ဒီဃနိကာယ်

၆ — မဟာလိသုတ်

ပုဏ္ဏားတမန်ဝတ္ထု

၃၅၉။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည် —အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဝေသာလီပြည်အနီး မဟာဝုန်တော ပြာသာဒ်ဆောင်ပေါက်သောကျောင်းကြီး၌ (သီတင်းသုံး) နေတော်မူ၏။

ထိုစဉ်အခါ၌ များစွာသော ကောသလတိုင်းသား ပုဏ္ဏားတမန်တို့နှင့် မဂဓတိုင်းသား ပုဏ္ဏားတမန်တို့သည် ပြုဖွယ်ကိစ္စတစ်ခုဖြင့် ဝေသာလီပြည်၌တည်းခိုနေကုန်၏။

ထိုကောသလတိုင်းသား ပုဏ္ဏားတမန်တို့နှင့် မဂဓတိုင်းသား ပုဏ္ဏားတမန်တို့သည့် (ဤသို့) ကြားသိလေကုန်၏ — “အချင်းတို့ သာကီဝင် မင်းမျိုးမှ ရဟန်းပြုသော သာကီဝင်မင်းသား ရဟန်းဂေါတမသည်ဝေသာလီပြည်အနီး မဟာဝုန်တော ပြာသာဒ်ဆောင်ပေါက်သော ကျောင်းကြီး၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအသျှင်ဂေါတမ၏ ကောင်းသော ကျော်စောသတင်းသည် (ဤသို့) ပျံ့နှံ့၍ ထွက်၏ —

‘ ထိုမြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သော အကြောင်းကြောင့်လည်း ‘အရဟံ’ မည်တော်မူ၏၊ (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော အကြောင်းကြောင့် လည်း ‘သမ္မာသမ္ဗုဒ္ဓ’ မည်တော်မူ၏၊ အသိဉာဏ် ‘ဝိဇ္ဇာ’ အကျင့် ‘စရဏ’ နှင့် ပြည့်စုံတော်မူသောအကြောင်းကြောင့်လည်း ‘ဝိဇ္ဇာစရဏသမ္ပန္န’ မည်တော်မူ၏၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော အကြောင်းကြောင့်လည်း ‘သုဂတ’ မည်တော်မူ၏၊ လောကကို သိတော်မူသောအကြောင်းကြောင့်လည်း ‘လောကဝိဒူ’ မည်တော်မူ၏၊ ဆုံးမထိုက်သူကို ဆုံးမတတ်သည့် အတုမဲ့ ပုဂ္ဂိုလ်ဖြစ်တော်မူသော အကြောင်းကြောင့်လည်း ‘အနုတ္တရော ပုရိသဒမ္မသာရထိ’ မည်တော်မူ၏၊ နတ်လူတို့၏ ဆရာဖြစ်တော်မူသော အကြောင်းကြောင့်လည်း ‘သတ္ထာ ဒေဝမနုဿာနံ’ မည်တော်မူ၏၊ (သစ္စာလေးပါးတရားတို့ကို) သိစေတော်မူသော အကြောင်းကြောင့်လည်း ‘ဗုဒ္ဓ’ မည်တော်မူ၏၊ ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်းကြောင့်လည်း ‘ဘဂဝါ’ မည်တော်မူ၏’ဟု ပျံ့နှံ့၍ ထွက်၏။ထို မြတ်စွာဘုရားသည် နတ်နှင့် တကွသော မာရ်နတ်နှင့် တကွသော ဗြဟ္မာနှင့် တကွသော ဤလောကကိုလည်းကောင်း၊ သမဏ ဗြာဟ္မဏတို့နှင့် တကွသော မင်းများ လူများနှင့် တကွသောသတ္တဝါအပေါင်းကိုလည်းကောင်း ထူးသောဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက်ပြုလျက် ဟောကြားတော်မူ၏၊ ထိုမြတ်စွာဘုရားသည် အစ၏ကောင်းခြင်း အလယ်၏ကောင်းခြင်း အဆုံး၏ကောင်းခြင်းရှိသော အနက်နှင့် ပြည့်စုံသော သဒ္ဒါနှင့် ပြည့်စုံသော တရားကို ဟောတော်မူ၏၊ အလုံးစုံ ပြည့်စုံ သောစင်ကြယ်သော မြတ်သော အကျင့်ကို ပြတော်မူ၏၊ ထိုသို့သဘောရှိသော ရဟန္တာ (ပုဂ္ဂိုလ်) တို့ကိုဖူးမြော်ရခြင်းသည် ကောင်းသည်သာတည်း”ဟု ကြားသိလေကုန်၏။

၃၆ဝ။ ထိုအခါ ကောသလတိုင်းသား ပုဏ္ဏားတမန်တို့နှင့် မဂဓတိုင်းသား ပုဏ္ဏားတမန်တို့သည်မဟာဝုန်တော ပြာသာဒ်ဆောင်ပေါက်သော ကျောင်းကြီးသို့ ကပ်ရောက်ကုန်၏။

ထိုစဉ်အခါ၌ အသျှင်နာဂိတသည် မြတ်စွာဘုရားအား လုပ်ကျွေးပြုစုလျက် ရှိ၏၊ ထိုအခါ ထိုကောသလတိုင်းသား ပုဏ္ဏားတမန်တို့နှင့် မဂဓတိုင်းသား ပုဏ္ဏားတမန်တို့သည် အသျှင်နာဂိတထံသို့ချဉ်းကပ်၍ အသျှင်နာဂိတအား ဤစကားကို လျှောက်ကုန်၏ — “အသျှင်နာဂိတ ထိုအသျှင်ဂေါတမသည် ယခုအခါ အဘယ်မှာ နေတော်မူပါသနည်း၊ အကျွန်ုပ်တို့သည်ထိုအသျှင်ဂေါတမကို ဖူးမြော်ရန် အလိုရှိပါကုန်၏”ဟု လျှောက်ကုန်၏။

အချင်းတို့ မြတ်စွာဘုရားကို ဖူးမြော်ရန် အခါမဟုတ်၊ မြတ်စွာဘုရားသည် (ပရိသတ်မှ ဖဲ၍) ကိန်းအောင်းနေတော်မူ၏ဟု မိန့်၏။

ထိုအခါ ထိုကောသလတိုင်းသား ပုဏ္ဏားတမန်တို့နှင့် မဂဓတိုင်းသား ပုဏ္ဏားတမန်တို့သည် “ထိုအသျှင်ဂေါတမကို ဖူးမြော်ပြီးမှသာ ငါတို့ သွားကုန်အံ့”ဟု (ကြံလျက်) ထိုအရပ်၌ပင် တစ်ခုသောနေရာ၌ ထိုင်နေကြကုန်၏။

ဩဋ္ဌဒ္ဓလိစ္ဆဝီမင်းဝတ္ထု

၃၆၁။ သြဋ္ဌဒ္ဓမည်သော လိစ္ဆဝီ (မင်း) သည်လည်း များစွာသော လိစ္ဆဝီပရိသတ်နှင့်အတူ မဟာဝုန် တောပြာသာဒ်ဆောင်ပေါက်သော ကျောင်းကြီး၌ အသျှင်နာဂိတထံသို့ ချဉ်းကပ်၍ အသျှင်နာဂိတကို ရှိခိုးလျက်တစ်ခုသော နေရာ၌ ရပ်ပြီးသော် အသျှင်နာဂိတအား ဤစကားကို လျှောက်၏ — “အသျှင်နာဂိတ ပူဇော်အထူးကို ခံတော်မူထိုက်သော၊ (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာသိတော်မူသော ထို မြတ်စွာဘုရားသည် ယခုအခါ အဘယ်မှာ နေတော်မူပါသနည်း၊ အကျွန်ုပ်တို့သည်ပူဇော်အထူးကို ခံတော်မူထိုက်သော၊ (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသောထိုမြတ်စွာဘုရားကို ဖူးမြော်ရန် အလိုရှိပါကုန်၏”ဟု လျှောက်၏။

မဟာလိ၁ မြတ်စွာဘုရားကို ဖူးမြော်ရန် အခါမဟုတ်၊ မြတ်စွာဘုရားသည် (ပရိသတ်မှ ဖဲ၍) ကိန်းအောင်းနေတော်မူ၏ဟု မိန့်၏၊ သြဋ္ဌဒ္ဓမည်သော လိစ္ဆဝီ (မင်း) သည်လည်း “ပူဇော်အထူးကိုခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားကိုဖူးမြော်ပြီးမှ သာ ငါသွားအံ့”ဟု (ကြံလျက်) ထိုအရပ်၌ပင် တစ်ခုသော နေရာ၌ ထိုင်နေ၏။

၃၆၂။ ထိုအခါ သီဟသာမဏေသည် အသျှင်နာဂိတထံသို့ ချဉ်းကပ်၍ အသျှင်နာဂိတကို ရှိခိုးလျက်တစ်ခုသော နေရာ၌ ရပ်ပြီးသော် အသျှင်နာဂိတအား ဤစကားကို လျှောက်၏ — “အသျှင်ကဿပ၂ များစွာသော ဤကောသလတိုင်းသား ပုဏ္ဏားတမန်တို့နှင့် မဂဓတိုင်းသားပုဏ္ဏားတမန်တို့သည် မြတ်စွာဘုရားကို ဖူးမြော်ရန် ဤအရပ်သို့ ကပ်ရောက်လာကြပါကုန်၏၊ သြဋ္ဌဒ္ဓမည်သော လိစ္ဆဝီ (မင်း) သည်လည်း များစွာသော လိစ္ဆဝီပရိသတ်နှင့်အတူ မြတ်စွာဘုရားကိုဖူးမြော်ရန် ဤအရပ်သို့ ကပ်ရောက်လာပါ၏၊ အသျှင်ကဿပ တောင်းပန်ပါ၏၊ ဤလူအပေါင်းသည်မြတ်စွာဘုရားကို ဖူးမြော်ခွင့်ရပါစေ”ဟု လျှောက်၏။

“သီဟ သို့ဖြစ်လျှင် သင်သည်ပင် မြတ်စွာဘုရားအား လျှောက်ကြားချေလော့”။

“ကောင်းပါပြီ အသျှင်ဘုရား”ဟု သီဟသာမဏေသည် အသျှင်နာဂိတအား ဝန်ခံပြီးလျှင် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသော နေရာ၌ ရပ်ပြီးသော် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏ —

“များစွာသော ဤကောသလတိုင်းသား ပုဏ္ဏားတမန်တို့နှင့် မဂဓတိုင်းသား ပုဏ္ဏားတမန်တို့သည်မြတ်စွာဘုရားကို ဖူးမြော်ရန် ဤအရပ်သို့ ကပ်ရောက်လာကြပါကုန်၏၊ သြဋ္ဌဒ္ဓမည်သော လိစ္ဆဝီ (မင်း) သည်လည်း များစွာသော လိစ္ဆဝီပရိသတ်နှင့်အတူ မြတ်စွာဘုရားကို ဖူးမြော်ရန် ဤအရပ်သို့ ကပ်ရောက်လာပါ၏၊ အသျှင်ဘုရား တောင်းပန်ပါ၏၊ ဤလူအပေါင်းသည် မြတ်စွာဘုရားကို ဖူးမြော်ခွင့်ရပါစေ အသျှင်ဘုရား”ဟု လျှောက်၏။

“သီဟ သို့ဖြစ်လျှင် ကျောင်းရိပ်၌ နေရာခင်းလော့”။

“ကောင်းပါပြီ အသျှင်ဘုရား”ဟု သီဟသာမဏေသည် မြတ်စွာဘုရားအား ဝန်ခံပြီးလျှင် ကျောင်း ရိပ်၌နေရာခင်း၏။

၃၆၃။ ထိုအခါ မြတ်စွာဘုရားသည် ကျောင်းမှ ထွက်တော်မူ၍ ကျောင်းရိပ်တွင် ပြင်ထားအပ်သောနေရာ၌ ထိုင်နေတော်မူ၏၊ ထိုအခါ ထိုကောသလတိုင်းသား ပုဏ္ဏားတမန်တို့နှင့် မဂဓတိုင်းသား ပုဏ္ဏားတမန်တို့သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားနှင့်အတူ ဝမ်းမြောက်ဝမ်းသာ (နှုတ်ဆက်) ပြောဆိုကုန်၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြီးဆုံးစေ၍ တစ်ခုသော နေရာ၌ထိုင်ကုန်၏၊ သြဋ္ဌဒ္ဓမည်သော လိစ္ဆဝီ (မင်း) သည်လည်း များစွာသော လိစ္ဆဝီပရိသတ်နှင့် အတူ မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားကို ရှိခိုး၍ တစ်ခုသော နေရာ၌ ထိုင်၏။

၃၆၄။ တစ်ခုသော နေရာ၌ထိုင်ပြီးသော် သြဋ္ဌဒ္ဓမည်သော လိစ္ဆဝီ (မင်း) သည် မြတ်စွာဘုရားအားဤစကားကို လျှောက်၏ —

“အသျှင်ဘုရား ယခင့် ယခင် နေ့တို့၌ လိစ္ဆဝီ (မင်း) သား သုနက္ခတ္တသည် အကျွန်ုပ်ထံသို့ ချဉ်းကပ်၍ အကျွန်ုပ်အား ဤစကားကို ပြောပါ၏။ ‘မဟာလိ ငါသည် မြတ်စွာဘုရားကို အမှီပြု၍ နေခဲ့သည်မှာ မကြာမြင့်လှပါ၊ အစ အဆုံး သုံးနှစ်သာဖြစ်ပါ၏၊ (ထိုကာလအတွင်း၌) ငါသည် ချစ်ဖွယ်သော သဘောရှိ၍ နှစ်သက်သာယာဖွယ် တပ်မက်ဖွယ်ဖြစ်ကုန်သော နတ်လောကမှ အဆင်း ‘ရူပါရုံ’ တို့ကို မြင်ရ၏၊ သို့သော်လည်း အသံ ‘သဒ္ဒါရုံ’ တို့ကိုကား မကြားရပါ’ဟု ပြောပါ၏။အသျှင်ဘုရား လိစ္ဆဝီ (မင်း) သား သုနက္ခတ္တသည် ချစ်ဖွယ်သော သဘောရှိ၍ နှစ်သက်သာယာဖွယ် တပ်မက်ဖွယ်ဖြစ်ကုန်သော နတ်လောကမှ အသံ ‘သဒ္ဒါရုံ’ တို့ကို ထင်ရှားရှိလျက်ပင် မကြားလေသလော့၊ သို့မဟုတ် ထင်ရှားမရှိ၍ မကြားလေသလော”ဟု လျှောက်၏။

၁။ မဟာလိဟူသော အမည်သည် သြဋ္ဌဒ္ဓ၏ ငယ်နာမည်ရင်း ဖြစ်၏။

၂။ ကဿပဟူသော အမည်သည် အရှင်နာဂိတ၏ အနွယ်မှ လာသော အမည်ဖြစ်၏။

တစ်ဖို့တည်းအတွက် ပွါးများအပ်သော သမာဓိ

၃၆၅။ မဟာလိ လိစ္ဆဝီ (မင်း) သား သုနက္ခတ္တသည် ချစ်ဖွယ်သဘောရှိ၍ နှစ်သက်သာယာဖွယ် တပ်မက်ဖွယ်ဖြစ်ကုန်သော နတ်လောကမှ အသံ ‘သဒ္ဒါရုံ’ တို့ကို ထင်ရှားရှိလျက်ပင် မကြားလေ၊ ထင်ရှားမရှိ၍ မကြားလေသည်ကား မဟုတ်ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရား လိစ္ဆဝီ (မင်း) သား သုနက္ခတ္တသည် ချစ်ဖွယ်သဘောရှိ၍ နှစ်သက်သာယာဖွယ် တပ်မက်ဖွယ်ဖြစ်ကုန်သော နတ်လောကမှ အသံ ‘သဒ္ဒါရုံ’ တို့ကို ထင်ရှားရှိလျက်ပင် မကြားလေ၊ ထင်ရှား မရှိ၍ မကြားလေသည်ကား မဟုတ် ဟူရာ၌ အကြောင်းကား အဘယ်ပါနည်း၊ အထောက်အပံ့ကားအဘယ်ပါနည်း။

၃၆၆။ မဟာလိ ဤ (သာသနာတော်) ၌ ရဟန်းသည် အရှေ့အရပ်၌ ချစ်ဖွယ်သဘောရှိ၍ နှစ်သက်သာယာဖွယ် တပ်မက်ဖွယ်ဖြစ်ကုန်သော နတ်လောကမှ အဆင်း ‘ရူပါရုံ’ တို့ကို မြင်ရန် တစ်ဖို့တည်းအတွက်သာလျှင် တည်ကြည်မှု ‘သမာဓိ’ ကို ပွါးများ၏၊ အသံ ‘သဒ္ဒါရုံ’ တို့ကို ကြားရန် တစ်ဖို့အတွက်ကား မပွါးများ၊ ထို (ရဟန်း) သည် အရှေ့အရပ်၌ ချစ်ဖွယ်သဘောရှိ၍ နှစ်သက်သာယာဖွယ် တပ်မက်ဖွယ် ဖြစ်ကုန်သော နတ်လောကမှ အဆင်း ‘ရူပါရုံ’ တို့ကို မြင်ရန် တစ်ဖို့တည်းအတွက်သာလျှင် တည်ကြည်မှု ‘သမာဓိ’ ကို ပွါးများ၍ အသံ ‘သဒ္ဒါရုံ’ တို့ကို ကြားရန် တစ်ဖို့အတွက်ကား မပွါးများသည်ရှိသော် အရှေ့အရပ်၌ ချစ်ဖွယ်သဘောရှိ၍ နှစ်သက်သာယာဖွယ် တပ်မက်ဖွယ်ဖြစ်ကုန်သော နတ်လောကမှ အဆင်း ‘ရူပါရုံ’ တို့ကိုသာ မြင်ရ၏၊ အသံ ‘သဒ္ဒါရုံ’ တို့ကိုကား မကြားရချေ။

ထို (မြင်သာမြင်၍ မကြားခြင်း) သည် အဘယ်ကြောင့်နည်း ဆိုသော် မဟာလိရဟန်းသည် အရှေ့ အရပ်၌ချစ်ဖွယ်သဘောရှိ၍ နှစ်သက်သာယာဖွယ် တပ်မက်ဖွယ်ဖြစ်ကုန်သော နတ်လောကမှ အဆင်း ‘ရူပါရုံ’ တို့ကို မြင်ရန် တစ်ဖို့တည်းအတွက်သာလျှင် တည်ကြည်မှု ‘သမာဓိ’ ကို ပွါးများ၍ အသံ ‘သဒ္ဒါရုံ’ တို့ကို ကြားရန် တစ်ဖို့အတွက်ကား မပွါးများသောကြောင့်ပင် ဖြစ်ချေ၏။

၃၆၇။ မဟာလိ တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် တောင်အရပ်၌။ပ။ အနောက်အရပ်၌။ပ။ အထက် အောက် ဖီလာအရပ်၌ ချစ်ဖွယ်သဘောရှိ၍ နှစ်သက်သာယာဖွယ် တပ်မက်ဖွယ်ဖြစ်ကုန်သော နတ်လောကမှ အဆင်း ‘ရူပါရုံ’ တို့ကို မြင်ရန် တစ်ဖို့တည်းအတွက်သာလျှင် တည်ကြည်မှု ‘သမာဓိ’ ကို ပွါးများ၏၊ အသံ ‘သဒ္ဒါရုံ’ တို့ကို ကြားရန် တစ်ဖို့အတွက်ကား မပွါးများ၊ ထို (ရဟန်း) သည် အထက်အောက် ဖီလာအရပ်၌ ချစ်ဖွယ်သဘောရှိ၍ နှစ်သက်သာယာဖွယ် တပ်မက်ဖွယ်ဖြစ်ကုန်သော နတ်လောကမှ အဆင်း ‘ရူပါရုံ’ တို့ကို မြင်ရန် တစ်ဖို့တည်းအတွက်သာလျှင် တည်ကြည်မှု ‘သမာဓိ’ ကို ပွါးများ၍ အသံ ‘သဒ္ဒါရုံ’ တို့ကို ကြားရန် တစ်ဖို့အတွက်ကား မပွါးများသည်ရှိသော် အထက် အောက် ဖီလာအရပ်၌ချစ်ဖွယ်သဘောရှိ၍ နှစ်သက် သာယာဖွယ် တပ်မက်ဖွယ်ဖြစ်ကုန်သော နတ်လောကမှ အဆင်း ‘ရူပါရုံ’ တို့ကိုသာ မြင်၏၊ အသံ ‘သဒ္ဒါရုံ’ တို့ကို မကြားရချေ။

ထို (မြင်သာမြင်၍ မကြားခြင်း) သည် အဘယ့်ကြောင့်နည်း၊ မဟာလိ ရဟန်းသည် အထက် အောက်ဖီလာအရပ်၌ ချစ်ဖွယ်သဘောရှိ၍ နှစ်သက်သာယာဖွယ် တပ်မက်ဖွယ်ဖြစ်ကုန်သော နတ်လောကမှ အဆင်း ‘ရူပါရုံ’ တို့ကို မြင်ရန် တစ်ဖို့တည်းအတွက်သာလျှင် တည်ကြည်မှု ‘သမာဓိ’ ကို ပွါးများ၍ အသံ ‘သဒ္ဒါရုံ’ တို့ကို ကြားရန် တစ်ဖို့အတွက်ကား မပွါးများသောကြောင့်ပင် ဖြစ်ချေ၏။

၃၆၈။ မဟာလိ ဤ (သာသနာတော်) ၌ ရဟန်းသည် အရှေ့အရပ်၌ ချစ်ဖွယ်သဘောရှိ၍ နှစ်သက်သာယာဖွယ် တပ်မက်ဖွယ်ဖြစ်ကုန်သော နတ်လောကမှ အသံ ‘သဒ္ဒါရုံ’ တို့ကို ကြားရန် တစ်ဖို့တည်းအတွက်သာလျှင် တည်ကြည်မှု ‘သမာဓိ’ ကို ပွါးများ၏၊ အဆင်း ‘ရူပါရုံ’ တို့ကို မြင်ရန် တစ်ဖို့အတွက်ကားတည်ကြည်မှု ‘သမာဓိ’ ကို မပွါးများ၊ ထို (ရဟန်း) သည် အရှေ့အရပ်၌ ချစ်ဖွယ်သဘောရှိ၍ နှစ်သက့်သာယာဖွယ် တပ်မက်ဖွယ်ဖြစ်ကုန်သော နတ်လောကမှ အသံ ‘သဒ္ဒါရုံ’ တို့ကို ကြားရန် တစ်ဖို့တည်းအတွက်သာလျှင် တည်ကြည်မှု ‘သမာဓိ’ ကို ပွါးများ၍ အဆင်း ‘ရူပါရုံ’ တို့ကို မြင်ရန် တစ်ဖို့အတွက်ကားမပွါးများသည်ရှိသော် အရှေ့အရပ်၌ ချစ်ဖွယ် သဘောရှိ၍ နှစ်သက် သာယာဖွယ် တပ်မက်ဖွယ်ဖြစ်ကုန်သော နတ်လောကမှ အသံ ‘သဒ္ဒါရုံ’ တို့ကိုသာ ကြားရ၏၊ အဆင်း ‘ရူပါရုံ’ တို့ကို မမြင်ရချေ။

ထို (ကြားသာကြား၍ မမြင်ခြင်း) သည် အဘယ်ကြောင့်နည်း၊ မဟာလိ ရဟန်းသည် အရှေ့အရပ်၌ချစ်ဖွယ်သဘောရှိ၍ နှစ်သက်သာယာဖွယ် တပ်မက်ဖွယ်ဖြစ်ကုန်သော နတ်လောကမှ အသံ ‘သဒ္ဒါရုံ’ တို့ကိုကြားရန် တစ်ဖို့တည်းအတွက်သာလျှင် တည်ကြည်မှု ‘သမာဓိ’ ကို ပွါးများ၍ အဆင်း ‘ရူပါရုံ’ တို့ကို မြင်ရန်တစ်ဖို့အတွက်ကား မပွါးများသောကြောင့်ပင် ဖြစ်ချေ၏။

၃၆၉။ မဟာလိ တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် တောင်အရပ်၌။ပ။ အနောက်အရပ်၌။ပ။ မြောက်အရပ်၌။ပ။ အထက် အောက် ဖီလာအရပ်၌ ချစ်ဖွယ်သဘောရှိ၍ နှစ်သက်သာယာဖွယ် တပ်မက်ဖွယ်ဖြစ်ကုန်သော နတ်လောကမှ အသ ံ ‘သဒ္ဒါရုံ’ တို့ကို ကြားရန် တစ်ဖို့တည်းအတွက်သာလျှင် တည်ကြည်မှု ‘သမာဓိ’ ကိုပွါးများ၏အဆင်း ‘ရူပါရုံ’ တို့ကို မြင်ရန် တစ်ဖို့အတွက်ကား မပွါးများ၊ ထို (ရဟန်း) သည် အထက်အောက်ဖီလာအရပ်၌ ချစ်ဖွယ်သဘောရှိ၍ နှစ်သက်သာယာဖွယ် တပ်မက်ဖွယ်ဖြစ်ကုန်သော နတ်လောကမှ အသံ ‘သဒ္ဒါရုံ’ တို့ကို ကြားရန် တစ်ဖို့တည်းအတွက်သာလျှင် တည်ကြည်မှု ‘သမာဓိ’ ကို ပွါးများ၍ အဆင်း ‘ရူပါရုံ’ တို့ကို မြင်ရန် တစ်ဖို့အတွက်ကား မပွါးများသည်ရှိသော် ထို (ရဟန်း) သည် အထက်အောက်ဖီလာအရပ်၌ ချစ်ဖွယ်သဘောရှိ၍ နှစ်သက်သာယာဖွယ် တပ်မက်ဖွယ်ဖြစ်ကုန်သော နတ်လောကမှ အသံ ‘သဒ္ဒါရုံ’ တို့ကိုသာ ကြား၏၊ အဆင်း ‘ရူပါရုံ’ တို့ကို မမြင်ရချေ။

ထို (ကြားသာ ကြား၍ မမြင်ခြင်း) သည် အဘယ့်ကြောင့်နည်း၊ မဟာလိ ရဟန်းသည် အထက် အောက်ဖီလာအရပ်၌ ချစ်ဖွယ်သဘောရှိ၍ နှစ်သက်သာယာဖွယ် တပ်မက်ဖွယ်ဖြစ်ကုန်သော နတ်လောကမှအသံ ‘သဒ္ဒါရုံ’ တို့ကို ကြားရန် တစ်ဖို့တည်းအတွက်သာလျှင် တည်ကြည်မှု ‘သမာဓိ’ ကို ပွါးများ၍အဆင်း ‘ရူပါရုံ’ တို့ကို မြင်ရန် တစ်ဖို့အတွက်ကား မပွါးများသောကြောင့်ပင် ဖြစ်ချေ၏။

၃၇ဝ။ မဟာလိ ဤ (သာသနာတော်) ၌ ရဟန်းသည် အရှေ့အရပ်၌ ချစ်ဖွယ်သဘောရှိ၍ နှစ်သက်သာယာဖွယ် တပ်မက်ဖွယ်ဖြစ်ကုန်သော နတ်လောကမှ အဆင်း ‘ရူပါရုံ’ တို့ကို မြင်ရန်လည်းကောင်း၊ အသံ ‘သဒ္ဒါရုံ’ တို့ကို ကြားရန်လည်းကောင်း နှစ်ဖို့စလုံးအတွက် တည်ကြည်မှု ‘သမာဓိ’ ကို ပွါးများ၏၊ ထိုရဟန်းသည် ချစ်ဖွယ်သဘော ရှိ၍ နှစ်သက်သာယာဖွယ် တပ်မက်ဖွယ်ဖြစ်ကုန်သော နတ်လောကမှအဆင်း ‘ရူပါရုံ’ တို့ကို မြင်ရန်လည်းကောင်း၊ အသံ ‘သဒ္ဒါရုံ’ တို့ကို ကြားရန်လည်းကောင်း နှစ်ဖို့စလုံးအတွက် တည်ကြည်မှု ‘သမာဓိ’ ကို ပွါးများသည်ရှိသော် အရှေ့အရပ်၌ ချစ်ဖွယ်သဘောရှိ၍ နှစ်သက်သာယာဖွယ် တပ်မက်ဖွယ်ဖြစ်ကုန်သော နတ်လောကမှ အဆင်း ‘ရူပါရုံ’ တို့ကိုလည်း မြင်ရ၏၊ အသံ ‘သဒ္ဒါရုံ’ တို့ကိုလည်း ကြားရ၏။

ထို (မြင်ခြင်း ကြားခြင်း) သည် အဘယ်ကြောင့်နည်း၊ မဟာလိ ရဟန်းသည် အရှေ့အရပ်၌ ချစ်ဖွယ်သဘောရှိ၍ နှစ်သက်သာယာဖွယ် တပ်မက်ဖွယ်ဖြစ်ကုန်သော နတ်လောကမှ အဆင်း ‘ရူပါရုံ’ တို့ကို မြင်ရန်လည်းကောင်း၊ အသံ ‘သဒ္ဒါရုံ’ တို့ကို ကြားရန်လည်းကောင်း နှစ်ဖို့စလုံးအတွက် တည်ကြည်မှု ‘သမာဓိ’ ကိုပွါးများသောကြောင့်ပင် ဖြစ်ချေ၏။

၃၇၁။ မဟာလိ တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် တောင်အရပ်၌။ပ။ အနောက်အရပ်၌။ပ။ မြောက်အရပ်၌။ပ။ အထက် အောက် ဖီလာအရပ်၌ ချစ်ဖွယ်သဘောရှိ၍ နှစ်သက်သာယာဖွယ် တပ်မက်ဖွယ်ဖြစ်ကုန်သော နတ်လောကမှ အဆင်း ‘ရူပါရုံ’ တို့ကို မြင်ရန်လည်းကောင်း၊ အသံ ‘သဒ္ဒါရုံ’ တို့ကို ကြားရန်လည်းကောင်း နှစ်ဖို့စလုံးအတွက် တည်ကြည်မှု ‘သမာဓိ’ ကို ပွါးများ၏၊ ထို (ရဟန်း) သည် အထက် အောက် ဖီလာအရပ်၌ချစ်ဖွယ်သဘော ရှိ၍ နှစ်သက်သာယာဖွယ် တပ်မက်ဖွယ်ဖြစ်ကုန်သော နတ်လောကမှအဆင်း ‘ရူပါရုံ’ တို့ကို မြင်ရန်လည်းကောင်း၊ အသံ ‘သဒ္ဒါရုံ’ တို့ကို ကြားရန်လည်းကောင်း နှစ်ဖို့စလုံးအတွက် တည်ကြည်မှု ‘သမာဓိ’ ကို ပွါးများသည်ရှိသော် အထက် အောက် ဖီလာအရပ်၌ချစ်ဖွယ်သဘောရှိ၍ နှစ်သက်သာယာဖွယ် တပ်မက်ဖွယ် ဖြစ်ကုန်သော နတ်လောကမှအဆင်း ‘ရူပါရုံ’ တို့ကိုလည်း မြင်ရ၏၊ အသံ ‘သဒ္ဒါရုံ’ တို့ကို လည်း ကြားရ၏။

ထို (မြင်ခြင်း ကြားခြင်း) သည် အဘယ်ကြောင့်နည်း၊ မဟာလိ ရဟန်းသည် အထက် အောက် ဖီလာအရပ်၌ ချစ်ဖွယ်သဘောရှိ၍ နှစ်သက်သာယာဖွယ် တပ်မက်ဖွယ်ဖြစ်ကုန်သော နတ်လောကမှ အဆင်း ‘ရူပါရုံ’ တို့ကို မြင်ရန်လည်းကောင်း၊ အသံ ‘သဒ္ဒါရုံ’ တို့ကို ကြားရန်လည်းကောင်း နှစ်ဖို့စလုံးအတွက်တည်ကြည်မှု ‘သမာဓိ’ ကို ပွါးများသောကြောင့်ပင် ဖြစ်ချေသည်။

မဟာလိ လိစ္ဆဝီ (မင်း) သား သုနက္ခတ္တသည် ချစ်ဖွယ်သဘောရှိ၍ နှစ်သက်သာယာဖွယ် တပ်မက်ဖွယ်ဖြစ်ကုန်သော နတ်လောကမှ အသံ ‘သဒ္ဒါရုံ’ တို့ကို ထင်ရှားရှိလျက်ပင် မကြားလေ၊ ထင်ရှားမရှိ၍မကြားလေသည်ကား မဟုတ် ဟူရာ၌ အကြောင်းကား ဤသည်ပင်တည်း၊ အထောက်အပံ့ကား ဤသည်ပင်တည်း။

၃၇၂။ အသျှင်ဘုရား ထို ပွါးများအပ်သော တည်ကြည်မှု ‘သမာဓိ’ တရားတို့ကို မျက်မှောက်ပြုလိုသောကြောင့် ရဟန်းတို့သည် မြတ်စွာဘုရားထံ၌ မြတ်သောအကျင့်ကို ကျင့်ပါကုန်သလော။

မဟာလိ ထိုပွါးများအပ်သော တည်ကြည်မှု ‘သမာဓိ’ တရားတို့ကို မျက်မှောက်ပြုလိုသောကြောင့်ရဟန်းတို့သည် ငါ့ထံ၌ မြတ်သော အကျင့်ကို ကျင့်ကြသည် မဟုတ်ကုန်၊ မဟာလိ (သမာဓိတရားထက်) သာ၍ လွန်ကဲသည်လည်း ဖြစ်ကုန်သော သာ၍ မွန်မြတ်သည်လည်း ဖြစ်ကုန်သော အခြားတစ်ပါးသောတရားတို့သည် ရှိကုန်သေး၏၊ ယင်း (တရား) တို့ကို မျက်မှောက်ပြုလိုသောကြောင့်သာလျှင် ရဟန်းတို့သည် ငါ့ထံ၌ မြတ်သော အကျင့်ကို ကျင့်ကုန်၏။

အရိယဖိုလ်လေးပါး

၃၇၃။ အသျှင်ဘုရား ရဟန်းတို့သည် (သမာဓိတရားထက်) သာ၍ လွန်ကဲသည်လည်း ဖြစ်သော သာ၍မွန်မြတ်သည်လည်း ဖြစ်သော အကြင်တရားတို့ကို မျက်မှောက်ပြုလိုသောကြောင့် မြတ်စွာဘုရား ထံ၌မြတ်သော အကျင့်ကို ကျင့်ကုန်၏၊ ထိုတရားတို့ကား အဘယ်ပါနည်း။

မဟာလိ ဤ (သာသနာတော်၌) ရဟန်းသည် သုံးပါးသော သံယောဇဉ် ‘အနှောင်အဖွဲ့့’ တို့၏အကြွင်းမဲ့ကုန်ခြင်းကြောင့် အပါယ်သို့ ကျခြင်းသဘောမရှိသော ကိန်းသေမြဲသော၁ အထက်မဂ်သုံးပါးလျှင်လားရာရှိသော သောတာပန် ဖြစ်၏၊ မဟာလိ ဤ (သောတာပန်အဖြစ်) သည်လည်း (သမာဓိတရားထက်) သာ၍ လွန်ကဲသည်လည်းဖြစ်သော သာ၍ မွန်မြတ်သည်လည်းဖြစ်သော တရားပေတည်း၊ ယင်း (တရား) ကိုမျက်မှောက်ပြုလိုသောကြောင့် ရဟန်းတို့သည် ငါ့ထံ၌ မြတ်သော အကျင့်ကို ကျင့်ကုန်၏။

မဟာလိ တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် သုံးပါးသော သံယောဇဉ် ‘အနှောင်အဖွဲ့့’ တို့၏အကြွင်းမဲ့ကုန်ခြင်းကြောင့်လည်းကောင်း၊ တပ်မက်ခြင်း ‘ရာဂ’၊ ပြစ်မှားခြင်း ‘ဒေါသ’၊ တွေဝေခြင်း ‘မောဟ’ တို့၏ ခေါင်းပါးခြင်းကြောင့်လည်းကောင်း ဤလူ့ပြည်သို့ တစ်ကြိမ်သာ လာ၍ ဆင်းရဲ၏အဆုံးကိုပြုသော သကဒါဂါမ် ဖြစ်၏၊ မဟာလိ ဤ (သကဒါဂါမ်အဖြစ်) သည်လည်း (သမာဓိတရားထက်) သာ၍ လွန်ကဲသည် လည်းဖြစ်သော သာ၍ မွန်မြတ်သည်လည်းဖြစ်သော တရားပေတည်း၊ ယင်း (တရား) ကို မျက်မှောက် ပြုလိုသောကြောင့် ရဟန်းတို့သည် ငါ့ထံ၌ မြတ်သော အကျင့်ကိုကျင့်ကုန်၏။

မဟာလိ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် အောက် (ကာမဘုံ) ၌ (ပဋိသန္ဓေနေခြင်း) အဖို့ရှိကုန် သောငါးပါးသော သံယောဇဉ် ‘အနှောင်အဖွဲ့့’ တို့၏ အကြွင်းမဲ့ ကုန်ခြင်းကြောင့် (ဗြဟ္မာ့ဘုံ၌) ဥပပါတ်ပဋိသန္ဓေနေ၍ ထို (ဘုံ) ၌သာလျှင် ပရိနိဗ္ဗာန်ပြုသော ထိုဘုံမှ ပြန်လည်ခြင်း သဘောမရှိသော အနာဂါမ် ဖြစ်၏၊ မဟာလိ ဤ (အနာဂါမ်အဖြစ်) သည်လည်း (သမာဓိတရားထက်) သာ၍ လွန်ကဲသည်လည်းဖြစ်သောသာ၍ မွန်မြတ်သည်လည်း ဖြစ်သော တရားပေတည်း၊ ယင်း (တရား) ကို မျက်မှောက်ပြုလိုသောကြောင့်ရဟန်းတို့သည် ငါ့ထံ၌ မြတ်သော အကျင့်ကို ကျင့်ကုန်၏။

မဟာလိ တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် အာသဝတို့၏ ကုန်ခြင်းကြောင့် အာသဝကင်းသောလွတ်မြောက်သော ‘အရဟတ္တဖိုလ်’ စိတ်နှင့် လွတ်မြောက်သော ‘အရဟတ္တဖိုလ်’ ပညာကို မျက်မှောက်ဘဝ၌ပင် ထူးသော ဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက်ပြု၍ ရောက်လျက် (ရဟန္တာဖြစ်၍) နေ၏၊ မဟာလိဤ (ရဟန္တာအဖြစ်) သည်လည်း (သမာဓိတရားထက်) သာ၍လွန်ကဲသည်လည်းဖြစ်သော သာ၍မွန်မြတ်သည်လည်း ဖြစ်သော တရားပေတည်း၊ ယင်း (တရား) ကို မျက်မှောက်ပြုလိုသောကြောင့် ရဟန်းတို့သည်ငါ့ထံ၌ မြတ်သော အကျင့်ကို ကျင့်ကုန်၏။

မဟာလိ ရဟန်းတို့သည် (သမာဓိတရားထက်) သာ၍ လွန်ကဲသည်လည်း ဖြစ်သော သာ၍မွန်မြတ်သည်လည်းဖြစ်သော အကြင်တရားတို့ကို မျက်မှောက်ပြုလိုသောကြောင့် ငါ့ထံ၌ မြတ်သောအကျင့် ကို ကျင့်ကုန်၏၊ ထိုတရားတို့သည် ဤသည်တို့ပင်တည်း။

၁။ သုဂတိ၌သာ ကိန်းသေမြဲသော။ တစ်နည်း ဆင်းရဲ၏အဆုံးသို့ရောက်ရန် ကိန်းသေမြဲသော။

အင်္ဂါရှစ်ပါးရှိသော အရိယမဂ်

၃၇၄။ အသျှင်ဘုရား ထိုတရားတို့ကို မျက်မှောက်ပြုရန် လမ်းသည် ရှိပါသလော့၊ အကျင့်သည်ရှိပါသလော။

မဟာလိ ထိုတရားတို့ကို မျက်မှောက်ပြုရန် လမ်းသည် ရှိ၏၊ အကျင့်သည် ရှိ၏။

၃၇၅။ အသျှင်ဘုရား ထိုတရားတို့ကို မျက်မှောက်ပြုရန် လမ်းဟူသည် အဘယ်ပါနည်း၊ အကျင့် ဟူသည် အဘယ်ပါနည်း။

မဟာလိ ဖြူစင်သော အင်္ဂါရှစ်ပါးရှိသော ဤ မဂ်ပင်လျှင်တည်း၊ ဤသည်ကား အဘယ်နည်း —

မှန်စွာ သိမြင်ခြင်း ‘သမ္မာဒိဋ္ဌိ’၊ မှန်စွာ ကြံခြင်း ‘သမ္မာသင်္ကပ္ပ’၊ မှန်စွာ ပြောဆိုခြင်း ‘သမ္မာဝါစာ’၊ မှန်စွာပြုလုပ်ခြင်း ‘သမ္မာကမ္မန္တ’၊ မှန်စွာ အသက်မွေးခြင်း ‘သမ္မာအာဇီဝ’၊ မှန်စွာ အားထုတ်ခြင်း ‘သမ္မာဝါယာမ’၊ မှန်စွာ အောက်မေ့ခြင်း ‘သမ္မာသတိ’၊ မှန်စွာ တည်ကြည်ခြင်း ‘သမ္မာသမာဓိ’၊ ဤသည်တို့ပင်တည်း။

မဟာလိ ထိုတရားတို့ကို မျက်မှောက်ပြုရန် လမ်းကား ဤ (မဂ်) ပင်တည်း၊ အကျင့်ကား ဤ (မဂ်) ပင်တည်း။

ရဟန်းနှစ်ပါးဝတ္ထု

၃၇၆။ မဟာလိ အခါတစ်ပါး၌ ငါသည် ကောသမ္ဗီပြည်အနီး ဃောသိတာရုံကျောင်း၌ နေ၏၊ ထိုအခါမုဏ္ဍိယ (ပရိဗိုဇ်) နှင့် ဒါရုပတ္တိက၏ တပည့် ဇာလိယ (ပရိဗိုဇ်) ဟူသော ရဟန်းနှစ်ဦးတို့သည် ငါ့ထံသို့ချဉ်းကပ်ကုန်၍ ငါနှင့် အတူ ဝမ်းမြောက်ဝမ်းသာ (နှုတ်ဆက်) ပြောဆိုကုန်၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ်စကားကို ပြီးဆုံးစေ၍ တစ်ခုသော နေရာ၌ ရပ်ကြပြီးသော် ထို (ပရိဗိုဇ်) ရဟန်းနှစ်ဦးတို့သည်ငါ့အား ဤ (ပြဿနာ) ကို မေးလျှောက်ကုန်၏ —

“ငါ့သျှင်ဂေါတမ အသို့နည်း၊ ထို (ကိုယ်) သည်ပင် အသက်, ထို (အသက်) သည်ပင် ကိုယ်လော့၊ သို့မဟုတ် အသက်သည် တခြား, ကိုယ်သည် တခြားလော”ဟု မေးလျှောက်ကုန်၏။

၃၇၇။ ငါ့သျှင်တို့ သို့ဖြစ်လျှင် နာကုန်လော့၊ ကောင်းစွာ နှလုံးသွင်းကုန်လော ၊ ဟောပေအံ့ဟုငါဆိုသော် ထို (ပရိဗိုဇ်) ရဟန်းနှစ်ဦးတို့သည ် “ငါ့သျှင် ကောင်းပါပြီ”ဟု ငါ့အား ဝန်ခံကုန်၏။

ငါသည် ဤ (တရား) ကို ဟောကြားခဲ့ပေ၏ —

ငါ့သျှင်တို့ ပူဇော်အထူးကို ခံတော်မူထိုက်သော၊ (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာသိတော်မူသော။ပ။ မြတ်စွာဘုရားသည် ဤလောက၌ ပွင့်တော်မူ၏။ပ။[သာမညဖလသုတ်၌ ကဲ့သို့ နည်းတူ ချဲ့အပ်၏]

ငါ့သျှင်တို့ ရဟန်းသည် ဤသို့ သီလနှင့် ပြည့်စုံ၏။ပ။ ပဌမဈာန်သို့ ရောက်၍ နေ၏။ ငါ့သျှင်တို့အကြင်ရဟန်းသည် ဤသို့ သိ၏၊ ဤသို့ မြင်၏၊ ထို (ရဟန်း) အား “ထို (ကိုယ်) သည်ပင် အသက်, ထို (အသက်) သည်ပင် ကိုယ်” ဟူ၍သော်လည်းကောင်း၊ “အသက်သည် တခြား, ကိုယ်သည်တခြား” ဟူ၍ သော်လည်းကောင်း ဤ (စကား) ကို ဆိုရန် သင့်လျော်ပါမည်လောဟု မေးသော် (ထိုပရိဗိုဇ်တို့သည်) ငါ့သျှင် အကြင်ရဟန်းသည် ဤသို့ သိ၏၊ ဤသို့ မြင်၏၊ ထို (ရဟန်း) အား “ထို (ကိုယ်) သည်ပင် အသက်, ထို (အသက်) သည်ပင်ကိုယ်” ဟူ၍သော်လည်းကောင်း၊ “အသက်သည် တခြား, ကိုယ်သည် တခြား” ဟူ၍သော်လည်းကောင်းဤ (စကား) ကို ဆိုရန် သင့်လျော်ပါ၏ဟု ဖြေကုန်၏။

ငါ့သျှင်တို့ ငါသည် ထိုပဌမဈာန်ကို ဤသို့ သိ၏၊ ဤသို့ မြင်၏၊ ထိုသို့ သိမြင်လျက်လည်း “ထို (ကိုယ်) သည်ပင် အသက်, ထို (အသက်) သည်ပင် ကိုယ်” ဟူ၍သော်လည်းကောင်း၊ “အသက်သည်တခြား, ကိုယ်သည် တခြား” ဟူ၍သော်လည်းကောင်း ငါသည်ကား မဆို။

။ပ။ ဒုတိယဈာန်သို့။ တတိယဈာန်သို့။ စတုတ္ထဈာန်သို့ ရောက်၍ နေ၏၊ ငါ့သျှင်တို့ အကြင်ရဟန်းသည် ဤသို့ သိ၏၊ ဤသို့ မြင်၏၊ ထို (ရဟန်း) အား “ထို (ကိုယ်) သည်ပင် အသက်, ထို (အသက်) သည်ပင် ကိုယ်” ဟူ၍သော်လည်းကောင်း၊ “အသက်သည် တခြား, ကိုယ်သည် တခြား” ဟူ၍သော်လည်းကောင်း ဤ (စကား) ကို ဆိုရန် သင့်လျော်ပါမည်လောဟု မေးသော် (ထိုပရိဗိုဇ်တို့သည်) ငါ့သျှင် အကြင်ရဟန်းသည် ဤသို့ သိ၏၊ ဤသို့ မြင်၏၊ ထို (ရဟန်း) အား “ထို (ကိုယ်) သည်ပင်အသက်, ထို (အသက်) သည်ပင် ကိုယ်” ဟူ၍သော်လည်းကောင်း၊ “အသက်သည် တခြား, ကိုယ်သည်တခြား” ဟူ၍သော်လည်းကောင်း ဤ (စကား) ကို ဆိုရန် သင့်လျော်ပါ၏ဟု ဖြေကုန်၏။

ငါ့သျှင်တို့ ငါသည် ထို (စတုတ္ထဈာန်) ကို ဤသို့ သိ၏၊ ဤသို့ မြင်၏၊ ထိုသို့ သိမြင်လျက်လည်း “ထို (ကိုယ်) သည်ပင် အသက်, ထို (အသက်) သည်ပင် ကိုယ်” ဟူ၍သော်လည်းကောင်း၊ “အသက်သည်တခြား, ကိုယ်သည် တခြား” ဟူ၍သော်လည်းကောင်း ငါသည်ကား မဆို။

။ပ။ ဝိပဿနာဉာဏ်အမြင်အလို့ငှါ စိတ်ကို ရှေးရှုပို့ဆောင်၏၊ ရှေးရှုညွတ်စေ၏၊ ငါ့သျှင်တို့ အကြင်ရဟန်းသည် ဤသို့ သိ၏၊ ဤသို့ မြင်၏၊ ထို (ရဟန်း) အား “ထို (ကိုယ်) သည်ပင် အသက်, ထို (အသက်) သည်ပင် ကိုယ်” ဟူ၍သော်လည်းကောင်း “အသက်သည် တခြား, ကိုယ်သည် တခြား” ဟူ၍သော်လည်းကောင်း ဤ (စကား) ကို ဆိုရန် သင့်လျော်ပါမည်လောဟု မေးသော် (ထိုပရိဗိုဇ်တို့သည်) ငါ့သျှင် အကြင်ရဟန်းသည် ဤသို့ သိ၏၊ ဤသို့ မြင်၏၊ ထို (ရဟန်း) အား “ထို (ကိုယ်) သည်ပင်အသက်, ထို (အသက်) သည်ပင် ကိုယ်” ဟူ၍သော်လည်းကောင်း “အသက်သည် တခြား, ကိုယ်သည် ့တခြား” ဟူ၍သော်လည်းကောင်း ဤ (စကား) ကို ဆိုရန် သင့်လျော်ပါ၏ဟု ဖြေကုန်၏။

ငါ့သျှင်တို့ ငါသည် ထို (ဝိပဿနာဉာဏ်အမြင်) ကို ဤသို့ သိ၏၊ ဤသို့ မြင်၏၊ ထိုသို့ သိမြင်လျက်လည်း “ထို (ကိုယ်) သည်ပင် အသက်, ထို (အသက်) သည်ပင် ကိုယ်” ဟူ၍သော်လည်းကောင်း၊ “အသက်သည် တခြား, ကိုယ်သည် တခြား” ဟူ၍သော်လည်းကောင်း ငါသည်ကား မဆို။

။ပ။ ဤမဂ်ကိစ္စအလို့ငှါ တစ်ပါးသော ပြုဖွယ်ကိစ္စ မရှိတော့ပြီဟု သိ၏၊ ငါ့သျှင်တို့ အကြင် ရဟန်းသည်ဤသို့ သိ၏၊ ဤသို့ မြင်၏၊ ထို (ရဟန်း) အား “ထို (ကိုယ်) သည်ပင် အသက်, ထို (အသက်) သည်ပင်ကိုယ်” ဟူ၍သော်လည်းကောင်း၊ “အသက်သည် တခြား၊ ကိုယ်သည် တခြား” ဟူ၍သော်လည်းကောင်းဤ (စကား) ကို ဆိုရန် သင့်လျော်ပါမည်လောဟု မေးသော် (ထိုပရိဗိုဇ်တို့သည်) ငါ့သျှင်အကြင်ရဟန်းသည် ဤသို့ သိ၏၊ ဤသို့ မြင်၏၊ ထို (ရဟန်း) အား “ထို (ကိုယ်) သည်ပင် အသက်, ထို (အသက်) သည်ပင် ကိုယ်” ဟူ၍သော်လည်းကောင်း၊ “အသက်သည် တခြား, ကိုယ်သည်တခြား” ဟူ၍သော်လည်းကောင်း ဤ (စကား) ကို ဆိုရန် မသင့်လျော်ပါဟု ဖြေကုန်၏။

ငါ့သျှင်တို့ ငါသည် ထို (အာသဝက္ခယဉာဏ်) ကို ဤသို့ သိ၏၊ ဤသို့ မြင်၏၊ ထိုသို့ သိမြင်လျက်လည်း “ထို (ကိုယ်) သည်ပင် အသက်, ထို (အသက်) သည်ပင် ကိုယ်” ဟူ၍သော်လည်းကောင်း၊ “အသက်သည် တခြား, ကိုယ်သည် တခြား” ဟူ၍သော်လည်းကောင်း ငါသည်ကား မဆိုဟု ဟောခဲ့ပေ၏။

မြတ်စွာဘုရားသည် ဤ (တရားတော်) ကို ဟောတော်မူ၏၊ သြဋ္ဌဒ္ဓမည်သော လိစ္ဆဝီ (မင်း) သည်မြတ်စွာဘုရား ဟောတော်မူသော တရားတော်ကို နှစ်လိုသည်ဖြစ်၍ ဝမ်းမြောက်စွာ ခံယူလေသတည်း။

ခြောက်ခုမြောက်သော မဟာလိသုတ် ပြီး၏။