မဇ္ဈိမနိကာယ်
၁ဝ—သင်္ဂါရဝသုတ်
၄၇၃။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်—
အခါတစ်ပါး၌ မြတ်စွာဘုရားသည် များစွာသော ရဟန်းအပေါင်းနှင့်အတူ ကောသလတိုင်း၌ ဒေသစာရီ့လှည့်လည်တော်မူ၏။ ထိုအခါ ဓနဉ္ဇာနီပုဏ္ဏေးမသည် စဉ္စလိကပ္ပရွာ၌ နေ၏။ ဘုရား တရား သံဃာ၌အလွန်ကြည် ညို၏။ ဓနဉ္ဇာနီပုဏ္ဏေးမသည် ချော်လဲသည်ဖြစ်၍ “ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားအား ရှိခိုးပါ၏၊ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားအား ရှိခိုးပါ၏၊ ပူဇော်အထူးကို ခံတော်မူ ထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားအား ရှိခိုးပါ၏”ဟု သုံးကြိမ်ဥဒါန်းကျူးရင့်၏။
ထိုအခါ သင်္ဂါရဝမည်သော လုလင်သည် စဉ္စလိကပ္ပရွာ၌ နေ၏။ (ထိုသူသည်) နိဃဏ္ဍု ‘အဘိဓာန်’ကျမ်း ကေဋုဘ ‘အလင်္ကာ’ ကျမ်း အက္ခရပ္ပဘေဒ ‘သဒ္ဒါ’ ကျမ်း ငါးခုမြောက် ဣတိဟာသကျမ်းနှင့်တကွဗေဒင်သုံးပုံတို့၏ တစ်ဖက်ကမ်းသို့ ရောက်၏၊ ဝေဒကျမ်းကို တတ်၏၊ ဗျာကရုဏ်းကျမ်းကို တတ်၏၊ လောကာယတကျမ်း မဟာပုရိသလက္ခဏာကျမ်းတို့၌ အကြွင်းမဲ့တတ်မြောက်၏။ သင်္ဂါရဝလုလင်သည်ဓနဉ္ဇာနီပုဏ္ဏေးမရွတ်ဆိုသော စကားကို ကြားသည်သာတည်း၊ ကြား၍ ဓနဉ္ဇာနီပုဏ္ဏေးမကို “ဤဓနဉ္ဇာနီပုဏ္ဏေးမသည် မင်္ဂလာမရှိလေစွ၊ ဤဓနဉ္ဇာနီပုဏ္ဏေးမသည် ကျက်သရေမရှိလေစွ၊ ဗေဒင်သုံးပုံဆောင်ပုဏ္ဏားများရှိပါလျက် ထိုဦးပြည်းရဟန်းယုတ်၏ ဂုဏ်ကို ပြောဆိုဘိ၏”ဟု ဤသို့ ပြောဆို၏။
အမောင်လုလင် သင်သည် မြတ်စွာဘုရား၏ သီလဂုဏ် ပညာဂုဏ်ကို မသိလေစွတကား။ အမောင်လုလင် သင်သည် ထိုမြတ်စွာဘုရား၏ သီလဂုဏ် ပညာဂုဏ်ကို အကယ်၍ သိငြားအံ့၊ ထိုမြတ်စွာဘုရားကို ဆဲရေး ထိုက်သူ ရေရွတ်ထိုက်သူဟု မအောက်မေ့တန်ရာဟု (ဆို၏)။ အရှင်မသို့ဖြစ်မူ စဉ္စလိကပ္ပရွာသို့ ရဟန်းဂေါတမ ရောက်လာသောအခါ အကျွန်ုပ်အား ပြောကြားပါလော့ဟု (ဆို၏)။ “အမောင်လုလင် ကောင်းပါပြီ”ဟူ၍သာလျှင် ဓနဉ္ဇာနီပုဏ္ဏေးမသည် သင်္ဂါရဝလုလင်အားပြန်ကြား၏။
ထိုအခါ မြတ်စွာဘုရားသည် ကောသလတိုင်း၌ အစဉ်အတိုင်း ဒေသစာရီ လှည့်လည်တော်မူသည်ရှိသော် စဉ္စလိကပ္ပရွာသို့ ရောက်တော်မူလေ၏။ မြတ်စွာဘုရားသည် ထိုစဉ္စလိကပ္ပရွာ၌ တောဒေယျပုဏ္ဏားတို့၏ သရက်ဥယျာဉ်၌ နေတော်မူ၏။ ဓနဉ္ဇာနီပုဏ္ဏေးမသည် “မြတ်စွာဘုရားသည် စဉ္စလိကပ္ပရွာသို့အစဉ်ရောက်လာပြီ၊ စဉ္စလိကပ္ပရွာ တောဒေယျပုဏ္ဏားတို့၏ သရက်ဥယျာဉ်၌ နေတော်မူ၏”ဟု ကြားသိလေသည်သာတည်း။ ထိုအခါ ဓနဉ္ဇာနီပုဏ္ဏေးမသည် သင်္ဂါရဝလုလင်ရှိရာသို့ ချဉ်းကပ်၍ သင်္ဂါရဝလုလင်ကို”အမောင်လုလင် မြတ်စွာဘုရားသည် စဉ္စလိကပ္ပရွာသို့ ရောက်လာပြီ၊ စဉ္စလိကပ္ပရွာ တောဒေယျပုဏ္ဏားတို့၏ သရက်ဥယျာဉ်၌ သီတင်းသုံးနေတော်မူ၏၊ အမောင်လုလင် ယခု သွားရန်အခါကို အောက်မေ့ပါလော့”ဟု ဤသို့သော စကားကို ပြောကြားလေ၏။
၄၇၄။ “အရှင်မ ကောင်းပါပြီ” ဟူ၍သာလျှင် သင်္ဂါရဝလုလင်သည် ဓနဉ္ဇာနီပုဏ္ဏေးမအား ပြန်ကြား၍မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားနှင့်အတူ ဝမ်းမြောက်ဝမ်းသာ ပြောဆို၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြောဆိုပြီးဆုံးစေပြီးနောက် သင့်လျော်ရာ၌ ထိုင်ကာ မြတ်စွာဘုရားကို ဤသို့ လျှောက်ထား၏—“အသျှင်ဂေါတမ မျက်မှောက်ဘဝ၌ပင် အထူးသိ၍ အဆုံးကမ်းတစ်ဖက်သို့ ရောက်သူများဟု ဆို၍ မြတ်သောအကျင့်ကို အစဆုံးတီထွင်သူများဟု ဝန်ခံကြကုန်သောအချို့သော ရဟန်းပုဏ္ဏားတို့သည် ရှိကြပါကုန်၏။ အသျှင်ဂေါတမ မျက်မှောက်ဘဝ၌ပင် အထူးသိ၍အဆုံးကမ်းတစ်ဖက်သို့ ရောက်သူများဟု ဆို၍ မြတ်သော အကျင့်ကို အစဆုံးတီထွင်သူများ ဖြစ်ကုန်၏ဟုဝန်ခံကြကုန်သော ရဟန်းပုဏ္ဏားတို့တွင် အသျှင်ဂေါတမသည် အဘယ်သို့သော သူပါနည်း”ဟု (လျှောက်၏)။
ဘာရဒွါဇ ငါသည် မျက်မှောက်ဘဝ၌ပင် အထူးသိ၍ အဆုံးကမ်းတစ်ဖက်သို့ ရောက်သူများဟု ဆို၍မြတ်သောအကျင့်ကို အစဆုံးတီထွင်သူများဟု ဝန်ခံကြကုန်သော သူတို့၏သော်လည်း အထူးအကွဲအပြားကို့ဆိုသေး၏။ ဘာရဒွါဇ ဗေဒင်သုံးပုံဆောင်ပုဏ္ဏားတို့ကဲ့သို့ တစ်ဆင့်ကြားနာမှတ်သားတတ်ကုန်သော ထိုတစ်ဆင့်ကြားဖြင့် မျက်မှောက်ဘဝ၌ပင် အထူးသိ၍ အဆုံးကမ်းတစ်ဖက်သို့ ရောက်သူများဟု ဆို၍မြတ်သောအကျင့်ကို အစဆုံး တီထွင်သူများဟု ဝန်ခံကြကုန်သော အချို့သော ရဟန်းပုဏ္ဏားတို့သည်ရှိကြကုန်၏။ ဘာရဒွါဇ ကြံစည်သူ စုံစမ်းသူများကဲ့သို့ သက်သက်ယုံကြည်ကာမျှဖြင့် မျက်မှောက်ဘဝ၌ပင်အထူးသိ၍ အဆုံးကမ်းတစ်ဖက်သို့ ရောက်သူများဟု ဆို၍ မြတ်သောအကျင့်ကို အစဆုံးတီထွင်သူများဟုဝန်ခံကြကုန်သော အချို့သော ရဟန်း ပုဏ္ဏားတို့သည် ရှိကုန်၏။
ဘာရဒွါဇ ရှေးအခါက မကြားဖူးသေးကုန်သော တရားတို့၌ ကိုယ်တိုင်သာလျှင် တရားသဘောကိုထိုးထွင်း သိ၍ မျက်မှောက်ဘဝ၌ပင် အထူးသိ၍ အဆုံးကမ်းတစ်ဖက်သို့ ရောက်သူများဟု ဆို၍မြတ်သော အကျင့်ကို အစဆုံးတီထွင်သူများဟု ဝန်ခံကြကုန်သော အချို့သော ရဟန်းပုဏ္ဏားတို့သည် ရှိကြကုန်၏။ ဘာရဒွါဇ ထိုရဟန်း ပုဏ္ဏားတို့တွင် ရှေးအခါက မကြားဖူးသေးကုန်သော တရားတို့၌ကိုယ်တိုင် သာလျှင် တရားသဘောကို ထိုးထွင်း သိ၍ မျက်မှောက်ဘဝ၌ပင် အထူးသိ၍အဆုံးကမ်းတစ်ဖက်သို့ ရောက်သူများဟု ဆို၍ မြတ်သော အကျင့်ကို အစဆုံးတီထွင်သူများဟုဝန်ခံကြကုန်သော ရဟန်းပုဏ္ဏား တို့တွင် ငါသည် တစ်ယောက်အပါအဝင် ဖြစ်၏။ ဘာရဒွါဇ ရှေးအခါကမကြားဖူးသေးကုန်သော တရား တို့၌ ကိုယ်တိုင်သာလျှင် တရားသဘောကို ထိုးထွင်းသိ၍မျက်မှောက်ဘဝ၌ပင် အဆုံးကမ်းတစ်ဖက်သို့ ရောက်သူများဟု ဆို၍ မြတ်သော အကျင့်ကိုအစဆုံးတီထွင်သူများဟု ဝန်ခံကြကုန်သော ရဟန်းပုဏ္ဏား တို့တွင် ငါသည်တစ်ယောက်အပါအဝင်ဖြစ်ပုံကို ဤဆိုလတ္တံ့သော အကြောင်းဖြင့် သိရမည်။
၄၇၅။ ဘာရဒွါဇ ငါသည် အရိယမဂ်ကို မရမီ သစ္စာလေးပါးကို ထိုးထွင်း၍ မသိသေးသောဘုရားလောင်းမျှသာ ဖြစ်နေစဉ်က (တောမထွက်ခင်က) “လူ့ဘောင်၌ နေရခြင်းသည် ကျဉ်းမြောင်း၏၊ (ကိလေသာ) မြူ ထရာ လမ်းကြောင်း ဖြစ်၏၊ ရဟန်းအဖြစ်သည် လွင်ပြင်နှင့် တူ၏၊ လူ့ဘောင်၌ နေသူသည် စင်စစ် ပြည့်စုံစွာ စင်စစ် စင်ကြယ်စွာ ခရုသင်းပွတ်သစ်နှင့်တူစွာ ဤမြတ်သော အကျင့်ကိုကျင့်ခြင်း ငှါ မလွယ်၊ ငါသည် ဆံမုတ်ဆိတ်ကို ပယ်ပြီးလျှင် ဖန်ရည်ဆိုးသော အဝတ်တို့ကို ဝတ်၍လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရမူ ကောင်းလေစွ”ဟု ဤသို့ အကြံအစည်သည် ဖြစ်ခဲ့၏။
ဘာရဒွါဇ နောက်အခါ၌ ပျိုမျစ်သည်သာလျှင်ဖြစ်၍ ကောင်းစွာ နက်သော ဆံပင်ရှိသော ကောင်း သောအရွယ်ဖြစ်သော ပဌမအရွယ်နှင့် ပြည့်စုံသော ထိုငါသည် အမိအဖများ မလိုလားသဖြင့် မျက်ရည်စက်လက် ငိုကြွေးကုန်စဉ် ဆံမုတ်ဆိတ်ကို ပယ်၍ ဖန်ရည်ဆိုးသော အဝတ်တို့ကို ဝတ်၍ လူ့ဘောင်မှရဟန်းဘောင်သို့ ဝင်ရောက်၏၊ ထိုငါသည် ဤသို့ ရဟန်းပြုလျက် အဘယ်အရာသည် အကောင်းဆုံးနည်းဟု ရှာဖွေရင်း အဘယ်အရာသည် (အတုမရှိ) မြတ်သော ငြိမ်းအေးရာ နိဗ္ဗာန်နည်းဟု ရှာဖွေရင်းကာလာမအနွယ်ဖြစ်သော အာဠာရထံသို့ ချဉ်းကပ်မိပြီ၊ ချဉ်းကပ်ပြီးနောက် ကာလာမအနွယ် အာဠာရကို”ငါ့သျှင်ကာလာမ ငါသည် ဤသာသနာ၌ မြတ်သော အကျင့်ကို ကျင့်လို၏”ဟု ဤစကားကိုပြောဆို၏။ ဘာရဒွါဇ ဤသို့ပြောဆိုသော် ကာလာမအနွယ်ဖြစ်သော အာဠာရ သည် ငါ့ကို “အသျှင်နေပါလော့၊ ဤတရားကား ပညာရှိယောကျာ်းသည် မကြာမီပင် မိမိ၏ ဆရာ့အယူကို ကိုယ်တိုင်ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုကာ ပြည့်စုံစေ၍ နေနိုင်ရာသော သဘောရှိပါ၏”ဟု ဤစကားကိုပြောဆို၏။
ဘာရဒွါဇ ထိုငါသည် မကြာမီပင် လျင်မြန်စွာသာလျှင် ထိုတရားကို သင်ယူ၏၊ ဘာရဒွါဇ ထိုငါသည်ထိုမျှလောက် နှုတ်ခမ်းလှုပ်ရုံမျှ ဆိုပြသည်ကို လိုက်ဆိုရုံမျှဖြင့်သာလျှင် သိပြီဟူသော စကားကိုလည်းကောင်း၊ ခိုင်မြဲပြီဟူသော စကားကိုလည်းကောင်း ပြောဆိုနိုင်၏၊ “သိ၏၊ မြင်၏” ဟူ၍ ငါလည်းဝန်ခံ၏၊ သူတစ်ပါးကလည်း ပြောဆို (ကြကုန်) ၏။ ဘာရဒွါဇ ထိုငါ့အား ဤအကြံသည့်ဖြစ်၏—“ကာလာမအနွယ် ဖြစ်သော အာဠာရသည် ဤတရားကို ‘ကိုယ်တိုင် ထူးသောဉာဏ်ဖြင့်မျက်မှောက်ပြုကာ ပြည့်စုံစေ၍ နေရာ၏’ဟု သက်သက်ယုံကြည်ချက်မျှဖြင့် ပြောကြားသည် မဟုတ်၊ စင်စစ် ကာလာမအနွယ်ဖြစ်သော အာဠာရသည် ဤတရားကို သိလျက် မြင်လျက် နေ၏”ဟု (အကြံဖြစ်၏)။
ဘာရဒွါဇ ထိုအခါ ငါသည် ကာလာမအနွယ်ဖြစ်သော အာဠာရထံသို့ ချဉ်းကပ်ပြီး၍ ကာလာမအနွယ်ဖြစ်သော အာဠာရကို “ငါ့သျှင်ကာလာမ အဘယ်မျှလောက်ဖြင့် ဤတရားကို ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုကာ ပြည့်စုံစေ၍ နေ၏ဟု ပြောကြားသနည်း”ဟု ဤစကားကို ပြောဆို၏။ ဘာရဒွါဇ ဤသို့ ပြောဆိုသော် ကာလာမအနွယ်ဖြစ်သော အာဠာရသည် အာကိဉ္စညာယတနဈာန်သမာပတ်ကို ပြောကြား၏။ ဘာရ ဒွါဇ ထိုငါ့အား ဤသို့သော အကြံသည် ဖြစ်၏—“ကာလာမအနွယ်ဖြစ်သော အာဠာရအားသာလျှင် ယုံကြည်ခြင်း ‘သဒ္ဓါ’ ရှိသည် မဟုတ်၊ ငါ့အားလည်း ယုံကြည်ခြင်း ‘သဒ္ဓါ’ရှိ၏၊ ကာလာမအနွယ်ဖြစ်သော အာဠာရအားသာလျှင် လုံ့လ ‘ဝီရိယ’ရှိသည် မဟုတ်၊ ငါ့အားလည်းလုံ့လ ‘ဝီရိယ’ရှိ၏။ ကာလာမအနွယ်ဖြစ်သော အာဠာရအားသာလျှင် အောက်မေ့ခြင်း ‘သတိ’ ရှိသည်မဟုတ်၊ ငါ့အားလည်း အောက်မေ့ခြင်း ‘သတိ’ ရှိ၏၊ ကာလာမအနွယ် ဖြစ်သော အာဠာရအားသာလျှင်တည်ကြည်ခြင်း ‘သမာဓိ’ရှိသည် မဟုတ်၊ ငါ့အားလည်း တည်ကြည်ခြင်း ‘သမာဓိ’ ရှိ၏။ ကာလာမအနွယ်ဖြစ်သော အာဠာရအားသာလျှင် အသိဉာဏ်ရှိသည် မဟုတ်၊ ငါ့အားလည်း အသိဉာဏ် ရှိ၏။ ‘ကိုယ်တိုင်ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုကာ ပြည့်စုံစေ၍ နေ၏’ဟု အာဠာရ ပြောကြားသော တရားကိုမျက်မှောက်ပြုခြင်းငှါ ငါ အားထုတ်ရမူ ကောင်းပေမည်”ဟု အကြံဖြစ်၏။ ဘာရဒွါဇ ထိုငါသည် မကြာမီပင် လျင်မြန်စွာသာလျှင် ထိုတရားကို ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုကာ ပြည့်စုံစေ၍နေ၏။
ဘာရဒွါဇ ထိုအခါ ငါသည် ကာလာမအနွယ်ဖြစ်သော အာဠာရထံသို့ ချဉ်းကပ်၍ ကာလာမအနွယ်ဖြစ်သော အာဠာရအား ဤစကားကို ပြောဆို၏—“ငါ့သျှင်ကာလာမ ကိုယ်တိုင် ထူးသောဉာဏ်ဖြင့်မျက်မှောက်ပြုကာ ပြည့်စုံစေ၍ ပြောကြားသော ဤတရားကား ဤမျှသာလော”ဟု (ပြောဆို၏)။ ငါ့သျှင်ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုကာ ပြည့်စုံစေ၍ ငါပြောကြားသော တရားကား ဤမျှသာတည်းဟု (ပြောဆို၏)။ ငါ့သျှင် ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုကာ ပြည့်စုံစေ၍ ငါနေသောတရားလည်း ဤမျှသာတည်းဟု (ပြောဆို၏)။ ငါ့သျှင် သင်ကဲ့သို့သော သီတင်းသုံးဖော် အသျှင်ကိုငါတို့ တွေ့မြင်ကြရခြင်းသည် ငါတို့အား အရတော်လေစွ၊ ငါတို့သည် ကောင်းစွာ ရအပ်လေစွ၊ ဤသို့ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုကာ ပြည့်စုံစေ၍ ငါပြောကြားသော တရားကို ကိုယ်တိုင်ထူးသော ဉာဏ်ဖြင့် မျက်မှောက်ပြုကာ ပြည့်စုံစေ၍ သင် နေ၏၊ ကိုယ်တိုင် ထူးသောဉာဏ်ဖြင့်မျက်မှောက်ပြုကာ ပြည့်စုံစေ၍ သင်နေသော တရားကို ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုကာပြည့်စုံစေ၍ ငါ ပြောကြား၏။ ဤသို့ ငါသိသော တရားကို သင်သိ၏၊ သင်သိသော တရားကို ငါ သိ၏၊ ဤသို့လျှင် ငါကဲ့သို့ပင် သင်လည်း ဖြစ်၏၊ သင်ကဲ့သို့ပင် ငါလည်း ဖြစ်၏။ ငါ့သျှင် လာလော့၊ ယခုအခါသူတော်ကောင်းဖြစ်သော ငါတို့နှစ်ဦးလုံးပင် ဤဂိုဏ်းကို (ရှေ့) ဆောင်ကြကုန်အံ့ဟု (ပြောဆို၏)။
ဘာရဒွါဇ ဤသို့လျှင် ကာလာမအနွယ်ဖြစ်သော အာဠာရသည် ငါ၏ ဆရာဖြစ်လျက် မိမိ၏ တပည့်ဖြစ်သော ငါ့ကို မိမိနှင့် အညီအမျှ ထား၏၊ ငါ့ကို မွန်မြတ်သော ပူဇော်ခြင်းဖြင့်လည်း ပူဇော်၏၊ ဘာရဒွါဇ ထိုငါ့အား ဤသို့သော အကြံသည် ဖြစ်၏ —“ဤတရားသည် ငြီးငွေ့ခြင်းငှါ မဖြစ်၊ တပ်မက်မှုကင်းခြင်းငှါ မဖြစ်၊ ချုပ်ခြင်းငှါ မဖြစ်၊ ငြိမ်းအေးခြင်းငှါ မဖြစ်၊ ထူးသောဉာဏ်ဖြင့် သိခြင်းငှါ မဖြစ်၊ ကောင်းစွာ သိခြင်းအကျိုးငှါ မဖြစ်၊ နိဗ္ဗာန်အကျိုးငှါ မဖြစ်၊ အာကိဉ္စညာယတနဘုံ၌ ဖြစ်ရုံမျှအကျိုးငှါသာလျှင် ဖြစ်၏”ဟု (အကြံဖြစ်၏)။ ဘာရဒွါဇ ထိုငါသည် ထိုတရားကို တန်ဆာမဆင်ဘဲ့ထိုတရားမှ ငြီးငွေ့၍ ဖဲခွါခဲ့၏။
၄၇၆။ ဘာရဒွါဇ ထိုငါသည် အဘယ်အရာသည် အကောင်းဆုံးနည်းဟု ရှာဖွေရင်း အဘယ်အရာ သည် (အတုမရှိ) မြတ်သော ငြိမ်းအေးရာ နိဗ္ဗာန်နည်းဟု ရှာဖွေရင်း ရာမ၏သား ဥဒကထံသို့ ချဉ်းကပ် မိပြီ၊ ချဉ်းကပ်ပြီးနောက် ရာမ၏သား ဥဒကကို “ငါ့သျှင် ငါသည် ဤသာသနာ၌ မြတ်သော အကျင့်ကိုကျင့်လို၏”ဟု ဤစကားကို ပြောဆို၏။ ဘာရဒွါဇ ဤသို့ ပြောဆိုသော် ရာမ၏သား ဥဒကသည် ငါ့ကို”အသျှင် နေပါလော့၊ ဤတရားကား ပညာရှိယောကျာ်းသည် မကြာမီပင် မိမိ၏ ဆရာ့အယူကို ကိုယ်တိုင်ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုကာ ပြည့်စုံစေ၍ နေနိုင်ရာသော သဘောရှိပါ၏”ဟု ဤစကားကိုပြောဆို၏။ ဘာရဒွါဇ ထိုငါသည် မကြာမီပင် လျင်မြန်စွာသာလျှင် ထိုတရားကို သင်ယူ၏။ ဘာရဒွါဇထိုငါသည် ထိုမျှလောက် နှုတ်ခမ်းလှုပ်ရုံမျှ ဆိုပြသည်ကို လိုက်ဆိုရုံမျှဖြင့်သာလျှင် သိပြီဟူသော စကားကိုလည်းကောင်း၊ ခိုင်မြဲပြီဟူသော စကားကိုလည်းကောင်း ပြောဆိုနိုင်၏၊ “သိ၏၊ မြင်၏” ဟူ၍ ငါလည်းဝန်ခံ၏၊ သူတစ်ပါးတို့ကလည်း ပြောဆို (ကြကုန်) ၏။
ဘာရဒွါဇ ထိုငါ့အား ဤသို့သော အကြံသည် ဖြစ်၏—“ရာမသည် ဤတရားကို ‘ကိုယ်တိုင်ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုကာ ပြည့်စုံစေ၍ နေရာ၏’ဟု သက်သက်ယုံကြည်ချက်မျှဖြင့် ပြောကြားသည် မဟုတ်၊ စင်စစ် ရာမသည် ဤတရားကို သိလျက် မြင်လျက် နေ၏”ဟု (အကြံဖြစ်၏)။ ဘာရဒွါဇ ထိုအခါ ငါသည် ရာမ၏သား ဥဒကထံသို့ ချဉ်းကပ်၍ ရာမ၏သား ဥဒကကို “ငါ့သျှင်ရာမအဘယ်မျှ လောက်ဖြင့် ဤတရားကို ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုကာ ပြည့်စုံစေ၍နေ၏ဟု ပြောကြားသနည်း”ဟု ဤစကားကို ပြောဆို၏။ ဘာရဒွါဇ ဤသို့ ပြောဆိုသော် ရာမ၏သားဥဒကသည် နေဝသညာနာသညာယတနသမာပတ်ကို ပြောကြား၏။ ဘာရဒွါဇ ထိုငါ့အား ဤသို့သောအကြံသည် ဖြစ်၏—“ရာမအားသာလျှင် ယုံကြည်ခြင်း ‘သဒ္ဓါ’ ရှိသည် မဟုတ်၊ ငါ့အားလည်းယုံကြည်ခြင်း ‘သဒ္ဓါ’ ရှိ၏၊ ရာမအားသာလျှင် လုံ့လ ‘ဝီရိယ’ ရှိသည် မဟုတ်၊ ငါ့အားလည်း လုံ့လ ‘ဝီရိယ’ရှိ၏။ ရာမအားသာလျှင် အောက်မေ့ခြင်း ‘သတိ’ ရှိသည် မဟုတ်၊ ငါ့အားလည်း အောက်မေ့ခြင်း ‘သတိ’ ရှိ၏၊ ရာမအားသာလျှင် တည်ကြည်ခြင်း ‘သမာဓိ’ရှိသည် မဟုတ်၊ ငါ့အားလည်းတည်ကြည်ခြင်း ‘သမာဓိ’ ရှိ၏။ ရာမအားသာလျှင် အသိဉာဏ်ရှိသည် မဟုတ်၊ ငါ့အားလည်း အသိဉာဏ်ရှိ၏။ ‘ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် မျက်မှောက် ပြုကာ ပြည့်စုံစေ၍ နေ၏’ဟု ရာမပြောကြားသောတရားကို မျက်မှောက်ပြုခြင်းငှါ ငါ အားထုတ်ရမူ ကောင်းပေမည်”ဟု (အကြံဖြစ်၏)။ ဘာရဒွါဇထိုငါသည် မကြာမီပင် လျင်မြန်စွာသာလျှင် ထိုတရားကို ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုကာပြည့်စုံစေ၍ နေ၏။
ဘာရဒွါဇ ထိုအခါ ငါသည် ရာမ၏သား ဥဒကထံသို့ ချဉ်းကပ်၍ ရာမ၏သား ဥဒကအား ဤ စကားကိုပြောဆို၏—“ငါ့သျှင်ရာမ ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုကာ ပြည့်စုံစေ၍ ပြော ကြားသောဤတရားကား ဤမျှသာလော”ဟု (မေး၏)။ ငါ့သျှင် ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုကာပြည့်စုံစေ၍ ငါပြောကြားသော တရားကား ဤမျှသာတည်းဟု (ပြောဆို၏)။ ငါ့သျှင် ကိုယ်တိုင်ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုကာ ပြည့်စုံစေ၍ ငါနေသော တရားလည်း ဤမျှသာတည်းဟု (ပြန်၍ပြောဆို၏)။ ငါ့သျှင် သင်ကဲ့သို့သော သီတင်းသုံးဖော်အသျှင်ကို ငါတို့ တွေ့မြင်ကြရခြင်းသည် ငါ့တို့အားအရတော်လေစွ။ ငါတို့အား အလွန်အရတော် လေစွ။ ဤသို ့ကိုယ်တိုင်ထူးသောဉာဏ်ဖြင့်မျက်မှောက်ပြုကာ ပြည့်စုံစေ၍ ငါ ပြောကြားသော တရားကို ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုကာ ပြည့်စုံစေ၍ သင် နေ၏။ ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုကာ ပြည့်စုံစေ၍ သင်နေသော တရားကို ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုကာ ပြည့်စုံစေ၍ (ငါ) ပြောကြား၏။ ဤသို့ (ငါ) သိသော တရားကို သင် သိ၏။ သင် သိသော တရားကို ငါ သိ၏၊ ဤသို့လျှင် ငါကဲ့သို့ပင့်သင်လည်း ဖြစ်၏။ သင်ကဲ့သို့ပင် (ငါလည်း) ဖြစ်၏။ ငါ့သျှင် လာလော့၊ ယခုအခါ သင်သည် ဤဂိုဏ်းကို (ရှေ့) ဆောင်ပါလော့ဟု (ပြောဆို၏)။
ဘာရဒွါဇ ဤသို့လျှင် ရာမ၏သား ဥဒကသည် ငါ၏ သီတင်းသုံးဖော်ဖြစ်လျက် ငါ့ကို ဆရာ့အရာ၌ထား၏၊ ငါ့ကို မွန်မြတ်သော ပူဇော်ခြင်းဖြင့်လည်း ပူဇော်၏၊ ဘာရဒွါဇ ထိုငါ့အား ဤသို့သော အကြံသည် ဖြစ်၏ “ဤတရားသည် ငြီးငွေ့ခြင်းငှါ မဖြစ်၊ တပ်မက်မှု ကင်းခြင်းငှါ မဖြစ်၊ ချုပ်ခြင်းငှါ မဖြစ်၊ ငြိမ်းအေးခြင်းငှါ မဖြစ်၊ ထူးသောဉာဏ်ဖြင့် သိခြင်းငှါ မဖြစ်၊ ကောင်းစွာ သိခြင်းအကျိုးငှါ မဖြစ်၊ နိဗ္ဗာန်အကျိုးငှါ မဖြစ်၊ နေဝသညာနာသညာယတနဘုံ၌ ဖြစ်ရုံမျှ အကျိုးငှါသာလျှင် ဖြစ်၏”ဟု အကြံဖြစ်၏။ ဘာရဒွါဇ ထိုငါသည် ထိုတရားကို တန်ဆာမဆင်ဘဲ ထိုတရားမှ ငြီးငွေ့၍ ဖဲခွါခဲ့၏။
၄၇၇။ ဘာရဒွါဇ ထိုငါသည် အဘယ်အရာသည် အကောင်းဆုံးနည်းဟု ရှာဖွေရင်း အဘယ်အရာ သည်အတုမရှိမြတ်သော ငြိမ်းအေးရာ နိဗ္ဗာန်နည်းဟု ရှာဖွေရင်း မဂဓတိုင်းတို့၌ အစဉ်အတိုင်း ဒေသစာရီလှည့်လည်သော် ဥရုဝေလတော သေနာနိဂုံးဆီသို့ သက်ရောက်၏၊ ထိုအရပ်၌ မွေ့လျော်ဖွယ် ရာမြေအဖို့ကိုလည်းကောင်း၊ ကြည်နူးဖွယ်ကောင်းသော တောအုပ်ကိုလည်းကောင်း၊ စီးဆင်းနေသောမြစ်ကိုလည်းကောင်း၊ မွေ့လျော်ဖွယ်ကောင်းသော သန့်ရှင်းသော ဆိပ်ကမ်းကိုလည်းကောင်း အနီးအနားမှဆွမ်းခံရွာကိုလည်းကောင်း မြင်၏၊ ဘာရဒွါဇ ထိုငါ့အား ဤသို့သော အကြံသည် ဖြစ်၏ — “အချင်းတို့မြေအဖို့သည် မွေ့လျော်ဖွယ်ကောင်းလေစွတကား၊ တောအုပ်သည်လည်း ကြည်နူးဖွယ်ကောင်းလေစွတကား၊ မြစ်သည်လည်း စီးဆင်းနေ၏၊ ဆိပ်ကမ်းသည်လည်း သန့်ရှင်း၍ မွေ့လျော်ဖွယ်ကောင်း၏၊ ဆွမ်းခံရွာသည်လည်း နီးနား၏၊ ဤအရပ်၌ ကမ္မဋ္ဌာန်း အားထုတ်လိုသော အမျိုးသားအား ကမ္မဋ္ဌာန်းအားထုတ်ခြင်းငှါ သင့်လျော်ရာ၏တကား”ဟု အကြံဖြစ်၏။ ဘာရဒွါဇ ထိုငါသည် ထိုအရပ်၌ပင်လျှင်”ဤအရပ်သည် ကမ္မဋ္ဌာန်းအားထုတ်ခြင်းငှါ သင့်လျော်၏”ဟု (နှလုံးသွင်း၍) ထိုင်နေ၏။
ဘာရဒွါဇ စင်စစ် ငါ့အား ရှေးကမကြားဖူးကုန်သော အံ့သြဖွယ်ရာ ဥပမာသုံးရပ်တို့သည် ထင်လာကုန်၏၊ ဘာရဒွါဇ ရေ၌ ချထားအပ်သည့် အစေးရှိသော ထင်းစိုသည် ရှိ၏၊ ထိုအခါ ယောကျာ်းသည်မီးပွတ်ခုံကို ယူ၍ “မီးကို ဖြစ်စေအံ့၊ တေဇောဓာတ်ကို ထင်ရှားပြုအံ့”ဟု လာရာ၏။ ဘာရဒွါဇထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ စင်စစ် ထိုယောကျာ်းသည် ဤမည်သော ရေ၌ ချထားအပ်သည့် အစေးရှိသော ထင်းစိုကို မီးပွတ်ခုံသို့ ယူ၍ ပွတ်တိုက်သော် မီးကို ဖြစ်စေနိုင်ရာသလော၊ တေဇောဓာတ်ကို ထင်ရှားပြုနိုင်ရာသလောဟု (မေးတော်မူ၏)။ အသျှင်ဂေါတမ မဖြစ်နိုင်ပါ၊ အဘယ်ကြောင့်နည်းဟူမူ— အသျှင်ဂေါတမ ဤမည်သော ထင်းသည် စို၍ အစေးရှိသည့်ပြင် ရေ၌လည်း ချထားသောကြောင့်ပါတည်း၊ ထိုယောကျာ်းသည် ကိုယ်ပင်ပန်းရုံ စိတ်ပင်ပန်းရုံသာ ဖြစ်ရာပါ၏ဟု (လျှောက်၏)။
ဘာရဒွါဇ ဤအတူပင်လျှင် အချို့သော သမဏဗြာဟ္မဏတို့သည် ကိုယ်ဖြင့်လည်းကောင်း စိတ်ဖြင့်လည်းကောင်း လိုချင်မှုတို့မှ မကင်းဆိတ်ဘဲ နေကုန်၏။ ထိုသမဏဗြာဟ္မဏတို့သည် ကိုယ်တွင်း သန္တာန်ဝယ် လိုချင်ဖွယ်ဝတ္ထုတို့၌ လိုချင်တပ်မက်မှု လိုချင်မှုအစေး လိုချင်သောအားဖြင့် တွေဝေခြင်း လိုချင်မှုမွတ်သိပ်ခြင်း လိုချင်မှု ပူဆာခြင်းကို ကောင်းစွာ မပယ်ရသေး၊ ကောင်းစွာ မငြိမ်းရသေး၊ အကယ်၍ထိုအသျှင်သမဏဗြာဟ္မဏတို့သည် လုံ့လကြောင့် ဖြစ်ကုန်သော ကြီးမားကြမ်းတမ်း စပ်ရှားကုန်သောဆင်းရဲခံစားခြင်းတို့ကို ခံစားကုန်သော်လည်း ဉာဏ်အကျိုးငှါ အမြင်အကျိုးငှါ အတုမဲ့ထိုးထွင်း၍ သိခြင်းငှါမထိုက်တန်ကုန်။ အကယ်၍ ထိုအသျှင် သမဏဗြာဟ္မဏတို့သည် လုံ့လကြောင့် ဖြစ်ကုန်သော ကြီးမားကြမ်းတမ်း စပ်ရှားကုန်သော ဆင်းရဲခံစားခြင်းတို့ကို မခံစားကုန်သော်လည်း ဉာဏ် အကျိုးငှါ အမြင်အကျိုးငှါ အတုမဲ့ထိုးထွင်း၍ သိခြင်းငှါ မထိုက်တန်ကုန်။ ဘာရဒွါဇ ငါ့အား ရှေးက မကြားဖူးသော ဤရှေးဦးစွာအံ့သြဖွယ်ရာ ဥပမာသည် ထင်လာ၏။
၄၇၈။ ဘာရဒွါဇ ငါ့အား ရှေးက မကြားဖူးသော နှစ်ခုမြောက် အံ့သြဖွယ်ရာ အခြားဥပမာသည့်ထင်လာပြန်၏။ ဘာရဒွါဇ ရေမှ ဝေးစွာ ကုန်း၌ ချထားအပ်သည့် အစေးရှိသော ထင်းစိုသည် ရှိ၏၊ ထိုအခါ ယောကျာ်းသည် မီးပွတ်ခုံကို ယူ၍ “မီးကို ဖြစ်စေအံ့၊ တေဇောဓာတ်ကို ထင်ရှားပြုအံ့”ဟုလာရာ၏။ ဘာရဒွါဇ ထိုအရာကို အဘယ်သို့ မှတ်ထင်ဘိသနည်း၊ စင်စစ် ထိုယောကျာ်းသည် ဤမည်သော ရေမှဝေးစွာ ကုန်း၌ ချထားအပ်သည့် အစေးရှိသော ထင်းစိုကို မီးပွတ်ခုံသို့ ယူ၍ ပွတ်တိုက်သော်မီးကို ဖြစ်စေနိုင်ရာသလော၊ တေဇောဓာတ်ကို ထင်ရှားပြုနိုင်ရာသလောဟု (မေးတော်မူ၏)။ အသျှင်ဂေါတမ မဖြစ်နိုင်ပါ၊ အဘယ့်ကြောင့်နည်းဟူမူ— အသျှင်ဂေါတမ ဤမည်သော ထင်းစိုသည် ရေမှ ဝေးစွာကုန်း၌ ချထားစေကာမူ အစေးရှိသေးသောကြောင့်ပါတည်း။ ထိုယောကျာ်းသည် ကိုယ်ပင်ပန်းရုံ စိတ်ပင်ပန်းရုံသာ ဖြစ်ရာပါ၏ဟု (လျှောက်၏)။
ဘာရဒွါဇ ဤအတူပင်လျှင် အချို့သော သမဏဗြာဟ္မဏတို့သည် ကိုယ်ဖြင့်လည်းကောင်း၊ စိတ်ဖြင့်လည်းကောင်း လိုချင်မှုတို့မှ ကင်းဆိတ်လျက် နေကုန်၏။ ထိုသမဏဗြာဟ္မဏတို့သည် ကိုယ်တွင်းသန္တာန်ဝယ် လိုချင်ဖွယ်ဝတ္ထုတို့၌ လိုချင်တပ်မက်မှု လိုချင်မှုအစေး လိုချင်သောအားဖြင့် တွေဝေခြင်း လိုချင်မှုမွတ်သိပ်ခြင်း လိုချင်မှုပူဆာခြင်းကို ကောင်းစွာ မပယ်ရသေး၊ ကောင်းစွာ မငြိမ်းရသေး၊ အကယ်၍ထိုအသျှင်သမဏဗြာဟ္မဏတို့သည် လုံ့လကြောင့် ဖြစ်ကုန်သော ကြီးမားကြမ်းတမ်း စပ်ရှားကုန်သောဆင်းရဲခံစားခြင်းတို့ကို ခံစားကုန်သော်လည်း ဉာဏ်အကျိုးငှါ အမြင်အကျိုးငှါ အတုမဲ့ ထိုးထွင်း၍ သိခြင်းငှါ မထိုက်တန်ကုန်။ အကယ်၍ ထိုအသျှင် သမဏဗြာဟ္မဏတို့သည် လုံ့လကြောင့် ဖြစ်ကုန်သောကြီးမားကြမ်းတမ်း စပ်ရှားကုန်သော ဆင်းရဲခံစားခြင်းတို့ကို မခံစားကုန်သော်လည်း ဉာဏ်အကျိုးငှါ အမြင်အကျိုးငှါ အတုမဲ့ ထိုးထွင်း၍ သိခြင်းငှါ မထိုက်တန်ကုန်။ ဘာရဒွါဇ ငါ့အား ရှေးက မကြားဘူးသောအံ့သြဖွယ်ရာ နှစ်ခုမြောက် ဤဥပမာသည် ထင်လာ၏။
၄၇၉။ ဘာရဒွါဇ ငါ့အား ရှေးက မကြားဖူးသော အံ့သြဖွယ်ရာ သုံးခုမြောက်သော အခြား ဥပမာသည်လည်း ထင်လာ၏။ ဘာရဒွါဇ ရေမှ ဝေးစွာ ကုန်း၌ ချထားအပ်သည့် ခြောက်သွေ့သော ထင်းသည်ရှိ၏။ ထိုအခါ ယောကျာ်းသည် မီးပွတ်ခုံကို ယူ၍ “မီးကို ဖြစ်စေအံ့၊ တေဇောဓာတ်ကို ထင်ရှားပြုအံ့”ဟု လာရာ၏။ ဘာရဒွါဇ ထိုအရာကို အဘယ်သို့ မှတ်ထင်ဘိသနည်း။ စင်စစ် ထိုယောကျာ်းသည်ရေမှ ဝေးစွာ ကုန်း၌ ချထားအပ်သည့် ခြောက်သွေ့သော ထင်းကို မီးပွတ်ခုံသို့ ယူ၍ ပွတ်သော် မီးကိုဖြစ်စေနိုင်ရာသလော၊ တေဇောဓာတ်ကို ထင်ရှားပြုနိုင်ရာသလောဟု (မေးတော်မူ၏)။ အသျှင်ဂေါတမဖြစ်နိုင်ပါ၏၊ အဘယ့်ကြောင့်နည်းဟူမူ— အသျှင်ဂေါတမ ဤမည်သော ထင်းသည် ခြောက်သွေ့နေ၍ ရေမှဝေးစွာ ကုန်း၌ ချထားသောကြောင့်ပါတည်းဟု (လျှောက်၏)။
ဘာရဒွါဇ ဤအတူပင်လျှင် အချို့သော သမဏဗြာဟ္မဏတို့သည် ကိုယ်ဖြင့်လည်းကောင်း စိတ်ဖြင့်လည်းကောင်း လိုချင်မှုတို့မှ ကင်းဆိတ်လျက် နေကုန်၏။ ထိုသမဏဗြာဟ္မဏတို့သည် ကိုယ်တွင်းသန္တာန်ဝယ် လိုချင်ဖွယ်ဝတ္ထုတို့၌ လိုချင်တပ်မက်မှု လိုချင်မှုအစေး လိုချင်သောအားဖြင့် တွေဝေခြင်းလိုချင်မှုမွတ်သိပ်ခြင်း လိုချင်မှု ပူဆာခြင်းကို ကောင်းစွာ ပယ်ပြီးဖြစ်၏၊ ကောင်းစွာ ငြိမ်းပြီးဖြစ်၏၊ အကယ်၍ ထိုအသျှင်သမဏဗြာဟ္မဏတို့သည် လုံ့လကြောင့် ဖြစ်ကုန်သော ကြီးမားကြမ်းတမ်း စပ်ရှားကုန်သော ဆင်းရဲခံစားခြင်းတို့ကို ခံစားကုန်သော်လည်း ဉာဏ်အကျိုးငှါ အမြင်အကျိုးငှါ အတုမဲ့ ထိုးထွင်း၍ သိခြင်းငှါ ထိုက်တန်ကုန်၏။ အကယ်၍ ထိုအသျှင် သမဏဗြာဟ္မဏတို့သည် လုံ့လကြောင့် ဖြစ်ကုန်သော ကြီးမား ကြမ်းတမ်း စပ်ရှားကုန်သော ဆင်းရဲခံစားခြင်းတို့ကို မခံစားကုန်သော်လည်း ဉာဏ်အကျိုးငှါအမြင်အကျိုးငှါ အတုမဲ့ ထိုးထွင်း၍ သိခြင်းငှါ ထိုက်တန်ကုန်၏။ ဘာရဒွါဇ ငါ့အား ရှေးက မကြားဖူးသော အံ့သြဖွယ်ရာ ဤသုံးခုမြောက်ဥပမာသည် ထင်လာ၏။ ဘာရဒွါဇ ငါ့အား ရှေးက မကြားဖူးကုန်သော ဤအံ့သြဖွယ်ရာ ဥပမာသုံးရပ်တို့သည် ထင်လာကုန်၏။
၄၈ဝ။ ဘာရဒွါဇ ထိုငါ့အား “ငါသည် သွားတို့ဖြင့် သွားကို ကြိတ်၍ လျှာဖြင့် အာစောက်ကို ထိလျက့်စိတ်ဖြင့် စိတ်ကို ဖိနှိပ်ရမူ ဖျစ်ညှစ်ရမူ ပင်ပန်းစေရမူ ကောင်းပေမည်”ဟု ဤအကြံသည် ဖြစ်၏။ ဘာရဒွါဇ ထိုငါသည် သွားတို့ဖြင့် သွားကို ကြိတ်၍ လျှာဖြင့် အာစောက်ကို ထိလျက် စိတ်ဖြင့် စိတ်ကိုဖိနှိပ်၏၊ ဖျစ်ညှစ်၏၊ ပင်ပန်းစေ၏၊ ဘာရဒွါဇ ထိုငါသည် သွားတို့ဖြင့် သွားကို ကြိတ်၍ လျှာဖြင့်အာစောက်ကို ထိလျက် စိတ်ဖြင့် စိတ်ကို ဖိနှိပ်ဖျစ်ညှစ်ပင်ပန်းစေသော် လက်ကတီးကြားတို့မှ ချွေးတို့သည် ယိုထွက်ကုန်၏၊ ဘာရဒွါဇ အားရှိသောယောကျာ်းသည် အားနည်းသောယောကျာ်းကို ဦးခေါင်း၌ကိုင်၍ဖြစ်စေ၊ ပခုံး၌ ကိုင်၍ဖြစ်စေ ဖိနှိပ်ရာ ဖျစ်ညှစ် ပင်ပန်းစေရာသကဲ့သို့၊ ဘာရဒွါဇ ဤအတူပင်လျှင်သွားတို့ဖြင့် သွားကို ကြိတ်၍ လျှာဖြင့် အာစောက်ကို ထိလျက် စိတ်ဖြင့် စိတ်ကို ဖိနှိပ်ဖျစ်ညှစ်ပင်ပန်းစေသော် ငါ၏ လက်ကတီးကြားတို့မှ ချွေးတို့သည် ယိုထွက်ကုန်၏၊ ဘာရဒွါဇ (ငါသည်) မတွန့်တိုသော လုံ့လကို အားထုတ်ပြီးပြီ၊ ငါ့အား မေ့လျော့ခြင်းမရှိသော သတိသည် ထင်ပြီ၊ အားထုတ်ခြင်းထိုးကျင့်ထားသော ငါ၏ ကိုယ်သည် ထိုဆင်းရဲကို (ဖြစ်စေတတ်သော) အားထုတ်ခြင်းကြောင့်သာလျှင်ပူလောင်ခြင်း ရှိခဲ့၏၊ မငြိမ်းအေးခဲ့ပေ။
၄၈၁။ ဘာရဒွါဇ ထိုငါ့အား “ငါသည် ထွက်သက်ဝင်သက် မရှိအောင် ရှုဆင်ခြင်မှုကိုသာလျှင်ရှုဆင်ခြင်ရမူ ‘ဈာန်ဝင်စားရမူ’ ကောင်းပေမည်”ဟု ဤအကြံသည် ဖြစ်၏။ ဘာရဒွါဇ ထိုငါသည်ခံတွင်းမှ လည်းကောင်း၊ နှာခေါင်းမှလည်းကောင်း ထွက်သက်ဝင်သက်တို့ကို ချုပ်တည်းပိတ်ပင်ထား၏၊ ဘာရဒွါဇ ထိုငါသည် ခံတွင်းမှလည်းကောင်း၊ နှာခေါင်းမှလည်းကောင်း ထွက်သက်ဝင်သက်တို့ကိုချုပ်တည်းပိတ်ပင် ထားသော် နားတွင်းတို့မှ ထွက်သော လေတို့၏ အသံသည် လွန်ကဲပြင်းထန်စွာဖြစ်၏။ ဘာရဒွါဇ ပန်းပဲသမားတို့၏ ဖားဖို (ဆွဲ) မှုတ်သော် လွန်ကဲပြင်းထန်သော အသံသည်ဖြစ်သကဲ့သို့၊ ဤအတူပင်လျှင် ခံတွင်းမှလည်းကောင်း၊ နှာခေါင်းမှလည်းကောင်း ထွက်သက်ဝင်သက်တို့ကိုချုပ်တည်းပိတ်ပင်ထားသော် ငါ၏ နားတွင်းတို့မှ ထွက်သော လေ၏ အသံသည် လွန်ကဲပြင်းထန်စွာဖြစ်၏။ ဘာရဒွါဇ ငါသည် မတွန့်တိုသော လုံ့လကို အားထုတ်ပြီးပြီ၊ ငါ့အား မေ့လျော့ခြင်းမရှိသောသတိသည် ထင်ပြီ၊ အားထုတ် ခြင်းဖြင့် ထိုးကျင့်ထားသော ငါ၏ ကိုယ်သည် ထိုဆင်းရဲကို (ဖြစ်စေတတ်သော) အားထုတ်ခြင်းကြောင့်သာ လျှင် ပူလောင်ခြင်း ရှိခဲ့၏၊ မငြိမ်းအေးခဲ့ပေ။
ဘာရဒွါဇ ထိုငါ့အား “ငါသည် ထွက်သက်ဝင်သက်မရှိအောင် ရှုဆင်ခြင်မှု ‘ဈာန်’ကိုသာလျှင် ရှုဆင်ခြင်ရမူ ‘ဈာန်ဝင်စားရမူ’ ကောင်းပေမည်”ဟု ဤအကြံသည် ဖြစ်၏။ ဘာရဒွါဇ ထိုငါသည် ခံတွင်းမှလည်းကောင်း၊ နှာခေါင်းမှလည်းကောင်း၊ နားမှလည်းကောင်း ထွက်သက်ဝင်သက်တို့ကို ချုပ်တည်းပိတ်ပင် ထား၏၊ ဘာရဒွါဇ ထိုငါသည် ခံတွင်းမှလည်းကောင်း၊ နှာခေါင်းမှလည်းကောင်း၊ နားမှလည်းကောင်း ထွက်သက်ဝင်သက်တို့ကို ချုပ်တည်းပိတ်ပင်ထားသော် လွန်ကဲပြင်းထန်သောလေတို့သည် ဦးထိပ်၌ တိုးဝှေ့ကုန်၏။ ဘာရဒွါဇ အားရှိသော ယောကျာ်းသည် ထက်သော ချွန်းဖြင့်ဦးထိပ်၌ ကြိတ်နှိပ်ရာသကဲ့ သို့၊ ဤအတူပင်လျှင် ခံတွင်းမှလည်းကောင်း၊ နှာခေါင်းမှလည်းကောင်း၊ နားမှလည်းကောင်း ထွက်သက် ဝင်သက်တို့ကို ချုပ်တည်းပိတ်ပင်ထားသော် လွန်ကဲပြင်းထန်သောလေတို့သည် ငါ၏ ဦးထိပ်၌ တိုးဝှေ့ ကုန်၏။ ဘာရဒွါဇ ငါသည် မတွန့်တိုသော လုံ့လကိုအားထုတ်ပြီးပြီ၊ ငါ့အား မေ့လျော့ခြင်း မရှိသော သတိသည် ထင်ပြီ၊ အားထုတ်ခြင်းဖြင့်ထိုးကျင့်ထားသော ငါ၏ ကိုယ်သည် ထိုဆင်းရဲကို (ဖြစ်စေတတ် သော) အားထုတ်ခြင်းကြောင့်သာလျှင်ပူလောင်ခြင်း ရှိခဲ့၏၊ မငြိမ်းအေးခဲ့ပေ။
ဘာရဒွါဇ ထိုငါ့အား “ငါသည် ထွက်သက်ဝင်သက်မရှိအောင် ရှုဆင်ခြင်မှု ‘ဈာန်’ကိုသာလျှင် ရှုဆင်ခြင်ရမူ ‘ဈာန်ဝင်စားရမူ’ ကောင်းပေမည်”ဟု ဤအကြံသည် ဖြစ်၏။ ဘာရဒွါဇ ထိုငါသည် ခံတွင်းမှလည်းကောင်း၊ နှာခေါင်းမှလည်းကောင်း၊ နားမှလည်းကောင်း ထွက်သက်ဝင်သက်တို့ကို ချုပ်တည်းပိတ်ပင်ထား၏၊ ဘာရဒွါဇ ထိုငါသည် ခံတွင်းမှလည်းကောင်း၊ နှာခေါင်းမှလည်းကောင်း၊ နားမှလည်းကောင်း့ထွက်သက်ဝင်သက်တို့ကို ချုပ်တည်းပိတ်ပင်ထားသော် လွန်ကဲပြင်းထန်သော ဦးခေါင်းကိုက်ခဲခြင်းတို့သည်ဖြစ်ကုန်၏။ ဘာရဒွါဇ အားရှိသော ယောကျာ်းသည် ခိုင်ခံ့သော သားရေလွန်ပိုင်းဖြင့် ဦးခေါင်းကို ရစ်ပတ်ထားရာသကဲ့သို့၊ ဤအတူပင်လျှင် ခံတွင်းမှလည်းကောင်း၊ နှာခေါင်းမှလည်းကောင်း၊ နားမှလည်းကောင်းထွက်သက်ဝင်သက်တို့ကို ချုပ်တည်းပိတ်ပင်ထားသော် လွန်ကဲပြင်းထန်သော ငါ၏ ဦးခေါင်းကိုက်ခဲခြင်းတို့သည် ဖြစ်ကုန်၏။ ဘာရဒွါဇ ငါသည် မတွန့်တိုသော လုံ့လကို အားထုတ်ပြီးပြီ၊ ငါ့အားမေ့လျော့ခြင်း မရှိသော သတိသည် ထင်ပြီ၊ အားထုတ်ခြင်းဖြင့် ထိုးကျင့်ထားသော ငါ၏ ကိုယ်သည်ထိုဆင်းရဲခြင်းကို (ဖြစ်စေတတ်သော) အားထုတ်ခြင်းကြောင့်သာလျှင် ပူလောင်ခြင်း ရှိခဲ့၏၊ မငြိမ်းအေးခဲ့ပေ။
ဘာရဒွါဇ ထိုငါ့အား “ငါသည် ထွက်သက်ဝင်သက်မရှိအောင် ရှုဆင်ခြင်မှု ‘ဈာန်’ကိုသာလျှင် ရှုဆင်ခြင်ရမူ ‘ဈာန်ဝင်စားရမူ’ ကောင်းပေမည်”ဟု ဤအကြံသည် ဖြစ်၏။ ဘာရဒွါဇ ထိုငါသည် ခံတွင်းမှလည်းကောင်း၊ နှာခေါင်းမှလည်းကောင်း၊ နားမှလည်းကောင်း ထွက်သက်ဝင်သက်တို့ကို ချုပ်တည်းပိတ်ပင်ထား၏၊ ဘာရဒွါဇ ထိုငါသည် ခံတွင်းမှလည်းကောင်း၊ နှာခေါင်းမှလည်းကောင်း၊ နားမှလည်းကောင်းထွက်သက်ဝင်သက်တို့ကို ချုပ်တည်းပိတ်ပင်ထားသော် လွန်ကဲပြင်းထန်သော လေတို့သည် ဝမ်းကို ထိုးဆွရစ်မွှေကုန်၏။ ဘာရဒွါဇ ကျွမ်းကျင်သော နွားသတ်သမားသည်လည်းကောင်း၊ နွားသတ်သမား၏ တပည့်သည်လည်းကောင်း၊ ထက်သော သားလှီးဓားငယ်ဖြင့် ဝမ်းကို ထိုးဆွရစ်မွှေရာသကဲ့သို့၊ ဤအတူပင်လျှင်ခံတွင်းမှလည်းကောင်း၊ နှာခေါင်းမှလည်းကောင်း၊ နားမှလည်းကောင်း ထွက်သက်ဝင်သက်တို့ကိုချုပ်တည်း ပိတ်ပင်ထားသော် လွန်ကဲပြင်းထန်သော လေတို့သည် ငါ၏ ဝမ်းကို ထိုးဆွရစ်မွှေကုန်၏။ ဘာရဒွါဇ ငါသည် မတွန့်တိုသော လုံ့လကို အားထုတ်ပြီးပြီ၊ ငါ့အား မေ့လျော့ခြင်း မရှိသော သတိသည်ထင်ပြီ၊ အားထုတ်ခြင်းဖြင့် ထိုးကျင့်ထားသော ငါ၏ ကိုယ်သည် ထိုဆင်းရဲခြင်းကို (ဖြစ်စေတတ်သော) အားထုတ်ခြင်းကြောင့်သာလျှင် ပူလောင်ခြင်း ရှိခဲ့၏၊ မငြိမ်းအေးခဲ့ပေ။
ဘာရဒွါဇ ထိုငါ့အား “ငါသည် ထွက်သက်ဝင်သက်မရှိအောင် ရှုဆင်ခြင်မှု ‘ဈာန်’ကိုသာလျှင် ရှုဆင်ခြင်ရမူ ‘ဈာန်ဝင်စားရမူ’ ကောင်းပေမည်”ဟု ဤအကြံသည် ဖြစ်၏။ ဘာရဒွါဇ ထိုငါသည် ခံတွင်းမှလည်းကောင်း၊ နှာခေါင်းမှလည်းကောင်း၊ နားမှလည်းကောင်း ထွက်သက်ဝင်သက်တို့ကိုချုပ်တည်း ပိတ်ပင် ထား၏၊ ဘာရဒွါဇ ထိုငါသည် ခံတွင်းမှလည်းကောင်း၊ နှာခေါင်းမှလည်းကောင်း၊ နားမှလည်းကောင်း ထွက်သက်ဝင်သက်တို့ကို ချုပ်တည်း ပိတ်ပင်ထားသော် လွန်ကဲပြင်းထန်သောကိုယ်၌ ပူလောင်ခြင်းသည် ဖြစ်၏။ ဘာရဒွါဇ အားရှိသော ယောကျာ်း နှစ်ယောက်တို့သည်အားနည်းသောယောကျာ်းကို အသီး အသီး လက်မောင်းတို့၌ ကိုင်၍ မီးကျီးတွင်း၌ ကင်ကုန်ရာသကဲ့သို့အပြန်ပြန် ကင်ကုန်ရာသကဲ့သို့၊ ဤအတူပင်လျှင် ခံတွင်းမှလည်းကောင်း၊ နှာခေါင်းမှလည်းကောင်း၊ နားမှလည်းကောင်း ထွက်သက်ဝင်သက် တို့ကို ချုပ်တည်းပိတ်ပင်ထားသော် လွန်ကဲပြင်းထန်သော ငါ၏ကိုယ်၌ ပူလောင်ခြင်းသည် ဖြစ်၏။ ဘာရဒွါဇ ငါသည် မတွန့်တိုသော လုံ့လကို အားထုတ်ပြီးပြီ၊ ငါ့အားမေ့လျော့ခြင်း မရှိသော သတိသည် ထင်ပြီ၊ အားထုတ်ခြင်းဖြင့် ထိုးကျင့်ထားသော ငါ၏ ကိုယ်သည်ထိုဆင်းရဲကို (ဖြစ်စေတတ်သော) အား ထုတ်ခြင်းကြောင့်သာလျှင် ပူလောင်ခြင်း ရှိခဲ့၏၊ မငြိမ်းအေးခဲ့ပေ။ ဘာရဒွါဇ စင်စစ် ငါ့ကို နတ်တို့သည် မြင်၍ “ရဟန်းဂေါတမသည် သေပြီ”ဟု ဆိုကုန်၏။ အချို့နတ်တို့သည် “ရဟန်းဂေါတမသည် မသေ သေး၊ စင်စစ်ကား သေခါနီးနေ၏”ဟု ဆိုကုန်၏။ အချို့နတ်တို့သည် “ရဟန်းဂေါတမသည် မသေသေး၊ သေ ခါနီးလည်း မဟုတ်၊ ရဟန်းဂေါတမသည်ရဟန္တာဖြစ်၍ နေခြင်းသာ ဖြစ်၏၊ ရဟန္တာ၏ နေခြင်း ကား ဤသို့ သဘောရှိ၏”ဟု ဆိုကုန်၏။
ဘာရဒွါဇ ထိုငါ့အား “ငါသည် လုံးဝအစာအာဟာရ ဖြတ်၍ ကျင့်ရမူ ကောင်းပေမည်”ဟု ဤအကြံသည် ဖြစ်၏။ ဘာရဒွါဇ ထိုအခါ ငါ့ထံသို့ နတ်တို့သည် ချဉ်းကပ်၍ “အသျှင် သင်သည် လုံးဝ့အစာအာဟာရကို ဖြတ်၍ မကျင့်ပါလင့်၊ အသျှင် အကယ်၍ သင်သည် လုံးဝ အစာအာဟာရကို ဖြတ်၍ကျင့်အံ့၊ သင့်အား ငါတို့သည် နတ်သြဇာကို အမွေးတွင်းတို့မှ တစ်ဆင့်သွင်းအံ့၊ ထိုနတ်သြဇာဖြင့်သင်သည် မျှတလတံ္တ့”ဟု ဤစကားကို ဆိုကုန်၏။ ဘာရဒွါဇ ထိုငါ့အား “ငါသည်လည်း လုံးဝမစားဟုဝန်ခံမူ ဤနတ်တို့သည်လည်း ငါ့အား နတ်သြဇာကို အမွေးတွင်းတို့မှ တစ်ဆင့် သွင်းကုန်ငြားအံ့၊ ထိုနတ်သြဇာဖြင့်လည်း ငါသည် မျှတငြားအံ့၊ ထိုဝန်ခံခြင်းသည် ငါ့အား မုသားသာတည်း”ဟုဤအကြံသည် ဖြစ်၏။ ဘာရဒွါဇ ထိုငါသည် ထိုနတ်တို့ကို တားမြစ်၍ မသင့်ဟု ပြောဆို၏။
ဘာရဒွါဇ ထိုငါ့အား “ငါသည် တစ်လက်ဖက် တစ်လက်ဖက်မျှသော ပဲနောက်ရည်ကိုဖြစ်စေ၊ ပဲပိစပ်ရည်ကိုဖြစ်စေ၊ ကုလားပဲရည်ကိုဖြစ်စေ၊ စားတော်ပဲရည်ကိုဖြစ်စေ အနည်းငယ် အနည်းငယ်သော အစာအာဟာရကို မျိုရမူ ကောင်းပေမည်”ဟု ဤအကြံသည် ဖြစ်၏။ ဘာရဒွါဇ ထိုငါသည် တစ်လက်ဖက်တစ်လက်ဖက်မျှသော ပဲနောက်ရည်ကိုဖြစ်စေ၊ ပဲပိစပ်ရည်ကိုဖြစ်စေ၊ ကုလားပဲရည်ကိုဖြစ်စေ၊ စားတော်ပဲရည်ကိုဖြစ်စေ အနည်းငယ် အနည်းငယ်သော အစာအာဟာရကို မျို၏။ ဘာရဒွါဇ တစ်လက်ဖက်တစ်လက်ဖက်မျှသော ပဲနောက်ရည်ကိုဖြစ်စေ၊ ပဲပိစပ်ရည်ကိုဖြစ်စေ၊ ကုလားပဲရည်ကိုဖြစ်စေ၊ စားတော်ပဲရည်ကိုဖြစ်စေ အနည်းငယ် အနည်းငယ်သော အစာအာဟာရကို မျိုသော ထိုငါ၏ ကိုယ်သည် အလွန်ပိန်ကြုံခြင်းသို့ ရောက်၏၊ ထိုအစာအာဟာရ နည်းပါးမှုကြောင့်ပင် ငါ၏ အင်္ဂါကြီးငယ်တို့သည် ကန်စွန်းနွယ်၏ အဆစ်တို့ကဲ့သို့လည်းကောင်း၊ နွယ်ပုပ်နွယ်ငန်း၏ အဆစ်တို့ကဲ့သို့လည်းကောင်း ဖြစ်ပေါ်ကုန်၏။ ထိုအစာအာဟာရနည်းပါးမှုကြောင့်ပင် ငါ၏ တင်ပါးဆုံသားသည် ကုလားအုပ် ခြေရာကဲ့သို့ ဖြစ်ပေါ်နေ၏။ ထို အစာအာဟာရ နည်းပါးမှုကြောင့်ပင် ငါ၏ ကျောက်ကုန်းရိုးသည် ပုတီးကုံးကဲ့သို့ အနိမ့်အမြင့် ဖြစ်ပေါ်နေ၏။ ထို အစာအာဟာရ နည်းပါးမှုကြောင့်ပင် ငါ၏ နံရိုးတို့သည် ဖရိုဖရဲ အထက်တင် အောက်ကျပျက်စီး၍ ကျနေသော ဇရပ်ဆွေး၏ အခြင်တို့ကဲ့သို့၊ ဖရိုဖရဲ အထက်တင် အောက်ကျ ဖြစ်နေကုန်၏။ ထိုအစာအာဟာရနည်းပါးမှုကြောင့်ပင် နက်သော ရေတွင်း၌ ရေဝန်းသည် နက်ရှိုင်း၍ အောက်သို့ ဝင်နေသည်ဟု ထင်ရာသကဲ့သို့၊ ငါ၏ မျက်တွင်းတို့၌ မျက်လုံးတို့သည် နက်ရှိုင်း၍ အောက်သို့ ဝင်နေသည်ဟုထင်ရကုန်၏။ ထိုအစာအာဟာရ နည်းပါးမှုကြောင့်ပင် အနုဆွတ်ထားသော ဘူးခါးသီးသည် လေနေပူဖြင့်တွေ့ထိကာ ရှုံ့တွနေသကဲ့သို့ ငါ၏ ဦးခေါင်းရေသည် ရှုံ့တွနေ၏။
ဘာရဒွါဇ ထိုငါသည် “ဝမ်းရေကို သုံးသပ်အံ့”ဟု သုံးသပ်သော် ကျောက်ကုန်းရိုးကိုသာလျှင် ကိုင်မိ၏၊ “ကျောက်ကုန်းရိုးကို သုံးသပ်အံ့”ဟု သုံးသပ်သော် ဝမ်းရေကိုသာလျှင် ကိုင်မိ၏။ ဘာရဒွါဇထိုအစာအာဟာရ နည်းပါးမှုကြောင့်ပင် ငါ၏ ဝမ်းရေသည် ကျောက်ကုန်းရိုးသို့ ကပ်သည်အထိ ဖြစ်ပေါ်နေ၏။ ဘာရဒွါဇ ထိုငါသည် ထိုအစာအာဟာရ နည်းပါးမှုကြောင့်ပင် “ကျင်ကြီးကိုလည်းကောင်းကျင်ငယ် ကိုလည်းကောင်း စွန့်အံ့”ဟု သွားသော် ထိုနေရာ၌သာ မှောက်ခုံလဲကျ၏။ ဘာရဒွါဇထိုငါသည် ထိုအစာ အာဟာရ နည်းပါးမှုကြောင့်ပင် ဤကိုယ်ကိုသာလျှင် သက်သာစေလို၍ လက်ဖြင့်ကိုယ်တို့ကို ပွတ်သပ်၏၊ ဘာရဒွါဇ လက်ဖြင့် ကိုယ်တို့ကို ပွတ်သပ်သော် အမြစ်ဆွေးနေကုန်သောအမွေးတို့သည် ငါ၏ ကိုယ်မှ ကျွတ်ကျကုန်၏။
ဘာရဒွါဇ စင်စစ် ငါ့ကို လူတို့သည် မြင်၍ “ရဟန်းဂေါတမသည် မည်းသော အဆင်းရှိ၏”ဟုဆိုကုန်၏၊ အချို့လူတို့သည် “ရဟန်းဂေါတမသည် မည်းသော အဆင်းရှိသည် မဟုတ်၊ ရဟန်းဂေါတမသည် ရွှေသော အဆင်းရှိ၏”ဟု ဆိုကုန်၏၊ အချို့လူတို့သည် “ရဟန်းဂေါတမသည် မည်းသောအဆင်း ရှိသည်လည်း မဟုတ်၊ ရွှေသော အဆင်းရှိသည်လည်း မဟုတ်၊ ရဟန်းဂေါတမသည် ကြမ်းပိုးကျောက်ကုန်း အရေအဆင်းရှိ၏”ဟု ဆိုကုန်၏။ ဘာရဒွါဇ ထိုအစာအာဟာရနည်းပါးမှုကြောင့်ပင် ထိုမျှလောက် စင်ကြယ်ဖြူဖွေးလျက်ရှိသော ငါ၏ အရေအဆင်းသည်အလွန်ပျက်စီးနေ၏။
၄၈၂။ ဘာရဒွါဇ ထိုငါ့အား “အတိတ်ကာလက အားထုတ်ခြင်းကြောင့် ဖြစ်ကုန်သော ကြီးမားကြမ်းတမ်းစပ်ရှားကုန်သော ဆင်းရဲခံစားခြင်းတို့ကို ခံစားခဲ့ကုန်သော သမဏဗြာဟ္မဏအားလုံးတို့သည်ဤခံစားခြင်းလောက်သာလျှင် ဖြစ်၏၊ ဤခံစားခြင်းထက် မပိုလွန်။ အနာဂတ်ကာလ၌လည်း အားထုတ်ခြင်းလုံ့လကြောင့် ဖြစ်ကုန်သော ကြီးမားကြမ်းတမ်းစပ်ရှားကုန်သော ဆင်းရဲခံစားခြင်းတို့ကို ခံစားလတ္တံ့ကုန်သော သမဏဗြာဟ္မဏအားလုံးတို့သည် ဤခံစားခြင်းလောက်သာလျှင် ဖြစ်လတ္တံ့၊ ဤခံစားခြင်းထက် မပိုလွန်။ ဤယခုပစ္စုပ္ပန်ကာလ၌လည်း အားထုတ်ခြင်း လုံ့လကြောင့် ဖြစ်ကုန်သော ကြီးမားကြမ်းတမ်းစပ်ရှားကုန်သော ဆင်းရဲခံစားခြင်းတို့ကို ခံစားနေကုန်သော သမဏဗြာဟ္မဏအားလုံးတို့သည်ဤခံစားခြင်းလောက်သာလျှင် ဖြစ်၏၊ ဤခံစားခြင်းထက် မပိုလွန်။ ငါသည် ဤစပ်ရှားသော ပြုနိုင်ခဲသော အမှုကို ပြုကျင့်ခြင်းဖြင့် လူတို့၏ ကုသိုလ်ကမ္မပထတရားထက် လွန်သော အရိယာဖြစ်ရန် စွမ်းနိုင်သော ဉာဏ်အမြင်ထူးကို မရခဲ့။ သစ္စာလေးပါးကို သိရန် အခြားလမ်းစဉ် ရှိသေးသလော”ဟု ဤအကြံသည် ဖြစ်၏။
ဘာရဒွါဇ ထိုငါ့အား “ငါသည် ခမည်းတော်သကျမင်း၏ (လယ်ထွန်မင်္ဂလာ) အမှု၌ အေးသော သပြေပင်အရိပ်ဝယ် ထိုင်လျက် ကာမဂုဏ်တို့မှ ကင်းဆိတ်၍သာလျှင် အကုသိုလ်တရားတို့မှ ကင်းဆိတ်၍ သာလျှင်ကြံစည်ခြင်း ‘ဝိတက်’ သုံးသပ်ခြင်း ‘ဝိစာရ’ နှင့် တကွဖြစ်သော (နီဝရဏ) ကင်းဆိတ်ခြင်းကြောင့် ဖြစ်သောနှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ ရှိသော ပဌမဈာန်ကို ပြည့်စုံစေ၍ နေဖူးသည်ကို အမှတ်ရ၏၊ ဤပဌမဈာန်သည် သစ္စာလေးပါးကို သိခြင်းငှါ လမ်းစဉ် ဖြစ်တန်ရာ၏”ဟု ဤအကြံသည် ဖြစ်၏။ ဘာရဒွါဇ ထိုငါ့အား “ဤသည်ပင်လျှင် သစ္စာလေးပါးတို့ကို သိခြင်းငှါ လမ်းစဉ်တည်း”ဟုအောက်မေ့ခြင်းသို့ အစဉ်လိုက်သော စိတ်သည် ဖြစ်၏။ ဘာရဒွါဇ ထိုငါ့အား “ကာမဂုဏ်တို့မှကြဉ်၍သာ လျှင် အကုသိုလ်တရားတို့မှ ကြဉ်၍သာလျှင်ဖြစ်သော ပဌမဈာန် ချမ်းသာကို ငါသည်ကြောက်လေသ လော”ဟု ဤအကြံသည် ဖြစ်၏။ ဘာရဒွါဇ ထိုငါ့အား “ကာမဂုဏ်တို့မှကြဉ်၍သာလျှင် အကုသိုလ် တရားတို့မှ ကြဉ်၍သာလျှင်ဖြစ်သော ပဌမဈာန်ချမ်းသာကို ငါ မကြောက်”ဟုဤအကြံသည် ဖြစ်၏။
၄၈၃။ ဘာရဒွါဇ ထိုငါ့အား “ဤသို့ အလွန်ပိန်ကြုံသော အဖြစ်သို့ ရောက်သော ကိုယ်ဖြင့် ထို (ပဌမဈာန်) ချမ်းသာကို ရရန် မလွယ်၊ ငါသည် ကြမ်းတမ်းသော ထမင်း မုယောမုန့် အစာအာဟာရကိုစားရမူ ကောင်းပေမည်”ဟု ဤအကြံသည် ဖြစ်၏။ ဘာရဒွါဇ ထိုငါသည် ကြမ်းတမ်းသော ထမင်းမုယောမုန့် အစာအာဟာရကို စား၏၊ ဘာရဒွါဇ ထိုအခါ ငါ၏ အထံ၌ “ရဟန်းဂေါတမသည်ရသောတရား ကို ငါတို့အား ပြောကြားလတ္တံ့”ဟု ပဉ္စဝဂ္ဂီရဟန်းတို့သည် လုပ်ကျွေးကုန်၏၊ ဘာရဒွါဇကြမ်းတမ်းသော ထမင်း မုယောမုန့် အစာအာဟာရကို ငါစားသောအခါ “ရဟန်းဂေါတမသည်ပစ္စည်းများပြားခြင်းငှါ ကျင့်၏၊ ကမ္မဋ္ဌာန်းအားထုတ်ခြင်းမှ ထွက်လာသူ ဖြစ်၏၊ ပစ္စည်းများပြားခြင်းငှါလှည့်လည်၏”ဟု ငြီးငွေ့၍ ထိုပဉ္စဝဂ္ဂီရဟန်းတို့သည် ငါ၏ထံမှ ဖဲခွါသွားကုန်၏။
ဘာရဒွါဇ ငါသည် ကြမ်းတမ်းသော အစာအာဟာရကို စား၍ အားကို ယူကာ ကာမဂုဏ်တို့မှကင်းဆိတ်၍သာလျှင်။ပ။ ပဌမဈာန်သို့ ရောက်၍ နေ၏။ ဝိတက်ဝိစာရတို့ ငြိမ်းခြင်းကြောင့် မိမိသန္တာန်၌စိတ်ကို ကြည်လင်စေတတ်သော စိတ်၏ တည်ကြည်ခြင်း ‘သမာဓိ’ကို ပွါးစေတတ်သော ကြံစည်ခြင်း’ဝိတက်’မရှိသော သုံးသပ်ဆင်ခြင်ခြင်း ‘ဝိစာရ’ မရှိသော တည်ကြည်ခြင်း ‘သမာဓိ’ ကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ ရှိသော ဒုတိယဈာန်သို့ ရောက်၍ နေ၏။ တတိယဈာန်သို့။ စတုတ္ထဈာန်သို့ ရောက်၍ နေ၏။
ထိုငါသည် ဤသို့ တည်ကြည်သောစိတ်သည် စင်ကြယ်လတ်သော် ဖြူစင်လတ်သော် ညစ်ကြေးမရှိလတ်သော် ညစ်ညူးခြင်းကင်းလတ်သော် နူးညံ့လတ်သော် ပြုတိုင်းရလတ်သော် တည်တံ့လတ်သော့်မတုန်လှုပ်ခြင်းသို့ ရောက်လတ်သော် ရှေး၌ ဖြစ်ဖူးသော ခန္ဓာအစဉ်ကို အောက်မေ့နိုင်သော ‘ပုဗ္ဗေနိဝါသာနုဿတိ’ ဉာဏ်အလို့ငှါ စိတ်ကို ရှေးရှုဆောင်ခဲ့ပြီ၊ ရှေးရှုညွှတ်စေခဲ့ပြီ။ ထိုငါသည် များပြားသောရှေး၌ဖြစ်ဖူးသော ခန္ဓာအစဉ်ကို အောက်မေ့နိုင်၏။ ဤသည်ကား အဘယ်နည်း၊ တစ်ဘဝကိုလည်းကောင်း နှစ်ဘဝတို့ကိုလည်းကောင်း။ပ။ ဤသို့ အခြင်းအရာနှင့်တကွအဖြစ်သနစ်နှင့်တကွ များပြားသော ရှေး၌ ဖြစ်ဖူးသော ခန္ဓာအစဉ်ကို အောက်မေ့နိုင်၏။ ဘာရဒွါဇငါသည် ညဉ့်၏ ရှေးဦး ‘ပဌမ’ယာမ်၌ ရှေးဦးစွာ သော ဤ အသိဉာဏ် ‘ဝိဇ္ဇာ’ ကို ရခဲ့ပြီ၊ မသိမှု ‘အဝိဇ္ဇာ’ပျောက်ခဲ့ပြီ၊ အသိဉာဏ် ‘ဝိဇ္ဇာ’ ဖြစ်ပေါ်ခဲ့ပြီ၊ (အဝိဇ္ဇာ) အမှောင်ပျောက်ခဲ့ပြီ၊ (ဝိဇ္ဇာ) ဉာဏ်အလင်းရောင်ဖြစ်ပေါ်ခဲ့ပြီ၊ မမေ့မလျော့ဘဲ ပြင်းစွာ အား ထုတ်လျက် တည်ကြည်သော စိတ်ရှိသည်ဖြစ်၍နေသောသူအား အဝိဇ္ဇာ မှောင်ကင်း၍ ပညာဉာဏ်အရောင် အလင်း ဖြစ်ပေါ်သကဲ့သို့တည်း။
၄၈၄။ ထိုငါသည် ဤသို့ တည်ကြည်သောစိတ်သည် စင်ကြယ်လတ်သော် ဖြူစင်လတ်သော်ညစ်ကြေးမရှိလတ်သော် ညစ်ညူးခြင်းကင်းလတ်သော် နူးညံ့လတ်သော် ပြုတိုင်းရလတ်သော် တည်တံ့လတ်သော် မတုန်လှုပ်ခြင်းသို့ ရောက်လတ်သော် သတ္တဝါတို့၏ သေခြင်း ‘စုတိ’ ဖြစ်ခြင်း ‘ပဋိသန္ဓေ’ကိုသိသော ဉာဏ်အလို့ ငှါ စိတ်ကို ရှေးရှုဆောင်ခဲ့ပြီ၊ ရှေးရှုညွတ်စေခဲ့ပြီ။ ထိုငါသည် အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိအမြင်ကို လွန်သော နတ်မျက်စိနှင့် တူသော မျက်စိ ‘ဒိဗ္ဗစက္ခု’ဖြင့် သေဆဲသတ္တဝါဖြစ်ပေါ်ဆဲသတ္တဝါ ယုတ်သောသတ္တဝါ မြတ်သောသတ္တဝါ အဆင်းလှသောသတ္တဝါ အဆင်းမလှသောသတ္တဝါကောင်းသောလားရာ ‘ဂတိ’ရှိသော သတ္တဝါ မကောင်းသောလားရာ ‘ဂတိ’ ရှိသော သတ္တဝါတို့ကို မြင်၏၊ ကံအားလျော်စွာဖြစ်သော သတ္တဝါတို့ကို သိ၏။ပ။ ဘာရဒွါဇ ငါသည် ညဉ့်၏ အလယ်ဖြစ်သောသန်းခေါင်ယံ၌ နှစ်ခုမြောက် ဤ အသိဉာဏ် ‘ဝိဇ္ဇာ’ကို ရခဲ့ပြီ၊ မသိမှု ‘အဝိဇ္ဇာ’ ပျောက်ခဲ့ပြီ၊ အသိဉာဏ်’ဝိဇ္ဇာ’ ဖြစ်ပေါ်ခဲ့ပြီ၊ (အဝိဇ္ဇာ) အမှောင်ပျောက်ခဲ့ပြီ။ (ဝိဇ္ဇာ) ဉာဏ်အလင်းရောင် ဖြစ်ပေါ်ခဲ့ပြီ၊ မမေ့မလျော့ ဘဲ ပြင်းစွာ အားထုတ်လျက် တည်ကြည်သော စိတ်ရှိသည်ဖြစ်၍ နေသောသူအားအဝိဇ္ဇာမှောင်ကင်း၍ ပညာဉာဏ်အရောင်အလင်း ဖြစ်ပေါ်သကဲ့သို့တည်း။
ထိုငါသည် ဤသို့ တည်ကြည်သော စိတ်သည် စင်ကြယ်လတ်သော် ဖြူစင်လတ်သော် ညစ်ကြေးမရှိလတ်သော် ညစ်ညူးခြင်းကင်းလတ်သော် နူးညံ့လတ်သော် ပြုတိုင်းရလတ်သော် တည်တံ့လတ်သော်မတုန် လှုပ်ခြင်းသို့ ရောက်လတ်သော် အာသဝေါတရားတို့ကို ကုန်ခန်းစေတတ်သော’အာသဝက္ခယ’ ဉာဏ် အလို့ငှါ စိတ်ကို ရှေးရှုဆောင်ခဲ့ပြီ၊ ရှေးရှုညွတ်စေခဲ့ပြီ။ ထိုငါသည် “ဤကားဆင်းရဲ”ဟုဟုတ်တိုင်း မှန်စွာ သိ၏။ “ဤကား ဆင်းရဲဖြစ်ပေါ်ခြင်း၏ အကြောင်း”ဟုဟုတ်တိုင်းမှန်စွာ သိ၏။ “ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်)”ဟုဟုတ်တိုင်းမှန်စွာ သိ၏။ “ဤကားဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက် ကြောင်းအကျင့်”ဟုဟုတ်တိုင်းမှန်စွာ သိ၏။ “ဤသည်တို့ကားအာသဝေါတရားတို့”ဟုဟုတ်တိုင်း မှန်စွာ သိ၏။ “ဤကား အာသဝေါတရားတို့၏ ဖြစ်ပေါ်ခြင်း၏အကြောင်း”ဟုဟုတ်တိုင်းမှန်စွာ သိ၏။ “ဤကား အာသဝေါတရားတို့၏ ချုပ်ရာ (နိဗ္ဗာန်)”ဟုဟုတ်တိုင်းမှန်စွာ သိ၏။ “ဤကား အာသဝေါ တရားတို့၏ ချုပ်ရာ (နိဗ္ဗာန်) သို့ရောက်ကြောင်းအကျင့်”ဟုဟုတ်တိုင်း မှန်စွာ သိ၏။ ဤသို့ သိသော ဤသို့ မြင်သော ထိုငါ၏စိတ်သည် ကာမာသဝမှလည်း လွတ်မြောက်ခဲ့ပြီ၊ ဘဝါသဝမှလည်း လွတ်မြောက် ခဲ့ပြီ၊ အဝိဇ္ဇာသဝမှလည်း လွတ်မြောက်ခဲ့ပြီ၊ လွတ်မြောက်ပြီးလတ်သော် “လွတ်မြောက်လေပြီ”ဟု အသိဉာဏ်ဖြစ်ပေါ်ခဲ့ပြီ၊ “ပဋိသန္ဓေနေမှုကုန်ပြီ၊ မြတ်သော အကျင့်ကို ကျင့်သုံးပြီးပြီ၊ (မဂ်) ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်) ကိစ္စအလို့ငှါ တစ်ပါးသော ပြုဖွယ် မရှိတော့ပြီ”ဟု သိ၏။
ဘာရဒွါဇ ငါသည် ညဉ့်၏ နောက်ဆုံးဖြစ်သော မိုးသောက်ယံ၌ သုံးခုမြောက် ဤအသိဉာဏ် ‘ဝိဇ္ဇာ’ကို ရခဲ့ပြီ၊ မသိမှု ‘အဝိဇ္ဇာ’ ပျောက်ခဲ့ပြီ၊ အသိဉာဏ် ‘ဝိဇ္ဇာ’ ဖြစ်ပေါ်ခဲ့ပြီ၊ (အဝိဇ္ဇာ) အမှောင် ပျောက်ခဲ့ပြီ၊ (ဝိဇ္ဇာ) ဉာဏ် အလင်းရောင် ဖြစ်ပေါ်ခဲ့ပြီ၊ မမေ့မလျော့ဘဲ ပြင်းစွာအားထုတ်လျက် တည်ကြည်သောစိတ်ရှိသည်ဖြစ်၍ နေသောသူအား အဝိဇ္ဇာမှောင်ကင်း၍ ပညာဉာဏ်အရောင်အလင်း ဖြစ်ပေါ်သကဲ့သို့တည်း။
၄၈၅။ ဤသို့ မိန့်တော်မူသော် သင်္ဂါရဝလုလင်သည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏— “အသျှင်ဂေါတမအား မည်သူအားမျှ မတည်နိုင်သော ကျင့်ဝတ်ဖြစ်သော အားထုတ်မှုမျိုး ဖြစ်ပေ၏၊ အသျှင်ဂေါတမအား သူတော်ကောင်းတို့၏ ကျင့်ဝတ်ဖြစ်သော အားထုတ်မှုသည် ဖြစ်ပေ၏၊ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာသိတော်မူသော မြတ်စွာဘုရားအား ဖြစ်မြဲဓမ္မတာပေတည်း။ “အသျှင်ဂေါတမ နတ်တို့သည် ရှိပါကုန်၏လော”ဟု (လျှောက်၏)။ ဘာရဒွါဇ လွန်ကဲမြင့်မြတ်သော နတ်တို့ကို အကြောင်းအားလျော်စွာ သိရ၏ဟု (မိန့်တော်မူ၏)။ “အသျှင်ဂေါတမ နတ်တို့သည် ရှိပါကုန်၏လော”ဟု မေးပါလျက် “ဘာရဒွါဇလွန်ကဲမြင့်မြတ်သော နတ်တို့ကို အကြောင်း အားလျော်စွာ သိရ၏”ဟု ဆိုဘိ၏။ အသျှင်ဂေါတမဤသို့ဖြစ်သော် အချည်းနှီး ချွတ်ယွင်းသော စကားဖြစ်သည် မဟုတ်ပါလောဟု (လျှောက်၏)။ ဘာရဒွါဇ နတ်တို့သည် ရှိပါကုန်၏လောဟု မေးသော် နတ်တို့သည် ရှိပါကုန်၏ဟုပင် ဆိုစေကာမူ၊ အကြောင်းအားလျော်စွာ သိရ၏ဟုပင် ဆိုစေကာမူ သိကြား လိမ္မာသော ယောကျာ်းသည် “နတ်တို့ရှိကုန်၏”ဟု ဧကန်အားဖြင့် ဆုံးဖြတ်ခြင်းသို့ ရောက်ခြင်းငှါ တတ်ကောင်း၏။ အသျှင်ဂေါတမ အဘယ့်ကြောင့် အစကပင် မဖြေကြားဘိသနည်းဟု (လျှောက်၏)။ ဘာရဒွါဇ လောက၌အသံကျယ်ကျယ်ဖြင့်သာ သိအပ် မှတ်သားအပ်ပေ၏ဟု (မိန့်တော်မူ၏)။
၄၈၆။ ဤသို့ မိန့်တော်မူသော် သင်္ဂါရဝလုလင်သည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏—“အသျှင်ဘုရား (တရားတော်သည်) အလွန်နှစ်သက်ဖွယ်ရှိပါပေ၏၊ အသျှင်ဘုရား (တရားတော်သည်) အလွန်နှစ်သက်ဖွယ်ရှိပါပေ၏၊ အသျှင်ဘုရား ဥပမာသော်ကား မှောက်ထားသည်ကို လှန်ဘိသကဲ့သို့လည်းကောင်း၊ ဖုံးထားသည်ကို ဖွင့်လှစ်ဘိသကဲ့သို့ လည်းကောင်း၊ မျက်စိလည်သောသူအား လမ်းမှန်ကို ပြောကြားဘိသကဲ့သို့လည်းကောင်း၊ ‘မျက်စိအမြင်ရှိသော သူတို့သည် အဆင်းတို့ကို မြင်ကြလိမ့်မည်’ဟုအမိုက်မှောင်၌ ဆီမီးတန်ဆောင်ကို ဆောင်ပြဘိသကဲ့သို့လည်းကောင်း၊ (အရှင်ဘုရား) ဤအတူသာလျှင် မြတ်စွာဘုရားသည် များစွာသော အကြောင်းဖြင့် တရားတော်ကို ပြတော်မူပါပေ၏။ အသျှင်ဘုရားအကျွန်ုပ်သည် မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ တရားတော်ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ သံဃာတော်ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ မြတ်စွာဘုရားသည် အကျွန်ုပ်ကို ယနေ့မှစ၍ အသက်ထက်ဆုံး (ရတနာသုံးပါးကို) ကိုးကွယ်ဆည်းကပ်သော ဥပါသကာဟူ၍ မှတ်တော်မူပါ”ဟု (လျှောက်၏)။
ဆယ်ခုမြောက် သင်္ဂါရဝသုတ် ပြီး၏။
ငါးခုမြောက် ဗြာဟ္မဏဝဂ် ပြီး၏။
မဇ္ဈိမပဏ္ဏာသပါဠိတော် မြန်မာပြန် ပြီးပြီ။