မဇ္ဈိမနိကာယ်

၅— အနုမာနသုတ်

၁၈၁။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်—

အခါတစ်ပါး၌ အသျှင်မဟာမောဂ္ဂလာန်သည် ဘဂ္ဂတိုင်း သုသုမာရဂိရမြို့ ဘေသကဠမည်သောမိဂဒါဝုန်တော၌ သီတင်းသုံးနေတော်မူ၏။ ထိုသို့နေတော်မူရာ အသျှင်မဟာမောဂ္ဂလာန်သည် ရဟန်းတို့ကို “ငါ့သျှင် ရဟန်းတို့” ဟု ခေါ်တော်မူ၏။ “ငါ့သျှင်” ဟု ထိုရဟန်းတို့သည် အသျှင်မဟာမောဂ္ဂလာန်အားပြန်ကြားလျှောက်ထားကြကုန်၏။ အသျှင်မဟာမောဂ္ဂလာန်သည် ဤသို့ မိန့်ဆိုတော်မူ၏။

“ငါ့သျှင်တို့ အသျှင်တို့သည် တပည့်တော်ကို ပြောဆို (ဆုံးမ) ကြပါကုန်၊ တပည့်တော်သည် အသျှင်တို့ပြောဆိုထိုက်သူ ဖြစ်ပါ၏” ဟု အကယ်၍ ရဟန်းတစ်ပါးက ဖိတ်ကြားစေကာမူ ထိုရဟန်းသည်အပြောအဆိုခက်သူ အပြောအဆိုခက်ကြောင်းတရားတို့နှင့် ပြည့်စုံသူ သည်းခံခြင်းမရှိသူ အဆုံးအမကိုရိုသေစွာနာယူလေ့မရှိသူ ဖြစ်ခဲ့သော် ထိုရဟန်းကို သီတင်းသုံးဖော်တို့က ပြောဆိုထိုက်သည်ဟုလည်းမထင်မှတ်ကြကုန်၊ ဆုံးမထိုက်သည်ဟုလည်း မထင်မှတ်ကြကုန်၊ ထိုပုဂ္ဂိုလ်၌ အကျွမ်းဝင်ခြင်းသို့ ရောက်ထိုက်သည်ဟုလည်း မထင်မှတ်ကြကုန်။

ငါ့သျှင်တို့ အပြောအဆိုခက်ကြောင်းတရားတို့ဟူသည် အဘယ်တို့နည်း။ ငါ့သျှင်တို့ ဤသာသနာတော်၌ ရဟန်းသည် အလိုဆိုးရှိ၏၊ အလိုဆိုးတို့၏ အလိုသို့ လိုက်တတ်၏၊ ငါ့သျှင်တို့ ရဟန်း၏ ဤအလိုဆိုးရှိခြင်း အလိုဆိုးတို့၏ အလိုသို့လိုက်ခြင်း သဘောသည်လည်း အပြောအဆိုခက်ကြောင်းတည်း။

ငါ့သျှင်တို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် မိမိကိုယ်ကို မြှင့်တင်တတ်၏၊ သူတစ်ပါးကို ရှုတ်ချတတ်၏၊ ငါ့သျှင်တို့ ရဟန်း၏ ဤမိမိကိုယ်ကို မြှင့်တင်ခြင်း သူတစ်ပါးကို ရှုတ်ချခြင်း သဘောသည်လည်းအပြောအဆို ခက်ကြောင်းတည်း။

ငါ့သျှင်တို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် အမျက်ထွက်တတ်၏၊ အမျက်လွှမ်းမိုးခံရ၏၊ ငါ့သျှင်တို့ရဟန်း၏ ဤအမျက်ထွက်ခြင်း အမျက်လွှမ်းမိုးခံရခြင်း သဘောသည်လည်း အပြောအဆိုခက်ကြောင်းတည်း။

ငါ့သျှင်တို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် အမျက်ထွက်တတ်၏၊ အမျက်ထွက်ခြင်းအကြောင်းကြောင့် ရန်ငြိုးဖွဲ့တတ်၏၊ ငါ့သျှင်တို့ ရဟန်း၏ ဤအမျက်ထွက်ခြင်း အမျက်ထွက်ခြင်းအကြောင်းကြောင့်ရန်ငြိုးဖွဲ့ခြင်း သဘောသည်လည်း အပြောအဆိုခက်ကြောင်းတည်း။

ငါ့သျှင်တို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် အမျက်ထွက်တတ်၏၊ အမျက်ထွက်ခြင်းအကြောင်း ကြောင့်အစွဲကြီး၏၊ ငါ့သျှင်တို့ ရဟန်း၏ ဤအမျက်ထွက်ခြင်း အမျက်ထွက်ခြင်းအကြောင်းကြောင့် အစွဲကြီးခြင်းသဘောသည်လည်း အပြောအဆိုခက်ကြောင်းတည်း။

ငါ့သျှင်တို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် အမျက်ထွက်တတ်၏၊ အမျက်နှင့်နီးစပ်သော စကားကိုမြွက်ဆိုတတ်၏။ ငါ့သျှင်တို့ ရဟန်း၏ ဤအမျက်ထွက်ခြင်း အမျက်နှင့်နီးစပ်သော စကားကို မြွက်ဆိုခြင်း သဘောသည်လည်း အပြောအဆိုခက်ကြောင်းတည်း။

ငါ့သျှင်တို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် စောဒကက စောဒနာသော် စောဒကကို ဆန့်ကျင်ဘက်ပြု၏။ ငါ့သျှင်တို့ ရဟန်း၏ ဤစောဒကက စောဒနာသော် စောဒကကို ဆန့်ကျင်ဘက်ပြုခြင်းသဘောသည်လည်း အပြောအဆိုခက်ကြောင်းတည်း။

ငါ့သျှင်တို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် စောဒကက စောဒနာသော် စောဒကကို ကြိမ်းမောင်း၏။ ငါ့သျှင်တို့ ရဟန်း၏ ဤစောဒကက စောဒနာသော် စောဒကကို ကြိမ်းမောင်းခြင်းသဘောသည်လည်းအပြော အဆိုခက်ကြောင်းတည်း။

ငါ့သျှင်တို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် စောဒကက စောဒနာသော် စောဒကကို (အပြစ်) ပြန်တင်၏။ ငါ့သျှင်တို့ ရဟန်း၏ ဤစောဒကက စောဒနာသော် စောဒကကို (အပြစ်) ပြန်တင်ခြင်းသဘောသည်လည်း အပြောအဆို ခက်ကြောင်းတည်း။

ငါ့သျှင်တို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် စောဒကက စောဒနာသော် စောဒကကို စကားတစ်မျိုးဖြင့် စကားတစ်မျိုးကို ဖုံးလွှမ်း၏၊ စကားကို အပသို့ လွှဲဖယ်၏၊ အမျက်ထွက်ခြင်း ပြစ်မှားခြင်းစိတ်ဆိုးခြင်းကို ထင်ရှားပြု၏။ ငါ့သျှင်တို့ ရဟန်း၏ ဤစောဒကက စောဒနာသော် စောဒကကို စကားတစ်မျိုးဖြင့် စကားတစ်မျိုးကို ဖုံးလွှမ်းခြင်း စကားကို အပသို့ လွှဲဖယ်ခြင်း အမျက်ထွက်ခြင်း ပြစ်မှားခြင်း စိတ်ဆိုးခြင်းကို ထင်ရှားပြုခြင်းသဘောသည်လည်း အပြောအဆိုခက်ကြောင်းတည်း။

ငါ့သျှင်တို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် စောဒကက စောဒနာသော် စောဒကအား ဖြစ်စဉ်အတ္ထုပ္ပတ္တိကို ပြေလည်အောင် မဖြေဆိုနိုင်။ ငါ့သျှင်တို့ ရဟန်း၏ ဤစောဒကက စောဒနာသော် စောဒကကို (မိမိ၏) ဖြစ်စဉ် အတ္ထုပ္ပတ္တိကို ပြေလည်အောင် မဖြေဆိုနိုင်ခြင်းသဘောသည်လည်း အပြောအဆိုခက်ကြောင်းတည်း။

ငါ့သျှင်တို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် ဂုဏ်ကျေးဇူးကို ချေဖျက်တတ်၏။ ဂုဏ်ပြိုင်တတ်၏။ ငါ့သျှင်တို့ ရဟန်း၏ ဤဂုဏ်ကျေးဇူးကို ချေဖျက်ခြင်း ဂုဏ်ပြိုင်ခြင်း သဘောသည်လည်းအပြောအဆိုခက် ကြောင်းတည်း။

ငါ့သျှင်တို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် မနာလိုတတ်၊ ဝန်တိုတတ်၏။ ငါ့သျှင်တို့ ရဟန်း၏ဤမနာလိုခြင်း ဝန်တိုခြင်းသဘောသည်လည်း အပြောအဆိုခက်ကြောင်းတည်း။

ငါ့သျှင်တို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် စဉ်းလဲတတ်၏၊ လှည့်ပတ်တတ်၏။ ငါ့သျှင်တို့ ရဟန်း၏ဤစဉ်းလဲခြင်း လှည့်ပတ်ခြင်း သဘောသည်လည်း အပြောအဆိုခက်ကြောင်းတည်း။

ငါ့သျှင်တို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် ခက်ထန်၏၊ အလွန်မောက်မာ၏။ ငါ့သျှင်တို့ ရဟန်း၏့ဤခက်ထန်ခြင်း အလွန်မောက်မာခြင်း သဘောသည်လည်း အပြောအဆိုခက်ကြောင်းတည်း။

ငါ့သျှင်တို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် မိမိအယူကို စွဲလန်းတတ်၏၊ မြဲမြံစွာ ယူတတ်၏၊ စွန့်နိုင်ခဲ၏။ ငါ့သျှင်တို့ ရဟန်း၏ ဤမိမိအယူကို စွဲလန်းခြင်း မြဲမြံစွာယူခြင်း စွန့်နိုင်ခဲခြင်း သဘောသည်လည်း အပြောအဆိုခက်ကြောင်းတည်း။ ငါ့သျှင်တို့ ဤသဘောတို့ကို အပြောအဆိုခက်ကြောင်းတို့ဟူ၍ဆိုရ၏။

၁၈၂။ ငါ့သျှင်တို့ “အသျှင်တို့သည် တပည့်တော်ကို ပြောဆို (ဆုံးမ) ကြပါကုန်၊ တပည့်တော်သည်အသျှင်တို့ ပြောဆိုထိုက်သူ ဖြစ်ပါ၏” ဟု အကယ်၍ ရဟန်းတစ်ပါးက မဖိတ်ကြားစေကာမူ ထိုရဟန်းသည် အပြောအဆိုလွယ်သူ အပြောအဆိုလွယ်ကြောင်းတရားတို့နှင့် ပြည့်စုံသူ သည်းခံသူ အဆုံးအမကိုရိုသေစွာနာယူသူ ဖြစ်ခဲ့သော် ထိုရဟန်းကို သီတင်းသုံးဖော်တို့က ပြောဆိုထိုက်သည်ဟုလည်း ထင်မှတ်ကြကုန်၏၊ ဆုံးမထိုက်သည်ဟုလည်း ထင်မှတ်ကြကုန်၏၊ ထိုပုဂ္ဂိုလ်၌ အကျွမ်းဝင်ခြင်းသို့ ရောက်ထိုက်သည်ဟုလည်း ထင်မှတ်ကြကုန်၏။

ငါ့သျှင်တို့ အပြောအဆိုလွယ်ကြောင်း တရားတို့ဟူသည် အဘယ်တို့နည်း။ ငါ့သျှင်တို့ ဤသာသနာတော်၌ ရဟန်းသည် အလိုဆိုးမရှိ၊ အလိုဆိုးတို့၏ အလိုသို့ မလိုက်။ ငါ့သျှင်တို့ ရဟန်း၏ဤအလိုဆိုးမရှိခြင်း အလိုဆိုးတို့၏ အလိုသို့ မလိုက်ခြင်းသဘောသည်လည်း အပြောအဆိုလွယ်ကြောင်းပေတည်း။

ငါ့သျှင်တို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် မိမိကိုယ်ကို မမြှင့်တင်၊ သူတစ်ပါးကို မရှုတ်ချ။ ငါ့သျှင်တို့ရဟန်း၏ ဤမိမိကိုယ်ကို မမြှင့်တင်ခြင်း သူတစ်ပါးကို မရှုတ်ချခြင်း သဘောသည်လည်းအပြောအဆိုလွယ် ကြောင်းတည်း။

ငါ့သျှင်တို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် အမျက်မထွက်တတ်၊ အမျက်အလွှမ်းမိုး မခံရ။ ငါ့သျှင်တို့ရဟန်း၏ ဤအမျက်မထွက်ခြင်း အမျက်အလွှမ်းမိုးမခံရခြင်း သဘောသည်လည်း အပြောအဆိုလွယ်ကြောင်းတည်း။

ငါ့သျှင်တို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် အမျက်မထွက်တတ်၊ အမျက်ထွက်ခြင်းအကြောင်း ကြောင့်ရန်ငြိုးမဖွဲ့တတ်။ ငါ့သျှင်တို့ ရဟန်း၏ ဤအမျက်မထွက်ခြင်း အမျက်ထွက်ခြင်းအကြောင်းကြောင့်ရန်ငြိုးမဖွဲ့ခြင်း သဘောသည်လည်း အပြောအဆိုလွယ်ကြောင်းတည်း။ ငါ့သျှင်တို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် အမျက်မထွက်တတ်၊ အမျက်ထွက်ခြင်းအကြောင်း ကြောင့်အစွဲမကြီး။ ငါ့သျှင်တို့ ရဟန်း၏ ဤအမျက်မထွက်ခြင်း အမျက်မထွက်ခြင်းအကြောင်းကြောင့်အစွဲမကြီးခြင်း သဘောသည်လည်း အပြောအဆိုလွယ်ကြောင်းတည်း။

ငါ့သျှင်တို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် အမျက်မထွက်တတ်၊ အမျက်နှင့် နီးစပ်သော စကားကိုမမြွက်ဆိုတတ်။ ငါ့သျှင်တို့ ရဟန်း၏ ဤအမျက်မထွက်ခြင်း အမျက်နှင့် နီးစပ်သော စကားကို မမြွက်ဆိုခြင်း သဘောသည်လည်း အပြောအဆိုလွယ်ကြောင်းတည်း။

ငါ့သျှင်တို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် စောဒကက စောဒနာအပ်သော် စောဒကကို ဆန့်ကျင်ဘက် မပြု။ ငါ့သျှင်တို့ ရဟန်း၏ ဤစောဒကက စောဒနာအပ်သော် စောဒကကို ဆန့်ကျင်ဘက်မပြုခြင်းသဘောသည်လည်း အပြောအဆိုလွယ်ကြောင်းတည်း။

ငါ့သျှင်တို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် စောဒကက စောဒနာသော် စောဒကကို မကြိမ်း မောင်းငြါ့သျှင်တို့ ရဟန်း၏ ဤစောဒကက စောဒနာသော် စောဒကကို မကြိမ်းမောင်းခြင်း သဘောသည်လည်းအပြောအဆိုလွယ်ကြောင်းတည်း။

ငါ့သျှင်တို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် စောဒကက စောဒနာသော် စောဒကကို (အပြစ်) ပြန်မတင်။ ငါ့သျှင်တို့ ရဟန်း၏ ဤစောဒကက စောဒနာသော် စောဒကကို (အပြစ်) ပြန်မတင်ခြင်း့သဘောသည်လည်း အပြောအဆိုလွယ်ကြောင်းတည်း။

ငါ့သျှင်တို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် စောဒကက စောဒနာသော် စကားတစ်မျိုးဖြင့်စကားတစ်မျိုးကို မဖုံးလွှမ်း၊ စကားကို အပသို့ မလွှဲဖယ်၊ အမျက်ထွက်ခြင်း ပြစ်မှားခြင်း စိတ်ဆိုးခြင်းကိုထင်ရှားမပြု။ ငါ့သျှင်တို့ ရဟန်း၏ ဤစောဒကက စောဒနာသော် စောဒကကို စကားတစ်မျိုးဖြင့် စကားတစ်မျိုးကို မဖုံးလွှမ်းခြင်း၊ စကားကို အပသို့ မလွှဲဖယ်ခြင်း၊ အမျက်ထွက်ခြင်း ပြစ်မှားခြင်း စိတ်ဆိုးခြင်းကို ထင်ရှားမပြုခြင်း သဘောသည်လည်း အပြောအဆိုလွယ်ကြောင်းတည်း။

ငါ့သျှင်တို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် စောဒကက စောဒနာသော် မိမိ၏ဖြစ်စဉ် အတ္ထုပ္ပတ္တိကိုပြေလည်အောင် ဖြေဆိုနိုင်၏။ ငါ့သျှင်တို့ ရဟန်း၏ ဤစောဒကက စောဒနာသော် စောဒကကို မိမိ၏ဖြစ်စဉ် အတ္ထုပ္ပတ္တိကို ပြေလည်အောင် ဖြေဆိုနိုင်ခြင်း သဘောသည်လည်း အပြောအဆို လွယ်ကြောင်းတည်း။

ငါ့သျှင်တို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် ဂုဏ်ကျေးဇူးကို မချေဖျက်တတ်၊ ဂုဏ်မပြိုင်တတ်ငြါ့သျှင်တို့ ရဟန်း၏ ဤဂုဏ်ကျေးဇူးကို မချေဖျက်ခြင်း ဂုဏ်မပြိုင်ခြင်း သဘောသည်လည်း အပြောအဆိုလွယ်ကြောင်းတည်း။

ငါ့သျှင်တို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် နာလို၏၊ ဝန်မတိုတတ်။ ငါ့သျှင်တို့ ရဟန်း၏ဤနာလိုခြင်း ဝန်မတိုခြင်း သဘောသည်လည်း အပြောအဆို လွယ်ကြောင်းတည်း။

ငါ့သျှင်တို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် မစဉ်းလဲတတ်၊ မလှည့်ပတ်တတ်။ ငါ့သျှင်တို့ ရဟန်း၏ဤဟန်မဆောင်ခြင်း မလှည့်ပတ်ခြင်း သဘောသည်လည်း အပြောအဆို လွယ်ကြောင်းတည်း။

ငါ့သျှင်တို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် မခက်ထန်၊ အလွန်မမောက်မာ။ ငါ့သျှင်တို့ ရဟန်း၏ဤမခက်ထန်ခြင်း အလွန်မမောက်မာခြင်း သဘောသည်လည်း အပြောအဆို လွယ်ကြောင်းတည်း။

ငါ့သျှင်တို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် မိမိအယူကို မစွဲလန်းတတ်၊ မြဲမြံစွာမယူ၊ စွန့်လွှတ်နိုင်၏။ ငါ့သျှင်တို့ ရဟန်း၏ ဤမိမိအယူကို မစွဲလန်းခြင်း မြဲမြံစွာမယူခြင်း စွန့်လွှတ်နိုင်ခြင်း သဘောသည်လည်း အပြောအဆို လွယ်ကြောင်းတည်း။ ငါ့သျှင်တို့ ဤသဘောတို့ကို အပြောအဆို လွယ်ကြောင်းသဘောတို့ဟူ၍ ဆိုရ၏။

၁၈၃။ ငါ့သျှင်တို့ ထိုသဘောတို့၌ ရဟန်းသည် ကိုယ်တိုင်ပင် မိမိကိုယ်ကို ဤသို့ နှိုင်းယှဉ်ရမည်။

“အလိုဆိုးရှိသော အလိုဆိုးတို့၏ အလိုသို့ လိုက်သော ပုဂ္ဂိုလ်ကို ငါမချစ်မနှစ်သက်၊ ငါလည်းအလိုဆိုးရှိငြားအံ့၊ အလိုဆိုးတို့၏ အလိုသို့ လိုက်ငြားအံ့၊ ငါ့ကိုလည်း သူတစ်ပါးတို့ ချစ်နှစ်သက်မည်မဟုတ်” ဟု (နှိုင်းယှဉ်ရမည်)။ ငါ့သျှင်တို့ ဤသို့သိသော ရဟန်းသည် “ငါသည် အလိုဆိုးရှိသူ မဖြစ်အံ့၊ အလိုဆိုးတို့၏ အလိုသို့ လိုက်သူ မဖြစ်အံ့” ဟု စိတ်ကို ဖြစ်စေရမည်။

“မိမိကိုယ်ကို မြှင့်တင်တတ်သော သူတစ်ပါးကို ရှုတ်ချတတ်သော ပုဂ္ဂိုလ်ကို ငါမချစ်မနှစ်သက်၊ ငါလည်း မိမိကိုယ်ကို မြှင့်တင်ငြားအံ့၊ သူတစ်ပါးကို ရှုတ်ချငြားအံ့၊ ငါ့ကိုလည်း သူတစ်ပါးတို့ ချစ်နှစ်သက်မည်မဟုတ်” ဟု (နှိုင်းယှဉ်ရမည်)။ ငါ့သျှင်တို့ ဤသို့သိသော ရဟန်းသည် “ငါသည် မိမိကိုယ်ကို မြှင့်တင်တတ်သူ မဖြစ်အံ့၊ သူတစ်ပါးကို ရှုတ်ချတတ်သူ မဖြစ်အံ့” ဟု စိတ်ကို ဖြစ်စေရမည်။

“အမျက်ထွက်တတ်သော အမျက်အလွှမ်းမိုးခံရသောပုဂ္ဂိုလ်ကို ငါမချစ်မနှစ်သက်၊ ငါလည်း အမျက်ထွက်ငြားအံ့၊ အမျက်အလွှမ်းမိုး ခံရငြားအံ့၊ ငါ့ကိုလည်း သူတစ်ပါးတို့ ချစ်နှစ်သက်မည်မဟုတ်” ဟု (နှိုင်းယှဉ်ရမည်)။ ငါ့သျှင်တို့ ဤသို့သိသော ရဟန်းသည် “ငါသည် အမျက်ထွက်သူ မဖြစ်အံ့၊ အမျက်အလွှမ်းမိုးခံရသူ မဖြစ်အံ့” ဟု စိတ်ကို ဖြစ်စေရမည်။

“အမျက်ထွက်တတ်သော အမျက်ထွက်ခြင်းအကြောင်းကြောင့် ရန်ငြိုးဖွဲ့တတ်သော ပုဂ္ဂိုလ်ကို ငါမချစ်မနှစ်သက်၊ ငါလည်း အမျက်ထွက်ငြားအံ့၊ အမျက်ထွက်ခြင်းအကြောင်းကြောင့် ရန်ငြိုးဖွဲ့ငြားအံ့၊ ငါ့ကိုလည်း့သူတစ်ပါးတို့ ချစ်နှစ်သက်မည်မဟုတ်” ဟု (နှိုင်းယှဉ်ရမည်)။ ငါ့သျှင်တို့ ဤသို့သိသော ရဟန်းသည် “ငါသည် အမျက်ထွက်သူ မဖြစ်အံ့၊ အမျက်ထွက်ခြင်းအကြောင်းကြောင့် ရန်ငြိုးဖွဲ့သူ မဖြစ်အံ့” ဟု စိတ်ကိုဖြစ်စေရမည်။

“အမျက်ထွက်တတ်သော အမျက်ထွက်ခြင်းအကြောင်းကြောင့် အစွဲကြီးသော ပုဂ္ဂိုလ်ကို ငါမချစ်မနှစ်သက်၊ ငါလည်း အမျက်ထွက်ငြားအံ့၊ အမျက်ထွက်ခြင်းအကြောင်းကြောင့် အစွဲကြီးငြားအံ့၊ ငါ့ကိုလည်းသူတစ်ပါးတို့ ချစ်နှစ်သက်မည်မဟုတ်” ဟု (နှိုင်းယှဉ်ရမည်)။ ငါ့သျှင်တို့ ဤသို့သိသော ရဟန်းသည် “ငါသည် အမျက်ထွက်သူ မဖြစ်အံ့၊ အမျက်ထွက်ခြင်းအကြောင်းကြောင့် အစွဲကြီးသူ မဖြစ်အံ့” ဟု ဤသို့စိတ်ကို ဖြစ်စေရမည်။

“အမျက်ထွက်တတ်သော အမျက်နှင့် နီးစပ်သော စကားကို မြွက်ဆိုတတ်သော ပုဂ္ဂိုလ်ကို ငါမချစ်မနှစ်သက်၊ ငါလည်း အမျက်ထွက်ငြားအံ့၊ အမျက်နှင့် နီးစပ်သော စကားကို မြွက်ဆိုငြားအံ့၊ ငါ့ကိုလည်းသူတစ်ပါးတို့ ချစ်နှစ်သက်မည်မဟုတ်” ဟု (နှိုင်းယှဉ်ရမည်)။ ငါ့သျှင်တို့ ဤသို့သိသော ရဟန်းသည် “ငါသည် အမျက်ထွက်သူ မဖြစ်အံ့၊ အမျက်နှင့် နီးစပ်သော စကားကို မမြွက်ဆိုအံ့” ဟု ဤသို့ စိတ်ကိုဖြစ်စေရမည်။

“စောဒကက စောဒနာသော် စောဒကကို ဆန့်ကျင်ဘက်ပြုသော ပုဂ္ဂိုလ်ကို ငါမချစ်မနှစ်သက်၊ ငါလည်းစောဒကက စောဒနာသော် စောဒကကို ဆန့်ကျင်ဘက်ပြုငြားအံ့၊ ငါ့ကိုလည်း သူတစ်ပါးတို့ချစ်နှစ်သက်မည် မဟုတ်” ဟု (နှိုင်းယှဉ်ရမည်)။ ငါ့သျှင်တို့ ဤသို့သိသော ရဟန်းသည် “ငါသည် စောဒကက စောဒနာသော် စောဒကကို ဆန့်ကျင်ဘက်မပြုအံ့” ဟု စိတ်ကို ဖြစ်စေရမည်။

“စောဒကက စောဒနာသော် စောဒကကို ကြိမ်းမောင်းသော ပုဂ္ဂိုလ်ကို ငါမချစ်မနှစ်သက်၊ ငါလည်းစောဒကက စောဒနာသော် စောဒကကို ကြိမ်းမောင်းအံ့၊ ငါ့ကိုလည်း သူတစ်ပါးတို့ ချစ်နှစ်သက်မည်မဟုတ်” ဟု (နှိုင်းယှဉ်ရမည်)။ ငါ့သျှင်တို့ ဤသို့သိသော ရဟန်းသည် “ငါသည် စောဒကက စောဒနာသော် စောဒကကို မကြိမ်းမောင်းအံ့” ဟု ဤသို့ စိတ်ကို ဖြစ်စေရမည်။

“စောဒကက စောဒနာသော် စောဒကကို (အပြစ်) ပြန်တင်သော ပုဂ္ဂိုလ်ကို ငါ မချစ်မနှစ်သက်၊ ငါလည်းစောဒကက စောဒနာသော် စောဒကကို (အပြစ်) ပြန်တင်ငြားအံ့၊ ငါ့ကိုလည်း သူတစ်ပါးတို့ချစ်နှစ်သက်မည် မဟုတ်” ဟု (နှိုင်းယှဉ်ရမည်)။ ငါ့သျှင်တို့ ဤသို့သိသော ရဟန်းသည် “ငါသည်စောဒကက စောဒနာသော် စောဒကကို (အပြစ်) ပြန်မတင်အံ့” ဟု စိတ်ကို ဖြစ်စေရမည်။

“စောဒကက စောဒနာသော် စကားတစ်မျိုးဖြင့် စကားတစ်မျိုးကို ဖုံးလွှမ်းတတ်သော၊ စကားကိုအပသို့ လွှဲဖယ်သော၊ အမျက်ထွက်ခြင်း ပြစ်မှားခြင်း စိတ်ဆိုးခြင်းကို ထင်ရှားပြုတတ်သော ဤပုဂ္ဂိုလ်ကိုငါမချစ်မနှစ်သက်၊ ငါလည်း စောဒကက စောဒနာသော် စကားတစ်မျိုးဖြင့် စကားတစ်မျိုးကို ဖုံးလွှမ်းငြားအံ့၊ စကားကို အပသို့ လွှဲဖယ်ငြားအံ့၊ အမျက်ထွက်ခြင်း ပြစ်မှားခြင်း စိတ်ဆိုးခြင်းကို ထင်ရှားပြုငြားအံ့၊ ငါ့ကိုလည်း သူတစ်ပါးတို့ ချစ်နှစ်သက်မည်မဟုတ်” ဟု (နှိုင်းယှဉ်ရမည်)။ ငါ့သျှင်တို့ ဤသို့သိသောရဟန်းသည် “ငါသည် စောဒကက စောဒနာသော် စကားတစ်မျိုးဖြင့် စကားတစ်မျိုးကို မဖုံးလွှမ်းအံ့၊ စကားကို အပသို့ မလွှဲဖယ်အံ့၊ အမျက်ထွက်ခြင်း ပြစ်မှားခြင်း စိတ်ဆိုးခြင်းကို ထင်ရှားမပြုအံ့” ဟုစိတ်ကို ဖြစ်စေရမည်။

“စောဒကက စောဒနာသော် မိမိ၏ဖြစ်စဉ် အတ္ထုပ္ပတ္တိကို ပြေလည်အောင် မဖြေဆိုနိုင်သော ပုဂ္ဂိုလ်ကို ငါမချစ်မနှစ်သက်၊ ငါလည်း စောဒကက စောဒနာသော် မိမိ၏ ဖြစ်စဉ်အတ္ထုပ္ပတ္တိတို့ကို ပြေ လည်အောင်မဖြေဆို နိုင်ငြားအံ့၊ ငါ့ကိုလည်း သူတစ်ပါးတို့ ချစ်နှစ်သက်မည်မဟုတ်” ဟု (နှိုင်းယှဉ်ရမည်)။ ငါ့သျှင်တို့ဤသို့သိသော ရဟန်းသည် “ငါသည် စောဒကက စောဒနာသော် မိမိ၏ ဖြစ်စဉ် အတ္ထုပ္ပတ္တိကိုပြေလည်အောင် ဖြေဆိုအံ့” ဟု စိတ်ကို ဖြစ်စေရမည်။

“ဂုဏ်ကျေးဇူးကို ချေဖျက်တတ်သော ဂုဏ်ပြိုင်တတ်သော ပုဂ္ဂိုလ်ကို ငါမချစ်မနှစ်သက်၊ ငါလည်းဂုဏ်ကျေးဇူးကို ချေဖျက်ငြားအံ့၊ ဂုဏ်ပြိုင်ငြားအံ့၊ ငါ့ကိုလည်း သူတစ်ပါးတို့ ချစ်နှစ်သက်မည်မဟုတ်” ဟု (နှိုင်းယှဉ်ရမည်)။ ငါ့သျှင်တို့ ဤသို့သိသော ရဟန်းသည် “ငါသည် ဂုဏ်ကျေးဇူးကို ချေဖျက်သူ မဖြစ်အံ့၊ ဂုဏ်ပြိုင်သူ မဖြစ်အံ့” ဟု စိတ်ကို ဖြစ်စေရမည်။

“မနာလိုတတ်သော ဝန်တိုတတ်သော ပုဂ္ဂိုလ်ကို ငါမချစ်မနှစ်သက်၊ ငါလည်း မနာလိုငြားအံ့၊ ဝန်တိုငြားအံ့၊ ငါ့ကိုလည်း သူတစ်ပါးတို့ ချစ်နှစ်သက်မည်မဟုတ်” ဟု (နှိုင်းယှဉ်ရမည်)။ ငါ့သျှင်တို့ ဤသို့ သိသောရဟန်းသည် “ငါသည် နာလိုသူ ဖြစ်အံ့၊ ဝန်မတိုသူ ဖြစ်အံ့” ဟု စိတ်ကို ဖြစ်စေရမည်။

“စဉ်းလဲတတ်သော လှည့်ပတ်တတ်သော ပုဂ္ဂိုလ်ကို ငါမချစ်မနှစ်သက်၊ ငါလည်း စဉ်းလဲငြားအံ့၊ လှည့်ပတ်ငြားအံ့၊ ငါ့ကိုလည်း သူတစ်ပါးတို့ ချစ်နှစ်သက်မည်မဟုတ်” ဟု (နှိုင်းယှဉ်ရမည်)။ ငါ့သျှင်တို့ဤသို့ သိသော ရဟန်းသည် “ငါသည် မစဉ်းလဲသူ ဖြစ်အံ့၊ မလှည့်ပတ်သူ ဖြစ်အံ့” ဟု စိတ်ကိုဖြစ်စေရမည်။

“ခက်ထန်သော အလွန်မောက်မာသော ပုဂ္ဂိုလ်ကို ငါမချစ်မနှစ်သက်၊ ငါလည်း ခက်ထန်ငြားအံ့၊ အလွန်မောက်မာငြားအံ့၊ ငါ့ကိုလည်းသူတစ်ပါးတို့ ချစ်နှစ်သက်မည်မဟုတ်” ဟု (နှိုင်းယှဉ်ရမည်)။ ငါ့သျှင်တို့ ဤသို့ သိသော ရဟန်းသည် “ငါသည် မခက်ထန်သူ ဖြစ်အံ့၊ အလွန်မမောက်မာသူ ဖြစ်အံ့” ဟုစိတ်ကို ဖြစ်စေရမည်။

“မိမိအယူကို စွဲလမ်းတတ်သော မြဲမြံစွာယူတတ်သော မစွန့်လွှတ်နိုင်သော ပုဂ္ဂိုလ်ကို ငါမချစ်မနှစ် သက်၊ ငါလည်း မိမိအယူကို စွဲလမ်းငြားအံ့၊ မြဲမြံစွာ ယူငြားအံ့၊ မစွန့်လွှတ်နိုင်ငြားအံ့၊ ငါ့ကိုလည်း သူတစ်ပါးတို့ချစ်နှစ်သက်မည်မဟုတ်” ဟု (နှိုင်းယှဉ်ရမည်)။ ငါ့သျှင်တို့ ဤသို့သိသော ရဟန်းသည် “ငါသည်မိမိအယူကို မစွဲလမ်းသူ မြဲမြံစွာ မယူသူ စွန့်လွှတ်နိုင်သူ ဖြစ်အံ့” ဟု စိတ်ကို ဖြစ်စေရမည်။

၁၈၄။ ငါ့သျှင်တို့ ထိုသဘောတို့၌ ရဟန်းသည် ကိုယ်တိုင်ပင် မိမိကိုယ်ကို “ငါသည် အလိုဆိုးရှိလေသလော၊ အလိုဆိုးတို့၏ အလိုသို့ လိုက်လေသလော” ဟု ဆင်ခြင်ရမည်။ ငါ့သျှင်တို့ အကယ်၍ရဟန်းသည် ဆင်ခြင်သော် “ငါသည် အလိုဆိုးရှိ၏၊ အလိုဆိုးတို့၏ အလိုသို့ လိုက်၏” ဟု သိအံ့၊ ငါ့သျှင်တို့ ထိုရဟန်းသည် ထိုယုတ်ညံ့သော အကုသိုလ်တရားတို့ကိုပင် ပယ်ရန် အားထုတ်ရမည်။ ငါ့သျှင်တို့အကယ်၍ ရဟန်းသည် ဆင်ခြင်သော် “ငါသည် အလိုဆိုးမရှိး အလိုဆိုးတို့၏ အလိုသို့ မလိုက်” ဟုသိအံ့၊ ငါ့သျှင်တို့ ထိုရဟန်းသည် ကုသိုလ်တရားတို့၌ နေ့ရော ညဉ့်ပါ ကျင့်လျက်ထိုနှစ်သက်ဝမ်းမြောက်ခြင်း ဖြင့်သာလျှင် နေရမည်။

ငါ့သျှင်တို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် ကိုယ်တိုင်ပင် မိမိကိုယ်ကို “ငါသည် မိမိကိုယ်ကိုမြှင့်တင်တတ်လေသလော၊ သူတစ်ပါးကို ရှုတ်ချတတ်လေသလော” ဟု ဆင်ခြင်ရမည်။ ငါ့သျှင်တို့အကယ်၍ ရဟန်းသည် ဆင်ခြင်သော် “ငါသည် မိမိကိုယ်ကို မြှင့်တင်တတ်၏၊ သူတစ်ပါးကိုရှုတ်ချတတ်၏” ဟု သိအံ့၊ ငါ့သျှင်တို့ ထိုရဟန်းသည် ထိုယုတ်ညံ့သော အကုသိုလ်တရားတို့ကိုပင် ပယ်ရန်အားထုတ်ရမည်။ ငါ့သျှင်တို့ အကယ်၍ ရဟန်းသည် ဆင်ခြင်သော် “ငါသည် မိမိကိုယ်ကိုမမြှင့်တင်တတ် သူတစ်ပါးကို မရှုတ်ချ တတ်” ဟု သိအံ့၊ ငါ့သျှင်တို့ ထိုရဟန်းသည် ကုသိုလ်တရားတို့၌နေ့ရောညဉ့်ပါ ကျင့်လျက် ထိုနှစ်သက် ဝမ်းမြောက်ခြင်းဖြင့်သာလျှင် နေရမည်။

ငါ့သျှင်တို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် ကိုယ်တိုင်ပင် မိမိကိုယ်ကို “ငါသည် အမျက်ထွက်တတ်လေသလော၊ အမျက်အလွှမ်းမိုးခံရလေသလော” ဟု ဆင်ခြင်ရမည်။ ငါ့သျှင်တို့ အကယ်၍ ရဟန်းသည် ဆင်ခြင်သော် “ငါသည် အမျက်ထွက်တတ်၏၊ အမျက်အလွှမ်းမိုး ခံရ၏” ဟု သိအံ့၊ ငါ့သျှင်တို့ ထိုရဟန်းသည် ထိုယုတ်ညံ့သော အကုသိုလ်တရားတို့ကိုပင် ပယ်ရန် အားထုတ်ရမည်။ ငါ့သျှင်တို့ အကယ်၍ရဟန်းသည် ဆင်ခြင်သော် “ငါသည် အမျက်မထွက်တတ်၊ အမျက်လွှမ်းမိုးမခံရ” ဟု သိအံ့၊ ငါ့သျှင်တို့ထိုရဟန်းသည် ကုသိုလ်တရားတို့၌ နေ့ရောညဉ့်ပါကျင့်လျက် ထိုနှစ်သက်ဝမ်းမြောက်ခြင်းဖြင့်သာလျှင် နေရမည်။

ငါ့သျှင်တို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် ကိုယ်တိုင်ပင် မိမိကိုယ်ကို “ငါသည် အမျက်ထွက်တတ်လေသလော၊ အမျက်ထွက်ခြင်းအကြောင်းကြောင့် ရန်ငြိုးဖွဲ့တတ်လေသလော” ဟု ဆင်ခြင်ရမည်ငြါ့သျှင်တို့ အကယ်၍ ရဟန်းသည် ဆင်ခြင်သော် “ငါသည် အမျက်ထွက်တတ်၏၊ အမျက်ထွက်ခြင်းအကြောင်းကြောင့် ရန်ငြိုးဖွဲ့တတ်၏” ဟု သိအံ့၊ ငါ့သျှင်တို့ ထိုရဟန်းသည် ထိုယုတ်ညံ့သော အကုသိုလ်တရားတို့ကိုပင် ပယ်ရန် အားထုတ်ရမည်။ ငါ့သျှင်တို့ အကယ်၍ ရဟန်းသည် ဆင်ခြင်သော် “ငါသည်အမျက်မထွက်တတ်၊ အမျက်ထွက်ခြင်း အကြောင်းကြောင့် ရန်ငြိုးမဖွဲ့တတ်” ဟု သိအံ့၊ ငါ့သျှင်တို့ထိုရဟန်း သည် ကုသိုလ်တရားတို့၌ နေ့ရောညဉ့်ပါ ကျင့်လျက် ထိုနှစ်သက်ဝမ်းမြောက်ခြင်းဖြင့်သာလျှင်နေရမည်။

ငါ့သျှင်တို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် ကိုယ်တိုင်ပင် မိမိကိုယ်ကို “ငါသည် အမျက်ထွက်တတ်လေသလော၊ အမျက်ထွက်ခြင်းအကြောင်းကြောင့် အစွဲကြီးလေသလော” ဟု ဆင်ခြင်ရမည်ငြါ့သျှင်တို့ အကယ်၍ ရဟန်းသည် ဆင်ခြင်သော် “ငါသည် အမျက်ထွက်တတ်၏၊ အမျက်ထွက်ခြင်းအကြောင်းကြောင့် အစွဲကြီး၏” ဟု သိအံ့၊ ငါ့သျှင်တို့ ထိုရဟန်းသည် ထိုယုတ်ညံ့သောအကုသိုလ်တရားတို့ကိုပင် ပယ်ရန် အားထုတ်ရမည်။ ငါ့သျှင်တို့ အကယ်၍ ရဟန်းသည် ဆင်ခြင်သော် “ငါသည် အမျက်မထွက်တတ်၊ အမျက် ထွက်ခြင်းအကြောင်းကြောင့် အစွဲမကြီး” ဟု သိအံ့၊ ငါ့သျှင်တို့ထိုရဟန်းသည် ကုသိုလ်တရားတို့၌ နေ့ရော ညဉ့်ပါ ကျင့်လျက် ထိုနှစ်သက် ဝမ်းမြောက်ခြင်းဖြင့်သာလျှင်နေရမည်။

ငါ့သျှင်တို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် ကိုယ်တိုင်ပင် မိမိကိုယ်ကို “ငါသည် အမျက်ထွက်တတ်လေသလော၊ အမျက်နှင့် နီးစပ်သော စကားကို မြွက်ဆိုတတ်လေသလော” ဟု ဆင်ခြင်ရမည်ငြါ့သျှင်တို့ အကယ်၍ ရဟန်းသည် ဆင်ခြင်သော် “ငါသည် အမျက်ထွက်တတ်၏၊ အမျက်နှင့်နီးစပ်သော စကားကို မြွက်ဆိုတတ်၏” ဟု သိအံ့၊ ငါ့သျှင်တို့ ထိုရဟန်းသည် ထိုယုတ်ညံ့သောအကုသိုလ်တရားတို့ ကိုပင် ပယ်ရန် အားထုတ်ရမည်။ ငါ့သျှင်တို့ အကယ်၍ ရဟန်းသည် ဆင်ခြင်သော် “ငါသည် အမျက် မထွက်တတ်၊ အမျက်နှင့် နီးစပ်သော စကားကို မမြွက်ဆိုတတ်” ဟု သိအံ့၊ ငါ့သျှင်တို့ထိုရဟန်းသည် ကုသိုလ်တရားတို့၌ နေ့ရောညဉ့်ပါ ကျင့်လျက် ထိုနှစ်သက်ဝမ်းမြောက်ခြင်းဖြင့်သာလျှင်နေရမည်။

ငါ့သျှင်တို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် ကိုယ်တိုင်ပင် မိမိကိုယ်ကို “ငါသည် စောဒကကစောဒနာသော် စောဒကကို ဆန့်ကျင်ဘက်ပြုလေသလော” ဟု ဆင်ခြင်ရမည်။ ငါ့သျှင်တို့ အကယ်၍ရဟန်း သည် ဆင်ခြင်သော် “ငါသည် စောဒကက စောဒနာသော် စောဒကကို ဆန့်ကျင်ဘက်ပြု၏” ဟုသိအံ့၊ ငါ့သျှင်တို့ ထိုရဟန်းသည် ထိုယုတ်ညံ့သော အကုသိုလ်တရားတို့ကိုပင် ပယ်ရန် အားထုတ်ရမည်ငြါ့သျှင်တို့ အကယ်၍ ရဟန်းသည် ဆင်ခြင်သော် “ငါသည် စောဒကက စောဒနာသော် စောဒကကိုဆန့်ကျင် ဘက်မပြု” ဟု သိအံ့၊ ငါ့သျှင်တို့ ထိုရဟန်းသည် ကုသိုလ်တရားတို့၌ နေ့ရောညဉ့်ပါ ကျင့်လျက်ထို နှစ်သက်ဝမ်းမြောက်ခြင်းဖြင့်သာလျှင် နေရမည်။

ငါ့သျှင်တို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် ကိုယ်တိုင်ပင် မိမိကိုယ်ကို “ငါသည် စောဒကကစောဒနာသော် စောဒကကို ကြိမ်းမောင်းလေသလော” ဟု ဆင်ခြင်ရမည်။ ငါ့သျှင်တို့ အကယ်၍ ရဟန်းသည် ဆင်ခြင်သော် “ငါသည် စောဒကက စောဒနာသော် စောဒကကို ကြိမ်းမောင်း၏” ဟု သိအံ့၊ ငါ့သျှင်တို့ ထိုရဟန်းသည် ထိုယုတ်ညံ့သော အကုသိုလ်တရားတို့ကိုပင် ပယ်ရန် အားထုတ်ရမည်။ ငါ့သျှင်တို့အကယ်၍ ရဟန်းသည် ဆင်ခြင်သော် “ငါသည် စောဒကက စောဒနာသော် စောဒကကို မကြိမ်းမောင်း” ့ဟု သိအံ့၊ ငါ့သျှင်တို့ ထိုရဟန်းသည် ကုသိုလ်တရားတို့၌ နေ့ရောညဉ့်ပါ ကျင့်လျက် ထိုနှစ်သက်ဝမ်းမြောက်ခြင်းဖြင့်သာလျှင် နေရမည်။

ငါ့သျှင်တို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် ကိုယ်တိုင်ပင် မိမိကိုယ်ကို “ငါသည် စောဒကကစောဒနာသော် စောဒကကို (အပြစ်) ပြန်တင်လေသလော” ဟု ဆင်ခြင်ရမည်။ ငါ့သျှင်တို့ အကယ်၍ရဟန်း သည် ဆင်ခြင်သော် “ငါသည် စောဒကက စောဒနာသော် စောဒကကို (အပြစ်) ပြန်တင်၏” ဟုသိအံ့၊ ငါ့သျှင်တို့ ထိုရဟန်းသည် ယုတ်ညံ့သော ထိုအကုသိုလ်တရားတို့ကိုပင် ပယ်ရန် အားထုတ်ရမည်ငြါ့သျှင်တို့ အကယ်၍ ရဟန်းသည် ဆင်ခြင်သော် “ငါသည် စောဒကက စောဒနာသော် စောဒကကို (အပြစ်) ပြန်မတင်” ဟု သိအံ့၊ ငါ့သျှင်တို့ ထိုရဟန်းသည် ကုသိုလ်တရားတို့၌ နေ့ရော ညဉ့်ပါ ကျင့်လျက်ထို နှစ်သက်ဝမ်းမြောက်ခြင်းဖြင့်သာလျှင် နေရမည်။

ငါ့သျှင်တို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် ကိုယ်တိုင်ပင် မိမိကိုယ်ကို “ငါသည် စောဒကကစောဒနာသော် စကားတစ်မျိုးဖြင့် စကားတစ်မျိုးကို ဖုံးလွှမ်းလေသလော၊ စကားကို အပသို့ လွှဲဖယ်လေသလော။ အမျက်ထွက်ခြင်း ပြစ်မှားခြင်း စိတ်ဆိုးခြင်းကို ထင်ရှားပြုလေသလော” ဟု ဆင်ခြင်ရမည်ငြါ့သျှင်တို့ အကယ်၍ ရဟန်းသည် ဆင်ခြင်သော် “ငါသည် စောဒကက စောဒနာသော် စကားတစ်မျိုးဖြင့်စကားတစ်မျိုးကို ဖုံးလွှမ်း၏၊ စကားကို အပသို့ လွှဲဖယ်၏၊ အမျက်ထွက်ခြင်း ပြစ်မှားခြင်း စိတ်ဆိုးခြင်းကိုထင်ရှားပြု၏” ဟု သိအံ့၊ ငါ့သျှင်တို့ ထိုရဟန်းသည် ထိုယုတ်ညံ့သော အကုသိုလ်တရားတို့ကိုပင် ပယ်ရန်အားထုတ်ရမည်။ ငါ့သျှင်တို့ အကယ်၍ ရဟန်းသည် ဆင်ခြင်သော် “ငါသည် စောဒကက စောဒနာသော်စကားတစ်မျိုးဖြင့် စကားတစ်မျိုးကို မဖုံးလွှမ်း၊ စကားကို အပသို့ မလွှဲဖယ်၊ အမျက်ထွက်ခြင်း ပြစ်မှားခြင်း စိတ်ဆိုးခြင်းကို ထင်ရှားမပြု” ဟု သိအံ့၊ ငါ့သျှင်တို့ ထိုရဟန်းသည် ကုသိုလ်တရားတို့၌နေ့ရောညဉ့် ပါ ကျင့်လျက် ထိုနှစ်သက်ဝမ်းမြောက်ခြင်းဖြင့်သာလျှင် နေရမည်။

ငါ့သျှင်တို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် ကိုယ်တိုင်ပင် မိမိကိုယ်ကို “ငါသည် စောဒကကစောဒနာသော် မိမိ၏ဖြစ်စဉ် အတ္ထုပ္ပတ္တိကို ပြေလည်အောင် မဖြေဆိုနိုင်လေသလော” ဟု ဆင်ခြင်ရမည်ငြါ့သျှင်တို့ အကယ်၍ ရဟန်းသည် ဆင်ခြင်သော် “ငါသည် စောဒကက စောဒနာသော် မိမိ၏ဖြစ်စဉ်အတ္ထုပ္ပတ္တိကို ပြေလည်အောင် မဖြေဆိုနိုင်” ဟု သိအံ့၊ ငါ့သျှင်တို့ ထိုရဟန်းသည် ယုတ်ညံ့သော ထိုအကုသိုလ်တရားတို့ကိုပင် ပယ်ရန် အားထုတ်ရမည်။ ငါ့သျှင်တို့ အကယ်၍ ရဟန်းသည် ဆင်ခြင်သော် “ငါသည် စောဒကက စောဒနာသော် မိမိ၏ဖြစ်စဉ် အတ္ထုပ္ပတ္တိကို ပြေလည်အောင် ဖြေဆိုနိုင်၏” ဟု သိအံ့၊ ငါ့သျှင်တို့ ထိုရဟန်းသည် ကုသိုလ်တရားတို့၌ နေ့ရောညဉ့်ပါ ကျင့်လျက် ထိုနှစ်သက်ဝမ်းမြောက်ခြင်းဖြင့်သာလျှင် နေရမည်။

ငါ့သျှင်တို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် ကိုယ်တိုင်ပင် မိမိကိုယ်ကို “ငါသည် ဂုဏ်ကျေးဇူးကိုချေဖျက်တတ်လေသလော၊ ဂုဏ်ပြိုင်တတ်လေသလော” ဟု ဆင်ခြင်ရမည်။ ငါ့သျှင်တို့ အကယ်၍ ရဟန်းသည် ဆင်ခြင်သော် “ငါသည် ဂုဏ်ကျေဇူးကို ချေဖျက်တတ်၏၊ ဂုဏ်ပြိုင်တတ်၏” ဟု သိအံ့၊ ငါ့သျှင်တို့ထိုရဟန်းသည် ထိုယုတ်ညံ့သော အကုသိုလ်တရားတို့ကိုပင် ပယ်ရန် အားထုတ်ရမည်။ ငါ့သျှင်တို့ အကယ်၍ ရဟန်းသည် ဆင်ခြင်သော် “ငါသည် ဂုဏ်ကျေဇူးကို မချေဖျက်တတ်၊ ဂုဏ်မပြိုင်တတ်” ဟု သိအံ့၊ ငါ့သျှင်တို့ ထိုရဟန်းသည် ကုသိုလ်တရားတို့၌ နေ့ရောညဉ့်ပါ ကျင့်လျက် ထိုနှစ်သက်ဝမ်းမြောက်ခြင်းဖြင့်သာလျှင်နေရမည်။

ငါ့သျှင်တို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် ကိုယ်တိုင်ပင် မိမိကိုယ်ကို “ငါသည် မနာလိုတတ်လေသလော၊ ဝန်တိုတတ်လေသလော” ဟု ဆင်ခြင်ရမည်။ ငါ့သျှင်တို့ အကယ်၍ ရဟန်းသည်ဆင်ခြင်သော် “ငါသည် မနာလိုတတ်၊ ဝန်တိုတတ်၏” ဟု သိအံ့၊ ငါ့သျှင်တို့ ထိုရဟန်းသည်ထိုယုတ်ညံ့သော အကုသိုလ် တရားတို့ကိုပင် ပယ်ရန် အားထုတ်ရမည်။ ငါ့သျှင်တို့ အကယ်၍့ရဟန်းသည် ဆင်ခြင်သော် “ငါသည် နာလိုတတ်၏၊ ဝန်မတိုတတ်” ဟု သိအံ့၊ ငါ့သျှင်တို့ ထိုရဟန်းသည်ကုသိုလ်တရားတို့၌ နေ့ရောညဉ့်ပါ ကျင့်လျက် ထိုနှစ်သက်ဝမ်းမြောက်ခြင်းဖြင့်သာလျှင် နေရမည်။

ငါ့သျှင်တို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် ကိုယ်တိုင်ပင် မိမိကိုယ်ကို “ငါသည် စဉ်းလဲတတ်လေသလော၊ လှည့်ပတ်တတ်လေသလော” ဟု ဆင်ခြင်ရမည်။ ငါ့သျှင်တို့ အကယ်၍ ရဟန်းသည်ဆင်ခြင်သော် “ငါသည် စဉ်းလဲတတ်၏၊ လှည့်ပတ်တတ်၏” ဟု သိအံ့၊ ငါ့သျှင်တို့ ထိုရဟန်းသည် ထိုယုတ်ညံ့သော အကုသိုလ် တရားတို့ကိုပင် ပယ်ရန် အားထုတ်ရမည်။ ငါ့သျှင်တို့ အကယ်၍ ရဟန်းသည်ဆင်ခြင်သော် “ငါသည် မစဉ်းလဲတတ်၊ မလှည့်ပတ်တတ်” ဟု သိအံ့၊ ငါ့သျှင်တို့ ထိုရဟန်းသည် ကုသိုလ်တရားတို့၌ နေ့ရောညဉ့်ပါ ကျင့်လျက် ထိုနှစ်သက်ဝမ်းမြောက်ခြင်းဖြင့်သာလျှင် နေရမည်။

ငါ့သျှင်တို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် ကိုယ်တိုင်ပင် မိမိကိုယ်ကို “ငါသည် ခက်ထန်လေသလော၊ အလွန်မောက်မာလေသလော” ဟု ဆင်ခြင်ရမည်။ ငါ့သျှင်တို့ အကယ်၍ ရဟန်းသည် ဆင်ခြင်သော် “ငါသည် ခက်ထန်၏၊ အလွန်မောက်မာ၏” ဟု သိအံ့၊ ငါ့သျှင်တို့ ထိုရဟန်းသည် ထိုယုတ်ညံ့သောအကုသိုလ်တရားတို့ကိုပင် ပယ်ရန် အားထုတ်ရမည်။ ငါ့သျှင်တို့ အကယ်၍ ရဟန်းသည် ဆင်ခြင်သော် “ငါသည် မခက်ထန်၊ အလွန်မမောက်မာ” ဟု သိအံ့၊ ငါ့သျှင်တို့ ထိုရဟန်းသည် ကုသိုလ်တရားတို့၌နေ့ရောညဉ့်ပါ ကျင့်လျက် ထိုနှစ်သက်ဝမ်းမြောက်ခြင်းဖြင့်သာလျှင် နေရမည်။

ငါ့သျှင်တို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် ကိုယ်တိုင်ပင် မိမိကိုယ်ကို “ငါသည် မိမိအယူကိုစွဲလမ်းသလော၊ မြဲမြံစွာယူသလော၊ မစွန့်လွှတ်နိုင်သလော” ဟု ဆင်ခြင်ရမည်။ ငါ့သျှင်တို့ အကယ်၍ရဟန်းသည် ဆင်ခြင်သော် “ငါသည် မိမိအယူကို စွဲလမ်း၏၊ မြဲမြံစွာယူ၏၊ မစွန့်လွှတ်နိုင်” ဟု သိအံ့၊ ငါ့သျှင်တို့ ထိုရဟန်းသည် ထိုယုတ်ညံ့သော အကုသိုလ်တရားတို့ကိုပင် ပယ်ရန် အားထုတ်ရမည်။ ငါ့သျှင်တို့ အကယ်၍ ရဟန်းသည် ဆင်ခြင်သော် “ငါသည် မိမိအယူကို မစွဲလမ်း၊ မြဲမြံစွာ မယူ၊ စွန့်လွှတ်နိုင်၏” ဟု သိအံ့၊ ငါ့သျှင်တို့ ထိုရဟန်းသည် ကုသိုလ်တရားတို့၌ နေ့ရောညဉ့်ပါ ကျင့်လျက် ထိုနှစ်သက်ဝမ်းမြောက်ခြင်းဖြင့်သာလျှင် နေရမည်။

ငါ့သျှင်တို့ အကယ်၍ ရဟန်းသည် ဆင်ခြင်သော် မိမိ၌ ဤယုတ်ညံ့သော အကုသိုလ်တရားအားလုံးတို့ကိုပင် မပယ်ရသေးသည်ကို ကောင်းစွာ တွေ့မြင်ငြားအံ့၊ ငါ့သျှင်တို့ ထိုရဟန်းသည် ဤယုတ်ညံ့သောအကုသိုလ် တရားအားလုံးတို့ကိုပင် ပယ်ရန် အားထုတ်ရမည်။ ငါ့သျှင်တို့ အကယ်၍ ရဟန်းသည်ဆင်ခြင်သော် မိမိ၌ ဤယုတ်ညံ့သော အကုသိုလ်တရားအားလုံးတို့ကိုပင် ပယ်ပြီးသည်ကို ကောင်းစွာတွေ့မြင်ငြားအံ့၊ ငါ့သျှင်တို့ ထိုရဟန်းသည် ကုသိုလ်တရားတို့၌ နေ့ရောညဉ့်ပါ ကျင့်လျက် ထိုနှစ်သက်ဝမ်းမြောက်ခြင်းဖြင့်သာလျှင် နေရမည်။

ငါ့သျှင်တို့ ဥပမာအားဖြင့် ငယ်ရွယ်နုပျို၍ အလှပြင်လေ့ရှိသော မိန်းမပျိုသည်၊ သို့မဟုတ်ယောကျာ်းပျိုသည် သန့်ရှင်းဖြူစင်သော မှန် ‘ကြေးမုံ’ ၌ဖြစ်စေ ကြည်လင်သော ရေခွက်၌ဖြစ်စေမိမိမျက်နှာ ရိပ်ကို ကြည့်ရှုလတ်သော် အကယ်၍ ထိုမျက်နှာ၌ မြူမှုန်အညစ်အကြေးတို့ကိုတွေ့မြင်ငြားအံ့၊ ပယ်ရန် အားထုတ်၏။ အကယ်၍ ထိုမျက်နှာ၌ မြူမှုန်အညစ်အကြေးတို့ကိုမတွေ့မြင်ငြားအံ့၊ “ငါ့အား အရတော် ပေစွ၊ စင်ကြယ်ပေစွ” ဟု ဝမ်းမြောက်ဝမ်းသာ ဖြစ်လေ၏။

ငါ့သျှင်တို့ ဤဥပမာအတူပင် အကယ်၍ ရဟန်းသည် ဆင်ခြင်သော် မိမိ၌ ဤယုတ်ညံ့သောအကုသိုလ်တရားအားလုံးတို့ကိုပင် မပယ်ရသေးသည်ကို ကောင်းစွာ တွေ့မြင်ငြားအံ့၊ ငါ့သျှင်တို့ထိုရဟန်း သည် ဤယုတ်ညံ့သော အကုသိုလ်တရားအားလုံးတို့ကိုပင် ပယ်ရန် အားထုတ်ရမည်ငြါ့သျှင်တို့ အကယ် ၍ ရဟန်းသည် ဆင်ခြင်သော် မိမိ၌ ဤယုတ်ညံ့သောအကုသိုလ်တရားအားလုံးတို့ကိုပင် ပယ်ပြီးသည်ကို ကောင်းစွာ တွေ့မြင်ငြားအံ့၊ ငါ့သျှင်တို့ ထိုရဟန်းသည်ကုသိုလ်တရားတို့၌ နေ့ရောညဉ့်ပါ ကျင့်လျက် ထိုနှစ်သက်ဝမ်းမြောက်ခြင်းဖြင့်သာလျှင် နေရမည်ဟု့ (မိန့်ဆိုတော်မူ၏)။

အသျှင်မဟာမောဂ္ဂလာန်သည် ဤတရားကို ဟောတော်မူ၏။ ထိုရဟန်းတို့သည် အသျှင်မဟာမောဂ္ဂလာန် ဟောတော်မူသော တရားတော်ကို နှစ်လိုသည်ဖြစ်၍ ဝမ်းမြောက်စွာ ခံယူကြလေကုန်သတည်း။

ငါးခုမြောက် အနုမာနသုတ်ပြီး၏။