ဒီဃနိကာယ်

၁ဝ—သင်္ဂီတိသုတ်

၂၉၆။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည် —

အခါတစ်ပါး၌ မြတ်စွာဘုရားသည် ငါးရာမျှသော များစွာသော ရဟန်းသံဃာနှင့်အတူ မလ္လတိုင်း၌ ဒေသစာရီကြွတော်မူသော် မလ္လတိုင်း ပါဝါမည်သော ပြည်သို့ ရောက်တော်မူ၍ ထိုပါဝါပြည်၌ ရွှေပန်းထိမ် သည်သား စုန္ဒ၏ သရက်ဥယျာဉ်၌ သီတင်းသုံးနေတော်မူ၏။

မင်းကွန်းသစ်

၂၉၇။ ထိုအခါ ပါဝါပြည်သား မလ္လာမင်းတို့၏ မင်းကွန်းအသစ်သည် ရှိ၏၊ (ထိုမင်းကွန်း၌) သမဏ သည်လည်းကောင်း၊ ဗြာဟ္မဏသည်လည်းကောင်း တစ်စုံတစ်ယောက်သောသူသည် မနေဖူးသေး၊ ပြုလုပ် ပြီး၍ မကြာသေး၊ ဥ ဗ္ဘတကအမည် ရှိ၏။

“မြတ်စွာဘုရားသည် ငါးရာမျှသော များစွာသော ရဟန်းသံဃာနှင့်အတူ မလ္လတိုင်း၌ ဒေသစာရီ ကြွတော်မူရာ ပါဝါပြည် ရွှေပန်းထိမ်သည်သား စုန္ဒ၏ သရက်ဥယျာဉ်၌ နေတော်မူ၏”ဟု ပါဝါပြည်သား မလ္လာမင်းတို့သည် ကြားကုန်၏။

ထိုအခါ ပါဝါပြည်သား မလ္လာမင်းတို့သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုး ပြီးလျှင် တစ်ခုသောနေရာ၌ ထိုင်နေကုန်၏၊ တစ်ခုသောနေရာ၌ ထိုင်နေပြီးသော ပါဝါပြည်သား မလ္လာ မင်းတို့သည် မြတ်စွာဘုရားအား ဤစကားကို လျှောက်ကုန်၏ —

“မြတ်စွာဘုရား ဤအရပ်၌ သမဏသည်လည်းကောင်း၊ ဗြာဟ္မဏသည်လည်းကောင်း တစ်စုံ တစ်ယောက်သောသူသည် မနေဖူးသေးသော ပြုလုပ်ပြီး၍ မကြာသေးသော အလွန်မြင့်သော ပါဝါပြည် သား မလ္လာမင်းတို့၏ မင်းကွန်းအသစ်သည် ရှိပါ၏။ မြတ်စွာဘုရား မြတ်စွာဘုရားသည် ထိုမင်းကွန်း အသစ်ကို ရှေးဦးစွာ သုံးဆောင်တော်မူပါ၊ မြတ်စွာဘုရားသည် ရှေးဦးစွာ သုံးဆောင်ပြီးသော မင်းကွန်း အသစ်ကို ပါဝါပြည်သား မလ္လာမင်းတို့သည် နောက်မှ သုံးဆောင်ကြပါလိမ့်မည်၊ ထိုမြတ်စွာဘုရား သုံး ဆောင်တော်မူခြင်းသည် ပါဝါပြည်သား မလ္လာမင်းတို့၏ ရှည်စွာသော ကာလပတ်လုံး စီးပွါးချမ်းသာအလို့ငှါ ဖြစ်ရာပါ၏”ဟု (လျှောက်ကုန်၏)။ မြတ်စွာဘုရားသည် ဆိတ်ဆိတ်နေခြင်းဖြင့် လက်ခံတော်မူ၏။

၂၉၈။ ထိုအခါ ပါဝါပြည်သား မလ္လာမင်းတို့သည် မြတ်စွာဘုရား၏ လက်ခံတော်မူခြင်းကို သိ၍ နေရာမှထကြပြီးလျှင် မြတ်စွာဘုရားကို ရှိခိုးလျက် အရိုအသေပြုကာ မင်းကွန်းအသစ်ဆီသို့ ချဉ်းကပ် ကြပြီးသော် မင်းကွန်းအသစ်၌ ခင်းနှီးအပြည့် ခင်း၍ မြတ်စွာဘုရား၏ ထိုင်နေစရာတို့ကို ချခင်း၍ ရေပြည့်အိုးကြီးကို တည်ထား၍ ဆီမီးတင်ထား၍ မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြန်ကုန်၏၊ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသောနေရာ၌ ရပ်ပြီးသော် ပါဝါပြည်သား မလ္လာမင်းတို့သည် မြတ်စွာ ဘုရားအား ဤစကားကို လျှောက်ကုန်၏။

“အသျှင်ဘုရား မင်းကွန်း၌ ခင်းနှီးအပြည့် ခင်းပြီးပါပြီ၊ ထိုင်နေစရာတို့ကိုလည်း ချခင်းပြီး ပါပြီ၊ ရေပြည့်အိုးကြီးကိုလည်း တည်ထားပြီးပါပြီ၊ ဆီမီးကိုလည်း တင်ထားပြီးပါပြီ၊ အသျှင်ဘုရား ယခုအခါ ကြွတော်မူရန် အချိန်ကို မြတ်စွာဘုရား သိတော်မူပါသည် (ကြွရန်မှာ မြတ်စွာဘုရား၏ အလိုအတိုင်းပင် ဖြစ်ပါသည်)”ဟု (လျှောက်ကုန်၏)။

၂၉၉။ ထိုအခါ မြတ်စွာဘုရားသည် (သင်္ကန်းကို) ပြင်ဝတ်တော်မူ၍ သပိတ်သင်္ကန်းကို ယူလျက် ရဟန်းသံဃာနှင့်အတူ မင်းကွန်းဆီသို့ ချဉ်းကပ်တော်မူပြီးလျှင် ခြေဆေးတော်မူ၍ မင်းကွန်းသို့ဝင်ပြီးသော် အလယ်တိုင်ကို မှီလျက် အရှေ့အရပ်သို့ မျက်နှာမူကာ ထိုင်နေတော်မူ၏။

ရဟန်းသံဃာသည်လည်း ခြေဆေး၍ မင်းကွန်းသို့ ဝင်ပြီးလျှင် အနောက်ဘက်နံရံကို မှီလျက် အရှေ့အရပ်သို့ မျက်နှာမူကာ မြတ်စွာဘုရားကိုသာ ရှေ့ထား၍ ထိုင်နေ၏။

ပါဝါပြည်သား မလ္လာမင်းတို့သည်လည်း ခြေဆေးကုန်၍ မင်းကွန်းသို့ ဝင်ကုန်ပြီးသော် အရှေ့ဘက် နံရံကို မှီလျက် အနောက်အရပ်သို့ မျက်နှာမူကာ မြတ်စွာဘုရားကိုသာလျှင် ရှေ့ထား၍ ထိုင်ကုန်၏။

ထိုအခါ မြတ်စွာဘုရားသည် ပါဝါပြည်သား မလ္လာမင်းတို့ကို များစွာသော ညဉ့်အချိန်ပတ်လုံး အကျိုးစီးပွါးကို သိမြင်စေလျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန်ရွှင်လန်း စေပြီးနောက် တိုက်တွန်းတော်မူ၏ —

“ဝါသေဋ္ဌအနွယ် မလ္လာမင်းတို့ ညဉ့်ဦးယံ အချိန်လွန်ပြီ၊ ယခုအခါ၌ သွားရန်အချိန်ကို သင်တို့ သိ ကုန်၏ (သွားရန်မှာ သင်တို့အလိုအတိုင်းပင်ဖြစ်၏)”ဟု (တိုက်တွန်းတော်မူ၏)။

“မြတ်စွာဘုရား ကောင်းပါပြီ”ဟု ပါဝါပြည်သား မလ္လာမင်းတို့သည် မြတ်စွာဘုရားအား ဝန်ခံ၍ နေရာမှ ထပြီးလျှင် မြတ်စွာဘုရားကို ရှိခိုး၍ အရိုအသေပြုကာ ဖဲခွါသွားကြကုန်၏။

၃ဝဝ။ ထိုအခါ မြတ်စွာဘုရားသည် ပါဝါပြည်သား မလ္လာမင်းတို့ ဖဲခွါသွား၍ မကြာမီ ဆိတ်ဆိတ် နေသော ရဟန်းသံဃာကို တစောင်းကြည့်ရှုတော်မူ၍ အသျှင်သာရိပုတြာကို မိန့်တော်မူ၏ —

သာရိပုတြာ ရဟန်းသံဃာသည် ထိုင်းမှိုင်းခြင်းကင်း၏၊ သာရိပုတြာ (သင့်ဉာဏ်၌) ရဟန်း တို့အား တရားစကားသည် ထင်စေလော့၊ ငါ၏ ကျောက်ကုန်းသည် ညောင်း၏၊ ငါသည် ကျောက် ကုန်းဆန့်အံ့”ဟု (မိန့်တော်မူ၏)။

“မြတ်စွာဘုရား ကောင်းပါပြီ”ဟု အသျှင်သာရိပုတြာသည် မြတ်စွာဘုရား၏ စကားကို နာခံ၏။

ထိုအခါ မြတ်စွာဘုရားသည် ဒုကုဋ်သင်္ကန်းကြီးကို လေးထပ်ခေါက်ကာ ခင်း၍ (လကျာ်) ခြေပေါ်၌ (လက်ဝဲ) ခြေကို စဉ်းငယ်လွန်ကာ တင်ထား၍ သတိရှိလျက် ဆင်ခြင်လျက် (မည်သည့်အချိန်၌) ထအံ့ဟု ပိုင်းခြားလျက် လကျာ်နံတောင်းဖြင့် မြတ်သော လျောင်းစက်ခြင်းကို ပြုတော်မူ၏။

ဘိန္နနိဂဏ္ဌဝတ္ထု

၃ဝ၁။ ထိုအခါ (ပါဝါပြည်၌) နာဋ၏သား နိဂဏ္ဌသည် သေစပင် ဖြစ်၏ ‘သေပြီးခါစ ဖြစ်၏ ‘၊ ထိုသူ၏ သေခြင်းကြောင့် (သူ၏တပည့်) တက္ကတွန်းတို့သည် ကွဲကုန်၏၊ နှစ်စုဖြစ်ကုန်၏၊ ငြင်းခုံကုန်၏၊ ခိုက်ရန်ဖြစ်ကုန်၏၊ ဝါဒကွဲခြင်းသို့ ရောက်ကုန်၏၊ အချင်းချင်း နှုတ်လှံထိုး၍ နေကုန်၏။

“သင်သည် ဤဓမ္မဝိနယ၁ ကို မသိ၊ ငါသည် ဤဓမ္မဝိနယကို သိ၏၊ သင်သည် ဤဓမ္မဝိနယကို အသို့ သိနိုင်အံ့နည်း၊ သင်သည် မှားသော အကျင့်ရှိသူ ဖြစ်၏၊ ငါသည် မှန်သော အကျင့်ရှိသူ ဖြစ်၏၊ ငါ၏ စကားသည် စေ့စပ်၏၊ သင်၏ စကားသည် မစေ့စပ်၊ သင်သည် ရှေးဦး ဆိုသင့်သည်ကို နောက်မှ ဆို၏၊ နောက်မှ ဆိုသင့်သည်ကို ရှေးဦးဆို၏။ သင်၏ ကြာမြင့်စွာ လေ့လာထားသော စကားသည် (သင့်ဆီသို့) ပြန်လှည့်၍ တည်လေ၏၊ သင့်အယူ၌ ရှိသော အပြစ်ကို ငါတင်ပြပြီ၊ သင်အရေးနိမ့်ပြီ၊ (ငါတင်ပြသော) အပြစ်မှ လွတ်မြောက်ရန် ရှာကြံချေဦး လော့၊ အကယ်၍ စွမ်းနိုင်လျှင်လည်း (ယခုပင်) ဖြေရှင်းလော့”ဟု (နှုတ်လှံထိုး၍ နေကုန်၏)။

နာဋပုတ္တ၏တပည့် နိဂဏ္ဌတက္ကတွန်းတို့၌ ပျက်စီးခြင်းသာလျှင် ဖြစ်ယောင်တကား။

နိဂဏ္ဌနာဋပုတ္တ၏ တပည့်ဖြစ်ကုန်သော အဝတ်ဖြူဝတ်ကုန်သော လူတို့သည်လည်း နိဂဏ္ဌနာဋပုတ္တ၌ ငြီးငွေ့သော သဘောရှိကုန်၏၊ ငဲ့ခြင်းကင်းသော သဘောရှိကုန်၏၊ အရိုအသေကင်းသော သဘောရှိ ကုန်၏။ ဥပမာအားဖြင့် မကောင်းသဖြင့် ဟောအပ်သော မကောင်းသဖြင့် သိစေအပ်သော ဝဋ်မှ ထွက် မြောက်ကြောင်း မဟုတ်သော ကိလေသာငြိမ်းမှုကို မဖြစ်စေတတ်သော ဘုရားဟော မဟုတ်သော ပျက်သော ကိုးကွယ်ရာရှိသော မှီခိုရာမရှိသော ဓမ္မဝိနယ၌ ငြီးငွေ့သော စိတ်ရှိကုန်သကဲ့သို့တည်း။

၃ဝ၂။ ထိုအခါ အသျှင်သာရိပုတြာသည် ရဟန်းတို့ကို မိန့်ဆို၏၊ “ငါ့သျှင်တို့ နာဋ၏သား နိဂဏ္ဌ သည် ပါဝါပြည်၌ ယခု သေပြီးခါစဖြစ်၏၊ ထိုသူ၏ သေခြင်းကြောင့် နိဂဏ္ဌတို့သည် ကွဲကုန်၏၊ နှစ်စုဖြစ် ကုန်၏။ပ။ ပျက်သော ကိုးကွယ်ရာရှိသော မှီခိုရာမရှိသော ဓမ္မဝိနယ၌ ငြီးငွေ့သော စိတ်ရှိကုန်သကဲ့သို့ တည်း။

ငါ့သျှင်တို့ ဤသို့ဆိုခဲ့သည့်အတိုင်း မကောင်းသဖြင့် ဟောအပ်သော မကောင်းသဖြင့် သိစေအပ်သော ဝဋ်မှ ထွက်မြောက်ကြောင်းမဟုတ်သော ကိလေသာငြိမ်းခြင်းကို မဖြစ်စေတတ်သော ဘုရားဟော မဟုတ်သော ဓမ္မဝိနယ၌ ဤအကြောင်းသည် ဖြစ်၏။

ငါ့သျှင်တို့ ငါတို့၏ မြတ်စွာဘုရားသည် ဤတရားကို ကောင်းစွာ ဟောတော်မူအပ်၏၊ ကောင်းစွာ သိစေတော်မူအပ်၏၊ (ထိုတရားသည်) ဝဋ်မှ ထွက်မြောက်ကြောင်း ဖြစ်၏၊ ကိလေသာငြိမ်းခြင်းကို ဖြစ်စေ တတ်၏၊ ဘုရားဟော ဖြစ်၏။

ထိုတရား၌ အလုံးစုံသော သင်တို့သည် အညီအညွတ် ရွတ်ဆိုအပ်၏၊ မငြင်းခုံအပ်၊ ယင်းသို့ ရွတ် ဆိုအပ်သော် ဤသာသနာတော်သည် အရှည်ခံ့သည် ကြာမြင့်စွာတည်သည် ဖြစ်ရာ၏၊ ထိုသို့ဖြစ်ခြင်းသည် လူအများ၏ စီးပွါးချမ်းသာအလို့ငှါ လောကကို စောင့်ရှောက်ရန်အလို့ငှါ နတ် လူတို့၏ အကျိုးစီးပွါး ချမ်းသာအလို့ငှါ ဖြစ်ရာ၏။

ငါ့သျှင်တို့ ငါတို့၏ မြတ်စွာဘုရားသည် ဤတရားကို ကောင်းစွာ ဟောတော်မူအပ်၏၊ ကောင်းစွာ သိစေတော်မူအပ်၏၊ (ထိုတရားသည်) ဝဋ်မှ ထွက်မြောက်ကြောင်း ဖြစ်၏၊ ကိလေသာငြိမ်းခြင်းကို ဖြစ်စေ တတ်၏၊ ဘုရားဟော ဖြစ်၏။

အကြင်တရား၌ အလုံးစုံသော သင်တို့သည် အညီအညွတ် ရွတ်ဆိုအပ်၏၊ မငြင်းခုံအပ်၊ ယင်းသို့ ရွတ်ဆိုအပ်သော် ဤသာသနာတော်သည် အရှည်ခံ့သည် ကြာမြင့်စွာ တည်သည် ဖြစ်ရာ၏၊ ထိုသို့ဖြစ်ခြင်း သည် လူအများ၏ စီးပွါးချမ်းသာအလို့ငှါ လောကကို စောင့်ရှောက်ရန်အလို့ငှါ နတ် လူတို့၏ အကျိုး စီးပွါးချမ်းသာအလို့ငှါ ဖြစ်ရာ၏၊ ထိုသို့သော တရားသည် အဘယ်နည်းဟူမူ —

၁။ ဓမ္မ =တရား၊ ဝိနယ =အဆုံးအမ။

ဧကက — တစ်ခုတည်းသော တရားစု

၃ဝ၃။ ငါ့သျှင်တို့ (အလုံးစုံသောတရားတို့ကို) သိတော်မူ မြင်တော်မူ၍ ပူဇော်အထူးကို ခံတော်မူ ထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားသည် တစ်ခု တည်းသော ဤတရားကို ကောင်းစွာ ဟောတော်မူအပ်၏။

ထိုတစ်ခုတည်းသော တရား၌ အလုံးစုံသော သင်တို့သည် အညီအညွတ် ရွတ်ဆိုအပ်၏၊ မငြင်း ခုံအပ်၊ ယင်းသို့ ရွတ်ဆိုအပ်သော် ဤသာသနာတော်သည် အရှည်ခံ့သည်၊ ကြာမြင့်စွာ တည်သည် ဖြစ်ရာ၏၊ ထိုသို့ ဖြစ်ခြင်းသည် လူအများ၏ စီးပွါးချမ်းသာအလို့ငှါ လောကကို စောင့်ရှောက်ရန်အလို့ငှါ နတ် လူတို့၏ အကျိုးစီးပွါး ချမ်းသာအလို့ငှါ ဖြစ်ရာ၏။

အဘယ် တစ်ခုတည်းသော တရားနည်းဟူမူ —

အလုံးစုံသော သတ္တဝါတို့သည် အစာအာဟာရလျှင် တည်ရာရှိကုန်၏။ အလုံးစုံသော သတ္တဝါတို့ သည် သင်္ခါရလျှင် တည်ရာရှိကုန်၏။ ငါ့သျှင်တို့ (အလုံးစုံသောတရားတို့ကို) သိတော်မူ မြင်တော်မူ၍ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ထို မြတ်စွာဘုရားသည် တစ်ခုတည်းသော ဤတရားကို ကောင်းစွာ ဟောတော်မူအပ်၏။ ထိုတစ်ခုတည်းသော တရား၌ အလုံးစုံသော သင်တို့သည် အညီအညွတ် ရွတ်ဆိုအပ်၏၊ မငြင်းခုံအပ်၊ ယင်းသို့ ရွတ်ဆို အပ်သော် ဤသာသနာတော်သည် အရှည်ခံ့သည်, ကြာမြင့်စွာတည်သည် ဖြစ်ရာ၏၊ ထိုသို့ဖြစ်ခြင်းသည် လူအများ၏ စီးပွါးချမ်းသာအလို့ငှါ လောကကို စောင့်ရှောက်ရန်အလို့ငှါ နတ် လူတို့၏ အကျိုးစီးပွါး ချမ်းသာအလို့ငှါ ဖြစ်ရာ၏။

ဒုက — တရား နှစ်ပါးစု

၃ဝ၄။ ငါ့သျှင်တို့ (အလုံးစုံသောတရားတို့ကို) သိတော်မူ မြင်တော်မူ၍ ပူဇော်အထူးကို ခံတော်မူ့ထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားသည် ကောင်း စွာ ဟောတော်မူအပ်သော နှစ်ပါးသော တရားတို့သည် ရှိကုန်၏၊ ထိုနှစ်ပါးသော တရားတို့၌ အလုံးစုံသော သင်တို့သည် အညီအညွတ် ရွတ်ဆိုအပ်၏။ပ။ နတ်လူတို့၏ အကျိုးစီးပွါး ချမ်းသာအလို့ငှါ ဖြစ်ရာ၏။

အဘယ်တရား နှစ်ပါးတို့နည်းဟူမူ —

နာမ်တရားလည်းကောင်း၊ ရုပ်တရားလည်းကောင်းတည်း။ (၁)

ဖုံးကွယ်တတ်သော’အဝိဇ္ဇာ’တရားလည်းကောင်း၊ ဘဝ၌တပ်မက်သော ‘ဘဝတဏှာ’ လည်းကောင်း တည်း။ (၂)

ဘဝမြဲ၏ ဟူသော မိစ္ဆာအယူလည်းကောင်း၊ သေလျှင်ဘဝပြတ်၏ ဟူသော မိစ္ဆာအယူလည်းကောင်း တည်း။ (၃)

မရှက်ခြင်းလည်းကောင်း၊ မကြောက်ခြင်းလည်းကောင်းတည်း။ (၄)

ရှက်ခြင်းလည်းကောင်း၊ ကြောက်ခြင်းလည်းကောင်းတည်း။ (၅)

ဆုံးမခက်ခြင်းလည်းကောင်း၊ မကောင်းသော အဆွေခင်ပွန်းရှိခြင်းလည်းကောင်း တည်း။ (၆)

ဆုံးမလွယ်ခြင်းလည်းကောင်း၊ ကောင်းသော အဆွေခင်ပွန်းရှိခြင်းလည်းကောင်းတည်း။ (၇)

အာပတ်၌ လိမ္မာခြင်းလည်းကောင်း၊ အာပတ်မှ ထခြင်း၌ လိမ္မာခြင်းလည်း ကောင်းတည်း။ (၈)

သမာပတ်၌ လိမ္မာခြင်းလည်းကောင်း၊ သမာပတ်မှ ထခြင်း၌ လိမ္မာခြင်းလည်းကောင်းတည်း။ (၉)

ဓာတ်၌ လိမ္မာခြင်းလည်းကောင်း၊ နှလုံးသွင်းခြင်း၌ လိမ္မာခြင်းလည်းကောင်းတည်း။ (၁ဝ)

အာယတန၌ လိမ္မာခြင်းလည်းကောင်း၊ ပဋိစ္စသမုပ္ပါဒ်၌ လိမ္မာခြင်းလည်းကောင်းတည်း။ (၁၁)

အကြောင်းဟုတ်သည်၌ လိမ္မာခြင်းလည်းကောင်း၊ အကြောင်းမဟုတ်သည်၌ လိမ္မာခြင်းလည်းကောင်း တည်း။ (၁၂)

ဖြောင့်မတ်ခြင်းလည်းကောင်း၊ နူးညံ့သိမ်မွေ့ခြင်း လည်းကောင်းတည်း။ (၁၃)

သည်းခံခြင်းလည်းကောင်း၊ တရား၌ မွေ့လျော်ခြင်းလည်းကောင်းတည်း။ (၁၄)

သိမ်မွေ့ပြေပြစ်ခြင်းလည်းကောင်း၊ စေ့စပ်ခြင်းလည်းကောင်းတည်း။ (၁၅)

မညှဉ်းဆဲခြင်းလည်းကောင်း၊ စင်ကြယ်ခြင်းလည်းကောင်းတည်း။ (၁၆)

လွတ်သော သတိရှိခြင်းလည်းကောင်း၊ ပညာအဆင်အခြင်မရှိခြင်းလည်းကောင်းတည်း။ (၁၇)

သတိရှိခြင်းလည်းကောင်း၊ ပညာအဆင်အခြင်ရှိခြင်းလည်းကောင်းတည်း။ (၁၈)

ဣန္ဒြေတို့၌ မလုံသော တံခါးရှိခြင်းလည်းကောင်း၊ အစားအစာ၌ အတိုင်းအရှည်မသိခြင်းလည်း ကောင်းတည်း။ (၁၉)

ဣန္ဒြေတို့၌ လုံသော တံခါးရှိခြင်းလည်းကောင်း၊ အစားအစာ၌အတိုင်း အရှည်သိခြင်းလည်းကောင်း တည်း။ (၂ဝ)

ဆင်ခြင်ခြင်းအားလည်းကောင်း ပွားများခြင်းအားလည်းကောင်းတည်း။ (၂၁)

သတိအားလည်းကောင်း၊ သမာဓိအားလည်းကောင်းတည်း။ (၂၂)

သမထတရားလည်းကောင်း၊ ဝိပဿနာတရားလည်းကောင်းတည်း။ (၂၃)

သမထအာရုံလည်းကောင်း၊ ဝီရိယအာရုံလည်းကောင်းတည်း။ (၂၄)

ဝီရိယတရားလည်းကောင်း၊ မပျံ့လွင့်ခြင်းလည်းကောင်းတည်း။ (၂၅)

သီလပျက်ခြင်းလည်းကောင်း၊ အယူပျက်ခြင်းလည်းကောင်းတည်း။ (၂၆)

သီလနှင့်ပြည့်စုံခြင်းလည်းကောင်း၊ အယူနှင့်ပြည့်စုံခြင်းလည်း ကောင်းတည်း။ (၂၇)

သီလစင်ကြယ်ခြင်းလည်းကောင်း အယူစင်ကြယ်ခြင်းလည်းကောင်းတည်း။ (၂၈)

စင်ကြယ်သော ဉာဏ်အမြင်လည်းကောင်း ဉာဏ်အမြင်အားလျော်သော ဝီရိယလည်းကောင်းတည်း။ (၂၉)

ထိတ်လန့်သင့်သော အရာတို့၌ ထိတ်လန့်ခြင်းလည်းကောင်း၊ ထိတ်လန့်သော ပုဂ္ဂိုလ်၏ ဉာဏ်နှင့် ယှဉ်သော ဝီရိယလည်းကောင်းတည်း။ (၃ဝ)

ကုသိုလ်တရားတို့၌ မရောင့်ရဲခြင်းလည်းကောင်း၊ ကမ္မဋ္ဌာန်း၌ မဆုတ်မနစ်ခြင်းလည်းကောင်းတည်း။ (၃၁)

ဝိဇ္ဇာတရားလည်းကောင်း၊ ကိလေသာမှ လွတ်ခြင်းလည်းကောင်းတည်း။ (၃၂)

ကိလေသာကုန်ရာ အရဟတ္တမဂ်ဉာဏ်လည်းကောင်း၊ အရဟတ္တဖိုလ်ဉာဏ်လည်းကောင်းတည်း။ (၃၃)

ငါ့သျှင်တို့ (အလုံးစုံသောတရားတို့ကို) သိတော်မူ မြင်တော်မူ၍ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားသည် ဤနှစ်ပါးသော တရားတို့ကို ကောင်းစွာ ဟောတော်မူအပ်ကုန်၏။ ထိုတရားနှစ်ပါးတို့၌ အလုံးစုံသော သင်တို့သည် အညီ အညွတ် ရွတ်ဆိုအပ်၏၊ မငြင်းခုံအပ်၊ ယင်းသို့ ရွတ်ဆိုအပ်သော် ဤသာသနာတော်သည် အရှည်ခံ့သည် ကြာမြင့်စွာ တည်သည် ဖြစ်ရာ၏၊ ထိုသို့ဖြစ်ခြင်းသည် လူအများ၏ စီးပွါးချမ်းသာအလို့ငှါ လောကကို စောင့်ရှောက်ရန်အလို့ငှါ နတ်လူတို့၏ အကျိုးစီးပွါး ချမ်းသာအလို့ငှါ ဖြစ်ရာ၏။

တိက — တရား သုံးပါးစု

၃ဝ၅။ ငါ့သျှင်တို့ (အလုံးစုံသောတရားတို့ကို) သိတော်မူ မြင်တော်မူ၍ ပူဇော်အထူးကို ခံတော်မူ ထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားသည် ကောင်း စွာ ဟောတော်မူအပ်သော သုံးပါးသော တရားတို့သည် ရှိကုန်၏။ ထိုသုံးပါးသော တရားတို့၌ အလုံးစုံသော သင်တို့သည် အညီအညွတ် ရွတ်ဆိုအပ်၏။ပ။ နတ်လူတို့၏ အကျိုးစီးပွါး ချမ်းသာအလို့ငှါ ဖြစ်ရာ၏။

အဘယ်တရား သုံးပါးတို့နည်းဟူမူ —

အကုသိုလ် မူလတို့သည် လောဘအကုသိုလ်မူလ၊ ဒေါသအကုသိုလ်မူလ၊ မောဟအကုသိုလ်မူလအားဖြင့် သုံးပါးတို့တည်း။ (၁)

ကုသိုလ် မူလတို့သည် အလောဘကုသိုလ်မူလ၊ အဒေါသကုသိုလ်မူလ၊ အမောဟကုသိုလ်မူလအားဖြင့် သုံးပါးတို့တည်း။ (၂)

မကောင်းသောအကျင့် ‘ဒုစရိုက် ‘ တို့သည် ကိုယ်ဖြင့်ပြုသော မကောင်းသော အကျင့် ‘ကာယဒုစရိုက် ‘၊ နှုတ်ဖြင့်ပြုသော မကောင်းသော အကျင့် ‘ဝစီဒုစရိုက် ‘၊ စိတ်ဖြင့်ပြုသော မကောင်းသော အကျင့် ‘မနော ဒုစရိုက် ‘အားဖြင့် သုံးပါးတို့တည်း။ (၃)

ကောင်းသောအကျင့် ‘သုစရိုက် ‘တို့သည် ကိုယ်ဖြင့်ပြုသော ကောင်းသော အကျင့် ‘ကာယသုစရိုက် ‘၊ နှုတ်ဖြင့်ပြုသော ကောင်းသောအကျင့် ‘ဝစီသုစရိုက်’၊ စိတ်ဖြင့်ပြုသော ကောင်းသောအကျင့် ‘မနောသု စရိုက်’အားဖြင့် သုံးပါးတို့တည်း။ (၄)

မကောင်းသော ကြံစည်ခြင်းတို့သည် ကာမနှင့်စပ်၍ ကြံစည်ခြင်း ‘ကာမဝိတက် ‘၊ ဒေါသနှင့်စပ်၍ ကြံစည်ခြင်း ‘ဗျာပါဒဝိတက် ‘၊ ညှဉ်းဆဲခြင်းနှင့်စပ်၍ ကြံစည်ခြင်း ‘ဝိဟ သာဝိတက် ‘အားဖြင့် သုံးပါးတို့ တည်း။ (၅)

ကောင်းသော ကြံစည်ခြင်းတို့သည် ကာမမှ လွတ်ရန် ကြံစည်ခြင်း ‘နေက္ခမ္မဝိတက် ‘၊ မေတ္တာနှင့် စပ်၍ ကြံစည်ခြင်း ‘အဗျာပါဒဝိတက် ‘၊ ကရုဏာနှင့်စပ်၍ ကြံစည်ခြင်း ‘အဝိဟ သာဝိတက် ‘ အားဖြင့် သုံးပါး တို့တည်း။ (၆)

မကောင်းသော ကြံခြင်းတို့သည် ကာမနှင့်စပ်သော ကြံခြင်း ‘ကာမသင်္ကပ္ပ’၊ ဒေါသနှင့်စပ်သော ကြံ ခြင်း ‘ဗျာပါဒသင်္ကပ္ပ’၊ ညှဉ်းဆဲခြင်းနှင့်စပ်သော ကြံခြင်း ‘ဝိဟ သာသင်္ကပ္ပ’ အားဖြင့် သုံးပါးတို့တည်း။ (၇)

ကောင်းသော ကြံခြင်းတို့သည် ကာမမှ လွတ်ရန် ကြံခြင်း ‘နေက္ခမ္မသင်္ကပ္ပ’၊ မေတ္တာနှင့် စပ်၍ ကြံ ခြင်း ‘အဗျာပါဒသင်္ကပ္ပ’၊ ကရုဏာနှင့်စပ်၍ ကြံခြင်း ‘အဝိဟ သာသင်္ကပ္ပ’ အားဖြင့် သုံးပါးတို့တည်း။ (၈)

မကောင်းသော အမှတ်တို့သည် ကာမနှင့်စပ်သော မှတ်ခြင်း ‘ကာမသညာ’၊ ဒေါသနှင့်စပ်သော မှတ် ခြင်း ‘ဗျာပါဒသညာ’၊ ညှဉ်းဆဲခြင်းနှင့်စပ်သော မှတ်ခြင်း ‘ဝိဟ သာသညာ’ အားဖြင့် သုံးပါးတို့တည်း။ (၉)

ကောင်းသော အမှတ်တို့သည် ကာမမှ လွတ်ရန် မှတ်ခြင်း ‘နေက္ခမ္မသညာ’၊ မေတ္တာနှင့် စပ်၍ မှတ် ခြင်း ‘အဗျာပါဒသညာ’၊ ကရုဏာနှင့်စပ်၍ မှတ်ခြင်း ‘အဝိဟ သာသညာ’ အားဖြင့် သုံးပါးတို့တည်း။ (၁ဝ)

အကုသိုလ်ဓာတ်တို့သည် ကာမနှင့် စပ်သော သဘော ‘ကာမဓာတ် ‘၊ ဒေါသနှင့် စပ်သော သဘော ‘ဗျာပါဒဓာတ် ‘၊ ညှဉ်းဆဲခြင်းနှင့် စပ်သောသဘော ‘ဝိဟ သာဓာတ် ‘ အားဖြင့် သုံးပါးတို့တည်း။ (၁၁)

ကုသိုလ်ဓာတ်တို့သည် ကာမမှ လွတ်ရန် သဘော ‘နေက္ခမ္မဓာတ် ‘၊ မေတ္တာနှင့်စပ်သော သဘော ‘အဗျာပါဒဓာတ် ‘၊ ကရုဏာနှင့်စပ်သော သဘော ‘အဝိဟ သာဓာတ် ‘အားဖြင့် သုံးပါးတို့တည်း။ (၁၂)

ထိုမှတစ်ပါးလည်း ဓာတ်တို့သည် ကာမဓာတ်၊ ရူပဓာတ်၊ အရူပဓာတ်အားဖြင့် သုံးပါးတို့တည်း။ (၁၃)

ထိုမှတစ်ပါးလည်း ဓာတ်တို့သည် ရူပဓာတ်၊ အရူပဓာတ်၊ နိရောဓဓာတ်အားဖြင့် သုံးပါးတို့တည်း။ (၁၄)

ထိုမှတစ်ပါးလည်း ဓာတ်တို့သည် ဟီနဓာတ်၊ မဇ္ဈိမဓာတ်၊ ပဏီတဓာတ်အားဖြင့် သုံးပါးတို့တည်း။ (၁၅)

တဏှာတို့သည် ကာမတဏှာ၊ ဘဝတဏှာ၊ ဝိဘဝတဏှာအားဖြင့် သုံးပါးတို့တည်း။ (၁၆)

ထိုမှတစ်ပါးလည်း တဏှာတို့သည် ကာမတဏှာ၊ ရူပတဏှာ၊ အရူပတဏှာအားဖြင့် သုံးပါးတို့ တည်း။ (၁၇)

ထိုမှတစ်ပါးလည်း တဏှာတို့သည် ရူပတဏှာ၊ အရူပတဏှာ၊ နိရောဓတဏှာအားဖြင့် သုံးပါးတို့ တည်း။ (၁၈)

သံယောဇဉ်တို့သည် သက္ကာယဒိဋ္ဌိ၊ ဝိစိကိစ္ဆာ၊ သီလဗ္ဗတပရာမာသအားဖြင့် သုံးပါးတို့တည်း။ (၁၉)

အာသဝတို့သည် ကာမာသဝ၊ ဘဝါသဝ၊ အဝိဇ္ဇာသဝအားဖြင့် သုံးပါးတို့တည်း။ (၂ဝ)

ဘဝတို့သည် ကာမဘဝ၊ ရူပဘဝ၊ အရူပဘဝအားဖြင့် သုံးပါးတို့တည်း။ (၂၁)

ရှာမှီးခြင်းတို့သည် ကာမဂုဏ်ကို ရှာမှီးခြင်း၊ ဘဝကို ရှာမှီးခြင်း၊ (တိတ္ထိတို့သည်) မြတ်သော အကျင့်ဟု သမုတ်အပ်သော မိစ္ဆာအယူကို ရှာမှီးခြင်းအားဖြင့် သုံးပါးတို့တည်း။ (၂၂)

မာန်တို့သည် ‘ငါသည် မြတ်၏ ‘ဟူသော သေယျမာန်၊ ‘ငါသည် တူ၏ ‘ဟူသော သဒိသမာန်၊ ‘ငါသည် ယုတ်၏ ‘ ဟူသော ဟီနမာန်အားဖြင့် သုံးပါတို့တည်း။ (၂၃)

ကာလတို့သည် အတိတ်ကာလ၊ အနာဂတ်ကာလ၊ ပစ္စုပ္ပန်ကာလအားဖြင့် သုံးပါးတို့တည်း။ (၂၄)

အစုတို့သည် ဥပါဒါနက္ခန္ဓာငါးပါးဟူသော အစု၊ ဥပါဒါနက္ခန္ဓာငါးပါး၏ အကြောင်းဟူသော အစု၊ ဥပါဒါနက္ခန္ဓာငါးပါးချုပ်ခြင်းဟူသော အစုအားဖြင့် သုံးပါးတို့တည်း။ (၂၅)

ခံစားခြင်း ‘ဝေဒနာ’ တို့သည် ချမ်းသာခံစားခြင်း ‘သုခဝေဒနာ’၊ ဆင်းရဲခံစားခြင်း ‘ဒုက္ခဝေဒနာ’၊ လျစ်လျူရှု၍ ခံစားခြင်း ‘ဥပေက္ခာဝေဒနာ’အားဖြင့် သုံပါးတို့တည်း။ (၂၆)

ဆင်းရဲ ‘ဒုက္ခ’ တို့သည် ဒုက္ခဒုက္ခ၊ သင်္ခါရဒုက္ခ၊ ဝိပရိဏာမဒုက္ခအားဖြင့် သုံးပါးတို့တည်း။ (၂၇)

အစုတို့သည် မကောင်းကျိုးပေးခြင်း၌ မြဲသော အစု၊ ကောင်းကျိုးပေးခြင်း၌ မြဲသော အစု၊ (နှစ်မျိုးစလုံး၌) မမြဲသော အစုအားဖြင့် သုံးပါးတို့တည်း။ (၂၈)

ယုံမှားခြင်းတို့သည် အတိတ်ကာလကို အာရုံပြု၍ ယုံမှား၏၊ တွေးတော ယုံမှား၏၊ မဆုံးဖြတ်နိုင်၊ မယုံကြည်နိုင်။ အနာဂတ်ကာလကို အာရုံပြု၍ ယုံမှား၏၊ တွေးတော ယုံမှား၏၊ မဆုံးဖြတ်နိုင်၊ မယုံကြည် နိုင်။ ယခုပစ္စုပ္ပန်ကာလကို အာရုံပြု၍ ယုံမှား၏၊ တွေးတော ယုံမှား၏၊ မဆုံးဖြတ်နိုင်၊့မယုံကြည်နိုင်ခြင်း အားဖြင့် သုံးပါးတို့တည်း။ (၂၉)

မြတ်စွာဘုရားသည် အထူးမစောင့်စည်းရသော တရားတို့သည် — ငါ့သျှင်တို့ မြတ်စွာဘုရားသည် စင်ကြယ်ပြီးသော ကိုယ်အကျင့် ‘ကာယသုစရိုက် ‘ ရှိတော်မူ၏၊ “ငါ၏ ဤကာယဒုစရိုက်အကျင့်ကို သူတစ် ပါး မသိပါစေသတည်း”ဟု မြတ်စွာဘုရားသည် အကြင် ကာယဒုစရိုက်ကို စောင့်ရှောက်ရာ၏၊ (ထိုသို့သော) ကာယဒုစရိုက်သည် မြတ်စွာဘုရားအား ရှိတော်မမူ။

ငါ့သျှင်တို့ မြတ်စွာဘုရားသည် စင်ကြယ်ပြီးသော နှုတ်အကျင့် ‘ဝစီသုစရိုက် ‘ ရှိတော်မူ၏၊ “ငါ၏ ဤဝစီဒုစရိုက်အကျင့်ကို သူတစ်ပါး မသိပါစေသတည်း”ဟု မြတ်စွာဘုရားသည် အကြင် ဝစီဒုစရိုက်ကို စောင့်ရှောက်ရာ၏၊ (ထိုသို့သော) ဝစီဒုစရိုက်သည် မြတ်စွာဘုရားအား ရှိတော်မမူ။

ငါ့သျှင်တို့ မြတ်စွာဘုရားသည် စင်ကြယ်ပြီးသော စိတ်အကျင့် ‘မနောသုစရိုက် ‘ ရှိတော်မူ၏၊ “ငါ၏ ဤမနောဒုစရိုက်အကျင့်ကို သူတစ်ပါး မသိပါစေသတည်း”ဟု မြတ်စွာဘုရားသည် အကြင် မနောဒုစရိုက်ကို စောင့်ရှောက်ရာ၏၊ (ထိုသို့သော) မနောဒုစရိုက်သည် မြတ်စွာဘုရားအား ရှိတော်မမူခြင်းအားဖြင့် သုံးပါး တို့တည်း။ (၃ဝ)

ကြောင့်ကြခြင်းတို့သည် ရာဂ ကြောင့်ကြခြင်း၊ ဒေါသ ကြောင့်ကြခြင်း၊ မောဟ ကြောင့်ကြခြင်းအား ဖြင့် သုံးပါးတို့တည်း။ (၃၁)

မီးတို့သည် ရာဂမီး၊ ဒေါသမီး၊ မောဟမီးအားဖြင့် သုံးပါးတို့တည်း။ (၃၂)

တစ်ပါးလည်းဖြစ်ကုန်သော မီးတို့သည် အမိအဖမီး၊ အိမ်ရှင်မီး၊ အလှူခံမီးအားဖြင့် သုံးပါးတို့ တည်း။ (၃၃)

ရုပ်ကို အပြားအားဖြင့် ရေတွက်ခြင်းတို့သည် မြင်ခြင်းနှင့်လည်း တကွ, ထိပါးခြင်းနှင့်လည်း တကွ ဖြစ်သော ရုပ်၊ မြင်ခြင်းကားမရှိ ထိပါးခြင်းနှင့်သာ တကွဖြစ်သော ရုပ်၊ မြင်ခြင်းလည်း မရှိ, ထိပါးခြင်း လည်း မရှိသော ရုပ်အားဖြင့် သုံးပါးတို့တည်း။ (၃၄)

သင်္ခါရတို့သည် ပုညာ ဘိသင်္ခါရ၊ အပုညာ ဘိသင်္ခါရ၊ အာနေဉ္ဇာ ဘိသင်္ခါရအားဖြင့် သုံးပါးတို့တည်း။ (၃၅)

ပုဂ္ဂိုလ်တို့သည် ကျင့်ဆဲ ‘သေက္ခ’ ပုဂ္ဂိုလ်၊ ကျင့်ပြီး ‘အသေက္ခ’ ပုဂ္ဂိုလ်၊ ကျင့်ဆဲ ‘သေက္ခ’ လည်း မဟုတ်, ကျင့်ပြီး ‘အသေက္ခ’လည်း မဟုတ်သော ‘နေဝသေက္ခ နာသေက္ခ’ ပုဂ္ဂိုလ်အားဖြင့် သုံးပါးတို့တည်း။ (၃၆)

ထေရ်တို့သည် အသက်အရွယ်အားဖြင့် ကြီးသော ‘ဇာတိ’ ထေရ်၊ တရားဂုဏ်အားဖြင့် ကြီးသော ‘ဓမ္မ’ထေရ်၊ သမုတ်အပ်သောအားဖြင့် ကြီးသော ‘သမ္မုတိ’ ထေရ်အားဖြင့် သုံးပါးတို့တည်း။ (၃၇)

ပုညကိရိယာဝတ္ထုတို့သည် ဒါနဖြင့် ပြီးသော ပုညကိရိယာဝတ္ထု၊ သီလဖြင့် ပြီးသော ပုညကိရိယာ ဝတ္ထု၊ ဘာဝနာဖြင့်ပြီးသော ပုညကိရိယာဝတ္ထုအားဖြင့် သုံးပါးတို့တည်း။ (၃၈)

စောဒနာခြင်း အကြောင်းတို့သည် မြင်၍ စောဒနာခြင်း၊ ကြား၍ စောဒနာခြင်း၊ ယုံမှားရှိ၍ စောဒနာ ခြင်းအားဖြင့် သုံးပါးတို့တည်း။ (၃၉)

ကာမဂုဏ် ခံစားခြင်းတို့သည် သုံးပါးတို့တည်း။ ငါ့သျှင်တို့ ထင်ရှားရှိသော ကာမဂုဏ်ကို ခံစား ကုန်သော သတ္တဝါတို့သည် ရှိကုန်၏။ ထိုသတ္တဝါတို့သည် ထင်ရှားသော ကာမဂုဏ်တို့၌ (မိမိ) အလိုသို့ လိုက်စေတတ်ကုန်၏၊ အဘယ်သူတို့နည်းဟူမူ — လူ, အချို့သောနတ်, အချို့သော ဝိနိပါတိက သတ္တဝါတို့ တည်း။ ဤကား ရှေးဦးစွာသော ကာမဂုဏ်ခံစားခြင်းတည်း။

ငါ့သျှင်တို့ ဖန်ဆင်းအပ်သော ကာမဂုဏ်ရှိကုန်သော သတ္တဝါတို့သည် ရှိကုန်၏။ ထိုသတ္တဝါတို့သည် ဖန်ဆင်း၍ ဖန်ဆင်း၍ ကာမဂုဏ်တို့၌ (မိမိ) အလိုသို့ လိုက်စေတတ်ကုန်၏၊ အဘယ်သူတို့နည်းဟူမူ — နိမ္မာနရတိနတ်တို့တည်း။ ဤကား ဒုတိယမြောက် ကာမဂုဏ် ခံစားခြင်းတည်း။

ငါ့သျှင်တို့ သူတစ်ပါးဖန်ဆင်းအပ်သော ကာမဂုဏ်ရှိသော သတ္တဝါတို့သည် ရှိကုန်၏။ ထိုသတ္တဝါ့တို့သည် သူတစ်ပါး ဖန်ဆင်းအပ်သော ကာမဂုဏ်တို့၌ (မိမိ) အလိုသို့ လိုက်စေတတ်ကုန်၏၊ အဘယ် သူတို့နည်းဟူမူ — ပရနိမ္မိတဝသဝတ္တီနတ်တို့တည်း။ ဤကား တတိယမြောက် ကာမဂုဏ် ခံစားခြင်း တည်း။ (၄ဝ)

ချမ်းသာခံစားခြင်းတို့သည် သုံးပါးတို့တည်း။ ငါ့သျှင်တို့ အောက်အောက်ချမ်းသာကို ဖြစ်စေ၍ ဖြစ် စေ၍ အထက်အထက်ချမ်းသာကို ခံစားကုန်သော သတ္တဝါတို့သည် ရှိကုန်၏။ အဘယ်သူတို့နည်းဟူမူ — ပဌမဈာန်ဘုံ၌ ဖြစ်သော ဗြဟ္မာတို့တည်း။ ဤကား ရှေးဦးစွာသော ချမ်းသာခံစားခြင်းတည်း။

ငါ့သျှင်တို့ ဈာန်ချမ်းသာခံစားခြင်းဖြင့် စွတ်စိုကုန်သော ထက်ဝန်းကျင် စွတ်စိုကုန်သော ထက်ဝန်း ကျင် ပြည့်ဝကုန်သော ထက်ဝန်းကျင် ပျံ့နှံ့ကုန်သော သတ္တဝါတို့သည် ရှိကုန်၏။ ထိုသတ္တဝါတို့သည် တစ်ရံတစ်ခါ “သြော် ချမ်းသာစွ သြော် ချမ်းသာစွ”ဟု ဥဒါန်းကျူးကုန်၏၊ အဘယ်သူတို့နည်းဟူမူ — အာဘဿရဘုံ၌ဖြစ်သော ဗြဟ္မာတို့တည်း။ ဤကား ဒုတိယမြောက် ချမ်းသာခံစားခြင်းတည်း။

ငါ့သျှင်တို့ ဈာန်ချမ်းသာခံစားခြင်းဖြင့် စွတ်စိုကုန်သော ထက်ဝန်းကျင် စွတ်စိုကုန်သော ထက်ဝန်း ကျင် ပြည့်ဝကုန်သော ထက်ဝန်းကျင်ပျံ့နှံ့ကုန်သော သတ္တဝါတို့သည် ရှိကုန်၏။ ထိုသတ္တဝါတို့သည် နှစ်လိုဝမ်းမြောက်ကုန်သည် ဖြစ်၍ ကောင်းမြတ်သည်သာဖြစ်သော စိတ်၏ ချမ်းသာကို ခံစားကုန်၏။ အဘယ်သူတို့နည်းဟူမူ — သုဘကိဏှာဘုံ၌ ဖြစ်သော ဗြဟ္မာတို့တည်း။ ဤကား တတိယမြောက် ချမ်းသာ ခံစားခြင်းတည်း။ (၄၁)

ပညာတို့သည် ကျင့်ဆဲ ‘သေက္ခ’ ပညာ၊ ကျင့်ပြီး ‘အသေက္ခ’ ပညာ၊ ကျင့်ဆဲလည်း မဟုတ်, ကျင့်ပြီးလည်း မဟုတ် ‘နေဝသေက္ခနာသေက္ခ’ ပညာအားဖြင့် သုံးပါးတို့တည်း။ (၄၂)

ထိုမှတစ်ပါးလည်း ပညာတို့သည် ကြံစည်ဖြင့်ပြီးသော ‘စိန္တာမယ’ ပညာ၊ ကြားမြင်ခြင်းဖြင့်ပြီးသော ‘သုတမယ’ ပညာ၊ ပွါးများခြင်းဖြင့်ပြီးသော ‘ဘာဝနာမယ’ ပညာအားဖြင့် သုံးပါးတို့တည်း။ (၄၃)

လက်နက်တို့သည် အကြားအမြင်သုတလက်နက်၊ ဆိတ်ငြိမ်ခြင်း ဝိဝေကလက်နက်၊ ပညာလက်နက် အားဖြင့် သုံးပါးတို့တည်း။ (၄၄)

ဣန္ဒြေတို့သည် အနညာတညဿာမီတိန္ဒြေ၊ အညိန္ဒြေ၊ အညာတာဝိန္ဒြေအားဖြင့် သုံးပါးတို့တည်း။ (၄၅)

မျက်စိ ‘စက္ခု’ တို့သည် မံသစက္ခု၊ ဒိဗ္ဗစက္ခု ပညာစက္ခုအားဖြင့် သုံးပါးတို့တည်း။ (၄၆)

သိက္ခာတို့သည် အဓိသီလသိက္ခာ၊ အဓိစိတ္တသိက္ခာ၊ အဓိပညာသိက္ခာအားဖြင့် သုံးပါးတို့တည်း။ (၄၇)

ဘာဝနာတို့သည် ကာယဘာဝနာ၊ စိတ္တဘာဝနာ၊ ပညာဘာဝနာအားဖြင့် သုံးပါတို့တည်း။ (၄၈)

အလွန်မြတ်သော တရားတို့သည် ဝိပဿနာဉာဏ်ဟူသော မြတ်သော သဘောတရား၊ မဂ်ဉာဏ်ဟူသော မြတ်သော သဘောတရား၊ ဖိုလ်ဉာဏ်ဟူသော မြတ်သော သဘောတရားအားဖြင့် သုံးပါးတို့တည်း။ (၄၉)

သမာဓိတို့သည် သဝိတက္ကသဝိစာရသမာဓိ၊ အဝိတက္ကဝိစာရမတ္တသမာဓိ၊ အဝိတက္ကအဝိစာရသမာဓိ အားဖြင့် သုံးပါးတို့တည်း။ (၅ဝ)

ထိုမှတစ်ပါးလည်း သမာဓိတို့သည် သုညတသမာဓိ၊ အနိမိတ္တသမာဓိ၊ အပ္ပဏိဟိတသမာဓိအားဖြင့် သုံးပါးတို့တည်း။ (၅၁)

စင်ကြယ်ခြင်းတို့သည် ကိုယ်၏ စင်ကြယ်ခြင်း၊ နှုတ်၏ စင်ကြယ်ခြင်း၊ စိတ်၏ စင်ကြယ်ခြင်း အားဖြင့် သုံးပါးတို့တည်း။ (၅၂)

ရဟန်းအကျင့်တို့သည် ကိုယ်ဖြင့် ရဟန်းအကျင့်ကို ကျင့်ခြင်း၊ နှုတ်ဖြင့် ရဟန်းအကျင့်ကို ကျင့်ခြင်း၊ စိတ်ဖြင့် ရဟန်းအကျင့်ကို ကျင့်ခြင်းအားဖြင့် သုံးပါးတို့တည်း။ (၅၃)

လိမ္မာခြင်းတို့သည် အစီးအပွါး၌ လိမ္မာခြင်း၊ အစီးအပွါးမရှိသည်၌ လိမ္မာခြင်း၊ အကြောင်း၌ လိမ္မာ ခြင်းအားဖြင့် သုံးပါးတို့တည်း။ (၅၄)

မာန်ယစ်ခြင်းတို့သည် အနာကင်းခြင်းဖြင့် မာန်ယစ်ခြင်း၊ အရွယ်နှင့်ပြည့်စုံခြင်းဖြင့် မာန်ယစ်ခြင်း၊ ဇာတ်နှင့် ပြည့်စုံခြင်းဖြင့် မာန်ယစ်ခြင်းအားဖြင့် သုံးပါးတို့တည်း။ (၅၅)

အလေးပြုခြင်းတို့သည် မိမိကိုယ်ကို အလေးပြုခြင်း၊ လောကကို အလေးပြုခြင်း၊ တရားကို အလေးပြုခြင်းအားဖြင့် သုံးပါးတို့တည်း။ (၅၆)

စကားဖြစ်ကြောင်းတို့သည် သုံးပါးတို့တည်း။ “အတိတ်ခန္ဓာ၌ ဤသို့ ဖြစ်ပြီ”ဟု အတိတ်ခန္ဓာကို အကြောင်းပြု၍ စကားကို ပြောဆိုရာ၏၊ “အနာဂတ်ခန္ဓာ၌ ဤသို့ ဖြစ်လတ္တံ့”ဟု အနာဂတ်ခန္ဓာကို အ ကြောင်းပြု၍ စကားကို ပြောဆိုရာ၏၊ “ယခုပစ္စုပ္ပန်ခန္ဓာ၌ ဤသို့ ဖြစ်ဆဲ”ဟု ပစ္စုပ္ပန်ခန္ဓာကို အကြောင်း ပြု၍ စကားကို ပြောဆိုရာ၏။ (ဤသုံးပါးတို့တည်း)။ (၅၇)

ဝိဇ္ဇာတို့သည် ရှေး၌ ဖြစ်ဖူးသော ဘဝကို အောက်မေ့၍ သိသော ‘ပုဗ္ဗေနိဝါသာနုဿတိဉာဏ် ‘ ဝိဇ္ဇာ၊ သတ္တဝါတို့၏ သေခြင်း ဖြစ်ပေါ်ခြင်းကို သိသော ‘စုတူပပါတဉာဏ် ‘ ဝိဇ္ဇာ၊ အာသဝေါတရားတို့ကို ကုန်စေရာဖြစ်သော အရဟတ္တမဂ်၌ ဖြစ်သော ‘အာသဝက္ခယဉာဏ် ‘ ဝိဇ္ဇာအားဖြင့် သုံးပါးတို့တည်း။ (၅၈)

နေခြင်းတို့သည် နတ်ချမ်းသာနှင့်တူသော သမာပတ်ရှစ်ပါးချမ်းသာကို ခံစား၍ နေခြင်း၊ ဗြဟ္မ ဝိဟာရတရားဖြင့် နေခြင်း၊ မြတ်သော ဖလသမာပတ်ချမ်းသာကို ခံစား၍ နေခြင်းအားဖြင့် သုံးပါးတို့ တည်း။ (၅၉)

တန်ခိုးပြာဋိဟာတို့သည် အထူးထူးတန်ခိုးဖန်ဆင်းခြင်း တန်ခိုးပြာဋိဟာ၊ သူတစ်ပါးစိတ်ကို သိ၍ ညွှန်းခြင်းဟူသော တန်ခိုးပြာဋိဟာ၊ သူတစ်ပါးစိတ်ကို သိ၍ တရားဟောခြင်းဟူသော တန်ခိုးပြာဋိဟာ အားဖြင့် သုံးပါးတို့တည်း။ (၆ဝ)

ငါ့သျှင်တို့ (အလုံးစုံသောတရားတို့ကို) သိတော်မူ မြင်တော်မူ၍ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားသည် သုံးပါးသော တရား တို့ကို ကောင်းစွာ ဟောတော်မူအပ်ကုန်၏။ ထိုသုံးပါးသော တရားတို့၌ အလုံးစုံသော သင်တို့သည် အညီအညွတ် ရွတ်ဆိုအပ်၏။ပ။ နတ်လူတို့၏ အကျိုးစီးပွါး ချမ်းသာအလို့ငှါ ဖြစ်ရာ၏။

စတုက္က — တရား လေးပါးစု

၃ဝ၆။ ငါ့သျှင်တို့ (အလုံးစုံသောတရားတို့ကို) သိတော်မူ မြင်တော်မူ၍ ပူဇော်အထူးကို ခံတော်မူ ထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားသည် ကောင်း စွာ ဟောတော်မူအပ်ကုန်သော လေးပါးသော တရားတို့သည် ရှိကုန်၏။ ထိုလေးပါးသော တရားတို့၌ အလုံးစုံသော သင်တို့သည် အညီအညွတ် ရွတ်ဆိုအပ်၏၊ မငြင်းခုံအပ်။ပ။ နတ်လူတို့၏ အကျိုးစီးပွါး ချမ်းသာအလို့ငှါ ဖြစ်ရာ၏။

အဘယ်တရား လေးပါးတို့နည်းဟူမူ —

သတိပဋ္ဌာန်တို့သည် လေးပါးတို့တည်း။ ငါ့သျှင်တို့ ဤ (သာသနာတော်)၌ ရဟန်းသည် ပြင်းစွာ အားထုတ်လျက် ဆင်ခြင်လျက် သတိရှိလျက် ရုပ်အပေါင်း၌ ရုပ်အပေါင်းဟု အဖန်ဖန်ရှုလျက် လောက၌ ဖြစ်တတ်သော လိုချင်တပ်မက်ခြင်းနှင့် နှလုံးမသာခြင်းကို ပယ်ဖျောက်၍ နေ၏၊ ခံစားမှု ‘ဝေဒနာ’တို့၌ ဝေဒနာဟု အဖန်ဖန်ရှုလျက်။ပ။ စိတ်၌ စိတ်ဟု အဖန်ဖန်ရှုလျက်။ပ။ ပြင်းစွာ အားထုတ်လျက် ဆင်ခြင် လျက် သတိရှိလျက် သဘောတရားတို့၌ သဘောတရားဟု အဖန်ဖန်ရှုလျက် လောက၌ ဖြစ်တတ်သော လိုချင်တပ်မက်ခြင်းနှင့် နှလုံးမသာခြင်းကို ပယ်ဖျောက်၍ နေ၏။ (ဤလေးပါးတို့တည်း)။ (၁)

သမ္မပ္ပဓာန်တို့သည် လေးပါတို့တည်း။ ငါ့သျှင်တို့ ဤ (သာသနာတော်) ၌ ရဟန်းသည် မဖြစ်သေးသော မကောင်းမှု အကုသိုလ်တရားတို့ကို မဖြစ်စေရန် ဆန္ဒကို ဖြစ်စေ၏၊ လုံ့လပြု၏၊ ဝီရိယကို အား ထုတ်၏၊ စိတ်ကို ချီးမြှောက်၏၊ ဆောက်တည်၏။

ဖြစ်ပြီး မကောင်းမှု အကုသိုလ်တရားတို့ကို ပယ်ဖျောက်ရန် ဆန္ဒကို ဖြစ်စေ၏၊ လုံ့လပြု၏၊ ဝီရိယကို အားထုတ်၏၊ စိတ်ကို ချီးမြှောက်၏၊ ဆောက်တည်၏။

မဖြစ်သေးသော ကုသိုလ်တရားတို့ကို ဖြစ်စေရန် ဆန္ဒကို ဖြစ်စေ၏၊ လုံ့လပြု၏၊ ဝီရိယကို အား ထုတ်၏၊ စိတ်ကို ချီးမြှောက်၏၊ ဆောက်တည်၏။

ဖြစ်ပြီးကုသိုလ်တရားတို့ တည်တံ့ခြင်းငှါ မပျောက်ပျက်ခြင်းငှါ လွန်စွာ ဖြစ်ပွားခြင်းငှါ ပြန့်ပြောခြင်းငှါ တိုးပွါးခြင်းငှါ ပြည့်စုံခြင်းငှါ ဆန္ဒကို ဖြစ်စေ၏၊ လုံ့လပြု၏၊ ဝီရိယကို အားထုတ်၏၊ စိတ်ကို ချီးမြှောက်၏၊ ဆောက်တည်၏။ (ဤလေးပါတို့တည်း)။ (၂)

ဣဒ္ဓိပါဒ်တို့သည် လေးပါးတို့တည်း။ ငါ့သျှင်တို့ ဤ (သာသနာတော်) ၌ ရဟန်းသည် ဆန္ဒရှေ့ သွားပြုသော သမာဓိနှင့်လည်းကောင်း အားထုတ်ပြုပြင်မှု ‘ပဓာနသင်္ခါရ’ နှင့်လည်းကောင်း ပြည့်စုံသော ပြီးစီးခြင်း၏ အခြေခံ ‘ဣဒ္ဓိပါဒ် ‘ တရားကို ပွါးများ၏၊ ဝီရိယရှေ့သွားပြုသော သမာဓိနှင့်လည်းကောင်း အားထုတ်ပြုပြင်မှု ‘ပဓာနသင်္ခါရ’ နှင့်လည်းကောင်း ပြည့်စုံသော ပြီးစီးခြင်း၏အခြေခံ ‘ဣဒ္ဓိပါဒ် ‘ တရားကို ပွါးများ၏၊ စိတ်ရှေ့သွားပြုသော သမာဓိနှင့်လည်းကောင်း အားထုတ်ပြုပြင်မှု ‘ပဓာနသင်္ခါရ’နှင့်လည်း ကောင်း ပြည့်စုံသော ပြီးစီးခြင်း၏ အခြေခံ ‘ဣဒ္ဓိပါဒ် ‘ တရားကို ပွါးများ၏၊ ပညာရှေ့သွားပြုသော သမာဓိနှင့်လည်းကောင်း အားထုတ်ပြုပြင်မှု ‘ပဓာနသင်္ခါရ’ နှင့်လည်းကောင်း ပြည့်စုံသော ပြီးစီးခြင်း၏ အခြေခံ ‘ဣဒ္ဓိပါဒ် ‘ တရားကို ပွါးများ၏။ (ဤလေးပါးတို့တည်း)။ (၃)

ဈာန်တို့သည် လေးပါးတို့တည်း။ ငါ့သျှင်တို့ ဤ (သာသနာတော်) ၌ ရဟန်းသည် ကာမဂုဏ် တို့မှ ကင်းဆိတ်၍သာလျှင် အကုသိုလ်တရားတို့မှ ကင်းဆိတ်၍သာလျှင် ကြံစည်ခြင်း’ဝိတက် ‘နှင့် တကွ ဖြစ်သော သုံးသပ်ဆင်ခြင်ခြင်း ‘ဝိစာရ’ နှင့် တကွဖြစ်သော နီဝရဏကင်းခြင်းကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’, ချမ်းသာခြင်း ‘သုခ’ ရှိသော ပဌမဈာန်သို့ ရောက်၍ နေ၏။

ဝိတက် ဝိစာရ ငြိမ်းခြင်းကြောင့် မိမိသန္တာန်၌ စိတ်ကို ကြည်လင်စေတတ်သော စိတ်တည်ကြည်ခြင်း ‘သမာဓိ’ ကို ပွါးစေတတ်သော ကြံစည်ခြင်း ‘ဝိတက်’ မရှိသော သုံးသပ်ဆင်ခြင်ခြင်း ‘ဝိစာရ’ မရှိသော တည်ကြည်ခြင်း’သမာဓိ’ ကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ ရှိသော ဒုတိယဈာန်သို့ ရောက်၍ နေ၏။

နှစ်သိမ့်ခြင်း ‘ပီတိ’ ကိုလည်း မတပ်မက်ခြင်းကြောင့် သတိသမ္ပဇဉ်နှင့် ပြည့်စုံသည်ဖြစ်၍ လျစ်လျူရှု လျက်နေ၏၊ ချမ်းသာခြင်း ‘သုခ’ ကိုလည်း ကိုယ်ဖြင့် ခံစား၏၊ အကြင် တတိယဈာန်ကြောင့် ထိုသူကို “လျစ်လျူရှုသူ သတိရှိသူ ချမ်းသာစွာ နေလေ့ရှိသူ”ဟု အရိယာပုဂ္ဂိုလ်တို့သည် ပြောကြားကုန်၏၊ ထို တတိယဈာန်သို့ ရောက်၍ နေ၏။

ချမ်းသာ ဆင်းရဲကို ပယ်ခြင်းကြောင့်လည်းကောင်း၊ ဝမ်းသာခြင်း နှလုံးမသာခြင်းတို့၏ ရှေ့ဦးက ပင်လျှင် ချုပ်နှင့်ခြင်းကြောင့်လည်းကောင်း ဆင်းရဲချမ်းသာမရှိသော ဥပေက္ခာကြောင့်ဖြစ်သည့် သတိ၏ စင် ကြယ်ခြင်းရှိသော စတုတ္ထဈာန်သို့ ရောက်၍ နေ၏။ (ဤလေးပါးတို့တည်း)။ (၄)

၃ဝ၇။ သမာဓိဘာဝနာတို့သည် လေးပါးတို့တည်း။ ငါ့သျှင်တို့ ပွါးစေအပ်သော အဖန်ဖန် အလေ့ အလာ ပြုအပ်သော ပစ္စုပ္ပန်အတ္တဘော၌ ချမ်းသာစွာ နေခြင်းငှါဖြစ်သော သမာဓိဘာဝနာသည် ရှိ၏။

ငါ့သျှင်တို့ ပွါးစေအပ်သော အဖန်ဖန် အလေ့အလာပြုအပ်သော (ဒိဗ္ဗစက္ခု) ဉာဏ်အမြင်ကို ရခြင်း ငှါဖြစ်သော သမာဓိဘာဝနာသည် ရှိ၏။

ငါ့သျှင်တို့ ပွါးစေအပ်သော အဖန်ဖန် အလေ့အလာပြုအပ်သော သတိသမ္ပဇဉ်နှင့် ပြည့်စုံစေခြင်းငှါ ဖြစ်သော သမာဓိဘာဝနာသည် ရှိ၏။

ငါ့သျှင်တို့ ပွါးစေအပ်သော အဖန်ဖန် အလေ့အလာပြုအပ်သော အာသဝေါတရားတို့၏ ကုန်ခြင်းငှါ ဖြစ်သော သမာဓိဘာဝနာသည် ရှိ၏။ (ဤလေးပါးတို့တည်း)။

ငါ့သျှင်တို့ ပွါးစေအပ်သော အဖန်ဖန် အလေ့အလာပြုအပ်သော ပစ္စုပ္ပန်အတ္တဘော၌ ချမ်းသာစွာ နေခြင်းငှါ ဖြစ်သော သမာဓိဘာဝနာသည် အဘယ်နည်း။ ငါ့သျှင်တို့ ဤ (သာသနာတော်) ၌ ရဟန်းသည် ကာမဂုဏ်တို့မှ ကင်းဆိတ်၍သာလျှင် အကုသိုလ်တရားတို့မှ ကင်းဆိတ်၍သာလျှင် ကြံစည်ခြင်း ‘ဝိတက်’ နှင့် တကွဖြစ်သော သုံးသပ်ဆင်ခြင်ခြင်း ‘ဝိစာရ’နှင့် တကွဖြစ်သော ‘နီဝရဏ’ကင်းဆိတ်ခြင်းကြောင့် ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’၊ ချမ်းသာခြင်း ‘သုခ’ ရှိသော ပဌမဈာန်သို့ ရောက်၍ နေ၏။ပ။ ငါ့သျှင်တို့ ပွါးစေအပ်သော အဖန်ဖန် အလေ့အလာ ပြုအပ်သော ဤသမာဓိဘာဝနာသည် ပစ္စုပ္ပန်အတ္တဘော၌ ချမ်းသာစွာ နေခြင်းငှါ ဖြစ်၏။ (ဤသည်ပင်တည်း)။ (၅—၁)

ငါ့သျှင်တို့ ပွါးစေအပ်သော အဖန်ဖန် အလေ့အလာပြုအပ်သော (ဒိဗ္ဗစက္ခု) ဉာဏ်အမြင်ကို ရခြင်းငှါ ဖြစ်သော သမာဓိဘာဝနာသည် အဘယ်နည်း။ ငါ့သျှင်တို့ ဤ (သာသနာတော်)၌ ရဟန်းသည် အလင်း ရောင်အမှတ်ကို နှလုံးသွင်း၏၊ နေ့ဟူသော အမှတ်ကို အဓိဋ္ဌာန်ပြု၏၊ နေ့ကဲ့သို့ ညဉ့်ကို ညဉ့်ကဲ့သို့ နေ့ကို နှလုံးသွင်း၏၊ ဤသို့ အပိတ်အပင်မရှိသော ထက်ဝန်းကျင် မြှေးယှက်ခြင်းမရှိသော စိတ်ဖြင့် အရောင်အလင်းရှိသော စိတ်ကို ပွါးများ၏။ ငါ့သျှင်တို့ ပွါးစေအပ်သော အဖန်ဖန် အလေ့အလာပြုအပ်သော ဤသမာဓိဘာဝနာသည် (ဒိဗ္ဗစက္ခု) ဉာဏ်အမြင်ကို ရခြင်းငှါ ဖြစ်၏။ (ဤသည်ပင်တည်း)။ (၅—၂)

ငါ့သျှင်တို့ ပွါးစေအပ်သော အဖန်ဖန် အလေ့အလာပြုအပ်သော သတိသမ္ပဇဉ်နှင့် ပြည့်စုံခြင်းငှါ ဖြစ်သော သမာဓိဘာဝနာသည် အဘယ်နည်း။ ငါ့သျှင်တို့ ဤ (သာသနာတော်)၌ ရဟန်းအား ဝေဒနာတို့ သည် ထင်ရှားကုန်သည်ဖြစ်၍ ဖြစ်ကုန်၏၊ ထင်ရှားကုန်သည်ဖြစ်၍ ထင်ကုန်၏၊ ထင်ရှားကုန်သည် ဖြစ်၍ ချုပ်ခြင်းသို့ ရောက်ကုန်၏။ သညာတို့သည် ထင်ရှားကုန်သည်ဖြစ်၍ ဖြစ်ကုန်၏၊ ထင်ရှားကုန်သည် ဖြစ်၍ ထင်ကုန်၏၊ ထင်ရှားကုန်သည်ဖြစ်၍ ချုပ်ခြင်းသို့ ရောက်ကုန်၏။ ဝိတက်တို့သည် ထင်ရှား ကုန်သည်ဖြစ်၍ ဖြစ်ကုန်၏၊ ထင်ရှားကုန်သည် ဖြစ်၍ ထင်ကုန်၏၊ ထင်ရှားကုန်သည်ဖြစ်၍ ချုပ်ခြင်းသို့ ရောက်ကုန်၏။ ငါ့သျှင်တို့ ပွါးစေအပ်သော အဖန်ဖန် အလေ့အလာပြုအပ်သော ဤသမာဓိဘာဝနာသည် သတိသမ္ပဇဉ်နှင့် ပြည့်စုံခြင်းငှါ ဖြစ်၏။ (ဤသည်ပင်တည်း)။ (၅—၃)

ငါ့သျှင်တို့ ပွါးစေအပ်သော အဖန်ဖန် အလေ့အလာပြုအပ်သော အာသဝေါတရားတို့၏ ကုန်ခြင်းငှါ ဖြစ်သော သမာဓိဘာဝနာသည် အဘယ်နည်း။ ငါ့သျှင်တို့ ဤ (သာသနာတော်)၌ ရဟန်းသည် ဥပါဒါန က္ခန္ဓာငါးပါးတို့၌ အဖြစ်အပျက်ကို ရှု၍ နေ၏၊ ရုပ်သည် ဤသို့ သဘောရှိ၏၊ ရုပ်၏ ဖြစ်ခြင်းသည် ဤသို့ သဘောရှိ၏၊ ရုပ်၏ ချုပ်ခြင်းသည် ဤသို့ သဘောရှိ၏၊ ဝေဒနာသည် ဤသို့ သဘောရှိ၏၊ သညာသည် ဤသို့ သဘောရှိ၏၊ သင်္ခါရတို့သည် ဤသို့ သဘောရှိကုန်၏၊ ဝိညာဉ်သည် ဤသို့ သဘောရှိ၏၊ ဝိညာဉ်၏ ဖြစ်ခြင်းသည် ဤသို့ သဘောရှိ၏၊ ဝိညာဉ်၏ ချုပ်ခြင်းသည် ဤသို့ သဘော ရှိ၏ဟု (ရှု၍ နေ၏)။ ငါ့သျှင်တို့ ပွါးစေအပ်သော အဖန်ဖန် အလေ့အလာပြုအပ်သော ဤသမာဓိ ဘာဝနာသည် အာသဝေါတရားတို့၏ ကုန်ခြင်းငှါ ဖြစ်၏။ (ဤသည်ပင်တည်း)။ (၅—၄)

၃ဝ၈။ အပ္ပမညာတို့သည် လေးပါးတို့တည်း။ ငါ့သျှင်တို့ ဤ (သာသနာတော်) ၌ ရဟန်းသည် ချမ်းသာစေလိုခြင်း ‘မေတ္တာ’ နှင့် ယှဉ်သော စိတ်ဖြင့် တစ်ခုသော အရပ်မျက်နှာကို ပျံ့နှံ့စေ၍ နေ၏။ ထို့အတူ နှစ်ခုမြောက် အရပ်မျက်နှာကို။ သုံးခုမြောက် အရပ်မျက်နှာကို။ လေးခုမြောက် အရပ်မျက်နှာကို ပျံ့နှံ့စေ၍ နေ၏။ ဤနည်းဖြင့် အထက် အောက် ဖီလာအရပ်မျက်နှာကို ပျံ့နှံ့စေ၍ နေ၏။ အလုံးစုံသော အရပ်မျက်နှာတို့၌ ရှိသော သတ္တဝါအားလုံးကို မိမိနှင့် အတူပြု၍ သတ္တဝါအားလုံးပါဝင်သော သတ္တ လောကကို ပြန့်ပြောသော မြင့်မြတ်သော အတိုင်းအရှည်မရှိသော ရန်မရှိသော ငြိုငြင်ခြင်းမရှိသော မေတ္တာ နှင့် ယှဉ်သော စိတ်ဖြင့် ပျံ့နှံ့စေ၍ နေ၏။

သနားခြင်း ‘ကရုဏာ’ နှင့်ယှဉ်သော စိတ်ဖြင့်။ပ။ ဝမ်းမြောက်ခြင်း ‘မုဒိတာ’ နှင့်ယှဉ်သော စိတ်ဖြင့်။ပ။ လျစ်လျူရှုခြင်း ‘ဥပေက္ခာ’ နှင့်ယှဉ်သော စိတ်ဖြင့် တစ်ခုသောအရပ်မျက်နှာကို ပျံ့နှံ့စေ၍ နေ၏။ ထို့အတူ့နှစ်ခုမြောက် အရပ်မျက်နှာကို။ သုံးခုမြောက် အရပ်မျက်နှာကို။ လေးခုမြောက် အရပ်မျက်နှာကို ပျံ့နှံ့စေ၍ နေ၏။ ဤနည်းဖြင့် အထက် အောက် ဖီလာအရပ်မျက်နှာကို ပျံ့နှံ့စေ၍ နေ၏။ အလုံးစုံသော အရပ်မျက်နှာတို့၌ ရှိသော သတ္တဝါအားလုံးကို မိမိနှင့်အတူပြု၍ သတ္တဝါအားလုံးပါဝင်သော သတ္တလောက ကို ပြန့်ပြောသော မြင့်မြတ်သော အတိုင်းအရှည်မရှိသော ရန်မရှိသော ငြိုငြင်ခြင်းမရှိသော လျစ်လျူရှုခြင်း ‘ဥပေက္ခာ’ နှင့်ယှဉ်သော စိတ်ဖြင့် ပျံ့နှံ့စေ၍ နေ၏။ (ဤလေးပါးတို့တည်း)။ (၆)

အာရုပ္ပတို့သည် လေးပါးတို့တည်း။ ငါ့သျှင်တို့ ဤ (သာသနာတော်)၌ ရဟန်းသည် ရူပသညာတို့ကို လုံးဝလွန်မြောက်၍ ပဋိဃသညာတို့ လုံးဝ ချုပ်သည့်ပြင် နာနတ္တသညာတို့ကို လုံးဝ နှလုံးမသွင်းမူ၍ “ကောင်းကင်သည် အဆုံးမရှိ”ဟု (နှလုံးသွင်းလျက်) အာကာသာနဉ္စာယတနဗြဟ္မာ့ဘုံသို့ ရောက်၍ နေ၏။

အာကာသာနဉ္စာယတနဈာန်ကို လုံးဝလွန်မြောက်၍ “ဝိညာဉ်သည် အဆုံမရှိ”ဟု (နှလုံးသွင်းလျက်) ဝိညာဏဉ္စာယတနဗြဟ္မာ့ဘုံသို့ ရောက်၍ နေ၏။

ဝိညာဏဉ္စာယတနဈာန်ကို လုံးဝ လွန်မြောက်၍ “တစ်စုံတစ်ခုမျှမရှိ”ဟု (နှလုံးသွင်းလျက်) အာကိဉ္စ ညာယတန ဗြဟ္မာ့ဘုံသို့ ရောက်၍ နေ၏။ အာကိဉ္စညာယတနဈာန်ကို လုံးဝ လွန်မြောက်၍ “ဤဝိညာဉ် သည် ငြိမ်သက်၏၊ ဤဝိညာဉ်သည် မွန်မြတ်၏”၁ဟု (နှလုံးသွင်းလျက်) နေဝသညာနာသညာယတနဘုံသို့ ရောက်၍ နေ၏။ (ဤလေးပါးတို့တည်း)။ (၇)

မှီရာတို့သည် လေးပါးတို့တည်း။ ငါ့သျှင်တို့ ဤ (သာသနာတော်)၌ ရဟန်းသည် ဉာဏ်ဖြင့် ဆင်ခြင်၍ မှီဝဲသင့်သော အရာကို မှီဝဲ၏၊ ဉာဏ်ဖြင့် ဆင်ခြင်၍ သည်းခံသင့်သော အရာကို သည်းခံ၏၊ ဉာဏ်ဖြင့် ဆင်ခြင်၍ ရှောင်ကြဉ်သင့်သော အရာကို ရှောင်ကြဉ်၏။ ဉာဏ်ဖြင့် ဆင်ခြင်၍ ပယ်ဖျောက် သင့်သော အရာကို ပယ်ဖျောက်၏။ (ဤလေးပါးတို့တည်း)။ (၈)

၃ဝ၉။ အရိယဝံသတရားတို့သည် လေးပါးတို့တည်း။ ငါ့သျှင်တို့ ဤ (သာသနာတော်)၌ ရဟန်းသည် ရရသမျှသော သင်္ကန်းဖြင့် ရောင့်ရဲ၏၊ ရရသမျှသော သင်္ကန်းဖြင့် ရောင့်ရဲခြင်း၏ ဂုဏ်ကို ချီးမွမ်း လေ့ရှိ၏၊ သင်္ကန်းဟူသော အကြောင်းကြောင့် မလျောက်ပတ်သော မသင့်လျော်သော ရှာမှီးခြင်းသို့လည်း မရောက်၊ သင်္ကန်းမရခြင်းကြောင့်လည်း မတုန်လှုပ်၊ သင်္ကန်းရခြင်းကြောင့်လည်း ကပ်ငြိသောစိတ် မရှိ၊ တွေဝေသော စိတ် မရှိ၊ တွယ်တာသော စိတ်မရှိ၊ အပြစ်ကို ရှုလေ့ရှိ၏၊ (တဏှာမှ) ထွက်မြောက်သော ပညာနှင့်ပြည့်စုံသည် ဖြစ်၍ သုံးဆောင်၏၊ ထိုရရသမျှသော သင်္ကန်းဖြင့် ရောင့်ရဲခြင်းကြောင့် မိမိကိုယ်ကို လည်း မချီးမြှောက်၊ သူတစ်ပါးကိုလည်း မရှုတ်ချ၊ ထိုရရသမျှသော သင်္ကန်းဖြင့် ရောင့်ရဲခြင်း၌ အကြင် ရဟန်းသည် လိမ္မာ၏၊ ပျင်းရိခြင်း မရှိ၊ ပညာအဆင်အခြင်နှင့် ပြည့်စုံ၏၊ သတိနှင့် ပြည့်စုံ၏။

ငါ့သျှင်တို့ ဤသို့သော ရဟန်းကို ရှေး၌ဖြစ်သော အမြတ်ဟူ၍ သိအပ်သော အရိယဝံသတရား၌ တည်သော ရဟန်းဟု ဆိုအပ်၏။ (၉—၁)

ငါ့သျှင်တို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် ရရသမျှသော ဆွမ်းဖြင့် ရောင့်ရဲ၏၊ ရရသမျှသော ဆွမ်းဖြင့် ရောင့်ရဲခြင်း၏ ဂုဏ်ကို ချီးမွမ်းလေ့ရှိ၏၊ ဆွမ်းဟူသော အကြောင်းကြောင့် မလျောက်ပတ်သော မသင့်လျော်သော ရှာမှီးခြင်းသို့လည်း မရောက်၊ ဆွမ်းမရခြင်းကြောင့်လည်း မတုန်လှုပ်၊ ဆွမ်းရခြင်း ကြောင့်လည်း ကပ်ငြိသောစိတ် မရှိ၊ တွေဝေသောစိတ် မရှိ၊ တွယ်တာသောစိတ် မရှိ၊ အပြစ်ကို ရှုလေ့ ရှိ၏၊ (တဏှာမှ) ထွက်မြောက်သော ပညာနှင့် ပြည့်စုံသည်ဖြစ်၍ သုံးဆောင်၏၊ ထိုရရသမျှသော ဆွမ်းဖြင့် ရောင့်ရဲခြင်းကြောင့် မိမိကိုယ်ကိုလည်း မချီးမြှောက်၊ သူတစ်ပါးကိုလည်း မရှုတ်ချ၊ ထိုရရသမျှသော ဆွမ်းဖြင့် ရောင့်ရဲခြင်း၌ အကြင် ရဟန်းသည် လိမ္မာ၏၊ ပျင်းရိခြင်း မရှိ၊ ပညာ အဆင်အခြင်နှင့် ပြည့်စုံ၏၊ သတိနှင့် ပြည့်စုံ၏။

ငါ့သျှင်တို့ ဤသို့သော ရဟန်းကို ရှေး၌ဖြစ်သော အမြတ်ဟူ၍ သိအပ်သော အရိယဝံသတရား၌ တည်သော ရဟန်းဟု ဆိုအပ်၏။ (၉—၂)

ငါ့သျှင်တို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် ရရသမျှသော ကျောင်းဖြင့် ရောင့်ရဲ၏၊ ရရသမျှသော ကျောင်းဖြင့် ရောင့်ရဲခြင်း၏ ဂုဏ်ကို ချီးမွမ်းလေ့ရှိ၏၊ ကျောင်းဟူသော အကြောင်းကြောင့် မလျောက် ပတ်သော မသင့်လျော်သော ရှာမှီးခြင်းသို့လည်း မရောက်၊ ကျောင်းမရခြင်းကြောင့်လည်း မတုန်လှုပ်၊ ကျောင်းရခြင်းကြောင့်လည်း ကပ်ငြိသောစိတ် မရှိ၊ တွေဝေသောစိတ် မရှိ၊ တွယ်တာသောစိတ် မရှိ၊ အပြစ်ကို ရှုလေ့ရှိ၏၊ (တဏှာမှ) ထွက်မြောက်သော ပညာနှင့် ပြည့်စုံသည်ဖြစ်၍ သုံးဆောင်၏၊ ထိုရရ သမျှသော ကျောင်းဖြင့် ရောင့်ရဲခြင်းကြောင့် မိမိကိုယ်ကိုလည်း မချီးမြှောက်၊ သူတစ်ပါးကိုလည်း မရှုတ်ချ၊ ထိုရရသမျှသော ကျောင်းဖြင့် ရောင့်ရဲခြင်း၌ အကြင်ရဟန်းသည် လိမ္မာ၏၊ ပျင်းရိခြင်း မရှိ၊ ပညာအဆင် အခြင်နှင့် ပြည့်စုံ၏၊ သတိနှင့် ပြည့်စုံ၏၊

ငါ့သျှင်တို့ ဤသို့သော ရဟန်းကို ရှေး၌ဖြစ်သော အမြတ်ဟူ၍ သိအပ်သော အရိယဝံသတရား၌ တည်သော ရဟန်းဟု ဆိုအပ်၏။ (၉—၃)

ငါ့သျှင်တို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် ပယ်ခြင်း၌ မွေ့လျော်၏၊ ပယ်ခြင်း၌ ပျော်ပိုက်၏၊ ဘာဝနာ၌ မွေ့လျော်၏၊ ဘာဝနာ၌ ပျော်ပိုက်၏၊ ထိုပယ်ခြင်း၌ မွေ့လျော်ခြင်းကြောင့်လည်းကောင်း၊ ပယ်ခြင်း၌ ပျော်ပိုက်ခြင်းကြောင့်လည်းကောင်း၊ ဘာဝနာ၌ မွေ့လျော်ခြင်းကြောင့်လည်းကောင်း၊ ဘာဝနာ၌ ပျော်ပိုက်ခြင်းကြောင့်လည်းကောင်း မိမိကိုယ်ကိုလည်း မချီးမြှောက်၊ သူတစ်ပါးကိုလည်း မရှုတ်ချ၊ ထို ဘာဝနာပွါးများခြင်း၌ အကြင်ရဟန်းသည် လိမ္မာ၏၊ ပျင်းရိခြင်း မရှိ၊ ပညာအဆင်အခြင်နှင့် ပြည့်စုံ၏၊ သတိနှင့် ပြည့်စုံ၏။

ငါ့သျှင်တို့ ဤသို့သော ရဟန်းကို ရှေး၌ဖြစ်သော အမြတ်ဟူ၍ သိအပ်သော အရိယဝံသတရား၌ တည်သော ရဟန်းဟု ဆိုအပ်၏။ (၉—၄)

၃၁ဝ။ ဝီရိယကို အားထုတ်ခြင်းပဓာနတရားတို့သည် စက္ခုန္ဒြေစသည်ကို စောင့်သော ပုဂ္ဂိုလ်အား ဖြစ်သော ဝီရိယ ‘သံဝရပဓာန’၊ ကာမဝိတက်စသည်ကို ပယ်သော ပုဂ္ဂိုလ်အားဖြစ်သော ဝီရိယ ‘ပဟာန ပဓာန’၊ ဗောဇ္ဈင်စသည်ကို ပွါးစေသော ပုဂ္ဂိုလ်အားဖြစ်သော ဝီရိယ ‘ဘာဝနာပဓာန’၊ သမာဓိနိမိတ်ကို စောင့်သော ပုဂ္ဂိုလ်အား ဖြစ်သော ဝီရိယ ‘အနုရက္ခဏာပဓာန’ အားဖြင့် လေးပါးတို့တည်း။

ငါ့သျှင်တို့ စက္ခုန္ဒြေစသည်ကို စောင့်သော ပုဂ္ဂိုလ်အားဖြစ်သော ဝီရိယ’သံဝရပဓာန’ သည် အဘယ် နည်းဟူမူ —

ငါ့သျှင်တို့ ဤသာသနာတော်၌ ရဟန်းသည် မျက်စိဖြင့် အဆင်း ‘ရူပါရုံ’ ကို မြင်သော် (မိန်းမ ယောကျာ်းစသော) သဏ္ဌာန်နိမိတ်ကို စွဲယူလေ့မရှိ၊ (လက်ခြေစသောအင်္ဂါ ပြုံးဟန်ရယ်ဟန်စသော အမူ အရာ) အမှတ်လက္ခဏာကို စွဲယူလေ့မရှိ၊ (အကယ်၍) စက္ခုန္ဒြေကို မစောင့်စည်းဘဲနေလျှင် ယင်း (စက္ခုန္ဒြေကို မစောင့်စည်းခြင်းဟူသော) အကြောင်းကြောင့် မက်မောခြင်း ‘အဘိဇ္ဈ ာ‘ နှလုံးမသာယာခြင်း ‘ဒေါမနဿ’ဟူသော ယုတ်မာသော အကုသိုလ်တရားတို့သည် ထိုမစောင့်စည်းသူကို လိုက်၍ နှိပ်စက်ကုန် ရာ၏။ (ထို့ကြောင့် ရဟန်းသည်) ထိုစက္ခုန္ဒြေကို စောင့်စည်းခြင်းငှါ ကျင့်၏၊ စက္ခုန္ဒြေကို စောင့်စည်း၏၊ စက္ခုန္ဒြေ၌ စောင့်စည်းခြင်းသို့ ရောက်၏။

နားဖြင့် အသံ ‘သဒ္ဒါရုံ’ ကို ကြားသော် —

နှာဖြင့် အနံ့ ‘ဂန္ဓာရုံ’ ကို နမ်းသော် —

လျှာဖြင့် အရသာ ‘ရသာရုံ’ ကို လျက်သော် —

ကိုယ်ဖြင့် အတွေ့ ‘ဖောဋ္ဌဗ္ဗာရုံ’ ကို ထိသော် —

စိတ်ဖြင့် သဘော တရား ‘ဓမ္မာရုံ’ ကို သိသော် (မိန်းမယောကျာ်းစသော) သဏ္ဌာန်နိမိတ်ကို စွဲယူလေ့ မရှိ၊ (လက်ခြေစသော အင်္ဂါ ပြုံးဟန် ရယ်ဟန်စသော အမူအရာ) အမှတ်လက္ခဏာကို စွဲယူလေ့မရှိ၊ (အကယ်၍) မနိန္ဒြေကို မစောင့်စည်းဘဲနေလျှင် ယင်း (မနိန္ဒြေကို မစောင့်စည်းခြင်းဟူသော) အကြောင်း့ကြောင့် မက်မောခြင်း ‘အဘိဇ္ဈ ာ‘ နှလုံးမသာယာခြင်း ‘ဒေါမနဿ’ဟူသော ယုတ်မာသော အကုသိုလ်တရား တို့သည် ထိုမစောင့်စည်းသူကို လိုက်၍ နှိပ်စက်ကုန်ရာ၏။ (ထို့ကြောင့် ရဟန်းသည်) ထိုမနိန္ဒြေကို စောင့် စည်းခြင်းငှါ ကျင့်၏၊ မနိန္ဒြေကို စောင့်စည်း၏၊ မနိန္ဒြေ၌ စောင့်စည်းခြင်းသို့ ရောက်၏။

ငါ့သျှင်တို့ ဤသဘောတရားကို စက္ခုန္ဒြေစသည်ကို စောင့်သော ပုဂ္ဂိုလ်အားဖြစ်သော ဝီရိယ ‘သံဝရ ပဓာန’ ဟူ၍ ဆိုအပ်၏။ (၁ဝ—၁)

ငါ့သျှင်တို့ ကာမဝိတက်စသည်ကို ပယ်သော ပုဂ္ဂိုလ်အားဖြစ်သော ဝီရိယ ‘ပဟာနပဓာန’ သည် အဘယ်နည်းဟူမူ —

ငါ့သျှင်တို့ ဤသာသနာတော်၌ ရဟန်းသည် ဖြစ်ပြီးသော ကာမဝိတက်ကို လက်မခံ၊ စွန့်၏၊ ပယ် ဖျောက်၏၊ ကင်းအောင် ပြု၏၊ တစ်ဖန် မဖြစ်ခြင်းသို့ ရောက်စေ၏၊ ဖြစ်ပြီးသော ဗျာပါဒဝိတက်ကို။ပ။ ဖြစ်ပြီးသော ဝိဟ သာဝိတက်ကို။ပ။ ဖြစ်ကုန်ဖြစ်ကုန်ပြီးသော မကောင်းမှုအကုသိုလ်တရားတို့ကို လက်မခံ၊ စွန့်၏၊ ပယ်ဖျောက်၏၊ ကင်းအောင် ပြု၏၊ တစ်ဖန် မဖြစ်ခြင်းသို့ ရောက်စေ၏။

ငါ့သျှင်တို့ ဤသဘောတရားကို ကာမဝိတက်စသည်ကို ပယ်သော ပုဂ္ဂိုလ်အားဖြစ်သော ဝီရိယ ‘ပဟာနပဓာန’ ဟူ၍ ဆိုအပ်၏။ (၁ဝ—၂)

ငါ့သျှင်တို့ ဗောဇ္ဈင်စသည်ကို ပွါးစေသောပုဂ္ဂိုလ်အားဖြစ်သော ဝီရိယ ‘ဘာဝနာပဓာန’သည် အဘယ် နည်းဟူမူ —

ငါ့သျှင်တို့ ဤသာသနာတော်၌ ရဟန်းသည် ဆိတ်ငြိမ်ရာကို မှီ၍ဖြစ်သော၊ ရာဂကင်းရာကို မှီ၍ ဖြစ်သော၊ ရာဂချုပ်ရာကို မှီ၍ဖြစ်သော၊ နိဗ္ဗာန်သို့ ညွတ်သော မဂ်၏ အကြောင်းဖြစ်သော အောက်မေ့မှု ‘သတိသမ္ဗောဇ္ဈင်’ကို ပွါးများ၏။ မဂ်၏ အကြောင်းဖြစ်သော ပညာ ‘ဓမ္မဝိစယသမ္ဗောဇ္ဈင်’ ကို ပွါးများ၏။ မဂ်၏ အကြောင်းဖြစ်သော လုံ့လ ‘ဝီရိယသမ္ဗောဇ္ဈင်’ ကို ပွါးများ၏။ မဂ်၏ အကြောင်းဖြစ်သော နှစ်သိမ့်မှု ‘ပီတိသမ္ဗောဇ္ဈင်’ ကို ပွါးများ၏။ မဂ်၏ အကြောင်းဖြစ်သော ငြိမ်းအေးမှု ‘ပဿဒ္ဓိသမ္ဗောဇ္ဈင်’ကို ပွါးများ၏။ မဂ်၏ အကြောင်းဖြစ်သော တည်ကြည်မှု ‘သမာဓိသမ္ဗောဇ္ဈင်’ ကို ပွါးများ၏။ ဆိတ်ငြိမ်ရာကို မှီ၍ဖြစ်သော၊ ရာဂကင်းရာကို မှီ၍ဖြစ်သော၊ ရာဂချုပ်ရာကို မှီ၍ဖြစ်သော၊ နိဗ္ဗာန်သို့ ညွတ်သော မဂ်၏ အကြောင်းဖြစ်သော လျစ်လျူရှုမှု ‘ဥပေက္ခာသမ္ဗောဇ္ဈင် ‘ကို ပွါးများ၏။

ငါ့သျှင်တို့ ဤသဘောတရားကို ဗောဇ္ဈ င်စသည်ကို ပွါးစေသော ပုဂ္ဂိုလ်အားဖြစ်သော ဝီရိယ ‘ဘာဝနာပဓာန’ ဟူ၍ ဆိုအပ်၏။ (၁ဝ—၃)

ငါ့သျှင်တို့ သမာဓိနိမိတ်ကို စောင့်သော ပုဂ္ဂိုလ်အားဖြစ်သော ဝီရိယ ‘အနုရက္ခဏာပဓာန’ သည် အဘယ်နည်းဟူမူ —

ငါ့သျှင်တို့ ဤသာသနာတော်၌ ရဟန်းသည် အရိုးစုအကောင်ပုပ်ဟု အမှတ်ရှိသော၊ ပိုးလောက် ပြည့်သော အကောင်ပုပ်ဟု အမှတ်ရှိသော၊ ညိုညိုမဲမဲအကောင်ပုပ်ဟု အမှတ်ရှိသော၊ နှစ်ဖြာထက်ပိုင်း ပြတ် နေသည့် စက်ဆုပ်ဖွယ် အကောင်ပုပ်ဟု အမှတ်ရှိသော၊ ဖူးဖူးယောင်သော အကောင်ပုပ်ဟု အမှတ်ရှိသော ရအပ်ပြီးဖြစ်သော သမာဓိနိမိတ်ကို စောင့်၏။

ငါ့သျှင်တို့ ဤသဘောတရားကို သမာဓိနိမိတ်ကို စောင့်သော ပုဂ္ဂိုလ်အားဖြစ်သော ဝီရိယ ‘အနုရ က္ခဏာပဓာန’ ဟူ၍ ဆိုအပ်၏။ (၁ဝ—၄)

ဉာဏ်တို့သည် သစ္စာလေးပါး၌ သိသော ဓမ္မဉာဏ်၊ ဓမ္မဉာဏ်သို့ အစဉ်လိုက်သော အနွယဉာဏ်၊ သူတစ်ပါးတို့ စိတ်ကို ပိုင်းခြားသိသော ပရိစ္ဆေဒဉာဏ်၊ သမ္မုတိပညတ်၌ သိသော ဉာဏ်အားဖြင့် လေး ပါးတို့တည်း။ (၁၁)

ထိုမှတစ်ပါးလည်း ဉာဏ်တို့သည် ဆင်းရဲကို သိသော ဉာဏ်၊ ဆင်းရဲဖြစ်ကြောင်းကို သိသော ဉာဏ်၊့ဆင်းရဲချုပ်ရာ နိဗ္ဗာန်ကို သိသောဉာဏ်၊ ဆင်းရဲချုပ်ရာ နိဗ္ဗာန်ရောက်ကြောင်း အကျင့်ကို သိသော ဉာဏ်အားဖြင့် လေးပါးတို့တည်း။ (၁၂)

၃၁၁။ သောတာပတ္တိမဂ်ရခြင်း အကြောင်း ‘အင်္ဂါ’ တို့သည် သူတော်ကောင်းကို မှီဝဲခြင်း၊ သူတော် ကောင်းတရားကို ကြားနာခြင်း၊ အသင့်အတင့်နှလုံးသွင်းခြင်း၊ လောကုတ္တရာနှင့်လျော်သော အကျင့်ကို ကျင့်ခြင်းအားဖြင့် လေးပါးတို့တည်း။ (၁၃)

သောတာပန်၏ အင်္ဂါတို့သည် လေးပါးတို့တည်း။ ငါ့သျှင်တို့ ဤသာသနာတော်၌ အရိယာသာဝက သည် မြတ်စွာဘုရား၌ ဉာဏ်ဖြင့် တွေ့မြင်၍ (တုန်လှုပ်ခြင်းမရှိသော) ကြည်ညိုခြင်းနှင့် ပြည့်စုံ၏။ “ထို မြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သော အကြောင်းကြောင့်လည်း ‘အရဟံ’ မည်တော်မူ ပါပေ၏၊ (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော အကြောင်းကြောင့်လည်း ‘သမ္မာသမ္ဗုဒ္ဓ’ မည်တော်မူပါပေ၏၊ အသိဉာဏ် ‘ဝိဇ္ဇာ’ အကျင့် ‘စရဏ’နှင့် ပြည့်စုံတော်မူသော အကြောင်း ကြောင့်လည်း ‘ဝိဇ္ဇာစရဏသမ္ပန္န ‘ မည်တော်မူပါပေ၏၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော အ ကြောင်းကြောင့်လည်း ‘သုဂတ’ မည်တော်မူပါပေ၏၊ လောကကို သိတော်မူသော အကြောင်းကြောင့်လည်း ‘လောကဝိဒူ’မည်တော်မူပါပေ၏၊ ဆုံးမထိုက်သူကို ဆုံးမတတ်သည့် အတုမဲ့ပုဂ္ဂိုလ် ဖြစ်တော်မူသော အကြောင်းကြောင့်လည်း ‘အနုတ္တရော ပုရိသဒမ္မသာရထိ’ မည်တော်မူပါပေ၏၊ နတ်လူတို့၏ ဆရာဖြစ်တော် မူသော အကြောင်းကြောင့်လည်း ‘သတ္ထာဒေဝမနုဿာနံ’ မည်တော်မူပါပေ၏၊ (သစ္စာလေးပါးတို့ကို) သိ စေတော်မူသော အကြောင်းကြောင့်လည်း ‘ဗုဒ္ဓ’မည်တော်မူပါပေ၏၊ ဘုန်းတန်ခိုး ကြီးတော်မူသော အ ကြောင်းကြောင့်လည်း ‘ဘဂဝါ’ မည်တော်မူပါပေ၏”ဟု (ဉာဏ်ဖြင့် တွေ့မြင်၍ တုန်လှုပ်ခြင်းမရှိသော ကြည်ညိုခြင်းနှင့် ပြည့်စုံ၏)။

တရားတော်၌ ဉာဏ်ဖြင့် တွေ့မြင်၍ (တုန်လှုပ်ခြင်းမရှိသော) ကြည်ညိုခြင်းနှင့် ပြည့်စုံ၏။ “မြတ်စွာဘုရားဟောသော တရားတော်သည် ကောင်းစွာ ဟောထားသော တရားတော်ပါပေတည်း၊ ကိုယ် တိုင် သိမြင်နိုင်သော တရားတော်ပါပေတည်း၊ အခါမလင့် အကျိုးပေးတတ်သော တရားတော်ပါပေတည်း၊ ‘လာလှည့်၊ ရှုလှည့်’ဟု ပြထိုက်သော တရားတော်ပါပေတည်း၊ (မိမိကိုယ်ထဲ စိတ်ထဲ၌) ဆောင်ယူထား ထိုက်သော တရားတော်ပါပေတည်း၊ (အရိယာ) ပညာရှိတို့သာ ကိုယ်စီကိုယ်င သိနိုင် ခံစားနိုင်သော တရား တော်ပါပေတည်း”ဟု (ဉာဏ်ဖြင့် တွေ့မြင်၍ တုန်လှုပ်ခြင်း မရှိသော ကြည်ညိုခြင်းနှင့် ပြည့်စုံ၏)။

သံဃာတော်၌ ဉာဏ်ဖြင့် တွေ့မြင်၍ (တုန်လှုပ်ခြင်း မရှိသော) ကြည်ညိုခြင်းနှင့် ပြည့်စုံ၏။ “မြတ်စွာ ဘုရား၏ တပည့်သား ‘သာဝက’ သံဃာတော်သည် ကောင်းသော အကျင့်ရှိတော်မူပါပေ၏၊ မြတ်စွာဘုရား၏ တပည့်သား ‘သာဝက’ သံဃာတော်သည် ဖြောင့်မတ်သော အကျင့်ရှိတော်မူပါပေ၏၊ မြတ်စွာဘုရား၏ တပည့်သား ‘သာဝက’သံဃာတော်သည် မှန်သော အကျင့်ရှိတော်မူပါပေ၏၊ မြတ်စွာဘုရား၏ တပည့်သား ‘သာဝက’သံဃာတော်သည် လျော်ကန်သော အကျင့်ရှိတော်မူပါပေ၏၊ အစုံအားဖြင့် လေးစုံ, ပုဂ္ဂိုလ်အားဖြင့် ရှစ်ယောက်အရေအတွက်ရှိသော မြတ်စွာဘုရား၏ တပည့်သား ‘သာဝက’ သံဃာတော်သည် (အရပ်ဝေး မှ) ဆောင်လာ၍သော်လည်း ပေးလှူပူဇော်ရန် ထိုက်တန်တော်မူပါပေ၏၊ ဧည့်သည်အလို့ငှါ စီမံထားသော ဝတ္ထုကိုသော်လည်း ပေးလှူပူဇော်ရန် ထိုက်တန်တော်မူပါပေ၏၊ တမလွန်အတွက် ရည်မျှော်သော အလှူ ကို ခံတော်မူထိုက်ပါပေ၏၊ လက်အုပ်ချီခြင်းကို ခံတော်မူထိုက်ပါပေ၏၊ သတ္တဝါအပေါင်း၏ ကောင်းမှုပြုရန် အမြတ်ဆုံး လယ်မြေဖြစ်တော်မူပါပေ၏”ဟု (ဉာဏ်ဖြင့် တွေ့မြင်၍ တုန်လှုပ်ခြင်းမရှိသော ကြည်ညိုခြင်း နှင့် ပြည့်စုံ၏)။

တဏှာကျွန်အဖြစ်မှ ကျွတ်လွတ်စေတတ်ကုန်သော၊ ပညာရှိတို့ ချီးမွမ်းအပ်ကုန်သော၊ (မှားယွင်းစွာ) မသုံးသပ်အပ်ကုန်သော၊ သမာဓိကို ဖြစ်စေတတ်ကုန်သော၊ မကျိုး မပေါက် မပြောက် မကျားကုန်သောအရိယာတို့ မြတ်နိုးအပ်သော သီလနှင့် ပြည့်စုံ၏၊ (ဤလေးပါးတို့တည်း)။ (၁၄)

ရဟန်း၏ အကျိုးတို့သည် သောတာပတ္တိဖိုလ်၊ သကဒါဂါမိဖိုလ်၊ အနာဂါမိဖိုလ်၊ အရဟတ္တဖိုလ်အားဖြင့် လေးပါးတို့တည်း။ (၁၅)

ဓာတ်တို့သည် ပထဝီဓာတ်၊ အာပေါဓာတ်၊ တေဇောဓာတ်၊ ဝါယောဓာတ်အားဖြင့် လေးပါးတို့ တည်း။ (၁၆)

အာဟာရတို့သည် ကြမ်းတမ်းသည်လည်း ဖြစ်သော နူးညံ့သည်လည်း ဖြစ်သော အလုံးအခဲပြုအပ်သော အာဟာရ၊ နှစ်ခုမြောက်သော ဖဿာဟာရ၊ သုံးခုမြောက်သော မနောသေဉ္စတနာဟာရ၊ လေးခု မြောက်သော ဝိညာဏာဟာရအားဖြင့် လေးပါးတို့တည်း။ (၁၇)

ဝိညာဏဋ္ဌိတိတို့သည် လေးပါးတို့တည်း။ ငါ့သျှင်တို့ ရုပ်လျှင် မှီရာရှိသည်လည်း ဖြစ်သော ရုပ်လျှင် အထောက်အပံ့ ရှိသည်လည်းဖြစ်သော ရုပ်လျှင် တည်ရာရှိသည်လည်းဖြစ်သော (အဘိသင်္ခါရ) ဝိညာဉ်သည် တည်ဆဲဖြစ်၍ တည်၏၊ တဏှာတည်းဟူသော ရေသွန်းဖျန်းအပ်သည်ဖြစ်၍ ကြီးပွါးစည်ပင် ပြန့်ပြောခြင်းသို့ ရောက်၏။ ငါ့သျှင်တို့ ဝေဒနာလျှင် မှီရာရှိသည်လည်း ဖြစ်သော။ ငါ့သျှင်တို့ သညာလျှင် မှီရာရှိသည်လည်းဖြစ်သော။ ငါ့သျှင်တို့ သင်္ခါရလျှင် မှီရာရှိသည်လည်းဖြစ်သော သင်္ခါရလျှင် အထောက်အပံ့ ရှိသည်လည်းဖြစ်သော သင်္ခါရလျှင် တည်ရာရှိသည်လည်းဖြစ်သော ဝိညာဉ်သည် တည်ဆဲ ဖြစ်၍ တည်၏၊ တဏှာတည်းဟူသော ရေသွန်းဖျန်းအပ်သည် ဖြစ်၍ ကြီးပွါးစည်ပင် ပြန့်ပြောခြင်းသို့ ရောက်၏၊ (ဤလေးပါးတို့တည်း)။ (၁၈)

မလားအပ်သည်သို့ လားခြင်းတို့သည် လေးပါးတို့တည်း။ ချစ်သောအားဖြင့် မလားအပ်သည်သို့ လား၏၊ မုန်းသောအားဖြင့် မလားအပ်သည်သို့ လား၏၊ မသိသောအားဖြင့် မလားအပ်သည်သို့ လား၏၊ ကြောက်သောအားဖြင့် မလားအပ်သည်သို့ လား၏၊ (ဤလေးပါးတို့တည်း)။ (၁၉)

တဏှာ၏ ဖြစ်ခြင်းတို့သည် လေးပါးတို့တည်း။ ငါ့သျှင်တို့ သင်္ကန်းဟူသော အကြောင်းကြောင့်လည်း ရဟန်းအား တဏှာသည် ဖြစ်ဆဲဖြစ်၍ ဖြစ်၏၊ ငါ့သျှင်တို့ ဆွမ်းဟူသော အကြောင်းကြောင့်လည်း ရဟန်းအား တဏှာသည် ဖြစ်ဆဲဖြစ်၍ ဖြစ်၏၊ ငါ့သျှင်တို့ ကျောင်းဟူသော အကြောင်းကြောင့်လည်း ရဟန်းအား တဏှာသည် ဖြစ်ဆဲဖြစ်၍ ဖြစ်၏၊ ငါ့သျှင်တို့ မြတ်ကုန် အထူးသဖြင့် မြတ်ကုန်သော ဆီ ပျား တင်လဲစသော အကြောင်းကြောင့်လည်း ရဟန်းအား တဏှာသည် ဖြစ်ဆဲဖြစ်၍ ဖြစ်၏၊ (ဤလေးပါးတို့တည်း)။ (၂ဝ)

အကျင့်တို့သည် နှေးသော အသိဉာဏ်ရှိသော ဆင်းရဲသော အကျင့်၊ လျင်သော အသိဉာဏ်ရှိသော ဆင်းရဲသော အကျင့်၊ နှေးသော အသိဉာဏ်ရှိသော ချမ်းသာသော အကျင့်၊ လျင်သော အသိဉာဏ်ရှိသော ချမ်းသာသော အကျင့်အားဖြင့် လေးပါးတို့တည်း။ (၂၁)

ထိုမှတစ်ပါးလည်း အကျင့်တို့သည် (အချမ်း အပူစသည်ကို) သည်းမခံနိုင်သော အကျင့်၊ (အချမ်း အပူစသည်ကို) သည်းခံနိုင်သော အကျင့်၊ ဣန္ဒြေကို ဆုံးမသော အကျင့်၊ ကာမဝိတက်စသည်ကို ငြိမ်းစေသော အကျင့်အားဖြင့် လေးပါးတို့တည်း။ (၂၂)

တရားအစုတို့သည် အလောဘဟူသော တရားအစု၊ အဒေါသဟူသော တရားအစု၊ သမ္မာသတိ ဟူသော တရားအစု၊ သမ္မာသမာဓိဟူသော တရားအစုအားဖြင့် လေးပါးတို့တည်း။ (၂၃)

တရားကို ဆောက်တည်ခြင်းတို့သည် လေးပါးတို့တည်း။ ငါ့သျှင်တို့ ယခု ပစ္စုပ္ပန်၌လည်း ဆင်းရဲသော နောင်အခါ၌လည်း ဆင်းရဲသော အကျိုးကို ပေးတတ်သော တရားကို ဆောက်တည်ခြင်းသည် ရှိ၏၊ ငါ့သျှင်တို့ ယခုပစ္စုပ္ပန်၌ ဆင်းရဲသော နောင်အခါ၌ ချမ်းသာကျိုးကို ပေးတတ်သော တရားကို ဆောက် တည်ခြင်းသည် ရှိ၏၊ ငါ့သျှင်တို့ ယခုပစ္စုပ္ပန်၌ ချမ်းသာသော နောင်အခါ၌ ဆင်းရဲကျိုးကို ပေးတတ်သော တရားကို ဆောက်တည်ခြင်းသည် ရှိ၏၊ ငါ့သျှင်တို့ ယခုပစ္စုပ္ပန်၌လည်း ချမ်းသာသော နောင်အခါ၌လည်း့ချမ်းသာကျိုးကို ပေးတတ်သော တရားကို ဆောက်တည်ခြင်းသည် ရှိ၏၊ (ဤလေးပါးတို့တည်း)။ (၂၄)

တရားဂုဏ် ‘ဓမ္မက္ခန္ဓာ’ တို့သည် သီလဂုဏ် ‘သီလက္ခန္ဓ’၊ သမာဓိဂုဏ် ‘သမာဓိက္ခန္ဓ’၊ ပညာဂုဏ် ‘ပညာက္ခန္ဓ’၊ ဝိမုတ္တိဂုဏ် ‘ဝိမုတ္တိက္ခန္ဓ’ အားဖြင့် လေးပါးတို့တည်း။ (၂၅)

ဗိုလ်တို့သည် အားထုတ်ခြငး် ‘ဝီရိယ’ ဗိုလ်၊ အောက်မေ့ခြင်း ‘သတိ’ဗိုလ်၊ တည်ကြည်ခြင်း ‘သမာဓိ’ ဗိုလ်၊ အပြားအားဖြင့် သိခြင်း ‘ပညာ’ဗိုလ်အားဖြင့် လေးပါးတို့တည်း။ (၂၆)

အဓိဋ္ဌာန် ‘တည်ရာ’ တို့သည် ပညာသာလျှင် အဓိဋ္ဌာန် ‘တည်ရာ’၊ သစ္စာသာလျှင် အဓိဋ္ဌာန် ‘တည်ရာ’၊ စွန့်ကြဲခြင်းသာလျှင် အဓိဋ္ဌာန် ‘တည်ရာ’၊ ကိလေသာငြိမ်းခြင်းသာလျှင် အဓိဋ္ဌာန် ‘တည်ရာ’အားဖြင့် လေးပါး တို့တည်း။ (၂၇)

၃၁၂။ ပြဿနာဖြေခြင်းတို့သည် စင်စစ်ဖြေအပ်သော ပြဿနာ၊ တစ်ဖန်မေး၍ ဖြေအပ်သော ပြဿနာ၊ အကျယ်ဝေဖန်၍ ဖြေအပ်သော ပြဿနာ၊ မေးသည်ကို မဖြေဘဲထား၍ ဖြေအပ်သော ပြဿနာ အားဖြင့် လေးပါးတို့တည်း။ (၂၈)

ကံတို့သည် လေးပါးတို့တည်း။ ငါ့သျှင်တို့ မည်း၍ မည်းသော အကျိုးကို ပေးတတ်သော ကံသည် ရှိ၏၊ ငါ့သျှင်တို့ ဖြူ၍ ဖြူသော အကျိုးကို ပေးတတ်သော ကံသည် ရှိ၏၊ ငါ့သျှင်တို့ အမည်း အဖြူ နှစ်မျိုးရော၍ အမည်း အဖြူ နှစ်မျိုးရောသော အကျိုးကို ပေးတတ်သော ကံသည် ရှိ၏၊ ငါ့သျှင်တို့ အမည်းလည်း မဟုတ်, အဖြူလည်း မဟုတ်၍ အမည်းလည်း မဟုတ်, အဖြူလည်း မဟုတ်သော အကျိုး ကို ပေးတတ်သော ကံသည် ရှိ၏၊ ထိုကံသည် ကံကုန်ခြင်းငှါ ဖြစ်၏၊ (ဤလေးပါးတို့တည်း)။ (၂၉)

မျက်မှောက်ပြုအပ်သော တရားတို့သည် လေးပါးတို့တည်း။ ရှေး၌ နေဖူးသော ခန္ဓာအစဉ်ကို အောက်မေ့ခြင်း ‘သတိ’ ဖြင့် မျက်မှောက်ပြုအပ်၏၊ သတ္တဝါတို့၏ စုတိ ပဋိသန္ဓေကို ဒိဗ္ဗစက္ခုအဘိညာဉ်ဖြင့် မျက်မှောက်ပြုအပ်၏၊ ဝိမောက္ခရှစ်ပါးတို့ကို နာမကာယဖြင့် မျက်မှောက်ပြုအပ်၏၊ အာသဝေါတရားတို့၏ ကုန်ခြင်းကို အရဟတ္တဖိုလ်ပညာဖြင့် မျက်မှောက်ပြုအပ်၏၊ (ဤလေးပါးတို့တည်း)။ (၃ဝ)

နစ်မွန်းတတ်သော သြဃတို့သည် ကာမောဃ၊ ဘဝေါဃ၊ ဒိဋ္ဌောဃ၊ အဝိဇ္ဇောဃအားဖြင့် လေးပါး တို့တည်း။ (၃၁)

(ဝဋ်၌) ယှဉ်ခြင်း ‘ယောဂ’ တို့သည် ကာမယောဂ၊ ဘဝယောဂ၊ ဒိဋ္ဌိယောဂ၊ အဝိဇ္ဇာယောဂအားဖြင့် လေးပါးတို့တည်း။ (၃၂)

မယှဉ်ခြင်းတို့သည် ကာမယောဂနှင့် မယှဉ်ခြင်း၊ ဘဝယောဂနှင့် မယှဉ်ခြင်း၊ ဒိဋ္ဌိယောဂနှင့် မယှဉ် ခြင်း၊ အဝိဇ္ဇာယောဂနှင့် မယှဉ်ခြင်းအားဖြင့် လေးပါးတို့တည်း။ (၃၃)

(ဝဋ်၌) ထုံးဖွဲ့တတ်သော ဂန္ထတို့သည် အဘိဇ္ဈာကာယဂန္ထ၊ ဗျာပါဒကာယဂန္ထ၊ သီလဗ္ဗတပရာမာသ ကာယဂန္ထ၊ ဣဒံသစ္စာဘိနိဝေသကာယဂန္ထအားဖြင့် လေးပါးတို့တည်း။ (၃၄)

ဥပါဒါန်တို့သည် ကာမုပါဒါန်၊ ဒိဋ္ဌုပါဒါန်၊ သီလဗ္ဗတုပါဒါန်၊ အတ္တဝါဒုပါဒါန်အားဖြင့် လေးပါးတို့ တည်း။ (၃၅)

ပဋိသန္ဓေတို့သည် အဥ၌ဖြစ်သော ပဋိသန္ဓေ၊ သားအိမ်၌ဖြစ်သော ပဋိသန္ဓေ၊ အညှိ၌ဖြစ်သော ပဋိသန္ဓေ၊ ထင်ရှားစွာ အလိုလို ကျရောက်သကဲ့သို့ဖြစ်သော ပဋိသန္ဓေအားဖြင့် လေးပါးတို့တည်း။ (၃၆)

အမိဝမ်း၌ ပဋိသန္ဓေ ကိန်းအောင်းခြင်းတို့သည် လေးပါးတို့တည်း။ ငါ့သျှင်တို့ ဤလောက၌ အချို့သော သူသည် ပညာအသိ မရှိမူ၍ အမိဝမ်းသို့ သက်၏၊ ပညာအသိ မရှိမူ၍ အမိဝမ်း၌ တည်၏၊ ပညာ အသိ မရှိမူ၍ အမိဝမ်းမှ ထွက်၏။ ဤကား ရှေးဦးစွာသော အမိဝမ်းသို့ သက်ခြင်းတည်း။

ငါ့သျှင်တို့ တစ်ဖန်ထို့ပြင်လည်း ဤလောက၌ အချို့သော သူသည် ပညာအသိရှိလျက် အမိဝမ်းသို့ သက်၏၊ ပညာအသိမရှိဘဲ အမိဝမ်း၌ တည်၏၊ ပညာအသိမရှိဘဲ အမိဝမ်းမှ ထွက်၏။ ဤကား နှစ်ခု မြောက် အမိဝမ်းသို့ သက်ခြင်းတည်း။

ငါ့သျှင်တို့ တစ်ဖန်ထို့ပြင်လည်း ဤလောက၌ အချို့သော သူသည် ပညာအသိရှိလျက် အမိဝမ်းသို့ သက်၏၊ ပညာအသိရှိလျက် အမိဝမ်း၌ တည်၏၊ ပညာအသိမရှိဘဲ အမိဝမ်းမှ ထွက်၏။ ဤကား သုံးခု မြောက် အမိဝမ်းသို့ သက်ခြင်းတည်း။

ငါ့သျှင်တို့ တစ်ဖန်ထို့ပြင်လည်း ဤလောက၌ အချို့သော သူသည် ပညာအသိရှိလျက် အမိဝမ်းသို့ သက်၏၊ ပညာအသိရှိလျက် အမိဝမ်း၌ တည်၏၊ ပညာအသိရှိလျက် အမိဝမ်းမှ ထွက်၏။ ဤကား လေးခုမြောက် အမိဝမ်းသို့ သက်ခြင်းတည်း။ (၃၇)

ဘဝသစ်ကို ရခြင်းတို့သည် လေးပါးတို့တည်း။ ငါ့သျှင်တို့ အကြင်အတ္တဘောကို ရခြင်း၌ မိမိ စေတနာသည်သာလျှင် ဖြစ်၏၊ သူတစ်ပါးစေတနာသည် မဖြစ်၊ ထိုအတ္တဘောကို ရခြင်းသည် ရှိ၏။

ငါ့သျှင်တို့ အကြင်အတ္တဘောကို ရခြင်း၌ သူတစ်ပါးစေတနာသည်သာလျှင် ဖြစ်၏၊ မိမိ၏ စေတနာ သည် မဖြစ်၊ ထိုအတ္တဘောကို ရခြင်းသည် ရှိ၏။

ငါ့သျှင်တို့ အကြင်အတ္တဘောကို ရခြင်း၌ မိမိစေတနာသည်လည်း ဖြစ်၏၊ သူတစ်ပါးစေတနာသည် လည်း ဖြစ်၏၊ ထိုအတ္တဘောကို ရခြင်းသည် ရှိ၏။

ငါ့သျှင်တို့ အကြင်အတ္တဘောကို ရခြင်း၌ မိမိစေတနာသည်လည်း မဖြစ်၊ သူတစ်ပါးစေတနာသည် လည်း မဖြစ်၊ ထိုအတ္တဘောကို ရခြင်းသည် ရှိ၏၊ (ဤလေးပါးတို့တည်း)။ (၃၈)

၃၁၃။ အလှူ၏ စင်ကြယ်ခြင်းတို့သည် လေးပါးတို့တည်း။ ငါ့သျှင်တို့ အကြင်အလှူသည် ဒါယကာကြောင့် စင်ကြယ်၏၊ အလှူခံပုဂ္ဂိုလ်ကြောင့် မစင်ကြယ်၊ ထိုအလှူသည် ရှိ၏။

ငါ့သျှင်တို့ အကြင် အလှူသည် အလှူခံပုဂ္ဂိုလ်ကြောင့် စင်ကြယ်၏၊ ဒါယကာကြောင့် မစင်ကြယ်၊ ထိုအလှူသည် ရှိ၏။

ငါ့သျှင်တို့ အကြင် အလှူသည် ဒါယကာကြောင့်လည်း မစင်ကြယ်၊ အလှူခံပုဂ္ဂိုလ်ကြောင့်လည်း မစင်ကြယ်၊ ထိုအလှူသည် ရှိ၏။

ငါ့သျှင်တို့ အကြင် အလှူသည် ဒါယကာကြောင့်လည်း စင်ကြယ်၏၊ အလှူခံပုဂ္ဂိုလ်ကြောင့်လည်း စင်ကြယ်၏၊ ထိုအလှူသည် ရှိ၏၊ (ဤလေးပါးတို့တည်း)။ (၃၉)

အဆွေခင်ပွန်းရခြင်း၏ အကြောင်းတို့သည် ပေးကမ်းခြင်း၊ ချစ်ဖွယ်သော စကားကို ဆိုခြင်း၊ အကျိုးကို ကျင့်ခြင်း၊ မိမိနှင့် ကိုယ်တူပြုခြင်းအားဖြင့် လေးပါးတို့တည်း။ (၄ဝ)

အရိယာမဟုတ်သူတို့၏ စကားတို့သည် မဟုတ်မမှန်ပြောခြင်း၊ ကုန်းတိုက်စကားကို ပြောဆိုခြင်း၊ အကျိုးမဲ့စကားကို ပြောခြင်း၊ ကြမ်းတမ်းသော စကားကို ပြောခြင်းအားဖြင့် လေးပါးတို့တည်း။ (၄၁)

အရိယာတို့၏ စကားတို့သည် မဟုတ်မမှန်ပြောခြင်းမှ ရှောင်ကြဉ်ခြင်း၊ ကုန်းတိုက်ခြင်းမှ ရှောင် ကြဉ်ခြင်း၊ ကြမ်းတမ်းသော စကားကို ပြောခြင်းမှ ရှောင်ကြဉ်ခြင်း၊ အကျိုးမဲ့စကားကို ပြောခြင်းမှ ရှောင် ကြဉ်ခြင်းအားဖြင့် လေးပါးတို့တည်း။ (၄၂)

ထို့ပြင်လည်း အရိယာမဟုတ်သူတို့၏ စကားတို့သည် မမြင်ဘဲ မြင်၏ဟု ပြောခြင်း၊ မကြားဘဲ ကြား၏ဟု ပြောခြင်း၊ မတွေ့ဘဲ တွေ့၏ဟု ပြောခြင်း၊ မသိဘဲ သိ၏ဟု ပြောခြင်းအားဖြင့် လေးပါးတို့ တည်း။ (၄၃)

ထို့ပြင်လည်း အရိယာတို့၏ စကားတို့သည် မမြင်သော အရာ၌ မမြင်ဟု ပြောခြင်း၊ မကြားသော အရာ၌ မကြားဟု ပြောခြင်း၊ မတွေ့သော အရာ၌ မတွေ့ဟု ပြောခြင်း၊ မသိသော အရာ၌ မသိဟု ပြောခြင်းအားဖြင့် လေးပါးတို့တည်း။ (၄၄)

ထို့ပြင်လည်း အရိယာမဟုတ်သူတို့၏ စကားတို့သည် မြင်သော အရာ၌ မမြင်ဟု ပြောခြင်း၊ ကြားသော အရာ၌ မကြားဟု ပြောခြင်း၊ တွေ့သော အရာ၌ မတွေ့ဟု ပြောခြင်း၊ သိသော အရာ၌ မသိဟု ပြောခြင်းအားဖြင့် လေးပါးတို့တည်း။ (၄၅)

ထို့ပြင်လည်း အရိယာတို့၏ စကားတို့သည် မြင်သော အရာ၌ မြင်သည်ဟု ပြောခြင်း၊ ကြားသော အရာ၌ ကြားသည်ဟု ပြောခြင်း၊ တွေ့သော အရာ၌ တွေ့သည်ဟု ပြောခြင်း၊ သိသော အရာ၌ သိသည်ဟု ပြောခြင်းအားဖြင့် လေးပါးတို့တည်း။ (၄၆)

၃၁၄။ ပုဂ္ဂိုလ်တို့သည် လေးယောက်တို့တည်း။ ငါ့သျှင်တို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် မိမိကိုယ်ကို ပူပန်စေတတ်၏၊ မိမိကိုယ်ကို ပူပန်စေခြင်းအလုပ်ကိုလည်း အားထုတ်၏။

ငါ့သျှင်တို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် သူတစ်ပါးကို ပူပန်စေတတ်၏၊ သူတစ်ပါးကို ပူပန်စေခြင်းအလုပ်ကိုလည်း အားထုတ်၏။

ငါ့သျှင်တို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် မိမိကိုယ်ကိုလည်း ပူပန်စေတတ်၏၊ မိမိကိုယ်ကို ပူပန်စေခြင်းအလုပ်ကိုလည်း အားထုတ်၏၊ သူတစ်ပါးကိုလည်း ပူပန်စေတတ်၏၊ သူတစ်ပါးကို ပူပန်စေ ခြင်းအလုပ်ကိုလည်း အားထုတ်၏။

ငါ့သျှင်တို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် မိမိကိုယ်ကိုလည်း မပူပန်စေတတ်၊ မိမိကိုယ်ကို ပူပန်စေခြင်းအလုပ်ကိုလည်း အားမထုတ်၊ သူတစ်ပါးကိုလည်း မပူပန်စေတတ်၊ သူတစ်ပါးကို ပူပန်စေ ခြင်းအလုပ်ကိုလည်း အားမထုတ်။

မိမိကိုယ်ကိုလည်း မပူပန်စေတတ် သူတစ်ပါးကိုလည်း မပူပန်စေတတ်သော ထိုပုဂ္ဂိုလ်သည် ပစ္စုပ္ပန် အတ္တဘော၌ တဏှာမရှိသည်ဖြစ်၍ ငြိမ်းချမ်း၏၊ ချမ်းသာခြင်းသို့ ရောက်၏၊ ချမ်းသာကို ခံစားသည်ဖြစ်၍ ဗြဟ္မာဖြစ်သော အတ္တဘောဖြင့် နေ၏၊ (ဤလေးယောက်တို့တည်း)။ (၄၇)

ထို့ပြင်လည်း ပုဂ္ဂိုလ်တို့သည် လေးယောက်တို့တည်း။ ငါ့သျှင်တို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် မိမိအကျိုးငှါ ကျင့်၏၊ သူတစ်ပါးအကျိုးငှါ မကျင့်။

ငါ့သျှင်တို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် သူတစ်ပါးအကျိုးငှါ ကျင့်၏၊ မိမိအကျိုးငှါ မကျင့်။

ငါ့သျှင်တို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် မိမိ အကျိုးငှါလည်း မကျင့်၊ သူတစ်ပါးအကျိုးငှါ လည်း မကျင့်။

ငါ့သျှင်တို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် မိမိအကျိုးငှါလည်း ကျင့်၏၊ သူတစ်ပါးအကျိုးငှါ လည်း ကျင့်၏။ (ဤလေးယောက်တို့တည်း)။ (၄၈)

ထို့ပြင်လည်း ပုဂ္ဂိုလ်တို့သည် (ပစ္စုပ္ပန်ဘဝ၌) ယုတ်၍ ယုတ်သော လားရာရှိသော ပုဂ္ဂိုလ်၊ (ပစ္စုပ္ပန် ဘဝ၌) ယုတ်၍ မြတ်သော လားရာရှိသော ပုဂ္ဂိုလ်၊ (ပစ္စုပ္ပန်ဘဝ၌) မြတ်၍ ယုတ်သော လားရာရှိသော ပုဂ္ဂိုလ်၊ (ပစ္စုပ္ပန်ဘဝ၌) မြတ်၍ မြတ်သော လားရာရှိသော ပုဂ္ဂိုလ်အားဖြင့် လေးယောက်တို့တည်း။ (၄၉)

ထို့ပြင်လည်း ပုဂ္ဂိုလ်တို့သည် မတုန်မလှုပ်သော သဒ္ဓါနှင့်ပြည့်စုံသော ရဟန်း၊ ကြာပဒုမ္မာနှင့် တူသော ရဟန်း၊ ကြာပုဏ္ဍရိက်နှင့်တူသော ရဟန်း၊ ရဟန်းတို့တွင် နူးညံ့သိမ်မွေ့သော ရဟန်းအားဖြင့် လေးယောက်တို့တည်း။ (၅ဝ)

ငါ့သျှင်တို့ (အလုံးစုံသော တရားတို့ကို) သိတော်မူ မြင်တော်မူ၍ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားသည် ဤလေးပါးသော တရားတို့ကို ကောင်းစွာ ဟောတော်မူအပ်ကုန်၏။ ထိုလေးပါးသော တရားတို့၌ အလုံးစုံသော သင်တို့သည် အညီအညွတ် ရွတ်ဆိုအပ်၏။ပ။ နတ်လူတို့၏ အကျိုးစီးပွါး ချမ်းသာအလို့ငှါ ဖြစ်၏။

ပဌမအခန်း ပြီး၏။

၁။ ဤအာကာရဝါကျသည် ပါဠိတော်မူရင်း၌ မရှိချေ။

ပဉ္စက — တရား ငါးပါးစု

၃၁၅။ ငါ့သျှင်တို့ (အလုံးစုံသောတရားတို့ကို) သိတော်မူ မြင်တော်မူ၍ ပူဇော်အထူးကို ခံတော်မူ ထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားသည် ကောင်း စွာ ဟောတော်မူအပ်သော ငါးပါးသော တရားတို့သည် ရှိကုန်၏။ ထိုငါးပါးသော တရားတို့ ၌ အလုံးစုံသော သင်တို့သည် အညီအညွတ် ရွတ်ဆိုအပ်၏။ပ။ နတ်လူတို့၏ အကျိုး စီးပွါး ချမ်းသာအလို့ငှါ ဖြစ်၏။

အဘယ်ငါးပါးသော တရားတို့နည်းဟူမူ —

ခန္ဓာတို့သည် ရူပက္ခန္ဓာ၊ ဝေဒနာက္ခန္ဓာ၊ သညာက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာ၊ ဝိညာဏက္ခန္ဓာအားဖြင့် ငါးပါး တို့တည်း။ (၁)

တဏှာဥပါဒါန်၏ အာရုံရှိသော ခန္ဓာတို့သည် ရုပ်ဥပါဒါနက္ခန္ဓာ၊ ဝေဒနာဥပါဒါနက္ခန္ဓာ၊ သညာဥပါဒါန က္ခန္ဓာ၊ သင်္ခါရဥပါဒါနက္ခန္ဓာ၊ ဝိညာဏ်ဥပါဒါနက္ခန္ဓာအားဖြင့် ငါးပါးတို့တည်း။ (၂)

ကာမဂုဏ်တရားတို့သည် စက္ခုဝိညာဉ်ဖြင့် သိအပ်သော အလိုရှိအပ်သော နှစ်လိုအပ်သော မြတ်နိုး အပ်သော ကာမနှင့် စပ်သော စွဲမက်ခြင်းကို ဖြစ်စေတတ်သော ရူပါရုံ။

သောတဝိညာဉ်ဖြင့် သိအပ်သော။ပ။ သဒ္ဒါရုံ။

ဃာနဝိညာဉ်ဖြင့် သိအပ်သော။ပ။ ဂန္ဓာရုံ။

ဇိဝှါဝိညာဉ်ဖြင့် သိအပ်သော။ပ။ ရသာရုံ။

ကာယဝိညာဉ်ဖြင့် သိအပ်သော အလိုရှိအပ်သော နှစ်လိုအပ်သော မြတ်နိုးအပ်သော ကာမနှင့် စပ်သော စွဲမက်ခြင်းကို ဖြစ်စေတတ်သော ဖောဋ္ဌဗ္ဗာရုံအားဖြင့် ငါးပါးတို့တည်း။ (၃)

လားရာ ‘ဂတိ’ တို့သည် နိရယဂတိ၊ တိရစ္ဆာနဂတိ၊ ပေတဂတိ၊ မနုဿဂတိ၊ ဒေဝဂတိအားဖြင့် ငါးပါးတို့တည်း။ (၄)

ဝန်တိုခြင်း ‘မစ္ဆရိယ’ တို့သည် နေရာ၌ ဝန်တိုခြင်း၊ အမျိုး၌ ဝန်တိုခြင်း၊ လာဘ်၌ ဝန်တိုခြင်း၊ အဆင်း၌ ဝန်တိုခြင်း၊ တရား၌ ဝန်တိုခြင်းအားဖြင့် ငါးပါးတို့တည်း။ (၅)

အပိတ်အပင် ‘နီဝရဏ’ တရားတို့သည် ကာမစ္ဆန္ဒနီဝရဏ၊ ဗျာပါဒနီဝရဏ၊ ထိနမိဒ္ဓနီဝရဏ၊ ဥဒ္ဓစ္စကုက္ကုစ္စနီဝရဏ၊ ဝိစိကိစ္ဆာနီဝရဏအားဖြင့် ငါးပါးတို့တည်း။ (၆)

အောက် (ကာမဘုံ)၌ (ပဋိသန္ဓေနေခြင်း)အဖို့ရှိသော သံယောဇဉ်တို့သည် သက္ကာယဒိဋ္ဌိ သံယောဇဉ်၊ ဝိစိကိစ္ဆာသံယောဇဉ်၊ သီလဗ္ဗတပရာမာသသံယောဇဉ်၊ ကာမစ္ဆ န္ဒသံယောဇဉ်၊ ဗျာပါဒသံယောဇဉ်အားဖြင့် ငါးပါးတို့တည်း။ (၇)

အထက် (ဗြဟ္မာ့ဘုံ)၌ (ပဋိသန္ဓေနေခြင်း)အဖို့ရှိကုန်သော သံယောဇဉ်တို့သည် ရူပရာဂသံယောဇဉ်၊ အရူပရာဂသံယောဇဉ်၊ မာနသံယောဇဉ်၊ ဥဒ္ဓစ္စသံယောဇဉ်၊ အဝိဇ္ဇာသံယောဇဉ်အားဖြင့် ငါးပါးတို့တည်း။ (၈)

သိက္ခာပုဒ်တို့သည် အသက်သတ်ခြင်းမှ ရှောင်ကြဉ်ခြင်း၊ မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်ခြင်း၊ ကာမတို့၌ မှားသော အကျင့်မှ ရှောင်ကြဉ်ခြင်း၊ မဟုတ်မမှန်ပြောခြင်းမှ ရှောင်ကြဉ်ခြင်း၊ မူးယစ်မေ့လျော့ ကြောင်းဖြစ်သော သေအရက်သောက်ခြင်းမှ ရှောင်ကြဉ်ခြင်းအားဖြင့် ငါးပါးတို့တည်း။ (၉)

၃၁၆။ ပြုခြင်းငှါ မထိုက်သော အရာတို့သည် ငါးပါးတို့တည်း။ ငါ့သျှင်တို့ ရဟန္တာရဟန်းသည် သတ်လိုသော စေတနာရှိသည်ဖြစ်၍ သတ္တဝါကို အသက်မှ ချခြင်းငှါ မထိုက်၊ ရဟန္တာရဟန်းသည် မပေး သည်ကို ခိုးလိုသော စိတ်ထားဖြင့် ယူခြင်းငှါ မထိုက်၊ ရဟန္တာရဟန်းသည် မေထုန်မှီဝဲခြင်းငှါ မထိုက်၊ ရဟန္တာရဟန်းသည် သိလျက် မဟုတ်မမှန်သော စကားကို ပြောခြင်းငှါ မထိုက်၊ ရဟန္တာရဟန်းသည် ရှေးလူဖြစ်သော အခါကကဲ့သို့ ကာမဂုဏ်တို့ကို သိုမှီး၍ ခံစားခြင်းငှါ မထိုက်၊ (ဤငါးပါးတို့တည်း)။ (၁ဝ)

ပျက်စီးခြင်းတရားတို့သည် ဆွေမျိုးပျက်စီးခြင်း၊ စည်းစိမ်ပျက်စီးခြင်း၊ အနာရောဂါဟူသော ပျက်စီး့ခြင်း၊ သီလပျက်စီးခြင်း၊ အယူပျက်စီးခြင်းအားဖြင့် ငါးပါးတို့တည်း။ ငါ့သျှင်တို့ သတ္တဝါတို့သည် ဆွေမျိုး ပျက်စီးခြင်းကြောင့်သော်လည်းကောင်း၊ စည်းစိမ်ပျက်စီးခြင်းကြောင့်သော်လည်းကောင်း၊ အနာရောဂါဟူသော ပျက်စီးခြင်းကြောင့်သော်လည်းကောင်း ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသောလားရာ ပျက်စီးလျက် ကျရောက်ရာဖြစ်သော ငရဲ၌ မဖြစ်ကုန်။

ငါ့သျှင်တို့ သတ္တဝါတို့သည် သီလပျက်စီးခြင်းကြောင့်သော်လည်းကောင်း၊ အယူပျက်စီးခြင်းကြောင့်သော်လည်းကောင်း ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသော လားရာ ပျက်စီးလျက် ကျရောက်ရာဖြစ်သော ငရဲ၌ ဖြစ်ကုန်၏။ (၁၁)

ပြည့်စုံခြင်းတရားတို့သည် ဆွေမျိုးနှင့်ပြည့်စုံခြင်း၊ စည်းစိမ်နှင့်ပြည့်စုံခြင်း၊ အနာရောဂါကင်းခြင်းနှင့် ပြည့်စုံခြင်း၊ သီလနှင့်ပြည့်စုံခြင်း၊ အယူနှင့်ပြည့်စုံခြင်းအားဖြင့် ငါးပါးတို့တည်း။ ငါ့သျှင်တို့ ဆွေမျိုးနှင့် ပြည့်စုံခြင်းကြောင့်သော်လည်းကောင်း၊ စည်းစိမ်နှင့် ပြည့်စုံခြင်းကြောင့်သော်လည်းကောင်း၊ အနာရောဂါ ကင်းခြင်းနှင့်ပြည့်စုံခြင်းကြောင့်သော်လည်းကောင်း ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော လားရာဖြစ်သော နတ်ပြည်၌ မဖြစ်ကုန်။

ငါ့သျှင်တို့ သီလနှင့် ပြည့်စုံခြင်းကြောင့်သော်လည်းကောင်း၊ အယူနှင့် ပြည့်စုံခြင်းကြောင့်သော်လည်း ကောင်း ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော လားရာဖြစ်သော နတ်ပြည်၌ ဖြစ် ကုန်၏။ (၁၂)

ဒုဿီလပုဂ္ဂိုလ်၏ သီလပျက်စီးခြင်းကြောင့် အပြစ်တို့သည် ငါးပါးတို့တည်း။ ငါ့သျှင်တို့ ဤလောက၌ သီလမရှိသော သီလပျက်သော သူသည် မေ့လျော့ခြင်းကြောင့် များစွာသော စည်းစိမ်ဆုံးရှုံးခြင်းသို့ ရောက်ရ၏။ ဤကား သီလမရှိသော သူ၏ သီလပျက်ခြင်း၌ ရှေးဦးစွာသော အပြစ်ပေတည်း။

ငါ့သျှင်တို့ တစ်ဖန်ထို့ပြင်လည်း သီလမရှိသော သီလပျက်သော သူ၏ မကောင်းသော ကျော်စော သတင်းသည် ပျံ့နှံ့၍ ထွက်၏။ ဤကား သီလမရှိသောသူ၏ သီလပျက်ခြင်း၌ နှစ်ခုမြောက် အပြစ်ပေ တည်း။

ငါ့သျှင်တို့ တစ်ဖန်ထို့ပြင်လည်း သီလမရှိသော သီလပျက်သော သူသည် မင်းပရိသတ် ရဟန်း ပရိသတ် ပုဏ္ဏားပရိသတ် သူကြွယ်ပရိသတ် အလယ်သို့ ချဉ်းကပ်ခဲ့သော် ကြောက်ကြောက်ရွံ့ရွံ့ မျက်နှာ ညှိုးငယ်လျက် ချဉ်းကပ်ရ၏။ ဤကား သီလမရှိသော သူ၏ သီလပျက်ခြင်း၌ သုံးခုမြောက် အပြစ်ပေ တည်း။

ငါ့သျှင်တို့ တစ်ဖန် ထို့ပြင်လည်း သီလမရှိသော သီလပျက်သော သူသည် တွေတွေ ဝေဝေ ဖြစ်လျက် သေရ၏။ ဤကား သီလမရှိသော သူ၏ သီလပျက်ခြင်း၌ လေးခုမြောက် အပြစ်ပေတည်း။

ငါ့သျှင်တို့ တစ်ဖန်ထို့ပြင်လည်း သီလမရှိသော သီလပျက်သော သူသည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသော လားရာ ပျက်စီးလျက် ကျရောက်ရာ ငရဲ၌ ဖြစ်၏။ ဤကား သီလမရှိသော သူ၏ သီလပျက်ခြင်း၌ ငါးခုမြောက် အပြစ်ပေတည်း။ (၁၃)

ငါ့သျှင်တို့ သီလရှိသူ၏ သီလပြည့်စုံခြင်းကြောင့် အကျိုး ‘အာနိသင်’ တို့တည် ငါးပါးတို့တည်း။ ငါ့သျှင်တို့ ဤလောက၌ သီလရှိသော သီလနှင့်ပြည့်စုံသော သူသည် မမေ့လျော့ခြင်းကြောင့် များစွာသော စည်းစိမ်အစုကို ရ၏။ ဤကား သီလရှိသူ၏ သီလနှင့်ပြည့်စုံခြင်း၌ ရှေးဦးစွာသော အကျိုး ‘အာနိသင်’ ပေတည်း။

ငါ့သျှင်တို့ တစ်ဖန်ထို့ပြင်လည်း သီလရှိသော သီလနှင့်ပြည့်စုံသော သူ၏ ကောင်းသော ကျော်စော သတင်းသည် ပျံ့နှံ၍ ထွက်၏။ ဤကား သီလရှိသော သူ၏ သီလနှင့်ပြည့်စုံခြင်း၌ နှစ်ခုမြောက် အကျိုး ‘အာနိသင်’ ပေတည်း။

ငါ့သျှင်တို့ တစ်ဖန်ထို့ပြင်လည်း သီလရှိသော သီလနှင့်ပြည့်စုံသော သူသည် မင်းပရိသတ်၊ ရဟန်း့ပရိသတ်၊ ပုဏ္ဏားပရိသတ်၊ သူကြွယ်ပရိသတ် အလယ်သို့ ချဉ်းကပ်ခဲ့သော် မကြောက်မရွံ့ မျက်နှာမညှိုး ငယ်ဘဲ ချဉ်းကပ်ရ၏။ ဤကား သီလရှိသော သူ၏ သီလနှင့်ပြည့်စုံခြင်း၌ သုံးခုမြောက် အကျိုး’အာနိသင်’ ပေတည်း။

ငါ့သျှင်တို့ တစ်ဖန်ထို့ပြင်လည်း သီလရှိသော သီလနှင့်ပြည့်စုံသော သူသည် တွေဝေခြင်းမရှိဘဲ သေရ၏။ ဤကား သီလရှိသော သူ၏ သီလနှင့်ပြည့်စုံခြင်း၌ လေးခုမြောက် အကျိုး’အာနိသင်’ ပေတည်း။

ငါ့သျှင်တို့ တစ်ဖန်ထို့ပြင်လည်း သီလရှိသော သီလနှင့်ပြည့်စုံသော သူသည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော လားရာဖြစ်သော နတ်ပြည်၌ ဖြစ်ရ၏။ ဤကား သီလရှိသော သူ၏ သီလနှင့်ပြည့်စုံခြင်း၌ ငါးခုမြောက် အကျိုး ‘အာနိသင်’ ပေတည်း။ (၁၄)

ငါ့သျှင်တို့ သူတစ်ပါးကို စောဒနာလိုသော စောဒကရဟန်းသည် တရားငါးပါးတို့ကို မိမိသန္တာန်၌ တည်စေ၍ သူတစ်ပါးကို စောဒနာအပ်၏။ လျောက်ပတ်သောအခါ၌ ဆိုအံ့၊ မလျောက်ပတ်သောအခါ၌ မဆို အံ့၊ဟုတ်မှန်သော ဝတ္ထုဖြင့် ဆိုအံ့၊ မဟုတ်မမှန်သော ဝတ္ထုဖြင့် မဆိုအံ့၊ သိမ်မွေ့သော စကားဖြင့် ဆိုအံ့၊ ကြမ်းတမ်းသော စကားဖြင့် မဆိုအံ့၊ အကျိုးနှင့်စပ်သော စကားဖြင့် ဆိုအံ့၊ အကျိုးနှင့်မစပ်သော စကားဖြင့် မဆိုအံ့၊ မေတ္တာစိတ်ဖြင့် ဆိုအံ့၊ ဒေါသစိတ်ဖြင့် မဆိုအံ့၊ (ဤတရားငါးပါးတို့တည်း)။

ငါ့သျှင်တို့ သူတစ်ပါးကို စောဒနာလိုသော စောဒကရဟန်းသည် ဤတရားငါးပါးတို့ကို မိမိသန္တာန်၌ တည်စေ၍ သူတစ်ပါးကို စောဒနာအပ်၏။ (၁၅)

၃၁၇။ ကမ္မဋ္ဌာန်း အားထုတ်သော ရဟန်း၏ အင်္ဂါတို့သည် ငါးပါးတို့တည်း။ ငါ့သျှင်တို့ ဤသာသနာတော်၌ ရဟန်းသည် သဒ္ဓါတရား ရှိ၏၊ “ထိုမြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သော အကြောင်းကြောင့်လည်း ‘အရဟံ’ မည်တော်မူပါပေ၏၊ (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာသိတော်မူသော အကြောင်းကြောင့်လည်း ‘သမ္မာသမ္ဗုဒ္ဓ’ မည်တော်မူပါပေ၏၊ အသိဉာဏ် ‘ဝိဇ္ဇာ’ အကျင့် ‘စရဏ’နှင့် ပြည့်စုံတော်မူသော အကြောင်းကြောင့်လည်း ‘ဝိဇ္ဇာစရဏသမ္ပန္န’ မည်တော်မူပါပေ၏၊ ကောင်းသောစကားကို ဆိုတော်မူတတ်သော အကြောင်းကြောင့်လည်း ‘သုဂတ’ မည်တော်မူပါပေ၏၊ လောကကို သိတော်မူတတ်သော အကြောင်းကြောင့်လည်း ‘လောကဝိဒူ’ မည်တော်မူပါပေ၏၊ ဆုံးမထိုက် သူကို ဆုံးမတတ်သည့် အတုမဲ့ပုဂ္ဂိုလ် ဖြစ်တော်မူသော အကြောင်းကြောင့်လည်း ‘အနုတ္တရော ပုရိသဒမ္မ သာရထိ’ မည်တော်မူပါပေ၏၊ နတ်လူတို့၏ ဆရာဖြစ်တော်မူသော အကြောင်းကြောင့်လည်း ‘သတ္ထာ ဒေဝမနုဿာနံ’ မည်တော်မူပါပေ၏၊ (သစ္စာလေးပါးတို့ကို) သိစေတော်မူသော အကြောင်းကြောင့်လည်း ‘ဗုဒ္ဓ’ မည်တော်မူပါပေ၏၊ ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်းကြောင့်လည်း ‘ဘဂဝါ’ မည်တော်မူပါ ပေ၏”ဟူ၍ မြတ်စွာဘုရား၏ အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတဉာဏ်၌ ယုံကြည်၏။

အနာကင်း၏၊ ရောဂါကင်း၏၊ အစာကို အညီအမျှကြေစေတတ်သည့် မအေးလွန်း မပူလွန်းသော ကမ္မဋ္ဌာန်း အားထုတ်ခြင်းငှါ ခံ့သော ကမ္မဇတေဇောဓာတ်နှင့် ပြည့်စုံ၏။

မာန်မရှိ၊ လှည့်ပတ်ခြင်း မရှိ၊ ဆရာထံ၌လည်းကောင်း၊ ပညာရှိတို့ထံ၌လည်းကောင်း၊ သီတင်းသုံး ဖော်တို့ထံ၌လည်းကောင်းဟုတ်မှန်သော အတိုင်း မိမိကိုယ်ကို ထင်စွာ ပြုတတ်၏။

အကုသိုလ်တရားတို့ကို ပယ်ခြင်းငှါ ကုသိုလ်တရားတို့၏ ပြည့်စုံစေခြင်းငှါ အားထုတ်အပ်သော ဝီရိယရှိသည်ဖြစ်၍ နေ၏၊ ကုသိုလ်တရားတို့၌ အားကြီးသော လုံ့လရှိ၏၊ မြဲမြံသော လုံ့လရှိ၏၊ ဝန်မချသော လုံ့လရှိ၏။

ပညာရှိ၏၊ ဖြစ်ခြင်း ပျက်ခြင်းကို သိစွမ်းနိုင်သော, ကိလေသာကို ဖောက်ခွဲခြင်းငှါ စွမ်းနိုင်သော, အကြွင်းမဲ့ ဝဋ်ဆင်းရဲကုန်ရာ အရဟတ္တဖိုလ်သို့ ရောက်စေတတ်သော, စင်ကြယ်သော ပညာနှင့် ပြည့်စုံ၏။ (၁၆)

၃၁၈။ သုဒ္ဓါဝါသဘုံတို့သည် အဝိဟာဘုံ၊ အတပ္ပါဘုံ၊ သုဒဿာဘုံ၊ သုဒဿီဘုံ၊ အကနိဋ္ဌာဘုံအား ဖြင့်ငါးပါးတို့တည်း။ (၁၇)

အနာဂါမ်ပုဂ္ဂိုလ်တို့သည် အသက်တမ်း အလယ်ကို မလွန်မူ၍ ပရိနိဗ္ဗာန်ပြုသော အနာဂါမ်၊

အသက်တမ်း အလယ်ကို လွန်၍ ပရိနိဗ္ဗာန်ပြုသော အနာဂါမ်၊

အားမထုတ်ရမူ၍ ချမ်းသာစွာ ပရိနိဗ္ဗာန်ပြုသော အနာဂါမ်၊

အားထုတ်လျက် ချမ်းသာစွာ ပရိနိဗ္ဗာန်ပြုသော အနာဂါမ်၊

အထက်သံသရာအယဉ်၌သာ အကနိဋ္ဌာဘုံသို့ ရောက်၍ ပရိနိဗ္ဗာန်ပြုသော အနာဂါမ်အားဖြင့် ငါးယောက်တို့တည်း။ (၁၈)

၃၁၉။ စိတ်၏ ငြောင့်တံသင်းတို့သည် ငါးပါးတို့တည်း။ ငါ့သျှင်တို့ ဤသာသနာတော်၌ ရဟန်းသည် ဘုရား၌ ယုံမှား၏၊ စူးစမ်းလျက် ပင်ပန်းခြင်းသို့ ရောက်၏၊ မဆုံးဖြတ်နိုင်၊ မယုံကြည်နိုင်။

ငါ့သျှင်တို့ အကြင် ရဟန်းသည် ဘုရား၌ ယုံမှား၏၊ စူးစမ်းလျက် ပင်ပန်းခြင်းသို့ ရောက်၏၊ မဆုံးဖြတ်နိုင်၊ မယုံကြည်နိုင်၊ ထိုရဟန်း၏ စိတ်သည် လုံ့လပြုခြင်းငှါ အဖန်ဖန် အားထုတ်ခြင်းငှါ မပြတ် အားထုတ်ခြင်းငှါ ဆောက်တည်ခြင်းငှါ မညွတ်၊ အကြင်ရဟန်း၏ စိတ်သည် လုံ့လပြုခြင်းငှါ အဖန်ဖန် အားထုတ်ခြင်းငှါ မပြတ်အားထုတ်ခြင်းငှါ ဆောက်တည်ခြင်းငှါ မညွတ်၊ (ထိုရဟန်း၏) ဤသို့ စိတ်မညွတ် ခြင်းသည် ရှေးဦးစွာသော စိတ်၏ ငြောင့်တံသင်း ဖြစ်၏။ ငါ့သျှင်တို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် တရားတော်၌ ယုံမှား၏၊ စူးစမ်းလျက် ပင်ပန်းခြင်းသို့ ရောက်၏။ပ။ သံဃာတော်၌ ယုံမှား၏၊ စူးစမ်းလျက် ပင်ပန်းခြင်းသို့ ရောက်၏။ပ။ အကျင့်သိက္ခာပုဒ်၌ ယုံမှား၏၊ စူးစမ်းလျက် ပင်ပန်းခြင်းသို့ ရောက်၏။ပ။ မြတ်သော သီတင်းသုံးဖော်တို့၌ အမျက်ထွက်၏၊ မနှစ်သက်သော စိတ်ရှိ၏၊ ထိပါးသော စိတ်ရှိ၏၊ ငြောင့်တံသင်းကဲ့သို့သော စိတ်ရှိ၏။

ငါ့သျှင်တို့ အကြင် ရဟန်းသည် မြတ်သော သီတင်းသုံးဖော်တို့၌ အမျက်ထွက်၏၊ မနှစ်သက်သော စိတ်ရှိ၏၊ ထိပါးသော စိတ်ရှိ၏၊ ငြောင့်တံသင်းကဲ့သို့သော စိတ်ရှိ၏။ ထိုရဟန်း၏ စိတ်သည် လုံ့လ ပြုခြင်းငှါ အဖန်ဖန် အားထုတ်ခြင်းငှါ မပြတ်အားထုတ်ခြင်းငှါ ဆောက်တည်ခြင်းငှါ မညွတ်၊ အကြင်ရဟန်း၏ စိတ်သည် လုံ့လပြုခြင်းငှါ အဖန်ဖန် အားထုတ်ခြင်းငှါ မပြတ်အားထုတ်ခြင်းငှါ ဆောက်တည်ခြင်းငှါ မညွတ်၊ (ထိုရဟန်း၏) ဤသို့ စိတ်မညွတ်ခြင်းသည် ငါးကြိမ်မြောက်သော စိတ်၏ ငြောင့်တံသင်း ဖြစ်၏။

၃၂ဝ။ စိတ်ကို ဖွဲ့တတ်သော တရားတို့သည် ငါးပါးတို့တည်း။ ငါ့သျှင်တို့ ဤသာသနာတော်၌ ရဟန်းသည် ကာမဂုဏ်တို့၌ မကင်းသော စွဲမက်ခြင်းရှိ၏၊ မကင်းသော အလိုဆန္ဒရှိ၏၊ မကင်းသော ချစ်ခြင်းရှိ၏၊ မကင်းသော မွတ်သိပ်ခြင်းရှိ၏၊ မကင်းသော ပူလောင်ခြင်းရှိ၏၊ မကင်းသော တပ်ခြင်းရှိ၏၊ ငါ့သျှင်တို့ အကြင်ရဟန်းသည် ကာမဂုဏ်တို့၌ မကင်းသော စွဲမက်ခြင်းရှိ၏၊ မကင်းသော အလိုဆန္ဒရှိ၏၊ မကင်းသော ချစ်ခြင်းရှိ၏၊ မကင်းသော မွတ်သိပ်ခြင်းရှိ၏၊ မကင်းသော ပူလောင်ခြင်းရှိ၏၊ မကင်းသော တပ်ခြင်းရှိ၏၊ ထိုရဟန်း၏ စိတ်သည် လုံ့လပြုခြင်းငှါ အဖန်ဖန် အားထုတ်ခြင်းငှါ မပြတ်အားထုတ်ခြင်းငှါ ဆောက်တည်ခြင်းငှါ မညွတ်၊ အကြင်ရဟန်း၏ စိတ်သည် လုံ့လပြုခြင်းငှါ အဖန်ဖန် အားထုတ်ခြင်းငှါ မပြတ်အားထုတ်ခြင်းငှါ ဆောက်တည်ခြင်းငှါ မညွတ်၊ (ထိုရဟန်း၏) ဤသို့ စိတ်မညွတ်ခြင်းသည် ရှေးဦး စွာသော စိတ်ကို ဖွဲ့တတ်သော တရားတည်း။

ငါ့သျှင်တို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် ကိုယ်၌ မကင်းသော စွဲမက်ခြင်း ရှိ၏။ပ။ ရုပ်၌ မကင်းသော စွဲမက်ခြင်း ရှိ၏။ပ။ ငါ့သျှင်တို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် အလိုရှိတိုင်း ဝမ်းပြည့်အောင်စား၍ ပက်လက် အိပ်ခြင်းချမ်းသာ တစောင်းအိပ်ခြင်းချမ်းသာ အိပ်ငိုက်ခြင်းချမ်းသာကို အားထုတ်၍ နေပေ၏။ပ။

ငါ့သျှင်တို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် တစ်ပါးပါးသော နတ်အဖြစ်ကို တောင့်တ၍ မြတ်သောအကျင့်ကို ကျင့်၏ “ဤသီလဖြင့်လည်းကောင်း၊ ဤကျင့်ဝတ်ဖြင့်လည်းကောင်း၊ ဤအားထုတ်ခြင်းဖြင့် လည်းကောင်း၊ ဤမြတ်သော အကျင့်ဖြင့်လည်းကောင်း တန်ခိုးကြီးသော နတ်သော်လည်း ဖြစ်အံ့၊ တန်ခိုး ငယ်သော နတ်သော်လည်း ဖြစ်အံ့”ဟု (ကျင့်၏)၊ ငါ့သျှင်တို့ အကြင်ရဟန်းသည် တစ်ပါးသော နတ်၏အဖြစ်ကို တောင့်တ၍ မြတ်သော အကျင့်ကို ကျင့်၏၊ “ဤသီလဖြင့်လည်းကောင်း၊ ဤကျင့်ဝတ်ဖြင့် လည်းကောင်း၊ ဤအားထုတ်ခြင်းဖြင့်လည်းကောင်း၊ ဤမြတ်သော အကျင့်ဖြင့်လည်းကောင်း တန်ခိုးကြီးသော နတ်သော်လည်း ဖြစ်အံ့၊ တန်ခိုးငယ်သော နတ်သော်လည်း ဖြစ်အံ့”ဟု (ကျင့်၏)၊ ထိုရဟန်း၏ စိတ်သည် လုံ့လပြုခြင်းငှါ အဖန်ဖန် အားထုတ်ခြင်းငှါ မပြတ်အားထုတ်ခြင်းငှါ ဆောက်တည်ခြင်းငှါ မညွတ်၊ အကြင်ရဟန်း၏ စိတ်သည် လုံ့လပြုခြင်းငှါ အဖန်ဖန် အားထုတ်ခြင်းငှါ မပြတ်အားထုတ်ခြင်းငှါ ဆောက်တည်ခြင်းငှါ မညွတ်၊ (ထိုရဟန်း၏) ဤသို့ စိတ်မညွတ်ခြင်းသည် ငါးခုမြောက်သော စိတ်ကို နှောင်ဖွဲ့တတ်သော တရားတည်း။ (၂ဝ)

ဣန္ဒြေတို့သည် စက္ခုန္ဒြေ၊ သောတိန္ဒြေ၊ ဃာနိန္ဒြေ၊ ဇိဝှိန္ဒြေ၊ ကာယိန္ဒြေအားဖြင့် ငါးပါးတို့တည်း။ (၂၁)

ထို့ပြင်လည်း ဣန္ဒြေတို့သည် သုခိန္ဒြေ၊ ဒုက္ခိန္ဒြေ၊ သောမနဿိန္ဒြေ၊ ဒေါမနဿိန္ဒြေ၊ ဥပေက္ခိန္ဒြေအား ဖြင့် ငါးပါးတို့တည်း။ (၂၂)

ထို့ပြင်လည်း ဣန္ဒြေတို့သည် သဒ္ဓိန္ဒြေ၊ ဝီရိယိန္ဒြေ၊ သတိန္ဒြေ၊ သမာဓိန္ဒြေ၊ ပညိန္ဒြေအားဖြင့် ငါးပါး တို့တည်း။ (၂၃)

၃၂၁။ ဝဋ်ဆင်းရဲမှ ထွက်မြောက်စေတတ်သော ဓာတ်တို့သည် ငါးပါးတို့တည်း။ ငါ့သျှင်တို့ ဤသာသနာတော်၌ ကာမဂုဏ်တို့ကို နှလုံးသွင်းသောရဟန်း၏ စိတ်သည် ကာမဂုဏ်တို့၌ မသက်ဝင်၊ မကြည်လင်၊ မတည်တံ့၊ မညွတ်ရှိုင်း၊ ထွက်မြောက်ခြင်း (ပဌမဈာန်) ကို နှလုံးသွင်းသော ထိုရဟန်း၏ စိတ်သည် ထွက်မြောက်ခြင်း (ပဌမဈာန်) ၌ သက်ဝင်၏၊ ကြည်လင်၏၊ တည်တံ့၏၊ ညွတ်ရှိုင်း၏၊ ထို ရဟန်း၏ ထိုစိတ်သည် (မိမိဈာန် အာရုံ၌) ကောင်းစွာ ဖြစ်၏၊ ကောင်းစွာ ပွါးအပ်၏၊ ကာမဂုဏ်တို့မှ ကောင်းစွာ ထ၏၊ ကာမဂုဏ်တို့မှ ကောင်းစွာ လွတ်၏၊ ကာမဂုဏ်တို့မှ ကင်း၏၊ ဆင်းရဲခြင်း ပူပန်ခြင်းကို ဖြစ်စေတတ်သော အကြင်အာသဝေါတရားတို့သည် ကာမဂုဏ်ဟူသော အကြောင်းကြောင့် ဖြစ်ကုန်၏၊ ထိုရဟန်းသည် ထိုကာမဂုဏ်ဟူသော အကြောင်းကြောင့်ဖြစ်သည့် အာသဝေါတရားတို့မှ လွတ်၏၊ ထိုရဟန်းသည် ထိုဝေဒနာမျိုး ကို မခံစား၊ ဤတရားကို ကာမဂုဏ်တို့၏ ထွက်မြောက်ခြင်းဟု ဟောတော်မူ၏။ (၂၄—၁)

ငါ့သျှင်တို့ တစ်ဖန်ထို့ပြင်လည်း ဗျာပါဒကို နှလုံးသွင်းသော ရဟန်း၏ စိတ်သည် ဗျာပါဒ၌ မသက်ဝင်၊ မကြည်လင်၊ မတည်တံ့၊ မညွတ်ရှိုင်း၊ အဗျာပါဒကို နှလုံးသွင်းသော ထိုရဟန်း၏ စိတ်သည် အဗျာပါဒတရား၌ သက်ဝင်၏၊ ကြည်လင်၏၊ တည်တံ့၏၊ ညွတ်ရှိုင်း၏၊ ထိုရဟန်း၏ ထိုစိတ်သည် (မိမိဈာန်အာရုံ၌) ကောင်းစွာ ဖြစ်၏၊ ကောင်းစွာ ပွါးအပ်၏၊ ဗျာပါဒမှ ကောင်းစွာ ထ၏၊ ဗျာပါဒမှ ကောင်းစွာ လွတ်၏၊ ဗျာပါဒမှ ကင်း၏၊ ဆင်းရဲခြင်း ပူပန်ခြင်းကို ဖြစ်စေတတ်သော အကြင်အာသဝေါ တရားတို့သည် ဗျာပါဒဟူသော အကြောင်းကြောင့် ဖြစ်ကုန်၏၊ ထိုရဟန်းသည် ထိုဗျာပါဒဟူသော အကြောင်းကြောင့်ဖြစ်သည့် အာသဝေါတရားတို့မှ လွတ်၏၊ ထိုရဟန်းသည် ထိုဝေဒနာမျိုးကို မခံစား၊ ဤတရားကို ဗျာပါဒ၏ ထွက်မြောက်ခြင်းဟု ဟောတော်မူ၏။ (၂၄—၂)

ငါ့သျှင်တို့ တစ်ဖန်ထို့ပြင်လည်း ညှဉ်းဆဲခြင်း ‘ဝိဟေသာ’ ကို နှလုံးသွင်းသော ရဟန်း၏ စိတ်သည် ညှဉ်းဆဲခြင်း ‘ဝိဟေသာ’၌ မသက်ဝင်၊ မကြည်လင်၊ မတည်တံ့၊ မညွတ်ရှိုင်း၊ မညှဉ်းဆဲခြင်း ‘အဝိဟေသာ’ ကို နှလုံးသွင်းသော ထိုရဟန်း၏ စိတ်သည် မညှဉ်းဆဲခြင်း ‘အဝိဟေသာ’၌ သက်ဝင်၏၊ ကြည်လင်၏၊ တည်တံ့၏၊ ညွတ်ရှိုင်း၏၊ ထိုရဟန်း၏ ထိုစိတ်သည် (မိမိဈာန်အာရုံ၌) ကောင်းစွာ ဖြစ်၏၊ ကောင်းစွာ ပွါးအပ်၏၊ ဝိဟေသာမှ ကောင်းစွာ ထ၏၊ ဝိဟေသာမှ ကောင်းစွာ လွတ်၏၊ ညှဉ်းဆဲခြင်း့’ဝိဟေသာ’မှ ကင်း၏၊ ဆင်းရဲခြင်း ပူပန်ခြင်းကို ဖြစ်စေတတ်သော အကြင်အာသဝေါတရားတို့သည် ညှဉ်းဆဲခြင်း ‘ဝိဟေသာ’ဟူသော အကြောင်းကြောင့် ဖြစ်ကုန်၏၊ ထိုရဟန်းသည် ထိုဝိဟေသာဟူသော အကြောင်း ကြောင့်ဖြစ်သည့် အာသဝေါတရားတို့မှ လွတ်၏၊ ထိုရဟန်းသည် ထိုဝေဒနာမျိုးကို မခံစား၊ ဤတရားကို ညှဉ်းဆဲခြင်း ‘ဝိဟေသာ’၏ ထွက်မြောက်ခြင်းဟု ဟောတော်မူ၏။ (၂၄—၃)

ငါ့သျှင်တို့ တစ်ဖန်ထို့ပြင်လည်း ရုပ်တို့ကို နှလုံးသွင်းသော ရဟန်း၏ စိတ်သည် ရုပ်တို့၌ မသက်ဝင်၊ မကြည်လင်၊ မတည်တံ့၊ မညွတ်ရှိုင်း၊ နာမ်တရားကို နှလုံးသွင်းသော ထိုရဟန်း၏ စိတ်သည် နာမ်တရား၌ သက်ဝင်၏၊ ကြည်လင်၏၊ တည်တံ့၏၊ ညွတ်ရှိုင်း၏၊ ထိုရဟန်း၏ ထိုစိတ်သည် (မိမိဈာန် အာရုံ၌) ကောင်းစွာ ဖြစ်၏၊ ကောင်းစွာ ပွါးအပ်၏၊ ရုပ်တရားတို့မှ ကောင်းစွာ ထ၏၊ ရုပ်တရားတို့မှ ကောင်းစွာ လွတ်၏၊ ရုပ်တရားတို့မှ ကင်း၏၊ ဆင်းရဲခြင်း ပူပန်ခြင်းကို ဖြစ်စေတတ်သော အကြင် အာသဝေါတရားတို့သည် ရုပ်တရားဟူသော အကြောင်းကြောင့် ဖြစ်ကုန်၏၊ ထိုရဟန်းသည် ထို ရုပ်တရားဟူသော အကြောင်းကြောင့်ဖြစ်သည့် အာသဝေါတရားတို့မှ လွတ်၏၊ ထိုရဟန်းသည် ထိုဝေဒနာ မျိုးကို မခံစား၊ ဤတရားကို ရုပ်တရားတို့၏ ထွက်မြောက်ခြင်းဟု ဟောတော်မူ၏။ (၂၄—၄)

ငါ့သျှင်တို့ တစ်ဖန်ထို့ပြင်လည်း ဥပါဒါနက္ခန္ဓာအပေါင်း’ သက္ကာယ’ကို နှလုံးသွင်းသော ရဟန်း၏ စိတ်သည် ဥပါဒါနက္ခန္ဓာအပေါင်း ‘သက္ကာယ’ ၌ မသက်ဝင်၊ မကြည်လင်၊ မတည်တံ့၊ မညွတ်ရှိုင်း၊ ဥပါဒါန က္ခန္ဓာအပေါင်း၏ ချုပ်ခြင်း’သက္ကာယနိရောဓ’ကို နှလုံးသွင်းသော ထိုရဟန်း၏ စိတ်သည် ဥပါဒါနက္ခန္ဓာ အပေါင်း၏ ချုပ်ခြင်း သက္ကာယနိရောဓ၌ သက်ဝင်၏၊ ကြည်လင်၏၊ တည်တံ့၏၊ ညွတ်ရှိုင်း၏၊ ထိုရဟန်း၏ ထိုစိတ်သည် (မိမိဈာန်အာရုံ၌) ကောင်းစွာ ဖြစ်၏၊ ကောင်းစွာ ပွါးအပ်၏၊ ဥပါဒါနက္ခန္ဓာ အပေါင်း ‘သက္ကာယ’မှ ကောင်းစွာ ထ၏၊ ဥပါဒါနက္ခန္ဓာအပေါင်း ‘သက္ကာယ’မှ ကောင်းစွာ လွတ်၏၊ ဥပါဒါန က္ခန္ဓာအပေါင်း’သက္ကာယ’မှ ကင်း၏၊ ဆင်းရဲခြင်း ပူပန်ခြင်းကို ဖြစ်စေတတ်သော အကြင်အာသဝေါတရား တို့သည် ဥပါဒါနက္ခန္ဓာအပေါင်း ‘သက္ကာယ’ ဟူသော အကြောင်းကြောင့် ဖြစ်ကုန်၏၊ ထိုရဟန်းသည် ထိုဥပါဒါနက္ခန္ဓာအပေါင်း ‘သက္ကာယ’ ဟူသော အကြောင်းကြောင့်ဖြစ်သည့် အာသဝေါတရားတို့မှ လွတ်၏၊ ထိုရဟန်းသည် ထိုဝေဒနာမျိုးကို မခံစား၊ ဤတရားကို ဥပါဒါနက္ခန္ဓာ အပေါင်း ‘သက္ကာယ’၏ ထွက် မြောက်ခြင်းဟု ဟောတော်မူ၏။ (၂၄—၅)

၃၂၂။ ကိလေသာမှ လွတ်ခြင်း အကြောင်းတို့သည် ငါးပါးတို့တည်း။ ငါ့သျှင်တို့ ဤသာသနာ တော်၌ မြတ်စွာဘုရားသည်လည်းကောင်း၊ တစ်ယောက်ယောက်သော အလေးပြုထိုက်သော သီတင်းသုံးဖော်သည် လည်းကောင်း တရားကိုဟော၏။

ငါ့သျှင်တို့ အကြင်အကြင် အပြားအားဖြင့် ရဟန်းအား မြတ်စွာဘုရားသည်လည်းကောင်း၊ တစ်ယောက်ယောက်သော အလေးပြုထိုက်သော သီတင်းသုံးဖော်သည်လည်းကောင်း တရားကိုဟော၏၊ ထိုထိုသော အပြားအားဖြင့် ထိုရဟန်းသည် ထိုတရား၌ အနက်ကိုလည်း သိ၏၊ ပါဠိကိုလည်းသိ၏။ အနက်ကိုလည်းသိသော ပါဠိကိုလည်းသိသော ထိုရဟန်းအား ဝမ်းမြောက်ခြင်းသည် ဖြစ်၏၊ ဝမ်းမြောက် ခြင်းရှိသော ရဟန်းအား နှစ်သိမ့်မှု ‘ပီတိ’ သည် ဖြစ်၏၊ နှစ်သိမ့်သော စိတ်ရှိသော ရဟန်း၏ ကိုယ်သည် ငြိမ်းချမ်း၏၊ ငြိမ်းချမ်းသော ကိုယ်ရှိသော ရဟန်းသည် ချမ်းသာကို ခံစားရ၏၊ ချမ်းသာသော ရဟန်း၏ စိတ်သည် တည်ကြည်၏။ ဤကား ရှေးဦးစွာသော ကိလေသာမှ လွတ်ခြင်းအကြောင်းတည်း။

ငါ့သျှင်တို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းအား မြတ်စွာဘုရားသည်လည်းကောင်း တစ်ယောက်ယောက်သော အလေးပြုထိုက်သော သီတင်းသုံးဖော်သည်လည်းကောင်း တရားကို မဟော၊ စင်စစ်သော်ကား ကြားဖူးသောအတိုင်း သင်ဖူးသောအတိုင်း တရားကို အကျယ်အားဖြင့် သူတစ်ပါးတို့အား ဟော၏။ပ။

စင်စစ်သော်ကား ကြားဖူးသောအတိုင်း သင်ဖူးသောအတိုင်း တရားကို အကျယ်အားဖြင့် သရဇ္ဈ ာယ် ခြင်းကို ပြု၏။ပ။ စင်စစ်သော်ကား ကြားဖူးသောအတိုင်း သင်ဖူးသောအတိုင်း တရားကို စိတ်ဖြင့် အဖန့်ဖန်ကြံ၏၊ အဖန်ဖန်သုံးသပ်၏၊ စိတ်ဖြင့် အဖန်ဖန်ရှု၏။ပ။

စင်စစ်သော်ကား ထိုရဟန်းသည် တစ်ပါးပါးသော သမာဓိနိမိတ်ကို ကောင်းစွာ သင်ယူအပ်၏၊ ကောင်းစွာ နှလုံးသွင်းအပ်၏၊ ကောင်းစွာ မှတ်အပ်၏၊ ပညာဖြင့် ကောင်းစွာ သိအပ်၏။

ငါ့သျှင်တို့ အကြင်အကြင်အပြားအားဖြင့် ရဟန်းသည် တစ်ပါးပါးသော သမာဓိနိမိတ်ကို ကောင်းစွာ သင်ယူအပ်၏၊ ကောင်းစွာ နှလုံးသွင်းအပ်၏၊ ကောင်းစွာ မှတ်အပ်၏၊ ပညာဖြင့် ကောင်းစွာ သိအပ်၏။ ထိုထိုသော အပြားအားဖြင့် ထိုရဟန်းသည် ထိုတရား၌ အနက်ကိုလည်း သိ၏၊ ပါဠိကိုလည်း သိ၏။ အနက်ကို သိသော ပါဠိကို သိသော ထိုရဟန်းအား ဝမ်းမြောက်ခြင်းသည် ဖြစ်၏၊ ဝမ်းမြောက်ခြင်းရှိသော ရဟန်းအား နှစ်သိမ့်မှု ‘ပီတိ’သည် ဖြစ်၏၊ နှစ်သိမ့်သော စိတ်ရှိသော ရဟန်း၏ နာမ်ရုပ်အပေါင်းသည် ငြိမ်းချမ်း၏၊ နာမ်ရုပ်အပေါင်း ငြိမ်းချမ်းရှိသော ရဟန်းသည် ချမ်းသာကို ခံစားရ၏၊ ချမ်းသာသော ရဟန်း၏ စိတ်သည် တည်ကြည်၏။ ဤကား ငါးကြိမ် မြောက်သော ကိလေသာမှ လွတ်ခြင်း အကြောင်း တည်း။ (၂၅)

အရဟတ္တဖိုလ်ကို ရင့်စေတတ်သော သညာတို့သည် မမြဲ ‘အနိစ္စ’ဟု မှတ်သော သညာ၊ အနိစ္စ၌ ဆင်းရဲ ‘ဒုက္ခ’ဟု မှတ်သော သညာ၊ ဒုက္ခ၌ အတ္တမဟုတ် ‘အနတ္တ’ဟု မှတ်သော သညာ၊ ပယ်ခြင်း၌ ဖြစ်သော သညာ၊ ရာဂကင်းခြင်း၌ ဖြစ်သော သညာအားဖြင့် ငါးပါးတို့တည်း။ (၂၆)

ငါ့သျှင်တို့ (အလုံးစုံသော တရားတို့ကို) သိတော်မူ မြင်တော်မူ၍ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားသည် ဤငါးပါးသော တရားတို့ကို ကောင်းစွာ ဟောတော်မူအပ်ကုန်၏၊ ထိုငါးပါးသော တရားတို့၌ အလုံးစုံသော သင်တို့သည် အညီအညွတ် ရွတ်ဆိုအပ်၏။ပ။ နတ်လူတို့၏ အကျိုး စီးပွါး ချမ်းသာအလို့ငှါ ဖြစ်၏။

ဆက္က — တရား ခြောက်ပါးစု

၃၂၃။ ငါ့သျှင်တို့ (အလုံးစုံသောတရားတို့ကို) သိတော်မူ မြင်တော်မူ၍ ပူဇော်အထူးကို ခံတော်မူ ထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားသည် ကောင်း စွာ ဟောတော်မူအပ်ကုန်သော ခြောက်ပါးသော တရားတို့သည် ရှိကုန်၏။ ထိုခြောက်ပါးသော တရားတို့၌ အလုံးစုံသော သင်တို့သည် အညီအညွတ် ရွတ်ဆိုအပ်၏။ပ။ နတ်လူတို့၏ အကျိုး စီးပွါး ချမ်းသာအလို့ငှါ ဖြစ်၏။

အဘယ်ခြောက်ပါးသော တရားတို့နည်းဟူမူ —

အတွင်းသန္တာန်၌ ဖြစ်သော အာယတန ‘အဇ္ဈတ္တိကာယတန’ တို့သည် စက္ခာယတန၊ သောတာယတန၊ ဃာနာယတန၊ ဇိဝှါယတန၊ ကာယာယတန၊ မနာယတနအားဖြင့် ခြောက်ပါးတို့တည်း။ (၁)

အပသန္တာန်၌ ဖြစ်သော အာယတန ‘ဗာဟိရာယတန’တို့သည် ရူပါယတန၊ သဒ္ဒါယတန၊ ဂန္ဓာ ယတန၊ ရသာယတန၊ ဖောဋ္ဌဗ္ဗာယတန၊ ဓမ္မာယတနအားဖြင့် ခြောက်ပါးတို့တည်း။ (၂)

ဝိညာဉ်အပေါင်းတို့သည် စက္ခုဝိညာဉ်၊ သောတဝိညာဉ်၊ ဃာနဝိညာဉ်၊ ဇိဝှါဝိညာဉ်၊ ကာယ ဝိညာဉ်၊ မနောဝိညာဉ်အားဖြင့် ခြောက်ပါးတို့တည်း။ (၃)

ဖဿအပေါင်းတို့သည် စက္ခုသမ္ဖဿ၊ သောတသမ္ဖဿ။ပ။ မနောသမ္ဖဿအားဖြင့် ခြောက်ပါးတို့တည်း။ (၄)

ဝေဒနာအပေါင်းတို့သည် စက္ခုသမ္ဖဿကြောင့်ဖြစ်သော ဝေဒနာ။ပ။ မနောသမ္ဖဿကြောင့်ဖြစ်သော ဝေဒနာအားဖြင့် ခြောက်ပါးတို့တည်း။ (၅)

သညာအပေါင်းတို့သည် ရူပသညာ။ပ။ ဓမ္မသညာအားဖြင့် ခြောက်ပါးတို့တည်း။ (၆)

သေဉ္စတနာအပေါင်းတို့သည် ရူပသေဉ္စတနာ။ပ။ ဓမ္မသေဉ္စတနာအားဖြင့် ခြောက်ပါးတို့တည်း။ (၇)

တဏှာအပေါင်းတို့သည် ရူပတဏှာ၊ သဒ္ဒတဏှာ၊ ဂန္ဓတဏှာ၊ ရသတဏှာ၊ ဖောဋ္ဌဗ္ဗတဏှာ၊ ဓမ္မတဏှာအားဖြင့် ခြောက်ပါးတို့တည်း။ (၈)

၃၂၄။ မရိုသေခြင်းတို့သည် ခြောက်ပါးတို့တည်း။ ငါ့သျှင်တို့ ဤသာသနာတော်၌ ရဟန်းသည် မြတ်စွာဘုရား၌ ရိုသေခြင်း တုပ်ဝပ်ခြင်း မရှိသည်ဖြစ်၍ နေ၏၊ တရားတော်၌ ရိုသေခြင်း တုပ်ဝပ်ခြင်း မရှိသည်ဖြစ်၍ နေ၏၊ သံဃာတော်၌ ရိုသေခြင်း တုပ်ဝပ်ခြင်း မရှိသည်ဖြစ်၍ နေ၏၊ အကျင့်သိက္ခာ၌ ရိုသေခြင်း တုပ်ဝပ်ခြင်း မရှိသည်ဖြစ်၍ နေ၏၊ အပ္ပမာဒတရား၌ ရိုသေခြင်း တုပ်ဝပ်ခြင်း မရှိသည်ဖြစ်၍ နေ၏၊ အာမိသဖြင့် စေ့စပ်ခြင်း, ဓမ္မဖြင့် စေ့စပ်ခြင်း ‘ပဋိသန္ထာရ’ တရား၌ ရိုသေခြင်း တုပ်ဝပ်ခြင်း မရှိသည်ဖြစ်၍ နေ၏၊ (ဤခြောက်ပါးတို့တည်း)။ (၉)

ရိုသေခြင်းတို့သည် ခြောက်ပါးတို့တည်း။ ငါ့သျှင်တို့ ဤသာသနာတော်၌ ရဟန်းသည် မြတ်စွာ ဘုရား၌ ရိုသေခြင်း တုပ်ဝပ်ခြင်းရှိသည်ဖြစ်၍ နေ၏၊ တရားတော်၌ ရိုသေခြင်း တုပ်ဝပ်ခြင်းရှိသည်ဖြစ်၍ နေ၏၊ သံဃာတော်၌ ရိုသေခြင်း တုပ်ဝပ်ခြင်းရှိသည်ဖြစ်၍ နေ၏၊ အကျင့်သိက္ခာ၌ ရိုသေခြင်း တုပ်ဝပ်ခြင်း ရှိသည်ဖြစ်၍ နေ၏၊ အပ္ပမာဒတရား၌ ရိုသေခြင်း တုပ်ဝပ်ခြင်းရှိသည်ဖြစ်၍ နေ၏၊ ပဋိသန္ထာရတရား၌ ရိုသေခြင်း တုပ်ဝပ်ခြင်းရှိသည် ဖြစ်၍ နေ၏၊ (ဤခြောက်ပါးတို့တည်း)။ (၁ဝ)

သောမနဿဝေဒနာနှင့်ယှဉ်သော ဆင်ခြင်သုံးသပ်ခြင်းတို့သည် ခြောက်ပါးတို့တည်း။ မျက်စိဖြင့် ရူပါရုံကို မြင်၍ ဝမ်းမြောက်ခြင်း သောမနဿဝေဒနာ၏ အကြောင်းဖြစ်သော ရူပါရုံကို ဆင်ခြင်၏၊ နားဖြင့် သဒ္ဒါရုံကို ကြား၍။ နှာခေါင်းဖြင့် ဂန္ဓာရုံကို နမ်း၍။ လျှာဖြင့် ရသာရုံကို လျက်၍။ ကိုယ်ဖြင့် ဖောဋ္ဌဗ္ဗာရုံ ကို ထိ၍။ စိတ်ဖြင့် ဓမ္မာရုံကို သိ၍ ဝမ်းမြောက်ခြင်း သောမနဿဝေဒနာ၏ အကြောင်းဖြစ်သော ဓမ္မာရုံ ကို ဆင်ခြင်၏၊ (ဤခြောက်ပါးတို့တည်း)။ (၁၁)

ဒေါမနဿဝေဒနာနှင့်ယှဉ်သော ဆင်ခြင်သုံးသပ်ခြင်းတို့သည် ခြောက်ပါးတို့တည်း။ မျက်စိဖြင့် ရူပါရုံ ကို မြင်၍ နှလုံးမသာခြင်း ဒေါမနဿဝေဒနာ၏ အကြောင်းဖြစ်သော ရူပါရုံကို ဆင်ခြင်၏။ပ။ စိတ်ဖြင့် ဓမ္မာရုံကို သိ၍ နှလုံးမသာခြင်း ဒေါမနဿဝေဒနာ၏ အကြောင်းဖြစ်သော ဓမ္မာရုံကို ဆင်ခြင်၏၊ (ဤခြောက်ပါးတို့တည်း)။ (၁၂)

ဥပေက္ခာဝေဒနာနှင့်ယှဉ်သော ဆင်ခြင်သုံးသပ်ခြင်းတို့သည် ခြောက်ပါးတို့တည်း။ မျက်စိဖြင့် ရူပါရုံ ကို မြင်၍ လျစ်လျူရှုခြင်း ဥပေက္ခာဝေဒနာ၏ အကြောင်းဖြစ်သော ရူပါရုံကို ဆင်ခြင်၏။ပ။ စိတ်ဖြင့် ဓမ္မာရုံကို သိ၍ လျစ်လျူရှုခြင်း ဥပေက္ခာဝေဒနာ၏ အကြောင်းဖြစ်သော ဓမ္မာရုံကို ဆင်ခြင်၏၊ (ဤခြောက်ပါး တို့တည်း)။ (၁၃)

အောက်မေ့အပ်သော တရားတို့သည် ခြောက်ပါးတို့တည်း။ ငါ့သျှင်တို့ ဤသာသနာတော်၌ ရဟန်း သည် မျက်မှောက်၌လည်းကောင်း၊ မျက်ကွယ်၌လည်းကောင်း ကာယကံမေတ္တာကို သီတင်းသုံးဖော်တို့၌ ဖြစ်စေအပ်၏၊ အောက်မေ့အပ်သော ချစ်ခြင်းကို ပြုတတ်သော လေးမြတ်ခြင်းကို ပြုတတ်သော ဤတရား သည်လည်း စည်းလုံးခြင်းငှါ ခိုက်ရန်မဖြစ်ခြင်းငှါ အညီအညွတ်ဖြစ်ခြင်းငှါ တစ်ပေါင်းတည်းဖြစ်ခြင်းငှါ ဖြစ်၏။ (၁၄—၁)

တစ်ဖန်ထို့ပြင်လည်း ငါ့သျှင်တို့ ရဟန်းသည် မျက်မှောက်၌လည်းကောင်း၊ မျက်ကွယ်၌လည်းကောင်း၊ ဝစီကံမေတ္တာကို သီတင်းသုံးဖော်တို့၌ ဖြစ်စေအပ်၏။ပ။ (၁၄—၂)

တစ်ဖန် ထို့ပြင်လည်း ငါ့သျှင်တို့ ရဟန်းသည် မျက်မှောက်၌လည်းကောင်း၊ မျက်ကွယ်၌လည်း ကောင်း မနောကံမေတ္တာကို သီတင်းသုံးဖော်တို့၌ ဖြစ်စေအပ်၏၊ အောက်မေ့အပ်သော။ပ။ ဤတရားသည် လည်း တစ်ပေါင်းတည်းဖြစ်ခြင်းငှါ ဖြစ်၏။ (၁၄—၃)

တစ်ဖန် ထို့ပြင်လည်း ငါ့သျှင်တို့ ရဟန်းသည် တရားနှင့်လျော်သော တရားသဖြင့် ရအပ်သော အကြင်လာဘ်တို့ကို ရအပ်ကုန်၏၊ အယုတ်သဖြင့် သပိတ်၌ စားလောက်ရုံမျှကိုလည်း ရကုန်၏၊ ထိုသို့သဘောရှိသော လာဘ်တို့ဖြင့် ခွဲခြားသီးသန့်၍ စားလေ့မရှိ၊ သီလဝန္တဖြစ်သော သီတင်းသုံးဖော်တို့နှင့် ဆက်ဆံ၍ စားလေ့ရှိ၏၊ အောက်မေ့အပ်သော။ပ။ ဤတရားသည်လည်း တစ်ပေါင်းတည်း ဖြစ်ခြင်းငှါ ဖြစ်၏။ (၁၄—၄)

တစ်ဖန် ထို့ပြင်လည်း ငါ့သျှင်တို့ ရဟန်းသည် မကျိုး မပေါက် မပြောက် မကျား ဖြူစင်ကုန်သော ပညာရှိတို့ ချီးမွမ်းအပ်ကုန်သော မှားသောအားဖြင့် မသုံးသပ်အပ်ကုန်သော သမာဓိကို ဖြစ်စေတတ်ကုန်သော အကြင်သီလတို့သည် ရှိကုန်၏၊ ထိုသို့သဘောရှိသော သီလတို့၌ သီတင်းသုံးဖော်တို့နှင့် မျက် မှောက်၌လည်းကောင်း၊ မျက်ကွယ်၌လည်းကောင်း တူသောသီလရှိသည်ဖြစ်၍ နေ၏၊ အောက်မေ့အပ်သော။ပ။ ဤတရားသည်လည်း တစ်ပေါင်းတည်းဖြစ်ခြင်းငှါ ဖြစ်၏။ (၁၄—၅)

တစ်ဖန်ထို့ပြင်လည်း ငါ့သျှင်တို့ ဖြူစင်သော ဝဋ်ဆင်းရဲမှ ထုတ်ဆောင်တတ်သော အကြင် (မဂ်နှင့် ယှဉ်သော) သမ္မာဒိဋ္ဌိဉာဏ်သည် အကြွင်းမဲ့ဝဋ်ဆင်းရဲကုန်ခြင်းငှါ ကျင့်သောပုဂ္ဂိုလ်ကို ဝဋ်ဆင်းရဲမှ ထုတ် ဆောင်တတ်၏။ ရဟန်းသည် ထိုသို့သဘောရှိသော (သမ္မာဒိဋ္ဌိ) ဉာဏ်ဖြင့် သီတင်းသုံးဖော်တို့နှင့် မျက် မှောက်၌လည်းကောင်း၊ မျက်ကွယ်၌လည်းကောင်း ဉာဏ်အမြင်တူခြင်းသို့ ရောက်၍ နေ၏၊ အောက်မေ့အပ်သော ချစ်ခြင်းကိုပြုတတ်သော လေးမြတ်ခြင်းကို ပြုတတ်သော ဤတရားသည်လည်း စည်းလုံးခြင်းငှါ ခိုက်ရန် မဖြစ်ခြင်းငှါ အညီအညွတ်ဖြစ်ခြင်းငှါ တစ်ပေါင်းတည်းဖြစ်ခြင်းငှါ ဖြစ်၏၊ (ဤခြောက်ပါးတို့ တည်း)။ (၁၄—၆)

၃၂၅။ ခိုက်ရန်ဖြစ်ခြင်း အကြောင်းတို့သည် ခြောက်ပါးတို့တည်း။ ငါ့သျှင်တို့ ဤသာသနာတော်၌ ရဟန်းသည် အမျက်ထွက်တတ်၏၊ ရန်ငြိုးဖွဲ့တတ်၏။

ငါ့သျှင်တို့ အကြင်ရဟန်းသည် အမျက်ထွက်တတ်၏၊ ရန်ငြိုးဖွဲ့တတ်၏၊ ထိုရဟန်းသည် မြတ်စွာ ဘုရား၌လည်း ရိုသေတုပ်ဝပ်ခြင်း မရှိသည်ဖြစ်၍ နေ၏၊ တရားတော်၌လည်း ရိုသေတုပ်ဝပ်ခြင်း မရှိသည် ဖြစ်၍ နေ၏၊ သံဃာတော်၌လည်း ရိုသေတုပ်ဝပ်ခြင်း မရှိသည်ဖြစ်၍ နေ၏၊ အကျင့်သိက္ခာပုဒ်၌လည်း ဖြည့်ကျင့်ခြင်းကို ပြုလေ့မရှိ ‘မဖြည့်ကျင့်’။

ငါ့သျှင်တို့ အကြင်ရဟန်းသည် မြတ်စွာဘုရား၌ ရိုသေတုပ်ဝပ်ခြင်းမရှိသည်ဖြစ်၍ နေ၏၊ တရား တော်၌ ရိုသေတုပ်ဝပ်ခြင်းမရှိသည်ဖြစ်၍ နေ၏၊ သံဃာတော်၌ ရိုသေတုပ်ဝပ်ခြင်းမရှိသည်ဖြစ်၍ နေ၏၊ အကျင့်သိက္ခာ၌ မဖြည့်ကျင့်၊ ထိုရဟန်းသည် သံဃာ၌ ခိုက်ရန်ကို ဖြစ်စေ၏၊ အကြင်ခိုက်ရန်ဖြစ်ခြင်းသည် လူအများ အစီးအပွါးမဲ့ခြင်းငှါ လူအများချမ်းသာမဲ့ခြင်းငှါ ဖြစ်၏၊ နတ်လူတို့၏ အကျိုးစီးပွါးမဲ့ခြင်း ဆင်းရဲ ခြင်းငှါ ဖြစ်၏။

ငါ့သျှင်တို့ ဤသို့ သဘောရှိသော ခိုက်ရန်ဖြစ်ကြောင်းကို သင်တို့သည် မိမိသန္တာန်၌လည်းကောင်း သူတစ်ပါးသန္တာန်၌လည်းကောင်း အကယ်၍ မြင်ကုန်ငြားအံ့၊ ထိုသို့တွေ့မြင်ကုန်သော် ငါ့သျှင်တို့ သင်တို့ သည် မကောင်းသော ထိုခိုက်ရန်ဖြစ်ကြောင်းကို ပယ်ကြရန် လုံ့လပြုကြကုန်လော့။ ငါ့သျှင်တို့ သင်တို့ သည် ဤသို့ သဘောရှိသော ခိုက်ရန်ဖြစ်ကြောင်းကို မိမိသန္တာန်၌လည်းကောင်း သူတစ်ပါးသန္တာန်၌လည်း ကောင်း အကယ်၍ မတွေ့မြင်ကုန်ငြားအံ့၊ ထိုသို့ မတွေ့မြင်ကုန်သော် ငါ့သျှင်တို့ သင်တို့သည် မကောင်းသော ထိုခိုက်ရန်ဖြစ်ကြောင်းကို နောင်အခါ၌ မဖြစ်ပွါးစေရန် ကျင့်ကုန်လော့။ ဤသို့ ကျင့်သည်ရှိသော် မကောင်းသော ထိုခိုက်ရန်ဖြစ်ကြောင်းကို ပယ်သည် မည်၏။ ဤသို့ ပယ်သည်ရှိသော် မကောင်းသော ထိုခိုက်ရန်ဖြစ်ကြောင်းကို နောင်အခါ၌ မဖြစ်ပွါးစေသည် မည်၏။

ငါ့သျှင်တို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် ဂုဏ်ကို ချေဖျက်တတ်၏၊ တုပြိုင်တတ်၏။ပ။ ငြူစူ တတ်၏၊ ဝန်တိုတတ်၏။ စဉ်းလဲတတ်၏၊ လှည့်ပတ်တတ်၏။ မကောင်းသော အလိုရှိ၏၊ မိစ္ဆာဒိဋ္ဌိအယူ ရှိ၏။ မိမိအယူကို မှားသောအားဖြင့် စွဲလမ်းတတ်၏၊ မိမိအယူကို မြဲစွာ ယူတတ်၏၊ စွန့်လွှတ်နိုင်ခဲ၏။

ငါ့သျှင်တို့ အကြင်ရဟန်းသည် မိမိအယူကို မှားသောအားဖြင့် စွဲလမ်းတတ်၏၊ မိမိအယူကို မြဲစွာယူ့တတ်၏၊ စွန့်လွှတ်နိုင်ခဲ၏၊ ထိုရဟန်းသည် မြတ်စွာဘုရား၌လည်း ရိုသေတုပ်ဝပ်ခြင်း မရှိသည်ဖြစ်၍ နေ၏၊ တရားတော်၌လည်း ရိုသေတုပ်ဝပ်ခြင်း မရှိသည်ဖြစ်၍ နေ၏၊ သံဃာတော်၌လည်း ရိုသေတုပ်ဝပ် ခြင်း မရှိသည် ဖြစ်၍ နေ၏၊ အကျင့်သိက္ခာ၌လည်း မဖြည့်ကျင့်။

ငါ့သျှင်တို့ အကြင်ရဟန်းသည် မြတ်စွာဘုရား၌ ရိုသေတုပ်ဝပ်ခြင်း မရှိသည်ဖြစ်၍ နေ၏၊ တရား တော်၌လည်း ရိုသေတုပ်ဝပ်ခြင်း မရှိသည်ဖြစ်၍ နေ၏၊ သံဃာတော်၌လည်း ရိုသေတုပ်ဝပ်ခြင်း မရှိသည် ဖြစ်၍ နေ၏၊ အကျင့်သိက္ခာ၌ မဖြည့်ကျင့်၊ ထိုရဟန်းသည် သံဃာ၌ ခိုက်ရန်ကို ဖြစ်စေ၏၊ အကြင်ခိုက်ရန် ဖြစ်ခြင်းသည် လူအများ အစီးအပွါးမဲ့ခြင်းငှါ လူအများချမ်းသာမဲ့ခြင်းငှါ ဖြစ်၏၊ နတ်လူတို့၏ အကျိုးစီးပွါး မဲ့ခြင်းငှါ ဆင်းရဲခြင်းငှါ ဖြစ်၏။

ငါ့သျှင်တို့ သင်တို့သည် ဤသို့သဘောရှိသော ခိုက်ရန်ဖြစ်ခြင်းအကြောင်းကို မိမိသန္တာန်၌လည်း ကောင်း သူတစ်ပါးသန္တာန်၌လည်းကောင်း အကယ်၍ တွေ့မြင်ကုန်ငြားအံ့၊ ထိုသို့ တွေ့မြင်ကုန်သော် ငါ့သျှင်တို့ သင်တို့သည် မကောင်းသော ထိုခိုက်ရန်ဖြစ်ကြောင်းကို ပယ်ရန် လုံ့လပြုကြကုန်လော့။

ငါ့သျှင်တို့ သင်တို့သည် ဤသို့ သဘောရှိသော ခိုက်ရန်ဖြစ်ကြောင်းကို မိမိသန္တာန်၌လည်းကောင်း သူတစ်ပါးသန္တာန်၌လည်းကောင်း အကယ်၍ မတွေ့မမြင်ကုန်ငြားအံ့၊ ထိုသို့ မတွေ့မြင်ကုန်သော် ငါ့သျှင် တို့ သင်တို့သည် မကောင်းသော ထိုခိုက်ရန်ဖြစ်ကြောင်းကို နောင်အခါ၌ မဖြစ်ပွါးစေခြင်းငှါ ကျင့်ကုန် လော့။ ဤသို့ ကျင့်ကုန်သည်ရှိသော် မကောင်းသော ထိုခိုက်ရန်ဖြစ်ကြောင်းကို ပယ်သည် မည်၏၊ ဤသို့ ပယ် သည်ရှိသော် မကောင်းသော ခိုက်ရန်ဖြစ်ကြောင်းကို နောင်အခါ၌ မဖြစ်ပွါးစေသည် မည်၏၊ (ဤခြောက်ပါးတို့တည်း)။ (၁၅)

ဓာတ်တို့သည် ပထဝီဓာတ်၊ အာပေါဓာတ်၊ တေဇောဓာတ်၊ ဝါယောဓာတ်၊ အာကာသဓာတ်၊ ဝိညာဏဓာတ်အားဖြင့် ခြောက်ပါးတို့တည်း။ (၁၆)

၃၂၆။ ကိလေသာမှ လွတ်သော ဓာတ်တို့သည် ခြောက်ပါးတို့တည်း။ ငါ့သျှင်တို့ ဤသာသနာတော်၌ ရဟန်းသည် ဤသို့ ဆိုငြားအံ့၊ “ငါသည် ကိလေသာတို့မှ လွတ်သော မေတ္တာနှင့်ယှဉ်သော စိတ်ကို ပွါးစေအပ်၏၊ အဖန်ဖန်လေ့လာအပ်၏၊ ယာဉ်ကဲ့သို့ပြုအပ်၏၊ တည်ရာကဲ့သို့ပြုအပ်၏၊ အဖန်ဖန် ဖြစ်စေ အပ်၏၊ အဖန်ဖန်ဆည်းပူးအပ်၏၊ ကောင်းစွာ အားထုတ်အပ်၏၊ ထိုသို့ဖြစ်လျက် ဒေါသသည် ငါ၏ မေတ္တာစိတ်ကို ဆုတ်ယုတ်စေ၍ တည်၏”ဟု (ဆိုငြားအံ့)။ “ဤသို့ မဆိုလင့်၊ အသျှင် ဤသို့ မဆိုလင့်၊ မြတ်စွာဘုရားကို မစွပ်စွဲလင့်၊ မြတ်စွာဘုရားကို စွပ်စွဲခြင်းသည် မကောင်း၊ မြတ်စွာဘုရားသည် ဤသို့ ဟောတော်မမူရာ”ဟု ထိုရဟန်းကို ဆိုအပ်၏။ “ငါ့သျှင် ကိလေသာတို့မှ လွတ်သော ယင်းမေတ္တာနှင့် ယှဉ်သောစိတ်ကို ပွါးစေအပ်ပါလျက် အဖန်ဖန် လေ့လာအပ်ပါလျက် ယာဉ်ကဲ့သို့ ပြုအပ်ပါလျက် တည်ရာ ကဲ့သို့ ပြုအပ်ပါလျက် အဖန်ဖန် ဖြစ်စေအပ်ပါလျက် အဖန်ဖန် ဆည်းပူးအပ်ပါလျက် ကောင်းစွာ အား ထုတ်အပ်ပါလျက် ဒေါသသည် ထိုရဟန်း၏ မေတ္တာစိတ်ကို ဆုတ်ယုတ်စေ၍ တည်၏ဟူသော ဤစကားသည် အကြောင်းမဟုတ် အရာမဟုတ်၊ ဤသို့သော အကြောင်းသည် မရှိ၊ ငါ့သျှင် ကိလေသာတို့မှ လွတ်သော ယင်းမေတ္တာနှင့် ယှဉ်သော စိတ်သည် ဒေါသမှ ထွက်မြောက်ကြောင်းတည်း”ဟု (ဆိုအပ်၏)။ (၁၇—၁)

ငါ့သျှင်တို့ ဤ (သာသနာတော်) ၌ ရဟန်းသည် ဤသို့ ဆိုငြားအံ့၊ “ငါသည် ကိလေသာတို့မှ လွတ်သော ကရုဏာနှင့်ယှဉ်သော စိတ်ကို ပွါးစေအပ်၏၊ အဖန်ဖန် လေ့လာအပ်၏၊ ယာဉ်ကဲ့သို့ပြုအပ်၏၊ တည်ရာကဲ့သို့ ပြုအပ်၏၊ အဖန်ဖန် ဖြစ်စေအပ်၏၊ အဖန်ဖန် ဆည်းပူးအပ်၏၊ ကောင်းစွာ အားထုတ် အပ်၏၊ ထိုသို့ဖြစ်လျက် ညှဉ်းဆဲခြင်း ‘ဝိဟေသာ’ သည် ငါ၏ ကရုဏာစိတ်ကို ဆုတ်ယုတ်စေ၍ တည်၏”ဟု (ဆိုငြားအံ့)။ “ဤသို့ မဆိုလင့်၊ အသျှင် ဤသို့မဆိုလင့်၊ မြတ်စွာဘုရားကို မစွပ်စွဲလင့်၊ မြတ်စွာ ဘုရားကို စွပ်စွဲခြင်းသည် မကောင်း၊ မြတ်စွာဘုရားသည် ဤသို့ ဟောတော်မမူရာ”ဟု ထိုရဟန်းကို့ဆိုအပ်၏။ “ငါ့သျှင် ကိလေသာတို့မှ လွတ်သော ယင်းကရုဏာနှင့် ယှဉ်သော စိတ်ကို ပွါးစေအပ်ပါလျက် အဖန်ဖန် လေ့လာအပ်ပါလျက် ယာဉ်ကဲ့သို့ ပြုအပ်ပါလျက် တည်ရာကဲ့သို့ ပြုအပ်ပါလျက် အဖန်ဖန်ဖြစ်စေ အပ်ပါလျက် အဖန်ဖန် ဆည်းပူးအပ်ပါလျက် ကောင်းစွာ အားထုတ်အပ်ပါလျက် ညှဉ်းဆဲခြင်း ‘ဝိဟေသာ’ သည် ထိုရဟန်း၏ ကရုဏာစိတ်ကို ဆုတ်ယုတ်စေ၍ တည်၏ဟူသော ဤစကားသည် အကြောင်းမဟုတ် အရာမဟုတ်၊ ဤသို့သော အကြောင်းသည် မရှိ။ ငါ့သျှင် ကိလေသာတို့မှ လွတ်သော ယင်းကရုဏာ နှင့်ယှဉ်သော စိတ်သည် ဝိဟေသာတရားမှ ထွက်မြောက်ကြောင်းတည်း”ဟု (ဆိုအပ်၏)။ (၁၇—၂)

ငါ့သျှင်တို့ ဤ (သာသနာတော်) ၌ ရဟန်းသည် ဤသို့ ဆိုငြားအံ့၊ “ငါသည် ကိလေသာတို့မှ လွတ်သော မုဒိတာနှင့်ယှဉ်သော စိတ်ကို ပွါးစေအပ်၏၊ အဖန်ဖန် လေ့လာအပ်၏၊ ယာဉ်ကဲ့သို့ ပြုအပ်၏၊ တည်ရာကဲ့သို့ ပြုအပ်၏၊ အဖန်ဖန် ဖြစ်စေအပ်၏၊ အဖန်ဖန် ဆည်းပူးအပ်၏၊ ကောင်းစွာ အားထုတ်အပ်၏၊ ထိုသို့ ဖြစ်လျက် မမွေ့လျော်သော ‘အရတိ’ တရားသည် ငါ၏ မုဒိတာစိတ်ကို ဆုတ်ယုတ်စေ၍ တည်၏”ဟု (ဆိုငြားအံ့)။ “ဤသို့ မဆိုလင့်၊ အသျှင် ဤသို့မဆိုလင့်၊ မြတ်စွာဘုရားကို မစွပ်စွဲလင့်၊ မြတ်စွာဘုရားကို စွပ်စွဲခြင်းသည် မကောင်း၊ မြတ်စွာဘုရားသည် ဤသို့ ဟောတော်မမူရာ”ဟု ထိုရဟန်း ကို ဆိုအပ်၏။ “ငါ့သျှင် ကိလေသာတို့မှ လွတ်သော ယင်းမုဒိတာနှင့်ယှဉ်သော စိတ်ကို ပွါးစေအပ်ပါလျက် အဖန်ဖန် လေ့လာအပ်ပါလျက် ယာဉ်ကဲ့သို့ ပြုအပ်ပါလျက် တည်ရာကဲ့သို့ ပြုအပ်ပါလျက် အဖန်ဖန်ဖြစ် စေအပ်ပါလျက် အဖန်ဖန်ဆည်းပူးအပ်ပါလျက် ကောင်းစွာ အားထုတ်အပ်ပါလျက် မမွေ့လျော်ခြင်း ‘အရတိ’ တရားသည် ထိုရဟန်း၏ မုဒိတာစိတ်ကို ဆုတ်ယုတ်စေ၍ တည်၏ဟူသော ဤစကားသည် အကြောင်း မဟုတ် အရာမဟုတ်၊ ဤသို့သော အကြောင်းသည် မရှိ။ ငါ့သျှင် ကိလေသာတို့မှ လွတ်သော မုဒိတာနှင့် ယှဉ်သော စိတ်သည် မမွေ့လျော်ခြင်း ‘အရတိ’ တရားမှ ထွက်မြောက်ကြောင်းတည်း”ဟု (ဆိုအပ်၏)။ (၁၇—၃)

ငါ့သျှင်တို့ ဤ (သာသနာတော်) ၌ ရဟန်းသည် ဤသို့ ဆိုငြားအံ့၊ “ငါသည် ကိလေသာတို့မှ လွတ်သော လျစ်လျူရှုခြင်း ဥပေက္ခာနှင့်ယှဉ်သော စိတ်ကို ပွါးစေအပ်၏၊ အဖန်ဖန် လေ့လာအပ်၏၊ ယာဉ် ကဲ့သို့ ပြုအပ်၏၊ တည်ရာကဲ့သို့ ပြုအပ်၏၊ အဖန်ဖန် ဖြစ်စေအပ်၏၊ အဖန်ဖန် ဆည်းပူးအပ်၏၊ ကောင်းစွာ အားထုတ်အပ်၏၊ ထိုသို့ ဖြစ်လျက် စွဲမက်ခြင်း ‘ရာဂ’ သည် ငါ၏ ဥပေက္ခာစိတ်ကို ဆုတ်ယုတ် စေ၍ တည်၏”ဟု (ဆိုငြားအံ့)။ “ဤသို့ မဆိုလင့်၊ အသျှင် ဤသို့ မဆိုလင့်၊ မြတ်စွာဘုရားကို မစွပ်စွဲ လင့်၊ မြတ်စွာဘုရားကို စွပ်စွဲခြင်းသည် မကောင်း၊ မြတ်စွာဘုရားသည် ဤသို့ ဟောတော်မမူရာ”ဟု ထို ရဟန်းကို ဆိုအပ်၏။ “ငါ့သျှင် ကိလေသာတို့မှ လွတ်သော ယင်းလျစ်လျူရှုခြင်း’ဥပေက္ခာ’ နှင့် ယှဉ်သော စိတ်ကို ပွါးစေအပ်ပါလျက် အဖန်ဖန် လေ့လာအပ်ပါလျက် ယာဉ်ကဲ့သို့ပြုအပ်ပါလျက် တည်ရာကဲ့သို့ ပြု အပ်ပါလျက် အဖန်ဖန် ဖြစ်စေအပ်ပါလျက် အဖန်ဖန် ဆည်းပူးအပ်ပါလျက် ကောင်းစွာ အားထုတ်အပ်ပါ လျက် စွဲမက်ခြင်း ‘ရာဂ’သည် ထိုရဟန်း၏ ဥပေက္ခာစိတ်ကို ဆုတ်ယုတ်စေ၍ တည်၏ဟူသော ဤစကား သည် အကြောင်းမဟုတ် အရာမဟုတ်၊ ဤသို့သော အကြောင်းသည် မရှိ။ ငါ့သျှင် ကိလေသာတို့မှ လွတ်သော ယင်းလျစ်လျူရှုခြင်း ‘ဥပေက္ခာ’ နှင့် ယှဉ်သော စိတ်သည် စွဲမက်ခြင်း ‘ရာဂ’ မှ ထွက်မြောက် ကြောင်းတည်း”ဟု (ဆိုအပ်၏)။ (၁၇—၄)

ငါ့သျှင်တို့ ဤ (သာသနာတော်) ၌ ရဟန်းသည် ဤသို့ ဆိုငြားအံ့၊ “ငါသည် ကိလေသာတို့မှ လွတ်သော (ရာဂစသော) အစွဲအမှတ် နိမိတ်မရှိသော အရဟတ္တဖိုလ်စိတ်ကို ပွါးစေအပ်၏၊ အဖန်ဖန် လေ့လာအပ်၏၊ ယာဉ်ကဲ့သို့ ပြုအပ်၏၊ တည်ရာကဲ့သို့ ပြုအပ်၏၊ အဖန်ဖန် ဖြစ်စေအပ်၏၊ အဖန်ဖန် ဆည်းပူးအပ်၏၊ ကောင်းစွာ အားထုတ်အပ်၏၊ ထိုသို့ဖြစ်လျက် ငါ၏ ထိုအရဟတ္တဖိုလ်ဝိညာဉ်စိတ်သည် ရာဂစသော နိမိတ်သို့ အစဉ်လိုက်၏”ဟု (ဆိုငြားအံ့)။ “ဤသို့ မဆိုလင့်၊ အသျှင် ဤသို့ မဆိုလင့်၊့မြတ်စွာဘုရားကို မစွပ်စွဲလင့်၊ မြတ်စွာဘုရားကို စွပ်စွဲခြင်းသည် မကောင်း၊ မြတ်စွာဘုရားသည် ဤသို့ ဟောတော်မမူရာ”ဟု ထိုရဟန်းကို ဆိုအပ်၏။ “ငါ့သျှင် ကိလေသာတို့မှလွတ်သော ရာဂစသော အစွဲ အမှတ် နိမိတ်မရှိသော ယင်းအရဟတ္တဖိုလ်စိတ်ကို ပွါးစေအပ်ပါလျက် အဖန်ဖန် လေ့လာအပ်ပါလျက် ယာဉ်ကဲ့သို့ပြုအပ်ပါလျက် တည်ရာကဲ့သို့ပြုအပ်ပါလျက် အဖန်ဖန် ဖြစ်စေအပ်ပါလျက် အဖန်ဖန် ဆည်းပူး အပ်ပါလျက် ကောင်းစွာ အားထုတ်အပ်ပါလျက် ထိုရဟန်း၏ အရဟတ္တဖိုလ် ဝိညာဉ်စိတ်သည် ရာဂစသော နိမိတ်သို့ အစဉ်လိုက်၏ ဟူသော ဤစကားသည် အကြောင်းမဟုတ် အရာမဟုတ်၊ ဤသို့သော အကြောင်း သည် မရှိ။ ငါ့သျှင် ကိလေသာတို့မှ လွတ်သော ရာဂစသော အစွဲအမှတ် နိမိတ်မရှိသော အရဟတ္တဖိုလ် စိတ်သည် အလုံးစုံသော ရာဂစသော နိမိတ်တို့မှ ထွက်မြောက်ကြောင်းတည်း”ဟု (ဆိုအပ်၏)။ (၁၇—၅)

ငါ့သျှင်တို့ ဤ (သာသနာတော်) ၌ ရဟန်းသည် ဤသို့ ဆိုငြားအံ့၊ “ငါဟူသော မာနစိတ်သည် ငါ့မှာ ကင်း၏၊ ဤတရားသည် ငါဖြစ်၏ဟူ၍လည်း မရှိ၊ ထိုသို့ဖြစ်လျက် ငါ၏ စိတ်ကို ယုံမှားခြင်း ဝိစိ ကိစ္ဆာငြောင့်သည် ဆုတ်ယုတ်စေ၍ တည်၏”ဟု (ဆိုငြားအံ့)။ “ဤသို့မဆိုလင့်၊ အသျှင် ဤသို့မဆိုလင့်၊ မြတ်စွာဘုရားကို မစွပ်စွဲလင့်၊ မြတ်စွာဘုရားကို စွပ်စွဲခြင်းသည် မကောင်း၊ မြတ်စွာဘုရားသည် ဤသို့ ဟောတော်မမူရာ”ဟု ထိုရဟန်းကို ဆိုအပ်၏၊ “ငါ့သျှင် ငါဟူသော မာနစိတ်ကင်းပါလျက် ဤတရားသည် ငါဖြစ်၏ဟူ၍လည်း မရှိပါဘဲလျက် ထိုရဟန်း၏ စိတ်ကို ယုံမှားခြင်း ဝိစိကိစ္ဆာငြောင့်သည် ဆုတ်ယုတ်စေ၍ တည်၏ ဟူသော စကားသည် အကြောင်းမဟုတ် အရာမဟုတ်၊ ဤသို့သော အကြောင်းသည် မရှိ။ ငါ့သျှင် ယင်းငါဟူသောမာနကို အကြွင်းမဲ့ ဖြတ်ခြင်းသည် ယုံမှားခြင်း ဝိစိကိစ္ဆာငြောင့်မှ ထွက်မြောက် ကြောင်းတည်း”ဟု (ဆိုအပ်၏)၊ (ဤခြောက်ပါးတို့တည်း)။ (၁၇—၆)

၃၂၇။ လွန်ကဲ (မြင့်မြတ်) သော တရားတို့သည် လွန်ကဲ (မြင့်မြတ်) သော မြင်ခြင်း၊ လွန်ကဲ (မြင့်မြတ်) သော ကြားခြင်း၊ လွန်ကဲ (မြင့်မြတ်) သော ရခြင်း၊ လွန်ကဲ (မြင့်မြတ်) သော အတတ်၊ လွန်ကဲ (မြင့်မြတ်) သော လုပ်ကျွေးခြင်း၊ လွန်ကဲ (မြင့်မြတ်) သော အောက်မေ့ခြင်းအားဖြင့် ခြောက်ပါးတို့တည်း။ (၁၈)

အဖန်ဖန် အောက်မေ့ခြင်းတို့သည် ဘုရားဂုဏ်တော်ကို အောက်မေ့ခြင်း၊ တရားဂုဏ်တော်ကို အောက်မေ့ခြင်း၊ သံဃာဂုဏ်တော်ကို အောက်မေ့ခြင်း၊ သီလဂုဏ်ကို အောက်မေ့ခြင်း၊ စွန့်ကြဲခြင်းဂုဏ်ကို အောက်မေ့ခြင်း၊ နတ်တို့ကို သက်သေထား၍ မိမိသဒ္ဓါဂုဏ်ကို အောက်မေ့ခြင်းအားဖြင့် ခြောက်ပါးတို့ တည်း။ (၁၉)

၃၂၈။ (ရဟန္တာပုဂ္ဂိုလ်၏) မြဲသောနေခြင်းတို့သည် ခြောက်ပါးတို့တည်း။ ငါ့သျှင်တို့ ဤ (သာသနာ တော်) ၌ ရဟန်းသည် မျက်စိဖြင့် ရုပ်အဆင်းကို မြင်သော် ဝမ်းသာခြင်းလည်း မဖြစ်၊ ဝမ်းနည်းခြင်း လည်း မဖြစ်၊ သတိ, ဆင်ခြင်ဉာဏ်နှင့် ပြည့်စုံသည်ဖြစ်၍ လျစ်လျူရှု၍သာလျှင် နေ၏၊ နားဖြင့် အသံကို ကြားသော်။ပ။ စိတ်ဖြင့် ဓမ္မာရုံကို သိသော် ဝမ်းသာခြင်းလည်း မဖြစ်၊ ဝမ်းနည်းခြင်းလည်း မဖြစ်၊ သတိ,ဆင်ခြင်ဉာဏ်နှင့် ပြည့်စုံသည် ဖြစ်၍ လျစ်လျူရှု၍သာလျှင် နေ၏၊ (ဤခြောက်ပါးတို့တည်း)။ (၂ဝ)

၃၂၉။ အမျိုးဇာတ်တို့သည် ခြောက်ပါး တို့တည်း။ ငါ့သျှင်တို့ ဤလောက၌ အချို့သောသူသည် မည်းသော အမျိုးဇာတ်ရှိသည်ဖြစ်၍ မည်းသော တရားကို ဖြစ်စေ၏၊ ငါ့သျှင်တို့ ဤလောက၌ အချို့သောသူသည် မည်းသော အမျိုးဇာတ်ရှိသည်ဖြစ်၍ ဖြူသော တရားကို ဖြစ်စေ၏၊ ငါ့သျှင်တို့ ဤလောက၌ အချို့သောသူသည် မည်းသော အမျိုးဇာတ်ရှိသည်ဖြစ်၍ မမည်းမဖြူသော နိဗ္ဗာန်ကို ဖြစ်စေ၏၊ ငါ့သျှင်တို့ ဤလောက၌ အချို့သောသူသည် ဖြူသော အမျိုးဇာတ်ရှိသည်ဖြစ်၍ ဖြူသော တရားကို ဖြစ်စေ၏၊ ငါ့သျှင် တို့ ဤလောက၌ အချို့သောသူသည် ဖြူသော အမျိုးဇာတ်ရှိသည်ဖြစ်၍ မည်းသော တရားကို ဖြစ်စေ၏၊ ငါ့သျှင်တို့ ဤလောက၌ အချို့သောသူသည် ဖြူသော အမျိုးဇာတ်ရှိသည်ဖြစ်၍ မမည်း မဖြူသော နိဗ္ဗာန်ကို ဖြစ်စေ၏၊ (ဤခြောက်ပါးတို့တည်း)။ (၂၁)

နိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်သော သညာတို့သည် အနိစ္စာနုပဿနာဉာဏ်၌ဖြစ်သော သညာ၊ အနိစ္စတရား၌ ဒုက္ခာနုပဿနာဉာဏ်၌ဖြစ်သော သညာ၊ ဒုက္ခတရား၌ အနတ္တာနုပဿနာဉာဏ်၌ဖြစ်သော သညာ၊ ပဟာနာနုပဿနာဉာဏ်၌ဖြစ်သော သညာ၊ ရာဂါနုပဿနာဉာဏ်၌ဖြစ်သော သညာ၊ နိရောဓာ နုပဿနာဉာဏ်၌ ဖြစ်သော သညာအားဖြင့် ခြောက်ပါးတို့တည်း။ (၂၂)

ငါ့သျှင်တို့ (အလုံးစုံသောတရားတို့ကို) သိတော်မူ မြင်တော်မူ၍ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားသည် ဤခြောက်ပါးသော တရားတို့ကို ကောင်းစွာ ဟောတော်မူအပ်၏၊ ထိုခြောက်ပါးသော တရားတို့၌ အလုံးစုံသော သင်တို့သည် အညီအညွတ် ရွတ်ဆိုအပ်၏။ပ။ နတ်လူတို့၏ အကျိုး စီးပွါး ချမ်းသာအလို့ငှါ ဖြစ်၏။

သတ္တက — တရား ခုနစ်ပါးစု

၃၃ဝ။ ငါ့သျှင်တို့ (အလုံးစုံသောတရားတို့ကို) သိတော်မူ မြင်တော်မူ၍ ပူဇော်အထူးကို ခံတော်မူ ထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားသည် ကောင်း စွာ ဟောတော်မူအပ်သော ခုနစ်ပါးသော တရားတို့သည် ရှိကုန်၏။ ထိုခုနစ်ပါးသော တရားတို့၌ အလုံးစုံသော သင်တို့သည် အညီအညွတ် ရွတ်ဆိုအပ်၏။ပ။ နတ်လူတို့၏ အကျိုး စီးပွါး ချမ်းသာအလို့ငှါ ဖြစ်၏။

အဘယ်ခုနစ်ပါးသော တရားတို့နည်းဟူမူ —

အရိယာဥစ္စာတို့သည် သဒ္ဓါဥစ္စာ၊ သီလဥစ္စာ၊ ဟိရီဥစ္စာ၊ သြတ္တပ္ပဥစ္စာ၊ သုတဥစ္စာ၊ စာဂဥစ္စာ၊ ပညာ ဥစ္စာအားဖြင့် ခုနစ်ပါးတို့တည်း။ (၁)

ဗောဇ္ဈင်တို့သည် သတိသမ္ဗောဇ္ဈင်၊ ဓမ္မဝိစယသမ္ဗောဇ္ဈင်၊ ဝီရိယသမ္ဗောဇ္ဈင်၊ ပီတိသမ္ဗောဇ္ဈင်၊ ပဿဒ္ဓိသမ္ဗောဇ္ဈင်၊ သမာဓိသမ္ဗောဇ္ဈင်၊ ဥပေက္ခာသမ္ဗောဇ္ဈင်အားဖြင့် ခုနစ်ပါးတို့တည်း။ (၂)

သမာဓိ၏ အခြံအရံ ‘အဆောက်အဦး’ တို့သည် မှန်သော သိမြင်ခြင်း ‘သမ္မာဒိဋ္ဌိ’၊ မှန်သော ကြံခြင်း ‘သမ္မာသင်္ကပ္ပ’၊ မှန်သော ပြောဆိုခြင်း ‘သမ္မာဝါစာ’၊ မှန်သော ပြုလုပ်ခြင်း ‘သမ္မာကမ္မန္တ’၊ မှန်သော အသက် မွေးခြင်း ‘သမ္မာအာဇီဝ’၊ မှန်သောအားထုတ်ခြင်း ‘သမ္မာဝါယာမ’၊ မှန်သောအောက်မေ့ခြင်း ‘သမ္မာသတိ’ အားဖြင့် ခုနစ်ပါးတို့တည်း။ (၃)

မသူတော်တရားတို့သည် ငါ့သျှင်တို့ ဤသာသနာတော်၌ ရဟန်းသည် သဒ္ဓါတရားမရှိ၊ ရှက်ခြင်း မရှိ၊ ကြောက်လန့်ခြင်းမရှိ၊ အကြားအမြင်မရှိ၊ ပျင်းရိ၏၊ သတိလွတ်၏၊ ပညာမရှိ၊ ဤသို့အားဖြင့် ခုနစ် ပါးတို့တည်း။ (၄)

သူတော်ကောင်းတရားတို့သည် ငါ့သျှင်တို့ ဤသာသနာတော်၌ ရဟန်းသည် သဒ္ဓါတရားရှိ၏၊ ရှက်ခြင်း ရှိ၏၊ ကြောက်လန့်ခြင်းရှိ၏၊ အကြားအမြင်များ၏၊ အားထုတ်အပ်သော ဝီရိယရှိ၏၊ ထင်သော သတိရှိ၏၊ ပညာရှိ၏၊ ဤသို့အားဖြင့် ခုနစ်ပါးတို့တည်း။ (၅)

သူတော်ကောင်းတရားတို့သည် ငါ့သျှင်တို့ ဤသာသနာတော်၌ ရဟန်းသည် ပါဠိကို သိ၏၊ အနက် ကို သိ၏၊ မိမိကိုယ်ကို သိ၏၊ အတိုင်းအရှည်ကို သိ၏၊ အခါကို သိ၏၊ ပရိသတ်ကို သိ၏၊ ပုဂ္ဂိုလ်ကို သိ၏၊ ဤသို့အားဖြင့် ခုနစ်ပါးတို့တည်း။ (၆)

၃၃၁။ ရဟန္တာဖြစ်ခြင်းအကြောင်းတို့သည် ငါ့သျှင်တို့ ဤသာသနာတော်၌ ရဟန်းသည် သိက္ခာကို စောင့်ထိမ်းခြင်း၌ ထက်သော ဆန္ဒရှိ၏၊ နောင်အခါ၌လည်း သိက္ခာကို စောင့်ထိန်းခြင်း၌ မကင်းသော တောင့်တခြင်းရှိ၏၊ တရားကို ဆင်ခြင်ခြင်း၌ ထက်သော ဆန္ဒရှိ၏၊ နောင်အခါ၌လည်း တရားကို ဆင်ခြင် ခြင်း၌ မကင်းသော တောင့်တခြင်းရှိ၏၊ တဏှာကို ဖျက်ဆီးခြင်း၌ ထက်သော ဆန္ဒရှိ၏၊ နောင်အခါ၌ လည်း တဏှာကို ဖျက်ဆီးခြင်း၌ မကင်းသော တောင့်တခြင်းရှိ၏၊ ဆိတ်ငြိမ်ရာတစ်ယောက်ထီးတည်း့နေခြင်း၌ ထက်သော ဆန္ဒရှိ၏၊ နောင်အခါ၌လည်း ဆိတ်ငြိမ်ရာတစ်ယောက်ထီးတည်း နေခြင်း၌ မကင်းသော တောင့်တခြင်းရှိ၏၊ လုံ့လကို ပြည့်စုံစေခြင်း၌ ထက်သော ဆန္ဒရှိ၏၊ နောင်အခါ၌လည်း လုံ့လကို ပြည့်စုံစေခြင်း၌ မကင်းသော တောင့်တခြင်း ဆန္ဒရှိ၏၊ သတိပညာ၌ ထက်သော ဆန္ဒရှိ၏၊ နောင်အခါ၌ သတိပညာ၌ မကင်းသော တောင့်တခြင်းရှိ၏၊ အရိယာမဂ်ကို သိမြင်ခြင်း၌ ထက်သော ဆန္ဒရှိ၏၊ နောင် အခါ၌လည်း အရိယာမဂ်ကို သိမြင်ခြင်း၌ မကင်းသော တောင့်တခြင်းရှိ၏၊ ဤသို့အားဖြင့် ခုနစ်ပါးတို့ တည်း။ (၇)

သညာတို့သည် အနိစ္စာနုပဿနာဉာဏ်၌ဖြစ်သော သညာ၊ အနတ္တာနုပဿနာဉာဏ်၌ ဖြစ်သော သညာ၊ အသုဘာနုပဿနာဉာဏ်၌ဖြစ်သော သညာ၊ အာဒီနဝါနုပဿနာဉာဏ်၌ဖြစ်သော သညာ၊ ပဟာနာ နုပဿနာ ဉာဏ်၌ဖြစ်သော သညာ၊ ဝိရာဂါနုပဿနာဉာဏ်၌ဖြစ်သော သညာ၊ နိရောဓာနုပဿနာဉာဏ် ၌ဖြစ်သော သညာအားဖြင့် ခုနစ်ပါးတို့တည်း။ (၈)

ဗိုလ်တို့သည် သဒ္ဓါဗိုလ်၊ ဝီရိယဗိုလ်၊ သတိဗိုလ်၊ သမာဓိဗိုလ်၊ ပညာဗိုလ်၊ ဟိရိဗိုလ်၊ သြတ္တပ္ပဗိုလ် အားဖြင့် ခုနစ်ပါးတို့တည်း။ (၉)

၃၃၂။ ဝိညာဉ်၏တည်ရာတို့သည် ခုနစ်ပါးတို့တည်း။ ငါ့သျှင်တို့ ကိုယ်သဏ္ဌာန်ချင်းကွဲပြား၍ ပဋိသန္ဓေ သညာချင်းလည်း ကွဲပြားကုန်သော သတ္တဝါတို့သည် ရှိကုန်၏။ အဘယ်သတ္တဝါတို့နည်းဟူမူ — အချို့သော နတ်၁ အချို့သော ဝိနိပါတိက၂နှင့် လူတို့ပင်တည်း၊ ဤကား ရှေးဦးစွာသော ဝိညာဉ်၏ တည်ရာ ပေတည်း။

ငါ့သျှင်တို့ ကိုယ်သဏ္ဌာန်ချင်း ကွဲပြား၍ ပဋိသန္ဓေသညာချင်းတူကုန်သော သတ္တဝါတို့သည် ရှိကုန်၏။ အဘယ်သတ္တဝါတို့နည်းဟူမူ — ပဌမဈာန်ဘုံ၌ဖြစ်သော ဗြဟ္မာတို့ပင်တည်း။ ဤကား နှစ်ခုမြောက်သော ဝိညာဉ်၏ တည်ရာပေတည်း။

ငါ့သျှင်တို့ ကိုယ်သဏ္ဌာန်ချင်းတူ၍ ပဋိသန္ဓေသညာချင်းကွဲပြားကုန်သော သတ္တဝါတို့သည် ရှိကုန်၏။ အဘယ်သတ္တဝါတို့နည်းဟူမူ — အာဘဿရာဘုံ၌ဖြစ်သော ဗြဟ္မာတို့ပင်တည်း။ ဤကား သုံးခုမြောက်သော ဝိညာဉ်၏ တည်ရာပေတည်း။

ငါ့သျှင်တို့ ကိုယ်သဏ္ဌာန်ချင်းတူ၍ ပဋိသန္ဓေသညာချင်းလည်းတူကုန်သော သတ္တဝါတို့သည် ရှိကုန်၏။ အဘယ်သတ္တဝါတို့နည်းဟူမူ — သုဘကိဏှာဘုံ၌ဖြစ်သောဗြဟ္မာတို့ပင်တည်း။ ဤကားလေးခု မြောက်သော ဝိညာဉ်၏ တည်ရာပေတည်း။

ငါ့သျှင်တို့ ရူပသညာတို့ကို လုံးဝလွန်မြောက်၍ ပဋိဃသညာတို့ လုံးဝချုပ်သည့်ပြင် နာနတ္တသညာ တို့ကို လုံးဝနှလုံးမသွင်းမူ၍ “ကောင်းကင်သည် အဆုံးမရှိ”ဟု ပွါးများခြင်းကြောင့် အာကာသာနဉ္စာယတန ဘုံသို့ ရောက်သော ဗြဟ္မာတို့သည် ရှိကုန်၏။ ဤကားငါးခုမြောက်သော ဝိညာဉ်၏ တည်ရာပေတည်း။

ငါ့သျှင်တို့ အာကာသာနဉ္စာယတနဈာန်ကို လုံးဝလွန်မြောက်၍ “ဝိညာဉ်သည် အဆုံးမရှိ”ဟု ပွါးများ ခြင်းကြောင့် ဝိညာဏဉ္စာယတနဘုံသို့ ရောက်သော ဗြဟ္မာတို့သည် ရှိကုန်၏။ ဤကား ခြောက်ခုမြောက်သော ဝိညာဉ်၏ တည်ရာပေတည်း။

ငါ့သျှင်တို့ ဝိညာဏဉ္စာယတနဈာန်ကို လုံးဝလွန်မြောက်၍ “တစ်စုံတစ်ခုမျှ မရှိ”ဟု ပွါးများခြင်း ကြောင့် အာကိဉ္စညာယတနဘုံသို့ ရောက်သော ဗြဟ္မာတို့သည် ရှိကုန်၏။ ဤကား ခုနစ်ခုမြောက်သော ဝိညာဉ်၏ တည်ရာပေတည်း။ (၁ဝ)

အလှူခံပုဂ္ဂိုလ်တို့သည် နှစ်ဖက်အဖို့မှလွတ်သော ‘ဥဘတောဘာဂဝိမုတ္တ’ ပုဂ္ဂိုလ်၊ ပညာဖြင့် လွတ်သော ‘ပညာဝိမုတ္တ ‘ ပုဂ္ဂိုလ်၊ ကာယသက္ခိပုဂ္ဂိုလ်၊ ဒိဋ္ဌိပ္ပတ္တပုဂ္ဂိုလ်၊ သဒ္ဓါဝိမုတ္တပုဂ္ဂိုလ်၊ ဓမ္မာနုသာရီပုဂ္ဂိုလ်၊ သဒ္ဓါနုသာရီပုဂ္ဂိုလ်အားဖြင့် ခုနစ်ယောက်တို့တည်း။ (၁၁)

အဖန်တလဲလဲကိန်းတတ်သော ‘အနုသယ’ တို့သည် ကာမရာဂါနုသယ၊ ပဋိဃာနုသယ၊ ဒိဋ္ဌာနုသယ၊့ဝိစိကိစ္ဆာနုသယ၊ မာနာနုသယ၊ ဘဝရာဂါနုသယ၊ အဝိဇ္ဇာနုသယအားဖြင့် ခုနစ်ပါးတို့တည်း။ (၁၂)

သံယောဇဉ်တို့သည် အနုနယသံယောဇဉ်၊ ပဋိဃသံယောဇဉ်၊ ဒိဋ္ဌိသံယောဇဉ်၊ ဝိစိကိစ္ဆာသံယောဇဉ်၊ မာနသံယောဇဉ်၊ ဘဝရာဂသံယောဇဉ်၊ အဝိဇ္ဇာသံယောဇဉ်အားဖြင့် ခုနစ်ပါးတို့တည်း။ (၁၃)

အဓိကရုဏ်းကို ငြိမ်းစေတတ်သော တရားတို့သည် ခုနစ်ပါးတို့တည်း။ ဖြစ်ပေါ်ကုန် ဖြစ်ပေါ်ကုန်သော အဓိကရုဏ်းတို့ကို ငြိမ်းစေခြင်းငှါ ငြိမ်သက်စေခြင်းငှါ သမ္မုခါဝိနည်းကို ပေးအပ်၏၊ သတိဝိနည်းကို ပေးအပ်၏၊ အမူဠှဝိနည်းကို ပေးအပ်၏၊ ဝန်ခံခြင်းဖြင့် ပြုအပ်၏၊ ယေဘုယျသိကာကံကို ပြုအပ်၏၊ တဿပါပိယျသိကာ ကံကို ပြုအပ်၏၊ တိဏဝတ္ထာရကကံကို ပြုအပ်၏၊ (ဤခုနစ်ပါးတို့တည်း)။ (၁၄)

ငါ့သျှင်တို့ (အလုံးစုံသော တရားတို့ကို) သိတော်မူ မြင်တော်မူ၍ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားသည် ဤခုနစ်ပါးသော တရားတို့ကို ကောင်းစွာ ဟောတော်မူအပ်၏။ ထိုခုနစ်ပါးသော တရားတို့၌ အလုံးစုံသော သင်တို့သည် အညီအညွတ် ရွတ်ဆိုအပ်၏။ပ။ နတ်လူတို့၏ အကျိုး စီးပွါး ချမ်းသာအလို့ငှါ ဖြစ်၏။

ဒုတိယအခန်း ပြီး၏။

၁။ နတ်ပြည်ခြောက်ထပ်ရှိ ကာမာဝစရနတ်တို့ကို အချို့သောနတ်ဟု ဆိုသည်။

၂။ ဖုတ် တစ္ဆေ သူရဲစသော နာနာဘာဝသတ္တဝါတို့ကို အချို့သော ဝိနိပါတိကဟု ဆိုသည်။

အဋ္ဌက — တရားရှစ်ပါးစု

၃၃၃။ ငါ့သျှင်တို့ (အလုံးစုံသောတရားတို့ကို) သိတော်မူ မြင်တော်မူ၍ ပူဇော်အထူးကို ခံတော်မူ ထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားသည် ကောင်း စွာ ဟောတော်မူသော ရှစ်ပါးသော တရားတို့သည် ရှိကုန်၏။ ထိုရှစ်ပါးသော တရားတို့၌ အလုံးစုံသော သင်တို့သည် အညီအညွတ် ရွတ်ဆိုအပ်၏။ပ။ နတ်လူတို့၏ အကျိုး စီးပွါး ချမ်းသာအလို့ငှါ ဖြစ်၏။

အဘယ်ရှစ်ပါးသော တရားတို့နည်းဟူမူ —

မှားသော သဘောတရားတို့သည် မှားသောအယူ ‘မိစ္ဆာဒဋ္ဌိ’၊ မှားသောအကြံ ‘မိစ္ဆာသင်္ကပ္ပ’၊ မှားသော စကား ‘မိစ္ဆာဝါစာ’၊ မှားသောအမှု ‘မိစ္ဆာကမ္မန္တ’၊ မှားသောအသက်မွေးမှု ‘မိစ္ဆာအာဇီဝ’၊ မှားသောအားထုတ် မှု ‘မိစ္ဆာဝါယာမ’၊ မှားသောအောက်မေ့မှု ‘မိစ္ဆာသတိ’၊ မှားသောတည်ကြည်မှု’မိစ္ဆာသမာဓိ’အားဖြင့် ရှစ်ပါး တို့တည်း။ (၁)

မှန်သော သဘောတရားတို့သည် မှန်သောသိမြင်ခြင်း ‘သမ္မာဒိဋ္ဌိ’၊ မှန်သောကြံခြင်း ‘သမ္မာ သင်္ကပ္ပ’၊ မှန်သော ပြောဆိုခြင်း ‘သမ္မာဝါစာ’၊ မှန်သောပြုလုပ်ခြင်း ‘သမ္မာကမ္မန္တ’၊ မှန်သောအသက်မွေးခြင်း ‘သမ္မာအာဇီဝ’၊ မှန်သော အားထုတ်ခြင်း ‘သမ္မာဝါယာမ’၊ မှန်သောအောက်မေ့ခြင်း ‘သမ္မာသတိ’၊ မှန်သော တည်ကြည်ခြင်း ‘သမ္မာသမာဓိ’ အားဖြင့် ရှစ်ပါးတို့တည်း။ (၂)

အလှူခံထိုက်သောပုဂ္ဂိုလ်တို့သည် သောတာပန်ပုဂ္ဂိုလ်၊ သောတာပတ္တိဖိုလ်ကို ရရန် ကျင့်ဆဲပုဂ္ဂိုလ်၊ သကဒါဂါမ်ပုဂ္ဂိုလ်၊ သကဒါဂါမိဖိုလ်ကို ရရန် ကျင့်ဆဲပုဂ္ဂိုလ်၊ အနာဂါမ်ပုဂ္ဂိုလ်၊ အနာဂါမိဖိုလ်ကို ရရန် ကျင့်ဆဲပုဂ္ဂိုလ်၊ ရဟန္တာပုဂ္ဂိုလ်၊ အရဟတ္တဖိုလ်ကို ရရန် ကျင့်ဆဲပုဂ္ဂိုလ်အားဖြင့် ရှစ်ယောက်တို့တည်း။ (၃)

၃၃၄။ ပျင်းရိခြင်းအကြောင်းတို့သည် ရှစ်ပါးတို့တည်း။ ငါ့သျှင်တို့ ဤသာသနာတော်၌ ရဟန်းသည် အမှုကိစ္စကို ပြုအပ်၏၊ ထိုရဟန်းအား ဤသို့ စိတ်ဖြစ်၏၊ “ငါသည် အမှုကိစ္စကို ပြုရအံ့၊ အမှု ကိစ္စပြုသော ငါ၏ ကိုယ်သည် ပင်ပန်းလတ္တံ့၊ ယခု ငါသည် အိပ်ဦးအံ့”ဟု (စိတ်ဖြစ်၏)။ ထိုရဟန်းသည် အိပ်၏၊ မရောက်ရသေးသော တရားသို့ ရောက်ခြင်းငှါ မရသေးသည့် တရားကို ရခြင်းငှါ မျက်မှောက့်မပြုရသေးသည့် တရားကို မျက်မှောက်ပြုခြင်းငှါ ဝီရိယကို မဖြစ်စေ။ ဤကား ရှေးဦးစွာသော ပျင်းရိ ခြင်း၏ အကြောင်းတည်း။

ငါ့သျှင်တို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် အမှုကိစ္စကို ပြုပြီးဖြစ်၏၊ ထိုရဟန်းအား ဤသို့ စိတ်ဖြစ်၏၊ “ငါသည် အမှုကိစ္စကို ပြုပြီးပြီ၊ အမှုကိစ္စကို ပြုပြီးသော ငါ၏ ကိုယ်သည် ပင်ပန်း၏၊ ယခု ငါသည် အိပ်ဦးအံ့”ဟု (စိတ်ဖြစ်၏)။ ထိုရဟန်းသည် အိပ်၏၊ ဝီရိယကို မဖြစ်စေ။ပ။ ဤကား နှစ်ခု မြောက်သော ပျင်းရိခြင်း၏ အကြောင်းတည်း။

ငါ့သျှင်တို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် ခရီးသွားအပ်၏၊ ထိုရဟန်းအား ဤသို့ စိတ်ဖြစ်၏၊ “ငါသည် ခရီးသွားရအံ့၊ ခရီးသွားသော ငါ၏ ကိုယ်သည် ပင်ပန်းလတ္တံ့၊ ယခု ငါသည် အိပ်ဦးအံ့”ဟု (စိတ်ဖြစ်၏)။ ထိုရဟန်းသည် အိပ်၏၊ ဝီရိယကို မဖြစ်စေ။ပ။ ဤကား သုံးခုမြောက်သော ပျင်းရိခြင်း၏ အကြောင်းတည်း။

ငါ့သျှင်တို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် ခရီးသွားပြီးဖြစ်၏၊ ထိုရဟန်းအား ဤသို့စိတ်ဖြစ်၏၊ “ငါသည် ခရီးသွားပြီးပြီ၊ ခရီးသွားသော ငါ၏ ကိုယ်သည် ပင်ပန်း၏၊ ယခု ငါသည် အိပ်ဦးအံ့”ဟု (စိတ် ဖြစ်၏)။ ထိုရဟန်းသည် အိပ်၏၊ ဝီရိယကို မဖြစ်စေ။ပ။ ဤကား လေးခုမြောက်သော ပျင်းရိခြင်း၏ အ ကြောင်းတည်း။

ငါ့သျှင်တို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် ရွာသို့လည်းကောင်း နိဂုံးသို့လည်းကောင်း ဆွမ်းခံ သွားသည်ရှိသော် ကြမ်းသည်လည်းဖြစ်သော နုသည်လည်းဖြစ်သော ဆွမ်းဘောဇဉ်ကို အလိုရှိတိုင်း ပြည့်စုံ အောင် မရ၊ ထိုရဟန်းအား ဤသို့ စိတ်ဖြစ်၏၊ “ငါသည် ရွာသို့လည်းကောင်း နိဂုံးသို့လည်းကောင်း ဆွမ်းခံသွားသည်ရှိသော် ကြမ်းသည်လည်းဖြစ်သော နုသည်လည်းဖြစ်သော ဆွမ်းဘောဇဉ်ကို အလိုရှိတိုင်း ပြည့်စုံအောင် မရခဲ့၊ ဆွမ်းခံသွားသော ထိုငါ၏ ကိုယ်သည် ပင်ပန်း၏၊ အမှုကိစ္စကို ပြုရန် မခံ့၊ ယခု ငါသည် အိပ်ဦးအံ့”ဟု (စိတ်ဖြစ်၏)။ ထိုရဟန်းသည် အိပ်၏၊ ဝီရိယကို မဖြစ်စေ။ပ။ ဤကား ငါးခု မြောက်သော ပျင်းရိခြင်း၏ အကြောင်းတည်း။

ငါ့သျှင်တို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် ရွာသို့လည်းကောင်း နိဂုံးသို့လည်းကောင်း ဆွမ်းခံ သွားသည်ရှိသော် ကြမ်းသည်လည်းဖြစ်သော နုသည်လည်းဖြစ်သော ဆွမ်းဘောဇဉ်ကို အလိုရှိတိုင်း ပြည့်စုံ အောင် ရခဲ့၏၊ ထိုရဟန်းအား ဤသို့ စိတ်ဖြစ်၏၊ “ငါသည် ရွာသို့လည်းကောင်း နိဂုံးသို့လည်းကောင်း ဆွမ်းခံသွားသည်ရှိသော် ကြမ်းသည်လည်းဖြစ်သော နုသည်လည်းဖြစ်သော ဆွမ်းကို အလိုရှိတိုင်း ပြည့်စုံ အောင် ရခဲ့၏၊ ထိုငါ၏ ကိုယ်သည် လေး၏၊ အမှုကိစ္စကို ပြုရန် မခံ့၊ စိုစွတ်သော ပဲကဲ့သို့ လေး၏၊ ယခု ငါသည် အိပ်ဦးအံ့”ဟု (စိတ်ဖြစ်၏)။ ထိုရဟန်းသည် အိပ်၏၊ ဝီရိယကို မဖြစ်စေ။ပ။ ဤကား ခြောက်ခုမြောက်သော ပျင်းရိခြင်း၏ အကြောင်းတည်း။

ငါ့သျှင်တို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းအား အနည်းငယ်မျှသော အနာသည် ဖြစ်၏၊ ထိုရဟန်းအား ဤသို့ စိတ်ဖြစ်၏၊ “ငါ့အား အနည်းငယ်မျှသော ဤအနာသည် ဖြစ်၏၊ အိပ်ခြင်းငှါ လျောက်ပတ်၏၊ ယခု ငါသည် အိပ်ဦးအံ့”ဟု (စိတ်ဖြစ်၏)။ ထိုရဟန်းသည် အိပ်၏၊ ဝီရိယကို မဖြစ်စေ။ပ။ ဤကား ခုနစ်ခုမြောက်သော ပျင်းရိခြင်း၏ အကြောင်းတည်း။

ငါ့သျှင်တို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းအား အနာမှထ၍ မကြာသေး၊ ထိုရဟန်းအား ဤသို့ စိတ်ဖြစ်၏၊ “ငါသည် အနာမှထ၏၊ အနာမှထ၍ မကြာသေး၊ ထိုငါ၏ ကိုယ်သည် အားမရှိ၊ အမှုပြုရန် မခံ့၊ ယခု ငါသည် အိပ်ဦးအံ့”ဟု (စိတ်ဖြစ်၏)။ ထိုရဟန်းသည် အိပ်၏၊ မရောက်သေးသည့်တရားသို့ ရောက်ခြင်းငှါ မရသေးသည့် တရားကို ရခြင်းငှါ မျက်မှောက်မပြုရသေးသည့်တရားကို မျက်မှောက် ပြုခြင်းငှါ ဝီရိယကို မဖြစ်စေ။ ဤကား ရှစ်ခုမြောက်သော ပျင်းရိခြင်း၏ အကြောင်းတည်း။ (၄)

၃၃၅။ အားထုတ်ခြင်း အကြောင်းတို့သည် ရှစ်ပါးတို့တည်း။ ငါ့သျှင်တို့ ဤသာသနာတော်၌့ရဟန်းသည် အမှုကိစ္စကို ပြုအပ်၏၊ ထိုရဟန်းအား ဤသို့ စိတ်ဖြစ်၏၊ “ငါသည် အမှုကိစ္စကို ပြုရအံ့၊ အမှုကိစ္စကို ပြုသော ငါသည် မြတ်စွာဘုရားတို့၏ အဆုံးအမကို နှလုံးသွင်းရန် မလွယ်၊ ယခုငါသည် မရောက်သေးသော တရားသို့ ရောက်ခြင်းငှါ မရသေးသော တရားကို ရခြင်းငှါ မျက်မှောက်မပြုရ သေးသောတရားကို မျက်မှောက်ပြုခြင်းငှါ ဝီရိယကို ဖြစ်စေအံ့”ဟု (စိတ်ဖြစ်၏)။ ထိုရဟန်းသည် မရောက်သေးသော တရားသို့ ရောက်ခြင်းငှါ မရသေးသော တရားကို ရခြင်းငှါ မျက်မှောက်မပြုရသေးသော တရားကို မျက်မှောက်ပြုခြင်းငှါ ဝီရိယကို ဖြစ်စေ၏။ ဤကား ရှေးဦးစွာသော အားထုတ်ခြင်း၏ အကြောင်းတည်း။

ငါ့သျှင်တို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် အမှုကိစ္စကို ပြုပြီးဖြစ်၏၊ ထိုရဟန်းအား ဤသို့ စိတ်ဖြစ်၏၊ “ငါသည် အမှုကိစ္စကို ပြုပြီးပြီ၊ အမှုကိစ္စကို ပြုပြီးသော ငါသည် မြတ်စွာဘုရားတို့၏ အဆုံး အမကို နှလုံးသွင်းရန် မစွမ်းနိုင်၊ ယခု ငါသည် ဝီရိယကို ဖြစ်စေအံ့”ဟု (စိတ်ဖြစ်၏)။ ထိုရဟန်းသည် ဝီရိယကို ဖြစ်စေ၏။ပ။ ဤကား နှစ်ခုမြောက်သော အားထုတ်ခြင်း၏ အကြောင်းတည်း။

ငါ့သျှင်တို့ တစ်ဖန်ထို့ပြင်လည်း ထိုရဟန်းသည် ခရီးသွားအပ်၏၊ ထိုရဟန်းအား ဤသို့ စိတ် ဖြစ်၏၊ “ငါသည် ခရီးသွားရအံ့၊ ခရီးသွားသော ငါသည် မြတ်စွာဘုရားတို့၏ အဆုံးအမကို နှလုံးသွင်းရန် မလွယ်၊ ယခု ငါသည် ဝီရိယကို ဖြစ်စေအံ့”ဟု (စိတ်ဖြစ်၏)။ ထိုရဟန်းသည် ဝီရိယကို ဖြစ်စေ၏။ပ။ ဤကား သုံးခုမြောက်သော အားထုတ်ခြင်း၏ အကြောင်းတည်း။

ငါ့သျှင်တို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် ခရီးသွားပြီးဖြစ်၏၊ ထိုရဟန်းအား ဤသို့ စိတ်ဖြစ်၏၊ “ငါသည် ခရီးသွားပြီးပြီ၊ ခရီးသွားသော ငါသည် မြတ်စွာဘုရားတို့၏ အဆုံးအမကို နှလုံးသွင်းရန် မစွမ်းနိုင်၊ ယခု ငါသည် ဝီရိယကို ဖြစ်စေအံ့”ဟု (စိတ်ဖြစ်၏)။ ထိုရဟန်းသည် ဝီရိယကို ဖြစ်စေ၏။ပ။ ဤကား လေးခုမြောက်သော အားထုတ်ခြင်း၏ အကြောင်းတည်း။

ငါ့သျှင်တို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် ရွာသို့လည်းကောင်း နိဂုံးသို့လည်းကောင်း ဆွမ်းခံ သွားသည်ရှိသော် ကြမ်းသည်လည်းဖြစ်သော နုသည်လည်းဖြစ်သော ဆွမ်းဘောဇဉ်ကို အလိုရှိတိုင်း ပြည့်စုံ အောင် မရခဲ့၊ ထိုရဟန်းအား ဤသို့ စိတ်ဖြစ်၏၊ “ငါသည် ရွာသို့လည်းကောင်း နိဂုံးသို့လည်းကောင်း ဆွမ်းခံသွားသည်ရှိသော် ကြမ်းသည်လည်းဖြစ်သော နုသည်လည်းဖြစ်သော ဆွမ်းဘောဇဉ်ကို အလိုရှိတိုင်း ပြည့်စုံအောင် မရခဲ့၊ ထိုငါ၏ ကိုယ်သည် ပေါ့၏၊ အမှုကိစ္စကို ပြုရန် ခံ့၏၊ ယခု ငါသည် ဝီရိယကို ဖြစ်စေ အံ့”ဟု (စိတ်ဖြစ်၏)။ ထိုရဟန်းသည် ဝီရိယကို ဖြစ်စေ၏။ပ။ ဤကား ငါးခုမြောက်သော အားထုတ် ခြင်း၏ အကြောင်းတည်း။

ငါ့သျှင်တို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် ရွာသို့လည်းကောင်း နိဂုံးသို့လည်းကောင်း ဆွမ်းခံ သွားသည်ရှိသော် ကြမ်းသည်လည်းဖြစ်သော နုသည်လည်းဖြစ်သော ဆွမ်းဘောဇဉ်ကို အလိုရှိတိုင်း ပြည့်စုံ အောင် ရခဲ့၏၊ ထိုရဟန်းအား ဤသို့ စိတ်ဖြစ်၏၊ “ငါသည် ရွာသို့လည်းကောင်း နိဂုံးသို့လည်းကောင်း ဆွမ်းခံသွားသည်ရှိသော် ကြမ်းသည်လည်းဖြစ်သော နုသည်လည်းဖြစ်သော ဆွမ်းဘောဇဉ်ကို အလိုရှိတိုင်း ပြည့်စုံအောင် ရခဲ့၏၊ ထိုငါ၏ ကိုယ်သည် အားရှိ၏၊ အမှုကိစ္စကို ပြုရန်ခံ့၏၊ ယခု ငါသည် ဝီရိယကို ဖြစ် စေအံ့”ဟု (စိတ်ဖြစ်၏)။ ထိုရဟန်းသည် ဝီရိယကို ဖြစ်စေ၏။ပ။ ဤကား ခြောက်ခု မြောက်သော အား ထုတ်ခြင်း၏ အကြောင်းတည်း။

ငါ့သျှင်တို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းအား အနည်းငယ်မျှသော အနာသည် ဖြစ်၏၊ ထိုရဟန်းအား ဤသို့ စိတ်ဖြစ်၏၊ “ငါ့အား အနည်းငယ်မျှသော ဤအနာသည် ဖြစ်၏၊ ငါ၏ အနာသည် တိုးပွါး ရာသော အကြောင်းရှိ၏၊ ယခု ငါသည် ဝီရိယကို ဖြစ်စေအံ့”ဟု (စိတ်ဖြစ်၏)။ ထိုရဟန်းသည် ဝီရိယကို ဖြစ်စေ၏။ပ။ ဤကား ခုနစ်ခုမြောက်သော အားထုတ်ခြင်း၏ အကြောင်းတည်း။

ငါ့သျှင်တို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် အနာမှ ထ၏၊ အနာမှ ထ၍ မကြာသေး၊ ထို့ရဟန်းအား ဤသို့ စိတ်ဖြစ်၏၊ “ငါသည် အနာမှ ထ၏၊ အနာမှ ထ၍ မကြာသေး၊ ငါ့အား အနာသည် ပြန်ဖြစ်ရာသော အကြောင်းရှိ၏၊ ယခုအခါ မရောက်သေးသောတရားသို့ ရောက်ခြင်းငှါ မရသေးသော တရားကို ရခြင်းငှါ မျက်မှောက်မပြုရသေးသော တရားကို မျက်မှောက်ပြုခြင်းငှါ အားထုတ်အံ့”ဟု (စိတ် ဖြစ်၏)။ ထိုရဟန်းသည် မရောက်သေးသော တရားသို့ ရောက်ခြင်းငှါ မရသေးသော တရားကို ရခြင်းငှါ မျက်မှောက်မပြုရသေးသော တရားကို မျက်မှောက်ပြုခြင်းငှါ ဝီရိယကို ဖြစ်စေ၏။ ဤကား ရှစ်ခုမြောက်သော အားထုတ်ခြင်း၏ အကြောင်းတည်း။ (၅)

၃၃၆။ ဒါနဖြစ်ခြင်းအကြောင်းတို့သည် ရှစ်ပါးတို့တည်း။ ရောက်လာသောကြောင့် အလှူကို ပေး၏၊ ကဲ့ရဲ့ခြင်းစသည်မှ ကြောက်သောကြောင့် အလှူကို ပေး၏၊ (သူသည်) “ငါ့အား ပေးဖူးသည်”ဟု အလှူ ကို ပေး၏၊ (သူသည်) “ငါ့အား ပေးလတ္တံ့”ဟု အလှူကို ပေး၏၊ “အလှူသည် သူတော်ကောင်းတို့ ချီးမွမ်းအပ်၏”ဟု အလှူကို ပေး၏၊ “ငါသည် ချက်၏၊ ဤသူတို့ကား မချက်ကုန်၊ ချက်သော ငါသည် မချက်သောသူတို့အား မပေးဘဲထားခြင်းငှါ မထိုက်”ဟု အလှူကို ပေး၏၊ “ဤအလှူပေးသော ငါ့အား ကောင်းသော ကျော်စောခြင်း သတင်းသည် ပျံ ့နှံ့ ၍ ထွက်၏”ဟု အလှူကို ပေး၏၊ (သမထဝိပဿနာ) စိတ်၏ အဆင်တန်ဆာ အခြံအရံအလို့ငှါ အလှူကို ပေး၏၊ (ဤရှစ်ပါးတို့တည်း)။ (၆)

၃၃၇။ အလှူပေးခြင်းကြောင့်ဖြစ်သော အကျိုးတို့သည် ရှစ်ပါးတို့တည်း။ ငါ့သျှင်တို့ ဤလောက၌ အချို့သော သူသည် သမဏအားလည်းကောင်း၊ ဗြာဟ္မဏအားလည်းကောင်း ထမင်း အဖျော် အဝတ် ပုဆိုး ယာဉ် ပန်းနံ့သာ နံ့သာပျောင်း အိပ်ရာနေရာ ကျောင်း ဆီမီးဟူသော အလှူကို ပေးလှူ၏။ ထိုသူ သည် အကြင်ဝတ္ထုကို ပေးလှူ၏၊ ထိုဝတ္ထုကို တောင့်တ၏၊ ထိုသူသည် မင်းမျိုးသူဌေးကိုလည်းကောင်း၊ ဗြာဟ္မဏမျိုးသူဌေးကိုလည်းကောင်း၊ သူကြွယ်မျိုးသူဌေးကိုလည်းကောင်း ကာမဂုဏ်ငါးပါးတို့ဖြင့် ကုံလုံ ပြည့်စုံစွာ ခံစားသည်ကို မြင်၏။ ထိုသူအား ဤသို့ စိတ်ဖြစ်၏၊ “ငါသည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီး သည်မှ နောက်၌ မင်းမျိုးသူဌေးတို့၏ လည်းကောင်း၊ ဗြာဟ္မဏမျိုးသူဌေးတို့၏လည်းကောင်း၊ သူကြွယ်မျိုး သူဌေးတို့၏လည်းကောင်း အပေါင်းအဖော်အဖြစ်သို့ ရောက်ရမူ ကောင်းလေစွ”ဟု (စိတ်ဖြစ်၏)၊ ထိုသူ သည် ထိုစိတ်ကို ထား၏၊ ထိုစိတ်ကို အဓိဋ္ဌာန်၏၊ ထိုစိတ်ကို ပွါးများ၏၊ ထိုသူ၏ ထိုစိတ်သည် ယုတ်သော ကာမဂုဏ်တရား၌ ညွတ်၏၊ လွန်မြတ်သော မဂ်ဖိုလ်အလို့ငှါ မပွါးစေအပ်၊ ထိုအမျိုးတို့၌ ရောက်ရ ခြင်းငှါ ဖြစ်၏၊ ထိုစကားကိုလည်း သီလရှိသော ပုဂ္ဂိုလ်အား ဆို၏၊ သီလမရှိသော ပုဂ္ဂိုလ်အား မဆို၊ ငါ့သျှင်တို့ သီလရှိသော ပုဂ္ဂိုလ်၏ စိတ်ကတောင့်တခြင်းသည် ဖြူစင်သောကြောင့် ပြည့်စုံ၏။ (၇—၁)

တစ်ဖန်ထို့ပြင်လည်း ငါ့သျှင်တို့ ဤလောက၌ အချို့သောသူသည် သမဏအားလည်းကောင်း ဗြာဟ္မဏအားလည်းကောင်း ထမင်း အဖျော်။ပ။ အိပ်ရာနေရာ ကျောင်း ဆီမီးဟူသော အလှူကို ပေးလှူ၏၊ ထိုသူသည် အကြင်ဝတ္ထုကိုပေးလှူ၏၊ ထိုဝတ္ထုကို တောင့်တ၏။ ထိုသူသည် “စာတုမဟာရာဇ် နတ် တို့သည် အသက်ရှည်ကုန်၏၊ အဆင်းလှကုန်၏၊ ချမ်းသာများကုန်၏”ဟု ကြားဖူး၏။ ထိုသူအား “ငါသည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ စာတုမဟာရာဇ်နတ်တို့၏ အပေါင်းအဖော်အဖြစ်သို့ ရောက်ရမူ ကောင်းလေစွ”ဟု စိတ်ဖြစ်၏။ ထိုသူသည် ထိုစိတ်ကို ထား၏၊ ထိုစိတ်ကို အဓိဋ္ဌာန်၏၊ ထို စိတ်ကို ပွါးများ၏၊ ထိုသူ၏ စိတ်သည် ယုတ်သော ကာမဂုဏ်တရား၌ ညွတ်၏၊ လွန်မြတ်သော မဂ်ဖိုလ် အလို့ငှါ မပွါးစေအပ်၊ ထိုစာတုမဟာရာဇ်နတ်ပြည်၌ ရောက်ရခြင်းငှါ ဖြစ်၏၊ ထိုစကားကိုလည်း သီလရှိသော ပုဂ္ဂိုလ်အား ဆို၏၊ သီလမရှိသော ပုဂ္ဂိုလ်အား မဆို။ ငါ့သျှင်တို့ သီလရှိသော ပုဂ္ဂိုလ်၏ စိတ်က တောင့်တခြင်းသည် ဖြူစင်သောကြောင့် ပြည့်စုံ၏။ (၇—၂)

ငါ့သျှင်တို့ တစ်ဖန်ထို့ပြင်လည်း ဤလောက၌ အချို့သောသူသည် သမဏအားလည်းကောင်း၊ ဗြာဟ္မဏအားလည်းကောင်း ထမင်း အဖျော်။ပ။ အိပ်ရာနေရာ ကျောင်း ဆီမီးဟူသော အလှူကို ပေးလှူ၏၊ ထိုသူသည် အကြင်ဝတ္ထုကို ပေးလှူ၏၊ ထိုဝတ္ထုကို တောင့်တ၏။ ထိုသူသည် “တာဝတ သာနတ်တို့သည်။ပ။ ယာမာနတ်တို့သည်။ပ။ တုသိတာနတ်တို့သည်။ပ။ နိမ္မာနရတိနတ်တို့သည်။ပ။ ပရနိမ္မိတ ဝသဝတ္တီနတ်တို့သည် အသက်ရှည်ကုန်၏၊ အဆင်းလှကုန်၏၊ ချမ်းသာ များကုန်၏”ဟု ကြားဖူး၏။ ထို သူအား “ငါသည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ပရနိမ္မိတဝသဝတ္တီနတ်တို့၏ အပေါင်း အဖော်အဖြစ်သို့ ရောက်ရမူ ကောင်းလေစွ”ဟု စိတ်ဖြစ်၏။ ထိုသူသည် ထိုစိတ်ကို ထား၏၊ ထိုစိတ်ကို အဓိဋ္ဌာန်၏၊ ထိုစိတ်ကို ပွါးများ၏၊ ထိုသူ၏ စိတ်သည် ယုတ်သော ကာမဂုဏ်တရား၌ ညွတ်၏၊ လွန် မြတ်သော မဂ်ဖိုလ်အလို့ငှါ မပွါးစေအပ်၊ ထိုပရနိမ္မိတဝသဝတ္တီ နတ်ပြည်၌ ရောက်ခြင်းငှါ ဖြစ်၏၊ ထို စကားကိုလည်း သီလရှိသော ပုဂ္ဂိုလ်အား ဆို၏၊ သီလမရှိသောပုဂ္ဂိုလ်အား မဆို။ ငါ့သျှင်တို့ သီလ ရှိသော ပုဂ္ဂိုလ်၏ စိတ်ကတောင့်တခြင်းသည် ဖြူစင်သောကြောင့် ပြည့်စုံ၏။ (၇—၇)

တစ်ဖန် ထို့ပြင်လည်း ငါ့သျှင်တို့ ဤလောက၌ အ ချို့သောသူသည် သမဏအားလည်းကောင်း၊ ဗြာဟ္မဏအားလည်းကောင်း ထမင်း အဖျော် အဝတ်ပုဆိုး ယာဉ် ပန်း နံ့သာ နံ့သာပျောင်း အိပ်ရာ နေရာ ကျောင်း ဆီမီးဟူသော အလှူကို ပေးလှူ၏။ ထိုသူသည် အကြင်ဝတ္ထုကို ပေးလှူ၏၊ ထိုဝတ္ထုကို တောင့်တ၏၊ ထိုသူသည် ဗြဟ္မာ့ပြည်၌ဖြစ်သော ဗြဟ္မာတို့သည် အသက်ရှည်ကုန်၏၊ အဆင်းလှကုန်၏၊ ချမ်းသာများကုန်၏”ဟု ကြားဖူး၏။ ထိုသူ့အား “ငါသည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ဗြဟ္မာ့ပြည်၌ဖြစ်သော ဗြဟ္မာတို့၏ အပေါင်းအဖော်အဖြစ်သို့ ရောက်ရမူ ကောင်းလေစွ”ဟု စိတ်ဖြစ်၏။ ထိုသူသည် ထိုစိတ်ကို ထား၏၊ ထိုစိတ်ကို အဓိဋ္ဌာန်၏၊ ထိုစိတ်ကို ပွါးများ၏၊ ထိုသူ၏ စိတ်သည် ယုတ်သောကာမဂုဏ်တရား၌ ညွတ်၏၊ လွန်မြတ်သော မဂ်ဖိုလ်အလို့ငှါ မပွါးစေအပ်၊ ဗြဟ္မာ့ဘုံ၌ ရောက်ရခြင်းငှါ ဖြစ်၏၊ ထိုစကားကိုလည်း သီလရှိသော ပုဂ္ဂိုလ်အား ဆို၏၊ သီလမရှိသော ပုဂ္ဂိုလ်အား မဆို။ (ကာမ၌) တပ်ခြင်းကင်းသော ပုဂ္ဂိုလ်အား ဆို၏၊ (ကာမ၌) တပ်ခြင်းရှိသော ပုဂ္ဂိုလ်အား မဆို။ ငါ့သျှင်တို့ သီလရှိသော ပုဂ္ဂိုလ်၏ စိတ်ကတောင့်တခြင်းသည် ဖြူစင်သောကြောင့် ပြည့်စုံ၏။ (၇—၈)

ပရိသတ်တို့သည် မင်းပရိသတ်၊ ပုဏ္ဏားပရိသတ်၊ သူကြွယ်ပရိသတ်၊ ရဟန်းပရိသတ်၊ စာတု မဟာရာဇ်ပရိသတ်၊ တာဝတ သာပရိသတ်၊ မာရ်နတ်ပရိသတ်၊ ဗြဟ္မာပရိသတ်အားဖြင့် ရှစ်ပါးတို့တည်း။ (၈)

လောကဓံတရားတို့သည် လာဘ်ရခြင်း၊ လာဘ်မရခြင်း၊ အခြံအရံများခြင်း၊ အခြံအရံနည်းပါးခြင်း၊ ကဲ့ရဲ့ခံရခြင်း၊ ချီးမွမ်းခံရခြင်း၊ ချမ်းသာခြင်း၊ ဆင်းရဲခြင်းအားဖြင့် ရှစ်ပါးတို့တည်း။ (၉)

၃၃၈။ (ဆန့်ကျင်ဘက်တရားနှင့် အာရုံတို့ကို) လွှမ်းမိုးနိုင်ကြောင်း ‘အဘိဘာယတန’ ဈာန်တို့သည် ရှစ်ပါးတို့တည်း။ တစ်ဦးသော ပုဂ္ဂိုလ်သည် မိမိသန္တာန်၌ အဆင်းရုပ်ကို ရှုမှတ်၍ အပသန္တာန်၌ ကောင်းသော အဆင်း မကောင်းသော အဆင်းရှိသော ငယ်သော (ကသိုဏ်း) ရုပ်တို့ကို ရှု၏၊ “ထို (ရုပ်) တို့ကို လွှမ်းမိုး၍ (ငါ) သိသည် (ငါ) မြင်သည်”ဟု ဤသို့လည်း အမှတ် ‘သညာ’ ရှိ၏။ ဤကား ပဌမအဘိဘာ ယတနဈာန်ပေတည်း။

တစ်ဦးသော ပုဂ္ဂိုလ်သည် မိမိသန္တာန်၌ အဆင်းရုပ်ကို ရှုမှတ်၍ အပသန္တာန်၌ ကောင်းသော အဆင်းမကောင်းသော အဆင်းရှိသော ကြီးသော (ကသိုဏ်း) ရုပ်တို့ကို ရှု၏၊ “ထို (ရုပ်) တို့ကို လွှမ်းမိုး၍ (ငါ) သိသည် (ငါ) မြင်သည်”ဟု ဤသို့လည်း အမှတ် ‘သညာ’ ရှိ၏။ ဤကား ဒုတိယအဘိဘာယတန ဈာန်ပေတည်း။

တစ်ဦးသော ပုဂ္ဂိုလ်သည် မိမိသန္တာန်၌ အဆင်းရုပ်ကို မရှုမှတ်မူ၍ အပသန္တာန်၌ ကောင်းသော အဆင်းမကောင်းသော အဆင်းရှိသော ငယ်သော (ကသိုဏ်း) ရုပ်တို့ကို ရှု၏၊ “ထို (ရုပ်) တို့ကို လွှမ်းမိုး၍ (ငါ) သိသည် (ငါ) မြင်သည်”ဟု ဤသို့လည်း အမှတ် ‘သညာ’ ရှိ၏။ ဤကား တတိယအဘိဘာယတန ဈာန်ပေတည်း။

တစ်ဦးသော ပုဂ္ဂိုလ်သည် မိမိသန္တာန်၌ အဆင်းရုပ်ကို မရှုမှတ်မူ၍ အပသန္တာန်၌ ကောင်းသောအဆင်းမကောင်းသော အဆင်းရှိသော ကြီးသော (ကသိုဏ်း) ရုပ်တို့ကို ရှု၏၊ “ထို (ရုပ်) တို့ကို လွှမ်းမိုး၍ (ငါ) သိသည် (ငါ) မြင်သည်”ဟု ဤသို့လည်း အမှတ် ‘သညာ’ ရှိ၏။ ဤကား စတုတ္ထအဘိဘာယတန ဈာန်ပေတည်း။

တစ်ဦးသော ပုဂ္ဂိုလ်သည် မိမိသန္တာန်၌ အဆင်းရုပ်ကို မရှုမှတ်မူ၍ အပသန္တာန်၌ ညိုသောအဆင်း ညိုသောအသွေး ညိုသောအရောင်ရှိသော (ကသိုဏ်း) ရုပ်တို့ကို ရှု၏၊ ဥပမာအားဖြင့် ညိုသောအဆင်း ညိုသောအသွေး ညိုသောအရောင်ရှိသော ညိုသော အောင်မဲညို၁ပန်းကဲ့သို့လည်းကောင်း ညိုသောအဆင်း ညိုသောအသွေး ညိုသောအရောင်ရှိသော ဗာရာဏသီပြည်ဖြစ် ညိုသော နှစ်ဖက်ချော အဝတ်ကဲ့သို့လည်း ကောင်း ဤအတူ တစ်ဦးသော ပုဂ္ဂိုလ်သည် မိမိသန္တာန်၌ အဆင်းရုပ်တို့ကို မရှုမှတ်မူ၍ အပသန္တာန်၌ ညိုသောအဆင်း ညိုသောအသွေး ညိုသောအရောင်ရှိသော ညိုသော (ကသိုဏ်း) ရုပ်တို့ကို ရှု၏၊ “ထို (ရုပ်) တို့ကို လွှမ်းမိုး၍ (ငါ) သိသည် (ငါ) မြင် သည်”ဟု ဤသို့လည်း အမှတ် ‘သညာ’ ရှိ၏။ ဤကား ပဉ္စမ အဘိဘာယတနဈာန်ပေတည်း။

တစ်ဦးသော ပုဂ္ဂိုလ်သည် မိမိသန္တာန်၌ အဆင်းရုပ်ကို မရှုမှတ်မူ၍ အပသန္တာန်၌ ဝါရွှေသော အဆင်း ဝါရွှေသောအသွေး ဝါရွှေသောအရောင်ရှိသော ဝါရွှေသော (ကသိုဏ်း) ရုပ်တို့ကို ရှု၏၊ ဥပမာအားဖြင့် ဝါရွှေသော အဆင်းဝါရွှေသော အသွေးဝါရွှေသောအရောင်ရှိသော မဟာလှေကားပန်းကဲ့သို့လည်းကောင်း ဝါရွှေသောအဆင်း ဝါရွှေသောအသွေး ဝါရွှေသောအရောင်ရှိသော ဗာရာဏသီပြည်ဖြစ် ဝါရွှေသော နှစ်ဖက်ချော အဝတ်ကဲ့သို့လည်းကောင်း ဤအတူ တစ်ဦးသော ပုဂ္ဂိုလ်သည် မိမိသန္တာန်၌ အဆင်းရုပ်တို့ ကို မရှုမှတ်မူ၍ အပသန္တာန်၌ ဝါရွှေသော အဆင်း ဝါရွှေသောအသွေး ဝါရွှေသောအရောင်ရှိသော ဝါရွှေသော (ကသိုဏ်း) ရုပ်တို့ကို ရှု၏၊ “ထို (ရုပ်) တို့ကို လွှမ်းမိုး၍ (ငါ) သိသည် (ငါ) မြင်သည်”ဟု ဤသို့ လည်း အမှတ် ‘သညာ’ ရှိ၏။ ဤကား ဆဋ္ဌအဘိဘာယတန ဈာန်ပေတည်း။

တစ်ဦးသော ပုဂ္ဂိုလ်သည် မိမိသန္တာန်၌ အဆင်းရုပ်ကို မရှုမှတ်မူ၍ အပသန္တာန်၌ နီသောအဆင်း နီသောအသွေး နီသောအရောင်ရှိသော နီသော (ကသိုဏ်း) ရုပ်တို့ကို ရှု၏၊ ဥပမာအားဖြင့် နီသော အဆင်း နီသောအသွေး နီသောအရောင်ရှိသော နီသော မိုးဆွေပန်းကဲ့သို့လည်းကောင်း၊ နီသောအဆင်း နီသောအသွေး နီသောအရောင်ရှိသော ဗာရာဏသီပြည်ဖြစ် နီသော နှစ်ဖက်ချော အဝတ်ကဲ့သို့လည်း ကောင်း ဤအတူ တစ်ဦးသော ပုဂ္ဂိုလ်သည် မိမိသန္တာန်၌ အဆင်းရုပ်တို့ကို မရှုမှတ်မူ၍ အပသန္တာန်၌ နီသောအဆင်း နီသောအသွေး နီသော အရောင်ရှိသော နီသော (ကသိုဏ်း) ရုပ်တို့ကို ရှု၏၊ “ထို (ရုပ်) တို့ကို လွှမ်းမိုး၍ (ငါ) သိသည် (ငါ) မြင်သည်”ဟု ဤသို့လည်း အမှတ် ‘သညာ’ ရှိ၏။ ဤကား သတ္တမ အဘိဘာယတနဈာန်ပေတည်း။

တစ်ဦးသော ပုဂ္ဂိုလ်သည် မိမိသန္တာန်၌ အဆင်းရုပ်ကို မရှုမှတ်မူ၍ အပသန္တာန်၌ ဖြူသောအဆင်း ဖြူသောအသွေး ဖြူသောအရောင်ရှိသော ဖြူသော (ကသိုဏ်း) ရုပ်တို့ကို ရှု၏၊ ဥပမာအားဖြင့် ဖြူသော အဆင်း ဖြူသောအသွေး ဖြူသောအရောင်ရှိသော ဖြူသော သောက်ရှူးကြယ်ကဲ့သို့လည်းကောင်း ဖြူသော အဆင်း ဖြူသောအသွေး ဖြူသောအရောင်ရှိသော ဗာရာဏသီပြည်ဖြစ် ဖြူသော နှစ်ဖက်ချော အဝတ်ကဲ့ သို့လည်းကောင်း ဤအတူတစ်ဦးသော ပုဂ္ဂိုလ်သည် မိမိသန္တာန်၌ အဆင်းရုပ်ကို မရှုမှတ်မူ၍ အပသန္တာန် ၌ ဖြူသောအဆင်း ဖြူသောအသွေး ဖြူသောအရောင်ရှိသော ဖြူသော (ကသိုဏ်း) ရုပ်တို့ကို ရှု၏၊ “ထို (ရုပ်) တို့ကို လွှမ်းမိုး၍ (ငါ) သိသည် (ငါ) မြင်သည်”ဟု ဤသို့လည်း အမှတ် ‘သညာ’ ရှိ၏။ ဤကား အဋ္ဌမ အဘိဘာယတနဈာန်ပေတည်း။ (၁ဝ)

၃၃၉။ လွတ်လပ်ခြင်း ‘ဝိမောက္ခ’ တို့သည် ရှစ်ပါးတို့တည်း။ (မိမိသန္တာန်၌) ကသိုဏ်းရုပ်ဈာန် ရှိသည် ဖြစ်၍ (ပြင်ပသန္တာန်၌လည်း) (ကသိုဏ်း) ရုပ်တို့ကို ရှု၏။ ဤကား ပဌမဝိမောက္ခပေတည်း။

မိမိသန္တာန်၌ အဆင်းရုပ်ကို မရှုမှတ်မူ၍ ပြင်ပသန္တာန်၌ (ကသိုဏ်း) ရုပ်တို့ကို ရှု၏။ ဤကား့ဒုတိယဝိမောက္ခပေတည်း။

တင့်တယ်၏ ဟူ၍သာလျှင် နှလုံးသွင်း၏။ ဤကား တတိယဝိမောက္ခပေတည်း။

ရူပသညာတို့ကို လုံးဝလွန်မြောက်၍ ပဋိဃသညာတို့ လုံးဝချုပ်သည့်ပြင် နာနတ္တသညာတို့ကို လုံးဝ နှလုံးမသွင်းမူ၍ “ကောင်းကင်သည် အဆုံးမရှိ”ဟု ပွါးများခြင်းကြောင့် အာကာသာနဉ္စယတန (ဈာန်) သို့ ရောက်၍ နေ၏။ ဤကား စတုတ္ထဝိမောက္ခပေတည်း။

အာကာသာနဉ္စာယတနဈာန်ကို လုံးဝလွန်မြောက်၍ “ဝိညာဉ်သည် အဆုံးမရှိ”ဟု ပွါးများခြင်းကြောင့် ဝိညာဏဉ္စာယတန (ဈာန်) သို့ ရောက်၍ နေ၏၊ ဤကား ပဉ္စမဝိမောက္ခပေတည်း။

ဝိညာဏဉ္စာယတန (ဈာန်) ကို လုံးဝလွန်မြောက်၍ “တစ်စုံတစ်ခုမျှ မရှိ”ဟု ပွါးများခြင်းကြောင့် အာကိဉ္စညာယတန (ဈာန်) သို့ ရောက်၍ နေ၏၊ ဤကား ဆဋ္ဌဝိမောက္ခပေတည်း။

အာကိဉ္စညာယတန (ဈာန်) ကို လုံးဝလွန်မြောက်၍ နေဝသညာနာသညာယတန (ဈာန်) သို့ ရောက်၍ နေ၏၊ ဤကား သတ္တမဝိမောက္ခပေတည်း။

နေဝသညာနာသညာယတန (ဈာန်) ကို လုံးဝလွန်မြောက်၍ သညာဝေဒနာတို့၏ ချုပ်ရာ (နိရောဓ သမာပတ်)သို့ ရောက်၍ နေ၏၊ ဤကား အဋ္ဌမဝိမောက္ခပေတည်း။ (၁၁)

ငါ့သျှင်တို့ (အလုံးစုံသော တရားတို့ကို) သိတော်မူ မြင်တော်မူ၍ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားသည် ဤတရားရှစ်ပါး တို့ကို ကောင်းစွာ ဟောတော်မူအပ်၏၊ ထိုရှစ်ပါးသော တရားတို့၌ အလုံးစုံသော သင်တို့သည် အညီ အညွတ် ရွတ်ဆိုအပ်၏။ပ။ နတ်လူတို့၏ အကျိုး စီးပွါး ချမ်းသာအလို့ငှါ ဖြစ်၏။

၁။ ဤအရာ၌ ဥမာပုပ္ဖပုဒ်အနက်ကို အောက်မဲညို ပန်းထက် သာ၍ညိုသော နှမ်းကြပ်ပန်းဟု အဘိဓာန်နိသျသစ်၌ ဆို၏။

နဝက — တရား ကိုးပါးစု

၃၄ဝ။ ငါ့သျှင်တို့ (အလုံးစုံသောတရားတို့ကို) သိတော်မူ မြင်တော်မူ၍ ပူဇော်အထူးကို ခံတော်မူ ထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားသည် ကောင်း စွာ ဟောတော်မူသော ကိုးပါးသော တရားတို့သည် ရှိကုန်၏၊ ထိုကိုးပါးသော တရားတို့၌ အလုံးစုံသော သင်တို့သည် အညီအညွတ် ရွတ်ဆိုအပ်၏။ပ။ နတ်လူတို့၏ အကျိုး စီးပွား ချမ်းသာအလို့ငှါ ဖြစ်၏။

အဘယ်တရားကိုးပါးတို့နည်းဟူမူ —

ခိုက်ရန်ဖြစ်ခြင်း အကြောင်းတို့သည် ကိုးပါးတို့တည်း။ “ငါ၏ အကျိုးမဲ့ကို ပြုကျင့်ဖူးသည်”ဟု ရန်ငြိုးဖွဲ့၏၊”ငါ၏ အကျိုးမဲ့ကို ပြုနေဆဲ”ဟု ရန်ငြိုးဖွဲ့၏၊ “ငါ၏ အကျိုးမဲ့ကို ပြုလတ္တံ့”ဟု ရန်ငြိုးဖွဲ့၏။

“ငါချစ်ခင်နှစ်သက်သော ပုဂ္ဂိုလ်၏ အကျိုးမဲ့ကို ပြုဖူးသည်”ဟု ရန်ငြိုးဖွဲ့၏။ပ။ အကျိုးမဲ့ကို ပြုနေ ဆဲ”ဟု ရန်ငြိုးဖွဲ့၏။ပ။ အကျိုးမဲ့ကို ပြုလတ္တံ့”ဟု ရန်ငြိုးဖွဲ့၏။

“ငါမချစ်ခင်မနှစ်သက်သော ပုဂ္ဂိုလ်၏ အကျိုးကို ပြုဖူးသည်”ဟု ရန်ငြိုးဖွဲ့၏။ပ။ အကျိုးကို ပြုနေဆဲ”ဟု ရန်ငြိုးဖွဲ့၏။ပ။ အကျိုးကို ပြုလတ္တံ့”ဟု ရန်ငြိုးဖွဲ့၏။ (ဤကိုးပါးတို့တည်း)။ (၁)

ရန်ငြိုးပြေကြောင်းတို့သည် ကိုးပါးတို့တည်း။ “ငါ၏ အကျိုးမဲ့ကို ပြုဖူးသည်ဟု ထိုအကျိုးမဲ့ ပြု ခြင်းကို ဤပုဂ္ဂိုလ်၌ အဘယ်မှာ ရနိုင်အံ့နည်း”ဟု ရန်ငြိုးကို ဖြေ၏၊ “ငါ၏ အကျိုးမဲ့ကို ပြုနေဆဲဟု ထို အကျိုးမဲ့ပြုခြင်းကို ဤပုဂ္ဂိုလ်၌ အဘယ်မှာ ရနိုင်အံ့နည်း”ဟု ရန်ငြိုးကို ဖြေ၏၊ “ငါ၏ အကျိုးမဲ့ကို ပြုလတ္တံ ့ဟု ထိုအကျိုးမဲ့ပြုခြင်းကို ဤပုဂ္ဂိုလ်၌ အဘယ်မှာ ရနိုင်အံ့နည်း”ဟု ရန်ငြိုးကို ဖြေ၏။

“ငါချစ်ခင်နှစ်သက်သော ပုဂ္ဂိုလ်၏ အကျိုးမဲ့ကို ပြုဖူးပြီ။ပ။ အကျိုးမဲ့ကို ပြုနေဆဲ။ပ။ အကျိုးမဲ့ကို ပြုလတ္တံ့ဟု ထိုအကျိုးမဲ့ပြုခြင်းကို ဤပုဂ္ဂိုလ်၌ အဘယ်မှာ ရနိုင်အံ့နည်း”ဟု ရန်ငြိုးကို ဖြေ၏။

“ငါမချစ်ခင်မနှစ်သက်သော ပုဂ္ဂိုလ်၏ အကျိုးကို ပြုဖူးသည်။ပ။ အကျိုးကို ပြုနေဆဲ။ပ။ အကျိုးကို ပြုလတ္တံ့ဟု ထိုအကျိုးမဲ့ပြုခြင်းကို ဤပုဂ္ဂိုလ်၌ အဘယ်မှာ ရနိုင်အံ့နည်း”ဟု ရန်ငြိုးကို ဖြေ၏။ (ဤကိုးပါးတို့တည်း)။ (၂)

၃၄၁။ သတ္တဝါတို့၏ နေရာတို့သည် ကိုးပါးတို့တည်း။ ငါ့သျှင်တို့ ကိုယ်သဏ္ဌာန်ချင်း ကွဲပြား၍ ပဋိသန္ဓေ သညာချင်းလည်း ကွဲပြားကုန်သော သတ္တဝါတို့သည် ရှိကုန်၏၊ အဘယ်သတ္တဝါတို့နည်းဟူမူ — အချို့သောနတ် အချို့သော ဝိနိပါတိကနှင့် လူတို့ပင်တည်း၊ ဤကား ရှေးဦးစွာသော သတ္တဝါတို့၏ နေရာတည်း။

ငါ့သျှင်တို့ ကိုယ်သဏ္ဌာန်ချင်းကွဲပြား၍ ပဋိသန္ဓေသညာချင်းတူကုန်သော သတ္တဝါတို့သည် ရှိကုန်၏၊ အဘယ်သတ္တဝါတို့နည်းဟူမူ — ပဌမဈာန်ဘုံ၌ဖြစ်သော ဗြဟ္မာတို့ပင်တည်း၊ ဤကား နှစ်ခုမြောက်သော သတ္တဝါတို့၏ နေရာတည်း။

ငါ့သျှင်တို့ ကိုယ်သဏ္ဌာန်ချင်း တူ၍ ပဋိသန္ဓေသညာချင်း ကွဲပြားကုန်သော သတ္တဝါတို့သည် ရှိကုန်၏၊ အဘယ်သတ္တဝါတို့နည်းဟူမူ —အာဘဿရာဘုံ၌ဖြစ်သော ဗြဟ္မာတို့ပင်တည်း၊ ဤကား သုံးခုမြောက်သော သတ္တဝါတို့၏ နေရာတည်း။

ငါ့သျှင်တို့ ကိုယ်သဏ္ဌာန်ချင်း တူ၍ ပဋိသန္ဓေသညာချင်းလည်း တူကုန်သော သတ္တဝါတို့သည် ရှိကုန်၏၊ အဘယ်သတ္တဝါတို့နည်းဟူမူ — သုဘကိဏှာဘုံ၌ဖြစ်သော ဗြဟ္မာတို့ပင်တည်း၊ ဤကား လေးခု မြောက်သော သတ္တဝါတို့၏ နေရာတည်း။

ငါ့သျှင်တို့ သညာမရှိသော, အာရုံကို ခံစားခြင်းမရှိသော သတ္တဝါတို့သည် ရှိကုန်၏၊ အဘယ် သတ္တဝါတို့နည်းဟူမူ — အသညသတ်ဘုံ၌ဖြစ်သော ဗြဟ္မာတို့ပင်တည်း၊ ဤကား ငါးခုမြောက်သော သတ္တဝါ တို့၏ နေရာတည်း။

ငါ့ရှင်တို့ ရူပသညာတို့ကို လုံးဝလွန်မြောက်၍ ပဋိဃသညာတို့ လုံးဝချုပ်သည့်ပြင် နာနတ္တသညာ တို့ကို လုံးဝနှလုံးမသွင်းမူ၍ “ကောင်းကင်သည် အဆုံးမရှိ”ဟု ပွါးများခြင်းကြောင့် အာကာသာနဉ္စာ ယဘနဘုံသို့ ရောက်သော သတ္တဝါတို့သည် ရှိကုန်၏၊ ဤကား ခြောက်ခုမြောက်သော သတ္တဝါတို့၏ နေရာတည်း။

ငါ့ရှင်တို့ အာကာသာနဉ္စာယတနဈာန်ကို လုံးဝလွန်မြောက်၍ “ဝိညာဉ်သည် အဆုံးမရှိ”ဟု ပွါးများ ခြင်းကြောင့် ဝိညာဏဉ္စာယတနဘုံသို့ ရောက်သော သတ္တဝါတို့သည် ရှိကုန်၏၊ ဤကား ခုနစ်ခုမြောက်သော သတ္တဝါတို့၏ နေရာတည်း။

ငါ့ရှင်တို့ ဝိညာဏဉ္စာယတနဈာန်ကို လုံးဝလွန်မြောက်၍ “တစ်စုံတစ်ခုမျှ မရှိ”ဟု ပွါးများခြင်းကြောင့် အာကိဉ္စညာယတနဘုံသို့ ရောက်သော သတ္တဝါတို့သည် ရှိကုန်၏၊ ဤကား ရှစ်ခုမြောက်သော သတ္တဝါတို့၏ နေရာတည်း။

ငါ့ရှင်တို့ အာကိဉ္စညာယတနဈာန်ကို လုံးဝ လွန်မြောက်၍ နေဝသညာနာသညာယတနဘုံသို့ ရောက်သော သတ္တဝါတို့သည် ရှိကုန်၏၊ ဤကား ကိုးခုမြောက်သော သတ္တဝါတို့၏ နေရာတည်း။ (၃)

၃၄၂။ မြတ်သော အကျင့်ကို ကျင့်ခြင်းငှါ အခွင့်မဟုတ်သော အက္ခဏတို့သည် ကိုးပါးတို့တည်း။ ငါ့သျှင်တို့ ဤလောက၌ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော မြတ်စွာဘုရားသည်လည်း ပွင့်တော်မူ၏၊ ကိလေသာကို ငြိမ်းစေတတ်သော နိဗ္ဗာန်သို့ ဆောင်တတ်သော မဂ်ဉာဏ်သို့ ရောက်စေတတ်သော မြတ်စွာဘုရားတို့သည်သာ ထိုးထွင်း၍ သိအပ်သော သစ္စာလေးပါးတရားကိုလည်း ဟောတော်မူအပ်၏၊ ဤပုဂ္ဂိုလ်သည်လည်း ငရဲဘုံသို့ရောက်နေ၏။ ဤကား မြတ်သောအကျင့်ကို ကျင့်ခြင်းငှါ အခွင့်မဟုတ်သော ရှေးဦးစွာသော အက္ခဏတို့တည်း။

ငါ့သျှင်တို့ တစ်ဖန်ထို့ပြင်လည်း ဤလောက၌ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော မြတ်စွာဘုရားသည်လည်း ပွင့်တော်မူ၏၊ ကိလေသာကို ငြိမ်းစေတတ်သော နိဗ္ဗာန်သို့ ဆောင်တတ်သော မဂ်ဉာဏ်သို့ ရောက်စေတတ်သော မြတ်စွာဘုရားတို့သည် သာ ထိုးထွင်း၍ သိအပ်သော သစ္စာလေးပါးတရားကိုလည်း ဟောတော်မူအပ်၏၊ ဤပုဂ္ဂိုလ်သည်လည်း တိရစ္ဆာန်ဘုံသို့ ရောက်နေ၏။ ဤကား မြတ်သောအကျင့်ကို ကျင့်ခြင်းငှါ အခွင့်မဟုတ်သော နှစ်ခုမြောက် အက္ခဏတို့တည်း။

တစ်ဖန် ထို့ပြင်လည်း။ပ။ ပြိတ္တာဘုံသို့ ရောက်နေ၏။ ဤကား မြတ်သောအကျင့်ကို ကျင့်ခြင်းငှါ အခွင့်မဟုတ်သော သုံးခုမြောက် အက္ခဏတည်း။

တစ်ဖန် ထို့ပြင်လည်း။ပ။ အသုရကာယ်ဘုံသို့ ရောက်နေ၏။ ဤကား မြတ်သော အကျင့်ကို ကျင့်ခြင်းငှါ အခွင့်မဟုတ်သော လေးခုမြောက် အက္ခဏတည်း။

တစ်ဖန် ထို့ပြင်လည်း။ပ။ အသက်ရှည်သော အရူပဘုံ အသညသတ်ဘုံသို့ ရောက်နေ၏။ ဤကား မြတ်သော အကျင့်ကို ကျင့်ခြင်းငှါ အခွင့်မဟုတ်သော ငါးခုမြောက် အက္ခဏတည်း။

တစ်ဖန် ထို့ပြင်လည်း။ပ။ ရဟန်းယောကျာ်း ရဟန်းမိန်းမ ဥပါသကာယောကျာ်း ဥပါသိကာမိန်းမတို့ ဖြစ်ရာ မဟုတ်သော သစ္စာလေးပါးကို မသိနိုင်ကုန်သော ပစ္စန္တရစ်ဇနပုဒ် လူရိုင်းတို့အတွင်း၌ ဖြစ်၍ နေ၏။ ဤကား မြတ်သောအကျင့်ကို ကျင့်ခြင်းငှါ အခွင့်မဟုတ်သော ခြောက်ခုမြောက် အက္ခဏတည်း။

တစ်ဖန် ထို့ပြင်လည်း။ပ။ မဇ္ဈိမဒေသ ဇနပုဒ်တို့၌ ဖြစ်သော်လည်း မှားသော အယူရှိ၏၊ ဖောက် ပြန်သော အယူရှိ၏၊ “ပေးလှူခြင်းသည် မရှိ၊ ယဇ်ပူဇော်ခြင်းသည် မရှိ၊ဟုန်းပူဇော်ခြင်းသည် မရှိ၊ ကောင်းမှုကံ မကောင်းမှုကံတို့၏ အကျိုးဝိပါက်သည် မရှိ၊ ဤလောကသည် မရှိ၊ တမလွန်လောကသည် မရှိ၊ အမိသည် မရှိ၊ အဖသည် မရှိ၊ သေ၍ တစ်ဖန်ဖြစ်သော သတ္တဝါတို့သည် မရှိကုန်၊ ဤလောကကို လည်းကောင်း၊ တမလွန်လောကကိုလည်းကောင်း ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြု၍ ဟော ကြားတတ်ကုန်သော အညီအညွတ် ကောင်းသော အကျင့်ကို ကျင့်ကုန်သော သမဏဗြာဟ္မဏတို့သည် လောက၌ မရှိကုန်”ဟု မှားယွင်းဖောက်ပြန်သော အယူရှိနေ၏၊ ဤကား မြတ်သောအကျင့်ကို ကျင့်ခြင်းငှါ အခွင့်မဟုတ်သော ခုနစ်ခုမြောက် အက္ခဏတည်း။

တစ်ဖန် ထို့ပြင်လည်း။ပ။ ဤပုဂ္ဂိုလ်သည်လည်း မဇ္ဈိမဒေသဇနပုဒ်တို့၌ မွေးဖွား၏၊ မဇ္ဈိမဒေသ ဇနပုဒ်တို့၌ ဖြစ်သော်လည်း ပညာမရှိ၊ စိတ်ဖောက်ပြန်နေသူ ဖြစ်၏၊ ဆွံ့အနေသူ ဖြစ်၏၊ ကောင်းသော တရား မကောင်းသောတရားတို့၏ အနက်သဘောကို သိခြင်းငှါ မစွမ်းနိုင်။ ဤကား မြတ်သောအကျင့်ကို ကျင့်ခြင်းငှါ အခွင့်မဟုတ်သော ရှစ်ခုမြောက် အက္ခဏတည်း။

ငါ့သျှင်တို့ တစ်ဖန် ထို့ပြင်လည်း ဤလောက၌ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော မြတ်စွာဘုရားသည်လည်း ပွင့်တော်မမူ၊ ကိလေသာကို ငြိမ်းစေတတ်သော နိဗ္ဗာန်သို့ ဆောင်တတ်သော မဂ်ဉာဏ်သို့ ရောက်စေတတ်သော မြတ်စွာဘုရားတို့သည် သာ ထိုးထွင်း၍ သိအပ်သော သစ္စာလေးပါးတရားကိုလည်း ဟောတော်မမူ၊ ဤပုဂ္ဂိုလ်သည် မဇ္ဈိမဒေသ ဇနပုဒ်တို့၌ ဖြစ်၏၊ ပညာရှိသူ ဖြစ်၏၊ စိတ်မဖောက်ပြန်သူ ဖြစ်၏၊ မဆွံ့အသူ ဖြစ်၏၊ ကောင်းသော တရား မကောင်းသောတရားတို့၏ အနက်သဘောကို သိခြင်းငှါ စွမ်းနိုင်၏။ ဤကား မြတ်သော အကျင့် ကို ကျင့်ခြင်းငှါ အခွင့်မဟုတ်သော ကိုးခုမြောက် အက္ခဏတည်း။ (၄)

၃၄၃။ အစဉ်အတိုင်း ဝင်စားအပ်သော သမာပတ်တို့သည် ကိုးပါးတို့တည်း။ ငါ့သျှင်တို့ ဤ့သာသနာတော်၌ ရဟန်းသည် ကာမဂုဏ်တို့မှ ကင်းဆိတ်၍သာလျှင် အကုသိုလ်တရားတို့မှ ကင်းဆိတ်၍ သာလျှင် ကြံစည်ခြင်း’ဝိတက်’နှင့် တကွဖြစ်သော သုံးသပ်ဆင်ခြင်ခြင်း ‘ဝိစာရ’နှင့် တကွဖြစ်သော (နီဝရဏ) ကင်းဆိတ်ခြင်းကြောင့် ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’, ချမ်းသာခြင်း ‘သုခ’ရှိသော ပဌမဈာန်သို့ ရောက်၍ နေ၏။

ဝိတက် ဝိစာရငြိမ်းခြင်းကြောင့်။ပ။ ဒုတိယဈာန်သို့ ရောက်၍ နေ၏။ နှစ်သိမ့်ခြင်းပီတိကိုလည်း မတပ်မက်ခြင်းကြောင့်။ပ။ တတိယဈာန်သို့ ရောက်၍ နေ၏။ ချမ်းသာ ဆင်းရဲကို ပယ်ခြင်းကြောင့်လည်း ကောင်း။ပ။ စတုတ္ထဈာန်သို့ ရောက်၍ နေ၏။ ရုပ်သညာတို့ကို လုံးဝလွန်မြောက်ခြင်းကြောင့်။ပ။ အာကာသာနဉ္စာယတနဈာန်သို့ ရောက်၍ နေ၏။

အာကာသာနဉ္စာယတနဈာန်ကို လုံးဝလွန်မြောက်၍ “ဝိညာဉ်သည် အဆုံးမရှိ”ဟု ပွားများသော ကြောင့် ဝိညာဏဉ္စာယတနဈာန်သို့ ရောက်၍ နေ၏။ ဝိညာဏဉ္စာယတနဈာန်ကို လုံးဝလွန်မြောက်၍ “တစ်စုံတစ်ခုမျှ မရှိ”ဟု ပွားများသောကြောင့် အာကိဉ္စညာယတနဈာန်သို့ ရောက်၍ နေ၏။ အာကိဉ္စညာ ယတနဈာန်ကို လုံးဝလွန်မြောက်၍ နေဝသညာနာသညာယတနဈာန်သို့ ရောက်၍ နေ၏။ နေဝသညာ နာသညာယတနဈာန်ကို လုံးဝလွန်မြောက်၍ သညာဝေဒနာတို့၏ ချုပ်ခြင်းသို့ ရောက်၍ နေ၏။ (ဤကိုးပါးတို့တည်း)။ (၅)

၃၄၄။ အစဉ်အတိုင်း ချုပ်ခြင်းတို့သည် ကိုးပါးတို့တည်း။ ပဌမဈာန်ကို ဝင်စားသော ပုဂ္ဂိုလ်အား ကာမသညာသည် ချုပ်၏။ ဒုယိယဈာန်ဝင်စားသော ပုဂ္ဂိုလ်အား ဝိတက်ဝိစာရတို့သည် ချုပ်ကုန်၏။ တတိယဈာန်ဝင်စားသော ပုဂ္ဂိုလ်အား နှစ်သိမ့်မှု ‘ပီတိ’ သည် ချုပ်၏။ စတုတ္ထဈာန်ဝင်စားသော ပုဂ္ဂိုလ် အား ထွက် သက်ဝင်သက်တို့သည် ချုပ်ကုန်၏။ အာကာသာနဉ္စာယတနဈာန်ဝင်စားသော ပုဂ္ဂိုလ်အား ရုပ်သညာသည် ချုပ်၏။ ဝိညာဏဉ္စာယတနဈာန်ဝင်စားသော ပုဂ္ဂိုလ်အား အာကာသာနဉ္စာယတန သညာသည် ချုပ်၏။ အာကိဉ္စညာယတနဈာန်ဝင်စားသော ပုဂ္ဂိုလ်အား ဝိညာဏဉ္စာယတနသညာသည် ချုပ်၏။ နေဝသညာနာသညာယတနဈာန်ဝင်စားသော ပုဂ္ဂိုလ်အား အာကိဉ္စညာယတနသညာသည် ချုပ်၏။ သညာ ဝေဒနာတို့ချုပ်သော နိရောဓသမာပတ်ကို ဝင်စားသော ပုဂ္ဂိုလ်အား သညာသည်လည်းကောင်း ဝေဒနာသည်လည်းကောင်း ချုပ်၏။ (ဤကိုးပါးတို့တည်း)။ (၆)

ငါ့သျှင်တို့ (အလုံးစုံသော တရားတို့ကို) သိတော်မူ မြင်တော်မူ၍ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားသည် ဤကိုးပါးသော တရားတို့ကို ကောင်းစွာ ဟောတော်မူအပ်၏၊ ထိုကိုးပါးသော တရားတို့၌ အလုံးစုံသော သင်တို့သည် အညီအညွတ် ရွတ်ဆိုအပ်၏။ပ။ နတ်လူတို့၏ အကျိုးစီးပွား ချမ်းသာအလို့ငှါ ဖြစ်၏။

ဒသက — တရား ဆယ်ပါးစု

၃၄၅။ ငါ့သျှင်တို့ (အလုံးစုံသောတရားတို့ကို) သိတော်မူ မြင်တော်မူ၍ ပူဇော်အထူးကို ခံတော် မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားသည် ကောင်းစွာ ဟောတော်မူအပ်သော ဆယ်ပါးသော တရားတို့သည် ရှိကုန်၏၊ ထိုဆယ်ပါးသော တရားတို့၌ အလုံးစုံသော သင်တို့သည် အညီအညွတ် ရွတ်ဆိုအပ်၏။ပ။ နတ်လူတို့၏ အကျိုးစီးပွား ချမ်းသာအလို့ငှါ ဖြစ်၏။

အဘယ်တရား ဆယ်ပါးတို့နည်းဟူမူ —

မှီခိုရာပြုတတ်သော တရားတို့သည် ဆယ်ပါးတို့တည်း။ ငါ့သျှင်တို့ ဤသာသနာတော်၌ ရဟန်း သည် သီလရှိ၏၊ ပါတိမောက္ခသံဝရသီလကို စောင့်ထိန်းလျက် နေ၏၊ အကျင့် ‘အာစာရ’ ကျက်စားရာ ‘ဂေါစရ’ နှင့် ပြည့်စုံ၏၊ အနည်းငယ်မျှသော အပြစ်တို့၌သော်လည်း ‘ဘေး’ဟု ရှုလေ့ရှိ၏၊ သိက္ခာပုဒ်တို့၌့ကောင်းစွာ ဆောက်တည်၍ ကျင့်၏။ ငါ့သျှင်တို့ ရဟန်းသည် ယင်းသို့ သီလရှိ၏၊ ပါတိမောက္ခသံဝရ သီလနှင့် ပြည့်စုံ၏၊ အာစာရသီလ ဂေါစရသီလနှင့် ပြည့်စုံ၏၊ အနည်းငယ်မျှသော အပြစ်တို့၌သော်လည်း ‘ဘေး’ဟု ရှုလေ့ရှိ၏၊ သိက္ခာပုဒ်တို့၌ ကောင်းစွာ ဆောက်တည်၍ ကျင့်၏။ ဤတရားသည်လည်း မှီခိုရာ ပြုတတ်သော တရားတည်း။ (၁—၁)

ငါ့သျှင်တို့ တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် များသော အကြားအမြင်ရှိ၏၊ သင်ကြားပြီးသည်ကို ဆောင်နိုင်၏၊ သင်ကြားပြီးသည်ကို သိုမှီးနိုင်၏၊ အစ၏ကောင်းခြင်း အလယ်၏ကောင်းခြင်း အဆုံး၏ ကောင်းခြင်းရှိသော အနက်နှင့်ပြည့်စုံကုန်သော သဒ္ဒါနှင့်ပြည့်စုံကုန်သော အလုံးစုံပြည့်စုံကုန်သော စင်ကြယ်သော မြတ်သော အကျင့်ကို ပြတတ်ကုန်သော တရားတို့သည် ရှိကုန်၏၊ ထိုသို့သဘောရှိသော တရားတို့ ကို ထိုရဟန်းသည် များစွာသင်ကြားအပ်ကုန်၏၊ ဆောင်အပ်ကုန်၏၊ နှုတ်ဖြင့် အဖန်ဖန် ဆည်းပူးအပ် ကုန်၏၊ စိတ်ဖြင့် အဖန်ဖန် ဆင်ခြင်အပ်ကုန်၏၊ ပညာဖြင့် ထိုးထွင်း၍ သိအပ်ကုန်၏။ ငါ့သျှင်တို့ ရဟန်း သည် ယင်းသို့ များစွာ သင်ကြားအပ်၏။ပ။ ပညာဖြင့် ထိုးထွင်း၍ သိအပ်ကုန်၏။ ဤတရားသည် လည်း မှီခိုရာပြုတတ်သော တရားတည်း။ (၁—၂)

ငါ့သျှင်တို့ တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် အဆွေခင်ပွန်းကောင်းရှိ၏၊ အပေါင်းအဖော်ကောင်း ရှိ၏၊ အဆွေခင်ပွန်းကောင်းတို့၌ ညွတ်သော စိတ်ရှိ၏၊ ငါ့သျှင်တို့ ရဟန်းသည် ယင်းသို့ အဆွေခင်ပွန်း ကောင်းရှိ၏၊ အပေါင်းအဖော်ကောင်းရှိ၏၊ အဆွေခင်ပွန်းကောင်းတို့၌ ညွတ်သော စိတ်ရှိ၏။ ဤတရား သည်လည်း မှီခိုရာပြုတတ်သော တရားတည်း။ (၁—၃)

ငါ့သျှင်တို့ တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် ဆိုဆုံးမလွယ်၏၊ ဆိုဆုံးမလွယ်ခြင်းကို ပြုတတ်သော တရားတို့နှင့် ပြည့်စုံ၏၊ သည်းခံနိုင်၏၊ အဆုံးအမကို အရိုအသေ ခံယူတတ်၏၊ ငါ့သျှင်တို့ ရဟန်းသည် ယင်းသို့ ဆိုဆုံးမလွယ်၏။ပ။ အဆုံးအမကို အရိုအသေ ခံယူတတ်၏၊ ဤတရားသည်လည်း မှီခိုရာပြု တတ်သော တရားတည်း။ (၁—၄)

ငါ့သျှင်တို့ တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် သီတင်းသုံးဖော်တို့၏ အသို့ပြုရမည်နည်းဟု ဆို၍ ပြုအပ်သော အယုတ် အမြတ်ဖြစ်သော ကိစ္စတို့၌ လိမ္မာ၏၊ ပျင်းရိခြင်း မရှိ၊ ထိုထို အကြောင်း၌ လိမ္မာသော ပညာနှင့် ပြည့်စုံ၏၊ ပြုခြင်းငှါ စွမ်းနိုင်၏၊ စီရင်ခြင်းငှါ စွမ်းနိုင်၏။ ငါ့သျှင်တို့ ရဟန်းသည် ယင်း သို့ သီတင်းသုံးဖော်တို့၏။ပ။ စီရင်ခြင်းငှါ စွမ်းနိုင်၏။ ဤတရားသည်လည်း မှီခိုရာပြုတတ်သော တရား တည်း။ (၁—၅)

ငါ့သျှင်တို့ တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် တရားတော်ကို အလိုရှိ၏၊ ချစ်ဖွယ်ကို ပြောဆို တတ်၏၊ လွန်မြတ်သော သုတ် အဘိဓမ္မာ ဝိနည်းတရား၌ များစွာ မြတ်နိုးခြင်းရှိ၏၊ ငါ့သျှင်တို့ ရဟန်း သည် ယင်းသို့ တရားကို အလိုရှိ၏။ပ။ များစွာ မြတ်နိုးခြင်းရှိ၏။ ဤတရားသည်လည်း မှီခိုရာပြုတတ်သော တရားတည်း။ (၁—၆)

ငါ့သျှင်တို့ တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် ရရသမျှသော သင်္ကန်း ဆွမ်း ကျောင်း သူနာ အထောက်အပံ့ ဆေးဟူသော အဆောက်အဦတို့ဖြင့် ရောင့်ရဲ၏။ ငါ့သျှင်တို့ ရဟန်းသည် ယင်းသို့ အဆောက်အဦတို့ဖြင့် ရောင့်ရဲ၏။ပ။ ဤတရားသည်လည်း မှီခိုရာပြုတတ်သော တရားတည်း။ (၁—၇)

ငါ့သျှင်တို့ တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် အားထုတ်အပ်သော ဝီရိယရှိသည် ဖြစ်၍ နေ၏၊ အကုသိုလ်တရားတို့ကို ပယ်ခြင်းငှါ ကုသိုလ်တရားတို့နှင့် ပြည့်စုံစေခြင်းငှါ ဝီရိယကို အားထုတ်၏၊ အားကြီးသော လုံ့လရှိ၏၊ မြဲမြံသော ဝီရိယရှိ၏၊ ကုသိုလ်တရားတို့၌ တာဝန်ကို ချထားခြင်း မရှိ။ ငါ့သျှင်တို့ ရဟန်းသည် ယင်းသို့ ဝီရိယကို အားထုတ်နေ၏။ပ။ ကုသိုလ်တရားတို့၌ တာဝန်ကို ချထား ခြင်း မရှိ။ ဤတရားသည်လည်း မှီခိုရာပြုတတ်သော တရားတည်း။ (၁—၈)

ငါ့သျှင်တို့ တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် သတိရှိ၏၊ လွန်မြတ်သော သတိ, ပညာနှင့် ပြည့်စုံ၏၊့ကြာမြင့်စွာ ပြုပြီးသော အလုပ်ကိုလည်းကောင်း၊ ကြာမြင့်စွာ ပြောပြီးသော စကားကိုလည်းကောင်း အောက်မေ့နိုင်၏၊ အဖန်တလဲလဲ အောက်မေ့နိုင်၏။ ငါ့သျှင်တို့ ရဟန်းသည် ယင်းသို့ သတိရှိ၏။ပ။ အောက်မေ့နိုင်၏၊ အဖန်တလဲလဲ အောက်မေ့နိုင်၏။ ဤတရားသည်လည်း မှီခိုရာပြုတတ်သော တရား တည်း။ (၁—၉)

ငါ့သျှင်တို့ တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် ပညာရှိ၏၊ အဖြစ်အပျက်ကို သိသော ဖြူစင်သော ကိလေသာကို ဖျက်ဆီးနိုင်သော အကြွင်းမဲ့ ဆင်းရဲကုန်ရာ နိဗ္ဗာန်သို့ ရောက်စေတတ်သော ပညာနှင့် ပြည့်စုံ၏။ ငါ့သျှင်တို့ ရဟန်းသည် ယင်းသို့ ပညာရှိ၏။ပ။ အကြွင်းမဲ့ ဆင်းရဲကုန်ရာ နိဗ္ဗာန်သို့ ရောက် စေတတ်သော ပညာနှင့် ပြည့်စုံ၏။ ဤတရားသည်လည်း မှီခိုရာပြုတတ်သော တရားတည်း။ (ဤဆယ်ပါးတို့တည်း)။ (၁—၁ဝ)

၃၄၆။ ကသိုဏ်းအာရုံတို့သည် ဆယ်ပါးတို့တည်း။ အချို့သော ရဟန်းသည် အထက် အောက် ဖီလာဖြစ်သော နှစ်ခုမဟုတ်သော အပိုင်းအခြား မရှိသော ပထဝီကသိုဏ်းကို သိ၏။ အချို့သော ရဟန်း သည် အာပေါကသိုဏ်းကို သိ၏။ပ။ အချို့သော ရဟန်းသည် တေဇောကသိုဏ်းကို သိ၏။ အချို့သော ရဟန်းသည် ဝါယောကသိုဏ်းကို သိ၏။ အချို့သော ရဟန်းသည် နီလကသိုဏ်းကို သိ၏။ အချို့သော ရဟန်းသည် ပီတကသိုဏ်းကို သိ၏။ အချို့သော ရဟန်းသည် လောဟိတကသိုဏ်းကို သိ၏။ အချို့သော ရဟန်းသည် သြဒါတကသိုဏ်းကို သိ၏။ အ ချို့သော ရဟန်းသည် အာကာသကသိုဏ်းကို သိ၏။ အချို့သော ရဟန်းသည် အထက်အောက် ဖီလာဖြစ်သော နှစ်ခုမဟုတ်သော အပိုင်းအခြား မရှိသော ဝိညာဏကသိုဏ်းကို သိ၏။ (ဤဆယ်ပါးတို့တည်း)။ (၂)

၃၄၇။ အကုသိုလ်ကမ္မပထတရားတို့သည် သူ့အသက်ကို သတ်ခြင်း၊ မပေးသည်ကို ခိုးယူခြင်း၊ ကာမဂုဏ်တို့၌ မှားသောအားဖြင့် ကျင့်ခြင်း၊ မဟုတ်မမှန် ပြောခြင်း၊ ကုန်းတိုက်ခြင်း၊ ကြမ်းတမ်းသော စကားကို ပြောဆိုခြင်း၊ ပြိန်ဖျင်းသော စကားကို ပြောဆိုခြင်း၊ လွန်စွာ မက်မောခြင်း၊ ပျက်စီးစေလိုခြင်း၊ မှားသော အယူရှိခြင်း အားဖြင့် ဆယ်ပါးတို့တည်း။ (၃)

ကုသိုလ်ကမ္မပထတရားတို့သည် သူ့အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်ခြင်း၊ မပေးသည်ကို ခိုးယူ ခြင်းမှ ရှောင်ကြဉ်ခြင်း၊ ကာမဂုဏ်တို့၌ မှားသောအားဖြင့် ကျင့်ခြင်းမှ ရှောင်ကြဉ်ခြင်း၊ မဟုတ်မမှန် ပြောခြင်းမှ ရှောင်ကြဉ်ခြင်း၊ ကုန်းတိုက်ခြင်းမှ ရှောင်ကြဉ်ခြင်း၊ ကြမ်းတမး်သော စကားကို ပြောခြင်းမှ ရှောင် ကြဉ်ခြင်း၊ ပြိန်ဖျင်းသော စကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်း၊ လွန်စွာ မမက်မောခြင်း၊ မပျက်စီးစေ လိုခြင်း၊ မှန်သော အယူကို ယူခြင်းအားဖြင့် ဆယ်ပါးတို့တည်း။ (၄)

၃၄၈။ မြတ်သော အကျင့်တို့သည် ဆယ်ပါးတို့တည်း။ ငါ့သျှင်တို့ ဤသာသနာတော်၌ ရဟန်း သည် ငါးပါးသော အင်္ဂါကို ပယ်ပြီးဖြစ်၏၊ ခြောက်ပါးသော အင်္ဂါရှိသော ဥပေက္ခာနှင့် ပြည့်စုံ၏၊ တစ်ခုသော စောင့်ရှောက်ခြင်းရှိ၏၊ လေးပါးသောမှီရာ ရှိ၏၊ အသီးအသီး များစွာသော သစ္စာတို့ကို ပယ်အပ် ကုန်၏၊ အလုံးစုံသော ရှာမှီးခြင်းကို ပယ်ပြီးဖြစ်၏၊ ကြည်လင်သော အကြံရှိ၏၊ ငြိမ်းသော ကာယသင်္ခါရ ရှိ၏၊ ကိလေသာတို့မှ လွတ်သော စိတ်ရှိ၏၊ ကိလေသာတို့မှ လွတ်သော ပညာရှိ၏။

ငါ့သျှင်တို့ ရဟန်းသည် အဘယ်သို့လျှင် ငါးပါးသော အင်္ဂါကို ပယ်ပြီးဖြစ်သနည်း။ ငါ့သျှင်တို့ ဤသာသနာတော်၌ ရဟန်းသည် ကာမစ္ဆန္ဒကို ပယ်ပြီးဖြစ်၏၊ ဒေါသကို ပယ်ပြီးဖြစ်၏၊ ထိုင်းမှိုင်းခြင်းကို ပယ်ပြီးဖြစ်၏၊ ပျံ့လွင့်ခြင်း နောင်တပူပန်ခြင်းကို ပယ်ပြီးဖြစ်၏၊ ယုံမှားခြင်းကို ပယ်ပြီးဖြစ်၏။ ငါ့သျှင်တို့ ဤသို့လျှင် ရဟန်းသည် ငါးပါးသော အင်္ဂါကို ပယ်ပြီးဖြစ်၏။ (၅—၁)

ငါ့သျှင်တို့ ရဟန်းသည် အဘယ်သို့လျှင် ခြောက်ပါးသော အင်္ဂါရှိသော ဥပေက္ခာနှင့် ပြည့်စုံ သနည်း။ ငါ့သျှင်တို့ ဤသာသနာတော်၌ ရဟန်းသည် မျက်စိဖြင့် ရူပါရုံကို မြင်သော် ဝမ်းလည်း မသာ, ဝမ်းလည်း မနည်း၊ သတိပညာနှင့် ပြည့်စုံသည်ဖြစ်၍ လျစ်လျူရှု၍သာ နေ၏။ နားဖြင့် အသံကို ကြားသော်။ပ။့စိတ်ဖြင့် တရားကို သိသော် ဝမ်းလည်း မသာ, ဝမ်းလည်းမနည်း၊ သတိပညာနှင့် ပြည့်စုံသည် ဖြစ်၍ လျစ်လျူရှု၍သာ နေ၏။ ငါ့သျှင်တို့ ဤသို့လျှင် ရဟန်းသည် အင်္ဂါခြောက်ပါးရှိသော ဥပေက္ခာနှင့် ပြည့်စုံ၏။ (၅—၂)

ငါ့သျှင်တို့ ရဟန်းသည် အဘယ်သို့လျှင် တစ်ခုသော စောင့်ရှောက်ခြင်း ရှိသနည်း။ ငါ့သျှင်တို့ ဤသာသနာတော်၌ ရဟန်းသည် သတိဟူသော အစောင့်အရှောက်စိတ်နှင့် ပြည့်စုံ၏၊ ငါ့သျှင်တို့ ဤသို့လျှင် ရဟန်းသည် တစ်ခုသော စောင့်ရှောက်ခြင်း ရှိ၏။ (၅—၃)

ငါ့သျှင်တို့ ရဟန်းသည် အဘယ်သို့လျှင် လေးပါးသော မှီရာရှိသနည်း။ ငါ့သျှင်တို့ ဤသာသနာ တော်၌ ရဟန်းသည် ဆင်ခြင်၍ အချို့ကို မှီဝဲ၏၊ ဆင်ခြင်၍ အချို့ကို သည်းခံ၏၊ ဆင်ခြင်၍ အချို့ကို ပယ်ဖျောက်၏၊ ဆင်ခြင်၍ အချို့ကို ရှောင်ကြဉ်၏။ ငါ့သျှင်တို့ ဤသို့လျှင် ရဟန်းသည် လေးပါးသော မှီရာရှိ၏။ (၅—၄)

ငါ့သျှင်တို့ ရဟန်းသည် အဘယ်သို့လျှင် အသီးအသီး များစွာသော သစ္စာတို့ကို ပယ်အပ်ကုန်သ နည်း။ ငါ့သျှင်တို့ ဤသာသနာတော်၌ ရဟန်းသည် များစွာသော သမဏဗြာဟ္မဏတို့၏ များစွာသော အသီးအသီးသော အလုံးစုံသော သစ္စာတို့ကို နုတ်အပ်ကုန်၏၊ ကောင်းစွာ နုတ်အပ်ကုန်၏၊ စွန့်အပ်ကုန်၏၊ အန်အပ်ကုန်၏၊ လွှတ်အပ်ကုန်၏၊ ပယ်အပ်ကုန်၏၊ ငြိမ်းစေအပ်ကုန်၏။ ငါ့သျှင်တို့ ဤသို့လျှင် ရဟန်းသည် အသီးအသီး များစွာသော သစ္စာတို့ကို ပယ်အပ်ကုန်၏။ (၅—၅)

ငါ့သျှင်တို့ ရဟန်းသည် အဘယ်သို့လျှင် အလုံးစုံသော ရှာမှီးခြင်းကို စွန့်အပ်သနည်း။ ငါ့သျှင်တို့ ဤသာသနာတော်၌ ရဟန်းသည် ကာမဂုဏ် ရှာမှီးခြင်းကို ပယ်အပ်၏၊ ဘဝ၌ ရှာမှီးခြင်းကို ပယ်အပ်၏၊ မြတ်သောအကျင့် ရှာမှီးခြင်းကို ငြိမ်းစေအပ်၏။ ငါ့သျှင်တို့ ဤသို့လျှင် ရဟန်းသည် အလုံးစုံသော ရှာမှီးခြင်းကို စွန့်အပ်၏။ (၅—၆)

ငါ့သျှင်တို့ ရဟန်းသည် အဘယ်သို့လျှင် ကြည်လင်သော အကြ ံရှိသနည်း။ ငါ့သျှင်တို့ ဤသာသနာတော်၌ ရဟန်းသည် ကာမဂုဏ်၌ ကြံခြင်းကို ပယ်အပ်၏၊ ပျက်စီးစေလိုခြင်း၌ ကြံခြင်းကို ပယ်အပ်၏၊ ညှဉ်းဆဲခြင်း၌ ကြံခြင်းကို ပယ်အပ်၏။ ငါ့သျှင်တို့ ဤသို့လျှင် ရဟန်းသည် ကြည်လင်သော အကြ ံရှိ၏။ (၅—၇)

ငါ့သျှင်တို့ ရဟန်းသည် အဘယ်သို့လျှင် ငြိမ်းသော ကာယသင်္ခါရ ရှိသနည်း။ ငါ့သျှင်တို့ ဤသာသနာတော်၌ ရဟန်းသည် ချမ်းသာဆင်းရဲကို ပယ်ခြင်းကြောင့်လည်းကောင်း၊ ဝမ်းသာခြင်း နှလုံးမသာ ခြင်းတို့၏ ရှေးဦးကပင်လျှင် ချုပ်နှင့်ခြင်းကြောင့်လည်းကောင်း ဆင်းရဲ ချမ်းသာမရှိသော လျစ်လျူရှုမှု ‘ဥပေက္ခာ’ ကြောင့် ဖြစ်သည့် သတိ၏ စင်ကြယ်ခြင်းရှိသော စတုတ္ထဈာန်သို့ ရောက်၍ နေ၏။ ငါ့သျှင်တို့ ဤသို့လျှင် ရဟန်းသည် ငြိမ်းသော ကာယသင်္ခါရ ရှိ၏။ (၅—၈)

ငါ့သျှင်တို့ ရဟန်းသည် အဘယ်သို့လျှင် ကိလေသာမှ လွတ်သော စိတ်ရှိသနည်း။ ငါ့သျှင်တို့ ဤသာသနာတော်၌ ရဟန်းသည် စွဲမက်ခြင်း ‘ရာဂ’ မှ စိတ်သည် လွတ်၏၊ အမျက်ထွက်ခြင်း ‘ဒေါသ’မှ စိတ် သည် လွတ်၏။ တွေဝေခြင်း ‘မောဟ’မှ စိတ်သည် လွတ်၏။ ငါ့သျှင်တို့ ဤသို့လျှင် ရဟန်းသည် ကိလေသာမှ လွတ်သော စိတ်ရှိ၏။ (၅—၉)

ငါ့သျှင်တို့ ရဟန်းသည် အဘယ်သို့လျှင် ကိလေသာမှ လွတ်သော ပညာရှိသနည်း။ ငါ့သျှင်တို့ ဤသာသနာတော်၌ ရဟန်းသည် “ငါသည် စွဲမက်ခြင်း ‘ရာဂ’ကို ပယ်အပ်ပြီ၊ အမြစ်ကို ဖြတ်အပ်ပြီ၊ ထန်းပင် ရာကဲ့သို့ ပြုအပ်ပြီ၊ တစ်ဖန် မဖြစ်ခြင်းကို ပြုအပ်ပြီ၊ နောင်အခါ၌ မဖြစ်ခြင်းသဘော ရှိ၏”ဟု သိ၏။ “ငါသည် အမျက်ထွက်ခြင်း ‘ဒေါသ’ ကို ပယ်အပ်ပြီ။ပ။ ငါသည် တွေဝေခြင်း ‘မောဟ’ ကို ပယ်အပ်ပြီ၊ အမြစ်ကို ဖြတ်အပ်ပြီ၊ ထန်းပင်ရာကဲ့သို့ ပြုအပ်ပြီ၊ တစ်ဖန် မဖြစ်ခြင်းကို ပြုအပ်ပြီ၊ နောင်အခါ၌ မဖြစ် ခြင်းသဘော ရှိ၏”ဟု သိ၏။ ငါ့သျှင်တို့ ဤသို့လျှင် ရဟန်းသည် ကိလေသာမှ လွတ်သော ပညာရှိ့ဖြစ်၏။ (ဤဆယ်ပါးတို့တည်း)။ (၅—၁ဝ)

ရဟန္တာတို့၏ ဥစ္စာဖြစ်သော တရားတို့သည် — ရဟန္တာတို့၏ ဥစ္စာဖြစ်သော မှန်သောမြင်ခြင်း ‘သမ္မာဒိဋ္ဌိ’၊ ရဟန္တာတို့၏ ဥစ္စာဖြစ်သော မှန်သောကြ ံခြင်း ‘သမ္မာသင်္ကပ္ပ’၊ ရဟန္တာတို့၏ ဥစ္စာဖြစ်သော မှန်သောပြောဆိုခြင်း ‘သမ္မာဝါစာ’၊ ရဟန္တာတို့၏ ဥစ္စာဖြစ်သော မှန်သောပြုလုပ်ခြင်း ‘သမ္မာကမ္မန္တ’၊ ရဟန္တာတို့၏ ဥစ္စာဖြစ်သော မှန်သောအသက်မွေးခြင်း ‘သမ္မာအာဇီဝ’၊ ရဟန္တာတို့၏ ဥစ္စာဖြစ်သော မှန်သောအားထုတ်ခြင်း ‘သမ္မာဝါယာမ’၊ ရဟန္တာတို့၏ ဥစ္စာဖြစ်သော မှန်သောအောက်မေ့ခြင်း ‘သမ္မာသတိ’၊ ရဟန္တာတို့၏ ဥစ္စာဖြစ်သော မှန်သော တည်ကြည်ခြင်း ‘သမ္မာသမာဓိ’၊ ရဟန္တာတို့၏ ဥစ္စာဖြစ်သော မှန်သောသိခြင်း ‘သမ္မာဉာဏ’၊ ရဟန္တာတို့၏ ဥစ္စာဖြစ်သော ကိလေသာတို့မှ လွတ်သော ဖလသမာပတ် ‘သမ္မာဝိမုတ္တိ’ အားဖြင့် ဆယ်ပါးတို့တည်း။ (၆)

ငါ့သျှင်တို့ (အလုံးစုံသော တရားတို့ကို) သိတော်မူ မြင်တော်မူ၍ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားသည် ဤဆယ်ပါးသော တရားတို့ကို ကောင်းစွာ ဟောတော်မူ၏၊ ထိုဆယ်ပါးသော တရားတို့၌ အလုံးစုံသော သင်တို့သည် အညီ အညွတ် ရွတ်ဆိုအပ်၏၊ မငြင်းခုံအပ်။ ယင်းသို့ ဖြစ်သည်ရှိသော် ဤသာသနာတော်သည် အရှည်ခံ့သည် ဖြစ်ရာ၏၊ ကြာမြင့်စွာ တည်သည် ဖြစ်ရာ၏၊ ထိုသို့ ဖြစ်သည်ရှိသော် လူအများ အစီးအပွါးဖြစ်ခြင်းငှါ လူအများ ချမ်းသာခြင်းငှါ လောကကို စောင့်ရှောက်ခြင်းငှါ နတ်လူတို့၏ အကျိုးစီးပွား ချမ်းသာအလို့ငှါ ဖြစ်၏ဟု (မိန့်ဆို၏)။

၃၄၉။ ထိုအခါ မြတ်စွာဘုရားသည် ထတော်မူ၍ အသျှင်သာရိပုတြာကို မိန့်တော်မူ၏။

“သာရိပုတြာ ကောင်းလေစွ ကောင်းလေစွ၊ သာရိပုတြာ သင်သည် ရဟန်းတို့အား ‘သင်္ဂီတိ’သုတ် ကို ကောင်းစွာ ဟောပေ၏”ဟု (မိန့်တော်မူ၏)။

အသျှင်သာရိပုတြာသည် ဤ‘သင်္ဂီတိ’သုတ်ကို ဟောတော်မူ၏၊ မြတ်စွာဘုရားသည် ခွင့်ပြုတော်မူ၏၊ ထိုရဟန်းတို့သည်လည်း အသျှင်သာရိပုတြာ ဟောတော်မူသော တရားကို နှစ်လိုကုန်သည် ဖြစ်၍ ဝမ်းမြောက်စွာ ခံယူကြလေကုန်သတည်း။

ဆယ်ခုမြောက် သိင်္ဂီတိသုတ် ပြီး၏။