ဒီဃနိကာယ်

၅—သမ္ပသာဒနီယသုတ်

အသျှင်သာရိပုတြာ၏ ရဲရင့်သော စကားသံ

၁၄၁။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည် —

အခါတစ်ပါး၌ မြတ်စွာဘုရားသည် နာဠန္ဒာမြို့ ပါဝါရိကသူဌေး၏ သရက်ဥယျာဉ်၌ သီတင်းသုံး နေတော်မူ၏။ ထိုအခါ အသျှင်သာရိပုတြာသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီး လျှင် တစ်ခုသောနေရာ၌ ထိုင်နေ၏။ တစ်ခုသောနေရာ၌ ထိုင်ပြီးသောအသျှင်သာရိပုတြာသည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏ —

“မြတ်စွာဘုရား အကျွန်ုပ်သည် မြတ်စွာဘုရား၌ ဤသို့ ကြည်ညိုပါ၏၊ (အလုံးစုံသော တရားတို့ကို) ပိုင်းခြား၍ သိတော်မူခြင်း၌ မြတ်စွာဘုရားထက် လွန်ကဲသော အသိဉာဏ်ရှိသော တစ်ပါးသော သမဏသည်လည်းကောင်း ဗြာဟ္မဏသည်လည်းကောင်း (ရှေးကလည်း) မရှိစဖူး၊ (နောင်လည်း) မရှိလတ္တံ့၊ ယခုလည်း မရှိ၊ ဤသို့ ကြည်ညိုပါ၏”ဟု (လျှောက်၏)။

၁၄၂။ သာရိပုတြာ ချီးမွမ်းအပ်သော တုန်လှုပ်ခြင်းမရှိသော ဤစကားကို ဆိုပေ၏၊ ကိုယ်တိုင် သိသကဲ့သို့ ဧကန္တသန္နိဋ္ဌာန်စကားကို ဆိုပေ၏၊ ခြင်္သေ့မင်းကဲ့သို့ ရဲရင့်သော စကားကို ကြုံးဝါးပေ၏—’မြတ်စွာဘုရား မြတ်စွာဘုရား၌ အကျွန်ုပ်သည် ဤသို့ ကြည်ညိုပါ၏၊ (အလုံးစုံသော တရားတို့ကို) ပိုင်း ခြား၍ သိတော်မူခြင်း၌ မြတ်စွာဘုရားထက် လွန်ကဲသော အသိဉာဏ်ရှိသော တစ်ပါးသော သမဏသည် လည်းကောင်း၊ ဗြာဟ္မဏသည်လည်းကောင်း (ရှေးကလည်း) မရှိစဖူး၊ (နောင်လည်း) မရှိလတ္တံ့၊ ယခု လည်းမရှိ၊ (ဤသို့ ကြည်ညိုပါ၏ ‘ဟု ရဲရင့်သော စကားကို ဆိုဘိ၏)။

သာရိပုတြာ ရှေးလွန်ပြီးသော အခါ၌ ပူဇော်အထူးကို ခံတော်မူထိုက်ကုန်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူကုန်သော အကြင်မြတ်စွာဘုရားတို့သည် ပွင့်တော်မူခဲ့ကုန်၏၊ အလုံးစုံကုန်သော ထိုမြတ်စွာဘုရားတို့ကို (သင်၏) စိတ်ဖြင့် (ထိုဘုရားသျှင်တို့၏) စိတ်ကို ပိုင်းခြား၍ သင်သိသလော။ “ထို (ပွင့်တော်မူပြီးသော) မြတ်စွာဘုရားတို့သည် ဤသို့သော သီလရှိကုန်၏”ဟူ၍ လည်းကောင်း၊ “ထို (ပွင့်တော်မူပြီးသော) မြတ်စွာဘုရားတို့သည် ဤသို့သော (သမာဓိ) တရားရှိကုန်၏”ဟူ၍လည်းကောင်း၊ “ထို (ပွင့်တော်မူပြီးသော) မြတ်စွာဘုရားတို့သည် ဤသို့သော ပညာရှိကုန်၏” ဟူ၍လည်းကောင်း၊ “ (ထိုပွင့်တော်မူပြီးသော) မြတ်စွာဘုရားတို့သည် ဤသို့သော နေခြင်း ရှိကုန်၏”ဟူ ၍လည်းကောင်း၊ “ထို (ပွင့်တော်မူပြီးသော) မြတ်စွာဘုရားတို့သည် ဤသို့သော လွတ်မြောက်ခြင်း ရှိကုန်၏”ဟူ၍လည်းကောင်း (ပိုင်းခြား၍ သင်သိသလောဟု မိန့်တော်မူ၏)။

“ဤသို့ မသိပါ မြတ်စွာဘုရား” (ဟု လျှောက်၏)။

သာရိပုတြာ သို့ဖြစ်လျှင် နောင်အခါ၌ ပူဇော်အထူးကို ခံတော်မူထိုက်ကုန်သော (အလုံးစုံသောတရား တို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူကုန်သော အကြင် မြတ်စွာဘုရားတို့သည် ပွင့်တော်မူကုန်လတ္တံ့၊ အလုံးစုံသော ထိုမြတ်စွာဘုရားတို့ကိုကား (သင်၏) စိတ်ဖြင့် (ထိုဘုရားသျှင်တို့၏) စိတ်ကို ပိုင်းခြား၍ သင်သိသလော။ “ထို (ပွင့်တော်မူလတ္တံ့ကုန်သော) မြတ်စွာဘုရားတို့သည် ဤသို့သော သီလရှိကုန်လတ္တံ့” ဟူ၍လည်ကောင်း “ဤသို့သော (သမာဓိ) တရားရှိကုန်လတ္တံ့”ဟူ၍လည်ကောင်း “ဤသို့သော ပညာရှိ ကုန်လတ္တံ့”ဟူ၍လည်းကောင်း “ဤသို့သော နေခြင်းရှိကုန်လတ္တံ့”ဟူ၍လည်းကောင်း “ထို (ပွင့်တော်မူလတ္တံ့ ကုန်သော) မြတ်စွာဘုရားတို့သည် ဤသို့သော လွတ်မြောက်ခြင်း ရှိကုန်လတ္တံ့” ဟူ၍လည်းကောင်း (ပိုင်း ခြား၍ သင်သိသလောဟု မိန့်တော်မူ၏)။

“ဤသို့ မသိပါ မြတ်စွာဘုရား” (ဟု လျှောက်၏)။

သာရိပုတြာ သို့ဖြစ်လျှင် ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ယခုထင်ရှားရှိသော ငါ့ကို သင်၏ စိတ်ဖြင့် (ငါ၏) စိတ်ကို ပိုင်းခြား၍ သင်သိ သလော “မြတ်စွာဘုရားသည် ဤသို့သော သီလရှိတော်မူ၏” ဟူ၍လည်ကောင်း “ဤသို့သော (သမာဓိ) တရားရှိတော်မူ၏”ဟူ၍လည်ကောင်း “ဤသို့သော ပညာရှိတော်မူ၏”ဟူ၍လည်းကောင်း “ဤသို့သော နေခြင်းရှိတော်မူ၏” ဟူ၍လည်းကောင်း “မြတ်စွာဘုရားသည် ဤသို့သော လွတ်မြောက်ခြင်း ရှိတော်မူ၏” ဟူ၍လည်းကောင်း (ပိုင်းခြား၍ သင်သိသလောဟု မိန့်တော်မူ၏)။

“ဤသို့ မသိပါ မြတ်စွာဘုရား” (ဟု လျှောက်၏)။

သာရိပုတြာ ပူဇော်အထူးကို ခံတော်မူထိုက်ကုန်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူကုန်သော အတိတ် အနာဂတ် ပစ္စုပ္ပန်ဖြစ်ကုန်သော ဤမြတ်စွာဘုရားတို့၌ မြတ်စွာဘုရားတို့၏ စိတ်ကို ပိုင်းခြား၍ သိသော ဉာဏ်သည် သင့်အား မရှိ။ သာရိပုတြာ ထိုသို့ မရှိပါဘဲလျက် အဘယ့် ကြောင့် သင်သည် မြတ်သော တုန်လှုပ်ခြင်းမရှိသော စကားကို ဆိုဘိသနည်း၊ ကိုယ်တိုင်သိသကဲ့သို့ သန္နိဋ္ဌာန် ဧကန္တစကားကို ဆိုဘိသနည်း၊ ရဲရင့်သော စကားကို ကြုံးဝါးဘိသနည်း။

“မြတ်စွာဘုရား မြတ်စွာဘုရား၌ အကျွန်ုပ်သည် ဤသို့ ကြည်ညိုပါ၏၊ (အလုံးစုံသောတရားတို့ကို) ပိုင်းခြား၍ သိတော်မူခြင်း၌ မြတ်စွာဘုရားထက် လွန်ကဲသော အသိဉာဏ်ရှိသော တစ်ပါးသော သမဏ သည်လည်းကောင်း ဗြာဟ္မဏသည်လည်းကောင်း (ရှေးကလည်း) မရှိစဖူး၊ (နောင်လည်း) မရှိလတ္တံ့၊ ယခုလည်း မရှိ၊ ဤသို့ ကြည်ညိုပါ၏”ဟု (ရဲရင့်သော စကားကို ကြုံးဝါးဘိသနည်းဟု မိန့်တော်မူ၏)။

၁၄၃။ မြတ်စွာဘုရား ပူဇော်အထူးကို ခံတော်မူထိုက်ကုန်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူကုန်သော အတိတ် အနာဂတ် ပစ္စုပ္ပန် ဖြစ်ကုန်သော မြတ်စွာဘုရားတို့၌ ဤမြတ်စွာဘုရား၏ စိတ်ကို ပိုင်းခြား၍သိသော ဉာဏ်သည် အကျွန်ုပ်အား မရှိပါ။ မြတ်စွာဘုရား ယင်းသို့ မရှိသော်လည်း ဟောအပ်သော တရားအစဉ်ကို လျှောက်၍ အကျွန်ုပ် သိပါ၏။

မြတ်စွာဘုရား ဥပမာအားဖြင့် ခိုင်မြဲသော တံတိုင်းခြေရှိသော ခိုင်မြဲသော တံတိုင်း, ခိုင်မြဲသော တံခါးတိုင်ရှိသော တံခါးတစ်ခုတည်းသာရှိသော နယ်ခြားမြို့သည် မင်းအား ရှိရာ၏၊ ထိုမြို့၌ ပညာရှိသော လိမ္မာသော ထက်မြက်သော မသိသော (သူစိမ်းပြင်ပ) တစ်ပါးသူတို့ကို တားမြစ်တတ်သော သိသောသူတို့ ကို ဝင်စေတတ်သော တံခါးစောင့်သည် ရှိရာ၏၊ ထိုတံခါးစောင့်သည် ထိုမြို့၏ ထက်ဝန်းကျင်၌ မြို့ပတ် လမ်းကို လှည့်လည်သည်ရှိသော် တံတိုင်းအဆက်အစပ်လပ်ရာကိုလည်းကောင်း တံတိုင်းကျိုးပေါက်ရာကို လည်းကောင်း အယုတ်ဆုံးအားဖြင့် ကြောင်ထွက်လောက်ရုံမျှကိုသော်လည်း မတွေ့ရာ။

ထိုတံခါးစောင့်အား ဤသို့သော အကြံသည် ဖြစ်ရာ၏၊ “ခပ်သိမ်းကုန်သော ကြီးသော သတ္တဝါတို့ သည် ဤမြို့သို့ ဝင်သည်ဖြစ်စေ ထွက်သည်ဖြစ်စေ ဤတံခါးပေါက်ဖြင့်သာ ဝင်ကုန် ထွက်ကုန်ရာ၏”ဟု (အကြံဖြစ်ရာ၏)။

မြတ်စွာဘုရား ဤအတူသာလျှင် ဟောအပ်သော တရားအစဉ်ကို လျှောက်၍ အကျွန်ုပ်သိပါ၏။

မြတ်စွာဘုရား ပူဇော်အထူးကို ခံတော်မူထိုက်ကုန်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူကုန်သော အကြင်မြတ်စွာဘုရားတို့သည် လွန်ပြီးသောအခါ၌ ပွင့်တော်မူခဲ့ကုန်၏။ ခပ်သိမ်းသော ထိုမြတ်စွာဘုရားတို့သည် စိတ်ကို ညစ်ညူးစေတတ်ကုန်သော ပညာကို အားနည်းအောင် ပြုတတ်ကုန်သော အပိတ်အပင် ‘နီဝရဏ’ တရားငါးပါးတို့ကို ပယ်၍ သတိပဋ္ဌာန်လေးပါးတို့၌ ကောင်းစွာ တည်သော စိတ်ရှိကုန်သည်ဖြစ်၍ ဗောဇ္ဈင်ခုနစ်ပါးတို့ကိုဟုတ်မှန်သည့်အတိုင်း ပွါးများကုန်၍ မိမိထက် လွန်သော ဉာဏ်ရှိသော အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတဉာဏ်ကို သိတော်မူခဲ့ကုန်၏။

မြတ်စွာဘုရား ပူဇော်အထူးကို ခံတော်မူထိုက်ကုန်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူကုန်သော အကြင် မြတ်စွာဘုရားတို့သည် လာလတ္တံ့သောအခါ၌ ပွင့်တော်မူကုန်လတ္တံ့။ ခပ်သိမ်းသော ထိုမြတ်စွာဘုရားတို့သည် စိတ်ကို ညစ်ညူးစေတတ်ကုန်သော ပညာကို အားနည်းအောင် ပြုတတ်ကုန်သော အပိတ်အပင် ‘နီဝရဏ’ တရားငါးပါးတို့ကို ပယ်၍ သတိပဋ္ဌာန်လေးပါးတို့၌ ကောင်းစွာ တည်သော စိတ်ရှိကုန်သည်ဖြစ်၍ ဗောဇ္ဈင်ခုနစ်ပါးတို့ကိုဟုတ်မှန်သည့်အတိုင်း ပွါးများကုန်၍ မိမိထက် လွန်သောဉာဏ် မရှိသော အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတဉာဏ်ကို သိတော်မူကုန်လတ္တံ့။

မြတ်စွာဘုရား ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ယခုပွင့်တော်မူဆဲ မြတ်စွာဘုရားသည်လည်း စိတ်ကို ညစ်ညူးစေတတ်ကုန်သော ပညာကို အားနည်းအောင် ပြုတတ်ကုန်သော အပိတ်အပင် ‘နီဝရဏ’ တရားငါးပါးတို့ကို ပယ်၍ သတိပဋ္ဌာန်လေးပါး့တို့၌ ကောင်းစွာတည်သော စိတ်ရှိသည်ဖြစ်၍ ဗောဇ္ဈင်ခုနစ်ပါးတို့ကိုဟုတ်မှန်သည့်အတိုင်း ပွါးများ၍ မိမိထက်လွန်သော ဉာဏ်မရှိသော အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတဉာဏ်ကို ယခုအခါ၌ သိတော်မူ၏ (ဤသို့ လျှောက်၍ သိပါ၏)။

၁၄၄။ မြတ်စွာဘုရား အကျွန်ုပ်သည် မြတ်စွာဘုရားထံ တရားနာရန် ချဉ်းကပ်ပါ၏။

မြတ်စွာဘုရား မြတ်စွာဘုရားသည် အဆင့်ဆင့် မြင့်သည်ထက် မြင့်သော မြတ်သည်ထက် မြတ်သော မည်းညစ်သော ‘သံကိလေသ’ တရား ဖြူစင်သော ‘ဝေါဒါန’ တရားများ၏ (ပယ်အပ် ပယ်တတ် သည်၏ အဖြစ်ဖြင့်) ဆန့်ကျင်ဘက်ရှိသည်ကို (ပြု၍) ထိုအကျွန်ုပ်အား တရားကို ဟောတော်မူပါ၏။

မြတ်စွာဘုရား မြတ်စွာဘုရားသည် အကြင်အကြင်အခြင်းအရာအားဖြင့် အကျွန်ုပ်အား အဆင့်ဆင့် မြင့်သည်ထက်မြင့်သော မြတ်သည်ထက် မြတ်သော မည်းညစ်သော ‘သံကိလေသ’ ဖြူစင်သော ‘ဝေါဒါန’ တရားတို့၏ (ပယ်အပ် ပယ်တတ်သည်၏ အဖြစ်ဖြင့်) ဆန့်ကျင်ဘက်ရှိသည်ကို (ပြု၍) တရားကို ဟော တော်မူပါ၏။ ထိုထို အခြင်းအရာအားဖြင့် ဟောအပ်သော ထိုတရား၌ အချို့ (သာဝကဉာဏ်) တရားကို ထူးသောဉာဏ်ဖြင့် သိ၍ သစ္စာတရားတို့၌ အထွတ်အထိပ်သို့ ရောက်သောကြောင့် “မြတ်စွာဘုရားသည် (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူ၏၊ တရားတော်သည် မြတ်စွာဘုရား ကောင်းစွာ ဟောတော်မူအပ်၏၊ တပည့်သား သံဃာတော်သည် ကောင်းစွာ ကျင့်တော်မူ၏”ဟု နှလုံးသွင်း၍ မြတ်စွာ ဘုရား၌ ကြည်ညိုပါ၏။

ကုသိုလ်တရား ဒေသနာ

၁၄၅။ မြတ်စွာဘုရား ထို့ပြင်လည်း မြတ်စွာဘုရားသည် အကြင်ဒေသနာအားဖြင့် ကုသိုလ်တရား တို့၌ တရားကို ဟောတော်မူ၏၊ ထိုဒေသနာသည် အလွန်အကဲမရှိ မြင့်မြတ်ပါ၏။ ထိုစကားရပ်၌ ဤဆိုလတ္တံ့သည်တို့ကား ကုသိုလ်တရားတို့တည်း၊ ဤကုသိုလ်တရားတို့ဟူသည် အဘယ်နည်းဟူမူ —

သတိပဋ္ဌာန်လေးပါး သမ္မပ္ပဓာန်လေးပါး ဣဒ္ဓိပါဒ်လေးပါး ဣန္ဒြေငါးပါး ဗိုလ်ငါးပါး ဗောဇ္ဈင် ခုနစ်ပါး မြတ်သော မဂ္ဂင်ရှစ်ပါးတို့တည်း။

မြတ်စွာဘုရား ဤသာသနာတော်၌ ရဟန်းသည် အာသဝေါတရားတို့၏ ကုန်ခြင်းကြောင့် အာသဝေါ တရားကင်းသော လွတ်မြောက်သည့် (အရဟတ္တဖိုလ်) စိတ်နှင့် လွတ်မြောက်သည့် (အရဟတ္တဖိုလ်) ပညာကို ယခုဘဝ၌ပင် ထူးသောဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက်ပြုလျက် ရောက်၍ နေ၏။

မြတ်စွာဘုရား ကုသိုလ်တရားတို့၌ ဤဒေသနာသည် မိမိထက် အလွန်အကဲမရှိ မြင့်မြတ်ပါ၏၊ မြတ်စွာဘုရားသည် ထိုဒေသနာကို အကြွင်းမဲ့ သိတော်မူ၏၊ ထိုဒေသနာကို အကြွင်းမဲ့ သိတော်မူသော မြတ်စွာဘုရားအား ပိုလွန်၍ သိအပ်သော တရားသည် မရှိ၊ ကုသိုလ် (ဗောဓိပက္ခိယ) တရားတို့၌ (အသျှင်ဘုရားတို့ မသိအပ်သော တရားကို) သိသော မြတ်စွာဘုရားထက် လွန်ကဲသော တစ်ပါးသော သမဏသည်လည်းကောင်း ဗြာဟ္မဏသည်လည်းကောင်း မရှိပါ။ အာယတနပညတ်ဒေသနာ

၁၄၆။ မြတ်စွာဘုရား ထို့ပြင် မြတ်စွာဘုရားသည် အကြင်ဒေသနာအားဖြင့် အာယတနကို သိစေ ခြင်းတို့၌ တရားကို ဟော၏၊ ထိုဒေသနာသည် မိမိထက် အလွန်အကဲ မရှိ၊ မြင့်မြတ်ပါ၏၊ မြတ်စွာဘုရား အဇ္ဈတ္တိကာယတန ဗာဟိရာယတနတို့သည် ဤခြောက်ပါးတို့ပါတည်း။

မျက်စိအကြည် ‘စက္ခုပသာဒ’ အဆင်း ‘ရူပါရုံ’၊

နားအကြည် ‘သောတပသာဒ’ အသံ ‘သဒ္ဒါရုံ’၊

နှာခေါင်းအကြည် ‘ဃာနပသာဒ’ အနံ့ ‘ဂန္ဓာရုံ’၊

လျှာအကြည် ‘ဇိဝှါပသာဒ’ အရသာ ‘ရသာရုံ’၊

ကိုယ်အကြည် ‘ကာယပသာဒ’ အတွေ့ ‘ဖောဋ္ဌဗ္ဗာရုံ’၊

အသိ ‘မနောဝိညာဉ် ‘ သဘောတရား ‘ဓမ္မာရုံ’ တို့တည်း။

မြတ်စွာဘုရား အာယတနကို သိစေခြင်းတို့၌ ထိုဒေသနာသည် မိမိထက် အလွန်အကဲမရှိ မြင့် မြတ်ပါ၏၊ ထိုဒေသနာကို မြတ်စွာဘုရားသည် အကြွင်းမဲ့ သိတော်မူ၏၊ ထိုဒေသနာကို အကြွင်းမဲ့သိသော မြတ်စွာဘုရားအား (ထို့ထက်) ပိုလွန်၍ သိအပ်သော တရားသည် မရှိ၊ အာယတနကို သိစေခြင်းတို့၌ (အသျှင်ဘုရားတို့ မသိအပ်သော တရားကို) သိသော မြတ်စွာဘုရားထက် လွန်ကဲသော အသိဉာဏ်ရှိသော တစ်ပါးသော သမဏသည်လည်းကောင်း ဗြာဟ္မဏသည်လည်းကောင်း မရှိပါ။

အမိဝမ်း၌ ပဋိသန္ဓေယူပုံ ဒေသနာ

၁၄၇။ မြတ်စွာဘုရား ထို့ပြင် အကြင်ဒေသနာဖြင့် မြတ်စွာဘုရားသည် အမိဝမ်းဝယ် ပဋိသန္ဓေ နေခြင်းတို့၌ တရားကို ဟောတော်မူ၏၊ ထိုဒေသနာသည် မိမိထက် အလွန်အကဲ မရှိ မြင့်မြတ်ပါ၏၊ မြတ်စွာဘုရား အမိဝမ်း၌ ပဋိသန္ဓေနေခြင်းတို့သည် ဤလေးပါးတို့တည်း။

မြတ်စွာဘုရား ဤလူ့ပြည်၌ အချို့သူသည် မသိမူ၍ (တွေဝေလျက်) အမိဝမ်းသို့ သက်ဝင်၏၊ မသိမူ၍ (တွေဝေလျက်) အမိဝမ်း၌ တည်နေ၏၊ မသိမူ၍ (တွေဝေလျက်) အမိဝမ်းမှ ထွက်ခွါ၏၊ ဤသည် ကား ရှေးဦးစွာ အမိဝမ်း၌ ပဋိသန္ဓေနေခြင်းတည်း။

မြတ်စွာဘုရား တစ်ဖန် ထို့ပြင်လည်း ဤလူ့ပြည်၌ အချို့သူသည် သိလျက် (မတွေဝေမူ၍) အမိ ဝမ်းသို့ သက်ဝင်၏၊ မသိမူ၍ (တွေဝေလျက်) အမိဝမ်း၌ တည်နေ၏၊ မသိမူ၍ (တွေဝေလျက်) အမိဝမ်း မှ ထွက်ခွါ၏၊ ဤသည်ကား နှစ်ကြိမ်မြောက် အမိဝမ်း၌ ပဋိသန္ဓေနေခြင်းတည်း။

မြတ်စွာဘုရား တစ်ဖန် ထို့ပြင်လည်း ဤလူ့ပြည်၌ အချို့သူသည် သိလျက် (မတွေဝေမူ၍) အမိ ဝမ်းသို့ သက်ဝင်၏၊ သိလျက် (မတွေဝေမူ၍) အမိဝမ်း၌ တည်နေ၏၊ မသိမူ၍ (တွေဝေလျက်) အမိဝမ်း မှ ထွက်ခွါ၏၊ ဤသည်ကား သုံးကြိမ်မြောက် အမိဝမ်း၌ ပဋိသန္ဓေနေခြင်းတည်း။

မြတ်စွာဘုရား တစ်ဖန် ထို့ပြင်လည်း ဤလူ့ပြည်၌ အချို့သူသည် သိလျက် (မတွေဝေမူ၍) အမိ ဝမ်းသို့ သက်ဝင်၏၊ သိလျက် (မတွေဝေမူ၍) အမိဝမ်း၌ တည်နေ၏၊ သိလျက် (မတွေဝေမူ၍) အမိ ဝမ်းမှ ထွက်ခွါ၏၊ ဤသည်ကား လေးကြိမ်မြောက် အမိဝမ်း၌ ပဋိသန္ဓေနေခြင်းတည်း။ မြတ်စွာဘုရား အမိဝမ်း၌ ပဋိသန္ဓေနေခြင်းတို့၌ ထိုဒေသနာသည် မိမိထက် အလွန်အကဲ မရှိ မြင့်မြတ်ပါ၏။

တိုက်ရိုက်ညွှန်းခြင်း အစီအရင် ဒေသနာ

၁၄၈။ မြတ်စွာဘုရား ထို့ပြင် မြတ်စွာဘုရားသည် အကြင်ဒေသနာဖြင့် တရားကိုဟော၏၊ သူတစ်ပါး၏ စိတ်ကို ထုတ်ဖော်ပြောဆိုခြင်း အစီအရင်တို့၌ ဖြစ်၏၊ ထိုဒေသနာသည် မိမိထက် အလွန်အကဲ မရှိ၊ မြင့်မြတ်ပါ၏။ မြတ်စွာဘုရား ဤဆိုလတ္တံ့သည်တို့ကား သူတစ်ပါး၏ စိတ်ကို ထုတ်ဖော်ပြော ဆိုခြင်း အစီအရင် လေးပါးတို့တည်း။

မြတ်စွာဘုရား ဤလူ့ပြည်၌ အချို့သူသည် နိမိတ်ဖြင့် “သင်၏ စိတ်သည် ဤသို့ ကြံနေ၏၊ သင်၏ စိတ်၌ ဤသို့ အကြံရှိ၏၊ သင်၏ စိတ်သည် ဤသို့ သဘောရှိ၏”ဟု ညွှန်း၏။ ထိုသူသည် များ စွာဟော စေကာမူ ထိုအကြောင်းသည် ဟောသည့်အတိုင်းသာလျှင် ဖြစ်၏ (မှန်၏)၊ တစ်ပါးသော အခြင်း အရာအားဖြင့် မဖြစ် (အမှားမရှိ)၊ ဤသည်ကား ရှေးဦးစွာသော တိုက်ရိုက်ဟောခြင်း အစီအရင်တည်း။

မြတ်စွာဘုရား တစ်ဖန် ထို့ပြင်လည်း ဤလူ့ပြည်၌ အချို့သူသည် နိမိတ်ဖြင့် မဟော။ စင်စစ်သော်ကား လူတို့၏လည်းကောင်း ဘီလူးရက္ခိုသ်တို့၏လည်းကောင်း နတ်တို့၏လည်းကောင်း အသံကို ကြား၍ “သင်၏ စိတ်သည် ဤသို့ ကြံနေ၏၊ သင်၏ စိတ်၌ ဤသို့ အကြံရှိ၏၊ သင်၏ စိတ်သည် ဤ့သို့ သဘောရှိ၏”ဟု တိုက်ရိုက်ဟော၏၊ ထိုသူသည် များစွာ ဟောစေကာမူ ထိုအကြောင်းသည် ထိုဟော သည့်အတိုင်းသာလျှင် ဖြစ်၏ (မှန်၏)၊ တစ်ပါးသော အခြင်းအရာအားဖြင့် မဖြစ် (အမှားမရှိ)၊ ဤသည် ကား နှစ်ကြိမ်မြောက် တိုက်ရိုက်ဟောခြင်း အစီအရင်တည်း။

မြတ်စွာဘုရား တစ်ဖန် ထို့ပြင်လည်း ဤလူ့ပြည်၌ အချို့သူသည် နိမိတ်ဖြင့်လည်း မဟော၊ လူ ဘီလူး ရက္ခိုသ် နတ်တို့၏ အသံကို နားထောင်၍လည်း မဟော၊ စင်စစ်သော်ကား ကြံစည်စဉ်းစားသော သူ၏ ပျံ့လွင့်သော အကြံအစည်ကြောင့် ဖြစ်သော အသံကို ကြား၍ “သင်၏ စိတ်သည် ဤသို့ ကြံနေ၏၊ သင်၏ စိတ်၌ ဤသို့ အကြံရှိ၏၊ သင်၏ စိတ်သည် ဤသို့ သဘောရှိ၏”ဟု တိုက်ရိုက်ဟော၏။ ထိုသူ သည် များစွာ ဟောစေကာမူ ထိုအကြောင်းသည် ထိုဟောသည့်အတိုင်းသာလျှင် ဖြစ်၏ (မှန်၏)၊ တစ်ပါးသော အခြင်းအရာအားဖြင့် မဖြစ် (အမှားမရှိ)၊ ဤသည်ကား သုံးကြိမ်မြောက် တိုက်ရိုက်ဟောခြင်း အစီ အရင်တည်း။

မြတ်စွာဘုရား တစ်ဖန် ထို့ပြင်လည်း ဤလူ့ပြည်၌ အချို့သူသည် နိမိတ်ဖြင့်လည်း မဟော၊ လူ ဘီလူး ရက္ခိုသ် နတ်တို့၏ အသံကို နားထောင်၍လည်း မဟော၊ ကြံစည်စဉ်းစားသောသူ၏ ပျံ့လွင့်သော အကြံအစည်ကြောင့်ဖြစ်သော အသံကို နားထောင်၍လည်း မဟော၊ စင်စစ်သော်ကား ကြံစည်ခြင်း ‘ဝိတက်’ ဆင်ခြင်ခြင်း ‘ဝိစာရ’ မှ ကင်းသော သမာဓိသို့ ရောက်သော ပုဂ္ဂိုလ်၏ စိတ်ဖြင့် (သူတစ်ပါး၏) စိတ်ကို ပိုင်းခြား၍ “ဤအသျှင်သည် (နီဝရဏတို့ကို ပယ်ဖျောက်၍) မနောသင်္ခါရ (ဝေဒနာ သညာ)တို့ ကို ကောင်းစွာ ထားအပ်သည့် အတိုင်း ဤ (ဘာဝနာ) စိတ်၏ အခြားမဲ့၌ ဤမည်သော (ပဌမဈာန်စသည့်) စိတ်ကို ဖြစ်စေလတ္တံ့”ဟု သိ၏။ ထိုသူသည် များစွာ ဟောစေကာမူ ထိုအကြောင်းသည် ထိုဟောသည့် အတိုင်းသာလျှင် ဖြစ်၏ (မှန်၏)၊ တစ်ပါးသော အခြင်းအရာအားဖြင့် မဖြစ် (အမှားမရှိ)၊ ဤသည်ကား လေးကြိမ်မြောက် တိုက်ရိုက်ဟောခြင်း အစီအရင်တည်း။ မြတ်စွာဘုရား တိုက်ရိုက်ဟောခြင်း အစီအရင်တို့ ၌ ထိုဒေသနာသည် မိမိထက် အလွန်အကဲ မရှိ၊ မြင့်မြတ်ပါ၏။

ဉာဏ်အမြင်သို့ ရောက်ခြင်း ဒေသနာ

၁၄၉။ မြတ်စွာဘုရား မြတ်စွာဘုရားသည် ဉာဏ်အမြင် (ဈာန် မဂ် အဆင့်ဆင့်)သို့ ရောက်ခြင်းတို့၌ အကြင်ဒေသနာအားဖြင့် တရားကို ဟောတော်မူ၏၊ ထိုဒေသနာသည် မိမိထက် အလွန်အကဲမရှိ မြင့်မြတ်ပါ၏၊ မြတ်စွာဘုရား ဉာဏ်အမြင် (ဈာန် မဂ် အဆင့်ဆင့်) သို့ ရောက်ခြင်းတို့သည် ဤလေးပါး တို့တည်း။

မြတ်စွာဘုရား ဤလူ့ပြည်၌ အချို့သော သမဏသည်လည်းကောင်း ဗြာဟ္မဏသည်လည်းကောင်း လုံ့လကို စွဲ၍ ဝီရိယကို စွဲ၍ အားထုတ်ခြင်းကို စွဲ၍ မမေ့မလျော့ခြင်းကို စွဲ၍ ကောင်းစွာ နှလုံးသွင်းခြင်း ကို စွဲ၍ ထို (ကောဋ္ဌာသကို သိခြင်း) အား လျောက်ပတ်သော ပဌမဈာန် သမာဓိကို ရ၏၊ ယင်းသို့ စိတ် သည် တည်ကြည်လတ်သော် ခြေဖဝါးအပြင်မှ အထက်၌, ဆံဖျားမှ အောက်၌, အရေပါးအဆုံးရှိသော အထူးထူး အပြားပြားသော အညစ်အကြေးဖြင့် ပြည့်သော ဤကိုယ်ကိုသာလျှင် ဆင်ခြင်၏။

“ဤငါ၏ ကိုယ်၌ ဆံပင်၊ အမွေး၊ လက်သည်း ခြေသည်း၊ သွား၊ အရေ၊ အသား၊ အကြော၊ အရိုး၊ ခြင်ဆီ၊ အညှို့၊ နှလုံး၊ အသည်း၊ အမြှေး၊ အဖျဉ်း၊ အဆုတ်၊ အူမ၊ အူသိမ်၊ အစာသစ်၊ အစာဟောင်း၊ သည်းခြေ၊ သလိပ်၊ ပြည်၊ သွေး၊ ချွေး၊ အဆီခဲ၊ မျက်ရည်၊ ဆီကြည်၊ တံတွေး၊ နှပ်၊ အစေး၊ ကျင်ငယ်တို့သည် ရှိကုန်၏”ဟု (စူးစိုက်ဆင်ခြင်၏)။ ဤသည်ကား (ဆံအစရှိသည်ကို စက်ဆုပ် ဖွယ်ဟု ရှုသဖြင့် ဖြစ်သော) ရှေးဦးစွာသော ဉာဏ်အမြင် (ဈာန် မဂ် အဆင့်ဆင့်) သို့ ရောက်ခြင်းတည်း။

မြတ်စွာဘုရား တစ်ဖန် ထို့ပြင်လည်း ဤလောက၌ အချို့သမဏသည်လည်းကောင်း ဗြာဟ္မဏ့သည်လည်းကောင်း ပြင်းစွာ အားထုတ်ခြင်းကို စွဲ၍။ပ။ ထိုသို့သဘောရှိသော စိတ်တည်ကြည်ခြင်းကို ရ၏၊ ယင်းသို့ စိတ်တည်ကြည်လတ်သော် ခြေဖဝါးအပြင်မှ အထက်၌, ဆံဖျားမှ အောက်၌, အရေပါး အဆုံးရှိသော အထူးထူး အပြားပြားသော အညစ်အကြေးဖြင့် ပြည့်သော ဤကိုယ်ကိုသာလျှင် စူးစိုက်ဆင် ခြင်၏။

“ ဤငါ၏ ကိုယ်၌ ဆံ၊ အမွေး၊ ခြေသည်း လက်သည်း။ပ။ အစေး၊ ကျင်ငယ်တို့သည် ရှိကုန်၏”ဟု (စူးစိုက်ဆင်ခြင်၏)။ ပုဂ္ဂိုလ်၏ အရေ၊ အသား၊ အသွေးကို လွန်၍လည်း အရိုးကို ဆင်ခြင်၏။ ဤသည်ကား (အရိုးကို စက်ဆုပ်ဖွယ်ဟု ရှုသဖြင့် ဖြစ်သော) နှစ်ခုမြောက်သော ဉာဏ်အမြင် (ဈာန် မဂ် အဆင့်ဆင့်) သို့ ရောက်ခြင်းတည်း။

မြတ်စွာဘုရား တစ်ဖန် ထို့ပြင်လည်း ဤလောက၌ အချို့သမဏသည်လည်းကောင်း ဗြာဟ္မဏ သည်လည်းကောင်း ပြင်းစွာ အားထုတ်ခြင်းကို စွဲ၍။ပ။ ထိုသို့သဘောရှိသော စိတ်တည်ကြည်မှုကို ရ၏၊ ယင်းသို့ စိတ်သည် တည်ကြည်လတ်သော် ခြေဖဝါးအပြင်မှ အထက်၌, ဆံဖျားမှ အောက်၌, အရေပါး အဆုံးရှိသော အထူးထူး အပြားပြားသော အညစ်အကြေးဖြင့် ပြည့်သော ဤကိုယ်ကိုသာလျှင် စူးစိုက် ဆင်ခြင်၏။

“ ဤငါ၏ ကိုယ်၌ ဆံ၊ အမွေး။ပ။ အစေး၊ ကျင်ငယ်တို့သည် ရှိကုန်၏”ဟု (စူးစိုက်ဆင်ခြင်၏)။ ပုဂ္ဂိုလ်၏ အရေ၊ အသား၊ အသွေးကို လွန်၍လည်း အရိုးကို ဆင်ခြင်၏။ ဤပစ္စုပ္ပန်လောက၌လည်း ကောင်း တမလွန်လောက၌လည်းကောင်း တည်သော နှစ်ပါးစုံအားဖြင့် မပြတ်သော ပုဂ္ဂိုလ်၏ ဝိညာဉ် အလျင် (စိတ်အစဉ်)ကိုလည်း သိ၏၊ ဤသည်ကား သုံးကြိမ်မြောက် ဉာဏ်အမြင် (ဈာန် မဂ်အဆင့်ဆင့်) သို့ ရောက်ခြင်းတည်း။

မြတ်စွာဘုရား တစ်ဖန် ထို့ပြင်လည်း ဤလောက၌ အချို့သမဏသည်လည်းကောင်း ဗြာဟ္မဏ သည်လည်းကောင်း ပြင်းစွာ အားထုတ်ခြင်းကို စွဲ၍။ပ။ ထိုသို့သဘောရှိသော စိတ်တည်ကြည်မှုကို ရ၏၊ ယင်းသို့ စိတ်သည် တည်ကြည်လတ်သော် ခြေဖဝါးအပြင်မှ အထက်၌, ဆံဖျားမှ အောက်၌, အရေပါး အဆုံးရှိသော အထူးထူး အပြားပြားသော အညစ်အကြေးဖြင့် ပြည့်သော ဤကိုယ်ကိုသာလျှင် စူးစိုက် ဆင်ခြင်၏၊ “ ဤငါ၏ ကိုယ်၌ ဆံ၊ အမွေး။ပ။ အစေး၊ ကျင်ငယ်တို့သည် ရှိကုန်၏”ဟု (စူးစိုက်ဆင်ခြင်၏)။ ပုဂ္ဂိုလ်၏ အရေ၊ အသား၊ အသွေးကို လွန်၍လည်း အရိုးကို စူးစိုက်ဆင်ခြင်၏။ ဤပစ္စုပ္ပန်လောက ၌လည်းကောင်း တမလွန်လောက၌လည်းကောင်း မတည်သော နှစ်ပါးစုံအားဖြင့် ပြတ်သော ပုဂ္ဂိုလ်၏ ဝိညာဉ်အလျင် (စိတ်အစဉ်) ကိုလည်း သိ၏၊ ဤသည်ကား လေးကြိမ်မြောက် ဉာဏ်အမြင် (ဈာန် မဂ် အဆင့်ဆင့်) သို့ ရောက်ခြင်းတည်း။ မြတ်စွာဘုရား ဉာဏ်အမြင် (ဈာန် မဂ် အဆင့်ဆင့်) သို့ ရောက်ခြင်း တို့၌ ထိုဒေသနာသည် မိမိထက် အလွန်အကဲ မရှိ၊ မြင့်မြတ်ပါ၏။

ပုဂ္ဂိုလ်ကို ပညတ်ခြင်း ဒေသနာ

၁၅ဝ။ မြတ်စွာဘုရား ထို့ပြင် မြတ်စွာဘုရားသည် အကြင်ဒေသနာဖြင့် ပုဂ္ဂိုလ်ကို သိစေခြင်းတို့၌ တရားကို ဟောတော်မူ၏၊ ထိုဒေသနာသည် မိမိထက် အလွန်အကဲ မရှိ၊ မြင့်မြတ်ပါ၏။

မြတ်စွာဘုရား ပုဂ္ဂိုလ်တို့သည် ဤခုနစ်ပါးတို့တည်း။

အရူပသမာပတ် မဂ်ပညာ နှစ်ပါးစုံဖြင့် ကိလေသာမှ လွတ်မြောက်သော ‘ဥဘတောဘာဂဝိမုတ္တ’ ပုဂ္ဂိုလ်၊ မဂ်ပညာဖြင့်သာ ကိလေသာမှ လွတ်မြောက်သော ‘ပညာဝိမုတ္တ’ ပုဂ္ဂိုလ်၊ နာမကာယဖြင့် ဝိမောက္ခရှစ်ပါးသို့ ရောက်၍ နိရောဓသစ္စာကို မျက်မှောက်ပြုသော ‘ကာယသက္ခီ’ ပုဂ္ဂိုလ်၊ ဤကား ဒုက္ခ သစ္စာတည်း စသည်ဖြင့် သစ္စာလေးပါးတရားကို ကောင်းစွာ သိခြင်းသို့ ရောက်သော ‘ဒိဋ္ဌိပ္ပတ္တ’ ပုဂ္ဂိုလ်၊ ဤကား ဒုက္ခသစ္စာတည်း စသည်ဖြင့် သစ္စာလေးပါးတရားကို သက်ဝင်ယုံကြည်၍ ကိလေသာမှ လွတ့်မြောက်သော ‘သဒ္ဓါဝိမုတ္တ’ ပုဂ္ဂိုလ်၊ ပညာရှေ့ဆောင်၍ အရိယမဂ်ကို ဖြစ်စေသော ‘ဓမ္မာနုသာရီ’ ပုဂ္ဂိုလ်၊ သဒ္ဓါရှေ့ဆောင်၍ အရိယမဂ်ကို ဖြစ်စေသော ‘သဒ္ဓါနုသာရီ’ ပုဂ္ဂိုလ် (ဤခုနစ်ပါးတို့တည်း)။

မြတ်စွာဘုရား ပုဂ္ဂိုလ်ကို သိစေခြင်းတို့၌ ထိုဒေသနာသည် မိမိထက် အလွန်အကဲ မရှိ၊ မြင့်မြတ် ပါ၏။

ပဓာနဗောဇ္ဈင် ဒေသနာ

၁၅၁။ မြတ်စွာဘုရား ထို့ပြင် မြတ်စွာဘုရားသည် အကြင်ဒေသနာဖြင့် ပဓာန ဟူကုန်သော မဂ်ဉာဏ်၏ အကြောင်းဖြစ်ကုန်သော ဗောဇ္ဈင်တရားတို့၌ တရားကို ဟောတော်မူ၏၊ ထိုဒေသနာသည် မိမိထက် အလွန်အကဲ မရှိ၊ မြင့်မြတ်ပါ၏။

မြတ်စွာဘုရား ဗောဇ္ဈင်တရားတို့သည် ဤခုနစ်ပါးတို့တည်း။

မဂ်ဉာဏ်၏ အကြောင်းဖြစ်သော အောက်မေ့ခြင်း ‘သတိသမ္ဗောဇ္ဈင်’၊ မဂ်ဉာဏ်၏ အကြောင်းဖြစ်သော တရားသဘောကို စူးစမ်းဆင်ခြင်ခြင်း ‘ဓမ္မဝိစယသမ္ဗောဇ္ဈင်’၊ မဂ်ဉာဏ်၏ အကြောင်းဖြစ်သော အားထုတ်ခြင်း ‘ဝီရိယသမ္ဗောဇ္ဈင်’၊ မဂ်ဉာဏ်၏ အကြောင်းဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိသမ္ဗောဇ္ဈင်’၊ မဂ်ဉာဏ်၏ အကြောင်းဖြစ်သော ကိုယ်စိတ်၏ ငြိမ်းအေးခြင်း ‘ပဿဒ္ဓိသမ္ဗောဇ္ဈင်’၊ မဂ်ဉာဏ်၏ အကြောင်း ဖြစ်သော တည်ကြည်ခြင်း ‘သမာဓိသမ္ဗောဇ္ဈင်’၊ မဂ်ဉာဏ်၏ အကြောင်းဖြစ်သော အညီအမျှရှုခြင်း ‘ဥပေက္ခာ သမ္ဗောဇ္ဈင်’၊ (ဤခုနစ်ပါးတို့တည်း)။

မြတ်စွာဘုရား ‘ပဓာန’ ဟူကုန်သော မဂ်ဉာဏ်၏ အကြောင်းဖြစ်ကုန်သော ဗောဇ္ဈင်တရားတို့၌ ထို ဒေသနာသည် မိမိထက် အလွန်အကဲ မရှိ၊ မြင့်မြတ်ပါ၏။

အကျင့်ပဋိပဒါ ဒေသနာ

၁၅၂။ မြတ်စွာဘုရား ထို့ပြင် မြတ်စွာဘုရားသည် အကြင်ဒေသနာဖြင့် နိဗ္ဗာန်သို့ ရောက်ကြောင်း အကျင့် ‘ပဋိပဒါ’ တို့၌ တရားကို ဟောတော်မူ၏၊ ဤဒေသနာသည် မိမိထက် အလွန်အကဲ မရှိ၊ မြင့်မြတ် ပါ၏။

မြတ်စွာဘုရား ပဋိပဒါတို့သည် ဤလေးပါးတို့တည်း။

ဆင်းရဲစွာ ကျင့်ရ၍ နှေးသော အသိဉာဏ် ဖြစ်ပေါ်သော ‘ဒုက္ခပဋိပဒါဒန္ဓာဘိညာ’၊ ဆင်းရဲစွာ ကျင့်ရသော်လည်း လျင်သော အသိဉာဏ် ဖြစ်ပေါ်သော ‘ဒုက္ခပဋိပဒါခိပ္ပါဘိညာ’၊ ချမ်းသာစွာ ကျင့်ရသော် လည်း နှေးသော အသိဉာဏ်ဖြစ်ပေါ်သော ‘သုခပဋိပဒါဒန္ဓာဘိညာ’၊ ချမ်းသာစွာ ကျင့်ရ၍ လျင်သော အသိဉာဏ်ဖြစ်ပေါ်သော ‘သုခပဋိပဒါခိပ္ပါဘိညာ’ (ဤလေးပါးတို့တည်း)။

မြတ်စွာဘုရား ထို (ပဋိပဒါလေးပါး) တို့တွင် အကြင်ပဋိပဒါသည် ဆင်းရဲ၏၊ အသိဉာဏ်သည် နှေး၏၊ မြတ်စွာဘုရား ဤပဋိပဒါကို ဆင်းရဲသည်၏ အဖြစ်ကြောင့်လည်းကောင်း နှေးသည်၏ အဖြစ်ကြောင့် လည်းကောင်း နှစ်ပါးစုံသော အကြောင်းကြောင့်ပင် ညံ့၏ ဟူ၍ ဆိုအပ်၏။

မြတ်စွာဘုရား ထို (ပဋိပဒါလေးပါး) တို့တွင် အကြင်ပဋိပဒါသည် ဆင်းရဲ၏၊ အသိဉာဏ်သည် လျင်၏၊ မြတ်စွာဘုရား ဤပဋိပဒါကို ဆင်းရဲသည်၏ အဖြစ်ကြောင့် ညံ့၏ ဟူ၍ ဆိုအပ်၏။

မြတ်စွာဘုရား ထို (ပဋိပဒါလေးပါး) တို့တွင် အကြင်ပဋိပဒါသည် ချမ်းသာ၏၊ အသိဉာဏ်သည် နှေး၏၊ မြတ်စွာဘုရား ဤပဋိပဒါကို နှေးသည်၏ အဖြစ်ကြောင့် ညံ့၏ ဟူ၍ ဆိုအပ်၏။

မြတ်စွာဘုရား ထို (ပဋိပဒါလေးပါး) တို့တွင် အကြင်ပဋိပဒါသည် ချမ်းသာ၏၊ အသိဉာဏ်သည် လျင်၏၊ မြတ်စွာဘုရား ဤပဋိပဒါကို ချမ်းသာသည်၏အဖြစ်ကြောင့်လည်းကောင်း လျင်သည်၏ အဖြစ်ကြောင့် လည်းကောင်း နှစ်ပါးစုံသော အကြောင်းကြောင့် မြင့်မြတ်၏ ဟူ၍ ဆိုအပ်၏။

မြတ်စွာဘုရား နိဗ္ဗာန်သို့ရောက်ကြောင်း အကျင့်ပဋိပဒါတို့၌ ထိုဒေသနာသည် မိမိထက် အလွန် အကဲ မရှိ၊ မြင့်မြတ်ပါ၏။

နှုတ်အကျင့် ပဋိပဒါ ဒေသနာ

၁၅၃။ မြတ်စွာဘုရား ထို့ပြင် မြတ်စွာဘုရားသည် အကြင်ဒေသနာဖြင့် ကောင်းသော နှုတ်အကျင့်၌ တရားကို ဟောတော်မူ၏၊ ထိုဒေသနာသည် မိမိထက် အလွန်အကဲ မရှိ၊ မြင့်မြတ်ပါ၏။

မြတ်စွာဘုရား ဤလောက၌ အချို့သူသည် မုသာဝါဒနှင့် စပ်သော စကားကို မဆို၊ ကွဲပြားစေ တတ်သော စကားကို မဆို၊ ကုန်းချောသော စကားကို မဆို၊ အမျက်ညှဉ်းဆဲခြုတ်ခြယ်သော စကားကို မဆို၊ အောင်နိုင်ခြင်းသို့ ရှေးရှုသည်ဖြစ်၍ မဆို၊ ပညာဖြင့် ဆင်ခြင်၍ နှလုံး၌ ထားသင့်သော စကားကို လျောက်ပတ်သောအခါ၌ ဆို၏။

မြတ်စွာဘုရား ကောင်းသော နှုတ်အကျင့်၌ ထိုဒေသနာသည် မိမိထက် အလွန်အကဲမရှိ၊ မြင့်မြတ် ပါ၏။

လူတို့၏ အကျင့် သီလ ဒေသနာ

မြတ်စွာဘုရား မြတ်စွာဘုရားသည် အကြင်ဒေသနာဖြင့် လူတို့၏ သီလအကျင့်၌ တရားကို ဟော တော်မူ၏၊ ထိုဒေသနာသည် မိမိထက် အလွန်အကဲ မရှိ၊ မြင့်မြတ်ပါ၏။

မြတ်စွာဘုရား ဤလောက၌ အချို့သူသည် မှန်သောစကား ရှိသည်လည်း ဖြစ်ရာ၏၊ သဒ္ဓါနှင့် ပြည့်စုံသည်လည်း ဖြစ်ရာ၏၊ လာဘ်အလို့ငှါ အံ့ဖွယ်ကိုလည်း မဖြစ်စေတတ်၊ မြှောက်ပင့်၍လည်း မပြော တတ်၊ အရိပ်အခြည်လည်း မပြတတ်၊ အတင်းအကြပ်လည်း မပြုတတ်၊ လာဘ်ဖြင့် လာဘ်ကိုလည်း မရှာမှီးတတ်၊ ဣန္ဒြေတို့၌ ပိတ်ထားသော တံခါးရှိ၏၊ အစာ၌ အတိုင်းအရှည်ကို သိ၏၊ ကိုယ် နှုတ် နှလုံး သုံးပါးလုံးဖြင့် ဖြောင့်မတ်စွာ ကျင့်လေ့ရှိ၏၊ နိုးကြားခြင်းငှါ ဘာဝနာနှင့် အမြဲယှဉ်လျက် နေ၏၊ ပျင်းရိ ထိုင်းမှိုင်းခြင်း မရှိ၊ ပြင်းစွာ အားထုတ်အပ်သော လုံ့လရှိ၏၊ ဈာန်ဝင်စားလေ့ရှိ၏၊ သတိရှိ၏၊ သာယာသောစကားရှိ၏၊ မရောက်သေးသော တရားကို ရောက်စေနိုင်သော ပညာရှိ၏၊ သင်ဖူး ကြားဖူးသော တရားကို ဆောင်စွမ်းနိုင်သော ပညာရှိ၏၊ ချိန်ဆနိုင်သော ပညာရှိ၏၊ ကာမတို့၌ မတပ်မက်၊ သတိနှင့် လည်း ပြည့်စုံ၏၊ ရင့်ကျက်သော ပညာနှင့်လည်း ပြည့်စုံ၏။

မြတ်စွာဘုရား လူတို့၏ သီလအကျင့်၌ ထိုဒေသနာသည် မိမိထက် အလွန်အကဲ မရှိ၊ မြင့်မြတ် ပါ၏။

ဆုံးမနည်း ဒေသနာ

၁၅၄။ မြတ်စွာဘုရား ထို့ပြင် အကြင်ဒေသနာဖြင့် မြတ်စွာဘုရားသည် ဆုံးမနည်းတို့၌ တရားကို ဟောတော်မူ၏၊ ထိုဒေသနာသည် မိမိထက် အလွန်အကဲ မရှိ၊ မြင့်မြတ်ပါ၏။

မြတ်စွာဘုရား ဆုံးမနည်းတို့သည် ဤလေးပါးတို့တည်း။

မြတ်စွာဘုရား မြတ်စွာဘုရားသည် မိမိပညာဖြင့် နှလုံးသွင်းခြင်းကြောင့် တစ်ပါးသော ပုဂ္ဂိုလ်ကို “ဤပုဂ္ဂိုလ်သည် ငါဆုံးမသည့်အတိုင်း ကျင့်သည်ရှိသော် သုံးပါးသော သံယောဇဉ် ‘အနှောင်အဖွဲ့’တို့၏ အကြွင်းမဲ့ကုန်ခြင်းကြောင့် အပါယ်သို့ ကျခြင်းသဘော မရှိသော ကိန်းသေမြဲသော အထက်မဂ်သုံးပါးလျှင် လားရာရှိသော သောတာပန် ဖြစ်လတ္တံ့”ဟု သိ၏။

မြတ်စွာဘုရား မြတ်စွာဘုရားသည် မိမိပညာဖြင့် နှလုံးသွင်းခြင်းကြောင့် တစ်ပါးသော ပုဂ္ဂိုလ်ကို “ဤပုဂ္ဂိုလ်သည် ငါဆုံးမသည့်အတိုင်း ကျင့်သည်ရှိသော် သုံးပါးသော သံယောဇဉ် ‘အနှောင်အဖွဲ့’ တို့၏ အကြွင်းမဲ့ကုန်ခြင်းကြောင့် တပ်မက်ခြင်း ‘ရာဂ’၊ အမျက်ထွက်ခြင်း ‘ဒေါသ’၊ တွေခြေင်း ‘မောဟ’တို့၏လည်း ခေါင်းပါးသောကြောင့် ဤလူ့ပြည်သို့ တစ်ကြိမ်သာလာ၍ ဆင်းရဲ၏ အဆုံးကို ပြုလတ္တံ့သော သကဒါဂါမ် ဖြစ်လတ္တံ့”ဟု သိ၏။

မြတ်စွာဘုရား မြတ်စွာဘုရားသည် မိမိပညာဖြင့် နှလုံးသွင်းခြင်းကြောင့် တစ်ပါးသော ပုဂ္ဂိုလ်ကို “ဤပုဂ္ဂိုလ်သည် ငါဆုံးမသည့်အတိုင်း ကျင့်သည်ရှိသော် အောက်ကာမဘုံ၌ ပဋိသန္ဓေနေခြင်း အဖို့ရှိသည့် ငါးပါးသော သံယောဇဉ် ‘အနှောင်အဖွဲ့’ တို့၏ အကြွင်းမဲ့ ကုန်ခြင်းကြောင့် (ဗြဟ္မာ့ဘုံ၌) ဥပပါတ်ပဋိသန္ဓေ နေ၍ ထိုဘုံ၌သာလျှင် ပရိနိဗ္ဗာန်ပြုလတ္တံ့သော ထိုဘုံမှ ပြန်လည်ခြင်းသဘော မရှိသော အနာဂါမ် ဖြစ် လတ္တံ့”ဟု သိ၏။

မြတ်စွာဘုရား မြတ်စွာဘုရားသည် မိမိပညာဖြင့် နှလုံးသွင်းခြင်းကြောင့် တစ်ပါးသော ပုဂ္ဂိုလ်ကို “ဤပုဂ္ဂိုလ်သည် ငါဆုံးမသည့်အတိုင်း ကျင့်သည်ရှိသော် အာသဝေါတရားတို့၏ ကုန်ခြင်းကြောင့် အာသဝေါ တရားကင်းသော လွတ်မြောက်သည့် (အရဟတ္တဖိုလ်) စိတ်နှင့် လွတ်မြောက်သည့် (အရဟတ္တဖိုလ်) ပညာကို ယခုဘဝ၌ပင် ထူးသောဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက်ပြုလျက် ရောက်၍ ပြည့်စုံစေ၍ နေသော ရဟန္တာ ဖြစ်လတ္တံ့”ဟု သိ၏။

မြတ်စွာဘုရား ဆုံးမနည်းတို့၌ ထိုဒေသနာသည် မိမိထက် အလွန်အကဲ မရှိ၊ မြင့်မြတ်ပါ၏။

တစ်ပါးသူတို့ လွတ်မြောက်သောဉာဏ် ဒေသနာ

၁၅၅။ မြတ်စွာဘုရား ထို့ပြင် မြတ်စွာဘုရားသည် အကြင်ဒေသနာဖြင့် တစ်ပါးသော ပုဂ္ဂိုလ်တို့၏ မဂ်ဖြင့် ကိလေသာတို့မှ လွတ်မြောက်သော ဉာဏ်၌ တရားကို ဟောတော်မူ၏၊ ထိုဒေသနာသည် မိမိထက် အလွန်အကဲ မရှိ၊ မြင့်မြတ်ပါ၏။

မြတ်စွာဘုရား မြတ်စွာဘုရားသည် မိမိပညာဖြင့် နှလုံးသွင်းခြင်းကြောင့် တစ်ပါးသော ပုဂ္ဂိုလ်ကို “ဤပုဂ္ဂိုလ်သည် သုံးပါးသော သံယောဇဉ် ‘အနှောင်အဖွဲ့’ တို့၏ အကြွင်းမဲ့ ကုန်ခြင်းကြောင့် အပါယ်သို့ ကျခြင်းသဘော မရှိသော ကိန်းသေမြဲသော အထက်မဂ်သုံးပါးလျှင် လားရာရှိသော သောတာပန် ဖြစ် လတ္တံ့”ဟု သိ၏။

မြတ်စွာဘုရား မြတ်စွာဘုရားသည် မိမိပညာဖြင့် နှလုံးသွင်းခြင်းကြောင့် တစ်ပါးသော ပုဂ္ဂိုလ်ကို “ဤပုဂ္ဂိုလ်သည် သုံးပါးသော သံယောဇဉ် ‘အနှောင်အဖွဲ့’ တို့၏ အကြွင်းမဲ့ ကုန်ခြင်းကြောင့် တပ်မက်ခြင်း ‘ရာဂ’၊ အမျက်ထွက်ခြင်း ‘ဒေါသ’၊ တွေဝေခြင်း ‘မောဟ’ တို့၏လည်း ခေါင်းပါးခြင်းကြောင့် ဤလူ့ပြည်သို့ တစ်ကြိမ်သာ လာ၍ ဆင်းရဲ၏ အဆုံးကို ပြုလတ္တံ့သော သကဒါဂါမ် ဖြစ်လတ္တံ့”ဟု သိ၏။

မြတ်စွာဘုရား မြတ်စွာဘုရားသည် မိမိပညာဖြင့် နှလုံးသွင်းခြင်းကြောင့် တစ်ပါးသော ပုဂ္ဂိုလ်ကို “ဤပုဂ္ဂိုလ်သည် အောက်ကာမဘုံ၌ ပဋိသန္ဓေနေခြင်း အဖို့ရှိသည့် ငါးပါးသော သံယောဇဉ် ‘အနှောင် အဖွဲ့’တို့၏ အကြွင်းမဲ့ကုန်ခြင်းကြောင့် (ဗြဟ္မာ့ဘုံ၌) ဥပပါတ်ပဋိသန္ဓေနေ၍ ထိုဘုံ၌သာလျှင် ပရိနိဗ္ဗာန် ပြုလတ္တံ့သော ထိုဘုံမှ ပြန်လည်ခြင်းသဘော မရှိသော အနာဂါမ် ဖြစ်လတ္တံ့”ဟု သိ၏။

မြတ်စွာဘုရား မြတ်စွာဘုရားသည် မိမိပညာဖြင့် နှလုံးသွင်းခြင်းကြောင့် တစ်ပါးသော ပုဂ္ဂိုလ်ကို့”ဤပုဂ္ဂိုလ်သည် အာသဝေါတရားတို့၏ ကုန်ခြင်းကြောင့် အာသဝေါကင်းသော လွတ်မြောက်သည့် (အရဟတ္တဖိုလ်) စိတ်နှင့် လွတ်မြောက်သည့် (အရဟတ္တဖိုလ်) ပညာကို ယခုဘဝ၌ပင် ထူးသော ဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက်ပြုလျက် ရောက်၍ နေသော ရဟန္တာ ဖြစ်လတ္တံ့”ဟု သိ၏။

မြတ်စွာဘုရား တစ်ပါးသော ပုဂ္ဂိုလ်တို့၏ ထိုထိုမဂ်ဖြင့် ကိလေသာတို့မှ လွတ်သောဉာဏ်၌ ထို ဒေသနာသည် မိမိထက် အလွန်အကဲမရှိ၊ မြင့်မြတ်ပါ၏။

သဿတဝါဒ ဒေသနာ

၁၅၆။ မြတ်စွာဘုရား ထို့ပြင် မြတ်စွာဘုရားသည် အကြင်ဒေသနာဖြင့် သဿတအယူဝါဒတို့၌ တရားကို ဟော၏၊ ထိုဒေသနာသည် မိမိထက် အလွန်အကဲမရှိ၊ မြင့်မြတ်ပါ၏။

မြတ်စွာဘုရား သဿတအယူဝါဒတို့သည် ဤသုံးမျိုးတို့တည်း —

မြတ်စွာဘုရား ဤလူ့ပြည်၌ အချို့သောသမဏသည်လည်းကောင်း ဗြာဟ္မဏသည်လည်းကောင်း ပြင်းစွာ အားထုတ်ခြင်းကို စွဲ၍။ပ။ ထိုသို့သဘောရှိသော စတုတ္ထဈာန်သမာဓိကို ရ၏။ ယင်းသို့ (စတုတ္ထ ဈာန်သမာဓိဖြင့်) စိတ်သည် တည်ကြည်လတ်သော် များပြားသော ရှေး၌နေဖူးသော ဘဝကို အောက်မေ့ နိုင်၏၊ ဤသည်တို့ကား အဘယ်နည်း —

တစ်ဘဝကိုလည်းကောင်း နှစ်ဘဝတို့ကိုလည်းကောင်း သုံးဘဝတို့ကိုလည်းကောင်း လေးဘဝတို့ကို လည်းကောင်း ငါးဘဝတို့ကိုလည်းကောင်း ဆယ်ဘဝတို့ကိုလည်းကောင်း ဘဝနှစ်ဆယ်တို့ကိုလည်းကောင်း ဘဝသုံးဆယ်တို့ကိုလည်းကောင်း ဘဝလေးဆယ်တို့ကိုလည်းကောင်း ဘဝငါးဆယ်တို့ကိုလည်းကောင်း ဘဝတစ်ရာကိုလည်းကောင်း ဘဝတစ်ထောင်ကိုလည်းကောင်း ဘဝတစ်သိန်းကိုလည်းကောင်း ဘဝရာပေါင်း များစွာတို့ကိုလည်းကောင်း ဘဝထောင်ပေါင်းများစွာတို့ကိုလည်းကောင်း ဘဝသိန်းပေါင်းများစွာတို့ကို လည်းကောင်း “ထို (ဘဝ) ၌ (ငါသည်) ဤသို့သော အမည်ရှိခဲ့၏၊ ဤသို့သော အနွယ်ရှိခဲ့၏၊ ဤသို့သော အဆင်းရှိခဲ့၏၊ ဤသို့သော အစာရှိခဲ့၏၊ ဤသို့သော ချမ်းသာဆင်းရဲကို ခံစားခဲ့၏၊ ဤသို့သော အသက် အပိုင်းအခြားရှိခဲ့၏။ ထိုငါသည် ထိုဘဝမှ သေခဲ့၍ ဤဘဝ၌ ဖြစ်ပြန်၏၊ ထိုဘဝ၌လည်း ဤသို့သော အမည်ရှိခဲ့၏၊ ဤသို့သော အနွယ်ရှိခဲ့၏၊ ဤသို့သော အဆင်းရှိခဲ့၏၊ ဤသို့သော အစာရှိခဲ့၏၊ ဤသို့သော ချမ်းသာဆင်းရဲကို ခံစားခဲ့၏၊ ဤသို့သော အသက်အပိုင်းအခြား ရှိခဲ့၏။ ထိုငါသည် ထိုဘဝမှ သေခဲ့၍ ဤဘဝ၌ ဖြစ်ပြန်၏”ဟု အခြင်းအရာနှင့်တကွ ညွှန်းပြဖွယ် အမည်အနွယ်နှင့်တကွ များပြားသော ရှေး၌ နေဖူးသော ဘဝကို အောက်မေ့နိုင်၏။

ထိုသူသည် ဤသို့ ဆို၏ —

“လောကသည် ပျက်လည်း ပျက်ခဲ့၏၊ ဖြစ်လည်း ဖြစ်ခဲ့၏ဟု အတိတ်ကာလကိုလည်း ငါသိ၏၊ လောကသည် ပျက်လည်း ပျက်လတ္တံ့၊ ဖြစ်လည်း ဖြစ်လတ္တံ့ဟု အနာဂတ်ကာလကိုလည်း ငါသိ၏။ အတ္တ သည်လည်းကောင်း လောကသည်လည်းကောင်း မြဲ၏၊ မြုံ၏၊ တောင်ထွတ်ကဲ့သို့ တည်၏၊ ခိုင်မြဲသော တံခါးတိုင်ကဲ့သို့ တည်၏၊ ထိုသတ္တဝါတို့သည်သာလျှင် တစ်ဘဝမှ တစ်ဘဝသို့ ပြေးသွားကုန်၏၊ ကျင် လည်ကုန်၏၊ သေကုန်၏၊ ဖြစ်ပေါ်ကုန်၏၊ (အတ္တနှင့် လောကသည်) မြဲသော အရာတို့နှင့် တူစွာ အမြဲ ရှိနေသည်သာတည်း”ဟု (ဆို၏)။ ဤကား ရှေးဦးစွာသော သဿတဝါဒတည်း။

မြတ်စွာဘုရား တစ်ဖန် ထို့ပြင်လည်း ဤလူ့ပြည်၌ အချို့သော သမဏသည်လည်းကောင်း ဗြာဟ္မဏသည်လည်းကောင်း ပြင်းစွာ အားထုတ်ခြင်းကို စွဲ၍။ပ။ ထိုသို့သဘောရှိသော စိတ်တည်ကြည် ခြင်း (စတုတ္ထဈာန်) သမာဓိကို ရ၏။ ယင်းသို့ (စတုတ္ထဈာန်) သမာဓိဖြင့် စိတ်သည် တည်ကြည်လတ်သော် များပြားသော ရှေး၌နေဖူးသော ဘဝကို အောက်မေ့နိုင်၏၊ ဤသည်တို့ကား အဘယ်နည်း —

တစ်ခုသော ပျက်ကပ် ဖြစ်ကပ်ကိုလည်းကောင်း နှစ်ခုသော ပျက်ကပ် ဖြစ်ကပ်တို့ကိုလည်းကောင်း သုံးခုသော ပျက်ကပ်ဖြစ်ကပ်တို့ကိုလည်းကောင်း လေးခုသော ပျက်ကပ် ဖြစ်ကပ်တို့ကိုလည်းကောင်း ငါးခုသော ပျက်ကပ် ဖြစ်ကပ်တို့ကိုလည်းကောင်း ဆယ်ခုသော ပျက်ကပ် ဖြစ်ကပ်တို့ကိုလည်းကောင်း “ထို (ဘဝ)၌ (ငါသည်) ဤသို့သော အမည်ရှိခဲ့၏၊ ဤသို့သော အနွယ်ရှိခဲ့၏၊ ဤသို့သော အဆင်းရှိခဲ့၏၊ ဤသို့သော အစာရှိခဲ့၏၊ ဤသို့သော ချမ်းသာဆင်းရဲကို ခံစားခဲ့၏၊ ဤသို့သော အသက်အပိုင်းအခြား ရှိခဲ့၏။ ထိုငါသည် ထိုဘဝမှ သေခဲ့၍ ဤဘဝ၌ ဖြစ်ပြန်၏၊ ထိုဘဝ၌လည်း ဤသို့သော အမည်ရှိခဲ့၏၊ ဤသို့သော အနွယ်ရှိခဲ့၏၊ ဤသို့သော အဆင်းရှိခဲ့၏၊ ဤသို့သော အစာရှိခဲ့၏၊ ဤသို့သော ချမ်းသာ ဆင်းရဲကို ခံစားခဲ့၏၊ ဤသို့သော အသက်အပိုင်းအခြား ရှိခဲ့၏။ ထိုငါသည် ထိုဘဝမှ သေခဲ့၍ ဤဘဝ၌ ဖြစ်ပြန်၏”ဟု အခြင်းအရာနှင့်တကွ ညွှန်းပြဖွယ် အမည်အနွယ်နှင့်တကွ များပြားသော ရှေး၌နေဖူးသော ဘဝကို အောက်မေ့နိုင်၏။

ထိုသူသည် ဤသို့ ဆို၏ —

“လောကသည် ပျက်လည်း ပျက်ခဲ့၏၊ ဖြစ်လည်း ဖြစ်ခဲ့၏ဟု အတိတ်ကာလကိုလည်း ငါသိ၏၊ လောကသည် ပျက်လည်း ပျက်လတ္တံ့၊ ဖြစ်လည်း ဖြစ်လတ္တံ့ဟု အနာဂတ်ကာလကိုလည်း ငါသိ၏။ အတ္တသည်လည်းကောင်း လောကသည်လည်းကောင်း မြဲ၏၊ မြုံ၏၊ တောင်ထွတ်ကဲ့သို့ တည်၏၊ ခိုင်မြဲသော တံခါးတိုင်ကဲ့သို့ တည်၏၊ ထိုသတ္တဝါတို့သည်ပင်လျှင် တစ်ဘဝမှ တစ်ဘဝသို့ ပြေးသွားကုန်၏၊ ကျင်လည်ကုန်၏၊ သေကုန်၏၊ ဖြစ်ပေါ်ကုန်၏၊ (အတ္တနှင့်လောကသည်) မြဲသော အရာတို့နှင့်တူစွာ အမြဲရှိ နေသည်သာတည်း”ဟု (ဆို၏)။ မြတ်စွာဘုရား ဤကား နှစ်ခုမြောက်သော သဿတဝါဒတည်း။

မြတ်စွာဘုရား တစ်ဖန် ထို့ပြင်လည်း ဤလူ့ပြည်၌ အချို့သော သမဏသည်လည်းကောင်း ဗြာဟ္မဏသည်လည်းကောင်း ပြင်းစွာအားထုတ်ခြင်းကို စွဲ၍။ပ။ ထိုသို့သဘောရှိသော စိတ်၏ တည်ကြည် ခြင်း (စတုတ္ထဈာန်) သမာဓိကို ရ၏။ ယင်းသို့ (စတုတ္ထဈာန်သမာဓိဖြင့်) စိတ်သည် တည်ကြည်လတ်သော် များပြားသော ရှေး၌နေဖူးသော ဘဝကို အောက်မေ့နိုင်၏၊ ဤသည်တို့ကား အဘယ်နည်း —

ဆယ်ခုသော ပျက်ကပ် ဖြစ်ကပ်တို့ကိုလည်းကောင်း နှစ်ဆယ်သော ပျက်ကပ် ဖြစ်ကပ်တို့ကိုလည်း ကောင်း သုံးဆယ်သော ပျက်ကပ် ဖြစ်ကပ်တို့ကိုလည်းကောင်း လေးဆယ်သော ပျက်ကပ် ဖြစ်ကပ်တို့ကို လည်းကောင်း “ထိုဘဝ၌ (ငါသည်) ဤသို့သော အမည်ရှိခဲ့၏၊ ဤသို့သော အနွယ်ရှိခဲ့၏၊ ဤသို့သော အဆင်းရှိခဲ့၏၊ ဤသိုသော အစာရှိခဲ့၏၊ ဤသို့သော ချမ်းသာဆင်းရဲကို ခံစားခဲ့၏၊ ဤသို့သော အသက် အပိုင်းအခြားရှိခဲ့၏။ ထိုငါသည် ထိုဘဝမှ သေခဲ့၍ ဤဘဝ၌ ဖြစ်ပြန်၏၊ ထိုဘဝ၌လည်း ဤသို့သော အမည်ရှိခဲ့၏၊ ဤသို့သော အနွယ်ရှိခဲ့၏၊ ဤသို့သော အဆင်းရှိခဲ့၏၊ ဤသို့သော အစာရှိခဲ့၏၊ ဤသို့သော ချမ်းသာဆင်းရဲကို ခံစားခဲ့၏၊ ဤသို့သော အသက်အပိုင်းအခြား ရှိခဲ့၏။ ထိုငါသည် ထိုဘဝမှ သေခဲ့၍ ဤဘဝ၌ ဖြစ်ပြန်၏”ဟု အခြင်းအရာနှင့် တကွ ညွှန်းပြဖွယ် အမည်အနွယ်နှင့်တကွ များပြားသော ရှေး၌နေဖူးသော ဘဝကို အောက်မေ့နိုင်၏။

ထိုသူသည် ဤသို့ ဆို၏ —

“လောကသည် ပျက်လည်း ပျက်ခဲ့၏၊ ဖြစ်လည်း ဖြစ်ခဲ့၏ဟု အတိတ်ကာလကိုလည်း ငါသိ၏၊ လောကသည် ပျက်လည်း ပျက်လတ္တံ့၊ ဖြစ်လည်း ဖြစ်လတ္တံ့ဟု အနာဂတ်ကာလကိုလည်း ငါသိ၏။ အတ္တ သည်လည်းကောင်း လောကသည်လည်းကောင်း မြဲ၏၊ မြုံ၏၊ တောင်ထွတ်ကဲ့သို့ တည်၏၊ ခိုင်မြဲသော တံခါးတိုင်ကဲ့သို့ တည်၏၊ ထိုသတ္တဝါတို့သည်သာလျှင် တစ်ဘဝမှ တစ်ဘဝသို့ ပြေးသွားကုန်၏၊ ကျင် လည်ကုန်၏၊ သေကုန်၏၊ ဖြစ်ပေါ်ကုန်၏၊ (အတ္တနှင့်လောကသည်) မြဲသော အရာတို့နှင့်တူစွာ အမြဲရှိနေ သည်သာတည်း”ဟု (ဆို၏)။ မြတ်စွာဘုရား ဤကား သုံးခုမြောက်သော သဿတဝါဒတည်း။

မြတ်စွာဘုရား သဿတဝါဒတို့၌ မြတ်စွာဘုရားဟောကြားသော ထိုဒေသနာသည် မိမိထက် အလွန့်အကဲ မရှိ၊ မြင့်မြတ်ပါ၏။

ပုဗ္ဗေနိဝါသာနုဿတိဉာဏ် ဒေသနာ

၁၅၇။ မြတ်စွာဘုရား ထို့ပြင် မြတ်စွာဘုရားသည် ရှေး၌ ဖြစ်ဖူးသော ဘဝကို အောက်မေ့နိုင်သော ‘ပုဗ္ဗေနိဝါသာနုဿတိ’ဉာဏ်၌ အကြင်ဒေသနာဖြင့် တရားကို ဟော၏၊ ဤဒေသနာသည် မိမိထက် အလွန်အကဲ မရှိ၊ မြင့်မြတ်ပါ၏။

မြတ်စွာဘုရား ဤလောက၌ အချို့သော သမဏသည်လည်းကောင်း ဗြာဟ္မဏသည်လည်းကောင်း ပြင်းစွာ အားထုတ်ခြင်းကို စွဲ၍။ပ။ ထိုသို့သဘောရှိသော စိတ်၏ တည်ကြည်ခြင်း (စတုတ္ထဈာန်) သမာဓိ ကို ရ၏။ ယင်းသို့ (စတုတ္ထဈာန်သမာဓိဖြင့်) စိတ်သည် တည်ကြည်လတ်သော် များပြားသော ရှေး၌ နေဖူးသော ဘဝကို အောက်မေ့နိုင်၏၊ ဤသည်တို့ကား အဘယ်နည်း —

တစ်ဘဝကိုလည်းကောင်း နှစ်ဘဝတို့ကိုလည်းကောင်း သုံးဘဝတို့ကိုလည်းကောင်း လေးဘဝတို့ ကိုလည်းကောင်း ငါးဘဝတို့ကိုလည်းကောင်း ဆယ်ဘဝတို့ကိုလည်းကောင်း ဘဝနှစ်ဆယ်တို့ကိုလည်း ကောင်း ဘဝသုံးဆယ်တို့ကိုလည်းကောင်း ဘဝလေးဆယ်တို့ကိုလည်းကောင်း ဘဝငါးဆယ်တို့ကိုလည်း ကောင်း ဘဝတစ်ရာကိုလည်းကောင်း ဘဝတစ်ထောင်ကိုလည်းကောင်း ဘဝတစ်သိန်းကိုလည်းကောင်း များစွာသော ပျက်ကပ်တို့ကိုလည်းကောင်း များစွာသော ဖြစ်ကပ်တို့ကိုလည်းကောင်း များစွာသော ပျက် ကပ်ဖြစ်ကပ်တို့ကိုလည်းကောင်း “ထို (ဘဝ)၌ (ငါသည်) ဤသို့သော အမည်ရှိခဲ့၏၊ ဤသို့သော အနွယ် ရှိခဲ့၏၊ ဤသို့သော အဆင်းရှိခဲ့၏၊ ဤသို့သော အစာရှိခဲ့၏၊ ဤသို့သော ချမ်းသာဆင်းရဲကို ခံစားခဲ့၏၊ ဤသို့သော အသက်အပိုင်းအခြားရှိခဲ့၏။ ထိုငါသည် ထိုဘဝမှ သေခဲ့၍ ဤဘဝ၌ ဖြစ်ပြန်၏၊ ထိုဘဝ၌ လည်း ဤသို့သော အမည်ရှိခဲ့၏၊ ဤသို့သော အနွယ်ရှိခဲ့၏၊ ဤသို့သော အဆင်းရှိခဲ့၏၊ ဤသို့သော အစာရှိခဲ့၏၊ ဤသို့သော ချမ်းသာဆင်းရဲကို ခံစားခဲ့၏၊ ဤသို့သော အသက်အပိုင်း အခြားရှိခဲ့၏။ ထိုငါ သည် ထိုဘဝမှ သေခဲ့၍ ဤဘဝ၌ ဖြစ်ပြန်၏”ဟု ဤသို့ အခြင်းအရာနှင့်တကွ ညွှန်းပြဖွယ် အမည် အနွယ်နှင့်တကွ များပြားသော ရှေး၌နေဖူးသော ဘဝကို အောက်မေ့နိုင်၏။

မြတ်စွာဘုရား အသက်ကို ဂဏန်းချ၍ ရေတွက်ခြင်းအားဖြင့်လည်းကောင်း စိတ်ဖြင့် ရေတွက်ခြင်း အားဖြင့်လည်းကောင်း အကြင်ဗြဟ္မာတို့၏ အသက်ကို ရေတွက်ခြင်းငှါ မစွမ်းနိုင်ကုန်၊ ထိုဗြဟ္မာတို့သည် ရှိပါကုန်၏။ စင်စစ်သော်ကား ရုပ်ရှိသောဘဝ (အတ္တဘော) ၌ဖြစ်စေ၊ နာမ်ရှိသောဘဝ (အတ္တဘော) ၌ဖြစ် စေ၊ သညာရှိသော ဘဝ (အတ္တဘော) ၌ဖြစ်စေ၊ သညာမရှိသောဘဝ (အတ္တဘော) ၌ဖြစ်စေ၊ ထင်ရှားသော သညာကားမရှိ သိမ်မွေ့သော သညာမရှိသည် မဟုတ်သော ဘဝ (အတ္တဘော) ၌ဖြစ်စေ အကြင် အကြင် (ဘဝ) အတ္တဘော၌ အကယ်၍ နေခဲ့ဖူးသည် ဖြစ်အံ့၊ (ဤသို့ဖြစ်သော်) ထိုထိုဘဝ (အတ္တဘော) ၌ ဤသို့ ဤသို့သော အမည်ရှိခဲ့၏ စသည်ဖြင့် အခြင်းအရာနှင့်တကွ ညွှန်းပြဖွယ် အမည်အနွယ်နှင့်တကွ များပြားသော ရှေး၌နေဖူးသော ဘဝကို အောက်မေ့နိုင်၏။

မြတ်စွာဘုရား ရှေး၌ဖြစ်ဖူးသော ဘဝကိုအောက်မေ့နိုင်သော ‘ပုဗ္ဗေနိဝါသာနုဿတိ’ ဉာဏ်၌ မြတ်စွာ ဘုရား ဟောကြားခဲ့သော ထိုဒေသနာသည် မိမိထက် အလွန်အကဲမရှိ၊ မြင့်မြတ်ပါ၏။

စုတူပပါတဉာဏ် ဒေသနာ

၁၅၈။ မြတ်စွာဘုရား ထို့ပြင် သတ္တဝါတို့၏ သေခြင်း ဖြစ်ပေါ်ခြင်းကို သိသော ‘စုတူပပါတ’ ဉာဏ်၌ မြတ်စွာဘုရားသည် အကြင်ဒေသနာဖြင့် တရားကို ဟော၏၊ ဤဒေသနာသည် မိမိထက် အလွန်အကဲမရှိ၊ မြင့်မြတ်ပါ၏။

မြတ်စွာဘုရား ဤလောက၌ အချို့သော သမဏသည်လည်းကောင်း ဗြာဟ္မဏသည်လည်းကောင်း့ပြင်းစွာ အားထုတ်ခြင်းကို စွဲ၍။ပ။ ထိုစုတူပပါတဉာဏ်အား လျောက်ပတ်သော (စတုတ္ထဈာန်) သမာဓိကို ရ၏၊ ယင်းသို့ (စတုတ္ထဈာန်သမာဓိဖြင့်) စိတ်သည် တည်ကြည်လတ်သော် (တည်မြဲသောအယူ ပြတ်စဲသော အယူတို့မှ) စင်ကြယ်သော လူတို့၏ မျက်စိထက် သာလွန်သော နတ်တို့၏ မျက်စိနှင့် တူသော ‘ဒိဗ္ဗစက္ခု’ ဉာဏ်ဖြင့် သေဆဲသတ္တဝါ ဖြစ်ပေါ်ဆဲသတ္တဝါတို့ကို မြင်၏၊ ယုတ်ကုန်သော မြတ်ကုန်သော အဆင်းလှကုန်သော အဆင်းမလှကုန်သော ကောင်းသော လားရာရှိကုန်သော မကောင်းသော လားရာ ရှိကုန်သော ကံအားလျော်စွာ ဖြစ်ပေါ်ကုန်သော သတ္တဝါတို့ကို သိ၏၊ “အသျှင်တို့ ဤသတ္တဝါတို့သည် ကိုယ်ဖြင့်ပြုသော မကောင်းသော အကျင့် ‘ကာယဒုစရိုက်’ နှင့် ပြည့်စုံကုန်၏၊ နှုတ်ဖြင့် ပြုသော မကောင်းသော အကျင့် ‘ဝစီဒုစရိုက်’နှင့် ပြည့်စုံကုန်၏၊ စိတ်ဖြင့် ပြုသော မကောင်းသော အကျင့် ‘မနောဒုစရိုက်’ နှင့် ပြည့်စုံကုန်၏။ အရိယာတို့ကို စွပ်စွဲကုန်၏၊ မှားသော အယူရှိကုန်၏၊ မှားသော အယူဖြင့် ပြုသော ကံရှိကုန်၏။ ထိုသတ္တဝါတို့သည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသော လားရာ ပျက်စီးလျက်ကျရောက်ရာ ငရဲ၌ ဖြစ်ပေါ်ကုန်၏။ အသျှင်တို့ ဤသတ္တဝါတို့သည် ကား ကိုယ်ဖြင့် ပြုသော ကောင်းသော အကျင့် ‘ကာယသုစရိုက်’ နှင့် ပြည့်စုံကုန်၏၊ နှုတ်ဖြင့် ပြုသော ကောင်းသော အကျင့် ‘ဝစီသုစရိုက်’နှင့် ပြည့်စုံကုန်၏၊ စိတ်ဖြင့် ပြုသော ကောင်းသော အကျင့် ‘မနော သုစရိုက်’နှင့် ပြည့်စုံကုန်၏၊ အရိယာတို့ကို မစွပ်စွဲကုန်၊ မှန်သော အယူရှိကုန်၏၊ မှန်သော အယူဖြင့် ပြုသောကံရှိကုန်၏။ ထိုသတ္တဝါတို့သည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော လားရာ နတ်ပြည်၌ ဖြစ်ပေါ်ကုန်၏”ဟု သိ၏။

ဤနည်းဖြင့် (တည်မြဲသောအယူ ပြတ်စဲသောအယူတို့မှ) စင်ကြယ်သော လူတို့၏ မျက်စိထက် သာလွန်သော နတ်တို့၏ မျက်စိနှင့်တူသော ‘ဒိဗ္ဗစက္ခု’ ဉာဏ်ဖြင့် သေဆဲသတ္တဝါ ဖြစ်ပေါ်ဆဲသတ္တဝါတို့ကို မြင်၏၊ ယုတ်ကုန်သော မြတ်ကုန်သော အဆင်းလှကုန်သော အဆင်းမလှကုန်သော ကောင်းသောလားရာ ရှိကုန်သော မကောင်းသော လားရာ ရှိကုန်သော ကံအားလျော်စွာ ဖြစ်ပေါ်ကုန်သော သတ္တဝါတို့ကို သိ၏။

မြတ်စွာဘုရား သတ္တဝါတို့၏ သေခြင်း ဖြစ်ပေါ်ခြင်းကို သိသော ‘စုတူပပါတ’ဉာဏ်၌ မြတ်စွာဘုရား ဟောကြားတော်မူသော ထိုဒေသနာသည် မိမိထက် အလွန်အကဲမရှိ၊ မြင့်မြတ်ပါ၏။

ဣဒ္ဓိဝိဓ ဒေသနာ

၁၅၉။ မြတ်စွာဘုရား ထို့ပြင် တန်ခိုးအစီအရင်တို့၌ မြတ်စွာဘုရားသည် အကြင်ဒေသနာဖြင့် တရားကို ဟော၏၊ ထိုဒေသနာသည် မိမိထက် အလွန်အကဲ မရှိ၊ မြင့်မြတ်ပါ၏။ မြတ်စွာဘုရား တန်ခိုး အစီအရင်တို့သည် ဤနှစ်ပါးတို့ပါတည်း။

မြတ်စွာဘုရား အပြစ်နှင့် တကွဖြစ်သော ဘေးရန်နှင့် တကွဖြစ်သော မြတ်၏ဟု မဆိုအပ်သော တန်ခိုးသည် ရှိ၏။

မြတ်စွာဘုရား အပြစ်နှင့် တကွမဖြစ်သော ဘေးရန်နှင့် တကွမဖြစ်သော မြတ်၏ဟု ဆိုအပ်သော တန်ခိုးသည် ရှိ၏။

မြတ်စွာဘုရား အပြစ်နှင့် တကွဖြစ်သော ဘေးရန်နှင့် တကွဖြစ်သော မြတ်၏ဟု မဆိုအပ်သော တန်ခိုးသည် အဘယ်ပါနည်း။

မြတ်စွာဘုရား ဤလူ့ပြည်၌ အချို့သော သမဏသည်လည်းကောင်း ဗြာဟ္မဏသည်လည်းကောင်း ပြင်းစွာ အားထုတ်ခြင်းကို စွဲ၍။ပ။ ထိုသို့သဘောရှိသော (စတုတ္ထဈာန်) သမာဓိကို ရ၏၊ ယင်း (စတုတ္ထ ဈာန် သမာဓိဖြင့်) စိတ်သည် တည်ကြည်လတ်သော် များပြားသော တန်ခိုးအစီအရင်ကို ခံစား၏။

တစ်ယောက်တည်းဖြစ်လျက်လည်း အများဖြစ်သွား၏၊ အများဖြစ်လျက်လည်း တစ်ယောက်တည်း ဖြစ်လာ၏၊ ကိုယ်ထင်ရှား ဖြစ်စေ၏၊ ကိုယ်ပျောက်စေ၏၊ နံရံတစ်ဖက် တံတိုင်းတစ်ဖက် တောင်တစ်ဖက့်ကို မထိမငြိဘဲ ကောင်းကင်၌ကဲ့သို့ သွား၏၊ မြေ၌လည်း ငုပ်ခြင်း ပေါ်ခြင်းကို ရေ၌ကဲ့သို့ ပြု၏။ ရေ၌ လည်း မကွဲစေဘဲ မြေ၌ကဲ့သို့ သွား၏၊ ကောင်းကင်၌လည်း ထက်ဝယ်ဖွဲ့ခွေလျက် အတောင်ရှိသော ငှက် ကဲ့သို့ သွား၏။ ဤသို့ တန်ခိုးအာနုဘော်ကြီးကုန်သော ဤလနေတို့ကိုလည်း လက်ဖြင့် သုံးသပ်၏၊ ဆုပ် ကိုင်၏။ ဗြဟ္မာ့ပြည်တိုင်အောင်လည်း ကိုယ်ကို (မိမိ) အလိုအတိုင်း ဖြစ်စေ၏။ မြတ်စွာဘုရား ဤကား အပြစ်နှင့် တကွဖြစ်သော ဘေးရန်နှင့် တကွဖြစ်သော မြတ်၏ဟု မဆိုအပ်သော တန်ခိုးပါတည်း။

မြတ်စွာဘုရား အပြစ်မရှိသော ဘေးရန်မရှိသော မြတ်၏ဟု ဆိုအပ်သော တန်ခိုးကား အဘယ်ပါနည်း။

မြတ်စွာဘုရား ဤလောက၌ ရဟန်းသည် “စက်ဆုပ်ဖွယ် အာရုံ၌ မစက်ဆုပ်ဖွယ်ဟု အမှတ်ရှိသည် ဖြစ်၍ နေအံ့”၁ဟု အကယ်၍ အလိုရှိသည် ဖြစ်အံ့၊ ထိုစက်ဆုပ်ဖွယ်အာရုံ၌ မစက်ဆုပ်ဖွယ်ဟု အမှတ်ရှိသည်ဖြစ်၍ နေ၏။

“မစက်ဆုပ်ဖွယ်အာရုံ၌ စက်ဆုပ်ဖွယ်ဟု အမှတ်ရှိသည်ဖြစ်၍ နေအံ့”၂ဟု အကယ်၍ အလိုရှိသည် ဖြစ်အံ့။ ထိုမစက်ဆုပ်ဖွယ်အာရုံ၌ စက်ဆုပ်ဖွယ်ဟု အမှတ်ရှိသည်ဖြစ်၍ နေ၏။

“စက်ဆုပ်ဖွယ် အာရုံ၌လည်းကောင်း၊ မစက်ဆုပ်ဖွယ် အာရုံ၌လည်းကောင်း စက်ဆုပ်ဖွယ်မဟုတ်ဟု အမှတ်ရှိသည်ဖြစ်၍ နေအံ့”ဟု အကယ်၍ အလိုရှိသည် ဖြစ်အံ့၊ ထိုစက်ဆုပ်ဖွယ်အာရုံ မစက်ဆုပ်ဖွယ်အာရုံ၌ မစက်ဆုပ်ဖွယ်ဟု အမှတ်ရှိသည်ဖြစ်၍ နေ၏။

“စက်ဆုပ်ဖွယ်အာရုံ၌လည်းကောင်း၊ မစက်ဆုပ်ဖွယ်အာရုံ၌လည်းကောင်း စက်ဆုပ်ဖွယ်ဟု အမှတ်ရှိ သည်ဖြစ်၍ နေအံ့”ဟု အကယ်၍ အလိုရှိသည် ဖြစ်အံ့၊ ထိ်ုစက်ဆုပ်ဖွယ်အာရုံ မစက်ဆုပ်ဖွယ်အာရုံ၌ စက် ဆုပ်ဖွယ်ဟု အမှတ်ရှိသည်ဖြစ်၍ နေ၏။

“စက်ဆုပ်ဖွယ်အာရုံ မစက်ဆုပ်ဖွယ်အာရုံ ထိုနှစ်ပါးစုံကို ကြဉ်၍ အမျှရှုလျက် သတိရှိလျက် ဆင်ခြင် လျက် နေအံ့”၃ဟု အကယ်၍ အလိုရှိသည် ဖြစ်အံ့၊ ထိုနှစ်ပါးစုံသော အာရုံ၌ အမျှရှုလျက် သတိရှိလျက် ဆင်ခြင်လျက် နေ၏။

မြတ်စွာဘုရား ဤကား အပြစ်မရှိသော ဘေးရန်မရှိသော မြတ်၏ဟု ဆိုအပ်သော တန်ခိုးပါတည်း။

မြတ်စွာဘုရား တန်ခိုးအစီအရင် ‘ဣဒ္ဓိဝိဓ’ တို့၌ မြတ်စွာဘုရား ဟောကြားတော်မူသော ထိုဒေသနာ သည် မိမိထက် အလွန်အကဲမရှိ၊ မြင့်မြတ်ပါ၏၊ မြတ်စွာဘုရားသည် ထိုဒေသနာကို အကြွင်းမဲ့ ပိုင်းခြား၍ သိတော်မူ၏၊ ထိုဒေသနာကို ပိုင်းခြား၍ သိတော်မူသော မြတ်စွာဘုရားအား ထို့ထက် ပိုလွန်၍ သိဖွယ် သည် မရှိပါ။

တန်ခိုးအစီအရင် ‘ဣဒ္ဓိဝိဓဉာဏ်’တို့၌ (အသျှင်ဘုရားတို့ မသိအပ်သော တရားကို) သိသော မြတ်စွာဘုရားထက် လွန်ကဲသော အသိဉာဏ်ရှိသော တစ်ပါးသော သမဏသည်လည်းကောင်း ဗြာဟ္မဏ သည်လည်းကောင်း မရှိပါ။

၁။ စက်ဆုပ်ဖွယ် သတ္တဝါတို့၌ မေတ္တာပွါး၍ စက်ဆုပ်ဖွယ် သင်္ခါရဝတ္ထု၌ ဓာတု (ဓာတ်မျှ)ဟု နှလုံးသွင်း၍ နေ၏ဟု အဋ္ဌကထာ၌ ဆိုသည်။

၂။ မစက်ဆုပ် (နှစ်သက်) ဖွယ် သတ္တဝါ၌လည်းကောင်း သင်္ခါရဝတ္ထု၌လည်းကောင်း အသုဘဘာဝနာဖြင့် ပွါး၍လည်းကောင်း အနိစ္စဟုဆင်ခြင်၍လည်းကောင်း နေ၏ဟု အဋ္ဌကထာ၌ ဆိုသည်။

၃။ စက်ဆုပ်ဖွယ်အာရုံ၌ အမျက်မထွက်မူ၍ မစက်ဆုပ် (နှစ်သက်) ဖွယ်အာရုံတို့၌ မတပ်မက်မူ၍ သတိရှိလျက် ဆင်ခြင်လျက် အမျှရှုလျက် နေ၏ဟု အဋ္ဌကထာ၌ ဆိုသည်။့

ဘုရားသျှင်၏ အခြားသောဂုဏ်ကို ပြခြင်း

၁၆ဝ။ မြတ်စွာဘုရား မလျှော့သော လုံ့လရှိသော၊ ခိုင်မြဲသော လုံ့လရှိသော၊ ဘုရားလောင်းတို့၏ အားထုတ်ခြင်းရှိသော၊ ဘုရားလောင်းတို့၏ ဆောင်အပ်သော ဝန်ကို ဆောင်စွမ်းနိုင်သော၊ သဒ္ဓါတရား ရှိသော ဘုရားလောင်းတို့ ရောက်အပ်သော လောကုတ္တရာတရားသည် ရှိပါ၏၊ မြတ်စွာဘုရားသည် ထို လောကုတ္တရာတရားသို့ အစဉ်ရောက်တော်မူအပ်ပါပြီ။

မြတ်စွာဘုရား မြတ်စွာဘုရားသည် ယုတ်သော၊ ရွာသူတို့ အကျင့်ဖြစ်သော၊ ပုထုဇဉ်တို့ မှီဝဲသော၊ အပြစ်မကင်းသော၊ အကျိုးစီးပွါးနှင့် မစပ်သော၊ ဝတ္ထုကာမတို့၌ ကာမဂုဏ်ချမ်းသာကို ကပ်ငြိလျက် အားထုတ်ပြုကျင့်မှုကို ပြုကျင့်တော်မမူပါ။

ဆင်းရဲခြင်းရှိသော အပြစ်မကင်းသော အကျိုးစီးပွားနှင့်မစပ်သော မိမိကိုယ်ကို ပင်ပန်းဆင်းရဲအောင် အားထုတ်ပြုကျင့်မှုကို အားထုတ်ပြုကျင့်တော်မမူပါ။

မြတ်စွာဘုရားသည် ကာမာဝစရစိတ်ကို လွန်၍ တည်ကုန်သော မျက်မှောက်ဘဝ၌ ချမ်းသာစွာ နေခြင်းရှိကုန်သော လေးပါးသော ရူပါဝစရဈာန်တရားတို့ကို အလိုရှိသည့်အတိုင်း ရတော်မူ၏၊ ခက်ခဲခြင်း မရှိ ရတော်မူ၏၊ ပင်ပန်းခြင်းမရှိ ရတော်မူ၏။

အနုယောဂ ဒါန အပြား

၁၆၁။ မြတ်စွာဘုရား အကျွန်ုပ်ကို အကယ်၍ ဤသို့မေးငြားအံ့ —

“ငါ့သျှင်သာရိပုတြာ အသို့နည်း၊ သစ္စာလေးပါးတရားကို သိရာ အလုံးစုံသောတရားကို သိရာ (အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတဉာဏ်) ၌ မြတ်စွာဘုရားထက် လွန်ကဲသော အသိဉာဏ်ရှိကုန်သော တစ်ပါးသော သမဏတို့သည်လည်းကောင်း ဗြာဟ္မဏတို့သည်လည်းကောင်း လွန်လေပြီးသောအခါက ရှိဖူးကုန်သ လော”ဟု (အကယ်၍ မေးငြားအံ့)၊ ဤသို့ မေးသည်ရှိသော် အသျှင်ဘုရား “မရှိဖူးပါ”ဟု အကျွန်ုပ် ဖြေ ပါအံ့။

ငါ့သျှင်သာရိပုတြာ အသို့နည်း၊ သစ္စာလေးပါးတရားကို သိရာ အလုံးစုံသောတရားကို သိရာ (အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတဉာဏ်) ၌ မြတ်စွာဘုရားထက် လွန်ကဲသော အသိဉာဏ်ရှိကုန်သော တစ်ပါးသော သမဏတို့သည်လည်းကောင်း ဗြာဟ္မဏတို့သည်လည်းကောင်း နောင်အခါရှိကုန် လတ္တံ့လောဟု (အကယ်၍ မေးငြားအံ့)၊ ဤသို့ မေးသည်ရှိသော် အသျှင်ဘုရား “မရှိလတ္တံ့ပါ”ဟု အကျွန်ုပ် ဖြေပါအံ့။

ငါ့သျှင်သာရိပုတြာ အသို့နည်း၊ သစ္စာလေးပါးတရားကို သိရာ အလုံးစုံသောတရားကို သိရာ (အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတဉာဏ်) ၌ မြတ်စွာဘုရားထက် လွန်ကဲသော အသိဉာဏ်ရှိသော တစ်ပါးသော သမဏသည်လည်းကောင်း ဗြာဟ္မဏသည်လည်းကောင်း ယခုအခါ ရှိသလောဟု (အကယ်၍မေးငြားအံ့)၊ ဤသို့ မေးသည်ရှိသော် အသျှင်ဘုရား “မရှိပါ”ဟု အကျွန်ုပ် ဖြေပါအံ့။

မြတ်စွာဘုရား အကျွန်ုပ်ကို အကယ်၍ ဤသို့ မေးငြားအံ့ —

“ငါ့သျှင် သာရိပုတြာ အသို့နည်း၊ အလုံးစုံသောတရားတို့ကို သိသော (သမ္ဗောဓိ) ဉာဏ်၌ မြတ်စွာ ဘုရားနှင့် တူမျှကုန်သော တစ်ပါးသော သမဏတို့သည်လည်းကောင်း ဗြာဟ္မဏတို့သည်လည်းကောင်း လွန်လေပြီးသော အခါက ဖြစ်ဖူးကုန်သလော”ဟု (အကယ်၍မေးငြားအံ့)၊ ဤသို့မေးသည်ရှိသော် အသျှင် ဘုရား “မှန်ပါ ရှိကုန်၏”ဟု အကျွန်ုပ် ဖြေပါအံ့။

“ငါ့သျှင်သာရိပုတြာ အသို့နည်း၊ အလုံးစုံသောတရားတို့ကို သိသော (သမ္ဗောဓိ) ဉာဏ်၌ မြတ်စွာ ဘုရားနှင့် တူမျှကုန်သော တစ်ပါးသော သမဏတို့သည်လည်းကောင်း ဗြာဟ္မဏတို့သည်လည်းကောင်း နောင်အခါ ဖြစ်ကုန်လတ္တံ့လော”ဟု (အကယ်၍မေးငြားအံ့)၊ ဤသို့မေးသည်ရှိသော် အသျှင်ဘုရား “မှန်ပါ ရှိကုန်လတ္တံ့”ဟု အကျွန်ုပ် ဖြေပါအံ့။

“ငါ့သျှင်သာရိပုတြာ အသို့နည်း၊ အလုံးစုံသောတရားတို့ကို သိသော (သမ္ဗောဓိ) ဉာဏ်၌ မြတ်စွာ ဘုရားနှင့် တူမျှကုန်သော တစ်ပါးသော သမဏတို့သည်လည်းကောင်း ဗြာဟ္မဏတို့သည်လည်းကောင်း ယခုအခါ၌ ရှိကုန်သလော”ဟု (အကယ်၍မေးငြားအံ့)၊ ဤသို့မေးသည်ရှိသော် အသျှင်ဘုရား “မရှိပါ”ဟူ၍ အကျွန်ုပ် ဖြေပါအံ့။

မြတ်စွာဘုရား အကျွန်ုပ်ကို အကယ်၍ ဤသို့ မေးငြားအံ့ —

“ အသျှင်သာရိပုတြာသည် အဘယ့်ကြောင့် အချို့ကို ဝန်ခံသနည်း၊ အချို့ကို ဝန်မခံသနည်း”ဟု မေးငြားအံ့၊ ဤသို့ မေးသည်ရှိသော် အသျှင်ဘုရား အကျွန်ုပ်သည် ဤသို့ ဖြေပါအံ့ —

ငါ့သျှင် သစ္စာလေးပါးကို သိရာ အလုံးစုံသောတရားတို့ကို သိရာ (အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတ ဉာဏ်) ၌ ငါနှင့်တူမျှကုန်သော ‘ပူဇော်အထူးကို ခံတော်မူထိုက်ကုန်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူကုန်သော မြတ်စွာဘုရားတို့သည် လွန်လေပြီးသောအခါက ရှိဖူးကုန်၏ ‘ဟူသော စကားတော်ကို မြတ်စွာဘုရား၏ မျက်မှောက်တော်မှ ကြားနာခဲ့ရ၏၊ မျက်မှောက်သော်မှ ခံယူခဲ့ရ၏။

သစ္စာလေးပါးကို သိရာ အလုံးစုံသောတရားတို့ကို သိရာ (အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတဉာဏ်) ၌ ငါနှင့်တူ မျှကုန်သော ‘ပူဇော်အထူးကို ခံတော်မူထိုက်ကုန်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူကုန်သော မြတ်စွာဘုရားတို့သည် နောင်အခါ ဖြစ်ကုန်လတ္တံ့ ‘ ဟူသော စကားတော်ကို မြတ်စွာဘုရား၏ မျက်မှောက်တော်မှ ကြားနာခဲ့ရ၏၊ မျက်မှောက်တော်မှ ခံယူခဲ့ရ၏။

‘တစ်ခုသော လောကဓာတ်၌ ပူဇော်အထူးကို ခံတော်မူထိုက်ကုန်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူကုန်သော ဘုရားနှစ်ဆူတို့သည် မရှေးမနှောင်း ပွင့်ရာသော အကြောင်းသည် မရှိ၊ ထိုဘုရားနှစ်ဆူ ပြိုင်တူပွင့်ရာသော အကြောင်းသည် မရှိ ‘ ဟူသော ထိုစကားတော်ကို မြတ်စွာ ဘုရား၏ မျက်မှောက်တော်မှ ကြားနာခဲ့ရ၏၊ မျက်မှောက်တော်မှ ခံယူခဲ့ရ၏”ဟု (ဖြေပါအံ့)။

အသျှင်ဘုရား အသို့ပါနည်း၊ ဤသို့ မေးသည်ဖြစ်၍ ဤသို့ ဖြေသည်ရှိသော် အကျွန်ုပ်သည် မြတ်စွာဘုရား၏ တရားတော်ကို ဆိုသောသူလည်း ဖြစ်ပါသလော၊ မြတ်စွာဘုရားကို မဟုတ်မမှန်သော စကားဖြင့် စွပ်စွဲရာလည်း မရောက်ရာသလော၊ လောကုတ္တရာတရားအား လျော်သော အကျင့်တရားများကို ဖြေကြားသူလည်း ဖြစ်ပါသလော၊ အကြောင်းယုတ္တိရှိသော မြတ်စွာဘုရားမိန့်ကြားအပ်သည့် စကားသို့ အစဉ်လိုက်သော တပည့်တော်၏ စကားသည် တစ်စုံတစ်ရာ ကဲ့ရဲ့ဖွယ် အကြောင်းသို့လည်း မရောက်ဘဲ ရှိပါ၏လောဟု (လျှောက်ထား၏)။

သာရိပုတြာ ဤသို့ မေးသည်ဖြစ်၍ ဤသို့ ဖြေသည်ရှိသော် အမှန်အားဖြင့် သင်သည် ငါဘုရား၏ တရားတော်ကို ဆိုသူလည်း ဖြစ်၏၊ ငါဘုရားကို မဟုတ်မမှန်သော စကားဖြင့် စွပ်စွဲရာလည်း မရောက်၊ လောကုတ္တရာ တရားအားလျော်သော အကျင့်တရားကို ဖြေကြားသူလည်း ဖြစ်၏၊ အကြောင်း ယုတ္တိရှိသော ငါဘုရားမိန့်ကြားအပ်သည့် စကားသို့ အစဉ်လိုက်သော သင်၏ စကားသည် တစ်စုံတစ်ရာ ကဲ့ရဲ့အကြောင်းသို့လည်း မရောက်ပေဟု (မိန့်တော်မူ၏)။

အံဩဖွယ်ရာ မဖြစ်ဖူးမြဲ ဖြစ်ပုံအချက်

၁၆၂။ ဤသို့ မိန့်တော်မူသော် အသျှင်ဥဒါယီသည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏ —

“မြတ်စွာဘုရား၏ အလိုနည်းခြင်းသည် ရောင့်ရဲလွယ်ခြင်းသည် ကိလေသာခေါင်းပါးခြင်းသည် အံဖွယ်ရှိပါပေစွ အသျှင်ဘုရား၊ မဖြစ်ဖူးမြဲ ဖြစ်ပါပေစွ အသျှင်ဘုရား၊ မြတ်စွာဘုရားသည် ဤသို့ ကြီးသော တန်ခိုးရှိပါလျက် ကြီးသော အာနုဘော်ရှိပါလျက် မိမိဂုဏ်ကို ထင်ရှားပြုတော်မမူ။ မြတ်စွာဘုရား ဤဂုဏ်အပေါင်းမှ ဂုဏ်တစ်ခုခုကိုသော်လည်း တစ်ပါးသော အယူရှိကုန်သော ပရိဗိုဇ်တို့သည် မိမိ၌ မြင် ကုန်ငြားအံ့၊ ထိုပရိဗိုဇ်တို့သည် ထိုဂုဏ်မျှဖြင့်ပင် တံခွန်ထူ၍ လှည့်လည်ကုန်ရာ၏။ မြတ်စွာဘုရား၏့အလို နည်းခြင်းသည် ရောင့်ရဲလွယ်ခြင်းသည် ကိလေသာခေါင်းပါးခြင်းသည် အံဖွယ်ရှိပါပေစွ အသျှင်ဘုရား၊ မဖြစ်ဖူးမြဲ ဖြစ်ပါပေစွ အသျှင်ဘုရား၊ မြတ်စွာဘုရားသည် ဤသို့ ကြီးသော တန်ခိုးရှိပါလျက် ကြီးသော အာနုဘော်ရှိပါလျက် မိမိဂုဏ်ကို ထင်ရှားပြုတော်မမူ”ဟု (လျှောက်၏)။

ဥဒါယီ သင်သည် မြတ်စွာဘုရား၏ အလိုနည်းခြင်း ရောင့်ရဲလွယ်ခြင်း ကိလေသာခေါင်းပါးခြင်းကို ရှုလော့၊ မြတ်စွာဘုရားသည် ဤသို့ ကြီးသော တန်ခိုးရှိပါလျက် ကြီးသော အာနုဘော်ရှိပါလျက် မိမိဂုဏ် ကို ထင်ရှားပြုတော်မမူ။ ဥဒါယီ ဤဂုဏ်အပေါင်းမှ ဂုဏ်တစ်ခုခုကိုသော်လည်း တစ်ပါးသော အယူရှိသော ပရိဗိုဇ်တို့သည် မိမိ၌ မြင်ကုန်ငြားအံ့၊ ထိုပရိဗိုဇ်တို့သည် ထိုဂုဏ်မျှဖြင့်ပင် တံခွန်ထူ၍ လှည့်လည်ကုန် ရာ၏။ ဥဒါယီ သင်သည် မြတ်စွာဘုရား၏ အလိုနည်းခြင်း ရောင့်ရဲလွယ်ခြင်း ကိလေသာ ခေါင်းပါးခြင်းကို ရှုလော့၊ မြတ်စွာဘုရားသည် ဤသို့ ကြီးသော တန်ခိုးရှိပါလျက် ကြီးသော အာနုဘော်ရှိပါလျက် မိမိ ဂုဏ်ကို ထင်ရှားပြုတော်မမူဟု (မိန့်တော်မူ၏)။

၁၆၃။ ထိုအခါ မြတ်စွာဘုရားသည် အသျှင်သာရိပုတြာကို မိန့်တော်မူ၏။ “သာရိပုတြာ ဤတရား တော်ကို ရဟန်းယောကျာ်းတို့အားလည်းကောင်း ရဟန်းမိန်မတို့အားလည်းကောင်း ဒါယကာတို့အား လည်းကောင်း ဒါယိကာမတို့အားလည်းကောင်း သင်သည် မပြတ်ဟောကြားလေလော့။

သာရိပုတြာ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်ကုန်သော အကြင်ယောကျာ်းတို့အား မြတ်စွာဘုရား၌ ယုံမှားခြင်း တွေးတောခြင်းသည် ဖြစ်လတ္တံ့၊ ထိုယောကျာ်းတို့အား ဤတရားဒေသနာတော်ကို နာရ၍ မြတ်စွာဘုရား၌ ထိုယုံမှား တွေးတောခြင်းသည် (အလိုလို) ပျောက်လတ္တံ့၊ (ထို့ကြောင့် မပြတ်ဟောကြား လေလော့ဟု မိန့်တော်မူ၏)။

ဤသို့ ဆိုအပ်ပြီးသောနည်းဖြင့် အသျှင်သာရိပုတြာသည် မြတ်စွာဘုရား မျက်မှောက်တော်၌ ကြည် ညိုခြင်းကို (အကြင့်ကြောင့်) ပြောကြား၏၊ ထို့ကြောင့် ဤအမေးအဖြေနှင့်တကွ ဟောကြားအပ်သော တရားတော်၏ အမည်သည် ‘သမ္ပသာဒနီယ ‘ဟု တွင်သတည်း။

ငါးခုမြောက် သမ္ပသာဒနီယသုတ် ပြီး၏၊