မဇ္ဈိမနိကာယ်
၂—ဆဗ္ဗိသောဓနသုတ်
၉၈။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်—
အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန် ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို “ရဟန်းတို့”ဟု မိန့် တော်မူ၏။ “အသျှင်ဘုရား”ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကုန်၏။ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏—
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် “ပဋိသန္ဓေနေမှု ကုန်ပြီ၊ မြတ်သော (မဂ်) အကျင့်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ် (မဂ်) ကိစ္စကို ပြုပြီးပြီ၊ နောက်တစ်ဖန် (မဂ်) ကိစ္စအတွက် ပြုဖွယ် မရှိတော့ပြီ”ဟု သိ၏ဟူ၍ အရဟတ္တဖိုလ်ကို ပြောကြား၏။ ရဟန်းတို့ ထိုရဟန်း၏ စကားကို မနှစ်သက်အပ်၊ မပယ် မြစ်အပ်။ မနှစ်သက် မပယ်မြစ်မူ၍ ပြဿနာ မေးရမည်။ ငါ့သျှင် သိတော်မူ မြင်တော်မူ၍ ပူဇော်အထူးကို ခံတော်မူထိုက်သော မဖောက်မပြန် ကိုယ်တိုင်သိတော်မူသော ထိုမြတ်စွာဘုရားသည် ဤလေးမျိုးသော ပြောဆိုခြင်းတို့ကို ကောင်းစွာ ဟောကြားတော်မူ၏။့အဘယ်လေးမျိုးတို့နည်းဟူမူ— မြင်သည်၌ မြင်၏ဟု ပြောခြင်းလည်းကောင်း၊ ကြားသည်၌ ကြား၏ဟု ပြောခြင်းလည်းကောင်း၊ တွေ့သည်၌ တွေ့၏ဟု ပြောခြင်းလည်းကောင်း၊ သိသည်၌ သိ၏ဟု ပြောခြင်းလည်းကောင်း။ ငါ့သျှင် သိတော်မူ မြင်တော်မူ၍ ပူဇော်အထူးကို ခံတော်မူထိုက်သော မဖောက်မပြန် ကိုယ်တိုင်သိတော်မူသော ထိုမြတ်စွာဘုရားသည် ကောင်းစွာ ဟောကြားထားသော လေးမျိုးသော ပြောဆိုခြင်းတို့ကား ဤသည်တို့တည်း။ ဤလေးမျိုး သော ပြောဆိုခြင်းတို့၌ အဘယ်သို့ သိသည် အဘယ်သို့ မြင်သည်ဖြစ်၍ အသျှင်၏ စိတ်သည် တဏှာ ဒိဋ္ဌိတို့ဖြင့် မစွဲလမ်းဘဲ အာသဝေါတရားတို့မှ လွတ်သနည်းဟု (ပြဿနာမေးရမည်)။
ရဟန်းတို့ အာသဝေါကုန်ခန်းပြီးသော မဂ်အကျင့်ကို ကျင့်သုံးပြီးသော မဂ်ကိစ္စဟူသော ပြုဖွယ်ကိစ္စ ကို ပြုပြီးသော ဝန်ကို ချထားပြီးသော မိမိအကျိုးဖြစ်သော အရဟတ္တဖိုလ်သို့ ရောက်ပြီးသော ဘဝ သံယောဇဉ်ကုန်ခန်းပြီးသော ကောင်းစွာ သိ၍ ကိလေသာမှ လွတ်ပြီးသော ရဟန္တာပုဂ္ဂိုလ်ဖြစ်သော ရဟန်းအား ပြဿနာဖြေခြင်းငှါ ဤသဘောသည် ဖြစ်၏။ ငါ့သျှင် ငါသည် မြင်သည်၌ (ရာဂဖြင့်) ကပ်ခြင်း မရှိ၊ (ဒေါသဖြင့်) ဖဲခြင်း မရှိ၊ (တဏှာဒိဋ္ဌိဖြင့်) မမှီ၊ (ဆန္ဒရာဂဖြင့်) မဖွဲ့၊ (ကာမရာဂ သံယောဇဉ်မှ) လွတ်၏၊ (ဆန့်ကျင်ဘက်တရားတို့နှင့်) မယှဉ်၊ အပိုင်းအခြားကင်းသော စိတ်ဖြင့် နေ၏။ ငါ့သျှင် ငါသည် ကြားသည်၌။ပ။ ငါ့သျှင် ငါသည် တွေ့သည်၌။ပ။ ငါ့သျှင် ငါသည် သိသည်၌ (ရာဂဖြင့်) ကပ်ခြင်း မရှိ၊ (ဒေါသဖြင့်)ဖဲခြင်း မရှိ၊ (တဏှာဒိဋ္ဌိဖြင့်) မမှီ၊ (ဆန္ဒရာဂ)ဖြင့် မဖွဲ့၊ (ကာမရာဂ သံယောဇဉ်မှ) လွတ်၏၊ (ဆန့်ကျင်ဘက်တရားတို့နှင့်) မယှဉ်၊ အပိုင်းအခြားကင်းသော စိတ်ဖြင့် နေ၏။ ငါ့သျှင် ဤလေးမျိုးသော ပြောဆိုခြင်းတို့၌ ဤသို့ သိသည် ဤသို့ မြင်သည်ဖြစ်၍ ငါ၏ စိတ်သည် တဏှာဒိဋ္ဌိတို့ဖြင့် မစွဲလမ်းဘဲ အာသဝေါတရားတို့မှ လွတ်၏ဟု (ပြော၏)။ ရဟန်းတို့ ထိုရဟန္တာ ပုဂ္ဂိုလ်၏ စကားကို “ကောင်း၏”ဟု နှစ်သက်ဝမ်းမြောက်ရမည်၊ စကားကို ကောင်း၏ဟု နှစ်သက်ဝမ်း မြောက်ပြီးလျှင် တစ်ဆင့်တက်၍ ပြဿနာကို မေးရမည်။
၉၉။ ငါ့သျှင် သိတော်မူ မြင်တော်မူ၍ ပူဇော်အထူးကို ခံတော်မူထိုက်သော မဖောက်မပြန် ကိုယ် တိုင်သိတော်မူသော ထိုမြတ်စွာဘုရားသည် ဤငါးမျိုးသော ဥပါဒါနက္ခန္ဓာတို့ကို ကောင်းစွာ ဟောကြားထား၏။ အဘယ်ငါးမျိုးတို့နည်းဟူမူ— ရုပ်ဟူသော ဥပါဒါနက္ခန္ဓာလည်းကောင်း၊ ဝေဒနာဟူသော ဥပါဒါနက္ခန္ဓာလည်းကောင်း၊ သညာဟူသော ဥပါဒါနက္ခန္ဓာလည်းကောင်း၊ သင်္ခါရဟူသော ဥပါဒါနက္ခန္ဓာလည်းကောင်း၊ ဝိညာဏ်ဟူသော ဥပါဒါနက္ခန္ဓာလည်းကောင်း။ သိတော်မူ မြင်တော်မူ၍ ပူဇော်အထူးကို ခံတော်မူထိုက်သော မဖောက်မပြန် ကိုယ်တိုင် သိတော်မူသော ထိုမြတ်စွာဘုရားသည် ကောင်းစွာ ဟောကြားထားသော ငါးပါး သော ဥပါဒါနက္ခန္ဓာတို့သည် ဤသည်တို့တည်း။ ဤငါးပါးသော ဥပါဒါနက္ခန္ဓာတို့၌ အဘယ်သို့ သိသည် အဘယ်သို့ မြင်သည်ဖြစ်၍ အသျှင်၏ စိတ်သည် တဏှာဒိဋ္ဌိတို့ဖြင့် မစွဲလမ်းဘဲ အာသဝေါတရားတို့မှ လွတ်သနည်းဟု (မေးအပ်၏)။
ရဟန်းတို့ မြတ်သော အကျင့်ကို ကျင့်သုံးပြီး ပြုဖွယ်ကိစ္စကို ပြုပြီး ဝန်ကိုချပြီး မိမိအကျိုးဟူသော အရဟတ္တဖိုလ်သို့ ရောက်ပြီး ဘဝ၌ ငြိတွယ်သော သံယောဇဉ်ကုန်ပြီး ကောင်းစွာ မဂ်ပညာဖြင့် ကိလေသာ မှ လွတ်ပြီးသော ရဟန္တာဖြစ်သော ရဟန်းအား ပြဿနာဖြေခြင်းငှါ ဤသဘောသည် ဖြစ်၏။ ငါ့သျှင် ငါသည် ရုပ်ကို အားမရှိ၊ ပျက်စီးခြင်းသို့ ရောက်ခြင်းသဘော ရှိ၏၊ သက်သာရာ မရှိဟု သိခြင်းကြောင့် ရုပ်၌ ကပ်ရောက်စွဲလမ်းတတ်သော စိတ်တည်တံ့ကြောင်း အမှားနှလုံးသွင်းကြောင်း ကိန်းကြောင်းဖြစ်သော တဏှာဒိဋ္ဌိတို့၏ ကုန်ခြင်း ကင်းခြင်း ချုပ်ခြင်း စွန့်ခြင်း လွှတ်ခြင်းကြောင့် “ငါ၏ စိတ်သည် လွတ် မြောက်ပြီ”ဟု သိ၏။ ငါ့သျှင် ငါသည် ဝေဒနာကို။ပ။ ငါ့သျှင် ငါသည် သညာကို။ပ။ ငါ့သျှင် ငါသည် သင်္ခါရတို့ကို။ပ။ ငါ့သျှင် ငါသည် ဝိညာဏ်ကို အားမရှိ၊ ပျက်စီးခြင်းသို့ ရောက်သောသဘော ရှိ၏၊ သက်သာရာမရှိဟု သိခြင်းကြောင့် ဝိညာဏ်၌ ကပ်ရောက့်စွဲလမ်းတတ်ကုန်သော စိတ်တည်တံ့ကြောင်း အမှားနှလုံးသွင်းကြောင်းဖြစ်သော တဏှာဒိဋ္ဌိတို့၏ ကုန်ခြင်း ကင်းခြင်း ချုပ်ခြင်း စွန့်ခြင်း လွှတ်ခြင်း ကြောင့် “ငါ၏ စိတ်သည် လွတ်မြောက်ပြီ”ဟု သိ၏။ ငါ့သျှင် ဤငါးပါးသော ဥပါဒါနက္ခန္ဓာတို့၌ ဤသို့ သိသည်ဖြစ်၍ ဤသို့ မြင်သည်ဖြစ်၍ ငါ၏ စိတ်သည် တဏှာဒိဋ္ဌိတို့ဖြင့် မစွဲလမ်းဘဲ အာသဝေါတရားတို့မှ လွတ်၏ဟု (ပြောဆို၏)။ ရဟန်းတို့ ထိုရဟန္တာပုဂ္ဂိုလ်၏ စကားကို “ကောင်း၏”ဟု နှစ်သက်ဝမ်းမြောက် ရမည်၊ “ကောင်း၏”ဟု နှစ်သက်ဝမ်းမြောက်ပြီးလျှင် အလွန်ဖြစ်သော ပြဿနာကို မေးမြန်းအပ်၏။
၁ဝဝ။ ငါ့သျှင် သိတော်မူ မြင်တော်မူ၍ ပူဇော်အထူးကို ခံတော်မူထိုက်သော မဖောက်မပြန် ကိုယ် တိုင်သိတော်မူသော ထိုမြတ်စွာဘုရားသည် ဤခြောက်ပါးသော ဓာတ်တို့ကို ကောင်းစွာ ဟောကြားထား တော်မူ၏။ အဘယ်ခြောက်ပါးတို့နည်းဟူမူ— တည်ရာဖြစ်သော ‘ပထဝီ’ ဓာတ်လည်းကောင်း၊ ဖွဲ့စည်းတတ် သော ‘အာပေါ’ဓာတ်လည်းကောင်း၊ ရင့်ကျက်စေသော ‘တေဇော’ဓာတ်လည်းကောင်း၊ ထောက်ကန်တတ် သော ‘ဝါယော’ ဓာတ်လည်းကောင်း၊ မတွေ့ထိကောင်းသော ‘အာကာသ’ ဓာတ်လည်းကောင်း၊ သိတတ်သော ‘ဝိညာဏ’ဓာတ်လည်းကောင်း။ ငါ့သျှင် သိတော်မူ မြင်တော်မူ၍ ပူဇော်အထူးကို ခံတော်မူထိုက်သော မဖောက်မပြန် ကိုယ်တိုင်သိတော်မူသော ထိုမြတ်စွာဘုရားသည် ကောင်းစွာ ဟောကြားထားတော်မူသော ခြောက်ပါးသော ဓာတ်တို့သည် ဤသည်တို့တည်း။ ဤခြောက်ပါးသော ဓာတ်တို့၌ အဘယ်သို့ သိသည် ဖြစ်၍ အဘယ်သို့ မြင်သည်ဖြစ်၍ အသျှင်၏ စိတ်သည် တဏှာဒိဋ္ဌိတို့ဖြင့် မစွဲလမ်းဘဲ အာသဝေါတရား တို့မှ လွတ်သနည်းဟု (မေးအပ်၏)။
ရဟန်းတို့ မြတ်သော အကျင့်ကို ကျင့်သုံးပြီး ပြုဖွယ်ကိစ္စကို ပြုပြီး ဝန်ကို ချထားပြီး မိမိအကျိုး ဟူသော အရဟတ္တဖိုလ်သို့ ရောက်ပြီး ဘဝ၌ ငြိတွယ်သော သံယောဇဉ်ကုန်ပြီး ကောင်းစွာ မဂ်ဖြင့် ကိလေသာမှ လွတ်ပြီးသော ရဟန္တာရဟန်းအား ပြဿနာဖြေခြင်းငှါ ဤသဘောသည် ဖြစ်၏။ ငါ့သျှင် ငါသည် တည်ရာဖြစ်သော ‘ပထဝီ’ ဓာတ်ကို အတ္တဟူ၍ မယူမကပ်၊ တည်ရာဖြစ်သော ‘ပထဝီ’ ဓာတ်ကို မှီသော ရုပ်နာမ်တရားကိုလည်း အတ္တဟူ၍ စွဲလမ်းခြင်းသို့ မရောက်၊ မကပ်၊ တည်ရာဖြစ်သော ‘ပထဝီ’ ဓာတ်ကို မှီကုန်သော၊ ကပ်ရောက်စွဲလမ်း တတ်ကုန်သော၊ စိတ်တည်တံ့ကြောင်း အမှားနှလုံးသွင်းကြောင်း ကိန်းကြောင်းဖြစ်သော တဏှာဒိဋ္ဌိတို့၏ ကုန်ခြင်း ကင်းခြင်း ချုပ်ခြင်း စွန့်ခြင်း လွှတ်ခြင်းကြောင့် “ငါ၏ စိတ်သည် လွတ်မြောက်ပြီ”ဟု သိ၏။ ငါ့သျှင် ငါသည် ဖွဲ့စည်းတတ်သော ‘အာပေါ’ ဓာတ်ကို။ပ။ ငါ့သျှင် ငါသည် ရင့်ကျက်စေတတ်သော ‘တေဇော’ဓာတ်ကို။ပ။ ငါ့သျှင် ငါသည် ထောက်ကန်တတ်သော ‘ဝါယော’ ဓာတ်ကို။ပ။ ငါ့သျှင် ငါသည် မတွေ့ထိကောင်းသော ‘အာကာသ’ ဓာတ်ကို။ပ။ ငါ့သျှင် ငါသည် သိတတ် သော ‘ဝိညာဏ’ဓာတ်ကို အတ္တဟူ၍ စွဲလမ်းခြင်းသို့ မရောက်၊ သိတတ်သော ‘ဝိညာဏ’ဓာတ်ကို မှီသော ရုပ်နာမ်တရားကိုလည်း အတ္တဟူ၍ စွဲလမ်းခြင်းသို့ မရောက်၊ သိတတ်သော ဝိညာဏဓာတ်ကို မှီကုန်သော၊ ကပ်ရောက်စွဲလမ်းတတ်ကုန်သော၊ စိတ်တည်တံ့ကြောင်း အမှားနှလုံးသွင်းကြောင်း ကိန်းကြောင်းဖြစ်သော တဏှာဒိဋ္ဌိတို့၏ ကုန်ခြင်း ကင်းခြင်း ချုပ်ခြင်း စွန့်ခြင်း လွှတ်ခြင်းကြောင့် “ငါ၏ စိတ်သည် လွတ်မြောက် ပြီ”ဟု သိ၏။ ငါ့သျှင် ဤခြောက်ပါးသော ဓာတ်တို့၌ ဤသို့ သိသည်ဖြစ်၍ ဤသို့ မြင်သည်ဖြစ်၍ ငါ၏ စိတ်သည် တဏှာဒိဋ္ဌိတို့ဖြင့် မစွဲလမ်းဘဲ အာသဝေါတရားတို့မှ လွတ်၏ဟု (ပြောဆို၏)။ ရဟန်းတို့ ထိုရဟန္တာပုဂ္ဂိုလ်၏ စကားကို “ကောင်း၏”ဟု နှစ်သက်ဝမ်းမြောက်ရမည်၊ စကားကို ကောင်း၏ဟု နှစ်သက်ဝမ်းမြောက်ပြီးလျှင် တစ်ဆင့်တက်၍ ပြဿနာကို မေးရမည်။
၁ဝ၁။ ငါ့သျှင် သိတော်မူ မြင်တော်မူ၍ ပူဇော်အထူးကို ခံတော်မူထိုက်သော မဖောက်မပြန် ကိုယ် တိုင်သိတော်မူသော ထိုမြတ်စွာဘုရားသည် ဤခြောက်ပါးသော အတွင်း အပ၌ ဖြစ်ကုန်သော အာယတနတို့ ကို ကောင်းစွာ ဟောကြားထားတော်မူ၏။ အဘယ်ခြောက်ပါးတို့နည်းဟူမူ— မျက်စိနှင့်အဆင်း, နားနှင့် အသံ, နှာခေါင်းနှင့် အနံ့, လျှာနှင့် အရသာ, ကိုယ်နှင့် အတွေ့အထိ, စိတ်နှင့် သဘောဓမ္မာရုံတို့တည်း။ ငါ့သျှင် သိတော်မူ မြင်တော်မူ၍ ပူဇော်အထူးကို ခံတော်မူထိုက်သော မဖောက်မပြန် ကိုယ်တိုင်သိတော်မူ သော ထိုမြတ်စွာဘုရားသည် ကောင်းစွာ ဟောကြားထားတော်မူသော ခြောက်ပါးသော အတွင်းအပ၌ ဖြစ် ကုန်သော အာယတနတို့သည် ဤသည်တို့တည်း။ ဤခြောက်ပါးသော အတွင်းအပ၌ ဖြစ်ကုန်သော အာယတနတို့၌ အဘယ်သို့ သိသည်ဖြစ်၍ အဘယ်သို့ မြင်သည်ဖြစ်၍ အသျှင်၏ စိတ်သည် တဏှာဒိဋ္ဌိတို့ ဖြင့် မစွဲလမ်းဘဲ အာသဝေါတရားတို့မှ လွတ်သနည်းဟု (မေးအပ်၏)။ ရဟန်းတို့ မြတ်သော အကျင့်ကို ကျင့်သုံးပြီး ပြုဖွယ်ကိစ္စကို ပြုပြီး ဝန်ကိုချထားပြီး မိမိအကျိုးဟူသော အရဟတ္တဖိုလ်သို့ ရောက်ပြီး ဘဝ၌ ငြိတွယ်သော သံယောဇဉ်ကုန်ပြီး ကောင်းစွာ မဂ်ဖြင့် ကိလေသာမှ လွတ်ပြီးသော ရဟန္တာဖြစ်သော ရဟန်းအား ပြဿနာဖြေခြင်းငှါ ဤသဘောသည် ဖြစ်၏။
ငါ့သျှင် မျက်စိ, အဆင်း, စက္ခုဝိညာဏ်, စက္ခုဝိညာဏ်ဖြင့် သိထိုက်ကုန်သော တရားတို့၌ လိုချင်ခြင်း ‘တဏှာဆန္ဒ’၊ တပ်စွန်းခြင်း ‘တဏှာရာဂ’၊ အလွန်နှစ်သက်ခြင်း ‘သပ္ပီတိကတဏှာ’၊ ငြိကပ်ခြင်း ‘တဏှာ’၊ ကပ်ရောက် စွဲလမ်းတတ်ကုန်သော စိတ်တည်တံ့ကြောင်း အမှားနှလုံးသွင်းကြောင်း ကိန်းကြောင်း ဖြစ်သော တဏှာဒိဋ္ဌိတို့၏ ကုန်ခြင်း ကင်းခြင်း ချုပ်ခြင်း စွန့်ခြင်း လွှတ်ခြင်းကြောင့် “ငါ၏ စိတ်သည် လွတ်မြောက်ပြီ”ဟု သိ၏။ ငါ့သျှင် နား, အသံ, သောတဝိညာဏ်။ပ။ နှာခေါင်း, အနံ့, ဃာနဝိညာဏ်။ပ။ လျှာ, အရသာ, ဇိဝှါဝိညာဏ်။ပ။ ကိုယ်, အတွေ့ အထိ, ကာယဝိညာဏ်။ပ။ ငါ့သျှင် စိတ်, သဘောဓမ္မာရုံ, မနောဝိညာဏ်, မနောဝိညာဏ်ဖြင့် သိထိုက်ကုန်သော တရားတို့၌ လိုချင်ခြင်း ‘တဏှာဆန္ဒ’၊ တပ်စွန်းခြင်း ‘တဏှာရာဂ’၊ အလွန်နှစ်သက်ခြင်း ‘သပ္ပီတိကတဏှာ’၊ ငြိကပ်ခြင်း ‘တဏှာ’၊ ကပ်ရောက်စွဲလမ်းတတ်ကုန် သော စိတ်တည်တံ့ကြောင်း အမှားနှလုံးသွင်းကြောင်း ကိန်းကြောင်းဖြစ်သော တဏှာဒိဋ္ဌိတို့၏ ကုန်ခြင်း ကင်းခြင်း ချုပ်ခြင်း စွန့်ခြင်း လွှတ်ခြင်းကြောင့် “ငါ၏ စိတ်သည် လွတ်မြောက်ပြီ”ဟု သိ၏။ ငါ့သျှင် ဤ ခြောက်ပါးကုန်သော အတွင်း အပသန္တာန်၌ ဖြစ်ကုန်သော အာယတနတို့၌ ဤသို့ သိသည်ဖြစ်၍ ဤသို့ မြင်သည်ဖြစ်၍ ငါ၏ စိတ်သည် တဏှာဒိဋ္ဌိတို့ဖြင့် မစွဲလမ်းဘဲ အာသဝေါတရားတို့မှ လွတ်၏ဟု (ဆို၏)။ ရဟန်းတို့ ထိုရဟန္တာပုဂ္ဂိုလ်တို့၏ စကားကို “ကောင်း၏”ဟု နှစ်သက်ဝမ်းမြောက်ရမည်၊ စကားကို “ကောင်း၏”ဟု နှစ်သက်ဝမ်းမြောက်ပြီးလျှင် တစ်ဆင့်တက်၍ ပြဿနာကို မေးရမည်။
၁ဝ၂။ အဘယ်သို့ သိသည်ဖြစ်၍ အဘယ်သို့ မြင်သည်ဖြစ်၍ အသျှင်သည် ဝိညာဏ်ရှိသော မိမိကိုယ်ကောင်၌လည်းကောင်း၊ သူတစ်ပါးကိုယ်ကောင်၌လည်းကောင်း၊ အလုံးစုံသော ပြင်ပအာရုံတို့၌လည်းကောင်း ငါ ဟူသော အခြင်းအရာ ငါ့ဥစ္စာဟူသော အခြင်းအရာ ထင်မှားခြင်း ကိန်းဝပ်မှု ‘အနုသယ’ တို့ကို ပယ်ထားသနည်းဟု (မေးအပ်၏)။ ရဟန်းတို့ မြတ်သော အကျင့်ကို ကျင့်သုံးပြီး ပြုဖွယ်ကိစ္စကို ပြုပြီး ဝန်ကိုချထားပြီး မိမိအကျိုးဟူသော အရ ဟတ္တဖိုလ်သို့ ရောက်ပြီး ဘဝ၌ ငြိတွယ်သော သံယောဇဉ် ကုန်ပြီး ကောင်းစွာ မဂ်ပညာဖြင့် ကိလေသာမှ လွတ်ပြီးသော ရဟန္တာဖြစ်သော ရဟန်းအား ပြဿနာ ဖြေခြင်းငှါ ဤသဘောသည် ဖြစ်၏။ ငါ့သျှင် ငါသည် ရှေးလူ့ဘောင်၌ နေစဉ်က မသိမမြင်ခဲ့ချေ၊ ထိုငါ့အား မြတ်စွာဘုရားသည်လည်းကောင်း၊ မြတ်စွာဘုရား၏ တပည့်သည်လည်းကောင်း တရားဟော၏၊ ငါသည် ထိုတရားကို ကြားနာရသောကြောင့် မြတ်စွာဘုရား၌ ယုံကြည်မှုကို ရ၏၊ ထိုငါသည် ထိုယုံကြည်မှုရခြင်းနှင့် ပြည့်စုံ၍ ဤသို့ ဆင်ခြင်၏ “လူ့ဘောင်၌ နေရခြင်းသည် ကျဉ်းမြောင်း၏၊ (ကိလေသာ) မြူထရာ လမ်းကြောင်း ဖြစ်၏၊ ရှင်ရဟန်းအဖြစ်သည် လွင်ပြင်နှင့်တူ၏၊ လူ့ဘောင်၌ နေသူသည် ဤမြတ်သော အကျင့်ကို စင်စစ်ပြည့်စုံစွာ စင်စစ်စင်ကြယ်စွာ ခရုသင်းပွတ်သစ်နှင့် တူစွာ ကျင့်ခြင်းငှာ မလွယ်၊ အကယ်၍ ငါသည် ဆံမုတ်ဆိတ်တို့ကို ရိတ်ပယ်ပြီးလျှင့်ဖန်ရည်ဆိုးသော အဝတ်တို့ကို ဝတ်ရုံ၍ အိမ်ရာတည်ထောင် လူ့ဘောင်မှ အိမ်ရာမထောင် ရဟန်းဘောင်သို့ ဝင်ရောက်ရမူ ကောင်းလေစွ”ဟု (ဆင်ခြင်၏)။
ငါ့သျှင် ထိုငါသည် နောင်အခါ၌ နည်းသော ဥစ္စာစုကို စွန့်၍သော်လည်းကောင်း၊ များစွာသော ဥစ္စာစုကို စွန့်၍သော်လည်းကောင်း၊ နည်းသော ဆွေမျိုးစုကို စွန့်၍သော်လည်းကောင်း၊ များသော ဆွေမျိုးစုကို စွန့်၍သော်လည်းကောင်း ဆံမုတ်ဆိတ်တို့ကို ပယ်ပြီးလျှင် ဖန်ရည်ဆိုးသော အဝတ်တို့ကို ဝတ်ရုံ၍ အိမ်ရာတည်ထောင် လူ့ဘောင်မှ အိမ်ရာမထောင် ရဟန်းဘောင်သို့ ဝင်ရောက်၏၊ ထိုငါသည် ဤ သို့ ဝင်ရောက်ပြီးသော် ရဟန်းတို့၏ အဓိသီလသိက္ခာ ပညတ်တော်မူအပ်သော သိက္ခာပုဒ်နှင့် ပြည့်စုံလျက် အသက်သတ်ခြင်းကို ပယ်၍ အသက်သတ်ခြင်းမှ ရှောင်ကြဉ်၏၊ တုတ်ကို ချထားပြီး ဖြစ်၏၊ လက်နက်ကို ချထားပြီးဖြစ်၏၊ ရှက်ခြင်းရှိ၏၊ သနားတတ်၏၊ ခပ်သိမ်းသော သတ္တဝါတို့၏ အစီးအပွါးကို လိုလားလျက် နေ၏။ မပေးသည်ကို ယူခြင်းကို ပယ်၍ မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်၏၊ ပေးသည်ကိုသာ ယူ၏၊ ပေးသည်ကိုသာ အလိုရှိ၏၊ မခိုးမဝှက် စင်ကြယ်သော ကိုယ်ဖြင့် နေ၏။ မမြတ်သော အကျင့်ကို ပယ်၍ မြတ်သောအကျင့်ကို ကျင့်၏၊ ယုတ်သောအကျင့်ကို ကျင့်လေ့မရှိ၊ ရွာသူတို့၏ အလေ့အထဖြစ်သော မေထုန်အကျင့်မှ ရှောင်ကြဉ်၏၊ မဟုတ်မမှန် ပြောခြင်းကို ပယ်၍ မဟုတ်မမှန်ပြောခြင်းမှ ရှောင်ကြဉ်၏၊ အမှန်ကိုသာ ဆိုလေ့ရှိ၏၊ အမှန်ချည်းဖြစ်အောင် ဆက်စပ်တတ်၏၊ တည်သော စကားရှိ၏၊ ယုံကြည်ထိုက် သော စကားရှိ၏၊ လောကကို လှည့်စားတတ်သူ မဟုတ်၊ ကုန်းစကားကို ပယ်၍ ကုန်းစကားမှ ရှောင် ကြဉ်၏၊ ထိုသူတို့နှင့် ဤသူတို့ ကွဲပြားခြင်းငှါ ဤသူတို့ထံမှ နားထောင်၍ ထိုသူတို့ထံ၌ မပြောတတ်၊ ဤသူတို့နှင့် ထိုသူတို့ ကွဲပြားခြင်းငှါ ထိုသူတို့ထံမှ နားထောင်၍ ဤသူတို့ထံ၌ မပြောတတ်၊ ဤသို့ ဤကွဲပြားသူတို့ကိုလည်း စေ့စပ်တတ်၏။ ညီညွတ်သူတို့ကိုလည်း အားပေးတတ်၏၊ ညီညွတ်ခြင်း၌ မွေ့လျော်၏၊ ညီညွတ်ခြင်း၌ ပျော်ပိုက်၏၊ ညီညွတ်ခြင်းကို နှစ်သက်၏၊ ညီညွတ်ခြင်းပြုသော စကားကိုသာ ဆိုလေ့ရှိ၏၊ ကြမ်းသောစကားကို ပယ်၍ ကြမ်းသောစကားမှ ရှောင်ကြဉ်၏၊ အကြင်စကားသည် အပြစ် ကင်း၏၊ နားချမ်းသာ၏၊ နှစ်လိုဖွယ်ရှိ၏၊ နှလုံးသို့သက်၏၊ ယဉ်ကျေး၏၊ လူအများနှစ်သက်၏၊ လူ အများနှစ်ခြိုက်၏၊ ထိုသို့ သဘောရှိသော စကားကိုသာ ဆို၏၊ ပြိန်ဖျင်းသော စကားကို ပယ်၍ ပြိန်ဖျင်း သောစကားမှ ရှောင်ကြဉ်၏၊ သင့်သောအခါ၌သာ ဆိုလေ့ရှိ၏၊ဟုတ်သည်ကိုသာ ဆိုလေ့ရှိ၏၊ အကျိုးနှင့် စပ်သည်ကိုသာ ဆိုလေ့ရှိ၏၊ တရားနှင့်စပ်သည်ကိုသာ ဆိုလေ့ရှိ၏၊ အဆုံးအမနှင့်စပ်သည်ကိုသာ ဆိုလေ့ ရှိ၏၊ သင့်သောအခါ၌ အကြောင်းနှင့်တကွသော အပိုင်းအခြားရှိသော အစီးအပွါးနှင့်စပ်သော မှတ်သား လောက်သော စကားကိုသာ ဆိုလေ့ရှိ၏။
ထိုငါသည် မျိုးစေ့အပေါင်း အပင်အပေါင်းကို ဖျက်ဆီးခြင်းမှ ရှောင်ကြဉ်၏၊ ဆွမ်းတစ်နပ်သာ စားလေ့ရှိ၏၊ ညစာစားခြင်းမှ ရှောင်ကြဉ်၏၊ နေလွဲစားခြင်းမှ ရှောင်ကြဉ်၏၊ ကခြင်း သီခြင်း တီးမှုတ်ခြင်း (သူတော်ကောင်းတရား၏) ဆူးငြောင့်ဖြစ်သော ပွဲကြည့်ခြင်းမှ ရှောင်ကြဉ်၏၊ ပန်းပန်ခြင်း နံ့သာခြယ်ခြင်း နံ့သာပျောင်းလိမ်းခြင်းမှ ရှောင်ကြဉ်၏၊ မြင့်သောနေရာ မြတ်သောနေရာမှ ရှောင်ကြဉ်၏၊ ရွှေငွေကို ခံယူခြင်းမှ ရှောင်ကြဉ်၏၊ ကောက်စိမ်းကို ခံယူခြင်းမှ ရှောင်ကြဉ်၏၊ သားစိမ်းငါးစိမ်းကို ခံယူခြင်းမှ ရှောင်ကြဉ်၏၊ မိန်းမအို မိန်းမပျိုကို ခံယူခြင်းမှ ရှောင်ကြဉ်၏၊ ကျွန်မိန်းမ ကျွန်ယောကျာ်းကို ခံယူခြင်းမှ ရှောင်ကြဉ်၏၊ ဆိတ်နှင့် သိုးကို ခံယူခြင်းမှ ရှောင်ကြဉ်၏၊ ကြက် ဝက်ကို ခံယူခြင်းမှ ရှောင်ကြဉ်၏၊ ဆင် နွား မြင်း မြည်းကို ခံယူခြင်းမှ ရှောင်ကြဉ်၏၊ လယ်နှင့် ယာကို ခံယူခြင်းမှ ရှောင်ကြဉ်၏၊ တမန်အမှု အစေအပါးအမှုကို ဆောင်ရွက်ခြင်းမှ ရှောင်ကြဉ်၏၊ ဝယ်မှုရောင်းမှုမှ ရှောင်ကြဉ်၏၊ ချိန်စဉ်းလဲ အသပြာ စဉ်းလဲ ခြင်တွယ်တိုင်းတာ စဉ်းလဲခြင်းမှ ရှောင်ကြဉ်၏၊ တံစိုးယူခြင်း လှည့်ဖြားခြင်း အတုပြု၍ လိမ်ခြင်း တည်းဟူသော ကောက်ကျစ်ခြင်းမှ ရှောင်ကြဉ်၏၊ ဖြတ်ခြင်း သတ်ခြင်း နှောင်ဖွဲ့ခြင်း (ခရီးသွားတို့ကို) လုယက်ခြင်း (ရွာနိဂုံးတို့ကို) သောင်းကျန်းဖျက်ဆီးခြင်း့ဓားပြတိုက်ခြင်းမှ ရှောင်ကြဉ်၏။
ထိုငါသည် ကိုယ်ကို မျှတစေနိုင်ရုံသော သင်္ကန်းဖြင့်, ဝမ်းကို မျှတစေနိုင်ရုံသော ဆွမ်းဖြင့် ရောင့်ရဲ၏၊ ထိုရဟန်းသည် သွားလေရာရာသို့ (ကိုယ်နှင့် အတူ ပါမြဲပရိက္ခရာမျှသာ ရှိသဖြင့်) တပါတည်း ယူပြီး ဖြစ်၍သာလျှင် သွား၏။ ဥပမာအားဖြင့် အတောင်ရှိသော ငှက်သည် ပျံလေရာရာသို့ မိမိအတောင်သာ ဝန်ရှိသည်ဖြစ်၍ ပျံ၏။ ငါ့သျှင် ဤအတူသာလျှင် ငါသည် ကိုယ်ကို မျှတစေနိုင်ရုံသော သင်္ကန်းဖြင့် ဝမ်းကို မျှတစေနိုင်ရုံသော ဆွမ်းဖြင့် ရောင့်ရဲ၏၊ ထိုရဟန်းသည် သွားလေရာရာသို့ (ကိုယ်နှင့်အတူ ပါမြဲပရိက္ခရာ မျှသာ ရှိသဖြင့်) တပါတည်းယူပြီး ဖြစ်၍သာလျှင် သွား၏။ ထိုရဟန်းသည် ဤမြတ်သော သီလအစုနှင့် ပြည့်စုံသည်ဖြစ်၍ မိမိအတွင်းသန္တာန်၌ အပြစ်ကင်းသော ချမ်းသာကို ခံစားဖူး၏။
၁ဝ၃။ ထိုငါသည် မျက်စိဖြင့် အဆင်း ‘ရူပါရုံ’ ကို မြင်သော် (ယောကျာ်းမိန်းမစသော) သဏ္ဌာန် နိမိတ်ကို စွဲယူလေ့ မရှိ၊ (လက်ခြေစသောအင်္ဂါ ပြုံးဟန် ရယ်ဟန်စသော အမူအရာ) အမှတ်လက္ခဏာကို စွဲယူလေ့ မရှိ၊ (အကယ်၍) စက္ခုန္ဒြေကို မစောင့်စည်းခြင်းဟူသော အကြောင်းကြောင့် မက်မောခြင်း ‘အဘိဇ္ဈာ’ နှလုံးမသာခြင်း ‘ဒေါမနဿ’ဟူသော ယုတ်မာသော အကုသိုလ်တရားတို့သည် ထိုမစောင့်စည်း သူကို အစဉ်လိုက်၍ နှိပ်စက်ကုန်ရာ၏၊ (ထို့ကြောင့် ရဟန်းသည်) စက္ခုန္ဒြေကို စောင့်စည်းခြင်းငှါ ကျင့်၏၊ စက္ခုန္ဒြေကို စောင့်စည်း၏၊ စက္ခုန္ဒြေ၌ စောင့်စည်းခြင်းသို့ ရောက်၏။ နားဖြင့် အသံ ‘သဒ္ဒါရုံ’ကို ကြား သော်။ပ။ နှာခေါင်းဖြင့် အနံ့ ‘ဂန္ဓာရုံ’ ကို နမ်းသော်။ပ။ လျှာဖြင့် အရသာ ‘ရသာရုံ’ ကို လျက်သော်။ပ။ ကိုယ်ဖြင့် အတွေ့ ‘ဖောဠဗ္ဗာရုံ’ကို တွေ့ထိသော်။ပ။ စိတ်ဖြင့် သဘော’ဓမ္မာရုံ’ကို သိသော် (မိန်းမ ယောကျာ်းစသော) သဏ္ဌာန်နိမိတ်ကို စွဲယူလေ့မရှိ၊ (လက်ခြေစသော အင်္ဂါ ပြုံးဟန်ရယ်ဟန်စသော အမူ အရာ) အမှတ်လက္ခဏာကို စွဲယူလေ့မရှိ၊ (အကယ်၍) မနိန္ဒြေကို မစောင့်စည်းခြင်းဟူသော အကြောင်း ကြောင့် မက်မောခြင်း ‘အဘိဇ္ဈာ’ နှလုံးမသာခြင်း ‘ဒေါမနဿ’ဟူသော ယုတ်မာသော အကုသိုလ်တရား တို့သည် ထိုမစောင့်စည်းသူကို အစဉ်လိုက်၍ နှိပ်စက်ကုန်ရာ၏၊ (ထို့ကြောင့် ရဟန်းသည်) မနိန္ဒြေကိိုု စောင့်စည်းခြင်းငှါ ကျင့်၏၊ မနိန္ဒြေကိိုု စောင့်စည်း၏၊ မနိန္ဒြေ၌ စောင့်စည်းခြင်းသို့ ရောက်၏။ ထိုရဟန်း သည် ဤမြတ်သော ဣန္ဒြိယသံဝရသီလနှင့် ပြည့်စုံသည်ဖြစ်၍ မိမိအတွင်းသန္တာန်၌ ဖြစ်သော (ကိလေ သာနှင့်) မရောသော ချမ်းသာကို ခံစားဖူး၏။
ထိုငါသည် ရှေးသို့ တက်ရာ နောက်သို့ ဆုတ်ရာ၌ ဆင်ခြင်လျက် ပြုလေ့ရှိ၏၊ တူရှုကြည့်ရာ တစောင်းကြည့်ရာ၌ ဆင်ခြင်လျက် ပြုလေ့ရှိ၏၊ ကွေးရာ ဆန့်ရာ၌ ဆင်ခြင်လျက် ပြုလေ့ရှိ၏၊ ဒုကုဋ်သပိတ် သင်္ကန်းကို ဆောင်ရာ၌ ဆင်ခြင်လျက် ပြုလေ့ရှိ၏၊ စားရာ သောက်ရာ လျက်ရာ၌ ဆင်ခြင်လျက် ပြုလေ့ရှိ၏၊ ကျင်ကြီး ကျင်ငယ်စွန့်ရာ၌ ဆင်ခြင်လျက် ပြုလေ့ရှိ၏၊ သွားရာ ရပ်ရာ ထိုင်ရာ အိပ်ရာ နိုးရာ စကားပြောရာ ဆိတ်ဆိတ်နေရာ၌ ဆင်ခြင်လျက် ပြုလေ့ရှိ၏။
ထိုငါသည် ဤမြတ်သော သီလအစုနှင့်လည်း ပြည့်စုံသည်ဖြစ်၍ (ဤမြတ်သော ရောင့်ရဲခြင်းနှင့်လည်း ပြည့်စုံသည်ဖြစ်၍) ဤမြတ်သော ဣန္ဒြေကို စောင့်စည်းခြင်းနှင့့််လည်း ပြည့်စုံသည်ဖြစ်၍ ဤမြတ်သော အောက်မေ့ခြင်း ‘သတိ’ ဆင်ခြင်ခြင်း ‘သမ္ပဇဉ်’နှင့် ပြည့်စုံသည်ဖြစ်၍ ဆိတ်ငြိမ်သော ကျောင်းအိပ်ရာ နေရာကို မှီဝဲ၏၊ တောကို သစ်ပင်ရင်းကို တောင်ကို ချောက်ကို တောင်ခေါင်းကို သင်းချိုင်းကို တောအုပ်ကို လွင်ပြင်ကို ကောက်ရိုးပုံကို မှီဝဲ၏။ ထိုရဟန်းသည် ဆွမ်းခံရာမှ ပြန်ခဲ့၍ ဆွမ်းစားပြီး နောက်၌ ထက်ဝယ်ဖွဲ့ခွေပြီးလျှင် ကိုယ်ကို ဖြောင့်မတ်စွာ ထား၍ (ကမ္မဋ္ဌာန်းသို့) ရှေးရှူ သတိကို ဖြစ်စေလျက် ထိုင်၏။
ထိုငါသည် (ဥပါဒါနက္ခန္ဓာငါးပါးဟူသော) လောက၌ မက်မောခြင်း ‘အဘိဇ္ဈာ’ကို ပယ်၍ မက်မော ခြင်း ‘အဘိဇ္ဈာ’ ကင်းသော စိတ်ဖြင့် နေဖူး၏၊ မက်မောခြင်း ‘အဘိဇ္ဈာ’ မှ စိတ်ကို စင်ကြယ်စေဖူး၏။့ပျက်စီးစေလိုသော ‘ဒေါသ’ ကို ပယ်၍ မပျက်စီးစေလိုသော စိတ်ရှိသည်ဖြစ်၍ ခပ်သိမ်းသော သတ္တဝါတို့၏ အစီးအပွါးကို လိုလားလျက် နေ၏၊ ပျက်စီးစေလိုသော ‘ဒေါသ’မှ စိတ်ကို စင်ကြယ်စေဖူး၏။ လေးလံ ထိုင်းမှိုင်းခြင်း ‘ထိနမိဒ္ဓ’ကို ပယ်၍ လေးလံထိုင်းမှိုင်းခြင်း ‘ထိနမိဒ္ဓ’ မှ ကင်းသည်ဖြစ်၍ အောက်မေ့ဆင်ခြင် လျက် အလင်းရောင်ကို မှတ်ခြင်းရှိသည်ဖြစ်၍ နေ၏၊ လေးလံထိုင်းမှိုင်းခြင်း ‘ထိနမိဒ္ဓ’ မှ စိတ်ကို စင်ကြယ်စေဖူး၏။ ပျံ့လွင့်ခြင်း ‘ဥဒ္ဓစ္စ’ နောင်တတစ်ဖန် ပူပန်ခြင်း ‘ကုက္ကုစ္စ’ကို ပယ်၍ မိမိသန္တာန်၌ ငြိမ်းအေးသော စိတ်ရှိသည်ဖြစ်၍ မပျံ့လွင့်သည် ဖြစ်၍ နေဖူး၏။ ပျံ့လွင့်ခြင်း ‘ဥဒ္ဓစ္စ’ နောင်တတစ်ဖန် ပူပန်ခြင်း ‘ကုက္ကုစ္စ’ မှ စိတ်ကို စင်ကြယ်စေဖူး၏။ ယုံမှားခြင်း ‘ဝိစိကိစ္ဆာ’ကို ပယ်၍ ယုံမှားခြင်း ‘ဝိစိကိစ္ဆာ’ကို လွန်မြောက်သည်ဖြစ်၍ ကုသိုလ်တရားတို့၌ သို့လော သို့လော တွေးတောယုံမှားခြင်း မရှိသည်ဖြစ်၍ နေဖူး၏၊ ယုံမှားခြင်း ‘ဝိစိကိစ္ဆာ’မှ စိတ်ကို စင်ကြယ်စေဖူး၏။
၁ဝ၄။ ထိုငါသည် စိတ်၏ ညစ်ညူးကြောင်း ဖြစ်ကုန်သော ပညာကို အားနည်းအောင် ပြုတတ်ကုန် သော ဤငါးပါးသော နီဝရဏတရားတို့ကို ပယ်၍ ကာမဂုဏ်တို့မှ ကင်းဆိတ်၍သာလျှင် အကုသိုလ်တရား တို့မှ ကင်းဆိတ်၍သာလျှင် ကြံစည်ခြင်း ‘ဝိတက်’နှင့် တကွဖြစ်သော သုံးသပ်ဆင်ခြင်ခြင်း ‘ဝိစာရ’နှင့် တကွဖြစ်သော နီဝရဏကင်းဆိတ်ခြင်းကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ ရှိသော ပဌမဈာန်သို့ ရောက်၍ နေဖူးပြီ။ ဝိတက်ဝိစာရ ငြိမ်းခြင်းကြောင့် မိမိသန္တာန်၌ စိတ်ကို ကြည်လင် စေတတ်သော စိတ်၏ တည်ကြည်ခြင်း ‘သမာဓိ’ကို ပွါးစေတတ်သော ကြံစည်ခြင်း ‘ဝိတက်’မရှိသော သုံးသပ်ဆင်ခြင်ခြင်း ‘ဝိစာရ’ မရှိသော တည်ကြည်ခြင်း ‘သမာဓိ’ ကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်း သာခြင်း ‘သုခ’ရှိသော ဒုတိယဈာန်သို့။ပ။ တတိယဈာန်သို့။ပ။ စတုတ္ထဈာန်သို့ ရောက်၍ နေဖူးပြီ။
ထိုငါသည် ဤသို့ တည်ကြည်သော စိတ်သည် စင်ကြယ်လတ်သော် ဖြူစင်လတ်သော် အညစ် အကြေးမရှိလတ်သော် ညစ်ညူးခြင်းကင်းလတ်သော် နူးညံ့လတ်သော် ပြုတိုင်းရလတ်သော် တည်တံ့လတ် သော် မတုန်လှုပ်ခြင်းသို့ ရောက်လတ်သော် အာသဝေါတရားတို့ကို ကုန်ခန်းစေတတ်သော ‘အာသဝက္ခယ’ ဉာဏ်အလို့ငှါ စိတ်ကို ရှေးရှုညွတ်စေဖူးပြီ။ ထိုငါသည် “ဤကား ဆင်းရဲ”ဟုဟုတ်မှန်သောအတိုင်း သိပြီ။ “ဤကား ဆင်းရဲဖြစ်ပေါ်ခြင်း၏ အကြောင်း”ဟုဟုတ်မှန်သောအတိုင်း သိပြီ။ “ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်)”ဟုဟုတ်မှန်သောအတိုင်း သိပြီ။ “ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်)သို့ ရောက်ကြောင်းအကျင့်”ဟုဟုတ်မှန်သောအတိုင်း သိပြီ။ “ဤသည်တို့ကား အာသဝေါတရားတို့တည်း”ဟုဟုတ်မှန်သောအတိုင်း သိပြီ။ “ဤကား အာသဝေါတရားတို့ ဖြစ်ပေါ်ခြင်း၏အကြောင်း”ဟုဟုတ်မှန်သောအတိုင်း သိပြီ၊ “ဤကား အာသဝေါတရားတို့ ချုပ်ရာ (နိဗ္ဗာန်)”ဟုဟုတ်မှန်သောအတိုင်း သိပြီ။ “ဤကား အာသဝေါ တရားတို့၏ချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်”ဟုဟုတ်မှန်သောအတိုင်း သိပြီ။ ဤသို့ သိသော ဤသို့ မြင်သော ထိုငါ၏ စိတ်သည် ကာမာသဝမှလည်း လွတ်မြောက်ပြီ၊ ဘဝါသဝမှလည်း လွတ်မြောက်ပြီ၊ အဝိဇ္ဇာသဝမှလည်း လွတ်မြောက်ပြီ၊ လွတ်မြောက်ပြီးလတ်သော် “လွတ်မြောက်လေပြီ”ဟု အသိဉာဏ် ဖြစ်ပေါ်ပြီ၊ “ပဋိသန္ဓေနေမှုကုန်ပြီ၊ မြတ်သော မဂ်အကျင့်ကို ကျင့်သုံးပြီးပြီ၊ (မဂ်)ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်) ကိစ္စအလို့ငှါ တစ်ပါးသောပြုဖွယ် မရှိတော့ပြီ”ဟု သိခဲ့ပြီ။ ငါ့သျှင် ဝိညာဏ်ရှိသော ဤမိမိကိုယ်၌လည်းကောင်း၊ သူတစ်ပါးကိုယ်၌လည်းကောင်း၊ အလုံးစုံသော ပြင်ပအာရုံတို့၌လည်းကောင်း ဤသို့ သိသည်ဖြစ်၍ ဤသို့ မြင်သည်ဖြစ်၍ ထိုငါသည် ငါဟူသော အခြင်းအရာ, ငါ့ဥစ္စာဟူသော အခြင်း အရာ, ထင်မှားခြင်းကိန်းမှု ‘အနုသယ’ တို့ကို ကောင်းစွာ နုတ်ပယ်အပ်ကုန်ပြီဟု (ဆို၏)။ ရဟန်းတို့ ထိုရဟန္တာပုဂ္ဂိုလ်၏ စကားကို “ကောင်း၏”ဟု နှစ်သက်ဝမ်းမြောက်ရမည်၊ “ကောင်း၏”ဟု နှစ်သက် ဝမ်းမြောက်ပြီးလျှင် “ငါ့သျှင်တို့ ငါတို့အား ထိုကဲ့သို့သဘောရှိသော သီတင်းသုံးဖော် အသျှင်ကောင်းကို့တွေ့မြင်ခြင်းသည် အရတော်လေစွ၊ ငါ့သျှင်တို့ ငါတို့အား ထိုကဲ့သို့သဘောရှိသော သီတင်းသုံးဖော် အသျှင်ကောင်းကို တွေ့မြင်ခြင်းသည် အလွန်အရတော်လေစွ”ဟု ဤသို့ ဆိုရမည်ဟု (မိန့်တော်မူ၏)။
မြတ်စွာဘုရားသည် ဤတရားကို ဟောတော်မူ၏။ ထိုရဟန်းတို့သည် မြတ်စွာဘုရား၏ စကား တော်ကို ဝမ်းမြောက်ဝမ်းသာ လွန်စွာနှစ်သက်ကုန်ပြီ။
နှစ်ခုမြောက် ဆဗ္ဗိသောဓနသုတ် ပြီး၏။