မဇ္ဈိမနိကာယ်

၉—ကာယဂတာသတိသုတ်

၁၅၃။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်—

အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန် ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ၌ ဆွမ်းစားပြီးနောက် ဆွမ်းစားဇရပ်မှ ဖဲခဲ့ကုန်၍ စည်းဝေး ရာဇရပ်၌ စည်းဝေးထိုင်နေကြကုန်သော များစွာသော ရဟန်းတို့အား ဤအကြားစကားသည်၁ ထင်ရှား ဖြစ်၏ — “ငါ့သျှင်တို့ အံ့သြဖွယ်ရှိပါပေစွ၊ ငါ့သျှင်တို့ မဖြစ်စဖူး ဖြစ်ပါပေစွ၊ အလုံးစုံကို သိတော်မူ မြင်တော်မူ၍ ပူဇော်အထူးကို ခံတော်မူထိုက်သော မဖောက်မပြန် ကိုယ်တိုင် သိတော်မူသော ထိုမြတ်စွာဘုရားသည် ဤကိုယ်၌ဖြစ်သော အောက်မေ့ခြင်း ‘ကာယဂတာသတိ’ကို ပွါးများလေ့လာသည်ရှိသော် များ သော အကျိုးရင်း အကျိုးဆက်ရှိ၏ဟူ၍ ဟောတော်မူ၏”ဟု (အကြားစကားသည် ဖြစ်၏)။ ထိုရဟန်းတို့၏ ဤအကြားစကားသည် မပြီးပြတ်သေးချေ၊ ထိုအခါ မြတ်စွာဘုရားသည် ညချမ်းအခါ၌ ကိန်းအောင်း ရာမှ ထတော်မူလျက် စည်းဝေးရာဇရပ်ဆီသို့ ချဉ်းကပ်ပြီးလျှင် ခင်းထားသောနေရာ၌ ထိုင်နေတော်မူ၍ ရဟန်းတို့ကို မိန့်တော်မူ၏ —

“ရဟန်းတို့ ယခုအခါ၌ အဘယ်စကားဖြင့် စည်းဝေးထိုင်နေကြကုန်သနည်း၊ သင်တို့၏ ငါမလာမီ အကြားဝယ် မပြီးသေးသောစကားကား အဘယ်နည်း”ဟု (မိန့်တော်မူ၏)။ မြတ်စွာဘုရား ဆွမ်းစားပြီး နောက် ဆွမ်းစားဇရပ်မှ ဖဲခဲ့ကုန်၍ ဤစည်းဝေးရာဇရပ်၌ စည်းဝေးထိုင်နေကုန်သော အကျွန်ုပ်တို့အား ဤအကြားစကားသည် ထင်ရှားဖြစ်ပါ၏ —“ငါ့သျှင်တို့ အံ့သြဖွယ်ရှိပါပေစွ၊ ငါ့သျှင်တို့ မဖြစ်စဖူး ဖြစ်ပါပေ စွ၊ အလုံးစုံကို သိတော်မူ မြင်တော်မူ၍ ပူဇော်အထူးကို ခံတော်မူထိုက်သော မဖောက်မပြန် ကိုယ်တိုင် သိတော်မူသော ထိုမြတ်စွာဘုရားသည် ဤကိုယ်၌ဖြစ်သော အောက်မေ့ခြင်း ‘ကာယဂတာသတိ’ ကို ပွါးများ လေ့လာအပ်သည်ရှိသော် များသော အကျိုးရင်း အကျိုးဆက်ရှိ၏ဟူ၍ ဟောတော်မူ၏”ဟု (အကြားစကား သည် ထင်ရှားဖြစ်ပါ၏)။ မြတ်စွာဘုရား အကျွန်ုပ်တို့၏ မပြီးသေးသော အကြားစကားကား ဤစကားပါ တည်း၊ ထိုစဉ်အခါ၌ မြတ်စွာဘုရားသည် ကြွရောက်လာတော်မူပါ၏ဟု (လျှောက်ထားကြကုန်၏)။

၁၅၄။ ရဟန်းတို့ ကိုယ်၌ဖြစ်သော အောက်မေ့ခြင်း ‘ကာယဂတာသတိ’ ကို အဘယ်သို့ ပွါးများ လေ့လာထားသော် များသော အကျိုးရင်း အကျိုးဆက်ရှိသနည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်း သည် တောသို့ ကပ်၍သော်လည်းကောင်း၊ သစ်ပင်ရင်းသို့ ကပ်၍သော်လည်းကောင်း၊ ဆိတ်ငြိမ်ရာသို့ ကပ်၍သော်လည်းကောင်း တင်ပလ္လင်ခွေပြီးလျှင် ကိုယ်ကို ဖြောင့်မတ်စွာ ထားလျက် ကမ္မဋ္ဌာန်းသို့ ရှေးရှု သတိကို ဖြစ်စေ၍ ထိုင်နေ၏။ ထိုရဟန်းသည် သတိနှင့်ပြည့်စုံသည် ဖြစ်၍သာလျှင် ထွက်သက်ကို ဖြစ်စေ၏၊ သတိနှင့်ပြည့်စုံသည် ဖြစ်၍သာလျှင် ဝင်သက်ကို ဖြစ်စေ၏၊။ ရှည်စွာသော ထွက်သက်ကို ဖြစ်စေသည် ရှိသော် “ရှည်စွာသော ထွက်သက်ကို ဖြစ်စေ၏”ဟု သိ၏၊ ရှည်စွာသော ဝင်သက်ကို ဖြစ်စေသည်ရှိသော် “ရှည်စွာသော ဝင်သက်ကို ဖြစ်စေ၏”ဟု သိ၏။ တိုစွာသော ထွက်သက်ကို ဖြစ်စေသည်ရှိသော် “တိုစွာ သော ထွက်သက်ကို ဖြစ်စေ၏”ဟု သိ၏၊ တိုစွာသော ဝင်သက်ကို ဖြစ်စေသည်ရှိသော် “တိုစွာသော ဝင်သက်ကို ဖြစ်စေ၏”ဟု သိ၏။

“အစ အလယ် အဆုံးဟူသော အလုံးစုံသော ထွက်သက်အပေါင်းကို ထင်စွာသိလျက် ထွက်သက်ကို ဖြစ်စေအံ့”ဟု ကျင့်၏၊ “အစ အလယ် အဆုံးဟူသော အလုံးစုံသော ဝင်သက်အပေါင်းကို ထင်စွာသိလျက် ဝင်သက်ကို ဖြစ်စေအံ့”ဟု ကျင့်၏။ “ရုန့်ရင်းသော (ထွက်သက်လေဟူသော) ကာယသင်္ခါရကို ငြိမ်းစေ လျက် ထွက်သက်ကို ဖြစ်စေအံ့”ဟု ကျင့်၏၊ “ရုန့်ရင်းသော (ဝင်သက်လေဟူသော) ကာယသင်္ခါရကို (သာယာစွာ ရှုသဖြင့်) ငြိမ်းစေလျက် ဝင်သက်ကို ဖြစ်စေအံ့”ဟု ကျင့်၏။ ဤသို့ မမေ့မလျော့, ကိလေသာကို ပူပန်စေတတ်သော လုံ့လရှိသည်ဖြစ်၍ နိဗ္ဗာန်သို့စေလွှတ်အပ်သော စိတ်ရှိလျက်နေသော ထိုရဟန်းအား ကာမဂုဏ်ငါးပါး၌ မှီကုန်သော ကြံစည်အောက်မေ့ခြင်း ‘ဝိတက်’ တို့သည် ပျောက်ကင်း ကုန်၏။ ထိုဝိတက်တို့ ပျောက်ကင်းခြင်းကြောင့် ဘာဝနာ၏ အာရုံဖြစ်သော ကမ္မဋ္ဌာန်း၌သာလျှင် စိတ်သည် ကောင်းစွာ တည်၏၊ ကောင်းစွာ သက်ဝင်၏၊ တစ်ခုတည်းသော အာရုံရှိ၍ တည်ကြည်၏။ ရဟန်းတို့ ဤသို့ ရဟန်းသည် ကိုယ်၌ဖြစ်သော အောက်မေ့ခြင်း ‘ကာယဂတာသတိ’ ကို ပွါးများ၏။ (၁)

ရဟန်းတို့ တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် သွားလျှင်လည်း “သွား၏”ဟု သိ၏၊ ရပ်လျှင်လည်း “ရပ်၏”ဟု သိ၏၊ ထိုင်လျှင်လည်း “ထိုင်၏”ဟု သိ၏၊ လျောင်းလျှင်လည်း “လျောင်း၏”ဟု သိ၏။ ထိုရဟန်း၏ ရုပ်အပေါင်းသည် အကြင်အကြင် အမူအရာအားဖြင့် တည်နေ၏၊ ထိုရုပ်အပေါင်းကို ထိုထိုအမူ အရာအားဖြင့် သိ၏။ ဤသို့ မမေ့မလျော့, ကိလေသာကို ပူပန်စေတတ်သော လုံ့လရှိသည် ဖြစ်၍ နိဗ္ဗာန်သို့ စေလွှတ်အပ်သော စိတ်ရှိလျက်နေသော ထိုရဟန်းအား ကာမဂုဏ်ငါးပါး၌ မှီကုန်သော ကြံစည်အောက်မေ့ခြင်း ‘ဝိတက်’ တို့သည် ပျောက်ကင်းကုန်၏။ ထိုဝိတက်တို့ ပျောက်ကင်းခြင်းကြောင့် ဘာဝနာ၏ အာရုံဖြစ်သော ကမ္မဋ္ဌာန်း၌သာလျှင် စိတ်သည် ကောင်းစွာတည်၏၊ ကောင်းစွာ သက်ဝင်၏၊ တစ်ခုတည်းသော အာရုံရှိ၍ တည်ကြည်၏။ ရဟန်းတို့ ဤသို့လည်း ရဟန်းသည် ကိုယ်၌ဖြစ်သော အောက်မေ့ခြင်း ‘ကာယဂတာသတိ’ ကို ပွါးများ၏။ (၂)

ရဟန်းတို့ တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် ရှေ့သို့ တိုးရာ၌ နောက်သို့ ဆုတ်ရာ၌ ပညာဖြင့် ဆင်ခြင်လျက် ပြုလေ့ရှိ၏၊ တူရူကြည့်ရာ တစောင်းကြည့်ရာ၌ ပညာဖြင့် ဆင်ခြင်လျက် ပြုလေ့ရှိ၏၊ ကွေးရာ ဆန့်ရာ၌ ပညာဖြင့် ဆင်ခြင်လျက် ပြုလေ့ရှိ၏၊ ဒုကုဋ်သပိတ်သင်္ကန်းကို ဆောင်ရာ၌ ပညာဖြင့် ဆင်ခြင်လျက် ပြုလေ့ရှိ၏။ စားရာ သောက်ရာ ခဲရာ လျက်ရာ၌ ပညာဖြင့် ဆင်ခြင်လျက် ပြုလေ့ရှိ၏၊ ကျင်ကြီးကျင်ငယ်စွန့်ရာ၌ ပညာဖြင့် ဆင်ခြင်လျက် ပြုလေ့ရှိ၏၊ သွားရာ ရပ်ရာ ထိုင်ရာ အိပ်ရာ နိုးရာ ပြောရာ ဆိတ်ဆိတ်နေရာ၌ ပညာဖြင့် ဆင်ခြင်လျက် ပြုလေ့ရှိ၏။ ဤသို့ မမေ့မလျော့, ကိလေသာကို့ပူပန်စေတတ်သော လုံ့လရှိသည်ဖြစ်၍ နိဗ္ဗာန်သို့ စေလွှတ်အပ်သော စိတ်ရှိလျက်နေသော ထိုရဟန်းအား ကာမဂုဏ်ငါးပါး၌ မှီကုန်သော ကြံစည်အောက်မေ့ခြင်း ‘ဝိတက်’ တို့သည် ပျောက်ကင်းကုန်၏။ ထိုဝိတက် တို့ ပျောက်ကင်းခြင်းကြောင့် ဘာဝနာ၏ အာရုံဖြစ်သော ကမ္မဋ္ဌာန်း၌သာလျှင် စိတ်သည် ကောင်းစွာ တည်၏၊ ကောင်းစွာသက်ဝင်၏၊ တစ်ခုတည်းသော အာရုံရှိ၍ တည်ကြည်၏။ ရဟန်းတို့ ဤသို့လည်း ရဟန်းသည် ကိုယ်၌ဖြစ်သော အောက်မေ့ခြင်း ‘ကာယဂတာ သတိ’ ကို ပွါးများ၏။ (၃)

ရဟန်းတို့ တစ်ဖန် ထို့ပြင်လည်း ခြေဖဝါးအထက် ဆံဖျားမှအောက် ထက်ဝန်းကျင် အရေပါးအဆုံး ရှိသော မစင်ကြယ်သည့် အရာအမျိုးမျိုးတို့ဖြင့် ပြည့်လျက်ရှိသော ဤရုပ်အပေါင်းကိုပင် စူးစိုက်ဆင်ခြင်၏ “ဤရုပ် အပေါင်း၌ ဆံပင်, အမွေး, ခြေသည်း လက်သည်း, သွား, အရေ၊ အသား, အကြော, အရိုး, ရိုးတွင်းခြင်ဆီ, အညှို့၊ နှလုံး, အသည်း, အမြှေး, အဖျဉ်း, အဆုတ်၊ အူမ, အူသိမ်, အစာသစ်, အစာ ဟောင်း၊ သည်းခြေ, သလိပ်, ပြည်, သွေး, ချွေး, အဆီခဲ၊ မျက်ရည်, ဆီကြည်, တံတွေး, နှပ်, အစေး, ကျင်ငယ်သည် ရှိ၏”ဟု (စူးစိုက်ဆင်ခြင်၏)။

ရဟန်းတို့ ဥပမာသော်ကား နှစ်ဖက်မျက်နှာဝရှိသော အိတ်သည် စပါးအမျိုးမျိုးဖြင့် ပြည့်လျက် ရှိ၏။ အဘယ်စပါးတို့နည်းဟူမူ— သလေးစပါး၊ ကောက်ကြီးစပါး၊ ပဲနောက်၊ ပဲကြီး၊ နှမ်း၊ ဆန်တို့တည်း။ မျက်စိအမြင်ရှိသော ယောကျာ်းသည် ထိုအိတ်ကို ဖြေ၍ “ဤသည်တို့ကား သလေးစပါးတို့ တည်း။ ဤသည်တို့ ကား ကောက်ကြီးစပါးတို့တည်း၊ ဤသည်တို့ ကား ပဲနောက်တို့တည်း၊ ဤသည်တို့ကား ပဲကြီးတို့တည်း၊ ဤသည်တို့ကား နှမ်းတို့တည်း၊ ဤသည်တို့ ကား ဆန်တို့တည်း”ဟု စူးစိုက် ဆင်ခြင်ရာသကဲ့သို့ ရဟန်းတို့ ဤအတူပင် ရဟန်းသည် ခြေဖဝါးမှအထက် ဆံဖျားမှအောက် ထက်ဝန်း ကျင် အရေပါးအဆုံးရှိသော မစင်ကြယ်သည့် အရာအမျိုးမျိုးတို့ဖြင့် ပြည့်လျက်ရှိသော ဤရုပ်အပေါင်းကို ပင် “ဤရုပ်အပေါင်း၌ ဆံပင်, အမွေး, ခြေသည်း လက် သည်း, သွား, အရေ၊ အသား, အကြော, အရိုး, ရိုးတွင်းခြင်ဆီ, အညှို့၊ နှလုံး, အသည်း, အမြှေး, အဖျဉ်း, အဆုတ်၊ အူမ, အူသိမ်, အစာသစ်, အစာဟောင်း၊ သည်းခြေ, သလိပ်, ပြည်, သွေး, ချွေး, အဆီခဲ၊ မျက်ရည်, ဆီကြည်, တံတွေး, နှပ်, အစေး, ကျင်ငယ်သည်ရှိ၏”ဟု (စူးစိုက်ဆင်ခြင်၏)။ ဤသို့ မမေ့မလျော့, ကိလေသာကို ပူပန်စေတတ် သော လုံ့လရှိသည်ဖြစ်၍ နိဗ္ဗာန်သို့ စေလွှတ်အပ်သော စိတ်ရှိလျက်နေသော ထိုရဟန်းအား ကာမဂုဏ် ငါးပါး၌ မှီကုန်သော ကြံစည်အောက်မေ့ခြင်း ‘ဝိတက်’တို့သည် ပျောက်ကင်းကုန်၏။ ထိုဝိတက်တို့ ပျောက်ကင်းခြင်းကြောင့် ဘာဝနာ၏ အာရုံဖြစ်သော ကမ္မဋ္ဌာန်း၌သာလျှင် စိတ်သည် ကောင်းစွာတည်၏၊ ကောင်းစွာ သက်ဝင်၏၊ တစ်ခုတည်းသော အာရုံရှိ၍ တည်ကြည်၏။ ရဟန်းတို့ ဤသို့လည်း ရဟန်း သည် ကိုယ်၌ ဖြစ်သော အောက်မေ့ခြင်း ‘ကာယဂတာသတိ’ ကို ပွါးများ၏။ (၄)

ရဟန်းတို့ တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် “ဤရုပ်အပေါင်း၌ ပထဝီဓာတ် အာပေါဓာတ် တေဇောဓာတ် ဝါယောဓာတ် ရှိ၏”ဟု ဤရုပ်အပေါင်းကို တည်မြဲတိုင်း ထားမြဲတိုင်းပင် ဓာတ်အားဖြင့် စူးစိုက်ဆင်ခြင်၏။ ရဟန်းတို့ ဥပမာသော်ကား လိမ္မာကျွမ်းကျင်သော နွားသတ်သမားသည်သော်လည်း ကောင်း၊ နွားသတ်သမား၏ တပည့်သည်သော်လည်းကောင်း နွားကိုသတ်၍ လမ်းလေးခွဆုံ၌ အစုအပုံ အားဖြင့် ခွဲခြားလျက် ထိုင်နေရာသကဲ့သို့ ရဟန်းတို့ ဤအတူသာလျှင် ရဟန်းသည် “ဤရုပ်အပေါင်း၌ ပထဝီဓာတ် အာပေါဓာတ် တေဇောဓာတ် ဝါယောဓာတ် ရှိ၏”ဟု ဤရုပ်အပေါင်းကို တည်မြဲတိုင်း ထားမြဲတိုင်းပင် ဓာတ်အားဖြင့် စူးစိုက်ဆင်ခြင်၏။ ဤသို့ မမေ့မလျော့, ကိလေသာကို ပူပန်စေတတ် သော လုံ့လရှိလျက် နိဗ္ဗာန်သို့ စေလွှတ်အပ်သော စိတ်ရှိလျက်နေသော ထိုရဟန်းအား ကာမဂုဏ်ငါးပါး၌ မှီကုန်သော ကြံစည်အောက်မေ့ခြင်း ‘ဝိတက်’တို့သည် ပျောက်ကင်းကုန်၏။ ထိုဝိတက်တို့ ပျောက်ကင်း ခြင်းကြောင့် ဘာဝနာ၏ အာရုံဖြစ်သော ကမ္မဋ္ဌာန်း၌သာလျှင် စိတ်သည် ကောင်းစွာ တည်၏၊ ကောင်းစွာ သက်ဝင်၏၊ တစ်ခုတည်းသော အာရုံရှိ၍ တည်ကြည်၏။ ရဟန်းတို့ ဤသို့လည်း ရဟန်းသည် ကိုယ်၌့ဖြစ်သော အောက်မေ့ခြင်း ‘ကာယဂတာသတိ’ ကို ပွါးများ၏။ (၅)

ရဟန်းတို့ တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် သေ၍ တစ်ရက်ရှိသော သူသေကောင် သေ၍ နှစ်ရက်ရှိသော သူသေကောင်၊ သေ၍ သုံးရက်ရှိသော သူသေကောင်၊ ဖူးဖူးရောင်နေသော သူသေကောင်၊ ရုပ်ဆင်း ပျက်လျက် ညိုမဲနေသော သူသေကောင်၊ ပြည်ကဲ့သို့ အပုပ်ရည် ယိုစီးနေသော သင်္ချိုင်း၌ စွန့်ပစ် ထားသော သူသေကောင်ကို မြင်ရာသကဲ့သို့၊ ထိုရဟန်းသည် “ဤကိုယ်သည်လည်း ဤသို့သော သဘော ရှိ၏၊ ဤသို့သော သဘောဖြစ်လိမ့်မည်သာတည်း၊ ဤသို့သော သဘောကို မလွန်ဆန်နိုင်”ဟု ဤရုပ် အပေါင်းကိုပင် နှိုင်းစာ၍ ရှု၏။ ဤသို့ မမေ့မလျော့, ကိလေသာကို ပူပန်စေတတ်သော လုံ့လရှိသည် ဖြစ်၍ နိဗ္ဗာန်သို့ စေလွှတ်အပ်သော စိတ်ရှိလျက်နေသော ထိုရဟန်းအား ကာမဂုဏ်ငါးပါး၌ မှီကုန်သော ကြံစည်အောက်မေ့ခြင်း ‘ဝိတက်’ တို့သည် ပျောက်ကင်းကုန်၏။ ထိုဝိတက်တို့ ပျောက်ကင်းခြင်းကြောင့် ဘာဝနာ၏ အာရုံဖြစ်သော ကမ္မဋ္ဌာန်း၌သာလျှင် စိတ်သည် ကောင်းစွာတည်၏၊ ကောင်းစွာ သက်ဝင်၏၊ တစ်ခုတည်းသော အာရုံရှိ၍ တည်ကြည်၏။ ရဟန်းတို့ ဤသို့လည်း ရဟန်းသည် ကိုယ်၌ဖြစ်သော အောက်မေ့ခြင်း ‘ကာယဂတာသတိ’ ကို ပွါးများ၏။ (၆)

ရဟန်းတို့ တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် ကျီးတို့ ခဲစားအပ်သည်မူလည်းဖြစ်သော, စွန်ရဲတို့ ခဲစားအပ်သည်မူလည်းဖြစ်သော, လင်းတတို့ ခဲစားအပ်သည်မူလည်းဖြစ်သော, ဘုံမတီးငှက်တို့ ခဲစားအပ် သည်မူလည်း ဖြစ်သော, အိမ်ခွေးတို့ ခဲစားအပ်သည်မူလည်းဖြစ်သော, ကျားတို့ ခဲစားအပ်သည်မူလည်း ဖြစ်သော,သစ်တို့ ခဲစား အပ်သည်မူလည်းဖြစ်သော, မြေခွေးတို့ ခဲစားအပ်သည်မူလည်းဖြစ်သော, ပိုး အမျိုးမျိုးတို့ ခဲစားအပ်သည်မူလည်း ဖြစ်သော, သင်္ချိုင်း၌ စွန့်ပစ်ထားသော သူသေကောင်ကို မြင်ရာ သကဲ့သို့၊ ထိုရဟန်းသည် ဤကိုယ်ကိုသာလျှင် “ဤငါ၏ ရုပ်အပေါင်းသည်လည်း ဤသို့သော သဘော ရှိ၏၊ ဤသို့သော သဘောဖြစ်လိမ့်မည်သာတည်း၊ ဤသို့သော သဘောကို မလွန်ဆန်နိုင်”ဟု နှိုင်းစာ၍ ရှု၏။ ဤသို့ မမေ့မလျော့။ပ။ ရဟန်းတို့ ဤသို့လည်း ရဟန်းသည် ကိုယ်၌ဖြစ်သော အောက်မေ့ခြင်း ‘ကာယဂတာသတိ’ ကို ပွါးများ၏။ (၇)

ရဟန်းတို့ တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် အသားအသွေး ရှိသေးသော အကြောတို့ဖြင့် ဖွဲ့ထားသော အရိုးဆက်လျက်ရှိသေးသော သင်္ချိုင်း၌ စွန့်ပစ်ထားသော သူသေကောင်ကို မြင်ရာသကဲ့သို့။ပ။ အသားကင်း၍ သွေးတို့ဖြင့် ပေကျံလျက် အကြောတို့ဖြင့် ဖွဲ့လျက်ရှိသော အရိုးဆက်လျက်ရှိသေး သော သင်္ချိုင်း၌ စွန့်ပစ်ထားသော သူသေကောင်ကို။ပ။ အသားအသွေးကင်းလျက် အကြောတို့ဖြင့် ဖွဲ့ထား သော အရိုးဆက်လျက်ရှိသေးသော သင်္ချိုင်း၌ စွန့်ပစ်ထားသော သူသေကောင်ကို။ပ။ အကြောတို့ဖြင့် ဖွဲ့ခြင်းကင်းကုန်သော တစ်နေရာ၌လက်ရိုး တစ်နေရာ၌ ခြေရိုး တစ်နေရာ၌ ဖမျက်ရိုး တစ်နေရာ၌ မြင်း ခေါင်းရိုး တစ်နေရာ၌ ပေါင်ရိုး တစ်နေရာ၌ ခါးရိုး တစ်နေရာ၌ နံရိုး တစ်နေရာ၌ ကျောက်ကုန်းရိုး တစ်နေရာ၌ လည်ပင်းရိုး တစ်နေရာ၌ မေးရိုး တစ်နေရာ၌ သွားရိုး တစ်နေရာ၌ ဦးခေါင်းခွံအားဖြင့် ဖွဲ့ခြင်းကင်းကုန်လျက် ထိုထိုအရပ်တို့၌ ကြဲပြန့်နေကုန်သော သင်္ချိုင်း၌ စွန့်ပစ်ထားသော အရိုးစု သူသေ ကောင်တို့ကို မြင်ရာသကဲ့သို့၊ ထိုရဟန်းသည် ဤကိုယ်ကိုသာလျှင် “ဤငါ၏ ရုပ်အပေါင်းသည်လည်း ဤသို့သော သဘောရှိ၏၊ ဤသို့သော သဘောဖြစ်လိမ့်မည်သာတည်း၊ ဤသို့သော သဘောကို မလွန် ဆန်နိုင်”ဟု နှိုင်းစာ၍ ရှု၏။ ဤသို့ မမေ့မလျော့။ပ။ ရဟန်းတို့ ဤသို့လည်း ရဟန်းသည် ကိုယ်၌ဖြစ် သော အောက်မေ့ခြင်း ‘ကာယဂတာသတိ’ ကို ပွါးများ၏။ (၈—၁၁)

ရဟန်းတို့ တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် ခရုသင်းအဆင်းနှင့်အတူ ဖြူဖွေးနေသော သင်္ချိုင်း၌ စွန့်ပစ်ထားကုန်သော အရိုးစု သူသေကောင်တို့ကို မြင်ရာသကဲ့သို့။ပ။ နှစ်လွန်လျက် စုပုံနေသော သင်္ချိုင်း ၌ စွန့်ပစ်ထားသော အရိုးစု သူသေကောင်တို့ကို။ပ။ ပုပ်ဆွေးလျက် အမှုန့်ဖြစ်ကုန်သော သင်္ချိုင်း၌ စွန့် ပစ်ထားသော အရိုးစု သူသေကောင်တို့ကို မြင်ရာသကဲ့သို့ ထိုရဟန်းသည် “ဤငါ၏ ရုပ်အပေါင်းသည့်လည်း ဤသို့သော သဘောရှိ၏၊ ဤသို့သော သဘောဖြစ်လိမ့်မည်သာတည်း၊ ဤသို့သော သဘောကို မလွန်ဆန်နိုင်”ဟု ဤရုပ်အပေါင်းကိုသာလျှင် နှိုင်းစာ၍ရှု၏။ ဤသို့ မမေ့မလျော့။ပ။ ရဟန်းတို့ ဤသို့လည်း ရဟန်းသည် ကိုယ်၌ဖြစ်သော အောက်မေ့ခြင်း ‘ကာယဂတာသတိ’ ကို ပွါးများ၏။ (၁၂—၁၄)

၁၅၅။ ရဟန်းတို့ တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် ကာမဂုဏ်တို့မှ ကင်းဆိတ်၍သာလျှင်။ပ။ ပဌမဈာန်သို့ ရောက်၍နေ၏။ ထိုရဟန်းသည် ဤကိုယ်ကိုပင်လျှင် နီဝရဏကင်းဆိတ်ခြင်းကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ ဖြင့် စိုစွတ်စေ၏၊ အလုံးစုံ စိုစွတ်စေ၏၊ ပြည့်စေ၏၊ ပျံ့နှံ့စေ၏၊ (နီဝရဏ) ကင်းဆိတ်ခြင်းကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ ဖြင့် ထိုရဟန်း၏ တစ်ကိုယ်လုံး၌ မပျံ့နှံ့သော နေရာ အနည်းငယ်မျှ မရှိ။

ရဟန်းတို့ ဥပမာအားဖြင့် ကျွမ်းကျင်သော ရေချိုးပေးသူသည်လည်းကောင်း ရေချိုးပေးသူ၏ တပည့်သည်လည်းကောင်း ကြေးခွက်၌ ရေချိုးကသယ်မှုန့်တို့ကို လောင်းထည့်ပြီးလျှင် ရေဖြင့်ဖျန်းလျက် ဖျန်းလျက် အခဲပြုရာ၏၊ ရေချိုးကသယ်မှုန့်ခဲသည် ရေဟူသောအစေးဖြင့် စိမ့်ဝင်လျက် ရှိရာ၏၊ ရေဟူ သော အစေးဖြင့် ဖွဲ့စည်းလျက် ရှိရာ၏၊ အတွင်းအပြင်၌ ရေတည်းဟူသော အစေးဖြင့် ပျံ့နှံ့လျက် ရှိရာ၏၊ရေယိုကျခြင်းလည်း မရှိရာ။

ရဟန်းတို့ ဤအတူသာလျှင် ရဟန်းသည် ဤကိုယ်ကိုပင်လျှင် (နီဝရဏ) ကင်းဆိတ်ခြင်းကြောင့် ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ဖြင့် စိုစွတ်စေ၏၊ အလုံးစုံ စိုစွတ်စေ၏၊ ပြည့်စေ၏၊ ပျံ့နှံ့စေ၏၊ (နီဝရဏ) ကင်းဆိတ်ခြင်းကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ ဖြင့် ထို ရဟန်း၏ တစ်ကိုယ်လုံး မပျံ့နှံ့သောနေရာ အနည်းငယ်မျှ မရှိ။ ဤသို့ မမေ့မလျော့။ပ။ ရဟန်းတို့ ဤ သို့လည်း ရဟန်းသည် ကိုယ်၌ ဖြစ်သော အောက်မေ့ခြင်း ‘ကာယဂတာသတိ’ ကို ပွါးများ၏။ (၁၅)

ရဟန်းတို့ တစ်ဖန် ထို့ပြင်လည်း ဝိတက် ဝိစာရတို့၏ ငြိမ်းခြင်းကြောင့်။ပ။ ဒုတိယဈာန်သို့ ရောက် ၍နေ၏၊ ထိုရဟန်းသည် ဤကိုယ်ကိုပင်လျှင် တည်ကြည်ခြင်း ‘သမာဓိ’ ကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ ဖြင့် စိုစွတ်စေ၏၊ အလုံးစုံ စိုစွတ်စေ၏၊ ပြည့်စေ၏၊ ပျံ့နှံ့စေ၏၊ တည် ကြည်ခြင်း ‘သမာဓိ’ကြောင့် ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ ဖြင့် ထိုရဟန်း၏ တစ်ကိုယ်လုံး၌ မပျံ့နှံ့သောနေရာ အနည်းငယ်မျှ မရှိ။

ရဟန်းတို့ ဥပမာအားဖြင့် နက်စွာသော စိမ့်ရေရှိသော ရေအိုင်သည် ရှိရာ၏၊ ထိုရေအိုင်၏ အရှေ့ အရပ်၌ ရေဝင်ပေါက်မရှိရာ၊ အနောက်အရပ်၌ ရေဝင်ပေါက်မရှိရာ၊ တောင်အရပ်၌ ရေဝင်ပေါက်မရှိရာ၊ မြောက်အရပ်၌ ရေဝင်ပေါက်မရှိရာ၊ မိုးသည်လည်း အခါခပ်သိမ်း အချိန်မှန်မှန်သည်းထန်စွာ ရွာသွန်းခြင်း မရှိရာ။ သို့သော်လည်း ထိုရေအိုင်မှ အေးမြသော ရေအလျဉ်သည် စိမ့်ထွက်၍ ထိုရေအိုင်ကိုပင်လျှင် အေးမြသောရေဖြင့် စိုစွတ်စေရာ၏၊ အလုံးစုံ စိုစွတ်စေရာ၏၊ ပြည့်စေရာ၏၊ ပျံ့နှံ့စေရာ၏၊ အေးမြသော ရေဖြင့် ထိုရေအိုင်တစ်ခုလုံး၌ မပျံ့နှံ့သော နေရာ အနည်းငယ်မျှ မရှိရာ။ ရဟန်းတို့ ဤအတူသာလျှင် ရဟန်းသည် ဤကိုယ်ကိုပင်လျှင် တည်ကြည်ခြင်း ‘သမာဓိ’ ကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်း သာခြင်း ‘သုခ’ဖြင့် စိုစွတ်စေ၏၊ အလုံးစုံ စိုစွတ်စေ၏၊ ပြည့်စေ၏၊ ပျံ့နှံ့စေ၏၊ တည်ကြည်ခြင်း ‘သမာဓိ’ ကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ ဖြင့် ထိုရဟန်း၏ တစ်ကိုယ်လုံး၌ မပျံ့နှံ့သော နေရာ အနည်းငယ်မျှမရှိ။ ဤသို့ မမေ့မလျော့။ပ။ ရဟန်းတို့ ဤသို့လည်း ရဟန်းသည် ကိုယ်၌ဖြစ်သော အောက်မေ့ခြင်း ‘ကာယဂတာသတိ’ ကို ပွါးများ၏။ (၁၆)

ရဟန်းတို့ တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် ပီတိကိုလည်း မတပ်မက်ခြင်းကြောင့်။ပ။ တတိယ ဈာန်သို့ ရောက်၍နေ၏၊ ထိုရဟန်းသည် ဤကိုယ်ကိုပင်လျှင် ပီတိကင်းသော သုခဖြင့် စိုစွတ်စေ၏၊ အလုံး စုံ စိုစွတ်စေ၏၊ ပြည့်စေ၏၊ ပျံ့နှံ့စေ၏၊ ပီတိကင်းသောသုခဖြင့် ထိုရဟန်း၏ တစ်ကိုယ်လုံး၌ မပျံ့နှံ့သော နေရာ အနည်းငယ်မျှမရှိ။

ရဟန်းတို့ ဥပမာအားဖြင့် ကြာဖြူ ကြာနီ ကြာညိုတော၌လည်းကောင်း၊ ပဒုမ္မာကြာတော၌လည်း ကောင်း၊ ပုဏ္ဍရိက်ကြာတော၌လည်းကောင်း၊ ကြာဖြူ ကြာနီ ကြာညိုအချို့တို့သည်လည်းကောင်း၊ ပဒုမ္မာကြာအချို့တို့ သည်လည်းကောင်း၊ ကြာပုဏ္ဍရိက်အချို့တို့သည်လည်းကောင်း ရေ၌ပေါက်ကုန်၏၊ ရေ၌ ကြီးပွါးကုန်၏၊ ရေမှ မပေါ်ထွက်သေးကုန်၊ ရေထဲ၌ မြုပ်၍ ဖွံ့ဖြိုးကုန်၏၊ ထိုကြာတို့သည် အဖျားအရင်း တိုင်အောင် အေးမြသော ရေဖြင့် စိုစွတ်ကုန်၏၊ အလုံးစုံ စိုစွတ်ကုန်၏၊ ပြည့်ကုန်၏၊ ပျံ့နှံ့ကုန်၏၊ ကြာဖြူ ကြာနီ ကြာညို ပဒုမ္မာကြာ ပုဏ္ဍရိက်ကြာတို့၏ အစိတ်အပိုင်း အလုံးစုံ၌ အေးမြသောရေဖြင့် မပျံ့နှံ့သော နေရာသည် အနည်းငယ်မျှ မရှိရာ။ ရဟန်းတို့ ဤဥပမာအတူသာလျှင် ရဟန်းသည် ဤ ကိုယ်ကိုပင်လျှင် ပီတိကင်းသော သုခဖြင့် စိုစွတ်စေ၏၊ အလုံးစုံ စိုစွတ်စေ၏၊ ပြည့်စေ၏၊ ပျံ့နှံ့စေ၏၊ ပီတိကင်းသောသုခဖြင့် ထိုရဟန်း၏ တစ်ကိုယ်လုံး၌ မပျံ့နှံ့သောနေရာ အနည်းငယ်မျှမရှိ။ ဤသို့ မမေ့မလျော့။ပ။ ရဟန်းတို့ ဤသို့လည်း ရဟန်းသည် ကိုယ်၌ဖြစ်သော အောက်မေ့ခြင်း ‘ကာယဂတာ သတိ’ ကို ပွါးများ၏။ (၁၇)

ရဟန်းတို့ တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် ချမ်းသာကို ပယ်ခြင်းကြောင့်လည်းကောင်း။ပ။ စတုတ္ထဈာန်သို့ ရောက်၍နေ၏၊ ထိုရဟန်းသည် ဤကိုယ်ကိုပင်လျှင် သန့်ရှင်းဖြူစင်သော စိတ်ဖြင့် ပျံ့နှံ့ စေ၍ နေ၏၊ ထိုရဟန်း၏ တစ်ကိုယ်လုံး၌ သန့်ရှင်းဖြူစင်သော စိတ်ဖြင့် မပျံ့နှံ့သော နေရာ အနည်းငယ် မျှ မရှိ။ ရဟန်းတို့ ဥပမာအားဖြင့် ယောကျာ်းသည် ဖြူစင်သော အဝတ်ဖြင့် ဦးခေါင်းနှင့် တကွ (တစ် ကိုယ်လုံး) ခြုံ၍ ထိုင်နေသည်ရှိသော် ထိုယောကျာ်း၏ တစ်ကိုယ်လုံး၌ ဖြူစင်သော အဝတ်ဖြင့် မပျံ့နှံ့သော နေရာ အနည်းငယ်မျှ မရှိရာ။ ရဟန်းတို့ ဤဥပမာအတူသာလျှင် ရဟန်းသည် ဤကိုယ်ကိုပင်လျှင် သန့် ရှင်းဖြူစင်သော စိတ်ဖြင့် ပျံ့နှံ့စေ၍ နေ၏။ ထိုရဟန်း၏ တစ်ကိုယ်လုံး၌ သန့်ရှင်းဖြူစင်သော စိတ်ဖြင့် မပျံ့နှံ့သောနေရာ အနည်းငယ်မျှမရှိ၊ ဤသို့ မမေ့မလျော့, ကိလေသာကို ပူပန်စေတတ်သော လုံ့လရှိ သည်ဖြစ်၍ နိဗ္ဗာန်သို့စေလွှတ်အပ်သော စိတ်ရှိလျက်နေသော ထိုရဟန်းအား ကာမဂုဏ်ငါးပါး၌ မှီ၍ဖြစ် ကုန်သော ကြံစည်အောက်မေ့ခြင်း ‘ဝိတက်’ တို့သည် ပျောက်ကင်းကုန်၏၊ ထိုဝိတက်တို့ ပျောက်ကင်းခြင်း ကြောင့် ဘာဝနာ၏ အာရုံဖြစ်သော ကမ္မဋ္ဌာန်း၌သာလျှင် စိတ်သည် ကောင်းစွာ တည်၏၊ ကောင်းစွာ သက်ဝင်၏၊ တစ်ခုတည်းသော အာရုံရှိ၍ တည်ကြည်၏။ ရဟန်းတို့ ဤသို့လည်း ကိုယ်၌ ဖြစ်သော အောက်မေ့ခြင်း ‘ကာယဂတာသတိ’ကို ပွါးများ၏။ (၁၈)

၁၅၆။ ရဟန်းတို့ အမှတ်မရှိ တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်သည် ကာယဂတာသတိကို ပွါးများ လေ့လာအပ်၏၊ ထိုပုဂ္ဂိုလ်အား ဝိဇ္ဇာရှစ်ပါးအဖို့ရှိကုန်သော ခပ်သိမ်းကုန်သော ကုသိုလ်တရားတို့သည် ဘာဝနာ၏ အတွင်း၌သာလျှင် ဝင်ကုန်၏။ ရဟန်းတို့ ဥပမာအားဖြင့် အမှတ်မရှိ တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်သည် မဟာသမုဒ္ဒရာကို စိတ်ဖြင့် တွေ့အပ်၏၊ ထိုပုဂ္ဂိုလ်အား သမုဒ္ဒရာသို့ စီးဝင်ကုန်သော ခပ်သိမ်းကုန်သော မြစ်ငယ်တို့သည် ထိုသမုဒ္ဒရာ၏ အတွင်း၌ ဝင်ကုန်၏။ ရဟန်းတို့ ဤဥပမာအတူ သာလျှင် အမှတ်မရှိ တစ်စုံတစ်ယောက်သောပုဂ္ဂိုလ်သည် ကာယဂတာသတိကို ပွါးများလေ့လာအပ်၏၊ ထိုပုဂ္ဂိုလ်အား ဝိဇ္ဇာရှစ်ပါးအဖို့ရှိကုန်သော ခပ်သိမ်းကုန်သော ကုသိုလ်တရားတို့သည် ဘာဝနာ၏ အတွင်း ၌သာလျှင် ဝင်ကုန်၏။

ရဟန်းတို့ အမှတ်မရှိ တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်သည် ကာယဂတာသတိကို မပွါးများ မလေ့လာအပ်၊ ထိုပုဂ္ဂိုလ်အား ကိလေသာမာရ်သည် ဝင်ခွင့်ကို ရ၏၊ ထိုပုဂ္ဂိုလ်အား ကိလေသာမာရ်သည် ဆွဲကိုင်ရာကို ရ၏။ ရဟန်းတို့ ဥပမာအားဖြင့် ယောကျာ်းသည် လေးစွာသော ကျောက်တုံးကို စိုသော ရွှံ့မြေပုံ၌ ပစ်ချရာ၏။ ရဟန်းတို့ ထိုအရာကို အဘယ်သို့ မှတ်ထင်ကုန်သနည်း၊ ထိုလေးစွာသော ကျောက်တုံးသည် စိုသော ရွှံ့မြေပုံ၌ ဝင်ခွင့်ကို ရနိုင်ရာသလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား ဝင်ခွင့်ရနိုင်ပါ၏ဟု (လျှေက်ကြကုန်၏)။ ရဟန်းတို့ ဤဥပမာအတူသာလျှင် အမှတ်မရှိ တစ်စုံတစ်ယောက့်သော ပုဂ္ဂိုလ်သည် ကာယဂတာသတိကို မပွါးများ မလေ့လာအပ်၊ ထိုပုဂ္ဂိုလ်အား ကိလေသာမာရ်သည် ဝင်ပေါက်ကို ရ၏၊ ထိုပုဂ္ဂိုလ်အား ကိလေသာမာရ်သည် ဖြစ်ပေါ်ခွင့်အကြောင်းကို ရ၏။

ရဟန်းတို့ ဥပမာအားဖြင့် အစေးမရှိသော ထင်းခြောက်သည် ရှိ၏၊ ထိုအခါ ယောကျာ်းသည် “မီးကို ဖြစ်စေအံ့၊ အပူဓာတ်ကို ထင်ရှားပြုအံ့”ဟု မီးပွတ်ခုံကို ယူ၍ လာရာ၏။ ရဟန်းတို့ ထိုအရာကို အဘယ်သို့ မှတ်ထင်ကုန်သနည်း၊ ထိုယောကျာ်းသည် ဤအစေးမရှိသော ထင်းခြောက်ကို မီးပွတ်ခုံကို ယူ၍ ပွတ်သည်ရှိသော် မီးကို ဖြစ်စေနိုင်ရာသလော၊ အပူဓာတ်ကို ထင်ရှားပြုနိုင်ရာသလောဟု (မေးတော် မူ၏)။ အသျှင်ဘုရား မီးကို ဖြစ်စေနိုင်ရာပါ၏ဟု (လျှောက်ကြကုန်၏)။ ရဟန်းတို့ ဤဥပမာအတူသာလျှင် အမှတ်မရှိ တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်သည် ကာယဂတာသတိကို မပွါးများ မလေ့လာအပ်၊ ထိုပုဂ္ဂိုလ် အား ကိလေသာမာရ်သည် ဝင်ပေါက်ကို ရ၏၊ ထိုပုဂ္ဂိုလ်အား ကိလေသာမာရ်သည် ဖြစ်ပေါ်ခွင့်အကြောင်း ကို ရ၏။

ရဟန်းတို့ ဥပမာတစ်မျိုးသော်ကား ရေမရှိ၍ ခြောက်နေသော အိုးစရည်းကြီးကို ကရွတ်ခွေ၌ တည်ထားအပ်၏၊ ထို့နောက် ယောကျာ်းသည် ရေကို ထမ်းယူ၍လာရာ၏။ ရဟန်းတို့ ထိုအရာကို အဘယ်သို့ မှတ်ထင်ကုန်သနည်း၊ ထိုယောကျာ်းသည် ရေကို သွန်းလောင်းရာအရပ်ကို ရနိုင်ရာသလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား သွန်းလောင်းရာအရပ်ကို ရနိုင်ပါ၏ဟု (လျှောက်ကြကုန်၏)။ ရဟန်းတို့ ဤဥပမာအတူသာလျှင် အမှတ်မရှိ တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်သည် ကာယဂတာသတိကို မပွါးများ မလေ့လာအပ်၊ ထိုပုဂ္ဂိုလ်အား ကိလေသာမာရ်သည် ဝင်ပေါက်ကို ရ၏၊ ထိုပုဂ္ဂိုလ်အား ကိလေသာမာရ် သည် ဖြစ်ပေါ်ခွင့်အကြောင်းကို ရ၏။

၁၅၇။ ရဟန်းတို့ အမှတ်မရှိ တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်သည် ကာယဂတာသတိကို ပွါးများ လေ့လာအပ်၏၊ ထိုပုဂ္ဂိုလ်အား ကိလေသာမာရ်သည် ဝင်ပေါက်ကို မရ၊ ထိုပုဂ္ဂိုလ်အား ကိလေသာမာရ် သည် ဖြစ်ပေါ်ခွင့်အကြောင်းကို မရ။

ရဟန်းတို့ ဥပမာသော်ကား ယောကျာ်းသည် ပေါ့ပါးသော ချည်လုံးကို အလုံးစုံ အနှစ်ချည်းဖြစ်သော တံခါးပျဉ်၌ ပစ်သွင်းရာ၏။ ရဟန်းတို့ ထိုအရာကို အဘယ်သို့ မှတ်ထင်ကုန်သနည်း၊ ထိုယောကျာ်းသည် ပေါ့ပါးသော ချည်လုံးကို အလုံးစုံအနှစ်ချည်းဖြစ်သော တံခါးပျဉ်၌ ပစ်သွင်း၍ ဝင်ပေါက်ကို ရနိုင်ရာ သလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား မရနိုင်ပါဟု (လျှောက်ကြကုန်၏)။

ရဟန်းတို့ ဤဥပမာအတူသာလျှင် အမှတ်မရှိ တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်သည် ကာယဂတာ သတိကို ပွါးများအပ်၏၊ ကြိမ်ဖန်များစွာ လေ့လာအပ်၏၊ ထိုပုဂ္ဂိုလ်အား ကိလေသာမာရ်သည် ဝင်ပေါက် ကို မရ၊ ထိုပုဂ္ဂိုလ်အား ကိလေသာမာရ်သည် ဖြစ်ပေါ်ခွင့်အကြောင်းကို မရ။

ရဟန်းတို့ ဥပမာတစ်မျိုးသော်ကား အစေးရှိသော ထင်းစိုသည် ရှိ၏၊ ထို့နောက် ယောကျာ်းသည် “မီးကို ဖြစ်စေအံ့၊ အပူဓာတ်ကို ပြုအံ့”ဟု မီးပွတ်ခုံကို ယူ၍ လာရာ၏။ ရဟန်းတို့ ထိုအရာကို အဘယ် သို့ မှတ်ထင်ကုန်သနည်း၊ ထိုယောကျာ်းသည် ထိုအစေးရှိသော ထင်းစိုကို မီးပွတ်ခုံကို ယူ၍ ပွတ်တိုက် သည်ရှိသော် မီးကို ဖြစ်စေနိုင်ရာသလော၊ အပူဓာတ်ကို ပြုနိုင်ရာသလောဟု (မေးတော်မူ၏)။ အသျှင် ဘုရား မဖြစ်စေနိုင်ရာပါဟု (လျှောက်ကြကုန်၏)။

ရဟန်းတို့ ဤဥပမာအတူသာလျှင် အမှတ်မရှိ တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်သည် ကာယဂတာ သတိကို ပွါးများလေ့လာအပ်၏၊ ထိုပုဂ္ဂိုလ်အား ကိလေသာမာရ်သည် ဝင်ပေါက်ကို မရ၊ ထိုပုဂ္ဂိုလ်အား ကိလေသာမာရ်သည် ဖြစ်ပေါ်ခွင့်အကြောင်းကို မရ။

ရဟန်းတို့ ဥပမာတစ်မျိုးသော်ကား ရေဖြင့် ပြည့်သော အိုးနှုတ်ခမ်းနှင့်အမျှရေရှိသော နှုတ်ခမ်း၌ နား၍ ကျီးသောက်နိုင်သော အိုးစရည်းကြီးကို ကရွတ်ခွေ၌ တည်ထားအပ်၏၊ ထို့နောက် ယောကျာ်းသည် ရေကို ထမ်းယူ၍ လာရာ၏။ ရဟန်းတို့ ထိုအရာကို အဘယ်သို့ မှတ်ထင်ကုန်သနည်း၊ ထိုယောကျာ်း့သည် ရေသွန်းလောင်းရာကို ရနိုင်ရာသလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား မရနိုင်ရာပါဟု (လျှောက်ကြကုန်၏)။

ရဟန်းတို့ ဤဥပမာအတူသာလျှင် အမှတ်မရှိ တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်သည် ကာယဂတာ သတိကို ပွါးများလေ့လာအပ်၏၊ ထိုပုဂ္ဂိုလ်အား ကိလေသာမာရ်သည် ဝင်ပေါက်ကို မရ၊ ထိုပုဂ္ဂိုလ်အား ကိလေသာမာရ်သည် ဖြစ်ပေါ်ခွင့်အကြောင်းကို မရ။

၁၅၈။ ရဟန်းတို့ အမှတ်မရှိ တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်သည် ကာယဂတာသတိကို ပွါးများ လေ့လာအပ်၏၊ ထိုပုဂ္ဂိုလ်သည် ထူးသောဉာဏ်ဖြင့်သိ၍ မျက်မှောက်ပြုအပ်သော အကြင်အကြင် တရားကို ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုခြင်းငှါ စိတ်ကို ရှေးရှုညွတ်စေ၏၊ ထိုထိုတရား၌သာလျှင် သတိဟူ သော အကြောင်းရှိလျှင် မျက်မြင်ကိုယ်တွေ့အဖြစ်သို့ ရောက်၏။

ရဟန်းတို့ ဥပမာတစ်မျိုးသော်ကား ရေဖြင့်ပြည့်သော အိုးနှုတ်ခမ်းနှင့်အမျှရေရှိသော နှုတ်ခမ်း၌ နား၍ ကျီးသောက်နိုင်သော အိုးစရည်းကြီးကို ကရွတ်ခွေ၌ တည်ထားအပ်၏၊ ထိုအိုးစရည်းကြီးကို အား ကြီးသော ယောကျာ်းသည် အကြင်အကြင် လိုရာဘက်သို့ ဆွဲဆောင်ရာ၏၊ ရေသည် လိုက်ပါရာသလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား လိုက်ပါရာပါ၏ဟု (လျှောက်ကြကုန်၏)။

ရဟန်းတို့ ဤအတူသာလျှင် အမှတ်မရှိ တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်သည် ကာယဂတာသတိကို ပွါးများလေ့လာအပ်၏၊ ထိုပုဂ္ဂိုလ်သည် ထူးသောဉာဏ်ဖြင့်သိ၍ မျက်မှောက်ပြုအပ်သော အကြင်အကြင် တရားကို ထူးသောဉာဏ်ဖြင့်သိ၍ မျက်မှောက်ပြုခြင်းငှါ စိတ်ကို ရှေးရှုညွတ်စေ၏၊ ထိုထိုတရား၌သာလျှင် သတိဟူသော အကြောင်းရှိလျှင် မျက်မြင်ကိုယ်တွေ့အဖြစ်သို့ ရောက်၏။

ရဟန်းတို့ ဥပမာတစ်မျိုးသော်ကား ညီညွတ်သော မြေအဖို့၌ ကန်ပေါင်ဖြင့် ဖွဲ့ထားသော ရေဖြင့် ပြည့်သော ကမ်းနှင့်အမျှရေရှိသော ကမ်း၌ နား၍ ကျီးသောက်နိုင်သော လေးထောင့်ကန်သည် ရှိရာ၏၊ ထိုကန်ကို အားကြီးသော ယောကျာ်းသည် အကြင်ကြင် လိုရာဘက်မှ ကန်ပေါင်ကို ဖြေဖျက်ရာ၏၊ ရေသည် ထွက်လာရာသလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား ထွက်လာရာပါ၏ဟု (လျှောက်ကြကုန်၏)။

ရဟန်းတို့ ဤအတူသာလျှင် အမှတ်မရှိ တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်သည် ကာယဂတာသတိကို ပွါးများလေ့လာအပ်၏၊ ထိုပုဂ္ဂိုလ်သည် ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုအပ်သော အကြင်အကြင် တရားကို ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုခြင်းငှါ စိတ်ကို ရှေးရှုညွတ်စေ၏၊ ထိုထိုတရား၌သာလျှင် သတိဟူသော အကြောင်းရှိလျှင် မျက်မြင်ကိုယ်တွေ့အဖြစ်သို့ ရောက်၏။

ရဟန်းတို့ ဥပမာတစ်မျိုးသော်ကား ကောင်းသော မြေအဖို့ရှိသော လမ်းလေးခွ၌ က၍ ရပ်တည် နေသော ချထားသော နှင်တံရှိသော အာဇာနည်မြင်းကသော ရထားသည် တည်ရာ၏။ ထိုရထားကို လိမ္မာကျွမ်းကျင်သော ယာဉ်မောင်းဆရာ ရထားထိန်းသည် တက်စီးလျက် လက်ဝဲလက်ဖြင့် ကြိုးတို့ကို ကိုင်ပြီးလျှင် လကျာ်လက်ဖြင့် နှင်တံကို ကိုင်၍ အလိုရှိရာသို့ အလိုရှိသလို သွားစေရာ၏၊ တစ်ဖန်ပြန်လာ စေရာ၏။ ရဟန်းတို့ ဤအတူသာလျှင် အမှတ်မရှိ တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်သည် ကာယဂတာ သတိကို ပွါးများလေ့လာအပ်၏၊ ထိုပုဂ္ဂိုလ်သည် ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုအပ်သော အကြင်အကြင် တရားကို ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုခြင်းငှါ စိတ်ကို ရှေးရှုညွတ်စေ၏၊ ထိုထိုတရား၌သာလျှင် သတိဟူသော အကြောင်းရှိလျှင် မျက်မြင်ကိုယ်တွေ့အဖြစ်သို့ ရောက်၏။

၁၅၉။ ရဟန်းတို့ ကိုယ်အစုကို အာရုံပြုသော သတိကို အဖန်ဖန်မှီဝဲအပ်သော် ပွါးများလေ့လာအပ် သော် ယာဉ်ကဲ့သို့ ပြုအပ်သော် တည်ရာကဲ့သို့ ပြုအပ်သော် အဖန်ဖန်ဖြစ်စေအပ်သော် လေ့ကျက်အပ် သော် ကောင်းစွာ အားထုတ်အပ်သော် အာနိသင်ဆယ်ပါးတို့သည် မချွတ်ဖြစ်ကုန်လတ္တံ့။

မမွေ့လျော်ခြင်းကို သည်းခံနိုင်၏၊ ထိုမမွေ့လျော်ခြင်းကို သည်းမခံနိုင်စေကာမူ ဖြစ်ပေါ်လာသော မမွေ့မလျော်ခြင်းကို လွှမ်းမိုး၍ နေနိုင်၏။ (၁)

ကြောက်ခြင်း ထိတ်လန့်ခြင်းကို သည်းခံနိုင်၏၊ ထိုကြောက်ခြင်း ထိတ်လန့်ခြင်းကို သည်းမခံနိုင်စေ ကာမူ ဖြစ်ပေါ်လာသော ကြောက်ခြင်း ထိတ်လန့်ခြင်းကို လွှမ်းမိုး၍ နေနိုင်၏။ (၂)

အချမ်း အပူ ဆာလောင်ခြင်း မွတ်သိပ်ခြင်း မှက် ခြင် လေ နေပူ မြွေ ကင်းသန်းအတွေ့တို့ကိုလည်း သည်းခံနိုင်၏၊ မကောင်းသဖြင့် ဆိုအပ်ကုန်သော မကောင်းသဖြင့် ရောက်လာကုန်သော စကားတို့ ကိုလည်းကောင်း၊ ကိုယ်၌ဖြစ်ဆဲဖြစ်ကုန်သော ပြင်းထန် ကြမ်းကြုတ် ခါးစပ် ကျင်နာ မသာယာဖွယ် မနှစ်မြို့ဖွယ်သော အသက်ကို ဆောင်နိုင်သော ဆင်းရဲဝေဒနာတို့ကိုလည်းကောင်း သည်းခံနိုင်ခြင်းသဘော ရှိသူ ဖြစ်၏။ (၃)

အထူးသဖြင့် စင်ကြယ်သောစိတ်၌ အပါအဝင်ဖြစ်ကုန်သော မျက်မှောက်သော ကိုယ်၌ ချမ်းချမ်းသာ သာ နေမှုဖြစ်ကုန်သော ဈာန်လေးပါးတို့ကို အလိုရှိတိုင်း ရ၏၊ မငြိုမငြင် ရ၏၊ မပင်မပန်းဘဲ ရ၏။ (၄)

ထိုပုဂ္ဂိုလ်သည် တစ်ပါးမက များသော အပြားရှိသော ဣဒ္ဓိဝိဓအဘိညာဏ်ကို ပြီးစေနိုင်၏၊ တစ် ယောက်တည်းဖြစ်လျက်လည်း အများအပြား ဖြစ်သွား၏၊ အများအပြားဖြစ်လျက်လည်း တစ်ယောက် တည်း ဖြစ်လာ၏၊ ကိုယ်ကို ထင်ရှားဖြစ်စေ၏။ပ။ ဗြဟ္မာ့ပြည်တိုင်အောင်လည်း ကိုယ်ကို (မိမိ) အလို အတိုင်း ဖြစ်စေနိုင်၏။ (၅)

ထိုပုဂ္ဂိုလ်သည် အတူးသဖြင့် သန့်ရှင်းစင်ကြယ်သော လူတို့၏ နားထက် သာလွန်သော နတ်တို့၏ နားနှင့်တူသော ‘ဒိဗ္ဗသောတ’ ဉာဏ်ဖြင့် နတ်၌လည်းဖြစ်ကုန် လူ၌လည်းဖြစ်ကုန်သော ဝေးသည်လည်းဖြစ် ကုန် နီးသည်လည်းဖြစ်ကုန်သော နှစ်မျိုးသော အသံတို့ကို ကြားနိုင်၏။ပ။ (၆)

တိုပုဂ္ဂိုလ်သည် တစ်ပါးသော သတ္တဝါ တစ်ပါးသော ပုဂ္ဂိုလ်တို့၏ စိတ်ကို (မိမိ) စိတ်ဖြင့် ပိုင်းခြား၍ သိ၏၊ တပ်မက်ခြင်း ‘ရာဂ’ နှင့် တကွသော စိတ်ကိုလည်း တပ်မက်ခြင်း ‘ရာဂ’ နှင့် တကွသော စိတ်ဟု သိ၏။ တပ်မက်ခြင်း ‘ရာဂ’ ကင်းသော စိတ်ကိုလည်း တပ်မက်ခြင်း ‘ရာဂ’ ကင်းသော စိတ်ဟု သိ၏။ အမျက်ထွက်ခြင်း ‘ဒေါသ’နှင့် တကွသော စိတ်ကိုလည်း အမျက်ထွက်ခြင်း ‘ဒေါသ’ နှင့် တကွသော စိတ်ဟု သိ၏။ အမျက်ထွက်ခြင်း ‘ဒေါသ’ ကင်းသော စိတ်ကိုလည်း အမျက်ထွက်ခြင်း ‘ဒေါသ’ ကင်းသော စိတ်ဟု သိ၏။ တွေဝေခြင်း ‘မောဟ’နှင့် တကွသော စိတ်ကိုလည်း တွေဝေခြင်း ‘မောဟ’နှင့် တကွသော စိတ်ဟု သိ၏။ တွေဝေခြင်း ‘မောဟ’ ကင်းသော စိတ်ကိုလည်း တွေဝေခြင်း ‘မောဟ’ ကင်းသော စိတ်ဟု သိ၏။ ကျုံ့သော ‘သံခိတ္တ’စိတ်ကိုလည်း ကျုံ့သော ‘သံခိတ္တ’ စိတ်ဟု သိ၏၊ ပျံ့လွင့်သော ‘ဝိက္ခိတ္တ’ စိတ်ကိုလည်း ပျံ့လွင့်သော’ဝိက္ခိတ္တ’ စိတ်ဟု သိ၏၊ မြတ်သည်၏ အဖြစ်သို့ ရောက်သော ‘မဟဂ္ဂုတ်’စိတ်ကိုလည်း မြတ်သည်၏ အဖြစ်သို့ ရောက်သော ‘မဟဂ္ဂုတ်’ စိတ်ဟု သိ၏၊ မြတ်သည်၏ အဖြစ်သို့ မရောက်သော ‘အမဟဂ္ဂုတ်’ စိတ်ကိုလည်း မြတ်သည်၏ အဖြစ်သို့ မရောက်သော ‘အမဟဂ္ဂုတ်’ စိတ်ဟု သိ၏၊ မိမိထက် သာလွန်သော တရားရှိသော ‘သဥတ္တရ’ စိတ်ကိုလည်း မိမိထက်သာလွန်သော တရားရှိသော ‘သဥတ္တရ’ စိတ်ဟု သိ၏၊ မိမိထက်သာလွန်သော တရားမရှိသော ‘အနုတ္တရ’ စိတ်ကိုလည်း မိမိထက်သာလွန်သော တရားမရှိသော ‘အနုတ္တရ’ စိတ်ဟု သိ၏၊ တည်ကြည်သော ‘သမာဟိတ’ စိတ်ကိုလည်း တည်ကြည်သော ‘သမာဟိတ’ စိတ်ဟု သိ၏၊ မတည်ကြည်သော ‘အသမာဟိတ’ စိတ်ကိုလည်း မတည်ကြည်သော ‘အသမာ ဟိတ’ စိတ်ဟု သိ၏။ လွတ်မြောက်သော ‘ဝိမုတ္တ’ စိတ်ကိုလည်း လွတ်မြောက်သော ‘ဝိမုတ္တ’ စိတ်ဟု သိ၏၊ မလွတ်မြောက်သော ‘အဝိမုတ္တ’ စိတ်ကိုလည်း မလွတ်မြောက်သော ‘အဝိမုတ္တ’ စိတ်ဟု သိ၏။ (၇)

ထိုပုဂ္ဂိုလ်သည် များစွာသော ရှေး၌ဖြစ်ဖူးသော ခန္ဓာအစဉ်ကို အောက်မေ့နိုင်၏။ ဤရှေး၌ဖြစ်ဖူးသော ခန္ဓာအစဉ်ဟူသည် အဘယ်နည်း၊ တစ်ဘဝကိုလည်းကောင်း၊ နှစ်ဘဝတို့ကိုလည်းကောင်း။ပ။ ဤသို့ အခြင်းအရာနှင့်တကွ ညွှန်ပြဖွယ် (အမည်အနွယ်) နှင့်တကွ များစွာသော ရှေး၌ဖြစ်ဖူးသော ခန္ဓာအစဉ်ကို့အောက်မေ့နိုင်၏။ (၈)

ထိုပုဂ္ဂိုလ်သည် အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိထက် သာလွန်သော နတ်တို့၏ မျက်စိနှင့်တူသော ‘ဒိဗ္ဗစက္ခု’ ဉာဏ်ဖြင့် သေဆဲသတ္တဝါ ဖြစ်ပေါ်ဆဲသတ္တဝါ ယုတ်သောသတ္တဝါ မြတ်သော သတ္တဝါ အဆင်းလှသောသတ္တဝါ အဆင်းမလှသောသတ္တဝါ ကောင်းသောလားရာရှိသောသတ္တဝါ မကောင်း သောလားရာရှိသောသတ္တဝါကို မြင်နိုင်၏၊ ကံအားလျော်စွာ ဖြစ်ပေါ်သော သတ္တဝါတို့ကို သိနိုင်၏။ (၉)

အာသဝေါတရားတို့၏ ကုန်ခန်းခြင်းကြောင့် အာသဝေါကင်းသော အရဟတ္တဖိုလ် သမာဓိနှင့် အရဟတ္တဖိုလ် ပညာကို မျက်မှောက်သော ကိုယ်၏ အဖြစ်၌ပင်လျှင် ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် သိလျက် မျက်မှောက်ပြုကာ ဝင်စား၍ နေနိုင်၏။ (၁ဝ)

ရဟန်းတို့ ကာယဂတာသတိကို အဖန်ဖန် မှီဝဲအပ်သော် ပွါးများလေ့လာအပ်သော် ယာဉ်ကဲ့သို့ ပြုအပ်သော် တည်ရာကဲ့သို့ ပြုအပ်သော် အဖန်ဖန်ဖြစ်စေအပ်သော် လေ့ကျက်အပ်သော် ကောင်းစွာ အား ထုတ်အပ်သော် ဤဆယ်ပါးသော အကျိုးတို့သည် မချွတ်ဖြစ်ကုန်လတ္တံ ့ဟု ( မိန့်တော်မူ၏ )။ မြတ်စွာဘုရားသည် ဤတရား ဒေသနာတော်ကို ဟောတော်မူ၏။ ထိုရဟန်းတို့သည် မြတ်စွာဘုရား၏ တရား ဒေသနာတော်ကို ဝမ်းမြောက်ဝမ်းသာ လွန်စွာ နှစ်သက်ကုန်ပြီ။

ကိုးခုမြောက် ကာယဂတာသတိသုတ် ပြီး၏။

၁။ အကြားစကားဟူသည် ကမ္မဋ္ဌာန်းနှလုံးသွင်းခြင်း စာသင်ခြင်းစသည်တို့၏ အကြား၌ ဖြစ်သော အလွတ်စကား (ဗြဟ္မဇာလ သုတ်ဖွင့် အဋ္ဌကထာ)။ ငါဘုရားမလာမီ အကြား၌ ဖြစ်သော စကား (ပေါဋ္ဌပါဒသုတ်အဖွင့် အဋ္ဌကထာ)။