ဒီဃနိကာယ်
၃—စက္ကဝတ္တိသုတ်
မိမိသာလျှင် ကျွန်းကြီးသဖွယ် မှီခိုရာအဖြစ်
၈ဝ။ အကျွန်ု်ပ်သည် ဤသို့ ကြားနာခဲ့ရပါသည် —
အခါတစ်ပါး၌ မြတ်စွာဘုရားသည် မဂဓတိုင်း မာတုလမြို့၌ သီတင်းသုံးနေတော်မူ၏။ ထို (မာတုလမြို့) ၌ မြတ်စွာဘုရားသည် ရဟန်းတို့ကို “ရဟန်းတို့”ဟု ခေါ်တော်မူ၏။ ထိုရဟန်းတို့သည် မြတ်စွာ ဘုရားအား “အသျှင်ဘုရား” ဟူ၍ ရိုသေစွာ ပြန်ကြားလျှောက်ထားကုန်၏။
မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏ —
ရဟန်းတို့ သင်တို့သည် မိမိသာလျှင် ကျွန်းကြီးသဖွယ် မှီခိုရာရှိကုန်သည်ဖြစ်၍ မိမိသာလျှင် ကိုး ကွယ်ရာရှိကုန်သည်ဖြစ်၍ မိမိမှ တစ်ပါး အခြားကိုးကွယ်ရာ မရှိကုန်သည်ဖြစ်၍ နေကုန်လော့၊ တရားသာ လျှင် ကျွန်းကြီးသဖွယ် မှီခိုရာရှိကုန်သည်ဖြစ်၍ တရားသာလျှင် ကိုးကွယ်ရာရှိကုန်သည်ဖြစ်၍ တရားမှ တစ်ပါး အခြားကိုးကွယ်ရာ မရှိကုန်သည်ဖြစ်၍ နေကုန်လော့။ ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် မိမိသာလျှင် ကျွန်းကြီးသဖွယ် မှီခိုရာရှိသည်ဖြစ်၍ မိမိသာလျှင် ကိုးကွယ်ရာရှိသည်ဖြစ်၍ မိမိမှတစ်ပါး အခြားကိုးကွယ်ရာ မရှိသည်ဖြစ်၍ တရားသာလျှင် ကျွန်းကြီးသဖွယ် မှီခိုရာရှိသည်ဖြစ်၍ တရားသာလျှင် ကိုးကွယ်ရာရှိသည်ဖြစ်၍ တရားမှ တစ်ပါး အခြား ကိုးကွယ်ရာမရှိသည်ဖြစ်၍ နေသနည်း။ ရဟန်းတို့ ဤ (သာသနာတော်) ၌ ရဟန်းသည် ပြင်းစွာအားထုတ်လျက် ဆင်ခြင်လျက် သတိရှိလျက် ရုပ်အပေါင်း၌ ရုပ် အပေါင်းဟု အဖန်ဖန်ရှုလျက် လောက၌ လိုချင်တပ်မက်ခြင်းနှင့် နှလုံးမသာခြင်းကို ပယ်ဖျောက်၍ နေ၏။ ခံစားမှု ‘ဝေဒနာ’ တို့၌ ခံစားမှု ‘ဝေဒနာ’ဟု အဖန်ဖန်ရှုလျက်။ပ။ စိတ်၌ စိတ်ဟု အဖန်ဖန်ရှုလျက်။ပ။ ပြင်းစွာအားထုတ်လျက် ဆင်ခြင်လျက် သတိရှိလျက် သဘောတရားတို့၌ သဘောတရားဟု အဖန်ဖန်ရှု လျက် လောက၌ လိုချင်တပ်မက်ခြင်းနှင့် နှလုံးမသာခြင်းကို ပယ်ဖျောက်၍ နေ၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် မိမိသာလျှင် ကျွန်းကြီးသဖွယ် မှီခိုရာရှိသည်ဖြစ်၍ မိမိသာလျှင် ကိုးကွယ်ရာရှိသည်ဖြစ်၍ မိမိမှတစ်ပါး အခြားကိုးကွယ်ရာ မရှိသည်ဖြစ်၍ တရားသာလျှင် ကျွန်းကြီးသဖွယ် မှီခိုရာရှိသည်ဖြစ်၍ တရားသာလျှင် ကိုးကွယ်ရာရှိသည်ဖြစ်၍ တရားမှ တစ်ပါး အခြားကိုးကွယ်ရာ မရှိသည်ဖြစ်၍ နေ၏။
ရဟန်းတို့ (သင်ချစ်သားတို့သည်) အဖ (ဘုရား) မှ လာသည့် အမွေဖြစ်ကုန်သော မိမိတို့ (ရဟန်း များ)၏ ကျက်စားရာအာရုံ၌ ကျက်စားကြကုန်လော့။ ရဟန်းတို့ အဖ (ဘုရား) မှ လာသည့် အမွေဖြစ်သော မိမိတို့ (ရဟန်းများ)၏ ကျက်စားရာ အာရုံ၌ ကျက်စားကုန်သော သင်ချစ်သားတို့၏ သန္တာန်၌ (ကိလေသာစသော) မာရ်သည် အခွင့်ကို မရလတ္တံ့၊ (ကိလေသာစသော) မာရ်သည် အကြောင်းကို မရ လတ္တံ့။ ရဟန်းတို့ ကုသိုလ်တရားတို့ကို ဆောက်တည်ခြင်းကြောင့် ဤဆိုခဲ့သည့်အတိုင်း ဤကုသိုလ် ဤကုသိုလ်၏ အကျိုးသည် တိုးပွါး၏။
ဒဠှနေမိစကြဝတေးမင်း
၈၁။ ရဟန်းတို့ ရှေး၌ ဖြစ်ဖူးသည်ကား တရားစောင့်သော တရားနှင့်အညီ မင်းပြုသော သမုဒ္ဒရာ လေးစင်း အပိုင်းအခြားရှိသည့် လေးကျွန်းလုံးကို အစိုးရသော ရန်အပေါင်းကို အောင်မြင်သော တိုင်းနိုင်ငံ ကို တည်ငြိမ်စေသော ရတနာခုနစ်ပါးနှင့် ပြည့်စုံသော ဒဠှနေမိအမည်ရှိသော စကြဝတေးမင်းသည် ရှိ၏။ ထို (ဒဠှနေမိစကြဝတေးမင်း) အား ဤရတနာခုနစ်ပါးတို့သည် ရှိကုန်၏။ ဤ (ရတနာခုနစ်ပါး) တို့ကား အဘယ်နည်း၊ စကြာရတနာ၊ ဆင်ရတနာ၊ မြင်းရတနာ၊ ပတ္တမြားရတနာ၊ မိန်းမရတနာ၊ သူဌေးရတနာ၊ ခုနစ်ခုမြောက် သားကြီးရတနာတို့ပေတည်း။ ထို (ဒဠှနေမိစကြဝတေးမင်း) အား ရဲရင့်ကုန်သော သူရဲ ကောင်း အင်္ဂရုပ်ရှိကုန်သော တစ်ဖက်စစ်သည်တို့ကို နှိမ်နင်းနိုင်ကုန်သော အထောင်မကသော သားတော် တို့သည် ရှိကုန်၏။ ထို (စကြဝတေးမင်း) သည် သမုဒ္ဒရာအဆုံး ရှိသော ဤမြေကို တုတ်မဆောင်မူ၍ လက်နက်မဆောင်မူ၍ တရားသဖြင့် အောင်မြင်လျက် အုပ်စိုး၏။
၈၂။ ရဟန်းတို့ ထိုအခါ ဒဠှနေမိ (စကြဝတေးမင်း) သည် များစွာသောနှစ် များစွာသောနှစ်အရာ များစွာသောနှစ်အထောင်တို့ ကုန်လွန်သောအခါ မင်းချင်းယောကျာ်းတစ်ယောက်ကို မိန့်ဆို၏ —
“အချင်းယောကျာ်း မြတ်သော (လိုရာအရပ်သို့ အပိတ်အပင်မရှိ သွားနိုင်သော) စကြာရတနာကို တည်နေရာမှ အနည်းငယ်မျှသော်လည်း လျှောကျသက်ဆင်းသည်ကို သင်မြင်သောအခါ ငါ့အား ပြောကြား လော့”ဟု (မိန့်ဆို၏)။
ရဟန်းတို့ ထို (မင်းချင်း) ယောကျာ်းသည် “မင်းမြတ် ကောင်းပါပြီ”ဟု ဒဠှနေမိ (စကြဝတေး) မင်းအား ဝန်ခံ၏။
ရဟန်းတို့ ထို (မင်းချင်း) ယောကျာ်းသည် နှစ်ပေါင်းများစွာ နှစ်အရာပေါင်းများစွာ နှစ်အထောင် ပေါင်းများစွာတို့ ကုန်လွန်သောအခါ မြတ်သော (လိုရာအရပ်သို့ အပိတ်အပင်မရှိ သွားနိုင်သော) စကြာ ရတနာကို တည်နေရာမှ အနည်းငယ် လျှောကျသက်ဆင်းသည်ကို မြင်၏၊ မြင်လတ်သော် ဒဠှနေမိ (စကြဝတေး) မင်းထံသို့ ချဉ်းကပ်၍ ဒဠှနေမိ (စကြဝတေးမင်း) အား ဤစကားကို လျှောက်၏ —
“မင်းမြတ် အမှန်ပင် သိတော်မူပါလော့၊ သင် (မင်းမြတ်)၏ မြတ်သော (လိုရာအရပ်သို့ အပိတ်အပင်မရှိ သွားနိုင်သော) စကြာရတနာသည် တည်နေရာမှ အနည်းငယ် လျှောကျသက်ဆင်း ပါပြီ”ဟု (လျှောက်၏)။
ရဟန်းတို့ ထိုအခါ ဒဠှနေမိ (စကြဝတေး) မင်းသည် သားကြီး (အိမ်ရှေ့) မင်းသားကို ခေါ်၍ ဤစကားကို မိန့်ဆို၏ —
“ချစ်သား ငါ၏ မြတ်သော (လိုရာအရပ်သို့ အပိတ်အပင်မရှိ သွားနိုင်သော) စကြာရတနာသည် တည်နေရာမှ အနည်းငယ် လျှောကျသက်ဆင်းသတတ်၊ ‘အကြင် စကြာမင်း၏ မြတ်သော (လိုရာအရပ်သို့ အပိတ်အပင်မရှိ သွားနိုင်သော) စကြာရတနာသည် တည်နေရာမှ အနည်းငယ် လျှောကျသက်ဆင်း၏၊ ထိုစကြာမင်းသည် ကြာမြင့်စွာ အသက်မရှည်ရာ’ဟု ငါ ကြားဖူး၏။
ငါသည် လူ့စည်းစိမ်ချမ်းသာတို့ကို ခံစားခဲ့ပြီ၊ ယခုအခါ ငါသည် နတ်စည်းစိမ်ချမ်းသာတို့ကို ရှာဖွေရန် အချိန်တန်ပြီ၊ ချစ်သား လာလော့၊ သင်သည် သမုဒ္ဒရာလေးစင်း အဆုံးရှိသော ဤမြေကြီးကို သိမ်းဆည်း (အုပ်စိုး) လော့၊ ငါမူကား ဆံမုတ်ဆိတ်တို့ကို ရိတ်၍ ဖန်ရည်စွန်းသော အဝတ်တို့ကို ဝတ်ပြီးလျှင် လူ့ဘောင်မှ ရသေ့ဘောင်သို့ ဝင်ရောက်အံ့”ဟု (မိန့်ဆို၏)။
၈၃။ ရဟန်းတို့ ထိုအခါ ဒဠှနေမိ (စကြဝတေး) မင်းသည် သားကြီး အိမ်ရှေ့မင်းသားကို မင်းအဖြစ် အုပ်ချုပ်မှု၌ ကောင်းစွာ သွန်သင်ဆုံးမပြီးလျှင် ဆံမုတ်ဆိတ်ကို ရိတ်၍ ဖန်ရည်စွန်းသော အဝတ်တို့ကို ဝတ်ပြီးလျှင် လူ့ဘောင်မှ ရသေ့ဘောင်သို့ ဝင်ရောက်၏။ ရဟန်းတို့ ဒဠှနေမိ (စကြဝတေး) မင်း ရသေ့ သည် ရသေ့ပြုပြီး၍ ခုနစ်ရက်မြောက်နေ့ ၌ မြတ်သော (လိုရာအရပ်သို့ အပိတ်အပင်မရှိ သွားနိုင်သော) စကြာရတနာသည် ကွယ်ပျောက်လေ၏။
ရဟန်းတို့ ထိုအခါ မင်းချင်းယောကျာ်းတစ်ယောက်သည် မင်းမျိုးဖြစ်သော ဦးထိပ်၌ အဘိသိက် သွန်းပြီးသော မင်းထံ ချဉ်းကပ်ပြီး။ မင်းမျိုးဖြစ်သော ဦးထိပ်၌ အဘိသိက်သွန်းပြီးသော မင်းအား “မင်းမြတ် အမှန်သိတော်မူပါလော့၊ မြတ်သော (လိုရာအရပ်သို့ အပိတ်အပင်မရှိသွားနိုင်သော)စကြာရတနာ သည် ကွယ်ပျောက်ပါပြီ”ဟု လျှောက်၏။
ရဟန်းတို့ ထိုအခါ မင်းမျိုးဖြစ်သော ဦးထိပ်၌ အဘိသိက်သွန်းပြီးသော မင်းသည် မြတ်သော (လိုရာအရပ်သို့ အပိတ်အပင်မရှိ သွားနိုင်သော) စကြာရတနာ ကွယ်ပျောက်သည်ရှိသော် နှလုံးမသာ ဖြစ် လေ၏၊ နှလုံးမသာဖြစ်ခြင်းကိုလည်း (သူတစ်ပါးအား) ပြောကြားလေ၏။ ထိုမင်းသည် မင်းရသေ့ထံ ချဉ်း ကပ်၍ မင်းရသေ့အား ဤစကားကို လျှောက်၏။ “မင်းမြတ် အမှန်သိတော်မူပါလော့၊ မြတ်သော (လိုရာ အရပ်သို့ အပိတ်အပင်မရှိ သွားနိုင်သော) စကြာရတနာသည် ကွယ်ပျောက်ပါပြီ”ဟု (လျှောက်၏)။
ရဟန်းတို့ ဤသို့ လျှောက်သော် မင်းရသေ့သည် မင်းမျိုးဖြစ်သော ဦးထိပ်၌ အဘိသိက်သွန်း ပြီးသော မင်းအား ဤစကားကို ပြောကြား၏။
“ချစ်သား မြတ်သော (လိုရာအရပ်သို့ အပိတ်အပင်မရှိ သွားနိုင်သော) စကြာရတနာ ကွယ်ပျောက်သောကြောင့် နှလုံးမသာ မဖြစ်လင့်၊ နှလုံးမသာ ဖြစ်ခြင်းကိုလည်း (သူတစ်ပါးအား) မပြောကြားလင့်၊ ချစ်သား မြတ်သော (လိုရာအရပ်သို့ အပိတ်အပင်မရှိ သွားနိုင်သော) စကြာရတနာသည် သင့်ဖခင်မှ ဆင်း သက်လာသော အမွေပစ္စည်း မဟုတ်၊ ချစ်သား သင်ချစ်သားသည် အပြစ်ကင်းသော စကြာမင်းတို့၏ ကျင့်ဝတ်တို့ကို ကျင့်ဘိလော့၊ တစ်ဆယ့်ငါးရက်မြောက်သော (လပြည့်) ဥပုသ်နေ့၌ ဦးခေါင်းဆေး မင်္ဂလာ ပြုပြီးလျှင် မြတ်သော ပြာသာဒ်ထက်သို့ တက်၍ ဥပုသ်ဆောက်တည်လျက် အပြစ်ကင်းသော စကြဝတေး မင်း ကျင့်ဝတ်ကို ကျင့်နေသော သင် (ချစ်သား) အား အကန့်တစ်ထောင်ရှိသော အကွပ်ပုံတောင်းနှင့် တကွသော အခြင်းအရာအလုံးစုံရှိသော မြတ်သော (လိုရာအရပ်သို့ အပိတ်အပင်မရှိသွားနိုင်သော) စကြာရတနာ သည် ထင်ရှားဖြစ်ပေါ်လတ္တံ့သော အကြောင်းသည် ရှိသည်သာတည်း”ဟု (ပြောကြား၏)။
မြတ်သော စကြာမင်းတို့၏ ကျင့်ဝတ်
၈၄။ မင်းမြတ် မြတ်သော စကြာမင်းတို့၏ ကျင့်ဝတ်ဟူသည် အဘယ်ပါနည်းဟု (လျှောက်၏)။
ချစ်သား သို့ဖြစ်လျှင် သင် (ချစ်သား) သည် တရားကိုသာလျှင် အမှီပြု၍ တရားကိုသာလျှင် အရို အသေပြုလျက် တရားကိုသာလျှင် အလေးပြုလျက် တရားကိုသာလျှင် မြတ်နိုးလျက် တရားကိုသာလျှင် ပူဇော်လျက် တရားကိုသာလျှင် တုပ်ဝပ်လျက် တရားကိုသာလျှင် တံခွန်သဖွယ်ပြုလျက် တရားကိုသာလျှင် မှန်ကင်းကဲ့သို့ ပြုလျက် တရားကိုသာလျှင် အကြီးအမှူးပြုလျက် အတွင်း သားမယားစသည်၌လည်း ကောင်း၊ စစ်သည်ဗိုလ်ပါ၌လည်းကောင်း၊ အရံမင်းတို့၌လည်းကောင်း၊ ပုဏ္ဏားနှင့် အမျိုးသားတို့၌လည်း ကောင်း၊ နိဂုံးဇနပုဒ်သားတို့၌လည်းကောင်း၊ သမဏဗြာဟ္မဏတို့၌လည်းကောင်း၊ သားငှက်တို့၌လည်း ကောင်း တရားနှင့်လျော်သော စောင့်ရှောက်မှု ကာကွယ်မှု လုံခြုံစေမှုကို စီရင်လော့။
ချစ်သား သင်၏ နိုင်ငံတော်၌ အနိုင်အထက် နှိပ်စက်မှုများ မဖြစ်စေလင့်၊ ချစ်သား သင်၏ နိုင်ငံ တော်၌ ပစ္စည်းဥစ္စာ မရှိသူတို့အားလည်း ပစ္စည်းဥစ္စာကို ပေးကမ်းလော့၊ ချစ်သား သင်၏ နိုင်ငံတော်၌ အကြင်သမဏဗြာဟ္မဏတို့သည် မာန်ယစ်ခြင်း မေ့လျော့ခြင်းတို့မှ ရှောင်ကြဉ်ကြကုန်၏၊ သည်းခံခြင်း ကောင်းသော မွေ့လျော်ခြင်း၌ တည်ကြကုန်၏၊ မိမိ၏ စိတ်ကို ဆုံးမကြကုန်၏၊ မိမိ၏ စိတ်ကို ငြိမ်သက် စေကြကုန်၏၊ မိမိ၏ စိတ်ကို ငြိမ်းအေးစေကြကုန်၏၊ ထိုသမဏဗြာဟ္မဏတို့ထံ လျောက်ပတ်သောအခါ ချဉ်းကပ်၍ မေးမြန်းလေလော့၊ စုံစမ်းလေလော့ —
“အသျှင်ဘုရားတို့ အဘယ်သည် ကုသိုလ်ပါနည်း၊ အဘယ်သည် အကုသိုလ်ပါနည်း၊ အဘယ်သည် အပြစ်ရှိပါသနည်း၊ အဘယ်သည် အပြစ်မရှိပါသနည်း၊ အဘယ်ကို မှီဝဲအပ်ပါသနည်း၊ အဘယ်ကို မမှီဝဲ အပ်ပါသနည်း၊ အကျွန်ုပ် ပြုအပ်သော အဘယ်တရားသည် ရှည်စွာသော ကာလပတ်လုံး အစီးအပွါးမဲ့ ခြင်းငှါ ဆင်းရဲ ခြင်းငှါ ဖြစ်ပါသနည်း၊ အကျွန်ုပ် ပြုအပ်သော အဘယ်တရားသည် ရှည်စွာသော ကာလ ပတ်လုံး အစီးအပွါးရှိခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်ပါသနည်း”ဟု (မေးမြန်းလေလော့၊ စုံစမ်းလေလော့)။ ထို (သမဏဗြာဟ္မဏ) တို့၏ စကားကို ကြားနာ၍ အကုသိုလ်တရားကို ကြဉ်ရှောင်လော့၊ ကုသိုလ်တရားကို ဆောက်တည်၍ ကျင့်လေလော့၊ ချစ်သား ဤသည်ကား စကြဝတေးမင်းတို့၏ အပြစ်ကင်းသော ကျင့်ဝတ် တည်းဟု (ပြောကြား၏)။
စကြာရတနာ ဖြစ်ပေါ်လာခြင်း
၈၅။ ရဟန်းတို့ မင်းမျိုးဖြစ်သော ဦးထိပ်၌ အဘိသိက်သွန်းပြီးသော မင်းသည် “မင်းမြတ် ကောင်းပါပြီ”ဟု မင်းရသေ့၏ စကားကို ဝန်ခံ၍ စကြဝတေးမင်းတို့၏ အပြစ်ကင်းသော ကျင့်ဝတ်ကို ကျင့် လေ၏။
တစ်ဆယ့်ငါးရက်မြောက်ဥပုသ်နေ့၌ ဦးခေါင်းဆေးမင်္ဂလာ ပြုပြီးလျှင် မြတ်သော ပြာသာဒ်ထက်သို့ တက်၍ ဥပုသ်ဆောက်တည်လျက် အပြစ်ကင်းသော စကြဝတေးကျင့်ဝတ်ကို ကျင့်သော ထိုမင်းအား အကန့်တစ်ထောင်ရှိသော အကွပ်ပုံတောင်းနှင့်တကွသော အခြင်းအရာ အလုံးစုံရှိသော မြတ်သော (လိုရာ အရပ်သို့ အပိတ်အပင်မရှိ သွားနိုင်သော) စကြာရတနာသည် ဖြစ်ပေါ်လာ၏၊ (ထိုစကြာရတနာကို) မြင် လတ်သော် မင်းမျိုးဖြစ်သော အဘိသိက်သွန်းပြီးသော မင်းအား ဤသို့ အကြံဖြစ်၏ —
“တစ်ဆယ့်ငါးရက်မြောက် (လပြည့်) ဥပုသ်နေ့၌ ဦးခေါင်းဆေးမင်္ဂလာ ပြုပြီးလျှင် မြတ်သော ပြာသာဒ်ထက်သို့ တက်၍ ဥပုသ်ဆောက်တည်နေသော မင်းမျိုးဖြစ်သော ဦးထိပ်၌ အဘိသိက် သွန်းပြီးသော ‘အကြင်မင်းအား အကန့်တစ်ထောင်ရှိသော အကွပ်ပုံတောင်းနှင့်တကွသော အခြင်းအရာ အလုံးစုံရှိသော မြတ်သော (လိုရာအရပ်သို့ အပိတ်အပင်မရှိ သွားနိုင်သော) စကြာ ရတနာသည် ဖြစ်ပေါ်လာငြားအံ့၊ ထိုမင်းသည် စကြဝတေးမင်း ဖြစ်၏ ‘ ဟူသော ဤစကားကို ငါ ကြားဖူး၏၊ ငါသည် စကြဝတေးမင်း ဖြစ်ရာသလော”ဟု (အကြံဖြစ်၏)။
ရဟန်းတို့ ထိုအခါ မင်းမျိုးဖြစ်သော ဦးထိပ်၌ အဘိသိက်သွန်းပြီးသော မင်းသည် နေရာမှထပြီးလျှင် အပေါ်ရုံစုလျားကို ပခုံးတစ်ဖက်၌ တင်၍ လက်ဝဲလက်ဖြင့် ရေကရားကို ကိုင်လျက် “အသျှင် စကြာ ရတနာသည် လည်စေသတည်း၊ အသျှင် စကြာရတနာသည် အောင်စေသတည်း”ဟု (ဆို၍) စကြာ ရတနာကို လကျာ်လက်ဖြင့် ရေသွန်းဖျန်း၏။
ရဟန်းတို့ ထိုအခါ ထိုစကြာရတနာသည် အရှေ့အရပ်သို့ လည်သွားလေ၏၊ စစ်အင်္ဂါလေးပါးနှင့် တကွ စကြဝတေးမင်းသည်လည်း တပါတည်း လိုက်ပါသွားလေ၏၊ ရဟန်းတို့ စကြာရတနာရပ်တန့်ရာ အရပ်၌ စစ်အင်္ဂါလေးပါးနှင့် တကွသော စကြဝတေးမင်းသည် စခန်းချနေ၏။
ရဟန်းတို့ အရှေ့အရပ်၌ ရှိသော ထီးပြိုင်မင်းတို့သည် စကြဝတေးမင်းထံသို့ ချဉ်းကပ်ပြီးလျှင် “မင်းကြီး ကြွလာတော်မူပါ၊ မင်းကြီး အရှင်၏ လာခြင်းသည် ကောင်းသော လာခြင်း ဖြစ်ပါသည်၊ မင်းကြီး (ဤနိုင်ငံသည်) အရှင်၏ နိုင်ငံပါတည်း၊ မင်းကြီး ဆုံးမတော်မူပါ”ဟု ဆိုကုန်၏။
စကြဝတေးမင်းသည် ဤသို့ မိန့်ဆို၏၊ “အသက်ကို မသတ်အပ်၊ မပေးသည်ကို မယူအပ်၊ ကာမဂုဏ်တို့၌ မှားယွင်းစွာ မကျင့်အပ်၊ မဟုတ်မမှန်သော စကားကို မပြောအပ်၊ သေရည်သေရက်ကို မသောက်အပ်၊ ကောက်ခံမြဲ အခွန်အတုတ်ကိုလည်း ကောက်ခံသုံးစွဲကြကုန်လော့”ဟု (မိန့်ဆို၏)။
ရဟန်းတို့ အရှေ့အရပ်၌ရှိသော ထီးပြိုင်မင်းတို့သည် စကြဝတေးမင်း၏ သြဇာခံမင်းတို့ ဖြစ်လေ့ကုန်၏။
၈၆။ ရဟန်းတို့ ထိုအခါ စကြာရတနာသည် အရှေ့သမုဒ္ဒရာသို့ ဆင်းသက်၍ တစ်ဖန် ပြန်တက် ပြီးလျှင် တောင်အရပ်သို့ လည်သွားလေ၏။ပ။ တောင်သမုဒ္ဒရာသို့ ဆင်းသက်၍ တစ်ဖန် ပြန်တက်ပြီးလျှင် အနောက်အရပ်သို့လည် သွားလေ၏။ စစ်အင်္ဂါလေးပါးနှင့်တကွ စကြဝတေးမင်းသည်လည်း တပါတည်း လိုက်ပါသွားလေ၏။ ရဟန်းတို့ စကြာရတနာ ရပ်တန့်သော အရပ်၌ စစ်အင်္ဂါလေးပါးနှင့်တကွ စကြဝတေးမင်းသည် စခန်းချနေ၏။
ထိုအနောက်အရပ်၌ရှိသော ထီးပြိုင်မင်းတို့သည် စကြဝတေးမင်းထံသို့ ချဉ်းကပ်ပြီးလျှင် “မင်းကြီး ကြွလာတော်မူပါ၊ မင်းကြီး အရှင်၏ လာခြင်းသည် ကောင်းသော လာခြင်းဖြစ်ပါသည်၊ မင်းကြီး (ဤနိုင်ငံ သည်) အရှင်၏ နိုင်ငံပါတည်း၊ မင်းကြီး ဆုံးမတော်မူပါ”ဟု ဆိုကုန်၏။
စကြဝတေးမင်းသည် ဤသို့ မိန့်ဆို၏၊ “အသက်ကို မသတ်အပ်၊ မပေးသည်ကို မယူအပ်၊ ကာမဂုဏ်တို့၌ မှားယွင်းစွာ မကျင့်အပ်၊ မဟုတ်မမှန်သော စကားကို မပြောအပ်၊ သေရည်သေရက်ကို မသောက်အပ်၊ ကောက်ခံမြဲ အခွန်အတုတ်ကိုလည်း ကောက်ခံသုံးစွဲကြကုန်လော့”ဟု (မိန့်ဆို၏)။
ရဟန်းတို့ အနောက်အရပ်၌ရှိသော ထီးပြိုင်မင်းတို့သည် စကြဝတေးမင်း၏ သြဇာခံမင်းတို့ ဖြစ် လေကုန်၏။
၈၇။ ရဟန်းတို့ ထိုအခါ စကြာရတနာသည် အနောက်သမုဒ္ဒရာသို့ ဆင်းသက်၍ တစ်ဖန် ပြန်တက်ပြီးလျှင် မြောက်အရပ်သို့ လည်သွားလေ၏၊ စစ်အင်္ဂါလေးပါးနှင့်တကွ စကြဝတေးမင်းသည်လည်း တပါတည်း လိုက်ပါသွားလေ၏၊ ရဟန်းတို့ စကြာရတနာ ရပ်တန့်ရာ အရပ်၌ စစ်အင်္ဂါလေးပါးနှင့်တကွ စကြဝတေးမင်းသည် စခန်းချနေ၏။
ရဟန်းတို့ မြောက်အရပ်၌ရှိသော ထီးပြိုင်မင်းတို့သည် စကြဝတေးမင်းထံ ချဉ်းကပ်၍ ဤသို့ ဆိုကုန်၏၊ “မင်းကြီး ကြွလာတော်မူပါ၊ မင်းကြီး အရှင်၏ လာခြင်းသည် ကောင်းသော လာခြင်းဖြစ်ပါ သည်၊ မင်းကြီး (ဤနိုင်ငံသည်) အရှင်၏ နိုင်ငံပါတည်း၊ မင်းကြီး ဆုံးမတော်မူပါ”ဟု ဆိုကုန်၏။
စကြဝတေးမင်းသည် ဤသို့ မိန့်ဆို၏၊ “အသက်ကို မသတ်အပ်၊ မပေးသည်ကို မယူအပ်၊ ကာမဂုဏ်တို့ ၌ မှားယွင်းစွာ မကျင့်အပ်၊ မဟုတ်မမှန်သော စကားကို မပြောအပ်၊ သေရည်သေရက်ကို မသောက်အပ်၊ ကောက်ခံမြဲ အခွန်အတုတ်ကိုလည်း ကောက်ခံသုံးစွဲကြကုန်လော့”ဟု (ဆို၏)။
ရဟန်းတို့ မြောက်အရပ်၌ရှိသော ထီးပြိုင်မင်းတို့သည် စကြဝတေးမင်း၏ သြဇာခံမင်းတို့ ဖြစ်လေ ကုန်၏။
ရဟန်းတို့ ထိုအခါ ထိုစကြာရတနာသည် သမုဒ္ဒရာအပိုင်းအခြားရှိသော မြေကို အောင်မြင်ပြီး၍ ထိုစကြဝတေးမင်း၏ နေပြည်တော်သို့သာလျှင် တစ်ဖန် ပြန်လည်၍ စကြဝတေးမင်း၏ နန်းတော်တံခါး လွှတ်ရုံးတော်မုခ်ဦး၌ စကြဝတေးမင်း၏ နန်းတော်ကို တင့်တယ်စေလျက် ဝင်ရိုးတပ်ထားဘိသကဲ့သို့ တည်နေ၏။
ဒုတိယ စကြာမင်း စသည် အကြောင်း
၈၈။ ရဟန်းတို့ နှစ်ယောက်မြောက် စကြာမင်းသည်လည်း။ပ။ သုံးယောက်မြောက် စကြာမင်းသည် လည်း။ လေးယောက်မြောက် စကြာမင်းသည်လည်း။ ငါးယောက်မြောက် စကြာမင်းသည်လည်း။ ခြောက် ယောက်မြောက် စကြာမင်းသည်လည်း။ ခုနစ်ယောက်မြောက် စကြာမင်းသည်လည်း နှစ်ပေါင်းများစွာ နှစ် ရာပေါင်းများစွာ နှစ်ထောင်ပေါင်းများစွာ ကုန်လွန်သောအခါ၌ မင်းချင်းယောကျာ်းတစ်ယောက်ကို အမိန့် ပေး၏ —
“အချင်းယောကျာ်း သင်သည် မြတ်သော (လိုရာအရပ်သို့ အပိတ်အပင် မရှိသွားနိုင်သော) စကြာ့ရတနာကို တည်နေရာမှ အနည်းငယ် လျှောကျသက်ဆင်းသည်ကို မြင်သောအခါ ငါ့အား ပြောကြားလော့”ဟု (အမိန့်ပေး၏)။
ရဟန်းတို့ ထို (မင်းချင်း) ယောကျာ်းသည် “မင်းမြတ် ကောင်းပါပြီ”ဟု စကြဝတေးမင်းအား ဝန်ခံ၏။
ရဟန်းတို့ ထို (မင်းချင်း) ယောကျာ်းသည် နှစ်ပေါင်းများစွာ နှစ်ရာပေါင်းများစွာ နှစ်ထောင်ပေါင်း များစွာ ကုန်လွန်သောအခါ မြတ်သော (လိုရာအရပ်သို့ အပိတ်အပင်မရှိ သွားနိုင်သော) စကြာရတနာကို တည်နေရာမှ အနည်းငယ် လျှောကျသက်ဆင်းသည်ကို မြင်၏၊ မြင်လတ်သော် စကြဝတေးမင်းထံ ချဉ်း ကပ်၍ စကြဝတေးမင်းအား ဤစကားကို လျှောက်၏ —
“မင်းမြတ် အမှန်သိတော်မူပါလော့၊ သင် (မင်းမြတ်)၏ မြတ်သော (လိုရာအရပ်သို့ အပိတ်အပင် မရှိ သွားနိုင်သော) စကြာရတနာသည် တည်နေရာမှ အနည်းငယ် လျှောကျသက်ဆင်းပါပြီ”ဟု (လျှောက်၏)။
၈၉။ ရဟန်းတို့ ထိုအခါ စကြဝတေးမင်းသည် သားကြီးအိမ်ရှေ့မင်းသားကို ခေါ်၍ ဤစကားကို မိန့်ဆို၏ —
“ချစ်သား ငါ၏ မြတ်သော (လိုရာအရပ်သို့ အပိတ်အပင်မရှိ သွားနိုင်သော) စကြာရတနာသည် တည်နေရာမှ လျှောကျသက်ဆင်းသတတ်၊ ‘အကြင် စကြဝတေးမင်း၏ မြတ်သော (လိုရာ အရပ်သို့ အပိတ်အပင်မရှိ သွားနိုင်သော) စကြာရတနာသည် တည်နေရာမှ လျှောကျသက်ဆင်း၏၊ ထို စကြဝတေးမင်းသည် ကြာမြင့်စွာ အသက်မရှည်ရာ ‘ဟု ငါကြားဖူး၏၊ ငါသည် လူ့စည်းစိမ် ချမ်းသာကို စံစားခဲ့ပြီ၊ ယခုအခါ ငါသည် နတ်စည်းစိမ်းချမ်းသာတို့ကို ရှာဖွေရန် အချိန်တန်ပြီ၊ ချစ်သား လာလော့၊ သင်သည် သမုဒ္ဒရာ လေးစင်းအဆုံးရှိသော ဤမြေကြီးကို သိမ်းဆည်း (အုပ်စိုး)လော့။ ငါမူကား ဆံမုတ်ဆိတ်ကို ရိတ်၍ ဖန်ရည်စွန်းသော အဝတ်တို့ကို ဝတ်ပြီးလျှင် လူ့ဘောင်မှ ရသေ့ဘောင်သို့ ဝင်ရောက်အံ့”ဟု (မိန့်ဆို၏)။
ရဟန်းတို့ ထိုအခါ စကြဝတေးမင်းသည် သားကြီး အိမ်ရှေ့မင်းသားကို မင်းအဖြစ်အုပ်စိုးမှု၌ ကောင်းစွာ ဆုံးမသွန်သင်ပြီးလျှင် ဆံမုတ်ဆိတ်ကို ရိတ်၍ ဖန်ရည်စွန်းသော အဝတ်တို့ကို ဝတ်ပြီးလျှင် လူ့ဘောင်မှ ရသေ့ဘောင်သို့ ဝင်ရောက်၏၊ ရဟန်းတို့ မင်းရသေ့သည် ရသေ့ပြုပြီး၍ ခုနစ်ရက်မြောက်သော နေ့၌ မြတ်သော (လိုရာအရပ်သို့ အပိတ်အပင်မရှိ သွားနိုင်သော) စကြာရတနာသည် ကွယ်ပျောက် လေ၏။
၉ဝ။ ရဟန်းတို့ ထိုအခါ မင်းချင်းယောကျာ်းတစ်ယောက်သည် မင်းမျိုးဖြစ်သော ဦးထိပ်၌ အဘိသိက်သွန်းပြီးသော မင်းထံ ချဉ်းကပ်ပြီးလျှင် မင်းမျိုးဖြစ်သော ဦးထိပ်၌ အဘိသိက်သွန်းပြီးသော မင်းအား “ မင်းမြတ် အမှန်သိတော်မူပါလော့၊ မြတ်သော (လိုရာအရပ်သို့ အပိတ်အပင်မရှိ သွားနိုင်သော) စကြာရတနာသည် ကွယ်ပျောက်ပါပြီ”ဟု လျှောက်၏။
ရဟန်းတို့ ထိုအခါ မင်းမျိုးဖြစ်သော ဦးထိပ်၌ အဘိသိက်သွန်းပြီးသော မင်းသည် မြတ်သော (လိုရာအရပ်သို့ အပိတ်အပင်မရှိ သွားနိုင်သော) စကြာရတနာ ကွယ်ပျောက်သည်ရှိသော် နှလုံးမသာ ဖြစ် လေ၏၊ နှလုံးမသာ ဖြစ်ခြင်းကိုလည်း (သူတစ်ပါးအား) ပြောကြားလေ၏၊ ထိုမင်းသည် မင်းရသေ့ထံ ချဉ်းကပ်၍ မြတ်သော စကြဝတေးမင်းတို့၏ ကျင့်ဝတ်ကို မမေး၊ ထိုမင်းသည် မိမိပညာဖြင့်သာ နိုင်ငံကို ဆုံးမအုပ်စိုး၏၊ မိမိပညာဖြင့်သာ နိုင်ငံကို ဆုံးမအုပ်စိုးသော် ထိုမင်း၏ နိုင်ငံတို့သည် မြတ်သော စကြဝတေးမင်းတို့၏ ကျင့်ဝတ်တို့ကို ကျင့်ကုန်သော ရှေးမင်းတို့၏ နိုင်ငံတို့ကဲ့သို့ ရှေ့နောက် ညီညွတ်စွာ မတိုးပွါးကုန်။
ရဟန်းတို့ ထိုအခါ အမှုဆောင်အမတ်များ မင်းတိုင်ပင်အမတ်များ ဘဏ္ဍာရေးအမတ်များ အမတ် ချုပ်များ စစ်သည်ဗိုလ်ပါများ တံခါးမှူးများ ပညာရှိ (ပုရောဟိတ်) အမတ်များတို့သည် စည်းဝေးကြကုန်၍ မင်းမျိုးဖြစ်သော ဦးထိပ်၌ အဘိသိက်သွန်းပြီးသော မင်းအား ဤစကားကို လျှောက်ကုန်၏ —
“မင်းမြတ် မြတ်သော စကြဝတေးမင်းတို့၏ ကျင့်ဝတ်တို့ကို ကျင့်ကုန်သော မင်းတို့၏ ဇနပုဒ်တို့ သည့်တိုးပွါးကုန်သကဲ့သို့ မိမိစိတ်အလိုဖြင့် နိုင်ငံကို ဆုံးမသော သင် (မင်းမြတ်)၏ နိုင်ငံတို့သည် ရှေ့နောက် ညီညွတ်စွာ မတိုးပွါးကုန်၊ မင်းမြတ် သင် (မင်းမြတ်)၏ နိုင်ငံတော်၌ အမှုဆောင်အမတ်များ မင်းတိုင်ပင်အမတ်များ ဘဏ္ဍာရေးအမတ်များ အမတ်ချုပ်များ စစ်သည်ဗိုလ်ပါများ တံခါးမှူးများနှင့် ပညာ ရှိ (ပုရောဟိတ်) အမတ်များ ဖြစ်ကုန်သော အကျွန်ုပ်တို့သည်လည်းကောင်း တစ်ပါးသူတို့သည်လည်း ကောင်း ရှိပါကုန်၏၊ အကြင် အကျွန်ုပ်တို့သည် အပြစ်ကင်းသော စကြဝတေးမင်း ကျင့်ဝတ်ကို မှတ်သား ထားပါကုန်၏၊ မင်းမြတ် သင် (မင်းမြတ်) သည် အကျွန်ုပ်တို့အား အပြစ်ကင်းသော စကြဝတေးမင်း ကျင့် ဝတ်ကို မေးပါလော့၊ မေးသည်ရှိသော် ထိုအကျွန်ုပ်တို့သည် အပြစ်ကင်းသော စကြဝတေးမင်း ကျင့်ဝတ် ကို သင် (မင်းမြတ်) အား ဖြေကြားပါကုန်အံ့”ဟု (လျှောက်ကုန်၏)။
အသက်အဆင်း စသည် ယုတ်လျော့ခြင်း အကြောင်း
၉၁။ ရဟန်းတို့ ထိုအခါ မင်းမျိုးဖြစ်သော ဦးထိပ်၌ အဘိသိက်သွန်းပြီးသော မင်းသည် အမှုဆောင် အမတ်များ မင်းတိုင်ပင်အမတ်များ ဘဏ္ဍာရေးအမတ်များ အမတ်ချုပ်များ စစ်သည်ဗိုလ်ပါများ တံခါးမှူးများနှင့် ပညာရှိ (ပုရောဟိတ်) အမတ်များတို့ကို စည်းဝေးစေ၍ အပြစ်ကင်းသော စကြဝတေးမင်း ကျင့်ဝတ်ကို မေး၏။ မေးသည်ရှိသော် ထိုအမတ်တို့သည် အပြစ်ကင်းသော စကြဝတေးမင်း ကျင့်ဝတ်ကို ထိုမင်းအား ဖြေကြားကုန်၏။
ထိုအမတ်တို့၏ (စကားကို) ကြား၍တရားနှင့်လျော်သော စောင့်ရှောက်မှု ကာကွယ်မှု လုံခြုံစေမှုကို စီရင်၏၊ ပစ္စည်းဥစ္စာ မရှိသူတို့အား ပစ္စည်းဥစ္စာကိုကား မပေး။ ပစ္စည်းဥစ္စာ မရှိသူတို့အား ပစ္စည်းဥစ္စာ မပေးသည်ရှိသော် ဆင်းရဲခြင်း ပွါးများလာ၏။ ဆင်းရဲခြင်း ပွါးများလာသောအခါ ယောကျာ်းတစ်ယောက် သည် သူတစ်ပါးတို့ မပေးသော ဥစ္စာကို ခိုးလိုသော စိတ်ဖြင့် ခိုးယူ၏။ ထို (ယောကျာ်း) ကို ဖမ်းကုန်၏။ ဖမ်းပြီးလျှင် မင်းမျိုးဖြစ်သော ဦးထိပ်၌ အဘိသိက်သွန်းပြီးသော မင်းအား “မင်းမြတ် ဤယောကျာ်းသည် သူတစ်ပါးတို့ မပေးသော ဥစ္စာကို ခိုးလိုသော စိတ်ဖြင့် ယူပါ၏”ဟု ဆို၍ ပြကုန်၏။
ရဟန်းတို့ ဤသို့ ဆို၍ပြသော် မင်းမျိုးဖြစ်သော ဦးထိပ်၌ အဘိသိက်သွန်းပြီးသော မင်းသည် ထို ယောကျာ်းအား ဤစကားကို ဆို၏၊ “အချင်းယောကျာ်း သင်သည် သူတစ်ပါးတို့ မပေးသော ဥစ္စာကို ခိုးလိုသော စိတ်ဖြင့် ယူ၏ဟူသည် မှန်သလော”ဟု (ဆို၏)။
မှန်ပါသည် မင်းမြတ်ဟု (လျှောက်၏)။
အဘယ့်ကြောင့် (ခိုးယူသနည်း)ဟု (ဆို၏)။
မင်းမြတ် အသက်မွေးမှု မလုံလောက်သောကြောင့်ပါတည်းဟု (လျှောက်၏)။
ရဟန်းတို့ ထိုအခါ မင်းမျိုးဖြစ်သော ဦးထိပ်၌ အဘိသိက်သွန်းပြီးသော မင်းသည် “ယောကျာ်း သင်သည် ဤဥစ္စာဖြင့် ကိုယ်တိုင်လည်း အသက်မွေးလော့၊ မိဘကိုလည်း ကျွေးမွေးလော့၊ သားမယား ကိုလည်း ကျွေးမွေးလော့၊ အလုပ်အကိုင်ကိုတို့လည်း လုပ်ကိုင်လော့၊ အထက်အထက်ဘုံသို့ ရောက်စေ သည့် အကျိုးရှိသော ကောင်းမြတ်သော အကျိုးဆယ်ပါးကို ဖြစ်စေတတ်သော ချမ်းသာသော အကျိုးရှိသော နတ်ပြည်၌ ဖြစ်စေတတ်သော အလှူကို သမဏဗြာဟ္မဏတို့၌ တည်စေလော့”ဟု ဆို၍ ထိုယောကျာ်း အား ဥစ္စာကို ပေး၏။ ရဟန်းတို့ ထိုယောကျာ်းသည် “မင်းမြတ် ကောင်းပါပြီ”ဟု မင်းမျိုးဖြစ်သော ဦးထိပ်၌ အဘိသိက်သွန်းပြီးသော မင်းအား ဝန်ခံ၏။
ရဟန်းတို့ ယောကျာ်း တစ်ယောက်သည်လည်း သူတစ်ပါးတို့ မပေးသော ဥစ္စာကို ခိုးလိုသော စိတ် ဖြင့် ယူ၏။ ထိုယောကျာ်းကို ဖမ်းကုန်၏၊ ဖမ်းပြီးလျှင် မင်းမျိုးဖြစ်သော ဦးထိပ်၌ အဘိသိက်သွန်းပြီးသော မင်းအား “မင်းမြတ် ဤယောကျာ်းသည် သူတစ်ပါးတို့ မပေးသော ဥစ္စာကို ခိုးလိုသော စိတ်ဖြင့် ယူပါ၏”ဟု ဆို၍ပြ ကုန်၏။ ရဟန်းတို့ ဤသို့ ဆို၍ပြသော် မင်းမျိုးဖြစ်သော ဦးထိပ်၌ အဘိသိက်သွန်း့ပြီးသော မင်းသည် ထိုယောကျာ်းအား ဤစကားကို ဆို၏၊ “အချင်းယောကျာ်း သင်သည် သူတစ်ပါးတို့ မပေးသော ဥစ္စာကို ခိုးလိုသော စိတ်ဖြင့် ယူ၏ဟူသည် မှန်သလော”ဟု (ဆို၏)။
မှန်ပါသည် မင်းမြတ်ဟု (လျှောက်၏)။
အဘယ့်ကြောင့် (ခိုးယူသနည်း)ဟု (ဆို၏)။
မင်းမြတ် အသက်မွေးမှု မလုံလောက်သောကြောင့်ပါတည်းဟု (လျှောက်၏)။
ရဟန်းတို့ ထိုအခါ မင်းမျိုးဖြစ်သော ဦးထိပ်၌ အဘိသိက်သွန်းပြီးသော မင်းသည် “ယောကျာ်း သင်သည် ဤဥစ္စာဖြင့် ကိုယ်တိုင်လည်း အသက်မွေးလော့၊ မိဘကိုလည်း ကျွေးမွေးလော့၊ သားမယားကို လည်း ကျွေးမွေးလော့၊ အလုပ်အကိုင်တို့ကိုလည်း လုပ်ကိုင်လော့၊ အထက် အထက်ဘုံသို့ ရောက်စေ သည့် အကျိုးရှိသော ကောင်းမြတ်သော အကျိုးဆယ်ပါးကို ဖြစ်စေတတ်သော ချမ်းသာသော အကျိုးရှိသော နတ်ပြည်၌ ဖြစ်စေတတ်သော အလှူကို သမဏဗြာဟ္မဏတို့၌ တည်စေလော့”ဟု ဆို၍ ထိုယောကျာ်း အား ဥစ္စာကို ပေး၏။ ရဟန်းတို့ ထိုယောကျာ်းသည် “မင်းမြတ် ကောင်းပါပြီ”ဟု မင်းမျိုးဖြစ်သော ဦးထိပ်၌ အဘိသိက်သွန်းပြီးသော မင်းအား ဝန်ခံ၏။
၉၂။ ရဟန်းတို့ လူတို့သည် “အချင်းတို့ သူတစ်ပါးတို့ မပေးသော ဥစ္စာကို ခိုးလိုသော စိတ်ဖြင့် ယူသော သူတို့အား မင်းသည် ဥစ္စာကို ပေးသတတ်”ဟု ကြားကြကုန်၏။ ယင်းသို့ ကြားသဖြင့် “ငါတို့ သည်လည်း သူတစ်ပါးတို့ မပေးသော ဥစ္စာကို ခိုးလိုသော စိတ်ဖြင့် ယူရမူ ကောင်းလေစွ”ဟု အကြံ ဖြစ်၏။
ရဟန်းတို့ ထိုအခါ တစ်ယောက်သော ယောကျာ်းသည် သူတစ်ပါးတို့ မပေးသော ဥစ္စာကို ခိုးလိုသော စိတ်ဖြင့် ယူလေ၏။ ထိုခိုးသူယောကျာ်းကို ဖမ်းကုန်၏၊ ဖမ်းပြီးလျှင် မင်းမျိုးဖြစ်သော ဦးထိပ်၌ အဘိသိက်သွန်းပြီးသော မင်းအား “မင်းမြတ် ဤယောကျာ်းသည် သူတစ်ပါးတို့မပေးသော ဥစ္စာကို ခိုး လိုသော စိတ်ဖြင့် ယူပါ၏”ဟု ဆို၍ ပြကုန်၏။
ရဟန်းတို့ ဤသို့ဆို၍ပြသော် မင်းမျိုးဖြစ်သော ဦးထိပ်၌ အဘိသိက်သွန်းပြီးသော မင်းသည် ထို (ခိုးသူ)ယောကျာ်းအား ဤစကားကို ဆို၏၊ “အချင်းယောကျာ်း သင်သည် သူတစ်ပါးတို့ မပေးသော ဥစ္စာကို ခိုးလိုသော စိတ်ဖြင့် ယူ၏ဟူသည် မှန်သလော”ဟု (ဆို၏)။
မှန်ပါသည် မင်းမြတ်ဟု (လျှောက်၏)။
အဘယ့်ကြောင့် (ခိုးယူသနည်း)ဟု (ဆို၏)။
မင်းမြတ် အသက်မွေးမှု မလုံလောက်သောကြောင့်ပါတည်းဟု (လျှောက်၏)။
ရဟန်းတို့ ထိုအခါ မင်းမျိုးဖြစ်သော ဦးထိပ်၌ အဘိသိက်သွန်းပြီးသော မင်းအား ဤသို့သော အကြံသည် ဖြစ်၏ —
“သူတစ်ပါးတို့ မပေးသော ဥစ္စာကို ခိုးလိုသော စိတ်ဖြင့် ယူသော သူအား အကယ်၍ ငါသည် ဥစ္စာကို ပေးအံ့၊ ဤသို့ ပေးနေခဲ့လျှင် ဤခိုးမှုသည် တိုးပွါးလတ္တံ့၊ ငါသည် ဤ (ခိုးသူ) ယောကျာ်းကို ကောင်းစွာ နှိပ်ကွပ်ခြင်းဖြင့် နှိပ်ကွပ်ရမူ ကောင်းလေစွ၊ ခိုးမှုအမြစ်ပြတ်အောင် ပြုရမူ ကောင်းလေစွ၊ ထိုသူ၏ ဦးခေါင်းကို ဖြတ်ရမူ ကောင်းလေစွ”ဟု (အကြံဖြစ်၏)။
ရဟန်းတို့ ထိုအခါ မင်းမျိုးဖြစ်သော ဦးထိပ်၌ အဘိသိက်သွန်းပြီးသော မင်းသည် (မင်းချင်း) ယောကျာ်းတို့ကို အမိန့်ပေး၏။
“အချင်းတို့ ထိုသို့ဖြစ်လျှင် ဤ (ခိုးသူ) ယောကျာ်းကို မြဲမြံခိုင်ခံ့သော ကြိုးဖြင့် မြဲမြံစွာ လက်ပြန် ကြိုးတုပ်နှောင်လျက် ခေါင်းတုံးရိတ်ပြီးလျှင် အသံပြင်းသော ထက်စည်ကို တီးကာ လမ်းမတစ်ခုမှ လမ်းမ တစ်ခုသို့ လမ်းဆုံတစ်ခုမှ လမ်းဆုံတစ်ခုသို့ ခေါ်ဆောင်၍ တောင်တံခါးမှ ထွက်ပြီးသော် မြို့၏ တောင် ဘက်၌ ကောင်းစွာ နှိပ်ကွပ်ခြင်းဖြင့် နှိပ်ကွပ်ကုန်လော့၊ (အဆုံးစီရင်ခြင်းဖြင့်) အမြစ်ပြတ်အောင် ပြုကုန့်လော့၊ ထို (ခိုးသူ) ယောကျာ်း၏ ဦးခေါင်းကို ဖြတ်ကုန်လော့”ဟု (အမိန့်ပေး၏)။
ရဟန်းတို့ ထို (မင်းချင်း) ယောကျာ်းတို့သည် “မင်းမြတ် ကောင်းပါပြီ”ဟု မင်းမျိုးဖြစ်သော ဦးထိပ်၌ အဘိသိက်သွန်းပြီးသော မင်းအား ဝန်ခံ၍ ထို (ခိုးသူ) ယောကျာ်းကို မြဲမြံခိုင်ခံ့သော ကြိုးဖြင့် မြဲမြံစွာ လက်ပြန်ကြိုး တုပ်နှောင်လျက် သင်တုံးဖြင့် ခေါင်းတုံးရိတ်ပြီးလျှင် အသံပြင်းသော ထက်စည်ကို တီးကာ လမ်းမတစ်ခုမှ လမ်းမတစ်ခုသို့ လမ်းဆုံတစ်ခုမှ လမ်းဆုံတစ်ခုသို့ ခေါ်ဆောင်၍ တောင်တံခါးမှ ထွက်ပြီးလျှင် မြို့၏ တောင်ဘက်၌ ကောင်းစွာ နှိပ်ကွပ်ခြင်းဖြင့် နှိပ်ကွပ်ကုန်၏၊ (အဆုံးစီရင်ခြင်းဖြင့်) အမြစ်ပြတ်အောင် ပြုကုန်၏၊ ထို (ခိုးသူ) ယောကျာ်း၏ ဦးခေါင်းကို ဖြတ်ကုန်၏။
၉၃။ ရဟန်းတို့ လူတို့သည် “အချင်းတို့ သူတစ်ပါးတို့ မပေးသော ဥစ္စာကို ခိုးလိုသော စိတ်ဖြင့် ယူသောသူတို့ကို မင်းသည် အပြီးတိုင် နှိပ်ကွပ်၏၊ (အဆုံးစီရင်ခြင်းဖြင့်) အမြစ်ပြတ်အောင် ပြု၏၊ ထို (ခိုးသူ) ယောကျာ်း၏ ဦးခေါင်းကို ဖြတ်၏”ဟု ကြားကုန်၏။ ယင်းသို့ ကြားသဖြင့် “ငါတို့သည်လည်း ထက်သော လက်နက်တို့ကို ပြုလုပ်စေကုန်အံ့၊ ထက်သော လက်နက်တို့ကို ပြုလုပ်စေပြီးလျှင် အကြင် သူတို့ မပေးသော ဥစ္စာကို ခိုးလိုသော စိတ်ဖြင့် ခိုးယူကုန်အံ့၊ ထိုဥစ္စာရှင်တို့ကို အပြီးတိုင် နှိပ်ကွပ် ကုန်အံ့၊ (အဆုံးစီရင်ခြင်းဖြင့်) အမြစ်ပြတ်အောင် ပြုကုန်အံ့၊ ထို (ဥစ္စာရှင်) တို့၏ ဦးခေါင်းကို ဖြတ်ကုန် အံ့”ဟု အကြံဖြစ်၏။ ထိုသူတို့သည် ထက်သော လက်နက်တို့ကို ပြုလုပ်စေကုန်၏၊ ထက်သော လက်နက် တို့ကို ပြုလုပ်စေပြီးလျှင် ရွာကို လုယက်ဖျက်ဆီးခြင်းငှါလည်း အားထုတ်ကုန်၏၊ နိဂုံးကို လုယက်ဖျက်ဆီး ခြင်းငှါလည်း အားထုတ်ကုန်၏၊ မြို့ကို လုယက်ဖျက်ဆီးခြင်းငှါလည်း အားထုတ်ကုန်၏၊ လမ်း၌ (စောင့်၍) လုယက်ဖျက်ဆီးခြင်းငှါလည်း အားထုတ်ကုန်၏။
ထိုသူတို့သည် အကြင်သူတို့ မပေးသော ဥစ္စာကို ခိုးလိုသော စိတ်ဖြင့် ယူကြကုန်၏၊ ထို (ဥစ္စာရှင်) တို့ကို အပြီးတိုင် နှိပ်ကွပ်ကုန်၏၊ (အဆုံးစီရင်ခြင်းဖြင့်) အမြစ်ပြတ်အောင် ပြုကုန်၏၊ ထို (ဥစ္စာရှင်) တို့၏ ဦးခေါင်းကို ဖြတ်ကုန်၏။
၉၄။ ရဟန်းတို့ ဤသို့လျှင် ပစ္စည်းဥစ္စာမရှိသူတို့အား ပစ္စည်းဥစ္စာကို မပေးသော် ဆင်းရဲခြင်း ပွါးများလာ၏၊ ဆင်းရဲခြင်း ပွါးများလာသော် မပေးသော ဥစ္စာကို ခိုးယူမှု ပွါးများလာ၏၊ ခိုးယူမှု ပွါး များလာသော် လက်နက်ပွါးများလာ၏၊ လက်နက်ပွါးများလာသော် အသက်သတ်မှု ပွါးများလာ၏၊ အသက် သတ်မှု ပွါးများလာသော် ထိုသတ္တဝါတို့၏ အသက်သည်လည်း ဆုတ်ယုတ်လာ၏၊ အဆင်းသည်လည်း ဆုတ်ယုတ်လာ၏၊ အသက်အားဖြင့်လည်း ဆုတ်ယုတ်ကုန်သော အဆင်းအားဖြင့်လည်း ဆုတ်ယုတ်ကုန်သော အနှစ်ရှစ်သောင်း အသက်ရှည်ကုန်သော ထိုသူတို့၏ သားသမီးတို့သည် အနှစ်လေးသောင်း အသက်ရှည်ကုန်၏။
ရဟန်းတို့ အနှစ်လေးသောင်း အသက်ရှည်ကုန်သော လူတို့တွင် တစ်ယောက်သော ယောကျာ်းသည် သူတစ်ပါးတို့ မပေးသော ဥစ္စာကို ခိုးလိုသော စိတ်ဖြင့် ယူ၏၊ ထိုခိုးသူကို ဖမ်းကုန်၏။ ဖမ်းပြီးလျှင် မင်းမျိုးဖြစ်သော ဦးထိပ်၌ အဘိသိက်သွန်းပြီးသော မင်းအား “မင်းမြတ် ဤယောကျာ်းသည် သူတစ်ပါးတို့ မပေးသော ဥစ္စာကို ခိုးလိုသော စိတ်ဖြင့် ယူပါ၏”ဟု ဆို၍ ပြကုန်၏။ ရဟန်းတို့ ဤသို့ ဆို၍ပြသော် မင်းမျိုးဖြစ်သော ဦးထိပ်၌ အဘိသိက်သွန်းပြီးသော မင်းသည် ထိုယောကျာ်းအား ဤစကားကို ဆို၏၊ “အချင်းယောကျာ်း သင်သည် သူတစ်ပါးတို့ မပေးသော ဥစ္စာကို ခိုးလိုသော စိတ်ဖြင့် ယူ၏ ဟူသည် မှန်သလော”ဟု (ဆို၏)။
“မမှန်ပါ မင်းမြတ်”ဟု သိလျက် မဟုတ်မမှန်သော စကားကို ဆို၏။
၉၅။ ရဟန်းတို့ ဤသို့လျှင် ပစ္စည်းဥစ္စာမရှိသူတို့အား ပစ္စည်းဥစ္စာကို မပေးသော် ဆင်းရဲခြင်း ပွါး များလာ၏၊ ဆင်းရဲခြင်း ပွါးများလာသော် မပေးသော ဥစ္စာကို ခိုးယူမှု ပွါးများလာ၏၊ ခိုးယူမှု ပွါးများ လာသော် လက်နက်ပွါးများလာ၏၊ လက်နက်ပွါးများလာသော် အသက်သတ်မှု ပွါးများလာ၏၊ အသက့်သတ်မှု ပွါးများလာသော် မဟုတ်မမှန်ပြောမှု ပွါးများလာ၏၊ မဟုတ်မမှန်ပြောမှု ပွါးများလာသော် ထို သတ္တဝါတို့၏ အသက်သည်လည်း ဆုတ်ယုတ်၏၊ အဆင်းသည်လည်း ဆုတ်ယုတ်၏၊ အသက်အားဖြင့် လည်း ဆုတ်ယုတ်ကုန်သော အဆင်းအားဖြင့်လည်း ဆုတ်ယုတ်ကုန်သော အနှစ်လေးသောင်း အသက်ရှည် ကုန်သော ထိုသူတို့၏ သားသမီးတို့သည် အနှစ်နှစ်သောင်း အသက်ရှည်ကုန်၏။
ရဟန်းတို့ အနှစ်နှစ်သောင်း အသက်ရှည်သော လူတို့တွင် တစ်ယောက်သော ယောကျာ်းသည် သူတစ်ပါးတို့ မပေးသော ဥစ္စာကို ခိုးလိုသော စိတ်ဖြင့် ယူ၏၊ ထိုသူကို တစ်ယောက်သော ယောကျာ်း သည် မင်းမျိုးဖြစ်သော ဦးထိပ်၌ အဘိသိက်သွန်းပြီးသော မင်းအား”မင်းမြတ် ဤမည်သော ယောကျာ်း သည် သူတစ်ပါးတို့ မပေးသော ဥစ္စာကို ခိုးလိုသော စိတ်ဖြင့် ယူပါ၏”ဟု ကုန်းချောခြင်းကို ပြု၏။
၉၆။ ရဟန်းတို့ ဤသို့လျှင် ပစ္စည်းဥစ္စာမရှိသူတို့အား ပစ္စည်းဥစ္စာကို မပေးသော် ဆင်းရဲမှု ပွါးများလာ၏၊ ဆင်းရဲမှု ပွါးများလာသော် မပေးသော ဥစ္စာကို ခိုးယူမှု ပွါးများလာ၏၊ ခိုးယူမှု ပွါးများ လာသော် လက်နက်ပွါးများလာ၏၊ လက်နက်ပွါးများလာသော် အသက်သတ်မှု ပွါးများလာ၏၊ အသက် သတ်မှု ပွါးများလာသော် မဟုတ်မမှန်ပြောမှု ပွါးများလာ၏၊ မဟုတ်မမှန်ပြောမှု ပွါးများလာသော် ကုန်း ချောမှု ပွါးများလာ၏၊ ကုန်းချောမှု ပွါးများလာသော် ထိုသတ္တဝါတို့၏ အသက်သည်လည်း ဆုတ်ယုတ်၏၊ အဆင်းသည်လည်း ဆုတ်ယုတ်၏။ အသက်အားဖြင့်လည်း ဆုတ်ယုတ်ကုန်သော အဆင်းအားဖြင့်လည်း ဆုတ်ယုတ်ကုန်သော အနှစ်နှစ်သောင်း အသက်ရှည်ကုန်သော ထိုသူတို့၏ သားသမီးတို့သည် အနှစ် တစ်သောင်း အသက်ရှည်ကုန်၏။
ရဟန်းတို့ အနှစ်တစ်သောင်း အသက်ရှည်ကုန်သော လူတို့တွင် အချို့သတ္တဝါတို့သည် အဆင်းလှ ကုန်၏၊ အချို့သတ္တဝါတို့သည် အဆင်းမလှကုန်၊ ထိုသူတို့တွင် အဆင်းမလှသော သတ္တဝါတို့သည် အဆင်းလှသော သတ္တဝါတို့ကို တပ်မက်ကုန်၍ သူတစ်ပါးတို့၏ သားမယားတို့ကို လွန်ကျူးကုန်၏။
၉၇။ ရဟန်းတို့ ဤသို့လျှင် ပစ္စည်းဥစ္စာမရှိသူတို့အား ပစ္စည်းဥစ္စာကို မပေးသော် ဆင်းရဲမှု ပွါး များလာ၏၊ ဆင်းရဲမှု ပွါးများလာသော်။ပ။ ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်မှု ပွါးများလာ၏၊ ကာမဂုဏ် တို့၌ မှားယွင်းစွာ ကျင့်မှု ပွါးများလာသော် ထိုသတ္တဝါတို့၏ အသက်သည်လည်း ဆုတ်ယုတ်၏၊ အဆင်း သည်လည်း ဆုတ်ယုတ်၏၊ အသက်အားဖြင့်လည်း ဆုတ်ယုတ်ကုန်သော အဆင်းအားဖြင့်လည်း ဆုတ်ယုတ် ကုန်သော အနှစ်တစ်သောင်း အသက်ရှည်ကုန်သော ထိုလူတို့၏ သားသမီးတို့သည် အနှစ်ငါးထောင် အသက်ရှည်ကုန်၏။
၉၈။ ရဟန်းတို့ အနှစ်ငါးထောင် အသက်ရှည်ကုန်သော လူတို့တွင် ကြမ်းတမ်းသောစကား ပြိန် ဖျင်းသောစကားဟူသော တရားနှစ်ပါးတို့သည် ပွါးများလာကုန်၏၊ တရားနှစ်ပါး ပွါးများလာကုန်သော် ထိုလူတို့၏ အသက်သည်လည်း ဆုတ်ယုတ်၏၊ အဆင်းသည်လည်း ဆုတ်ယုတ်၏။ အသက်အားဖြင့်လည်း ဆုတ်ယုတ်ကုန်သော အဆင်းအားဖြင့်လည်း ဆုတ်ယုတ်ကုန်သော အနှစ်ငါးထောင် အသက်ရှည်ကုန်သော ထိုလူတို့၏ သားသမီး အချို့တို့သည် အနှစ်နှစ်ထောင့်ငါးရာ အသက်ရှည်ကုန်၏၊ အချို့သော သားသမီး တို့သည် အနှစ်နှစ်ထောင် အသက်ရှည်ကုန်၏။
၉၉။ ရဟန်းတို့ အနှစ်နှစ်ထောင့်ငါးရာ အသက်ရှည်ကုန်သော လူတို့၌ လိုချင်တပ်မက်ခြင်း ‘အဘိဇ္ဈ ာ‘၊ ပျက်စီးစေလိုခြင်း ‘ဗျာပါဒ’ တရားတို့ ပွါးများလာကုန်၏။ လိုချင်တပ်မက်ခြင်း ‘အဘိဇ္ဈ ာ‘၊ ပျက်စီးစေလိုခြင်း ‘ဗျာပါဒ’ တရားတို့ ပွါးများလာကုန်သော် ထိုသတ္တဝါတို့၏ အသက်သည်လည်း ဆုတ် ယုတ်၏၊ အဆင်းသည်လည်း ဆုတ်ယုတ်၏၊ အသက်အားဖြင့်လည်း ဆုတ်ယုတ်ကုန်သော အဆင်းအားဖြင့် လည်း ဆုတ်ယုတ်ကုန်သော အနှစ်နှစ်ထောင့်ငါးရာ အသက်ရှည်ကုန်သော ထိုလူတို့၏ သားသမီးတို့သည် အနှစ်တစ်ထောင် အသက်ရှည်ကုန်၏။
၁ဝဝ။ ရဟန်းတို့ အနှစ်တစ်ထောင် အသက်ရှည်ကုန်သော လူတို့၌ မှားသော အယူဝါဒတို့ပွါးများလာ၏၊ မှားသော အယူဝါဒတို့ ပွါးများလာသော် ထိုလူတို့၏ အသက်သည်လည်း ဆုတ်ယုတ်၏၊ အဆင်းသည်လည်း ဆုတ်ယုတ်၏၊ အသက်အားဖြင့်လည်း ဆုတ်ယုတ်ကုန်သော အဆင်းအားဖြင့်လည်း ဆုတ်ယုတ်ကုန်သော အနှစ်တစ်ထောင် အသက်ရှည်ကုန်သော ထိုလူတို့၏ သားသမီးတို့သည် အနှစ်ငါးရာ အသက်ရှည်ကုန်၏။
၁ဝ၁။ ရဟန်းတို့ အနှစ်ငါးရာ အသက်ရှည်ကုန်သော လူတို့၌ မတရားသော တပ်မက်ခြင်း ‘အဓမ္မရာဂ’၁၊ အလွန်အကြူးတပ်မက်ခြင်း ‘ဝိသမလောဘ’၂၊ မှားသော အကျင့်တရား ‘မိစ္ဆာဓမ္မ’၃ ဟူသော တရားသုံးပါးတို့ များပြားကုန်၏၊ တရားသုံးပါးတို့ များပြားကုန်သော် ထိုသတ္တဝါတို့၏ အသက်သည်လည်း ဆုတ်ယုတ်၏၊ အဆင်းသည်လည်း ဆုတ်ယုတ်၏၊ အသက်အားဖြင့်လည်း ဆုတ်ယုတ် ကုန်သော အဆင်းအားဖြင့်လည်း ဆုတ်ယုတ်ကုန်သော အနှစ်ငါးရာ အသက်ရှည်ကုန်သော ထိုလူတို့၏ သားသမီး အချို့တို့သည် အနှစ်နှစ်ရာ့ငါးဆယ် အသက်ရှည်ကုန်၏။ အချို့သော သားသမီးတို့သည် အနှစ်နှစ်ရာ အသက်ရှည်ကုန်၏။
ရဟန်းတို့ အနှစ်နှစ်ရာ့ငါးဆယ်သာ အသက်ရှည်ကုန်သော လူတို့၌ —
အမိ၌ ကောင်းစွာ ပြုသင့်သော ဝတ်ကို မပြုခြင်း၊
အဖ၌ ကောင်းစွာ ပြုသင့်သော ဝတ်ကို မပြုခြင်း၊
သမဏတို့၌ ကောင်းစွာ ပြုသင့်သော ဝတ်ကို မပြုခြင်း၊
ဗြာဟ္မဏတို့၌ ကောင်းစွာ ပြုသင့်သော ဝတ်ကို မပြုခြင်း၊
အမျိုး၌ ကြီးသောသူတို့ကို ရိုသေတုပ်ဝပ်မှု မပြုခြင်းဟူသော ဤတရားတို့သည် ပွါးများလာကုန်၏။
၁ဝ၂။ ရဟန်းတို့ ဤသို့လျှင် ပစ္စည်းဥစ္စာမရှိသူတို့အား ပစ္စည်းဥစ္စာကို မပေးသော် ဆင်းရဲခြင်း ပွါးများလာ၏၊ ဆင်းရဲခြင်းပွါးများလာသော် သူတစ်ပါးတို့ မပေးသော ဥစ္စာကို ခိုးယူမှု ပွါးများလာ၏၊ ခိုးယူမှု ပွါးများလာသော် လက်နက်ပွါးများလာ၏၊ လက်နက်ပွါးများလာသော် အသက်သတ်မှု ပွါးများလာ၏၊ အသက်သတ်မှု ပွါးများလာသော် မဟုတ်မမှန်ပြောမှု ပွါးများလာ၏၊ မဟုတ်မမှန်ပြောမှု ပွါးများလာသော် ကုန်းချောမှု ပွါးများလာ၏၊ ကုန်းချောမှု ပွါးများလာသော် ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်မှု ပွါးများလာ၏၊ ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်မှု ပွါးများလာသော် ကြမ်းတမ်းသောစကား ပြိန်ဖျင်းသောစကား တရားနှစ်ပါးတို့ ပွါးများလာကုန်၏၊ တရားနှစ်ပါးတို့ ပွါးများလာကုန်သော် လိုချင်တပ်မက် ခြင်း’အဘိဇ္ဈ ာ‘ ပျက်စီးစေလိုခြင်း ‘ဗျာပါဒ’ တို့ ပွါးများလာကုန်၏၊ လိုချင်တပ်မက်ခြင်း ‘အဘိဇ္ဈ ာ‘ ပျက်စီး စေလိုခြင်း ‘ဗျာပါဒ’တို့ ပွါးများလာကုန်သော် မှားသော အယူဝါဒ ပွါးများလာ၏၊ မှားသော အယူဝါဒ ပွါးများလာသော် မတရားသော တပ်မက်ခြင်း ‘အဓမ္မရာဂ’၊ အလွန်အကြူး တပ်မက်ခြင်း ‘ဝိသမလောဘ’၊ မှားသော အကျင့်တရား ‘မိစ္ဆာဓမ္မ’ တရားသုံးပါးတို့ ပွါးများလာကုန်၏၊ တရားသုံးပါးတို့ ပွါးများလာ ကုန်သော် —
အမိ၌ ကောင်းစွာ ပြုသင့်သော ဝတ်ကို မပြုခြင်း၊
အဖ၌ ကောင်းစွာ ပြုသင့်သော ဝတ်ကို မပြုခြင်း၊
သမဏတို့၌ ကောင်းစွာ ပြုသင့်သော ဝတ်ကို မပြုခြင်း၊
ဗြာဟ္မဏတို့၌ ကောင်းစွာ ပြုသင့်သော ဝတ်ကို မပြုခြင်း၊
အမျိုး၌ ကြီးသောသူတို့ကို ရိုသေတုပ်ဝပ်မှု မပြုခြင်းဟူသော ဤတရားတို့သည် ပွါးများလာကုန်၏။
ဤတရားတို့ ပွါးများလာကုန်သော် ထိုလူတို့၏ အသက်သည်လည်း ဆုတ်ယုတ်၏၊ အဆင်းသည် လည်း ဆုတ်ယုတ်၏၊ အသက်အားဖြင့်လည်း ဆုတ်ယုတ်ကုန်သော အဆင်းအားဖြင့်လည်း ဆုတ်ယုတ်ကုန်သော အနှစ်နှစ်ရာ့ငါးဆယ် အသက်ရှည်ကုန်သော ထိုလူတို့၏ သားသမီးတို့သည် အနှစ်တစ်ရာ အသက် ရှည်ကုန်၏။
၁။ အမိ အဒေါ် စသည်၌ တပ်မက်မှု။
၂။ လောကထုံးတမ်းအားဖြင့် သုံးဆောင်မှီဝဲသင့်သော သူတို့၌ အလွန်အကြူးလိုက်စားမှု။
၃။ ယောကျာ်းချင်း မိန်းမချင်း တပ်မက်မှု။
ဆယ်နှစ် သက်တမ်း အချိန်
၁ဝ၃။ ရဟန်းတို့ ဤလူတို့၏ သားသမီးတို့သည် ဆယ်နှစ် အသက်ရှည်အံ့သော အခါမျိုးသည် ဖြစ်လတံ္တ့။
ရဟန်းတို့ လူတို့သည် ဆယ်နှစ်သာ အသက်ရှည်ကုန်လတ်သော် ငါးနှစ်အရွယ်ရှိ သတို့သမီးတို့သည် လက်ထပ်ထိမ်းမြားနိုင်သော အရွယ်ရောက်သူတို့ ဖြစ်ကုန်လတံ္တ့။ ရဟန်းတို့ ဆယ်နှစ်အသက်ရှည်သော လူတို့၌ ဤမြတ်သော အရသာတို့သည် ကွယ်ပျောက်ကုန်လတံ္တ့။
ဤသည်တို့ကား အဘယ်နည်းဟူမူ —
ထောပတ် ဆီဦး ဆီ ပျား တင်လဲ ဆား ဤသည်တို့တည်း။
ရဟန်းတို့ ဆယ်နှစ်အသက်ရှည်ကုန်သော လူတို့၌ လူးထမင်းသည် စားဖွယ်တို့တွင် အမြတ်ဆုံး ဖြစ်လတံ္တ့။ ရဟန်းတို့ ယခုအခါ စားဖွယ်တို့တွင် အသားရောသော သလေးထမင်းသည် အမြတ်ဆုံးဖြစ် သကဲ့သို့ ရဟန်းတို့ ဤအတူ ရဟန်းတို့ ဆယ်နှစ်အသက်ရှည်သော လူတို့ ၌ လူးထမင်းသည် စားဖွယ် တို့တွင် အမြတ်ဆုံးဖြစ်လတံ္တ့။
ရဟန်းတို့ ဆယ်နှစ်အသက်ရှည်သော လူတို့၌ ကုသိုလ်ကမ္မပထတရား ဆယ်ပါးတို့သည် အကြွင်းမဲ့ ကွယ်ပျောက်ကုန်လတ္တံ့၊ အကုသိုလ်ကမ္မပထတရား ဆယ်ပါးတို့သည် အလွန်လျှင် ထွန်းပကုန်လတံ္တ့။ ရဟန်းတို့ ဆယ်နှစ်အသက်ရှည်သော လူတို့၌ ကောင်းမှုဟူသော အမည်မျှသည်လည်း မရှိလတံ္တ့၊ ကောင်းမှုကို ပြုသူကား အဘယ်မှာ ရှိလတံ္တ့နည်း။ ရဟန်းတို့ ဆယ်နှစ်အသက်ရှည်သော လူတို့တွင် အမိ၌ ကောင်းစွာ ပြုသင့်သော ဝတ်ကို မပြုသူ အဖ၌ ကောင်းစွာ ပြုသင့်သော ဝတ်ကို မပြုသူ သမဏတို့၌ ကောင်းစွာ ပြုသင့်သော ဝတ်ကို မပြုသူ ဗြာဟ္မဏတို့၌ ကောင်းစွာ ပြုသင့်သော ဝတ်ကို မပြုသူ အမျိုးတို့၌ ကြီးသောသူတို့ကို ရိုသေတုပ်ဝပ်မှု မပြုသူတို့သည် ပူဇော်ခံထိုက်သူတို့ ဖြစ်ကုန် လတံ္တ့၊ ချီးမွမ်းခံထိုက်သူတို့ ဖြစ်ကုန်လတံ္တ့။ ရဟန်းတို့ ယခုအခါ အမိ၌ ကောင်းစွာ ပြုသင့်သော ဝတ်ကို ပြုသူ အဖ၌ ကောင်းစွာ ပြုသင့်သော ဝတ်ကို ပြုသူ သမဏတို့၌ ကောင်းစွာ ပြုသင့်သော ဝတ်ကို ပြုသူ ဗြာဟ္မဏတို့၌ ကောင်းစွာ ပြုသင့်သော ဝတ်ကို ပြုသူ အမျိုးတို့၌ ကြီးသော သူတို့ကို ရိုသေတုပ်ဝပ်မှု ပြုသူတို့သည် ပူဇော်ခံထိုက်သူ ချီးမွမ်းခံထိုက်သူတို့ ဖြစ်ကုန်သကဲ့သို့ ရဟန်းတို့ ဤအတူ ဆယ်နှစ် အသက်ရှည်သော လူတို့တွင် အမိ၌ ကောင်းစွာ ပြုသင့်သော ဝတ်ကို မပြုသူ အဖ၌ ကောင်းစွာ ပြုသင့်သော ဝတ်ကို မပြုသူ သမဏတို့၌ ကောင်းစွာ ပြုသင့်သော ဝတ်ကို မပြုသူ ဗြာဟ္မဏတို့၌ ကောင်းစွာ ပြုသင့်သော ဝတ်ကို မပြုသူ အမျိုး၌ ကြီးသော သူတို့ကို ရိုသေတုပ်ဝတ်မှု မပြုသူ တို့သည် ပူဇော်ခံထိုက်သူတို့ ဖြစ်ကုန်လတံ္တ့၊ ချီးမွမ်းခံထိုက်သူတို့ ဖြစ်ကုန်လတံ္တ့။
ရဟန်းတို့ ဆယ်နှစ်အသက်ရှည်သော လူတို့၌ အမိဟူ၍လည်းကောင်း မိကြီး မိထွေးဟူ၍လည်း ကောင်း အရီးကြီး အရီးလေးဟူ၍လည်းကောင်း ဆရာ့မယားဟူ၍လည်းကောင်း အလေးအမြတ် ပြုထိုက်သူ (ဘကြီး ဘထွေးစသည်) တို့၏ မယားဟူ၍လည်းကောင်း (ရိုသေလေးမြတ်သော စိတ်) မဖြစ်လတ္တံ့၊ ဆိတ် သိုး ကြက် ဝက် ခွေး မြေခွေးတို့ကဲ့သို့ လောကသည် ရောယှက်ရှုပ်ထွေး (စည်းကမ်းပျက်) ခြင်းသို့ ရောက်လတံ္တ့။
ရဟန်းတို့ ဆယ်နှစ်အသက်ရှည်သော လူတို့၌ အချင်းချင်း ပြင်းထန်သော အမျက်ထွက်ခြင်း ပြင်း ထန်သော ပျက်စီးစေလိုခြင်း ပြင်းထန်သော မလိုမုန်းထားခြင်း ပြင်းထန်သော သတ်လိုသည့်စိတ် ရှိခြင်း သည် ထင်ရှားဖြစ်လတံ္တ့။ အမိကလည်း သား၌ သားကလည်း အမိ၌၊ အဖကလည်း သား၌ သား ကလည်း အဖ၌၊ မောင်ကလည်း နှမ၌ နှမကလည်း မောင်၌ ပြင်းထန်သော အမျက်ထွက်ခြင်း ပြင်းထန်သော ပျက်စီးစေလိုခြင်း ပြင်းထန်သော မလိုမုန်းထားခြင်း ပြင်းထန်သော သတ်လိုစိတ်ရှိခြင်းသည် ဖြစ် ပေါ်လတံ္တ့။ ရဟန်းတို့ သား သမင်ကို တွေ့မြင်သော် သားမုဆိုးအား ပြင်းထန်သော အမျက်ထွက်ခြင်း ပြင်းထန်သော ပျက်စီးစေလိုခြင်း ပြင်းထန်သော မလိုမုန်းထားခြင်း ပြင်းထန်သော သတ်လိုစိတ်ရှိခြင်း သည် ဖြစ်ပေါ်သကဲ့သို့၊ ရဟန်းတို့ ဤအတူ ဆယ်နှစ်အသက်ရှည်သော လူတို့၌ ထိုသတ္တဝါတို့ အချင်း ချင်း ပြင်းထန်သော အမျက်ထွက်ခြင်း ပြင်းထန်သော ပျက်စီးစေလိုခြင်း ပြင်းထန်သော မလိုမုန်းထားခြင်း ပြင်းထန်သော သတ်လိုစိတ်ရှိခြင်းသည် ဖြစ်ပေါ်လတ္တံ့။ အမိကလည်း သား၌ သားကလည်း အမိ၌၊ အဖကလည်း သား၌ သားကလည်း အဖ၌၊ မောင်ကလည်း နှမ၌ နှမကလည်း မောင်၌ ပြင်းထန်သော အမျက်ထွက်ခြင်း ပြင်းထန်သော ပျက်စီးစေလိုခြင်း ပြင်းထန်သော မလိုမုန်းထားခြင်း ပြင်းထန်သော သတ်လိုစိတ်ရှိခြင်းသည် ဖြစ်ပေါ်လတံ္တ့။
၁ဝ၄။ ရဟန်းတို့ ဆယ်နှစ်အသက်ရှည်ကုန်သော လူတို့၌ ခုနစ်ရက်ပတ်လုံး သတ္ထန္တရကပ် ဆိုက်လတ္တံ့။ ထိုသူတို့ အချင်းချင်း သားကောင်ဟု မှတ်ကြကုန်လတ္တံ့။ ပြင်းထန်သော လက်နက်တို့သည် ထိုသူတို့၏ လက်တို့၌ ထင်ရှားဖြစ်ကုန်လတ္တံ့။ ထိုသူတို့သည် ပြင်းထန်သော လက်နက်ဖြင့် “ဤသည် ကား သားကောင်တည်း၊ ဤသည်ကား သားကောင်တည်း”ဟု အချင်းချင်း သတ်ဖြတ်ကုန်လတ္တံ့။
ရဟန်းတို့ ထိုအခါ ထိုသတ္တဝါတို့တွင် အချို့သော သတ္တဝါတို့အား ဤသို့ အကြံဖြစ်လတ္တံ့၊ “ငါတို့ သည် တစ်စုံတစ်ယောက်ကိုမျှ မသတ်ကုန်အံ့၊ ငါတို့ကိုလည်း တစ်စုံတစ်ယောက်သည် မသတ်စေသတည်း၊ ငါတို့သည် မြက်တောသို့လည်းကောင်း ချုံနွယ်တောသို့လည်းကောင်း သစ်ပင်တောသို့လည်းကောင်း ရောက်နိုင်ခဲသော မြစ်လယ်ကျွန်းသို့လည်းကောင်း တောင်ချောက်ကြားသို့လည်းကောင်း ဝင်၍ တောသစ် မြစ် တောသစ်သီးလျှင် အစာရှိကုန်သည်ဖြစ်၍ မျှတနေရပါကုန်မူကား ကောင်းလေစွ”ဟု (အကြံ ဖြစ် လတ္တံ့)။ ထိုသူတို့သည် မြက်တောသို့လည်းကောင်း ချုံနွယ်တောသို့လည်းကောင်း သစ်ပင်တောသို့လည်း ကောင်း ရောက်နိုင်ခဲသော မြစ်လယ်ကျွန်းသို့လည်းကောင်း တောင်ချောက်ကြားသို့လည်းကောင်း ဝင်၍ ခုနစ်ရက်ပတ်လုံး တောသစ်မြစ် တောသစ်သီးလျှင် အစာရှိကုန်သည်ဖြစ်၍ မျှတနေကုန်လတ္တံ့။ ထိုသူတို့ သည် ခုနစ်ရက်လွန်သဖြင့် မြက်တော ချုံနွယ်တော သစ်ပင်တော ရောက်နိုင်ခဲသော မြစ်လယ်ကျွန်း တောင်ချောက်ကြားမှ ထွက်ကုန်၍ အချင်းချင်း ပွေ့ဖက်ကုန်လျက် “အချင်းတို့ သတ္တဝါတို့ကို မြင်ရကုန် သေး၏၊ ငါ အသက်ရှင်သကဲ့သို့ သင်လည်း အသက်ရှင်ပေ၏၊ သတ္တဝါတို့ကို မြင်ရကုန်သေး၏၊ ငါ အသက် ရှင်သကဲ့သို့ သင်လည်း အသက်ရှင်ပေ၏”ဟု မိမိနှင့် သဘောတူသည်ကို ပြုကုန်လတ္တံ့၊ သက်သာရာ ရကုန်လတ္တံ့။
အသက် အဆင်း စသည် တိုးပွါးခြင်း အကြောင်း
၁ဝ၅။ ရဟန်းတို့ ထိုအခါ ထိုသတ္တဝါတို့အား ဤသို့ အကြံဖြစ်လတ္တံ့၊ “ငါတို့သည် အကုသိုလ် တရားတို့ကို ဆောက်တည်၍ ကျင့်ခြင်းကြောင့် ဤသို့ သဘောရှိသော များစွာသော အဆွေအမျိုးတို့၏ ဆုံးရှုံးခြင်းသို့ ရောက်ကုန်၏၊ ငါတို့သည် ကုသိုလ်ကို ပြုကြရမူ ကောင်းလေစွ၊ အဘယ်ကုသိုလ်ကို ပြုကြရပါမည်နည်း၊ ငါတို့သည် အသက်သတ်ခြင်းမှ ရှောင်ကြဉ်ကြရမူ ကောင်းလေစွ၊ ဤကုသိုလ်တရား ကို ကျင့်ကြံရမူ ကောင်းလေစွ”ဟု (အကြံဖြစ်လတ္တံ့)။ ထိုသူတို့သည် အသက်သတ်ခြင်းမှ ရှောင်ကြဉ်ကုန့်လတ္တံ့၊ ကုသိုလ်တရားတို့ကို ဆောက်တည်၍ ကျင့်ကုန်လတ္တံ့၊ ထိုသူတို့သည် ကုသိုလ်တရားတို့ကို ဆောက်တည်၍ ကျင့်ခြင်းကြောင့် အသက်အားဖြင့်လည်း တိုးပွါးကုန်လတ္တံ့၊ အဆင်းအားဖြင့်လည်း တိုးပွါး ကုန်လတ္တံ့၊ အသက်အားဖြင့်လည်း တိုးပွါးကုန်သော အဆင်းအားဖြင့်လည်း တိုးပွါးကုန်သော ဆယ်နှစ် အသက်ရှည်ကုန်သော ထိုသူတို့၏ သားသမီးတို့သည် အသက်နှစ်ဆယ် ရှည်ကုန်လတ္တံ့။
ရဟန်းတို့ ထိုအခါ ထိုသတ္တဝါတို့အား ဤသို့ အကြံဖြစ်လတ္တံ့၊ “ငါတို့သည် ကုသိုလ်တရားတို့ကို ဆောက်တည်ခြင်းကြောင့် အသက်အားဖြင့်လည်း တိုးပွါးကုန်၏၊ အဆင်းအားဖြင့်လည်း တိုးပွါးကုန်၏၊ ငါတို့သည် ကုသိုလ်ကို တိုးတက်ပိုမို၍ ပြုကြရမူ ကောင်းလေစွ အဘယ်ကုသိုလ်ကို ပြုကြရပါကုန်အံ့ နည်း၊ ငါတို့သည် သူတစ်ပါးတို့ မပေးသော ဥစ္စာကို ခိုးယူခြင်းမှ ရှောင်ကြဉ်ကြရမူ၊ ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်ခြင်းမှ ရှောင်ကြဉ်ကြရမူ၊ မဟုတ်မမှန်ပြောခြင်းမှ ရှောင်ကြဉ်ကြရမူ၊ ကုန်းချောခြင်းမှ ရှောင်ကြဉ်ကြရမူ၊ ကြမ်းတမ်းသော စကားကို ပြောခြင်းမှ ရှောင်ကြဉ်ကြရမူ၊ ပြိန်ဖျင်းသော စကားကို ပြောခြင်းမှ ရှောင်ကြဉ်ကြရမူ၊ သူတစ်ပါးစည်းစိမ်၌ ရှေးရှုကြံခြင်းကို စွန့်ကြရမူ၊ ပျက်စီးစေလိုခြင်းကို စွန့်ကြရမူ၊ မှားသော အယူကို စွန့်ကြရမူ၊ မတရားသော တပ်မက်ခြင်း ‘အဓမ္မရာဂ’၊ အလွန်အကြူး တပ်မက်ခြင်း ‘ဝိသမလောဘ’၊ မှားသော အကျင့်တရား ‘မိစ္ဆာဓမ္မ’ဟူသော တရားသုံးမျိုးတို့ကို စွန့်ကြရ မူ ကောင်းလေစွ၊ ငါတို့သည် အမိ၌ ကောင်းစွာ ပြုသင့်သော ဝတ်ကို ပြုကြရမူ၊ အဖ၌ ကောင်းစွာ ပြုသင့်သော ဝတ်ကို ပြုကြရမူ၊ သမဏတို့၌ ကောင်းစွာ ပြုသင့်သော ဝတ်ကို ပြုကြရမူ၊ ဗြာဟ္မဏတို့၌ ကောင်းစွာ ပြုသင့်သော ဝတ်ကို ပြုကြရမူ၊ အမျိုး၌ကြီးသော သူတို့ကို ရိုသေတုပ်ဝပ်မှု ပြုကြရမူ၊ ဤသို့ ဆိုခဲ့သော ကုသိုလ်တရားကို ဆောက်တည်၍ ကျင့်ကြရမူ ကောင်းလေစွ”ဟု (အကြံဖြစ်လတ္တံ့)။ ထိုသူတို့သည် အမိ၌ ကောင်းစွာ ပြုသင့်သော ဝတ်ကို ပြုသူတို့ ဖြစ်ကုန်လတ္တံ့၊ အဖ၌ ကောင်းစွာ ပြုသင့်သော ဝတ်ကို ပြုသူတို့ ဖြစ်ကုန်လတ္တံ့၊ သမဏတို့၌ ကောင်းစွာ ပြုသင့်သော ဝတ်ကို ပြုသူတို့ ဖြစ်ကုန်လတ္တံ့၊ ဗြာဟ္မဏတို့၌ ကောင်းစွာ ပြုသင့်သော ဝတ်ကို ပြုသူတို့ ဖြစ်ကုန်လတ္တံ့၊ အမျိုး၌ ကြီးသောသူတို့ကို ရိုသေတုပ်ဝပ်မှု ပြုသူတို့ ဖြစ်ကုန်လတ္တံ့၊ ဤဆိုခဲ့သော ကုသိုလ်တရားကို ဆောက် တည်၍ ကျင့်ကုန်လတ္တံ့။
ထိုသူတို့သည် ကုသိုလ်တရားတို့ကို ဆောက်တည်၍ ကျင့်ခြင်းကြောင့် အသက်အားဖြင့်လည်း တိုးပွါးကုန်လတ္တံ့၊ အဆင်းအားဖြင့်လည်း တိုးပွါးကုန်လတ္တံ့၊ အသက်အားဖြင့်လည်း တိုးပွါးကုန်သော အဆင်းအားဖြင့်လည်း တိုးပွါးကုန်သော အနှစ်နှစ်ဆယ် အသက်ရှည်ကုန်သော ထိုလူတို့၏ သားသမီးတို့ သည် အနှစ်လေးဆယ် အသက်ရှည်ကုန်လတ္တံ့၊ အနှစ်လေးဆယ် အသက်ရှည်ကုန်သော ထိုလူတို့၏ သား သမီးတို့သည် အနှစ်ရှစ်ဆယ် အသက်ရှည်ကုန်လတ္တံ့၊ အနှစ်ရှစ်ဆယ် အသက်ရှည်ကုန်သော ထိုလူတို့၏ သားသမီးတို့သည် အနှစ်တစ်ရာ့ခြောက်ဆယ် အသက်ရှည်ကုန်လတ္တံ့၊ အနှစ်တစ်ရာ့ခြောက်ဆယ် အသက် ရှည်ကုန်သော ထိုလူတို့၏ သားသမီးတို့သည် အနှစ်သုံးရာနှစ်ဆယ် အသက်ရှည်ကုန်လတ္တံ့၊ အနှစ် သုံးရာ့နှစ်ဆယ် အသက်ရှည်ကုန်သော ထိုလူတို့၏ သားသမီးတို့သည် အနှစ်ခြောက်ရာ့လေးဆယ် အသက် ရှည်ကုန်လတ္တံ့၊ အနှစ်ခြောက်ရာ့လေးဆယ် အသက်ရှည်ကုန်သော ထိုလူတို့၏ သားသမီးတို့သည် အနှစ် နှစ်ထောင် အသက်ရှည်ကုန်လတ္တံ့၊ အနှစ်နှစ်ထောင် အသက်ရှည်ကုန်သော ထိုလူတို့၏ သားသမီးတို့သည် အနှစ်လေးထောင် အသက်ရှည်ကုန်လတ္တံ့၊ အနှစ်လေးထောင် အသက်ရှည်ကုန်သော ထိုလူတို့၏ သား သမီးတို့သည် အနှစ်ရှစ်ထောင် အသက်ရှည်ကုန်လတ္တံ့၊ အနှစ်ရှစ်ထောင် အသက်ရှည်ကုန်သော ထိုလူတို့၏ သားသမီးတို့သည် အနှစ်နှစ်သောင်း အသက်ရှည်ကုန်လတ္တံ့၊ အနှစ်နှစ်သောင်း အသက်ရှည်ကုန်သော ထိုလူတို့၏ သားသမီးတို့သည် အနှစ်လေးသောင်း အသက်ရှည်ကုန်လတ္တံ့၊ အနှစ်လေးသောင်း အသက် ရှည်ကုန်သော လူတို့၏ သားသမီးတို့သည် အနှစ်ရှစ်သောင်း အသက်ရှည်ကုန်လတ္တံ့၊ ရဟန်းတို့ အနှစ် ရှစ်သောင်း အသက်ရှည်ကုန်သော လူတို့၌ အနှစ်ငါးရာ အသက်ရှိသော သတို့သမီးတို့သည် လက်ထပ့်ထိမ်းမြားနိုင်သော အရွယ်ရောက်သူတို့ ဖြစ်ကုန်လတ္တံ့။
သင်္ခစကြဝတေးမင်း ဖြစ်ခြင်း
၁ဝ၆။ ရဟန်းတို့ အနှစ်ရှစ်သောင်း အသက်ရှည်ကုန်သော လူတို့၌ တပ်မက်ခြင်း၊ ဆာလောင်ခြင်း၊ အိုခြင်း ဟူသော အနာသုံးမျိုးတို့သာ ဖြစ်ကုန်လတ္တံ့။ ရဟန်းတို့ အနှစ်ရှစ်သောင်း အသက်ရှည်ကုန်သော လူတို့၌ ဤဇမ္ဗူဒီပါကျွန်းသည် ပြည့်စုံကြွယ်ဝလတ္တံ့၊ စည်ပင်ဝပြောလတ္တံ့၊ ရွာ နိဂုံး ဇနပုဒ် မင်းနေပြည်တို့ သည် ကြက်ပျံတကျ ဖြစ်ကုန်လတ္တံ့။ ရဟန်းတို့ အနှစ်ရှစ်သောင်း အသက်ရှည်ကုန်သော လူတို့ခေတ်၌ ဤဇမ္ဗူဒိပ်ကျွန်းသည် ကျူတောမြက်တောကဲ့သို့ လူတို့ဖြင့် အကြားမလပ် ပြည့်နှက်စည်ကားနေလတ္တံ့။ ရဟန်းတို့ အနှစ်ရှစ်သောင်း အသက်ရှည်သော လူတို့ခေတ်၌ ဤဗာရာဏသီပြည်သည် ပြည့်စုံကြွယ်ဝ သည်လည်းဖြစ်သော စည်ပင်ဝပြောသည်လည်းဖြစ်သော များသော လူရှိသည်လည်းဖြစ်သော လူမျိုးစုံတို့ ဖြင့် ပြွမ်းသည်လည်းဖြစ်သော အစားအစာပေါများသည်လည်းဖြစ်သော ကေတုမတီမည်သော မင်းနေပြည် ဖြစ်လတ္တံ့။ ရဟန်းတို့ အနှစ်ရှစ်သောင်း အသက်ရှည်သော လူတို့ခေတ်၌ ဤဇမ္ဗူဒိပ်ကျွန်းဝယ် ကေတုမတီမင်းနေပြည်လျှင် အချုပ်အခြာရှိသော ရှစ်သောင်းလေးထောင်သော မြို့တို့သည် ဖြစ်ကုန်လတ္တံ့။ ရဟန်းတို့ အနှစ်ရှစ်သောင်း အသက်ရှည်သော လူတို့ခေတ်၌ ကေတုမတီမင်းနေပြည်ဝယ် တရားစောင့်သော တရားနှင့်အညီ မင်းပြုသော သမုဒ္ဒရာလေးစင်း အပိုင်းအခြားရှိသည့် လေးကျွန်းလုံးကို အစိုးရသော ရန်အပေါင်းကို အောင်သော တိုင်းနိုင်ငံကို တည်ငြိမ်စေသော ရတနာခုနစ်ပါးနှင့် ပြည့်စုံသော သင်္ခမည်သော စကြဝတေးမင်း ဖြစ်လတ္တံ့၊ ထို (စကြဝတေးမင်း) အား ဤရတနာခုနစ်ပါးတို့သည် ဖြစ်ပေါ်ကုန်လတ္တံ့၊ ဤ (ရတနာခုနစ်ပါးတို့)ကား အဘယ်နည်း၊ စကြာရတနာ ဆင်ရတနာ မြင်းရတနာ ပတ္တမြားရတနာ မိန်းမ ရတနာ သူဌေးရတနာ ခုနစ်ခုမြောက် သားကြီးရတနာတို့ပေတည်း။ ထို (သင်္ခစကြဝတေးမင်း)၌ ရဲရင့်ကုန်သော သူရဲကောင်းအင်္ဂရုပ်ရှိကုန်သော တစ်ဖက်စစ်သည်တို့ကို နှိမ်နှင်းနိုင်ကုန်သော အထောင်မကသော သားတော်တို့သည် ရှိကုန်လတ္တံ့၊ ထို (စကြဝတေးမင်း)သည် သမုဒ္ဒရာအဆုံးရှိသော ဤမြေကို တုတ်မ ဆောင်မူ၍ လက်နက်မဆောင်မူ၍ တရားသဖြင့် အောင်မြင်လျက် အုပ်စိုးလတ္တံ့။
မေတ္တေယျဘုရား ပွင့်တော်မူခြင်း
၁ဝ၇။ ပူဇော်အထူးကို ခံတော်မူထိုက်သော အကြောင်းကြောင့်လည်း ‘အရဟံ’ မည်တော်မူသော၊ (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော အကြောင်းကြောင့်လည်း ‘သမ္မာသမ္ဗုဒ္ဓ’ မည်တော်မူသော၊ အသိဉာဏ် ‘ဝိဇ္ဇာ’ အကျင့် ‘စရဏ’နှင့် ပြည့်စုံတော်မူသော အကြောင်းကြောင့်လည်း ‘ဝိဇ္ဇာစရဏသမ္ပန္န’ မည်တော်မူသော၊ ကောင်းသောစကားကို ဆိုတော်မူတတ်သော အကြောင်းကြောင့်လည်း ‘သုဂတ’မည်တော်မူသော၊ လောကကို သိတော်မူသော အကြောင်းကြောင့်လည်း ‘လောကဝိဒူ’ မည်တော်မူသော၊ ဆုံးမထိုက်သူကို ဆုံးမတတ်သည့် အတုမဲ့ပုဂ္ဂိုလ် ဖြစ်တော်မူသော အကြောင်းကြောင့်လည်း ‘အနုတ္တရော ပုရိသဒမ္မသာရထိ’ မည်တော်မူသော၊ နတ်လူတို့၏ ဆရာဖြစ်တော်မူသော အကြောင်းကြောင့် လည်း ‘သတ္ထာ ဒေဝမနုဿာနံ’ မည်တော်မူသော၊ (သစ္စာလေးပါးတရားတို့ကို) သိစေတော်မူသော အကြောင်းကြောင့်လည်း ‘ဗုဒ္ဓ’ မည်တော်မူသော၊ ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်းကြောင့်လည်း ‘ဘဂဝါ’ မည်တော်မူသော ငါသည် ယခုအခါ လောက၌ ပွင့်တော်မူသကဲ့သို့၊ ရဟန်းတို့ အနှစ် ရှစ်သောင်း အသက်ရှည်သော လူတို့ခေတ်၌ ပူဇော်အထူးကို ခံတော်မူထိုက်သော အကြောင်းကြောင့်လည်း ‘အရဟံ’ မည်တော်မူသော၊့ (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော အကြောင်းကြောင့်လည်း ‘သမ္မာသမ္ဗုဒ္ဓ’ မည်တော်မူသော၊ အသိဉာဏ် ‘ဝိဇ္ဇာ’ အကျင့် ‘စရဏ’နှင့် ပြည့်စုံတော်မူသော အကြောင်း ကြောင့်လည်း ‘ဝိဇ္ဇာစရဏသမ္ပန္န’ မည်တော်မူသော၊ ကောင်းသောစကားကို ဆိုတော်မူတတ်သော အကြောင်းကြောင့်လည်း ‘သုဂတ’ မည်တော်မူသော၊ လောကကို သိတော်မူသော အကြောင်းကြောင့်လည်း ‘လောကဝိဒူ’ မည်တော်မူသော၊ ဆုံးမထိုက်သူကို ဆုံးမတတ်သည့် အတုမဲ့ပုဂ္ဂိုလ် ဖြစ်တော်မူသော အကြောင်းကြောင့်လည်း ‘အနုတ္တရောပုရိသဒမ္မသာရထိ’ မည်တော်မူသော၊ နတ်လူတို့၏ ဆရာဖြစ်တော် မူသော အကြောင်းကြောင့်လည်း ‘သတ္ထာဒေဝမနုဿာနံ’ မည်တော်မူသော၊ (သစ္စာလေးပါးတရားတို့ကို) သိ စေတော်မူသော အကြောင်းကြောင့်လည်း ‘ဗုဒ္ဓ’မည်တော်မူသော၊ ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်း ကြောင့်လည်း ‘ဘဂဝါ’မည်တော်မူသော ‘မေတ္တေယျ’ မည်သော မြတ်စွာဘုရားသည် ပွင့်တော်မူလတ္တံ့။
ယခုအခါ ငါသည် နတ် မာရ်နတ် ဗြဟ္မာတို့နှင့်တကွသော (နတ်)လောကနှင့် သမဏဗြာဟ္မဏ မင်းများ လူများနှင့်တကွသော လူ့လောက၌ ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုလျက် ဟောကြားသကဲ့သို့၊ ထိုမေတ္တေယျမြတ်စွာဘုရားသည် နတ် မာရ်နတ် ဗြဟ္မာတို့နှင့် တကွသော (နတ်) လောကနှင့် သမဏဗြာဟ္မဏ မင်းများ လူများနှင့်တကွသော လူ့လောက၌ ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုလျက် ဟောကြားလတ္တံ့။ ယခုအခါ ငါသည် အစ၏ကောင်းခြင်း အလယ်၏ကောင်း ခြင်းအဆုံး၏ကောင်းခြင်းရှိသော အနက်နှင့် ပြည့်စုံသော သဒ္ဒါနှင့် ပြည့်စုံသော တရားကို ဟောတော်မူသကဲ့ သို့၊ အလုံးစုံပြည့်စုံသော စင်ကြယ်သော မြတ်သော အကျင့်ကို ပြတော်မူသကဲ့သို့၊ ထိုမေတ္တေယျ မြတ်စွာ ဘုရားသည် အစ၏ကောင်းခြင်း အလယ်၏ကောင်းခြင်း အဆုံး၏ကောင်း ခြင်းရှိသော အနက်နှင့် ပြည့်စုံသော သဒ္ဒါနှင့်ပြည့်စုံသော တရားကို ဟောတော်မူလတ္တံ့၊ အလုံးစုံပြည့်စုံသော စင်ကြယ်သော မြတ်သော အကျင့်ကို ပြတော်မူလတ္တံ့။ ယခုအခါ ငါသည် အရာမက များစွာသော ရဟန်းသံဃာ ပရိသတ်ကို ဆောင်လျက် ဒေသစာရီကြွသကဲ့သို့၊ ထို (မေတ္တေယျမြတ်စွာဘုရား) သည် ထောင်ပေါင်းများစွာသော ရဟန်း သံဃာပရိသတ်ကို ဆောင်လျက် ဒေသစာရီ ကြွတော်မူလတ္တံ့။
၁ဝ၈။ ရဟန်းတို့ ထိုအခါ သင်္ခစကြဝတေးမင်းသည် မဟာပနာဒမင်း၏ ဘုန်းကံကြောင့် သိကြား မင်းသည် ဝိသကြုံအား ဆောက်လုပ်စေအပ်သော ပြာသာဒ်ကို ထွက်ပေါ်စေ၍ (ထိုပြာသာဒ်၌) စိုးအုပ် နေ ပြီးသော် ထိုပြာသာဒ်ကို ပေးစွန့်၍ သမဏဗြာဟ္မဏ အထီးကျန်သူ ခရီးသွားဧည့်သည် ဖုန်းတောင်းယာ စကာတို့အား အလှူကို ပေးလျက် ဘုန်းတန်ခိုးနှင့် ပြည့်စုံတော်မူသော မေတ္တေယျ မြတ်စွာဘုရား အထံ တော်၌ ဆံမုတ်ဆိတ်ကို ရိတ်၍ ဖန်ရည်စွန်းသော အဝတ်တို့ကို ဝတ်ပြီးလျှင် လူ့ဘောင်မှ ရဟန်း ဘောင်သို့ ဝင်ရောက်လတ္တံ့။ ဤသို့ ဝင်ရောက်ပြီးသော် ထို (ရဟန်း)သည် တစ်ပါးတည်း ဆိတ်ငြိမ်ရာသို့ ချဉ်းကပ်ပြီးလျှင် မမေ့မလျော့သော ‘သတိ’ ပြင်းစွာ အားထုတ်သော ‘ဝီရိယ’ တည်ကြည်သော ‘သမာဓိ’ ရှိသည်ဖြစ်၍ နေသည်ရှိသော် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်သော အမျိုးကောင်းသားများ လိုလားအပ်သော မြတ်သောအကျင့်၏ အဆုံးဖြစ်သော အရဟတ္တဖိုလ်သို့ မကြာမီ ယခုဘဝ၌ပင် ထူးသော ဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက်ပြုလျက် ရောက်၍ နေရလတ္တံ့။
၁ဝ၉။ ရဟန်းတို့ မိမိသာလျှင် ကျွန်းကြီးသဖွယ် မှီခိုရာရှိသည်ဖြစ်၍ မိမိသာလျှင် ကိုးကွယ်ရာရှိ သည်ဖြစ်၍ မိမိမှတစ်ပါးသော အခြားကိုးကွယ်ရာမရှိသည်ဖြစ်၍ နေကြကုန်လော့။ တရားသာလျှင် ကျွန်း ကြီးသဖွယ် မှီခိုရာရှိသည်ဖြစ်၍ တရားသာလျှင် ကိုးကွယ်ရာရှိသည်ဖြစ်၍ တရားမှတစ်ပါး အခြား ကိုးကွယ်ရာမရှိသည်ဖြစ်၍ နေကြကုန်လော့။ ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် မိမိသာလျှင် ကျွန်းကြီးသဖွယ် မှီခိုရာရှိသည်ဖြစ်၍ မိမိမှတစ်ပါး အခြားကိုးကွယ်ရာမရှိသည်ဖြစ်၍ နေရမည်နည်း။့တရားသာလျှင် ကျွန်းကြီးသဖွယ် မှီခိုရာရှိသည်ဖြစ်၍ တရားသာလျှင် ကိုးကွယ်ရာရှိသည်ဖြစ်၍ တရားမှ တစ်ပါး အခြားကိုးကွယ်ရာမရှိသည်ဖြစ်၍ နေရမည်နည်း။ ရဟန်းတို့ ဤ (သာသနာတော်)၌ ရဟန်း သည် ပြင်းစွာအားထုတ်လျက် ဆင်ခြင်လျက် သတိရှိလျက် ရုပ်အပေါင်း၌ ရုပ်အပေါင်းဟု အဖန်ဖန်ရှုလျက် လောက၌ လိုချင်တပ်မက်ခြင်းနှင့် နှလုံးမသာခြင်းကို ပယ်ဖျောက်၍ နေ၏။ ခံစားမှု ဝေဒနာတို့၌ ခံစားမှု ဝေဒနာဟု အဖန်ဖန်ရှုလျက်။ပ။ စိတ်၌ စိတ်ဟု အဖန်ဖန်ရှုလျက် သဘောတရားတို့၌ သဘောတရားဟု အဖန်ဖန်ရှုလျက် လောက၌ လိုချင်တပ်မက်ခြင်းနှင့် နှလုံးမသာခြင်းကို ပယ်ဖျောက်၍ နေ၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် မိမိသာလျှင် ကျွန်းကြီးသဖွယ် မှီခိုရာရှိသည်ဖြစ်၍ မိမိသာလျှင် ကိုးကွယ်ရာ ရှိသည်ဖြစ်၍ မိမိမှ တစ်ပါး အခြားကိုးကွယ်ရာမရှိသည်ဖြစ်၍ နေ၏။ တရားသာလျှင် ကျွန်းကြီးသဖွယ် မှီခိုရာရှိသည်ဖြစ်၍ တရားသာလျှင် ကိုးကွယ်ရာရှိသည်ဖြစ်၍ တရားမှ တစ်ပါး အခြားကိုးကွယ်ရာ မရှိ သည်ဖြစ်၍ နေ၏။
ရဟန်း၏ အသက် အဆင်း စသည် တိုးပွါးခြင်း အကြောင်း
၁၁ဝ။ ရဟန်းတို့ (သင်ချစ်သားတို့သည်) အဖ (ဘုရား)မှ လာသော မိမိတို့ (ရဟန်းများ၏) ကျက်စားရာအာရုံ၌ ကျက်စားကြကုန်လော့။ ရဟန်းတို့ အဖ (ဘုရား)မှ လာသော မိမိတို့ (ရဟန်းများ၏) ကျက်စားရာအာရုံ၌ ကျက်စားကုန်သော (သင်ချစ်သားတို့အား) အသက်အားဖြင့်လည်း တိုးပွါးကုန် လတ္တံ့၊ အဆင်းအားဖြင့်လည်း တိုးပွါးကုန်လတ္တံ့၊ ချမ်းသာအားဖြင့်လည်း တိုးပွါးကုန်လတ္တံ့၊ စည်းစိမ် အားဖြင့်လည်း တိုးပွါးကုန်လတ္တံ့၊ အားခွန်အားဖြင့်လည်း တိုးပွါးကုန်လတ္တံ့။
ရဟန်းတို့ ရဟန်းတို့၏ အသက် (တိုးပွါးခြင်း၏အကြောင်း) သည် အဘယ်နည်း၊ ရဟန်းတို့ ဤ (သာသနာတော်)၌ ရဟန်းသည် ဆန္ဒကြီးမှူးသော သမာဓိနှင့်လည်းကောင်း၊ သမ္မပ္ပဓာန်ဝီရိယနှင့်လည်း ကောင်း ပြည့်စုံသော ဣဒ္ဓိပါဒ်တရားကို ပွါးများ၏။ ဝီရိယကြီးမှူးသော သမာဓိနှင့်လည်းကောင်း၊ သမ္မပ္ပဓာန်ဝီရိယနှင့်လည်းကောင်း ပြည့်စုံသော ဣဒ္ဓိပါဒ်တရားကို ပွါးများ၏။ စိတ်ကြီးမှူးသော သမာဓိနှင့် လည်းကောင်း၊ သမ္မပ္ပဓာန်ဝီရိယနှင့်လည်းကောင်း ပြည့်စုံသော ဣဒ္ဓိပါဒ်တရားကို ပွါးများ၏။ ပညာကြီး မှူးသော သမာဓိနှင့်လည်းကောင်း၊ သမ္မပ္ပဓာန်ဝီရိယနှင့်လည်းကောင်း ပြည့်စုံသော ဣဒ္ဓိပါဒ်ကို ပွါးများ၏။ ထိုရဟန်းသည် ဤ (ဣဒ္ဓိပါဒ်လေးပါး) တို့ကို ပွါးများခြင်းကြောင့် အဖန်ဖန် အလေ့အလာပြုခြင်းကြောင့် အလိုရှိခဲ့သော် အာယုကပ်ပတ်လုံးလည်းကောင်း၊ အာယုကပ်အကြွင်းပတ်လုံးလည်းကောင်း တည်နေရာ၏။ ရဟန်းတို့ ဤကား ရဟန်း၏ အသက် (တိုးပွါးခြင်း၏ အကြောင်း) တည်း။
ရဟန်းတို့ ရဟန်း၏ အဆင်း (တိုးပွါးခြင်း၏အကြောင်း) သည် အဘယ်နည်း၊ ရဟန်းတို့ ဤ (သာသနာတော်) ၌ ရဟန်းသည် သီလရှိ၏၊ ပါတိမောက္ခသံဝရသီလကို စောင့်ထိန်းလျက် နေ၏၊ အကျင့် ‘အာစာရ’, ကျက်စားရာ ‘ဂေါစရ’ နှင့် ပြည့်စုံသည်ဖြစ်၍ အနည်းငယ်မျှသော အပြစ်တို့၌ ‘ဘေး’ဟု ရှုသည်ဖြစ်၍ နေ၏၊ သိက္ခာပုဒ်တို့၌ ကောင်းစွာ ဆောက်တည်၍ ကျင့်၏။ ရဟန်းတို့ ဤကား ရဟန်း၏ အဆင်း (တိုးပွါးခြင်း၏ အကြောင်း) တည်း။
ရဟန်းတို့ ရဟန်း၏ ချမ်းသာ (တိုးပွါးခြင်း၏ အကြောင်း) သည် အဘယ်နည်း၊ ရဟန်းတို့ ဤ (သာသနာတော်)၌ ရဟန်းသည် ကာမဂုဏ်တို့မှ ကင်းဆိတ်၍သာလျှင် အကုသိုလ်တရားတို့မှ ကင်းဆိတ်၍ သာလျှင် ကြံစည်ခြင်း ‘ဝိတက်’ နှင့် တကွဖြစ်သော သုံးသပ်ခြင်း ‘ဝိစာရ’ နှင့် တကွဖြစ်သော (နီဝရဏ) ကင်းဆိတ်ခြင်းကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ ရှိသော ပဌမဈာန်သို့ ရောက်၍ နေ၏။ ကြံစည်ခြင်း ‘ဝိတက်’ သုံးသပ်ခြင်း ‘ဝိစာရ’ တို့၏ ငြိမ်းခြင်းကြောင့်။ပ။ ဒုတိယဈာန်သို့။ တတိယ ဈာန်သို့။ စတုတ္ထဈာန်သို့ ရောက်၍နေ၏။ ရဟန်းတို့ ဤကား ရဟန်း၏ ချမ်းသာ (တိုးပွါးခြင်း၏ အကြောင်း) တည်း။
ရဟန်းတို့ ရဟန်း၏ စည်းစိမ် (တိုးပွါးခြင်း၏အကြောင်း) သည် အဘယ်နည်း၊ ရဟန်းတို့ ဤ (သာသနာတော်)၌ ရဟန်းသည် ချမ်းသာစေလိုခြင်း ‘မေတ္တာ’နှင့်ယှဉ်သော စိတ်ဖြင့် တစ်ခုသော အရပ် မျက်နှာကို ပျံ့နှံ့စေ၍ နေ၏။ ထို့အတူ နှစ်ခုမြောက် အရပ်မျက်နှာကို။ သုံးခုမြောက် အရပ်မျက်နှာကို။ လေးခုမြောက် အရပ်မျက်နှာကို ပျံ့နှံ့စေ၍ နေ၏။ ဤနည်းဖြင့် အထက် အောက် ဖီလာ အရပ်မျက်နှာကို ပျံ့နှံ့စေ၍ နေ၏။ အလုံးစုံသော အရပ်မျက်နှာတို့၌ ရှိသော သတ္တဝါအားလုံးကို မိမိနှင့်အတူပြု၍ သတ္တဝါ အားလုံးပါဝင်သော သတ္တလောကကို ပြန့်ပြောသော မြင့်မြတ်သော အတိုင်းအရှည်မရှိသော ရန်မရှိသော ငြိုငြင်ခြင်းမရှိသော မေတ္တာနှင့်ယှဉ်သော စိတ်ဖြင့် ပျံ့နှံ့စေ၍ နေ၏။
သနားခြင်း ‘ကရုဏာ’ နှင့်ယှဉ်သော စိတ်ဖြင့်။ပ။
ဝမ်းမြောက်ခြင်း ‘မုဒိတာ’ နှင့်ယှဉ်သော စိတ်ဖြင့်။ပ။
လျစ်လျူရှုခြင်း ‘ဥပေက္ခာ’ နှင့်ယှဉ်သော စိတ်ဖြင့် တစ်ခုသော အရပ်မျက်နှာကို ပျံ့နှံ့စေ၍ နေ၏။ ထို့အတူ နှစ်ခုမြောက် အရပ်မျက်နှာကို။ သုံးခုမြောက် အရပ်မျက်နှာကို။ လေးခုမြောက် အရပ်မျက်နှာကို ပျံ့နှံ့စေ၍ နေ၏။ ဤနည်းဖြင့် အထက် အောက် ဖီလာ အရပ်မျက်နှာကို ပျံ့နှံ့စေ၍ နေ၏။ အလုံးစုံသော အရပ်မျက်နှာတို့၌ ရှိသော သတ္တဝါအားလုံးကို မိမိနှင့် အတူပြု၍ အလုံးစုံသော အရပ်မျက်နှာတို့၌ ရှိသော သတ္တဝါအားလုံးကို မိမိနှင့် အတူပြု၍ သတ္တဝါအားလုံးပါဝင်သော သတ္တလောကကို ပြန့်ပြောသော မြတ်သော အတိုင်းအရှည်မရှိသော ငြိုငြင်ခြင်းမရှိသော လျစ်လျူရှုခြင်း ‘ဥပေက္ခာ’ နှင့်ယှဉ်သော စိတ်ဖြင့် ပျံ့နှံ့စေ၍ နေ၏။ ရဟန်းတို့ ဤကား ရဟန်း၏ စည်းစိမ် (တိုးပွါးခြင်း၏အကြောင်း) တည်း။
ရဟန်းတို့ ရဟန်း၏ ခွန်အား (တိုးပွါးခြင်း၏ အကြောင်း) သည် အဘယ်နည်း၊ ရဟန်းတို့ ဤ (သာသနာတော်) ၌ ရဟန်းသည် အာသဝေါတရားတို့၏ ကုန်ခြင်းကြောင့် အာသဝေါကင်းသော လွတ် မြောက်သော (အရဟတ္တဖိုလ်) စိတ်နှင့် လွတ်မြောက်သော (အရဟတ္တဖိုလ်) ပညာကို ယခုဘဝ၌ပင် ကိုယ် တိုင် ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုလျက် ရောက်၍ နေ၏။ ရဟန်းတို့ ဤကား ရဟန်း၏ ကိုယ်အား ဉာဏ်အား (တိုးပွါးခြင်း၏ အကြောင်း) တည်း။
ရဟန်းတို့ နှိပ်ကွပ်အောင်မြင်နိုင်ခဲသော ဤ (ဒေဝပုတ္တစသော) မာရ်၏ ခွန်အားနှင့် တူသော အခြားသော တစ်ခုသော ခွန်အားကိုမျှလည်း ငါ မြင်တော်မမူ။ အရဟတ္တဖိုလ်ခွန်အားသည်သာလျှင် (ဒေဝပုတ္တ စသော) မာရ်၏ ခွန်အားကို နှိပ်ကွပ်အောင်မြင်နိုင်၏။ ရဟန်းတို့ ကုသိုလ်တရားတို့ကို ဆောက်တည်၍ ကျင့်ခြင်းကြောင့် ဤ (ဆိုခဲ့သည့်) အတိုင်း ဤကုသိုလ် ဤကုသိုလ်၏ အကျိုးသည် တိုးပွါး၏။
မြတ်စွာဘုရားသည် ဤတရားကို ဟောတော်မူ၏။ ရဟန်းတို့သည် မြတ်စွာဘုရား ဟောတော်မူသော တရားတော်ကို နှစ်လိုကုန်သည်ဖြစ်၍ ဝမ်းမြောက်စွာ ခံယူကြလေကုန်သတည်း။
သုံးခုမြောက် စက္ကဝတ္တိသုတ် ပြီး၏။