ဒီဃနိကာယ်

၃၈၁။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည် —

အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဥရုညမြို့အနီး သားတို့ကို ဘေးမဲ့ပေးရာဖြစ်သော ကဏ္ဏက ထလ (အရပ်) ၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ အဝတ်မဝတ်ဘဲ ကျင့်သော ကဿပ (တက္ကတွန်း) သည်မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားနှင့်အတူ ဝမ်းမြောက်ဝမ်းသာ (နှုတ်ဆက်) ပြောဆို၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြီးဆုံးစေ၍ တစ်ခုသော နေရာ၌ ရပ်ပြီးသော် အဝတ်မဝတ်ဘဲကျင့်သော ကဿပ (တက္ကတွန်း) သည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏ —

“အသျှင်ဂေါတမ ‘ရဟန်းဂေါတမသည် ခြိုးခြံသော အကျင့်အားလုံးကို ကဲ့ရဲ့၏၊ ခေါင်းပါးစွာအသက်မွေးသော ခြိုးခြံစွာကျင့်သူ အားလုံးကို တစ်ဖက်သတ် ပြက်ရယ်ပြု၏၊ ရှုတ်ချ၏’ဟုကြားဖူးပါသည်၊ အသျှင်ဂေါတမ အသို့နည်း၊ ‘အသျှင်ဂေါတမသည် ခြိုးခြံသော အကျင့်အားလုံးကိုကဲ့ရဲ့၏၊ ခေါင်းပါးစွာ အသက်မွေးသော ခြိုးခြံစွာကျင့်သူ အားလုံးကို တစ်ဖက်သတ် ပြက်ရယ် ပြု၏၊ ရှုတ်ချ၏’ဟု ဆိုသော ထိုသူတို့သည် အသျှင်ဂေါတမဆိုသည့် အတိုင်းပင် ဆိုကြသည်ဟုတ်ပါ၏လော့၊ အသျှင်ဂေါတမကို မဟုတ် မမှန်သော (စကား) ဖြင့် စွပ်စွဲရာမရောက်ဘဲ ရှိပါကုန်၏လော့၊ (အသျှင်ဂေါတမဟောသော) တရား၁ ကိုပင် တစ်ဆင့် ဟောကြားကြသည်ဟုတ်ပါ၏ လော့၊ (အသျှင်ဂေါတမ၏) မူလရင်းစကားနှင့် (ထိုသူတို့၏) တစ်ဆင့်ပြောသော စကားသည် ကဲ့ရဲ့ ဖွယ်အကြောင်း လုံးဝကင်းပါ၏လော့၊ အကျွန်ုပ်တို့သည်ကား အသျှင်ဂေါတမကို စွပ်စွဲရန် အလိုမရှိကြပါ”ဟု လျှောက်၏။

၃၈၂။ ကဿပ “ရဟန်းဂေါတမသည် ခြိုးခြံသော အကျင့်အားလုံးကို ကဲ့ရဲ့၏၊ ခေါင်းပါးစွာအသက်မွေးသော ခြိုးခြံစွာကျင့်သူ အားလုံးကို တစ်ဖက်သတ် ပြက်ရယ်ပြု၏၊ ရှုတ်ချ၏”ဟု ဆိုသောထိုသူတို့သည် ငါဆိုသည့်အတိုင်း ဆိုကြသည် မဟုတ်ကုန်၊ ထိုသူတို့သည် ငါ့ကို ထင်ရှားမရှိသောမဟုတ်မမှန်သော (စကား) ဖြင့် စွပ်စွဲရာလည်း ရောက်ကုန်၏။

ကဿပ ငါသည် ဤ (လောက) ၌ ခေါင်းပါးစွာ အသက်မွေးသော ခြိုးခြံစွာကျင့်သူ အချို့သည်ခန္ဓာကိုယ် ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသောလားရာ ပျက်စီးလျက်ကျရောက်ရာ ငရဲ၌ ဖြစ်လေသည်ကို အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိထက် သာလွန်သောနတ် မျက်စိနှင့်တူသော (ဒိဗ္ဗစက္ခု) ဉာဏ်ဖြင့် မြင်၏၊ ကဿပ ငါသည် ဤ (လောက) ၌ ခေါင်းပါးစွာအသက်မွေးသော ခြိုးခြံစွာကျင့်သူ အချို့သည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသောလားရာ နတ်ပြည်၌ ဖြစ်လေသည်ကို အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိထက် သာလွန်သောနတ်မျက်စိနှင့် တူသော (ဒိဗ္ဗစက္ခု) ဉာဏ်ဖြင့် မြင်၏။

၃၈၃။ ကဿပ ငါသည် ဤ (လောက) ၌ ဆင်းရဲနည်းစွာ နေလေ့ရှိသော ခြိုးခြံစွာကျင့်သူ အချို့သည်ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှနောက်၌ ချမ်းသာကင်းသော မကောင်းသောလားရာ ပျက်စီး လျက်ကျရောက်ရာ ငရဲ၌ ဖြစ်လေသည်ကို အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိထက် သာလွန် သောနတ်မျက်စိနှင့် တူသော (ဒိဗ္ဗစက္ခု) ဉာဏ်ဖြင့် မြင်၏၊ ကဿပ ငါသည် ဤ (လောက) ၌ ဆင်းရဲ နည်းစွာနေလေ့ရှိသော ခြိုးခြံစွာ ကျင့်သူ အချို့သည် ခန္ဓာကိုယ် ပျက်စီး၍ သေပြီးသည်မှ နောက်၌ကောင်းသောလားရာ နတ်ပြည်၌ ဖြစ်လေသည်ကို အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိထက့်သာလွန်သော နတ်မျက်စိနှင့် တူသော (ဒိဗ္ဗစက္ခု) ဉာဏ်ဖြင့် မြင်၏။

ကဿပ ထို (သို့မြင်သော) ငါသည် ဤခြိုးခြံစွာ ကျင့်သူတို့၏ ဤသို့ လားခဲ့ရာ (အရပ်) ကိုလည်းကောင်း၊ သွားရောက်ရာ (အရပ်) ကိုလည်းကောင်း၊ သေခြင်းကိုလည်းကောင်း၊ ဖြစ်ခြင်းကိုလည်းကောင်းဟုတ်မှန်သော အတိုင်း သိ၏၊ ထို (သို့သိသော) ငါသည် ခြိုးခြံသော အကျင့်အားလုံးကိုအဘယ် ကြောင့် ကဲ့ရဲ့အံ့နည်း၊ ခေါင်းပါးစွာ အသက်မွေးသော ခြိုးခြံစွာကျင့်သူ အားလုံးကိုအဘယ့်ကြောင့် တစ်ဖက်သတ် ပြက်ရယ်ပြုသနည်း၊ ရှုတ်ချအံ့နည်း။

၃၈၄။ ကဿပ ပညာရှိကုန်သော သိမ်မွေ့သော ဉာဏ်ရှိကုန်သော သူတစ်ပါးတို့အယူကို လေ့လာပြီးဖြစ်ကုန်သော သားမြီးကို ပစ်ခွဲနိုင်သည့် လေးသမားနှင့်တူကုန်သော သမဏဗြာဟ္မဏတို့သည် ရှိကုန်၏၊ ထိုသူတို့သည် မှားသော အယူတို့ကို ပညာဖြင့် ဖျက်ဆီးနေဘိသကဲ့သို့ ကျက်စားနေကုန်၏၊ ထို (သမဏဗြာဟ္မဏ) တို့နှင့် ငါ၏ (အယူဝါဒသည်) အချို့နေရာတို့၌ တူညီ၏၊ အချို့နေရာတို့၌ မတူညီ။

ထို (သမဏဗြာဟ္မဏ) တို့က “ကောင်း၏”ဟု ဆိုသော အချို့အရာကို ငါတို့ကလည်း “ကောင်း၏”ဟုပင် ဆိုကုန်၏၊ ထို (သမဏဗြာဟ္မဏ) တို့က “မကောင်း”ဟု ဆိုသော အချို့အရာကို ငါတို့ကလည်း “မကောင်း”ဟုပင် ဆိုကုန်၏၊ ထို (သမဏဗြာဟ္မဏ) တို့က “ကောင်း၏”ဟု ဆိုသော အချို့အရာကိုငါတို့က “မကောင်း”ဟု ဆိုကုန်၏၊ ထို (သမဏဗြာဟ္မဏ) တို့က “မကောင်း”ဟု ဆိုသောအချို့အရာကို ငါတို့က “ကောင်း၏”ဟု ဆိုကုန်၏။

ငါတို့က “ကောင်း၏”ဟု ဆိုသော အချို့အရာကို သူတစ်ပါးတို့ကလည်း “ကောင်း၏”ဟုပင်ဆိုကုန်၏၊ ငါတို့က “မကောင်း”ဟု ဆိုသော အချို့အရာကို သူတစ်ပါးတို့ကလည်း “မကောင်း”ဟုပင်ဆိုကုန်၏၊ ငါတို့က “မကောင်း”ဟု ဆိုသော အချို့အရာကို သူတစ်ပါးတို့က “ကောင်း၏”ဟုဆိုကုန်၏။ ငါတို့က “ကောင်း၏”ဟု ဆိုသော အချို့အရာကို သူတစ်ပါးတို့က “မကောင်း”ဟုဆိုကုန်၏။

၁။ ဓမ္မော နာမ ကထိတကထာ၊ ဓမ္မ=တရားမည်သည် ဟောသော စကားပင်တည်း။ အနုဓမ္မော နာမ ကထိတဿ ပဋိကထနံ၊ အနုဓမ္မ= မည်သည် ဟောထားသော တရားကို တစ်ဆင့် ဟောခြင်းပင်တည်း။ (အင်္ဂုတ္တရအဋ္ဌကထာ တိကနိပါတ် ဗြာဟ္မဏဝဂ် သတ္တမသုတ်အဖွင့်)။ ဤ မဟာသီဟနာဒသုတ်အဖွင့် အဋ္ဌကထာ၌ကား ဓမ္မကို အကြောင်းဟူ၍လည်းကောင်း၊ အနုဓမ္မကို လျော်သောအကြောင်းဟူ၍လည်းကောင်း ဖွင့်ပြထားသည်။

မေးမြန်း စိစစ်စေခြင်းကို ပြဆိုရာ

၃၈၅။ ငါသည် ထို (သမဏဗြာဟ္မဏ) တို့ထံ ချဉ်းကပ်၍ ဤသို့ ဆိုလေ့ရှိ၏ —

ငါ့သျှင်တို့ ငါတို့၏ (အယူဝါဒချင်း) မတူညီသော နေရာတို့ကို ထားလိုက်ပါကုန်၊ တူညီသော နေရာတို့၌ ပညာရှိတို့သည် ဆရာအချင်းချင်း ယှဉ်ပြိုင်၍ဖြစ်စေ တပည့်သံဃာအချင်းချင်း ယှဉ်ပြိုင်၍ ဖြစ်စေ (နှစ်ဦးနှစ်ဖက်သော) ငါတို့ကို (ဤသို့) မေးမြန်းကြပါစေ၊ စိစစ်ကြပါစေ၊ စုံစမ်းကြပါစေ။ဤ (နှစ်ဦးနှစ်ဖက်သော) အသျှင်တို့၏ (အယူ၌) “အကုသိုလ်ဖြစ်ကုန်သော အကုသိုလ်ဟု ဆိုအပ်ကုန်သော အပြစ်ရှိကုန်သော အပြစ်ရှိသည်ဟု ဆိုအပ်ကုန်သော မမှီဝဲအပ်ကုန်သော မမှီဝဲအပ်ဟု ဆိုအပ်ကုန်သော မစင်ကြယ်နိုင်ကုန်သော မစင်ကြယ်နိုင်ဟု ဆိုအပ်ကုန်သော မည်းညစ်ကုန်သော မည်းညစ်၏ဟု ဆိုအပ်ကုန်သော အကြင်တရားတို့ (ရှိကုန်၏)၊ ဤတရားတို့ကို အဘယ်သူသည်အကြွင်းမဲ့ပယ်၍ ကျင့်သနည်း။ ရဟန်းဂေါတမလော့၊ တစ်ပါးသော ဂိုဏ်းဆရာ အသျှင်တို့လော”ဟု့မေးမြန်းကြပါစေ၊ စိစစ်ကြပါစေ၊ စုံစမ်းကြပါစေ။

၃၈၆။ ကဿပ မေးမြန်း စိစစ် စုံစမ်းကုန်သော ပညာရှိတို့သည် ဤ (နှစ်ဦးနှစ်ဖက်သော) အသျှင်တို့၏ (အယူ၌) “အကုသိုလ်ဖြစ်ကုန်သော အကုသိုလ်ဟု ဆိုအပ်ကုန်သော အပြစ်ရှိကုန်သော အပြစ်ရှိသည်ဟု ဆိုအပ်ကုန်သော မမှီဝဲအပ်ကုန်သော မမှီဝဲအပ်ဟု ဆိုအပ်ကုန်သော မစင်ကြယ်နိုင်ကုန်သော မစင်ကြယ်နိုင်ဟု ဆိုအပ်ကုန်သော မည်းညစ်ကုန်သော မည်းညစ်၏ဟု ဆိုအပ်ကုန်သော အကြင်တရားတို့ (ရှိကုန်၏)၊ ဤတရားတို့ကို ရဟန်းဂေါတမသည် အကြွင်းမဲ့ ပယ်၍ ကျင့်၏၊ တစ်ပါးသော ဂိုဏ်းဆရာ အသျှင်တို့သည်ကား အနည်းငယ်သာ (ပယ်၍ ကျင့်ကုန်၏)”ဟု ဆိုရာသော အကြောင်းသည် ရှိ၏၊ ကဿပ ဤသို့လျှင် ပညာရှိတို့သည် မေးမြန်း စိစစ် စုံစမ်းကုန်လတ်သော် ထိုအရာ၌ ငါတို့ကိုသာများသောအားဖြင့် ချီးမွမ်းကုန်ရာ၏။

၃၈၇။ ကဿပ ထို့ပြင်လည်း ပညာရှိတို့သည် ဆရာအချင်းချင်း ယှဉ်ပြိုင်၍ဖြစ်စေ တပည့်သံဃာအချင်းချင်း ယှဉ်ပြိုင်၍ဖြစ်စေ (နှစ်ဦးနှစ်ဖက်သော) ငါတို့ကို (ဤသို့) မေးမြန်းကြပါစေ၊ စိစစ်ကြပါစေ၊ စုံစမ်းကြပါစေ။ဤ (နှစ်ဦးနှစ်ဖက်သော) အသျှင်တို့၏ (အယူ၌) “ကုသိုလ်ဖြစ်ကုန်သော ကုသိုလ်ဟု ဆိုအပ်ကုန် သောအပြစ်မရှိကုန်သော အပြစ်မရှိဟု ဆိုအပ်ကုန်သော မှီဝဲအပ်ကုန်သော မှီဝဲအပ်သည်ဟု ဆိုအပ်ကုန်သော စင်ကြယ်နိုင်ကုန်သော စင်ကြယ်နိုင်သည်ဟု ဆိုအပ်ကုန်သော ဖြူစင်ကုန်သော ဖြူစင်၏ဟု ဆိုအပ်ကုန်သော အကြင်တရားတို့ (ရှိကုန်၏)၊ ဤတရားတို့ကို အဘယ်သူသည် အကြွင်းမဲ့ဆောက်တည်၍ ကျင့်သနည်း။ရဟန်းဂေါတမလော့၊ တစ်ပါးသော ဂိုဏ်းဆရာ အသျှင်တို့လော”ဟု မေးမြန်းကြပါစေ၊ စိစစ်ကြပါစေ၊ စုံစမ်းကြပါစေ။

၃၈၈။ ကဿပ မေးမြန်း စိစစ် စုံစမ်းကုန်သော ပညာရှိတို့သည် ဤ (နှစ်ဦးနှစ်ဖက်သော) အသျှင်တို့၏ (အယူ၌) “ကုသိုလ်ဖြစ်ကုန်သော ကုသိုလ်ဟု ဆိုအပ်ကုန်သော အပြစ်မရှိကုန်သော အပြစ်မရှိဟုဆိုအပ်ကုန်သော မှီဝဲအပ်ကုန်သော မှီဝဲအပ်သည်ဟု ဆိုအပ်ကုန်သော စင်ကြယ်နိုင်ကုန်သော စင်ကြယ်နိုင်သည်ဟု ဆိုအပ်ကုန်သော ဖြူစင်ကုန်သော ဖြူစင်၏ဟု ဆိုအပ်ကုန်သော အကြင်တရားတို့ (ရှိကုန်၏)၊ ဤတရားတို့ကို ရဟန်းဂေါတမသည် အကြွင်းမဲ့ ဆောက်တည်၍ ကျင့်၏၊ တစ်ပါးသော ဂိုဏ်းဆရာအသျှင်တို့သည်ကား အနည်းငယ်သာ (ဆောက်တည်၍ ကျင့်ကုန်၏)”ဟု ဆိုရာသော အကြောင်းသည်ရှိ၏၊ ကဿပ ဤသို့လျှင် ပညာရှိတို့သည် မေးမြန်း စိစစ် စုံစမ်းကုန်လတ်သော် ထိုအရာ၌ ငါတို့ကိုသာများသောအားဖြင့် ချီးမွမ်းကုန်ရာ၏။

၃၈၉။ ကဿပ ထို့ပြင်လည်း ပညာရှိတို့သည် ဆရာ အချင်းချင်း ယှဉ်ပြိုင်၍ဖြစ်စေ တပည့်သံဃာအချင်းချင်း ယှဉ်ပြိုင်၍ဖြစ်စေ (နှစ်ဦးနှစ်ဖက်သော) ငါတို့ကို (ဤသို့) မေးမြန်းကြပါစေ၊ စိစစ်ကြပါစေ၊ စုံစမ်းကြပါစေ။ဤ (နှစ်ဦးနှစ်ဖက်သော) အသျှင်တို့၏ (အယူ၌) “အကုသိုလ်ဖြစ်ကုန်သော အကုသိုလ်ဟု ဆိုအပ်ကုန်သော မမှီဝဲအပ်ကုန်သော မမှီဝဲအပ်ဟု ဆိုအပ်ကုန်သော မစင်ကြယ်နိုင်ကုန်သော မစင်ကြယ် နိုင်ဟုဆိုအပ်ကုန်သော မည်းညစ်ကုန်သော မည်းညစ်၏ဟု ဆိုအပ်ကုန်သော အကြင်တရားတို့ (ရှိကုန်၏)၊ ဤတရားတို့ကို အဘယ်သူသည် အကြွင်းမဲ့ ပယ်၍ ကျင့်သနည်း၊ အသျှင်ဂေါတမ၏ တပည့်သံဃာလော့၊ တစ်ပါးသော အသျှင်ဂိုဏ်းဆရာတို့၏ တပည့်သံဃာတို့လော”ဟု မေးမြန်း ကြပါစေ၊ စိစစ်ကြပါစေ၊ စုံစမ်းကြပါစေ။

၃၉ဝ။ ကဿပ မေးမြန်း စိစစ် စုံစမ်းကုန်သော ပညာရှိတို့သည် ဤ (နှစ်ဦးနှစ်ဖက်သော) အသျှင်တို့၏ (အယူ၌) “အကုသိုလ်ဖြစ်ကုန်သော အကုသိုလ်ဟု ဆိုအပ်ကုန်သော အပြစ်ရှိကုန်သော အပြစ်ရှိသည်ဟု ဆိုအပ်ကုန်သော မမှီဝဲအပ်ကုန်သော မမှီဝဲအပ်ဟု ဆိုအပ်ကုန်သော ့မစင်ကြယ်နိုင်ကုန်သော မစင်ကြယ် နိုင်ဟု ဆိုအပ်ကုန်သော မည်းညစ်ကုန်သော မည်းညစ်၏ဟုဆိုအပ်ကုန်သော အကြင်တရားတို့ (ရှိကုန်၏)၊ ဤ တရားတို့ကို အသျှင်ဂေါတမ၏ တပည့်သံဃာသည်သာအကြွင်းမဲ့ပယ်၍ ကျင့်၏၊ တစ်ပါး သော အသျှင်ဂိုဏ်းဆရာတို့၏ တပည့်သံဃာတို့သည်ကားအနည်းငယ်သာ (ပယ်၍ ကျင့်ကုန်၏)”ဟု ဆိုရာသော အကြောင်းသည် ရှိ၏။

ကဿပ ဤသို့လျှင် ပညာရှိတို့သည် (အယူကို) မေးမြန်း စိစစ် စုံစမ်းကုန်လတ်သော် ထိုအရာ၌ငါတို့ကိုသာ များသောအားဖြင့် ချီးမွမ်းကုန်ရာ၏။

၃၉၁။ ကဿပ ထို့ပြင်လည်း ပညာရှိတို့သည် ဆရာ အချင်းချင်း ယှဉ်ပြိုင်၍ဖြစ်စေ တပည့်သံဃာအချင်းချင်း ယှဉ်ပြိုင်၍ဖြစ်စေ (နှစ်ဦးနှစ်ဖက်သော ငါတို့ကို) မေးမြန်းကြပါစေ၊ စိစစ်ကြပါစေ၊ စုံစမ်းကြပါ စေ။ဤ (နှစ်ဦးနှစ်ဖက်သော) အသျှင်တို့၏ (အယူ၌) “ကုသိုလ်ဖြစ်ကုန်သော ကုသိုလ်ဟု ဆိုအပ် ကုန်သော အပြစ်မရှိကုန်သော အပြစ်မရှိဟု ဆိုအပ်ကုန်သော မှီဝဲအပ်ကုန်သော မှီဝဲအပ်သည်ဟု ဆိုအပ်ကုန်သော စင်ကြယ်နိုင်ကုန်သော စင်ကြယ်နိုင်သည်ဟု ဆိုအပ်ကုန်သော ဖြူစင်ကုန်သော ဖြူစင်၏ဟုဆိုအပ်ကုန်သော အကြင်တရားတို့ (ရှိကုန်၏)၊ ဤတရားတို့ကို အဘယ်သူသည်အကြွင်းမဲ့ဆောက်တည်၍ ကျင့်သနည်း။ အသျှင်ဂေါတမ၏ တပည့်သံဃာလော့၊ တစ်ပါးသောအသျှင်ဂိုဏ်းဆရာတို့၏ တပည့်သံဃာတို့လော”ဟု မေးမြန်းကြပါစေ၊ စိစစ်ကြပါစေ၊ စုံစမ်းကြ ပါစေ။

၃၉၂။ ကဿပ မေးမြန်း စိစစ် စုံစမ်းကုန်သော ပညာရှိတို့သည် ဤ (နှစ်ဦးနှစ်ဖက်သော) အသျှင်တို့၏ (အယူ၌) “ကုသိုလ်ဖြစ်ကုန်သော ကုသိုလ်ဟု ဆိုအပ်ကုန်သော အပြစ်မရှိကုန်သော အပြစ်မရှိ်ဟုဆိုအပ်ကုန်သော မှီဝဲအပ်ကုန်သော မှီဝဲအပ်သည်ဟု ဆိုအပ်ကုန်သော စင်ကြယ်နိုင်ကုန်သော စင်ကြယ်နိုင်သည်ဟု ဆိုအပ်ကုန်သော ဖြူစင်ကုန်သော ဖြူစင်၏ဟု ဆိုအပ်ကုန်သော အကြင်တရားတို့ (ရှိကုန်၏)၊ ဤတရားတို့ကို အသျှင်ဂေါတမ၏ တပည့်သံဃာသည်သာ အကြွင်းမဲ့ဆောက်တည်၍ ကျင့်၏၊ တစ်ပါးသော အသျှင်ဂိုဏ်းဆရာတို့၏ တပည့်သံဃာတို့သည်ကား အနည်းငယ်သာ (ဆောက်တည်၍ ကျင့်ကုန်၏)”ဟု ဆိုရာသော အကြောင်းသည် ရှိ၏။

ကဿပ ဤသို့လျှင် ပညာရှိတို့သည် (အယူကို) မေးမြန်း စိစစ် စုံစမ်းကုန်လတ်သော် ထိုအရာ၌ငါတို့ကိုသာ များသောအားဖြင့် ချီးမွမ်းကုန်ရာ၏။

အင်္ဂါရှစ်ပါးရှိသော အရိယမဂ်

၃၉၃။ ကဿပ လမ်းသည် ရှိ၏၊ အကျင့်သည် ရှိ၏၊ ယင်း (လမ်း အကျင့်) ကို ကျင့်သည်ရှိသော် “ရဟန်းဂေါတမသည်သာလျှင် (သင့်သော) အခါ၌သာ ဆိုလေ့ရှိ၏၊ဟုတ်သည်ကိုသာ ဆိုလေ့ရှိ၏၊ အကျိုးနှင့်စပ်သည်ကိုသာ ဆိုလေ့ရှိ၏၊ တရားနှင့်စပ်သည်ကိုသာ ဆိုလေ့ရှိ၏၊ အဆုံးအမနှင့်စပ်သည်ကိုသာဆိုလေ့ရှိ၏”ဟု ကိုယ်တိုင်ပင် သိလတ္တံ့၊ ကိုယ်တိုင်ပင် မြင်လတ္တံ့။

ကဿပ အကြင် (လမ်း အကျင့်) ကို ကျင့်သည်ရှိသော် “ရဟန်းဂေါတမသည်သာလျှင် (သင့်သော) အခါ၌သာ ဆိုလေ့ရှိ၏၊ဟုတ်သည်ကိုသာ ဆိုလေ့ရှိ၏၊ အကျိုးနှင့်စပ်သည်ကိုသာ ဆိုလေ့ရှိ၏၊ တရားနှင့်စပ်သည်ကိုသာ ဆိုလေ့ရှိ၏၊ အဆုံးအမနှင့်စပ်သည်ကိုသာ ဆိုလေ့ရှိ၏”ဟု ကိုယ်တိုင်ပင် သိလတ္တံ့၊ ကိုယ်တိုင်ပင် မြင်လတ္တံ့၊ (ထို) လမ်းကား အဘယ်နည်း၊ (ထို) အကျင့်ကား အဘယ်နည်း။

ဖြူစင်သော အင်္ဂါရှစ်ပါးရှိသော ဤမဂ်ပင်တည်း၊ ဤမဂ်ကား အဘယ်နည်း —

မှန်စွာသိမြင်ခြင်း ‘သမ္မာဒိဋ္ဌိ’၊ မှန်စွာကြံခြင်း ‘သမ္မာသင်္ကပ္ပ’၊ မှန်စွာပြောဆိုခြင်း ‘သမ္မာဝါစာ’၊ မှန်စွာပြုလုပ်ခြင်း ‘သမ္မာကမ္မန္တ’၊ မှန်စွာအသက်မွေးခြင်း ‘သမ္မာအာဇီဝ’၊ မှန်စွာအားထုတ်ခြင်း ‘သမ္မာဝါယာမ’၊ မှန်စွာအောက်မေ့ခြင်း ‘သမ္မာသတိ’၊ မှန်စွာတည်ကြည်ခြင်း ‘သမ္မာသမာဓိ’။ ဤသည်တို့ပင်တည်း။ ကဿပ အကြင် (လမ်း အကျင့်) ကို ကျင့်သည်ရှိသော် “ရဟန်းဂေါတမသည်သာလျှင် (သင့်သော) အခါ၌သာ ဆိုလေ့ရှိ၏၊ဟုတ်သည်ကိုသာ ဆိုလေ့ရှိ၏၊ အကျိုးနှင့်စပ်သည်ကိုသာ ဆိုလေ့ရှိ၏၊ တရားနှင့်စပ်သည်ကိုသာ ဆိုလေ့ရှိ၏၊ အဆုံးအမနှင့် စပ်သည်ကိုသာ ဆိုလေ့ရှိ၏”ဟု ကိုယ်တိုင်ပင် သိလတ္တံ့၊ ကိုယ်တိုင်ပင် မြင်လတ္တံ့၊ ထိုလမ်းကား ဤသည်ပင်တည်း၊ ထိုအကျင့်ကား ဤသည်ပင်တည်း။

ခြိုးခြံသောအကျင့် အားထုတ်မှုကို ပြဆိုရာ

၃၉၄။ ဤသို့ မိန့်တော်မူသော် အဝတ်မဝတ်ဘဲ ကျင့်သော ကဿပ (တက္ကတွန်း) သည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏ —

“အသျှင်ဂေါတမ ထိုသမဏဗြာဟ္မဏတို့က သမဏအလုပ်ဟူ၍လည်းကောင်း၊ ဗြာဟ္မဏအလုပ်ဟူ၍လည်းကောင်း ဆိုအပ်သော ဤခြိုးခြံသော အကျင့်ကို အားထုတ်မှုတို့သည်လည်း ရှိပါကုန်သေး၏၊ (¤င်းတို့ကား) အဝတ်မဝတ်ဘဲ နေ၏၊ လွတ်လပ်စွာ ကျင့်၏၁၊ လက်ဖြင့် (မစင်ကို) သုတ်လေ့ရှိ၏၊ အသျှင်လာပါလော့ ဆိုသူ၏ ဆွမ်းကို မခံ၊ အသျှင်ရပ်ပါဦးလော့ ဆိုသူ၏ ဆွမ်းကို မခံ၊ မိမိမကပ်ရောက်မီ ယူဆောင်လာသော ဆွမ်းကို မခံ၊ ရည်စူး၍ ပြုသော ဆွမ်းကို မခံ၊ ပင့်ဖိတ်ဆွမ်းကိုမခံ၊ အိုးဝမှ (ကော်၍ လောင်းသော) ဆွမ်းကို မခံ၊ တောင်းဝမှ (ကော်၍ လောင်းသော) ဆွမ်းကို မခံ၊ တံခါးခုံ ခြား၍ (လောင်းသော) ဆွမ်းကို မခံ၊ တုတ်ခြား၍ (လောင်းသော) ဆွမ်းကို မခံ၊ ကျည်ပွေ့ခြား၍ (လောင်းသော) ဆွမ်းကို မခံ၊ နှစ်ယောက်စားနေစဉ်မှ (လောင်းသော) ဆွမ်းကို မခံ၊ ကိုယ်ဝန်ဆောင် မိန်းမ၏ ဆွမ်းကို မခံ၊ နို့တိုက်ဆဲ မိန်းမ၏ ဆွမ်းကို မခံ၊ ယောကျာ်းနှင့်နှီးနှောနေသော မိန်းမ၏ ဆွမ်းကို မခံ၊ ဆော်သြ စုဆောင်း၍ လောင်းသော ဆွမ်းတို့ကို မခံ၊ ခွေးမျှော်နေရာမှ ဆွမ်းကို မခံ၊ ယင် အုံရာမှ ဆွမ်းကို မခံ၊ ငါးမစား၊ အမဲမစား၊ သေမသောက်၊ အရက်မသောက်၊ ဖွဲ၌မြှုပ်သော ဆေးရည်ကို မသောက်၊ တစ်အိမ်၌သာ ဆွမ်းခံ၏၊ တစ်လုတ်သာ စား၏၊ နှစ်အိမ်၌သာ ဆွမ်းခံ၏၊ နှစ်လုတ်သာ စား၏၊ ခုနစ်အိမ်၌သာ ဆွမ်းခံ၏၊ ခုနစ်လုတ်သာ စား၏၊ ဆွမ်းလောင်းခွက်ငယ် တစ်ခုစာဖြင့်လည်း ရောင့်ရဲ၏၊ ဆွမ်းလောင်းခွက်ငယ် နှစ်ခုစာဖြင့်လည်းရောင့်ရဲ၏၊ တစ်ရက်ခြားလည်း အစာစား၏၊ နှစ်ရက်ခြားလည်း အစာစား၏၊ ခုနစ်ရက်ခြားလည်း အစာစား၏၊ ဤနည်းဖြင့် လခွဲတစ်ကြိမ်တိုင်အောင် လည်း ဤသို့သဘောရှိသောရက်ပိုင်းခြား၍ အစာစားခြင်း အကျင့်ကို ကျင့်လျက် နေ၏၊ ဤသည်တို့ ပင်တည်း။

၃၉၅။ ငါ့သျှင် ဂေါတမ ထိုသမဏဗြာဟ္မဏတို့က သမဏအလုပ်ဟူ၍လည်းကောင်း၊ ဗြာဟ္မဏအလုပ်ဟူ၍လည်းကောင်း ဆိုအပ်သော ဤခြိုးခြံသော အကျင့်ကို အားထုတ်မှုတို့သည်လည်း ရှိပါကုန်သေး၏၊ (¤င်းတို့ကား) ဟင်းရွက်စိမ်းကိုသော်လည်း စားနေ၏၊ ပြောင်းဆန်၂ ကိုသော်လည်း စားနေ၏၊ ကျိတ်သီးဆန်၃ကိုသော်လည်း စားနေ၏၊ သားရေဖတ် အစအနကိုသော်လည်း စားနေ၏၊ မှော်ကိုသော်လည်း စားနေ၏၊ ဖွဲနု၄ ကိုသော်လည်း စားနေ၏၊ ထမင်းရည်၅ ကိုသော်လည်း သောက်စားနေ၏၊ နှမ်းမှုန့် ညက်ကိုသော်လည်း စားနေ၏၊ မြက်ကိုသော်လည်း စားနေ၏၊ နွားချေးကိုသော်လည်းစားနေ၏၊ တောသစ်မြစ် သစ်သီးကို စားလျက် မျှတ၏၊ ကြွေကျသော သစ်သီးကို စားလျက် မျှတ၏၊ ဤသည်တို့ ပင်တည်း။

၃၉၆။ ငါ့သျှင် ဂေါတမ ထိုသမဏဗြာဟ္မဏတို့က သမဏအလုပ်ဟူ၍လည်းကောင်း၊ ဗြာဟ္မဏအလုပ်ဟူ၍လည်းကောင်း ဆိုအပ်သော ဤခြိုးခြံသော အကျင့်ကို အားထုတ်မှုတို့သည်လည်း ရှိပါကုန်သေး၏၊ (၄င်းတို့ကား) ပိုက်ဆံလျှော်အဝတ်တို့ကိုလည်း ဝတ်၏၊ ပိုက်ဆံလျှော်နှင့် ရောနှောရက်သောအဝတ်တို့ကိုလည်း ဝတ်၏၊ သူသေကောင်မှ အဝတ်တို့ကိုလည်း ဝတ်၏၊ ပံ့သကူအဝတ်တို့ကိုလည်းဝတ်၏၊ သစ်ခေါက်အဝတ်တို့ကိုလည်း ဝတ်၏၊ သစ်နက်ရေကိုလည်း ဝတ်၏၊ သစ်နက်ရေမျှင်အဝတ်ကိုလည်း ဝတ်၏၊ သမန်းမြက်အဝတ်ကိုလည်း ဝတ်၏၊ လျှော်တေအဝတ်ကိုလည်း ဝတ်၏၊ ပျဉ်ချပ်အဝတ်ကိုလည်း ဝတ်၏၊ ဆံခြည်ကမ္ဗလာကိုလည်း ဝတ်၏၊ သားမြီးကမ္ဗလာကိုလည်း ဝတ်၏၊ ခင်ပုပ်ငှက်တောင်အဝတ်ကိုလည်း ဝတ်၏၊ ဆံမုတ်ဆိတ်ကိုလည်း နှုတ်၏၊ ဆံမုတ်ဆိတ်နှုတ်ခြင်းအမှုကိုလည်း အားထုတ်၏၊ ထိုင်ရန်နေရာကို ပယ်၍ ရပ်လျက်လည်း နေ၏၊ ဆောင့်ကြောင့်လည်း ထိုင်နေ၏၊ ဆောင့်ကြောင့်ထိုင်နေခြင်း အမှုကို အားထုတ်၏၊ ဆူးအခင်းပေါ်၌လည်း နေ၏၊ ဆူးအခင်းပေါ်၌ အိပ်၏၊ ပျဉ်ပြားပေါ်၌အိပ်၏၊ ကြမ်းတမ်းသော မြေပြင်၌လည်း အိပ်၏၊ နံပါးတစ်ဖက်တည်းဖြင့်လည်း အိပ်၏၊ မြူအညစ်အကြေးကိုလည်း ဆောင်၏၊ လွင်ပြင်၌လည်း နေ၏၊ ရတိုင်းသော နေရာ၌လည်း နေ၏၊ မစင်ကိုလည်းစား၏၊ မစင်စားခြင်းအမှုကို အားထုတ်၏၊ ရေမသောက်မူ၍လည်း နေ၏၊ ရေမသောက်ခြင်းအမှုကို အားထုတ်၏၊ ညနေချမ်းလျှင် သုံးကြိမ်မြောက် ရေသို့သက်ဆင်းခြင်းအမှုကိုလည်း အားထုတ်၍ နေ၏၊ ဤသည်တို့ပင်တည်း။

၁။ အမျိုးကောင်းသားတို့၏ အလေ့အထဟူသမျှကို ပယ်၍ ရပ်လျက် ကျင်ကြီးကျင်ငယ် စွန့်ခြင်း စသည်ကို ပြုခြင်းပင်တည်း။

၂။ ဂျုံဆန် သို့မဟုတ် ဆန်စိမ်းဟု အချို့မူများ၌ ပြန်၏။

၃။ မြက်သီးဆန် သို့မဟုတ် ဆန်တစ်မျိုးဟု အချို့မူများ၌ ပြန်၏။

၄။ ကဏောပိ တဏ္ဍုလံ ပရိယောနန္ဓိ ဖွဲ့နုသည်လည်း ဆန်ကို မြှေးရှက်၏။ (ပါထိကဝဂ် အဂ္ဂညသုတ်) နှင့်အညီ ကဏကို ဖွဲနုဟု ပြန်သည်။

၅။ ထမင်းချိုးလည်းဟူ၏။

ခြိုးခြံသောအကျင့်ကို အားထုတ်မှု၌ အကျိုးမရှိပုံကို ပြဆိုရာ

၃၉၇။ ကဿပ အဝတ်မဝတ်ဘဲ နေစေကာမူ လွတ်လပ်စွာ ကျင့်စေကာမူ လက်ဖြင့် မစင်ကိုသုတ်လေ့ရှိစေကာမူ။ပ။ ဤနည်းဖြင့် လခွဲတစ်ကြိမ်တိုင်အောင်လည်း ဤသို့သဘောရှိသော ရက်ပိုင်းခြား၍အစာစားခြင်း အကျင့်ကို ကျင့်လျက်နေစေကာမူ ထို (သမဏဗြာဟ္မဏ) သည် ဤသီလ၏ ပြည့်စုံခြင်း၊ စိတ် (သမာဓိ)၏ ပြည့်စုံခြင်း၊ ပညာ၏ ပြည့်စုံခြင်းကို မပွါးများရသေး မျက်မှောက်မပြုရသေးသည်ရှိသော်စင်စစ်အားဖြင့် သမဏအလုပ်မှ ဝေးသည်သာတည်း၊ ဗြာဟ္မဏအလုပ်မှ ဝေးသည်သာတည်း၊ ကဿပအကြင်ရဟန်းသည် ရန်မရှိသော ငြိုငြင်ခြင်း မရှိသော မေတ္တာစိတ်ကို ပွါးများ၏၊ အာသဝတို့၏ ကုန်ခြင်းကြောင့် အာသဝမရှိသော လွတ်မြောက်သော (အရဟတ္တဖိုလ်) စိတ်နှင့် လွတ်မြောက်သော (အရဟတ္တဖိုလ်) ပညာကို ယခုဘဝ၌ပင် ထူးသော ဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက်ပြုလျက် ရောက်၍နေ၏၊ ကဿပ ဤရဟန်းကို သမဏဟူ၍လည်းကောင်း ဗြာဟ္မဏဟူ၍လည်းကောင်း ဆိုအပ်ပေ၏။

ကဿပ ဟင်းရွက်စိမ်းကို စားနေစေကာမူ ပြောင်းဆန်ကို စားနေစေကာမူ။ပ။ တောသစ်မြစ် သစ်သီးကိုစားလျက် မျှတစေကာမူ ကြွေကျသော သစ်သီးကို စားလျက် မျှတစေကာမူ ထို (သမဏ ဗြာဟ္မဏ) သည်ဤ သီလ၏ ပြည့်စုံခြင်း၊ စိတ် (သမာဓိ)၏ ပြည့်စုံခြင်း၊ ပညာ၏ ပြည့်စုံခြင်းကို မပွါး များရသေးမျက်မှောက်မပြုရသေးသည်ရှိသော် စင်စစ်အားဖြင့် သမဏအလုပ်မှ ဝေးသည်သာတည်း၊ ဗြာဟ္မဏအလုပ်မှဝေးသည်သာတည်း၊ ကဿပ အကြင်ရဟန်းသည် ရန်မရှိသော ငြိုငြင်ခြင်း မရှိသော မေတ္တာစိတ်ကိုပွါးများ၏၊ အာသဝတို့၏ ကုန်ခြင်းကြောင့် အာသဝမရှိသော လွတ်မြောက်သော (အရဟတ္တဖိုလ်) စိတ်နှင့်လွတ်မြောက်သော (အရဟတ္တဖိုလ်) ပညာကို ယခုဘဝ၌ပင် ထူးသောဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက်ပြုလျက် ရောက်၍ နေ၏၊ ကဿပ ဤရဟန်းကို သမဏဟူ၍လည်းကောင်း ဗြာဟ္မဏဟူ၍လည်းကောင်း ဆိုအပ်ပေ၏။

ကဿပ ပိုက်ဆံလျှော်အဝတ်ကို ဝတ်စေကာမူ ပိုက်ဆံလျှော်နှင့် ရောနှောသော အဝတ်ကို ဝတ်စေကာမူ။ပ။ ညနေချမ်းလျှင် သုံးကြိမ်မြောက် ရေသို့ သက်ဆင်းခြင်းအမှုကို အားထုတ်၍ နေစေကာမူ ထို (သမဏဗြာဟ္မဏ) သည် ဤသီလ၏ ပြည့်စုံခြင်း၊ စိတ် (သမာဓိ)၏ ပြည့်စုံခြင်း၊ ပညာ၏ ပြည့်စုံခြင်းကိုမပွါးများရသေးမျက်မှောက်မပြုရသေးသည်ရှိသော် စင်စစ်အားဖြင့် သမဏအလုပ်မှ ဝေးသည်သာတည်း၊ ဗြာဟ္မဏအလုပ်မှ ဝေးသည်သာတည်း၊ ကဿပ အကြင်ရဟန်းသည် ရန်မရှိသော ငြိုငြင်ခြင်း မရှိသောမေတ္တာစိတ်ကို ပွါးများ၏၊ အာသဝတို့၏ ကုန်ခြင်းကြောင့် အာသဝမရှိသော လွတ်မြောက်သော (အရဟတ္တဖိုလ်) စိတ်နှင့် လွတ်မြောက်သော (အရဟတ္တဖိုလ်) ပညာကို ယခုဘဝ၌ပင် ထူးသော ဉာဏ်ဖြင့်ကိုယ်တိုင် မျက်မှောက်ပြုလျက် ရောက်၍ နေ၏၊ ကဿပ ဤရဟန်းကို သမဏဟူ၍လည်းကောင်း၊ ဗြာဟ္မဏဟူ၍လည်းကောင်း ဆိုအပ်ပေ၏။

၃၉၈။ ဤသို့ မိန့်တော်မူသော် အဝတ်မဝတ်ဘဲ ကျင့်သော ကဿပ (တက္ကတွန်း) သည် မြတ်စွာဘုရားအား “အသျှင်ဂေါတမ သမဏအလုပ်သည် ခဲယဉ်းလှချေ၏၊ ဗြာဟ္မဏအလုပ်သည် ခဲယဉ်းလှချေ၏”ဟု လျှောက်၏။

ကဿပ “သမဏအလုပ်သည် ခဲယဉ်းလှချေ၏၊ ဗြာဟ္မဏအလုပ်သည် ခဲယဉ်းလှချေ၏” ဟူသောစကားသည် လောက၌ ဆိုရိုးတံထွာပင်တည်း။

ကဿပ အဝတ်မဝတ်ဘဲ နေသည်မူလည်းဖြစ်စေ လွတ်လပ်စွာကျင့်သည်မူလည်းဖြစ်စေ လက်ဖြင့်မစင်ကို သုတ်လေ့ရှိသည်မူလည်း ဖြစ်စေ။ပ။ ဤနည်းဖြင့် လခွဲတစ်ကြိမ်တိုင်အောင်လည်း ဤသို့သဘော ရှိသော ရက်ပိုင်းခြား၍ အစာစားခြင်းအကျင့်ကို ကျင့်လျက်နေသည်မူလည်းဖြစ်စေ၊ ကဿပဤခြိုးခြံ သော အကျင့်ကို အားထုတ်ကာမျှဖြင့်သမဏအလုပ်သည်လည်းကောင်း၊ ဗြာဟ္မဏအလုပ်သည်လည်းကောင်း ခဲယဉ်းသည် အလွန်ခဲယဉ်းသည် ဖြစ်ခဲ့လျှင် “သမဏအလုပ်သည်ခဲယဉ်းလှချေ၏၊ ဗြာဟ္မဏအလုပ်သည် ခဲယဉ်းလှချေ၏” ဟူသော စကားကို ဆိုရန် မသင့်ရာသေး။

ဤ (သမဏဗြာဟ္မဏအလုပ်) ကို သူကြွယ်သော်လည်းကောင်း၊ သူကြွယ့်သားသော်လည်းကောင်း၊ အယုတ်ဆုံးအားဖြင့် အိုးရွက်ကျွန်မပင်သော်လည်းကောင်း “ငါ ယခု အဝတ်မဝတ်ဘဲ နေအံ၊ လွတ်လွပ်စွာကျင့်အံ၊ လက်ဖြင့် မစင်ကို သုတ်အံ။ပ။ ဤနည်းဖြင့် လခွဲတစ်ကြိမ်တိုင်အောင်လည်း ဤသို့ သဘောရှိသော ရက်ပိုင်းခြား၍ အစာစားခြင်းအကျင့်ကို ကျင့်လျက် နေအံ့”ဟု ဆောက်တည်၍ ပြုခြင်းငှါလည်းစွမ်းနိုင်ရာသေး၏။

ကဿပ အကြင့်ကြောင့် ခဲယဉ်းသော အလွန်ခဲယဉ်းသော သမဏအလုပ်သည်လည်းကောင်း၊ ဗြာဟ္မဏအလုပ်သည်လည်းကောင်း ဤခြိုးခြံသော အကျင့်ကို အားထုတ်ခြင်းမှ တစ်ပါးသာလျှင် ဖြစ်၏၊ ထို့ကြောင့် “သမဏအလုပ်သည် ခဲယဉ်းလှချေ၏၊ ဗြာဟ္မဏအလုပ်သည် ခဲယဉ်းလှချေ၏” ဟူသောဤစကားကို ဆိုရန် သင့်ပေ၏။

ကဿပ အကြင်ရဟန်းသည် ရန်မရှိသော ငြိုငြင်ခြင်းမရှိသော မေတ္တာစိတ်ကို ပွါးများ၏၊ အာသဝတို့၏ ကုန်ခြင်းကြောင့် အာသဝမရှိသော လွတ်မြောက်သော (အရဟတ္တဖိုလ်) စိတ်နှင့် လွတ်မြောက်သော (အရဟတ္တဖိုလ်) ပညာကို ယခုဘဝ၌ပင် ထူးသော ဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက်ပြုလျက် ရောက်၍နေ၏၊ ကဿပ ဤရဟန်းကို သမဏဟူ၍လည်းကောင်း၊ ဗြာဟ္မဏဟူ၍လည်းကောင်း ဆိုအပ်ပေ၏။

ကဿပ ဟင်းရွက်စိမ်းကို စားနေသည်မူလည်းဖြစ်စေ ပြောင်းဆန်ကို စားနေသည်မူလည်း ဖြစ်စေ။ပ။တောသစ်မြစ် သစ်သီးကို စားလျက် မျှတသည်မူလည်းဖြစ်စေ ကြွေကျသော သစ်သီးကို စားလျက်မျှတသည်မူလည်း ဖြစ်စေ၊ ကဿပ ဤခြိုးခြံသောအကျင့်ကို အားထုတ်ကာမျှဖြင့် သမဏအလုပ်သည်လည်းကောင်း၊ ဗြာဟ္မဏအလုပ်သည်လည်းကောင်း ခဲယဉ်းသည် အလွန်ခဲယဉ်းသည် ဖြစ်ခဲ့လျှင် “သမဏ့အလုပ်သည် ခဲယဉ်းလှချေ၏၊ ဗြာဟ္မဏအလုပ်သည် ခဲယဉ်းလှချေ၏” ဟူသော ဤစကားကို ဆိုရန်မသင့်ရာသေး။

ဤ (သမဏဗြာဟ္မဏအလုပ်) ကို သူကြွယ်သော်လည်းကောင်း၊ သူကြွယ့်သားသော်လည်းကောင်း၊ အယုတ်ဆုံးအားဖြင့် အိုးရွက်ကျွန်မပင်သော်လည်းကောင်း၊ “ငါ ယခု ဟင်းရွက်စိမ်းကိုသော်လည်းကောင်းစားနေအံ၊ ပြောင်းဆန်ကိုသော်လည်း စားနေအံ။ပ။ တောသစ်မြစ် သစ်သီးကို စားလျက် မျှတအံ၊ ကြွေကျသော သစ်သီးကို စားလျက် မျှတအံ့”ဟု ဆောက်တည်၍ ပြုခြင်းငှါလည်း စွမ်းနိုင်ရာသေး၏။

ကဿပ အကြင့်ကြောင့် ခဲယဉ်းသော အလွန်ခဲယဉ်းသော သမဏအလုပ်သည်လည်းကောင်း၊ ဗြာဟ္မဏအလုပ်သည်လည်းကောင်း ဤခြိုးခြံသောအကျင့်ကို အားထုတ်ခြင်းမှ တစ်ပါးသာလျှင် ဖြစ်၏၊ ထိုကြောင့် “သမဏအလုပ်သည် ခဲယဉ်းလှချေ၏၊ ဗြာဟ္မဏအလုပ်သည် ခဲယဉ်းလှချေ၏” ဟူသောဤစကားကို ဆိုရန်သင့်ပေ၏။

ကဿပ အကြင်ရဟန်းသည် ရန်မရှိသော ငြိုငြင်ခြင်းမရှိသော မေတ္တာစိတ်ကို ပွါးများ၏၊ အာသဝတို့၏ ကုန်ခြင်းကြောင့် အာသဝမရှိသော လွတ်မြောက်သော (အရဟတ္တဖိုလ်) စိတ်နှင့် လွတ်မြောက်သော (အရဟတ္တဖိုလ်) ပညာကို ယခုဘဝ၌ပင် ထူးသောဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက်ပြုလျက် ရောက်၍နေ၏၊ ကဿပ ဤရဟန်းကို သမဏဟူ၍လည်းကောင်း၊ ဗြာဟ္မဏဟူ၍လည်းကောင်း ဆိုအပ်ပေ၏။

ကဿပ ပိုက်ဆံလျှော်အဝတ်တို့ကို ဝတ်သည်မူလည်းဖြစ်စေ၊ ပိုက်ဆံလျှော်နှင့် ရောနှောရက်သောအဝတ်တို့ကို ဝတ်သည်မူလည်းဖြစ်စေ။ပ။ ညနေချမ်းလျှင် သုံးကြိမ်မြောက် ရေသို့ သက်ဆင်းခြင်းအမှုကိုအားထုတ်၍ နေသည်မူလည်းဖြစ်စေ၊ ကဿပ ဤခြိုးခြံသောအကျင့်ကို အားထုတ်ကာမျှဖြင့် သမဏအလုပ်သည်လည်းကောင်း၊ ဗြာဟ္မဏအလုပ်သည်လည်းကောင်း ခဲယဉ်းသည် အလွန်ခဲယဉ်းသည်ဖြစ်ခဲ့လျှင် “သမဏ အလုပ်သည် ခဲယဉ်းလှချေ၏၊ ဗြာဟ္မဏအလုပ်သည် ခဲယဉ်းလှချေ၏” ဟူသောဤစကားကို ဆိုရန် မသင့်ရာသေး။

ဤ (သမဏဗြာဟ္မဏအလုပ်) ကို သူကြွယ်သော်လည်းကောင်း၊ သူကြွယ့်သားသော်လည်းကောင်း၊ အယုတ်ဆုံးအားဖြင့် အိုးရွက်ကျွန်မပင်သော်လည်းကောင်း “ငါ ယခု ပိုက်ဆံလျှော် အဝတ်တို့ကိုလည်းဝတ်အံ၊ ပိုက်ဆံလျှော်နှင့် ရောနှောရက်သော အဝတ်တို့ကိုလည်း ဝတ်အံ။ပ။ ညနေချမ်းလျှင် သုံးကြိမ်မြောက် ရေသို့ သက်ဆင်းခြင်းအမှုကို အားထုတ်၍လည်း နေအံ့”ဟု ဆောက်တည်၍ ပြုခြင်းငှါလည်းစွမ်းနိုင်ရာသေး၏။

ကဿပ အကြင့်ကြောင့် ခဲယဉ်းသော အလွန်ခဲယဉ်းသော သမဏအလုပ်သည်လည်းကောင်း၊ ဗြာဟ္မဏအလုပ်သည်လည်းကောင်း ဤခြိုးခြံသော အကျင့်ကို အားထုတ်ခြင်းမှ တစ်ပါးသာလျှင် ဖြစ်၏၊ ထို့ကြောင့် “သမဏ အလုပ်သည် ခဲယဉ်းလှချေ၏၊ ဗြာဟ္မဏအလုပ်သည် ခဲယဉ်းလှချေ၏” ဟူသောဤစကားကို ဆိုရန် သင့်ပေ၏။

ကဿပ အကြင်ရဟန်းသည် ရန်မရှိသော ငြိုငြင်ခြင်းမရှိသော မေတ္တာစိတ်ကို ပွါးများ၏၊ အာသဝတို့၏ ကုန်ခြင်းကြောင့် အာသဝမရှိသော လွတ်မြောက်သော (အရဟတ္တဖိုလ်) စိတ်နှင့် လွတ်မြောက်သော (အရဟတ္တဖိုလ်) ပညာကို ယခုဘဝ၌ပင် ထူးသော ဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက်ပြုလျက် ရောက်၍နေ၏၊ ကဿပ ဤရဟန်းကို သမဏဟူ၍လည်းကောင်း ဗြာဟ္မဏဟူ၍လည်းကောင်း ဆိုအပ်ပေ၏။

၃၉၉။ ဤသို့ မိန့်တော်မူသော် အဝတ်မဝတ်ဘဲ ကျင့်သော ကဿပ (တက္ကတွန်း) သည် မြတ်စွာဘုရားအား “အသျှင်ဂေါတမ သမဏကို သိနိုင်ခဲ၏၊ ဗြာဟ္မဏကို သိနိုင်ခဲ၏”ဟု လျှောက်ပြန်၏။

ကဿပ “သမဏကို သိနိုင်ခဲ၏၊ ဗြာဟ္မဏကို သိနိုင်ခဲ၏” ဟူသော ဤစကားသည် လောက၌ ဆိုရိုးတံထွာပင်တည်း။

ကဿပ အဝတ်မဝတ်ဘဲ နေသည်မူလည်း ဖြစ်စေ၊ လွတ်လပ်စွာကျင့်သည်မူလည်း ဖြစ်စေ၊ လက်ဖြင့်မစင်ကို သုတ်သည်မူလည်း ဖြစ်စေ။ပ။ ဤနည်းဖြင့် လခွဲတစ်ကြိမ်တိုင်အောင်လည်း ဤသို့သဘောရှိသောရက်ပိုင်းခြား၍ အစာစားခြင်းအကျင့်ကို ကျင့်လျက် နေသည်မူလည်းဖြစ်စေ၊ ကဿပ ဤခြိုးခြံသော အကျင့်ကို အားထုတ်ကာမျှဖြင့် သမဏသည်လည်းကောင်း၊ ဗြာဟ္မဏသည်လည်းကောင်း သိနိုင်ခဲသည်အလွန်သိနိုင်ခဲသည် ဖြစ်ခဲ့လျှင် “သမဏကို သိနိုင်ခဲ၏၊ ဗြာဟ္မဏကို သိနိုင်ခဲ၏” ဟူသော ဤစကားကိုဆိုရန် မသင့်ရာသေး။

ဤ (သမဏဗြာဟ္မဏ) ကို သူကြွယ်သော်လည်းကောင်း၊ သူကြွယ့်သားသော်လည်းကောင်း၊ အယုတ်ဆုံးအားဖြင့် အိုးရွက်ကျွန်မပင်သော်လည်းကောင်း “ဤသူသည် အဝတ်မဝတ်ဘဲ နေ၏၊ လွတ်လပ်စွာကျင့်၏၊ လက်ဖြင့် မစင်ကို သုတ်၏။ပ။ ဤနည်းဖြင့် လခွဲတစ်ကြိမ်တိုင်အောင်လည်း ဤသို့သဘောရှိသော ရက်ပိုင်းခြား၍ အစာစားခြင်းအကျင့်ကို ကျင့်လျက်နေ၏”ဟု သိလည်း သိစွမ်းနိုင်ရာသေး၏။

ကဿပ အကြင့်ကြောင့် သိနိုင်ခဲသော အလွန်သိနိုင်ခဲသော သမဏသည်လည်းကောင်း၊ ဗြာဟ္မဏသည်လည်းကောင်း ဤခြိုးခြံသော အကျင့်ကို အားထုတ်ခြင်းမှ တစ်ပါးသာလျှင် ဖြစ်၏၊ ထို့ကြောင့် “သမဏကို သိနိုင်ခဲ၏၊ ဗြာဟ္မဏကို သိနိုင်ခဲ၏” ဟူသော ဤစကားကို ဆိုရန် သင့်ပေ၏။

ကဿပ အကြင်ရဟန်းသည် ရန်မရှိသော ငြိုငြင်ခြင်းမရှိသော မေတ္တာစိတ်ကို ပွါးများ၏၊ အာသဝတို့၏ ကုန်ခြင်းကြောင့် အာသဝမရှိသော လွတ်မြောက်သော (အရဟတ္တဖိုလ်) စိတ်နှင့် လွတ်မြောက်သော (အရဟတ္တဖိုလ်) ပညာကို ယခုဘဝ၌ပင် ထူးသော ဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက်ပြုလျက် ရောက်၍နေ၏၊ ကဿပ ဤရဟန်းကို သမဏဟူ၍လည်းကောင်း ဗြာဟ္မဏဟူ၍လည်းကောင်း ဆိုအပ်ပေ၏။

ကဿပ ဟင်းရွက်စိမ်းကို စားနေသည်မူလည်းဖြစ်စေ၊ ပြောင်းဆန်ကို စားနေသည်မူလည်း ဖြစ်စေ။ပ။တော သစ်မြစ် သစ်သီးကို စားလျက် မျှတသည်မူလည်းဖြစ်စေ၊ ကြွေကျသော သစ်သီးကို စားလျက်မျှတသည်မူလည်း ဖြစ်စေ၊ ကဿပ ဤခြိုးခြံသော အကျင့်ကို အားထုတ်ကာမျှဖြင့် သမဏသည်လည်းကောင်း၊ ဗြာဟ္မဏသည်လည်းကောင်း သိနိုင်ခဲသည် အလွန်သိနိုင်ခဲသည် ဖြစ်ခဲ့လျှင် “သမဏကိုသိနိုင်ခဲ၏၊ ဗြာဟ္မဏကို သိနိုင်ခဲ၏” ဟူသော ဤစကားကို ဆိုရန် မသင့်ရာသေး။

ဤ (သမဏဗြာဟ္မဏ) ကို သူကြွယ်သော်လည်းကောင်း၊ သူကြွယ့်သားသော်လည်းကောင်း၊ အယုတ်ဆုံးအားဖြင့် အိုးရွက်ကျွန်မပင်သော်လည်းကောင်း “ဤသူသည် ဟင်းရွက်စိမ်းကိုသော်လည်း စားနေ၏၊ ပြောင်းဆန်ကိုသော်လည်း စားနေ၏။ပ။ တောသစ်မြစ် သစ်သီးကို စားလျက်သော်လည်း မျှတ၏၊ ကြွေကျသော သစ်သီးကို စားလျက်သော်လည်း မျှတ၏”ဟု သိလည်း သိစွမ်းနိုင်ရာသေး၏။

ကဿပ အကြင့်ကြောင့် သိနိုင်ခဲသော အလွန်သိနိုင်ခဲသော သမဏသည်လည်းကောင်း၊ ဗြာဟ္မဏသည်လည်းကောင်း ဤခြိုးခြံသော အကျင့်ကို အားထုတ်ခြင်းမှ တစ်ပါးသာလျှင် ဖြစ်၏၊ ထို့ကြောင့် “သမဏကို သိနိုင်ခဲ၏၊ ဗြာဟ္မဏကို သိနိုင်ခဲ၏” ဟူသော ဤစကားကို ဆိုရန် သင့်ပေ၏။

ကဿပ အကြင်ရဟန်းသည် ရန်မရှိသော ငြိုငြင်ခြင်းမရှိသော မေတ္တာစိတ်ကို ပွါးများ၏၊ အာသဝတို့၏ ကုန်ခြင်းကြောင့် အာသဝမရှိသော လွတ်မြောက်သော (အရဟတ္တဖိုလ်) စိတ်နှင့် လွတ်မြောက်သော (အရဟတ္တဖိုလ်) ပညာကို ယခုဘဝ၌ပင် ထူးသောဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက်ပြုလျက်ရောက်၍ နေ၏၊ ကဿပ ဤရဟန်းကို သမဏဟူ၍လည်းကောင်း၊ ဗြာဟ္မဏဟူ၍လည်းကောင်းဆိုအပ်ပေ၏။

ကဿပ ပိုက်ဆံလျှော်အဝတ်တို့ကို ဝတ်သည်မူလည်းဖြစ်စေ၊ ပိုက်ဆံလျှော်နှင့် ရောနှောရက်သောအဝတ်တို့ကို ဝတ်သည်မူလည်းဖြစ်စေ။ပ။ ညနေချမ်းလျှင် သုံးကြိမ်မြောက်ရေသို့ သက်ဆင်းခြင်းအမှုကိုအားထုတ်၍ နေသည်မူလည်းဖြစ်စေ၊ ကဿပ ဤခြိုးခြံသော အကျင့်ကို အားထုတ်ကာမျှဖြင့် သမဏသည်လည်းကောင်း၊ ဗြာဟ္မဏသည်လည်းကောင်း သိနိုင်ခဲသည် အလွန်သိနိုင်ခဲသည် ဖြစ်ခဲ့လျှင် “သမဏကို သိနိုင်ခဲ၏၊ ဗြာဟ္မဏကို သိနိုင်ခဲ၏” ဟူသော ဤစကားကို ဆိုရန် မသင့်ရာသေး။ ဤ (သမဏဗြာဟ္မဏ) ကို သူကြွယ်သော်လည်းကောင်း၊ သူကြွယ့်သားသော်လည်းကောင်း၊ အယုတ်ဆုံးအားဖြင့် အိုးရွက်ကျွန်မပင်သော်လည်းကောင်း “ဤသူသည် ပိုက်ဆံလျှော်အဝတ်တို့ကိုသော်လည်းဝတ်၏၊ ပိုက်ဆံလျှော်နှင့် ရောနှောရက်သော အဝတ်တို့ကိုသော်လည်း ဝတ်၏။ပ။ ညနေချမ်းလျှင်သုံးကြိမ် မြောက် ရေသို့ သက်ဆင်းခြင်းအမှုကိုသော်လည်း အားထုတ်၍ နေ၏”ဟု သိလည်းသိစွမ်းနိုင်ရာ သေး၏။

ကဿပ အကြင့်ကြောင့် သိနိုင်ခဲသော အလွန်သိနိုင်ခဲသော သမဏသည်လည်းကောင်း၊ ဗြာဟ္မဏသည်လည်းကောင်း ဤခြိုးခြံသော အကျင့်ကို အားထုတ်ခြင်းမှ တစ်ပါးသာလျှင် ဖြစ်၏၊ ထို့ကြောင့် “သမဏကို သိနိုင်ခဲ၏၊ ဗြာဟ္မဏကို သိနိုင်ခဲ၏” ဟူသော ဤစကားကို ဆိုရန် သင့်ပေ၏။

ကဿပ အကြင်ရဟန်းသည် ရန်မရှိသော ငြိုငြင်ခြင်းမရှိသော မေတ္တာစိတ်ကို ပွါးများ၏၊ အာသဝတို့၏ ကုန်ခြင်းကြောင့် အာသဝမရှိသော လွတ်မြောက်သော (အရဟတ္တဖိုလ်) စိတ်နှင့် လွတ်မြောက်သော (အရဟတ္တဖိုလ်) ပညာကို ယခုဘဝ၌ပင် ထူးသော ဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက်ပြုလျက် ရောက်၍နေ၏၊ ကဿပ ဤရဟန်းကို သမဏဟူ၍လည်းကောင်း၊ ဗြာဟ္မဏဟူ၍လည်းကောင်း ဆိုအပ်ပေ၏။

သီလ သမာဓိ ပညာနှင့် ပြည့်စုံခြင်း

၄ဝဝ။ ဤသို့ မိန့်တော်မူသော် အဝတ်မဝတ်ဘဲ ကျင့်သော ကဿပ (တက္ကတွန်း) သည် မြတ်စွာဘုရားအား “အသျှင်ဂေါတမ ထိုသီလ၏ ပြည့်စုံခြင်းသည် အဘယ်ပါနည်း၊ ထိုစိတ် (သမာဓိ)၏ပြည့်စုံခြင်းသည် အဘယ်ပါနည်း၊ ထိုပညာ၏ ပြည့်စုံခြင်းသည် အဘယ်ပါနည်း”ဟု လျှောက်၏။

ကဿပ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော။ပ။ မြတ်စွာဘုရားသည် ဤလောက၌ ပွင့်တော်မူ၏။ပ။ ဘေးဟု ရှုလေ့ရှိ၏၊ သိက္ခာပုဒ်တို့၌ကောင်းစွာ ဆောက်တည်၍ ကျင့်၏၊ ကောင်းသော ကာယကံ ဝစီကံနှင့် ပြည့်စုံသည်ဖြစ်၍စင်ကြယ်သော အသက်မွေးမှု ရှိ၏၊ သီလနှင့် ပြည့်စုံ၏၊ ဣန္ဒြေတို့၌ ပိတ်ထားသော တံခါးရှိ၏ (ဣန္ဒြေတို့ကို စောင့်စည်း၏)၊ အောက်မေ့ခြင်း ‘သတိ’ ဆင်ခြင်ခြင်း ‘သမ္ပဇည’ နှင့် ပြည့်စုံ၏၊ ရောင့်ရဲလွယ်၏။

၄ဝ၁။ ကဿပ ရဟန်းသည် အဘယ်သို့လျှင် အကျင့်သီလနှင့် ပြည့်စုံသနည်း —

ကဿပ ဤလောက၌ ရဟန်းသည် အသက်သတ်ခြင်းကို ပယ်၍ အသက်သတ်ခြင်းမှ ရှောင်ကြဉ်၏၊ တုတ်ကို ချထားပြီး ဖြစ်၏၊ လက်နက်ကို ချထားပြီးဖြစ်၏၊ ရှက်ခြင်းရှိ၏၊ သနားတတ်၏၊ ခပ်သိမ်းသောသတ္တဝါတို့၏ အစီးအပွားကို လိုလားလျက် နေ၏။ ဤသည်လည်း ထို (ရဟန်း)၏ သီလနှင့် ပြည့်စုံခြင်းပေတည်း။ပ။

ထို့ပြင်လည်း အချို့သော အသျှင်သမဏဗြာဟ္မဏတို့သည် ယုံကြည်၍ လှူသော သုံးဆောင်ဖွယ် တို့ကိုသုံးဆောင်ကြပြီးလျှင် မှားသောအသက်မွေးမှုဖြစ်သော ဤသို့သော ဖီလာအတတ်၁ဖြင့်အသက်မွေးကြ၏၊ ဤသည်တို့ကား အဘယ်နည်း —

နတ်ကိုးခြင်း တောင်းဆုပြည့်၍ နတ်ပူဇော်ခြင်း။ပ။ အနာဆေးတို့ကို (ကပ်ခြင်း) ခွါခြင်း ဤသည်တို့တည်း။

(ရဟန်းသည်) မှားသောအသက်မွေးမှုဖြစ်သော ဤသို့သော ဖီလာအတတ်ဖြင့် အသက်မွေးခြင်းမှရှောင်ကြဉ်၏။ ဤသည်လည်း ထို (ရဟန်း)၏ သီလနှင့် ပြည့်စုံခြင်းပေတည်း။

ကဿပ ဤသို့ သီလနှင့် ပြည့်စုံသော ထို ရဟန်းသည် ယင်းသို့ သီလစောင့်ထိန်းခြင်းနှင့်စပ်၍မည်သည့် အကြောင်းကြောင့်မျှ ဘေးကို မတွေ့မြင်ရ။ ကဿပ အဘိသိက်သွန်းပြီးသော၊ ရန်သူကိုပယ်ပြီးသော မင်းသည် ရန်သူနှင့် စပ်၍ မည်သည့်အကြောင်းကြောင့်မျှ ဘေးကို မတွေ့မြင်ရသကဲ့သို့၊ ဤ့အတူ ဤသို့ သီလနှင့် ပြည့်စုံသော ရဟန်းသည် သီလစောင့်ထိန်းခြင်းနှင့် စပ်၍ မည်သည့် အကြောင်းကြောင့်မျှ ဘေးကို မတွေ့မြင်ရ၊ ထို (ရဟန်း) သည် ဤမြတ်သောသီလအစုနှင့် ပြည့်စုံသည်ဖြစ်၍ မိမိသန္တာန်၌ အပြစ်ကင်းသော ချမ်းသာကို ခံစား၏၊ ကဿပ ရဟန်းသည် ဤသို့လျှင် သီလနှင့်ပြည့်စုံပေ၏၊ ကဿပ သီလ၏ ပြည့်စုံခြင်းသည် ဤသည်ပင်တည်း။

။ပ။ ပဌမဈာန်သို့ ရောက်၍ နေ၏၊ ဤသည်လည်း ထို (ရဟန်း)၏ စိတ် (သမာဓိ) နှင့် ပြည့်စုံခြင်းပေတည်း။ပ။ ဒုတိယဈာန်သို့။ တတိယဈာန်သို့။ စတုတ္ထဈာန်သို့ ရောက်၍ နေ၏၊ ဤသည်လည်းထို (ရဟန်း)၏ စိတ် (သမာဓိ) နှင့် ပြည့်စုံခြင်းပေတည်း။ ကဿပ စိတ် (သမာဓိ)၏ ပြည့်စုံခြင်းသည်ဤသည်ပင်တည်း။

ကဿပ ထို့ပြင်လည်း ဤသို့ တည်ကြည်သော စိတ်သည် စင်ကြယ်လတ်သော်။ပ။ (ဝိပဿနာ) ဉာဏ်အမြင်အလို့ငှါ စိတ်ကို ရှေးရှုပို့ဆောင်၏၊ ရှေးရှုညွတ်စေ၏၊ ဤသည်လည်း ထို (ရဟန်း)၏ပညာနှင့် ပြည့်စုံခြင်း ပေတည်း။

။ပ။ ဤ မဂ်ကိစ္စအလို့ငှါ တစ်ပါးသော ပြုဖွယ်ကိစ္စ မရှိတော့ပြီဟု သိ၏၊ ဤသည်လည်း ထို ရဟန်း၏ပညာနှင့် ပြည့်စုံခြင်းပေတည်း။ ကဿပ ပညာ၏ ပြည့်စုံခြင်းသည် ဤသည်ပင်တည်း။

ကဿပ ဤသီလ၏ ပြည့်စုံခြင်း၊ စိတ် (သမာဓိ)၏ ပြည့်စုံခြင်း၊ ပညာ၏ ပြည့်စုံခြင်းတို့ထက် သာ၍လွန်ကဲသည်လည်း ဖြစ်သော သာ၍မွန်မြတ်သည်လည်း ဖြစ်သော သီလ၏ ပြည့်စုံခြင်း၊ စိတ် (သမာဓိ)၏ပြည့်စုံခြင်း၊ ပညာ၏ ပြည့်စုံခြင်းသည် မရှိတော့ပြီ။

၁။ ဤ၌ ဖီလာအတတ်ဟူသည် နတ်ရွာနိဗ္ဗာန်ရောက်ကြောင်း အကျင့်နှင့် ဆန့်ကျင်ဘက် အတတ်တည်း။

ရဲရင့်သောစကားကို မြွက်ဆိုခြင်း

၄ဝ၂။ ကဿပ သီလကို ချီးကျူးပြောဆိုကုန်သော အချို့သောသမဏဗြာဟ္မဏတို့သည် ရှိကုန်၏၊ ထို (သမဏဗြာဟ္မဏ) တို့သည် များစွာသော အကြောင်းဖြင့် သီလ၏ဂုဏ် (ကျေးဇူး) ကို ဆိုကုန်၏၊ ကဿပ ဖြူစင်မွန်မြတ်သော သီလသည် အကြင်မျှလောက် ရှိ၏၊ ထို (ရှိသမျှသော ဖြူစင်မွန်မြတ်သောသီလ) အရာ၌ ငါသည် မိမိနှင့် တူမျှသူကိုပင် မမြင်ချေ၊ မိမိထက် လွန်ကဲသူကိုမူကား အဘယ်မှာ မြင်ချေအံ့နည်း၊ စင်စစ်မူကား လွန်မြတ်သောသီလ ‘အဓိသီလ’ အရာ၌ ငါသည်သာ အသာလွန်ဆုံး ဖြစ်ပေ၏။

ကဿပ အားထုတ်လုံ့လဖြင့် မကောင်းမှုပယ်ခြင်းကို ချီးကျူး ပြောဆိုကုန်သော အချို့သောသမဏဗြာဟ္မဏ တို့သည် ရှိကုန်၏၊ ထို (သမဏဗြာဟ္မဏ) တို့သည် အားထုတ်လုံ့လဖြင့် မကောင်းမှု ပယ်ခြင်း၏ဂုဏ် (ကျေးဇူး) ကို များစွာသော အကြောင်းဖြင့် ဆိုကုန်၏၊ ကဿပ ဖြူစင်မွန်မြတ်သောအားထုတ်လုံ့လဖြင့် မကောင်းမှုပယ်ခြင်းတို့သည် အကြင်မျှလောက် ရှိကုန်၏၊ ထို (ရှိသမျှသော ဖြူစင်မွန်မြတ်သော အားထုတ်လုံ့လဖြင့် မကောင်းမှုပယ်ခြင်း) အရာ၌ ငါသည် မိမိနှင့် တူမျှသူကိုပင် မမြင်ချေ၊ မိမိထက် လွန်ကဲသူကိုမူကား အဘယ်မှာ မြင်ချေအံ့နည်း၊ စင်စစ်မူကား လွန်မြတ်သော အားထုတ်လုံ့လဖြင့် မကောင်းမှုပယ်ခြင်း ‘အဓိဇေဂုစ္ဆ’ အရာ၌ ငါသည်သာ အသာလွန်ဆုံး ဖြစ်ပေ၏။

ကဿပ ပညာကို ချီးကျူး ပြောဆိုကုန်သော အချို့သောသမဏဗြာဟ္မဏတို့သည် ရှိကုန်၏၊ ထို (သမဏဗြာဟ္မဏ) တို့သည် များစွာသော အကြောင်းဖြင့် ပညာ၏ဂုဏ် (ကျေးဇူး) ကို ဆိုကုန်၏၊ ကဿပ ဖြူစင်မွန်မြတ်သော ပညာသည် အကြင်မျှလောက် ရှိ၏၊ ထို (ရှိသမျှသော ဖြူစင်မွန်မြတ်သော ပညာ) အရာ၌ ငါသည် မိမိနှင့် တူမျှသူကိုပင် မမြင်ချေ၊ မိမိထက် လွန်ကဲသူကိုမူကား အဘယ်မှာ မြင်ချေအံ့နည်း၊ စင်စစ်မူကား လွန်မြတ်သော ပညာ ‘အဓိပညာ’ အရာ၌ ငါသည်သာ အသာလွန်ဆုံး ဖြစ်ပေ၏။ ကဿပ (ကိလေသာတို့မှ) လွတ်မြောက်ခြင်းကို ချီးကျူးပြောဆိုကုန်သော အချို့သောသမဏဗြာဟ္မဏတို့သည် ရှိကုန်၏၊ ထို (သမဏဗြာဟ္မဏ) တို့သည် များစွာသော အကြောင်းဖြင့် (ကိလေသာတို့မှ) လွတ်မြောက်ခြင်း၏ ဂုဏ် (ကျေးဇူး) ကို ဆိုကုန်၏၊ ကဿပ ဖြူစင်မွန်မြတ်သော (ကိလေသာတို့မှ) လွတ်မြောက်ခြင်းသည် အကြင်မျှလောက် ရှိ၏၊ ထို (ရှိသမျှသော ဖြူစင်မွန်မြတ်သော ကိလေသာတို့မှလွတ်မြောက်ခြင်း) အရာ၌ ငါသည် မိမိနှင့် တူမျှသူကိုပင် မမြင်ချေ၊ မိမိထက် လွန်ကဲသူကိုမူကားအဘယ် မှာ မြင်ချေအံ့နည်း၊ စင်စစ်မူကား လွန်မြတ်သော (ကိလေသာတို့မှ) လွတ်မြောက်ခြင်း ‘အဓိဝိမုတ္တ’ အရာ၌ ငါသည်သာ အသာလွန်ဆုံးဖြစ် ပေ၏။

၄ဝ၃။ ကဿပ (သာသနာတော်မှ) တစ်ပါးသော အယူကို ယူကုန်သော တိတ္ထိ ပရိဗိုဇ်တို့သည် “ရဟန်းဂေါတမသည် ရဲရင့်သော စကားကို မြွက်ဆို၏၊ သို့သော်လည်း ထိုစကားကို ဆိတ်ကွယ်ရာ၌သာမြွက်ဆို၏၊ ပရိသတ်အလယ်၌ မမြွက်ဆို”ဟု ပြောကြရာသော အကြောင်းသည် ရှိ၏၊ ကဿပ ထို (ပရိဗိုဇ်) တို့ကို “ဤသို့ မပြောကြပါလင့်”ဟု တားမြစ်ပြီးလျှင် “ရဟန်းဂေါတမသည် ရဲရင့်သော စကားကိုလည်း မြွက်ဆိုပါ၏၊ ပရိသတ် အလယ်၌လည်း မြွက်ဆိုပါ၏”ဟု ပြောကြားအပ်ကုန်၏။

ကဿပ (သာသနာတော်မှ) တစ်ပါးသော အယူကို ယူကုန်သော တိတ္ထိ ပရိဗိုဇ်တို့သည် “ရဟန်းဂေါတမသည် ရဲရင့်သော စကားကိုလည်း မြွက်ဆို၏၊ ပရိသတ်အလယ်၌လည်း မြွက်ဆို၏၊ သို့သော်လည်းမကြောက်မရွံ့ မြွက်ဆိုသည်ကား မဟုတ်”ဟု ပြောကြရာသော အကြောင်းသည် ရှိ၏၊ ကဿပထို (ပရိဗိုဇ်) တို့ကို “ဤသို့ မပြောကြပါလင့်”ဟု တားမြစ်ပြီးလျှင် “ရဟန်းဂေါတမသည် ရဲရင့်သောစကားကိုလည်း မြွက်ဆိုပါ၏၊ ပရိသတ်အလယ်၌လည်း မြွက်ဆိုပါ၏၊ မကြောက်မရွံ့လည်း မြွက်ဆိုပါ၏”ဟု ပြောကြားအပ်ကုန်၏။

ကဿပ (သာသနာတော်မှ) တစ်ပါးသော အယူကို ယူကုန်သော တိတ္ထိ ပရိဗိုဇ်တို့သည် “ရဟန်းဂေါတမသည် ရဲရင့်သော စကားကိုလည်း မြွက်ဆို၏၊ ပရိသတ်အလယ်၌လည်း မြွက်ဆို၏၊ မကြောက်မရွံ့လည်း မြွက်ဆို၏၊ သို့သော်လည်း ထို (ရဟန်းဂေါတမ) ကို ပြဿနာကား မမေးကုန်။ပ။

ထို (ရဟန်းဂေါတမ) ကို ပြဿနာကိုလည်း မေးကုန်၏၊ သို့သော်လည်း ပြဿနာအမေးခံရလျှင်ထိုမေးသူတို့အား မဖြေကြား။ပ။

ပြဿနာအမေးခံရလျှင်လည်း ထိုမေးသူတို့အား ဖြေကြား၏၊ သို့သော်လည်း ပြဿနာဖြေခြင်းဖြင့် (ထိုမေး သူတို့၏) စိတ်ကိုကား မနှစ်သက်စေနိုင်။ပ။

ပြဿနာဖြေခြင်းဖြင့် (ထိုမေးသူတို့၏) စိတ်ကိုလည်း နှစ်သက်စေနိုင်၏၊ သို့သော်လည်း (ထိုရဟန်းဂေါတမ၏ စကားကို) နာကြားထိုက်သည်ဟုကား မထင်ကုန်။ပ။

ထိုရဟန်းဂေါတမ၏ (စကားကို) နာကြားထိုက်သည်ဟုလည်း ထင်ကုန်၏၊ သို့သော်လည်း နာကြားရ၍ကြည်ညိုကား မကြည်ညိုကုန်။ပ။

ထိုရဟန်းဂေါတမ၏ (စကားကို) နာကြားရ၍ ကြည်ညိုလည်း ကြည်ညိုကုန်၏၊ သို့သော်လည်းကြည်ညိုသူတို့ ပြုသင့်သော ပူဇော်ခြင်းကိုကား မပြုကုန်။ပ။

ကြည်ညိုသူတို့ ပြုသင့်သော ပူဇော်ခြင်းကိုလည်း ပြုကုန်၏၊ သို့သော်လည်း ထိုသို့ ဟောကြားတိုင်းဖြစ်ရန်ကား မကျင့်ကုန်။ပ။

ထိုသို့ဟောကြားတိုင်း ဖြစ်ရန်လည်း ကျင့်ကုန်၏၊ သို့သော်လည်း ကျင့်သူတို့သည် (ရဟန်း ဂေါတမ၏စိတ်ကိုကား) မနှစ်သက်စေနိုင်ကုန်ဟု ဤသို့ ဆိုရာသော အကြောင်းသည် ရှိ၏၊ ကဿပထို (ပရိဗိုဇ်) တို့ကို “ဤသို့ မပြောကြပါလင့်”ဟု တားမြစ်ပြီးလျှင် “ရဟန်းဂေါတမသည် ရဲရင့်သောစကားကိုလည်း မြွက်ဆိုပါ၏၊ ပရိသတ် အလယ်၌လည်း မြွက်ဆိုပါ၏၊ မကြောက်မရွံ့လည်း မြွက်ဆိုပါ၏၊ ထို (ရဟန်းဂေါတမ) ကို ပြဿနာလည်း မေးကြပါကုန်၏၊ ပြဿနာ အမေးခံရလျှင်လည်း ထို မေးသူ့တို့အား ဖြေကြားပါ၏၊ ပြဿနာ ဖြေခြင်းဖြင့်လည်း (ထိုမေးသူတို့၏) စိတ်ကို နှစ်သက်စေပါ၏၊ ထို (ရဟန်းဂေါတမ၏ စကား) ကို နာကြားထိုက်သည်ဟုလည်း ထင်ပါကုန်၏၊ ထို (ရဟန်းဂေါတမ၏စကား) ကို နာကြားရ၍ ကြည်ညိုလည်း ကြည်ညိုပါကုန်၏၊ ကြည်ညိုသူတို့ ပြုသင့်သော ပူဇော်ခြင်းကိုလည်း ပြုပါကုန်၏၊ ထိုသို့ဟောကြားတိုင်း ဖြစ်ရန်လည်း ကျင့်ပါကုန်၏၊ ကျင့်သူတို့သည်လည်း (ရဟန်းဂေါတမ၏ စိတ်ကို) နှစ်သက်စေနိုင်ပါကုန်၏”ဟု ပြောကြားအပ်ကုန်၏။

တိတ္ထိဖြစ်ဖူးသူတို့ အစမ်းကျင့်သုံးရခြင်းကို ပြဆိုရာ

၄ဝ၄။ ကဿပ အခါတစ်ပါး၌ ငါသည် ရာဇဂြိုဟ်ပြည် ဂိဇ္ဈကုဋ်တောင်၌ နေ၏၊ ထို (ဂိဇ္ဈကုဋ်တောင်) ၌ ငါ့ကို နိဂြောဓမည်သော ခြိုးခြံမှုအကျင့်မြတ်ကို ကျင့်လေ့ရှိသူ တစ်ဦးသည် လွန်မြတ်သောအားထုတ်လုံ့လဖြင့် မကောင်းမှုပယ်ခြင်း ‘အဓိဇေဂုစ္ဆ’ အရာ၌ ပြဿနာမေးဖူး၏၊ လွန်မြတ်သောအားထုတ် လုံ့လဖြင့် မကောင်းမှုပယ်ခြင်း ‘အဓိဇေဂုစ္ဆ’ အရာ၌ ပြဿနာကို မေးသည်ရှိသော်ထို (နိဂြောဓ) အား ငါသည် ဖြေကြားခဲ့၏၊ ငါ ဖြေကြားသည်ရှိသော် (ထိုနိဂြောဓသည်) အတိုင်းထက်အလွန် ဝမ်းမြောက် ဝမ်းသာ ဖြစ်လေ၏။

အသျှင်ဘုရား မြတ်စွာဘုရား၏ တရားကို ကြားနာရသော် အဘယ်သူသည် အတိုင်းထက်အလွန် ဝမ်းမမြောက်ဘဲ ရှိပါမည်နည်း၊ မြတ်စွာဘုရား အကျွန်ုပ်လည်း မြတ်စွာဘုရား၏ တရားကို ကြားနာရ၍အတိုင်းထက် အလွန် ဝမ်းမြောက်ပါ၏။

အသျှင်ဘုရား (တရားတော်သည်) အလွန်နှစ်သက်ဖွယ်ရှိပါပေ၏၊ အသျှင်ဘုရား (တရားတော်သည်) အလွန်နှစ်သက်ဖွယ်ရှိပါပေ၏၊ အသျှင်ဘုရား မှောက်ထားသည်ကို လှန်ဘိသကဲ့သို့လည်းကောင်း၊ ဖုံးလွှမ်းထားသည်ကို ဖွင့်လှစ်ဘိသကဲ့သို့လည်းကောင်း၊ မျက်စိလည်သောသူအား လမ်းမှန်ကို ပြောကြားဘိသကဲ့သို့လည်းကောင်း၊ မျက်စိအမြင်ရှိသောသူတို့သည် အဆင်းတို့ကို မြင်ကြလိမ့်မည်ဟု အမိုက်မှောင်၌ဆီမီးတန်ဆောင်ကို ဆောင်ပြဘိသကဲ့သို့လည်းကောင်း (အသျှင်ဘုရား) ဤအတူသာလျှင် မြတ်စွာဘုရားသည် များစွာသော အကြောင်းဖြင့် တရားတော်ကို ပြတော်မူပါပေ၏၊ အသျှင်ဘုရား အကျွန်ုပ်သည်မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ တရားတော်ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ သံဃာတော်ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ အသျှင်ဘုရား အကျွန်ုပ်သည် မြတ်စွာဘုရား၏ အထံတော်၌ ရှင့်အဖြစ်ကို ရလိုပါ၏၊ ရဟန်းအဖြစ်ကို ရလိုပါ၏။

၄ဝ၅။ ကဿပ (သာသနာတော်မှ) တစ်ပါးသော အယူရှိသည့် တိတ္ထိဖြစ်ဖူးသော သူသည်ဤသာသနာတော် (ဓမ္မဝိနယ) ၌ ရှင့်အဖြစ်ကို ရလိုမူ ရဟန်းအဖြစ်ကို ရလိုမူ၊ လေးလတို့ပတ်လုံး အစမ်းကျင့်သုံးရ၏၊ လေးလလွန်သောအခါ ရဟန်းတို့သည် ကျေနပ်သော စိတ်ရှိကြလျှင် ရှင်ပြုပေးကုန်လတ္တံ့၊ ရဟန်းအဖြစ်သို့ မြှင့်တင်ပေးကုန်လတ္တံ့၊ သို့သော် ဤအရာ၌ ငါသည်ကား ပုဂ္ဂိုလ်တို့၏ ခြားနားသည့်အဖြစ်ကို သိတော်မူအပ်ပေ၏။

အသျှင်ဘုရား (သာသနာတော်မှ) တစ်ပါးသော အယူရှိသည့် တိတ္ထိဖြစ်ဖူးသော သူတို့သည် ဤသာသနာတော် (ဓမ္မဝိနယ) ၌ အကယ်၍ ရှင့်အဖြစ်ကို ရလိုမူ ရဟန်းအဖြစ်ကို ရလိုမူ၊ လေးလတို့ပတ်လုံးအစမ်း ကျင့်သုံးရကုန်ငြားအံ၊ လေးလလွန်သောအခါ ရဟန်းတို့သည် ကျေနပ်သော စိတ်ရှိကြလျှင် ရှင်ပြုပေးကုန်ငြားအံ၊ ရဟန်းအဖြစ်သို့ မြှင့်တင်ပေးကုန်ငြားအံ၊ အကျွန်ုပ်သည် လေးနှစ်ပတ်လုံး အစမ်းကျင့်သုံးပါမည်၊ လေးနှစ်လွန်သောအခါ ရဟန်းတို့သည် ကျေနပ်သော စိတ်ရှိကြလျှင် ရှင်ပြုပေးတော်မူကြပါစေ၊ ရဟန်းအဖြစ်သို့ မြှင့်တင်ပေးတော်မူကြပါစေဟု ကဿပ (တက္ကတွန်း) သည် လျှောက်၏။

အဝတ်မဝတ်ဘဲ ကျင့်သော ကဿပ (တက္ကတွန်း) သည် မြတ်စွာဘုရား အထံ၌ ရှင့်အဖြစ်ကို ရ၏၊ ရဟန်း အဖြစ်ကို ရ၏၊ ရဟန်းဖြစ်၍ မကြာမီ အသျှင်ကဿပသည် တစ်ယောက်တည်း ဆိတ်ငြိမ်ရာသို့ကပ်၍ မမေ့ မလျော့ ပြင်းစွာအားထုတ်လျက် (နိဗ္ဗာန်သို့) စိတ်ကို စေလွှတ်၍ နေ၏။

ထိုသို့နေသည်ရှိသော် လူ့ဘောင်မှ ရဟန်းဘောင်သို့ ကောင်းစွာဝင်သော အမျိုးသားတို့ လိုလားအပ်သော အကျင့်မြတ်၏ အဆုံးဖြစ်သော အတုမရှိသော အရဟတ္တဖိုလ်သို့ အသျှင်ကဿပသည် မကြာမီမျက်မှောက်ဘဝ၌ ထူးသောဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက်ပြုလျက် ရောက်၍ နေ၏၊ ပဋိသန္ဓေနေမှုကုန်ပြီ၊ မြတ်သော အကျင့်ကို ကျင့်သုံးပြီးပြီ၊ မဂ်ကိစ္စကို ပြုပြီးပြီ၊ ဤမဂ်ကိစ္စအလို့ငှါ တစ်ပါးသောပြုဖွယ် ကိစ္စ မရှိတော့ပြီဟု သိ၏၊ အသျှင်ကဿပသည် ရဟန္တာတို့တွင် တစ်ပါး (အပါအဝင်) ဖြစ်တော်မူ လေသတည်း။

ရှစ်ခုမြောက်သော မဟာသီဟနာဒသုတ် ပြီး၏။