မဇ္ဈိမနိကာယ်

၅— အနင်္ဂဏသုတ်

၅၇။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်—

အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ အသျှင်သာရိပုတြာသည် ရဟန်းတို့ကို “ငါ့သျှင်ရဟန်းတို့” ဟု ခေါ်တော်မူ၏။ ရဟန်းတို့သည် အသျှင်သာရိပုတြာအား “ငါ့သျှင်” ဟု ပြန်ကြားလျှောက်ထားကြကုန်၏။ အသျှင်သာရိပုတြာသည် ဤတရားကို ဟောတော်မူ၏ —

ငါ့သျှင်တို့ လောက၌ ဤ ပုဂ္ဂိုလ်လေးမျိုးတို့သည် ထင်ရှားရှိကြကုန်၏၊ အဘယ်လေးမျိုးတို့နည်း ဟူမူ— ငါ့သျှင်တို့ ဤလောက၌ ကိလေသာ အညစ်အကြေး ‘အင်္ဂဏ’ရှိလျက် “ငါ၏ စိတ်သန္တာန်၌ ကိလေသာ့အညစ်အကြေးရှိ၏” ဟုဟုတ်တိုင်းမှန်စွာ မသိသော ပုဂ္ဂိုလ်တစ်မျိုး၊ ကိလေသာအညစ်အ ကြေး ရှိလျက် “ငါ၏ စိတ်သန္တာန်၌ ကိလေသာအညစ်အကြေးရှိ၏” ဟုဟုတ်တိုင်းမှန်စွာ သိသော ပုဂ္ဂိုလ်တစ်မျိုး၊ ကိလေသာအညစ်အကြေး မရှိသည်ဖြစ်လျက် “ငါ၏ စိတ်သန္တာန်၌ ကိလေသာအညစ်အကြေး မရှိ” ဟုဟုတ်တိုင်းမှန်စွာ မသိသော ပုဂ္ဂိုလ်တစ်မျိုး၊ ကိလေသာအညစ်အကြေးမရှိသည်ဖြစ်လျက် “ငါ၏စိတ်သန္တာန်၌ ကိလေသာအညစ်အကြေး မရှိ” ဟုဟုတ်တိုင်းမှန်စွာ သိသော ပုဂ္ဂိုလ်တစ်မျိုး၊ (ဤပုဂ္ဂိုလ်လေးမျိုးတို့တည်း)။

ငါ့သျှင်တို့ ထို (ပုဂ္ဂိုလ်လေးမျိုး)တို့တွင် ကိလေသာအညစ်အကြေးရှိလျက် “ငါ၏ စိတ်သန္တာန်၌ကိလေသာအညစ်အကြေး ရှိ၏” ဟုဟုတ်တိုင်းမှန်စွာ မသိသော ပုဂ္ဂိုလ်ကို ကိလေသာအညစ်အကြေးရှိသော ပုဂ္ဂိုလ်နှစ်မျိုးတို့တွင် ယုတ်ညံ့သောပုဂ္ဂိုလ်ဟူ၍ ခေါ်ဆိုရ၏။

ငါ့သျှင်တို့ ထို (ပုဂ္ဂိုလ်လေးမျိုး)တို့တွင် ကိလေသာအညစ်အကြေးရှိလျက် “ငါ၏ စိတ်သန္တာန်၌ကိလေသာအညစ်အကြေး ရှိ၏” ဟုဟုတ်တိုင်းမှန်စွာ သိသော ပုဂ္ဂိုလ်ကို ကိလေသာအညစ်အကြေးရှိသောပုဂ္ဂိုလ်နှစ်မျိုးတို့တွင် မြင့်မြတ်သောပုဂ္ဂိုလ်ဟူ၍ ခေါ်ဆိုရ၏။

ငါ့သျှင်တို့ ထို (ပုဂ္ဂိုလ်လေးမျိုး)တို့တွင် ကိလေသာအညစ်အကြေး မရှိသည် ဖြစ်လျက် “ငါ၏ စိတ်သန္တာန်၌ ကိလေသာအညစ်အကြေး မရှိ” ဟုဟုတ်တိုင်းမှန်စွာ မသိသော ပုဂ္ဂိုလ်ကို ကိလေသာအညစ်အကြေး မရှိသော ပုဂ္ဂိုလ်နှစ်မျိုးတို့တွင် ယုတ်ညံ့သောပုဂ္ဂိုလ်ဟူ၍ ခေါ်ဆိုရ၏။

ငါ့သျှင်တို့ ထို (ပုဂ္ဂိုလ်လေးမျိုး)တို့တွင် ကိလေသာ အညစ်အကြေးမရှိသည် ဖြစ်လျက် “ငါ၏ စိတ်သန္တာန်၌ ကိလေသာအညစ်အကြေး မရှိ” ဟုဟုတ်တိုင်းမှန်စွာ သိသော ပုဂ္ဂိုလ်ကို ကိလေသာအညစ်အကြေး မရှိသော ပုဂ္ဂိုလ်နှစ်မျိုးတို့တွင် မြင့်မြတ်သောပုဂ္ဂိုလ်ဟူ၍ ခေါ်ဆိုရ၏ဟု (ဟောတော်မူ၏)။

၅၈။ ဤသို့ ဟောကြားတော်မူလတ်သော် အသျှင်မဟာမောဂ္ဂလာန်သည် အသျှင်သာရိပုတြာကို ဤသို့မေးမြန်းတော်မူ၏ —

“ငါ့သျှင် သာရိပုတြာ ဤကိလေသာအညစ်အကြေးရှိသော ပုဂ္ဂိုလ်နှစ်မျိုးတို့တွင် တစ်မျိုးကို ယုတ်ညံ့သော ပုဂ္ဂိုလ်ဟု ခေါ်ဆိုရ၍ တစ်မျိုးကို မြင့်မြတ်သောပုဂ္ဂိုလ်ဟု ခေါ်ဆိုရခြင်း၏ အကြောင်းအထောက်အပံ့ကား အဘယ်ပါနည်း။

ငါ့သျှင် သာရိပုတြာ ဤကိလေသာအညစ်အကြေးမရှိသော ပုဂ္ဂိုလ်နှစ်မျိုးတို့တွင် တစ်မျိုးကို ယုတ်ညံ့သော ပုဂ္ဂိုလ်ဟု ခေါ်ဆိုရ၍ တစ်မျိုးကို မြင့်မြတ်သောပုဂ္ဂိုလ်ဟု ခေါ်ဆိုရခြင်း၏ အကြောင်းအထောက်အပံ့ကား အဘယ်ပါနည်းဟု (မေးမြန်းတော်မူ၏)။

၅၉။ ငါ့သျှင် ထို (ပုဂ္ဂိုလ်နှစ်မျိုး)တို့တွင် ကိလေသာအညစ်အကြေးရှိလျက် “ငါ၏ စိတ်သန္တာန်၌ ကိလေသာအညစ်အကြေး ရှိ၏” ဟုဟုတ်တိုင်းမှန်စွာ မသိသော ပုဂ္ဂိုလ်သည် ထိုကိလေသာအညစ်အကြေးကို ပယ်ရန် အလိုဆန္ဒကို ဖြစ်စေလိမ့်မည် မဟုတ်၊ အားထုတ်လိမ့်မည် မဟုတ်၊ လုံ့လစွမ်းကို ကြိုးပမ်းလိမ့်မည် မဟုတ်။ ထိုပုဂ္ဂိုလ်သည် တပ်မက်ခြင်း ‘ရာဂ’ ရှိသူ ပြစ်မှားခြင်း ‘ဒေါသ’ ရှိသူတွေဝေခြင်း ‘မောဟ’ ရှိသူ ကိလေသာအညစ်အကြေးတို့နှင့်တကွ ညစ်နွမ်းသော စိတ်ရှိသူဖြစ်လျက်သေလွန်ရလတ္တံ့၊ ထိုပုဂ္ဂိုလ် အား ဤသဘောသာ ဧကန်ဖြစ်ရမည်။

ငါ့သျှင် ဥပမာသော်ကား ဈေးမှဖြစ်စေ၊ ပန်းတဉ်းသမားအိမ်မှဖြစ်စေ၊ မြူမှုန့်အညစ်အကြေးဖြင့် မြှေးယှက်ဖုံးလွှမ်းနေသော ကြေးခွက်ကို ဆောင်ယူခဲ့ရာ၏၊ ထိုကြေးခွက်ကို ပိုင်ရှင်တို့သည် သုံးလည်းမသုံးဆောင်ကုန် ငြားအံ့၊ စင်ကြယ်အောင်လည်း မသုတ်သင်ကုန်ငြားအံ့၊ မြူမှုန့်ရှိရာ၌လည်း ထိုကြေးခွက်ကို ထားကုန်ငြားအံ့၊ ငါ့သျှင် ထိုကြေးခွက်သည် နောင်အခါ၌ သာလွန်ညစ်ပေကာအညစ်အကြေးတက်ရာ သည် မဟုတ်လောဟု (မေးတော်မူ၏)။

ငါ့သျှင် မှန်ပါပေ၏ဟု (လျှောက်၏)။

ငါ့သျှင် ဤဥပမာအတူပင် ကိလေသာအညစ်အကြေးရှိလျက် “ငါ၏ စိတ်သန္တာန်၌ ကိလေသာအညစ်အကြေးရှိ၏” ဟုဟုတ်တိုင်းမှန်စွာ မသိသော ပုဂ္ဂိုလ်သည် ထိုကိလေသာအညစ်အကြေးကို ပယ်ရန်အလိုဆန္ဒကို ဖြစ်စေလိမ့်မည် မဟုတ်၊ အားထုတ်လိမ့်မည် မဟုတ်၊ လုံ့လစွမ်းကို ကြိုးပမ်းလိမ့်မည်မဟုတ်၊ ထိုပုဂ္ဂိုလ်သည် တပ်မက်ခြင်း ‘ရာဂ’ ရှိသူ ပြစ်မှားခြင်း ‘ဒေါသ’ ရှိသူ တွေဝေခြင်း ‘မောဟ’ ရှိသူကိလေသာအညစ်အကြေးတို့နှင့်တကွ ညစ်နွမ်းသော စိတ်ရှိသူဖြစ်လျက် သေလွန်ရလတ္တံ့၊ ထိုပုဂ္ဂိုလ်အားဤသဘောသာ ဧကန်ဖြစ်ရမည်။

ငါ့သျှင် ထို (ပုဂ္ဂိုလ်နှစ်မျိုး)တို့တွင် ကိလေသာအညစ်အကြေးရှိလျက် “ငါ၏ စိတ်သန္တာန်၌ ကိလေသာအညစ်အကြေးရှိ၏” ဟုဟုတ်တိုင်းမှန်စွာ သိသော ပုဂ္ဂိုလ်သည် ထိုကိလေသာအညစ်အကြေးကို ပယ်ရန်အလိုဆန္ဒကို ဖြစ်စေလိမ့်မည်၊ အားထုတ်လိမ့်မည်၊ လုံ့လစွမ်းကို ကြိုးပမ်းလိမ့်မည်၊ ထိုပုဂ္ဂိုလ်သည်တပ်မက်ခြင်း ‘ရာဂ’ မရှိဘဲ ပြစ်မှားခြင်း ‘ဒေါသ’ မရှိဘဲ တွေဝေခြင်း ‘မောဟ’ မရှိဘဲ ကိလေသာအညစ်အကြေးမရှိဘဲ ညစ်နွမ်းသော စိတ်မရှိဘဲ သေလွန်ရလတ္တံ့၊ ထိုပုဂ္ဂိုလ်အား ဤသဘောသာ ဧကန်ဖြစ်ရမည်။

ငါ့သျှင် ဥပမာသော်ကား ဈေးမှဖြစ်စေ၊ ပန်းတဉ်းသမားအိမ်မှဖြစ်စေ၊ မြူမှုန့်အညစ်အကြေးဖြင့်မြှေးယှက်ဖုံးလွှမ်းနေသော ကြေးခွက်ကို ဆောင်ယူခဲ့ရာ၏၊ ထိုကြေးခွက်ကို ပိုင်ရှင်တို့သည် သုံးလည်းသုံးဆောင်ကုန်ငြားအံ့၊ စင်ကြယ်အောင်လည်း သုတ်သင်ကြကုန်ငြားအံ့၊ မြူမှုန့်ရှိရာ၌လည်းထိုကြေးခွက်ကို မထားကုန်ငြားအံ့၊ ငါ့သျှင် ထိုကြေးခွက်သည် နောင်အခါ၌ သာလွန်စင်ကြယ်ကာဖြူဖွေးရာသည် မဟုတ် လောဟု (မေးတော်မူ၏)။

ငါ့သျှင် မှန်ပါပေ၏ဟု (လျှောက်၏)။

ငါ့သျှင် ဤဥပမာအတူပင် ကိလေသာအညစ်အကြေးရှိလျက် “ငါ၏ စိတ်သန္တာန်၌ ကိလေသာအညစ်အကြေး ရှိ၏” ဟုဟုတ်တိုင်းမှန်စွာ သိသော ပုဂ္ဂိုလ်သည် ထိုကိလေသာအညစ်အကြေးကို ပယ်ရန်အလိုဆန္ဒကို ဖြစ်စေလတ္တံ့၊ အားထုတ်လတ္တံ့၊ လုံ့လစွမ်းကို ကြိုးပမ်းလတ္တံ့၊ ထိုပုဂ္ဂိုလ်သည် တပ်မက်ခြင်း ‘ရာဂ’ မရှိဘဲ ကြမ်းတမ်းပြစ်မှားခြင်း ‘ဒေါသ’ မရှိဘဲ တွေဝေခြင်း ‘မောဟ’ မရှိဘဲ ကိလေသာအညစ်အကြေးမရှိဘဲ ညစ်နွမ်းသော စိတ်မရှိဘဲ သေလွန်ရလတ္တံ့၊ ထိုပုဂ္ဂိုလ်အား ဤသဘောသာ ဧကန်ဖြစ်ရမည်။

ငါ့သျှင် ထို (ပုဂ္ဂိုလ်နှစ်မျိုး)တို့တွင် ကိလေသာအညစ်အကြေးမရှိသည် ဖြစ်လျက် “ငါ၏ စိတ်သန္တာန်၌ ကိလေသာအညစ်အကြေးမရှိ” ဟုဟုတ်တိုင်းမှန်စွာ မသိသော ပုဂ္ဂိုလ်သည် တင့်တယ်သောအာရုံ ‘သုဘနိမိတ်’ကို နှလုံးသွင်းလတ္တံ့၊ တင့်တယ်သော အာရုံကို နှလုံးသွင်းခြင်းကြောင့် ထိုပုဂ္ဂိုလ်၏စိတ်ကိ်ု တပ်မက်ခြင်း ‘ရာဂ’ သည် လွှမ်းမိုးဖျက်ဆီးလတ္တံ့၊ ထိုပုဂ္ဂိုလ်သည် တပ်မက်ခြင်း ‘ရာဂ’ ရှိသူပြစ်မှားခြင်း ‘ဒေါသ’ ရှိသူ တွေဝေခြင်း ‘မောဟ’ရှိသူ ကိလေသာအညစ်အကြေးတို့နှင့်တကွ ညစ်နွမ်းသောစိတ်ရှိသူဖြစ်လျက် သေလွန်ရလတ္တံ့၊ ထိုပုဂ္ဂိုလ်အား ဤသဘောသာ ဧကန်ဖြစ်ရမည်။

ငါ့သျှင် ဥပမာသော်ကား ဈေးမှဖြစ်စေ၊ ပန်းတဉ်းသမား၁အိမ်မှဖြစ်စေ၊ စင်ကြယ်ဖြူဖွေးသောကြေးခွက်ကို ဆောင်ယူခဲ့ရာ၏၊ ထိုကြေးခွက်ကို ပိုင်ရှင်တို့သည် သုံးလည်း မသုံးဆောင်ကုန်ငြားအံ့၊ စင်ကြယ်အောင်လည်း မသုတ်သင်ကုန်ငြားအံ့၊ မြူမှုန့်ရှိရာ၌လည်း ထိုကြေးခွက်ကို ထားကုန်ငြားအံ့၊ ငါ့သျှင် ထိုကြေးခွက်သည် နောင်အခါ၌ သာလွန်ညစ်ပေကာ အညစ်အကြေးတက်ရာသည်မဟုတ်လောဟု (မေးတော်မူ၏)။

ငါ့သျှင် မှန်ပါပေ၏ဟု (လျှောက်၏)။

ငါ့သျှင် ဤဥပမာအတူပင် ကိလေသာအညစ်အကြေးမရှိသည် ဖြစ်လျက် “ငါ၏ စိတ်သန္တာန်၌ကိလေသာအညစ်အကြေးမရှိ” ဟုဟုတ်တိုင်းမှန်စွာ မသိသော ပုဂ္ဂိုလ်သည် တင့်တယ်သောအာရုံ ‘သုဘနိမိတ်’ ကို နှလုံးသွင်းလတ္တံ့၊ တင့်တယ်သော အာရုံကို နှလုံးသွင်းခြင်းကြောင့် ထိုပုဂ္ဂိုလ်၏ စိတ်ကိ်ု့တပ်မက်ခြင်း ‘ရာဂ’ သည် လွှမ်းမိုးဖျက်ဆီးလတ္တံ့၊ ထိုပုဂ္ဂိုလ်သည် တပ်မက်ခြင်း ‘ရာဂ’ရှိသူ ပြစ်မှားခြင်း ‘ဒေါသ’ရှိသူ တွေဝေခြင်း ‘မောဟ’ရှိသူ ကိလေသာအညစ်အကြေးတို့နှင့်တကွ ညစ်နွမ်းသော စိတ်ရှိသူဖြစ်လျက် သေလွန်ရလတ္တံ့၊ ထိုပုဂ္ဂိုလ်အား ဤသဘောသာ ဧကန်ဖြစ်ရမည်။

ငါ့သျှင် ထို (ပုဂ္ဂိုလ်နှစ်မျိုး)တို့တွင် ကိလေသာအညစ်အကြေးမရှိသည် ဖြစ်လျက် “ငါ၏ စိတ်သန္တာန်၌ ကိလေသာအညစ်အကြေးမရှိ” ဟုဟုတ်တိုင်းမှန်စွာ သိသော ပုဂ္ဂိုလ်သည် တင့်တယ်သောအာရုံ ‘သုဘနိမိတ်’ ကို နှလုံးသွင်းလိမ့်မည် မဟုတ်၊ တင့်တယ်သော အာရုံကို နှလုံးမသွင်းခြင်းကြောင့် ထိုပုဂ္ဂိုလ်၏ စိတ်ကိ်ု တပ်မက်ခြင်း ‘ရာဂ’သည် လမ်းမိုးဖျက်ဆီးလိမ့်မည် မဟုတ်၊ ထိုပုဂ္ဂိုလ်သည် တပ်မက်ခြင်း ‘ရာဂ’ မရှိဘဲ ပြစ်မှားခြင်း ‘ဒေါသ’ မရှိဘဲ တွေဝေခြင်း ‘မောဟ’ မရှိဘဲ ကိလေသာအညစ်အကြေးမရှိဘဲညစ်နွမ်းသော စိတ်မရှိဘဲ သေလွန်ရလတ္တံ့၊ ထိုပုဂ္ဂိုလ်အား ဤသဘောသာ ဧကန်ဖြစ်ရမည်။

ငါ့သျှင် ဥပမာသော်ကား ဈေးမှဖြစ်စေ၊ ပန်းတဉ်းသမားအိမ်မှဖြစ်စေ၊ စင်ကြယ်ဖြူဖွေးသော ကြေးခွက်ကိုဆောင်ယူခဲ့ရာ၏၊ ထိုကြေးခွက်ကို ပိုင်ရှင်တို့သည် သုံးလည်းသုံးဆောင်ကုန်ငြားအံ့၊ စင်ကြယ်အောင်လည်း သုတ်သင်ကုန်ငြားအံ့၊ မြူမှုန့်ရှိရာ၌လည်း ထိုကြေးခွက်ကို မထားကုန်ငြားအံ့၊ ငါ့သျှင်ထိုကြေးခွက်သည် နောင်အခါ၌ သာလွန်စင်ကြယ်ကာ ဖြူဖွေးရာသည် မဟုတ်လောဟု (မေးတော်မူ၏)။

ငါ့သျှင် မှန်ပါပေ၏ဟု (လျှောက်၏)။

ငါ့သျှင် ဤဥပမာအတူပင် ကိလေသာအညစ်အကြေးမရှိသည် ဖြစ်လျက် “ငါ၏ စိတ်သန္တာန်၌ ကိလေသာအညစ်အကြေးမရှိ” ဟုဟုတ်တိုင်းမှန်စွာ သိသော ပုဂ္ဂိုလ်သည် တင့်တယ်သောအာရုံ ‘သုဘနိမိတ်’ကို နှလုံးသွင်းလိမ့်မည် မဟုတ်၊ တင့်တယ်သော အာရုံကို နှလုံးမသွင်းခြင်းကြောင့် ထိုပုဂ္ဂိုလ်၏စိတ်ကိ်ု တပ်မက်ခြင်း ‘ရာဂ’ သည် လမ်းမိုးဖျက်ဆီးလိမ့်မည်မဟုတ်၊ ထိုပုဂ္ဂိုလ်သည် တပ်မက်ခြင်း ‘ရာဂ’ မရှိဘဲ ကြမ်းတမ်းပြစ်မှားခြင်း ‘ဒေါသ’ မရှိဘဲ တွေဝေခြင်း ‘မောဟ’ မရှိဘဲကိလေသာအညစ်အကြေး မရှိဘဲ ညစ်နွမ်းသော စိတ်မရှိဘဲ သေလွန်ရလတ္တံ့၊ ထိုပုဂ္ဂိုလ်အားဤသဘောသာ ဧကန်ဖြစ်ရမည်။

ငါ့သျှင်မောဂ္ဂလာန် ဤသည်လျှင် ကိလေသာအညစ်အကြေးရှိကြကုန်သော ပုဂ္ဂိုလ်နှစ်မျိုးတို့တွင်တစ်မျိုးကို ယုတ်ညံ့သောပုဂ္ဂိုလ်ဟု ခေါ်ဆိုရ၍ တစ်မျိုးကို မြင့်မြတ်သောပုဂ္ဂိုလ်ဟု ခေါ်ဆိုရခြင်း၏အကြောင်းအထောက်အပံ့ ဖြစ်ပေ၏။

ငါ့သျှင်မောဂ္ဂလာန် ဤသည်လျှင် ကိလေသာအညစ်အကြေးမရှိကြကုန်သော ပုဂ္ဂိုလ်နှစ်မျိုးတို့တွင်တစ်မျိုးကို ယုတ်ညံ့သောပုဂ္ဂိုလ်ဟု ခေါ်ဆိုရ၍ တစ်မျိုးကို မြင့်မြတ်သောပုဂ္ဂိုလ်ဟု ခေါ်ဆိုရခြင်း၏အကြောင်းအထောက်အပံ့ ဖြစ်ပေ၏ဟု (မိန့်တော်မူ၏)။

၆ဝ။ “ငါ့သျှင် အညစ်အကြေး အညစ်အကြေး ‘အင်္ဂဏ အင်္ဂဏ’ဟု ဆို၏။ ယင်း အညစ်အကြေးဟူသော အမည်သည် အဘယ်တရား၏ အမည်ပေနည်း” ဟု (မေး၏)။

ငါ့သျှင် ယင်းအညစ်အကြေးဟူသော အမည်သည် ယုတ်ညံ့ဆိုးရွား အကုသိုလ်တရားဖြစ်ကုန်သောအလိုဆိုးကြောင့် ဖြစ်သြည့် (ကောပ, အပ္ပစ္စယ) တရားတို့၏ အမည်တည်း။

ငါ့သျှင် ဤသာသနာတော်၌ အချို့သော ရဟန်းအား “ငါသည် အာပတ်သင့်ခဲ့ငြားအံ့၊ ငါ့ကို အာပတ်သင့်သည်ဟူ၍ ရဟန်းများ မသိကြပါမူ ကောင်းလေစွ” ဟု အလိုဖြစ်ရာသော အကြောင်းသည် ရှိပေ၏။ သို့ရာတွင် ထိုရဟန်းကို “ရဟန်းတို့က အာပတ်သင့်သည်” ဟု သိကြရာသော အကြောင်းလည်း ရှိပေ၏။ ထိုရဟန်းသည် “ငါ့ကို အာပတ်သင့်သည်ဟု ရဟန်းတို့က သိကြကုန်၏” ဟူ၍ အမျက်ထွက်၏၊ မနှစ်သက်။ ငါ့သျှင် အမျက်ထွက်ခြင်း ‘ကောပ’ မနှစ်သက်ခြင်း ‘အပ္ပစ္စယ’ဟူသော ဤနှစ်မျိုးလုံးသည် အညစ်အကြေး ‘အင်္ဂဏ’မည်၏။

ငါ့သျှင် ဤသာသနာတော်၌ အချို့သော ရဟန်းအား “ငါသည် အာပတ်သင့်ခဲ့ငြားအံ့၊ ရဟန်းတို့သည့်ငါ့ကို ဆိတ်ကွယ်ရာ၌ စောဒနာကြ၍ သံဃာ့အလယ်၌ မစောဒနာကြပါမူ ကောင်းလေစွ” ဟုအလိုဖြစ်ရာသော အကြောင်းသည် ရှိပေ၏။ သို့ရာတွင် ထိုရဟန်းကို ရဟန်းတို့သည် သံဃာ့အလယ်၌စောဒနာကြ၍ ဆိတ်ကွယ်ရာ၌ မစောဒနာကြရာသော အကြောင်းသည် ရှိပေ၏။ ထိုရဟန်းသည် “ရဟန်းတို့က ငါ့ကို သံဃာ့အလယ်၌ စောဒနာကြ၍ ဆိတ်ကွယ်ရာ၌ မစောဒနာကြကုန်” ဟူ၍ အမျက်ထွက်၏၊ မနှစ်သက်။ ငါ့သျှင် အမျက်ထွက်ခြင်း ‘ကောပ’, မနှစ်သက်ခြင်း ‘အပ္ပစ္စယ’ဟူသော ဤနှစ်မျိုးလုံးသည်အညစ်အကြေး မည်၏။

ငါ့သျှင် ဤသာသနာတော်၌ အချို့သော ရဟန်းအား “ငါသည် အာပတ်သင့်ခဲ့ငြားအံ့၊ ငါ့ကို အာပတ်ရှိခြင်းတူသော ပုဂ္ဂိုလ်က စောဒနာ၍ အာပတ်ရှိခြင်းမတူသော ပုဂ္ဂိုလ်က မစောဒနာပါမူကောင်းလေစွ” ဟု အလိုဖြစ်ရာသော အကြောင်းသည် ရှိပေ၏။ သို့ရာတွင် ထိုရဟန်းကိုအာပတ်ရှိခြင်းမတူသော ပုဂ္ဂိုလ်က စောဒနာ၍ အာပတ်ရှိခြင်းတူသော ပုဂ္ဂိုလ်က မစောဒနာရာသောဤအကြောင်းသည် ရှိပေ၏။ ထိုရဟန်း သည် “ငါ့ကို အာပတ်ရှိခြင်းမတူသော ပုဂ္ဂိုလ်က စောဒနာ၍အာပတ်ရှိခြင်းတူသော ပုဂ္ဂိုလ်က မစောဒနာ” ဟူ၍ အမျက်ထွက်၏၊ မနှစ်သက်။ ငါ့သျှင်အမျက်ထွက်ခြင်း ‘ကောပ’ မနှစ်သက်ခြင်း ‘အပ္ပစ္စယ’ ဟူသော ဤနှစ်မျိုးလုံးသည် အညစ်အကြေးမည်၏။

ငါ့သျှင် ဤသာသနာတော်၌ အချို့သော ရဟန်းအား “မြတ်စွာဘုရားသည် ငါ့ကိုသာ မေး၍ မေး၍ရဟန်းတို့အား တရားဟောကြားလျက် အခြားရဟန်းကို မေး၍ မေး၍ ရဟန်းတို့အား တရားမဟောကြားပါမူ ကောင်းလေစွ” ဟု အလိုဖြစ်ရာသော အကြောင်းသည် ရှိပေ၏။ သို့ရာတွင်မြတ်စွာဘုရားသည် အခြားရဟန်းကို မေး၍ မေး၍ ရဟန်းတို့အား တရားကို ဟောကြားလျက်ထိုရဟန်းကို မေး၍ မေး၍ ရဟန်းတို့အား တရားကို မဟောကြားရာသော ဤအကြောင်းသည် ရှိပေ၏။ ထိုရဟန်းသည် “မြတ်စွာ ဘုရားက အခြားရဟန်းကို မေး၍ မေး၍ ရဟန်းတို့အား တရားကိုဟောကြားလျက် ငါ့ကို မေး၍ မေး၍ ရဟန်းတို့အား တရားကို မဟောကြား” ဟူ၍ အမျက်ထွက်၏၊ မနှစ်သက်။ ငါ့သျှင် အမျက်ထွက်ခြင်း ‘ကောပ’ မနှစ်သက်ခြင်း ‘အပ္ပစ္စယ’ဟူသော ဤနှစ်မျိုးလုံးသည်အညစ်အကြေးမည်၏။

ငါ့သျှင် ဤသာသနာတော်၌ အချို့သော ရဟန်းအား “ရဟန်းတို့သည် ငါ့ကိုသာလျှင် ရှေ့ထား၍ရှေ့ထား၍ ရွာသို့ ဆွမ်းခံဝင်ကြလျက် အခြားရဟန်းကို ရှေ့ထား၍ ရှေ့ထား၍ ရွာသို့ ဆွမ်းခံမဝင်ကြပါမူကောင်းလေစွ” ဟု အလိုဖြစ်ရာသော ဤအကြောင်းသည် ရှိပေ၏။ သို့ရာတွင် ရဟန်းတို့သည် အခြားရဟန်းကို ရှေ့ထား၍ ရှေ့ထား၍ ရွာသို့ ဆွမ်းခံဝင်ကြလျက် ထိုရဟန်းကို ရှေ့ထား၍ ရှေ့ထား၍ ရွာသို့ဆွမ်းခံမဝင်ကြရာသော အကြောင်းသည် ရှိပေ၏။ ထိုရဟန်းသည် “ရဟန်းတို့က အခြားရဟန်းကို ရှေ့ထား၍ ရှေ့ထား၍ ရွာသို့ ဆွမ်းခံဝင်ကြလျက် ငါ့ကို ရှေ့ထား၍ ရှေ့ထား၍ ရွာသို့ ဆွမ်းခံမဝင်ကြကုန်” ဟူ၍ အမျက်ထွက်၏၊ မနှစ်သက်။ ငါ့သျှင် အမျက်ထွက်ခြင်း ‘ကောပ’ မနှစ်သက်ခြင်း ‘အပ္ပစ္စယ’ဟူသော ဤ နှစ်မျိုးလုံးသည် အညစ်အကြေး မည်၏။

ငါ့သျှင် ဤသာသနာတော်၌ အချို့သော ရဟန်းအား “ငါသည်သာလျှင် ဆွမ်းစားရာဌာန၌ နေရာဦးရေဦး ဆွမ်းဦးကို ရ၍ အခြားရဟန်းသည် ဆွမ်းစားရာ၌ နေရာဦး ရေဦး ဆွမ်းဦးကို မရပါမူ ကောင်းလေစွ” ဟု အလိုဖြစ်ရာသော အကြောင်းသည် ရှိပေ၏။ သို့ရာတွင် အခြားရဟန်းသည်ဆွမ်းစားရာဌာန၌ နေရာဦး ရေဦး ဆွမ်းဦးကို ရ၍ ထိုရဟန်းသည် ဆွမ်းစားရာဌာန၌ နေရာဦး ရေဦးဆွမ်းဦးကို မရရာသော ဤအကြောင်းသည် ရှိပေ၏။ ထိုရဟန်းသည် “အခြားရဟန်းကဆွမ်းစားရာဌာန၌ နေရာဦး ရေဦး ဆွမ်းဦးကို ရ၍ ငါသည် ဆွမ်းစားရာဌာန၌ နေရာဦး ရေဦးဆွမ်းဦးကို မရ” ဟူ၍ အမျက်ထွက်၏၊ မနှစ်သက်။ ငါ့သျှင် အမျက်ထွက်ခြင်း ‘ကောပ’ မနှစ်သက်ခြင်း ‘အပ္ပစ္စယ’ ဟူသော ဤနှစ်မျိုးလုံး သည် အညစ်အကြေး မည်၏။

ငါ့သျှင် ဤသာသနာတော်၌ အချို့သော ရဟန်းအား “ငါသည်သာလျှင် ဆွမ်းစားရာဌာန၌ ဆွမ်းစားပြီးသော် အနုမောဒနာပြု၍ အခြားရဟန်းသည် ဆွမ်းစားရာဌာန၌ ဆွမ်းစားပြီးသော် အနုမောဒနာမပြုရမူ ကောင်းလေစွ” ဟု အလိုဖြစ်ရာသော အကြောင်းသည် ရှိပေ၏။ သို့ရာတွင် အခြားရဟန်းသည်ဆွမ်းစားရာဌာန၌ ဆွမ်းစားပြီးသော် အနုမောဒနာပြုရ၍ ထိုရဟန်းသည် ဆွမ်းစားရာဌာန၌ ဆွမ်းစားပြီးသော် အနုမောဒနာမပြုရာသော ဤအကြောင်းသည် ရှိပေ၏။ ထိုရဟန်းသည် “အခြားရဟန်းသည်ဆွမ်းစားရာဌာန၌ ဆွမ်းစားပြီးသော် အနုမောဒနာပြု၍ ငါသည် ဆွမ်းစားရာဌာန၌ ဆွမ်းစားပြီးသော်အနုမောဒနာမပြုရ” ဟူ၍ အမျက်ထွက်၏၊ မနှစ်သက်။ ငါ့သျှင် အမျက်ထွက်ခြင်း ‘ကောပ’မနှစ်သက်ခြင်း ‘အပ္ပစ္စယ’ ဟူသော ဤနှစ်မျိုးလုံးသည် အညစ်အကြေး မည်၏။

ငါ့သျှင် ဤသာသနာတော်၌ အချို့သော ရဟန်းအား “ငါသည်သာလျှင် အရံတွင်းသို့ လာရောက် သောရဟန်းတို့အား တရားဟော၍ အခြားရဟန်းသည် အရံတွင်းသို့ လာရောက်သော ရဟန်းတို့အားတရားမဟောကြမူ ကောင်းလေစွ” ဟု အလိုဖြစ်ရာသော အကြောင်းသည် ရှိပေ၏။ သို့ရာတွင် အခြားရဟန်းသည် အရံတွင်းသို့ လာရောက်သော ရဟန်းတို့အား တရားဟောရ၍ ထိုရဟန်းသည် အရံတွင်းသို့လာရောက်သော ရဟန်းတို့အား တရားမဟောရရာသော အကြောင်းသည် ရှိပေ၏။ ထိုရဟန်းသည် “အခြားရဟန်းက အရံတွင်းသို့ လာရောက်သော ရဟန်းတို့အား တရားဟောရ၍ ငါသည် အရံတွင်းသို့လာရောက်သော ရဟန်းတို့အား တရားမဟောရ” ဟူ၍ အမျက်ထွက်၏၊ မနှစ်သက်။ ငါ့သျှင် အမျက်ထွက်ခြင်း ‘ကောပ’ မနှစ်သက်ခြင်း ‘အပ္ပစ္စယ’ဟူသော ဤနှစ်မျိုးလုံးသည် အညစ်အကြေး မည်၏။

ငါ့သျှင် ဤသာသနာတော်၌ အချို့သော ရဟန်းအား “ငါသည်သာလျှင် အရံတွင်းသို့ လာရောက် သောရဟန်းမိန်းမတို့အား တရားဟော၍။ပ။ ဥပါသကာတို့အား တရားဟော၍။ပ။ ဥပါသိကာမတို့အားတရားဟော၍ အခြားရဟန်းသည် အရံတွင်းသို့ လာရောက်သော ဥပါသိကာမတို့အား တရားမဟောရမူကောင်းလေစွ” ဟု အလိုဖြစ်ရာသော အကြောင်းသည် ရှိပေ၏။ သို့ရာတွင် အခြားရဟန်းသည် အရံတွင်းသို့ လာရောက်သော ဥပါသိကာမတို့အား တရားဟောရ၍ ထိုရဟန်းသည် အရံတွင်းသို့ လာရောက်သောဥပါသိကာမတို့အား တရားမဟောရရာသော အကြောင်းသည် ရှိပေ၏။ ထိုရဟန်းသည် “အခြားရဟန်းကအရံတွင်းသို့ လာရောက်သော ဥပါသိကာမတို့အား တရားဟောရ၍ ငါသည် အရံတွင်းသို့ လာရောက်သော ဥပါသိကာမတို့အား တရားမဟောရ” ဟူ၍ အမျက်ထွက်၏၊ မနှစ်သက်။ ငါ့သျှင် အမျက်ထွက်ခြင်း ‘ကောပ’ မနှစ်သက်ခြင်း ‘အပ္ပစ္စယ’ဟူသော ဤနှစ်မျိုးလုံးသည် အညစ်အကြေး မည်၏။

ငါ့သျှင် ဤသာသနာတော်၌ အချို့သော ရဟန်းအား “ရဟန်းတို့သည် ငါ့ကိုသာလျှင် ရိုသေ လေးစားမြတ်နိုးပူဇော်ကြ၍ အခြားရဟန်းကို မရိုသေ မလေးစား မမြတ်နိုး မပူဇော်ကြပါမူ ကောင်း လေစွ” ဟုအလိုဖြစ်ရာသော အကြောင်းသည် ရှိပေ၏။ သို့ရာတွင် ရဟန်းတို့သည် အခြားရဟန်းကို ရိုသေလေးစားမြတ်နိုးပူဇော်ကြ၍ ထိုရဟန်းကို မရိုသေ မလေးစား မမြတ်နိုး မပူဇော်ကြကုန်ရာသော အကြောင်းသည်ရှိပေ၏။ ထိုရဟန်းသည် “ရဟန်းတို့က အခြားရဟန်းကို ရိုသေလေးစား မြတ်နိုး ပူဇော်ကြ၍ ငါ့ကိုမရိုသေ မလေးစား မမြတ်နိုး မပူဇော်ကြကုန်” ဟူ၍ အမျက်ထွက်၏၊ မနှစ်သက်။ ငါ့သျှင် အမျက်ထွက်ခြင်း ‘ကောပ’ မနှစ်သက်ခြင်း ‘အပ္ပစ္စယ’ ဟူသော ဤနှစ်မျိုးလုံးသည် အညစ်အကြေး မည်၏။

ငါ့သျှင် ဤသာသနာတော်၌ အချို့သော ရဟန်းအား “ရဟန်းမိန်းမတို့သည် ငါ့ကိုသာလျှင်။ပ။ ဥပါသကာတို့သည်။ပ။ ဥပါသိကာမတို့သည် (ငါ့ကိုသာလျှင်) ရိုသေလေးစား မြတ်နိုးပူဇော်ကြ၍ အခြားရဟန်းကို မရိုသေ မလေးစား မမြတ်နိုး မပူဇော်ကြပါမူ ကောင်းလေစွ” ဟု အလိုဖြစ်ရာသော အကြောင်းသည် ရှိပေ၏။ သို့ရာတွင် ဥပါသိကာမတို့သည် အခြားရဟန်းကို ရိုသေလေးစား မြတ်နိုးပူဇော်ကြ၍ထိုရဟန်းကို မရိုသေ မလေးစား မမြတ်နိုး မပူဇော်ကြရာသော အကြောင်းသည် ရှိပေ၏။ ထိုရဟန်းသည် “ဥပါသိကာမတို့က အခြားရဟန်းကို ရိုသေလေးစား မြတ်နိုးပူဇော်ကြ၍ ငါ့ကို မရိုသေ့မလေးစား မမြတ်နိုး မပူဇော်ကြကုန်” ဟူ၍ အမျက်ထွက်၏၊ မနှစ်သက်။ ငါ့သျှင်အမျက်ထွက်ခြင်း ‘ကောပ’ မနှစ် သက်ခြင်း ‘အပ္ပစ္စယ’ဟူသော ဤနှစ်မျိုးလုံးသည် အညစ်အကြေးမည်၏။

ငါ့သျှင် ဤသာသနာတော်၌ အချို့သော ရဟန်းအား “ငါသည်သာလျှင် မွန်မြတ်သော သင်္ကန်းတို့ကိုရသူဖြစ်၍ အခြားရဟန်းသည် မွန်မြတ်သော သင်္ကန်းတို့ကို ရသူမဖြစ်ပါမူ ကောင်းလေစွ” ဟုအလိုဖြစ်ရာသော အကြောင်းသည် ရှိပေ၏။ သို့ရာတွင် အခြားရဟန်းသည် မွန်မြတ်သော သင်္ကန်းတို့ကိုရသူဖြစ်၍ ထိုရဟန်းသည် မွန်မြတ်သော သင်္ကန်းတို့ကို ရသူမဟုတ်ရာသော ဤအကြောင်းသည် ရှိပေ၏။ ထိုရဟန်းသည် “အခြားရဟန်းက မွန်မြတ်သော သင်္ကန်းတို့ကို ရသူဖြစ်၍ ငါသည် မွန်မြတ်သောသင်္ကန်းတို့ကို ရသူမဟုတ်ပလေ” ဟူ၍ အမျက်ထွက်၏၊ မနှစ်သက်။ ငါ့သျှင် အမျက်ထွက်ခြင်း ‘ကောပ’မနှစ်သက်ခြင်း ‘အပ္ပစ္စယ’ဟူသော ဤနှစ်မျိုးလုံးသည် အညစ်အကြေးမည်၏။

ငါ့သျှင် ဤသာသနာတော်၌ အချို့သော ရဟန်းအား “ငါသည်သာလျှင် မွန်မြတ်သော ဆွမ်းတို့ကို။ပ။ မွန်မြတ်သော (ကျောင်း) အိပ်ရာနေရာတို့ကို။ပ။ မွန်မြတ်သော သူနာ၏ အထောက်အပံ့ (အသက်၏) အရံအတား အဆောက်အဦဖြစ်သော ဆေးတို့ကို ရသူဖြစ်၍ အခြားရဟန်းသည် မွန်မြတ်သော သူနာ၏အထောက်အပံ့ (အသက်၏) အရံအတား အဆောက်အဦဖြစ်သော ဆေးတို့ကို ရသူမဟုတ်ပါမူ ကောင်းလေစွ” ဟု အလိုဖြစ်ရာသော အကြောင်းသည် ရှိပေ၏။ သို့ရာတွင် အခြားရဟန်းသည် မွန်မြတ်သောသူနာ၏ အထောက်အပံ့ (အသက်၏) အရံအတား အဆောက်အဦဖြစ်သော ဆေးတို့ကို ရသူဖြစ်၍ ထိုရဟန်းသည် မွန်မြတ်သော သူနာ၏ အထောက်အပံ့ (အသက်၏) အရံအတား အဆောက်အဦဖြစ်သောဆေးတို့ကို ရသူမဟုတ်ရာသော အကြောင်းသည် ရှိပေ၏။ ထိုရဟန်းသည် အခြားရဟန်းက မွန်မြတ်သော သူနာ၏ အထောက်အပံ့ (အသက်၏) အရံအတား အဆောက်အဦဖြစ်သော ဆေးတို့ကို ရသူဖြစ်၍ငါသည် သူနာ၏ အထောက်အပံ့ (အသက်၏) အရံအတား အဆောက်အဦဖြစ်သော ဆေးတို့ကို ရသူမဟုတ်ပလေ” ဟူ၍ အမျက်ထွက်၏၊ မနှစ်သက်။ ငါ့သျှင် အမျက်ထွက်ခြင်း ‘ကောပ’ မနှစ်သက်ခြင်း ‘အပ္ပစ္စယ’ဟူသော ဤနှစ်မျိုးလုံးသည် အညစ်အကြေးမည်၏။

ငါ့သျှင် ဤအညစ်အကြေးဟူသော အမည်သည် ယုတ်ညံ့ဆိုးရွား အကုသိုလ်တရားဖြစ်ကုန်သောအလိုဆိုးကြောင့်ဖြစ်သည့် (ကောပ, အပ္ပစ္စယ) တရားတို့၏ အမည်ပေတည်း။

၆၁။ ငါ့သျှင် တစ်စုံတစ်ယောက်သော ရဟန်းအား ယုတ်ညံ့ဆိုးရွား အကုသိုလ်တရား ဖြစ်ကုန်သောအလိုဆိုးကြောင့်ဖြစ်သည့် (ကောပ, အပ္ပစ္စယ) တရားတို့ကို မပယ်ရသေးသည်ကို မြင်လည်း မြင်ရကုန်အံ့၊ ကြားလည်း ကြားရကုန်အံ့၊ ထိုရဟန်းသည် အကယ်၍ တောစွန်တောင်ဖျား၌ဖြစ်သော ကျောင်းများ၌နေ၍အရညကင် ဓုတင်ဆောင်သူ ပိဏ္ဍပါတ်ဓုတင်ဆောင်သူ အိမ်စဉ်မပြတ်ဆွမ်းရပ်သူ ပံသုကူ ‘မြေမှုန့်ပြွမ်းသောသင်္ကန်း’ ဆောင်သူ ခေါင်းပါးသော သင်္ကန်းကို ဆောင်သူ ဖြစ်စေကာမူ ထိုရဟန်းကို သီတင်းသုံးဖော်တို့သည် မရိုသေကြကုန်၊ မလေးစားကြကုန်၊ မမြတ်နိုးကြကုန်၊ မပူဇော်ကြကုန်။ ထိုသို့ဖြစ်ခြင်းသည်အဘယ့်ကြောင့်နည်း၊ ထိုအသျှင်အား ယုတ်ညံ့ဆိုးရွား အကုသိုလ်တရားဖြစ်ကုန်သော အလိုဆိုးကြောင့်ဖြစ်သည့် (ကောပ, အပ္ပစ္စယ) တရားတို့ကို မပယ်ရသေးသည်ကို မြင်လည်းမြင်ကြရ ကြားလည်းကြားကြရသောကြောင့်ပေတည်း။

ငါ့သျှင် ဥပမာသော်ကား ဈေးမှဖြစ်စေ၊ ပန်းတဉ်းသမားအိမ်မှဖြစ်စေ စင်ကြယ်ဖြူဖွေးသော ကြေးခွက်ကိုဆောင်ယူခဲ့ရာ၏၊ ထိုကြေးခွက်၌ ပိုင်ရှင်တို့သည် မြွေကောင်ပုပ်ကိုဖြစ်စေ၊ ခွေးကောင်ပုပ်ကို ဖြစ်စေ၊ လူကောင်ပုပ်ကိုဖြစ်စေ ပြည့်အောင်ထည့်၍ အခြားကြေးခွက်ဖြင့် ဖုံးပိတ်ကာ ဈေးတွင်းသို့ သွားကြ ရာ၏၊ လူအပေါင်းသည် ထိုကြေးခွက်ကို တွေ့မြင်သော် “အချင်းအဘယ့်ကြောင့် ဤအရာကိုသာလျှင်ကောင်းနိုးရာရာ လက်ဆောင်ကဲ့သို့ ယူဆောင်လာသနည်း” ဟု ပြောဆိုပြီးလျှင် ထို (ခွက်) ကို ထ၍ ဖွင့်လှစ်ကြည့်ရှုရာ၏၊ (ထိုအကောင်ပုပ်ကို) မြင်သည်နှင့် တစ်ပြိုင်နက် ထိုလူအပေါင်းမှာ မနှစ်မြို့စိတ် ရွံရှာ့စိတ် စက်ဆုပ်စိတ်သည် ဖြစ်လေရာ၏၊ ဆာလောင်နေသူတို့ပင် မစားချင်ရာ၊ အစာဝနေသူတို့ကားပြောဖွယ်ရာမရှိ။ ငါ့သျှင် ဤဥပမာအတူပင် တစ်စုံတစ်ယောက်သော ရဟန်းအား ယုတ်ညံ့ဆိုးရွားအကုသိုလ်တရားဖြစ်ကုန်သော အလိုဆိုးကြောင့်ဖြစ်သည့် (ကောပ, အပ္ပစ္စယ) တရားတို့ကို မပယ်ရသေးသည်ကို မြင်လည်းမြင်ရကုန်အံ့၊ ကြားလည်းကြားရကုန်အံ့၊ ထိုရဟန်းသည် အကယ်၍ တောစွန်တောင်ဖျား၌ ဖြစ်သော ကျောင်းများ၌ နေ၍ အရညကင်ဓုတင်ဆောင်သူ ပိဏ္ဍပါတ်ဓုတင်ဆောင်သူအိမ်စဉ်မပြတ် ဆွမ်းရပ်သူ ပံသုကူ ‘မြေမှုန့်ပြွမ်းသောသင်္ကန်း’ ဆောင်သူ ခေါင်းပါးသော သင်္ကန်းကိုဆောင်သူ ဖြစ်စေကာမူ ထိုရဟန်းကို သီတင်းသုံးဖော်တို့သည် မရိုသေကြကုန်၊ မလေးစားကြကုန်၊ မမြတ်နိုးကြကုန်၊ မပူဇော်ကြကုန်။ ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်း၊ ထိုအသျှင်အား ယုတ်ညံ့ဆိုးရွား အကုသိုလ်တရားဖြစ်ကုန်သော အလိုဆိုးကြောင့်ဖြစ်သည့် (ကောပ, အပ္ပစ္စယ) တရားတို့ကိုမပယ်ရသေးသည်ကို မြင်လည်း မြင်ကြရ ကြားလည်း ကြားကြရသောကြောင့်ပေတည်း။

၆၂။ ငါ့သျှင် တစ်စုံတစ်ယောက်သော ရဟန်းအား ယုတ်ညံ့ဆိုးရွား အကုသိုလ်တရားဖြစ်ကုန်သောအလိုဆိုးကြောင့်ဖြစ်သည့် (ကောပ, အပ္ပစ္စယ) တရားတို့ကို ပယ်ထားပြီးသည်ကို မြင်လည်း မြင်ရကုန်အံ့၊ ကြားလည်း ကြားရကုန်အံ့၊ ထိုရဟန်းသည် အကယ်၍ ရွာကျောင်း၌နေသူ ပင့်ဖိတ်ဆွမ်းကို ခံယူသူဒါယကာတို့ လှူသော သင်္ကန်းကို ဆောင်သူ ဖြစ်စေကာမူ ထိုရဟန်းကို သီတင်းသုံးဖော်တို့သည် ရိုသေကြကုန်၏၊ လေးစားကြကုန်၏၊ မြတ်နိုးကြကုန်၏၊ ပူဇော်ကြကုန်၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်း၊ ထိုအသျှင်အား ယုတ်ညံ့ဆိုးရွား အကုသိုလ်တရားဖြစ်ကုန်သော အလိုဆိုးကြောင့်ဖြစ်သည့် (ကောပ, အပ္ပစ္စယ) တရားတို့ကို ပယ်ထားပြီးဖြစ်သည်ကို မြင်လည်းမြင်ကြရ ကြားလည်းကြားကြရသောကြောင့်ပေတည်း။

ငါ့သျှင် ဥပမာသော်ကား ဈေးမှဖြစ်စေ၊ ပန်းတဉ်းသမားအိမ်မှဖြစ်စေ စင်ကြယ်ဖြူဖွေးသော ကြေးခွက်ကိုဆောင်ယူခဲ့ရာ၏၊ ထိုကြေးခွက်၌ ပိုင်ရှင်တို့သည် ဆန်မည်းကို ရွေးချယ်ထားသော သလေး ထမင်းနှင့်များစွာသော ဟင်း, စားမဲဟင်းလျာကို ပြည့်အောင် ထည့်၍ အခြားကြေးခွက်ဖြင့် ဖုံးပိတ်ကာဈေးတွင်းသို့ သွားကြရာ၏၊ လူအပေါင်းသည် ထိုကြေးခွက်ကို တွေ့မြင်သော် “အချင်း အဘယ့်ကြောင့်ဤအရာကိုသာလျှင် ကောင်းနိုးရာရာ လက်ဆောင်ကဲ့သို့ ယူဆောင်လာသနည်း” ဟု ပြောဆိုပြီးလျှင် ထို (ခွက်) ကို ထ၍ ဖွင့်လှစ်ကြည့်ရှုရာ၏၊ (ထိုမွန်မြတ်သော သလေးထမင်းကို) မြင်သည်နှင့် တစ်ပြိုင်နက်ထိုလူအပေါင်းအား နှစ်မြို့စိတ် မရွံရှာစိတ် မစက်ဆုပ် စိတ်သည် ဖြစ်လေရာ၏၊ အစာဝနေသူတို့ပင်စားချင်လာရာ၏၊ ဆာလောင်နေသူတို့ကား ပြောဖွယ်ရာမရှိ။ ငါ့သျှင် ဤဥပမာအတူပင် တစ်စုံတစ်ယောက်သော ရဟန်းအား ယုတ်ညံ့ဆိုးရွား အကုသိုလ်တရားဖြစ်ကုန်သော အလိုဆိုးကြောင့်ဖြစ်သည့် (ကောပ, အပ္ပစ္စယ) တရားတို့ကို ပယ်ထားပြီးသည်ကို မြင်လည်း မြင်ရကုန်အံ့၊ ကြားလည်း ကြားရကုန်အံ့၊ ထိုရဟန်းသည် အကယ်၍ ရွာကျောင်း၌နေသူ ပင့်ဖိတ်ဆွမ်းကို ခံယူသူ ဒါယကာတို့ လှူသောသင်္ကန်းကို ဆောင်သူ ဖြစ်စေကာမူ ထိုရဟန်းကို သီတင်းသုံးဖော်တို့သည် ရိုသေကြကုန်၏၊ လေးစားကြကုန်၏၊ မြတ်နိုးကြကုန်၏၊ ပူဇော်ကြကုန်၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်း၊ ထိုအသျှင်အား ယုတ်ညံ့ဆိုးရွား အကုသိုလ်တရားဖြစ်ကုန်သော အလိုဆိုးကြောင့်ဖြစ်သည့် (ကောပ,အပ္ပစ္စယ) တရားတို့ကို ပယ်ထားပြီးဖြစ်သည်ကို မြင်လည်း မြင်ကြရ ကြားလည်း ကြားကြရသောကြောင့်ပေတည်း။

၆၃။ ဤသို့ ဟောမိန့်သော် အသျှင်မဟာမောဂ္ဂလာန်က “ငါ့သျှင်သာရိပုတြာ ငါ့အား ဥပမာတစ်ခုပေါ်လာပါသည်” ဟု အသျှင်သာရိပုတြာအား လျှောက်ကြား၏။

ငါ့သျှင်မောဂ္ဂလာန် ထို့ပမာကို ဖော်ပြောပါလော့ဟု (မိန့်ဆို၏)။

ငါ့သျှင် ငါသည် အခါတစ်ပါး၌ တောင်တို့ဖြင့်။ ခံရံထားသော ရာဇဂြိုဟ်ပြည်၌ နေပါသည်။ ငါ့သျှင်ငါသည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူဆောင်လျက် ရာဇဂြိုဟ်ပြည်သို့ ဆွမ်း့ခံဝင်သောအခါ ယာဉ်လုပ်သမား၏သား သမီတိသည် ယာဉ်၏အကွပ် တံကူကို ရွေနေစဉ် ပဏ္ဍု၏သားယာဉ်လုပ်သမား အမျိုးသားဖြစ်ခဲ့ဖူးသည့် တက္ကတွန်းသည် အနီး၌ ရပ်တည်နေပါသည်။

ငါ့သျှင် ပဏ္ဍု၏သား ယာဉ်လုပ်သမား အမျိုးသားဖြစ်ခဲ့ဖူးသည့် တက္ကတွန်းအား—

“ဤယာဉ်လုပ်သမား၏သား သမီတိသည် ဤအကွပ်တံကူ၏ ဤသည့်အကွေး ဤသည့် အကောက်ဤသည့်အနာအဆာကို ရွေခဲ့ပါမူ ဤအကွပ်တံကူသည် အကွေးအကောက် အနာအဆာ ကင်းလျက်စင်ကြယ်သည်ဖြစ်၍ အနှစ်၌ တည်ရာ၏” ဟု စိတ်အကြံဖြစ်ပေါ်လာ၏။

ငါ့သျှင် ယာဉ်လုပ်သမားဖြစ်ခဲ့ဖူးသည့် ပဏ္ဍု၏သား တက္ကတွန်း၏ စိတ်အကြံအတိုင်း ယာဉ်လုပ်သမား၏သား သမီတိသည် ထိုအကွပ်တံကူ၏ ထိုသည့်အကွေး ထိုသည့်အကောက် ထိုသည့်အနာအဆာကိုရွေလေ၏။ ငါ့သျှင် ထိုအခါ ယာဉ်လုပ်သမားဖြစ်ခဲ့ဖူးသည့် ပဏ္ဍု၏သား တက္ကတွန်းသည် “မိမိစိတ်ဖြင့် သူတစ်ပါးစိတ်ကို သိသကဲ့သို့ ရွေလေယောင်တကား” ဟု နှစ်သက်ဝမ်းမြောက်သော စိတ်ရှိသည်ဖြစ်၍နှစ်သက် ဝမ်းမြောက်သော စကားကို မြွက်ဆိုလေ၏။

ငါ့သျှင် ဤဥပမာအတူပင် အကြင်ပုဂ္ဂိုလ်တို့သည် ယုံကြည်ခြင်း သဒ္ဓါတရား မရှိကုန်ဘဲ အသက်မွေး မှုအတွက်သာ ရဟန်းပြုကုန်၏၊ သဒ္ဓါတရားဖြင့် လူ့ဘောင်မှ ရဟန်းဘောင်၌ ရဟန်းပြုသူများ မဟုတ်ကြကုန်၊ စဉ်းလဲတတ်ကုန်၏၊ လှည့်ပတ်တတ်ကုန်၏၊ လိမ်လည်ကောက်ကျစ်တတ်ကုန်၏၊ ပျံ့လွင့်ကုန်၏၊ မာန်ထောင်ကုန်၏၊ လျှပ်ပေါ်လော်လည်ကုန်၏၊ နှုတ်ထွက်ကြမ်းကုန်၏၊ ပရမ်းပတာပြောဆိုကုန်၏၊ ဣန္ဒြေတံခါး ပိ်တ်ဆို့မထားကုန်၊ အစားအစာ၌ အတိုင်းအရှည်ကို မသိကုန်၊ နိုးကြားမှု၌ အားမစိုက်ကုန်၊ ရဟန်းတရား၌ မငဲ့ကွက်ကုန်၊ သိက္ခာပုဒ်၌ ထက်သန်သော ရိုသေလေးစားမှု မရှိကုန်၊ လာဘ်များရန်သာကျင့်ကုန်၏၊ (အဆုံးအမ သာသနာတော်ကို) လျော့လျော့ပေါ့ပေါ့ နာယူကုန်၏၊ ဆုတ်ယုတ်ကြောင်း၌ရှေ့သွားပြုကုန်၏၊ နိဗ္ဗာန် ‘ဥပဓိ ဝိဝေက’၌ တာဝန်မဲ့ဖြစ်ကြကုန်၏၊ ပျင်းရိကုန်၏၊ လုံ့လနည်းကုန်၏၊ သတိကင်းကုန်၏၊ ဆင်ခြင်ဉာဏ် မရှိကြကုန်၊ မတည်ကြည်ကြကုန်၊ စိတ်လေကြကုန်၏၊ ပညာမဲ့ကြကုန်၏၊ ထိုင်းအ,သူများ ဖြစ်ကြကုန်၏၊ အသျှင်သာရိပုတြာသည်ဤတရားဒေသနာတည်းဟူသော ပဲခွပ်ဖြင့် ထိုပုဂ္ဂိုလ်တို့၏ စိတ်ကို (မိမိ) စိတ်ဖြင့် သိသကဲ့သို့ရွေလေယောင်တကား။

အကြင်အမျိုးသားတို့သည်ကား သဒ္ဓါတရားဖြင့် လူ့ဘောင်မှ (ထွက်၍) ရဟန်းဘောင်၌ ရဟန်းပြုကြကုန်၏၊ မစဉ်းလဲတတ်ကုန်၊ မလှည့်ပတ်တတ်ကုန်၊ မလိမ်လည်မကောက်ကျစ်တတ်ကုန်၊ မပျံ့လွင့်ကုန်၊ မာန်မထောင်ကုန်၊ မလျှပ်ပေါ် မလော်လည်ကုန်၊ နှုတ်ထွက် မကြမ်းကုန်၊ ပရမ်းပတာ မပြောဆိုကုန်၊ ဣန္ဒြေတံခါး ပိ်တ်ဆို့ထားကုန်၏၊ အစားအစာ၌ အတိုင်းအရှည်ကို သိကုန်၏၊ နိုးကြားမှု၌အားစိုက် ကုန်၏၊ ရဟန်းတရား၌ ငဲ့ကွက်ကုန်၏၊ သိက္ခာပုဒ်၌ ထက်သန်သောရိုသေလေးစားခြင်းရှိကုန်၏၊ လာဘ် များရန် မကျင့်ကုန်၊ (အဆုံးအမ သာသနာတော်ကို) လျော့လျော့ ပေါ့ပေါ့ မနာယူကုန်၊ ဆုတ်ယုတ်ကြောင်း ၌ တာဝန်မဲ့ဖြစ်ကုန်၏၊ နိဗ္ဗာန် ‘ဥပဓိ ဝိဝေက’၌ရှေ့သွားပြုကုန်၏၊ ဝီရိယရှိကုန်၏၊ (နိဗ္ဗာန်သို့) စိတ်ကို စေလွှတ်နေကုန်၏၊ သတိရှိကုန်၏၊ ဆင်ခြင်ဉာဏ်ရှိကုန်၏၊ တည်ကြည်ကုန်၏၊ စိတ်မလေလွင့်ကုန်၊ ပညာ ရှိကုန်၏၊ မထိုင်းမအကုန်၊ ထိုအမျိုးသားတို့သည် အသျှင်သာရိပုတြာ၏ ဤတရားဒေသနာကို ကြားကြ ကုန်၍ “အသျှင်တို့ကောင်းလှပေစွ၊ (အသျှင်သာရိပုတြာသည်) သီတင်းသုံးဖော်တို့ကို အကုသိုလ်မှ ထစေ ၍ ကုသိုလ်၌တည်စေဘိ၏” ဟု (အမြိုက်အရသာကို သောက်ကုန်ဘိသကဲ့သို့လည်းကောင်း၊ သုဓာဘုတ်ကိုစားကုန်ဘိသကဲ့သို့လည်းကောင်း) နှုတ်ရောစိတ်ပါ သောက်ကြ စားကြလေယောင်တကား။

ငါ့သျှင် ဥပမာသော်ကား ငယ်ရွယ်နုပျို၍ အလှပြင်လေ့ရှိသည့် ဦးခေါင်းနှင့် တကွ ရေချိုးပြီးသောမိန်းမ၊ သို့မဟုတ် ယောကျာ်းသည် ကြာပန်းကိုဖြစ်စေ၊ မိုးဆွေပန်းကိုဖြစ်စေ၊ စစ်ကြီးပန်း (စံပယ့်ပန်း) ကိုဖြစ်စေ ရခဲ့သော် လက်နှစ်ဖက်ဖြင့် ခံယူကာ ဦးခေါင်းပေါ်၌ ပန်ဆင်ရာသကဲ့သို့ အကြင် အမျိုးသားတို့သည် သဒ္ဓါတရားဖြင့် လူ့ဘောင်မှ (ထွက်၍) ရဟန်းဘောင်၌ ရဟန်းပြုကြကုန်၏၊ မစဉ်းလဲကုန်၊ မလှည့်ပတ်တတ်ကုန်၊ မလိမ်လည် မကောက်ကျစ်တတ်ကုန်၊ စိတ်မပျံ့လွင့်ကုန်၊ မာန်မထောင်ကုန်၊ မလျှပ် ပေါ်မလော်လည်ကုန်၊ နှုတ်ထွက် မကြမ်းကုန်၊ ပရမ်းပတာ မပြောဆိုကုန်၊ ဣန္ဒြေတံခါးပိ်တ်ဆို့ထား ကုန်၏၊ အစားအစာ၌ အတိုင်းအရှည်ကို သိကုန်၏၊ နိုးကြားမှု၌ အားစိုက်ကုန်၏၊ ရဟန်းတရား၌ ငဲ့ကွက်ကုန်၏၊ သိက္ခာပုဒ်၌ ထက်သန်သော ရိုသေလေးစားခြင်း ရှိကုန်၏၊ လာဘ်များရန်မကျင့်ကုန်၊ (အဆုံးအမသာသနာတော်ကို) လျော့လျော့ပေါ့ပေါ့ မနာယူကုန်၊ ဆုတ်ယုတ်ကြောင်း၌တာဝန်မဲ့ဖြစ်ကုန်၏၊ နိဗ္ဗာန် ‘ဥပဓိဝိဝေက’၌ ရှေ့သွားပြုကုန်၏၊ လုံ့လရှိကြကုန်၏၊ (နိဗ္ဗာန်သို့) စိတ်ကိုစေလွှတ်နေကုန်၏၊ သတိရှိကုန်၏၊ ဆင်ခြင်ဥာဏ်ရှိကုန်၏၊ တည်ကြည်ကုန်၏၊ စိတ်မလေလွင့်ကုန်၊ ပညာရှိကုန်၏၊ မထိုင်း မအကုန်၊ ထိုအမျိုးသားတို့သည် အသျှင်သာရိပုတြာ၏ ဤတရားဒေသနာကိုနာကြားရကုန်၍—

“အသျှင်တို့ ကောင်းလှပေစွ၊ (အသျှင်သာရိပုတြာသည်) သီတင်းသုံးဖော်တို့ကို အကုသိုလ်မှ ထစေ၍ကုသိုလ်၌ တည်စေဘိ၏” ဟု (အမြိုက်အရသာကို သောက်ကုန်ဘိသကဲ့သို့လည်းကောင်း၊ သုဓာဘုတ်ကိုစားကုန်ဘိသကဲ့သို့လည်းကောင်း) နှုတ်ရောစိတ်ပါ သောက်ကြ စားကြလေယောင် တကား” ဟုလျှောက်ကြား၏။

ဤသို့လျှင် ထို (အဂ္ဂသာဝက) ရဟန္တာ အရှင်မြတ်ကြီး နှစ်ပါးတို့သည် အချင်းချင်း ကောင်းစွာဟောပြောသော စကားကို ဝမ်းမြောက်ကြလေကုန်သတည်း။

ငါးခုမြောက် အနင်္ဂဏသုတ်ပြီး၏။

၁။ ပေါက်ဆိန် စသည် လုပ်ရာဌာနကို ပန်းပဲဖို၊ ကြေးခွက်ကြေးဇွန်း စသည် လုပ်ရာဌာနကို ပန်းတဉ်း၊ ရွှေငွေလက်ကောက် စသည် လုပ်ရာဌာနကို ပန်းထိမ်ဟု ခေါ်ရိုးရှိသည်။