ဒီဃနိကာယ်

၄—အဂ္ဂညသုတ်

ဝါသေဋ္ဌနှင့် ဘာရဒွါဇ

၁၁၁။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည် —

အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် ပုဗ္ဗာရုံကျောင်း မိဂါရမာတာ ‘ဝိသာခါ’ ပြာသာဒ်၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ ဝါသေဋ္ဌ (သာမဏေ)နှင့် ဘာရဒွါဇ (သာမဏေ)တို့သည် ရဟန်းတို့ထံ၌ ရဟန်းအဖြစ်ကို တောင့်တကုန်သည် ဖြစ်၍ နေကြကုန်၏။ ထိုအခါ မြတ်စွာဘုရားသည် ညချမ်းအခါ၌ (သမာပတ်ဝင်စားလျက်) တစ်ပါးတည်း ကိန်းအောင်းတော်မူရာမှ ထ၍ ပြာသာဒ်မှ သက်ဆင်းတော်မူပြီး လျှင် ပြာသာဒ်ရိပ် လွင်တီးခေါင်၌ စင်္ကြံကြွတော်မူ၏။

၁၁၂။ ဝါသေဋ္ဌသည် ညချမ်းအခါ၌ (သမာပတ်ဝင်စားလျက်) တစ်ပါးတည်း ကိန်းအောင်းတော် မူရာမှ့ထ၍ ပြာသာဒ်မှ သက်ဆင်းတော်မူပြီးလျှင် ပြာသာဒ်ရိပ် လွင်တီးခေါင်၌ စင်္ကြံကြွနေတော်မူသော မြတ်စွာဘုရားကို မြင်လေ၏၊ မြင်သောကြောင့် ဘာရဒွါဇအား ပြော၏ —

“ငါ့သျှင် ဘာရဒွါဇ မြတ်စွာဘုရားသည် ညချမ်းအခါ၌ (သမာပတ်ဝင်စားလျက်) တစ်ပါးတည်း ကိန်းအောင်းတော်မူရာမှ ထ၍ ပြာသာဒ်မှ သက်ဆင်းပြီးလျှင် ပြာသာဒ်ရိပ် လွင်တီးခေါင်၌ စင်္ကြံကြွနေ တော်မူ၏။ ငါ့သျှင် ဘာရဒွါဇ သွားကုန်စို့၊ မြတ်စွာဘုရားထံသို့ ချဉ်းကပ်ကြကုန်စို့၊ မြတ်စွာဘုရား အထံ တော်မှ တရားစကားနာရန် ရကောင်းရရာ၏”ဟု (ပြော၏)။

“ငါ့သျှင် ကောင်းပါပြီ”ဟု ဘာရဒွါဇသည် ဝါသေဋ္ဌအား ဝန်ခံ၏။

၁၁၃။ ထိုအခါ ဝါသေဋ္ဌနှင့် ဘာရဒွါဇတို့သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ကြကုန်၍ မြတ်စွာ ဘုရားကို ရှိခိုးကြပြီးလျှင် စင်္ကြံကြွတော်မူသော မြတ်စွာဘုရားသို့ နောက်မှ လိုက်၍ စင်္ကြံသွားကုန်၏။ ထိုအခါ မြတ်စွာဘုရားသည် ဝါသေဋ္ဌအား မေးတော်မူ၏ —

“ဝါသေဋ္ဌ ပုဏ္ဏားဇာတ်ရှိကုန်သော ပုဏ္ဏားအမျိုးကောင်းသား ဖြစ်ကုန်သော သင်တို့သည် ပုဏ္ဏားမျိုးမှ ထွက်၍ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ကြကုန်၏၊ ဝါသေဋ္ဌ အသို့နည်း သင်တို့ကို ပုဏ္ဏားတို့သည် မဆဲရေးကုန်သလော၊ မရေရွတ်ကုန်သလော”ဟု (မေးတော်မူ၏)။

မြတ်စွာဘုရား စင်စစ်အားဖြင့် ပုဏ္ဏားတို့သည် အကျွန်ုပ်တို့ကို မိမိအလိုအားလျော်သော ပြည့်စုံ စေ့စပ်သော ဆဲရေးရေရွတ်ခြင်းဖြင့် ဆဲရေးကြပါကုန်၏၊ ရေရွတ်ကြပါကုန်၏ဟု (လျှောက်၏)။

ဝါသေဋ္ဌ ပုဏ္ဏားတို့သည် သင်တို့ကို မိမိ၏ အလိုအားလျော်သော ပြည့်စုံစေ့စပ်သော ဆဲရေးရေရွတ် ခြင်းဖြင့် အဘယ်သို့ ဆဲရေးကြကုန်သနည်း၊ အဘယ်သို့ ရေရွတ်ကြကုန်သနည်းဟု (မေးတော်မူ၏)။

မြတ်စွာဘုရား ပုဏ္ဏားတို့သည် ဤသို့ ဆိုကြပါကုန်၏ —

“ ပုဏ္ဏားမျိုးသာလျှင် မြတ်၏၊ တစ်ပါးသော အမျိုးတို့သည် ယုတ်ကုန်၏၊ ပုဏ္ဏားမျိုးသာ လျှင် ဖြူစင်၏၊ တစ်ပါးသော အမျိုးတို့သည် မည်းနက်ကုန်၏၊ ပုဏ္ဏားတို့သာလျှင် (အမျိုးအနွယ် စသည်အားဖြင့်) စင်ကြယ်ကုန်၏၊ ပုဏ္ဏားမဟုတ်သော သူတို့သည် မစင်ကြယ်ကုန်၊ ပုဏ္ဏားတို့သာ လျှင် ဗြဟ္မာ၏ ရင်၌ ဖြစ်ကုန်သော ဗြဟ္မာ့ခံတွင်းမှ ဖွားကုန်သော ဗြဟ္မာကြောင့် ဖြစ်ကုန်သော ဗြဟ္မာဖန်ဆင်းကုန်သော ဗြဟ္မာ့အမွေခံဖြစ်ကုန်သော ဗြဟ္မာ၏ သားတို့တည်း။

သင်တို့သည် မြတ်သော (ပုဏ္ဏား)အမျိုးကို စွန့်၍ မာရ်မင်း၏ အသင်းဝင်ဖြစ်ကုန်သော ဗြဟ္မာ၏ ခြေဖမိုးမှ ဖွားသော သားဖြစ်ကုန်သော ဇာတ်နိမ့်ကုန်သော မည်းညစ်ကုန်သော ဦးပြည်း ရဟန်းညံ့တို့ထံသို့ ကပ်ရောက်ခြင်းသည် မကောင်းသည်သာတည်း။

သင်တို့သည် မြတ်သော ပုဏ္ဏား အမျိုးကို စွန့်၍ မာရ်မင်း၏ အသင်းဝင်ဖြစ်ကုန်သော ဗြဟ္မာ၏ ခြေဖမိုးမှ ဖွားသော သားဖြစ်ကုန်သော ဇာတ်နိမ့်ကုန်သော မည်းညစ်ကုန်သော ဦးပြည်း ရဟန်းညံ့တို့ထံသို့ ကပ်ရောက်ခြင်းသည် မလျောက်ပတ်သည်သာတည်း”ဟု (ဆိုကြပါကုန်၏)။

မြတ်စွာဘုရား ပုဏ္ဏားတို့သည် ဤသို့လျှင် အကျွန်ုပ်တို့ကို မိမိ၏ အလိုအားလျော်သော ပြည့်စုံ စေ့စပ်သော ဆဲရေးရေရွတ်ခြင်းဖြင့် နှိပ်စက်၍ ဆဲရေးကြပါကုန်၏၊ ရေရွတ်ကြပါကုန်၏ဟု (လျှောက်၏)။

၁၁၄။ ဝါသေဋ္ဌ စင်စစ်အားဖြင့် ပုဏ္ဏားတို့သည် ရှေးလောကဖြစ်စဉ်ကို မအောက်မေ့နိုင်ကုန်၍သာ ဤသို့ ဆိုကုန်၏။

“ ပုဏ္ဏားမျိုးသာလျှင် မြတ်၏၊ တစ်ပါးသော အမျိုးတို့သည် ယုတ်ကုန်၏၊ ပုဏ္ဏားမျိုးသာလျှင် ဖြူစင်၏၊ တစ်ပါးသော အမျိုးတို့သည် မည်းနက်ကုန်၏၊ ပုဏ္ဏားတို့သာလျှင် စင်ကြယ်ကုန်၏၊ ပုဏ္ဏား မဟုတ်သူတို့သည် မစင်ကြယ်ကုန်၊ ပုဏ္ဏားတို့သာလျှင် ဗြဟ္မာ၏ ရင်၌ ဖြစ်ကုန်သော ဗြဟ္မာ၏ ခံတွင်းမှ ဖွားကုန်သော ဗြဟ္မာကြောင့် ဖြစ်ကုန်သော ဗြဟ္မာဖန်ဆင်းအပ်ကုန်သော ဗြဟ္မာ၏ အမွေခံဖြစ်ကုန်သော သားတို့တည်း”ဟု (ဆိုကုန်၏)။ ဝါသေဋ္ဌ ပုဏ္ဏားတို့၏ ကြင်ရာ ပုဏ္ဏေးမတို့ ဥတုလာသည်ကိုလည်း့ကောင်း၊ ကိုယ်ဝန်ဆောင်သည်ကိုလည်းကောင်း၊ သားဖွားသည်ကိုလည်းကောင်း၊ နို့တိုက်သည်ကိုလည်း ကောင်း သိမြင်ရကုန်၏။ ထိုပုဏ္ဏားတို့သည် အင်္ဂါဇာတ်မှ မွေးဖွားသည် ဖြစ်ကုန်လျက် “ပုဏ္ဏားမျိုး သာလျှင် မြတ်၏၊ တစ်ပါးသော အမျိုးတို့သည် ယုတ်ကုန်၏၊ ပုဏ္ဏားမျိုးသာလျှင် ဖြူစင်၏၊ တစ်ပါးသော အမျိုးတို့သည် မည်းနက်ကုန်၏၊ ပုဏ္ဏားတို့သည်သာလျှင် စင်ကြယ်ကုန်၏၊ ပုဏ္ဏားမဟုတ်သူတို့သည် မစင်ကြယ်ကုန်၊ ပုဏ္ဏားတို့သည်သာလျှင် ဗြဟ္မာ၏ ရင်၌ ဖြစ်ကုန်သော ဗြဟ္မာ၏ ခံတွင်းမှ ဖွားကုန်သော ဗြဟ္မာကြောင့် ဖြစ်ကုန်သော ဗြဟ္မာဖန်ဆင်းအပ်ကုန်သော ဗြဟ္မာ၏ အမွေခံဖြစ်ကုန်သော သားတို့တည်း”ဟု ဆိုကြကုန်၏၊ ထိုပုဏ္ဏားတို့သည် ဗြဟ္မာကိုလည်း ရှုတ်ချရာရောက်ကုန်၏၊ မမှန်သော စကားကိုလည်း ဆိုရာရောက်ကုန်၏၊ များစွာသော မကောင်းမှုကိုလည်း ပွါးစေရာရောက်ကုန်၏။

အမျိုး လေးပါး

၁၁၅။ ဝါသေဋ္ဌ မင်းမျိုး၊ ပုဏ္ဏားမျိုး၊ ကုန်သည်မျိုး၊ သူဆင်းရဲမျိုးအားဖြင့် ဤလေးပါးသော အမျိုးတို့သည် ရှိကုန်၏။

ဝါသေဋ္ဌ ဤလူ့ပြည်၌ အချို့မင်းမျိုးသည်လည်း အသက်ကို သတ်လေ့ရှိ၏၊ သူတစ်ပါး မပေး သည်ကို ယူလေ့ရှိ၏၊ ကာမတို့၌ မှားယွင်းစွာ ကျင့်လေ့ရှိ၏၊ မဟုတ်မမှန်သည်ကို ဆိုလေ့ရှိ၏၊ ကုန်း စကားကို ပြောတတ်၏၊ ကြမ်းတမ်းသော စကားကို ပြောတတ်၏၊ ပြိန်ဖျင်းသော စကားကို ပြောလေ့ ရှိ၏၊ မက်မောခြင်းများ၏၊ ပျက်စီးစေလိုသောစိတ်ရှိ၏၊ မှားသောအယူဝါဒရှိ၏။ ဝါသေဋ္ဌ ဤသို့လျှင် အကုသိုလ်ဖြစ်ကုန်သော အကုသိုလ်ဟု ဆိုအပ်ကုန်သော အပြစ်ရှိကုန်သော အပြစ်ရှိသည်ဟု ဆိုအပ် ကုန်သော မမှီဝဲအပ်ကုန်သော မမှီဝဲအပ်ဟု ဆိုအပ်ကုန်သော အရိယာမဖြစ်နိုင်ကုန်သော အရိယာမဖြစ် နိုင်ဟု ဆိုအပ်ကုန်သော မည်းညစ်ကုန်သော မည်းညစ် (ဆင်းရဲ) သော အကျိုးရှိကုန်သော ပညာရှိတို့ ကဲ့ရဲ့အပ်ကုန်သော တရားတို့သည် ရှိကုန်၏။ ယင်းတရားတို့ကို ဤလူ့ပြည်၌ အချို့သော မင်းမျိုး၌ လည်း တွေ့မြင်ရကုန်။ ဝါသေဋ္ဌ ဤလူ့ပြည်၌ အချို့ပုဏ္ဏားမျိုးသည်လည်း။ပ။ ဝါသေဋ္ဌ ဤလူ့ပြည်၌ အချို့လယ်လုပ်ကုန်သည်မျိုးသည်လည်း။ပ။ ဝါသေဋ္ဌ ဤလူ့ပြည်၌ အချို့ဆင်းရဲသားမျိုးသည်လည်း အသက်ကို သတ်လေ့ရှိ၏၊ သူတစ်ပါးမပေးသည်ကို ယူလေ့ရှိ၏၊ ကာမတို့၌ မှားယွင်းစွာ ကျင့်လေ့ရှိ၏၊ မဟုတ်မမှန်သည်ကို ဆိုလေ့ရှိ၏၊ ကုန်းစကားကို ပြောတတ်၏၊ ကြမ်းတမ်းသော စကားကို ပြောတတ်၏၊ ပြိန်ဖျင်းသော စကားကို ပြောလေ့ရှိ၏၊ မက်မောခြင်းများ၏၊ ပျက်စီးစေလိုသော စိတ်ရှိ၏၊ မှားသော အယူဝါဒ ရှိ၏။ ဝါသေဋ္ဌ ဤသို့လျှင် အကုသိုလ်ဖြစ်ကုန်သော အကုသိုလ်ဟု ဆိုအပ်ကုန်သော။ပ။ မည်း ညစ်ကုန်သော မည်းညစ် (ဆင်းရဲ) သော အကျိုးရှိကုန်သော ပညာရှိတို့ ကဲ့ရဲ့အပ်ကုန်သော တရားတို့ သည် ရှိကုန်၏။ ယင်းတရားတို့ကို ဤလူ့ပြည်၌ အချို့ဆင်းရဲသားမျိုး၌လည်း တွေ့မြင်ရကုန်၏။

ဝါသေဋ္ဌ ဤလူ့ပြည်၌ အချို့သော မင်းမျိုးသည်လည်း အသက်သတ်ခြင်းမှ ရှောင်ကြဉ်၏၊ သူတစ်ပါး မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်၏၊ ကာမတို့၌ မှားယွင်းစွာ ကျင့်ခြင်းမှ ရှောင်ကြဉ်၏၊ မဟုတ် မမှန်စကား ပြောခြင်းမှ ရှောင်ကြဉ်၏၊ ကုန်းစကားမှ ရှောင်ကြဉ်၏၊ ကြမ်းတမ်းသော စကားမှ ရှောင်ကြဉ်၏၊ ပြိန်ဖျင်းသော စကားမှ ရှောင်ကြဉ်၏၊ မက်မောခြင်း မများ၊ ပျက်စီးစေလိုသော စိတ်မရှိ၊ မှန်သော အယူဝါဒရှိ၏။

ဝါသေဋ္ဌ ဤသို့လျှင် ကုသိုလ်ဖြစ်ကုန်သော ကုသိုလ်ဟု ဆိုအပ်ကုန်သော အပြစ်မရှိကုန်သော အပြစ်မရှိဟု ဆိုအပ်ကုန်သော မှီဝဲအပ်ကုန်သော မှီဝဲအပ်သည်ဟု ဆိုအပ်ကုန်သော အရိယာဖြစ်နိုင် ကုန်သော အရိယာဖြစ်နိုင်သည်ဟု ဆိုအပ်ကုန်သော ဖြူစင်ကုန်သော ဖြူစင် (ချမ်းသာ)သော အကျိုးရှိ ကုန်သော ပညာရှိတို့ ချီးမွမ်းအပ်ကုန်သော တရားတို့သည် ရှိကုန်၏။ ယင်းတရားတို့ကို ဤလူ့ပြည်၌့အချို့သော မင်းမျိုး၌လည်း တွေ့မြင်ရကုန်၏။ ဝါသေဋ္ဌ ဤလူ့ပြည်၌ အချို့သော ပုဏ္ဏားမျိုး သည်လည်း။ပ။ ဝါသေဋ္ဌ ဤလူ့ပြည်၌ အချို့သော ကုန်သည်မျိုးသည်လည်း။ပ။ ဝါသေဋ္ဌ ဤလူ့ပြည်၌ အချို့သော ဆင်းရဲသားမျိုးသည်လည်း အသက်သတ်ခြင်းမှ ရှောင်ကြဉ်၏။ပ။ မက်မောခြင်းမများ၊ ပျက်စီးစေလိုသော စိတ်မရှိ၊ မှန်သော အယူဝါဒရှိ၏။

ဝါသေဋ္ဌ ဤသို့လျှင် ကုသိုလ်ဖြစ်ကုန်သော ကုသိုလ်ဟု ဆိုအပ်ကုန်သော အပြစ်မရှိကုန်သော အပြစ်မရှိဟု ဆိုအပ်ကုန်သော မှီဝဲအပ်ကုန်သော မှီဝဲအပ်သည်ဟု ဆိုအပ်ကုန်သော အရိယာဖြစ်နိုင် ကုန်သော အရိယာဖြစ်နိုင်သည်ဟု ဆိုအပ်ကုန်သော ဖြူစင်ကုန်သော ဖြူစင် (ချမ်းသာ)သော အကျိုးရှိ ကုန်သော ပညာရှိတို့ ချီးမွမ်းအပ်ကုန်သော တရားတို့သည် ရှိကုန်၏။ ယင်းတရားတို့ကို ဤလူ့ပြည်၌ အချို့သော ဆင်းရဲသားမျိုး၌လည်း တွေ့မြင်ရကုန်၏။

၁၁၆။ ဝါသေဋ္ဌ ဤအမျိုးလေးပါးတို့၌ ဤသို့ ပညာရှိတို့ ကဲ့ရဲ့အပ်သည်လည်းဖြစ်ကုန်သော ပညာရှိတို့ ချီးမွမ်းအပ်သည်လည်းဖြစ်ကုန်သော အမည်း အဖြူဖြစ်ကုန်သော တရားနှစ်ပါးတို့ ရောပြွမ်း သည် ဖြစ်ပါလျက် ပုဏ္ဏားတို့သည် ဤသို့ ဆိုကုန်၏ —

“ ပုဏ္ဏားမျိုးသည်သာလျှင် မြတ်၏၊ တစ်ပါးသော အမျိုးတို့သည် ယုတ်ကုန်၏၊ ပုဏ္ဏားမျိုးသည် သာလျှင် ဖြူစင်၏၊ တစ်ပါးသော အမျိုးတို့သည် မည်းနက်ကုန်၏၊ ပုဏ္ဏားတို့သာလျှင် (အမျိုးအနွယ် စသည်ဖြင့်) စင်ကြယ်ကုန်၏၊ တစ်ပါးသော သူတို့သည် မစင်ကြယ်ကုန်၊ ပုဏ္ဏားတို့သာလျှင် ဗြဟ္မာ၏ ရင်၌ ဖြစ်ကုန်သော ဗြဟ္မာခံတွင်းမှ ဖွားကုန်သော ဗြဟ္မာကြောင့် ဖြစ်ကုန်သော ဗြဟ္မာဖန်ဆင်းအပ် ကုန်သော ဗြဟ္မာ၏ အမွေခံဖြစ်ကုန်သော သားတို့တည်း”ဟု (ဆိုကုန်၏)။ ထို (ပုဏ္ဏား)တို့၏ ထိုစကားကို (ပညာရှိတို့သည်) ဝန်မခံကြကုန်၊ အဘယ့်ကြောင့်ဆိုသော် —

ဝါသေဋ္ဌ ဤအမျိုးလေးပါးတို့တွင် အကြင် ရဟန်းသည် ပူဇော်အထူးကို ခံထိုက်၏၊ အာသဝေါတရား ကုန်ပြီးဖြစ်၏၊ (မဂ်အကျင့်ကို) ကျင့်သုံးပြီးဖြစ်၏၊ (မဂ်ကိစ္စကို) ပြုပြီးဖြစ်၏၊ ခန္ဓာဝန်ကို ချပြီးဖြစ်၏၊ မိမိ အကျိုး (အရဟတ္တဖိုလ်) သို့ ရောက်ပြီးဖြစ်၏၊ ဘဝသံယောဇဉ် ကုန်ပြီးဖြစ်၏၊ ကောင်းစွာ သိ၍ လွတ် မြောက်ပြီးဖြစ်၏၊ ထို (ရဟန်း)ကို (အမျိုးလေးပါး)တို့တွင် အမြတ်ဆုံးဟူ၍ တရားသဖြင့်သာလျှင် ဆိုအပ်၏၊ မတရားသဖြင့် မဆိုအပ်။

ဝါသေဋ္ဌ ဤသတ္တလောက၌ တရားသည်သာလျှင် ဤလောက၌လည်းကောင်း တစ်ပါးသော လောက ၌လည်းကောင်း အမြတ်ဆုံးဖြစ်၏။

၁၁၇။ ဝါသေဋ္ဌ အကြင် အကြောင်းကြောင့် ဤလူအပေါင်း၌ တရားသဘောသည်သာလျှင် မျက် မှောက်ဘဝ၌လည်းကောင်း၊ တမလွန်ဘဝ၌လည်းကောင်း အမြတ်ဆုံးဖြစ်၏၊ ထို (တရား)၏ အမြတ်ဆုံး အဖြစ်ကို ဤသို့ ဆိုလတ္တံ့သော အကြောင်းဖြင့်လည်း သိအပ်၏။

ဝါသေဋ္ဌ “မိမိထက် လွန်မြတ်သူမရှိသော ရဟန်းဂေါတမသည် သာကီဝင်မင်းမျိုးမှ ရဟန်းပြု၏” ဟူ၍ ပသေနဒီကောသလမင်းသည် စင်စစ် သိ၏၊ ဝါသေဋ္ဌ သာကီဝင်မင်းမျိုးတို့သည် ပသေနဒီကောသလ မင်း၏ အလိုသို့ လိုက်ကြရကုန်၏။ ဝါသေဋ္ဌ သာကီဝင်မင်းမျိုးတို့သည် ပသေနဒီကောသလမင်း၌ နှိမ့်ချ ခြင်း ရှိခိုးခြင်း ခရီးဦးကြိုဆိုခြင်း လက်အုပ်ချီခြင်း ရိုသေခြင်းကို ပြုကြရကုန်၏၊ ဝါသေဋ္ဌ ဤသို့လျှင် သာကီဝင်မင်းမျိုးတို့သည် ပသေနဒီကောသလမင်း၌ အကြင် နှိမ့်ချခြင်း ရှိခိုးခြင်း ခရီးဦးကြိုဆိုခြင်း လက်အုပ်ချီခြင်း အရိုအသေပြုခြင်းကို ပြုကြရကုန်၏၊ ပသေနဒီကောသလမင်းသည် ထိုနှိမ့်ချခြင်း ရှိခိုးခြင်း ခရီးဦးကြိုဆိုခြင်း လက်အုပ်ချီခြင်း ရိုသေခြင်းကို မြတ်စွာဘုရား၌ ပြု၏။

“ရဟန်းဂေါတမသည် ကောင်းမြတ်သော ဇာတ်ရှိ၏၊ ငါသည် ယုတ်ညံ့သော ဇာတ်ရှိ၏၊ ရဟန်းဂေါတမသည် အားနှင့် ပြည့်စုံ၏၊ ငါသည် အားနှင့် မပြည့်စုံ၊ ရဟန်းဂေါတမသည် ကြည် ညိုဖွယ် ရှိ၏၊ ငါသည် ကြည်ညိုဖွယ် မရှိ၊ ရဟန်းဂေါတမသည် ကြီးကျယ်သော ဘုန်းတန်ခိုး ရှိ၏၊ ငါသည့်အနည်းငယ်သော ဘုန်းတန်ခိုးရှိ၏”ဟု (နှလုံးသွင်း၍ ပြု၏)။

စင်စစ်သော်ကား တရားကိုသာလျှင် အရိုအသေပြုသည်ဖြစ်၍ တရားကိုသာလျှင် အလေးအမြတ် ပြုသည်ဖြစ်၍ တရားကိုသာလျှင် မြတ်နိုးသည်ဖြစ်၍ တရားကိုသာလျှင် ပူဇော်သည်ဖြစ်၍ တရားကိုသာ လျှင် တုပ်ဝပ်ခြင်း ပြုသည်ဖြစ်၍ ဤသို့ ပသေနဒီကောသလမင်းသည် ငါ၌ ထိုနှိမ့်ချခြင်း ရှိခိုးခြင်း ခရီးဦး ကြိုဆိုခြင်း လက်အုပ်ချီခြင်း ရိုသေခြင်းကို ပြု၏။

ဝါသေဋ္ဌ အကြင့်ကြောင့် ဤသတ္တလောက၌ တရားသည်သာလျှင် ဤလောက၌လည်းကောင်း တစ်ပါးသော လောက၌လည်းကောင်း အမြတ်ဆုံးဖြစ်၏၊ (တရား၏) အမြတ်ဆုံးအဖြစ်ကို ဤဆိုအပ်ပြီးသော အကြောင်းဖြင့်လည်း သိအပ်၏။

၁၁၈။ ဝါသေဋ္ဌ အသီးသီးသောဇာတ် အသီးသီးသောအမည် အသီးသီးသောအနွယ် အသီးသီးသော အမျိုးရှိကုန်သော သင်တို့သည် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ကြကုန်၏။ ယင်းသို့ ဖြစ်သော် လည်း သင်တို့သည် “အဘယ်သူတို့နည်း”ဟု မေးကြကုန်သော် ငါတို့သည် “သာကီဝင်မင်းသား ဘုရား သားတော် ရဟန်းတို့တည်း” ဟူ၍ ဝန်ခံကြကုန်လော့။

ဝါသေဋ္ဌ စင်စစ် အကြင်သူ၏ ယုံကြည်ခြင်းသည် မြတ်စွာဘုရား၌ မတုန်မလှုပ် တည်၏၊ မဂ်အမြင် ပေါ်ခြင်းကြောင့် ဖြစ်၏၊ ထိုမဂ်အမြင်ဖြင့် တည်၏၊ မြဲမြံ၏၊ ရဟန်းသည်လည်းကောင်း၊ ပုဏ္ဏားသည်လည်း ကောင်း၊ နတ်သည်လည်းကောင်း၊ မာရ်သည်လည်းကောင်း၊ ဗြဟ္မာသည်လည်းကောင်း၊ လောက၌ တစ်စုံ တစ်ယောက်သောသူသည်လည်းကောင်း လှုပ်ရှားခြင်းငှါ မတတ်နိုင်၊ ထိုသူသည် ထိုအခါ (ငါသည် ရင်၌ တည်၍ ခံတွင်းမှ ထွက်သော တရား၏ အစွမ်းဖြင့် တည်သောကြောင့်) “မြတ်စွာဘုရား၏ ရင်မှဖြစ်သော မြတ်စွာဘုရား၏ ခံတွင်းမှ ဖွားသော တရားကြောင့်ဖြစ်သော တရားသည် ဖန်ဆင်းအပ်သော တရား အမွေခံဖြစ်သော သားတည်း”ဟု ဆိုခြင်းငှါ သင့်၏၊ အဘယ့်ကြောင့် ဆိုခြင်းငှါ သင့်သနည်း၊ ဝါသေဋ္ဌ “ဓမ္မကာယ ဗြဟ္မကာယ ဓမ္မဘူတ ဗြဟ္မဘူတ”ဟူသော ဤအမည်သည် ငါ၏ အမည်ဖြစ်သောကြောင့် တည်း။

၁၁၉။ ဝါသေဋ္ဌ ရှည်သောကာလလွန်လတ်သော် တစ်ရံတစ်ခါ၌ ဤလောကသည် ပျက်၏၊ ထိုအခါ သည် ရှိသည်သာတည်း၊ လောကပျက်လတ်သော် သတ္တဝါတို့သည် များသောအားဖြင့် အာဘဿရဘုံ၁၌ ဖြစ်ကုန်၏၊ ထိုသူတို့သည် ထို (ဘုံ)၌ (ဈာန်)စိတ်ကြောင့် ဖြစ်ကုန်၏၊ နှစ်သိမ့်ခြင်း ‘ပီတိ’ လျှင် အစာရှိ ကုန်၏၊ မိမိတို့ကိုယ် ရောင်ဖြင့် လင်းလျက်ရှိကုန်၏၊ ကောင်းကင်၌ ကျက်စားကုန်၏၊ တင့်တယ်သောနေရာရှိကုန်၏၊ ကြာရှည်စွာသော ကာလပတ်လုံး တည်ကုန်၏။

ဝါသေဋ္ဌ ရှည်သောကာလလွန်လတ်သော် တစ်ရံတစ်ခါ၌ ဤလောကသည် တည်၏၊ ထိုအခါသည် ရှိသည်သာတည်း၊ လောကဖြစ်လတ်သော် သတ္တဝါတို့သည် များသောအားဖြင့် အာဘဿရဘုံမှ စုတေ၍ ဤ (လူ့ဘုံ)သို့ ရောက်လာကုန်၏။ ထိုသူတို့သည် ဤလူ့ဘုံ၌ (ဥပစာရဈာန်) စိတ်ကြောင့် ဖြစ်ကုန်၏၊ နှစ်သိမ့်ခြင်း ‘ပီတိ’လျှင် အစာရှိကုန်၏၊ မိမိတို့ကိုယ်ရောင်ဖြင့် လင်းလျက်ရှိကုန်၏၊ ကောင်းကင်၌ ကျက်စားကုန်၏၊ တင့်တယ်သောနေရာရှိကုန်၏၊ ကြာရှည်စွာသော ကာလပတ်လုံး တည်ကုန်၏။

၁။ ဒုတိယဈာန်သုံးဘုံတွင် အရောင်အဝါထွက်သော ဗြဟ္မာတို့၏နေရာ တတိယဘုံ

မြေဆီ ဖြစ်ပေါ်လာခြင်း

၁၂ဝ။ ဝါသေဋ္ဌ ထိုအခါ (စကြဝဠာကုဋေတစ်သိန်းလုံးသည်) တစ်ခုတည်းသော ရေပြင်ကြီးသာ ဖြစ်၏၊ မှောင်အတိဖြစ်၏၊ တစ်ခဲနက် မှောင်အတိဖြစ်၏၊ လနေတို့သည် ထင်ရှားမရှိကုန်၊ နက္ခတ်တာရာ့သဏ္ဌာန်တို့သည် ထင်ရှားမရှိကုန်၊ ညဉ့်နေ့တို့သည် ထင်ရှားမရှိကုန်၊ လ, လခွဲတို့သည် ထင်ရှားမရှိကုန်၊ ဥတု, နှစ်တို့သည် ထင်ရှားမရှိကုန်၊ မိန်းမ, ယောကျာ်းတို့သည် ထင်ရှားမရှိကုန်၊ သတ္တဝါတို့သည် ‘သတ္တဝါ’ ဟူ၍သာ ခေါ်ဝေါ်ခြင်းသို့ ရောက်ကုန်၏။

ဝါသေဋ္ဌ ရှည်သော ကာလလွန်လတ်သော် တစ်ရံတစ်ခါ၌ ထိုသတ္တဝါတို့အား အရသာနှင့် ပြည့်စုံသော မြေဆီသည် ရေ၌ ထက်ဝန်းကျင်အနှံ့ တည်၏၊ ဥပမာ ပူသော နို့သည် အေးသည်ရှိသော် အထက်၌ အမြှေးဖြစ်သကဲ့သို့၊ ဤအတူ မြေဆီသည် ထင်ရှားဖြစ်၏၊ ထို (မြေဆီ)သည် အဆင်းနှင့် ပြည့်စုံ၏၊ အနံ့နှင့် ပြည့်စုံ၏၊ အရသာနှင့် ပြည့်စုံ၏၊ ထောပတ်ဆီဦးသည် (အဆင်းနှင့်) ပြည့်စုံသကဲ့သို့၊ ဤအတူ အဆင်းနှင့် ပြည့်စုံ၏၊ (ပျားချေးစသည့်) အပြစ်ကင်းသော ပျားငယ်ရည်သည် အရသာနှင့် ပြည့်စုံသကဲ့သို့၊ ဤအတူ အရသာနှင့် ပြည့်စုံ၏။

ဝါသေဋ္ဌ ထိုအခါ လျှပ်ပေါ်သော သဘောရှိသော သတ္တဝါတစ်ယောက်သည် “အချင်းတို့ ဤအရာ သည် အဘယ်သို့ အရသာ ဖြစ်လိမ့်မည်နည်း”ဟု မြေဆီကို လက်ချောင်းဖြင့် (ယူ၍) လျက်၏၊ မြေဆီ ကို လက်ချောင်းဖြင့် (ယူ၍) လျက်သော ထိုသတ္တဝါအား (အရသာသည် ခုနစ်ထောင်သော အကြောတို့ကို) ပျံ့နှံ့၍ တည်၏၊ ထိုသတ္တဝါအား တပ်ခြင်း တဏှာသည်လည်း ဖြစ်၏။ ဝါသေဋ္ဌ တစ်ပါးသော သတ္တဝါတို့ သည်လည်း ထိုသတ္တဝါကို အတုလိုက်၍ မြေဆီကို လက်ချောင်းဖြင့် (ယူ၍) လျက်ကုန်၏၊ မြေဆီကို လက်ချောင်းဖြင့် (ယူ၍) လျက်ကုန်သော ထိုသတ္တဝါတို့အား (အရသာသည် ခုနစ်ထောင်သော အကြောတို့ ကို) ပျံ့နှံ့၍ တည်၏၊ ထိုသတ္တဝါတို့အား တပ်ခြင်း တဏှာသည်လည်း ဖြစ်၏။

လ နေ စသည်တို့ ဖြစ်ပေါ်လာခြင်း

၁၂၁။ ဝါသေဋ္ဌ ထိုအခါ ထိုသတ္တဝါတို့သည် မြေဆီကို လက်တို့ဖြင့် အလုတ်အလွေးပြု၍ စားရန် အားထုတ်ကုန်၏၊ ဝါသေဋ္ဌ ထိုသတ္တဝါတို့သည် မြေဆီကို လက်တို့ဖြင့် အလုတ်အလွေးပြု၍ စားရန် အား ထုတ်ကြသောအခါ ထိုသတ္တဝါတို့အား မိမိတို့ ကိုယ်ရောင်သည် ကွယ်၏၊ မိမိတို့ ကိုယ်ရောင် ကွယ်သည် ရှိသော် လနေတို့ ထင်ရှားဖြစ်ကုန်၏၊ လနေတို့ ထင်ရှားဖြစ်ကုန်သော် နက္ခတ် တာရာတို့ ထင်ရှားဖြစ် ကုန်၏၊ နက္ခတ် တာရာ သဏ္ဌာန်တို့ ထင်ရှားဖြစ်ကုန်သော် ညဉ့်နေ့တို့ ထင်ရှားဖြစ်ကုန်၏၊ ညဉ့်နေ့တို့ ထင်ရှားဖြစ်ကုန်သော် လ, လခွဲတို့ ထင်ရှားဖြစ်ကုန်၏၊ ဥတု, နှစ်တို့ ထင်ရှားဖြစ်ကုန်၏။ ဝါသေဋ္ဌ ဤမျှသော အပိုင်းအခြားဖြင့် ဤလောကသည် တစ်ဖန် ဖြစ်၏။

၁၂၂။ ဝါသေဋ္ဌ ထိုအခါ ထိုသတ္တဝါတို့သည် မြေဆီကို စားကုန်လျက် ထိုမြေဆီလျှင် အစာရှိကုန် လျက် ထိုမြေဆီလျှင် အာဟာရရှိကုန်လျက် ရှည်စွာသော ကာလပတ်လုံး တည်ကုန်၏။ ဝါသေဋ္ဌ ထို သတ္တဝါတို့သည် အကြင်အကြင်အခြင်းအရာအားဖြင့် မြေဆီကို စားကုန်လျက် ထိုမြေဆီလျှင် အစာရှိကုန် လျက် ထိုမြေဆီလျှင် အာဟာရရှိကုန်လျက် ရှည်စွာသော ကာလပတ်လုံး တည်ကုန်၏၊ ဝါသေဋ္ဌ ထိုထို အခြင်းအရာအားဖြင့် မြေဆီကို စားကုန်သော ထိုသတ္တဝါတို့၏ ကိုယ်၌ ကြမ်းတမ်းခြင်းသည်လည်း ဖြစ်၏၊ အဆင်းဖောက်ပြန်ခြင်းသည်လည်း ထင်၏။

အ ချို့သတ္တဝါတို့သည် အဆင်းလှကုန်၏၊ အချို့သတ္တဝါတို့သည် အဆင်းမလှကုန်၊ ထိုသတ္တဝါတို့တွင် အဆင်းလှသော သတ္တဝါတို့သည် အဆင်းမလှသော သတ္တဝါတို့ကို “ငါတို့သည် ဤသတ္တဝါတို့ထက် ပိုလွန်၍ အဆင်းလှကုန်၏၊ ဤသတ္တဝါတို့သည် ငါတို့ထက် ပိုလွန်၍ အရုပ်ဆိုးကုန်၏”ဟု အလွန်မာန်မူ ကုန်၏၊ အဆင်းလှခြင်းကိုစွဲ၍ အလွန်မာန်မူသော အကြောင်းကြောင့် အလွန်မာန်မူတတ်သော သဘောရှိ ကုန်သော ထိုသတ္တဝါတို့အား မြေဆီသည် ကွယ်လေ၏၊ မြေဆီကွယ်သည်ရှိသော် စည်းဝေးကုန်၏၊ စည်း ဝေးကုန်ပြီး၍ “အဟောရသံ အဟောရသံ မြေဆီကွယ်ခဲ့ပြီတကား၊ မြေဆီကွယ်ခဲ့ပြီတကား”ဟု ညည်းတွား ကြကုန်၏၊ ထိုစကားကို (စွဲ၍) ယခုအခါ၌လည်း လူတို့သည် တစ်စုံတစ်ခုသောအရသာကောင်းကို ရလတ်သောအခါ “အဟောရသံ အဟောရသံ”ဟု ဆိုကြကုန်၏၊ ထို (အဟောရသံ အဟောရသံဟူသော) ရှေးကျသော ဦးစွာသိအပ်သော စကားကိုသာ အတုလိုက်၍ ဆိုကြကုန်သော်လည်း ထိုစကား၏ အနက် အဓိပ္ပါယ်ကိုကား မသိကြကုန်။

မြေလွှာ ဖြစ်ပေါ် လာခြင်း

၁၂၃။ ဝါသေဋ္ဌ ထိုအခါ ထိုသတ္တဝါတို့အား အရသာနှင့် ပြည့်စုံသော မြေဆီကွယ်သည်ရှိသော် မြေလွှာသည် ထင်ရှားဖြစ်၏၊ မှိုသည် ထင်ရှားဖြစ်သကဲ့သို့ ဤအတူ မြေလွှာသည် ထင်ရှားဖြစ်၏။ ထို (မြေလွှာ)သည် အဆင်း အနံ့ အရသာနှင့် ပြည့်စုံ၏၊ ထောပတ် ဆီဦးသည် အဆင်းနှင့် ပြည့်စုံသကဲ့သို့၊ ဤအတူ အဆင်းနှင့် ပြည့်စုံ၏၊ အပြစ်ကင်းသော ပျားငယ်ရည်သည် အရသာနှင့် ပြည့်စုံသကဲ့သို့၊ ဤအတူ အရသာနှင့် ပြည့်စုံ၏။ ဝါသေဋ္ဌ ထိုအခါ ထိုသတ္တဝါတို့သည် မြေလွှာကို စားရန် အားထုတ်ကုန်၏။ ထို (သတ္တဝါ) တို့သည် ထို (မြေလွှာ)ကို စားကုန်လျက် ထိုမြေလွှာလျှင် အစာရှိကုန်လျက် ထိုမြေလွှာလျှင် အာဟာရရှိကုန်လျက် ရှည်စွာသော ကာလပတ်လုံး တည်ကုန်၏။

ဝါသေဋ္ဌ အကြင် အကြင် အခြင်းအရာအားဖြင့် ထိုသတ္တဝါတို့သည် ထိုမြေလွှာကို စားကုန်လျက် ထို မြေလွှာလျှင် အစာရှိကုန်လျက် ထိုမြေလွှာလျှင် အာဟာရရှိကုန်လျက် ရှည်စွာသော ကာလပတ်လုံး တည် ကုန်၏၊ ထိုထို အခြင်းအရာအားဖြင့် ထိုသတ္တဝါတို့၏ ကိုယ်၌ ရှေးကထက် ပိုမို၍ ကြမ်းတမ်းသည်၏ အဖြစ်သည်လည်း ကျရောက်၏၊ အဆင်းဖောက်ပြန်ခြင်းသည်လည်း ထင်ရှား၏၊ အချို့သတ္တဝါတို့သည် အဆင်းလှကုန်၏၊ အချို့သတ္တဝါတို့သည် အဆင်းမလှကုန်၊ ထိုသတ္တဝါတို့တွင် အဆင်းလှသော သတ္တဝါ တို့သည် အဆင်းမလှသော သတ္တဝါတို့ကို “ငါတို့သည် ဤသူတို့ထက် ပိုလွန်၍ အဆင်းလှကုန်၏၊ ဤသူတို့သည် ငါတို့ထက် ပိုလွန်၍ အရုပ်ဆိုးကုန်၏”ဟု အလွန်မာန်မူကြကုန်၏၊ အဆင်းလှခြင်းကို (စွဲ၍) အလွန်မာန်မူသော အကြောင်းကြောင့် အလွန်မာန်မူခြင်းသဘော ရှိကုန်သော ထိုသတ္တဝါတို့အား မြေလွှာသည် ကွယ်လေ၏။

နွယ်ချို ဖြစ်ပေါ် လာခြင်း

၁၂၄။ မြေလွှာကွယ်သည်ရှိသော် အလွန်ချိုသော နွယ်သည် ထင်ရှားဖြစ်၏၊ အလွန်ချိုသော ကန်စွန်းနွယ်သည် ထင်ရှားဖြစ်သကဲ့သို့ ဤအတူ ထင်ရှားဖြစ်၏၊ ထို (နွယ်)သည် အဆင်း အနံ့ အရသာနှင့် ပြည့်စုံ၏၊ ဥပမာ ထောပတ်ဆီဦးသည် အဆင်းနှင့် ပြည့်စုံသကဲ့သို့၊ ဤအတူ အဆင်းနှင့် ပြည့်စုံ၏၊ အပြစ်ကင်းသော ပျားငယ်ရည်သည် အရသာနှင့် ပြည့်စုံသကဲ့သို့၊ ဤအတူ အရသာနှင့် ပြည့်စုံ၏။

ဝါသေဋ္ဌ ထိုအခါ ထိုသတ္တဝါတို့သည် အလွန်ချိုသော နွယ်ကို စားရန် အားထုတ်ကုန်၏၊ ထို (သတ္တဝါ)တို့သည် ထို (အလွန်ချိုသောနွယ်) ကို စားကုန်လျက် ထိုအလွန်ချိုသော နွယ်လျှင် အစာရှိကုန် လျက် ထိုအလွန်ချိုသော နွယ်လျှင် အာဟာရရှိကုန်လျက် ရှည်စွာသော ကာလပတ်လုံး တည်ကုန်၏။ ဝါသေဋ္ဌ အကြင် အကြင်အခြင်းအရာအားဖြင့် ထိုသတ္တဝါတို့သည် ထိုအလွန်ချိုသော နွယ်ကို စားကုန်လျက် ထိုအလွန်ချိုသော နွယ်လျှင် အစာရှိကုန်လျက် ထိုအလွန်ချိုသော နွယ်လျှင် အာဟာရရှိကုန်လျက် ရှည်စွာသော ကာလပတ်လုံး တည်ကုန်၏၊ ထိုထိုအခြင်းအရာအားဖြင့် ထိုသတ္တဝါတို့၏ ကိုယ်၌ ရှေးကထက် ပိုမို၍ ကြမ်းတမ်းသည်၏ အဖြစ်သည်လည်း ကျရောက်၏၊ အဆင်းဖောက်ပြန်ခြင်းသည်လည်း ထင်ရှား၏။

အ ချို့သော သတ္တဝါတို့သည် အဆင်းလှကုန်၏၊ အချို့သော သတ္တဝါတို့သည် အဆင်းမလှကုန်၊ ထိုသတ္တဝါတို့တွင် အဆင်းလှသော သတ္တဝါတို့သည် အဆင်းမလှသော သတ္တဝါတို့ကို “ငါတို့သည် ဤသူ တို့ထက် အဆင်းလှကုန်၏၊ ဤသူတို့သည် ငါတို့ထက် ပိုလွန်၍ အရုပ်ဆိုးကုန်၏”ဟု အလွန်မာန်မူကုန့်၏၊ အဆင်းကို စွဲ၍ မာန်မူသောအကြောင်းကြောင့် အလွန်မာန်မူခြင်းသဘောရှိကုန်သော ထိုသတ္တဝါတို့ အား အလွန်ချိုသော နွယ်သည် ကွယ်လေ၏။

အလွန်ချိုသောနွယ် ကွယ်သည်ရှိသော် စည်းဝေးကြကုန်၏၊ စည်းဝေးကြကုန်ပြီး၍ “အဟု ဝတ နော, အဟာယိ ဝတ နော ငါတို့အား ချိုသော နွယ်သည် ဖြစ်ခဲ့၏တကား၊ ချိုသော နွယ်သည် ငါတို့အား ကွယ်ခဲ့ပြီတကား”ဟု ညည်းတွားကြကုန်၏။ ထိုစကားကို (စွဲ၍) ယခုအခါ၌လည်း လူတို့သည် တစ်စုံတစ်ခု ဆင်းရဲနှင့် တွေ့ကြကုန်လတ်သော် “ငါတို့အား (ချမ်းသာမှုသည်) ဖြစ်ခဲ့၏တကား၊ ငါတို့အား (ချမ်းသာမှုသည်) ကွယ်ခဲ့ပြီတကား”ဟု ဆိုကြကုန်၏၊ ထို ‘အဟု ဝတ နော, အဟာယိ ဝတ နော’ ဟူသော ရှေးကျသော ဦးစွာသိအပ်သော စကားကိုသာ အတုလိုက်၍ ဆိုကြသော်လည်း ထိုစကား၏ အနက်အဓိပ္ပါယ်ကိုကား မသိကြကုန်။

အလိုအလျောက် သလေးဆန် ဖြစ်ပေါ်လာခြင်း

၁၂၅။ ဝါသေဋ္ဌ ထိုအခါ ထိုသတ္တဝါတို့အား အလွန်ချိုသောနွယ် ကွယ်သည်ရှိသော် ထင်းဖြင့် မချက် ရသော ဖွဲနုမပါသော ဖွဲမပါသော ဖြူစင်သော ကောင်းသော အနံ့ရှိသော ဆန်လုံးသာအသီးရှိသော သလေးပင်သည် ထင်ရှားဖြစ်၏။

အကြင် (သလေးဆန်) ကို ညအခါ ညစာအလို့ငှါ ဆောင်ယူကုန်၏၊ ထို (သလေးဆန်) သည် နံနက် အခါ မှည့်လျက် တစ်ဖန် ပေါက်၏၊ အကြင် (သလေးဆန်) ကို နံနက်အခါ နံနက်စာအလို့ငှါ ဆောင်ယူ ကုန်၏၊ ထိုသလေးဆန်သည် ညဉ့်အခါ မှည့်သည်ဖြစ်၍ တစ်ဖန် ပေါက်၏၊ ယူရာအရပ်သည် မထင်၊ ဝါသေဋ္ဌ ထိုအခါ သတ္တဝါတို့သည် ထင်းဖြင့် မချက်ရသော သလေးဆန်ကို စားကုန်လျက် ထိုသလေးဆန် လျှင် အစာရှိကုန်လျက် ထိုသလေးဆန်လျှင် အာဟာရရှိကုန်လျက် ရှည်စွာသော ကာလပတ်လုံး တည် ကုန်၏။

မိန်းမ ယောကျာ်း လိင်ထင်ရှား ဖြစ်ခြင်း

၁၂၆။ ဝါသေဋ္ဌ အကြင် အကြင်အခြင်းအရာအားဖြင့် ထိုသတ္တဝါတို့သည် ထင်းဖြင့် မချက်ရသော သလေးဆန်ကို စားကုန်လျက် ထိုသလေးဆန်လျှင် အစာရှိကုန်လျက် ထိုသလေးဆန်လျှင် အာဟာရရှိကုန် လျက် ရှည်စွာသော ကာလပတ်လုံး တည်ကုန်၏၊ ထိုထို အခြင်းအရာအားဖြင့် ရှေးကထက် ပိုမို၍ ထို သတ္တဝါတို့၏ ကိုယ်၌ ကြမ်းတမ်းသည်၏ အဖြစ်သည်လည်း ကျရောက်၏၊ အဆင်းဖောက်ပြန်ခြင်းသည် လည်း ထင်ရှား၏၊ မိန်းမအားလည်း မိန်းမလိင်သည် ထင်ရှားဖြစ်၏၊ ယောကျာ်းအားလည်း ယောကျာ်း လိင်သည် ထင်ရှားဖြစ်၏၊ မိန်းမသည်လည်း ယောကျာ်းကို တစိန်းစိန်း ကြည့်၏၊ ယောကျာ်းသည်လည်း မိန်းမကို တစိန်းစိန်း ကြည့်၏၊ အချင်းချင်း တစိန်းစိန်း ကြည့်ကုန်သော ထိုမိန်းမ, ယောကျာ်းတို့အား ပြင်းစွာ တပ်မက်ခြင်း ‘ရာဂ’ သည် ထင်ရှားဖြစ်လေ၏၊ ရာဂကြောင့်ဖြစ်သော ပူပန်ခြင်းသည် ကိုယ်၌ ကျရောက်၏၊ ထို (မိန်းမ, ယောကျာ်း) တို့သည် ရာဂကြောင့် ဖြစ်သော ပူပန်ခြင်းကြောင့် မေထုန်အကျင့် ကို မှီဝဲကုန်၏။

ဝါသေဋ္ဌ ထိုအခါ မေထုန်အကျင့်မှီဝဲသော သူတို့ကို မြင်ကြသောအခါ တစ်ပါးသော သူတို့သည် “ညစ်သောသူ ပျက်လေလော့၊ ညစ်သောသူ ပျက်လေလော့၊ သတ္တဝါတစ်ယောက်သည် သတ္တဝါတစ်ယောက် အား ဤသို့သော အမှုကို အဘယ့်ကြောင့် ပြုရသနည်း”ဟု ဆို၍ မြေမှုန့်ဖြင့် ပစ်ကုန်၏၊ တစ်ပါးသော သူတို့သည် ပြာဖြင့် ပစ်ကုန်၏၊ တစ်ပါးသော သူတို့သည် နွားချေးဖြင့် ပစ်ကုန်၏၊ ယခုအခါ၌လည်း လူတို့သည် အချို့သော ဇနပုဒ်တို့၌ သတို့သမီးကို ဆောင်ယူလတ်သော် မြေမှုန့်ဖြင့် ပစ်ကုန်၏၊ အချို့ လူတို့သည် ပြာဖြင့် ပစ်ကုန်၏၊ အချို့လူတို့သည် နွားချေးဖြင့် ပစ်ကုန်၏။ ရှေးကျသော ဦးစွာသိအပ်သော ထိုအကျင့်အမူကို အတုလိုက်၍ ပြုလုပ်ကြသော်လည်း့ထိုအကျင့်အမူ၏ အနက်အဓိပ္ပါယ်ကိုကား မသိကြကုန်။

မေထုန် အကျင့်

၁၂၇။ ဝါသေဋ္ဌ ထို (ကမ္ဘာတည်စ) အခါ၌ ထို (အိမ်ထောင်မှု) ကို အဓမ္မဟူ၍ သမုတ်အပ်၏၊ ယခုအခါ ထို (အိမ်ထောင်မှု) ကို ဓမ္မဟူ၍ သမုတ်အပ်၏။ ဝါသေဋ္ဌ ထို (ကမ္ဘာတည်စ) အခါ၌ အကြင်သတ္တဝါတို့သည် မေထုန်အကျင့်ကို မှီဝဲကုန်၏၊ ထိုသတ္တဝါတို့သည် တစ်လလုံးလုံးလည်းကောင်း၊ နှစ်လလုံးလုံးလည်း ကောင်း ရွာနိဂုံးသို့ ဝင်ခွင့်မရကြကုန်။ဝါသေဋ္ဌ အကြင် (ကမ္ဘာတည်စ) အခါ၌ ထိုသတ္တဝါတို့သည် ထို မေထုန်အကျင့်၌ အပိုင်းအခြားမရှိ မှီဝဲခြင်းသို့ ရောက်ကုန်၏၊ ထိုအခါ ထိုမေထုန်အကျင့်ကို ဖုံးကွယ်ရန် အလို့ငှါ အိမ်ဆောက်ရန် အားထုတ်ကြကုန်၏၊ ဝါသေဋ္ဌ ထိုအခါ ပျင်းရိသော သဘောရှိသော သတ္တဝါ တစ်ယောက်အား ဤသို့သော အကြံသည် ဖြစ်၏၊ “အချင်းတို့ ငါသည် သလေးဆန်ကို ညဉ့်အခါ ညဉ့်စာ, နံနက်အခါ နံနက်စာအလို့ငှါ ယူလျက် အဘယ့်ကြောင့် ပင်ပန်းခံနေမည်နည်း၊ ငါသည် သလေး ဆန်ကို တစ်ကြိမ်တည်းဖြင့်သာ ညဉ့်စာ, နံနက်စာအလို့ငှါ ဆောင်ရမူ ကောင်းလေစွ”ဟု (အကြံဖြစ်၏)။

ဝါသေဋ္ဌ ထိုအခါ ထိုသတ္တဝါသည် သလေးဆန်ကို တစ်ကြိမ်တည်းဖြင့်သာ ညဉ့်စာ, နံနက်စာ အလို့ငှါ ဆောင်ယူ၏။ ဝါသေဋ္ဌ ထိုအခါ တစ်ပါးသော သတ္တဝါသည် ထိုသတ္တဝါထံ ချဉ်းကပ်၍ ထိုသတ္တဝါ အား “အချင်း လာလော့၊ သလေးဆန်ယူရန် သွားကုန်အံ့”ဟု ဆို၏။ “အချင်းလူ တော်ပြီ၊ ငါသည် သလေးဆန်ကို တစ်ကြိမ်တည်းဖြင့်သာ ညဉ့်စာ, နံနက်စာအလို့ငှါ ယူခဲ့ပြီ”ဟု ဆို၏။ ဝါသေဋ္ဌ ထိုအခါ ထိုသတ္တဝါသည် ထိုသတ္တဝါအတုကို လိုက်၍ “အချင်းလူ ဤသို့ (နှစ်ရက်စာ ယူထားခြင်းသည်) လည်း ကောင်း၏”ဟု သလေးဆန်ကို တစ်ကြိမ်တည်းဖြင့်သာ နှစ်ရက်စာအလို့ငှါ ဆောင်ယူ၏။

ဝါသေဋ္ဌ ထိုအခါ တစ်ပါးသော သတ္တဝါသည် ထိုသတ္တဝါထံ ချဉ်းကပ်၍ “ အချင်းလူ လာလော့၊ သလေးဆန်ယူရန် သွားကုန်အံ့”ဟု ဆို၏။ အချင်းလူ တော်ပြီ၊ ငါသည် သလေးဆန်ကို တစ်ကြိမ်တည်း ဖြင့်သာ နှစ်ရက် စာယူခဲ့ပြီဟု ဆို၏။ ဝါသေဋ္ဌ ထိုအခါ ထိုသတ္တဝါသည် ထိုသတ္တဝါအတုကို လိုက်၍ အချင်းလူ ဤသို့ (လေးရက်စာ ယူထားခြင်းသည်) လည်း ကောင်း၏ဟု သလေးဆန်ကို တစ်ကြိမ်တည်း ဖြင့်သာ လေးရက်စာအလို့ငှါ ဆောင်ယူ၏။

ဝါသေဋ္ဌ ထိုအခါ တစ်ပါးသော သတ္တဝါသည် ထိုသတ္တဝါထံ ချဉ်းကပ်၍ “အချင်းလူ လာလော့၊ သလေးဆန်ယူရန် သွားကုန်အံ့”ဟု ဆို၏။ အချင်းလူ တော်ပြီ၊ ငါသည် သလေးဆန်ကို တစ်ကြိမ်တည်း ဖြင့်သာ လေးရက်စာ ယူခဲ့ပြီဟု ဆို၏။ ဝါသေဋ္ဌ ထိုအခါ ထိုသတ္တဝါသည် ထိုသတ္တဝါအတုကို လိုက်၍ အချင်းလူ ဤသို့ (ရှစ်ရက်စာ ယူထားခြင်းသည်) လည်း ကောင်း၏ဟု သလေးဆန်ကို တစ်ကြိမ်တည်းဖြင့် သာ ရှစ်ရက်စာအလို့ငှါ ဆောင်ယူ၏။

ဝါသေဋ္ဌ အကြင်အခါ ထိုသတ္တဝါတို့သည် သလေးဆန်ကို သိုမှီး၍ စားရန် အားထုတ်ကုန်၏၊ ထိုအခါ ဖွဲနုသည်လည်း ဆန်ကို မြှေးယှက်၏၊ ဖွဲသည်လည်း ဆန်ကို ဖုံးအုပ်၏၊ ရိုးပြတ်သည်လည်း ပြန်၍ မစည်ပင်၊ ဖြတ်ရာအရပ်သည် ထင်ရှား၏၊ သလေးပင်တို့သည် အစုလိုက် အစုလိုက် တည်ကုန်၏။

သလေးဆန် ခွဲဝေခြင်း

၁၂၈။ ဝါသေဋ္ဌ ထိုအခါ ထိုသတ္တဝါတို့သည် စည်းဝေးကြကုန်၏၊ စည်းဝေးကြကုန်ပြီးသော် ညည်းတွားကြကုန်၏၊ “အချင်းတို့ သတ္တဝါတို့၌ အယုတ်တရားတို့သည် ထင်ရှားဖြစ်ခဲ့ကုန်ပြီတကား၊ ငါတို့သည် ရှေးက (ဥပစာရဈာန်) စိတ်ဖြင့် ပြီးကုန်၏၊ နှစ်သိမ့်ခြင်း ‘ပီတိ’ လျှင် အစာရှိကုန်၏၊ မိမိတို့ ကိုယ်ရောင်ဖြင့် တောက်ပကုန်၏၊ ကောင်းကင်၌ သွားလာနိုင်ကုန်၏၊ တင့်တယ်သောနေရာရှိကုန်၏၊ ရှည်စွာသော ကာလပတ်လုံးတည်ကုန်၏။ ရှည်စွာသော ကာလလွန်လတ်သော် တစ်ရံရောအခါ၌ ထိုငါတို့အား အရသာနှင့် ပြည့်စုံသော မြေဆီသည် ရေ၌ ထက်ဝန်းကျင်အနှံ့ တည်၏၊ ထိုမြေဆီသည် အဆင်း အနံ့အရသာနှင့် ပြည့်စုံ၏၊ ထိုငါတို့သည် မြေဆီကို လက်တို့ဖြင့် အလုတ်အလွေးပြု၍ စားရန် အားထုတ် ခဲ့ကုန်၏၊ မြေဆီကို လက်တို့ဖြင့် အလုပ်အလွေးပြုကာ စားရန် လုံ့လပြုကုန်သော ထိုငါတို့အား မိမိတို့ ကိုယ်ရောင်သည် ကွယ်ခဲ့၏၊ မိမိတို့ ကိုယ်ရောင်ကွယ်သည်ရှိသော် လနေတို့ ထင်ရှားဖြစ်ကုန်၏၊ လနေတို့ ထင်ရှားဖြစ်သော် နက္ခတ် တာရာတို့ ထင်ရှားဖြစ်ကုန်၏၊ နက္ခတ် တာရာ သဏ္ဌာန်တို့ ထင်ရှားဖြစ်ကုန်သော် ညဉ့်နေ့တို့ ထင်ရှားဖြစ်ကုန်၏၊ ညဉ့်နေ့တို့ ထင်ရှားဖြစ်ကုန်သော် လ, လခွဲတို့ ထင်ရှားဖြစ်ကုန်၏၊ လ, လခွဲတို့ ထင်ရှားဖြစ်ကုန်သော် ဥတု, နှစ်တို့သည် ထင်ကုန်၏၊ ထို ငါတို့သည် မြေဆီကို စားကုန်လျက် ထိုမြေဆီလျှင် အစာရှိကုန်လျက် ထိုမြေဆီလျှင် အာဟာရရှိကုန်လျက် ရှည်စွာသော ကာလပတ်လုံး တည်ခဲ့ ကြကုန်၏။

ထိုငါတို့အား ယုတ်ညံ့သော အကုသိုလ်တရားတို့ ထင်ရှားဖြစ်ခြင်းကြောင့် မြေဆီသည် ကွယ်ခဲ့၏၊ မြေဆီကွယ်သည်ရှိသော် မြေလွှာသည် ထင်ရှားဖြစ်ခဲ့၏၊ ထိုမြေလွှာသည် အဆင်း အနံ့ အရသာနှင့် ပြည့်စုံ၏၊ ထိုငါတို့သည် မြေလွှာကို စားရန် အားထုတ်ခဲ့ကြကုန်၏၊ ထိုငါတို့သည် ထိုမြေလွှာကို စားကုန်လျက် ထိုမြေလွှာလျှင် အစာရှိကုန်လျက် ထိုမြေလွှာလျှင် အာဟာရရှိကုန်လျက် ရှည်စွာသော ကာလပတ်လုံး တည် ခဲ့ကြကုန်၏။

ယုတ်ညံ့သော အကုသိုလ်တရားတို့၏ ထင်ရှားဖြစ်ခြင်းကြောင့် ထိုငါတို့အား မြေလွှာသည် ကွယ်ခဲ့၏၊ မြေလွှာကွယ်သည်ရှိသော် ချိုသော နွယ်သည် ထင်ရှားဖြစ်ခဲ့၏၊ ထို (ချိုသောနွယ်) သည် အဆင်း အနံ့ အရသာနှင့် ပြည့်စုံ၏၊ ထိုငါတို့သည် ချိုသော နွယ်တို့ကို စားရန် အားထုတ်ခဲ့ကြကုန်၏၊ ထိုငါတို့သည် ချိုသော နွယ်ကို စားကုန်လျက် ထိုချိုသော နွယ်လျှင် အစာရှိကုန်လျက် ထိုချိုသော နွယ်လျှင် အာဟာရ ရှိကုန်လျက် ရှည်စွာသော ကာလပတ်လုံး တည်ခဲ့ကြကုန်၏။

ထိုငါတို့အား ယုတ်ညံ့သော အကုသိုလ်တရားတို့၏ ထင်ရှားဖြစ်ခြင်းကြောင့် ချိုသောနွယ်သည် ကွယ်ခဲ့၏၊ ချိုသောနွယ် ကွယ်သည်ရှိသော် ထင်းဖြင့် မချက်ရသော ဆန်ကွဲမရှိသော ဖွဲမရှိသော စင်ကြယ်သော ကောင်းသော အနံ့ရှိသော ဆန်လုံးသာသီးသော သလေးပင်သည် ထင်ရှားဖြစ်ခဲ့၏။ အကြင် (သလေးဆန်) ကို ညဉ့်အခါ ညဉ့်စာအလို့ငှါ ယူကုန်၏၊ နံနက်အခါ ထို (သလေးဆန်) သည် မှည့်သည် ဖြစ်၍ တစ်ဖန် ပေါက်၏၊ အကြင် သလေးဆန်ကို နံနက်အခါ နံနက်စာအလို့ငှါ ယူကုန်၏၊ ညဉ့်အခါ ထို သလေးဆန်သည် မှည့်သည်ဖြစ်၍ တစ်ဖန် ပေါက်၏၊ ရိတ်ဖြတ် (ယူ) ရာ အရပ်သည် မထင်ကုန်။ ထို ငါ တို့သည် ထင်းဖြင့် မချက်ရသော သလေးဆန်ကို စားကုန်လျက် ထိုသလေးဆန်လျှင် အစာရှိကုန်လျက် ထိုသလေးဆန်လျှင် အာဟာရရှိကုန်လျက် ရှည်စွာသော ကာလပတ်လုံး တည်ခဲ့ကြကုန်၏။

ထိုငါတို့အား ယုတ်ညံ့သော အကုသိုလ်တရားတို့ ထင်ရှားဖြစ်ခြင်းကြောင့် ဖွဲနုသည်လည်း ဆန်ကို မြှေးယှက်၏၊ ဖွဲသည်လည်း ဆန်ကို ဖုံးအုပ်၏၊ ရိုးပြတ်သည်လည်း တစ်ဖန် မစည်ပင်၊ ဖြတ်ရာယူရာ အရပ်သည် ထင်ရှားလေ၏၊ သလေးပင်တို့သည် အစုလိုက် အစုလိုက် တည်ကုန်၏။ “ငါတို့သည် သလေးပင်ကို ဝေကြရမူ အပိုင်းအခြား ထားကြရမူ ကောင်းလေစွ”ဟု (ညည်းတွားကြကုန်၏)။ ဝါသေဋ္ဌ ထိုအခါ ထိုသတ္တဝါတို့သည် သလေးပင်ကို ဝေကုန်၏၊ အပိုင်းအခြားကို ထားကုန်၏။

၁၂၉။ ဝါသေဋ္ဌ ထိုအခါ လျှပ်ပေါ်သော သဘောရှိသော သတ္တဝါတစ်ယောက်သည် မိမိအဖို့ကို စောင့်ရှောက်၍ သူတစ်ပါးအဖို့ကို မပေးဘဲ ယူ၍ သုံးစား၏၊ ထိုသူကို ဖမ်းကုန်၏၊ ဖမ်းပြီးသော် ဤသို့ ဆိုကုန်၏ —

“အချင်းသတ္တဝါ သင်သည် ယုတ်ညံ့သော အမှုကို ပြုဘိ၏တကား၊ သင်သည် မိမိအဖို့ကို စောင့် ရှောက်၍ သူတစ်ပါးအဖို့ကို မပေးဘဲ ယူ၍ သုံးစားဘိ၏၊ အချင်းသတ္တဝါ သင်သည် နောက်တစ်ဖန် ဤသို့သော အမှုကို မပြုလင့်”ဟု (ဆိုကုန်၏)။

ဝါသေဋ္ဌ ထိုသတ္တဝါသည် “အရှင်တို့ ကောင်းပါပြီ”ဟု ထိုသတ္တဝါတို့အား ဝန်ခံ၏၊ ဝါသေဋ္ဌ ထို သတ္တဝါသည် နှစ်ကြိမ်မြောက်လည်း။ပ။ ဝါသေဋ္ဌ ထိုသတ္တဝါသည် သုံးကြိမ်မြောက်လည်း မိမိအဖို့ကို စောင့်ရှောက်၍ သူတစ်ပါးဥစ္စာအဖို့ကို မပေးဘဲ ယူ၍ သုံးစား၏၊ ထိုသူကို ဖမ်းကုန်၏၊ ဖမ်းပြီးသော် ဤသို့ ဆိုကုန်၏ —

“အချင်းသတ္တဝါ သင်သည် ယုတ်ညံ့သောအမှုကို ပြုဘိ၏တကား၊ သင်သည် မိမိအဖို့ကို စောင့် ရှောက်၍ သူတစ်ပါးအဖို့ကို မပေးဘဲ ယူ၍ သုံးစားဘိ၏၊ အချင်းသတ္တဝါ သင်သည် နောက်တစ်ဖန် ဤသို့သော အမှုကို မပြုလင့်”ဟု (ဆိုကုန်၍) တစ်ပါးသော သူတို့သည် ထိုခိုးသော သူကို လက်ဖြင့် ပုတ်ခတ်ကုန်၏၊ အချို့သူတို့သည် ခဲဖြင့် ပေါက်ကုန်၏၊ အချို့သူတို့သည် တုတ်ဖြင့် ရိုက်ကုန်၏။ ဝါသေဋ္ဌ ထိုအခါက အစပြု၍ မပေးသည်ကို ယူခြင်းသည် ထင်ရှား၏၊ ကဲ့ရဲ့ခြင်းသည် ထင်ရှား၏၊ မဟုတ်မမှန် ပြောခြင်းသည် ထင်ရှား၏၊ တုတ် (လက်နက်) ကိုင်ခြင်းသည် ထင်ရှား၏။

မဟာသမ္မတမင်း

၁၃ဝ။ ဝါသေဋ္ဌ ထိုအခါ သတ္တဝါတို့သည် စည်းဝေးကုန်၏၊ စည်းဝေးကုန်ပြီးသော် ညည်းတွားကြ ကုန်၏ —

“အချင်းတို့ သတ္တဝါတို့၌ အယုတ်တရားတို့သည် ထင်ရှားဖြစ်ကုန်ပြီတကား၊ အကြင့်ကြောင့် မပေး ဘဲယူခြင်းသည် ထင်ရှား၏၊ ကဲ့ရဲ့ခြင်းသည် ထင်ရှား၏၊ မဟုတ်မမှန်ပြောခြင်းသည် ထင်ရှား၏၊ တုတ်ကိုင် ခြင်းသည် ထင်ရှား၏၊ ထို့ကြောင့် ရှုတ်ချထိုက်သူကို တရားသဖြင့် ရှုတ်ချသော ကဲ့ရဲ့ထိုက်သူကို တရား သဖြင့် ကဲ့ရဲ့သော နှင်ထုတ်ထိုက်သူကို တရားသဖြင့် နှင်ထုတ်သော တစ်ယောက်သောသူကို ငါတို့ သမုတ် ကုန်အံ့၊ ထို့ပြင် ငါတို့သည် ထိုသူအား သလေးဆန်တို့၏ အဖို့အစုကို ပေးကုန်အံ့”ဟု (ညည်းတွား ပြောဆိုကြကုန်၏)။

ဝါသေဋ္ဌ ထိုအခါ ထိုသတ္တဝါတို့သည် ထိုသတ္တဝါတို့တွင် အလွန်အဆင်းလှသော အလွန်ရှုချင်ဖွယ် ရှိသော အလွန်ကြည်ညိုဖွယ်ရှိသော အလွန်တန်ခိုးကြီးသော သတ္တဝါထံ ချဉ်းကပ်၍ ဤစကားကို ဆိုကြ ကုန်၏ —

“အရှင်လူ လာပါလော့၊ ရှုတ်ချထိုက်သူကို တရားသဖြင့် ရှုတ်ချပါလော့၊ ကဲ့ရဲ့ထိုက်သူကို တရား သဖြင့် ကဲ့ရဲ့ပါလော့၊ နှင်ထုတ်ထိုက်သူကို တရားသဖြင့် နှင်ထုတ်ပါလော့၊ အကျွန်ုပ်တို့ကား သင့်အား သလေးဆန်တို့၏ အဖို့အစုကို ပေးပါကုန်အံ့”ဟု (ဆိုကြကုန်၏)။

ဝါသေဋ္ဌ ထိုသတ္တဝါသည် “ အချင်းတို့ ကောင်းပါပြီ”ဟု ထိုသတ္တဝါတို့အား ဝန်ခံ၍ ရှုတ်ချထိုက် သူကို တရားသဖြင့် ရှုတ်ချ၏၊ ကဲ့ရဲ့ထိုက်သူကို တရားသဖြင့် ကဲ့ရဲ့၏၊ နှင်ထုတ်ထိုက်သူကို တရားသဖြင့် နှင်ထုတ်၏၊ ထိုသူတို့သည်ကား ထိုသူအား သလေးဆန်တို့၏ အဖို့အစုကို ပေးကြကုန်၏။

၁၃၁။ ဝါသေဋ္ဌ လူအများတို့သည် သမုတ်အပ်သောကြောင့် “မဟာသမ္မတ မဟာသမ္မတ” ဟူသော ပဌမဝေါဟာရ ‘ရှေးဦးစွာ ခေါ်ဆိုခြင်း ‘သည် ဖြစ်၏၊ ဝါသေဋ္ဌ လယ်မြေတို့၏ အရှင်ဖြစ်သောကြောင့် “ခတ္တိယခတ္တိယ”ဟူသော ဒုတိယဝေါဟာရ ‘နှစ်ဆင့်မြောက် ခေါ်ဆိုခြင်း’ သည် ဖြစ်၏၊ ဝါသေဋ္ဌ တရား သဖြင့် သူတစ်ပါးတို့ကို နှစ်သက်စေတတ်သောကြောင့် “ရာဇာ ရာဇာ”ဟူသော တတိယဝေါဟာရ ‘သုံးဆင့် မြောက်ခေါ်ဆိုခြင်း’သည် ဖြစ်၏။ ဝါသေဋ္ဌ ဤသို့လျှင် ရှေးကျသော ရှေးဦးစွာ သိအပ်သော ထိုမင်းမျိုး၏ အမည်သည် ဖြစ်လေ၏၊ ထိုသတ္တဝါတို့၏သာလျှင် (ထိုအမည်သည်) ဖြစ်၏၊ တစ်ပါးသော သတ္တဝါတို့၏ (အမည်) မဖြစ်၊ တူသောသတ္တဝါတို့၏သာလျှင် (အမည်) ဖြစ်၏၊ မတူသော သတ္တဝါတို့၏ (အမည်) မဖြစ်၊ တရားသဖြင့်သာလျှင် (အမည်) ဖြစ်၏၊ မတရားသဖြင့် (အမည်) မဖြစ်။ ဝါသေဋ္ဌ မှန်၏၊ ဤလူ အပေါင်း၌ တရားသည်သာလျှင် မျက်မှောက်ဘဝ၌လည်းကောင်း တမလွန်ဘဝ၌လည်းကောင်း အမြတ်ဆုံး ဖြစ်၏။

ပုဏ္ဏား အစု

၁၃၂။ ဝါသေဋ္ဌ ထိုအခါ ထိုသတ္တဝါတို့တွင် အချို့သတ္တဝါတို့အား ဤသို့သော အကြံသည် ဖြစ်၏ —

“အချင်းတို့ သတ္တဝါတို့၌ အယုတ်တရားတို့သည် ထင်ရှား ဖြစ်ကုန်ပြီတကား၊ အကြင့်ကြောင့် မပေးဘဲယူခြင်းသည် ထင်ရှား၏၊ ကဲ့ရဲ့ခြင်းသည် ထင်ရှား၏၊ မဟုတ်မမှန်ပြောခြင်းသည် ထင်ရှား၏၊ တုတ်ကိုင်ခြင်းသည် ထင်ရှား၏၊ နှင်ထုတ်ခြင်းသည် ထင်ရှား၏၊ ငါတို့သည် ယုတ်ညံ့သော အကုသိုလ် တရားတို့ကို မျှောကြရမူ ကောင်းလေစွ”ဟု (အကြံဖြစ်၏)။ ထိုသတ္တဝါတို့သည် ထိုယုတ်ညံ့သော အကုသိုလ်တရားတို့ကို မျှောကြကုန်၏။ ဝါသေဋ္ဌ ယုတ်ညံ့သော အကုသိုလ်တရားတို့ကို မျှောကြသော ကြောင့် “ဗြာဟ္မဏ ဗြာဟ္မဏ”ဟူသော ပဌမဝေါဟာရ ‘ရှေးဦးစွာ ခေါ်ဆိုခြင်း’သည် ဖြစ်၏၊ ထို (ဗြာဟ္မဏ) တို့သည် တောအရပ်၌ သစ်ရွက်မိုး ကျောင်းတို့ကို ပြု၍ သစ်ရွက်မိုးကျောင်းတို့၌ ဈာန်ဝင်စားကုန်၏၊ (ချက်ပြုတ်၍ စားခြင်းမရှိသောကြောင့်) မီးခဲ မီးခိုးမှ ကင်းကုန်သည်ဖြစ်၍၊ (ထောင်း၍ ချက်ပြုတ်ဖွယ် မရှိသောကြောင့်) ကျည်ပွေ့တို့ကို ချထားကုန်သည်ဖြစ်၍ ညဉ့်အခါ ညဉ့်စာအလို့ငှါ နံနက်အခါ နံနက်စာ အလို့ငှါ ရွာနိဂုံး မင်းနေပြည်တို့သို့ အစာရှာရန် ဝင်ကုန်၏။

ထို (ဗြာဟ္မဏ) တို့သည် အစာကို ရသော် တောအရပ် သစ်ရွက်မိုးကျောင်းတို့၌ တစ်ဖန် ဈာန် ဝင်စားကုန်၏၊ ထိုသူကို လူတို့မြင်လတ်သော် ဤသို့ ဆိုကုန်၏ —

“အချင်းတို့ ဤသတ္တဝါတို့သည် တောအရပ်၌ သစ်ရွက်မိုးကျောင်းတို့ကို ပြု၍ သစ်ရွက်မိုးကျောင်း တို့၌ ဈာန်ဝင်စားကုန်၏၊ (ချက်ပြုတ်၍ စားခြင်း မရှိသောကြောင့်) မီးခဲ မီးခိုးမှ ကင်းကုန်သည် ဖြစ်၍၊ (ထောင်း၍ ချက်ပြုတ်ဖွယ် မရှိသောကြောင့်) ကျည်ပွေ့တို့ကို ချထားကုန်သည် ဖြစ်၍၊ ညဉ့်အခါ ညဉ့်စာ အလို့ငှါ နံနက်အခါ နံနက်စာအလို့ငှါ ရွာ နိဂုံး မင်းနေပြည်တို့သို့ အစာရှာရန် ဝင်ကုန်၏၊ ထိုသတ္တဝါ တို့သည် အစာကို ရကုန်၍ တစ်ဖန်လျှင် တောအရပ် သစ်ရွက်မိုးကျောင်းတို့၌ ဈာန်ဝင်စားကုန်၏”ဟု (ဆိုကုန်၏)။ ဝါသေဋ္ဌ ဤသို့ ဈာန်ဝင်စားသောကြောင့်သာလျှင် “ဈာယက ဈာယက” ဟူသော ဒုတိယ ဝေါဟာရ ‘နှစ်ဆင့်မြောက်ခေါ်ဆိုခြင်း’ သည် ဖြစ်၏။

ဝါသေဋ္ဌ ထို (သတ္တဝါ) တို့တွင် အချို့သော သတ္တဝါတို့သည် တောအရပ် သစ်ရွက်မိုးကျောင်းတို့၌ ထိုဈာန်ကို မရနိုင်ကုန်သည်ဖြစ်၍ ရွာနိဂုံးအနီးသို့ ဝင်ကာ ဝေဒကျမ်းတို့ကို ပြုစုပို့ချလျက် နေကြကုန်၏။ ထိုသူတို့ကို လူတို့ မြင်သော် ဤသို့ ဆိုကုန်၏၊ “အချင်းတို့ ဤသတ္တဝါတို့သည် တောအရပ် သစ်ရွက်မိုး ကျောင်းတို့၌ ထိုဈာန်ကို မရနိုင်ကုန်သည်ဖြစ်၍ ရွာနိဂုံးအနီးသို့ ဝင်ကာ ဝေဒကျမ်းတို့ကို ပြုစုပို့ချလျက် နေကြကုန်၏၊ ယခုအခါ၌ ဤသူတို့သည် ဈာန်မရနိုင်ကုန်”ဟု (ဆိုကုန်၏)။ ဝါသေဋ္ဌ ယခုအခါ ဤသူတို့ သည် ဈာန်မရနိုင်သောကြောင့် “အဇ္ဈ ာယက အဇ္ဈ ာယက” ဟူသော တတိယဝေါဟာရ ‘သုံးဆင့်မြောက် ခေါ်ဆိုခြင်း’ သည် ဖြစ်၏။

ဝါသေဋ္ဌ ရှေးအခါက ထိုဝေဒကျမ်းများ ပို့ချပြုစုမှုကို ယုတ်သည်ဟု သမုတ်၏၊ ယခုအခါ ထိုဝေဒ ကျမ်းများ ပြုစုပို့ချမှုကို မြတ်သည်ဟု သမုတ်၏။ ဝါသေဋ္ဌ ဤသို့လျှင် ထိုပုဏ္ဏားမျိုး၏ ရှေးကျသော ရှေးဦးစွာ သိအပ်သော ဝေါဟာရဖြင့် (ဗြာဟ္မဏ ဈာယက အဇ္ဈ ာယက ဟူသော) အမည်သည် ဖြစ်လေ၏၊ ထိုသတ္တဝါတို့၏သာလျှင် (ထိုအမည်သည်) ဖြစ်၏၊ တစ်ပါးသော သတ္တဝါတို့၏ (အမည်) မဖြစ်၊ တူသော သတ္တဝါတို့၏သာလျှင် (အမည်) ဖြစ်၏၊ မတူသော သတ္တဝါတို့၏ (အမည်) မဖြစ်၊ တရားသဖြင့်သာလျှင် (အမည်) ဖြစ်၏၊ မတရားသဖြင့် (အမည်) မဖြစ်။ ဝါသေဋ္ဌ မှန်၏၊ ဤလူအပေါင်း၌ တရားသည်သာလျှင် မျက်မှောက်ဘဝ၌လည်းကောင်း တမလွန်ဘဝ၌လည်းကောင်း အမြတ်ဆုံးဖြစ်၏။

အသည် (ကုန်သွယ်လယ်လုပ်) အစု

၁၃၃။ ဝါသေဋ္ဌ ထိုသတ္တဝါတို့တွင် အချို့သတ္တဝါတို့သည် အိမ်ထောင်ပြုကုန်၍ အသီးအခြား (ကုန် သွယ်ခြင်း နွားမွေးခြင်း လယ်လုပ်ခြင်းစသည့်) အလုပ်တို့ကို အားထုတ်ကုန်၏၊ ဝါသေဋ္ဌ အိမ်ထောင်ပြုကုန် ၍ အသီးအခြား (ကုန်သွယ်ခြင်း နွားမွေးခြင်း လယ်လုပ်ခြင်းစသော) အလုပ်တို့ကို အားထုတ်ခြင်းကြောင့် “ဝေဿ ဝေဿ”ဟူသော ဝေါဟာရ ‘ခေါ်ဝေါ်ခြင်း’ သည် ဖြစ်၏။

ဝါသေဋ္ဌ ဤသို့လျှင် ဤအသည်မျိုး၏ ရှေးကျသော ဦးစွာသိအပ်သော ဝေါဟာရဖြင့် ‘ဝေဿ’ ဟူသော အမည်သည် ဖြစ်လေ၏၊ ထိုသတ္တဝါတို့၏သာလျှင် (ထိုအမည်သည်) ဖြစ်၏၊ တစ်ပါးသောသတ္တဝါ တို့၏ (အမည်) မဖြစ်၊ တူသောသတ္တဝါတို့၏သာလျှင် (အမည်) ဖြစ်၏၊ မတူသောသတ္တဝါတို့၏ (အမည်) မဖြစ်။ တရားသဖြင့်သာလျှင် (အမည်) ဖြစ်၏၊ မတရားသဖြင့် (အမည်) မဖြစ်။ ဝါသေဋ္ဌ မှန်၏၊ ဤလူ အပေါင်း၌ တရားသည်သာလျှင် မျက်မှောက်ဘဝ၌လည်းကောင်း တမလွန်ဘဝ၌လည်းကောင်း အမြတ်ဆုံး ဖြစ်၏။

သူဆင်းရဲ အစု

၁၃၄။ ဝါသေဋ္ဌ ထိုသတ္တဝါတို့တွင် အကြင်သတ္တဝါတို့သည် ကြွင်းကျန်ကုန်၏၊ ထို (ကြွင်းကျန်သော သတ္တဝါ)တို့သည် ကြမ်းသော အလုပ်ဖြင့် အသက်မွေးမှုရှိကုန်၏၊ သေးနုတ်သော အလုပ်ဖြင့် အသက်မွေး မှုရှိကုန်၏။ ဝါသေဋ္ဌ ကြမ်းသောအလုပ်ဖြင့် အသက်မွေးမှု သေးနုတ်သော အလုပ်ဖြင့် အသက်မွေးမှုရှိကြသောကြောင့် “သုဒ္ဒ သုဒ္ဒ”ဟူသော အမည်သည် ဖြစ်၏။

ဝါသေဋ္ဌ ဤသို့လျှင် ထို သူဆင်းရဲမျိုး၏ ရှေးလောကဖြစ်စဉ် အမည်ဖြစ်သောကြောင့် ထိုသတ္တဝါတို့၏သာလျှင် (ထိုအမည်သည်) ဖြစ်၏၊ တစ်ပါးသော သတ္တဝါတို့၏ (အမည်) မဖြစ်။ တူသော သတ္တဝါတို့၏သာလျှင် (အမည်) ဖြစ်၏၊ မတူသော သတ္တဝါတို့၏ (အမည်) မဖြစ်၊ တရားသဖြင့်သာလျှင် (အမည်) ဖြစ်၏၊ မတရားသဖြင့် (အမည်) မဖြစ်။ ဝါသေဋ္ဌ မှန်၏၊ ဤလူအပေါင်း၌ တရားသည်သာလျှင် မျက် မှောက်ဘဝ၌လည်းကောင်း တမလွန်ဘဝ၌လည်းကောင်း အမြတ်ဆုံးဖြစ်၏။

၁၃၅။ ဝါသေဋ္ဌ အကြင်အခါ၌ မင်းမျိုးသည်လည်း မိမိတို့၏ ကျင့်ဝတ်တရားကို ကဲ့ရဲ့လျက် “ငါသည် ရဟန်းဖြစ်အံ့”ဟု လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်၏။

ဝါသေဋ္ဌ ပုဏ္ဏားမျိုးသည်လည်း။ပ။

ဝါသေဋ္ဌ အသည်မျိုးသည်လည်း။ပ။

ဝါသေဋ္ဌ သူဆင်းရဲမျိုးသည်လည်း မိမိတို့၏ ကျင့်ဝတ်တရားကို ကဲ့ရဲ့လျက် “ငါသည် ရဟန်းဖြစ် အံ့”ဟု လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်၏၊ ထိုအခါသည် ရှိသည်သာတည်း။

ဝါသေဋ္ဌ ဤအမျိုးလေးပါးတို့မှ ရဟန်း မျိုး၏ အမည်သည် ဖြစ်သောကြောင့် ထိုသတ္တဝါတို့၏ (အမည်သည်) သာလျှင် ဖြစ်၏၊ တစ်ပါးသော သတ္တဝါတို့၏ (အမည်) မဖြစ်၊ တူသော သတ္တဝါတို့၏ (အမည်) သာလျှင် ဖြစ်၏၊ မတူသော သတ္တဝါတို့၏ (အမည်) မဖြစ်။ တရားသဖြင့်သာလျှင် (အမည်)ဖြစ်၏၊ မတရားသဖြင့် (အမည်) မဖြစ်။ ဝါသေဋ္ဌ မှန်၏၊ ဤသတ္တလောက၌ တရားသည်သာလျှင် မျက် မှောက် ဘဝ၌လည်းကောင်း တမလွန်ဘဝ၌လည်းကောင်း အမြတ်ဆုံးဖြစ်၏။

ဒုစရိုက် စသည် အကြောင်း

၁၃၆။ ဝါသေဋ္ဌ မင်းမျိုးသည်လည်း ကိုယ်ဖြင့် ပြုသော မကောင်းသော အကျင့် ‘ကာယဒုစရိုက်’ ကို ကျင့်၍ နှုတ်ဖြင့် ပြုသော မကောင်းသော အကျင့် ‘ဝစီဒုစရိုက်’ ကို ကျင့်၍ စိတ်ဖြင့် ပြုသော မကောင်းသော အကျင့် ‘မနောဒုစရိုက်’ ကို ကျင့်၍ မှားသော အယူဝါဒရှိ၏၊ မှားသော အယူဝါဒဖြင့် ပြုသောကံရှိ၏၊ မှားသောအယူဝါဒဖြင့် ပြုသော ကံကြောင့် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာ ကင်းသော မကောင်းသော လားရာ ပျက်စီးလျက် ကျရောက်ရာ ငရဲသို့ ရောက်ရ၏။

ဝါသေဋ္ဌ ပုဏ္ဏားမျိုးသည်လည်း။ပ။

ဝါသေဋ္ဌ အသည်မျိုးသည်လည်း။ပ။

ဝါသေဋ္ဌ သူဆင်းရဲမျိုးသည်လည်း။ပ။

ဝါသေဋ္ဌ ရဟန်းမျိုးသည်လည်း ကိုယ်ဖြင့် ပြုသော မကောင်းသော အကျင့် ‘ကာယဒုစရိုက်’ ကို ကျင့်၍ နှုတ်ဖြင့် ပြုသော မကောင်းသော အကျင့် ‘ဝစီဒုစရိုက်’ကို ကျင့်၍ စိတ်ဖြင့် ပြုသော မကောင်းသော အကျင့် ‘မနောဒုစရိုက်’ ကို ကျင့်၍ မှားသော အယူဝါဒရှိ၏၊ မှားသော အယူဝါဒဖြင့် ပြုသော ကံရှိ၏၊ မှားသော အယူဝါဒဖြင့် ပြုသော ကံကြောင့် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသော လားရာ ပျက်စီးလျက် ကျရောက်ရာ ငရဲသို့ ရောက်ရ၏။

ဝါသေဋ္ဌ မင်းမျိုးသည်လည်း ကိုယ်ဖြင့် ပြုသော ကောင်းသော အကျင့် ‘ကာယသုစရိုက်’ ကို ကျင့်၍ နှုတ်ဖြင့်ပြုသော ကောင်းသော အကျင့် ‘ဝစီသုစရိုက်’ ကို ကျင့်၍ စိတ်ဖြင့် ပြုသော ကောင်းသော အကျင့် ‘မနောသုစရိုက်’ကို ကျင့်၍ မှန်သော အယူဝါဒရှိ၏၊ မှန်သော အယူဝါဒဖြင့် ပြုသော ကံရှိ၏၊ မှန်သော အယူဝါဒဖြင့် ပြုသောကံကြောင့် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော လားရာ နတ် ပြည်သို့ ရောက်ရ၏။

ဝါသေဋ္ဌ ပုဏ္ဏားမျိုးသည်လည်း။ပ။

ဝါသေဋ္ဌ အသည်မျိုးသည်လည်း။ပ။

ဝါသေဋ္ဌ သူဆင်းရဲမျိုးသည်လည်း။ပ။

ဝါသေဋ္ဌ ရဟန်းမျိုးသည်လည်း ကိုယ်ဖြင့် ပြုသော ကောင်းသော အကျင့် ‘ကာယသုစရိုက်’ ကို ကျင့်၍ နှုတ်ဖြင့် ပြုသော ကောင်းသော အကျင့် ‘ဝစီသုစရိုက်’ ကို ကျင့်၍ စိတ်ဖြင့် ပြုသော ကောင်းသော အကျင့် ‘မနောသုစရိုက်’ ကို ကျင့်၍ မှန်သော အယူဝါဒရှိ၏၊ မှန်သော အယူဝါဒဖြင့် ပြုသော ကံရှိ၏၊ မှန်သော အယူဝါဒဖြင့် ပြုသောကံကြောင့် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော လားရာ နတ်ပြည်သို့ ရောက်ရ၏။

၁၃၇။ ဝါသေဋ္ဌ မင်း မျိုးသည်လည်း ကိုယ်ဖြင့် (သုစရိုက် ဒုစရိုက်) နှစ်မျိုးစုံကို ကျင့်လေ့ရှိ၏၊ နှုတ်ဖြင့် (သုစရိုက် ဒုစရိုက်) နှစ်မျိုးစုံကို ကျင့်လေ့ရှိ၏၊ စိတ်ဖြင့် (သုစရိုက် ဒုစရိုက်) နှစ်မျိုးစုံကို ကျင့် လေ့ရှိ၏၊ (သမ္မာအယူ မိစ္ဆာအယူ) နှစ်မျိုးစုံရောသော အယူရှိ၏၊ (သမ္မာအယူ မိစ္ဆာအယူ) နှစ်မျိုးစုံရောသော အယူဖြင့် ဆောက်တည်အပ်သော ကံရှိ၏၊ (သမ္မာအယူ မိစ္ဆာအယူ) နှစ်မျိုးစုံရောသော အယူဖြင့် ဆောက် တည်အပ်သော ကံကြောင့် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာဆင်းရဲကို ခံစား ရ၏။

ဝါသေဋ္ဌ ပုဏ္ဏားမျိုးသည်လည်း။ပ။

ဝါသေဋ္ဌ အသည်မျိုးသည်လည်း။ပ။

ဝါသေဋ္ဌ သူဆင်းရဲမျိုးသည်လည်း။ပ။

ဝါသေဋ္ဌ ရဟန်းမျိုးသည်လည်း ကိုယ်ဖြင့် (သုစရိုက် ဒုစရိုက်) နှစ်မျိုးစုံကို ကျင့်လေ့ရှိ၏၊ နှုတ်ဖြင့် (သုစရိုက် ဒုစရိုက်) နှစ်မျိုးစုံကို ကျင့်လေ့ရှိ၏၊ စိတ်ဖြင့် (သုစရိုက် ဒုစရိုက်) နှစ်မျိုးစုံကို ကျင့်လေ့ရှိ၏၊ (သမ္မာအယူ မိစ္ဆာအယူ) နှစ်မျိုးစုံရောသော အယူရှိ၏၊ (သမ္မာအယူ မိစ္ဆာအယူ) နှစ်မျိုးစုံရောသော အယူ ဖြင့် ဆောက်တည်အပ်သော ကံရှိ၏၊ (သမ္မာအယူ မိစ္ဆာအယူ) နှစ်မျိုးစုံရောသော အယူဖြင့် ဆောက် တည်အပ်သော ကံကြောင့် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာဆင်းရဲကို ခံစားရ၏။ ဗောဓိပက္ခိယတရား ပွါးများခြင်း

၁၃၈။ ဝါသေဋ္ဌ မင်းမျိုးသည်လည်း ကိုယ်ဖြင့် စောင့်စည်းသည်ဖြစ်၍ နှုတ်ဖြင့် စောင့်စည်းသည်ဖြစ်၍ စိတ်ဖြင့် စောင့်စည်းသည်ဖြစ်၍ ခုနစ်ပါးသော၁ ဗောဓိပက္ခိယတရားတို့ကို ပွါးများအားထုတ်၍ ဤမျက်မှောက်ဘဝ၌ပင် ကိလေသပရိနိဗ္ဗာန်ပြု၏။

ဝါသေဋ္ဌ ပုဏ္ဏားမျိုးသည်လည်း။ပ။

ဝါသေဋ္ဌ အသည်မျိုးသည်လည်း။ပ။

ဝါသေဋ္ဌ သူဆင်းရဲမျိုးသည်လည်း။ပ။

ဝါသေဋ္ဌ ရဟန်းမျိုးသည်လည်း ကိုယ်ဖြင့် စောင့်စည်းသည်ဖြစ်၍ နှုတ်ဖြင့် စောင့်စည်းသည်ဖြစ်၍ စိတ်ဖြင့် စောင့်စည်းသည် ဖြစ်၍ ခုနစ်ပါးသော ဗောဓိပက္ခိယတရားတို့ကို ပွါးများအားထုတ်၍ ဤမျက် မှောက်ဘဝ၌ပင် ကိလေသပရိနိဗ္ဗာန်ပြု၏။

၁၃၉။ ဝါသေဋ္ဌ ဤအမျိုးလေးပါးတို့တွင် အကြင်ရဟန်းသည် ပူဇော်အထူးကို ခံထိုက်၏၊ အာသဝေါတရား ကုန်ပြီးဖြစ်၏၊ (မဂ်အကျင့်ကို) ကျင့်သုံးပြီးဖြစ်၏၊ (မဂ်ကိစ္စကို) ပြုပြီးဖြစ်၏၊ ခန္ဓာဝန်ကို ချပြီးဖြစ်၏၊ မိမိအကျိုး (အရဟတ္တဖိုလ်) သို့ ရောက်ပြီးဖြစ်၏၊ ဘဝသံယောဇဉ်ကုန်ပြီးဖြစ်၏၊ ကောင်းစွာ သိ၍ လွတ်မြောက်ပြီး ဖြစ်၏၊ ထို (ရဟန်း) ကို ထိုအမျိုးလေးပါးတို့တွင် တရားသဖြင့်သာလျှင် မြတ်၏ ဟူ၍ ဆိုအပ်၏၊ မတရားသဖြင့် (မြတ်၏ ဟူ၍) မဆိုအပ်။ ဝါသေဋ္ဌ မှန်၏၊ ဤလူအပေါင်း၌ တရားသည် သာလျှင် မျက်မှောက်ဘဝ၌လည်းကောင်း တမလွန်ဘဝ၌လည်းကောင်း အမြတ်ဆုံး ဖြစ်၏။

၁၄ဝ။ ဝါသေဋ္ဌ သနင်္ကုမာရဗြဟ္မာသည်လည်း ဤဂါထာကို ဆို၏ —

“လူအပေါင်း၌ အကြင်သူတို့သည် အမျိုးအနွယ်ကို အားကိုးလေ့ရှိကုန်၏၊ (ထိုသူ တို့တွင်) မင်းမျိုးသည် မြတ်၏၊နတ်လူအပေါင်း၌ (အကြင်သူသည်) အသိဉာဏ် ‘ဝိဇ္ဇာ’ အကျင့်’စရဏ’နှင့် ပြည့်စုံ၏၊ ထိုသူသည် မြတ်၏”ဟု (ဆို၏)။

ဝါသေဋ္ဌ သနင်္ကုမာရဗြဟ္မာသည် ထိုဂါထာကို ကောင်းစွာ သီဆိုပေ၏၊ မကောင်းသဖြင့် သီဆိုသည် မဟုတ်ပေ၊ ကောင်းစွာ ရွတ်ဆိုပေ၏၊ မကောင်းသဖြင့် ရွတ်ဆိုသည် မဟုတ်ပေ၊ အကျိုးနှင့် စပ်ပေ၏၊ အကျိုးနှင့်မစပ်သည် မဟုတ်ပေ၊ ငါသဘောတူ၏၊ ဝါသေဋ္ဌ ငါသည်လည်း ဤအတူပင် ဆို၏ —

“လူအပေါင်း၌ အကြင်သူတို့သည် အမျိုးအနွယ်ကို အားကိုးလေ့ရှိကုန်၏၊ (ထိုသူ တို့တွင်) မင်းမျိုးသည် မြတ်၏၊ နတ်လူအပေါင်း၌ (အကြင်သူသည်) အသိဉာဏ် ‘ဝိဇ္ဇာ’ အကျင့် ‘စရဏ’နှင့် ပြည့်စုံ၏၊ ထိုသူသည် မြတ်၏”ဟု (ဆို၏)။

မြတ်စွာဘုရားသည် ဤတရားတော်ကို ဟောတော်မူ၏၊ ဝါသေဋ္ဌနှင့် ဘာရဒွါဇတို့သည် မြတ်စွာ ဘုရား ဟောတော်မူသော တရားတော်ကို နှစ်လိုကုန်သည်ဖြစ်၍ ဝမ်းမြောက်စွာ ခံယူလေကုန်သတည်း။

လေးခုမြောက် အဂ္ဂညသုတ် ပြီး၏။

၁။ ခုနစ်ပါး= သတိပဋ္ဌာန်၊ သမ္မပ္ပဓာန်၊ ဣဒ္ဓိပါဒ်၊ ဣန္ဒြေ၊ ဗိုလ်၊ ဗောဇ္ဈင်၊ မဂ္ဂင်အစုအားဖြင့် ခုနစ်ပါးတည်း။