မဇ္ဈိမနိကာယ်

၆—မဟာကမ္မဝိဘင်္ဂသုတ်

၂၉၈။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်—

အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ရှဉ့်နက်တို့ကို အစာကျွေး၍ မွေးရာဖြစ်သော ဝေဠုဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါအသျှင်သမိဒ္ဓိသည် တောကျောင်း၌ နေ၏။ ထိုအခါ ပေါတလိပုတ္တမည်သော ပရိဗိုဇ်သည် အညောင်းပြေ လမ်းလျှောက်လှည့်လည်ရင်း အသျှင်သမိဒ္ဓိထံသို့ ချဉ်း ကပ်ပြီးလျှင် အသျှင်သမိဒ္ဓိနှင့်အတူ ဝမ်းမြောက်ဝမ်းသာ ပြောဆို၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြောဆိုပြီးဆုံးစေပြီးနောက် သင့်လျော်ရာ၌ထိုင်ကာ အသျှင်သမိဒ္ဓိအား ဤစကားကို ပြောဆို၏— “ငါ့သျှင်သမိဒ္ဓိ ‘ကာယကံသည် အကျိုးမပြီး အချည်းနှီးတည်း၊ ဝစီကံသည် အကျိုးမပြီး အချည်းနှီး တည်း၊ မနောကံသာလျှင် မှန်ကန်၏’ ဟူ၍ ဤစကားကို ရဟန်းဂေါတမ၏ မျက်မှောက်မှ ကြားရ၏၊ မျက်မှောက်မှ နာယူရ၏၊ အကြင်သမာပတ်ကို ဝင်စားသော ပုဂ္ဂိုလ်သည် ဘာကိုမျှ မခံစား၊ ဤသမာပတ် သည် ရှိသည် မဟုတ်လော”ဟု (ပြောဆို၏)။

ငါ့သျှင်ပေါတလိပုတ္တ ဤသို့ မဆိုလင့်၊ ငါ့သျှင်ပေါတလိပုတ္တ ဤသို့ မဆိုလင့်၊ မြတ်စွာဘုရားကို မစွပ်စွဲလင့်၊ မြတ်စွာဘုရားအား စွပ်စွဲခြင်းသည် မကောင်းသည်သာတည်း၊ “ကာယကံသည် အကျိုးမပြီး အချည်းနှီးတည်း၊ ဝစီကံသည် အကျိုးမပြီး အချည်းနှီးတည်း၊ မနောကံသာလျှင် မှန်ကန်၏”ဟူ၍ ဤသို့ မြတ်စွာဘုရား မဟောတန်ရာ၊ ငါ့သျှင် အကြင်သမာပတ်ကို ဝင်စားသော ပုဂ္ဂိုလ်သည် ဘာကိုမျှ မခံစား၊ ဤသမာပတ်သည် ရှိသည်သာတည်းဟု (ပြောဆို၏)။ ငါ့သျှင်သမိဒ္ဓိ သင်ရဟန်းပြုသည်မှာ အဘယ်မျှကြာ ပြီနည်းဟု (မေး၏)။ ငါ့သျှင်ပေါတလိပုတ္တ မကြာသေး၊ သုံးဝါသာ ရှိသေး၏ဟု (ပြောဆို၏)။ ဤမျှငယ် သော ရဟန်းသော်မှလည်း ဆရာဖြစ်သော မြတ်စွာဘုရားကို (ကဲ့ရဲ့ခြင်းမှ) စောင့်ရှောက်ကာကွယ်ရမည်ဟု မှတ်ထင်တုံသေး၏၊ ယခုအခါ မထေရ်ကြီးရဟန်းဖြစ်သော ငါတို့ကား အဘယ်ဆိုဖွယ်ရာ ရှိအံ့နည်း။ ငါ့သျှင်သမိဒ္ဓိ ကိုယ် နှုတ် စိတ်ဖြင့် စေ့ဆော်မှုရှိသော (အကုသိုလ်) ကံကို ပြုမိခြင်းကြောင့် ထိုပုဂ္ဂိုလ်သည် အဘယ်သို့သော ဝေဒနာကို ခံစားရသနည်းဟု (မေး၏)။ ငါ့သျှင်ပေါတလိပုတ္တ ကိုယ် နှုတ် စိတ်ဖြင့် စေ့ဆော်မှုရှိသော (အကုသိုလ်) ကံကို ပြုမိခြင်းကြောင့် ထိုပုဂ္ဂိုလ်သည် ဆင်းရဲသော ဝေဒနာကို ခံစားရ၏ဟု (ပြောဆို၏)။ ထိုအခါ ပေါတလိပုတ္တပရိဗိုဇ်သည် အသျှင်သမိဒ္ဓိ၏ စကားကို နှစ်လည်း မနှစ်သက်ဘဲ မြစ်လည်း မမြစ်ဘဲ နေရာမှထကာ ဖဲသွား၏။

၂၉၉။ ထိုအခါ အသျှင်သမိဒ္ဓိသည် ပေါတလိပုတ္တပရိဗိုဇ် ဖဲသွား၍ မကြာမြင့်မီ အသျှင်အာနန္ဒာထေရ် ရှိရာသို့ ချဉ်းကပ်ပြီးလျှင် အသျှင်အာနန္ဒာနှင့်အတူ ဝမ်းမြောက်ဝမ်းသာ ပြောဆို၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြောဆိုပြီးဆုံးစေပြီးနောက် သင့်လျော်ရာ၌ ထိုင်ကာ ပေါတလိပုတ္တပရိဗိုဇ်နှင့် အတူ ပြောဆိုခဲ့သမျှ စကားအလုံးစုံကို အသျှင်အာနန္ဒာအား ပြောကြား၏။ ဤသို့ပြောဆိုသော် အသျှင်အာနန္ဒာ သည် အသျှင်သမိဒ္ဓိအား “ငါ့သျှင် သမိဒ္ဓိ မြတ်စွာဘုရားကို ဖူးမျှော်ရန် စကားလက်ဆောင်သည် ရှိသည် သာတည်း၊ ငါ့သျှင် သမိဒ္ဓိ လာ, သွားကြကုန်အံ့၊ မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် ဤအကြောင်းကို မြတ်စွာဘုရားအား လျှောက်ထားကြကုန်အံ့၊ ငါတို့အား မြတ်စွာဘုရား ဖြေကြားတော်မူသည့်အတိုင်း ထိုအကြောင်းကို မှတ်ကြရကုန်အံ့”ဟု ပြောဆို၏။ “ငါ့သျှင် ကောင်းပါပြီ”ဟု အသျှင်သမိဒ္ဓိသည် အသျှင် အာနန္ဒာအား ပြန်ကြားလျှောက်ထား၏။

ထိုအခါ အသျှင်အာနန္ဒာသည်လည်းကောင်း၊ အသျှင်သမိဒ္ဓိသည်လည်းကောင်း မြတ်စွာဘုရားထံသို့ ချဉ်းကပ်ကြကုန်ပြီးလျှင် သင့်လျော်ရာ၌ ထိုင်နေကြကုန်၏။ သင့်လျော်ရာ၌ ထိုင်နေပြီးသော အသျှင် အာနန္ဒာသည် အသျှင်သမိဒ္ဓိ၏ ပေါတလိပုတ္တပရိဗိုဇ်နှင့်အတူ ပြောဆိုခဲ့သမျှ စကားအလုံးစုံကို မြတ်စွာဘုရား အား လျှောက်ထား၏။ ဤသို့လျှောက်ထားသော် မြတ်စွာဘုရားသည် အသျှင်အာနန္ဒာအား “အာနန္ဒာ ငါသည် ပေါတလိပုတ္တပရိဗိုဇ်အား မြင်ဖူးသည်ကိုမျှလည်း မမှတ်မိ၊ အဘယ်မှာ ဤသို့ သဘောရှိသော စကားဆွေးနွေးခြင်းမျိုး ဖြစ်အံ့နည်း။ အာနန္ဒာ (မဂ်ဖိုလ်မှ) အချည်းနှီးသော ယောကျာ်းဖြစ်သည့် ဤ သမိဒ္ဓိသည် ပေါတလိပုတ္တပရိဗိုဇ်အား ခွဲခြမ်းဝေဖန်၍ ဖြေဆိုသင့်သော ပြဿနာကို တစ်ဖက်သတ် ဖြေဆို ဘိ၏”ဟု ဤစကားကို မိန့်တော်မူ၏။ ဤသို့ မိန့်တော်မူသော် အသျှင်ဥဒါယီသည် မြတ်စွာဘုရားကို “မြတ်စွာဘုရား ‘ခံစားမှုဟူသမျှ ဆင်းရဲဒုက္ခသာတည်း’ဟု ဤသင်္ခါရ ဒုက္ခကို ရည်ရွယ်၍ အသျှင် သမိဒ္ဓိထေရ်သည် ပြောဆိုသည် မဟုတ်လော”ဟု ဤစကားကို လျှောက်ထား၏။

၃ဝဝ။ ထိုအခါ မြတ်စွာဘုရားသည် အသျှင်အာနန္ဓာကို “အာနန္ဒာ (မဂ်ဖိုလ်မှ) အချည်းနှီးသော ယောကျာ်းဖြစ်သည့် ဤဥဒါယီ၏ အမေးပြဿနာကို သင် မြင်၏လော၊ အာနန္ဒာ (မဂ်ဖိုလ်မှ) အချည်းနှီး သော ယောကျာ်းဖြစ်သည့် ဤဥဒါယီသည် မသင့်သောအကြောင်းဖြင့် ဦးခေါင်းထောင်ကြွသည်ဖြစ်၍ ဦးခေါင်းထောင်ကြွလိမ့်မည်”ဟူသော အကြောင်းကို ယခုအခါ ငါ သိရ၏၊ အာနန္ဒာ ပေါတလိပုတ္တပရိဗိုဇ် သည် အစကတည်းကပင် ဝေဒနာသုံးပါးတို့ကို မေး၏။ အာနန္ဒာ ဤသို့မေးအပ်သော် အချည်းနှီးသော ယောကျာ်းဖြစ်သည့် သမိဒ္ဓိသည် ပေါတလိပုတ္တပရိဇ်ဗိုလ်အား “ငါ့သျှင်ပေါတလိပုတ္တ ကြောင့်ကြစိုက်၍ ကိုယ် နှုတ်စိတ်ဖြင့် စေ့ဆော်မှုရှိသော ချမ်းသာကိုသာ ခံစားရမည်ဖြစ်သော ကံကို ပြုမိသောကြောင့် ထိုပုဂ္ဂိုလ် သည် သုခဝေဒနာကိုသာ ခံစားရ၏၊ ငါ့သျှင်ပေါတလိပုတ္တ ကြောင့်ကြစိုက်၍ ကိုယ်နှုတ်စိတ်ဖြင့် စေ့ဆော်မှု ရှိသော ဆင်းရဲခံစားရမည်ဖြစ်သော ကံကို ပြုမိသောကြောင့် ထိုပုဂ္ဂိုလ်သည် ဒုက္ခဝေဒနာကို ခံစားရ၏၊ ငါ့သျှင် ပေါတလိပုတ္တ ကြောင့်ကြစိုက်၍ ကိုယ်နှုတ်စိတ်ဖြင့် စေ့ဆော်မှုရှိသော ဆင်းရဲမဟုတ် ချမ်းသာ မဟုတ်ခံစားရမည်ဖြစ်သော ကံကို ပြုမိသောကြောင့် ထိုပုဂ္ဂိုလ်သည် ဥပေက္ခာ ဝေဒနာကို ခံစားရ၏”ဟု အကယ်၍ ဤသို့ ဖြေကြားငြားအံ့၊ အာနန္ဒာ ဤသို့ဖြေကြားသော် အချည်းနှီးသော ယောကျာ်းဖြစ်သည့် သမိဒ္ဓိသည် ပေါတလိပုတ္တပရိဗိုဇ်အား ကောင်းစွာ ဖြေကြားသည် မည်ရာ၏။ အာနန္ဒာ စင်စစ် သော်ကား မိုက်မဲကုန် မလိမ္မာကုန် သော သာသနာတော်မှတစ်ပါးသော အယူရှိကုန်သော ပရိဗိုဇ်တို့သည် အဘယ် သို့သော ပုဂ္ဂိုလ်စားတို့ပေနည်း၊ အဘယ်သို့သော ပုဂ္ဂိုလ်တို့သည်လည်း မြတ်စွာဘုရား၏ များစွာသော ကံတို့ကို ဝေဖန်မှု ‘မဟာကမ္မဝိဘင်း’ကို သိကုန်လတ္တံ့နည်း။ အာနန္ဒာ သင်တို့သည် များစွာသော ကံတို့ ကို ဝေဖန်မှု’မဟာ ကမ္မဝိဘင်း’ကို ဝေဖန်ဟောကြားသော မြတ်စွာဘုရား၏ (စကားကို) အကယ်၍ နာကြားလိုလျှင် နာကြားကြကုန်လော့ဟု (မိန့်တော်မူ၏)။

ဘုန်းတော်ကြီးသော မြတ်စွာဘုရား မြတ်စွာဘုရားသည် များစွာသောကံတို့ကို ဝေဖန်မှု’မဟာကမ္မဝိဘင်း’ကို ဝေဖန်ဟောပြတော်မူချိန်တန်ပါပြီ၊ ကောင်းသောစကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရား မြတ်စွာဘုရားသည် များစွာသောကံတို့ကို ဝေဖန်မှု’မဟာကမ္မဝိဘင်း’ကို ဝေဖန်ဟောပြတော်မူချိန်တန်ပါပြီ၊ မြတ်စွာဘုရားထံမှ ကြားနာရ၍ ရဟန်းများ ဆောင်ထားကြရပါကုန်လတ္တံ့ဟု လျှောက်၏။ အာနန္ဒာ ထိုသို့ ဖြစ်မူကား နာလော့၊ ကောင်းစွာ နှလုံးသွင်းလော့၊ ဟောပေအံ့ဟု မိန့်တော်မူ၏။ “မြတ်စွာဘုရား ကောင်းပါပြီ”ဟု အသျှင်အာနန္ဒာသည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထား၏။ မြတ်စွာဘုရားသည် ဤဆိုလတ္တံ့သော စကားကို မိန့်တော်မူ၏—

အာနန္ဒာ လေးယောက်ကုန်သော ဤပုဂ္ဂိုလ်တို့သည် လောက၌ ထင်ထင်ရှားရှားဖြစ်ပေါ်ကုန်၏။ အဘယ်လေးယောက်တို့နည်းဟူမူ— အာနန္ဒာ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ဤမျက်မှောက်ဘဝ၌့အသက်ကို သတ်လေ့ရှိ၏၊ မပေးသည်ကို ယူလေ့ရှိ၏၊ ကာမဂုဏ်တို့၌ မှားယွင်းစွာကျင့်လေ့ရှိ၏၊ မဟုတ် မမှန်သောစကားကို ပြောလေ့ရှိ၏၊ ကုန်းချောလေ့ရှိ၏၊ ကြမ်းတမ်းသောစကားကို ဆိုလေ့ရှိ၏၊ အကျိုးမဲ့ ပြိန်ဖျင်းသော စကားကို ဆိုလေ့ရှိ၏၊ သူ့စည်းစိမ်ကို တပ်မက်၍ကြံစည်ခြင်း များ၏၊ သူတစ်ပါးအား ဖျက်ဆီးလိုစိတ် ရှိ၏၊ မှားသော အယူကို ယူလေ့ရှိ၏၊ ထိုသူသည် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းရာ မကောင်းသော လားရာ ဖရိုဖရဲကျရာ ငရဲသို့ ကပ်ရောက်ရ၏။ (၁)

အာနန္ဒာ ထိုမှတစ်ပါး ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ဤမျက်မှောက်ဘဝ၌ အသက်ကို သတ် လေ့ရှိ၏၊ မပေးသည်ကို ယူလေ့ရှိ၏၊ ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်လေ့ရှိ၏၊ မဟုတ်မမှန်သော စကားကို ပြောလေ့ရှိ၏၊ ကုန်းချောလေ့ရှိ၏၊ ကြမ်းတမ်းသောစကားကို ဆိုလေ့ရှိ၏၊ အကျိုးမဲ့ ပြိန်ဖျင်း သော စကားကို ဆိုလေ့ရှိ၏၊ သူ့စည်းစိမ်ကို တပ်မက်၍ကြံစည်ခြင်း များ၏၊ သူတစ်ပါးအား ဖျက်ဆီး လိုစိတ်ရှိ၏၊ မှားသော အယူကို ယူလေ့ရှိ၏၊ ထိုသူသည် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ကောင်းသောလားရာ နတ်ပြည်လောကသို့ ကပ်ရောက်ရ၏။ (၂)

အာနန္ဒာ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ဤမျက်မှောက်ဘဝ၌ အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်၏၊ မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်၏၊ ကာမဂုဏ်တို့၌ မှားယွင်းစွာကျင့်ခြင်းမှ ရှောင်ကြဉ်၏၊ မဟုတ်မမှန်သော စကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်၏၊ ကုန်းချောခြင်းမှ ရှောင်ကြဉ်၏၊ ကြမ်းတမ်း သော စကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်၏၊ အကျိုးမဲ့ ပြိန်ဖျင်းသော စကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်၏၊ သူ့စည်းစိမ်ကို တပ်မက်၍ကြံခြင်းမရှိ၊ သူတစ်ပါးအား ဖျက်ဆီးလိုစိတ်မရှိ၊ မှန်သောအယူ ကို ယူလေ့ရှိ၏၊ ထိုသူသည် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ကောင်းသောလားရာ နတ်ပြည် လောကသို့ ကပ်ရောက်ရ၏။ (၃)

အာနန္ဒာ ဤလောက၌ အချို့သောပုဂ္ဂိုလ်သည် ဤမျက်မှောက်ဘဝ၌ အသက်ကို သတ်ခြင်းမှ ရှောင် ကြဉ်၏၊ မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်၏၊ ကာမဂုဏ်တို့၌ မှားယွင်းစွာကျင့်ခြင်းမှ ရှောင်ကြဉ်၏၊ မဟုတ် မမှန်သော စကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်၏၊ ကုန်းချောခြင်းမှ ရှောင်ကြဉ်၏၊ ကြမ်းတမ်း သော စကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်၏၊ အကျိုးမဲ့ ပြိန်ဖျင်းသော စကားကို ပြောဆိုခြင်းမှ ရှောင် ကြဉ်၏၊ သူ့စည်းစိမ်ကို တပ်မက်၍ကြံခြင်း မရှိ၊ သူတစ်ပါးအား ဖျက်ဆီးလိုစိတ် မရှိ၊ မှန်သောအယူကို ယူလေ့ရှိ၏၊ ထိုသူသည် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ချမ်းသာကင်းရာ မကောင်းသော လားရာ ဖရိုဖရဲကျရာ ငရဲသို့ ကပ်ရောက် ရ၏။ (၄)

၃ဝ၁။ အာနန္ဒာ အချို့သော သမဏသည်လည်းကောင်း ဗြာဟ္မဏသည်လည်းကောင်း ပြင်းစွာအား ထုတ်ခြင်းကို စွဲ၍ မြဲမြံစွာအားထုတ်ခြင်းကို စွဲ၍ အဖန်ဖန်အားထုတ်ခြင်းကို စွဲ၍ မမေ့မလျော့ခြင်းကို စွဲ၍ ကောင်းစွာ နှလုံးသွင်းခြင်းကို စွဲ၍ ထိုသို့သဘောရှိသော စိတ်တည်ကြည်ခြင်းကို ရ၏၊ ယင်းသို့ စိတ် တည်ကြည်လတ်သော် အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိထက် သာလွန်သော နတ်တို့၏ မျက်စိနှင့်တူသော ‘ဒိဗ္ဗစက္ခု’ ဉာဏ်ဖြင့် ဤလူ့ပြည်၌ အသက်ကိုသတ်လေ့ရှိသော, မပေးသည်ကို ယူလေ့ရှိ သော, ကာမဂုဏ်တို့၌ မှားယွင်းစွာကျင့်လေ့ရှိသော, မဟုတ်မမှန်သောစကားကို ပြောဆိုလေ့ရှိသော, ကုန်း ချောလေ့ရှိသော, ကြမ်းတမ်းသော စကားကို ပြောဆိုလေ့ရှိသော, အကျိုးမဲ့ ပြိန်ဖျင်းသောစကားကို ပြော ဆိုလေ့ရှိသော, သူ့စည်းစိမ်ကို တပ်မက်၍ကြံစည်ခြင်းရှိသော, သူတစ်ပါးအား ဖျက်ဆီးလိုစိတ်ရှိသော, မှား သောအယူကို ယူလေ့ရှိသော ထိုပုဂ္ဂိုလ်ကို ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ချမ်းသာကင်းရာ မကောင်းသောလားရာ ဖရိုဖရဲကျရာ ငရဲသို့ ကပ်ရောက်သည်ကို မြင်၏။

ထိုသမဏဗြာဟ္မဏသည် “အချင်းတို့ ယုတ်မာသောကံတို့သည် ရှိကုန်သတတ်၊ ဒုစရိုက်၏အကျိုး သည်ရှိသတတ်၊ စင်စစ် ငါသည် ဤလူ့ပြည်၌ အသက်ကို သတ်လေ့ရှိသော, မပေးသည်ကို ယူလေ့ရှိ သော။ပ။ မှားသော အယူကို ယူလေ့ရှိသော ထိုပုဂ္ဂိုလ်ကို ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌့ချမ်းသာကင်းရာ မကောင်းသောလားရာ ဖရိုဖရဲကျရာ ငရဲသို့ ကပ်ရောက်သည်ကို မြင်၏”ဟု ဆို၏။ ထိုသမဏဗြာဟ္မဏသည် “အချင်းတို့ အသက်ကို သတ်လေ့ရှိသော, မပေးသည်ကို ယူလေ့ရှိသော။ပ။ မှားသောအယူကို ယူလေ့ရှိသော သူအားလုံးသည် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာ ကင်းရာ မကောင်းသောလားရာ ဖရိုဖရဲ ကျရာ ငရဲသို့ ကပ်ရောက်ရ၏။ အကြင်သူတို့သည် ဤအတိုင်း သိကုန်၏၊ ထိုသူတို့သည် အမှန်သိကုန်၏၊ အကြင်သူတို့သည် တစ်ပါးသောအခြင်းအရာအားဖြင့် သိကုန်၏၊ ထိုသူတို့သည် အမှားသိကုန်၏”ဟုလည်း ဆို၏။ ဤသို့ ထိုသမဏဗြာဟ္မဏသည် သူကိုယ်တိုင်သိ သူကိုယ်တိုင်မြင် သူကိုယ်တိုင် ထိုးထွင်း၍ သိသမျှကိုသာလျှင် “ဤအယူသာလျှင် မှန်၏၊ တစ်ပါးသော အယူသည် အမှားချည်းတည်း”ဟု ထိုအယူ၌ အခိုင်အမာ အစွဲအမြဲ နှလုံးသွင်း၍ ပြောဆို၏။ (၁)

အာနန္ဒာ ဤ လောက၌ အချို့သော သမဏသည်လည်းကောင်း၊ ဗြာဟ္မဏသည်လည်းကောင်း ပြင်းစွာအားထုတ်ခြင်းကို စွဲ၍ မြဲမြံစွာအားထုတ်ခြင်းကို စွဲ၍ အဖန်ဖန်အားထုတ်ခြင်းကို စွဲ၍ မမေ့မလျော့ ခြင်းကို စွဲ၍ ကောင်းစွာ နှလုံးသွင်းခြင်းကို စွဲ၍ ထိုသို့သဘောရှိသော စိတ်တည်ကြည်ခြင်းကို ရ၏၊ ယင်းသို့ စိတ်တည်ကြည်လတ်သော် အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိထက် သာလွန်သော နတ်တို့၏မျက်စိနှင့်တူသော ‘ဒိဗ္ဗစက္ခု’ ဉာဏ်ဖြင့် ဤလူ့ပြည်၌ အသက်ကို သတ်လေ့ရှိသော မပေးသည်ကို ယူလေ့ရှိသော။ပ။ မှားသောအယူကို ယူလေ့ရှိသော ထိုပုဂ္ဂိုလ်ကို ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသောလားရာ နတ်ပြည်လောကသို့ ကပ်ရောက်သည်ကိုလည်း မြင်၏။ ထိုသမဏ ဗြာဟ္မဏသည် “အချင်းတို့ ယုတ်မာသောကံတို့သည် မရှိကုန်သတတ်၊ ဒုစရိုက်အကျိုးသည် မရှိသတတ်၊ စင်စစ် ငါသည် ဤလူ့ပြည်၌ အသက်ကို သတ်လေ့ရှိသော မပေးသည်ကို ယူလေ့ရှိသော။ပ။ မှားသော အယူကို ယူလေ့ရှိသော ပုဂ္ဂိုလ်ကို ကောင်းသောလားရာ နတ်ပြည်လောကသို့ ကပ်ရောက်သည်ကိုလည်း မြင်ရ၏”ဟု ဆို၏။ ထိုသမဏဗြာဟ္မဏသည် “အချင်းတို့ အသက်ကို သတ်လေ့ရှိသော မပေးသည်ကို ယူလေ့ရှိသော။ပ။ မှားသောအယူကို ယူလေ့ရှိသော သူအားလုံးသည် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသောလားရာ နတ်ပြည်လောကသို့ ကပ်ရောက်ရ၏။ အကြင်သူ တို့သည် ဤအတိုင်း သိကုန်၏၊ ထိုသူတို့သည် အမှန်သိကုန်၏။ အကြင်သူတို့သည် တစ်ပါးသော အခြင်းအရာအားဖြင့် သိကုန်၏၊ ထိုသူတို့သည် အမှားသိကုန်၏”ဟုလည်း ဆို၏။ ဤသို့ ထိုသမဏဗြာဟ္မဏသည် သူကိုယ်တိုင်သိ သူကိုယ်တိုင်မြင် သူကိုယ်တိုင်ထိုးထွင်း၍ သိသမျှကိုသာလျှင် “ဤအယူသာလျှင် မှန်၏၊ တစ်ပါး သောအယူ သည် အမှားချည်းတည်း”ဟု ထိုအယူ၌ အခိုင်အမာ အစွဲအမြဲ နှလုံးသွင်း၍ ပြောဆို၏။ (၂)

အာနန္ဒာ ဤလောက၌ အချို့သော သမဏသည်လည်းကောင်း၊ ဗြာဟ္မဏသည်လည်းကောင်း၊ ပြင်းစွာအားထုတ်ခြင်းကို စွဲ၍ မြဲမြံစွာအားထုတ်ခြင်းကို စွဲ၍ အဖန်ဖန်အားထုတ်ခြင်းကို စွဲ၍ မမေ့မလျော့ ခြင်းကို စွဲ၍ ကောင်းစွာ နှလုံးသွင်းခြင်းကို စွဲ၍ ထိုသို့သဘောရှိသော စိတ်တည်ကြည်ခြင်းကို ရ၏၊ ယင်းသို့ စိတ်တည်ကြည်လတ်သော် အထူးသဖြင့် စင်ကြယ်သော လူတို့၏မျက်စိထက်သာလွန်သော နတ် တို့၏မျက်စိနှင့်တူသော ‘ဒိဗ္ဗစက္ခု’ ဉာဏ်ဖြင့် ဤလူ့ပြည်၌ အသက်ကိုသတ်ခြင်းမှ ရှောင်ကြဉ်သော မပေး သည်ကို ယူခြင်းမှ ရှောင်ကြဉ်သော ကာမဂုဏ်တို့၌ မှားယွင်းစွာကျင့်ခြင်းမှ ရှောင်ကြဉ်သော မဟုတ်မမှန် သော စကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်သော ကုန်းချောခြင်းမှ ရှောင်ကြဉ်သော ကြမ်းတမ်းသော စကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်သော အကျိုးမဲ့ ပြိန်ဖျင်းသော စကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ် သော သူ့စည်းစိမ်ကို တပ်မက်၍ ကြံခြင်း မရှိသော သူတစ်ပါးအား ဖျက်ဆီးလိုစိတ် မရှိသော မှန်သော အယူကို ယူလေ့ရှိသော ပုဂ္ဂိုလ်ကို ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ကောင်းသောလားရာ နတ် ပြည်လောကသို့ ကပ်ရောက်သည်ကို မြင်၏။

ထိုသမဏဗြာဟ္မဏသည် “အချင်းတို့ ကောင်းသောကံတို့သည် ရှိကုန်သတတ်၊ သုစရိုက်၏ အကျိုး့သည်ရှိသတတ်၊ စင်စစ် ငါသည် ဤလူ့ပြည်၌ အသက်ကိုသတ်ခြင်းမှ ရှောင်ကြဉ်သော မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်သော။ပ။ မှန်သောအယူကို ယူလေ့ရှိသော ပုဂ္ဂိုလ်ကို ကိုယ်ခန္ဓာပျက်စီး၍ သေပြီး သည်မှ နောက်၌ ကောင်းသောလားရာ နတ်ပြည်လောကသို့ ကပ်ရောက်သည်ကို မြင်ရ၏”ဟု ဆို၏။ ထိုသမဏဗြာဟ္မဏသည် “အချင်းတို့ အသက်ကိုသတ်ခြင်းမှ ရှောင်ကြဉ်သော မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်သော။ပ။ မှန်သောအယူကို ယူလေ့ရှိသော သူအားလုံးသည် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသောလားရာ နတ်ပြည်လောကသို့ ကပ်ရောက်ရ၏။ အကြင်သူတို့သည် ဤအတိုင်း သိကုန်၏၊ ထိုသူတို့သည် အမှန်သိကုန်၏။ အကြင် သူတို့သည် တစ်ပါးသော အခြင်းအရာအားဖြင့် သိကုန်၏၊ ထိုသူတို့သည် အမှားသိကုန်၏”ဟုလည်း ဆိုပြန်၏။ ဤသို့လျှင် ထိုသမဏဗြာဟ္မဏသည် သူကိုယ်တိုင်သိ သူကိုယ်တိုင်မြင် သူကိုယ်တိုင်ထိုးထွင်း၍ သိသမျှကိုသာလျှင် “ဤအယူသာလျှင် မှန်၏၊ တစ်ပါးသောအယူသည် အမှားချည်းတည်း”ဟု ထိုအယူ၌ အခိုင်အမာ အစွဲအမြဲ နှလုံးသွင်း၍ ပြောဆို၏။ (၃)

အာနန္ဒ ဤလောက၌ အချို့သော သမဏသည်လည်းကောင်း ဗြာဟ္မဏသည်လည်းကောင်း ပြင်းစွာ အား ထုတ်ခြင်းကို စွဲ၍ မြဲမြံစွာ အားထုတ်ခြင်းကို စွဲ၍ အဖန်ဖန်အားထုတ်ခြင်းကို စွဲ၍ မမေ့မလျော့ခြင်း ကို စွဲ၍ ကောင်းစွာ နှလုံးသွင်းခြင်းကို စွဲ၍ ထိုသို့သဘောရှိသော စိတ်တည်ကြည်ခြင်းကို ရ၏၊ ယင်းသို့ စိတ်တည်ကြည်လတ်သော် အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိထက်သာလွန်သော နတ်တို့၏ မျက်စိနှင့်တူသော ‘ဒိဗ္ဗစက္ခု’ ဉာဏ်ဖြင့် ဤလူ့ပြည်၌ အသက်ကိုသတ်ခြင်းမှ ရှောင်ကြဉ်သော။ပ။ မှန်သော အယူကို ယူလေ့ရှိသော ထိုပုဂ္ဂိုလ်ကို ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ချမ်းသာကင်းရာ မကောင်းသောလားရာ ဖရိုဖရဲကျရာ ငရဲသို့ ကပ်ရောက်သည်ကို မြင်၏၊ ထိုသမဏဗြာဟ္မဏသည် “အချင်းတို့ ကောင်းသောကံတို့သည် မရှိကုန်သတတ်၊ သုစရိုက်၏ အကျိုးသည် မရှိသတတ်၊ စင်စစ် ငါသည် ဤလူ့ပြည်၌ အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်သော မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ် သော။ပ။ မှန်သောအယူကို ယူလေ့ရှိသော ပုဂ္ဂိုလ်ကို ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းရာ မကောင်းသောလားရာ ဖရိုဖရဲကျရာ ငရဲသို့ ကပ်ရောက်သည်ကို မြင်၏”ဟု ဆို၏။

ထိုသမဏဗြာဟ္မဏသည် “အချင်းတို့ အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်သော မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်သော။ပ။ မှန်သောအယူကို ယူလေ့ရှိသော သူအားလုံးသည် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းရာ မကောင်းသောလားရာ ဖရိုဖရဲကျရာ ငရဲသို့ ကပ်ရောက်ရ၏။ အကြင်သူတို့သည် ဤအတိုင်းသိကုန်၏၊ ထိုသူတို့သည် အမှန်သိကုန်၏။ အကြင်သူတို့သည် တစ်ပါးသော အခြင်းအရာအားဖြင့် သိကုန်၏၊ ထိုသူတို့သည် အမှားကိုသိကုန်၏”ဟုလည်း ဆိုပြန်၏။ ဤသို့လျှင် ထိုသမဏဗြာဟ္မဏသည် သူကိုယ်တိုင်သိ သူကိုယ်တိုင်မြင် သူကိုယ်တိုင်ထိုးထွင်း၍ သိသမျှကိုသာလျှင် “ဤ အယူသာလျှင် မှန်၏၊ တစ်ပါးသောအယူသည် အမှားချည်းတည်း”ဟု ထိုအယူ၌ အခိုင်အမာ အစွဲအမြဲ နှလုံးသွင်း၍ ပြောဆို၏။ (၄)

၃ဝ၂။ အာနန္ဒာ ထိုလေးယောက်သော သမဏဗြာဟ္မဏတို့တွင် “အချင်းတို့ မကောင်းသောကံတို့ သည် ရှိကုန်သတတ်၊ ဒုစရိုက်၏ အ ကျိုးသည် ရှိသတတ်” ဟူ၍ ဤသို့ဆိုသော သမဏဗြာဟ္မဏ၏ စကားကို ခွင့်ပြု၏။ “အချင်းတို့ စင်စစ် ဤလူ့ပြည်၌ အသက်ကို သတ်လေ့ရှိသော မပေးသည်ကို ယူလေ့ရှိသော။ပ။ မှားသော အယူကို ယူလေ့ရှိသော ပုဂ္ဂိုလ်ကို ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ချမ်းသာကင်းရာ မကောင်းသော လားရာ ဖရိုဖရဲကျရာ ငရဲသို့ ကပ်ရောက်သည်ကို မြင်၏”ဟူ၍ ဆိုသော ပုဂ္ဂိုလ်၏ စကားကိုလည်း ခွင့်ပြု၏။ “အချင်းတို့ အသက်ကို သတ်လေ့ရှိသော မပေးသည်ကို ယူလေ့ရှိ သော။ပ။ မှားသောအယူကို ယူလေ့ရှိသောသူ အားလုံးသည့်ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ချမ်းသာကင်းရာ မကောင်းသောလားရာ ဖရိုဖရဲကျရာ ငရဲသို့ ကပ်ရောက်ရ၏” ဟူ၍ ဆိုသော ပုဂ္ဂိုလ်၏ စကားကိုကား ခွင့်မပြု။ အကြင်သူတို့သည် ဤအတိုင်း သိကုန်၏၊ ထိုသူတို့သည် အမှန်သိကုန်၏။ အကြင်သူတို့သည် တစ်ပါးသော အခြင်းအရာအားဖြင့် သိကုန်၏၊ ထိုသူတို့သည် အမှားသိကုန်၏”ဟူ၍ ဆိုသော ပုဂ္ဂိုလ်၏ စကားကိုလည်း ခွင့်မပြု။ ထိုပုဂ္ဂိုလ်သည် သူကိုယ် တိုင်သိ သူကိုယ်တိုင်မြင် သူကိုယ် တိုင် ထိုးထွင်းမိသမျှကိုသာလျှင် “ဤအယူသာလျှင် မှန်၏၊ တစ်ပါးသောအ ယူသည် အမှားချည်း တည်း”ဟု ထိုအယူ၌ အခိုင်အမာ အစွဲအမြဲ နှလုံးသွင်း၍ ပြောဆိုသော ပုဂ္ဂိုလ်၏ စကားကိုလည်း ခွင့် မပြု။ အဘယ့်ကြောင့်နည်းဟူမူ—အာနန္ဒာ များစွာသောကံတို့ကို ဝေဖန်ရာ၌ ငါဘုရား၏ ဉာဏ်သည် တစ်ပါးသော အခြင်းအရာအားဖြင့် ဖြစ်သောကြောင့်တည်း။ (၁)

အာနန္ဒာ ထိုလေးယောက်သော သမဏဗြာဟ္မဏတို့တွင် “အချင်းတို့ မကောင်းသောကံတို့သည် မရှိကုန်သတတ်၊ ဒုစရိုက်၏ အကျိုးသည် မရှိသတတ်”ဟူ၍ ဤသို့ဆိုသော သမဏဗြာဟ္မဏ၏ စကားကို ခွင့်မပြု။ “အချင်းတို့ စင်စစ် ဤလူ့ပြည်၌ အသက်ကို သတ်လေ့ရှိသော မပေးသည်ကို ယူလေ့ရှိသော။ပ။ မှားသော အယူကို ယူလေ့ရှိသော ပုဂ္ဂိုလ်ကို ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ကောင်းသော လားရာ နတ်ပြည်လောကသို့ ကပ်ရောက်သည်ကို မြင်ရ၏”ဟူ၍ ဆိုသော ပုဂ္ဂိုလ်၏ စကားကို ခွင့်ပြု၏။ “အချင်းတို့ အသက်ကို သတ်လေ့ရှိသော မပေးသည်ကို ယူလေ့ရှိသော။ပ။ မှားသောအယူကို ယူလေ့ရှိ သော သူအားလုံးသည် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသောလားရာ နတ်ပြည် လောကသို့ ကပ်ရောက်ရ၏”ဟူ၍ ဆိုသော ပုဂ္ဂိုလ်၏ စကားကို ခွင့်မပြု။ အကြင်သူတို့သည် ဤအတိုင်း သိကုန်၏၊ ထိုသူတို့သည် အမှန်သိ ကုန်၏။ အကြင်သူတို့သည် တစ်ပါးသော အခြင်းအရာ အားဖြင့် သိကုန်၏၊ ထိုသူတို့သည် အမှားသိကုန်၏”ဟူ၍ ဆိုသော ပုဂ္ဂိုလ်၏ စကားကိုလည်း ခွင့်မပြု။ ထိုပုဂ္ဂိုလ်သည် သူကိုယ်တိုင်သိ သူကိုယ်တိုင်မြင် သူကိုယ်တိုင် ထိုးထွင်းမိသမျှကိုသာလျှင် “ဤအယူသာ လျှင် မှန်၏၊ တစ်ပါးသော အယူသည် အမှားချည်းတည်း”ဟု ထိုအယူ၌ အခိုင်အမာ အစွဲအမြဲ နှလုံး သွင်း၍ ပြောဆိုသော ပုဂ္ဂိုလ်၏ စကားကိုလည်း ခွင့်မပြု။ အဘယ့်ကြောင့်နည်းဟူမူ— အာနန္ဒာ များစွာ သော ကံတို့ကို ဝေဖန်ရာ၌ ငါဘုရား၏ ဉာဏ်သည် တစ်ပါးသော အခြင်းအရာအားဖြင့် ဖြစ်သော ကြောင့်တည်း။ (၂)

အာနန္ဒာ ထိုလေးယောက်သော သမဏဗြာဟ္မဏတို့တွင် “အချင်းတို့ မှန်သောကံတို့သည် ရှိကုန် သတတ်၊ သုစရိုက်၏ အကျိုးသည် ရှိသတတ်”ဟူ၍ ဤသို့ဆိုသော သမဏဗြာဟ္မဏတို့၏ စကားကို ခွင့်ပြု၏။ “အချင်းတို့ စင်စစ် ဤလူ့ပြည်၌ အသက်သတ်ခြင်းမှ ရှောင်ကြဉ်သော မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်သော။ပ။ မှန်သောအယူကို ယူလေ့ရှိသော ပုဂ္ဂိုလ်ကို ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသောလားရာ နတ်ပြည်လောကသို့ ကပ်ရောက်သည်ကို မြင်ရ၏”ဟူ၍ ဆိုသော ပုဂ္ဂိုလ်၏ စကားကိုလည်း ခွင့်ပြု၏၊ “အချင်းတို့ အသက်ကိုသတ်ခြင်းမှ ရှောင်ကြဉ်သော မပေးသည်ကို ယူခြင်း မှ ရှောင်ကြဉ်သော။ပ။ မှန်သောအယူကို ယူလေ့ရှိသော သူအားလုံးသည် ကိုယ်ခန္ဓာပျက်စီး၍ သေပြီး သည်မှနောက်၌ ကောင်းသောလားရာ နတ်ပြည်လောကသို့ ကပ်ရောက်ရ၏” ဟူ၍ ဆိုသော ပုဂ္ဂိုလ်၏ စကားကိုကား ခွင့်မပြု။ အကြင်သူတို့သည် ဤအတိုင်း သိကုန်၏၊ ထိုသူတို့သည် အမှန်သိကုန်၏။ အကြင်သူတို့သည် တစ်ပါးသော အခြင်းအရာအားဖြင့် သိကုန်၏၊ ထိုသူတို့သည် အမှားသိကုန်၏”ဟူ၍ ဆိုသော ပုဂ္ဂိုလ်၏ စကားကိုလည်း ခွင့်မပြု။ ထိုပုဂ္ဂိုလ်သည် သူကိုယ် တိုင်သိ သူကိုယ်တိုင်မြင် သူကိုယ် တိုင် ထိုးထွင်းမိသမျှကိုသာလျှင် “ဤအယူသာလျှင် မှန်၏၊ တစ်ပါးသော အယူသည် အမှားချည်းတည်း”ဟု ထိုအယူ၌ အခိုင်အမာ အစွဲအမြဲ နှလုံးသွင်း၍ ပြောဆိုသော ပုဂ္ဂိုလ်၏ စကားကိုလည်း ခွင့်မပြု။့အဘယ့်ကြောင့်နည်းဟူမူ—အာနန္ဒာ များစွာသောကံတို့ကို ဝေဖန်ရာ၌ ငါဘုရား၏ ဉာဏ်သည် တစ်ပါးသော အခြင်းအရာအားဖြင့် ဖြစ်သောကြောင့်တည်း။ (၃)

အာနန္ဒာ ထိုလေးယောက်သော သမဏဗြာဟ္မဏတို့တွင် “အချင်းတို့ ကောင်းသော ကံတို့သည် မရှိကုန်သတတ်၊ သုစရိုက်၏ အကျိုးသည် မရှိသတတ်” ဟူ၍ ပြောဆိုသော သမဏဗြာဟ္မဏတို့၏ စကားကို ခွင့်မပြု။ “အချင်းတို့ စင်စစ် ဤလူ့ပြည်၌ အသက်သတ်ခြင်းမှ ရှောင်ကြဉ်သော မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်သော။ပ။ မှန်သောအယူကို ယူလေ့ရှိသော ပုဂ္ဂိုလ်ကို ကိုယ်ခန္ဓာပျက်စီး၍ သေပြီး သည်မှနောက်၌ ချမ်းသာကင်းရာ မကောင်းသောလားရာ ဖရိုဖရဲကျရာ ငရဲသို့ ကပ်ရောက်သည်ကို မြင် ရ၏”ဟူ၍ ပြောဆိုသောပုဂ္ဂိုလ်၏ စကားကို ခွင့်ပြု၏၊ “အချင်းတို့ အသက်သတ်ခြင်းမှ ရှောင်ကြဉ်သော မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်သော။ပ။ မှန်သောအယူကို ယူလေ့ရှိသော သူအားလုံးသည် ကိုယ် ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ချမ်းသာကင်းရာ မကောင်းသောလားရာ ဖရိုဖရဲကျရာ ငရဲသို့ ကပ် ရောက်ရ၏”ဟူ၍ ပြောဆိုသောပုဂ္ဂိုလ်၏ စကားကိုကား ခွင့်မပြု။ အကြင်သူတို့သည် ဤအတိုင်း သိကုန်၏၊ ထိုသူတို့သည် အမှန်သိကုန်၏။ အကြင်သူတို့သည် တစ်ပါးသော အခြင်းအရာအားဖြင့် သိကုန်၏၊ ထိုသူတို့သည် အမှားသိကုန်၏”ဟူ၍ ပြောဆိုသော ပုဂ္ဂိုလ်၏ စကားကိုလည်း ခွင့်မပြု။ ထိုပုဂ္ဂိုလ်သည် သူကိုယ်တိုင်သိ သူကိုယ်တိုင်မြင် သူကိုယ်တိုင် ထိုးထွင်းမိသမျှကိုသာလျှင် “ဤအယူသည်သာလျှင် မှန်၏၊ တစ်ပါးသောအယူသည် အမှားချည်းတည်း”ဟု ထိုအယူ၌ အခိုင်အမာ အစွဲအမြဲ နှလုံးသွင်း၍ ပြောဆိုသော ပုဂ္ဂိုလ်၏ စကားကိုလည်း ခွင့်မပြု။ အဘယ့်ကြောင့်နည်းဟူမူ— အာနန္ဒာ များစွာသောကံတို့ကို ဝေဖန်ရာ ၌ ငါဘုရား၏ ဉာဏ်သည် တစ်ပါးသော အခြင်းအရာအားဖြင့် ဖြစ်သောကြောင့်တည်း။ (၄)

၃ဝ၃။ အာနန္ဒာ ထိုလေးယောက်သော သမဏဗြာဟ္မဏတို့တွင် အကြင်ပုဂ္ဂိုလ်သည် ဤလူ့ပြည်၌ အသက်ကို သတ်လေ့ရှိ၏၊ မပေးသည်ကို ယူလေ့ရှိ၏။ပ။ မှားသောအယူရှိ၏၊ ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ချမ်းသာကင်းရာ မကောင်းသောလားရာ ဖရိုဖရဲကျရာ ငရဲသို့ ကပ်ရောက်ရ၏။ ရှေး၌လည်း ထိုပုဂ္ဂိုလ်သည် ဒုက္ခဝေဒနာ၏ အကြောင်းဖြစ်သော ထိုယုတ်မာသောကံကို ပြု၏။ နောက်၌လည်း ထိုပုဂ္ဂိုလ်သည် ဒုက္ခဝေဒနာ၏ အကြောင်းဖြစ်သော ထိုယုတ်မာသောကံကို ပြု၏။ သေခါနီး ကာလ၌လည်း ထိုပုဂ္ဂိုလ်သည် မှားယွင်းသော အယူကို ပြည့်ပြည့်စုံစုံ ဆောက်တည်၏၊ ထိုပုဂ္ဂိုလ်သည် ထိုယုတ်မာသောကံကြောင့် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ချမ်းသာကင်းရာ မကောင်းသော လားရာ ဖရိုဖရဲကျရာ ငရဲသို့ ကပ်ရောက်ရ၏။ ထိုပုဂ္ဂိုလ်သည် ဤလူ့ပြည်၌ အသက်ကို သတ်လေ့ရှိ၏၊ မပေးသည်ကို ယူလေ့ရှိ၏။ပ။ မှားယွင်းသောအယူရှိ၏၊ ထိုကံ၏ အကျိုးကို မျက်မှောက်ဘဝ၌လည်း ကောင်း၊ ဒုတိယဘဝ၌လည်းကောင်း၊ တစ်ပါးသော ထိုထိုဘဝ၌လည်းကောင်း ခံစားရ၏။ (၁)

အာနန္ဒာ ထိုလေးယောက်သော သမဏဗြာဟ္မဏတို့တွင် အကြင်ပုဂ္ဂိုလ်သည် ဤလူ့ပြည်၌ အသက်ကို သတ်လေ့ရှိ၏၊ မပေးသည်ကို ယူလေ့ရှိ၏။ပ။ မှားသောအယူရှိ၏၊ ကိုယ်ခန္ဓာပျက်စီး၍ သေပြီး သည်မှနောက်၌ ကောင်းသော လားရာ နတ်ပြည်လောကသို့ ကပ်ရောက်ရ၏။ ရှေး၌လည်း ထိုပုဂ္ဂိုလ် သည် သုခဝေဒနာ၏ အကြောင်းဖြစ်သော ထိုကောင်းသောကံကို ပြု၏။ နောက်၌လည်း ထိုပုဂ္ဂိုလ်သည် သုခဝေဒနာ၏ အကြောင်းဖြစ်သော ထိုကောင်းသောကံကို ပြု၏။ သေခါနီးကာလ၌လည်း ထိုပုဂ္ဂိုလ်သည် မှန်သောအယူကို ပြည့်ပြည့်စုံစုံ ဆောက်တည်၏၊ ထိုပုဂ္ဂိုလ်သည် ထိုကောင်းသောကံကြောင့် ကိုယ်ခန္ဓာ ပျက်စီး၍ သေပြီးသည်မှနောက်၌ ကောင်းသောလားရာ နတ်ပြည်လောကသို့ ကပ်ရောက်ရ၏။ ထိုပုဂ္ဂိုလ် သည် ဤလူ့ပြည်၌ အသက်ကို သတ်လေ့ရှိ၏၊ သူ့ဥစ္စာကို ခိုးယူလေ့ရှိ၏။ပ။ မှားယွင်းသောအယူကို ယူလေ့ရှိ၏၊ ထိုကံ၏ အကျိုးကို မျက်မှောက်ဘဝ၌လည်းကောင်း၊ ဒုတိယဘဝ၌လည်းကောင်း၊ တစ်ပါးသော ထိုထိုဘဝ၌လည်းကောင်း ခံစားရ၏။ (၂)

အာနန္ဒာ ထိုလေးယောက်သော သမဏဗြာဟ္မဏတို့တွင် အကြင်ပုဂ္ဂိုလ်သည် ဤလူ့ပြည်၌ အသက်ကိုသတ်ခြင်းမှ ရှောင်ကြဉ်၏၊ မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်၏။ပ။ မှန်သောအယူကို ယူလေ့ ရှိ၏၊ ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ကောင်းသောလားရာ နတ်ပြည်လောကသို့ ကပ်ရောက် ရ၏။ ရှေး၌လည်း ထိုပုဂ္ဂိုလ်သည် သုခဝေဒနာ၏ အကြောင်းဖြစ်သော ထိုကောင်းသောကံကို ပြု၏။ နောက်၌လည်း ထိုပုဂ္ဂိုလ်သည် သုခဝေဒနာ၏ အကြောင်းဖြစ်သော ထိုကောင်းသောကံကို ပြု၏။ သေခါနီးကာလ၌လည်း ထိုပုဂ္ဂိုလ်သည် ကောင်းသောအယူကို ပြည့်ပြည့်စုံစုံ ဆောက်တည်၏၊ ထိုပုဂ္ဂိုလ် သည် ထိုကောင်းသောကံကြောင့် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ကောင်းသောလားရာ နတ်ပြည်လောကသို့ ကပ်ရောက်ရ၏။ ထိုပုဂ္ဂိုလ်သည် ဤလူ့ပြည်၌ အသက်သတ်ခြင်းမှ ရှောင်ကြဉ်လေ့ ရှိ၏၊ မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်လေ့ရှိ၏။ပ။ မှန်သောအယူ ရှိ၏၊ ထိုကံ၏ အကျိုးကို မျက် မှောက်ဘဝ၌လည်းကောင်း၊ ဒုတိယဘဝ၌လည်းကောင်း၊ တစ်ပါးသော ထိုထိုဘဝ၌လည်းကောင်း ခံစား ရ၏။ (၃)

အာနန္ဒာ ထိုလေးယောက်သော သမဏဗြာဟ္မဏတို့တွင် အကြင်ပုဂ္ဂိုလ်သည် ဤလူ့ပြည်၌ အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်၏၊ မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်၏။ပ။ မှန်သော အယူရှိ၏၊ ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းရာ မကောင်းသောလားရာ ဖရိုဖရဲကျရာ ငရဲသို့ ကပ်ရောက်ရ၏။ ရှေး၌လည်း ထိုပုဂ္ဂိုလ်သည် ဒုက္ခဝေဒနာ၏ အကြောင်းဖြစ်သော ထိုယုတ်မာသောကံကို ပြု၏။ နောက်၌လည်း ထိုပုဂ္ဂိုလ်သည် ဒုက္ခဝေဒနာ၏ အကြောင်းဖြစ်သော ထိုယုတ်မာသောကံကို ပြု၏။ သေခါနီးကာလ၌လည်း ထိုပုဂ္ဂိုလ်သည် မှားယွင်းသောအယူကို ပြည့်ပြည့်စုံစုံ ဆောက်တည်၏၊ ထိုပုဂ္ဂိုလ် သည် ထိုမကောင်းသောကံကြောင့် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းရာ မကောင်း သောလားရာ ဖရိုဖရဲကျရာ ငရဲသို့ ကပ်ရောက်ရ၏။ ထိုပုဂ္ဂိုလ်သည် ဤလူ့ပြည်၌ အသက်သတ်ခြင်းမှ ရှောင်ကြဉ်၏၊ မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်၏။ပ။ မှန်သောအယူရှိ၏၊ ထိုကံ၏ အကျိုးကို မျက် မှောက်ဘဝ၌လည်းကောင်း၊ ဒုတိယဘဝ၌လည်းကောင်း၊ တစ်ပါးသော ထိုထိုဘဝ၌လည်းကောင်း ခံစား ရ၏။ (၄)

အာနန္ဒာ ဤသို့လျှင် အကြောင်းမမှန်ဘဲ အကြောင်းမမှန်ကို ပြတတ်သောကံလည်း ရှိ၏၊ အကြောင်းမမှန်ဘဲ အကြောင်းမှန်ကို ပြတတ်သောကံလည်း ရှိ၏၊ အကြောင်းလည်းမှန်လျက် အကြောင်း မှန်ကို ပြတတ်သော ကံလည်း ရှိ၏၊ အကြောင်းမှန်လျက် အကြောင်းမမှန်ကို ပြတတ်သောကံလည်း ရှိ၏ဟု (မိန့်တော်မူ၏)။

မြတ်စွာဘုရားသည် ဤတရားဒေသနာတော်ကို ဟောတော်မူ၏၊ အသျှင်အာနန္ဒာသည် မြတ်စွာဘုရား၏ တရားဒေသနာတော်ကို ဝမ်းမြောက်ဝမ်းသာ လွန်စွာနှစ်သက်လေပြီ။

ခြောက်ခုမြောက် မဟာကမ္မဝိဘင်္ဂသုတ် ပြီး၏။