မဇ္ဈိမနိကာယ်
၈—ဥပက္ကိလေသသုတ်
၂၃၆။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်—
အခါတစ်ပါး၌ မြတ်စွာဘုရားသည် ကောသမ္ဗီပြည် ဃောသိတာရုံကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ ကောသမ္ဗီပြည်၌ ရဟန်းတို့သည် ငြင်းခုံကြကုန် ခိုက်ရန်ဖြစ်ကြကုန်၍ ဝါဒကွဲပြားခြင်းသို့ ရောက်ကြကုန်ပြီးလျှင် အချင်းချင်း နှုတ်လှံထိုးလျက် နေကြကုန်၏။ ထိုအခါ ရဟန်းတစ်ပါးသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားကို ရိုသေစွာရှိခိုး၍ သင့်လျော်သော နေရာ၌ ထိုင်ကာ မြတ်စွာဘုရားအား ဤစကားကို လျှောက်ထား၏—“မြတ်စွာဘုရား ဤကောသမ္ဗီပြည်၌ ရဟန်းတို့သည် ငြင်းခုံကြကုန် ခိုက်ရန်ဖြစ်ကြကုန်၍ ဝါဒကွဲပြားခြင်းသို့ ရောက်ကြကုန်ပြီးလျှင် အချင်းချင်း နှုတ်လှံထိုးလျက် နေကြပါကုန်၏။ မြတ်စွာဘုရား တောင်းပန်ပါ၏၊ မြတ်စွာဘုရားသည် အစဉ်သနားသည်ကို အကြောင်းပြု ၍ ထိုရဟန်းတို့ ရှိရာအရပ်သို့ ချဉ်းကပ်တော်မူပါလော့”ဟု (လျှောက်ထား၏)။ မြတ်စွာဘုရားသည် ဆိတ်ဆိတ်နေသဖြင့် လက်ခံတော်မူ၏။ ထို့နောက် မြတ်စွာဘုရားသည် ထိုရဟန်းတို့ ရှိရာအရပ်သို့ ချဉ်း ကပ်ပြီးလျှင် ထိုရဟန်းတို့ကို “ရဟန်းတို့ မသင့်လျော်၊ မငြင်းခုံကြကုန်လင့်၊ ခိုက်ရန် မဖြစ်ကြကုန်လင့်၊ ဆန့်ကျင်ဘက်စကားကို မဆိုကြကုန်လင့်၊ ဝါဒမကွဲပြားကြကုန်လင့်”ဟု ဤစကားကို မိန့်တော်မူ၏။
ဤသို့ မိန့်တော်မူသော် ရဟန်းတစ်ပါးသည် မြတ်စွာဘုရားအား ဤစကားကို လျှောက်ထား၏— “မြတ်စွာဘုရား တရား၏အရှင်ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဆိုင်းငံ့တော်မူပါဦး၊ မြတ်စွာဘုရား့မြတ်စွာဘုရားသည် ကြောင့်ကြမဲ့ မျက်မှောက်၌ ချမ်းသာစွာ နေခြင်းကို အားထုတ်တော်မူလျက် နေတော်မူ ပါလော့၊ အကျွန်ုပ်တို့သည် ထိုငြင်းခုံခြင်း ခိုက်ရန်ဖြစ်ခြင်း ဆန့်ကျင်ဘက်စကားကို ဆိုခြင်း ဝါဒကွဲပြား ခြင်းဖြင့် ထင်ရှားပါကုန်အံ့”ဟု လျှောက်ထား၏။ နှစ်ကြိမ်မြောက်လည်း မြတ်စွာဘုရားသည် ထိုရဟန်းတို့ ကို “ရဟန်းတို့ မသင့်လျော်၊ မငြင်းခုံကြကုန်လင့်၊ ခိုက်ရန်မဖြစ်ကြကုန်လင့်၊ ဆန့်ကျင်ဘက်စကားကို မဆိုကြကုန်လင့်၊ ဝါဒမကွဲပြားကြကုန်လင့်”ဟု ဤစကားကို မိန့်တော်မူ၏။ နှစ်ကြိမ်မြောက်လည်း ထို ရဟန်းသည် မြတ်စွာဘုရားအား ဤစကားကို လျှောက်ထားပြန်၏ “မြတ်စွာဘုရား တရား၏အရှင်ဖြစ် တော်မူသော မြတ်စွာဘုရားသည် ဆိုင်းငံ့တော်မူပါဦး၊ မြတ်စွာဘုရား မြတ်စွာဘုရားသည် ကြောင့်ကြမဲ့ မျက်မှောက်၌ ချမ်းသာစွာနေခြင်းကို အားထုတ်တော်မူလျက် နေတော်မူပါလော့၊ အကျွန်ုပ်တို့သည် ထိုငြင်း ခုံခြင်း ခိုက်ရန်ဖြစ်ခြင်း ဆန့်ကျင်ဘက်စကားကို ဆိုခြင်း ဝါဒကွဲပြားခြင်းဖြင့် ထင်ရှားပါကုန်အံ့”ဟု (လျှောက်ထားပြန်၏ )။ သုံးကြိမ်မြောက်လည်း မြတ်စွာဘုရားသည် ထိုရဟန်းတို့ကို “ရဟန်းတို့ မသင့် လျော်၊ မငြင်းခုံကြကုန်လင့်၊ ခိုက်ရန်မဖြစ်ကြကုန်လင့်၊ ဆန့်ကျင်ဘက်စကားကို မဆိုကြကုန်လင့်၊ ဝါဒ မကွဲပြားကြကုန်လင့်”ဟု ဤစကားကို မိန့်တော်မူပြန်၏။ သုံးကြိမ်မြောက်လည်း ထိုရဟန်းသည် မြတ်စွာဘုရားကို “မြတ်စွာဘုရား တရား၏အရှင်ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဆိုင်းငံ့တော်မူပါဦး၊ မြတ်စွာဘုရား မြတ်စွာဘုရားသည် ကြောင့်ကြမဲ့ မျက်မှောက်၌ ချမ်းသာစွာနေခြင်းကို အားထုတ်တော်မူ လျက် နေတော်မူပါလော့၊ အကျွန်ုပ်တို့သည် ထိုငြင်းခုံခြင်း ခိုက်ရန်ဖြစ်ခြင်း ဆန့်ကျင်ဘက်စကားကို ဆိုခြင်း ဝါဒကွဲပြားခြင်းဖြင့် ထင်ရှားပါကုန်အံ့”ဟု ဤစကားကို လျှောက်ထားပြန်၏။
ထိုအခါ မြတ်စွာဘုရားသည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်လျက် သပိတ်သင်္ကန်းကို ယူကာ ကောသမ္ဗီပြည်သို့ ဆွမ်းခံဝင်တော်မူ၏၊ ကောသမ္ဗီပြည်၌ ဆွမ်းခံလှည့်လည်၍ ဆွမ်းခံရာမှ ဖဲခဲ့ကာ ဆွမ်း စားပြီးနောက် ကျောင်းအိပ်ရာနေရာကို သိုမှီးသိမ်းဆည်းပြီးလျှင် သပိတ်သင်္ကန်းကို ယူ၍ ရပ်တော်မူလျက် သာလျှင် ဤဂါထာတို့ကို ရွတ်ဆိုတော်မူ၏—
၂၃၇။ များပြားသော အသံရှိသော အလိုဆန္ဒတူမျှသော လူအပေါင်းသည် ငါလူ မိုက်ဟူ၍ တစ်ဦးတစ်ယောက်မျှ မထင်၊ သံဃာကွဲပြားသော် (ငါ့ကြောင့် ကွဲပြား သည်ဟူသော) တစ်ပါးသော အကြောင်းတို့ကား ထို့ထက်အလွန်ပင် မထင်မြင် နိုင်ကြကုန်။
သတိကင်းကုန်၍ ပညာရှိယောင် ဟန်ဆောင်ပြောဆိုသူတို့သည် အငြင်းအခုံ စကား၌ ကျက်စားကုန်၏၊ ခံတွင်းပါးစပ်ကို ဟ၍ အလိုရှိသမျှ ပြောလေ့ရှိကုန်၏၊ အကြင်ငြင်းခုံမှုဖြင့် (ဤအရှက်မရှိသည်၏ အဖြစ်ဟူသော အပြစ်သို့ ) ဆောင်အပ် ကုန်၏၊ ထိုအရှက် မရှိသည်၏ အဖြစ်ဟူသော အပြစ်ကို မသိကြကုန်။
ငါ့ကို အမျက်ထွက်ဖူး၏၊ ငါ့ကို ညှဉ်းဆဲဖူး၏၊ ငါ့ကို အောင်နိုင်ဖူး၏၊ ငါ၏ (ဥစ္စာ) ကို ဆောင်ယူဖူး၏ဟူ၍ ရန်ငြိုးဖွဲ့သူတို့အား ရန်သည် မငြိမ်းနိုင်။
ငါ့ကို အမျက်ထွက်ဖူး၏၊ ငါ့ကို ညှဉ်းဆဲဖူး၏၊ ငါ့ကို အောင်နိုင်ဖူး၏၊ ငါ၏ (ဥစ္စာ) ကို ဆောင်ယူဖူး၏ဟူ၍ ရန်ငြိုးမဖွဲ့သူတို့အား ရန်သည် ငြိမ်းအေး၏။
ဤလောက၌ ရန်တို့သည် ရန်တုံ့မူသဖြင့် တစ်ခါဖူးမျှ မငြိမ်းအေးကုန်၊ ရန်တုံ့ မမူမှသာလျှင် ရန်တို့သည် ငြိမ်းအေးကုန်၏၊ ဤသဘောကား ရှေးထုံးစဉ်လာ ပေတည်း။
ဤသံဃာ့အလယ်၌ ပညာမဲ့သော တစ်ပါးသူတို့သည် (ငါတို့ကား သေရဦးမည်) ဟူ၍ မသိကုန်၊ ထိုသံဃာ့အလယ်၌ အကြင်ပညာရှိတို့သည်ကား (ငါတို့သည် သေရ ဦးမည်) ဟူ၍ သိကုန်၏၊ (ထိုပညာရှိတို့အား) ထိုသို့သိသောကြောင့် ခိုက်ရန် တို့သည် ငြိမ်းကုန်၏။
အရိုးကိုဖြတ် အသက်ကိုသတ် နွားမြင်းဥစ္စာတို့ကို ဆောင်၍ တိုင်းပြည်ကို လုယက်ကုန်သော မင်းနှစ်ပါးတို့အားသော်မှလည်း မဟာမိတ်ပေါင်းဆုံခြင်းသည် ဖြစ်နိုင်သေး၏၊ အသင်ရဟန်းတို့အား အဘယ့်ကြောင့် ပေါင်းဆုံခြင်းသည် မဖြစ်ဘဲ ရှိရာအံ့နည်း။
တကွကျင့်ဘက်ဖြစ်သော ကောင်းစွာ နေလေ့ရှိသော တည်တံ့သော သမာဓိရှိ သော ပညာရင့်မာသော မိတ်ဆွေကို အကယ်၍ ရငြားအံ့၊ ဤသို့ရလျှင် အလုံးစုံ သော ဘေးရန်တို့ကို လွှမ်းမိုးနှိပ်စက်၍ ထိုလွှမ်းမိုးနှိပ်စက်ခြင်းနှင့်တကွ ဝမ်း မြောက်သော စိတ်ရှိသည် သတိနှင့် ပြည့်စုံသည်ဖြစ်၍ ကျင့်ရာ၏။
တကွကျင့်ဘက်ဖြစ်သော ကောင်းစွာ နေလေ့ရှိသော တည်တံ့သော သမာဓိရှိ သော ပညာရင့်မာသော မိတ်ဆွေကို အကယ်၍ မရငြားအံ့၊ ဤသို့ မရလျှင် မင်းသည် တိုင်းနိုင်ငံကို ပယ်စွန့်၍ တစ်ပါးတည်း ကျင့်သကဲ့သို့လည်းကောင်း၊ မာတင်္ဂမျိုး၌ ဖြစ်သော ဆင်ပြောင်ကြီးသည် တော၌ တစ်ဦးတည်း ကျက်စားသကဲ့ သို့လည်းကောင်း တစ်ယောက်တည်း ကျင့်ရာ၏၊
တစ်ယောက်တည်း ကျင့်ခြင်းသည် မြတ်၏၊ လူမိုက်၌ အပေါင်းအဖော်လုပ်ခြင်း ကား မြတ်သည် မဖြစ်ရာ၊ မာတင်္ဂမျိုး၌ဖြစ်သော ဆင်ပြောင်ကြီးသည် တော၌ တစ်စီးတည်း ကြောင့်ကြမဲ့ လှည့်လည်ကျက်စားသကဲ့သို့ တစ်ယောက်တည်း ကြောင့်ကြမဲ့ ကျင့်ရာ၏၊ မကောင်းမှုတို့ကို မပြုရာဟု (မိန့်တော်မူ၏)။
၂၃၈။ ထိုအခါ၌ မြတ်စွာဘုရားသည် ရပ်တော်မူလျက်သာလျှင် ဤဂါထာတို့ကို ရွတ်ဆိုတော်မူပြီးလျှင် ဗာလကလောဏကာရမည်သော ရွာရှိရာအရပ်သို့ ချဉ်းကပ်တော်မူ၏။ ထိုအခါ အသျှင်ဘဂုသည် ဗာလကလောဏ ကာရမည်သော ရွာ၌ နေ၏၊ အသျှင်ဘဂုသည် အဝေးမှသာလျှင် ကြွလာတော်မူသော မြတ်စွာဘုရားကို မြင်သည်သာတည်း၊ မြင်၍ နေရာကို ခင်းထား၏၊ ခြေဆေးရေကိုလည်း တည်ထား၏၊ မြတ်စွာဘုရားသည် ခင်းထားသော နေရာ၌ ထိုင်နေ၏၊ ထိုင်နေတော်မူပြီးလျှင် ခြေတော်တို့ကို ဆေး၏၊ အသျှင်ဘဂုသည်လည်း မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် သင့်လျော်ရာ၌ ထိုင်နေ၏၊ သင့်လျော်ရာ၌ ထိုင်နေ သော အသျှင်ဘဂုကို မြတ်စွာဘုရားသည် “ရဟန်း အသို့နည်း (သင်သည်) ခံ့ကျန်း၏လော၊ မျှတ၏ လော၊ ဆွမ်းဖြင့် မပင်မပန်း ချမ်းသာ၏လော”ဟု ဤစကားကို မိန့်တော်မူ၏။ မြတ်စွာဘုရား ခံ့ကျန်း ပါ၏၊ မျှတပါ၏၊ မြတ်စွာဘုရား အကျွန်ုပ်သည် ဆွမ်းဖြင့် မပင်မပန်း ချမ်းသာပါ၏ဘုရားဟု (လျှောက် ထား၏)။ ထိုအခါ၌ မြတ်စွာဘုရားသည် အသျှင်ဘဂုကို တရားစကားဖြင့် (အကျိုးစီးပွားကို) ကောင်းစွာ ပြပြီး၍ (တရားကို) ကောင်းစွာ ဆောက်တည်စေပြီး၍ (တရားကျင့်သုံးရန်) ကောင်းစွာ ထက်သန်စေပြီး၍ ကောင်းစွာ ရွှင်လန်းစေပြီး၍ နေရာမှ ထတော်မူ၍ ပါစီနဝံသမည်သော တောအုပ်ရှိရာ အရပ်သို့ ချဉ်းကပ်၏။
ထိုစဉ်အခါ၌ အသျှင်အနုရုဒ္ဓါ အသျှင်နန္ဒိယ အသျှင်ကိမိလတို့သည် ပါစီနဝံသမည်သော တောအုပ်၌ နေကြကုန်၏။ တောစောင့်သည် အဝေးမှ ကြွလာတော်မူသော မြတ်စွာဘုရားကို မြင်၍ “ရဟန်းကြီး ဤတောအုပ်သို့ မဝင်ပါလင့်၊ ဤတောအုပ်၌ အမျိုးသားသုံးဦးတို့သည် ရှိပါကုန်၏၊ အကျိုးစီးပွါးကို လိုလားသော သဘောရှိလျက် နေပါကုန်၏၊ ထိုအမျိုးသားသုံးဦးတို့၏ မချမ်းသာမှုကို မပြုပါလင့်”ဟု ဤစကားကို လျှောက်ထား၏။ အသျှင်အနုရုဒ္ဓါသည် မြတ်စွာဘုရားနှင့်အတူ ပြောဆိုသော တောစောင့်၏ စကားကို ကြား၍ တောစောင့်ကို ဒါယကာတောစောင့် မြတ်စွာဘုရားကို မတားမြစ်လင့်၊ ငါတို့၏ ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် အစဉ်ရောက်တော်မူလာ၏”ဟု ဤစကားကို ပြောဆို၏။
၂၃၉။ ထိုအခါ အသျှင်အနုရုဒ္ဓါသည် အသျှင်နန္ဒိယ အသျှင်ကိမိလတို့ထံသို့ ချဉ်းကပ်ပြီးလျှင် အသျှင်နန္ဒိယနှင့် အသျှင်ကိမိလကို “အသျှင်တို့ လာကြကုန်၊ အသျှင်တို့ လာကြကုန်၊ အကျွန်ုပ်တို့၏ဆရာ မြတ်စွာဘုရားသည် အစဉ်ရောက်တော်မူလာ၏”ဟု ဤစကားကို ပြောကြား၏။ ထိုအခါ၌ အသျှင်အနုရုဒ္ဓါ အသျှင်နန္ဒိယ အသျှင်ကိမိလတို့သည် မြတ်စွာဘုရားကို ခရီးဦးကြိုဆို၍ တစ်ပါးက မြတ်စွာဘုရား၏ သပိတ်သင်္ကန်းကို လှမ်းယူပြီးလျှင် တစ်ပါးက နေရာကို ခင်း၍ တစ်ပါးက့ခြေဆေးရေကို တည်ထား၏၊ မြတ်စွာဘုရားသည် ခင်းထားသော နေရာ၌ ထိုင်၍ ခြေတို့ကို ဆေးတော်မူ၏။ ထိုအသျှင်တို့သည်လည်း မြတ်စွာဘုရားကို ရိုသေစွာ ရှိခိုး၍ သင့်လျော်ရာ၌ ထိုင်နေကုန်၏၊ သင့်လျော်ရာ၌ ထိုင်နေကုန်ပြီးသော် အသျှင်အနုရုဒ္ဓါအား မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏ “အနုရုဒ္ဓါတို့ အသို့နည်း၊ သင်တို့ သည် ခံ့ကျန်းကြ၏လော၊ မျှတကြ၏လော၊ ဆွမ်းဖြင့် မပင်မပန်း ချမ်းသာကြ၏လော”ဟု ဤစကားကို မိန့်တော်မူ၏။ မြတ်စွာဘုရား ခံ့ကျန်းကြပါ၏၊ မြတ်စွာဘုရား မျှတကြပါ၏၊ မြတ်စွာဘုရား အကျွန်ုပ်တို့ သည် ဆွမ်းဖြင့်လည်း မပင်မပန်းကြပါဟု (လျှောက်ကြ ကုန်၏)။
အနုရုဒ္ဓါတို့ အသို့နည်း သင်တို့သည် အညီအညွတ် ဝမ်းမြောက်ဝမ်းသာ မငြင်းခုံကြဘဲ နို့နှင့်ရေ ရောသကဲ့သို့ တစ်စိတ်တည်းရှိကုန်၍ အချင်းချင်း ချစ်ခင်သော မျက်စိတို့ဖြင့် ကောင်းစွာ ရှုကြည့်ကုန် လျက် နေထိုင်ကြကုန်၏လောဟု (မေးတော်မူ၏ )။ မြတ်စွာဘုရား စင်စစ် အကျွန်ုပ်တို့သည် အညီအညွတ် ဝမ်းမြောက်ဝမ်းသာ မငြင်းခုံကြဘဲ နို့နှင့်ရေရောသကဲ့သို့ တစ်စိတ်တည်းရှိကုန်၍ အချင်းချင်း ချစ်ခင်သော မျက်စိတို့ဖြင့် ကောင်းစွာ ရှုကြည့်ကုန်လျက် နေထိုင်ကြပါကုန်၏ဟု (လျှောက်ကြကုန်၏)။ အနုရုဒ္ဓါတို့ သင်တို့သည် အဘယ်သို့လျှင် အညီအညွတ် ဝမ်းမြောက်ဝမ်းသာ မငြင်းခုံကြဘဲ နို့နှင့်ရေရောသကဲ့သို့ တစ်စိတ်တည်းရှိကုန်၍ အချင်းချင်း ချစ်ခင်သော မျက်စိတို့ဖြင့် ကောင်းစွာ ရှုကြည့်ကုန်လျက် နေထိုင်ကြ ကုန်သနည်းဟု (မေးတော်မူ၏)။
မြတ်စွာဘုရား ဤသာသနာတော်၌ အကျွန်ုပ်အား “ငါသည် ဤသို့ သဘောရှိသော သီတင်းသုံး ဖော်တို့နှင့်အတူ နေရပေ၏၊ ငါသည် အရတော်ပေစွ၊ ငါသည် အလွန် အရတော်ပေစွ”ဟု ဤသို့ အကြံ ဖြစ်ပါ၏၊ မြတ်စွာဘုရား ထိုအကျွန်ုပ်အား ဤအသျှင်တို့အပေါ်၌ မျက်မှောက်၌ဖြစ်စေ၊ မျက်ကွယ်၌ဖြစ်စေ ကာယကံမေတ္တာသည် ရှေးရှုထင်ပါ၏၊ မျက်မှောက်၌ဖြစ်စေ၊ မျက်ကွယ်၌ဖြစ်စေ ဝစီကံမေတ္တာသည် ရှေးရှု ထင်ပါ၏၊ မျက်မှောက်၌ဖြစ်စေ၊ မျက်ကွယ်၌ဖြစ်စေ မနောကံမေတ္တာသည် ရှေးရှုထင်ပါ၏။ မြတ်စွာဘုရား ထိုအကျွန်ုပ်အား “ငါသည် မိမိစိတ်အလိုကို လျှော့ချထား၍ ဤအသျှင်တို့၏ စိတ်အလို အားဖြင့်သာလျှင် လိုက်လျောကျင့်သုံးရမူ ကောင်းပေမည်”ဟု ဤသို့ အကြံအစည်ဖြစ်ပါ၏။ မြတ်စွာဘုရား အကျွန်ုပ်တို့ သည် မိမိစိတ်အလိုကို လျှော့ချထား၍ ဤအသျှင်တို့၏ စိတ်အလိုအားဖြင့်သာလျှင် လိုက်လျောကျင့်သုံး ပါ၏၊ မြတ်စွာဘုရား အကျွန်ုပ်တို့အား ကိုယ်သည် အသီးသီးဖြစ်ပါသော်လည်း စိတ်သည်ကား တစ်စိတ် တည်းကဲ့သို့ ဖြစ်ကြပါသည်ဟု (လျှောက်ထား၏)။
အသျှင်နန္ဒိယသည်လည်း။ပ။ အသျှင်ကိမိလသည်လည်း မြတ်စွာဘုရားအား ဤစကားကို လျှောက် ထား၏—မြတ်စွာဘုရား အကျွန်ုပ်သည်လည်း ‘ငါသည် ဤသို့ သဘောရှိသော သီတင်းသုံးဖော်တို့နှင့် အတူနေရပေ၏၊ ငါသည် အရတော်ပေစွ၊ ငါသည် အလွန်အရတော်ပေစွ’ဟု ဤသို့ အကြံဖြစ်ပါ၏၊ မြတ်စွာဘုရား ထိုအကျွန်ုပ်အား ဤအသျှင်တို့အပေါ်၌ မျက်မှောက်၌ဖြစ်စေ၊ မျက်ကွယ်၌ဖြစ်စေ ကာယကံ မေတ္တာသည် ရှေးရှုထင်ပါ၏၊ မျက်မှောက်၌ဖြစ်စေ၊ မျက်ကွယ်၌ဖြစ်စေ ဝစီကံမေတ္တာသည် ရှေးရှုထင်ပါ၏၊ မျက်မှောက်၌ဖြစ်စေ၊ မျက်ကွယ်၌ဖြစ်စေ မနောကံမေတ္တာသည် ရှေးရှုထင်ပါ၏။ မြတ်စွာဘုရား ထို အကျွန်ုပ်အား ‘ငါသည် မိမိစိတ်အလိုကို လျှော့ချထား၍ ဤအသျှင်တို့၏ စိတ်အလိုအားဖြင့်သာလျှင် လိုက် လျောကျင့်သုံးရပါမူ ကောင်းပေမည်’ဟု ဤသို့ အကြံဖြစ်ပါ၏၊ မြတ်စွာဘုရား ထိုအကျွန်ုပ်သည် မိမိစိတ်အလိုကို လျှော့ချထား၍ ဤအသျှင်တို့၏ စိတ်အလိုအားဖြင့်သာလျှင် လိုက်လျောကျင့်သုံးပါ၏၊ မြတ်စွာဘုရား ထိုအကျွန်ုပ်အား ကိုယ်သည် အသီးသီးဖြစ်သော်လည်း စိတ်သည်ကား တစ်စိတ်တည်းကဲ့ သို့ ဖြစ်ပါ၏။ မြတ်စွာဘုရား ဤသို့လျှင် အကျွန်ုပ်တို့သည် အညီအညွတ် ဝမ်းမြောက်ဝမ်းသာ မငြင်းခုံ ကြဘဲ နို့နှင့်ရေရောသကဲ့သို့ တစ်စိတ်တည်းရှိကုန်၍ အချင်းချင်းချစ်ခင်သော မျက်စိတို့ဖြင့် ကြည့်ကုန် လျက် နေကြပါ၏”ဟု (လျှောက်ထား၏)။
၂၄ဝ။ အနုရုဒ္ဓါတို့ ကောင်းပေစွ ကောင်းပေစွ၊ အနုရုဒ္ဓါတို့ အသို့နည်း သင်တို့သည် မမေ့မလျော့ ပြင်းစွာ အားထုတ်လျက် ( နိဗ္ဗာန်သို့ ) စေလွှတ်ထားသော စိတ်ရှိကုန်သည်ဖြစ်၍ နေကြကုန်၏လော့ဟု (မေးတော်မူ၏)။ မြတ်စွာဘုရား စင်စစ်သော်ကား အကျွန်ုပ်တို့သည် မမေ့မလျော့ ပြင်းစွာ အားထုတ် လျက် ( နိဗ္ဗာန်သို့ ) စေလွှတ်ထားသော စိတ်ရှိကုန်သည်ဖြစ်၍ နေကြပါကုန်၏ဟု (လျှောက်ကြကုန်၏)။ အနုရုဒ္ဓါတို့ အသို့နည်း၊ သင်တို့သည် အဘယ်သို့လျှင် မမေ့မလျော့ ပြင်းစွာ အားထုတ်လျက် ( နိဗ္ဗာန် သို့ ) စေလွှတ်ထားသော စိတ်ရှိကုန်သည်ဖြစ်၍ နေကြကုန်သနည်းဟု (မေးတော်မူ၏)။
မြတ်စွာဘုရား ဤအရပ်၌ အကျွန်ုပ်တို့တွင် ဆွမ်းခံရွာမှ ရှေးဦးစွာ ပြန်လာသော သူသည် နေရာ တို့ကို ခင်းထား၏၊ သောက်ရေ သုံးဆောင်ရေကို တည်ထား၏၊ ဆွမ်းကြွင်းထည့်ရန် ခွက်ကို တည်ထား၏၊ ဆွမ်းခံရွာမှ နောက်ကျ၍ ပြန်လာသော သူသည် စားကြွင်းဆွမ်းသည် အကယ်၍ ရှိအံ့၊ စားလိုလျှင် စားရာ၏၊ မစားလိုက စိမ်းစိုသော မြက်သစ်ပင် မရှိရာ၌သော်လည်း စွန့်၏၊ ပိုးမွှားမရှိသော ရေ၌သော်လည်း သွန်၏၊ ထိုသူသည် နေရာတို့ကို သိုမှီး၏၊ သောက်ရေ သုံးရေတို့ကို (သိမ်းဆည်း၏) သိုမှီး၏၊ ဆွမ်းကြွင်းထည့်ရန် ခွက်ကို ဆေး၍ (သိမ်းဆည်း၏) သိုမှီး၏၊ ဆွမ်းစား(ဇရပ်)ကျောင်းကို တံမြက်လှည်း၏၊ ရေမရှိသော သောက်ရေအိုးကိုလည်းကောင်း၊ သုံးဆောင်ရေအိုးကိုလည်းကောင်း၊ သန့်သက်ရေအိုးကိုလည်းကောင်း မြင်သော သူသည် (ရေထည့်၍) တည်ထား၏။ ထိုရဟန်းသည် အကယ်၍ မချ မမနိုင်ခဲ့ လျှင် အဖော်ကို လက်ယပ်ခေါ်၍ လက်တို့ဖြင့် မြှောက်ချီကာ တည်ထားကြပါကုန်၏၊ မြတ်စွာဘုရား အကျွန်ုပ်တို့သည် ထိုအကြောင်းများကြောင့် နှုတ်မြွက်ပြောဆိုမှု မပြုကြပါ။ မြတ်စွာဘုရား အကျွန်ုပ်တို့ သည် ငါးရက်တစ်ကြိမ် တစ်ညဉ့်လုံး တရားနှင့်စပ်သော စကားဖြင့် စည်းဝေးနေကြပါကုန်၏။ မြတ်စွာဘုရား ဤသို့လျှင် အကျွန်ုပ်တို့သည် မမေ့မလျော့ ပြင်းစွာ အားထုတ်လျက် (နိဗ္ဗာန်သို့ ) စေလွှတ်ထား သော စိတ်ရှိကုန်သည်ဖြစ်၍ နေကြပါကုန်၏ဟု (လျှောက်ထား၏)။
၂၄၁။ အနုရုဒ္ဓါတို့ ကောင်းပေစွ ကောင်းပေစွ၊ အနုရုဒ္ဓါတို့ ဤသို့ မမေ့မလျော့ ပြင်းစွာ အား ထုတ်လျက် ( နိဗ္ဗာန်သို့ ) စေလွှတ်ထားသော စိတ်ရှိကုန်သည်ဖြစ်၍ နေကြကုန်သော သင်တို့အား လူတို့၏ တရားထက် လွန်မြတ်သည့် အရိယာဖြစ်ရန် စွမ်းနိုင်သော ဉာဏ်အမြင်ထူးကို သိသည်ဖြစ်၍ ချမ်းသာစွာ နေရခြင်းရှိကြကုန်၏လောဟု (မေးတော်မူ၏)။ မြတ်စွာဘုရား ဤအရပ်၌ မမေ့မလျော့ ပြင်းစွာ အားထုတ်လျက် ( နိဗ္ဗာန်သို့ ) စေလွှတ်ထားသော စိတ်ရှိသည်ဖြစ်၍ နေကြကုန်သော အကျွန်ုပ်တို့သည် (ပရိကံသမာဓိကြောင့်ဖြစ်သော) အရောင်ကိုလည်းကောင်း၊ ရူပါရုံတို့ကိုလည်းကောင်း၊ (ဒိဗ္ဗစက္ခုအဘိညာဉ် ဖြင့်) မြင်ခြင်းကိုလည်းကောင်း သိကြပါကုန်၏။ သို့ရာတွင် အကျွန်ုပ်တို့အား အရောင်သည်လည်းကောင်း၊ ရူပါရုံတို့ကို မြင်ခြင်းသည်လည်းကောင်း မကြာမီသာလျှင် ကွယ်ပျောက်ပါ၏၊ ထိုပျောက်ခြင်း၏ အကြောင်း ကိုကား မသိကြပါကုန်ဟု (လျှောက်ကြကုန်၏)။
အနုရုဒ္ဓါတို့ သင်တို့သည် ထိုကွယ်ပျောက်ခြင်း၏ အကြောင်းကို သိသင့်၏။ အနုရုဒ္ဓါတို့ ငါသည်လည်း ဘုရားမဖြစ်မီ သစ္စာလေးပါးကို မသိသေးသော ဘုရားလောင်းသာဖြစ်စဉ်က (ပရိကံသမာဓိကြောင့် ဖြစ်သော) အရောင်ကိုလည်းကောင်း၊ ရူပါရုံတို့ကို (ဒိဗ္ဗစက္ခုအဘိညာဉ်ဖြင့်) မြင်ခြင်းကိုလည်းကောင်း သိ၏။ သို့ရာတွင် ငါ့အား ထိုအရောင်သည်လည်းကောင်း၊ ရူပါရုံတို့ကို မြင်ခြင်းသည်လည်းကောင်း မကြာ မြင့်မီသာလျှင် ကွယ်ပျောက်၏။ အနုရုဒ္ဓါတို့ ထိုငါ့အား “အကြင်အကြောင်းကြောင့် ငါ့အား အရောင်သည်လည်းကောင်း၊ ရူပါရုံတို့ကို မြင်ခြင်းသည်လည်းကောင်း ကွယ်ပျောက်၏၊ ထိုအကြောင်းရင်းကား အဘယ် နည်း၊ ထိုအထောက်အပံ့ကား အဘယ်နည်း”ဟု ဤအကြံသည်ဖြစ်၏။ အနုရုဒ္ဓါတို့ ထိုငါ့အား ဤ သို့သော အကြံသည်ဖြစ်၏ “ငါ့အား ယုံမှားခြင်း ‘ဝိစိကိစ္ဆာ’သည်ဖြစ်၏၊ စင်စစ် ယုံမှားခြင်း ‘ဝိစိကိစ္ဆာ’ ဟူသော အကြောင်းကြောင့် ငါ၏ တည်ကြည်မှု ‘သမာဓိ’သည် ရွေ့လျော၏၊ တည်ကြည်မှု ‘သမာဓိ’ ရွေ့လျောသော် အရောင်သည်လည်းကောင်း၊ ရူပါရုံတို့ကို့မြင်ခြင်းသည်လည်းကောင်း ကွယ်ပျောက်၏၊ ငါ့အား ယုံမှားခြင်း ‘ဝိစိကိစ္ဆာ’ သည် တစ်ဖန် မဖြစ်၊ ထိုသို့ မဖြစ်နိုင်အောင် ငါပြုအံ့”ဟု ဤအကြံသည် ဖြစ်၏။ (၁)
အနုရုဒ္ဓါတို့ ထိုငါသည် မမေ့မလျော့ ပြင်းစွာ အားထုတ်လျက် ( နိဗ္ဗာန်သို့ ) စေလွှတ်ထားသော စိတ်ရှိသည်ဖြစ်၍ နေသည်ရှိသော် (ပရိကံသမာဓိကြောင့်ဖြစ်သော) အရောင်ကိုလည်းကောင်း၊ ရူပါရုံတို့ကို (ဒိဗ္ဗစက္ခု အဘိညာဉ်ဖြင့်) မြင်ခြင်းကိုလည်းကောင်း သိ၏။ ငါ့အား ထိုအရောင်သည်လည်းကောင်း၊ ရူပါရုံ တို့ကို မြင်ခြင်းသည်လည်းကောင်း မကြာမြင့်မီသာလျှင် ကွယ်ပျောက်၏။ အနုရုဒ္ဓါတို့ ထိုငါ့အား “အကြင် အကြောင်းကြောင့် ငါ့အား အရောင်သည်လည်းကောင်း၊ ရူပါရုံတို့ကို မြင်ခြင်းသည်လည်းကောင်း ကွယ် ပျောက်၏၊ ထိုအကြောင်းရင်းကား အဘယ်နည်း၊ ထိုအထောက်အပံ့ကား အဘယ်နည်း”ဟု ဤအကြံသည် ဖြစ်၏။ အနုရုဒ္ဓါတို့ ထိုငါ့အား ဤသို့သော အကြံသည် ဖြစ်၏ “ငါ့အား နှလုံးမသွင်းခြင်းသည် ဖြစ်၏၊ နှလုံးမသွင်းခြင်းဟူသော အကြောင်းကြောင့် ငါ၏ တည်ကြည်မှု ‘သမာဓိ’ သည် ရွေ့လျော၏၊ တည်ကြည်မှု ‘သမာဓိ’ ရွေ့လျောသော် အရောင်သည်လည်းကောင်း၊ ရူပါရုံတို့ကို မြင်ခြင်းသည်လည်းကောင်း ကွယ် ပျောက်၏၊ ငါ့အား ယုံမှားခြင်း ‘ဝိစိကိစ္ဆာ’ နှင့် နှလုံးမသွင်းခြင်း ‘အမနသိကာရ’ သည် တစ်ဖန် မဖြစ်နိုင် အောင် ငါပြုပေအံ့”ဟု ဤအကြံသည် ဖြစ်၏။ (၂)
အနုရုဒ္ဓါတို့ ထိုငါသည်။ပ။ အနုရုဒ္ဓါတို့ ထိုငါ့အား ဤသို့သော အကြံသည် ဖြစ်၏ “ငါ့အား ထိုင်းမှိုင်းခြင်း ‘ထိနမိဒ္ဓ’ သည် ဖြစ်၏၊ ထိုင်းမှိုင်းမှု ‘ထိနမိဒ္ဓ’ ဟူသော အကြောင်းကြောင့်လည်း ငါ၏ တည် ကြည်မှု ‘သမာဓိ’သည် ရွေ့လျော၏၊ တည်ကြည်မှု ‘သမာဓိ’ ရွေ့လျောသော် အရောင်သည်လည်းကောင်း၊ ရူပါရုံတို့ကို မြင်ခြင်းသည်လည်းကောင်း ကွယ်ပျောက်၏၊ ငါ့အား ယုံမှားခြင်း ‘ဝိစိကိစ္ဆာ’ နှလုံးမသွင်းခြင်း ‘အမနသိကာရ’ နှင့် ထိုင်းမှိုင်းမှု ‘ထိနမိဒ္ဓ’ သည် တစ်ဖန် မဖြစ်နိုင်အောင် ငါပြုပေအံ့”ဟု ဤအကြံသည် ဖြစ်၏။ (၃)
အနုရုဒ္ဓါတို့ ထိုငါသည်။ပ။ အနုရုဒ္ဓါတို့ ထိုငါ့အား ဤသို့သော အကြံသည် ဖြစ်၏ “ငါ့အား ကိုယ်ခက်တရော်ရှိခြင်းသည် ဖြစ်၏၊ ကိုယ်ခက်တရော် ရှိခြင်းဟူသော အကြောင်းကြောင့်လည်း ငါအား တည်ကြည်မှု ‘သမာဓိ’သည် ရွေ့လျော၏၊ တည်ကြည်မှု ‘သမာဓိ’ ရွေ့လျောသော် အရောင်သည်လည်း ကောင်း၊ ရူပါရုံတို့ကို မြင်ခြင်းသည်လည်းကောင်း ကွယ်ပျောက်၏၊ အနုရုဒ္ဓါတို့ ဥပမာအားဖြင့် ယောကျာ်း သည် ရှည်ဝေးသောခရီးသို့ သွား၏၊ ထိုယောကျာ်း၏ ဘေးနှစ်ဖက်၌ ငုံးတို့သည် ပျံကုန်ရာ၏၊ ထိုငုံးပျံ ခြင်းဟူသော အကြောင်းကြောင့် ထိုယောကျာ်းအား ကိုယ်ခက်တရော်ရှိခြင်းသည် ဖြစ်ရာသကဲ့သို့ အနုရုဒ္ဓါ တို့ ဤဥပမာအတူသာလျှင် ငါ့အား ကိုယ်ခက်တရော်ရှိခြင်းသည် ဖြစ်၏၊ ကိုယ်ခက်တရော် ရှိခြင်းဟူသော အကြောင်းကြောင့်လည်း ငါ၏ သမာဓိသည် ရွေ့လျော၏၊ သမာဓိရွေ့လျောသော် အရောင်သည်လည်း ကောင်း၊ ရူပါရုံတို့ကို မြင်ခြင်းသည်လည်းကောင်း ကွယ်ပျောက်၏၊ ငါ့အား ယုံမှားခြင်း ‘ဝိစိကိစ္ဆာ’ နှလုံး မသွင်းခြင်း ‘အမနသိကာရ’ ထိုင်းမှိုင်းမှု ‘ထိနမိဒ္ဓ’နှင့် ကိုယ်ခက်တရော်ရှိခြင်း ‘ဆမ္ဘိ တတ္တ’ သည် တစ်ဖန် မဖြစ်နိုင်အောင် ငါပြုပေအံ့”ဟု ဤအကြံသည် ဖြစ်၏။ (၄)
အနုရုဒ္ဓါတို့ ထိုငါသည်။ပ။ အနုရုဒ္ဓါတို့ ထိုငါ့အား ဤသို့သော အကြံသည် ဖြစ်၏ “ငါ့အား ပေါ်လွင်ရွှင်လန်းမှု ‘ဗလဝပီတိ’သည် ဖြစ်၏၊ ပေါ်လွင်ရွှင်လန်းမှု ‘ဗလဝပီတိ’ ဟူသော အကြောင်းကြောင့်လည်း ငါအား တည်ကြည်မှု ‘သမာဓိ’သည် ရွေ့လျော၏၊ တည်ကြည်မှု ‘သမာဓိ’ ရွေ့လျောသော် အရောင် သည်လည်းကောင်း၊ ရူပါရုံတို့ကို မြင်ခြင်းသည်လည်းကောင်း ကွယ်ပျောက်၏၊ အနုရုဒ္ဓါတို့ ဥပမာအားဖြင့် တစ်လုံးသော ရွှေအိုးကို ရှာသော ယောကျာ်းသည် တစ်ကြိမ်တည်းသာလျှင် ငါးလုံးသော ရွှေအိုးတို့ကို တွေ့မြင်ရာ၏၊ ထိုတွေ့မြင်ခြင်းဟူသော အကြောင်းကြောင့် ထိုယောကျာ်းအား့ပေါ်လွင်ရွှင်လန်းမှု ‘ဗလဝပီတိ’ သည် ဖြစ်ရာသကဲ့သို့ အနုရုဒ္ဓါတို့ ဤဥပမာအတူသာလျှင် ပေါ်လွင်ရွှင်လန်းမှု ‘ဗလဝပီတိ’ သည် ဖြစ်၏၊ ပေါ်လွင်ရွှင်လန်းမှု ‘ဗလဝပီတိ’ဟူသော အကြောင်းကြောင့်လည်း ငါ၏ တည်ကြည်မှု ‘သမာဓိ’သည် ရွေ့လျော၏၊ တည်ကြည်မှု ‘သမာဓိ’ ရွေ့လျောသော် အရောင်သည်လည်းကောင်း၊ ရူပါရုံတို့ ကို မြင်ခြင်းသည်လည်းကောင်း ကွယ်ပျောက်ခဲ့၏၊ ငါ့အား ယုံမှားခြင်း ‘ဝိစိကိစ္ဆာ’ နှလုံးမသွင်းခြင်း ‘အမနသိကာရ’ ထိုင်းမှိုင်းခြင်း ‘ထိနမိဒ္ဓ’ ကိုယ်ခက်တရော်ရှိခြင်း ‘ဆမ္ဘိ တတ္တ’ နှင့် ပေါ်လွင်ရွှင်လန်းမှု ‘ဗလဝပီတိ’ သည် တစ်ဖန် မဖြစ်နိုင်အောင် ငါပြုပေအံ့”ဟု ဤအကြံသည် ဖြစ်၏။ (၅)
အနုရုဒ္ဓါတို့ ထိုငါသည်။ပ။ အနုရုဒ္ဓါတို့ ထိုငါ့အား ဤသို့သော အကြံသည် ဖြစ်၏ “ငါ့အား ရုန့်ရင်းကြမ်းတမ်းခြင်းသည် ဖြစ်၏၊ ရုန့်ရင်းကြမ်းတမ်းခြင်းဟူသော အကြောင်းကြောင့်လည်း ငါ၏ တည်ကြည်မှု’သမာဓိ’သည် ရွေ့လျော၏၊ တည်ကြည်မှု ‘သမာဓိ’ ရွေ့လျောသော် အရောင်သည်လည်း ကောင်း၊ ရူပါရုံတို့ကို မြင်ခြင်းသည်လည်းကောင်း ကွယ်ပျောက်၏၊ ငါ့အား ယုံမှားခြင်း ‘ဝိစိကိစ္ဆာ’ နှလုံး မသွင်းခြင်း ‘အမနသိကာရ’ ထိုင်းမှိုင်းခြင်း ‘ထိနမိဒ္ဓ’ ကိုယ်ခက်တရော်ရှိခြင်း ‘ဆမ္ဘိတတ္တ’ ပေါ်လွင်ရွှင် လန်းမှု ‘ဗလဝပီတိ’ နှင့် ရုန့်ရင်းကြမ်းတမ်းခြင်း ‘ဒုဋ္ဌုလ္လ’သည် တစ်ဖန် မဖြစ်နိုင်အောင် ငါပြုပေအံ့”ဟု ဤအကြံသည် ဖြစ်၏။ (၆)
အနုရုဒ္ဓါတို့ ထိုငါသည်။ပ။ အနုရုဒ္ဓါတို့ ထိုငါ့အား ဤသို့သော အကြံသည် ဖြစ်၏ “ငါ့အား အားထုတ်အပ်သော ဝီရိယလွန်ခြင်းသည် ဖြစ်၏၊ အားထုတ်အပ်သော ဝီရိယလွန်ခြင်းဟူသော အကြောင်း ကြောင့်လည်း ငါ့အား တည်ကြည်မှု ‘သမာဓိ’ သည် ရွေ့လျော၏၊ တည်ကြည်မှု ‘သမာဓိ’ ရွေ့လျောသော် အရောင်သည်လည်းကောင်း၊ ရူပါရုံတို့ကို မြင်ခြင်းသည်လည်းကောင်း ကွယ်ပျောက်၏။ အနုရုဒ္ဓါတို့ ဥပမာအားဖြင့် ယောကျာ်းသည် လက်နှစ်ဖက်တို့ဖြင့် ငုံးကို တင်းကြပ်စွာ ဖမ်းရာ၏၊ ထိုငုံးသည် ထို လက်ထဲ၌သာလျှင် သေရာသကဲ့သို့ အနုရုဒ္ဓါတို့ ဤဥပမာအတူသာလျှင် ငါ့အား အားထုတ်အပ်သော ဝီရိယလွန်ခြင်းသည် ဖြစ်၏၊ အားထုတ်အပ်သော ဝီရိ ယလွန်ခြင်းဟူသော အကြောင်းကြောင့်လည်း ငါ၏ တည်ကြည်မှု ‘သမာဓိ’ သည် ရွေ့လျော၏၊ တည်ကြည်မှု ‘သမာဓိ’ ရွေ့လျောသော် အရောင်သည်လည်း ကောင်း၊ ရူပါရုံတို့ကို မြင်ခြင်းသည်လည်းကောင်း ကွယ်ပျောက်၏၊ ငါ့အား ယုံမှားခြင်း ‘ဝိစိကိစ္ဆာ’ နှလုံး မသွင်းခြင်း ‘အမနသိကာရ’ ထိုင်းမှိုင်းခြင်း ‘ထိနမိဒ္ဓ’ ကိုယ်ခက်တရော်ရှိခြင်း ‘ဆမ္ဘိ တတ္တ’ပေါ်လွင်ရွှင်လန်း မှု’ဗလဝပီတိ’ ရုန့်ရင်းကြမ်းတမ်းခြင်း ‘ဒုဋ္ဌုလ္လ’ နှင့် အားထုတ်အပ်သော ဝီရိယလွန်ခြင်း ‘အစ္စာရဒ္ဓဝီရိယ’ သည် တစ်ဖန် မဖြစ်နိုင်အောင် ငါပြုပေအံ့”ဟု ဤအကြံသည် ဖြစ်၏။ (၇)
အနုရုဒ္ဓါတို့ ထိုငါသည်။ပ။ အနုရုဒ္ဓါတို့ ထိုငါ့အား ဤသို့သော အကြံသည် ဖြစ်၏ “ငါ့အား အလွန် ဆုတ်နစ်သော ဝီရိယသည် ဖြစ်၏၊ အလွန်ဆုတ်နစ်သော ဝီရိယဟူသော အကြောင်းကြောင့်လည်း ငါ့အား တည်ကြည်မှု ‘သမာဓိ’သည် ရွေ့လျော၏၊ တည်ကြည်မှု ‘သမာဓိ’ ရွေ့လျောသော် အရောင်သည်လည်း ကောင်း၊ ရူပါရုံတို့ကို မြင်ခြင်းသည်လည်းကောင်း ကွယ်ပျောက်၏။ အနုရုဒ္ဓါတို့ ဥပမာအားဖြင့် ယောကျာ်း သည် ငုံးကို လျော့လျော့ ဖမ်းကိုင်ရာ၏၊ ထိုငုံးသည် ထိုယောကျာ်း၏ လက်မှ ပျံတက်ရာသကဲ့သို့ အနုရုဒ္ဓါ တို့ ဤဥပမာအတူသာလျှင် ငါ့အား အလွန်ဆုတ်နစ်သော ဝီရိယသည် ဖြစ်၏၊ အလွန်ဆုတ်နစ်သော ဝီရိယဟူသော အကြောင်းကြောင့်လည်း ငါ၏ တည်ကြည်မှု ‘သမာဓိ’သည် ရွေ့လျော၏၊ တည်ကြည်မှု ‘သမာဓိ’ ရွေ့လျောသော် အရောင်သည်လည်းကောင်း၊ ရူပါရုံတို့ကို မြင်ခြင်းသည်လည်းကောင်း ကွယ် ပျောက်၏၊ ငါ့အား ယုံမှားခြင်း ‘ဝိစိကိစ္ဆာ’ နှလုံးမသွင်းခြင်း ‘အမနသိကာရ’ ထိုင်းမှိုင်းခြင်း ‘ထိနမိဒ္ဓ’ ကိုယ်ခက်တရော်ရှိခြင်း ‘ဆမ္ဘိ တတ္တ’ ပေါ်လွင်ရွှင်လန်းမှု ‘ဗလဝပီတိ’ ရုန့်ရင်းကြမ်းတမ်းခြင်း ‘ဒုဋ္ဌုလ္လ’ နှင့် အားထုတ်အပ်သော ဝိရိယလွန်ခြင်း ‘အစ္စာရဒ္ဓဝီရိယ’ နှင့် အလွန်ဆုတ်နစ်သောဝီရိယ ‘အတိလီနဝီရိယ’သည် တစ်ဖန် မဖြစ်နိုင်အောင် ငါပြုပေအံ့”ဟု ဤအကြံသည့်ဖြစ်၏။ (၈)
အနုရုဒ္ဓါတို့ ထိုငါသည်။ပ။ အနုရုဒ္ဓါတို့ ထိုငါ့အား ဤသို့သော အကြံသည် ဖြစ်၏ “ငါ့အား တောင့်တခြင်း ‘တဏှာ’သည် ဖြစ်၏၊ တောင့်တခြင်း ‘တဏှာ’ ဟူသော အကြောင်းကြောင့် ငါ့အား တည် ကြည်မှု ‘သမာဓိ’သည် ရွေ့လျော၏၊ တည်ကြည်မှု ‘သမာဓိ’ ရွေ့လျောသော် အရောင်သည်လည်းကောင်း၊ ရူပါရုံတို့ကို မြင်ခြင်း သည်လည်းကောင်း ကွယ်ပျောက်၏၊ ငါ့အား ယုံမှားခြင်း ‘ဝိစိကိစ္ဆာ’ နှလုံးမသွင်းခြင်း ‘အမနသိကာရ’ ထိုင်းမှိုင်းခြင်း ‘ထိနမိဒ္ဓ’ ကိုယ်ခက်တရော်ရှိခြင်း ‘ဆမ္ဘိ တတ္တ’ပေါ်လွင်ရွှင်လန်းမှု ‘ဗလဝပီတိ’ ရုန့်ရင်းကြမ်းတမ်းခြင်း ‘ဒိဋ္ဌုလ္လ’ အလွန်အားထုတ်ခြင်းလုံ့လ ‘အစ္စာရဒ္ဓဝီရိယ’ အားထုတ်အပ်သော ဝီရိယ ဆုတ်နစ်ခြင်း ‘အတိလီနဝီရိယ’နှင့် တောင့်တခြင်း ‘တဏှာ’ သည် တစ်ဖန် မဖြစ်နိုင်အောင် ငါပြုပေအံ့”ဟု ဤအကြံသည် ဖြစ်၏။ (၉)
အနုရုဒ္ဓါတို့ ထိုငါသည်။ပ။ အနုရုဒ္ဓါတို့ ထိုငါ့အား ဤသို့သော အကြံသည် ဖြစ်၏ “ငါ့အား အထူးထူးသော သဘောရှိသော သညာသည် ဖြစ်၏။ အထူးထူးသော သဘောရှိသော သညာဟူသော အကြောင်းကြောင့် ငါ၏ တည်ကြည်မှု ‘သမာဓိ’သည် ရွေ့လျော၏၊ တည်ကြည်မှု ‘သမာဓိ’ ရွေ့လျောသော် အရောင်သည်လည်းကောင်း၊ ရူပါရုံတို့ကို မြင်ခြင်းသည်လည်းကောင်း ကွယ်ပျောက်၏၊ ငါ့အား ယုံမှားခြင်း ‘ဝိစိကိစ္ဆာ’ နှလုံးမသွင်းခြင်း ‘အမနသိကာရ’ ထိုင်းမှိုင်းခြင်း ‘ထိနမိဒ္ဓ’ ကိုယ်ခက်တရော်ရှိခြင်း ‘ဆမ္ဘိ တတ္တ’ ပေါ်လွင်ရွှင်လန်းမှု ‘ဗလဝပီတိ’ ရုန့်ရင်းကြမ်းတမ်းခြင်း ‘ဒိဋ္ဌုလ္လ’ အားထုတ်အပ်သော ဝီရိယလွန်ခြင်း ‘အစ္စာရဒ္ဓဝီရိယ’ အလွန်ဆုတ်နစ်သော ဝီရိယ ‘အတိလီနဝီရိယ’ တောင့်တခြင်း ‘တဏှာ’ နှင့် အထူးထူးသော သဘောရှိသောသညာ ‘နာနတ္တသညာ’ သည် တစ်ဖန် မဖြစ်နိုင်အောင် ငါပြုပေအံ့”ဟု ဤအကြံသည် ဖြစ်၏။ (၁ဝ)
အနုရုဒ္ဓါတို့ ထိုငါသည် မမေ့မလျော့ ပြင်းစွာ အားထုတ်လျက် (နိဗ္ဗာန်သို့ ) စေလွှတ်အပ်သော စိတ်ရှိသည် ဖြစ်၍ နေသည်ရှိသော် (ပရိကံသမာဓိကြောင့်ဖြစ်သော) အရောင်ကိုလည်းကောင်း ရူပါရုံတို့ကို (ဒိဗ္ဗစက္ခုအဘိ ညာဏ်ဖြင့်) မြင်ခြင်းကိုလည်းကောင်း သိ၏၊ ငါ့အား ထိုအရောင်သည်လည်းကောင်း ထိုရူပါရုံတို့ကို မြင်ခြင်းသည်လည်းကောင်း မကြာမြင့်မီသာလျှင် ကွယ်ပျောက်၏၊ အနုရုဒ္ဓါတို့ ထိုငါ့အား ဤသို့သော အကြံသည် ဖြစ်၏ “အကြင်အကြောင်းကြောင့် ငါ့အား အရောင်သည်လည်းကောင်း၊ ထိုရူပါရုံ တို့ကို မြင်ခြင်းသည်လည်းကောင်း ကွယ်ပျောက်၏၊ ထိုအကြောင်းရင်း အထောက်အပံ့ကား အဘယ်နည်း”ဟု ဤအကြံသည် ဖြစ်၏။ အနုရုဒ္ဓါတို့ ထိုငါ့အား “ရူပါရုံတို့ကို အလွန်ရှုခြင်းသည် ဖြစ်၏၊ ရူပါရုံတို့ကို အလွန်ရှုခြင်းဟူသော အကြောင်းကြောင့်လည်း ငါ၏ တည်ကြည်မှု ‘သမာဓိ’ သည် ရွေ့လျော၏၊ တည် ကြည်မှု’သမာဓိ’ ရွေ့လျောသော် အရောင်ကိုလည်းကောင်း၊ ရူပါရုံတို့ကို မြင်ခြင်းသည်လည်းကောင်း ကွယ် ပျောက်၏၊ ငါ့အား ယုံမှားခြင်း ‘ဝိစိကိစ္ဆာ’ နှလုံးမသွင်းခြင်း ‘အမနသိကာရ’ ထိုင်းမှိုင်းခြင်း ‘ထိနမိဒ္ဓ’ ကိုယ်ခက်တရော်ရှိခြင်း ‘ဆမ္ဘိ တတ္တ’ ပေါ်လွင်ရွှင်လန်းမှု ‘ဗလဝပီတိ’ ရုန့်ရင်းကြမ်းတမ်းခြင်း ‘ဒိဋ္ဌုလ္လ’ အား ထုတ်အပ်သော ဝီရိယလွန်ခြင်း ‘အစ္စာရဒ္ဓဝီရိယ’ အလွန်ဆုတ်နစ်သော ဝီရိယ ‘အတိလီနဝီရိယ’ တောင့်တ ခြင်း ‘တဏှာ’ နှင့် အထူးထူးသော သဘောရှိသောသညာ ‘နာနတ္တသညာ’ နှင့် ရူပါရုံတို့ကို အလွန်ရှုခြင်း ‘အဘိနိဇ္ဈာယိတ္တ’ သည် တစ်ဖန် မဖြစ်နိုင်အောင် ငါပြုပေအံ့”ဟု ဤအကြံသည် ဖြစ်၏။ (၁၁)
၂၄၂။ အနုရုဒ္ဓါတို့ ထိုငါသည် “ယုံမှားခြင်း ‘ဝိစိကိစ္ဆာ’ သည် စိတ်၏ ညစ်နွမ်းကြောင်းတည်း”ဟု သိ၍ စိတ်၏ ညစ်နွမ်းကြောင်းဖြစ်သော ‘ဝိစိကိစ္ဆာ’ကို ပယ်စွန့်၏။ “နှလုံးမသွင်းခြင်းသည် စိတ်၏ ညစ်နွမ်းကြောင်းတည်း”ဟု သိ၍ စိတ်၏ ညစ်နွမ်းကြောင်းဖြစ်သော နှလုံးမသွင်းခြင်းကို ပယ်စွန့်၏။ “ထိုင်းမှိုင်းခြင်း ‘ထိနမိဒ္ဓ’သည် စိတ်၏ ညစ်နွမ်းကြောင်းတည်း”ဟု သိ၍ စိတ်၏ ညစ်နွမ်းကြောင်း ဖြစ်သော ‘ထိနမိဒ္ဓ’ ကို ပယ်စွန့်၏၊ “ကိုယ်ခက်တရော်ရှိခြင်းသည် စိတ်၏ ညစ်နွမ်းကြောင်းတည်း”ဟု့သိ၍ စိတ်၏ ညစ်နွမ်းကြောင်းဖြစ်သော ကိုယ်ခက်တရော်ရှိခြင်းကို ပယ်စွန့်၏၊ “ပေါ်လွင်ရွှင်လန်းမှု ‘ဗလဝ ပီတိ’သည် စိတ်၏ ညစ်နွမ်းကြောင်းတည်း”ဟု သိ၍ စိတ်၏ ညစ်နွမ်းကြောင်းဖြစ်သော ပေါ်လွင် ရွှင်လန်းမှု ‘ဗလဝပီတိ’ကို ပယ်စွန့်၏။ “ရုန့်ရင်းကြမ်းတမ်းခြင်းသည် စိတ်၏ ညစ်နွမ်းကြောင်းတည်း”ဟု သိ၍ စိတ်၏ ညစ်နွမ်းကြောင်းဖြစ်သော ရုန့်ရင်းကြမ်းတမ်းခြင်းကို ပယ်စွန့်၏။ “အားထုတ်အပ်သော ဝီရိယလွန်ခြင်းသည် စိတ်၏ ညစ်နွမ်းကြောင်းတည်း”ဟု သိ၍ စိတ်၏ ညစ်နွမ်းကြောင်းဖြစ်သော အား ထုတ်အပ်သော ဝီရိယလွန်ခြင်းကို ပယ်စွန့်၏။ “အလွန်ဆုတ်နစ်သော ဝီရိယသည် စိတ်၏ ညစ်နွမ်း ကြောင်းတည်း”ဟု သိ၍ စိတ်၏ ညစ်နွမ်းကြောင်းဖြစ်သော အလွန်ဆုတ်နစ်သော ဝီရိယကို ပယ်စွန့်၏။ “တောင့်တခြင်း ‘တဏှာ’သည် စိတ်၏ ညစ်နွမ်းကြောင်းတည်း”ဟု သိ၍ စိတ်၏ ညစ်နွမ်းကြောင်း ဖြစ်သော တောင့်တခြင်း ‘တဏှာ’ ကို ပယ်စွန့်၏။ “အထူးထူးသော သဘောရှိသော သညာသည် စိတ်၏ ညစ်နွမ်းကြောင်းတည်း”ဟု သိ၍ စိတ်၏ ညစ်နွမ်းကြောင်းဖြစ်သော အထူးထူးသော သဘောရှိသော သညာကို ပယ်စွန့်၏။ “ရူပါရုံတို့ကို အလွန်ရှုခြင်းသည် စိတ်၏ ညစ်နွမ်းကြောင်းတည်း”ဟု သိ၍ စိတ်၏ ညစ်နွမ်းကြောင်းဖြစ်သော ရူပါရုံတို့ကို အလွန်ရှုခြင်းကို ပယ်စွန့်၏။
၂၄၃။ အနုရုဒ္ဓါတို့ ထိုငါသည် မမေ့မလျော့ ပြင်းစွာ အားထုတ်လျက် (နိဗ္ဗာန်သို့) စေလွှတ်အပ်သော စိတ်ရှိသည်ဖြစ်၍ နေသည်ရှိသော် အလုံးစုံသော ညဉ့်ပတ်လုံး အလုံးစုံသော နေ့ပတ်လုံး အလုံးစုံသော ညဉ့်နေ့ပတ်လုံး အရောင်ကိုသာလျှင် သိ၏၊ ရူပါရုံတို့ကို (ဒိဗ္ဗစက္ခုအဘိညာဉ်ဖြင့်) မမြင်။ ရူပါရုံ တို့ကိုသာလျှင် (ဒိဗ္ဗစက္ခုအဘိညာဉ်ဖြင့်) မြင်၏၊ အရောင်တို့ကို မသိ။ အနုရုဒ္ဓါတို့ ထိုငါ့အား ဤသို့သော အကြံသည် ဖြစ်၏ ‘ငါသည် ထိုအခါ၌ အလုံးစုံသော ညဉ့်ပတ်လုံး အလုံးစုံသော နေ့ပတ်လုံး အလုံးစုံ သော ညဉ့်နေ့ပတ်လုံး အရောင်ကိုသာလျှင် သိ၏၊ ရူပါရုံတို့ကို (ဒိဗ္ဗစက္ခုအဘိညာဉ်ဖြင့်) မမြင်။ ရူပါရုံတို့ ကိုသာလျှင် (ဒိဗ္ဗစက္ခုအဘိညာဉ်ဖြင့်) မြင်၏၊ အရောင်ကိုမူကား မသိ။ ထိုအကြောင်းရင်းကား အဘယ် နည်း၊ ထိုအထောက်အပံ့ကား အဘယ်နည်”ဟု ( ဤအကြံသည် ဖြစ်၏)။
အနုရုဒ္ဓါတို့ ထိုငါ့အား”ငါသည် အဆင်းနိမိတ်ကို နှလုံးမသွင်းမူ၍ အရောင်နိမိတ်ကို နှလုံးသွင်းသော အခါ၌ အရောင်ကိုသာလျှင် သိ၏၊ ရူပါရုံတို့ကို (ဒိဗ္ဗစက္ခုအဘိညာဉ်ဖြင့်) မမြင်။ ငါသည် အရောင်နိမိတ်ကို နှလုံးမသွင်းမူ၍ အဆင်းနိမိတ်ကို နှလုံးသွင်းသော အခါ၌ အလုံးစုံသော ညဉ့်ပတ်လုံး အလုံးစုံသော နေ့ ပတ်လုံး အလုံးစုံသော ညဉ့်နေ့ပတ်လုံး ရူပါရုံတို့ကိုသာလျှင် (ဒိဗ္ဗစက္ခုအဘိညာဉ်ဖြင့်) မြင်၏၊ အရောင် ကိုမူကား မသိ”ဟု ဤသို့ အကြံသည် ဖြစ်၏။ အနုရုဒ္ဓါတို့ ထိုငါသည် မမေ့မလျော့ ပြင်းစွာ အားထုတ် လျက် (နိဗ္ဗာန်သို့) စေလွှတ်အပ်သော စိတ်ရှိသည်ဖြစ်၍ နေသည်ရှိသော် အလုံးစုံသော ညဉ့်ပတ်လုံး အလုံးစုံသော နေ့ပတ်လုံး အလုံးစုံသော ညဉ့်နေ့ပတ်လုံး အနည်းငယ်သော အရောင်ကိုလည်း သိ၏၊ အနည်းငယ်သော ရူပါရုံတို့ကိုလည်း (ဒိဗ္ဗစက္ခု အဘိညာဉ်ဖြင့်) မြင်၏။ အတိုင်းမရှိ များသော အရောင်ကိုလည်း သိ၏၊ အတိုင်းမရှိ များသော ရူပါရုံတို့ကိုလည်း (ဒိဗ္ဗစက္ခုအဘိညာဉ်ဖြင့်) မြင်၏။
အနုရုဒ္ဓါတို့ ထိုငါ့အား “ငါသည် အလုံးစုံသော ညဉ့်ပတ်လုံး အလုံးစုံသော နေ့ပတ်လုံး အလုံးစုံ သော ညဥ့်နေ့ပတ်လုံး အနည်းငယ်သော အရောင်ကိုလည်း သိ၏၊ အနည်းငယ်သော ရူပါရုံတို့ကိုလည်း (ဒိဗ္ဗစက္ခုအဘိညာဉ်ဖြင့်) မြင်၏။ အတိုင်းမရှိ များသော အရောင်ကိုလည်း သိ၏၊ အတိုင်းမရှိ များသော ရူပါရုံတို့ကိုလည်း (ဒိဗ္ဗစက္ခုအဘိညာဉ်ဖြင့်) မြင်၏။ ထိုအကြောင်းရင်းကား အဘယ်နည်း၊ ထိုအထောက် အပံ့ကား အဘယ်နည်း”ဟု ဤအကြံသည် ဖြစ်၏။ အနုရုဒ္ဓါတို့ ထိုငါ့အား”နည်းသော ဌာနရှိသော သမာဓိဖြစ်သောအခါ၌ ငါ့အား ဒိဗ္ဗစက္ခုအဘိညာဉ်သည်လည်း နည်းသော ဌာနရှိ၏၊ ထိုငါသည် နည်းသော ဒိဗ္ဗစက္ခုအဘိညာဏ်ဖြင့် နည်းသော အရောင်ကိုလည်း သိ၏၊ နည်းသော ရူပါရုံတို့ကိုလည်း မြင်၏။ ငါ့အား အတိုင်းမရှိ များသော ဌာနရှိသော သမာဓိဖြစ်သောအခါ၌ ငါ့အား့ဒိဗ္ဗစက္ခုအဘိညာဉ်သည်လည်း အတိုင်းမရှိ များသော ဌာနရှိ၏၊ ထိုငါသည် အလုံးစုံသော ညဉ့်ပတ်လုံး အလုံးစုံသော နေ့ပတ်လုံး အလုံး စုံသော ညဉ့်နေ့ပတ်လုံး အတိုင်းမရှိ များသော ဒိဗ္ဗစက္ခုအဘိညာဉ်ဖြင့် အတိုင်းမရှိများသော အရောင် ကိုလည်း သိ၏။ အတိုင်းမရှိ များသော ရူပါရုံတို့ကိုလည်း မြင်၏”ဟု ဤအကြံသည် ဖြစ်၏။
၂၄၄။ အနုရုဒ္ဓါတို့ ငါသည် “ယုံမှားခြင်း ‘ဝိစိကိစ္ဆာ’ သည် စိတ်၏ ညစ်နွမ်းကြောင်းတည်း”ဟု သိ၍ စိတ်၏ ညစ်နွမ်းကြောင်းဖြစ်သော ‘ဝိစိကိစ္ဆာ’ကို ပယ်၏။ “နှလုံးမသွင်းခြင်းသည် စိတ်၏ ညစ်နွမ်း ကြောင်းတည်း”ဟု သိ၍ စိတ်၏ ညစ်နွမ်းကြောင်းဖြစ်သော နှလုံးမသွင်းခြင်းကို ပယ်၏။ “ထိုင်းမှိုင်းခြင်း ‘ထိနမိဒ္ဓ’ သည် စိတ်၏ ညစ်နွမ်းကြောင်းတည်း”ဟု သိ၍ ညစ်နွမ်းကြောင်းဖြစ်သော ထိုင်းမှိုင်းခြင်း ‘ထိနမိဒ္ဓ’ကို ပယ်၏၊ “ကိုယ်ခက်တရော်ရှိခြင်းသည် စိတ်၏ ညစ်နွမ်းကြောင်းတည်း”ဟု သိ၍ စိတ်၏ ညစ်နွမ်းကြောင်းဖြစ်သော ကိုယ်ခက်တရော်ရှိခြင်းကို ပယ်၏။ “ပေါ်လွင်ရွှင်လန်းမှု ‘ဗလဝပီတိ’ သည် စိတ်၏ ညစ်နွမ်းကြောင်းတည်း”ဟု သိ၍ စိတ်၏ ညစ်နွမ်းကြောင်းဖြစ်သော ပေါ်လွင်ရွှင်လန်းမှု ‘ဗလဝပီတိ’ကို ပယ်၏။ “ရုန့်ရင်းကြမ်းတမ်းခြင်းသည် စိတ်၏ ညစ်နွမ်းကြောင်းတည်း”ဟု သိ၍ စိတ်၏ ညစ်နွမ်းကြောင်းဖြစ်သော ရုန့်ရင်းကြမ်းတမ်းခြင်းကို ပယ်၏။ “အားထုတ်အပ်သော ဝီရိယလွန်ခြင်းသည် စိတ်၏ ညစ်နွမ်းကြောင်းတည်း”ဟု သိ၍ စိတ်၏ ညစ်နွမ်းကြောင်းဖြစ်သော အားထုတ်အပ်သော ဝီရိယ လွန်ခြင်းကို ပယ်၏။ “အလွန်ဆုတ်နစ်သော ဝီရိယသည် စိတ်၏ ညစ်နွမ်းကြောင်းတည်း”ဟု သိ၍ စိတ်၏ ညစ်နွမ်းကြောင်းဖြစ်သော အလွန်ဆုတ်နစ်သော ဝီရိယကို ပယ်၏။ “တောင့်တခြင်း ‘တဏှာ’သည် စိတ်၏ ညစ်နွမ်းကြောင်းတည်း”ဟု သိ၍ စိတ်၏ ညစ်နွမ်းကြောင်းဖြစ်သော တောင့်တခြင်း ‘တဏှာ’ကို ပယ်၏။ “အထူးထူးသော သဘောရှိသော သညာသည် စိတ်၏ ညစ်နွမ်းကြောင်းတည်း”ဟု သိ၍ စိတ်၏ ညစ်နွမ်းကြောင်းဖြစ်သော အထူးထူးသော သဘောရှိသော သညာကို ပယ်၏။ “ရူပါရုံတို့ကို အလွန်ရှုခြင်း သည် စိတ်၏ ညစ်နွမ်းကြောင်းတည်း”ဟု သိ၍ စိတ်၏ ညစ်နွမ်းကြောင်းဖြစ်သော ရူပါရုံတို့ကို အလွန် ရှုခြင်းကို ပယ်၏။
၂၄၅။ အနုရုဒ္ဓါတို့ ထိုငါ့အား”ငါသည် စိတ်၏ ညစ်နွမ်းကြောင်းတရားတို့ကို ပယ်ထားပြီ၊ ယခုအခါ၌ ငါသည် သုံးပါးသော အပြားအားဖြင့် သမာဓိကို ပွါးအံ့”ဟု ဤသို့သော အကြံသည် ဖြစ်၏၊ အနုရုဒ္ဓါတို့ ထိုငါသည် ကြံစည်ခြင်း ‘ဝိတက်’နှင့် တကွဖြစ်သော သုံးသပ်ဆင်ခြင်ခြင်း ‘ဝိစာရ’နှင့် တကွ ဖြစ်သော သမာဓိကိုလည်း ပွါးပြီ၊ ဝိတက်ကား မရှိ ဝိစာရမျှသာရှိသော သမာဓိကိုလည်း ပွါးပြီ၊ ဝိတက်လည်း မရှိ ဝိစာရလည်း မရှိသော သမာဓိကိုလည်း ပွါးပြီ၊ ပီတိနှင့် တကွဖြစ်သော သမာဓိကိုလည်း ပွါးပြီ၊ ပီတိမရှိသော သမာဓိကိုလည်း ပွါးပြီ၊ သုခနှင့်တကွသော သမာဓိကိုလည်း ပွါးပြီ၊ ဥပေက္ခာနှင့် တကွသော သမာဓိကိုလည်း ပွါးပြီ။
အနုရုဒ္ဓါတို့ ငါသည် ဝိတက်နှင့် တကွဖြစ်သော ဝိစာရနှင့် တကွဖြစ်သော သမာဓိကိုလည်း ပွါးပြီးပြီ၊ ဝိတက်ကား မရှိ ဝိစာရမျှသာ ရှိသော သမာဓိကိုလည်း ပွါးပြီးပြီ၊ ဝိတက်လည်း မရှိ ဝိစာရလည်း မရှိသော သမာဓိကိုလည်း ပွါးပြီးပြီ၊ ပီတိနှင့် တကွဖြစ်သော သမာဓိကိုလည်း ပွါးပြီးပြီ၊ ပီတိမရှိသော သမာဓိကိုလည်း ပွါးပြီးပြီ၊ သုခနှင့်တကွသော သမာဓိကိုလည်း ပွါးပြီးပြီ၊ ဥပေက္ခာနှင့် တကွသော သမာဓိကိုလည်း ပွါးပြီးပြီ၊ ငါ့အား ဉာဏ်အမြင်သည်လည်း ထင်ရှားဖြစ်ပြီ၊ ငါ၏ စိတ်လွတ်မြောက်မှုသည် မပျက်စီးနိုင်တော့ပြီ၊ ဤဘဝသည် နောက်ဆုံးဖြစ်ခြင်းတည်း၊ ယခုအခါ တစ်ဖန် ဘဝသစ်၌ ဖြစ်ခြင်း မရှိတော့ပြီဟု (မိန့်တော်မူ၏)။
မြတ်စွာဘုရားသည် ဤတရားဒေသနာတော်ကို ဟောတော်မူ၏။ အသျှင်အနုရုဒ္ဓါသည် မြတ်စွာဘုရား၏ တရားဒေသနာတော်ကို ဝမ်းမြောက်ဝမ်းသာ လွန်စွာ နှစ်သက်လေပြီ။
ရှစ်ခုမြောက် ဥပက္ကိလေသသုတ် ပြီး၏။