မဇ္ဈိမနိကာယ်

၅— နိဝါပသုတ်

၂၆၁။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်— အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို “ရဟန်းတို့” ဟုခေါ်တော် မူ၏။ “အသျှင်ဘုရား” ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကြကုန်၏။ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏ —

ရဟန်းတို့ (မြက်ခင်းစိုက်ပျိုးသော) သားမုဆိုးသည် “ငါစိုက်ပျိုးထားသော ဤမြက်ခင်းကို သားသမင်အပေါင်းတို့သည် စားကြကုန်သော် အသက်ရှည်ကြကာ လှပသော အဆင်းရှိကြကုန်လျက်ရှည့်မြင့်စွာ သော ကာလပတ်လုံး မျှတကြစေကုန်သတည်း” ဟု ရည်ရွယ်လျက်သားသမင်အပေါင်းတို့အတွက် မြက် ခင်းကို စိုက်ပျိုးသည် မဟုတ်ပေ။ ရဟန်းတို့ (မြက်ခင်းစိုက်ပျိုးသော) သားမုဆိုးသည် “ငါစိုက်ပျိုးထား သော ဤမြက်ခင်းသို့သားသမင်အပေါင်းတို့သည် တိုးဝင်၍ တပ်မက်မောကုန်လျက် အစာမြက်တို့ကို စားကုန်လတ္တံ့၊ တိုးဝင်၍့တပ်မက်မောကုန်လျက် အစာမြက်တို့ကို စားကုန်သော် ယစ်ခြင်းသို့ ရောက်ကုန် လတ္တံ့၊ ယစ်ကုန်သော်သတိမေ့လျော့ခြင်းသို့ ရောက်ကုန်လတ္တံ့၊ သတိမေ့လျောကုန်သော် ဤမြက်ခင်း၌ အလိုရှိတိုင်းပြုလုပ်ခြင်းကို ခံကြရကုန်လတ္တံ့” ဟု ရည်ရွယ်လျက် သားသမင်အပေါင်းတို့အတွက် မြက်ခင်း ကိုစိုက်ပျိုး၏။

၂၆၂။ ရဟန်းတို့ ထိုသားသမင်အုပ်စုကြီး၌ ရှေးဦးစွာသော သားသမင်အပေါင်းတို့သည် သားမုဆိုးစိုက်ပျိုးထားသော ဤမည်သော မြက်ခင်းသို့ တိုးဝင်၍ တပ်မက်မောကုန်လျက် အစာမြက်တို့ကို စားကုန်၏၊ ထိုသားသမင်အပေါင်းတို့သည် ထိုမြက်ခင်း၌ တိုးဝင်၍ တပ်မက်မောကုန်လျက် အစာမြက်တို့ကို စားကုန်သော် ယစ်ခြင်းသို့ ရောက်ကုန်၏၊ ယစ်ကုန်သော် သတိမေ့လျော့ခြင်းသို့ ရောက်ကုန်၏၊ သတိမေ့လျော့ကုန်သော် သားမုဆိုး၏ ဤမည်သော မြက်ခင်း၌ အလိုရှိတိုင်း ပြုလုပ်ခြင်းကို ခံကြရကုန်၏။ ရဟန်းတို့ ဤသို့လျှင် ရှေးဦးစွာသော ထိုသားသမင်အပေါင်းတို့သည် သားမုဆိုး၏ အလိုရှိတိုင်းပြုမူခြင်းမှ မလွတ်မြောက်ကြကုန်။

၂၆၃။ ရဟန်းတို့ ထိုသားသမင်အုပ်စုကြီး၌ နှစ်ခုမြောက်ဖြစ်သော သားသမင်အပေါင်းတို့သည် “သားမုဆိုး စိုက်ပျိုးထားသော ဤမည်သော မြက်ခင်းသို့ တိုးဝင်၍ တပ်မက်မောကုန်လျက် အစာမြက်တို့ကို စားသော ရှေးဦးစွာသော သားသမင်အပေါင်းတို့သည် ထိုမြက်ခင်း၌ တိုးဝင်၍ တပ်မက်မောကုန်လျက် အစာမြက်တို့ကို စားကုန်သော် ယစ်ခြင်းသို့ ရောက်ကုန်၏၊ ယစ်ကုန်သော် သတိမေ့လျော့ခြင်းသို့ ရောက်ကုန်၏၊ သတိမေ့လျော့ကုန်သော် သားမုဆိုး၏ ဤမည်သော မြက်ခင်း၌ အလိုရှိတိုင်း ပြုလုပ်ခြင်းကို ခံကြရကုန်၏။ ဤသို့လျှင် ရှေးဦး စွာသော ထိုသားသမင်အပေါင်းတို့သည် သားမုဆိုး၏ အလိုရှိတိုင်း ပြုမူခြင်းမှ မလွတ်မြောက်ကြကုန်။ ငါတို့သည် အခါခပ်သိမ်း မြက်ခင်းကို စားခြင်းမှ ကြဉ်ရှောင်ကြရမူ ကြောက်ကြောက်လန့်လန့် စားရခြင်းမှ ကြဉ်ရှောင်ကုန်လျက် တောနက်ရာတို့သို့ ဝင်၍နေကြရမူ ကောင်းပေမည်” ဟု ဤသို့ အညီအညွတ်ကြံစည်ကြကုန်၏။

ထိုသားသမင်အပေါင်းတို့သည် အခါခပ်သိမ်း မြက်ခင်းကို စားခြင်းမှ ကြဉ်ရှောင်ကုန်၏၊ ကြောက်ကြောက်လန့်လန့် စားရခြင်းမှ ကြဉ်ရှောင်ကုန်လျက် တောနက်ရာတို့သို့ ဝင်၍ နေကုန်၏။ ထိုသားသမင်အပေါင်းတို့၏ ကိုယ်ခန္ဓာသည် နွေဥတုနောက်ဆုံးလ၌ မြက်နှင့်ရေကုန်ခမ်းသော် အလွန်ဆင်းရဲခြင်းသို့ရောက်၏။ အလွန်ဆင်းရဲခြင်းသို့ ရောက်သော် ခွန်အားသည် ဆုတ်ယုတ်၏။ ခွန်အား ဆုတ်ယုတ်သော်သားမုဆိုး စိုက်ပျိုး ထားသော ထိုမြက်ခင်းသို့သာလျှင် ပြန်လာကုန်၏။ ထိုသားသမင်အပေါင်းတို့သည်ထိုမြက်ခင်း၌ တိုးဝင်၍ တပ်မက်မောကုန်လျက် အစာမြက်တို့ကို စားကုန်၏။ စားကုန်သော် ယစ်ခြင်းသို့ရောက်ကုန်၏။ ယစ်ကုန်သော် သတိမေ့လျော့ခြင်းသို့ ရောက်ကုန်၏၊ သတိမေ့လျော့ကုန်သော်သားမုဆိုး၏ ဤမည်သော မြက်ခင်း၌ အလိုရှိတိုင်း ပြုလုပ်ခြင်းကို ခံကြရကုန်၏။ ရဟန်းတို့ ဤသို့လျှင်နှစ်ခု မြောက်ဖြစ်သော ထိုသားသမင်အပေါင်းတို့သည်လည်း သားမုဆိုး၏ အလိုရှိတိုင်း ပြုမူခြင်းမှမလွတ် မြောက်ကြကုန်။

၂၆၄။ ရဟန်းတို့ ထိုသားသမင်အုပ်စုကြီး၌ သုံးခုမြောက်ဖြစ်သော သားသမင်အပေါင်းတို့သည် “သားမုဆိုး စိုက်ပျိုးထားသော ဤမည်သော မြက်ခင်းသို့။ပ။ ဤသို့လျှင် ရှေးဦးစွာသော ထိုသားသမင်အပေါင်းတို့သည် သားမုဆိုး၏ အလိုရှိတိုင်း ပြုမူခြင်းမှ မလွတ်မြောက်ကြကုန်။ နှစ်ခုမြောက်သောသားသမင်အပေါင်းတို့သည်လည်း ‘ရှေးဦးစွာသော သားသမင်အပေါင်းတို့သည် သားမုဆိုးစိုက်ပျိုးထားသော ဤမည်သော မြက်ခင်းသို့။ပ။ ဤသို့လျှင် ရှေးဦးစွာသော ထိုသားသမင်အပေါင်းတို့သည်သားမုဆိုး၏ အလိုရှိတိုင်း ပြုမူခြင်းမှ မလွတ်မြောက်ကြကုန်။ ငါတို့သည် အခါခပ်သိမ်း မြက်ခင်းကိုစားခြင်းမှ ကြဉ်ရှောင်ရမူ ကြောက်ကြောက်လန့်လန့် စားခြင်းမှ ကြည်ရှောင်ကုန်လျက်တောနက်ရာတို့သို့ ဝင်၍ နေကြရမူ ကောင်းပေမည်’ဟု ဤသို့ အညီအညွတ်ကြံစည်ကြကုန်၏။

ထိုသားသမင်အပေါင်းတို့ သည် အခါခပ်သိမ်း မြက်ခင်းကို စားခြင်းမှ ကြဉ်ရှောင်ကုန်၏၊ ကြောက်ကြောက်လန့်လန့် စားခြင်းမှ ကြဉ်ရှောင်ကုန်လျက် တောနက်ရာတို့သို့ ဝင်၍ နေကုန်၏။ ထိုသားသမင် အပေါင်းတို့၏ ကိုယ်ခန္ဓာသည် နွေဥတုနောက်ဆုံးလ၌ မြက်နှင့်ရေကုန်ခန်းသော်အလွန်ဆင်းရဲခြင်းသို့ ရောက်၏။ အလွန်ဆင်းရဲခြင်းသို့ ရောက်သော် ခွန်အားသည် ဆုတ်ယုတ်၏။ ခွန်အားဆုတ်ယုတ်သော် သားမုဆိုး စိုက် ပျိုးထားသော ထိုမြက်ခင်းသို့သာလျှင် ပြန်လာကုန်၏။ ထိုသားသမင်အပေါင်းတို့သည် ထိုမြက်ခင်း၌ တိုးဝင်၍ တပ် မက်မောကုန်လျက် အစာမြက်တို့ကိုစားကုန်၏။ စားကုန်သော် ယစ်ခြင်းသို့ရောက်ကုန်၏။ ယစ်ကုန်သော် သတိမေ့လျော့ခြင်းသို့ရောက်ကုန်၏၊ သတိမေ့လျော့ကုန်သော် သားမုဆိုး၏ ဤမည်သော မြက်ခင်း၌ အလိုရှိတိုင်းပြုလုပ်ခြင်းကို ခံကြရကုန်၏။ ဤသို့လျှင် နှစ်ခုမြောက်ဖြစ်သော ထိုသားသမင်အပေါင်းတို့ သည်လည်းသားမုဆိုး၏ အလိုရှိတိုင်း ပြုမူခြင်းမှ မလွတ်မြောက်ကြကုန်။

ငါတို့သည် သားမုဆိုး စိုက် ပျိုး ထား သော ဤမည်သော မြက်ခင်းကို အမှီပြု၍ ဝပ်ကျင်းဖွဲ့ရမူကောင်းပေမည်၊ ထိုနေရာ၌ ဝပ်ကျင်းဖွဲ့လျက် သားမုဆိုးစိုက်ပျိုးထားသော ဤမည်သော မြက်ခင်းသို့မတိုးဝင် မတပ်မက်မောကြကုန်ဘဲ အစာမြက်တို့ကို စားကုန်အံ့၊ စားကုန်သော် ယစ်ခြင်းသို့ မရောက်ကုန်အံ့၊ မယစ်ကုန်သော် သတိမေ့လျော့ခြင်းသို့ မရောက်ကုန်အံ့၊ သတိမမေ့မလျော့ကုန်သော် သားမုဆိုး၏ဤမည်သော မြက်ခင်း၌ အလိုရှိတိုင်း ပြုလုပ်ခြင်းကို မခံကြရကုန်အံ့” ဟု ဤသို့ အညီအညွတ်ကြံစည်ကြကုန်၏။

ထိုသားသမင်အပေါင်းတို့သည် သားမုဆိုးစိုက်ပျိုးထားသော ဤမည်သော မြက်ခင်းကို အမှီပြု၍ဝပ်ကျင်းဖွဲ့ကုန်၏။ ထိုနေရာ၌ ဝပ်ကျင်းဖွဲ့ကုန်၍ သားမုဆိုးစိုက်ပျိုးထားသော ဤမည်သော မြက်ခင်းသို့မတိုးဝင် မတပ်မက်မောကြကုန်ဘဲ အစာမြက်တို့ကို စားကုန်၏။ စားကုန်သော် ယစ်ခြင်းသို့ မရောက်ကုန်၊ မယစ်ကုန်သော် သတိမေ့လျော့ခြင်းသို့ မရောက်ကုန်၊ သတိမမေ့မလျော့ကုန်သော် သားမုဆိုး၏ ဤမည်သော မြက်ခင်း၌ အလိုရှိတိုင်း ပြုလုပ်ခြင်းကို မခံကြရကုန်။

ရဟန်းတို့ ထိုအခါ မုဆိုးမှာလည်းကောင်း မုဆိုး၏ ပရိသတ်မှာလည်းကောင်း “သုံးခုမြောက်ဖြစ် သောဤသားသမင်အပေါင်းတို့သည် ဟန်ဆောင်နေသူများ ဖြစ်ကုန်ယောင်တကား၊ လှည့်စားနေသူများဖြစ်ကုန်ယောင် တကား၊ သုံးခုမြောက်ဖြစ်သော ဤသားသမင်အပေါင်းတို့သည်တန်ခိုးရှိကုန်ယောင်တကား၊ ဘီလူးတို့ ဖြစ်ကုန်ယောင်တကား။ စိုက်ပျိုးထားသော ဤမည်သောမြက်ခင်းကို စားကုန်၏၊ ထိုသားသမင်တို့၏ လာရာကိုလည်းကောင်း၊ သွားရာကိုလည်းကောင်းမသိကုန်။ ငါတို့သည် စိုက်ပျိုးထားသော ဤ မြက်ခင်း၏ ပတ်ဝန်းကျင် အရပ်ကို ကြီးမားကုန်သောတုတ်လှံတံတပ်သော ပိုက်တို့ဖြင့် အစဉ်အတိုင်း ဝန်းရံကြရမူ ကောင်းပေမည်၊ ဖမ်းဆီး၍ ရနိုင်ရာသောသုံးခုမြောက်ဖြစ်သော သားသမင်အပေါင်းတို့၏ နေရာကိုလည်း တွေ့မြင်ကောင်း တွေ့မြင်တန်ရာ၏” ဟုဤသို့သော အကြံအစည်သည် ဖြစ်၏။ ထိုသူတို့ သည် စိုက်ပျိုးထားသော ဤမည်သော မြက်ခင်း၏ပတ်ဝန်းကျင်အရပ်ကို ကြီးမားကုန်သော တုတ်လှံတံ တပ်သော ပိုက်တို့ဖြင့် အစဉ်အတိုင်း ဝန်းရံကုန်၏။ ရဟန်းတို့ သားမုဆိုးသည်လည်းကောင်း၊ သားမုဆိုး၏ပရိသတ်တို့သည်လည်းကောင်း၊ ဖမ်းဆီး၍ရနိုင်ရာသော သုံးခုမြောက်ဖြစ်သော သားသမင်အပေါင်းတို့၏ ဝပ်ကျင်းကို တွေ့မြင်ကုန်၏။ ရဟန်းတို့ဤသို့လျှင် သုံးခုမြောက်ဖြစ်သော သားသမင်အပေါင်းတို့ သည်လည်း သားမုဆိုး၏ အလိုရှိတိုင်းပြုမူခြင်းမှ မလွတ်မြောက်ကုန်။

၂၆၅။ ရဟန်းတို့ ထိုသားသမင်အုပ်စုကြီး၌ လေးခုမြောက်ဖြစ်သော သားသမင်အပေါင်းတို့သည် “ရှေးဦးစွာသော သားသမင်အပေါင်းတို့သည်။ပ။ ဤသို့လျှင် ရှေးဦးစွာသော ထိုသားသမင်အပါင်းတို့သည်လည်း သားမုဆိုး၏ အလိုရှိတိုင်း ပြုမူခြင်းမှ မလွတ်မြောက်ကုန်။ နှစ်ခုမြောက်ဖြစ်သော သားသမင်အ့ပေါင်းတို့သည်လည်း ‘ရှေးဦးစွာသော သားသမင်အပေါင်းတို့သည်။ပ။ ဤသို့လျှင် ရှေးဦးစွာသော ထိုသားသမင်အပေါင်းတို့သည် သားမုဆိုး၏ အလိုရှိတိုင်းပြုမူခြင်းမှ မလွတ်မြောက်ကုန်။ ငါတို့သည် အခါခပ်သိမ်း မြက်ခင်းကို စားခြင်းမှ ကြဉ်ရှောင်ကြရမူ ကြောက်ကြောက်လန့်လန့် စားရခြင်းမှ ကြဉ်ရှောင်ကုန်လျက် တောနက်ရာတို့သို့ ဝင်၍ နေကြရမူ ကောင်းပေမည်” ဟု ဤသို့ အညီအညွတ်ကြံစည်ကြကုန်၏။ ထိုသားသမင်အပေါင်းတို့သည် အခါခပ်သိမ်း မြက်ခင်းကို စားခြင်းမှ ရှောင်ကြဉ်ကုန်၏။ပ။ ဤသို့ လျှင် နှစ်ခုမြောက်ဖြစ်သော ထိုသားသမင်အပေါင်းတို့သည်လည်း သားမုဆိုး၏အလိုရှိတိုင်းပြုမူခြင်းမှ မလွတ်မြောက်ကုန်။ သုံးခုမြောက်ဖြစ်သော သားသမင်အပေါင်းတို့သည်လည်း။ ‘ရှေးဦးစွာသော သားသမင် အပေါင်းတို့သည်လည်း၊ ပ။ ဤသို့လျှင် ရှေးဦးစွာသောသားသမင်အပေါင်းတို့သည် သားမုဆိုး၏ အလိုရှိ တိုင်း ပြုမူခြင်းမှ မလွတ်မြောက်ကုန်။ နှစ်ခုမြောက်ဖြစ်သော သားသမင် အပေါင်းတို့သည်လည်း။ ‘ရှေးဦး စွာသောသားသမင်အပေါင်းတို့သည်။ပ။ ဤသို့လျှင် ရှေးဦးစွာသော ထိုသား သမင်အပေါင်းတို့သည် သားမုဆိုး၏အလိုရှိတိုင်း ပြုမူခြင်းမှ မလွတ်မြောက်ကုန်။ ငါတို့သည် အခါခပ်သိမ်း မြက်ခင်းကို စားခြင်း မှကြည်ရှောင်ကြရမူ ကြောက်ကြောက်လန့်လန့် စားရခြင်းမှ ကြဉ်ရှောင်ကြကုန်လျက် တောနက်ရာတို့သို့ဝင်၍ နေကြရမူ ကောင်းပေမည်’ဟု ဤသို့ အညီအညွတ်ကြံစည်ကြကုန်၏။ ထိုသားသမင် အပေါင်းတို့သည် အခါခပ်သိမ်း မြက်ခင်းကို စားခြင်းမှ ကြဉ်ရှောင်ကုန်၏။ပ။ ဤသို့လျှင် နှစ်ခုမြောက်ဖြစ်သောထိုသားသမင်အပေါင်းတို့သည်လည်း သားမုဆိုး၏ အလိုရှိတိုင်း ပြုမူခြင်းမှ မလွတ်မြောက်ကုန်။ ငါတို့သည် သားမုဆိုးစိုက်ပျိုးထားသော ဤမည်သော မြက်ခင်းကို အမှီပြု၍ ဝပ်ကျင်းဖွဲ့ကြရမူ ကောင်းပေမည်၊ ထိုနေရာ၌ ဝပ်ကျင်းဖွဲ့၍ သားမုဆိုးစိုက်မျိုးထားသော ဤမည်သော မြက်ခင်းသို့ မတိုးဝင် မတပ်မက်မောကြကုန်ဘဲ အစာ မြက်တို့ကို စားကုန်အံ့၊ စားကုန်သော် ယစ်ခြင်းသို့ မရောက်ကုန်အံ့၊ မယစ်ကုန်သော်သတိမေ့လျော့ခြင်းသို့ မရောက်ကုန်အံ့၊ သတိမမေ့မလျော့ကုန်သော် သားမုဆိုး၏ ဤမည်သော မြက်ခင်း၌အလိုရှိတိုင်း ပြုလုပ်ခြင်းကို မခံကြရကုန်အံ့” ဟု (အညီအညွတ်ကြံစည်ကြကုန်၏)။ ထိုသားသမင်အပေါင်းတို့သည် သားမုဆိုးစိုက်ပျိုးထားသော ဤမည်သော မြက်ခင်းကို အမှီပြု၍ဝပ်ကျင်းဖွဲ့ကုန်၏။ ထိုနေရာ၌ ဝပ်ကျင်းဖွဲ့ကုန်၍ သားမုဆိုးစိုက်ပျိုးထားသော ဤမည်သော မြက်ခင်းသို့မတိုးဝင် မတပ်မက်မောကြ ကုန်ဘဲ အစာမြက်တို့ကို စားကုန်၏။ စားကုန်သော် ယစ်ခြင်းသို့မရောက်ကုန်၊ မယစ်ကုန်သော် သတိ မေ့လျော့ခြင်းသို့ မရောက်ကုန်၊ သတိမမေ့မလျော့ကုန်သော်သားမုဆိုး၏ ဤမည်သော မြက်ခင်း၌ အလိုရှိ တိုင်း ပြုလုပ်ခြင်းကို မခံကြရကုန်။

ရဟန်းတို့ ထိုအခါ သားမုဆိုးမှာလည်းကောင်း သားမုဆိုး၏ ပရိသတ်မှာလည်းကောင်း ဤသို့သောအကြံအစည်သည် ဖြစ်၏ — “သုံးခုမြောက်ဖြစ်သော ဤသားသမင်အပေါင်းတို့သည် ဟန်ဆောင်နေသူများဖြစ်ကုန်ယောင်တကား၊ လှည့်စားနေသူများ ဖြစ်ကုန်ယောင်တကား၊ သုံးခုမြောက်ဖြစ်သော ဤသားသမင်အပေါင်းတို့သည် တန်ခိုးရှိကုန်ယောင်တကား၊ ဖုတ်ဘီလူးတို့ဖြစ်ကုန်ယောင်တကား။ စိုက်ပျိုးထားသော ဤမည်သော မြက်ခင်းကိုလည်း စားကုန်၏၊ ထိုသားသမင်အပေါင်းတို့၏ လာရာကိုလည်းကောင်း၊ သွားရာကိုလည်းကောင်း မသိကုန်။ ငါတို့သည် စိုက်ပျိုးထားသော ဤမြက်ခင်း၏ ပတ်ဝန်းကျင်နေရာကိုကြီးမားကုန်သော တုတ်လှံတံတပ်သော ပိုက်တို့ဖြင့် အစဉ်အတိုင်း ဝန်းရံကြရမူ ကောင်းပေမည်၊ ဖမ်းဆီး၍ ရနိုင်ရာသော သုံးခုမြောက်ဖြစ်သော သားသမင် အပေါင်းတို့၏ နေရာကို တွေ့မြင်ကောင်း တွေ့မြင်ကုန်တန်ရာ၏” ဟု (ဤသို့သော အကြံအစည်သည် ဖြစ်၏)။ ထိုသူတို့သည် စိုက်ပျိုးထားသော ဤမည်သော မြက်ခင်း၏ ပတ်ဝန်းကျင် နေရာကို ကြီးမားကုန်သော တုတ်လှံတံ တပ်သော ပိုက်တို့ဖြင့် အစဉ်အတိုင်း ဝန်းရံကုန်၏။ ရဟန်းတို့ သားမုဆိုးသည်လည်းကောင်း၊ သားမုဆိုး၏ ပရိသတ်တို့သည်လည်းကောင်း ဖမ်းဆီး၍ ရနိုင်ရာသော သုံးခုမြောက်ဖြစ်သော သားသမင်အပေါင်းတို့၏ နေရာကို တွေ့မြင်ကုန့်၏။ ဤသို့လျှင် သုံးခုမြောက်ဖြစ်သော သားသမင်အပေါင်းတို့သည်လည်း သားမုဆိုး၏ အလိုရှိတိုင်းပြုမူခြင်းမှ မလွတ်မြောက်ကုန်။ ငါတို့သည် သားမုဆိုးနှင့် သားမုဆိုးပရိသတ်တို့၏ မရောက်ပေါက်ရာအရပ်၌ ဝပ်ကျင်းဖွဲ့ကြရမူ ကောင်းပေမည်၊ ထိုနေရာ၌ ဝပ်ကျင်း ဖွဲ့ကုန်၍ သားမုဆိုး စိုက်ပျိုးထားသောဤမည်သော မြက်ခင်းသို့ မတိုးဝင် မတပ်မက်မောကုန်ဘဲ အစာမြက်တို့ကို စားကုန်အံ့၊ စားကုန်သော်ယစ်ခြင်းသို့ မရောက်ကုန်အံ့၊ မယစ်ကုန်သော် သတိမေ့လျော့ခြင်းသို့ မရောက်ကုန်အံ့၊ သတိမမေ့လျော့ကုန်သော် သားမုဆိုး၏ ဤမည်သော မြက်ခင်း၌ အလိုရှိတိုင်း ပြုလုပ်ခြင်းကို မခံကြရကုန်အံ့၊ “ ဟု ဤသို့အညီအညွတ်ကြံစည်ကြုန်၏။ ထိုသာသမင်အပေါင်းတို့သည် သားမုဆိုးနှင့် သားမုဆိုးပရိသတ်တို့၏မရောက်ပေါက်ရာ အရပ်၌ ဝပ်ကျင်းဖွဲ့ကုန်၏၊ ထိုနေရာ၌ ဝပ်ကျင်းဖွဲ့ကုန်၍ သားမုဆိုးစိုက်ပျိုးထားသောဤမည်သော မြက်ခင်းသို့ မတိုးဝင် မတပ်မက်မောကြကုန်ဘဲ အစာမြက်တို့ကို စားကုန်၏။ စားကုန်သော် ယစ်ခြင်းသို့ မရောက်ကုန်၊ မယစ်ကုန်သော် သတိမေ့လျော့ခြင်းသို့ မရောက်ကုန်၊ သတိမမေ့မလျော့ကုန်သော် သားမုဆိုး၏ ဤမည်သော မြက်ခင်း၌ အလိုရှိတိုင်း ပြုလုပ်ခြင်းကို မခံကြရကုန်။

ရဟန်းတို့ ထိုအခါ သားမုဆိုးအားလည်းကောင်း သားမုဆိုး၏ ပရိသတ်အားလည်းကောင်း ဤသို့သောအကြံအစည်သည် ဖြစ်၏ — “လေးခုမြောက်ဖြစ်သော ဤသားသမင်အပေါင်းတို့သည် ဟန် ဆောင်နေသူများဖြစ်ကုန်ယောင်တကား၊ လှည့်စားနေသူများ ဖြစ်ကုန်ယောင်တကား၊ လေးခုမြောက်ဖြစ် သောဤသားသမင်အပေါင်းတို့သည် တန်ခိုးရှိကုန်ယောင်တကား၊ ဖုတ်ဘီလူးတို့ ဖြစ်ကုန်ယောင်တကား၊ စိုက်ပျိုးထားသော ဤမည်သော မြက်ခင်းကို စားကုန်၏၊ ထိုသားသမင်အပေါင်းတို့၏ လာရာကိုလည်းကောင်း၊ သွားရာကိုလည်းကောင်း မသိကုန်။ ငါတို့သည် စိုက်ပျိုးထားသော ဤမြက်ခင်း၏ ပတ်ဝန်းကျင်နေရာကို ကြီးမားကုန်သော တုတ်လှံတံတပ်သော ပိုက်တို့ဖြင့် အစဉ်အတိုင်း ဝန်းရံကြရမူ ကောင်းပေမည်၊ ဖမ်းဆီး၍ ရနိုင်ရာသော လေးခုမြောက်ဖြစ်သော သားသမင် အပေါင်းတို့၏ နေရာကို တွေ့မြင်ကောင်းတွေ့မြင်ကုန်တန်ရာ၏” ဟု (ဤသို့သော အကြံအစည်သည် ဖြစ်၏)။ ထိုသူတို့သည် စိုက်ပျိုးထားသောဤမည်သော မြက်ခင်း၏ ပတ်ဝန်းကျင်နေရာကို ကြီးမားကုန်သော တုတ်လှံတံတပ်သော ပိုက်တို့ဖြင့်အစဉ်အတိုင်း ဝန်းရံကုန်၏။ ရဟန်းတို့ သားမုဆိုးသည်လည်းကောင်း၊ သားမုဆိုးပရိသတ်တို့သည်လည်းကောင်း ဖမ်းဆီး၍ ရနိုင်ရာသော လေးခုမြောက်ဖြစ်သော သားသမင်အပေါင်းတို့၏ နေရာကိုမတွေ့မြင်ကုန်။ ရဟန်းတို့ ထိုအခါ သားမုဆိုးအားလည်းကောင်း၊ သားမုဆိုးပရိသတ်အားလည်းကောင်းဤသို့သော အကြံအစည်သည် ဖြစ်၏။ “ငါတို့သည် လေးခုမြောက်ဖြစ်သော သားသမင်အပေါင်းတို့ကိုအကယ်၍ ထိတ်လန့်စေကုန်ငြားအံ့၊ ထိုသားသမင်အပေါင်းတို့ ထိတ်လန့်ကုန်သော် တစ်ပါးသောသားသမင်အပေါင်းတို့ကို ထိတ်လန့်စေကုန်လတ္တံ့။ ထိုသားသမင်အပေါင်းတို့ ထိတ်လန့်ကုန်သော် တစ်ပါးသော သားသမင်အပေါင်းတို့ကို ထိတ်လန့်စေကုန်လတ္တံ့။ ဤသို့လျှင် စိုက်ပျိုးထားသော ဤမြက်ခင်းကိုအားလုံးကုန်သော သားသမင်အပေါင်းတို့သည် စွန့်လွှတ်ကုန်လတ္တံ့။ ငါတို့သည် လေးခုမြောက်ဖြစ်သောသားသမင်အပေါင်းတို့ကို လျစ်လျူရှုကြရမူ ကောင်းပေမည်” ဟု ဤသို့သော အကြံအစည်သည် ဖြစ်၏။ ရဟန်းတို့ သားမုဆိုးသည်လည်းကောင်း၊ သားမုဆိုးပရိသတ်တို့သည်လည်းကောင်း လေးခုမြောက်ဖြစ်သော သားသမင်အပေါင်းတို့ကို လျစ်လျူရှုကုန်၏။ ရဟန်းတို့ ဤသို့လျှင် လေးခုမြောက်ဖြစ်သောသားသမင်အပေါင်းတို့သည် သားမုဆိုး၏ အလိုရှိတိုင်း ပြုမူခြင်းမှ လွတ်မြောက်ကုန်၏။

၂၆၆။ ရဟန်းတို့ ငါသည် အနက်သဘောကို အထူးသိစေခြင်းငှါ ဤဥပမာကို ပြထားခဲ့ပြီ။ ဤဥပမာစကားရပ်၌ ဤဆိုလတ္တံ့သည်ကား အနက်သဘောတည်း။ ရဟန်းတို့ “မြက်ခင်း” ဟူသော အမည်သည် ကာမဂုဏ်ငါးပါးတို့၏ အမည်တည်း။ ရဟန်းတို့ “သားမုဆိုး” ဟူသော အမည်သည် ယုတ်မာသောမာရ်နတ်၏ အမည်တည်း။ ရဟန်းတို့ “သားမုဆိုး၏ ပရိသတ်” ဟူသော အမည်သည် မာရ်နတ်ပရိသတ်၏ အမည်တည်း။ ရဟန်းတို့ “သားသမင်အပေါင်း” ဟူသော အမည်သည် သမဏဗြာဟ္မဏတို့၏ အမည့်တည်း။

၂၆၇။ ရဟန်းတို့ ထိုသမဏဗြာဟ္မဏတို့တွင် ရှေးဦးဖြစ်သော သမဏဗြာဟ္မဏတို့သည် မာရ်နတ်စိုက်ပျိုးထားသော ဤမည်သော ကာမဂုဏ်မြက်ခင်းသို့လည်းကောင်း၊ ဤမည်သော လောကအာမိသတို့သို့လည်းကောင်း တိုးဝင်၍ တပ်မက်မောကုန်လျက် အာရုံတည်းဟူသော အစာတို့ကို သုံးဆောင်ကုန်၏၊ သုံးဆောင်ကုန်သော် ယစ်ခြင်းသို့ ရောက်ကုန်၏၊ ယစ်ကုန်သော် သတိမေ့လျော့ခြင်းသို့ ရောက်ကုန်၏။ သတိမေ့လျော့ကုန်သော် မာရ်နတ်၏ ဤမည်သော ကာမဂုဏ်မြက်ခင်း၌လည်းကောင်း၊ ဤမည်သောလောကအာမိသ၌လည်းကောင်း အလိုရှိတိုင်း ပြုလုပ်ခြင်းကို ခံကြရကုန်၏၊ ရဟန်းတို့ ဤသို့လျှင်ရှေးဦးဖြစ်သော ထိုသမဏဗြာဟ္မဏတို့သည် မာရ်နတ်၏ တန်ခိုးအာနုဘော်မှ မလွတ်မြောက်ကုန်။ ရဟန်းတို့ ရှေးဦးဖြစ်သော သားသမင်အပေါင်းကဲ့သို့ ရှေးဦးဖြစ်သော ဤသမဏဗြာဟ္မဏတို့ကို အလားတူဥပမာရှိ၏ဟု ငါဟောကြား၏။

၂၆၈။ ရဟန်းတို့ ထိုသမဏဗြာဟ္မဏတို့တွင် နှစ်ခုမြောက်ဖြစ်သော သမဏဗြာဟ္မဏတို့သည် ဤ သို့အညီအညွတ်ကြံစည်ကြကုန်၏။ “မာရ်နတ်စိုက်ပျိုးထားသော ဤမည်သော ကာမဂုဏ်မြက်ခင်းသို့လည်းကောင်း၊ ဤမည်သော လောကအာမိသတို့သို့လည်းကောင်း တိုးဝင်၍ တပ်မက်မောကုန်လျက်အာရုံ တည်းဟူသော အစာတို့ကို သုံးဆောင်ကုန်သော သမဏဗြာဟ္မဏတို့သည် ထိုကာမဂုဏ်မြက်ခင်း၌တိုး ဝင်၍ တပ်မက်မောကုန်လျက် အာရုံတည်းဟူသော အစာတို့ကို သုံးဆောင်ကုန်သော် ယစ်ခြင်းသို့ရောက် ကုန်၏၊ ယစ်ကုန်သော် သတိမေ့လျော့ခြင်းသို့ ရောက်ကုန်၏။ သတိမေ့လျော့ကုန်သော်မာရ်နတ်၏ ဤ မည်သော ကာမဂုဏ်မြက်ခင်း၌လည်းကောင်း၊ ဤမည်သောလောကအာမိသ၌လည်းကောင်း အလိုရှိတိုင်း ပြုလုပ်ခြင်းကို ခံကြရကုန်၏၊ ဤသို့လျှင် ရှေးဦးဖြစ်သောထိုသမဏဗြာဟ္မဏတို့သည် မာရ်နတ်၏ တန်ခိုးအာနုဘော်မှ မလွတ်မြောက်ကုန်။ ငါတို့သည်အားလုံးသော ကာမဂုဏ်မြက်ခင်းကို သုံးဆောင်ခြင်းမှလည်းကောင်း၊ လောကအာမိသမှလည်းကောင်းကြဉ်ရှောင်ကြရမူ ထိတ်ထိတ်လန့်လန့် သုံးဆောင်ခြင်းမှ ကြဉ်ရှောင်ကုန်လျက် တောနက်ရာတို့သို့ ဝင်၍နေကြရမူ ကောင်းပေမည်” ဟု (ဤသို့ အညီအညွတ်ကြံစည်ကုန်၏)။ ထိုသမဏဗြာဟ္မဏတို့သည်အားလုံးကုန်သော ကာမဂုဏ် မြက်ခင်းကို သုံးဆောင်ခြင်းမ ှလည်းကောင်းလောကအာမိသမှလည်းကောင်း ကြဉ်ရှောင်ကုန်၏၊ ထိတ်ထိတ် လန့်လန့် သုံးဆောင်ခြင်းမှကြဉ်ရှောင်ကုန်လျက် တောနက်ရာတို့သို့ ဝင်၍ နေကြကုန်၏။ ထိုသမဏဗြာဟ္မဏတို့သည်ထိုတောနက်ရာတို့၌ ဟင်းရွက်စိမ်းကိုလည်း စားကုန်၏၊ သမန်းမြက်သီးဆန် (ဆန်စိမ်း) ကိုလည်းစားကုန်၏၊ ကြိတ်သီး ဆန်ကိုလည်း စားကုန်၏၊ သားရေဖတ်ကိုလည်း စားကုန်၏၊ အစေးမှော်ကိုလည်းစားကုန်၏၊ ဆန်ကွဲကိုလည်း စားကုန်၏၊ ထမင်းချိုးကိုလည်း စားကုန်၏၊ နှမ်းမုန့်ညက်ကိုလည်းစားကုန်၏၊ မြက်ကိုလည်း စားကုန်၏၊ နွားချေးကိုလည်း စားကုန်၏၊ ကြွေကျသော သစ်သီးကိုသာစားလေ့ရှိသည်ဖြစ်၍ တော သစ်မြစ် သစ်သီးလျှင် အစာအာဟာရရှိကြကုန်လျက် မျှတကုန်၏။ နွေဥတုတို့၏ နောက်ဆုံးလ၌ မြက်နှင့် ရေကုန်ခန်းသော် ထိုသမဏဗြာဟ္မဏတို့၏ ကိုယ်သည်အလွန်ဆင်းရဲခြင်းသို့ ရောက်၏၊ အလွန်ဆင်းရဲ သော ကိုယ်ရှိကုန်သော ထိုသမဏဗြာဟ္မဏတို့၏ခွန်အားလုံ့လသည် ဆုတ်ယုတ်၏၊ ခွန်အားလုံ့လ ဆုတ် ယုတ်သော် စိတ်အလိုဆန္ဒသည် ဆုတ်ယုတ်၏၊ စိတ်အလိုဆန္ဒ ဆုတ်ယုတ်သော် မာရ်နတ်စိုက်ပျိုးထားသော ထိုကာမဂုဏ်မြက်ခင်းသို့လည်းကောင်း၊ ထိုလောကအာမိသတို့သို့လည်းကောင်း ပြန်လာကုန်၏။ ထိုသမဏ ဗြာဟ္မဏတို့သည်ကာမဂုဏ်မြက်ခင်းတို့၌ တိုးဝင်၍ တပ်မက်မောကုန်လျက် အာရုံတည်းဟူသော အစာတို့ ကိုသုံးဆောင်ကုန်၏၊ သုံးဆောင်ကုန်သော် ယစ်ခြင်းသို့ ရောက်ကုန်၏၊ ယစ်ကုန်သော် သတိမေ့လျော့ခြင်းသို့ ရောက်ကုန်၏။ သတိမေ့လျော့ကုန်သော် မာရ်နတ်၏ ဤမည်သော ကာမဂုဏ်မြက်ခင်း၌လည်းကောင်း၊ ့ဤမည်သော လောကအာမိသ၌လည်းကောင်း အလိုရှိတိုင်း ပြုလုပ်ခြင်းကို ခံကြရကုန်၏၊ ရဟန်းတို့ ဤသို့လျှင် နှစ်ခုမြောက်ဖြစ်သော ထိုသမဏဗြာဟ္မဏတို့သည် မာရ်နတ်၏ တန်ခိုးအာနုဘော်မှမလွတ်မြောက် ကုန်။ ရဟန်းတို့ နှစ်ခုမြောက်ဖြစ်သော ထိုသားသမင်အပေါင်းတို့ကဲ့သို့နှစ်ခုမြောက်ဖြစ်သော ဤသမဏ ဗြာဟ္မဏတို့ကို အလားတူ ဥပမာရှိ၏ဟု ငါဟောကြား၏။

၂၆၉။ ရဟန်းတို့ ထိုသမဏဗြာဟ္မဏတို့တွင် သုံးခုမြောက်ဖြစ်သော သမဏဗြာဟ္မဏတို့သည် ဤ သို့အညီအညွတ်ကြံစည်ကြကုန်၏။ “ရှေးဦးဖြစ်သော သမဏဗြာဟ္မဏတို့သည် မာရ်နတ်စိုက်ပျိုးထား သောဤမည်သော ကာမဂုဏ်မြက်ခင်းသို့လည်းကောင်း ဤမည်သော လောကအာမိသတို့သို့လည်း ကောင်း။ပ။ ဤသို့လျှင် ရှေးဦးဖြစ်သော ထိုသမဏဗြာဟ္မဏတို့သည် မာရ်နတ်၏ တန်ခိုးအာနုဘော်မှမလွတ်မြောက်ကုန်။ နှစ်ခုမြောက် ဖြစ်သော သမဏဗြာဟ္မဏတို့သည်လည်း ဤသို့ အညီအညွတ်ကြံစည်ကြကုန်၏။ “ရှေးဦးဖြစ်သော သမဏဗြာဟ္မဏတို့သည် မာရ်နတ်စိုက်ပျိုးထားသော ဤမည်သော ကာမဂုဏ်မြက်ခင်းသို့လည်းကောင်း၊ ဤမည်သော လောကအာမိသတို့သို့လည်းကောင်း။ပ။ ဤသို့လျှင် ရှေးဦးဖြစ်သော ထိုသမဏဗြာဟ္မဏတို့သည် မာရ်နတ်၏ တန်ခိုးအာနုဘော်မှ မလွတ်မြောက်ကုန်။ ငါတို့ သည်အားလုံးသော ကာမဂုဏ်မြက်ခင်းကို သုံးဆောင်ခြင်းမှလည်းကောင်း၊ လောကအာမိသမှလည်းကောင်းကြဉ်ရှောင်ကြရမူ ထိတ်ထိတ်လန့်လန့် သုံးဆောင်ခြင်းမှ ကြဉ်ရှောင်ကုန်လျက် တောနက်ရာတို့သို့ဝင်၍နေကြရမူ ကောင်းပေမည်” ဟု (ဤသို့ အညီအညွတ်ကြံစည်ကုန်၏)။ ထိုသမဏဗြာဟ္မဏတို့သည်အားလုံးကုန်သော ကာမဂုဏ်မြက်ခင်းကို သုံးဆောင်ခြင်းမှလည်းကောင်း၊ လောကအာမိသမှလည်းကောင်း ကြဉ်ရှောင်ကုန်၏၊ ထိတ်ထိတ်လန့်လန့် သုံးဆောင်ခြင်းမှ ကြဉ်ရှောင်ကုန်လျက်တောနက် ရာတို့သို့ ဝင်၍ နေကြကုန်၏။ ထိုသမဏဗြာဟ္မဏတို့သည် ထိုတောနက်ရာတို့၌ဟင်းရွက်စိမ်းကိုလည်း စားကုန်၏။ပ။ ကြွေကျသော သစ်သီးကို စားလေ့ရှိသည်ဖြစ်၍ မျှတကုန်၏။ ထိုသမဏဗြာဟ္မဏတို့၏ ကိုယ်ကာယသည် နွေဥတုတို့၏ နောက်ဆုံးလ၌ မြက်နှင့်ရေကုန်ခန်းသော်အလွန်ဆင်းရဲခြင်းသို့ ရောက်၏၊ အလွန်ဆင်းရဲခြင်းသို့ ရောက်သည့် ကိုယ်ကာယရှိသောထိုသမဏဗြာဟ္မဏတို့၏ ခွန်အား လုံ့လသည် ဆုတ်ယုတ်၏၊ ခွန်အား လုံ့လ ဆုတ်ယုတ်သော်စိတ်အလိုဆန္ဒသည် ဆုတ်ယုတ်၏၊ စိတ်အလို ဆန္ဒဆုတ် ယုတ်သော် မာရ်နတ်စိုက်ပျိုးထားသောထိုကာမဂုဏ်မြက်ခင်းသို့လည်းကောင်း၊ ထိုလောက အာမိသတို့သို့လည်းကောင်း ပြန်လာကုန်၏။ ထိုသမဏဗြာဟ္မဏတို့သည် ထိုကာမဂုဏ်မြက်ခင်း၌ တိုးဝင်၍ တပ်မက် မောကုန်လျက်အာရုံတည်းဟူသော အစာတို့ကို သုံးဆောင်ကုန်၏၊ သုံးဆောင်ကုန်သော် ယစ်ခြင်းသို့ ရောက်ကုန်၏၊ ယစ်ကုန်သော် သတိမေ့လျော့ခြင်းသို့ ရောက်ကုန်၏။ သတိမေ့လျော့ကုန်သော် မာရ်နတ်၏ ဤမည်သောကာမဂုဏ်မြက်ခင်း၌လည်းကောင်း ဤမည်သော လောက အာမိသ၌လည်းကောင်း အလိုရှိတိုင်း ပြုလုပ်ခြင်းကို ခံစားကြရကုန်၏၊ ဤသို့လျှင် နှစ်ခုမြောက်ဖြစ်သော ထိုသမဏဗြာဟ္မဏတို့သည်လည်းမာရ်နတ်၏ တန်ခိုးအာနုဘော်မှ မလွတ်မြောက်ကုန်။ ငါတို့သည် မာရ်နတ်စိုက်ပျိုးထားသော ဤမည်သောကာမဂုဏ် မြက်ခင်းကိုလည်းကောင်း၊ ဤမည်သော လောကအာမိသတို့ကိုလည်းကောင်း အမှီပြု၍နေခြင်းကို ပြုကြရမူ ကောင်းပေမည်၊ ထိုနေရာ၌ နေခြင်းကို ပြုကုန်၍ မာရ်နတ် စိုက်ပျိုးထားသောဤမည်သော ကာမဂုဏ် မြက်ခင်းသို့လည်းကောင်း၊ ဤမည်သော လောကအာမိသတို့သို့လည်းကောင်းမတိုးဝင် မတပ်မက်မော ကြကုန်ဘဲ အာရုံတည်းဟူသော အစာတို့ကို သုံးဆောင်ကုန်အံ့၊ သုံးဆောင်ကုန်သော် ယစ်ခြင်းသို့ မရောက် ကုန်အံ့၊ မယစ်ကုန်သော် သတိမေ့လျော့ခြင်းသို့မရောက်ကုန်အံ့၊ သတိမမေ့ မလျော့ကုန်သော် မာရ်နတ်၏ ဤမည်သောကာမဂုဏ်မြက်ခင်း၌လည်းကောင်း၊ ဤမည်သော လောက အာမိသ၌လည်းကောင်း အလို ရှိတိုင်းပြုလုပ်ခြင်းကို မခံကြရကုန်အံ့” ဟု (ဤသို့ အညီအညွတ်ကြံစည် ကုန်၏)။

ထိုသမဏဗြာဟ္မဏတို့သည် မာရ်နတ်စိုက်ပျိုးထားသော ဤမည်သော ကာမဂုဏ်မြက်ခင်းကိုလည်းကောင်း၊ ဤမည်သော လောကအာမိသတို့ကိုလည်းကောင်း အမှီပြု၍ နေကြကုန်၏၊ ထိုနေရာ၌ နေကြကုန်၍ မာရ်နတ် စိုက်ပျိုးထားသော ဤမည်သော ကာမဂုဏ်မြက်ခင်းသို့လည်းကောင်း၊ ဤမည်သောလောကအာမိသတို့သို့လည်းကောင်း မတိုးဝင် မတပ်မက်မောကုန်ဘဲ အာရုံတည်းဟူသော အစာတို့ကိုသုံးဆောင်ကုန်၏၊ သုံးဆောင်ကုန်သော် ယစ်ခြင်းသို့ မရောက်ကုန်၊ မယစ်ကုန်သော် သတိမေ့လျော့ခြင်းသို့မရောက်ကုန်၊ သတိမမေ့မလျော့ကုန်သော် မာရ်နတ်၏ ဤမည်သော ကာမဂုဏ်မြက်ခင်း၌လည်းကောင်း၊ ဤမည်သော လောကအာမိသ၌လည်းကောင်း အလိုရှိတိုင်း ပြုလုပ်ခြင်းကို မခံကြရကုန်။

စင်စစ်သော်ကား ဤအကြောင်းကြောင့်လည်း “လောကသည် မြဲ၏” ၊ ဤအကြောင်းကြောင့်လည်း “လောကသည် မမြဲ” ၊ ဤအကြောင်းကြောင့်လည်း “လောကသည် အဆုံးရှိ၏” ၊ ဤအကြောင်းကြောင့်လည်း “လောကသည် အဆုံးမရှိ” ၊ ဤအကြောင်းကြောင့်လည်း “ထိုအသက်သည် ထိုခန္ဓာကိုယ်တည်း” ၊ ဤအကြောင်းကြောင့်လည်း “အသက်သည် တစ်ပါး (တစ်ခြား)၊ ခန္ဓာကိုယ်သည် တစ်ပါး (တစ်ခြား) တည်း” ၊ ဤအကြောင်းကြောင့်လည်း “သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်၏” ၊ ဤအကြောင်းကြောင့်လည်း “သတ္တဝါသည် သေသည်မှ နောက်၌ မဖြစ်” ၊ ဤအကြောင်းကြောင့်လည်း “သတ္တဝါသည်သေသည်မှ နောက်၌ ဖြစ်လည်းဖြစ်၏၊ ဖြစ်လည်းမဖြစ်” ၊ ဤအကြောင်းကြောင့်လည်း “သတ္တဝါသည်သေသည်မှ နောက်၌ ဖြစ်သည်လည်း မဟုတ်၊ မဖြစ်သည်လည်း မဟုတ်” ၊ ဤသို့ အယူရှိကုန်၏။ ရဟန်းတို့ ဤသို့လျှင် သုံးခုမြောက်ဖြစ်သော ထိုသမဏဗြာဟ္မဏတို့သည်လည်း မာရ်နတ်၏ တန်ခိုးအာနုဘော်မှ မလွတ်မြောက်ကုန်။ ရဟန်းတို့ သုံးခုမြောက်ဖြစ်သော ထိုသားသမင်အပေါင်းတို့ကဲ့သို့ သုံးခုမြောက်ဖြစ်သော ဤသမဏဗြာဟ္မဏတို့ကို အလားတူ ဥပမာရှိ၏ဟု ငါ ဟောကြား၏။

၂၇ဝ။ ရဟန်းတို့ ထိုသမဏဗြာဟ္မဏတို့တွင် လေးခုမြောက်ဖြစ်သော သမဏဗြာဟ္မဏတို့သည် ဤသို့အညီအညွတ်ကြံစည်ကြကုန်၏။ ရှေးဦးဖြစ်သော သမဏဗြာဟ္မဏတို့သည် မာရ်နတ်စိုက်ပျိုးထား သောဤမည်သော ကာမဂုဏ်မြက်ခင်းသို့။ပ။ ဤသို့လျှင် ရှေးဦးဖြစ်သော ထိုသမဏဗြာဟ္မဏတို့သည်မာရ်နတ်၏ တန်ခိုးအာနုဘော်မှ မလွတ်မြောက်ကုန်။ နှစ်ခုမြောက်ဖြစ်သော သမဏဗြာဟ္မဏတို့သည်လည်းဤသို့ အညီအညွတ်ကြံစည်ကြကုန်၏။ “ရှေးဦးဖြစ်သော သမဏဗြာဟ္မဏတို့သည်။ပ။ ဤသို့လျှင်ရှေးဦးဖြစ်သော ထိုသမဏဗြာဟ္မဏတို့သည် မာရ်နတ်၏ တန်ခိုးအာနုဘော်မှ မလွတ်မြောက်ကုန်။ ငါတို့သည် အားလုံးသော ထိုကာမဂုဏ်မြက်ခင်းကို သုံးဆောင်ခြင်းမှလည်းကောင်း၊ လောကအာမိသတို့မှလည်းကောင်း ကြဉ်ရှောင်ကြရမူ ထိတ်ထိတ်လန့်လန့် သုံးဆောင်ခြင်းမှ ကြည်ရှောင်ကုန်လျက် တောနက်ရာတို့သို့ ဝင်၍နေကြရမူ ကောင်းပေမည်” ဟု (ဤသို့ အညီအညွတ်ကြံစည်ကုန်၏)။ ထိုသမဏဗြာဟ္မဏတို့သည် အားလုံးကုန်သော ကာမဂုဏ်မြက်ခင်းကို သုံးဆောင်ခြင်းမှလည်းကောင်း လောကအာမိသတို့မှလည်းကောင်း ကြဉ်ရှောင်ကုန်၏။ပ။ ဤသို့လျှင် နှစ်ခုမြောက်ဖြစ်သော ထိုသမဏဗြာဟ္မဏတို့သည်လည်းမာရ်နတ်၏ တန်ခိုးအာနုဘော်မှ မလွတ်မြောက်ကုန်။ သုံးခုမြောက်ဖြစ်သောသမဏဗြာဟ္မဏတို့သည်လည်း ဤသို့ အညီအညွတ်ကြံစည်ကုန်၏။ “ရှေးဦးဖြစ်သောသမဏဗြာဟ္မဏတို့သည်။ပ။ ဤသို့လျှင် ရှေးဦး ဖြစ်သော ထိုသမဏဗြာဟ္မဏတို့သည် မာရ်နတ်၏တန်ခိုးအာနုဘော်မှ မလွတ်မြောက်ကုန်။ နှစ်ခုမြောက် ဖြစ်သော သမဏဗြာဟ္မဏတို့သည်လည်း ဤသို့အညီအညွတ်ကြံစည်ကြကုန်၏။ “ရှေးဦး ဖြစ်သော သမဏဗြာဟ္မဏတို့သည်။ပ။ ဤသို့လျှင်ရှေးဦးဖြစ်သော ထိုသမဏဗြာဟ္မဏတို့သည် မာရ်နတ်၏ တန်ခိုး အာနုဘော်မှ မလွတ်မြောက်ကုန်။

ငါတို့သည် အားလုံးသော ကာမဂုဏ်မြက်ခင်းကို သုံးဆောင်ခြင်းမှလည်းကောင်း လောကအာမိသမှလည်းကောင်း ကြဉ်ရှောင်ကြရမူ ထိတ်ထိတ်လန့်လန့် သုံးဆောင်ခြင်းမှ ကြဉ်ရှောင်ကုန်လျက်တောနက်ရာတို့သို့ ဝင်၍ နေကြရမူ ကောင်းပေမည်” ဟု (ဤသို့ အညီအညွတ်ကြံစည်ကုန်၏)။

ထိုသမဏဗြာဟ္မဏတို့သည် အားလုံးသော ကာမဂုဏ်မြက်ခင်းကို သုံးဆောင်ခြင်းမှလည်းကောင်းလောကအာမိသမှလည်း ကောင်း ကြဉ်ရှောင်ကုန်၏။ပ။ ဤသို့လျှင် နှစ်ခုမြောက်ဖြစ်သောထိုသမဏဗြာဟ္မဏတို့သည်လည်း မာရ်နတ်၏ တန်ခိုးအာနုဘော်မှ မလွတ်မြောက်ကုန်။ ငါတို့သည်မာရ်နတ်စိုက်ပျိုးထားသော ဤမည်သော ကာမဂုဏ်မြက်ခင်းကိုလည်းကောင်း၊ ဤမည်သောလောကအာမိသတို့ကိုလည်းကောင်း အမှီပြု၍ နေကြရ မူ ကောင်းပေမည်၊ ထိုနေရာ၌ နေကြကုန်၍မာရ်နတ် စိုက်ပျိုးထားသော ဤမည်သော ကာမဂုဏ် မြက်ခင်းသို့လည်းကောင်း၊ ဤမည်သောလောကအာမိသတို့သို့လည်းကောင်း မတိုးဝင် မတပ်မက်မော ကြကုန်ဘဲ အာရုံတည်းဟူသောအစာတို့ကို သုံးဆောင်ကုန်အံ့၊ သုံးဆောင်ကုန်သော် ယစ်ခြင်းသို့ မရောက် ကုန်အံ့၊ မယစ်ကုန်သော်သတိမေ့လျော့ခြင်းသို့ မရောက်ကုန်အံ့၊ သတိမမေ့မလျော့ကုန်သော် မာရ်နတ်၏ ဤမည်သောကာမဂုဏ်မြက်ခင်းမ၌လည်းကောင်း၊ ဤမည်သော လောကအာမိသ၌လည်းကောင်း အလိုရှိ တိုင်းပြုလုပ်ခြင်းကို မခံကြရကုန်အံ့” ဟု (ဤသို့ အညီအညွတ်ကြံစည်ကြကုန်၏)။ ထိုသမဏဗြာဟ္မဏတို့သည် မာရ်နတ်စိုက်ပျိုးထားသော ဤမည်သော ကာမဂုဏ်မြက်ခင်းကိုလည်းကောင်း၊ ဤမည်သောလောကအာမိသတို့ကိုလည်းကောင်း အမှီပြု၍ နေကြကုန်၏၊ ထိုနေရာ၌ နေကြကုန်၍ မာရ်နတ်စိုက်ပျိုးထားသော ဤမည်သော ကာမဂုဏ်မြက်ခင်းသို့လည်းကောင်း၊ ဤမည်သော လောကအာမိသတို့သို့လည်းကောင်း မတိုးဝင် မတပ်မက်မောကုန်ဘဲ အာရုံတည်းဟူသော အစာတို့ကို သုံးဆောင်ကုန်၏၊ သုံးဆောင်ကုန်သော် ယစ်ခြင်းသို့ မရောက်ကုန်၊ မယစ်ကုန်သော် သတိမေ့လျော့ခြင်းသို့ မရောက်ကုန်၊ သတိမမေ့မလျော့ကုန်သော် မာရ်နတ်၏ ဤမည်သော ကာမဂုဏ်မြက်ခင်း၌လည်းကောင်း၊ ဤမည်သောလောကအာမိသ၌လည်းကောင်း အလိုရှိတိုင်း ပြုလုပ်ခြင်းကို မခံကြရကုန်။

စင်စစ်သော်ကား ဤအကြောင်းကြောင့်လည်း “လောကသည်မြဲ၏” ။ပ။ ဤအကြောင်းကြောင့်လည်း “သတ္တဝါသည် သေသည်မှနောက်၌ ဖြစ်သည်လည်း မဟုတ်၊ မဖြစ်သည်လည်း မဟုတ်” ၊ ဤသို့ အယူရှိကုန်၏။ ဤသို့လျှင် သုံးခုမြောက်ဖြစ်သော ထိုသမဏဗြာဟ္မဏတို့သည်လည်း မာရ်နတ်၏ တန်ခိုးအာနုဘော်မှ မလွတ်မြောက်ကုန်။ ငါတို့သည် မာရ်နတ်နှင့် မာရ်နတ်ပရိသတ်တို့ မရောက်ရာအရပ်၌ နေကြရမူကောင်းပေမည်၊ ထိုအရပ်၌ နေကြကုန်၍ မာရ်နတ် စိုက်ပျိုးထားသော ဤမည်သော ကာမဂုဏ်မြက်ခင်းသို့လည်းကောင်း၊ ဤမည်သော လောကအာမိသတို့သို့လည်းကောင်း မတိုးဝင် မတပ်မက်မောကုန်ဘဲ အာရုံတည်းဟူသော အစာတို့ကို သုံးဆောင်ကုန်အံ့၊ သုံးဆောင်ကုန်သော် ယစ်ခြင်းသို့ မရောက်ကုန်အံ့၊ မယစ်ကုန်သော် သတိမေ့လျော့ခြင်းသို့ မရောက်ကုန်အံ့၊ သတိမမေ့လျော့ကုန်သော် မာရ်နတ်၏ ဤမည်သောကာမဂုဏ်မြက်ခင်း၌လည်းကောင်း၊ ဤမည်သော လောကအာမိသ၌လည်းကောင်း အလိုရှိတိုင်းပြုလုပ်ခြင်း ကို မခံကြရကုန်အံ့ဟု (ဤသို့ အညီအညွတ်ကြံစည်ကုန်၏)။

ထိုသမဏဗြာဟ္မဏတို့သည် မာရ်နတ်နှင့် မာရ်နတ်ပရိသတ်တို့ မရောက်ရာအရပ်၌ နေကုန်၏။ ထိုအရပ်၌ နေကုန်၍ မာရ်နတ်စိုက်ပျိုးထားသော ဤမည်သော ကာမဂုဏ်မြက်ခင်းသို့လည်းကောင်း၊ ဤမည်သော လောကအာမိသတို့သို့လည်းကောင်း မတိုးဝင် မတပ်မက်မောကုန်ဘဲ အာရုံတည်းဟူသောအစာတို့ကို သုံးဆောင်ကုန်၏။ သုံးဆောင်ကုန်သော် ယစ်ခြင်းသို့ မရောက်ကုန်၊ မယစ်ကုန်သော် သတိမေ့လျော့ခြင်းသို့ မရောက်ကုန်၊ သတိမမေ့လျော့ကုန်သော် မာရ်နတ်၏ ဤမည်သော ကာမဂုဏ်မြက်ခင်း၌လည်းကောင်း ဤမည်သော လောကအာမိ သ၌လည်းကောင်း အလိုရှိတိုင်း ပြုလုပ်ခြင်းကို မခံကြရကုန်။ ရဟန်းတို့ ဤသို့လျှင် လေးခုမြောက်ဖြစ်သော ထိုသမဏဗြာဟ္မဏတို့သည် မာရ်နတ်၏ တန်ခိုးအာနုဘော်မှ လွတ်မြောက်ကုန်၏။ ရဟန်းတို့ လေးခုမြောက်ဖြစ်သော ထိုသားသမင်အပေါင်းတို့ကဲ့သို့လေးခုမြောက်ဖြစ်သော ဤသမဏဗြာဟ္မဏတို့ကို အလားတူ ဥပမာရှိ၏ဟု ငါ ဟောကြား၏။

၂၇၁။ ရဟန်းတို့ အဘယ်သို့လျှင် မာရ်နတ်နှင့် မာရ်နတ်ပရိသတ်တို့ မရောက်ရာ (အာရုံ) အရပ့်ဖြစ်သနည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ကာမဂုဏ်တို့မှ ကင်းဆိတ်၍သာလျှင်အကုသိုလ်တရားတို့မှ ကင်းဆိတ်၍သာလျှင်ကြံစည်ခြင်း ‘ဝိတက်’ နှင့် တကွဖြစ်သော၊ သုံးသပ်ဆင်ခြင်ခြင်း ‘ဝိစာရ’ နှင့် တကွ ဖြစ်သော၊ ‘နီဝရဏ’ကင်းခြင်းကြောင့် ဖြစ်သော၊ နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ရှိသော ပဌမဈာန်သို့ ရောက်၍ နေ၏၊ ရဟန်းတို့ ဤရဟန်းသည် မာရ်နတ်ကို ကန်းအောင်ပြု၏၊ မာရ်နတ်မျက်စိကို တည်ရာအာရုံ မရှိအောင် ဖျက်ဆီး၍ မာရ်နတ်၏ မမြင်ရာ အာရုံအရပ်သို့ ရောက်၏ဟုဆိုရ၏။

ရဟန်းတို့ တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် ဝိတက် ဝိစာရငြိမ်းခြင်းကြောင့် မိမိသန္တာန်၌ စိတ်ကိုကြည်လင်စေတတ်သော၊ စိတ်တည်ကြည်ခြင်း ‘သမာဓိ’ ကို ဖြစ်ပွားစေတတ်သော၊ ကြံစည်ခြင်း ‘ဝိတက်’မရှိသော သုံးသပ်ဆင်ခြင်ခြင်း ‘ဝိစာရ’ မရှိသော၊ တည်ကြည်ခြင်း ‘သမာဓိ’ ကြောင့်ဖြစ်သော၊ နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ ရှိသော ဒုတိယဈာန်သို့ ရောက်၍ နေ၏။ ရဟန်းတို့ ဤရဟန်းသည်။ပ။ မာရ်နတ်၏ မမြင်ရာ (အာရုံ) အရပ်သို့ ရောက်၏ဟု ဆိုရ၏။

ရဟန်းတို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် နှစ်သိမ့်ခြင်း ‘ပီတိ’ ကိုလည်း မတပ်မက်ခြင်းကြောင့်သတိ, သမ္ပဇဉ်နှင့် ပြည့်စုံသည်ဖြစ်၍ လျစ်လျူရှုလျက် နေ၏၊ ချမ်းသာ ‘သုခ’ ကိုလည်း ကိုယ်ဖြင့် ခံစား၏၊ အကြင် (တတိယ) ဈာန်ကြောင့် ထိုသူ့ကို “လျစ်လျူရှုသူ သတိရှိသူ ချမ်းသားစွာ နေလေ့ရှိသူ” ဟုအရိယာပုဂ္ဂိုလ်တို့သည် ပြောကြားကုန်၏။ ထိုတတိယဈာန်သို့ ရောက်၍ နေ၏။ ရဟန်းတို့ ဤရဟန်းသည်။ပ။ မာရ်နတ်၏ မမြင်ရာ (အာရုံ) အရပ်သို့ ရောက်၏ဟု ဆိုရ၏။

ရဟန်းတို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် ချမ်းသာ ဆင်းရဲကို ပယ်ခြင်းကြောင့်လည်းကောင်း၊ ဝမ်းသာခြင်း နှလုံးမသာခြင်းတို့၏ ရှေးဦးကပင် ချုပ်နှင့်ခြင်းကြောင့်လည်းကောင်း၊ ဆင်းရဲ ချမ်းသာ မရှိသော လျစ်လျူမှု ‘ဥပေက္ခာ’ ကြောင့်ဖြစ်သည့် သတိ၏ စင်ကြယ်ခြင်းရှိသော စတုတ္ထဈာန်သို့ ရောက်၍နေ၏။ ရဟန်းတို့ ဤရဟန်းသည်။ပ။ မာရ်နတ်၏ မမြင်ရာ (အာရုံ) အရပ်သို့ ရောက်၏ဟု ဆိုရ၏။

ရဟန်းတို့ တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် ရူပသညာတို့ကို လုံးဝ လွန်မြောက်၍ ပဋိဃ သညာတို့လုံးဝချုပ်သည့်ပြင် နာနတ္တသညာတို့ကို လုံးဝနှလုံးမသွင်းမူ၍ “ကောင်းကင်သည် အဆုံးမရှိ” ဟုနှလုံးသွင်းလျက် အာကာသာနဉ္စာယတနဈာန်သို့ ရောက်၍ နေ၏။ ရဟန်းတို့ ဤရဟန်းသည်။ပ။ မာရ်နတ်၏ မမြင်ရာ (အာရုံ) အရပ်သို့ ရောက်၏ဟု ဆိုရ၏။

ရဟန်းတို့ တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် အာကာသာနဉ္စာယတနဈာန်ကို လုံးဝ လွန်မြောက်၍ “ဝိညာဏ်သည် အဆုံးမရှိ” ဟု နှလုံးသွင်းလျက် ဝိညာဏဉ္စာယတနဈာန်သို့ ရောက်လျက် နေ၏။ ရဟန်းတို့ ဤရဟန်းသည်။ပ။ မာရ်နတ်၏ မမြင်ရာ (အာရုံ) အရပ်သို့ ရောက်၏ဟု ဆိုရ၏။

ရဟန်းတို့ တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် ဝိညာဏဉ္စာယတနဈာန်ကို လုံးဝ လွန်မြောက်၍ “တစ်စုံတစ်ခုမျှ မရှိ” ဟု နှလုံးသွင်းလျက် အာကိဉ္စညာယတနဈာန်သို့ ရောက်၍ နေ၏။ ရဟန်းတို့ ဤရဟန်းသည်။ပ။ မာရ်နတ်၏ မမြင်ရာ (အာရုံ) အရပ်သို့ ရောက်၏ဟု ဆိုရ၏။

ရဟန်းတို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် အာကိဉ္စညာယတနဈာန်ကို လုံးဝလွန်မြောက်၍ “ဤဝိညာဏ်သည်ငြိမ်သက်၏၊ ဤဝိညာဏ်သည် မွန်မြတ်၏” ဟု နှလုံးသွင်းလျက် နေဝသညာနာသညာယတနဈာန်သို့ ရောက်၍ နေ၏။ ရဟန်းတို့ ဤရဟန်းသည်။ပ။ မာရ်နတ်၏ မမြင်ရာ (အာရုံ) အရပ်သို့ရောက်၏ဟု ဆိုရ၏။

ရဟန်းတို့ တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် အခြင်းအရာအားလုံးအားဖြင့် နေဝသညာနာသညာယတနဈာန်ကို လွန်မြောက်၍ မှတ်သားမှု ‘သညာ’ ခံစားမှု ‘ဝေဒနာ’တို့ ချုပ်ရာ (နိရောဓ) သမာပတ်ကိုဝင်စား၍ နေ၏။ ထိုရဟန်းမှာ မဂ်ပညာဖြင့် (သစ္စာကို) သိမြင်ခြင်းကြောင့် အာသဝေါတရားတို့သည်ကုန်ခန်းကုန်၏။ ရဟန်းတို့ ဤရဟန်းသည် မာရ်နတ်ကို ကန်းအောင်ပြု၏၊ မာရ်နတ်မျက်စိကို တည်ရာ့အာရုံ မရှိအောင် ဖျက်ဆီး၍ မာရ်နတ်၏ မမြင်ရာ (အာရုံ) အရပ်သို့ ရောက်၏။ လောက၌အထူး ကပ်ငြိမှု ‘တဏှာ’ ကို လွန်မြောက်၏ဟု ဆိုရ၏ဟု (မိန့်တော်မူ၏)။

မြတ်စွာဘုရားသည် ဤတရားကို ဟောကြားတော်မူ၏။ ရဟန်းတို့သည် မြတ်စွာဘုရား ဟောကြားတော်မူသော တရားတော်ကို နှစ်လိုကုန်သည်ဖြစ်၍ ဝမ်းမြောက်စွာ ခံယူကြကုန်သတည်း။

ငါးခုမြောက် နိဝါပသုတ်ပြီး၏။