မဇ္ဈိမနိကာယ်
၁—ကန္ဒရကသုတ်
၁။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည် —
အခါတစ်ပါး၌ မြတ်စွာဘုရားသည် စမ္ပာမြို့ ဂဂ္ဂရာရေကန်ကမ်းနား၌ များမြတ်သော ရဟန်းသံဃာနှင့်အတူ သီတင်းသုံးနေတော်မူ၏။ ထိုအခါ ဆင်ထိန်း၏သား ပေဿသည်လည်းကောင်း၊ ကန္ဒရကပရိဗိုဇ်သည်လည်းကောင်း မြတ်စွာဘုရားထံ ချဉ်းကပ်ကြကုန်၏၊ ချဉ်းကပ်ပြီး၍ ဆင်ထိန်း၏သား ပေဿသည် မြတ်စွာဘုရားကို ရိုသေစွာရှိခိုးပြီးလျှင် တစ်ခုသောနေရာ၌ ထိုင်နေ၏။ ကန္ဒရကပရိဗိုဇ်သည်ကား မြတ်စွာဘုရားနှင့်အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆို၏၊ ကန္ဒရကပရိဗိုဇ်သည် ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ်စကားကို ပြောဆိုပြီးဆုံးစေပြီးလျှင် တစ်ခုသောနေရာ၌ ရပ်ပြီးသော် တိတ်တိတ်ဆိတ်ဆိတ်နေသော ရဟန်းအပေါင်းကို လှည့်လည်ကြည့်ရှုပြီးလျှင် မြတ်စွာဘုရားအား—
“အသျှင်ဂေါတမ အံ့ဖွယ်ရှိပေစွ၊ အသျှင်ဂေါတမ မဖြစ်စဖူးဖြစ်ပေစွ၊ အသျှင်ဂေါတမသည် ရဟန်းအပေါင်းကို အလွန်လျှင် ကောင်းစွာ သွန်သင်ထားပေ၏။ ယခုအခါ အသျှင်ဂေါတမသည် ရဟန်းအပေါင်းကို သွန်သင်ထားသကဲ့သို့ပင် အတိတ်ကာလ၌ ပွင့်တော်မူသော ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာသိတော်မူသော ဘုရားသျှင်တို့သည်လည်း ဤအတိုင်းသာလျှင် ရဟန်းအပေါင်းကို ကောင်းစွာ သွန်သင်တော်မူခဲ့ကြကုန်ပြီ။ အသျှင်ဂေါတမ ယခုအခါအသျှင်ဂေါတမသည် ရဟန်းအပေါင်းကို သွန်သင်ထားသကဲ့သို့ အနာဂတ်ကာလ၌ ပွင့်တော်မူကြမည့် ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသောဘုရားသျှင်တို့သည်လည်း ဤအတိုင်းသာလျှင် ရဟန်းအပေါင်းကို ကောင်းစွာသွန်သင်တော်မူကြပေကုန်လတ္တံ့”ဟု လျှောက်၏။
၂။ ကန္ဒရက ဤစကားသည် မှန်၏၊ ကန္ဒရက ဤစကားသည် မှန်၏၊ ယခုအခါ ငါဘုရားသည်ရဟန်းအပေါင်းကို သွန်သင်ထားသကဲ့သို့ပင် အတိတ်ကာလ၌ ပွင့်တော်မူသော ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ဘုရားသျှင်တို့သည်လည်း ဤအတိုင်းသာလျှင် ရဟန်းအပေါင်းကို ကောင်းစွာ သွန်သင်တော်မူကြကုန်ပြီ။ ယခုအခါ ငါဘုရားသည်ရဟန်းအပေါင်းကို သွန်သင်ထားသကဲ့သို့ပင် အနာဂတ်ကာလ၌ ပွင့်တော်မူကြမည့် ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ဘုရားသျှင်တို့သည်လည်း ဤအတိုင်းသာလျှင် ရဟန်းအပေါင်းကို သွန်သင်တော်မူကြပေကုန်လတ္တံ့။
ကန္ဒရက ဤရဟန်းအပေါင်း၌ အာသဝေါကုန်ပြီးသော မဂ်အကျင့်ကို ကျင့်သုံးပြီးသော ပြုဖွယ်ကိစ္စကိုပြုပြီးသော ဝန်ထုပ်ကို ချထားပြီးသော (အရဟတ္တဖိုလ်ဟူသော) ကိုယ်ကျိုး ကိုယ့်စီးပွါးကို ရပြီးသောဘဝသံယောဇဉ် ကုန်ခန်းပြီးသော ကောင်းစွာ သိ၍ လွတ်မြောက်ပြီးသော ရဟန္တာဖြစ်ကြသောရဟန်းတို့လည်း ရှိကြကုန်၏၊ ကန္ဒရက ဤရဟန်းအပေါင်း၌ မြဲသောသီလ မြဲသောအသက်မွေးမှုရှိကြသော ရင့်ကျက်သောပညာ ရင့်ကျက်သောအသက်မွေးမှု ရှိကြသော ကျင့်ဆဲ ‘သေက္ခ’ ဖြစ်သောရဟန်းတို့လည်း ရှိကြကုန်၏၊ ထိုရဟန်းတို့သည် သတိပဋ္ဌာန်လေးပါးတို့၌ ကောင်းစွာ တည်နေသောစိတ်ရှိကြကုန်သည် ဖြစ်၍ နေထိုင်ကြကုန်၏။
အဘယ်လေးပါးတို့နည်းဟူမူ—ကန္ဒရက ဤသာသနာတော်၌ ရဟန်းသည် ပြင်းစွာအားထုတ်သော လုံ့လရှိသည်ဖြစ်၍ သမ္ပဇဉ်ဉာဏ်ရှိသည်ဖြစ်၍ သတိရှိသည်ဖြစ်၍ လောက၌ အဘိဇ္ဈာ ဒေါမနဿကို ပယ်ဖျောက်၍ ရုပ်အပေါင်း၌ ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။
ပြင်းစွာအားထုတ်သော လုံ့လရှိသည်ဖြစ်၍ သမ္ပဇဉ်ဉာဏ်ရှိသည်ဖြစ်၍ သတိရှိသည်ဖြစ်၍ လောက၌အဘိဇ္ဈာ ဒေါမနဿကို ပယ်ဖျောက်၍ ဝေဒနာတို့၌ ဝေဒနာတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။
ပြင်းစွာအားထုတ်သော လုံ့လရှိသည်ဖြစ်၍ သမ္ပဇဉ်ဉာဏ်ရှိသည်ဖြစ်၍ သတိရှိသည်ဖြစ်၍ လောက၌ အဘိဇ္ဈာ ဒေါမနဿကို ပယ်ဖျောက်၍ စိတ်၌ စိတ်ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။
ပြင်းစွာအားထုတ်သော လုံ့လရှိသည်ဖြစ်၍ သမ္ပဇဉ်ဉာဏ်ရှိသည်ဖြစ်၍ သတိရှိသည်ဖြစ်၍ လောက၌အဘိဇ္ဈာ ဒေါမနဿကို ပယ်ဖျောက်၍ သဘောတရားတို့၌ သဘောတရားတို့ကို အကြိမ်ကြိမ်ရှုလေ့ရှိသည် ဖြစ်၍ နေ၏ဟု (မိန့်တော်မူ၏)။
၃။ ဤသို့ မိန့်တော်မူသော် ဆင်ထိန်းသားဖြစ်သော ပေဿသည် မြတ်စွာဘုရားအား— “အသျှင်ဘုရား အံ့ဖွယ်ရှိပေစွ၊ အသျှင်ဘုရား မဖြစ်စဖူးဖြစ်ပေစွ၊ အသျှင်ဘုရား မြတ်စွာဘုရားသည် သတ္တဝါတို့၏ (သန္တာန်၌) ကိလေသာစင်ကြယ်ရန်၊ စိုးရိမ်ပူပန်ခြင်း ငိုကြွေးခြင်းတို့ကို လွန်မြောက်ရန်၊ ကိုယ်ဆင်းရဲစိတ်ဆင်းရဲတို့ ချုပ်ငြိမ်းရန်၊ အရိယမဂ်ကို ရရန်၊ နိဗ္ဗာန်ကို မျက်မှောက်ပြုရန် ဤသတိပဋ္ဌာန်လေးပါးတို့ကို အလွန်လျှင် ကောင်းစွာ ပညတ်ထားတော်မူပါပေ၏။ အသျှင်ဘုရား အဝတ်ဖြူဝတ်သည့် လူဖြစ်သော တပည့်တော်တို့ပင်သော်မှလည်း ရံခါ ရံခါ ဤသတိပဋ္ဌာန်တရား လေးပါးတို့၌ ကောင်းစွာ တည်နေသော စိတ်ရှိကြကုန်သည်ဖြစ်၍ နေထိုင်ကြပါကုန်အံ့။
အသျှင်ဘုရား ဤလောက၌ အကျွန်ုပ်တို့သည် ပြင်းစွာအားထုတ်သော လုံ့လရှိသည်ဖြစ်၍ သမ္ပဇဉ်ဉာဏ်ရှိသည်ဖြစ်၍ သတိရှိသည်ဖြစ်၍ လောက၌ အဘိဇ္ဈာ ဒေါမနဿကို ပယ်ဖျောက်၍ ရုပ်အပေါင်း၌ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေကြပါကုန်အံ့။
ပြင်းစွာအားထုတ်သော လုံ့လရှိသည်ဖြစ်၍ သမ္ပဇဉ်ဉာဏ်ရှိသည်ဖြစ်၍ သတိရှိသည်ဖြစ်၍ လောက၌အဘိဇ္ဈာ ဒေါမနဿကို ပယ်ဖျောက်၍ ဝေဒနာတို့၌ ဝေဒနာတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍နေကြပါကုန်အံ့။
ပြင်းစွာအားထုတ်သော လုံ့လရှိသည်ဖြစ်၍ သမ္ပဇဉ်ဉာဏ်ရှိသည်ဖြစ်၍ သတိရှိသည်ဖြစ်၍ လောက၌အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်၍ စိတ်၌ စိတ်ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေကြပါကုန်အံ့။
ပြင်းစွာအားထုတ်သော လုံ့လရှိသည်ဖြစ်၍ သမ္ပဇဉ်ဉာဏ်ရှိသည်ဖြစ်၍ သတိရှိသည်ဖြစ်၍ လောက၌အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်၍ သဘောတရားတို့၌ သဘောတရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေကြပါကုန်အံ့။
အသျှင်ဘုရား အံ့ဖွယ်ရှိပေစွ၊ အသျှင်ဘုရား မဖြစ်စဖူးဖြစ်ပေစွ၊ အသျှင်ဘုရား မြတ်စွာဘုရားသည်ဤသို့ လူတို့၏သန္တာန်၌ဖြစ်သော ကိလေသာအစွဲအလမ်း, လူတို့၏သန္တာန်၌ဖြစ်သောကိလေသာအရှုပ် အထွေး, လူတို့၏သန္တာန်၌ဖြစ်သော စဉ်းလဲခြင်းသည် ရှိနေသည်ဖြစ်ပါလျက် (ထို) သတ္တဝါတို့၏ အကျိုး စီးပွါးရှိ မရှိကို အလွန်လျှင် သိတော်မူနိုင်ပါပေ၏။ အသျှင်ဘုရား လူတို့သည် ရှုပ်ပွေလှပါ၏၊ အသျှင်ဘုရား တိရစ္ဆာန်တို့သည် ပေါ်လွင်လှပါ၏။ အသျှင်ဘုရား အကျွန်ုပ်သည်ဆင်ရိုင်းကို သင်ကြားဆုံးမ နိုင်သူဖြစ်ပါ၏၊ ဆင်ရိုင်းသည် စမ္ပာမြို့သို့ အသွားအပြန် ပြုလုပ်ရသည့်အချိန်အတွင်း၌ အလုံးစုံသော ထိုစဉ်းလဲကောက်ကျစ်မှုတို့ကို ထင်ရှားစွာ ပြုလုပ်ပြသပါလတ္တံ့။ အသျှင်ဘုရား လူတို့သည်ကား အကျွန်ုပ်တို့၏ ကျေးကျွန် အစေခံ အလုပ်သမားတို့သည်ပင် ကိုယ်ဖြင့် တစ်မျိုးတစ်ဖုံ ပြုတတ်ကြပါ၏၊ နှုတ်ဖြင့် တစ်မျိုးတစ်ဖုံ ပြောတတ်ကြပါကုန်၏၊ လူတို့၏ စိတ်ကားတစ်မျိုး တစ်ဖုံသာ ဖြစ်ပါသည်။ အသျှင်ဘုရား အံ့ဖွယ်ရှိပေစွ၊ အသျှင်ဘုရား မဖြစ်စဖူးဖြစ်ပေစွ၊ အသျှင်ဘုရား မြတ်စွာဘုရားသည် ဤသို့ လူတို့၏သန္တာန်၌ဖြစ်သော ကိလေသာအစွဲအလမ်း, လူတို့၏သန္တာန်၌ဖြစ်သော ကိလေသာအရှုပ်အထွေး, လူ့တို့၏သန္တာန်၌ဖြစ်သော စဉ်းလဲခြင်းသည်ရှိနေသည်ဖြစ်ပါလျက် (ထို) သတ္တဝါတို့၏ အကျိုးစီးပွါးရှိ မရှိကို သိတော်မူနိုင်ပါပေ၏၊ အသျှင်ဘုရားလူတို့သည် ရှုပ်ပွေလှပါ၏၊ အသျှင်ဘုရား တိရစ္ဆာန်တို့သည် ပေါ်လွင်လှပါ၏”ဟု (လျှောက်၏)။
၄။ ပေဿ ဤစကားသည် (သင်ပြောတိုင်း) မှန်ပေ၏၊ ပေဿ ဤစကားသည် (သင်ပြောတိုင်း) မှန်ပေ၏၊ ပေဿ လူတို့သည် ရှုပ်ပွေလှ၏၊ ပေဿ တိရစ္ဆာန်တို့သည် ပေါ်လွင်လှ၏။ ပေဿလောက၌ ဤပုဂ္ဂိုလ်လေးမျိုးတို့သည် ထင်ရှားရှိကုန်၏။ အဘယ်လေးမျိုးတို့နည်းဟူမူ—
ပေဿ လောက၌ အချို့သောပုဂ္ဂိုလ်သည် မိမိကိုယ်ကို ပူပန်ဆင်းရဲစေတတ်၏၊ မိမိကိုယ်ကို ပူပန်ဆင်းရဲစေမှု၌အဖန်တလဲလဲ ပြုကျင့်အားထုတ်၏။
ပေဿ လောက၌ အချို့သော ပုဂ္ဂိုလ်သည် သူတစ်ပါးကို ပူပန်ဆင်းရဲစေတတ်၏၊ သူတစ်ပါးကိုပူပန်ဆင်းရဲစေမှု၌ အဖန်တလဲလဲ ပြုကျင့်အားထုတ်၏။
ပေဿ လောက၌ အချို့သော ပုဂ္ဂိုလ်သည် မိမိကိုယ်ကိုလည်း ပူပန်ဆင်းရဲစေတတ်၏၊ မိမိကိုယ်ကိုပူပန်ဆင်းရဲစေမှု၌လည်း အဖန်တလဲလဲ ပြုကျင့်အားထုတ်၏၊ သူတစ်ပါးကိုလည်း ပူပန်ဆင်းရဲစေတတ်၏၊ သူတစ်ပါးကို ပူပန်ဆင်းရဲစေမှု၌လည်း အဖန်တလဲလဲ ပြုကျင့်အားထုတ်၏။
ပေဿ လောက၌ အချို့သော ပုဂ္ဂိုလ်သည် မိမိကိုယ်ကို ပူပန်ဆင်းရဲစေတတ်သူလည်း မဟုတ်၊ မိမိကိုယ်ကို ပူပန်ဆင်းရဲစေမှု၌ အဖန်တလဲလဲ ပြုကျင့်အားထုတ်သူလည်း မဟုတ်၊ သူတစ်ပါးကို ပူပန်ဆင်းရဲစေတတ်သူလည်း မဟုတ်၊ သူတစ်ပါးကို ပူပန်ဆင်းရဲစေမှု၌ အဖန်တလဲလဲ ပြုကျင့်အားထုတ်သူလည်း မဟုတ်။ ထိုသူသည် မိမိကိုယ်ကိုလည်း မပူပန်မဆင်းရဲစေတတ်, သူတစ်ပါးကိုလည်း မပူပန်မဆင်းရဲစေတတ်သည် ဖြစ်၍ မျက်မှောက်သော ကိုယ်၏ အဖြစ်၌သာလျှင် ကိလေသာဆာလောင်မွတ်သိပ်မှုမရှိသည် ငြိမ်းချမ်းသည် အေးမြသည် ချမ်းသာသုခကို ခံစားရသည် ဖြစ်၍ မြတ်သောကိုယ်ဖြင့် နေထိုင်ရ၏။ ပေဿ ဤပုဂ္ဂိုလ်လေးမျိုးတို့တွင် အဘယ်ပုဂ္ဂိုလ်သည် သင်၏ စိတ်ကို နှစ်သိမ့်စေဘိသနည်းဟု (မိန့်တော်မူ၏)။
အသျှင်ဘုရား မိမိကိုယ်ကို ပူပန်ဆင်းရဲစေတတ်၍ မိမိကိုယ်ကို ပူပန်ဆင်းရဲစေမှု၌ အဖန်တလဲလဲပြုကျင့်အားထုတ်သော သူသည်လည်း အကျွန်ုပ်၏ စိတ်ကို မနှစ်သိမ့်စေနိုင်ပါ။
အသျှင်ဘုရား သူတစ်ပါးကို ပူပန်ဆင်းရဲစေတတ်၍ သူတစ်ပါးကို ပူပန်ဆင်းရဲစေမှု၌ အဖန်တလဲလဲပြုကျင့်အားထုတ်သော သူသည်လည်း အကျွန်ုပ်၏ စိတ်ကို မနှစ်သိမ့်စေနိုင်ပါ။
အသျှင်ဘုရား မိမိကိုယ်ကို ပူပန်ဆင်းရဲစေတတ်၍ မိမိကိုယ်ကို ပူပန်ဆင်းရဲစေမှု၌ အဖန်တလဲလဲပြုကျင့်အားထုတ်သော သူဖြစ်သည့်ပြင်၊ သူတစ်ပါးကို ပူပန်ဆင်းရဲစေတတ်၍ သူတစ်ပါးကိုပူပန်ဆင်းရဲစေ မှု၌ အဖန်တလဲလဲ ပြုကျင့်အားထုတ်သော သူသည်လည်း အကျွန်ုပ်၏ စိတ်ကိုမနှစ်သိမ့်စေနိုင်ပါ။
အသျှင်ဘုရား မိမိကိုယ်ကို မပူပန်မဆင်းရဲစေတတ်ဘဲ၊ မိမိကိုယ်ကို ပူပန်ဆင်းရဲစေမှု၌ အဖန်တလဲလဲပြုကျင့်အားထုတ်သူလည်း မဟုတ်သည့်ပြင်၊ သူတစ်ပါးကိုလည်း မပူပန်မဆင်းရဲစေတတ်ဘဲ၊ သူတစ်ပါးကိုပူပန်ဆင်းရဲစေမှု၌ အဖန်တလဲလဲ ပြုကျင့်အားထုတ်သူမဟုတ်သော ပုဂ္ဂိုလ်သည်သာလျှင် မိမိကိုယ်ကိုလည်းမပူပန် မဆင်းရဲစေတတ်ဘဲ သူတစ်ပါးကိုလည်း မပူပန်မဆင်းရဲစေတတ်သည်ဖြစ်၍ မျက်မှောက်သောကိုယ်၏ အဖြစ်၌သာလျှင် ကိလေသာဆာလောင်မွတ်သိပ်မှုမရှိသည် ငြိမ်းချမ်းသည် အေးမြသည် ချမ်းသာသုခကို ခံစားရသည် ဖြစ်၍ မြတ်သော ကိုယ်ဖြင့် နေထိုင်ရ၏။ ဤပုဂ္ဂိုလ်သည်သာလျှင် အကျွန်ုပ်၏စိတ်ကို နှစ်သိမ့်စေနိုင်ပါသည်ဟု (လျှောက်၏)။
၅။ ပေဿ ဤပုဂ္ဂိုလ်သုံးယောက်တို့သည် အဘယ်ကြောင့် သင့်စိတ်ကို မနှစ်သိမ့်စေနိုင်ဘိသနည်းဟု (မေးတော်မူ၏)။
အသျှင်ဘုရား မိမိကိုယ်ကို ပူပန်ဆင်းရဲစေတတ်၍ မိမိကိုယ်ကို ပူပန်ဆင်းရဲစေမှု၌ အဖန်တလဲလဲပြုကျင့်အားထုတ်သောသူသည် ချမ်းသာကို အလိုရှိ၍ ဆင်းရဲကို စက်ဆုပ်သော မိမိကိုယ်ကို ပူပန်ဆင်းရဲစေပါ၏၊ အဖန်တလဲလဲ ပူပန်ဆင်းရဲစေပါ၏၊ ဤအကြောင်းကြောင့် ဤပုဂ္ဂိုလ်သည် အကျွန်ုပ်၏ စိတ်ကိုမနှစ်သိမ့်စေနိုင်ပါ။
အသျှင်ဘုရား သူတစ်ပါးကို ပူပန်ဆင်းရဲစေတတ်၍ သူတစ်ပါးကို ပူပန်ဆင်းရဲစေမှု၌ အဖန်တလဲလဲပြုကျင့်အားထုတ်သော သူသည်လည်း ချမ်းသာကို အလိုရှိ၍ ဆင်းရဲကို စက်ဆုပ်သော သူတစ်ပါးကိုပူပန်ဆင်းရဲစေပါ၏၊ အဖန်တလဲလဲ ပူပန်ဆင်းရဲစေပါ၏၊ ဤအကြောင်းကြောင့် ဤပုဂ္ဂိုလ်သည်အကျွန်ုပ်၏ စိတ်ကို မနှစ်သိမ့်စေနိုင်ပါ။
အသျှင်ဘုရား မိမိကိုယ်ကိုလည်း ပူပန်ဆင်းရဲစေတတ်၍ မိမိကိုယ်ကို ပူပန်ဆင်းရဲစေမှု၌ အဖန် တလဲလဲပြုကျင့်အားထုတ်သော, သူတစ်ပါးကိုလည်း ပူပန်ဆင်းရဲစေတတ်၍ သူတစ်ပါးကို ပူပန်ဆင်းရဲစေ မှု၌အဖန်တလဲလဲ ပြုကျင့်အားထုတ်သော သူသည်လည်း ချမ်းသာကို အလိုရှိ၍ ဆင်းရဲကို စက်ဆုပ်သောမိမိကိုယ်ကိုလည်းကောင်း၊ သူတစ်ပါးကိုလည်းကောင်း ပူပန်ဆင်းရဲစေပါ၏၊ အဖန်တလဲလဲ ပူပန်ဆင်းရဲစေပါ၏၊ ဤအကြောင်းကြောင့် ဤပုဂ္ဂိုလ်သည် အကျွန်ုပ်၏ စိတ်ကို မနှစ်သိမ့်စေနိုင်ပါ။
အသျှင်ဘုရား မိမိကိုယ်ကိုလည်း မပူပန်မဆင်းရဲစေတတ်ဘဲ၊ မိမိကိုယ်ကို ပူပန်ဆင်းရဲစေမှု၌ အဖန်တလဲလဲ ပြုကျင့်အားထုတ်သူလည်း မဟုတ်သည့်ပြင်၊ သူတစ်ပါးကိုလည်း မပူပန်မဆင်းရဲစေတတ်ဘဲ၊ သူတစ်ပါးကို ပူပန်ဆင်းရဲစေမှု၌ အဖန်တလဲလဲ ပြုကျင့်အားထုတ်သူလည်းမဟုတ်သော ပုဂ္ဂိုလ်သည်ကားမိမိကိုယ်ကိုလည်း မပူပန် မဆင်းရဲစေတတ်၊ သူတစ်ပါးကိုလည်း မပူပန်မဆင်းရဲစေတတ်သည်ဖြစ်၍၊ မျက်မှောက်သော ကိုယ်၏ အဖြစ်၌သာလျှင် ကိလေသာဆာလောင်မွတ်သိပ်ခြင်းမရှိသည် ငြိမ်းချမ်းသည်အေးမြသည် ချမ်းသာသုခကို ခံစားရသည် ဖြစ်၍ မြတ်သောကိုယ်ဖြင့် နေထိုင်ရ၏။ ထိုသူသည် ချမ်းသာကို လိုလား၍ ဆင်းရဲကို စက်ဆုပ်သော မိမိကိုယ်ကိုလည်းကောင်း၊ သူတစ်ပါးကိုလည်းကောင်း ပူပန်စေသူမဟုတ် ဆင်းရဲစေသူမဟုတ်ပါ၊ ဤအကြောင်းကြောင့် ဤသို့သော ပုဂ္ဂိုလ်သည် အကျွန်ုပ်၏ စိတ်ကိုနှစ်သိမ့်စေပါ၏။ အသျှင်ဘုရား ယခုအခါ အကျွန်ုပ်တို့ သွားပါကုန်အံ့၊ အကျွန်ုပ်တို့သည် များသောကိစ္စများသောပြုဖွယ် ရှိပါကုန်၏ဟု (လျှောက်၏)။
ပေဿ ယခုအခါ၌ သွားရန်အချိန်ကို သင်သိ၏ (သွားရန်မှာ သင်၏ အလိုအတိုင်းဖြစ်၏)ဟု (မိန့်တော်မူ၏)။ ထိုအခါ ဆင်ထိန်း၏သား ပေဿသည် မြတ်စွာဘုရားဟောတော်မူအပ်သော စကားကို ဝမ်းမြောက်ဝမ်းသာ လွန်စွာနှစ်သက်၍ နေရာမှ ထကာ မြတ်စွာဘုရားကို ရှိခိုး၍ အရိုအသေပြုပြီးလျှင် ဖဲခွါသွားလေ၏။
၆။ ထိုအခါ မြတ်စွာဘုရားသည် ဆင်ထိန်း၏သား ပေဿ ဖဲခွါသွား၍ မကြာမီပင်လျှင် ရဟန်း တို့ကို—
“ရဟန်းတို့ ဆင်ထိန်း၏သား ပေဿသည် ပညာရှိပေ၏၊ ကြီးမြတ်သော ပညာရှိပေ၏၊ ရဟန်းတို့ဆင်ထိန်း၏သား ပေဿသည် အကယ်၍ ပုဂ္ဂိုလ်လေးယောက်တို့ကို အကျယ်ဝေဖန်၍ ဟောပြီးသည့်တိုင်အောင် တစ်ခဏမျှ ထိုင်နေခဲ့ပါလျှင် များစွာသော အကျိုးစီးပွါးကို ရလေရာ၏၊ ရဟန်းတို့ ဆင်ထိန်း၏သား ပေဿသည် ဤမျှဖြင့်လည်း များစွာသော အကျိုးစီးပွါးကို ရပေပြီ”ဟု မိန့်တော်မူ၏။
ဘုန်းကြီးတော်မူသောမြတ်စွာဘုရား ပုဂ္ဂိုလ်လေးမျိုးတို့ကို အကျယ်အားဖြင့် ဝေဖန်ဟောကြားတော်မူရန် အခါတန်ပါပြီ၊ ကောင်းသောစကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရား ပုဂ္ဂိုလ်လေးမျိုးတို့ကိုအကျယ်အားဖြင့် ဝေဖန်ဟောကြားတော်မူရန် အခါတန်ပါပြီ၊ ပုဂ္ဂိုလ်လေးမျိုးတို့ကို အကျယ်အားဖြင့်ဝေဖန်ဟောကြားတော်မူမည့် မြတ်စွာဘုရား၏ တရားတော်ကို ကြားနာကြရသည်ရှိသော် ရဟန်းတို့သည်ဆောင်ရွက်မှတ်သားကြရပါကုန်လတ္တံ့ဟု (လျှောက်ကုန်၏)။
ရဟန်းတို့ သို့ဖြစ်လျှင် နာကြားကြကုန်လော့၊ ကောင်းစွာ နှလုံးသွင်းကြကုန်လော့၊ (ငါဘုရား) ့ဟောကြားပေအံ့ဟု (မိန့်တော်မူ၏)။ “ကောင်းလှပါပြီ အသျှင်ဘုရား”ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကုန်၏၊ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏—
၇။ ရဟန်းတို့ မိမိကိုယ်ကို ပူပန်ဆင်းရဲစေတတ်သော မိမိကိုယ်ကို ပူပန်ဆင်းရဲစေမှု၌ အဖန်တလဲလဲပြုကျင့်အားထုတ်သော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း— ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည်အဝတ်မဝတ်ဘဲနေ၏၊ လူ့အကျင့်ကို စွန့်၍ (ရပ်လျက် ကျင်ကြီးကျင်ငယ်စွန့်ခြင်းစသည်ကို) ကျင့်၏၊ လက်ဖြင့် (မစင်ကို) သုတ်၏၊ အသျှင် လာလော့ဟု ဆိုသူ၏ ဆွမ်းကို မခံ၊ အသျှင် ရပ်လော့ဟု ဆိုသူ၏ဆွမ်းကို မခံ၊ ရှေးရှုဆောင်လာသော ဆွမ်းကို မခံ၊ ရည်စူး၍ ပြုသောဆွမ်းကို မခံ၊ ပင့်ဖိတ်ဆွမ်းကိုမခံ၊ အိုးဝမှ ခူးလှူသော ဆွမ်းကို မခံ၊ တောင်းဝမှ ခူးလှူသော ဆွမ်းကို မခံ၊ တံခါးခုံ ခြား၍လှူသောဆွမ်းကို မခံ၊ တုတ်ခြား၍ လှူသောဆွမ်းကို မခံ၊ ကျည်ပွေ့ခြား၍ လှူသောဆွမ်းကို မခံ၊ နှစ်ယောက်စားစဉ် လှူသောဆွမ်းကို မခံ၊ ကိုယ်ဝန်ဆောင်မိန်းမ လှူသောဆွမ်းကို မခံ၊ နို့တိုက်ဆဲ မိန်းမလှူသောဆွမ်းကို မခံ၊ ယောကျာ်းနှင့် နှီးနှောနေသော မိန်းမ၏ ဆွမ်းကို မခံ၊ ဆော်သြ၍ လှူသောဆွမ်းကို မခံ၊ ခွေးမျှော်ရာ ဆွမ်းကို မခံ၊ ယင်အုံရာ ဆွမ်းကို မခံ၊ ငါးမစား၊ အမဲမစား၊ သေမသောက်၊ အရက်မသောက်၊ ဖွဲ၌ မြှုပ်သော ဆေးရည်မသောက်၊ တစ်အိမ်၌သာ ဆွမ်းခံ၏၊ တစ်လုတ်သာ စား၏၊ နှစ်အိမ်၌သာ ဆွမ်းခံ၏၊ နှစ်လုတ်သာ စား၏။ပ။ ခုနစ်အိမ်၌သာ ဆွမ်းခံ၏၊ ခုနစ်လုတ်သာ စား၏၊ ခွက်ငယ်တစ်ခုဖြင့်လည်း ရောင့်ရဲ၏၊ ခွက်ငယ်နှစ်ခုဖြင့်လည်း ရောင့်ရဲ၏။ပ။ ခွက်ငယ် ခုနစ်ခုဖြင့်လည်းရောင့်ရဲ၏၊ တစ်ရက်ခြားလည်း အစာစား၏၊ နှစ်ရက်ခြားလည်း အစာစား ၏။ပ။ ခုနစ်ရက်ခြားလည်းအစာစား၏၊ ဤနည်းဖြင့် ဤသို့သဘောရှိသော လဝက်တစ်ကြိမ် အစာစား ခြင်းအကျင့်ကို ကျင့်နေ၏။
ထိုပုဂ္ဂိုလ်သည် ဟင်းရွက်စိမ်းကိုသော်လည်း စား၏၊ ဆန်စိမ်းကိုသော်လည်း စား၏၊ မြက်သီးဆန်ကိုသော်လည်း စား၏၊ သားရေပတ်ကိုသော်လည်း စား၏၊ မှော်ကိုသော်လည်း စား၏၊ ဆန်ကွဲကိုသော်လည်း စား၏၊ ထမင်းချိုးကိုသော်လည်း စား၏၊ နှမ်းမှုန့်ညက်ကိုသော်လည်း စား၏၊ မြက်ကိုသော်လည်း စား၏၊ နွားချေးကိုသော်လည်း စား၏၊ တောသစ်မြစ် သစ်သီးလျှင် အစာရှိသည်ဖြစ်၍ ကြွေကျသော သစ်သီးကို စားလေ့ရှိ၏၊ ထိုပုဂ္ဂိုလ်သည် ပိုက်ဆံလျှော်အဝတ်တို့ကိုသော်လည်း ဆောင်၏၊ ပိုက်ဆံလျှော်ဖြင့် ရောနှောရက်သော အဝတ်တို့ကိုသော်လည်း ဆောင်၏၊ သူသေကောင်အဝတ်တို့ကိုသော်လည်းဆောင်၏၊ ပံ့သကူအဝတ်တို့ကိုသော်လည်း ဆောင်၏၊ သစ်ခေါက်အဝတ်တို့ကိုသော်လည်း ဆောင်၏၊ သစ်နက်ရေကိုသော်လည်း ဆောင်၏၊ သစ်နက်ရေမျှင်အဝတ်ကိုသော်လည်း ဆောင်၏၊ သမန်းမြက်အဝတ်ကိုသော်လည်း ဆောင်၏၊ လျှော်တေအဝတ်ကိုသော်လည်း ဆောင်၏၊ ပျဉ်ချပ်အဝတ်ကိုသော်လည်းဆောင်၏၊ ဆံခြည်ကမ္ဗလာကိုသော်လည်း ဆောင်၏၊ သားမြီးကမ္ဗလာကိုသော်လည်း ဆောင်၏၊ ခင်ပုပ်ငှက် တောင်အဝတ်ကိုသော်လည်း ဆောင်၏၊ ဆံမုတ်ဆိတ်ကိုသော်လည်း နုတ်၏၊ ဆံမုတ်ဆိတ်နုတ်ခြင်းအမှု ကိုသော်လည်း ပြုနေ၏၊ နေရာကို ပယ်၍ မတ်မတ်ရပ်၍သော်လည်း နေ၏၊ ဆောင့်ကြောင့်သော်လည်း ထိုင်၏၊ ဆောင့်ကြောင့်ထိုင်ခြင်းအမှုကိုသော်လည်း ပြုနေ၏၊ ဆူးအခင်းပေါ်၌သော်လည်း နေ၏၊ ဆူးအခင်း ပေါ်၌ အိပ်၏၊ ညနေချမ်းလျှင် သုံးကြိမ်မြောက် ရေသို့သက်ဆင်းခြင်းအမှုကိုသော်လည်း ပြုနေ၏။ ဤဆိုအပ်ပြီးသောနည်းဖြင့် ဤသို့ သဘောရှိသောများစွာသော ကိုယ်ခန္ဓာကို ပူပန်စေမှု အဖန်ဖန် ဆင်းရဲစေမှု၌ အားထုတ်သည်ဖြစ်၍ နေထိုင်၏။ ရဟန်းတို့ ဤပုဂ္ဂိုလ်မျိုးကို မိမိကိုယ်ကို ပူပန်ဆင်းရဲစေ တတ်သော မိမိကိုယ်ကို ပူပန်ဆင်းရဲစေမှု၌အဖန်တလဲလဲ ပြုကျင့်အားထုတ်တတ်သော ပုဂ္ဂိုလ်ဟူ၍ ဆိုရ၏။
၈။ ရဟန်းတို့ သူတစ်ပါးကို ပူပန်ဆင်းရဲစေတတ်သော သူတစ်ပါးကို ပူပန်ဆင်းရဲစေမှု၌ အဖန် တလဲလဲပြုကျင့်အားထုတ်သော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း— ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည်သိုးသတ်သမားဖြစ်၏၊ ဝက်သတ်သမားဖြစ်၏၊ ငှက်သတ်သမားဖြစ်၏၊ သားသတ်သမား ဖြစ်၏၊ ကြမ်းကြုတ်သူ ဖြစ်၏၊ တံငါသည်ဖြစ်၏၊ သူခိုးဖြစ်၏၊ သူခိုးသတ်သမားဖြစ်၏၊ နွားသတ်သမား ဖြစ်၏၊ ထောင်ပိုင် အာဏာမှူး အာဏာသားဖြစ်၏၊ ထိုမှတစ်ပါး ကြမ်းကြုတ်သော အမှုတို့ကို ပြုလုပ်သူအားလုံးတို့ပေတည်း။ ရဟန်းတို့ ဤပုဂ္ဂိုလ်မျိုးကို သူတစ်ပါးတို့ကို ပူပန်ဆင်းရဲစေတတ်သော သူတစ်ပါးတို့ကို ပူပန်ဆင်းရဲစေမှု၌ အဖန်တလဲလဲ ပြုကျင့်အားထုတ်သော ပုဂ္ဂိုလ်ဟူ၍ ဆိုရ၏။
၉။ ရဟန်းတို့ မိမိကိုယ်ကို ပူပန်ဆင်းရဲစေတတ်သည်ဖြစ်၍၊ မိမိကိုယ်ကို ပူပန်ဆင်းရဲစေမှု၌ အဖန်တလဲလဲ ပြုကျင့်အားထုတ်သူဖြစ်သည့်ပြင်၊ သူတစ်ပါးကိုလည်း ပူပန်ဆင်းရဲစေတတ်သည်ဖြစ်၍၊ သူတစ်ပါးကို ပူပန်ဆင်းရဲစေမှု၌ အဖန်တလဲလဲ ပြုကျင့်အားထုတ်သော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း။ ရဟန်းတို့ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ရေမြေကို အစိုးရ၍ ထိပ်ထက်၌ အဘိသိက်သွန်းလောင်းအပ်သော ဘုရင်မင်းမြတ်သော်လည်း ဖြစ်၏၊ များစွာသော ဥစ္စာနှစ်ရှိသော ဗြာဟ္မဏမျိုး (ပုဏ္ဏားမျိုး) သော်လည်းဖြစ်၏၊ ထိုသို့သဘောရှိသော ပုဂ္ဂိုလ်မျိုးသည် မြို့၏ အရှေ့မျက်နှာအရပ်၌ ယဇ်ပူဇော်ရာ အိမ်သစ်ကိုဆောက်လုပ်စေ၍ ဆံမုတ်ဆိတ်ကို ရိတ်ပယ်ပြီးလျှင် ခွါနှင့်တကွသော သစ်နက်ရေကို ဝတ်ရုံပြီးနောက်ထောပတ်ဆီတို့ဖြင့် ကိုယ်ကို သုတ်လိမ်း၍ သားကောင်ဦးချိုဖြင့် ကျောက်ကုန်းကို အယားဖျောက်လျက်မိဖုရားကြီး ပုရောဟိတ်ပုဏ္ဏားကြီးတို့နှင့်အတူ ယဇ်ပူဇော်ရာ အိမ်သစ်သို့ ဝင်၏။ ထိုမင်းသည် ထိုယဇ်ပူဇော်ရာ အိမ်သစ်၌ နွားချေးစိုဖြင့် လိမ်းကျံထားသည့် အခင်းမရှိသော မြေ၌ အိပ်၏။ အဆင်းအရောင်အားဖြင့် အမိနှင့်တူသော သားငယ်ရှိသော တစ်ကောင်သော နွားမ၏ နို့တစ်တိုင်မှ ထွက်သော နို့ရည်ဖြင့်မင်းသည် မျှတ၏၊ ဒုတိယနို့တိုင်မှ ထွက်သော နို့ရည်ဖြင့် မိဖုရားကြီးသည် မျှတ၏။ တတိယ နို့တိုင်မှထွက်သော နို့ရည်ဖြင့် ပုရောဟိတ်ပုဏ္ဏားကြီးသည် မျှတ၏။ စတုတ္ထ နို့တိုင်မှ ထွက်သော နို့ရည်ဖြင့်မီးပူဇော်၏။ ကြွင်းကျန်သော နို့ရည်ဖြင့် နွားငယ်သည် မျှတရ၏။ ထိုမင်းသည် ဤသို့ မိန့်ဆို၏—“ယဇ်ပူဇော်ခြင်းအကျိုးငှါ ဤမျှသော နွားလားတို့ကို သတ်ကြကုန်လော့၊ ယဇ်ပူဇော်ခြင်းအကျိုးငှါ ဤမျှသော နွားပေါက်တို့ကို သတ်ကြကုန်လော့၊ ယဇ်ပူဇော်ခြင်း အကျိုးငှါ ဤမျှသော နွားမတမ်းတို့ကိုသတ် ကြကုန်လော့၊ ယဇ်ပူဇော်ခြင်းအကျိုးငှါ ဤမျှသော ဆိတ်တို့ကို သတ်ကြကုန်လော့၊ ယဇ်ပူဇော်ခြင်း အကျိုးငှါ ဤမျှသော သိုးတို့ကို သတ်ကြကုန်လော့၊ ယဇ်ပူဇော်ခြင်းအကျိုးငှါ ဤမျှသောမြင်းတို့ကို သတ်ကြကုန်လော့၊ ယဇ်ပူဇော်ခြင်းအကျိုးငှါ ဤမျှသော သစ်ပင်တို့ကို ခုတ်ဖြတ်ကြကုန်လော့၊ အကာအရံ ပြုခြင်း ယဇ်မြေပြင်၌ ခင်းခြင်းအလို့ငှါ ဤမျှသော မြေဇာမြက်တို့ကို ရိတ်ကြကုန်လော့”ဟု (မိန့်ဆို၏)။
ထိုမင်း၏ ကျေးကျွန် အစေခံ အလုပ်သမားတို့သည်လည်း အပြစ်ဒဏ်ဖြင့်လည်းကောင်း၊ ဘေးဖြင့်လည်းကောင်း အခြိမ်းအခြောက် ခံကြရကုန်သည်ဖြစ်၍ မျက်ရည်ပြည့်သော မျက်နှာဖြင့် ငိုကြွေးကုန်လျက်အမှုကြီးငယ်တို့ကို ပြုလုပ်ကြရကုန်၏။ ရဟန်းတို့ ဤပုဂ္ဂိုလ်မျိုးကို မိမိကိုယ်ကို ပူပန်ဆင်းရဲစေတတ်သည်ဖြစ်၍ မိမိကိုယ်ကို ပူပန်ဆင်းရဲစေမှု၌ အဖန်တလဲလဲ ပြုကျင့်အားထုတ်သူဖြစ်သည့်ပြင် သူတစ်ပါးကိုလည်း ပူပန်ဆင်းရဲစေတတ်သည်ဖြစ်၍ သူတစ်ပါးကို ပူပန်ဆင်းရဲစေမှု၌ အဖန်တလဲလဲ ပြုကျင့်အားထုတ်သော ပုဂ္ဂိုလ်ဟူ၍ ဆိုရ၏။
၁ဝ။ ရဟန်းတို့ မိမိကိုယ်ကို ပူပန်ဆင်းရဲစေတတ်သူ မဟုတ်သည့်ပြင် မိမိကိုယ်ကို ပူပန်ဆင်းရဲစေ မှု၌အဖန်တလဲလဲ ပြုကျင့်အားထုတ်သူ မဟုတ်သည်သာမက သူတစ်ပါးကို ပူပန်ဆင်းရဲစေတတ်သူမဟုတ်သည့်ပြင် သူတစ်ပါးကို ပူပန်ဆင်းရဲစေမှု၌ အဖန်တလဲလဲ ပြုကျင့်အားမထုတ်သော ပုဂ္ဂိုလ်မျိုးဖြစ်သော မိမိကိုယ်ကိုလည်း မပူပန်မဆင်းရဲစေတတ်, သူတစ်ပါးကိုလည်း မပူပန်မဆင်းရဲစေတတ်သောသူဖြစ်၍ မျက်မှောက်သော ကိုယ်၏ အဖြစ်၌သာလျှင် ကိလေသာဆာလောင်မွတ်သိပ်မှုမရှိသည် ငြိမ်းချမ်းသည် အေးမြသည် ချမ်းသာသုခကို ခံစားရသည် ဖြစ်၍ မြတ်သောကိုယ်ဖြင့် နေထိုင်ရသော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း။
ရဟန်းတို့ ဤလောက၌ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော၊ အသိဉာဏ် ‘ဝိဇ္ဇာ’ အကျင့် ‘စရဏ’ နှင့် ပြည့်စုံတော်မူသော၊ ကောင်းသောစကားကို ဆိုတော်မူတတ်သော၊ လောကကို သိတော်မူသော၊ ဆုံးမထိုက်သောသူကို ဆုံးမတတ်သည့်အတုမဲ့လွန်မြတ်သော ပုဂ္ဂိုလ်ဖြစ်တော်မူသော၊ နတ်လူတို့၏ ဆရာဖြစ်တော်မူသော၊ သစ္စာလေးပါးတရားတို့ကို ကိုယ်တိုင် သိ၍ သူတစ်ပါးကို သိစေတော်မူသော၊ ဘုန်းတန်ခိုးကြီးတော်မူသော မြတ်စွာဘုရားသည် ပွင့်တော်မူ၏၊ ထိုမြတ်စွာဘုရားသည် နတ်နှင့် တကွသော မာရ်နတ်နှင့်တကွသော ဗြဟ္မာနှင့်တကွသော ဤသြကာသလောကကိုလည်းကောင်း သမဏဗြာဟ္မဏ မင်းများ လူများနှင့်တကွသော ဤသတ္တလောကကိုလည်းကောင်း ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုလျက် ဟောကြားတော်မူ၏၊ ထိုမြတ်စွာဘုရားသည် အစ၏ကောင်းခြင်း အလယ်၏ကောင်းခြင်း အဆုံး၏ ကောင်းခြင်းရှိသောအနက်နှင့်ပြည့်စုံသော သဒ္ဒါနှင့်ပြည့်စုံသော တရားကို ဟောတော်မူ၏၊ အလုံးစုံပြည့်စုံသော စင်ကြယ်သောမြတ်သော အကျင့်ကို ပြတော်မူ၏။
ထိုတရားတော်ကို သူကြွယ်သည်လည်းကောင်း၊ သူကြွယ်သားသည်လည်းကောင် အခြားဇာတ်တစ်မျိုးမျိုး၌ ဖြစ်သောသူသည်လည်းကောင်း ကြားနာရ၏၊ ထိုသူသည် ထိုတရားတော်ကို ကြားနာရ၍မြတ်စွာဘုရား၌ ယုံကြည်မှုကိုရ၏၊ ထိုသူသည် ထိုယုံကြည်မှုကို ရသည်ဖြစ်၍ ဤသို့ ဆင်ခြင်၏—“လူ့ဘောင်၌ နေရခြင်းသည် ကျဉ်းမြောင်း၏၊ (ကိလေသာ) မြူထရာ လမ်းကြောင်းဖြစ်၏၊ ရဟန်းအဖြစ်သည် လွင်ပြင်နှင့် တူ၏၊ လူ့ဘောင်၌ နေသူသည် ဤမြတ်သော အကျင့်ကို စင်စစ်ပြည့်စုံစွာ စင်စစ်စင်ကြယ်စွာ ခရုသင်းပွတ်သစ်နှင့် တူစွာ ကျင့်ခြင်းငှါ မလွယ်၊ ငါသည် ဆံမုတ်ဆိတ်ကို ပယ်ပြီးလျှင်ဖန်ရည်ဆိုးသော အဝတ်တို့ကို ဝတ်၍ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ရမှု ကောင်းလေစွ”ဟု (ဆင်ခြင်၏)။
ထိုသူသည် နောင်အခါ နည်းသောဥစ္စာစုကို စွန့်၍ဖြစ်စေ၊ များသောဥစ္စာစုကို စွန့်၍ဖြစ်စေ၊ နည်း သောဆွေမျိုးစုကို စွန့်၍ဖြစ်စေ၊ များသောဆွေမျိုးစုကို စွန့်၍ဖြစ်စေ ဆံမုတ်ဆိတ်ကို ပယ်ပြီးလျှင်ဖန်ရည်ဆိုးသော အဝတ်တို့ကို ဝတ်၍ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်၏။
၁၁။ ထိုသူသည် ဤသို့ ရဟန်း ပြုပြီးသည်ရှိသော် ရဟန်းတို့၏ (ရဟန်းအကျင့်, ရဟန်းအသက်ဟူသော) သိက္ခာ, သာဇီဝသို့ ရောက်သည်ဖြစ်၍ အသက်သတ်ခြင်းကို ပယ်၏၊ အသက်သတ်ခြင်းမှရှောင်ကြဉ်၏၊ တုတ်ကို ချထားပြီးဖြစ်၏၊ လက်နက်ကို ချထားပြီးဖြစ်၏၊ ရှက်ခြင်းရှိ၏၊ သနားတတ်၏၊ ခပ်သိပ်းသောသတ္တဝါတို့၏ အစီးအပွါးကို လိုလားလျက် နေ၏။
မပေးသည်ကိုယူခြင်းကို ပယ်၍ မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်၏၊ ပေးသည်ကိုသာ ယူ၏၊ ပေးသည်ကိုသာ အလိုရှိ၏၊ မခိုးမဝှက် စင်ကြယ်သော ကိုယ်ဖြင့် နေ၏။
မမြတ်သောအကျင့်ကို ပယ်၍ မြတ်သောအကျင့်ကို ကျင့်၏၊ ယုတ်သောအကျင့်ကို ကျင့်လေ့မရှိ၊ ရွာသူတို့၏ အလေ့ဖြစ်သော မေထုန်အကျင့်မှ ရှောင်ကြဉ်၏။
မဟုတ်မမှန် ပြောခြင်းကို ပယ်၍ မဟုတ်မမှန် ပြောခြင်းမှ ရှောင်ကြဉ်၏၊ အမှန်ကိုသာ ဆိုလေ့ရှိ၏၊ မှန်သော စကားချင်း ဆက်စပ်စေ၏၊ တည်သော စကားရှိ၏၊ ယုံကြည်ထိုက်သော စကားရှိ၏၊ လောက ကို လှည့်စားတတ်သူ မဟုတ်။
ကုန်းစကားကို ပယ်၍ ကုန်းစကားမှ ရှောင်ကြဉ်၏၊ ဤသူတို့ထံမှ နားထောင်၍ (ထိုသူတို့နှင့်) ဤသူတို့ ကွဲပြားခြင်းငှါ ထိုသူတို့ထံ၌ မပြောတတ်၊ ထိုသူတို့ထံမှ နားထောင်၍ ဤသူတို့နှင့် ထိုသူတို့ကွဲပြားခြင်းငှါ ဤသူတို့ထံ၌ မပြောတတ်၊ ဤသို့ ကွဲပြားသူတို့ကိုလည်း စေ့စပ်တတ်၏၊ ညီညွတ်သူတို့ကိုလည်း အားပေးတတ်၏၊ ညီညွတ်ခြင်း၌ မွေ့လျော်၏၊ ညီညွတ်ခြင်း၌ ပျော်ပိုက်၏၊ ညီညွတ်ခြင်းကိုနှစ်သက်၏၊ ညီညွတ်ခြင်းကို ပြုသောစကားကို ဆိုလေ့ရှိ၏။
ကြမ်းသော စကားကို ပယ်၍ ကြမ်းသော စကားမှ ရှောင်ကြဉ်၏၊ အကြင်စကားသည် အပြစ်ကင်း ၏၊ နားချမ်းသာ၏၊ နှစ်လိုဖွယ်ရှိ၏၊ နှလုံးသို့ သက်၏၊ ယဉ်ကျေး၏၊ လူအများ နှစ်သက်၏၊ လူအများနှစ်ခြိုက်၏၊ ထိုသို့သဘောရှိသော စကားကိုသာ ဆို၏။
ပြိန်ဖျင်းသော စကားကို ပယ်၍ ပြိန်ဖျင်းသော စကားမှ ရှောင်ကြဉ်၏၊ (သင့်သော) အခါ၌သာဆိုလေ့ရှိ၏၊ဟုတ်သည်ကိုသာ ဆိုလေ့ရှိ၏၊ အကျိုးနှင့် စပ်သည်ကိုသာ ဆိုလေ့ရှိ၏၊ တရားနှင့်စပ်သည်ကိုသာ ဆိုလေ့ရှိ၏၊ အဆုံးအမနှင့်စပ်သည်ကိုသာ ဆိုလေ့ရှိ၏၊ (သင့်သော) အခါအကြောင်းနှင့်တကွသော အပိုင်းအခြားရှိသော အစီးအပွါးနှင့်စပ်သော မှတ်သားလောက်သော စကားကိုသာ ဆိုလေ့ရှိ၏။
ထိုပုဂ္ဂိုလ်သည် မျိုးစေ့အပေါင်း အပင်အပေါင်းကို ဖျက်ဆီးခြင်းမှ ရှောင်ကြဉ်၏၊ ဆွမ်းတစ်နပ်သာစားလေ့ရှိ၏၊ ညစာစားခြင်းမှ ရှောင်ကြဉ်၏၊ နေလွဲစားခြင်းမှ ရှောင်ကြဉ်၏၊ ကခြင်း သီခြင်း တီးမှုတ်ခြင်း (သူတော်ကောင်းတရား၏) ဆူးငြောင့်ဖြစ်သော ပွဲကြည့်ခြင်းမှ ရှောင်ကြဉ်၏၊ ပန်းပန်ခြင်း နံ့သာခြယ်ခြင်း နံ့သာပျောင်းလိမ်းခြင်းမှ ရှောင်ကြဉ်၏၊ မြင့်သောနေရာ မြတ်သောနေရာမှ ရှောင်ကြဉ်၏၊ ရွှေငွေ ကို ခံယူခြင်းမှ ရှောင်ကြဉ်၏၊ ကောက်စိမ်းကို ခံယူခြင်းမှ ရှောင်ကြဉ်၏၊ အသားစိမ်းကိုခံယူခြင်းမှ ရှောင်ကြဉ်၏၊ မိန်းမအို မိန်းမပျိုကို ခံယူခြင်းမှ ရှောင်ကြဉ်၏၊ ကျွန်မိန်းမ ကျွန်ယောကျာ်းကိုခံယူခြင်းမှ ရှောင်ကြဉ်၏၊ ဆိတ်နှင့် သိုးကို ခံယူခြင်းမှ ရှောင်ကြဉ်၏၊ ကြက် ဝက်ကို ခံယူခြင်းမှရှောင်ကြဉ်၏၊ ဆင် နွား မြင်း မြည်းကို ခံယူခြင်းမှ ရှောင်ကြဉ်၏၊ လယ်နှင့် ယာကို ခံယူခြင်းမှရှောင်ကြဉ်၏၊ တမန်အမှု အစေအပါးအမှုကို ဆောင်ရွက်ခြင်းမှ ရှောင်ကြဉ်၏၊ ဝယ်မှု ရောင်းမှုမှရှောင်ကြဉ်၏၊ ချိန်စဉ်းလဲ အသပြာစဉ်းလဲ ခြင်တွယ်တိုင်းတာစဉ်းလဲခြင်းမှ ရှောင်ကြဉ်၏၊ တံစိုးယူခြင်းလှည့်ဖြားခြင်း အတုပြုခြင်း တည်းဟူသော ကောက်ကျစ်ခြင်းမှ ရှောင်ကြဉ်၏၊ ဖြတ်ခြင်း သတ်ခြင်းနှောင်ဖွဲ့ခြင်း (ခရီးသွားတို့ကို) လုယက်ခြင်း (ရွာနိဂုံးတို့ကို) ဖျက်ဆီးခြင်း ဓားပြတိုက်ခြင်းမှရှောင်ကြဉ်၏။
ထိုရဟန်းသည် ကိုယ်ကိုမျှတစေနိုင်ရုံသော သင်္ကန်းဖြင့် ဝမ်းကိုမျှတစေနိုင်ရုံသော ဆွမ်းဖြင့် ရောင့်ရဲ ၏။ ထိုရဟန်းသည် သွားလေရာရာသို့ (ကိုယ်နှင့်အတူ ပါမြဲပရိက္ခရာမျှသာ ရှိသဖြင့်) တပါတည်း ယူပြီးဖြစ်၍သာလျှင် သွား၏။ ဥပမာသော်ကား အတောင်ရှိသော ငှက်သည် ပျံလေရာရာသို့ မိမိအတောင်သာဝန်ရှိသည်ဖြစ်၍ ပျံသကဲ့သို့ ဤအတူ ရဟန်းသည် ကိုယ်ကိုမျှတစေနိုင်ရုံသော သင်္ကန်းဖြင့် ဝမ်းကိုမျှတစေနိုင်ရုံသော ဆွမ်းဖြင့် ရောင့်ရဲ၏။ ထိုရဟန်းသည် သွားလေရာရာသို့ (ကိုယ်နှင့်အတူ ပါမြဲပရိက္ခရာမျှသာရှိသဖြင့်) တပါတည်း ယူပြီးဖြစ်၍သာလျှင် သွား၏။ ထိုရဟန်းသည် ဤမြတ်သော သီလအစုနှင့် ပြည့်စုံသည်ဖြစ်၍ အတွင်းအဇ္ဈတ္တသန္တာန်၌ အပြစ်မရှိသော ချမ်းသာကို ခံစားရ၏။
၁၂။ ထိုရဟန်းသည် မျက်စိဖြင့် အဆင်း ‘ရူပါရုံ’ ကို မြင်သော် (မိန်းမယောကျာ်းစသော) သဏ္ဌာန်နိမိတ်ကို စွဲယူလေ့မရှိ၊ (လက်ခြေစသော အင်္ဂါ ပြုံးဟန်ရယ်ဟန်စသော အမူအရာ) အမှတ်လက္ခဏာကိုစွဲယူလေ့မရှိ၊ အကယ်၍ စက္ခုန္ဒြေကို မစောင့်စည်းဘဲနေလျှင် ယင်း (စက္ခုန္ဒြေကို မစောင့်စည်းခြင်းဟူသော) အကြောင်းကြောင့် မက်မောခြင်း ‘အဘိဇ္ဈာ’ နှလုံးမသာခြင်း ‘ဒေါမနဿ’ ဟူသော ယုတ်ညံ့သောအကုသိုလ်တရားတို့သည် ထိုမစောင့်စည်းသူကို လိုက်၍ နှိပ်စက်ကုန်ရာ၏၊ (ထို့ကြောင့် ရဟန်းသည်) ထိုစက္ခုန္ဒြေကို စောင့်စည်းခြင်းငှါ ကျင့်၏၊ စက္ခုန္ဒြေကို စောင့်ရှောက်၏၊ စက္ခုန္ဒြေ၌ စောင့်စည်းခြင်းသို့ရောက်၏။ နားဖြင့် အသံ ‘သဒ္ဒါရုံ’ ကို ကြားသော်။ပ။ နှာခေါင်းဖြင့် အနံ့ ‘ဂန္ဓာရုံ’ ကို နမ်းသော်။ပ။ လျှာဖြင့် အရသာ ‘ရသာရုံ’ ကို လျက်သော်။ပ။ ကိုယ်ဖြင့် အတွေ့ ‘ဖောဋ္ဌဗ္ဗာရုံ’ကို တွေ့ထိသော်။ပ။
စိတ်ဖြင့် သဘော ‘ဓမ္မာရုံ’ ကို သိသော် (မိန်းမ ယောကျာ်းစသော) သဏ္ဌာန်နိမိတ်ကို စွဲယူလေ့မရှိ၊ (လက် ခြေစသော အင်္ဂါ ပြုံးဟန်ရယ်ဟန်စသော အမူအရာ) အမှတ်လက္ခဏာကို စွဲယူလေ့မရှိ၊ အကယ်၍ မနိန္ဒြေကို မစောင့်စည်းဘဲနေလျှင် ယင်း (မနိန္ဒြေကို မစောင်စည်းခြင်းဟူသော) အကြောင်းကြောင့်မက်မော ခြင်း ‘အဘိဇ္ဈာ’ နှလုံးမသာခြင်း ‘ဒေါမနဿ’ ဟူသော ယုတ်ညံ့သော အကုသိုလ်တရားတို့သည်ထိုမစောင့် စည်းသူကို လိုက်၍ နှိပ်စက်ကုန်ရာ၏၊ (ထို့ကြောင့် ရဟန်းသည်) ထိုမနိန္ဒြေကိုစောင့်စည်းခြင်းငှါ ကျင့်၏၊ မနိန္ဒြေကို စောင့်ရှောက်၏၊ မနိန္ဒြေ၌ စောင့်စည်းခြင်းသို့ ရောက်၏။ ထို (ရဟန်း) သည် ဤ မြတ်သော ဣန္ဒြေကို စောင့်စည်းခြင်းနှင့် ပြည့်စုံသည်ဖြစ်၍ မိမိသန္တာန်၌ ကိလေသာနှင့် မရောသော ချမ်းသာကို ခံစားရ၏။
ထိုရဟန်းသည် ရှေ့သို့တက်ရာ နောက်သို့ဆုတ်ရာ၌ ဆင်ခြင်လျက် ပြုလေ့ရှိ၏၊ တူရူကြည့်ရာတစောင်းကြည့်ရာ၌ ဆင်ခြင်လျက် ပြုလေ့ရှိ၏၊ ကွေးရာ ဆန့်ရာ၌ ဆင်ခြင်လျက် ပြုလေ့ရှိ၏၊ ဒုကုဋ်သပိတ်သင်္ကန်းကို ဆောင်ရာ၌ ဆင်ခြင်လျက် ပြုလေ့ရှိ၏၊ စားရာ သောက်ရာ ခဲရာ လျက်ရာ၌ ဆင်ခြင်လျက် ပြုလေ့ရှိ၏၊ ကျင်ကြီး ကျင်ငယ် စွန့်ရာ၌ ဆင်ခြင်လျက် ပြုလေ့ရှိ၏၊ သွားရာ ရပ်ရာ ထိုင်ရာအိပ်ရာ နိုးရာ ပြောရာ ဆိတ်ဆိတ်နေရာ၌ ဆင်ခြင်လျက် ပြုလေ့ရှိ၏။
၁၃။ ထိုရဟန်းသည် ဤမြတ်သော သီလအစုနှင့်လည်း ပြည့်စုံသည်ဖြစ်၍ ဤမြတ်သော ရောင့်ရဲခြင်းနှင့်လည်း ပြည့်စုံသည်ဖြစ်၍ ဤမြတ်သော ဣန္ဒြေစောင့်စည်းခြင်းနှင့်လည်း ပြည့်စုံသည်ဖြစ်၍ ဤမြတ်သော သတိသမ္ပဇဉ်နှင့်လည်း ပြည့်စုံသည်ဖြစ်၍ တော၊ သစ်ပင်ရင်း၊ တောင်၊ ချောက်၊ တောင်ခေါင်း၊ သင်းချိုင်း၊ တောအုပ်၊ လွင်ပြင်၊ ကောက်ရိုးပုံဟူသော ဆိတ်ငြိမ်သော အိပ်ရာနေရာကို မှီဝဲ၏။
ထိုရဟန်းသည် ဆွမ်းခံရာမှ ပြန်ခဲ့၍ ဆွမ်းစားပြီးနောက် ထက်ဝယ်ဖွဲ့ခွေပြီးလျှင် ကိုယ်ကို ဖြောင့်မတ်စွာ ထား၍ ကမ္မဋ္ဌာန်းသို့ရှေးရှု သတိကို ဖြစ်စေလျက် ထိုင်၏၊ ထိုရဟန်းသည် (ဥပါဒါနက္ခန္ဓာငါးပါးတည်းဟူသော) လောက၌ မက်မောခြင်း ‘အဘိဇ္ဈာ’ ကို ပယ်၍ မက်မောခြင်း ‘အဘိဇ္ဈာ’ မှ ကင်းသောစိတ်ဖြင့် နေ၏၊ မက်မောခြင်း ‘အဘိဇ္ဈာ’ မှ စိတ်ကို စင်ကြယ်စေ၏။ ပျက်စီးစေလိုသော ဒေါသကို ပယ်၍မပျက်စီးစေလိုသော စိတ်ရှိသည် ဖြစ်၍ ခပ်သိမ်းသော သတ္တဝါတို့၏ အစီးအပွါးကို လိုလားလျက် နေ၏၊ ပျက်စီးစေလိုသော ပြစ်မှားမှုမှ စိတ်ကို စင်ကြယ်စေ၏၊ လေးလံထိုင်းမှိုင်းခြင်း ‘ထိနမိဒ္ဓ’ ကို ပယ်၍လေးလံထိုင်းမှိုင်းခြင်း ‘ထိနမိဒ္ဓ’ မှ ကင်းသည်ဖြစ်၍ အလင်းရောင်ကို မှတ်ခြင်းရှိသည်ဖြစ်၍ သတိရှိသည်ဖြစ်၍ ဆင်ခြင်ဉာဏ်ရှိသည်ဖြစ်၍ နေ၏၊ လေးလံထိုင်းမှိုင်းခြင်း ‘ထိနမိဒ္ဓ’ မှ စိတ်ကို စင်ကြယ်စေ၏။ ပျံ့လွင့်ခြင်း’ဥဒ္ဓစ္စ’ နောင်တတစ်ဖန် ပူပန်ခြင်း ‘ကုက္ကုစ္စ’ကို ပယ်၍ အတွင်းသန္တာန်၌ ငြိမ်သက်သော စိတ်ရှိသည်ဖြစ်၍ မပျံ့လွင့်သည်ဖြစ်၍ နေ၏၊ ပျံ့လွင့်ခြင်း ‘ဥဒ္ဓစ္စ’ နောင်တ တစ်ဖန် ပူပန်ခြင်း ‘ကုက္ကုစ္စ’ မှ စိတ်ကိုစင်ကြယ်စေ၏။ ယုံမှားခြင်း ‘ဝိစိကိစ္ဆာ’ ကိုပယ်၍ ယုံမှားခြင် ‘ဝိစိကိစ္ဆာ’ ကို လွန်မြောက်သည်ဖြစ်၍ ကုသိုလ်တရားတို့၌ သို့လော သို့လော မရှိသည်ဖြစ်၍ နေ၏၊ ယုံမှားခြင်း ‘ဝိစိကိစ္ဆာ’ မှ စိတ်ကို စင်ကြယ်စေ၏။
ထိုရဟန်းသည် စိတ်ညစ်ညူးခြင်းကို ဖြစ်စေတတ်ကုန်သော၊ ပညာ၏ အားနည်းခြင်းကို ပြုတတ်ကုန်သော နီဝရဏတရားငါးပါးတို့ကို ပယ်ဖျောက်၍ ကာမဂုဏ်တို့မှ ကင်းဆိတ်၍သာလျှင် အကုသိုလ်တရားတို့မှ ကင်းဆိတ်၍သာလျှင်ကြံစည်ခြင်း ‘ဝိတက်’ နှင့် တကွဖြစ်သော၊ သုံးသပ်ဆင်ခြင်ခြင်း ‘ဝိစာရ’ နှင့် တကွဖြစ်သော၊ (နီဝရဏ) ကင်းခြင်းကြောင့်ဖြစ်သော၊ နှစ်သိမ့်ခြင်း ‘ပီတိ’ချမ်းသာခြင်း ‘သုခ’ ရှိသော ပဌမဈာန်သို့ ရောက်၍ နေ၏။
ဝိတက် ဝိစာရငြိမ်းခြင်းကြောင့် မိမိသန္တာန်၌ စိတ်ကို ကြည်လင်စေတတ်သော၊ စိတ်၏ တည်ကြည် ခြင်း’သမာဓိ’ ကို ဖြစ်ပွါးစေတတ်သော၊ ကြံစည်ခြင်း ‘ဝိတက်’ မရှိသော၊ သုံးသပ်ဆင်ခြင်ခြင်း ‘ဝိစာရ’ မရှိသော၊ တည်ကြည်ခြင်း ‘သမာဓိ’ ကြောင့်ဖြစ်သော၊ နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ ရှိသော ဒုတိယဈာန်သို့ ရောက်၍ နေ၏။
နှစ်သိမ့်ခြင်း ‘ပီတိ’ကိုလည်း မတပ်မက်ခြင်းကြောင့် အောက်မေ့ခြင်း ‘သတိ’ ဆင်ခြင်ခြင်း ‘သမ္ပဇဉ်’ နှင့်ပြည့်စုံသည်ဖြစ်၍ လျစ်လျူရူလျက် နေ၏၊ ချမ်းသာခြင်း ‘သုခ’ကိုလည်း ကိုယ်ဖြင့် ခံစား၏၊ အကြင့်တတိယဈာန်ကြောင့် ထိုသူ့ကို “လျစ်လျူရှုသူ သတိရှိသူ ချမ်းသာစွာနေလေ့ရှိသူ”ဟု အရိယာပုဂ္ဂိုလ်တို့သည် ပြောကြားကုန်၏၊ ထိုတတိယဈာန်သို့ ရောက်၍ နေ၏။
ချမ်းသာဆင်းရဲကို ပယ်ခြင်းကြောင့်လည်းကောင်း၊ ရှေးဦးကပင်လျှင် ဝမ်းသာခြင်း နှလုံးမသာခြင်း တို့၏ချုပ်နှင့်ခြင်းကြောင့်လည်းကောင်း ဆင်းရဲချမ်းသာမရှိသော လျစ်လျူရှုမှု ‘ဥပေက္ခာ’ ကြောင့်ဖြစ်သည့်သတိ၏ စင်ကြယ်ခြင်းရှိသော စတုတ္တဈာန်သို့ ရောက်၍ နေ၏။
၁၄။ ဤသို့ တည်ကြည်သော စိတ်သည် စင်ကြယ်လတ်သော် ဖြူစင်လတ်သော် ညစ်ကြေးမရှိလတ်သော် ညစ်ညူးခြင်းကင်းလတ်သော် နူးညံ့လတ်သော် ပြုတိုင်းရလတ်သော် တည်တံ့လတ်သော် မတုန်လှုပ်ခြင်းသို့ ရောက်လတ်သော် ထို (ရဟန်း) သည် ရှေး၌ဖြစ်ဖူးသော ဘဝကို အောက်မေ့နိုင်သော ‘ပုဗ္ဗေနိဝါသာနုဿတိ’ ဉာဏ်အလို့ငှါ စိတ်ကို ရှေးရှုညွတ်စေ၏။ ထို (ရဟန်း) သည် များပြားသော ရှေး၌ဖြစ်ဖူးသောဘဝကို အောက်မေ့နိုင်၏၊ ဤသည်ကား အဘယ်နည်း။
တစ်ဘဝကိုလည်းကောင်း၊ နှစ်ဘဝတို့ကိုလည်းကောင်း၊ သုံးဘဝတို့ကိုလည်းကောင်း၊ လေးဘဝတို့ကိုလည်းကောင်း၊ ငါးဘဝတို့ကိုလည်းကောင်း၊ ဆယ်ဘဝတို့ကိုလည်းကောင်း၊ ဘဝနှစ်ဆယ်တို့ကိုလည်းကောင်း၊ ဘဝသုံးဆယ်တို့ကိုလည်းကောင်း၊ ဘဝလေးဆယ်တို့ကိုလည်းကောင်း၊ ဘဝငါးဆယ်တို့ကိုလည်းကောင်း၊ ဘဝတစ်ရာကိုလည်းကောင်း၊ ဘဝတစ်ထောင်ကိုလည်းကောင်း၊ ဘဝတစ်သိန်းကိုလည်းကောင်း၊ များပြားသော ပျက်ကပ်တို့ကိုလည်းကောင်း၊ များပြားသော ဖြစ်ကပ်တို့ကိုလည်းကောင်း၊ များပြားသောပျက်ကပ်ဖြစ်ကပ်တို့ကိုလည်းကောင်း “ဤမည်သောဘဝ၌ ငါသည် ဤသို့သော အမည်ရှိခဲ့၏၊ ဤသို့သောအနွယ်ရှိခဲ့၏၊ ဤသို့သော အဆင်းရှိခဲ့၏၊ ဤသို့သော အစာရှိခဲ့၏၊ ဤသို့သော ချမ်းသာဆင်းရဲကို ခံစားခဲ့၏၊ ဤသို့သော အသက်အပိုင်းအခြား ရှိခဲ့၏၊ ထိုငါသည် ထိုဘဝမှသေခဲ့၍ ဤမည်သောဘဝ၌ ဖြစ်ပြန်၏၊ ထိုဘဝ၌လည်း ဤသို့သော အမည်ရှိခဲ့၏၊ ဤသို့သော အနွယ်ရှိခဲ့၏၊ ဤသို့သော အဆင်းရှိခဲ့၏၊ ဤသို့သော အစာရှိခဲ့၏၊ ဤသို့သော ချမ်းသာဆင်းရဲကို ခံစားခဲ့၏၊ ဤသို့သော အသက်အပိုင်းအခြားရှိခဲ့၏၊ ထိုငါသည် ထိုဘဝမှသေခဲ့၍ ဤဘဝ၌ ဖြစ်ပြန်၏”ဟု ဤသို့ အခြင်းအရာနှင့်တကွ ညွှန်ပြဖွယ်အမည်အနွယ်နှင့်တကွ များပြားသော ရှေး၌ဖြစ်ဖူးသောဘဝကို အောက်မေ့၏။
၁၅။ ဤသို့ တည်ကြည်သောစိတ်သည် စင်ကြယ်လတ်သော် ဖြူစင်လတ်သော် ညစ်ကြေးမရှိလတ် သော်ညစ်ညူးခြင်းကင်းလတ်သော် နူးညံ့လတ်သော် ပြု တိုင်းရလတ်သော် တည်တံ့လတ်သော် မတုန်လှုပ်ခြင်းသို့ ရောက်လတ်သော် ထို (ရဟန်း) သည် သတ္တဝါတို့၏ သေခြင်း ဖြစ်ခြင်းကို သိသော ‘စုတူပပါတ’ဉာဏ်အလို့ငှါ စိတ်ကို ရှေးရှုညွတ်စေ၏၊ ထို (ရဟန်း) သည် အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိထက် သာလွန်သော နတ်မျက်စိနှင့်တူသော ‘ဒိဗ္ဗစက္ခု’ ဉာဏ်ဖြင့် သေဆဲသတ္တဝါ ဖြစ်ပေါ်ဆဲသတ္တဝါယုတ်သောသတ္တဝါ မြတ်သောသတ္တဝါ အဆင်းလှသောသတ္တဝါ အဆင်းမလှသောသတ္တဝါ ကောင်းသောလားရာရှိသောသတ္တဝါ မကောင်းသောလားရာရှိသော သတ္တဝါတို့ကို မြင်၏၊ ကံအလျောက်ဖြစ်သော သတ္တဝါတို့ကို သိ၏။
အချင်းတို့ ဤသတ္တဝါတို့သည် ကိုယ်ဖြင့်ပြုသော မကောင်းသော အကျင့် ‘ကာယဒုစရိုက်’ နှင့်ပြည့်စုံကုန်၏၊ နှုတ်ဖြင့်ပြုသော မကောင်းသော အကျင့် ‘ဝစီဒုစရိုက်’ နှင့် ပြည့်စုံကုန်၏၊ စိတ်ဖြင့်ပြုသောမကောင်းသော အကျင့် ‘မနောဒုစရိုက်’ နှင့် ပြည့်စုံကုန်၏၊ အရိယာတို့ကို စွပ်စွဲကုန်၏၊ မှားသောအယူရှိကုန်၏၊ မှားသော အယူဖြင့်ပြုသော ကံရှိကုန်၏၊ ထိုသတ္တဝါတို့သည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှနောက်၌ ချမ်းသာကင်းသော မကောင်းသဖြင့်လားရာ ဖရိုဖရဲကျရောက်ရာ ငရဲ၌ ဖြစ်ပေါ်ကုန်၏။ အချင်းတို့ ဤသတ္တဝါတို့သည်ကား ကိုယ်ဖြင့်ပြုသော ကောင်းသော အကျင့် ‘ကာယသုစရိုက်’ နှင့် ပြည့်စုံကုန်၏၊ နှုတ်ဖြင့်ပြုသော ကောင်းသော အကျင့် ‘ဝစီသုစရိုက်’ နှင့် ပြည့်စုံကုန်၏၊ စိတ်ဖြင့်ပြုသော ကောင်းသောအကျင့် ‘မနောသုစရိုက်’ နှင့် ပြည့်စုံကုန်၏၊ အရိယာတို့ကို စွပ်စွဲခြင်းမှ ကင်းကုန်၏၊ မှန်သောအယူရှိ့ကုန်၏၊ မှန်သောအယူဖြင့်ပြုသော ကံရှိကုန်၏၊ ထို (သတ္တဝါ) တို့သည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှနောက်၌ ကောင်းသောလားရာ လူ့ပြည် နတ်ပြည် သုဂတိ၌ ဖြစ်ပေါ်ကုန်၏ဟု ဤသို့လျှင် အထူးသဖြင့်စင်ကြယ်သော လူတို့၏ မျက်စိထက် သာလွန်သော နတ်မျက်စိနှင့် တူသော ‘ဒိဗ္ဗစက္ခု’ ဉာဏ်ဖြင့် သေဆဲသတ္တဝါ ဖြစ်ပေါ်ဆဲသတ္တဝါ ယုတ်သောသတ္တဝါ မြတ်သောသတ္တဝါ အဆင်းလှသောသတ္တဝါအဆင်းမလှသော သတ္တဝါ ကောင်းသောလားရာရှိသောသတ္တဝါ မကောင်းသောလားရာရှိသောသတ္တဝါတို့ကို မြင်၏၊ ကံအလျောက်ဖြစ်သော သတ္တဝါတို့ကို သိ၏။
၁၆။ ဤသို့ တည်ကြည်သော စိတ်သည် စင်ကြယ်လတ်သော် ဖြူစင်လတ်သော် ညစ်ကြေးမရှိလတ်သော် ညစ်ညူးခြင်းကင်းလတ်သော် နူးညံ့လတ်သော် ပြုတိုင်းရလတ်သော် တည်တံ့လတ်သော် မတုန်လှုပ်ခြင်းသို့ ရောက်လတ်သော် ထို (ရဟန်း) သည် အာသဝေါတရားတို့ကို ကုန်စေသော ‘အာသဝက္ခယ’ ဉာဏ်အလို့ငှါ စိတ်ကို ရှေးရှုညွတ်စေ၏။ ထို (ရဟန်း) သည် ဤကား ဆင်းရဲ ‘ဒုက္ခ’ဟုဟုတ်မှန်သောအတိုင်းသိ၏၊ ဤကား ဆင်းရဲဖြစ်ပေါ်ခြင်း၏ အကြောင်း ‘ဒုက္ခသမုဒယ’ဟုဟုတ်မှန်သောအတိုင်း သိ၏၊ ဤကား ဆင်းရဲချူပ်ရာ နိဗ္ဗာန် ‘ဒုက္ခ နိရောဓ’ဟုဟုတ်မှန်သောအတိုင်း သိ၏၊ ဤကား ဆင်းရဲချူပ်ရာနိဗ္ဗာန်သို့ ရောက်ကြောင်း ကျင့်စဉ် ‘ဒုက္ခ နိရောဓ ဂါမိနီ ပဋိပဒါ’ဟုဟုတ်မှန်သောအတိုင်း သိ၏။ ဤသည်တို့ကား ယိုစီးခြင်း ‘အာသဝ’ တို့ဟုဟုတ်မှန်သောအတိုင်း သိ၏၊ ဤကားယိုစီးခြင်း ‘အာသဝ’ တို့ ဖြစ်ပေါ်ခြင်း၏ အကြောင်း ‘အာသဝသမုဒယ’ဟုဟုတ်မှန်သောအတိုင်း သိ၏၊ ဤကား ယိုစီးခြင်း ‘အာသဝ’ တို့ ချူပ်ရာ နိဗ္ဗာန် ‘အာသဝနိရောဓ’ဟုဟုတ်မှန်သောအတိုင်း သိ၏၊ ဤကား အာသဝတို့ချုပ်ရာ နိဗ္ဗာန်သို့ ရောက် ကြောင်း ကျင့်စဉ် ‘အာသဝနိရောဓဂါမိနီ ပဋိပဒါ’ဟုဟုတ်မှန်သောအတိုင်း သိ၏၊ ဤသို့သိသော် ဤသို့ မြင်သော် ထို (ရဟန်း) ၏ စိတ်သည်ကာမာသဝမှလည်း လွတ်မြောက်၏၊ ဘဝါသဝမှလည်း လွတ်မြောက် ၏၊ အဝိဇ္ဇာသဝမှလည်းလွတ်မြောက်၏၊ လွတ်မြောက်ပြီးလတ်သော် “လွတ်မြောက်လေပြီ”ဟု အသိဉာဏ် ဖြစ်ပေါ်၏၊ “ပဋိသန္ဓေနေမှုကုန်ပြီ၊ မြတ်သောအကျင့်ကို ကျင့်သုံးပြီးပြီ၊ (မဂ်) ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်) ကိစ္စအလို့ငှါတစ်ပါးသော ပြုဖွယ် မရှိတော့ပြီ”ဟု သိ၏။
ရဟန်းတို့ ဤပုဂ္ဂိုလ်မျိုးကို မိမိကိုယ်ကို မပူပန်မဆင်းရဲစေတတ်ဘဲ၊ မိမိကိုယ်ကို ပူပန်ဆင်းရဲစေမှု၌အဖန်တလဲလဲ ပြုကျင့်အားထုတ်သူ မဟုတ်သည့်ပြင် သူတစ်ပါးတို့အား မပူပန်မဆင်းရဲစေတတ်ဘဲ၊ သူတစ်ပါးတို့အား ပူပန်ဆင်းရဲစေမှု၌ အဖန်တလဲလဲ ပြုကျင့်အားထုတ်သူ မဟုတ်သော ပုဂ္ဂိုလ်ဖြစ်သည့်ပြင် မိမိကိုယ်ကိုလည်း မပူပန်မဆင်းရဲစေတတ်, သူတစ်ပါးကိုလည်း မပူပန်မဆင်းရဲစေတတ်သည် ဖြစ်၍မျက်မှောက်သော ကိုယ်၏ အဖြစ်၌သာလျှင် ကိလေသာဆာလောင်မွတ်သိပ်မှုမရှိသည် ငြိမ်းချမ်းသည် အေးမြသည် ချမ်းသာသုခကို ခံစားရသည် ဖြစ်၍ မြတ်သောကိုယ်ဖြင့် နေထိုင်ရသူဟူ၍ ဆိုရ၏ဟု မြတ်စွာဘုရားသည် ဤတရားတော်ကို ဟောတော်မူ၏။ ထိုရဟန်းတို့သည် မြတ်စွာဘုရား ဟောတော်မူသောတရားတော်ကို နှစ်ခြိုက်ဝမ်းမြောက်ကြကုန်၏။
ရှေးဦးစွာသော ကန္ဒရကသုတ် ပြီး၏။