မဇ္ဈိမနိကာယ်

၃—မဟာကစ္စာနဘဒ္ဒေကရတ္တသုတ်

၂၇၉။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်—

အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် တပေါဒါရုံကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ အသျှင်သမိဒ္ဓိသည် လင်းအားကြီးအခါ အိပ်ရာမှ ထ၍ ကိုယ်တို့ကို ရေသွန်းဖျန်းရန် တပေါဒါမြစ်ရှိ ရာ အရပ်သို့ ချဉ်းကပ်လေ၏။ တပေါဒါမြစ်၌ ကိုယ်တို့ကို ရေသွန်းဖျန်း၍ တက်ပြီးလျှင် ကိုယ်တို့ကို ခြောက်သွေ့စေလျက် သင်္ကန်းတစ်ထည်တည်းဖြင့် ရပ်တည်၏။ ထိုအခါ နတ်သားတစ်ယောက်သည် ညဉ့် အချိန်ကုန်လွန်လတ်သော် အလွန်နှစ်သက်ဖွယ်ကောင်းသော အဆင်းရှိသည် ဖြစ်၍ အလုံးစုံသော တပေါဒါ မြစ်ကို ထွန်းလင်းတောက်ပစေလျက် အသျှင်သမိဒ္ဓိထံသို့ ချဉ်းကပ်ပြီးလျှင် တစ်ခုသော အရပ်၌ ရပ်တည်၏၊ တစ်ခုသော အရပ်၌ ရပ်တည်ပြီးသော ထိုနတ်သားသည် အသျှင်သမိဒ္ဓိကို “ရဟန်း သင်သည် ဘဒ္ဒေကရတ္တသုတ်၏ အကျဉ်း ‘ဥဒ္ဒေသ’နှင့် အကျယ် ‘နိဒ္ဒေသ’ကို ဆောင်ထားပါ၏လော”ဟု ဤစကားကို လျှောက်၏။ ငါ့သျှင်နတ်သား ငါသည် ဘဒ္ဒေက ရတ္တသုတ်၏ အကျဉ်း ‘ဥဒ္ဒေသ’ နှင့် အကျယ် ‘နိဒ္ဒေသ’ကို ဆောင်မထားပေ၊ ငါ့သျှင်နတ်သား သင်သည် ဘဒ္ဒေကရတ္တသုတ်၏ အကျဉ်း ‘ဥဒ္ဒေသ’ နှင့် အကျယ် ‘နိဒ္ဒေသ’ ကို ဆောင်ထားပါသလောဟု (ပြန်လှန်၍ မေး၏)။ ရဟန်း အကျွန်ုပ်သည်လည်း ဘဒ္ဒေကရတ္တ သုတ်၏ အကျဉ်း ‘ဥဒ္ဒေသ’နှင့် အကျယ် ‘နိဒ္ဒေသ’ကို ဆောင်မထားပါ၊

ရဟန်း သင်သည် ဘဒ္ဒေကရတ္တသုတ်လာ ဂါထာတို့ကို ဆောင်ထားပါ၏လောဟု (လျှောက်၏)။ ငါ့သျှင် နတ်သား ငါသည် ဘဒ္ဒေကရတ္တသုတ်လာ ဂါထာတို့ကို ဆောင်မထားပါ၊ ငါ့သျှင်နတ်သား သင်မူကား ဘဒ္ဒေကရတ္တသုတ်လာ ဂါထာတို့ကို ဆောင်ထားပါ၏လောဟု ( ပြန်လှန်၍ မေးမြန်း၏ )။ ရဟန်း အကျွန်ုပ်သည်လည်း ဘဒ္ဒေကရတ္တသုတ်လာ ဂါထာတို့ကို ဆောင်မထားပါဟု ဤသို့ လျှောက်ပြီးလျှင် ရဟန်း သင်သည် ဘဒ္ဒေကရတ္တသုတ်၏ အကျဉ်း ‘ဥဒ္ဒေသ’နှင့် အကျယ် ‘နိဒ္ဒေသ’ကို နာယူလော့၊ ရဟန်း သင်သည် ဘဒ္ဒေကရတ္တသုတ်၏ အကျဉ်း ‘ဥဒ္ဒေသ’နှင့် အကျယ် ‘နိဒ္ဒေသ’ကို ရွတ်အံသရဇ္ဈာယ်လော့၊ ရဟန်း သင်သည် ဘဒ္ဒေကရတ္တသုတ်၏ အကျဉ်း ‘ဥဒ္ဒေသ’နှင့် အကျယ် ‘နိဒ္ဒေသ’ကို ပို့ချလော့၊ ရဟန်း ဘဒ္ဒေကရတ္တသုတ်၏ အကျဉ်း ‘ဥဒ္ဒေသ’နှင့် အကျယ် ‘နိဒ္ဒေသ’သည် မြတ်သောအကျင့်၏ အစဖြစ်၍ အကျိုးစီးပွါးနှင့် စပ်၏ဟု လျှောက်ထားပြီးလျှင် ထိုအရပ်၌ ကွယ်လေ၏။

၂၈ဝ။ ထိုအခါ အသျှင်သမိဒ္ဓိသည် ထိုညဉ့်ကို လွန်သောအခါ မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ ရိုသေစွာ ရှိခိုးပြီးလျှင် တစ်ခုသော အရပ်၌ ထိုင်နေ၏၊ တစ်ခုသော အရပ်၌ ထိုင်နေပြီးသော အသျှင်သမိဒ္ဓိ သည် မြတ်စွာဘုရားအား ဤဆိုလတ္တံ့သော စကားကို လျှောက်ထား၏—

အသျှင်ဘုရား အကျွန်ုပ်သည် လင်းအားကြီးအခါ၌ တပေါဒါမြစ်ရှိရာ အရပ်သို့ ကိုယ်တို့ကို ရေသွန်းဖျန်းရန် ချဉ်းကပ်ပါ၏။ တပေါဒါမြစ်၌ ကိုယ်တို့ကို ရေသွန်းဖျန်း၍ တစ်ဖန် တက်ပြီးလျှင် ကိုယ် တို့ကို ခြောက်သွေ့စေလျက် သင်္ကန်းတစ်ထည်တည်းဖြင့် ရပ်တည်ပါ၏။ ထိုအခါ နတ်သားတစ်ယောက် သည် ညဉ့်အချိန်ကုန်လွန်လတ်သော် အလွန်နှစ်သက်ဖွယ်ကောင်းသော အဆင်းရှိသည်ဖြစ်၍ အလုံးစုံသော တပေါဒါမြစ်ကို ထွန်းလင်းတောက်ပစေလျက် အကျွန်ုပ်ထံသို့ ချဉ်းကပ်ပြီးလျှင် တစ်ခုသော အရပ်၌ ရပ် တည်ပါ၏၊ တစ်ခုသော အရပ်၌ ရပ်တည်ပြီးသော ထိုနတ်သားသည် အကျွန်ုပ်ကို “ရဟန်း သင်သည် ဘဒ္ဒေကရတ္တသုတ်၏ အကျဉ်း ‘ဥဒ္ဒေသ’ နှင့် အကျယ် ‘နိဒ္ဒေသ’ ကို ဆောင်ထားပါ၏လောဟု ဤစကားကို့လျှောက်ထားပါ၏။

မြတ်စွာဘုရား ဤသို့ လျှောက်ထားသော် အကျွန်ုပ်သည် ထိုနတ်သားကို “ငါ့သျှင်နတ်သား ငါသည် ဘဒ္ဒေကရတ္တသုတ်၏ အကျဉ်း ‘ဥဒ္ဒေသ’နှင့် အကျယ် ‘နိဒ္ဒေသ’ကို ဆောင်မထားပါ၊ ငါ့သျှင်နတ်သား သင်မူ ကား ဘဒ္ဒေကရတ္တသုတ်၏ အကျဉ်း ‘ဥဒ္ဒေသ’နှင့် အကျယ် ‘နိဒ္ဒေသ’ကို ဆောင်ထားပါ၏လော”ဟု (ဤ စကားကို ပြန်လှန်မေးပါ၏)။ ရဟန်း အကျွန်ုပ်သည် ဘဒ္ဒေကရတ္တသုတ်၏ အကျဉ်း ‘ဥဒ္ဒေသ’ နှင့် အကျယ် ‘နိဒ္ဒေသ’ ကို ဆောင်မထားပါ။ ရဟန်း သင်သည် ဘဒ္ဒေကရတ္တသုတ်လာ ဂါထာတို့ကို ဆောင် ထားပါ၏လောဟု (လျှောက်ထားပြန်ပါ၏)။ ငါ့သျှင်နတ်သား ငါသည် ဘဒ္ဒေကရတ္တသုတ်လာ ဂါထာတို့ကို ဆောင်မထားပါ၊ ငါ့သျှင်နတ်သား သင်သည်ကား ဘဒ္ဒေကရတ္တသုတ်လာ ဂါထာတို့ကို ဆောင်ထားပါ သလောဟု (ပြန်လှန်မေးမြန်းပါ၏)။

ရဟန်း အကျွန်ုပ်သည်လည်း ဘဒ္ဒေကရတ္တသုတ်လာ ဂါထာတို့ကို ဆောင်မထားပါဟု ဤသို့ လျှောက်ပြီးလျှင် ရဟန်း သင်သည် ဘဒ္ဒေကရတ္တသုတ်၏ အကျဉ်း ‘ဥဒ္ဒေသ’နှင့် အကျယ် ‘နိဒ္ဒေသ’ကို နာယူလော့၊ ရဟန်း သင်သည် ဘဒ္ဒေကရတ္တသုတ်၏ အကျဉ်း ‘ဥဒ္ဒေသ’နှင့် အကျယ် ‘နိဒ္ဒေသ’ကို ရွတ်အံ သရဇ္ဈာယ်လော့၊ ရဟန်း သင်သည် ဘဒ္ဒေကရတ္တသုတ်၏ အကျဉ်း ‘ဥဒ္ဒေသ’နှင့် အကျယ် ‘နိဒ္ဒေသ’ကို ပို့ချလော့၊ ရဟန်း ဘဒ္ဒေကရတ္တသုတ်၏ အကျဉ်း ‘ဥဒ္ဒေသ’နှင့် အကျယ် ‘နိဒ္ဒေသ’သည် မြတ်သော အကျင့်၏ အစဖြစ်၍ အကျိုးစီးပွါးနှင့် စပ်၏ဟု ထိုနတ်သားသည် ဤစကားကို လျှောက်ထားပါ၏။ ဤစကားကို လျှောက်ထားပြီးလျှင် ထိုအရပ်၌သာလျှင် ကွယ်လေ၏။ မြတ်စွာဘုရား တောင်းပန်ပါ၏၊ မြတ်စွာဘုရားသည် အကျွန်ုပ်အား ဘဒ္ဒေကရတ္တသုတ်၏ အကျဉ်း ‘ဥဒ္ဒေသ’ နှင့် အကျယ် ‘နိဒ္ဒေသ’ ကို ဟောကြားတော်မူပါလော့ဟု (လျှောက်၏)။ ရဟန်း သို့ဖြစ်လျှင် နာလော့၊ ကောင်းစွာ နှလုံးသွင်းလော့၊ ဟောကြားအံ့ဟု (မိန့်တော်မူ၏)။ “မြတ်စွာဘုရား ကောင်းပါပြီ”ဟု အသျှင်သမိဒ္ဓိသည် မြတ်စွာဘုရား အား ပြန်ကြားလျှောက်ထား၏။ မြတ်စွာဘုရားသည် ဤတရားစကားကို မိန့်တော်မူ၏—

အတိတ်ခန္ဓာသို့လည်း အစဉ်မလိုက်ရာ၊ အနာဂတ်ခန္ဓာကိုလည်း မတောင့်တရာ၊ အတိတ်ခန္ဓာသည် ချုပ်ပြီးပြီ၊ အနာဂတ်ခန္ဓာလည်း မရောက်လာသေး။

ပစ္စုပ္ပန်ဖြစ်သော သဘောတရားကို ထိုထိုဖြစ်ဆဲခဏ၌သာလျှင် ဝိပဿနာရှုသော ထိုပုဂ္ဂိုလ်သည် တွန့်တိုခြင်း ပျက်စီးခြင်းမရှိသော ထိုဝိပဿနာရှုမှုကို အဖန်ဖန် ပွါး များရာ၏။

အဘယ်သူသည် နက်ဖန်၌ သေရမည်ကို သိနိုင်အံ့နည်း၊ ယနေ့ကပင်လျှင် အားထုတ်သင့်သော ကုသိုလ်ကောင်းမှုအလုပ်ကို ပြုလုပ်သင့်၏၊ ငါတို့မှာ များသော စစ်သည်ရှိသော ထိုသေမင်းနှင့် ချိန်းချက်ထားမှုသည် မရှိသည်သာတည်း။

ဤသို့ နေလေ့ရှိသော လွန်စွာ အားထုတ်ခြင်းရှိသော နေ့ညဉ့်ပတ်လုံး မပျင်းမရိ အားထုတ်သော ထိုရဟန်းကို စင်စစ် “ကောင်းသော ညဉ့်တစ်ညဉ့်ရှိသော ရဟန်း” ဟူ၍ ကိလေသာငြိမ်းအေးပြီးသော မြတ်စွာဘုရားသည် ဟောကြားတော်မူ၏ဟု—

မြတ်စွာဘုရားသည် ဤတရားစကားကို ဟောကြားတော်မူ၏။ ကောင်းသော စကားကို ဆိုတော်မူ တတ်သော မြတ်စွာဘုရားသည် ဤတရားစကားကို ဟောကြားတော်မူပြီး၍ နေရာမှ ထတော်မူကာ ကျောင်းတွင်းသို့ ဝင်တော်မူ၏။ ထိုအခါ မြတ်စွာဘုရား ဖဲကြွသွား၍ မကြာမြင့်မီ ထိုရဟန်းတို့အား ဤသို့သော အကြံသည် ဖြစ်ပေါ်၏၊ “ငါ့သျှင်တို့ မြတ်စွာဘုရားသည် ငါတို့အား—

အတိတ်ခန္ဓာသို့လည်း အစဉ်မလိုက်ရာ၊ အနာဂတ်ခန္ဓာကိုလည်း မတောင့်တရာ၊ အတိတ်ခန္ဓာသည် ချုပ်ပြီးပြီ၊ အနာဂတ်ခန္ဓာလည်း မရောက်လာသေး။

ပစ္စုပ္ပန်ဖြစ်သော သဘောတရားကို ထိုထိုဖြစ်ဆဲခဏ၌သာလျှင် ဝိပဿနာရှုသော ထိုပုဂ္ဂိုလ်သည် တွန့်တိုခြင်း ပျက်စီးခြင်းမရှိသော ထိုဝိပဿနာရှုမှုကို အဖန်ဖန် ပွါးများရာ၏။

အဘယ်သူသည် နက်ဖန်၌သေရမည်ကို သိနိုင်အံ့နည်း၊ ယနေ့ကပင်လျှင် အားထုတ်သင့်သော ကုသိုလ်ကောင်းမှုအလုပ်ကို ပြုလုပ်သင့်၏၊ ငါတို့မှာ များသော စစ်သည်ရှိသော ထိုသေမင်းနှင့် ချိန်းချက်ထားမှုသည် မရှိသည်သာတည်း။

ဤသို့ နေလေ့ရှိသော လွန်စွာ အားထုတ်ခြင်းရှိသော နေ့ညဉ့်ပတ်လုံး မပျင်းမရိ အားထုတ်သော ထိုရဟန်းကို စင်စစ် ‘ကောင်းသော ညဉ့်တစ်ညဉ့်ရှိသော ရဟန်း’ ဟူ၍ ကိလေသာ ငြိမ်းအေးပြီးသော မြတ်စွာဘုရားသည် ဟောကြားတော်မူ၏ဟု—

ဤတရားကို အကျဉ်းအားဖြင့် ညွှန်ပြပြီး၍ အကျယ်အားဖြင့် အနက်အဓိပ္ပါယ်ကို မဝေဖန်ဘဲ နေရာမှ ထတော်မူကာ ကျောင်းတွင်းသို့ ဝင်တော်မူ၏၊ မြတ်စွာဘုရားသည် အကျဉ်းအားဖြင့် ညွှန်ပြအပ်သော အကျယ်အားဖြင့် အနက်အဓိပ္ပါယ်ကို ဝေဖန်တော်မမူအပ်သော ဤဥဒ္ဒေသတရား၏အနက်အဓိပ္ပါယ်ကို အဘယ်သူသည် ဝေဖန်နိုင်ရာအံ့နည်း”ဟု (အကြံသည်ဖြစ်၏)။

ထိုအခါ ထိုရဟန်းတို့အား “ဤအသျှင်မဟာကစ္စာနသည် မြတ်စွာဘုရား အချီးအမွမ်းခံရ၏၊ ပညာရှိ သီတင်းသုံးဖော်တို့၏ အမြှောက်စားလည်း ခံရ၏၊ အသျှင်မဟာကစ္စာနသည် မြတ်စွာဘုရား အကျဉ်းချုပ် ညွှန်ပြလျက် အကျယ်ကို မဝေဖန်ခဲ့သော ဤဥဒ္ဒေသ၏ အနက်သဘောကို အကျယ်ဝေဖန်ရန် စွမ်းလည်း စွမ်းနိုင်၏၊ ငါတို့သည် အသျှင်မဟာကစ္စာနထံသို့ ချဉ်းကပ်၍ အသျှင်မဟာကစ္စာနအား ဤအနက် သဘောကို မေးမြန်းရမူ ကောင်းပေမည်”ဟု အကြံဖြစ်ပေါ်လာကုန်၏။

၂၈၁။ ထို့နောက် ထိုရဟန်းတို့သည် အသျှင်မဟာကစ္စာနထံသို့ ချဉ်းကပ်ပြီးလျှင် အသျှင်မဟာ ကစ္စာနနှင့်အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်၍ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို (ပြောဆို) ပြီးဆုံးစေကာ တစ်ခုသော အရပ်၌ ထိုင်နေကုန်၏။ တစ်ခုသော အရပ်၌ ထိုင်နေကုန်ပြီးသော ထိုရဟန်း တို့သည် အသျှင်မဟာကစ္စာနအား ဤဆိုမည့်စကားကို လျှောက်ထားကုန်၏ —

ငါ့သျှင်ကစ္စာန မြတ်စွာဘုရားသည်

“အတိတ်ခန္ဓာသို့လည်း အစဉ်မလိုက်ရာ။ပ။ ထိုရဟန်းကို စင်စစ် ‘ကောင်းသော ညဉ့်တစ်ညဉ့်ရှိသော ရဟန်း’ ဟူ၍ ကိလေသာ ငြိမ်းအေးပြီးသော မြတ်စွာဘုရား သည် ဟောကြားတော်မူ၏”

ဟူသော ဥဒ္ဒေသကို အကျဉ်းချုပ်အားဖြင့် ညွှန်ပြ၍ အနက်သဘောကို အကျယ်မဝေဖန်ဘဲ နေရာမှ ထကာ ကျောင်းတွင်းသို့ ဝင်တော်မူခဲ့ပါ၏။

ငါ့သျှင်ကစ္စာန မြတ်စွာဘုရား ကြွသွားတော်မူ၍ မကြာမြင့်မီ ထိုငါတို့အား “ငါ့သျှင်တို့ မြတ်စွာဘုရားသည် ငါတို့အား—

‘အတိတ်ခန္ဓာသို့လည်း အစဉ်မလိုက်ရာ။ပ။ ထိုရဟန်းကို စင်စစ် ‘ကောင်းသော ညဉ့်တစ်ညဉ့်ရှိသော ရဟန်း’ ဟူ၍ ကိလေသာ ငြိမ်းအေးပြီးသော မြတ်စွာဘုရား သည် ဟောကြားတော်မူ၏’

ဟူသော ဤညွှန်ပြခြင်း ဥဒ္ဒေသ၏ အကျဉ်းချုပ် အနက်သဘောကို အကျယ်မဝေဖန်ဘဲ နေရာမှ ထကာ ကျောင်းတွင်းသို့ ဝင်တော်မူခဲ့ပါ၏။ အဘယ်သူသည် မြတ်စွာဘုရားအကျဉ်းချုပ်ညွှန်ပြ၍ အကျယ် အားဖြင့် အနက်သဘောကို မဝေဖန်သော ဤညွှန်ပြချက်ဥဒ္ဒေသ၏ အနက်သဘောကို အကျယ်အားဖြင့် ဝေဖန်နိုင်ရာသနည်း”ဟု ဤသို့သော အကြံသည် ဖြစ်ပေါ်လာပါ၏။

ငါ့သျှင်ကစ္စာန ထိုငါတို့အား “ဤအသျှင်မဟာကစ္စာနသည် မြတ်စွာဘုရား အချီးအမွမ်းခံရ၏၊ ပညာရှိ သီတင်းသုံးဖော်တို့၏ အမြှောက်စားလည်း ခံရ၏၊ အသျှင်မဟာကစ္စာနသည် မြတ်စွာဘုရား အကျဉ်းချုပ် ညွှန်ပြ၍ အကျယ်မဝေဖန်ခဲ့သော ဤဥဒ္ဒေသ၏ အနက်သဘောကို အကျယ်အားဖြင့် ဝေဖန်ရန် စွမ်းလည်း စွမ်းနိုင်၏၊ ငါတို့သည် အသျှင်မဟာကစ္စာနထံသို့ ချဉ်းကပ်၍ အနက်သဘောကို မေးမြန်း ကြရမူ ကောင်းပေမည်”ဟု ဤသို့သော စိတ်အကြံ ဖြစ်ပေါ်လာပြန်ပါ၏။ အသျှင်မဟာကစ္စာနသည် ဝေဖန်တော် မူပါလော့ဟု (ပြောဆိုလျှောက်ထားကုန်၏)။

ငါ့သျှင်တို့ ဥပမာအားဖြင့် အနှစ်ကို အလိုရှိ၍ အနှစ်ကို ရှာမှီးသော ယောကျာ်းသည် အနှစ်ရှာ လှည့်သော် တည်နေဆဲဖြစ်သော အနှစ်ပြည့်သော သစ်ပင်ကြီး၏ အမြစ်ရင်းကိုလည်းကောင်း၊ ပင်စည်ကိုလည်းကောင်း ကျော်လွန်၍သာလျှင် အခက် အရွက်၌ အနှစ်ကို ရှာသင့်၏ဟု မှတ်ထင်ရာသကဲ့သို့ ဤ ဥပမာအတူ အသျှင်တို့သည် မြတ်စွာဘုရား မျက်မှောက်ထင်ရှားဖြစ်ပါလျက် ထိုမြတ်စွာဘုရားကို ကျော် လွန်၍ ငါတို့အား ဤအနက်သဘောကို မေးမြန်းသင့်၏ဟု ထင်မှတ်ကြကုန်၏၊ ငါ့သျှင်တို့ မှန်ပါသည်၊ ထိုမြတ်စွာဘုရားသည် သိသင့်သိထိုက်သည်ကို သိတော်မူ၏၊ မြင်သင့်မြင်ထိုက်သည်ကို မြင်တော်မူ၏၊ မျက်စိသဖွယ် ဖြစ်တော်မူ၏၊ အသိဉာဏ်သဖွယ် ဖြစ်တော်မူ၏၊ တရားသဖွယ် ဖြစ်တော်မူ၏၊ မြတ်သော မဂ်သဖွယ် ဖြစ်တော်မူ၏၊ (သစ္စာလေးပါးကို) ဟောကြားတော်မူတတ်၏၊ ဖြစ်စေတော်မူတတ်၏၊ အနက် သဘောကို ထုတ်ဆောင်ပြတော်မူတတ်၏၊ အမြိုက်နိဗ္ဗာန်ကို ပေးတော်မူတတ်၏၊ တရားအရှင် ဖြစ်တော်မူ၏၊ ရှေးဘုရားများအတူ ဖြစ်တော်မူ၏၊ ဤအနက်သဘောကို မြတ်စွာဘုရားကိုသာလျှင် မေးမြန်းရန် အချိန်အခါ ဖြစ်၏၊ သင်တို့အား မြတ်စွာဘုရား ဖြေကြားတော်မူသည့်အတိုင်း ထိုအနက်ကို မှတ်ကုန်ရာ၏ဟု (ပြောဆို၏)။

ငါ့သျှင်ကစ္စာန စင်စစ်အားဖြင့်သော်ကား မြတ်စွာဘုရားသည် သိသင့်သိထိုက်သည်ကို သိတော်မူ၏၊ မြင်သင့်မြင်ထိုက်သည်ကို မြင်တော်မူ၏၊ မျက်စိသဖွယ် ဖြစ်တော်မူ၏၊ အသိဉာဏ်သဖွယ် ဖြစ်တော်မူ၏၊ တရားသဖွယ် ဖြစ်တော်မူ၏၊ မြတ်သော မဂ်သဖွယ် ဖြစ်တော်မူ၏၊ (သစ္စာလေးပါးကို) ဟောကြားတော်မူ တတ်၏၊ ဖြစ်စေတော်မူတတ်၏၊ အနက်သဘောကို ထုတ်ဆောင်ပြတော်မူတတ်၏၊ အမြိုက်နိဗ္ဗာန်ကို ပေးတော်မူတတ်၏၊ တရားအရှင် ဖြစ်တော်မူ၏၊ ရှေးဘုရားများအတူ ဖြစ်တော်မူ၏၊ ဤအနက်သဘောကို မြတ်စွာဘုရားကိုသာလျှင် မေးမြန်းရန် အချိန်အခါ ဖြစ်ပါ၏၊ ငါတို့အား မြတ်စွာဘုရားသည် ဖြေကြား တော်မူသည့်အတိုင်း ထိုအနက်သဘောကို မှတ်ကြကုန်ရာ၏။ သို့သော်လည်း အသျှင်မဟာကစ္စာနသည် မြတ်စွာဘုရား အချီးမွမ်းခံရ၏၊ ပညာရှိ သီတင်းသုံးဖော်များ၏ အမြှောက်စားလည်း ခံရ၏၊ အသျှင်မဟာ ကစ္စာနသည် မြတ်စွာဘုရား အကျဉ်းချုပ်ညွှန်ပြ၍ အကျယ်မဝေဖန်ခဲ့သော ဤဥဒ္ဒေသ၏ အနက်သဘောကို အကျယ်အားဖြင့် ဝေဖန်ရန် စွမ်းလည်း စွမ်းနိုင်၏၊ အသျှင်မဟာကစ္စာနသည် ဝန်မလေးသည်ကို ပြု၍ ဝေဖန်ပါလော့ဟု (လျှောက်ကုန်၏)။

ငါ့သျှင်တို့ ထိုသို့ တာဝန်ထား၍ နာကြားလိုမူ နာကြားကြကုန်၊ ကောင်းစွာ နှလုံးသွင်းကြကုန်၊ ဟောကြားပေအံ့ဟု (မိန့်ဆို၏)၊ “ငါ့သျှင် ကောင်းပါပြီ”ဟု ထိုရဟန်းတို့သည် အသျှင်မဟာကစ္စာနအား ပြန်ကြားလျှောက်ထားကြကုန်၏။ အသျှင်မဟာကစ္စာနသည် ဤစကားကို မိန့်ဆို၏ —

ငါ့သျှင်တို့ ငါတို့အား မြတ်စွာဘုရားသည်

“အတိတ်ခန္ဓာသို့လည်း အစဉ်မလိုက်ရာ။ပ။ ထိုရဟန်းကို စင်စစ် ‘ကောင်းမြတ် သော ညဉ့်တစ်ညဉ့်ရှိသော ရဟန်း’ဟူ၍ ကိလေသာ ငြိမ်းအေးပြီးသော မြတ်စွာဘုရားသည် ဟောကြားတော်မူ၏”

ဟူသော ဤဥဒ္ဒေသကို မြတ်စွာဘုရားသည် အကျဉ်းချုပ် ညွှန်ပြ၍ အနက်သဘောကို အကျယ် မဝေဖန်ဘဲ နေရာမှထကာ ကျောင်းတွင်းသို့ ဝင်တော်မူခဲ့၏။

ငါ့သျှင်တို့ မြတ်စွာဘုရား အကျဉ်းချုပ် ညွှန်ပြ၍ အကျယ်မဝေဖန်သော ဤဥဒ္ဒေသ၏ အနက် သဘောကို ဤသို့ အကျယ်အားဖြင့် ငါ သိပါ၏။

၂၈၂။ ငါ့သျှင်တို့ အဘယ်သို့လျှင် အတိတ်ခန္ဓာသို့ အစဉ်လိုက်သနည်း။ အတိတ်ကာလ၌ ငါ၏ စက္ခုပသာဒသည် ဤသို့ ဖြစ်ဖူး၏၊ ရူပါရုံတို့သည် ဤသို့ ဖြစ်ဖူးကုန်၏ ဟူ၍ ထိုစက္ခုပသာဒ+ရူပါရုံတို့၌ ဆန္ဒရာဂနှင့်စပ်သော သိမှု ‘ဝိညာဏ်’ သည် ဖြစ်၏၊ သိမှု ‘ဝိညာဏ်’၏ ဆန္ဒရာဂနှင့်စပ်သည်၏ အဖြစ် ကြောင့် ထိုစက္ခု ပသာဒ+ ရူပါရုံတို့ကို အလွန်နှစ်သက်၏၊ ထိုစက္ခုပသာဒ+ရူပါရုံတို့ကို အလွန်နှစ်သက့်သောသူသည် အတိတ်ခန္ဓာသို့ အစဉ်လိုက်၏။ အတိတ်ကာလ၌ ငါ၏ သောတပသာဒသည် ဤသို့ ဖြစ်ဖူး၏၊ သဒ္ဒါရုံတို့သည် ဤသို့ ဖြစ်ဖူးကုန်၏ ဟူ၍။ပ။ အတိတ်ကာလ၌ ငါ၏ ဃာနပသာဒသည် ဤသို့ ဖြစ်ဖူး၏၊ ဂန္ဓာရုံတို့သည် ဤသို့ ဖြစ်ဖူးကုန်၏ ဟူ၍။ အတိတ်ကာလ၌ ငါ၏ ဇိဝှါပသာဒသည် ဤသို့ ဖြစ်ဖူး၏၊ ရသာရုံတို့သည် ဤသို့ ဖြစ်ဖူးကုန်၏ ဟူ၍။ အတိတ်ကာလ၌ ငါ၏ ကာယပသာဒသည် ဤသို့ ဖြစ်ဖူး၏၊ ဖောဋ္ဌဗ္ဗာရုံတို့သည် ဤသို့ ဖြစ်ဖူးကုန်၏ ဟူ၍။ အတိတ်ကာလ၌ ငါ၏ ဘဝင်စိတ်ဟူသော မနာယတနသည် ဤသို့ ဖြစ်ဖူး၏၊ ဘုံသုံးပါး၌ဖြစ်သော ဓမ္မာရုံတို့သည် ဤသို့ ဖြစ်ဖူးကုန်၏ ဟူ၍ ထိုမနာယတန + ဓမ္မာရုံတို့၌ ဆန္ဒရာဂနှင့်စပ်သော သိမှု ‘ဝိညာဏ်’ သည် ဖြစ်၏၊ သိမှု ‘ဝိညာဏ်’၏ ဆန္ဒရာဂနှင့်စပ်သည်၏ အဖြစ်ကြောင့် ထိုမနာယတန + ဓမ္မာရုံကို အလွန်နှစ်သက်၏၊ ထိုမနာယတန + ဓမ္မာရုံကို အလွန်နှစ်သက်သောသူသည် အတိတ်ခန္ဓာသို့ အစဉ်လိုက်၏။ ငါ့သျှင်တို့ ဤသို့လျှင် အတိတ် ခန္ဓာသို့ အစဉ်လိုက်၏။

ငါ့သျှင်တို့ အဘယ်သို့လျှင် အတိတ်ခန္ဓာသို့ အစဉ်မလိုက်သနည်း။ အတိတ်ကာလ၌ ငါ၏ စက္ခုပသာဒသည် ဤသို့ ဖြစ်ဖူး၏၊ ရူပါရုံတို့သည် ဤသို့ ဖြစ်ဖူးကုန်၏ ဟူ၍ ထိုစက္ခုပသာဒ + ရူပါရုံတို့၌ ဆန္ဒရာဂနှင့်စပ်သော သိမှု ‘ဝိညာဏ်’ သည် မဖြစ်၊ သိမှု ‘ဝိညာဏ်’၏ ဆန္ဒရာဂနှင့်မစပ်သည်၏ အဖြစ် ကြောင့် ထိုစက္ခုပသာဒ+ ရူပါရုံကို မနှစ်သက်၊ ထိုစက္ခုပသာဒ+ ရူပါရုံကို မနှစ်သက်သောသူသည် အတိတ် ခန္ဓာသို့ အစဉ်မလိုက်။ အတိတ်ကာလ၌ ငါ၏ သောတပသာဒသည် ဤသို့ ဖြစ်ဖူး၏၊ သဒ္ဒါရုံတို့သည် ဤသို့ ဖြစ်ဖူးကုန်၏ ဟူ၍။ပ။ အတိတ်ကာလ၌ ငါ၏ ဃာနပသာဒသည် ဤသို့ ဖြစ်ဖူး၏၊ ဂန္ဓာရုံတို့သည် ဤသို့ ဖြစ်ဖူးကုန်၏ ဟူ၍။ အတိတ်ကာလ၌ ငါ၏ ဇိဝှါပသာဒသည် ဤသို့ ဖြစ်ဖူး၏၊ ရသာရုံတို့သည် ဤသို့ ဖြစ်ဖူးကုန်၏ ဟူ၍။ အတိတ်ကာလ၌ ငါ၏ ကာယပသာဒသည် ဤသို့ ဖြစ်ဖူး၏၊ ဖောဋ္ဌဗ္ဗာရုံ တို့သည် ဤသို့ ဖြစ်ဖူးကုန်၏ ဟူ၍။ အတိတ်ကာလ၌ ငါ၏ ဘဝင်စိတ်ဟူသော မနာယတနသည် ဤသို့ ဖြစ်ဖူး၏၊ ဘုံသုံးပါး၌ဖြစ်သော ဓမ္မာရုံတို့သည် ဤသို့ ဖြစ်ဖူးကုန်၏ဟူ၍ ထိုမနာယတန + ဓမ္မာရုံတို့၌ ဆန္ဒရာဂနှင့်စပ်သော သိမှု ‘ဝိညာဏ်’ သည် မဖြစ်။ သိမှု ‘ဝိညာဏ်’၏ ဆန္ဒရာဂနှင့်မစပ်သည်၏ အဖြစ်ကြောင့် ထိုမနာယတန + ဓမ္မာရုံကို မနှစ်သက်။ ထိုမနာယတန + ဓမ္မာရုံကို မနှစ်သက်သော သူသည် အတိတ်ခန္ဓာသို့ အစဉ်မလိုက်။ ငါ့သျှင်တို့ ဤသို့လျှင် အတိတ်ခန္ဓာသို့ အစဉ်မလိုက်။

၂၈၃။ ငါ့သျှင်တို့ အဘယ်သို့လျှင် အနာဂတ်ခန္ဓာကို တောင့်တသနည်း။ အနာဂတ်ကာလ၌ ငါ၏ စက္ခုပသာဒသည် ဤသို့ ဖြစ်ရလို၏၊ ရူပါရုံတို့သည် ဤသို့ ဖြစ်ရလိုကုန်၏ ဟူ၍ မရသေးသော စက္ခု ပသာဒ + ရူပါရုံကို ရခြင်းငှါ စိတ်က တောင့်တ၏၊ စိတ်က တောင့်တခြင်းဟူသော အကြောင်းကြောင့် ထိုစက္ခုပသာဒ + ရူပါရုံကို နှစ်သက်၏၊ ထိုစက္ခုပသာဒ + ရူပါရုံကို နှစ်သက်သော သူသည် အနာဂတ်ဖြစ် သော စက္ခုပသာဒ + ရူပါရုံကို တောင့်တ၏။ အနာဂတ်ကာလ၌ ငါ၏ သောတပသာဒသည် ဤသို့ ဖြစ်ရလို၏၊ သဒ္ဒါရုံတို့သည် ဤသို့ ဖြစ်ရ လိုကုန်၏ ဟူ၍။ပ။ အနာဂတ်ကာလ၌ ငါ၏ ဃာနပသာဒသည် ဤသို့ ဖြစ်ရလို၏၊ ဂန္ဓာရုံတို့သည် ဤသို့ ဖြစ်ရလိုကုန်၏ ဟူ၍။ အနာဂတ်ကာလ၌ ငါ၏ ဇိဝှါပသာဒသည် ဤသို့ ဖြစ်ရလို၏၊ ရသာရုံတို့သည် ဤသို့ ဖြစ်ရလိုကုန်၏ ဟူ၍။ အနာဂတ်ကာလ၌ ငါ၏ ကာယပသာဒ သည် ဤသို့ ဖြစ်ရလို၏၊ ဖောဋ္ဌဗ္ဗာရုံတို့သည် ဤသို့ ဖြစ်ရလိုကုန်၏ ဟူ၍။ အနာဂတ်ကာလ၌ ငါ၏ ဘဝင်စိတ်ဟူသော မနာယတနသည် ဤသို့ ဖြစ်ရလို၏၊ ဘုံသုံးပါး၌ ဖြစ်သော ဓမ္မာရုံတို့သည် ဤသို့ ဖြစ်ရလိုကုန်၏ ဟူ၍ မရသေးသော မနာယတန + ဓမ္မာရုံကို ရခြင်းငှါ စိတ်က တောင့်တ၏၊ စိတ်က တောင့်တခြင်းဟူသော အကြောင်းကြောင့် ထိုမနာယတန + ဓမ္မာရုံကို နှစ်သက်၏၊ ထိုမနာယတန + ဓမ္မာရုံ ကို နှစ်သက်သောသူသည် အနာဂတ်ဖြစ်သော မနာယတန + ဓမ္မာရုံကို တောင့်တ၏။ ငါ့သျှင်တို့ ဤသို့လျှင် အနာဂတ်ခန္ဓာကို တောင့်တ၏။

ငါ့သျှင်တို့ အဘယ်သို့လျှင် အနာဂတ်ခန္ဓာကို မတောင့်တသနည်း။ အနာဂတ်ကာလ၌ ငါ၏ စက္ခု့ပသာဒသည် ဤသို့ ဖြစ်ရလို၏၊ ရူပါရုံတို့သည် ဤသို့ ဖြစ်ရလိုကုန်၏ဟူ၍ မရသေးသော စက္ခုပသာဒ + ရူပါရုံကို ရခြင်းငှါ စိတ်က မတောင့်တ၊ စိတ်က မတောင့်တခြင်းဟူသော အကြောင်းကြောင့် ထိုစက္ခုပသာဒ + ရူပါရုံကို မနှစ်သက်၊ ထိုစက္ခုပသာဒ + ရူပါရုံကို မနှစ်သက်သော သူသည် အနာဂတ် ဖြစ်သော စက္ခုပသာဒ + ရူပါရုံကို မတောင့်တ။ အနာဂတ်ကာလ၌ ငါ၏ သောတပသာဒသည် ဤသို့ ဖြစ် ရလို၏၊ သဒ္ဒါရုံတို့သည် ဤသို့ ဖြစ်ရလိုကုန်၏ ဟူ၍။ပ။ အနာဂတ်ကာလ၌ ငါ၏ ဃာနပသာဒသည် ဤသို့ ဖြစ်ရလို၏၊ ဂန္ဓာရုံတို့သည် ဤသို့ ဖြစ်ရလိုကုန်၏ ဟူ၍။ အနာဂတ်ကာလ၌ ငါ၏ ဇိဝှါပသာဒသည် ဤသို့ ဖြစ်ရလို၏၊ ရသာရုံတို့သည် ဤသို့ ဖြစ်ရလိုကုန်၏ ဟူ၍။ အနာဂတ်ကာလ၌ ငါ၏ ကာယပသာဒ သည် ဤသို့ ဖြစ်ရလို၏၊ ဖောဋ္ဌဗ္ဗာရုံတို့သည် ဤသို့ ဖြစ်ရလိုကုန်၏ ဟူ၍။ အနာဂတ်ကာလ၌ ငါ၏ ဘဝင်စိတ်ဟူသော မနာယတနသည် ဤသို့ ဖြစ်ရလို၏၊ ဘုံသုံးပါး၌ဖြစ်သော ဓမ္မာရုံတို့သည် ဤသို့ ဖြစ်ရလိုကုန်၏ ဟူ၍ မရအပ်သေးသော မနာယတန + ဓမ္မာရုံကို ရခြင်းငှါ စိတ်က မတောင့်တ၊ စိတ်က မတောင့်တခြင်းဟူသော အကြောင်းကြောင့် ထိုမနာယတန + ဓမ္မာရုံကို မနှစ်သက်၊ ထိုမနာယတန+ ဓမ္မာရုံ ကို မနှစ်သက်သောသူသည် အနာဂတ်ဖြစ်သော မနာယတန + ဓမ္မာရုံကို မတောင့်တ။ ငါ့သျှင်တို့ ဤသို့ လျှင် အနာဂတ်ခန္ဓာကို မတောင့်တ။

၂၈၄။ ငါ့သျှင်တို့ အဘယ်သို့လျှင် ဖြစ်ဆဲပစ္စုပ္ပန်တရားတို့၌ တွန့်တိုသနည်း။ ငါ့သျှင်တို့ စက္ခု ပသာဒ+ ရူပါရုံ၊ ထိုနှစ်ပါးစုံသည် ဖြစ်ဆဲပစ္စုပ္ပန်သာတည်း၊ ဖြစ်ဆဲပစ္စုပ္ပန်ဖြစ်သော ထိုစက္ခုပသာဒ + ရူပါရုံ၌ ဆန္ဒရာဂနှင့်စပ်သော သိမှု ‘ဝိညာဏ်’သည် အကယ်၍ ဖြစ်အံ့၊ သိမှု ‘ဝိညာဏ်’၏ ဆန္ဒရာဂနှင့်စပ် သည်၏ အဖြစ်ကြောင့် ထိုစက္ခုပသာဒ + ရူပါရုံကို နှစ်သက်၏၊ ထိုစက္ခုပသာဒ + ရူပါရုံကို နှစ်သက်သော သူသည် ဖြစ်ဆဲပစ္စုပ္ပန်တရားတို့၌ တွန့်တို၏။ ငါ့သျှင်တို့ သောတပသာဒ + သဒ္ဒါရုံ။ပ။ ငါ့သျှင်တို့ ဃာနပသာဒ + ဂန္ဓာရုံ။ ငါ့သျှင်တို့ ဇိဝှါပသာဒ+ ရသာရုံ။ ငါ့သျှင်တို့ ကာယပသာဒ + ဖောဋ္ဌဗ္ဗာရုံ။ ငါ့သျှင်တို့ ဘဝင်စိတ်ဟူသော မနာယတန +ဘုံသုံးပါး၌ဖြစ်သော ဓမ္မာရုံ၊ ထိုနှစ်ပါးစုံသည် ဖြစ်ဆဲပစ္စုပ္ပန် သာတည်း၊ ဖြစ်ဆဲပစ္စုပ္ပန်ဖြစ်သော ထိုမနာယတန + ဓမ္မာရုံ၌ ဆန္ဒရာဂနှင့်စပ်သော သိမှု ‘ဝိညာဏ်’ သည် အကယ်၍ ဖြစ်အံ့၊ သိမှု ‘ဝိညာဏ်’၏ ဆန္ဒရာဂနှင့်စပ်သည်၏ အဖြစ်ကြောင့် ထိုမနာယတန + ဓမ္မာရုံကို နှစ်သက်၏၊ ထိုမနာယတန + ဓမ္မာရုံကို နှစ်သက်သော သူသည် ဖြစ်ဆဲပစ္စုပ္ပန်တရားတို့၌ တွန့်တို၏။ ငါ့သျှင်တို့ ဤသို့လျှင် ပစ္စုပ္ပန်တရားတို့၌ တွန့်တို၏။

ငါ့သျှင်တို့ အဘယ်သို့လျှင် ပစ္စုပ္ပန်တရားတို့၌ မတွန့်တိုသနည်း။ ငါ့သျှင်တို့ စက္ခုပသာဒ + ရူပါရုံ၊ ထို နှစ်ပါးစုံသည် ဖြစ်ဆဲပစ္စုပ္ပန်သာတည်း၊ ဖြစ်ဆဲပစ္စုပ္ပန်ဖြစ်သော ထိုစက္ခုပသာဒ + ရူပါရုံ၌ ဆန္ဒရာဂနှင့် စပ်သော သိမှု ‘ဝိညာဏ်’ သည် အကယ်၍ မဖြစ်အံ့၊ သိမှု ‘ဝိညာဏ်’၏ ဆန္ဒရာဂနှင့် မစပ်သည်၏အဖြစ် ကြောင့် ထိုစက္ခုပသာဒ + ရူပါရုံကို မနှစ်သက်၊ ထိုစက္ခုပသာဒ + ရူပါရုံကို မနှစ်သက်သောသူသည် ဖြစ်ဆဲ ပစ္စုပ္ပန်တရားတို့၌ မတွန့်တို။ ငါ့သျှင်တို့ သောတပသာဒ + သဒ္ဒါရုံ။ပ။ ငါ့သျှင်တို့ ဃာနပသာဒ + ဂန္ဓာရုံ။ ငါ့သျှင်တို့ ဇိဝှါပသာဒ+ ရသာရုံ။ ငါ့သျှင်တို့ ကာယပသာဒ + ဖောဋ္ဌဗ္ဗာရုံ။ ငါ့သျှင်တို့ ဘဝင်စိတ်ဟူသော မနာယတန + ဘုံသုံးပါး၌ဖြစ် သောဓမ္မာရုံ၊ ထိုနှစ်ပါးစုံသည် ဖြစ်ဆဲပစ္စုပ္ပန်သာတည်း၊ ဖြစ်ဆဲပစ္စုပ္ပန်ဖြစ် သော ထိုမနာယတန + ဓမ္မာရုံ၌ ဆန္ဒရာဂနှင့်စပ်သော သိမှု ‘ဝိညာဏ်’သည် အကယ်၍ မဖြစ်အံ့၊ သိမှု ‘ဝိညာဏ်’၏ ဆန္ဒရာဂနှင့် မစပ်သည်၏ အဖြစ်ကြောင့် ထိုမနာယတန + ဓမ္မာရုံကို မနှစ်သက်၊ ထို မနာယတန + ဓမ္မာရုံကို မနှစ်သက်သောသူသည် ဖြစ်ဆဲ ပစ္စုပ္ပန်တရားတို့၌ မတွန့်တို။ ငါ့သျှင်တို့ ဤသို့ လျှင် ပစ္စုပ္ပန်တရားတို့၌ မတွန့်တို။

၂၈၅။ ငါ့သျှင်တို့ ငါတို့အား မြတ်စွာဘုရားသည် “အတိတ်ခန္ဓာသို့လည်း အစဉ်မလိုက်ရာ။ပ။ ထိုရဟန်းကို စင်စစ် ‘ကောင်းသော ညဉ့် တစ်ညဉ့်ရှိသော ရဟန်း’ ဟူ၍ ကိလေသာ ငြိမ်းအေးပြီးသော မြတ်စွာဘုရား သည် ဟောကြားတော်မူ၏”ဟု

ဤဥဒ္ဒေသကို အကျဉ်းချုပ်ညွှန်ပြ၍ အနက်သဘောကို အကျယ်မဝေဖန်ခဲ့ဘဲ နေရာမှထကာ ကျောင်း တွင်းသို့ ဝင်တော်မူခဲ့၏။

ငါ့သျှင်တို့ ငါသည် မြတ်စွာဘုရား အကျဉ်းချုပ်ညွှန်ပြ၍ အကျယ်မဝေဖန်သော ဤဥဒ္ဒေသ၏ အနက်သဘောကို ဤသို့အကျယ်အားဖြင့် ငါ သိပါ၏၊ ငါ့သျှင်တို့ အလိုရှိကြကုန်သော် သင်တို့သည် မြတ်စွာဘုရားသို့သာလျှင် ချဉ်းကပ်ကြကုန်၍ ဤအနက်သဘောကို တစ်ဖန်မေးလျှောက်ကြကုန်လော့၊ မြတ်စွာဘုရားသည် သင်တို့အား ဖြေကြားတော်မူသည့်အတိုင်း ထိုအနက်သဘောကို မှတ်ယူကြကုန်လော့ဟု (မိန့်ဆို၏)။

ထိုအခါ ထိုရဟန်းတို့သည် အသျှင်မဟာကစ္စာန၏ မိန့်ကြားချက်ကို အလွန်နှစ်သက်ဝမ်းမြောက်ကြ ကုန်၍ နေရာမှထကာ မြတ်စွာဘုရားထံသို့ ချဉ်းကပ်ကြကုန်၍ မြတ်စွာဘုရားကို ရိုသေစွာ ရှိခိုးကြကုန် လျက် လျောက်ပတ်သော အရပ်၌ ထိုင်နေကြကုန်၏၊ လျောက်ပတ်သော အရပ်၌ ထိုင်နေကြကုန်သော ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ဤသို့ ဆိုလတ္တံ့သောစကားကို လျှောက်ထားကြကုန်၏၊ မြတ်စွာဘုရား အကျွန်ုပ်တို့အား မြတ်စွာဘုရားသည် “အတိတ်ခန္ဓာသို့လည်း အစဉ်မလိုက်ရာ။ပ။ ထိုရဟန်းကို စင်စစ် ကောင်းသော ညဉ့်တစ်ညဉ့်ရှိသော ရဟန်းဟူ၍ ကိလေသာငြိမ်းအေးပြီးသော မြတ်စွာဘုရားသည် ဟောကြားတော်မူ၏” ဟူ၍ ဤဥဒ္ဒေသကို အကျဉ်းချုပ်ညွှန်ပြ၍ အနက်သဘောကို အကျယ်မဝေဖန်ဘဲ နေရာမှထတော်မူကာ ကျောင်းတွင်းသို့ ဝင်တော်မူခဲ့ပါ၏။

မြတ်စွာဘုရား ထိုအကျွန်ုပ်တို့အား မြတ်စွာဘုရား ဖဲကြွသွားတော်မူ၍ မကြာမီ “ငါ့သျှင်တို့ ငါတို့ အား မြတ်စွာဘုရားသည်—

‘အတိတ်ခန္ဓာသို့လည်း အစဉ်မလိုက်ရာ၊ အနာဂတ်ခန္ဓာကိုလည်း မတောင့်တရာ၊ အတိတ်ခန္ဓာသည် ချုပ်ပြီးပြီ၊ အနာဂတ်ခန္ဓာလည်း မရောက်လာသေး။

ပစ္စုပ္ပန်ဖြစ်သော သဘောတရားကို ထိုထိုဖြစ်ဆဲခဏ၌သာလျှင် ဝိပဿနာရှုသော ထိုပုဂ္ဂိုလ်သည် တွန့်တိုခြင်း ပျက်စီးခြင်းမရှိသော ထိုဝိပဿနာရှုမှုကို အဖန်ဖန် ပွါးများရာ၏။

အဘယ်သူသည် နက်ဖန်၌ သေရမည်ကို သိနိုင်အံ့နည်း၊ ယနေ့ကပင်လျှင် အားထုတ်သင့်သော ကုသိုလ်ကောင်းမှုအလုပ်ကို ပြုလုပ်သင့်၏၊ ငါတို့မှာ များသော စစ်သည်ရှိသော ထိုသေမင်းနှင့် ချိန်းချက်ထားမှုသည် မရှိသည်သာတည်း။

ဤသို့ နေလေ့ရှိသော လွန်စွာ အားထုတ်ခြင်းရှိသော နေ့ညဉ့်ပတ်လုံး မပျင်းမရိ အားထုတ်သော ထိုရဟန်းကို စင်စစ် ကောင်းသော ညဉ့်တစ်ညဉ့်ရှိသော ရဟန်း ဟူ၍ ကိလေသာငြိမ်းအေးပြီးသော မြတ်စွာဘုရားသည် ဟောကြားတော်မူ၏’ —

ဟူသော ဤဥဒ္ဒေသကို အကျဉ်းချုပ်ညွှန်ပြ၍ အနက်သဘောကို အကျယ်မဝေဖန်ဘဲ နေရာမှ ထတော်မူကာ ကျောင်းတွင်းသို့ ဝင်တော်မူခဲ့ပါ၏။

အဘယ်သူသည် မြတ်စွာဘုရား အကျဉ်းချုပ်ညွှန်ပြ၍ အကျယ်မဝေဖန်သော ဤဥဒ္ဒေသ၏ အနက် သဘောကို အကျယ်အားဖြင့် ဝေဖန်နိုင်ရာသနည်း”ဟု ဤသို့သော စိတ်အကြံသည် ဖြစ်ပေါ်ပါ၏။

မြတ်စွာဘုရား ထိုအကျွန်ုပ်တို့အား “ဤအသျှင်မဟာကစ္စာနသည် မြတ်စွာဘုရား အချီးမွမ်းခံရ၏၊ ပညာရှိ သီတင်းသုံဖော်များ အမြှောက်စားလည်း ခံရ၏၊ အသျှင်မဟာကစ္စာနသည် မြတ်စွာဘုရား အကျဉ်းချုပ်ညွှန် ပြ၍ အကျယ်မဝေဖန်သော ဤဥဒ္ဒေသ၏ အနက်သဘောကို အကျယ်အားဖြင့် ဝေဖန်ရန် စွမ်းလည်း စွမ်းနိုင်၏၊ ငါတို့သည် အသျှင်မဟာကစ္စာနထံသို့ ချဉ်းကပ်၍ ဤအနက်သဘောကို မေးမြန်း ကြရမူ ကောင်းပေမည်”ဟု ဤသို့သော စိတ်အကြံ ဖြစ်ပေါ်လာခဲ့ပါသည်။ မြတ်စွာဘုရား ထိုအခါ အကျွန်ုပ်တို့သည် အသျှင်မဟာကစ္စာနထံသို့ ချဉ်းကပ်ကုန်၍ ဤအနက်သဘောကို မေးမြန်းကြပါကုန်၏၊ မြတ်စွာဘုရား ထိုအကျွန်ုပ်တို့အား အသျှင်မဟာကစ္စာနသည် ဤအခြင်းအရာ ပုဒ်ဝါကျ အက္ခရာတို့ဖြင့်ဤအနက်သဘောကို ဝေဖန်ပြပါ၏ဟု ဤစကားကို လျှောက်ထားကြကုန်၏။

ရဟန်းတို့ မဟာကစ္စာနသည် ပညာရှိ၏၊ ပညာကြီး၏၊ ရဟန်းတို့ ငါဘုရားကိုလည်း သင်တို့သည် ဤအနက်သဘောကို အကယ်၍ မေးမြန်းကြကုန်ငြားအံ့၊ ငါသည်လည်း ထိုအနက်သဘောကို မဟာကစ္စာန ဖြေကြားသကဲ့သို့ပင် ဖြေကြားရာ၏၊ ဤဥဒ္ဒေသတရားတော်၏ အနက်သဘောသည် ဤသည်ပင်တည်း၊ ဤအတိုင်း ထိုအနက်သဘောကို မှတ်ကြကုန်ဟု (မိန့်တော်မူ၏)။

မြတ်စွာဘုရားသည် ဤတရားဒေသနာတော်ကို ဟောကြားတော်မူ၏။ ထိုရဟန်းတို့သည် ဝမ်းမြောက် ဝမ်းသာ စိတ်ရှိကုန်သည်ဖြစ်၍ မြတ်စွာဘုရား၏ တရားတော်ကို လွန်စွာနှစ်သက်ကုန်ပြီ။

သုံးခုမြောက် မဟာကစ္စာနဘဒ္ဒေကရတ္တသုတ် ပြီး၏။