စသော) စကားကို ဤသို့ မမှတ်အပ်။ သင်တို့၏ ဆရာသည်သာလျှင် သင်တို့၏ ဆရာ ဖြစ်ပါစေ။ နိဂြောဓ “ရဟန်းဂေါတမသည် ငါတို့၏ ကျမ်းစာမှ ငါတို့ကို ရွေ့ရှားစေလို၍ ဤ (လာပါစေ စသော) စကားကို ဆို၏”ဟု တစ်ရံတစ်ခါ သင့်အား ဤသို့သော အကြံသည် ဖြစ်ရာ၏၊ နိဂြောဓ ဤ (လာပါစေ စသော) စကားကို ဤသို့ မမှတ်အပ်၊ သင်တို့၏ ကျမ်းစာ သည်သာလျှင် သင်တို့၏ ကျမ်းစာ ဖြစ်ပါစေ။ နိဂြောဓ “ရဟန်းဂေါတမသည် ငါတို့၏ ကျင့်စဉ်မှ ငါတို့ကို ရွေ့ရှား စေလို၍ ဤ (လာပါစေ စသော) စကားကို ဆို၏”ဟု တစ်ရံတစ်ခါ သင်အား ဤသို့သော အကြံသည် ဖြစ်ရာ၏၊ နိဂြောဓ ဤ (လာပါစေ စသော) စကားကို ဤသို့ မမှတ်အပ်။ သင်တို့၏ ကျင့်စဉ်သည်သာလျှင် သင်တို့၏ ကျင့်စဉ် ဖြစ်ပါစေ။ နိဂြောဓ “ရဟန်းဂေါတမသည် ငါတို့ကို ဆရာနှင့်တကွသော ငါတို့၏ အကုသိုလ်တရားတို့၌လည်းကောင်း အကုသိုလ်အစုသို့ ရောက်သော တရားတို့၌လည်းကောင်း တည်စေလို၍ ဤ (လာပါစေ စသော) စကားကို ဆို၏”ဟု တစ်ရံတစ်ခါ သင့်အား ဤသို့သော အကြံသည် ဖြစ်ရာ၏၊ နိဂြောဓ ဤ (လာပါစေ စသော) စကားကို ဤသို့ မမှတ်အပ်၊ ထိုတရားတို့သည် ဆရာနှင့်တကွသော သင်တို့၏ အကုသိုလ်တရားတို့ သည်လည်းကောင်း အကုသိုလ်အစုသို့ရောက်သော တရားတို့သည်လည်းကောင်း ဖြစ်ပါစေကုန်။ နိဂြောဓ “ရဟန်းဂေါတမသည် ငါတို့ကို ဆရာနှင့်တကွသော ငါတို့၏ ကုသိုလ်တရားတို့မှလည်းကောင်း ကုသိုလ် အစုသို့ ရောက်သောတရားတို့မှလည်းကောင်း ကင်းကွာစေလို၍ ဤ (လာပါစေ စသော) စကားကို ဆို၏”ဟု တစ်ရံတစ်ခါ သင့်အား ဤသို့သော အကြံသည် ဖြစ်ရာ၏၊ နိဂြောဓ ဤ (လာပါစေ စသော) စကားကို ဤသို့ မမှတ်အပ်၊ ထိုတရားတို့သည် ဆရာနှင့်တကွသော သင်တို့၏ ကုသိုလ်တရားတို့သည်လည်းကောင်း ကုသိုလ်အစုသို့ ရောက်သော တရားတို့သည်လည်းကောင်း ဖြစ်ပါစေကုန်။ နိဂြောဓ ဤသို့ သင်တို့ကို တပည့်ဖြစ်စေလို၍ ဤ (လာပါစေ စသော) စကားကို ငါ မဆို၊ သင်တို့၏ ကျမ်းစာမှ ရွေ့ရှားစေလို၍လည်း ဤ (လာပါစေ စသော) စကားကို ငါ မဆို၊ သင်တို့၏ ကျင့်စဉ်မှ ရွေ့ရှားစေလို၍လည်း ဤ (လာပါစေ စသော) စကားကို ငါမဆို၊ ဆရာနှင့်တကွသော သင်တို့ကို အကုသိုလ်တရားတို့၌လည်းကောင်း အကုသိုလ် အစုသို့ ရောက်သော တရားတို့၌လည်းကောင်း တည်စေလို၍လည်း ဤ (လာပါစေ စသော) စကားကို ငါမဆို၊ ဆရာနှင့် တကွသော သင်တို့ကို ကုသိုလ်တရားတို့မှလည်းကောင်း ကုသိုလ်အစုသို့ရောက်သော တရားတို့မှလည်းကောင်း ကင်းကွာစေလို၍လည်း ဤ (လာပါစေ စသော) စကားကို ငါ မဆို။ နိဂြောဓ စင်စစ်သော်ကား “မပယ်ရကုန်သေးသော ညစ်ညူးခြင်း (ကိလေသာ)၏ အာရုံဖြစ်ကုန်သော ဘဝသစ်ကို ဖြစ်စေတတ်ကုန်သော ပူပန်ခြင်းနှင့် ယှဉ်ကုန်သော ဆင်းရဲကျိုးကို ပေးတတ်ကုန်သော နောင်အခါ ပဋိသန္ဓေနေခြင်း အိုခြင်း သေခြင်းကို ဖြစ်စေတတ်ကုန်သော အကုသိုလ်တရားတို့သည် ရှိကုန်၏၊ ယင်း တရားတို့ကို ပယ်ရန် ငါသည် တရားကို ဟော၏၊ ဟောသည့်အတိုင်း ကျင့်ကုန်သော သင်တို့သည် ညစ်ညူးခြင်း (ကိလေသာ)၏ အာရုံဖြစ်သော တရားတို့ကို ပယ်ဖျောက်ကုန်လတ္တံ့၊ ဖြူစင်ခြင်းကို ဖြစ်စေ တတ်သော (သမထဝိပဿနာ) တရားတို့သည် တိုးပွါးကုန်လတ္တံ့၊ မဂ်ပညာ၏ ပြည့်စုံခြင်း ဖိုလ်ပညာ၏ ပြန့်ပြောခြင်းကိုလည်း မျက်မှောက်ဘဝ၌ ကိုယ်တိုင် ထူးသော ဉာဏ်ဖြင့် မျက်မှောက်ပြုကာ ကပ်ရောက်၍ နေရကုန်လတ္တံ့”ဟု (မိန့်တော်မူ၏)။
၇၉။ ဤသို့ မိန့်တော်မူသော် မာရ်နတ် အနှောင့်အယှက်ခံရသည့် စိတ်ရှိသော သူတို့သည် ထိုင်နေ ကုန်သကဲ့သို့ ဤအတူ ထိုပရိဗိုဇ်တို့သည် တိတ်ဆိတ်ညှိုးငယ်စွာ ဦးခေါင်းငိုက်စိုက် မျက်နှာအောက်ချ၍ မှိုင်တွေကုန်လျက် စကားမဆိုနိုင်ကုန်ဘဲ ထိုင်နေကြကုန်၏။
ထိုအခါ မြတ်စွာဘုရားအား ဤသို့သော အကြံသည် ဖြစ်၏၊ “ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ဤသူအားလုံးတို့သည် မာရ်နတ် ပူးဝင်နေကုန်၏၊ ထို့ကြောင့် တစ်ယောက်သော သူအားမျှလည်း ဤသို့သော အကြံသည် မဖြစ်လတံ္တ့ ‘ခုနစ်ရက်အတွင်း အရဟတ္တဖိုလ် ရနိုင် မရနိုင် စုံစမ်းသိရှိရန် အလို့ငှါသော် လည်း ငါတို့သည် ရဟန်းဂေါတမအထံ၌ အကျင့်မြတ် ‘ဗြဟ္မစရိယ’ကို ကျင့်ကုန်အံ့၊ ခုနစ်ရက်သည် အဘယ်ပြုအံ့နည်း’ဟု အကြံမဖြစ်လတံ္တ့” ဟူ၍ (အကြံဖြစ်၏)။
ထို့နောက် မြတ်စွာဘုရားသည် ဥဒုမ္ဗရိကာ မိဖုရား၏ ပရိဗိုဇ်အရံ၌ (သူတစ်ပါး၏ မိစ္ဆာဒိဋ္ဌိဝါဒကို တိုက်ဖျက်၍ မိမိ၏ သမ္မာဒိဋ္ဌိဝါဒကို ထူထောင်သည့် တရားတော်ကို) ရဲရင့်သော အသံဖြင့် ကျူးရင့် မိန့်ကြားတော်မူ၍ ကောင်းကင်သို့ ပျံတက်ပြီးလျှင် ဂိဇ္ဈကုဋ်တောင်၌ တည်နေတော်မူ၏။
သန္ဓာနသူကြွယ်သည်ကား ထိုခဏ၌ပင် ရာဇဂြိုဟ်ပြည်သို့ ဝင်လေသတည်း။
နှစ်ခုမြောက် ဥဒုမ္ဘရိကသုတ် ပြီး၏။