မဇ္ဈိမနိကာယ်

၆—အာနေဉ္ဇသပ္ပါယသုတ်

၆၆။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်—

အခါတစ်ပါး၌ မြတ်စွာဘုရားသည် ကုရုတိုင်း ကမ္မာသဓမ္မမည်သော ကုရုတိုင်းသားတို့၏ နိဂုံး၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို “ရဟန်းတို့”ဟု မိန့်တော်မူ၏။ ထိုရဟန်းတို့သည် မြတ်စွာဘုရားအား “အသျှင်ဘုရား”ဟု ပြန်ကြားလျှောက်ထားကြကုန်၏။ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏—

ရဟန်းတို့ ကာမဂုဏ်တို့သည် မမြဲကုန်၊ အချည်းနှီး ဖြစ်ကုန်၏၊ ချွတ်ယွင်းစေတတ်ကုန်၏၊ ပျောက်လွယ်သော သဘောရှိကုန်၏။ ရဟန်းတို့ ထိုကာမဂုဏ်သည် မျက်လှည့်သမား ပြုထားသော အရာ ကဲ့သို့ ဖြစ်၏၊ လူမိုက်တို့ကို ဖြားယောင်းတတ်၏၊ မျက်မှောက်ဖြစ်သော ကာမဂုဏ်ဖြစ်စေ, မျက်ကွယ် ဖြစ်သော ကာမဂုဏ်ဖြစ်စေ, မျက်မှောက်ဖြစ်သော ကာမဂုဏ်အမှတ်အသားဖြစ်စေ, မျက်ကွယ်ဖြစ်သော ကာမဂုဏ်အမှတ်အသားဖြစ်စေ ဤနှစ်ပါးစုံသည် မာရ်၏ (အာဏာ) တည်ရာ မာရ်၏ နေရာ မာရ်၏ ပျိုးခင်း မာရ်၏ ကျက်စားရာဖြစ်၏။ ဤကာမဂုဏ်တို့၌ ယုတ်ညံ့သော အကုသိုလ်ဖြစ်သော စိတ်၌မှီ၍ ဖြစ်သော ထိုရှေးရှုကြံစည်မှု ‘အဘိဇ္ဈာ’သော်လည်းကောင်း၊ ပျက်စီးစေလိုမှု ‘ဗျာပါဒ’သော်လည်းကောင်း၊ သာလွန်အောင် အားထုတ်မှု ‘သာရမ္ဘ’သော်လည်းကောင်း ဖြစ်ကုန်၏၊ ထိုသုံးပါးသော တရားတို့သည် ဤသာသနာတော်၌ ကျင့်နေသော မြတ်စွာဘုရား၏ တပည့်သားအား အန္တရာယ်ပြုခြင်းငှါ ဖြစ်ကုန်၏။

ရဟန်းတို့ ထိုကာမဂုဏ်တို့၌ မြတ်စွာဘုရား၏ တပည့်သားသည် ဤသို့ ဆင်ခြင်၏— “မျက်မှောက် ဖြစ်သော ကာမဂုဏ်တို့သည်လည်းကောင်း၊ မျက်ကွယ်ဖြစ်သော ကာမဂုဏ်တို့သည်လည်းကောင်း၊ မျက်မှောက်ဖြစ်သော ကာမဂုဏ်အမှတ်အသားတို့သည်လည်းကောင်း၊ မျက်ကွယ်ဖြစ်သော ကာမဂုဏ်အမှတ် အသားတို့သည်လည်းကောင်း ဤကာမဂုဏ်နှင့် ကာမဂုဏ်အမှတ်အသားနှစ်ပါးစုံသည် မာရ်၏ (အာဏာ) တည်ရာဖြစ်၏၊ မာရ်၏ နေရာ ဖြစ်၏၊ မာရ်၏ ပျိုးခင်းဖြစ်၏၊ မာရ်၏ ကျက်စားရာဖြစ်၏။ ဤ ကာမဂုဏ်တို့၌ ယုတ်ညံ့ကုန်သော အကုသိုလ်ဖြစ်ကုန်သော စိတ်၌မှီ၍ဖြစ်ကုန်သော ထိုရှေးရှုကြံစည်မှု ‘အဘိဇ္ဈာ’ တို့သော်လည်းကောင်း၊ ပျက်စီးစေလိုမှု ‘ဗျာပါဒ’ တို့သော်လည်းကောင်း၊ သာလွန်အောင် အား ထုတ် (ခြုတ်ခြယ်)မှု ‘သာရ မ္ဘ’တို့သော်လည်းကောင်း ဖြစ်ကုန်၏၊ ထိုသုံးပါးသော အကုသိုလ်တရားတို့သည် ဤသာသနာတော်၌ ကျင့်နေသော မြတ်စွာဘုရား၏ တပည့်သားအား အန္တရာယ်ပြုခြင်းငှါ ဖြစ်ကုန်၏။

ငါသည် ကာမလောကကို လွှမ်းမိုး၍ (ဈာန်လျှင် အာရုံရှိသော) စိတ်ဖြင့် ဆောက်တည်၍ ပြန့်ပြော သော မြတ်သည်၏ အဖြစ်သို့ ရောက်သော (ဈာန်လျှင် အာရုံရှိသော) စိတ်ဖြင့် နေရမူ ကောင်းလေစွ၊ ကာမလောကကို လွှမ်းမိုး၍ ဈာန်စိတ်ဖြင့် ဆောက်တည်၍ ပြန့်ပြောသော မြတ်သည်၏ အဖြစ်သို့ ရောက် သော ဈာန်စိတ်ဖြင့်နေသော ငါ့အား ယုတ်မာကုန်သော အကုသိုလ်ဖြစ်ကုန်သော စိတ်၌ မှီ၍ဖြစ်ကုန်သော ထိုရှေးရှုကြံစည်မှု ‘အဘိဇ္ဈာ’တို့သော်လည်းကောင်း၊ ပျက်စီးစေလိုမှု’ဗျာပါဒ’တို့သော်လည်းကောင်း သာလွန် အောင် အားထုတ် (ခြုတ်ခြယ်) မှု ‘သာရ မ္ဘ’ တို့သော်လည်းကောင်း မဖြစ်ကုန်လတ္တံ့၊ ထိုတရားတို့ကို ပယ်ထားခြင်းကြောင့် ငါ့အား ကြီးကျယ်သော မနှိုင်းယှဉ်အပ်သော ကောင်းစွာ ပွါးများအပ်သော (လောကုတ္တရာ) စိတ်သည် ဖြစ်လတ္တံ့”ဟု (ဆင်ခြင်၏)။ ဤသို့ကျင့်သော် ထိုအကျင့်ဖြင့် များစွာနေလေ့ ရှိသော ထိုပုဂ္ဂိုလ်၏ စိတ်သည် ကမ္မဋ္ဌာန်းအာရုံ၌ ကြည်လင်၏၊ စိတ်ကြည်လင်သည်ရှိသော် ယခုဘဝမှာပင် သော်လည်း စတုတ္ထဈာန်တည်းဟူသော အာနေဉ္ဇသမာပတ်ကိုမူလည်း ဝင်စားနိုင်၏၊ ပညာဖြင့်သော်လည်း သက်ဝင်နိုင်၏၊ ကိုယ်ခန္ဓာပျက်စီး၍ သေသည်မှ နောက်၌သော်လည်း ထိုပုဂ္ဂိုလ်ကို ဖြစ်စေတတ်သော ဝိပါက်ဝိညာဏ်သည် (မိမိရရှိထားသော ဈာန်နှင့်တူစွာ) မတုန်လှုပ်သည်၏အဖြစ်သို့ ရောက်ရာသော အကြောင်းသည် ရှိ၏။ ရဟန်းတို့ ဤသည်ကို ရှေးဦးစွာသော အာနေဉ္ဇသမာပတ်နှင့်လျော်သော အကျင့် ဟူ၍ ဆိုရ၏။

၆၇။ ရဟန်းတို့ တစ်ဖန်လည်း မြတ်စွာဘုရား၏ တပည့်သားသည် ဤသို့ ဆင်ခြင်၏— “မျက်မှောက့်ဖြစ်သော ကာမဂုဏ်တို့သည်လည်းကောင်း၊ မျက်ကွယ်ဖြစ်သော ကာမဂုဏ်တို့သည်လည်းကောင်း, မျက်မှောက်ဖြစ်သော ကာမဂုဏ်အမှတ်အသားတို့သည်လည်းကောင်း၊ မျက်ကွယ်ဖြစ်သော ကာမဂုဏ်အမှတ် အသားတို့သည်လည်းကောင်း မဟာဘုတ်လေးပါး၊ ယင်းမဟာဘုတ်လေးပါးတို့ကို မှီ၍ ဖြစ်သော ဥပါဒါ ရုပ်”ဟူသော အလုံးစုံသော ရုပ်သည် ရှိ၏။ ဤအလုံးစုံသည် မမြဲဟု (ဆင်ခြင်၏)။ ဤသို့ကျင့်၍ ထို အကျင့်ကို များစွာလေ့လာလျက် နေလေ့ရှိသော ထိုအရိယသာဝက၏ စိတ်သည် ကမ္မဋ္ဌာန်းအာရုံ၌ ကြည်လင်၏၊ စိတ်ကြည်လင်သည်ရှိသော် ယခု ဘဝ၌ပင်သော်လည်း အာကာသာနဉ္စာယတနဈာန်တည်း ဟူသော အာနေဉ္ဇသမာပတ်ကို ဝင်စားနိုင်၏၊ ပညာဖြင့်သော်လည်း သက်ဝင်နိုင်၏၊ ကိုယ်ခန္ဓာပျက်စီး၍ သေသည်မှ နောက်၌သော်လည်း ထိုပုဂ္ဂိုလ်ကို ဖြစ်စေတတ်သော ဝိပါက်ဝိညာဏ်သည် မိမိရရှိထားသော ဈာန်နှင့်တူစွာ မတုန်လှုပ်သည်၏အဖြစ်သို့ ရောက်ရာသော အကြောင်းသည် ရှိ၏။ ရဟန်းတို့ ဤသည်ကို နှစ်ခုမြောက်သော အာနေဉ္ဇသမာပတ်နှင့်လျော်သော အကျင့်ဟူ၍ ဆိုရ၏။

ရဟန်းတို့ တစ်ဖန်လည်း မြတ်စွာဘုရား၏ တပည့်သားသည် ဤသို့ ဆင်ခြင်၏— “မျက်မှောက် ဖြစ်သော ကာမဂုဏ်တို့သည်လည်းကောင်း၊ မျက်ကွယ်ဖြစ်သော ကာမဂုဏ်တို့သည်လည်းကောင်း, မျက် မှောက်ဖြစ်သော ကာမဂုဏ်အမှတ်အသားတို့သည်လည်းကောင်း၊ မျက်ကွယ်ဖြစ်သော ကာမဂုဏ်အမှတ် အသားတို့သည်လည်းကောင်း, မျက်မှောက်ဖြစ်သော ရုပ်တို့သည်လည်းကောင်း၊ မျက်ကွယ်ဖြစ်သော ရုပ် တို့သည်လည်းကောင်း, မျက်မှောက်ဖြစ်သော ရုပ်အမှတ်အသားတို့သည်လည်းကောင်း၊ မျက်ကွယ်ဖြစ်သော ရုပ်အမှတ်အသားတို့သည်လည်းကောင်း ရှိကုန်၏။ ဤနှစ်ပါးစုံသည် မမြဲ၊ မမြဲသောတရားကို နှစ်သက် ခြင်းငှါ မသင့်၊ တမ်းတခြင်းငှါ မသင့်၊ စွဲလမ်းခြင်းငှါ မသင့်”ဟု (ဆင်ခြင်၏)။ ဤသို့ကျင့်၍ ထိုအကျင့် ကို များစွာလေ့လာလျက် နေလေ့ရှိသော ထိုအရိယာသာဝက၏ စိတ်သည် ကမ္မဋ္ဌာန်းအာရုံ၌ ကြည် လင်၏၊ စိတ်ကြည်လင်သည်ရှိသော် ယခုဘဝ၌ပင်သော်လည်း ဝိညာဏဉ္စာယတနဈာန်တည်းဟူသော အာနေဉ္ဇ သမာပတ်ကိုမူလည်း ဝင်စားနိုင်၏၊ ပညာဖြင့်သော်လည်း သက်ဝင်နိုင်၏၊ ကိုယ်ခန္ဓာပျက်စီး၍ သေသည်မှ နောက်၌သော်လည်း ထိုပုဂ္ဂိုလ်ကို ဖြစ်စေတတ်သော ဝိပါက်ဝိညာဏ်သည် မိမိရရှိထားသော ဈာန်နှင့်တူစွာ မတုန်လှုပ်သည်၏ အဖြစ်သို့ ရောက်ရာသော အကြောင်းသည် ရှိ၏။ ရဟန်းတို့ ဤ သည်ကို သုံးခုမြောက်သော အာနေဉ္ဇသမာပတ်နှင့်လျော်သော အကျင့်ဟူ၍ ဆိုရ၏။

၆၈။ ရဟန်းတို့ တစ်ဖန်လည်း မြတ်စွာဘုရား၏ တပည့်သားသည် ဤသို့ ဆင်ခြင်၏— “မျက်မှောက်ဖြစ်သော ကာမဂုဏ်တို့သည်လည်းကောင်း၊ မျက်ကွယ်ဖြစ်သော ကာမဂုဏ်တို့သည်လည်း ကောင်း၊ မျက်မှောက်ဖြစ်သော ကာမဂုဏ်အမှတ်အသားတို့သည်လည်းကောင်း၊ မျက်ကွယ်ဖြစ်သော ကာမဂုဏ်အမှတ်အသားတို့သည်လည်းကောင်း၊ မျက်မှောက်ဖြစ်သော ရုပ်တို့သည်လည်းကောင်း၊ မျက် ကွယ်ဖြစ်သော ရုပ်တို့သည်လည်းကောင်း၊ မျက်မှောက်ဖြစ်သော ရုပ်အမှတ်အသားတို့သည်လည်းကောင်း၊ မျက်ကွယ်ဖြစ်သော ရုပ်အမှတ်အသားတို့သည်လည်းကောင်း၊ အာနေဉ္ဇသညာတို့သည်လည်းကောင်း ဤ အလုံးစုံသော သညာတို့သည် ရှိကုန်၏။ ဤအလုံးစုံသော သညာများ၏ အကြွင်းမဲ့ချုပ်ရာ အာကိဉ္စညာ ယတနဈာန်သည် ငြိမ်သက်မွန်မြတ်၏”ဟု (ဆင်ခြင်၏)။ ဤသို့ ကျင့်၍ ထိုအကျင့်ကို များစွာလေ့ လာလျက် နေလေ့ရှိသော ထိုအရိယသာဝက၏ စိတ်သည် ကမ္မဋ္ဌာန်းအာရုံ၌ ကြည်လင်၏၊ စိတ်ကြည်လင် သည်ရှိသော် ယခုဘဝ၌ပင်သော်လည်း အာကိဉ္စညာယတနသမာပတ်ကို ဝင်စားနိုင်၏၊ ပညာဖြင့်သော်လည်း သက်ဝင်နိုင်၏၊ ကိုယ်ခန္ဓာပျက်စီး၍ သေသည်မှ နောက်၌သော်လည်း ထိုပုဂ္ဂိုလ်ကို ဖြစ်စေတတ်သော ဝိပါက်ဝိညာဏ်သည် မိမိရရှိထားသော ဈာန်နှင့်တူစွာ ဘာမျှမရှိဟူသော အာရုံရှိသည်၏ အဖြစ်သို့ ရောက် ရာသော အကြောင်းသည် ရှိ၏။ ရဟန်းတို့ ဤသည်ကို ရှေးဦးစွာသော အာကိဉ္စညာယတနသမာပတ် နှင့်လျော်သော အကျင့်ဟူ၍ ဆိုရ၏။

၆၉။ ရဟန်းတို့ တစ်ဖန်လည်း မြတ်စွာဘုရား၏ တပည့်သားသည် တောသို့ကပ်၍ဖြစ်စေ၊ သစ်ပင် ရင်းသို့ ကပ်၍ဖြစ်စေ၊ ဆိတ်ငြိမ်ရာကျောင်းသို့ကပ်၍ဖြစ်စေ ဤသို့ ဆင်ခြင်၏— “ဤအာကိဉ္စညာယတန သမာပတ်သည် ငါ ‘အတ္တ’ မှလည်းကောင်း၊ ငါ့ဥစ္စာဟူသော ‘အတ္တနိယ’ မှလည်းကောင်း ကင်းဆိတ်၏”ဟု (ဆင်ခြင်၏)၊ ဤသို့ကျင့်၍ ထိုအကျင့်ဖြင့် များစွာနေလေ့ရှိသော ထိုအရိယသာဝက၏ စိတ်သည် ကမ္မဋ္ဌာန်းအာရုံ၌ ကြည်လင်၏၊ စိတ်ကြည်လင်သည်ရှိသော် ယခုဘဝ၌ပင်သော်လည်း အာကိဉ္စညာယတန သမာပတ်ကို ဝင်စားနိုင်၏၊ ပညာဖြင့်သော်လည်း သက်ဝင်နိုင်၏၊ ကိုယ်ခန္ဓာပျက်စီး၍ သေသည်မှ နောက်၌ ထိုပုဂ္ဂိုလ်ကို ဖြစ်စေတတ်သော ဝိပါက်ဝိညာဏ်သည် (မိမိရရှိထားသော ဈာန်နှင့်တူစွာ) ဘာမျှမရှိ ဟူသော အာရုံရှိသည်၏ အဖြစ်သို့ ရောက်ရာသော အကြောင်းသည် ရှိ၏။ ရဟန်းတို့ ဤသည်ကို နှစ်ခု မြောက်သော အာကိဉ္စညာယတနသမာပတ်နှင့် လျော်သော အကျင့်ဟူ၍ ဆိုရ၏။

၇ဝ။ ရဟန်းတို့ တစ်ဖန်လည်း မြတ်စွာဘုရား၏ တပည့်သားသည် “အဘယ်မှာမျှ ငါ ‘အတ္တ’ ဟူ၍ မရှိ၊ တစ်စုံတစ်ယောက်သော သူ၏မျှ ကြောင့်ကြဖွယ် ငါ ‘အတ္တ’ အဖြစ်သည် မရှိ၊ အဘယ်မှာမျှ သူတစ်ပါး ငါ ‘အတ္တ’ ဟူ၍ မရှိ၊ အဘယ်မှာမျှ သူတစ်ပါး ငါ ‘အတ္တ’၏ ကြောင့်ကြဖွယ် အဖြစ်သည် မရှိ”ဟု (ဆင်ခြင်၏)။၁ ဤသို့ ကျင့်၍ ထိုအကျင့်ကို များစွာလေ့လာလျက် နေလေ့ရှိသော ထိုအရိယသာဝက၏ စိတ်သည် ကမ္မဋ္ဌာန်းအာရုံ၌ ကြည်လင်၏၊ စိတ်ကြည်လင်သည်ရှိသော် ယခုဘဝ၌ပင်သော်လည်း အာကိဉ္စညာယတန သမာပတ်ကို ဝင်စားနိုင်၏၊ ပညာဖြင့်သော်လည်း ထိုးထွင်း၍ သိနိုင်၏၊ ကိုယ်ခန္ဓာပျက်စီး၍ သေသည်မှ နောက်၌သော်လည်း ထိုပုဂ္ဂိုလ်ကို ဖြစ်စေတတ်သော ဝိပါက်ဝိညာဏ်သည် မိမိရရှိထားသော ဈာန်နှင့်တူစွာ ဘာမျှမရှိဟူသော အာရုံရှိသည်၏ အဖြစ်သို့ ရောက်ရာသော အကြောင်းသည် ရှိ၏။ ရဟန်းတို့ ဤသည် ကို သုံးခုမြောက်သော အာကိဉ္စညာယတနသမာပတ်နှင့် လျော်သော အကျင့်ဟူ၍ ဆိုရ၏။

ရဟန်းတို့ တစ်ဖန်လည်း မြတ်စွာဘုရား၏ တပည့်သားသည် ဤသို့ ဆင်ခြင်၏—“မျက်မှောက် ဖြစ်သော ကာမဂုဏ်တို့သည်လည်းကောင်း၊ မျက်ကွယ်ဖြစ်သော ကာမဂုဏ်တို့သည်လည်းကောင်း၊ မျက် မှောက်ဖြစ်သော ကာမဂုဏ်အမှတ်အသားတို့သည်လည်းကောင်း၊ မျက်ကွယ်ဖြစ်သော ကာမဂုဏ်အမှတ် အသားတို့သည်လည်းကောင်း၊ မျက်မှောက်ဖြစ်သော ရုပ်တို့သည်လည်းကောင်း၊ မျက်ကွယ်ဖြစ်သော ရုပ် တို့သည်လည်းကောင်း၊ မျက်မှောက်ဖြစ်သော ရုပ်အမှတ်အသားတို့သည်လည်းကောင်း မျက်ကွယ်ဖြစ်သော ရုပ်အမှတ်အသားတို့သည်လည်းကောင်း, အာနေဉ္ဇသညာတို့သည်လည်းကောင်း အာကိဉ္စညာယတနသညာ တို့သည်လည်းကောင်း ရှိကုန်၏။ ဤအလုံးစုံသော သညာများ၏ အကြွင်းမဲ့ချုပ်ရာ နေဝသညာနာသညာ ယတနဈာန်သည် ငြိမ်သက်၏၊ မွန်မြတ်၏”ဟု (ဆင်ခြင်၏)။ ဤသို့ ကျင့်၍ ထိုအကျင့်ကို များစွာ လေ့လာလျက် နေလေ့ရှိသော ထိုအရိယသာဝက၏ စိတ်သည် ကမ္မဋ္ဌာန်းအာရုံ၌ ကြည်လင်၏၊ စိတ်ကြည် လင်သည်ရှိသော် ယခုဘဝ၌ပင်သော်လည်း နေဝသညာနာသညာယတနသမာပတ်ကို ဝင်စားနိုင်၏၊ ပညာ ဖြင့်သော်လည်း ထိုးထွင်း၍ သိနိုင်၏၊ ကိုယ်ခန္ဓာပျက်စီး၍ သေသည်မှ နောက်၌ ထိုပုဂ္ဂိုလ်ကို ဖြစ်စေ တတ်သော ဝိပါက်ဝိညာဏ်သည် မိမိရရှိထားသော ဈာန်နှင့်တူစွာ သညာရှိသည်လည်းမဟုတ် မရှိသည်လည်းမဟုတ်ဟူသော အာရုံရှိသည်၏ အဖြစ်သို့ ရောက်ရာသော အကြောင်းသည် ရှိ၏။ ရဟန်းတို့ ဤ သည်ကို နေဝသညာနာသညာယတနသမာပတ်အားလျော်သော အကျင့်ဟူ၍ ဆိုရ၏ဟု (မိန့်တော်မူ၏)။

၇၁။ ဤသို့ ဟောတော်မူသော် အသျှင်အာနန္ဒာသည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏— “အသျှင်ဘုရား ဤသာသနာတော်၌ ရဟန်းသည် ဤသို့ ကျင့်၏—’အကယ်၍ ပြုလုပ်ခဲ့သော ကံဟူ၍ မရှိငြားအံ့၊ ငါ့မှာ ( အကျိုးဖြစ်သော ခန္ဓာပဉ္စကဟူ၍ ) မရှိရာ၊ ယခုဘဝကံဟူ၍ မရှိလျှင် ငါ့မှာ (အကျိုး ဖြစ်သော ခန္ဓာပဉ္စကဟူ၍) မဖြစ်လတ္တံ့၊ ထင်ရှားရှိသော ဖြစ်ပေါ်နေသော ခန္ဓာပဉ္စကကို ပယ်စွန့်၏’ဟု့ကျင့်၍ ဤသို့ လျစ်လျူရှုမှု (ဝိပဿနုပေက္ခာ) ကို ရ၏။ အသျှင်ဘုရား ထိုရဟန်းသည် ပရိနိဗ္ဗာန်စံရာ သလော၊ ပရိနိဗ္ဗာန်မစံရာသလော”ဟု (လျှောက်၏)။ အာနန္ဒာ ဤသို့ဖြစ်ရာ၌ အချို့သော ရဟန်းသည် ပရိနိဗ္ဗာန်ပြုရာ၏၊ ဤသို့ဖြစ်ရာ၌ အချို့သော ရဟန်းသည် ပရိနိဗ္ဗာန်မပြုရာဟု (မိန့်တော်မူ၏)၊ အသျှင် ဘုရား ဤသို့ ဖြစ်ရာ၌ အချို့သော ရဟန်းသည် ပရိနိဗ္ဗာန်ပြု၍ အချို့သော ရဟန်းသည် ပရိနိဗ္ဗာန် မပြုရာသော အကြောင်း အထောက်ပံ့ကား အဘယ်ပါနည်းဟု (လျှောက်၏)။

အာနန္ဒာ ဤသာသနာတော်၌ ရဟန်းသည် ဤသို့ ကျင့်၏ “အကယ်၍ ပြုလုပ်ခဲ့သော ကံဟူ၍ မရှိငြားအံ့၊ ငါ့မှာ (အကျိုးဖြစ်သော ခန္ဓာပဉ္စကဟူ၍) မရှိရာ၊ ယခုဘဝကံဟူ၍ မရှိလျှင် ငါ့မှာ (အကျိုး ဖြစ်သော ခန္ဓာပဉ္စကဟူ၍) မဖြစ်လတ္တံ့၊ ထင်ရှားရှိသော ဖြစ်ပေါ်နေသော ခန္ဓာပဉ္စကကို ပယ်စွန့်၏”ဟု ကျင့်၍ ဤသို့ လျစ်လျူရှုမှု (ဝိပဿနုပေက္ခာ) ကို ရ၏၊ ထိုရဟန်းသည် ထိုလျစ်လျူရှုမှု (ဝိပဿနုပေက္ခာ) ကို နှစ်သက်၏၊ ကောင်း၏ ဟူ၍ ပြောဆို၏၊ သက်ဝင်၍ တည်၏၊ ထိုလျစ်လျူရှုမှု (ဝိပဿနုပေက္ခာ) ကို နှစ်သက်ပြောဆို သက်ဝင်၍ တည်သောပုဂ္ဂိုလ်၏ ဝိညာဏ်သည် ထိုဝိပဿနာကို မှီ၏၊ ထိုဝိညာဏ်သည် စွဲလမ်းမှုမည်၏၊ အာနန္ဒာ စွဲလမ်းမှု ‘ဥပါဒါန်’ ရှိသော ရဟန်းသည် ပရိနိဗ္ဗာန်မပြုနိုင်ဟု (မိန့်တော်မူ၏)။ အသျှင်ဘုရား ထိုရဟန်းသည် စွဲလမ်းသော် အဘယ်ကို စွဲလမ်းသနည်းဟု (လျှောက်၏)။ အာနန္ဒာ နေဝသညာနာသညာယတနဈာန်ကို စွဲလမ်း၏ဟု (မိန့်တော်မူ၏)။ အသျှင်ဘုရား ထိုရဟန်းသည် စွဲလမ်း သော် အမြတ်ဆုံး စွဲလမ်းစရာကို စွဲလမ်းပုံရပါ၏လောဟု (လျှောက်၏)။ အာနန္ဒာ မှန်၏၊ ထိုရဟန်းသည် စွဲလမ်းသော် အမြတ်ဆုံး စွဲလမ်းစရာကို စွဲလမ်း၏၊ အာနန္ဒာ ဤနေဝသညာနာ သညာယတနဈာန်သည် အမြတ်ဆုံး စွဲလမ်းစရာဖြစ်၏။

၇၂။ အာနန္ဒာ ဤသာသနာတော်၌ ရဟန်းသည် ဤသို့ ကျင့်၏— “အကယ်၍ ပြုလုပ်ခဲ့သောကံ ဟူ၍ မရှိငြားအံ့၊ ငါ့မှာ (အကျိုးဖြစ်သော ခန္ဓာပဉ္စကဟူ၍) မရှိရာ၊ ယခုဘဝကံဟူ၍ မရှိလျှင် ငါ့မှာ အကျိုးဖြစ်သော ခန္ဓာပဉ္စကဟူ၍ မဖြစ်လတ္တံ့၊ ထင်ရှားရှိသော ဖြစ်ပေါ်နေသော ခန္ဓာပဉ္စကကို ပယ်စွန့်၏”ဟု ကျင့်၍ ဤသို့ လျစ်လျူရှုမှု (ဝိပဿနုပေက္ခာ) ကို ရ၏၊ ထိုရဟန်းသည် ထိုလျစ်လျူရှုမှု (ဝိပဿနုပေက္ခာ) ကို မနှစ်သက်၊ ကောင်း၏ဟု မပြောဆို၊ သက်ဝင်၍ မတည်၊ ထိုမနှစ်သက် မပြောဆို သက်ဝင်၍ မတည်သော ထိုပုဂ္ဂိုလ်၏ ဝိညာဏ်သည် ထိုဝိပဿနာကို မမှီ၊ ထိုဝိညာဏ်သည် စွဲလမ်းမှု မဟုတ်၊ အာနန္ဒာ မစွဲလမ်းသော ရဟန်းသည် ပရိနိဗ္ဗာန်ပြု၏ဟု (မိန့်တော်မူ၏)။

၇၃။ အသျှင်ဘုရား အံ့ဖွယ်ရှိပါပေစွ၊ အသျှင်ဘုရား မဖြစ်ဖူးမြဲ ဖြစ်ပါပေစွ၊ အသျှင်ဘုရား မြတ်စွာဘုရားသည် အကျွန်ုပ်တို့အား ထိုထိုသမာပတ်ကို မှီ၍ မှီ၍ သြဃလေးပါးမှ ထွက်မြောက်ခြင်းကို ဟော ကြားတော်မူ၏။ အသျှင်ဘုရား မြတ်သော အရဟတ္တဖိုလ်သည် အဘယ်ပါနည်းဟု (လျှောက်၏)။ အာနန္ဒာ ဤသာသနာတော်၌ မြတ်စွာဘုရား၏ တပည့်သားသည် ဤသို့ ဆင်ခြင်၏— “မျက်မှောက်ဖြစ်သော ကာမဂုဏ်တို့သည်လည်းကောင်း၊ မျက်ကွယ်ဖြစ်သော ကာမဂုဏ်တို့သည်လည်းကောင်း၊ မျက်မှောက်ဖြစ် သော ကာမဂုဏ်အမှတ်အသားတို့သည်လည်းကောင်း၊ မျက်ကွယ်ဖြစ်သော ကာမဂုဏ်အမှတ်အသားတို့ သည်လည်းကောင်း၊ မျက်မှောက်ဖြစ်သော ရုပ်တို့သည်လည်းကောင်း၊ မျက်ကွယ်ဖြစ်သော ရုပ်တို့သည်လည်းကောင်း၊ မျက်မှောက်ဖြစ်သော ရုပ်အမှတ်အသားတို့သည်လည်းကောင်း၊ မျက်ကွယ်ဖြစ်သော ရုပ် အမှတ်အသားတို့သည်လည်းကောင်း၊ အာနေဉ္ဇသညာ အာကိဉ္စညာယတနသညာတို့သည်လည်းကောင်း၊ နေဝသညာနာသညာယတနသညာတို့သည်လည်းကောင်း အလုံးစုံသော ဤပရမတ္ထအားဖြင့် ထင်ရှားရှိသော (တေဘူမက ရုပ်နာမ်ဓမ္မဟူသမျှသော) တရားအပေါင်းသည် သက္ကာယသာတည်း၊ မစွဲလမ်းမူ၍ စိတ်၏ လွတ်မြောက်မှုသည် အမြိုက်နိဗ္ဗာန်ကို အာရုံပြု၍ ဖြစ်သော အရဟတ္တဖိုလ်တည်း” (ဟု ဆင်ခြင်၏)။

အာနန္ဒာ ဤသို့လျှင် ငါသည် အာနေဉ္ဇသမာပတ်အားလျော်သော အကျင့်ကို ဟောကြားအပ်ပြီ၊့အာကိဉ္စညာယတနသမာပတ်အား လျော်သော အကျင့်ကို ဟောကြားအပ်ပြီ၊ နေဝသညာနာသညာယတန သမာပတ်အား လျော်သော အကျင့်ကို ဟောကြားအပ်ပြီ၊ ထိုထိုသမာပတ်ကို မှီ၍ မှီ၍ သြဃလေးပါးမှ ထွက်မြောက်ကြောင်း အကျင့်ကို ဟောကြားအပ်ပြီ၊ မြတ်သော အရဟတ္တဖိုလ်ကို ဟောကြားအပ်ပြီ။ အာနန္ဒာ တပည့် ‘သာဝက’ တို့၏ အကျိုးစီးပွါးကို ရှာမှီးလိုလားလျက် အစဉ်သနားစိတ်ရှိသော ဆရာသည် အစဉ်သနားစိတ်ကို စွဲ၍ ပြုသင့်ပြုထိုက်သော တာဝန်ကို သင်တို့အတွက် ငါပြုပြီးပြီ။ အာနန္ဒာ ဤ သည်တို့ကား သစ်ပင်ရင်း ဆိတ်ငြိမ်ရာဌာနတို့ ဖြစ်ကုန်၏၊ အာနန္ဒာ (တရားကို) ရှုပွါးဆင်ခြင်ကြကုန် လော့၊ သတိမမေ့လျော့ကြကုန်လင့်၊ နောက်မှ (အားမထုတ်လိုက်ရဟု) နှလုံးမသာ မဖြစ်ကြကုန်လင့်၊ ဤကား သင်တို့အတွက် ငါတို့၏ အဆုံးအမတော်တည်းဟု (မိန့်တော်မူ၏)။ ဤသို့ မြတ်စွာဘုရားသည် ဤတရားကို ဟောတော်မူ၏။ အသျှင်အာနန္ဒာသည် မြတ်စွာဘုရား၏ တရားတော်ကို နှစ်လိုသည်ဖြစ်၍ ဝမ်းမြောက်စွာ ခံယူလေသတည်း။

ခြောက်ခုမြောက် အာနေဉ္ဇသပ္ပါယသုတ် ပြီး၏။

၁။ မိမိအတ္တ သူတစ်ပါးအတ္တ နှစ်ပါးမရှိကြောင်း အတ္တနှစ်ပါးမရှိ၍ မိမိသူ တစ်ပါးအတ္တအနေဖြင့် ကြောင့်ကြစိုက်ဖွယ် အဖြစ်လည်း မရှိကြောင်းကို ပြလိုရင်းဖြစ်သည်၊ ရှုပ်ထွေးသည်။