မဇ္ဈိမနိကာယ်
၅—စူဠကမ္မဝိဘင်္ဂသုတ်
၂၈၉။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်—
အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန် ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ တောဒေယျပုဏ္ဏား၏သားဖြစ်သော သုဘလုလင်သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားနှင့်အတူ ဝမ်းမြောက်ဝမ်းသာ ပြောဆို၏၊ ဝမ်းမြောက် ဖွယ် အမှတ်ရဖွယ်စကားကို ပြောဆိုပြီးဆုံးစေပြီးနောက် သင့်လျော်ရာ၌ ထိုင်ကာ မြတ်စွာဘုရားအား ဤစကားကို လျှောက်ထား၏—
အသျှင်ဂေါတမ လူဖြစ်ကုန်သော သူတို့မှာ လူအချင်းချင်း ဖြစ်ကြကုန်လျက် ယုတ်ခြင်း, မြတ်ခြင်း တို့ကို တွေ့မြင်ရပါကုန်၏။ ထိုအကြောင်းရင်းကား အဘယ်ပါနည်း၊ အထောက်အပံ့ကား အဘယ်ပါနည်း။ အသျှင်ဂေါတမ အသက်တိုသော လူတို့ကိုလည်း တွေ့မြင်ရပါကုန်၏၊ အသက်ရှည်သော လူတို့ကိုလည်း တွေ့မြင်ရပါကုန်၏၊ အနာရောဂါများသော လူတို့ကိုလည်း တွေ့မြင်ရပါကုန်၏၊ အနာရောဂါကင်းသော လူတို့ကိုလည်း တွေ့မြင်ရပါကုန်၏၊ အဆင်းမလှသော လူတို့ကိုလည်း တွေ့မြင်ရပါကုန်၏၊ အဆင်းလှ သော လူတို့ကိုလည်း တွေ့မြင်ရပါကုန်၏၊ အခြံအရံမရှိသော လူတို့ကိုလည်း တွေ့မြင်ရပါကုန်၏၊ အခြံ အရံများသော လူတို့ကိုလည်း တွေ့မြင်ရပါကုန်၏၊ စည်းစိမ်ဥစ္စာနည်းသော လူတို့ကိုလည်း တွေ့မြင်ရပါ ကုန်၏၊ စည်းစိမ်ဥစ္စာများသော လူတို့ကိုလည်း တွေ့မြင်ရပါကုန်၏၊ အမျိုးယုတ်သော လူတို့ကိုလည်း တွေ့မြင်ရပါကုန်၏၊ အမျိုးမြတ်သော လူတို့ကိုလည်း တွေ့မြင်ရပါကုန်၏၊ ပညာမဲ့သော လူတို့ကိုလည်း တွေ့မြင်ရပါကုန်၏၊ ပညာရှိသော လူတို့ကိုလည်း တွေ့မြင်ရပါကုန်၏၊ အသျှင်ဂေါတမ လူဖြစ်ကုန်သော သူတို့မှာ လူအချင်းချင်းဖြစ်ကြကုန်လျက် ယုတ်ခြင်း မြတ်ခြင်းတို့ကို တွေ့မြင်ရပါကုန်၏။ ထိုအကြောင်း ရင်းကား အဘယ်ပါနည်း၊ အထောက်အပံ့ကား အဘယ်ပါနည်းဟု (လျှောက်ထား၏)။
လုလင် သတ္တဝါတို့သည် ကံသာလျှင် မိမိဥစ္စာရှိကုန်၏၊ ကံ၏ အမွေခံတို့ ဖြစ်ကုန်၏၊ ကံသာလျှင် အကြောင်းရှိကုန်၏၊ ကံသာလျှင် ဆွေမျိုးရှိကုန်၏၊ ကံသာလျှင် မှီခိုရာရှိကုန်၏၊ ကံသည်သာလျှင် သတ္တဝါ တို့ကို အယုတ်အမြတ်ဖြစ်ခြင်းငှါ ခွဲခြမ်းဝေဖန်၏ဟု (မိန့်တော်မူ၏)။ အသျှင်ဂေါတမသည် အကျဉ်းချုပ် ဟောထားတော်မူ၍ အကျယ်အားဖြင့် အနက်ကို မဝေဖန်အပ်သော ဤတရားစကား၏ အနက်သဘောကို အကျယ်အားဖြင့် အကျွန်ုပ် မသိပါ၊ တောင်းပန်ပါ၏၊ အသျှင်ဂေါတမသည် အကျဉ်းအားဖြင့် ဟောထား၍ အနက်သဘောအကျယ်အားဖြင့် မဝေဖန်အပ်သော ဤတရား၏ အနက်အဓိပ္ပါယ်ကို အကျွန်ုပ်သိနိုင်အောင် တရားဟောတော်မူပါဟု (လျှောက်ထားတောင်းပန်၏)။
၂၉ဝ။ လုလင် ထိုသို့ဖြစ်မူ နာလော့၊ ကောင်းစွာ နှလုံးသွင်းလော့၊ ဟောပေအံ့ဟု မိန့်တော်မူ၏။ “အသျှင် ကောင်းပါပြီ”ဟု တောဒေယျပုဏ္ဏား၏ သားဖြစ်သော သုဘလုလင်သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထား၏။ မြတ်စွာဘုရားသည် ဤဆိုလတ္တံ့သော စကားကို မိန့်တော်မူ၏—
လုလင် ဤလောက၌ မိန်းမဖြစ်စေ၊ ယောကျာ်းဖြစ်စေ အချို့သောသူသည် အသက်ကို သတ်လေ့ ရှိ၏၊ ကြမ်းကြုတ်၏၊ သွေးစွန်းသော လက်ရှိ၏၊ သတ်ပုတ်ညှဉ်းဆဲမှု၌ စိတ်ဝင်စား၏၊ အလုံးစုံသော သတ္တဝါတို့၌ သနားခြင်း ကင်းမဲ့၏၊ ထိုအသက်ကို သတ်လေ့ရှိသူသည် ဤသို့ပြည့်စုံသော ဤသို့ မှားယွင်းစွာဆောက်တည်သော ထိုကံကြောင့် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ချမ်းသာကင်းရာ မကောင်းသောလားရာ ဖရိုဖရဲကျရာ ငရဲသို့ ကပ်ရောက်ရ၏၊ ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ချမ်းသာကင်းရာ မကောင်းသောလားရာ ဖရိုဖရဲကျရာ ငရဲသို့ အကယ်၍ မကပ်ရောက်ဘဲ လူအဖြစ်သို့ ရောက်ခဲ့လျှင် ထိုထိုဖြစ်လေရာရာ အမျိုး၌ အသက်တိုရ၏၊ လုလင် ထိုအသက်ကိုသတ်ခြင်း ကြမ်းကြုတ် ခြင်း သွေးစွန်းသောလက်ရှိခြင်း သတ်ပုတ်ညှဉ်းဆဲမှု၌ စိတ်ဝင်စားခြင်း အလုံးစုံသောသတ္တဝါတို့၌ သနား ခြင်းကင်းမဲ့ခြင်းသည် အသက်တိုခြင်းကို ဖြစ်စေတတ်သော အကျင့်တည်း။ (၁)
လုလင် ဤလောက၌ မိန်းမဖြစ်စေ၊ ယောကျာ်းဖြစ်စေ၊ အချို့သောသူသည် အသက်သတ်ခြင်းကို ပယ်၍ အသက်သတ်ခြင်းမှ ရှောင်ကြဉ်၏၊ တုတ်ကို ချထားပြီးဖြစ်၏၊ လက်နက်ကို ချထားပြီးဖြစ်၏၊ ရှက်ခြင်းရှိ၏၊ သနားခြင်းရှိ၏၊ ခပ်သိမ်းသော သတ္တဝါတို့၏ အစီးအပွါးကို လိုလားလျက် နေ၏၊ ထို အသက်သတ်ခြင်းမှ ရှောင်ကြဉ်သူသည် ဤသို့ ပြည့်စုံသော ဤသို့ ကောင်းစွာ ဆောက်တည်သော ထိုကံကြောင့် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ကောင်းသောလားရာ နတ်ပြည်လောကသို့ ကပ်ရောက်ရ၏၊ ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ကောင်းသောလားရာ နတ်ပြည်လောကသို့ အကယ်၍ မကပ်ရောက်ဘဲ လူအဖြစ်သို့ ရောက်ခဲ့လျှင် ထိုထိုဖြစ်လေရာရာ အမျိုး၌ အသက်ရှည်ရ၏၊ လုလင် ထိုအသက်သတ်ခြင်းကို ပယ်၍ အသက်သတ်ခြင်းမှ ရှောင်ကြဉ်ခြင်း တုတ်ကို ချထားပြီးဖြစ်ခြင်း လက်နက်ကို ချထားပြီးဖြစ်ခြင်း အရှက်ရှိခြင်း အသနားရှိခြင်း အလုံးစုံသော သတ္တဝါတို့၏ အစီးအပွါးကို လိုလားခြင်းသည် အသက်ရှည်ခြင်းကို ဖြစ်စေတတ်သော အကျင့်တည်း။ (၁)
၂၉၁။ လုလင် ဤလောက၌ မိန်းမဖြစ်စေ၊ ယောကျာ်းဖြစ်စေ၊ အချို့သောသူသည် လက်ဖြင့်လည်း ကောင်း၊ ခဲဖြင့်လည်းကောင်း၊ တုတ်ဖြင့်လည်းကောင်း၊ ဓားလက်နက်ဖြင့်လည်းကောင်း သတ္တဝါတို့ကို ညှဉ်းဆဲလေ့ရှိ၏။ ထိုသတ္တဝါတို့ကို ညှဉ်းဆဲလေ့ရှိသူသည် ဤသို့ ပြည့်စုံသော ဤသို့ မှားယွင်းစွာ ဆောက်တည်သော ထိုကံကြောင့် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ချမ်းသာကင်းရာ မကောင်း သောလားရာ ဖရိုဖရဲကျရာ ငရဲသို့ ကပ်ရောက်ရ၏၊ ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ချမ်းသာ ကင်းရာ မကောင်းသောလားရာ ဖရိုဖရဲကျရာ ငရဲသို့ အကယ်၍ မကပ်ရောက်ဘဲ လူအဖြစ်သို့ရောက်ခဲ့ လျှင် ထိုထိုဖြစ်လေရာရာ အမျိုး၌ အနာရောဂါ များ၏၊ လုလင် လက်ဖြင့်လည်းကောင်း၊ ခဲဖြင့်လည်း ကောင်း၊ တုတ်ဖြင့်လည်းကောင်း၊ လက်နက်ဖြင့်လည်းကောင်း သတ္တဝါတို့ကို ညှဉ်းဆဲလေ့ရှိခြင်းသည် အနာ ရောဂါများခြင်းကို ဖြစ်စေတတ်သော အကျင့်တည်း။ (၂)
လုလင် ဤလောက၌ မိန်းမဖြစ်စေ၊ ယောကျာ်းဖြစ်စေ၊ အချို့သောသူသည် လက်ဖြင့်လည်းကောင်း၊ တုတ်ဖြင့်လည်းကောင်း၊ ဓားလက်နက်ဖြင့်လည်းကောင်း သတ္တဝါတို့ကို ညှဉ်းဆဲလေ့မရှိ။ ထိုသတ္တဝါတို့ကို ညှဉ်းဆဲလေ့မရှိသောသူသည် ဤသို့ ပြည့်စုံသော ဤသို့ ကောင်းစွာဆောက်တည်သော ထိုကံကြောင့် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ကောင်းသောလားရာ နတ်ပြည်လောကသို့ ကပ်ရောက်ရ၏၊ ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ကောင်းသောလားရာ နတ်ပြည်လောကသို့ အကယ်၍ မကပ် ရောက်ဘဲ လူအဖြစ်သို့ ရောက်ခဲ့လျှင် ထိုထိုဖြစ်လေရာရာ အမျိုး၌ အနာရောဂါကင်း၏၊ လုလင် လက်ဖြင့်လည်းကောင်း၊ တုတ်ဖြင့်လည်းကောင်း၊ ခဲဖြင့်လည်းကောင်း၊ ဓားလက်နက်ဖြင့်လည်းကောင်း့သတ္တဝါတို့ကို ညှဉ်းဆဲလေ့မရှိခြင်းသည် အနာရောဂါကင်းခြင်းကို ဖြစ်စေတတ်သော အကျင့်တည်း။ (၂)
၂၉၂။ လုလင် ဤလောက၌ မိန်းမဖြစ်စေ၊ ယောကျာ်းဖြစ်စေ အချို့သောသူသည် အမျက်ဒေါသ ထွက်တတ်၏၊ ပြင်းစွာ ပင်ပန်းခြင်းများ၏၊ အနည်းငယ်မျှပင် မနှစ်သက်ဖွယ်စကားကို ဆိုသည်ရှိသော် လွန်စွာ စွဲမြဲငြိကပ်၏၊ အမျက်ထွက်၏၊ ဖျက်ဆီး၏၊ ဆန့်ကျင်လျက် တည်၏၊ အမျက်ထွက်ခြင်းကိုလည်း ကောင်း၊ ဖျက်ဆီးခြင်းကိုလည်းကောင်း၊ မယုံကြည်ခြင်းကိုလည်းကောင်း ထင်စွာပြု၏၊ ထိုဒေါသကြီးသူ သည် ဤသို့ ပြည့်စုံသော ဤသို့ မှားယွင်းစွာဆောက်တည်သော ထိုကံကြောင့် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ချမ်းသာကင်းရာ မကောင်းသောလားရာ ဖရိုဖရဲကျရာ ငရဲသို့ ကပ်ရောက်ရ၏၊ ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ချမ်းသာကင်းရာ မကောင်းသောလားရာ ဖရိုဖရဲကျရာ ငရဲသို့ အကယ်၍ မကပ်ရောက်ဘဲ လူအဖြစ်သို့ရောက်ခဲ့လျှင် ထိုထိုဖြစ်လေရာရာ အမျိုး၌ အရုပ်ဆိုး၏၊ လုလင် အမျက်ဒေါသထွက်ခြင်း ပြင်းစွာပင်ပန်းမှုများခြင်း အနည်းငယ်မျှလည်း မနှစ်သက်ဖွယ်စကားကိုဆိုသည်ရှိ သော် လွန်စွာ စွဲမြဲငြိကပ်ခြင်း အမျက်ထွက်ခြင်း ဖျက်ဆီးခြင်း ရှေးရှုတည်ခြင်း အမျက်ထွက်ခြင်းကိုလည်း ကောင်း၊ ဖျက်ဆီးခြင်းကိုလည်းကောင်း၊ မယုံကြည်ခြင်းကိုလည်းကောင်း ထင်စွာပြုခြင်းသည် အရုပ်ဆိုးခြင်း ကို ဖြစ်စေတတ်သော အကျင့်တည်း။ (၃)
လုလင် ဤလောက၌ မိန်းမဖြစ်စေ၊ ယောကျာ်းဖြစ်စေ အချို့သောသူသည် အမျက်ဒေါသထွက်လေ့ မရှိ၊ ပြင်းစွာ ပင်ပန်းခြင်းများလေ့မရှိ၊ များစွာလည်း မနှစ်သက်ဖွယ်စကားကို ဆိုသော်လည်း လွန်စွာ စွဲစွဲမြြဲမဲ မငြိကပ်၊ အမျက်မထွက်၊ မဖျက်ဆီး၊ ရှေးရှုမတည်၊ အမျက်ထွက်ခြင်းကိုလည်းကောင်း၊ ဖျက်ဆီး ခြင်းကိုလည်းကောင်း၊ မယုံကြည်ခြင်းကိုလည်းကောင်း ထင်စွာမပြု၊ ထိုဒေါသမကြီးသူသည် ဤသို့ ပြည့်စုံ သော ဤသို့ ကောင်းစွာဆောက်တည်သော ထိုကံကြောင့် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ကောင်းသောလားရာ နတ်ပြည်လောကသို့ ကပ်ရောက်ရ၏၊ ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ကောင်းသောလားရာ နတ်ပြည်လောကသို့ အကယ်၍ မကပ်ရောက်ဘဲ လူအဖြစ်သို့ ရောက်ခဲ့လျှင် ထိုထိုဖြစ်လေရာရာအမျိုး၌ လှပသောအဆင်းရှိ၏၊ လုလင် အမျက်ထွက်လေ့မရှိခြင်း ပြင်းစွာပင်ပန်းမှုမများ ခြင်း မနှစ်သက်ဖွယ်စကားကို များစွာဆိုသော်လည်း လွန်စွာ စွဲစွဲမြဲမြဲ မငြိကပ်ခြင်း အမျက်မထွက်ခြင်း မဖျက်ဆီးခြင်း ရှေးရှုမတည်ခြင်း အမျက်ထွက်ခြင်းကိုလည်းကောင်း၊ ဖျက်ဆီးခြင်းကိုလည်းကောင်း၊ မနှစ် သက်ခြင်းကိုလည်းကောင်း ထင်စွာမပြုခြင်းသည် လှပသောအဆင်းကို ဖြစ်စေတတ်သော အကျင့်တည်း။ (၃)
၂၉၃။ လုလင် ဤလောက၌ မိန်းမဖြစ်စေ၊ ယောကျာ်းဖြစ်စေ အချို့သောသူသည် ငြူစူခြင်းနှင့်ယှဉ် သော စိတ်ရှိ၏၊ သူတစ်ပါးတို့ လာဘ်များခြင်း သူတစ်ပါးတို့လာဘ်ရခြင်း အရိုအသေအလေးပြုခံရခြင်း မြတ်နိုးခံရခြင်း ရှိခိုးခံရခြင်း ပူဇော်ခံရခြင်းတို့၌ ငြူစူ၏၊ ငြူစူခြင်း၏အစွမ်းဖြင့် ဆဲရေးပြစ်မှား၏၊ ငြူစူခြင်းကို ဖွဲ့နှောင်၏၊ ထိုငြူစူ မနာလိုသူသည် ဤသို့ ပြည့်စုံသော ဤသို မှားယွင်းစွာဆောက်တည် သော ထိုကံကြောင့် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ချမ်းသာကင်းရာ မကောင်းသောလားရာ ဖရိုဖရဲကျရာ ငရဲသို့ ကပ်ရောက်ရ၏၊ ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ချမ်းသာကင်းရာ မကောင်းသောလားရာ ဖရိုဖရဲကျရာ ငရဲသို့ အကယ်၍ မကပ်ရောက်ဘဲ လူအဖြစ်သို့ ရောက်ခဲ့လျှင် ထိုထိုဖြစ်လေရာရာ အမျိုး၌ အခြံအရံနည်း၏၊ လုလင် ငြူစူခြင်းနှင့် ယှဉ်သော စိတ်ရှိခြင်း သူတစ်ပါးတို့ လာဘ်များခြင်း အရိုအသေအလေးပြုခံရခြင်း မြတ်နိုးခံရခြင်း ရှိခိုးခံရခြင်း ပူဇော်ခံရခြင်းတို့၌ ငြူစူခြင်း ငြူစူခြင်းအစွမ်းဖြင့် ဆဲရေးပြစ်မှားခြင်း ငြူစူခြင်းကို ဖွဲ့နှောင်ခြင်းသည် အခြံအရံမရှိခြင်းကို ဖြစ်စေတတ် သော အကျင့်တည်း။ (၄)
လုလင် ဤလောက၌ မိန်းမဖြစ်စေ၊ ယောကျာ်းဖြစ်စေ အချို့သော သူသည် ငြူစူခြင်းနှင့် မယှဉ်သော စိတ်ရှိ၏၊ သူတစ်ပါးတို့၏ လာဘ်များခြင်း အရိုအသေအလေးပြုခံရခြင်း မြတ်နိုးခံရခြင်း ရှိခိုးခံရခြင်း့ပူဇော်ခံရခြင်းတို့၌ မငြူစူ၊ ငြူစူခြင်း၏အစွမ်းဖြင့် မဆဲရေး မပြစ်မှား၊ ငြူစူခြင်းကို မဖွဲ့နှောင်၊ ထိုငြူစူခြင်း မနာလိုခြင်းကင်းသူသည် ဤသို့ ပြည့်စုံသော ဤသို့ ကောင်းစွာဆောက်တည်သော ထိုကံ ကြောင့် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ကောင်းသောလားရာ နတ်ပြည်လောကသို့ ကပ်ရောက် ရ၏၊ ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ကောင်းသောလားရာ နတ်ပြည်လောကသို့ အကယ်၍ မကပ်ရောက်ဘဲ လူအဖြစ်သို့ ရောက်ခဲ့လျှင် ထိုထိုဖြစ်လေရာရာ အမျိုး၌ အခြံအရံများ၏၊ လုလင် မငြူစူ ခြင်းနှင့်ယှဉ်သော စိတ်ရှိခြင်း သူတစ်ပါးတို့ လာဘ်များခြင်း အရိုအသေအလေးပြုခံရခြင်း မြတ်နိုးခံရခြင်း ရှိခိုးခံရခြင်း ပူဇော်ခံရခြင်းတို့၌ မငြူစူခြင်း ငြူစူခြင်း၏အစွမ်းဖြင့် မဆဲရေးမပြစ်မှားခြင်း ငြူစူခြင်းကို မဖွဲ့ နှောင်ခြင်းသည် အခြံအရံများခြင်းကို ဖြစ်စေတတ်သော အကျင့်တည်း။ (၄)
၂၉၄။ လုလင် ဤလောက၌ မိန်းမဖြစ်စေ၊ ယောကျာ်းဖြစ်စေ၊ အချို့သော သူသည် သမဏအားလည်းကောင်း၊ ဗြာဟ္မဏအားလည်းကောင်း ထမင်း အဖျော် အဝတ် ယာဉ် ပန်းနံ့သာ နံ့သာပျောင်း အိပ်ရာ နေရာ ကျောင်း ဆီမီးကို မပေးလှူ၊ ထိုသူသည် ဤသို့ ပြည့်စုံသော ဤသို့ မှားယွင်းစွာ ဆောက်တည်သော ထိုကံကြောင့် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ချမ်းသာကင်းရာ မကောင်း သောလားရာ ဖရိုဖရဲကျရာ ငရဲသို့ ကပ်ရောက်ရ၏၊ ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ချမ်းသာ ကင်းရာ မကောင်းသောလားရာ ဖရိုဖရဲကျရာ ငရဲသို့ အကယ်၍ မကပ်ရောက်ဘဲ လူအဖြစ်သို့ ရောက်ခဲ့ လျှင် ထိုထိုဖြစ်လေရာရာ အမျိုး၌ စည်းစိမ်ဥစ္စာနည်း၏၊ လုလင် သမဏအားလည်းကောင်း၊ ဗြာဟ္မဏ အားလည်းကောင်း ထမင်း အဖျော် အဝတ် ယာဉ် ပန်းနံ့သာ နံ့သာပျောင်း အိပ်ရာ နေရာကျောင်း ဆီမီးကို မပေးလှူခြင်းသည် စည်းစိမ်ဥစ္စာနည်းခြင်းကို ဖြစ်စေတတ်သော အကျင့်တည်း။ (၅)
လုလင် ဤလောက၌ မိန်းမဖြစ်စေ၊ ယောကျာ်းဖြစ်စေ၊ အချို့သော သူသည် သမဏအားလည်း ကောင်း၊ ဗြာဟ္မဏအားလည်းကောင်း ထမင်း အဖျော် အဝတ် ယာဉ် ပန်းနံ့သာ နံ့သာပျောင်း အိပ်ရာ နေရာကျောင်း ဆီမီးကို ပေးလှူ၏၊ ထိုသူသည် ဤသို့ ပြည့်စုံသော ဤသို့ ကောင်းစွာ ဆောက်တည် သော ထိုကံကြောင့် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ကောင်းသောလားရာ နတ်ပြည်လောကသို့ ကပ်ရောက်ရ၏၊ ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ကောင်းသောလားရာ နတ်ပြည်လောကသို့ အကယ်၍ မကပ်ရောက်ဘဲ လူအဖြစ်သို့ ရောက်ခဲ့လျှင် ထိုထိုဖြစ်လေရာရာ အမျိုး၌ စည်းစိမ်ဥစ္စာ ပေါများ၏၊ လုလင် သမဏအားလည်းကောင်း၊ ဗြာဟ္မဏအားလည်းကောင်း ထမင်း အဖျော် အဝတ် ယာဉ် ပန်းနံ့သာ နံ့သာပျောင်း အိပ်ရာ နေရာ ကျောင်း ဆီမီးကို ပေးလှူခြင်းသည် စည်းစိမ်ဥစ္စာ ပေါများ ခြင်းကို ဖြစ်စေတတ်သော အကျင့်တည်း။ (၅)
၂၉၅။ လုလင် ဤလောက၌ မိန်းမဖြစ်စေ၊ ယောကျာ်းဖြစ်စေ အချို့သော သူသည် ခက်ထန်၏၊ ထောင်လွှားတက်ကြွ၏၊ ရှိခိုးထိုက်သူကို ရှိမခိုး၊ ခရီးဦးကြိုဆိုထိုက်သူကို ခရီးဦးမကြိုဆို။ နေရာပေးထိုက် သူကို နေရာမပေး၊ လမ်းခရီးပေးထိုက်သူကို လမ်းခရီးမပေး၊ အရိုအသေပြုထိုက်သူကို အရိုအသေမပြု၊ အလေးပြုထိုက်သူကို အလေးမပြု၊ မြတ်နိုးထိုက်သူကို မမြတ်နိုး၊ ပူဇော်ထိုက်သူကို မပူဇော်၊ ထိုသူသည် ဤသို့ ပြည့်စုံသော ဤသို့ မှားယွင်းစွာဆောက်တည်သော ထိုကံကြောင့် ကိုယ်ခန္ဓာပျက်စီး၍ သေပြီး သည်မှနောက်၌ ချမ်းသာကင်းရာ မကောင်းသောလားရာ ဖရိုဖရဲကျရာ ငရဲသို့ ကပ်ရောက်ရ၏၊ ကိုယ်ခန္ဓာ ပျက်စီး၍ သေပြီးသည်မှနောက်၌ ချမ်းသာကင်းရာ မကောင်းသောလားရာ ဖရိုဖရဲကျရောက်ရာ ငရဲသို့ အကယ်၍ မကပ်ရောက်ဘဲ လူအဖြစ်သို့ ရောက်ခဲ့လျှင် ထိုထိုဖြစ်လေရာရာ အမျိုး၌ အမျိုးယုတ်၏၊ လုလင် ထိုခက်ထန်ခြင်း ထောင်လွှားတက်ကြွခြင်း ရှိခိုးထိုက်သူကို ရှိမခိုးခြင်း ခရီးဦးကြိုဆိုထိုက်သူကို ခရီးဦး မကြိုဆိုခြင်း နေရာပေးထိုက်သူကို နေရာမပေးခြင်း လမ်းခရီးပေးထိုက်သူကို လမ်းခရီးမပေးခြင်း အရိုအသေပြုထိုက်သူကို အရိုအသေမပြုခြင်း အလေးပြုထိုက်သူကို အလေးမပြုခြင်း မြတ်နိုးထိုက်သူကို မမြတ်နိုးခြင်း ပူဇော်ထိုက်သူကို့မပူဇော်ခြင်းသည် ယုတ်နိမ့်သော အမျိုး၌ ဖြစ်စေတတ်သော အကျင့် တည်း။ (၆)
လုလင် ဤလောက၌ မိန်းမဖြစ်စေ ယောကျာ်းဖြစ်စေ အချို့သော သူသည် မခက်ထန် မထောင်လွှား မတက်ကြွ ရှိခိုးထိုက်သူကို ရှိခိုး၏၊ ခရီးဦးကြိုဆိုထိုက်သူကို ခရီးဦးကြိုဆို၏၊ နေရာပေးထိုက်သူကို နေရာပေး၏၊ လမ်းခရီးပေးထိုက်သူကို လမ်းခရီးပေး၏။ အရိုအသေပြုထိုက်သူကို အရိုအသေပြု၏၊ အလေးပြုထိုက်သူကို အလေးပြု၏၊ မြတ်နိုးထိုက်သူကို မြတ်နိုး၏၊ ပူဇော်ထိုက်သူကို ပူဇော်၏၊ ထိုသူ သည် ဤသို့ ပြည့်စုံသော ဤသို့ ကောင်းစွာ ဆောက်တည်သော ထိုကံကြောင့် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ကောင်းသောလားရာ နတ်ပြည်လောကသို့ ကပ်ရောက်ရ၏၊ ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ကောင်းသောလားရာ နတ်ပြည်လောကသို့ အကယ်၍ မကပ်ရောက်ဘဲ လူအဖြစ်သို့ ရောက်ခဲ့လျှင် ထိုထိုဖြစ်လေရာရာ အမျိုး၌ အမျိုး မြတ်၏၊ လုလင် ထိုမခက်ထန်ခြင်း မထောင်လွှားခြင်း မတက်ကြွခြင်း ရှိခိုးထိုက်သူကို ရှိခိုးခြင်း ခရီးဦးကြိုဆို ထိုက်သူကို ခရီးဦးကြိုဆိုခြင်း နေရာပေးထိုက်သူကို နေရာပေးခြင်း လမ်းခရီးပေးထိုက်သူကို လမ်းခရီးပေးခြင်း အရိုအသေပြုထိုက်သူကို အရိုအသေပြုခြင်း အလေးပြုထိုက်သူကို အလေးပြုခြင်း မြတ်နိုးထိုက်သူကို မြတ်နိုးခြင်း ပူဇော်ထိုက်သူကို ပူဇော်ခြင်းသည် မြင့်မြတ်သော အမျိုး၌ ဖြစ်စေတတ်သော အကျင့်တည်း။ (၆)
၂၉၆။ လုလင် ဤလောက၌ မိန်းမဖြစ်စေ၊ ယောကျာ်းဖြစ်စေ၊ အချို့သောသူသည် သမဏကိုလည်းကောင်း၊ ဗြာဟ္မဏကိုလည်းကောင်း ချဉ်းကပ်ပြီးလျှင် “အသျှင်ဘုရား အဘယ်တရားသည် ကုသိုလ် ပါနည်း၊ အဘယ်တရားသည် အကုသိုလ်ပါနည်း၊ အဘယ်တရားသည် အပြစ်ရှိပါသနည်း၊ အဘယ်တရား သည် အပြစ်ကင်းပါသနည်း၊ အဘယ်တရားသည် မှီဝဲထိုက်ပါသနည်း၊ အဘယ်တရားသည် မမှီဝဲထိုက်ပါ သနည်း၊ အဘယ်သို့ပြုသော် အကျွန်ုပ်မှာ ရှည်စွာသော ကာလပတ်လုံး စီးပွါးမဲ့ခြင်းငှါ ဆင်းရဲခြင်းငှါ ဖြစ်ပါသနည်း၊ အဘယ်သို့ပြုသော် အကျွန်ုပ်မှာ ရှည်စွာသော ကာလပတ်လုံး စီးပွါးခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်ပါသနည်း”ဟု အဖန်ဖန် မေးမြန်းခြင်းကိုမပြု၊ ထိုသူသည် ဤသို့ ပြည့်စုံသော ဤသို့ မှားယွင်းစွာ ဆောက်တည်သော ထိုကံကြောင့် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ချမ်းသာကင်းရာ မကောင်း သောလားရာ ဖရိုဖရဲကျရာ ငရဲသို့ ကပ်ရောက် ရ၏၊ ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ချမ်းသာ ကင်းရာ မကောင်းသောလားရာ ဖရိုဖရဲကျရာ ငရဲသို့ အကယ်၍ မကပ်ရောက်ဘဲ လူအဖြစ်သို့ ရောက်ခဲ့လျှင် ထိုထို ဖြစ်လေရာရာ အမျိုး၌ ပညာမဲ့၏၊ လုလင် သမဏကိုလည်းကောင်း၊ ဗြာဟ္မဏကိုလည်းကောင်း ချဉ်းကပ်ပြီးလျှင် “အသျှင်ဘုရား အဘယ်တရားသည် ကုသိုလ်ပါနည်း၊ အဘယ်တရား သည် အကုသိုလ်ပါနည်း၊ အဘယ်တရားသည် အပြစ်ရှိပါသနည်း၊ အဘယ်တရားသည် အပြစ်ကင်းပါ သနည်း၊ အဘယ်တရားသည် မှီဝဲထိုက်ပါသနည်း၊ အဘယ်တရားသည် မမှီဝဲထိုက်ပါသနည်း၊ အဘယ်သို့ ပြုသော် အကျွန်ုပ်မှာ ရှည်စွာသော ကာလပတ်လုံး စီးပွါးမဲ့ခြင်းငှါ ဆင်းရဲခြင်းငှါ ဖြစ်ပါသနည်း၊ အဘယ် သို့ပြုသော် အကျွန်ုပ်မှာ ရှည်စွာသော ကာလပတ်လုံး စီးပွါးခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်ပါသနည်း”ဟု အဖန်ဖန် မေးမြန်းခြင်းကို မပြုခြင်းသည် ပညာမဲ့ခြင်းကို ဖြစ်စေတတ်သော အကျင့်တည်း။ (၇)
လုလင် ဤလောက၌ မိန်းမဖြစ်စေ၊ ယောကျာ်းဖြစ်စေ၊ အချို့သောသူသည် သမဏကိုလည်းကောင်း၊ ဗြာဟ္မဏကိုလည်းကောင်း ချဉ်းကပ်ပြီးလျှင် “အသျှင်ဘုရား အဘယ်တရားသည် ကုသိုလ်ပါနည်း၊ အဘယ် တရားသည် အကုသိုလ်ပါနည်း၊ အဘယ်တရားသည် အပြစ်ရှိပါသနည်း၊ အဘယ်တရားသည် အပြစ်ကင်း ပါသနည်း၊ အဘယ်တရားသည် မှီဝဲထိုက်သောတရားပါနည်း၊ အဘယ်တရားသည် မမှီဝဲထိုက်သော တရားပါနည်း၊ အဘယ်သို့ပြုသော် အကျွန်ုပ်မှာ ရှည်စွာသော ကာလပတ်လုံး စီးပွါးမဲ့ခြင်းငှါ ဆင်းရဲခြင်းငှါ ဖြစ်ပါသနည်း၊ အဘယ်သို့ပြုသော် အကျွန်ုပ်မှာ ရှည်စွာသော ကာလပတ်လုံး စီးပွါးခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်ပါသနည်း”ဟု အဖန်ဖန် မေးမြန်းခြင်းကို ပြု၏၊ ထိုသူသည် ဤသို့ ပြည့်စုံသော ဤသို့ ကောင်းစွာ ဆောက်တည်သော ထိုကံကြောင့် ကိုယ်ခန္ဓာပျက်စီး၍့သေပြီးသည်မှနောက်၌ ကောင်းသော လားရာ နတ်ပြည်လောကသို့ ကပ်ရောက်ရ၏၊ ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ကောင်းသော လားရာ နတ်ပြည်လောကသို့ အကယ်၍ မကပ်ရောက်ဘဲ လူအဖြစ်သို့ ရောက်ခဲ့လျှင် ထိုထိုဖြစ်လေရာရာ အမျိုး၌ ပညာကြီး၏၊ လုလင် သမဏကိုလည်းကောင်း၊ ဗြာဟ္မဏကိုလည်းကောင်း ချဉ်းကပ်ပြီးလျှင် “အသျှင် ဘုရား အဘယ်တရားသည် ကုသိုလ်ပါနည်း၊ အဘယ်တရားသည် အကုသိုလ်ပါနည်း၊ အဘယ်တရားသည် အပြစ်ရှိပါသနည်း၊ အဘယ်တရားသည် အပြစ်မရှိပါသနည်း၊ အဘယ်တရားသည် မှီဝဲထိုက်ပါသနည်း၊ အဘယ်တရားသည် မမှီဝဲထိုက်ပါသနည်း၊ အဘယ်သို့ပြုသော် အကျွန်ုပ်မှာ ရှည်စွာသော ကာလပတ်လုံး စီးပွါးမဲ့ခြင်းငှါ ဆင်းရဲခြင်းငှါ ဖြစ်ပါသနည်း၊ အဘယ်သို့ပြုသော် အကျွန်ုပ်မှာ ရှည်စွာသော ကာလပတ်လုံး စီးပွါးခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်ပါသနည်း”ဟု အဖန်ဖန် မေးမြန်းမှုပြုခြင်းသည် ပညာကြီးခြင်းကို ဖြစ်စေတတ်သော အကျင့်တည်း။ (၇)
၂၉၇။ လုလင် ဤသို့လျှင် အသက်တိုခြင်းကို ဖြစ်စေတတ်သော အကျင့်သည် အသက်တိုခြင်းသို့ ဆောင်တတ်၏၊ အသက်ရှည်ခြင်းကို ဖြစ်စေတတ်သော အကျင့်သည် အသက်ရှည်ခြင်းသို့ ဆောင်တတ်၏၊ အနာရောဂါများခြင်းကို ဖြစ်စေတတ်သော အကျင့်သည် အနာရောဂါများခြင်းသို့ ဆောင်တတ်၏၊ အနာ ရောဂါကင်းခြင်းကို ဖြစ်စေတတ်သော အကျင့်သည် အနာရောဂါကင်းခြင်းသို့ ဆောင်တတ်၏၊ အဆင်းမလှ ခြင်းကို ဖြစ်စေတတ်သော အကျင့်သည် အဆင်းမလှခြင်းသို့ ဆောင်တတ်၏၊ အဆင်းလှခြင်းကို ဖြစ်စေ တတ်သော အကျင့်သည် အဆင်းလှခြင်းသို့ ဆောင်တတ်၏၊ အခြံအရံမရှိခြင်းကို ဖြစ်စေတတ်သော အကျင့် သည် အခြံအရံမရှိခြင်းသို့ ဆောင်တတ်၏၊ အခြံအရံများခြင်းကို ဖြစ်စေတတ်သော အကျင့်သည် အခြံအရံ များခြင်းသို့ ဆောင်တတ်၏၊ စည်းစိမ်ဥစ္စာနည်းခြင်းကို ဖြစ်စေတတ်သော အကျင့်သည် စည်းစိမ်ဥစ္စာ နည်းခြင်းသို့ ဆောင်တတ်၏၊ စည်းစိမ်ဥစ္စာများခြင်းကို ဖြစ်စေတတ်သော အကျင့်သည် စည်းစိမ်ဥစ္စာများ ခြင်းသို့ ဆောင်တတ်၏၊ အမျိုးယုတ်ခြင်းကို ဖြစ်စေတတ်သော အကျင့်သည် အမျိုးယုတ်ခြင်းသို့ ဆောင် တတ်၏၊ အမျိုးမြင့်မြတ်ခြင်းကို ဖြစ်စေတတ်သော အကျင့်သည် အမျိုးမြင့်မြတ်ခြင်းသို့ ဆောင်တတ်၏၊ ပညာမဲ့ခြင်းကို ဖြစ်စေတတ်သော အကျင့်သည် ပညာမဲ့ခြင်းသို့ ဆောင်တတ်၏၊ ပညာကြီးခြင်းကို ဖြစ်စေ တတ်သော အကျင့်သည် ပညာကြီးခြင်းသို့ ဆောင်တတ်၏၊ လုလင် သတ္တဝါတို့သည် ကံသာလျှင် မိမိဥစ္စာ ရှိကုန်၏၊ ကံ၏ အမွေခံတို့ ဖြစ်ကုန်၏၊ ကံသာလျှင် အကြောင်းရှိကုန်၏၊ ကံသာလျှင် ဆွေမျိုးရှိကုန်၏၊ ကံသာလျှင် မှီခိုရာရှိကုန်၏၊ ကံသည်သာလျှင် သတ္တဝါတို့ကို အယုတ်အမြတ်ဖြစ်ခြင်းငှါ ခွဲခြမ်းဝေဖန်၏ဟု မိန့်တော်မူ၏ )
ဤသို့မိန့်တော်မူသော် တောဒေယျပုဏ္ဏား၏သား သုဘလုလင်သည် မြတ်စွာဘုရားအား ဤစကားကို လျှောက်ထား၏ “အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေ၏၊ အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေ၏၊ အသျှင်ဂေါတမ ဥပမာအားဖြင့် မှောက်ထားသည်ကို လှန်ဘိသကဲ့သို့လည်းကောင်း၊ ဖုံးလွှမ်းထားသည်ကို ဖွင့်လှစ်ဘိသကဲ့သို့လည်းကောင်း၊ လမ်းမှားသောသူ အား လမ်းမှန်ကို ပြောကြားဘိသကဲ့သို့လည်းကောင်း ‘မျက်စိအမြင်ရှိသောသူတို့သည် အဆင်းတို့ကို မြင်ကြလိမ့်မည်’ဟု အမိုက်မှောင်၌ ဆီမီးတန်ဆောင်ကို ဆောင်ပြဘိသကဲ့သို့လည်းကောင်း (အသျှင် ဂေါတမ) ဤအတူသာလျှင် အသျှင်ဂေါတမသည် များစွာသောအကြောင်းဖြင့် တရားတော်ကို ပြတော်မူပါပေ၏၊ (အသျှင်ဂေါတမ) ထိုအကျွန်ုပ်သည် အသျှင်ဂေါတမကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ တရားတော် ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ သံဃာတော်ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ အသျှင်ဂေါတမသည် အကျွန်ုပ်ကို ယနေ့မှစ၍ အသက်ထက်ဆုံး (ရတနာသုံးပါးကို) ကိုးကွယ်ဆည်းကပ် သော ဥပါသကာဟု မှတ်တော်မူပါ”ဟု (လျှောက်၏)။
ငါးခုမြောက် စူဠကမ္မဝိဘင်္ဂသုတ် ပြီး၏။
၁။ သုဘသုတ်ဟူ၍လည်း ဆိုအပ်သည်။