မဇ္ဈိမနိကာယ်
၈— မဟာတဏှာသင်္ခယသုတ်
၃၉၆။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်—
အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ တံငါသည်သား သာတိမည်သော ရဟန်းအား “ထိုဝိညာဏ်သည်သာလျှင် (တစ်ဘဝမှတစ်ဘဝသို့) ပြောင်းသွား၏၊ ကျင်လည်၏၊ (ဝိညာဏ်မှ) တစ်ပါးအခြားသော အရာမရှိ ဟူသော အခြင်းအရာအားဖြင့် မြတ်စွာဘုရားဟောထားသော တရားကိုငါသိ၏” ဟု ဤသို့ သဘောရှိသော ယုတ်ညံ့သော အယူသည် ဖြစ်ပေါ်လာ၏။
များစွာကုန်သော ရဟန်းတို့သည် တံငါသည်၏သား သာတိမည်သော ရဟန်းအား “ထိုဝိညာဏ်သည်သာလျှင် (တစ်ဘဝမှတစ်ဘဝသို့) ပြောင်းသွား၏၊ ကျင်လည်၏၊ (ဝိညာဏ်မှ) တစ်ပါးအခြားသော အရာမရှိ ဟူသော အခြင်းအရာအားဖြင့် မြတ်စွာဘုရားဟောထားသော တရားကိုငါသိ၏” ဟု ဤသို့ သဘောရှိသော ယုတ်ညံ့သော အယူဖြစ်ပေါ်လာသတတ်ဟု ကြားကုန်၏။
ထိုအခါ ထိုရဟန်းတို့သည် တံငါသည်သား သာတိရဟန်းထံသို့ ချဉ်းကပ်ကုန်၏၊ “ငါ့သျှင်သာတိ ‘ထိုဝိညာဏ်သည်သာလျှင် (တစ်ဘဝမှတစ်ဘဝသို့) ပြောင်းသွား၏၊ ကျင်လည်၏၊ (ဝိညာဏ်မှ) တစ်ပါးအခြားသော အရာမရှိဟူသော အခြင်းအရာအားဖြင့် မြတ်စွာဘုရားဟောထားသော တရားကို ငါသိ၏’ဟုသင့်အား ဤသို့ သဘောရှိသော ယုတ်ညံ့သော အယူဖြစ်ပေါ်လာသည်ကား မှန်သလော” ဟု တံငါသည်သား သာတိရဟန်းကို မေးကုန်၏။
ငါ့သျှင်တို့ ထိုဝိညာဏ်သည်သာလျှင် (တစ်ဘဝမှတစ်ဘဝသို့) ပြောင်းသွား၏၊ ကျင်လည်၏၊ (ဝိညာဏ်မှ) တစ်ပါး အခြားသော အရာမရှိ၊ ဤကဲ့သို့ပင် မြတ်စွာဘုရားဟောထားသော တရားကိုငါသိ၏” ဟု ဖြေဆို၏။
ထိုအခါ ထိုရဟန်းတို့သည် တံငါသည်သား သာတိရဟန်းကို ဤယုတ်ညံ့သော အယူမှ ကင်းကွာစေလိုကုန်၍ “ငါ့သျှင်သာတိ ဤသို့ မပြောဆိုလင့်၊ မြတ်စွာဘုရားအား မစွပ်စွဲလင့်၊ မြတ်စွာဘုရားအားစွပ်စွဲခြင်းသည် မကောင်း၊ မြတ်စွာဘုရားသည် ဤသို့ မဟောကြားရာ၊ ငါ့သျှင်သာတိ ဝိညာဏ်သည်အကြောင်းကို စွဲ၍ ဖြစ်၏၊ အကြောင်းကိုကြဉ်၍ ဝိညာဏ်၏ ဖြစ်ခြင်းသည် မရှိ” ဟု များစွာသောအကြောင်းဖြင့် မြတ်စွာဘုရား ဟောကြားတော်မူသည်ဟု အယူကို မေးစိစစ်ကြကုန်၏၊ အယူကို ဝန်ခံစေကုန်၏၊ အကြောင်းကို မေးမြန်းကြကုန်၏။ တံငါသည်သား သာတိရဟန်းသည် ဤသို့ ထိုရဟန်းတို့ကအယူကို မေးစိစစ်ကြသော်လည်း အယူကို ဝန်ခံစေကြသော်လည်း အကြောင်းကို မေးမြန်းကြသော်လည်းထိုယုတ်ညံ့သော အယူကိုပင်လျှင် အခိုင်အမာ အမှားသုံးသပ်လျက် သက်ဝင်စွဲလမ်း၍ “ငါ့သျှင်တို့ ထို့ဝိညာဏ်သည်သာလျှင် (တစ်ဘဝမှတစ်ဘဝသို့) ပြောင်းသွား၏၊ ကျင်လည်၏၊ (ဝိညာဏ်မှ) တစ်ပါးအခြားသော အရာမရှိ၊ ဤကဲ့သို့ပင် မြတ်စွာဘုရား ဟောထားသော တရားကို ငါသိ၏” ဟု ပြောဆို၏။
၃၉၇။ ထိုရဟန်းတို့သည် တံငါသည်သား သာတိရဟန်းကို ယုတ်ညံ့သော အယူမှ ကင်းကွာစေရန်မတတ်နိုင်ကြသော အခါ၌ ထိုရဟန်းတို့သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ကြ၍ ရိုသေစွာ ရှိခိုးကြပြီးလျှင် သင့်လျော်သော နေရာ၌ ထိုင်ကုန်လျက် မြတ်စွာဘုရားအား ဤသို့ လျှောက်ထားကုန်၏ — အသျှင်ဘုရား “ထိုဝိညာဏ်သည်သာလျှင် (တစ်ဘဝမှတစ်ဘဝသို့) ပြောင်းသွား၏၊ ကျင်လည်၏၊ (ဝိညာဏ်မှ) တစ်ပါး အခြားသော အရာမရှိဟူသော အခြင်းအရာအားဖြင့် မြတ်စွာဘုရားဟောထားသော တရားကို ငါသိ၏” ဟု တံငါသည်သား သာတိမည်သော ရဟန်းအားဤသို့သဘောရှိသော ယုတ်ညံ့သော အယူသည် ဖြစ်ပေါ်နေပါ၏။ အသျှင်ဘုရား တပည့်တော်တို့သည် “ထိုဝိညာဏ်သည်သာလျှင် (တစ်ဘဝမှ တစ်ဘဝသို့) ပြောင်းသွား၏၊ ကျင်လည်၏၊ (ဝိညာဏ်မှ) တစ်ပါးအခြားသော အရာမရှိဟူသော အခြင်း အရာအားဖြင့် မြတ်စွာဘုရားဟောထားသော တရားကိုငါသိ၏” ဟု တံငါသည်သား သာတိမည်သော ရဟန်းအား ဤသို့သဘောရှိသော ယုတ်ညံ့သောအယူသည် ဖြစ်ပေါ်လာသတတ်ဟု ကြားပါကုန်၏။ အသျှင်ဘုရား ထိုအခါ တပည့်တော်တို့သည်တံငါသည်သား သာတိရဟန်းထံသို့ ချဉ်းကပ်၍ “ငါ့သျှင် သာတိ ‘ထိုဝိညာဏ်သည်သာလျှင် (တစ်ဘဝမှတစ်ဘဝသို့) ပြောင်းသွားကျင်လည်၏၊ (ဝိညာဏ်မှ) တစ်ပါးအခြားသော အရာမရှိ’ဟူသောအခြင်းအရာအားဖြင့် မြတ်စွာဘုရားဟော ထားသော တရားကို ငါသိ၏ဟု သင့်အားဤသို့သဘောရှိသော ယုတ်ညံ့သော အယူဖြစ်ပေါ်နေ၏ ဟူသည် မှန်သလော” ဟု တံငါသည်သားသာတိမည်သောရဟန်းအား မေးပါကုန်၏။ အသျှင်ဘုရား ဤသို့မေးသော် တံငါသည်သားသာတိရဟန်းက “ငါ့သျှင်တို့ ထိုဝိညာဏ်သည်သာလျှင် (တစ်ဘဝမှတစ်ဘဝသို့) ပြောင်းသွား၏၊ ကျင်လည်၏၊ (ဝိညာဏ်မှ) တစ်ပါးအခြားသော အရာမရှိ၊ ဤကဲ့သို့ပင် မြတ်စွာဘုရားဟောထားသောတရားကို ငါသိ၏” ဟု တပည့်တော်တို့အား ဖြေဆိုပါ၏။ အသျှင်ဘုရား ထိုအခါ တပည့်တော်တို့သည်တံငါသည်သား သာတိရဟန်းကို ဤယုတ်ညံ့သော အယူမှ ကင်းကွာစေလိုကုန်၍ “ငါ့သျှင်သာတိ ဤသို့မပြောဆိုလင့်၊ မြတ်စွာဘုရားကို မစွပ်စွဲလင့်၊ မြတ်စွာဘုရားကို စွပ်စွဲခြင်းသည် မကောင်း၊ မြတ်စွာဘုရားသည် ဤသို့ မဟောကြားရာ၊ ငါ့သျှင်သာတိ ‘ဝိညာဏ်သည် အကြောင်းကို စွဲ၍ဖြစ်၏၊ အကြောင်းကိုကြဉ်၍ ဝိညာဏ်၏ ဖြစ်ခြင်းသည် မရှိ” ဟု များစွာသော အကြောင်းဖြင့် မြတ်စွာဘုရားဟောကြားတော်မူ၏” ဟု အယူကို မေးစိစစ်ပါကုန်၏။ အယူကို ဝန်ခံစေပါကုန်၏၊ အကြောင်းကိုမေးမြန်းကြကုန်၏။ အသျှင်ဘုရား တံငါသည်သား သာတိရဟန်းသည် တပည့်တော်တို့က ဤသို့ပင်အယူကို မေးစိစစ်ကြပါ သော်လည်း အယူကို ဝန်ခံစေကြပါသော်လည်း အကြောင်းကိုမေးမြန်းကြပါသော်လည်း ထိုယုတ်မာသော အယူကိုပင်လျှင် အခိုင်အမာ အမှားသုံးသပ်လျက်သက်ဝင်စွဲလမ်း၍ “ငါ့သျှင်တို့ ထိုဝိညာဏ်သည်သာလျှင် (တစ်ဘဝမှတစ်ဘဝသို့) ပြောင်းသွား၏၊ ကျင်လည်၏၊ (ဝိညာဏ်မှ) တစ်ပါး အခြားသော အရာမရှိ၊ ဤကဲ့သို့ပင် မြတ်စွာဘုရားဟောထားသောတရားကို ငါသိ၏” ဟု ပြောဆိုပါ၏။ အသျှင်ဘုရား တပည့် တော်တို့သည် တံငါသည်သားသာတိရဟန်းကို ဤယုတ်ညံ့သော အယူမှ ကင်းကွာစေရန် မတတ်နိုင်ကြ သော အခါ၌တပည့်တော်တို့သည် ဤအကြောင်းကို မြတ်စွာဘုရားအား လျှောက်ကြားပါကုန်၏ဟု (လျှောက်ကြကုန်၏)။
၃၉၈။ ထိုအခါ မြတ်စွာဘုရားသည် “ရဟန်း သင်သည် လာလော့၊ ငါ့စကားဖြင့် ‘ငါ့သျှင်သာတိမြတ်စွာဘုရား သင့်ကို ခေါ်တော်မူ၏’ဟု တံငါသည်သား သာတိရဟန်းအား သိစေလော့” ဟု တစ်ပါးသော ရဟန်းအား မိန့်တော်မူ၏။ “အသျှင်ဘုရား ကောင်းပါပြီ” ဟု ထိုရဟန်းသည် မြတ်စွာဘုရားအား့ဝန်ခံ၍ တံငါသည်သား သာတိရဟန်းထံသို့ ချဉ်းကပ်ပြီးလျှင် တံငါသည်သား သာတိရဟန်းကို “ငါ့သျှင်သာတိ မြတ်စွာဘုရားသည် သင့်ကို ခေါ်တော်မူ၏” ဟု တံငါသည်သား သာတိရဟန်းကို ပြောကြား၏။ “ငါ့သျှင် ကောင်းပြီ” ဟု တံငါသည်သား သာတိရဟန်းသည် ထိုရဟန်းအား ပြန်ကြား၍ မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် ရိုသေစွာရှိခိုးလျက် သင့်လျော်သော နေရာ၌ ထိုင်နေ၏။ သင့်လျော်သောနေရာ၌ ထိုင်နေသော တံငါသည်သား သာတိအား မြတ်စွာဘုရားသည်—
“သာတိ ‘ထိုဝိညာဏ်သည်သာလျှင် (တစ်ဘဝမှတစ်ဘဝသို့) ပြောင်းသွား၏၊ ကျင်လည်၏၊ (ဝိညာဏ်မှ) တစ်ပါးအခြားသော အရာမရှိဟူသော အခြင်းအရာအားဖြင့် မြတ်စွာဘုရားဟောထားသောတရားကို ငါသိ၏’ဟု သင့်အား ဤသို့ သဘောရှိသော ယုတ်ညံ့သောအယူ ဖြစ်ပေါ်နေသည်ဟူသည်မှန်သလော” ဟု မေးတော်မူ၏။
အသျှင်ဘုရား ထိုဝိညာဏ်သည်သာလျှင် (တစ်ဘဝမှတစ်ဘဝသို့) ပြောင်းသွား၏၊ ကျင်လည်၏၊ (ဝိညာဏ်မှ) တစ်ပါးအခြားသော အရာမရှိပါ၊ ဤကဲ့သို့ပင် မြတ်စွာဘုရား ဟောထားသောတရားကိုတပည့်တော်သိပါ၏ဟု (လျှောက်၏)။
သာတိ သင်ပြောသော ဝိညာဏ်သည် အဘယ်နည်းဟု (မေးတော်မူ၏)။
အသျှင်ဘုရား ပြောဆိုတတ်သောသဘော၊ သိတတ်သောသဘော၊ ထိုထိုဘဝတို့၌ ကုသိုလ်ကံ,အကုသိုလ်ကံတို့၏ အကျိုးကို ခံစားတတ်သောသဘော ဖြစ်ပါသည်ဟု (လျှောက်၏)။
(မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သောယောကျာ်း အဘယ်မည်သောသူအား ငါ ဤသို့ တရားဟောအပ်သည်ကို သင် သိသနည်း၊ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သောယောကျာ်း ငါသည် ဝိညာဏ်သည် အကြောင်းကို စွဲ၍ ဖြစ်၏၊ “အကြောင်းကို ကြဉ်၍ ဝိညာဏ်၏ ဖြစ်ခြင်းသည် မရှိ” ဟု များစွာသောအကြောင်းဖြင့် ဟောကြားသည် မဟုတ်လော။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သောယောကျာ်းထိုသို့ဟောထားပါလျက် သင် သည် မိမိ လွဲမှားစွာယူအပ်သော အယူဖြင့် ငါတို့ကိုလည်း စွပ်စွဲ၏၊ မိမိကိုယ်ကိုလည်းဖြိုဖျက်၏၊ များစွာသော မကောင်းမှုကိုလည်း ဖြစ်ပွားစေ၏။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သောယောကျာ်း ထိုမှား သော အယူသည် သင့်အား ရှည်ကြာစွာသော ကာလပတ်လုံးအစီးအပွားမဲ့ခြင်း ဆင်းရဲခြင်းငှာ ဖြစ်လတ္တံ့ဟု (မိန့်တော်မူ၏)။
၃၉၉။ ထို့နောက် မြတ်စွာဘုရားသည် ရဟန်းတို့ကို “ရဟန်းတို့ ထိုအရာကို အဘယ်သို့ မှတ်ထင်ကုန်သနည်း၊ ဤတံငါသည်သား သာတိရဟန်းသည် ဤသာသနာတော်၌ ဉာဏ်အငွေ့အသက်မျှရှိသေးသလော” ဟု ရဟန်းတို့ကို မေးတော်မူ၏။ “အသျှင်ဘုရား အဘယ်မှာရှိနိုင်ပါအံ့နည်း၊ မရှိနိုင်ပါ” ဟု လျှောက်ကြကုန်၏။ ဤသို့ ပြန်လျှောက်သော် တံငါသည်သား သာတိရဟန်းသည် နှုတ်ဆိတ်၍ မျက်နှာမသာပဲ လည်ပင်းငိုက်ဆိုက်ဖြစ်ကာ မျက်နှာအောက်ချပြီး မှိုင်တွေလျက်ကြံရာမရပဲ ထိုင်နေ၏။
ထိုအခါ မြတ်စွာဘုရားသည် နှုတ်ဆိတ်၍ မျက်နှာမသာပဲ လည်ပင်းငိုက်ဆိုက်ဖြစ်ခါ မျက်နှာအောက်ချပြီး မှိုင်တွေလျက်ကြံရာမရဖြစ်နေသော သာတိရဟန်းကို သိတော်မူ၍ တံငါသည်သား သာတိရဟန်းကို “(မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သောယောကျာ်း သင်သည် မိမိ၏ ယုတ်ညံ့လှသော ဤအယူဖြင့်ထင်ရှားလတ္တံ့၊ ငါသည် ရဟန်းတို့ကို တစ်ဖန် မေးဦးအံ့” ဟု တံငါသည်သား သာတိရဟန်းအား မိန့်ဆိုတော်မူ၏။
ထိုအခါ မြတ်စွာဘုရားသည် “ရဟန်းတို့ တံငါသည်သား သာတိရဟန်းသည် မိမိ လွဲမှားစွာယူအပ်သော အယူဖြင့် ငါတို့ကိုလည်း စွပ်စွဲလျက် မိမိကိုယ်ကိုလည်းဖြိုဖျက်ကာ များစွာသောမကောင်းမှု ကိုလည်း ဖြစ်ပွားစေသကဲ့သို့၊ ဤအတူပင် သင်တို့သည်လည်း ငါ တရားဟောထားဖူးသည်ကိုသိကြကုန် သလော” ဟု ရဟန်းတို့ကို မေးတော်မူ၏။ အသျှင်ဘုရား ဤသို့ ဟောထားဖူးသည်ကိုမသိပါ။ မှန်ပါသည်၊ ဝိညာဏ်သည် အကြောင်းကို စွဲ၍ ဖြစ်၏၊ အကြောင်းကို ကြဉ်၍ ဝိညာဏ်၏့ဖြစ်ခြင်းသည် မရှိ” ဟု များစွာသော အကြောင်းဖြင့် မြတ်စွာဘုရားသည် တပည့်တော်တို့အားဟောကြားတော်မူခဲ့ ပါ၏ဟု (လျှောက်ကြကုန်၏)။
ရဟန်တို့ ကောင်းပေစွ ကောင်းပေစွ၊ သင်တို့သည် ငါ ဤကဲ့သို့ ဟောကြားထားသော တရားကိုကောင်းစွာသာလျှင် သိကြကုန်၏။ မှန်၏၊ ဝိညာဏ်သည် အကြောင်းကို စွဲ၍ ဖြစ်၏၊ “အကြောင်းကိုကြဉ်၍ ဝိညာဏ်၏ ဖြစ်ခြင်းသည် မရှိ” ဟု များစွာသော အကြောင်းဖြင့် သင်တို့အား ငါဟောကြားထား ခဲ့ပြီ။ ထိုသို့ ဟောကြားထားပါလျက်လည်း ဤတံငါသည်သား သာတိရဟန်းသည် မိမိလွဲမှားစွာယူအပ် သော အယူဖြင့် ငါတို့ကိုလည်း စွပ်စွဲ၏၊ မိမိကိုယ်ကိုလည်း ဖြိုဖျက်၏၊ များစွာသော မကောင်းမှုကိုလည်း ဖြစ်ပွားစေ၏။ ထိုမှားသော အယူသည် (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ထိုယောကျာ်းအား ရှည်ကြာစွာသော ကာလပတ်လုံး အစီးအပွားမဲ့ခြင်း ဆင်းရဲခြင်းငှာ ဖြစ်လတ္တံ့ဟု (မိန့်တော်မူ၏)။
၄ဝဝ။ ရဟန်းတို့ အကြင်အကြင် အကြောင်းကိုသာလျှင် စွဲ၍ သိမှုဝိညာဏ် ဖြစ်ပေါ်လာ၏၊ ထိုထိုအကြောင်းဖြင့်သာလျှင် ဝိညာဏ်ဟု ခေါ်ဝေါ်ခြင်းသို့ ရောက်၏။ မျက်စိနှင့် အဆင်းတို့ကို စွဲ၍ သိမှုဝိညာဏ် ဖြစ်ပေါ်လာ၏၊ ‘မျက်စိသိ’ဟူ၍သာလျှင် ခေါ်ဝေါ်ခြင်းသို့ ရောက်၏။ နားနှင့် အသံတို့ကို စွဲ၍ သိမှုဝိညာဏ် ဖြစ်ပေါ်လာ၏၊ ‘နားသိ’ဟူ၍သာလျှင် ခေါ်ဝေါ်ခြင်းသို့ ရောက်၏။ နှာခေါင်းနှင့် အနံ့တို့ကို စွဲ၍ သိမှုဝိညာဏ် ဖြစ်ပေါ်လာ၏၊ ‘နှာခေါင်းသိ’ ဟူ၍သာလျှင် ခေါ်ဝေါ်ခြင်းသို့ ရောက်၏။ လျှာနှင့်အရသာတို့ကို စွဲ၍ သိမှု ဝိညာဏ် ဖြစ်ပေါ်လာ၏၊ ‘လျှာသိ’ဟူ၍သာလျှင် ခေါ်ဝေါ်ခြင်းသို့ ရောက်၏။ ကိုယ်နှင့် အတွေ့အထိတို့ကို စွဲ၍ သိမှုဝိညာဏ် ဖြစ်ပေါ်လာ၏၊ ‘ကိုယ်သိ’ဟူ၍သာလျှင် ခေါ်ဝေါ်ခြင်းသို့ရောက်၏။ (အာဝဇ္ဇန်းနှင့်တကွဘဝင်) စိတ်နှင့် သဘာဝဓမ္မများကို စွဲ၍ သိမှုဝိညာဏ် ဖြစ်ပေါ်လာ၏၊ ‘စိတ်သိ’ဟူ၍သာလျှင် ခေါ်ဝေါ်ခြင်းသို့ ရောက်၏။
ရဟန်းတို့ ဥပမာသော်ကား အကြင် အကြင် အကြောင်းကိုသာလျှင် စွဲ၍ မီးသည် တောက်လောင်၏၊ ထိုထိုအကြောင်းအားဖြင့်သာလျှင် ခေါ်ဝေါ်ခြင်းသို့ ရောက်၏။ သစ်သားထင်းကို စွဲ၍ မီးသည် တောက်လောင်၏၊ ‘သစ်သားထင်းမီး’ဟူ၍သာလျှင် ခေါ်ဝေါ်ခြင်းသို့ ရောက်၏။ ဝါးခြမ်းကို စွဲ၍ မီးသည်တောက် လောင်၏၊ ‘ဝါးခြမ်း မီး’ဟူ၍သာလျှင် ခေါ်ဝေါ်ခြင်းသို့ ရောက်၏။ မြက်ကို စွဲ၍ မီးသည်တောက်လောင်၏၊ ‘မြက်မီး’ ဟူ၍သာလျှင် ခေါ်ဝေါ်ခြင်းသို့ ရောက်၏။ နွားချေးကို စွဲ၍ မီးသည်တောက်လောင်၏၊ ‘နွားချေးမီး’ဟူ၍သာလျှင် ခေါ်ဝေါ်ခြင်းသို့ ရောက်၏။ ဖွဲကို စွဲ၍ မီးသည်တောက်လောင်၏၊ ‘ဖွဲမီး’ဟူ၍သာလျှင် ခေါ်ဝေါ်ခြင်းသို့ ရောက်၏။ အမှိုက်ကို စွဲ၍ မီးသည်တောက်လောင်၏၊ ‘အမှိုက်မီး’ဟူ၍သာလျှင် ခေါ်ဝေါ်ခြင်းသို့ ရောက်၏။
ရဟန်းတို့ ဤအတူပင်လျှင် အကြင် အကြင် အကြောင်းကိုသာလျှင် စွဲ၍ သိမှုဝိညာဏ်ဖြစ်ပေါ်လာ၏၊ ထိုထို အကြောင်းဖြင့်သာလျှင် ဝိညာဏ်ဟု ခေါ်ဝေါ်ခြင်းသို့ ရောက်၏။ မျက်စိနှင့် အဆင်းတို့ကို စွဲ၍သိမှုဝိညာဏ် ဖြစ်ပေါ်လာ၏၊ ‘မျက်စိသိ’ဟူ၍သာလျှင် ခေါ်ဝေါ်ခြင်းသို့ ရောက်၏။ နားနှင့် အသံတို့ကိုစွဲ၍ သိမှုဝိညာဏ် ဖြစ်ပေါ်လာ၏၊ ‘နားသိ’ဟူ၍သာလျှင် ခေါ်ဝေါ်ခြင်းသို့ ရောက်၏။ နှာခေါင်းနှင့် အနံ့တို့ကို စွဲ၍ သိမှုဝိညာဏ် ဖြစ်ပေါ်လာ၏၊ ‘နှာခေါင်းသိ’ဟူ၍သာလျှင် ခေါ်ဝေါ်ခြင်းသို့ ရောက်၏။ လျှာနှင့် အရသာတို့ကို စွဲ၍ သိမှုဝိညာဏ် ဖြစ်ပေါ်လာ၏၊ ‘လျှာသိ’ဟူ၍သာလျှင် ခေါ်ဝေါ်ခြင်းသို့ရောက်၏။ ကိုယ်နှင့် အတွေ့အထိတို့ကို စွဲ၍ သိမှုဝိညာဏ် ဖြစ်ပေါ်လာ၏၊ ‘ကိုယ်သိ’ဟူ၍သာလျှင်ခေါ်ဝေါ်ခြင်းသို့ ရောက်၏။ စိတ်နှင့် သဘာဝဓမ္မများကို စွဲ၍ သိမှုဝိညာဏ် ဖြစ်ပေါ်လာ၏၊ ‘စိတ်သိ’ ဟူ၍သာလျှင် ခေါ်ဝေါ်ခြင်းသို့ ရောက်၏။
၄ဝ၁။ ရဟန်းတို့ ‘ဤခန္ဓာသည် ဖြစ်ပေါ်လာ၏’ဟု ရှုမြင်ကြကုန်၏လောဟု (မေးတော်မူ၏)။
အသျှင်ဘုရား ရှုမြင်ကြပါကုန်၏ဟု (လျှောက်ကြကုန်၏)။
ရဟန်းတို့ ‘ထိုခန္ဓာသည် အကြောင်းကြောင့် ဖြစ်ပေါ်လာ၏’ဟု ရှုမြင်ကြကုန်၏လောဟု (မေးတော်မူ၏)။
အသျှင်ဘုရား ရှုမြင်ကြပါကုန်၏ဟု (လျှောက်ကြကုန်၏)။
ရဟန်းတို့ ထိုအကြောင်း၏ ချုပ်ခြင်းကြောင့် ‘ဖြစ်ပေါ်လာသော ခန္ဓာသည် ချုပ်ခြင်းသဘောရှိ၏’ဟုရှုမြင်ကြကုန်၏လောဟု (မေးတော်မူ၏)။
အသျှင်ဘုရား ရှုမြင်ကြပါကုန်၏ဟု (လျှောက်ကြကုန်၏)။
ရဟန်းတို့ ‘ဤခန္ဓာသည် ဖြစ်ပေါ်လာသလော၊ မဖြစ်ပေါ်လာသလော’ဟု ယုံမှားသောသူအား မဆုံးဖြတ်နိုင်ခြင်း ‘ဝိစိကိစ္ဆာ’ ဖြစ်သလောဟု (မေးတော်မူ၏)။
အသျှင်ဘုရား ဖြစ်ပါ၏ဟု (လျှောက်ကြကုန်၏)။
ရဟန်းတို့ ‘ထိုခန္ဓာသည် အကြောင်းကြောင့် ဖြစ်ပေါ်လာသလော၊ မဖြစ်ပေါ်လာသလော’ဟု ယုံမှားသော သူအား မဆုံးဖြတ်နိုင်ခြင်း ‘ဝိစိကိစ္ဆာ’ ဖြစ်သလောဟု (မေးတော်မူ၏)။
အသျှင်ဘုရား ဖြစ်ပါ၏ဟု (လျှောက်ကြကုန်၏)။
ရဟန်းတို့ ထိုအကြောင်း၏ ချုပ်ခြင်းကြောင့် ‘ဖြစ်ပေါ်လာသော ခန္ဓာသည် ချုပ်ခြင်းသဘောရှိသ လောချုပ်ခြင်းသဘောမရှိသလော’ဟု ယုံမှားသောသူအား မဆုံးဖြတ်နိုင်ခြင်း ‘ဝိစိကိစ္ဆာ’ ဖြစ်သလောဟု (မေးတော်မူ၏)။
အသျှင်ဘုရား ဖြစ်ပါ၏ဟု (လျှောက်ကြကုန်၏)။
ရဟန်းတို့ ‘ဤခန္ဓာသည် ဖြစ်ပေါ်လာ၏’ဟု အမှန်အတိုင်း ပညာဖြင့် ကောင်းစွာ ရှုမြင်သူအားမဆုံးဖြတ်နိုင်ခြင်း ‘ဝိစိကိစ္ဆာ’ ကင်းပျောက်သလောဟု (မေးတော်မူ၏)။
အသျှင်ဘုရား ကင်းပျောက်ပါ၏ဟု (လျှောက်ကြကုန်၏)။
ရဟန်းတို့ ‘ထိုခန္ဓာသည် အကြောင်းကြောင့် ဖြစ်ပေါ်လာ၏’ဟု အမှန်အတိုင်း ပညာဖြင့် ကောင်းစွာရှုမြင်သူအား မဆုံးဖြတ်နိုင်ခြင်း ‘ဝိစိကိစ္ဆာ’ ကင်းပျောက်လေသလောဟု (မေးတော်မူ၏)။
အသျှင်ဘုရား ကင်းပျောက်ပါ၏ဟု (လျှောက်ကြကုန်၏)။
ရဟန်းတို့ ထိုအကြောင်း၏ ချုပ်ခြင်းကြောင့် ‘ဖြစ်ပေါ်လာသော ခန္ဓာသည် ချုပ်ခြင်းသဘောရှိ၏’ဟုအမှန် အတိုင်း ပညာဖြင့် ကောင်းစွာ ရှုမြင်သူအား မဆုံးဖြတ်နိုင်ခြင်း ‘ဝိစိကိစ္ဆာ’ ကင်းပျောက်လေသလောဟု (မေးတော်မူ၏)။
အသျှင်ဘုရား ကင်းပျောက်ပါ၏ဟု (လျှောက်ကြကုန်၏)။
ရဟန်းတို့ ‘ဤခန္ဓာသည် ဖြစ်ပေါ်လာ၏’ဟု ဤသို့လည်း သင်တို့အား ဤခန္ဓာ၌ မဆုံးဖြတ်နိုင်ခြင်း ‘ဝိစိကိစ္ဆာ’ ကင်းပျောက်ကုန်သလောဟု (မေးတော်မူ၏)။
အသျှင်ဘုရား ကင်းပျောက်ပါကုန်၏ဟု (လျှောက်ကြကုန်၏)။
ရဟန်းတို့ ‘ထိုခန္ဓာသည် အကြောင်းကြောင့် ဖြစ်ပေါ်လာ၏’ဟု ဤသို့လည်း သင်တို့အား ဤခန္ဓာ၌မဆုံးဖြတ်နိုင်ခြင်း ‘ဝိစိကိစ္ဆာ’ ကင်းပျောက်ကုန်သလောဟု (မေးတော်မူ၏)။
အသျှင်ဘုရား ကင်းပျောက်ပါကုန်၏ဟု (လျှောက်ကြကုန်၏)။
ရဟန်းတို့ ထိုအကြောင်း၏ ချုပ်ခြင်းကြောင့် ‘ဖြစ်ပေါ်လာသော ခန္ဓာသည် ချုပ်ခြင်းသဘောရှိ၏’ဟုဤသို့လည်း သင်တို့အား ဤခန္ဓာ၌ မဆုံးဖြတ်နိုင်ခြင်း ‘ဝိစိကိစ္ဆာ’ ကင်းပျောက်ကုန်သလောဟု (မေးတော်မူ၏)။
အသျှင်ဘုရား ကင်းပျောက်ပါကုန်၏ဟု (လျှောက်ကြကုန်၏)။
ရဟန်းတို့ ‘ဤခန္ဓာသည် ဖြစ်ပေါ်လာ၏’ဟု အမှန်အတိုင်း ပညာဖြင့် ကောင်းစွာ ရှုမြင်သလောဟု (မေးတော်မူ၏)။
အသျှင်ဘုရား ကောင်းစွာ ရှုမြင်ပါ၏ဟု (လျှောက်ကြကုန်၏)။
ရဟန်းတို့ ‘ထိုခန္ဓာသည် အကြောင်းကြောင့် ဖြစ်ပေါ်လာ၏’ဟု အမှန်အတိုင်း ပညာဖြင့် ကောင်းစွာရှုမြင်သလောဟု (မေးတော်မူ၏)။
အသျှင်ဘုရား ကောင်းစွာ ရှုမြင်ပါ၏ဟု (လျှောက်ကြကုန်၏)။
ရဟန်းတို့ ထိုအကြောင်း၏ ချုပ်ခြင်းကြောင့် ‘ဖြစ်ပေါ်လာသော ခန္ဓာသည် ချုပ်ခြင်းသဘောရှိ၏’ဟု အမှန်အတိုင်း ပညာဖြင့် ကောင်းစွာ ရှုမြင်သလောဟု (မေးတော်မူ၏)။
အသျှင်ဘုရား ကောင်းစွာ ရှုမြင်ပါ၏ဟု (လျှောက်ကြကုန်၏)။
ရဟန်းတို့ အကယ်၍ သင်တို့သည် ဤသို့ စင်ကြယ်ဖြူဖွေးသော ဤအယူကို (တဏှာဒိဋ္ဌိတို့ဖြင့်) ကပ်ငြိကုန်ငြားအံ့၊ တွယ်တာကုန်ငြားအံ့၊ ဥစ္စာကဲ့သို့ လိုလားမက်မောကုန်ငြားအံ့၊ ငါ့ဥစ္စာဟု မြတ်နိုးကုန်ငြားအံ့၊ ရဟန်းတို့ စင်စစ် သင်တို့သည် သိမ်းပိုက်ထားရန် မဟုတ်ဘဲ ကူးမြောက်ဖို့ရန် အကျိုးငှာငါဟောထားသော ဖောင်ဥပမာရှိသော တရားကို သိကုန်သည် မည်သလောဟု (မေးတော်မူ၏)။
အသျှင်ဘုရား သိကုန်သည် မမည်ပါဟု (လျှောက်ကြကုန်၏)။
ရဟန်းတို့ အကယ်၍ သင်တို့သည် ဤသို့ စင်ကြယ်ဖြူဖွေးသော ဤအယူကို (တဏှာဒိဋ္ဌိတို့ဖြင့်) မကပ်ငြိကုန်ငြားအံ့၊ မတွယ်တာကုန်ငြားအံ့၊ ဥစ္စာကဲ့သို့ မလိုလား မမက်မောကုန်ငြားအံ့၊ ငါ့ဥစ္စာဟုမမြတ်နိုးကုန်ငြားအံ့၊ ရဟန်းတို့ စင်စစ် သင်တို့သည် သိမ်းပိုက်ထားရန် မဟုတ်ဘဲ ကူးမြောက်ဖို့ရန်အကျိုးငှာ ငါဟောထားသော ဖောင်ဥပမာရှိသော တရားကို သိကုန်သည် မည်သလောဟု (မေးတော်မူ၏)။
အသျှင်ဘုရား သိကုန်သည် မည်ပါ၏ဟု (လျှောက်ကြကုန်၏)။
၄ဝ၂။ ရဟန်းတို့ ဖြစ်ပြီးသောသတ္တဝါတို့၏ တည်တံ့ခြင်းငှာလည်းကောင်း၊ ဖြစ်ဆဲသတ္တဝါတို့ကိုထောက်ပံ့ခြင်းငှာလည်းကောင်း အာဟာရတို့သည် ဤလေးပါးတို့တည်း။ အဘယ်လေးပါးတို့နည်းဟူမူ— ကြမ်းတမ်းသည်လည်းဖြစ်သော နူးညံ့သည်လည်းဖြစ်သော အလုပ်အလွေးပြုအပ်သည့် အစာအာဟာရဟူသော ‘ကဗဠီကာရာဟာရ’၊ နှစ်ခုမြောက် အတွေ့အထိဟူသော ‘ဖဿာဟာရ’၊ သုံးခုမြောက် စိတ်၏ စေ့ဆော်မှုဟူသော ‘မနောသေဉ္စတနာ ဟာရ’၊ လေးခုမြောက် သိမှုဟူသော ‘ဝိညာဏာဟာရ’တို့တည်း။
ရဟန်းတို့ ဤအာဟာရလေးပါးတို့သည် အဘယ်လျှင် ဖြစ်ကြောင်းရှိကုန်သနည်း၊ အဘယ်အကြောင်းကြောင့် ဖြစ်ကုန်သနည်း၊ အဘယ်လျှင် ဇာစ်မြစ်ရှိကုန်သနည်း၊ အဘယ်လျှင် အမွန်အစရှိကုန်သနည်း။ ဤအာဟာရလေးပါးတို့သည် တဏှာလျှင် ဖြစ်ကြောင်းရှိကုန်၏၊ တဏှာဟူသော အကြောင်းကြောင့် ဖြစ်ကုန်၏၊ တဏှာလျှင် ဇာစ်မြစ်ရှိကုန်၏၊ တဏှာလျှင် အမွန်အစရှိကုန်၏။
ရဟန်းတို့ ဤတဏှာသည်လည်း အဘယ်လျှင် ဖြစ်ကြောင်းရှိသနည်း၊ အဘယ်အကြောင်းကြောင့်ဖြစ်သနည်း၊ အဘယ်လျှင် ဇာစ်မြစ်ရှိသနည်း၊ အဘယ်လျှင် အမွန်အစရှိသနည်း။ တဏှာသည် ဝေဒနာလျှင် ဖြစ်ကြောင်းရှိ၏၊ ဝေဒနာဟူသော အကြောင်းကြောင့် ဖြစ်၏၊ ဝေဒနာလျှင် ဇာစ်မြစ်ရှိ၏၊ ဝေဒနာလျှင် အမွန်အစရှိ၏။
ရဟန်းတို့ ဤဝေဒနာသည်လည်း အဘယ်လျှင် ဖြစ်ကြောင်းရှိသနည်း၊ အဘယ်အကြောင်းကြောင့်ဖြစ်သနည်း၊ အဘယ်လျှင် ဇာစ်မြစ်ရှိသနည်း၊ အဘယ်လျှင် အမွန်အစရှိသနည်း။ ဝေဒနာသည် တွေ့ထိမှုဖဿလျှင် ဖြစ်ကြောင်းရှိ၏၊ ဖဿဟူသော အကြောင်းကြောင့် ဖြစ်၏၊ ဖဿလျှင် ဇာစ်မြစ်ရှိ၏၊ ဖဿလျှင် အမွန်အစရှိ၏။
ရဟန်းတို့ ဤဖဿသည်လည်း အဘယ်လျှင် ဖြစ်ကြောင်းရှိသနည်း၊ အဘယ်အကြောင်းကြောင့်ဖြစ်သနည်း၊ အဘယ်လျှင် ဇာစ်မြစ်ရှိသနည်း၊ အဘယ်လျှင် အမွန်အစရှိသနည်း။ ဖဿသည်သဠာယတနလျှင် ဖြစ်ကြောင်းရှိ၏၊ သဠာယတနဟူသော အကြောင်းကြောင့် ဖြစ်၏၊ သဠာယတနလျှင့်ဇာစ်မြစ်ရှိ၏၊ သဠာယတနလျှင် အမွန်အစရှိ၏။
ရဟန်းတို့ ဤသဠာယတနသည်လည်း အဘယ်လျှင် ဖြစ်ကြောင်းရှိသနည်း၊ အဘယ်အကြောင်းကြောင့် ဖြစ်သနည်း၊ အဘယ်လျှင် ဇာစ်မြစ်ရှိသနည်း၊ အဘယ်လျှင် အမွန်အစရှိသနည်း။ သဠာယတနသည် နာမ်ရုပ်လျှင် ဖြစ်ကြောင်းရှိ၏၊ နာမ်ရုပ်ဟူသော အကြောင်းကြောင့် ဖြစ်၏။ နာမ်ရုပ်လျှင် ဇာစ်မြစ်ရှိ၏၊ နာမ်ရုပ်လျှင် အမွန်အစရှိ၏။
ရဟန်းတို့ ဤနာမ်ရုပ်သည်လည်း အဘယ်လျှင် ဖြစ်ကြောင်းရှိသနည်း၊ အဘယ်အကြောင်းကြောင့်ဖြစ်သနည်း၊ အဘယ်လျှင် ဇာစ်မြစ်ရှိသနည်း၊ အဘယ်လျှင် အမွန်အစရှိသနည်း။ နာမ်ရုပ်သည် ဝိညာဏ်လျှင် ဖြစ်ကြောင်းရှိ၏၊ ဝိညာဏ်ဟူသော အကြောင်းကြောင့် ဖြစ်၏၊ ဝိညာဏ်လျှင် ဇာစ်မြစ်ရှိ၏၊ ဝိညာဏ် လျှင် အမွန်အစရှိ၏။
ရဟန်းတို့ ဤဝိညာဏ်သည်လည်း အဘယ်လျှင် ဖြစ်ကြောင်းရှိသနည်း၊ အဘယ်အကြောင်းကြောင့်ဖြစ်သနည်း၊ အဘယ်လျှင် ဇာစ်မြစ်ရှိသနည်း၊ အဘယ်လျှင် အမွန်အစရှိသနည်း။ ဝိညာဏ်သည် ပြုစီရင်မှု သင်္ခါရလျှင် ဖြစ်ကြောင်းရှိ၏၊ ပြုစီရင်မှုသင်္ခါရဟူသော အကြောင်းကြောင့် ဖြစ်၏၊ ပြုစီရင်မှုသင်္ခါရလျှင်ဇာစ်မြစ်ရှိ၏၊ ပြုစီရင်မှုသင်္ခါရလျှင် အမွန်အစရှိ၏။
ရဟန်းတို့ ဤသင်္ခါရတို့သည်လည်း အဘယ်လျှင် ဖြစ်ကြောင်းရှိကုန်သနည်း၊ အဘယ်အကြောင်းကြောင့် ဖြစ်ကုန်သနည်း၊ အဘယ်လျှင် ဇာစ်မြစ်ရှိကုန်သနည်း၊ အဘယ်လျှင် အမွန်အစရှိကုန်သနည်း။ သင်္ခါရတို့သည် မသိခြင်း ‘အဝိဇ္ဇာ’ လျှင် ဖြစ်ကြောင်းရှိကုန်၏၊ အဝိဇ္ဇာဟူသော အကြောင်းကြောင့်ဖြစ်ကုန်၏၊ အဝိဇ္ဇာလျှင် ဇာစ်မြစ်ရှိကုန်၏၊ အဝိဇ္ဇာလျှင် အမွန်အစရှိကုန်၏။
ရဟန်းတို့ ဤသို့လျှင် အဝိဇ္ဇာအကြောင်းကြောင့် ပြုစီရင်မှု သင်္ခါရ၊ ပြုစီရင်မှုသင်္ခါရအကြောင်း ကြောင့်ဝိညာဏ်၊ ဝိညာဏ်အကြောင်းကြောင့် နာမ်ရုပ်၊ နာမ်ရုပ်အကြောင်းကြောင့် သဠာယတန၊ သဠာယတနအကြောင်းကြောင့် ဖဿ၊ ဖဿအကြောင်းကြောင့် ဝေဒနာ၊ ဝေဒနာအကြောင်းကြောင့် တဏှာ၊ တဏှာအကြောင်းကြောင့် ဥပါဒါန်၊ ဥပါဒါန်အကြောင်းကြောင့် ဘဝ၊ ဘဝအကြောင်းကြောင့်် (ပဋိသန္ဓေတည်နေ) ဖြစ်ပွားခြင်း ‘ဇာတိ’၊ (ပဋိသန္ဓေတည်နေ) ဖြစ်ပွားခြင်း ‘ဇာတိ’အကြောင်းကြောင့် အိုခြင်း ‘ဇရာ’၊ သေခြင်း ‘မရဏ’၊ ပူဆွေးခြင်း ‘သောက’၊ ငိုကြွေးခြင်း ‘ပရိဒေဝ’၊ ကိုယ်ဆင်းရဲခြင်း ‘ဒုက္ခ’၊ စိတ်ဆင်းရဲခြင်း ‘ဒေါမနဿ’၊ ပြင်းစွာ ပင်ပန်းခြင်း ‘ဥပါယာသ’တို့သည် ဖြစ်ကုန်၏။ ဤသို့ဤချမ်းသာ မဖက်သော ဆင်းရဲအစု၏ ဖြစ်ပွားခြင်းသည် ဖြစ်၏။
၄ဝ၃။ “(ပဋိသန္ဓေတည်နေ) ဖြစ်ပွားခြင်း ‘ဇာတိ’ အကြောင်းကြောင့် အိုခြင်း ‘ဇရာ’သေခြင်း ‘မရဏ’ဖြစ်၏” ဟု ဤစကားကို ဟောထား၏။ ရဟန်းတို့ (ပဋိသန္ဓေတည်နေ) ဖြစ်ပွားခြင်း ‘ဇာတိ’ အကြောင်းကြောင့် အိုခြင်း ‘ဇရာ’ သေခြင်း ‘မရဏ’ သည် ဖြစ်လေသလော၊ မဖြစ်လေသလော၊ ဤအရာ၌အဘယ် သို့ မှတ်ထင်ကြသနည်းဟု (မေးတော်မူ၏)။
အသျှင်ဘုရား (ပဋိသန္ဓေတည်နေ) ဖြစ်ပွားခြင်း ‘ဇာတိ’ အကြောင်းကြောင့် အိုခြင်း ‘ဇရာ’ သေခြင်း ‘မရဏ’ဖြစ်၏ဟု ဟောထားသော ဤအရာ၌ “ဖြစ်ပွားခြင်း ‘ဇာတိ’ အကြောင်းကြောင့် အိုခြင်း ‘ဇရာ’သေခြင်း ‘မရဏ’ ဖြစ်၏ဟု တပည့်တော်တို့ မှတ်ထင်ပါ၏ဟု (လျှောက်ကြကုန်၏)။
“ဖြစ်ကြောင်း ပြုမှုကံ ‘ဘဝ’ အကြောင်းကြောင့် (ပဋိသန္ဓေတည်နေ) ဖြစ်ပွားခြင်း ‘ဇာတိ’သည်ဖြစ်၏” ဟု ဤစကားကို ဟောထား၏။ ရဟန်းတို့ ဖြစ်ကြောင်း ပြုမှုက ံ ‘ဘဝ’အကြောင်းကြောင့် (ပဋိသန္ဓေတည်နေ) ဖြစ်ပွားခြင်း ‘ဇာတိ’သည် ဖြစ်လေသလော၊ မဖြစ်လေသလော၊ ဤအရာ၌ အဘယ်သို့ မှတ်ထင်ကြသနည်းဟု (မေးတော်မူ၏)။
အသျှင်ဘုရား ဖြစ်ကြောင်း ပြုမှုကံ ‘ဘဝ’ အကြောင်းကြောင့် (ပဋိသန္ဓေတည်နေ) ဖြစ်ပွားခြင်း ‘ဇာတိ’သည် ဖြစ်၏ဟု ဟောထားသော ဤအရာ၌ “ဖြစ်ကြောင်း ပြုမှုကံ ‘ဘဝ’ အကြောင်းကြောင့် (ပဋိသန္ဓေတည်နေ) ဖြစ်ပွားခြင်း ‘ဇာတိ’ သည် ဖြစ်၏” ဟု တပည့်တော်တို့ မှတ်ထင်ပါ၏ဟု (လျှောက် ကြကုန်၏)။
“စွဲလမ်းခြင်း ‘ဥပါဒါန်’ အကြောင်းကြောင့် ဖြစ်ကြောင်း ပြုမှုက ံ ‘ဘဝ’ သည် ဖြစ်၏” ဟု ဤစကားကို ဟောထား၏။ ရဟန်းတို့ စွဲလမ်းခြင်း ‘ဥပါဒါန်’ အကြောင်းကြောင့် ဖြစ်ကြောင်း ပြုမှုကံ ‘ဘဝ’သည် ဖြစ်လေသလော၊ မဖြစ်လေသလော၊ ဤအရာ၌ အဘယ်သို့ မှတ်ထင်ကြသနည်းဟု (မေးတော်မူ၏)။
“အသျှင်ဘုရား စွဲလမ်းခြင်း ‘ဥပါဒါန်’ အကြောင်းကြောင့် ဖြစ်ကြောင်း ပြုမှုက ံ ‘ဘဝ’ သည် ဖြစ်၏ဟုဟောထားသော ဤအရာ၌ “စွဲလမ်းခြင်း ‘ဥပါဒါန်’ အကြောင်းကြောင့် ဖြစ်ကြောင်း ပြုမှုကံ ‘ဘဝ’သည် ဖြစ်၏” ဟု တပည့်တော်တို့ မှတ်ထင်ပါ၏ဟု (လျှောက်ကြကုန်၏)။
“တပ်မက်မှု ‘တဏှာ’ အကြောင်းကြောင့် စွဲလမ်းခြင်း ‘ဥပါဒါန်’ ဖြစ်၏” ဟု ဤစကားကို ဟောထား၏။ ရဟန်းတို့ တပ်မက်မှု ‘တဏှာ’ အကြောင်းကြောင့် စွဲလမ်းခြင်း ‘ဥပါဒါန်’ သည်ဖြစ်လေသလော၊ မဖြစ်လေသလော၊ ဤအရာ၌ အဘယ်သို့ မှတ်ထင်ကြသနည်းဟု (မေးတော်မူ၏)။
အသျှင်ဘုရား တပ်မက်မှု ‘တဏှာ’ အကြောင်းကြောင့် စွဲလမ်းခြင်း ‘ဥပါဒါန်’ ဖြစ်၏ဟု ဟောထားသော ဤအရာ၌ “တပ်မက်မှု ‘တဏှာ’ အကြောင်းကြောင့် စွဲလမ်းခြင်း ‘ဥပါဒါန်’ သည် ဖြစ်၏” ဟုတပည့်တော်တို့ မှတ်ထင်ပါ၏ဟု (လျှောက်ကြကုန်၏)။
“ခံစားခြင်း ‘ဝေဒနာ’ အကြောင်းကြောင့် တပ်မက်မှု ‘တဏှာ’ ဖြစ်၏” ဟု ဤစကားကို ဟောထား၏။ ရဟန်းတို့ ခံစားခြင်း ‘ဝေဒနာ’ အကြောင်းကြောင့် တပ်မက်မှု ‘တဏှာ’ ဖြစ်လေသလော၊ မဖြစ်လေသလော၊ ဤအရာ၌ အဘယ်သို့ မှတ်ထင်ကြသနည်းဟု (မေးတော်မူ၏)။
အသျှင်ဘုရား ခံစားခြင်း ‘ဝေဒနာ’ အကြောင်းကြောင့် တပ်မက်မှု ‘တဏှာ’ ဖြစ်၏” ဟု ဟောထားသော ဤအရာ၌ “ခံစားခြင်း ‘ဝေဒနာ’ အကြောင်းကြောင့် တပ်မက်မှု ‘တဏှာ’ ဖြစ်၏” ဟု တပည့်တော်တို့ မှတ်ထင်ပါ၏ဟု (လျှောက်ကြကုန်၏)။
“တွေ့ထိခြင်း ‘ဖဿ’ အကြောင်းကြောင့် ခံစားခြင်း ‘ဝေဒနာ’ ဖြစ်၏” ဟု ဤစကားကို ဟောထား၏။ ရဟန်းတို့ တွေ့ထိခြင်း ‘ဖဿ’ အကြောင်းကြောင့် ခံစားခြင်း ‘ဝေဒနာ’ ဖြစ်လေသလော၊ မဖြစ်လေသ လော၊ ဤအရာ၌ အဘယ်သို့ မှတ်ထင်ကြသနည်းဟု (မေးတော်မူ၏)။
အသျှင်ဘုရား တွေ့ထိခြင်း ‘ဖဿ’ အကြောင်းကြောင့် ခံစားခြင်း ‘ဝေဒနာ’ ဖြစ်၏ဟု ဟောထားသောဤအရာ၌ “တွေ့ထိခြင်း ‘ဖဿ’ အကြောင်းကြောင့် ခံစားခြင်း ‘ဝေဒနာ’ ဖြစ်၏” ဟု တပည့်တော်တို့မှတ်ထင်ပါ၏ဟု (လျှောက်ကြကုန်၏)။
“တည်ရာခြောက်ပါး ‘သဠာယတန’ အကြောင်းကြောင့် တွေ့ထိခြင်း ‘ဖဿ’သည် ဖြစ်၏” ဟု ဤစကားကို ဟောထား၏။ ရဟန်းတို့ တည်ရာခြောက်ပါး ‘သဠာယတန’ အကြောင်းကြောင့် တွေ့ထိခြင်း ‘ဖဿ’ ဖြစ်လေသလော၊ မဖြစ်လေသလော၊ ဤအရာ၌ အဘယ်သို့ မှတ်ထင်ကြသနည်းဟု (မေးတော်မူ၏)။
အသျှင်ဘုရား တည်ရာခြောက်ပါး ‘သဠာယတန’ အကြောင်းကြောင့် တွေ့ထိခြင်း ‘ဖဿ’ ဖြစ်၏ဟုဟောထားသော ဤအရာ၌ “တည်ရာခြောက်ပါး ‘သဠာယတန’ အကြောင်းကြောင့် တွေ့ထိခြင်း ‘ဖဿ’ဖြစ်၏” ဟု တပည့်တော်တို့ မှတ်ထင်ပါ၏ဟု (လျှောက်ကြကုန်၏)။
“နာမ်ရုပ်အကြောင်းကြောင့် တည်ရာခြောက်ပါး ‘သဠာယတန’ သည် ဖြစ်၏” ဟု ဤစကားကိုဟောထား၏။ ရဟန်းတို့ နာမ်ရုပ်အကြောင်းကြောင့် တည်ရာခြောက်ပါး ‘သဠာယတန’ဖြစ်လေသလော၊ မဖြစ်လေသလော၊ ဤအရာ၌ အဘယ်သို့ မှတ်ထင်ကြသနည်းဟု (မေးတော်မူ၏)။
အသျှင်ဘုရား နာမ်ရုပ်အကြောင်းကြောင့် တည်ရာခြောက်ပါး ‘သဠာယတန’ သည် ဖြစ်၏ဟု ဟော့ထားသော ဤအရာ၌ “နာမ်ရုပ်အကြောင်းကြောင့် တည်ရာခြောက်ပါး ‘သဠာယတန’ ဖြစ်၏” ဟု တပည့်တော်တို့ မှတ်ထင်ပါ၏ဟု (လျှောက်ကြကုန်၏)။
“ဝိညာဏ်အကြောင်းကြောင့် နာမ်ရုပ်သည် ဖြစ်၏” ဟု ဤစကားကို ဟောထား၏။ ရဟန်းတို့ဝိညာဏ် အကြောင်းကြောင့် နာမ်ရုပ်သည် ဖြစ်လေသလော၊ မဖြစ်လေသလော၊ ဤအရာ၌ အဘယ်သို့မှတ်ထင်ကြသနည်းဟု (မေးတော်မူ၏)။
အသျှင်ဘုရား ဝိညာဏ်အကြောင်းကြောင့် နာမ်ရုပ်သည် ဖြစ်၏ဟု ဟောထားသော ဤအရာ၌ “ဝိညာဏ် အကြောင်းကြောင့် နာမ်ရုပ်သည် ဖြစ်၏” ဟု တပည့်တော်တို့ မှတ်ထင်ပါ၏ဟု (လျှောက်ကြကုန်၏)။
“ပြုစီရင်မှု ‘သင်္ခါရ’ အကြောင်းကြောင့် ဝိညာဏ်သည် ဖြစ်၏” ဟု ဤစကားကို ဟောထား၏။ ရဟန်းတို့ ပြုစီရင်မှု ‘သင်္ခါရ’ အကြောင်းကြောင့် ဝိညာဏ်သည် ဖြစ်လေသလော၊ မဖြစ်လေသလော၊ ဤအရာ၌ အဘယ်သို့ မှတ်ထင်ကြသနည်းဟု (မေးတော်မူ၏)။
အသျှင်ဘုရား ပြုစီရင်မှု ‘သင်္ခါရ’ အကြောင်းကြောင့် ဝိညာဏ်သည် ဖြစ်၏ဟု ဟောထားသော ဤအရာ၌ “ပြုစီရင်မှု ‘သင်္ခါရ’ အကြောင်းကြောင့် ဝိညာဏ်သည် ဖြစ်၏” ဟု တပည့်တော်တို့ မှတ်ထင်ပါ၏ဟု (လျှောက်ကြကုန်၏)။
“မသိမှု ‘အဝိဇ္ဇာ’ အကြောင်းကြောင့် ပြုစီရင်မှု ‘သင်္ခါရ’တို့သည် ဖြစ်ကုန်၏” ဟု ဤစကားကိုဟောထား၏။ ရဟန်းတို့ မသိမှု ‘အဝိဇ္ဇာ’ အကြောင်းကြောင့် ပြုစီရင်မှု ‘သင်္ခါရ’တို့သည် ဖြစ်ကုန်လေသလော၊ မဖြစ်ကုန်လေသလော၊ ဤအရာ၌ အဘယ်သို့ မှတ်ထင်ကြသနည်းဟု (မေးတော်မူ၏)။
အသျှင်ဘုရား မသိမှု ‘အဝိဇ္ဇာ’ အကြောင်းကြောင့် ပြုစီရင်မှု ‘သင်္ခါရ’တို့သည် ဖြစ်ကုန်၏ဟု ဟောထားသော ဤအရာ၌ “မသိမှု ‘အဝိဇ္ဇာ’ အကြောင်းကြောင့် ပြုစီရင်မှု ‘သင်္ခါရ’တို့သည် ဖြစ်ကုန်၏” ဟုတပည့်တော်တို့ မှတ်ထင်ပါ၏ဟု (လျှောက်ကြကုန်၏)။
၄ဝ၄။ ရဟန်းတို့ ကောင်းပေ၏၊ ရဟန်းတို့ သင်တို့လည်း ဤသို့ ပြောဆိုကုန်၏၊ ငါလည်း ဤသို့ပင်ဟောကြား၏၊ ဤအကြောင်းရှိသော် ဤအကျိုးရှိ၏၊ ဤအကြောင်း၏ ဖြစ်ပေါ်ခြင်းကြောင့်ဤအကျိုးဖြစ်ပေါ်ပေ၏။ ဖြစ်ပေါ်ပုံကား— မသိမှု ‘အဝိဇ္ဇာ’အကြောင်းကြောင့် ပြုစီရင်မှု ‘သင်္ခါရ’၊ ပြုစီရင်မှု ‘သင်္ခါရ’အကြောင်းကြောင့် သိမှု ‘ဝိညာဏ်’၊ သိမှု ‘ဝိညာဏ်’အကြောင်းကြောင့် နာမ်ရုပ်၊ နာမ်ရုပ်အကြောင်းကြောင့် သဠာယတန၊ သဠာယတန အကြောင်းကြောင့် တွေ့ထိခြင်း ‘ဖဿ’၊ တွေ့ထိခြင်း ‘ဖဿ’ အကြောင်းကြောင့် ခံစားခြင်း ‘ဝေဒနာ’၊ ခံစားခြင်း ‘ဝေဒနာ’အကြောင်းကြောင့်တပ်မက်မှု ‘တဏှာ’၊ တပ်မက်မှု ‘တဏှာ’ အကြောင်းကြောင့် စွဲလမ်းမှု ‘ဥပါဒါန်’၊ စွဲလမ်းမှု ‘ဥပါဒါန်’အကြောင်း ကြောင့် ဖြစ်ကြောင်းပြုမှုကံ ‘ဘဝ’၊ ဖြစ်ကြောင်း ပြုမှုကံ ‘ဘဝ’ အကြောင်းကြောင့် (ပဋိသန္ဓေတည်နေ) ဖြစ်ပွားခြင်း ‘ဇာတိ’၊ (ပဋိသန္ဓေတည်နေ) ဖြစ်ပွားခြင်း ‘ဇာတိ’ အကြောင်းကြောင့် အိုခြင်း ‘ဇရာ’၊ သေခြင်း ‘မရဏ’၊ ပူဆွေးခြင်း ‘သောက’၊ ငိုကြွေးခြင်း ‘ပရိဒေဝ’၊ ကိုယ်ဆင်းရဲခြင်း ‘ဒုက္ခ’၊ စိတ်ဆင်းရဲခြင်း ‘ဒေါမနဿ’၊ ပြင်းစွာ ပင်ပန်းခြင်း ‘ဥပါယာသ’တို့သည် ဖြစ်ကုန်၏။ ဤသို့ ချမ်းသာမဖက်သော ဆင်းရဲအစု၏ဖြစ်ပွားခြင်းသည် ဖြစ်၏။
မသိမှု ‘အဝိဇ္ဇာ’၏သာလျှင် တပ်ခြင်းကင်းသဖြင့် အကြွင်းမဲ့ ချုပ်ခြင်းကြောင့် ပြုစီရင်မှု ချုပ်၏၊ ပြုစီရင်မှု ချုပ်ခြင်းကြောင့် ဝိညာဏ်ချုပ်၏၊ ဝိညာဏ်ချုပ်ခြင်းကြောင့် နာမ်ရုပ် ချုပ်၏၊ နာမ်ရုပ်ချုပ်ခြင်းကြောင့် သဠာယတန ချုပ်၏၊ သဠာယတနချုပ်ခြင်းကြောင့် တွေ့ထိခြင်း ချုပ်၏၊ တွေ့ထိခြင်းချုပ်ခြင်းကြောင့် ခံစားခြင်း ချုပ်၏၊ ခံစားခြင်းချုပ်ခြင်းကြောင့် တပ်မက်မှု ချုပ်၏၊ တပ်မက်မှုချုပ်ခြင်းကြောင့်စွဲလမ်းမှု ချုပ်၏၊ စွဲလမ်းမှု ချုပ်ခြင်းကြောင့် ဖြစ်ကြောင်းပြုမှုကံ ‘ဘဝ’ ချုပ်၏၊ ဖြစ်ကြောင်း ပြုမှုကံ့ ‘ဘဝ’ချုပ်ခြင်းကြောင့် (ပဋိသန္ဓေတည်နေ) ဖြစ်ပွားခြင်း ‘ဇာတိ’ချုပ်၏၊ (ပဋိသန္ဓေတည်နေ) ဖြစ်ပွားခြင်း ‘ဇာတိ’ချုပ်ခြင်းကြောင့် အိုခြင်း ‘ဇရာ’၊ သေခြင်း ‘မရဏ’၊ ပူဆွေးခြင်း ‘သောက’၊ ငိုကြွေးခြင်း ‘ပရိဒေဝ’၊ ကိုယ်ဆင်းရဲခြင်း ‘ဒုက္ခ’၊ စိတ်ဆင်းရဲခြင်း ‘ဒေါမနဿ’၊ ပြင်းစွာပင်ပန်းခြင်း ‘ဥပါယာသ’တို့သည် ချုပ်ကုန်၏။ ဤသို့ ဤချမ်းသာမဖက်သော ဆင်းရဲအစု၏ ချုပ်ခြင်းသည် ဖြစ်၏။
၄ဝ၅။ “(ပဋိသန္ဓေတည်နေ) ဖြစ်ပွားခြင်း ‘ဇာတိ’ချုပ်ခြင်းကြောင့် အိုခြင်း ‘ဇရာ’ သေခြင်း ‘မရဏ’ချုပ်၏” ဟု ဤစကားကို ဟောထား၏။ ရဟန်းတို့ (ပဋိသန္ဓေတည်နေ) ဖြစ်ပွားခြင်း ‘ဇာတိ’ ချုပ်ခြင်းကြောင့် အိုခြင်း ‘ဇရာ’ သေခြင်း ‘မရဏ’ ချုပ်လေသလော၊ မချုပ်လေသလော၊ ဤအရာ၌ အဘယ်သို့မှတ်ထင်ကြသနည်းဟု (မေးတော်မူ၏)။
အသျှင်ဘုရား (ပဋိသန္ဓေတည်နေ) ဖြစ်ပွားခြင်း ‘ဇာတိ’ ချုပ်ခြင်းကြောင့် အိုခြင်း ‘ဇရာ’ သေခြင်း ‘မရဏ’ ချုပ်၏ဟု ဟောထားသော ဤအရာ၌ “(ပဋိသန္ဓေတည်နေ) ဖြစ်ပွားခြင်း ‘ဇာတိ’ ချုပ်ခြင်းကြောင့် အိုခြင်း ‘ဇရာ’ သေခြင်း ‘မရဏ’ချုပ်၏” ဟု တပည့်တော်တို့ မှတ်ထင်ကြပါ၏ဟု (လျှောက်ကြကုန်၏)။
“ဖြစ်ကြောင်း ပြုမှုကံ ‘ဘဝ’ချုပ်ခြင်းကြောင့် (ပဋိသန္ဓေတည်နေ) ဖြစ်ပွားခြင်း ‘ဇာတိ’ ချုပ်၏” ဟုဤစကားကို ဟောထား၏။ ရဟန်းတို့ ဖြစ်ကြောင်းပြုမှုကံ ‘ဘဝ’ ချုပ်ခြင်းကြောင့် (ပဋိသန္ဓေတည်နေ) ဖြစ်ပွားခြင်း ‘ဇာတိ’ ချုပ်လေသလော၊ မချုပ်လေသလော၊ ဤအရာ၌ အဘယ်သို့ မှတ်ထင်ကြသနည်းဟု (မေးတော်မူ၏)။
အသျှင်ဘုရား ဖြစ်ကြောင်းပြုမှုကံ ‘ဘဝ’ ချုပ်ခြင်းကြောင့် (ပဋိသန္ဓေတည်နေ) ဖြစ်ပွားခြင်း ‘ဇာတိ’ချုပ်၏ဟု ဟောထားသော ဤအရာ၌ “ဖြစ်ကြောင်း ပြုမှုကံ ‘ဘဝ’ ချုပ်ခြင်းကြောင့် (ပဋိသန္ဓေတည်နေ) ဖြစ်ပွားခြင်း ‘ဇာတိ’ချုပ်၏” ဟု တပည့်တော်တို့ မှတ်ထင်ကြပါ၏ဟု (လျှောက်ကြကုန်၏)။
“စွဲလမ်းမှု ‘ဥပါဒါန်’ ချုပ်ခြင်းကြောင့် ဖြစ်ကြောင်းပြုမှုကံ ‘ဘဝ’ ချုပ်၏” ဟု ဤစကားကို ဟောထား၏။ ရဟန်းတို့ စွဲလမ်းမှု ‘ဥပါဒါန်’ ချုပ်ခြင်းကြောင့် ဖြစ်ကြောင်းပြုမှုကံ ‘ဘဝ’ ချုပ်လေသလော၊ မချုပ်လေသလော၊ ဤအရာ၌ အဘယ်သို့ မှတ်ထင်ကြသနည်းဟု (မေးတော်မူ၏)။
အသျှင်ဘုရား စွဲလမ်းမှု ‘ဥပါဒါန်’ ချုပ်ခြင်းကြောင့် ဖြစ်ကြောင်း ပြုမှုကံ ‘ဘဝ’ ချုပ်၏ဟု ဟောထားသော ဤအရာ၌ “စွဲလမ်းမှု ‘ဥပါဒါန်’ ချုပ်ခြင်းကြောင့် ဖြစ်ကြောင်းပြုမှုကံ ‘ဘဝ’ ချုပ်၏” ဟု တပည့်တော်တို့ မှတ်ထင်ကြပါ၏ဟု (လျှောက်ကြကုန်၏)။
“တပ်မက်မှု ‘တဏှာ’ ချုပ်ခြင်းကြောင့် စွဲလမ်းမှု ‘ဥပါဒါန်’ ချုပ်၏” ဟု ဤစကားကို ဟောထား၏။ ရဟန်းတို့ တပ်မက်မှု ‘တဏှာ’ ချုပ်ခြင်းကြောင့် စွဲလမ်းမှု ‘ဥပါဒါန်’ ချုပ်လေသလော၊ မချုပ်လေသလော၊ ဤအရာ၌ အဘယ်သို့ မှတ်ထင်ကြသနည်းဟု (မေးတော်မူ၏)။
အသျှင်ဘုရား တပ်မက်မှု ‘တဏှာ’ ချုပ်ခြင်းကြောင့် စွဲလမ်းမှု ‘ဥပါဒါန်’ ချုပ်၏ဟု ဟောထားသောဤအရာ၌ တပ်မက်မှု ‘တဏှာ’ ချုပ်ခြင်းကြောင့် စွဲလမ်းမှု ‘ဥပါဒါန်’ ချုပ်၏” ဟု တပည့်တော်တို့မှတ်ထင် ကြပါ၏ဟု (လျှောက်ကြကုန်၏)။
“ခံစားခြင်း ‘ဝေဒနာ’ ချုပ်ခြင်းကြောင့် တပ်မက်မှု ‘တဏှာ’ ချုပ်၏” ဟု ဤစကားကို ဟောထား၏။ ရဟန်းတို့ ခံစားမှု ‘ဝေဒနာ’ ချုပ်ခြင်းကြောင့် တပ်မက်မှု ‘တဏှာ’ ချုပ်လေသလော၊ မချုပ်လေသလော၊ ဤအရာ၌ အဘယ်သို့ မှတ်ထင်ကြသနည်းဟု (မေးတော်မူ၏)။
အသျှင်ဘုရား ခံစားမှု ‘ဝေဒနာ’ ချုပ်ခြင်းကြောင့် တပ်မက်မှု ‘တဏှာ’ ချုပ်၏ဟု ဟောထားသောဤအရာ၌ “ခံစားခြင်း ‘ဝေဒနာ’ ချုပ်ခြင်းကြောင့် တပ်မက်မှု ‘တဏှာ’ ချုပ်၏” ဟု တပည့်တော်တို့မှတ် ထင်ကြပါ၏ဟု (လျှောက်ကြကုန်၏)။
“အတွေ့အထိ ‘ဖဿ’ချုပ်ခြင်းကြောင့် ခံစားခြင်း ‘ဝေဒနာ’ ချုပ်၏” ဟု ဤစကားကို ဟောထား၏။
ရဟန်းတို့ အတွေ့အထိ ‘ဖဿ’ ချုပ်ခြင်းကြောင့် ခံစားခြင်း ‘ဝေဒနာ’ ချုပ်လေသလော၊ မချုပ်လေသလော၊ ဤအရာ၌ အဘယ်သို့ မှတ်ထင်ကြသနည်းဟု (မေးတော်မူ၏)။
အသျှင်ဘုရား အတွေ့အထိ ‘ဖဿ’ ချုပ်ခြင်းကြောင့် ခံစားခြင်း ‘ဝေဒနာ’ ချုပ်၏ဟု ဟောထားသောဤအရာ၌ အတွေ့အထိ ‘ဖဿ’ ချုပ်ခြင်းကြောင့် ခံစားခြင်း ‘ဝေဒနာ’ ချုပ်၏” ဟု တပည့်တော်တို့ မှတ်ထင်ကြပါ၏ဟု (လျှောက်ကြကုန်၏)။
“သဠာယတန ချုပ်ခြင်းကြောင့် အတွေ့အထိ ‘ဖဿ’ ချုပ်၏” ဟု ဤစကားကို ဟောထား၏။ ရဟန်းတို့ သဠာယတန ချုပ်ခြင်းကြောင့် အတွေ့အထိ ‘ဖဿ’ ချုပ်လေသလော၊ မချုပ်လေသလော၊ ဤအရာ၌ အဘယ်သို့ မှတ်ထင်ကြသနည်းဟု (မေးတော်မူ၏)။
အသျှင်ဘုရား သဠာယတန ချုပ်ခြင်းကြောင့် အတွေ့အထိ ‘ဖဿ’ ချုပ်၏ဟု ဟောထားသော ဤအရာ၌ “သဠာယတန ချုပ်ခြင်းကြောင့် အတွေ့အထိ ‘ဖဿ’ ချုပ်၏” ဟု တပည့်တော်တို့ မှတ်ထင်ကြပါ၏ဟု (လျှောက်ကြကုန်၏)။
“နာမ်ရုပ် ချုပ်ခြင်းကြောင့် သဠာယတန ချုပ်၏” ဟု ဤစကားကို ဟောထား၏။ ရဟန်းတို့နာမ်ရုပ်ချုပ်ခြင်းကြောင့် သဠာယတန ချုပ်လေသလော၊ မချုပ်လေသလော၊ ဤအရာ၌ အဘယ်သို့ မှတ်ထင်ကြသနည်းဟု (မေးတော်မူ၏)။
အသျှင်ဘုရား နာမ်ရုပ် ချုပ်ခြင်းကြောင့် သဠာယတန ချုပ်၏ဟု ဟောထားသော ဤအရာ၌ “နာမ်ရုပ်ချုပ်ခြင်းကြောင့် သဠာယတန ချုပ်၏” ဟု တပည့်တော်တို့ မှတ်ထင်ကြပါ၏ဟု (လျှောက်ကြကုန်၏)။
“ဝိညာဏ် ချုပ်ခြင်းကြောင့် နာမ်ရုပ် ချုပ်၏” ဟု ဤစကားကို ဟောထား၏။ ရဟန်းတို့ဝိညာဏ်ချုပ်ခြင်းကြောင့် နာမ်ရုပ် ချုပ်လေသလော၊ မချုပ်လေသလော၊ ဤအရာ၌ အဘယ်သို့ မှတ်ထင်ကြသနည်းဟု (မေးတော်မူ၏)။
အသျှင်ဘုရား ဝိညာဏ် ချုပ်ခြင်းကြောင့် နာမ်ရုပ် ချုပ်၏ဟု ဟောထားသော ဤအရာ၌ “ဝိညာဏ်ချုပ်ခြင်းကြောင့် နာမ်ရုပ်ချုပ်၏” ဟု တပည့်တော်တို့ မှတ်ထင်ကြပါ၏ဟု (လျှောက်ကြကုန်၏)။
“ပြုစီရင်မှု ‘သင်္ခါရ’ ချုပ်ခြင်းကြောင့် ဝိညာဏ် ချုပ်၏” ဟု ဤစကားကို ဟောထား၏။ ရဟန်းတို့ပြုစီရင်မှု ‘သင်္ခါရ’ ချုပ်ခြင်းကြောင့် ဝိညာဏ် ချုပ်လေသလော၊ မချုပ်လေသလော၊ ဤအရာ၌အဘယ်သို့ မှတ်ထင်ကြသနည်းဟု (မေးတော်မူ၏)။
အသျှင်ဘုရား ပြုစီရင်မှု ‘သင်္ခါရ’ ချုပ်ခြင်းကြောင့် ဝိညာဏ် ချုပ်၏ဟု ဟောထားသော ဤအရာ၌ “ပြုစီရင်မှု ‘သင်္ခါရ’ ချုပ်ခြင်းကြောင့် ဝိညာဏ်ချုပ်၏” ဟု တပည့်တော်တို့ မှတ်ထင်ကြပါ၏ဟု (လျှောက် ကြကုန်၏)။
“မသိမှု ‘အဝိဇ္ဇာ’ချုပ်ခြင်းကြောင့် ပြုစီရင်မှု ‘သင်္ခါရ’ ချုပ်၏” ဟု ဤစကားကို ဟောထား၏။ ရဟန်းတို့ မသိမှု ‘အဝိဇ္ဇာ’ ချုပ်ခြင်းကြောင့် ပြုစီရင်မှု ‘သင်္ခါရ’ ချုပ်လေသလော၊ မချုပ်လေသလော၊ ဤအရာ၌ အဘယ်သို့ မှတ်ထင်ကြသနည်းဟု (မေးတော်မူ၏)။
အသျှင်ဘုရား မသိမှု ‘အဝိဇ္ဇာ’ ချုပ်ခြင်းကြောင့် ပြုစီရင်မှု ‘သင်္ခါရ’ ချုပ်၏ဟု ဟောထားသော ဤအရာ၌ “မသိမှု ‘အဝိဇ္ဇာ’ ချုပ်ခြင်းကြောင့် ပြုစီရင်မှု ‘သင်္ခါရ’ ချုပ်၏” ဟု တပည့်တော်တို့ မှတ်ထင်ကြပါ၏ဟု (လျှောက်ကြကုန်၏)။
၄ဝ၆။ ရဟန်းတို့ ကောင်းပေ၏၊ ရဟန်းတို့ သင်တို့လည်း ဤသို့ ပြောဆိုကုန်၏၊ ငါလည်း ဤသို့ပင်ဟောကြား၏၊ ဤအကြောင်းမရှိသော် ဤအကျိုးမရှိနိုင်၊ ဤအကြောင်းချုပ်ခြင်းကြောင့် ဤ အကျိုးချုပ်ရ၏။ ချုပ်ပုံကား မသိမှု ‘အဝိဇ္ဇာ’ ချုပ်ခြင်းကြောင့် ပြုစီရင်မှု ‘သင်္ခါရ’ ချုပ်၏၊ ပြုစီရင်မှု ‘သင်္ခါရ’ ချုပ်ခြင်းကြောင့် ဝိညာဏ်ချုပ်၏၊ ဝိညာဏ်ချုပ်ခြင်းကြောင့် နာမ်ရုပ် ချုပ်၏၊ နာမ်ရုပ် ချုပ်ခြင်း့ကြောင့် သဠာယတန ချုပ်၏၊ သဠာယတန ချုပ်ခြင်းကြောင့် အတွေ့အထိ ‘ဖဿ’ ချုပ်၏၊ အတွေ့အထိ ‘ဖဿ’ ချုပ်ခြင်းကြောင့် ခံစားခြင်း ‘ဝေဒနာ’ ချုပ်၏၊ ခံစားခြင်း ‘ဝေဒနာ’ ချုပ်ခြင်းကြောင့် တပ်မက်မှု ‘တဏှာ’ချုပ်၏၊ တပ်မက်မှု ‘တဏှာ’ ချုပ်ခြင်းကြောင့် စွဲလမ်းမှု ‘ဥပါဒါန်’ ချုပ်၏၊ စွဲလမ်းမှု ‘ဥပါဒါန်’ချုပ်ခြင်းကြောင့် ဖြစ်ကြောင်းပြုမှုကံ ‘ဘဝ’ ချုပ်၏၊ ဖြစ်ကြောင်းပြုမှုကံ ‘ဘဝ’ ချုပ်ခြင်းကြောင့် (ပဋိသန္ဓေ တည်နေ) ဖြစ်ပွားခြင်း ‘ဇာတိ’ ချုပ်၏၊ (ပဋိသန္ဓေတည်နေ) ဖြစ်ပွားခြင်း ‘ဇာတိ’ ချုပ်ခြင်းကြောင့် အိုခြင်း ‘ဇရာ’၊ သေခြင်း ‘မရဏ’၊ ပူဆွေးခြင်း ‘သောက’၊ ငိုကြွေးခြင်း ‘ပရိဒေဝ’၊ ကိုယ်ဆင်းရဲခြင်း ‘ဒုက္ခ’၊ စိတ်ဆင်းရဲခြင်း ‘ဒေါမနဿ’၊ ပြင်းစွာပင်ပန်းခြင်း ‘ဥပါယာသ’တို့သည် ချုပ်ကုန်၏။ ဤသို့ ဤ ချမ်းသာမဖက်သော ဆင်းရဲအစု၏ ချုပ်ခြင်းသည် ဖြစ်၏။
၄ဝ၇။ ရဟန်းတို့ စင်စစ်အားဖြင့် သင်တို့သည် ဤသို့ သိကုန်သော် ဤသို့ မြင်ကုန်သော် “ငါတို့သည်အတိတ်ကာလ၌ ဖြစ်ခဲ့လေကုန်သလော၊ မဖြစ်ခဲ့လေကုန်သလော၊ အတိတ်ကာလ၌ အဘယ် သို့သောသူဖြစ်ခဲ့ကုန်သနည်း၊ အတိတ်ကာလ၌ အဘယ်ပုံပန်း ဖြစ်ခဲ့ကုန်သနည်း၊ ငါတို့သည် အတိတ် ကာလ၌အဘယ်သို့သောသူ ဖြစ်ပြီး၍ အဘယ်သို့သောသူ ဖြစ်ခဲ့ကုန်သနည်း” ဟု ရှေးအဖို့ခန္ဓာသို့သော်လည်းတစ်ဖန် ပြေးသွားကုန်ရာသလောဟု (မေးတော်မူ၏)။
အသျှင်ဘုရား တစ်ဖန်ပြေးသွားခြင်း မဖြစ်ပါဟု (လျှောက်ကြကုန်၏)။
ရဟန်းတို့ စင်စစ်အားဖြင့် သင်တို့သည် ဤသို့ သိကုန်သော် ဤသို့ မြင်ကုန်သော် “ငါတို့သည်အနာဂတ်ကာလ၌ ဖြစ်ကုန်လတ္တံ့လော၊ မဖြစ်ကုန်လတ္တံ့လော၊ အနာဂတ်ကာလ၌ အဘယ်သို့သောသူဖြစ်ကုန်လတ္တံ့နည်း၊ အနာဂတ်ကာလ၌ အဘယ်ပုံပန်း ဖြစ်ကုန်လတ္တံ့နည်း၊ ငါတို့သည် အနာဂတ်ကာလ၌အဘယ်သို့သောသူ ဖြစ်၍ အဘယ်သို့သောသူ ဖြစ်ကုန်လတ္တံ့နည်း” ဟု နောက်အဖို့ခန္ဓာသို့သော်လည်းတစ်ဖန် ပြေးသွားကုန်ရာသလောဟု (မေးတော်မူ၏)။
အသျှင်ဘုရား တစ်ဖန်ပြေးသွားခြင်း မဖြစ်ပါဟု (လျှောက်ကြကုန်၏)။
ရဟန်းတို့ စင်စစ်အားဖြင့် သင်တို့သည် ဤသို့ သိကုန်သော် ဤသို့ မြင်ကုန်သော် “ငါသည်ဖြစ်လေသလော၊ မဖြစ်လေသလော၊ အဘယ်သို့သောသူ ဖြစ်သနည်း၊ အဘယ်ပုံပန်း ဖြစ်သနည်း၊ ဤသတ္တဝါသည် အဘယ်မှ လာသနည်း၊ ထိုသတ္တဝါသည် အဘယ်သို့ သွားလတ္တံ့နည်း” ဟု ယခုပစ္စုပ္ပန်ကာလ ကိုယ်တွင်း သန္တာန်၌လည်း သို့လော သို့လော တွေးတော ယုံမှားမှု ဖြစ်ကြရာသလောဟု (မေးတော်မူ၏)။
အသျှင်ဘုရား သို့လော သို့လော တွေးတော ယုံမှားမှု မဖြစ်ရာပါဟု (လျှောက်ကြကုန်၏)။
ရဟန်းတို့ စင်စစ်အားဖြင့် သင်တို့သည် ဤသို့ သိကုန်သော် ဤသို့ မြင်ကုန်သော် “ဆရာမြတ်စွာဘုရားသည် ငါတို့ အလေးပြုသင့်သူတည်း၊ ဆရာမြတ်စွာဘုရားအား ရိုသေခြင်းဖြင့် ငါတို့သည် ဤအတိုင်းဆိုကုန်၏” ဟု ဤသို့ ဆိုကုန်ရာသလောဟု (မေးတော်မူ၏)။
အသျှင်ဘုရား ဤသို့ ပြောဆိုခြင်း မဟုတ်ပါဟု (လျှောက်ကြကုန်၏)။
ရဟန်းတို့ စင်စစ်အားဖြင့် သင်တို့သည် ဤသို့ သိကုန်သော် ဤသို့ မြင်ကုန်သော် “သမဏ ဖြစ်သောမြတ်စွာဘုရားသည် ဤသို့ ဟောကြားတော်မူ၏၊ သမဏမည်သော ငါတို့သည်လည်း ဤ အတိုင်းပင်ဆိုရကုန်၏” ဟု ဤသို့ ဆိုရာသလောဟု (မေးတော်မူ၏)။
အသျှင်ဘုရား ဤသို့ ပြောဆိုခြင်း မဟုတ်ပါဟု (လျှောက်ကြကုန်၏)။
ရဟန်းတို့ စင်စစ်အားဖြင့် သင်တို့သည် ဤသို့ သိကုန်သော် ဤသို့ မြင်ကုန်သော် တစ်ပါးသောဆရာကို ညွှန်ပြကုန်ရာသလောဟု (မေးတော်မူ၏)။
အသျှင်ဘုရား ဤသို့ ညွှန်ပြခြင်း မဟုတ်ပါဟု (လျှောက်ကြကုန်၏)။
ရဟန်းတို့ စင်စစ်အားဖြင့် သင်တို့သည် ဤသို့ သိကုန်သော် ဤသို့ မြင်ကုန်သော် များစွာသော သမဏဗြာဟ္မဏတို့၏ ဝတ်အကျင့်နှင့် ကောတုဟလမင်္ဂလာတို့ကို အနှစ်သာရအားဖြင့် တစ်ဖန် ယူကုန်ရာသလောဟု (မေးတော်မူ၏)။
အသျှင်ဘုရား ဤသို့ တစ်ဖန် ယူခြင်းသည် မဖြစ်ရာပါဟု (လျှောက်ကြကုန်၏)။
ရဟန်းတို့ သင်တို့သည် ကိုယ်တိုင်သိသည်ကိုသာလျှင် ကိုယ်တိုင်မြင်သည်ကိုသာလျှင် ကိုယ်တိုင်ထင်ထင်ရှားရှား သိသည်ကိုသာလျှင် ဆိုကုန်သည် မဟုတ်ကုန်လောဟု (မေးတော်မူ၏)။
အသျှင်ဘုရား မှန်ပါ၏ဟု (လျှောက်ကြကုန်၏)။
ရဟန်းတို့ ကောင်းပေ၏၊ ရဟန်းတို့ ငါသည် ကိုယ်တိုင် သိမြင်နိုင်သော၊ အခါမလင့် အကျိုးပေးတတ်သော၊ လာလှည့် ရှုလှည့်ဟု ဖိတ်ခေါ်ပြထိုက်သော၊ မိမိ ကိုယ်ထဲစိတ်ထဲ၌ ဆောင်ယူထားထိုက်သော၊ ပညာရှိတို့သာ ကိုယ်စီကိုယ်င သိနိုင် ခံစားနိုင်သော ဤတရားဖြင့် သင်တို့ကို နိဗ္ဗာန်သို့ ပို့ခဲ့ပြီ။ “ရဟန်းတို့ ဤတရားသည် ကိုယ်တိုင် ရှုမြင်ထိုက်သော တရားတည်း၊ အခါမလင့် အကျိုးပေးတတ်သော တရားတည်း၊ လာလှည့်ရှုလှည့်ဟု ဖိတ်ခေါ်ပြထိုက်သော တရားတည်း၊ မိမိ၏ ကိုယ်ထဲစိတ်ထဲ၌ ဆောင်ယူထားထိုက်သော တရားတည်း၊ ပညာရှိတို့သာ ကိုယ်စီကိုယ်င သိနိုင် ခံစားနိုင်သော တရားတည်း” ဟု ဟောထား၏၊ ဤကိုယ်တိုင်မြင် ကိုယ်တိုင်သိ ကိုယ်တိုင် ထင်ထင်ရှားရှား သိသည့်အဖြစ်ကို စွဲ၍ ဤစကားကိုဟောထား၏။
၄ဝ၈။ ရဟန်းတို့ အကြောင်းသုံးရပ်တို့၏ ပေါင်းဆုံခြင်းကြောင့် ကိုယ်ဝန်တည်ခြင်းသည် ဖြစ်နိုင်ပေ၏။ အမိအဖတို့သည်လည်း ပေါင်းဖော်ကုန်၏၊ အမိသည်လည်း ဥတုမလာ၊ အမိဝမ်းတွင်းသို့ ရောက်ထိုက်သူ (သတ္တဝါ) သည်လည်း အဆင်သင့် မရှိသေး၊ ထိုမျှလောက်သော အခြင်းအရာဖြင့် ကိုယ်ဝန်တည်ခြင်းသည် မဖြစ်နိုင်ပေ။ အမိအဖတို့သည်လည်း ပေါင်းဖော်ကုန်၏၊ အမိသည်လည်း ဥတုလာ၏၊ အမိဝမ်း တွင်းသို့ ရောက်ထိုက်သူ (သတ္တဝါ) သည်လည်း အဆင်သင့် မရှိသေး၊ ထိုမျှလောက်သောအခြင်းအရာ ဖြင့် ကိုယ်ဝန်တည်ခြင်းသည် မဖြစ်နိုင်ပေ။ ရဟန်းတို့ အမိအဖတို့သည်လည်းပေါင်းဖော်ကုန်၏၊ အမိ သည်လည်း ဥတုလာ၏၊ အမိဝမ်းတွင်းသို့ ရောက်ထိုက်သူ (သတ္တဝါ) သည်လည်းအဆင်သင့် ရှိနေ၏၊ ဤသို့ အကြောင်းသုံးရပ်တို့၏ ပေါင်းဆုံခြင်းကြောင့် ကိုယ်ဝန်တည်ခြင်းသည်ဖြစ်နိုင်ပေ၏။
ရဟန်းတို့ ထိုကိ်ုယ်ဝန်ကို အမိသည် ကိုးလဖြစ်စေ၊ ဆယ်လဖြစ်စေ ဝမ်းဖြင့်လွယ်၍ ကြီးစွာသောယုံမှားခြင်းဖြင့် လေးလံသော ဝန်ကို လွယ်ရ၏။ ရဟန်းတို့ ထိုကိ်ုယ်ဝန်ကို အမိသည် ကိုးလဖြစ်စေဆယ်လဖြစ်စေ လွန်သောအခါ၌ ကြီးစွာသော ယုံမှားခြင်းဖြင့် လေးလံသော ဝန်ကို ဖွားမြင်၏။ မွေးဖွားပြီးသော ထိုသူငယ်ကို မိမိသွေးဖြင့် မွေးမြူ၏။ ရဟန်းတို့ ဤအမိနို့ရည်သည် မြတ်စွာဘုရား၏သာသနာတော်၌ သွေးမည်၏။
ရဟန်းတို့ ထိုသူငယ်သည် ကြီးထွားခြင်း ဣန္ဒြေတို့၏ ရင့်ကျက်ခြင်းကို စွဲ၍ ထွန်ငယ်ဖြင့် ကစားခြင်းကျည်းသားရိုက်ကစားခြင်း ဂျွမ်းထိုးကစားခြင်း စကြာဖြင့် ကစားခြင်း ခွက်ငယ်ဖြင့် ကစားခြင်းရထားငယ်ဖြင့် ကစားခြင်း လေးငယ်ဖြင့်ကစားခြင်းဟူသော ထိုထို ဤ ကလေးသူငယ် ကစားနည်းမျိုးစုံတို့ဖြင့် ကစား၏။
ရဟန်းတို့ ထိုသူငယ်သည် ကြီးထွားခြင်း ဣန္ဒြေတို့၏ ရင့်ကျက်ခြင်းကို စွဲ၍ နှစ်လိုဖွယ်ဖြစ်သောနှစ်သက်ဖွယ်ဖြစ်သော မြတ်နိုးဖွယ်ဖြစ်သော ချစ်အပ်သောသဘောရှိသော ကာမ (ရာဂ) နှင့်စပ်သွယ်သောတပ်မက် ဖွယ်ဖြစ်သော စက္ခုဝိညာဏ်ဖြင့် သိရသော အဆင်း။ပ။ သောတဝိညာဏ်ဖြင့် သိရသော အသံ။ ဃာနဝိညာဏ်ဖြင့် သိရသော အနံ့။ ဇိဝှါဝိညာဏ်ဖြင့် သိရသော အရသာ။ နှစ်လိုဖွယ်ဖြစ်သော နှစ်သက်ဖွယ်ဖြစ်သော မြတ်နိုးဖွယ်ဖြစ်သော ချစ်အပ်သောသဘောရှိသော ကာမ (ရာဂ) နှင့် စပ်သွယ်သောတပ်မက်ဖွယ်ဖြစ်သော ကာယဝိညာဏ်ဖြင့် သိရသော အတွေ့အထိ ကာမဂုဏ်ငါးပါးတို့ဖြင့် ကုံလုံပြည့်စုံ့သည်ဖြစ်၍ ပျော်ပါးလျက် နေ၏။
၄ဝ၉။ ထိုသူငယ်သည် မျက်စိဖြင့် အဆင်းကို မြင်၍ ချစ်နှစ်သက်ဖွယ်သဘောရှိသော အဆင်း၌ ပြင်းစွာတပ်စွန်း၏၊ မချစ်မနှစ်သက်ဖွယ်သဘောရှိသော အဆင်း၌ ဒေါသစိတ် ဖြစ်၏၊ ကာယဂတာသတိ မထင်ဘဲသေးသိမ်သော စိတ်ရှိလျက်လည်း နေ၏၊ ယုတ်ညံ့သော အကုသိုလ်တရားများ အကြွင်းမဲ့ချုပ်ငြိမ်းရာဖြစ်သော လွတ်မြောက်သော စိတ်နှင့် လွတ်မြောက်သော ပညာကိုလည်း အမှန်အတိုင်းခွဲခြား၍ မသိ။ ထိုသူသည် ဤသို့ လိုက်လျောခြင်း ဆန့်ကျင်ခြင်းသို့ ရောက်လျက် ချမ်းသာကိုဖြစ်စေဆင်းရဲကို ဖြစ်စေ၊ ဆင်းရဲမဟုတ်ချမ်းသာမဟုတ်သည်ကိုဖြစ်စေ တစ်စုံတစ်ခုသော ဝေဒနာကို ခံစား၏။ ထိုသူသည် ထိုခံစားခြင်းကို နှစ်သက်၏၊ အားရပါးရ ပြောဆို၏၊ သက်ဝင်စွဲလမ်း၍ တည်၏။ ထိုခံစားမှုကို နှစ် သက်ခြင်း အားရပါးရပြောဆိုခြင်း သက်ဝင်စွဲလမ်း၍ တည်ခြင်းကြောင့် ထိုသူအားနှစ်သက်ခြင်း ဖြစ်၏၊ ခံစားမှုတို့၌ နှစ်သက်ခြင်းသည် စွဲလမ်းမှုတည်း။ ထိုသူအား စွဲလမ်းမှုဟူသောအကြောင်းကြောင့် ဖြစ် ကြောင်းပြုမှုကံ ‘ဘဝ’၊ ဘဝဟူသော အကြောင်းကြောင့် ဖြစ်ပွားခြင်း ‘ဇာတိ’၊ ဖြစ်ပွားခြင်း ‘ဇာတိ’ ဟူသော အကြောင်းကြောင့် အိုခြင်း ‘ဇရာ’၊ သေခြင်း ‘မရဏ’၊ ပူဆွေးခြင်း ‘သောက’၊ ငိုကြွေးခြင်း ‘ပရိဒေဝ’၊ ကိုယ်ဆင်းရဲခြင်း ‘ဒုက္ခ’၊ စိတ်ဆင်းရဲခြင်း ‘ဒေါမနဿ’၊ ပြင်းစွာပင်ပန်းခြင်း ‘ဥပါယာသ’တို့သည် ဖြစ်ကုန်၏။ ဤသို့ ဤချမ်းသာမဖက်သော ဆင်းရဲအစု၏ဖြစ်ပွားခြင်းသည် ဖြစ်၏။
နားဖြင့် အသံကို ကြား၍။ပ။ နှာခေါင်းဖြင့် အနံ့ကို နံ၍။ပ။ လျှာဖြင့် အရသာကို လျက်၍။ပ။ ကိုယ်ဖြင့် အတွေ့အထိကို တွေ့ထိ၍။ပ။ စိတ်ဖြင့် သဘာဝဓမ္မကို သိ၍ ချစ်နှစ်သက်ဖွယ်သဘောရှိသောသဘာဝဓမ္မ၌ ပြင်းစွာ တပ်စွန်း၏၊ မချစ်မနှစ်သက်ဖွယ်သဘောရှိသော သဘာဝဓမ္မ၌ ဒေါသစိတ် ဖြစ်၏၊ ကာယဂတာသတိ မထင်ဘဲ သေးသိမ်သော စိတ်ရှိလျက်လည်း နေ၏၊ ယုတ်ညံ့သော အကုသိုလ်တရားများ အကြွင်းမဲ့ ချုပ်ငြိမ်းရာဖြစ်သော လွတ်မြောက်သော စိတ်နှင့် လွတ်မြောက်သော ပညာကိုလည်းအမှန်အတိုင်း ခွဲခြား၍ မသိ။ ထိုသူသည် ဤသို့ လိုက်လျောခြင်း ဆန့်ကျင်ခြင်းသို့ ရောက်လျက်ချမ်းသာကိုဖြစ်စေ၊ ဆင်းရဲကိုဖြစ်စေ၊ ဆင်းရဲမဟုတ် ချမ်းသာ မဟုတ်သည်ကိုဖြစ်စေ တစ်စုံ တစ်ခုသောဝေဒနာကို ခံစား၏။ ထိုသူသည် ထိုခံစားခြင်းကို နှစ်သက်၏၊ အားရပါးရပြောဆို၏၊ သက်ဝင်စွဲလမ်း၍တည်၏။ ထိုခံစားမှုကို နှစ်သက်ခြင်း အားရပါးရပြောဆိုခြင်း သက်ဝင်စွဲလမ်း၍ တည်ခြင်းကြောင့်ထိုသူ့အား နှစ်သက်ခြင်း ဖြစ်၏၊ ခံစားမှုတို့၌ နှစ်သက်ခြင်းသည် စွဲလမ်းမှုတည်း။ ထိုသူအား စွဲလမ်းမှုဟူသော အကြောင်းကြောင့် ဖြစ်ကြောင်း ပြုမှုကံ ‘ဘဝ’၊ ဘဝဟူသော အကြောင်းကြောင့် ဖြစ်ပွားခြင်း ‘ဇာတိ’၊ ဖြစ်ပွားခြင်း ‘ဇာတိ’ ဟူသော အကြောင်းကြောင့် အိုခြင်း ‘ဇရာ’၊ သေခြင်း ‘မရဏ’၊ ပူဆွေးခြင်း ‘သောက’၊ ငိုကြွေးခြင်း ‘ပရိဒေဝ’၊ ကိုယ်ဆင်းရဲခြင်း ‘ဒုက္ခ’၊ စိတ်ဆင်းရဲခြင်း ‘ဒေါမနဿ’၊ ပြင်းစွာပင်ပန်းခြင်း ‘ဥပါယာသ’တို့သည် ဖြစ်ကုန်၏။ ဤသို့ ဤချမ်းသာမဖက်သော ဆင်းရဲအစု၏ဖြစ်ပွားခြင်းသည် ဖြစ်၏။
၄၁ဝ။ ရဟန်းတို့ ဤလောက၌ ပူဇော်အထူးကို ခံတော်မူထိုက်သော၊ (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော၊ အသိဉာဏ် ‘ဝိဇ္ဇာ’ အကျင့် ‘စရဏ’ နှင့် ပြည့်စုံတော်မူသော၊ ကောင်းသောစကားကို ဆိုတော်မူတတ်သော၊ လောကကို သိတော်မူသော၊ ဆုံးမထိုက်သူကို ဆုံးမတတ်သူအတုမဲ့ ပုဂ္ဂိုလ်ဖြစ်တော်မူသော၊ နတ်လူတို့၏ဆရာဖြစ်တော်မူသော၊ (သစ္စာလေးပါးတရားတို့ကို) သိစေတော်မူ သော၊ ဘုန်းတန်ခိုးကြီးတော်မူသော မြတ်စွာဘုရားသည် ပွင့်တော်မူ၏။ ထိုမြတ်စွာဘုရားသည် နတ် မာရ်နတ် ဗြဟ္မာနှင့် တကွသော နတ်လောကနှင့် သမဏ ဗြာဟ္မဏ မင်းများလူများနှင့် တကွသော လူ့လောကကို ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုလျက်ဟောကြားတော်မူ၏။ ထိုမြတ်စွာဘုရား သည် အစ၏ကောင်းခြင်း အလယ်၏ကောင်းခြင်း့အဆုံး၏ကောင်းခြင်းရှိသော အနက်နှင့်ပြည့်စုံသော သဒ္ဒါနှင့်ပြည့်စုံသော အလုံးစုံပြည့်စုံသောစင်ကြယ်သော တရားကို ဟောတော်မူ၏၊ မြတ်သောအကျင့်ကို ပြတော်မူ၏။
ထိုတရားတော်ကို သူကြွယ်သည်လည်းကောင်း၊ သူကြွယ်သားသည်လည်းကောင်း အခြားဇာတ်တစ်မျိုးမျိုး၌ ဖြစ်သောသူသည်လည်းကောင်း ကြားနာရ၏။ ထိုသူသည် ထိုတရားတော်ကိုကြားနာရသော ကြောင့် မြတ်စွာဘုရား၌ ယုံကြည်မှုကို ရ၏။ ထိုသူသည် ထိုယုံကြည်မှုကို ရခြင်းနှင့်ပြည့်စုံသည်ဖြစ်၍ ဤသို့ ဆင်ခြင်၏—
“အိမ်ရာထောင်သောဘဝ၌ နေရခြင်းသည် ကျဉ်းမြောင်း၏၊ (ကိလေသာ) မြူထရာ ခရီးလမ်းမနှင့်တူ၏၊ ရဟန်းအဖြစ်သည် လွင်ပြင်နှင့် တူ၏၊ အိမ်ရာထောင်သောဘဝ၌ နေသူသည် ဤမြတ်သောအကျင့် ကို စင်စစ် ပြည့်စုံစွာ စင်စစ် စင်ကြယ်စွာ ခရုသင်းပွတ်သစ်နှင့်တူစွာ ကျင့်ခြင်းငှာ မလွယ်၊ ငါသည် ဆံမုတ်ဆိတ်ကို ပယ်၍ ဖန်ရည်ဆိုးသော အဝတ်တို့ကို ဝတ်ပြီးလျှင် လူ့ဘောင်မှ ထွက်ခွါ၍ရဟန်း ဘောင်သို့ ဝင်ရောက်ရမူ ကောင်းလေစွ” ဟု (ဆင်ခြင်၏)။
ထိုသူသည် နောင်အခါ၌ နည်းသော ဥစ္စာစုကို စွန့်ပယ်၍လည်းကောင်း၊ များသော ဥစ္စာစုကို စွန့်ပယ်၍လည်းကောင်း၊ နည်းသော ဆွေမျိုးစဉ်ဆက်ကို စွန့်ပယ်၍လည်းကောင်း၊ များသော ဆွေမျိုးစဉ်ဆက်ကို စွန့်ပယ်၍လည်းကောင်း၊ ဆံမုတ်ဆိတ်ကို ပယ်၍လည်းကောင်း ဖန်ရည်ဆိုးသော အဝတ်တို့ကိုဝတ်ပြီးလျှင် လူ့ဘောင်မှ ထွက်ခွါ၍ ရဟန်းဘောင်သို့ ဝင်ရောက်၏။
၄၁၁။ ထိုသူသည် ဤသို့ ဝင်ရောက်ပြီးသော် ရဟန်းတို့၏ အကျင့်သီလသိက္ခာနှင့် ကျင့်ဝတ်သိက္ခာပုဒ်သို့ ကောင်းစွာ ရောက်လျက် အသက်သတ်ခြင်းကို ပယ်၍ အသက်သတ်ခြင်းမှ ရှောင်ကြဉ်၏၊ တုတ်ကို ချထားပြီး ဖြစ်၏၊ လက်နက်ကို ချထားပြီးဖြစ်၏၊ အရှက်ရှိ၏၊ သနားတတ်၏၊ ခပ်သိမ်းသောသတ္တဝါတို့၏ အစီးအပွားကို လိုလားလျက် နေ၏။
မပေးသည်ကို ယူခြင်းကို ပယ်၍ မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်၏၊ ပေးသည်ကိုသာ ခံယူ၏၊ ပေးသည်ကိုသာ နှစ်လို၏၊ မခိုးမဝှက် စင်ကြယ်သော ကိုယ်ဖြင့်သာ နေ၏။
မမြတ်သောအကျင့်ကို ပယ်၍ မြတ်သောအကျင့်ကို ကျင့်၏၊ ယုတ်သောအကျင့်ကို ကျင့်လေ့မရှိ၊ ရွာသူတို့၏ အလေ့ဖြစ်သော မေထုန်အကျင့်မှ ရှောင်ကြဉ်၏။
မဟုတ်မမှန်ပြောခြင်းကို ပယ်၍ မဟုတ်မမှန်ပြောခြင်းမှ ရှောင်ကြဉ်၏။ အမှန်ကိုသာ ဆိုလေ့ရှိ၏၊ မှန်သောစကားချင်း ဆက်စပ်တတ်၏၊ တည်သောစကားရှိ၏၊ ယုံကြည်ထိုက်သောစကားရှိ၏၊ လောကကိုလှည့်စားတတ်သူ မဟုတ်။
ကုန်းစကားကို ပယ်၍ ကုန်းစကားမှ ရှောင်ကြဉ်၏။ ဤသူ ထိုသူတို့ ကွဲပြားခြင်းငှာ ဤသူထံမှနားထောင်၍ ထိုသူထံ၌ မပြောတတ်၊ ထိုသူထံမှ နားထောင်၍ ဤသူ့ထံ၌ မပြောတတ်၊ ဤသို့ ကွဲပြားသူတို့ကိုလည်း စေ့စပ်တတ်၏၊ ညီညွတ်သူတို့ကိုလည်း အားပေးတတ်၏၊ ညီညွတ်ခြင်း၌ မွေ့လျော်၏၊ ညီညွတ်ခြင်း၌ ပျော်ပိုက်၏၊ ညီညွတ်ခြင်းကို နှစ်သက်၏၊ ညီညွတ်ခြင်းကို ပြုသော စကားကို ဆိုလေ့ရှိ၏။
ကြမ်းသောစကားကို ပယ်၍ ကြမ်းသောစကားမှ ရှောင်ကြဉ်၏။ အကြင်စကားသည် အပြစ်ကင်း၏၊ နားချမ်းသာ၏၊ နှစ်လိုဖွယ် ရှိ၏၊ နှလုံးသို့ သက်၏၊ ယဉ်ကျေး၏၊ လူအများ နှစ်သက်၏၊ လူအများနှစ်ခြိုက်၏၊ ထိုသို့သဘောရှိသော စကားကိုသာ ဆို၏။
ပြိန်ဖျင်းသောစကားကို ပယ်၍ပြိန်ဖျင်း သောစကားမှ ရှောင်ကြဉ်၏၊ (သင့်သော) အခါ၌သာဆိုလေ့ရှိ၏၊ ဟုတ်သည်ကိုသာ ဆိုလေ့ရှိ၏၊ အကျိုးနှင့်စပ်သည်ကိုသာ ဆိုလေ့ရှိ၏၊ တရားနှင့်စပ်သည်ကိုသာ ဆိုလေ့ရှိ၏၊ အဆုံးအမနှင့်စပ်သည်ကိုသာ ဆိုလေ့ရှိ၏၊ (သင့်သော) အခါ၌ အကြောင်းနှင့်တကွသော အပိုင်းအခြားရှိသော အနက်နှင့်ပြည့်စုံသော မှတ်သားလောက်သော စကားကိုသာ ဆိုလေ့ရှိ၏။
ထိုရဟန်းသည် မျိုးစေ့အပေါင်း အပင်အပေါင်းကို ဖျက်ဆီးခြင်းမှ ရှောင်ကြဉ်၏။ ဆွမ်းတစ်နပ်သာ့စားလေ့ရှိ၏၊ ညစာစားခြင်းမှ ရှောင်ကြဉ်၏၊ နေလွဲစားခြင်းမှ ရှောင်ကြဉ်၏။ ကခြင်း သီခြင်း တီးမှုတ်ခြင်း ပွဲကြည့်ခြင်းမှ ရှောင်ကြဉ်၏။ ပန်းပန်ခြင်း နံ့သာခြယ်ခြင်း နံ့သာပျောင်းလိမ်းခြင်းမှ ရှောင်ကြဉ်၏။ မြင့်သော နေရာ မြတ်သောနေရာမှ ရှောင်ကြဉ်၏။ ရွှေငွေကို ခံယူခြင်းမှ ရှောင်ကြဉ်၏။ ကောက်စိမ်း၁ကို ခံယူခြင်းမှ ရှောင်ကြဉ်၏။ အသားစိမ်းကို ခံယူခြင်းမှ ရှောင်ကြဉ်၏။ မိန်းမအို မိန်းမပျိုကို ခံယူခြင်းမှရှောင်ကြဉ်၏။ ကျွန်မိန်းမ ကျွန်ယောကျာ်းကို ခံယူခြင်းမှ ရှောင်ကြဉ်၏။
ဆိတ်နှင့်သိုးကို ခံယူခြင်းမှ ရှောင်ကြဉ်၏။ ကြက်ဝက်ကို ခံယူခြင်းမှ ရှောင်ကြဉ်၏။ ဆင် နွား မြင်းမြည်းကို ခံယူခြင်းမှ ရှောင်ကြဉ်၏။ လယ်ယာကို ခံယူခြင်းမှ ရှောင်ကြဉ်၏။ တမန်အမူအစေအပါးအမှုကို ဆောင်ရွက်ခြင်းမှ ရှောင်ကြဉ်၏။ ဝယ်မှု ရောင်းမှုမှ ရှောင်ကြဉ်၏။ ချိန်စဉ်းလဲအသပြာစဉ်းလဲ ခြင်တွယ် တိုင်းတာ စဉ်းလဲခြင်းမှ ရှောင်ကြဉ်၏။ တံစိုးယူခြင်း လှည့်ဖြားခြင်းအတုပြုခြင်းတည်းဟူသော ကောက် ကျစ်ခြင်းမှ ရှောင်ကြဉ်၏။ ဖြတ်ခြင်း သတ်ခြင်း နှောင်ဖွဲခြင်း (ခရီးသွားတို့ကို) လုယက်ခြင်း (ရွာနိဂုံးတို့ကို) ဖျက်ဆီးခြင်း ဓားပြတိုက်ခြင်းမှ ရှောင်ကြဉ်၏။
ထိုရဟန်းသည် ကိုယ်ကိုမျှတရုံသော သင်္ကန်း, ဝမ်းကိုမျှတရုံသော ဆွမ်းဖြင့် ရောင့်ရဲ၏။ အကြင်အကြင် အရပ်သို့ သွားသော် (ပရိက္ခရာရှစ်ပါးမျှကိုသာ) တပါတည်း ယူဆောင်၍သာလျှင် သွား၏။ ဥပမာသော်ကား အတောင်ရှိသော ငှက်သည် အကြင်အကြင်အရပ်သို့ ပျံသော် မိမိအတောင်သာဝန်ရှိသည် ဖြစ်၍ ပျံ၏၊ ဤအတူ ရဟန်းသည် ကိုယ်ကိုမျှတရုံသော သင်္ကန်း, ဝမ်းကိုမျှတရုံသောဆွမ်းဖြင့် ရောင့်ရဲ၏၊ ထိုရဟန်းသည် အကြင် အကြင်အရပ်သို့ သွားသော် (ပရိက္ခရာရှစ်ပါးမျှကိုသာ) တစ်ပါတည်း ယူဆောင်၍သာလျှင် သွား၏။ ထိုရဟန်းသည် ဤမြတ်သော သီလအစုနှင့် ပြည့်စုံသည်ဖြစ်၍မိမိသန္တာန်၌ အပြစ်မရှိသော ချမ်းသာကို ခံစား၏။
ထိုရဟန်းသည် မျက်စိဖြင့် ရူပါရုံကို မြင်သော် (ယောကျာ်းမိန်းမဟူသော) အမှတ်နိမိတ်ကို စွဲယူလေ့မရှိ၊ (လက်ခြေစသော) အမှတ်လက္ခဏာငယ်ကို စွဲယူလေ့မရှိ၊ အကြင်အကြောင်းကြောင့် စက္ခုန္ဒြေကိုမစောင့်စည်းမူ၍ နေသော ထိုရဟန်းကို မက်မောခြင်း ‘အဘိဇ္ဈာ’ နှလုံးမသာခြင်း ‘ဒေါမနဿ’ဟု ဆိုအပ်ကုန်သော ယုတ်ညံ့သော အကုသိုလ်တရားတို့သည် အစဉ်လိုက်၍ နှိပ်စက်ကုန်ရာ၏၊ ထိုစက္ခုန္ဒြေကိုစောင့် စည်းခြင်းငှါ ကျင့်၏၊ စက္ခုန္ဒြေကို စောင့်ရှောက်၏၊ စက္ခုန္ဒြေ၌ စောင့်စည်းခြင်းသို့ ရောက်၏။
နားဖြင့် သဒ္ဒါရုံကို ကြားသော်။ပ။ နှာခေါင်းဖြင့် ဂန္ဓာရုံကို နမ်းသော်။ပ။ လျှာဖြင့် ရသာရုံကိုလျက်သော်။ပ။ ကိုယ်ဖြင့် ဖောဋ္ဌဗ္ဗာရုံကို တွေ့ထိသော်။ပ။ စိတ်ဖြင့် ဓမ္မာရုံကို သိသော် (ယောကျာ်းမိန်းမဟူသော) အမှတ် နိမိတ်ကို စွဲယူလေ့မရှိ၊ (လက်ခြေစသော) အမှတ်လက္ခဏာငယ်ကို စွဲယူလေ့မရှိ၊ အကြင် အကြောင်းကြောင့် မနိန္ဒြေကို မစောင့်စည်းမူ၍ နေသော ထိုရဟန်းကို မက်မောခြင်း ‘အဘိဇ္ဈ ာ‘ နှလုံးမသာခြင်း ‘ဒေါမနဿ’ဟု ဆိုအပ်ကုန်သော ယုတ်ညံ့သော အကုသိုလ်တရားတို့သည် အစဉ်လိုက်၍နှိပ်စက်ကုန်ရာ၏၊ ထိုမနိန္ဒြေကို စောင့်စည်းခြင်းငှါ ကျင့်၏၊ မနိန္ဒြေကို စောင့်ရှောက်၏၊ မနိန္ဒြေ၌ စောင့်စည်းခြင်းသို့ ရောက်၏။ ထိုရဟန်းသည် ဤမြတ်သော ဣန္ဒြေကို စောင့်စည်းခြင်းနှင့် ပြည့်စုံသည်ဖြစ်၍မိမိသန္တာန်၌ (ဒုက္ခနှင့်) မရောသော ချမ်းသာကို ခံစား၏။
ထိုရဟန်းသည် ရှေ့သို့တက်ရာ နောက်သို့ဆုတ်ရာ၌ ဆင်ခြင်ဉာဏ်ဖြင့် ပြုလေ့ရှိ၏၊ တူရူကြည့်ရာတစောင်းကြည့်ရာ၌ ဆင်ခြင်ဉာဏ်ဖြင့် ပြုလေ့ရှိ၏၊ ကွေးရာဆန့်ရာ၌ ဆင်ခြင်ဉာဏ်ဖြင့် ပြုလေ့ရှိ၏၊ ဒုကုဋ် သပိတ်သင်္ကန်းကို ဆောင်ရာ၌ ဆင်ခြင်ဉာဏ်ဖြင့် ပြုလေ့ရှိ၏၊ စားရာ သောက်ရာ ခဲရာ လျက်ရာ၌ဆင်ခြင်ဉာဏ်ဖြင့် ပြုလေ့ရှိ၏၊ ကျင်ကြီး ကျင်ငယ်စွန့်ရာ၌ ဆင်ခြင်ဉာဏ်ဖြင့် ပြုလေ့ရှိ၏၊ သွားရာ ရပ်ရာထိုင်ရာ အိပ်ရာ နိုးရာ ပြောရာ ဆိတ်ဆိတ်နေရာ၌ ဆင်ခြင်ဉာဏ်ဖြင့် ပြုလေ့ရှိ၏။
၄၁၂။ ဤမြတ်သော သီလအစုနှင့်လည်း ပြည့်စုံသော ဤမြတ်သော ဣန္ဒြေစောင့်စည်းခြင်းနှင့်လည်းပြည့်စုံသော ဤမြတ်သော သတိ, ဆင်ခြင်ဉာဏ်နှင့်လည်း ပြည့်စုံသော (ဤမြတ်သော ရောင့်ရဲခြင်းနှင့်လည်း ပြည့်စုံသော) ထို (ရဟန်း) သည် ဆိတ်ငြိမ်သော ကျောင်းအိပ်ရာနေရာကို မှီဝဲ၏၊ တောကိုသစ်ပင်ရင်းကို တောင်ကို ချောက်ကို တောင်ခေါင်းကို သုသာန်ကို တောအုပ်ကို လွင်ပြင်ကို ကောက်ရိုးပုံကို (မှီဝဲ၏)။ ထို (ရဟန်း) သည် ဆွမ်းခံရာမှ ပြန်ခဲ့၍ ဆွမ်းစားပြီးနောက် ထက်ဝယ်ဖွဲ့ခွေပြီးလျှင် ကိုယ်ကို ဖြောင့်မတ်စွာ ထား၍ ကမ္မဋ္ဌာန်းသို့ ရှေးရှူကာ သတိကို ဖြစ်စေလျက် ထိုင်၏။ ထိုရဟန်းသည် (ခန္ဓာငါးပါးတည်းဟူသော) လောက၌ မက်မောခြင်း ‘အဘိဇ္ဈ ာ‘ ကို ပယ်၍ မက်မောခြင်း ‘အဘိဇ္ဈာ’ကင်းသော စိတ်ဖြင့် နေ၏၊ မက်မောခြင်း ‘အဘိဇ္ဈ ာ‘ မှ စိတ်ကို စင်ကြယ်စေ၏။ ပျက်စီးစေလိုသောပြစ်မှားမှုကို ပယ်၍ မပျက်စီးစေလိုသော စိတ်ရှိသည်ဖြစ်၍ ခပ်သိမ်းသော သတ္တဝါတို့၏ အစီးအပွားကိုလိုလားလျက် နေ၏၊ ပျက်စီးစေလိုသော ပြစ်မှားမှုမှ စိတ်ကို စင်ကြယ်စေ၏။ လေးလံထိုင်းမှိုင်းခြင်း ‘ထိနမိဒ္ဓ’ ကို ပယ်၍ လေးလံထိုင်းမှိုင်းခြင်း ‘ထိနမိဒ္ဓ’ မှ ကင်းသည်ဖြစ်၍ အလင်းရောင်ကို မှတ်ခြင်းရှိသည်ဖြစ်၍ သတိရှိသည်ဖြစ်၍ ဆင်ခြင်ဉာဏ်ရှိသည်ဖြစ်၍ နေ၏၊ လေးလံထိုင်းမှိုင်းခြင်း ‘ထိနမိဒ္ဓ’ မှ စိတ်ကို စင်ကြယ်စေ၏။ ပျံ့လွင့်ခြင်း ‘ဥဒ္ဓစ္စ’ နောင်တရခြင်း ‘ကုက္ကုစ္စ’ ကို ပယ်၍ အတွင်းသန္တာန်၌ငြိမ်သက်သောစိတ်ရှိသည်ဖြစ်၍ မပျံ့လွင့်သည်ဖြစ်၍ နေ၏၊ ပျံ့လွင့်ခြင်း ‘ဥဒ္ဓစ္စ’ နောင်တရခြင်း ‘ကုက္ကုစ္စ’ မှ စိတ်ကိုစင်ကြယ်စေ၏။ မဝေခွဲနိုင်ခြင်း ‘ဝိစိကိစ္ဆာ’ ကို ပယ်၍ မဝေခွဲနိုင်ခြင်း ‘ဝိစိကိစ္ဆာ’ ကိုလွန်မြောက်သည်ဖြစ်၍ ကုသိုလ်တရားတို့၌ သို့လော သို့လော မရှိသည်ဖြစ်၍ နေ၏၊ မဝေခွဲနိုင်ခြင်း ‘ဝိစိကိစ္ဆာ’ မှ စိတ်ကို စင်ကြယ်စေ၏။
၄၁၃။ ထိုရဟန်းသည် စိတ်၏ညစ်နွမ်းကြောင်းဖြစ်ကုန်သော ပညာ၏အားနည်းခြင်းကို ပြုတတ်ကုန်သော ဤအပိတ်အပင် ‘နီဝရဏ’တရား ငါးပါးတို့ကို ပယ်၍ ကာမဂုဏ်တို့မှ ကင်းဆိတ်၍သာလျှင်အကုသိုလ်တရားတို့မှ ကင်းဆိတ်၍သာလျှင်ကြံစည်ခြင်း ‘ဝိတက်’ နှင့် တကွဖြစ်သော၊ သုံးသပ်ဆင်ခြင်ခြင်း ‘ဝိစာရ’ နှင့် တကွဖြစ်သော၊ (နီဝရဏ) ကင်းဆိတ်ခြင်းကြောင့်ဖြစ်သော၊ နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ ရှိသော ပဌမဈာန်သို့ ရောက်၍ နေ၏။
ရဟန်းတို့ တဖန် ထို့ ပြင်လည်း ထိုရဟန်းသည် ဝိတက်ဝိစာရငြိမ်းခြင်းကြောင့် မိမိသန္တာန်၌ စိတ်ကိုကြည်လင်စေတတ်သော၊ စိတ်တည်ကြည်ခြင်း ‘သမာဓိ’ကို ဖြစ်ပွားစေတတ်သော၊ ကြံစည်ခြင်း ‘ဝိတက်’ မရှိသော၊ သုံးသပ်ဆင်ခြင်ခြင်း ‘ဝိစာရ’ မရှိသော၊ တည်ကြည်ခြင်း ‘သမာဓိ’ကြောင့်ဖြစ်သော၊ နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ ရှိသော ဒုတိယဈာန်သို့။ပ။ တတိယဈာန်သို့။ပ။ စတုတ္ထဈာန်သို့ ရောက်၍ နေ၏။
၄၁၄။ ထိုရဟန်းသည် မျက်စိဖြင့် အဆင်းကို မြင်၍ ချစ်နှစ်သက်ဖွယ်သဘောရှိသော အဆင်း၌မတပ်စွန်း၊ မချစ်မနှစ်သက်ဖွယ်သဘောရှိသော အဆင်း၌ ဒေါသစိတ် မဖြစ်၊ ကာယဂတာသတိထင်သည်ဖြစ်၍ အတိုင်းအရှည်မရှိသော စိတ်ရှိလျက်လည်း နေ၏၊ ယုတ်ညံ့သော အကုသိုလ်တရားများ အကြွင်းမဲ့ချုပ်ငြိမ်းရာဖြစ်သော လွတ်မြောက်သော စိတ်နှင့် လွတ်မြောက်သော ပညာကိုလည်း အမှန်အတိုင်းခွဲခြား၍ သိ၏။ ထိုရဟန်းသည် ဤသို့ လိုက်လျောခြင်း ဆန့်ကျင်ခြင်းကို ပယ်လျက် ချမ်းသာကိုဖြစ်စေ၊ ဆင်းရဲကို ဖြစ်စေ၊ ဆင်းရဲမဟုတ် ချမ်းသာမဟုတ်သည်ကိုဖြစ်စေ တစ်စုံတစ်ခုသော ဝေဒနာကို ခံစား၏၊ ထိုရဟန်း သည် ထိုခံစားခြင်းကို မနှစ်သက်၊ အားရပါးရမပြောဆို၊ သက်ဝင်စွဲလမ်း၍ မတည်။ ထိုခံစားမှုကို မနှစ်သက်ခြင်း အားရပါးရမပြောဆိုခြင်း သက်ဝင်စွဲလမ်း၍ မတည်ခြင်းကြောင့် ခံစားမှုတို့၌ထိုရဟန်း အား နှစ်သက်ခြင်းသည် ချုပ်၏၊ ထိုရဟန်းအား နှစ်သက်မှု ချုပ်ခြင်းကြောင့် စွဲလမ်းမှု ချုပ်၏၊ စွဲလမ်းမှု ချုပ်ခြင်းကြောင့် ဖြစ်ကြောင်း ပြုမှုကံ ‘ဘဝ’ ချုပ်၏၊ ဘဝ ချုပ်ခြင်း ကြောင့်ဖြစ်ပွားခြင်း ‘ဇာတိ’ ချုပ်၏၊ ဖြစ်ပွားခြင်း ‘ဇာတိ’ ချုပ်ခြင်းကြောင့် အိုခြင်း ‘ဇရာ’၊ သေခြင်း ‘မရဏ’၊ ပူဆွေးခြင်း ‘သောက’၊ ငိုကြွေးခြင်း ‘ပရိဒေဝ’၊ ကိုယ်ဆင်းရဲခြင်း ‘ဒုက္ခ’၊ စိတ်ဆင်းရဲခြင်း ‘ဒေါမနဿ’၊ ပြင်းစွာ ပင်ပန်းခြင်း ‘ဥပါယာသ’တို့သည် ချုပ်ကုန်၏။ ဤသို့ ဤချမ်းသာမဖက်သော ဆင်းရဲအစု၏့ချုပ်ခြင်းသည် ဖြစ်၏။
နားဖြင့် အသံကို ကြား၍။ပ။ နှာခေါင်းဖြင့် အနံ့ကို နမ်း၍။ပ။ လျှာဖြင့် အရသာကို လျက်၍။ပ။ ကိုယ်ဖြင့် အတွေ့အထိကို တွေ့ထိ၍်။ပ။
စိတ်ဖြင့် သဘာဝဓမ္မကို သိ၍ ချစ်နှစ်သက်ဖွယ်သဘောရှိသော သဘာဝဓမ္မ၌ မတပ်စွန်း၊ မချစ်မနှစ်သက်ဖွယ် သဘောရှိသော သဘာဝဓမ္မ၌ ဒေါသစိတ် မဖြစ်၊ ကာယဂတာသတိထင်သည်ဖြစ်၍ အတိုင်းအရှည် မရှိသော စိတ်ရှိလျက်လည်း နေ၏၊ ယုတ်ညံ့သော အကုသိုလ်တရားများ အကြွင်းမဲ့ ချုပ်ငြိမ်းရာဖြစ်သော လွတ်မြောက်သော စိတ်နှင့် လွတ်မြောက်သော ပညာကိုလည်း အမှန်အတိုင်း ခွဲခြား၍ သိ၏။ ထိုရဟန်းသည် ဤသို့ လိုက်လျောခြင်း ဆန့်ကျင်ခြင်းကို ပယ်လျက် ချမ်းသာကိုဖြစ်စေ၊ ဆင်းရဲကိုဖြစ်စေ၊ ဆင်းရဲမဟုတ် ချမ်းသာမဟုတ်သည်ကိုဖြစ်စေ တစ်စုံတစ်ခုသော ဝေဒနာကို ခံစား၏၊ ထိုရဟန်းသည်ထိုခံစားခြင်းကို မနှစ်သက်၊ အားရပါးရ မပြောဆို၊ သက်ဝင်စွဲလမ်း၍ မတည်။ ထိုခံစားမှုကို မနှစ်သက်ခြင်း အားရပါးရ မပြောဆိုခြင်း သက်ဝင်စွဲလမ်း၍ မတည်ခြင်းကြောင့် ခံစားမှုတို့၌ ထိုရဟန်းအား နှစ်သက်ခြင်းသည် ချုပ်၏၊ ထိုရဟန်းအား နှစ်သက်မှုချုပ်ခြင်းကြောင့် စွဲလမ်းမှုချုပ်၏၊ စွဲလမ်းမှုချုပ်ခြင်းကြောင့် ဘဝချုပ်၏၊ ဘဝချုပ်ခြင်းကြောင့် ဖြစ်ပွားခြင်း ‘ဇာတိ’ချုပ်၏၊ ဖြစ်ပွားခြင်း ‘ဇာတိ’ချုပ်ခြင်းကြောင့် အိုခြင်း ‘ဇရာ’၊ သေခြင်း ‘မရဏ’၊ ပူဆွေးခြင်း ‘သောက’၊ ငိုကြွေးခြင်း ‘ပရိဒေဝ’၊ ကိုယ်ဆင်းရဲခြင်း ‘ဒုက္ခ’၊ စိတ်ဆင်းရဲခြင်း ‘ဒေါမနဿ’၊ ပြင်းစွာပင်ပန်းခြင်း ‘ဥပါယာသ’တို့သည်ချုပ်ကုန်၏။ ဤသို့ ဤချမ်းသာမဖက်သော ဆင်းရဲအစု၏ ချုပ်ခြင်းသည် ဖြစ်၏။
ရဟန်းတို့ ငါ၏ ဤအကျဉ်းအားဖြင့် ဟောထားသော တပ်မက်မှုတဏှာကုန်ရာ (နိဗ္ဗာန်) ကို အာရုံပြု၍လွတ်မြောက်ပုံညွှန်ပြချက် ‘တဏှာသင်္ခယဝိမုတ္တိဒေသနာ’ ကို သင်တို့ ဆောင်ကြကုန်လော့။ တံငါသည်သား သာတိရဟန်းကိုကား ကြီးစွာသောတပ်မက်မှုကွန်ရက်, တပ်မက်မှုထုတ်လျောက် (အထပ်အစပ်) ဖြင့် စွပ်မိ၏ဟု ဤတရားကို မြတ်စွာဘုရားသည် ဟောကြားတော်မူ၏။
ထိုရဟန်းတို့သည် မြတ်စွာဘုရားသည် ဟောကြားတော်မူသော တရားတော်ကို နှစ်ခြိုက်ဝမ်းမြောက်ကြကုန်၏။
ရှစ်ခုမြောက် မဟာတဏှာသင်္ခယသုတ်ပြီး၏။
၁။ ကောက်စိမ်း= အာမကဓည— ပါဠိတော် စပါးစိမ်း ခုနစ်မျိုး။