ဒီဃနိကာယ်
၁၁—ဒသုတ္တရသုတ်
၃၅ဝ။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည် —
အခါတစ်ပါး၌ မြတ်စွာဘုရားသည် စမ္ပာမြို့ ဂဂ္ဂရာမည်သော ရေကန်နား၌ ငါးရာမျှသော များစွာသော ရဟန်းသံဃာနှင့်အတူ သီတင်းသုံးနေတော်မူ၏။
ထိုအခါ အသျှင်သာရိပုတြာသည် ရဟန်းတို့ကို “ငါ့သျှင်ရဟန်းတို့”ဟူ၍ မိန့်ဆို၏။ ထိုရဟန်းတို့က လည်း “ငါ့သျှင်”ဟု အသျှင်သာရိပုတြာအား ပြန်ကြားလျှောက်ထားကုန်၏။ အသျှင်သာရိပုတြာသည် ဤစကားကို မိန့်ဆို၏ —
ငါ့သျှင်တို့ အလုံးစုံသော အထုံးအဖွဲ့ ‘ဂန္ထ’တရားတို့မှ လွတ်စေတတ်သော ဒသုတ္တရ သုတ္တန်တရားကို နိဗ္ဗာန်သို့ ရောက်ခြင်းငှါ ဆင်းရဲအဆုံးကို ပြုခြင်းငှါ ဟောပေအံ့ဟု (မိန့်ဆို၏)။
တရား တစ်ပါးစု
၃၅၁။ ငါ့သျှင်တို့ တစ်ပါးသော တရားသည် များသော ကျေးဇူးရှိ၏၊ တစ်ပါးသော တရားကို ပွါးများအပ်၏၊ တစ်ပါးသော တရားကို ပိုင်းခြား၍ သိအပ်၏၊ တစ်ပါးသော တရားကို ပယ်အပ်၏၊ တစ်ပါးသော တရားသည် (အပါယ်ရောက်ကြောင်း) ယုတ်သော အဖို့ရှိ၏၊ တစ်ပါးသော တရားသည့် (မဂ်ရကြောင်း) ထူးသော အဖို့ရှိ၏၊ တစ်ပါးသော တရားကို ထိုးထွင်း၍ သိနိုင်ခဲ၏၊ တစ်ပါးသော တရား ကို ဖြစ်စေအပ်၏၊ တစ်ပါးသော တရားကို ထူးသောဉာဏ်ဖြင့် သိအပ်၏၊ တစ်ပါးသော တရားကို မျက် မှောက်ပြုအပ်၏။
(က) များသော ကျေးဇူးရှိသော တစ်ပါးသော တရားသည် အဘယ်နည်း။ ကုသိုလ်တရားတို့၌ မမေ့မလျော့ခြင်း ‘အပ္ပမာဒ (သတိ)တရား ‘တည်း။ ဤကား များသော ကျေးဇူးရှိသော တစ်ပါးသော တရားတည်း။
(ခ) ပွါးများအပ်သော တစ်ပါးသော တရားသည် အဘယ်နည်း။ ချမ်းသာခြင်းနှင့် ယှဉ်သော ကိုယ်နှင့်စပ်သော အောက်မေ့ခြင်း ‘ကာယဂတာသတိ’ တည်း။ ဤကား ပွါးများအပ်သော တစ်ပါးသော တရားတည်း။
(ဂ) ပိုင်းခြား၍ သိအပ်သော တစ်ပါးသော တရားသည် အဘယ်နည်း။ အာသဝေါတရားတို့၏ အကြောင်းဖြစ်သော ဥပါဒါန်တို့၏ အကြောင်းဖြစ်သော ဖဿတည်း။ ဤကား ပိုင်းခြား၍ သိအပ်သော တစ်ပါးသော တရားတည်း။
(ဃ) ပယ်အပ်သော တစ်ပါးသော တရားသည် အဘယ်နည်း။ ရုပ်စသည်၌ ငါဟု အထင်မှားခြင်း တည်း။ ဤကား ပယ်အပ်သော တစ်ပါးသော တရားတည်း။
(င) ယုတ်သော အဖို့ရှိသော တစ်ပါးသော တရားသည် အဘယ်နည်း။ (အနိစ္စစသည်၌ နိစ္စ စသည်ဖြင့်) မှားသော နှလုံးသွင်းခြင်းတည်း။ ဤကား ယုတ်သော အဖို့ရှိသော တစ်ပါးသော တရား တည်း။
(စ) ထူးသော အဖို့ရှိသော တစ်ပါးသော တရားသည် အဘယ်နည်း။ (အနိစ္စ စသည်၌ အနိစ္စ စသည်ဖြင့်) မှန်သော နှလုံးသွင်းခြင်းတည်း။ ဤကား ထူးသော အဖို့ရှိသော တစ်ပါးသော တရား တည်း။
(ဆ) ထိုးထွင်း၍ သိနိုင်ခဲသော တစ်ပါးသော တရားသည် အဘယ်နည်း။ (ဝိပဿနာ၏) အခြားမဲ့၌ ဖြစ်သော စိတ်၏ တည်ကြည်ခြင်း ‘မဂ္ဂသမာဓိ’တည်း။ ဤကား ထိုးထွင်း၍ သိနိုင်ခဲသော တစ်ပါးသော တရားတည်း။
(ဇ) ဖြစ်စေအပ်သော တစ်ပါးသော တရားသည် အဘယ်နည်း။ (ကိလေသာတို့) မဖျက်ဆီးနိုင်သော (ပစ္စဝေက္ခဏာ) ဉာဏ်တည်း။ ဤကား ဖြစ်စေအပ်သော တစ်ပါးသောတရားတည်း။
(ဈ) ထူးသော ဉာဏ်ဖြင့် သိအပ်သော တစ်ပါးသော တရားသည် အဘယ်နည်း။ အလုံးစုံသော သတ္တဝါတို့သည် အာဟာရဟူသော အကြောင်းတရားလျှင် တည်ရာရှိကုန်၏။ ဤကား ထူးသော ဉာဏ်ဖြင့် သိအပ်သော တစ်ပါးသော တရားတည်း။
(ည) မျက်မှောက်ပြုအပ်သော တစ်ပါးသော တရားသည် အဘယ်နည်း။ (ကိလေသာတို့) မဖျက် ဆီးနိုင်သော လွတ်မြောက်သော (အရဟတ္တဖိုလ်) စိတ်တည်း။ ဤကား မျက်မှောက်ပြုအပ်သော တစ်ပါးသော တရားတည်း။
ဤသို့ ဤဆယ်ပါးသော တရားတို့သည် (သဘောအားဖြင့်) ထင်ရှားရှိကုန်၏၊ဟုတ်မှန်ကုန်၏၊ (ဟောအပ်သော) ထိုသဘောအတိုင်း ဖြစ်ကုန်၏၊ ဟောအပ်သည်မှ တစ်ပါးအခြား အခြင်းအရာအားဖြင့် မဖြစ်ကုန်၊ ဤဆယ်ပါးသော တရားတို့ကို မြတ်စွာဘုရားသည် အကြောင်းယုတ္တိနှင့်တကွ မှန်စွာ ထိုးထွင်း ၍ သိအပ်ကုန်၏။
တရား နှစ်ပါးစု
၃၅၂။ နှစ်ပါးသော တရားတို့သည် များသော ကျေးဇူးရှိကုန်၏၊ နှစ်ပါးသော တရားတို့ကို့ပွါးများအပ်ကုန်၏၊ နှစ်ပါးသော တရားတို့ကို ပိုင်းခြား၍ သိအပ်ကုန်၏၊ နှစ်ပါးသော တရားတို့ကို ပယ် အပ်ကုန်၏၊ နှစ်ပါးသော တရားတို့သည် ယုတ်သော အဖို့ရှိကုန်၏၊ နှစ်ပါးသော တရားတို့သည် ထူးသော အဖို့ရှိကုန်၏၊ နှစ်ပါးသော တရားတို့ကို ထိုးထွင်း၍ သိနိုင်ခဲကုန်၏၊ နှစ်ပါးသော တရားတို့ကို ဖြစ်စေအပ်ကုန်၏၊ နှစ်ပါးသော တရားတို့ကို ထူးသောဉာဏ်ဖြင့် သိအပ်ကုန်၏၊ နှစ်ပါးသော တရား တို့ကို မျက်မှောက်ပြုအပ်ကုန်၏။
(က) များသော ကျေးဇူးရှိသော နှစ်ပါးသော တရားတို့သည် အဘယ်တို့နည်း။ အောက်မေ့ခြင်း ‘သတိ’၊ ဆင်ခြင်ခြင်း ‘သမ္ပဇဉ်’ တို့တည်း။ ဤနှစ်ပါးသော တရားတို့သည် များသော ကျေးဇူးရှိကုန်၏။
(ခ) ပွါးများအပ်သော နှစ်ပါးသော တရားတို့သည် အဘယ်တို့နည်း။ သမထ၊ ဝိပဿနာတို့ တည်း။ ဤနှစ်ပါးသော တရားတို့ကို ပွါးများအပ်ကုန်၏။
(ဂ) ပိုင်းခြား၍ သိအပ်သော နှစ်ပါးသော တရားတို့သည် အဘယ်တို့နည်း။ နာမ်၊ ရုပ်တို့ တည်း။ ဤနှစ်ပါးသော တရားတို့ကို ပိုင်းခြား၍ သိအပ်ကုန်၏။
(ဃ) ပယ်အပ်သော နှစ်ပါးသော တရားတို့သည် အဘယ်တို့နည်း။ အဝိဇ္ဇာ၊ ဘဝတဏှာတို့ တည်း။ ဤနှစ်ပါးသော တရားတို့ကို ပယ်အပ်ကုန်၏။
(င) ယုတ်သော အဖို့ရှိသော နှစ်ပါးသော တရားတို့သည် အဘယ်တို့နည်း။ ဆုံးမခက်ခြင်း၊ မကောင်းသော အဆွေခင်ပွန်း ရှိခြင်းတို့တည်း။ ဤနှစ်ပါးသော တရားတို့သည် ယုတ်သော အဖို့ရှိ ကုန်၏။
(စ) ထူးသော အဖို့ရှိသော နှစ်ပါးသော တရားတို့သည် အဘယ်တို့နည်း။ ဆုံးမလွယ်ခြင်း၊ ကောင်းသော အဆွေခင်ပွန်း ရှိခြင်းတို့တည်း။ ဤနှစ်ပါးသော တရားတို့သည် ထူးသော အဖို့ရှိကုန်၏။
(ဆ) ထိုးထွင်း၍ သိနိုင်ခဲသော နှစ်ပါးသော တရားတို့သည် အဘယ်တို့နည်း။ သတ္တဝါတို့၏ ညစ်ညူးခြင်း အကြောင်းအထောက်အပံ့၊ သတ္တဝါတို့၏ စင်ကြယ်ခြင်း အကြောင်းအထောက်အပံ့တို့တည်း။ ဤနှစ်ပါးသော တရားတို့ကို ထိုးထွင်း၍ သိနိုင်ခဲကုန်၏။
(ဇ) ဖြစ်စေအပ်သော နှစ်ပါးသော တရားတို့သည် အဘယ်တို့နည်း။ ဥာဏ်နှစ်ပါးတို့တည်း၊ ၄င်းတို့ကား ကိလေသာကုန်ခြင်းကို ပြုတတ်သော ‘အရိယာမဂ်၌ ဖြစ်သော’ ဉာဏ်၊ (မဂ်သည် ပယ်အပ်သော ကိလေသာ၏) တစ်ဖန် မဖြစ်ရာ ‘အရိယာဖိုလ်၌ ဖြစ်သော’ ဉာဏ် တို့တည်း။ ဤနှစ်ပါးသော တရားတို့ကို ဖြစ်စေအပ်ကုန်၏။
(ဈ) ထူးသော ဉာဏ်ဖြင့် သိအပ်သော နှစ်ပါးသော တရားတို့သည် အဘယ်တို့နည်း။ ဓာတ် နှစ်ပါးတို့တည်း၊ ၎င်းတို့ကား ပြုပြင်အပ်သော ‘သင်္ခတ’ ဓာတ်၊ မပြုပြင်အပ်သော ‘အသင်္ခတ’ ဓာတ်တို့ တည်း။ ဤနှစ်ပါးသော တရားတို့ကို ထူးသော ဉာဏ်ဖြင့် သိအပ်ကုန်၏။
(ည) မျက်မှောက်ပြုအပ်သော နှစ်ပါးသော တရားတို့သည် အဘယ်တို့နည်း။ အသိဉာဏ်’ဝိဇ္ဇာ’၊ ကိလေသာမှ လွတ်ခြင်း ‘ဝိမုတ္တိ’ တို့တည်း။ ဤနှစ်ပါးသော တရားတို့ကို မျက်မှောက်ပြုအပ်ကုန်၏။
ဤသို့ ဤနှစ်ဆယ်သော တရားတို့သည်ဟုတ်ကုန်၏၊ မှန်ကုန်၏၊ဟုတ်မှန်ကုန်၏၊ မချွတ်ယွင်းကုန်၊ ဖောက်ပြန်သော သဘောမရှိကုန်၊ မြတ်စွာဘုရားသည် မှန်စွာ ထိုးထွင်း၍ သိအပ်ကုန်၏။
တရား သုံးပါးစု
၃၅၃။ သုံးပါးသော တရားတို့သည် များသော ကျေးဇူးရှိကုန်၏၊ သုံးပါးသော တရားတို့ကို ပွါး များအပ်ကုန်၏။ပ။ သုံးပါးသော တရားတို့ကို မျက်မှောက်ပြုအပ်ကုန်၏။
(က) များသော ကျေးဇူးရှိသော သုံးပါးသော တရားတို့သည် အဘယ်တို့နည်း။ သူတော်ကောင်းကို မှီဝဲခြင်း၊ သူတော်ကောင်းတရားကို နာခြင်း၊ လောကုတ္တရာတရားအားလျော်သော တရားကို ကျင့်ခြင်း့တို့တည်း။ ဤသုံးပါးသော တရားတို့သည် များသော ကျေးဇူးရှိကုန်၏။
(ခ) ပွါးများအပ်သော သုံးပါးသော တရားတို့သည် အဘယ်တို့နည်း။ သမာဓိသုံးပါးတို့တည်း။ ဝိတက်ဝိစာရနှင့် တကွဖြစ်သော သမာဓိ၊ ဝိတက်ကား မရှိ ဝိစာရမျှရှိသော သမာဓိ၊ ဝိတက်လည်းမရှိ ဝိစာရလည်း မရှိသော သမာဓိတို့တည်း။ ဤသုံးပါးသော တရားတို့ကို ပွါးများအပ်ကုန်၏။
(ဂ) ပိုင်းခြား၍သိအပ်သော သုံးပါးသော တရားတို့သည် အဘယ်တို့နည်း။ ဝေဒနာသုံးပါးတို့ တည်း။ သုခဝေဒနာ၊ ဒုက္ခဝေဒနာ၊ သုခလည်းမဟုတ် ဒုက္ခလည်းမဟုတ်သော ‘ဥပေက္ခာ’ ဝေဒနာတို့ တည်း။ ဤသုံးပါးသော တရားတို့ကို ပိုင်းခြား၍ သိအပ်ကုန်၏။
(ဃ) ပယ်အပ်သော သုံးပါးသော တရားတို့သည် အဘယ်တို့နည်း။ တဏှာသုံးပါးတို့တည်း။ ၄င်းတို့ကား ကာမဂုဏ်၌ တပ်ခြင်း ‘ကာမတဏှာ’၊ ဘဝ၌ တပ်ခြင်း ‘ဘဝတဏှာ’၊ ဘဝပြတ်သည်၌ တပ်ခြင်း ‘ဝိဘဝတဏှာ’ တို့တည်း။ ဤသုံးပါးသော တရားတို့ကို ပယ်အပ်ကုန်၏။
(င) ယုတ်သော အဖို့ရှိသော သုံးပါးသော တရားတို့သည် အဘယ်တို့နည်း။ အကုသိုလ်မူလ သုံးပါးတို့တည်း။ ၎င်းတို့ကား လောဘဟူသော အကုသိုလ်မူလ၊ ဒေါသဟူသော အကုသိုလ်မူလ၊ မောဟ ဟူသော အကုသိုလ်မူလ တို့တည်း။ ဤသုံးပါးသော တရားတို့သည် ယုတ်သော အဖို့ရှိကုန်၏။
(စ) ထူးသော အဖို့ရှိသော သုံးပါးသော တရားတို့သည် အဘယ်တို့နည်း။ ကုသိုလ်မူလ သုံးပါး တို့တည်း။ ၎င်းတို့ကား အလောဘဟူသော ကုသိုလ်မူလ၊ အဒေါသဟူသော ကုသိုလ်မူလ၊ အမောဟ ဟူသော ကုသိုလ်မူလ တို့တည်း။ ဤသုံးပါးသော တရားတို့သည် ထူးသော အဖို့ရှိကုန်၏။
(ဆ) ထိုးထွင်း၍ သိနိုင်ခဲသော သုံးပါးသော တရားတို့သည် အဘယ်တို့နည်း။ ဝဋ်ဆင်းရဲမှ ထွက် မြောက်ကြောင်း ဓာတ်သဘော သုံးပါးတို့တည်း။ ၎င်းတို့ကား ကာမတရားတို့မှ အလုံးစုံထွက်မြောက် ကြောင်းဖြစ်သော (အနာဂါမိမဂ်) နေက္ခမ္မဓာတ်၊ ရုပ်တရားတို့မှ အလုံးစုံ ထွက်မြောက်ကြောင်းဖြစ်သော (အရဟတ္တမဂ်၏ အခြေခံ) အရူပဓာတ်၊ အကြောင်းတရားကို စွဲ၍ဖြစ်သော ထင်ရှားရှိသော သင်္ခတတရား တို့၏ ချုပ်ငြိမ်းကြောင်း ဖြစ်သော (အရဟတ္တဖိုလ်) နိရောဓဓာတ်တို့တည်း။ ဤသုံးပါးသော တရားတို့ကို ထိုးထွင်း၍ သိနိုင်ခဲကုန်၏။
(ဇ) ဖြစ်စေအပ်သော သုံးပါးသော တရားတို့သည် အဘယ်တို့နည်း။ ဉာဏ်သုံးပါးတို့တည်း။ ၄င်းတို့ကား အတိတ်အဖို့လျှင် အာရုံရှိသော ဉာဏ်၊ အနာဂတ်အဖို့လျှင် အာရုံရှိသော ဉာဏ်၊ ပစ္စုပ္ပန် အဖို့လျှင် အာရုံရှိသော ဉာဏ် တို့တည်း။ ဤသုံးပါးသော တရားတို့ကို ဖြစ်စေအပ်ကုန်၏။
(ဈ) ထူးသောဉာဏ်ဖြင့် သိအပ်သော သုံးပါးသော တရားတို့သည် အဘယ်တို့နည်း။ ဓာတ် သုံးပါးတို့တည်း၊ ၎င်းတို့ကား ကာမဓာတ်၊ ရူပဓာတ်၊ အရူပဓာတ်တို့တည်း။ ဤသုံးပါးသော တရားတို့ ကို ထူးသောဉာဏ်ဖြင့် သိအပ်ကုန်၏။
(ည) မျက်မှောက်ပြုအပ်သော သုံးပါးသော တရားတို့သည် အဘယ်တို့နည်း။ ဝိဇ္ဇာသုံးပါးတို့ တည်း၊ ၎င်းတို့ကား ရှေး၌နေဖူးသော ခန္ဓာအစဉ်ကို သိသော ‘ပုဗ္ဗေနိဝါသာနုဿတိဉာဏ်’ ဝိဇ္ဇာ၊ သတ္တဝါ တို့၏ စုတိပဋိသန္ဓေကို သိသော ‘စုတူပပါတဉာဏ်’ ဝိဇ္ဇာ၊ အာသဝေါတရားတို့၏ ကုန်ရာ အရဟတ္တမဂ်၌ ဖြစ်သော ‘အာသဝက္ခယဉာဏ်’ ဝိဇ္ဇာတို့တည်း။ ဤသုံးပါးသော တရားတို့ကို မျက်မှောက်ပြုအပ်ကုန်၏။
ဤသို့ ဤသုံးဆယ်သော တရားတို့သည်ဟုတ်ကုန်၏၊ မှန်ကုန်၏၊ဟုတ်မှန်ကုန်၏၊ မချွတ်ယွင်း ကုန်၊ ဖောက်ပြန်သော သဘောမရှိကုန်၊ မြတ်စွာဘုရားသည် မှန်စွာ ထိုးထွင်း၍ သိအပ်ကုန်၏။
တရား လေးပါးစု
၃၅၄။ လေးပါးသော တရားတို့သည် များသော အကျိုးရှိကုန်၏၊ လေးပါးသောတရားတို့ကို ပွါး များအပ်ကုန်၏။ပ။ လေးပါးသော တရားတို့ကို မျက်မှောက်ပြုအပ်ကုန်၏။
(က) များသော ကျေးဇူးရှိသော လေးပါးသော တရားတို့သည် အဘယ်တို့နည်း။ စက်လေးပါးတို့ တည်း။ ၄င်းတို့ကား သင့်တင့်လျောက်ပတ်သော အရပ်၌ နေခြင်း၊ သူတော်ကောင်းတို့ကို မှီဝဲဆည်း ကပ်ခြင်း၊ မိမိကိုယ်ကို ကောင်းစွာ ထားခြင်း၊ ရှေး၌ ပြုဖူးသော ကောင်းမှုရှိခြင်းတို့တည်း။ ဤလေးပါးသော တရားတို့သည် များသော ကျေးဇူးရှိကုန်၏။
(ခ) ပွါးများအပ်သော လေးပါးသော တရားတို့သည် အဘယ်တို့နည်း။ သတိပဋ္ဌာန်လေးပါးတို့ တည်း။ ငါ့သျှင်တို့ ဤ (သာသနာတော်) ၌ ရဟန်းသည် ပြင်းစွာ အားထုတ်လျက် ဆင်ခြင်လျက် သတိရှိ လျက် ရုပ်အပေါင်း၌ ရုပ်အပေါင်းဟု အဖန်ဖန်ရှုလျက် လောက၌ လိုချင်တပ်မက်ခြင်းနှင့် နှလုံးမသာခြင်းကို ပယ်ဖျောက်၍ နေ၏။ ခံစားမှု ‘ဝေဒနာ’တို့၌။ပ။ စိတ်၌။ပ။ ပြင်းစွာ အားထုတ်လျက် ဆင်ခြင်လျက် သတိရှိလျက် သဘောတရားတို့၌ သဘောတရားဟု အဖန်ဖန်ရှုလျက် လောက၌ လိုချင်တပ်မက်ခြင်းနှင့် နှလုံးမသာခြင်းကို ပယ်ဖျောက်၍ နေ၏။ ဤလေးပါးသော တရားတို့ကို ပွါးများအပ်ကုန်၏။
(ဂ) ပိုင်းခြား၍ သိအပ်သော လေးပါးသော တရားတို့သည် အဘယ်တို့နည်း။ အာဟာရလေးပါး တို့တည်း။ ကြမ်းတမ်းသည်လည်းဖြစ်သော နူးညံ့သည်လည်းဖြစ်သော အလုံးအခဲပြုအပ်သော အာဟာရ၊ နှစ်ခုမြောက်သော ဖဿာဟာရ၊ သုံးခုမြောက်သော မနောသေဉ္စတနာဟာရ၊ လေးခုမြောက်သော ဝိညာဏာ ဟာရတို့တည်း။ ဤလေးပါးသော တရားတို့ကို ပိုင်းခြား၍ သိအပ်ကုန်၏။
(ဃ) ပယ်အပ်သော လေးပါးသော တရားတို့သည် အဘယ်တို့နည်း။ သြဃလေးပါးတို့တည်း။ ၎င်းတို့ကား ကာမောဃ၊ ဘဝေါဃ၊ ဒိဋ္ဌောဃ၊ အဝိဇ္ဇောဃတို့တည်း။ ဤလေးပါးသော တရားတို့ကို ပယ်အပ်ကုန်၏။
(င) ယုတ်သော အဖို့ရှိကုန်သော လေးပါးသော တရားတို့သည် အဘယ်တို့နည်း။ ယောဂ လေးပါးတို့တည်း။ ၎င်းတို့ကား ကာမယောဂ၊ ဘဝယောဂ၊ ဒိဋ္ဌိယောဂ၊ အဝိဇ္ဇာယောဂတို့တည်း၊ ဤလေးပါးသော တရားတို့သည် ယုတ်သော အဖို့ရှိကုန်၏။
(စ) ထူးသော အဖို့ရှိကုန်သော လေးပါးသော တရားတို့သည် အဘယ်တို့နည်း။ ဝိသံယောဂ လေးပါးတို့တည်း။ ၎င်းတို့ကား ကာမယောဂဝိသံယောဂ၊ ဘဝယောဂဝိသံယောဂ၊ ဒိဋ္ဌိယောဂဝိသံယောဂ၊ အဝိဇ္ဇာယောဂ ဝိသံယောဂ တို့တည်း။ ဤလေးပါးသော တရားတို့သည် ထူးသော အဖို့ရှိကုန်၏။
(ဆ) ထိုးထွင်း၍ သိနိုင်ခဲသော လေးပါးသော တရားတို့သည် အဘယ်တို့နည်း။ သမာဓိ လေးပါး တို့တည်း။ ၎င်းတို့ကား ယုတ်သောအဖို့ရှိသော သမာဓိ၊ မတိုးမဆုတ် တန့်ရပ်သော အဖို့ရှိသော သမာဓိ၊ ထူးသော အဖို့ရှိသော သမာဓိ၊ သံသရာ၌ ငြီးငွေ့သော အဖို့ရှိသော (နိဗ္ဗာန်နှင့်စပ်သော) သမာဓိတို့ တည်း။ ဤလေးပါးသော တရားတို့ကို ထိုးထွင်း၍ သိနိုင်ခဲကုန်၏။
(ဇ) ဖြစ်စေအပ်သော လေးပါးသော တရားတို့သည် အဘယ်တို့နည်း။ ဉာဏ်လေးပါးတို့တည်း။ ၎င်းတို့ကား သစ္စာလေးပါး၌ သိသော ဓမ္မဉာဏ်၊ ဓမ္မဉာဏ်သို့ အစဉ်လိုက်သော အနွယဉာဏ်၊ သူတစ်ပါး တို့ စိတ်ကိုပိုင်းခြား၍ သိသော ပရိယဉာဏ်၊ သမ္မုတိပညတ်၌ သိသော သမ္မုတိဉာဏ်တို့တည်း။ ဤလေးပါးသော တရားတို့ကို ဖြစ်စေအပ်ကုန်၏။
(ဈ) ထူးသော ဉာဏ်ဖြင့် သိအပ်သော လေးပါးသော တရားတို့သည် အဘယ်တို့နည်း။ အရိယ သစ္စာလေးပါးတို့တည်း။ ၎င်းတို့ကား ဆင်းရဲခြင်းဟူသော အရိယာတို့သိအပ်သော အမှန်တရား ဖြစ်သော ဒုက္ခအရိယသစ္စာ၊ ဆင်းရဲဖြစ်ကြောင်းဟူသော အရိယာတို့ သိအပ်သော အမှန်တရားဖြစ်သော ဒုက္ခ သမုဒယအရိယသစ္စာ၊ ဆင်းရဲချုပ်ရာ နိဗ္ဗာန်ဟူသော အရိယာတို့ သိအပ်သော အမှန်တရားဖြစ်သော ဒုက္ခ နိရောဓအရိယသစ္စာ၊ ဆင်းရဲချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်း အကျင့်ဟူသော အရိယာတို့သိအပ်သော အမှန်တရားဖြစ်သော ဒုက္ခနိရောဓဂါမိနီပဋိပဒါ (မဂ္ဂ) အရိယသစ္စာတို့တည်း။ ဤလေးပါးသော တရား့တို့ကို ထူးသောဉာဏ်ဖြင့် သိအပ်ကုန်၏။
(ည) မျက်မှောက်ပြုအပ်သော လေးပါးသော တရားတို့သည် အဘယ်တို့နည်း။ သာမညဖလ လေးပါးတို့တည်း။ ၎င်းတို့ကား သောတာပတ္တိဖိုလ်စိတ်၊ သကဒါဂါမိဖိုလ်စိတ်၊ အနာဂါမိဖိုလ်စိတ်၊ အရဟတ္တဖိုလ်စိတ်တို့တည်း။ ဤလေးပါးသော တရားတို့ကို မျက်မှောက်ပြုအပ်ကုန်၏။
ဤသို့ ဤလေးဆယ်သော တရားတို့သည်ဟုတ်ကုန်၏၊ မှန်ကုန်၏၊ဟုတ်မှန်ကုန်၏၊ မချွတ်ယွင်း ကုန်၊ ဖောက်ပြန်သော သဘောမရှိကုန်၊ မြတ်စွာဘုရားသည် မှန်စွာ ထိုးထွင်း၍ သိအပ်ကုန်၏။
တရား ငါးပါးစု
၃၅၅။ ငါးပါးသော တရားတို့သည် များသော ကျေးဇူးရှိကုန်၏။ပ။ ငါးပါးသော တရားတို့ကို မျက်မှောက်ပြုအပ်ကုန်၏။
(က) များသော ကျေးဇူးရှိသော ငါးပါးသောတရားတို့သည် အဘယ်တို့နည်း။ ကမ္မဋ္ဌာန်း အား ထုတ်သော ရဟန်း၏ အင်္ဂါငါးပါးတို့တည်း၊ ၎င်းတို့ကား ငါ့သျှင်တို့ ဤသာသနာတော်၌ ရဟန်းသည် သဒ္ဓါတရားရှိ၏၊ “ထိုမြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သော အကြောင်းကြောင့်လည်း ‘အရဟံ’ မည်တော်မူပါပေ၏၊ (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော အကြောင်း ကြောင့်လည်း ‘သမ္မာသမ္ဗုဒ္ဓ’ မည်တော်မူပါပေ၏၊ အသိဉာဏ် ‘ဝိဇ္ဇာ’ အကျင့် ‘စရဏ’ နှင့် ပြည့်စုံတော်မူသော အကြောင်းကြောင့်လည်း ‘ဝိဇ္ဇာစရဏသမ္ပန္န’ မည်တော်မူပါပေ၏၊ ကောင်းသော စကားကို ဆိုတော်မူ တတ်သော အကြောင်းကြောင့်လည်း ‘သုဂတ’မည်တော်မူပါပေ၏၊ လောကကို သိတော်မူသော အကြောင်း ကြောင့်လည်း ‘လောကဝိဒူ’ မည်တော်မူပါပေ၏၊ ဆုံးမထိုက်သူကို ဆုံးမတတ်သည့် အတုမဲ့ပုဂ္ဂိုလ်ဖြစ်တော် မူသော အကြောင်းကြောင့်လည်း ‘အနုတ္တရော ပုရိသဒမ္မသာရထိ ‘ မည်တော်မူပါပေ၏၊ နတ်လူတို့၏ ဆရာ ဖြစ်တော်မူသော အကြောင်းကြောင့်လည်း ‘သတ္ထာဒေဝမနုဿာနံ ‘ မည်တော်မူပါပေ၏၊ (သစ္စာလေးပါး တရားတို့ကို) သိစေတော်မူသော အကြောင်းကြောင့်လည်း ‘ဗုဒ္ဓ’မည်တော်မူပါပေ၏၊ ဘုန်းတန်ခိုးကြီးတော် မူသော အကြောင်းကြောင့်လည်း ‘ဘဂဝါ’ မည်တော်မူပါပေ၏”ဟု မြတ်စွာဘုရား၏ အရဟတ္တမဂ်ဉာဏ်၌ ယုံကြည်၏။
အနာကင်း၏၊ ရောဂါကင်း၏၊ အစာကို အညီအမျှ ကြေစေတတ်သည့် မအေးလွန်း မပူလွန်းသော ကမ္မဋ္ဌာန်းအားထုတ်ခြင်းငှါ ခံ့သော ကမ္မဇတေဇောဓာတ်နှင့် ပြည့်စုံ၏။
မာန်မရှိ၊ လှည့်ပတ်ခြင်းမရှိ၊ ဆရာထံ၌လည်းကောင်း၊ ပညာရှိတို့ထံ၌လည်းကောင်း၊ သီတင်းသုံး ဖော်တို့အထံ၌လည်းကောင်းဟုတ်မှန်သောအတိုင်း မိမိကိုယ်ကို ထင်စွာပြုတတ်၏။
အကုသိုလ်တရားတို့ကို ပယ်ခြင်းငှါ ကုသိုလ်တရားတို့၏ ပြည့်စုံစေခြင်းငှါ အားထုတ်အပ်သော ဝီရိယရှိသည်ဖြစ်၍ နေ၏၊ ကုသိုလ်တရားတို့၌ အားကြီးသော လုံ့လရှိ၏၊ မြဲမြံသော လုံ့လရှိ၏၊ ဝန်မချသော လုံ့လရှိ၏။
ပညာရှိဖြစ်၏၊ ဖြစ်ခြင်း ပျက်ခြင်းကို သိနိုင်စွမ်းသော ကိလေသာကို ဖောက်ခွဲခြင်းငှါ စွမ်းနိုင်သော အကြွင်းမဲ့ ဝဋ်ဆင်းရဲကုန်ရာ အရဟတ္တဖိုလ်သို့ ရောက်စေတတ်သော စင်ကြယ်သော ပညာနှင့် ပြည့်စုံ၏၊ ဤငါးပါးသော တရားတို့သည် များသော ကျေးဇူးရှိကုန်၏။
(ခ) ပွါးများအပ်သော ငါးပါးသော တရားတို့သည် အဘယ်တို့နည်း။ အင်္ဂါငါးပါးရှိသော သမ္မာ သမာဓိတည်း။ ၎င်းတို့ကား ပီတိပျ ံ့နှံ့သော (ပ—ဒု—တ) ဈာန်၊ သုခပျ ံ့နှံ့သော (ပ—ဒု—တ) ဈာန်၊ အခြား ပုဂ္ဂိုလ်တို့၏ စိတ်ကို အပျံ့အနှံ့သိသော (စေတောပရိယ) အဘိညာဉ်၊ အလင်းပျံ ့နှံ့သော (ဒိဗ္ဗစက္ခု) အဘိညာဉ်၊ သမာပတ်မှ ထသော ပုဂ္ဂိုလ်၏ ပစ္စဝေက္ခဏာဉာဏ်တို့တည်း။ ဤငါးပါးသော တရားတို့ကို့ပွါးများအပ်ကုန်၏။
(ဂ) ပိုင်းခြား၍ သိအပ်သော ငါးပါးသော တရားတို့သည် အဘယ်တို့နည်း။ တဏှာဥပါဒါန်၏ အာရုံဖြစ်သော ခန္ဓာငါးပါးတို့တည်း။ ၎င်းတို့ကား ရုပ်ဥပါဒါနက္ခန္ဓာ၊ ဝေဒနာဥပါဒါနက္ခန္ဓာ၊ သညာဥပါဒါန က္ခန္ဓာ၊ သင်္ခါရဥပါဒါနက္ခန္ဓာ၊ ဝိညာဏ်ဥပါဒါနက္ခန္ဓာ တို့တည်း။ ဤဥပါဒါနက္ခန္ဓာ ငါးပါးတို့ကို ပိုင်းခြား၍ သိအပ်ကုန်၏။
(ဃ) ပယ်အပ်သော ငါးပါးသော တရားတို့သည် အဘယ်တို့နည်း။ အပိတ်အပင် ‘နီဝရဏ’တရား ငါးပါးတို့တည်း။ ကာမစ္ဆန္ဒနီဝရဏ၊ ဗျာပါဒနီဝရဏ၊ ထိနမိဒ္ဓ္ဒနီဝရဏ၊ ဥဒ္ဓစ္စကုက္ကုစ္စနီဝရဏ၊ ဝိစိကိစ္ဆာ နီဝရဏတို့တည်း။ ဤငါးပါးသော တရားတို့ကို ပယ်အပ်ကုန်၏။
(င) ဆုတ်ယုတ်သော အဖို့ရှိသော ငါးပါးသော တရားတို့သည် အဘယ်တို့နည်း။ စိတ်၏ ငြောင့် တံသင်းငါးပါးတို့တည်း။ ငါ့သျှင်တို့ ဤသာသနာတော်၌ ရဟန်းသည် ဘုရား၌ ယုံမှား၏၊ တွေးတော ယုံမှား၏၊ မဆုံးဖြတ်နိုင်၊ မယုံကြည်နိုင်၊ ငါ့သျှင်တို့ အကြင်ရဟန်းသည် ဘုရား၌ ယုံမှား၏၊ တွေးတော ယုံမှား၏၊ မဆုံးဖြတ်နိုင်၊ မယုံကြည်နိုင်။ ထိုရဟန်း၏ စိတ်သည် ဘုရား၌ လုံ့လပြုခြင်းငှါ အဖန်ဖန် အားထုတ်ခြင်းငှါ မပြတ်အားထုတ်ခြင်းငှါ ဆောက်တည်ခြင်းငှါ မညွတ်။ အကြင်ရဟန်း၏ စိတ်သည် ဘုရား ၌ လုံ့လပြုခြင်းငှါ အဖန်ဖန် အားထုတ်ခြင်းငှါ မပြတ် အားထုတ်ခြင်းငှါ ဆောက်တည်ခြင်းငှါ မညွတ်၊ (ထို ရဟန်း၏) ဤသို့ စိတ်မညွတ်ခြင်းသည် ရှေးဦးစွာသော စိတ်၏ ငြောင့်တံသင်း ဖြစ်၏။
ငါ့သျှင်တို့ တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် တရားတော်၌ ယုံမှား၏။ပ။ သံဃာတော်၌ ယုံမှား၏။ပ။ အကျင့်သိက္ခာ၌ ယုံမှား၏။ပ။ မြတ်သော သီတင်းသုံးဖော်တို့၌ အမျက်ထွက်၏၊ မနှစ်သက်သော စိတ်ရှိ၏၊ ထိပါးသော စိတ်ရှိ၏၊ ငြောင့်တံသင်းကဲ့သို့ ဖြစ်သော စိတ်ရှိ၏။
ငါ့သျှင်တို့ အကြင် ရဟန်းသည် မြတ်သော သီတင်းသုံးဖော်တို့၌ အမျက်ထွက်၏။ မနှစ်သက်သော စိတ်ရှိ၏၊ ထိပါးသော စိတ်ရှိ၏၊ ငြောင့်တံသင်းကဲ့သို့ ဖြစ်သော စိတ်ရှိ၏၊ ထိုရဟန်း၏ စိတ်သည် သီတင်းသုံးဖော်တို့၌ လုံ့လပြုခြင်းငှါ အဖန်ဖန် အားထုတ်ခြင်းငှါ မပြတ်အားထုတ်ခြင်းငှါ ဆောက်တည် ခြင်းငှါ မညွတ်၊ အကြင်ရဟန်း၏ စိတ်သည် သီတင်းသုံးဖော်တို့၌ လုံ့လပြုခြင်းငှါ အဖန်ဖန် အားထုတ် ခြင်းငှါ မပြတ် အားထုတ်ခြင်းငှါ ဆောက်တည်ခြင်းငှါ မညွတ်၊ (ထိုရဟန်း၏) ဤသို့ စိတ်မညွတ်ခြင်းသည် ငါးကြိမ်မြောက်သော စိတ်၏ ငြောင့်တံသင်း ဖြစ်၏။ ဤငါးပါးသော တရားတို့သည် ဆုတ်ယုတ်သော အဖို့ရှိကုန်၏။
(စ) ထူးသော အဖို့ရှိကုန်သော ငါးပါးသော တရားတို့သည် အဘယ်တို့နည်း။ ဣန္ဒြေငါးပါးတို့ တည်း။ သဒ္ဓိန္ဒြေ၊ ဝီရိယိန္ဒြေ၊ သတိန္ဒြေ၊ သမာဓိန္ဒြေ၊ ပညိန္ဒြေတို့တည်း။ ဤငါးပါးသော တရားတို့သည် ထူးသော အဖို့ရှိကုန်၏။
(ဆ) ထိုးထွင်း၍ သိနိုင်ခဲသော ငါးပါးသော တရားတို့သည် အဘယ်တို့နည်း။ ဝဋ်ဆင်းရဲမှ လွတ် မြောက်စေတတ်သော ဓာတ်ငါးပါးတို့တည်း။ ငါ့သျှင်တို့ ဤသာသနာတော်၌ ကာမဂုဏ်ကို နှလုံးသွင်းသော ရဟန်း၏ စိတ်သည် ကာမဂုဏ်တို့၌ မသက်ဝင်၊ မကြည်လင်၊ မတည်တံ့၊ မညွတ်ရှိုင်း၊ ထွက် မြောက်ခြင်းကို နှလုံးသွင်းသော ထိုရဟန်း၏ စိတ်သည် ထွက်မြောက်ခြင်း၌ သက်ဝင်၏၊ ကြည်လင်၏၊ တည်တံ့၏၊ ညွတ်ရှိုင်း၏၊ ထိုရဟန်း၏ ထိုစိတ်သည် (မိမိ၏ ဈာန်အာရုံ၌) ကောင်းစွာ ဖြစ်၏၊ ကောင်း စွာ ပွားအပ်၏၊ ကာမဂုဏ်မှ ကောင်းစွာ ထ၏၊ ကာမဂုဏ်တို့မှ ကောင်းစွာ လွတ်၏၊ ကာမဂုဏ်တို့မှ ကင်း၏၊ ဆင်းရဲခြင်း ပူပန်ခြင်းကို ဖြစ်စေတတ်သော အကြင်အာသဝေါတရားတို့သည် ကာမဂုဏ်ဟူသော အကြောင်းကြောင့် ဖြစ်ကုန်၏။ ထိုရဟန်းသည် ထိုကာမဂုဏ်ဟူသော အကြောင်းကြောင့် ဖြစ်သည့် အာသဝေါတရားတို့မှ လွတ်၏၊ ထိုရဟန်းသည် ထိုဝေဒနာမျိုးကို မခံစား။ ဤတရားကို ကာမဂုဏ်တို့၏ ထွက်မြောက်ခြင်းဟု ဟောတော်မူ၏။ (၁)
ငါ့သျှင်တို့ တစ်ဖန် ထို့ပြင်လည်း ဗျာပါဒကို နှလုံးသွင်းသော ရဟန်း၏ စိတ်သည် ဗျာပါဒ၌ မသက်ဝင်၊ မကြည်လင်၊ မတည်တံ့၊ မညွတ်ရှိုင်း၊ အဗျာပါဒကို နှလုံးသွင်းသော ထိုရဟန်း၏ ထိုစိတ် သည် အဗျာပါဒတရား၌ သက်ဝင်၏၊ ကြည်လင်၏၊ တည်တံ့၏၊ ညွတ်ရှိုင်း၏၊ ထိုရဟန်း၏ ထိုစိတ်သည် (မိမိ၏ ဈာန်အာရုံ၌) ကောင်းစွာ ဖြစ်၏၊ ကောင်းစွာ ပွားအပ်၏၊ ဗျာပါဒမှ ကောင်းစွာ ထ၏၊ ဗျာပါဒမှ ကောင်းစွာ လွတ်၏၊ ဗျာပါဒမှ ကင်း၏၊ ဆင်းရဲခြင်း ပူပန်ခြင်းကို ဖြစ်စေတတ်သော အကြင် အာသဝေါတရားတို့သည် ဗျာပါဒ ဟူသော အကြောင်းကြောင့် ဖြစ်ကုန်၏။ ထိုရဟန်းသည် ထိုဗျာပါဒဟူသော အကြောင်းကြောင့်ဖြစ်သည့် အာသဝေါတရားတို့မှ လွတ်၏၊ ထိုရဟန်းသည် ထိုဝေဒနာမျိုးကို မခံစား။ ဤတရားကို ဗျာပါဒ၏ ထွက်မြောက်ခြင်းဟု ဟောတော်မူ၏။ (၂)
ငါ့သျှင်တို့ တစ်ဖန် ထို့ပြင်လည်း ညှဉ်းဆဲခြင်း ‘ဝိဟေသာ’ကို နှလုံးသွင်းသော ရဟန်း၏ စိတ်သည် ညှဉ်းဆဲခြင်း ‘ဝိဟေသာ’ ၌ မသက်ဝင်၊ မကြည်လင်၊ မတည်တံ့၊ မညွတ်ရှိုင်း။ မညှဉ်းဆဲခြင်း ‘အဝိဟေသာ’ ကို နှလုံးသွင်းသော ထိုရဟန်း၏ စိတ်သည် မညှဉ်းဆဲခြင်း ‘အဝိဟေသာ’၌ သက်ဝင်၏၊ ကြည်လင်၏၊ တည်တံ့၏၊ ညွတ်ရှိုင်း၏။ ထိုရဟန်း၏ ထိုစိတ်သည် (မိမိ၏ ဈာန်အာရုံ၌) ကောင်းစွာ ဖြစ်၏၊ ကောင်းစွာ ပွားအပ်၏၊ ဝိဟေသာမှ ကောင်းစွာ ထ၏၊ ဝိဟေသာမှ ကောင်းစွာ လွတ်၏၊ ညှဉ်း ဆဲခြင်း ‘ဝိဟေသာ’ မှ ကင်း၏၊ ဆင်းရဲခြင်း ပူပန်ခြင်းကို ဖြစ်စေတတ်သော အကြင် အာသဝေါတရား တို့သည် ညှဉ်းဆဲခြင်း ‘ဝိဟေသာ’ဟူသော အကြောင်းကြောင့် ဖြစ်ကုန်၏။ ထိုရဟန်းသည် ထို ‘ဝိဟေသာ’ ဟူသော အကြောင်းကြောင့်ဖြစ်သည့် အာသဝေါတရားတို့မှ လွတ်၏၊ ထိုရဟန်းသည် ထိုဝေဒနာမျိုးကို မခံစား။ ဤတရားကို ညှဉ်းဆဲခြင်း ‘ဝိဟေသာ’၏ ထွက်မြောက်ခြင်းဟု ဟောတော်မူ၏။ (၃)
ငါ့သျှင်တို့ တစ်ဖန် ထို့ပြင်လည်း ရုပ်တို့ကို နှလုံးသွင်းသော ရဟန်း၏ စိတ်သည် ရုပ်တို့၌ မသက်ဝင်၊ မကြည်လင်၊ မတည်တံ့၊ မညွတ်ရှိုင်း။ နာမ်တရားကို နှလုံးသွင်းသော ထိုရဟန်း၏ စိတ် သည် နာမ်တရား၌ သက်ဝင်၏၊ ကြည်လင်၏၊ တည်တံ့၏၊ ညွတ်ရှိုင်း၏။ ထိုရဟန်း၏ ထိုစိတ်သည် (မိမိ၏ ဈာန်အာရုံ၌) ကောင်းစွာ ဖြစ်၏၊ ကောင်းစွာ ပွားအပ်၏၊ ရုပ်တရားတို့မှ ကောင်းစွာ ထ၏၊ ရုပ် တရားတို့မှ ကောင်းစွာ လွတ်၏၊ ရုပ်တရားတို့မှ ကင်း၏၊ ဆင်းရဲခြင်း ပူပန်ခြင်းကို ဖြစ်စေတတ်သော အကြင် အာသဝေါတရားတို့သည် ရုပ်တရားဟူသောအကြောင်းကြောင့် ဖြစ်ကုန်၏။ ထိုရဟန်းသည် ထို ရုပ်တရား ဟူသော အကြောင်းကြောင့် ဖြစ်သည့် အာသဝေါတရားတို့မှ လွတ်၏၊ ထိုရဟန်းသည် ထို ဝေဒနာမျိုးကို မခံစား။ ဤတရားကို ရုပ်တရားတို့၏ ထွက်မြောက်ခြင်းဟု ဟောတော်မူ၏။ (၄)
ငါ့သျှင်တို့ တစ်ဖန် ထို့ပြင်လည်း ဥပါဒါနက္ခန္ဓာအပေါင်း ‘သက္ကာယ’ ကို နှလုံးသွင်းသော ရဟန်း၏ စိတ်သည် ဥပါဒါနက္ခန္ဓာအပေါင်း ‘သက္ကာယ’ ၌ မသက်ဝင်၊ မကြည်လင်၊ မတည်တံ့၊ မညွတ်ရှိုင်း။ ဥပါဒါ နက္ခန္ဓာအပေါင်း ‘သက္ကာယ’၏ ချုပ်ခြင်းကိ်ု နှလုံးသွင်းသော ထိုရဟန်း၏ စိတ်သည် ဥပါဒါနက္ခန္ဓာအပေါင်း ‘သက္ကာယ’၏ ချုပ်ခြင်း၌ သက်ဝင်၏၊ ကြည်လင်၏၊ တည်တံ့၏၊ ညွတ်ရှိုင်း၏။ ထိုရဟန်း၏ ထိုစိတ်သည် (မိမိ၏ဈာန်အာရုံ၌) ကောင်းစွာ ဖြစ်၏၊ ကောင်းစွာ ပွားအပ်၏၊ ဥပါဒါနက္ခန္ဓာအပေါင်း ‘သက္ကာယ’ မှ ကောင်းစွာ ထ၏၊ သက္ကာယမှ ကောင်းစွာ လွတ်၏၊ ဥပါဒါနက္ခန္ဓာအပေါင်း ‘သက္ကာယ’ မှ ကင်း၏၊ ဆင်းရဲ ခြင်း ပူပန်ခြင်းကို ဖြစ်စေတတ်သော အကြင်အာသဝေါတရားတို့သည် ဥပါဒါနက္ခန္ဓာအပေါင်း ‘သက္ကာယ’ ဟူသော အကြောင်းကြောင့် ဖြစ်ကုန်၏။ ထိုရဟန်းသည် ထိုဥပါဒါနက္ခန္ဓာအပေါင်း ‘သက္ကာယ’ဟူသော အကြောင်းကြောင့်ဖြစ်သည့် အာသဝေါတရားတို့မှ လွတ်၏၊ ထိုရဟန်းသည် ထိုဝေဒနာမျိုးကို မခံစား။ ဤတရားကို ဥပါဒါနက္ခန္ဓာအပေါင်း ‘သက္ကာယ’၏ ထွက်မြောက်ခြင်းဟု ဟောတော်မူ၏။ ဤငါးပါးသော တရားတို့ကို ထိုးထွင်း၍ သိနိုင်ခဲကုန်၏။ (၅)
(ဇ) ဖြစ်စေအပ်သော ငါးပါးသော တရားတို့သည် အဘယ်တို့နည်း။ ဉာဏ်နှင့် ယှဉ်သော သမ္မာ့သမာဓိငါးပါးတည်း။
“ဤသမာဓိသည် သမာပတ်ဝင်စားဆဲခဏ၌ ချမ်းသာလည်း ဖြစ်၏၊ နောင်အခါ၌ ချမ်းသာသော အကျိုးလည်း ရှိ၏”ဟု ကိုယ်တိုင်သိသော ဉာဏ်သည် ဖြစ်၏။
“ဤသမာဓိသည် ကိလေသာတို့မှ ကင်းဝေး၏၊ လောကနှင့် ရောစပ်ခြင်း မရှိ”ဟု ကိုယ်တိုင် သိသော ဉာဏ်သည် ဖြစ်၏။
“ဤသမာဓိကို ဘုရားစသောယောကျာ်းမြတ်တို့ မှီဝဲအပ်၏”ဟု ကိုယ်တိုင်သိသော ဉာဏ်သည် ဖြစ်၏။
“ဤသမာဓိသည် ငြိမ်သက်၏၊ ကိလေသာ ငြိမ်းခြင်းကြောင့် ရအပ်၏၊ တည်ကြည်ခြင်း ‘ဧကောဒိ ဘာဝ’ အဖြစ်ဖြင့် ရအပ်၏၊ အားထုတ်လျက် နီဝရဏကိလေသာတို့ကို နှိပ်စက်ဖွယ် တားမြစ်ဖွယ် မရှိ”ဟု ကိုယ်တိုင်သိသော ဉာဏ်သည် ဖြစ်၏။
“ထိုငါသည် ဤသမာဓိကို သတိနှင့် ပြည့်စုံသည်ဖြစ်၍သာလျှင် ဝင်စား၏၊ သတိနှင့် ပြည့်စုံသည် ဖြစ်၍သာလျှင် ထ၏”ဟု ကိုယ်တိုင်သိသော ဉာဏ်သည် ဖြစ်၏၊ ဤငါးပါးသော တရားတို့ကို ဖြစ်စေအပ် ကုန်၏။
(ဈ) ထူးသောဉာဏ်ဖြင့် သိအပ်သော ငါးပါးသောတရားတို့သည် အဘယ်တို့နည်း။ ကိလေသာမှ လွတ်ခြင်း အကြောင်းငါးပါးတို့တည်း။ ငါ့သျှင်တို့ ဤသာသနာတော်၌ ရဟန်းအား မြတ်စွာဘုရားသည် လည်းကောင်း တစ်ယောက်ယောက်သော အလေးပြုထိုက်သော သီတင်းသုံးဖော်သည်လည်းကောင်း တရား ကို ဟော၏။
ငါ့သျှင်တို့ အကြင် အကြင် အပြားအားဖြင့် ရဟန်းအား မြတ်စွာဘုရားသည်လည်းကောင်း တစ်ယောက်ယောက်သော အလေးပြုထိုက်သော သီတင်းသုံးဖော်သည်လည်းကောင်း တရားကို ဟော၏၊ ထိုထိုအပြားအားဖြင့် ထိုရဟန်းသည် ထိုတရား၌ အနက်ကိုလည်း သိ၏၊ ပါဠိကိုလည်း သိ၏။ အနက်ကို လည်း သိသော ပါဠိကိုလည်း သိသော ထိုရဟန်းအား ဝမ်းမြောက်ခြင်းသည် ဖြစ်၏၊ ဝမ်းမြောက်ခြင်း ရှိသော ရဟန်းအား နှစ်သိမ့်ခြင်း ‘ပီတိ’သည် ဖြစ်၏၊ နှစ်သိမ့်သော စိတ်ရှိသော ရဟန်း၏ နာမ်ရုပ် အပေါင်းသည် ငြိမ်းချမ်း၏၊ နာမ်ရုပ်အပေါင်း ငြိမ်းချမ်းခြင်း ရှိသော ရဟန်းသည် ချမ်းသာကို ခံစားရ၏၊ ချမ်းသာသော ရဟန်း၏ စိတ်သည် တည်ကြည်၏။ ဤကား ရှေးဦးစွာသော ကိလေသာမှ လွတ်ခြင်း အကြောင်းတည်း။ (၁)
ငါ့သျှင်တို့ တစ်ဖန် ထို့ပြင်လည်း ရဟန်းအား မြတ်စွာဘုရားသည်လည်းကောင်း တစ်ယောက် ယောက်သော အလေးပြုထိုက်သော သီတင်းသုံးဖော်သည်လည်းကောင်း တရားကို မဟော၊ စင်စစ်သော် ကား ကြားဖူးသောအတိုင်း သင်ဖူးသောအတိုင်း တရားကို အကျယ်အားဖြင့် သူတစ်ပါးတို့အား ဟော၏။
ငါ့သျှင်တို့ အကြင် အကြင် အပြားအားဖြင့် ရဟန်းသည် ကြားဖူးသော အတိုင်း သင်ဖူးသော အတိုင်း တရားကို အကျယ်အားဖြင့် သူတစ်ပါးတို့အား ဟော၏၊ ထိုထိုအပြားအားဖြင့် ထိုရဟန်းသည် ထိုတရား၌ အနက်ကိုလည်း သိ၏၊ ပါဠိကိုလည်း သိ၏။ အနက်ကိုလည်း သိသော ပါဠိကိုလည်း သိသော ထိုရဟန်းအား ဝမ်းမြောက်ခြင်းသည် ဖြစ်၏၊ ဝမ်းမြောက်ခြင်းရှိသော ရဟန်းအား နှစ်သိမ့်ခြင်း’ပီတိ’ သည် ဖြစ်၏၊ နှစ်သိမ့်သော စိတ်ရှိသော ရဟန်း၏ နာမ်ရုပ်အပေါင်းသည် ငြိမ်းချမ်း၏၊ နာမ်ရုပ်အပေါင်း ငြိမ်း ချမ်းခြင်းရှိသော ရဟန်းသည် ချမ်းသာကို ခံစားရ၏၊ ချမ်းသာသော ရဟန်း၏ စိတ်သည် တည်ကြည်၏။ ဤကား နှစ်ခုမြောက်သော ကိလေသာမှ လွတ်ခြင်းအကြောင်းတည်း။ (၂)
ငါ့သျှင်တို့ တစ်ဖန် ထို့ပြင်လည်း ရဟန်းအား မြတ်စွာဘုရားသည်လည်းကောင်း တစ်ယောက် ယောက်သော အလေးပြုထိုက်သော သီတင်းသုံးဖော်သည်လည်းကောင်း တရားကို မဟော၊ ကြားဖူးသော အတိုင်း သင်ဖူးသောအတိုင်း တရားကို အကျယ်အားဖြင့် သူတစ်ပါးတို့အားလည်း မဟော။ စင်စစ်သော် ကား ကြားဖူးသောအတိုင်း သင်ဖူးသောအတိုင်း တရားကို အကျယ်အားဖြင့် သရဇ္ဈ ာယ်ခြင်းကို ပြု၏။့ငါ့သျှင်တို့ အကြင် အကြင် အပြားအားဖြင့် ရဟန်းသည် ကြားဖူးသောအတိုင်း သင်ဖူးသောအတိုင်း တရားကို အကျယ်အားဖြင့် သရဇ္ဈ ာယ်ခြင်းကို ပြု၏၊ ထိုထိုအပြားအားဖြင့် ထိုရဟန်းသည် ထိုတရား၌ အနက်ကိုလည်း သိ၏၊ ပါဠိကိုလည်း သိ၏။ အနက်ကိုလည်း သိသော ပါဠိကိုလည်း သိသော ထိုရဟန်း အား ဝမ်းမြောက်ခြင်းသည် ဖြစ်၏၊ ဝမ်းမြောက်ခြင်းရှိသော ရဟန်းအား နှစ်သိမ့်ခြင်း ‘ပီတိ’ သည် ဖြစ်၏၊ နှစ်သိမ့်သော စိတ်ရှိသော ရဟန်း၏ နာမ်ရုပ်အပေါင်းသည် ငြိမ်းချမ်း၏၊ နာမ်ရုပ်အပေါင်း ငြိမ်းချမ်းခြင်း ရှိသော ရဟန်းသည် ချမ်းသာကို ခံစားရ၏၊ ချမ်းသာသော ရဟန်း၏ စိတ်သည် တည်ကြည်၏။ ဤကား သုံးခုမြောက်သော ကိလေသာမှ လွတ်ခြင်းအကြောင်းတည်း။ (၃)
ငါ့သျှင်တို့ တစ်ဖန် ထို့ပြင်လည်း ရဟန်းအား မြတ်စွာဘုရားသည်လည်းကောင်း တစ်ယောက် ယောက်သော အလေးပြုထိုက်သော သီတင်းသုံးဖော်သည်လည်းကောင်း တရားကို မဟော၊ ကြားဖူးသော အတိုင်း သင်ဖူးသောအတိုင်း တရားကို အကျယ်အားဖြင့် သူတစ်ပါးတို့အားလည်း မဟော၊ ကြားဖူးသော အတိုင်း သင်ဖူးသောအတိုင်း တရားကို အကျယ်အားဖြင့် သရဇ္ဈ ာယ်ခြင်းကိုလည်း မပြု၊ ကြားဖူးသော အတိုင်း သင်ဖူးသောအတိုင်း တရားကို စိတ်ဖြင့် အဖန်ဖန် ကြံ၏၊ အဖန်ဖန် သုံးသပ်၏၊ စိတ်ဖြင့် အဖန် ဖန် ရှု၏။
ငါ့သျှင်တို့ အကြင် အကြင် အပြားအားဖြင့် ရဟန်းသည် ကြားဖူးသော အတိုင်း သင်ဖူးသော အတိုင်း တရားကို စိတ်ဖြင့် အဖန်ဖန် ကြံ၏၊ အဖန်ဖန် သုံးသပ်၏၊ စိတ်ဖြင့် အဖန်ဖန် ရှု၏၊ ထိုထို အပြားအားဖြင့် ထိုရဟန်းသည် ထိုတရား၌ အနက်ကိုလည်း သိ၏၊ ပါဠိကိုလည်း သိ၏။ အနက်ကိုလည်း သိသော ပါဠိကိုလည်း သိသော ထိုရဟန်းအား ဝမ်းမြောက်ခြင်းသည် ဖြစ်၏၊ ဝမ်းမြောက်ခြင်းရှိသော ရဟန်းအား နှစ်သိမ့်ခြင်း’ပီတိ’သည် ဖြစ်၏၊ နှစ်သိမ့်သော စိတ်ရှိသော ရဟန်း၏ နာမ်ရုပ်အပေါင်းသည် ငြိမ်းချမ်း၏၊ နာမ်ရုပ်အပေါင်း ငြိမ်းချမ်းခြင်းရှိသော ရဟန်းသည် ချမ်းသာကို ခံစားရ၏၊ ချမ်းသာသော ရဟန်း၏ စိတ်သည် တည်ကြည်၏။ ဤကား လေးခုမြောက်သော ကိလေသာမှ လွတ်ခြင်း အကြောင်း တည်း။ (၄)
ငါ့သျှင်တို့ တစ်ဖန် ထို့ပြင်လည်း ရဟန်းအား မြတ်စွာဘုရားသည်လည်းကောင်း တစ်ယောက် ယောက်သော အလေးပြုထိုက်သော သီတင်းသုံးဖော်သည်လည်းကောင်း တရားကို မဟော၊ ကြားဖူးသော အတိုင်း သင်ဖူးသောအတိုင်း တရားကို အကျယ်အားဖြင့် သူတစ်ပါးတို့အားလည်း မဟော၊ ကြားဖူးသောအတိုင်း သင်ဖူးသောအတိုင်း တရားကို အကျယ်အားဖြင့် သရဇ္ဈ ာယ်ခြင်းကိုလည်း မပြု၊ ကြားဖူးသောအတိုင်း သင်ဖူးသောအတိုင်း တရားကို စိတ်ဖြင့် အဖန်ဖန် ကြံခြင်း အဖန်ဖန် သုံးသပ်ခြင်း စိတ်ဖြင့် အဖန်ဖန် ရှုခြင်းကိုလည်း မပြု။ စင်စစ်သော်ကား ထိုရဟန်းသည် တစ်ပါးပါးသော သမာဓိနိမိတ်ကို ကောင်းစွာ သင်ယူအပ်၏၊ ကောင်းစွာ နှလုံးသွင်းအပ်၏၊ ကောင်းစွာ မှတ်အပ်၏၊ ပညာဖြင့် ကောင်းစွာ သိအပ်၏။
ငါ့သျှင်တို့ အကြင် အကြင် အပြားအားဖြင့် ရဟန်းသည် တစ်ပါးပါးသော သမာဓိနိမိတ်ကို ကောင်း စွာ သင်ယူအပ်၏၊ ကောင်းစွာ နှလုံးသွင်းအပ်၏၊ ကောင်းစွာ မှတ်အပ်၏၊ ပညာဖြင့် ကောင်းစွာ သိအပ်၏၊ ထိုထို အပြားအားဖြင့် ထိုရဟန်းသည် ထိုတရား၌ အနက်ကိုလည်း သိ၏၊ ပါဠိကိုလည်း သိ၏။ အနက်ကိုလည်း သိသော ပါဠိကိုလည်း သိသော ထိုရဟန်းအား ဝမ်းမြောက်ခြင်းသည် ဖြစ်၏။ ဝမ်းမြောက်ခြင်းရှိသော ရဟန်းအား နှစ်သိမ့်ခြင်း ‘ပီတိ’ သည် ဖြစ်၏၊ နှစ်သိမ့်သော စိတ်ရှိသော ရဟန်း၏ နာမ်ရုပ်အပေါင်းသည် ငြိမ်းချမ်း၏၊ နာမ်ရုပ်အပေါင်း ငြိမ်းချမ်းခြင်းရှိသော ရဟန်းသည် ချမ်းသာကို ခံစား ရ၏၊ ချမ်းသာသော ရဟန်း၏ စိတ်သည် တည်ကြည်၏။ ဤကား ငါးခုမြောက်သော ကိလေသာမှ လွတ်ခြင်း အကြောင်းတည်း။ ဤတရားငါးပါးတို့ကို ထူးသောဉာဏ်ဖြင့် သိအပ်၏။ (၅)
(ည) မျက်မှောက်ပြုအပ်သော ငါးပါးသောတရားတို့သည် အဘယ်တို့နည်း။ ဓမ္မက္ခန္ဓာ ငါးပါးတို့တည်း။ သီလက္ခန္ဓ သမာဓိက္ခန္ဓ ပညာက္ခန္ဓ ဝိမုတ္တိက္ခန္ဓ ဝိမုတ္တိဉာဏဒဿနက္ခန္ဓတို့တည်း။ ဤတရားငါးပါး တို့ကို မျက်မှောက်ပြုအပ်ကုန်၏။
ဤသို့ ဤငါးဆယ်သော တရားတို့သည်ဟုတ်ကုန်၏၊ မှန်ကုန်၏၊ဟုတ်မှန်ကုန်၏၊ မချွတ်ယွင်း ကုန်၊ ဖောက်ပြန်သော သဘောမရှိကုန်၊ မြတ်စွာဘုရားသည် မှန်စွာ ထိုးထွင်း၍ သိတော်မူအပ်ကုန်၏။
တရား ခြောက်ပါးစု
၃၅၆။ ခြောက်ပါးသော တရားတို့သည် များသော ကျေးဇူးရှိကုန်၏။ပ။ ခြောက်ပါးသော တရား တို့ကို မျက်မှောက်ပြုအပ်ကုန်၏။
(က) များသော ကျေးဇူးရှိသော ခြောက်ပါးသော တရားတို့သည် အဘယ်တို့နည်း။ အောက်မေ့ အပ်သော တရားခြောက်ပါးတို့တည်း။ ငါ့သျှင်တို့ ဤသာသနာတော်၌ ရဟန်းသည် မျက်မှောက်၌လည်း ကောင်း မျက်ကွယ်၌လည်းကောင်း ကာယကံမေတ္တာကို သီတင်းသုံးဖော်တို့ ၌ ဖြစ်စေအပ်၏၊ အောက်မေ့ အပ်သော ချစ်ခြင်းကို ပြုတတ်သော လေးမြတ်ခြင်းကို ပြုတတ်သော ဤတရားသည်လည်း စည်းလုံးခြင်း ငှါ ခိုက်ရန်မဖြစ်ခြင်းငှါ အညီအညွတ် ဖြစ်ခြင်းငှါ တစ်ပေါင်းတည်း ဖြစ်ခြင်းငှါ ဖြစ်၏။ (၁)
တစ်ဖန် ထို့ပြင်လည်း ငါ့သျှင်တို့ ရဟန်းသည် ဝစီကံမေတ္တာကို ဖြစ်စေအပ်၏။ပ။ တပေါင်းတည်း ဖြစ်ခြင်းငှါ ဖြစ်၏။ (၂)
တစ်ဖန် ထို့ပြင်လည်း ငါ့သျှင်တို့ ရဟန်းသည် မနောကံမေတ္တာကို ဖြစ်စေအပ်၏။ပ။ တစ်ပေါင်း တည်း ဖြစ်ခြင်းငှါ ဖြစ်၏။ (၃)
တစ်ဖန် ထို့ပြင်လည်း ငါ့သျှင်တို့ တရားနှင့်လျော်သော တရားသဖြင့် ရအပ်သော အကြင်လာဘ် တို့ကို ရအပ်ကုန်၏၊ အယုတ်သဖြင့် သပိတ်၌ စားလောက်ရုံမျှကိုလည်း ရအပ်၏၊ ရဟန်းသည် ထိုသို့ သဘောရှိသော လာဘ်တို့ဖြင့် ခွဲခြားသီးသန့်၍ စားလေ့မရှိ၊ သီလဝန္တဖြစ်သော သီတင်းသုံးဖော်တို့နှင့် ဆက်ဆံ၍ စားလေ့ရှိ၏၊ အောက်မေ့အပ်သော ဤတရားသည်လည်း။ပ။ တစ်ပေါင်းတည်း ဖြစ်ခြင်းငှါ ဖြစ်၏။ (၄)
တစ်ဖန် ထို့ပြင်လည်း ငါ့သျှင်တို့ မကျိုး မပေါက် မပြောက် မကျား ဖြူစင်ကုန်သော ပညာရှိတို့ ချီးမွမ်းအပ်ကုန်သော မှားသောအားဖြင့် မသုံးသပ်အပ်ကုန်သော သမာဓိကို ဖြစ်စေတတ်ကုန်သော အကြင် သီလတို့သည် ရှိကုန်၏၊ ရဟန်းသည် ထိုသို့သဘောရှိသော သီလတို့၌ သီတင်းသုံးဖော်တို့နှင့် မျက် မှောက်၌လည်းကောင်း မျက်ကွယ်၌လည်းကောင်း တူသော သီလရှိသည်ဖြစ်၍ နေ၏၊ အောက်မေ့အပ်သော ဤတရားသည်လည်း။ပ။ တစ်ပေါင်းတည်း ဖြစ်ခြင်းငှါ ဖြစ်၏။ (၅)
တစ်ဖန် ထို့ပြင်လည်း ငါ့သျှင်တို့ ဖြူစင်သော ဝဋ်ဆင်းရဲမှ ထုတ်ဆောင်တတ်သော အကြင် (မဂ်နှင့် ယှဉ်သော) သမ္မာဒိဋ္ဌိဉာဏ်သည် အကြွင်းမဲ့ ဝဋ်ဆင်းရဲကုန်ခြင်းငှါ ကျင့်သော ပုဂ္ဂိုလ်ကို ဝဋ်ဆင်းရဲမှ ထုတ် ဆောင်တတ်၏၊ ရဟန်းသည် ထိုသို့သဘောရှိသော သမ္မာဒိဋ္ဌိ (ဉာဏ်) ဖြင့် သီတင်းသုံးဖော်တို့ နှင့် မျက် မှောက်၌လည်းကောင်း မျက်ကွယ်၌လည်းကောင်း ဉာဏ်အမြင်တူခြင်းသို့ ရောက်သည်ဖြစ်၍ နေ၏၊ အောက်မေ့အပ်သော ချစ်ခြင်းကို ပြုတတ်သော လေးမြတ်ခြင်းကို ပြုတတ်သော ဤတရားသည်လည်း စည်းလုံးခြင်းငှါ ခိုက်ရန်မဖြစ်ခြင်းငှါ အညီအညွတ်ဖြစ်ခြင်းငှါ တစ်ပေါင်းတည်း ဖြစ်ခြင်းငှါ ဖြစ်၏။ ဤတရားခြောက်ပါးတို့သည် များသော ကျေးဇူးရှိကုန်၏။ (၆)
(ခ) ပွါးများအပ်သော ခြောက်ပါးသော တရားတို့သည် အဘယ်တို့နည်း။ အဖန်ဖန် အောက်မေ့ ရာဌာနခြောက်ပါးတို့တည်း။ ဘုရားဂုဏ်ကို အဖန်ဖန် အောက်မေ့ခြင်း၊ တရားဂုဏ်ကို အဖန်ဖန် အောက်မေ့ခြင်း၊ သံဃာ့ဂုဏ်ကို အဖန်ဖန် အောက်မေ့ခြင်း၊ သီလဂုဏ်ကို အဖန်ဖန် အောက်မေ့ခြင်း၊ စွန့် ကြဲခြင်းဂုဏ်ကို အဖန်ဖန် အောက်မေ့ခြင်း၊ နတ်တို့ကို သက်သေထား၍ မိမိ၏ သဒ္ဓါ စသော ဂုဏ်ကို့အဖန်ဖန် အောက်မေ့ခြင်းတို့တည်း၊ ဤတရားခြောက်ပါးတို့ကို ပွါးများအပ်ကုန်၏။
(ဂ) ပိုင်းခြား၍ သိအပ်သော ခြောက်ပါးသော တရားတို့သည် အဘယ်တို့နည်း။ အဇ္ဈ တ္တိကာယ တနခြောက်ပါးတို့တည်း။ စက္ခာယတန၊ သောတာယတန၊ ဃာနာယတန၊ ဇိဝှါယတန၊ ကာယာယတန၊ မနာယတနတို့တည်း။ ဤခြောက်ပါးသော တရားတို့ကို ပိုင်းခြား၍ သိအပ်ကုန်၏။
(ဃ) ပယ်အပ်သော ခြောက်ပါးသော တရားတို့သည် အဘယ်တို့နည်း။ တဏှာအပေါင်း ခြောက် ပါးတို့တည်း။ ရူပတဏှာ၊ သဒ္ဒတဏှာ၊ ဂန္ဓတဏှာ၊ ရသတဏှာ၊ ဖောဋ္ဌဗ္ဗတဏှာ၊ ဓမ္မတဏှာတို့တည်း။ ဤခြောက်ပါးသောတရားတို့ကို ပယ်အပ်ကုန်၏။
(င) ယုတ်သော အဖို့ရှိသော ခြောက်ပါးသော တရားတို့သည် အဘယ်တို့နည်း။ မရိုသေခြင်း တရားခြောက်ပါးတို့တည်း။ ငါ့သျှင်တို့ ဤသာသနာတော်၌ ရဟန်းသည် ဘုရား၌ ရိုသေခြင်း လေးစား ခြင်း မရှိသည် ဖြစ်၍ နေ၏၊ တရားတော်၌။ပ။ သံဃာတော်၌။ သိက္ခာသုံးပါး၌။ မမေ့လျော့ခြင်း (ကောင်းသော အကျင့်၌)။ ပဋိသန္ထာရ ‘ပျူငှါစွာ ဆက်ဆံခြင်း’ ၌ ရိုသေခြင်း လေးစားခြင်း မရှိသည်ဖြစ်၍ နေ၏၊ ဤခြောက်ပါးသော တရားတို့သည် ယုတ်သော အဖို့ရှိကုန်၏။
(စ) ထူးသော အဖို့ရှိသော ခြောက်ပါးသော တရားတို့သည် အဘယ်တို့နည်း။ ရိုသေခြင်းတရား ခြောက်ပါးတို့တည်း။ ငါ့သျှင်တို့ ဤသာသနာတော်၌ ရဟန်းသည် ဘုရား၌ ရိုသေခြင်း လေးစားခြင်း ရှိသည်ဖြစ်၍ နေ၏၊ တရားတော်၌။ပ။ သံဃာတော်၌။ သိက္ခာသုံးပါး၌။ မမေ့မလျော့ခြင်း (ကောင်းသော အကျင့်၌)။ ပဋိသန္ထာရ ‘ပျူငှါစွာ ဆက်ဆံခြင်း’ ၌ ရိုသေခြင်း လေးစားခြင်း ရှိသည်ဖြစ်၍ နေ၏၊ ဤတရားခြောက်ပါးတို့သည် ထူးသော အဖို့ရှိကုန်၏။
(ဆ) ထိုးထွင်း၍ သိနိုင်ခဲသော ခြောက်ပါးသော တရားတို့သည် အဘယ်တို့နည်း။ ကိလေသာမှ လွတ်သော ဓာတ်ခြောက်ပါးတို့တည်း။ ငါ့သျှင်တို့ ဤသာသနာတော်၌ ရဟန်းသည် ဤသို့ ဆိုငြားအံ့၊ “ငါသည် ကိလေသာတို့မှ လွတ်သော မေတ္တာနှင့် ယှဉ်သော စိတ်ကို ပွါးအပ်၏၊ အဖန်ဖန် လေ့လာ အပ်၏၊ ယာဉ်ကဲ့သို့ ပြုအပ်၏၊ တည်ရာကဲ့သို့ ပြုအပ်၏၊ အဖန်ဖန် ဖြစ်စေအပ်၏၊ အဖန်ဖန် ဆည်းပူး အပ်၏၊ ကောင်းစွာ အားထုတ်အပ်၏၊ ထိုသို့ဖြစ်လျက် ဒေါသသည် ငါ၏ မေတ္တာစိတ်ကို ဆုတ်ယုတ်စေ၍ တည်၏”ဟု (ဆိုငြားအံ့)။
“ဤသို့ မဆိုလင့်၊ ငါ့သျှင် ဤသို့ မဆိုလင့်၊ မြတ်စွာဘုရားကို မစွပ်စွဲလင့်၊ မြတ်စွာဘုရားကို စွပ်စွဲခြင်းသည် မကောင်း၊ မြတ်စွာဘုရားသည် ဤသို့ ဟောတော်မမူရာ”ဟု ထိုရဟန်းကို ဆိုအပ်၏၊ “ငါ့သျှင် ကိလေသာတို့မှ လွတ်သော ယင်းမေတ္တာနှင့် ယှဉ်သော စိတ်ကို ပွါးအပ်ပါလျက် အဖန်ဖန် လေ့လာအပ်ပါလျက် ယာဉ်ကဲ့သို့ ပြုအပ်ပါလျက် တည်ရာကဲ့သို့ ပြုအပ်ပါလျက် အဖန်ဖန် ဖြစ်စေအပ်ပါ လျက် အဖန်ဖန် ဆည်းပူးအပ်ပါလျက် ကောင်းစွာ အားထုတ်အပ်ပါလျက် ဒေါသသည် ထိုရဟန်း၏ မေတ္တာစိတ်ကို ဆုတ်ယုတ်စေ၍ တည်၏ဟူသော ဤစကားသည် အရာမဟုတ်၊ အခွင့်မဟုတ်၊ ဤသို့သော အကြောင်းသည် မရှိ။ ငါ့သျှင် ကိလေသာမှ လွတ်သော ယင်းမေတ္တာနှင့် ယှဉ်သော စိတ်သည် ဒေါသမှ ထွက်မြောက်ကြောင်းတည်း”ဟု ဆိုအပ်၏။ (၁)
ငါ့သျှင်တို့ ဤသာသနာတော်၌ ရဟန်းသည် ဤသို့ ဆိုငြားအံ့၊ “ငါသည် ကိလေသာတို့မှ လွတ်သော ကရုဏာနှင့် ယှဉ်သော စိတ်ကို ပွါးအပ်၏၊ အဖန်ဖန် လေ့လာအပ်၏၊ ယာဉ်ကဲ့သို့ ပြုအပ်၏၊ တည်ရာကဲ့သို့ ပြုအပ်၏၊ အဖန်ဖန် ဖြစ်စေအပ်၏၊ အဖန်ဖန် ဆည်းပူးအပ်၏၊ ကောင်းစွာ အားထုတ် အပ်၏၊ ထိုသို့ဖြစ်လျက် ညှဉ်းဆဲခြင်း ‘ဝိဟေသာ’ သည် ငါ၏ ကရုဏာစိတ်ကို ဆုတ်ယုတ်စေ၍ တည်၏”ဟု (ဆိုငြားအံ့)။ “ဤသို့ မဆိုလင့်၊ ငါ့သျှင် ဤသို့ မဆိုလင့်၊ မြတ်စွာဘုရားကို မစွပ်စွဲလင့်။ပ။ ငါ့သျှင် ကိလေသာမှ လွတ်သော ယင်းကရုဏာနှင့် ယှဉ်သော စိတ်သည် ဝိဟေသာတရားမှ ထွက်မြောက်ကြောင်း တည်း”ဟု ဆိုအပ်၏။ (၂)
ငါ့သျှင်တို့ ဤသာသနာတော်၌ ရဟန်းသည် ဤသို့ ဆိုငြားအံ့၊ “ငါသည် ကိလေသာတို့မှ လွတ်သော မုဒိတာနှင့် ယှဉ်သော စိတ်ကို ပွါးအပ်၏။ပ။ ထိုသို့ဖြစ်လျက် မမွေ့လျော်သော ‘အရတိ’တရား သည် ငါ၏ စိတ်ကို သိမ်းကျုံး၍ တည်၏”ဟု (ဆိုငြားအံ့)။ “ဤသို့ မဆိုလင့်၊ ငါ့သျှင် ဤသို့ မဆိုလင့်။ပ။ ငါ့သျှင် ကိလေသာမှ လွတ်သော မုဒိတာနှင့် ယှဉ်သော စိတ်သည် မမွေ့လျော်ခြင်း ‘အရတိ’ တရားမှ ထွက်မြောက်ကြောင်းတည်း”ဟု ဆိုအပ်၏။ (၃)
ငါ့သျှင်တို့ ဤသာသနာတော်၌ ရဟန်းသည် ဤသို့ ဆိုငြားအံ့၊ “ငါသည် ကိလေသာတို့မှ လွတ်သော လျစ်လျူရှုခြင်း ‘ဥပေက္ခာ’ နှင့်ယှဉ်သော စိတ်ကို ပွါးအပ်၏။ပ။ ထိုသို့ဖြစ်လျက် စွဲမက်ခြင်း ‘ရာဂ’ သည် ငါ၏ စိတ်ကို သိမ်းကျုံး၍ တည်၏”ဟု (ဆိုငြားအံ့)။ “ဤသို့ မဆိုလင့်၊ ငါ့သျှင် ဤသို့ မဆို လင့်။ပ။ ငါ့သျှင် ကိလေသာမှ လွတ်သော ယင်းလျစ်လျူရှုခြင်း ‘ဥပေက္ခာ’နှင့်ယှဉ်သော စိတ်သည် စွဲမက် ခြင်း ‘ရာဂ’ မှ ထွက်မြောက်ကြောင်းတည်း”ဟု ဆိုအပ်၏။ (၄)
ငါ့သျှင်တို့ ဤသာသနာတော်၌ ရဟန်းသည် ဤသို့ ဆိုငြားအံ့၊ “ငါသည် ကိလေသာတို့မှ လွတ်သော ရာဂစသော အစွဲအမှတ် နိမိတ်မရှိသော အရဟတ္တဖိုလ်စိတ်ကို ပွါးစေအပ်၏။ပ။ ထိုသို့ဖြစ်လျက် ငါ၏ ထိုအရဟတ္တဖိုလ်ဝိညာဉ်သည် ရာဂစသော နိမိတ်သို့ အစဉ်လိုက်၏”ဟု ဆိုငြားအံ့။ “ဤသို့ မဆို လင့်၊ ငါ့သျှင် ဤသို့ မဆိုလင့်။ပ။ ငါ့သျှင် ကိလေသာတို့မှ လွတ်သော ရာဂစသည့် နိမိတ်မရှိသော အရဟတ္တဖိုလ်စိတ်သည် အလုံးစုံသော ရာဂစသော နိမိတ်တို့မှ ထွက်မြောက်ကြောင်းတည်း”ဟု ဆိုအပ်၏။ (၅)
ငါ့သျှင်တို့ ဤသာသနာတော်၌ ရဟန်းသည် ဤသို့ ဆိုငြားအံ့၊ “ငါဟူသော မာနစိတ်သည် ငါမှ ကင်း၏၊ ဤတရားသည် ငါဖြစ်၏ဟူ၍ မရှု၊ ထိုသို့ ဖြစ်လျက် ငါ၏ စိတ်ကို ယုံမှားခြင်း ဝိစိကိစ္ဆာငြောင့် သည် ဆုတ်ယုတ်စေ၍ တည်၏”ဟု (ဆိုငြားအံ့)။
“ဤသို့ မဆိုလင့်၊ ငါ့သျှင် ဤသို့ မဆိုလင့်၊ မြတ်စွာဘုရားကို မစွပ်စွဲလင့်၊ မြတ်စွာဘုရားကို စွပ်စွဲခြင်းသည် မကောင်း၊ မြတ်စွာဘုရားသည် ဤသို့ ဟောတော်မမူရာ”ဟု ထိုရဟန်းကို ဆိုအပ်၏၊ “ငါ့သျှင် ငါဟူသော မာနစိတ် ကင်းပါလျက်၊ ‘ဤတရားသည် ငါဖြစ်၏ ‘ ဟူ၍လည်း မရှုပါဘဲလျက် ထို ရဟန်း၏ စိတ်ကို ယုံမှားခြင်း ဝိစိကိစ္ဆာငြောင့်သည် ဆုတ်ယုတ်စေ၍ တည်၏ဟူသော ဤစကားသည် အရာမဟုတ်၊ အခွင့်မဟုတ်၊ ဤသို့သော အကြောင်းသည် မရှိ။ ငါ့သျှင် ယင်း ငါ ဟူသော မာနကို အကြွင်းမဲ့ ဖြတ်ခြင်းသည် ယုံမှားခြင်း ဝိစိကိစ္ဆာငြောင့်မှ ထွက်မြောက်ကြောင်းတည်း”ဟု ထိုရဟန်းကို ဆို အပ်၏။ ဤခြောက်ပါးသော တရားတို့ကို ထိုးထွင်း၍ သိနိုင်ခဲကုန်၏။ (၆)
(ဇ) ဖြစ်စေအပ်သော ခြောက်ပါးသော တရားတို့သည် အဘယ်တို့နည်း။ (ရဟန္တာပုဂ္ဂိုလ်၏) မြဲသော နေခြင်း ခြောက်ပါးတို့တည်း။ ငါ့သျှင်တို့ ဤသာသနာတော်၌ ရဟန်းသည် မျက်စိဖြင့် ရုပ် အဆင်းကို မြင်သော် ဝမ်းသာခြင်းလည်း မဖြစ် ဝမ်းနည်းခြင်းလည်း မဖြစ်၊ သတိရှိလျက် ဆင်ခြင်လျက် လျစ်လျူရှု၍သာလျှင် နေ၏။
နားဖြင့် အသံကို ကြားသော်။ပ။ နှာခေါင်းဖြင့် အနံ့ကို နံသော်။ပ။ လျှာဖြင့် အရသာကို လျက်သော်။ပ။ ကိုယ်ဖြင့် အတွေ့အထိကို တွေ့ထိသော်။ပ။ စိတ်ဖြင့် ဓမ္မာရုံကို သိသော် ဝမ်းသာခြင်းလည်း မဖြစ် ဝမ်းနည်းခြင်းလည်း မဖြစ်၊ သတိရှိလျက် ဆင်ခြင်လျက် လျစ်လျူရှု၍သာလျှင် နေ၏။ ဤတရား ခြောက်ပါးတို့ကို ဖြစ်စေအပ်ကုန်၏။
(ဈ) ထူးသော ဉာဏ်ဖြင့် သိအပ်သော ခြောက်ပါးသော တရားတို့သည် အဘယ်တို့နည်း။ အမြတ်ဆုံးတရား ခြောက်ပါးတို့တည်း။ အမြတ်ဆုံးသော မြင်ရခြင်း၊ အမြတ်ဆုံးသော ကြားနာရခြင်း၊ အမြတ်ဆုံးသော လာဘ်ရခြင်း၊ အမြတ်ဆုံးသော အကျင့်ကို ကျင့်ခြင်း၊ အမြတ်ဆုံးသော လုပ်ကျွေးခြင်း၊ အမြတ်ဆုံးသော အောက်မေ့ခြင်းတို့တည်း။ ဤခြောက်ပါးသော တရားတို့ကို ထူးသော ဉာဏ်ဖြင့်သိအပ် ကုန်၏။
(ည) မျက်မှောက်ပြုအပ်သော ခြောက်ပါးသော တရားတို့သည် အဘယ်တို့နည်း။ အဘိညာဉ် ခြောက်ပါးတို့တည်း။ ငါ့သျှင်တို့ ဤသာသနာတော်၌ ရဟန်းသည် များပြားသော တန်ခိုးဖန်ဆင်းခြင်းကို ပြီးစေ၏၊ တစ်ယောက်တည်း ဖြစ်လျက်လည်း အများ ဖြစ်သွား၏၊ အများဖြစ်လျက်လည်း တစ်ယောက် တည်း ဖြစ်လာ၏၊ ကိုယ်ထင်ရှား ဖြစ်စေ၏၊ ကိုယ်ပျောက်စေ၏၊ နံရံတစ်ဖက် တံတိုင်းတစ်ဖက် တောင်တစ်ဖက်သို့ မထိမငြိဘဲ ကောင်းကင်၌ကဲ့သို့ သွား၏၊ မြေ၌လည်း ငုပ်ခြင်း ပေါ်ခြင်းကို ရေ၌ကဲ့သို့ ပြု၏၊ ရေ၌လည်း မကွဲစေဘဲ မြေ၌ ကဲ့သို့ သွား၏၊ ကောင်းကင်၌လည်း ထက်ဝယ်ဖွဲ့ခွေလျက် အတောင် ရှိသော ငှက်ကဲ့သို့ သွား၏၊ ဤသို့ တန်ခိုးကြီးကုန်သော ဤသို့ အာနုဘော်ကြီးကုန်သော ဤလနေ တို့ကိုလည်း လက်ဖြင့် သုံးသပ်၏၊ ဆုပ်ကိုင်၏၊ ဗြဟ္မာ့ပြည်တိုင်အောင်လည်း ကိုယ်ကို (မိမိ) အလိုအတိုင်း ဖြစ်စေ၏။ (၁)
အထူးသဖြင့် စင်ကြယ်သော လူတို့၏ နားထက် သာလွန်သော နတ်တို့၏ နားနှင့်တူသော ‘ဒိဗ္ဗသောတ’ အဘိညာဉ်ဖြင့် နတ်၌လည်း ဖြစ်ကုန်သော လူ၌လည်း ဖြစ်ကုန်သော ဝေးသည်လည်း ဖြစ် ကုန်သော နီးသည်လည်း ဖြစ်ကုန်သော နှစ်မျိုးသော အသံတို့ကို ကြားရ၏။ (၂)
တစ်ပါးသော သတ္တဝါ တစ်ပါးသော ပုဂ္ဂိုလ်တို့၏ စိတ်ကို မိမိစိတ်ဖြင့် ပိုင်းခြား၍ သိနိုင်၏၊ တပ်ခြင်း ‘ရာဂ’ နှင့်တကွဖြစ်သော စိတ်ကိုလည်း။ပ။ ကိလေသာတို့မှ မလွတ်သော စိတ်ဟူ၍ သိနိုင်၏။ (၃)
ထိုရဟန်းသည် များပြားသော ရှေး၌ ဖြစ်ဖူးသော ခန္ဓာအစဉ်ကို အောက်မေ့နိုင်၏၊ ဤသည်ကား အဘယ်နည်း။ တစ်ဘဝကိုလည်းကောင်း။ပ။ ဤသို့ အခြင်းအရာနှင့်တကွ ညွှန်းပြဖွယ် အမည်အနွယ် နှင့်တကွ များပြားသော ရှေး၌ ဖြစ်ဖူးသော ခန္ဓာအစဉ်ကို အောက်မေ့နိုင်၏။ (၄)
အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိအမြင်ထက် သာလွန်သော နတ်တို့၏ မျက်စိနှင့် တူသော ‘ဒိဗ္ဗစက္ခု’ အဘိညာဉ်ဖြင့် သေဆဲသတ္တဝါ၊ ဖြစ်ပေါ်ဆဲသတ္တဝါ၊ ယုတ်သောသတ္တဝါ၊ မြတ်သော သတ္တဝါ၊ အဆင်းလှသော သတ္တဝါ၊ အဆင်းမလှသော သတ္တဝါ၊ ကောင်းသော လားရာရှိသော သတ္တဝါ မကောင်းသော လားရာရှိသော သတ္တဝါတို့ကို မြင်နိုင်၏၊ ကံအားလျော်စွာ ဖြစ်သော သတ္တဝါတို့ကို သိမြင် နိုင်၏။ပ။ (၅)
အာသဝေါတို့၏ ကုန်ခြင်းကြောင့် အာသဝေါကင်းသော လွတ်မြောက်သော (အရဟတ္တဖိုလ်) စိတ်နှင့် လွတ်မြောက်သော (အရဟတ္တဖိုလ်)ပညာကို ယခုဘဝ၌ပင် ထူးသောဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက်ပြု လျက် ရောက်၍ နေ၏။ ဤခြောက်ပါးသော တရားတို့ကို မျက်မှောက်ပြုအပ်ကုန်၏။ (၆)
ဤသို့ ဤခြောက်ဆယ်သော တရားတို့သည်ဟုတ်ကုန်၏၊ မှန်ကုန်၏၊ဟုတ်မှန်ကုန်၏၊ မချွတ် ယွင်းကုန်၊ ဖောက်ပြန်သော သဘောမရှိကုန်၊ မြတ်စွာဘုရားသည် မှန်စွာ ထိုးထွင်း၍ သိအပ်ကုန်၏။
တရား ခုနစ်ပါးစု
၃၅၇။ ခုနစ်ပါးသော တရားတို့သည် များသော ကျေးဇူးရှိကုန်၏။ပ။ ခုနစ်ပါးသော တရားတို့ကို မျက်မှောက်ပြုအပ်ကုန်၏။
(က) များသော ကျေးဇူးရှိသော ခုနစ်ပါးသော တရားတို့သည် အဘယ်တို့နည်း။ အရိယာ၏ဥစ္စာ ခုနစ်ပါးတို့တည်း။ သဒ္ဓါဥစ္စာ၊ သီလဥစ္စာ၊ ဟိရိဥစ္စာ၊ သြတ္တပ္ပဥစ္စာ၊ သုတဥစ္စာ၊ စာဂဥစ္စာ၊ ပညာဥစ္စာ တို့ တည်း။ ဤတရားခုနစ်ပါးတို့သည် များသော ကျေးဇူးရှိကုန်၏။
(ခ) ပွါးများအပ်သော ခုနစ်ပါးသောတရားတို့သည် အဘယ်တို့နည်း။ မဂ်ဖိုလ်ရကြောင်း အင်္ဂါ သမ္ဗောဇ္ဈင် ခုနစ်ပါးတို့တည်း။ သတိသမ္ဗောဇ္ဈင်၊ ဓမ္မဝိစယသမ္ဗောဇ္ဈင်၊ ဝီရိယသမ္ဗောဇ္ဈင်၊ ပီတိသမ္ဗောဇ္ဈင်၊ ပဿဒ္ဓိသမ္ဗောဇ္ဈင်၊ သမာဓိသမ္ဗောဇ္ဈင်၊ ဥပေက္ခာသမ္ဗောဇ္ဈင်တို့တည်း။့ဤတရားခုနစ်ပါးတို့ကို ပွါးများအပ် ကုန်၏။
(ဂ) ပိုင်းခြား၍ သိအပ်သော ခုနစ်ပါးသောတရားတို့သည် အဘယ်တို့နည်း။ ဝိညာဉ်၏တည်ရာ ခုနစ်ပါးတို့တည်း။ ငါ့သျှင်တို့ ကိုယ်သဏ္ဌာန်ချင်း ကွဲပြား၍ ပဋိသန္ဓေသညာချင်းလည်း ကွဲပြားကုန်သော သတ္တဝါတို့သည် ရှိကုန်၏၊ အဘယ်သတ္တဝါတို့နည်းဟူမူ အချို့သောနတ်၁ အချို့သော ဝိနိပါတိက၂နှင့် လူတို့ပင်တည်း။ ဤကား ရှေးဦးစွာသော ဝိညာဉ်၏ တည်ရာပေတည်း။ (၁)
ငါ့သျှင်တို့ ကိုယ်သဏ္ဌာန်ချင်း ကွဲပြား၍ ပဋိသန္ဓေသညာချင်း တူကုန်သော သတ္တဝါတို့သည် ရှိကုန်၏၊ အဘယ်သတ္တဝါတို့နည်းဟူမူ ပဌမဈာန်ဘုံ၌ ဖြစ်သော ဗြဟ္မာတို့ပင်တည်း။ ဤကား နှစ်ခုမြောက်သော ဝိညာဉ်၏ တည်ရာပေတည်း။ (၂)
ငါ့သျှင်တို့ ကိုယ်သဏ္ဌာန်ချင်း တူ၍ ပဋိသန္ဓေသညာချင်း ကွဲပြားကုန်သော သတ္တဝါတို့သည် ရှိကုန်၏၊ အဘယ်သတ္တဝါတို့နည်းဟူမူ အာဘဿရာဘုံ၌ဖြစ်သော ဗြဟ္မာတို့ပင်တည်း။ ဤကား သုံးခုမြောက်သော ဝိညာဉ်၏ တည်ရာပေတည်း။ (၃)
ငါ့သျှင်တို့ ကိုယ်သဏ္ဌာန်ချင်း တူ၍ ပဋိသန္ဓေသညာချင်းလည်း တူကုန်သော သတ္တဝါတို့သည် ရှိကုန်၏၊ အဘယ်သတ္တဝါတို့နည်းဟူမူ သုဘကိဏှာဘုံ၌ ဖြစ်သော ဗြဟ္မာတို့ပင်တည်း။ ဤကား လေးခု မြောက်သော ဝိညာဉ်၏ တည်ရာပေတည်း။ (၄)
ငါ့သျှင်တို့ ရူပသညာတို့ကို လုံးဝ လွန်မြောက်၍။ပ။ “ကောင်းကင်သည် အဆုံးမရှိ”ဟု (နှလုံး သွင်းလျက်) အာကာသာနဉ္စာယတနဘုံသို့ ရောက်သော ဗြဟ္မာတို့သည် ရှိကုန်၏။ ဤကား ငါးခုမြောက်သော ဝိညာဉ်၏ တည်ရာပေတည်း။ (၅)
ငါ့သျှင်တို့ အာကာသာနဉ္စာယတနဈာန်ကို လုံးဝ လွန်မြောက်၍ “ဝိညာဉ်သည် အဆုံးမရှိ”ဟု ပွါး များခြင်းကြောင့် ဝိညာဏဉ္စာယတနဘုံသို့ ရောက်သော ဗြဟ္မာတို့သည် ရှိကုန်၏။ ဤကား ခြောက်ခု မြောက်သော ဝိညာဉ်၏ တည်ရာပေတည်း။ (၆)
ငါ့သျှင်တို့ ဝိညာဏဉ္စာယတနဈာန်ကို လုံးဝ လွန်မြောက်၍ “တစ်စုံတစ်ခုမျှမရှိ”ဟု ပွါးများခြင်း ကြောင့် အာကိဉ္စညာယတနဘုံသို့ ရောက်သော ဗြဟ္မာတို့သည် ရှိကုန်၏။ ဤကား ခုနစ်ခုမြောက်သော ဝိညာဉ်၏ တည်ရာပေတည်း။ ဤတရားခုနစ်ပါးတို့ကို ပိုင်းခြား၍ သိအပ်ကုန်၏။ (၇)
(ဃ) ပယ်အပ်သော ခုနစ်ပါးသောတရားတို့သည် အဘယ်တို့နည်း။ အနုသယ ခုနစ်ပါးတို့တည်း။ ကာမရာဂါနုသယ, ပဋိဃာနုသယ, ဒိဋ္ဌာနုသယ, ဝိစိကိစ္ဆာနုသယ, မာနာနုသယ, ဘဝရာဂါနုသယ, အဝိဇ္ဇာ နုသယတို့တည်း။ ဤတရားခုနစ်ပါးတို့ကို ပယ်အပ်ကုန်၏။
(င) ဆုတ်ယုတ်သော အဖို့ရှိသော ခုနစ်ပါးသောတရားတို့သည် အဘယ်တို့နည်း။ မသူတော် တရားခုနစ်ပါးတို့တည်း။ ငါ့သျှင်တို့ ဤသာသနာတော်၌ ရဟန်းသည် သဒ္ဓါတရား မရှိ၊ ရှက်ခြင်း မရှိ၊ ကြောက်လန့်ခြင်း မရှိ၊ အကြားအမြင် မရှိ၊ ပျင်းရိ၏၊ သတိလွတ်၏၊ ပညာမရှိ။ ဤခုနစ်ပါးသော တရားတို့သည် ဆုတ်ယုတ်သော အဖို့ရှိသော တရားတို့တည်း။
(စ) ထူးသော အဖို့ရှိသော ခုနစ်ပါးသောတရားတို့သည် အဘယ်တို့နည်း။ သူတော်ကောင်း တရား ခုနစ်ပါးတို့တည်း။ ငါ့သျှင်တို့ ဤသာသနာတော်၌ ရဟန်းသည် သဒ္ဓါတရား ရှိ၏၊ ရှက်ခြင်း ရှိ၏၊ ကြောက်လန့်ခြင်း ရှိ၏၊ အကြားအမြင် များ၏၊ အားထုတ်အပ်သော ဝီရိယရှိ၏၊ ထင်သော သတိ ရှိ၏၊ ပညာရှိ၏။ ဤခုနစ်ပါးသော တရားတို့သည် ထူးသော အဖို့ရှိကုန်၏။
(ဆ) ထိုးထွင်း၍ သိနိုင်ခဲသော ခုနစ်ပါးသောတရားတို့သည် အဘယ်တို့နည်း။ သူတော်ကောင်း တရား ခုနစ်ပါးတို့တည်း။ ငါ့သျှင်တို့ ဤသာသနာတော်၌ ရဟန်းသည် ပါဠိကို သိ၏၊ အနက်ကို သိ၏၊ မိမိကိုယ်ကို သိ၏၊ အတိုင်းအရှည်ကို သိ၏၊ အခါကို သိ၏၊ ပရိသတ်ကို သိ၏၊ ပုဂ္ဂိုလ်ကို သိ၏။ ဤတရားခုနစ်ပါးတို့ကို ထိုးထွင်း၍ သိနိုင်ခဲကုန်၏။
(ဇ) ဖြစ်စေအပ်သော ခုနစ်ပါးသောတရားတို့သည် အဘယ်တို့နည်း။ သညာ ခုနစ်ပါးတို့တည်း။ အနိစ္စာနုပဿနာဉာဏ်၌ ဖြစ်သောသညာ၊ အနတ္တာနုပဿနာဉာဏ်၌ ဖြစ်သောသညာ၊ အသုဘာနုပဿနာ ဉာဏ်၌ ဖြစ်သောသညာ၊ အာဒီနဝါနုပဿနာဉာဏ်၌ ဖြစ်သောသညာ၊ ပဟာနာနုပဿနာဉာဏ်၌ ဖြစ်သော သညာ၊ ဝိရာဂါနုပဿနာဉာဏ်၌ ဖြစ်သောသညာ၊ နိရောဓာနုပဿနာဉာဏ်၌ ဖြစ်သောသညာတို့တည်း။ ဤတရားခုနစ်ပါးတို့ကို ဖြစ်စေအပ်ကုန်၏။
(ဈ) ထူးသော ဉာဏ်ဖြင့် သိအပ်သော ခုနစ်ပါးသောတရားတို့သည် အဘယ်တို့နည်း။ ရဟန္တာ ဖြစ်ခြင်းအကြောင်း ခုနစ်ပါးတို့တည်း။ ငါ့သျှင်တို့ ဤသာသနာတော်၌ ရဟန်းသည် သိက္ခာသုံးပါးကို စောင့်ထိန်းခြင်း၌ ထက်သော ဆန္ဒရှိ၏၊ နောင်အခါ၌လည်း သိက္ခာသုံးပါးကို စောင့်ထိန်းခြင်း၌ မကင်းသော တောင့်တခြင်းရှိ၏။ တရားကို ဆင်ခြင်ခြင်း၌ ထက်သော ဆန္ဒရှိ၏၊ နောင်အခါ၌လည်း တရားကို ဆင်ခြင် ခြင်း၌ မကင်းသော တောင့်တခြင်းရှိ၏။ တဏှာကို ဖျက်ဆီးခြင်း၌ ထက်သော ဆန္ဒရှိ၏၊ နောင်အခါ၌ လည်း တဏှာကို ဖျက်ဆီးခြင်း၌ မကင်းသော တောင့်တခြင်းရှိ၏။ တစ်ယောက်ထီးတည်း (ကိလေသာ အပေါင်းအသင်းကင်း၍) နေခြင်း၌ ထက်သော ဆန္ဒရှိ၏၊ နောင်အခါ၌လည်း တစ်ယောက်ထီးတည်း (ကိလေသာ အပေါင်းအသင်းကင်း၍) နေခြင်း၌ မကင်းသော တောင့်တခြင်းရှိ၏။ သမ္မပ္ပဓာန်လုံ့လကို ချီးမြှောက်ခြင်း၌ ထက်သော ဆန္ဒရှိ၏၊ နောင်အခါ၌လည်း သမ္မပ္ပဓာန်လုံ့လကို ချီးမြှောက်ခြင်း၌ မကင်းသော တောင့်တခြင်းရှိ၏။ သတိပညာ၌ ထက်သော ဆန္ဒရှိ၏၊ နောင်အခါ၌လည်း သတိပညာ၌ မကင်းသော တောင့်တခြင်းရှိ၏။ အရိယမဂ်ကို သိမြင်ခြင်း၌ ထက်သော ဆန္ဒရှိ၏၊ နောင်အခါ၌လည်း အရိယမဂ် ကို သိမြင်ခြင်း၌ မကင်းသော တောင့်တခြင်းရှိ၏။ ဤခုနစ်ပါးသောတရားတို့ကို ထူးသောဉာဏ်ဖြင့် သိအပ်ကုန်၏။
(ည) မျက်မှောက်ပြုအပ်သော ခုနစ်ပါးသောတရားတို့သည် အဘယ်တို့နည်း။ ရဟန္တာပုဂ္ဂိုလ်၏ အားခုနစ်ပါးတို့တည်း။ ငါ့သျှင်တို့ ဤသာသနာတော်၌ အာသဝေါကုန်ပြီးသော ရဟန်းသည် ခပ်သိမ်းသော သင်္ခါရတို့ကို အနိစ္စအားဖြင့်ဟုတ်မှန်သောအတိုင်း ဝိပဿနာဉာဏ်ဖြင့် ကောင်းစွာ မြင်အပ်ကုန်၏၊ ငါ့သျှင်တို့ အာသဝေါကုန်ပြီးသော ရဟန်းသည် ခပ်သိမ်းသော သင်္ခါရတို့ကို အနိစ္စအားဖြင့်ဟုတ်မှန်သော အတိုင်း ဝိပဿနာဉာဏ်ဖြင့် ကောင်းစွာ မြင်အပ်သော ဤသဘောသည်လည်း အာသဝေါကုန်ပြီးသော ရဟန်း၏ အားဖြစ်၏၊ အကြင်အားကို အကြောင်းပြု၍ အာသဝေါကုန်ပြီးသော ရဟန်းသည် “ငါ့အား အာသဝေါတရားကုန်ပြီ”ဟု အာသဝေါတရားတို့၏ ကုန်ခြင်းကို သိ၏။ (၁)
တစ်ဖန် ထို့ပြင်လည်း ငါ့သျှင်တို့ အာသဝေါကုန်ပြီးသော ရဟန်းသည် ကာမဂုဏ်တို့သည် မီးကျီး အပြည့်ရှိသော တွင်းနှင့် တူကုန်၏ဟုဟုတ်မှန်သောအတိုင်း ဝိပဿနာဉာဏ်ဖြင့် ကောင်းစွာ မြင်အပ်ကုန်၏။ ငါ့သျှင်တို့။ပ။ “ငါ့အား အာသဝေါတရား ကုန်ပြီ”ဟု သိ၏။ (၂)
တစ်ဖန် ထို့ပြင်လည်း ငါ့သျှင်တို့ အာသဝေါကုန်ပြီးသော ရဟန်း၏ စိတ်သည် နိဗ္ဗာန်သို့ ညွတ်၏၊ နိဗ္ဗာန်သို့ ကိုင်း၏၊ နိဗ္ဗာန်သို့ ရှိုင်း၏၊ နိဗ္ဗာန်၌ တည်၏၊ နိဗ္ဗာန်၌ မွေ့လျော်၏၊ အာသဝေါတရားတို့၏ အကြောင်းဖြစ်သော အလုံးစုံသော တရားတို့မှ တပ်ခြင်းကင်း၏။ ငါ့သျှင်တို့။ပ။ “ငါ့အား အာသဝေါ တရား ကုန်ပြီ”ဟု သိ၏။ (၃)
တစ်ဖန် ထို့ပြင်လည်း ငါ့သျှင်တို့ အာသဝေါကုန်ပြီးသော ရဟန်းသည် သတိပဋ္ဌာန်လေးပါးတို့ကို ပွါးအပ်ကုန်၏၊ ကောင်းစွာ ပွါးအပ်ကုန်၏၊ ငါ့သျှင်တို့။ပ။ “ငါ့အား အာသဝေါတရား ကုန်ပြီ”ဟု သိ၏။ (၄)
တစ်ဖန် ထို့ပြင်လည်း ငါ့သျှင်တို့ အာသဝေါကုန်ပြီးသော ရဟန်းသည် ဣန္ဒြေငါးပါးတို့ကို ပွါးအပ် ကုန်၏၊ ကောင်းစွာ ပွါးအပ်ကုန်၏။ ငါ့သျှင်တို့။ပ။ “ငါ့အား အာသဝေါတရား ကုန်ပြီ”ဟု သိ၏။ (၅)
တစ်ဖန် ထို့ပြင်လည်း ငါ့သျှင်တို့ အာသဝေါကုန်ပြီးသော ရဟန်းသည် မဂ်ဖိုလ်ရကြောင်း အင်္ဂါ ဗောဇ္ဈင်ခုနစ်ပါးတို့ကို ပွါးအပ်ကုန်၏၊ ကောင်းစွာ ပွါးအပ်ကုန်၏။ ငါ့သျှင်တို့။ပ။ “ငါ့အား အာသဝေါ တရားကုန်ပြီ”ဟု သိ၏။ (၆)
တစ်ဖန် ထို့ပြင်လည်း ငါ့သျှင်တို့ အာသဝေါကုန်ပြီးသော ရဟန်းသည် အင်္ဂါရှစ်ပါးရှိသော မြတ်သော အရိယမဂ်ကို ပွါးအပ်၏၊ ကောင်းစွာ ပွါးအပ်၏၊ ငါ့သျှင်တို့ အာသဝေါကုန်ပြီးသော ရဟန်းသည် အင်္ဂါရှစ်ပါး ရှိသော မြတ်သော အရိယမဂ်ကို ပွါးအပ်သော ကောင်းစွာ ပွါးအပ်သော ဤသဘောသည် လည်း အာသဝေါကုန်ပြီးသော ရဟန်း၏ အားဖြစ်၏၊ အကြင်အားကို အကြောင်းပြု၍ အာသဝေါကုန်ပြီးသော ရဟန်းသည် “ငါ့အား အာသဝေါတရား ကုန်ပြီ”ဟု အာသဝေါတရားတို့၏ ကုန်ခြင်းကို သိ၏။ ဤတရားခုနစ်ပါးတို့ကို မျက်မှောက်ပြုအပ်ကုန်၏။ (၇)
ဤသို့ ဤခုနစ်ဆယ်သောတရားတို့သည်ဟုတ်ကုန်၏၊ မှန်ကုန်၏၊ဟုတ်မှန်ကုန်၏၊ မချွတ်ယွင်း ကုန်၊ ဖောက်ပြန်သော သဘောမရှိကုန်၊ မြတ်စွာဘုရားသည် မှန်စွာ ထိုးထွင်း၍ သိအပ်ကုန်၏။
ပဌမအခန်း ပြီး၏။
၁။ နတ်ပြည်ခြောက်ထပ်ရှိ ကာမာဝစရနတ်တို့ကို အချို့သောနတ်ဟု ဆိုသည်။
၂။ ဖုတ် တစ္ဆေ သရဲစသော နာနာဘာဝသတ္တဝါတို့ကို အချို့သော ဝိနိပါတိကဟု ဆိုသည်။
တရား ရှစ်ပါးစု
၃၅၈။ ရှစ်ပါးသောတရားတို့သည် များသော ကျေးဇူးရှိကုန်၏။ပ။ ရှစ်ပါးသောတရားတို့ကို မျက်မှောက်ပြုအပ်ကုန်၏။
(က) များသော ကျေးဇူးရှိသော ရှစ်ပါးသောတရားတို့သည် အဘယ်တို့နည်း။ ရှစ်ပါးသော အကြောင်းအထောက်အပံ့တို့သည် မြတ်သော မဂ်အကျင့်၏ အစဖြစ်သော မရသေးသော သမ္မာဒိဋ္ဌိပညာကို ရခြင်းငှါ ရပြီးသော သမ္မာဒိဋ္ဌိပညာကို တိုးတက်စေခြင်းငှါ ပြန့်ပြောစေခြင်းငှါ ပွါးများစေခြင်းငှါ ပြည့်စုံ စေခြင်းငှါ ဖြစ်ကုန်၏။
ရှစ်ပါးသောတရားတို့သည် အဘယ်တို့နည်း။ ငါ့သျှင်တို့ ဤသာသနာတော်၌ ရဟန်းသည် ရှက် ကြောက်အပ်သော မြတ်နိုးရိုသေအပ်သော ဆရာကိုလည်းကောင်း၊ အလေးပြုအပ်သော တစ်ယောက် ယောက်သော သီတင်းသုံးဖော်ကိုလည်းကောင်း မှီ၍ နေ၏၊ ရိုသေခြင်းကိုလည်း ဖြစ်စေ၏။ ဤကား မြတ်သော မဂ်အကျင့်၏ အစဖြစ်သော မရသေးသော သမ္မာဒိဋ္ဌိပညာကို ရခြင်းငှါ ရပြီးသော သမ္မာဒိဋ္ဌိ ပညာကို တိုးတက်စေခြင်းငှါ ပြန့်ပြောစေခြင်းငှါ ပွါးများစေခြင်းငှါ ပြည့်စုံစေခြင်းငှါ ဖြစ်သော ရှေးဦးစွာသော အကြောင်းအထောက်အပံ့တည်း။ (၁)
ရှက်ကြောက်အပ်သော မြတ်နိုးရိုသေအပ်သော ဆရာကိုလည်းကောင်း၊ အလေးပြုအပ်သော တစ်ယောက်ယောက်သော သီတင်းသုံးဖော်ကိုလည်းကောင်း မှီ၍နေသော ထိုအကြောင်းကြောင့် ထိုပုဂ္ဂိုလ် တို့သို့ ရံဖန်ရံခါ ချဉ်းကပ်၍ “အသျှင်ဘုရား ဤအရာသည် အသို့နည်း၊ ဤပါဠိ၏ အနက်သည် အဘယ် နည်း”ဟု အဖန်ဖန် မေး၏၊ အဖန်ဖန် စိစစ်၏။ ထိုရဟန်းအား ထိုအသျှင်တို့သည် ဖုံးကွယ်သော အရာ ကိုလည်း ဖွင့်ပြကုန်၏၊ တိမ်မြုပ်သော အရာကိုလည်း ပေါ်လွင်အောင် ပြုကုန်၏၊ များစွာသော ယုံမှားဖွယ် တရားတို့၌လည်း ယုံမှားကို ဖျောက်ကုန်၏။ ဤကား မြတ်သော မဂ်အကျင့်၏ အစဖြစ်သော မရသေးသော သမ္မာဒိဋ္ဌိပညာကို ရခြင်းငှါ ရပြီးသော သမ္မာဒိဋ္ဌိပညာကို တိုးတက်စေခြင်းငှါ ပြန့်ပြောစေခြင်းငှါ ပွါး များစေခြင်းငှါ ပြည့်စုံစေခြင်းငှါ ဖြစ်သော နှစ်ခုမြောက် အကြောင်းအထောက်အပံ့တည်း။ (၂)
ထိုတရားကို ကြားနာရ၍ ကိုယ်၏ ငြိမ်းခြင်း စိတ်၏ ငြိမ်းခြင်းဟူသော ငြိမ်းခြင်းနှင့် ပြည့်စုံ၏။ ဤကား မြတ်သော မဂ်အကျင့်၏ အစဖြစ်သော မရသေးသော သမ္မာဒိဋ္ဌိပညာကို ရခြင်းငှါ ရပြီးသော သမ္မာဒိဋ္ဌိပညာကို တိုးတက်စေခြင်းငှါ ပြန့်ပြောစေခြင်းငှါ ပွါးများစေခြင်းငှါ ပြည့်စုံစေခြင်းငှါ ဖြစ်သော သုံးခုမြောက် အကြောင်းအထောက်အပံ့တည်း။ (၃)
တစ်ဖန် ထို့ပြင်လည်း ငါ့သျှင်တို့ ရဟန်းသည် သီလရှိ၏၊ ပါတိမောက္ခ သံဝရသီလကို စောင့်စည်း၍ နေ၏၊ ကောင်းသော အကျင့် ကောင်းသော ကျက်စားရာနှင့် ပြည့်စုံ၏၊ အနည်းငယ်သော အပြစ်တို့၌ ဘေးဟု ရှုလျက်နေ၏၊ သိက္ခာပုဒ်တို့၌ ဆောက်တည်၍ ကျင့်၏။ ဤကား မြတ်သော မဂ်အကျင့်၏ အစ ဖြစ်သော မရသေးသော သမ္မာဒိဋ္ဌိပညာကို ရခြင်းငှါ, ရပြီးသော သမ္မာဒိဋ္ဌိပညာကို တိုးတက်စေခြင်းငှါ, ပြန့် ပြောစေခြင်းငှါ, ပွါးများစေခြင်းငှါ, ပြည့်စုံစေခြင်းငှါ ဖြစ်သော လေးခုမြောက် အကြောင်းအထောက် အပံ့ တည်း။ (၄)
တစ်ဖန် ထို့ပြင်လည်း ငါ့သျှင်တို့ ရဟန်းသည် အကြားအမြင်များ၏၊ သင်ပြီးသည်ကို ဆောင်နိုင်၏၊ သင်ပြီးသည်ကို သိုမှီးသိမ်းဆည်းနိုင်၏၊ ထိုသို့သဘောရှိသော ရဟန်းသည် အစ၏ကောင်းခြင်း အလယ်၏ ကောင်းခြင်း အဆုံး၏ကောင်းခြင်း ရှိကုန်သော အနက်နှင့်တကွကုန်သော သဒ္ဒါနှင့်တကွကုန်သော အလုံးစုံ ပြည့်စုံခြင်းရှိသော ဖြူစင်သော အကျင့်မြတ် (သာသနာတော်) ကို ကြေညာကုန်သော တရားတို့ကို များစွာ ကြားနာသင်ယူအပ်ကုန်၏၊ ဆောင်အပ်ကုန်၏၊ နှုတ်ဖြင့် အဖန်ဖန် လေ့လာ သရဇ္ဈ ာယ်အပ်ကုန်၏၊ စိတ်ဖြင့် အဖန်ဖန် ဆင်ခြင်အပ်ကုန်၏၊ ပညာဖြင့် ထိုးထွင်းသိအပ်ကုန်၏။ ဤကား မြတ်သော မဂ်အကျင့်၏ အစဖြစ်သော မရသေးသော သမ္မာဒိဋ္ဌိပညာကို ရခြင်းငှါ, ရပြီးသော သမ္မာ ဒိဋ္ဌိပညာကို တိုးတက်စေခြင်းငှါ, ပြန့်ပြောစေခြင်းငှါ, ပွါးများစေခြင်းငှါ, ပြည့်စုံစေခြင်းငှါ ဖြစ်သော ငါးခုမြောက် အကြောင်းအထောက်အပံ့တည်း။ (၅)
တစ်ဖန် ထို့ပြင်လည်း ငါ့သျှင်တို့ ရဟန်းသည် အကုသိုလ်တရားတို့ကို ပယ်ခြင်းငှါ အားထုတ်သော ဝီရိယရှိသည်ဖြစ်၍ နေ၏၊ ကုသိုလ်တရားတို့ကို ပြည့်စုံစေခြင်းငှါ ကြံ့ခိုင်သော လုံ့လရှိ၏၊ မြဲမြံသော လုံ့လရှိ၏၊ ကုသိုလ်တရားတို့၌ မချသော ဝန်ရှိ၏။ ဤကား မြတ်သော အကျင့်၏ အစဖြစ်သော မရ သေးသော သမ္မာဒိဋ္ဌိပညာကို ရခြင်းငှါ, ရပြီးသော သမ္မာဒိဋ္ဌိပညာကို တိုးတက်စေခြင်းငှါ, ပြန့်ပြောစေခြင်း ငှါ, ပွါးများစေခြင်းငှါ, ပြည့်စုံစေခြင်းငှါ ဖြစ်သော ခြောက်ခုမြောက် အကြောင်းအထောက်အပံ့တည်း။ (၆)
တစ်ဖန် ထို့ပြင်လည်း ငါ့သျှင်တို့ ရဟန်းသည် သတိနှင့် ပြည့်စုံ၏၊ မြတ်သော သတိပညာနှင့် ပြည့်စုံသည်ဖြစ်၍ ကြာမြင့်စွာက ပြုပြီးသော အမှုကိုလည်းကောင်း၊ ကြာမြင့်စွာက ပြောသော စကားကို လည်းကောင်း အောက်မေ့နိုင်၏၊ အဖန်ဖန် အောက်မေ့နိုင်၏။ ဤကား မြတ်သော မဂ်အကျင့်၏ အစဖြစ်သော မရသေးသော သမ္မာဒိဋ္ဌိပညာကို ရခြင်းငှါ, ရပြီးသော သမ္မာဒိဋ္ဌိပညာကို တိုးတက်စေခြင်းငှါ, ပြန့် ပြောစေခြင်းငှါ, ပွါးများစေခြင်းငှါ, ပြည့်စုံစေခြင်းငှါ ဖြစ်သော ခုနစ်ခုမြောက် အကြောင်းအထောက်အပံ့ တည်း။ (၇)
တစ်ဖန် ထို့ပြင်လည်း ငါ့သျှင်တို့ ရဟန်းသည် ငါးပါးသော ဥပါဒါနက္ခန္ဓာတို့၌ ဖြစ်ခြင်း ပျက်ခြင်းကို အဖန်ဖန် ရှု၍ နေ၏၊ “ဤကား ရုပ်တည်း၊ ဤကား ရုပ်၏ ဖြစ်ကြောင်းတည်း၊ ဤကား ရုပ်၏ ချုပ်ရာတည်း၊ ဤကား ဝေဒနာတည်း၊ ဤကား ဝေဒနာ၏ ဖြစ်ကြောင်းတည်း၊ ဤကား ဝေဒနာ၏ ချုပ်ရာတည်း၊ ဤကား သညာတည်း၊ ဤကား သညာ၏ ဖြစ်ကြောင်းတည်း၊ ဤကား သညာ၏ ချုပ်ရာတည်း၊ ဤကား သင်္ခါရတည်း၊ ဤကား သင်္ခါရ၏ ဖြစ်ကြောင်းတည်း၊ ဤကား သင်္ခါရ၏ ချုပ်ရာတည်း၊ ဤကား ဝိညာဏ် တည်း၊ ဤကား ဝိညာဏ်၏ ဖြစ်ကြောင်းတည်း၊ ဤကား ဝိညာဏ်၏ ချုပ်ရာတည်း”ဟု (ရှု၍ နေ၏)။ ဤကား မြတ်သော အကျင့်၏ အစဖြစ်သော မရသေးသော သမ္မာဒိဋ္ဌိ ပညာကို ရခြင်းငှါ, ရပြီးသော သမ္မာဒိဋ္ဌိပညာကို တိုးတက်စေခြင်းငှါ, ပြန့်ပြောစေခြင်းငှါ, ပွါးများစေခြင်းငှါ,့ပြည့်စုံစေခြင်းငှါ ဖြစ်သော ရှစ်ခုမြောက် အကြောင်းအထောက်အပံ့တည်း။ ဤရှစ်ပါးသောတရားတို့သည် များသော ကျေးဇူးရှိကုန်၏။ (၈)
(ခ) ပွါးများအပ်ကုန်သော ရှစ်ပါးသောတရားတို့သည် အဘယ်တို့နည်း။ မြတ်သော မဂ္ဂင်ရှစ်ပါး တို့တည်း။ ဤမဂ္ဂင်ရှစ်ပါးတို့သည် အဘယ်တို့နည်း။ မှန်သော သိခြင်း ‘သမ္မာဒိဋ္ဌိ’၊ မှန်သော ကြံခြင်း ‘သမ္မာသင်္ကပ္ပ’၊ မှန်သော ပြောဆိုခြင်း ‘သမ္မာဝါစာ’၊ မှန်သော ပြုလုပ်ခြင်း ‘သမ္မာကမ္မ န္တ’၊ မှန်သော အသက်မွေးခြင်း ‘သမ္မာအာဇီဝ’၊ မှန်သော အားထုတ်ခြင်း ‘သမ္မာဝါယာမ’၊ မှန်သော အောက်မေ့ခြင်း ‘သမ္မာသတိ’၊ မှန်သော တည်ကြည်ခြင်း ‘သမ္မာသမာဓိ’တို့တည်း။ ဤတရားရှစ်ပါးတို့ကို ပွါးများအပ် ကုန်၏။
(ဂ) ပိုင်းခြား၍ သိအပ်သော ရှစ်ပါးသောတရားတို့သည် အဘယ်တို့နည်း။ လောကဓံတရား ရှစ်ပါးတို့တည်း။ လာဘ်ရခြင်း၊ လာဘ်မရခြင်း၊ အကျော်အစောများခြင်း၊ အကျော်အစောနည်းခြင်း၊ ကဲ့ရဲ့ခြင်း၊ ချီးမွမ်းခြင်း၊ ချမ်းသာခြင်း၊ ဆင်းရဲခြင်းတို့တည်း။ ဤရှစ်ပါးသောတရားတို့ကို ပိုင်းခြား၍ သိအပ်ကုန်၏။
(ဃ) ပယ်အပ်သော ရှစ်ပါးသောတရားတို့သည် အဘယ်တို့နည်း။ မှားသော သဘောတရား ရှစ်ပါးတို့တည်း။ မှားသော သိမြင်ခြင်း၊ မှားသော ကြံခြင်း၊ မှားသော ပြောဆိုခြင်း၊ မှားသော ပြုလုပ် ခြင်း၊ မှားသော အသက်မွေးခြင်း၊ မှားသော အားထုတ်ခြင်း၊ မှားသော အောက်မေ့ခြင်း၊ မှားသော တည်ကြည်ခြင်းတို့တည်း။ ဤရှစ်ပါးသောတရားတို့ကို ပယ်အပ်ကုန်၏။
(င) ဆုတ်ယုတ်သော အဖို့ရှိသော ရှစ်ပါးသောတရားတို့သည် အဘယ်တို့နည်း။ ပျင်းရိခြင်း အကြောင်းရှစ်ပါးတို့တည်း။ ငါ့သျှင်တို့ ဤသာသနာတော်၌ ရဟန်းသည် အမှုကိစ္စကို ပြုအပ်၏၊ ထို ရဟန်းအား ဤသို့ စိတ်အကြံ ဖြစ်၏၊ “ငါသည် အမှုကိစ္စကို ပြုရအံ့၊ အမှုကိစ္စပြုသော ငါ၏ ကိုယ်သည် ပင်ပန်းလတ္တံ့၊ ယခု ငါသည် အိပ်ဦးအံ့”ဟု (စိတ်အကြံ ဖြစ်၏)။ ထိုရဟန်းသည် အိပ်၏၊ မရောက်ရသေးသော တရားသို့ ရောက်ခြင်းငှါ မရသေးသည့် တရားကို ရခြင်းငှါ မျက်မှောက်မပြုရသေးသည့် တရားကို မျက်မှောက်ပြုခြင်းငှါ ဝီရိယကို မဖြစ်စေ။ ဤကား ရှေးဦးစွာသော ပျင်းရိခြင်း အကြောင်းတည်း။
ငါ့သျှင်တို့ တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် အမှုကိစ္စကို ပြုပြီးဖြစ်၏၊ ထိုရဟန်းအား ဤသို့သော စိတ်အကြံ ဖြစ်၏၊ “ငါသည် အမှုကိစ္စကို ပြုပြီးပြီ၊ အမှုကိစ္စပြုပြီးသော ငါ၏ ကိုယ်သည် ပင်ပန်း၏၊ ယခု ငါသည် အိပ်ဦးအံ့”ဟု (စိတ်အကြံ ဖြစ်၏)။ ထိုရဟန်းသည် အိပ်၏၊ ဝီရိယကို မဖြစ်စေ။ပ။ ဤကား နှစ်ခုမြောက်သော ပျင်းရိခြင်း အကြောင်းတည်း။
ငါ့သျှင်တို့ တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် ခရီးသွားအပ်၏၊ ထိုရဟန်းအား ဤသို့ စိတ်အကြံ ဖြစ်၏၊ “ငါသည် ခရီးသွားရအံ့၊ ခရီးသွားသော ငါ၏ ကိုယ်သည် ပင်ပန်းလတ္တံ့၊ ယခု ငါသည် အိပ်ဦး အံ့”ဟု (စိတ်အကြံ ဖြစ်၏)။ ထိုရဟန်းသည် အိပ်၏၊ ဝီရိယကို မဖြစ်စေ။ပ။ ဤကား သုံးခုမြောက်သော ပျင်းရိခြင်း အကြောင်းတည်း။
ငါ့သျှင်တို့ တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် ခရီးသွားပြီးဖြစ်၏၊ ထိုရဟန်းအား ဤသို့ စိတ် အကြံ ဖြစ်၏၊ “ငါသည် ခရီးသွားပြီးပြီ၊ ခရီးသွားသော ငါ၏ ကိုယ်သည် ပင်ပန်း၏၊ ယခု ငါသည် အိပ် ဦးအံ့”ဟု (စိတ်အကြံ ဖြစ်၏)။ ထိုရဟန်းသည် အိပ်၏၊ ဝီရိယကို မဖြစ်စေ။ပ။ ဤကား လေးခုမြောက်သော ပျင်းရိခြင်းအကြောင်းတည်း။
ငါ့သျှင်တို့ တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် ရွာသို့လည်းကောင်း၊ နိဂုံးသို့လည်းကောင်း ဆွမ်းခံသွားသည်ရှိသော် ကြမ်းသည်လည်းဖြစ်သော နုသည်လည်းဖြစ်သော ဆွမ်းဘောဇဉ်ကို အလိုရှိတိုင်း ပြည့်စုံအောင် မရ၊ ထိုရဟန်းအား ဤသို့ စိတ်အကြံ ဖြစ်၏၊ “ငါသည် ရွာသို့လည်းကောင်း၊ နိဂုံးသို့လည်းကောင်း ဆွမ်းခံသွားသည်ရှိသော် ကြမ်းသည်လည်းဖြစ်သော နုသည်လည်းဖြစ်သော ဆွမ်းဘော ဇဉ်ကို အလိုရှိတိုင်း ပြည့်စုံအောင် မရခဲ့၊ ဆွမ်းခံသွားသော ထိုငါ၏ ကိုယ်သည် ပင်ပန်း၏၊ အမှုကိစ္စကို ပြုရန် မခံ့၊ ယခု ငါသည် အိပ်ဦးအံ့”ဟု (စိတ်အကြံ ဖြစ်၏)။ ထိုရဟန်းသည် အိပ်၏၊ ဝီရိယကို မဖြစ် စေ။ပ။ ဤကား ငါးခုမြောက်သော ပျင်းရိခြင်းအကြောင်းတည်း။
ငါ့သျှင်တို့ တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် ရွာသို့လည်းကောင်း၊ နိဂုံးသို့လည်းကောင်း ဆွမ်းခံသွားသည်ရှိသော် ကြမ်းသည်လည်းဖြစ်သော နုသည်လည်းဖြစ်သော ဆွမ်းဘောဇဉ်ကို အလိုရှိတိုင်း ပြည့်စုံအောင် ရခဲ့၏၊ ထိုရဟန်းအား ဤသို့ စိတ်အကြံ ဖြစ်၏၊ “ငါသည် ရွာသို့လည်းကောင်း၊ နိဂုံးသို့ လည်းကောင်း ဆွမ်းခံသွားသည်ရှိသော် ကြမ်းသည်လည်းဖြစ်သော နုသည်လည်းဖြစ်သော ဆွမ်းကို အလို ရှိတိုင်း ပြည့်စုံအောင် ရခဲ့၏၊ ထို ငါ၏ ကိုယ်သည် လေး၏၊ အမှုကိစ္စကိုပြုရန် မခံ့၊ စိုစွတ်သော ပဲကဲ့သို့ လေး၏၊ ယခု ငါသည် အိပ်ဦးအံ့”ဟု (စိတ်အကြံ ဖြစ်၏)။ ထိုရဟန်းသည် အိပ်၏၊ ဝီရိယကို မဖြစ်စေ။ပ။ ဤကား ခြောက်ခုမြောက်သော ပျင်းရိခြင်း အကြောင်းတည်း။
ငါ့သျှင်တို့ တစ်ဖန် ထို့ပြင်လည်း ရဟန်းအား အနည်းငယ်မျှသော အနာရောဂါသည် ဖြစ်၏၊ ထိုရဟန်းအား ဤသို့ စိတ်အကြံ ဖြစ်၏၊ “ငါ့အား အနည်းငယ်မျှသော ဤအနာသည် ဖြစ်၏၊ အိပ်ခြင်းငှါ လျောက်ပတ်၏၊ ယခု ငါသည် အိပ်ဦးအံ့”ဟု (စိတ်အကြံ ဖြစ်၏)။ ထိုရဟန်းသည် အိပ်၏၊ ဝီရိယကို မဖြစ်စေ။ပ။ ဤကား ခုနစ်ခုမြောက်သော ပျင်းရိခြင်း အကြောင်းတည်း။
ငါ့သျှင်တို့ တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် အနာမှ ထ၏၊ အနာမှ ထ၍ မကြာသေး၊ ထို ရဟန်းအား ဤသို့ စိတ်အကြံ ဖြစ်၏၊ “ငါသည် အနာမှ ထ၏၊ အနာမှ ထ၍ မကြာသေး၊ ထိုငါ၏ ကိုယ်သည် အားမရှိ၊ အမှုကိစ္စကို ပြုရန်မခံ့၊ အိပ်ခြင်းငှါ လျှောက်ပတ်၏၊ ယခု ငါသည် အိပ်ဦးအံ့”ဟု (စိတ်အကြံ ဖြစ်၏)။ ထိုရဟန်းသည် အိပ်၏၊ ဝီရိယကို မဖြစ်စေ။ပ။ ဤကား ရှစ်ခုမြောက်သော ပျင်းရိ ခြင်းအကြောင်းတည်း။ ဤရှစ်ပါးသော တရားတို့သည် ဆုတ်ယုတ်သော အဖို့ရှိကုန်၏။
(စ) ထူးသော အဖို့ရှိသော ရှစ်ပါးသောတရားတို့သည် အဘယ်တို့နည်း။ အားထုတ်ခြင်းအ ကြောင်း ရှစ်ပါးတို့တည်း။ ငါ့သျှင်တို့ ဤသာသနာတော်၌ ရဟန်းသည် အမှုကိစ္စကို ပြုအပ်၏၊ ထို ရဟန်းအား ဤသို့ စိတ်အကြံ ဖြစ်၏၊ “ငါသည် အမှုကိစ္စကို ပြုရအံ့၊ အမှုကိစ္စကို ပြုသော ငါသည် မြတ်စွာဘုရားတို့၏ အဆုံးအမကို နှလုံးသွင်းရန် မလွယ်၊ ယခု ငါသည် မရောက်သေးသော တရားသို့ ရောက်ခြင်းငှါ မရသေးသော တရားကို ရခြင်းငှါ မျက်မှောက်မပြုရသေးသော တရားကို မျက်မှောက် ပြုခြင်းငှါ ဝီရိယကို ဖြစ်စေအံ့”ဟု (စိတ်အကြံ ဖြစ်၏)။ ထိုရဟန်းသည် မရောက်သေးသော တရားသို့ ရောက်ခြင်းငှါ မရသေးသောတရားကို ရခြင်းငှါ မျက်မှောက်မပြုရသေးသော တရားကို မျက်မှောက်ပြုခြင်း ငှါ ဝီရိယကို ဖြစ်စေ၏။ ဤကား ရှေးဦးစွာသော အားထုတ်ခြင်း၏ အကြောင်းတည်း။
ငါ့သျှင်တို့ တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် အမှုကိစ္စကို ပြုပြီးဖြစ်၏၊ ထိုရဟန်းအား ဤသို့သော စိတ်အကြံ ဖြစ်၏၊ “ငါသည် အမှုကိစ္စကို ပြုပြီးပြီ၊ အမှုကိစ္စကို ပြုသော ငါသည် မြတ်စွာ ဘုရားတို့၏ အဆုံးအမကို နှလုံးသွင်းရန် မစွမ်းနိုင်ခဲ့၊ ယခု ငါသည် ဝီရိယကို ဖြစ်စေအံ့”ဟု (စိတ်အကြံ ဖြစ်၏)။ ထိုရဟန်းသည် ဝီရိယကို ဖြစ်စေ၏။ပ။ ဤကား နှစ်ခုမြောက်သော အားထုတ်ခြင်း၏ အ ကြောင်းတည်း။
ငါ့သျှင်တို့ တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် ခရီးသွားအပ်၏၊ ထိုရဟန်းအား ဤသို့ စိတ်အကြံ ဖြစ်၏၊ “ငါသည် ခရီးသွားရအံ့၊ ခရီးသွားသော ငါသည် မြတ်စွာဘုရားတို့၏ အဆုံးအမကို နှလုံးသွင်းရန် မလွယ်၊ ယခု ငါသည် ဝီရိယကို ဖြစ်စေအံ့”ဟု (စိတ်အကြံ ဖြစ်၏)။ ထိုရဟန်းသည် ဝီရိယကို ဖြစ်စေ၏။ပ။ ဤကား သုံးခုမြောက်သော အားထုတ်ခြင်း၏ အကြောင်းတည်း။
ငါ့သျှင်တို့ တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် ခရီးသွားပြီး ဖြစ်၏၊ ထိုရဟန်းအား ဤသို့ စိတ်အကြံ ဖြစ်၏၊ “ငါသည် ခရီးသွားပြီးပြီ၊ ခရီးသွားသော ငါသည် မြတ်စွာဘုရားတို့၏ အဆုံးအမကို့နှလုံးသွင်းရန် မစွမ်းနိုင်၊ ယခု ငါသည် ဝီရိယကို ဖြစ်စေအံ့”ဟု (စိတ်အကြံ ဖြစ်၏)။ ထိုရဟန်းသည် ဝီရိယကို ဖြစ်စေ၏။ပ။ ဤကား လေးခုမြောက်သော အားထုတ်ခြင်း၏ အကြောင်းတည်း။
ငါ့သျှင်တို့ တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် ရွာသို့လည်းကောင်း၊ နိဂုံးသို့လည်းကောင်း ဆွမ်းခံသွားသည်ရှိသော် ကြမ်းသည်လည်းဖြစ်သော နုသည်လည်းဖြစ်သော ဆွမ်းဘောဇဉ်ကို အလိုရှိတိုင်း ပြည့်စုံအောင် မရ၊ ထိုရဟန်းအား ဤသို့ စိတ်အကြံ ဖြစ်၏၊ “ငါသည် ရွာသို့လည်းကောင်း၊ နိဂုံးသို့ လည်းကောင်း ဆွမ်းခံသွားသည်ရှိသော် ကြမ်းသည်လည်းဖြစ်သော နုသည်လည်းဖြစ်သော ဆွမ်းဘောဇဉ် ကို အလိုရှိတိုင်း ပြည့်စုံအောင် မရခဲ့၊ ထိုငါ၏ ကိုယ်သည် ပေါ့၏၊ အမှုကိစ္စကို ပြုရန်ခံ့၏၊ ယခု ငါသည် ဝီရိယကို ဖြစ်စေအံ့”ဟု (စိတ်အကြံ ဖြစ်၏)။ ထိုရဟန်းသည် ဝီရိယကို ဖြစ်စေ၏။ပ။ ဤကား ငါးခု မြောက်သော အားထုတ်ခြင်း၏ အကြောင်းတည်း။
ငါ့သျှင်တို့ တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် ရွာသို့လည်းကောင်း၊ နိဂုံးသို့လည်းကောင်း ဆွမ်းခံသွားသည်ရှိသော် ကြမ်းသည်လည်းဖြစ်သော နုသည်လည်းဖြစ်သော ဆွမ်းဘောဇဉ်ကို အလိုရှိတိုင်း ပြည့်စုံအောင်ရခဲ့၏၊ ထိုရဟန်းအား ဤသို့ စိတ်အကြံ ဖြစ်၏၊ “ငါသည် ရွာသို့လည်းကောင်း၊ နိဂုံးသို့ လည်းကောင်း ဆွမ်းခံသွားသည်ရှိသော် ကြမ်းသည်လည်းဖြစ်သော နုသည်လည်းဖြစ်သော ဆွမ်းဘောဇဉ် ကို အလိုရှိတိုင်း ပြည့်စုံအောင် ရခဲ့၏၊ ထိုငါ၏ ကိုယ်သည် အားရှိ၏၊ အမှုကိစ္စကိုပြုရန် ခံ့၏၊ ယခု ငါ သည် ဝီရိယကို ဖြစ်စေအံ့”ဟု (စိတ်အကြံ ဖြစ်၏)။ ထိုရဟန်းသည် ဝီရိယကို ဖြစ်စေ၏။ပ။ ဤကား ခြောက်ခုမြောက်သော အားထုတ်ခြင်း၏ အကြောင်းတည်း။
ငါ့သျှင်တို့ တစ်ဖန် ထို့ပြင်လည်း ရဟန်းအား အနည်းငယ်မျှသော အနာသည် ဖြစ်၏၊ ထိုရဟန်း အား ဤသို့ စိတ်အကြံ ဖြစ်၏၊ “ငါ့အား အနည်းငယ်မျှသော အနာသည် ဖြစ်၏၊ ငါ၏ အနာသည် တိုး ပွါးရာသော အကြောင်းရှိ၏၊ ယခု ငါသည် ဝီရိယကို ဖြစ်စေအံ့”ဟု (စိတ်အကြံ ဖြစ်၏)။ ထိုရဟန်းသည် ဝီရိယကို ဖြစ်စေ၏။ပ။ ဤကား ခုနစ်ခုမြောက်သော အားထုတ်ခြင်း၏ အကြောင်းတည်း။
ငါ့သျှင်တို့ တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် အနာမှ ထ၏။ အနာမှ ထ၍ မကြာသေး၊ ထို ရဟန်းအား ဤသို့ စိတ်အကြံ ဖြစ်၏၊ “ငါသည် အနာမှ ထ၏၊ အနာမှ ထ၍ မကြာသေး၊ ငါ့အား အနာရောဂါသည် ပြန်ဖြစ်ရာသော အကြောင်းရှိ၏၊ ယခု ငါသည် မရောက်ရသေးသော တရားသို့ ရောက် ခြင်းငှါ မရသေးသော တရားကို ရခြင်းငှါ မျက်မှောက်မပြုရသေးသော တရားကို မျက်မှောက်ပြုခြင်းငှါ အားထုတ်အံ့”ဟု (စိတ်အကြံ ဖြစ်၏)။ ထိုရဟန်းသည် မရောက်ရသေးသော တရားသို့ ရောက်ခြင်းငှါ မရသေးသော တရားကို ရခြင်းငှါ မျက်မှောက်မပြုရသေးသော တရားကို မျက်မှောက်ပြုခြင်းငှါ ဝီရိယကို ဖြစ်စေ၏။ ဤကား ရှစ်ခုမြောက်သော အားထုတ်ခြင်း၏ အကြောင်းတည်း။ ဤတရားရှစ်ပါးတို့သည် ထူးသော အဖို့ရှိကုန်၏။
(ဆ) ထိုးထွင်း၍ သိနိုင်ခဲသော ရှစ်ပါးသောတရားတို့သည် အဘယ်တို့နည်း။ မြတ်သော အကျင့်ကို ကျင့်ခြင်းငှါ အခွင့်မဟုတ်သော ‘အက္ခဏ’ ရှစ်ပါးတို့တည်း။ ငါ့သျှင်တို့ ဤလောက၌ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော မြတ်စွာဘုရားသည် လည်း ပွင့်တော်မူ၏၊ ကိလေသာကို ငြိမ်းစေတတ်သော နိဗ္ဗာန်သို့ ဆောင်တတ်သော မဂ်ဉာဏ်သို့ ရောက် စေတတ်သော ဘုရားတို့သည်သာ ဟောအပ်သော သစ္စာလေးပါးတရားကိုလည်း ဟောတော်မူအပ်၏၊ ဤပုဂ္ဂိုလ်သည်လည်း ငရဲဘုံသို့ ရောက်နေ၏။ ဤကား မြတ်သော အကျင့်ကို ကျင့်ခြင်းငှါ အခွင့်မဟုတ်သော ရှေးဦးစွာသော အက္ခဏတည်း။
ငါ့သျှင်တို့ တစ်ဖန် ထို့ပြင်လည်း ဤလောက၌ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော မြတ်စွာဘုရားသည်လည်း ပွင့်တော်မူ၏၊ ကိလေသာကို ငြိမ်းစေတတ်သော နိဗ္ဗာန်သို့ ဆောင်တတ်သော မဂ်ဉာဏ်သို့ ရောက်စေတတ်သော ဘုရားတို့သည်သာ့ဟောအပ်သော သစ္စာလေးပါးတရားကိုလည်း ဟောတော်မူအပ်၏၊ ဤပုဂ္ဂိုလ်သည်လည်း တိရ စ္ဆာန်ဘုံသို့ ရောက်နေ၏။ ဤကား မြတ်သော အကျင့်ကို ကျင့်ခြင်းငှါ အခွင့်မဟုတ်သော နှစ်ခုမြောက်သော အက္ခဏ တည်း။
တစ်ဖန် ထို့ပြင်လည်း ငါ့သျှင်တို့။ပ။ ပြိတ္တာဘုံသို့ ရောက်နေ၏။ ဤကား မြတ်သော အကျင့်ကို ကျင့်ခြင်းငှါ အခွင့်မဟုတ်သော သုံးခုမြောက်သော အက္ခဏတည်း။
တစ်ဖန် ထို့ပြင်လည်း ငါ့သျှင်တို့။ပ။ အသက်ရှည်သော အရူပဘုံ အသညသတ်ဘုံသို့ ရောက်နေ၏။ ဤကား မြတ်သော အကျင့်ကို ကျင့်ခြင်းငှါ အခွင့်မဟုတ်သော လေးခုမြောက်သော အက္ခဏတည်း။
တစ်ဖန် ထို့ပြင်လည်း ငါ့သျှင်တို့။ပ။ ရဟန်းယောကျာ်း ရဟန်းမိန်းမ ဥပါသကာယောကျာ်း ဥပါသိကာမိန်းမတို့ ဖြစ်ရာမဟုတ်သော သစ္စာလေးပါးကို မသိနိုင်ကုန်သော ပစ္စ န္တရစ် ဇနပုဒ်အရပ် လူရိုင်းတို့အတွင်း၌ မွေးဖွား၏။ ဤကား မြတ်သော အကျင့်ကို ကျင့်ခြင်းငှါ အခွင့်မဟုတ်သော ငါးခု မြောက်သော အက္ခဏတည်း။
တစ်ဖန် ထို့ပြင်လည်း ငါ့သျှင်တို့။ပ။ မဇ္ဈိမဒေသ ဇနပုဒ်တို့၌ မွေးဖွားသော်လည်း မှားသော အယူရှိ၏၊ ဖောက်ပြန်သော အယူရှိ၏၊ “ပေးလှူ ခြင်း (၏ အကျိုး) သည် မရှိ၊ ယဇ်ပူဇော်ခြင်း (၏ အကျိုး) သည် မရှိ၊ဟုန်းဟုခေါ်သော ပူဇော်မှုငယ်မျိုး (၏ အကျိုး) သည် မရှိ၊ ကောင်းစွာ ပြုအပ် မကောင်းသဖြင့် ပြုအပ်သော ကံတို့၏ အကျိုးရင်း အကျိုးဆက်မည်သည် မရှိ၊ ဤလောကသည် မရှိ၊ တမလွန်လောက သည် မရှိ၊ အမိကို လုပ်ကျွေးခြင်း၏ အကျိုးသည် မရှိ၊ အဖကို လုပ်ကျွေးခြင်း၏ အကျိုးသည် မရှိ၊ သေ၍ တဖန်ဖြစ်သော သတ္တဝါတို့သည် မရှိကုန်၊ ဤလောကကိုလည်းကောင်း၊ တမလွန်လောကကိုလည်း ကောင်း ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြု၍ ဟောကြားနိုင်ကုန်သော, အညီအညွတ် ကောင်းစွာ ကျင့်ကုန်သော သမဏဗြာဟ္မဏတို့သည် လောက၌ မရှိကုန်”ဟု မှားသော အယူရှိ၏၊ ဖောက်ပြန်သော အယူရှိ၏။ ဤကား မြတ်သော အကျင့်ကို ကျင့်ခြင်းငှါ အခွင့်မဟုတ်သော ခြောက်ခုမြောက်သော အက္ခဏ တည်း။
တစ်ဖန် ထို့ပြင်လည်း ငါ့သျှင်တို့။ပ။ ဤပုဂ္ဂိုလ်သည်လည်း မဇ္ဈိမဒေသတို့ ၌ မွေးဖွား၏၊ ပညာ မရှိ၊ စိတ်ဖောက်ပြန်နေသူ ဖြစ်၏၊ ဆွံ့အနေသူ ဖြစ်၏၊ ကောင်းသောတရား မကောင်းသော တရားတို့၏ အနက်သဘောကို သိခြင်းငှါ မစွမ်းနိုင်။ ဤကား မြတ်သော အကျင့်ကို ကျင့်ခြင်းငှါ အခွင့်မဟုတ်သော ခုနစ်ခုမြောက်သော အက္ခဏတည်း။
ငါ့သျှင်တို့ တစ်ဖန် ထို့ပြင်လည်း ဤလောက၌ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော မြတ်စွာဘုရားသည်လည်း ပွင့်တော်မမူ၊ ကိလေသာကို ငြိမ်းစေတတ်သော နိဗ္ဗာန်သို့ ဆောင်တတ်သော မဂ်ဉာဏ်သို့ ရောက်စေတတ်သော မြတ်စွာဘုရားတို့သည် သာ ဟောအပ်သော သစ္စာလေးပါးတရားကိုလည်း ဟောတော်မမူ၁။ ဤပုဂ္ဂိုလ်သည်လည်း မဇ္ဈိမဒေသ ဇနပုဒ်တို့ ၌ မွေးဖွား၏၊ ပညာရှိ၏၊ စိတ်မဖောက်ပြန်သူ ဖြစ်၏၊ မဆွံ့အသူ ဖြစ်၏၊ ကောင်းသောတရား မကောင်းသောတရားတို့၏ အနက်သဘောကို သိခြင်းငှါ စွမ်းနိုင်၏။ ဤကား မြတ်သော အကျင့်ကို ကျင့်ခြင်းငှါ အခွင့်မဟုတ်သော ရှစ်ခုမြောက်သော အက္ခဏတည်း။ ဤရှစ်ပါးသောတရားတို့ကို ထိုးထွင်း၍ သိနိုင်ခဲကုန်၏။
(ဇ) ဖြစ်စေအပ်သော ရှစ်ပါးသောတရားတို့သည် အဘယ်တို့နည်း။ ယောကျာ်းမြတ်တို့ အကျင့် ရှစ်ပါးတို့တည်း။ ဤအကျင့်သည် အလိုနည်းသောသူ၏ အကျင့်တည်း၊ ဤအကျင့်သည် အလိုကြီးသော သူ၏ အကျင့် မဟုတ်။ ဤအကျင့်သည် ရောင့်ရဲလွယ်သောသူ၏ အကျင့်တည်း၊ ဤအကျင့်သည် မရောင့် ရဲလွယ်သော သူ၏ အကျင့်မဟုတ်။ ဤအကျင့်သည် ဆိတ်ငြိမ်ရာ၌ မွေ့လျော်သောသူ၏ အကျင့်တည်း၊ ဤအကျင့်သည် အပေါင်းအဖော်၌ မွေ့လျော်သောသူ၏ အကျင့်မဟုတ်။ ဤအကျင့်သည် အားထုတ်ခြင်း့ဝီရိယရှိသောသူ၏ အကျင့်တည်း၊ ဤအကျင့်သည် ပျင်းရိသောသူ၏ အကျင့်မဟုတ်။ ဤအကျင့်သည် ထင်သောသတိရှိသောသူ၏ အကျင့်တည်း၊ ဤအကျင့်သည် သတိလွတ်သောသူ၏ အကျင့်မဟုတ်။ ဤအကျင့်သည် တည်ကြည်သောသူ၏ အကျင့်တည်း၊ ဤအကျင့်သည် မတည်ကြည်သောသူ၏ အကျင့် မဟုတ်။ ဤအကျင့်သည် ပညာရှိသောသူ၏ အကျင့်တည်း၊ ဤအကျင့်သည် ပညာမဲ့သောသူ၏ အကျင့် မဟုတ်။ ဤအကျင့်သည် သံသရာကို မချဲ့သောသူ၏ အကျင့်တည်း၊ ဤအကျင့်သည် သံသရာချဲ့သော သူ၏ အကျင့်မဟုတ်။ ဤရှစ်ပါးသောတရားတို့ကို ဖြစ်စေအပ်ကုန်၏။
(ဈ) ထူးသော ဉာဏ်ဖြင့် သိအပ်သော ရှစ်ပါးသော တရားတို့သည် အဘယ်တို့နည်း။ ဆန့်ကျင် ဘက် တရားနှင့် အာရုံတို့ကို လွှမ်းမိုးနိုင်ကြောင်း ‘အဘိဘာယတန’ ဈာန်ရှစ်ပါးတို့တည်း။ တစ်ဦးသော ပုဂ္ဂိုလ်သည် မိမိသန္တာန်၌ အဆင်းရုပ်ကို ရှုမှတ်၍ အပသန္တာန်၌ ကောင်းသော အဆင်း မကောင်းသော အဆင်းရှိသော ငယ်သော (ကသိုဏ်း) ရုပ်တို့ကို ရှု၏၊ “ထို (ရုပ်) တို့ကို လွှမ်းမိုး၍ (ငါ) သိသည် (ငါ) မြင်သည်”ဟု ဤသို့လည်း အမှတ် ‘သညာ’ ရှိ၏၊ ဤကား ပဌမ အဘိဘာယတန ဈာန်ပေတည်း။
တစ်ဦးသော ပုဂ္ဂိုလ်သည် မိမိသန္တာန်၌ အဆင်းရုပ်ကို ရှုမှတ်၍ အပသန္တာန်၌ ကောင်းသော အဆင်း မကောင်းသော အဆင်းရှိသော ကြီးသော (ကသိုဏ်း) ရုပ်တို့ကို ရှု၏၊ “ထို (ရုပ်) တို့ကို လွှမ်းမိုး၍ (ငါ) သိသည် (ငါ) မြင်သည်”ဟု ဤသို့လည်း အမှတ် ‘သညာ’ ရှိ၏၊ ဤကား ဒုတိယ အဘိဘာယတန ဈာန်ပေတည်း။
တစ်ဦးသော ပုဂ္ဂိုလ်သည် မိမိသန္တာန်၌ အဆင်းရုပ်ကို မရှုမှတ်မူ၍ အပသန္တာန်၌ ကောင်းသော အဆင်း မကောင်းသော အဆင်းရှိသော ငယ်သော (ကသိုဏ်း) ရုပ်တို့ကို ရှု၏၊ “ထို (ရုပ်)တို့ကို လွှမ်းမိုး ၍ (ငါ)သိသည် (ငါ)မြင်သည်”ဟု ဤသို့လည်း အမှတ် ‘သညာ’ရှိ၏၊ ဤကား တတိယ အဘိဘာယတန ဈာန်ပေတည်း။
တစ်ဦးသော ပုဂ္ဂိုလ်သည် မိမိသန္တာန်၌ အဆင်းရုပ်ကို မရှုမှတ်မူ၍ အပသန္တာန်၌ ကောင်းသော အဆင်းမကောင်းသော အဆင်းရှိသော ကြီးသော (ကသိုဏ်း) ရုပ်တို့ကို ရှု၏၊ “ထို (ရုပ်)တို့ကို လွှမ်းမိုး၍ (ငါ) သိသည် (ငါ) မြင်သည်”ဟု ဤသို့လည်း အမှတ် ‘သညာ’ရှိ၏၊ ဤကား စတုတ္ထ အဘိဘာယတန ဈာန်ပေတည်း။
တစ်ဦးသော ပုဂ္ဂိုလ်သည် မိမိသန္တာန်၌ အဆင်းရုပ်ကို မရှုမှတ်မူ၍ အပသန္တာန်၌ ညိုသောအဆင်း ညိုသောအသွေး ညိုသောအရောင်ရှိသော (ကသိုဏ်း) ရုပ်တို့ကို ရှု၏၊ ဥပမာအားဖြင့် ညိုသောအဆင်း ညိုသောအသွေး ညိုသောအရောင်ရှိသော ညိုသောအောင်မဲညိုပန်း၂ကဲ့သို့လည်းကောင်း၊ ညိုသောအဆင်း ညိုသောအသွေး ညိုသောအရောင်ရှိသော ဗာရာဏသီပြည်ဖြစ် ညိုသော နှစ်ဖက်ချော အဝတ်ကဲ့သို့လည်း ကောင်း ဤအတူ တစ်ဦးသော ပုဂ္ဂိုလ်သည် မိမိသန္တာန်၌ အဆင်းရုပ်ကို မရှုမှတ်မူ၍ အပသန္တာန်၌ ညိုသောအဆင်း ညိုသောအသွေး ညိုသောအရောင်ရှိသော ညိုသော (ကသိုဏ်း) ရုပ်တို့ကို ရှု၏၊ “ထို (ရုပ်)တို့ကို လွှမ်းမိုး၍ (ငါ) သိသည် (ငါ) မြင်သည်”ဟု ဤသို့လည်း အမှတ် ‘သညာ’ ရှိ၏၊ ဤကား ပဉ္စမ အဘိဘာယတန ဈာန်ပေတည်း။
တစ်ဦးသော ပုဂ္ဂိုလ်သည် မိမိသန္တာန်၌ အဆင်းရုပ်ကို မရှုမှတ်မူ၍ အပသန္တာန်၌ ဝါရွှေသော အဆင်း ဝါရွှေသောအသွေး ဝါရွှေသောအရောင်ရှိသော ဝါရွှေသော (ကသိုဏ်း) ရုပ်တို့ကို ရှု၏။ ဥပမာအားဖြင့် ဝါရွှေသော အဆင်း ဝါရွှေသောအသွေး ဝါရွှေသောအရောင်ရှိသော မဟာလှေကားပန်းကဲ့သို့ လည်းကောင်း၊ ဝါရွှေသောအဆင်း ဝါရွှေသောအသွေး ဝါရွှေသောအရောင်ရှိသော ဗာရာဏသီပြည်ဖြစ် ဝါရွှေသော နှစ်ဖက်ချောအဝတ်ကဲ့သို့လည်းကောင်း ဤအတူ တစ်ဦးသော ပုဂ္ဂိုလ်သည် မိမိသန္တာန်၌ အဆင်း ရုပ်တို့ကို မရှုမှတ်မူ၍ အပသန္တာန်၌ ဝါရွှေသောအဆင်း ဝါရွှေသောအသွေး ဝါရွှေသောအရောင် ရှိသော ဝါရွှေသော (ကသိုဏ်း) ရုပ်တို့ကို ရှု၏၊ “ထို (ရုပ်) တို့ကို လွှမ်းမိုး၍ (ငါ) သိသည် (ငါ)့မြင်သည်”ဟု ဤသို့လည်း အမှတ် ‘သညာ’ ရှိ၏၊ ဤကား ဆဋ္ဌအဘိဘာယတနဈာန်ပေတည်း။
တစ်ဦးသော ပုဂ္ဂိုလ်သည် မိမိသန္တာန်၌ အဆင်းရုပ်ကို မရှုမှတ်မူ၍ အပသန္တာန်၌ နီသောအဆင်း နီသောအသွေး နီသောအရောင်ရှိသော နီသော (ကသိုဏ်း) ရုပ်တို့ကို ရှု၏။ ဥပမာအားဖြင့် နီသော အဆင်း နီသောအသွေး နီသောအရောင်ရှိသော နီသောမိုးဆွေပန်းကဲ့သို့လည်းကောင်း၊ နီသောအဆင်း နီသောအသွေး နီသောအရောင်ရှိသော ဗာရာဏသီပြည်ဖြစ် နီသော နှစ်ဖက်ချောအဝတ်ကဲ့သို့လည်းကောင်း ဤအတူ တစ်ဦးသော ပုဂ္ဂိုလ်သည် မိမိသန္တာန်၌ အဆင်းရုပ်တို့ကို မရှုမှတ်မူ၍ အပသန္တာန်၌ နီသော အဆင်း နီသောအသွေး နီသောအရောင်ရှိသော နီသော (ကသိုဏ်း) ရုပ်တို့ကို ရှု၏၊ “ထို (ရုပ်)တို့ကို လွှမ်းမိုး၍ (ငါ) သိသည်၊ (ငါ) မြင်သည်”ဟု ဤသို့လည်း အမှတ် ‘သညာ’ ရှိ၏၊ ဤကား သတ္တမ အဘိဘာယတနဈာန်ပေတည်း။
တစ်ဦးသော ပုဂ္ဂိုလ်သည် မိမိသန္တာန်၌ အဆင်းရုပ်ကို မရှုမှတ်မူ၍ အပသန္တာန်၌ ဖြူသောအဆင်း ဖြူသောအသွေး ဖြူသောအရောင်ရှိသော ဖြူသော (ကသိုဏ်း) ရုပ်တို့ကို ရှု၏။ ဥပမာအားဖြင့် ဖြူသော အဆင်း ဖြူသောအသွေး ဖြူသောအရောင်ရှိသော ဖြူသောသောက်ရှူးကြယ်ကဲ့သို့လည်းကောင်း ဖြူသော အဆင်း ဖြူသောအသွေး ဖြူသောအရောင်ရှိသော ဗာရာဏသီပြည်ဖြစ် ဖြူသော နှစ်ဖက်ချော အဝတ်ကဲ့ သို့လည်းကောင်း ဤအတူ တစ်ဦးသော ပုဂ္ဂိုလ်သည် မိမိသန္တာန်၌ အဆင်းရုပ်ကို မရှုမှတ်မူ၍ အပ သန္တာန်၌ ဖြူသောအဆင်း ဖြူသောအသွေး ဖြူသောအရောင်ရှိသော ဖြူသော (ကသိုဏ်း) ရုပ်တို့ကို ရှု၏၊ “ထို (ရုပ်) တို့ကို လွှမ်းမိုး၍ (ငါ) သိသည် (ငါ) မြင်သည်”ဟု ဤသို့လည်း အမှတ် ‘သညာ’ရှိ၏၊ ဤကား အဋ္ဌမ အဘိဘာယတနဈာန်ပေတည်း။ ဤရှစ်ပါးသောတရားတို့ကို ထိုးထွင်း၍ သိအပ်ကုန်၏။
(ည) မျက်မှောက်ပြုအပ်သော ရှစ်ပါးသော တရားတို့သည် အဘယ်တို့နည်း။ လွတ်လပ်ခြင်း ‘ဝိမောက္ခ’ရှစ်ပါးတို့တည်း။ (မိမိသန္တာန်၌) ကသိုဏ်းရုပ် ဈာန်ရှိသည်ဖြစ်၍ (ပြင်ပသန္တာန်၌လည်း) (ကသိုဏ်း)ရုပ်တို့ကို ရှု၏၊ ဤကား ပဌမဝိမောက္ခပေတည်း။
မိမိသန္တာန်၌ အဆင်းရုပ်ကို မရှုမှတ်မူ၍ ပြင်ပသန္တာန်၌ (ကသိုဏ်း) ရုပ်တို့ကို ရှု၏၊ ဤကား ဒုတိယဝိမောက္ခပေတည်း။
တင့်တယ်၏ဟူ၍သာလျှင် နှလုံးသွင်း၏၊ ဤကား တတိယဝိမောက္ခပေတည်း။
ရူပသညာတို့ကို လုံးဝလွန်မြောက်၍ ပဋိဃသညာတို့ လုံးဝချုပ်သည့်ပြင် နာနတ္တသညာတို့ကို လုံးဝ နှလုံးမသွင်းမူ၍ “ကောင်းကင်သည် အဆုံးမရှိ”ဟု ပွါးများခြင်းကြောင့် အာကာသာနဉ္စာယတန (ဈာန်) သို့ ရောက်၍ နေ၏၊ ဤကား စတုတ္ထဝိမောက္ခပေတည်း။
အာကာသာနဉ္စာယတနဈာန်ကို လုံးဝလွန်မြောက်၍ “ဝိညာဉ်သည် အဆုံးမရှိ”ဟု ပွါးများခြင်းကြောင့် ဝိညာဏဉ္စာယတန (ဈာန်) သို့ ရောက်၍ နေ၏၊ ဤကား ပဉ္စမဝိမောက္ခပေတည်း။
ဝိညာဏဉ္စာယတန (ဈာန်) ကို လုံးဝလွန်မြောက်၍ “တစ်စုံတစ်ခုမျှ မရှိ”ဟု ပွါးများခြင်းကြောင့် အာကိဉ္စညာယတန (ဈာန်) သို့ ရောက်၍ နေ၏၊ ဤကား ဆဋ္ဌဝိမောက္ခပေတည်း။
အာကိဉ္စညာယတန (ဈာန်) ကို လုံးဝလွန်မြောက်၍ နေဝသညာနာသညာယတန (ဈာန်)သို့ ရောက် ၍ နေ၏၊ ဤကား သတ္တမဝိမောက္ခပေတည်း။
နေဝသညာနာသညာယတန (ဈာန်) ကို လုံးဝလွန်မြောက်၍ သညာဝေဒနာတို့၏ ချုပ်ရာ ‘နိရောဓ သမာပတ် ‘သို့ ရောက်၍ နေ၏၊ ဤကား အဋ္ဌမဝိမောက္ခပေတည်း။ ဤရှစ်ပါးသောတရားတို့ကို မျက် မှောက်ပြုအပ်ကုန်၏။
ဤသို့ ရှစ်ဆယ်သော တရားတို့သည်ဟုတ်ကုန်၏၊ မှန်ကုန်၏၊ဟုတ်မှန်ကုန်၏၊ မချွတ်ယွင်းကုန်၊ ဖောက်ပြန်သော သဘောမရှိကုန်၊ မြတ်စွာဘုရားသည် မှန်စွာ ထိုးထွင်း၍ သိအပ်ကုန်၏။
၁။ ဤနေရာ၌ ပါဠိတွင် ပေလျာလရှိသည်။ သင်္ဂီတိသုတ် ၂၂ဝ—နဝမအက္ခဏ ပါဠိတော်နှင့်အညီ ပြန်ဆိုသည်။
၂။ ဤအရာ၌ ဥမာပုပ္ဖပုဒ်၏ အနက်ကို အောက်မဲညိုပန်းထက်သာ၍ ညိုသော နှမ်းကြတ်ပန်းဟု အဘိဓာန်နိသျသစ်၌ ဆို၏။
တရား ကိုးပါးစု
၃၅၉။ ကိုးပါးသောတရားတို့သည် များသော ကျေးဇူးရှိကုန်၏။ပ။ ကိုးပါးသော တရားတို့ကို မျက်မှောက်ပြုအပ်ကုန်၏။
(က) များသော ကျေးဇူးရှိကုန်သော ကိုးပါးသော တရားတို့သည် အဘယ်တို့နည်း။ အသင့်အား ဖြင့် နှလုံးသွင်းခြင်း အကြောင်းရင်းရှိသော တရားကိုးပါးတို့တည်း။ အသင့်အားဖြင့် နှလုံးသွင်းသော သူအား ဝမ်းမြောက်ခြင်းသည် ဖြစ်၏။ ဝမ်းမြောက်ခြင်းရှိသော သူအား နှစ်သိမ့်ခြင်းသည် ဖြစ်၏။ နှစ် သိမ့်သော စိတ်ရှိသူ၏ နာမ်ရုပ် အပေါင်းသည် ငြိမ်းချမ်း၏။ နာမ်ရုပ်အပေါင်း ငြိမ်းချမ်းခြင်းရှိသော သူသည် ချမ်းသာကို ခံစား၏။ ချမ်းသာ သုခရှိသောသူ၏ စိတ်သည် တည်ကြည်၏။ စိတ်တည်ကြည် သည်ရှိသော်ဟုတ်မှန်သောအတိုင်း သိ၏ မြင်၏။ဟုတ်မှန်သောအတိုင်း သိသည် မြင်သည်ရှိသော် ငြီးငွေ့၏။ ငြီးငွေ့သည်ရှိသော် စွဲမက်ခြင်း ကင်း၏။ စွဲမက်ခြင်း ကင်းခြင်းကြောင့် ကိလေသာတို့မှ လွတ်၏။ ဤကိုးပါးသော တရားတို့သည် များသော ကျေးဇူးရှိကုန်၏။
(ခ) ပွါးများအပ်သော ကိုးပါးသော တရားတို့သည် အဘယ်တို့နည်း။ ပါရိသုဒ္ဓိကို ပွါးစေခြင်း၏ ပဓာနဖြစ်သော အကြောင်းအင်္ဂါကိုးပါးတို့တည်း။ သီလစင်ကြယ်ခြင်းဟူသော ပါရိသုဒ္ဓိကို ပွါးစေခြင်း၏ ပဓာနဖြစ်သော အကြောင်းအင်္ဂါ၊ စိတ်စင်ကြယ်ခြင်း ဟူသော ပါရိသုဒ္ဓိကို ပွါးစေခြင်း၏ ပဓာနဖြစ်သော အကြောင်းအင်္ဂါ၊ ပညာ၏ စင်ကြယ်ခြင်း ဟူသော ပါရိသုဒ္ဓိကို ပွါးစေခြင်း၏ ပဓာနဖြစ်သော အကြောင်း အင်္ဂါ၊ ယုံမှားခြင်းကို ဖျောက်နိုင်သောဉာဏ်၏ စင်ကြယ်ခြင်း ဟူသော ပါရိသုဒ္ဓိကို ပွါးစေခြင်း၏ ပဓာန ဖြစ်သော အကြောင်းအင်္ဂါ၊ မဂ်ဟုတ် မဟုတ်ကို သိသော ဉာဏ်အမြင်၏ စင်ကြယ်ခြင်း ဟူသော ပါရိသုဒ္ဓိကို ပွါးစေခြင်း၏ ပဓာနဖြစ်သော အကြောင်းအင်္ဂါ၊ မဂ်ရကြောင်း အကျင့်ကို သိသော ဉာဏ်အမြင်၏ စင်ကြယ်ခြင်း ဟူသော ပါရိသုဒ္ဓိကို ပွါးစေခြင်း၏ ပဓာနဖြစ်သောအကြောင်း အင်္ဂါ၊ ဝိပဿနာ ဉာဏ်အမြင်၏ စင်ကြယ်ခြင်းဟူသော ပါရိသုဒ္ဓိကို ပွါးစေခြင်း၏ ပဓာနဖြစ်သော အကြောင်းအင်္ဂါ၊ အရဟတ္တဖိုလ် ဉာဏ် ပညာ၏ စင်ကြယ်ခြင်း ဟူသော ပါရိသုဒ္ဓိကို ပွါးစေခြင်း၏ ပဓာနဖြစ်သော အကြောင်းအင်္ဂါ၊ အရဟတ္တဖိုလ်၏ စင်ကြယ်ခြင်း ဟူသော ပါရိသုဒ္ဓိကို ပွါးစေခြင်း၏ ပဓာနဖြစ်သော အကြောင်းအင်္ဂါတို့တည်း။ ဤကိုးပါးသော တရားတို့ကို ပွါးများအပ်ကုန်၏။
(ဂ) ပိုင်းခြား၍ သိအပ်သော ကိုးပါးသော တရားတို့သည် အဘယ်တို့နည်း။ သတ္တဝါတို့၏ နေရာကိုးပါးတို့တည်း။ ငါ့သျှင်တို့ ကိုယ်သဏ္ဌာန်ချင်း ကွဲပြား၍ ပဋိသန္ဓေသညာချင်းလည်း ကွဲပြားကုန်သော သတ္တဝါတို့သည် ရှိကုန်၏၊ အဘယ်သတ္တဝါတို့နည်း ဟူမူ — အချို့သောနတ် အချို့သော ဝိနိပါတိက နှင့် လူတို့ပင်တည်း။ ဤကား ရှေးဦးစွာသော သတ္တဝါတို့၏ နေရာတည်း။
ငါ့သျှင်တို့ ကိုယ်သဏ္ဌာန်ချင်း ကွဲပြား၍ ပဋိသန္ဓေသညာချင်း တူကုန်သော သတ္တဝါတို့သည် ရှိကုန်၏၊ အဘယ်သတ္တဝါတို့နည်း ဟူမူ — ပဌမဈာန်ဘုံ၌ ဖြစ်သော ဗြဟ္မာတို့ပင်တည်း။ ဤကား နှစ်ခုမြောက် သတ္တဝါတို့၏ နေရာတည်း။
ငါ့သျှင်တို့ ကိုယ်သဏ္ဌာန်ချင်းတူ၍ ပဋိသန္ဓေသညာချင်း ကွဲပြားကုန်သော သတ္တဝါတို့သည် ရှိကုန်၏၊ အဘယ်သတ္တဝါတို့နည်း ဟူမူ — အာဘဿရာဘုံ၌ ဖြစ်သော ဗြဟ္မာတို့ပင်တည်း။ ဤကား သုံးခုမြောက့်သတ္တဝါတို့၏ နေရာတည်း။
ငါ့သျှင်တို့ ကိုယ်သဏ္ဌာန်ချင်းတူ၍ ပဋိသန္ဓေသညာချင်းလည်း တူကုန်သော သတ္တဝါတို့သည် ရှိ ကုန်၏၊ အဘယ်သတ္တဝါတို့နည်း ဟူမူ — သုဘကိဏှာဘုံ၌ ဖြစ်သော ဗြဟ္မာတို့ပင်တည်း။ ဤကား လေးခု မြောက် သတ္တဝါတို့၏ နေရာတည်း။
ငါ့သျှင်တို့ သညာမရှိသော အာရုံကို ခံစားခြင်းမရှိသော သတ္တဝါတို့သည် ရှိကုန်၏၊ အဘယ်သတ္တဝါ တို့နည်းဟူမူ — အသညသတ်ဘုံ၌ ဖြစ်သော ဗြဟ္မာတို့ပင်တည်း။ ဤကား ငါးခုမြောက် သတ္တဝါတို့၏ နေရာတည်း။
ငါ့သျှင်တို့ ရူပသညာတို့ကို လုံးဝလွန်မြောက်၍ ပဋိဃသညာတို့ လုံးဝချုပ်သည့်ပြင် နာနတ္တသညာ တို့ကို လုံးဝနှလုံးမသွင်းမူ၍ “ကောင်းကင်သည် အဆုံးမရှိ”ဟု ပွါးများခြင်းကြောင့် အာကာသာနဉ္စာယတန ဘုံသို့ ရောက်သော သတ္တဝါတို့သည် ရှိကုန်၏။ ဤကား ခြောက်ခုမြောက် သတ္တဝါတို့၏ နေရာတည်း။
ငါ့သျှင်တို့ အာကာသာနဉ္စာယတနဈာန်ကို လုံးဝလွန်မြောက်၍ “ဝိညာဏ်သည် အဆုံးမရှိ”ဟု ပွါး များခြင်းကြောင့် ဝိညာဏဉ္စာယတနဘုံသို့ ရောက်သော သတ္တဝါတို့သည် ရှိကုန်၏၊ ဤကား ခုနစ်ခုမြောက် သတ္တဝါတို့၏ နေရာတည်း။
ငါ့သျှင်တို့ ဝိညာဏဉ္စာယတနဈာန်ကို လုံးဝလွန်မြောက်၍ “တစ်စုံတစ်ခုမျှ မရှိ”ဟု ပွါးများခြင်း ကြောင့် အာကိဉ္စညာယတနဘုံသို့ ရောက်သော သတ္တဝါတို့သည် ရှိကုန်၏၊ ဤကား ရှစ်ခုမြောက် သတ္တဝါ တို့၏ နေရာတည်း။
ငါ့သျှင်တို့ အာကိဉ္စညာယတနဈာန်ကို လုံးဝလွန်မြောက်၍ နေဝသညာနာသညာယတနဘုံသို့ ရောက်သော သတ္တဝါတို့သည် ရှိကုန်၏၊ ဤကား ကိုးခုမြောက် သတ္တဝါတို့၏ နေရာတည်း။ ဤကိုးပါးသော တရားတို့ကို ပိုင်းခြား၍ သိအပ်ကုန်၏။
(ဃ) ပယ်အပ်သော ကိုးပါးသော တရားတို့သည် အဘယ်တို့နည်း။ တဏှာအကြောင်းရင်းရှိသော ကိုးပါးသော တရားတို့တည်း။ တပ်မက်ခြင်းတဏှာကို စွဲ၍ ရှာမှီးခြင်း ဖြစ်၏။ ရှာမှီးခြင်းကို စွဲ၍ ရရှိ ခြင်း ဖြစ်၏။ ရရှိခြင်းကို စွဲ၍ ဆုံးဖြတ်ခြင်း ဖြစ်၏။ ဆုံးဖြတ်ခြင်းကို စွဲ၍ လိုချင်စွဲမက်ခြင်း ‘ဆန္ဒ ရာဂ’ ဖြစ်၏။ လိုချင်စွဲမက်ခြင်း ‘ဆန္ဒရာဂ’ကို စွဲ၍ အလွန်အားကြီးသော စွဲမက်ခြင်း ရာဂ ဖြစ်၏။ အလွန် အားကြီးသော စွဲမက်ခြင်း ရာဂကို စွဲ၍ သိမ်းဆည်းခြင်း ဖြစ်၏။ သိမ်းဆည်းခြင်းကို စွဲ၍ ဝန်တိုခြင်း ဖြစ်၏။ ဝန်တိုခြင်းကို စွဲ၍ စောင့်ရှောက်ခြင်း ဖြစ်၏။ စောင့်ရှောက်ခြင်းအကြောင်းကို စွဲ၍ ဥစ္စာဒဏ် ယူ ခြင်း ဓားလက်နက်ကိုင်ခြင်း ငြင်းခုံခြင်း ခိုက်ရန်ဖြစ်ခြင်း ဆန့်ကျင်ဘက်ပြောခြင်း ‘နင် နင် ‘ဟုဆိုခြင်း ကုန်း တိုက်ခြင်း မဟုတ်မမှန်ပြောခြင်း ဟူသော များစွာသော ယုတ်မာသော အကုသိုလ်တရားတို့သည် ဖြစ်ကုန်၏။ ဤကိုးပါးသော တရားတို့ကို ပယ်အပ်ကုန်၏။
(င) ယုတ်သော အဖို့ရှိသော ကိုးပါးသော တရားတို့သည် အဘယ်တို့နည်း။ ခိုက်ရန်ဖြစ်ခြင်း အ ကြောင်း ကိုးပါးတို့တည်း။ “ငါ၏ အကျိုးမဲ့ကို ပြုကျင့်ဖူးသည်”ဟု ရန်ငြိုးဖွဲ့၏၊ “ငါ၏ အကျိုးမဲ့ကို ပြု နေဆဲ”ဟု ရန်ငြိုးဖွဲ့၏၊ “ငါ၏ အကျိုးမဲ့ကို ပြုလတ္တံ့”ဟု ရန်ငြိုးဖွဲ့၏။
“ ငါ ချစ်ခင်နှစ်သက်သော ပုဂ္ဂိုလ်၏ အကျိုးမဲ့ကို ပြုဖူးသည်”ဟု ရန်ငြိုးဖွဲ့၏။ပ။ အကျိုးမဲ့ကို ပြုနေဆဲ”ဟု ရန်ငြိုးဖွဲ့၏။ပ။ အကျိုးမဲ့ကို ပြုလတ္တံ့”ဟု ရန်ငြိုးဖွဲ့၏။
“ငါ မချစ်ခင် မနှစ်သက်အပ်သော ပုဂ္ဂိုလ်၏ အကျိုးကို ပြုဖူးသည်”ဟု ရန်ငြိုးဖွဲ့၏။ပ။ အကျိုးကို ပြုနေဆဲ”ဟု ရန်ငြိုးဖွဲ့၏။ပ။ အကျိုးကို ပြုလတ္တံ့”ဟု ရန်ငြိုးဖွဲ့၏။ ဤတရားကိုးပါးတို့သည် ယုတ်သော အဖို့ရှိကုန်၏။
(စ) ထူးသော အဖို့ရှိသော ကိုးပါးသော တရားတို့သည် အဘယ်တို့နည်း။ ရန်ငြိုးပြေကြောင်း့ကိုးပါးတို့တည်း။ “ငါ၏ အကျိုးမဲ့ကို ပြုဖူးသည်ဟု ထိုအကျိုးမဲ့ပြုခြင်းကို ဤပုဂ္ဂိုလ်၌ အဘယ်မှာ ရနိုင် အံ့နည်း”ဟု ရန်ငြိုးကို ဖြေ၏၊ “ငါ၏ အကျိုးမဲ့ကို ပြုနေဆဲဟု ထိုအကျိုးမဲ့ပြုခြင်းကို ဤပုဂ္ဂိုလ်၌ အဘယ်မှာ ရနိုင်အံ့နည်း”ဟု ရန်ငြိုးကို ဖြေ၏၊ “ငါ၏ အကျိုးမဲ့ကို ပြုလတ္တံ့ဟု ထိုအကျိုးမဲ့ပြုခြင်းကို ဤပုဂ္ဂိုလ်၌ အဘယ်မှာ ရနိုင်အံ့နည်း”ဟု ရန်ငြိုးကို ဖြေ၏။
“ငါ ချစ်ခင်နှစ်သက်အပ်သော ပုဂ္ဂိုလ်၏ အကျိုးမဲ့ကို ပြုဖူးပြီ။ပ။ အကျိုးမဲ့ကို ပြုနေဆဲ။ပ။ အကျိုး မဲ့ကို ပြုလတ္တံ့ဟု ထိုအကျိုးမဲ့ပြုခြင်းကို ဤပုဂ္ဂိုလ်၌ အဘယ်မှာ ရနိုင်အံ့နည်း”ဟု ရန်ငြိုးကို ဖြေ၏။
“ငါ မချစ်ခင်မနှစ်သက်သော ပုဂ္ဂိုလ်၏ အကျိုးကို ပြုဖူးသည်။ပ။ အကျိုးကို ပြုနေဆဲ။ပ။ အကျိုး ကို ပြုလတ္တံ့ဟု ထိုအကျိုးမဲ့ပြုခြင်းကို ဤပုဂ္ဂိုလ်၌ အဘယ်မှာ ရနိုင်အံ့နည်း”ဟု ရန်ငြိုးကို ဖြေ၏။ ဤကိုးပါးသော တရားတို့သည် ထူးသော အဖို့ရှိကုန်၏။
(ဆ) ထိုးထွင်း၍ သိနိုင်ခဲသော ကိုးပါးသော တရားတို့သည် အဘယ်တို့နည်း။ ထူးသည့်အဖြစ်ကို ပြုတတ်သော တရားကိုးပါးတို့တည်း။ ဓာတ်ထူးခြင်းကို စွဲ၍ ဖဿထူးခြင်း ဖြစ်၏။ ဖဿထူးခြင်းကို စွဲ၍ ဝေဒနာထူးခြင်း ဖြစ်၏။ ဝေဒနာထူးခြင်းကို စွဲ၍ ကာမသညာ စသည် ထူးခြင်း ဖြစ်၏။ ကာမသညာ စသည် ထူးခြင်းကို စွဲ၍ အကြံထူးခြင်း ဖြစ်၏။ အကြံထူးခြင်းကို စွဲ၍ လိုချင်ခြင်း ဆန္ဒထူးခြင်း ဖြစ်၏။ လိုချင်ခြင်း ဆန္ဒထူးခြင်းကို စွဲ၍ ပူလောင်ခြင်းထူးခြင်း ဖြစ်၏။ ပူလောင်ခြင်းထူးခြင်းကို စွဲ၍ ရှာမှီးခြင်း ထူးခြင်း ဖြစ်၏။ ရှာမှီးခြင်း ထူးခြင်းကို စွဲ၍ ရခြင်းထူးခြင်း ဖြစ်၏။ ရခြင်းထူးခြင်းကို စွဲ၍ မှတ်ထင်မှု ထူးခြင်း ဖြစ်၏။ ဤကိုးပါးသော တရားတို့ကို ထိုးထွင်း၍ သိနိုင်ခဲကုန်၏။
(ဇ) ဖြစ်စေအပ်သော ကိုးပါးသော တရားတို့သည် အဘယ်တို့နည်း။ ကိုးပါးသော သညာတို့ တည်း။ မတင့်တယ် ဟူသော အမှတ်သညာ၊ သေခြင်း ဟူသော အမှတ်သညာ၊ အစာအာဟာရ၌ စက်ဆုပ် ဖွယ်ဟူသော အမှတ်သညာ၊ အလုံးစုံသော လောက၌ မွေ့လျော်ဖွယ်မရှိ ဟူသော အမှတ်သညာ၊ မမြဲ ဟူသော အမှတ်သညာ၊ မမြဲသော ‘အနိစ္စ’ တရား၌ ဆင်းရဲ၏ ဟူသော အမှတ်သညာ၊ ဆင်းရဲ ‘ဒုက္ခ’ တရား၌ အနတ္တဟူသော အမှတ်သညာ၊ ပယ်ခြင်း ဟူသော အမှတ်သညာ၊ တပ်ခြင်းကင်းသော အမှတ် သညာတို့တည်း။ ဤကိုးပါးသော တရားတို့ကို ဖြစ်စေအပ်ကုန်၏။
(ဈ) ထူးသော ဉာဏ်ဖြင့် သိအပ်သော ကိုးပါးသော တရားတို့သည် အဘယ်တို့နည်း။ အစဉ် အတိုင်း ဝင်စားအပ်သော သမာပတ်ကိုးပါးတို့တည်း။
ငါ့သျှင်တို့ ဤသာသနာတော်၌ ရဟန်းသည် ကာမဂုဏ်တို့မှ ကင်းဆိတ်၍သာလျှင် အကုသိုလ် တရားတို့မှ ကင်းဆိတ်၍သာလျှင် ကြံစည်ခြင်း ‘ဝိတက် ‘နှင့် တကွဖြစ်သော သုံးသပ်ဆင်ခြင်ခြင်း ‘ဝိစာရ’ နှင့် တကွဖြစ်သော (နီဝရဏ) ကင်းဆိတ်ခြင်းကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’, ချမ်းသာခြင်း ‘သုခ’ ရှိသော ပဌမဈာန်သို့ ရောက်၍ နေ၏။ ဝိတက် ဝိစာရငြိမ်းခြင်းကြောင့်။ပ။ ဒုတိယဈာန်သို့ ရောက်၍ နေ၏။ နှစ်သိမ့်ခြင်း ‘ပီတိ’ကိုလည်း မတပ်မက်ခြင်းကြောင့်။ပ။ တတိယဈာန်သို့ ရောက်၍ နေ၏။ ချမ်း သာဆင်းရဲကို ပယ်ခြင်းကြောင့်လည်းကောင်း။ပ။ စတုတ္ထဈာန်သို့ ရောက်၍ နေ၏။ ရုပ်သညာတို့ကို လုံးဝ လွန်မြောက်ခြင်းကြောင့်။ပ။ အာကာသာနဉ္စာယတနဈာန်သို့ ရောက်၍ နေ၏။ အာကာသာနဉ္စာယတန ဈာန်ကို လုံးဝလွန်မြောက်၍ “ဝိညာဏ်သည် အဆုံးမရှိ”ဟု ပွါးများခြင်းကြောင့် ဝိညာဏဉ္စာယတနဈာန်သို့ ရောက်၍ နေ၏။ ဝိညာဏဉ္စာယတနဈာန်ကို လုံးဝလွန်မြောက်၍ “တစ်စုံတစ်ခုမျှ မရှိ”ဟု ပွါးများခြင်း ကြောင့် အာကိဉ္စညာယတနဈာန်သို့ ရောက်၍ နေ၏။ အာကိဉ္စညာယတနဈာန်ကို လုံးဝလွန်မြောက်၍ နေဝ သညာနာသညာယတနဈာန်သို့ ရောက်၍ နေ၏။ နေဝသညာနာသညာယတနဈာန်ကို လုံးဝလွန် မြောက်၍ သညာ ဝေဒနာတို့၏ ချုပ်ခြင်းသို့ ရောက်၍ နေ၏။ ဤကိုးပါးသော တရားတို့ကို ထူးသော ဉာဏ်ဖြင့် သိအပ်ကုန်၏။
(ည) မျက်မှောက်ပြုအပ်သော ကိုးပါးသော တရားတို့သည် အဘယ်တို့နည်း။ အစဉ်အတိုင်း ချုပ်ခြင်း့ကိုးပါးတို့တည်း။ ပဌမဈာန်ကို ဝင်စားသော ပုဂ္ဂိုလ်အား ကာမသညာသည် ချုပ်၏၊ ဒုတိယဈာန် ဝင်စားသော ပုဂ္ဂိုလ်အား ဝိတက် ဝိစာရတို့သည် ချုပ်ကုန်၏၊ တတိယဈာန် ဝင်စားသော ပုဂ္ဂိုလ်အား နှစ်သိမ့်မှု ‘ပီတိ’သည်ချုပ်၏၊ စတုတ္ထဈာန်ဝင်စားသော ပုဂ္ဂိုလ်အား ထွက်သက် ဝင်သက်တို့သည် ချုပ်ကုန်၏၊ အာကာသာနဉ္စာယတန ဈာန်ဝင်စားသော ပုဂ္ဂိုလ်အား ရုပ်သညာသည် ချုပ်၏၊ ဝိညာဏဉ္စာယတန ဈာန်ဝင်စားသော ပုဂ္ဂိုလ်အား အာကာသာနဉ္စာယတနသညာသည် ချုပ်၏၊ အာကိဉ္စညာယတနဈာန်ဝင်စားသော ပုဂ္ဂိုလ်အား ဝိညာဏဉ္စာယတနသညာသည် ချုပ်၏၊ နေဝသညာနာသညာယတနဈာန်ဝင်စားသော ပုဂ္ဂိုလ်အား အာကိဉ္စညာယတနသညာသည် ချုပ်၏၊ သညာဝေဒနာတို့ ချုပ်သော နိရောဓသမာပတ်ကို ဝင်စားသော ပုဂ္ဂိုလ်အား သညာသည်လည်းကောင်း ဝေဒနာသည်လည်းကောင်း ချုပ်၏။ ဤကိုးပါးသော တရားတို့ကို မျက်မှောက်ပြုအပ်ကုန်၏။
ဤသို့ ဤကိုးဆယ်သော တရားတို့သည်ဟုတ်ကုန်၏၊ မှန်ကုန်၏၊ဟုတ်မှန်ကုန်၏၊ မချွတ်ယွင်း ကုန်၊ ဖောက်ပြန်သော သဘောမရှိကုန်၊ မြတ်စွာဘုရားသည် မှန်စွာ ထိုးထွင်း၍ သိအပ်ကုန်၏။
တရား ဆယ်ပါးစု
၃၆ဝ။ ဆယ်ပါးသော တရားတို့သည် များသော ကျေးဇူးရှိကုန်၏။ပ။ ဆယ်ပါးသော တရားတို့ကို မျက်မှောက်ပြုအပ်ကုန်၏။
(က) များသော ကျေးဇူးရှိကုန်သော ဆယ်ပါးသော တရားတို့သည် အဘယ်တို့နည်း။ မှီခိုရာပြု တတ်သော တရားဆယ်ပါးတို့တည်း။ ငါ့သျှင်တို့ သာသနာတော်၌ ရဟန်းသည် သီလရှိ၏၊ ပါတိမောက္ခ သံဝရသီလကို စောင့်ထိန်းလျက် နေ၏၊ အကျင့် ‘အာစာရ’, ကျက်စားရာ ‘ဂေါစရ’ နှင့် ပြည့်စုံ၏၊ အနည်း ငယ်မျှသော အပြစ်တို့၌သော်လည်း ဘေးဟု ရှုလေ့ရှိ၏၊ သိက္ခာပုဒ်တို့၌ ကောင်းစွာ ဆောက်တည်၍ ကျင့်၏။ ငါ့သျှင်တို့ ရဟန်းသည် ယင်းသို့ သီလရှိ၏။ပ။ သိက္ခာပုဒ်တို့၌ ကောင်းစွာ ဆောက်တည်၍ ကျင့်၏။ ဤတရားသည်လည်း မှီခိုရာပြုတတ်သော တရားတည်း။ (၁)
ငါ့သျှင်တို့ တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် များသော အကြားအမြင်ရှိ၏။ပ။ ပညာဖြင့် ထိုးထွင်း၍ သိအပ်ကုန်၏။ ငါ့သျှင်တို့ ရဟန်းသည် ယင်းသို့ များစွာသော အကြားအမြင် ရှိ၏။ပ။ ဤတရားသည်လည်း မှီခိုရာပြုတတ်သော တရားတည်း။ (၂)
ငါ့သျှင်တို့ တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် အဆွေခင်ပွန်းကောင်း ရှိ၏၊ အပေါင်းအဖော်ကောင်း ရှိ၏၊ အဆွေခင်ပွန်းကောင်းတို့၌ ညွတ်သော စိတ်ရှိ၏။ ငါ့သျှင်တို့ ရဟန်းသည် ယင်းသို့။ပ။ အဆွေ ခင်ပွန်းကောင်းတို့၌ ညွတ်သောစိတ် ရှိ၏။ ဤတရားသည်လည်း မှီခိုရာပြုတတ်သော တရားတည်း။ (၃)
ငါ့သျှင်တို့ တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် ဆိုဆုံးမလွယ်၏၊ ထိုဆိုဆုံးမလွယ်ခြင်းကို ပြုတတ်သော တရားတို့နှင့် ပြည့်စုံ၏၊ သည်းခံနိုင်၏၊ အဆုံးအမကို အရိုအသေ ခံယူတတ်၏။ ငါ့သျှင်တို့ ရဟန်း သည် ယင်းသို့။ပ။ အဆုံးအမကို အရိုအသေခံယူတတ်၏။ ဤတရားသည်လည်း မှီခိုရာပြုတတ်သော တရားတည်း။ (၄)
ငါ့သျှင်တို့ တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် သီတင်းသုံးဖော်တို့၏ အသို့ပြုရမည်နည်းဟု ဆို၍ ပြု အပ်သော အယုတ် အမြတ်ဖြစ်သော ကိစ္စတို့၌ လိမ္မာ၏၊ ပျင်းရိခြင်း မရှိ၊ ထိုထိုအကြောင်း၌ လိမ္မာသော ပညာနှင့် ပြည့်စုံ၏၊ ပြုခြင်းငှါ စွမ်းနိုင်၏၊ စီရင်ခြင်းငှါ စွမ်းနိုင်၏။ ငါ့သျှင်တို့ ရဟန်းသည် ယင်းသို့။ပ။ စီရင်ခြင်းငှါ စွမ်းနိုင်၏။ ဤတရားသည်လည်း မှီခိုရာပြုတတ်သော တရားတည်း။ (၅)
ငါ့သျှင်တို့ တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် တရားတော်ကို အလိုရှိ၏၊ ချစ်ဖွယ်ကို ပြောဆို တတ်၏၊ လွန်မြတ်သော သုတ် အဘိဓမ္မာ ဝိနည်းတရား၌ များစွာ မြတ်နိုးခြင်း ရှိ၏။ ငါ့သျှင်တို့ ရဟန်း သည် ယင်းသို့။ပ။ များစွာ မြတ်နိုးခြင်း ရှိ၏။ ဤတရားသည်လည်း မှီခိုရာပြုတတ်သော တရားတည်း။ (၆)
ငါ့သျှင်တို့ တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် ရရသမျှသော သင်္ကန်း ဆွမ်း ကျောင်း သူနာ၏ အထောက်အပံ့ ဆေး ဟူသော အဆောက်အဦတို့ဖြင့် ရောင့်ရဲ၏။ ငါ့သျှင်တို့ ရဟန်းသည်။ပ။ အဆောက် အဦတို့ဖြင့် ရောင့်ရဲ၏။ ဤတရားသည်လည်း မှီခိုရာပြုတတ်သော တရားတည်း။ (၇)
ငါ့သျှင်တို့ တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် အားထုတ်အပ်သော ဝီရိယရှိသည် ဖြစ်၍နေ၏။ပ။ ကုသိုလ်တရားတို့၌။ ငါ့သျှင်တို့ ရဟန်းသည် ယင်းသို့။ပ။ ဤတရားသည်လည်း မှီခိုရာပြုတတ်သော တရားတည်း။ (၈)
ငါ့သျှင်တို့ တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် သတိရှိ၏၊ လွန်မြတ်သော သတိ ပညာနှင့် ပြည့်စုံ၏၊ ကြာမြင့်စွာ ပြုပြီးသော အလုပ်ကိုလည်းကောင်း ကြာမြင့်စွာ ပြောပြီးသော စကားကိုလည်းကောင်း အောက်မေ့နိုင်၏၊ အဖန်တလဲလဲ အောက်မေ့နိုင်၏။ ငါ့သျှင်တို့ ရဟန်းသည် ယင်းသို့။ပ။ ဤတရားသည် လည်း မှီခိုရာ ပြုတတ်သော တရားတည်း။ (၉)
ငါ့သျှင်တို့ တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် ပညာရှိ၏၊ အဖြစ်အပျက်ကို သိသော ဖြူစင်သော ကိလေသာကို ဖျက်ဆီးနိုင်သော အကြွင်းမဲ့ ဆင်းရဲကုန်ရာ နိဗ္ဗာန်သို့ ရောက်စေတတ်သော ပညာနှင့် ပြည့် စုံ၏။ ငါ့သျှင်တို့ ရဟန်းသည် ယင်းသို့။ပ။ ဤတရားသည်လည်း မှီခိုရာပြုတတ်သော တရားတည်း။ ဤတရားဆယ်ပါးတို့သည် များသော ကျေးဇူးရှိကုန်၏။ (၁ဝ)
(ခ) ပွါးစေအပ်ကုန်သော ဆယ်ပါးသော တရားတို့သည် အဘယ်တို့နည်း။ ကသိုဏ်းအာရုံ ဆယ်ပါးတို့တည်း။ အချို့သော ရဟန်းသည် အထက် အောက် ဖီလာဖြစ်သော နှစ်ခု မဟုတ်သော အပိုင်းအခြားမရှိသော ပထဝီကသိုဏ်းကို သိ၏၊ အချို့သော ရဟန်းသည် အာပေါကသိုဏ်းကို သိ၏။ပ။ အချို့သော ရဟန်းသည် တေဇောကသိုဏ်းကို သိ၏။ အချို့သော ရဟန်းသည် ဝါယောကသိုဏ်းကို သိ၏။ အချို့သော ရဟန်းသည် နီလကသိုဏ်းကို သိ၏။ အချို့သော ရဟန်းသည် ပီတကသိုဏ်းကို သိ၏။ အချို့သော ရဟန်းသည် လောဟိတကသိုဏ်းကို သိ၏။ အချို့သော ရဟန်းသည် သြဒါတ ကသိုဏ်းကို သိ၏။ အချို့သော ရဟန်းသည် အာကာသကသိုဏ်းကို သိ၏။ အချို့သော ရဟန်းသည် အထက် အောက် ဖီလာဖြစ်သော နှစ်ခုမဟုတ်သော အပိုင်းအခြားမရှိသော ဝိညာဏကသိုဏ်းကို သိ၏။ ဤဆယ်ပါးသော တရားတို့ကို ပွါးစေအပ်ကုန်၏။
(ဂ) ပိုင်းခြား၍ သိအပ်သော ဆယ်ပါးသော တရားတို့သည် အဘယ်တို့နည်း။ အာယတန ဆယ်ပါးတို့တည်း။ စက္ခုအာယတန၊ ရူပါရုံအာယတန၊ သောတအာယတန၊ သဒ္ဒါရုံအာယတန၊ ဃာန အာယတန၊ ဂန္ဓာရုံ အာယတန၊ ဇိဝှါအာယတန၊ ရသာရုံအာယတန၊ ကာယအာယတန၊ ဖောဋ္ဌဗ္ဗာရုံ အာယတန။ ဤဆယ်ပါးသော တရားတို့ကို ပိုင်းခြား၍ သိအပ်ကုန်၏။
(ဃ) ပယ်အပ်သော ဆယ်ပါးသော တရားတို့သည် အဘယ်တို့နည်း။ မှားသော အကျင့်ဆယ်ပါး တို့တည်း။ မှားသောအယူ၊ မှားသောအကြံ၊ မှားသောပြောဆိုမှု၊ မှားသောပြုလုပ်မှု၊ မှားသော အသက် မွေးမှု၊ မှားသောအားထုတ်မှု၊ မှားသောအောက်မေ့မှု၊ မှားသောတည်ကြည်မှု၊ မှားသောအသိဉာဏ်၊ မှားသောလွတ်မြောက်မှုတို့တည်း။ ဤဆယ်ပါးသော တရားတို့ကို ပယ်အပ်ကုန်၏။
(င) ယုတ်သော အဖို့ရှိသော ဆယ်ပါးသော တရားတို့သည် အဘယ်တို့နည်း။ အကုသိုလ် ကမ္မပထတရား ဆယ်ပါးတို့တည်း။ သူ့အသက်ကို သတ်ခြင်း၊ မပေးသည်ကို ခိုးယူခြင်း၊ ကာမဂုဏ်တို့၌ မှားသောအားဖြင့် ကျင့်ခြင်း၊ မဟုတ်မမှန်ပြောခြင်း၊ ကုန်းတိုက်ခြင်း၊ ကြမ်းတမ်းသောစကားကို ပြောခြင်း၊ ပြိန်ဖျင်းသောစကားကို ပြောခြင်း၊ လွန်စွာမက်မောခြင်း၊ ပျက်စီးစေလိုခြင်း၊ မှားသောအယူရှိခြင်းတို့ တည်း။ ဤဆယ်ပါးသော တရားတို့သည် ယုတ်သော အဖို့ရှိကုန်၏။
(စ) ထူးသော အဖို့ရှိသော ဆယ်ပါးသော တရားတို့သည် အဘယ်တို့နည်း။ ကုသိုလ်ကမ္မပထ တရား ဆယ်ပါးတို့တည်း။ သူ့အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်ခြင်း၊ မပေးသည်ကို ခိုးယူခြင်းမှ ရှောင့်ကြဉ်ခြင်း၊ ကာမဂုဏ်တို့၌ မှားသောအားဖြင့် ကျင့်ခြင်းမှ ရှောင်ကြဉ်ခြင်း၊ မဟုတ်မမှန်ပြောခြင်းမှ ရှောင် ကြဉ်ခြင်း၊ ကုန်းတိုက်ခြင်းမှ ရှောင်ကြဉ်ခြင်း၊ ကြမ်းတမ်းသောစကားမှ ရှောင်ကြဉ်ခြင်း၊ ပြိန်ဖျင်းသော စကားကို ပြောခြင်းမှ ရှောင်ကြဉ်ခြင်း၊ လွန်စွာ မမက်မောခြင်း၊ မပျက်စီးစေလိုခြင်း၊ မှန်သောအယူကို ယူခြင်းတို့တည်း။ ဤဆယ်ပါးသော တရားတို့သည် ထူးသော အဖို့ရှိကုန်၏။
(ဆ) ထိုးထွင်း၍ သိနိုင်ခဲကုန်သော ဆယ်ပါးသော တရားတို့သည် အဘယ်တို့နည်း။ မြတ်သော အကျင့် ဆယ်ပါးတို့တည်း။ ငါ့သျှင်တို့ ဤသာသနာတော်၌ ရဟန်းသည် ငါးပါးသောအင်္ဂါကို ပယ်ပြီး ဖြစ်၏၊ ခြောက်ပါးသော အင်္ဂါရှိသော ဥပေက္ခာနှင့် ပြည့်စုံ၏၊ တစ်ခုသော စောင့်ရှောက်ခြင်းရှိ၏၊ လေးပါးသော မှီရာရှိ၏၊ အသီးအသီး များစွာသော သစ္စာတို့ကို ပယ်အပ်ကုန်၏၊ အလုံးစုံသော ရှာမှီးခြင်းကို ပယ်ပြီးဖြစ်၏၊ ကြည်လင်သော အကြံရှိ၏၊ ငြိမ်းသော ကာယသင်္ခါရရှိ၏၊ ကိလေသာတို့မှ လွတ်သော စိတ်ရှိ၏၊ ကိလေသာတို့မှ လွတ်သော ပညာရှိ၏။
ငါ့သျှင်တို့ ရဟန်းသည် အဘယ်သို့လျှင် ငါးပါးသောအင်္ဂါကို ပယ်ပြီးဖြစ်သနည်း။ ငါ့သျှင်တို့ ဤသာသနာတော်၌ ရဟန်းသည် ကာမစ္ဆန္ဒကို ပယ်ပြီးဖြစ်၏၊ ဒေါသကို ပယ်ပြီးဖြစ်၏၊ ထိုင်းမှိုင်းခြင်းကို ပယ်ပြီးဖြစ်၏၊ ပျံ့လွင့်ခြင်း နောင်တပူပန်ခြင်းကို ပယ်ပြီးဖြစ်၏၊ ယုံမှားခြင်းကို ပယ်ပြီးဖြစ်၏။ ငါ့သျှင် တို့ ဤသို့လျှင် ရဟန်းသည် ငါးပါးသောအင်္ဂါကို ပယ်ပြီးဖြစ်၏။ (၁)
ငါ့သျှင်တို့ ရဟန်းသည် အဘယ်သို့လျှင် ခြောက်ပါးသော အင်္ဂါရှိသော ဥပေက္ခာနှင့် ပြည့်စုံသနည်း။ ငါ့သျှင်တို့ ဤသာသနာတော်၌ ရဟန်းသည် မျက်စိဖြင့် ရူပါရုံကို မြင်သော် ဝမ်းလည်းမသာ ဝမ်းလည်း မနည်း၊ သတိပညာနှင့် ပြည့်စုံသည်ဖြစ်၍ လျစ်လျူရှု၍သာ နေ၏။ နားဖြင့် အသံကို ကြားသော်။ပ။ စိတ်ဖြင့် ဓမ္မာရုံကို သိသော် ဝမ်းလည်းမသာ ဝမ်းလည်းမနည်း၊ သတိပညာနှင့် ပြည့်စုံသည် ဖြစ်၍ လျစ်လျူရှု၍သာ နေ၏။ ငါ့သျှင်တို့ ဤသို့လျှင် ရဟန်းသည် ခြောက်ပါးသော အင်္ဂါရှိသော ဥပေက္ခာနှင့် ပြည့်စုံ၏။ (၂)
ငါ့သျှင်တို့ ရဟန်းသည် အဘယ်သို့လျှင် တစ်ခုသော စောင့်ရှောက်ခြင်း ရှိသနည်း။ ငါ့သျှင်တို့ ဤသာသနာတော်၌ ရဟန်းသည် သတိတည်းဟူသော အစောင့်အရှောက် စိတ်နှင့် ပြည့်စုံ၏။ ငါ့သျှင်တို့ ဤသို့လျှင် ရဟန်းသည် တစ်ခုသော စောင့်ရှောက်ခြင်း ရှိ၏။ (၃)
ငါ့သျှင်တို့ ရဟန်းသည် အဘယ်သို့လျှင် လေးပါးသော မှီရာရှိသနည်း။ ငါ့သျှင်တို့ ဤသာသနာ တော်၌ ရဟန်းသည် ဆင်ခြင်၍ အချို့ကို မှီဝဲ၏၊ ဆင်ခြင်၍ အချို့ကို သည်းခံ၏၊ ဆင်ခြင်၍ အချို့ကို ပယ်ဖျောက်၏၊ ဆင်ခြင်၍ အချို့ကို ရှောင်ကြဉ်၏။ ငါ့သျှင်တို့ ဤသို့လျှင် ရဟန်းသည် လေးပါးသော မှီရာရှိ၏။ (၄)
ငါ့သျှင်တို့ ရဟန်းသည် အဘယ်သို့လျှင် အသီးအသီး များစွာသော သစ္စာတို့ကို ပယ်အပ်ကုန် သနည်း။ ငါ့သျှင်တို့ ဤသာသနာတော်၌ ရဟန်းသည် များစွာသော သမဏဗြာဟ္မဏတို့၏ များစွာသော အသီးအသီးသော အလုံးစုံသော သစ္စာတို့ကို နုတ်အပ်ကုန်၏၊ ကောင်းစွာ နုတ်အပ်ကုန်၏၊ စွန့်အပ် ကုန်၏၊ အန်အပ်ကုန်၏၊ လွှတ်အပ်ကုန်၏၊ ပယ်အပ်ကုန်၏၊ ငြိမ်းစေအပ်ကုန်၏။ ငါ့သျှင်တို့ ဤသို့လျှင် ရဟန်းသည် အသီးအသီး များစွာသော သစ္စာတို့ကို ပယ်အပ်ကုန်၏။ (၅)
ငါ့သျှင်တို့ ရဟန်းသည် အဘယ်သို့လျှင် အလုံးစုံသော ရှာမှီးခြင်းကို စွန့်အပ်သနည်း။ ငါ့သျှင်တို့ ဤသာသနာတော်၌ ရဟန်းသည် ကာမဂုဏ် ရှာမှီးခြင်းကို ပယ်အပ်၏၊ ဘဝ၌ ရှာမှီးခြင်းကို ပယ်အပ်၏၊ မြတ်သောအကျင့် ရှာမှီးခြင်းကို ငြိမ်းစေအပ်၏။ ငါ့သျှင်တို့ ဤသို့လျှင် ရဟန်းသည် အလုံးစုံသော ရှာမှီး ခြင်းကို စွန့်အပ်၏။ (၆)
ငါ့သျှင်တို့ ရဟန်းသည် အဘယ်သို့လျှင် ကြည်လင်သော အကြံရှိသနည်း။ ငါ့သျှင်တို့ ဤသာသနာ တော်၌ ရဟန်းသည် ကာမဂုဏ်၌ ကြံခြင်းကို ပယ်အပ်၏၊ ပျက်စီးစေလိုခြင်း၌ ကြံခြင်းကို ပယ်အပ်၏၊့ညှဉ်းဆဲခြင်း၌ ကြံခြင်းကို ပယ်အပ်၏။ ငါ့သျှင်တို့ ဤသို့လျှင် ရဟန်းသည် ကြည်လင်သော အကြံရှိ၏။ (၇)
ငါ့သျှင်တို့ ရဟန်းသည် အဘယ်သို့လျှင် ငြိမ်းသော ကာယသင်္ခါရရှိသနည်း။ ငါ့သျှင်တို့ ဤသာသနာတော်၌ ရဟန်းသည် ချမ်းသာ ဆင်းရဲကို ပယ်ခြင်းကြောင့်လည်းကောင်း၊ ဝမ်းသာခြင်း နှလုံး မသာယာခြင်းတို့၏ ရှေးဦးကပင်လျှင် ချုပ်နှင့်ခြင်းကြောင့်လည်းကောင်း ဆင်းရဲ ချမ်းသာ မရှိသော လျစ် လျူရှုမှု ‘ဥပေက္ခာ’ကြောင့်ဖြစ်သည့် သတိ၏ စင်ကြယ်ခြင်းရှိသော စတုတ္ထဈာန်သို့ ရောက်၍ နေ၏။ ငါ့သျှင်တို့ ဤသို့လျှင် ရဟန်းသည် ငြိမ်းသော ကာယသင်္ခါရရှိ၏။ (၈)
ငါ့သျှင်တို့ ရဟန်းသည် အဘယ်သို့လျှင် ကိလေသာမှ လွတ်သော စိတ်ရှိသနည်း။ ငါ့သျှင်တို့ ဤသာသနာတော်၌ ရဟန်း၏ စိတ်သည် စွဲမက်ခြင်း ‘ရာဂ’ မှ လွတ်၏၊ စိတ်သည် အမျက်ထွက်ခြင်း ‘ဒေါသ’ မှ လွတ်၏၊ စိတ်သည် တွေဝေခြင်း ‘မောဟ’ မှ လွတ်၏။ ငါ့သျှင်တို့ ဤသို့လျှင် ရဟန်းသည် ကိလေသာမှ လွတ်သော စိတ်ရှှိိ၏။ (၉)
ငါ့သျှင်တို့ ရဟန်းသည် အဘယ်သို့လျှင် ကိလေသာမှ လွတ်သော ပညာရှိသနည်း။ ငါ့သျှင်တို့ ဤသာသနာတော်၌ ရဟန်းသည် “ငါသည် စွဲမက်ခြင်း ‘ရာဂ’ ကို ပယ်အပ်ပြီ၊ အမြစ်ကို ဖြတ်အပ်ပြီ၊ ထန်းပင်ရာကဲ့သို့ ပြုအပ်ပြီ၊ တစ်ဖန် မဖြစ်ခြင်းကို ပြုအပ်ပြီ၊ နောင်အခါ၌ မဖြစ်ခြင်းသဘောရှိ၏”ဟု သိ၏၊ “ငါသည် အမျက်ထွက်ခြင်း ‘ဒေါသ’ကို ပယ်အပ်ပြီ၊ နောင်အခါ၌ မဖြစ်ခြင်းသဘောရှိ၏”ဟု သိ၏၊ “ငါသည် တွေဝေခြင်း ‘မောဟ’ ကို ပယ်အပ်ပြီ။ပ။ နောင်အခါ၌ မဖြစ်ခြင်းသဘောရှိ၏”ဟု သိ၏။ ငါ့သျှင် တို့ ဤသို့လျှင် ရဟန်းသည် ကိလေသာမှ လွတ်သော ပညာရှှိိ၏။ ဤဆယ်ပါးသော တရားတို့သည် ထိုးထွင်း၍ သိနိုင်ခဲကုန်၏။ (၁ဝ)
(ဇ) ဖြစ်စေအပ်သော ဆယ်ပါးသော တရားတို့သည် အဘယ်တို့နည်း။ အမှတ်သညာ ဆယ်ပါး တို့တည်း။ မတင့်တယ်ဟူသော အမှတ်သညာ၊ သေခြင်းဟူသော အမှတ်သညာ၊ အစာ၌ စက်ဆုပ်ဖွယ် ဟူသော အမှတ်သညာ၊ အလုံးစုံသော လောက၌ မမွေ့လျော်ဟူသော အမှတ်သညာ၊ မမြဲဟူသော အမှတ် သညာ၊ မမြဲခြင်း ‘အနိစ္စ’တရား၌ ဆင်းရဲခြင်းဟူသော အမှတ်သညာ၊ ဆင်းရဲခြင်း ‘ဒုက္ခ’တရား၌ အတ္တ မဟုတ်ဟူသော အမှတ်သညာ၊ ပယ်ခြင်းဟူသော အမှတ်သညာ၊ ရာဂကင်းခြင်းဟူသော အမှတ် သညာ၊ ရာဂချုပ်ခြင်းဟူသော အမှတ်သညာတို့တည်း။ ဤဆယ်ပါးသော တရားတို့ကို ဖြစ်စေအပ်ကုန်၏။
(ဈ) ထူးသော ဉာဏ်ဖြင့် သိအပ်သော ဆယ်ပါးသော တရားတို့သည် အဘယ်တို့နည်း။ ပျက်စီး ခြင်းအကြောင်း ဆယ်ပါးတို့တည်း။ မှန်သော အယူရှိသူအား မှားသော မိစ္ဆာအယူသည် ပျက်စီး၏။ မှားသော မိစ္ဆာအယူဟူသော အကြောင်းကြောင့် အကြင် များစွာသော မကောင်းမှု အကုသိုလ်တရားတို့ သည် ဖြစ်ကုန်၏၊ ထိုတရားတို့သည် ထိုမှန်သော အယူရှိသူအား ပျက်စီးကုန်၏။ မှန်သော အကြံရှိသူ အား မှားသော အကြံသည်။ပ။ မှန်စွာပြောဆိုသူအား မှားသော စကားသည်။ပ။ မှန်သောအမှုကို ပြုသောသူအား မှားသောအမှုကို ပြုခြင်းသည်။ပ။ မှန်သော အသက်မွေးခြင်းရှိသူအား မှားသော အသက် မွေးခြင်းသည်။ပ။ မှန်သော အားထုတ်ခြင်းရှိသူအား မှားသော အားထုတ်ခြင်းသည်။ပ။ မှန်သော အောက် မေ့ခြင်း ‘သတိ’ ရှိသူအား မှားသော အောက်မေ့ခြင်း ‘သတိ’ သည်။ပ။ မှန်သော တည်ကြည်ခြင်း ‘သမာဓိ’ ရှိသူအား မှားသော တည်ကြည်ခြင်း ‘သမာဓိ’ သည်။ ပ။ မှန်သော အသိဉာဏ်ရှိသူအား မှားသော အသိ ဉာဏ်သည် ပျက်စီး၏။ မှန်သော လွတ်မြောက်ခြင်း ရှိသူအား မှားသော လွတ်မြောက်ခြင်းသည် ပျက်စီး၏၊ မှားသော လွတ်မြောက်ခြင်းဟူသော အကြောင်းကြောင့် အကြင်များစွာသော မကောင်းသော အကုသိုလ်တရားတို့သည် ဖြစ်ကုန်၏၊ ထိုတရားတို့သည် ထိုမှန်သော လွတ်မြောက်ခြင်း ရှိသူအား ပျက်စီး ကုန်၏။ ဤဆယ်ပါးသော တရားတို့ကို ထူးသောဉာဏ်ဖြင့် သိအပ်ကုန်၏။
(ည) မျက်မှောက်ပြုအပ်သော ဆယ်ပါးသော တရားတို့သည် အဘယ်တို့နည်း။ ရဟန္တာပုဂ္ဂိုလ်တို့၏ တရားဆယ်ပါးတို့တည်း။ ရဟန္တာပုဂ္ဂိုလ်၌ ဖြစ်သော မှန်သောအယူ၊ ရဟန္တာပုဂ္ဂိုလ်၌ ဖြစ်သော မှန်သော အကြံအစည်၊ ရဟန္တာပုဂ္ဂိုလ်၌ ဖြစ်သော မှန်သော စကား၊ ရဟန္တာပုဂ္ဂိုလ်၌ ဖြစ်သော မှန်သော အမှု၊ ရဟန္တာပုဂ္ဂိုလ်၌ ဖြစ်သော မှန်သော အသက်မွေးမှု၊ ရဟန္တာပုဂ္ဂိုလ်၌ ဖြစ်သော မှန်သော အားထုတ်မှု၊ ရဟန္တာပုဂ္ဂိုလ်၌ ဖြစ်သော မှန်သော အောက်မေ့ခြင်း ‘သတိ’၊ ရဟန္တာပုဂ္ဂိုလ်၌ ဖြစ်သော မှန်သော တည်ကြည်ခြင်း ‘သမာဓိ’၊ ရဟန္တာပုဂ္ဂိုလ်၌ ဖြစ်သော မှန်သော အသိဉာဏ်၊ ရဟန္တာပုဂ္ဂိုလ်၌ ဖြစ်သော မှန်သော ‘ဝိမုတ္တိ ‘။ ဤဆယ်ပါးသော တရားတို့ကို မျက်မှောက်ပြုအပ်ကုန်၏။
ဤသို့ ဤတစ်ရာသော တရားတို့သည်ဟုတ်ကုန်၏၊ မှန်ကုန်၏၊ဟုတ်မှန်ကုန်၏၊ မချွတ်ယွင်း ကုန်၊ ဖောက်ပြန်သော သဘောမရှိကုန်၊ မြတ်စွာဘုရားသည် မှန်စွာ ထိုးထွင်း၍ သိအပ်ကုန်၏ဟု (အသျှင်သာရိပုတြာသည် မိန့်ဆို၏)။
အသျှင်သာရိပုတြာသည် ဤတရားကို ဟောတော်မူ၏။ ထိုရဟန်းတို့သည် အသျှင်သာရိပုတြာ ဟောတော်မူအပ်သော တရားတော်ကို နှစ်လိုကုန်သည်ဖြစ်၍ ဝမ်းမြောက်စွာ ခံယူကြလေသတည်း။
တစ်ဆယ့်တစ်ခုမြောက် ဒသုတ္တရသုတ် ပြီး၏။
ပါထိကဝဂ် ပြီးပြီ။
ထိုဝဂ်၏ အကျဉ်းချုပ်
၁။ ပါထိကသုတ်၊ ၆။ ပါသာဒိကသုတ်၊
၂။ ဥဒုမ္ဗရိကသုတ်၊ ၇။ မဟာပုရိသလက္ခဏသုတ်၊
၃။ စက္ကဝတ္တိသုတ်၊ ၈။ သိင်္ဂါလောဝါဒသုတ်၊
၄။ အဂ္ဂညသုတ်၊ ၉။ အာဋာနာဋိယသုတ်၊
၅။ သမ္ပသာဒနီယသုတ်၊ ၁ဝ။ သင်္ဂီတိသုတ်၊
၁၁။ ဒသုတ္တရသုတ်။
ဤတစ်ဆယ့်တစ်သုတ်တို့ဖြင့် ဟောတော်မူအပ်သောကြောင့် ပါထိကဝဂ်ဟု ဆိုအပ်၏။
ပါထိကဝဂ်ပါဠိတော် မြန်မာပြန် ပြီး၏။
ဝဂ်သုံးခုတို့ဖြင့် တန်ဆာဆင်အပ်သော ဒီဃနိကာယ် အလုံးစုံ ပြီးပြီ။