ဒီဃနိကာယ်
၇—လက္ခဏသုတ်
သုံးဆယ့်နှစ်ပါးသော မဟာပုရိသ လက္ခဏာ
၁၉၈။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည် —
အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန် ကျောင်း၌ သီတင်းသုံးနေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို “ရဟန်းတို့” ဟူ၍ ခေါ် တော်မူ၏။
ထိုရဟန်းတို့သည် “အသျှင်ဘုရား”ဟူ၍ မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကုန်၏၊ မြတ်စွာဘုရားသည် ဤစကားကို ဟောတော်မူ၏။
၁၉၉။ ရဟန်းတို့ ယောကျာ်းမြတ်၏ သုံးဆယ့်နှစ်ပါးသော ယောကျာ်းမြတ် ‘မဟာပုရိသ’ လက္ခဏာ တို့သည် ရှိကုန်၏၊ အကြင်လက္ခဏာတို့နှင့် ပြည့်စုံသော ယောကျာ်းမြတ်အား နှစ်ပါးသော အဖြစ်တို့သာ လျှင် ရှိကုန်၏၊ အခြားတစ်ပါးသော အဖြစ်တို့သည် မရှိကုန်။
အကယ်၍ လူ့ဘောင်၌ နေသော် တရားစောင့်သော တရားနှင့်အညီ မင်းပြုသော သမုဒ္ဒရာလေးစင်း အပိုင်းအခြားရှိသည့် လေးကျွန်းလုံးကို အစိုးရသော ရန်အပေါင်းကို အောင်မြင်သော တိုင်းနိုင်ငံကို တည် ငြိမ်စေသော ရတနာခုနစ်ပါးနှင့် ပြည့်စုံသော စကြဝတေးမင်း ဖြစ်၏၊ ထို (စကြဝတေးမင်း) အား ဤရတနာခုနစ်ပါးတို့သည် ဖြစ်ကုန်၏၊ ဤ (ရတနာခုနစ်ပါး) တို့ကား အဘယ်နည်း စကြာရတနာ ဆင့်ရတနာ မြင်းရတနာ ပတ္တမြားရတနာ မိန်းမမြတ်ရတနာ သူဌေးရတနာ ခုနစ်ခုမြောက်သော သားကြီး ရတနာတို့တည်း။ ထို (စကြဝတေးမင်း) အား ရဲရင့်ကုန်သော သူရဲကောင်းအင်္ဂရုပ်ရှိကုန်သော တစ်ဖက်စစ် သည်တို့ကို နှိမ်နင်းနိုင်ကုန်သော အထောင်မကသော သားတော်တို့သည် ရှိကုန်၏။ ထို (စကြဝတေးမင်း) သည် သမုဒ္ဒရာအဆုံးရှိသော ဤမြေကို ညှဉ်းဆဲခြင်း သတ်ဖြတ်ခြင်း မရှိဘဲ တရားသဖြင့် အောင်မြင်၍ အုပ်စိုး၏။ အကယ်၍ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်သော် ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော လောက၌ (ကိလေသာ) အပိတ်အပင်ကို ဖွင့်လှစ်ဖျက်ဆီးပြီးသော ဘုရားဖြစ်၏။
၂ဝဝ။ အကြင်လက္ခဏာတို့နှင့် ပြည့်စုံသော ယောကျာ်းမြတ်အား နှစ်မျိုးသော အဖြစ်တို့သာလျှင် ရှိကုန်၏၊ အခြားသော အဖြစ် မရှိကုန်၊ အကယ်၍ လူ့ဘောင်၌ နေသော် စကြဝတေးမင်း ဖြစ်၏။ပ။ အကယ်၍ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်သော် ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော လောက၌ (ကိလေသာ) အပိတ်အပင်ကို ဖွင့်လှစ် ဖျက်ဆီးပြီးသော ဘုရားဖြစ်၏။
ရဟန်းတို့ ယောကျာ်းမြတ်၏ သုံးဆယ့်နှစ်ပါးသော ထိုယောကျာ်းမြတ် ‘မဟာပုရိသ’ လက္ခဏာ တို့ ဟူသည် အဘယ်တို့နည်းဟူမူ —
ရဟန်းတို့ ဤလောက၌ ယောကျာ်းမြတ်သည် အညီအညွတ် ကောင်းစွာ ထိသော ခြေဖဝါးရှိ၏၊ ရဟန်းတို့ ယောကျာ်းမြတ်သည် အကြင် အညီအညွတ် ကောင်းစွာ ထိသော ခြေဖဝါးရှိ၏၊ ရဟန်းတို့ ဤ (အညီအညွတ် ကောင်းစွာ ထိသော ခြေဖဝါးရှိခြင်း) သည်လည်း ယောကျာ်းမြတ်၏ မဟာပုရိသလက္ခဏာ ပေတည်း (၁)
ရဟန်းတို့ တစ်ဖန် ထို့ပြင်လည်း ယောကျာ်းမြတ်၏ အောက်ခြေဖဝါးပြင်တို့၌ အကန့်တစ်ထောင် ရှိကုန်သော အကွပ်ပုံတောင်းတို့နှင့်တကွ အခြင်းအရာအလုံးစုံနှင့် ပြည့်စုံကုန်သော စက်ဝန်းတို့သည် ဖြစ် ပေါ်လျက် ရှိကုန်၏၊ ရဟန်းတို့ ယောကျာ်းမြတ်၏ ခြေဖဝါးပြင်တို့၌ အကန့်တစ်ထောင်ရှိကုန်သော အကွပ် ပုံတောင်းတို့နှင့်တကွ အခြင်းအရာအလုံးစုံနှင့် ပြည့်စုံကုန်သော အကြင်စက်ဝန်းတို့သည် ဖြစ်ပေါ်ကုန်၏။ ရဟန်းတို့ ဤ (စက်ဝန်းတို့ ဖြစ်ပေါ်ခြင်း) သည်လည်း ယောကျာ်းမြတ်၏ မဟာပုရိသလက္ခဏာပေတည်း။ (၂)
ရဟန်းတို့ တစ်ဖန် ထို့ပြင်လည်း ယောကျာ်းမြတ်သည် ရှည်သော ဖနှောင့်ရှိ၏။ပ။ (၃)
ရှည်သွယ်သော လက်ချောင်း ခြေချောင်းရှိ၏။ (၄)
နူးညံ့ နုနယ်သော လက်ဖဝါး ခြေဖဝါးရှိ၏။ (၅)
ကွန်ရက်ပမာ ညီညာသော လက်ချောင်း ခြေချောင်းရှိ၏။ (၆)
ဖမျက်မြင့်သော ခြေရှိ၏။ (၇)
ဧဏီသားကောင်၏ သလုံးမြင်းခေါင်းကဲ့သို့သော သလုံးမြင်းခေါင်းရှိ၏။ (၈)
မကိုင်းမညွတ်ဘဲ ရပ်လျက်ပင် နှစ်ဖက်သော လက်ဝါးပြင်တို့ဖြင့် ပုဆစ်ဒူးတို့ကို သုံးသပ်နိုင်၏။ (၉)
အအိမ်ဖြင့် ဖုံးလွှမ်းသော ပုရိသနိမိတ်ရှိ၏။ (၁ဝ)
ရွှေအဆင်းရှိ၏၊ ရွှေနှင့်တူသော (အသား) အရေရှိ၏။ (၁၁)
ချောမွေ့သော အသားအရေရှိ၏၊ အသားအရေ ချောမွေ့သောကြောင့် မြူအညစ်အကြေး မလိမ်းကျံ (မငြိကပ်)။ (၁၂)
တစ်ပင်ချင်းပေါက်သော မွေးညင်းရှိ၏၊ မွေးညင်းပေါက်တို့ ၌ တစ်ပင် တစ်ပင်သော မွေးညင်းတို့ သာလျှင် ပေါက်ကုန်၏။ (၁၃)
အထက်သို့ ကော့တက်သော မွေးညင်းရှိ၏၊ မျက်စဉ်းညိုအဆင်းရှိကုန်သော မွေးညင်းတို့သည့်ဖက်နားတောင်းသဏ္ဌာန် လကျာ်ရစ်လည်၍ အထက်သို့ ကော့တက်လျက် ပေါက်ကုန်၏။ (၁၄)
ဗြဟ္မာမင်းကဲ့သို့ ဖြောင့်မတ်သော ကိုယ်ရှိ၏။ (၁၅)
အရပ်ခုနစ်ပါး၌ (အသား) ဖြိုးမောက်ခြင်း ရှိ၏။ (၁၆)
ခြင်္သေ့ကိုယ်ရှေ့ပိုင်းနှင့် တူသော ကိုယ်ရှိ၏။ (၁၇)
လက်ပြင်နှစ်ဖက်အကြား၌ (တစ်ပြင်တည်းညီလျက်) ပြည့်ဖြိုးသော ကျောပြင်ရှိ၏။ (၁၈)
ပညောင်ပင်ကဲ့သို့ ဝန်းသော ကိုယ်ရှိ၏၊ ထို (ယောကျာ်းမြတ်)၏ အလံသည် ကိုယ်အရပ်မြင့်သ လောက် ကျယ်ပြန့်၏၊ ကိုယ်အရပ်သည်လည်း အလံကျယ်ပြန့်သလောက် မြင့်၏။ (၁၉)
ညီညာစွာ လုံးသော လည်ပင်းလည်တိုင် ရှိ၏။ (၂ဝ)
အရသာကို ဆောင်သော အလွန်ကောင်းမြတ်သော အကြောရှိ၏။ (၂၁)
ခြင်္သေ့၏ မေးနှင့်တူသော မေးရှိ၏။ (၂၂)
လေးဆယ်သော သွားရှိ၏။ (၂၃)
ညီညွတ်သော သွားရှိ၏။ (၂၄)
မကျဲသော သွားရှိ၏။ (၂၅)
အလွန်ဖြူစင်သော အစွယ် (လေးချောင်း) ရှိ၏။ (၂၆)
ကြီးမား ရှည်လျား နူးညံ့သော လျှာရှိ၏။ (၂၇)
ဗြဟ္မာမင်း၏ အသံနှင့်တူသော အသံရှိ၏၊ ကရဝိက်ငှက်၏ အသံနှင့်တူသော အသံရှိ၏။ (၂၈)
အလွန်ညိုသော မျက်လုံးရှိ၏။ (၂၉)
နွားငယ်မျက်တောင်နှင့်တူသော မျက်တောင်ရှိ၏။ (၃ဝ)
ရဟန်းတို့ ယောကျာ်းမြတ်၏ မျက်မှောင်နှစ်ခု အကြား၌ နူးညံ့သော လဲဝါဂွမ်းနှင့် တူသော ဖြူစင်သော ဥဏ္ဏလုံမွေးရှင်သည် ပေါက်လျက် ရှိ၏၊ ရဟန်းတို့ ယောကျာ်းမြတ်၏ မျက်မှောင်နှစ်ခု အကြား၌ နူးညံ့သော လဲဝါဂွမ်းနှင့်တူသော ဖြူစင်သော အကြင်ဥဏ္ဏလုံ မွေးရှင် ပေါက်လျက် ရှိ၏၊ ရဟန်း တို့ ဤ (ဥဏ္ဏလုံမွေးရှင်ပေါက်လျက် ရှိခြင်း) သည်လည်း ယောကျာ်းမြတ်၏ မဟာပုရိသလက္ခဏာပေ တည်း။ (၃၁)
ရဟန်းတို့ ဤယောကျာ်းမြတ်သည် သင်းကျစ်ဆင်ထားဘိသကဲ့သို့သော ဦးခေါင်းရှိ၏၊ ရဟန်းတို့ ယောကျာ်းမြတ်သည် အကြင်သင်းကျစ်ဆင်ထားဘိသကဲ့သို့သော ဦးခေါင်းရှိ၏၊ ရဟန်းတို့ ဤ (သင်းကျစ် ဆင်ထားဘိသကဲ့သို့သော ဦးခေါင်းရှိခြင်း) သည်လည်း ယောကျာ်းမြတ်၏ မဟာပုရိသ လက္ခဏာပေတည်း။ (၃၂)
ရဟန်းတို့ ယောကျာ်းမြတ်၏ ထိုသုံးဆယ့်နှစ်ပါးသော ယောကျာ်းမြတ် ‘မဟာပုရိသ’လက္ခဏာ တို့သည် ဤသည်တို့ ပေတည်း။ ယင်း (လက္ခဏာ) တို့နှင့် ပြည့်စုံသော ယောကျာ်းမြတ်အား နှစ်မျိုးသော အဖြစ်တို့သာလျှင် ရှိကုန်၏၊ အခြားသော အဖြစ်တို့ကား မရှိကုန်။
(ထိုယောကျာ်းမြတ်သည်) အကယ်၍ လူ့ဘောင်၌နေသော် တရားစောင့်သော တရားနှင့်အညီ မင်းပြုသော သမုဒ္ဒရာလေးစင်း အပိုင်းအခြားရှိသည့် လေးကျွန်းလုံးကို အစိုးရသော ရန်အပေါင်းကို အောင်မြင်သော တိုင်းနိုင်ငံကို တည်ငြိမ်စေသော ရတနာခုနစ်ပါးနှင့် ပြည့်စုံသော စကြဝတေးမင်းဖြစ်၏။ပ။ အ ကယ်၍ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်သော် ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော လောက၌ (ကိလေသာ) အပိတ်အပင်ကို ဖွင့်လှစ်ဖျက်ဆီး ပြီးသော ဘုရားဖြစ်၏။
ရဟန်းတို့ ယောကျာ်းမြတ်၏ ဤသုံးဆယ့်နှစ်ပါးသော မဟာပုရိသ လက္ခဏာတို့ကို သာသနာပ ရသေ့တို့သည်လည်း ကျက်မှတ်ထားကုန်၏၊ ထိုသူတို့သည် ဤကံကို ပြုခြင်းကြောင့် ဤလက္ခဏာကို့ရ၏ ဟူ၍ကား မသိကုန်။
(၁) သုပ္ပတိဋ္ဌိတပါဒ လက္ခဏာတော်
၂ဝ၁။ ရဟန်းတို့ မြတ်စွာဘုရားသည် ရှေးမွေးဖွားခဲ့ရာ ‘ဇာတိ’၊ ရှေးဖြစ်ခဲ့ရာ ‘ဘဝ’၊ ရှေး နေခဲ့ရာ ‘ဘုံဌာန’တို့၌ လူဖြစ်စဉ်အခါက ကုသိုလ်တရားတို့၌ မြဲမြံစွာ ဆောက်တည်၏၊ မဆုတ်မနစ် ဆောက်တည်၏၊ ကာယသုစရိုက် ဝစီသုစရိုက် မနောသုစရိုက်၌ လည်းကောင်း၊ ပေးကမ်း ဝေဖန်ခြင်း၌ လည်းကောင်း၊ သီလဆောက်တည်ခြင်း၌လည်းကောင်း၊ ဥပုသ်စောင့်သုံးခြင်း၌လည်းကောင်း အမိ၌ ပြုဖွယ် ဝတ်ကိုပြုခြင်း အဖ၌ ပြုဖွယ်ဝတ်ကို ပြုခြင်း သမဏ၌ ပြုဖွယ်ဝတ်ကို ပြုခြင်း ဗြာဟ္မဏ၌ ပြုဖွယ်ဝတ်ကို ပြုခြင်း အမျိုး၌ ကြီးသူတို့ကို အရိုအသေပြုခြင်း၌လည်းကောင်း၊ တစ်ပါးသော လွန်မြတ်သော ကုသိုလ် တရားတို့၌လည်းကောင်း မြဲမြံစွာ ဆောက်တည်၏၊ မဆုတ်မနစ် ဆောက်တည်၏။
ထိုမြတ်စွာဘုရားသည် ထိုကံကို ပြုအပ်သည်၏ အဖြစ်ကြောင့် ဆည်းပူးအပ်သည်၏ အဖြစ်ကြောင့် ထိုကံ၏ များသည်၏ အဖြစ်ကြောင့် ပြန့်ပြောသည်၏ အဖြစ်ကြောင့် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော လားရာဖြစ်သော နတ်ပြည်၌ ဖြစ်၏။
ထိုမြတ်စွာဘုရားသည် ထိုနတ်ပြည်၌ တစ်ပါးသော နတ်တို့ကို နတ်၌ဖြစ်သော အသက်၊ နတ်၌ဖြစ်သော အဆင်း၊ နတ်၌ဖြစ်သော ချမ်းသာ၊ နတ်၌ဖြစ်သော အခြံအရံ၊ နတ်၌ဖြစ်သော အစိုးရခြင်း၊ နတ်၌ ဖြစ်သော ရူပါရုံ၊ နတ်၌ဖြစ်သော သဒ္ဒါရုံ၊ နတ်၌ဖြစ်သော ဂန္ဓာရုံ၊ နတ်၌ဖြစ်သော ရသာရုံ၊ နတ်၌ဖြစ်သော ဖောဋ္ဌဗ္ဗာရုံဟု ဆိုအပ်သော ဆယ်ပါးသော အရာဌာနတို့ဖြင့် သာလွန်၏ (လွှမ်းမိုး၍ တည်၏)။
ထိုမြတ်စွာဘုရားသည် ထိုနတ်ပြည်မှ စုတေ၍ ဤလူ့ပြည်သို့ လာရောက်သည်ရှိသော် ဤမဟာ ပုရိသလက္ခဏာကို ရ၏။ အညီအညွတ် ကောင်းစွာထိသော ခြေဖဝါးရှိ၏၊ ခြေကို မြေ၌ အညီအညွတ် ချ၏၊ ခြေကို မြေမှ အညီအညွတ် ကြွ၏၊ အလုံးစုံသော ခြေဖဝါးပြင်တို့ ဖြင့် အညီအညွတ် မြေကို ထိ၏။
၂ဝ၂။ ထိုလက္ခဏာနှင့် ပြည့်စုံသော ထိုသူသည် အကယ်၍ လူ့ဘောင်၌ နေသော် တရားစောင့်သော တရားနှင့်အညီ မင်းပြုသော သမုဒ္ဒရာလေးစင်း အပိုင်းအခြားရှိသည့် လေးကျွန်းလုံးကို အစိုးရသော ရန်အပေါင်းကို အောင်မြင်သော တိုင်းနိုင်ငံကို တည်ငြိမ်စေသော ရတနာခုနစ်ပါးနှင့် ပြည့်စုံသော စကြဝတေးမင်း ဖြစ်၏၊ ထို (စကြဝတေးမင်း) အား ဤရတနာ ခုနစ်ပါးတို့သည် ဖြစ်ကုန်၏၊ ဤ (ရတနာ ခုနစ်ပါး)တို့ကား အဘယ်နည်း၊ စကြာရတနာ ဆင်ရတနာ မြင်းရတနာ ပတ္တမြားရတနာ မိန်းမမြတ် ရတနာ သူဌေးရတနာ ခုနစ်ခုမြောက် သားကြီးရတနာတို့တည်း။ ထို (စကြဝတေးမင်း) အား ရဲရင့်ကုန်သော သူရဲကောင်းအင်္ဂရုပ်ရှိကုန်သော တစ်ဖက်စစ်သည်တို့ကို နှိမ်နှင်းနိုင်ကုန်သော အထောင်မကသော သား တော်တို့သည် ရှိကုန်၏၊ ထို (စကြဝတေးမင်း) သည် သမုဒ္ဒရာအဆုံးရှိသော ဤမြေကို ညှဉ်းဆဲခြင်း သတ် ဖြတ်ခြင်းမရှိဘဲ တရားသဖြင့် အောင်မြင်၍ ခိုးသား ဓားပြ ကင်းသော ပြည့်စုံကြွယ်ဝသော ဥပဒ် ဘေးရန် မရှိသော ငြိမ်းချမ်းသော နိုင်ငံတော်ကြီးကို အုပ်စိုး၏။
မင်းဖြစ်ခဲ့သော် အဘယ်ကို ရသနည်းဟူမူ —
ဆန့်ကျင်ဘက်ဖြစ်သော ရန်သူဖြစ်သော တစ်စုံတစ်ယောက်သော လူသားဖြစ်သူသည် ထိုမင်းကို မပိတ်ပင် မတားမြစ်နိုင်။ မင်းဖြစ်ခဲ့သော် ဤအကျိုးကို ရ၏။
အကယ်၍ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်သော် လောက၌ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော (ကိလေသာ) အပိတ်အပင်ကို ဖွင့်လှစ် ဖျက်ဆီးပြီးသော ဘုရားဖြစ်၏။
ဘုရားဖြစ်ခဲ့သော် အဘယ်ကို ရသနည်းဟူမူ —
လောက၌ ဆန့်ကျင်ဘက်ဖြစ်ကုန်သော ရန်သူဖြစ်ကုန်သော အတွင်းအပဖြစ်ကုန်သော ရာဂသည့်လည်းကောင်း ဒေါသသည်လည်းကောင်း မောဟသည်လည်းကောင်း သမဏသည်လည်းကောင်း ဗြာဟ္မဏ သည်လည်းကောင်း နတ်သည်လည်းကောင်း မာရ်နတ်သည်လည်းကောင်း ဗြဟ္မာသည်လည်းကောင်း တစ်စုံတစ်ယောက်သော သူသည်လည်းကောင်း ထိုဘုရားကို မပိတ်ပင် မတားမြစ်နိုင်။ ဘုရားဖြစ်ခဲ့သော် ဤအကျိုးကို ရ၏။ ဤအကြောင်းအရာကို မြတ်စွာဘုရားသည် ဟောတော်မူ၏။
၂ဝ၃။ ထိုနေရာ၌ သံဂါယနာတင် မထေရ်တို့သည် ဤဂါထာကို ဆိုအပ်၏ —
(၁) ထိုမြတ်စွာဘုရားသည် သစ္စာစောင့်ခြင်း၌လည်းကောင်း၊ ကုသိုလ်ကမ္မပထ တရား ဆယ်ပါး၌လည်းကောင်း၊ ဣန္ဒြေကို ဆုံးမခြင်း၌လည်းကောင်း၊ ကိုယ် နှုတ် နှလုံးကို စောင့်ခြင်း၌လည်းကောင်း၊ ကိုယ် နှုတ် နှလုံးကို ဖြူစင်စွာ ပြုခြင်း သမထ ဝိပဿနာ၏တည်ရာ သီလကို စောင့်ခြင်း ဥပုသ်ကျင့်သုံးခြင်းတို့၌လည်းကောင်း၊ အလှူပေးခြင်း၌လည်းကောင်း၊ သတ္တဝါတို့ကို မညှဉ်းဆဲခြင်း၌လည်းကောင်း၊ သတ္တဝါတို့ကို အနိုင်အထက်မပြုခြင်း၌လည်းကောင်း မွေ့လျော်သည်ဖြစ်၍ မြဲမြံစွာ ဆောက်တည်လျက် ပြည့်စုံစွာ ကျင့်၏။
(၂) ထို မြတ်စွာဘုရားသည် ထိုကံကြောင့် နတ်ပြည်သို့ လားရ၏၊ နတ်ချမ်းသာ ကိုလည်းကောင်း၊ ပျော်ရွှင်မွေ့လျော်ခြင်းတို့ကိုလည်းကောင်း၊ ခံစားရ၏၊ ထိုနတ်ပြည် မှစုတေ၍ တစ်ဖန် ဤလူ့ပြည်သို့ လာသည်ရှိသော် ညီညွတ်သော ခြေတို့ဖြင့် မြေကို ထိ၏။
(၃) လက္ခဏာဖတ်ပုဏ္ဏားတို့သည် အညီအညွတ် စည်းဝေးကုန်၍ ပြောကြား ကုန်၏၊ အညီအညွတ် မြေကို ထိသော ခြေရှိသော သတို့သားကို လူသည်လည်း ကောင်း၊ ရဟန်းသည်လည်းကောင်း ပိတ်ပင်တားမြစ်ခြင်းငှါ မတတ်နိုင်၊ ထို လက္ခဏာသည် ထိုအကျိုးကို ပြ၏။
(၄) ဤသတို့သားသည် အိမ်၌နေသည် ဖြစ်အံ့၊ ထိုသစ္စာစောင့်ခြင်းစသော ကံ၏ အကျိုးအားဖြင့် ထိုသတို့သားကို တစ်စုံတစ်ယောက်သောသူသည် မပိတ်ပင် မတား မြစ်နိုင်၊ သူတစ်ပါးတို့ကို လွှမ်းမိုးနိုင်၏၊ ရန်သူတို့သည် မနှိပ်စက်နိုင်၊ ဤလောက၌ တစ်စုံတစ်ယောက်သော လူသားဖြစ်သူသည် မပိတ်ပင် မတားဆီးနိုင်။
(၅) ထိုလက္ခဏာနှင့် ပြည့်စုံသော သတို့သားသည် အကယ်၍ ရဟန်းပြုအံ့၊ လောကနယ်မှ လွတ်မြောက်ရာ နိဗ္ဗာန်ကို ရလိုခြင်း ‘နေက္ခမ္မဆန္ဒ’ ၌ မွေ့လျော်သော ပညာ အဆင်အခြင်နှင့်ပြည့်စုံသော ဘုရားဖြစ်၏၊ သတ္တဝါတို့ထက် မြတ်သော ထို ဘုရားသည် စင်စစ် ပိတ်ပင်တားဆီးအပ်သည်၏ အဖြစ်သို့ မရောက်နိုင်၊ ဤသို့ ဖြစ်ခြင်းသည်ကား ထို (သုပ္ပတိဋ္ဌိတပါဒလက္ခဏာ)၏ သဘောတည်း။
(၂) ပါဒတလစက္က လက္ခဏာတော်
၂ဝ၄။ ရဟန်းတို့ မြတ်စွာဘုရားသည် ရှေးမွေးဖွားခဲ့ရာ ‘ဇာတိ’၊ ရှေးဖြစ်ခဲ့ရာ ‘ဘဝ’၊ ရှေးနေခဲ့ရာ ‘ဘုံဌာန’တို့၌ လူဖြစ်စဉ်အခါက လူအများ၏ ချမ်းသာကို ဆောင်ခဲ့၏၊ ထိတ်လန့်တုန်လှုပ်ဖွယ်ဘေးကို ပယ်ဖျောက်ခဲ့၏၊ တရားနှင့်လျော်စွာ စောင့်ရှောက်မှု ကာကွယ်မှု လုံခြုံစေမှုကိုလည်း စီရင်ခဲ့၏၊ အခြံအရံ နှင့် တကွသော အလှူကိုလည်း ပေးလှူခဲ့၏။
ထိုမြတ်စွာဘုရားသည် ထိုကံကို ပြုအပ်သည်၏ အဖြစ်ကြောင့် ဆည်းပူးအပ်သည်၏ အဖြစ်ကြောင့် ထိုကံ၏ များသည်၏ အဖြစ်ကြောင့် ပြန့်ပြောသည်၏ အဖြစ်ကြောင့် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော လားရာဖြစ်သော နတ်ပြည်၌ ဖြစ်၏။ပ။ ထိုမြတ်စွာဘုရားသည် ထိုနတ်ပြည်မှ စုတေ၍ ဤလူ့ပြည်သို့ လာရောက်သည်ရှိသော် ဤမဟာပုရိသလက္ခဏာကို ရ၏။ အောက်ခြေဖဝါး အပြင်တို့၌ အကန့်တစ်ထောင်ရှိကုန်သော အကွပ်ပုံတောင်းနှင့်တကွ အခြင်းအရာ အလုံးစုံနှင့် ပြည့်စုံကုန်သော ကောင်းစွာ ပြတ်သား ခြားနားသော စက်ဝန်းတို့ ဖြစ်ပေါ်လျက် ရှိကုန်၏၊ ထိုလက္ခဏာနှင့် ပြည့် စုံသော ထိုမြတ်စွာဘုရားသည် အကယ်၍ အိမ်၌ နေအံ့၊ စကြဝတေးမင်း ဖြစ်၏။ပ။
မင်းဖြစ်ခဲ့သော် အဘယ်ကို ရသနည်းဟူမူ —
များသော အခြံအရံရှိ၏၊ ထိုစကြဝတေးမင်းအား အခြံအရံတို့သည် များကုန်၏၊ ထိုအခြံအရံတို့ သည်ကား ပုဏ္ဏားများ သူဌေးသူကြွယ်များ ဘဏ္ဍာရေးအမတ်များ အမတ်ချုပ်ကြီးများ ဆင်စီးသူရဲများ မြင်းစီးသူရဲများ တံခါးမှူးများ အမှုဆောင်အမတ်များ အတိုင်ပင်ခံအမတ်များ လက်အောက်ခံဘုရင်များ မြို့စား နယ်စားများ မင်းညီမင်းသားများတို့ ဖြစ်ကုန်၏။ မင်းဖြစ်ခဲ့သော် ဤအကျိုးကို ရ၏။
အကယ်၍ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်သော် လောက၌ ပူဇော်အထူးကို ခံတော်မူ ထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော (ကိလေသာ) အပိတ်အပင်ကို ဖွင့် လှစ်ဖျက်ဆီးပြီးသော ဘုရားဖြစ်၏။
ဘုရားဖြစ်ခဲ့သော် အဘယ်ကို ရသနည်းဟူမူ —
များသော အခြံအရံ ရှိ၏၊ ထိုမြတ်စွာဘုရားအား အခြံအရံတို့သည် များကုန်၏၊ ထိုအခြံအရံတို့ သည်ကား ရဟန်းယောကျာ်းများ ရဟန်းမိန်းမများ ဥပါသကာယောကျာ်းများ ဥပါသိကာမိန်းမများ နတ်များ လူများ အသုရာများ နဂါးများ ဂန္ဓဗ္ဗများတို့ ဖြစ်ကုန်၏။ ဘုရားဖြစ်ခဲ့သော် ဤအကျိုးကိုရ၏။ ဤအကြောင်းကို မြတ်စွာဘုရားသည် ဟောတော်မူ၏။
၂ဝ၅။ ထိုနေရာ၌ သံဂါယနာတင် မထေရ်တို့သည် ဤဂါထာကို ဆိုအပ်၏ —
(၁) ရှေးကာလ ရှေးဘဝတို့၌ လူဖြစ်စဉ်အခါက လူအများတို့၏ ချမ်းသာကို ဆောင်ခဲ့၏၊ ထိတ်လန့်တုန်လှုပ်ဖွယ်ဘေးကို ပယ်ဖျောက်ခဲ့၏၊ လုံခြုံစေမှု စောင့် ရှောက်မှု ကာကွယ်မှုတို့၌ အားထုတ်ခဲ့၏။
(၂) ထိုမြတ်စွာဘုရားသည် ထိုကံကြောင့် နတ်ပြည်သို့ လားရ၏၊ နတ်ချမ်းသာ ကိုလည်းကောင်း ပျော်ရွှင်မွေ့လျော်ခြင်းတို့ကိုလည်းကောင်း ခံစားရ၏၊ ထိုနတ်ပြည် မှ စုတေ၍ တစ်ဖန် ဤလူ့ပြည်သို့ လာသည်ရှိသော် နှစ်ဖက်သော ခြေအပြင်တို့၌ အလုံးစုံ ထက်ဝန်းကျင် အကွပ်နှင့်တကွ အကန့်တစ်ထောင်ရှိသော စက်ဝန်းတို့ကို ရ၏။
(၃) လက္ခဏာဖတ် ပုဏ္ဏားတို့သည် အညီအညွတ် စည်းဝေးကုန်၍ များစွာသော ကောင်းမှုကြောင့်ဖြစ်သည့် လက္ခဏာရှိသော သတို့သားကို မြင်သော် ထို သတို့သားသည် အခြံအရံများသည် ဖြစ်လတ္တံ့၊ ရန်သူကို နှိမ်နင်းနိုင်သည် ဖြစ် လတ္တံ့ဟု ပြောကြားကုန်၏။
(၄) ထို့ကြောင့်သာလျှင် အလုံးစုံ ထက်ဝန်းကျင် အကွပ်နှင့်တကွသော စက်ဝန်း တို့ကို ရရှိသော ထိုလက္ခဏာနှင့် ပြည့်စုံသော ထိုသတို့သားသည် အကယ်၍ ရဟန်းမပြုသော် စကြာရတနာကို လည်စေနိုင်၏၊ မြေပြင်အားလုံးကို ဆုံးမအုပ်စိုး နိုင်၏၊ ဤလောက၌ရှိသော မင်းတို့သည် ထို စကြာမင်း၏ အရံမင်းများ ဖြစ်ကုန်၏၊ လူအပေါင်းတို့သည် ကြီးသော ဘုန်းတန်ခိုးရှိသော ထိုစကြာမင်းကို ထက်ဝန်း ကျင် ကောင်းစွာ ခြံရံကြကုန်၏။
(၅) ထိုသို့ လက္ခဏာနှင့် ပြည့်စုံသော သတို့သားသည် အကယ်၍ ရဟန်းပြုသော် လောကနယ်မှ လွတ်မြောက်ရာ နိဗ္ဗာန်ကို ရလိုခြင်း ‘နေက္ခမ္မဆန္ဒ’ ၌ မွေ့ လျော်၏၊ ပညာ အဆင်အခြင်နှင့် ပြည့်စုံ၏၊ နတ် လူ အသုရာ သိကြား ရက္ခိုသ် တို့သည်လည်းကောင်း၊ ဂန္ဓဗ္ဗနတ်နှင့် နဂါးတို့သည်လည်းကောင်း၊ ငှက်တို့သည် လည်းကောင်း၊ အခြေလေးချောင်းရှိသော သတ္တဝါတို့သည်လည်းကောင်း နတ်လူတို့ ပူဇော်ထိုက်သော အတုမရှိသော ကြီးမားသော တန်ခိုးရှိသော ထိုဘုရားကို ထက် ဝန်းကျင် ကောင်းစွာ ခြံရံကြကုန်၏။
(၃—၅) အာယတပဏှိ စသော လက္ခဏာတော် သုံးပါး
၂ဝ၆။ ရဟန်းတို့ မြတ်စွာဘုရားသည် ရှေးမွေးဖွားခဲ့ရာ’ဇာတိ’၊ ရှေးဖြစ်ခဲ့ရာ ‘ဘဝ’၊ ရှေးနေခဲ့ရာ့’ဘုံဌာန’တို့၌ လူဖြစ်စဉ်အခါက အသက်သတ်ခြင်းကို ပယ်၍ အသက်သတ်ခြင်းမှ ရှောင်ကြဉ်ခဲ့၏၊ တုတ်ကို ချထားပြီး ဖြစ်ခဲ့၏၊ လက်နက်ကို ချထားပြီးဖြစ်ခဲ့၏၊ မကောင်းမှုမှ ရှက်တတ်၏၊ သနားခြင်းနှင့် ပြည့်စုံ၏၊ အလုံးစုံသော သတ္တဝါတို့၏ အစီးအပွါးတို့ကို လိုလားလျက် နေခဲ့၏။
ထို မြတ်စွာဘုရားသည် ထိုကံကို ပြုအပ်သည်၏ အဖြစ်ကြောင့် ဆည်းပူးအပ်သည်၏ အဖြစ်ကြောင့် ထိုကံ၏ များသည်၏ အဖြစ်ကြောင် ပြန့်ပြောသည်၏ အဖြစ်ကြောင့်။ပ။ ထိုမြတ်စွာဘုရားသည် ထို နတ်ပြည်မှ စုတေ၍ ဤလူ့ပြည်သို့ လာရောက်သည်ရှိသော် ဤသုံးပါးသော မဟာပုရိသ လက္ခဏာတို့ကို ရ၏၊ ရှည်သော ဖနှောင့်လည်း ရှိ၏၊ ရှည်သော လက်ချောင်း ခြေချောင်းလည်း ရှိ၏၊ ဗြဟ္မာမင်းကဲ့သို့ ဖြောင့်မတ်သော ကိုယ်လည်းရှိ၏။
ထိုလက္ခဏာတော်နှင့် ပြည့်စုံသော မြတ်စွာဘုရားသည် လူ့ဘောင်၌ အကယ်၍ နေအံ့၊ စကြဝတေး မင်း ဖြစ်၏။ပ။
မင်းဖြစ်ခဲ့သော် အဘယ်ကို ရသနည်း ဟူမူ —
ရှည်သော အသက်ရှိ၏၊ ကြာမြင့်စွာ တည်၏၊ ရှည်သော အသက်ကို စောင့်၏၊ ဆန့်ကျင်ဘက် ဖြစ်သော ရန်သူဖြစ်သော တစ်စုံတစ်ယောက်သော လူသည် ပဋိသန္ဓေနှင့် စုတိအကြား၌ ထိုစကြာမင်း၏ အသက်ကို သတ်ခြင်းငှါ မတတ်နိုင်။ မင်းဖြစ်ခဲ့သော် ဤအကျိုးကို ရ၏။ပ။
ဘုရားဖြစ်ခဲ့သော် အဘယ်ကို ရသနည်းဟူမူ —
ရှည်သော အသက်ရှိ၏၊ ကြာမြင့်စွာ တည်၏၊ ရှည်သော အသက်ကို စောင့်၏၊ လောက၌ ဆန့် ကျင်ဘက်ဖြစ်ကုန်သော ရန်သူဖြစ်ကုန်သော သမဏသည်လည်းကောင်း ဗြာဟ္မဏသည်လည်းကောင်း နတ် သည်လည်းကောင်း မာရ်နတ်သည်လည်းကောင်း ဗြဟ္မာသည်လည်းကောင်း တစ်စုံတစ်ယောက်သော သူ သည်လည်းကောင်း ပဋိသန္ဓေနှင့် စုတိအကြား၌ ထိုဘုရား၏ အသက်ကို သတ်ခြင်းငှါ မတတ်နိုင်ကုန်။ ဘုရားဖြစ်ခဲ့သော် ဤအကျိုးကို ရ၏။ ဤအကြောင်းကို မြတ်စွာဘုရားသည် ဟောတော်မူ၏။
၂ဝ၇။ ထိုနေရာ၌ သံဂါယနာတင် မထေရ်တို့သည် ဤဂါထာကို ဆိုအပ်၏ —
(၁) မိမိ၏ သေခြင်းမှ ကြောက်ခြင်းကို သိ၍ (အသက်သတ်ခြင်းမှ)ရှောင်ကြဉ်၏၊ ထိုကောင်းမှုကြောင့် သေသည့်နောက်၌ နတ်ပြည်သို့ ရောက်၏၊ ကောင်းမှု၏ အကျိုးဝိပါက်ကို ခံစားရ၏။
(၂) နတ်ပြည်မှ စုတေ၍ တစ်ဖန် ဤလူ့ပြည်သို့ လာသည်ရှိသော် ဤလူ့ပြည်၌ ဤမဟာပုရိသလက္ခဏာ သုံးပါးတို့ကို ရ၏၊ ဖွံ့ဖြိုးရှည်လျားသော ဖနောင့်ရှိ၏၊ ဗြဟ္မာမင်းကဲ့သို့ ဖြောင့်မတ်တင့်တယ်သော ကောင်းမြတ်သော ကိုယ် ရှိ၏။
(၃) နုပျိုသော ပုံသဏ္ဌာန်ကျသော ကောင်းမြတ် တင့်တယ်သော လက်ရုံး ရှိ၏၊ ထိုမြတ်စွာဘုရားအား နူးညံ့သိမ်မွေ့ကုန်သော လက်ချောင်း ခြေချောင်းများ ရှိကုန်၏၊ သုံးပါးသော ယောကျာ်းမြတ် လက္ခဏာတို့နှင့် ပြည့်စုံသော သတို့သားကို ကြာမြင့်စွာ အသက်ရှည်လတ္တံ့ဟု လက္ခဏာဖတ် ပုဏ္ဏားတို့သည် ညွှန်ပြပြောဆို ကြ ကုန်၏။
(၄) အကယ်၍ လူဖြစ်အံ့၊ ကြာမြင့်စွာ အသက်ရှည်၏၊ အကယ်၍ ရဟန်းပြုအံ့၊ ထို့ထက်ပိုလွန်၍ ကြာမြင့်စွာ အသက်ရှည်၏၊ လေ့လာပြီးသည့် ‘ဝသီဘော်’ အဖြစ် သို့ ရောက်သော ဣဒ္ဓိပါဒ်ကို ပွါးခြင်းဖြင့် ကြာမြင့်စွာ အသက်ရှည်စေနိုင်၏။ ဤသို့ ထိုလက္ခဏာသုံးပါးသည် ဤသို့ အသက်ရှည်ခြင်း၏ အကြောင်းဖြစ်၏။
(၆) သတ္တုဿဒ လက္ခဏာတော်
၂ဝ၈။ ရဟန်းတို့ မြတ်စွာဘုရားသည် ရှေးမွေးဖွားခဲ့ရာ ‘ဇာတိ’၊ ရှေးဖြစ်ခဲ့ရာ ‘ဘဝ’၊ ရှေးနေခဲ့ရာ ‘ဘုံဌာန’တို့၌ လူဖြစ်စဉ်အခါက မြတ်သော အရသာရှိသော ခဲဖွယ် စားဖွယ် သာယာဖွယ် လျက်ဖွယ့်သောက်ဖွယ်တို့ကို ပေးလှူခဲ့၏၊ ထိုမြတ်စွာဘုရားသည် ထိုကံကို ပြုအပ်သည်၏ အဖြစ်ကြောင့်။ပ။
ထိုမြတ်စွာဘုရားသည် နတ်ပြည်မှ စုတေ၍ ဤလူ့ပြည်သို့ လာရောက်သည်ရှိသော် ဤမဟာပုရိသ လက္ခဏာကို ရ၏၊ အရပ်ခုနစ်ပါး၌ (အသား) ဖြိုးမောက်ခြင်း ရှိ၏၊ လက်နှစ်ဖက် ခြေနှစ်ဖက် ပခုံး စွန်းနှစ်ဖက် လည်ကုပ် (ဤအရပ်ခုနစ်ပါးတို့၌) အသားဖြိုးမောက်ခြင်း ရှိကုန်၏။
ထိုလက္ခဏာနှင့် ပြည့်စုံသော ထိုမြတ်စွာဘုရားသည် လူ့ဘောင်၌ အကယ်၍ နေအံ့၊ စကြဝတေးမင်း ဖြစ်၏။ပ။
မင်းဖြစ်ခဲ့သော် အဘယ်ကို ရသနည်းဟူမူ —
မြတ်သော အရသာရှိသော ခဲဖွယ် စားဖွယ် သာယာဖွယ် လျက်ဖွယ် သောက်ဖွယ်တို့ကို ရ၏။ မင်း ဖြစ်ခဲ့သော် ဤအကျိုးကိုရ၏။
ဘုရားဖြစ်ခဲ့သော် အဘယ်ကို ရသနည်းဟူမူ —
မြတ်သော အရသာရှိသော ခဲဖွယ် စားဖွယ် သာယာဖွယ် လျက်ဖွယ် သောက်ဖွယ်တို့ကို ရ၏။ ဘုရားဖြစ်ခဲ့သော် ဤအကျိုးကို ရ၏။ ဤအကြောင်းကို မြတ်စွာဘုရားသည် ဟောတော်မူ၏။
၂ဝ၉။ ထိုနေရာ၌ သံဂါယနာတင် မထေရ်တို့သည် ဤဂါထာကို ဆိုအပ်၏ —
(၁) မြတ်စွာဘုရားသည် မြတ်သော အရသာကို ပေးလှူတတ်သူ ဖြစ်ခဲ့၍ မြတ်သော ခဲဖွယ် စားဖွယ် လျက်ဖွယ် သာယာဖွယ်တို့ကို ရ၏။ ထိုမြတ်စွာဘုရား သည် ကောင်းစွာပြုသော ထိုကောင်းမှုကံကြောင့် နန္ဒဝန်ဥယျာဉ်၌ ကြာမြင့်စွာ မွေ့လျော်ရ၏။
(၂) မြတ်စွာဘုရားသည် ဤလူ့ပြည်တွင် အရပ်ခုနစ်ပါး၌ (အသား) ဖြိုးမောက် ခြင်းကို ရ၏၊ လက် ခြေနူးညံ့ခြင်းကိုလည်း ရ၏၊ လက္ခဏာဖတ်အရာ၌ လိမ္မာကုန်သော ပုဏ္ဏားတို့သည် ထိုသတို့သားကို မြတ်သော ခဲဖွယ် စားဖွယ်ကို ရလွယ်၏ဟု ဆိုကုန်၏။
(၃) အကြင်ကောင်းမှုသည် လူဖြစ်သော သတို့သားအား ထိုအကျိုးကို ပြီးစေ၏၊ ရဟန်းပြုသော်လည်း ထိုအကျိုးကို ရ၏၊ ထို့ကြောင့် အလုံးစုံသော လူ့ဘောင် အနှောင်အဖွဲ့ကို ဖြတ်ပြီးသော ဘုရားသည်လည်း မွန်မြတ်သော ခဲဖွယ်ဘောဇဉ်ကို ရလွယ်၏။
(၇—၈) မုဒုတလုနဟတ္ထပါဒ—ဇာလဟတ္ထပါဒ လက္ခဏာတော်
၂၁ဝ။ ရဟန်းတို့ မြတ်စွာဘုရားသည် ရှေးမွေးဖွားခဲ့ရာ ‘ဇာတိ’၊ ရှေးဖြစ်ခဲ့ရာ ‘ဘဝ’၊ ရှေးနေခဲ့ရာ ‘ဘုံဌာန’ တို့၌ လူဖြစ်စဉ်အခါက သင်္ဂဟတရားလေးပါးတို့ဖြင့် လူအပေါင်းကို ချီးမြှောက်ခဲ့၏။
ထိုသင်္ဂဟတရား လေးပါးတို့သည်ကား —
(၁) ပေးကမ်းစွန့်ကြဲခြင်း၊
(၂) ချစ်ဖွယ်သောစကားကို ဆိုခြင်း၊
(၃) အကျိုးစီးပွါးကို ကျင့်ဆောင်ခြင်း၊
(၄) မိမိနှင့် ထပ်တူညီမျှ ဆက်ဆံခြင်းတို့တည်း။
ထိုမြတ်စွာဘုရားသည် ထိုကောင်းမှုကံကို ပြုအပ်သည်၏ အဖြစ်ကြောင့်။ပ။
ထိုမြတ်စွာဘုရားသည် ထိုနတ်ပြည်မှ စုတေ၍ ဤလူ့ပြည်သို့ လာရောက်သည်ရှိသော် ဤမဟာပုရိသ လက္ခဏာနှစ်ပါးကို ရ၏၊ နူးညံ့ နုနယ်သော လက်ဖဝါး ခြေဖဝါးလည်း ရှိ၏၊ ကွန်ရက်ပမာ အရေးအကြောင်း ညီညာသော လက်ခြေလည်း ရှိ၏။
ထိုလက္ခဏာတို့နှင့် ပြည့်စုံသော ထိုမြတ်စွာဘုရားသည် လူ့ဘောင်၌ အကယ်၍ နေအံ့၊ စကြဝတေး မင်း ဖြစ်၏။ပ။
မင်းဖြစ်ခဲ့သော် အဘယ်ကို ရသနည်းဟူမူ —
ကောင်းစွာ စည်းလုံးညီညွတ်သော ပရိသတ်ရှိ၏၊ ထိုမင်း၏ ပရိသတ်တို့သည် ကောင်းစွာ စည်းလုံး ညီညွတ်ကုန်၏။ ထိုပရိသတ်တို့သည်ကား ပုဏ္ဏားများ သူဌေးသူကြွယ်များ မြို့သူမြို့သား နယ်သူ နယ်သားများ ဘဏ္ဍာရေး အမတ်များ အမတ်ချုပ်ကြီးများ ဆင်စီးသူရဲများ မြင်းစီးသူရဲများ တံခါးမှူးများ အမှုဆောင်အမတ်များ အတိုင်ပင်ခံ အမတ်များ လက်အောက်ခံဘုရင်များ မြို့စား နယ်စားများ မင်းညီ မင်းသားများတို့ ဖြစ်ကုန်၏။ မင်းဖြစ်ခဲ့သော် ဤအကျိုးကို ရ၏။ပ။
ဘုရားဖြစ်ခဲ့သော် အဘယ်ကို ရသနည်းဟူမူ —
ကောင်းစွာ စည်းလုံးညီညွတ်သော ပရိသတ်ရှိ၏၊ ထိုမြတ်စွာဘုရား၏ ပရိသတ်တို့သည် ကောင်းစွာ စည်းလုံးညီညွတ်ကုန်၏၊ ထိုပရိသတ်တို့သည်ကား ရဟန်းယောကျာ်းများ ရဟန်းမိန်းမများ ဥပါသကာ ယောကျာ်းများ ဥပါသိကာမိန်းမများ နတ်များ လူများ အသုရာများ နဂါးများနှင့် ဂန္ဓဗ္ဗများ ဖြစ်ကုန်၏။ ဘုရားဖြစ်ခဲ့သော် ဤအကျိုးကို ရ၏။ ဤအကြောင်းကို မြတ်စွာဘုရားသည် ဟောတော်မူ၏။
၂၁၁။ ထိုနေရာ၌ သံဂါယနာတင် မထေရ်တို့သည် ဤဂါထာကို ဆိုအပ်၏ —
(၁) ပေးလှူခြင်း၊ အကျိုးစီးပွားကို ကျင့်ဆောင်ခြင်း၊ ချစ်ဖွယ်သောစကားကို ဆိုခြင်း၊ မိမိနှင့် ထပ်တူ ညီမျှသော ဆက်ဆံခြင်းတို့ကို ပြုလျက် များစွာသော လူတို့အား ဤချီးမြှောက်ခြင်းကို ကျင့်ဆောင်၍ ချီးမွမ်းအပ်သော ဂုဏ်ကြောင့် နတ်ပြည်သို့ လားရ၏။
(၂) နတ်ပြည်မှ စုတေခဲ့၍ တစ်ဖန် လူ့ပြည်သို့ လာသည်ရှိသော် ငယ်ရွယ်နုပျိုသော သတို့သားသည် အလွန်နှစ်သက်ဖွယ် အလွန်တင့်တယ်၍ ရှုချင်ဖွယ်ရှိသော နူးညံ့သော လက်ဖဝါး ခြေဖဝါးကိုလည်းကောင်း ကွန်ရက်ပမာ အရေးအကြောင်း ညီညာသော လက်ခြေတို့ကိုလည်းကောင်း ရ၏။
(၃) ဤမြေပြင် (လောက) ကို အုပ်စိုး၍ နေသော် စကားကို လိုက်နာသော အမှု ကြီးငယ်ကို စီရင်တတ်သော စည်းရုံးညီညွတ်သော ပရိသတ်ရှိ၏၊ ချစ်ဖွယ်သော စကားကို ဆိုသည်ဖြစ်၍ သတ္တဝါတို့၏ စီးပွါးချမ်းသာကို ရှာမှီးလျက် အလွန် နှစ် သက်အပ်သော ကောင်းမှုကုသိုလ်ကို ကျင့်ဆောင်တတ်၏။
(၄) အလုံးစုံသော ကာမဂုဏ်ခံစားခြင်းကို အကယ်၍ စွန့်ခဲ့သော် ဘုရားဖြစ်၍ လူအပေါင်းအား မှန်သော တရားကို ဟောတတ်၏၊ ထိုဘုရား၏ စကားကို လိုက် နာကြသူ လူအများသည် တရားကို နာရ၍ အလွန်ကြည်ညိုကြပြီးလျှင် လောကုတ္တရာ တရားနှင့်လျော်သော အကျင့်ကို ကျင့်ကုန်၏။
(၉—၁၀) ဥဿင်္ခပါဒ—ဥဒ္ဓဂ္ဂလောမ လက္ခဏာတော်
၂၁၂။ ရဟန်းတို့ မြတ်စွာဘုရားသည် ရှေးမွေးဖွားခဲ့ရာ ‘ဇာတိ’၊ ရှေးဖြစ်ခဲ့ရာ ‘ဘဝ’၊ ရှေးနေ ခဲ့ရာ ‘ဘုံဌာန’ တို့၌ လူဖြစ်စဉ်အခါက အကျိုးနှင့် စပ်သော ကုသိုလ်တရားနှင့် စပ်သော စကားကို ဆိုတတ်၏၊ လူအများအား ထို တရားတို့ကို ထင်ရှားအောင် ပြတတ်၏၊ သတ္တဝါတို့၏ အစီးအပွါးကို ဆောင် တတ်၏၊ တရားအလှူကို ပေးတတ်၏။
ထိုမြတ်စွာဘုရားသည် ထိုကံကို ပြုအပ်သည်၏ အဖြစ်ကြောင် ့။ပ။ ထိုမြတ်စွာဘုရားသည် ထို နတ်ပြည်မှ စုတေ၍ ဤလူ့ပြည်သို့ လာရောက်သည်ရှိသော် ဤမဟာပုရိသလက္ခဏာ နှစ်ပါးကို ရ၏၊ ဖမျက်မြင့်သော ခြေရှိ၏၊ အထက်သို့ ကော့တက်သော မွေးညင်းရှိ၏၊ ထိုလက္ခဏာနှင့် ပြည့်စုံသော ထို မြတ်စွာဘုရားသည် လူ့ဘောင်၌ အကယ်၍ နေခဲ့သော် စကြဝတေးမင်း ဖြစ်၏။ပ။
မင်းဖြစ်ခဲ့သော် အဘယ်ကို ရသနည်းဟူမူ— လောကီ လူသား အပေါင်းတို့တွင် အကြီးမြတ်ဆုံး ဖြစ်၏၊ အချီးမွမ်းအပ်ဆုံး ဖြစ်၏၊ အချုပ်ဆုံး ဖြစ်၏၊ အပြဋ္ဌာန်းဆုံး ဖြစ်၏၊ အနှစ်သက်အပ်ဆုံး ဖြစ်၏။ မင်းဖြစ်ခဲ့သော် ဤအကျိုးကို ရ၏။ပ။
ဘုရားဖြစ်ခဲ့သော် အဘယ်ကို ရသနည်းဟူမူ— အားလုံးသော သတ္တဝါတို့တွင် အကြီးမြတ်ဆုံး ဖြစ်၏၊ အချ ီးမွမ်းအပ်ဆုံး ဖြစ်၏၊ အချုပ်ဆုံး ဖြစ်၏၊ အပြဋ္ဌာန်းဆုံး ဖြစ်၏၊ အနှစ်သက်အပ်ဆုံး ဖြစ်၏။ ဘုရားဖြစ်ခဲ့သော် ဤအကျိုးကို ရ၏။ ဤအကြောင်းကို မြတ်စွာဘုရားသည် ဟောတော်မူ၏။
၂၁၃။ ထိုနေရာ၌ သံဂါယနာတင် မထေရ်တို့သည် ဤဂါထာကို ဆိုအပ်၏ —
(၁) ရှေးရှေးဘဝ၌ အကျိုးနှင့်စပ်သော ကုသိုလ်တရားနှင့်စပ်သော စကားကို ဟောလျက် လူအများ၏ အစီးအပွါးကို ပြခဲ့၏၊ သတ္တဝါတို့၏ စီးပွါးချမ်းသာကို ဆောင်ခဲ့၏၊ ဝန်တိုမှု ကင်းခဲ့၏၊ တရားအလှူဟူသော ယဇ်ကို ပူဇော်ခဲ့၏။
(၂) ထိုမြတ်စွာဘုရားသည် ကောင်းစွာ ကျင့်သော ထိုကောင်းမှုကြောင့် နတ် ပြည်သို့ လားရ၏၊ ထိုနတ်ပြည်၌ မွေ့လျော်ရ၏၊ ဤလူ့ပြည်သို့ လာသည်ရှိသော် အမြင့်အမြတ် အခေါင်အထွတ်ဖြစ်ခြင်းအလို့ငှါ မဟာပုရိသလက္ခဏာ နှစ်ပါးတို့ကို ရ၏။
(၃) ထိုမြတ်စွာဘုရားသည် အထက်သို့ ကော့တက်သော မွေးညင်းရှိ၏၊ အသားအသွေးနှင့် ပြည့်စုံသော အရေတို့ဖြင့် ဖုံးလွှမ်းသော ခြေဖမျက်တို့သည် ကောင်းစွာ တည်ကုန်၏၊ ခြေ၏ အထက်၌ အလွန်တင့်တယ်ကုန်၏။
(၄) ထိုသို့သဘောရှိသော သတို့သားသည် လူ့ဘောင်၌ အကယ်၍ နေခဲ့သော် လောကီလူသားတို့တွင် အမြတ်ဆုံး (မင်း) အဖြစ်သို့ ရောက်၏၊ ထိုသတို့သားထက် လွန်သောသူ မရှိ၊ ဇမ္ဗူဒိပ်ကျွန်းကို လွှမ်းမိုးအုပ်စိုးရ၏။
(၅) တောထွက်၍ ရဟန်းပြုခဲ့သော် အလုံးစုံသော သတ္တဝါတို့တွင် အမြတ်ဆုံး (ဘုရား) အဖြစ်သို့ ရောက်၏၊ ထိုဘုရားထက် လွန်သောသူ မရှိ၊ အလုံးစုံသော သတ္တလောကကို လွှမ်းမိုး၍ နေရ၏။
(၁၁) ဧဏိဇင်္ဃ လက္ခဏာတော်
၂၁၄။ ရဟန်းတို့ မြတ်စွာဘုရားသည် ရှေးမွေးဖွားခဲ့ရာ ‘ ဇာတိ ‘၊ ရှေးဖြစ်ခဲ့ရာ ‘ဘဝ’၊ ရှေးနေခဲ့ရာ ‘ဘုံဌာန’တို့၌ လူဖြစ်စဉ်အခါက “ ဤသူတို့သည် အဘယ်သို့လျှင် လျင်စွာ သိကုန်အံ့နည်း၊ ဤသူတို့သည် အဘယ်သို့လျှင် လျင်စွာ ကျင့်ကုန်အံ့နည်း၊ ဤသူတို့သည် အဘယ်သို့လျှင် ကြာမြင့်စွာ မပင် ပန်းကုန်အံ့နည်း”ဟု ကြံစည်၍ သိပ္ပအတတ်ကိုလည်းကောင်း၊ ဝိဇ္ဇာအတတ်ကိုလည်းကောင်း၊ အကျင့်သီလ ကိုလည်းကောင်း၊ ကမ္မဿကတာပညာကိုလည်းကောင်း ရိုသေစွာ (ဂရုတစိုက်) ပို့ချခဲ့၏ ‘သင်ကြားပေး ခဲ့၏ ‘။
ထိုမြတ်စွာဘုရားသည် ထိုကံကို ပြုအပ်သည်၏ အဖြစ်ကြောင့်။ပ။ ထိုမြတ်စွာဘုရားသည် ထို နတ်ပြည်မှ စုတေ၍ ဤလူ့ပြည်သို့ လာရောက်သည်ရှိသော် ဤမဟာပုရိသလက္ခဏာကို ရ၏၊ ဧဏီသား ကဲ့သို့ (ပြေပြစ်သော) သလုံးမြင်းခေါင်း ရှိ၏၊ ထိုမြတ်စွာဘုရားသည် ထိုလက္ခဏာနှင့် ပြည့်စုံ၍ လူ့ ဘောင်၌ အကယ်၍ နေခဲ့သော် စကြဝတေးမင်း ဖြစ်၏။ပ။
မင်းဖြစ်ခဲ့သော် အဘယ်ကို ရသနည်းဟူမူ— မင်းတို့အား ထိုက်ကုန်သော မင်းတို့အင်္ဂါဖြစ်ကုန်သော မင်းတို့အသုံးအဆောင်ဖြစ်ကုန်သော မင်း တို့အား လျောက်ပတ်ကုန်သော အကြင်ဆင်ယာဉ် မြင်းယာဉ် စသည်တို့ ရှိကုန်၏၊ ထိုဆင်ယာဉ် မြင်းယာဉ်စသည်တို့ကို လျင်စွာရ၏။ မင်းဖြစ်ခဲ့သော် ဤအကျိုးကို ရ၏။ပ။
ဘုရားဖြစ်ခဲ့သော် အဘယ်ကို ရသနည်းဟူမူ— ရဟန်း တို့အား ထိုက်ကုန်သော ရဟန်းတို့၏ အ င်္ဂါ ဖြစ်ကုန်သော ရဟန်းတို့၏ အသုံးအဆောင်ဖြစ် ကုန်သော ရဟန်းတို့အား လျောက်ပတ်ကုန်သော အကြင် သင်္ကန်းစသော ပရိက္ခရာနှင့် ပရိသတ်လေးပါး စသည်တို့ ရှိကုန်၏၊ ထိ်ုသင်္ကန်းစသော ပရိက္ခရာနှင့် ပရိသတ်လေးပါးစသည်တို့ကို လျင်စွာ ရ၏။ ဘုရား ဖြစ်ခဲ့သော် ဤအကျိုးကို ရ၏။ ဤအကြောင်းကို မြတ်စွာဘုရားသည် ဟောတော်မူ၏။
၂၁၅။ ထိုနေရာ၌ သံဂါယနာတင် မထေရ်တို့သည် ဤဂါထာကို ဆိုအပ်၏ —
(၁) မြတ်စွာဘုရားသည် သိပ္ပအတတ်တို့၌လည်းကောင်း၊ ဝိဇ္ဇာအတတ်တို့၌ လည်းကောင်း၊ အကျင့်သီလတို့၌လည်းကောင်း၊ ကမ္မဿကတာပညာတို့၌လည်း ကောင်း “အဘယ်သို့လျှင် (ဤသူတို့သည်) လျင်စွာ သိကုန်အံ့နည်း”ဟု အလို ရှိ၏၊ အကြင်အတတ်သည် တစ်စုံတစ်ယောက်သော သူအား ညှဉ်းဆဲရန် မဖြစ်၊ ထိုအတတ်ကို လျင်စွာ သင်ပေး၏၊ ကြာမြင့်စွာ မပင်ပန်းစေ။
(၂) ထိုမြတ်စွာဘုရားသည် ချမ်းသာခြင်း အကျိုးကို ဖြစ်စေတတ်သော ထို ကောင်းမှုကံကို ပြုခဲ့၍ နှစ်သက်ဖွယ်ရှိကုန်သော ကောင်းသော သဏ္ဌာန်ရှိကုန်သော ကောင်းသော အမျိုးအစားဖြစ်ကုန်သော အစဉ်အတိုင်း အထက်သို့ တက်၍ ပြည့်ဖြိုးလုံးဝန်းကုန်သော အထက်သို့ ကော့တက်သည့် အမွေးရှိကုန်သော ချော မွေ့သော အရေတို့ဖြင့် ဖုံးလွှမ်းအပ်ကုန်သော သလုံးမြင်းခေါင်းတို့ကို ရ၏။
(၃) ထိုသတို့သားကို ဧဏီသားကောင်၏ သလုံးမြင်းခေါင်းကဲ့သို့သော သလုံး မြင်းခေါင်း ‘ဧဏီဇင်္ဃလက္ခဏာ’ ရှိသောသူဟု ပညာရှိတို့ ဆိုကုန်၏၊ ဤဧဏီဇင်္ဃ လက္ခဏာသည် လိုလေရာရာ လျင်စွာ ပြည့်စုံခြင်း၏ လက္ခဏာဖြစ်၏၊ ရဟန်း မပြုသော် လူတို့နှင့် သင့်လျော်ကုန်သော တိုင်းပြည်နိုင်ငံ စည်းစိမ်ချမ်းသာတို့ကို အလိုရှိသောအခါ လျင်စွာ ရ၏။
(၄) ထိုဧဏီဇင်္ဃလက္ခဏာနှင့် ပြည့်စုံသော သတို့သားသည် အကယ်၍ ရဟန်း ပြုသော် လောကနယ်မှ လွတ်မြောက်ရာ နိဗ္ဗာန်ကို ရလိုခြင်း ‘နေက္ခမ္မဆန္ဒ’ ၌ မွေ့ လျော်၏၊ ပညာအဆင်အခြင်နှင့် ပြည့်စုံ၏၊ ရဟန်းအား လျောက်ပတ်သော ပစ္စည်း ပရိက္ခရာနှင့် ပရိသတ်စသည်ကို အလိုရှိသောအခါ လျင်စွာရ၏၊ မဆုတ်မနစ် မြတ်သောလုံ့လနှင့် ပြည့်စုံ၏။
(၁၂) သုခုမစ္ဆဝိ လက္ခဏာတော်
၂၁၆။ ရဟန်းတို့ မြတ်စွာဘုရားသည် ရှေးမွေးဖွားခဲ့ရာ ‘ဇာတိ’၊ ရှေးဖြစ်ခဲ့ရာ’ဘဝ’၊ ရှေးနေခဲ့ရာ ‘ဘုံဌာန’တို့၌ လူဖြစ်စဉ်အခါက သမဏကိုလည်းကောင်း ဗြာဟ္မဏကိုလည်းကောင်း ချဉ်းကပ်၍ အဖန်ဖန် မေးမြန်းခဲ့၏။
“အသျှင်ဘုရား အဘယ်သဘောသည် ကုသိုလ်မည်ပါသနည်း၊ အဘယ်သဘောသည် အကုသိုလ် မည်ပါသနည်း၊ အဘယ်သဘောသည် အပြစ်ရှိပါသနည်း၊ အဘယ်သဘောသည် အပြစ်ကင်းပါသနည်း၊ အဘယ်တရားကို မှီဝဲအပ်ပါသနည်း၊ အဘယ်တရားကို မမှီဝဲအပ်ပါသနည်း၊ အကျွန်ုပ်ပြုအပ်သော အဘယ် တရားသည် ရှည်စွာသော ကာလပတ်လုံး အစီးအပွါးမဲ့ခြင်းငှါ ဆင်းရဲခြင်းငှါ ဖြစ်ရာပါသနည်း၊ အကျွန်ုပ်ပြု အပ်သော အဘယ်တရားသည် ရှည်စွာသော ကာလပတ်လုံး အစီးအပွါးရှိခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်ရာပါသနည်း”ဟု အဖန်ဖန် မေးမြန်းခဲ့၏။
ထိုမြတ်စွာဘုရားသည် ထိုကံကို ပြုအပ်သည်၏ အဖြစ်ကြောင့်။ပ။ ထိုမြတ်စွာဘုရားသည် ထို နတ်ပြည်မှ စုတေ၍ ဤလူ့ပြည်သို့ လာရောက်သည်ရှိသော် ဤမဟာပုရိသလက္ခဏာကို ရ၏၊ ချောမွေ့သော အသားအရေ ရှိ၏၊ အသားအရေ ချောမွေ့သောကြောင့် ကိုယ်၌ မြူအညစ်အကြေး မငြိကပ်၊ ထို မြတ်စွာဘုရားသည် ထိုလက္ခဏာနှင့် ပြည့်စုံ၍ လူ့ဘောင်၌ အကယ်၍ နေခဲ့သော် စကြဝတေးမင်း ဖြစ်၏။
မင်းဖြစ်ခဲ့သော် အဘယ်ကို ရသနည်းဟူမူ— ြ ကီးသော ပညာရှိ၏၊ လောကီလူသားတို့တွင် ပညာအရာ၌ ထိုမင်းနှင့်တူသော တစ်စုံတစ်ယောက်သော သူသည်လည်းကောင်း ထိုမင်းထက်မြတ်သော တစ်စုံတစ်ယောက်သော သူသည်လည်းကောင်း မရှိ။ မင်းဖြစ်ခဲ့သော် ဤအကျိုးကို ရ၏။ပ။
ဘုရားဖြစ်ခဲ့သော် အဘယ်ကို ရသနည်းဟူမူ— ြ ကီးသော ပညာရှိ၏၊ များသော ပညာရှိ၏၊ ရွှင်သော ပညာရှိ၏၊ လျင်သော ပညာရှိ၏၊ ထက်သောပညာရှိ၏၊ ထိုးထွင်း၍ သိနိုင်သော ပညာရှိ၏၊ အလုံးစုံသော သတ္တဝါတို့တွင် ပညာအရာ၌ ထိုဘုရားနှင့် တူသော တစ်စုံတစ်ယောက်သော သူသည်လည်းကောင်း၊ ထိုဘုရားထက် မြတ်သော တစ်စုံ တစ်ယောက်သော သူသည်လည်းကောင်း မရှိ။ ဘုရားဖြစ်ခဲ့သော် ဤအကျိုးကို ရ၏။ ဤအကြာင်းကို မြတ်စွာဘုရား သည် ဟောတော်မူ၏။
၂၁၇။ ထိုနေရာ၌ သံဂါယနာတင်မထေရ်တို့သည် ဤဂါထာကို ဆိုအပ်၏ —
(၁) မြတ်စွာဘုရားသည် ရှေးရှေးဘဝတို့၌ သိလို၍ အဖန်ဖန်မေးမြန်းခဲ့၏၊ ပညာရှိတို့ စကားကို လိုက်နာခဲ့၏၊ ပညာရှိရဟန်းကို ဆည်းကပ်ခဲ့၏၊ အကျိုး စီးပွါးကို အလိုရှိသည်ဖြစ်၍ အကျိုးစီးပွါးနှင့် ယှဉ်သော စကားကို စုံစမ်းခဲ့၏။
(၂) ပညာရခြင်းငှါ ပြုခဲ့သော ကောင်းမှုကံကြောင့် လူဖြစ်သောအခါ ချောမွေ့သော အသားအရေ ‘သုခုမစ္ဆဝိလက္ခဏာ’ ရှိ၏၊ ထိုလက္ခဏာကြောင့် ထိုသတို့သား သည် သိမ်မွေ့နက်နဲသော အနက်သဘောတို့ကို ဉာဏ်ဖြင့် သက်ဝင်၍ သိမြင်လတ္တံ့ဟု နိမိတ်ဖတ်အရာ လိမ္မာကုန်သော ဆရာတို့ ပြောကြားကုန်၏။
(၃) ထိုသို့ သဘောရှိသော သတို့သားသည် အကယ်၍ ရဟန်း မပြုသည် ဖြစ်အံ့၊ စကြာရတနာကိုလည်စေနိုင်၏၊ မြေပြင်အလုံးကို အုပ်စိုးနိုင်၏၊ အကျိုး အကြောင်းကို ဆုံးမရာတို့၌လည်းကောင်း၊ အရာဟုတ် မဟုတ် ဆင်ခြင်ရာတို့၌ လည်းကောင်း၊ ထိုမင်းနှင့် တူသောသူသည်လည်းကောင်း၊ ထိုမင်းထက်မြတ်သော သူသည်လည်းကောင်း မရှိ။
(၄) ထိုသို့သဘောရှိသော သတို့သားသည် အကယ်၍ ရဟန်းပြုခဲ့သော် ဝဋ်ဆင်းရဲမှ ထွက်မြောက်လိုခြင်း ‘နေက္ခမ္မဆန္ဒ’ ၌ အလွန်မွေ့လျော်၏၊ ပညာအဆင် အခြင်နှင့် ပြည့်စုံ၏၊ ထူးမြတ်သော (အရဟတ္တမဂ်) ဉာဏ်ကို ရ၏၊ အတုမရှိသော (သဗ္ဗညုတ)ဉာဏ်သို့ ရောက်၏၊ မြတ်သော မြေကြီးအထုနှင့် တူသော ပညာ ရှိ၏။
(၁၃) သုဝဏ္ဏဝဏ္ဏ လက္ခဏာတော်
၂၁၈။ ရဟန်းတို့ မြတ်စွာဘုရားသည် ‘ရှေးမွေးဖွားခဲ့ရာ ‘ဇာတိ’၊ ရှေးဖြစ်ခဲ့ရာ’ဘဝ’၊ ရှေးနေခဲ့ရာ ‘ဘုံဌာန’တို့၌ လူဖြစ်စဉ်အခါက အမျက်မထွက်ခဲ့၊ စိတ်ပင်ပန်းခြင်း မများခဲ့၊ များစွာဆိုသော်လည်း ဒေါသအစွမ်းဖြင့် အငြိအစွန်း မရှိခဲ့၊ အမျက်မထွက်ခဲ့၊ စိတ်မနာခဲ့၊ ရန်ငြိုးမသိုခဲ့၊ အမျက်ထွက်ခြင်းကို လည်းကောင်း၊ ပြစ်မှားခြင်းကိုလည်းကောင်း၊ နှလုံးမသာခြင်းကိုလည်းကောင်း ထင်ရှားမပြခဲ့။
ခုံချည်ချောဖြင့် ရက်လုပ်အပ်ကုန်သော ဝါချည်ချောဖြင့် ရက်လုပ်အပ်ကုန်သော ပိုးချည်ချောဖြင့် ရက်လုပ်အပ်ကုန်သော သိုးမွေး ‘ကမ္ဗလာ’ ချည်ချောဖြင့် ရက်လုပ်အပ်ကုန်သော သိမ်မွေ့နူးညံ့ကုန်သော ခင်းနှီးဝတ်ရုံတို့ကို ပေးလှူခဲ့၏၊ ထိုမြတ်စွာဘုရားသည် ထိုကံကို ပြုအပ်သည်၏ အဖြစ်ကြောင့်။ပ။ ထိုမြတ်စွာဘုရားသည် ထိုနတ်ပြည်မှ စုတေ၍ ဤလူ့ပြည်သို့ လာရောက်သည်ရှိသော် ဤမဟာ ပုရိသလက္ခဏာကို ရ၏၊ ရွှေအဆင်းရှိ၏၊ ရွှေနှင့် တူသော အသားအရေရှိ၏၊ ထိုလက္ခဏာနှင့်ပြည့်စုံသော ထိုမြတ်စွာဘုရားသည် လူ့ဘောင်၌ အကယ်၍ နေခဲ့သော် စကြဝတေးမင်း ဖြစ်၏။ပ။
မင်းဖြစ်ခဲ့သော် အဘယ်ကို ရသနည်းဟူမူ— ခုံချ ည်ချောဖြင့် ရက်လုပ်အပ်ကုန်သော ဝါချည်ချောဖြင့် ရက်လုပ်အပ်ကုန်သော ပိုးချည်ချောဖြင့် ရက် လုပ်အပ်ကုန်သော သိုးမွေး ‘ကမ္ဗလာ’ ချည်ချောဖြင့် ရက်လုပ်အပ်ကုန်သော သိမ်မွေ့နူးညံ့သော ခင်းနှီး ဝတ်ရုံတို့ကို ရ၏။ မင်းဖြစ်ခဲ့သော် ဤအကျိုးကို ရ၏။ပ။
ဘုရားဖြစ်ခဲ့သော် အဘယ်ကို ရသနည်းဟူမူ— ခုံချ ည်ချောဖြင့် ရက်လုပ်အပ်ကုန်သော ဝါချည်ချောဖြင့် ရက်လုပ်အပ်ကုန်သော ပိုးချည်ချောဖြင့်ရက်လုပ်အပ်ကုန်သော သိုးမွေး’ကမ္ဗလာ’ချည်ချောဖြင့် ရက်လုပ်အပ်ကုန်သော သိမ်မွေ့နူးညံ့သော ခင်းနှီး ဝတ်ရုံတို့ကို ရ၏။ ဘုရားဖြစ်ခဲ့သော် ဤအကျိုးကို ရ၏။ ဤအကြောင်းကို မြတ်စွာဘုရားသည် ဟော တော်မူ၏။
၂၁၉။ ထိုနေရာ၌ သံဂါယနာတင် မထေရ်တို့သည် ဤဂါထာကို ဆိုအပ်၏ —
(၁) မြတ်စွာဘုရားသည် ရှေးရှေးဘဝတို့၌ လူအဖြစ် တည်နေစဉ်အခါက အမျက်မထွက်ခြင်းကို ဆောက်တည်ခဲ့၏၊ အလှူအတန်းကိုလည်း ပေးခဲ့၏၊ သိမ်မွေ့ ကုန်သော ကောင်းသော အဆင်းရှိကုန်သော အဝတ်အထည်တို့ကိုလည်း မြေပြင် အနှံ့ သည်းထန်စွာရွာသော မိုးကဲ့သို့ ပေးလှူ စွန့်ကြဲခဲ့၏။
(၂) ထိုကောင်းမှုကို ပြုသောကြောင့် ဤလူ့ပြည်မှ စုတေခဲ့သော် နတ်ပြည်၌ ဖြစ်၍ ကောင်းမှုကံ၏ အကျိုးကို ခံစားရ၏၊ ရွှေသားပကတိနှင့်တူသော ကိုယ်ရှိ၏၊ နတ်တကာတို့ထက် မြတ်သော သိကြားမင်းကဲ့သို့ ဤနတ်ပြည်၌ လွှမ်းမိုးအုပ်စိုး ရ၏။
(၃) ဤလူ့ပြည်သို့ ရောက်လာပြန်သော် ဤသူသည် ရဟန်း မပြုလို၍ လူ့ ဘောင်၌ အကယ်၍ နေခဲ့သော် ကျယ်စွာသော မြေပြင်အလုံးကို လွှမ်းမိုး၍ ဆုံးမ အုပ်စိုးနိုင်၏ (စကြဝတေးမင်းဖြစ်၏)၊ အလွန်ထူးမြတ်သော အဝတ်တန်ဆာကိုရ၏၊ အညစ်အကြေး ကင်း၍ စင်ကြယ်သန့်ရှင်းသော အရေအဆင်းကိုလည်း ရ၏။
(၄) အကယ်၍ ရဟန်းဘောင်သို့ ချဉ်းကပ်အံ့၊ သည်းခံခြင်းဂုဏ်နှင့် ပြည့်စုံသော ထိုရဟန်းသည် သင်းပိုင် ဧကသီ ဒုကုဋ်ဟူသော အဝတ်သင်္ကန်းနှင့် တကွ မြတ်သော ကော်ဇောအခင်း စသည်တို့ကို ရလွယ်၏၊ ပြုအပ်သော ကောင်းမှု၏ ပျက်စီးခြင်း သည် မဖြစ်။
(၁၄) ကောသောဟိတ ဝတ္ထဂုယှ လက္ခဏာတော်
၂၂ဝ။ ရဟန်းတို့ မြတ်စွာဘုရားသည် ရှေးမွေးဖွားခဲ့ရာ ‘ဇာတိ’၊ ရှေးဖြစ်ခဲ့ရာ’ဘဝ’၊ ရှေးနေ ခဲ့ရာ ‘ဘုံဌာန’ တို့၌ လူဖြစ်စဉ်အခါက ကြာမြင့်စွာ ပျောက်ကွယ်နေကုန်သော ကြာမြင့်စွာ ကွဲကွာနေကုန်သော အမျိုးအဆွေတို့ကိုလည်းကောင်း၊ အလွန်ချစ်အပ်သော အဆွေခင်ပွန်းတို့ကိုလည်းကောင်း ပေါင်းဆုံ ညီညွတ်စေခဲ့၏။
သားနှင့်အမိကိုလည်း ပေါင်းဆုံညီညွတ်စေခဲ့၏။
အမိနှင့်သားကိုလည်း ပေါင်းဆုံညီညွတ်စေခဲ့၏။
သားနှင့်အဖကိုလည်း ပေါင်းဆုံညီညွတ်စေခဲ့၏။
အဖနှင့်သားကိုလည်း ပေါင်းဆုံညီညွတ်စေခဲ့၏။
ညီနှင့်အစ်ကို အစ်ကိုနှင့်ညီကိုလည်း ပေါင်းဆုံညီညွတ်စေခဲ့၏။
နှမနှင့်မောင်ကိုလည်း ပေါင်းဆုံညီညွတ်စေခဲ့၏။
မောင်နှင့်နှမကိုလည်း ပေါင်းဆုံညီညွတ်စေခဲ့၏။
ညီမနှင့်အစ်မ အစ်မနှင့်ညီမကိုလည်း ပေါင်းဆုံညီညွတ်စေခဲ့၏။
ပေါင်းဆုံညီညွတ်ခြင်းကို ပြု၍ ဝမ်းမြောက်စေခဲ့၏။
ထိုမြတ်စွာဘုရားသည် ထိုကံကို ပြုအပ်သည်၏ အဖြစ်ကြောင့်။ပ။ ထိုမြတ်စွာဘုရားသည် ထို နတ်ပြည်မှ စုတေ၍ ဤလူ့ပြည်သို့ လာရောက်သည်ရှိသော် ဤမဟာပုရိသလက္ခဏာကို ရ၏၊ အအိမ်ဖြင့် ဖုံးလွှမ်းအပ်သော ပုရိသနိမိတ်ရှိ၏၊ ထိုလက္ခဏာနှင့် ပြည့်စုံသော ထိုမြတ်စွာဘုရားသည် လူ့ဘောင်၌ အကယ်၍ နေခဲ့သော် စကြဝတေးမင်းဖြစ်၏။ပ။
မင်းဖြစ်ခဲ့သော် အဘယ်ကို ရသနည်းဟူမူ—
များသော သားရှိ၏၊ ထိုစကြဝတေးမင်းအား အထောင်မကသော သားတို့သည် ရှိကုန်၏၊ ရဲရင့် ကုန်၏၊ သူရဲကောင်းအင်္ဂရုပ်ရှိကုန်၏၊ တစ်ဖက်စစ်သည်တို့ကို နှိမ်နင်းနိုင်ကုန်၏။ မင်းဖြစ်ခဲ့သော် ဤအကျိုးကို ရ၏။ပ။
ဘုရားဖြစ်ခဲ့သော် အဘယ်ကို ရသနည်းဟူမူ— မျ ားသော (တပည့်) သားရှိ၏၊ ထိုမြတ်စွာဘုရားအား အထောင်မကသော (တပည့်) သားတို့သည် ရှိကုန်၏၊ ရဲရင့်ကုန်၏၊ သူရဲကောင်းအင်္ဂရုပ်ရှိကုန်၏၊ (ဆန့်ကျင်ဘက်အယူဝါဒရှိသူ) တစ်ဖက်စစ်သည် တို့ကို နှိမ်နင်းနိုင်ကုန်၏။ ဘုရားဖြစ်ခဲ့သော် ဤအကျိုးကို ရ၏။ ဤအကြောင်းကို မြတ်စွာဘုရားသည် ဟောတော်မူ၏။
၂၂၁။ ထိုနေရာ၌ သံဂါယနာတင် မထေရ်တို့သည် ဤဂါထာကို ဆိုအပ်၏ —
(၁) မြတ်စွာဘုရားသည် ရှေးရှေးဘဝတို့၌ ကြာမြင့်စွာ ပျောက်ကွယ်နေကုန်သော ကြာမြင့်စွာ ကွဲကွာနေကုန်သော ဆွေမျိုးတို့ကိုလည်းကောင်း၊ အလွန်ချစ် အပ်သော အဆွေခင်ပွန်းတို့ကိုလည်းကောင်း ပေါင်းဆုံညီညွတ်စေခဲ့၏၊ ပေါင်းဆုံ ညီညွတ်ခြင်းကို ပြု၍ ဝမ်းမြောက်စေခဲ့၏။
(၂) ထိုမြတ်စွာဘုရားသည် ထိုကောင်းမှုကြောင့် နတ်ပြည်သို့ လားရ၏၊ နတ် ချမ်းသာကိုလည်းကောင်း၊ ပျော်ရွှင်မွေ့လျော်ခြင်းတို့ကိုလည်းကောင်း ခံစားရ၏၊ ထို နတ်ပြည်မှ စုတေ၍ တစ်ဖန် လူ့ပြည်သို့ လာရောက်သည်ရှိသော် အအိမ်ဖြင့် ဖုံး လွှမ်းသော ပုရိသနိမိတ်ကို ရ၏။
(၃) ထိုသို့သဘောရှိသော စကြဝတေးမင်းသည် များသော သားရှိ၏၊ အထောင် မကသော သားတို့သည် ရှိကုန်၏၊ ရဲရင့်ကုန်၏၊ သူရဲကောင်းအင်္ဂရုပ်ရှိကုန်၏၊ ရန် သူကို နှိမ်နင်းနိုင်ကုန်၏၊ လူအပေါင်းအား နှစ်သက်ခြင်းကို ဖြစ်စေနိုင်ကုန်၏၊ ချစ် ဖွယ်သောစကားကို ဆိုတတ်ကုန်၏။
(၄) ရဟန်းအဖြစ်သို့ ရောက်သော မြတ်စွာဘုရားအား စကားကို လိုက်နာကုန်သော များစွာကုန်သော (တပည့်)သားတို့သည် ရှိကုန်၏၊ လူအားလည်းကောင်း၊ ရဟန်းအားလည်းကောင်း ထိုလက္ခဏာသည် ထို အကျိုးကို ညွှန်ပြ၏။
ပဌမအခန်းပြီး၏။
(၁၅—၁၆) ပရိမဏ္ဍလç အနောနမ ဇဏ္ဏုပရိမသန လက္ခဏာတော်
၂၂၂။ ရဟန်းတို့ မြတ်စွာဘုရားသည် ရှေးမွေးဖွားခဲ့ရာ ‘ဇာတိ ‘၊ ရှေးဖြစ်ခဲ့ရာ ‘ဘဝ ‘၊ ရှေးနေ ခဲ့ရာ ‘ဘုံဌာန’တို့၌ လူဖြစ်စဉ်အခါက လူအများအား ချီးမြှောက်မှုကို ကြည့်ရှုဆင်ခြင်လတ်သော် မည်သူသည် မည်သည့်အရာနှင့် တူသည်ကို သိ၏၊ မိမိကိုယ်တိုင် သိ၏၊ “ ဤသူသည် ဤအလှူကို ခံထိုက်၏၊ ဤသူသည် ဤအလှူကို ခံထိုက်၏”ဟု ပုဂ္ဂိုလ်မြတ်ကို သိ၏၊ ပုဂ္ဂိုလ်ထူးကို သိ၏။
ရှေးအခါ ထိုထိုသို့သော ဘဝ၌ ပုဂ္ဂိုလ်ထူးကို သိ၍ ထိုက်တန်သည့်အလျောက် ပေးလှူခြင်း စသည်ကို ပြုခဲ့၏၊ ထိုမြတ်စွာဘုရားသည် ထိုကံကို ပြုအပ်သည်၏ အဖြစ်ကြောင့်။ပ။ ထိုမြတ်စွာဘုရားသည် ထိုနတ်ပြည်မှ စုတေ၍ ဤလူ့ပြည်သို့ လာရောက်သည်ရှိသော် ဤမဟာပုရိသလက္ခဏာ နှစ်ပါးတို့ကို ရ၏၊ ပညောင်ပင်ကဲ့သို့ ဝန်းသော ကိုယ်ရှိ၏၊ မကိုင်းမညွတ်ဘဲ ရပ်လျက်ပင် နှစ်ဖက်သော လက်ဝါး အပြင်တို့ဖြင့် ပုဆစ်ဒူးတို့ကို သုံးသပ်ဆုပ်နယ်နိုင်၏။
ထိုလက္ခဏာတို့နှင့် ပြည့်စုံသော ထိုမြတ်စွာဘုရားသည် လူ့ဘောင်၌ အကယ်၍ နေခဲ့သော် စကြဝတေးမင်း ဖြစ်၏။ပ။
မင်းဖြစ်ခဲ့သော် အဘယ်ကို ရသနည်းဟူမူ— အသုံး အဆောင် ကြွယ်ဝ၏၊ မြေ၌မြှုပ်၍ထားသော များသော ဥစ္စာရှိ၏၊ နေ့စဉ်သုံး များသော စည်းစိမ်ဥစ္စာရှိ၏၊ များစွာသော ရွှေ ငွေ ရတနာရှိ၏၊ နှစ်သက်ဖွယ် များစွာသော အဆင်တန်ဆာရှိ၏၊့နေ့စဉ်ထုတ်၍ သုံးစွဲသော များစွာသော ဥစ္စာစပါးရှိ၏။ ပြည့်သော ဘဏ္ဍာ ကျီကြရှိ၏၊ မင်းဖြစ်ခဲ့သော် ဤအကျိုးကို ရ၏။ပ။
ဘုရားဖြစ်ခဲ့သော် အဘယ်ကို ရသနည်းဟူမူ— ဥစ္စာကြွယ် ဝ၏၊ များသော ဥစ္စာရှိ၏၊ များသော အသုံးအဆောင်ရှိ၏၊ ထိုမြတ်စွာဘုရားအား ဤဥစ္စာတို့သည် ဖြစ်ကုန်၏၊ ဤဥစ္စာတို့သည် အဘယ်နည်း။
ယုံကြည်ခြင်း ‘သဒ္ဓါ ‘ ဥစ္စာ၊ အကျင့် ‘ သီလ ‘ ဥစ္စာ၊ မကောင်းမှုမှ ရှက်ခြင်း ‘ ဟိရီ’ ဥစ္စာ၊ မကောင်းမှုမှ လန့်ခြင်း ‘ သြတ္တပ္ပ ‘ ဥစ္စာ၊ အကြားအမြင်များခြင်း ‘ဗဟုသုတ’ ဥစ္စာ၊ စွန့်ကြဲခြင်း ‘စာဂ’ ဥစ္စာ၊ အပြားအား ဖြင့်သိခြင်း ‘ပညာ’ ဥစ္စာတို့တည်း။ ဘုရားဖြစ်ခဲ့သော် ဤအကျိုးကို ရ၏။ ဤအကြောင်းကို မြတ်စွာဘုရားသည် ဟောတော်မူ၏။
၂၂၃။ ထိုနေရာ၌ သံဂါယနာတင် မထေရ်တို့သည် ဤဂါထာကို ဆိုအပ်၏ —
(၁) မြတ်စွာဘုရားသည် ရှေးအခါ ထိုထိုဘဝတို့၌ လူအများအား ချီးမြှောက်မှု ကို နှိုင်းဆဆင်ခြင်၍ ဤသူသည် ဤအလှူကို ခံထိုက်၏ဟူ၍ ကောင်းစွာ ကြည့်ရှု လျက် ပုဂ္ဂိုလ်ထူးကို သိ၍ ထိုက်သင့်သည့် အလျောက် ပေးလှူခြင်းစသည်ကို ပြုခဲ့၏။
(၂) ထိုကောင်းမှုကြောင့် မြတ်စွာဘုရားသည် မကိုင်းမညွတ်ဘဲ မြေ၌ ရပ်လျက် ပင် နှစ်ဖက်သော လက်ဝါးအပြင်တို့ဖြင့် ပုဆစ်ဒူးဝန်းတို့ကို ထိကိုင် သုံးသပ်နိုင်၏၊ ကြွင်းသော ကုသိုလ်ကံ၏ အကျိုးကြောင့် ပညောင်ပင်ကဲ့သို့ ဝန်းသော ကိုယ်ရှိ၏။
(၃) အထူးထူး အပြားပြား များသော လက္ခဏာကို သိကုန်သော အလွန်သိမ် မွေ့သော ပညာရှိကုန်သော ပုဏ္ဏားတို့သည် “ငယ်ရွယ်နုပျိုသော ဤသတို့သား သည် လူတို့အား ထိုက်ကုန်သော အထူးထူး အပြားပြား များကုန်သော ဥစ္စာ ပစ္စည်းတို့ကို ရ၏။ (၄) ဤလူ့ပြည်၌ အကယ်၍ မြေပြင်အလုံးကို အစိုးရသော မင်းဖြစ်အံ့၊ ထို မင်းအား လူတို့နှင့် လျော်ကုန်သော လောကီစည်းစိမ်တို့သည် များစွာ ဖြစ်ကုန်၏၊ အလုံးစုံသော လောကီစည်းစိမ်ကို အကယ်၍ စွန့်အံ့၊ အတုမရှိ အမြတ်ဆုံး (အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတဉာဏ်ဟူသော) ဥစ္စာကို ရ၏”ဟု ပြောကြားကုန်၏။
(၁၇—၁၉) သီဟ ပုဗ္ဗဒ္စကာယ စသော လက္ခဏာ သုံးပါး
၂၂၄။ ရဟန်းတို့ မြတ်စွာဘုရားသည် ရှေးမွေးဖွားခဲ့ရာ ‘ဇာတိ’၊ ရှေးဖြစ်ခဲ့ရာ ‘ဘဝ’၊ ရှေးနေ ခဲ့ရာ ‘ဘုံဌာန’တို့၌ လူဖြစ်စဉ်အခါက လူအများ၏ အကျိုးကို အလိုရှိ၏၊ အကျိုးစီးပွါးကို အလိုရှိ၏၊ ချမ်း သာကို အလိုရှိ၏၊ ယောဂကုန်ခြင်းကို အလိုရှိ၏၊ “အသို့လျှင် ဤသူတို့ကို ယုံကြည်မှု ‘သဒ္ဓါ’ တရားဖြင့် တိုးပွါးစေကုန်ရအံ့နည်း၊ အကျင့် ‘သီလ’ ဖြင့် တိုးပွါးစေကုန်ရအံ့နည်း၊ တရားစာပေသင်ကြားမှုဖြင့် တိုးပွါး စေကုန်ရအံ့နည်း၊ စွန့်ကြဲလှူဒါန်းမှုဖြင့် တိုးပွါးစေကုန်ရအံ့နည်း၊ သစ္စာတရားဖြင့် တိုးပွါးစေကုန်ရအံ့ နည်း၊ အသိဉာဏ်ဖြင့် တိုးပွါးစေကုန်ရအံ့နည်း၊ ဥစ္စာစပါးဖြင့် တိုးပွါးစေကုန်ရအံ့နည်း၊ လယ်ယာကိုင်း ကျွန်းဖြင့် တိုးပွါးစေကုန်ရအံ့နည်း၊ အခြေနှစ်ချောင်း အခြေလေးချောင်း တိရစ္ဆာန်တို့ဖြင့် တိုးပွါးစေကုန်ရ အံ့နည်း၊ သားမယားတို့ဖြင့် တိုးပွါးစေကုန်ရအံ့နည်း၊ အစေအပါး အလုပ်သမားတို့ဖြင့် တိုးပွါးစေကုန်ရ အံ့နည်း၊ ဆွေမျိုးဉာတိတို့ဖြင့် တိုးပွါးစေကုန်ရအံ့နည်း၊ မိတ်သင်္ဂဟတို့ဖြင့် တိုးပွါးစေကုန်ရအံ့နည်း၊ အဆက်အနွယ်တို့ဖြင့် တိုးပွါးစေကုန်ရအံ့နည်း”ဟု အလိုရှိ၏။
ထိုမြတ်စွာဘုရားသည် ထိုကံကို ပြုအပ်သည်၏ အဖြစ်ကြောင့်။ပ။ ထိုမြတ်စွာဘုရားသည် ထို နတ်ပြည်မှ စုတေ၍ ဤလူ့ပြည်သို့ လာရောက်သည်ရှိသော် ဤမဟာပုရိသလက္ခဏာ သုံးပါးကို ရ၏၊ ခြင်္သေ့ကိုယ်ရှေ့ပိုင်းနှင့် တူသော ကိုယ်ရှိ၏၊ လက်ပြင်နှစ်ဖက်အကြား၌ (တစ်ပြင်တည်းညီလျက်) ပြည့်ဖြိုး့သော အသားရှိ၏၊ ညီညာစွာ လုံးသော လည်ပင်းလည်တိုင် ရှိ၏၊ ထိုလက္ခဏာတို့နှင့်ပြည့်စုံသော ထို မြတ်စွာဘုရားသည် လူ့ဘောင်၌ အကယ်၍ နေခဲ့သော် စကြဝတေးမင်း ဖြစ်၏။ပ။
မင်းဖြစ်ခဲ့သော် အဘယ်ကို ရသနည်းဟူမူ —
မဆုတ်ယုတ်သော သဘောရှိ၏၊ ဥစ္စာစပါး လယ်ယာ ကိုင်းကျွန်း အခြေနှစ်ချောင်း အခြေလေးချောင်း သတ္တဝါများ သားမယား အစေအပါး အလုပ်သမား ဆွေမျိုးဉာတိ မိတ်သင်္ဂဟ အနွယ် အဆက်တို့မှ မဆုတ်ယုတ်၊ အလုံးစုံ ပြည့်စုံခြင်းမှ မဆုတ်ယုတ်။ မင်းဖြစ်ခဲ့သော် ဤအကျိုးကို ရ၏။ပ။
ဘုရားဖြစ်ခဲ့သော် အဘယ်ကို ရသနည်းဟူမူ —
မဆုတ်ယုတ်သော သဘောရှိ၏၊ သဒ္ဓါ သီလ သုတ စာဂ ပညာတို့မှ မဆုတ်ယုတ်၊ အလုံးစုံပြည့်စုံ ခြင်းမှ မဆုတ်ယုတ်။ ဘုရားဖြစ်ခဲ့သော် ဤအကျိုးကို ရ၏။ ဤအကြောင်းကို မြတ်စွာဘုရားသည် ဟော တော်မူ၏။
၂၂၅။ ထိုနေရာ၌ သံဂါယနာတင်မထေရ်တို့သည် ဤဂါထာကို ဆိုအပ်၏ —
(၁—၂) မြတ်စွာဘုရားသည် သဒ္ဓါ သီလ သုတ စာဂ ပညာ သစ္စာတရားနှင့် များစွာသော မြတ်သောဂုဏ်တို့မှလည်းကောင်း ဥစ္စာ စပါး လယ်ယာ သားမယား အခြေနှစ်ချောင်း အခြလေးချောင်းသတ္တဝါ ဆွေမျိုးဉာတိ မိတ်သင်္ဂဟ အနွယ် အဆက်နှင့် ခွန်အားမှလည်းကောင်း၊ နှစ်ပါးစုံသော ရုပ်အဆင်းနှင့် ချမ်းသာခြင်းတို့ မှလည်းကောင်း သူတစ်ပါးတို့သည် အသို့လျှင် မဆုတ်ယုတ်ဘဲ ရှိပါကုန်အံ့နည်းဟု အလိုရှိ၏၊ အကျိုးစီးပွါးများခြင်း အောင်မြင်ခြင်းကိုသာလျှင် တောင့်တ၏။
(၃) မြတ်စွာဘုရားသည် ရှေးဘဝတို့၌ ကောင်းစွာ ပြုအပ်သော ထိုကောင်းမှု ကြောင့် ခြင်္သေ့ကိုယ်ရှေ့ပိုင်းနှင့် တူသော ကောင်းသော ကိုယ်သဏ္ဌာန်ရှိ၏၊ ညီညာ စွာလုံးသော လည်ပင်း လည်တိုင် ရှိ၏၊ လက်ပြင်နှစ်ဖက်အကြား၌ (တစ်ပြင်တည်း ညီလျက်) ပြည့်ဖြိုးသော အသားရှိ၏၊ ထို (မြတ်စွာဘုရား)၏ ထို (ခြင်္သေ့ကိုယ် ရှေ့ပိုင်းနှင့် တူသော ကိုယ်ရှိခြင်းစသော လက္ခဏာသုံးပါး) သည် (သဒ္ဓါတရား ဥစ္စာစပါး စသည်၏) မဆုတ်ယုတ်ကြောင်း ပုဗ္ဗနိမိတ်တည်း။
(၄) ထိုသတို့သားသည် လူဖြစ်သော် ဥစ္စာ စပါး လယ်ယာ သားမယား အခြေ နှစ်ချောင်း အခြေလေးချောင်း သတ္တဝါတို့ဖြင့် တိုးပွါး၏၊ ကြောင့်ကြတွယ်တာမှု ကင်းသော ရဟန်းဖြစ်ခဲ့သော် အတူမရှိသော မဆုတ်ယုတ်သော သဘောရှိသော သဗ္ဗညုတဉာဏ်သို့ ရောက်၏။
(၂၀) ရသဂ္ဂသဂ္ဂိတာ လက္ခဏာတော်
၂၂၆။ ရဟန်းတို့ မြတ်စွာဘုရားသည် ရှေးမွေးမွားခဲ့ရာ ‘ဇာတိ’၊ ရှေးဖြစ်ခဲ့ရာ ‘ဘဝ’၊ ရှေးနေခဲ့ရာ ‘ဘုံဌာန’တို့၌ လူဖြစ်စဉ်အခါက လက်ဖြင့်သော်လည်းကောင်း၊ တုတ်ဖြင့်သော်လည်းကောင်း၊ လက်နက်ဖြင့်သော်လည်းကောင်း သတ္တဝါတို့ကို ညှဉ်းဆဲခြင်းသဘော မရှိ။
ထိုမြတ်စွာဘုရားသည် ထိုကံကို ပြုအပ်သည်၏ အဖြစ်ကြောင့်။ပ။ ထိုမြတ်စွာဘုရားသည် ထို နတ်ပြည်မှ စုတေ၍ ဤလူ့ပြည်သို့ လာရောက်သည်ရှိသော် ဤမဟာပုရိသလက္ခဏာကို ရ၏၊ အရသာကို ဆောင်သော အလွန်ကောင်းမြတ်သော အကြောရှိ၏၊ လျှာဖျား၌တင်အပ်သော နှမ်းတစ်လုံးမျှလောက်သော အစာကို တစ်ကိုယ်လုံးပျံ့နှံ့အောင် ဆောင်နိုင်ကုန်သော အလွန်ကောင်းမြတ်ကုန်သော ရသဟရဏီ အကြောတို့သည် ထိုမြတ်စွာဘုရား၏ လည်ပင်းလည်တိုင်၌ ရှိကုန်၏၊ ထိုလက္ခဏာနှင့် ပြည့်စုံသော ထို မြတ်စွာဘုရားသည် လူ့ဘောင်၌ အကယ်၍ နေခဲ့သော် စကြဝတေးမင်း ဖြစ်၏။ပ။
မင်းဖြစ်ခဲ့သော် အဘယ်ကို ရသနည်းဟူမူ —
အနာကင်း၏၊ ရောဂါကင်း၏၊ မအေးလွန်း မပူလွန်းသော အညီအညွတ်အစာကို ကြေစေနိုင်သောဝမ်းမီးနှင့် ပြည့်စုံ၏။ မင်းဖြစ်ခဲ့သော် ဤအကျိုးကို ရ၏။ပ။
ဘုရားဖြစ်ခဲ့သော် အဘယ်ကို ရသနည်းဟူမူ —
အနာကင်း၏၊ ရောဂါကင်း၏၊ ကမ္မဋ္ဌာန်းအားထုတ်ရန်ခံ့သော အစာကို ကြေစေနိုင်သော မအေးလွန်း မပူလွန်းသော အလယ်အလတ်ဖြစ်သော ဝမ်းမီးနှင့် ပြည့်စုံ၏။ ဘုရားဖြစ်ခဲ့သော် ဤအကျိုးကို ရ၏။ ဤအကြောင်းကို မြတ်စွာဘုရားသည် ဟောတော်မူ၏။
၂၂၇။ ထိုနေရာ၌ သံဂါယနာတင် မထေရ်တို့သည် ဤဂါထာကို ဆိုအပ်၏ —
(၁) မြတ်စွာဘုရားသည် လက်ဖြင့်သော်လည်းကောင်း၊ တုတ်ဖြင့်သော်လည်း ကောင်း၊ ထိုမှတစ်ပါး ခဲဖြင့်သော်လည်းကောင်း၊ လက်နက်ဖြင့်သော်လည်းကောင်း၊ အသေသတ်စေခြင်းဖြင့်သော်လည်းကောင်း၊ ထိုမှတစ်ပါး ထောင်ချခြင်းဖြင့်သော် လည်းကောင်း၊ ကြိမ်းမောင်း ခြောက်လှန့်ခြင်းဖြင့်သော်လည်းကောင်း လူအပေါင်းကို မညှဉ်းဆဲခဲ့၊ မညှဉ်းဆဲတတ်သူ ဖြစ်ခဲ့၏။
(၂) ထိုမြတ်စွာဘုရားသည် ထိုကောင်းမှုကံကြောင့် သုဂတိဘုံသို့ ရောက်၍ မွေ့လျော်ရ၏၊ ကောင်းကျိုးချမ်းသာကို ပေးသောကံကို ပြုခြင်းကြောင့် ကောင်း ကျိုးချမ်းသာတို့ကို ရ၏၊ ဤလူ့ပြည်သို့ရောက်လာသော် အလွန်ကောင်းမြတ်သော အရသာကို ဆောင်သော အကြောရှိခြင်းကို ရ၏၊ နှမ်းတစ်လုံးမျှသော အစာကို တစ်ကိုယ်လုံး ပျံ ့နှံ့စေနိုင်ကုန်သော အရသာကို ဆောင်သော အကြောတို့သည် လည်ပင်း လည်တိုင်၌ ကောင်းစွာ တည်ကုန်၏။
(၃) ထိုလက္ခဏာကြောင့် ထိုမြတ်စွာဘုရားကို ဤသတို့သားသည် ချမ်းသာများ သည် ဖြစ်လတံ္တ့၊ လူအားလည်းကောင်း၊ ရဟန်းအားလည်းကောင်း ထိုလက္ခဏာ သည် ထိုအကျိုးကို ပြ၏ဟု အလွန်သိမ်မွေ့ကုန်သော ပညာရှိတို့သည် ပြောကြား ကုန်၏။
(၂၁—၂၂) အဘိနီလနေတ္တ—ဂေါပခုမ လက္ခဏာတော်
၂၂၈။ ရဟန်းတို့ မြတ်စွာဘုရားသည် ရှေးမွေးဖွားခဲ့ရာ ‘ဇာတိ’၊ ရှေးဖြစ်ခဲ့ရာ ‘ဘဝ’၊ ရှေးနေခဲ့ရာ ‘ဘုံဌာန’တို့၌ လူဖြစ်စဉ်အခါက သူတစ်ပါးကို အမျက်ထွက်သဖြင့် မျက်လုံးပြူး၍ မကြည့်တတ်၊ မျက် စောင်းထိုး၍ မကြည့်တတ်၊ လျှို့ဝှက်၍ မကြည့်တတ်၊ ရိုးဖြောင့်သော စိတ်ရှိသည်ဖြစ်၍ ရိုးဖြောင့်စွာ ကြည့်တတ်၏၊ မေတ္တာဓာတ် ကိန်းသော မျက်စိဖြင့် လူအများကို ကြည့်ခဲ့၏၊ ထိုမြတ်စွာဘုရားသည် ထိုကံကို ပြုအပ်သည်၏ အဖြစ်ကြောင့်။ပ။ ထိုမြတ်စွာဘုရားသည် ထိုနတ်ပြည်မှ စုတေ၍ ဤလူ့ပြည်သို့ လာရောက်သည်ရှိသော် ဤမဟာပုရိသလက္ခဏာ နှစ်ပါးတို့ကို ရ၏၊ အလွန်ညိုသော မျက်လုံးလည်း ရှိ၏၊ နွားငယ်မျက်တောင်နှင့်တူသော မျက်တောင်လည်း ရှိ၏၊ ထိုလက္ခဏာနှင့် ပြည့်စုံသော ထိုမြတ်စွာ ဘုရားသည် လူ့ဘောင်၌ အကယ်၍ နေခဲ့သော် စကြဝတေးမင်း ဖြစ်၏။ပ။
မင်းဖြစ်ခဲ့သော် အဘယ်ကို ရသနည်းဟူမူ —
ထိုမင်းကို လူအများသည် ချစ်ခင်နှစ်သက်စွာ ရှုကြည့်အပ်၏၊ ပုဏ္ဏားများ သူဌေး သူကြွယ်များ မြို့သူ မြို့သား နယ်သူနယ်သားများ ဘဏ္ဍာရေးအမတ်များ အမတ်ချုပ်ကြီးများ ဆင်စီးသူရဲ မြင်းစီးသူရဲများ တံခါးမှူးများ အမှုဆောင်အမတ်များ အတိုင်ပင်ခံအမတ်များ လက်အောက်ခံဘုရင်များ မြို့စား နယ်စားများ မင်းညီမင်းသားများတို့သည် ချစ်ခင်မြတ်နိုးအပ်၏၊ မင်းဖြစ်ခဲ့သော် ဤအကျိုးကို ရ၏။ပ။
ဘုရားဖြစ်ခဲ့သော် အဘယ်ကို ရသနည်းဟူမူ —
ထိုမြတ်စွာဘုရားကို သတ္တဝါအများသည် နှစ်သက်ကြည်ညိုစွာ ဖူးမြော်အပ်၏၊ ရဟန်းယောကျာ်းများ ရဟန်းမိန်းမများ ဥပါသကာယောကျာ်းများ ဥပါသိကာမိန်းမများ နတ်များ လူများ အသုရာများ နဂါးများနှင့် ဂန္ဓဗ္ဗနတ်များသည် နှစ်သက်မြတ်နိုးအပ်၏။ ဘုရားဖြစ်ခဲ့သော် ဤအကျိုးကိုရ၏။ ဤအကြောင်းကို မြတ်စွာဘုရားသည် ဟောတော်မူ၏။
၂၂၉။ ထိုနေရာ၌ သံဂါယနာတင် မထေရ်တို့သည် ဤဂါထာကို ဆိုအပ်၏ —
(၁) မြတ်စွာဘုရားသည် သူတစ်ပါးကို အမျက်ထွက်သဖြင့် မျက်လုံးပြူး၍ မကြည့်တတ်၊ မျက်စောင်းထိုး၍ မကြည့်တတ်၊ လျှို့ဝှက်၍ မကြည့်တတ်၊ ရိုးဖြောင့်သော စိတ်ရှိသည်ဖြစ်၍ ရိုးဖြောင့်စွာ ကြည့်တတ်၏၊ မေတ္တာဓာတ်ကိန်းသော မျက်စိ ဖြင့် လူအများကို ကြည့်ခဲ့၏၊
(၂) ထိုမြတ်စွာဘုရားသည် ကောင်းမှုအကျိုးကို နတ်ပြည်တို့၌ ခံစားရ၏၊ ထို နတ်ပြည်၌ မွေ့လျော်ရ၏၊ ဤလူ့ပြည်၌ကား နွားငယ်၏ မျက်တောင်နှင့် တူသော မျက်တောင် ရှိ၏၊ အလွန်ညိုသော မျက်လုံးရှိ၏၊ အလွန်ရှုချင်ဖွယ်ရှိ၏။
(၃) သိမ်မွေ့သော ပညာရှိသည်လည်း ဖြစ်ကုန်သော လက္ခဏာကျမ်းတတ်သည် လည်း ဖြစ်ကုန်သော နိမိတ်ကျမ်း၌ ကျွမ်းကျင်သည်လည်း ဖြစ်ကုန်သော သိမ်မွေ့သော မျက်စိ၌ လိမ္မာသည်လည်းဖြစ်ကုန်သော များစွာကုန်သော လူတို့သည် (ထို သတို့သားကို) လူအများ ချစ်ခင်နှစ်သက်စွာ ရှုကြည့်အပ်သူဟူ၍ ပြဋ္ဌာန်းပြောဆို ကြကုန်၏။
(၄) သတို့သားသည် လူဖြစ်သော် လူအများ ချစ်ခင်နှစ်သက်စွာ ရှုကြည့်အပ်သူ ဖြစ်၏၊ လူအများ ချစ်ခင်မြတ်နိုးအပ်၏၊ လူအဖြစ် မတည်မူ၍ ရဟန်းဖြစ်သော် သတ္တဝါအများ နှစ်သက်ကြည်ညိုအပ်၏၊ သတ္တဝါအများ၏ စိုးရိမ်ခြင်းကို ဖျောက် ဖျက်နိုင်၏ဟု ပြညွှန်းပြောကြားကုန်၏။
(၂၃) ဥဏှီသသီသ လက္ခဏာတော်
၂၃ဝ။ ရဟန်းတို့ မြတ်စွာဘုရားသည် ရှေးမွေးဖွားခဲ့ရာ ‘ဇာတိ’၊ ရှေးဖြစ်ခဲ့ရာ ‘ဘဝ’၊ ရှေးနေ ခဲ့ရာ ‘ဘုံဌာန’တို့၌ လူဖြစ်စဉ်အခါက ကုသိုလ်တရားတို့တွင် ကောင်းသော ကိုယ်အကျင့် ‘ကာယသုစရိုက်’ ကောင်းသော နှုတ်အကျင့် ‘ဝစီသုစရိုက်’ ကောင်းသော စိတ်အကျင့် ‘မနောသုစရိုက်’ လှူဒါန်းခြင်း ပေး ကမ်းစွန့်ကြဲခြင်း သီလဆောက်တည်ခြင်း ဥပုသ်စောင့်သုံးခြင်း အမိကို ချစ်မြတ်နိုးခြင်း အဖကို ချစ်မြတ် နိုးခြင်း သမဏကို ကြည်ညိုလေးစားခြင်း ဗြာဟ္မဏကို ကြည်ညိုလေးစားခြင်း အမျိုးတွင် ကြီးသောသူ တို့ကို ရိုသေခြင်းတို့၌လည်းကောင်း တစ်ပါးပါးသော လွန်မြတ်သော ကုသိုလ်တရားတို့၌လည်းကောင်း လူအများ၏ အကြီးအမှူး ရှေ့သွားခေါင်းဆောင် ဖြစ်၏၊ ထိုမြတ်စွာဘုရားသည် ထိုကံကို ပြုအပ်သည်၏ အဖြစ်ကြောင့်။ပ။ ထိုမြတ်စွာဘုရားသည် ထိုနတ်ပြည်မှ စုတေ၍ ဤလူ့ပြည်သို့ လာရောက်သည်ရှိသော် ဤမဟာပုရိသလက္ခဏာကို ရ၏၊ သင်းကျစ်ဆင်ထားဘိသကဲ့သို့သော ဦးခေါင်းရှိ၏၊ ထိုလက္ခဏာနှင့် ပြည့် စုံသော ထိုမြတ်စွာဘုရားသည် လူ့ဘောင်၌ အကယ်၍ နေခဲ့သော် စကြဝတေးမင်း ဖြစ်၏။ပ။
မင်းဖြစ်ခဲ့သော် အဘယ်ကို ရသနည်းဟူမူ —
ထိုမင်းအား အလိုသို့လိုက်သော တိုင်းသူပြည်သားသည် များ၏၊ ထိုသူတို့ကား အဘယ်တို့နည်း ဟူမူ — ပုဏ္ဏားများ သူဌေး သူကြွယ်များ မြို့သူမြို့သားများ နယ်သူနယ်သားများ ဘဏ္ဍာရေးအမတ်များ အမတ်ချုပ်ကြီးများ ဆင်စီးသူရဲ မြင်းစီးသူရဲများ တံခါးမှူးများ အမှုဆောင်အမတ်များ အတိုင်ပင်ခံ အမတ် များ လက်အောက်ခံဘုရင်များ မြို့စားနယ်စားများ မင်းညီမင်းသားများ ဖြစ်ကြကုန်၏။ မင်းဖြစ်ခဲ့သော် ဤအကျိုးကို ရ၏။ပ။
ဘုရားဖြစ်ခဲ့သော် အဘယ်ကို ရသနည်းဟူမူ —
ထိုမြတ်စွာဘုရားအား အလိုသို့လိုက်သော ဝေနေယျသည် များ၏၊ ထိုဝေနေယျတို့ကား အဘယ် တို့နည်းဟူမူ — ရဟန်းယောကျာ်းများ ရဟန်းမိန်းမများ ဥပါသကာယောကျာ်းများ ဥပါသိကာမိန်းမများ နတ်များ လူများ အသုရာများ နဂါးများနှင့် ဂန္ဓဗ္ဗနတ်များ ဖြစ်ကြကုန်၏။ ဘုရားဖြစ်ခဲ့သော် ဤအကျိုး ကို ရ၏။ ဤအကြောင်းကို မြတ်စွာဘုရားသည် ဟောတော်မူ၏။
၂၃၁။ ထိုနေရာ၌ သံဂါယနာတင်မထေရ်တို့သည် ဤဂါထာကို ဆိုအပ်၏ —
(၁) မြတ်စွာဘုရားသည် ကောင်းသော အကျင့်သုစရိုက်တရားတို့၌ အကြီးအမှူး ဖြစ်ခဲ့၏၊ တရားကို ကျင့်ခြင်း၌ မွေ့လျော်၏၊ ထိုမြတ်စွာဘုရားအား အလိုသို့ လိုက်သော လူအများ ရှိခဲ့၏၊ ကောင်းမှုအကျိုးကို နတ်ပြည်၌ ခံစားခဲ့ရ၏။
(၂) ထိုမြတ်စွာဘုရားသည် ကောင်းသော အကျင့်သုစရိုက်၏ အကျိုးကို ခံစား ပြီး၍ ဤလူ့ပြည်၌ သင်းကျစ်ဆင်ထားဘိသကဲ့သို့သော ဦးခေါင်းရှိသည့် အဖြစ်ကို ရ၏၊ ဤသတို့သားသည် လူအများ၏ အကြီးအမှူးဖြစ်လတံ္တ့ဟု နိမိတ်လက္ခဏာ ဖတ်တတ်ကုန်သော သူတို့သည် ပြောကြားကုန်၏။
(၃) ရှေးဘဝ နတ်ပြည်၌ကဲ့သို့ ဤလူ့ပြည်၌ ထိုသတို့သားအား အလုပ်အကျွေး အခြံအရံတို့သည် များကုန်လတ္တံ့၊ အကယ်၍ မင်းမျိုးဖြစ်အံ့၊ မြေပြင်အလုံးကို အစိုးရသော စကြဝတေးမင်း ဖြစ်လတံ္တ့၊ လူအများ၏ သစ္စာစောင့်သိရိုသေစွာ တာ ဝန်ထမ်းဆောင်မှုကို ရလတံ္တ့ဟု ငယ်စဉ်အခါကပင် လက္ခဏာဖတ်ဆရာတို့က ပြော ကြားကုန်၏။
(၄) သတို့သားသည် အကယ်၍ ရဟန်းဖြစ်အံ့၊ ဈာန်သမာပတ်တရားတို့၌ ကျွမ်းကျင်၏၊ လေ့လာအပ်သော ဝသီဘော်ရှိသော ဘုရားဖြစ်၏၊ လူအများသည် ထိုဘုရား၏ အဆုံးအမ အကျင့်တရားတို့၌ မွေ့လျော်၏၊ အလိုတော်အတိုင်း လိုက် နာ၏ဟု ပြောကြားကုန်၏။
(၂၄—၂၅) ဧကေကလောမတာ—ဥဏ္ဏာ လက္ခဏာတော်
၂၃၂။ ရဟန်းတို့ မြတ်စွာဘုရားသည် ရှေးမွေးဖွားခဲ့ရာ ‘ဇာတိ’၊ ရှေးဖြစ်ခဲ့ရာ ‘ဘဝ’၊ ရှေးနေ ခဲ့ရာ ‘ဘုံဌာန’တို့၌ လူဖြစ်စဉ်အခါက မမှန်သော စကားကို ပြောခြင်းကို ပယ်၍ မမှန်သော စကားကို ပြောခြင်းမှ ရှောင်ကြဉ် ခဲ့၏၊ မှန်သော စကားကို ဆိုလေ့ရှိ၏၊ မှန်သော စကားချင်း စေ့စပ်တတ်၏၊ မြဲမြံ တည်တံ့သော စကားရှိ၏၊ ယုံကြည်ရသော စကားရှိ၏၊ လူအများကို မလှည့်စားတတ်၊ ထိုမြတ်စွာဘုရား သည် ထိုကံကို ပြုအပ်သည်၏အဖြစ်ကြောင့်။ပ။ ထိုမြတ်စွာဘုရားသည် ထိုနတ်ပြည်မှ စုတေ၍ ဤလူ့ပြည် သို့ လာရောက်သည်ရှိသော် ဤမဟာပုရိသ လက္ခဏာနှစ်ပါးတို့ကို ရ၏၊ တစ်ပင်ချင်းပေါက်သော မွေး ညင်း ရှိ၏၊ မျက်မှောင်နှစ်ဖက်အကြား၌ နူးညံ့သော လဲဝါဂွမ်းနှင့် တူသော ဖြူစင်သော ‘ဥဏ္ဏလုံ’ မွေးရှင် ပေါက်၏၊ ထိုလက္ခဏာများနှင့် ပြည့်စုံသော ထိုမြတ်စွာဘုရားသည် လူ့ဘောင်၌ အကယ်၍ နေခဲ့သော် စကြဝတေးမင်း ဖြစ်၏။ပ။
မင်းဖြစ်ခဲ့သော် အဘယ်ကို ရသနည်းဟူမူ —
လူအများသည် ထိုမင်း၏ အလိုသို့ လိုက်ရ၏၊ လူအများဟူသည် အဘယ်တို့နည်း ဟူမူ — ပုဏ္ဏားများ သူဌေးသူကြွယ်များ မြို့သူမြို့သားများ နယ်သူနယ်သားများ ဘဏ္ဍာရေးအမတ်များ အမတ် ချုပ်ကြီးများ ဆင်စီးသူရဲ မြင်းစီးသူရဲများ တံခါးမှူးများ အမှုဆောင်အမတ်များ အတိုင်ပင်ခံ အမတ်များ လက်အောက်ခံဘုရင်များ မြို့စားနယ်စားများ မင်းညီမင်းသားများ ဖြစ်ကြကုန်၏။ မင်းဖြစ်ခဲ့သော် ဤအကျိုးကို ရ၏။ပ။
ဘုရားဖြစ်ခဲ့သော် အဘယ်ကို ရသနည်းဟူမူ —
သတ္တဝါအများသည် ထိုဘုရား၏ အလိုသို့ လိုက်ရ၏၊ သတ္တဝါအများဟူသည် အဘယ်တို့နည်းဟူမူ — ရဟန်းယောကျာ်းများ ရဟန်းမိန်းမများ ဥပါသကာယောကျာ်းများ ဥပါသိကာမိန်းမများ နတ်များ လူများ အသုရာများ နဂါးများနှင့် ဂန္ဓဗ္ဗနတ်များသည် ဖြစ်ကြကုန်၏။ ဘုရားဖြစ်ခဲ့သော် ဤအကျိုးကို ရ၏။ ဤအကြောင်းကို မြတ်စွာဘုရားသည် ဟောတော်မူ၏။
၂၃၃။ ထိုနေရာ၌ သံဂါယနာတင်မထေရ်တို့သည် ဤဂါထာကို ဆိုအပ်၏ —
(၁) မြတ်စွာဘုရားသည် ရှေးဘဝတို့၌ မှန်သော ကတိပဋိညာဉ် ရှိခဲ့၏၊ စကား နှစ်ခုမရှိခဲ့၊ ချွတ်ယွင်းသော စကားကို ကြဉ်ရှောင်ခဲ့၏၊ ထိုမြတ်စွာဘုရားသည် တစ်စုံတစ်ယောက်ကိုမျှလည်း့မလှည့်စားခဲ့၊ဟုတ်မှန်သေချာသော စကားကိုသာ ဆိုခဲ့၏။
(၂) ထိုကောင်းမှုကြောင့် မျက်မှောင်နှစ်ဖက်တို့၏ အကြား၌ နူးညံ့သော လဲဝါ ဂွမ်းနှင့်တူသော ဖြူစင်သော ‘ဥဏ္ဏလုံ’ မွေးရှင်ပေါက်လျက် ရှိ၏၊ မွေးညင်းတွင်း တို့၌ မွေးညင်းနှစ်ပင် မပေါက်ကုန်၊ မွေးညင်းတွင်းတစ်ခုတစ်ခု၌ တစ်ပင်စီ တစ်ပင် စီသာ ပေါက်သော မွေးညင်းတို့ဖြင့် စီထားအပ်သကဲ့သို့သော ကိုယ်ရှိ၏။
(၃) လက္ခဏာကျမ်းတတ် နိမိတ်ဖတ်ခြင်း၌ လိမ္မာကုန်သော များစွာသော ပုဏ္ဏားတို့သည် အညီအညွတ်စည်းဝေးကုန်၍ အကြင်သတို့သား၌ ‘ဥဏ္ဏလုံ’ မွေး ရှင်သည်လည်းကောင်း မွေးညင်းတွင်းတစ်ခုတစ်ခု၌ တစ်ပင်စီသာ ပေါက်သော မွေးညင်းတို့သည်လည်းကောင်း ကောင်းစွာ တည်ကုန်၏၊ လူအများသည် ဤသို့သော သတို့သား၏ အလိုသို့ လိုက်၏။
(၄) “ရှေးဘဝ၌ ပြုဖူးသော ကောင်းမှုကြောင့် လူ (စကြဝတေးမင်း) ဖြစ်သော် လူအများသည် ထိုမင်း၏ အလိုသို့ လိုက်၏။ ရာဂစသည့် အညစ်အကြေးကင်းသော ရဟန်းပြုသော် အတုမရှိသော ဘုရားဖြစ်၍ သတ္တဝါအများသည် အလိုသို့ လိုက်၏”ဟု ပြောကြားကုန်၏။
(၂၆—၂၇) စတ္တာလီသ သမဒန္တ အဝိရဠဒန္တ လက္ခဏာတော်
၂၃၄။ ရဟန်းတို့ မြတ်စွာဘုရားသည် ရှေးမွေးဖွားခဲ့ရာ ‘ဇာတိ’၊ ရှေးဖြစ်ခဲ့ရာ ‘ဘဝ’၊ ရှေးနေခဲ့ရာ ‘ဘုံဌာန’တို့၌ လူဖြစ်စဉ်အခါက ကုန်းစကားပြောခြင်းကို ပယ်၍ ကုန်းစကားပြောခြင်းမှ ရှောင်ကြဉ်၏၊ ဤသူတို့ထံမှ နားထောင်၍ (ထိုသူနှင့်) ဤသူတို့ ကွဲပြားခြင်းငှါ ထိုသူ့ထံ၌ မပြောတတ်၊ ထိုသူတို့ထံမှ နားထောင်၍ (ဤသူနှင့်) ထိုသူတို့ ကွဲပြားခြင်းငှါ မပြောတတ်၊ ထိုသို့ကွဲပြားသူတို့ကိုလည်း စေ့စပ် တတ်၏၊ ညီညွတ်သူတို့ကိုလည်း အားပေးတတ်၏၊ ညီညွတ်ခြင်း၌ မွေ့လျော်၏၊ ညီညွတ်ခြင်း၌ ပျော်ပိုက်၏၊ ညီညွတ်ခြင်းကို နှစ်သက်၏၊ ညီညွတ်ခြင်းကို ပြုသော စကားကို ဆိုတတ်၏။
ထိုမြတ်စွာဘုရားသည် ထိုကံကို ပြုအပ်သည်၏ အဖြစ်ကြောင့်။ပ။ ထိုမြတ်စွာဘုရားသည် ထိုနတ် ပြည်မှ စုတေ၍ ဤလူ့ပြည်သို့ လာရောက်သည်ရှိသော် ဤမဟာပုရိသလက္ခဏာ နှစ်ပါးတို့ကို ရ၏၊ လေးဆယ်သော သွားလည်း ရှိ၏၊ မကြဲသော သွားလည်း ရှိ၏၊ ထိုလက္ခဏာတို့နှင့် ပြည့်စုံသော ထို မြတ်စွာဘုရားသည် လူ့ဘောင်၌ အကယ်၍ နေခဲ့သော် စကြဝတေးမင်း ဖြစ်၏။ပ။
မင်းဖြစ်ခဲ့သော် အဘယ်ကို ရသနည်းဟူမူ —
မခွဲဖျက်နိုင်သော ပရိသတ် ရှိ၏၊ ထိုစကြဝတေးမင်း၏ ပရိသတ်တို့သည် မကွဲပျက်နိုင်ကုန်၊ ထို ပရိသတ်တို့သည် အဘယ်တို့နည်းဟူမူ — ပုဏ္ဏားများ သူဌေးသူကြွယ်များ မြို့သူမြို့သား နယ်သူနယ်သား များ ဘဏ္ဍာရေး အမတ်များ အမတ်ချုပ်ကြီးများ ဆင်စီးသူရဲ မြင်းစီးသူရဲများ တံခါးမှူးများ အမှုဆောင် အမတ်များ အတိုင်ပင်ခံ အမတ်များ လက်အောက်ခံဘုရင်များ မြို့စားနယ်စားများ မင်းညီမင်းသားများ ဖြစ်ကြကုန်၏။ မင်းဖြစ်ခဲ့သော် ဤအကျိုးကို ရ၏။ပ။
ဘုရားဖြစ်ခဲ့သော် အဘယ်ကို ရသနည်းဟူမူ —
မခွဲဖျက်နိုင်သော ပရိသတ် ရှိ၏၊ ထိုမြတ်စွာဘုရား၏ ပရိသတ်တို့သည် မကွဲပျက်နိုင်ကုန်၊ ထို ပရိသတ်တို့သည် အဘယ်တို့နည်းဟူမူ — ရဟန်းယောကျာ်းများ ရဟန်းမိန်းမများ ဥပါသကာယောကျာ်း များ ဥပါသိကာမိန်းမများ နတ်များ လူများ အသုရာများ နဂါးများနှင့် ဂန္ဓဗ္ဗနတ်များ ဖြစ်ကြကုန်၏။ ဘုရားဖြစ်ခဲ့သော် ဤအကျိုးကို ရ၏။ ဤအကြောင်းကို မြတ်စွာဘုရားသည် ဟောတော်မူ၏။
၂၃၅။ ထိုနေရာ၌ သံဂါယနာတင်မထေရ်တို့သည် ဤဂါထာကို ဆိုအပ်၏ —
(၁) မြတ်စွာဘုရားသည် ရှေးဘဝ၌ ညီညွတ်သူ (မိတ်ဆွေ) တို့အား ကွဲပြား ခြင်းကို ပြုတတ်သော ကွဲပြားခြင်း တိုးပွါး၍ ခိုက်ရန်ဖြစ်ပွါးခြင်းကို ပြုတတ်သော ခိုက်ရန်ဖြစ်ပွါးခြင်း တိုးပွါး၍ မပြုသင့်သည်ကို့ပြုတတ်သော ညီညွတ်သူ (မိတ်ဆွေ) တို့၏ ကွဲပြားခြင်းကို ဖြစ်စေတတ်သော ကုန်းချောစကားကို မဆိုခဲ့။
(၂) ခိုက်ရန်ဖြစ်ခြင်းကို မတိုးပွါးအောင် ပြုတတ်သော ကွဲပြားခြင်းကို စေ့စပ် အောင် ဖြစ်စေတတ်သော ကောင်းသော စကားကို ဆိုခဲ့၏၊ လူအပေါင်း၏ ခိုက်ရန် ဖြစ်ခြင်းကို ပယ်ဖျောက်ခဲ့၏၊ ညီညွတ်စေခဲ့၏၊ ညီညွတ်သူ (မိတ်ဆွေ)တို့နှင့် နှစ်သိမ့် ခဲ့၏၊ ဝမ်းမြောက်ခဲ့၏။
(၃) ထို မြတ်စွာဘုရားသည် ကောင်းမှု၏ အကျိုးကို နတ်ပြည်၌ ခံစားရ၏၊ ထိုနတ်ပြည်၌ မွေ့လျော်ရ၏၊ ဤလူ့ပြည်၌ ထိုသတို့သားအား မကြဲကုန်သော ညီ ညွတ်ကုန်သော သွားတို့သည် ရှိကုန်၏။ လေးဆယ်သော သွားတို့သည် ကောင်းစွာ တည်ကုန်၏။
(၄) ထိုသတို့သားသည် အကယ်၍ မင်းမျိုးဖြစ်အံ့၊ မြေပြင်အလုံးကို အစိုးရသော (စကြဝတေး) မင်း ဖြစ်၏၊ ထိုမင်းအား သူတစ်ပါးတို့ မခွဲဖျက်နိုင်သော ပရိသတ် ရှိ၏၊ အကယ်၍ ရဟန်းဖြစ်အံ့၊ ကိလေသာမြူကင်းသော ကိလေသာ အညစ်အကြေးကင်းသော ဘုရားဖြစ်၏၊ ထိုဘုရားအား မလှုပ်ရှားသော အဆုံးအမ ကို လိုက်နာသော ပရိသတ်ရှိ၏။
(၂၈—၂၉) ပဟူတဇိဝှါ—ဗြဟ္မဿရ လက္ခဏာတော်
၂၃၆။ ရဟန်းတို့ မြတ်စွာဘုရားသည် ရှေးမွေးဖွားခဲ့ရာ ‘ဇာတိ’၊ ရှေးဖြစ်ခဲ့ရာ ‘ဘဝ’၊ ရှေးနေခဲ့ရာ ‘ဘုံဌာန’တို့၌ လူဖြစ်စဉ်အခါက ကြမ်းသော စကားပြောခြင်းကို ပယ်၍ ကြမ်းသော စကားကို ပြောခြင်းမှ ရှောင်ကြဉ်၏၊ အကြင်စကားသည် အပြစ်ကင်း၏၊ နားချမ်းသာ၏၊ နှစ်လိုဖွယ် ရှိ၏၊ နှလုံးသို့ သက်၏၊ ယဉ်ကျေး၏၊ လူအများ နှစ်သက်၏၊ လူအများ နှစ်ခြိုက်၏၊ ထိုသို့သဘောရှိသော စကားကို ဆို၏။
ထိုမြတ်စွာဘုရားသည် ထိုကံကို ပြုအပ်သည်၏ အဖြစ်ကြောင့်။ပ။ ထိုမြတ်စွာဘုရားသည် ထို နတ်ပြည်မှ စုတေ၍ ဤလူ့ပြည်သို့ လာရောက်သည်ရှိသော် ဤမဟာပုရိသလက္ခဏာ နှစ်ပါးတို့ကို ရ၏၊ ကြီးမား ရှည်လျား နူးညံ့သော လျှာရှိ၏၊ ဗြဟ္မာမင်း၏ အသံနှင့်တူသော အသံရှိ၏၊ ကရဝိက်ငှက်မင်း၏ အသံနှင့်တူသော အသံရှိ၏၊ ထိုလက္ခဏာတို့နှင့် ပြည့်စုံသော ထိုမြတ်စွာဘုရားသည် လူ့ဘောင်၌ အကယ်၍ နေခဲ့သော် စကြဝတေးမင်း ဖြစ်၏။ပ။
မင်းဖြစ်ခဲ့သော် အဘယ်ကို ရသနည်းဟူမူ —
နာယူလက်ခံအပ်သော စကားရှိ၏၊ ထိုမင်း၏စကားကို ပုဏ္ဏားများ သူဌေးသူကြွယ်များ မြို့သူ မြို့သားများ နယ်သူ နယ်သားများ ဘဏ္ဍာရေးအမတ်များ အမတ်ချုပ်ကြီးများ ဆင်စီးသူရဲများ မြင်းစီး သူရဲများ တံခါးမှူးများ အမှုဆောင်အမတ်များ အတိုင်ပင်ခံအမတ်များ လက်အောက်ခံ ဘုရင်များ မြို့စား နယ်စားများ မင်းညီမင်းသားများတို့သည် နာယူလက်ခံကြကုန်၏။ မင်းဖြစ်ခဲ့သော် ဤအကျိုးကို ရ၏။ပ။
ဘုရားဖြစ်ခဲ့သော် အဘယ်ကို ရသနည်းဟူမူ —
နာယူလက်ခံအပ်သော စကားရှိ၏၊ ထိုဘုရား၏ စကားကို ရဟန်းယောကျာ်းများ ရဟန်းမိန်းမများ ဥပါသကာယောကျာ်းများ ဥပါသိကာမိန်းမများ နတ်များ လူများ အသုရာများ နဂါးများနှင့် ဂန္ဓဗ္ဗ နတ်များတို့သည် နာယူလက် ခံကြကုန်၏။ ဘုရားဖြစ်ခဲ့သော် ဤအကျိုးကို ရ၏။ ဤအကြောင်းကို မြတ်စွာဘုရားသည် ဟောတော်မူ၏။
၂၃၇။ ထိုနေရာ၌ သံဂါယနာတင် မထေရ်တို့သည် ဤဂါထာကို ဆိုအပ်၏ —
(၁) ရဟန်းတို့ မြတ်စွာဘုရားသည် ဆဲရေးခြင်း ခိုက်ရန်ဖြစ်ခြင်း ညှဉ်းဆဲခြင်း ကို ပြုတတ်သော စိတ်၏ နာကြည်းခြင်းကို ဖြစ်စေတတ်သော လူအများအား ဖိနှိပ်ခြင်းကို ပြုတတ်သော ခက်ထန်ကြမ်းကြုတ်သော စကားကို မဆိုခဲ့၊ ချိုသာ နူးညံ့သော ချစ်နှစ်သက်ဖွယ်နှင့် စပ်သော စကားကိုသာ ဆိုခဲ့၏။
(၂) ထိုမြတ်စွာဘုရားသည် စိတ်ကို နှစ်သိမ့်စေတတ်ကုန်သော နှလုံးသို့ သက် ဝင်ကုန်သောနားချမ်းသာကုန်သော စကားကို ဆိုခဲ့၏၊ ထို့ကြောင့် နတ်ပြည်တို့၌ ကောင်းမှု အကျိုးကို ခံစားရပြီ၊ ကောင်းစွာ ဆိုအပ်သော စကား၏ အကျိုးကို ခံစားရပြီ။
(၃) ထိုမြတ်စွာဘုရားသည် ကောင်းသော အကျင့် ‘သုစရိုက်’၏ အကျိုးကို ခံစားပြီး၍ ဤလူ့ ပြည်၌ ဗြဟ္မာမင်း၏ အသံနှင့်တူသော အသံရှိခြင်းကို ရ၏၊ ထိုမြတ်စွာဘုရားအား ရှည်သော လျှာရှိ၏၊ နာယူအပ်သော စကားရှိ၏။
(၄) လူ (စကြဝတေးမင်း) ဖြစ်သော် ထိုမင်း၏ စကားသည် အောင်မြင်သကဲ့သို့ ထိုလူသည် ရဟန်းပြု၍ ဘုရားဖြစ်သော် ထိုဘုရား၏ စကားသည် အောင်မြင်၏၊ သတ္တဝါအများအား ကောင်းစွာ ဟောအပ်သော များစွာသော ထိုဘုရား၏ စကား တော်ကို သတ္တဝါအများတို့သည် နာယူလက်ခံကုန်၏။
(၃၀) သီဟဟနု လက္ခဏာတော်
၂၃၈။ ရဟန်းတို့ မြတ်စွာဘုရားသည် ရှေးမွေးဖွားခဲ့ရာ ‘ဇာတိ’၊ ရှေးဖြစ်ခဲ့ရာ ‘ဘဝ’၊ ရှေးနေခဲ့ရာ ‘ဘုံဌာန’တို့၌ လူဖြစ်စဉ်အခါက ပြိန်ဖျင်းသော စကား ပြောခြင်းကို ပယ်၍ ပြိန်ဖျင်းသော စကားပြောခြင်းမှ ရှောင်ကြဉ်၏၊ (သင့်သော) အခါ၌သာ ဆိုလေ့ရှိ၏၊ဟုတ်မှန်သည်ကိုသာ ဆိုလေ့ရှိ၏၊ အကျိုးနှင့် စပ်သည်ကိုသာ ဆိုလေ့ရှိ၏၊ တရားနှင့်စပ်သည်ကိုသာ ဆိုလေ့ရှိ၏၊ အဆုံးအမနှင့်စပ်သည်ကိုသာ ဆိုလေ့ ရှိ၏၊ (သင့်သော)အခါ၌ အကြောင်းနှင့် တကွသော အပိုင်းအခြားရှိသော အစီးအပွါးနှင့်စပ်သော မှတ်သား လောက်သော စကားကိုသာ ဆို၏။
ထိုမြတ်စွာဘုရားသည် ထိုကံကို ပြုအပ်သည်၏ အဖြစ်ကြောင့်။ပ။ ထိုမြတ်စွာဘုရားသည် ထိုနတ် ပြည်မှစုတေ၍ ဤလူ့ပြည်သို့ လာရောက်သည်ရှိသော် ဤမဟာပုရိသလက္ခဏာကို ရ၏၊ ခြင်္သေ့မေးနှင့် တူသော မေးရှိ၏၊ ထိုလက္ခဏာနှင့်ပြည့်စုံသော ထိုမြတ်စွာဘုရားသည် လူ့ဘောင်၌ အကယ်၍ နေခဲ့သော် စကြဝတေးမင်း ဖြစ်၏။ပ။
မင်းဖြစ်ခဲ့သော် အဘယ်ကို ရသနည်းဟူမူ —
ဆန့်ကျင်ဘက်ဖြစ်သော ရန်သူဖြစ်သော တစ်စုံတစ်ယောက်သော သူသည် မဖျက်ဆီးနိုင်။ မင်းဖြစ် ခဲ့သော် ဤအကျိုးကို ရ၏။ပ။
ဘုရားဖြစ်ခဲ့သော် အဘယ်ကို ရသနည်းဟူမူ —
လောက၌ အတွင်း အပ ဆန့်ကျင်ဘက်ဖြစ်ကုန်သော ရန်သူဖြစ်ကုန်သော ရာဂသည်လည်းကောင်း၊ ဒေါသသည်လည်းကောင်း၊ မောဟသည်လည်းကောင်း၊ သမဏသည်လည်းကောင်း၊ ဗြာဟ္မဏသည်လည်း ကောင်း၊ နတ်သည်လည်းကောင်း၊ မာရ်နတ်သည်လည်းကောင်း၊ ဗြဟ္မာသည်လည်းကောင်း၊ တစ်စုံတစ် ယောက်သော သူသည်လည်းကောင်း မဖျက်ဆီးနိုင်။ ဘုရားဖြစ်ခဲ့သော် ဤအကျိုးကို ရ၏။ ဤအကြောင်း ကို မြတ်စွာဘုရားသည် ဟောတော်မူ၏။
၂၃၉။ ထိုနေရာ၌ သံဂါယနာတင်မထေရ်တို့သည် ဤဂါထာကို ဆိုအပ်၏ —
(၁) မြတ်စွာဘုရားသည် ပြိန်ဖျင်းသော စကားကို မဆိုခဲ့၊ မိုက်မဲသော စကား ကို မဆိုခဲ့၊ ဘုရားလောင်းတို့၏ စကားကဲ့သို့သော စကားရှိခဲ့၏၊ အစီးအပွါးမဲ့သော စကားကိုလည်း ပယ်၏၊ အစီးအပွါးနှင့်စပ်သော စကားကိုလည်းကောင်း လူအများ ချမ်းသာနှင့် စပ်သော စကားကိုလည်းကောင်း ဆိုခဲ့၏။
(၂) ထိုမြတ်စွာဘုရားသည် ထိုကောင်းမှုကို ပြု၍ ဤလူ့ပြည်မှ စုတေ၍ နတ် ပြည်၌ ဖြစ်၏၊ (ထိုနတ်ပြည်၌) ကောင်းမှုကံ၏ အကျိုးကို ခံစားရ၏၊ (ထို နတ် ပြည်မှ) စုတေခဲ့၍ တစ်ဖန် လူ့ပြည်သို့ လာရောက်သော် အခြေလေးချောင်းရှိသော သတ္တဝါတို့တွင် အမြတ်ဆုံးသော ခြင်္သေ့၏ မေးနှင့်တူသော မေးရှိခြင်းကို ရ၏။
(၃—၄) ထိုမြတ်စွာဘုရားသည် ထိုကောင်းမှုကြောင့် သူတစ်ပါးတို့ မဖျက်ဆီးနိုင်သော လူတို့ကို အစိုးရသော လူတို့အရှင်ဖြစ်သော မင်းဖြစ်၏၊ သိကြားမင်းကဲ့သို့ ကြီးသော အာနုဘော်ရှိ၏၊ ထိုသို့သဘော (သီဟဟနုလက္ခဏာ)ရှိသော သတို့သား သည် အကယ်၍ ရဟန်းပြု၍ ဘုရားဖြစ်အံ့၊ ဂန္ဓဗ္ဗ အသုရာ ဘီလူး ရက္ခိုက်တို့ သည် နတ်တို့ထက်မြတ်သော သိကြားမင်းကို မဖျက်ဆီးနိုင်သကဲ့သို့၊ ထို့အတူ ထို ဘုရားကို ဤလောကဝယ် တူရူလေးမျက်နှာ ဖီလာ နှစ်မျက်နှာ အထောင့်လေး မျက်နှာအားဖြင့် အရပ်ဆယ်မျက်နှာ၌ ရှိသော သတ္တဝါတို့သည် မဖျက်ဆီးနိုင်။
(၃၁—၃၂) သမဒန္တç သုသုက္ကဒါဌာ လက္ခဏာတော်
၂၄ဝ။ ရဟန်းတို့ မြတ်စွာဘုရားသည် ရှေးမွေးဖွား ခဲ့ရာ ‘ဇာတိ’၊ ရှေးဖြစ်ခဲ့ရာ ‘ဘဝ’၊ ရှေးနေခဲ့ရာ ‘ဘုံဌာန’တို့၌ လူဖြစ်စဉ်အခါက မကောင်းသော အသက်မွေးခြင်းကို ပယ်၍ ကောင်းသော အသက် မွေးခြင်းဖြင့် အသက်မွေးခဲ့၏၊ ချိန်စဉ်းလဲ အသပြာစဉ်းလဲ ချင်တွယ်တိုင်းတာစဉ်းလဲခြင်းမှ ရှောင်ကြဉ်ခဲ့၏၊ တံစိုးယူခြင်း လှည့်ဖျားခြင်း အတုပြု၍ လိမ်ခြင်းတည်းဟူသော ကောက်ကျစ်ခြင်းမှ ရှောင်ကြဉ်ခဲ့၏၊ ဖြတ်ခြင်း သတ်ခြင်း နှောင်ဖွဲ့ခြင်း ခရီးသွားတို့ကို လုယက်ခြင်း ပြည်ရွာကို ဖျက်ဆီးခြင်း အနိုင်အထက် နှိပ်စက်ခြင်းမှ ရှောင်ကြဉ်ခဲ့၏။
ထိုမြတ်စွာဘုရားသည် ထိုကံကို ပြုအပ်သည်၏အဖြစ်ကြောင့် ဆည်းပူးအပ်သည်၏ အဖြစ်ကြောင့် ထိုကံ၏ များသည်၏အဖြစ်ကြောင့် ပြန့်ပြောသည်၏အဖြစ်ကြောင့် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော လားရာ နတ်ပြည်၌ ဖြစ်၏၊ ထိုမြတ်စွာဘုရားသည် ထိုနတ်ပြည်၌ တစ်ပါးသော နတ်တို့ကို ဆယ်ပါးသော အရာဌာနတို့ဖြင့် သာလွန်၏ (လွှမ်းမိုး၍တည်၏)။ နတ်၌ဖြစ်သော အသက် ရှည်ခြင်း အဆင်းလှခြင်း ချမ်းသာများခြင်း အခြံအရံပေါများခြင်း အစိုးရခြင်းဖြင့်လည်းကောင်း နတ်၌ဖြစ်သော ရူပါရုံ သဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗာရုံတို့ဖြင့်လည်းကောင်း သာလွန်၏ (လွှမ်းမိုး၍ တည်၏)။ ထိုမြတ်စွာဘုရားသည် ထိုနတ်ပြည်မှ စုတေ၍ ဤလူ့ပြည်သို့ လာရောက်သည်ရှိသော် ဤမဟာပုရိသ လက္ခဏာနှစ်ပါးတို့ကို ရ၏၊ ညီညွတ်သော သွားလည်း ရှိ၏၊ အလွန်ဖြူစင်သော စွယ်တော်လေးချောင်း လည်း ရှိ၏။
ထိုလက္ခဏာနှင့်ပြည့်စုံသော ထိုမြတ်စွာဘုရားသည် အကယ်၍ လူ့ဘောင်၌ နေသော် တရားစောင့်သော တရားနှင့်အညီ မင်းပြုသော သမုဒ္ဒရာလေးစင်း အပိုင်းအခြားရှိသည့် လေးကျွန်းလုံးကို အစိုးရသော ရန်အပေါင်းကို အောင်သော တိုင်းနိုင်ငံကို တည်ငြိမ်စေသော ရတနာခုနစ်ပါးနှင့် ပြည့်စုံသော စကြဝတေး မင်း ဖြစ်၏၊ ထို (စကြဝတေး) မင်းအား ဤရတနာ ခုနစ်ပါးတို့သည် ဖြစ်ကုန်၏။ ဤသည်တို့ကား အဘယ်နည်း၊ စကြာရတနာ ဆင်ရတနာ မြင်းရတနာ ပတ္တမြားရတနာ မိန်းမမြတ်ရတနာ ခုနစ်ခုမြောက် သားကြီးရတနာတို့တည်း။ ထို (စကြဝတေးမင်း) အား ရဲရင့်ကုန်သော သူရဲကောင်းအင်္ဂရုပ်ရှိကုန်သော တစ်ဖက်စစ်သည်တို့ကို နှိမ်နင်းနိုင်ကုန်သော အထောင်မကသော သားတော်တို့သည် ရှိကုန်၏။ ထို (စကြဝတေးမင်း) သည် သမုဒ္ဒရာအဆုံးရှိသော ဤမြေကို ညှဉ်းဆဲခြင်း သတ်ဖြတ်ခြင်းမရှိဘဲ တရားသဖြင့် အောင်မြင်၍ ခိုးသား ဓားပြကင်းသော ပြည့်စုံကြွယ်ဝသော ဥပဒ် ဘေးရန်မရှိသော ငြိမ်းချမ်းသော နိုင်ငံ တော်ကြီးကို အုပ်စိုး၏။
မင်းဖြစ်ခဲ့သော် အဘယ်ကို ရသနည်းဟူမူ —
စင်ကြယ်သော အခြံအရံ ရှိ၏၊ ထိုစကြဝတေးမင်း၏ အခြံအရံတို့သည် စင်ကြယ်ကုန်၏၊ ထိုအခြံ အရံတို့သည်ကား ပုဏ္ဏားများ သူဌေးသူကြွယ်များ မြို့သူမြို့သားများ နယ်သူနယ်သားများ ဘဏ္ဍာရေး အမတ်များ အမတ်ချုပ်ကြီးများ ဆင်စီးသူရဲ မြင်းစီးသူရဲများ တံခါးမှူးများ အမှုဆောင်အမတ်များ အတိုင် ပင်ခံအမတ်များ မြို့စားနယ်စားများ လက်အောက်ခံဘုရင်များ မင်းညီမင်းသားများတို့တည်း။ မင်းဖြစ်ခဲ့သော် ဤအကျိုးကို ရ၏။
လူ့ဘောင်မှ ရဟန်းဘောင်သို့ အကယ်၍ ဝင်ရောက်သော် ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော လောက၌ ကိလေသာ အပိတ်အပင်ကို ဖွင့်လှစ်ဖျက်ဆီးပြီးသော ဘုရားဖြစ်၏။
ဘုရားဖြစ်ခဲ့သော် အဘယ်ကို ရသနည်းဟူမူ —
စင်ကြယ်သော အခြံအရံ ရှိ၏၊ ထိုမြတ်စွာဘုရား၏ အခြံအရံတို့သည် စင်ကြယ်ကုန်၏၊ ထိုအခြံ အရံတို့သည်ကား ရဟန်းယောကျာ်းများ ရဟန်းမိန်းမများ ဥပါသကာယောကျာ်းများ ဥပါသိကာ မိန်းမ များ နတ်များ လူများ အသုရာများ နဂါးများနှင့် ဂန္ဓဗ္ဗနတ်များတို့တည်း။ ဘုရားဖြစ်ခဲ့သော် ဤအကျိုး ကို ရ၏။ ဤအကြောင်းကို မြတ်စွာဘုရားသည် ဟောတော်မူ၏။
၂၄၁။ ထိုနေရာ၌ သံဂါယနာတင် မထေရ်တို့သည် ဤဂါထာကို ဆိုအပ်၏ —
(၁) ထိုမြတ်စွာဘုရားသည် မကောင်းသော အသက်မွေးခြင်းကို စွန့်ခဲ့၏၊ တရားနှင့်ညီသော စင်ကြယ်စွာသော အသက်မွေးခြင်းဖြင့် အသက်မွေးခြင်းကို ဖြစ် စေခဲ့၏၊ အစီးအပွါးမရှိသည်ကို ပယ်ခဲ့၏၊ အစီးအပွါးကိုလည်းကောင်း လူအများ၏ ချမ်းသာကိုလည်းကောင်း ကျင့်ခဲ့၏။
(၂) ထိုမြတ်စွာဘုရားသည် လူဖြစ်စဉ်အခါက သိမ်မွေ့ကုန်သော ပညာရှိကုန်သော သူတော်ကောင်းတို့သည် ချီးမွမ်းအပ်သော ကောင်းမှုကံတို့ကို ပြု၍ နတ် ပြည်၌ ချမ်းသာသော အကျိုးတို့ကို ခံစားရ၏၊ ထိုနတ်ပြည်၌ သိကြားမင်းကဲ့သို့ မွေ့လျော် ပျော်ရွှင်ဖွယ်တို့နှင့် ပြည့်စုံသည်ဖြစ်၍ အလွန်မွေ့လျော် ပျော်ရွှင်ရ၏။
(၃) ထိုနတ်ပြည်မှ စုတေသော် ကောင်းမှုကံ အကြွင်းဖြင့် ကောင်းမှု၏ အကျိုး ဖြစ်သော လူ့ဘဝကို ရ၍ ညီညွတ်သော သွားကိုလည်းကောင်း အလွန်ဖြူစင်သော အစွယ် (လေးချောင်း) ကိုလည်းကောင်း ရ၏။
(၄) ထိုသတို့သားကို ပညာရှိဟု သမုတ်အပ်ကုန်သော များစွာသော လက္ခဏာ ဖတ် ပုဏ္ဏားတို့သည် အညီအညွတ် စည်းဝေးကုန်၍ “ ညီညွတ်သော သွား၊ အလွန် ဖြူစင် တင့်တယ်သည့် အစွယ်ရှိသော သတို့သားသည် စင်ကြယ်သော အခြံအရံ ပရိသတ်ရှိသည့် စကြဝတေးမင်း ဖြစ်၏။
(၅) များစွာသော လူအပေါင်းသည် ကြီးကျယ်သော မြေပြင်အလုံးကို ဆုံးမ အုပ်စိုးသော ထိုစကြဝတေးမင်း၏ သန့်ရှင်းစင်ကြယ်သော ပရိသတ်ဖြစ်၏၊ ထိုမင်း၏ နိုင်ငံတော်အလုံးအား အခြားတစ်နိုင်ငံက နှိပ်စက်ညှဉ်းပန်းမှု မရှိ၊ နိုင်ငံတော်ရှိ လူအများသည် မိမိတို့ အချင်းချင်း၏ အစီးအပွါး ချမ်းသာကောင်းကျိုးကို ကျင့် ဆောင်ကုန်၏။
(၆) သတို့သားသည် အကယ်၍ ရဟန်းပြုအံ့၊ မကောင်းမှုကင်းသော ကိလေ သာမြူတို့ကို ငြိမ်ဝပ်စေပြီးသော ကိလေသာ အပိတ်အပင်ကို ဖွင့်လှစ်ဖျက်ဆီး ပြီးသော ပူလောင်ပင်ပန်းခြင်း ကင်းသော ဘုရားဖြစ်၍ ဤပစ္စုပ္ပန်လောကကိုလည်း ကောင်း၊ တမလွန်လောကကိုလည်းကောင်း မြင်၏။
(၇) ထိုဘုရား၏ အဆုံးအမကို လိုက်နာကုန်သော များစွာသော လူတို့သည် လည်းကောင်း၊ ရဟန်းတို့ သည်လည်းကောင်း မစင်ကြယ်သော ကဲ့ရဲ့အပ်သော မကောင်းမှုကို ဖျက်ဆီးကြကုန်၏၊ ထိုစကားသည် မှန်၏၊ အညစ်အကြေး အမှိုက် သရိုက်သဖွယ် ဖြစ်ကုန်သော ရာဂ ဒေါသစသည့် အလုံးစုံသော ကိလေသာတို့ကို ပယ်ပြီးကုန်သော စင်ကြယ်သော ရဟ န္တာတို့သည် ထိုဘုရားကို ထက်ဝန်းကျင် ခြံရံအပ်၏”ဟု ပြောကြားကုန်၏။
မြတ်စွာဘုရားသည် ဤတရားကို ဟောတော်မူ၏၊ ထိုရဟန်းတို့သည် မြတ်စွာဘုရား ဟောတော် မူအပ်သော ထိုတရားတော်ကို နှစ်လိုကုန်သည်ဖြစ်၍ ဝမ်းမြောက်စွာ ခံယူကြလေကုန်သတည်း။
ခုနစ်ခုမြောက် လက္ခဏသုတ် ပြီး၏။