မဇ္ဈိမနိကာယ်

၈—ဂေါပက မောဂ္ဂလ္လာနသုတ်

၇၉။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်—

မြတ်စွာဘုရား ပရိနိဗ္ဗာန်စံပြီးခါစဖြစ်သော အခါတစ်ပါး၌ အသျှင်အာနန္ဒာသည် ရာဇဂြိုဟ်ပြည်ဝယ် ရှဉ့်နက်တို့အား အစာကျွေး၍ မွေးမြူရာဖြစ်သော ဝေဠုဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ မဂဓတိုင်းကို အစိုးရသော ဝေဒေဟီမိဖုရားကြီး၏ သားဖြစ်သော အဇာတသတ်မင်းသည် စန္ဒပဇ္ဇောတမင်း ကို စိုးရိမ်မကင်း ကြောင့်ကြခြင်းရှိသည်ဖြစ်၍ ရာဇဂြိုဟ်မြို့တော်ကို ပြုပြင်စေ၏။ ထိုအခါ အသျှင်အာနန္ဒာ သည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူပြီးလျှင် ရာဇဂြိုဟ်ပြည်သို့ ဆွမ်းခံ ဝင်၏။ ထိုအခါ အသျှင်အာနန္ဒာအား ဤသို့သော အကြံသည် ဖြစ်၏— “ရာဇဂြိုဟ်ပြည်၌ ဆွမ်းခံလှည့် လည်ရန် အလွန်စောသေး၏၊ ငါသည် ဂေါပကမောဂ္ဂလ္လာန်မည်သော ပုဏ္ဏား၏ အလုပ်လုပ်ရာဌာန ဂေါပကမောဂ္ဂလ္လာန်မည်သော ပုဏ္ဏားရှိရာသို့ ချဉ်းကပ်ရမူ ကောင်းလေစွ”ဟု (အကြံဖြစ်၏)။

ထို့နောက် အသျှင်အာနန္ဒာသည် ဂေါပကမောဂ္ဂလ္လာန်မည်သော ပုဏ္ဏား၏ အလုပ်လုပ်ရာဌာန့ဂေါပကမောဂ္ဂလ္လာန်မည်သော ပုဏ္ဏားရှိရာသို့ ချဉ်းကပ်၏၊ ဂေါပကမောဂ္ဂလ္လာန်မည်သော ပုဏ္ဏားသည် အဝေးမှလာသော အသျှင်အာနန္ဒာကို မြင်၍ ဤစကားကို ဆို၏— “အသျှင်အာနန္ဒာ ကြွတော်မူပါ၊ အသျှင် အာနန္ဒာ၏ ကြွလာတော်မူခြင်းသည် ကောင်းမြတ်ပါပေသည်၊ အသျှင်အာနန္ဒာသည် ဤအရပ်သို့ ကြွလာ တော်မူရန် အလှည့်ကို ကြာမြင့်မှပြုတော်မူ၏၊ ဤနေရာကို ခင်းထားပါ၏၊ အသျှင်အာနန္ဒာသည် ထိုင် တော်မူပါ”ဟု (လျှောက်၏)။ အသျှင်အာနန္ဒာသည် ခင်းထားသော နေရာ၌ ထိုင်၏။ ဂေါပကမောဂ္ဂလ္လာန် မည်သော ပုဏ္ဏားသည်လည်း တစ်ခုသော နေရာအနိမ့်ကို ယူ၍ သင့်လျော်ရာ၌ ထိုင်၏။ သင့်လျော်ရာ၌ ထိုင်ပြီးသော ဂေါပကမောဂ္ဂလ္လာန်မည်သော ပုဏ္ဏားသည် အသျှင်အာနန္ဒာအား ဤစကားကို လျှောက်၏— “အသျှင်ဘုရားအာနန္ဒာ အကြင်တရားတို့နှင့် ပြည့်စုံသောကြောင့် ထိုအသျှင်ဂေါတမသည် ပူဇော်အထူးကို ခံတော်မူထိုက်သော, မဖောက်မပြန် ကိုယ်တိုင် သိတော်မူသော ဘုရားဖြစ်တော်မူ၏၊ ထိုတရားတို့နှင့် အချင်းခပ်သိမ်း လုံးဝပြည့်စုံသော ရဟန်းတစ်ပါးမျှ ရှိသလော”ဟု (လျှောက်ထား၏)။

ပုဏ္ဏား အကြင်တရားတို့နှင့် ပြည့်စုံသောကြောင့် ထိုမြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူ ထိုက်သော, မဖောက်မပြန် ကိုယ်တိုင်သိတော်မူသော ဘုရားဖြစ်တော်မူ၏၊ ထိုတရားတို့နှင့် အချင်းခပ် သိမ်း လုံးဝပြည့်စုံသော ရဟန်းတစ်ပါးမျှ မရှိသည်သာတည်း။ ပုဏ္ဏား မှန်၏၊ ထိုမြတ်စွာဘုရားသည် မဖြစ်သေးသော မဂ်လမ်းကို ဖြစ်စေတော်မူ၏၊ ထင်ရှားမဖြစ်သေးသော မဂ်လမ်းကို ထင်ရှားဖြစ်စေတော် မူ၏၊ သူတစ်ပါးတို့ မဟောကြားသေးသော မဂ်လမ်းကို ဟောကြားတော်မူ၏၊ မဂ်လမ်းကို သိတော်မူ၍ ‘မဂ္ဂညူ’ မည်တော်မူ၏၊ မဂ်လမ်းကို အထင်အရှား သိတော်မူ၍ ‘မဂ္ဂဝိဒူ’ မည်တော်မူ၏၊ မဂ်လမ်းကို လိမ္မာကျွမ်းကျင်တော်မူ၍ ‘မဂ္ဂကောဝိဒ’ မည်တော်မူ၏။ ယခုအခါ၌ကား တပည့်တို့သည် မဂ်လမ်းသို့ အစဉ်လိုက်ကုန်လျက် နောက်အခါ၌ မဂ်နှင့်ပြည့်စုံ၍ နေကြကုန်၏ဟု (မိန့်ဆို၏)။ အသျှင်အာနန္ဒာ၏ ဂေါပကမောဂ္ဂလ္လာန်မည်သော ပုဏ္ဏားနှင့်တကွ မပြီးမပြတ်သေးသော စကားသည် ဖြစ်၏။

ထိုအခါ၌ မဂဓမင်း၏ အမတ်ကြီးဖြစ်သော ဝဿကာရမည်သော ပုဏ္ဏားသည် ရာဇဂြိုဟ်ပြည်၌ အလုပ်တို့ကို အစဉ်လှည့်လည်စစ်ဆေးလျက် ဂေါပကမောဂ္ဂလ္လာန်မည်သော ပုဏ္ဏား၏ အလုပ်လုပ်ရာဌာန အသျှင်အာနန္ဒာရှိရာသို့ ချဉ်းကပ်၏၊ ချဉ်းကပ်ပြီးလျှင် အသျှင်အာနန္ဒာနှင့်အတူ ဝမ်းမြောက်ဝမ်းသာ ပြော ဆို၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြောဆိုပြီးဆုံးစေပြီးနောက် သင့်လျော်ရာ၌ ထိုင်နေ၏။ သင့်လျော်ရာ၌ ထိုင်နေပြီးသော မဂဓမင်း၏ အမတ်ကြီးဖြစ်သော ဝဿကာရပုဏ္ဏားသည် အသျှင်အာနန္ဒာ အား ဤစကားကို လျှောက်ထား၏— “အသျှင်အာနန္ဒာ ယခုအခါ အဘယ်စကားဖြင့် စုဝေးထိုင်နေကြပါ ကုန်သနည်း၊ သင်တို့၏ မပြီးမပြတ်သေးသော စကားသည်ကား အဘယ်စကားပါနည်း”ဟု (လျှောက် ထား၏)။

ပုဏ္ဏား ငါ့ကို ဂေါပကမောဂ္ဂလ္လာန်ပုဏ္ဏားသည် ဤသို့ ဆို၏—“အသျှင်အာနန္ဒာ အကြင်တရားတို့နှင့် ပြည့်စုံသောကြောင့် ထိုအသျှင်ဂေါတမသည် ပူဇော်အထူးကို ခံတော်မူထိုက်သော, မဖောက်မပြန် ကိုယ်တိုင် သိတော်မူသော ဘုရားဖြစ်တော်မူ၏၊ ထိုတရားတို့နှင့် အချင်းခပ်သိမ်း လုံးဝပြည့်စုံသော ရဟန်းတစ်ပါးမျှ ရှိသလော”ဟု (ဆို၏)။ ပုဏ္ဏား ဤသို့ဆိုသည်ရှိသော် ငါသည် ဂေါပကမောဂ္ဂလ္လာန်မည်သော ပုဏ္ဏားအား ဤစကားကို ဆို၏— “ပုဏ္ဏား အကြင်တရားတို့နှင့် ပြည့်စုံသောကြောင့် ထိုမြတ်စွာဘုရားသည် ပူဇော် အထူးကို ခံတော်မူထိုက်သော, မဖောက်မပြန် ကိုယ်တိုင်သိတော်မူသော ဘုရားဖြစ်တော်မူ၏၊ ထိုတရား တို့နှင့် အချင်းခပ်သိမ်း လုံးဝပြည့်စုံသော ရဟန်းတစ်ပါးမျှ မရှိသည်သာတည်း။ ပုဏ္ဏား မှန်၏၊ ထို မြတ်စွာဘုရားသည် မဖြစ်သေးသော မဂ်လမ်းကို ဖြစ်စေတော်မူ၏၊ ထင်ရှားမဖြစ်သေးသော မဂ်လမ်းကို ထင်ရှားဖြစ်စေတော်မူ၏၊ သူတစ်ပါးတို့ မဟောကြားသေးသော မဂ်လမ်းကို ဟောကြားတော်မူ၏၊ မဂ် လမ်းကို သိတော်မူ၍့’မဂ္ဂညူ’ မည်တော်မူ၏၊ မဂ်လမ်းကို အထင်အရှား သိတော်မူ၍ ‘မဂ္ဂဝိဒူ’ မည်တော် မူ၏၊ မဂ်လမ်းကို လိမ္မာကျွမ်းကျင်တော်မူ၍ ‘မဂ္ဂကောဝိဒ’ မည်တော်မူ၏။ ယခု အခါ၌ကား တပည့်တို့ သည် မဂ်လမ်းသို့ အစဉ်လိုက်ကုန်လျက် နောက်အခါ၌ မဂ်နှင့်ပြည့်စုံ၍ နေကြကုန်၏”ဟု (ဆို၏)။ ပုဏ္ဏား ဤကား ငါတို့၏ ဂေါပကမောဂ္ဂလ္လာန်မည်သော ပုဏ္ဏားနှင့်တကွ မပြီးမပြတ်သေးသော စကား ဖြစ်ပေ၏။ ထိုအခါ သင်သည် ရောက်လာပေ၏ဟု (ဆို၏)။

၈ဝ။ အသျှင်အာနန္ဒာ ယခုအခါ သင်တို့ ဆည်းကပ်နေကြရမည်ဖြစ်သော “ဤရဟန်းသည် ငါကွယ် လွန်သောအခါ၌ သင်တို့၏ ကိုးကွယ်ရာဖြစ်လတ္တံ့”ဟု ထိုအသျှင်ဂေါတမ ထားခဲ့သော ရဟန်းတစ်ပါးမျှ ရှိပါသလော”ဟု (လျှောက်၏)။ ပုဏ္ဏား ယခုအခါ ငါတို့ ဆည်းကပ်နေကြရမည်ဖြစ်သော “ဤရဟန်းသည် ငါကွယ်လွန်သောအခါ၌ သင်တို့၏ ကိုးကွယ်ရာဖြစ်လတ္တံ့”ဟု သိတော်မူ မြင်တော်မူ၍ ပူဇော်အထူးကို ခံတော်မူထိုက်သော, မဖောက်မပြန် ကိုယ်တိုင်သိတော်မူသော ထိုမြတ်စွာဘုရားသည် ထားတော်မူခဲ့သော ရဟန်းတစ်ပါးမျှ မရှိပါဟု (မိန့်ဆို၏)။ အသျှင်အာနန္ဒာ ယခုအခါ သင်တို့ ဆည်းကပ်နေကြရမည်ဖြစ် သော “ဤရဟန်းသည် မြတ်စွာဘုရား ကွယ်လွန်တော်မူသော အခါ၌ ငါတို့၏ ကိုးကွယ်ရာဖြစ်လတ္တံ့”ဟု သံဃာသည် သမုတ်ထားသော များစွာသော မထေရ်ကြီးရဟန်းတို့သည် တင်ထားသော ရဟန်းတစ်ပါးမျှ ရှိသလောဟု (လျှောက်၏)။ ပုဏ္ဏား ယခုအခါ ငါတို့သည် ဆည်းကပ်နေကြရမည်ဖြစ်သော “ဤရဟန်း သည် မြတ်စွာဘုရား ကွယ်လွန်တော်မူသော အခါ၌ ငါတို့၏ ကိုးကွယ်ရာဖြစ်လတ္တံ့”ဟု သံဃာသည် သမုတ်ထားသော များစွာသော မထေရ်ကြီးရဟန်းတို့ တင်ထားသော ရဟန်းတစ်ပါးမျှ မရှိပါဟု (မိန့် ဆို၏)။

အသျှင်အာနန္ဒာ ဤသို့ ကိုးကွယ်ရာ မရှိပါဘဲလျက် ညီညွတ်ခြင်း၏ အကြောင်းကား အဘယ်ပါ နည်းဟု (လျှောက်၏)။ ပုဏ္ဏား ငါတို့သည် ကိုးကွယ်ရာ မရှိကုန်သည် မဟုတ်ကုန်၊ ပုဏ္ဏား ငါတို့သည် ကိုးကွယ်ရာ ရှိကုန်၏၊ တရားလျှင် ကိုးကွယ်ရာ ရှိကုန်၏ဟု (မိန့်ဆို၏)။ “အသျှင်အာနန္ဒာ ယခုအခါ သင်တို့ ဆည်းကပ်နေကြရမည်ဖြစ်သော ‘ဤရဟန်းသည် ငါကွယ်လွန်သောအခါ၌ သင်တို့၏ ကိုးကွယ်ရာ ဖြစ်လတ္တံ့’ဟု ထိုအသျှင်ဂေါတမ ထားခဲ့သော ရဟန်းတစ်ပါးမျှ ရှိပါသလော”ဟု ဤသို့ မေးသည်ရှိ သော်—ပုဏ္ဏား ယခုအခါ ငါတို့ ဆည်းကပ်နေကြရမည်ဖြစ်သော ‘ဤရဟန်းသည် ငါကွယ်လွန်သော အခါ၌ သင်တို့၏ ကိုးကွယ်ရာဖြစ်လတ္တံ့’ဟု သိတော်မူ မြင်တော်မူ၍ ပူဇော်အထူးကို ခံတော်မူထိုက်သော, မဖောက်မပြန် ကိုယ်တိုင်သိတော်မူသော ထိုမြတ်စွာဘုရား ထားတော်မူခဲ့သော ရဟန်းတစ်ပါးမျှ မရှိပါ”ဟု (မိန့်ဆို၏)။

အသျှင်အာနန္ဒာ ယခုအခါ သင်တို့ ဆည်းကပ်နေကြရမည်ဖြစ်သော ‘ဤရဟန်းသည် မြတ်စွာဘုရား ကွယ်လွန်တော်မူသော အခါ၌ ငါတို့၏ ကိုးကွယ်ရာဖြစ်လတ္တံ့’ဟု သံဃာသမုတ်ထားသော များစွာသော မထေရ်ကြီးရဟန်းတို့သည် တင်ထားသော ရဟန်းတစ်ပါးမျှ ရှိသလော”ဟု ဤသို့မေးသည်ရှိသော်— “ပုဏ္ဏား ယခုအခါ ငါတို့ ဆည်းကပ်နေကြရမည်ဖြစ်သော ‘ဤရဟန်းသည် မြတ်စွာဘုရား ကွယ်လွန်တော် မူသော အခါ၌ ငါတို့၏ ကိုးကွယ်ရာဖြစ်လတ္တံ့’ဟု သံဃာသမုတ်ထားသော များစွာသော မထေရ်ကြီး ရဟန်းတို့ တင်ထားသော ရဟန်းတစ်ပါးမျှ မရှိ”ဟု ဆို၏။ အသျှင်အာနန္ဒာ ဤသို့ ကိုးကွယ်ရာ မရှိဘဲ လျက် “ညီညွတ်ခြင်း၏ အကြောင်းကား အဘယ်ပါနည်း”ဟု ဤသို့ မေးသည်ရှိသော်—ပုဏ္ဏား ငါတို့သည် ကိုးကွယ်ရာ မရှိသည် မဟုတ်ကုန်၊ ပုဏ္ဏား ငါတို့သည် ကိုးကွယ်ရာ ရှိကုန်၏၊ တရားလျှင် ကိုးကွယ်ရာ ရှိကုန်၏”ဟု ဆို၏။ အသျှင်အာနန္ဒာ ဤသို့ဆိုသော စကား၏ အဓိပ္ပါယ်ကို အဘယ်သို့ မှတ်ရပါမည် နည်းဟု (လျှောက်၏)၊

၈၁။ ပုဏ္ဏား သိတော်မူ မြင်တော်မူ၍ ပူဇော်အထူးကို ခံတော်မူထိုက်သော, မဖောက်မပြန် ကိုယ် တိုင်သိတော်မူသော ထိုမြတ်စွာဘုရားသည် ရဟန်းတို့အား သိက္ခာပုဒ်ကို ပညတ်တော်မူအပ်၏၊ ပါတိမောက် ကို ပြအပ်၏၊ ငါတို့သည် ဥပုသ်နေ့၌ အကြင်မျှလောက်ကုန်သော ရဟန်းတို့သည် တစ်ခုသော ရွာအပိုင်း အခြားကို မှီ၍ နေကုန်၏၊ ထိုအားလုံးသော ရဟန်းတို့သည် တစ်ပေါင်းတည်း စည်းဝေးကုန်၏၊ စည်း ဝေးကုန်ပြီးလျှင် အကြင်ရဟန်းအား ထိုပါတိမောက်သည် (နှုတ်တက်လာသည်၏ အစွမ်းဖြင့်) အလေ့အထ ဖြစ်၏၊ ထိုရဟန်းကို ပြစေကုန်၏၊ ထိုပါတိမောက်ကို ပြစေသည်ရှိသော် ရဟန်းအား အာပတ်ရှိငြားအံ့၊ လွန်ကျူးမိငြားအံ့၊ ထိုရဟန်းကို ငါတို့သည် တရားနှင့်လျော်စွာ ဆုံးမတော်မူတိုင်း ပြုစေကုန်၏ဟု (မိန့် ဆို၏)။

ဤသို့ ပြုစေကုန်သည်ရှိသော် အသျှင်တို့ ပြုစေကုန်သည် မဟုတ်၊ တရားသည်သာလျှင် ပြုစေ၏ တကား၊ အသျှင်အာနန္ဒာ ယခုအခါ သင်တို့ အရိုအသေပြုကြရမည်ဖြစ်သော အလေးပြုကြရမည်ဖြစ်သော မြတ်နိုးကြရမည်ဖြစ်သော ပူဇော်ကြရမည်ဖြစ်သော အရိုအသေ အလေးအမြတ်ပြု၍ မှီနေကြရမည်ဖြစ်သော ရဟန်းတစ်ပါးမျှ ရှိပါသလောဟု (လျှောက်၏)။ ပုဏ္ဏား ယခုအခါ ငါတို့ အရိုအသေပြုကြရမည်ဖြစ်သော အလေးပြုကြရမည်ဖြစ်သော မြတ်နိုးကြရမည်ဖြစ်သော ပူဇော်ကြရမည်ဖြစ်သော အရိုအသေအလေးအမြတ် ပြု၍ မှီနေကြရမည်ဖြစ်သော ရဟန်းတစ်ပါးမျှမရှိဟု (မိန့်ဆို၏)။ “အသျှင်အာနန္ဒာ ယခုအခါ၌ သင်တို့ ဆည်းကပ်နေကြရမည်ဖြစ်သော ‘ဤရဟန်းသည် ငါကွယ်လွန်သောအခါ၌ သင်တို့၏ ကိုးကွယ်ရာဖြစ်လတ္တံ့’ဟု ထိုအသျှင်ဂေါတမ ထားခဲ့သော ရဟန်းတစ်ပါးမျှရှိသလော”ဟု မေးသော်—“ပုဏ္ဏား ယခုအခါ၌ ငါတို့သည် ဆည်းကပ်နေကြရမည်ဖြစ်သော ‘ဤရဟန်းသည် ငါကွယ်လွန်သောအခါ၌ သင်တို့၏ ကိုးကွယ် ရာဖြစ်လတ္တံ့’ဟု သိတော်မူ မြင်တော်မူ၍ ပူဇော်အထူးကို ခံတော်မူထိုက်သော မဖောက်မပြန် ကိုယ်တိုင် သိတော်မူသော ထိုမြတ်စွာဘုရား ထားတော်မူခဲ့သော ရဟန်းတစ်ပါးမျှ မရှိ”ဟု ဆို၏။

“အသျှင်အာနန္ဒာ ယခုအခါ၌ သင်တို့ ဆည်းကပ်နေကြရမည်ဖြစ်သော ‘ဤရဟန်းသည် မြတ်စွာဘုရား ကွယ်လွန်တော်မူသောအခါ ငါတို့၏ ကိုးကွယ်ရာ ဖြစ်လတ္တံ့’ဟု သံဃာသည် သမုတ်ထားသော များစွာသော မထေရ်ကြီးရဟန်းတို့သည် တင်ထားသော ရဟန်းတစ်ပါးမျှ ရှိသလော”ဟု မေးသော်— “ပုဏ္ဏား ယခုအခါ၌ ငါတို့သည် ဆည်းကပ်နေကြရမည်ဖြစ်သော ‘ဤရဟန်းသည် မြတ်စွာဘုရား ကွယ် လွန်တော်မူသော အခါ၌ ငါတို့၏ ကိုးကွယ်ရာ ဖြစ်လတံ္တ့’ဟု သံဃာသည် သမုတ်ထားသော များစွာသော မထေရ်ကြီးရဟန်းတို့သည် တင်ထားသော ရဟန်းတစ်ပါးမျှ မရှိ”ဟု ဆို၏။

“အသျှင်အာနန္ဒာ ‘ယခုအခါ သင်တို့ အရိုအသေပြုကြရမည်ဖြစ်သော အလေးပြုကြရမည်ဖြစ်သော မြတ်နိုးကြရမည်ဖြစ်သော ပူဇော်ကြရမည်ဖြစ်သော အရိုအသေအလေးအမြတ်ပြု၍ မှီနေကြရမည်ဖြစ်သော ရဟန်းတစ်ပါးမျှ ရှိသလော”ဟု မေးသော်—“ပုဏ္ဏား ယခုအခါ၌ ငါတို့သည် အရိုအသေပြုကြရမည် ဖြစ်သော အလေးပြုကြရမည်ဖြစ်သော မြတ်နိုးကြရမည်ဖြစ်သော ပူဇော်ကြရမည်ဖြစ်သော အရိုအသေ အလေးအမြတ်ပြု၍ မှီနေကြရမည်ဖြစ်သော ရဟန်းတစ်ပါးမျှ မရှိ”ဟု ဆို၏။ အသျှင်အာနန္ဒာ ဤဆိုသော စကား၏ အဓိပ္ပါယ်ကို အဘယ်သို့ မှတ်ရပါမည်နည်းဟု (လျှောက်၏)။ ( ကြည်ညိုဖွယ်တရားဆယ်ပါး)

၈၂။ ပုဏ္ဏား သိတော်မူ မြင်တော်မူ၍ ပူဇော်အထူးကို ခံတော်မူထိုက်သော မဖောက်မပြန် ကိုယ်တိုင် သိတော်မူသော ထိုမြတ်စွာဘုရားသည် ကြည်ညိုဖွယ်တရားဆယ်ပါးတို့ကို ဟောကြားတော်မူအပ်ကုန်၏၊ အကြင် အကြင်ပုဂ္ဂိုလ်၌ ဤဆယ်ပါးသော တရားတို့သည် ရှိကုန်၏၊ ထိုတရားရှိသော ပုဂ္ဂိုလ်ကို ယခုအခါ ငါတို့ အရိုအသေ ပြုကြကုန်၏၊ အလေးပြုကြကုန်၏၊ မြတ်နိုးကြကုန်၏၊ ပူဇော်ကြကုန်၏၊ အရိုအသေပြု ၍ အလေးအမြတ်ပြု၍ မှီနေကြကုန်၏၊ ကြည်ညိုဖွယ်တရား ဆယ်ပါးတို့သည် အဘယ်သည်တို့နည်းဟူမူ—

ပုဏ္ဏား ဤသာသနာတော်၌ ရဟန်းသည် သီလနှင့် ပြည့်စုံ၏၊ ပါတိမောက္ခသံဝရသီလကို စောင့်ရှောက်လျက် နေ၏၊ အကျင့် ‘အာစာရ’ ကျက်စားရာ’ဂေါစရ’နှင့် ပြည့်စုံ၏၊ အနည်းငယ်မျှသော အပြစ်တို့ ၌သော်လည်း ကြောက်မက်ဖွယ်ဘေးဟု ရှုလေ့ရှိ၏၊ သိက္ခာပုဒ်တို့၌ ကောင်းစွာ ဆောက်တည်၍ ကျင့်၏။ (၁)

အကြားအမြင်များ၏၊ အကြားအမြင်ကို ဆောင်၏၊ အကြားအမြင်ကို စုဆောင်း၏၊ အစ၏ကောင်း ခြင်း အလယ်၏ကောင်းခြင်း အဆုံး၏ကောင်းခြင်း ရှိကုန်သော၊ အနက်, သဒ္ဒါနှင့်ပြည့်စုံသော အလုံးစုံ ထက်ဝန်းကျင် ပြည့်စုံလျက် စင်ကြယ်သော မြတ်သောအကျင့်ကို ဟောပြတတ်ကုန်သော တရားတို့ကို များ စွာကြားနာဖူးကုန်၏၊ နှုတ်ဖြင့် ဆောင်ဖူးကုန်၏၊ လေ့ကျက်ဖူးကုန်၏၊ စိတ်ဖြင့် ရှုဆင်ခြင်ဖူးကုန်၏၊ ပညာ ဖြင့် ထိုးထွင်း၍ သိဖူးကုန်၏။ (၂)

သင်္ကန်း ဆွမ်း ကျောင်း သူနာ၏ အထောက်အပံ့ အသက်၏ အရံအတားဖြစ်သော ဆေးတို့ဖြင့် ရောင့်ရဲလွယ်၏။ (၃)

အထူးစင်ကြယ်သောစိတ်၌ အပါအဝင်ဖြစ်ကုန်သော မျက်မှောက်သော ကိုယ်၏အဖြစ်၌ ချမ်းချမ်း သာသာ နေရမှုဖြစ်ကုန်သော ဈာန်လေးပါးတို့ကို အလိုရှိတိုင်း ရ၏၊ မငြိုမငြင်ရ၏၊ မပင်ပန်းဘဲ ရ၏။ (၄)

(ထိုရဟန်းသည်) တစ်ပါးမက များသော အပြားရှိသော တန်ခိုးဖန်ဆင်းခြင်းကို ပြီးစေနိုင်၏၊ တစ်ယောက်တည်းဖြစ်လျက်လည်း အများအပြား ဖြစ်သွား၏၊ အများအပြား ဖြစ်လျက်လည်း တစ်ယောက်တည်း ဖြစ်လာ၏၊ ကိုယ်ကို ထင်ရှားဖြစ်စေ၏၊ ကိုယ်ကို ပျောက်ကွယ်စေ၏၊ နံရံတစ်ဖက် တံတိုင်းတစ်ဖက် တောင်တစ်ဖက်သို့ မထိမငြိဘဲ ကောင်းကင်၌ကဲ့သို့ သွား၏၊ မြေ၌လည်း ငုပ်ခြင်း ပေါ်ခြင်းကို ရေ၌ကဲ့သို့ ပြု၏၊ ရေ၌လည်း မကွဲစေဘဲ မြေ၌ကဲ့သို့ သွား၏၊ ကောင်းကင်၌လည်း ထက်ဝယ်ဖွဲ့ခွေလျက် အတောင်ရှိသော ငှက်ကဲ့သို့ သွား၏၊ ဤသို့တန်ခိုးကြီးကုန် ဤသို့အာနုဘော်ကြီး ကုန်သော လ နေတို့ကိုလည်း လက်ဖြင့် သုံးသပ်၏၊ ဆုပ်ကိုင်၏၊ ဗြဟ္မာ့ပြည်တိုင်အောင်လည်း ကိုယ်ကို (မိမိ) အလိုအတိုင်း ဖြစ်စေ၏။ (၅)

(ထိုရဟန်းသည်) အထူးသဖြင့် စင်ကြယ်သော လူတို့၏ နားထက် သာလွန်သော နတ်တို့၏ နား နှင့်တူသော ‘ဒိဗ္ဗသောတ’ ဉာဏ်ဖြင့် နတ်၌လည်းဖြစ်ကုန် လူ၌လည်းဖြစ်ကုန်သော ဝေးသည်လည်းဖြစ်ကုန် နီးသည်လည်း ဖြစ်ကုန်သော နှစ်မျိုးသော အသံတို့ကို ကြားနိုင်၏။ (၆)

(ထိုရဟန်းသည်) တစ်ပါးသောသတ္တဝါ တစ်ပါးသောပုဂ္ဂိုလ်တို့၏ စိတ်ကို (မိမိ) စိတ်ဖြင့် ပိုင်းခြား၍ သိ၏၊ တပ်မက်ခြင်း ‘ရာဂ’ နှင့် တကွသော စိတ်ကိုလည်း တပ်မက်ခြင်း ‘ရာဂ’ နှင့် တကွသော စိတ်ဟု သိ၏၊ တပ်မက်ခြင်း ‘ရာဂ’ ကင်းသော စိတ်ကိုလည်း တပ်မက်ခြင်း ‘ရာဂ’ ကင်းသော စိတ်ဟု သိ၏၊ အမျက်ထွက်ခြင်း ‘ဒေါသ’နှင့့်် တကွသော စိတ်ကိုလည်း အမျက်ထွက်ခြင်း ‘ဒေါသ’ နှင့် တကွသော စိတ်ဟု သိ၏၊ အမျက်ထွက်ခြင်း ‘ဒေါသ’ ကင်းသော စိတ်ကိုလည်း အမျက်ထွက်ခြင်း ‘ဒေါသ’ ကင်းသော စိတ်ဟု သိ၏၊ တွေဝေခြင်း ‘မောဟ’ နှင့် တကွသော စိတ်ကိုလည်း တွေဝေခြင်း ‘မောဟ’ နှင့့်် တကွသော စိတ်ဟု သိ၏၊ တွေဝေခြင်း ‘မောဟ’ ကင်းသော စိတ်ကိုလည်း တွေဝေခြင်း ‘မောဟ’ ကင်းသော စိတ်ဟု သိ၏၊ ကျုံ့သော ‘သံခိတ္တ’ စိတ်ကိုလည်း ကျုံ့သော ‘သံခိတ္တ’ စိတ်ဟု သိ၏၊ ပျံ့သော ‘ဝိက္ခိတ္တ’ စိတ်ကိုလည်း ပျံ့သော ‘ဝိက္ခိတ္တ’ စိတ်ဟု သိ၏၊ မြတ်သည်၏ အဖြစ်သို့ ရောက်သော ‘မဟဂ္ဂုတ်’ စိတ်ကိုလည်း မြတ်သည်၏အဖြစ်သို့ ရောက်သော ‘မဟဂ္ဂုတ်’ စိတ်ဟု သိ၏၊ မြတ်သည်၏ အဖြစ်သို့ မရောက်သော ‘အမဟဂ္ဂုတ်’ စိတ်ကိုလည်း မြတ်သည်၏ အဖြစ်သို့ မရောက်သော ‘အမဟဂ္ဂုတ်’ စိတ်ဟု သိ၏၊ သာလွန်သော တရားရှိ သော ‘သဥတ္တရ’ စိတ်ကိုလည်း သာလွန်သော တရားရှိသော ‘သဥတ္တရ’ စိတ်ဟု သိ၏၊ သာလွန်သော တရားမရှိသော ‘အနုတ္တရ’ စိတ်ကိုလည်း သာလွန်သော တရားမရှိသော ‘အနုတ္တရ’ စိတ်ဟု သိ၏၊ တည် ကြည်သော ‘သမာဟိတ’ စိတ်ကိုလည်း တည်ကြည်သော ‘သမာဟိတ’ စိတ်ဟု သိ၏၊ မတည်ကြည်သော ‘အသမာဟိတ’ စိတ်ကိုလည်း မတည်ကြည်သော ‘အသမာဟိတ’ စိတ်ဟု သိ၏၊ လွတ်မြောက်သော ‘ဝိမုတ္တ’ စိတ်ကိုလည်း လွတ်မြောက်သော ‘ဝိမုတ္တ’ စိတ်ဟု သိ၏၊ မလွတ်မြောက်သော ‘အဝိမုတ္တ’ စိတ်ကိုလည်း မလွတ်မြောက်သော ‘အဝိမုတ္တ’ စိတ်ဟု သိ၏။ (၇)

(ထိုရဟန်းသည်) များစွာသော ရှေး၌ဖြစ်ခဲ့ဖူးသော ခန္ဓာအစဉ်ကို အောက်မေ့နိုင်၏၊ ဤရှေး၌ဖြစ်ခဲ့ ဖူးသော ခန္ဓာအစဉ်ဟူသည် အဘယ်နည်း— တစ်ဘဝကိုလည်းကောင်း၊ နှစ်ဘဝတို့ကိုလည်းကောင်း၊ သုံး ဘဝတို့ကိုလည်းကောင်း၊ လေးဘဝတို့ကိုလည်းကောင်း၊ ငါးဘဝတို့ကိုလည်းကောင်း၊ ဆယ်ဘဝတို့ကိုလည်း ကောင်း၊ နှစ်ဆယ်သောဘဝတို့ကိုလည်းကောင်း၊ သုံးဆယ်သောဘဝတို့ကိုလည်းကောင်း၊ လေးဆယ်သော ဘဝတို့ကိုလည်းကောင်း၊ ငါးဆယ်သောဘဝတို့ကိုလည်းကောင်း၊ ဘဝတစ်ရာကိုလည်းကောင်း၊ ဘဝ တစ်ထောင်ကိုလည်းကောင်း၊ ဘဝတစ်သိန်းကိုလည်းကောင်း၊ များစွာသော ပျက်ကပ်တို့ကိုလည်းကောင်း၊ များစွာသော ဖြစ်ကပ်တို့ကိုလည်းကောင်း၊ များစွာသော ပျက်ကပ်ဖြစ်ကပ်တို့ကိုလည်းကောင်း (အစဉ် လျှောက်၍ အောက်မေ့နိုင်၏)။ “ဤမည်သော ဘဝ၌ ငါသည် ဤသို့သော အမည်ရှိခဲ့၏၊ ဤသို့သော အနွယ်ရှိခဲ့၏၊ ဤသို့သော အဆင်းရှိခဲ့၏၊ ဤသို့သော အစာရှိခဲ့၏၊ ဤသို့သော ချမ်းသာ ဆင်းရဲကို ခံစားခဲ့၏၊ ဤသို့သော အသက်အပိုင်းအခြားရှိခဲ့၏၊ ထိုငါသည် ထိုဘဝမှ သေခဲ့သော် ဤမည်သော ဘဝ၌ ဖြစ်ပြန်၏၊ ထိုဘဝ၌လည်း ငါသည် ဤသို့သော အမည်ရှိခဲ့၏၊ ဤသို့သော အနွယ်ရှိခဲ့၏၊ ဤသို့သော အဆင်းရှိခဲ့၏၊ ဤသို့သော အစာရှိခဲ့၏၊ ဤသို့သော ချမ်းသာ ဆင်းရဲကို ခံစားခဲ့၏၊ ဤသို့သော အသက်အပိုင်းအခြား ရှိခဲ့၏၊ ထိုငါသည် ထိုဘဝမှ သေခဲ့၍ ဤဘဝ၌ ဖြစ်ပြန်၏”ဟု ဤသို့ အခြင်းအရာ နှင့်တကွ ညွှန်းပြဖွယ် (အမည်အနွယ်) နှင့်တကွ များစွာသော ရှေး၌ ဖြစ်ဖူးသော ခန္ဓာအစဉ်ကို အောက် မေ့နိုင်၏။ (၈)

(ထိုရဟန်းသည်) အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိထက် သာလွန်သော နတ်တို့၏ မျက်စိနှင့်တူသော ‘ဒိဗ္ဗစက္ခု’ ဉာဏ်ဖြင့် သေဆဲသတ္တဝါ ဖြစ်ပေါ်ဆဲသတ္တဝါ ယုတ်သောသတ္တဝါ မြတ်သော သတ္တဝါ အဆင်းလှသောသတ္တဝါ အဆင်းမလှသောသတ္တဝါ ကောင်းသောလားရာရှိသောသတ္တဝါ မကောင်း သောလားရာရှိသော သတ္တဝါတို့ကို မြင်၏၊ ကံအားလျော်စွာဖြစ်ပေါ်သော သတ္တဝါတို့ကို သိ၏။ (၉)

အာသဝေါတရားတို့၏ ကုန်ခန်းခြင်းကြောင့် အာသဝေါကင်းသော အရဟတ္တဖိုလ်သမာဓိကို အရဟတ္တ ဖိုလ်ပညာကို မျက်မှောက်သော ကိုယ်၏ အဖြစ်၌ ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြု လျက် ဝင်စားနေ၏။ (၁ဝ)

ပုဏ္ဏား သိတော်မူ မြင်တော်မူ၍ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားသည် ကြည်ညိုဖွယ်တရား ဆယ်ပါးတို့ကို ဟောတော်မူ အပ်ကုန်၏။ ဤတရားတို့သည် အကြင်ပုဂ္ဂိုလ်၌ ထင်ရှားရှိကုန်၏၊ ထိုတရားရှိသော ပုဂ္ဂိုလ်ကို ယခုအခါ ငါတို့ အရိုအသေပြုကုန်၏၊ အလေးပြုကုန်၏၊ မြတ်နိုးကုန်၏၊ ပူဇော်ကုန်၏၊ အရိုအသေပြု၍ အလေး အမြတ်ပြု၍ မှီနေကြကုန်၏ဟု (မိန့်ဆို၏)။

၈၃။ ဤသို့ မိန့်တော်မူသော် မဂဓတိုင်း အမတ်ကြီးဖြစ်သော ဝေဿကာရပုဏ္ဏားသည် ဥပနန္ဒ မည်သော စစ်သူကြီးကို ပြောဆို၏ — “အသျှင်စစ်သူကြီးသည် ထိုစကားကို အဘယ်သို့ မှတ်ထင်သနည်း၊ ဤအသျှင်ကောင်းတို့သည် အရိုအသေပြုထိုက်သူကို အရိုအသေပြုကုန်ငြားအံ့၊ အလေးပြုထိုက်သူကို အလေးပြုကုန်ငြားအံ့၊ မြတ်နိုးထိုက်သူကို မြတ်နိုးကုန်ငြားအံ့၊ ပူဇော်ထိုက်သူကို ပူဇော်ကုန်ငြားအံ့။ စင်စစ် ဤအသျှင်ကောင်းတို့သည် အရိုအသေပြုထိုက်သူကို အရိုအသေပြုသည် မည်ကုန်၏၊ အလေးပြုထိုက် သူကို အလေးပြုသည် မည်ကုန်၏၊ မြတ်နိုးထိုက်သူကို မြတ်နိုးသည် မည်ကုန်၏၊ ပူဇော်ထိုက်သူကို ပူဇော်သည် မည်ကုန်၏။ ထိုအသျှင်ကောင်းတို့သည် ဤပသာဒနိယတရား ဆယ်ပါးရှိသူကို အရိုအသေ မပြုကုန်ငြားအံ့၊ အလေးမပြုကုန်ငြားအံ့၊ မမြတ်နိုးကုန်ငြားအံ့၊ မပူဇော်ကုန်ငြားအံ့၊ ထိုသို့မပြုသော့်အဘယ်ကဲ့သို့သော ပုဂ္ဂိုလ်မျိုးကို ထိုအသျှင်ကောင်းတို့သည် အရိုအသေပြုကုန်ရာအံ့နည်း၊ အလေးပြု ကုန်ရာအံ့နည်း၊ မြတ်နိုးကုန်ရာအံ့နည်း၊ ပူဇော်ကုန်ရာအံ့နည်း၊ အရိုအသေပြု၍ အလေးပြု၍ မြတ်နိုး၍ ပူဇော်၍ မှီနေကုန်ရာအံ့နည်း”ဟု (ပြောဆို၏)။

ထိုအခါ မဂဓတိုင်း အမတ်ကြီးဖြစ်သော ဝဿကာရပုဏ္ဏားသည် အသျှင်အာနန္ဒာကို “အသျှင် အာနန္ဒာသည် ယခုအခါ အဘယ်မှာ နေတော်မူပါသနည်း”ဟု ဤစကားကို လျှောက်၏။ ပုဏ္ဏား ငါသည် ယခုအခါ ဝေဠုဝန်ကျောင်း၌ နေ၏ဟု (မိန့်ဆို၏)။ အသျှင်အာနန္ဒာ ဝေဠုဝန်ဥယျာဉ်သည် မွေ့လျော်ဖွယ်လည်း ရှိ၏လော၊ တိတ်ဆိတ်သော အသံလည်း ရှိ၏လော၊ ကြွေးကြော်သံလည်း နည်းပါ၏လော၊ လူတို့ အသွားအလာကြောင့် တိုက်ခတ်သောလေ ကင်းပါ၏လော၊ လူတို့လျှို့ဝှက်မှုကို ပြုနိုင်သောနေရာ ဖြစ်ပါ၏ လော၊ အာရုံများစွာမှ ဖဲခွါ၍ ကမ္မဋ္ဌာန်းကို အားထုတ်ခြင်းငှါ လျော်ပါ၏လောဟု (လျှောက်၏)။ ပုဏ္ဏား စင်စစ် ဝေဠုဝန်ဥယျာဉ်သည် မွေ့လျော်ဖွယ်လည်း ရှိ၏၊ တိတ်ဆိတ်သော အသံလည်း ရှိ၏၊ ကြွေးကြော် သံလည်း နည်း၏၊ လူတို့အသွားအလာကြောင့် တိုက်ခတ်သောလေလည်း ကင်း၏၊ လူတို့လျှို့ဝှက်မှုကို ပြုနိုင်သောနေရာလည်း ဖြစ်၏၊ အာရုံများစွာမှ ဖဲခွါ၍ ကမ္မဋ္ဌာန်းကို အားထုတ်ခြင်းငှါလည်း လျော်၏။ ထိုသို့ဖြစ်ခြင်းသည် အသင်တို့ကဲ့သို့သော အစောင့်အရှောက်တို့ကြောင့် ဖြစ်၏ဟု (မိန့်ဆို၏)။

အသျှင်အာနန္ဒာ စင်စစ် ဝေဠုဝန်ဥယျာဉ်သည် မွေ့လျော်ဖွယ်လည်း ရှိပါ၏၊ တိတ်ဆိတ်သော အသံလည်း ရှိပါ၏၊ ကြွေးကြော်သံလည်း နည်းပါး၏၊ လူတို့အသွားအလာကြောင့် တိုက်ခတ်သောလေမှ ကင်း ပါ၏၊ လူတို့ လျှို့ဝှက်မှုကို ပြုနိုင်သောနေရာ ဖြစ်ပါ၏၊ အာရုံများစွာမှ ဖဲခွါ၍ ကမ္မဋ္ဌာန်းကို အားထုတ် ခြင်းငှါ လျော်ပါ၏။ ထိုသို့ဖြစ်ခြင်းသည် ဈာန်ဝင်စားလေ့ရှိသော အသျှင်တို့ကြောင့် ဖြစ်ပါ၏၊ အသျှင်တို့ သည် ဈာန်လည်း ရကြပါကုန်၏၊ ဈာန်ဝင်စားလေ့လည်း ရှိကြပါကုန်၏။

အသျှင်အာနန္ဒာ အခါတစ်ပါး၌ ထိုအသျှင်ဂေါတမသည် ဝေသာလီပြည် မဟာဝုန်တောဝယ် အထွတ် တပ်သော ဇရပ်ကျောင်း၌ သီတင်းသုံးနေတော်မူပါ၏၊ အသျှင်အာနန္ဒာ ထိုအခါ၌ အကျွန်ုပ်သည် မဟာဝုန် တော အထွတ်တပ်သော ဇရပ်ကျောင်းနှင့် အသျှင်ဂေါတမရှိရာသို့ ချဉ်းကပ်ပါ၏။ ထိုအရပ်၌ ထိုအသျှင် ဂေါတမသည် များစွာသော အကြောင်းဖြင့် ဈာန်နှင့်စပ်သော စကားကို ဟောပြောပါ၏၊ ထိုအသျှင်ဂေါတမ သည် ဈာန်လည်း ရပါ၏၊ ဈာန်ဝင်စားလေ့လည်း ရှိပါ၏၊ သို့သော် ထိုအသျှင်ဂေါတမသည် အလုံးစုံသော ဈာန်ကိုမူ ချီးမွမ်းတော်မူပါသလောဟု (လျှောက်၏)။

၈၄။ ပုဏ္ဏား စင်စစ် ထိုမြတ်စွာဘုရားသည် အလုံးစုံသော ဈာန်ကို ချီးမွမ်းသည်လည်း မဟုတ်၊ ထိုမြတ်စွာဘုရားသည် အလုံးစုံသော ဈာန်ကို မချီးမွမ်းသည်လည်း မဟုတ်၊ ပုဏ္ဏား ထိုမြတ်စွာဘုရား သည် အဘယ်သို့ သဘောရှိသော ဈာန်ကို မချီးမွမ်းသနည်း၊ ပုဏ္ဏား ဤလောက၌ အချို့သောသူသည် ကာမရာဂထကြွသောင်းကျန်းသော ကာမရာဂနှိပ်စက်သော စိတ်ဖြင့် နေ၏။ ဖြစ်ပေါ်နေသော ကာမရာဂ၏ ထွက်မြောက်ရာကိုဟုတ်မှန်သည့်အတိုင်း မသိ၊ ထိုသူသည် ကာမရာဂကိုသာလျှင် အတွင်းပြု၍ ရှု၏၊ အမျိုးမျိုးရှု၏၊ တစိမ့်စိမ့်ရှု၏၊ အဖန် တလဲလဲရှု၏၊ ဗျာပါဒထကြွသောင်းကျန်းသော ဗျာပါဒနှိပ်စက်သော စိတ်ဖြင့် နေ၏၊ ဖြစ်ပေါ်နေသော ဗျာပါဒ၏ ထွက်မြောက်ရာကိုဟုတ်မှန်သည့်အတိုင်း မသိ၊ ထိုသူသည် ဗျာပါဒကိုသာလျှင် အတွင်းပြု၍ ရှု၏၊ အမျိုးမျိုး ရှု၏၊ တစိမ့်စိမ့် ရှု၏၊ အဖန်တလဲလဲ ရှု၏။ ထိနမိဒ္ဓ ထကြွသောင်းကျန်းသော ထိနမိဒ္ဓနှိပ်စက်သော စိတ်ဖြင့် နေ၏၊ ဖြစ်ပေါ်နေသော ထိနမိဒ္ဓ၏ ထွက်မြောက် ရာကိုဟုတ်မှန်သည့်အတိုင်း မသိ၊ ထိုသူသည် ထိနမိဒ္ဓကိုသာလျှင် အတွင်းပြု၍ ရှု၏၊ အမျိုးမျိုး ရှု၏၊ တစိမ့်စိမ့် ရှု၏၊ အဖန်တလဲလဲ ရှု၏။ ဥဒ္ဓစ္စကုက္ကုစ္စထကြွသောင်းသော ဥဒ္ဓစ္စကုက္ကုစ္စ နှိပ်စက်သော စိတ်ဖြင့် နေ၏၊ ဖြစ်ပေါ်နေသော ဥဒ္ဓစ္စကုက္ကုစ္စ၏ ထွက်မြောက်ရာကိုဟုတ်မှန်သည့်အတိုင်း မသိ၊ ထိုသူသည် ဥဒ္ဓစ္စကုက္ကုစ္စကိုသာလျှင် အတွင်းပြု၍ ရှု၏၊ အမျိုးမျိုး ရှု၏၊ တစိမ့်စိမ့် ရှု၏၊ အဖန်တလဲလဲ ရှု၏။ ဝိစိကိစ္ဆာထကြွသောင်းကျန်းသော ဝိစိကိစ္ဆာ နှိပ်စက်သော စိတ်ဖြင့် နေ၏၊ ဖြစ်ပေါ်နေသော ဝိစိကိစ္ဆာ၏ ထွက်မြောက်ရာကိုဟုတ်မှန်သည့်အတိုင်း မသိ၊ ထိုသူသည် ဝိစိကိစ္ဆာကိုသာလျှင် အတွင်းပြု၍ ရှု၏၊ အမျိုးမျိုး ရှု၏၊ တစိမ့်စိမ့် ရှု၏၊ အဖန်တလဲလဲ ရှု၏။ ပုဏ္ဏား ထိုမြတ်စွာဘုရားသည် ဤသို့သဘော ရှိသော ဈာန်မျိုးကို ချီးမွမ်းတော်မမူ။

ပုဏ္ဏား ထိုမြတ်စွာဘုရားသည် အဘယ်သို့ သဘောရှိသော ဈာန်မျိုးကို ချီးမွမ်းသနည်း၊ ပုဏ္ဏား ဤသာသနာတော်၌ ရဟန်းသည် ကာမဂုဏ်တို့မှ ကင်းဆိတ်၍သာလျှင် အကုသိုလ်တရားတို့မှ ကင်းဆိတ် ၍သာလျှင် ကြံစည်ခြင်း ‘ဝိတက်’ သုံးသပ်ဆင်ခြင်ခြင်း ‘ဝိစာရ’ နှင့် တကွဖြစ်သော နီဝရဏကင်းဆိတ်ခြင်း ကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ ရှိသော ပဌမဈာန်သို့ ရောက်၍ နေ၏။ ကြံစည် ခြင်း ‘ဝိတက်’ သုံးသပ်ဆင်ခြင်ခြင်း ‘ဝိစာရ’ တို့၏ ငြိမ်းခြင်းကြောင့် မိမိသန္တာန်၌ စိတ်ကို ကြည်လင်စေ တတ်သော စိတ်၏ တည်ကြည်ခြင်း ‘သမာဓိ’ကို ဖြစ်ပွါးစေတတ်သော ကြံစည်ခြင်း ‘ဝိတက်’ မရှိသော သုံးသပ်ဆင်ခြင်ခြင်း ‘ဝိစာရ’ မရှိသော တည်ကြည်ခြင်း ‘သမာဓိ’ ကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ ရှိသော ဒုတိယဈာန်သို့ ရောက်၍ နေ၏။ပ။ တတိယဈာန်သို့ ရောက်၍ နေ၏။ပ။ စတုတ္ထဈာန်သို့ ရောက်၍ နေ၏။ ပုဏ္ဏား ထိုမြတ်စွာဘုရားသည် ဤသို့သဘောရှိသော ဈာန်မျိုးကို ချီးမွမ်းတော်မူ၏ဟု (မိန့်ဆို၏)။

အသျှင်အာနန္ဒာ ထိုအသျှင်ဂေါတမသည် ကဲ့ရဲ့ထိုက်သော ဈာန်ကို ကဲ့ရဲ့ပေ၏တကား၊ ချီးမွမ်းထိုက် သော ဈာန်ကို ချီးမွမ်းပေ၏တကား၊ အသျှင်အာနန္ဒာ ယခုအခါ အကျွန်ုပ်တို့ သွားပါကုန်အံ့၊ အကျွန်ုပ်တို့ သည် များသောကိစ္စ, များသောပြုလုပ်ဖွယ် ရှိပါကုန်၏ဟု (လျှောက်၏)။ ပုဏ္ဏား ယခုအခါ၌ သွားရန် အချိန်ကို သင် သိ၏ ( သွားရန်မှာ သင်၏ အလိုအတိုင်းပင် ဖြစ်၏ )ဟု (မိန့်ဆို၏)၊ ထိုအခါ မဂဓတိုင်း၏ အမတ်ကြီးဖြစ်သော ဝဿကာရပုဏ္ဏားသည် အသျှင်အာနန္ဒာ ပြောသောစကားကို အလွန်နှစ်သက် ဝမ်းမြောက်လျက် နေရာမှ ထကာ ဖဲသွား၏။

ထိုအခါ ဂေါပကမောဂ္ဂလ္လာန်ပုဏ္ဏားသည် မဂဓတိုင်း၏ အမတ်ကြီးဖြစ်သော ဝဿကာရပုဏ္ဏား ဖဲသွား၍ မကြာမီ အသျှင်အာနန္ဒာအား ဤစကားကို လျှောက်ထား၏— “အကျွန်ုပ်တို့သည် အသျှင်အာနန္ဒာ အား အကြင်ပုစ္ဆာကို မေးခဲ့ကုန်၏၊ ထိုပုစ္ဆာကို အကျွန်ုပ်အား အသျှင်အာနန္ဒာသည် မဖြေကြားခဲ့”ဟု (ဤ စကားကို လျှောက်၏)။ ပုဏ္ဏား သင့်အား ဖြေကြားခဲ့ကုန်ပြီ မဟုတ်လော။ “ပုဏ္ဏား အကြင်တရားတို့နှင့် ပြည့်စုံသည်ဖြစ်၍ ထိုမြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သော, မဖောက်မပြန် ကိုယ်တိုင် သိတော်မူသော ဘုရားဖြစ်၏၊ ထိုတရားတို့နှင့် အချင်းခပ်သိမ်း လုံးဝပြည့်စုံသော ရဟန်းတစ်ပါးမျှ မရှိ သည်သာတည်း။ ပုဏ္ဏား မှန်၏၊ ထိုမြတ်စွာဘုရားသည် မဖြစ်သေးသော မဂ်လမ်းကို ဖြစ်စေတော်မူ၏၊ ထင်ရှားမဖြစ်သေးသော မဂ်လမ်းကို ထင်ရှားဖြစ်စေတော်မူ၏၊ သူတစ်ပါးတို့ မဟောကြားသေးသော မဂ်လမ်းကို ဟောကြားတော်မူ၏၊ မဂ်လမ်းကို သိတော်မူ၍ ‘မဂ္ဂညူ’ မည်တော်မူ၏၊ မဂ်လမ်းကို အထင် အရှား သိတော်မူ၍ ‘မဂ္ဂဝိဒူ’ မည်တော်မူ၏၊ မဂ်လမ်းကို လိမ္မာကျွမ်းကျင် တော်မူ၍ ‘မဂ္ဂကောဝိဒ’ မည်တော်မူ၏၊ ယခုအခါ၌ကား တပည့်သာဝကတို့သည် မဂ်လမ်းသို့ အစဉ်လိုက်ကုန်လျက် နောက်အခါ မဂ်နှင့်ပြည့်စုံ၍ နေကြကုန်၏”ဟု (ဖြေကြားခဲ့ကုန်ပြီ မဟုတ်လောဟု မိန့်တော်မူ၏)။

ရှစ်ခုမြောက် ဂေါပက မောဂ္ဂလ္လာနသုတ် ပြီး၏။