ဒီဃနိကာယ်

၆—ပါသာဒိကသုတ်

၁၆၄။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည် —

အခါတစ်ပါး၌ မြတ်စွာဘုရားသည် သက္ကတိုင်း ဝေဓညမည်ကုန်သော သာကီဝင်မင်းမျိုးတို့၏ သရက်ဥယျာဉ် ပြာသာဒ်၌ သီတင်းသုံးနေတော်မူ၏။

နိဂဏ္ဌ နာဋပုတ္တ သေပြီးစအခါ

ထိုအခါ နာဋ၏သား နိဂဏ္ဌသည် ပါဝါပြည်၌ သေပြီးခါစ ဖြစ်၏၊ ထိုသူ၏ သေခြင်းကြောင့် သူ၏ တပည့် တက္ကတွန်းတို့သည် ကွဲကုန်၏၊ နှစ်စုဖြစ်ကုန်၏၊ ဆန့်ကျင်သောစိတ် ရှိကုန်၏၊ ငြင်းခုံခြင်းသို့ ရောက်ကုန်၏၊ ခိုက်ရန်ဖြစ်ကုန်၏၊ အချင်းချင်း နှုတ်လှံထိုး၍ နေကုန်၏။

“သင်သည် ဤဓမ္မဝိနယ၁ကို မသိ၊ ငါသည် ဤဓမ္မဝိနယကို သိ၏၊ သင်သည် ဤဓမ္မဝိနယကို အသို့ သိနိုင်အံ့နည်း၊ သင်သည် မှားသောအကျင့်ရှိသူ ဖြစ်၏၊ ငါသည် မှန်သောအကျင့်ရှိသူ ဖြစ်၏၊ ငါ၏ စကား သည် စေ့စပ်၏၊ သင်၏ စကားသည် မစေ့စပ်၊ (သင်သည်) ရှေးဦးစွာ ဆိုသင့်သည်ကို နောက်မှ ဆို၏၊ နောက်မှ ဆိုသင့်သည်ကို ရှေးဦးဆို၏၊ သင်ကြာမြင့်စွာ လေ့လာထားသော ဝါဒသည် ပြောင်းလဲလေပြီ၊ သင့် အယူ၌ ရှိသော အပြစ်ကို ငါတင်ပြပြီ၊ သင်အရေးနိမ့်ပြီ၊ (ငါတင်ပြသော) အပြစ်မှ လွတ်မြောက်ရန် ရှာကြံချေဦးလော့၊ အကယ်၍ စွမ်းနိုင်လျှင် (ယခုပင်) ဖြေရှင်းလော့”ဟု အချင်းချင်း နှုတ်လှံထိုးလျက် နေကုန်၏။

စင်စစ်သော်ကား နာဋပုတ္တ၏တပည့် နိဂဏ္ဌတို့၌ အချင်းချင်း သတ်ဖြတ်သည်၏ အစွမ်းဖြင့် သေသည်ဟုပင် ထင်ရ၏။

မကောင်းသဖြင့် ဟောအပ်သော မကောင်းသဖြင့် သိစေအပ်သော ဝဋ်မှ ထွက်မြောက်ကြောင်း မဟုတ်သော ကိလေသာငြိမ်းမှုကို မဖြစ်စေတတ်သော ဘုရားမဟုတ်သူ ဟောအပ်သော ထောက်တည်ရာ မရှိသော မှီခိုရာမရှိသော သာသနာ၂၌ ငြီးငွေ့ခြင်းသဘော အကြည်ညိုကင်းခြင်းသဘော အရိုအသေ ဆုတ် ယုတ်ခြင်းသဘော ရှိကုန်သကဲ့သို့၊ ဤအတူ နာဋပုတ္တ၏ တပည့်ဖြစ်ကုန်သော အဝတ်ဖြူဝတ်ကုန်သော လူတို့သည်လည်း နာဋပုတ္တ၏ တပည့်နိဂဏ္ဌတို့၌ ငြီးငွေ့ခြင်းသဘော ရှိကုန်၏၊ အကြည်ညိုကင်းခြင်း သဘော ရှိကုန်၏၊ အရိုအသေ ဆုတ်ယုတ်ခြင်းသဘော ရှိကုန်၏။

၁၆၅။ ထိုအခါ စုန္ဒသမဏုဒ္ဒေသသည် ပါဝါပြည်၌ ဝါကျွတ်ပြီးသော် သာမမည်သောရွာ အသျှင် အာနန္ဒာထံသို့ ချဉ်းကပ်ပြီးလျှင် အသျှင်အာနန္ဒာကို ရှိခိုးလျက် တစ်ခုသော အရပ်၌ ထိုင်၏၊ တစ်ခုသော အရပ်၌ ထိုင်ပြီးသော စုန္ဒသမဏုဒ္ဒေသသည် အသျှင်အာနန္ဒာအား ဤစကားကို လျှောက်၏ —

“အသျှင်ဘုရား နာဋ၏သား နိဂဏ္ဌသည် ပါဝါပြည်၌ သေပြီးခါစ ဖြစ်ပါ၏၊ ထိုနာဋ၏သား နိဂဏ္ဌသေခြင်းကြောင့် နိဂဏ္ဌတို့သည် ကွဲပါကုန်၏၊ နှစ်စုဖြစ်ပါကုန်၏။ပ။ ထောက်တည်ရာမရှိသော မှီခိုရာမရှိသော သာသနာ၌ ငြီးငွေ့ခြင်း အရိုအသေကင်းခြင်းသဘော ရှိကုန်သကဲ့သို့ ဤအတူ နာဋပုတ္တ၏တပည့် ဖြစ်ကုန်သော အဝတ်ဖြူဝတ်ကုန်သော လူတို့သည်လည်း နာဋပုတ္တ၏ တပည့် နိဂဏ္ဌတို့၌ ငြီးငွေ့ခြင်းသဘော အကြည်ညိုကင်းခြင်းသဘော အရိုအသေဆုတ်ယုတ်ခြင်း သဘော ရှိပါကုန်၏”ဟု (လျှောက်၏)။ ဤသို့လျှောက်သော် အသျှင်အာနန္ဒာသည် စုန္ဒသမဏုဒ္ဒေသအား ဤစကားကို ဆို၏ —

“ငါ့သျှင် စုန္ဒ ဤအကြောင်းအရာကား မြတ်စွာဘုရားကို ဖူးမြော်ရန် စကားအခြေခံတည်း၊ ငါ့သျှင် စုန္ဒ သွားကြကုန်အံ့၊ မြတ်စွာဘုရားထံ ချဉ်းကပ်ပြီးလျှင် ဤအကြောင်းကို မြတ်စွာဘုရားအား လျှောက်ကုန်အံ့”ဟု (ဆို၏)။

စုန္ဒသမဏုဒ္ဒေသသည် “ကောင်းပါပြီ အသျှင်ဘုရား”ဟု အသျှင်အာနန္ဒာအား ဝန်ခံ၏။

ထိုအခါ အသျှင်အာနန္ဒာနှင့် စုန္ဒသမဏုဒ္ဒေသသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသော အရပ်၌ ထိုင်ကုန်၏၊ တစ်ခုသော အရပ်၌ ထိုင်ပြီးသော် အသျှင်အာနန္ဒာသည် မြတ်စွာဘုရားအား ဤသို့သော စကားကို လျှောက်၏ —

“မြတ်စွာဘုရား ဤစုန္ဒသမဏုဒ္ဒေသသည် ဤသို့ ပြောဆိုပါ၏၊ အသျှင်ဘုရား နာဋ၏သား နိဂဏ္ဌ သည် ပါဝါပြည်၌ သေပြီးခါစ ဖြစ်၏၊ ထိုနာဋ၏သား နိဂဏ္ဌသေခြင်းကြောင့် နိဂဏ္ဌတို့သည် ကွဲကုန်၏။ပ။ ထောက်တည်ရာမရှိသော မှီခိုရာမရှိသော သာသနာ၌ ငြီးငွေ့ခြင်းသဘော အကြည်ညို ကင်းခြင်းသဘော အရိုအသေဆုတ်ယုတ်ခြင်းသဘော ရှိကုန်သကဲ့သို့၊ ဤအတူ နာဋပုတ္တ၏ တပည့်ဖြစ်ကုန်သော အဝတ်ဖြူ ဝတ်ကုန်သော လူတို့သည်လည်း နာဋပုတ္တ၏တပည့် နိဂဏ္ဌတို့၌ ငြီးငွေ့ခြင်းသဘော အကြည်ညိုကင်းခြင်း သဘော အရိုအသေဆုတ်ယုတ်ခြင်းသဘော ရှိကုန်၏ဟု ပြောဆိုပါ၏”ဟူ၍ (လျှောက်၏)။

၁။ ပါထိကဝဂ်ဋီကာ၌ “ဓမ္မဝိနယန္တိ ပါဝစနံ သိဒ္ဓန္တံ”ဟု ဖွင့်ပြသည်၊ နာဋ၏သား နိဂဏ္ဌ ဟောပြောသော အယူ ဝါဒနှင့် ကျင့်ဝတ်ဥပဒေများပါဝင်သည့် သိဒ္ဓန္တကျမ်းမျိုးကို ဆိုသည်။

၂။ ဘုရားအတုအယောင် မိစ္ဆာဝါဒီတို့၏ ဓမ္မဝိနယဖြင့် တည်ထောင်ထားအပ်သော မဂ်ဖိုလ်အကျိုးငှါမဟုတ်သော အနိယျာနိကသာသနာကို ဆိုသည်။

ဘုရား မဟုတ်သူ ဟောအပ်သော သာသနာ

၁၆၆။ စုန္ဒ မကောင်းသဖြင့် ဟောအပ်သော မကောင်းသဖြင့် သိစေအပ်သော ဝဋ်မှထွက်မြောက့်ကြောင်း မဟုတ်သော ကိလေသာငြိမ်းမှုကို မဖြစ်စေတတ်သော ဘုရားမဟုတ်သူ ဟောအပ်သော ထောက် တည်ရာမရှိသော မှီခိုရာမရှိသော သာသနာ၌ ဤသို့ ငြီးငွေ့ခြင်း စသည် ဖြစ်မြဲပေတည်း။

စုန္ဒ ဤလောက၌ ဆရာသည်လည်း အလုံးစုံသော တရားကို ကိုယ်တိုင် မှန်စွာ သိသူ မဟုတ်၊ တရားသည်လည်း မကောင်းသဖြင့် ဟောအပ်သောတရား ဖြစ်၏၊ မကောင်းသဖြင့် သိစေအပ်သောတရား ဖြစ်၏၊ မဂ်ဖိုလ်ဆိုက်ရောက်ကြောင်းတရား မဟုတ်၊ ကိလေသာငြိမ်းမှုကို ဖြစ်စေတတ်သော တရား မဟုတ်၊ ဘုရားမဟုတ်သူ ဟောအပ်သော တရား ဖြစ်၏။

သို့သော် တပည့်သည်ကား ထိုသာသနာ၌ ထိုဆရာဟောအပ်သော ဝိမုတ္တိဓမ္မအားလျော်သော အကျင့်ကို ကျင့်၍ မနေ၊ ရိုသေစွာ ကျင့်၍ မနေ၊ ထိုဆရာ၏ တရားနှင့်အညီ ကျင့်၍ မနေ၊ ထိုတရားမှ ရှောင်ဖယ်၍ ရှောင်ဖယ်၍ ကျင့်၏။

ထိုတပည့်ကို ဤသို့ ဆိုအပ်၏၊ “ငါ့သျှင် ထိုသင်သည် အရတော်လေစွ၊ ထိုသင်သည် ကောင်းစွာ ရလေစွ၊ သင်၏ ဆရာသည်လည်း အလုံးစုံသောတရားကို ကိုယ်တိုင် မှန်စွာ သိသူ မဟုတ်၊ တရားသည် လည်း မကောင်းသဖြင့် ဟောအပ်သောတရား ဖြစ်၏၊ မကောင်းသဖြင့် သိစေအပ်သောတရား ဖြစ်၏၊ မဂ်ဖိုလ်ဆိုက် ရောက်ကြောင်းတရား မဟုတ်၊ ကိလေသာငြိမ်းမှုကို ဖြစ်စေတတ်သောတရား မဟုတ်၊ ဘုရားမဟုတ်သူ ဟောအပ်သောတရား ဖြစ်၏။ သို့သော် သင်သည်ကား ထိုသာသနာ၌ ထိုဆရာဟော အပ်သော ဝိမုတ္တိဓမ္မအား လျော်သော အကျင့်ကို ကျင့်၍ မနေ၊ ရိုသေစွာ ကျင့်၍ မနေ၊ ထိုဆရာ၏ တရားနှင့်အညီ ကျင့်၍ မနေ၊ ထိုတရားမှ ရှောင်ဖယ်၍ ရှောင်ဖယ်၍ ကျင့်၏”ဟု (ဆိုအပ်၏)။

စုန္ဒ စင်စစ် ဤဆိုခဲ့ပြီးသည့်အတိုင်း ထိုသာသနာ၌ ဆရာကိုလည်း ကဲ့ရဲ့အပ်၏၊ ထိုသာသနာ၌ တရားကိုလည်း ကဲ့ရဲ့အပ်၏၊ သို့သော် ထိုသာသနာ၌ တပည့်ကိုကား ဤဆိုခဲ့သည့်အတိုင်း ချီးမွမ်း အပ်၏။

စုန္ဒ အကြင်ဆရာသည် ဤသို့သဘောရှိသော တပည့်ကို ဤသို့ ဆိုရာ၏၊ “ငါ့သျှင် လာလော့၊ အကြင်အခြင်းအရာဖြင့် သင်၏ ဆရာသည် တရားကို ဟောအပ်၏၊ ပညတ်အပ်၏၊ ထိုအခြင်းအရာဖြင့် ကျင့်လော့”ဟု (ဆိုရာ၏)။

အကြင်ဆရာသည် ဆောက်တည်စေ၏၊ အကြင်တပည့်ကို ဆောက်တည်စေ၏၊ ဆောက်တည်စေအပ်သော အကြင်တပည့်သည် ထိုဆရာဆောက်တည်စေအပ်သည့်အတိုင်း ဖြစ်ခြင်းငှါ ကျင့်၏၊ အလုံးစုံသော ထိုဆရာတပည့်တို့သည် များစွာသော မကောင်းမှုကို ဖြစ်ပွါးစေကုန်၏။

စုန္ဒ အဘယ့်ကြောင့်ဆိုသော် မကောင်းသဖြင့် ဟောအပ်သော မကောင်းသဖြင့် သိစေအပ်သော မဂ်ဖိုလ်ဆိုက်ရောက်ကြောင်း မဟုတ်သော ကိလေသာငြိမ်းမှုကို မဖြစ်စေတတ်သော ဘုရားမဟုတ်သူ ဟော အပ်သော သာသနာ၌ ဤသို့လျှင် မကောင်းမှု ဖြစ်ပွါးတတ်သောကြောင့်တည်း။

၁၆၇။ စုန္ဒ ထို့ပြင် ဤလောက၌ ဆရာသည်လည်း အလုံးစုံသော တရားကို ကိုယ်တိုင် မှန်စွာ သိသူမဟုတ်၊ တရားသည်လည်း မကောင်းသဖြင့် ဟောအပ်သောတရား ဖြစ်၏၊ မကောင်းသဖြင့် သိစေ အပ်သော တရားဖြစ်၏၊ မဂ်ဖိုလ်ဆိုက်ရောက်ကြောင်းတရား မဟုတ်၊ ကိလေသာငြိမ်းမှုကို ဖြစ်စေတတ်သော တရားမဟုတ်၊ ဘုရားမဟုတ်သူ ဟောအပ်သောတရား ဖြစ်၏။

တပည့်သည်လည်း ထိုသာသနာ၌ ထိုဆရာဟောအပ်သည့် ဝိမုတ္တိဓမ္မအားလျော်သော အကျင့်ကို ကျင့်၍ နေ၏၊ ရိုသေစွာကျင့်၍ နေ၏၊ ထိုဆရာ၏ တရားနှင့်အညီ ကျင့်၍ နေ၏၊ ထိုတရားကို ဆောက်တည်၍ ကျင့်၏။

ထိုတပည့်ကို ဤသို့ ဆိုအပ်၏၊ “ငါ့သျှင် ထိုသင်သည် အရမတော်လေစွ၊ ထိုသင်သည် မကောင်း သဖြင့် ရအပ်လေစွ၊ သင်၏ ဆရာသည်လည်း အလုံးစုံသောတရားကို ကိုယ်တိုင် မှန်စွာသိသူ မဟုတ်၊ တရားသည်လည်း မကောင်းသဖြင့် ဟောအပ်သောတရား ဖြစ်၏၊ မကောင်းသဖြင့် သိစေအပ်သောတရား ဖြစ်၏၊ မဂ်ဖိုလ်ဆိုက်ရောက်ကြောင်းတရား မဟုတ်၊ ကိလေသာငြိမ်းမှုကို ဖြစ်စေတတ်သော တရား မဟုတ်၊ ဘုရားမဟုတ်သူ ဟောအပ်သော တရားဖြစ်၏။ သင်သည်လည်း ထိုသာသနာ၌ ထိုဆရာ ဟော အပ်သော ဝိမုတ္တိဓမ္မအားလျော်စွာ ကျင့်၍ နေ၏၊ ရိုသေစွာ ကျင့်၍ နေ၏၊ ထိုဆရာ၏ တရားနှင့် အညီ ကျင့်၍ နေ၏၊ ထိုတရားကို ဆောက်တည်၍ ကျင့်၏”ဟု (ဆိုအပ်၏)။

စုန္ဒ စင်စစ် ဤဆိုခဲ့သည့်အတိုင်း ထိုသာသနာ၌ ဆရာကိုလည်း ကဲ့ရဲ့အပ်၏၊ ထိုသာသနာ၌ တရား ကိုလည်း ကဲ့ရဲ့အပ်၏၊ ထိုသာသနာ၌ တပည့်ကိုလည်း ဤဆိုခဲ့သည့်အတိုင်း ကဲ့ရဲ့အပ်၏။

စုန္ဒ အကြင်ဆရာသည် ဤသို့ သဘောရှိသော တပည့်ကို ဤသို့ ဆိုရာ၏— “အသျှင်သည် ဝိမုတ္တိဓမ္မသို့ ရောက်ကြောင်း အသိဉာဏ်အကျိုးငှါ ကျင့်၍ နေ၏၊ စင်စစ် ဝိမုတ္တိဓမ္မသို့ ရောက်ကြောင်း အသိဉာဏ်သည် ပြီးဆုံးခြင်းသို့ ရောက်စေလတ္တံ့”ဟု (ဆိုရာ၏)။

အကြင် ဆရာသည်လည်း ချီးမွမ်း၏၊ အကြင် တပည့်ကိုလည်း ချီးမွမ်း၏၊ အကြင် တပည့်သည် လည်း ချီးမွမ်းအပ်သည်ဖြစ်၍ အတိုင်းထက်အလွန် လုံ့လကို အားထုတ်၏၊ အလုံးစုံကုန်သော ထိုသူတို့ သည် များစွာသော မကောင်းမှုကို ဖြစ်ပွါးစေကုန်၏။

စုန္ဒ အဘယ့်ကြောင့်ဆိုသော် မကောင်းသဖြင့် ဟောအပ်သော မကောင်းသဖြင့် သိစေအပ်သော မဂ်ဖိုလ်ဆိုက်ရောက်ကြောင်း မဟုတ်သော ကိလေသာငြိမ်းမှုကို မဖြစ်စေတတ်သော ဘုရားမဟုတ်သူ ဟော အပ်သော သာသနာ၌ ဤသို့ မကောင်းမှု ဖြစ်ပွါးစေတတ်သောကြောင့်တည်း။

ဘုရား အစစ် ဟောအပ်သော သာသနာ

၁၆၈။ စုန္ဒ ဤသာသနာ၌ကား ဆရာသည်လည်း (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိသူ ဖြစ်၏၊ တရားသည်လည်း ကောင်းစွာ ဟောအပ်သောတရား ဖြစ်၏၊ ကောင်းစွာ သိစေအပ်သော တရား ဖြစ်၏၊ မဂ်ဖိုလ်ဆိုက်ရောက်ကြောင်းတရား ဖြစ်၏၊ ကိလေသာငြိမ်းမှုကို ဖြစ်စေတတ်သောတရား ဖြစ်၏၊ ဘုရား စင်စစ် ဟောအပ်သောတရား ဖြစ်၏။

သို့သော် တပည့်သည်ကား ထိုသာသနာ၌ မဂ်ဖိုလ်တရားအားလျော်စွာ အကျင့်ကို ကျင့်၍ မနေ၊ ရိုသေစွာ ကျင့်၍ မနေ၊ တရားနှင့်အညီ ကျင့်၍ မနေ၊ ထိုတရားမှ ရှောင်ဖယ်၍ ရှောင်ဖယ်၍ ကျင့်၏။

ထိုတပည့်ကို ဤသို့ ဆိုအပ်၏ —“ငါ့သျှင် ထိုသင်သည် အရမတော်လေစွ၊ ထိုသင်သည် မကောင်း သဖြင့် ရအပ်လေစွ၊ သင်၏ ဆရာသည်လည်း အလုံးစုံသော တရားကို ကိုယ်တိုင် မှန်စွာ သိသော ဘုရား စင်စစ် ဖြစ်၏၊ တရားသည်လည်း ကောင်းစွာ ဟောအပ်သောတရား ဖြစ်၏၊ ကောင်းစွာ သိစေအပ်သော တရား ဖြစ်၏၊ မဂ်ဖိုလ်ဆိုက်ရောက်ကြောင်းတရား ဖြစ်၏၊ ကိလေသာငြိမ်းမှုကို ဖြစ်စေတတ်သောတရား ဖြစ်၏၊ ဘုရားစင်စစ် ဟောအပ်သောတရား ဖြစ်၏။ သို့သော် သင်သည်ကား ထိုသာသနာ၌ မဂ်ဖိုလ် တရားအားလျော်သော အကျင့်ကို ကျင့်၍ မနေ၊ ရိုသေစွာ ကျင့်၍ မနေ၊ တရားနှင့်အညီ ကျင့်၍ မနေ၊ ထိုတရားမှ ရှောင်ဖယ်၍ ရှောင်ဖယ်၍ ကျင့်၏”ဟု (ဆိုအပ်၏)။

စုန္ဒ စင်စစ် ဤဆိုခဲ့ပြီးသည့်အတိုင်း ထိုသာသနာ၌ ဆရာကိုလည်း ချီးမွမ်းအပ်၏၊ ထိုသာသနာ၌ တရားကိုလည်း ချီးမွမ်းအပ်၏၊ သို့သော် ထိုသာသနာ၌ တပည့်ကိုကား ဤဆိုခဲ့သည့်အတိုင်း ကဲ့ရဲ့ အပ်၏။

စုန္ဒ အကြင်ဆရာသည် ဤသို့သဘောရှိသော တပည့်ကို ဤသို့ ဆိုရာ၏ —“ငါ့သျှင် လာလော့၊ အကြင်အခြင်းအရာအားဖြင့် သင်၏ ဆရာသည် တရားကို ဟော၏၊ ပညတ်၏၊ ထိုအခြင်းအရာအားဖြင့် ကျင့်လော့”ဟု (ဆိုရာ၏)။

အကြင်ဆရာသည်လည်း ဆောက်တည်စေ၏၊ အကြင်တပည့်ကိုလည်း ဆောက်တည်စေ၏၊ ဆရာ ဆောက်တည်စေအပ်သော အကြင်တပည့်သည်လည်း ထိုဆရာ ဆောက်တည်စေအပ်သည့်အတိုင်း ဖြစ်ခြင်း့ငှါ ကျင့်၏၊ အလုံးစုံသော ထိုသူတို့သည် များစွာသော ကောင်းမှုကို ဖြစ်ပွါးစေကုန်၏။

စုန္ဒ အဘယ့်ကြောင့်ဆိုသော် ကောင်းစွာ ဟောအပ်သော ကောင်းစွာ သိစေအပ်သော မဂ်ဖိုလ် ဆိုက် ရောက်ကြောင်းဖြစ်သော ကိလေသာငြိမ်းမှုကို ဖြစ်စေတတ်သော ဘုရား စင်စစ် ဟောအပ်သော သာသနာ၌ ဤသို့ ကောင်းမှု ဖြစ်ပွါးစေတတ်သော ကြောင့်တည်း။

၁၆၉။ စုန္ဒ ဤသာသနာ၌ကား ဆရာသည်လည်း (အလုံစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိသော ဘုရား စင်စစ် ဖြစ်၏၊ တရားသည်လည်း ကောင်းစွာ ဟောသောတရား ဖြစ်၏၊ ကောင်းစွာ သိ စေအပ်သောတရား ဖြစ်၏၊ မဂ်ဖိုလ်ဆိုက်ရောက်ကြောင်းတရား ဖြစ်၏၊ ကိလေသာငြိမ်းမှုကို ဖြစ်စေတတ်သောတရား ဖြစ်၏၊ ဘုရား စင်စစ် ဟောအပ်သောတရား ဖြစ်၏။

တပည့်သည်လည်း ထိုသာသနာ၌ မဂ်ဖိုလ်တရားအားလျော်သော အကျင့်ကို ကျင့်၍ နေ၏၊ ရိုသေစွာ ကျင့်၍ နေ၏၊ တရားနှင့်အညီကျင့်၍ နေ၏၊ ထိုတရားကို ဆောက်တည်၍ ကျင့်၏။

ထိုတပည့်ကို ဤသို့ ဆိုအပ်၏ — “ငါ့သျှင် ထိုသင်သည် အရတော်လေစွ၊ ထိုသင်သည် ကောင်းစွာ ရအပ်လေစွ၊ သင်၏ ဆရာသည်လည်း (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ဘုရားစင်စစ် ဖြစ်၏၊ တရားသည်လည်း ကောင်းစွာ ဟောအပ်သောတရား ဖြစ်၏၊ ကောင်းစွာ သိစေ အပ်သောတရား ဖြစ်၏၊ မဂ်ဖိုလ်ဆိုက်ရောက်ကြောင်းတရား ဖြစ်၏၊ ကိလေသာငြိမ်းမှုကို ဖြစ်စေတတ်သောတရား ဖြစ်၏၊ ဘုရားစင်စစ် ဟောအပ်သောတရား ဖြစ်၏။ သင်သည်လည်း ထိုသာသနာ၌ မဂ်ဖိုလ် တရားအားလျော်သော အကျင့်ကို ကျင့်၍ နေ၏၊ ရိုသေစွာ ကျင့်၍ နေ၏၊ တရားနှင့်အညီ ကျင့်၍ နေ၏၊ ထိုတရားကို ဆောက်တည်၍ ကျင့်၏”ဟု (ဆိုအပ်၏)။

စုန္ဒ စင်စစ် ဤဆိုခဲ့သည့်အတိုင်း ထိုသာသနာ၌ ဆရာကိုလည်း ချီးမွမ်းအပ်၏၊ ထိုသာသနာ၌ တရားကိုလည်း ချီးမွမ်းအပ်၏၊ ထိုသာသနာ၌ တပည့်ကိုလည်း ဤဆိုခဲ့သည့်အတိုင်း ချီးမွမ်းအပ်၏။

စုန္ဒ အကြင်ဆရာသည် ဤသို့သဘောရှိသော တပည့်ကို ဤသို့ ဆိုရာ၏ —“အသျှင်သည် နိဗ္ဗာန်သို့ ရောက်ကြောင်း မဂ်ဉာဏ်အကျိုးငှါ ကျင့်၍ နေ၏၊ နိဗ္ဗာန်သို့ရောက်ကြောင်း မဂ်ဉာဏ်ကို ပြီးဆုံးခြင်းသို့ ရောက်စေလတ္တံ့”ဟု (ဆိုရာ၏)။ အကြင်ဆရာသည်လည်း ချီးမွမ်း၏၊ အကြင်တပည့်ကိုလည်း ချီးမွမ်း၏၊ အကြင်တပည့်သည်လည်း ချီးမွမ်းအပ်သည်ဖြစ်၍ အတိုင်းထက်အလွန် လုံ့လကို အားထုတ်၏၊ အလုံးစုံသော ထိုဆရာတပည့်တို့သည် များစွာသော ကောင်းမှုကို ဖြစ်ပွါးစေကုန်၏။

စုန္ဒ အဘယ်ကြောင့်ဆိုသော် ကောင်းစွာ ဟောအပ်သော ကောင်းစွာ သိစေအပ်သော မဂ်ဖိုလ် ဆိုက် ရောက်ကြောင်းဖြစ်သော ကိလေသာငြိမ်းမှုကို ဖြစ်စေတတ်သော ဘုရား စင်စစ် ဟောအပ်သော သာသနာ၌ ဤသို့ ကောင်းမှု ဖြစ်ပွါးစေတတ်သောကြောင့်တည်း။

တပည့်တို့ ပူပန်အပ်သော ဆရာ

၁၇ဝ။ စုန္ဒ ဤလောက၌ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော မြတ်စွာဘုရားသည် ထင်ရှားဖြစ်တော်မူ၏၊ တရားသည်လည်း ကောင်းစွာ ဟောအပ်သော တရား ဖြစ်၏၊ ကောင်းစွာ သိစေအပ်သောတရား ဖြစ်၏၊ ဝဋ်မှ ထွက်မြောက်ကြောင်း တရား ဖြစ်၏၊ ကိလေသာငြိမ်းမှုကို ဖြစ်စေတတ်သောတရား ဖြစ်၏၊ ဘုရားစင်စစ် ဟောအပ်သော တရား ဖြစ်၏။

သို့သော် ထိုမြတ်စွာဘုရား၏ သာသနာ၌ ထိုမြတ်စွာဘုရား၏ တပည့်တို့သည်ကား သစ္စာလေးပါး တရားကို သိခြင်းသို့ မရောက်ကြကုန်သေး၊ ထိုတပည့်တို့အား အလုံးစုံ ပြည့်စုံသော မြတ်သောအကျင့်ကို ထင်ရှားအောင် မပြုအပ်သေး၊ ပေါ်လွင်အောင် မပြုအပ်သေး၊ အလုံးစုံသော သာသနာတော်၏ သဘောကို ပေါင်းစုသော ပုဒ်တို့ဖြင့် တစ်ပေါင်းတည်း မပြုအပ်သေး၊ ဝဋ်ဆင်းရဲမှ ထုတ်ဆောင်သော တရားနှင့်တကွ့မပြုအပ်သေး၊ လူ့ပြည်မှ နတ်ပြည်အထိ ပျံ့နှံ့အောင် ကောင်းစွာ မပြအပ်သေး၊ ထိုအခါ ထိုတပည့်တို့၏ ဆရာသည် ကွယ်လွန်၏။

စုန္ဒ ဤသို့သဘောရှိသော ဆရာ ကွယ်လွန်သည်ရှိသော် တပည့်တို့အား ပူပန်ခြင်း ဖြစ်၏။

အဘယ်ကြောင့်ဆိုသော် ငါတို့အတွက် ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရား တို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော မြတ်စွာဘုရားသည်လည်း လောက၌ ထင်ရှားပွင့်တော်မူ၏၊ တရားသည်လည်း ကောင်းစွာ ဟောအပ်သောတရား ဖြစ်၏၊ ကောင်းစွာ သိစေအပ်သောတရား ဖြစ်၏၊ ဝဋ်မှ ထွက်မြောက်ကြောင်းတရား ဖြစ်၏၊ ကိလေသာငြိမ်းမှုကို ဖြစ်စေတတ်သောတရား ဖြစ်၏၊ ဘုရား စင်စစ် ဟောအပ်သောတရား ဖြစ်၏၊ သို့သော် ငါတို့သည်ကား သာသနာ၌ သစ္စာလေးပါး တရားကို သိခြင်းသို့ မရောက်ကြကုန်သေး၊ ငါတို့အား အလုံးစုံ ပြည့်စုံသော မြတ်သော အကျင့်ကို ထင်ရှားအောင် မပြုအပ်သေး၊ ပေါ်လွင်အောင် မပြုအပ်သေး၊ အလုံးစုံသော သာသနာတော်၏ သဘောကို ပေါင်းစုသော ပုဒ်တို့ဖြင့် တစ်ပေါင်းတည်း မပြုအပ်သေး၊ ဝဋ်ဆင်းရဲမှ ထုတ်ဆောင်သော တရားနှင့် တကွ မပြုအပ် သေး၊ လူ့ပြည်မှ နတ်ပြည်အထိ ပျံ့နှံ့အောင် ကောင်းစွာ မပြုအပ်သေး၊ ထိုအခါ ငါတို့၏ ဆရာသည် ကွယ်လွန်၏။ ဤသို့ ဆရာကို မှီ၍ ရောက်အပ်သော တရားသို့ မရောက်ရသေးသောကြောင့် အားမရ မကျေနပ်ဖြစ်၏၊ ထို့ကြောင့်ပေတည်း။

စုန္ဒ ဤသို့သဘောရှိသော ဆရာ ကွယ်လွန်သည်ရှိသော် တပည့်တို့အား ပူပန်ခြင်း ဖြစ်၏။

တပည့်တို့ မပူပန်အပ်သော ဆရာ

၁၇၁။ စုန္ဒ ဤလောက၌ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော မြတ်စွာဘုရားသည် ထင်ရှား ပွင့်တော်မူ၏၊ တရားသည်လည်း ကောင်းစွာ ဟောအပ်သော တရား ဖြစ်၏၊ ကောင်းစွာ သိစေအပ်သောတရား ဖြစ်၏၊ မဂ်ဖိုလ်ဆိုက်ရောက်ကြောင်း တရား ဖြစ်၏၊ ကိလေသာ ငြိမ်းမှုကို ဖြစ်စေတတ်သောတရား ဖြစ်၏၊ ဘုရားစင်စစ် ဟောအပ်သော တရား ဖြစ်၏။

ထိုမြတ်စွာဘုရား၏ သာသနာ၌ ထိုမြတ်စွာဘုရား၏ တပည့်တို့သည်လည်း သစ္စာလေးပါးတရားကို သိခြင်းသို့ ရောက်ကြပြီ၊ ထိုတပည့်တို့အား အလုံးစုံပြည့်စုံသော မြတ်သောအကျင့်ကို ထင်ရှားအောင် ပြု အပ်ပြီ၊ ပေါ်လွင်အောင် ပြုအပ်ပြီ၊ အလုံးစုံသော သာသနာ၏ သဘောကို ပေါင်းစုသော ပုဒ်တို့ဖြင့် တစ်ပေါင်းတည်း ပြုအပ်ပြီ၊ ဝဋ်ဆင်းရဲမှ ထုတ်ဆောင်သော တရားနှင့်တကွ ပြုအပ်ပြီ၊ လူ့ပြည်မှ နတ်ပြည်အထိ ပျံ့နှံ့အောင် ကောင်းစွာ ပြအပ်ပြီ၊ ထိုအခါ ထိုတပည့်တို့၏ ဆရာသည် ကွယ်လွန်၏။

စုန္ဒ ဤသို့သဘောရှိသော ဆရာ ကွယ်လွန်သည်ရှိသော် တပည့်တို့အား ပူပန်ခြင်း မဖြစ်။

အဘယ့်ကြောင့်ဆိုသော် ငါတို့အတွက် ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရား တို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော မြတ်စွာဘုရားသည်လည်း လောက၌ ထင်ရှားပွင့်တော်မူ၏။ တရားသည်လည်း ကောင်းစွာ ဟောအပ်သောတရား ဖြစ်၏၊ ကောင်းစွာ သိစေအပ်သောတရား ဖြစ်၏၊ ဝဋ်မှ ထွက်မြောက်ကြောင်းတရား ဖြစ်၏၊ ကိလေသာငြိမ်းမှုကို ဖြစ်စေတတ်သောတရား ဖြစ်၏၊ ဘုရား စင်စစ် ဟောအပ်သောတရား ဖြစ်၏၊ ငါတို့သည်လည်း သစ္စာလေးပါးတရားကို သိခြင်းသို့ ရောက်ကြပြီ၊ ငါတို့အား အလုံးစုံပြည့်စုံသော မြတ်သော အကျင့်ကို ထင်ရှားအောင် ပြုအပ်ပြီ၊ ပေါ်လွင်အောင် ပြုအပ်ပြီ၊ အလုံးစုံသော သာသနာ၏ သဘောကို ပေါင်းစုသော ပုဒ်တို့ဖြင့် တစ်ပေါင်းတည်း ပြုအပ်ပြီ၊ ဝဋ်ဆင်းရဲမှ ထွက်မြောက်သည်ကို ပြုအပ်ပြီ၊ လူ့ပြည်မှ နတ်ပြည်အထိ ပျံ့နှံ့အောင် ကောင်းစွာ ပြအပ်ပြီ၊ ထိုအခါ ငါတို့ဆရာသည် ကွယ်လွန်၏၊ ဤသို့ ဆရာကို မှီ၍ ရောက်အပ်သော တရားသို့ ရောက်ပြီးဖြစ်သော ကြောင့် အားရကျေနပ်၏၊ ထို့ကြောင့်ပေတည်း။

စုန္ဒ ဤသို့သဘောရှိသော ဆရာ ကွယ်လွန်သည်ရှိသော် တပည့်တို့အား ပူပန်ခြင်း မဖြစ်။

သာသနာမပြည့်စုံခြင်း စသည်

၁၇၂။ စုန္ဒ သာသနာသည် ဤဆိုခဲ့ပြီးသော သွာက္ခာတစသော အင်္ဂါတို့နှင့် ပြည့်စုံစေကာမူ ဆရာသည် မြဲမြံတည်တံ့ကြောင်း သီလက္ခန္ဓစသော ‘ထိရ’ ဂုဏ်တို့နှင့် ပြည့်စုံသော ရဟန်းဝါရင့်သော ရဟန်းသက်ရှည်သော ရှေးမီသော အဆုံးအရွယ်သို့ ရောက်လျက်ရှိသော ဆရာ မဟုတ်အံ့၊ ဤသို့ ဖြစ် သည်ရှိသော် ထိုသာသနာသည် ထိုအင်္ဂါကြောင့် မပြည့်စုံ။

စုန္ဒ သို့သော် အကြင်အခါ၌ သာသနာသည် ဤဆိုခဲ့ပြီးသော သွာက္ခာတစသော အင်္ဂါတို့နှင့်လည်း ပြည့်စုံ၏၊ ဆရာသည်လည်း မြဲမြံတည်တံ့ကြောင်း သီလက္ခန္ဓစသော ‘ထိရ’ ဂုဏ်တို့နှင့် ပြည့်စုံသောရဟန်း ဝါရင့်သောရဟန်း သက်ရှည်သော ရှေးမီသော အဆုံးအရွယ်သို့ ရောက်လျက်ရှိသော ဆရာ ဖြစ်၏၊ ဤသို့ ဖြစ်သည်ရှိသော် ထိုသာသနာသည် ထိုအင်္ဂါကြောင့် ပြည့်စုံ၏။

၁၇၃။ စုန္ဒ သာသနာသည် ဤဆိုခဲ့ပြီးသော သွာက္ခာတစသော အင်္ဂါတို့နှင့် ပြည့်စုံ၏၊ ဆရာသည် မြဲမြံတည်တံ့ကြောင်း သီလက္ခန္ဓစသော ‘ထိရ’ ဂုဏ်တို့နှင့် ပြည့်စုံသော ရဟန်းဝါရင့်သော ရဟန်းသက် ရှည်သော ရှေးမီသော အဆုံးအရွယ်သို့ ရောက်လျက်ရှိသော ဆရာဖြစ်၏၊ ယင်းသို့ဖြစ်သော်လည်း ထို ဆရာ၏တပည့် သီတင်းကြီး ရဟန်းတို့သည်ကား မဂ်၏ အစွမ်းဖြင့် မလိမ္မာကြကုန်သေး၊ ဆုံးမအပ်ပြီး မဟုတ်ကြကုန်သေး၊ ရဲရင့်ခြင်းသို့ မရောက်ကြကုန်သေး၊ ယောဂ၏ကုန်ရာ အရဟတ္တဖိုလ်သို့ မရောက်ကြ ကုန်သေး၊ သူတော်ကောင်းတရားကို ကောင်းစွာ ဟောရန် မစွမ်းနိုင်ကြကုန်သေး၊ ဖြစ်ပေါ်လာသော သူတစ်ပါးအယူကို အကြောင်းနှင့်လျော်စွာ ကောင်းစွာ ဖိနှိပ်ချေ ပခြင်းဖြင့် ဖိနှိပ်ချေပ၍ ဝဋ်မှ ထွက်မြောက် စေသော တရားကို ဟောရန် မစွမ်းနိုင်ကြကုန်သေး။ ဤသို့ ဖြစ်သည်ရှိသော် ထိုသာသနာသည် ထိုအင်္ဂါ ကြောင့် မပြည့်စုံ။

စုန္ဒ သို့သော် အကြင်အခါ၌ သာသနာသည် ဤဆိုခဲ့ပြီးသော သွာက္ခာတစသော အင်္ဂါတို့နှင့်လည်း့ ပြည့်စုံ၏၊ ဆရာသည်လည်း မြဲမြံတည်တံ့ကြောင်းဖြစ်သော သီလက္ခန္ဓစသော ‘ထိရ’ ဂုဏ်တို့နှင့် ပြည့်စုံသော ရဟန်း ဝါရင့်သော ရဟန်းသက်ရှည်သော ရှေးမီသော အဆုံးအရွယ်သို့ ရောက်လျက်ရှိသော ဆရာဖြစ်၏၊ ထိုဆရာ၏တပည့် သီတင်းကြီးရဟန်းတို့သည်လည်း မဂ်၏အစွမ်းဖြင့် လိမ္မာကြကုန်ပြီ၊ ကောင်းစွာ ဆုံးမ အပ်ပြီးကုန်ပြီ၊ ရဲရင့်ခြင်းသို့ ရောက်ကြကုန်ပြီ၊ ယောဂ၏ကုန်ရာ အရဟတ္တဖိုလ်သို့ ရောက်ပြီးကုန်ပြီ၊ သူတော်ကောင်းတရားကို ကောင်းစွာ ဟောရန် စွမ်းနိုင်ကြကုန်ပြီ၊ ဖြစ်ပေါ်လာသော သူတစ်ပါးအယူကို အကြောင်းနှင့်လျော်စွာ ကောင်းစွာ ဖိနှိပ်ချေပခြင်းဖြင့် ဖိနှိပ်ချေ ပ၍ ဝဋ်မှ ထွက်မြောက်စေသော တရားကို ဟောရန် စွမ်းနိုင်ကြကုန်ပြီ။ ဤသို့ ဖြစ်သည်ရှိသော် ထိုသာသနာသည် ထိုအင်္ဂါကြောင့် ပြည့်စုံ၏။

၁၇၄။ စုန္ဒ သာသနာသည် ဤဆိုခဲ့ပြီးသော သွာက္ခာတစသော အင်္ဂါတို့နှင့် ပြည့်စုံ၏၊ ဆရာသည် လည်း မြဲမြံတည်တံ့ကြောင်းဖြစ်သော သီလက္ခန္ဓစသော ‘ထိရ’ ဂုဏ်တို့နှင့် ပြည့်စုံသောရဟန်း ဝါရင့်သော ရဟန်းသက်ရှည်သော ရှေးမီသော အဆုံးအရွယ်သို့ ရောက်လျက်ရှိသော ဆရာဖြစ်၏၊ ထိုဆရာ၏ တပည့် သီတင်းကြီးရဟန်းတို့သည်လည်း မဂ်၏အစွမ်းဖြင့် လိမ္မာကြကုန်ပြီ၊ ကောင်းစွာ ဆုံးမအပ်ပြီး ကုန်ပြီ၊ ရဲရင့်ခြင်းသို့ ရောက်ကြကုန်ပြီ၊ ယောဂ၏ကုန်ရာ အရဟတ္တဖိုလ်သို့ ရောက်ပြီးကုန်ပြီ၊ သူတော်ကောင်း တရားကို ကောင်းစွာ ဟောစွမ်းနိုင်ကုန်ပြီ၊ ဖြစ်ပေါ်လာသော သူတစ်ပါးအယူကို အကြောင်းနှင့်လျော်စွာ ကောင်းစွာ ဖိနှိပ်ချေပခြင်းဖြင့် ဖိနှိပ်ချေပ၍ ဝဋ်မှထွက်မြောက်စေသော တရားကို ဟောရန် စွမ်းနိုင်ကြကုန် ပြီ။ပ။ သို့သော် ထိုဆရာ၏တပည့် သီတင်းလတ် ရဟန်းတို့သည်ကား မဂ်၏အစွမ်းဖြင့် မလိမ္မာကြ ကုန်သေး။ပ။ ထိုဆရာ၏တပည့် သီတင်းလတ် ရဟန်းတို့သည်လည်း မဂ်၏အစွမ်းဖြင့်လိမ္မာကြကုန်ပြီ၊ သို့သော် ထိုဆရာ၏တပည့် သီတင်းငယ်ရဟန်းတို့သည်ကား မဂ်၏ အစွမ်းဖြင့် မလိမ္မာကြကုန်သေး။ပ။ ထိုဆရာ၏တပည့် သီတင်းငယ်ရဟန်းတို့သည်လည်း မဂ်၏အစွမ်းဖြင့် လိမ္မာကြကုန်ပြီ၊ သို့သော် ထိုဆရာ၏တပည့် သီတင်းကြီး ရဟန်းမိန်းမတို့သည်ကား မဂ်၏အစွမ်းဖြင့် မလိမ္မာကြကုန်သေး။ပ။ ထိုဆရာ၏ တပည့် သီတင်းကြီး ရဟန်းမိန်းမတို့သည်လည်း မဂ်၏အစွမ်းဖြင့် လိမ္မာကြကုန်ပြီ၊ သို့သော် ထိုဆရာ၏ တပည့် သီတင်းလတ် ရဟန်းမိန်းမတို့သည်ကား မဂ်၏အစွမ်းဖြင့် မလိမ္မာကြကုန်သေး။ပ။ ထိုဆရာ၏ တပည့် သီတင်းလတ် ရဟန်းမိန်းမတို့သည်လည်း မဂ်၏အစွမ်းဖြင့် လိမ္မာကြကုန်ပြီ၊ သို့သော် ထိုဆရာ၏ တပည့် သီတင်းငယ် ရဟန်းမိန်းမတို့သည်ကား မဂ်၏အစွမ်းဖြင့် မလိမ္မာကြကုန်သေး။ပ။ ထိုဆရာ၏ တပည့် သီတင်းငယ် ရဟန်းမိန်မတို့သည်လည်း မဂ်၏အစွမ်းဖြင့် လိမ္မာကြကုန်ပြီ၊ သို့သော် ထိုဆရာ၏ တပည့် အဝတ်ဖြူဝတ်ကုန်သော မြတ်သော အကျင့်ကို ကျင့်ကုန်သော လူဥပါသကာတို့သည်ကား မဂ်၏ အစွမ်းဖြင့် မလိမ္မာကြကုန်သေး။ပ။ ထိုဆရာ၏တပည့် အဝတ်ဖြူဝတ်ကုန်သော မြတ်သောအကျင့်ကို ကျင့် ကုန်သော လူဥပါသကာတို့သည်လည်း မဂ်၏အစွမ်းဖြင့် လိမ္မာကြကုန်ပြီ၊ သို့သော် ထိုဆရာ၏တပည့် အဝတ်ဖြူဝတ်ကုန်သော ကာမဂုဏ်ခံစားသေးကုန်သော လူဥပါသကာတို့သည်ကား မဂ်၏အစွမ်းဖြင့် မလိမ္မာကြကုန်သေး။ပ။ ထိုဆရာ၏တပည့် အဝတ်ဖြူဝတ်ကုန်သော ကာမဂုဏ်ခံစားသေးကုန်သော လူ ဥပါသကာတို့သည်လည်း မဂ်၏အစွမ်းဖြင့် လိမ္မာကြကုန်ပြီ၊ သို့သော် ထိုဆရာ၏တပည့် အဝတ်ဖြူဝတ် ကုန်သော မြတ်သောအကျင့်ကို ကျင့်ကုန်သော လူဥပါသိကာမတို့သည်ကား မဂ်၏အစွမ်းဖြင့် မလိမ္မာကြ ကုန်သေး။ပ။ ထိုဆရာ၏တပည့် အဝတ်ဖြူဝတ်ကုန်သော မြတ်သောအကျင့်ကို ကျင့်ကုန်သော လူ ဥပါသိကာမတို့သည်လည်း မဂ်၏အစွမ်းဖြင့် လိမ္မာကြကုန်ပြီ၊ သို့သော် ထိုဆရာ၏တပည့် အဝတ်ဖြူဝတ် ကုန်သော ကာမဂုဏ်ခံစားသေးကုန်သော လူဥပါသိကာမတို့သည်ကား မဂ်၏အစွမ်းဖြင့် မလိမ္မာကြ ကုန်သေး။ပ။ ထိုဆရာ၏တပည့် အဝတ်ဖြူဝတ်ကုန်သော ကာမဂုဏ်ခံစားသေးကုန်သော လူဥပါသိကာမတို့ သည်လည်း မဂ်၏အစွမ်းဖြင့် လိမ္မာကြကုန်ပြီ။ ယင်းသို့ဖြစ်သော်လည်း ထိုဆရာ၏ သာသနာသည်ကား ဖွံ့ဖြိုးလည်း မဖွံ့ဖြိုးသေး၊ စည်ပင်လည်း မစည်ပင်သေး၊ ပျံ့နှံ့လည်း မပျံ့နှံ့သေး၊ သတ္တဝါအများ လည်း မသိသေး၊ ကြီးကျယ်သည့် အဖြစ်သို့လည်း မရောက်သေး၊ လူ့ပြည်မှ နတ်ပြည်အထိ ပျံ့နှံ့ အောင် ကောင်းစွာ ပြလည်း မပြအပ်သေး။ပ။ ထိုဆရာ၏ သာသနာသည် ဖွံ့ဖြိုးလည်း ဖွံ့ဖြိုးပြီ၊ စည်ပင်လည်း စည်ပင်ပြီ၊ ပျံ့နှံ့လည်း ပျံ့နှံ့ပြီ၊ သတ္တဝါအများလည်း သိပြီ၊ လူ့ပြည်မှ နတ်ပြည်အထိ ပျံ့နှံ့အောင် ကောင်းစွာ ပြလည်း ပြအပ်ပြီ။ ယင်းသို့ ဖြစ်သော်လည်း လာဘ်များခြင်း အထွတ်အထိပ် အခြံအရံများခြင်း အထွတ်အထိပ်သို့ကား မရောက်သေး၊ ဤသို့ ဖြစ်သည်ရှိသော် ထိုသာသနာသည် ထို အင်္ဂါကြောင့် မပြည့်စုံ။

စုန္ဒ သို့သော် အကြင်အခါ၌ သာသနာသည် ထိုဆိုခဲ့ပြီးသော သွာက္ခာတစသော အင်္ဂါတို့နှင့် ပြည့်စုံ၏၊ ဆရာသည်လည်း တည်တံ့မြဲမြံကြောင်း သီလက္ခန္ဓစသော ‘ထိရ’ ဂုဏ်တို့နှင့် ပြည့်စုံသောရဟန်း ဝါရင့်သော ရဟန်းသက်ရှည်သော ရှေးမီသော အဆုံးအရွယ်သို့ ရောက်လျက်ရှိသော ဆရာဖြစ်၏၊ ထို ဆရာ၏တပည့် သီတင်းကြီး ရဟန်းတို့သည်လည်း မဂ်၏အစွမ်းဖြင့် လိမ္မာကြကုန်ပြီ၊ ကောင်းစွာ ဆုံးမ အပ်ပြီးကုန်ပြီ၊ ရဲရင့်ခြင်းသို့ ရောက်ကြကုန်ပြီ၊ ယောဂ၏ကုန်ရာ အရဟတ္တဖိုလ်သို့ ရောက်ပြီးကုန်ပြီ၊ သူတော် ကောင်းတရားကို ကောင်းစွာ ဟောရန် စွမ်းနိုင်ကုန်ပြီ၊ ဖြစ်ပေါ်လာသော သူတစ်ပါးအယူကို အကြောင်း နှင့်လျော်စွာ ကောင်းစွာ ဖိနှိပ်ချေပခြင်းဖြင့် ဖိနှိပ်ချေပ၍ ဝဋ်မှ ထွက်မြောက်စေသော တရားကို ဟောရန် စွမ်းနိုင်ကုန်ပြီ။ ထိုဆရာ၏တပည့် သီတင်းလတ် ရဟန်းတို့သည်လည်း မဂ်၏အစွမ်းဖြင့် လိမ္မာ ကြကုန်ပြီ။ ထိုဆရာ၏တပည့် သီတင်းငယ်ရဟန်းတို့သည်လည်း မဂ်၏အစွမ်းဖြင့် လိမ္မာကြကုန်ပြီ။ ထို ဆရာ၏တပည့် သီတင်းကြီးရဟန်းမိန်းမတို့သည်လည်း မဂ်၏အစွမ်းဖြင့် လိမ္မာကြကုန်ပြီ၊ ထိုဆရာ၏့တပည့် သီတင်းလတ်ရဟန်းမိန်းမတို့သည်လည်း မဂ်၏အစွမ်းဖြင့် လိမ္မာကြကုန်ပြီ၊ ထိုဆရာ၏တပည့် သီတင်းငယ် ရဟန်းမိန်းမတို့သည်လည်း မဂ်၏အစွမ်းဖြင့် လိမ္မာကြကုန်ပြီ၊ ထိုဆရာ၏တပည့် အဝတ်ဖြူ ဝတ်ကုန်သော မြတ်သောအကျင့်ကို ကျင့်ကုန်သော လူဥပါသကာတို့သည်လည်း မဂ်၏အစွမ်းဖြင့် လိမ္မာ ကြကုန်ပြီ။ ထိုဆရာ၏တပည့် အဝတ်ဖြူဝတ်ကုန်သော ကာမဂုဏ်ခံစားသေးကုန်သော ဥပါသကာတို့သည် လည်း မဂ်၏အစွမ်းဖြင့် လိမ္မာကြကုန်ပြီ။ ထိုဆရာ၏တပည့် အဝတ်ဖြူဝတ်ကုန်သော မြတ်သောအကျင့်ကို ကျင့်ကုန်သော လူဥပါသိကာမတို့သည်လည်း မဂ်၏အစွမ်းဖြင့် လိမ္မာကြကုန်ပြီ။ ထိုဆရာ၏တပည့် အဝတ် ဖြူဝတ်ကုန်သော ကာမဂုဏ်ခံစားသေးကုန်သော လူဥပါသိကာမတို့သည်လည်း မဂ်၏အစွမ်းဖြင့် လိမ္မာကြ ကုန်ပြီ။ ထိုဆရာ၏ သာသနာသည်လည်း ဖွံ့ဖြိုးလည်း ဖွံ့ဖြိုးပြီ၊ စည်ပင်လည်း စည်ပင်ပြီ၊ ပျံ့နှံ့လည်း ပျံ့နှံ့ပြီ၊ သတ္တဝါအများလည်း သိပြီ၊ ကြီးကျယ်လည်း ကြီးကျယ်ပြီ၊ လူ့ပြည်မှ နတ်ပြည်အထိ ပျံ့နှံ့ အောင် ကောင်းစွာ ပြလည်း ပြအပ်ပြီ၊ လာဘ်များခြင်း အထွတ်အထိပ်, အခြံအရံများခြင်း အထွတ် အထိပ်သို့လည်း ရောက်ပြီ။ ဤသို့ဖြစ်သည်ရှိသော် ထိုသာသနာသည် ထိုအင်္ဂါကြောင့် ပြည့်စုံ၏။

၁၇၅။ စုန္ဒ ယခုအခါ ငါသည် ပူဇော်အထူးကို ခံထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိသော ဆရာအဖြစ်ဖြင့် လောက၌ ဖြစ်ပေါ်လာ၏၊ တရားသည်လည်း ကောင်းစွာ ဟောအပ်သော တရား ဖြစ်၏၊ ကောင်းစွာ သိစေအပ်သောတရား ဖြစ်၏၊ မဂ်ဖိုလ်ဆိုက်ရောက်ကြောင်းတရား ဖြစ်၏၊ ကိလေသာငြိမ်းမှုကို ဖြစ်စေတတ်သောတရား ဖြစ်၏၊ ဘုရားစင်စစ် ဟောအပ်သောတရား ဖြစ်၏။

ငါ၏ တပည့်တို့သည်လည်း သာသနာ၌ သစ္စာလေးပါးတရားကို သိခြင်းသို့ ရောက်ကြပြီ၊ ထို တပည့်တို့အား အလုံးစုံ ပြည့်စုံသော မြတ်သော အကျင့်ကို ထင်ရှားအောင် ပြုအပ်ပြီ၊ ပေါ်လွင်အောင် ပြုအပ်ပြီ၊ အလုံးစုံသော သာသနာ၏ သဘောကို ပေါင်းစုသော ပုဒ်တို့ဖြင့် တပေါင်းတည်း ပြုအပ်ပြီ၊ ဝဋ် ဆင်းရဲမှ ထုတ်ဆောင်သော တရားနှင့်တကွ ပြုအပ်ပြီ၊ လူ့ပြည်မှ နတ်ပြည်အထိ ပျံ့နှံ့အောင် ကောင်းစွာ ပြအပ်ပြီ။

စုန္ဒ ယခုအခါ ဆရာဖြစ်သော ငါသည် မြဲမြံတည်တံ့ကြောင်း သီလက္ခန္ဓစသော ‘ထိရ’ဂုဏ်နှင့် ပြည့်စုံ၏၊ ရဟန်းဝါရင့်၏၊ ရဟန်းသက်ရှည်၏၊ ရှေးမီ၏၊ အဆုံးအရွယ်သို့ ရောက်လျက် ရှိ၏။

စုန္ဒ ယခုအခါ မဂ်၏အစွမ်းဖြင့် လိမ္မာကြကုန်သော ဆုံးမအပ်ပြီးဖြစ်ကုန်သော ရဲရင့်ခြင်းသို့ ရောက် ကြကုန်သော ယောဂ၏ကုန်ရာ အရဟတ္တဖိုလ်သို့ ရောက်ပြီးဖြစ်ကုန်သော သူတော်ကောင်းတရားကို ကောင်းစွာ ဟောရန် စွမ်းနိုင်ကုန်သော ဖြစ်ပေါ်လာသော သူတစ်ပါးအယူကို အကြောင်းနှင့် လျော်စွာ ကောင်းစွာ ဖိနှိပ်ချေပခြင်းဖြင့် ဖိနှိပ်ချေပ၍ ဝဋ်မှ ထုတ်ဆောင်သော တရားကို ဟောရန်စွမ်းနိုင်ကုန်သော ငါ၏တပည့် သီတင်းကြီး ရဟန်းတို့သည် ရှိကုန်သည်သာလျှင်တည်း။ စုန္ဒ ယခုအခါ ငါ၏တပည့် သီတင်း လတ် ရဟန်းတို့သည် ရှိကုန်သည်သာလျှင်တည်း။ စုန္ဒ ယခုအခါ ငါ၏တပည့် သီတင်းငယ် ရဟန်း တို့သည် ရှိကုန်သည်သာလျှင်တည်း။ စုန္ဒ ယခုအခါ ငါ၏တပည့် သီတင်းကြီး ရဟန်းမိန်းမတို့သည် ရှိ ကုန်သည်သာလျှင်တည်း။ စုန္ဒ ယခုအခါ ငါ၏တပည့် သီတင်းလတ် ရဟန်းမိန်းမတို့သည် ရှိကုန်သည် သာလျှင်တည်း။ စုန္ဒ ယခုအခါ ငါ၏တပည့် သီတင်းငယ် ရဟန်းမိန်းမတို့သည် ရှိကုန်သည်သာလျှင် တည်း။ စုန္ဒ ယခုအခါ ငါ၏တပည့် အဝတ်ဖြူဝတ်ကုန်သော မြတ်သော အကျင့်ကို ကျင့်ကုန်သော လူ ဥပါသကာတို့သည် ရှိကုန်သည်သာလျှင်တည်း။ စုန္ဒ ယခုအခါ ငါ၏တပည့် အဝတ်ဖြူဝတ်ကုန်သော ကာမဂုဏ်ခံစားသေးကုန်သော လူဥပါသကာတို့သည် ရှိကုန်သည်သာလျှင်တည်း။ စုန္ဒ ယခုအခါ ငါ၏ တပည့် အဝတ်ဖြူဝတ်ကုန်သော မြတ်သောအကျင့်ကို ကျင့်ကုန်သော လူဥပါသိကာမတို့သည် ရှိကုန်သည် သာလျှင်တည်း။ စုန္ဒ ယခုအခါ ငါ၏တပည့် အဝတ်ဖြူဝတ်ကုန်သော ကာမဂုဏ်ခံစားသေးကုန်သော လူ ဥပါသိကာမတို့သည် ရှိကုန်သည်သာလျှင်တည်း။ စုန္ဒ ယခုအခါ ငါ၏သာသနာသည် ဖွံ့ဖြိုးလည်း ဖွံ့ဖြိုး့ပြီ၊ စည်ပင်လည်း စည်ပင်ပြီ၊ ပျံ့နှံ့လည်း ပျံ့နှံ့ပြီ၊ သတ္တဝါအများသိလည်း သိပြီ၊ ကြီးကျယ်လည်း ကြီး ကျယ်ပြီ၊ လူ့ပြည်မှ နတ်ပြည်အထိ ပျံ့နှံ့အောင် ကောင်းစွာ ပြလည်း ပြအပ်ပြီ။

၁၇၆။ စုန္ဒ ယခုအခါ အကြင်မျှလောက်ကုန်သော ဆရာတို့သည် လောက၌ ဖြစ်ပေါ်ကုန်၏၊ စုန္ဒ ထိုဆရာတို့တွင် ငါသည် လာဘ်များခြင်းအထွတ်အထိပ် အခြံအရံများခြင်းအထွတ်အထိပ်သို့ ရောက်သကဲ့ သို့ ဤအတူ လာဘ်များခြင်းအထွတ်အထိပ် အခြံအရံများခြင်းအထွတ်အထိပ်သို့ရောက်သော အခြားတစ်ဦးသော ဆရာကိုမျှလည်း ငါ မြင်တော်မမူ။

စုန္ဒ ယခုအခါ အကြင်မျှလောက်သော သံဃာသည်လည်းကောင်း ဂိုဏ်းသည်လည်းကောင်း လောက၌ ဖြစ်၏၊ စုန္ဒ ထိုဂိုဏ်းသံဃာတို့တွင် ဤ (ငါ၏တပည့်သား) ရဟန်းသံဃာသည် လာဘ်များခြင်း အထွတ် အထိပ်, အခြံအရံများခြင်း အထွတ်အထိပ်သို့ ရောက်သကဲ့သို့ ဤအတူလာဘ်များခြင်း အထွတ်အထိပ်, အခြံအရံများခြင်းအထွတ် အထိပ်သို့ ရောက်သော အခြားတစ်ခုသော ဂိုဏ်းသံဃာကိုမျှလည်း ငါ မြင်တော် မမူ။

စုန္ဒ “သာသနာတော်သည် အလုံးစုံသော ပြည့်စုံဖွယ်အကြောင်းနှင့် ပြည့်စုံ၏၊ အလုံးစုံသော ပြည့်စုံ ဖွယ်အကြောင်းနှင့် ထက်ဝန်းကျင် ပြည့်စုံ၏၊ အယုတ် အလွန်မရှိ၊ စင်စစ် အပြည့်အစုံ ကောင်းစွာ ဟော အပ်၏၊ ကောင်းစွာ ပြအပ်၏”ဟု အကြင် သာသနာကိုဟုတ်မှန်သော အကြောင်းယုတ္တိဖြင့်ဆိုလိုလျှင် ဤငါ့သာသနာတော်ကိုသာလျှင် “ သာသနာတော်သည် အလုံးစုံသော ပြည့်စုံဖွယ်အကြောင်းနှင့် ပြည့်စုံ၏။ပ။ ကောင်းစွာ ပြအပ်၏”ဟု ဆိုရာ၏။

စုန္ဒ ရာမ၏သား ဥဒကသည် “မြင်လျက် မမြင်” ဟူသော စကားကို ဆို၏။

အဘယ်ကို မြင်လျက် မမြင်သနည်းဟူမူ —

ထက်စွာ သွေးထားသော သင်တုန်း၏ အရွက်ကို မြင်၏၊ ထိုသင်တုန်း၏ အသွားကိုကား မမြင်၊ စုန္ဒ ဤ (သင်တုန်းအရွက်ကို မြင်လျက် အသွားကို မမြင်ခြင်း) ကို “မြင်လျက် မမြင်”ဟု (ရာမ၏သား ဥဒကသည်) ဆို၏။

စုန္ဒ ရာမ၏သား ဥဒက ဆိုအပ်သော စကားသည် ယုတ်ညံ့၏၊ ရွာသူတို့ အလေ့အကျက် ဖြစ်၏၊ ပုထုဇဉ်တို့သာ ပြော၏၊ အရိယာပုဂ္ဂိုလ်တို့ကား မပြော၊ အကျိုးစီးပွါးနှင့် မစပ်။

စုန္ဒ “မြင်လျက် မမြင်” ဟူသော အကြင်စကားကိုဟုတ်မှန်စွာ ဆိုလိုသော ပုဂ္ဂိုလ်သည် ဤသာသနာကိုသာလျှင် “မြင်လျက် မမြင်”ဟုဟုတ်မှန်စွာ ဆိုရာ၏။

အဘယ်ကို မြင်လျက် မမြင်သနည်းဟူမူ —

ဤဆိုခဲ့တိုင်း ဝဋ်ဆင်းရဲမှ ထွက်မြောက်ခြင်းကို ရရန် အလုံးစုံသော ပြည့်စုံဖွယ် အကြောင်းနှင့် ပြည့်စုံသော အလုံးစုံသော ပြည့်စုံဖွယ်အကြောင်းနှင့် ထက်ဝန်းကျင် ပြည့်စုံသော အယုတ် အလွန်မရှိ၊ စင်စစ် အပြည့်အစုံ ကောင်းစွာ ဟောအပ်သော ကောင်းစွာ ပြအပ်သော သာသနာသည် ရှိ၏၊ ထို့ကြောင့် ထိုသာသနာကို မြင်၏။

ဤသာသနာ၌ ထိုအချက်ကို ပယ်နုတ်ရာ၏၊ ဤသို့ ပယ်နုတ်လျှင် ထိုသာသနာသည် စင်ကြယ်သည် ထက် စင်ကြယ်ရာ၏၊ ဤသို့လျှင် ထိုပယ်နုတ်ဖွယ်အချက်ကို မမြင်။

ဤသာသနာ၌ ဤအချက်ကို ဖြည့်စွက်ရာ၏၊ ဤသို့ ဖြည့်စွက်လျှင် ထိုသာသနာသည် ပြည့်စုံသည် ထက် ပြည့်စုံရာ၏၊ ဤသို့လျှင် ဖြည့်စွက်ဖွယ် အချက်ကို မမြင်။

ဤ (သာသနာတော်ကို မြင်၍ ပယ်နုတ်ဖွယ် ဖြည့်စွတ်ဖွယ်ကို မမြင်ခြင်း)ကို “မြင်လျက် မမြင်”ဟု ဆိုအပ်၏။

စုန္ဒ “သာသနာတော်သည် အလုံးစုံသော ပြည့်စုံဖွယ်အကြောင်းနှင့် ပြည့်စုံ၏။ပ။ ကောင်းစွာ ပြအပ်၏”ဟု တစ်စုံတစ်ခုသော သာသနာကို မှန်စွာဆိုလိုသော် ဤသာသနာတော်ကိုသာလျှင် “သာသနာတော့်သည် အလုံးစုံသော ပြည့်စုံဖွယ်အကြောင်းနှင့် ပြည့်စုံ၏၊ အလုံးစုံသော ပြည့်စုံဖွယ်အကြောင်းနှင့် ထက် ဝန်းကျင် ပြည့်စုံ၏၊ အယုတ် အလွန်မရှိ၊ စင်စစ် အပြည့်အစုံ ကောင်းစွာ ဟောအပ်၏၊ ကောင်းစွာ ပြအပ်၏”ဟု မှန်စွာဆိုရာ၏။

သံဂါယနာ တင်အပ်သော တရား

၁၇၇။ စုန္ဒ ထို့ကြောင့် ဤသာသနာတော်၌ အကြင်တရားတို့ကို သင်ချစ်သားတို့အား ငါသည် ထူးကဲလွန်မြတ်သော ‘သဗ္ဗညုတ’ ဉာဏ်ဖြင့် သိ၍ ဟောတော်မူအပ်ကုန်၏၊ ထိုတရားတို့၌ အလုံးစုံသော သင်ချစ်သားတို့သည် စည်းဝေးကုန်၍ အတူတကွ လာရောက်ကုန်၍ ဤသာသနာတော် အရှည်ခံ့၍ ကြာမြင့်စွာ တည်တံ့သော အခြင်းအရာဖြင့် အနက်ဖြင့် အနက်ကို၊ သဒ္ဒါဖြင့် သဒ္ဒါကို (ညီညွတ်စေလျက်) ရွတ်ဆို (သံဂါယနာတင်) အပ်၏၊ မငြင်းခုံအပ်။

ထို (သံဂါယနာတင်ခြင်း) သည် လူအများ၏ အစီးအပွါးအလို့ငှါ လူအများ၏ ချမ်းသာအလို့ငှါ လောကကို စောင့်ရှောက်ရန်အလို့ငှါ နတ်လူတို့၏ အကျိုးစီးပွါး ချမ်းသာသုခအလို့ငှါ ဖြစ်ရာ၏။

စုန္ဒ သင်တို့အား ငါသည် အကြင်တရားတို့ကို ထူးကဲလွန်မြတ်သော ‘သဗ္ဗညုတ’ ဉာဏ်ဖြင့် သိ၍ ဟောတော်မူအပ်ကုန်၏၊ ထိုတရားတို့ကား အဘယ်တို့နည်း။

အကြင်တရားတို့၌ အလုံးစုံသော သင်ချစ်သားတို့သည် စည်းဝေးကုန်၍ အတူတကွ လာရောက် ကုန်၍ ဤသာသနာတော် အရှည်ခံ့၍ ကြာမြင့်စွာ တည်တံ့သော အခြင်းအရာဖြင့် အနက်ဖြင့် အနက်ကို၊ သဒ္ဒါဖြင့် သဒ္ဒါကို (ညီညွတ်စေလျက်) ရွတ်ဆို (သံဂါယနာတင်) အပ်၏၊ မငြင်းခုံအပ်။

ထို (သံဂါယနာတင်ခြင်း) သည် လူအများ၏ အစီးအပွါးအလို့ငှါ လူအများ၏ ချမ်းသာသုခအလို့ငှါ လောကကို စောင့်ရှောက်ရန်အလို့ငှါ နတ်လူတို့၏ အကျိုးစီးပွါး ချမ်းသာသုခအလို့ငှါ ဖြစ်ရာ၏။

ထိုတရားတို့သည် အဘယ်နည်းဟူမူ —

သတိပဋ္ဌာန်လေးပါး၊ သမ္မပ္ပဓာန်လေးပါး၊ ဣဒ္ဓိပါဒ်လေးပါး၊ ဣန္ဒြေငါးပါး၊ ဗိုလ်ငါးပါး၊ ဗောဇ္ဈင် ခုနစ်ပါး၊ အရိယမဂ္ဂင်ရှစ်ပါး တရားတို့တည်း။

စုန္ဒ ဤတရားတို့ကို ငါသည် လွန်ကဲထူးမြတ်သော ‘သဗ္ဗညုတ’ ဉာဏ်ဖြင့် သိ၍ ဟောတော်မူအပ် ကုန်၏၊ အကြင်တရားတို့၌ အလုံးစုံသော သင်ချစ်သားတို့သည် စည်းဝေးကြကုန်၍ အတူတကွ လာ ရောက်ကြကုန်၍ ဤသာသနာတော် အရှည်ခံ့၍ ကြာမြင့်စွာတည်တံ့သော အခြင်းအရာဖြင့် အနက်ဖြင့် အနက်ကို၊ သဒ္ဒါဖြင့် သဒ္ဒါကို (ညီညွတ်စေလျက်) ရွတ်ဆို (သံဂါယနာတင်) အပ်၏၊ မငြင်းခုံအပ်။

ထို (သံဂါယနာတင်ခြင်း) သည် လူအများ၏ အစီးအပွါးအလို့ငှါ လူအများ၏ ချမ်းသာအလို့ငှါ လောကကို စောင့်ရှောက်ရန်အလို့ငှါ နတ်လူတို့၏ အကျိုးစီးပွါး ချမ်းသာသုခအလို့ငှါ ဖြစ်ရာ၏။

သိစေအပ်သော အစီအရင်

၁၇၈။ စုန္ဒ ညီညွတ်ကုန်သော အချင်းချင်း ဝမ်းမြောက်ကုန်သော မငြင်းခုံကြကုန်သော အကျင့် သိက္ခာကို လိုလားကုန်သော သင်ချစ်သားတို့တွင် သီတင်းသုံးဖော်တစ်ဦးသည် သံဃာ့ (အလယ်) ၌ အကယ် ၍ တရားဟောငြားအံ့၊ ထိုဟောရာ၌ “ဤအသျှင်သည် အနက်ကိုလည်း မှားယွင်းစွာ ယူ၏၊ သဒ္ဒါကို လည်း မှားယွင်းစွာ တင်ပြ၏”ဟု သင်တို့အား အထင်အမြင် ဖြစ်ရာ၏၊ ယင်းသို့ဖြစ်သော် ထို (အသျှင်)၏ စကားကို နှစ်သက်လက်ခံခြင်းလည်း မပြုအပ်၊ ကဲ့ရဲ့ငြင်းပယ်ခြင်းလည်း မပြုအပ်၊ “ငါ့သျှင် ဤအနက်၏ သဒ္ဒါတို့သည် ဤသဒ္ဒါတို့ ဖြစ်ကုန်သလော၊ ထိုသဒ္ဒါတို့ ဖြစ်ကုန်သလော၊ အဘယ် သဒ္ဒါတို့သည် သာလွန်၍ သင့်မြတ်ကုန်သနည်း၊ ဤသဒ္ဒါတို့၏ အနက်သည် ဤအနက်ဖြစ်သလော၊ ထိုအနက် ဖြစ်သလော၊ အဘယ် အနက်သည် သာလွန်၍ သင့်မြတ်ပါသနည်း”ဟု ဆိုအပ်၏။

ထိုအသျှင်သည် “ငါ့သျှင်တို့ ဤအနက်၏ သဒ္ဒါတို့တွင် ဤသဒ္ဒါတို့သာလျှင် သာလွန်၍ သင့်မြတ် ကုန်၏၊ ဤသဒ္ဒါတို့ကိုပင် ငါဆိုအပ်၏၊ ဤသဒ္ဒါတို့၏ အနက်တွင် ဤအနက်သည်သာလျှင် သာလွန်၍ သင့်မြတ်၏၊ ဤအနက်ကိုပင် ငါဆိုအပ်၏”ဟု အကယ်၍ ဆိုငြားအံ့၊ ထို (အသျှင်) ကို မြှင့်တင် ချီးမွမ်း ခြင်းလည်း မပြုအပ်၊ နှိမ့်ချခြိမ်းခြောက်ခြင်းလည်း မပြုအပ်၊ မြှင့်တင်ချီးမွမ်းခြင်း နှိမ့်ချခြိမ်းခြောက်ခြင်း မပြုမူ၍ ထိုအနက်ကိုလည်းကောင်း၊ ထိုသဒ္ဒါတို့ကိုလည်းကောင်း စူးစမ်းဆင်ခြင်ရန် ထို (အသျှင်) ကိုပင် ကောင်းစွာ သိစေအပ်၏။

၁၇၉။ စုန္ဒ တစ်ပါးသော သီးတင်းသုံးဖော်သည်လည်း သံဃာ ့ (အလယ်) ၌ အကယ်၍ တရား ဟောငြားအံ့၊ ထိုတရားဟောရာ၌ “ဤအသျှင်သည် အနက်ကို မှားယွင်းစွာ ယူ၏၊ သဒ္ဒါတို့ကိုကားဟုတ် မှန်စွာ တင်ပြ၏”ဟု သင်တို့အား အထင်အမြင် ဖြစ်ရာ၏၊ ယင်းသို့ ဖြစ်သော် ထိုအသျှင်၏ စကားကို နှစ်သက်လက်ခံခြင်းလည်း မပြုအပ်၊ ကဲ့ရဲ့ငြင်းပယ်ခြင်းလည်း မပြုအပ်၊ နှစ်သက်လက်ခံခြင်း ကဲ့ရဲ့ခြင်း ကို မပြုမူ၍ ထိုအသျှင်ကို “ငါ့သျှင် ဤသဒ္ဒါတို့၏ အနက်သည် ဤအနက် ဖြစ်သလော၊ ထိုအနက် ဖြစ်သ လော၊ အဘယ်အနက်သည် သာလွန်၍ သင့်မြတ်သနည်း”ဟု ဆိုအပ်၏။

ထို (အသျှင်) သည် “ငါ့သျှင်တို့ ထိုသဒ္ဒါတို့၏ အနက်တို့တွင် ဤအနက်သည်သာလျှင် သာလွန်၍ သင့်မြတ်၏”ဟု အကယ်၍ ဆိုငြားအံ့၊ ထို (အသျှင်) ကို မြှင့်တင်ချီးမွမ်းခြင်းလည်း မပြုအပ်၊ နှိမ့်ချခြိမ်း ခြောက်ခြင်းလည်း မပြုအပ်၊ မြှင့်တင်ချီးမွမ်းခြင်း နှိမ့်ချခြိမ်းခြောက်ခြင်း မပြုမူ၍ ထိုအနက်ကိုသာလျှင် စူးစမ်းဆင်ခြင်ရန် ထို (အသျှင်) ကိုပင် ကောင်းစွာ သိစေအပ်၏။

၁၈ဝ။ စုန္ဒ တစ်ပါးသော သီးတင်းသုံးဖော် ပုဂ္ဂိုလ်သည်လည်း သံဃာ ့ (အလယ်) ၌ အကယ်၍ တရားဟောငြားအံ့၊ ထိုဟောရာ၌ “ဤအသျှင်သည် အနက်ကိုသာလျှင်ဟုတ်မှန်စွာ ယူ၏၊ သဒ္ဒါတို့ကိုကား မှားယွင်းစွာ တင်ပြ၏”ဟု သင်တို့အား အထင်အမြင် ဖြစ်ရာ၏၊ ယင်းသို့ဖြစသော် ထို (အသျှင်)၏ စကားကို နှစ်သက်လက်ခံခြင်းလည်း မပြုအပ်၊ ကဲ့ရဲ့ငြင်းပယ်ခြင်းလည်း မပြုအပ်၊ နှစ်သက်လက်ခံခြင်း ကဲ့ရဲ့ငြင်းပယ်ခြင်း မပြုမူ၍ ထိုအသျှင်ကို “ ငါ့သျှင် ဤအနက်၏ သဒ္ဒါတို့သည် ဤသဒ္ဒါတို့ ဖြစ်ကုန် သလော၊ ထိုသဒ္ဒါတို့ ဖြစ်ကုန်သလော၊ အဘယ်သဒ္ဒါတို့သည် သာလွန် သင့်မြတ်ကုန်သနည်း”ဟု ဆိုအပ်၏၊ ထို (အသျှင်) သည် “ငါ့သျှင်တို့ ဤအနက်၏ သဒ္ဒါတို့တွင် ဤသဒ္ဒါတို့သည် သာလွန်၍ သင့်မြတ် ကုန်၏”ဟု ဆိုငြားအံ့၊ ထို (အသျှင်) ကို မြှင့်တင်ချီးမွမ်းခြင်းလည်း မပြုအပ်၊ နှိမ့်ချခြိမ်းခြောက်ခြင်းလည်း မပြုအပ်၊ မြှင့်တင်ချီးမွမ်းခြင်း နှိမ့်ချခြိမ်းခြောက်ခြင်း မပြုမူ၍ ထိုသဒ္ဒါ တို့ကိုသာလျှင် စူးစမ်းအင်ခြင်ရန် ထို (အသျှင်)ကိုပင် ကောင်းစွာ သိစေအပ်၏။

၁၈၁။ စုန္ဒ တစ်ပါးသော သီတင်းသုံးဖော်သည်လည်း သံဃာ့ (အလယ်) ၌ အကယ်၍ တရား ဟောငြားအံ့၊ ထိုတရားဟောရာ၌ “ဤအသျှင်သည် အနက်ကိုလည်းဟုတ်မှန်စွာ ယူ၏၊ သဒ္ဒါတို့ကိုလည်းဟုတ်မှန်စွာ တင်ပြ၏”ဟု သင်တို့အား အထင်အမြင် ဖြစ်ရာ၏၊ ထိုသို့ ဖြစ်သော် ထို (အသျှင်)၏ စကားကို “ကောင်း၏”ဟု နှစ်သက်လက်ခံအပ်၏၊ ဝမ်းမြောက်နုမော် သာဓုခေါ်အပ်၏၊ ထို (ပုဂ္ဂိုလ်)၏ စကားကို နှစ်သက်လက်ခံကာ ဝမ်းမြောက်နုမော် သာဓုခေါ်ပြီးသော် ထို (အသျှင်) ကို “ငါ့သျှင် ငါတို့သည် အရတော် လေစွ၊ ငါ့သျှင် ငါတို့သည် ကောင်းစွာ ရအပ်လေစွ၊ အကြင်ငါတို့သည် ဤသို့ အနက်ကို တတ်သိသော ဤသို့ သဒ္ဒါကို တတ်သိသော ထိုသို့သဘော ရှိသော သီတင်းသုံးဖော် အသျှင်မြတ်ကို မြင်ကြရကုန်၏”ဟု ဆိုအပ်၏။

ပစ္စည်းလေးပါး ခွင့်ပြုကြောင်း

၁၈၂။ စုန္ဒ ပစ္စုပ္ပန်လောက၌ ဖြစ်သော အာသဝေါတရားတို့ကို ပိတ်ပင်တားမြစ်ရန်သာ ငါသည် သင်တို့အား တရားဟောသည် မဟုတ်။

စုန္ဒ တမလွန်လောက၌ ဖြစ်တတ်သော အာသဝေါတရားတို့ကို ပယ်ဖျောက်ရန်သာ ငါသည် သင်တို့ အား တရားဟောသည် မဟုတ်။

စုန္ဒ ပစ္စုပ္ပန်လောက၌ ဖြစ်တတ်သော အာသဝေါတရားတို့ကို ပိတ်ပင်တားမြစ်ရန်လည်းကောင်း၊ တမလွန်လောက၌ ဖြစ်တတ်သော အာသဝေါတရားတို့ကို ပယ်ဖျောက်ရန်လည်းကောင်း ငါသည် သင်တို့ အား တရားကို ဟော၏။

စုန္ဒ ထို့ကြောင့် ဤသာသနာတော်၌ သင်တို့အား ငါသည် အကြင် သင်္ကန်းကို ခွင့်ပြုအပ်၏၊ ထို သင်္ကန်းသည် သင်တို့၏ အချမ်းကို ပယ်ဖျောက်ရန် စွမ်းနိုင်၏၊ အပူကို ပယ်ဖျောက်ရန် စွမ်းနိုင်၏၊ မှက် ခြင် လေ နေပူ မြွေ ကင်းသန်းတို့၏ အတွေ့အထိကို ပယ်ဖျောက်ရန် စွမ်းနိုင်၏၊ အရှက်ကို ဖျက်ဆီး တတ်သော အင်္ဂါကြီးငယ်ကို ဖုံးလွှမ်းရန် စွမ်းနိုင်၏၊ (ဤသို့ အချမ်း အပူ ပယ်ဖျောက်ခြင်း စသည်ကို ပြု၍ ရဟန်းတရားကို အားထုတ်ကျင့်ဆောင်လတ္တံ့ဟု ရည်ရွယ်၍ ထိုသင်္ကန်းကို ငါ ခွင့်ပြုအပ်၏)။

သင်တို့အား ငါသည် အကြင် ဆွမ်းကို ခွင့်ပြုအပ်၏၊ ထိုဆွမ်းသည် ဤခန္ဓာကိုယ်ကို ကြာမြင့်စွာ တည်စေရန် စွမ်းနိုင်၏၊ မျှတစေရန် စွမ်းနိုင်၏၊ ငတ်မွတ်ဆာလောင်ခြင်းကို ပယ်ဖျောက်ရန် စွမ်းနိုင်၏၊ သာသနာတော်ကို ချီးမြှောက်ရန် စွမ်းနိုင်၏၊ ဤဆွမ်းကို မှီဝဲခြင်းဖြင့် ဝေဒနာဟောင်းများကိုလည်း ပယ် ဖျောက်အံ့၊ ဝေဒနာသစ်များကိုလည်း မဖြစ်စေအံ့၊ ငါ့အား ဣရိယာပုထ် မျှတခြင်းသည်လည်း ဖြစ်လတ္တံ့၊ အပြစ်မရှိခြင်းသည်လည်း ဖြစ်လတ္တံ့၊ ချမ်းသာစွာ နေရခြင်းသည်လည်း ဖြစ်လတ္တံ့၊ (ဤသို့ နှလုံးသွင်း၍ ရဟန်းတရားကို အားထုတ်ကျင့်ဆောင်လတ္တံ့ဟု ရည်ရွယ်၍ ထိုဆွမ်းကို ငါ ခွင့်ပြုအပ်၏)။

သင်တို့အား ငါသည် အကြင် ကျောင်းကို ခွင့်ပြုအပ်၏၊ ထိုကျောင်းသည် သင်တို့အား အချမ်းကို ပယ်ဖျောက်ရန် စွမ်းနိုင်၏၊ အပူကို ပယ်ဖျောက်ရန် စွမ်းနိုင်၏၊ မှက် ခြင် လေ နေပူ မြွေ ကင်း သန်းတို့၏ အတွေ့အထိကို ပယ်ဖျောက်ရန် စွမ်းနိုင်၏၊ ဥတုကြောင့်ဖြစ်သော ဘေးရန်တို့ကို ပယ်ဖျောက်ရန် ကမ္မဋ္ဌာန်းအာရုံ၌ မွေ့လျော်ရန် စွမ်းနိုင်၏၊ (ဤသို့ အချမ်း အပူ ပယ်ဖျောက်ခြင်းစသည်ကိုပြု၍ ရဟန်းတရားကို အားထုတ်ကျင့်ဆောင်လတ္တံ့ဟု ရည်ရွယ်၍ ထိုကျောင်းကို ငါ ခွင့်ပြုအပ်၏)။

သင်တို့အား ငါသည် အနာ၏ ဆန့်ကျင်ဘက် အသက်၏အရံအကာ အဆောက်အဦဖြစ်သော အကြင်ဆေးကို ခွင့်ပြုအပ်၏၊ ထိုဆေးသည် သင်တို့၏ ဓာတ်ချောက်ချားမှုကြောင့် ဖြစ်သော ဆင်းရဲဝေဒနာတို့ကို ပယ်ဖျောက်ရန် စွမ်းနိုင်၏၊ ရောဂါဆင်းရဲ မရှိစေရန် စွမ်းနိုင်၏၊ (ဤသို့ ဆင်းရဲဝေဒနာ ပယ် ဖျောက်ခြင်း စသည်ကို ပြု၍ ရဟန်းတရားကို အားထုတ်ကျင့်ဆောင်လတ္တံ့ဟု ရည်ရွယ်၍ ထိုဆေးကို ငါခွင့်ပြုအပ်၏)။

ချမ်းသာ ခံစားခြင်း အကျင့်

၁၈၃။ စုန္ဒ “သာကီဝင်မင်းသား ဘုရားသားတော် ရဟန်းတို့သည် ချမ်းသာခံစားခြင်းအကျင့်ကို အားထုတ်လျက် နေကြကုန်၏”ဟု သာသနာတော်မှ တစ်ပါးသော အယူရှိကုန်သော ပရိဗိုဇ်တို့ ဆိုရာသော ဤအကြောင်းသည် ရှိသည်သာတည်း။

စုန္ဒ ဤသို့ ဆိုကုန်သော သာသနာတော်မှ တစ်ပါးသော အယူရှိကုန်သော ပရိဗိုဇ်တို့ကို “ငါ့သျှင်တို့ ထိုချမ်းသာခံစားခြင်းအကျင့်ဟူသည် အဘယ်နည်း၊ ချမ်းသာခံစားခြင်း အကျင့်တို့သည် များကုန်၏၊ များသော အစီအရင် ရှိကုန်၏၊ အထူးထူး အပြားပြား များကုန်၏”ဟု ဆိုအပ်ကုန်၏။

စုန္ဒ ဤ (ဆိုလတ္တံ့သော) လေးပါးသော ချမ်းသာခံစားခြင်း အကျင့်တို့သည် ယုတ်ညံ့ကုန်၏၊ ရွာနေ သူတို့၏ အကျင့်ဖြစ်ကုန်၏၊ ပုထုဇဉ်တို့သာ မှီဝဲအပ်ကုန်၏၊ အရိယာပုဂ္ဂိုလ်တို့ မမှီဝဲအပ်ကုန်၊ အကျိုး စီးပွါးနှင့် မစပ်ကုန်၊ ဝဋ်ဆင်းရဲ၌ ငြီးငွေ့ရန် မဖြစ်ကုန်၊ ဝဋ်ဆင်းရဲ၌ စွဲမက်ခြင်းကင်းရန် မဖြစ်ကုန်၊ ဝဋ်ဆင်းရဲချုပ်ရန် မဖြစ်ကုန်၊ ဝဋ်ဆင်းရဲငြိမ်းရန် မဖြစ်ကုန်၊ သစ္စာလေးပါးကို ထိုးထွင်း၍သိရန် မဖြစ်ကုန်၊ မဂ်ဉာဏ် ဖိုလ်ဉာဏ်ရရန် မဖြစ်ကုန်၊ နိဗ္ဗာန်ရောက်ရန် မဖြစ်ကုန်။

အဘယ်လေးပါးတို့နည်းဟူမူ —

စုန္ဒ ဤလောက၌ အချို့သော လူမိုက်သည် သတ္တဝါတို့ကို သတ်၍ သတ်၍ မိမိကိုယ်ကို ချမ်းသာ စေ၏၊ ပြည့်ဖြိုးစေ၏။ ဤသည်ကား ရှေးဦးစွာသော ချမ်းသာခံစားခြင်း အကျင့်တည်း။

စုန္ဒ တစ်ပါးတုံလည်း ဤလောက၌ အချို့သော လူမိုက်သည် မပေးသည်ကို ယူ၍ ယူ၍ မိမိကိုယ်ကို ချမ်းသာစေ၏၊ ပြည့်ဖြိုးစေ၏။ ဤသည်ကား နှစ်ခုမြောက် ချမ်းသာခံစားခြင်း အကျင့်တည်း။

စုန္ဒ တစ်ပါးတုံလည်း ဤလောက၌ အချို့သော လူမိုက်သည် မဟုတ်မမှန်သောစကားကို ပြော၍ ပြော၍ မိမိကိုယ်ကို ချမ်းသာစေ၏၊ ပြည့်ဖြိုးစေ၏။ ဤသည်ကား သုံးခုမြောက် ချမ်းသာခံစားခြင်း အကျင့်တည်း။

စုန္ဒ တစ်ပါးတုံလည်း ဤလောက၌ အချို့သော လူမိုက်သည် ငါးပါးသော ကာမဂုဏ်တို့ဖြင့် ကုံလုံ ပြည့်စုံစွာ ခံစား၏။ ဤသည်ကား လေးခုမြောက် ချမ်းသာခံစားခြင်း အကျင့်တည်း။

စုန္ဒ ဤလေးပါးသော ချမ်းသာခံစားခြင်း အကျင့်တို့သည် ယုတ်ညံ့ကုန်၏၊ ရွာနေသူတို့၏ အကျင့် ဖြစ်ကုန်၏၊ ပုထုဇဉ်တို့သာ မှီဝဲအပ်ကုန်၏၊ အရိယာပုဂ္ဂိုလ်တို့ မမှီဝဲအပ်ကုန်၊ အကျိုးစီးပွါးနှင့် မစပ်ကုန်၊ ဝဋ်ဆင်းရဲ၌ ငြီးငွေ့ရန် မဖြစ်ကုန်၊ ဝဋ်ဆင်းရဲ၌ စွဲမက်ခြင်းကင်းရန် မဖြစ်ကုန်၊ ဝဋ်ဆင်းရဲချုပ်ရန် မဖြစ် ကုန်၊ ဝဋ်ဆင်းရဲငြိမ်းရန် မဖြစ်ကုန်၊ သစ္စာလေးပါးကို ထိုးထွင်း၍သိရန် မဖြစ်ကုန်၊ မဂ်ဉာဏ်,ဖိုလ်ဉာဏ် ရရန် မဖြစ်ကုန်၊ နိဗ္ဗာန်ရောက်ရန် မဖြစ်ကုန်။

စုန္ဒ “သာကီဝင်မင်သား ဘုရားသားတော် ရဟန်းတို့သည် ဤလေးပါးသော ချမ်းသာခံစားခြင်း အကျင့်ကို အားထုတ်လျက် နေကုန်၏”ဟု သာသနာတော်မှ တစ်ပါးသော အယူရှိကုန်သော ပရိဗိုဇ်တို့ ဆိုရာသော ဤအကြောင်းသည် ရှိသည်သာတည်း။

သင်တို့သည် ထိုပရိဗိုဇ်တို့ကို “ဤသို့ မဆိုကုန်လင့်”ဟု ဆိုအပ်ကုန်၏၊ ထိုပရိဗိုဇ်တို့သည် သင်တို့ကိုဟုတ်မှန်စွာ ဆိုလိုသည်ဖြစ်၍ ဆိုသည်မမည်ကုန်ရာ၊ မဟုတ်မမှန်သောအားဖြင့် စွပ်စွဲပြောဆိုသည် မည်ကုန်ရာ၏။

၁၈၄။ စုန္ဒ ဤဆိုလတ္တံ့သော လေးပါးသော ချမ်းသာခံစားခြင်း အကျင့်ကို အားထုတ်ခြင်းတို့သည် စင်စစ် ဝဋ်ဆင်းရဲ၌ ငြီးငွေ့ရန် ဝဋ်ဆင်းရဲ၌ စွဲမက်ခြင်းကင်းရန် ဝဋ်ဆင်းရဲချုပ်ရန် ဝဋ်ဆင်းရဲငြိမ်းရန် သစ္စာ လေးပါးကို ထိုးထွင်း၍ သိရန် မဂ်ဉာဏ်, ဖိုလ်ဉာဏ်ရရန် နိဗ္ဗာန်ရောက်ရန် ဖြစ်ကုန်၏။

အဘယ်လေးပါးတို့နည်းဟူမူ —

စုန္ဒ ဤသာသနာတော်၌ ရဟန်းသည် ကာမဂုဏ်တို့မှ ကင်းဆိတ်၍သာလျှင် အကုသိုလ်တရားတို့မှ ကင်းဆိတ်၍သာလျှင် ကြံစည်ခြင်း ‘ဝိတက်’၊ သုံးသပ်ခြင်း’ဝိစာရ’ နှင့်တကွသော ‘နီဝရဏ’ကင်းဆိတ်ခြင်း ကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’၊ ချမ်းသာခြင်း ‘သုခ’ ရှိသော ပဌမဈာန်သို့ ရောက်၍ နေ၏။ ဤသည် ကား ရှေးဦးစွာသော ချမ်းသာခံစားခြင်း အကျင့်တည်း။

စုန္ဒ တစ်ပါးတုံလည်း ရဟန်းသည် ကြံစည်ခြင်း ‘ဝိတက်’၊ သုံးသပ်ခြင်း ‘ဝိစာရ’ တို့၏ ချုပ်ခြင်း ကြောင့် ဒုတိယဈာန်သို့ ရောက်၍ နေ၏။ ဤသည်ကား နှစ်ခုမြောက် ချမ်းသာခံစားခြင်း အကျင့်တည်း။

စုန္ဒ တစ်ပါးတုံလည်း ရဟန်းသည် နှစ်သိမ့််ခြင်း ‘ပီတိ’၏လည်း ကင်းခြင်းကြောင့် တတိယဈာန်သို့ ရောက်၍ နေ၏။ ဤသည်ကား သုံးခုမြောက် ချမ်းသာခံစားခြင်း အကျင့်တည်း။

စုန္ဒ တစ်ပါးတုံလည်း ရဟန်းသည် ချမ်းသာခြင်း ‘သုခ’ ကိုလည်း ပယ်ခြင်းကြောင့် ဆင်းရဲခြင်း ‘ဒုက္ခ’ ကိုလည်း ပယ်ခြင်းကြောင့် စတုတ္ထဈာန်သို့ ရောက်၍ နေ၏။ ဤသည်ကား လေးခုမြောက် ချမ်းသာ ခံစားခြင်း အကျင့်တည်း။

စုန္ဒ ဤလေးပါးသော ချမ်းသာခံစားခြင်း အကျင့်တို့သည် စင်စစ် ဝဋ်ဆင်းရဲ၌ ငြီးငွေ့ရန် ဝဋ်ဆင်းရဲ၌ စွဲမက်ခြင်းကင်းရန် ဝဋ်ဆင်းရဲချုပ်ရန် ဝဋ်ဆင်းရဲငြိမ်းရန် သစ္စာလေးပါးကို ထိုးထွင်း၍သိရန် မဂ်ဉာဏ့်ဖိုလ်ဉာဏ်ရရန် နိဗ္ဗာန်ရောက်ရန် ဖြစ်ကုန်၏။

စုန္ဒ “သာကီဝင်မင်းသား ဘုရားသားတော်တို့သည် ဤလေးပါးသော ချမ်းသာခံစားခြင်း အကျင့် တို့ကို အားထုတ်ကြကုန်လျက် နေကုန်၏”ဟု သာသနာတော်မှ တစ်ပါးသော အယူရှိကုန်သော ပရိဗိုဇ် တို့ ဆိုရာသော ဤအကြောင်းသည် ရှိသည်သာတည်း။

သင်တို့သည် ပရိဗိုဇ်တို့ကို “မှန်ပေ၏”ဟု ဆိုအပ်ကုန်၏၊ ထိုပရိဗိုဇ်တို့သည် သင်တို့ကိုဟုတ် မှန်စွာ ဆိုလိုသည်ဖြစ်၍ ဆိုသည် မည်ကုန်ရာ၏၊ ထိုပရိဗိုဇ်တို့သည် သင်တို့ကို မဟုတ်မမှန်သောအားဖြင့် စွပ်စွဲပြောဆိုသည် မမည်ကုန်ရာ။

ချမ်းသာ ခံစားခြင်း အကျင့်၏ အကျိုး အာနိသင်

၁၈၅။ စုန္ဒ သာသနာတော်မှ တစ်ပါးသော အယူရှိကုန်သော ပရိဗိုဇ်တို့သည် ငါ့သျှင်တို့ ဤလေးပါးသော ချမ်းသာခံစားခြင်း အကျင့်တို့ကို အားထုတ်လျက်နေကုန်သော ပုဂ္ဂိုလ်တို့အား အဘယ်မျှသောအကျိုး အဘယ်မျှသောအာနိသင်တို့ကို အလိုရှိအပ်ကုန်သနည်းဟု ဆိုရာသော ဤအကြောင်းသည် ရှိသည်သာတည်း။

စုန္ဒ ဤသို့ ဆိုလေ့ရှိကုန်သော သာသနာတော်မှ တစ်ပါးသော အယူရှိကုန်သော ပရိဗိုဇ်တို့ကို ဤသို့ ဆိုအပ်ကုန်၏။

“ငါ့သျှင်တို့ ဤလေးပါးသော ချမ်းသာခံစားခြင်း အကျင့်တို့ကို အားထုတ်လျက် နေကုန်သော ပုဂ္ဂိုလ်တို့အား လေးပါးသော အကျိုးတို့ကို အလိုရှိအပ်ကုန်၏၊ လေးပါးသော အာနိသင်တို့ကို အလိုရှိအပ် ကုန်၏။

အဘယ်လေးပါးတို့နည်းဟူမူ —

ငါ့သျှင်တို့ ဤသာသနာတော်၌ ရဟန်းသည် သုံးပါးသော သံယောဇဉ် ‘အနှောင်အဖွဲ့’ တို့၏ အကြွင်း မဲ့ကုန်ခြင်းကြောင့် အပါယ်သို့ ကျခြင်းသဘောမရှိသော ကိန်းသေမြဲသော အထက်မဂ်သုံးပါးလျှင် လားရာ ရှိသော သောတာပန် ဖြစ်၏။ ဤသည်ကား ရှေးဦးစွာသော အကျိုးအာနိသင်တည်း။

ငါ့သျှင်တို့ တစ်ပါးတုံလည်း ရဟန်းသည် သုံးပါးသော သံယောဇဉ် ‘အနှောင်အဖွဲ့’ တို့၏ အကြွင်းမဲ့ ကုန်ခြင်းကြောင့် တပ်မက်ခြင်း ‘ရာဂ’ အမျက်ထွက်ခြင်း ‘ဒေါသ’ တွေဝေခြင်း ‘မောဟ’ တို့၏လည်း ခေါင်းပါး ခြင်းကြောင့် ဤလူ့ပြည်သို့ တစ်ကြိမ်သာလာ၍ ဆင်းရဲ၏ အဆုံးကို ပြုလတ္တံ့သော သကဒါဂါမ် ဖြစ်၏။ ဤသည်ကား နှစ်ခုမြောက် အကျိုးအာနိသင်တည်း။

ငါ့သျှင်တို့ တစ်ပါးတုံလည်း အောက်ကာမဘုံ၌ ပဋိသန္ဓေနေခြင်းအဖို့ရှိသော ငါးပါးသော သံယော ဇဉ် ‘အနှောင်အဖွဲ့’ တို့၏ အကြွင်းမဲ့ကုန်ခြင်းကြောင့် ဗြဟ္မာ့ဘုံ၌ ဥပပါတ်ပဋိသန္ဓေနေ၍ ထိုဘုံ၌သာလျှင် ပရိနိဗ္ဗာန်ပြုလတ္တံ့သော ထိုဘုံမှ ပြန်လည်ခြင်းသဘော မရှိသော အနာဂါမ် ဖြစ်၏။ ဤသည်ကား သုံးခု မြောက် အကျိုးအာနိသင်တည်း။

ငါ့သျှင်တို့ တစ်ပါးတုံလည်း ရဟန်းသည် အာသဝေါတရားတို့၏ ကုန်ခြင်းကြောင့် အာသဝေါတရား ကင်းသော လွတ်မြောက်သည့် (အရဟတ္တဖိုလ်) စိတ်နှင့် လွတ်မြောက်သည့် (အရဟတ္တဖိုလ်) ပညာကို ယခု ဘဝ၌ပင် ကိုယ်တိုင် ထူးသော ဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုလျက် ရောက်၍ နေသော ရဟန္တာ ဖြစ်၏။ ဤသည်ကား လေးခုမြောက် အကျိုးအာနိသင်တည်း။

ငါ့သျှင်တို့ ဤလေးပါးသော ချမ်းသာခံစားခြင်း အကျင့်တို့ကို အားထုတ်လျက် နေကုန်သော ပုဂ္ဂိုလ်တို့အား ဤလေးပါးသော အကျိုးအာနိသင်တို့ကို အလိုရှိအပ်ကုန်၏”ဟု ဆိုအပ်ကုန်၏။

အာသဝေါကင်းသူ၏ မထိုက်သော အရာ

၁၈၆။ စုန္ဒ “သာကီဝင်မင်းသား ဘုရားသားတော်တို့သည် အယူဝါဒ၌ မတည်တံ့သော သဘော ရှိကုန်သည်ဖြစ်၍ နေကုန်၏”ဟု သာသနာတော်မှ တစ်ပါးသော အယူရှိကုန်သော ပရိဗိုဇ်တို့ဆိုရာသော ဤအကြောင်းသည် ရှိသည်သာတည်း။

စုန္ဒ ဤသို့ ဆိုကုန်သော သာသနာတော်မှ တစ်ပါးသော အယူရှိကုန်သော ပရိဗိုဇ်တို့ကို ဤသို့ ဆိုအပ်ကုန်၏ —

“ငါ့သျှင်တို့ သိတော်မူ မြင်တော်မူ၍ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရား တို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားသည် တပည့်တို့အား ဟောကြားပညတ်အပ် ကုန်သော အသက်ထက်ဆုံး မလွန်ကျူးအပ်ကုန်သော တရားတို့သည် ရှိကုန်သည်သာတည်း၊ ငါ့သျှင်တို့ မြေသို့ နက်စွာ ဝင်သော မြဲစွာ စိုက်အပ်သော ကျောက်တိုင်သည်လည်းကောင်း သံတိုင်သည်လည်းကောင်း မရွေ့ရှား မတုန်လှုပ်သကဲ့သို့၊ ငါ့သျှင်တို့ ဤအတူ သိတော်မူ မြင်တော်မူ၍ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားသည် တပည့်တို့ အား ဟောကြားပညတ်အပ်ကုန်သော အသက်ထက်ဆုံး မလွန်ကျူးအပ်ကုန်သော တရားတို့သည် မရွေ့ ရှား မတုန်လှုပ်ကုန်။

ငါ့သျှင်တို့ အကြင်ရဟန်းသည် ပူဇော်အထူးကို ခံထိုက်၏၊ အာသဝေါကုန်ပြီးဖြစ်၏၊ မြတ်သော အကျင့်ကို ကျင့်သုံးပြီးဖြစ်၏၊ ပြုပြီးသော မဂ်ကိစ္စရှိ၏၊ ခန္ဓာဝန်ကို ချပြီးဖြစ်၏၊ ရောက်ပြီးသော အရဟတ္တဖိုလ်တည်းဟူသော မိမိအကျိုးရှိ၏၊ ဘဝသံယောဇဉ်ကုန်ပြီးဖြစ်၏၊ ကောင်းစွာ သိ၍ ကိလေသာမှ လွတ်ပြီးဖြစ်၏၊ ထိုရဟန်းသည် ကိုးပါးသော အရာတို့ကို လွန်ကျူး၍ ကျင့်ခြင်းငှါ မထိုက်။

ငါ့သျှင်တို့ အာသဝေါကင်းပြီးသော ရဟန်းသည် သေစေလို၍ သတ္တဝါကို ဇီဝိတိန္ဒြေမှချခြင်းငှါ မထိုက်။

အာသဝေါကင်းပြီးသော ရဟန်းသည် မပေးသည်ကို ခိုးလိုသောစိတ်ဖြင့် ခိုးယူခြင်းငှါ မထိုက်။

အာသဝေါကင်းပြီးသော ရဟန်းသည် မေထုန်အကျင့်ကို မှီဝဲခြင်းငှါ မထိုက်။

အာသဝေါကင်းပြီးသော ရဟန်းသည် သိလျက် မဟုတ်မမှန်သော စကားကို ပြောဆိုခြင်းငှါ မထိုက်။

အာသဝေါကင်းပြီးသော ရဟန်းသည် ရှေးလူဖြစ်စဉ်အခါက ပြုလုပ်သကဲ့သို့ ဝတ္ထုကာမ, ကိလေသာကာမတို့ကို စုဆောင်း သိုမှီး၍ သုံးဆောင်ခြင်းငှါ မထိုက်။

အာသဝေါကင်းပြီးသော ရဟန်းသည် ချစ်သဖြင့် မလားအပ်သည့်အရာသို့ လားခြင်းငှါ မထိုက်။

အာသဝေါကင်းပြီးသော ရဟန်းသည် မုန်းသဖြင့် မလားအပ်သည့်အရာသို့ လားခြင်းငှါ မထိုက်။

အာသဝေါကင်းပြီးသော ရဟန်းသည် မသိသဖြင့် မလားအပ်သည့်အရာသို့ လားခြင်းငှါ မထိုက်။

အာသဝေါကင်းပြီးသော ရဟန်းသည် ကြောက်သဖြင့် မလားအပ်သည့်အရာသို့ လားခြင်းငှါ မထိုက်။

ငါ့သျှင်တို့ အကြင်ရဟန်းသည် ပူဇော်အထူးကို ခံထိုက်၏၊ အာသဝေါကုန်ပြီးဖြစ်၏၊ မြတ်သော အကျင့်ကို ကျင့်သုံးပြီးဖြစ်၏၊ ပြုပြီးသော မဂ်ကိစ္စရှိ၏၊ ခန္ဓာဝန်ကို ချပြီးဖြစ်၏၊ ရောက်ပြီးသော အရဟတ္တဖိုလ်တည်းဟူသော မိမိအကျိုးရှိ၏၊ ဘဝသံယောဇဉ်ကုန်ပြီးဖြစ်၏၊ ကောင်းစွာ သိ၍ ကိလေသာမှ လွတ်ပြီးဖြစ်၏၊ ထိုရဟန်းသည် ဤဆိုပြီးသော ကိုးပါးသော အရာတို့ကို လွန်ကျူး၍ ကျင့်ခြင်းငှါ မထိုက်”ဟု ဆိုအပ်ကုန်၏။

အမေးနှင့် အဖြေ

၁၈၇။ စုန္ဒ “ရဟန်းဂေါတမသည် လွန်ပြီးသော အတိတ်ကာလကို အကြောင်းပြု၍ အပိုင်းအခြားမရှိ များစွာသော ဉာဏ်အမြင်ကို ဖော်ပြ၏၊ လာလတ္တံ့သော အနာဂတ်ကာလကို အကြောင်းပြု၍ အပိုင်း အခြားမရှိ များစွာသော ဉာဏ်အမြင်ကိုကား မဖော်ပြ၊ ထိုမဖော်ပြခြင်းသည် အဘယ်သို့နည်း၊ ထိုမဖော်ပြ ခြင်းသည် အဘယ်ကြောင့်နည်း”ဟု သာသနာတော်မှ တစ်ပါးသော အယူရှိကုန်သောပရိဗိုဇ်တို့ ဆိုရာသော ဤအကြောင်းသည် ရှိသည်သာတည်း။

သာသနာတော်မှ တစ်ပါးသော အယူရှိကုန်သော ထိုပရိဗိုဇ်တို့သည် မိုက်ကုန် မလိမ္မာကုန်သော သူတို့ကဲ့သို့ အာရုံတစ်ပါးကို သိသော ဉာဏ်အမြင်ဖြင့် အာရုံတစ်ပါးကို သိသော ဉာဏ်အမြင်ကို အတူပြု၍ ဖော်ပြသင့်သည်ဟု အောက်မေ့ကြကုန်၏။

စုန္ဒ လွန်ပြီးသော အတိတ်ကာလကို အကြောင်းပြု၍ ပုဗ္ဗေနိဝါသာနုဿတိနှင့် ယှဉ်သော ဉာဏ်သည် မြတ်စွာဘုရားအား ဖြစ်၏၊ ထိုမြတ်စွာဘုရားသည် အကြင်မျှလောက်သော အာရုံကို အလိုရှိ၏၊ ထိုမျှလောက်သော အာရုံကို အောက်မေ့နိုင်၏။

လာလတ္တံ့သော အနာဂတ်ကာလကို အကြောင်းပြု၍ “ဤဘဝသည် အဆုံးစွန်ဘဝဖြစ်၏၊ ယခုအခါ တစ်ဖန်ဖြစ်ခြင်း (ဘဝသစ်) မရှိတော့ပြီ”ဟု ဗောဓိပင်ရင်း၌ အရိယမဂ်ဉာဏ်ကြောင့် ဖြစ်သော ပစ္စ ဝေက္ခဏာဉာဏ်သည် မြတ်စွာဘုရားအား ဖြစ်၏။

စုန္ဒ အတိတ်အကြောင်းသည် အကယ်၍ မဟုတ်မမှန် အကျိုးနှင့် မစပ်သည် ဖြစ်အံ့၊ ထိုအတိတ် အကြောင်းကို မြတ်စွာဘုရားသည် မဖြေဆို။

စုန္ဒ အတိတ်အကြောင်းသည်ဟုတ်မှန်သော်လည်း အကယ်၍ အကျိုးနှင့် မစပ်သည် ဖြစ်အံ့၊ ထိုအတိတ်အကြောင်းကိုလည်း မြတ်စွာဘုရားသည် မဖြေဆို။

စုန္ဒ အတိတ်အကြောင်းသည် အကယ်၍ဟုတ်မှန်သည်, အကျိုးနှင့် စပ်သည် ဖြစ်အံ့၊ ထိုအရာ၌ ထိုပြဿနာကို ဖြေဆိုခြင်းငှါ မြတ်စွာဘုရားသည် အခါကို သိတော်မူ၏။

စုန္ဒ အနာဂတ်အကြောင်းသည် အကယ်၍ မဟုတ်မမှန် အကျိုးနှင့် မစပ်သည် ဖြစ်အံ့၊ ထိုအနာဂတ် အကြောင်းကို မြတ်စွာဘုရားသည် မဖြေဆို။ပ။

စုန္ဒ ပစ္စုပ္ပန်အကြောင်းသည် အကယ်၍ မဟုတ်မမှန် အကျိုးနှင့် မစပ်သည် ဖြစ်အံ့၊ ထိုပစ္စုပ္ပန် အကြောင်းကို မြတ်စွာဘုရားသည် မဖြေဆို။

စုန္ဒ ပစ္စုပ္ပန်အကြောင်းသည်ဟုတ်မှန်သော်လည်း အကယ်၍ အကျိုးနှင့် မစပ်သည် ဖြစ်အံ့၊ ထိုပစ္စုပ္ပန်အကြောင်းကိုလည်း မြတ်စွာဘုရားသည် မဖြေဆို။

စုန္ဒ ပစ္စုပ္ပန်အကြောင်းသည် အကယ်၍ဟုတ်မှန်သည်, အကျိုးနှင့် စပ်သည် ဖြစ်အံ့၊ ထိုအရာ၌ ထိုပြဿနာကို ဖြေဆိုခြင်းငှါ မြတ်စွာဘုရားသည် အခါကို သိတော်မူ၏။

၁၈၈။ စုန္ဒ ဤသို့ အတိတ် အနာဂတ် ပစ္စုပ္ပန်တရားတို့၌ မြတ်စွာဘုရားသည် အခါအားလျော်စွာ ဆိုလေ့ရှိ၏၊ဟုတ်မှန်သည်ကိုသာ ဆိုလေ့ရှိ၏၊ အကျိုးနှင့် စပ်သည်ကိုသာ ဆိုလေ့ရှိ၏၊ တရားနှင့် စပ် သည်ကိုသာ ဆိုလေ့ရှိ၏၊ ဆုံးမခြင်းနှင့် စပ်သည်ကိုသာ ဆိုလေ့ရှိ၏၊ ထို့ကြောင့် (ငါ့ကို) “တထာဂတ” ဟူ၍ ဆိုအပ်၏။

စုန္ဒ နတ် မာရ်နတ် ဗြဟ္မာနှင့်တကွသော ဤနတ်လောကနှင့် သမဏ ဗြာဟ္မဏ မင်းများ လူများနှင့် တကွသော ဤလူ့လောက၌ အကြင်အာရုံကို မြင်အပ်၏၊ ကြားအပ်၏၊ တွေ့အပ်၏၊ သိအပ်၏၊ ရောက်အပ်၏၊ ရှာမှီးအပ်၏၊ စိတ်ဖြင့် အဖန်ဖန် ကြံစည်အပ်၏၊ ထိုအလုံးစုံသော အာရုံကို မြတ်စွာဘုရား သည် ထိုးထွင်း၍ သိတော်မူ၏၊ ထိုကြောင့် (ငါ့ကို) “တထာဂတ” ဟူ၍ ဆိုအပ်၏။

စုန္ဒ အကြင်ညဉ့်၌ မြတ်စွာဘုရားသည် အတုမရှိသော သဗ္ဗညုတဉာဏ်ကို ရတော်မူ၏၊ အကြင်ညဉ့်၌ ခန္ဓာ နာမ် ရုပ် အကြွင်းမရှိသော နိဗ္ဗာနဓာတ်ဖြင့် ပရိနိဗ္ဗာန်ပြုတော်မူ၏၊ ထို (သဗ္ဗညုတဉာဏ်ရသော ညဉ့်နှင့် ပရိနိဗ္ဗာန် ပြုတော်မူသောညဉ့်) အတွင်း၌ အကြင်တရားကို ဟော၏၊ ပြော၏၊ ညွှန်ပြ၏၊ ထိုအလုံးစုံသော တရားသည် ထိုဟောပြောညွှန်ပြသည့်အတိုင်း ဖြစ်သည်သာတည်း၊ အခြားတစ်နည်း တစ်ဖုံအားဖြင့် မဖြစ်၊ ထို့ကြောင့် (ငါ့ကို) “တထာကတ” ဟူ၍ ဆိုအပ်၏။

စုန္ဒ မြတ်စွာဘုရားသည် ဆိုလေ့ရှိသည့်အတိုင်း ပြုလေ့ရှိ၏၊ ပြုလေ့ရှိသည့်အတိုင်း ဆိုလေ့ရှိ၏၊ ဤသို့ဆိုလေ့ရှိသည့်အတိုင်း ပြုလေ့ရှိ၍ ပြုလေ့ရှိသည့်အတိုင်း ဆိုလေ့ရှိသောကြောင့် (ငါ့ကို) “တထာ ကတ”ဟူ၍ ဆိုအပ်၏။

စုန္ဒ နတ် မာရ်နတ် ဗြဟ္မာနှင့်တကွသော ဤနတ်လောကနှင့် သမဏ ဗြာဟ္မဏ မင်းများလူများနှင့် တကွသော ဤလူ့လောက၌ မြတ်စွာဘုရားသည် သူတစ်ပါးကို လွှမ်းမိုးနိုင်သူ ဖြစ်၏၊ သူတစ်ပါးတို့က မလွှမ်းမိုးနိုင်သူ ဖြစ်၏၊ စင်စစ် မြင်နိုင်သူ ဖြစ်၏၊ အလိုသို့ လိုက်စေနိုင်သူ ဖြစ်၏၊ ထိုကြောင့် (ငါ့ကို) “တထာဂတ” ဟူ၍ ဆိုအပ်၏။

မဟောကြားအပ်သော အရာ

၁၈၉။ စုန္ဒ သာသနာတော်မှ တစ်ပါးသော အယူရှိကုန်သော ပရိဗိုဇ်တို့သည် “ငါ့သျှင်တို့ အသို့ နည်း၊ သတ္တဝါသည် သေသည့်နောက်၌ ဖြစ်သလော၊ ဤအယူသည်သာလျှင် မှန်သလော၊ တစ်ပါးသော အယူသည် အချည်းနှီးလော”ဟု ဆိုရာသော ဤအကြောင်းသည် ရှိသည်သာတည်း။

စုန္ဒ ဤသို့ဆိုကုန်သော သာသနာတော်မှ တစ်ပါးသော အယူရှိကုန်သော ပရိဗိုဇ်တို့ကို ဤသို့ ဆိုကုန်ရာ၏၊ “ငါ့သျှင်တို့ သတ္တဝါသည် သေသည့်နောက်၌ ဖြစ်၏၊ ဤအယူသည်သာလျှင် မှန်၏၊ တစ်ပါးသော အယူသည် အချည်းနှီးတည်းဟု မြတ်စွာဘုရားသည် ဟောတော်မမူ” ဟူ၍ (ဆိုကုန်ရာ၏)။

စုန္ဒ သာသနာတော်မှ တစ်ပါးသော အယူရှိကုန်သော ပရိဗိုဇ်တို့သည် “ငါ့သျှင်တို့ သတ္တဝါသည် သေသည့်နောက်၌ မဖြစ်သလော၊ ဤအယူသာလျှင် မှန်သလော၊ တစ်ပါးသော အယူသည် အချည်းနှီး လော”ဟု ဆိုရာသော ဤအကြောင်းသည် ရှိသည်သာတည်း။

စုန္ဒ ဤသို့ဆိုကုန်သော သာသနာတော်မှ တစ်ပါးသော အယူရှိကုန်သော ပရိဗိုဇ်တို့ကို ဤသို့ ဆိုကုန်ရာ၏၊ “ငါ့သျှင်တို့ သတ္တဝါသည် သေသည့်နောက်၌ မဖြစ်၊ ဤအယူသည်သာလျှင် မှန်၏၊ တစ်ပါးသော အယူသည် အချည်းနှီးသာတည်းဟု ဤသို့လည်း မြတ်စွာဘုရားသည် ဟောတော်မမူ” ဟူ၍ (ဆိုကုန်ရာ၏)။

စုန္ဒ သာသနာတော်မှ တစ်ပါးသော အယူရှိကုန်သော ပရိဗိုဇ်တို့သည် “ငါ့သျှင်တို့ သတ္တဝါသည် သေသည့် နောက်၌ ဖြစ်လည်း ဖြစ်သလော၊ မဖြစ်လည်း မဖြစ်သလော၊ ဤအယူသည်သာလျှင် မှန်သ လော၊ တစ်ပါးသော အယူသည် အချည်းနှီးလော”ဟု ဆိုရာသော ဤအကြောင်းသည် ရှိသည်သာတည်း။

စုန္ဒ ဤသို့ ဆိုကုန်သော သာသနာတော်မှ တစ်ပါးသော အယူရှိကုန်သော ပရိဗိုဇ်တို့ကို ဤသို့ ဆိုကုန်ရာ၏၊ “ငါ့သျှင်တို့ သတ္တဝါသည် သေသည့်နောက်၌ ဖြစ်လည်း ဖြစ်၏၊ မဖြစ်လည်း မဖြစ်၊ ဤအယူသည်သာလျှင် မှန်၏၊ တစ်ပါးသော အယူသည် အချည်းနှီးသာတည်းဟု ဤသို့လည်း မြတ်စွာဘုရား သည် ဟောတော်မမူ”ဟူ၍ (ဆိုကုန်ရာ၏)။

စုန္ဒ သာသနာတော်မှ တစ်ပါးသော အယူရှိကုန်သော ပရိဗိုဇ်တို့သည် “ငါ့သျှင်တို့ သတ္တဝါသည် သေသည့်နောက်၌ ဖြစ်သည်လည်း မဟုတ်၊ မဖြစ်သည်လည်း မဟုတ်သလော၊ ဤအယူသည်သာလျှင် မှန်သလော၊ တစ်ပါးသော အယူသည် အချည်းနှီးလော”ဟု ဆိုရာသော ဤအကြောင်းသည် ရှိသည်သာ တည်း။

စုန္ဒ ဤသို့ဆိုကုန်သော သာသနာတော်မှ တစ်ပါးသော အယူရှိကုန်သော ပရိဗိုဇ်တို့ကို ဤသို့ ဆိုကုန်ရာ၏၊ “ငါ့သျှင်တို့ သတ္တဝါသည် သေသည့်နောက်၌ ဖြစ်သည်လည်း မဟုတ်၊ မဖြစ်သည်လည်း မဟုတ်၊ ဤအယူသည်သာလျှင် မှန်၏၊ တစ်ပါးသော အယူသည် အချည်းနှီးသာတည်းဟု ဤသို့လည်း မြတ်စွာဘုရားသည် ဟောတော်မမူ”ဟူ၍ (ဆိုကုန်ရာ၏)။

စုန္ဒ သာသနာတော်မှ တစ်ပါးသော အယူရှိကုန်သော ပရိဗိုဇ်တို့သည် “ငါ့သျှင်တို့ အဘယ့်ကြောင့် ရဟန်းဂေါတမသည် ဤစကားကို မဟောသနည်း”ဟု ဆိုရာသော ဤအကြောင်းသည် ရှိသည်သာတည်း။

စုန္ဒ ဤသို့ဆိုကုန်သော သာသနာတော်မှ တစ်ပါးသော အယူရှိကုန်သော ပရိဗိုဇ်တို့ကို ဤသို့ ဆိုကုန်ရာ၏၊ “ငါ့သျှင်တို့ ဤစကားသည် (ပစ္စုပ္ပန်တမလွန်) အကျိုးနှင့် မစပ်၊ (လောကုတ္တရာ) တရားနှင့် မစပ်၊ သာသနာတော် အကျင့်မြတ်၏ အစအဦး မဟုတ်၊ ဝဋ်ဆင်းရဲ၌ ငြီးငွေ့ရန် မဖြစ်၊ ဝဋ်ဆင်းရဲ၌ စွဲမက်ခြင်းကင်းရန် မဖြစ်၊ ဝဋ်ဆင်းရဲချုပ်ရန် မဖြစ်၊ ဝဋ်ဆင်းရဲငြိမ်းရန် မဖြစ်၊ သစ္စာလေးပါးကို ထိုး ထွင်း၍ သိရန် မဖြစ်၊ မဂ်ဉာဏ် ဖိုလ်ဉာဏ်ရရန် မဖြစ်၊ နိဗ္ဗာန်ရောက်ရန် မဖြစ်၊ ထို့ကြောင့် ထိုစကားကို မြတ်စွာဘုရားသည် ဟောတော်မမူ”ဟု (ဆိုကုန်ရာ၏)။

ဟောကြားအပ်သော အရာ

၁၉ဝ။ စုန္ဒ သာသနာတော်မှ တစ်ပါးသော အယူရှိကုန်သော ပရိဗိုဇ်တို့သည် “ငါ့သျှင်တို့ ရဟန်း ဂေါတမသည် အဘယ်တရားကို ဟောအပ်သနည်း”ဟု ဆိုရာသော ဤအကြောင်းသည် ရှိသည်သာတည်း။

စုန္ဒ ဤသို့ ဆိုကုန်သော သာသနာတော်မှ တစ်ပါးသော အယူရှိကုန်သော ပရိဗိုဇ်တို့ကို ဤသို့ ဆိုကုန်ရာ၏။

“ငါ့သျှင်တို့ ဤတရားသဘောသည် ဒုက္ခတည်း”ဟု ဤစကားကို မြတ်စွာဘုရားသည် ဟောတော် မူ၏။

“ငါ့သျှင်တို့ ဤတရားသဘောသည် ဒုက္ခဖြစ်ကြောင်းတည်း”ဟု ဤစကားကို မြတ်စွာဘုရားသည် ဟောတော်မူ၏။

“ငါ့သျှင်တို့ ဤတရားသဘောသည် ဒုက္ခချုပ်ရာနိဗ္ဗာန်တည်း”ဟု ဤစကားကို မြတ်စွာဘုရားသည် ဟောတော်မူ၏။

“ငါ့သျှင်တို့ ဤတရားသဘောသည် ဒုက္ခချုပ်ရာနိဗ္ဗာန်သို့ ရောက်ကြောင်းအကျင့်တည်း”ဟု ဤစကားကို မြတ်စွာဘုရားသည် ဟောတော်မူ၏ဟု (ဆိုကုန်ရာ၏)။

စုန္ဒ သာသနာတော်မှ တစ်ပါးသော အယူရှိကုန်သော ပရိဗိုဇ်တို့သည် “ငါ့သျှင်တို့ အဘယ့်ကြောင့် ဤစကားကို ရဟန်းဂေါတမသည် ဟောတော်မူသနည်း”ဟု ဆိုရာသော ဤအကြောင်းသည် ရှိသည်သာ တည်း။

စုန္ဒ ဤသို့ဆိုကုန်သော သာသနာတော်မှ တစ်ပါးသော အယူရှိကုန်သော ပရိဗိုဇ်တို့ကို ဤသို့ ဆိုကုန်ရာ၏ —

“ငါ့သျှင်တို့ ဤစကားသည် ပစ္စုပ္ပန်အကျိုး တမလွန်အကျိုးနှင့် စပ်၏၊ ဤစကားသည် လောကုတ္တရာတရားနှင့် စပ်၏၊ ဤစကားသည် သာသနာတော်၏ အစအဦး ဖြစ်၏၊ ဝဋ်ဆင်းရဲ၌ စင်စစ် ငြီးငွေ့ရန် ဖြစ်၏၊ ဝဋ်ဆင်းရဲ၌ စွဲမက်ခြင်းကင်းရန် ဖြစ်၏၊ ဝဋ်ဆင်းရဲချုပ်ရန် ဖြစ်၏၊ ဝဋ်ဆင်းရဲငြိမ်းရန် ဖြစ်၏၊ သစ္စာလေးပါးကို ထိုးထွင်း၍သိရန် ဖြစ်၏၊ မဂ်ဉာဏ် ဖိုလ်ဉာဏ်ရရန် ဖြစ်၏၊ နိဗ္ဗာန်ရောက်ရန် ဖြစ်၏၊ ထို့ကြောင့် ထိုစကားကို မြတ်စွာဘုရား ဟောတော်မူ၏”ဟု (ဆိုကုန်ရာ၏)။

ရှေ့အဖို့ကို စွဲ၍ ဖြစ်သော မိစ္ဆာအယူ

၁၉၁။ စုန္ဒ ရှေ့အဖို့ကို စွဲ၍ ဖြစ်ကုန်သော အကြင် မိစ္ဆာအယူတို့သည် ရှိကုန်၏၊ (ထိုမိစ္ဆာအယူ တို့တွင်) အကြင် မိစ္ဆာအယူတို့ကို အကြင် အခြင်းအရာအားဖြင့် သင်တို့အား ဟောကြားထိုက်ကုန်၏၊ ထို မိစ္ဆာအယူတို့ကို ငါသည် သင်တို့အား ဟောတော်မူ၏၊ အကြင် မိစ္ဆာအယူတို့ကို အကြင် အခြင်းအရာအား ဖြင့်ကား သင်တို့အား မဟောကြားထိုက်ကုန်၊ ထိုမိစ္ဆာအယူတို့ကို ငါသည် သင်တို့အား အဘယ့်ကြောင့် ဟောရအံ့နည်း။

စုန္ဒ နောက်အဖို့ကို စွဲ၍ ဖြစ်ကုန်သော အကြင်မိစ္ဆာအယူတို့သည် ရှိကုန်၏။ (ထိုမိစ္ဆာအယူတို့တွင်) အကြင်မိစ္ဆာအယူတို့ကို အကြင်အခြင်းအရာအားဖြင့် သင်တို့အား ဟောထိုက်ကုန်၏၊ ထိုမိစ္ဆာအယူတို့ကို့ငါသည် သင်တို့အား ဟောတော်မူ၏၊ အကြင် မိစ္ဆာအယူတို့ကို အကြင် အခြင်းအရာအားဖြင့် သင်တို့အား မဟောထိုက်ကုန်၊ ထိုမိစ္ဆာအယူတို့ကို ထိုအခြင်းအရာအားဖြင့် သင်တို့အား ငါသည် အဘယ့်ကြောင့် ဟောရ အံ့နည်း။

စုန္ဒ အကြင်မိစ္ဆာအယူတို့ကို အကြင် အခြင်းအရာအားဖြင့် သင်တို့အား ဟောထိုက်ကုန်၏၊ ထိုမိစ္ဆာ အယူတို့ကို ငါသည် ဟောတော်မူ၏၊ အကြင်မိစ္ဆာအယူတို့ကို အကြင်အခြင်းအရာအားဖြင့် သင်တို့အား မဟောထိုက်ကုန်၊ ထိုမိစ္ဆာအယူတို့ကို သင်တို့အား ငါသည် အဘယ့်ကြောင့် ဟောရအံ့နည်း။

ရှေ့အဖို့ကို စွဲ၍ ဖြစ်ကုန်သော ထိုမိစ္ဆာအယူတို့ကား အဘယ်တို့နည်းဟူမူ —

စုန္ဒ “အတ္တသည်လည်းကောင်း လောကသည်လည်းကောင်း မြဲ၏၊ ဤအယူသည်သာလျှင် မှန်၏၊ တစ်ပါးသော အယူသည် အချည်းနှီးသာတည်း”ဟု ဤသို့ ဆိုလေ့ရှိကုန်သော ဤသို့ ယူလေ့ရှိကုန်သော အချို့သော သမဏဗြာဟ္မဏတို့သည် ရှိကုန်၏။

စုန္ဒ “အတ္တသည်လည်းကောင်း၊ လောကသည်လည်းကောင်း မမြဲ။ပ။

အတ္တသည်လည်းကောင်း၊ လောကသည်လည်းကောင်း မြဲလည်း မြဲ၏၊ မမြဲလည်း မမြဲ။

အတ္တသည်လည်းကောင်း၊ လောကသည်လည်းကောင်း မြဲသည်လည်း မဟုတ်၊ မမြဲသည်လည်း မဟုတ်။

အတ္တကိုလည်းကောင်း၊ လောကကိုလည်းကောင်း မိမိပြုအပ်၏။

အတ္တကိုလည်းကောင်း၊ လောကကိုလည်းကောင်း သူတစ်ပါးပြုအပ်၏။

အတ္တကိုလည်းကောင်း၊ လောကကိုလည်းကောင်း မိမိလည်း ပြုအပ်၏၊ သူတစ်ပါးလည်း ပြုအပ်၏။

အတ္တကိုလည်းကောင်း၊ လောကကိုလည်းကောင်း မိမိလည်း မပြုအပ်၊ သူတစ်ပါးလည်း မပြုအပ်၊ အကြောင်းကို မစွဲမူ၍ ဖြစ်၏၊ ဤအယူသည်သာလျှင် မှန်၏၊ တစ်ပါးသော အယူသည် အချည်းနှီးသာ တည်း”ဟု ဤသို့ ဆိုလေ့ရှိကုန်သော ဤသို့ ယူလေ့ရှိကုန်သော အချို့သော သမဏဗြာဟ္မဏတို့သည် ရှိကုန်၏။

“ချမ်းသာ ဆင်းရဲသည် မြဲ၏၊ ချမ်းသာ ဆင်းရဲသည် မမြဲ၊ ချမ်းသာ ဆင်းရဲသည် မြဲလည်း မြဲ၏၊ မမြဲလည်း မမြဲ၊ ချမ်းသာ ဆင်းရဲသည် မြဲသည်လည်း မဟုတ် မမြဲသည်လည်း မဟုတ်၊ ချမ်းသာ ဆင်းရဲကို မိမိ ပြုအပ်၏၊ ချမ်းသာ ဆင်းရဲကို သူတစ်ပါး ပြုအပ်၏၊ ချမ်းသာ ဆင်းရဲကို မိမိလည်း ပြုအပ်၏၊ သူတစ်ပါးလည်း ပြုအပ်၏၊ ချမ်းသာ ဆင်းရဲကို မိမိလည်း မပြုအပ်၊ သူတစ်ပါးလည်း မပြုအပ်၊ အကြောင်းကို မစွဲမူ၍ ဖြစ်၏၊ ဤအယူသည်သာလျှင် မှန်၏၊ တစ်ပါးသော အယူသည် အချည်းနှီးသာ တည်း”ဟု ဤသို့ ဆိုလေ့ရှိကုန်သော ဤသို့ ယူလေ့ရှိကုန်သော အချို့သော သမဏဗြာဟ္မဏတို့သည် ရှိကုန်၏။

၁၉၂။ စုန္ဒ ထိုသမဏဗြာဟ္မဏတို့တွင် “အတ္တသည်လည်းကောင်း လောကသည်လည်းကောင်း မြဲ၏၊ ဤအယူသည်သာလျှင် မှန်၏၊ တစ်ပါးသော အယူသည် အချည်းနှီးသာတည်း”ဟု ဤသို့ဆိုလေ့ရှိ ကုန်သော ဤသို့ ယူလေ့ရှိကုန်သော အချို့သော သမဏဗြာဟ္မဏတို့ကို ချဉ်းကပ်၍ ငါသည် ဤသို့ ဆို၏၊ “ ငါ့သျှင်တို့ အတ္တသည်လည်းကောင်း၊ လောကသည်လည်းကောင်း မြဲ၏ ဟူသော အကြင် စကားကို (သင်တို့သည်) ဆိုကုန်၏၊ ဤစကားသည် ရှိသလော”ဟု (ဆို၏)။ ထိုသမဏဗြာဟ္မဏတို့သည် “ဤအယူသည်သာလျှင် မှန်၏၊ တစ်ပါးသော အယူသည် အချည်းနှီးသာတည်း”ဟု အကြင်စကားကို ဆိုကြ ကုန်၏၊ ထိုသမဏဗြာဟ္မဏတို့၏ ထိုစကားကိုလည်း ငါသည် လက်မခံ၊ ထိုသို့ လက်မခံခြင်းသည် အဘယ့်ကြောင့်နည်း၊ စုန္ဒ ဤလောက၌ မှားသော အယူရှိကုန်သော အချို့သောသတ္တဝါတို့ ရှိသောကြောင့် တည်း။

စုန္ဒ ဤမိစ္ဆာအယူကိုဟုတ်မှန်သောအတိုင်း သိစေခြင်း၌ ငါသည် မိမိနှင့်တူသော သူကို မမြင်၊ သာလွန်သော သူကိုကား အဘယ်မှာ မြင်အံ့နည်း၊ စင်စစ် အကြင် ခန္ဓာစသော အဘိညေယျတရားကို့သိစေခြင်းသည် ရှိ၏၊ ထိုခန္ဓာစသော အဘိညေယျတရားကို သိစေခြင်း၌ ငါသည်သာလျှင် သာလွန်၏။

၁၉၃။ စုန္ဒ ထိုသမဏဗြာဟ္မဏတို့တွင် “အတ္တသည်လည်းကောင်း၊ လောကသည်လည်းကောင်း၊ မြဲ၏၊ အတ္တသည်လည်းကောင်း၊ လောကသည်လည်းကောင်း၊ မမြဲ၊ အတ္တသည်လည်းကောင်း၊ လောကသည် လည်းကောင်း မြဲလည်း မြဲ၏၊ မမြဲလည်း မမြဲ၊ အတ္တသည်လည်းကောင်း၊ လောကသည်လည်းကောင်း မြဲသည်လည်း မဟုတ် မမြဲသည်လည်း မဟုတ်။

အတ္တကိုလည်းကောင်း၊ လောကကိုလည်းကောင်း၊ မိမိပြုအပ်၏၊ အတ္တကိုလည်းကောင်း၊ လောကကို လည်းကောင်း သူတစ်ပါးပြုအပ်၏၊ အတ္တကိုလည်းကောင်း၊ လောကကိုလည်းကောင်း၊ မိမိလည်း ပြုအပ်၏၊ သူတစ်ပါးလည်း ပြုအပ်၏၊ အတ္တကိုလည်းကောင် လောကကိုလည်းကောင်း မိမိလည်း မပြုအပ်၊ သူတစ်ပါးလည်း မပြုအပ်၊ အကြောင်းကို မစွဲမူ၍ ဖြစ်၏။

ချမ်းသာ ဆင်းရဲသည် မြဲ၏၊ ချမ်းသာ ဆင်းရဲသည် မမြဲ၊ ချမ်းသာ ဆင်းရဲသည် မြဲလည်း မြဲ၏၊ မမြဲလည်း မမြဲ၊ ချမ်းသာ ဆင်းရဲသည် မြဲသည်လည်း မဟုတ်၊ မမြဲသည်လည်း မဟုတ်။ ချမ်းသာဆင်းရဲကို မိမိပြု အပ်၏၊ ချမ်းသာ ဆင်းရဲကို သူတစ်ပါး ပြုအပ်၏၊ ချမ်းသာ ဆင်းရဲကို မိမိလည်း ပြုအပ်၏၊ သူတစ်ပါးလည်း ပြုအပ်၏၊ ချမ်းသာ ဆင်းရဲကို မိမိလည်း မပြုအပ်၊ သူတစ်ပါးလည်း မပြုအပ်။ အကြောင်းကို မစွဲမူ၍ ဖြစ်၏၊ ဤအယူသည်သာလျှင် မှန်၏၊ တစ်ပါးသော အယူသည် အချည်းနှီးသာ တည်း”ဟု ဤသို့ ဆိုလေ့ရှိကုန်သော ဤသို့ ယူလေ့ရှိကုန်သော သမဏဗြာဟ္မဏတို့ကို ချဉ်းကပ်၍ ငါသည် ဤသို့ ဆို၏၊ “ငါ့သျှင်တို့ ချမ်းသာ ဆင်းရဲကို မိမိလည်း မပြုအပ်၊ သူတစ်ပါးလည်း မပြုအပ်၊ အကြောင်းကို မစွဲမူ၍ ဖြစ်၏ဟု အကြင်စကားကို ဆိုအပ်၏၊ ဤစကားသည် ရှိသလော”ဟု (ဆို၏)၊ ထိုသမဏဗြာဟ္မဏတို့သည် “ဤအယူသည်သာလျှင် မှန်၏၊ တစ်ပါးသော အယူသည် အချည်းနှီးသာ တည်း”ဟု အကြင်စကားကို ဆိုကုန်၏၊ ထိုသမဏဗြာဟ္မဏတို့၏ ထိုစကားကို ငါသည် လက်မခံ၊ ထိုသို့ လက်မခံခြင်းသည် အဘယ့်ကြောင့်နည်း၊ စုန္ဒ ဤလောက၌ မှားသော မိစ္ဆာအယူရှိကုန်သော အချို့သော သတ္တဝါတို့ ရှိသောကြောင့်တည်း။

စုန္ဒ ဤမိစ္ဆာအယူကိုဟုတ်မှန်သောအတိုင်း သိစေခြင်း၌ ငါသည် မိမိနှင့်တူသော သူကို မမြင်၊ သာလွန်သော သူကိုကား အဘယ်မှာ မြင်အံ့နည်း၊ စင်စစ် အကြင် ခန္ဓာစသော အဘိညေယျတရားကို သိစေခြင်းသည် ရှိ၏၊ ထိုခန္ဓာစသော အဘိညေယျတရားကို သိစေခြင်း၌ ငါသည်သာလျှင် သာလွန်၏။

စုန္ဒ ဤဆိုခဲ့သော မိစ္ဆာအယူတို့ကား ရှေ့အဖို့ကို စွဲ၍ ဖြစ်ကုန်သော မိစ္ဆာအယူတို့တည်း၊ အကြင် မိစ္ဆာအယူတို့ကို အကြင်အခြင်းအရာအားဖြင့် ငါသည် သင်တို့အား ဟောထိုက်ကုန်၏၊ ထိုမိစ္ဆာအယူတို့ကို ငါသည် သင်တို့အား ဟောတော်မူ၏၊ ထိုမိစ္ဆာအယူတို့ကို အကြင်အခြင်းအရာအားဖြင့် ငါသည် သင်တို့ အား မဟောထိုက်ကုန်၊ ထိုမိစ္ဆာအယူတို့ကို ထိုအခြင်းအရာအားဖြင့် ငါသည် သင်တို့အား အဘယ်ကြောင့် ဟောရအံ့နည်း။

နောက်အဖို့ကို စွဲ၍ ဖြစ်သော မိစ္ဆာအယူ

၁၉၄။ စုန္ဒ အကြင်မိစ္ဆာအယူတို့ကို အကြင်အခြင်းအရာအားဖြင့် ငါသည် သင်တို့အား ဟောထိုက် ကုန်၏၊ ထိုမိစ္ဆာအယူတို့ကို ငါသည် သင်တို့အား ဟောတော်မူ၏၊ ထိုမိစ္ဆာအယူတို့ကို အကြင်အခြင်းအရာ အားဖြင့် ငါသည် သင်တို့အား မဟောထိုက်ကုန်၊ ထိုမိစ္ဆာအယူတို့ကို ထိုအခြင်းအရာအားဖြင့် ငါသည် သင်တို့အား အဘယ့်ကြောင့် ဟောရအံ့နည်း။ နောက်အဖို့ကို စွဲ၍ ဖြစ်ကုန်သော ထိုမိစ္ဆာအယူတို့ကား အဘယ်တို့နည်းဟူမူ —

စုန္ဒ “အတ္တသည် ရုပ်ရှိ၏၊ သေပြီးနောက်၌ မြဲ၏၊ ဤအယူသည်သာလျှင် မှန်၏၊ တစ်ပါးသော အ ယူသည် အချည်းနှီးသာတည်း”ဟု ဤသို့ဆိုလေ့ရှိကုန်သော ဤသို့ယူလေ့ရှိကုန်သော အချို့သော သမဏ့ဗြာဟ္မဏတို့သည် ရှိကုန်၏။

စုန္ဒ ထို့ပြင် “အတ္တသည် ရုပ်မရှိ၊ အတ္တသည် ရုပ်ရှိလည်း ရှိ၏၊ ရုပ်မရှိလည်း မရှိ၊ အတ္တသည် ရုပ်ရှိသည်လည်း မဟုတ်၊ ရုပ်မရှိသည်လည်း မဟုတ်။

အတ္တသည် သညာရှိ၏။ အတ္တသည် သညာမရှိ။ အတ္တသည် သညာရှိသည်လည်း မဟုတ်၊ သညာ မရှိသည်လည်း မဟုတ်။ အတ္တသည် သေလျှင် ပြတ်၏၊ ပျက်စီး၏၊ သေသည်မှ နောက်၌ မဖြစ်။ ဤအယူသည်သာလျှင် မှန်၏။ တစ်ပါးသော အယူသည် အချည်းနှီးသာတည်း”ဟု ဤသို့ ဆိုလေ့ရှိကုန်သော ဤသို့ ယူလေ့ရှိကုန်သော အချို့သော သမဏဗြာဟ္မဏတို့သည် ရှိကုန်၏။

စုန္ဒ ထိုသမဏဗြာဟ္မဏတို့တွင် “အတ္တသည် ရုပ်ရှိ၏၊ အတ္တသည် သေသည့်နောက်၌ မြဲ၏၊ ဤအယူသည်သာလျှင် မှန်၏၊ တစ်ပါးသော အယူသည် အချည်းနှီးသာတည်း”ဟု ဤသို့ ဆိုလေ့ရှိကုန်သော ဤသို့ ယူလေ့ရှိကုန်သော သမဏဗြာဟ္မဏတို့ကို ချဉ်းကပ်၍ ငါသည် ဤသို့ ဆို၏၊ “ငါ့သျှင်တို့ အတ္တသည် ရုပ်ရှိ၏၊ သေသည်မှ နောက်၌ မြဲ၏ဟု အကြင်စကားကို သင်တို့ ဆို၏၊ ဤစကားသည် ရှိသလော”ဟု (ဆို၏)၊ ထိုသမဏဗြာဟ္မဏတို့သည် “ဤအယူသည်သာလျှင်မှန်၏၊ တစ်ပါးသော အယူ သည် အချည်းနှီးသာတည်း”ဟု အကြင်စကားကို ဆိုကြကုန်၏၊ ထိုသမဏဗြာဟ္မဏတို့၏ ထိုစကားကို ငါသည် လက်မခံ၊ ထိုသို့ လက်မခံခြင်းသည် အဘယ့်ကြောင့်နည်း၊ စုန္ဒ ဤလောက၌ မှားသော မိစ္ဆာအယူ ရှိကုန်သော အချို့သော သတ္တ္တဝါတို့ရှိသောကြောင့်တည်း။

စုန္ဒ ဤမိစ္ဆာအယူကိုဟုတ်မှန်သောအတိုင်း သိစေခြင်း၌ ငါသည် မိမိနှင့်တူသော သူကို မမြင်၊ သာလွန်သော သူကိုကား အဘယ်မှာ မြင်အံ့နည်း၊ စင်စစ် အကြင်ခန္ဓာစသော အဘိညေယျတရားကို သိစေခြင်းသည် ရှိ၏၊ ထိုခန္ဓာစသော အဘိညေယျတရားကို သိစေခြင်း၌ ငါသည်သာလျှင် သာလွန်၏။

၁၉၅။ စုန္ဒ ထိုသမဏဗြာဟ္မဏတို့တွင် “အတ္တသည် ရုပ်မရှိ။ အတ္တသည် ရုပ်ရှိလည်း ရှိ၏၊ ရုပ်မရှိ လည်း မရှိ။ အတ္တသည် ရုပ်ရှိသည်လည်း မဟုတ်၊ ရုပ်မရှိသည်လည်း မဟုတ်။ အတ္တသည် သညာ ရှိ၏၊ အတ္တသည် သညာ မရှိ။ အတ္တသည် သညာရှိသည်လည်း မဟုတ်၊ သညာမရှိသည်လည်း မဟုတ်။ အတ္တသည် သေလျှင် ပြတ်၏၊ ပျက်စီး၏၊ သေသည်မှ နောက်၌ မဖြစ်။ ဤအယူသည်သာလျှင် မှန်၏၊ တစ်ပါးသော အယူသည် အချည်းနှီးသာတည်း”ဟု ဤသို့ဆိုလေ့ရှိကုန်သော ဤသို့ယူလေ့ရှိကုန်သော သမဏဗြာဟ္မဏတို့ကို ချဉ်းကပ်၍ ငါသည် ဤသို့ ဆို၏၊ “ငါ့သျှင်တို့ အတ္တသည် သေလျှင် ပြတ်၏၊ ပျက်စီး၏၊ သေသည်မှနောက်၌ မဖြစ်ဟူသော အကြင်စကားကို သင်တို့ဆို၏၊ ဤစကားသည် ရှိသလော”ဟု (ဆို၏)။ ထိုသမဏဗြာဟ္မဏတို့သည် “ဤအယူသည်သာလျှင် မှန်၏၊ တစ်ပါးသော အယူသည် အချည်းနှီးသာတည်း”ဟု အကြင်စကားကို ဆိုကုန်၏၊ ထိုသမဏဗြာဟ္မဏတို့၏ ထိုစကားကို ငါသည် လက်မခံ၊ ထိုသို့ လက်မခံခြင်းသည် အဘယ့်ကြောင့်နည်း၊ စုန္ဒ ဤလောက၌ မှားသော မိစ္ဆာအယူရှိ ကုန်သော အချို့သော သတ္တဝါတို့ ရှိသောကြောင့်တည်း။

စုန္ဒ ဤမိစ္ဆာအယူကိုဟုတ်မှန်သောအတိုင်း သိစေခြင်း၌ ငါသည် မိမိနှင့်တူသော သူကို မမြင်၊ သာလွန်သော သူကိုကား အဘယ်မှာ မြင်အံ့နည်း၊ စင်စစ် အကြင်ခန္ဓာစသော အဘိညေယျတရားကို သိစေခြင်းသည် ရှိ၏၊ ထိုခန္ဓာစသော အဘိညေယျတရားကို သိစေခြင်း၌ ငါသည်သာလျှင် သာလွန်၏။

စုန္ဒ ဤဆိုခဲ့သော မိစ္ဆာအယူတို့သည် နောက်အဖို့ကို စွဲ၍ ဖြစ်ကုန်သော မိစ္ဆာအယူတို့တည်း၊ (ထိုမိစ္ဆာအယူတို့တွင်) အကြင်မိစ္ဆာအယူတို့ကို အကြင်အခြင်းအရာအားဖြင့် သင်တို့အား ဟောထိုက်ကုန်၏၊ ထိုမိစ္ဆာအယူတို့ကို ငါသည် သင်တို့အား ဟော၏၊ အကြင်မိစ္ဆာအယူတို့ကို အကြင်အခြင်းအရာအားဖြင့် သင်တို့အား မဟောထိုက်ကုန်၊ ထိုမိစ္ဆာအယူတို့ကို ထိုအခြင်းအရာအားဖြင့် ငါသည် သင်တို့အား အဘယ့် ကြောင့် ဟောရအံ့နည်း။

၁၉၆။ စုန္ဒ ရှေ့အဖို့ကို စွဲ၍ ဖြစ်ကုန်သော ဤမိစ္ဆာအယူတို့ကိုလည်းကောင်း နောက်အဖို့ကို စွဲ၍့ဖြစ်ကုန်သော ဤမိစ္ဆာအယူတို့ကိုလည်းကောင်း ပယ်ခြင်းငှါ လွန်မြောက်ခြင်းငှါ ဤသို့သော နည်းဖြင့် ငါသည် သတိပဋ္ဌာန်လေးပါးတို့ကို ဟောအပ်ကုန်၏၊ ထားအပ်ကုန်၏။

အဘယ်လေးပါးတို့နည်းဟူမူ —

စုန္ဒ ဤသာသနာတော်၌ ရဟန်းသည် ပြင်းစွာအားထုတ်လျက် ဆင်ခြင်လျက် သတိရှိလျက် ရုပ် အပေါင်း၌ ရုပ်အပေါင်းဟု အဖန်ဖန်ရှုလျက် လောက၌ ဖြစ်တတ်သော လိုချင်တပ်မက်ခြင်းနှင့် နှလုံးမသာ ယာခြင်းကို ပယ်ဖျောက်၍ နေ၏။

ခံစားမှုဝေဒနာတို့ ၌ ခံစားမှုဝေဒနာဟု အဖန်ဖန်ရှုလျက်။ပ။ စိတ်၌ စိတ်ဟု အဖန်ဖန် ရှုလျက်။ပ။ သဘောတရားတို့ ၌ သဘောတရားဟု အဖန်ဖန်ရှုလျက် လောက၌ ဖြစ်တတ်သော လိုချင်တပ်မက်ခြင်းနှင့် နှလုံးမသာယာခြင်းကို ပယ်ဖျောက်၍ နေ၏။

စုန္ဒ ရှေ့အဖို့ကို စွဲ၍ ဖြစ်ကုန်သော ဤမိစ္ဆာအယူတို့ကိုလည်းကောင်း နောက်အဖို့ကို စွဲ၍ ဖြစ်ကုန်သော ဤမိစ္ဆာအယူတို့ကိုလည်းကောင်း ပယ်ခြင်းငှါ လွန်မြောက်ခြင်းငှါ ဤသို့သော နည်းဖြင့် ငါသည် ဤသတိပဋ္ဌာန် လေးပါးတို့ကို ဟောအပ်ကုန်၏၊ ထားအပ်ကုန်၏ဟု (မိန့်တော်မူ၏)။

၁၉၇။ ထိုအခါ အသျှင်ဥပဝါဏသည် မြတ်စွာဘုရား၏နောက်မှ မြတ်စွာဘုရားကို ယပ်ခတ်လျက် နေ၏၊ ထိုအခါ အသျှင်ဥပဝါဏသည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏ —

မြတ်စွာဘုရား အံ့ဖွယ်ရှိပါပေစွ၊ မြတ်စွာဘုရား မဖြစ်ဖူးမြဲ ဖြစ်ပါပေစွ၊ မြတ်စွာဘုရား ဤတရား ဒေသနာသည် ကြည်ညိုဖွယ် ရှိပါပေစွ၊ မြတ်စွာဘုရား ဤတရားဒေသနာသည် အလွန်ကြည်ညိုဖွယ် ရှိပါ ပေစွ၊ မြတ်စွာဘုရား ဤတရားဒေသနာသည် အဘယ်အမည်ရှိပါသနည်းဟု (လျှောက်၏)။

ဥပဝါဏ ဤတရားဒေသနာကို ကြည်ညိုဖွယ် ပါသာဒိကဂုဏ် ရှိသောကြောင့် ဤသာသနာတော်၌ ‘ပါသာဒိက’ ဒေသနာဟူ၍သာ မှတ်လေလော့၊ မြတ်စွာဘုရားသည် ဤတရားတော်ကို မိန့်တော်မူ၏၊ အသျှင်ဥပဝါဏသည် မြတ်စွာဘုရား ဟောတော်မူသော တရားတော်ကို နှစ်လိုသည်ဖြစ်၍ ဝမ်းမြောက်စွာ ခံယူလေသတည်း။

ခြောက်ခုမြောက် ပါသာဒိကသုတ် ပြီး၏။