မဇ္ဈိမနိကာယ်

၇—သဠာယတနဝိဘင်္ဂသုတ်

၃ဝ၄။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည် —

အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန် ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို “ရဟန်းတို့” ဟူ၍ မိန့်တော်မူ၏။ “အသျှင်ဘုရား”ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကုန်၏။ မြတ်စွာဘုရားသည် ရဟန်းတို့ သင်တို့အား သဠာယတနဝိဘင်းကို ဟောပေအံ့၊ ထိုသဠာယတနဝိဘင်းကို နာယူကြကုန်လော့၊ ကောင်းစွာ နှလုံးသွင်းကုန်လော့၊ ဟောပေအံ့ဟု ဤစကားကို မိန့်တော်မူ၏။ “အသျှင်ဘုရား ကောင်းပါပြီ”ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကုန်၏။့မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏ —

ခြောက်ပါးကုန်သော အတွင်းသန္တာန်၌ဖြစ်သော အာယတနတို့ကို သိရမည်၊ ခြောက်ပါးကုန်သော အပသန္တာန်၌ဖြစ်သော အာယတနတို့ကို သိရမည်၊ ခြောက်ပါးကုန်သော ဝိညာဏ်အပေါင်းတို့ကို သိရမည်၊ ခြောက်ပါးကုန်သော ဖဿအပေါင်းတို့ကို သိရမည်၊ တစ်ဆယ့်ရှစ်ပါးကုန်သော စိတ်၏ ကြံစည်ခြင်း သုံး သပ်ခြင်းတို့ကို သိရမည်၊ သုံးဆယ့်ခြောက်ပါးကုန်သော သတ္တဝါတို့၏ (ဝဋ္ဋ, ဝိဝဋ္ဋသို့) ရောက်ကြောင်းတို့ ကို သိရမည်၊ ထိုသုံးဆယ့်ခြောက်ပါးသော တရားတို့၌ ဤတရားကို မှီ၍ ဤတရားကို ပယ်စွန့်ကုန်လော့၊ သတိပဋ္ဌာန်တို့သည် သုံးပါးဖြစ်ကုန်၏၊ အကြင်သတိပဋ္ဌာန်ကို အရိယာဖြစ်သောသူသည် မှီဝဲ၏၊ အကြင် သတိပဋ္ဌာန်ကို မှီဝဲသော အရိယာဖြစ်သော (လူနတ်တို့၏) ဆရာ (ဘုရား)သည် သတ္တဝါအပေါင်းကို ဆုံး မခြင်းငှါ ထိုက်၏၊ ထိုပုဂ္ဂိုလ်ကို သင့်လျော်လျောက်ပတ်စွာ ဆုံးမတတ်သော ဆရာအမျိုးမျိုးတို့ထက် အတု မဲ့ဖြစ်၍ သတ္တဝါတို့ကို ဆုံးမတတ်သူဟု ဆိုရ၏။ ဤဆိုခဲ့ပြီးသည်ကား သဠာယတနဝိဘင်း၏ အကျဉ်း ‘ဥဒ္ဒေသ’တည်း။

၃ဝ၅။ “ခြောက်ပါးကုန်သော အတွင်းသန္တာန်၌ဖြစ်သော အာယတနကို သိရမည်” ဟူ၍ ဤသို့လျှင် ထိုစကားကို ဆိုခဲ့၏၊ ထိုစကားကို အဘယ်ကို စွဲ၍ ဆိုခဲ့သနည်း၊ စက္ခာယတန သောတာယတန ဃာနာ ယတန ဇိဝှါယတန ကာယာယတန မနာယတနတို့တည်း။ “ခြောက်ပါးကုန်သော အတွင်းသန္တာန်၌ ဖြစ် သော အာယတနတို့ကို သိရမည်” ဟူသော ထိုစကားကို ဤခြောက်ပါးကိုသာလျှင် စွဲ၍ ဆိုခဲ့၏။ (၁)

“ခြောက်ပါးကုန်သော အပသန္တာန်၌ဖြစ်ကုန်သော အာယတနတို့ကို သိရမည်”ဟူသော ထိုစကားကို အဘယ်ကို စွဲ၍ ဆိုခဲ့သနည်း၊ ရူပါယတန သဒ္ဒါယတန ဂန္ဓာယတန ရသာယတန ဖောဋ္ဌဗ္ဗာယတန ဓမ္မာယတနတို့တည်း။ “ခြောက်ပါးကုန်သော အပသန္တာန်၌ဖြစ်သော အာယတနတို့ကို သိရမည်”ဟူသော ထိုစကားကို ဤခြောက်ပါးကိုသာလျှင် စွဲ၍ ဆိုခဲ့၏။ (၂)

“ခြောက်ပါးကုန်သော ဝိညာဏ်အပေါင်းတို့ကို သိရမည်” ဟူသော ထိုစကားကို အဘယ်ကိုစွဲ၍ ဆိုခဲ့ သနည်း၊ စက္ခုဝိညာဏ် သောတဝိညာဏ် ဃာနဝိညာဏ် ဇိဝှါဝိညာဏ် ကာယဝိညာဏ် မနောဝိညာဏ်တို့ တည်း။ “ခြောက်ပါးကုန်သော ဝိညာဏ်အပေါင်းတို့ကို သိရမည်” ဟူသော ထိုစကားကို ဤခြောက်ပါးကို သာလျှင် စွဲ၍ ဆိုခဲ့၏။ (၃)

“ခြောက်ပါးကုန်သော ဖဿအပေါင်းတို့ကို သိရမည်” ဟူသော ထိုစကားကို အဘယ်ကိုစွဲ၍ ဆိုခဲ့သ နည်း၊ စက္ခုဝိညာဏ်နှင့်ယှဉ်သော သမ္ဖဿ, သောတဝိညာဏ်နှင့်ယှဉ်သော သမ္ဖဿ, ဃာနဝိညာဏ်နှင့်ယှဉ် သော သမ္ဖဿ, ဇိဝှါဝိညာဏ်နှင့်ယှဉ်သော သမ္ဖဿ, ကာယဝိညာဏ်နှင့်ယှဉ်သော သမ္ဖဿ, မနောဝိညာဏ် နှင့်ယှဉ်သော သမ္ဖဿတို့တည်း။ “ခြောက်ပါးကုန်သော ဖဿအပေါင်းတို့ကို သိရမည်” ဟူသော ထို စကားကို ဤခြောက်ပါးကိုသာလျှင် စွဲ၍ ဆိုခဲ့၏။ (၄)

“တစ်ဆယ့်ရှစ်ပါးကုန်သော စိတ်၏ ကြံစည်ခြင်း သုံးသပ်ခြင်းတို့ကို သိရမည်”ဟူသော ထိုစကားကို အဘယ်ကို စွဲ၍ ဆိုခဲ့သနည်း၊ စက္ခုဝိညာဏ်ဖြင့် ရူပါရုံကို ရှုမြင်၍ သောမနဿ၏ အကြောင်းဖြစ်သော ရူပါရုံကို ကြံစည်သုံးသပ်၏၊ ဒေါမနဿ၏ အကြောင်းဖြစ်သော ရူပါရုံကို ကြံစည်သုံးသပ်၏၊ ဥပေက္ခာ၏ အကြောင်းဖြစ်သော ရူပါရုံကို ကြံစည်သုံးသပ်၏။ သောတဝိညာဏ်ဖြင့် သဒ္ဒါရုံကို ကြားနာ၍။ပ။ ဃာန ဝိညာဏ်ဖြင့် ဂန္ဓာရုံကို နံ၍။ ဇိဝှါဝိညာဏ်ဖြင့် ရသာရုံကို လျက်၍။ ကာယဝိညာဏ်ဖြင့် ဖောဋ္ဌဗ္ဗာရုံကို တွေ့ထိ၍။ မနောဝိညာဏ်ဖြင့် ဓမ္မာရုံကို သိ၍ သောမနဿ၏ အကြောင်းဖြစ်သော ဓမ္မာရုံကို ကြံစည်သုံး သပ်၏၊ ဒေါမနဿ၏ အကြောင်းဖြစ်သော ဓမ္မာရုံကို ကြံစည်သုံးသပ်၏၊ ဥပေက္ခာ၏ အကြောင်းဖြစ်သော ဓမ္မာရုံကို ကြံစည်သုံးသပ်၏၊ ဤသို့လျှင် ခြောက်ပါးကုန်သော သောမနဿနှင့်ယှဉ်သော ကြံစည်ခြင်းသုံး သပ်ခြင်း ခြောက်ပါးကုန်သော ဒေါမနဿနှင့် ယှဉ်သော ကြံစည်ခြင်းသုံးသပ်ခြင်း ခြောက်ပါးကုန်သော ဥပေက္ခာနှင့်ယှဉ်သော ကြံစည်ခြင်းသုံးသပ်ခြင်းတို့သည် ဖြစ်ကုန်၏၊ “တစ်ဆယ့်ရှစ်ပါးကုန်သော စိတ်၏့ကြံစည်ခြင်းသုံးသပ်ခြင်းတို့ကို သိရမည်”ဟူသော ထိုစကားကို ဤတစ်ဆယ့်ရှစ်ပါးကိုသာလျှင် စွဲ၍ ဆိုခဲ့၏၊ (၅)

၃ဝ၆။ “သုံးဆယ့်ခြောက်ပါးကုန်သော သတ္တဝါတို့၏ (ဝဋ္ဋ, ဝိဝဋ္ဋသို့) ရောက်ကြောင်းတို့ကို သိရ မည်”ဟူသော ထိုစကားကို အဘယ်ကိုစွဲ၍ ဆိုခဲ့သနည်း၊ ခြောက်ပါးကုန်သော ကာမဂုဏ်ကို မှီသော သောမနဿတို့သည်လည်းကောင်း၊ ခြောက်ပါးကုန်သော ကာမဂုဏ်မှ ထွက်မြောက်ကြောင်းကို မှီကုန်သော သောမနဿတို့သည်လည်းကောင်း၊ ခြောက်ပါးကုန်သော ကာမဂုဏ်ကို မှီကုန်သော ဒေါမနဿတို့သည်လည်းကောင်း၊ ခြောက်ပါးကုန်သော ကာမဂုဏ်မှ ထွက်မြောက်ကြောင်းကို မှီကုန်သော ဒေါမနဿတို့သည်လည်းကောင်း၊ ခြောက်ပါးကုန်သော ကာမဂုဏ်ကို မှီကုန်သော ဥပေက္ခာတို့သည်လည်းကောင်း၊ ခြောက်ပါး ကုန်သော ကာမဂုဏ်မှ ထွက်မြောက်ကြောင်းကို မှီကုန်သော ဥပေက္ခာတို့သည်လည်းကောင်း ရှိကုန်၏၊ ထိုသုံးဆယ့်ခြောက်ပါးတို့တွင် ခြောက်ပါးကုန်သော ကာမဂုဏ်တို့ကို မှီကုန်သော သောမနဿတို့သည် အဘယ်နည်း။ အလိုရှိအပ် နှစ်သက်အပ် နှလုံးကို ပွားစေအပ် နှလုံးမွေ့လျော်ဖွယ်ရှိကုန်သော တဏှာနှင့် ယှဉ်ကုန်သော စက္ခုဝိညာဏ်ဖြင့် သိအပ်သော ရူပါရုံတို့ကို ရခြင်းကိုလည်း ရသောအားဖြင့် ရှုသော ပုဂ္ဂိုလ်အားလည်းကောင်း ရှေး၌လည်း ရှေးကရဖူးသော လွန်လေပြီးသော ချုပ်လေပြီးသော ဖောက်ပြန်ပြီး သော ရူပါရုံတို့ကို အောက်မေ့သော ပုဂ္ဂိုလ်အားလည်းကောင်း သောမနဿသည် ဖြစ်၏၊ ဤသို့ သဘော ရှိသော သောမနဿကို ကာမဂုဏ်ကိုမှီသော သောမနဿဟူ၍ ဆိုရ၏။ သောတဝိညာဏ်ဖြင့် သိအပ်ကုန် သော သဒ္ဒါရုံတို့ကို။ ဃာနဝိညာဏ်ဖြင့် သိအပ်ကုန်သော ဂန္ဓာရုံတို့ကို။ ဇိဝှါဝိညာဏ်ဖြင့် သိအပ်ကုန်သော ရသာရုံတို့ကို။ ကာယဝိညာဏ်ဖြင့် သိအပ်ကုန်သော ဖောဋ္ဌဗ္ဗာရုံတို့ကို။ အလိုရှိအပ် နှစ်သက်အပ် နှလုံးကို ပွားစေအပ် နှလုံးမွေ့လျော်ဖွယ်ရှိကုန်သော တဏှာနှင့်ယှဉ်ကုန်သော မနောဝိညာဏ်ဖြင့် သိအပ်ကုန်သော ဓမ္မာရုံတို့ကို ရခြင်းကိုလည်း ရသောအားဖြင့် ရှုသော ပုဂ္ဂိုလ်အားလည်းကောင်း ရှေး၌လည်း ရှေးကရဖူး သော လွန်လေပြီးသော ချုပ်လေပြီးသော ဖောက်ပြန်ပြီးသော ဓမ္မာရုံကို အောက်မေ့သော ပုဂ္ဂိုလ်အားလည်းကောင်း သောမနဿသည် ဖြစ်၏။ ဤသို့ သဘောရှိသော သောမနဿကို ကာမဂုဏ်ကို မှီသော သောမနဿဟူ၍ ဆိုရ၏။ ခြောက်ပါးကုန်သော ကာမဂုဏ်တို့ကို မှီကုန်သော သောမနဿတို့သည် ဤသည်တို့ပင်တည်း။

ထိုသုံးဆယ့်ခြောက်ပါးတို့တွင် ခြောက်ပါးကုန်သော ကာမဂုဏ်တို့မှ ထွက်မြောက်ကြောင်းကို မှီကုန် သော သောမနဿတို့သည် အဘယ်သည်တို့နည်း။ ရူပါရုံတို့၏သာလျှင် မမြဲသည်၏အဖြစ်ကို ဖောက်ပြန် ခြင်းကို ရာဂကင်းခြင်းကို ချုပ်ခြင်းကို သိ၍ “ရှေး၌လည်းကောင်း၊ ယခုလည်းကောင်း အလုံးစုံသော ရူပါရုံတို့သည် အမြဲမရှိကုန်၊ ဆင်းရဲကုန်၏၊ ဖောက်ပြန်ခြင်းသဘော ရှိကုန်၏”ဟု ဤသို့ ထိုရူပါရုံကိုဟုတ်မှန်စွာ ကောင်းသော ပညာဖြင့် ရှုသောပုဂ္ဂိုလ်အား သောမနဿသည် ဖြစ်၏။ ဤသို့ သဘော ရှိသော သောမနဿကို ကာမဂုဏ်မှ ထွက်မြောက်ကြောင်းကို မှီသော သောမနဿဟူ၍ ဆိုရ၏။ သဒ္ဒါရုံ တို့၏သာလျှင်။ ဂန္ဓာရုံတို့၏သာလျှင်။ ရသာရုံတို့၏သာလျှင်။ ဖောဋ္ဌဗ္ဗာရုံတို့၏သာလျှင်။ ဓမ္မာရုံတို့၏သာ လျှင် မမြဲသည်၏အဖြစ်ကို ဖောက်ပြန်ခြင်းကို ရာဂကင်းခြင်းကို ချုပ်ခြင်းကို သိ၍ “ရှေး၌လည်းကောင်း၊ ယခုလည်းကောင်း အလုံးစုံသော ဓမ္မာရုံတို့သည် အမြဲမရှိကုန်၊ ဆင်းရဲကုန်၏၊ ဖောက်ပြန်ခြင်းသဘော ရှိကုန်၏”ဟု ဤသို့ ထိုဓမ္မာရုံကိုဟုတ်မှန်စွာ ကောင်းသောပညာဖြင့် ရှုသောပုဂ္ဂိုလ်အား သောမနဿ သည် ဖြစ်၏။ ဤသို့သဘောရှိသော သောမနဿကို ကာမဂုဏ်မှထွက်မြောက်ကြောင်းကို မှီသော သောမနဿဟူ၍ ဆိုရ၏။ ခြောက်ပါးကုန်သော ကာမဂုဏ်တို့မှ ထွက်မြောက်ကြောင်းကို မှီကုန်သော သောမနဿတို့သည် ဤသည်တို့ပင်တည်း။

၃ဝ၇။ ထိုသုံးဆယ့်ခြောက်ပါးတို့တွင် ခြောက်ပါးကုန်သော ကာမဂုဏ်ကို မှီသော ဒေါမနဿတို့သည့်အဘယ်သည်တို့နည်း။ စက္ခုဝိညာဏ်ဖြင့် သိအပ်ကုန်သော ရူပါရုံတို့ကို။ပ။ သောတဝိညာဏ်ဖြင့် သိအပ်ကုန်သော သဒ္ဒါရုံတို့ကို။ ဃာနဝိညာဏ်ဖြင့် သိအပ်ကုန်သော ဂန္ဓာရုံတို့ကို။ ဇိဝှါဝိညာဏ်ဖြင့် သိ အပ်ကုန်သော ရသာရုံတို့ကို။ ကာယဝိညာဏ်ဖြင့် သိအပ်ကုန်သော ဖောဋ္ဌဗ္ဗာရုံတို့ကို အလိုရှိအပ် နှစ်သက် အပ် နှလုံးကို ပွားစေအပ် နှလုံးမွေ့လျော်ဖွယ်ရှိကုန်သော တဏှာနှင့်ယှဉ်ကုန်သော မနောဝိညာဏ်ဖြင့် သိအပ်ကုန်သော ဓမ္မာရုံတို့ကို မရခြင်းကိုလည်း မရသောအားဖြင့် အဖန်ဖန်ရှုသော ပုဂ္ဂိုလ်အားလည်း ကောင်း ရှေး၌လည်း ရှေးကမရဖူးသော လွန်လေပြီးသော ချုပ်လေပြီးသော ဖောက်ပြန်ပြီးသော ဓမ္မာရုံ တို့ကို အဖန်ဖန်အောက်မေ့သော ပုဂ္ဂိုလ်အားလည်းကောင်း ဒေါမနဿသည် ဖြစ်၏။ ဤသို့ သဘောရှိ သော ဒေါမနဿကို ကာမဂုဏ်ကို မှီသော ဒေါမနဿဟူ၍ ဆိုရ၏။ ခြောက်ပါးကုန်သော ကာမဂုဏ်တို့ကို မှီကုန်သော ဒေါမနဿတို့သည် ဤသည်တို့ပင်တည်း။

ထိုသုံးဆယ့်ခြောက်ပါးတို့တွင် ခြောက်ပါးကုန်သော ထွက်မြောက်ကြောင်းကို မှီကုန်သော ဒေါမနဿ တို့သည် အဘယ်သည်တို့နည်း။ ရူပါရုံတို့၏သာလျှင် မမြဲသည်၏အဖြစ်ကို ဖောက်ပြန်ခြင်းကို ကင်းခြင်းကို ချုပ်ခြင်းကို သိ၍ “ရှေး၌လည်းကောင်း ယခုလည်းကောင်း အလုံးစုံသော ရူပါရုံတို့သည် အမြဲမရှိကုန်၊ ဆင်းရဲကုန်၏၊ ဖောက်ပြန်ခြင်းသဘော ရှိကုန်၏”ဟု ဤသို့ ထိုရူပါရုံကိုဟုတ်မှန်စွာ ကောင်းသော ပညာဖြင့် ရှုမြင်၍ အတုမရှိမြတ်သော အရဟတ္တဖိုလ်၌ “ယခုအခါ အရိယာပုဂ္ဂိုလ်တို့သည် အကြင်အရဟတ္တ ဖိုလ်ဟူသော အာယတနကို ပြည့်စုံစေ၍ နေကုန်၏၊ငါသည် အဘယ်အခါ၌ ထိုအရဟတ္တဖိုလ်ဟူသော အာယတနကို ပြည့်စုံစေ၍ နေရအံ့နည်း”ဟု တောင့်တခြင်းကို ဖြစ်စေ၏၊ ဤသို့ အတုမရှိမြတ်သော အရဟတ္တဖိုလ်၌ တောင့်တခြင်းကို ဖြစ်စေသော ပုဂ္ဂိုလ်အား တောင့်တခြင်းဟူသောအကြောင်းကြောင့် ဒေါမနဿသည် ဖြစ်၏။ ဤသို့ သဘောရှိသော ဒေါမနဿကို ထွက်မြောက်ကြောင်းကို မှီသော ဒေါမနဿဟု ဆိုရ၏။ သဒ္ဒါရုံတို့၏သာလျှင်။ပ။ ဂန္ဓာရုံတို့၏သာလျှင်။ ရသာရုံတို့၏သာလျှင်။ ဖောဋ္ဌဗ္ဗာရုံ တို့၏သာလျှင်။ ဓမ္မာရုံတို့၏သာလျှင် မမြဲသည်၏အဖြစ်ကို ဖောက်ပြန်ခြင်းကို ကင်းခြင်းကို ချုပ်ခြင်းကို သိ၍ “ရှေး၌လည်းကောင်း၊ ယခုလည်းကောင်း အလုံးစုံသော ဓမ္မာရုံတို့သည် အမြဲမရှိကုန်၊ ဆင်းရဲကုန်၏၊ ဖောက်ပြန်ခြင်းသဘော ရှိကုန်၏”ဟု ဤသို့ ထိုဓမ္မာရုံကိုဟုတ်မှန်စွာ ကောင်းသောပညာဖြင့် ရှုမြင်၍ အတုမရှိမြတ်သော အရဟတ္တဖိုလ်၌ “ယခုအခါ အရိယာပုဂ္ဂိုလ်တို့သည် အကြင်အရဟတ္တဖိုလ် ဟူသော အာယတနကို ပြည့်စုံစေ၍ နေကုန်၏၊ ငါသည် အဘယ်အခါ၌ ထိုအရဟတ္တဖိုလ်ဟူသော အာယတနကို ပြည့်စုံစေ၍ နေရအံ့နည်း”ဟု တောင့်တခြင်းကို ဖြစ်စေ၏၊ ဤသို့အတုမရှိမြတ်သော အရဟတ္တဖိုလ်၌ တောင့်တခြင်းကို ဖြစ်စေသော ပုဂ္ဂိုလ်အား တောင့်တခြင်းဟူသောအကြောင်းကြောင့် ဒေါမနဿသည် ဖြစ်၏။ ဤသို့ သဘောရှိသော ဒေါမနဿကို ထွက်မြောက်ကြောင်းကို မှီသော ဒေါမနဿဟု ဆိုရ၏။ ခြောက်ပါးကုန်သော ထွက်မြောက်ကြောင်းကို မှီသော ဒေါမနဿတို့သည် ဤ သည်တို့ပင်တည်း။

၃ဝ၈။ ထိုသုံးဆယ့်ခြောက်ပါးတို့တွင် ခြောက်ပါးကုန်သော ကာမဂုဏ်တို့ကိုမှီသော ဥပေက္ခာတို့ သည် အဘယ်သည်တို့နည်း။ စက္ခုဝိညာဏ်ဖြင့် ရူပါရုံကို မြင်၍ မိုက်သော တွေဝေသော နုံ့သော ပုထုဇဉ် ပုဂ္ဂိုလ်အား ဥပေက္ခာသည် ဖြစ်၏။ ကိလေသာဟူသော အပိုင်းအခြားကို မအောင်သေးသော နောင် အကျိုးပေးခြင်းကို မအောင်သေးသော အပြစ်ဟု ရှုလေ့မရှိသော အကြားအမြင်မရှိသော ပုထုဇဉ်အား ဥပေက္ခာသည် ဖြစ်၏။ ဤသို့ သဘောရှိသော ဥပေက္ခာသည် ရူပါရုံကို လွန်၍မဖြစ်။ ထို့ကြောင့် ထိုဥပေက္ခာကို ကာမဂုဏ်ကို မှီသော ဥပေက္ခာဟု ဆိုရ၏။ သောတဝိညာဏ်ဖြင့် သဒ္ဒါရုံကို ကြား၍။ ဃာနဝိညာဏ်ဖြင့် ဂန္ဓာရုံကို နမ်း၍။ ဇိဝှါဝိညာဏ်ဖြင့် ရသာရုံကို လျက်၍။ ကာယဝိညာဏ်ဖြင့် ဖောဋ္ဌဗ္ဗာရုံကို တွေ့ထိ၍။ မနောဝိညာဏ်ဖြင့် ဓမ္မာရုံကို သိ၍ မိုက်သော တွေဝေသော နုံ့သော ပုထုဇဉ် ပုဂ္ဂိုလ်အား ဥပေက္ခာသည် ဖြစ်၏။ ကိလေသာဟူသော အပိုင်းအခြားကို မအောင်သေးသော နောင့်အကျိုးပေးခြင်းကို မအောင်သေးသော အပြစ်ဟု ရှုလေ့မရှိသော အကြားအမြင်မရှိသော ပုထုဇဉ်အား ဥပေက္ခာသည် ဖြစ်၏။ ဤသို့သဘောရှိသော ဥပေက္ခာသည် ဓမ္မာရုံကို လွန်၍ မဖြစ်။ ထို့ကြောင့် ထို ဥပေက္ခာကို ကာမဂုဏ်ကို မှီသော ဥပေက္ခာဟူ၍ ဆိုရ၏။ ကာမဂုဏ်ကိုမှီသော ဥပေက္ခာတို့သည် ဤ ခြောက်ပါးတို့တည်း။

ထိုသုံးဆယ့်ခြောက်ပါးတို့တွင် ခြောက်ပါးကုန်သော ထွက်မြောက်ကြောင်းကို မှီကုန်သော ဥပေက္ခာ တို့သည် အဘယ်သည်တို့နည်း။ ရူပါရုံတို့၏သာလျှင် မမြဲသည်၏အဖြစ်ကို ဖောက်ပြန်ခြင်းကို ကင်းခြင်းကို ချုပ်ခြင်းကို သိ၍ “ရှေး၌လည်းကောင်း၊ ယခုအခါလည်းကောင်း အလုံးစုံသော ရူပါရုံတို့သည် အမြဲမရှိ ကုန်၊ ဆင်းရဲကုန်၏၊ ဖောက်ပြန်ခြင်းသဘော ရှိကုန်၏”ဟု ဤသို့ ထိုရူပါရုံကိုဟုတ်မှန်စွာ ကောင်းသော ပညာဖြင့် ရှုမြင်သော ပုဂ္ဂိုလ်အား ဥပေက္ခာသည် ဖြစ်၏။ ဤသို့ သဘောရှိသော ဥပေက္ခာသည် ရူပါရုံကို လွန်၍မဖြစ်။ ထို့ကြောင့် ထိုဥပေက္ခာကို ထွက်မြောက်ကြောင်းကို မှီသော ဥပေက္ခာဟူ၍ ဆိုရ၏။ သဒ္ဒါရုံ တို့၏သာလျှင်။ ဂန္ဓာရုံတို့၏သာလျှင်။ ရသာရုံတို့၏သာလျှင်။ ဖောဋ္ဌဗ္ဗာရုံတို့၏သာလျှင်။ ဓမ္မာရုံတို့၏ သာလျှင် မမြဲသည်၏အဖြစ်ကို ဖောက်ပြန်ခြင်းကို ကင်းခြင်းကို ချုပ်ခြင်းကို သိ၍ “ရှေး၌လည်းကောင်း၊ ယခုအခါ၌လည်းကောင်း အလုံးစုံသော ဓမ္မာရုံတို့သည် အမြဲမရှိကုန်၊ ဆင်းရဲကုန်၏၊ ဖောက်ပြန်ခြင်း သဘော ရှိကုန်၏”ဟု ဤသို့ ထိုဓမ္မာရုံကိုဟုတ်မှန်စွာ ကောင်းသောပညာဖြင့် ရှုမြင်သော ပုဂ္ဂိုလ်အား ဥပေက္ခာသည် ဖြစ်၏။ ဤသို့သဘောရှိသော ဥပေက္ခာသည် ဓမ္မာရုံကို လွန်၍မဖြစ်။ ထို့ကြောင့် ထိုဥပေက္ခာကို ထွက်မြောက်ကြောင်းကို မှီသော ဥပေက္ခာဟူ၍ ဆိုရ၏။ ထွက်မြောက်ကြောင်းကို မှီကုန် သော ဥပေက္ခာတို့သည် ဤခြောက်ပါးတို့ပင်တည်း။ “သုံးဆယ့်ခြောက်ပါးသော သတ္တဝါတို့၏ (ဝဋ္ဋ, ဝိဝဋ္ဋသို့) ရောက်ကြောင်းတို့ကို သိရမည်” ဟူသော ထိုစကားကို ဤသုံးဆယ့်ခြောက်ပါးသော တရားကို သာလျှင် စွဲ၍ ဆိုခဲ့၏၊

၃ဝ၉။ ထိုသုံးဆယ့်ခြောက်ပါးသောတရားတို့၌ ဤတရားကိုမှီ၍ ဤတရားကို ပယ်စွန့်ကုန်လော့” ဟူသော စကားကို အဘယ်ကိုစွဲ၍ ဆိုခဲ့သနည်း။ ရဟန်းတို့ ထိုသုံးဆယ့်ခြောက်ပါးသော တရားတို့တွင် ခြောက်ပါးကုန်သော ထွက်မြောက်ကြောင်းကို မှီသော အကြင်သောမနဿတို့သည် ရှိကုန်၏၊ ထို သောမနဿတို့ကို မှီ၍ ထိုသောမနဿတို့ကို အစွဲပြု၍ ခြောက်ပါးကုန်သော ကာမဂုဏ်တို့ကို မှီကုန်သော အကြင်သောမနဿတို့သည် ရှိကုန်၏၊ ထိုသောမနဿတို့ကို ပယ်စွန့်ကြကုန်လော့၊ ထိုသောမနဿတို့ကို လွန်မြောက်ကြကုန်လော့။ ဤသို့ ထိုကာမဂုဏ်ကို မှီသော သောမနဿတို့ကို ပယ်ခြင်းသည် ဖြစ်၏၊ ဤသို့ ထိုကာမဂုဏ်ကို မှီသော သောမနဿတို့ကို လွန်မြောက်ခြင်းသည် ဖြစ်၏။

ရဟန်းတို့ ထိုသုံးဆယ့်ခြောက်ပါးသော တရားတို့တွင် ခြောက်ပါးကုန်သော ထွက်မြောက်ကြောင်းကို မှီကုန်သော အကြင်ဒေါမနဿတို့သည် ရှိကုန်၏၊ ထိုဒေါမနဿတို့ကို မှီ၍ ထိုဒေါမနဿတို့ကို အစွဲပြု၍ ခြောက်ပါးကုန်သော ကာမဂုဏ်တို့ကို မှီကုန်သော အကြင်ဒေါမနဿတို့သည် ရှိကုန်၏၊ ထိုဒေါမနဿ တို့ကို ပယ်ကြကုန်လော့၊ ထိုဒေါမနဿတို့ကို လွန်မြောက်ကြကုန်လော့။ ဤသို့ ထိုကာမဂုဏ်ကို မှီသော ထိုဒေါမနဿတို့ကို ပယ်ခြင်းသည် ဖြစ်၏၊ ဤသို့ ထိုကာမဂုဏ်ကို မှီသော ထိုဒေါမနဿတို့ကို လွန် မြောက်ခြင်းသည် ဖြစ်၏။

ရဟန်းတို့ ထိုသုံးဆယ့်ခြောက်ပါးသော တရားတို့တွင် ခြောက်ပါးကုန်သော ထွက်မြောက်ကြောင်းကို မှီကုန်သော အကြင်ဥပေက္ခာတို့သည် ရှိကုန်၏၊ ထိုဥပေက္ခာတို့ကို မှီ၍ ထိုဥပေက္ခာတို့ကို အစွဲပြု၍ ခြောက်ပါးကုန်သော ကာမဂုဏ်တို့ကို မှီကုန်သော အကြင်ဥပေက္ခာတို့သည် ရှိကုန်၏၊ ထိုဥပေက္ခာတို့ကို ပယ်ကြကုန်လော့၊ ထိုဥပေက္ခာတို့ကို လွန်မြောက်ကြကုန်လော့။ ဤသို့ ထိုကာမဂုဏ်ကိုမှီသော ဥပေက္ခာ တို့ကို ပယ်ခြင်းသည် ဖြစ်၏၊ ဤသို့လျှင် ထိုကာမဂုဏ်ကို မှီသော ဥပေက္ခာတို့ကို လွန်မြောက်ခြင်းသည့်ဖြစ်၏။

ရဟန်းတို့ ထိုသုံးဆယ့်ခြောက်ပါးသော တရားတို့တွင် ခြောက်ပါးကုန်သော ထွက်မြောက်ကြောင်းကို မှီကုန်သော အကြင်သောမနဿတို့သည် ရှိကုန်၏၊ ထိုသောမနဿတို့ကို မှီ၍ ထိုသောမနဿတို့ကို အစွဲပြု၍ ခြောက်ပါးကုန်သော ထွက်မြောက်ကြောင်းကို မှီကုန်သော အကြင်ဒေါမနဿတို့သည် ရှိကုန်၏၊ ထိုဒေါမနဿတို့ကို ပယ်ကြကုန်လော့၊ ထိုဒေါမနဿတို့ကို လွန်မြောက်ကြကုန်လော့။ ဤသို့လျှင် ထို ဒေါမနဿတို့ကို ပယ်ခြင်းသည် ဖြစ်၏၊ ဤသို့လျှင် ထိုဒေါမနဿတို့ကို လွန်မြောက်ခြင်းသည် ဖြစ်၏။

ရဟန်းတို့ ထိုသုံးဆယ့်ခြောက်ပါးသော တရားတို့တွင် ခြောက်ပါးကုန်သော ထွက်မြောက်ကြောင်းကို မှီကုန်သော အကြင်ဥပေက္ခာတို့သည် ရှိကုန်၏၊ ထိုဥပေက္ခာတို့ကို မှီ၍ ထိုဥပေက္ခာတို့ကို အစွဲပြု၍ ခြောက်ပါးကုန်သော ထွက်မြောက်ကြောင်းကို မှီကုန်သော အကြင်သောမနဿတို့သည် ရှိကုန်၏၊ ထို သောမနဿတို့ကို ပယ်ကြကုန်လော့၊ ထိုသောမနဿတို့ကို လွန်မြောက်ကြကုန်လော့။ ဤသို့လျှင် ထို သောမနဿတို့ကို ပယ်ခြင်းသည် ဖြစ်၏၊ ဤသို့လျှင် ထိုသောမနဿတို့ကို လွန်မြောက်ခြင်းသည် ဖြစ်၏။

၃၁ဝ။ ရဟန်းတို့ အထူးထူးသောသဘောရှိသော အထူးထူးသော အာရုံကိုမှီသော ဥပေက္ခာသည် ရှိ၏၊ တစ်ခုတည်းသောသဘောရှိသော တစ်ခုတည်းသော အာရုံကိုမှီသော ဥပေက္ခာသည် ရှိ၏၊ ရဟန်း တို့ အထူးထူး သောသဘောရှိသော အထူးထူးသောအာရုံကို မှီသော ဥပေက္ခာသည် အဘယ်နည်း။ ရဟန်းတို့ ရူပါရုံတို့၌ဖြစ်သော ဥပေက္ခာသည် ရှိ၏၊ သဒ္ဒါရုံတို့၌ဖြစ်သော ဥပေက္ခာသည် ရှိ၏၊ ဂန္ဓာရုံတို့ ၌ဖြစ်သော ဥပေက္ခာသည် ရှိ၏၊ ရသာရုံတို့၌ဖြစ်သော ဥပေက္ခာသည် ရှိ၏၊ ဖောဋ္ဌဗ္ဗာရုံတို့၌ဖြစ်သော ဥပေက္ခာသည် ရှိ၏၊ ရဟန်းတို့ ဤဥပေက္ခာသည် အထူးထူးသောသဘောရှိသော အထူးထူးသောအာရုံကို မှီသော ဥပေက္ခာတည်း။

ရဟန်းတို့ တစ်ခုတည်းသောသဘောရှိသော တစ်ခုတည်းသော အာရုံကိုမှီသော ဥပေက္ခာသည် အဘယ်နည်း။ ရဟန်းတို့ အာကာသာနဉ္စာယတနဈာန်ကို မှီသော ဥပေက္ခာသည် ရှိ၏၊ ဝိညာဏဉ္စာယတန ဈာန်ကို မှီသော ဥပေက္ခာသည် ရှိ၏၊ အာကိဉ္စညာယတနဈာန်ကို မှီသော ဥပေက္ခာသည် ရှိ၏၊ နေဝသညာ နာသညာယတနဈာန်ကို မှီသော ဥပေက္ခာသည် ရှိ၏၊ ရဟန်းတို့ ဤဥပေက္ခာသည် တစ်ခုတည်းသော သဘောရှိသော တစ်ခုတည်းသော အာရုံကိုမှီသော ဥပေက္ခာတည်း။

ရဟန်းတို့ ထိုဥပေက္ခာနှစ်မျိုးတို့တွင် တစ်ခုတည်းသော သဘောရှိသော တစ်ခုတည်းသော အာရုံ ကိုမှီသော အကြင်ဥပေက္ခာသည် ရှိ၏၊ ထိုဥပေက္ခာကို မှီ၍ ထိုဥပေက္ခာကို အစွဲပြု၍ အထူးထူးသော သဘောရှိသော အထူးထူးသော အာရုံကိုမှီသော အကြင်ဥပေက္ခာသည် ရှိ၏၊ ထိုဥပေက္ခာကို ပယ်ကြကုန် လော့၊ ထိုဥပေက္ခာကို လွန်မြောက်ကြကုန်လော့။ ဤသို့ ထိုအထူးထူးသောသဘောရှိသော ဥပေက္ခာကို ပယ်ခြင်းသည် ဖြစ်၏။ ဤသို့ ထိုအထူးထူးသောသဘောရှိသော ဥပေက္ခာကို လွန်မြောက်ခြင်းသည် ဖြစ်၏။

ရဟန်းတို့ တဏှာကင်းသော ဝုဋ္ဌာနဂါမိနီဝိပဿနာဉာဏ်ကိုမှီ၍ တဏှာကင်းသော ဝုဋ္ဌာနဂါမိနီ ဝိပဿနာဉာဏ်ကို အစွဲပြု၍ တစ်ခုတည်းသောသဘောရှိသော တစ်ခုတည်းသော အာရုံကိုမှီသော အကြင် အရူပါဝစရသမာပတ္တိဥပေက္ခာနှင့် ဝိပဿနုပေက္ခာသည် ရှိ၏၊ ထိုဥပေက္ခာကို ပယ်ကြကုန်လော့၊ ထို ဥပေက္ခာကို လွန်မြောက်ကြကုန်လော့။ ဤသို့ ထိုတစ်ခုတည်းသောသဘောရှိသော အရူပါဝစရသမာပတ္တိ ဥပေက္ခာနှင့် ဝိပဿနုပေက္ခာကို ပယ်ခြင်းသည် ဖြစ်၏။ ဤသို့ ထိုတစ်ခုတည်းသောသဘောရှိသော အရူပါဝစရသမာပတ္တိ ဥပေက္ခာနှင့် ဝိပဿနုပေက္ခာကို လွန်မြောက်ခြင်းသည် ဖြစ်၏။ “ထိုသုံးဆယ့်ခြောက် ပါးသော တရားတို့၌ ဤတရားကိုမှီ၍ ဤတရားကို စွန့်ကုန်လော့” ဟူသော ထိုစကားကို ဤသည်ကို စွဲ၍ ဆိုခဲ့၏။

၃၁၁။ “သတိပဋ္ဌာန်တို့သည် သုံးပါးဖြစ်ကုန်၏၊ အကြင်သတိပဋ္ဌာန်ကို အရိယာဖြစ်သောသူသည် မှီဝဲ၏၊ အကြင်သတိပဋ္ဌာန်ကိုမှီဝဲသော အရိယာဖြစ်သော ဆရာ (ဘုရား) သည် သတ္တဝါအပေါင်းကို ဆုံးမ ခြင်းငှါ ထိုက်၏”ဟူသော ထိုစကားကို အဘယ်ကိုစွဲ၍ ဆိုခဲ့သနည်း။ ရဟန်းတို့ ဤလောက၌ အစဉ် သနားတော်မူသော အကျိုးစီးပွားကို ရှာမှီးတော်မူသော ဆရာ (ဘုရား) သည် အစဉ်သနားခြင်းကို အကြောင်းပြု၍ “ဤတရားသည် သင်တို့အား စီးပွါးခြင်းငှါ ဖြစ်၏။ ဤတရားသည် သင်တို့အား ချမ်းသာခြင်းငှါ ဖြစ်၏”ဟု တပည့်တို့အား တရားဟော၏။ ထိုဆရာ၏ တပည့်တို့သည် ယုံကြည်စွာ မနာယူကုန်၊ နားမထောင်ကုန်၊ စိတ်ကို သိအောင် မဖြစ်စေကုန်၊ ဆရာ၏ အဆုံးအမမှ လွှဲဖယ်၍ ကျင့်ကုန်၏။ ရဟန်းတို့ ထိုသို့ဖြစ်ရာ၌ ငါဘုရားသည် နှလုံးမသာယာခြင်းလည်း မဖြစ်၊ နှလုံးမသာယာ ခြင်း ဒေါမနဿကို မခံစားရ၊ ဒေါမနဿမယိုစီးဘဲ သတိပညာနှင့် ပြည့်စုံ၍ နေ၏။ ရဟန်းတို့ အကြင် သတိပဋ္ဌာန်ကို အရိယာဖြစ်သောသူသည် မှီဝဲ၏၊ အကြင်သတိပဋ္ဌာန်ကို မှီဝဲသော အရိယာဖြစ်သော ဆရာ (ဘုရား) သည် သတ္တဝါအပေါင်းကို ဆုံးမခြင်းငှါ ထိုက်၏၊ ဤသတိပဋ္ဌာန်သည် ရှေးဦးစွာသော သတိ ပဋ္ဌာန်တည်း။

ရဟန်းတို့ နောက်တစ်မျိုးကား အစဉ်သနားတော်မူသော အကျိုးစီးပွားကို ရှာမှီးတော်မူသော ဆရာ (ဘုရား)သည် အစဉ်သနားခြင်းကို အကြောင်းပြု၍ “ဤတရားသည် သင်တို့အား စီးပွါးခြင်းငှါ ဖြစ်၏။ ဤတရားသည် သင်တို့အား ချမ်းသာခြင်းငှါ ဖြစ်၏”ဟု တပည့်တို့အား တရားဟော၏။ ထိုဆရာ၏ အချို့ကုန်သော တပည့်တို့သည် ယုံကြည်စွာ မနာယူကြကုန်၊ နားမထောင်ကုန်၊ စိတ်ကို သိအောင် မဖြစ် စေကုန်၊ ဆရာ၏ အဆုံးအမမှ လွှဲဖယ်၍ ကျင့်ကုန်၏။ အချို့ကုန်သော တပည့်တို့သည် ယုံကြည်စွာ နာယူကုန်၏၊ နားထောင်ကုန်၏၊ စိတ်ကိုသိအောင် ဖြစ်စေကုန်၏၊ ဆရာ၏အဆုံးအမမှ လွှဲဖယ်၍ မကျင့်ကုန်။ ရဟန်းတို့ ထိုသို့ဖြစ်ရာ၌ ငါဘုရားသည် နှလုံးမသာယာခြင်းလည်း မဖြစ်၊ နှလုံး မသာယာခြင်း ဒေါမနဿကိုလည်း မခံစားရ၊ နှလုံးသာယာခြင်းလည်း မဖြစ်၊ နှလုံးသာယာခြင်း သောမနဿကိုလည်း မခံစားရ၊ နှလုံးမသာယာခြင်း နှလုံးသာယာခြင်း ထိုနှစ်ပါးစုံကို ကြဉ်၍ လျစ်လျူ ရှုလျက် သတိပညာနှင့် ပြည့်စုံကာနေ၏။ ရဟန်းတို့ အကြင်သတိပဋ္ဌာန်ကို အရိယာဖြစ်သော သူသည် မှီဝဲ၏၊ အကြင်သတိပဋ္ဌာန်ကို မှီဝဲသော အရိယာဖြစ်သော ဆရာ (ဘုရား) သည် သတ္တဝါအပေါင်းကို ဆုံးမ ခြင်းငှါ ထိုက်၏၊ ဤသတိပဋ္ဌာန်သည် နှစ်ခုမြောက်သော သတိပဋ္ဌာန်တည်း။

ရဟန်းတို့ နောက်တစ်မျိုးကား အစဉ်သနားတော်မူသော အကျိုးစီးပွားကို ရှာမှီးတော်မူသော ဆရာ (ဘုရား) သည် အစဉ်သနားခြင်းကို အကြောင်းပြု၍ “ဤတရားသည် သင်တို့အား စီးပွါးခြင်းငှါ ဖြစ်၏။ ဤတရားသည် သင်တို့အား ချမ်းသာခြင်းငှါ ဖြစ်၏”ဟု တပည့်တို့အား တရားဟော၏။ ထိုဆရာ၏ တပည့်တို့သည် ယုံကြည်စွာ နာယူကုန်၏၊ နားထောင်ကုန်၏၊ စိတ်ကိုသိအောင် ဖြစ်စေကုန်၏၊ ဆရာ၏ အဆုံးအမမှ လွှဲဖယ်၍ မကျင့်ကုန်။ ရဟန်းတို့ ထိုသို့ဖြစ်ရာ၌ ဆရာ (ဘုရား) သည် နှစ်လိုဝမ်းသာ ခြင်းဖြစ်၏၊ ဝမ်းမြောက်မှု သောမနဿကိုလည်း ခံစားရ၏၊ ရာဂမစိုစွတ်မူ၍ သတိပညာနှင့် ပြည့်စုံကာ နေ၏။ ရဟန်းတို့ အကြင်သတိပဋ္ဌာန်ကို အရိယာဖြစ်သောသူသည် မှီဝဲ၏၊ အကြင်သတိပဋ္ဌာန်ကို မှီဝဲသော အရိယာဖြစ်သော ဆရာ (ဘုရား) သည် သတ္တဝါအပေါင်းကို ဆုံးမခြင်းငှါ ထိုက်၏၊ ဤသတိပဋ္ဌာန်သည် သုံးခုမြောက်သော သတိပဋ္ဌာန်ပေတည်း။ “သတိပဋ္ဌာန်တို့သည် သုံးပါးဖြစ်ကုန်၏၊ အကြင်သတိပဋ္ဌာန်ကို အရိယာဖြစ်သောသူသည် မှီဝဲ၏၊ အကြင်သတိပဋ္ဌာန်ကို မှီဝဲသော အရိယာဖြစ်သော ဆရာ (ဘုရား) သည် သတ္တဝါအပေါင်းကို ဆုံးမခြင်းငှါ ထိုက်၏”ဟူသော ထိုစကားကို ဤဆိုခဲ့ပြီးကိုသာလျှင် စွဲ၍ ဆိုခဲ့၏။

၃၁၂။ “ထိုပုဂ္ဂိုလ်ကို သင့်လျော်လျောက်ပတ်စွာ ဆုံးမတတ်သော ဆရာအမျိုးမျိုးတို့ထက် အတုမဲ့ ဖြစ်၍ သတ္တဝါတို့ကို ဆုံးမတတ်သူ” ဟူသော ထိုစကားကို အဘယ်ကို စွဲ၍ ဆိုခဲ့သနည်း။ ရဟန်းတို့ ဆင်ဆရာ သင်ကြားဆုံးမထားသော ယဉ်ကျေးပြီးသော ဆင်သည် အရှေ့အရပ်သို့မူလည်းဖြစ်စေ၊့အနောက်အရပ်သို့မူလည်းဖြစ်စေ၊ မြောက်အရပ်သို့မူလည်းဖြစ်စေ၊ တောင်အရပ်သို့မူလည်းဖြစ်စေ တစ်ခု တည်းသော အရပ်မျက်နှာသို့သာလျှင် ပြေးနိုင်၏။ ရဟန်းတို့ မြင်းဆရာ သင်ကြားဆုံးမထားသော ယဉ် ကျေးပြီးသော မြင်းသည် အရှေ့အရပ်သို့မူလည်းဖြစ်စေ၊ အနောက်အရပ်သို့မူလည်းဖြစ်စေ၊ မြောက်အရပ် သို့မူလည်းဖြစ်စေ၊ တောင်အရပ်သို့မူလည်းဖြစ်စေ၊ တစ်ခုတည်းသောအရပ်မျက်နှာသို့သာလျှင် ပြေးနိုင်၏။ ရဟန်းတို့ နွားဆရာ သင်ကြားဆုံးမထားသော ယဉ်ကျေးပြီးသော နွားသည် အရှေ့အရပ်သို့မူလည်းဖြစ် စေ၊ အနောက်အရပ်သို့မူလည်းဖြစ်စေ၊ မြောက်အရပ်သို့မူလည်းဖြစ်စေ၊ တောင်အရပ်သို့မူလည်းဖြစ်စေ တစ်ခုတည်းသော အရပ်မျက်နှာသို့သာလျှင် ပြေးနိုင်၏။ ရဟန်းတို့ ပူဇော်အထူးကို ခံတော်မူထိုက်သော မဖောက်မပြန် ကိုယ်တိုင်သိတော်မူသော မြတ်စွာဘုရားသည် သင်ကြားဆုံးမထားသော ယဉ်ကျေးပြီးသော ပုဂ္ဂိုလ်သည် အရပ်ရှစ်မျက်နှာတို့သို့ ပြေးသွား၏။ ရူပဈာန်ရှိသည်ဖြစ်၍ ရုပ်တို့ကို ရှု၏၊ ဤဝိမောက္ခ သည် တစ်ခုသော အရပ်မည်၏။ အတွင်းသန္တာန်၌ ရုပ်ဟူသော အမှတ်အသား မရှိသည်ဖြစ်၍ အပ သန္တာန်၌ ရုပ်တို့ကို ရှု၏၊ ဤဝိမောက္ခသည် နှစ်ခုမြောက်အရပ်မည်၏။

တင့်တယ်၏ ဟူ၍သာလျှင် နှလုံးသွင်း၏။ ဤဝိမောက္ခသည် သုံးခုမြောက်အရပ်မည်၏။ ရူပသညာ တို့ကို လုံးဝလွန်မြောက်၍ ပဋိဃသညာတို့ လုံးဝချုပ်သည့်ပြင် နာနတ္တသညာတို့ကို လုံးဝနှလုံးမသွင်းမူ၍ “ကောင်းကင်ပညတ်သည် အဆုံးမရှိ”ဟု နှလုံးသွင်းလျက် အာကာသာနဉ္စာယတနဈာန်သို့ ရောက်၍နေ၏၊ ဤဝိမောက္ခသည် လေးခုမြောက်အရပ်မည်၏။ အချင်းခပ်သိမ်း အာကာသာနဉ္စာယတနဈာန်ကို လုံးဝလွန် မြောက်၍ “ပဌမာရုပ္ပဝိ ညာဏ်သည် အဆုံးမရှိ”ဟု (နှလုံးသွင်းလျက်) ဝိညာဏဉ္စာယတနဈာန်သို့ ရောက်၍နေ၏၊ ဤဝိမောက္ခသည် ငါးခုမြောက်အရပ်မည်၏။ ဝိညာဏဉ္စာယတနဈာန်ကို လုံးဝလွန်မြောက်၍ “တစ်စုံတစ်ခုမျှ မရှိ”ဟု (နှလုံးသွင်းလျက်) အာကိဉ္စညာယတနဈာန်သို့ ရောက်၍နေ၏၊ ဤဝိမောက္ခသည် ခြောက်ခုမြောက်အရပ်မည်၏။ အာကိဉ္စညာယတနဈာန်ကို လွန်မြောက်၍ နေဝသညာနာသညာယတနဈာန် သို့ ရောက်၍နေ၏၊ ဤဝိမောက္ခသည် ခုနစ်ခုမြောက် အရပ်မည်၏။ နေဝသညာနာသညာယတနဈာန်ကို လွန်မြောက်၍ သညာဝေဒနာတို့၏ ချုပ်ရာ နိရောဓသမာပတ်သို့ ရောက်၍နေ၏။ ဤဝိမောက္ခသည် ရှစ်ခု မြောက် အရပ်မည်၏။ ရဟန်းတို့ ပူဇော်အထူးကို ခံတော်မူထိုက်သော မဖောက်မပြန် ကိုယ်တိုင် သိတော် မူသော မြတ်စွာဘုရားသည် သင်ကြားပြီး ယဉ်းကျေးပြီး သောယောကျာ်းသည် ဤအရပ်ရှစ်မျက်နှာတို့သို့ ပြေးသွား၏၊ “ထိုပုဂ္ဂိုလ်ကို သင့်လျော်လျောက်ပတ်စွာ ဆုံးမတတ်သော ဆရာအမျိုးမျိုးတို့ထက် အတုမဲ့ ဖြစ်၍ သတ္တဝါတို့ကို ဆုံးမတတ်သူ” ဟူ၍ အကြင်စကားကို ဆိုခဲ့၏၊ ထိုစကားကို ဤဆိုခဲ့ပြီးသည်ကို စွဲ၍ ဆိုခဲ့၏ဟု (မိန့်တော်မူ၏)။

မြတ်စွာဘုရားသည် ဤတရားဒေသနာတော်ကို ဟောတော်မူ၏။ ထိုရဟန်းတို့သည် မြတ်စွာဘုရား၏ တရားဒေသနာတော်ကို ဝမ်းမြောက်ဝမ်းသာ လွန်စွာနှစ်သက်ကုန်ပြီ။

ခုနစ်ခုမြောက် သဠာယတနဝိဘင်္ဂသုတ် ပြီး၏။