မဇ္ဈိမနိကာယ်

၄—လောမသကင်္ဂိယဘဒ္ဒေကရတ္တသုတ်

၂၈၆။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်—

အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန် ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ အသျှင်လောမသကင်္ဂ ိယသည် သက္ကတိုင်း ကပိလဝတ်ပြည် နိဂြောဓာရုံကျောင်း၌ နေ၏၊ ထိုအခါ စန္ဒနနတ်သားသည် ညဉ့်ဦးယံလွန်ပြီးသော သန်းခေါင်ယံအခါ၌ အလွန်နှစ်သက်ဖွယ် ကောင်းသော အဆင်းရှိသည် ဖြစ်၍ အလုံးစုံသော နိဂြောဓာရုံကျောင်းကို ထွန်းလင်း တောက်ပစေလျက် အသျှင်လောမသကင်္ဂ ိယရှိရာ အရပ်သို့ ချဉ်းကပ်ပြီးလျှင် သင့်လျော်ရာအရပ်၌ ရပ် တည်၏၊ သင့်လျော်ရာအရပ်၌ ရပ်တည်ပြီးသော စန္ဒနနတ်သားသည် အသျှင်လောမသကင်္ဂ ိယထေရ်အား ဤစကားကို လျှောက်ထား၏—“အသျှင်ရဟန်း သင်သည် ဘဒ္ဒေကရတ္တသုတ်၏ အကျဉ်း ‘ဥဒ္ဒေသ’ နှင့် အကျယ် ‘နိဒ္ဒေသ’ ကို ဆောင်ထားပါ၏လော”ဟု (လျှောက်ထား၏)။

ငါ့သျှင်နတ်သား ငါသည် ဘဒ္ဒေကရတ္တသုတ်၏ အကျဉ်း ‘ဥဒ္ဒေသ’ နှင့် အကျယ် ‘နိဒ္ဒေသ’ ကို ဆောင် မထားပါ၊ ငါ့သျှင်နတ်သား သင်သည်ကား ဘဒ္ဒေကရတ္တသုတ်၏ အကျဉ်း ‘ဥဒ္ဒေသ’ နှင့် အကျယ် ‘နိဒ္ဒေသ’ကို ဆောင်ထားပါ၏လောဟု (ပြန်လှန်မေးမြန်း၏)။ အသျှင်ရဟန်း အကျွန်ုပ်သည်လည်း ဘဒ္ဒေကရတ္တသုတ်၏ အကျဉ်း ‘ဥဒ္ဒေသ’ နှင့် အကျယ် ‘နိဒ္ဒေသ’ ကို ဆောင်မထားပါ။

အသျှင်ရဟန်း သင်သည် ဘဒ္ဒေကရတ္တသုတ်လာ ဂါထာတို့ကို ဆောင်ထားပါ၏လောဟု (လျှောက် ထား ပြန်၏)။ ငါ့သျှင်နတ်သား ငါသည် ဘဒ္ဒေကရတ္တသုတ်လာ ဂါထာတို့ကို ဆောင်မထားပါ၊ ငါ့သျှင် နတ်သား သင်မူကား ဘဒ္ဒေကရတ္တသုတ်လာ ဂါထာတို့ကို ဆောင်ထားပါသလောဟု ( ပြန်လှန်မေးမြန်း ပြန်၏ )။ အသျှင်ရဟန်း အကျွန်ုပ်သည် ဘဒ္ဒေကရတ္တသုတ်လာ ဂါထာတို့ကို ဆောင်ထားပါ၏ဟု (လျှောက် ထားပြန်၏)။ ငါ့သျှင်နတ်သား သင်သည် အဘယ်သို့သော အခြင်းအရာအားဖြင့် ဘဒ္ဒေကရတ္တသုတ်လာ ဂါထာတို့ကို ဆောင်ထားပါသနည်းဟု (မေးမြန်းပြန်၏)။ အသျှင်ရဟန်း အခါတစ်ပါး၌ မြတ်စွာဘုရား သည် တာဝတိံသာနတ်ပြည် ပင်လယ်ကသစ်ပင်၏အရင်း ပဏ္ဍုကမ္ဗလာကျောက်ဖျာ၌ နေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် တာဝတိံသာနတ်တို့အား ဘဒ္ဒေကရတ္တသုတ်၏ အကျဉ်းကိုလည်းကောင်း၊ အကျယ်ကိုလည်းကောင်း ဟောတော်မူပါ၏—

“အတိတ်ခန္ဓာသို့လည်း အစဉ်မလိုက်ရာ၊ အနာဂတ်ခန္ဓာကိုလည်း မတောင့် တရာ၊ အတိတ်ခန္ဓာသည် ချုပ်ပြီးပြီ၊ အနာဂတ်ခန္ဓာလည်း မရောက်လာသေး။

ပစ္စုပ္ပန်ဖြစ်သော သဘောတရားကို ထိုထိုဖြစ်ဆဲခဏ၌သာလျှင် ဝိပဿနာရှုသော ထိုပုဂ္ဂိုလ်သည် တွန့်တိုခြင်း ပျက်စီးခြင်းမရှိသော ထိုဝိပဿနာရှုမှုကို အဖန်ဖန် ပွါးများရာ၏။

အဘယ်သူသည် နက်ဖန်၌ သေရမည်ကို သိနိုင်အံ့နည်း၊ ယနေ့ကပင်လျှင် အားထုတ်သင့်သော ကုသိုလ်ကောင်းမှုအလုပ်ကို ပြုလုပ်သင့်၏၊ ငါ့တို့မှာ များသော စစ်သည်ရှိသော ထိုသေမင်းနှင့်ချိန်းချက်ထားမှုသည် မရှိသည်သာတည်း။

ဤသို့ နေလေ့ရှိသော လွန်စွာ အားထုတ်ခြင်းရှိသော နေ့ညဉ့်ပတ်လုံး မပျင်းမရိ အားထုတ်သော ထိုရဟန်းကို စင်စစ် ‘ကောင်းသော ညဉ့်တစ်ညဉ့်ရှိသော ရဟန်း’ ဟူ၍ ကိလေသာငြိမ်းအေးပြီးသော မြတ်စွာဘုရားသည် ဟောကြားတော်မူ၏’ဟု (ဟောတော်မူ၏)။

ရဟန်း ဤသို့လျှင် အကျွန်ုပ်သည် ဘဒ္ဒေကရတ္တသုတ်လာ ဂါထာတို့ကို ဆောင်ထားပါ၏။ ရဟန်း သင်သည် ဘဒ္ဒေကရတ္တသုတ်၏ အကျဉ်း ‘ဥဒ္ဒေသ’ နှင့် အကျယ် ‘နိဒ္ဒေသ’ ကို နာယူလော့၊ ရဟန်း သင်သည် ဘဒ္ဒေကရတ္တသုတ်၏ အကျဉ်း ‘ဥဒ္ဒေသ’ နှင့် အကျယ် ‘နိဒ္ဒေသ’ ကို ရွတ်အံသရဇ္ဈာယ်လော့၊ ရဟန်း သင်သည် ဘဒ္ဒေကရတ္တသုတ်၏ အကျဉ်း ‘ဥဒ္ဒေသ’ နှင့် အကျယ် ‘နိဒ္ဒေသ’ ကို ပို့ချဆောင်ထားလော့၊ ရဟန်း ဘဒ္ဒေကရတ္တသုတ်၏ အကျဉ်း ‘ဥဒ္ဒေသ’ နှင့် အကျယ် ‘နိဒ္ဒေသ’ သည် မြတ်သော အကျင့်၏ အစဖြစ်၍ အကျိုးစီးပွါးနှင့် စပ်၏ဟု ဤစကားကို စန္ဒနနတ်သားသည် လျှောက်ထားပြီးနောက် ထိုနေရာ၌သာလျှင် ကွယ်လေ၏။

၂၈၇။ ထိုအခါ အသျှင်လောမသကင်္ဂ ိယသည် ထိုညဉ့်ကို လွန်သဖြင့် ကျောင်းအိပ်ရာနေရာကို သိုမှီးသိမ်းဆည်း၍ သပိတ်သင်္ကန်းကို ယူလျက် သာဝတ္ထိပြည်သို့ ဒေသစာရီ ကြွ၏၊ အစဉ်အတိုင်း ဒေသ စာရီလှည့်လည်ကာ သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း မြတ်စွာဘုရား ထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရိုသေစွာ ရှိခိုးပြီးလျှင် တစ်ခုသော အရပ်၌ ထိုင်နေ၏၊ တစ်ခုသော အရပ်၌ ထိုင်နေပြီးသော အသျှင်လောမသကင်္ဂ ိယသည် မြတ်စွာဘုရားအား ဤစကားကို လျှောက် ထား၏ —

မြတ်စွာဘုရား အကျွန်ုပ်သည် အခါတစ်ပါး၌ သက္ကတိုင်း ကပိလဝတ်ပြည် နိဂြောဓာရုံကျောင်း၌ နေပါ၏၊ မြတ်စွာဘုရား ထိုအခါ၌ နတ်သားတစ်ယောက်သည် ညဉ့်ဦးယံလွန်ပြီးသော သန်းခေါင်ယံအခါ၌ အလွန်နှစ်သက်ဖွယ်ကောင်းသော အဆင်းရှိသည် ဖြစ်၍ အလုံးစုံသော နိဂြောဓာရုံကျောင်းကို ထွန်းလင်း တောက်ပစေလျက် အကျွန်ုပ်ထံသို့ ချဉ်းကပ်ပြီးလျှင် တစ်ခုသော အရပ်၌ ရပ်တည်၏၊ တစ်ခုသော အရပ်၌ ရပ်တည်ပြီးသော ထိုနတ်သားသည် အကျွန်ုပ်အား ဤစကားကို လျှောက်ထားပါ၏ “ရဟန်း သင်သည် ဘဒ္ဒေကရတ္တသုတ်၏ အကျဉ်း ‘ဥဒ္ဒေသ’ နှင့် အကျယ် ‘နိဒ္ဒေသ’ ကို ဆောင်ထားပါ၏လော”ဟု (လျှောက်ထား၏)။ မြတ်စွာဘုရား ဤသို့ လျှောက်ထားသော် အကျွန်ုပ်သည် ထိုနတ်သားကို “ငါ့သျှင်နတ်သား ငါသည် ဘဒ္ဒေကရတ္တသုတ်၏ အကျဉ်း ‘ဥဒ္ဒေသ’ နှင့် အကျယ် ‘နိဒ္ဒေသ’ ကို ဆောင် မထားပါ၊ ငါ့သျှင်နတ်သား သင်သည်ကား ဘဒ္ဒေကရတ္တသုတ်၏ အကျဉ်း ‘ဥဒ္ဒေသ’ နှင့် အကျယ် ‘နိဒ္ဒေသ’ကို ဆောင်ထားပါ၏လော”ဟု ဤစကားကို ပြန်လှန်မေးမြန်းပါ၏။

ရဟန်း အကျွန်ုပ်သည်လည်း ဘဒ္ဒေကရတ္တသုတ်၏ အကျဉ်း ‘ဥဒ္ဒေသ’ နှင့် အကျယ် ‘နိဒ္ဒေသ’ ကို ဆောင်မထားပါ၊ ရဟန်း သင်သည် ဘဒ္ဒေကရတ္တသုတ်လာ ဂါထာတို့ကို ဆောင်ထားပါ၏လောဟု (လျှောက်ဆိုပြန်ပါ၏)။ ငါ့သျှင်နတ်သား ငါသည်ကား ဘဒ္ဒေကရတ္တသုတ်လာ ဂါထာတို့ကို ဆောင်မထား ပါ၊ ငါ့သျှင်နတ်သား သင်သည်ကား ဘဒ္ဒေကရတ္တသုတ်လာ ဂါထာတို့ကို ဆောင်ထားပါသလောဟု (မေး မြန်းပြန်၏)။ ရဟန်း အကျွန်ုပ်သည် ဘဒ္ဒေကရတ္တသုတ်လာ ဂါထာတို့ကို ဆောင်ထားပါ၏ဟု (လျှောက် ထားပြန်ပါ၏)။ ငါ့သျှင် နတ်သား သင်သည် အဘယ်သို့သော အခြင်းအရာအားဖြင့် ဘဒ္ဒေကရတ္တသုတ်လာ ဂါထာတို့ကို ဆောင်ထားပါသနည်းဟု (မေးမြန်းပြန်ပါ၏)။ ရဟန်း အခါတစ်ပါး၌ မြတ်စွာဘုရားသည် တာဝတိံသာနတ်ပြည် ပင်လယ်ကသစ်ပင်၏အရင်း ခင်းထားသော ပဏ္ဍုကမ္ဗလာကျောက်ဖျာ၌ နေတော်မူစဉ် တာဝတိံသာနတ်ပြည်၌ နေကုန်သော နတ်တို့အား ဘဒ္ဒေကရတ္တသုတ်၏ အကျဉ်း ‘ဥဒ္ဒေသ’ နှင့် အကျယ် ‘နိဒ္ဒေသ’ ကို ဟောကြားတော်မူပါ၏။

“အတိတ်ခန္ဓာသို့လည်း အစဉ်မလိုက်ရာ။ပ။ ထိုရဟန်းကို စင်စစ် ‘ကောင်းသော ညဉ့်တစ်ညဉ့်ရှိသော ရဟန်း’ ဟူ၍ ကိလေသာ ငြိမ်းအေးပြီးသော မြတ်စွာဘုရား သည် ဟောကြားတော်မူ၏”ဟု (ဟောကြားတော်မူပါ၏)။

ရဟန်း ဤသို့လျှင် အကျွန်ုပ်သည် ဘဒ္ဒေကရတ္တသုတ်လာ ဂါထာတို့ကို ဆောင်ထားပါ၏။ ရဟန်း သင်သည် ဘဒ္ဒေကရတ္တသုတ်၏ အကျဉ်း ‘ဥဒ္ဒေသ’ နှင့် အကျယ် ‘နိဒ္ဒေသ’ ကို နာယူလော့၊ ရဟန်း သင်သည် ဘဒ္ဒေကရတ္တသုတ်၏ အကျဉ်း ‘ဥဒ္ဒေသ’ နှင့် အကျယ် ‘နိဒ္ဒေသ’ ကို ရွတ်အံသရဇ္ဈာယ်လော့၊ ရဟန်း သင်သည် ဘဒ္ဒေကရတ္တသုတ်၏ အကျဉ်း ‘ဥဒ္ဒေသ’ နှင့် အကျယ် ‘နိဒ္ဒေသ’ ကို ပို့ချဆောင်ထားလော့၊ ရဟန်း ဘဒ္ဒေကရတ္တသုတ်၏ အကျဉ်း ‘ဥဒ္ဒေသ’ နှင့် အကျယ် ‘နိဒ္ဒေသ’ သည် မြတ်သော အကျင့်၏ အစဖြစ်၍ အကျိုးစီးပွါးနှင့် စပ်၏ဟု ဤစကားကို ထိုနတ်သားသည် လျှောက်ထားပြီးနောက် ထိုနေရာ၌ သာလျှင် ကွယ်ခဲ့ပါ၏။ မြတ်စွာဘုရား တောင်းပန်ပါ၏၊ အကျွန်ုပ်အား မြတ်စွာဘုရားသည် ဘဒ္ဒေကရတ္တ သုတ်၏ အကျဉ်း ‘ဥဒ္ဒေသ’ နှင့် အကျယ် ‘နိဒ္ဒေသ’ ကို ဟောတော်မူပါလော့ဟု (လျှောက်ထား၏)။

၂၈၈။ ရဟန်း သင်သည် ထိုနတ်သားကို သိ၏လောဟု (မေးတော်မူ၏)။ မြတ်စွာဘုရား အကျွန်ုပ် သည် ထိုနတ်သားကို မသိပါဟု (လျှောက်ထား၏)။ ရဟန်း ထိုနတ်သားသည် စန္ဒနမည်၏၊ ရဟန်း စန္ဒနနတ်သားသည် ရိုရိုသေသေ အလုံးစုံကို စိတ်ဖြင့် နှလုံးသွင်းနားစိုက်ကာ တရားနာ၏။ ရဟန်း သို့ဖြစ်လျှင် နားထောင်လော့၊ ကောင်းစွာ နှလုံးသွင်းလော့၊ ဟောပေအံ့ဟု (မိန့်တော်မူ၏)။ “မြတ်စွာဘုရား ကောင်းပါပြီ”ဟု အသျှင်လောမသကင်္ဂ ိယသည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထား၏။ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏—

အတိတ်ခန္ဓာသို့လည်း အစဉ်မလိုက်ရာ၊ အနာဂတ်ခန္ဓာကိုလည်း မတောင့်တရာ၊ အတိတ်ခန္ဓာသည် ချုပ်ပြီးပြီ၊ အနာဂတ်ခန္ဓာလည်း မရောက်လာသေး။

ပစ္စုပ္ပန်ဖြစ်သော သဘောတရားကို ထိုထိုဖြစ်ဆဲခဏ၌သာလျှင် ဝိပဿနာရှုသော ထိုပုဂ္ဂိုလ်သည် တွန့်တိုခြင်း ပျက်စီးခြင်းမရှိသော ထိုဝိပဿနာရှုမှုကို အဖန်ဖန်ပွါး များရာ၏။

အဘယ်သူသည် နက်ဖန်၌ သေရမည်ကို သိနိုင်အံ့နည်း၊ ယနေ့ကပင်လျှင် အားထုတ်သင့်သော ကုသိုလ်ကောင်းမှုအလုပ်ကို ပြုလုပ်သင့်၏၊ ငါတို့မှာ များသော စစ်သည်ရှိသော ထိုသေမင်းနှင့် ချိန်းချက်ထားမှုသည် မရှိသည်သာတည်း။

ဤသို့ နေလေ့ရှိသော လွန်စွာအားထုတ်ခြင်းရှိသော နေ့ညဉ့်ပတ်လုံး မပျင်း မရိ အားထုတ်သော ထိုရဟန်းကို စင်စစ် ‘ကောင်းသော ညဉ့်တစ်ညဉ့်ရှိသောရဟန်း’ ဟူ၍ ကိလေသာငြိမ်းအေးပြီးသော မြတ်စွာဘုရားသည် ဟောကြားတော်မူ၏။

ရဟန်း အဘယ်သို့လျှင် အတိတ်ခန္ဓာသို့ အစဉ်လိုက်သနည်း။ပ။ ရဟန်း ဤသို့လျှင် အတိတ် ခန္ဓာသို့ အစဉ်လိုက်၏။ ရဟန်း အဘယ်သို့လျှင် အတိတ်ခန္ဓာသို့ အစဉ်မလိုက်သနည်း။ပ။ ရဟန်း ဤသို့လျှင် အတိတ်ခန္ဓာသို့ အစဉ်မလိုက်။ ရဟန်း အဘယ်သို့လျှင် အနာဂတ်ခန္ဓာကို တောင့်တ သနည်း။ပ။ ရဟန်း ဤသို့လျှင် အနာဂတ်ခန္ဓာကို တောင့်တ၏။ ရဟန်း အဘယ်သို့လျှင် အနာဂတ်ခန္ဓာ ကို မတောင့်တသနည်း။ပ။ ရဟန်း ဤသို့လျှင် အနာဂတ်ခန္ဓာကို မတောင့်တ။ ရဟန်း အဘယ်သို့လျှင် ဖြစ်ဆဲပစ္စုပ္ပန်တရားတို့၌ တွန့်တို သနည်း။ပ။ ရဟန်း ဤသို့လျှင် ဖြစ်ဆဲပစ္စုပ္ပန်တရားတို့၌ တွန့်တို၏။ ရဟန်း အဘယ်သို့လျှင် ဖြစ်ဆဲပစ္စုပ္ပန် တရားတို့၌ မတွန့်တိုသနည်း။ပ။ ရဟန်း ဤသို့လျှင် ဖြစ်ဆဲ ပစ္စုပ္ပန်တရားတို့၌ မတွန့်တို။

အတိတ်ခန္ဓာသို့လည်း အစဉ်မလိုက်ရာ၊ အနာဂတ်ခန္ဓာကိုလည်း မတောင့်တရာ၊ အတိတ်ခန္ဓာသည် ချုပ်ပြီးပြီ၊ အနာဂတ်ခန္ဓာလည်း မရောက်လာသေး။

ပစ္စုပ္ပန်ဖြစ်သော သဘောတရားကို ထိုထိုဖြစ်ဆဲခဏ၌သာလျှင် ဝိပဿနာ ရှုသော ထိုပုဂ္ဂိုလ်သည့်တွန့်တိုခြင်း ပျက်စီးခြင်းမရှိသော ထိုဝိပဿနာရှုမှုကို အဖန်ဖန် ပွါးများရာ၏။

အဘယ်သူသည် နက်ဖန်၌ သေရမည်ကို သိနိုင်အံ့နည်း၊ ယနေ့ကပင်လျှင် အားထုတ်သင့်သော ကုသိုလ်ကောင်းမှုအလုပ်ကို ပြုလုပ်သင့်၏၊ ငါတို့မှာ များသော စစ်သည်ရှိသော ထိုသေမင်းနှင့် ချိန်းချက်ထားမှုသည် မရှိသည်သာတည်း။

ဤသို့ နေလေ့ရှိသော လွန်စွာ အားထုတ်ခြင်းရှိသော နေ့ညဉ့်ပတ်လုံး မပျင်းမရိ အားထုတ်သော ထိုရဟန်းကို စင်စစ် ‘ကောင်းသော ညဉ့်တစ်ညဉ့်ရှိသော ရဟန်း’ ဟူ၍ ကိလေသာငြိမ်းအေးပြီးသော မြတ်စွာဘုရားသည် ဟောကြားတော်မူ၏ဟု (မိန့်တော်မူ၏)။

မြတ်စွာဘုရားသည် ဤတရားဒေသနာတော်ကို ဟောတော်မူ၏။ အသျှင်လောမသကင်္ဂိယသည် မြတ်စွာဘုရား၏ တရားဒေသနာတော်ကို ဝမ်းမြောက်ဝမ်းသာ လွန်စွာ နှစ်သက်လေပြီ။

လေးခုမြောက် လောမသကင်္ဂ ိယဘဒ္ဒေကရတ္တသုတ် ပြီး၏။