ဒီဃနိကာယ်

၅ — ကူဋဒန္တသုတ်

ခါဏုမတရွာနေပုဏ္ဏားနှင့် အမျိုးသားတို့အကြောင်း

၃၂၃။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည် —အခါတစ်ပါး၌ မြတ်စွာဘုရားသည် ငါးရာမျှသော များစွာသော ရဟန်းသံဃာနှင့် အတူ မဂဓတိုင်း၌ဒေသစာရီ လှည့်လည်တော်မူလတ်သော် ခါဏုမတအမည်ရှိသော ပုဏ္ဏားရွာသို့ ရောက်တော်မူ၍ ထိုရွာ၏အနီး အမ္ဗလဋ္ဌိကာ (ဥယျာဉ်) ၌ (သီတင်းသုံး) နေတော်မူ၏။

ထိုစဉ်အခါ၌ ကူဋဒန္တပုဏ္ဏားသည် လူစည်ကား၍ ကျွဲ နွား စသည်ပေါများသော မြက် ထင်း ရေတို့နှင့်ပြည့်စုံသော ဆန်စပါးနှင့် ပြည်စုံသော မင်းမှရသည့် စည်းစိမ်ဖြစ်သော မဂဓတိုင်းရှင် သေနိယမည်သောဗိမ္ဗိသာရမင်းသည် ဆုလာဘ်အဖြစ်ဖြင့် အပိုင်စားပေးထားသော ခါဏုမတရွာကို အုပ်ချုပ်၍ နေ၏။

ထိုစဉ်အခါ၌ ကူဋဒန္တပုဏ္ဏားသည် ယဇ်ကြီးကို စီရင်လျက် ရှိ၏၊ (ထိုသို့စီရင်ရာ၌) ယဇ်ပူဇော်ရန်အလို့ငှါ နွားလား ခုနစ်ရာတို့ကိုလည်းကောင်း၊ နွားထီးငယ် ခုနစ်ရာတို့ကိုလည်းကောင်း၊ နွားမငယ် ခုနစ်ရာတို့ကိုလည်းကောင်း၊ ဆိတ် ခုနစ်ရာတို့ကိုလည်းကောင်း၊ သိုး ခုနစ်ရာတို့ကိုလည်းကောင်း ယဇ်တိုင်သို့ပို့ဆောင်ထားကုန်၏။

၃၂၄။ ခါဏုမတရွာနေ ပုဏ္ဏားနှင့် အမျိုးသားတို့သည် (ဤသို့) ကြားသိလေကုန်၏ — “အချင်းတို့ သာကီဝင်မင်းမျိုးမှ ရဟန်းပြုသည့် သာကီဝင်မင်းသား ရဟန်းဂေါတမသည် ငါးရာမျှသောများစွာသော ရဟန်းသံဃာနှင့်အတူ မဂဓတိုင်း၌ ဒေသစာရီလှည့်လည်တော်မူရာ ခါဏုမတရွာသို့ရောက်တော်မူ၍ ထိုရွာ၏ အနီး အမ္ဗလဋ္ဌိကာ (ဥယျာဉ်) ၌ (သီတင်းသုံး) နေ တော်မူ၏။

ထိုအရှင်ဂေါတမ၏ ကောင်းသော ကျော်စောသတင်းသည် (ဤသို့) ပျံ့နှံ့၍ ထွက်၏ — ‘ထိုမြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သော အကြောင်းကြောင့်လည်း ‘အရဟံ’ မည်တော်မူ၏၊ (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော အကြောင်းကြောင့်လည်း ‘သမ္မာသမ္ဗုဒ္ဓ’ မည်တော်မူ၏၊ အသိဉာဏ် ‘ဝိဇ္ဇာ’ အကျင့် ‘စရဏ’ နှင့် ပြည့်စုံတော်မူသောအကြောင်းကြောင့်လည်း ‘ဝိဇ္ဇာစရဏသမ္ပန္န’ မည်တော်မူ၏၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော အကြောင်းကြောင့်လည်း ‘သုဂတ’ မည်တော်မူ၏၊ လောကကို သိတော်မူသော အကြောင်းကြောင့်လည်း ‘လောကဝိဒူ’ မည်တော်မူ၏၊ ဆုံးမထိုက်သူကို ဆုံးမတတ်သည့် အတုမဲ့ပုဂ္ဂိုလ်ဖြစ်တော်မူသော အကြောင်းကြောင့်လည်း ‘အနုတ္တရော ပုရိသဒမ္မသာရထိ’ မည်တော်မူ၏၊ နတ်လူတို့၏ဆရာဖြစ်တော်မူသော အကြောင်းကြောင့်လည်း ‘သတ္ထာ ဒေဝမနုဿာနံ’ မည်တော်မူ၏၊ (သစ္စာလေးပါးတရားတို့ကို) သိစေတော်မူသော အကြောင်းကြောင့်လည်း ‘ဗုဒ္ဓ’ မည်တော်မူ၏၊ ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်းကြောင့်လည်း ‘ဘဂဝါ’ မည်တော်မူ၏’ဟု ပျံ့နှံ့၍ ထွက်၏။ထို (အသျှင်ဂေါတမ) သည် နတ်နှင့် တကွသော မာရ်နတ်နှင့် တကွသော ဗြဟ္မာနှင့် တကွသော ဤလောကကိုလည်းကောင်းသမဏဗြာဟ္မဏတို့နှင့်တကွသော မင်းများ လူများနှင့်တကွသော သတ္တဝါအပေါင်းကိုလည်းကောင်း ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုလျက် ဟောကြားတော်မူ၏၊ ထို (အသျှင်ဂေါတမ) သည် အစ၏ကောင်းခြင်း အလယ်၏ကောင်းခြင်း အဆုံး၏ကောင်းခြင်း ရှိသောအနက်နှင့် ပြည်စုံသော သဒ္ဒါနှင့် ပြည့်စုံသော တရားကို ဟောတော်မူ၏၊ အလုံးစုံ ပြည့်စုံ သောစင်ကြယ်သော မြတ်သော အကျင့်ကို ပြတော်မူ၏။ ထိုသို့ သဘောရှိသော ရဟန္တာ (ပုဂ္ဂိုလ်) တို့ကိုဖူးမြော်ရခြင်းသည် ကောင်းသည်သာတည်း”ဟု ကြားသိလေကုန်၏။

၃၂၅။ ထိုစဉ်အခါ၌ ခါဏုမတရွာနေ ပုဏ္ဏားနှင့်အမျိုးသားတို့သည် ခါဏုမတရွာမှ အစုလိုက် အအုပ်လိုက် ထွက်ကြပြီးလျှင် တစ်ပေါင်းတည်း ဖြစ်ကုန်လျက် အမ္ဗလဋ္ဌိကာ (ဥယျာဉ်) ဆီသို့ ချဉ်းကပ်ကုန်၏။

၃၂၆။ ထိုစဉ်အခါ၌ ကူဋဒန္တပုဏ္ဏားသည် ပြာသာဒ်ထက်၌ နေ့အချိန် လျောင်းစက်လျက် ရှိ၏၊ ထိုကူဋဒန္တပုဏ္ဏားသည် ခါဏုမတရွာမှ အစုလိုက် အအုပ်လိုက် ထွက်ကြပြီးလျှင် တစ်ပေါင်းတည်း ဖြစ်ကုန်လျက် အမ္ဗလဋ္ဌိကာ (ဥယျာဉ်) ဆီသို့ ချဉ်းကပ်ကုန်သော ခါဏုမတရွာနေ ပုဏ္ဏားနှင့်အမျိုးသားတို့ကိုမြင်သော် အတိုင်ပင်ခံ အမတ်အား (ဤသို့) မေး၏ — “အမတ် ခါဏုမတရွာနေ ပုဏ္ဏားနှင့် အမျိုးသားတို့သည် ခါဏုမတရွာမှ အစုလိုက် အအုပ်လိုက်ထွက်ကြပြီးလျှင် တစ်ပေါင်းတည်း ဖြစ်ကုန်လျက် အမ္ဗလဋ္ဌိကာ (ဥယျာဉ်) ဆီသို့ အဘယ့်ကြောင့်ချဉ်း ကပ်ကုန်သနည်း”ဟု မေး၏။

၃၂၇။ အသျှင်သာကီဝင်မင်းမျိုးမှ ရဟန်းပြုသည့် သာကီဝင်မင်းသား ရဟန်းဂေါတမသည် ငါးရာမျှသော များစွာသော ရဟန်းသံဃာနှင့်အတူ မဂဓတိုင်း၌ ဒေသစာရီ လှည့်လည်တော်မူရာ ခါဏုမတရွာသို့ရောက်တော်မူ၍ ထိုရွာ၏အနီး အမ္ဗလဋ္ဌိကာ (ဥယျာဉ်) ၌ (သီတင်းသုံး) နေတော်မူပါ၏။

ထိုအသျှင်ဂေါမတ၏ ကောင်းသော ကျော်စောသတင်းသည် (ဤသို့) ပျံ့နှံ့၍ ထွက်ပါ၏ — “ထိုမြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သော အကြောင်းကြောင့်လည်း ‘အရဟံ’ မည်တော်မူ၏၊ (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော အကြောင်းကြောင့် လည်း ‘သမ္မာသမ္ဗုဒ္ဓ’ မည်တော်မူ၏၊ အသိဉာဏ် ‘ ဝိဇ္ဇာ’ အကျင့် ‘စရဏ’ နှင့် ပြည့်စုံတော်မူသောအကြောင်းကြောင့်လည်း ‘ဝိဇ္ဇာစရဏသမ္ပန္န’ မည်တော်မူ၏၊ ကောင်းသော စကားကို ဆိုတော်မူတတ် သောအကြောင်းကြောင့်လည်း ‘သုဂတ’ မည်တော်မူ၏၊ လောကကို သိတော်မူသော အကြောင်း ကြောင့်လည်း ‘လောကဝိဒူ’ မည်တော်မူ၏၊ ဆုံးမထိုက်သူကို ဆုံးမတတ်သည့် အတုမဲ့ပုဂ္ဂိုလ်ဖြစ် တော်မူသောအကြောင်းကြောင့်လည်း ‘အနုတ္တရော ပုရိသဒမ္မသာရထိ’ မည်တော်မူ၏၊ နတ်လူတို့၏ဆရာဖြစ်တော်မူသော အကြောင်းကြောင့်လည်း ‘သတ္ထာ ဒေဝမနုဿာနံ’ မည်တော်မူ၏၊ (သစ္စာလေးပါးတရားတို့ကို) သိစေတော်မူသော အကြောင်းကြောင့်လည်း ‘ဗုဒ္ဓ’ မည်တော်မူ၏၊ ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်းကြောင့်လည်း ‘ဘဂဝါ’ မည်တော်မူ၏”ဟု ပျံ့နှံ့၍ ထွက်၏။

ထိုသူတို့သည် ထိုအသျှင်ဂေါတမကို ဖူးမြော်ရန် ချဉ်းကပ်ကုန်၏ဟု အတိုင်ပင်ခံအမတ်က ပြန်ကြား၏။

၃၂၈။ ထိုအခါ ကူဋဒန္တပုဏ္ဏားအား ဤသို့ အကြံဖြစ်၏ — “ရဟန်း ဂေါတမသည် သုံးပါးသော စိတ်ထားနှင့် တစ်ဆယ့်ခြောက်ပါးသော အရံအတားရှိသည့်ပြည့်စုံသော ယဇ်ကို သိ၏ဟု ငါ ကြားဖူး၏၊ ငါသည်ကား သုံးပါးသော စိတ်ထားနှင့် တစ်ဆယ့်ခြောက်ပါးသော အရံအတားရှိသည့် ပြည့်စုံသော ယဇ်ကို မသိ၊ ငါသည် ယဇ်ကြီးပူဇော်ရန်လည်းအလိုရှိ၏၊ ငါသည် ရဟန်းဂေါတမသို့ ချဉ်းကပ်၍ သုံးပါးသော စိတ်ထားနှင့် တစ်ဆယ့်ခြောက်ပါး သောအရံအတားရှိသည့် ပြည့်စုံသော ယဇ်ကို မေးရမူ ကောင်းလေစွ”ဟု အကြံဖြစ်၏။

၃၂၉။ ထိုအခါ ကူဋဒန္တပုဏ္ဏားသည် အတိုင်ပင်ခံ အမတ်အား (ဤသို့) မိန့်၏ — “အမတ် သို့ဖြစ်လျှင် ခါဏုမတရွာနေ ပုဏ္ဏားနှင့် အမျိုးသားတို့ထံသို့ ချဉ်းကပ်၍ ‘အသျှင်တို့ဆိုင်းငံ့ကြပါဦး၊ ကူဋဒန္တပုဏ္ဏားသည်လည်း ရဟန်းဂေါတမကို ဖူးမြော်ရန် ချဉ်းကပ်ပါလိမ့်မည်ဟုကူဋဒန္တ္တပုဏ္ဏားက မှာကြားလိုက်ပါသည်’ ဟူ၍ ပြောကြားချေလော့”ဟု မိန့်၏။

“အသျှင်ကောင်းပါပြီ”ဟု ထိုအမတ်သည် ကူဋဒန္တပုဏ္ဏားအား ဝန်ခံပြီးလျှင် ခါဏုမတရွာနေ ပုဏ္ဏားနှင့်အ မျိုးသားတို့ထံသို့ ချဉ်းကပ်၍ ခါဏုမတရွာနေ ပုဏ္ဏားနှင့် အမျိုးသားတို့အား ဤစကားကို ပြောဆို၏ —

“အသျှင်တို့ ဆိုင်းငံ့ကြပါဦး၊ ကူဋဒန္တပုဏ္ဏားသည်လည်း ရဟန်းဂေါတမကို ဖူးမြော်ရန် ချဉ်းကပ်ပါလိမ့်မည်ဟု ကူဋဒန္တပုဏ္ဏားက မှာကြားလိုက်ပါသည်” ဟူ၍ ပြောဆို၏။

ကူဋဒန္တပုဏ္ဏား၏ ဂုဏ်ကို ပြဆိုရာ

၃၃ဝ။ ထိုစဉ်အခါ၌ ရာပေါင်းများစွာကုန်သော ပုဏ္ဏားတို့သည် ကူဋဒန္တပုဏ္ဏား၏ ယဇ်ကြီးကို ခံစားရန်အလို့ငှါ ခါဏုမတရွာ၌တည်းခိုနေကုန်၏၊ ထိုပုဏ္ဏားတို့သည် “ကူဋဒန္တပုဏ္ဏားသည် ရဟန်း ဂေါတမကိုဖူးမြော်ရန် ချဉ်းကပ်လတ္တံ့”ဟု ကြားကုန်၏။

ထိုအခါ ထို ပုဏ္ဏားတို့သည် ကူဋဒန္တပုဏ္ဏားထံသို့ ချဉ်းကပ်ကြပြီးလျှင် “အသျှင်ကူဋဒန္တသည်ရဟန်းဂေါတမကို ဖူးမြော်ရန် ချဉ်းကပ်လတ္တံ့ ဟူသည် မှန်ပါသလော”ဟု မေးကုန်၏။

“အချင်းတို့ မှန်ပါ၏၊ ငါသည်လည်း ရဟန်းဂေါတမကို ဖူးမြော်ရန် ချဉ်းကပ်အံ့”ဟု ကြံလျက်ရှိပါ၏ဟူ၍ ဆို၏။

၃၃၁။ အသျှင်ကူဋဒန္တသည် ရဟန်းဂေါတမကို ဖူးမြော်ရန် မချဉ်းကပ်ပါလင့်၊ အသျှင်ကူဋဒန္တသည်ရဟန်းဂေါတမကို ဖူးမြော်ရန် မချဉ်းကပ်ထိုက်ပါ၊ အသျှင်ကူဋဒန္တသည် ရဟန်းဂေါတမကို ဖူးမြော်ရန်အကယ်၍ ချဉ်းကပ်ငြားအံ၊ အသျှင်ကူဋဒန္တ၏ ကျော်စောခြင်းသည် ဆုတ်ယုတ်ပါလတ္တံ့၊ ရဟန်းဂေါတမ၏ကျော်စောခြင်းသည် တိုးပွါးပါလတ္တံ့။ အကြင်အကြောင်းကြောင့် အသျှင်ကူဋဒန္တ၏ ကျော်စောခြင်းသည်ဆုတ်ယုတ်လတ္တံ့၊ ရဟန်းဂေါတမ၏ ကျော်စောခြင်းသည် တိုးပွါးလတ္တံ့၊ ဤအကြောင်းကြောင့်လည်း အသျှင်ကူဋဒန္တသည် ရဟန်းဂေါတမကို ဖူးမြော်ရန် မချဉ်းကပ်ထိုက်ပါ၊ ရဟန်းဂေါတမသည်သာ အသျှင်ကူဋဒန္တကို ဖူးမြော်ရန် ချဉ်းကပ်ထိုက်ပါ၏။

အသျှင်ကူဋဒန္တသည် အမိဘက် အဖဘက် နှစ်ဖက်စလုံးတို့မှ ကောင်းသော ဇာတ်ရှိ၏၊ ဘိုးဘေးခုနစ်ဆက်တိုင်အောင် မျိုးရိုးသန့်သော အမိဝမ်းရှိ၏၊ ဇာတ်နှင့်စပ်သော စကားဖြင့် အပယ်မခံရပါ၊ အကဲ့ရဲ့မခံရပါ၊ အကြင်အကြောင်းကြောင့် အသျှင်ကူဋဒန္တသည် အမိဘက် အဖဘက် နှစ်ဖက်စလုံးတို့မှ ကောင်းသော ဇာတ်ရှိ၏၊ ဘိုးဘေး ခုနစ်ဆက်တိုင်အောင် မျိုးရိုးသန့်သော အမိဝမ်းရှိ၏၊ ဇာတ်နှင့်စပ်သောစကားဖြင့် အပယ်မခံရ၊ အကဲ့ရဲ့မခံရ၊ ဤအကြောင်းကြောင့်လည်း အသျှင်ကူဋဒန္တသည် ရဟန်းဂေါတမကိုဖူးမြော်ရန် မချဉ်းကပ်ထိုက်ပါ၊ ရဟန်းဂေါတမသည်သာ အသျှင်ကူဋဒန္တကို ဖူးမြော်ရန် ချဉ်းကပ်ထိုက်ပါ၏။

အသျှင်ကူဋဒန္တသည် ကြွယ်ဝ၏၊ များသော ဥစ္စာရှိ၏၊ များသော စည်းစိမ်ရှိ၏၊ နှစ်သက်ဖွယ်ရာများသော အသုံးအဆောင်ရှိ၏၊ များသော ရွှေငွေရှိ၏။ပ။

အသျှင်ကူဋဒန္တသည် ဝေဒကျမ်းလာ ဂါထာတို့ကို ရွတ်ဆိုတတ်၏၊ ဝေဒကျမ်းတို့ကို ဆောင်၏၊ အဘိဓာန် ‘နိဃဏ္ဍု’ ကျမ်း၊ အလင်္ကာ ‘ကေဋုဘ’ ကျမ်း၊ သဒ္ဒါ ‘အက္ခရပ္ပဘေဒ’ ကျမ်း၊ ငါးခုမြောက့်ဣတိဟာသကျမ်းနှင့် တကွ ဗေဒင်သုံးပုံတို့၏ တစ်ဖက်ကမ်းသို့ ရောက်၏၊ ပဒကျမ်းကို၁ တတ်၏၊ ဗျာကရုဏ်းကျမ်းကို၂ တတ်၏၊ လောကာယတကျမ်း၃ မဟာပုရိသလက္ခဏာကျမ်းတို့၌ အကြွင်းမဲ့ တတ်မြောက်၏။ပ။

အသျှင်ကူဋဒန္တသည် အဆင်းလှ၏၊ ရှုချင်ဖွယ် ရှိ၏၊ ကြည်ညိုဖွယ် ရှိ၏၊ မြတ်သော အဆင်းသဏ္ဌာန်နှင့် ပြည့်စုံ၏၊ ဗြဟ္မာနှင့်တူသော အဆင်းရှိ၏၊ ဗြဟ္မာနှင့်တူသော ကိုယ်ရှိ၏၊ ခံ့ညားသောကိုယ်ခန္ဓာရှိ၏။ပ။

အသျှင်ကူဋဒန္တသည်ကား သီလရှိ၏၊ ကြီးပွါးသော သီလရှိ၏၊ ကြီးပွါးသော သီလနှင့် ပြည့်စုံ၏။ပ။

အသျှင်ကူဋဒန္တသည် ကောင်းသော စကားရှိ၏၊ ကောင်းသော မြွက်ဆိုသံရှိ၏၊ ယဉ်ကျေးသောစကားနှင့် ပြည့်စုံ၏၊ သန့်ရှင်းသော အပြစ်ကင်းသော အဓိပ္ပါယ်သိလွယ်သော စကားနှင့် ပြည့်စုံ၏။ပ။

အသျှင်ကူဋဒန္တသည် များစွာသော သူတို့၏ ဆရာဖြစ်၏၊ ဆရာ့ဆရာဖြစ်၏၊ လုလင်သုံးရာ တို့အားဝေဒကျမ်းတို့ကို ပို့ချ၏၊ အထူးထူးသော အရပ် အထူးထူးသော ဇနပုဒ်တို့မှ များစွာသော လုလင်တို့သည်အသျှင်ကူဋဒန္တ၏ အထံ၌ ဝေဒကျမ်းတို့ကို အလိုရှိကုန်သည်ဖြစ်၍ ဝေဒကျမ်းတို့ကို သင်လိုကုန်သည်ဖြစ်၍လာကုန်၏။ပ။

အသျှင်ကူဋဒန္တသည် အိုမင်း၏၊ (အသက်) ကြီး၏၊ (အရွယ်) ရင့်၏၊ ရှေးမီ၏၊ အဆုံးအရွယ်သို့ရောက်လျက်ရှိ၏၊ ရဟန်းဂေါတမသည် (အသက်) ငယ်သူလည်း ဖြစ်၏၊ ရဟန်းငယ်လည်း ဖြစ်၏။ပ။

အသျှင်ကူဋဒန္တကို မဂဓတိုင်းရှင် သေနိယမည်သော ဗိမ္ဗိသာရမင်းသည် အရိုအသေ ပြု၏၊ အလေးပြု၏၊ မြတ်နိုး၏၊ ပူဇော်၏၊ တုပ်ဝပ်၏။ပ။

အသျှင်ကူဋဒန္တကို ပေါက္ခရသာတိပုဏ္ဏားသည် အရိုအသေ ပြု၏၊ အလေးပြု၏၊ မြတ်နိုး၏၊ ပူဇော်၏၊ တုပ်ဝပ်၏။ပ။

အသျှင်ကူဋဒန္တသည် လူစည်ကား၍ ကျွဲ နွား စသည် ပေါများသော မြက် ထင်း ရေတို့နှင့် ပြည့်စုံသောဆန်စပါးနှင့် ပြည့်စုံသော မင်းမှရသည့် စည်းစိမ်ဖြစ်သော မဂဓတိုင်းရှင် သေနိယမည်သောဗိမ္ဗိသာရမင်းသည် ဆုလာဘ်အဖြစ်ဖြင့် အပိုင်စားပေးထားသော ခါဏုမတရွာကို အုပ်ချုပ်၍ နေ၏။အကြင် အကြောင်းကြောင့် အသျှင်ကူဋဒန္တသည် လူစည်ကား၍ ကျွဲ နွား စသည် ပေါများသော မြက်ထင်း ရေတို့နှင့် ပြည့်စုံသော ဆန်စပါးနှင့် ပြည့်စုံသော မင်းမှရသည့် စည်းစိမ်ဖြစ်သော မဂဓတိုင်းရှင် သေနိယ မည်သော ဗိမ္ဗိသာရမင်းသည် ဆုလာဘ်အဖြစ်ဖြင့် အပိုင်စားပေးထားသော ခါဏုမတရွာကိုအုပ်ချုပ်၍ နေ၏၊ ဤအကြောင်းကြောင့်လည်း အသျှင်ကူဋဒန္တသည် ရဟန်းဂေါတမကို ဖူးမြော်ရန်မချဉ်းကပ် ထိုက်ပါ၊ ရဟန်းဂေါတမသည်သာ အသျှင်ကူဋဒန္တကို ဖူးမြော်ရန် ချဉ်းကပ်ထိုက်ပါ၏ဟုဆိုကုန်၏။

၁။ ဝေဒကျမ်းလာ ပုဒ်ရင်းတို့ကို ထုတ်နုတ်စီစဉ်ပြသောကျမ်း။

၂။ ဓာတ်+ပစ္စည်း+ဝိဘတ်တို့ဖြင့် ဝေဖန်၍ ပုဒ်တို့၏ ပြီးစီးပုံကို ပြသောကျမ်း။

၃။ မျက်မြင်လောက အကြောင်းအရာကိုသာ ပြသော ရုပ်ဝါဒကျမ်း စာရ်ဗာကဆရာ၏ ရုပ်ဝါဒစသည်။

မြတ်စွာဘုရား၏ ဂုဏ်ကို ချီးကျူးခြင်း

၃၃၂။ ဤသို့ ဆိုကုန်သော ် ကူဋဒန္တပုဏ္ဏားသည် ထိုပုဏ္ဏားတို့အား ဤစကားကို ဆို၏ — “အချင်းတို့ သို့ဖြစ်လျှင် ငါ၏စကားကိုလည်း နားထောင်ကြပါဦး၊ ငါတို့သည်သာ ထိုအသျှင်ဂေါတမကိုဖူးမြော်ရန် ချဉ်းကပ်ထိုက်ပါကုန်၏၊ ထိုအသျှင်ဂေါတမကား ငါတို့ကို ဖူးမြော်ရန် မချဉ်းကပ် ထိုက်ပါ၊ အချင်းတို့ စင်စစ်သော်ကား ရဟန်းဂေါတမသည် အမိဘက် အဖဘက် နှစ်ဖက်စလုံးတို့မှကောင်းသောဇာတ်ရှိ၏၊ ဘိုးဘေး ခုနစ်ဆက်တိုင်အောင် မျိုးရိုးသန့်သော အမိဝမ်းရှိ၏၊ ဇာတ်နှင့်စပ်သောစကားဖြင့် အပယ်မခံရ၊ အကဲ့ရဲ့မခံရ။ အကြင်အကြောင်းကြောင့် ရဟန်းဂေါတမသည်အမိဘက် အဖဘက် နှစ်ဖက်စလုံးတို့မှ ကောင်းသော ဇာတ်ရှိ၏၊ ဘိုးဘေး ခုနစ်ဆက်တိုင်အောင်မျိုးရိုးသန့်သော အမိဝမ်းရှိ၏၊ ဇာတ်နှင့်စပ်သော စကားဖြင့် အပယ်မခံရ၊ အကဲ့ရဲ့ မခံရ၊ ဤကြောင်းကြောင့်လည်း ထိုအသျှင်ဂေါတမသည် ငါတို့ကို ဖူးမြော်ရန် မချဉ်းကပ်ထိုက်ပါ၊ အမှန်အားဖြင့်ဆိုလျှင် ငါတို့သည်သာ ထို အသျှင်ဂေါတမကို ဖူးမြော်ရန် ချဉ်းကပ်ထိုက်ပါကုန်၏။

အချင်းတို့ စင်စစ်သော်ကား ရဟန်းဂေါတမသည် များပြားသော ဆွေမျိုးအပေါင်းကို ပယ်စွန့်၍ရဟန်းပြုခဲ့၏။ပ။

အချင်းတို့ စင်စစ်သော်ကား ရဟန်းဂေါတမသည် မြေအောက်၌လည်း ထားသော မြေပေါ်၌လည်းထားသော များစွာသော ရွှေငွေကို ပယ်စွန့်၍ ရဟန်းပြုခဲ့၏။ပ။

အချင်းတို့ စင်စစ်သော်ကား ရဟန်းဂေါတမသည် ငယ်ရွယ် ပျိုမျစ်သည် ဖြစ်လျက် ကောင်းစွာမည်းနက်သော ဆံပင်ရှိသည် ဖြစ်လျက် ပဌမအရွယ် ဟူသော ကောင်းသော အရွယ်နှင့် ပြည့်စုံသည်ဖြစ်လျက် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ခဲ့၏။ပ။

အချင်းတို့ စင်စစ်သော်ကား ရဟန်းဂေါတမသည် အမိ အဖတို့ သဘောမတူကြသဖြင့် မျက်ရည်ရွှဲစိုငိုယိုကုန်စဉ် ဆံမုတ်ဆိတ်ကို ပယ်ပြီးလျှင် ဖန်ရည်ဆိုးအဝတ်တို့ကို ဝတ်၍ လူ့ဘောင်မှ ရဟန်းဘောင်သို့ဝင်ရောက်ခဲ့၏။ပ။

အချင်းတို့ စင်စစ်သော်ကား ရဟန်းဂေါတမသည် အဆင်းလှ၏၊ ရှုချင်ဖွယ် ရှိ၏၊ ကြည်ညိုဖွယ် ရှိ၏၊ မြတ်သော အဆင်းသဏ္ဌာန်နှင့် ပြည့်စုံ၏၊ ဗြဟ္မာနှင့်တူသော အဆင်းရှိ၏၊ ဗြဟ္မာနှင့်တူသော ကိုယ်ရှိ၏၊ ခံ့ညားသော ကိုယ်ခန္ဓာရှိ၏။ပ။

အချင်းတို့ စင်စစ်သော်ကား ရဟန်းဂေါတမသည် သီလရှိ၏၊ မြတ်သော သီလရှိ၏၊ ကောင်းသောသီလ ရှိ၏၊ ကောင်းသော သီလနှင့် ပြည့်စုံ၏။ပ။

အချင်းတို့ စင်စစ်သော်ကား ရဟန်းဂေါတမသည် ကောင်းသော စကားရှိ၏၊ ကောင်းသော မြွက်ဆို သံရှိ၏၊ ယဉ်ကျေးသော စကားနှင့် ပြည့်စုံ၏၊ သန့်ရှင်းသော အပြစ်ကင်းသော အဓိပ္ပါယ် သိလွယ်သောစကားနှင့် ပြည့်စုံ၏။ပ။

အချင်းတို့ စင်စစ်သော်ကား ရဟန်းဂေါတမသည် များစွာသော သူတို့၏ ဆရာဖြစ်၏၊ ဆရာ့ဆရာဖြစ်၏။ပ။

အချင်းတို့ စင်စစ်သော်ကား ရဟန်းဂေါတမသည် ကာမဂုဏ်၌ တပ်မက်ခြင်း ကုန်ခန်းပြီးဖြစ်၏၊ လျှပ်ပေါ်ခြင်း ကင်း၏။ပ။

အချင်းတို့ စင်စစ်သော်ကား ရဟန်းဂေါတမသည် ကံကို ယုံကြည်သော ဝါဒရှိ၏၊ အကြောင်းကိုယုံကြည်သော ဝါဒရှိ၏၊ ပုဏ္ဏားပရိသတ်၏ ကောင်းကျိုးကိုသာလျှင် ရှေးရှု၏။ပ။

အချင်းတို့ စင်စစ်သော်ကား ရဟန်းဂေါတမသည် မင်းမျိုးစဉ်ဆက် မပျက်သော မြင့်မြတ်သော အမျိုးမှရဟန်းပြုခဲ့၏။ပ။

အချင်းတို့ စင်စစ်သော်ကား ရဟန်းဂေါတမသည် များသော ဥစ္စာရှိသော များသော စည်းစိမ်ရှိသောကြွယ်ဝသော အမျိုးမှ ရဟန်းခဲ့ပြု၏။ပ။

အချင်းတို့ စင်စစ်သော်ကား တစ်ပါးသော တိုင်းနိုင်ငံ တစ်ပါးသော ဇနပုဒ်တို့မှ လူတို့သည် ပြဿနာမေးအံ့သောငှါ ရဟန်းဂေါတမထံသို့ လာကုန်၏။ပ။

အချင်းတို့ စင်စစ်သော်ကား ရဟန်းဂေါတမကို ထောင်ပေါင်းများစွာသော နတ်တို့သည် အသက် နှင်း၍့ကိုးကွယ်ကုန်၏။ပ။

အချင်းတို့ စင်စစ်သော်ကား ရဟန်းဂေါတမ၏ ကောင်းသော ကျော်စောသတင်းသည် ဤသို့ ပျံ့နှံ့၍ထွက်၏— “ထိုမြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သော အကြောင်းကြောင့်လည်း ‘အရဟံ’ မည်တော်မူ၏၊ (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော အကြောင်းကြောင့် လည်း ‘သမ္မာသမ္ဗုဒ္ဓ’ မည်တော်မူ၏၊ အသိဉာဏ် ‘ဝိဇ္ဇာ’ အကျင့် ‘စရဏ’ နှင့် ပြည့်စုံတော်မူသောအကြောင်းကြောင့်လည်း ‘ဝိဇ္ဇာစရဏသမ္ပန္န’ မည်တော်မူ၏၊ ကောင်းသောစကားကို ဆိုတော်မူတတ် သောအကြောင်းကြောင့်လည်း ‘သုဂတ’ မည်တော်မူ၏၊ လောကကို သိတော်မူသော အကြောင်း ကြောင့်လည်း ‘လောကဝိဒူ’ မည်တော်မူ၏၊ ဆုံးမထိုက်သူကို ဆုံးမတတ်သည့် အတုမဲ့ပုဂ္ဂိုလ်ဖြစ် တော်မူသောအကြောင်းကြောင့်လည်း ‘အနုတ္တရော ပုရိသဒမ္မသာရထိ’ မည်တော်မူ၏၊ နတ်လူတို့၏ဆရာဖြစ်တော်မူသော အကြောင်းကြောင့်လည်း ‘သတ္ထာ ဒေဝမနုဿာနံ’ မည်တော်မူ၏၊ (သစ္စာလေးပါးတရားတို့ကို) သိစေတော်မူသော အကြောင်းကြောင့်လည်း ‘ဗုဒ္ဓ’ မည်တော်မူ၏၊ ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်းကြောင့်လည်း ‘ဘဂဝါ’ မည်တော်မူ၏”ဟု ပျံ့နှံ့၍ ထွက်၏။ပ။

အချင်းတို့ စင်စစ်သော်ကား ရဟန်းဂေါတမသည် သုံးဆယ့်နှစ်ပါးသော ယောကျာ်းမြတ်လက္ခဏာ တို့နှင့်ပြည့်စုံ၏။ပ။

အချင်းတို့ စင်စစ်သော်ကား ရဟန်းဂေါတမသည် “လာလော့၊ ကောင်းသော လာခြင်းတည်း”ဟုဆိုလေ့ရှိ၏၊ နူးညံ့သော စကားရှိ၏၊ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်တတ်၏၊ ရွှင်လန်းသော မျက်နှာရှိ၏၊ ပေါ့ပါးသော နှုတ်ရှိ၏၊ ရှေးဦးစွာ ဆိုလေ့ရှိ၏။ပ။

အချင်းတို့ စင်စစ်သော်ကား ရဟန်းဂေါတမကို ပရိသတ်လေးပါးတို့သည် အရိုအသေပြုကုန်၏၊ အလေးပြုကုန်၏၊ မြတ်နိုးကုန်၏၊ ပူဇော်ကုန်၏၊ တုပ်ဝပ်ကုန်၏။ပ။

အချင်းတို့ စင်စစ်သော်ကား ရဟန်းဂေါတမကို များစွာသော နတ်လူတို့သည် အလွန်ကြည်ညို ကုန်၏။ပ။

အချင်းတို့ စင်စစ်သော်ကား ရဟန်းဂေါတမသည် အကြင်ရွာနိဂုံး၌ နေတော်မူငြားအံ၊ ထိုရွာနိဂုံး၌လူတို့ကို ဘီလူးတို့သည် မညှဉ်းဆဲကုန်။ပ။

အချင်းတို့ စင်စစ်သော်ကား သံဃာနှင့် ပြည့်စုံသော ဂိုဏ်းနှင့်လည်း ပြည့်စုံသော ဂိုဏ်းဆရာ လည်းဖြစ်သော ရဟန်းဂေါတမကို အယူဝါဒ တည်ထောင်သူတို့တွင် အမြတ်ဆုံးဟု ဆိုအပ်၏၊ အချင်းတို့အကြောင်းမူကား ရဟန်းဂေါတမ၏ ကျော်စောခြင်းသည် ထိုအယူဝါဒတည်ထောင်သူသမဏဗြာဟ္မဏတို့၏ ကျော်စောခြင်းကဲ့သို့ ထိုထို ဤ အကြောင်းဖြင့် ဖြစ်ပေါ်သည် မဟုတ်၊ အမှန်အားဖြင့် ဆိုလျှင် အတုမရှိ သော အသိဉာဏ် ‘ဝိဇ္ဇာ’ အကျင့် ‘စရဏ’ နှင့်ပြည့်စုံခြင်းကြောင့်သာလျှင် ဖြစ်ပေါ်၏။ပ။

အချင်းတို့ စင်စစ်သော်ကား ရဟန်းဂေါတမကို မဂဓတိုင်းရှင် သေနိယမည်သော ဗိမ္ဗိသာရမင်းသည်သား မယား ပရိသတ် အမတ်တို့နှင့် တကွ အသက်နှင်း၍ ကိုးကွယ်၏။ပ။

အချင်းတို့ စင်စစ်သော်ကား ရဟန်းဂေါတမကို ပသေနဒီကောသလမင်းသည် သား မယား ပရိသတ်အမတ်တို့နှင့် တကွ အသက်နှင်း၍ ကိုးကွယ်၏။ပ။

အချင်းတို့ စင်စစ်သော်ကား ရဟန်းဂေါတမကို ပေါက္ခရသာတိပုဏ္ဏားသည် သား မယား ပရိသတ်အမတ်တို့နှင့် တကွ အသက်နှင်း၍ ကိုးကွယ်၏။ပ။

အချင်းတို့ စင်စစ်သော်ကား ရဟန်းဂေါတမကို မဂဓတိုင်းရှင် သေနိယမည်သော ဗိမ္ဗိသာရမင်းသည်အရိုအသေပြု၏၊ အလေးပြု၏၊ မြတ်နိုး၏၊ ပူဇော်၏၊ တုပ်ဝပ်၏။ပ။

အချင်းတို့ စင်စစ်သော်ကား ရဟန်းဂေါတမကို ပသေနဒီကောသလမင်းသည် အရိုအသေပြု၏၊ အလေးပြု၏၊ မြတ်နိုး၏၊ ပူဇော်၏၊ တုပ်ဝပ်၏။ပ။

အချင်းတို့ စင်စစ်သော်ကား ရဟန်းဂေါတမကို ပေါက္ခရသာတိပုဏ္ဏားသည် အရိုအသေပြု၏၊ အလေးပြု၏၊ မြတ်နိုး၏၊ ပူဇော်၏၊ တုပ်ဝပ်၏။ပ။

အချင်းတို့ စင်စစ်သော်ကား ရဟန်းဂေါတမသည် ခါဏုမတရွာသို့ ရောက်လာတော်မူ၍ ခါဏု မတရွာအမ္ဗလဋ္ဌိကာ (ဥယျာဉ်) ၌ (သီတင်းသုံး) နေတော်မူ၏၊ အချင်းတို့ အကြင်သမဏဗြာဟ္မဏ တို့သည်ငါတို့၏ ရွာနယ်သို့ လာကုန်၏၊ ထို (သမဏဗြာဟ္မဏ) တို့သည် ဧည့်သည်များ ဖြစ်ကုန်၏၊ ဧည့်သည်တို့ကို ငါတို့သည် အရိုအသေ ပြုသင့်ကုန်၏၊ အလေးပြုသင့်ကုန်၏၊ မြတ်နိုးသင့်ကုန်၏၊ ပူဇော်သင့်ကုန်၏၊ တုပ်ဝပ် သင့်ကုန်၏၊ အကြင် အကြောင်းကြောင့် ရဟန်းဂေါတမသည် ခါဏုမတရွာသို့ရောက်လာတော်မူ၍ ခါဏုမတရွာ အမ္ဗလဋ္ဌိကာ (ဥယျာဉ်) ၌ (သီတင်းသုံး) နေတော်မူ၏၊ ရဟန်းဂေါတမသည် ငါတို့၏ ဧည့်သည်တော် ဖြစ်ပေ၏၊ ဧည့်သည်တော်ကို ငါတို့သည် အရိုအသေပြုသင့်ကုန်၏၊ အလေးပြုသင့်ကုန်၏၊ မြတ်နိုးသင့်ကုန်၏၊ ပူဇော်သင့်ကုန်၏၊ တုပ်ဝပ်သင့်ကုန်၏၊ ဤအကြောင်းကြောင့်လည်း ထိုအသျှင်ဂေါတမသည် ငါတို့ကို ဖူးမြော်ရန်မချဉ်းကပ်ထိုက်ပါ၊ အမှန်အားဖြင့် ဆိုလျှင် ငါတို့သည်သာ ထိုအသျှင်ဂေါတမကို ဖူးမြော်ရန်ချဉ်းကပ်ထိုက်ပါကုန်၏။

အချင်းတို့ ငါသည် ထိုအသျှင်ဂေါတမ၏ ဤမျှလောက်သော ဂုဏ်တို့ကိုသာ သိ၏၊ ထိုအသျှင်ဂေါတမသည်ကား ဤမျှလောက်သော ဂုဏ်တို့နှင့်သာ ပြည့်စုံသည် မဟုတ်ပေ၊ အမှန်အားဖြင့်သော်ကားထိုအသျှင်ဂေါတမသည် အတိုင်းမသိသော ဂုဏ်တို့နှင့် ပြည့်စုံတော်မူပါပေ၏”ဟု ဆို၏။

၃၃၃။ ဤသို့ ဆိုသော် ထိုပုဏ္ဏားတို့သည် ကူဋဒန္တပုဏ္ဏားအား ဤသို့ ပြန်ကြားပြောဆိုကုန်၏ — “ရဟန်းဂေါတမ၏ဂုဏ်တို့ကို ချီးကျူးသော အသျှင်ကူဋဒန္တ၏ စကားအတိုင်းဆိုလျှင် ထိုအသျှင်ဂေါတမသည် ဤမှ ယူဇနာတစ်ရာ (ဝေးကွာသော) အရပ်၌ နေစေကာမူ သဒ္ဓါတရားရှိသောအမျိုးသားသည် ရိက္ခာထုပ်ဆောင်၍သော်လည်း ဖူးမြော်ရန် ချဉ်းကပ်သင့်သည်သာတည်း၊ အသျှင်ကူဋဒန္တ သို့ဖြစ်၍ အကျွန်ုပ်တို့ အားလုံးပင် ရဟန်းဂေါတမကို ဖူးမြော်ရန် ချဉ်းကပ်ပါကုန်အံ့”ဟုပြန်ကြား ပြောဆိုကုန်၏။

မဟာဝိဇိတမင်း၏ ယဇ်ပူဇော်ခြင်းအကြောင်း

၃၃၄။ ထိုအခါ ကူဋဒန္တပုဏ္ဏားသည် များစွာသော ပုဏ္ဏားအပေါင်းနှင့်အတူ အမ္ဗလဋ္ဌိကာ (ဥယျာဉ်) မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားနှင့်အတူ ဝမ်းမြောက်ဝမ်းသာ (နှုတ်ဆက်) ပြောဆို၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြီးဆုံးစေ၍ တစ်ခုသော နေရာ၌ ထိုင်၏။

ခါဏုမတရွာနေ ပုဏ္ဏားနှင့် အမျိုးသား အချို့တို့သည်လည်း မြတ်စွာဘုရားကို ရှိခိုး၍ တစ်ခုသော နေရာ၌ ထိုင်ကုန်၏၊ အချို့တို့သည် မြတ်စွာဘုရားနှင့်အတူ ဝမ်းမြောက်ဝမ်းသာ (နှုတ်ဆက်) ပြောဆိုကုန်၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြီးဆုံးစေ၍ တစ်ခုသော နေရာ၌ ထိုင်ကုန်၏၊ အချို့တို့သည် မြတ်စွာဘုရားရှိရာ အရပ်သို့ လက်အုပ်ချီကုန်လျက် တစ်ခုသော နေရာ၌ ထိုင်ကုန်၏၊ အချို့တို့သည် အမည်အနွယ်ကို ပြောကြားလျက် တစ်ခုသော နေရာ၌ ထိုင်ကုန်၏၊ အချို့တို့သည်တိတ်ဆိတ်စွာ တစ်ခုသော နေရာ၌ ထိုင်ကုန်၏။

၃၃၅။ တစ်ခုသော နေရာ၌ ထိုင်ပြီးလတ်သော် ကူဋဒန္တပုဏ္ဏားသည် မြတ်စွာဘုရားအား ဤ စကားကိုလျှောက်၏ — “အသျှင်ဂေါတမ ‘ရဟန်းဂေါတမသည်သုံးပါးသော စိတ်ထားနှင့်တစ်ဆယ့်ခြောက်ပါးသော အရံအတားရှိသည့် ပြည့်စုံသော ယဇ်ကို သိတော်မူ၏’ဟု အကျွန်ုပ် ကြားဖူးပါ၏၊ အကျွန်ုပ်သည်ကား သုံးပါးသော စိတ်ထားနှင့် တစ်ဆယ့်ခြောက်ပါးသော အရံအတားရှိသည့် ပြည့်စုံသော ယဇ်ကို မသိပါ၊ အကျွန်ုပ်သည် ယဇ်ကြီး ပူဇော်ရန်လည်း အလိုရှိပါ၏၊ တောင်းပန်ပါ၏၊ အသျှင်ဂေါတမသည်သုံးပါးသော စိတ်ထားနှင့် တစ်ဆယ့် ခြောက်ပါးသော အရံအတားရှိသည့် ပြည့်စုံသော ယဇ် ကိုအကျွန်ုပ်အား ဟောတော်မူပါ”ဟု လျှောက်၏။

၃၃၆။ ပုဏ္ဏား သို့ဖြစ်လျှင် နာကြားလော့၊ ကောင်းစွာ နှလုံးသွင်းလော့၊ ဟောကြားပေအံ့ဟုမိန့်တော်မူ၏၊ “အသျှင်ကောင်းပါပြီ”ဟု ကူဋဒန္တပုဏ္ဏားသည် မြတ်စွာဘုရားအား ဝန်ခံ၏။

မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏၊ ပုဏ္ဏား ရှေး၌ ဖြစ်ဖူးသည်ကား မဟာဝိဇိတ မည်သောမင်းသည် ရှိ၏၊ (ထိုမင်းသည်) ကြွယ်ဝ၏၊ များသော ဥစ္စာရှိ၏၊ များသော စည်းစိမ်ရှိ၏၊ များ သောရွှေငွေရှိ၏၊ နှစ်သက်ဖွယ်ရာ များသော အသုံးအဆောင်ရှိ၏၊ များသော ဥစ္စာစပါးရှိ၏၊ ပြည့်သောဘဏ္ဍာတိုက် ကျီကြရှိ၏။

ပုဏ္ဏား ထိုအခါ မဟာဝိဇိတမင်းအား ဆိတ်ကွယ်ရာသို့ ကပ်၍ တစ်ယောက်တည်းနေစဉ် ဤသို့ သောစိတ်အကြံသည် ဖြစ်ပေါ်၏ — “ငါသည် ပြန့်ပြောသော လူ့စည်းစိမ်တို့ကို ရလျက် ရှိ၏၊ ကျယ်ပြန့်သော မြေအဝန်းကို အုပ်စိုး၍နေ၏၊ ငါသည် ယဇ်ကြီးကို ပူဇော်ရမူ ကောင်းလေစွ၊ ယင်းသို့ ပူဇော်ခြင်းသည် ကြာမြင့်စွာသောကာလပတ်လုံး ငါ၏ စီးပွားချမ်းသာ အလို့ငှါ ဖြစ်ရာ၏”ဟု အကြံဖြစ်၏။

၃၃၇။ ပုဏ္ဏား ထိုအခါ မဟာဝိဇိတမင်းသည် ပုရောဟိတ်ပုဏ္ဏားကို ခေါ်၍ ဤစကားကို မိန့်ဆို၏ — “ပုဏ္ဏား ငါ့အား ဆိတ်ငြိမ်ရာအရပ်သို့ ကပ်၍ တစ်ယောက်တည်းနေစဉ် ဤသို့သော စိတ်အကြံသည်ဖြစ်ပေါ်ခဲ့၏၊ ‘ငါသည် ပြန့်ပြောသော လူ့စည်းစိမ်တို့ကို ရလျက် ရှိ၏၊ ကျယ်ပြန့်သော မြေ အဝန်းကိုအုပ်စိုး၍ နေ၏၊ ငါသည် ယဇ်ကြီးကို ပူဇော်ရမူ ကောင်းလေစွ၊ ယင်းသို့ ပူဇော်ခြင်းသည်ကြာမြင့်စွာသော ကာလပတ်လုံး ငါ၏ စီးပွားချမ်းသာ အလို့ငှါ ဖြစ်ရာ၏’ဟု အကြံဖြစ်ပေါ် ခဲ့၏။ပုဏ္ဏား ငါသည် ယဇ်ကြီးကို ပူဇော်ရန် အလိုရှိ၏၊ ယင်း (ယဇ်ပူဇော်ခြင်း) သည် ကြာမြင့်စွာသောကာလပတ်လုံး ငါ၏ စီးပွားချမ်းသာအလို့ငှါ ဖြစ်ရာ၏၊ အသျှင်သည် ငါ့ကို ဆုံးမ (ညွှန်ကြား) ပါလော့”ဟု မိန့်ဆို၏။

၃၃၈။ ပုဏ္ဏား ဤသို့ မိန့်ဆိုသော် ပုရောဟိတ်ပုဏ္ဏားသည် မဟာဝိဇိတမင်းအား ဤစကားကို လျှောက်၏— “အသျှင်မင်း၏ နိုင်ငံ၌ (ခိုးသူ) ဆူးငြောင့်ရှိ၏၊ (ခိုးသူ) နှိပ်စက်ခြင်းရှိ၏၊ ရွာကို ဖျက်ဆီးခြင်းတို့သည်လည်း ထင်ကုန်၏၊ နိဂုံးကို ဖျက်ဆီးခြင်းတို့သည်လည်း ထင်ကုန်၏၊ မြို့ကို ဖျက်ဆီးခြင်းတို့သည်လည်း ထင်ကုန်၏၊ ခရီးသွားတို့ကို လုယက်ခြင်းတို့သည်လည်း ထင်ကုန်၏။အသျှင်မင်းသည် ဤသို့ (ခိုးသူ) ဆူးငြောင့်ရှိသော (ခိုးသူ) နှိပ်စက်ခြင်းရှိသော နိုင်ငံ၌ အခွန် အတုပ်ကိုကောက်ယူငြားအံ၊ ထို (သို့ကောက်ယူခြင်း) ကြောင့် အသျှင်မင်းသည် မပြုသင့်သည်ကို ပြုသည် ဖြစ်ရာ၏၊ (ဤအရာ၌) အသျှင်မင်းအား ဤသို့ အကြံသည် ဖြစ်သော်လည်း ဖြစ်ရာ၏၊ ‘ ငါသည်ဤခိုးသူဆူးငြောင့်ကို သတ်ဖြတ်ခြင်းဖြင့်လည်းကောင်း၊ နှောင်ဖွဲ့ခြင်းဖြင့်လည်းကောင်း၊ (ဒဏ်တပ်၍ ဥစ္စာ) ဆုံးရှုံးစေခြင်းဖြင့်လည်းကောင်း၊ ကဲ့ရဲ့ရှုတ်ချခြင်းဖြင့်လည်းကောင်း၊ (တိုင်းပြည်မှ) နှင်ထုတ်ခြင်းဖြင့်လည်းကောင်း ဖယ်ရှားအံ့’ဟု ဖြစ်သော်လည်း ဖြစ်ရာ၏၊ (သို့ရာတွင်) ဤနည်း ဖြင့်ဤခိုးသူဆူးငြောင့်ကို အကြွင်းမဲ့ ဖယ်ရှားခြင်း မဖြစ်နိုင်ပါ၊ သတ်ဖြတ် ညှဉ်းဆဲ ခံရသည်မှ ကြွင်းကျန်သောခိုးသူတို့သည် နောက်အခါ၌ မင်း၏ နိုင်ငံကို ညှဉ်းဆဲကုန်လတ္တံ့၊ စင်စစ်မူကား ဤ (ဆိုလတ္တံ့သော) အစီအရင်ကို စွဲမှီ၍ ဤနည်းဖြင့် သာလျှင် ယင်းခိုးသူ ဆူးငြောင့်ကို အကြွင်းမဲ့ ဖယ်ရှားခြင်း ဖြစ်နိုင်ပါ၏၊ သို့ဖြစ်၍ အသျှင်မင်း၏ နိုင်ငံ၌ လယ်ယာလုပ်မှု နွားမွေးမှုတို့ကို့အားထုတ်ကုန်သော သူတို့အား အသျှင်မင်းသည် မျိုးရိက္ခာကို ထောက်ပံ့ပေးကမ်းပါလော့၊ အသျှင်မင်း၏ နိုင်ငံ၌ ကုန်သွယ်မှုကို အားထုတ်ကုန်သော သူတို့အား အသျှင်မင်းသည် အရင်းအနှီးကိုထောက်ပံ့ပေးကမ်းပါလော့၊ အသျှင်မင်း၏ နိုင်ငံ၌ မင်းမှုထမ်းအလုပ်တို့ကို အားထုတ်ကုန်သော သူတို့အား အသျှင်မင်းသည် လခရိက္ခာကို စီမံပေးပါလော့၊ (ဤသို့ ပြုသည်ရှိသော်) ထိုနိုင်ငံသူ နိုင်ငံသားတို့သည်လည်း မိမိတို့ အလုပ်အကိုင်၌ အားထုတ်နေကုန်သည် ဖြစ်၍ အသျှင်မင်း၏ နိုင်ငံကိုမညှဉ်းဆဲကုန်လတ္တံ့၊ အသျှင်မင်းအား များပြားသော (ဥစ္စာစပါး) အစုသည်လည်း ဖြစ်လတ္တံ့၊ နိုင်ငံ၌ငြိမ်းချမ်းခြင်းရှိသည် ဖြစ်၍ (ခိုးသူ) ဆူးငြောင့် မရှိသည် ဖြစ်၍ (ခိုးသူ) နှိပ်စက်ခြင်း မရှိသည် ဖြစ်၍နိုင်ငံသူ နိုင်ငံသားတို့သည်လည်း (အချင်းချင်း) နှစ်လိုဝမ်းမြောက် ကုန်လျက် သားသမီးတို့ကို ရင်ခွင်၌ကစေကုန်လျက် အိမ်တို့ကို မပိတ်ကုန်ဘဲလျက် နေကြရ သကဲ့သို့ ဖြစ်ကုန်လတ္တံ့”ဟု လျှောက်၏။

ပုဏ္ဏား မဟာဝိဇိတမင်းသည် “အချင်း ကောင်းပါပြီ”ဟု ပုရောဟိတ်ပုဏ္ဏားအား ဝန်ခံပြီးလျှင် မိမိ၏နိုင်ငံ၌ လယ်ယာလုပ်မှု နွားမွေးမှုတို့ကို အားထုတ်ကုန်သော သူတို့အား မျိုးရိက္ခာကို ထောက်ပံ့ပေးကမ်း၏၊ ကုန်သွယ်မှုကို အားထုတ်ကုန်သော သူတို့အား အရင်းအနှီးကို ထောက်ပံ့ ပေးကမ်း၏၊ မင်းမှုထမ်းအလုပ်တို့ကို အားထုတ်ကုန်သော သူတို့အား လခရိက္ခာကို စီမံပေး၏၊ (ဤသို့ ပြုသဖြင့်) ထိုနိုင်ငံသူ နိုင်ငံသားတို့သည်လည်း မိမိတို့ အလုပ်အကိုင်၌ အားထုတ်နေကုန်သည်ဖြစ်၍ မင်း၏ နိုင်ငံကိုမညှဉ်းဆဲကုန်၊ မင်းအား များပြားသော (ဥစ္စာစပါး) အစုသည်လည်း ဖြစ်၏၊ နိုင်ငံ၌ ငြိမ်းချမ်းခြင်းရှိသည်ဖြစ်၍ (ခိုးသူ) ဆူးငြောင့် မရှိသည် ဖြစ်၍ (ခိုးသူ) နှိပ်စက်ခြင်း မရှိသည် ဖြစ်၍ နိုင်ငံသူ နိုင်ငံသားတို့သည်လည်း (အချင်းချင်း) နှစ်လို ဝမ်းမြောက်ကုန်လျက် သားသမီးတို့ကို ရင်ခွင်၌ ကစေကုန်လျက်အိမ်တို့ကို မပိတ်ကုန်ဘဲလျက် နေကြရသကဲ့သို့ ဖြစ်လေကုန်၏။

ပုဏ္ဏား ထိုအခါ မဟာဝိဇိတမင်းသည် ပုရောဟိတ်ပုဏ္ဏားကို ခေါ်၍ ဤစကားကို မိန့်ဆို၏ — “အချင်း သင်၏ အစီအရင်ကို စွဲ၍ ငါသည် ထိုခိုးသူ ဆူးငြောင့်ကို ဖယ်ရှားပြီးပါပြီ၊ ငါ့အားများပြားသော (ဥစ္စာစပါး) အစုသည်လည်း ဖြစ်ပြီ၊ နိုင်ငံ၌ ငြိမ်းချမ်းခြင်းရှိသည် ဖြစ်၍ (ခိုးသူ) ဆူးငြောင့် မရှိသည် ဖြစ်၍ (ခိုးသူ) နှိပ်စက်ခြင်း မရှိသည် ဖြစ်၍ နိုင်ငံသူ နိုင်ငံသားတို့သည်လည်း (အချင်းချင်း) နှစ်လိုဝမ်းမြောက်ကုန်လျက် သားသမီးတို့ကို ရင်ခွင်၌ ကစေကုန်လျက် အိမ်တို့ကိုမပိတ်ကုန်ဘဲလျက် နေကြရသကဲ့သို့ ဖြစ်ကုန်၏၊ ပုဏ္ဏား ငါသည် ယဇ်ကြီး ပူဇော်ရန် အလိုရှိ၏၊ ယင်း (ယဇ်ပူဇော်ခြင်း) သည် ကြာမြင့်စွာသော ကာလပတ်လုံး ငါ၏ စီးပွားချမ်းသာအလို့ငှါ ဖြစ်ရာ၏၊ အသျှင်သည် ငါ့ကို ဆုံးမ (ညွှန်ကြား) ပါလော့”ဟု မိန့်ဆို၏။

လေးပါးသော အင်္ဂါအကြောင်း

၃၃၉။ သို့ဖြစ်လျှင် အသျှင်မင်း၏ နိုင်ငံ၌ နိဂုံးဇနပုဒ်နေ အကြင် အရံမင်းတို့သည် ရှိကုန်၏၊ အသျှင်မင်းသည် ထို (အရံမင်း) တို့ကို ဤသို့ တိုင်ပင်တော်မူပါ — “အသျှင်တို့ ငါသည် ယဇ်ကြီးပူဇော်ရန် အလိုရှိ၏၊ ယင်း (ယဇ်ပူဇော်ခြင်း) သည် ကြာမြင့်စွာသောကာလပတ်လုံး ငါ၏ စီးပွားချမ်းသာအလို့ငှါ ဖြစ်ရာ၏၊ အသျှင်တို့သည် ငါ့အား (ယဇ်ပူဇော်ရန်) သဘောတူပါကုန်လော့”ဟု တိုင်ပင်တော်မူပါ။အသျှင်မင်း၏ နိုင်ငံ၌ နိဂုံးဇနပုဒ်နေ အကြင် အမတ် မင်းမှုထမ်းတို့သည် ရှိကုန်၏။ပ။အသျှင်မင်း၏ နိုင်ငံ၌ နိဂုံးဇနပုဒ်နေ အကြင် ပုဏ္ဏား သူဌေးတို့သည် ရှိကုန်၏။ပ။အသျှင်မင်း၏ နိုင်ငံ၌ နိဂုံးဇနပုဒ်နေ ဥစ္စာအစုအပုံရှိသော အကြင်သူကြွယ်တို့သည် ရှိကုန်၏၊

အသျှင်မင်းသည် ထိုသူကြွယ်တို့ကို ဤသို့ တိုင်ပင်တော်မူပါ — “အချင်းတို့ ငါသည် ယဇ်ကြီးပူဇော်ရန် အလိုရှိ၏၊ ယင်း (ယဇ်ပူဇော်ခြင်း) သည် ကြာမြင့်စွာသော ကာလပတ်လုံး ငါ၏ စီးပွားချမ်းသာအလို့ငှါ ဖြစ်ရာ၏၊ အချင်းတို့သည် ငါ့အား (ယဇ်ပူဇော်ရန်) သဘောတူပါကုန်လော့”ဟု တိုင်ပင်တော်မူပါ ဟူ၍ လျှောက်၏။

ပုဏ္ဏား မဟာဝိဇိတမင်းသည် “အချင်း ကောင်းပါပြီ”ဟု ပုရောဟိတ်ပုဏ္ဏားအား ဝန်ခံပြီးလျှင် မိမိ၏နိုင်ငံ၌ နိဂုံးဇနပုဒ်နေ အကြင် အရံမင်းတို့သည် ရှိကုန်၏၊ ထို (အရံမင်း) တို့ကို ဤသို့ တိုင်ပင်တော်မူ၏ — “အသျှင်တို့ ငါသည် ယဇ်ကြီးပူဇော်ရန် အလိုရှိ၏၊ ယင်း (ယဇ်ပူဇော်ခြင်း) သည် ကြာမြင့်စွာသောကာလပတ်လုံး ငါ၏ စီးပွားချမ်းသာ အလို့ငှါ ဖြစ်ရာ၏၊ အသျှင်တို့သည် ငါ့အား (ယဇ်ပူဇော်ရန်) သဘောတူပါကုန်လော့”ဟု တိုင်ပင်တော်မူ၏။

“အသျှင်မင်းသည် ယဇ်ပူဇော်တော်မူပါလော့၊ ယဇ်ပူဇော်ရန် သင့်သော အချိန်ပင်ဖြစ်ပါသည် မင်းကြီး”ဟု (ထိုအရံမင်းတို့သည်) လျှောက်ကုန်၏။

မိမိ၏ နိုင်ငံ၌ နိဂုံးဇနပုဒ်နေ အကြင် အမတ် မင်းမှုထမ်းတို့သည် ရှိကုန်၏။ပ။

မိမိ၏ နိုင်ငံ၌ နိဂုံးဇနပုဒ်နေ အကြင် ပုဏ္ဏားသူဌေးတို့သည် ရှိကုန်၏။ပ။

မိမိ၏ နိုင်ငံ၌ နိဂုံးဇနပုဒ်နေ ဥစ္စာအစုအပုံရှိကုန်သော အကြင်သူကြွယ်တို့သည် ရှိကုန်၏၊ မဟာဝိဇိတမင်းသည် ထိုသူကြွယ်တို့ကို ဤသို့ တိုင်ပင်တော်မူ၏ — “အချင်းတို့ ငါသည် ယဇ်ကြီးပူဇော်ရန် အလိုရှိ၏၊ ယင်း (ယဇ်ပူဇော်ခြင်း) သည် ကြာမြင့်စွာသောကာလပတ်လုံး ငါ၏ စီးပွားချမ်းသာအလို့ငှါ ဖြစ်ရာ၏၊ အချင်းတို့သည် ငါ့အား (ယဇ်ပူဇော်ရန်) သဘောတူပါကုန်လော့”ဟု တိုင်ပင်တော်မူ၏။

“အသျှင်မင်းသည် ယစ်ပူဇော်တော်မူပါလော့၊ ယဇ်ပူဇော်ရန် သင့်သော အချိန်ပင် ဖြစ်ပါသည်၊ မင်းကြီး”ဟု (ထိုသူကြွယ်တို့သည်) လျှောက်ကုန်၏။

ဤသို့လျှင် လေးမျိုးသော ဤသဘောတူ အသင်းအပင်းတို့သည် ထိုယဇ်၏ အရံအတားများ ဖြစ်ကုန်၏။

ရှစ်ပါးသော အင်္ဂါအကြောင်း

၃၄ဝ။ မဟာဝိဇိတမင်းသည် ရှစ်ပါးသော အင်္ဂါနှင့် ပြည့်စုံ၏။

(၁) အမိဘက် အဖဘက် နှစ်ဖက်စလုံးတို့မှ ကောင်းသော ဇာတ်ရှိ၏၊ ဘိုးဘေး ခုနစ်ဆက်တိုင် အောင်မျိုးရိုးသန့်သော အမိဝမ်းရှိ၏၊ ဇာတ်နှင့်စပ်သော စကားဖြင့် အပယ်မခံရ၊ အကဲ့ရဲ့ မခံရ။

(၂) အဆင်းလှ၏၊ ရှုချင်ဖွယ်ရှိ၏၊ ကြည်ညိုဖွယ်ရှိ၏၊ မြတ်သော အဆင်း သဏ္ဌာန်နှင့် ပြည့်စုံ၏၊ ဗြဟ္မာနှင့်တူသော အဆင်းရှိ၏၊ ဗြဟ္မာနှင့်တူသော ကိုယ်ရှိ၏၊ ခံ့ညားသော ကိုယ်ခန္ဓာရှိ၏။

(၃) ကြွယ်ဝ၏၊ များသော ဥစ္စာရှိ၏၊ များသော စည်းစိမ်ရှိ၏၊ များသော ရွှေငွေရှိ၏၊ များသောနှစ်သက်ဖွယ် အသုံးအဆောင်ရှိ၏၊ များသော ဥစ္စာစပါးရှိ၏၊ ပြည့်သော ဘဏ္ဍာတိုက် ကျီကြရှိ၏။

(၄) ဗိုလ်ပါအင်အား ရှိ၏၊ သစ္စာရှိသော အမိန့်ကို ရိုသေစွာ လိုက်နာသော အင်္ဂါလေးပါးရှိသောစစ်သည်နှင့် ပြည့်စုံ၏၊ (စစ်သည်ဗိုလ်ပါ) အခြံအရံဖြင့် ရန်သူတို့ကို ဖိနှိပ်လွှမ်းမိုးနေသကဲ့သို့ ဖြစ်၏။

(၅) သဒ္ဓါတရားရှိ၏၊ ပေးကမ်းစွန့်ကြဲတတ်၏၊ (အမြတ်ကို ပေးတတ်သော) အလှူရှင်ဖြစ်၏၊ ရဟန်းပုဏ္ဏား အထီးကျန်သူ ခရီးသွား ဖုန်းတောင်းယာစကာတို့အတွက် မပိတ်သော တံခါး ရှိ၏၊ ရေတွင်းသဖွယ်ဖြစ်၍ ကောင်းမှုတို့ကို ပြု၏။

(၆) အထူးထူး အပြားပြား များသော အကြားအမြင်နှင့် ပြည့်စုံ၏။

(၇) ဤသည်ကား ဤစကား၏ အနက်အဓိပ္ပါယ်တည်း၊ ဤသည်ကား ဤစကား၏ အနက်အဓိပ္ပါယ်တည်းဟု ထိုထိုစကား၏ အနက်အဓိပ္ပါယ်ကို သိ၏။

(၈) ပညာရှိ၏၊ လိမ္မာ၏၊ ထက်မြက်သော ဉာဏ်ရှိ၏၊ ဖြစ်ပြီး ဖြစ်ဆဲ ဖြစ်လတ္တံ့ အကျိုးတို့ကို့ကြံဆခြင်းငှါ စွမ်းနိုင်၏။

မဟာဝိဇိတမင်းသည် ဤရှစ်ပါးသော အင်္ဂါတို့နှင့် ပြည့်စုံ၏၊ ဤသို့လျှင် ရှစ်ပါးသော ဤအင်္ဂါတို့သည်လည်း ထိုယဇ်၏သာလျှင် အရံအတားများ ဖြစ်ကြကုန်၏၊

လေးပါးသော အင်္ဂါအကြောင်း

၃၄၁။ (ထို့ပြင်) ပုရောဟိတ်ပုဏ္ဏားသည်လည်း လေးပါးသော အင်္ဂါတို့နှင့် ပြည့်စုံ၏။

(၁) အမိဘက် အဖဘက် နှစ်ဖက်စလုံးတို့မှ ကောင်းသော ဇာတ်ရှိ၏၊ ဘိုးဘေးခုနစ်ဆက် တိုင် အောင်မျိုးရိုးသန့်သော အမိဝမ်းရှိ၏၊ ဇာတ်နှင့်စပ်သော စကားဖြင့် အပယ်မခံရ၊ အကဲ့ရဲ့ မခံရ။

(၂) ဝေဒကျမ်းလာ ဂါထာတို့ကို ရွတ်ဆိုတတ်၏၊ ဝေဒကျမ်းတို့ကို ဆောင်၏၊ အဘိဓာန် ‘နိဃဏ္ဍု’ ကျမ်း၊ အလင်္ကာ ‘ကေဋုဘ’ ကျမ်း၊ သဒ္ဒါ ‘အက္ခရပ္ပဘေဒ’ ကျမ်း၊ ငါးခုမြောက် ဣတိဟာသ ကျမ်းနှင့်တကွဗေဒင်သုံးပုံတို့၏ တစ်ဖက်ကမ်းသို့ ရောက်၏၊ ပဒကျမ်းကို တတ်၏၊ ဗျာကရုဏ်းကျမ်းကို တတ်၏၊ လောကာယတကျမ်း၊ မဟာပုရိသလက္ခဏာကျမ်းတို့၌ အကြွင်းမဲ့ တတ်မြောက်၏။

(၃) သီလရှိ၏၊ ကြီးပွါးသော သီလရှိ၏၊ ကြီးပွါးသော သီလနှင့် ပြည့်စုံ၏။

(၄) ပညာရှိ၏၊ လိမ္မာ၏၊ ထက်မြက်သော ဉာဏ်ရှိ၏၊ ယဇ်ယောက်မကိုင်သော သူတို့တွင် ပဌမသော်လည်းကောင်း ဒုတိယသော်လည်းကောင်း ဖြစ်၏။

ပုရောဟိတ်ပုဏ္ဏားသည် ဤလေးပါးသော အင်္ဂါတို့နှင့် ပြည့်စုံ၏၊ ဤသို့လျှင် လေးပါးသောဤအင်္ဂါတို့သည်လည်း ထိုယဇ်၏သာလျှင် အရံအတားများ ဖြစ်ကြကုန်၏။

သုံးပါးသော စိတ်ထား

၃၄၂။ ပုဏ္ဏား ထိုအခါ ပုရောဟိတ်ပုဏ္ဏားသည် မဟာဝိဇိတမင်းအား ယဇ်မပူဇော်မီ ရှေးဦးစွာ ပင်လျှင်သုံးပါးသော စိတ်ထားတို့ကို ညွှန်ကြား၏ —

(၁) ယဇ်ကြီးပူဇော်ရန် ကြံစည်တောင့်တနေသော (ကာလ၌) အသျှင်မင်းအား “များစွာသော ငါ၏စည်းစိမ်အစုသည် ကုန်ခန်းလိမ့်တကား”ဟု တစ်စုံတစ်ခုသော နှလုံးမသာခြင်းသည် ဖြစ်ရာ၏၊ အသျှင်မင်းသည် ထို (သို့သော) နှလုံးမသာခြင်းကို မဖြစ်စေသင့်ပါ။

(၂) ယဇ်ကြီးပူဇော်ဆဲ (ကာလ၌) အသျှင်မင်းအား “များစွာသော ငါ၏ စည်းစိမ်အစုသည် ကုန်ခန်း၏တကား”ဟု တစ်စုံတစ်ခုသော နှလုံးမသာခြင်းသည် ဖြစ်ရာ၏၊ အသျှင်မင်းသည် ထို (သို့သော) နှလုံးမသာခြင်းကို မဖြစ်စေသင့်ပါ။

(၃) ယဇ်ကြီးပူဇော်ပြီးသော (ကာလ၌) အသျှင်မင်းအား “များစွာသော ငါ၏ စည်းစိမ်အစုသည် ကုန်ခန်းလေပြီတကား”ဟု တစ်စုံတစ်ခုသော နှလုံးမသာခြင်းသည် ဖြစ်ရာ၏၊ အသျှင်မင်းသည် ထို (သို့သော) နှလုံးမသာခြင်းကို မဖြစ်စေသင့်ပါ။

ပုဏ္ဏား ဤသုံးပါးသော စိတ်ထားတို့ကို ပုရောဟိတ်ပုဏ္ဏားသည် မဟာဝိဇိတမင်းအား ယဇ် မပူဇော်မီရှေးဦးကပင်လျှင် ညွှန်ကြား၏။

ဆယ်ပါးသော အခြင်းအရာ

၃၄၃။ ပုဏ္ဏား ထိုအခါ ပုရောဟိတ်ပုဏ္ဏားသည် မဟာဝိဇိတမင်းအား (ဤဆိုလတ္တံ့သော) ဆယ်ပါး သောအခြင်းအရာတို့ဖြင့် အလှူခံတို့အပေါ်၌ (ဖြစ်တတ်သော) နှလုံးမသာခြင်းကို ယဇ်မပူဇော်မီ ရှေးဦးကပင်လျှင် ပယ်ဖျောက်၏ — (၁) အသျှင်၏ ယဇ်ပွဲသို့ အသက်ကို သတ်လေ့ရှိသော သူတို့သည်လည်းကောင်း၊ အသက်သတ်ခြင်းမှ့ရှောင်ကြဉ်သော သူတို့သည်လည်းကောင်း လာကုန်လတ္တံ့၊ ထိုသူတို့တွင် အကြင်သူတို့သည် အသက်ကို သတ်လေ့ရှိကုန်၏၊ ထို (အသက်သတ်ခြင်း) ကြောင့် ထိုသူတို့အားသာ (မကောင်းကျိုးဖြစ်ပါလတံ္တ့)၊ ထိုသူတို့တွင် အကြင် သူတို့သည် အသက်သတ်ခြင်းမှ ရှောင် ကြဉ်ကုန်၏၊ ထို သူတို့ကို အာရုံပြု၍ အသျှင်သည် ပေးလှူပူဇော်ပါလော့၊ အသျှင်သည် စွန့်ကြဲပါလော့၊ အသျှင်သည်ဝမ်းမြောက်ပါလော့၊ အသျှင်သည် မိမိသန္တာန်၌ စိတ်ကိုသာ ကြည်စေပါလော။

(၂) အသျှင်၏ ယဇ် (ပွဲ) သို့ ခိုးယူလေ့ရှိသော သူတို့သည်လည်းကောင်း၊ ခိုးယူခြင်းမှ ရှောင်ကြဉ် သောသူတို့သည်လည်းကောင်း လာကုန်လတ္တံ့။ပ။

(၃) ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်လေ့ရှိသော သူတို့သည်လည်းကောင်း၊ ကာမဂုဏ်တို့၌မှားယွင်းစွာကျင့်ခြင်းမှ ရှောင်ကြဉ်သော သူတို့သည်လည်းကောင်း။

(၄) မဟုတ်မမှန်ပြောလေ့ရှိသော သူတို့သည်လည်းကောင်း၊ မဟုတ်မမှန်ပြောခြင်းမှ ရှောင်ကြဉ်သောသူတို့သည်လည်းကောင်း။

(၅) ကုန်းစကားကို ပြောလေ့ရှိသော သူတို့သည်လည်းကောင်း၊ ကုန်းစကားမှ ရှောင်ကြဉ်သောသူတို့သည်လည်းကောင်း။

(၆) ရုန့်ကြမ်းသော စကားကို ပြောလေ့ရှိသော သူတို့သည်လည်းကောင်း၊ ရုန့်ကြမ်းသော စကားမှ ရှောင်ကြဉ်သော သူတို့သည်လည်းကောင်း။

(၇) ပြိန်ဖျင်းသော စကားကို ပြောလေ့ရှိသော သူတို့သည်လည်းကောင်း၊ ပြိန်ဖျင်းသော စကားမှရှောင်ကြဉ်သော သူတို့သည်လည်းကောင်း။

(၈) လိုချင်တပ်မက်ခြင်း ‘အဘိဇ္ဈာ’ ရှိသော သူတို့သည်လည်းကောင်း၊ လိုချင်တပ်မက်ခြင်း ‘အဘိဇ္ဈာ’ မရှိသော သူတို့သည်လည်းကောင်း။

(၉) ပျက်စီးစေလိုသော စိတ်ရှိသော သူတို့သည်လည်းကောင်း၊ ပျက်စီးစေလိုသော စိတ်မရှိသောသူတို့သည်လည်းကောင်း။

(၁ဝ) မှားသော အယူရှိသော သူတို့သည်လည်းကောင်း၊ မှန်သော အယူရှိသော သူတို့သည်လည်းကောင်း လာကုန်လတ္တံ့၊ ထိုသူတို့တွင် အကြင်သူတို့သည် မှားသော အယူရှိကုန်၏၊ ထို (မှားသောအယူ) ကြောင့် ထိုသူတို့အားသာ (မကောင်းကျိုးဖြစ်ပါလတ္တံ့) ထိုသူတို့တွင် အကြင် သူတို့သည်မှန်သော အယူရှိကုန်၏၊ ထိုသူတို့ကို အာရုံပြု၍ အသျှင်သည် ပေးလှူပူဇော်ပါ လော့၊ အသျှင်သည်စွန့်ကြဲပါလော့၊ အသျှင်သည် ဝမ်းမြောက်ပါလော့၊ အသျှင်သည် မိမိသန္တာန်၌ စိတ်ကိုသာကြည်စေပါလော။

ပုဏ္ဏား ဤသို့လျှင် ပုရောဟိတ်ပုဏ္ဏားသည် မဟာဝိဇိတမင်းအား ဤဆယ်ပါးသော အခြင်းအရာ တို့ဖြင့်အလှူခံတို့ အပေါ်၌ (ဖြစ်တတ်သော) နှလုံးမသာခြင်းကို ယဇ်မပူဇော်မီ ရှေးဦးကပင်လျှင် ပယ်ဖျောက်၏၊

တစ်ဆယ့်ခြောက်ပါးသော အကြောင်း

၃၄၄။ ပုဏ္ဏား ထိုအခါ ပုရောဟိတ်ပုဏ္ဏားသည် ယဇ်ကြီးပူဇော်ဆဲ ဖြစ်သော မဟာဝိဇိတမင်းအား (ဤဆိုလတ္တံ့သော) တစ်ဆယ့်ခြောက်ပါးသော အကြောင်းတို့ဖြင့် (အကျိုးစီးပွားကို) ကောင်းစွာ ပြ၏၊ စိတ်ကို ကောင်းစွာ ဆောက်တည်စေ၏၊ ကောင်းစွာ ထက်သန်စေ၏၊ ကောင်းစွာ ရွှင်လန်းစေ၏ — (၁) မင်းကြီး ယဇ်ပူဇော်ဆဲ ဖြစ်သော အသျှင်မင်းအား “မဟာဝိဇိတမင်းသည် ယဇ်ကြီးပူဇော်၏၊ ထို (မင်း) သည် နိဂုံးဇနပုဒ်နေ အရံမင်းတို့ကို မတိုင်ပင်၊ ထိုသို့ဖြစ်လျက် အသျှင်မင်းသည် ဤသို့သဘောရှိသော ယဇ်ကြီးကို ပူဇော်ဘိ၏”ဟု ပြောဆိုမည့်သူ တစ်စုံတစ်ယောက်သည် ရှိသော်လည်းရှိရာ၏၊ (သို့သော်) ဤသို့လည်း အသျှင်မင်းအား ပြောဆိုသူသည် တရား သဖြင့် (ပြောဆိုသူ) ့မဖြစ်နိုင်ပါ၊ အကြောင်းသော်ကား အသျှင်မင်းသည် နိဂုံးဇနပုဒ်နေ အရံမင်းတို့ကို တိုင်ပင်ပြီး ဖြစ်ပါ၏။

ဤ (အကြောင်း) ကြောင့်လည်း ဤ (ယဇ်ကြီးပူဇော်သင့်သည့် အဖြစ်) ကို အသျှင်မင်းသည် သိပါလော့၊ အသျှင်သည် ပေးလှူပူဇော်ပါလော့၊ အသျှင်သည် စွန့်ကြဲပါလော့၊ အသျှင်သည်ဝမ်းမြောက်ပါလော့၊ အသျှင်သည် မိမိသန္တာန်၌ စိတ်ကိုသာ ကြည်စေပါလော။

(၂) မင်းကြီး ယဇ်ပူဇော်ဆဲဖြစ်သော အသျှင်မင်းအား မဟာဝိဇိတမင်းသည် ယဇ်ကြီးပူဇော်၏၊ ထို (မင်း) သည် နိဂုံးဇနပုဒ်နေ အမတ်မင်းမှုထမ်းတို့ကို မတိုင်ပင်။ပ။

(၃) နိဂုံးဇနပုဒ်နေ ပုဏ္ဏားသူဌေးတို့ကို။ပ။

(၄) နိဂုံးဇနပုဒ်နေ ဥစ္စာအစုအပုံရှိသော သူကြွယ်တို့ကို မတိုင်ပင်၊ ထိုသို့ဖြစ်လျက် အသျှင်မင်းသည်ဤသို့သဘောရှိသော ယဇ်ကြီးကို ပူဇော်ဘိ၏ဟု ပြောဆိုမည့်သူ တစ်စုံတစ်ယောက်သည် ရှိသော်လည်းရှိရာ၏၊ (သို့သော်) ဤသို့လည်း အသျှင်မင်းအား ပြောဆိုသူသည် တရားသဖြင့် (ပြောဆိုသူ) မဖြစ်နိုင်ပါ၊ အကြောင်းသော်ကား အသျှင်မင်းသည် နိဂုံးဇနပုဒ်နေ ဥစ္စာအစုအပုံရှိသော သူကြွယ်တို့ကို တိုင်ပင်ပြီးဖြစ်ပါ၏။

ဤ (အကြောင်း) ကြောင့်လည်း ဤ (ယဇ်ကြီးပူဇော်သင့်သည် အဖြစ်) ကို အသျှင်မင်းသည် သိပါ လော့၊ အသျှင်သည် ပေးလှူပူဇော်ပါလော့၊ အသျှင်သည် စွန့်ကြဲပါလော့၊ အသျှင်သည် ဝမ်းမြောက်ပါလော့၊ အသျှင်သည် မိမိသန္တာန်၌ စိတ်ကိုသာ ကြည်စေပါလော။

(၅) ယဇ်ကြီးပူဇော်ဆဲဖြစ်သော အသျှင်မင်းအား “မဟာဝိဇိတမင်းသည် ယဇ်ကြီးပူဇော်၏၊ ထို (မင်း) သည် အမိဘက် အဖဘက် နှစ်ဖက်စလုံးတို့မှ ကောင်းသော ဇာတ် မရှိ၊ ဘိုးဘေးခုနစ်ဆက်တိုင်အောင် မျိုးရိုးသန့်သော အမိဝမ်းလည်း မရှိ၊ ဇာတ်နှင့်စပ်သော စကားဖြင့် အပယ်ခံရ၏၊ အကဲ့ရဲ့ခံရ၏၊ ထိုသို့ဖြစ်လျက် အသျှင်မင်းသည် ဤသို့သဘောရှိသော ယဇ်ကြီးကို ပူဇော်ဘိ၏”ဟုပြောဆိုမည့်သူ တစ်စုံတစ်ယောက်သည် ရှိသော်လည်း ရှိရာ၏၊ (သို့သော်) ဤသို့လည်း အသျှင်မင်းအားပြောဆိုသူသည် တရားသဖြင့် (ပြောဆိုသူ) မဖြစ်ပါ၊ အကြောင်းသော်ကား အသျှင်မင်းသည် အမိဘက်အဖဘက် နှစ်ဖက်စလုံးတို့မှ ကောင်းသော ဇာတ်ရှိပါ၏၊ ဘိုးဘေး ခုနစ်ဆက်တိုင်အောင် မျိုးရိုးသန့်သောအမိဝမ်းလည်း ရှိပါ၏၊ ဇာတ်နှင့်စပ်သော စကားဖြင့် အပယ် မခံရပါ၊ အကဲ့ရဲ့ မခံရပါ။

ဤ (အကြောင်း) ကြောင့်လည်း ဤ (ယဇ်ကြီးပူဇော်သင့်သည့် အဖြစ်) ကို အသျှင်မင်းသည် သိပါ လော့၊ အသျှင်သည် ပေးလှူပူဇော်ပါလော့၊ အသျှင်သည် စွန့်ကြဲပါလော့၊ အသျှင်သည် ဝမ်းမြောက်ပါလော့၊ အသျှင်သည် မိမိသန္တာန်၌ စိတ်ကိုသာ ကြည်စေပါလော။

(၆) ယဇ်ကြီးပူဇော်ဆဲဖြစ်သော အသျှင်မင်းအား “မဟာဝိဇိတမင်းသည် ယဇ်ကြီးပူဇော်၏၊ ထို (မင်း) သည် အဆင်းမလှ၊ ရှုချင်ဖွယ် မရှိ၊ ကြည်ညိုဖွယ် မရှိ၊ ကောင်းမြတ်သော အဆင်း သဏ္ဌာန်နှင့်မပြည့်စုံ၊ ဗြဟ္မာနှင့်တူသော အဆင်း မရှိ၊ ဗြဟ္မာနှင့်တူသော ကိုယ်မရှိ၊ မခံ့ညား သေးသိမ်သောကိုယ်ခန္ဓာ ရှိ၏။ပ။

(၇) မကြွယ်ဝ၊ များသော ဥစ္စာ မရှိ၊ များသော စည်းစိမ် မရှိ၊ များသော ရွှေငွေ မရှိ၊ များသောနှစ်သက်ဖွယ် အသုံးအဆောင် မရှိ၊ များသော ဥစ္စာစပါး မရှိ၊ ပြည့်သော ဘဏ္ဍာတိုက် ကျီကြမရှိ။ပ။

(၈) ဗိုလ်ပါအင်အား မရှိ၊ သစ္စာရှိသော အမိန့်ကို ရိုသေစွာ လိုက်နာသော အင်္ဂါလေးပါးရှိသောစစ်သည်နှင့်လည်း မပြည့်စုံ၊ (စစ်သည်ဗိုလ်ပါ) အခြံအရံဖြင့် ရန်သူတို့ကို ဖိနှိပ်လွှမ်းမိုးနေ သကဲ့သို့လည်းမဖြစ်။ပ။

(၉) သဒ္ဓါတရားလည်း မရှိ၊ မပေးကမ်း မစွန့်ကြဲတတ်၊ (အမြတ်ကို ပေးတတ်သော) အလှူ ရှင် လည်းမဟုတ်၊ ရဟန်း ပုဏ္ဏား အထီးကျန်သူ ခရီးသွား ဖုန်းတောင်းယာစကာတို့အတွက် မပိတ်သောတံခါးရှိသည်လည်း မဟုတ်၊ ရေတွင်းသဖွယ်ဖြစ်၍ ကောင်းမှုတို့ကို ပြုသည် လည်း မဟုတ်။ပ။ (၁ဝ) အထူးထူး အပြားပြား များသော အကြားအမြင်နှင့်လည်း မပြည့်စုံ။ပ။

(၁၁) ဤသည်ကား ဤစကား၏ အနက်အဓိပ္ပါယ်တည်း၊ ဤသည်ကား ဤစကား၏ အနက်အဓိပ္ပါယ်တည်းဟု ထိုထိုစကား၏ အနက်အဓိပ္ပါယ်ကိုလည်း မသိ။ပ။

(၁၂) ပညာမရှိ၊ မလိမ္မာ၊ ထက်မြက်သော ဉာဏ်မရှိ၊ ဖြစ်ပြီး ဖြစ်ဆဲ ဖြစ်လတ္တံ့ အကျိုးတို့ကိုကြံဆခြင်းငှါ မစွမ်းနိုင်၊ ထိုသို့ဖြစ်လျက် အသျှင်မင်းသည် ဤသို့ သဘောရှိသော ယဇ်ကြီးကိုပူဇော်ဘိ၏ဟု ပြောဆိုမည့်သူ တစ်စုံတစ်ယောက်သည်ရှိသော်လည်း ရှိရာ၏၊ (သို့သော်) ဤသို့လည်းအသျှင်မင်းအား ပြောဆိုသူသည် တရားသဖြင့် ပြောဆိုသူ မဖြစ်ပါ၊ အကြောင်းသော်ကား အသျှင်မင်းသည် ပညာရှိ၏၊ လိမ္မာ၏၊ ထက်မြက်သော ဉာဏ်ရှိ၏၊ ဖြစ်ပြီး ဖြစ်ဆဲ ဖြစ်လတ္တံ့အကျိုးတို့ကို ကြံဆခြင်းငှါ စွမ်းနိုင်ပါ၏။

ဤ (အကြောင်း) ကြောင့်လည်း ဤ (ယဇ်ကြီးပူဇော်သင့်သည့် အဖြစ်) ကို အသျှင်မင်းသည် သိပါလော့၊ အသျှင်သည် ပေးလှူပူဇော်ပါလော့၊ အသျှင်သည် စွန့်ကြဲပါလော့၊ အသျှင်သည် ဝမ်းမြောက်ပါလော့၊ အသျှင်သည် မိမိသန္တာန်၌ စိတ်ကိုသာ ကြည်စေပါလော။

(၁၃) ယဇ်ကြီးပူဇော်ဆဲဖြစ်သော အသျှင်မင်းအား “မဟာဝိဇိတမင်းသည် ယဇ်ကြီးပူဇော်၏၊ ထိုမင်း၏ပုရောဟိတ်ပုဏ္ဏားသည် အမိဘက် အဖဘက် နှစ်ဖက်စလုံးတို့မှ ကောင်းသော ဇာတ်မရှိ၊ ဘိုးဘေးခုနစ်ဆက်တိုင်အောင် မျိုးရိုးသန့်သော အမိဝမ်းလည်း မရှိ၊ ဇာတ်နှင့် စပ်သောစကားဖြင့် အပယ်ခံရ၏၊ အကဲ့ရဲ့ခံရ၏၊ ထိုသို့ ဖြစ်လျက် အသျှင်မင်းသည် ဤသို့ သဘောရှိသော ယဇ်ကြီးကို ပူဇော်ဘိ၏”ဟု ပြောဆိုမည့်သူ တစ်စုံတစ်ယောက်သည် ရှိသော် လည်း ရှိရာ၏၊ (သို့သော်) ဤသို့လည်း အသျှင်မင်းအား ပြောဆိုသူသည် တရားသဖြင့် (ပြောဆိုသူ) မဖြစ်ပါ၊ အကြောင်းသော်ကားအသျှင်မင်း၏ ပုရောဟိတ်ပုဏ္ဏားသည် အမိဘက် အဖဘက် နှစ်ဖက်စလုံးတို့မှ ကောင်းသော ဇာတ်ရှိပါ၏၊ ဘိုးဘေးခုနစ်ဆက်တိုင်အောင် မျိုးရိုးသန့်သော အမိဝမ်းလည်း ရှိပါ၏၊ ဇာတ်နှင့်စပ်သော စကားဖြင့်အပယ်မခံရပါ၊ အကဲ့ရဲ့မခံရပါ။

ဤ (အကြောင်း) ကြောင့်လည်း ဤ (ယဇ်ကြီးပူဇော်သင့်သည့် အဖြစ်) ကို အသျှင်မင်းသည် သိပါလော့၊ အသျှင်သည် ပေးလှူပူဇော်ပါလော့၊ အသျှင်သည် စွန့်ကြဲပါလော့၊ အသျှင်သည် ဝမ်းမြောက်ပါလော့၊ အသျှင်သည် မိမိသန္တာန်၌ စိတ်ကိုသာ ကြည်စေပါလော။

(၁၄) ယဇ်ကြီးပူဇော်ဆဲဖြစ်သော အသျှင်မင်းအား “မဟာဝိဇိတမင်းသည် ယဇ်ကြီးပူဇော်၏၊ ထိုမင်း၏ပုရောဟိတ်ပုဏ္ဏားသည် ဝေဒကျမ်းလာ ဂါထာတို့ကို မရွတ်ဆိုတတ်၊ ဝေဒကျမ်း တို့ကို မဆောင်၊ အဘိဓာန် ‘နိဃဏ္ဍု’ ကျမ်း၊ အလင်္ကာ ‘ကေဋုဘ’ ကျမ်း၊ သဒ္ဒါ ‘အက္ခရပ္ပဘေဒ’ ကျမ်း၊ ငါးခုမြောက် ဣတိဟာသကျမ်းနှင့်တကွ ဗေဒင်သုံးပုံတို့၏ တစ်ဖက်ကမ်းသို့ မရောက်၊ ပဒကျမ်းကိုမတတ်၊ ဗျာကရုဏ်းကျမ်းကို မတတ်၊ လောကာယတကျမ်း၊ မဟာပုရိသ လက္ခဏာကျမ်းတို့၌ အကြွင်းမဲ့မတတ်မြောက်။ပ။

(၁၅) ထို (မင်း)၏ ပုရောဟိတ်ပုဏ္ဏားသည် သီလလည်း မရှိ၊ တိုးပွါးပြီးသော သီလလည်း မရှိ၊ တိုးပွါးပြီးသော သီလနှင့်လည်း မပြည့်စုံ။ပ။

(၁၆) ထို (မင်း)၏ ပုရောဟိတ်ပုဏ္ဏားသည် ပညာလည်း မရှိ၊ မလိမ္မာ၊ ထက်မြက်သော ဉာဏ်လည်းမရှိ၊ ယဇ်ယောက်မကိုင်သော သူတို့တွင် ပဌမသော်လည်းကောင်း၊ ဒုတိယသော်လည်းကောင်းမဖြစ်၊ ထိုသို့ဖြစ်လျက် အသျှင်မင်းသည် ဤသို့သဘောရှိသော ယဇ်ကြီးကို ပူဇော်ဘိ၏”ဟု ပြောဆိုမည့်သူ တစ်စုံတစ်ယောက်သည် ရှိသော်လည်း ရှိရာ၏၊ (သို့သော်) ဤသို့လည်း အသျှင်မင်းအားပြောဆိုသူသည် တရားသဖြင့် (ပြောဆိုသူ) မဖြစ်ပါ။ အကြောင်းသော်ကား အသျှင်မင်း၏ ပုရောဟိတ်ပုဏ္ဏားသည် ပညာရှိ၏၊ လိမ္မာ၏၊ ထက်မြက်သော ဉာဏ်ရှိ၏။ ယဇ်ယောက်မကိုင်သော သူတို့တွင့်ပဌမသော်လည်းကောင်း ဒုတိယသော်လည်းကောင်း ဖြစ်ပါ၏။

ဤ (အကြောင်း) ကြောင့်လည်း ဤ (ယဇ်ကြီးပူဇော်သင့်သည့် အဖြစ်) ကို အသျှင်မင်းသည် သိပါလော့၊ အသျှင်သည် ပေးလှူပူဇော်ပါလော့၊ အသျှင်သည် စွန့်ကြဲပါလော့၊ အသျှင်သည် ဝမ်းမြောက်ပါလော့၊ အသျှင်သည် မိမိသန္တာန်၌ စိတ်ကိုသာ ကြည်စေပါလော။

ပုဏ္ဏား (ဤသို့လျှင်) ပုရောဟိတ်ပုဏ္ဏားသည် ယဇ်ကြီးပူဇော်ဆဲဖြစ်သော မဟာဝိဇိတမင်းအားဤတစ်ဆယ့်ခြောက်ပါးသော အကြောင်းတို့ဖြင့် (အကျိုးစီးပွားကို) ကောင်းစွာ ပြ၏၊ စိတ်ကို ကောင်းစွာဆောက်တည်စေ၏၊ ကောင်းစွာ ထက်သန်စေ၏၊ ကောင်းစွာ ရွှင်လန်းစေ၏။

၃၄၅။ ပုဏ္ဏား ထိုအလှူ (ယဇ်) ပွဲ၌မူကား နွားတို့ကို မသတ်ရကုန်၊ ဆိတ်နှင့် သိုးတို့ကိုလည်းမသတ်ရကုန်၊ ကြက် ဝက်တို့ကိုလည်း မသတ်ရကုန်၊ အမျိုးမျိုးသော သတ္တဝါတို့ကိုလည်း မသတ်ရကုန်၊ ယဇ်တိုင်အလို့ငှါ သစ်ပင်တို့ကိုလည်း မခုတ်ဖြတ်ရကုန်၊ ယဇ်အခင်းလို့ငှါ သမန်းမြက်တို့ကိုလည်း၁ မရိတ်ရကုန်၊ ထို (မဟာဝိဇိတမင်း)၏ ကျွန်အစေအပါး အမှုလုပ်တို့သည်လည်း တုတ်ဖြင့် ခြိမ်းခြောက်သောကြောင့်ဘေးဖြင့် ခြိမ်းခြောက်သောကြောင့် မျက်ရည်ရွှဲစို ငိုကုန်လျက် အမှုတို့ကို ပြုလုပ်ကြသည် မဟုတ်ကုန်၊ စင်စစ်သော်ကား အလိုရှိသူတို့သာ ပြုလုပ်ကြရကုန်၏၊ အလိုမရှိသူတို့သည် မပြုလုပ်ကြရကုန်၊ အလိုရှိသော အမှုကိုသာ ပြုလုပ် ကြရကုန်၏၊ အလိုမရှိသော အမှုကို မပြုလုပ်ကြရကုန်၊ ထိုအလှူ (ယဇ်) ပွဲသည် ထောပတ် ဆီ ဆီဦး နို့ဓမ်း ပျား တင်လဲဖြင့်၂ သာလျှင် ပြီးဆုံးခြင်းသို့ရောက်၏။

၃၄၆။ ပုဏ္ဏား ထိုအခါ နိဂုံးဇနပုဒ်နေ အရံမင်းတို့သည်လည်းကောင်း၊ နိဂုံးဇနပုဒ်နေ အမတ်မင်းမှုထမ်းတို့သည်လည်ကောင်း၊ နိဂုံးဇနပုဒ်နေ ပုဏ္ဏားသူဌေးတို့သည်လည်းကောင်း၊ နိဂုံးဇနပုဒ်နေ ဥစ္စာအစုအပုံရှိသော သူကြွယ်တို့သည်လည်းကောင်း များစွာသော ဥစ္စာကို ယူလျက် မဟာဝိဇိတမင်းသို့ချဉ်းကပ်ပြီးလျှင် “မင်းမြတ် မင်းမြတ်ကိုသာ ရည်ရွယ်၍ ဤများစွာသော ဥစ္စာကို ဆောင်ခဲ့ပါ၏၊ မင်းမြတ်သည် ထို (ဥစ္စာ) ကို ခံယူတော်မူပါ”ဟု လျှောက်ကုန်၏။

အချင်းတို့ အလိုမရှိပြီ၊ တရားသော အခွန်အတုတ်ဖြင့် စုဆောင်းထားသော ဤငါ့ဥစ္စာသည်လည်း များလှ၏၊ ထို (သင်တို့၏ဥစ္စာ) သည်လည်း သင်တို့၏ (ဥစ္စာပင်) ဖြစ်ပါစေ၊ ဤ (ငါ့ဥစ္စာ) မှလည်း ထပ်၍ယူကုန်ဦးလော့ဟု မိန့်၏။

ဤသို့ မဟာဝိဇိတမင်းက ငြင်းပယ်လိုက်သည်ရှိသော် ထိုသူတို့သည် တစ်ခုသော နေရာသို့ ဖဲသွားကြပြီးလျှင် “ဤဥစ္စာတို့ကို မိမိတို့အိမ်သို့ တစ်ဖန်ပြန်၍ ယူဆောင်သည်ရှိသော် ငါတို့အားမလျောက်ပတ်၊ မဟာဝိဇိတမင်းသည် ယဇ်ကြီးပူဇော်၏၊ ယခုငါတို့သည် ထိုမင်းသို့ အတုလိုက်၍ယဇ်ပူဇော်ကုန်အံ့”ဟု အညီအညွတ် ကြံစည်ဆုံးဖြတ်ကုန်၏။

၃၄၇။ ပုဏ္ဏား ထိုအခါ နိဂုံးဇနပုဒ်နေ အရံမင်းတို့သည် အလှူ (ယဇ်) ဝင်း၏၃ အရှေ့မျက်နှာ၌အလှူပွဲတို့ကို ဖြစ်စေကုန်၏၊ နိဂုံးဇနပုဒ်နေ အမတ် မင်းမှုထမ်းတို့သည် အလှူ (ယဇ်) ဝင်း၏ တောင်မျက်နှာ၌ အလှူပွဲတို့ကို ဖြစ်စေကုန်၏၊ နိဂုံးဇနပုဒ်နေ ပုဏ္ဏားသူဌေးတို့သည် အလှူ (ယဇ်) ဝင်း၏အနောက်မျက်နှာ၌ အလှူပွဲတို့ကို ဖြစ်စေကုန်၏၊ နိဂုံးဇနပုဒ်နေ ဥစ္စာအစုအပုံရှိသော သူကြွယ်တို့သည်အလှူ (ယဇ်) ဝင်း၏ မြောက်မျက်နှာ၌ အလှူပွဲတို့ကို ဖြစ်စေကုန်၏။

ပုဏ္ဏား ထိုအလှူ (ယဇ်) ပွဲတို့၌လည်း နွားတို့ကို မသတ်ရကုန်၊ ဆိတ်နှင့်သိုးတို့ကိုလည်း မသတ် ရကုန်၊ ကြက် ဝက်တို့ကိုလည်း မသတ်ရကုန်၊ အမျိုးမျိုးသော သတ္တဝါတို့ကိုလည်း မသတ်ရကုန်၊ ယဇ်တိုင်အလို့ငှါ သစ်ပင်တို့ကိုလည်း မခုတ်ဖြတ်ရကုန်၊ ယဇ်အခင်းလို့ငှါ သမန်းမြက်တို့ကိုလည်း မရိတ်ရကုန်၊ ထို သူတို့၏ ကျွန် အစေအပါး အမှုလုပ်တို့သည်လည်း တုတ်ဖြင့် ခြိမ်းခြောက်သောကြောင့် ဘေးဖြင့်ခြိမ်းခြောက်သောကြောင့် မျက်ရည်ရွှဲစို ငိုကုန်လျက် အမှုတို့ကို ပြုလုပ်ကြရသည် မဟုတ်ကုန်၊ စင်စစ့်သော်ကား အလိုရှိသူတို့သာ ပြုလုပ်ကြရကုန်၏၊ အလိုမရှိသူတို့သည် မပြုလုပ်ကြရကုန်၊ အလိုရှိသောအမှုကိုသာ ပြုလုပ်ကြရကုန်၏၊ အလိုမရှိသော အမှုကို မပြုလုပ်ကြရကုန်၊ ထိုအလှူ (ယဇ်) ပွဲတို့သည်လည်း ထောပတ် ဆီ ဆီဦး နို့ဓမ်း ပျား တင်လဲ ဖြင့်သာလျှင် ပြီးဆုံးခြင်းသို့ ရောက်ကုန်၏။

ဤ သို့လျှင် လေးမျိုးသော သဘောတူ အသင်းအပင်းတို့လည်းကောင်း၊ မဟာဝိဇိတမင်း၌ ပြည့်စုံ သောရှစ်ပါးသော အင်္ဂါတို့လည်းကောင်း၊ ပုရောဟိတ်ပုဏ္ဏား၌ ပြည့်စုံသော လေးပါးသော အင်္ဂါတို့လည်းကောင်း၊ သုံးပါးသော စိတ်ထားတို့လည်းကောင်း ပုဏ္ဏား ဤ (အလုံးစုံပါဝင်သော ယဇ်) ကို သုံးပါးသောစိတ်ထားနှင့် တစ်ဆယ့်ခြောက်ပါးသော အရံအတားရှိသော ယဇ်၏ပြည့်စုံခြင်းဟုဆိုအပ်၏ ဟူ၍ (ဟောကြား တော်မူ၏)။

၃၄၈။ ဤသို့ ဟောကြားတော်မူသော် ထိုပုဏ္ဏားတို့သည် ပြင်းပြကျယ်လောင်သော အသံဖြင့် ပဲ့တင်ထပ်မျှ (ဤသို့) ပြောဆိုကြကုန်၏ — “သြော် အံ့ဖွယ်ကောင်းသော ယဇ်ပွဲပါပေတကား၊ သြော် အံ့ဖွယ်ကောင်းသည့် ပြည့်စုံသော ယဇ်ပွဲပါပေတကား”ဟု ပြောဆိုကြကုန်၏။

ကူဋဒန္တပုဏ္ဏားသည်ကား ဆိတ်ဆိတ်သာလျှင် ထိုင်နေ၏၊ ထိုအခါ ထိုပုဏ္ဏားတို့သည် ကူဋဒန္တပုဏ္ဏားကို “အသျှင်ကူဋဒန္တသည် ရဟန်းဂေါတမ၏ ကောင်းသော စကားကို ကောင်းသော စကားအနေဖြင့်အဘယ်ကြောင့် ကောင်းချီးမခေါ်သနည်း”ဟု ဆိုကြကုန်၏။

အသျှင်တို့ ငါသည် ရဟန်းဂေါတမ၏ ကောင်းသော စကားကို ကောင်းသော စကားအနေဖြင့်ကောင်းချ ီးမခေါ်သည် မဟုတ်ပါ၊ အကြင်သူသည် ရဟန်းဂေါတမ၏ ကောင်းသော စကားကို ကောင်းသော စကားအနေဖြင့် ကောင်းချ ီးမခေါ်ငြားအံ၊ ထိုသူ၏ ဦးခေါင်းသော်လည်း ပြတ်ကျလေရာ၏၊ အသျှင်တို့ စင်စစ်သော်ကား ငါသည် ဤသို့ စဉ်းစားနေပါ၏ —ရဟန်းဂေါတမသည် “ဤသို့ ငါကြားဖူး၏” ဟူ၍သော်လည်းကောင်း “ဤသို့ ဖြစ်ထိုက်၏” ဟူ၍သော်လည်းကောင်း မဆိုမူ၍ “ထိုအခါ၌ ဤသို့ ဖြစ်ဖူး၏၊ ဤသို့သော အခြင်းအရာအားဖြင့်ဖြစ်ဖူး၏” ဟူ၍သာလျှင် ဆိုချေ၏။ အချင်းတို့ ထို့ကြောင့် ငါသည် ဤသို့ တွေးထင်မိ၏ “ရဟန်းဂေါတမသည် ထိုစဉ်အခါ၌ ယဇ်၏အရှင်ဖြစ်သော မဟာဝိဇိတမင်းသော်လည်းကောင်း၊ ထိုယဇ်ကို ပူဇော်ရာ၌ ညွှန်ကြားသော ပုရောဟိတ်ပုဏ္ဏား သော်လည်းကောင်း မချွတ်ဖြစ်တန်ရာ၏ဟူ၍ ငါထင်မိ၏”ဟု (ပြန်ပြောပြီးလျှင်) —

အသျှင်ဂေါတမသည် ဤသို့သောယဇ်ကို ပူဇော်၍သော်လည်းကောင်း၊ ပူဇော်ရာ၌ ညွှန်ကြား၍သော်လည်းကောင်း ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှနောက်၌ နတ်ပြည်သို့ ကပ်ရောက်ခဲ့သည်ကို အမှတ်ရပါသလောဟု (မြတ်စွာဘုရားအား မေးလျှောက်၏)။

ပုဏ္ဏား ဤသို့သော ယဇ်ကို ပူဇော်၍သော်လည်းကောင်း ပူဇော်ရာ၌ ညွှန်ကြား၍သော်လည်းကောင်း၄ ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှနောက်၌ နတ်ပြည်သို့ ကပ်ရောက်ခဲ့သည်ကို ငါ အမှတ်ရပါ၏၊ ထိုစဉ်အခါ၌ ငါသည် ထိုယဇ်ကို ပူဇော်ရာ၌ ညွှန်ကြားသော ပုရောဟိတ်ပုဏ္ဏား ဖြစ်ခဲ့ပေ၏။

၁။ နဒဗ္ဘာ လုယိံသု ဗရိဟိသတ္ထာယဟူသော ပါဠိမူကို ယူ၍ ပြန်သည်၊ ဗရိဟိသ=ယဇ်ပူဇော်ရာ၌ သမန်းမြက်ဖြင့် ပြုရသောအခင်း (သက္ကဋအဘိဓာန်)။

၂။ ထမင်းနှင့် ရောနှောစားရန် သားငါးမပါဟု ဆိုလိုသည်။

၃။ ယညဝါဋဿ ဟူသော ပါဠိမူကိုယူ၍ ပြန်သည်။ ယညဝါဋ=ပူဇော်ရန် စည်းရိုးဖြင့် ပိုင်းခြားထားသောနေရာ (သက္ကဋအဘိဓာန်) ့

၄။ ဤ၌ ယဇိတွာ ဝါ ယာဇေတွာ ဝါဟု ပါဠိရှိသည့်အတိုင်း ပူဇော်၍သော်လည်းကောင်း ပူဇော်ရာ၌ ညွှန်ကြား၍သော်လည်းကောင်းဟု ပြန်ဆိုထားသည်။ သို့သော် ပါဠိတွင် “ယာဇေတွာ”ဟုသာလည်းကောင်း မြန်မာပြန်တွင် “ပူဇော်ရာ၌ ညွှန်ကြား၍”ဟုသာ လည်းကောင်း ရှိသင့်သည်။

အမြဲတမ်းအလှူဖြစ်သော မျိုးရိုးစဉ်ဆက် ယဇ်အလှူ

၃၄၉။ အသျှင်ဂေါတမ သုံးပါးသောစိတ်ထားနှင့် တစ်ဆယ့်ခြောက်ပါးသော အရံအတားရှိသည့် ပြည့်စုံသော ဤယဇ်ထက် သာ၍နည်းသော ကိစ္စလည်းရှိသော သာ၍နည်းသော အားထုတ်ရမှုလည်းရှိသော သာ၍ များသော အကျိုးလည်းရှိသော သာ၍များသော အာနိသင်လည်းရှိသော ယဇ်သည် ရှိပါသေးသလော။

ပုဏ္ဏား သုံးပါးသော စိတ်ထားနှင့် တစ်ဆယ့်ခြောက်ပါးသော အရံအတားရှိသည့် ပြည့်စုံသောဤယဇ်ထက် သာ၍နည်းသော ကိစ္စလည်းရှိသော သာ၍နည်းသော အားထုတ်ရမှုလည်းရှိသော သာ၍များသော အကျိုးလည်းရှိသော သာ၍များသော အာနိသင်လည်းရှိသော ယဇ်သည် ရှိသေး၏။

အသျှင်ဂေါတမ သုံးပါးသော စိတ်ထားနှင့် တစ်ဆယ့်ခြောက်ပါးသော အရံအတားရှိသည့် ပြည့်စုံသောဤယဇ်ထက် သာ၍နည်းသော ကိစ္စလည်းရှိသော သာ၍နည်းသော အားထုတ်ရမှုလည်းရှိသောသာ၍များသော အကျိုးလည်းရှိသော သာ၍များသော အာနိသင်လည်းရှိသော ထိုယဇ်သည် အဘယ်ပါနည်း။

ပုဏ္ဏား သီလရှိသော ရဟန်းတို့အား ရည်ညွှန်း၍ အမြဲတမ်းလှူနေသော မျိုးရိုးစဉ်ဆက် ယဇ် (အလှူ) တို့သည် ရှိကုန်၏၊ ပုဏ္ဏား ဤ (ယဇ်အလှူ) သည် သုံးပါးသောစိတ်ထားနှင့် တစ်ဆယ့်ခြောက်ပါးသော အရံအတားရှိသည့် ပြည့်စုံသော ယင်းယဇ်ထက် သာ၍နည်းသော ကိစ္စလည်း ရှိ၏၊ သာ၍နည်းသော အားထုတ်ရမှုလည်း ရှိ၏၊ သာ၍ များသော အကျိုးလည်း ရှိ၏၊ သာ၍များသော အာနိသင်လည်းရှိ၏။

အသျှင်ဂေါတမ အမြဲတမ်းအလှူဖြစ်သော ထိုမျိုးရိုးစဉ်ဆက် ယဇ် (အလှူ) သည် သုံးပါးသော စိတ်ထားနှင့် တစ်ဆယ့်ခြောက်ပါးသော အရံအတားရှိသည့် ပြည့်စုံသော ယင်းယဇ်ထက် အကြင် အကြောင်းအထောက်အပံ့ကြောင့် သာ၍နည်းသော ကိစ္စလည်း ရှိ၏၊ သာ၍နည်းသော အားထုတ်ရမှုလည်း ရှိ၏၊ သာ၍ များသော အကျိုးလည်း ရှိ၏၊ သာ၍များသော အာနိသင်လည်း ရှိ၏၊ (ထို) အကြောင်းကားအဘယ်ပါနည်း၊ (ထို) အထောက်အပံ့ကား အဘယ်ပါနည်း။

ပုဏ္ဏား ဤသို့ သဘောရှိသော (သုံးပါးသော စိတ်ထားနှင့် တစ်ဆယ့်ခြောက်ပါးသော အရံအတားရှိသည့် ပြည့်စုံသော) ယဇ်ပွဲသို့ ရဟန္တာတို့သည်လည်းကောင်း၊ ရဟန္တာဖြစ်ရန် ကျင့်နေသော သူတို့သည်လည်းကောင်း မချဉ်းကပ်ကုန်၊ ထို (သို့ မချဉ်းကပ်ခြင်း) သည် အဘယ်ကြောင့်နည်းဆိုသော် ့ ပုဏ္ဏားယင်းယဇ် (ပွဲ) ၌ တုတ်ဖြင့် ပုတ်ခတ်ခြင်းတို့သည်လည်းကောင်း၊ လည်ကို ဆွဲကိုင်ခြင်းတို့သည်လည်းကောင်း ထင်ကုန်၏၊ ထို့ကြောင့် ဤသို့ သဘောရှိသော ယဇ်ပွဲသို့ရဟန္တာတို့သည်လည်းကောင်း၊ ရဟန္တာဖြစ်ရန် ကျင့်နေသော သူတို့သည်လည်းကောင်း မချဉ်းကပ်ကုန်။

ပုဏ္ဏား သီလရှိသော ရဟန်းတို့ကို ရည်ညွှန်း၍ အမြဲတမ်း လှူနေသော မျိုးရိုးစဉ်ဆက် ယဇ် (အလှူ) တို့သည် ရှိကုန်၏၊ ပုဏ္ဏား ဤသို့သော သဘောရှိသော ယဇ် (ပွဲ) သို့ ရဟန္တာတို့သည်လည်းကောင်း၊ ရဟန္တာဖြစ်ရန် ကျင့်နေသော သူတို့သည်လည်းကောင်း ချဉ်းကပ်ကုန်၏၊ ထို (သို့ချဉ်းကပ်ခြင်း) သည် အဘယ်ကြောင့်နည်းဆိုသော် ပုဏ္ဏား ဤယဇ် (အလှူ) ၌ တုတ်ဖြင့် ပုတ်ခတ်ခြင်းတို့သည်လည်းကောင်း၊ လည်ကို ဆွဲကိုင်ခြင်းတို့သည်လည်းကောင်း မထင်ကုန်၊ ထို့ကြောင့် ဤသို့သဘောရှိသောယဇ် (အလှူ) သို့ ရဟန္တာတို့သည်လည်းကောင်း၊ ရဟန္တာဖြစ်ရန် ကျင့်နေသော သူတို့သည်လည်းကောင်း ချဉ်းကပ်ကုန်၏၊ ပုဏ္ဏား အမြဲတမ်း အလှူဖြစ်သော ထို မျိုးရိုးစဉ်ဆက် ယဇ် (အလှူ) သည် သုံးပါးသောစိတ်ထားနှင့် တစ်ဆယ့်ခြောက်ပါးသော အရံအတားရှိသည့် ပြည့်စုံသော ယင်းယဇ်ထက်အကြင်အကြောင်း အထောက်အပံ့ကြောင့် သာ၍နည်းသော ကိစ္စလည်းရှိ၏၊ သာ၍နည်းသော အားထုတ်ရမှုလည်း ရှိ၏၊ သာ၍များသော အကျိုးလည်း ရှိ၏၊ သာ၍များသော အာနိသင်လည်း ရှိ၏၊ ပုဏ္ဏား (ထို) အကြောင်းကား ဤသည်ပင်တည်း၊ (ထို) အထောက်အပံ့ကားဤသည်ပင်တည်း။

၃၅ဝ။ အသျှင်ဂေါတမ သုံးပါးသော စိတ်ထားနှင့် တစ်ဆယ့်ခြောက်ပါးသော အရံအတားရှိသည့်ပြည့်စုံသော ဤယဇ်ထက်လည်းကောင်း၊ အမြဲတမ်းအလှူဖြစ်သော ဤမျိုးရိုးစဉ်ဆက် ယဇ် (အလှူ) ထက်လည်းကောင်း သာ၍နည်းသော ကိစ္စလည်းရှိသော၊ သာ၍နည်းသော အားထုတ်ရမှုလည်းရှိသော၊ သာ၍များသော အကျိုးလည်း ရှိသော၊ သာ၍များသော အာနိသင်လည်းရှိသော အခြားယဇ်သည် ရှိပါသေးသလော။

ပုဏ္ဏား သုံးပါးသော စိတ်ထားနှင့် တစ်ဆယ့်ခြောက်ပါးသော အရံအတားရှိသည့် ပြည့်စုံသောဤယဇ်ထက်လည်းကောင်း၊ အမြဲတမ်းအလှူဖြစ်သော ဤမျိုးရိုးစဉ်ဆက် ယဇ် (အလှူ) ထက်လည်းကောင်းသာ၍နည်းသော ကိစ္စလည်းရှိသော၊ သာ၍နည်းသော အားထုတ်ရမှုလည်းရှိသော၊ သာ၍ များသောအကျိုးလည်း ရှိသော၊ သာ၍ များသော အာနိသင်လည်းရှိသော အခြားယဇ်သည် ရှိသေး၏။

အသျှင်ဂေါတမ သုံးပါးသော စိတ်ထားနှင့် တစ်ဆယ့်ခြောက်ပါးသော အရံအတားရှိသည့် ပြည့်စုံသောဤယဇ်ထက်လည်းကောင်း၊ အမြဲတမ်းအလှူဖြစ်သော ဤမျိုးရိုးစဉ်ဆက် ယဇ် (အလှူ) ထက်လည်းကောင်း သာ၍ နည်းသော ကိစ္စလည်းရှိသော၊ သာ၍နည်းသော အားထုတ်ရမှုလည်းရှိသော၊ သာ၍များသော အကျိုးလည်းရှိသော၊ သာ၍များသော အာနိသင်လည်းရှိသော ထိုယဇ်သည် အဘယ်ပါနည်း။

ပုဏ္ဏား အကြင်သူသည် အရပ်လေးမျက်နှာ၌ ရှိသော သံဃာကို ရည်ညွှန်း၍ ကျောင်းဆောက်၏၊ ပုဏ္ဏား (ထိုသူ၏) ဤယဇ် (ကျောင်းအလှူ) သည် သုံးပါးသော စိတ်ထားနှင့် တစ်ဆယ့်ခြောက်ပါးသောအရံအတားရှိသည့် ပြည့်စုံသော ဤယဇ်ထက်လည်းကောင်း၊ အမြဲတမ်းအလှူဖြစ်သော ဤမျိုးရိုးစဉ်ဆက်ယဇ် (အလှူ) ထက်လည်းကောင်း သာ၍နည်းသော ကိစ္စလည်း ရှိ၏၊ သာ၍နည်းသော အားထုတ်ရမှုလည်း ရှိ၏၊ သာ၍များသော အကျိုးလည်း ရှိ၏၊ သာ၍များသော အာနိသင်လည်း ရှိ၏။

၃၅၁။ အသျှင်ဂေါတမ သုံးပါးသော စိတ်ထားနှင့် တစ်ဆယ့်ခြောက်ပါးသော အရံအတားရှိသည့်ပြည့်စုံသော ဤယဇ်ထက်လည်းကောင်း၊ အမြဲတမ်းအလှူဖြစ်သော ဤမျိုးရိုးစဉ်ဆက် ယဇ် (အလှူ) ထက်လည်းကောင်း၊ ဤကျောင်းအလှူထက်လည်းကောင်း သာ၍နည်းသော ကိစ္စလည်းရှိသော၊ သာ၍နည်းသော အားထုတ်ရမှုလည်း ရှိသော၊ သာ၍ များသော အကျိုးလည်းရှိသော၊ သာ၍များသောအာနိသင်လည်း ရှိသော အခြားယဇ်သည် ရှိပါသေးသလော။

ပုဏ္ဏား သုံးပါးသော စိတ်ထားနှင့် တစ်ဆယ့်ခြောက်ပါးသော အရံအတားရှိသည့် ပြည့်စုံသောဤယဇ်ထက်လည်းကောင်း၊ အမြဲတမ်း အလှူ ဖြစ်သော ဤ မျိုးရိုးစဉ်ဆက် ယဇ် (အလှူ) ထက်လည်းကောင်း၊ ဤကျောင်းအလှူထက်လည်းကောင်း သာ၍နည်းသော ကိစ္စလည်းရှိသော၊ သာ၍နည်းသောအားထုတ်ရမှုလည်း ရှိသော၊ သာ၍ များသော အကျိုးလည်းရှိသော၊ သာ၍များသော အာနိသင်လည်းရှိသော အခြား ယဇ်သည် ရှိပါသေး၏။

အသျှင်ဂေါတမ သုံးပါးသော စိတ်ထားနှင့် တစ်ဆယ့်ခြောက်ပါးသော အရံအတားရှိသည့် ပြည့်စုံသောဤယဇ်ထက်လည်းကောင်း၊ အမြဲတမ်းအလှူ ဖြစ်သော ဤမျိုးရိုးစဉ်ဆက် ယဇ် (အလှူ) ထက်လည်းကောင်း၊ ဤကျောင်းအလှူထက်လည်းကောင်း သာ၍နည်းသော ကိစ္စလည်းရှိသော၊ သာ၍နည်းသောအားထုတ်ရမှုလည်း ရှိသော၊ သာ၍ များသော အကျိုးလည်းရှိသော၊ သာ၍များသော အာနိသင်လည်း ရှိသော ထိုယဇ်သည် အဘယ်ပါနည်း။

ပုဏ္ဏား အကြင် သူသည် ယုံကြည်သော စိတ်ရှိသည်ဖြစ်၍ ‘ဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်၏၊ တရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်၏၊ သံဃာကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်၏’၊ ပုဏ္ဏား (ထိုသူ၏) ဤယဇ် (ကိုးကွယ်ရာဟု ဆည်းကပ်မှု) သည် သုံးပါးသော စိတ်ထားနှင့် တစ်ဆယ့်ခြောက်ပါးသောအရံအတားရှိသည့် ပြည့်စုံသော ဤယဇ်ထက်လည်းကောင်း၊ အမြဲတမ်းအလှူဖြစ်သော ဤမျိုးရိုး စဉ်ဆက်ယဇ် (အလှူ) ထက်လည်းကောင်း၊ ဤကျောင်းအလှူထက်လည်းကောင်း သာ၍နည်းသော ကိစ္စလည်းရှိ၏၊ သာ၍နည်းသော အားထုတ်ရမှုလည်း ရှိ၏၊ သာ၍ များသော အကျိုးလည်း ရှိ၏၊ သာ၍များသော အာနိသင်လည်း ရှိ၏။

၃၅၂။ အသျှင်ဂေါတမ သုံးပါးသော စိတ်ထားနှင့် တစ်ဆယ့်ခြောက်ပါးသော အရံအတားရှိသည့်ပြည့်စုံသော ဤယဇ်ထက်လည်းကောင်း၊ အမြဲတမ်းအလှူ ဖြစ်သော ဤမျိုးရိုးစဉ်ဆက် ယဇ် (အလှူ) ထက်လည်းကောင်း၊ ဤကျောင်းအလှူထက်လည်းကောင်း၊ ဤကိုးကွယ်ရာဟူ၍ ဆည်းကပ်မှုတို့ထက်လည်းကောင်း သာ၍နည်းသော ကိစ္စလည်းရှိသော၊ သာ၍နည်းသော အားထုတ်ရမှုလည်းရှိသော၊ သာ၍များသော အကျိုးလည်းရှိသော၊ သာ၍ များသော အာနိသင်လည်းရှိသော အခြားယဇ်သည် ရှိပါသေးသလော။

ပုဏ္ဏား သုံးပါးသော စိတ်ထားနှင့် တစ်ဆယ့်ခြောက်ပါးသော အရံအတားရှိသည့် ပြည့်စုံသောဤယဇ်ထက်လည်းကောင်း၊ အမြဲတမ်းအလှူ ဖြစ်သော ဤမျိုးရိုးစဉ်ဆက်ယဇ် (အလှူ) ထက်လည်းကောင်း၊ ဤကျောင်းအလှူထက်လည်းကောင်း၊ ဤကိုးကွယ်ရာဟူ၍ဆည်းကပ်မှုတို့ထက်လည်းကောင်း သာ၍ နည်းသော ကိစ္စလည်း ရှိသော၊ သာ၍နည်းသောအားထုတ်ရမှုလည်းရှိသော၊ သာ၍များသော အကျိုး လည်း ရှိသော၊ သာ၍များသောအာနိသင်လည်းရှိသော အခြားယဇ်သည် ရှိသေး၏။

အသျှင်ဂေါတမ သုံးပါးသော စိတ်ထားနှင့် တစ်ဆယ့်ခြောက်ပါးသော အရံအတားရှိသည့် ပြည့်စုံသောဤယဇ်ထက်လည်းကောင်း၊ အမြဲတမ်းအလှူဖြစ်သော ဤ မျိုးရိုးစဉ်ဆက်ယဇ် (အလှူ) ထက်လည်းကောင်း ဤကျောင်းအလှူထက်လည်းကောင်း၊ ဤကိုးကွယ်ရာဟူ၍ဆည်းကပ်မှုတို့ထက်လည်းကောင်း သာ၍ နည်းသော ကိစ္စလည်း ရှိသော၊ သာ၍နည်းသောအားထုတ်ရမှုလည်းရှိသော၊ သာ၍များသော အကျိုးလည်းရှိသော၊ သာ၍ များသောအာနိသင်လည်းရှိသော ထိုယဇ်သည် အဘယ်ပါနည်း။

ပုဏ္ဏား အကြင်သူသည် ယုံကြည်သော စိတ်ရှိသည်ဖြစ်၍ အသက်သတ်ခြင်းမှ ရှောင်ကြဉ်ကြောင်းဖြစ်သော သိက္ခာပုဒ်ကိုလည်းကောင်း၊ မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်ကြောင်းဖြစ်သော သိက္ခာပုဒ်ကိုလည်းကောင်း၊ ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်ခြင်းမှ ရှောင်ကြဉ်ကြောင်းဖြစ်သော သိက္ခာပုဒ်ကိုလည်းကောင်း၊ မမှန်ပြောခြင်းမှ ရှောင်ကြဉ်ကြောင်းဖြစ်သော သိက္ခာပုဒ်ကိုလည်းကောင်း၊ မူးယစ်မေ့လျော့စေတတ် သော သေရည်သေရက်မှ ရှောင်ကြဉ်ကြောင်းဖြစ်သောသိက္ခာပုဒ်ကိုလည်းကောင်း ဆောက်တည်၏၊ ပုဏ္ဏား (ထိုသူ၏) ဤယဇ် (သိက္ခာပုဒ်) သည် သုံးပါးသောစိတ်ထားနှင့် တစ်ဆယ့်ခြောက်ပါးသော အရံအတား ရှိသည့် ပြည့်စုံသော ဤယဇ်ထက်လည်းကောင်း၊ အမြဲတမ်းအလှူဖြစ်သော ဤမျိုးရိုးစဉ်ဆက် ယဇ် (အလှူ) ထက်လည်းကောင်း၊ ဤကျောင်းအလှူထက်လည်းကောင်း၊ ဤ ကိုးကွယ်ရာဟူ၍ ဆည်းကပ်မှုတို့ ထက်လည်းကောင်း သာ၍နည်းသော ကိစ္စလည်း ရှိ၏၊ သာ၍နည်းသော အားထုတ်ရမှုလည်း ရှိ၏၊ သာ၍ များသောအကျိုးလည်း ရှိ၏၊ သာ၍များသော အာနိသင်လည်း ရှိ၏။

၃၅၃။ အသျှင်ဂေါတမ သုံးပါးသော စိတ်ထားနှင့် တစ်ဆယ့်ခြောက်ပါးသော အရံအတားရှိသည့်ပြည့်စုံသော ဤယဇ်ထက်လည်းကောင်း၊ အမြဲတမ်းအလှူ ဖြစ်သော ဤမျိုးရိုးစဉ်ဆက် ယဇ် (အလှူ) ့ထက်လည်းကောင်း၊ ဤကျောင်းအလှူထက်လည်းကောင်း၊ ဤကိုးကွယ်ရာဟူ၍ ဆည်းကပ်မှုတို့ထက်လည်းကောင်း၊ ဤသိက္ခာပုဒ်တို့ ထက်လည်းကောင်း သာ၍နည်းသော ကိစ္စလည်းရှိသော၊ သာ၍နည်းသော အားထုတ်ရမှုလည်းရှိသော၊ သာ၍ များသော အကျိုးလည်းရှိသော၊ သာ၍များသော အာနိသင်လည်း ရှိသော အခြားယဇ်သည် ရှိပါသေးသလော။

ပုဏ္ဏား သုံးပါးသော စိတ်ထားနှင့် တစ်ဆယ့်ခြောက်ပါးသော အရံအတားရှိသည့် ပြည့်စုံသောဤယဇ်ထက်လည်းကောင်း၊ အမြဲတမ်းအလှူ ဖြစ်သော ဤ မျိုးရိုးစဉ်ဆက် ယဇ် (အလှူ) ထက်လည်းကောင်း၊ ဤကျောင်း အလှူထက်လည်းကောင်း ဤကိုးကွယ်ရာဟူ၍ ဆည်းကပ်မှုတို့ထက်လည်းကောင်း၊ ဤသိက္ခာပုဒ်တို့ထက်လည်းကောင်း သာ၍နည်းသော ကိစ္စလည်း ရှိသော၊ သာ၍နည်းသော အားထုတ်ရမှုလည်း ရှိသော၊ သာ၍များသော အကျိုး လည်းရှိသော၊ သာ၍များသော အာနိသင်လည်းရှိသော အခြားယဇ်သည် ရှိသေး၏။

အသျှင်ဂေါတမ သုံးပါးသော စိတ်ထားနှင့် တစ်ဆယ့်ခြောက်ပါးသော အရံအတားရှိသည့် ပြည့်စုံသောဤယဇ်ထက်လည်းကောင်း၊ အမြဲတမ်းအလှူဖြစ်သော ဤ မျိုးရိုးစဉ်ဆက် ယဇ် (အလှူ) ထက်လည်းကောင်း၊ ဤကျောင်းအလှူထက်လည်းကောင်း၊ ဤကိုးကွယ်ရာဟူ၍ ဆည်းကပ်မှုတို့ထက်လည်းကောင်း၊ ဤသိက္ခာပုဒ်တို့ထက်လည်းကောင်း သာ၍နည်းသော ကိစ္စလည်းရှိသော၊ သာ၍နည်းသော အားထုတ်ရမှုလည်းရှိသော၊ သာ၍ များသော အကျိုးလည်းရှိသော၊ သာ၍များသော အာနိသင်လည်း ရှိသောထိုယဇ်သည် အဘယ်ပါနည်း။

ပုဏ္ဏား ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော။ပ။ မြတ်စွာဘုရားသည် ဤလောက၌ ပွင့်တော်မူ၏။[သာမညဖလသုတ်၌ကဲ့သို့ နည်းတူ ချဲ့အပ်၏]။

ပုဏ္ဏား ဤသို့လျှင် ရဟန်းသည် သီလနှင့် ပြည့်စုံပေ၏။ပ။ ပဌမဈာန်သို့ ရောက်၍ နေ၏။ပ။ ပုဏ္ဏား၊ ဤယဇ် (ပဌမဈာန်) သည် ရှေးယဇ်တို့ထက် သာ၍နည်းသော ကိစ္စလည်း ရှိ၏၊ သာ၍နည်းသောအားထုတ်ရမှုလည်း ရှိ၏၊ သာ၍များသော အကျိုးလည်း ရှိ၏၊ သာ၍များသော အာနိသင်လည်း ရှိ၏။

။ပ။ ဒုတိယဈာန်သို့။ တတိယဈာန်သို့။ စတုတ္ထဈာန်သို့ ရောက်၍ နေ၏၊ ပုဏ္ဏား ဤယဇ် (စတုတ္ထဈာန်) သည်လည်း ရှေးယဇ်တို့ထက် သာ၍နည်းသော ကိစ္စလည်း ရှိ၏၊ သာ၍နည်းသော အားထုတ်ရမှုလည်း ရှိ၏၊ သာ၍များသော အကျိုးလည်း ရှိ၏၊ သာ၍များသော အာနိသင်လည်း ရှိ၏။

။ပ။ ဉာဏ်အမြင်အလို့ငှါ စိတ်ကို ရှေးရှုပို့ဆောင်၏၊ ရှေးရှုညွတ်စေ၏၊ ပုဏ္ဏား ဤယဇ် (ဝိပဿနာဉာဏ် အမြင်) သည်လည်း ရှေးယဇ်တို့ထက် သာ၍နည်းသော ကိစ္စလည်း ရှိ၏၊ သာ၍ နည်းသော အားထုတ်ရမှုလည်း ရှိ၏၊ သာ၍ များသော အကျိုးလည်း ရှိ၏၊ သာ၍ များသော အာနိသင်လည်းရှိ၏။

။ပ။ (ငါ့အား) ဤ (မဂ်ကိစ္စ) အလို့ငှါ တစ်ပါးသော ပြုဖွယ်ကိစ္စ မရှိတော့ပြီဟု သိ၏၊ ပုဏ္ဏား ဤယဇ် (အာသဝက္ခယဉာဏ်) သည်လည်း ရှေးယဇ်တို့ထက် သာ၍နည်းသော ကိစ္စလည်း ရှိ၏၊ သာ၍နည်းသော အားထုတ်ရမှုလည်း ရှိ၏၊ သာ၍များသော အကျိုးလည်း ရှိ၏၊ သာ၍များသော အာနိသင်လည်းရှိ၏။

ပုဏ္ဏား ဤပြည့်စုံသော ယဇ် (အာသဝက္ခယဉာဏ်) ထက် သာ၍လွန်ကဲသည်လည်း ဖြစ်သော သာ၍မွန်မြတ်သည်လည်း ဖြစ်သော အခြားတစ်ပါးသော ပြည့်စုံသော ယဇ်သည် မရှိတော့ပြီဟု ဟောတော်မူ၏။

ကူဋဒန္တပုဏ္ဏား ဥပါသကာအဖြစ် လျှောက်ထားခြင်း

၃၅၄။ ဤသို့ ဟောတော်မူသော် ကူဋဒန္တပုဏ္ဏားသည် မြတ်စွာဘုရာအား ဤစကားကို လျှောက်၏ — “အသျှင်ဂေါတမ တရားတော်သည် အလွန်နှစ်သက်ဖွယ် ရှိပါပေ၏၊ အသျှင်ဂေါတမ တရားတော်သည်အလွန်နှစ်သက်ဖွယ် ရှိပါပေ၏၊ အသျှင်ဂေါတမ မှောက်ထားသည်ကို လှန်ဘိသကဲ့သို့လည်းကောင်းဖုံးလွှမ်းထားသည်ကို ဖွင့်လှစ်ဘိသကဲ့သို့လည်းကောင်း၊ မျက်စိလည်သောလူအား လမ်းမှန် ကိုပြောကြားဘိသကဲ့သို့လည်းကောင်း ‘ မျက်စိအမြင်ရှိသော သူတို့သည် အဆင်းတို့ကို မြင်ကြလိမ့်မည်’ဟု အမိုက်မှောင်၌ ဆီမီးတန်ဆောင်ကို ဆောင်ပြဘိသကဲ့သို့လည်းကောင်း၊ အသျှင်ဂေါတမဤအတူသာလျှင် အသျှင်ဂေါတမသည် များစွာသော အကြောင်းဖြင့် တရားတော်ကို ပြတော်မူပါပေ၏၊ (အသျှင်ဂေါတမ) ထိုအကျွန်ုပ်သည် အသျှင်ဂေါတမကို ကိုးကွယ်ရာဟူ၍ ဆည်း ကပ်ပါ၏၊ တရားတော်ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ သံဃာတော်ကိုလည်း ကိုးကွယ် ရာဟူ၍ဆည်းကပ်ပါ၏၊ အသျှင်ဂေါတမသည် အကျွန်ုပ်ကို ယနေ့မှစ၍ အသက်ထက်ဆုံး ကိုးကွယ်ဆည်းကပ်သော ဥပါသကာဟု မှတ်တော်မူပါ။အသျှင်ဂေါတမ ထိုအကျွန်ုပ်သည် (ယဇ်ပူဇော်ရန်) အလို့ငှါ ယဇ်တိုင်သို့ ပို့ဆောင်ထားသောနွားလားခုနစ်ရာတို့ကိုလည်းကောင်း၊ နွားထီးငယ် ခုနစ်ရာတို့ကိုလည်းကောင်း၊ နွားမငယ် ခုနစ်ရာတို့ကိုလည်းကောင်း၊ ဆိတ်ခုနစ်ရာတို့ကိုလည်းကောင်း၊ သိုး ခုနစ်ရာတို့ကိုလည်းကောင်း လွှတ်ပါ၏၊ (ထိုသတ္တဝါတို့အား) အသက်ချမ်းသာခွင့်ကို ပေးပါ၏၊ (ထိုသတ္တဝါတို့သည်) စိမ်းစိုသော မြက်တို့ကိုလည်း စားကြပါစေ၊ အေးမြသော ရေတို့ကိုလည်း သောက်ကြပါစေ၊ ထို (သတ္တဝါ) တို့အား အေးမြ သောလေသည်လည်း တိုက်ခတ်ပါစေ”ဟု လျှောက်၏။

သောတာပတ္တိဖိုလ်ကို မျက်မှောက်ပြုခြင်း

၃၅၅။ ထိုအခါ ကူဋဒန္တပုဏ္ဏားအား မြတ်စွာဘုရားသည် အစဉ်အတိုင်းသော တရားစကားကို ဟောတော်မူ၏၊ ဤသည်ကား အဘယ်နည်း —ဒါနနှင့်စပ်သော စကားကိုလည်းကောင်း၊ သီလနှင့်စပ်သော စကားကိုလည်းကောင်း၊ နတ်ပြည်နှင့်စပ်သော စကားကိုလည်းကောင်း၊ ကာမဂုဏ်တို့၏ အပြစ်ကိုလည်းကောင်း၊ ယုတ်ညံ့ခြင်းကိုလည်းကောင်း၊ ညစ်ညူးခြင်းကိုလည်းကောင်း၊ (ကာမဂုဏ်တို့မှ) ထွက်မြောက်ခြင်း၌ အကျိုးကိုလည်းကောင်း ပြတော်မူ၏။

မြတ်စွာဘုရားသည် ကူဋဒန္တပုဏ္ဏား၌ သင့်လျော်သောစိတ် နူးညံ့သောစိတ် အပိတ်အပင် ‘ နီဝရဏ’ မှကင်းသောစိတ် တက်ကြွသောစိတ် ယုံကြည်သောစိတ်ရှိသည်ကို သိတော်မူသောအခါ မြတ်စွာဘုရားတို့၏ကိုယ်တိုင် ထုတ်ဖော် သိမြင်ပြီးသော ‘သာမုက္ကံသိက’ တရားဒေသနာတော်ကို ဟောကြားတော်မူလျက်ဆင်းရဲ ‘ဒုက္ခ’ ကိုလည်းကောင်း၊ ဆင်းရဲဖြစ်ကြောင်း ‘ သမုဒယ’ ကိုလည်းကောင်း၊ ဆင်းရဲချုပ်ရာ ‘နိရောဓ’ ကိုလည်းကောင်း၊ ဆင်းရဲချုပ်ရာသို့ ရောက်ကြောင်း အကျင့် လမ်းစဉ် ‘ မဂ္ဂ’ ကိုလည်းကောင်း ပြသတော် မူ၏။

မည်းညစ်ခြင်းကင်းသော ဖြူစင်သော အဝတ်သည် ဆိုးရည်ကို ကောင်းစွာ ခံယူသကဲ့သို့ ကူဋဒန္တပုဏ္ဏားအား ထိုနေရာ၌ပင်လျှင် “ဖြစ်ခြင်းသဘောရှိသော တရားအလုံးစုံသည် ချုပ်ခြင်း သဘောရှိ၏”ဟုကိလေသာမြူအညစ်အကြေးမှ ကင်းသော တရားမျက်စိ ‘ သောတာပတ္တိမဂ်ဉာဏ်’ သည် ဖြစ်ပေါ်၏။

၃၅၆။ ထိုအခါ ကူဋဒန္တပုဏ္ဏားသည် တရားကို မြင်ပြီးသည်ဖြစ်၍ တရားသို့ ရောက်ပြီးသည်ဖြစ်၍ တရားကို သိပြီးသည် ဖြစ်၍ တရားသို့ သက်ဝင်ပြီးသည် ဖြစ်၍ ယုံမှားခြင်းကို ကူးမြောက်ပြီးသည် ဖြစ်၍သို့လော သို့လော (တွေးတောခြင်း) ကင်းပြီးသည်ဖြစ်၍ မြတ်စွာဘုရား၏ သာသနာ၌ ရဲရင့်ခြင်းသို့ရောက်ပြီးသည်ဖြစ်၍ သူတစ်ပါးကို အားထား၍ ယုံသည်မဟုတ်ဘဲ ကိုယ်တိုင်ပင် သိမြင်ပြီးသည်ဖြစ်၍မြတ်စွာဘုရားအား “အသျှင်ဂေါတမသည် ရဟန်းသံဃာနှင့်အတူ နက်ဖြန်အဖို့ အကျွန်ုပ်၏ ဆွမ်းကို့လက်ခံတော်မူပါ”ဟု လျှောက်၏၊ မြတ်စွာဘုရားသည် ဆိတ်ဆိတ်နေခြင်းဖြင့် လက်ခံတော်မူ၏။

၃၅၇။ ထိုအခါ ကူဋဒန္တပုဏ္ဏားသည် မြတ်စွာဘုရား၏ လက်ခံတော်မူခြင်းကို သိ၍ နေရာမှထကာမြတ်စွာဘုရားကို ရှိခိုးလျက် အရိုအသေပြုပြီးလျှင် ဖဲခွါသွားလေ၏။

ထိုအခါ ကူဋဒန္တပုဏ္ဏားသည် ထိုညဉ့်လွန်မြောက်ပြီးနောက် မိမိ၏အလှူ (ယဇ်) ဝင်း၌ မွန်မြတ်သောခဲဖွယ် ဘောဇဉ်ကို စီမံစေပြီးလျှင် “အသျှင်ဂေါတမ အချိန်တန်ပါပြီ၊ ဆွမ်း ပြင်ပြီးပါပြီ”ဟုမြတ်စွာဘုရား အား အချိန် (တန်ကြောင်း) ကို လျှောက်စေ၏။

၃၅၈။ ထိုအခါ မြတ်စွာဘုရားသည် နံနက်အချိန်၌ (သင်္ကန်းကို) ပြင်ဝတ်တော်မူ၍ သပိတ်သင်္ကန်း ကိုယူလျက် ကူဋဒန္တပုဏ္ဏား၏ အလှူ (ယဇ်) ဝင်းသို့ ချဉ်းကပ်တော်မူပြီးလျှင် ပြင်ထားသော နေရာ၌ရဟန်းသံဃာနှင့် အတူ ထိုင်နေတော်မူ၏။

ထိုအခါ ကူဋဒန္တပုဏ္ဏားသည် မြတ်စွာဘုရားအမှူးရှိသော ရဟန်းသံဃာကို မွန်မြတ်သော ခဲဖွယ်ဘောဇဉ်ဖြင့် ရောင့်ရဲသည့်တိုင်အောင် တားမြစ်သည့် တိုင်အောင် မိမိကိုယ်တိုင် လုပ်ကျွေး၏။

မြတ်စွာဘုရား ဆွမ်းစားပြီး၍ သပိတ်မှလက်ကို ဖယ်ပြီးသောအခါ ကူဋဒန္တပုဏ္ဏားသည် နိမ့်သောထိုင်စရာ တစ်ခုကို ယူ၍ တစ်ခုသော နေရာ၌ ထိုင်၏။

တစ်ခုသော နေရာ၌ ထိုင်နေသော ကူဋဒန္တပုဏ္ဏားအား မြတ်စွာဘုရားသည် တရားစကားဖြင့် (အကျိုးစီးပွားကို) သိမြင်စေလျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန်စေ၍ရွှင်လန်းစေ ပြီးလျှင် နေရာမှ ထကာ ဖဲခွါကြွသွားတော်မူလေသတည်း။

ငါးခုမြောက်သော ကူဋဒန္တသုတ် ပြီး၏။