မဇ္ဈိမနိကာယ်
၉— ဗာလပဏ္ဍိတသုတ်
၂၄၆။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်—
အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန် ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို “ရဟန်းတို့”ဟု မိန့် တော်မူ၏။ “အသျှင်ဘုရား”ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကုန်၏။ မြတ်စွာဘုရားသည် ဤစကား ကို မိန့်တော်မူ၏—
ရဟန်းတို့ ဤသုံးပါးတို့သည် သူမိုက်လက္ခဏာ သူမိုက်အမှတ်အသား သူမိုက်လုပ်ငန်းစဉ်တို့တည်း။ အဘယ်သုံးပါးတို့နည်းဟူမူ— ရဟန်းတို့ ဤလောက၌ သူမိုက်သည် မကောင်းသော အကြံကိုလည်း ကြံလေ့ရှိ၏။ မကောင်းသော စကားကိုလည်း ဆိုလေ့ရှိ၏၊ မကောင်းသော အမှုကိုလည်း ပြုလေ့ရှိ၏။ ရဟန်းတို့ သူမိုက်သည် ထိုမကောင်းသော အကြံကိုလည်း ကြံလေ့ရှိသည်လည်းကောင်း၊ ထိုမကောင်းသော စကားကိုလည်း ဆိုလေ့ရှိသည်လည်းကောင်း၊ ထိုမကောင်းသော အမှုကိုလည်း ပြုလေ့ရှိသည်လည်းကောင်း အကယ်၍ မဖြစ်ငြားအံ့၊ ထိုသူကို အဘယ်အကြောင်းဖြင့် “ဤအသျှင်သည် သူမိုက်တည်း၊ သူတော်မဟုတ် သူယုတ်မာတည်း”ဟု ပညာရှိတို့သည် သိနိုင်ကုန်ရာအံ့နည်း (မသိနိုင် ကုန်ရာ)။ ရဟန်းတို့ အကြင် အကြောင်းကြောင့် သူမိုက်သည် မကောင်းသော အကြံကိုလည်း ကြံလေ့ရှိ၏။ မကောင်းသော စကားကိုလည်း ဆိုလေ့ရှိ၏၊ မကောင်းသော အမှုကိုလည်း ပြုလေ့ရှိ၏။ ထိုအကြောင်း ကြောင့် ထိုသူကို “ဤအသျှင်သည် သူမိုက်တည်း၊ သူတော်မဟုတ် သူယုတ်မာတည်း”ဟု ပညာရှိတို့ သည် သိနိုင်ကုန်ရာ၏။
ရဟန်းတို့ ထိုသူမိုက်သည် မျက်မှောက်သော ကိုယ်၏အဖြစ်၌ သုံးမျိုးသော ဆင်းရဲခြင်း နှလုံး မသာခြင်းကို ခံစားရ၏၊ ရဟန်းတို့ သူမိုက်သည် အစုအဝေးသဘင်၌သော်လည်း ထိုင်နေသည်ဖြစ်စေ၊ လမ်းမ၌သော်လည်း ထိုင်နေသည်ဖြစ်စေ၊ လမ်းဆုံ၌သော်လည်း ထိုင်နေသည်ဖြစ်စေ ထိုသို့နေရာ၌ လူအပေါင်းသည် ထိုအပြုအမူတို့ကို မှီ၍ဖြစ်သော ထိုအပြုအမူတို့နှင့် လျော်သော စကားကို အကယ်၍ ပြောဆိုအံ့၊ ရဟန်းတို့ လူမိုက်သည် အကယ်၍ အသက်ကို သတ်လေ့ရှိအံ့၊ မပေးသည်ကို ယူလေ့ရှိအံ့၊ ကာမတို့၌ မှားယွင်းသော အကျင့်ကို ကျင့်လေ့ရှိအံ့၊ မုသားပြောလေ့ ရှိအံ့၊ မေ့လျော့ခြင်း အကြောင်းဖြစ် သော သေအရက်ကို သောက်လေ့ရှိအံ့။ ထိုသို့ဖြစ်ရာ၌ သူမိုက်အား ဤသို့ အကြံဖြစ်၏—“လူအပေါင်း သည် ထိုအပြုအမူတို့ကို မှီ၍ဖြစ်သော ထိုအပြုအမူတို့နှင့် လျော်သောစကားကို ပြောဆို၏၊ ငါ၌ ထို တရားတို့သည် ရှိကုန်သည်သာတည်း၊ ငါ့ကိုလည်း ထိုတရားတို့၌ တွေ့မြင်ရ၏”ဟု ဤသို့ အကြံဖြစ်၏။ ရဟန်းတို့ လူမိုက်သည် မျက်မှောက်သော ကိုယ်၏အဖြစ်၌ ရှေးဦးစွာသော ဤဆင်းရဲခြင်း နှလုံးမသာ ခြင်းကို ခံစားရ၏။
၂၄၇။ ရဟန်းတို့ နောက်တစ်မျိုးကား မကောင်းမှု ပြုကျင့်သော ခိုးသူကို မင်းတို့သည် ဖမ်းယူ၍ ညှဉ်းပန်းမှု အမျိုးမျိုးတို့ကို ပြုသည်တို့ကို တွေ့မြင်လေ၏၊ ကြိမ်လုံးတို့ဖြင့် ရိုက်သည်တို့ကိုလည်း ကောင်း၊ ကြိမ်နွယ်တို့ဖြင့် ရိုက်သည်တို့ကိုလည်းကောင်း၊ (နှစ်တောင့်ထွာရှိသော) တုတ်တိုတို့ဖြင့် ရိုက် သည်တို့ကိုလည်းကောင်း၊ လက်ကို ဖြတ်သည်တို့ကိုလည်းကောင်း၊ ခြေကို ဖြတ်သည်တို့ကိုလည်းကောင်း၊ လက်ခြေကို ဖြတ်သည်တို့ကိုလည်းကောင်း၊ နားကို ဖြတ်သည်တို့ကိုလည်းကောင်း၊ နှာခေါင်းကို ဖြတ်သည် တို့ကိုလည်းကောင်း၊ နားနှာခေါင်းကို ဖြတ်သည်တို့ကိုလည်းကောင်း၊ ဦးခေါင်းခွံကို ဖောက်၍ ဦးနှောက်ကို ပအုံးရည်ကဲ့သို့ ပူလောင်စေသည်တို့ကိုလည်းကောင်း၊ ခရုသင်းပမာ ဦးခေါင်းရေကို ခွါသည်တို့ကိုလည်း ကောင်း၊ နေကို ငုံသည့် ရာဟုခံတွင်းအလား ပါးစပ်တွင်း၌ သွေးပြည့်အောင် ပြုသည်တို့ကိုလည်းကောင်း၊ ကိုယ်ကို ဆီဆွတ်သည့် အဝတ်ဖြင့် ရစ်ပတ်၍ မီးပန်းပမာ ရှို့မြှိုက်သည်တို့ကိုလည်းကောင်း၊ လက်နှစ်ဖက် ကို ဆီဆွတ်သည့် အဝတ်ဖြင့် ရစ်ပတ်၍့မီးတိုင်ပမာ ရှို့မြှိုက်သည်တို့ကိုလည်းကောင်း၊ မြစ်ခြေပင်မ၌ အရိုးအရွက်တို့ ရစ်ပတ်နေသော ပိန်းပင်အလား ဖမျက်အထိ တစ်ကိုယ်လုံးမှ အရေကို ခွါချကာ ပြေးလွှား စေသည်တို့ကိုလည်းကောင်း၊ အောက်တစ်ကိုယ်လုံးမှ အရေကို လည်ပင်းအထိ ခွါ၍ လျော်တေဝတ်ရုံသော ရသေ့အလား ပြေးလွှားစေသည်တို့ကိုလည်းကောင်း၊ ခြေလက်လေးဖက်၌ တံကျင်လျှို ထား၍ လေးဘက် တွားနေသည့် သားကောင်ကဲ့သို့ ပြုလုပ်သည်တို့ကိုလည်းကောင်း၊ အရေအသား အကြောတို့ကို ငါးမျှား ချိတ်ပမာ ထက်စွာသော သံချိတ်တို့ဖြင့် ဆွဲချိတ်၍ ချသည်တို့ကိုလည်းကောင်း၊ တစ်ကိုယ်လုံးမှ အသားစိုင် တို့ကို တစ်ကျပ်သား တစ်ကျပ်သားခန့် ခြွေချသည်တို့ကိုလည်းကောင်း၊ တစ်ကိုယ်လုံး၌ သံဆူးခက်တို့ဖြင့် ရိုက်နှက်ကာ ဆားဆပ်ပြာတို့ဖြင့် ပက်ကြသည်တို့ကိုလည်းကောင်း၊ တံခါးတိုင်၌ တံခါးကျင်လှည့်သကဲ့သို့ ကိုယ်ကို သံတံကျင်လျှို၍ လှည့်စေသည်တို့ကိုလည်းကောင်း၊ အရိုးအားလုံးကို မှုန့်မှုန့် ညက်ညက် ကြေမွ စေလျက် ကောက်ရိုးကရွတ်ခွေကဲ့သို့ ပြုလုပ်သည်တို့ကိုလည်းကောင်း၊ ဆီပူဖြင့် သွန်းလောင်းသည်တို့ ကိုလည်းကောင်း၊ ခွေးတို့ကို ကိုက်စေသည်တို့ကိုလည်းကောင်း၊ အရှင်လတ်လတ် သံတံကျင်ဖြင့် လျှိုသည် တို့ကိုလည်းကောင်း၊ သန်လျက်ဖြင့် ဦးခေါင်းကို ဖြတ်သည်တို့ကိုလည်းကောင်း လူမိုက်သည် မြင်ရလေ၏။
ရဟန်းတို့ ထိုညှဉ်းပန်းမှုကို မြင်ရာ၌ သူမိုက်အား ဤသို့သော အကြံသည် ဖြစ်၏—“အကြင်သို့ သဘောရှိကုန်သော ယုတ်မာကုန်သော အမှုတို့ကို ပြုခြင်းဟူသော အကြောင်းကြောင့် မင်းတို့သည် မကောင်းမှု ပြုကျင့်သော ခိုးသူကို ဖမ်းယူ၍ ညှဉ်းပန်းမှုအမျိုးမျိုးတို့ကို ပြုကုန်၏၊ ကြိမ်လုံးတို့ဖြင့်လည်း ရိုက်ကုန်၏။ပ။ သန်လျက်ဖြင့်လည်း ဦးခေါင်းကို ဖြတ်ကြကုန်၏။ ငါ၌ ထိုယုတ်မာသော တရားတို့သည် ရှိကုန်သည်သာတည်း၊ ထိုယုတ်မာသော တရားတို့၌ ငါ့ကို တွေ့မြင်ရ၏။ မင်းတို့သည် ငါ့ကိုလည်း အကယ်၍ သိကုန်ငြားအံ့၊ မင်းတို့သည် ငါ့ကိုလည်း ဖမ်းကုန်၍ ညှဉ်းပန်းမှု အမျိုးမျိုးတို့ကို ပြုကုန်ရာ၏၊ ကြိမ်လုံးတို့ဖြင့်လည်း ရိုက်ကုန်ရာ၏။ပ။ အရှင်လတ်လတ်လည်း သံတံကျင်ဖြင့် လျှိုကုန်ရာ၏ သန်လျက်ဖြင့်လည်း ဦးခေါင်းကို ဖြတ်ကုန်ရာ၏”ဟု အကြံဖြစ်၏။ ရဟန်းတို့ သူမိုက်သည် မျက်မှောက် ဘဝ၌ နှစ်ခုမြောက်ဖြစ်သော ဤဆင်းရဲခြင်း နှလုံးမသာယာခြင်းကို ခံစားရ၏။
၂၄၈။ ရဟန်းတို့ နောက်တစ်မျိုးကား သေရာအင်းပျဉ်၌ တင်ထားအပ်သည်လည်းဖြစ်သော သေရာ ညောင်စောင်း၌ တင်ထားအပ်သည်လည်းဖြစ်သော သေရာမြေအရပ်၌ မထဘဲ လျောင်းအိပ်သည်လည်း ဖြစ်သော ထိုသူမိုက်၏ ရှေးကပြုခဲ့ဖူးသော ကာယဒုစရိုက် ဝစီဒုစရိုက် မနောဒုစရိုက်ဟူကုန်သော ယုတ်မာ သော အပြုအမူတို့သည် သေခါနီးအခါ၌ ထင်လာကုန်၏၊ ပေါ်လာကုန်၏၊ လွှမ်းမိုးလာကုန်၏။ ရဟန်းတို့ ဥပမာအားဖြင့် ကြီးစွာသော တောင်ထွတ်တို့၏ အရိပ်တို့သည် ညနေချမ်းအခါ မြေအပြင်၌ ထင်ကုန်၏၊ ပေါ်ကုန်၏၊ လွှမ်းမိုးလာကုန်၏။ ရဟန်းတို့ ဤအတူသာလျှင် သေရာအင်းပျဉ်၌ တင်ထားအပ်သည်လည်း ဖြစ်သော သေရာညောင်စောင်း၌ တင်ထားအပ်သည်လည်းဖြစ်သော (သေရာ) မြေ၌ မထဘဲ လျောင်းအိပ် သည်လည်းဖြစ်သော ထိုသူမိုက်၏ ရှေးကပြုခဲ့သော ကာယဒုစရိုက် ဝစီဒုစရိုက် မနောဒုစရိုက်ဟူကုန်သော ယုတ်မာသော အပြုအမူတို့သည် ထိုသေခါနီးအခါ ၌ ထင်လာကုန်၏၊ ပေါ်လာကုန်၏၊ လွှမ်းမိုးလာကုန်၏။
ရဟန်းတို့ ထိုနိမိတ်ထင်ရာ၌ သူမိုက်အား ဤသို့သော အကြံသည် ဖြစ်၏—“ငါသည် ကောင်းမှုကို မပြုမိလေစွ၊ ကုသိုလ်ကို မပြုမိလေစွ၊ ကြောက်ရွံ့ခြင်းကို တားမြစ်ကြောင်း ကုသိုလ်ကို မပြုမိလေစွ၊ မကောင်းမှုကို ပြုမိလေစွ၊ ကြမ်းကြုတ်မှုကို ပြုမိလေစွ၊ ညစ်ကျုမှု ဒုစရိုက်ကို ပြုမိလေစွ၊ အချင်းတို့ ကောင်းမှုကို မပြုကုန်သော ကုသိုလ်ကို မပြုမိကုန်သော ကြောက်ရွံ့ခြင်းကို တားမြစ်ကြောင်း ကုသိုလ် တို့ကို မပြုမိကုန်သော မကောင်းမှုကို ပြုမိကုန်သော ကြမ်းကြုတ်မှုကို ပြုမိကုန်သော ညစ်ကျုမှု ဒုစရိုက် ကို ပြုမိကုန်သော ပုဂ္ဂိုလ်တို့၏ လားရာဂတိသို့ လားရာ၏”ဟု (အကြံဖြစ်၏)။ ထိုသူမိုက်သည် ပူဆွေး၏၊ ပင်ပန်း၏၊ ငိုကြွေး၏၊ ရင်ပတ်စည်တီး မြည်တမ်း၏။ ပြင်းစွာ တွေဝေခြင်းသို့ ရောက်၏။ ရဟန်း့တို့ သူမိုက်သည် မျက်မှောက်ဘဝ၌ သုံးခုမြောက်ဖြစ်သော ဤဆင်းရဲခြင်း နှလုံးမသာယာခြင်းကို ခံစား ရ၏။
ရဟန်းတို့ ထိုသူမိုက်သည် ကိုယ်ဖြင့် ဒုစရိုက်ကို ကျင့်၍ နှုတ်ဖြင့် ဒုစရိုက်ကို ကျင့်၍ စိတ်ဖြင့် ဒုစရိုက်ကို ကျင့်၍ ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ မကောင်းသော လားရာ ဖရိုဖရဲကျရာ အပါယ်ငရဲသို့ ရောက်ရ၏။ ရဟန်းတို့ “ဧကန်မလိုချင်စရာ ဧကန်မနှစ်သက်စရာ ဧကန်နှလုံးမသာစရာ” ဟူ၍ အမှန်ပြောဆိုလိုလျှင် ငရဲကိုသာလျှင် “ဧကန်မလိုချင်စရာ ဧကန်မနှစ်သက်စရာ ဧကန်နှလုံးမသာ စရာ” ဟူ၍ အမှန်ဆိုရာ၏၊ ရဟန်းတို့ ငရဲတို့တွင် အလွန်အကဲ ဆင်းရဲကုန်၏၊ ဤငရဲကို ဥပမာပြုခြင်း ငှါပင် မလွယ်ဟု (မိန့်တော်မူ၏)။
၂၄၉။ ဤသို့ မိန့်တော်မူသော် ရဟန်းတစ်ပါးသည် မြတ်စွာဘုရားကို “မြတ်စွာဘုရား ဥပမာ ပြုခြင်းငှါ စွမ်းနိုင်တော်မူပါသလော”ဟု ဤစကားကို လျှောက်၏။ “ရဟန်း စွမ်းနိုင်၏”ဟု မြတ်စွာဘုရားသည် မိန့်တော်မူ၏။ ရဟန်းတို့ ဥပမာအားဖြင့် မကောင်းမှု ပြုကျင့်သော ခိုးသူကို ဖမ်း၍ “အရှင်မင်းကြီး ဤသူကား မကောင်းမှု ပြုကျင့်သော ခိုးသူပါတည်း၊ ဤခိုးသူအား အလိုရှိရာ ဒဏ်ကို ပေးတော်မူပါလော့”ဟု မင်းကြီးအား ပြကုန်ရာ၏။ မင်းကြီးသည် ထိုခိုးသူကို ဤသို့ အမိန့်တော်မှတ် ရာ၏—“အချင်းတို့ သွားကြကုန်လော့၊ ဤယောကျာ်းကို နံနက်အခါ လှံချက်တစ်ရာဖြင့် ထိုးသတ်ကြ ကုန်လော့”ဟု (အမိန့်တော်မှတ်ရာ၏)။ ထိုယောကျာ်းကို နံနက်အခါ လှံချက်တစ်ရာဖြင့် ထိုးသတ်ကြကုန် ရာ၏။ ထို့နောက် မင်းကြီးသည် မွန်းတည့်အခါ၌ “အိုအချင်းတို့ ထိုခိုးသူယောကျာ်းသည် အဘယ်သို့ ဖြစ်သနည်း”ဟု မေးရာ၏။ အရှင်မင်းကြီး ထိုရှေးအတိုင်းသာလျှင် အသက်ရှင် လျက်ပင် ရှိပါသေး၏ဟု (သံတော်ဦးတင်ရာ၏)။ မင်းကြီးသည် ထိုခိုးသူကို ဤသို့ အမိန့်တော်မှတ်ရာ၏ “အချင်းတို့ သွားကြကုန် လော့၊ ထိုယောကျာ်းကို မွန်းတည့်အခါ၌ လှံချက်တစ်ရာဖြင့် ထိုးသတ်ကြကုန်လော့”ဟု (အမိန့်တော်မှတ် ရာ၏)။ ထိုယောကျာ်းကို မွန်းတည့်အခါ၌ လှံချက်တစ်ရာဖြင့် ထိုးသတ်ကြကုန်ရာ၏။ ထို့နောက် မင်းကြီး သည် ညချမ်းအခါ၌ “အိုအချင်းတို့ ထိုခိုးသူယောကျာ်းသည် အဘယ်သို့ ဖြစ်သနည်း”ဟု မေးရာ၏။ အရှင်မင်းကြီး ထိုရှေးအတိုင်းသာလျှင် အသက်ရှင်လျက်ပင် ရှိပါသေး၏ဟု (သံတော်ဦးတင်ရာ၏)။ မင်းကြီးသည် ထိုခိုးသူကို ဤသို့ အမိန့်တော်မှတ်ရာ၏ “အချင်းတို့ သွားကြကုန်လော့၊ ထိုယောကျာ်းကို ညချမ်းအခါ၌ လှံချက်တစ်ရာဖြင့် ထိုးသတ်ကြကုန်လော့ဟု (အမိန့်တော်မှတ်ရာ၏)။ ထိုယောကျာ်းကို ညချမ်းအခါ၌ လှံချက်တစ်ရာဖြင့် ထိုးသတ်ကုန်ရာ၏။ ရဟန်းတို့ အဘယ်သို့ ထင်မှတ်ကုန်သနည်း၊ ခိုးသူယောကျာ်းသည် လှံချက်သုံးရာတို့ဖြင့် ထိုးသတ်သည်ရှိသော် ထိုလှံထိုးခြင်းဟူသော အကြောင်းကြောင့် ဆင်းရဲခြင်း နှလုံးမသာယာခြင်းကို ခံစားရသည် မဟုတ်လောဟု (မေးတော်မူ၏)။ မြတ်စွာဘုရား တစ်ခု သော လှံချက်ဖြင့်လည်း ထိုးသတ်ခံရသော ထိုယောကျာ်းသည် ထိုထိုးသတ်ခြင်းဟူသော အကြောင်းကြောင့် ဆင်းရဲခြင်း နှလုံးမသာယာခြင်းကို ခံစားရသေးရာ၏၊ လှံချက်သုံးရာတို့ဖြင့် ထိုးသတ်ခံရရာ၌မူ အဘယ် ဆိုဖွယ်ရာ ရှိပါအံ့နည်း”ဟု (လျှောက်၏)။
၂၅ဝ။ ထိုအခါ မြတ်စွာဘုရားသည် အနည်းငယ်သော လက်တစ်ဆုပ်စာမျှသော ကျောက်ခဲကို ကိုင်၍ “ရဟန်းတို့ အဘယ်သို့ ထင်မှတ်ကြကုန်သနည်း၊ အနည်းငယ်သော လက်တစ်ဆုပ်စာမျှသော ငါကိုင်ထား သော ကျောက်ခဲနှင့် ဟိမဝန္တာတောင်သည် အဘယ်က သာလွန်၍ ကြီးသနည်း”ဟု ရဟန်းတို့ကို မိန့် တော်မူ၏။ မြတ်စွာဘုရား အနည်းငယ်သော လက်တစ်ဆုပ်စာမျှသော မြတ်စွာဘုရား ကိုင်ထားသော ဤကျောက်ခဲသည် မပြောပလောက်ပါ၊ ဟိမဝန္တာတောင်မင်းကို ထောက်စာသော် ရေတွက်လောက်ခြင်းမျှ သို့လည်း မရောက်ပါ၊ ရာ ထောင်စိတ် တစ်စိတ်မျှသို့လည်း မရောက်ပါ၊ နှိုင်းခိုင်းနိုင်လောက်ရုံမျှသို့လည်း မရောက်ပါဟု (လျှောက်ကြကုန်၏)။ ရဟန်းတို့ ဤအတူသာလျှင် ထိုယောကျာ်းသည် လှံချက်သုံးရာ့တို့ဖြင့် ထိုးသတ်အပ်သည်ရှိသော် ထိုးသတ်ခြင်းဟူသော အကြောင်းကြောင့် ဆင်းရဲခြင်း နှလုံးမသာခြင်းကို ခံစားရ၏၊ ထိုဆင်းရဲခြင်း နှလုံးမသာခြင်းသည် ငရဲ၌ဖြစ်သော ဆင်းရဲကို ထောက်စာသော် (ဆင်းရဲဟု) ရေတွက်လောက်ခြင်းမျှသို့လည်း မရောက်၊ ရာထောင်စိတ် တစ်စိတ်မျှသို့လည်း မရောက်၊ နှိုင်းခိုင်းနိုင် လောက်ရုံမျှသို့လည်း မရောက်။
ရဟန်းတို့ ထိုငရဲကျသူကို ငရဲထိန်းတို့သည် ငါးမျိုးသော နှောင်ဖွဲ့ခြင်းမည်သော ညှဉ်းပန်းမှုကို ပြုကုန်၏၊ လောလောပူသော သံငုတ်ကို လက်၌ စိုက်နှက်ကုန်၏၊ လောလောပူသော သံငုတ်ကို နှစ်ခု မြောက်သော လက်၌ စိုက်နှက်ကုန်၏၊ လောလောပူသော သံငုတ်ကို ခြေ၌ စိုက်နှက်ကုန်၏၊ လောလောပူ သော သံငုတ်ကို နှစ်ခုမြောက်သော ခြေ၌ စိုက်နှက်ကုန်၏၊ လောလောပူသော သံငုတ်ကို ရင်လယ်၌ စိုက်နှက်ကုန်၏။ ထိုငရဲကျသူသည် ထိုငရဲ၌ ဆင်းရဲကုန် ပြင်းထန်ကုန် ကြမ်းတမ်းကုန် နာကျင်ကုန်သော ဝေဒနာတို့ကို ခံစားရ၏၊ ထိုမကောင်းမှုကံ မကုန်သေးသမျှ မသေ။ ရဟန်းတို့ ထိုငရဲကျသူကို ငရဲထိန်း တို့သည် အိပ်စေ၍ ဓားမတို့ဖြင့် ရွေကုန်၏။ ထိုငရဲကျသူသည် ထိုငရဲ၌ ဆင်းရဲကုန် ပြင်းထန်ကုန်။ပ။ မကုန်သေးသမျှ မသေ။ ရဟန်းတို့ ထိုငရဲကျသူကို ငရဲထိန်းတို့သည် ခြေမိုးမျှော် ဦးခေါင်းစောက်ထိုး ကိုင်၍ ပဲခွပ်တို့ဖြင့် ရွေကုန်၏။ ထိုငရဲကျသူသည် ထိုငရဲ၌ ဆင်းရဲကုန် ပြင်းထန်ကုန်။ပ။ မကုန်သေးသမျှ မသေ။
ရဟန်းတို့ ထိုငရဲကျသူကို ငရဲထိန်းတို့သည် ရထား၌ က၍ ရဲရဲပြောင်ပြောင် တောက်လောင်သော မီးလျှံနှင့်တကွသော မီးခိုးနှင့်တကွသော မြေ၌ ပြေးလည်း ပြေးစေကုန်၏၊ ခေါက်တုံ့ခေါက်ပြန်လည်း ပြေးစေကုန်၏။ ထိုငရဲကျသူသည် ထိုငရဲ၌ ဆင်းရဲကုန် ပြင်းထန်ကုန်။ပ။ မကုန်သေးသမျှ မသေ။ ရဟန်းတို့ ထိုငရဲကျသူကို ငရဲထိန်းတို့သည် ရဲရဲပြောင်ပြောင် တောက်လောင်သော မီးလျှံနှင့်တကွသော မီးခိုးနှင့်တကွသော ကြီးစွာသော မီးကျီးတောင်သို့ တက်လည်းတက်စေကုန်၏၊ ဆင်းလည်း ဆင်းစေကုန်၏၊ ထိုငရဲကျသူသည် ထိုငရဲ၌ ဆင်းရဲကုန် ပြင်းထန်ကုန် ကြမ်းတမ်းကုန် နာကျင်ကုန်သော ဝေဒနာတို့ကို ခံစားရ၏။ ထိုမကောင်းမှုကံ မကုန်သေးသမျှ မသေ။
ရဟန်းတို့ ထိုငရဲကျသူကို ငရဲထိန်းတို့သည် ခြေမိုးမျှော် ဦးခေါင်းစောက်ထိုး ကိုင်၍ ရဲရဲပြောင် ပြောင်တောက်လောင်သော မီးလျှံနှင့်တကွသော မီးခိုးနှင့်တကွသော လောလောပူသော သံအိုး’လောဟကုမ္ဘီ’ ငရဲ၌ ပစ်ချကုန်၏။ ထိုငရဲကျသူသည် ထိုသံအိုး ‘လောဟကုမ္ဘီ’ ငရဲ၌ ရေမြှုပ်ကဲ့သို့ ကျက်၏၊ ထိုငရဲကျ သူသည် ထိုသံအိုး ‘လောဟကုမ္ဘီ’ ငရဲ၌ ရေမြှုပ်ကဲ့သို့ ကျက်သည်ရှိသော် တစ်ကြိမ်လည်း အထက်သို့ ပေါ်တက်၏၊ တစ်ကြိမ်လည်း အောက်သို့ မြုပ်သွား၏၊ တစ်ကြိမ်လည်း ဖီလာကန့်လန့်သွား၏။ ထိုငရဲ ကျသူသည် ထိုသံအိုး ‘လောဟကုမ္ဘီ’ ငရဲ၌ ဆင်းရဲကုန် ပြင်းထန်ကုန် ကြမ်းတမ်းကုန် နာကျင်ကုန်သော ဝေဒနာတို့ကို ခံစားရ၏။ ထိုမကောင်းမှုကံ မကုန်သေးသမျှ မသေ။ ရဟန်းတို့ ထိုငရဲကျသူကို ငရဲထိန်း တို့သည် အထပ်ထပ် ငရဲကြီး၌ ပစ်ချကုန်၏။ ရဟန်းတို့ ထိုငရဲကြီးသည်ကား—
လေးထောင့်ရှိ၏၊ တံခါးလေးခုရှိ၏၊ အကွက်ကျအောင် တိုင်းတာဝေဖန်ထား၏၊ သံတံတိုင်းဖြင့် ကာရံ၏၊ သံပြားဖြင့် မိုးအုပ်ထား၏။
ထိုငရဲကြီးမှာ သံဖြင့်ပြီးသော မြေရှိ၏၊ ရဲရဲပြောင်ပြောင် တောက်လောင်၏၊ အခိုးအလျှံ ရှိ၏၊ အခါခပ်သိမ်း ထက်ဝန်းကျင် ယူဇနာတစ်ရာတိုင်တိုင် ပျံ့နှံ့၍ တည်၏။
ရဟန်းတို့ ငါသည် နည်းပရိယာယ် တစ်မျိုးမျိုးဖြင့်လည်း ငရဲစကားကို ဟောငြားအံ့၊ ရဟန်းတို့ ငရဲတို့သည် အလွန်ဆင်းရဲကုန်၏၊ ဤဆင်းရဲပုံကို ဟောကြားခြင်းဖြင့် အဆုံးသို့ရောက်အောင် ဟောခြင်းငှါ မလွယ်။
၂၅၁။ ရဟန်းတို့ မြက်ကို စားကုန်သော တိရစ္ဆာန်သတ္တဝါတို့သည် ရှိကုန်၏။ ထိုသတ္တဝါတို့သည့်စိုသော မြက်တို့ကိုလည်းကောင်း၊ ခြောက်သော မြက်တို့ကိုလည်းကောင်း သွားတို့ဖြင့် နှုတ်ဖြတ်၍ စားကုန်၏၊ ရဟန်းတို့ မြက်ကို စားကုန်သော တိရစ္ဆာန်သတ္တဝါတို့သည် အဘယ်သည်တို့နည်း၊ ဆင်တို့လည်းကောင်း၊ မြင်းတို့လည်းကောင်း၊ နွားတို့လည်းကောင်း၊ မြည်းတို့လည်းကောင်း၊ ဆိတ်တို့လည်း ကောင်း၊ သမင်တို့လည်းကောင်း၊ ထိုမှတစ်ပါး မြက်ကိုစားကုန်သော အချို့သော တိရစ္ဆာန်သတ္တဝါတို့လည်း ကောင်းတည်း။ ရဟန်းတို့ ထိုသူမိုက်သည် ဤလောက၌ ရှေးမဆွက အရသာ၌ တပ်မက်မောသည်ဖြစ်၍ မကောင်းမှုကံတို့ကို ပြုသောကြောင့် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ မြက်စားကုန်သော သတ္တဝါတို့၏ အပေါင်းအဖော်အဖြစ်သို့ ကပ်ရောက်၏။
ရဟန်းတို့ မစင်ကို စားကုန်သော တိရစ္ဆာန်သတ္တဝါတို့သည် ရှိကုန်၏။ ထိုသတ္တဝါတို့သည် အဝေး မှလျှင် မစင်နံ့ရ၍ “ဤအရပ်၌ စားကုန်အံ့၊ ဤအရပ်၌ စားကုန်အံ့”ဟု ပြေးလာကုန်၏။ ဥပမာသည် ကား ပုဏ္ဏားတို့သည် ယဇ်ပူဇော်နံ့ဖြင့် “ဤအရပ်၌ စားကုန်အံ့၊ ဤအရပ်၌ စားကုန်အံ့”ဟု ပြေးလာ ကုန်သကဲ့သို့၊ ရဟန်းတို့ ဤအတူသာလျှင် မစင်ကိုစားကုန်သော တိရစ္ဆာန်သတ္တဝါတို့သည် ရှိကုန်၏။ ထိုသတ္တဝါတို့သည် အဝေးမှလျှင် မစင်နံ့ရ၍ “ဤအရပ်၌ စားကုန်အံ့၊ ဤအရပ်၌ စားကုန်အံ့”ဟု ပြေးလာကုန်၏။ ရဟန်းတို့ မစင်ကို စားကုန်သော တိရစ္ဆာန်သတ္တဝါတို့သည် အဘယ်သည်တို့နည်း ဟူမူ —ကြက်တို့လည်းကောင်း၊ ဝက်တို့လည်းကောင်း၊ အိမ်ခွေးတို့လည်းကောင်း၊ မြေခွေးတို့လည်းကောင်း၊ ထိုမှတစ်ပါး မစင်ကိုစားကုန်သော အချို့သော တိရစ္ဆာန်သတ္တဝါတို့လည်းကောင်းတည်း။ ရဟန်းတို့ ထို သူမိုက်သည် ဤလောက၌ ရှေးမဆွက အရသာ၌ တပ်မက်မောသည်ဖြစ်၍ မကောင်းမှုကံတို့ကို ပြုသော ကြောင့် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ မစင်စားကုန်သော သတ္တဝါတို့၏ အပေါင်းအဖော် အဖြစ်သို့ ကပ်ရောက်၏။
ရဟန်းတို့ အမိုက်တိုက်၌ ပေါက်ပွါးကြီးပြင်း သေလွန်ကုန်သော တိရစ္ဆာန်သတ္တဝါတို့သည် ရှိကုန်၏။ ရဟန်းတို့ အမိုက်တိုက်၌ ပေါက်ပွါးကြီးပြင်း သေလွန်ကုန်သော တိရစ္ဆာန်သတ္တဝါတို့သည် အဘယ် သည်တို့နည်းဟူမူ — ပိုးရွတို့လည်းကောင်း၊ နှံတို့လည်းကောင်း၊ တီတို့လည်းကောင်း၊ ထိုမှတစ်ပါး အမိုက် တိုက်၌ ပေါက်ပွါးကြီးပြင်း သေလွန်ကုန်သော အချို့သော တိရစ္ဆာန်သတ္တဝါတို့လည်းကောင်းတည်း။ ရဟန်းတို့ ထိုသူမိုက်သည် ဤလောက၌ ရှေးမဆွက အရသာ၌ တပ်မက်သည်ဖြစ်၍ မကောင်းမှုကံတို့ကို ပြုသောကြောင့် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ အမိုက်တိုက်၌ ပေါက်ပွါးကြီးပြင်း သေလွန် ကုန်သော သတ္တဝါတို့၏ အပေါင်းအဖော်အဖြစ်သို့ ကပ်ရောက်၏။
ရဟန်းတို့ ရေ၌ ပေါက်ပွါးကြီးပြင်း သေလွန်ကုန်သော တိရစ္ဆာန်သတ္တဝါတို့သည် ရှိကုန်၏။ ရဟန်း တို့ ရေ၌ ပေါက်ပွါးကြီးပြင်း သေလွန်ကုန်သော တိရစ္ဆာန်သတ္တဝါတို့သည် အဘယ်သည်တို့နည်း ဟူမူ — ငါးတို့လည်းကောင်း၊ လိပ်တို့လည်းကောင်း၊ မိချောင်းတို့လည်းကောင်း၊ ထိုမှတစ်ပါး ရေ၌ ပေါက်ပွါး ကြီးပြင်း သေလွန်ကုန်သော အချို့သော တိရစ္ဆာန်သတ္တဝါတို့လည်းကောင်းတည်း။ ရဟန်းတို့ ထိုသူမိုက် သည် ဤလောက၌ ရှေးမဆွက အရသာ၌ တပ်မက်မောသည်ဖြစ်၍ မကောင်းမှုကံတို့ကို ပြုသောကြောင့် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ရေ၌ ပေါက်ပွါးကြီးပြင်း သေလွန်ကုန်သော တိရစ္ဆာန်သတ္တဝါ တို့၏ အပေါင်းအဖော်အဖြစ်သို့ ကပ်ရောက်၏။
ရဟန်းတို့ မစင်ကြယ်သောဝတ္ထု၌ ပေါက်ပွါး ကြီးပြင်း သေလွန်ကုန်သော တိရစ္ဆာန်သတ္တဝါတို့သည် ရှိကုန်၏။ ရဟန်းတို့ မစင်ကြယ်သောဝတ္ထု၌ ပေါက်ပွါးကြီးပြင်း သေလွန်ကုန်သော တိရစ္ဆာန်သတ္တဝါတို့ သည် အဘယ်သည်တို့နည်း ဟူမူ — ရဟန်းတို့ ငါးပုပ်၌ ပေါက်ပွါး ကြီးပြင်း သေလွန်ကုန်သော၊ အကောင် ပုပ်၌။ပ။ ပုပ်သော မုယောမုံ့၌။ ရွှံ့ညွန်ပုပ် (တံစီးတွင်း) ၌။ မှော်ပုပ်၌ ပေါက်ပွါးသည်လည်းဖြစ်ကုန်သော ထိုမှတစ်ပါး မစင်ကြယ်သော ဝတ္ထု၌ ပေါက်ပွါးကြီးပြင်း သေလွန်ကုန်သော အချို့သော တိရစ္ဆာန်သတ္တဝါ တို့တည်း။ ရဟန်းတို ထိုသူမိုက်သည် ဤလောက၌့ရှေးမဆွက အရသာ၌ တပ်မက်မောသည်ဖြစ်၍ မကောင်းမှုကံတို့ကို ပြုသောကြောင့် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ မစင်ကြယ်သော ဝတ္ထု၌ ပေါက်ပွါးကြီးပြင်း သေလွန်ကုန်သော တိရစ္ဆာန်သတ္တဝါတို့၏ အပေါင်းအဖော်အဖြစ်သို့ ကပ်ရောက်၏။
ရဟန်းတို့ ငါသည် နည်းပရိယာယ်အမျိုးမျိုးဖြင့်လည်း တိရစ္ဆာန်နှင့်စပ်သော စကားကို ဟောငြားအံ့၊ ရဟန်းတို့ တိရစ္ဆာန်မျိုး၏ ဆင်းရဲပုံ အလုံးစုံကို ကုန်အောင်ဟောခြင်းငှါ မလွယ်။
၂၅၂။ ရဟန်းတို့ ဥပမာအားဖြင့် ယောကျာ်းသည် တစ်ပေါက်သာရှိသော ထမ်းပိုးကို မဟာ သမုဒ္ဒရာ၌ ပစ်ချရာ၏၊ ထိုထမ်းပိုးကို အရှေ့လေသည် အနောက်အရပ်သို့ လွှင့်ဆောင်ရာ၏၊ အနောက်လေ သည် အရှေ့အရပ်သို့ လွှင့်ဆောင်ရာ၏၊ မြောက်လေသည် တောင်အရပ်သို့ လွင့်ဆောင်ရာ၏၊ တောင်လေ သည် မြောက်အရပ်သို့ လွှင့်ဆောင်ရာ၏။ ထိုသမုဒ္ဒရာ၌ လိပ်ကန်းသည် ရှိရာ၏၊ ထိုလိပ်ကန်းသည် အနှစ်တစ်ရာ အနှစ်တစ်ရာကို လွန်သဖြင့် တစ်ကြိမ် ပေါ်ရာ၏။ ရဟန်းတို့ အဘယ်သို့ ထင်မှတ်ကြကုန် သနည်း၊ ထိုလိပ်ကန်းသည် ထိုတစ်ပေါက်သာရှိသော ထမ်းပိုး၌ လည်ကို စွပ်မိနိုင်ရာအံ့လောဟု (မေး တော်မူ၏)။ မြတ်စွာဘုရား မစွပ်မိနိုင်ရာပါ၊ မြတ်စွာဘုရား ရှည်စွာသောကာလကို လွန်သဖြင့် တစ်ခါ တစ်ရံမူ စွပ်မိနိုင်ရာပါ၏ဟု (လျှောက်ကြကုန်၏)။ ရဟန်းတို့ ထိုလိပ်ကန်းသည် တစ်ပေါက်သာရှိသော ထမ်းပိုး၌ လျင်မြန်စွာ လည်ကို စွပ်မိသော် စွပ်မိနိုင်ရာ၏။ ရဟန်းတို့ တစ်ကြိမ် အပါယ်သို့ကျသော သူမိုက်သည် လူအဖြစ်ကို (ပြန်ရရန်) အလွန်ရခဲ၏ဟု ငါဘုရားဟောကြား၏၊ အဘယ်ကြောင့်နည်းဟူမူ — ရဟန်းတို့ ဤအပါယ်ဘုံ၌ တရားကျင့်ခြင်း အညီအမျှကျင့်ခြင်း ကုသိုလ်ပြုခြင်း ကောင်းမှုပြုခြင်းတို့သည် မရှိကုန်သောကြောင့်တည်း၊ ရဟန်းတို့ ဤအပါယ်ဘုံ၌ အချင်းချင်း ခဲစားခြင်း (အားကြီးသော သတ္တဝါက) အားသေးသော သတ္တဝါကို ခဲစားခြင်းသည် ဖြစ်၏။
ရဟန်းတို့ ထိုသူမိုက်သည် ရှည်စွာသောကာလကို လွန်သဖြင့် တစ်ခါတစ်ရံ လူအဖြစ်သို့ အကယ်၍ ရောက်ငြားအံ့၊ ဤသို့ ရောက်သော် ဒွန်းစဏ္ဍားမျိုး မုဆိုးတံငါမျိုး နှီးသမားမျိုး ရထားလုပ်သမားမျိုး ပန်းမှိုက်သွန်မျိုး ထိုသို့သော ယုတ်ညံ့သော အမျိုး၌ ဖြစ်ရ၏၊ နည်းသောထမင်း အဖျော် ခဲဖွယ် ဘောဇဉ်ရှိသော သူဆင်းရဲမျိုး၌ ဖြစ်ရ၏၊ ဆင်းရဲငြိုငြင်သဖြင့် အစားအဝတ်ကို ရအပ်သော ငြိုငြင်သဖြင့် အသက်မွေးခြင်းရှိသော အမျိုး၌ ဖြစ်ရ၏၊ ထိုသူသည်လည်း အဆင်းမလှသည်လည်းကောင်း၊ ရှုကြည့်ချင် ဖွယ် မကောင်းသည်လည်းကောင်း၊ ပုကွသည်လည်းကောင်း၊ အနာများသည်လည်းကောင်း၊ တစ်ဖက် နှစ်ဖက်ကန်းသည်လည်းကောင်း၊ လက်ကောက်ကွေးသည်လည်းကောင်း၊ ကုန်းသည်လည်းကောင်း၊ ခြေခွင် သည်လည်းကောင်း၊ ထမင်း အဖျော် အဝတ် ယာဉ် ပန်း နံ့သာ နံ့သာပျောင်း အိပ်ရာ နေရာအိုး အိမ်တိုက်တာ ဆီမီးတို့ကို ရခြင်းမရှိသည်လည်းကောင်း ဖြစ်၏။ ထိုသူမိုက်သည် ကိုယ်ဖြင့် ဒုစရိုက်ကို ကျင့်၏၊ နှုတ်ဖြင့် ဒုစရိုက်ကို ကျင့်၏၊ စိတ်ဖြင့် ဒုစရိုက်ကို ကျင့်၏၊ ထိုသူမိုက်သည် ကိုယ်ဖြင့် ဒုစရိုက်ကို ကျင့်၍ နှုတ်ဖြင့် ဒုစရိုက်ကို ကျင့်၍ စိတ်ဖြင့် ဒုစရိုက်ကို ကျင့်၍ ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ မကောင်းသောလားရာ ဖရိုဖရဲကျရာ အပါယ်ငရဲ၌ ဖြစ်ရာ၏။
ရဟန်းတို့ ဥပမာအားဖြင့် အလောင်းအစားကြူးသူသည် ရှေးဦးစွာသော ရှုံးခြင်းဖြင့်ပင်လျှင် သား သမီးကိုလည်း ရှုံးရာ၏၊ မယားကိုလည်း ရှုံးရာ၏၊ အလုံးစုံသော ဥစ္စာနှစ်ကိုလည်း ရှုံးရာ၏၊ ထို့ထက်လည်း (မိမိအား) နှောင်ဖွဲ့ခြင်းသို့ ရောက်ရာ၏။ ရဟန်းတို့ ထိုအလောင်းအစားကြူးသူသည် ရှေးဦးစွာ သော ရှုံးခြင်းဖြင့်ပင်လျှင် သားသမီးကိုလည်း ရှုံးရာ၏၊ မယားကိုလည်း ရှုံးရာ၏၊ အလုံးစုံသော ဥစ္စာနှစ် ကိုလည်း ရှုံးရာ၏၊ ထို့ထက်လည်း မိမိအား နှောင်ဖွဲ့ခြင်းသို့ ရောက်ရာ၏။ ထိုရှုံး ခြင်းသည် မပြောပ လောက် အနည်ငယ်သော ရှုံးခြင်းသာတည်း၊ စင်စစ်သော်ကား ထိုသူမိုက်သည် ကိုယ်ဖြင့် ဒုစရိုက်ကို ကျင့်၍ နှုတ်ဖြင့် ဒုစရိုက်ကို ကျင့်၍ စိတ်ဖြင့် ဒုစရိုက်ကို ကျင့်၍ ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ မကောင်းသောလားရာ ဖရိုဖရဲကျရာ အပါယ်ငရဲ၌ ဖြစ်ရာ၏။ ဤရှုံးခြင်းသည်သာလျှင် ထိုကစား့၍ ရှုံးခြင်းထက် သာ၍ကြီးသော အရှုံးတည်း။ ရဟန်းတို့ ဤဆိုခဲ့ပြီးသည်ကား လုံးဝပြည့်စုံသော သူမိုက် တို့၏ ဖြစ်ရာဘုံတည်း။
၂၅၃။ ရဟန်းတို့ ဤသုံးပါးတို့သည် ပညာရှိလက္ခဏာ၊ ပညာရှိအမှတ်အသား၊ ပညာရှိလုပ်ငန်းစဉ် တို့တည်း။ အဘယ်သုံးပါးတို့နည်းဟူမူ — ရဟန်းတို့ ဤလောက၌ ပညာရှိသည် ကောင်းသော အကြံကိုလည်း ကြံလေ့ရှိ၏။ ကောင်းသော စကားကိုလည် ဆိုလေ့ရှိ၏၊ ကောင်းသော အမှုကိုလည်း ပြုလေ့ရှိ၏။ ရဟန်းတို့ ပညာရှိသည် ထိုကောင်းသော အကြံကို ကြံလေ့ရှိသည်လည်းကောင်း၊ ထိုကောင်းသောစကားကို ဆိုလေ့ရှိသည်လည်းကောင်း၊ ထိုကောင်းသောအမှုကို ပြုလေ့ရှိသည်လည်းကောင်း အကယ်၍ မဖြစ်ငြားအံ့၊ အဘယ်အကြောင်းဖြင့် ထိုသူကို “ဤအသျှင်သည် ပညာရှိတည်း၊ သူတော်ကောင်းတည်း”ဟု ပညာရှိတို့ သည် သိနိုင်ကုန်ရာအံ့နည်း၊ (မသိနိုင်ကုန်ရာ)။ ရဟန်းတို့ အကြင်အကြောင်းကြောင့် ပညာရှိသည် ကောင်းသော အကြံကိုလည်း ကြံလေ့ရှိ၏၊ ကောင်းသော စကားကိုလည်း ဆိုလေ့ရှိ၏၊ ကောင်းသော အမှု ကိုလည်း ပြုလေ့ရှိ၏၊ ထိုအကြောင်းကြောင့် ထိုသူကို “ဤသူသည် ပညာရှိတည်း၊ သူတော်ကောင်း တည်း”ဟု ပညာရှိတို့သည် သိနိုင်ကုန်ရာ၏။
ရဟန်းတို့ ထိုပညာရှိသည် မျက်မှောက်သော ကိုယ်၏ အဖြစ်၌ သုံးမျိုးသော ချမ်းသာခြင်း ဝမ်း မြောက်ခြင်းကို ခံစားရ၏။ ရဟန်းတို့ ထိုပညာရှိသည် အစုအဝေးသဘင်၌သော်လည်း ထိုင်နေသည်ဖြစ်စေ၊ လမ်းမ၌သော်လည်း ထိုင်နေသည်ဖြစ်စေ၊ လမ်းဆုံ၌သော်လည်း ထိုင်နေသည်ဖြစ်စေ ထိုသို့နေရာ၌ လူ အပေါင်းသည် ထိုအပြုအမူတို့ကို မှီ၍ဖြစ်သော ထိုအပြုအမူနှင့် လျော်သော စကားကို အကယ်၍ ပြော ဆိုအံ့။ ရဟန်းတို့ ပညာရှိသည် အကယ်၍ အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်ငြားအံ့၊ မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်ငြားအံ့၊ ကာမတို့၌ မှားယွင်းစွာ ကျင့်ခြင်းမှ ရှောင်ကြဉ်ငြားအံ့၊ မုသားဆိုခြင်းမှ ရှောင်ကြဉ်ငြားအံ့၊ မေ့လျော့ခြင်း၏ အကြောင်းဖြစ်သော သေအရက်ကို သောက်ခြင်းမှ ရှောင်ကြဉ်ငြားအံ့၊ ထိုသို့ဖြစ်ရာ၌ ပညာရှိအား ဤသို့ အကြံဖြစ်ရာ၏ “လူအပေါင်းသည် ထိုအပြုအမူတို့ကို မှီ၍ဖြစ်သော ထိုအပြုအမူတို့နှင့်လျော်သော စကားကို ပြောဆို၏။ ငါ၌လည်း ထိုတရားတို့သည် ရှိကုန်သည်သာတည်း၊ ငါ့ကိုလည်း ထိုတရားတို့၌ တွေ့မြင်ရ၏”ဟု (အကြံဖြစ်ရာ၏)။ ရဟန်းတို့ ပညာရှိသည် မျက်မှောက် သော ကိုယ်၏ အဖြစ်၌ ရှေးဦးစွာသော ဤချမ်းသာခြင်း ဝမ်းမြောက်ခြင်းကို ခံစားရ၏။
၂၅၄။ ရဟန်းတို့ နောက်တစ်မျိုးကား မကောင်းမှု ပြုကျင့်သောသူကို မင်းတို့သည် ဖမ်းယူ၍ ညှဉ်းပန်းမှုအမျိုးမျိုးတို့ကို ပြုသည်တို့ကို တွေ့မြင်လေ၏၊ ကြိမ်လုံးတို့ဖြင့် ရိုက်သည်တို့ကိုလည်းကောင်း၊ ကြိမ်နွယ်တို့ဖြင့် ရိုက်သည်တို့ကိုလည်းကောင်း၊ (နှစ်တောင့်ထွာရှိသော) တုတ်တိုတို့ဖြင့် ရိုက်သည်တို့ကိုလည်းကောင်း၊ လက်ကို ဖြတ်သည်တို့ကိုလည်းကောင်း၊ ခြေကို ဖြတ်သည်တို့ကိုလည်းကောင်း၊ လက်ခြေကို ဖြတ်သည်တို့ကိုလည်းကောင်း၊ နားကို ဖြတ်သည်တို့ကိုလည်းကောင်း၊ နှာခေါင်းကို ဖြတ်သည်တို့ကိုလည်း ကောင်း၊ နား နှာခေါင်းကို ဖြတ်သည်တို့ကိုလည်းကောင်း၊ ဦးခေါင်းခွံကို ဖောက်၍ ဦးနှောက်ကို ပအုံးရည် ကဲ့သို့ ပူလောင်စေသည်တို့ကိုလည်းကောင်း၊ ခရုသင်းပမာ ဦးခေါင်းရေကို ခွါသည်တို့ကိုလည်းကောင်း၊ နေကို ငုံသည့် ရာဟုခံတွင်းအလား ပါးစပ်တွင်း၌ သွေးပြည့်အောင် ပြုသည်တို့ကိုလည်းကောင်း၊ ကိုယ်ကို ဆီဆွတ်သည့်အဝတ်ဖြင့် ရစ်ပတ်၍ မီးပန်းပမာ ရှို့မြှိုက်သည်တို့ကိုလည်းကောင်း၊ လက်နှစ်ဖက်ကို ဆီဆွတ်သည့်အဝတ်ဖြင့် ရစ်ပတ်၍ မီးတိုင်ပမာ ရှို့မြှိုက်သည်တို့ကိုလည်းကောင်း၊ မြစ်ခြေပင်မ၌ အရိုး အရွက်တို့ ရစ်ပတ်နေသော ပိန်းပင်အလား ဖမျက်အထိ တစ်ကိုယ်လုံးမှ အရေကို ခွါချကာ ပြေးလွှားစေ သည်တို့ကိုလည်းကောင်း၊ အောက်တစ်ကိုယ်လုံးမှ အရေကိုလည် ပင်းအထိ ခွါ၍ လျှော်တေဝတ်ရုံသော ရသေ့အလား့ပြေးလွှားစေသည်တို့ကိုလည်းကောင်း၊ ခြေလက်လေးဖက်၌ တံကျင်လျှိုထား၍ လေးဖက် တွားနေသည့် သားကောင်ကဲ့သို့ ပြုလုပ်သည်တို့ကိုလည်းကောင်း၊ အရေ အသား အကြောတို့ကို ငါးမျှား ချိတ်ပမာ ထက်စွာသော သံချိတ်တို့ဖြင့် ဆွဲချိတ်၍ ချသည်တို့ကိုလည်းကောင်း၊ တစ်ကိုယ်လုံးမှ အသား စိုင်တို့ကို တစ်ကျပ်သား တစ်ကျပ်သားခန့် ခြွေချသည်တို့ကိုလည်းကောင်း၊ တစ်ကိုယ်လုံး၌ သံဆူး ခက်တို့ဖြင့် ရိုက်နှက်ကာ ဆားဆပ်ပြာတို့ဖြင့် ပက်ကြသည်တို့ကိုလည်းကောင်း၊ တံခါးတိုင်၌ တံခါးကျင် လှည့် သကဲ့သို့ ကိုယ်ကို သံတံကျင်လျှို၍ လှည့်စေသည်တို့ကိုလည်းကောင်း၊ အရိုးအားလုံးကို မှုန့်မှုန့် ညက်ညက် ကြေမွစေလျက် ကောက်ရိုးကရွတ်ခွေကဲ့သို့ ပြုလုပ်သည်တို့ကိုလည်းကောင်း၊ ဆီပူဖြင့် သွန်း လောင်းသည်တို့ကိုလည်းကောင်း၊ ခွေးတို့ကို ကိုက်စေသည်ကိုလည်းကောင်း၊ အရှင်လတ်လတ် သံတံကျင် ဖြင့် လျှိုကြသည်တို့ကိုလည်းကောင်း၊ သန်လျက်ဖြင့် ဦးခေါင်းကို ဖြတ်ကြသည်တို့ကိုလည်းကောင်း ပညာ ရှိသည် မြင်ရလေ၏။
ရဟန်းတို့ ထိုညှဉ်းပန်းမှုကို မြင်ရာ၌ ပညာရှိအား ဤသို့သော အကြံသည် ဖြစ်၏ “အကြင်သို့ သဘောရှိကုန်သော ယုတ်မာကုန်သော အမှုကို ပြုခြင်းဟူသော အကြောင်းကြောင့် မကောင်းမှုပြုကျင့်သော ခိုးသူကို မင်းတို့သည် ဖမ်းယူ၍ ညှဉ်းပန်းမှု အမျိုးမျိုးတို့ကို ပြုကုန်၏၊ ကြိမ်လုံးတို့ဖြင့် ရိုက်ကြကုန်၏၊ ကြိမ်နွယ်တို့ဖြင့် ရိုက်ကြကုန်၏၊ (နှစ်တောင့်ထွာရှိသော) တုတ်တိုတို့ဖြင့် ရိုက်ကြကုန်၏၊ လက်ကိုလည်း ဖြတ်ကြကုန်၏၊ ခြေကိုလည်း ဖြတ်ကြကုန်၏၊ လက်ခြေကိုလည်း ဖြတ်ကြကုန်၏၊ နားကိုလည်း ဖြတ်ကြ ကုန်၏၊ နှာခေါင်းကိုလည်း ဖြတ်ကြကုန်၏၊ နားနှာခေါင်းကိုလည်း ဖြတ်ကြကုန်၏၊ ဦးခေါင်းခွံကို ဖောက်၍ ဦးနှောက်ကို ပအုံးရည်ကဲ့သို့လည်း ပူလောင်စေကုန်၏၊ ခရုသင်းပမာ ဦးခေါင်းရေကိုလည်း ခွါကုန်၏၊ နေကို ငုံသည့် ရာဟုခံတွင်းအလား ပါးစပ်တွင်း၌ သွေးပြည့်အောင်လည်း ပြုကုန်၏၊ ကိုယ်ကို ဆီဆွတ် သည့် အဝတ်ဖြင့် ရစ်ပတ်၍ မီးပန်းပမာလည်း ရှို့မြှိုက်ကုန်၏၊ လက်နှစ်ဖက်ကို ဆီဆွတ်သည့် အဝတ်ဖြင့် ရစ်ပတ်၍ မီးတိုင်ပမာလည်း ရှို့မြှိုက်ကုန်၏၊ မြစ်ခြေပင်မ၌ အရိုးအရွက်တို့ ရစ်ပတ်နေသော ပိန်းပင် အလား ဖမျက်အထိ တစ်ကိုယ်လုံးမှ အရေကို ခွါချကာ ပြေးလွှားစေခြင်းကိုလည်း ပြုကုန်၏၊ အောက် တစ်ကိုယ်လုံးမှ အရေကို လည်ပင်းအထိ ခွါ၍ လျှော်တေဝတ်ရုံသော ရသေ့အလား ပြေးလွှားစေခြင်း ကိုလည်း ပြုကြကုန်၏၊ ခြေလက်လေးဘက်၌ တံကျင်လျှို ထား၍ လေးဘက်တွားနေသည့် သားကောင်း ကဲ့သို့လည်း ပြုလုပ်ကြကုန်၏၊ အရေ အသား အကြောတို့ကို ငါးမျှားချိတ်ပမာ ထက်စွာသော သံချိတ် တို့ဖြင့် ဆွဲချိတ်၍လည်း ချကုန်၏၊ တစ်ကိုယ်လုံးမှ အသားစိုင်တို့ကို တစ်ကျပ်သား တစ်ကျပ်သားခန့် ခြွေချခြင်းကိုလည်း ပြုလုပ်ကုန်၏၊ တစ်ကိုယ်လုံး၌ သံဆူးခက်တို့ဖြင့် ရိုက်နှက်ကာ ဆားဆပ်ပြာတို့ဖြင့်လည်း ပက်ကုန်၏၊ တံခါးတိုင်၌ တံခါးကျင်လှည့်သကဲ့သို့ ကိုယ်ကို သံတံကျင်လျှို၍ လှည့်စေခြင်းကိုလည်း ပြုလုပ်ကုန်၏၊ အရိုးအားလုံးကို မှုန့်မှုန့် ညက်ညက် ကြေမွစေလျက် ကောက်ရိုးကရွတ်ခွေကဲ့သို့လည်း ပြုကုန်၏၊ ဆီပူဖြင့်လည်း လောင်းကုန်၏၊ ခွေးတို့ကိုလည်း ကိုက်စေကြကုန်၏၊ အရှင်လတ်လတ်လည်း သံတံကျင်လျှိုကုန်၏၊ သန်လျက်ဖြင့်လည်း ဦးခေါင်းကို ဖြတ်ကြကုန်၏၊ ထိုယုတ်မာသော တရားတို့သည် ငါ၌ မရှိကုန်၊ ထိုယုတ်မာသော တရားတို့၌ ငါ့ကို မတွေ့မြင်အပ်”ဟု ဤသို့ အကြံဖြစ်၏။ ရဟန်းတို့ ပညာရှိသည် မျက်မှောက်သော ကိုယ်၏အဖြစ်၌ နှစ်ခုမြောက်ဖြစ်သော ဤချမ်းသာခြင်း ဝမ်းမြောက်ခြင်း ကိုလည်း ခံစားရ၏။
၂၅၅။ ရဟန်းတို့ နောက် တစ်မျိုးကား သေရာအင်းပျဉ်၌ တင်ထားအပ်သည်မူလည်းဖြစ်သော သေရာ ညောင်စောင်း၌ တင်ထားအပ်သည်မူလည်းဖြစ်သော သေရာမြေအရပ်၌ မထဘဲ လျောင်းအိပ် သည်မူလည်းဖြစ်သော ထိုပညာရှိ၏ ရှေးကပြုခဲ့သော ကာယသုစရိုက် ဝစီသုစရိုက် မနောသုစရိုက်ဟူသော ကောင်းမှုကံတို့သည် သေခါနီးအခါ၌ ထင်လာကုန်၏၊ ပေါ်လာကုန်၏၊ လွှမ်းမိုးလာကုန်၏။ ရဟန်းတို့ဥပမာအားဖြင့် ကြီးစွာသော တောင်ထွတ်တို့၏ အရိပ်တို့သည် ညနေချမ်းအခါ မြေအပြင်၌ ထင်လာကုန် သကဲ့သို့၊ ပေါ်လာကုန် သကဲ့သို့၊ လွှမ်းမိုးလာကုန်သကဲ့သို့၊ ရဟန်းတို့ ဤအတူသာလျှင် သေရာအင်းပျဉ်၌ တင်ထားအပ်သည်မူလည်းဖြစ်သော သေရာညောင်စောင်း၌ တင်ထားအပ်သည်မူလည်းဖြစ်သော သေရာမြေ အရပ်၌ မထဘဲ လျောင်းအိပ်သည်မူလည်း ဖြစ်သော ထိုပညာရှိ၏ ရှေးကပြုခဲ့သော ကာယသုစရိုက် ဝစီသုစရိုက် မနောသုစရိုက်ဟူသော ကောင်းမှုကံတို့သည် သေခါနီးအခါ၌ ထင်လာကုန်၏၊ ပေါ်လာကုန်၏၊ လွှမ်းမိုးလာကုန်၏၊ ရဟန်းတို့ ထိုနိမိတ်ထင်ရာ၌ ထိုပညာရှိအား ဤသို့သော အကြံသည် ဖြစ်၏ “ငါသည် မကောင်းမှုကို မပြုခဲ့ပေစွ၊ ကြမ်းကြုတ်မှုကို မပြုခဲ့ပေစွ၊ ညစ် ကျုမှု ဒုစရိုက်ကို မပြုခဲ့ပေစွ၊ ကောင်းမှုကို ပြုခဲ့ရပေ၏၊ ကုသိုလ်ကို ပြုခဲ့ရပေ၏၊ ကြောက်ရွံ့ခြင်းကို တားမြစ်ကြောင်း ကုသိုလ်ကို ပြုခဲ့ရပေ၏၊ အချင်းတို့ မကောင်းမှုကို မပြုမိကုန်သော ကြမ်းကြုတ်မှုကို မပြုမိကုန်သော ညစ်ကျုမှု ဒုစရိုက်ကို မပြုမိကုန်သော ကောင်းမှုကို ပြုမိကုန်သော ကုသိုလ်ကို ပြုမိကုန်သော ကြောက်ရွံ့ခြင်းကို တားမြစ် ကြောင်း ကုသိုလ်ကို ပြုမိကုန်သော ပုဂ္ဂိုလ်တို့၏ လားရာဂတိသို့ တမလွန်ဘဝ၌ လားရာ၏”ဟု အကြံ ဖြစ်၏။ ထိုပညာရှိသည် မပူဆွေး မပင်ပန်း မငိုကြွေး ရင်ဘတ်စည်တီး မမြည်တမ်း ပြင်းစွာတွေဝေခြင်း သို့ မရောက်။ ရဟန်းတို့ ပညာရှိသည် မျက်မှောက်သော ကိုယ်၏အဖြစ်၌ သုံးခုမြောက်ဖြစ်သော ဤ ချမ်းသာခြင်း ဝမ်းမြောက်ခြင်းကိုလည်း ခံစားရ၏။
ရဟန်းတို့ ထိုပညာရှိသည် ကိုယ်ဖြင့် ကောင်းသော အကျင့်ကို ကျင့်၍ နှုတ်ဖြင့် ကောင်းသော အကျင့်ကို ကျင့်၍ စိတ်ဖြင့် ကောင်းသော အကျင့်ကို ကျင့်၍ ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော လားရာ နတ်ပြည်လောက၌ ဖြစ်ရ၏။ ရဟန်းတို့ “ဧကန်လိုချင်စရာ ဧကန်နှစ်သက်စရာ ဧကန်ဝမ်းမြောက်စရာ”ဟူ၍ အမှန်ကို ပြောဆိုလိုလျှင် နတ်ပြည်ကိုသာလျှင် “ဧကန်လိုချင်စရာ ဧကန်နှစ် သက်စရာ ဧကန်ဝမ်းမြောက်စရာ”ဟူ၍ အမှန်ဆိုရာ၏။ ရဟန်းတို့ နတ်ပြည်တို့သည် အလွန်အကဲ ချမ်း သာကုန်၏၊ ဤနတ်ပြည်ချမ်းသာကို ဥပမာပြုခြင်းငှါပင် မလွယ်ဟု (မိန့်တော်မူ၏)။
၂၅၆။ ဤသို့ မိန့်တော်မူသော် ရဟန်းတစ်ပါးသည် မြတ်စွာဘုရားကို “မြတ်စွာဘုရား ဥပမာ ပြုခြင်းငှါ စွမ်းနိုင်ပါသလော”ဟု ဤစကားကို လျှောက်ထား၏။ “ရဟန်း စွမ်းနိုင်၏”ဟု မြတ်စွာဘုရား သည် မိန့်တော်မူ၏။ ရဟန်းတို့ ဥပမာအားဖြင့် စကြဝတေးမင်းသည် ရတနာခုနစ်ပါးတို့နှင့်လည်း ကောင်း၊ တန်ခိုးဣဒ္ဓိပါဒ်လေးပါးတို့နှင့်လည်းကောင်း ပြည့်စုံ၏၊ ထိုအကြောင်းကြောင့် ချမ်းသာခြင်း ဝမ်းမြောက်ခြင်းကို ခံစားရ၏။ အဘယ်ရတနာ ခုနစ်ပါးတို့နှင့် ပြည့်စုံသနည်းဟူမူ — ရဟန်းတို့ ဦးထိပ်၌ အဘိသိက်သွန်းပြီးသော ရေမြေကို အစိုးရသော (စကြဝတေး)မင်းအား တစ်ဆယ့်ငါးရက်မြောက် ဥပုသ် နေ့၌ ဦးခေါင်းဆေးမင်္ဂလာပြုပြီးလျှင် (အဋ္ဌင်္ဂ) ဥပုသ်ကို ဆောက်တည်လျက် မြတ်သော ပြာသာဒ်ထက်၌ နေစဉ် အကန့်တစ်ထောင်ရှိသော အကွပ်ပုံတောင်းများနှင့်တကွ အခြင်းအရာအလုံးစုံရှိသော နတ်တန်ခိုးနှင့် ပြည့်စုံသော စကြာရတနာသည် ဖြစ်ပေါ်လာ၏၊ ထိုစကြာရတနာကို မြင်လတ်သော် ဦးထိပ်၌ အဘိသိက် သွန်းပြီးသော ရေမြေကိုအစိုးရသော (စကြဝတေး) မင်းအား ဤသို့သော အကြံသည် ဖြစ်၏ “ဦးထိပ်၌ အဘိသိက်သွန်းပြီးသော ရေမြေကို အစိုးရသော အကြင်မင်းအား တစ်ဆယ့်ငါးရက် မြောက်ဖြစ်သော ဥပုသ်နေ့၌ ဦးခေါင်းဆေးမင်္ဂလာပြုပြီးလျှင် (အဋ္ဌင်္ဂ) ဥပုသ်ကို ဆောက်တည်လျက် မြတ်သော ပြာသာဒ် ထက်၌ နေစဉ် အကန့်တစ်ထောင်ရှိသော အကွပ်ပုံတောင်းများနှင့်တကွ အခြင်းအရာအလုံးစုံရှိသော နတ် တန်ခိုးနှင့်ပြည့်စုံသော စကြာရတနာသည် ဖြစ်ပေါ်လာငြားအံ့၊ ထိုမင်းသည် စကြဝတေးမင်း ဖြစ်၏ ဟူ သော ဤစကားကို ငါကြားဖူး၏၊ ငါသည်ပင် စကြဝတေးမင်းဖြစ်လေသလော”ဟု (အကြံဖြစ်၏)။ ရဟန်း တို့ ဦးထိပ်၌ အဘိသိက်သွန်းပြီးသော ရေမြေကို အစိုးရသော (စကြဝတေး) မင်းသည် လက်ဝဲလက်ဖြင့် ရွှေကရားကို ကိုင်လျက် “အသျှင်စကြာရတနာသည် လည်စေသတည်း၊ အသျှင်စကြာရတနာသည် အောင့်စေသတည်း”ဟု (ဆို၍) စကြာရတနာကို လက်ယာလက်ဖြင့် ရေသွန်းဖျန်း၏။ ရဟန်းတို့ ထိုအခါ ထိုစကြာရတနာသည် အရှေ့အရပ်သို့ လည်သွားလေ၏၊ စကြဝတေးမင်းသည် စစ်အင်္ဂါလေးပါးနှင့်တကွ တပါတည်း လိုက်ပါသွားလေ၏။ ရဟန်တို့ စကြာရတနာရပ်တံ့ရာအရပ်၌ စကြဝတေးမင်းသည် စစ်အင်္ဂါ လေးပါးနှင့်တကွ စခန်းချလျက် နေ၏။ ရဟန်းတို့ အရှေ့အရပ်၌ရှိသော ထီးပြိုင်မင်းတို့သည် စကြဝတေး မင်းထံသို့ ချဉ်း ကပ်ပြီးလျှင် “မင်းကြီး ကြွလာတော်မူပါ၊ မင်းကြီး အရှင်မင်းကြီး၏ လာခြင်းသည် ကောင်းသောလာခြင်း ဖြစ်ပါသည်၊ မင်းကြီး (ဤနိုင်ငံသည်) အရှင်၏ နိုင်ငံပါတည်း၊ မင်းကြီး ဆုံးမ တော်မူပါ”ဟု ဤသို့ ဆိုကုန်၏။ စကြဝတေးမင်းသည် ဤသို့ မိန့်ဆို၏ “အသက်ကို မသတ်အပ်၊ မပေးသည်ကို မယူအပ်၊ ကာမတို့၌ ဖောက်ပြားသော အကျင့်ကို မကျင့်အပ်၊ မဟုတ်မမှန်သော စကားကို မပြောဆိုအပ်၊ သေရည်သေရက်ကို မသောက်အပ်၊ ကောက်ခံမြဲ အခွန်အတုတ်ကိုလည်း ကောက်ခံသုံး စွဲကြကုန်လော့”ဟု (မိန့်ဆို၏)။ ရဟန်းတို့ အရှေ့အရပ်၌ရှိသော ထီးပြိုင်မင်းတို့သည် စကြဝတေးမင်း၏ သြဇာခံမင်းတို့သာ ဖြစ်လေကုန်၏။
၂၅၇။ ရဟန်းတို့ ထိုအခါ ထိုစကြာရတနာသည် အရှေ့သမုဒ္ဒရာသို့ ဆင်းသက်၍ တစ်ဖန် ပြန် တက်ပြီးလျှင် တောင်အရပ်သို့ လည်သွားလေ၏။ပ။ တောင်သမုဒ္ဒရာသို့ ဆင်းသက်၍ တစ်ဖန်ပြန်တက်ပြီး လျှင် အနောက်အရပ်သို့ လည်သွားလေ၏။ပ။ အနောက်သမုဒ္ဒရာသို့ ဆင်းသက်၍ တစ်ဖန်ပြန်တက်ပြီး လျှင် မြောက်အရပ်သို့ လည်သွားလေ၏။ စကြဝတေးမင်းသည် စစ်အင်္ဂါလေးပါးနှင့်တကွ တပါတည်း လိုက်ပါသွားလေ၏။ ရဟန်းတို့ စကြာရတနာ ရပ်တံ့ရာအရပ်၌ စကြဝတေးမင်းသည် စစ်အင်္ဂါလေးပါးနှင့် တကွ စခန်းချလျက်နေ၏။
ရဟန်းတို့ မြောက်အရပ်၌ ထီးပြိုင်မင်းတို့သည် စကြဝတေးမင်းထံသို့ ချဉ်းကပ်၍ “မင်းကြီး ကြွလာတော်မူပါ၊ မြတ်သောမင်းကြီး အရှင်မင်းကြီး၏ လာခြင်းသည် ကောင်းသော လာခြင်းဖြစ်ပါသည်၊ မင်းကြီး (ဤနိုင်ငံသည်) အရှင်၏ နိုင်ငံပါတည်း၊ မင်းကြီး ဆုံးမတော်မူပါ”ဟု ဆိုကုန်၏။ စကြဝတေး မင်းသည် ဤသို့ မိန့်ဆို၏ “အသက်ကို မသတ်အပ်၊ မပေးသည်ကို မယူအပ်၊ ကာမတို့၌ ဖောက်ပြား သောအကျင့်ကို မကျင့်အပ်၊ မဟုတ်မမှန်သော စကားကို မပြောဆိုအပ်၊ သေရည်သေရက်ကို မသောက် အပ်၊ ကောက်ခံမြဲ အခွန်အတုတ်ကိုလည်း ကောက်ခံသုံးစွဲကြကုန်လော့”ဟု (မိန့်ဆို၏)။ ရဟန်းတို့ မြောက်အရပ်၌ရှိသော ထီးပြိုင်မင်းတို့သည် စကြဝတေးမင်း၏ သြဇာခံမင်းတို့သာ ဖြစ်လေကုန်၏။
ရဟန်းတို့ ထိုအခါ၌ ထိုစကြာရတနာသည် သမုဒ္ဒရာအပိုင်းအခြားရှိသော မြေကို အောင်မြင်ပြီး၍ ထိုနေပြည်တော်သို့ တစ်ဖန်ပြန်လည်ပြီးလျှင် စကြဝတေးမင်း၏ နန်းတော်တံခါး လွှတ်ရုံးတော် မုခ်ဦး ပြာသာဒ်၌ စကြဝတေးမင်း၏ နန်းတော်ကို တင့်တယ်စေလျက် ဝင်ရိုးတပ်ထားသကဲ့သို့ တည်နေ၏။ ရဟန်းတို့ စကြဝတေးမင်းအား ဤသို့သဘောရှိသော စကြာရတနာသည် ဖြစ်ပေါ်လာ၏။ (၁)
၂၅၈။ ရဟန်းတို့ တစ်ဖန်ထို့ပြင်လည်း စကြဝတေးမင်းအား ကိုယ်လုံးဖြူသော (နှာမောင်း, အမြီး, အင်္ဂါဇာတ်, ခြေနှစ်ဖက်, လက်နှစ်ဖက်) အင်္ဂါခုနစ်ပါးဖြင့် (မြေ၌) ထိလျက်တည်သော တန်ခိုးရှိသော ကောင်းကင်ပျံနိုင်သော ဥပေါသထ ဆင်မင်းမျိုးဖြစ်သော ဆင်ရတနာသည် ဖြစ်ပေါ်လာ၏။ ထိုဆင်ရတနာ ကို မြင်လတ်သော် စကြဝတေးမင်း၏စိတ်သည် ကြည်နူးလျက် ရှိ၏ “အချင်းတို့ ဆင်ယာဉ် (ရတနာ) သည် လိမ္မာပြီးဖြစ်ပါမူ ကောင်းလေစွ”ဟု အကြံဖြစ်၏။ ရဟန်းတို့ ထိုအခါ ထို ဆင်ရတနာသည် ကာလ ရှည်မြင့်စွာ အပြည့်အစုံ သင်ကြားဆုံးမထားပြီးသော အာဇာနည် ဂန္ဓဆင်မျိုးကဲ့သို့ပင် လိမ္မာလျက် ရှိ၏။ ရဟန်းတို့ ရှေး၌ ဖြစ်ဖူးသည်ကား စကြဝတေးမင်းသည် ထိုဆင်ရတနာကိုပင် စုံစမ်းလိုသည်ဖြစ်၍ နံနက် အခါ၌ တက်စီးလျက် သမုဒ္ဒရာအပိုင်းအခြားရှိသော မြေပြင်အားလုံးကို အစဉ်လှည့်လည်ပြီးလျှင် ထို နေပြည်တော်သို့သာလျှင် ပြန်လာ၍ နံနက်ပွဲတော်စာ သုံးဆောင်လေ၏။ ရဟန်းတို့ စကြဝတေးမင်းအား ဤသို့သဘောရှိသော ဆင်ရတနာသည် ဖြစ်ပေါ်လာ၏။ (၂)
ရဟန်းတို့ တစ်ဖန်ထို့ပြင်လည်း စကြဝတေးမင်းအား ကိုယ်လုံးဖြူ၍ ဦးခေါင်းညိုသော ဖြူဆံမြက် ကဲ့သို့ ထိပ်ဆံရှိသော တန်ခိုးရှိသော ကောင်းကင်သို့ ပျံနိုင်သော ဝလာဟကမြင်းမင်းမျိုးဖြစ်သော မြင်း ရတနာသည် ဖြစ်ပေါ်လာ၏၊ ထိုမြင်းရတနာကို မြင်လတ်သော် စကြဝတေးမင်း၏ စိတ်သည် ကြည်လင် လျက် ရှိ၏ “အချင်းတို့ မြင်းယာဉ် (ရတနာ)သည် လိမ္မာပြီးဖြစ်ပါမူ ကောင်းလေစွ”ဟု အကြံဖြစ်၏။ ရဟန်းတို့ ထိုအခါ ထိုမြင်းရတနာသည် ကာလရှည်မြင့်စွာ အပြည့်အစုံ သင်ကြား ဆုံးမထားပြီးသော အာဇာနည်မြင်းကဲ့သို့ပင် လိမ္မာလျက်ရှိ၏၊ ရဟန်းတို့ ရှေး၌ဖြစ်ဖူးသည်ကား စကြဝတေးမင်းသည် ထိုမြင်း ရတနာကိုပင် စုံစမ်းလိုသည်ဖြစ်၍ နံနက်အခါ၌ တက်စီးလျက် သမုဒ္ဒရာလေးစင်း အပိုင်းအခြားရှိသော မြေပြင်အားလုံးကို လှည့်လည်ပြီးလျှင် ထိုနေပြည်တော်သို့ ပြန်လာ၍ နံနက်ပွဲတော်စာ သုံးဆောင်လေ၏၊ ရဟန်းတို့ စကြဝတေးမင်းအား ဤသို့သဘောရှိသော မြင်းရတနာသည် ဖြစ်ပေါ်လာ၏။ (၃)
ရဟန်းတို့ တစ်ဖန်ထို့ပြင်လည်း စကြဝတေးမင်းအား ပတ္တမြားရတနာသည် ဖြစ်ပေါ် လာ၏။ ထို (ဝေဠုရိယ) ပတ္တမြားရတနာသည် အလွန်တောက်ပ၏၊ အမျိုးမှန်၏၊ ရှစ်မြှောင့်ရှိ၏၊ ကောင်းစွာ ပြုပြင်ပြီး ဖြစ်၏၊ ရဟန်းတို့ ထိုပတ္တမြားရတနာ၏ အရောင်သည် ထက်ဝန်းကျင် တစ်ယူဇနာတိုင်အောင် ပျံ ့နှံ့၏။ ရဟန်းတို့ ရှေး၌ဖြစ်ဖူးသည်ကား စကြဝတေးမင်းသည် ထိုပတ္တမြားရတနာကိုပင် စုံစမ်းလိုသည် ဖြစ်၍ အင်္ဂါလေးပါးရှိသော စစ်တပ်ကို ခင်းကျင်းလျက် ပတ္တမြားရတနာကို တံခွန်ဖျား၌ တင်ပြီးလျှင် ညဉ့် သန်းခေါင်ယံ မှောင်မိုက်နေစဉ် ခရီးထွက်တော်မူ၏။ ရဟန်းတို့ ထိုထက်ဝန်းကျင်အရပ်မှ ရွာသားတို့သည် ထိုပတ္တမြားရတနာ၏ အရောင်ဖြင့် မိုးလင်းပြီဟု မှတ်ထင်ကုန်လျက် အမှုကိစ္စတို့ကို ပြုလုပ်ကြကုန်၏။ ရဟန်းတို့ စကြဝတေးမင်းအား ဤသို့သဘောရှိသော ပတ္တမြားရတနာသည် ဖြစ်ပေါ်လာ၏။(၄)
ရဟန်းတို့ တစ်ဖန်ထို့ပြင်လည်း စကြဝတေးမင်းအား မိဖုရားရတနာသည် ဖြစ်ပေါ်လာ၏၊ ထိုမိဖုရား ရတနာသည် အလွန်အဆင်းလှ၏၊ ရှုချင်ဖွယ်ရှိ၏၊ စိတ်ကို ကြည်နူးစေတတ်၏၊ မြတ်သော အဆင်း သဏ္ဌာန်နှင့် ပြည့်စုံ၏၊ မမြင့်လွန်း မနိမ့်လွန်း မပိန်လွန်း မဝလွန်း မမည်းလွန်း မဖြူလွန်းသော လူတို့၏ အဆင်းကို လွန်၍ နတ်တို့၏ အဆင်းတမျှရှိ၏၊ ရဟန်းတို့ ထိုမိဖုရားရတနာ၏ ကိုယ်အတွေ့ သည် လဲမှို့အစုကဲ့သို့လည်းကောင်း၊ ဝါဂွမ်းအစုကဲ့သို့လည်းကောင်း ညက်ညော၏။ ရဟန်းတို့ ထိုမိဖုရား ရတနာ၏ ကိုယ်ငွေ့သည် အေးသောအခါ၌ ပူ၏၊ ပူသောအခါ၌ အေး၏။ ရဟန်းတို့ ထိုမိဖုရားရတနာ၏ ကိုယ်မှ စန္ဒကူးနံ့သည် လှိုင်၏၊ ခံတွင်းမှ ကြာညိုနံ့သည် ကြိုင်၏၊ ရဟန်းတို့ စကြဝတေးမင်း၏ ထို မိဖုရားရတနာသည် ရှေးဦးစွာ (အိပ်ရာမှ) ထလေ့ရှိ၏၊ နောက်မှ အိပ်လေ့ရှိ၏၊ အဘယ်ကို ပြုရပါအံ့ နည်းဟု နာခံလေ့ရှိ၏၊ နှစ်ခြိုက်ဖွယ်ကို ကျင့်လေ့ရှိ၏၊ ချစ်ဖွယ်သော စကားကို ဆိုလေ့ရှိ၏။ ရဟန်းတို့ ထိုမိဖုရားရတနာသည် စကြဝတေးမင်းကို စိတ်ဖြင့်ပင်လည်း လွန်ကျူး၍ မကျင့်။ ကိုယ်ဖြင့်မူကား အဘယ်မှာ လွန်ကျူး၍ ကျင့်ပါအံ့နည်း။ ရဟန်းတို့ စကြဝတေးမင်းအား ဤသို့ သဘောရှိသော မိဖုရား ရတနာသည် ဖြစ်ပေါ်လာ၏။ (၅)
ရဟန်းတို့ တစ်ဖန်ထို့ပြင်လည်း စကြဝတေးမင်းအား သူဌေးရတနာသည် ဖြစ်ပေါ်လာ၏၊ ထို သူဌေး ရတနာအား ကံ၏အကျိုးကြောင့်ဖြစ်သော နတ်မျက်စိသည် ထင်ရှားဖြစ်ပေါ်လာ၏၊ ယင်း (နတ် မျက်စိ) ဖြင့် အရှင်ရှိ အရှင်မဲ့ဖြစ်သော မြှုပ်နှံထားသည့် ရတနာအိုးများကို မြင်နိုင်၏၊ ထို သူဌေးရတနာသည် စကြဝတေးမင်းသို့ ချဉ်းကပ်၍ ဤသို့ လျှောက်ထား၏ —“အရှင်မင်းကြီး အရှင်မင်းကြီးသည် ကြောင့်ကြမဲ့ နေတော်မူပါလော့၊ အကျွန်ုပ်သည် အရှင်မင်းကြီးအတွက် ဥစ္စာဖြင့် ပြုဖွယ်ကိစ္စဟူသမျှကို ပြုပါအံ့”ဟု (လျှောက်ထား၏)။ ရဟန်းတို့ ရှေး၌ ဖြစ်ဖူးသည်ကား စကြဝတေးမင်းသည် ထိုသူဌေး ရတနာကိုပင် စုံစမ်းလိုသည် ဖြစ်၍ လှေကို စီးလျက် ဂင်္ဂါမြစ်၏အလယ် ရေစီးကြောင်းသို့ သွားရောက်ပြီး လျှင် “သူဌေး ရွှေငွေကို ငါအလိုရှိ၏’ဟု သူဌေးရတနာအား ဤစကားကို ပြောဆို၏။ မင်းမြတ် သို့ဖြစ်လျှင် တစ်ဖက် ဖက်သော ကမ်းသို့ လှေကို့ကပ်စေတော်မူပါလော့ဟု (လျှောက်၏)။ သူဌေး ဤနေရာ၌ ပင်လျှင် ရွှေငွေကိုသာ အလိုရှိ၏ဟု (ပြောဆို၏)။ ရဟန်းတို့ ထိုအခါ ထိုသူဌေး ရတနာသည် လက်နှစ် ဖက်တို့ဖြင့် ရေကို ယက်၍ ရွှေငွေဖြင့် ပြည့်သော အိုးကို ထုတ်ဖော်ပြီးလျှင် စကြဝတေးမင်းအား ဤစကားကို လျှောက်ထား၏ — “မင်းမြတ် ဤမျှဖြင့် တော်လောက်ပါပြီလော၊ မင်းမြတ် ဤမျှဖြင့် ဆောင်ရွက်ရာ ရောက်ပါပြီလော၊ မင်းမြတ် ဤမျှ ဖြင့် ပူဇော်ရာရောက်ပါပြီလော”ဟု (လျှောက်ထား၏)။ စကြဝတေး မင်းသည် “သူဌေး ဤမျှဖြင့် တော်လောက်ပါပြီ၊ သူဌေး ဤမျှဖြင့် ဆောင်ရွက်ရာ ရောက်ပါပြီ၊ သူဌေး ဤမျှ ဖြင့် ပူဇော်ရာရောက်ပါပြီ”ဟု (ဆို၏)။ ရဟန်းတို့ စကြဝတေးမင်းအား ဤသို့သဘော ရှိသော သူဌေးရတနာသည် ဖြစ်ပေါ်လာ၏။ (၆)
ရဟန်းတို့ တစ်ဖန်ထို့ပြင်လည်း စကြဝတေးမင်းအား သားကြီးရတနာသည် ဖြစ်ပေါ်လာ၏၊ အကျိုးအကြောင်း သိနိုင်သော ပညာရှိ၏၊ စွမ်းနိုင်သော ပညာရှိ၏၊ ထိုထိုအရာ၌ သိစွမ်းနိုင်သော ပညာ ရှိ၏၊ စကြဝတေးမင်းထံ ဝင်ရောက်ခစားထိုက်သူကို ဝင်ရောက်ခစားစေ၍ ဖယ်ရှားထိုက်သူကို ဖယ်ရှားရန် စွမ်းနိုင်၏။ ရာထူး ခန့်ထားထိုက်သူကို ရာထူးခန့်ထားရန်လည်း စွမ်းနိုင်၏၊ ထိုသားကြီးရတနာသည် စကြဝတေးမင်းထံသို့ ချဉ်းကပ်၍ “အရှင်မင်းကြီး အရှင်မင်းကြီးသည် ကြောင့်ကြမဲ့ နေတော်မူပါလော့၊ အကျွန်ုပ် စီမံခန့်ခွဲပါအံ့”ဟု လျှောက်၏။ ရဟန်းတို့ စကြဝတေးမင်းအား ဤသို့သဘောရှိသော သားကြီးရတနာသည် ဖြစ်ပေါ်လာ၏။ ရဟန်းတို့ စကြဝတေးမင်းသည် ဤဆိုခဲ့ပြီးသော ရတနာခုနစ်ပါး တို့နှင့် ပြည့်စုံပေ၏။ (၇)
၂၅၉။ အဘယ် တန်ခိုးလေးပါးနှင့် ပြည့်စုံသနည်းဟူမူ — ရဟန်းတို့ ဤလောက၌ စကြဝတေးမင်း သည် သူတစ်ပါးတို့ထက် လွန်ကဲ၍ အဆင်းလှ၏၊ ရှုချင်ဖွယ်ရှိ၏၊ ကြည်ညိုဖွယ်ရှိ၏၊ မြတ်သော အဆင်း သဏ္ဌာန်နှင့် ပြည့်စုံ၏၊ ရဟန်းတို့ စကြဝတေးမင်းသည် ရှေးဦးစွာသော ဤတန်ခိုးနှင့် ပြည့်စုံပေ၏။ (၁)
ရဟန်းတို့ တစ်ဖန် ထို့ပြင်လည်း စကြဝတေးမင်းသည် သူတစ်ပါးတို့ထက် လွန်ကဲ၍ အသက် ရှည်၏၊ ကြာမြင့်စွာ တည်ခြင်းရှိ၏။ ရဟန်းတို့ စကြဝတေးမင်းသည် နှစ်ခုမြောက်သော ဤတန်ခိုးနှင့် ပြည့်စုံပေ၏။ (၂)
ရဟန်းတို့ တစ်ဖန် ထို့ပြင်လည်း စကြဝတေးမင်းသည် သူတစ်ပါးတို့ထက် လွန်ကဲ၍ အနာကင်း၏၊ ရောဂါကင်း၏၊ အစာကို အညီအမျှကြေစေတတ်သည့် မအေးလွန်း မပူလွန်းသော ဝမ်းမီးနှင့် ပြည့်စုံ၏။ ရဟန်းတို့ စကြဝတေးမင်းသည် သုံးခုမြောက်သော ဤတန်ခိုးနှင့် ပြည့်စုံပေ၏။ (၃)
ရဟန်းတို့ တစ်ဖန် ထို့ပြင်လည်း စကြဝတေးမင်းကို ပုဏ္ဏားနှင့် သူကြွယ်တို့သည် ချစ်ခင်မြတ်နိုး အပ်၏။ ရဟန်းတို့ ဥပမာအားဖြင့် ဖခင်ကို သားသမီးတို့သည် ချစ်ခင်မြတ်နိုးသကဲ့သို့ပင် စကြဝတေး မင်းကို ပုဏ္ဏားနှင့် သူကြွယ်တို့သည် ချစ်ခင်မြတ်နိုးအပ်၏။ ရဟန်းတို့ စကြဝတေးမင်းသည်လည်း ပုဏ္ဏားနှင့် သူကြွယ်တို့ကို ချစ်ခင် မြတ်နိုးအပ်ကုန်၏။ ရဟန်းတို့ ဥပမာအားဖြင့် ဖခင်သည် သားသမီးကို ချစ်ခင်မြတ်နိုးအပ်ကုန်သကဲ့သို့ပင် စကြဝတေးမင်းသည်လည်း ပုဏ္ဏားနှင့် သူကြွယ်တို့ကို ချစ်ခင်မြတ်နိုး အပ်ကုန်၏။
ရဟန်းတို့ ဧရှးကဖြစ်ဖူးသည်ကား စကြဝတေးမင်းသည် အင်္ဂါလေးပါးရှိသော စစ်တပ်ဖြင့် ဥယျာဉ် မြေအရပ်သို့ ထွက်တော်မူ၏။ ရဟန်းတို့ ထိုအခါ ပုဏ္ဏားနှင့် သူကြွယ်တို့သည် စကြဝတေးမင်းသို့ ချဉ်းကပ်၍ “အရှင်မင်းကြီး အရှင်မင်းကြီးကို အကျွန်ုပ်တို့သည် ကြာမြင့်စွာ ဖူးမြော်နိုင်ရန်အလို့ငှါ ဖြည်း ဖြည်း ကြွသွား တော်မူပါလော့”ဟု သံတော်ဦးတင်ကုန်၏။ ရဟန်းတို့ စကြဝတေးမင်းသည်လည်း “ရထားထိန်း ငါ့ကို ပုဏ္ဏားနှင့် သူကြွယ်တို့သည် ကြာမြင့်စွာ မြင်နိုင်ကုန်ရန်အလို့ငှါ ဖြည်းဖြည်းမောင်း နှင်လော့”ဟု ရထားထိန်းကို မိန့်တော်မူ၏။ ရဟန်းတို့ ထိုစကြဝတေးမင်းသည် လေးခုမြောက်သော ဤတန်ခိုးနှင့် ပြည့်စုံပေ၏။ ရဟန်းတို့ စကြဝတေးမင်းသည် ဤဆိုခဲ့ပြီး တန်ခိုးလေးပါးတို့နှင့် ပြည့်စုံ့ပေ၏။ (၄)
ရဟန်းတို့ အဘယ်သို့ ထင်မှတ်ကြကုန်သနည်း၊ စကြဝတေးမင်းသည် ဤခုနစ်ပါးသော ရတနာတို့ နှင့်လည်းကောင်း၊ ဤလေးပါးသော တန်ခိုးဣဒ္ဓိပါဒ်တို့နှင့်လည်းကောင်း၊ ပြည်စုံခြင်းဟူသော အကြောင်း ကြောင့် ချမ်းသာခြင်း ‘သုခ’ ဝမ်းမြောက်ခြင်း ‘သောမနဿ’ကို ခံစားရရာသည် မဟုတ်လောဟု (မေးတော် မူ၏)။ မြတ်စွာဘုရား တစ်ပါး တစ်ပါးသော ရတနာနှင့်ပင် ပြည့်စုံသော စကြဝတေးမင်းသည် ထို (တစ်ပါး တစ်ပါးသော ရတနာနှင့် ပြည့်စုံခြင်းဟူသော) အကြောင်းကြောင့် ချမ်သာခြင်း ‘သုခ’ ဝမ်းမြောက်ခြင်း ‘သောမနဿ’ကို ခံစားနိုင်၏၊ ရတနာခုနစ် ပါးတို့နှင့်လည်းကောင်း၊ တန်ခိုးလေးပါးတို့နှင့်လည်းကောင်း ပြည့်စုံပါမူ အဘယ်ဆိုဖွယ်ရာရှိအံ့နည်းဟု (လျှောက်ကြကုန်၏)။
၂၆ဝ။ ထိုအခါ မြတ်စွာဘုရားသည် အနည်းငယ်သော လက်တစ်ဆုပ်စာမျှသော ကျောက်ခဲကို ကိုင်၍ ရဟန်တို့ကို မိန့်တော်မူ၏ “ရဟန်းတို့ အဘယ်သို့ ထင်မှတ်ကြကုန်သနည်း၊ အနည်းငယ်သော လက်တစ် ဆုပ် စာမျှသော ငါကိုင်ထားသော ကျောက်ခဲနှင့် ဟိမဝန္တာတောင်သည် အဘယ်က သာလွန်၍ကြီး သနည်း”ဟု မေးတော်မူ၏။ မြတ်စွာဘုရား အနည်းငယ်သော လက်တစ်ဆုပ်စာမျှသော မြတ်စွာဘုရား ကိုင်ထားသော ဤကျောက်ခဲသည် မပြောပလောက်ပါ၊ ဟိမဝန္တာတောင်မင်းကို ထောက်စာသော် ရေတွက် လောက်ခြင်းမျှသို့လည်း မရောက်ရာပါ၊ ရာထောင်စိတ် တစ်စိတ်မျှသို့လည်း မရောက်ရာပါ၊ နှိုင်းခိုင်း လောက်ရုံမျှသို့လည်း မရောက်ရာပါဟု (လျှောက်ကြကုန်၏)။ ရဟန်းတို့ ဤအတူပင် စကြဝတေးမင်း သည် ရတနာခုနစ်ပါးတို့နှင့်လည်းကောင်း၊ တန်ခိုး လေးပါးတို့နှင့်လည်းကောင်း ပြည့်စုံ၏၊ ထိုပြည့်စုံခြင်း ဟူသော အကြောင်းကြောင့် ချမ်သာခြင်း’သုခ’ ဝမ်းမြောက်ခြင်း’သောမနဿ’ကို ခံစားရ၏။ ထိုချမ်း သာခြင်း ဝမ်းမြောက်ခြင်းသည် နတ်၌ဖြစ်သော ချမ်းသာကို ထောက်စာသော် ရေတွက်လောက်ခြင်းမျှသို့လည်း မရောက်ရာ၊ တစ်ရာ တစ်ထောင် တစ်သိန်းစိတ် တစ်စိတ်မျှသော အဖိုအစုသို့လည်း မရောက်ရာ၊ နှိုင်းခိုင်းလောက်ရုံမျှသို့လည်း မရောက်ရာ။
ရဟန်းတို့ ထိုပညာရှိသည် ရှည်စွာသော ကာလကို လွန်သဖြင့် တစ်ခါတစ်ရံ လူ့အဖြစ်သို့ အကယ်၍ ရောက်လာငြားအံ့၊ ဤသို့ ရောက်သော် များသောဥစ္စာနှစ်ရှိသော မင်းမျိုး, များသောဥစ္စာနှစ် ရှိသော ပုဏ္ဏားမျိုး, များသောဥစ္စာနှစ်ရှိသော သူကြွယ်မျိုး, ကြွယ်ဝသော များသောဥစ္စာရှိသော များသော စည်းစိမ်ရှိသော များသော ရွှေငွေရှိသော များသောလက်ဝတ်တန်ဆာ အသုံးအဆောင်ရှိသော များသော စပါးရှိသော ထိုသို့သဘောရှိသော အမျိုး၌ ဖြစ်ရ၏။ ထိုပုဂ္ဂိုလ်သည်လည်း အဆင်းလှ၏။ ရှုချင်ဖွယ်ရှိ၏၊ ကြည်ညိုဖွယ်ရှိ၏၊ မြတ်သောအဆင်း သဏ္ဌာန်နှင့် ပြည့်စုံ၏။ ထမင်း အဖျော် အဝတ် ယာဉ် ပန်းနံ့သာ နံ့သာပျောင်း အိပ်ရာ နေရာ ဆီမီးတို့ကို ရခြင်းရှိ၏။ ထိုပုဂ္ဂိုလ်သည် ကိုယ်ဖြင့် ကောင်းသော အကျင့်ကို ကျင့်၏၊ နှုတ်ဖြင့် ကောင်းသော အကျင့်ကို ကျင့်၏၊ စိတ်ဖြင့် ကောင်းသော အကျင့်ကို ကျင့်၏၊ ထိုပုဂ္ဂိုလ်သည် ကိုယ်ဖြင့် ကောင်းသော အကျင့်ကို ကျင့်၍ နှုတ်ဖြင့် ကောင်းသော အကျင့်ကို ကျင့်၍ စိတ်ဖြင့် ကောင်းသော အကျင့်ကို ကျင့်၍ ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ကောင်းသောလားရာ နတ်ပြည်လောက၌ ဖြစ်ရ၏။
ရဟန်းတို့ ဥပမာအားဖြင့် အလောင်းအစားကြူးသူသည် ရှေးဦးစွာသော နိုင်ခြင်းဖြင့်ပင်လျှင် များ စွာသော စည်းစိမ်အစုကို ရရာ၏။ ရဟန်းတို့ ထိုအလောင်းအစားကြူးသူသည် ရှေးဦးစွာသော နိုင်ခြင်း ဖြင့်ပင်လျှင် များစွာသော စည်းစိမ်အစုကို ရရာ၏၊ ဤနိုင်ခြင်းသည် အနည်းငယ်မျှသာတည်း၊ စင်စစ်သော် ကား ထိုပညာရှိသည် ကိုယ်ဖြင့် ကောင်းသော အကျင့်ကို ကျင့်၍ နှုတ်ဖြင့် ကောင်းသော အကျင့်ကို ကျင့်၍ စိတ်ဖြင့် ကောင်းသော အကျင့်ကို ကျင့်၍ ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ကောင်းသော လားရာ နတ်ပြည်လောက၌ ဖြစ်ရ၏။ ဤနိုင်ခြင်းသည်သာလျှင့်ထိုအလောင်းအစားအောင်နိုင်သော ချမ်းသာထက် အလွန်များမြတ်၏။ ရဟန်းတို့ ဤဆိုခဲ့ပြီးသည်ကား လုံးဝပြည့်စုံသော ပညာရှိတို့၏ ဖြစ်ရာဘုံတည်းဟု (မိန့်တော်မူ၏)။
မြတ်စွာဘုရားသည် ဤတရားဒေသနာကို ဟောတော်မူ၏။ ထိုရဟန်းတို့သည် မြတ်စွာဘုရား၏ တရားဒေသနာတော်ကို ဝမ်းမြောက်ဝမ်းသာ လွန်စွာ နှစ်သက်ကုန်ပြီ။
ကိုးခုမြောက် ဗာလဏ္ဍိတသုတ် ပြီး၏။