မဇ္ဈိမနိကာယ်
၃—သပ္ပုရိသသုတ်
၁ဝ၅။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်—
အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန် ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို “ရဟန်းတို့”ဟု မိန့် တော်မူ၏။ “အသျှင်ဘုရား”ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကုန်၏။ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏—“ရဟန်းတို့ သင်တို့အား သူတော်ကောင်းတို့၏ တရား ကိုလည်းကောင်း၊ သူယုတ်မာတို့၏ တရားကိုလည်းကောင်း ဟောကြားအံ့၊ ထိုတရားတို့ကို နာကြကုန်၊ ကောင်းစွာ နှလုံးသွင်းကြကုန်၊ ဟောကြားအံ့”ဟု (မိန့်တော်မူ၏)။ “အသျှင်ဘုရား ကောင်းပါပြီ”ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကုန်၏။ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏—
ရဟန်းတို့ သူယုတ်မာတို့၏ တရားကား အဘယ်နည်း၊ ရဟန်းတို့ ဤလောက၌ သူယုတ်မာသည် မြတ်သော အမျိုးမှ ရဟန်းပြု၏၊ ထိုသူသည် “ငါသည် မြတ်သော အမျိုးမှ ရဟန်းပြု၏၊ ငါမှတစ်ပါး သော ဤရဟန်းတို့သည် မြတ်သော အမျိုးမှ ရဟန်းမပြုကုန်”ဟု ဤသို့ ဆင်ခြင်၏။ ထိုသူသည် ထိုအမျိုးမြတ်သည်၏ အဖြစ်ဖြင့် မိမိကို ချီးမြှောက်၍ သူတစ်ပါးကို ရှုတ်ချ၏။ ရဟန်းတို့ ဤသည်ကား သူယုတ်မာတို့၏ တရားတည်း။ ရဟန်းတို့ သူတော်ကောင်းသည်ကား ဤသို့ ဆင်ခြင်၏ “အမျိုးမြတ် သည်၏ အဖြစ်ကြောင့် လောဘ ဒေါသ မောဟတရားတို့သည် ကုန်ခြင်းသို့ မရောက်ကုန်။ မြတ်သော အမျိုးမှ ရဟန်းမပြုသော်လည်း ထိုရဟန်းသည် လောကုတ္တရာတရားအားလျော်သော တရားကို ကျင့်၏၊ ရိုသေထိုက်အောင် ကျင့်၏၊ တရားနှင့် လျော်စွာ ကျင့်လေ့ရှိ၏၊ ထိုရဟန်းတို့တွင် ထိုအကျင့်ကောင်းသော ရဟန်းကို ပူဇော်ထိုက်၏၊ ထိုရဟန်းတို့တွင် ထိုအကျင့်ကောင်းသော ရဟန်းကို ချီးမွမ်းထိုက်၏”ဟု (ဆင်ခြင်၏)။ ထိုရဟန်းသည် အကျင့်ကိုသာလျှင် အကြောင်းပြု၍ ထိုအမျိုးမြတ်သည်၏ အဖြစ်ကြောင့် မိမိ ကို မချီးမြှောက်၊ သူတစ်ပါးကို မရှုတ်ချ။ ရဟန်းတို့ ဤသည်ကား သူတော်ကောင်းတို့၏ တရားတည်း။ (၁)
ရဟန်းတို့ နောက်တစ်ဖန်လည်း သူယုတ်မာသည် ကြီးကျယ်သော အမျိုးမှ ရဟန်းပြု၏။ပ။ များသော ဥစ္စာရှိသော အမျိုးမှ ရဟန်းပြု၏။ပ။ မွန်မြတ်သော အသုံးအဆောင်ရှိသော အမျိုးမှ ရဟန်း ပြု၏၊ ထိုရဟန်းသည် “ငါသည် မွန်မြတ်သော အသုံးအဆောင်ရှိသော အမျိုးမှ ရဟန်းပြု၏၊ (ငါမှ) တစ်ပါးသော ဤရဟန်းတို့သည် မွန်မြတ်သော အသုံးအဆောင်ရှိသော အမျိုးမှ ရဟန်းမပြုကုန်”ဟု ဤသို့ ဆင်ခြင်၏။ ထိုရဟန်းသည် ထိုမွန်မြတ်သော အသုံးအဆောင်ရှိသည်၏ အဖြစ်ကြောင့် မိမိကို ချီးမြှောက်၏၊ သူတစ်ပါးကို ရှုတ်ချ၏၊ ရဟန်းတို့ ဤသည်လည်း သူယုတ်မာတို့၏ တရားတည်း။ ရဟန်းတို့ သူတော်ကောင်းသည် ဤသို့ ဆင်ခြင်၏ “မွန်မြတ်သော အသုံးအဆောင်ရှိသည်၏ အဖြစ် ကြောင့် လောဘ ဒေါသ မောဟတရားတို့သည် ကုန်ခြင်းသို့ မရောက်ကုန်။ မွန်မြတ်သော အသုံး အဆောင်ရှိသော အမျိုးမှ ရဟန်းမပြုသော်လည်း ထိုရဟန်းသည် လောကုတ္တရာတရားအားလျော်သော တရားကို ကျင့်၏၊ ရိုသေထိုက်အောင် ကျင့်၏၊ တရားနှင့်လျော်စွာ ကျင့်လေ့ရှိ၏၊ ထိုရဟန်းတို့တွင့်ထိုအကျင့်ကောင်းသော ရဟန်းကို ပူဇော်ထိုက်၏၊ ထိုရဟန်းတို့တွင် ထိုအကျင့်ကောင်းသော ရဟန်းကို ချီးမွမ်းထိုက်၏”ဟု (ဤသို့ ဆင်ခြင်၏)။ ထိုရဟန်းသည် အကျင့်ကိုသာလျှင် အကြောင်းပြု၍ ထိုမွန်မြတ် သော အသုံးအဆောင်ရှိသည်၏ အဖြစ်ကြောင့် မိမိကို မချီးမြှောက်၊ သူတစ်ပါးကို မရှုတ်ချ။ ရဟန်းတို့ ဤသည်လည်း သူတော်ကောင်းတို့၏ တရားတည်း။ (၂—၄)
၁ဝ၆။ ရဟန်းတို့ နောက်တစ်ဖန်လည်း သူယုတ်မာသည် ထင်ရှား (ကျော်စော)၏၊ အခြံအရံ များ၏၊ ထိုသူသည် “ငါသည် ထင်ရှား (ကျော်စော)၏၊ အခြံအရံ များ၏၊ (ငါမှ) တစ်ပါးကုန်သော ဤရဟန်း တို့သည် မထင်ရှား (မကျော်စော) ကုန်၊ အခြံအရံ မရှိကုန်”ဟု ဤသို့ ဆင်ခြင်၏။ ထိုသူသည် ထိုထင်ရှား (ကျော်စော) ခြင်းကြောင့် မိမိကို ချီးမြှောက်၏၊ သူတစ်ပါးကို ရှုတ်ချ၏၊ ရဟန်းတို့ ဤသည်လည်း သူယုတ်မာတို့၏ တရားတည်း။ ရဟန်းတို့ သူတော်ကောင်းသည် ထင်ရှား (ကျော်စော) ခြင်း ကြောင့် လောဘ ဒေါသ မောဟ တရားတို့သည် ကုန်ခြင်းသို့ မရောက်ကုန်။ မထင်ရှား (မကျော်စော) အခြံအရံမရှိသော်လည်း ထိုရဟန်းသည် လောကုတ္တရာတရားအားလျော်သော တရားကို ကျင့်၏၊ ရိုသေ ထိုက်အောင် ကျင့်၏၊ တရားနှင့်လျော်စွာ ကျင့်လေ့ရှိ၏၊ ထိုရဟန်းတို့တွင် ထိုအကျင့်ကောင်းသော ရဟန်းကို ပူဇော်ထိုက်၏၊ ထိုရဟန်းတို့တွင် ထိုအကျင့်ကောင်းသော ရဟန်းကို ချီးမွမ်းထိုက်၏”ဟု ဤသို့ ဆင်ခြင်၏။ ထိုရဟန်းသည် အကျင့်ကိုသာလျှင် အကြောင်းပြု၍ ထိုထင်ရှား (ကျော်စော) ခြင်းကြောင့် မိမိကို မချီးမြှောက်၊ သူတစ်ပါးကို မရှုတ်ချ။ ရဟန်းတို့ ဤသည်လည်း သူတော်ကောင်းတို့၏ တရားတည်း။ (၅)
ရဟန်းတို့ နောက်တစ်ဖန်လည်း သူယုတ်မာသည် သင်္ကန်း ဆွမ်း ကျောင်း အိပ်ရာ နေရာ သူနာ၏ အထောက်အပံ့ အသက်၏ အရံအတားဖြစ်သော ဆေးတို့ကို ရ၏၊ ထိုရဟန်းသည် “ငါသည် သင်္ကန်း ဆွမ်း ကျောင်း အိပ်ရာ နေရာ သူနာ၏ အထောက်အပံ့ အသက်၏ အရံအတားဖြစ်သော ဆေးတို့ကို ရ၏၊ ဤ (ငါမှ) တစ်ပါးကုန်သော ရဟန်းတို့သည် သင်္ကန်း ဆွမ်း ကျောင်း အိပ်ရာ နေရာ သူနာ၏ အထောက်အပံ့ အသက်၏ အရံအတားဖြစ်သော ဆေးတို့ကို မရကုန်”ဟု ဤသို့ ဆင်ခြင်၏။ ထိုရဟန်းသည် ထိုရခြင်းဖြင့် မိမိကို ချီးမြှောက်၏၊ သူတစ်ပါးကို ရှုတ်ချ၏၊ ရဟန်းတို့ ဤသည်လည်း သူယုတ်မာတို့၏ တရားတည်း။
ရဟန်းတို့ သူတော်ကောင်းသည်ကား “လာဘ်များခြင်းကြောင့် လောဘ ဒေါသ မောဟတရားတို့သည် ကုန်ခြင်းသို့ မရောက်ကုန်။ သင်္ကန်း ဆွမ်း ကျောင်း အိပ်ရာ နေရာ သူနာ၏ အထောက်အပံ့ အသက်၏ အရံအတားဖြစ်သော ဆေးတို့ကို မရရှိသော်လည်း ထိုရဟန်းသည် လောကုတ္တရာတရား အားလျော်သော တရားကို ကျင့်၏၊ ရိုသေထိုက်အောင် ကျင့်၏၊ တရားနှင့်လျော်စွာ ကျင့်လေ့ရှိ၏၊ ထိုရဟန်းတို့တွင် ထိုအကျင့်ကောင်းသော ရဟန်းကို ပူဇော်ထိုက်၏၊ ထိုရဟန်းတို့တွင် ထိုအကျင့်ကောင်း သော ရဟန်းကို ချီးမွမ်းထိုက်၏”ဟု ဤသို့ ဆင်ခြင်၏။ ထိုရဟန်းသည် အကျင့်ကိုသာလျှင် အကြောင်းပြု၍ ထိုလာဘ် များခြင်းဖြင့် မိမိကို မချီးမြှောက်၊ သူတစ်ပါးကို မရှုတ်ချ။ ရဟန်းတို့ ဤသည်လည်း သူတော်ကောင်း တို့၏ တရားတည်း။ (၆)
ရဟန်းတို့ နောက်တစ်ဖန်လည်း သူယုတ်မာသည် အကြားအမြင် များ၏၊ ထိုရဟန်းသည် — “ငါသည် အကြားအမြင် များ၏၊ (ငါမှ) တစ်ပါးကုန်သော ဤရဟန်းတို့သည် အကြားအမြင် မများကုန်”ဟု ဤသို့ ဆင်ခြင်၏။ ထိုရဟန်းသည် ထိုအကြားအမြင်များသည်၏ အဖြစ်ဖြင့် မိမိကို ချီးမြှောက်၏၊ သူတစ်ပါးကို ရှုတ်ချ၏၊ ရဟန်းတို့ ဤသည်လည်း သူယုတ်မာတို့၏ တရားတည်း။ ရဟန်းတို့ သူတော်ကောင်းသည်ကား “အကြားအမြင် များသည်၏အဖြစ်ကြောင့် လောဘ ဒေါသ မောဟတရားတို့ သည် ကုန်ခြင်းသို့ မရောက်ကုန်။ အကြားအမြင် မများသော်လည်း ထိုရဟန်းသည် လောကုတ္တရာတရား အားလျော်သော တရားကို ကျင့်၏၊ ရိုသေထိုက်အောင် ကျင့်၏၊ တရားနှင့်လျော်စွာ ကျင့်လေ့ရှိ၏၊ ထိုရဟန်းတို့တွင် ထိုအကျင့်ကောင်းသော ရဟန်းကို ပူဇော်ထိုက်၏၊ ထိုရဟန်းတို့တွင် ထိုအကျင့်ကောင်း သော ရဟန်းကို ချီးမွမ်းထိုက်၏”ဟု ဤသို့ ဆင်ခြင်၏။ ထိုရဟန်းသည် အကျင့်ကိုသာလျှင် အကြောင်း ပြု၍ အကြားအမြင်များသည်၏ အဖြစ်ဖြင့် မိမိကို မချီးမြှောက်၊ သူတစ်ပါးကို မရှုတ်ချ။ ရဟန်းတို့ ဤသည်လည်း သူတော်ကောင်းတို့၏ တရားတည်း။ (၇)
ရဟန်းတို့ နောက်တစ်ဖန်လည်း သူယုတ်မာသည် ဝိနည်းကို ဆောင်၏၊ ထိုရဟန်းသည် “ငါသည် ဝိနည်းကို ဆောင်၏၊ (ငါမှ) တစ်ပါးကုန်သော ဤရဟန်းတို့သည် ဝိနည်းကို မဆောင်ကုန်”ဟု ဤသို့ ဆင်ခြင်၏။ ထိုရဟန်းသည် ဝိနည်းကို ဆောင်သည်၏ အဖြစ်ဖြင့် မိမိကို ချီးမြှောက်၏၊ သူတစ်ပါးကို ရှုတ်ချ၏၊ ရဟန်းတို့ ဤသည်လည်း သူယုတ်မာတို့၏ တရားတည်း။ ရဟန်းတို့ သူတော်ကောင်းသည် ကား “ဝိနည်းကို ဆောင်သည်၏ အဖြစ်ကြောင့် လောဘ ဒေါသ မောဟတရားတို့သည် ကုန်ခြင်းသို့ မရောက်ကုန်။ ဝိနည်းကို မဆောင်သော်လည်း ထိုရဟန်းသည် လောကုတ္တရာတရားအားလျော်သော တရားကို ကျင့်၏၊ ရိုသေထိုက်အောင် ကျင့်၏၊ တရားနှင့်လျော်စွာ ကျင့်လေ့ရှိ၏၊ ထိုရဟန်းတို့တွင် ထိုအကျင့်ကောင်းသော ရဟန်းကို ပူဇော်ထိုက်၏၊ ထိုရဟန်းတို့တွင် ထိုအကျင့်ကောင်းသော ရဟန်းကို ချီးမွမ်းထိုက်၏”ဟု ဤသို့ ဆင်ခြင်၏။ ထိုရဟန်းသည် အကျင့်ကိုသာလျှင် အကြောင်းပြု၍ ထိုဝိနည်းကို ဆောင်သည်၏ အဖြစ်ဖြင့် မိမိကို မချီးမြှောက်၊ သူတစ်ပါးကို မရှုတ်ချ။ ရဟန်းတို့ ဤသည်လည်း သူတော်ကောင်းတို့၏ တရားတည်း။ (၈)
ရဟန်းတို့ နောက်တစ်ဖန်လည်း သူယုတ်မာသည် တရားဟောတတ်သူ ဖြစ်၏၊ ထိုရဟန်းသည် “ငါသည် တရားဟောတတ်သူ ဖြစ်၏၊ (ငါမှ) တစ်ပါးကုန်သော ဤရဟန်းတို့သည် တရားဟောတတ်သူ မဟုတ်ကုန်”ဟု ဤသို့ ဆင်ခြင်၏။ ထိုရဟန်းသည် ထိုတရားဟောတတ်သည်၏ အဖြစ်ကြောင့် မိမိကို ချီးမြှောက်၏၊ သူတစ်ပါးကို ရှုတ်ချ၏၊ ရဟန်းတို့ ဤသည်လည်း သူယုတ်မာတို့၏ တရားတည်း။ ရဟန်းတို့ သူတော်ကောင်းသည်ကား “တရားဟောတတ်သည်၏ အဖြစ်ကြောင့် လောဘ ဒေါသ မောဟ တရားတို့သည် ကုန်ခြင်းသို့ မရောက်ကုန်။ တရားဟောတတ်သူ မဟုတ်သော်လည်း ထိုရဟန်းသည် လောကုတ္တရာတရားအားလျော်သော တရားကို ကျင့်၏၊ ရိုသေထိုက်အောင် ကျင့်၏၊ တရားနှင့်လျော်စွာ ကျင့်လေ့ရှိ၏၊ ထိုရဟန်းတို့တွင် ထိုအကျင့်ကောင်းသော ရဟန်းကို ပူဇော်ထိုက်၏၊ ထိုရဟန်းတို့တွင် ထိုအကျင့်ကောင်းသော ရဟန်းကို ချီးမွမ်းထိုက်၏”ဟု ဤသို့ ဆင်ခြင်၏။ ထိုရဟန်းသည် အကျင့်ကို သာလျှင် အကြောင်းပြု၍ ထိုတရားဟောတတ်သည်၏ အဖြစ်ဖြင့် မိမိကို မချီးမြှောက်၊ သူတစ်ပါးကို မရှုတ်ချ။ ရဟန်းတို့ ဤသည်လည်း သူတော်ကောင်းတို့၏ တရားတည်း။ (၉)
၁ဝ၇။ ရဟန်းတို့ နောက်တစ်ဖန်လည်း သူယုတ်မာသည် အာရညကင်ဓုတင်ကို ဆောက်တည်၏၊ ထိုရဟန်းသည် “ငါသည် အာရညကင်ဓုတင်ကို ဆောက်တည်၏၊ (ငါမှ) တစ်ပါးကုန်သော ဤရဟန်းတို့ သည် အာရညကင်ဓုတင်ကို မဆောက်တည်ကုန်”ဟု ဤသို့ ဆင်ခြင်၏။ ထိုရဟန်းသည် ထိုအာရညကင် ဓုတင်ကို ဆောက်တည်သည်၏ အဖြစ်ဖြင့် မိမိကို ချီးမြှောက်၏၊ သူတစ်ပါးကို ရှုတ်ချ၏၊ ရဟန်းတို့ ဤသည်လည်း သူယုတ်မာတို့၏ တရားတည်း။ ရဟန်းတို့ သူတော်ကောင်းသည်ကား “အာရညကင် ဓုတင်ကို ဆောက်တည်သည်၏ အဖြစ်ကြောင့် လောဘ ဒေါသ မောဟတရားတို့သည် ကုန်ခြင်းသို့ မရောက်ကုန်။ အာရညကင်ဓုတင်ကို မဆောက်တည်သော်လည်း ထိုရဟန်းသည် လောကုတ္တရာတရား အားလျော်သော တရားကို ကျင့်၏၊ ရိုသေထိုက်အောင် ကျင့်၏၊ တရားနှင့်လျော်စွာ ကျင့်လေ့ရှိ၏၊ ထိုရဟန်းတို့တွင် ထိုအကျင့်ကောင်းသော ရဟန်းကို ပူဇော်ထိုက်၏၊ ထိုရဟန်းတို့တွင် ထိုအကျင့်ကောင်း သော ရဟန်းကို ချီးမွမ်းထိုက်၏”ဟု ဤသို့ ဆင်ခြင်၏။ ထိုရဟန်းသည် အကျင့်ကိုသာလျှင် အကြောင်း ပြု၍ ထိုအာရညကင်ဓုတင်ကို ဆောက်တည်သည်၏ အဖြစ်ဖြင့် မိမိကို မချီးမြှောက်၊ သူတစ်ပါးကို မရှုတ်ချ။ ရဟန်းတို့ ဤသည်လည်း သူတော်ကောင်းတို့၏ တရားတည်း။ (၁ဝ)
ရဟန်းတို့ နောက်တစ်ဖန်လည်း သူယုတ်မာသည် ပံ့သကူဓုတင်ကို ဆောက်တည်၏၊ ထိုရဟန်းသည် “ငါသည် ပံသုကူဓုတင်ကိိုု ဆောက်တည်၏၊ (ငါမှ) တစ်ပါးကုန်သော ဤရဟန်းတို့သည် ပံသုကူ ဓုတင်ကိိုု မဆောက်တည်ကုန်”ဟု ဤသို့ ဆင်ခြင်၏။ ထိုရဟန်းသည် ပံသုကူဓုတင်ကို ဆောက်တည်သည်၏ အဖြစ်ဖြင့် မိမိကို ချီးမြှောက်၏၊ သူတစ်ပါးကို ရှုတ်ချ၏၊ ရဟန်းတို့ ဤသည်လည်း သူယုတ်မာတို့၏ တရားတည်း။ ရဟန်းတို့ သူတော်ကောင်းသည်ကား “ပံသုကူဓုတင်ကိိုု ဆောက်တည်သည်၏ အဖြစ်ကြောင့် လောဘ ဒေါသ မောဟတရားတို့သည် ကုန်ခြင်းသို့ မရောက်ကုန်။ ပံသုကူဓုတင်ကို မဆောက်တည်သော်လည်း ထိုရဟန်းသည် လောကုတ္တရာ တရားအားလျော်သော တရားကို ကျင့်၏၊ ရိုသေထိုက်အောင် ကျင့်၏၊ တရားနှင့်လျော်စွာ ကျင့်လေ့ရှိ၏၊ ထိုရဟန်းတို့တွင် ထိုအကျင့်ကောင်းသော ရဟန်းကို ပူဇော်ထိုက်၏၊ ထိုရဟန်းတို့တွင် ထိုအကျင့်ကောင်းသော ရဟန်းကို ချီးမွမ်းထိုက်၏”ဟု ဤသို့ ဆင်ခြင်၏။ ထိုရဟန်းသည် အကျင့်ကိုသာလျှင် အကြောင်းပြု၍ ထိုပံသုကူဓုတင်ကို ဆောက်တည်သည်၏ အဖြစ်ဖြင့် မိမိကို မချီးမြှောက်၊ သူတစ်ပါးကို မရှုတ်ချ။ ရဟန်းတို့ ဤသည်လည်း သူတော်ကောင်းတို့၏ တရားတည်း။ (၁၁)
ရဟန်းတို့ နောက်တစ်ဖန်လည်း သူယုတ်မာသည် ပိဏ္ဍပါတ်ဓုတင်ကို ဆောက်တည်၏၊ ထိုရဟန်း သည် “ငါသည် ပိဏ္ဍပါတ်ဓုတင်ကိိုိုု ဆောက်တည်၏၊ (ငါမှ) တစ်ပါးကုန်သော ဤရဟန်းတို့သည် ပိဏ္ဍပါတ်ဓုတင်ကိိုိုု မဆောက်တည်ကုန်”ဟု ဤသို့ ဆင်ခြင်၏။ ထိုရဟန်းသည် ထိုပိဏ္ဍပါတ်ဓုတင်ကို ဆောက်တည်သည်၏ အဖြစ်ဖြင့် မိမိကို ချီးမြှောက်၏၊ သူတစ်ပါးကို ရှုတ်ချ၏၊ ရဟန်းတို့ ဤသည်လည်း သူယုတ်မာတို့၏ တရားတည်း။ ရဟန်းတို့ သူတော်ကောင်းသည်ကား “ပိဏ္ဍပါတ်ဓုတင်ကိိုိုု ဆောက်တည် သည်၏ အဖြစ်ကြောင့် လောဘ ဒေါသ မောဟတရားတို့သည် ကုန်ခြင်းသို့ မရောက်ကုန်။ ပိဏ္ဍပါတ် ဓုတင်ကို မဆောက်တည်သော်လည်း ထိုရဟန်းသည် လောကုတ္တရာတရားအားလျော်သော တရားကို ကျင့်၏၊ ရိုသေထိုက်အောင် ကျင့်၏၊ တရားနှင့်လျော်စွာ ကျင့်လေ့ရှိ၏၊ ထိုရဟန်းတို့တွင် ထိုအကျင့်ကောင်း သော ရဟန်းကို ပူဇော်ထိုက်၏၊ ထိုရဟန်းတို့တွင် ထိုအကျင့် ကောင်းသော ရဟန်းကို ချီးမွမ်းထိုက်၏”ဟု ဤသို့ ဆင်ခြင်၏။ ထိုရဟန်းသည် အကျင့်ကိုသာလျှင် အကြောင်းပြု၍ ထိုပိဏ္ဍပါတ်ဓုတင်ကို ဆောက်တည်သည်၏ အဖြစ်ဖြင့် မိမိကို မချီးမြှောက်၊ သူတစ်ပါးကို မရှုတ်ချ။ ရဟန်းတို့ ဤသည်လည်း သူတော်ကောင်းတို့၏ တရားတည်း။ (၁၂)
ရဟန်းတို့ နောက်တစ်ဖန်လည်း သူယုတ်မာသည် ရုက္ခမူဓုတင်ကို ဆောက်တည်၏၊ ထိုရဟန်းသည် “ငါသည် ရုက္ခမူဓုတင်ကို ဆောက်တည်၏၊ (ငါမှ) တစ်ပါးကုန်သော ဤရဟန်းတို့သည် ရုက္ခမူဓုတင်ကိိုိုု မဆောက်တည်ကုန်”ဟု ဤသို့ ဆင်ခြင်၏။ ထိုရဟန်းသည် ထိုရုက္ခမူဓုတင်ကို ဆောက်တည်သည်၏ အဖြစ်ဖြင့် မိမိကို ချီးမြှောက်၏၊ သူတစ်ပါးကို ရှုတ်ချ၏၊ ရဟန်းတို့ ဤသည်လည်း သူယုတ်မာတို့၏ တရားတည်း။ ရဟန်းတို့ သူတော်ကောင်းသည်ကား “ရုက္ခမူဓုတင်ကိိုိုု ဆောက်တည်သည်၏ အဖြစ်ကြောင့် လောဘ ဒေါသ မောဟတရားတို့သည် ကုန်ခြင်းသို့ မရောက်ကုန်။ ရုက္ခမူဓုတင်ကို မဆောက်တည်သော်လည်း ထိုရဟန်းသည် လောကုတ္တရာ တရားအားလျော်သော တရားကို ကျင့်၏၊ ရိုသေထိုက်အောင် ကျင့်၏၊ တရားနှင့်လျော်စွာ ကျင့်လေ့ရှိ၏၊ ထိုရဟန်းတို့တွင် ထိုအကျင့်ကောင်းသော ရဟန်းကို ပူဇော် ထိုက်၏၊ ထိုရဟန်းတို့တွင် ထိုအကျင့်ကောင်းသော ရဟန်းကို ချီးမွမ်းထိုက်၏”ဟု ဤသို့ ဆင်ခြင်၏။ ထိုရဟန်းသည် အကျင့်ကိုသာလျှင် အကြောင်းပြု၍ ထိုရုက္ခမူ ဓုတင်ကို ဆောက်တည်သည်၏ အဖြစ်ဖြင့် မိမိကိုယ်ကို မချီးမြှောက်၊ သူတစ်ပါးကို မရှုတ်ချ။ ရဟန်းတို့ ဤသည်လည်း သူတော်ကောင်းတို့၏ တရားတည်း။ (၁၃)
ရဟန်းတို့ နောက်တစ်ဖန်လည်း သူယုတ်မာသည် သုသာန်ဓုတင်ကို ဆောက်တည်၏။ပ။ အဗ္ဘော ကာသိကဓုတင်ကို ဆောက်တည်၏။ပ။ နေသဇ္ဇိကဓုတင်ကို ဆောက်တည်၏။ပ။ ယထာသန္ထတိက ဓုတင့်ကို ဆောက်တည်၏။ပ။ ဧကာသနိက်ဓုတင်ကို ဆောက်တည်၏။ ထိုရဟန်းသည် “ငါသည် ဧကာသနိက် ဓုတင်ကို ဆောက်တည်၏၊ (ငါမှ) တစ်ပါးကုန်သော ဤရဟန်းတို့သည် ဧကာသနိက်ဓုတင်ကို မဆောက် တည်ကုန်”ဟု ဤသို့ ဆင်ခြင်၏။ ထိုရဟန်းသည် ထိုဧကာသနိက်ဓုတင်ကို ဆောက်တည်သည်၏ အဖြစ် ဖြင့် မိမိကို ချီးမြှောက်၏၊ သူတစ်ပါးကို ရှုတ်ချ၏၊ ရဟန်းတို့ ဤသည်လည်း သူယုတ်မာတို့၏ တရား တည်း။
ရဟန်းတို့ သူတော်ကောင်းသည်ကား “ဧကာသနိက်ဓုတင်ကို ဆောက်တည်သည်၏ အဖြစ်ကြောင့် လောဘ ဒေါသ မောဟတရားတို့သည် ကုန်ခြင်းသို့ မရောက်ကုန်။ ဧကာသနိက်ဓုတင်ကို မဆောက်တည် သော်လည်း ထိုရဟန်းသည် လောကုတ္တရာတရားအားလျော်သော တရားကို ကျင့်၏၊ ရိုသေထိုက်အောင် ကျင့်၏၊ တရားနှင့်လျော်စွာ ကျင့်လေ့ရှိ၏၊ ထိုရဟန်းတို့တွင် ထိုအကျင့်ကောင်းသော ရဟန်းကို ပူဇော် ထိုက်၏၊ ထိုရဟန်းတို့တွင် ထိုအကျင့်ကောင်းသော ရဟန်းကို ချီးမွမ်းထိုက်၏”ဟု ဤသို့ ဆင်ခြင်၏။ ထိုရဟန်းသည် အကျင့်ကိုသာလျှင် အကြောင်းပြု၍ ထိုဧကာသနိက်ဓုတင်ကို ဆောက်တည်သည်၏ အဖြစ် ဖြင့် မိမိကို မချီးမြှောက်၊ သူတစ်ပါးကို မရှုတ်ချ။ ရဟန်းတို့ ဤသည်လည်း သူတော်ကောင်းတို့၏ တရားတည်း။ (၁၄—၁၈)
၁ဝ၈။ ရဟန်းတို့ နောက်တစ်ဖန်လည်း သူယုတ်မာသည် ကာမဂုဏ်တို့မှ ကင်းဆိတ်၍သာလျှင် အကုသိုလ်တရားတို့မှ ကင်းဆိတ်၍သာလျှင် ကြံစည်ခြင်း ‘ဝိတက်’နှင့် တကွဖြစ်သော သုံးသပ်ဆင်ခြင်ခြင်း ‘ဝိစာရ’ နှင့် တကွဖြစ်သော နီဝရဏတို့မှ ကင်းဆိတ်ခြင်းကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ ရှိသော ပဌမဈာန်သို့ ရောက်၍ နေ၏။ ထိုရဟန်းသည် “ငါသည် ပဌမဈာန်သမာပတ်ကို ရ၏၊ (ငါမှ) တစ်ပါးကုန်သော ဤရဟန်းတို့သည် ပဌမဈာန်သမာပတ်ကို မရကုန်”ဟု ဤသို့ ဆင်ခြင်၏။ ထိုရဟန်းသည် ထိုပဌမဈာန်သမာပတ် ဖြင့် မိမိကို ချီးမြှောက်၏၊ သူတစ်ပါးကို ရှုတ်ချ၏၊ ရဟန်းတို့ ဤသည်လည်း သူယုတ်မာတို့၏ တရားတည်း။ ရဟန်းတို့ သူတော်ကောင်းသည်ကား “ပဌမဈာန် သမာပတ်ဖြင့်လည်း တဏှာမရှိမှုကို မြတ်စွာဘုရား ဟောတော်မူ၏၊ ထိုပဌမဈာန်သည် ထိုထိုထင်မှတ်နေ ကြသော အခြင်းအရာမှ တစ်ပါးသော အခြင်းအရာအားဖြင့် ဖြစ်၏”ဟု ဆင်ခြင်၏။ ထိုရဟန်းသည် တဏှာမရှိမှုကိုသာလျှင် အကြောင်းပြု၍ ထိုပဌမဈာန်သမာပတ်ဖြင့် မိမိကို မချီးမြှောက်၊ သူတစ်ပါးကို မရှုတ်ချ။ ရဟန်းတို့ ဤသည်လည်း သူတော်ကောင်းတို့၏ တရားတည်း။ (၁၉)
ရဟန်းတို့ နောက်တစ်ဖန်လည်း သူယုတ်မာသည် ဝိတက် ဝိစာရငြိမ်းခြင်းကြောင့် မိမိသန္တာန်၌ စိတ်ကို ကြည်လင်စေတတ်သော စိတ်တည်ကြည်ခြင်း ‘သမာဓိ’ ကို ဖြစ်ပွါးစေတတ်သော ကြံစည်ခြင်း ‘ဝိတက်’ မရှိသော သုံးသပ်ဆင်ခြင်ခြင်း ‘ဝိစာရ’ မရှိသော တည်ကြည်ခြင်း ‘သမာဓိ’ ကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ ရှိသော ဒုတိယဈာန်သို့။ပ။ တတိယဈာန်သို့။ပ။ စတုတ္ထဈာန်သို့ ရောက်၍ နေ၏။ ထိုရဟန်းသည် “ငါသည် စတုတ္ထဈာန်သမာပတ်ကို ရ၏၊ (ငါမှ) တစ်ပါးကုန်သော ဤရဟန်းတို့သည် စတုတ္ထဈာန်သမာပတ်ကိိုု မရကုန်”ဟု ဤသို့ ဆင်ခြင်၏။ ထိုရဟန်းသည် ထိုစတုတ္ထ ဈာန်သမာပတ်ဖြင့် မိမိကို ချီးမြှောက်၏၊ သူတစ်ပါးကို ရှုတ်ချ၏၊ ရဟန်းတို့ ဤသည်လည်း သူယုတ်မာ တို့၏ တရားတည်း။ ရဟန်းတို့ သူတော်ကောင်းသည်ကား “စတုတ္ထဈာန်သမာပတ်ဖြင့်လည်း တဏှာမရှိ မှုကို မြတ်စွာဘုရား ဟောတော်မူ၏၊ ထိုစတုတ္ထဈာန်သည် ထိုထိုထင်မှတ်နေကြသော အခြင်းအရာမှ တစ်ပါးသော အခြင်းအရာအားဖြင့် ဖြစ်၏”ဟု ဤသို့ ဆင်ခြင်၏။ ထိုရဟန်းသည် တဏှာမရှိမှုကိုသာလျှင် အကြောင်းပြု၍ ထိုစတုတ္ထဈာန်သမာပတ်ဖြင့် မိမိကို မချီးမြှောက်၊ သူတစ်ပါးကို မရှုတ်ချ။ ရဟန်းတို့ ဤသည်လည်း သူတော်ကောင်းတို့၏ တရားတည်း။ (၂ဝ—၂၂)
ရဟန်းတို့ နောက်တစ်ဖန်လည်း သူယုတ်မာသည် ရူပသညာတို့ကို လုံးဝလွန်မြောက်ခြင်းကြောင့်လည်းကောင်း၊ ပဋိဃသညာတို့၏ ချုပ်ခြင်းကြောင့်လည်းကောင်း၊ အထူးထူးသော သညာတို့ကို နှလုံး မသွင်းခြင်းကြောင့်လည်းကောင်း “(ကသိုဏ်းကို ခွါ၍ ရအပ်သော) ကောင်းကင်သည် အဆုံးမရှိ”ဟု (စီးဖြန်းလျက်) အာကာသာနဉ္စာယတနဈာန်သို့ ရောက်၍နေ၏၊ ထိုရဟန်းသည် “ငါသည် အာကာသာနဉ္စာ ယတနသမာပတ်ကို ရ၏၊ (ငါမှ) တစ်ပါးကုန်သော ရဟန်းတို့သည် အာကာသာနဉ္စာယတနသမာပတ်ကို မရကုန်”ဟု ဤသို့ ဆင်ခြင်၏။ ထိုရဟန်းသည် ထိုအာကာသာနဉ္စာယတနသမာပတ်ဖြင့် မိမိကို ချီး မြှောက်၏၊ သူတစ်ပါးကို ရှုတ်ချ၏၊ ရဟန်းတို့ ဤသည်လည်း သူယုတ်မာတို့၏ တရားတည်း။ ရဟန်း တို့ သူတော်ကောင်းသည်ကား “အာကာသာနဉ္စာယတန သမာပတ်ဖြင့်လည်း တဏှာမရှိမှုကို မြတ်စွာဘုရား ဟောတော်မူ၏၊ ထိုအာကာသာနဉ္စာယတနဈာန်သည် ထိုထို ထင်မှတ်နေကြသော အခြင်းအရာမှ တစ်ပါးသော အခြင်းအရာအားဖြင့် ဖြစ်၏”ဟု ဤသို့ ဆင်ခြင်၏။ ထိုရဟန်းသည် တဏှာမရှိမှုကိုသာလျှင် အကြောင်းပြု၍ ထိုအာကာသာနဉ္စာယတနသမာပတ်ဖြင့် မိမိကို မချီးမြှောက်၊ သူတစ်ပါးကို မရှုတ်ချ။ ရဟန်းတို့ ဤသည်လည်း သူတော်ကောင်းတို့၏ တရားတည်း။ (၂၃)
ရဟန်းတို့ နောက်တစ်ဖန်လည်း သူယုတ်မာသည် အာကာသာနဉ္စာယတနဈာန်ကို လုံးဝလွန်မြောက် ၍ “ပဌမာရုပ္ပဝိညာဏ်သည် အဆုံးမရှိ”ဟု (စီးဖြန်းလျက်) ဝိညာဏဉ္စာယတနဈာန်သို့ ရောက်၍ နေ၏၊ ထိုရဟန်းသည် “ငါသည် ဝိညာဏဉ္စာယတနသမာပတ်ကို ရ၏၊ (ငါမှ) တစ်ပါးကုန်သော ဤရဟန်းတို့ သည် ဝိညာဏဉ္စာယတနသမာပတ်ကို မရကုန်”ဟု ဤသို့ ဆင်ခြင်၏။ ထိုရဟန်းသည် ထိုဝိညာဏဉ္စာ ယတနသမာပတ်ဖြင့် မိမိကို ချီးမြှောက်၏၊ သူတစ်ပါးကို ရှုတ်ချ၏၊ ရဟန်းတို့ ဤသည်လည်း သူယုတ် မာတို့၏ တရားတည်း။ ရဟန်းတို့ သူတော်ကောင်းသည်ကား “ဝိညာဏဉ္စာယတနသမာပတ်ဖြင့်လည်း တဏှာမရှိမှုကို မြတ်စွာဘုရား ဟောတော်မူ၏၊ ထိုဝိညာဏဉ္စာယတနဈာန်သည် ထိုထို ထင်မှတ်နေကြသော အခြင်းအရာမှ တစ်ပါးသော အခြင်းအရာအားဖြင့် ဖြစ်၏”ဟု ဤသို့ ဆင်ခြင်၏။ ထိုရဟန်းသည် တဏှာ မရှိမှုကိုသာလျှင် အကြောင်းပြု၍ ထိုဝိညာဏဉ္စာယတနသမာပတ်ဖြင့် မိမိကို မချီးမြှောက်၊ သူတစ်ပါးကို မရှုတ်ချ။ ရဟန်းတို့ ဤသည်လည်း သူတော်ကောင်းတို့၏ တရားတည်း။ (၂၄)
ရဟန်းတို့ နောက်တစ်ဖန်လည်း သူယုတ်မာသည် ဝိညာဏဉ္စာယတနဈာန်ကို လုံးဝလွန်မြောက်၍ “စိုးစဉ်း အနည်းငယ်မျှ မရှိ”ဟု (စီးဖြန်းလျက်) အာကိဉ္စညာယတနဈာန်သို့ ရောက်၍ နေ၏၊ ထိုယုတ်မာ သောရဟန်းသည် “ငါသည် အာကိဉ္စညာယတနသမာပတ်ကို ရ၏၊ (ငါမှ) တစ်ပါးကုန်သော ဤရဟန်းတို့ သည် အာကိဉ္စညာယတနသမာပတ်ကို မရကုန်”ဟု ဤသို့ ဆင်ခြင်၏။ ထိုယုတ်မာသောရဟန်းသည် ထိုအာကိဉ္စညာယတန သမာပတ်ဖြင့် မိမိကို ချီးမြှောက်၏၊ သူတစ်ပါးကို ရှုတ်ချ၏၊ ရဟန်းတို့ ဤသည်လည်း သူယုတ်မာတို့၏ တရားတည်း။ ရဟန်းတို့ သူတော်ကောင်းသည်ကား “အာကိဉ္စညာယတန သမာပတ်ဖြင့်လည်း တဏှာမရှိမှုကို မြတ်စွာဘုရား ဟောတော်မူ၏၊ ထိုအာကိဉ္စညာယတနဈာန်သည် ထိုထိုထင်မှတ်နေကြသော အခြင်းအရာမှ တစ်ပါးသော အခြင်းအရာအားဖြင့် ဖြစ်၏”ဟု ဤသို့ ဆင်ခြင်၏။ ထိုရဟန်းသည် တဏှာမရှိမှုကိုသာလျှင် အကြောင်းပြု၍ ထိုအာကိဉ္စညာယတနသမာပတ်ဖြင့် မိမိကို မချီးမြှောက်၊ သူတစ်ပါးကို မရှုတ်ချ။ ရဟန်းတို့ ဤသည်လည်း သူတော်ကောင်းတို့၏ တရားတည်း။ (၂၅)
ရဟန်းတို့ နောက်တစ်ဖန်လည်း သူယုတ်မာသည် အာကိဉ္စညာယတနဈာန်ကို လုံးဝလွန်မြောက်၍ နေဝသညာနာသညာယတနဈာန်သို့ ရောက်၍ နေ၏၊ ထိုရဟန်းသည် “ငါသည် နေဝသညာနာသညာ ယတနသမာပတ်ကို ရ၏၊ (ငါမှ) တစ်ပါးကုန်သော ဤရဟန်းတို့သည် နေဝသညာနာသညာယတန သမာပတ်ကို မရကုန်”ဟု ဆင်ခြင်၏။ ထိုယုတ်မာသော ရဟန်းသည် ထိုနေဝသညာနာသညာယတန သမာပတ်ဖြင့် မိမိကို ချီးမြှောက်၏၊ သူတစ်ပါးကို ရှုတ်ချ၏၊ ရဟန်းတို့ ဤသည်လည်း သူယုတ်မာတို့၏့တရားတည်း။ ရဟန်းတို့ သူတော်ကောင်းသည်ကား “နေဝသညာနာသညာယတနသမာပတ်ဖြင့်လည်း တဏှာမရှိမှုကို မြတ်စွာဘုရား ဟောတော်မူ၏၊ ထိုနေဝသညာနာသညာယတနဈာန်သည် ထိုထိုထင်မှတ်နေ ကြသော အခြင်းအရာမှ တစ်ပါးသော အခြင်းအရာအားဖြင့် ဖြစ်၏”ဟု ဤသို့ ဆင်ခြင်၏။ ထိုရဟန်း သည် တဏှာမရှိမှုကိုသာလျှင် အကြောင်းပြု၍ ထိုနေဝသညာနာသညာယတနသမာပတ်ဖြင့် မိမိကို မချီး မြှောက်၊ သူတစ်ပါးကို မရှုတ်ချ။ ရဟန်းတို့ ဤသည်လည်း သူတော်ကောင်းတို့၏ တရားတည်း။ (၂၆)
ရဟန်းတို့ နောက်တစ်ဖန်လည်း သူတော်ကောင်းသည် နေဝသညာနာသညာယတနဈာန်ကို လုံးဝ လွန်မြောက်၍ သညာ ဝေဒနာတို့၏ ချုပ်ရာ နိရောဓသမာပတ်သို့ ရောက်၍ နေ၏။ ထိုရဟန်းအား မဂ်ပညာဖြင့် မြင်ခြင်းကြောင့် ဤရဟန်းသည် မည်သည့်ပုဂ္ဂိုလ်ကိုမျှ မည်သည့်အရပ်မှာမျှ မည်သည့်ဝတ္ထု နှင့်မျှ အထင်မမှား၊ အာသဝေါတရားတို့သည် ကုန်ခန်းကုန်၏ဟု (မိန့်တော်မူ၏)။
မြတ်စွာဘုရားသည် ဤတရားကို ဟောတော်မူ၏။ ထိုရဟန်းတို့သည် မြတ်စွာဘုရား၏ တရား တော်ကို ဝမ်းမြောက်ဝမ်းသာ လွန်စွာ နှစ်သက်ကုန်ပြီ။
သုံးခုမြောက် သပ္ပုရိသသုတ် ပြီး၏။