ဒီဃနိကာယ်
၄—သောဏဒဏ္ဍသုတ်
စမ္ပာမြို့နေပုဏ္ဏားနှင့် အမျိုးသားတို့အကြောင်း
၃ဝဝ။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်—အခါတစ်ပါး၌ မြတ်စွာဘုရားသည် ငါးရာမျှသော များစွာသော ရဟန်းသံဃာနှင့်အတူ အင်္ဂတိုင်း၌ ့ဒေသစာရီ လှည့်လည်တော်မူလတ်သော် စမ္ပာမြို့၁ သို့ ရောက်တော်မူ၍ ထိုစမ္ပာမြို့အနီး ဂဂ္ဂရာမည်သော ရေကန်၏ ကမ်းနား၌ (သီတင်းသုံး) နေတော်မူ၏။
ထိုစဉ်အခါ၌ သောဏဒဏ္ဍပုဏ္ဏားသည် လူစည်ကား၍ ကျွဲနွားစသည် ပေါများသော မြက် ထင်းရေတို့နှင့် ပြည့်စုံသော ဆန်စပါးနှင့် ပြည့်စုံသော မင်းမှရသည့် စည်းစိမ်ဖြစ်သော သေနိယ၂ မည်သောမဂဓတိုင်းရှင် ဗိမ္ဗိသာရမင်းသည် ဆုလာဘ်အဖြစ်ဖြင့် အပိုင်စားပေးထားသော စမ္ပာမြို့ကို အုပ်ချုပ်၍နေ၏။
၃ဝ၁။ စမ္ပာမြို့နေ ပုဏ္ဏားနှင့် အမျိုးသားတို့သည် (ဤသို့) ကြားသိလေကုန်၏— “အချင်းတို့ သာကီဝင်မင်းမျိုးမှ ရဟန်းပြုသည့် သာကီဝင်မင်းသား ရဟန်းဂေါတမသည် ငါးရာမျှသောများစွာသော ရဟန်းသံဃာနှင့်အတူ အင်္ဂတိုင်း၌ ဒေသစာရီ လှည့်လည်တော်မူရာ စမ္ပာမြို့သို့ရောက်တော်မူ၍ ဂဂ္ဂရာမည်သော ရေကန်၏ ကမ်းနား၌ (သီတင်းသုံး) နေတော်မူ၏။
ထိုအသျှင်ဂေါတမ၏ ကောင်းသော ကျော်စောသတင်းသည် (ဤသို့) ပျံ့နှံ့၍ ထွက်၏— ‘ထိုမြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သော အကြောင်းကြောင့်လည်း အရဟံ မည်တော်မူ၏၊ (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော အကြောင်းကြောင့်လည်းသမ္မာသမ္ဗုဒ္ဓ မည်တော်မူ၏၊ အသိဉာဏ် ‘ဝိဇ္ဇာ’ အကျင့် ‘စရဏ’ နှင့် ပြည့်စုံတော်မူသော အကြောင်းကြောင့်လည်း ဝိဇ္ဇာစရဏသမ္ပန္န မည်တော်မူ၏၊ ကောင်းသော စကားကို ဆိုတော်မူတတ်သောအကြောင်းကြောင့်လည်း သုဂတ မည်တော်မူ၏၊ လောကကို သိတော်မူသော အကြောင်းကြောင့်လည်း လောကဝိဒူ မည်တော်မူ၏၊ ဆုံးမထိုက်သူကို ဆုံးမတတ်သည့် အတုမဲ့ပုဂ္ဂိုလ်ဖြစ်တော်မူသော အကြောင်းကြောင့်လည်း အနုတ္တရော ပုရိသဒမ္မ သာရထိ မည်တော်မူ၏၊ နတ်လူတို့၏ ဆရာဖြစ်တော်မူသော အကြောင်းကြောင့်လည်း သတ္ထာ ဒေဝမနုဿာနံ မည်တော်မူ၏၊ (သစ္စာလေးပါးတရားတို့ကို) သိစေတော်မူသော အကြောင်းကြောင့်လည်း ဗုဒ္ဓ မည်တော်မူ၏၊ ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်းကြောင့်လည်း ဘဂဝါ မည်တော်မူ၏’ဟု ပျံ့နှံ့၍ ထွက်၏။ထို (အသျှင်ဂေါတမ) သည် နတ်နှင့် တကွသော မာရ်နတ်နှင့် တကွသော ဗြဟ္မာနှင့် တကွသောဤလောကကိုလည်းကောင်းသမဏဗြာဟ္မဏနှင့် တကွသော မင်းများ လူများနှင့် တကွသောသတ္တဝါအပေါင်းကိုလည်းကောင်း ကိုယ်တိုင် ထူးသော ဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုလျက်ဟောကြားတော်မူ၏၊ ထို (အသျှင်ဂေါတမ) သည် အစ၏ကောင်းခြင်း၊ အလယ်၏ကောင်းခြင်း၊ အဆုံး၏ကောင်းခြင်း ရှိသော အနက်နှင့် ပြည့်စုံသော သဒ္ဒါနှင့် ပြည့်စုံသော တရားကို ဟောတော် မူ၏၊ အလုံးစုံပြည့်စုံသော စင်ကြယ်သော မြတ်သော အကျင့်ကို ပြတော်မူ၏၊ ထိုသို့သဘော ရှိသောရဟန္တာ (ပုဂ္ဂိုလ်) တို့ကို ဖူးမြော်ရခြင်းသည် ကောင်းသည်သာတည်း”ဟု ကြားသိလေ ကုန်၏။
ထိုစဉ်အခါ၌ စမ္ပာမြို့နေ ပုဏ္ဏားနှင့် အမျိုးသားတို့သည် စမ္ပာမြို့မှ အစုလိုက် အအုပ်လိုက် ထွက်ကြပြီးလျှင် တစ်ပေါင်းတည်း ဖြစ်ကုန်လျက် ဂဂ္ဂရာမည်သော ရေကန်ဆီသို့ ချဉ်းကပ်ကုန်၏။
၃ဝ၂။ ထိုစဉ်အခါ၌ သောဏဒဏ္ဍပုဏ္ဏားသည် ပြာသာဒ်ထက်၌ နေ့အချိန် လျောင်းစက်လျက်ရှိ၏၊ ထိုသောဏဒဏ္ဍပုဏ္ဏားသည် စမ္ပာမြို့မှ အစုလိုက် အအုပ်လိုက် ထွက်ကြပြီးလျှင် တစ်ပေါင်းတည်း ဖြစ်ကုန်လျက် ဂဂ္ဂရာမည်သော ရေကန်ဆီသို့ ချဉ်းကပ်ကုန်သော စမ္ပာမြို့နေ ပုဏ္ဏားနှင့် အမျိုးသားတို့ကိုမြင်သော် အမတ်အား၃ ဤသို့ မေး၏— “အမတ် စမ္ပာမြို့နေ ပုဏ္ဏားနှင့် အမျိုးသားတို့သည် စမ္ပာမြို့မှ အစုလိုက် အအုပ်လိုက်ထွက်ကြပြီးလျှင် တစ်ပေါင်းတည်း ဖြစ်ကုန်လျက် ဂဂ္ဂရာမည်သော ရေကန်ဆီသို့ အဘယ်ကြောင့်ချဉ်းကပ်ကုန်သနည်း”ဟု မေး၏။
အသျှင်သာကီဝင်မင်းမျိုးမှ ရဟန်းပြုသည့် သာကီဝင်မင်းသား ရဟန်းဂေါတမသည် ငါးရာမျှသော များစွာသော ရဟန်းသံဃာနှင့်အတူ အင်္ဂတိုင်း၌ ဒေသစာရီ လှည့်လည်တော်မူရာ စမ္ပာမြို့သို့ ရောက်တော်မူ၍ ဂဂ္ဂရာမည်သော ရေကန်၏ ကမ်းနား၌ (သီတင်းသုံး) နေတော်မူပါ၏၊ ထိုအသျှင်ဂေါတမ၏ကောင်းသော ကျော်စောသတင်းသည် (ဤသို့) ပျံ့နှံ့၍ ထွက်ပါ၏— “ထိုမြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သော အကြောင်းကြောင့်လည်း အရဟံ မည်တော်မူ၏၊ (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော အကြောင်းကြောင့်လည်းသမ္မာသမ္ဗုဒ္ဓ မည်တော်မူ၏၊ အသိဉာဏ် ‘ဝိဇ္ဇာ’ အကျင့် ‘စရဏ’ နှင့် ပြည့်စုံတော်မူသော အကြောင်းကြောင့်လည်း ဝိဇ္ဇာစရဏသမ္ပန္န မည်တော်မူ၏၊ ကောင်းသော စကားကို ဆိုတော်မူတတ်သောအကြောင်းကြောင့်လည်း သုဂတ မည်တော်မူ၏၊ လောကကို သိတော်မူသော အကြောင်းကြောင့်လည်း လောကဝိဒူ မည်တော်မူ၏၊ ဆုံးမထိုက်သူကို ဆုံးမတတ်သည့် အတုမဲ့ပုဂ္ဂိုလ်ဖြစ်တော်မူသော အကြောင်းကြောင့်လည်း အနုတ္တရော ပုရိသဒမ္မသာရထိ မည်တော်မူ၏၊ နတ်လူတို့၏ ဆရာဖြစ်တော်မူသော အကြောင်းကြောင့်လည်း သတ္ထာ ဒေဝမနုဿာနံ မည်တော်မူ၏၊ (သစ္စာလေးပါးတရားတို့ကို) သိစေတော်မူသော အကြောင်းကြောင့်လည်း ဗုဒ္ဓ မည်တော်မူ၏၊ ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်းကြောင့်လည်း ဘဂဝါ မည်တော်မူ၏”ဟု ပျံ့နှံ့၍ ထွက်ပါ၏။
ထိုသူတို့သည် ထိုအသျှင်ဂေါတမကို ဖူးမြော်ရန် ချဉ်းကပ်ကြပါကုန်၏ဟု (အမတ်က ပြန်ကြား၏)။
အမတ် သို့ဖြစ်လျှင် စမ္ပာမြို့နေ ပုဏ္ဏားနှင့် အမျိုးသားတို့ထံ ချဉ်းကပ်၍ “အသျှင်တို့ ဆိုင်းငံ့ ကြပါဦး၊ သောဏဒဏ္ဍပုဏ္ဏားသည်လည်း ရဟန်းဂေါတမကို ဖူးမြော်ရန် ချဉ်းကပ်ပါလိမ့်မည်ဟု သောဏဒဏ္ဍပုဏ္ဏားက မှာကြားလိုက်ပါသည်” ဟူ၍ ပြောကြားချေလော့ဟု (မိန့်ဆို၏)။
“အသျှင်ကောင်းပါပြီ”ဟု ထိုအမတ်သည် သောဏဒဏ္ဍပုဏ္ဏားအား ဝန်ခံပြီးလျှင် စမ္ပာမြို့နေပုဏ္ဏားနှင့် အမျိုးသားတို့ထံသို့ ချဉ်းကပ်၍ စမ္ပာမြို့နေ ပုဏ္ဏားနှင့် အမျိုးသားတို့အား ဤစကားကိုပြောဆို၏။ “အသျှင်တို့ ဆိုင်းငံ့ကြပါဦး၊ သောဏဒဏ္ဍပုဏ္ဏားသည်လည်း ရဟန်းဂေါတမကို ဖူးမြော်ရန် ချဉ်းကပ်ပါလိမ့်မည်ဟု သောဏဒဏ္ဍပုဏ္ဏားက မှာကြားလိုက်ပါသည်” ဟူ၍ ပြောဆို၏။
၁။ စမ္ပာသည် ရှေးတစ်ခေတ်က အင်္ဂတိုင်း၏ နေပြည်တော်ဖြစ်ခဲ့ဖူးသော်လည်း ဤသုတ်ကို ဟောတော်မူသောခေတ်၌ မြို့စားပေးထားသော အရံမြို့သာဖြစ်၍ ဤ၌ ¤င်းကို စမ္ပာမြို့ဟု ပြန်ဆိုထားသည်။
၂။ သေနိယောတိ တဿ နာမံ၊ သေနိယ ဟူသည် ထိုမင်း၏ အမည်တည်း။ (မူလပဏ္ဏာသ စူဠဒုက္ခက္ခန္ဒသုတ်အဋ္ဌကထာ)
၃။ အတိုင်ပင်ခံအမတ်
သောဏဒဏ္ဍပုဏ္ဏား၏ ဂုဏ်ကို ပြဆိုရာ
၃ဝ၃။ ထိုစဉ်အခါ၌ အတိုင်းတိုင်း အပြည်ပြည်မှ လာကုန်သော ငါးရာမျှသော ပုဏ္ဏားတို့သည်ကိစ္စတစ်ခုဖြင့် စမ္ပာမြို့၌တည်းခိုနေကုန်၏၊ ထိုပုဏ္ဏားတို့သည် “သောဏဒဏ္ဍပုဏ္ဏားသည် ရဟန်းဂေါတမကို ဖူးမြော်ရန် ချဉ်းကပ်လတ္တံ့”ဟု ကြားရကုန်၏။
ထိုအခါ ထိုပုဏ္ဏားတို့သည် သောဏဒဏ္ဍပုဏ္ဏားထံသို့ ချဉ်းကပ်ကြပြီးလျှင် “အသျှင်သောဏ ဒဏ္ဍသည်ရဟန်းဂေါတမကို ဖူးမြော်ရန် ချဉ်းကပ်လတ္တံ့ ဟူသည် မှန်ပါသလော”ဟု ဤစကားကို ပြော ကုန်၏။
“အချင်းတို့ မှန်ပါ၏၊ ငါသည်လည်း ရဟန်းဂေါတမကို ဖူးမြော်ရန် ချဉ်းကပ်အံ့ဟု ကြံလျက် ရှိပါသည်” ့ဟူ၍ ဆို၏။
အသျှင်သောဏဒဏ္ဍသည် ရဟန်းဂေါတမကို ဖူးမြော်ရန် မချဉ်းကပ်ပါလင့်၊ အသျှင်သောဏဒဏ္ဍသည်ရဟန်းဂေါတမကို ဖူးမြော်ရန် မချဉ်းကပ်ထိုက်ပါ၊ အသျှင်သောဏဒဏ္ဍသည် ရဟန်းဂေါတမကို ဖူးမြော်ရန်အကယ်၍ ချဉ်းကပ်ငြားအံ၊ အသျှင်သောဏဒဏ္ဍ၏ ကျော်စောသတင်းသည် ဆုတ်ယုတ်ပါလတ္တံ့၊ ရဟန်းဂေါတမ၏ ကျော်စောသတင်းသည် တိုးပွါးပါလတ္တံ့၊ အကြင်အကြောင်းကြောင့်အသျှင်သောဏဒဏ္ဍ၏ ကျော်စောသတင်းသည် ဆုတ်ယုတ်လတ္တံ့၊ ရဟန်းဂေါတမ၏ကျော်စောသတင်းသည် တိုးပွါးလတ္တံ့၊ ဤအကြောင်းကြောင့်လည်း အသျှင်သောဏဒဏ္ဍသည်ရဟန်းဂေါတမကို ဖူးမြော်ရန် မချဉ်းကပ်ထိုက်ပါ၊ ရဟန်းဂေါတမသည်သာ အသျှင်သောဏဒဏ္ဍကိုဖေူးမြာ်ရန် ချဉ်းကပ်ထိုက်ပါ၏။
အသျှင်သောဏဒဏ္ဍသည် အမိဘက် အဖဘက် နှစ်ဖက်စလုံးတို့မှ ကောင်းသော ဇာတ်ရှိ၏၊ ဘိုးဘေးခုနစ်ဆက်တိုင်အောင် မျိုးရိုးသန့်သော အမိဝမ်းရှိ၏၊ ဇာတ်နှင့်စပ်သော စကားဖြင့် အပယ် မခံခဲ့ရပါ၊ အကဲ့ရဲ့ မခံခဲ့ရပါ၊ အကြင်အကြောင်းကြောင့် အသျှင်သောဏဒဏ္ဍသည် အမိဘက် အဖဘက်နှစ်ဖက်စလုံးတို့မှ ကောင်းသော ဇာတ်ရှိ၏၊ ဘိုးဘေးခုနစ်ဆက်တိုင်အောင် မျိုးရိုးသန့်သော အမိဝမ်းရှိ၏၊ ဇာတ်နှင့်စပ်သော စကားဖြင့် အပယ်မခံခဲ့ရ၊ အကဲ့ရဲ့မခံခဲ့ရ၊ ဤအကြောင်းကြောင့်လည်း အသျှင်သောဏဒဏ္ဍသည် ရဟန်းဂေါတမကို ဖူးမြော်ရန် မချဉ်းကပ်ထိုက်ပါ၊ ရဟန်းဂေါတမသည်သာ အသျှင်သောဏဒဏ္ဍကို ဖူးမြော်ရန် ချဉ်းကပ်ထိုက်ပါ၏။
အသျှင်သောဏဒဏ္ဍသည် ကြွယ်ဝ၏၊ များသော ဥစ္စာရှိ၏၊ များသော စည်းစိမ်ရှိ၏။ပ။
အသျှင်သောဏဒဏ္ဍသည် ဝေဒကျမ်းလာ ဂါထာတို့ကို ရွတ်ဖတ်တတ်၏၊ ဝေဒကျမ်းကို ဆောင်၏၊ အဘိဓာန် ‘နိဃဏ္ဍု’ ကျမ်း၊ အလင်္ကာ ‘ကေဋုဘ’ ကျမ်း၊ သဒ္ဒါ ‘အက္ခရပ္ပဘေဒ’ ကျမ်း၊ ငါးခုမြောက် ဣတိဟာသကျမ်းနှင့် တကွ ဗေဒင်သုံးပုံတို့၏ တစ်ဖက်ကမ်းသို့ ရောက်၏၊ ပဒကျမ်းကို တတ်၏၊ ဗျာကရုဏ်းကျမ်းကို တတ်၏၊ လောကာယတကျမ်း၊ မဟာပုရိသလက္ခဏာကျမ်းတို့၌ အကြွင်းမဲ့ တတ်မြောက်၏။ပ။
အသျှင်သောဏဒဏ္ဍသည် အဆင်းလှ၏၊ ရှုချင်ဖွယ်ရှိ၏၊ ကြည်ညိုဖွယ်ရှိ၏၊ မြတ်သော အဆင်းသဏ္ဌာန်နှင့် ပြည့်စုံ၏၊ ဗြဟ္မာနှင့်တူသော အဆင်းရှိ၏၊ ဗြဟ္မာနှင့်တူသော ကိုယ်ရှိ၏၊ ခံ့ညားသော ကိုယ်ခန္ဓာရှိ၏။ပ။
အသျှင်သောဏဒဏ္ဍသည် သီလရှိ၏၊ ကြီးပွားသော သီလရှိ၏၊ ကြီးပွားသော သီလနှင့် ပြည့်စုံ၏၊ ပ။
အသျှင်သောဏဒဏ္ဍသည် ကောင်းသော စကားရှိ၏၊ ကောင်းသော မြွက်ဆိုသံရှိ၏၊ ယဉ်ကျေးသောစကားနှင့် ပြည့်စုံ၏၊ သန့်ရှင်းသော အပြစ်ကင်းသော အဓိပ္ပါယ်သိလွယ်သော စကားနှင့် ပြည့်စုံ၏။ပ။
အသျှင်သောဏဒဏ္ဍသည် များစွာသော သူတို့၏ ဆရာဖြစ်၏၊ ဆရာ့ဆရာဖြစ်၏၊ လုလင်သုံးရာတို့အား ဝေဒကျမ်းတို့ကို ပို့ချ၏၊ အထူးထူးသော အရပ် အထူးထူးသော ဇနပုဒ်တို့မှ များစွာသောလုလင်တို့သည် အသျှင်သောဏဒဏ္ဍ၏ အထံ၌ ဝေဒကျမ်းတို့ကို အလိုရှိကုန်သည်ဖြစ်၍ ဝေဒကျမ်းတို့ကိုသင်လိုကုန်သည် ဖြစ်၍ လာကုန်၏။ပ။
အသျှင်သောဏဒဏ္ဍသည် အိုမင်း၏၊ (အသက်) ကြီး၏၊ (အရွယ်) ရင့်၏၊ ရှေးမီ၏၊ အဆုံး အရွယ်သို့ရောက်လျက် ရှိ၏၊ ရဟန်းဂေါတမသည် (အသက်) ငယ်သူလည်း ဖြစ်၏၊ ရဟန်းငယ်လည်း ဖြစ်၏။ပ။
အသျှင်သောဏဒဏ္ဍကို သေနိယမည်သော မဂဓတိုင်းရှင် ဗိမ္ဗိသာရမင်းသည် အရိုအသေပြု၏၊ အလေးပြု၏၊ မြတ်နိုး၏၊ ပူဇော်၏၊ တုပ်ဝပ်၏။ပ။
အသျှင်သောဏဒဏ္ဍကို ပေါက္ခရသာတိပုဏ္ဏားသည် အရိုအသေပြု၏၊ အလေးပြု၏၊ မြတ်နိုး၏၊ ပူဇော်၏၊ တုပ်ဝပ်၏။ပ။
အသျှင်သောဏဒဏ္ဍသည် လူစည်ကား၍ ကျွဲနွားစသည် ပေါများသော မြက် ထင်း ရေတို့နှင့် ပြည့်စုံသော ဆန်စပါးနှင့် ပြည့်စုံသော မင်းမှရသည့် စည်းစိမ်ဖြစ်သော သေနိယမည်သော မဂဓတိုင်းရှင်ဗိမ္ဗိသာရမင်းသည် ဆုလာဘ်အဖြစ်ဖြင့် အပိုင်စားပေးထားသော စမ္ပာမြို့ကို အုပ်ချုပ်၍ နေ၏၊ အကြင်အကြောင်းကြောင့် အသျှင်သောဏဒဏ္ဍသည် လူစည်ကား၍ ကျွဲနွားစသည် ပေါများသော မြက် ထင်း ရေတို့နှင့် ပြည့်စုံသော ဆန်စပါးနှင့် ပြည့်စုံသော မင်းမှ ရသည့် စည်းစိမ်ဖြစ်သော သေနိယမည်သောမဂဓတိုင်းရှင် ဗိမ္ဗိသာရမင်းသည် ဆုလာဘ်အဖြစ်ဖြင့် အပိုင်စားပေးထားသော စမ္ပာမြို့ကို အုပ်ချုပ်၍နေ၏၊ ဤအကြောင်းကြောင့်လည်း အသျှင်သောဏဒဏ္ဍသည် ရဟန်းဂေါတမကို ဖူးမြော်ရန် မချဉ်းကပ်ထိုက်ပါ၊ ရဟန်းဂေါတမသည်သာ အသျှင်သောဏဒဏ္ဍကို ဖူးမြော်ရန် ချဉ်းကပ်ထိုက်ပါ၏ဟု (ဆိုကုန်၏)။
မြတ်စွာဘုရား၏ဂုဏ်ကို ချီးကျူးပြဆိုရာ
၃ဝ၄။ ဤသို့ ဆိုကုန်သော ် သောဏဒဏ္ဍပုဏ္ဏားသည် ထိုပုဏ္ဏားတို့အား ဤစကားကို ဆို၏—
“အချင်းတို့ သို့ဖြစ်လျှင် ငါ၏ စကားကိုလည်း နားထောင်ကြပါဦး၊ ငါတို့သည်သာ ထိုအသျှင်ဂေါတမကို ဖူးမြော်ရန် ချဉ်းကပ်ထိုက်ပါကုန်၏၊ ထိုအသျှင်ဂေါတမကား ငါတို့ကို ဖူးမြော်ရန် မချဉ်းကပ်ထိုက်ပါ။
အချင်းတို့ စင်စစ်သော်ကား ရဟန်းဂေါတမသည် အမိဘက် အဖဘက် နှစ်ဖက်စလုံးတို့မှ ကောင်းသော ဇာတ်ရှိ၏၊ ဘိုးဘေးခုနစ်ဆက်တိုင်အောင် မျိုးရိုးသန့်သော အမိဝမ်းရှိ၏၊ ဇာတ်နှင့်စပ်သောစကား ဖြင့် အပယ် မခံခဲ့ရ၊ အကဲ့ရဲ့မခံခဲ့ရ။ အကြင်အကြောင်းကြောင့် ရဟန်းဂေါတမသည် အမိဘက်အဖဘက် နှစ်ဘက်စလုံးတို့မှ ကောင်းသော ဇာတ်ရှိ၏၊ ဘိုးဘေးခုနစ်ဆက်တိုင်အောင် မျိုးရိုးသန့်သောအမိဝမ်း ရှိ၏၊ ဇာတ်နှင့်စပ်သော စကားဖြင့် အပယ်မခံခဲ့ရ၊ အကဲ့ရဲ့မခံခဲ့ရ၊ ဤအကြောင်းကြောင့်လည်းထိုအသျှင်ဂေါတမသည် ငါတို့ကို ဖူးမြော်ရန် မချဉ်းကပ်ထိုက်ပါ၊ အမှန်အားဖြင့်ဆိုလျှင် ငါတို့သည်သာထိုအသျှင်ဂေါတမကို ဖူးမြော်ရန် ချဉ်းကပ်ထိုက်ပါကုန်၏။
အချင်းတို့ စင်စစ်သော်ကား ရဟန်းဂေါတမသည် များပြားသော ဆွေမျိုးအပေါင်းကို ပယ်စွန့်၍ရဟန်းပြုခဲ့၏။ပ။
အချင်းတို့ စင်စစ်သော်ကား ရဟန်းဂေါတမသည် မြေအောက်၌လည်း ထားသော မြေပေါ်၌လည်းထားသော များစွာသော ရွှေငွေကို ပယ်စွန့်၍ ရဟန်းပြုခဲ့၏။ပ။
အချင်းတို့ စင်စစ်သော်ကား ရဟန်းဂေါတမသည် ငယ်ရွယ်ပျိုမျစ်သည် ဖြစ်လျက် ကောင်းစွာ မည်းနက်သော ဆံပင်ရှိသည် ဖြစ်လျက် ပဌမအရွယ်ဟူသော ကောင်းသော အရွယ်နှင့် ပြည့်စုံသည် ဖြစ်လျက်လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ခဲ့၏။ပ။
အချင်းတို့ စင်စစ်သော်ကား ရဟန်းဂေါတမသည် အမိအဖတို့ မလိုလားကုန်၍ မျက်ရည်ရွှဲစို ငိုယိုကုန်စဉ် ဆံမုတ်ဆိတ်ကို ပယ်ပြီးလျှင် ဖန်ရည်ဆိုးအဝတ်တို့ကို ဝတ်၍ လူ့ဘောင်မှ ရဟန်းဘောင်သို့ဝင်ရောက်ခဲ့၏။ပ။
အချင်းတို့ စင်စစ်သော်ကား ရဟန်းဂေါတမသည် အဆင်းလှ၏၊ ရှုချင်ဖွယ်ရှိ၏၊ ကြည်ညိုဖွယ်ရှိ၏၊ မြတ်သော အဆင်းသဏ္ဌာန်နှင့် ပြည့်စုံ၏၊ ဗြဟ္မာနှင့်တူသော အဆင်းရှိ၏၊ ဗြဟ္မာနှင့်တူသော ကိုယ်ရှိ၏၊ ခံ့ညားသော ကိုယ်ခန္ဓာရှိ၏။ပ။
အချင်းတို့ စင်စစ်သော်ကား ရဟန်းဂေါတမသည် သီလရှိ၏၊ မြတ်သော သီလရှိ၏၊ ကောင်းသောသီလ ရှိ၏၊ ကောင်းသော သီလနှင့် ပြည့်စုံ၏။ပ။
အချင်းတို့ စင်စစ်သော်ကား ရဟန်းဂေါတမသည် ကောင်းသော စကားရှိ၏၊ ကောင်းသော မြွက် ဆိုသံရှိ၏၊ ယဉ်ကျေးသော စကားနှင့် ပြည့်စုံ၏၊ သန့်ရှင်းသော အပြစ်ကင်းသော အဓိပ္ပါယ်သိလွယ် သောစကားနှင့် ပြည့်စုံ၏။ပ။ အချင်းတို့ စင်စစ်သော်ကား ရဟန်းဂေါတမသည် များစွာသော သူတို့၏ ဆရာ ဖြစ်၏၊ ဆရာ့ဆရာဖြစ်၏။ပ။
အချင်းတို့ စင်စစ်သော်ကား ရဟန်းဂေါတမသည် ကာမဂုဏ်၌ တပ်မက်ခြင်း ကုန်ခန်းပြီးဖြစ်၏၊ လျှပ်ပေါ်ခြင်း ကင်း၏။ပ။
အချင်းတို့ စင်စစ်သော်ကား ရဟန်းဂေါတမသည် ကံကို ယုံကြည်သော ဝါဒရှိ၏၊ အကြောင်းကို ယုံကြည်သော ဝါဒရှိ၏၊ ပုဏ္ဏားပရိသတ်၏ ကောင်းကျိုးကိုသာလျှင် ရှေးရှု၏။ပ။
အချင်းတို့ စင်စစ်သော်ကား ရဟန်းဂေါတမသည် မင်းမျိုးစဉ်ဆက် မပျက်သော မြင့်မြတ်သော အမျိုးမှရဟန်းပြု၏။ပ။
အချင်းတို့ စင်စစ်သော်ကား ရဟန်းဂေါတမသည် များသော ဥစ္စာရှိသော များသော စည်းစိမ်ရှိ သောကြွယ်ဝသော အမျိုးမှ ရဟန်းပြု၏။ပ။
အချင်းတို့ စင်စစ်သော်ကား တစ်ပါးသော တိုင်းနိုင်ငံ တစ်ပါးသော ဇနပုဒ်တို့မှ လူတို့သည် ပြဿနာမေးအံ့သောငှါ ရဟန်းဂေါတမထံသို့ လာကုန်၏။ပ။
အချင်းတို့ စင်စစ်သော်ကား ရဟန်းဂေါတမကို ထောင်ပေါင်း များစွာသော နတ်တို့သည် အသက်နှင်း၍ ကိုးကွယ်ကုန်၏။ပ။
အချင်းတို့ စင်စစ်သော်ကား ရဟန်းဂေါတမ၏ ကောင်းသော ကျော်စောသတင်းသည် (ဤသို့) ပျံ့နှံ့၍ထွက်၏— ‘ထိုမြတ်စွာဘုရားသည်ပူဇော်အထူးကို ခံတော်မူထိုက်သော အကြောင်းကြောင့်လည်း ‘အရဟံ’ မည်တော်မူ၏၊ (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော အကြောင်းကြောင့်လည်း ‘သမ္မာသမ္ဗုဒ္ဓ’ မည်တော်မူ၏၊ အသိဉာဏ် ‘ဝိဇ္ဇာ’ အကျင့် ‘စရဏ’ နှင့် ပြည့်စုံတော်မူသော အကြောင်းကြောင့်လည်း ‘ဝိဇ္ဇာစရဏသမ္ပန္န’ မည်တော်မူ၏၊ ကောင်းသော စကားကို ဆိုတော်မူတတ်သောအကြောင်းကြောင့်လည်း ‘သုဂတ’ မည်တော်မူ၏၊ လောကကို သိတော်မူသော အကြောင်းကြောင့် လည်း ‘လောကဝိဒူ’ မည်တော်မူ၏၊ ဆုံးမထိုက်သူကို ဆုံးမတတ်သည့် အတုမဲ့ပုဂ္ဂိုလ်ဖြစ်တော်မူ သောအကြောင်းကြောင့်လည်း ‘အနုတ္တရော ပုရိသဒမ္မသာရထိ’ မည်တော်မူ၏၊ နတ်လူတို့၏ ဆရာဖြစ်တော်မူသော အကြောင်းကြောင့်လည်း ‘သတ္ထာ ဒေဝမနုဿာနံ’ မည်တော်မူ၏၊ (သစ္စာလေးပါးတရားတို့ကို) သိစေတော်မူသော အကြောင်းကြောင့်လည်း ‘ဗုဒ္ဓ’ မည်တော်မူ၏၊ ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်းကြောင့်လည်း ‘ဘဂဝါ’ မည်တော်မူ၏’ဟု ပျံ့နှံ့၍ ထွက်ပါ၏။ပ။
အချင်းတို့ စင်စစ်သော်ကား ရဟန်းဂေါတမသည် သုံးဆယ့်နှစ်ပါးသော ယောကျာ်းမြတ်လက္ခဏာ တို့နှင့်ပြည့်စုံ၏။ပ။
အချင်းတို့ စင်စစ်သော်ကား ရဟန်းဂေါတမသည် “လာလော့၊ ကောင်းသော လာခြင်းတည်း”ဟုဆိုလေ့ ရှိ၏၊ နူးညံ့သော စကားရှိ၏၊ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်တတ်၏၊ ရွှင်လန်းသော မျက်နှာရှိ၏၊ ပေါ့ပါးသော နှုတ်ရှိ၏၊ ရှေးဦးစွာ ဆိုလေ့ရှိ၏။ပ။
အချင်းတို့ စင်စစ်သော်ကား ရဟန်းဂေါတမကို ပရိသတ်လေးပါးတို့သည် အရိုအသေပြုကုန်၏၊ အလေးပြုကုန်၏၊ မြတ်နိုးကုန်၏၊ ပူဇော်ကုန်၏၊ တုပ်ဝပ်ကုန်၏။ပ။
အချင်းတို့ စင်စစ်သော်ကား ရဟန်းဂေါတမကို များစွာသော နတ်လူတို့သည် အလွန်ကြည်ညို ကုန်၏။ပ။
အချင်းတို့ စင်စစ်သော်ကား ရဟန်းဂေါတမသည် အကြင်ရွာနိဂုံး၌ နေတော်မူအံ၊ ထိုရွာနိဂုံး၌ လူတို့ကိုဘီလူးတို့သည် မညှဉ်းဆဲကုန်။ပ။
အချင်းတို့ စင်စစ်သော်ကား သံဃာနှင့် ပြည့်စုံသော ဂိုဏ်းနှင့်လည်း ပြည့်စုံသော ဂိုဏ်းဆရာလည်းဖြစ်သော ရဟန်းဂေါတမကို အယူဝါဒ တည်ထောင်သူတို့တွင် အမြတ်ဆုံးဟု ဆိုအပ်၏၊ အချင်းတို့အကြောင်းမူကား ရဟန်းဂေါတမ၏ ကျော်စောခြင်းသည် ထိုအယူဝါဒ တည်ထောင်သူသမဏဗြဟ္မာတို့၏ကျော်စောခြင်းကဲ့သို့ ထိုထို ဤ အကြောင်းဖြင့် ဖြစ်ပေါ်သည် မဟုတ်၊ အမှန်အားဖြင့်ဆိုလျှင်အတုမရှိသော အသိဉာဏ် ‘ဝိဇ္ဇာ’ အကျင့် ‘စရဏ’ နှင့် ပြည့်စုံခြင်းကြောင့်သာလျှင် ဖြစ်ပေါ်၏။ပ။
အချင်းတို့ စင်စစ်သော်ကား ရဟန်းဂေါတမကို သေနိယမည်သော မဂဓတိုင်းရှင် ဗိမ္ဗိသာရမင်းသည်သား မယား ပရိသတ် အမတ်တို့နှင့်တကွ အသက်နှင်း၍ ကိုးကွယ်၏။ပ။
အချင်းတို့ စင်စစ်သော်ကား ရဟန်းဂေါတမကို ပသေနဒီကောသလမင်းသည် သား မယား ပရိသတ်အမတ်တို့နှင့်တကွ အသက်နှင်း၍ ကိုးကွယ်၏။ပ။
အချင်းတို့ စင်စစ်သော်ကား ရဟန်းဂေါတမကို ပေါက္ခရသာတိပုဏ္ဏားသည် သား မယား ပရိသတ်အမတ်တို့နှင့်တကွ အသက်နှင်း၍ ကိုးကွယ်၏။ပ။
အချင်းတို့ စင်စစ်သော်ကား ရဟန်းဂေါတမကို သေနိယမည်သော မဂဓတိုင်းရှင် ဗိမ္ဗိသာရမင်းသည်အရိုအသေပြု၏၊ အလေးပြု၏၊ မြတ်နိုး၏၊ ပူဇော်၏၊ တုပ်ဝပ်၏။ပ။
အချင်းတို့ စင်စစ်သော်ကား ရဟန်းဂေါတမကို ပသေနဒီကောသလမင်းသည် အရိုအသေပြု၏၊ အလေးပြု၏၊ မြတ်နိုး၏၊ ပူဇော်၏၊ တုပ်ဝပ်၏။ပ။
အချင်းတို့ စင်စစ်သော်ကား ရဟန်းဂေါတမကို ပေါက္ခရသာတိပုဏ္ဏားသည် အရိုအသေပြု၏၊ အလေးပြု၏၊ မြတ်နိုး၏၊ ပူဇော်၏၊ တုပ်ဝပ်၏။ပ။
အချင်းတို့ စင်စစ်သော်ကား ရဟန်းဂေါတမသည် စမ္ပာမြို့သို့ ရောက်လာတော်မူ၍ ဂဂ္ဂရာမည်သောရေကန်၏ ကမ်းနား၌ (သီတင်းသုံး) နေတော်မူ၏၊ အချင်းတို့ အကြင်သမဏဗြာဟ္မဏတို့သည် ငါတို့၏ မြို့ရွာနယ်ပယ်သို့ လာကုန်၏၊ ထိုသမဏဗြာဟ္မဏတို့သည် ဧည့်သည်များ ဖြစ်ကုန်၏၊ ဧည့်သည်တို့ကို ငါတို့သည် အရိုအသေ ပြုသင့်ကုန်၏၊ အလေးပြုသင့်ကုန်၏၊ မြတ်နိုးသင့်ကုန်၏၊ ပူဇော်သင့်ကုန်၏၊ တုပ်ဝပ်သင့်ကုန်၏၊ အချင်းတို့ အကြင်အကြောင်းကြောင့် ရဟန်းဂေါတမသည် စမ္ပာမြို့ကို ရောက်လာတော်မူ၍ ဂဂ္ဂရာမည်သော ရေကန်၏ ကမ်းနား၌ (သီတင်းသုံး) နေတော်မူ၏၊ ရဟန်းဂေါတမသည်ငါတို့၏ ဧည့်သည်တော် ဖြစ်ပေ၏၊ ဧည့်သည်တော်ကို ငါတို့သည် အရိုအသေ ပြုသင့်ကုန်၏၊ အလေးပြုသင့်ကုန်၏၊ မြတ်နိုးသင့်ကုန်၏၊ ပူဇော်သင့်ကုန်၏၊ တုပ်ဝပ်သင့်ကုန်၏၊ ဤအကြောင်းကြောင့်လည်းထိုရဟန်းဂေါတမသည် ငါတို့ကို ဖူးမြော်ရန် မချဉ်းကပ်ထိုက်ပါ၊ အမှန်အားဖြင့်ဆိုလျှင် ငါတို့သည်သာထိုအသျှင်ဂေါတမကို ဖူးမြော်ရန် ချဉ်းကပ် ထိုက်ပါကုန်၏။
အချင်းတို့ ငါသည် ထိုအသျှင်ဂေါတမ၏ ဤမျှလောက်သော ဂုဏ်တို့ကိုသာ သိ၏၊ ထိုအသျှင်ဂေါတမသည်ကား ဤမျှလောက်သော ဂုဏ်တို့နှင့်သာ ပြည့်စုံသည် မဟုတ်ပေ၊ အမှန်အားဖြင့်သော်ကားထိုအသျှင်ဂေါတမသည် အတိုင်းမသိသော ဂုဏ်တို့နှင့် ပြည့်စုံတော်မူပါပေ၏”ဟု ဆို၏။
၃ဝ၅။ ဤသို့ ဆိုသော် ထိုပုဏ္ဏားတို့သည် သောဏဒဏ္ဍပုဏ္ဏားအား ဤသို့ ပြန်ကြား ပြောဆို ကုန်၏— “ရဟန်းဂေါတမ၏ဂုဏ်တို့ကို ချီးကျူးသော အသျှင်သောဏဒဏ္ဍ၏ စကားအတိုင်းဆိုလျှင် ထိုအသျှင်ဂေါတမသည် ဤမှ ယူဇနာတစ်ရာ (ဝေးကွာသော) အရပ်၌ နေစေကာမူ သဒ္ဓါတရားရှိသောအမျိုးသားသည် ရိက္ခာထုပ်ဆောင်၍သော်လည်း ဖူးမြော်ရန် ချဉ်းကပ်သင့်သည်သာတည်း၊ အသျှင်သောဏဒဏ္ဍ သို့ဖြစ်၍ အကျွန်ုပ်တို့ အားလုံးပင် ရဟန်းဂေါတမကို ဖူးမြော်ရန် ချဉ်းကပ်ပါကုန်အံ့”ဟုပြောကြားပြောဆိုကုန်၏။
သောဏဒဏ္ဍပုဏ္ဏား စိတ်အကြံဖြစ်ပုံအကြောင်း
၃ဝ၆။ ထိုအခါ သောဏဒဏ္ဍပုဏ္ဏားသည် များစွာသော ပုဏ္ဏားအပေါင်းနှင့်အတူ ဂဂ္ဂရာမည်သောရေကန်ဆီသို့ ချဉ်းကပ်၏၊ ထိုအခါ တောအုပ်အလွန် (ကျောင်းတိုက်အတွင်း) သို့ ရောက်လျှင် သောဏ့ဒဏ္ဍပုဏ္ဏားအား (ဤသို့) စိတ်အကြံဖြစ်၏— “ငါသည် ရဟန်းဂေါတမကို ပြဿနာမေးငြားအံ၊ ထိုသို့မေးရာ၌ ရဟန်းဂေါတမသည် ‘ပုဏ္ဏားထိုပြဿနာကို ဤသို့ မမေးထိုက်၊ ဤသို့သာ မေးထိုက်၏’ဟု ငါ့ကို အကယ်၍ ဆိုငြားအံ၊ ထိုသို့ဆိုခြင်းကြောင့် ဤပရိသတ်က ‘သောဏဒဏ္ဍပုဏ္ဏားသည် မိုက်၏၊ မလိမ္မာ၊ ရဟန်းဂေါတမကိုနည်းလမ်းမှန်စွာ ပြဿနာမေးရန် မစွမ်းနိုင်’ဟု ငါ့ကို ကဲ့ရဲ့ရာ၏၊ ဤပရိသတ်၏ အကဲ့ရဲ့ခံရသူ အားကျော်စောခြင်းသည်လည်း ဆုတ်ယုတ်လေရာ၏၊ ကျော်စောခြင်း ဆုတ်ယုတ်သူအား စည်းစိမ်တို့သည်လည်း ဆုတ်ယုတ်ကုန်ရာ၏၊ စင်စစ် ငါတို့သည် စည်းစိမ်တို့ကို ကျော်စောခြင်းကြောင့် ရကုန်၏။
ငါ့ကိုမူလည်း ရဟန်းဂေါတမသည် ပြဿနာမေးငြားအံ၊ ငါသည်လည်း ပြဿနာကို ဖြေဆိုခြင်းဖြင့်ထိုရဟန်းဂေါတမ၏ စိတ်ကို မနှစ်သက်စေနိုင်ငြားအံ၊ ထိုသို့ မနှစ်သက်စေနိုင်ခဲ့သော် ရဟန်းဂေါတမသည် ‘ပုဏ္ဏား ဤပြဿနာကို ဤသို့ မဖြေဆိုထိုက်၊ ဤသို့သာ ဖြေဆိုထိုက်၏’ဟု အကယ်၍ ငါ့ကို ဆိုငြားအံ၊ ထိုသို့ ဆိုခြင်းကြောင့် ဤပရိသတ်က ‘သောဏဒဏ္ဍပုဏ္ဏားသည် မိုက်၏၊ မလိမ္မာ၊ ပြဿနာဖြေဆိုခြင်းဖြင့်ရဟန်းဂေါတမ၏ စိတ်ကို နှစ်သက်စေခြင်းငှါ မစွမ်းနိုင်’ဟု ငါ့ကို ကဲ့ရဲ့ရာ၏၊ ဤပရိသတ်၏အကဲ့ရဲ့ခံရသူအား ကျော်စောခြင်းသည်လည်း ဆုတ်ယုတ် ရာ၏၊ ကျော်စောခြင်း ဆုတ်ယုတ်သူအားစည်းစိမ်တို့သည်လည်း ဆုတ်ယုတ်ကုန်ရာ၏၊ စင်စစ် ငါတို့သည် စည်းစိမ်တို့ကို ကျော်စောခြင်းကြောင့်ရကုန်၏။ငါသည် ဤသို့ အနီးသို့ ရောက်ပါလျက် ရဟန်းဂေါတမကို မဖူးမြော်မူ၍သာလျှင် ပြန်လှည့် သွားငြားအံ၊ ထိုသို့ ပြန်လှည့်သွားခြင်းကြောင့် ဤပရိသတ်က ‘သောဏဒဏ္ဍပုဏ္ဏားသည် မိုက်၏၊ မလိမ္မာ၊ မာနခက်ထန်၏၊ ကြောက်လည်း ကြောက်၏၊ ရဟန်းဂေါတမကို ဖူးမြော်ခြင်းငှါ မဝံ၊ ဤ သို့အနီးသို့ရောက်ပါလျက် ရဟန်းဂေါတမကို မဖူးမြော်မူ၍ အဘယ်ကြောင့် ပြန်လှည့်သွားလေဘိသနည်း’ဟု ငါ့ကို ကဲ့ရဲ့ရာ၏၊ ဤပရိသတ်၏ အကဲ့ရဲ့ခံရသူအား ကျော်စောခြင်းသည်လည်းဆုတ်ယုတ်ရာ၏၊ ကျော်စောခြင်း ဆုတ်ယုတ်သူအား စည်းစိမ်တို့သည်လည်း ဆုတ်ယုတ်ကုန်ရာ၏၊ စင်စစ်ငါတို့သည် စည်းစိမ်တို့ကို ကျော်စောခြင်းကြောင့် ရကုန်၏”ဟု စိတ်အကြံဖြစ်၏။
၃ဝ၇။ ထိုအခါ သောဏဒဏ္ဍပုဏ္ဏားသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားနှင့် အတူဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆို၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ်စကားကို ပြီးဆုံးစေ၍ တစ်ခုသောနေရာ၌ ထိုင်၏။
စမ္ပာမြို့နေ ပုဏ္ဏားနှင့် အမျိုးသားအချို့တို့သည်လည်း မြတ်စွာဘုရားကို ရှိခိုး၍ တစ်ခုသော နေရာ၌ထိုင်ကုန်၏။ အချို့တို့သည် မြတ်စွာဘုရားနှင့်အတူ ဝမ်းမြောက်ဝမ်းသာ (နှုတ်ဆက်) ပြောဆို ကုန်၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ်စကားကို ပြီးဆုံးစေ၍ တစ်ခုသော နေရာ၌ ထိုင်ကုန်၏။ အချို့တို့သည်မြတ်စွာဘုရား ရှိရာ အရပ်သို့ လက်အုပ်ချီကုန်လျက် တစ်ခုသော နေရာ၌ ထိုင်ကုန်၏၊ အချို့တို့သည်အမည် အနွယ်ကို ပြောကြားလျက် တစ်ခုသော နေရာ၌ ထိုင်ကုန်၏၊ အချို့တို့သည် တိတ်ဆိတ်စွာတစ်ခုသော နေရာ၌ ထိုင်ကုန်၏။
၃ဝ၈။ ထိုနေရာ၌လည်း သောဏဒဏ္ဍပုဏ္ဏားသည် ထိုအကြံအစည်ကိုပင် ကြိမ်ဖန်များစွာ ကြံစည် လျက်ထိုင်နေ၏။ “ငါသည် ရဟန်းဂေါတမကို ပြဿနာမေးငြားအံ၊ ထိုသို့မေးရာ၌ ရဟန်းဂေါတမသည် ‘ပုဏ္ဏားထိုပြဿနာကို ဤသို့ မမေးထိုက်၊ ဤသို့သာ မေးထိုက်၏’ဟု ငါ့ကို အကယ်၍ ဆိုငြားအံ၊ ထိုသို့ဆိုခြင်းကြောင့် ဤပရိသတ်က ‘သောဏဒဏ္ဍပုဏ္ဏားသည် မိုက်၏၊ မလိမ္မာ၊ ရဟန်းဂေါတမကိုနည်းလမ်းမှန်စွာ ပြဿနာမေးရန် မစွမ်းနိုင်’ဟု ငါ့ကို ကဲ့ရဲ့ရာ၏၊ ဤပရိသတ်၏ အကဲ့ရဲ့ခံရ သူအားကျော်စောခြင်းသည်လည်း ဆုတ်ယုတ်လေရာ၏၊ ကျော်စောခြင်းဆုတ်ယုတ်သူအား စည်းစိမ့်တို့သည်လည်း ဆုတ်ယုတ်ကုန်ရာ၏၊ စင်စစ် ငါတို့သည် စည်းစိမ်တို့ကို ကျော်စောခြင်းကြောင့် ရကုန်၏။ငါ့ကိုမူလည်း ရဟန်းဂေါတမသည် ပြဿနာမေးငြားအံ၊ ငါသည်လည်း ပြဿနာကို ဖြေဆိုခြင်းဖြင့်ထိုရဟန်းဂေါတမ၏ စိတ်ကို မနှစ်သက်စေနိုင်ငြားအံ၊ ထိုသို့ မနှစ်သက်စေနိုင်ခဲ့သော် ရဟန်း ဂေါတမသည် ‘ပုဏ္ဏား ဤပြဿနာကို ဤသို့ မဖြေဆိုထိုက်၊ ဤသို့သာ ဖြေဆိုထိုက်၏’ဟု အကယ်၍ ငါ့ကို ဆိုငြားအံ၊ ထိုသို့ ဆိုခြင်းကြောင့် ဤ ပရိသတ်က ‘သောဏဒဏ္ဍပုဏ္ဏားသည် မိုက်၏၊ မလိမ္မာ၊ ပြဿနာဖြေဆိုခြင်းဖြင့် ရဟန်းဂေါတမ၏ စိတ်ကို နှစ်သက်စေခြင်းငှါ မစွမ်းနိုင်’ဟု ငါ့ကို ကဲ့ရဲ့ရာ၏၊ ဤပရိသတ်၏ အကဲ့ရဲ့ခံရသူအား ကျော်စောခြင်းသည်လည်း ဆုတ်ယုတ် ရာ၏၊ ကျော်စောခြင်းဆုတ်ယုတ်သူအား စည်းစိမ်တို့သည်လည်း ဆုတ်ယုတ် ကုန်ရာ၏၊ စင်စစ် ငါတို့သည်စည်းစိမ်တို့ကို ကျော်စောခြင်းကြောင့် ရကုန်၏။ရဟန်းဂေါတမသည် ငါ့ဆရာ၏ အတတ်ဖြစ်သော ဗေဒင်သုံးပုံ၌ ငါ့ကို ပြဿနာမေးမူ ကောင်းလေစွ၊ (ဤသို့ မေးလျှင်) ငါသည် ပြဿနာကို ဖြေဆိုခြင်းဖြင့် ထိုရဟန်းဂေါတမ၏ စိတ်ကို ဧကန်ပင်နှစ်သက်စေနိုင်ရာ၏”ဟု ကြံစည်လျက် ထိုင်နေ၏။
ဗြာဟ္မဏဟု ပညတ်ခြင်း
၃ဝ၉။ ထိုအခါ သောဏဒဏ္ဍပုဏ္ဏား၏ စိတ်အကြံကို (မိမိ) စိတ်ဖြင့် သိတော်မူ၍ မြတ်စွာဘုရားအားဤသို့သော အကြံဖြစ်၏— “ဤ သောဏဒဏ္ဍပုဏ္ဏားသည် သူ့စိတ်အကြံဖြင့် ပင်ပန်းဆင်းရဲနေ၏၊ ငါသည် သောဏဒဏ္ဍပုဏ္ဏားအား သူ့ဆရာ၏ အတတ်ဖြစ်သော ဗေဒင်သုံးပုံ၌ ပြဿနာမေးရမူ ကောင်းလေစွ”ဟုအကြံဖြစ်၏။
ထိုအခါ မြတ်စွာဘုရားသည် သောဏဒဏ္ဍပုဏ္ဏားအား ဤသို့ မေးတော်မူ၏— “ပုဏ္ဏား အဘယ်မျှလောက်သော အင်္ဂါတို့နှင့် ပြည့်စုံသူကို ပုဏ္ဏားတို့သည် ပုဏ္ဏားဟု ပညတ်ကုန်သနည်း၊ အဘယ်မျှလောက်သော အင်္ဂါတို့နှင့် ပြည့်စုံသူသည်လည်း ‘ငါ ပုဏ္ဏား’ဟု ဆိုသော် မှန်စွာဆိုသည် မည်ရာသနည်း၊ မမှန်ပြောဆိုခြင်းသို့ မရောက်ရာသနည်း”ဟု မေးတော်မူ၏။
၃၁ဝ။ ထိုအခါ သောဏဒဏ္ဍပုဏ္ဏားအား ဤသို့သော အကြံဖြစ်၏— “ရဟန်းဂေါတမသည် ငါ့ဆရာ၏ အတတ်ဖြစ်သော ဗေဒင်သုံးပုံ၌ ငါ့ကို ပြဿနာမေးမူ ကောင်းလေစွ၊ (ဤသို့မေးလျှင်) ငါသည် ပြဿနာကို ဖြေဆိုခြင်းဖြင့် ထိုရဟန်းဂေါတမ၏ စိတ်ကို ဧကန်ပင်နှစ်သက်စေနိုင်ရာ၏ဟု အလိုရှိခဲ့၏၊ မျှော်လင့်ခဲ့၏၊ လိုလားခဲ့၏၊ တောင့်တခဲ့၏၊ ထို အတိုင်းပင်ရဟန်းဂေါတမသည် ငါ့ဆရာ၏ အတတ်ဖြစ်သော ဗေဒင်သုံးပုံ၌ ငါ့ကို ပြဿနာမေး ပေ၏၊ ငါသည်ပြဿနာကို ဖြေဆိုခြင်းဖြင့် ထိုရဟန်းဂေါတမ၏ စိတ်ကို ဧကန်ပင် နှစ်သက်စေနိုင် ပေတော့အံ့”ဟုအကြံဖြစ်၏။
၃၁၁။ ထိုအခါ သောဏဒဏ္ဍပုဏ္ဏားသည် ကိုယ်ကို မတ်စေ၍ ပရိသတ်ကို စောင်းငဲ့ကြည့်ရှုပြီးလျှင်မြတ်စွာဘုရားအား ဤစကားကို လျှောက်ထား၏— “အသျှင်ဂေါတမ ငါးပါးသော အင်္ဂါတို့နှင့် ပြည့်စုံသူကို ပုဏ္ဏားဟု ပညတ်ပါကုန်၏၊ (ငါးပါးသောအင်္ဂါတို့နှင့် ပြည့်စုံသူသည်လည်း) ‘ငါ ပုဏ္ဏား’ဟု ဆိုသော် မှန်စွာ ဆိုသည် မည်ရာပါ၏၊ မမှန်ပြောဆိုခြင်းသို့လည်း မရောက်ရာပါ၊ အဘယ်ငါးပါးတို့နည်းဟူမူ— (၁) အသျှင်ဂေါတမ ဤလောက၌ ပုဏ္ဏားသည် အမိဘက် အဖဘက် နှစ်ဖက်စလုံးတို့မှ ကောင်း သောဇာတ်ရှိ၏၊ ဘိုးဘေးခုနစ်ဆက်တိုင်အောင် မျိုးရိုးသန့်သော အမိဝမ်းရှိ၏၊ ဇာတ်နှင့် စပ်သော စကားဖြင့်အပယ်မခံရ၊ အကဲ့ရဲ့မခံရ။ (၂) ဝေဒကျမ်းလာဂါထာတို့ကို ရွတ်ဆိုတတ်၏၊ ဝေဒကျမ်းတို့ကို ဆောင်၏၊ အဘိဓာန် ‘နိဃဏ္ဍု’ ကျမ်း၊ အလင်္ကာ ‘ကေဋုဘကျမ်း’၊ သဒ္ဒါ ‘အက္ခရပ္ပဘေဒ’ ကျမ်း၊ ငါးခုမြောက် ဣတိဟာသကျမ်းနှင့် တကွဗေဒင်သုံးပုံတို့၏ တစ်ဖက်ကမ်းသို့ ရောက်၏၊ ပဒကျမ်းကို တတ်၏၊ ဗျာကရုဏ်းကျမ်းကို တတ်၏၊ လောကာယတကျမ်း၊ မဟာပုရိသလက္ခဏာကျမ်း တို့၌ အကြွင်းမဲ့တတ်မြောက်၏။
(၃) အဆင်းလှ၏၊ ရှုချင်ဖွယ်ရှိ၏၊ မြတ်သော အဆင်းသဏ္ဌာန်နှင့် ပြည့်စုံ၏၊ ဗြဟ္မာနှင့်တူသော အဆင်းရှိ၏၊ ဗြဟ္မာနှင့်တူသော ကိုယ်ရှိ၏၊ ခံ့ညားသော ကိုယ်ခန္ဓာရှိ၏။
(၄) သီလရှိ၏၊ ကြီးပွားသော သီလလည်း ရှိ၏၊ ကြီးပွားသော သီလနှင့်လည်း ပြည့်စုံ၏။
(၅) ပညာရှိ၏၊ ထက်မြက်သော ဉာဏ်လည်း ရှိ၏၊ ယဇ်ယောက်မကိုင်သော သူတို့တွင် ပဌမသော်လည်းကောင်း ဒုတိယသော်လည်းကောင်း ဖြစ်၏။
အသျှင်ဂေါတမ ဤငါးပါးသော အင်္ဂါတို့နှင့် ပြည့်စုံသူကို ပုဏ္ဏားဟု ပညတ်ပါကုန်၏၊ (ဤငါးပါးသောအင်္ဂါတို့နှင့် ပြည့်စုံသူသည်လည်း) ‘ငါ ပုဏ္ဏား’ဟု ဆိုသော် မှန်စွာဆိုသည် မည်ရာပါ၏၊ မမှန်ပြောဆိုခြင်းသို့လည်း မရောက်ရာပါ၊
၃၁၂။ ပုဏ္ဏား ဤငါးပါးသော အင်္ဂါတို့တွင် အင်္ဂါတစ်ပါးကို ထား၍ လေးပါးသော အင်္ဂါတို့နှင့်ပြည့်စုံသူကို ပုဏ္ဏားတို့သည် ပုဏ္ဏားဟု ပညတ်ခြင်းငှါ တတ်နိုင်ပါသလော့၊ (လေးပါးသော အင်္ဂါတို့နှင့်ပြည့်စုံသူသည်လည်း) ‘ငါ ပုဏ္ဏား’ဟု ဆိုသော် မှန်စွာ ဆိုသည် မည်ရာသလော့၊ မမှန်ပြောဆိုခြင်းသို့လည်း မရောက်ရာသလော။
အသျှင်ဂေါတမ တတ်နိုင်ပါ၏၊ ဤငါးပါးသော အင်္ဂါတို့တွင် အဆင်းကို ထားပါကုန်အံ၊ အဆင်းသည်အဘယ်မူအံ့နည်း၊ အသျှင်ဂေါတမ ပုဏ္ဏားသည်— (၁) အမိဘက် အဖဘက် နှစ်ဖက်စလုံးတို့မှ ကောင်းသော ဇာတ်ရှိ၏၊ ဘိုးဘေး ခုနစ်ဆက် တိုင်အောင်မျိုးရိုးသန့်သော အမိဝမ်းရှိ၏၊ ဇာတ်နှင့်စပ်သော စကားဖြင့် အပယ်မခံရ၊ အကဲ့ရဲ့မခံရ။
(၂) ဝေဒကျမ်းလာဂါထာတို့ကို ရွတ်ဆိုတတ်၏၊ ဝေဒကျမ်းတို့ကို ဆောင်၏၊ အဘိဓာန် ‘နိဃဏ္ဍု’ ကျမ်း၊ အလင်္ကာ ‘ကေဋုဘကျမ်း’၊ သဒ္ဒါ ‘အက္ခရပ္ပဘေဒ’ ကျမ်း၊ ငါးခုမြောက် ဣတိဟာသ ကျမ်းနှင့်တကွဗေဒင်သုံးပုံတို့၏ တစ်ဖက်ကမ်းသို့ ရောက်၏၊ ပဒကျမ်းကို တတ်၏၊ ဗျာကရုဏ်းကျမ်းကို တတ်၏၊ လောကာယတကျမ်း၊ မဟာပုရိသလက္ခဏာကျမ်းတို့၌ အကြွင်းမဲ့ တတ်မြောက်၏။
(၃) သီလရှိ၏၊ ကြီးပွားသော သီလလည်း ရှိ၏၊ ကြီးပွားသော သီလနှင့်လည်း ပြည့်စုံ၏။
(၄) ပညာရှိ၏၊ ထက်မြက်သော ဉာဏ်လည်း ရှိ၏၊ ယဇ်ယောက်မကိုင်သော သူတို့တွင် ပဌမသော်လည်းကောင်း ဒုတိယသော်လည်းကောင်း ဖြစ်၏။
အသျှင်ဂေါတမ ဤလေးပါးသော အင်္ဂါတို့နှင့် ပြည့်စုံသူကို ပုဏ္ဏားတို့သည် ပုဏ္ဏားဟု ပညတ် ပါကုန်၏၊ (ဤလေးပါးသော အင်္ဂါတို့နှင့် ပြည့်စုံသူသည်လည်း) ‘ငါ ပုဏ္ဏား’ဟု ဆိုသော် မှန်စွာ ဆိုသည်မည်ရာပါ၏၊ မမှန် ပြောဆိုခြင်းသို့လည်း မရောက်ရာပါ။
ပုဏ္ဏား ဤလေးပါးသော အင်္ဂါတို့တွင် အင်္ဂါတစ်ပါးကို ထား၍ သုံးပါးသော အင်္ဂါတို့နှင့် ပြည့်စုံသူကိုပုဏ္ဏားတို့သည် ပုဏ္ဏားဟု ပညတ်ခြင်းငှါ တတ်နိုင်ပါသလော့၊ (သုံးပါးသော အင်္ဂါတို့နှင့်ပြည့်စုံသူသည်လည်း) ‘ ငါ ပုဏ္ဏား’ဟု ဆိုသော် မှန်စွာဆိုသည် မည်ရာသလော့၊ မမှန်ပြောဆိုခြင်းသို့လည်း မရောက်ရာသလော။
အသျှင်ဂေါတမ တတ်နိုင်ပါ၏၊ ဤလေးပါးသော အင်္ဂါတို့တွင် ဝေဒကျမ်းကို ထားပါကုန်အံ၊ ဝေဒကျမ်းတို့သည် အဘယ်မူအံ့နည်း၊ အသျှင်ဂေါတမ ပုဏ္ဏားသည်— (၁) အမိဘက် အဖဘက် နှစ်ဖက်စလုံးတို့မှ ကောင်းသော ဇာတ်ရှိ၏၊ ဘိုးဘေး ခုနစ်ဆက် တိုင်အောင်မျိုးရိုးသန့်သော အမိဝမ်းရှိ၏၊ ဇာတ်နှင့်စပ်သော စကားဖြင့် အပယ်မခံရ၊ အကဲ့ရဲ့ မခံရ။ (၂) သီလရှိ၏၊ ကြီးပွားသော သီလလည်း ရှိ၏၊ ကြီးပွားသော သီလနှင့်လည်း ပြည့်စုံ၏။
(၃) ပညာရှိ၏၊ ထက်မြက်သော ဉာဏ်လည်း ရှိ၏၊ ယဇ်ယောက်မကိုင်သော သူတို့တွင် ပဌမသော်လည်းကောင်း ဒုတိယသော်လည်းကောင်း ဖြစ်၏။
အသျှင်ဂေါတမ ဤသုံးပါးသော အင်္ဂါတို့နှင့် ပြည့်စုံသူကို ပုဏ္ဏားတို့သည် ပုဏ္ဏားဟု ပညတ်ပါ ကုန်၏၊ (ဤသုံးပါးသော အင်္ဂါတို့နှင့် ပြည့်စုံသူသည်လည်း) ‘ငါ ပုဏ္ဏား’ဟု ဆိုသော် မှန်စွာ ဆိုသည် မည်ရာပါ၏၊ မမှန် ပြောဆိုခြင်းသို့လည်း မရောက်ရာပါ။
ပုဏ္ဏား ဤသုံးပါးသော အင်္ဂါတို့တွင် အင်္ဂါတစ်ပါးကို ထား၍ နှစ်ပါးသော အင်္ဂါတို့နှင့် ပြည့်စုံသူကိုပုဏ္ဏားတို့သည် ပုဏ္ဏားဟု ပညတ်ခြင်းငှါ တတ်နိုင်ပါသလော့၊ (နှစ်ပါးသော အင်္ဂါတို့နှင့် ပြည့်စုံသူသည်လည်း) ‘ငါ ပုဏ္ဏား’ဟု ဆိုသော် မှန်စွာဆိုသည် မည်ရာသလော့၊ မမှန်ပြောဆိုခြင်းသို့လည်း မရောက်ရာသလော။
အသျှင်ဂေါတမ တတ်နိုင်ပါ၏၊ ဤသုံးပါးသော အင်္ဂါတို့တွင် ဇာတ်ကို ထားပါကုန်အံ၊ ဇာတ်သည်အဘယ်မူအံ့နည်း၊ အသျှင်ဂေါတမ ပုဏ္ဏားသည်— (၁) သီလရှိ၏၊ ကြီးပွားသော သီလလည်း ရှိ၏၊ ကြီးပွားသော သီလနှင့်လည်း ပြည့်စုံ၏။
(၂) ပညာရှိ၏၊ ထက်မြက်သော ဉာဏ်လည်း ရှိ၏၊ ယဇ်ယောက်မကိုင်သော သူတို့တွင် ပဌမသော်လည်းကောင်း ဒုတိယသော်လည်းကောင်း ဖြစ်၏။
အသျှင်ဂေါတမ ဤနှစ်ပါးသော အင်္ဂါတို့နှင့် ပြည့်စုံသူကို ပုဏ္ဏားတို့သည် ပုဏ္ဏားဟု ပညတ်ပါ ကုန်၏၊ (ဤနှစ်ပါးသော အင်္ဂါတို့နှင့် ပြည့်စုံသူသည်လည်း) ‘ငါ ပုဏ္ဏား’ဟု ဆိုသော် မှန်စွာ ဆိုသည် မည်ရာပါ၏၊ မမှန် ပြောဆိုခြင်းသို့လည်း မရောက်ရာပါ။
၃၁၃။ ဤသို့ ဆိုသော် ထိုပုဏ္ဏားတို့သည် သောဏဒဏ္ဍပုဏ္ဏားအား ဤစကားကို ဆိုကုန်၏— “အသျှင်သောဏဒဏ္ဍ ဤသို့ မဆိုပါလင့်၊ အသျှင်သောဏဒဏ္ဍ ဤသို့ မဆိုပါလင့်၊ အသျှင်သောဏဒဏ္ဍသည် အဆင်းကို ပစ်ပယ်၏၊ ဝေဒကျမ်းတို့ကို ပစ်ပယ်၏၊ ဇာတ်ကို ပစ်ပယ်၏၊ အသျှင်သောဏဒဏ္ဍသည် ရဟန်းဂေါတမ၏ ဝါဒသို့ စင်စစ် လိုက်ပါသွား၏”ဟု ဆိုကုန်၏။
၃၁၄။ ထိုအခါ မြတ်စွာဘုရားသည် ထိုပုဏ္ဏားတို့အား ဤစကားကို မိန့်ဆိုတော်မူ၏— “သောဏဒဏ္ဍပုဏ္ဏားသည် အကြားအမြင်လည်း နည်း၏၊ ချေငံသော စကားလည်း မရှိ၊ ပညာ လည်းမဲ့၏၊ သောဏဒဏ္ဍပုဏ္ဏားသည် ဤစကား၌ ရဟန်းဂေါတမနှင့်အတူ တုံ့ပြန် ပြောဆိုခြင်းငှါ လည်းမစွမ်းနိုင်ဟု သင်ပုဏ္ဏားတို့ အကယ်၍ ထင်ကြလျှင် သောဏဒဏ္ဍပုဏ္ဏားသည် နေပါစေ၊ သင်တို့သည်သာဤစကား၌ ငါနှင့်အတူ ပြောဆိုကုန်လော။ သောဏဒဏ္ဍပုဏ္ဏားသည် အကြား အမြင်များ၏၊ ချေငံသောစကားလည်း ရှိ၏၊ ပညာလည်း ရှိ၏၊ သောဏဒဏ္ဍပုဏ္ဏားသည် ဤ စကား၌ ရဟန်းဂေါတမနှင့်အတူတုံ့ပြန်ပြောဆိုခြင်းငှါလည်း စွမ်းနိုင်၏ဟု သင်ပုဏ္ဏားတို့ အကယ်၍ ထင်ကြလျှင် သင်တို့ နေကြကုန်၊ သောဏဒဏ္ဍပုဏ္ဏားသည်သာ ဤစကား၌ ငါနှင့်အတူ တုံ့ပြန် ပြောဆိုပါစေ”ဟု မိန့်တော်မူ၏။
၃၁၅။ ယင်းသို့ မိန့်တော်မူလျှင် သောဏဒဏ္ဍပုဏ္ဏားသည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏— “အသျှင်ဂေါတမ နေတော်မူပါ၊ အသျှင်ဂေါတမ ဆိတ်ဆိတ် နေတော်မူပါ၊ အကျွန်ုပ်သည်သာ ဤပုဏ္ဏားတို့အား အကြောင်းနှင့်တကွ ချေပပြောဆိုပါအံ့”ဟု လျှောက်၏။
ထိုအခါ သောဏဒဏ္ဍပုဏ္ဏားသည် ထိုပုဏ္ဏားတို့အား ဤစကားကို ဆို၏ —
“အသျှင်တို့ ဤသို့ မဆိုပါကုန်လင့်၊ အသျှင်တို့ ဤသို့ မဆိုကုန်လင့်၊ ‘အသျှင်သောဏဒဏ္ဍသည်အဆင်းကို ပစ်ပယ်၏၊ ဝေဒကျမ်းတို့ကို ပစ်ပယ်၏၊ ဇာတ်ကို ပစ်ပယ်၏၊ အသျှင်သောဏ ဒဏ္ဍသည်ရဟန်းဂေါတမ၏ ဝါဒသို့သာ စင်စစ် လိုက်ပါသွား၏’ဟု မဆိုပါကုန်လင့်၊ ငါသည် အဆင်းကိုလည်းမပစ်ပယ်ပါ၊ ဝေဒကျမ်းတို့ကိုလည်း မပစ်ပယ်ပါ၊ ဇာတ်ကိုလည်း မပစ်ပယ်ပါ”ဟု ဆို၏။
၃၁၆။ ထိုစဉ်အခါ၌ သောဏဒဏ္ဍပုဏ္ဏား၏ တူဖြစ်သော အင်္ဂကမည်သော လုလင်သည် ထို ပရိသတ်၌ထိုင်နေလျက် ရှိ၏၊ ထိုအခါ သောဏဒဏ္ဍပုဏ္ဏားသည် ထိုပုဏ္ဏားတို့အား ဤစကားကို ဆို၏။
“အသျှင်တို့ ငါ၏တူဖြစ်သော ဤအင်္ဂကလုလင်ကို မြင်ကြကုန်၏ (မဟုတ်) လော”။
“အသျှင်မြင်ကြပါကုန်၏”။
အသျှင်တို့ စင်စစ် အင်္ဂကလုလင်သည် အဆင်းလှ၏၊ ရှုချင်ဖွယ်ရှိ၏၊ ကြည်ညိုဖွယ်ရှိ၏၊ ကောင်းမြတ်သော အဆင်းသဏ္ဌာန်နှင့် ပြည့်စုံ၏၊ ဗြဟ္မာနှင့်တူသော အဆင်းရှိ၏၊ ဗြဟ္မာနှင့်တူသော ကိုယ်ရှိ၏၊ ခံ့ညားသော ကိုယ်ခန္ဓာရှိ၏၊ ဤပရိသတ်၌ ရဟန်းဂေါတမကို ထား၍ ထိုအင်္ဂကလုလင်နှင့်အဆင်းအားဖြင့် တူမျှသောသူ မရှိ၊ အင်္ဂကလုလင်သည် ဝေဒကျမ်းလာ ဂါထာတို့ကို ရွတ်ဆိုတတ်၏၊ ဝေဒကျမ်းတို့ကို ဆောင်၏၊ အဘိဓာန် ‘နိဃဏ္ဍု’ ကျမ်း၊ အလင်္ကာ ‘ကေဋုဘကျမ်း’၊ သဒ္ဒါ ‘အက္ခရပ္ပဘေဒ’ ကျမ်း၊ ငါးခုမြောက် ဣတိဟာသကျမ်းနှင့်တကွ ဗေဒင်သုံးပုံတို့၏ တစ်ဖက်ကမ်းသို့ရောက်၏၊ ပဒကျမ်းကို တတ်၏၊ ဗျာကရုဏ်းကျမ်းကို တတ်၏၊ လောကာယတကျမ်းမဟာပုရိသလက္ခဏာကျမ်းတို့၌ အကြွင်းမဲ့ တတ် မြောက်၏။ ငါသည်ပင် ထို အင်္ဂကလုလင်အားဝေဒကျမ်းတို့ကို ပို့ချပေးထား၏၊ အင်္ဂကလုလင်သည် အမိဘက် အဖဘက် နှစ်ဖက်စလုံးတို့မှကောင်းသော ဇာတ် ရှိ၏၊ ဘိုးဘေး ခုနစ်ဆက်တိုင်အောင် မျိုးရိုး သန့်သော အမိဝမ်း ရှိ၏၊ ဇာတ်နှင့်စပ်သော စကားဖြင့် အပယ် မခံရ၊ အကဲ့ရဲ့မခံရ။ ငါသည် ထိုအင်္ဂက လုလင်၏ အမိအဖတို့ကို သိ၏၊ အကယ်၍ အင်္ဂကလုလင်သည် သူ့အသက်ကိုမူလည်း သတ်ငြားအံ၊ မပေးသည်ကိုမူလည်း ယူငြားအံ၊ သူ၏ မယားကိုလည်း သွားလာငြားအံ၊ မမှန်သော စကားကိုမူလည်း ပြောငြားအံ၊ သေရည်ကိုမူလည်းသောက်ငြားအံ၊ အသျှင်တို့ ဤသို့ပြုရာ၌ အဆင်းသည် အဘယ်မူ အံ့နည်း၊ ဝေဒကျမ်းတို့သည်အဘယ်မူအံ့နည်း၊ ဇာတ်သည် အဘယ်မူအံ့နည်း၊ အသျှင်တို့ ပုဏ္ဏားသည်—သီလရှိ၏၊ ကြီးပွားသော သီလလည်း ရှိ၏၊ ကြီးပွားသော သီလနှင့်လည်း ပြည့်စုံ၏။ပညာရှိ၏၊ ထက်မြက်သော ဉာဏ်လည်း ရှိ၏၊ ယဇ်ယောက်မကိုင်သော သူတို့တွင် ပဌမသော်လည်းကောင်း ဒုတိယသော်လည်းကောင်း ဖြစ်၏။
အသျှင်တို့ ဤနှစ်ပါးသော အင်္ဂါတို့နှင့် ပြည့်စုံသူကို ပုဏ္ဏားတို့သည် ပုဏ္ဏားဟု ပညတ်ကုန်၏၊ (ဤနှစ်ပါးသော အင်္ဂါတို့နှင့် ပြည့်စုံသူသည်လည်း) ‘ငါ ပုဏ္ဏား’ဟု ဆိုသော် မှန်စွာ ဆိုသည် မည်ရာပါ၏၊ မမှန်ပြောဆိုခြင်းသို့လည်း မရောက်ရာဟု (ဆို၏)။
သီလနှင့်ပညာကို အမြတ်ဆုံးဟုဆိုခြင်း
၃၁၇။ ပုဏ္ဏား ဤနှစ်ပါးသော အင်္ဂါတို့တွင် အင်္ဂါတစ်ပါးကို ထား၍ အင်္ဂါတစ်ပါးတည်းနှင့် ပြည့်စုံ သူကိုပုဏ္ဏားတို့သည် ပုဏ္ဏားဟု ပညတ်ခြင်းငှါ တတ်နိုင်ပါသလော့၊ (အင်္ဂါတစ်ပါးတည်းနှင့် ပြည့်စုံသူသည်လည်း) ‘ ငါ ပုဏ္ဏား’ဟု ဆိုသော် မှန်စွာ ဆိုသည် မည်ရာသလော့၊ မမှန်ပြောဆိုခြင်းသို့လည်းမရောက်နိုင်ရာသလော။
အသျှင်ဂေါတမ မတတ်နိုင်ပါ၊ အသျှင်ဂေါတမ ပညာကို သီလဖြင့် ဆေးကြောရပါ၏၊ သီလကို ပညာဖြင့်ဆေးကြောရပါ၏။ အကြင်ပုဂ္ဂိုလ်၌ သီလရှိ၏၊ ထိုပုဂ္ဂိုလ်၌ ပညာရှိပါ၏။ အကြင်ပုဂ္ဂိုလ်၌ ပညာရှိ၏၊ ထိုပုဂ္ဂိုလ်၌ သီလရှိပါ၏။ သီလရှိသော သူအား ပညာရှိပါ၏၊ ပညာရှိသော သူအား သီလရှိပါ၏၊ သီလနှင့် ပညာကို လောက၌ အမြတ်ဆုံးဟု ဆိုအပ်၏၊ အသျှင်ဂေါတမ လက ် (တစ်ဖက်) ဖြင့်လက် (တစ်ဖက်) ကို ဆေးကြောရာသကဲ့သို့လည်းကောင်း၊ ခြေ (တစ်ဖက်) ဖြင့် ခြေ (တစ်ဖက်) ကိုဆေးကြော ရာသကဲ့သို့လည်းကောင်း အသျှင်ဂေါတမ ဤအတူပင် ပညာကို သီလဖြင့်ဆေးကြောရပါ၏၊ သီလကို ပညာဖြင့် ဆေးကြောရပါ၏။ အကြင်ပုဂ္ဂိုလ်၌ သီလ ရှိ၏၊ ထိုပုဂ္ဂိုလ်၌့ပညာရှိပါ၏။ အကြင်ပုဂ္ဂိုလ်၌ ပညာရှိ၏၊ ထိုပုဂ္ဂိုလ်၌ သီလရှိပါ၏။ သီလရှိသော သူအား ပညာ ရှိပါ၏၊ ပညာရှိသော သူအား သီလရှိပါ၏၊ သီလနှင့် ပညာကို လောက၌ အမြတ်ဆုံးဟု ဆိုအပ်ပါ၏။
ပုဏ္ဏား ဤစကားသည် ဤအတိုင်းပင် မှန်ပေ၏၊ ပုဏ္ဏား ဤစကားသည် ဤအတိုင်းပင် မှန်ပေ၏၊ ပုဏ္ဏား ပညာကို သီလဖြင့် ဆေးကြောရ၏၊ သီလကို ပညာဖြင့် ဆေးကြောရ၏။ အကြင် ပုဂ္ဂိုလ်၌သီလရှိ၏၊ ထိုပုဂ္ဂိုလ်၌ ပညာရှိ၏။ အကြင်ပုဂ္ဂိုလ်၌ ပညာရှိ၏၊ ထိုပုဂ္ဂိုလ်၌ သီလရှိ၏။ သီလရှိ သောသူအား ပညာရှိ၏၊ ပညာရှိသော သူအား သီလရှိ၏၊ သီလနှင့် ပညာကို လောက၌ အမြတ်ဆုံးဟုဆိုအပ်၏။ ပုဏ္ဏား လက် (တစ်ဖက်) ဖြင့် လက် (တစ်ဖက်) ကို ဆေးကြောရာသကဲ့သို့လည်းကောင်း၊ ခြေ (တစ်ဖက်) ဖြင့် ခြေ (တစ်ဖက်) ကို ဆေးကြောရာသကဲ့သို့လည်းကောင်း ပုဏ္ဏား ဤအတူပင် ပညာကိုသီလဖြင့် ဆေးကြောရ၏၊ သီလကို ပညာဖြင့် ဆေးကြောရ၏။ အကြင် ပုဂ္ဂိုလ်၌ သီလ ရှိ၏၊ ထိုပုဂ္ဂိုလ်၌ ပညာ ရှိ၏။ အကြင် ပုဂ္ဂိုလ်၌ ပညာရှိ၏၊ ထိုပုဂ္ဂိုလ်၌ သီလရှိ၏။ သီလရှိသော သူအားပညာရှိ၏၊ ပညာရှိသော သူအား သီလရှိ၏၊ သီလနှင့် ပညာကို လောက၌ အမြတ်ဆုံးဟု ဆိုအပ်၏။
၃၁၈။ ပုဏ္ဏား ထိုသီလကား အဘယ်နည်း၊ ထိုပညာကား အဘယ်နည်း—အသျှင်ဂေါတမ ဤအရာ၌ အကျွန်ုပ်တို့သည် ဤမျှလောက်ကိုသာ သိပါကုန်၏၊ ထို့ကြောင့် တောင်းပန်ပါ၏၊ ထို (သီလ ပညာ ဟူသော) စကား၏ အနက်သဘောကို အသျှင်ဂေါတမသည်ပင်လျှင်ဟောတော်မူပါလော။
ပုဏ္ဏား သို့ဖြစ်လျှင် နာကြားလော့၊ ကောင်းစွာ နှလုံးသွင်းလော့၊ ဟောကြားပေအံ။
“အသျှင်ဘုရား ကောင်းပါပြီ”ဟု သောဏဒဏ္ဍပုဏ္ဏားသည် မြတ်စွာဘုရားအား ပြန်ကြား လျှောက်ထား၏၊ မြတ်စွာဘုရားသည် ဤတရားကို ဟောတော်မူ၏။
“ပုဏ္ဏား ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော။ပ။ မြတ်စွာဘုရားသည် ဤလောက၌ ပွင့်တော်မူ၏။ပ။ [သာမညဖလသုတ်၌ အကျယ်ချဲ့သကဲ့သို့ နည်းတူပင် ဤသောဏဒဏ္ဍသုတ်၌လည်း ချဲ့အပ်၏]
ပုဏ္ဏား ဤသို့လျှင် ရဟန်းသည် သီလနှင့် ပြည့်စုံပေ၏၊ ပုဏ္ဏား ဤ (သုံးမျိုးသောသီလ) သည် ထို (မူလက ငါဆိုခဲ့သော) သီလပင်တည်း။
။ပ။၁ ပဌမဈာန်သို့ ရောက်၍ နေ၏။ပ။၂ ဒုတိယဈာန်သို့။ပ။ တတိယဈာန်သို့။ပ။ စတုတ္ထဈာန်သို့ရောက်၍ နေ၏။ပ။
။ပ။ ဝိပဿနာဉာဏ်အမြင်အလို့ငှါ စိတ်ကို ရှေးရှုညွတ်စေ၏။ပ။ ဤသည်လည်း ထိုရဟန်း၏ပညာပင်တည်း၃။
။ပ။၄ ဤမဂ်ကိစ္စအလို့ငှါ တစ်ပါးသော ပြုဖွယ်ကိစ္စ မရှိတော့ပြီဟု သိ၏၊ ဤသည်လည်း ထိုရဟန်း၏ပညာပင်တည်း။
ပုဏ္ဏား ဤ (ရှစ်မျိုးသော ပညာ) သည် ထို (မူလက ငါဆိုခဲ့သော) ပညာပင်တည်းဟု ဟောတော်မူ၏။
၃၁၉။ ဤသို့ ဟောတော်မူသော် သောဏဒဏ္ဍပုဏ္ဏားသည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏။
၁။ သာမညဖလသုတ် အပိုဒ် ၂၁၄မှ စ၍ ထုတ်ဖော်လေ။
၂။ သာမညဖလသုတ် အပိုဒ် ၂၂၇—မှ စ၍ ထုတ်ဖော်လေ။ အပိုဒ် ၂၂၈ တွင် တတိယအပိုဒ်ခွဲကိုကား ချန်ထားလေ၊ နောက်နောက် ပေယျာလတို့၌လည်း အလားတူ အပိုဒ်ခွဲများကို ချန်ထားလေ။
၃။ ဤဝိပဿနာဉာဏ်မှစ၍ ဉာဏ်ရှစ်ပါးတို့ကိုပြရာ အဆုံး, အဆုံး၌ ချန်ထားရမည့် တတိယအပိုဒ်ခွဲမျိုးနေရာတွင် ဤဝါကျဖြင့် နိဂုံးအုပ်ထားသည်။
၄။ သာမညဖလသုတ် အပိုဒ် ၂၃၇—မှ စ၍ ထုတ်ဖော်လေ။
သောဏဒဏ္ဍပုဏ္ဏား ဥပါသကာအဖြစ် လျှောက်ထားခြင်း
“အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ်ရှိပါပေ၏၊ အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ်ရှိပါပေ၏၊ အသျှင်ဂေါတမ မှောက်ထားသည်ကို လှန်ဘိသကဲ့သို့လည်းကောင်း၊ ဖုံးလွှမ်းထားသည်ကို ဖွင့်လှစ်ဘိသကဲ့လည်းကောင်း၊ မျက်စိလည်သောသူအား လမ်းမှန်ကို ပြောကြားဘိသကဲ့သို့လည်းကောင်း၊ ‘မျက်စိအမြင်ရှိသော သူတို့သည် အဆင်းတို့ကို မြင်ကြလိမ့်မည်’ဟုအမိုက်မှောင်၌ ဆီမီးတန်ဆောင်ကို ဆောင်ပြဘိသကဲ့သို့လည်းကောင်း (အသျှင်ဂေါတမ) ဤအတူသာလျှင်အသျှင်ဂေါတမသည် များစွာသော အကြောင်းဖြင့် တရားတော်ကို ပြတော်မူပါပေ၏၊ အသျှင်ဂေါတမအကျွန်ုပ်သည် အသျှင်ဂေါတမကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ တရားတော်ကိုလည်းကိုးကွယ်ရာဟူ၍ ဆည်းကပ် ပါ၏၊ သံဃာတော်ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ အသျှင်ဂေါတမသည် အကျွန်ုပ်ကို ‘ယနေ့မှ စ၍ အသက်ထက်ဆုံးကိုးကွယ်ဆည်းကပ်သောဥပါသကာ’ဟုမှတ်တော်မူပါ၊ (ထို့ပြင်) အသျှင်ဂေါတမသည်ရဟန်းသံဃာနှင့် အတူ နက်ဖြန်အဖို့ အကျွန်ုပ်၏ ဆွမ်းကိုလည်း လက်ခံတော်မူပါ”ဟု လျှောက်၏။
မြတ်စွာဘုရားသည် ဆိတ်ဆိတ်နေခြင်းဖြင့် လက်ခံတော်မူ၏။
၃၂ဝ။ ထိုအခါ သောဏဒဏ္ဍပုဏ္ဏားသည် မြတ်စွာဘုရား၏ လက်ခံတော်မူခြင်းကို သိ၍ နေရာမှ ထကာမြတ်စွာဘုရားကို ရှိခိုး၍ အရိုအသေပြုပြီးလျှင် ဖဲခွါသွားလေ၏။
ထိုအခါ သောဏဒဏ္ဍပုဏ္ဏားသည် ထို ညဉ့်လွန်မြောက်ပြီးနောက် မိမိ နေအိမ်၌ မွန်မြတ်သော ခဲဖွယ်ဘောဇဉ်ကို စီရင်စေ၍ “အသျှင်ဂေါတမ အချိန်တန်ပါပြီ၊ ဆွမ်း ပြင်ပြီးပါပြီ”ဟု မြတ်စွာဘုရားအားအချိန် (တန်ကြောင်း) ကို လျှောက်စေ၏။
ထိုအခါ မြတ်စွာဘုရားသည် နံနက်အချိန်၌ (သင်္ကန်းကို) ပြင်ဝတ်တော်မူ၍ သပိတ်သင်္ကန်းကို ယူလျက်ရဟန်းသံဃာနှင့်အတူ သောဏဒဏ္ဍပုဏ္ဏားအိမ်သို့ ချဉ်းကပ်တော်မူပြီးလျှင် ပြင်ထားသော နေရာ၌ရဟန်းသံဃာနှင့်အတူ ထိုင်နေတော်မူ၏။
ထိုအခါ သောဏဒဏ္ဍပုဏ္ဏားသည် ဘုရားအမှူးရှိသော ရဟန်းသံဃာကို မွန်မြတ်သော ခဲဖွယ် ဘောဇဉ်ဖြင့် ရောင့်ရဲသည့်တိုင်အောင် မိမိကိုယ်တိုင် လုပ်ကျွေး၏။
၃၂၁။ မြတ်စွာဘုရား ဆွမ်းစားပြီး၍ သပိတ်မှ လက်ကို ဖယ်ပြီးသောအခါ သောဏဒဏ္ဍ ပုဏ္ဏားသည်နိမ့်သော ထိုင်စရာ တစ်ခုကို ယူ၍ တစ်ခုသော နေရာ၌ ထိုင်၏။
တစ်ခုသော နေရာ၌ ထိုင်ပြီးလျှင် သောဏဒဏ္ဍပုဏ္ဏားသည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏— “အသျှင်ဂေါတမ အကျွန်ုပ်သည် ပရိသတ်ထဲ၌ ရောက်နေသောအခါ နေရာမှ ထ၍ အသျှင်ဂေါတမကိုရှိခိုးငြားအံ၊ ထိုသို့ ရှိခိုးခြင်းကြောင့် ထိုပရိသတ်သည် အကျွန်ုပ်ကို ကဲ့ရဲ့ရာ၏၊ ထိုပရိသတ်၏အကဲ့ရဲ့ခံရသူအား ကျော်စောခြင်းသည်လည်း ဆုတ်ယုတ်ရာ၏၊ ကျော်စောခြင်း ဆုတ်ယုတ်သူအားစည်းစိမ်တို့သည်လည်း ဆုတ်ယုတ်ကုန်ရာ၏၊ စင်စစ် အကျွန်ုပ်တို့သည် စည်းစိမ်တို့ကို ကျော်စောခြင်းကြောင့် ရပါကုန်၏။အသျှင်ဂေါတမ အကျွန်ုပ်သည် ပရိသတ်ထဲ၌ ရောက်နေသောအခါ လက်အုပ်ချီငြားအံ၊ အသျှင်ဂေါတမသည် အကျွန်ုပ်၏ ထိုလက်အုပ်ချီခြင်းကို ထိုင်ရာမှ ထ၍ ခရီးဦးကြိုဆိုခြင်းဟု မှတ်တော် မူပါ။အသျှင်ဂေါတမ အကျွန်ုပ်သည် ပရိသတ်ထဲ၌ ရောက်သောအခါ ဦးရစ်ကို ချွတ်ငြားအံ၊ အသျှင်ဂေါတမသည် အကျွန်ုပ်၏ ထိုဦးရစ်ချွတ်ခြင်းကို ဦးခေါင်းဖြင့် ရှိခိုးခြင်းဟု မှတ်တော်မူပါ။အသျှင်ဂေါတမ အကျွန်ုပ်သည် ယာဉ်ထက်၌ ရောက်နေသောအခါ ယာဉ်ထက်မှ ဆင်းသက်၍့အသျှင်ဂေါတမကို ရှိခိုးငြားအံ၊ ထိုသို့ ရှိခိုးခြင်းကြောင့် ထိုပရိသတ်သည် အကျွန်ုပ်ကို ကဲ့ရဲ့ရာ၏၊ ထိုပရိသတ်၏ အကဲ့ရဲ့ခံရသူအား ကျော်စောခြင်းသည်လည်း ဆုတ်ယုတ်ရာ၏၊ ကျော်စောခြင်း ဆုတ်ယုတ်သူအား စည်းစိမ်တို့သည်လည်း ဆုတ်ယုတ်ကုန်ရာ၏၊ စင်စစ် အကျွန်ုပ်တို့သည် စည်းစိမ်တို့ကိုကျော်စောခြင်းကြောင့် ရပါကုန်၏။အသျှင်ဂေါတမ အကျွန်ုပ်သည် ယာဉ်ထက်၌ ရောက်နေသောအခါ နှင်တံကို မြှောက်ငြားအံ၊ အသျှင်ဂေါတမသည် အကျွန်ုပ်၏ ထိုနှင်တံမြှောက်ခြင်းကို ယာဉ်မှ ဆင်းသက်ခြင်းဟု မှတ်တော်မူပါ။အသျှင်ဂေါတမ အကျွန်ုပ်သည် ယာဉ်ထက်၌ ရောက်နေသောအခါ ထီးကို ဖယ်ငြားအံ၊ အသျှင်ဂေါတမသည် အကျွန်ုပ်၏ ထိုထီးဖယ်ခြင်းကို ဦးခေါင်းဖြင့် ရှိခိုးခြင်းဟု မှတ်တော်မူပါ”ဟု လျှောက်၏။
၃၂၂။ ထိုအခါ မြတ်စွာဘုရားသည် သောဏဒဏ္ဍပုဏ္ဏားကို တရားစကားဖြင့် (အကျိုးစီးပွားကို) သိမြင်စေလျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန်စေ၍ ရွှင်လန်းစေပြီးလျှင်နေရာမှ ထ၍ ဖဲခွါကြွသွားတော်မူလေသတည်း။
လေးခုမြောက်သော သောဏဒဏ္ဍသုတ်ပြီး၏။