မဇ္ဈိမနိကာယ်
၁—ဘဒ္ဒေကရတ္တသုတ်
၂၇၂။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်—
အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန် ကျောင်း၌ သီတင်းသုံးနေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို “ရဟန်းတို့”ဟူ၍ မိန့် တော်မူ၏။ “အသျှင်ဘုရား”ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြား လျှောက်ထားကြ့ကုန်၏။ မြတ်စွာဘုရားသည် “ရဟန်းတို့ သင်တို့အား ဘဒ္ဒေကရတ္တ၁ သုတ်၏ အကျဉ်း ‘ဥဒ္ဒေသ’ နှင့် အကျယ် ‘နိဒ္ဒေသ’ ကို ဟောပေအံ့၊ ထိုသုတ်ကို နာကြားကြကုန်လော့၊ ကောင်းစွာ နှလုံးသွင်းကြကုန်လော့၊ ဟောပေအံ့”ဟု ဤစကားကို မိန့်တော်မူ၏။ “အသျှင်ဘုရား ကောင်းပါပြီ”ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကြကုန်၏။ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏ —
အတိတ်ခန္ဓာသို့လည်း အစဉ်မလိုက်ရာ၊ အနာဂတ်ခန္ဓာကိုလည်း မတောင့်တရာ၊ အတိတ်ခန္ဓာသည် ချုပ်ပြီးပြီ၊ အနာဂတ်ခန္ဓာလည်း မရောက်လာသေး။
ပစ္စုပ္ပန်ဖြစ်သော သဘောတရားကို ထိုထိုဖြစ်ဆဲခဏ၌သာလျှင် ဝိပဿနာရှုသော ထိုပုဂ္ဂိုလ်သည် တွန့်တိုခြင်း ပျက်စီးခြင်းမရှိသော ထိုဝိပဿနာရှုမှုကို အဖန်ဖန်ပွါး များရာ၏။
အဘယ်သူသည် နက်ဖြန်၌ သေရမည်ကို သိနိုင်အံ့နည်း၊ ယနေ့ကပင်လျှင် အားထုတ်သင့်သော ကုသိုလ်ကောင်းမှုအလုပ်ကို ပြုလုပ်သင့်၏၊ ငါတို့မှာ များသော စစ်သည်ရှိသော ထိုသေမင်းနှင့် ချိန်းချက်ထားမှုသည် မရှိသည်သာတည်း။
ဤသို့ နေလေ့ရှိသော လွန်စွာ အားထုတ်ခြင်းရှိသော နေ့ညဉ့်ပတ်လုံး မပျင်းမရိ အားထုတ်သော ထိုရဟန်းကို စင်စစ် ‘ကောင်းသော ညဉ့်တစ်ညဉ့်ရှိသော ရဟန်း’ ဟူ၍ ကိလေသာ ငြိမ်းအေးပြီးသော မြတ်စွာဘုရားသည် ဟောကြားတော်မူ၏။
၂၇၃။ ရဟန်းတို့ အဘယ်သို့လျှင် အတိတ်ခန္ဓာသို့ အစဉ်လိုက်သနည်း။ “အတိတ်ကာလက ဤသို့ နှစ်သက်ဖွယ်ကောင်းသော ရုပ်အဆင်းရှိသူ ဖြစ်ဖူးပြီ”ဟု ထိုရုပ်၌ နှစ်သက်ခြင်းကို အဖန်ဖန် ဖြစ်စေ၏။ “အတိတ်ကာလက ဤသို့ နှစ်သက်ဖွယ်ကောင်းသော ခံစားခြင်း ‘ဝေဒနာ’ ရှိသူ ဖြစ်ခဲ့ဖူး၏”ဟု ထိုဝေဒနာ၌ နှစ်သက်ခြင်းကို အဖန်ဖန် ဖြစ်စေ၏။ “အတိတ်ကာလက ဤသို့ နှစ်သက်ဖွယ် ကောင်းသော မှတ်သားမှု ‘သညာ’ ရှိသူ ဖြစ်ခဲ့ဖူး၏”ဟု ထိုသညာ၌ နှစ်သက်ခြင်းကို အဖန်ဖန် ဖြစ်စေ၏။ “အတိတ်ကာလက ဤသို့ နှစ်သက်ဖွယ်ကောင်းသော ပြုပြင်စီရင်မှု ‘သင်္ခါရ’ ရှိသူ ဖြစ်ခဲ့ဖူး၏”ဟု ထို သင်္ခါရ၌ နှစ်သက်ခြင်းကို အဖန်ဖန် ဖြစ်စေ၏။ “အတိတ်ကာလက ဤသို့ နှစ်သက်ဖွယ်ကောင်းသော သိမှု ‘ဝိညာဏ်’ ရှိသူ ဖြစ်ခဲ့ဖူး၏”ဟု ထိုဝိညာဏ်၌ နှစ်သက်ခြင်းကို အဖန်ဖန် ဖြစ်စေ၏။ ရဟန်းတို့ ဤ သို့လျှင် အတိတ်ခန္ဓာသို့ အစဉ်လိုက်၏။
ရဟန်းတို့ အဘယ်သို့လျှင် အတိတ်ခန္ဓာသို့ အစဉ်မလိုက်သနည်း။ “အတိတ်ကာလက ဤသို့ နှစ်သက်ဖွယ်ကောင်းသော ရုပ်အဆင်းရှိသူ ဖြစ်ခဲ့ဖူး၏”ဟု ထိုရုပ်၌ နှစ်သက်ခြင်းကို အဖန်ဖန် မဖြစ်စေ။ “အတိတ်ကာလက ဤသို့ နှစ်သက်ဖွယ်ကောင်းသော ခံစားမှု ‘ဝေဒနာ’ ရှိသူ ဖြစ်ခဲ့ဖူး၏”ဟု ထိုဝေဒနာ၌ နှစ်သက်ခြင်းကို အဖန်ဖန် မဖြစ်စေ။ “အတိတ်ကာလက ဤသို့ နှစ်သက်ဖွယ်ကောင်းသော မှတ်သားမှု ‘သညာ’ ရှိသူ ဖြစ်ခဲ့ဖူး၏”ဟု ထိုသညာ၌ နှစ်သက်ခြင်းကို အဖန်ဖန် မဖြစ်စေ။ “အတိတ်ကာလက ဤသို့ နှစ်သက်ဖွယ်ကောင်းသော ပြုပြင်စီရင်မှု ‘သင်္ခါရ’ ရှိသူ ဖြစ်ခဲ့ဖူး၏”ဟု ထိုသင်္ခါရ၌ နှစ်သက်ခြင်းကို အဖန်ဖန် မဖြစ်စေ။ “အတိတ်ကာလက ဤသို့ နှစ်သက်ဖွယ်ကောင်းသော သိမှု ‘ဝိညာဏ်’ ရှိသူ ဖြစ်ခဲ့ဖူး၏”ဟု ထိုဝိညာဏ်၌ နှစ်သက်ခြင်းကို အဖန်ဖန် မဖြစ်စေ။ ရဟန်းတို့ ဤသို့လျှင် အတိတ်ခန္ဓာသို့ အစဉ်မလိုက်။
၂၇၄။ ရဟန်းတို့ အဘယ်သို့လျှင် အနာဂတ်ခန္ဓာကို တောင့်တသနည်း။ “အနာဂတ်ကာလ၌ ဤသို့ နှစ်သက်ဖွယ်ကောင်းသော ရုပ်အဆင်းရှိသူ ဖြစ်လို၏”ဟု ထိုရုပ်၌ နှစ်သက်ခြင်းကို အဖန်ဖန် ဖြစ်စေ၏။ပ။ ဤသို့ နှစ်သက်ဖွယ်ကောင်းသော ခံစားမှု ‘ဝေဒနာ’ ရှိသူ ဖြစ်လို၏။ပ။ ဤသို့ နှစ်သက် ဖွယ်ကောင်းသော မှတ်သားမှု ‘သညာ’ ရှိသူ ဖြစ်လို၏။ ဤသို့ နှစ်သက်ဖွယ်ကောင်းသော ပြုပြင်စီရင်မှု ‘သင်္ခါရ’ ရှိသူ ဖြစ်လို၏။ “အနာဂတ်ကာလ၌ ဤသို့ နှစ်သက်ဖွယ်ကောင်းသော သိမှု ‘ဝိညာဏ်’ ရှိသူ့ဖြစ်လို၏”ဟု ထိုဝိညာဏ်၌ နှစ်သက်ခြင်းကို အဖန်ဖန် ဖြစ်စေ၏။ ရဟန်းတို့ ဤသို့လျှင် အနာဂတ်ခန္ဓာ ကို တောင့်တ၏။
ရဟန်းတို့ အဘယ်သို့လျှင် အနာဂတ်ခန္ဓာကို မတောင့်တသနည်း။ “အနာဂတ်ကာလ၌ ဤသို့ နှစ်သက်ဖွယ်ကောင်းသော ရုပ်အဆင်းရှိသူ ဖြစ်လို၏”ဟု ထိုရုပ်၌ နှစ်သက်ခြင်းကို အဖန်ဖန် မဖြစ်စေ။ ဤသို့ နှစ်သက်ဖွယ်ကောင်းသော ခံစားမှု ‘ဝေဒနာ’ ရှိသူ ဖြစ်လို၏။ ဤသို့ နှစ်သက်ဖွယ်ကောင်းသော မှတ်သားမှု ‘သညာ’ ရှိသူ ဖြစ်လို၏။ ဤသို့ နှစ်သက်ဖွယ်ကောင်းသော ပြုပြင်စီရင်မှု ‘သင်္ခါရ’ ရှိသူ ဖြစ်လို၏။ “အနာဂတ်ကာလ၌ ဤသို့ နှစ်သက်ဖွယ်ကောင်းသော သိမှု ‘ဝိညာဏ်’ ရှိသူ ဖြစ်လို၏”ဟု ထိုဝိညာဏ်၌ နှစ်သက်ခြင်းကို အဖန်ဖန် မဖြစ်စေ။ ရဟန်းတို့ ဤသို့လျှင် အနာဂတ်ခန္ဓာကို မတောင့်တ။
၂၇၅။ ရဟန်းတို့ အဘယ်သို့လျှင် ဖြစ်ဆဲပစ္စုပ္ပန်တရားတို့၌ တွန့်တိုသနည်း။ ရဟန်းတို့ ဤ လောက၌ အရိယာတို့ကို ဖူးမြင်လေ့မရှိသော, အရိယာတရား၌ မကျွမ်းကျင်သော, အရိယာတရား၌ မယဉ်ကျေးသော၊ သူတော်ကောင်းတို့ကို ဖူးမြင်လေ့မရှိသော, သူတော်ကောင်းတရား၌ မကျွမ်းကျင်သော, သူတော်ကောင်းတရား၌ မယဉ်ကျေးသော, အကြားအမြင်မရှိသော ပုထုဇဉ်သည် ရုပ်ကို အတ္တ ‘ကိုယ်’ဟု ရှု၏၊ (ကြွင်းခန္ဓာကို) ရုပ်ရှိသော အတ္တဟုလည်းကောင်း၊ အတ္တ၌ ရုပ်ဟုလည်းကောင်း၊ ရုပ်၌ အတ္တဟုလည်း ကောင်း ရှု၏၊ ခံစားမှု ‘ဝေဒနာ’ကို။ပ။ မှတ်သားမှု ‘သညာ’ ကို။ ပြုပြင်စီရင်မှု ‘သင်္ခါရ’တို့ကို။ သိမှု ‘ဝိညာဏ်’ ကို အတ္တ ‘ကိုယ်’ဟု ရှု၏၊ (ကြွင်းခန္ဓာကို) ဝိညာဏ်ရှိသော အတ္တဟုလည်းကောင်း၊ အတ္တ၌ ဝိညာဏ်ဟုလည်းကောင်း၊ ဝိညာဏ်၌ အတ္တဟုလည်းကောင်း ရှု၏။ ရဟန်းတို့ ဤသို့လျှင် ဖြစ်ဆဲပစ္စုပ္ပန် တရားတို့၌ တွန့်တို၏။
ရဟန်းတို့ အဘယ်သို့လျှင် ဖြစ်ဆဲပစ္စုပ္ပန်တရားတို့၌ မတွန့်တိုသနည်း။ ရဟန်းတို့ ဤလောက၌ အရိယာတို့ကို ဖူးမြင်လေ့ရှိသော, အရိယာတရား၌ ကျွမ်းကျင်သော, အရိယာတရား၌ ယဉ်ကျေးသော၊ သူတော်ကောင်းတို့ကို ဖူးမြင်လေ့ရှိသော, သူတော်ကောင်းတရား၌ ကျွမ်းကျင်သော, သူတော်ကောင်းတရား ၌ ယဉ်ကျေးသော, အကြား အမြင်ရှိသော မြတ်စွာဘုရား၏ တပည့်သည် ရုပ်ကို အတ္တ ‘ကိုယ်’ဟု မရှု၊ (ကြွင်းခန္ဓာကိုလည်း) ရုပ်ရှိသော အတ္တဟု မရှု၊ အတ္တ၌ ရုပ်ဟု မရှု၊ ရုပ်၌ အတ္တဟု မရှု။ ခံစားမှု ‘ဝေဒနာ’ကို။ မှတ်သားမှု ‘သညာ’ကို။ ပြုပြင်စီရင်မှု ‘သင်္ခါရ’တို့ကို။ သိမှု ‘ဝိညာဏ်’ကို အတ္တဟု မရှု၊ (ကြွင်းခန္ဓာကို) ဝိညာဏ်ရှိသော အတ္တဟု မရှု၊ အတ္တ၌ ဝိညာဏ်ဟု မရှု၊ ဝိညာဏ်၌ အတ္တဟု မရှု။ ရဟန်းတို့ ဤသို့လျှင် ဖြစ်ဆဲပစ္စုပ္ပန်တရား၌ မတွန့်တို။
အတိတ်ခန္ဓာသို့လည်း အစဉ် မလိုက်ရာ၊ အနာဂတ်ခန္ဓာကိုလည်း မတောင့်တရာ၊ အတိတ်ခန္ဓာသည် ချုပ်ပြီးပြီ၊ အနာဂတ်ခန္ဓာလည်း မရောက်လာသေး။
ပစ္စုပ္ပန်ဖြစ်သော သဘောတရားကို ထိုထိုဖြစ်ဆဲခဏ၌သာလျှင် ဝိပဿနာရှုသော ထိုပုဂ္ဂိုလ်သည် တွန့်တိုခြင်း ပျက်စီးခြင်းမရှိသော ထိုဝိပဿနာရှုမှုကို အဖန်ဖန်ပွါး များရာ၏။
အဘယ်သူသည် နက်ဖြန်၌ သေရမည်ကို သိနိုင်အံ့နည်း၊ ယနေ့ကပင်လျှင် အားထုတ်သင့်သော ကုသိုလ်ကောင်းမှုအလုပ်ကို ပြုလုပ်သင့်၏၊ ငါတို့မှာ များသော စစ်သည်ရှိသော ထိုသေမင်းနှင့် ချိန်းချက်ထားမှုသည် မရှိသည်သာတည်း။
ဤသို့ နေလေ့ရှိသော လွန်စွာ အားထုတ်ခြင်းရှိသော နေ့ညဉ့်ပတ်လုံး မပျင်းမရိ အားထုတ်သော ထိုရဟန်းကို စင်စစ် ‘ကောင်းသော ညဉ့်တစ်ညဉ့်ရှိသော ရဟန်း’ ဟူ၍ ကိလေသာ ငြိမ်းအေးပြီးသော မြတ်စွာဘုရားသည် ဟောကြားတော်မူ၏။
“ရဟန်းတို့ သင်တို့အား ဘဒ္ဒေကရတ္တသုတ်၏ အကျဉ်း ‘ဥဒ္ဒေသ’ နှင့် အကျယ် ‘နိဒ္ဒေသ’ ကို ဟောပေအံ့”ဟူ၍ ဆိုခဲ့သော စကားကို ဤသည်ကို အစွဲပြု၍ ငါဆိုခဲ့၏ဟု (မိန့်တော်မူ၏)။
မြတ်စွာဘုရားသည် ဤတရားဒေသနာတော်ကို ဟောကြားတော်မူ၏။ ထိုရဟန်းတို့သည် မြတ်စွာ့ဘုရား၏ တရားဒေသနာတော်ကို ဝမ်းမြောက်ဝမ်းသာ လွန်စွာ နှစ်သက်ကုန်ပြီ။
ရှေးဦးစွာသော ဘဒ္ဒေကရတ္တသုတ် ပြီး၏။
၁။ ဘဒ္ဒ+ဧကရတ္တ— ဘဒ္ဒ၊ ဝိပဿနာအားထုတ်မှုရှိသောကြောင့် ကောင်းသော။ ဧကရတ္တ၊ ညဉ့်တစ်ညဉ့်။ ဘဒ္ဒေကရတ္တ ဝိပဿနာအားထုတ်မှုရှိသော ကောင်းသော ညဉ့်တစ်ညဉ့်ရှိသော ပုဂ္ဂိုလ်။