မဇ္ဈိမနိကာယ်

၁— စူဠဂေါသိင်္ဂသုတ်

၃၂၅။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်—

အခါတစ်ပါး၌ မြတ်စွာဘုရားသည် နာတိကရွာ အုတ်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါအသျှင်အနုရုဒ္ဓါ အသျှင်နန္ဒိယ အသျှင်ကိမိလတို့သည် ဂေါသိင်္ဂမည်သော အင်ကြင်းတော၌ နေကုန်၏။ ထိုအခါ မြတ်စွာဘုရားသည် ညနေချမ်းအချိန် ကိန်းအောင်းရာမှ ထတော်မူကာ ဂေါသိင်္ဂမည်သောအင်ကြင်းတောဆီသို့ ချဉ်းကပ်တော်မူ၏။ တောစောင့်သည် အဝေးမှ ကြွလာတော်မူသောမြတ်စွာဘုရားကို မြင်၍ “ရဟန်းကြီး ဤတောသို့ မဝင်ပါလင့်၊ ဤတော၌ အမျိုးသားသုံးဦးတို့သည်ရှိပါကုန်၏၊ မိမိ အကျိုးစီးပွားကို လိုလားသော သဘောရှိကုန်လျက် နေပါကုန်၏၊ ထိုအမျိုးသားတို့၏မချမ်းသာမှုကို မပြုပါလင့်” ဟု မြတ်စွာဘုရားကို လျှောက်ထား၏။

အသျှင်အနုရုဒ္ဓါသည် မြတ်စွာဘုရားနှင့်အတူ ပြောဆိုသော တောစောင့်၏ စကားကို ကြား၍ “ဒါယကာတောစောင့် မြတ်စွာဘုရားကို မတားမြစ်ပါလင့်၊ ငါတို့၏ဆရာ မြတ်စွာဘုရားသည် အစဉ်ရောက်တော်မူလာ၏” ဟု တောစောင့်အား ဤစကားကို ပြောကြား၏။ ထိုအခါအသျှင်အနုရုဒ္ဓါမထေရ်သည် အသျှင်နန္ဒိယ အသျှင်ကိမိလတို့ထံသို့ ချဉ်းကပ်ပြီးလျှင် အသျှင်နန္ဒိယနှင့်အသျှင်ကိမိလတို့ကို “အသျှင်တို့ လာကြကုန်၊ အသျှင်တို့လာကြကုန်၊ ငါတို့၏ဆရာ မြတ်စွာဘုရားသည်အစဉ်ရောက်တော်မူလာ၏” ဟု ဤစကားကို ပြောကြား၏၊ ထိုအခါ အသျှင်အနုရုဒ္ဓါ အသျှင်နန္ဒိယအသျှင်ကိမိလတို့သည် မြတ်စွာဘုရားကို ခရီးဦးကြိုဆို၍ တစ်ပါးက မြတ်စွာဘုရား၏ သပိတ်သင်္ကန်းကိုခံယူပြီးလျှင် တစ်ပါးက နေရာကို ခင်း၍ တစ်ပါးက ခြေဆေးရေကို တည်ထား၏။ မြတ်စွာဘုရားသည်ခင်းထားသော နေရာ၌ ထိုင်၍ ခြေတို့ကို ဆေးတော်မူ၏။ ထိုအသျှင်တို့သည်လည်း မြတ်စွာဘုရားကိုရိုသေစွာ ရှိခိုး၍ သင့်တင့်လျောက်ပတ်သော နေရာ၌ ထိုင်ကုန်သည်ရှိသော် အသျှင်အနုရုဒ္ဓါအားမြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏—

၃၂၆။ အနုရုဒ္ဓါတို့ အသို့နည်း၊ သင်တို့ ခံ့ကျန်းကြ၏လော၊ အသို့နည်း မျှတကြ၏လော၊ အသို့ နည်းဆွမ်းဖြင့် မပင်ပန်းကြ၏လောဟု (မိန့်တော်မူ၏)။

မြတ်စွာဘုရား ခံ့ကျန်းကြပါ၏၊ မြတ်စွာဘုရား မျှတကြပါ၏၊ အသျှင်ဘုရား တပည့်တော်တို့သည်ဆွမ်းဖြင့်လည်း မပင်ပန်းကြပါဟု (လျှောက်ကြကုန်၏)။

အနုရုဒ္ဓါတို့ အသို့နည်း၊ သင်တို့သည် အညီအညွတ် ဝမ်းမြောက်ဝမ်းသာ မငြင်းခုံကြဘဲ နို့ (နှင့်) ရေရောသကဲ့သို့ တစ်စိတ်တည်းရှိကုန်၍ အချင်းချင်း ချစ်ခင်သော မျက်စိတို့ဖြင့် ကောင်းစွာ ရှုကြည့်ကုန်လျက် နေထိုင်ကြကုန်၏လောဟု (မေးတော်မူ၏)။

အသျှင်ဘုရား စင်စစ် တပည့်တော်တို့သည် အညီအညွတ် ဝမ်းမြောက်ဝမ်းသာ မငြင်းခုံကြဘဲ နို့ (နှင့်) ရေရောသကဲ့သို့ တစ်စိတ်တည်းရှိကုန်၍ အချင်းချင်း ချစ်ခင်သော မျက်စိတို့ဖြင့် ကောင်းစွာကြည့်ရှုကုန်လျက် နေထိုင်ကြပါကုန်၏ဟု (လျှောက်ကြကုန်၏)။

အနုရုဒ္ဓါတို့ သင်တို့သည် အဘယ်သို့လျှင် အညီအညွတ် ဝမ်းမြောက်ဝမ်းသာ မငြင်းခုံကြဘဲ နို့ (နှင့်) ရေ ရောသကဲ့သို့ တစ်စိတ်တည်းရှိကုန်၍ အချင်းချင်း ချစ်ခင်သော မျက်စိဖြင့် ကောင်းစွာ ရှုကြည့်ကုန်လျက် နေထိုင်ကြကုန်သနည်းဟု (မေးတော်မူ၏)။

အသျှင်ဘုရား ဤသာသနာတော်၌ တပည့်တော်မှာ “အကြင်ငါသည် ဤသို့သဘောရှိကုန်သောသီတင်းသုံးဖော်တို့နှင့် အတူနေရ၏၊ ငါသည် အရတော်ပေစွ၊ ငါသည် အလွန်အရတော်ပေစွ” ဟု ဤသို့စိတ်ဖြစ်ပါ၏။ အသျှင်ဘုရား ထိုတပည့်တော်မှာ ဤအသျှင်တို့အပေါ်၌ မျက်မှောက်၌ဖြစ်စေ၊ မျက်ကွယ်၌ဖြစ်စေ၊ ကာယကံမေတ္တာသည် ရှေးရှုထင်ပါ၏၊ မျက်မှောက်၌ဖြစ်စေ၊ မျက်ကွယ်၌ဖြစ်စေ ဝစီကံမေတ္တာသည် ရှေးရှုထင်ပါ၏၊ မျက်မှောက်၌ဖြစ်စေ၊ မျက်ကွယ်၌ဖြစ်စေ မနောကံမေတ္တာသည် ရှေးရှုထင်ပါ၏၊ အသျှင်ဘုရား ထိုတပည့်တော်မှာ “ငါသည် မိမိစိတ်အလိုကို လျှော့ထား၍ ဤအသျှင်တို့၏ စိတ်အလိုအားဖြင့်သာလျှင် လိုက်လျော ကျင့်သုံးရမူ ကောင်းပေမည်” ဟု ဤသို့ အကြံအစည် ဖြစ်ပါ၏။ အသျှင်ဘုရားတပည့်တော်သည် မိမိစိတ်အလိုကို လျှော့ထား၍ ဤအသျှင်တို့၏ စိတ်အလိုအားဖြင့်သာလျှင် လိုက်လျောကျင့်သုံးပါ၏။ အသျှင်ဘုရား တပည့်တော်တို့မှာ ကိုယ်အသီးသီးဖြစ်သော်လည်း စိတ်သည်ကား တစိတ်တည်းကဲ့သို့ ဖြစ်ကြပါသည်ဟု (လျှောက်၏)။

အသျှင်နန္ဒိယသည်လည်း။ပ။ အသျှင်ကိမိလသည်လည်း မြတ်စွာဘုရားအား ဤစကားကို လျှောက်၏၊ အသျှင်ဘုရား တပည့်တော်သည်လည်း ငါသည် ဤသို့သဘောရှိသော သီတင်းသုံးဖော်တို့နှင့် အတူနေရ၏၊ ငါသည် အရတော်ပေစွ၊ ငါသည် အလွန်အရတော်ပေစွ” ဟု ဤသို့စိတ်ဖြစ်ပါ၏။ အသျှင်ဘုရား ထိုတပည့်တော်မှာ ဤအသျှင်တို့အပေါ်၌ မျက်မှောက်၌ဖြစ်စေ၊ မျက်ကွယ်၌ဖြစ်စေ၊ ကာယကံမေတ္တာသည်ရှေးရှုထင်ပါ၏၊ မျက်မှောက်၌ဖြစ်စေ၊ မျက်ကွယ်၌ဖြစ်စေ၊ ဝစီကံမေတ္တာသည် ရှေးရှုထင်ပါ၏၊ မျက်မှောက်၌ဖြစ်စေ၊ မျက်ကွယ်၌ဖြစ်စေ၊ မနောကံမေတ္တာသည် ရှေးရှုထင်ပါ၏။ အသျှင်ဘုရား ထိုတပည့်တော်မှာ “ငါသည် မိမိစိတ် အလိုကို လျှော့ထား၍ ဤအသျှင်တို့၏ စိတ်အလိုအားဖြင့်သာလျှင် လိုက်လျောကျင့်သုံး ရမူ ကောင်းပေမည်” ဟု ဤသို့ အကြံအစည် ဖြစ်ပါ၏။ အသျှင်ဘုရား ထိုတပည့်တော်သည်မိမိစိတ် အလိုကို လျှော့ထား၍ ဤအသျှင်တို့၏ စိတ်အလိုအားဖြင့်သာလျှင် လိုက်လျော ကျင့်သုံးပါ၏။ အသျှင် ဘုရား တပည့်တော်တို့မှာ ကိုယ်သည် အသီးသီးဖြစ်သော်လည်း စိတ်သည်ကားတစ်စိတ်တည်းကဲ့သို့ ဖြစ်ပါ၏ဟု (လျှောက်၏)။ အသျှင်ဘုရား ဤသို့လျှင် တပည့်တော်တို့သည်အညီအညွတ် ဝမ်းမြောက်ဝမ်း သာ မငြင်းခုံကြဘဲ နို့ (နှင့်) ရေ ရောသကဲ့သို့ တစ်စိတ်တည်းရှိကုန်၍အချင်းချင်း ချစ်ခင်သောမျက်စိဖြင့် ကောင်းစွာ ရှုကြည့်ကုန်လျက် နေကြပါ၏” ဟု (လျှောက်ကုန်၏)။

၃၂၇။ အနုရုဒ္ဓါတို့ ကောင်းပေစွ ကောင်းပေစွ၊ အနုရုဒ္ဓါတို့ အသို့နည်း၊ သင်တို့သည် မမေ့မလျော့ပြင်းစွာအားထုတ်လျက် (နိဗ္ဗာန်သို့) စေလွှတ်အပ်သော စိတ်ရှိကုန်သည်ဖြစ်၍ နေကြကုန်၏လောဟု (မေးတော်မူ၏)။

အသျှင်ဘုရား စင်စစ်သော်ကား တပည့်တော်တို့သည် မမေ့မလျော့ ပြင်းစွာအားထုတ်လျက် (နိဗ္ဗာန်သို့) စေလွှတ်အပ်သော စိတ်ရှိကုန်သည်ဖြစ်၍ နေကြကုန်ပါ၏ဟု (လျှောက်ကြကုန်၏)။

အနုရုဒ္ဓါတို့ အဘယ်သို့ သင်တို့သည် မမေ့မလျော့ ပြင်းစွာအားထုတ်လျက် (နိဗ္ဗာန်သို့) စေလွှတ်အပ်သော စိတ်ရှိကုန်သည်ဖြစ်၍ နေကြကုန်သနည်းဟု (မေးတော်မူ၏)။

အသျှင်ဘုရား တပည့်တော်တို့တွင် ဆွမ်းခံရွာမှ ရှေးဦးစွာ ပြန်လာသောသူသည် နေရာတို့ကို ခင်း၏၊ သောက်ရေသုံးဆောင်ရေကို တည်ထား၏၊ ဆွမ်းဦးထည့်ရန် ခွက်ကို တည်ထား၏။ ဆွမ်းခံရွာမှနောက်ကျ၍ ပြန်လာသောသူသည် စားကြွင်းကို စားလိုလျှင် စားရာ၏၊ မစားလိုက စိမ်းစိုသော မြက်သစ်ပင် မရှိရာ၌လည်း စွန့်၏၊ ပိုးမရှိသော ရေ၌သော်လည်း သွန်၏၊ ထိုသူသည် နေရာတို့ကို (ခေါက်၏) သိုမှီး၏၊ သောက်ရေသုံးဆောင်ရေကို (သိမ်းဆည်း၏) သိုမှီး၏၊ ဆွမ်းဦးထည့်ရန် ခွက်ကို (သိမ်းဆည်း၏) သိုမှီး၏၊ ဆွမ်းစား (ဇရပ်) ကျောင်းကို တံမြက်လှည်း၏။ ရေမရှိသော သောက်ရေအိုးကိုလည်းကောင်း၊ သုံးဆောင်ရေအိုးကိုလည်းကောင်း၊ သန့်သက်ရေအိုးကိုလည်းကောင်း မြင်သောသူသည် (ရေထည့်၍) တည်ထား၏။ ထိုရဟန်းသည် အကယ်၍ မချီနိုင်လျှင် အဖော်ကို လက်ယက်ခေါ်၍ လက့်တို့ဖြင့် မြှောက်ချီကာ တည်ထားကြပါကုန်၏၊ အသျှင်ဘုရား တပည့်တော်တို့သည် ထိုအကြောင်းများကြောင့် နှုတ်မြွက်ပြောဆိုမှု မပြုကြပါ။ အသျှင်ဘုရား တပည့်တော်တို့သည် ငါးရက်မြောက်နေ့၌ တညဉ့်လုံး တရားနှင့်စပ်သော စကားဖြင့် စည်းဝေးနေကြပါကုန်၏။ အသျှင်ဘုရား ဤသို့လျှင် တပည့်တော်တို့သည် မမေ့မလျော့ ပြင်းစွာအားထုတ်လျက် (နိဗ္ဗာန်သို့) စေလွှတ်အပ်သော စိတ်ရှိကုန်သည်ဖြစ်၍နေကြပါကုန်၏ဟု (လျှောက်ကြကုန်၏)။

၃၂၈။ အနုရုဒ္ဓါတို့ ကောင်းပေစွ ကောင်းပေစွ၊ အနုရုဒ္ဓါတို့ ဤသို့ မမေ့မလျော့ ပြင်းစွာအားထုတ်ကုန်သည်ဖြစ်၍ (နိဗ္ဗာန်သို့) စေလွှတ်အပ်သော စိတ်ရှိကုန်သည်ဖြစ်၍ နေကြကုန်သော သင်တို့မှာ လူတို့၏ တရားထက် လွန်မြတ်သည့် အရိယာဖြစ်ရန် စွမ်းနိုင်သော ဉာဏ်အမြင်ထူးကို ရသည်ဖြစ်၍ ချမ်းသာစွာ နေရခြင်းရှိ၏လောဟု (မေးတော်မူ၏)။

အသျှင်ဘုရား အဘယ်မှာ မရှိဘဲ ရှိပါအံ့နည်း။ အသျှင်ဘုရား တပည့်တော်တို့သည် အလိုရှိသ လောက်ကာမဂုဏ်တို့မှ ကင်းဆိတ်၍သာလျှင် အကုသိုလ်တရားတို့မှ ကင်းဆိတ်၍သာလျှင်ကြံစည်ခြင်း ‘ဝိတက်’နှင့် တကွဖြစ်သော၊ သုံးသပ်ဆင်ခြင်ခြင်း ‘ဝိစာရ’နှင့် တကွဖြစ်သော၊ (နီဝရဏ) ကင်းဆိတ်ခြင်းကြောင့်ဖြစ်သော၊ နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ ရှိသော ပဌမဈာန်သို့ ရောက်၍ နေကြပါကုန်၏။ အသျှင်ဘုရား မမေ့မလျော့ ပြင်းစွာ အားထုတ်လျက် (နိဗ္ဗာန်သို့) စေလွှတ်အပ်သော စိတ်ရှိကုန်သည်ဖြစ်၍နေကြကုန်သော တပည့်တော်တို့မှာ လူတို့၏တရားထက် လွန်မြတ်သည့် အရိယာဖြစ်ရန် စွမ်းနိုင်သောဤဉာဏ်အမြင်ထူးကို ရသည်ဖြစ်၍ ချမ်းသာစွာ နေရခြင်းရှိပါ၏ဟု (လျှောက်ကြကုန်၏)။

အနုရုဒ္ဓါတို့ ကောင်းပေစွ ကောင်းပေစွ၊ အနုရုဒ္ဓါတို့ သင်တို့မှာ ဤနေခြင်းကို လွန်မြောက်ခြင်းငှါဤနေခြင်းကိုငြိမ်းစေခြင်းငှါ လူတို့၏တရားထက် လွန်မြတ်သည့် အရိယာဖြစ်ခြင်းငှါ် စွမ်းနိုင်သော အခြားဉာဏ် အမြင်ထူးကို ရသည်ဖြစ်၍ ချမ်းသာစွာ နေရခြင်းရှိသေး၏လောဟု (မေးတော်မူ၏)။

အသျှင်ဘုရား အဘယ်မှာ မရှိဘဲ ရှိပါအံ့နည်း။ အသျှင်ဘုရား တပည့်တော်တို့သည် အလိုရှိသ လောက်ကြံစည်ခြင်း ‘ဝိတက်’ သုံးသပ်ဆင်ခြင်ခြင်း ‘ဝိစာရ’တို့၏ ချုပ်ခြင်းကြောင့် မိမိသန္တာန်၌ စိတ်ကိုကြည်လင်စေတတ်သော၊ စိတ်တည်ကြည်ခြင်း ‘သမာဓိ’ကို ဖြစ်ပွားစေတတ်သော၊ ကြံစည်ခြင်း ‘ဝိတက်’မရှိသော၊ သုံးသပ်ဆင်ခြင်ခြင်း ‘ဝိစာရ’ မရှိသော၊ တည်ကြည်ခြင်း ‘သမာဓိ’ကြောင့်ဖြစ်သော၊ နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ ရှိသော ဒုတိယဈာန်သို့ ရောက်၍ နေပါကုန်၏။ အသျှင်ဘုရား ဤနေခြင်းကိုလွန်မြောက်ခြင်းငှါ ဤနေခြင်းကိုငြိမ်းစေခြင်းငှါ လူတို့၏ တရားထက် လွန်မြတ်သည့် အရိယာဖြစ်ခြင်းငှါစွမ်းနိုင်သော ဤအခြားသောဉာဏ် အမြင်ထူးကို ရသည်ဖြစ်၍ ချမ်းသာစွာ နေရခြင်းရှိပါ၏ဟု (လျှောက်ကြကုန်၏)။

အနုရုဒ္ဓါတို့ ကောင်းပေစွ ကောင်းပေစွ၊ အနုရုဒ္ဓါတို့ သင်တို့မှာ ဤနေခြင်းကို လွန်မြောက်ခြင်းငှါဤနေခြင်းကိုငြိမ်းစေခြင်းငှါ လူတို့၏ တရားထက် လွန်မြတ်သည့် အရိယာဖြစ်ခြင်းငှါ် စွမ်းနိုင်သောအခြားဉာဏ် အမြင်ထူးကို ရသည်ဖြစ်၍ ချမ်းသာစွာ နေရခြင်းရှိသေး၏လောဟု (မေးတော်မူ၏)။

အသျှင်ဘုရား အဘယ်မှာ မရှိဘဲ ရှိပါအံ့နည်း။ အသျှင်ဘုရား တပည့်တော်တို့သည် အလိုရှိသ လောက်နှစ်သိမ့်ခြင်း ‘ပီတိ်’ ကိုလည်း မတပ်မက်ခြင်းကြောင့် သတိနှင့် ပြည့်စုံကုန်သည်ဖြစ်၍ ဆင်ခြင်ခြင်း ဉာဏ်နှင့်ပြည့်စုံကုန်သည်ဖြစ်၍ လျစ်လျူရှုကုန်၍သာလျှင် နေပါကုန်၏၊ ချမ်းသာခြင်း ‘သုခ’ကိုလည်း ကိုယ်ဖြင့်ခံစားပါကုန်၏၊ အရိယာပုဂ္ဂိုလ်တို့သည် အကြင် တတိယဈာန်ကြောင့် ထိုသူကို “လျစ်လျူရှုသူ သတိရှိသူချမ်းသာစွာ နေလေ့ရှိသူ” ဟု ပြောကြားကုန်၏၊ ထိုတတိယဈာန်သို့ ရောက်၍ နေပါကုန်၏။ အသျှင်ဘုရား ဤနေခြင်းကို လွန်မြောက်ခြင်းငှါ ဤနေခြင်းကိုငြိမ်းစေခြင်းငှါ လူတို့၏ တရားထက်လွန်မြတ်သည့် အရိယာဖြစ်ခြင်းငှါ စွမ်းနိုင်သော ဤအခြားသော ဉာဏ်အမြင်ထူးကို ရသည်ဖြစ်၍ ချမ်းသာစွာ နေရခြင်းရှိပါ၏ဟု (လျှောက်ကြကုန်၏)။

အနုရုဒ္ဓါတို့ ကောင်းပေစွ ကောင်းပေစွ၊ အနုရုဒ္ဓါတို့ သင်တို့မှာ ဤနေခြင်းကို လွန်မြောက်ခြင်းငှါဤနေခြင်းကိုငြိမ်းစေခြင်းငှါ လူတို့၏ တရားထက် လွန်မြတ်သည့် အရိယာဖြစ်ခြင်းငှါ စွမ်းနိုင်သောအခြားဉာဏ် အမြင်ထူးကို ရသည်ဖြစ်၍ ချမ်းသာစွာ နေရခြင်း ရှိသေး၏လောဟု (မေးတော်မူ၏)။

အသျှင်ဘုရား အဘယ်မှာလျှင် မရှိဘဲ ရှိပါအံ့နည်း။ အသျှင်ဘုရား တပည့်တော်တို့သည် အလိုရှိသလောက် ချမ်းသာခြင်း ‘သုခ’ ကိုလည်း ပယ်ခြင်းကြောင့် ဆင်းရဲခြင်း ‘ဒုက္ခ’ကိုလည်း ပယ်ခြင်းကြောင့်ရှေးဦး ကပင် ဝမ်းသာခြင်း ‘သောမနဿ’ နှလုံးမသာခြင်း ‘ဒေါမနဿ’တို့၏ ချုပ်ခြင်းကြောင့်ဆင်းရဲလည်းမဟုတ် ချမ်းသာလည်း မဟုတ်သော လျစ်လျူရှုခြင်း ‘ဥပေက္ခာ’ ကြောင့်ဖြစ်သည့် သတိ၏စင်ကြယ်ခြင်းရှိသော စတုတ္ထဈာန်သို့ ရောက်၍နေပါကုန်၏။ အသျှင်ဘုရား ဤနေခြင်းကိုလွန်မြောက်ခြင်းငှါ ဤနေခြင်းကိုငြိမ်း စေခြင်းငှါ လူတို့၏တရားထက် လွန်မြတ်သည့် အရိယာဖြစ်ခြင်းငှါစွမ်းနိုင်သော ဤအခြားသော ဉာဏ် အမြင်ထူးကို ရသည်ဖြစ်၍ ချမ်းသာစွာ နေရခြင်းရှိပါ၏ဟု (လျှောက်ကြကုန်၏)။

အနုရုဒ္ဓါတို့ ကောင်းပေစွ ကောင်းပေစွ၊ အနုရုဒ္ဓါတို့ သင်တို့မှာ ဤနေခြင်းကို လွန်မြောက်ခြင်းငှါဤနေခြင်းကိုငြိမ်းစေခြင်းငှါ လူတို့၏ တရားထက် လွန်မြတ်သည့် အရိယာဖြစ်ခြင်းငှါ် စွမ်းနိုင်သောအခြားဉာဏ် အမြင်ထူးကို ရသည်ဖြစ်၍ ချမ်းသာစွာ နေရခြင်း ရှိသေး၏လောဟု (မေးတော်မူ၏)။

အသျှင်ဘုရား အဘယ်မှာ မရှိဘဲ ရှိပါအံ့နည်း။ အသျှင်ဘုရား တပည့်တော်တို့သည် အလိုရှိသ လောက်အလုံးစုံသော ရူပသညာတို့ကို လွန်မြောက်ခြင်းကြောင့် ထိခိုက်မှု ‘ပဋိဃ’သညာတို့၏ ချုပ်ခြင်း ကြောင့်အမျိုးမျိုးသော သညာ ‘နာနတ္တသညာ’တို့ကို နှလုံးမသွင်းခြင်းကြောင့် ‘ကောင်းကင်သည် အဆုံး မရှိ” ဟု (စီးဖြန်းကာ) အာကာ သာနဉ္စာယတနဈာန်သို့ ရောက်၍ နေပါကုန်၏။ အသျှင်ဘုရား ဤနေခြင်း ကိုလွန်မြောက်ခြင်းငှါ ဤနေခြင်းကိုငြိမ်းစေခြင်းငှါ လူတို့၏ တရားထက် လွန်မြတ်သည့် အရိယာဖြစ်ခြင်းငှါ စွမ်းနိုင်သော ဤအခြားသော ဉာဏ်အမြင်ထူးကို ရသည်ဖြစ်၍ ချမ်းသာစွာ နေရခြင်းရှိပါ၏ဟု (လျှောက်ကြကုန်၏)။

အနုရုဒ္ဓါတို့ ကောင်းပေစွ ကောင်းပေစွ၊ အနုရုဒ္ဓါတို့ သင်တို့မှာ ဤနေခြင်းကို လွန်မြောက်ခြင်းငှါဤနေခြင်းကိုငြိမ်းစေခြင်းငှါ လူတို့၏ တရားထက် လွန်မြတ်သည့် အရိယာဖြစ်ခြင်းငှါ စွမ်းနိုင်သောအခြားဉာဏ် အမြင်ထူးကို ရသည်ဖြစ်၍ ချမ်းသာစွာ နေရခြင်း ရှိသေး၏လောဟု (မေးတော်မူ၏)။

အသျှင်ဘုရား အဘယ်မှာ မရှိဘဲ ရှိပါအံ့နည်း။ အသျှင်ဘုရား တပည့်တော်တို့သည် အလိုရှိသ လောက်အလုံးစုံသော အာကာသာနဉ္စာယတနဈာန်ကို လွန်မြောက်၍ ‘ဝိညာဏ်သည် အဆုံးမရှိ” ဟု (စီးဖြန်းကာ) ဝိညာဏဉ္စာယတနဈာန်သို့ ရောက်၍ နေပါကုန်၏။ပ။ အလုံးစုံသော ဝိညာဏဉ္စာယတနဈာန် ကိုလွန်မြောက်၍ “တစ်စုံတစ်ခုမျှ မရှိဟု” ဟု (စီးဖြန်းကာ) အာကိဉ္စညာယတနဈာန်သို့ ရောက်၍ နေပါကုန်၏။ပ။ အလုံးစုံသော အာကိဉ္စညာယတနဈာန်ကို လွန်မြောက်၍ နေဝသညာနာသညာယတနဈာန်သို့ရောက်၍ နေပါကုန်၏။ အသျှင်ဘုရား ဤနေခြင်းကို လွန်မြောက်ခြင်းငှါ ဤနေခြင်းကိုငြိမ်းစေခြင်းငှါလူတို့၏ တရားထက် လွန်မြတ်သည့် အရိယာဖြစ်ခြင်းငှါ စွမ်းနိုင်သော ဤအခြားသော ဉာဏ်အမြင်ထူးကိုရသည်ဖြစ်၍ ချမ်းသာစွာ နေရခြင်းရှိပါ၏ဟု (လျှောက်ကြကုန်၏)။

၃၂၉။ အနုရုဒ္ဓါတို့ ကောင်းပေစွ ကောင်းပေစွ၊ အနုရုဒ္ဓါတို့ သင်တို့မှာ ဤနေခြင်းကို လွန်မြောက်ခြင်းငှါ ဤနေခြင်းကိုငြိမ်းစေခြင်းငှါ လူတို့၏ တရားထက် လွန်မြတ်သည့် အရိယာဖြစ်ခြင်းငှါ် စွမ်းနိုင်သော အခြားဉာဏ် အမြင်ထူးကို ရသည်ဖြစ်၍ ချမ်းသာစွာ နေရခြင်းရှိသေး၏လောဟု (မေးတော်မူ၏)။

အသျှင်ဘုရား အဘယ်မှာ မရှိဘဲ ရှိပါအံ့နည်း။ အသျှင်ဘုရား တပည့်တော်တို့သည် အလိုရှိသ လောက်အလုံးစုံသော နေဝသညာနာသညာယတနဈာန်ကို လွန်မြောက်၍ မှတ်သားခြင်း ‘သညာ’ ခံစားခြင်း ‘ဝေဒနာ’တို့ချုပ်ရာ (နိရောဓသမာပတ်) ကို ပြည့်စုံစေ၍ နေပါကုန်၏၊ တပည့်တော်တို့မှာ ပညာဖြင့်လည်း့မြင်ပြီးဖြစ်၍ အာသဝေါတရားတို့သည် ကုန်ပြီးဖြစ်ပါကုန်၏။ အသျှင်ဘုရား ဤနေခြင်းကိုလွန်မြောက်ခြင်း ငှါ ဤနေခြင်းကိုငြိမ်းစေခြင်းငှါ လူတို့၏တရားထက် လွန်မြတ်သည့် အရိယာဖြစ်ခြင်းငှါစွမ်းနိုင်သော ဤအခြားသော ဉာဏ်အမြင်ထူးကို ရသည်ဖြစ်၍ ချမ်းသာစွာ နေရခြင်းရှိပါ၏။ အသျှင်ဘုရား တပည့်တော်တို့သည် ဤချမ်းသာစွာ နေရခြင်းထက် သာလွန်မွန်မြတ်သောအခြားတစ်ပါးသော ချမ်းသာစွာနေရခြင်းကို မတွေ့မြင်ကြတော့ပါဟု (လျှောက်ကြကုန်၏)။

အနုရုဒ္ဓါတို့ ကောင်းပေစွ ကောင်းပေစွ၊ ဤချမ်းသာစွာ နေရခြင်းထက် သာလွန်မွန်မြတ်သောချမ်းသာစွာ နေရခြင်းသည် မရှိတော့ပေဟု (မိန့်တော်မူ၏)။

၃၃ဝ။ ထိုအခါ မြတ်စွာဘုရားသည် အသျှင်အနုရုဒ္ဓါ အသျှင်နန္ဒိယ အသျှင်ကိမိလတို့ကို တရားစကားဖြင့် (အကျိုးစီးပွားကို) သိမြင်စေလျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန်ရွှင်လန်းစေပြီးသော် နေရာမှ ထကာ ဖဲခွါတော်မူ၏။ ထိုအခါ အသျှင်အနုရုဒ္ဓါ အသျှင်နန္ဒိယအသျှင်ကိမိလတို့သည် မြတ်စွာဘုရားသို့ အစဉ်လိုက်၍ ထိုလိုက်ရာမှ ပြန်လှည့်ကာ အသျှင်နန္ဒိယနှင့်အသျှင်ကိမိလတို့က အသျှင်အနုရုဒ္ဓါအား—

“တပည့်တော်တို့သည် အသျှင်အနုရုဒ္ဓါအား ‘ဤမည် ဤမည်သော နေခြင်းသမာပတ်တို့ကို တပည့်တော်တို့ ရပါကုန်၏’ဟု ဤသို့ လျှောက်ကြားဖူးပါကုန်သလော၊ အသျှင်အနုရုဒ္ဓါသည် မြတ်စွာဘုရား၏မျက်မှောက်တော်၌ တပည့်တော်တို့၏ အာသဝေါတရားကုန်ခြင်းကို ဖော်ပြဘိ၏” ဟု (လျှောက်ဆိုကုန်၏)။

ငါ့အား အသျှင်တို့သည် “ဤမည် ဤမည်သော နေခြင်းသမာပတ်တို့ကို တပည့်တော်တို့ ရပါကုန်၏” ဟု ဤသို့ မလျှောက်ကြားဖူးကုန်သော်လည်း ငါသည် အသျှင်တို့၏စိတ်ကို စိတ်ဖြင့် ပိုင်းခြား၍ “ဤမည် ဤမည်သော နေခြင်းသမာပတ်တို့ကို ဤအသျှင်တို့ ရကုန်၏” ဟု သိ၏။ နတ်တို့သည်လည်း “ဤမည် ဤမည်သော နေခြင်းသမာပတ်တို့ကို ဤအသျှင်တို့ ရကုန်၏” ဟု ဤအကြောင်းကို ငါ့အားလျှောက်ကြားကုန်၏။ ထိုအကြောင်းကို မြတ်စွာဘုရားသည် ပြဿနာမေးတော်မူခြင်းကြောင့်ဖြေကြား၏ဟု (ပြောဆို၏)။

၃၃၁။ ထိုအခါ ဒီဃပရဇနနတ်သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားကို ရိုသေစွာရှိခိုး၍ သင့်တင့်လျောက်ပတ်သော နေရာ၌ ရပ်လျက် မြတ်စွာဘုရားအား—

“အသျှင်ဘုရား အကြင် (ဂေါသိင်္ဂမည်သောအင်ကြင်းတော) ၌ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော မြတ်စွာဘုရားသည် သီတင်းသုံးနေတော်မူ၏။ အသျှင်အနုရုဒ္ဓါ အသျှင်နန္ဒိယ အသျှင်ကိမိလ ဤသုံးဦးသော အမျိုးသားတို့သည်လည်း သီတင်းသုံးနေကုန်၏။ စင်စစ်သော်ကား ဝဇ္ဇီတိုင်းသားတို့သည် အရတော်လေကုန်စွ၊ ဝဇ္ဇီတိုင်းသားတို့သည်အလွန် အရတော်လေကုန်စွ” ဟု လျှောက်၏။ ဒီဃပရဇနနတ်၏ အသံကိုကြား၍ ဘုမ္မဇိုးနတ်တို့သည် “အချင်းတို့ ဂေါသိင်္ဂမည်သော အင်ကြင်းတော၌ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော မြတ်စွာဘုရားသည် သီတင်းသုံးနေတော်မူ၏။ အသျှင်အနုရုဒ္ဓါ အသျှင်နန္ဒိယ အသျှင်ကိမိလ ဤသုံးဦးသော အမျိုးသားတို့သည်လည်း သီတင်းသုံးနေကုန်၏။ စင်စစ်သော်ကား ဝဇ္ဇီတိုင်းသားတို့သည် အရတော်လေကုန်စွ၊ ဝဇ္ဇီတိုင်းသားတို့သည် အလွန် အရတော်လေကုန်စွ” ဟု အသံကို တစ်ဆင့်ကြွေးကြော်ကုန်၏။ ဘုမ္မဇိုးနတ်တို့၏အသံကို ကြား၍ စတုမဟာရာဇ်နတ်တို့သည်။ပ။ တာဝတိံသာနတ်တို့သည်။ပ။ ယာမာနတ်တို့သည်။ပ။ တုသိတာနတ်တို့သည်။ပ။ နိမ္မာနရတိနတ်တို့သည်။ပ။ ပရနိမ္မိတဝသဝတ္တီနတ်တို့သည်။ပ။ ဗြဟ္မာအပေါင်း၌ ဖြစ်သော ဗြဟ္မာတို့သည် “ဂေါသိင်္ဂမည်သောအင်ကြင်းတော၌ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ် တိုင် မှန်စွာ သိတော်မူသော မြတ်စွာဘုရားသည် သီတင်းသုံးနေတော်မူ၏။ အသျှင်အနုရုဒ္ဓါအသျှင်နန္ဒိယ အသျှင်ကိမိလ ဤသုံးဦးသော အမျိုးသားတို့သည်လည်း သီတင်းသုံးနေကုန်၏။

စင်စစ်သော်ကား ဝဇ္ဇီ တိုင်းသားတို့သည် အရတော်လေကုန်စွ၊ ဝဇ္ဇီတိုင်းသားတို့သည်အလွန်အရတော်လေကုန်စွ” ဟု အသံကို တစ်ဆင့် ကြွေးကြော်ကုန်၏။ ဤသို့လျှင် ထိုအသျှင်တို့သည်ထိုတစ်ခဏချင်း ထိုတစ်လယချင်း ထို တစ်မုဟုတ်ချင်းမျှဖြင့် (အကနိဋ္ဌ) ဗြဟ္မာ့ဘုံတိုင်အောင်ထင်ရှား (ကျော်စော) ကုန်၏။

ဒီဃ ဤ သင်လျှောက်ကြားသော စကားသည် ဤသို့ သင် လျှောက်ကြားသည့်အတိုင်း မှန်၏၊ ဒီဃဤသင်လျှောက်ကြားသော စကားသည် ဤသို့ သင် လျှောက်ကြားသည့်အတိုင်း မှန်ပေ၏။ ဒီဃအကြင်အမျိုးမှလည်း ဤသုံးဦးကုန်သော အမျိုးသားတို့သည် လူ့ဘောင်မှ ရဟန်းဘောင်၌ ရဟန်းပြုကုန်၏၊ ထိုအမျိုးသည်လည်း ထိုသုံးဦးကုန်သော အမျိုးသားတို့ကို ကြည်ညိုသောစိတ်ရှိ၍ အောက်မေ့ခဲ့လျှင် ရှည်မြင့်စွာသော ကာလပတ်လုံး စီးပွားခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်ရာ၏။ ဒီဃ အကြင်အမျိုး (အစဉ်) အဆက်မှလည်း ဤသုံးဦးကုန်သော အမျိုးသားတို့သည် လူ့ဘောင်မှ ထွက်ခွါ၍ ရဟန်းဘောင်၌ရဟန်းပြုကုန်၏၊ ထို အမျိုး (အစဉ်) အဆက်သည်လည်း ဤသုံးဦးကုန်သော အမျိုးသားတို့ကို ကြည်ညိုသောစိတ်ရှိ၍ အောက်မေ့ခဲ့လျှင် ရှည်မြင့်စွာသော ကာလပတ်လုံး စီးပွားခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်ရာ၏။ ဒီဃ အကြင်ရွာမှလည်း ဤသုံးဦးကုန်သော အမျိုးသားတို့သည် လူ့ဘောင်မှ ထွက်ခွါ၍ ရဟန်းဘောင်၌ရဟန်းပြုကုန်၏၊ ထိုရွာသည်လည်း ဤသုံးဦးကုန်သော အမျိုးသားတို့ကို ကြည်ညိုသောစိတ်ရှိ၍ အောက်မေ့ခဲ့လျှင် ရှည်မြင့်စွာသော ကာလပတ်လုံး စီးပွားခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်ရာ၏။ ဒီဃ အကြင်နိဂုံးမှလည်း ဤသုံးဦးကုန်သော အမျိုးသားတို့သည် လူ့ဘောင်မှ ထွက်ခွါ၍ ရဟန်းဘောင်၌ ရဟန်းပြုကုန်၏၊ ထိုနိဂုံး သည်လည်း ဤသုံးဦးကုန်သော အမျိုးသားတို့ကို ကြည်ညိုသော စိတ်ရှိ၍ အောက်မေ့ခဲ့လျှင်ရှည်မြင့်စွာသော ကာလပတ်လုံး စီးပွားခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်ရာ၏။ ဒီဃ အကြင်မြို့မှလည်းဤသုံးဦးကုန်သော အမျိုးသားတို့သည် လူ့ဘောင်မှ ထွက်ခွါ၍ ရဟန်းဘောင်၌ ရဟန်းပြုကုန်၏၊ ထိုမြို့သည်လည်း ဤ သုံးဦးကုန်သော အမျိုးသားတို့ကို ကြည်ညိုသော စိတ်ရှိ၍ အောက်မေ့ခဲ့လျှင် ရှည်မြင့်စွာသော ကာလပတ်လုံး စီးပွားခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်ရာ၏။ ဒီဃ အကြင်ဇနပုဒ်မှလည်း ဤသုံးဦးကုန်သော အမျိုးသားတို့သည် လူ့ဘောင်မှ ထွက်ခွါ၍ ရဟန်းဘောင်၌ ရဟန်းပြုကုန်၏၊ ထိုဇနပုဒ်သည်လည်း ဤသုံးဦးကုန်သော အမျိုးသားတို့ကို ကြည်ညိုသောစိတ်ရှိ၍ အောက်မေ့ခဲ့ကြလျှင်ရှည်မြင့်စွာသော ကာလပတ်လုံး စီးပွားခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်ရာ၏။ ဒီဃ အလုံးစုံသောမင်းတို့သည်လည်း ဤ သုံးဦးကုန်သော အမျိုးသားတို့ကို ကြည်ညိုသော စိတ်ရှိ၍ အောက်မေ့ခဲ့ကြလျှင်ရှည်မြင့်စွာသော ကာလ ပတ်လုံး စီးပွားခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်ရာ၏။ ဒီဃ အလုံးစုံကုန်သောပုဏ္ဏားတို့သည်။ပ။ ဒီဃ အလုံးစုံကုန်သော ကုန်သည်တို့သည်။ပ။ ဒီဃ အလုံးစုံကုန်သောသူဆင်းရဲတို့သည်လည်း ဤသုံးဦး ကုန်သော အမျိုးသားတို့ကို ကြည်ညိုသောစိတ် ရှိ၍အောက်မေ့ခဲ့ကြလျှင် ရှည်မြင့်စွာသော ကာလပတ်လုံး စီးပွားခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်ရာ၏။ ဒီဃနတ် မာရ်နတ် ဗြဟ္မာတို့နှင့် တကွသော (နတ်) လောကနှင့် သမဏဗြာဟ္မဏ မင်းများ လူများနှင့်တကွသော လူ့လောကသည်လည်း ဤသုံးဦးကုန်သော အမျိုးသားတို့ကို ကြည်ညိုသောစိတ်ရှိကုန်၍အောက်မေ့ခဲ့ကြလျှင် ရှည်မြင့်စွာသော ကာလပတ်လုံး စီးပွားခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်ရာ၏။

ဒီဃ ရှုကြည့်လော့၊ ဤသုံးဦးကုန်သော အမျိုးသားတို့သည် များစွာသော လူအပေါင်း၏ အစီးအပွားအကျိုးငှါ များစွာသော လူအပေါင်း၏ ချမ်းသာအကျိုးငှါ လောကကို အစဉ်စောင့်ရှောက်ခြင်းအကျိုးငှါ နတ်လူတို့၏အကျိုးငှါ အစီးအပွားအကျိုးငှါ ချမ်းသာအကျိုးငှါ အလွန်လျှင် ကျင့်ကုန်၏ဟု (မိန့်တော်မူ၏)။

မြတ်စွာဘုရားသည် ဤတရားဒေသနာကို ဟောကြားတော်မူ၏။ ဒီဃပရဇနနတ်သည် မြတ်စွာ ဘုရား၏တရားတော်ကို နှစ်ခြိုက်ဝမ်းမြောက်လေ၏။

ရှေးဦးစွာသော စူဠဂေါသိင်္ဂသုတ်ပြီး၏။