မဇ္ဈိမနိကာယ်
၆— ပါသရာသိသုတ်
၂၇၂။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်— အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍သပိတ်သင်္ကန်းကို ယူဆောင်ကာ သာဝတ္ထိပြည်သို့ ဆွမ်းခံဝင်တော်မူ၏။ ထိုသို့ ဝင်တော်မူသောအခါ များစွာကုန်သော ရဟန်းတို့သည် အသျှင်အာနန္ဒာထံသို့ ချဉ်းကပ်ကုန်၍ အသျှင်အာနန္ဒာကို—
“ငါ့သျှင်အာနန္ဒာ တပည့်တော်တို့သည် မြတ်စွာဘုရား၏ မျက်မှောက်တော်မှ တရားစကားကို နာကြားခဲ့ရသည်ကား ကြာမြင့်လှပါပြီ၊ ငါ့သျှင်အာနန္ဒာ တောင်းပန်ပါ၏၊ တပည့်တော်တို့သည် မြတ်စွာဘုရား၏မျက်မှောက်တော်မှ တရားစကားကို နာကြားလိုကြပါကုန်၏” ဟု လျှောက်ကြကုန်၏။
အသျှင်တို့ သို့ဖြစ်လျှင် ရမ္မကပုဏ္ဏား၏ သင်္ခမ်းကျောင်းဆီသို့ ချဉ်းကပ်ကုန်လော့၊ မြတ်စွာဘုရား၏မျက်မှောက်တော်မှ တရားစကားကို နာကြားကြရကုန်တန်ရာ၏ဟု ပြောဆို၏။
ငါ့သျှင် ကောင်းပါပြီဟု ထိုရဟန်းတို့သည် အသျှင်အာနန္ဒာအား ပြန်ကြားလျှောက်ထားကြကုန်၏။
ထိုအခါ မြတ်စွာဘုရားသည် သာဝတ္ထိပြည်၌ ဆွမ်းခံလှည့်လည်၍ ဆွမ်းခံရာမှ ဖဲခွါလျက် ဆွမ်းစားပြီးနောက် အသျှင်အာနန္ဒာကို “အာနန္ဒာ လာသွားကြကုန်အံ့၊ နေ့သန့်ခြင်းငှါ ပုဗ္ဗာရုံကျောင်းမိဂါရသူဌေး၏ အမိသဖွယ်ဖြစ်သော ဝိသာခါ၏ ပြသာဒ်သို့ ချဉ်းကပ်ကုန်အံ့” ဟု ခေါ်တော်မူ၏။ “အသျှင်ဘုရား ကောင်းပါပြီ” ဟု မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထား၏။ ထိုအခါ မြတ်စွာဘုရားသည်အသျှင် အာနန္ဒာနှင့်အတူ ပုဗ္ဗာရုံကျောင်း မိဂါရသူဌေး၏ အမိသဖွယ်ဖြစ်သော ‘ဝိသာခါ’၏ ပြာသာဒ်သို့နေ့သန့်ခြင်းငှါ ချဉ်းကပ်တော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ညနေချမ်းအချိန် ကိန်းအောင်းရာမှထတော်မူကာ အသျှင်အာနန္ဒာကို “အာနန္ဒာ လာ,သွားကြကုန်အံ့၊ အရှေ့တံခါးမုခ် ရေချိုးဆိပ်သို့ရေချိုးရန် ချဉ်းကပ်ကုန်အံ့” ဟု ခေါ်တော်မူ၏။ “အသျှင်ဘုရား ကောင်းပါပြီ” ဟု အသျှင်အာနန္ဒာသည်မြတ်စွာဘုရား အား ပြန်ကြားလျှောက်ထား၏။
၂၇၃။ ထိုအခါ မြတ်စွာဘုရားသည် အသျှင်အာနန္ဒာနှင့် အတူ အရှေ့တံခါးမုခ် ရေချိုးဆိပ်သို့ ရေချိုးရန်ချဉ်းကပ်တော်မူ၏၊ အရှေ့တံခါးမုခ် ရေချိုးဆိပ်၌ ကိုယ်တို့ကို ရေသွန်းလောင်းပြီး ပြန်တက်၍တစ်ထည်တည်းသော သင်္ကန်းရှိလျက် ကိုယ်တို့ကို ရှေးပကတိအတိုင်း ခြောက်စေကာ ရပ်တော်မူ၏။ ထိုအခါ အသျှင်အာနန္ဒာသည် မြတ်စွာဘုရားကို “အသျှင်ဘုရား ရမ္မကပုဏ္ဏား၏ဤသင်္ခမ်း (ကျောင်း) သည် မဝေးလွန်းပါ၊ အသျှင်ဘုရား ရမ္မကပုဏ္ဏား၏ သင်္ခမ်းကျောင်းသည်မွေ့လျော်ဖွယ်ရှိပါ၏၊ အသျှင်ဘုရား ရမ္မကပုဏ္ဏား၏ သင်္ခမ်းကျောင်းသည် ကြည်နူးဖွယ်လည်း ရှိပါ၏။ အသျှင်ဘုရား တောင်းပန်ပါ၏၊ မြတ်စွာ ဘုရားသည် ရမ္မကပုဏ္ဏား၏ သင်္ခမ်းကျောင်းသို့ သနားခြင်းကိုစွဲ၍ ချဉ်းကပ်တော်မူပါ” ဟု လျှောက်ကြား၏။ မြတ်စွာဘုရားသည် ဆိတ်ဆိတ်နေခြင်းဖြင့်လက်ခံတော်မူ၏။ ။
ထို့နောက် မြတ်စွာဘုရားသည် ရမ္မကပုဏ္ဏား၏ သင်္ခမ်းကျောင်းသို့ ချဉ်းကပ်တော်မူ၏။ ထိုအခါများစွာကုန်သော ရဟန်းတို့သည် ရမ္မကပုဏ္ဏား၏ သင်္ခမ်းကျောင်း၌ တရားစကားဆွေးနွေးလျက် အညီ့အညွတ် စည်းဝေးထိုင်နေကုန်၏။ ထိုအခါ မြတ်စွာဘုရားသည် တံခါးမုခ်အပြင်၌ စကားပြီးဆုံးခြင်းကိုငံ့လင့်ကာ ရပ်တော်မူလျက် စကားပြီးဆုံးခြင်းကို သိသဖြင့် ချောင်းဟန့်ကာ တံခါးရွက်ကို ခေါက်တော်မူ၏။ ထိုရဟန်းတို့သည် မြတ်စွာဘုရားအား တံခါးကို ဖွင့်ပေးကုန်၏။ ထိုအခါ မြတ်စွာဘုရားသည်ရမ္မကပုဏ္ဏား၏ သင်္ခမ်းကျောင်းသို့ ဝင်၍ ခင်းထားသော နေရာ၌ ထိုင်နေပြီးနောက် ရဟန်းတို့ကို—
“ရဟန်းတို့ ယခုအခါ၌ အဘယ်စကားကို ဆွေးနွေးလျက် အညီအညွတ် (စည်းဝေး) ထိုင်နေကြကုန်သနည်း၊ သင်တို့၏ မပြီးသေးသော အကြားစကားသည် အဘယ်နည်း” ဟု မေးတော်မူ၏။
အသျှင်ဘုရား မြတ်စွာဘုရားကိုသာလျှင် အကြောင်းပြု၍ဖြစ်သော တရားစကားသည် အကျွန်ုပ်တို့၏မပြီးသေးသော အကြားစကားပင် ဖြစ်ပါ၏။ ထိုအခါ မြတ်စွာဘုရားသည် ကြွတော်မူလာပါသည်ဟုလျှောက်ကုန်၏။
ရဟန်းတို့ ကောင်းပေ၏၊ ရဟန်းတို့ သင်တို့သည် တရားစကားဆွေးနွေးလျက် အညီအညွတ်စည်းဝေးထိုင်နေကြကုန်ရာ၏၊ ထိုတရားစကားဆွေးနွေးလျက် အညီအညွတ် စည်းဝေးထိုင်နေခြင်းသည်ယုံကြည်ခြင်း ‘သဒ္ဓါ’ ဖြင့် လူ့ဘောင်မှ ရဟန်းဘောင်သို့ ကပ်ရောက်ကုန်သော သင်အမျိုးသားတို့အားသင့်လျော်ပေ၏။ ရဟန်းတို့ အညီအညွတ် စည်းဝေးကုန်သော သင်တို့သည် တရားစကားဆွေးနွေးခြင်းကိုဖြစ်စေ၊ အပြစ်ကင်းသော ဆိတ်ဆိတ်နေခြင်းကိုဖြစ်စေ ဤနှစ်မျိုးကို ပြုအပ်၏။
၂၇၄။ ရဟန်းတို့ ရှာမှီးခြင်းတို့သည် မြတ်သော ရှာမှီးခြင်း၊ မမြတ်သော ရှာမှီးခြင်းအားဖြင့်နှစ်မျိုးရှိကုန်၏။ ရဟန်းတို့ မမြတ်သော ရှာမှီးခြင်းဟူသည် အဘယ်နည်း။ ရဟန်းတို့ ဤလောက၌အချို့သောသူသည် ကိုယ်တိုင် ဖြစ်ပွါးခြင်း ‘ဇာတိ’ သဘောရှိသည်ဖြစ်လျက် ဖြစ်ပွါးခြင်း ‘ဇာတိ’ သဘောရှိသော အရာကိုသာလျှင် ရှာမှီး၏၊ ကိုယ်တိုင် ဆွေးမြေ့ခြင်း ‘ဇရာ’ သဘောရှိသည်ဖြစ်လျက်ဆွေးမြေ့ခြင်း ‘ဇရာ’ သဘောရှိသော အရာကိုသာလျှင် ရှာမှီး၏၊ ကိုယ်တိုင်နာခြင်း ‘ဗျာဓိ’သဘောရှိသည်ဖြစ်လျက် နာခြင်း ‘ဗျာဓိ’ သဘောရှိသော အရာကိုသာလျှင်ရှာမှီး၏၊ ကိုယ်တိုင် သေခြင်း ‘မရဏ’ သဘောရှိသည်ဖြစ်လျက် သေခြင်း ‘မရဏ’ သဘောရှိသောအရာကိုသာလျှင် ရှာမှီး၏၊ ကိုယ်တိုင် ပူဆွေးခြင်း ‘သောက’ သဘောရှိ သည်ဖြစ်လျက်ပူဆွေးခြင်း ‘သောက’ သဘောရှိသော အရာကိုသာလျှင် ရှာမှီး၏၊ ကိုယ်တိုင် ညစ်ညူးခြင်း ‘သံကိလေသ’ သဘောရှိသည်ဖြစ်လျက် ညစ်ညူးခြင်း ‘သံကိလေသ’ သဘောရှိသော အရာကိုသာလျှင်ရှာမှီး၏။
ရဟန်းတို့ အဘယ်ကို ဖြစ်ပွားခြင်း ‘ဇာတိ’ သဘောရှိသော အရာဟူ၍ ဆိုရကုန်မည်နည်း။
ရဟန်းတို့ သားမယားသည် ဖြစ်ပွားခြင်း ‘ဇာတိ’ သဘောရှိသော အရာတည်း၊ ကျွန်မိန်းမ ကျွန်ယောကျာ်းသည် ဖြစ်ပွားခြင်း ‘ဇာတိ’ သဘောရှိသော အရာတည်း၊ ဆိတ်နှင့်သိုးသည် ဖြစ်ပွားခြင်း ‘ဇာတိ’သဘောရှိသော အရာတည်း၊ ကြက် ဝက်သည် ဖြစ်ပွားခြင်း ‘ဇာတိ’ သဘောရှိသော အရာတည်း၊ ဆင် နွား မြင်း မြည်းသည် ဖြစ်ပွားခြင်း ‘ဇာတိ’ သဘောရှိသော အရာတည်း၊ ရွှေငွေသည်ဖြစ်ပွားခြင်း ‘ဇာတိ’ သဘောရှိသော အရာတည်း၊ ရဟန်းတို့ ဤအထည်ဝတ္ထုဒြဗ်တို့သည်ဖြစ်ပွားခြင်း ‘ဇာတိ’ သဘောရှိသော အရာတို့တည်း၊ ဤအထည်ဝတ္ထုဒြဗ်တို့၌ ဤသူသည်တပ်မက်မိန်းမော သက်ဝင်လျက် ကိုယ်တိုင် ဖြစ် ပွားခြင်း ‘ဇာတိ’ သဘောရှိသည်ဖြစ်လျက် ဖြစ်ပွားခြင်း ‘ဇာတိ’ သဘောရှိသော အရာကိုသာလျှင် ရှာမှီး၏။
ရဟန်းတို့ အဘယ်ကို ဆွေးမြေ့ခြင်း ‘ဇရာ’ သဘောရှိသော အရာဟူ၍ ဆိုရကုန်မည်နည်း။
ရဟန်းတို့ သားမယားသည် ဆွေးမြေ့ခြင်း ‘ဇရာ’ သဘောရှိသော အရာတည်း၊ ကျွန်မိန်းမ ကျွန်ယောကျာ်းသည် ဆွေးမြေ့ခြင်း ‘ဇရာ’ သဘောရှိသော အရာတည်း၊ ဆိတ်နှင့်သိုးသည် ဆွေးမြေ့ခြင်း ‘ဇရာ’ သဘောရှိသော အရာတည်း၊ ကြက် ဝက်သည် ဆွေးမြေ့ခြင်း ‘ဇရာ’သဘောရှိသော အရာတည်း၊ ့ဆင် နွား မြင်း မြည်းသည် ဆွေးမြေ့ခြင်း ‘ဇရာ’သဘောရှိသော အရာတည်း၊ ရွှေငွေသည်ဆွေးမြေ့ခြင်း ‘ဇရာ’ သဘောရှိသော အရာတည်း၊ ရဟန်းတို့ ဤအထည်ဝတ္ထုဒြဗ်တို့သည်ဆွေးမြေ့ခြင်း ‘ဇရာ’သဘောရှိသော အရာတည်း၊ ဤအထည်ဝတ္ထုဒြဗ်တို့၌ ဤသူသည် တပ်မက် မိန်းမောသက်ဝင်လျက် ကိုယ်တိုင် ဆွေးမြေ့ခြင်း ‘ဇရာ’ သဘော ရှိသည်ဖြစ်လျက် ဆွေးမြေ့ခြင်း ‘ဇရာ’ သဘောရှိသော အရာကိုသာလျှင် ရှာမှီး၏။
ရဟန်းတို့ အဘယ်ကို နာခြင်း ‘ဗျာဓိ’ သဘောရှိသော အရာဟူ၍ ဆိုရကုန်မည်နည်း။
ရဟန်းတို့ သားမယားသည် နာခြင်း ‘ဗျာဓိ’ သဘောရှိသော အရာတည်း၊ ကျွန်မိန်းမ ကျွန်ယောကျာ်းသည် နာခြင်း ‘ဗျာဓိ’ သဘောရှိသော အရာတည်း၊ ဆိတ်နှင့် သိုးသည် နာခြင်း ‘ဗျာဓိ’သဘောရှိသော အရာတည်း၊ ကြက် ဝက်သည် နာခြင်း ‘ဗျာဓိ’ သဘောရှိသော အရာတည်း၊ ဆင် နွား မြင်း မြည်းသည် နာခြင်း ‘ဗျာဓိ’ သဘောရှိသော အရာတည်း။ ရဟန်းတို့ ဤအထည်ဝတ္ထုဒြဗ်တို့သည် နာခြင်း ‘ဗျာဓိ’ သဘောရှိသော အရာတို့တည်း။ ဤအထည်ဝတ္ထုဒြဗ်တို့၌ ဤသူသည် တပ်မက် မိန်းမော သက်ဝင် လျက် ကိုယ်တိုင် နာခြင်း ‘ဗျာဓိ’ သဘောရှိသည်ဖြစ်လျက် နာခြင်း ‘ဗျာဓိ’ သဘောရှိသောအရာကိုသာလျှင် ရှာမှီး၏။
ရဟန်းတို့ အဘယ်ကို သေခြင်း ‘မရဏ’ သဘောရှိသော အရာဟူ၍ ဆိုရကုန်မည်နည်း။
ရဟန်းတို့ သားမယားသည် သေခြင်း ‘မရဏ’ သဘောရှိသော အရာတည်း၊ ကျွန်မိန်းမ ကျွန်ယောကျာ်းသည် သေခြင်း ‘မရဏ’ သဘောရှိသော အရာတည်း၊ ဆိတ်နှင့်သိုးသည် သေခြင်း ‘မရဏ’သဘောရှိသော အရာတည်း၊ ကြက် ဝက်သည် သေခြင်း ‘မရဏ’ သဘောရှိသော အရာတည်း၊ ဆင် နွားမြင်း မြည်းသည် သေခြင်း ‘မရဏ’ သဘောရှိသော အရာတည်း။ ရဟန်းတို့ ဤအထည်ဝတ္ထုဒြဗ်တို့သည်သေခြင်း ‘မရဏ’ သဘောရှိသော အရာတို့တည်း။ ဤအထည်ဝတ္ထုဒြဗ်တို့၌ ဤသူသည် တပ်မက်မိန်းမော သက်ဝင်လျက် ကိုယ်တိုင် သေခြင်း ‘မရဏ’ သဘောရှိသည်ဖြစ်လျက် သေခြင်း ‘မရဏ’ သဘောရှိသော အရာကိုသာလျှင် ရှာမှီး၏။
ရဟန်းတို့ အဘယ်ကို ပူဆွေးခြင်း ‘သောက’ သဘောဟူ၍ ဆိုရကုန်မည်နည်း။
ရဟန်းတို့ သားမယားသည် ပူဆွေးခြင်း ‘သောက’ သဘောရှိသော အရာတည်း၊ ကျွန်မိန်းမ ကျွန်ယောကျာ်းသည် ပူဆွေးခြင်း ‘သောက’ သဘောရှိသော အရာတည်း၊ ဆိတ်နှင့် သိုးသည် ပူဆွေးခြင်း ‘သောက’ သဘောရှိသော အရာတည်း၊ ကြက် ဝက်သည် ပူဆွေးခြင်း ‘သောက’ သဘောရှိသောအရာတည်း၊ ဆင် နွား မြင်း မြည်းသည် ပူဆွေးခြင်း ‘သောက’ သဘောရှိသော အရာတည်း။ ရဟန်းတို့ဤအထည် ဝတ္ထုဒြဗ်တို့သည် ပူဆွေးခြင်း ‘သောက’ သဘောရှိသော အရာတို့တည်း။ ဤအထည်ဝတ္ထုဒြဗ်တို့၌ ဤသူ သည် တက်မက် မိန်းမော သက်ဝင်လျက် ကိုယ်တိုင် ပူဆွေးခြင်း ‘သောက’ သဘောရှိသည်ဖြစ်လျက် ပူဆွေးခြင်း ‘သောက’ သဘောရှိသော အရာကိုသာလျှင် ရှာမှီး၏။
ရဟန်းတို့ အဘယ်ကို ညစ်ညူးခြင်း ‘သံကိလေသ’ သဘောရှိသော အရာဟူ၍ ဆိုရကုန်မည်နည်း။
ရဟန်းတို့ သားမယားသည် ညစ်ညူးခြင်း ‘သံကိလေသ’ သဘောရှိသော အရာတည်း၊ ကျွန်မိန်းမကျွန်ယောကျာ်းသည် ညစ်ညူးခြင်း ‘သံကိလေသ’ သဘောရှိသော အရာတည်း၊ ဆိတ်နှင့် သိုးသည် ညစ်ညူးခြင်း ‘သံကိလေသ’ သဘောရှိသော အရာတည်း၊ ကြက် ဝက်သည် ညစ်ညူးခြင်း ‘သံကိလေသ’သဘောရှိသော အရာတည်း၊ ဆင် နွား မြင်း မြည်းသည် ညစ်ညူးခြင်း ‘သံကိလေသ’ သဘောရှိသောအရာတည်း၊ ရွှေငွေသည် ညစ်ညူးခြင်း ‘သံကိလေသ’ သဘောရှိသော အရာတည်း။ ရဟန်းတို့ ဤအထည်ဝတ္ထုဒြဗ်တို့သည် ညစ်ညူးခြင်း ‘သံကိလေသ’ သဘောရှိသော အရာတို့တည်း။ ဤအထည်ဝတ္ထုဒြဗ်တို့၌ ဤသူသည် တက်မက် မိန်းမော သက်ဝင်လျက် ကိုယ်တိုင် ညစ်ညူးခြင်း ‘သံကိလေသ’,သဘောရှိသည်ဖြစ်လျက် ညစ်ညူးခြင်း ‘သံကိလေသ’ သဘောရှိသော အရာကိုသာလျှင် ရှာမှီး၏။
ရဟန်းတို့ မမြတ်သော ရှာမှီးခြင်းဟူသည် ဤသည်ပင်တည်း။
၂၇၅။ ရဟန်းတို့ မြတ်သော ရှာမှီးခြင်းဟူသည် အဘယ်နည်း။
ရဟန်းတို့ ဤလောက၌ အချို့သော သူသည် ကိုယ်တိုင် ဖြစ်ပွါးခြင်း ‘ဇာတိ’ သဘောရှိသည်ဖြစ်၍ဖြစ်ပွါးခြင်း ‘ဇာတိ’ သဘော၌ အပြစ်ကို သိပြီးလျှင် ဖြစ်ပွါးခြင်းမရှိသော အတုမဲ့ဖြစ်သော ဘေးကင်းရာနိဗ္ဗာန်ကို ရှာမှီး၏။ ကိုယ်တိုင် ဆွေးမြေ့ခြင်း ‘ဇရာ’ သဘောရှိသည်ဖြစ်၍ ဆွေးမြေ့ခြင်း ‘ဇရာ’ သဘော၌အပြစ်ကို သိပြီးလျှင် ဆွေးမြေ့ခြင်းမရှိသော အတုမဲ့ဖြစ်သော ဘေးကင်းရာ နိဗ္ဗာန်ကို ရှာမှီး၏။ ကိုယ်တိုင် နာခြင်း ‘ဗျာဓိ’ သဘောရှိသည်ဖြစ်၍ နာခြင်း ‘ဗျာဓိ’ သဘော၌ အပြစ်ကို သိပြီးလျှင်နာခြင်းမရှိသော အတုမဲ့ ဖြစ်သော ဘေးကင်းရာ နိဗ္ဗာန်ကို ရှာမှီး၏။ ကိုယ်တိုင်သေခြင်း ‘မရဏ’ သဘောရှိသည်ဖြစ်၍ သေခြင်း ‘မရဏ’ သဘော၌ အပြစ်ကို သိပြီးလျှင် သေခြင်းမရှိသောအတုမဲ့ဖြစ်သော ဘေးကင်းရာ နိဗ္ဗာန်ကို ရှာမှီး၏။ ကိုယ်တိုင် ပူဆွေးခြင်း ‘သောက’ ရှိသည်ဖြစ်၍ပူဆွေးခြင်း ‘သောက’ သဘော၌ အပြစ်ကို သိပြီးလျှင် ပူဆွေးခြင်းမရှိသော အတုမဲ့ဖြစ်သော ဘေးကင်းရာနိဗ္ဗာန်ကို ရှာမှီး၏။ ကိုယ်တိုင် ညစ်ညူးခြင်း ‘သံကိလေသ’ သဘောရှိသည်ဖြစ်၍ ညစ်ညူးခြင်း ‘သံကိလေသ’ သဘော၌ အပြစ်ကို သိပြီးလျှင် ညစ်ညူးခြင်းမရှိသော အတုမဲ့ဖြစ်သော ဘေးကင်းရာနိဗ္ဗာန်ကို ရှာမှီး၏။
ရဟန်းတို့ မြတ်သော ရှာမှီးခြင်းဟူသည် ဤသည်ပင်တည်း။
၂၇၆။ ရဟန်းတို့ ငါသည်လည်း အရိယမဂ်ကို မရသေးမီ သစ္စာလေးပါးကို ထိုးထွင်း၍ မသိသေးသော ဘုရားလောင်းမျှသာ ဖြစ်နေစဉ်က ကိုယ်တိုင် ဖြစ်ပွါးခြင်း ‘ဇာတိ’ သဘောရှိသည်ဖြစ်လျက်ဖြစ်ပွါးခြင်း ‘ဇာတိ’ သဘောရှိသော အရာကိုသာလျှင် ရှာမှီးခဲ့၏၊ ကိုယ်တိုင် ဆွေးမြေ့ခြင်း ‘ဇရာ’သဘောရှိ သည်ဖြစ်လျက် ဆွေးမြေ့ခြင်း ‘ဇရာ’ သဘောရှိသော အရာကိုသာလျှင် ရှာမှီးခဲ့၏၊ ကိုယ်တိုင်နာခြင်း ‘ဗျာဓိ’ သဘောရှိသည်ဖြစ်လျက် နာခြင်း ‘ဗျာဓိ’ သဘောရှိသော အရာကိုသာလျှင် ရှာမှီးခဲ့၏၊ ကိုယ်တိုင် သေခြင်း ‘မရဏ’ သဘောရှိသည်ဖြစ်လျက် သေခြင်း ‘မရဏ’ သဘောရှိသော အရာကိုသာလျှင်ရှာမှီးခဲ့၏၊ ကိုယ်တိုင် ပူဆွေးခြင်း ‘သောက’ သဘောရှိသည်ဖြစ်လျက်ပူဆွေးခြင်း ‘သောက’ သဘောရှိသော အရာကိုသာလျှင် ရှာမှီးခဲ့၏၊ ကိုယ်တိုင် ညစ်ညူးခြင်း ‘သံကိလေသ’သဘောရှိသည်ဖြစ်လျက် ညစ်ညူးခြင်း ‘သံကိလေသ’ သဘောရှိသော အရာကိုသာလျှင်ရှာမှီးခဲ့၏။
ရဟန်းတို့ ထိုငါ့အား ဤသို့သော အကြံအစည်သည် ဖြစ်၏။ “အဘယ့်ကြောင့် ငါသည် ကိုယ်တိုင်ဖြစ်ပွါးခြင်း ‘ဇာတိ’ သဘောရှိသည်ဖြစ်လျက် ဖြစ်ပွါးခြင်း ‘ဇာတိ’ သဘောရှိသော အရာကိုသာလျှင် ရှာမှီးခဲ့ရသနည်း၊ ကိုယ်တိုင် ဆွေးမြေ့ခြင်း ‘ဇရာ’ သဘောရှိသည်ဖြစ်လျက်၊ နာခြင်း ‘ဗျာဓိ’ သဘောရှိသည်ဖြစ်လျက်၊ သေခြင်း ‘မရဏ’ သဘောရှိသည်ဖြစ်လျက်၊ ပူဆွေးခြင်း ‘သောက’ သဘောရှိသည်ဖြစ်လျက်၊ ကိုယ်တိုင် ညစ်ညူးခြင်း ‘သံကိလေသ’ သဘောရှိသည်ဖြစ်လျက် ညစ်ညူးခြင်း ‘သံကိလေသ’ သဘောရှိသောအရာကိုသာလျှင် ရှာမှီးခဲ့ရသနည်း။ ငါသည် ကိုယ်တိုင် ဖြစ်ပွါးခြင်း ‘ဇာတိ’ သဘောရှိသည်ဖြစ်၍ ဖြစ်ပွါးခြင်း ‘ဇာတိ’ သဘော၌ အပြစ်ကို သိပြီးလျှင် ဖြစ်ပွါးခြင်း မရှိသော အတုမဲ့ဖြစ်သော ဘေးကင်းရာနိဗ္ဗာန်ကို ရှာမှီးရမူ၊ ကိုယ်တိုင် ဆွေးမြေ့ခြင်း ‘ဇရာ’ သဘောရှိသည် ဖြစ်၍ ဆွေးမြေ့ခြင်း ‘ဇရာ’ သဘော၌အပြစ်ကို သိပြီးလျှင် ဆွေးမြေ့ခြင်းမရှိသော အတုမဲ့ဖြစ်သော ဘေးကင်းရာ နိဗ္ဗာန်ကို ရှာမှီးရမူ၊ ကိုယ်တိုင် နာခြင်း ‘ဗျာဓိ’ သဘောရှိသည်ဖြစ်၍ နာခြင်း ‘ဗျာဓိ’သဘော၌ အပြစ်ကို သိပြီးလျှင်နာခြင်းမရှိသော အတုမဲ့ ဖြစ်သော ဘေးကင်းရာ နိဗ္ဗာန်ကို ရှာမှီးရမူ၊ ကိုယ်တိုင်သေခြင်း ‘မရဏ’ သဘောရှိသည် ဖြစ်၍ သေခြင်း ‘မရဏ’ သဘော၌ အပြစ်ကို သိပြီးလျှင်သေခြင်းမရှိသော အတုမဲ့ဖြစ်သော ဘေးကင်းရာ နိဗ္ဗာန်ကို ရှာမှီး ရမူ၊ ကိုယ်တိုင် ပူဆွေးခြင်း့ ‘သောက’ သဘောရှိသည်ဖြစ်၍ ပူဆွေးခြင်း ‘သောက’ သဘော၌ အပြစ်ကို သိပြီးလျှင်ပူဆွေးခြင်းမရှိသော အတုမဲ့ဖြစ်သော ဘေးကင်းရာ နိဗ္ဗာန်ကို ရှာမှီးရမူ၊ ကိုယ်တိုင် ညစ်ညူးခြင်း ‘သံကိလေသ’ သဘောရှိသည်ဖြစ်၍ ညစ်ညူးခြင်း ‘သံကိလေသ’ သဘော၌ အပြစ်ကို သိပြီး လျှင် “ညစ်ညူးခြင်းမရှိသော အတုမဲ့ဖြစ်သော ဘေးကင်းရာ နိဗ္ဗာန်ကို ရှာမှီးရမူ ကောင်းပေ မည်” ဟု (အကြံအစည်ဖြစ်၏)။
၂၇၇။ ရဟန်းတို့ နောက်အခါ၌ ပျိုမျစ်သည်သာလျှင်ဖြစ်၍ ကောင်းစွာ မည်းနက်သော ဆံပင် ရှိသောပဌမအရွယ်နှင့် ပြည့်စုံသဖြင့် အရွယ်ကောင်းသော ထိုငါသည် မလိုလားကုန်သော မိဘများ မျက်ရည်ယိုစီးလျက် ငိုကြွေးကုန်စဉ် ဆံမုတ်ဆိတ်ကို ပယ်ပြီးလျှင် ဖန်ရည်ဆိုး အဝတ်တို့ကို ဝတ်၍ လူ့ဘောင်မှ ထွက်ခဲ့၍ ရဟန်းဘောင်၌ ရဟန်းပြုခဲ့၏။ ထိုငါသည် ဤဆိုခဲ့သည့်အတိုင်း ရဟန်းဖြစ်ပြီးလျက်သာလျှင်အဘယ်အရာသည် အပြစ်ကင်းသော တရားပေနည်းဟု ရှာဖွေလျက် အဘယ်အရာသည် (အတုမရှိ) မြတ်သောငြိမ်းအေးရာ နိဗ္ဗာန်နည်းဟု ရှာဖွေလျက် ကာလာမအနွယ် အာဠာရထံသို့ ချဉ်းကပ်ပြီးနောက်ကာလာမအနွယ်ဖြစ်သော အာဠာရကို “ငါ့သျှင် ကာလာမ ငါသည် ဤသာသနာတော်၌မြတ်သောအကျင့်ကို ကျင့်လို၏” ဟု ဤစကားကို ပြောဆို၏။ ရဟန်းတို့ ဤသို့ ပြောဆိုသော်ကာလာမအနွယ်၌ ဖြစ်သော အာဠာရက “အသျှင်သည် နေပါလော့၊ ဤတရားကားပညာရှိယောကျာ်းသည် မကြာမီပင် မိမိ၏ ဆရာ့ အယူကို ကိုယ်တိုင် ထူးသောဉာဏ်ဖြင့်မျက်မှောက်ပြုလျက် ပြည့်စုံစေ၍ နေနိုင်ရာသော သဘောရှိပါ၏” ဟု ငါ့အား ပြောဆို၏။ ရဟန်းတို့ထိုငါသည် မကြာမီ လျင်မြန်စွာသာလျှင် ထိုတရားကို သင်ယူ၏။ ရဟန်းတို့ ထိုငါသည် နှုတ်ခမ်းလှုပ်ရုံမျှဆိုပြသည်ကို လိုက်ဆိုရုံမျှ လောက်ဖြင့်သာလျှင် သိပြီဟူသော စကားကိုလည်းကောင်း၊ ခိုင်မြဲပြီဟူသောစကားကိုလည်းကောင်း ပြောဆိုနိုင်၏၊ ငါ့ကိုယ်တိုင်ကလည်း သိ၏၊ မြင်၏ဟု ဝန်ခံ၏။ သူတစ်ပါးတို့ကလည်း ပြောဆိုကြကုန်၏။ ရဟန်းတို့ ထိုငါ့အား ဤသို့ အကြံ ဖြစ်၏၊ “ကာလာမအနွယ်၌ဖြစ်သော အာဠာရသည် ဤတရားကို ‘ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုကာ ပြည့်စုံစေ၍ နေ၏’ဟု ယုံကြည်မှုသက်သက်မျှဖြင့် ပြောကြားသည် မဟုတ်၊ စင်စစ်အားဖြင့် ကာလာမအနွယ်၌ဖြစ်သော အာဠာရသည် ဤတရားကို သိမြင်လျက် နေ၏” ဟု (အကြံဖြစ်၏)။
ရဟန်းတို့ ထိုအခါ ငါသည် ကာလာမအနွယ်၌ဖြစ်သော အာဠာရထံသို့ ချဉ်းကပ်ပြီးလျှင် “ငါ့သျှင်ကာလာမ အဘယ်မျှဖြင့် ဤတရားကို ထူးသောဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက်ပြုကာ ပြည့်စုံစေ၍နေ၏ဟူ၍ ပြောကြားသနည်း” ဟု ကာလာမအနွယ်၌ဖြစ်သော အာဠာရကို ပြောဆို၏။ ရဟန်းတို့ ဤသို့ပြောဆိုသော် ကာလာမအနွယ်၌ဖြစ်သော အာဠာရသည် အာကိဉ္စညာယတနဈာန်ကို ပြောကြား၏။ ရဟန်းတို့ ထိုငါ့အား ဤသို့သော အကြံသည် ဖြစ်ပြန်၏။
“ကာလာမအနွယ်၌ဖြစ်သော အာဠာရအားသာလျှင် ယုံကြည်ခြင်း ‘သဒ္ဓါ’ ရှိသည် မဟုတ်၊ ငါ့အားလည်းယုံကြည်ခြင်း ‘သဒ္ဓါ’ ရှှိိ၏။ ကာလာမအနွယ်၌ဖြစ်သော အာဠာရအားသာလျှင် အားထုတ်မှု ‘ဝီရိယ’ ရှိသည်မဟုတ်၊ ငါ့အားလည်း အားထုတ်မှု ‘ဝီရိယ’ ရှိ၏။ ကာလာမအနွယ်၌ဖြစ်သော အာဠာရအားသာလျှင်အောက်မေ့ခြင်း ‘သတိ’ရှိသည်မဟုတ်၊ ငါ့အားလည်း အောက်မေ့ခြင်း ‘သတိ’ ရှိ၏။ ကာလာမအနွယ်၌ ဖြစ်သော အာဠာရအားသာလျှင် တည်ကြည်ခြင်း ‘သမာဓိ’ ရှိသည် မဟုတ်၊ ငါ့အားလည်း တည်ကြည်ခြင်း ‘သမာဓိ’ရှိ၏။ ကာလာမအနွယ်၌ဖြစ်သော အာဠာရအားသာလျှင် အသိဉာဏ် ‘ပညာ’ ရှိသည် မဟုတ်၊ ငါ့အားလည်း အသိဉာဏ် ‘ပညာ’ ရှိ၏။ ထူးသော ဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက်ပြုကာ ပြည့်စုံစေ၍နေ၏ဟု ကာလာမအနွယ်၌ဖြစ်သော အာဠာရ ပြောကြားထားသော တရားကို မျက်မှောက်ပြုခြင်းငှါ ငါအားထုတ်ရမူ ကောင်းပေမည်” ဟု (အကြံဖြစ်၏)။
ရဟန်းတို့ ထိုငါသည် မကြာမီ လျင်မြန်စွာသာလျှင် ထိုတရားကို ထူးသောဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက်ပြုကာ ပြည့်စုံစေ၍ နေ၏။
ရဟန်းတို့ ထိုအခါ ငါသည် ကာလာမအနွယ်၌ဖြစ်သော အာဠာရထံသို့ ချဉ်းကပ်၍ ကာလာမ အနွယ်၌ဖြစ်သော အာဠာရအား “ငါ့သျှင် ကာလာမ ဤမျှလောက်ဖြင့် ဤတရားကို ထူးသောဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက်ပြုကာ ပြည့်စုံစေ၍ ပြောကြားပါသလော” ဟု ပြောဆို၏။
ငါ့သျှင် ဤမျှလောက်ဖြင့် ဤတရားကို ထူးသောဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက်ပြုကာ ပြည့်စုံစေ၍ ငါပြောကြားပါ၏ဟု (ဝန်ခံ၏)။
ငါ့သျှင် ငါသည်လည်း ဤမျှလောက်ဖြင့် ဤတရားကို ထူးသောဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက်ပြု ကာပြည့်စုံစေ၍ နေပါ၏ဟု (ပြောဆို၏)။
ငါ့သျှင် သင်ကဲ့သို့သော သီတင်းသုံးဖော်အသျှင်ကို ငါတို့ တွေ့မြင်ကြရခြင်းသည် ငါတို့မှာ အရတော်လေစွ၊ ငါတို့မှာ အလွန်အရတော်လေစွ။ ဤသို့ ထူးသောဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက်ပြုကာပြည့်စုံစေ၍ ငါပြောကြားသော တရားကို ထူးသောဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက်ပြုကာ ပြည့်စုံစေ၍သင်သည် နေ၏။ ထူးသောဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက်ပြုကာ ပြည့်စုံစေ၍ သင်နေကြောင်းဖြစ်သောတရားကို ထူးသောဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက်ပြုကာ ပြည့်စုံစေ၍ ငါပြောကြား၏။ ဤသို့ ငါသိသောတရားကို သင်သိ၏၊ သင်သိ သောတရားကို ငါသိ၏၊ ဤသို့လျှင် ငါကဲ့သို့ပင် သင်လည်း ဖြစ်၏၊ သင်ကဲ့သို့ပင် ငါလည်း ဖြစ်၏။ ငါ့သျှင် လာလော့၊ ယခုအခါ သူတော်ကောင်းဖြစ်သောငါတို့နှစ်ဦးလုံးပင် ဤဂိုဏ်းကို (ရှေ့) ဆောင်ကြကုန်အံ့ဟု (ပြောဆို၏)။
ရဟန်းတို့ ဤသို့လျှင် ကာလာမအနွယ်၌ဖြစ်သော အာဠာရသည် ငါ၏ဆရာဖြစ်လျက် မိမိ၏ တပည့်ဖြစ်သော ငါ့ကို မိမိနှင့်အညီအမျှ ထား၏၊ ငါ့ကို မွန်မြတ်သော ပူဇော်ခြင်းဖြင့်လည်း ပူဇော်၏။ ရဟန်းတို့ ထိုငါ့အား ဤသို့သော အကြံသည် ဖြစ်၏။ “ဤတရားသည်ငြီးငွေ့ရန်အလို့ငှါ မဖြစ်၊ တက်မက်ခြင်း ကင်းရန် အလို့ငှါ မဖြစ်၊ (ဝဋ်ဆင်းရဲ) ချုပ်ရန်အလို့ငှါ မဖြစ်၊ (ကိလေသာ) ငြိမ်းရန်အလို့ငှါ မဖြစ်၊ ထူးသောဉာဏ်ဖြင့် သိရန် အလို့ငှါ မဖြစ်၊ (သစ္စာလေပါးကို) သိရန်အလို့ငှါမဖြစ်၊ နိဗ္ဗာန်ကို မျက်မှောက် ပြုရန်အလို့ငှါ မဖြစ်၊ အာကိဉ္စညာယတနဘုံ၌ ဖြစ်ရုံမျှအကျိုးငှါသာလျှင်ဖြစ်၏” ဟု (အကြံဖြစ်၏)။ ရဟန်းတို့ ထိုငါသည် ထိုတရားကို တန်ဆာမဆင်ဘဲ ထိုတရားမှငြီးငွေ့၍ဖဲခွါခဲ့၏။
၂၇၈။ ရဟန်းတို့ ထိုငါသည် အဘယ်အရာသည် အပြစ်ကင်းသော တရားပေနည်းဟု ရှာဖွေ လျက်,အဘယ်အရာသည် အတုမရှိမြတ်သောငြိမ်းအေးရာ နိဗ္ဗာန်နည်းဟု ရှာဖွေလျက် ရာမသား ဥဒက ထံသို့ချဉ်းကပ်ပြီးနောက် ရာမသား ဥဒကအား “ငါ့သျှင် ငါသည် ဤသာသနာတော်၌ မြတ်သော အကျင့်ကိုကျင့်လို၏” ဟု ဤစကားကို ပြောဆို၏။ ရဟန်းတို့ ဤသို့ ပြောဆိုသော် ရာမသား ဥဒကက “အသျှင်သည် နေပါလော့၊ ဤတရားကား ပညာရှိသော ယောကျာ်းသည် မကြာမီပင် မိမိ၏ဆရာ့အယူကို ထူးသောဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက်ပြုကာ ပြည့်စုံစေ၍ နေနိုင်ရာသောသဘောရှိပါ၏” ဟု ငါ့အား ပြောဆို၏။ ရဟန်းတို့ ထိုငါသည် မကြာမီ လျင်မြန်စွာသာလျှင် ထိုတရားကိုသင်ယူ၏။ ရဟန်းတို့ ထိုငါ သည် နှုတ်ခမ်းလှုပ်ရုံမျှ ဆိုပြသည်ကို လိုက်ဆိုရုံမျှ လောက်ဖြင့်သာလျှင်သိပြီဟူသော စကားကိုလည်း ကောင်း၊ ခိုင်မြဲပြီဟူသော စကားကိုလည်းကောင်း ပြောဆိုနိုင်၏၊ ငါကိုယ်တိုင်ကလည်း သိ၏ မြင်၏ဟု ဝန်ခံ၏၊ သူတစ်ပါးတို့ကလည်း ပြောဆိုကြကုန်၏။ ရဟန်းတို့ထိုငါ့အား ဤသို့ အကြံဖြစ်၏၊ “ရာမ သည် ဤတရားကို ‘ထူးသောဉာဏ်ဖြင့်ကိုယ်တိုင်မျက်မှောက်ပြုကာ ပြည့်စုံစေ၍ နေရာ၏’ဟု ယုံကြည်မှုသက်သက်မျှဖြင့် ပြောကြားသည်မဟုတ်၊ စင်စစ်အားဖြင့် ရာမသည် ဤတရားကို သိမြင်လျက် နေ၏” ဟု (အကြံဖြစ်၏)။ ရဟန်းတို့ထိုအခါ ငါသည် ရာမသား ဥဒကထံသို့ ချဉ်းကပ်ပြီးလျှင် “ငါ့သျှင် ရာမ အဘယ်မျှလောက်ဖြင့်ဤတရားကို ထူးသောဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက်ပြုကာ ပြည့်စုံစေ၍ ငါနေ၏” ဟူ၍ပြောကြားသနည်းဟု ရာမသား ဥဒကကို ပြောဆို၏။ ရဟန်းတို့ ဤသို့ ပြောဆိုသော် ရာမသားဥဒကသည် နေဝသညာနာသညာယတနဈာန်ကို ပြောကြား၏။ ရဟန်းတို့ ထိုငါ့အား ဤသို့သောအကြံသည် ဖြစ်၏၊ “ရာမအားသာလျှင် ယုံကြည်ခြင်း ‘သဒ္ဓါ’ ရှိသည် မဟုတ်၊ ငါ့အားလည်းယုံကြည်ခြင်း ‘သဒ္ဓါ’ ရှိ၏။ ရာမအားသာလျှင် အားထုတ်မှု ‘ဝီရိယ’ ရှိသည် မဟုတ်၊ ငါ့အားလည်းအားထုတ်မှု ‘ဝီရိယ’ ရှိ၏။ ရာမအားသာလျှင် အောက်မေ့ခြင်း ‘သတိ’ ရှိသည် မဟုတ်၊ ငါ့အားလည်းအောက်မေ့ခြင်း ‘သတိ’ ရှိ၏။ ရာမအားသာလျှင် တည်ကြည်ခြင်း ‘သမာဓိ’ ရှိသည် မဟုတ်၊ ငါ့အားလည်း တည်ကြည်ခြင်း ‘သမာဓိ’ ရှိ၏။ ရာမအားသာလျှင် အသိဉာဏ် ‘ပညာ’ ရှိသည် မဟုတ်၊ ငါ့အားလည်း အသိဉာဏ် ‘ပညာ’ ရှိ၏။ ထူးသောဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက်ပြုကာ ပြည့်စုံစေ၍ငါနေ၏ဟု ရာမပြောကြားထား သော တရားကို မျက်မှောက်ပြုခြင်းငှါ ငါ အားထုတ်ရမူကောင်းပေမည်” ဟု (အကြံဖြစ်၏)။
ရဟန်းတို့ ထိုငါသည် မကြာမီ လျင်မြန်စွာသာလျှင် ထိုတရားကို ထူးသောဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက်ပြုကာ ပြည့်စုံစေ၍ နေ၏။
ရဟန်းတို့ ထိုအခါ ငါသည် ရာမသား ဥဒကထံသို့ ချဉ်းကပ်၍ ရာမသား ဥဒကအား “ငါ့သျှင် ရာမဤမျှလောက်ဖြင့် ဤတရားကို ထူးသောဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက်ပြုကာ ပြည့်စုံစေ၍ ပြောကြားပါသလော” ဟု ပြောဆို၏။
ငါ့သျှင် ဤမျှလောက်ဖြင့် ဤတရားကို ထူးသောဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက်ပြုကာ ပြည့်စုံစေ၍ငါပြောကြားပါ၏ဟု (ဝန်ခံ၏)။
ငါ့သျှင် ငါသည်လည်း ဤမျှလောက်ဖြင့် ဤတရားကို ထူးသောဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက် ပြုကာပြည့်စုံစေ၍ နေပါ၏ဟု (ပြောဆို၏)။
ငါ့သျှင် သင်ကဲ့သို့သော သီတင်းသုံးဖော် အသျှင်ကို ငါတို့ တွေ့မြင်ကြရခြင်းသည် ငါတို့မှာ အရတော်လေစွ၊ ငါတို့မှာ အလွန်အရတော်လေစွ။ ဤသို့ ထူးသောဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက်ပြုကာပြည့်စုံစေ၍ ငါပြောကြားသော တရားကို ထူးသောဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက်ပြုကာ ပြည့်စုံစေ၍သင်သည် နေ၏၊ ထူးသောဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက်ပြုကာ ပြည့်စုံစေ၍ သင်နေကြောင်းဖြစ်သောတရားကို ထူးသောဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက်ပြုကာ ပြည့်စုံစေ၍ ငါပြောကြား၏။ ဤသို့ငါသိသော တရားကို သင်သိ၏၊ သင်သိသောတရားကို ငါသိ၏၊ ဤသို့လျှင် ငါကဲ့သို့ပင် သင်လည်းဖြစ်၏၊ သင်ကဲ့ သို့ပင် ငါလည်း ဖြစ်၏။ ငါ့သျှင် လာလော့၊ ယခုအခါ သင်သည် ဤဂိုဏ်းကိုရှေ့ဆောင်ပါလော့ဟု (ပြော ဆို၏)။
ရဟန်းတို့ ဤသို့လျှင် ရာမ၏သား ဥဒကသည် ငါ၏ သီတင်းသုံးဖော်ဖြစ်လျက် ငါ့ကို ဆရာ့အရာ၌ထား၏၊ ငါ့ကို မွန်မြတ်သော ပူဇော်ခြင်းဖြင့်လည်း ပူဇော်၏။ ရဟန်းတို့ ထိုငါ့အား ဤသို့သော အကြံသည် ဖြစ်၏၊ “ဤတရားသည်ငြီးငွေ့ရန်အလို့ငှါ မဖြစ်၊ တပ်မက်ခြင်း ကင်းရန်အလို့ငှါ မဖြစ်၊ (ဝဋ်ဆင်းရဲ) ချုပ်ရန်အလို့ငှါ မဖြစ်၊ (ကိလေသာ) ငြိမ်းရန်အလို့ငှါ မဖြစ်၊ ထူးသောဉာဏ်ဖြင့် သိရန် အလို့ငှါမဖြစ်၊ (သစ္စာလေးပါးကို) သိရန်အလို့ငှါ မဖြစ်၊ နိဗ္ဗာန်ကို မျက်မှောက်ပြုရန်အလို့ငှါ မဖြစ်၊ နေဝသညာနာသညာယတနဘုံ၌ ဖြစ်ရုံမျှ အကျိုးငှါသာလျှင် ဖြစ်၏” ဟု (အကြံဖြစ်၏)။ ရဟန်းတို့ ထိုငါသည်ထိုတရားကို တန်ဆာမဆင်ဘဲ ထိုတရားမှငြီးငွေ့၍ ဖဲခွါခဲ့၏။
၂၇၉။ ရဟန်းတို့ ထိုငါသည် အဘယ်အရာသည် အပြစ်ကင်းသော တရားပေနည်းဟု ရှာဖွေလျက်,အဘယ်အရာသည် အတုမရှိမြတ်သောငြိမ်းအေးရာ နိဗ္ဗာန်နည်းဟု ရှာဖွေလျက် မဂဓတိုင်းတို့၌ အစဉ့်အတိုင်း ဒေသစာရီလှည့်လည်သော် ဥရုဝေလတော သေနာနိဂုံးသို့ ရောက်၏။ ထိုအရပ်၌ မွေ့လျော်ဖွယ်ရာ မြေအဖို့ကိုလည်းကောင်း၊ ကြည်နူးဖွယ်ရာကောင်းသော တောအုပ်ကိုလည်းကောင်း၊ စီးဆင်းနေသောမြစ်ကိုလည်းကောင်း၊ မွေ့လျော်ဖွယ်ကောင်းသော သန့်ရှင်းသော ဆိပ်ကမ်းကိုလည်းကောင်း၊ အနီးအနားမှဆွမ်းခံရွာကိုလည်းကောင်း မြင်၏။ ရဟန်းတို့ ထိုငါ့အား ဤသို့သော အကြံသည်ဖြစ်၏။ “အချင်းတို့မြေအဖို့သည် စင်စစ် မွေ့လျော်ဖွယ် ရှိလှပေ၏၊ တောအုပ်သည်လည်း ကြည်နူးဖွယ် ကောင်း လှပေ၏၊ မြစ်သည်လည်း တသွင်သွင် စီးဆင်းနေ၏၊ ဆိပ်ကမ်းသည်လည်း သန့်ရှင်း၍ မွေ့လျော်ဖွယ် ကောင်းလှပေ၏။ ဆွမ်းခံရွာသည်လည်း နီးနားလှပေ၏၊ ဤအရပ်သည် ကမ္မဋ္ဌာန်းအားထုတ်လိုသောအမျိုးသားအား ကမ္မဋ္ဌာန်းအားထုတ်ခြင်းငှါ သင့်လျော်ရာ၏” ဟု (အကြံဖြစ်၏)။ ရဟန်းတို့ဤအရပ်သည် ကမ္မဋ္ဌာန်း အားထုတ်ခြင်းငှါ သင့်လျော်လှပေ၏” ဟု နှလုံးသွင်းလျက် ထိုအရပ်၌ပင်ငါနေခဲ့ပေ၏။
၂၈ဝ။ ရဟန်းတို့ ထိုငါသည် ကိုယ်တိုင် ဖြစ်ပွါးခြင်း ‘ဇာတိ’ သဘောရှိသည်ဖြစ်၍ ဖြစ်ပွါးခြင်း ‘ဇာတိ’သဘော၌ အပြစ်ကို သိပြီးလျှင် ဖြစ်ပွါးခြင်းသဘောမရှိသော အတုမဲ့ဖြစ်သော ဘေးကင်းရာ နိဗ္ဗာန်ကိုရှာဖွေသော် ဖြစ်ပွါးခြင်းသဘောမရှိသော အတုမဲ့ဖြစ်သော ဘေးကင်းရာ နိဗ္ဗာန်ကို ရ၏၊ ကိုယ်တိုင်ဆွေးမြေ့ခြင်း ‘ဇရာ’ သဘောရှိသည်ဖြစ်၍ ဆွေးမြေ့ခြင်း ‘ဇရာ’ သဘော၌ အပြစ်ကို သိပြီးလျှင်ဆွေးမြေ့ခြင်းသဘောမရှိသော အတုမဲ့ဖြစ်သော ဘေးကင်းရာ နိဗ္ဗာန်ကို ရှာဖွေသော်ဆွေးမြေ့ခြင်းသဘော မရှိသော အတုမဲ့ဖြစ်သော ဘေးကင်းရာ နိဗ္ဗာန်ကို ရ၏၊ ကိုယ်တိုင်နာခြင်း ‘ဗျာဓိ’ သဘောရှိသည်ဖြစ်၍ နာခြင်း ‘ဗျာဓိ’ သဘော၌ အပြစ်ကို သိပြီးလျှင်နာခြင်းသဘောမရှိသော အတုမဲ့ဖြစ်သော ဘေးကင်းရာ နိဗ္ဗာန်ကို ရှာဖွေသော် နာခြင်းသဘောမရှိသောအတုမဲ့ဖြစ်သော ဘေးကင်းရာ နိဗ္ဗာန်ကို ရ၏၊ ကိုယ်တိုင်သေခြင်း ‘မရဏ’သဘောရှိသည်ဖြစ်၍ သေခြင်း ‘မရဏ’ သဘော၌ အပြစ်ကို သိပြီးလျှင် သေခြင်း သဘောမရှိသော အတုမဲ့ဖြစ်သော ဘေးကင်းရာနိဗ္ဗာန်ကို ရှာဖွေသော် သေခြင်းသဘောမရှိသော အတုမဲ့ဖြစ်သော ဘေးကင်း ရာ နိဗ္ဗာန်ကို ရ၏၊ ကိုယ်တိုင် ပူဆွေးခြင်း ‘သောက’ သဘောရှိသည်ဖြစ်၍ ပူဆွေးခြင်း ‘သောက’ သဘော၌ အပြစ်ကိုသိပြီးလျှင် ပူဆွေးခြင်းသဘောမရှိသော အတုမဲ့ဖြစ်သော ဘေးကင်းရာ နိဗ္ဗာန်ကို ရ၏၊ ကိုယ်တိုင်ညစ်ညူးခြင်း ‘သံကိလေသ’ သဘောရှိသည်ဖြစ်၍ ညစ်ညူးခြင်း ‘သံကိလေသ’ သဘော၌ အပြစ်ကိုသိပြီးလျှင် ညစ်ညူးခြင်းသဘောမရှိသော အတုမဲ့ဖြစ်သော ဘေးကင်းရာ နိဗ္ဗာန်ကို ရှာဖွေသော် ညစ်ညူးခြင်းသဘောမရှိသော အတုမဲ့ဖြစ်သော ဘေးကင်းရာ နိဗ္ဗာန်ကို ရ၏၊ ငါ့အား (တရားအားလုံးကို) နှံ့စပ်သိမြင်နိုင်သော (သဗ္ဗညုတ) ဉာဏ်သည် ထင်ရှားဖြစ်၏၊ ငါ့အား လွတ်မြောက်ခြင်း (အရဟတ္တဖိုလ်) စိတ်သည် မပျက်စီးတော့ပေ၊ ဤကား နောက်ဆုံးဖြစ်ရသော ဇာတိသဘော ပေတည်း၊ ယခုအခါ တစ်ဖန်ဘဝသစ်၌ ဖြစ်ခြင်းသည် မရှိတော့ပေဟု (ငါ့မှာ ဆင်ခြင်ဉာဏ်သည်လည်း ဖြစ်၏)။
၂၈၁။ ရဟန်းတို့ ထိုငါအား ဤသို့သောအကြံသည် ဖြစ်၏— “ငါသိထားသော ဤတရားကားနက်နဲ၏၊ မြင်နိုင်ခဲ၏၊ သိ်နိုင်ခဲ၏၊ ငြိမ်သက်၏၊ မွန်မြတ်၏၊ တက္ကီပုဂ္ဂိုလ်တို့၏ ကျက်စားရာမဟုတ်၊ သိမ်မွေ့၏။ ပညာရှိတို့သာ သိနိုင်၏။ ဤသတ္တဝါများကား ကာမဂုဏ်တို့၌ မွေ့လျော်ကုန်၏၊ ကာမဂုဏ်တို့၌ ပျော်ပိုက်ကုန်၏၊ ကာမဂုဏ်တို့၌ အလွန်နှစ်ခြိုက်နေကုန်၏။ ကာမဂုဏ်တို့၌ မွေ့လျော် ပျော်ပိုက်အလွန်နှစ်ခြိုက်နေကြသော ဤသတ္တဝါများသည် အကျိုးတရားတို့၏ အကြောင်းဖြစ်သော ဤပဋိစ္စသမုပ္ပါဒ်တရားကို မြင်နိုင်ခဲ၏။ ပြုပြင်မှု အားလုံး၏ငြိမ်းရာ ဥပဓိအားလုံးကို ပယ်စွန့်ရာ တဏှာ၏ကုန်ရာရာဂ၏ ကင်းရာ ချုပ်ရာငြိမ်းရာဖြစ်သော ဤ (နိဗ္ဗာန်) တရားကိုလည်း မြင်နိုင်ခဲ၏။ ငါသည် တရားကိုဟောငြားအံ့၊ သူတစ်ပါးတို့သည် ငါ၏ တရားကို မသိ နားမလည်နိုင်ကုန်ရာ။ သို့ဖြစ်လျှင် ထို (တရားဟောမှု) သည် ငါ့အား ပင်ပန်းရုံသာ ဖြစ်ရာ၏၊ ငါ့ကိုယ် (ငါ) ညှဉ်းဆဲရုံသာ ဖြစ်ရာ၏” ဟု (စိတ်အကြံ့ဖြစ်ခဲ့၏)။
ရဟန်းတို့ ထို့ပြင် အလွန်အံသြဖွယ်ကောင်းသော ဤဂါထာတို့သည်လည်း ငါ့မှာ ရှေးက မကြားဖူး ဘဲစိတ်ထဲ၌ ထင်လာပြန်ကုန်၏။
“ငါသည် ခဲယဉ်းစွာကျင့်သဖြင့် သိထားသော တရားကို ယခုအခါ ဟောပြခြင်းငှါ မသင့်လျော်ချေ၊ ရာဂဒေါသနှိပ်စက်ခံနေရသော သူတို့သည် ဤတရားကို လွယ်ကူ စွာ သိနိုင်ကြမည် မဟုတ်ချေ။
အဝိဇ္ဇာမှောင်ထုဖုံးလွှမ်းလျက် ရာဂတပ်စွဲနေသော သူတို့သည် သိမ်မွေ့နက်နဲ၍ အဏုမြူသဖွယ်မြင်နိုင်ခဲသော (သံသရာ့) အဆန်တရားကို မြင်နိုင်ကြမည် မဟုတ် ချေ” ဟု (စိတ်ထဲ၌ထင်လာပြန်ကုန်၏)။
၂၈၂။ ရဟန်းတို့ ဤသို့ဆင်ခြင်သော ငါ၏ စိတ်နှလုံးသည် တရားဟောရန် မညွတ်ဘဲ ကြောင့်ကြမဲ့နေရန် ညွတ်ခဲ့၏။ ထိုအခါ ငါ၏ စိတ်အကြံကို မိမိစိတ်ဖြင့် သိ၍ သဟံပတိဗြဟ္မာအား ဤသို့အကြံဖြစ် ပေါ်လာ၏။ “အချင်းတို့ လောကသည် ပျက်စီးတော့မည်တကား၊ အချင်းတို့ လောကသည်ပျက်စီးတော့ မည်တကား၊ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော် မူသော မြတ်စွာဘုရား၏ စိတ်နှလုံးတော်သည် တရားဟောရန် ညွတ်တော်မမူဘဲကြောင့်ကြမဲ့နေရန် ညွတ်တော်မူဘိ၏” ဟု (အကြံဖြစ်၏)။
ရဟန်းတို့ ထို့နောက် ခွန်အားရှိသော ယောကျာ်းသည် ကွေးထားသော လက်မောင်းကို ဆန့်သကဲ့သို့လည်းကောင်း၊ ဆန့်ထားသော လက်မောင်းကို ကွေးသကဲ့သို့လည်းကောင်း ထိုသဟံပတိဗြဟ္မာသည် ဗြဟ္မာ့ဘုံမှ ကွယ်ခဲ့ပြီးလျှင် ငါ၏ရှေ့၌ ထင်ရှားပေါ်လာ၏။ ရဟန်းတို့ ထိုအခါ ထိုသဟံပတိဗြဟ္မာသည် အပေါ်ရုံကို ပုခုံးတစ်ဖက်၌ တင်၍ လက်ယာဒူးကို မြေ၌ ထောက်လျက် ငါ့ဆီသို့လက်အုပ်ချီပြီးလျှင် ဤစကားကို လျှောက်၏။
“မြတ်စွာဘုရား ဘုန်းကြီးတော်မူသော မြတ်စွာဘုရားသည် တရားဟောတော်မူပါလော့၊ ကောင်း သောစကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည် တရားဟောတော်မူပါလော့။ (ပညာ) မျက်စိ၌ (ကိလေသာ) မြူနည်းပါးသော သတ္တဝါတို့သည် ရှိပါကုန်၏၊ ထိုသတ္တဝါတို့သည် တရားကို မနာရသောကြောင့် ဆုံးရှုံးနေပါကုန်၏။ တရားကို သိသူတို့သည် ရှိပါကုန်လတ္တံ့” ဟု (လျှောက်၏)။
ရဟန်းတို့ သဟံပတိဗြဟ္မာသည် ဤစကားကို လျှောက်ပြီးနောက် ထိုမှတစ်ပါး ဤစကားကိုလျှောက်ပြန်၏ —
ရှေးအခါ မဂဓတိုင်းတို့၌ (ရာဂစသော) အညစ်အကြေးရှိသူ ဂိုဏ်းဆရာကြီးတို့သည် ကြံဆအပ်သော မစင်ကြယ်သော မိစ္ဆာအယူတရားသည် ထင်ရှား ဖြစ်ပေါ်ခဲ့ပါသည်၊ အမြိုက်နိဗ္ဗာန်၏ တံခါးကိုဖွင့်လှစ်တော်မူပါလော့၊ အညစ်အကြေး ကင်းတော်မူသော မြတ်စွာဘုရားသည် သဘာဝနှင့်အလျော် သိတော်မူအပ်သော (သစ္စာလေးပါး) တရားကို (သတ္တဝါအများ) နာကြားကြပါစေ။
ကောင်းမြတ်သော ပညာရှင်ဖြစ်တော်မူသော မြတ်စွာဘုရား၊ ထက်ဝန်းကျင် (မြင်စွမ်းနိုင်သော ဉာဏ်) မျက်စိရှိတော်မူသော မြတ်စွာဘုရား၊ ကျောက်တောင် ထိပ်၌ ရပ်တည်လျက် ထက်ဝန်းကျင် လူအပေါင်းကို ကြည့်ရှုသကဲ့သို့၊ ထို့အတူ စိုးရိမ်ပူဆွေး ကင်းဝေးတော်မူသော အသျှင်ဘုရားသည် ပညာ (ဓမ္မ) ဖြင့်ပြီးသော ပြာသာဒ်ထက်သို့ တက်တော်မူ၍ ပဋိသန္ဓေနေခြင်း အိုခြင်းတို့၏ အနှိပ်စက်ခံနေရသဖြင့် စိုးရိမ်ပူဆွေးခြင်းသို့ သက်ဆင်း ကျရောက်နေသော သတ္တဝါအပေါင်းကိုကြည့်ရှုတော်မူပါလော့။
ရဲရင့်တော်မူသော မြတ်စွာဘုရား၊ အောင်ပွဲယင်တော်မူပြီးသော မြတ်စွာဘုရား ထတော်မူပါလော့။ ယာဉ်မှူးနှင့် တူတော်မူသော မြတ်စွာဘုရား၊ (ကိလေသာ) ကြွေး ကင်းဝေးတော်မူသော မြတ်စွာဘုရားလောက၌ လှည့်လည်တော်မူပါလော့။ ဘုန်းကြီးတော်မူသော မြတ်စွာဘုရား တရားဟောတော်မူပါလော့၊ (တရားကို) သိသူတို့သည် ရှိပါကုန်လတ္တံ့ဟု (လျှောက်၏)။
၂၈၃။ ရဟန်းတို့ ထိုအခါ ငါဘုရားသည် ဗြဟ္မာ၏ တောင်းပန်ခြင်းကို အသိအမှတ်ပြုပြီးလျှင် သတ္တဝါတို့၏ သနားခြင်းကိုလည်း အကြောင်းပြု၍ ဗုဒ္ဓစက္ခုဖြင့်၁ လောကကို ကြည့်တော်မူ၏။ မြတ်စွာဘုရားသည် ဗုဒ္ဓစက္ခုဖြင့် လောကကို ကြည့်တော်မူလတ်သော် (ပညာ) မျက်စိ၌ (ကိလေသာ) မြူနည်းပါးသူ (ပညာ) မျက်စိ၌ (ကိလေသာ) မြူများပြားသူ၊ ဣန္ဒြေရင့်ကျက်ပြီးသူ ဣန္ဒြေနုသေးသောသူ၊ ကောင်းသောအခြင်းအရာရှိသူ မကောင်းသောအခြင်းအရာရှိသူ၂၊ သိစေရန်လွယ်ကူသူ သိစေရန်ခက်ခဲသူ၊ တမလွန်လောကအပြစ်တို့ကို ဘေးဟု ရှုလျက် နေလေ့ရှိသူအချို့နှင့် တမလွန်လောကအပြစ်တို့ကို ဘေးဟုရှုလျက် နေလေ့မရှိသူ အချို့တို့ကို မြင်တော်မူ၏။ ဥပမာသော်ကား ဥပ္ပလကြာ၃တော၌လည်းကောင်း၊ ပဒုမ္မာကြာတော၌လည်းကောင်း၊ ပုဏ္ဍရိက်ကြာတော၌လည်းကောင်း အချို့သော ဥပ္ပလကြာ ပဒုမ္မာကြာပုဏ္ဍရိက် ကြာတို့သည် ရေ၌ ပေါက်ကုန်၏၊ ရေ၌ ကြီးပွားကုန်၏၊ ရေမှ မပေါ်ထွက်သေးကုန်၊ ရေထဲ၌မြုပ်၍ ဖွံ့ဖြိုးကုန်၏၊ အချို့သော ဥပ္ပလကြာ ပဒုမ္မာကြာ ပုဏ္ဍရိက်ကြာတို့သည် ရေ၌ ပေါက်ကုန်၏၊ ရေ၌ ကြီးပွားကုန်၏၊ ရေမှ မပေါ်ထွက်သေးကုန်၊ ရေနှင့်အညီ တည်ကုန်၏၊ အချို့သော ဥပ္ပလကြာပဒုမ္မာကြာ ပုဏ္ဍရိက်ကြာတို့သည် ရေ၌ ပေါက်ကုန်၏၊ ရေ၌ ကြီးပွားကုန်၏၊ ရေပေါ်သို့ တက်၍တည်ကုန်၏၊ ရေနှင့် မလိမ်းကပ်ကုန်။ ရဟန်းတို့ ဤအတူသာလျှင် ငါဘုရားသည် ဗုဒ္ဓစက္ခုဖြင့်လောကကို ကြည့်တော်မူ လတ်သော် (ပညာ) မျက်စိ၌ (ကိလေသာ) မြူနည်းပါးသူ (ပညာ) မျက်စိ၌ (ကိလေသာ) မြူ များပြားသူ၊ ဣန္ဒြေရင့်ကျက်သူ ဣန္ဒြေနုသေးသူ၊ ကောင်းသောအခြင်းအရာရှိသူမကောင်းသောအခြင်းအရာ ရှိသူ၊ သိစေ ရန်လွယ်ကူသူ သိစေရန်ခက်ခဲသူ၊ တမလွန်လောကအပြစ်တို့ကိုဘေးဟုရှုလေ့ရှိသူအချို့နှင့် တမလွန် လောကအပြစ်တို့ကို ဘေးဟု မရှုဘဲနေလေ့ရှိသူ အချို့တို့ကိုမြင်တော်မူသောကြောင့် ငါသည် သဟံပတိ ဗြဟ္မာအား ဂါထာဖြင့် မိန့်တော်မူ၏—
ဗြဟ္မာ လေ့လာပြီးသောတရားမြတ်ကို ပင်ပန်းရုံသာဟု အမှတ်ရှိသည်ဖြစ်၍ လူတို့အား မဟောခဲ့ပြီ (မဟောဘဲနေရန် အကြံဖြစ်ခဲ့ပြီ)။ (ပညာ) တည်းဟူသော နားနှင့် ပြည့်စုံသောသူတို့သည်ယုံကြည်ခြင်း ‘သဒ္ဓါတရား’ကို စေလွှတ်ကြကုန် လော့၊ ထိုသူတို့အတွက် နိဗ္ဗာန် တံခါးကို ငါဖွင့်ထားပြီဟု (မိန့်တော်မူ၏)။
ရဟန်းတို့ ထိုအခါ သဟံပတိဗြဟ္မာသည် “ငါဘုရား တရားဟောရန် ခွင့်ပြုတော်မူလိုက်ပြီ” ဟု (သိသဖြင့်) ငါ့ကို ရှိခိုးလျက် အရိုအသေပြုပြီးလျှင် ထိုနေရာ၌ပင် ကွယ်သွားလေ၏။
၂၈၄။ ရဟန်းတို့ “ငါသည် အဘယ်သူအား ရှေးဦးစွာ တရားဟောရပါအံ့နည်း၊ အဘယ်သူသည်ဤတရားကို လျင်မြန်စွာ သိနိုင်လတ္တံ့နည်း” ဟု ငါ့အား အကြံဖြစ်၏။ ရဟန်းတို့ ထိုငါ့အား “ဤကာလာမအနွယ် ဖြစ်သော အာဠာရသည် ပညာရှိ၏၊ လိမ္မာ၏၊ ထက်မြက်သော ဉာဏ်ရှိ၏၊ ကာလရှည်မြင့်စွာကပင် ပညာမျက်စိ၌ (ကိလေသာ) မြူနည်းပါးနေ၏၊ ငါသည် ကာလာမအနွယ်ဖြစ်သော အာဠာရအား တရားကို ရှေးဦးစွာ ဟောရမူ ကောင်းပေမည်၊ ထိုအာဠာရသည် ဤတရားကို လျင်စွာပင် သိနိုင်လတ္တံ့” ဟု ဤသို့သော အကြံသည် ဖြစ်၏။
ရဟန်းတို့ ထိုအခါ နတ်သားသည် ငါ့အထံသို့ ချဉ်းကပ်၍ “အသျှင်ဘုရား ကာလာမအနွယ် ဖြစ်သောအာဠာရသည် သေပြီး၍ ခုနစ်ရက်ရှိပါပြီ” ဟု လျှောက်၏။ ငါ့အားလည်း “ကာလာမအနွယ် ဖြစ်သောအာဠာရသည် သေပြီး၍ ခုနစ်ရက်ရှိပြီ” ဟု ဉာဏ်အမြင်သည် ထင်ရှားဖြစ်ပေါ်ခဲ့၏။ ရဟန်းတို့ ထိုငါ့အား “ကာလာမအနွယ်ဖြစ်သော အာဠာရသည် ဆုံးရှုံးခြင်းကြီး ဆုံးရှုံးခဲ့ပြီ၊ အကယ်၍ ထိုအာဠာရသည်ဤတရားကို နာရပါမူ လျင်စွာပင် သိနိုင်ရာ၏” ဟု ဤသို့သော အကြံသည် ဖြစ်၏။
ရဟန်းတို့ “ငါသည် အဘယ်သူအား ရှေးဦးစွာ တရားဟောရပါအံ့နည်း၊ အဘယ်သူသည် ဤတရားတော်ကို လျင်စွာ သိနိုင်လတ္တံ့နည်း” ဟု ငါ့အား အကြံဖြစ်ပြန်၏။ “ရာမ၏သား ဥဒကရသေ့သည့်ပညာရှိ၏၊ လိမ္မာ၏၊ ထက်မြက်သော ဉာဏ်ရှိ၏၊ ကာလရှည်မြင့်စွာကပင် (ပညာ) မျက်စိ၌ (ကိလေသာ) မြူ နည်းပါးနေ၏၊ ငါသည် ရာမ၏သား ဥဒကရသေ့အား တရားကို ရှေးဦးစွာ ဟောရမူ ကောင်းပေမည်၊ ထို (ဥဒကရသေ့) သည် ဤတရားကို လျင်စွာပင် သိနိုင်လတ္တံ့” ဟု ဤသို့သော အကြံဖြစ်၏။
ထိုအခါ နတ်သားသည် ငါ့အထံသို့ ချဉ်းကပ်၍ “အသျှင်ဘုရား ရာမ၏သား ဥဒကရသေ့သည်ယမန်နေ့က သေဆုံးခဲ့ပါပြီ” ဟု လျှောက်၏။ ငါ့အားလည်း “ရာမ၏သား ဥဒကရသေ့သည် ယမန်နေ့ကသေဆုံးခဲ့ပြီ” ဟု ဉာဏ်မြင် ထင်ရှားဖြစ်ပေါ်ခဲ့၏။ ရဟန်းတို့ ငါ့အား “ရာမ၏သား ဥဒကရသေ့သည် ဆုံးရှုံးခြင်းကြီး ဆုံးရှုံးခဲ့ပြီ၊ အကယ်၍ ထို့ဒကရသေ့သည် ဤတရားကို နာရပါမူ လျင်စွာပင် သိနိုင်ရာ၏” ဟု အကြံဖြစ်ပြန်၏။
ရဟန်းတို့ “ငါသည် အဘယ်သူအား ရှေးဦးစွာ တရားဟောရပါအံ့နည်း၊ အဘယ်သူသည် ဤတရားတော်ကို လျင်မြန်စွာ သိနိုင်လတ္တံ့နည်း” ဟု ငါ့အား အကြံဖြစ်ပြန်၏။
ထိုငါ့အား “(ငါးယောက်အစုရှိသော) ပဉ္စဝဂ္ဂီရဟန်းတို့သည် ငါ့အား ကျေးဇူးများကုန်၏၊ ယင်း ပဉ္စဝဂ္ဂီရဟန်းတို့သည် ပဓာနအလုပ်ကို အားထုတ်နေသောငါ့ကို လုပ်ကျွေးဖူးကုန်၏၊ ငါသည် ပဉ္စဝဂ္ဂီရဟန်းတို့အား တရားကို ရှေးဦးစွာ ဟောရမူ ကောင်းပေမည်” ဟု အကြံဖြစ်ပြီးနောက် “ပဉ္စဝဂ္ဂီရဟန်းတို့သည်ယခုအခါ အဘယ်အရပ်၌ နေကြကုန်သနည်း” ဟု အကြံဖြစ်ပြန်၏။
ရဟန်းတို့ ငါသည် အထူးသဖြင့် သန့်ရှင်းစင်ကြယ်သော လူတို့၏ မျက်စိထက်သာလွန်သော နတ်တို့၏ မျက်စိနှင့်တူသော မျက်စိ ‘ဒိဗ္ဗစက္ခုအဘိညာဉ်’ ဖြင့် ဗာရာဏသီပြည် ဣသိပတနမည်သော မိဂဒါဝုန်တော၌ နေကုန်သော ပဉ္စဝဂ္ဂီရဟန်းတို့ကို မြင်၏။ ရဟန်းတို့ ထိုအခါ ငါဘုရားသည် ဥရုဝေလတော၌မွေ့လျော်တော်မူသရွေ့ နေပြီးလျှင် ဗာရာဏသီပြည်သို့ ဒေသစာရီ လှည့်လည်ခဲ့၏။
၂၈၅။ ရဟန်းတို့ ဥပကအာဇီဝက ‘တက္ကတွန်း’ သည် ဂယာနှင့် ဗောဓိပင်အကြား ခရီးရှည်သွားနေဆဲဖြစ်သော ငါဘုရားကို မြင်၍ “ငါ့သျှင် သင်၏ ဣန္ဒြေတို့သည် အထူးသဖြင့် ကြည်လင်ကုန်၏၊ အရေအဆင်းသည် စင်ကြယ်၏၊ ဖြူစင်၏၊ ငါ့သျှင် သင်သည် အဘယ်သူကို ရည်ညွှန်း၍ ရဟန်းပြုသနည်း၊ သင်၏ ဆရာကား အဘယ်သူနည်း၊ သင်သည် အဘယ်သူ၏ တရားကို နှစ်သက်သနည်း” ဟုငါ့ကို မေးလတ်သော် ငါဘုရားက ဥပကအာဇီဝက ‘တက္ကတွန်း’ကို ဂါထာတို့ဖြင့် မိန့်ကြား၏ — (ဥပက) ငါသည် အလုံးစုံကို လွှမ်းမိုးနိုင်၏၊ အလုံးစုံကို သိ၏၊ တရားအားလုံးတို့၌ (ကိလေသာ) ဖြင့်မလိမ်းကျံ၊ အလုံးစုံကို စွန့်အပ်ပြီ၊ တဏှာ၏ကုန်ရာ နိဗ္ဗာန်ကို အာရုံပြုရသောကြောင့် ကိလေသာမှလွတ်ပြီ၊ ကိုယ်တိုင် အထူးသိမြင်ပြီးဖြစ်၍ အဘယ်သူကို (ဆရာဟူ၍) ညွှန်းရအံ့နည်း။
(ဥပက) ငါ့အား ဆရာမရှိ၊ ငါနှင့်တူသောသူ မရှိ၊ နတ်နှင့်တကွသော လောက၌ ငါ့အားဖက်ပြိုင်နိုင်သော ပုဂ္ဂိုလ်လည်း မရှိ။
ငါသည် လောက၌ ရဟန္တာတည်း၊ ငါသည် အတုမရှိသော သူတည်း၊ နတ်လူတို့၏ ဆရာတည်း၊ (ငါတစ်ယောက်သာလျှင်) (အလုံးစုံသောတရားတို့ကို) ကိုယ် တိုင် မှန်စွာ သိသော တစ်ဆူတည်းသောဘုရားတည်း၊ ကိလေသာမီးငြိမ်းသည် ဖြစ်၍ ချမ်းမြ၏။
ငါသည် ဓမ္မစကြာတရားကို ဟောခြင်းငှါ ကာသိတိုင်း ဗာရာဏသီပြည်သို့ သွား အံ့၊ သူကန်းသဖွယ်ဖြစ်သော လောက၌ (တရားတည်းဟူသော) အမြိုက်စည်ကြီး ကို တီးခတ်ပေအံ့ဟု (မိန့်တော်မူ၏)။
ငါ့သျှင် သင်ဝန်ခံသည့်အတိုင်းဆိုလျှင် “အဆုံးမရှိသော ဉာဏ်နှင့် ပြည့်စုံသော မာရ်ငါးပါးကို အောင်သော ဘုရားဖြစ်ထိုက်ပေ၏” ဟု (ဆို၏)။
ဥပက အာသဝေါတရားတို့ ကုန်ခြင်းသို့ ရောက်သော ငါကဲ့သို့သော ပုဂ္ဂိုလ်တို့ သည် စင်စစ်ဇိနမည်ကုန်၏၊ ငါသည် ယုတ်မာသော အကုသိုလ်တရားတို့ကို အောင်အပ်ပြီး ဖြစ်သောကြောင့်ဇိနမည်၏ဟု (မိန့်တော်မူ၏)။
ရဟန်းတို့ ဤသို့ မိန့်ကြားသော် ဥပကတက္ကတွန်းသည် “ငါ့သျှင်ဟုတ်ပေရာ၏” ဟု ဆိုကာ ဦးခေါင်းကို ညိမ့်လျက် လမ်းဖယ်၍ သွားလေ၏။
၂၈၆။ ရဟန်းတို့ ထိုအခါ ငါဘုရားသည် အစဉ်အတိုင်း ဒေသစာရီ လှည့်လည်ခဲ့သော် ဗာရာဏသီပြည် ဣသိပတနမည်သော မိဂဒါဝုန်တော ပဉ္စဝဂ္ဂီရဟန်းတို့ထံသို့ ချဉ်းကပ်ခဲ့၏။
ရဟန်းတို့ ပဉ္စဝဂ္ဂီရဟန်းတို့သည် ငါဘုရား အဝေးမှ ကြွလာသည်ကို မြင်ကြ၍ “ငါ့သျှင်တို့ ဤရဟန်းဂေါတမသည် လာဘ်များခြင်းငှါ ကျင့်၍ ကမ္မဋ္ဌာန်း လုပ်ငန်းမှ ထွက်ကာ လာဘ်များခြင်းငှါ လှည့်လည်လျက် ကြွလာခဲ့၏၊ ထိုရဟန်းဂေါတမကို ရှိမခိုးရ၊ ခရီးဦးကြိုမှု မပြုရ၊ ထိုရဟန်းဂေါတမ၏ သပိတ်သင်္ကန်းကို လှမ်းမယူရ၊ သို့ရာတွင် နေရာကိုကား ခင်းထားထိုက်၏။ ရဟန်းဂေါတမသည် အကယ်၍အလိုရှိလျှင် ထိုင်လိမ့်မည်” ဟု အချင်းချင်း ကတိကဝတ် ပြုကုန်၏။
ရဟန်းတို့ ငါဘုရားသည် ပဉ္စဝဂ္ဂီရဟန်းတို့ထံ ချဉ်းကပ်မိသော် ပဉ္စဝဂ္ဂီရဟန်းတို့သည် မိမိတို့ကတိကဝတ်၌ မတည်နိုင်ကုန်ဘဲ အချို့က ငါဘုရားကို ခရီးဦးကြိုမှုပြု၍ သပိတ်သင်္ကန်းကို လှမ်းယူကုန်၏၊ အချို့က နေရာခင်းကုန်၏၊ အချို့က ခြေဆေးရေကို တည်ကုန်၏။ သို့သော်လည်း ငါဘုရားကိုမူဂေါတမဟူသော အမည်ဖြင့်လည်းကောင်း၊ ငါ့သျှင်ဟူသော အခေါ်အဝေါ်ဖြင့်လည်းကောင်း ခေါ်ဝေါ်ပြောဆိုကုန်၏။
ဤသို့ ပြောဆိုကုန်သည်ရှိသော် ငါဘုရားသည် ပဉ္စဝဂ္ဂီရဟန်းတို့အား “ရဟန်းတို့ ငါဘုရားကိုအမည်ဖြင့်လည်းကောင်း၊ ငါ့သျှင်ဟူသော အခေါ်အဝေါ်ဖြင့်လည်းကောင်း မခေါ်မပြောဆိုကြကုန်လင့်၊ ရဟန်းတို့ ငါဘုရားသည် ပူဇော်အထူးကို ခံယူတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိသောသူဖြစ်ပေ၏။ ရဟန်းတို့ နားထောင်ကုန်လော့၊ အမြိုက်နိဗ္ဗာန်ကို (ငါ) ရပြီ၊ ငါသည် ဆုံးမအံ့၊ ငါသည် တရားဟောအံ့၊ ငါဆုံးမသည့်အတိုင်း ကျင့်သည်ရှိသော် လူ့ဘောင်မှ ရဟန်းဘောင်သို့ကောင်းစွာ ဝင်ရောက်သော အမျိုးသားတို့ လိုလားအပ်သော မြတ်သောအကျင့်၏ အဆုံးဖြစ်သော အတုမဲ့ဖြစ်သော အရဟတ္တဖိုလ်သို့ မကြာမီ ယခုဘဝ၌ပင်လျှင် ထူးသောဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက်ပြုလျက်ရောက်၍ နေကြလတ္တံ့” ဟု ပြောခဲ့၏။
ရဟန်းတို့ ဤသို့ပြောသော် ပဉ္စဝဂ္ဂီရဟန်းတို့သည် ငါဘုရားအား “ငါ့သျှင်ဂေါတမ သင်သည်ပြုနိုင်ခဲသော ဣရိယာပုထ်ကို ပြုသဖြင့်လည်းကောင်း၊ ကျင့်နိုင်ခဲသော အကျင့်ကိုကျင့်သဖြင့်လည်းကောင်း၊ ပြုနိုင်ခဲသော အမှုကို ပြုသဖြင့်လည်းကောင်း လူတို့၏ကုသိုလ်ကမ္မပထတရားထက် လွန်မြတ်သော အရိယာအဖြစ်ကို ပြုစွမ်းနိုင်သော ဉာဏ် အမြင်အထူးကိုမရခဲ့ပေ၊ သင်သည် လာဘ်များခြင်းငှါ ကျင့်၍ ကမ္မဋ္ဌာန်း (လုပ်ငန်း) မှ ထွက်ကာ လာဘ်များခြင်းငှါလှည့်လည်နေခါမှ လူတို့၏ ကုသိုလ်ကမ္မပထတရား ထက် လွန်မြတ်သော အရိယာအဖြစ်ကိုပြုစွမ်းနိုင်သော ဉာဏ်အမြင်အထူးကို အဘယ်မှာ ရနိုင်ပါအံ့နည်း” ဟု ဆိုကုန်၏။
ရဟန်းတို့ ဤသို့ ဆိုကုန်သော် ငါဘုရားသည် ပဉ္စဝဂ္ဂီရဟန်းတို့အား—
“ရဟန်းတို့ ငါဘုရားသည် လာဘ်များခြင်းငှါ ကျင့်သည် မဟုတ်ပေ၊ ကမ္မဋ္ဌာန်းလုပ်ငန်းမှလည်းထွက်သည် မဟုတ်ပေ၊ လာဘ်များခြင်းငှါ လှည့်လည်သည် မဟုတ်ပေ။ ရဟန်းတို့ ငါဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သည့် (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိသူ ဖြစ်ပေ၏။ ရဟန်းတို့နားထောင်ကုန်လော့၊ အမြိုက်နိဗ္ဗာန်ကို ငါရပြီ၊ ငါသည် ဆုံးမအံ့၊ ငါသည် တရားဟောအံ့၊ ငါဆုံးမသည့်အတိုင်း ကျင့်သည်ရှိသော် လူ့ဘောင်မှ ရဟန်းဘောင်သို့ ကောင်းစွာ ဝင်ရောက်သော အမျိုးသားတို့ လိုလားအပ်သော မြတ်သော အကျင့်၏ အဆုံးဖြစ်သော အတုမဲ့ဖြစ်သော အရဟတ္တဖိုလ်သို့ မကြာမီ ယခုဘဝ၌ပင်လျှင် ထူးသောဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက်ပြုလျက် ရောက်၍ နေကြရလတ္တံ့” ဟု ဆို၏။
ရဟန်းတို့ နှစ်ကြိမ်မြောက်လည်း ပဉ္စဝဂ္ဂီရဟန်းတို့သည် ငါဘုရားအား “ငါ့သျှင်ဂေါတမ သင်သည်ပြုနိုင်ခဲသော ဣရိယာပုထ်ကို ပြုသဖြင့်လည်းကောင်း၊ ကျင့်နိုင်ခဲသော အကျင့်ကိုကျင့်သဖြင့်လည်းကောင်း၊ ပြုနိုင်ခဲသော အမှုကို ပြုသဖြင့်လည်းကောင်း လူတို့၏ကုသိုလ်ကမ္မပထတရားထက် လွန်မြတ်သော အရိယာအဖြစ်ကို ပြုစွမ်းနိုင်သော ဉာဏ်အမြင်အထူးကိုမရခဲ့ပေ၊ သင်သည် လာဘ်များခြင်းငှါ ကျင့်၍ ကမ္မဋ္ဌာန်း (လုပ်ငန်း) မှ ထွက်ကာ လာဘ်များခြင်းငှါလှည့်လည်နေခါမှ လူတို့၏ ကုသိုလ်ကမ္မပထတရား ထက် လွန်မြတ်သော အရိယာအဖြစ်ကိုပြုစွမ်းနိုင်သော ဉာဏ်အမြင်အထူးကို အဘယ်မှာ ရနိုင်ပါအံ့နည်း” ဟု ဆိုပြန်ကုန်၏။ ရဟန်းတို့နှစ်ကြိမ်မြောက်လည်း ငါဘုရားသည် ပဉ္စဝဂ္ဂီရဟန်းတို့အား “ရဟန်းတို့ ငါဘုရားသည် လာဘ်များခြင်းငှါကျင့်သည် မဟုတ်ပေ။ပ။ ရောက်၍ နေကြရလတ္တံ့” ဟု ဆိုပြန်၏။
ရဟန်းတို့ သုံးကြိမ်မြောက်လည်း ပဉ္စဝဂ္ဂီရဟန်းတို့သည် ငါဘုရားအား “ငါ့သျှင်ဂေါတမ သင်သည်ပြုနိုင်ခဲသော ဣရိယာပုထ်ကို ပြုသဖြင့်လည်းကောင်း ကျင့်နိုင်ခဲသော အကျင့်ကို ကျင့်သဖြင့်လည်းကောင်းပြုနိုင်ခဲသော အမှုကို ပြုသဖြင့်လည်းကောင်း လူတို့၏ ကုသိုလ်ကမ္မပထတရားထက် လွန်မြတ်သောအရိယာအဖြစ်ကို ပြုစွမ်းနိုင်သော ဉာဏ်အမြင်အထူးကို မရခဲ့ပေ၊ သင်သည် လာဘ်များခြင်းငှါ ကျင့်၍ကမ္မဋ္ဌာန်း (လုပ်ငန်း) မှ ထွက်ကာ လာဘ်များခြင်းငှါ လှည့်လည်နေခါမှ လူတို့၏ ကုသိုလ်ကမ္မပထတရားထက် လွန်မြတ်သော အရိယာ အဖြစ်ကို ပြုစွမ်းနိုင်သော ဉာဏ်အမြင်အထူးကို အဘယ်မှာ ရနိုင်ပါအံ့နည်း” ဟု ပြောပြန်ကုန်၏။
ဤသို့ ပြောကုန်လတ်သော် “ရဟန်းတို့ ဤမှ ရှေးအခါ၌ ဤသို့သော စကားထူးကို ငါပြောဖူး သည်ကိုသင်တို့ မှတ်မိကြကုန်သလော” ဟု ငါဘုရားက ပဉ္စဝဂ္ဂီရဟန်းတို့အား မိန့်တော်မူ၏။
အသျှင်ဘုရား မမှတ်မိပါဟု (လျှောက်ကြကုန်၏)။
ရဟန်းတို့ ငါဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သည့် (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိသူ ဖြစ်ပေ၏။ ရဟန်းတို့ နားထောင်ကုန်လော့၊ အမြိုက်နိဗ္ဗာန်ကို ငါရပြီ၊ ငါသည် ဆုံးမအံ့၊ ငါသည် တရားဟောအံ့၊ ငါဆုံးမသည့်အတိုင်း ကျင့်သည်ရှိသော် လူ့ဘောင်မှ ရဟန်းဘောင်သို့ကောင်းစွာ ဝင်ရောက်သော အမျိုးသားတို့ လိုလားအပ်သော မြတ်သောအကျင့်၏ အဆုံးဖြစ်သော အတုမရှိသော အရဟတ္တဖိုလ်သို့ မကြာမီ ယခုဘဝ၌ပင်လျှင် ထူးသောဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက်ပြုလျက်ရောက်၍ နေကြလတ္တံ့” ဟု (ဆို၏)။
ရဟန်းတို့ ငါဘုရားသည် ပဉ္စဝဂ္ဂီရဟန်းတို့အား (ဘုရားအဖြစ်ကို) သိစေရန် စွမ်းနိုင်ခဲ့လေပြီ။
ရဟန်းတို့ နှစ်ပါးကုန်သော ရဟန်းတို့ကိုလည်း ဆုံးမ၏၊ သုံးပါးကုန်သော ရဟန်းတို့သည်ဆွမ်းခံလှည့်လည်ကြကုန်၏၊ သုံးပါးကုန်သော ရဟန်းတို့ ဆွမ်းခံလှည့်လည်ကြ၍ ဆောင်ယူလာအပ်သောဆွမ်းဖြင့် ခြောက်ဦးသားတို့ မျှတကြကုန်၏။ ရဟန်းတို့ သုံးပါးကုန်သော ရဟန်းတို့ကိုလည်း ဆုံးမ၏၊ နှစ်ပါးကုန်သော ရဟန်းတို့သည် ဆွမ်းခံလှည့်လည်ကြကုန်၏၊ နှစ်ပါးကုန်သော ရဟန်းတို့ ဆွမ်းခံလှည့်လည်ကြ၍ ဆောင်ယူလာအပ်သော ဆွမ်းဖြင့် ခြောက်ဦးသားတို့ မျှတကြကုန်၏။
ရဟန်းတို့ ထိုအခါ ပဉ္စဝဂ္ဂီရဟန်းတို့ကို ငါက ဤသို့ ဆုံးမသွန်သင်အပ်သည်ရှိသော် ကိုယ်တိုင်ဖြစ်ပွားခြင်း ‘ဇာတိ’ သဘောရှိသည်ဖြစ်ကုန်၍ ဖြစ်ပွားခြင်း ‘ဇာတိ’ သဘော၌ အပြစ်ကို သိပြီးလျှင် ဖြစ်ပွားခြင်းသဘော မရှိသော အတုမဲ့ဖြစ်သော ဘေးကင်းရာ နိဗ္ဗာန်ကို ရှာဖွေကြကုန်သော် ဖြစ်ပွားခြင်းသဘောမရှိသော အတုမဲ့ဖြစ်သော ဘေးကင်းရာ နိဗ္ဗာန်ကို ရကြကုန်၏။ ကိုယ်တိုင် ဆွေးမြေ့ခြင်း ‘ဇရာ’သဘော ရှိသည်ဖြစ်ကြကုန်၍ ဆွေးမြေ့ခြင်း ‘ဇရာ’ သဘော၌ အပြစ်ကို သိပြီးလျှင် ဆွေးမြေ့ခြင်းသဘောမရှိသော အတုမဲ့ဖြစ်သော ဘေးကင်းရာ နိဗ္ဗာန်ကို ရှာဖွေကြကုန်သော် ဆွေးမြေ့ခြင်းသဘောမရှိသော အတုမဲ့ဖြစ် သော ဘေးကင်းရာ နိဗ္ဗာန်ကို ရကြကုန်၏။ ကိုယ်တိုင် နာခြင်း ‘ဗျာဓိ’့သဘောရှိသည်ဖြစ်ကြကုန်၍။ပ။ ကိုယ်တိုင် သေခြင်း ‘မရဏ’ သဘောရှိသည် ဖြစ်ကြကုန်၍။ပ။ ကိုယ်တိုင်ပူဆွေးခြင်း ‘သောက’ သဘောရှိ သည်ဖြစ်ကြကုန်၍။ပ။ ကိုယ်တိုင် ညစ်ညူးခြင်း ‘သံကိလေသ’ သဘောရှိသည်ဖြစ်ကြကုန်၍ ညစ်ညူးခြင်း ‘သံကိလေသ’ သဘော၌ အပြစ်ကို သိပြီးလျှင်ညစ်ညူးခြင်းသဘောမရှိသော အတုမဲ့ဖြစ်သော ဘေးကင်း ရာ နိဗ္ဗာန်ကို ရှာဖွေကြကုန်သော်ညစ်ညူးခြင်းသဘောမရှိသော အတုမဲ့ဖြစ်သော ဘေးကင်းရာ နိဗ္ဗာန်ကို ရကြကုန်၏။ ထိုရဟန်းတို့အားဉာဏ်အမြင်သည်လည်း ထင်ရှားဖြစ်၏။ “ငါတို့၏ လွတ်မြောက်သော ‘အရဟတ္တဖိုလ်’ စိတ်သည်မပျက်စီးပြီ၊ ဤဖြစ်ပွါးခြင်းသည် နောက်ဆုံးဖြစ်ရသော ဇာတိတည်း၊ ယခုအခါ တစ်ဖန်ဘဝသစ်၌ဖြစ်ခြင်းသည် မရှိတော့ပြီ” ဟု (ထင်ရှားဖြစ်၏)။
၂၈၇။ ရဟန်းတို့ ကာမဂုဏ်တို့သည် ဤငါးပါးတို့တည်း။ အဘယ်ငါးပါးတို့နည်း၊ လိုချင်ဖွယ်နှစ်သက်ဖွယ် မြတ်နိုးဖွယ် ချစ်အပ်သော သဘောရှိသော, ကာမရာဂနှင့်စပ်သွယ်သော, တပ်မက်ဖွယ်ဖြစ်သော, စက္ခုဝိညာဏ်ဖြင့် သိရသော အဆင်းတို့လည်းကောင်း။ပ။ သောတဝိညာဏ်ဖြင့် သိရသောအသံတို့လည်းကောင်း။ပ။ ဃာနဝိညာဏ်ဖြင့် သိရသော အနံ့တို့လည်းကောင်း။ပ။ ဇီဝှါဝိညာဏ်ဖြင့်သိရသော အရသာတို့လည်းကောင်း။ပ။ လိုချင်ဖွယ် နှစ်သက်ဖွယ် မြတ်နိုးဖွယ် ချစ်အပ်သော သဘောရှိသော, ကာမရာဂနှင့်စပ်သွယ်သော, တပ်မက်ဖွယ်ဖြစ်သော, ကာယဝိညာဏ်ဖြင့် သိရသော အတွေ့အထိတို့လည်းကောင်း။ ရဟန်းတို့ ကာမဂုဏ်တို့သည် ဤငါးပါးတို့တည်း။
ရဟန်းတို့ ဤကာမဂုဏ် ငါးပါးတို့ကို တပ်မက် မိန်းမော သက်ဝင်ကြကုန်လျက် အပြစ်ကို ရှုမြင် လေ့မရှိဘဲ ဆင်ခြင်တုံဉာဏ် ကင်းကြကုန်လျက် သုံးဆောင်ကြသော သမဏဗြာဟ္မဏတို့သည် “အကျိုးမဲ့ပျက်စီးခြင်းသို့ ရောက်၍ မာရ်ယုတ်အလိုရှိတိုင်း ပြုလုပ်ခြင်းခံကြရကုန်၏” ဟု သိကြရမည်။
ရဟန်းတို့ ဥပမာသော်ကား တော၌ ပေါက်ပွါးသော သားသမင်သည် ဖွဲ့ချည်မိ၍ ကျော့ကွင်းစုကိုဖိအိပ်ငြားအံ့၊ ထိုသားသမင်သည် “အကျိုးမဲ့ ပျက်စီးခြင်းသို့ ရောက်၍ မုဆိုးအလိုရှိတိုင်း ပြုလုပ်ခြင်းခံရမည့်ပြင် မုဆိုးလာသော်လည်း အလိုရှိရာ အရပ်သို့ ဖဲခွါသွားနိုင်မည်မဟုတ်” ဟု သိရမည်ဖြစ်သကဲ့သို့ ဤအတူပင် ဤကာမဂုဏ် ငါးပါးတို့ကို တပ်မက် မိန်းမော သက်ဝင်ကြကုန်လျက် အပြစ်ကို ရှုမြင်လေ့မရှိဘဲဆင်ခြင်တုံဉာဏ် ကင်းကြကုန်လျက် သုံးဆောင်ကြသော သမဏဗြာဟ္မဏတို့သည် “အကျိုးမဲ့ပျက်စီးခြင်းသို့ ရောက်ကြ၍ မာရ်ယုတ်အလိုရှိ တိုင်းပြုလုပ်ခြင်းခံကြရကုန်၏” ဟု သိရမည်ဖြစ်၏။
ရဟန်းတို့ ဤကာမဂုဏ်ငါးပါးတို့ကို မတပ်မက် မမိန်းမော မသက်ဝင်ကြကုန်ဘဲ အပြစ်ကို ရှုမြင်လေ့ရှိကုန်လျက် ဆင်ခြင်တုံဉာဏ် ရှိကြလျက် သုံးဆောင်ကြသော သမဏဗြာဟ္မဏတို့သည် “အကျိုးမဲ့ပျက်စီးခြင်းသို့ မရောက်ကြဘဲ မာရ်ယုတ်အလိုရှိတိုင်း ပြုလုပ်ခြင်းမခံကြရကုန်” ဟု သိကြရမည်။
ရဟန်းတို့ ဥပမာသော်ကား တော၌ ပေါက်ပွါးသော သားသမင်သည် မဖွဲ့ချည်မိဘဲ ကျော့ကွင်းစုကိုဖိအိပ်ငြားအံ့၊ ထိုသားသမင်သည် “အကျိုးမဲ့ ပျက်စီးခြင်းသို့ မရောက်ဘဲ မုဆိုးအလိုရှိတိုင်း ပြုလုပ်ခြင်းမခံရသည့်အပြင် မုဆိုးလာသော်လည်း အလိုရှိရာ အရပ်သို့ ဖဲခွါသွားနိုင်လတ္တံ့” ဟု သိရမည်ဖြစ်သကဲ့သို့ဤအတူပင် ဤကာမဂုဏ်ငါးပါးတို့ကို မတပ်မက် မမိန်းမော မသက်ဝင်ကြကုန်ဘဲ အပြစ်ကို ရှုလေ့ရှိကုန်လျက် ဆင်ခြင်တုံ ရှိကြလျက် သုံးဆောင်ကြသော သမဏဗြာဟ္မဏတို့သည် “အကျိုးမဲ့ပျက်စီးခြင်းသို့မရောက်ကြဘဲ မာရ်ယုတ် အလိုရှိတိုင်း ပြုလုပ်ခြင်း မခံကြရကုန်” ဟု သိကြရမည် ဖြစ်၏။
ရဟန်းတို့ ဥပမာသော်ကား တော၌ ပေါက်ပွါးသော သားသမင်သည် ပေါက်ပွါးနေသော တောကြီး၌လှည့်လည်သော် မကြောက်မရွံ့ သွားခြင်း ရပ်ခြင်း ထိုင်ခြင်း အိပ်ခြင်းတို့ကို ပြု၏။ ထိုသို့ မကြောက်မရွံ့ဖြစ်ခြင်းသည် အဘယ်ကြောင့်နည်း၊ ရဟန်းတို့ မုဆိုးမမြင်နိုင်ရာသို့ ရောက်နေသောကြောင့်တည်း။
ရဟန်းတို့ ဤအတူပင် ရဟန်းသည် ကာမတို့မှ ကင်းဆိတ်၍သာလျှင် အကုသိုလ်တရားတို့မှ ကင်းဆိတ်၍သာလျှင်ကြံစည်ခြင်း ‘ဝိတက်’ နှင့်တကွဖြစ်သော၊ သုံးသပ်ခြင်း ‘ဝိစာရ’ နှင့်တကွဖြစ်သော၊ (နီဝရဏ) ့ကင်းဆိတ်ခြင်းကြောင့်ဖြစ်သော၊ နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ ရှိသော ပဌမဈာန်သို့ ရောက်၍နေ၏။ ရဟန်းတို့ ဤရဟန်းကို ‘မာရ်နတ်ကို ကန်းအောင်ပြု၏၊ မာရ်နတ်မျက်စိကို တည်ရာအာရုံမရှိအောင် ဖျက်ဆီး၍ မာရ်ယုတ်၏ မမြင်ရာ (အာရုံ) အရပ်သို့ ရောက်၏’ဟု ဆိုအပ်၏။
ရဟန်းတို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည်ကြံစည်ခြင်း ‘ဝိတက်’ သုံးသပ်ခြင်း ‘ဝိစာရ’တို့၏ချုပ်ခြင်းကြောင့် မိမိသန္တာန်၌ စိတ်ကိုကြည်လင်စေတတ်သော၊ စိတ်၏တည်ကြည်ခြင်း ‘သမာဓိ’ ကိုဖြစ်ပွား စေတတ်သော၊ ကြံစည်ခြင်း ‘ဝိတက်’ မရှိသော၊ သုံးသပ်ခြင်း ‘ဝိစာရ’ မရှိသော၊ တည်ကြည်ခြင်း ‘သမာဓိ’ ကြောင့်ဖြစ်သော၊ နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ ရှိသော ဒုတိယဈာန်သို့ရောက်၍နေ၏။ ရဟန်းတို့ ဤရဟန်းကို ‘။ပ။ မာရ်ယုတ်၏ မမြင်ရာ (အာရုံ) အရပ်သို့ ရောက်၏’ဟုဆိုအပ်၏။
ရဟန်းတို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် နှစ်သိမ့်ခြင်း ‘ပီတိ’ ကိုလည်း မစွဲမက်ခြင်းကြောင့်လျစ်လျူရှု၍သာလျှင် နေ၏၊ သတိနှင့်ပြည့်စုံသည်ဖြစ်၍ ဉာဏ်နှင့်ပြည့်စုံသည်ဖြစ်၍ ချမ်းသာခြင်း ‘သုခ’ကိုလည်း ကိုယ်ဖြင့် ခံစား၏၊ အရိယာပုဂ္ဂိုလ်တို့သည် အကြင်တတိယဈာန်ကြောင့် ထိုသူကို “လျစ်လျူရှုသူ သတိရှိသူ ချမ်းသာစွာ နေလေ့ရှိသူ” ဟု ပြောကြားကုန်၏။ ထိုတတိယဈာန်သို့ ရောက်၍ နေ၏။ ရဟန်းတို့ ဤရဟန်းကို ‘။ပ။ မာရ်ယုတ်၏ မမြင်ရာ (အာရုံ) အရပ်သို့ ရောက်၏’ဟု ဆိုအပ်၏။
ရဟန်းတို့ တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် ချမ်းသာခြင်း ‘သုခ’ ကိုလည်း ပယ်ခြင်းကြောင့်ဆင်းရဲခြင်း ‘ဒုက္ခ’ ကိုလည်း ပယ်ခြင်းကြောင့် ရှေးဦးကပင်လျှင် ဝမ်းမြောက်ခြင်း ‘သောမနဿ’ နှလုံးမသာခြင်း ‘ဒေါမနဿ’တို့၏ ချုပ်နှင့်ခြင်းကြောင့် ဆင်းရဲလည်းမဟုတ် ချမ်းသာလည်းမဟုတ်သောလျစ်လျူ ရှုမှု ‘ဥပေက္ခာ’ ကြောင့်ဖြစ်သည့် သတိ၏ စင်ကြယ်ခြင်းရှိသော စတုတ္ထဈာန်သို့ ရောက်၍ နေ၏။ ရဟန်းတို့ ဤရဟန်းကို။ပ။ မာရ်ယုတ်၏ မမြင်ရာ (အာရုံ) အရပ်သို့ ရောက်၏’ဟု ဆိုအပ်၏။
ရဟန်းတို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် အလုံးစုံသော ရူပသညာတို့ကို လွန်မြောက်ခြင်း ကြောင့်ထိခိုက်မှု ‘ပဋိဃသညာ’တို့၏ ချုပ်ခြင်းကြောင့် အမျိုးမျိုးသော သညာ ‘နာနတ္တသညာ’တို့ကိုနှလုံးမသွင်းခြင်းကြောင့် “ကောင်းကင်သည် အဆုံးမရှိ” ဟု (စီးဖြန်းကာ) အာကာသာနဉ္စာယတဈာန်သို့ရောက်၍နေ၏။ ရဟန်းတို့ ဤရဟန်းကို။ပ။ မာရ်ယုတ်၏ မမြင်ရာ (အာရုံ) အရပ်သို့ ရောက်၏’ဟုဆိုအ ပ်၏။
ရဟန်းတို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် အလုံးစုံသော အာကာသာနဉ္စာယတနဈာန်ကို လွန်မြောက်၍ “ဝိဉာဏ်သည် အဆုံးမရှိ” ဟု (စီးဖြန်းကာ) ဝိညာဏဉ္စာယတနဈာန်သို့ ရောက်၍ နေ၏။ပ။
ရဟန်းတို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် အလုံးစုံသော ဝိညာဏဉ္စာယတနဈာန်ကို လွန်မြောက် ၍ “တစ်စုံတစ်ခုမျှမရှိ” ဟု (စီးဖြန်းကာ) အာကိဉ္စညာယတနဈာန်သို့ ရောက်၍ နေ၏။ပ။
ရဟန်းတို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် အလုံးစုံသော အာကိဉ္စာညာယတနဈာန်ကို လွန်မြောက်၍ [ “ဤဝိညာဏ်သည်ငြိမ်သက်၏၊ ဤဝိညာဏ်သည် မွန်မြတ်၏” ဟု] (စီးဖြန်းကာ) နေဝသညာနာသညာယတနဈာန်သို့ ရောက်၍နေ၏။ပ။
ရဟန်းတို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် အလုံးစုံသော နေဝသညာနာသညာယတနဈာန်ကိုလွန်မြောက်၍ မှတ်သိခြင်း ‘သညာ’ ခံစားခြင်း ‘ဝေဒနာ’တို့၏ ချုပ်ရာ ‘နိရောဓသမာပတ်’ ကို ပြည့်စုံစေ၍နေ၏။ ထိုရဟန်းအား (မဂ်) ပညာဖြင့် (သစ္စာကို) မြင်သောကြောင့် အာသဝေါတရားတို့ ကုန်ရာ၏။ ရဟန်းတို့ ‘ဤရဟန်းကို မာရ်ယုတ်ကို ကန်းအောင်ပြု၏၊ မာရ်နတ်မျက်စိကို တည်ရာ အာရုံမရှိအောင်ဖျက်ဆီး၍ မာရ်ယုတ်၏ မမြင်ရာ (အာရုံ) အရပ်သို့ ရောက်၏’ဟု ဆိုအပ်၏။
လောက၌ အထူးကပ်ငြိမှု ‘တဏှာ’ ကို လွန်မြောက်၍ မကြောက်မရွံ့ သွားခြင်း ရပ်ခြင်း ထိုင်ခြင်းအိပ်ခြင်းကို ပြု၏။ ထိုသို့ မကြောက်မရွံ့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်း၊ ရဟန်းတို့ မာရ်ယုတ့်မမြင် နိုင်ရာ (အာရုံ) အရပ်သို့ ရောက်နေသောကြောင့်တည်းဟု မြတ်စွာဘုရားသည် ဤတရားကိုဟောကြား တော်မူ၏။ ထိုရဟန်းတို့သည် မြတ်စွာဘုရားဟောတော်မူသော တရားတော်ကိုနှစ်သိမ့်ဝမ်းမြောက်စွာ ခံယူကြလေကုန်သတည်း။
ခြောက်ခုမြောက် ပါသရာသိသုတ်ပြီး၏။
၁။ သတ္တဝါတို့၏ ဣန္ဒြေအနုအရင့်ကိုသိသော ဣန္ဒြိယပရောပရိယတ္တိဉာဏ်
၂။ သတ္တဝါတို့၏ စိတ်ဓာတ် ကိန်းဝပ်ရာ အာသယနှင့် အနုသယကိလေသာတို့ကို သိသော အာသယာနုသယဉာဏ်၊ ဤဉာဏ်နှစ်ပါးကို ဗုဒ္ဓစက္ခုဟု ခေါ်သည်။ အခြားပါဠိတော်များ၌ ဒွါကာရေ ဒုဝိညာပယေ အပ္ပေကစ္စေ နပရလောကဝဇ္ဇဘယဒဿာဝိနော ဝိဟရန္တေပုဒ်များ မပါ။
၃။ ဥပ္ပလ = ကြာဖြူ၊ ကြာနီ ကြာညို။