မဇ္ဈိမနိကာယ်

၃—သေခသုတ်

၂၂။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်—

အခါတစ်ပါး၌ မြတ်စွာဘုရားသည် သက္ကတိုင်း ကပိလဝတ်ပြည် နိဂြောဓာရုံကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ ကပိလဝတ်ပြည်သား သာကီဝင်မင်းသာတို့မှာ ရဟန်းဖြစ်စေ၊ ပုဏ္ဏားဖြစ်စေ၊ လူဖြစ်စေ တစ်စုံတစ်ယောက်မျှ မသုံးဆောင်ရဖူးသေးသော ဆောက်လုပ်ပြီးစ မင်းကွန်းသစ်သည် ရှိလေ၏။ ထိုအခါ ကပိလဝတ်ပြည်သား သာကီဝင်မင်းသားတို့သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ကြပြီးလျှင်မြတ်စွာဘုရားကို ရိုသေစွာရှိခိုး၍ တစ်ခုသောနေရာ၌ ထိုင်ကြပြီးသော် မြတ်စွာဘုရားအား—

“အသျှင်ဘုရား ကပိလဝတ်ပြည်သား သာကီဝင်မင်းသားတို့မှာ ရဟန်းဖြစ်စေ၊ ပုဏ္ဏားဖြစ်စေ၊ လူဖြစ်စေတစ်စုံတစ်ယောက်မျှ မသုံးဆောင်ရဖူးသေးသော ဆောက်လုပ်ပြီးစ မင်းကွန်းသစ်သည် ရှိပါ၏။ အသျှင်ဘုရား မြတ်စွာဘုရားသည် ထိုမင်းကွန်းကို ရှေးဦးစွာ သုံးဆောင်တော်မူပါလော့၊ မြတ်စွာဘုရားသည် ရှေးဦးစွာ သုံးဆောင်တော်မူပြီးသည့်နောက်မှ ကပိလဝတ်ပြည်သား သာကီဝင်မင်းသားတို့သုံးဆောင်ကြပါကုန်လတ္တံ့၊ ထိုသို့ မြတ်စွာဘုရား ရှေးဦးစွာ သုံးဆောင်တော်မူခြင်းသည် ကပိလဝတ်ပြည်သား သာကီဝင်မင်းသားတို့အား ရှည်မြင့်စွာသော ကာလပတ်လုံး စီးပွါးဖြစ်ခြင်းငှါ ချမ်းသာခြင်းငှါဖြစ်ရာပါ၏”ဟု လျှောက်ကုန်၏။

မြတ်စွာဘုရားသည် ဆိတ်ဆိတ်နေတော်မူခြင်းဖြင့် လက်ခံတော်မူ၏၊ ထိုအခါ ကပိလဝတ်ပြည်သားသာကီဝင်မင်းသားတို့သည် မြတ်စွာဘုရား လက်ခံတော်မူခြင်းကို သိသဖြင့် နေရာမှ ထကာ မြတ်စွာဘုရားကို ရှိခိုးလျက် အရိုအသေပြုကာ မင်းကွန်းဆီသို့ ချဉ်းကပ်ကြကုန်ပြီး၍ မင်းကွန်း၌ ခင်းနှီးအပြည့်ခင်းခြင်း ထိုင်နေစရာတို့ကို ပြင်ထားခြင်း ရေပြည့်အိုးကြီးကို တည်ထားခြင်း ဆီမီးထွန်းထားခြင်းတို့ကိုပြုပြီးလျှင် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ကြပြန်ကုန်၏၊ ချဉ်းကပ်ပြီး၍ မြတ်စွာဘုရားကို ရှိခိုးလျက်တစ်ခုသော နေရာ၌ ရပ်ပြီးသော် ကပိလဝတ်ပြည်သား သာကီဝင်မင်းသားတို့သည် မြတ်စွာဘုရားအား—

“အသျှင်ဘုရား မင်းကွန်း၌ ခင်းနှီးအပြည့် ခင်းပြီးပါပြီ၊ ထိုင်နေစရာတို့ကိုလည်း ပြင်ထားပြီးပါပြီ၊ ရေပြည့်အိုးကြီးကိုလည်း တည်ထားပြီးပါပြီ၊ ဆီမီးကိုလည်း ထွန်းထားပြီးပါပြီ၊ အသျှင်ဘုရား ယခုအခါကြွတော်မူရန် အချိန်ကို မြတ်စွာဘုရား သိတော်မူပါသည် (ကြွရန်မှာ မြတ်စွာဘုရား၏ အလိုအတိုင်းပင်ဖြစ်ပါသည်)”ဟု လျှောက်ကုန်၏။

ထိုအခါ မြတ်စွာဘုရားသည် သင်္ကန်းကို ပြင်ဝတ်တော်မူ၍ သပိတ်သင်္ကန်းကို ယူလျက် ရဟန်းသံဃာနှင့်အတူ မင်းကွန်းဆီသို့ ချဉ်းကပ်တော်မူပြီးလျှင် ခြေဆေးတော်မူ၍ မင်းကွန်းသို့ ဝင်ပြီးသော်အလယ်တိုင်ကို မှီလျက် အရှေ့အရပ်သို့ မျက်နှာမူကာ ထိုင်နေတော်မူ၏။

ရဟန်းသံဃာသည်လည်း ခြေဆေး၍ မင်းကွန်းသို့ ဝင်ပြီးသော် အနောက်ဘက်နံရံကို မှီလျက်အရှေ့အရပ်သို့ မျက်နှာမူကာ မြတ်စွာဘုရားကိုသာလျှင် ရှေ့ထား၍ ထိုင်နေ၏။

ကပိလဝတ်ပြည်သား သာကီဝင်မင်းသားတို့သည်လည်း ခြေဆေးကုန်၍ မင်းကွန်းသို့ ဝင်ကုန်ပြီးသော်အရှေ့ဘက်နံရံကို မှီလျက် အနောက်အရပ်သို့ မျက်နှာမူကာ မြတ်စွာဘုရားကိုသာလျှင် ရှေ့ထား၍ထိုင်နေကုန်၏။

ထိုအခါ မြတ်စွာဘုရားသည် ကပိလဝတ်ပြည်သား သာကီဝင်မင်းသားတို့ကို ကြာမြင့်စွာ ညဉ့်အချိန်ပတ်လုံး တရားစကားဖြင့် (အကျိုးစီးပွါးကို) သိမြင်စေလျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန်စေတော်မူပြီးလျှင် အသျှင်အာနန္ဒာအား—“အာနန္ဒာ ကပိလဝတ်ပြည်သား သာကီဝင်မင်းသားတို့အား သေက္ခတို့၏ အကျင့်ကို ထင်ရှားစေလော့၊ ငါဘုရား ကျောညောင်းတော်မူ၏၊ ငါသည်ကျောဆန့်ဦးအံ့”ဟု မိန့်တော်မူ၏။

“မြတ်စွာဘုရား ကောင်းပါပြီ”ဟူ၍ အသျှင်အာနန္ဒာသည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထား၏။ ထိုအခါ မြတ်စွာဘုရားသည် လေးထပ်ခေါက်ထားသော သင်္ကန်းကြီးကို ခင်းပြီးလျှင် လကျာ်နံတောင်းဖြင့် (လကျာ်) ခြေတော်၌ (လက်ဝဲ) ခြေတော်ကို စဉ်းငယ်လွန်ကာ တင်ထား၍ အောက်မေ့ခြင်း’သတိ’ ဆင်ခြင်ခြင်း ‘သမ္ပဇဉ်’နှင့် ပြည့်စုံသည်ဖြစ်၍ ထအံ့ဟု အမှတ်သညာကို နှလုံးသွင်းလျက်မြတ်သောအိပ်ခြင်းကို ပြုတော်မူ၏။

၂၃။ ထိုအခါ အသျှင်အာနန္ဒာသည် မဟာနာမ်သာကီဝင်မင်းသားကို မိန့်တော်မူ၏— မဟာနာမ် ဤသာသနာတော်၌ မြတ်စွာဘုရား၏ တပည့်သည် သီလနှင့်ပြည့်စုံ၏၊ ဣန္ဒြေတို့၌ စောင့်စည်းအပ်သောတံခါးရှိ၏၊ ဘောဇဉ်၌ အတိုင်းအရှည်ကို သိ၏၊ နိုးကြားမှု၌ အားထုတ်၏၊ သူတော်ကောင်းတရားခုနစ်ပါးတို့နှင့် ပြည့်စုံ၏၊ အထူးစင်ကြယ်သော စိတ်၌ အပါအဝင်ဖြစ်ကုန်သော မျက်မှောက်ကိုယ်၌ချမ်းချမ်းသာသာ နေမှုဖြစ်ကုန်သော ဈာန်လေးပါးတို့ကို အလိုရှိတိုင်းရသူ မငြိုမငြင်ရသူ မပင်မပန်းရသူဖြစ်၏။

၂၄။ မဟာနာမ် အဘယ်သို့လျှင် မြတ်စွာဘုရား၏ တပည့်သည် သီလနှင့်ပြည့်စုံသနည်း— မဟာနာမ်ဤသာသနာတော်၌ မြတ်စွာဘုရား၏ တပည့်သည် သီလနှင့်ပြည့်စုံ၏၊ ပါတိမောက္ခသံဝရသီလကိုစောင့်ရှောက်လျက် နေ၏၊ အာစာရသီလ, ဂေါစရသီလနှင့် ပြည့်စုံ၏၊ အနည်းငယ်မျှသော အပြစ်တို့၌သော်လည်း ကြောက်မက်ဖွယ်ဘေးဟု ရှုလေ့ရှိသည်ဖြစ်၍ သိက္ခာပုဒ်တို့၌ ကောင်းစွာ ဆောက်တည်၍ကျင့်၏၊ မဟာနာမ် ဤသို့လျှင် မြတ်စွာဘုရား၏ တပည့်သည် သီလနှင့်ပြည့်စုံ၏။ (၁)

မဟာနာမ် အဘယ်သို့လျှင် မြတ်စွာဘုရား၏ တပည့်ဖြစ်သူသည် ဣန္ဒြေတို့၌ စောင့်စည်းအပ်သောတံခါးရှိသနည်း— မဟာနာမ် ဤသာသနာတော်၌ မြတ်စွာဘုရား၏ တပည့်သည် မျက်စိဖြင့် အဆင်း’ရူပါရုံ’ကို မြင်သော် (မိန်းမယောကျာ်းစသော) သဏ္ဌာန်နိမိတ်ကို စွဲယူလေ့ မရှိ၊ (လက် ခြေစသောအင်္ဂါ, ပြုံးဟန် ရယ်ဟန်စသော အမူအရာ) အမှတ်လက္ခဏာကို စွဲယူလေ့ မရှိ၊ (အကယ်၍) စက္ခုန္ဒြေကိုမစောင့်စည်းဘဲနေလျှင် ယင်း (စက္ခုန္ဒြေကို မစောင့်စည်းခြင်းဟူသော) အကြောင်းကြောင့် မက်မောခြင်း ‘အဘိဇ္ဈာ’ နှလုံးမသာခြင်း ‘ဒေါမနဿ’ ဟူသော ယုတ်ညံ့သော အကုသိုလ်တရားတို့သည်ထိုမစောင့်စည်း သူကို လိုက်၍နှိပ်စက်ကုန်ရာ၏၊ ထို့ကြောင့် ထိုမြတ်စွာဘုရား၏ တပည့်သည်ထိုစက္ခုန္ဒြေကို စောင့်စည်း ခြင်းငှါ ကျင့်၏၊ စက္ခုန္ဒြေကို စောင့်စည်း၏၊ စက္ခုန္ဒြေ၌ စောင့်စည်းခြင်းသို့ရောက်၏။ နားဖြင့် အသံ ‘သဒ္ဒါရုံ’ကို ကြားသော်။ပ။ နှာခေါင်းဖြင့် အနံ့ ‘ဂန္ဓာရုံ’ ကို နမ်းသော်။ပ။ လျှာဖြင့် အရသာ ‘ရသာရုံ’ ကို လျက်သော်။ပ။ ကိုယ်ဖြင့် အတွေ့အထိ ‘ဖောဋ္ဌဗ္ဗာရုံ’ ကို ထိသော်။ပ။ စိတ်ဖြင့် သဘော ‘ဓမ္မာရုံ’ ကို သိသော် (မိန်းမ ယောကျာ်းစသော) သဏ္ဌာန်နိမိတ်ကို စွဲယူလေ့ မရှိ၊ (လက် ခြေစသော အင်္ဂါ, ပြုံးဟန် ရယ်ဟန်စသော အမူအရာ) အမှတ်လက္ခဏာကို စွဲယူလေ့မရှိ၊ (အကယ်၍) မနိန္ဒြေကို မစောင့်စည်းဘဲ နေလျှင် ယင်း (မနိန္ဒြေကို မစောင့်စည်းခြင်းဟူသော) အကြောင်းကြောင့် မက်မောခြင်း ‘အဘိဇ္ဈာ’ နှလုံး မသာခြင်း ‘ဒေါမနဿ’ ဟူသော ယုတ်ညံ့သောအကုသိုလ်တရားတို့သည် ထိုမစောင့်စည်းသူကို လိုက်၍ နှိပ်စက်ကုန် ရာ၏၊ (ထို့ကြောင့်ထိုမြတ်စွာဘုရား၏ တပည့်သည်) ထိုမနိန္ဒြေကို စောင့်စည်းခြင်းငှါ ကျင့်၏၊ မနိန္ဒြေကို စောင့်စည်း၏၊ မနိန္ဒြေ၌ စောင့်စည်းခြင်းသို့ ရောက်၏။ မဟာနာမ် ဤသို့လျှင် မြတ်စွာဘုရား၏ တပည့်ဖြစ်သူသည်ဣန္ဒြေတို့၌ စောင့်စည်းအပ်သော တံခါးရှိ၏။ (၂)

မဟာနာမ် အဘယ်သို့လျှင် မြတ်စွာဘုရား၏ တပည့်သည် ဘောဇဉ်၌ အတိုင်းအရှည်ကို သိသနည်း—မဟာနာမ် ဤသာသနာတော်၌ မြတ်စွာဘုရား၏ တပည့်သည် သင့်လျော်သော အကြောင်း အားဖြင့်ဆင်ခြင်၍ အာဟာရကို သုံးဆောင်၏။ မြူးထူးရန် မဟုတ်၊ မာန်ယစ်ရန် မဟုတ်၊ (အသား) ပြည့်ဖြိုးရန်မဟုတ်၊ (အရေအဆင်း) ကြည်လင်ရန် မဟုတ်။ ဤကိုယ်သည် တည်တံ့ရန်မျှသာ မျှတရန်မျှသာဆာလောင်မွတ်သိပ်ခြင်းကို ပယ်ဖျောက်ရန်မျှသာ မြတ်သောအကျင့်ကို အားထုတ်ရန်မျှသာ အာဟာရကိုသုံးဆောင်၏၊ ဤသို့ မှီဝဲခြင်းဖြင့် ဝေဒနာဟောင်းကိုလည်း ပယ်ဖျောက်အံ့၊ ဝေဒနာသစ်ကို လည်းမဖြစ်စေအံ့၊ ငါ့အား မျှတခြင်းသည်လည်းကောင်း၊ အပြစ်မရှိခြင်းသည်လည်းကောင်း၊ ချမ်းသာစွာနေရခြင်းသည်လည်းကောင်း ဖြစ်လတ္တံ့ဟု (ဆင်ခြင်၍) အာဟာရကို သုံးဆောင်၏။ မဟာနာမ် ဤသို့လျှင် မြတ်စွာဘုရား၏ တပည့်သည် ဘောဇဉ်၌ အတိုင်းအရှည်ကို သိ၏။ (၃)

မဟာနာမ် အဘယ်သို့လျှင် မြတ်စွာဘုရား၏ တပည့်သည် နိုးကြားခြင်းကို အားထုတ်သနည်း—မဟာနာမ် ဤသာသနာတော်၌ မြတ်စွာဘုရား၏ တပည့်သည် နေ့အခါ၌ စင်္ကြံသွားခြင်း ထိုင်ခြင်းဖြင့်ကုသိုလ်တရားတို့ကို ပိတ်ပင်တတ်သော နီဝရဏတရားတို့မှ စိတ်ကို သုတ်သင်၏၊ ညဉ့်ဦးယံ၌ စင်္ကြံသွားခြင်း ထိုင်ခြင်းဖြင့် ကုသိုလ်တရားတို့ကို ပိတ်ပင်တတ်သော နီဝရဏတရားတို့မှ စိတ်ကို သုတ်သင်၏၊ သန်းခေါင်ယံ၌ လက်ယာနံတောင်းဖြင့် (လက်ယာ) ခြေ၌ (လက်ဝဲ) ခြေကို စဉ်းငယ်လွန်ကာ တင်ထား၍သတိ, ဆင်ခြင်ဉာဏ်နှင့် ပြည့်စုံသည်ဖြစ်၍ ထအံ့ဟု အမှတ်သညာကို နှလုံးသွင်းလျက် မြတ်သောအိပ်ခြင်းကို ပြု၏၊ မိုးသောက်ယံ၌ စောစောထ၍ စင်္ကြံသွားခြင်း ထိုင်ခြင်းဖြင့် ကုသိုလ်တရားတို့ကိုပိတ်ပင်တတ်သော နီဝရဏတရားတို့မှ စိတ်ကို သုတ်သင်၏၊ မဟာနာမ် ဤသို့လျှင် မြတ်စွာဘုရား၏တပည့်သည် နိုးကြားခြင်းကို အားထုတ်၏။ (၄)

၂၅။ မဟာနာမ် အဘယ်သို့လျှင် မြတ်စွာဘုရား၏ တပည့်သည် သူတော်ကောင်းတရားခုနစ်ပါး တို့နှင့်ပြည့်စုံသနည်း— မဟာနာမ် ဤသာသနာတော်၌ မြတ်စွာဘုရား၏ တပည့်သည်—

(၁) ယုံကြည်မှု ‘သဒ္ဓါ’ တရားနှင့် ပြည့်စုံ၏၊ “ထိုမြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သော အကြောင်း ကြောင့်လည်း ‘အရဟံ’ မည်တော်မူ၏၊ (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော အကြောင်းကြောင့်လည်း ‘သမ္မာသမ္ဗုဒ္ဓ’ မည်တော်မူ၏၊ အသိဉာဏ် ‘ဝိဇ္ဇာ’အကျင့် ‘စရဏ’ နှင့် ပြည့်စုံတော်မူသော အကြောင်းကြောင့်လည်း ‘ဝိဇ္ဇာစရဏသမ္ပန္န’ မည်တော်မူ၏၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော အကြောင်းကြောင့်လည်း ‘သုဂတ’ မည်တော်မူ၏၊ လောကကို သိတော်မူ သော အကြောင်းကြောင့်လည်း ‘လောကဝိဒူ’ မည်တော်မူ၏၊ ဆုံးမထိုက်သူကိုဆုံးမတတ်သည့် အတုမဲ့ လွန်မြတ်သော ပုဂ္ဂိုလ်ဖြစ်တော်မူသော အကြောင်းကြောင့်လည်း ‘အနုတ္တရောပုရိသဒမ္မသာရထိ’ မည်တော် မူ၏၊ နတ်လူတို့၏ ဆရာဖြစ်တော်မူသော အကြောင်းကြောင့်လည်း’သတ္ထာ ဒေဝမနုဿာနံ’ မည်တော်မူ၏ (သစ္စာလေးပါးတရားတို့ကို) ကိုယ်တိုင်သိ၍ သူတစ်ပါးတို့ကိုလည်းသိစေတော်မူသော အကြောင်းကြောင့် လည်း ‘ဗုဒ္ဓ’မည်တော်မူ၏၊ ဘုန်းတန်ခိုးကြီးတော်မူသောအကြောင်းကြောင့်လည်း ‘ဘဂဝါ’မည်တော်မူ၏”ဟု မြတ်စွာဘုရား၏ ဗောဓိဉာဏ်ကို ယုံကြည်၏။

(၂) ရှက်တတ်သူဖြစ်၏၊ ကာယဒုစရိုက်ကိုလည်းကောင်း၊ ဝစီဒုစရိုက်ကိုလည်းကောင်း၊ မနောဒုစရိုက်ကိုလည်းကောင်း ရှက်တတ်၏၊ ယုတ်ညံ့သော အကုသိုလ်တရားတို့သို့ ရောက်ခြင်းမှရှက်တတ်၏။

(၃) ကြောက်လန့်တတ်သူ ဖြစ်၏၊ ကာယဒုစရိုက်ကိုလည်းကောင်း၊ ဝစီဒုစရိုက်ကိုလည်းကောင်း၊ မနောဒုစရိုက်ကိုလည်းကောင်း ကြောက်လန့်တတ်၏၊ ယုတ်ညံ့သောအကုသိုလ်တရားတို့သို့ ရောက်ခြင်းမှ ကြောက်လန့်တတ်၏။

(၄) အကြား အမြင်များ၏၊ အကြားအမြင်ကို ဆောင်၏၊ အကြားအမြင်ကို စုဆောင်း၏၊ အစ၏ကောင်းခြင်း အလယ်၏ ကောင်းခြင်း အဆုံး၏ကောင်းခြင်း ရှိကုန်သော အနက်, သဒ္ဒါနှင့် ပြည့်စုံသည်ဖြစ်၍ ထက်ဝန်းကျင် ပြည့်စုံလျက် စင်ကြယ်သော မြတ်သောအကျင့်ကို ပြတတ်ကုန်သော တရားတို့ကိုများစွာကြားနာဖူးကုန်၏၊ နှုတ်ဖြင့် ဆောင်ဖူးကုန်၏၊ လေ့ကျက်ဖူးကုန်၏၊ စိတ်ဖြင့် ဆင်ခြင်ဖူးကုန်၏၊ ပညာဖြင့် ထိုးထွင်း၍ သိဖူးကုန်၏။

(၅) အကုသိုလ် တရားတို့ကို ပယ်ဖျောက်ခြင်းငှါ ကုသိုလ်တရားတို့ကို ပြည့်စုံစေခြင်းငှါ လုံ့လအားထုတ်သည်ဖြစ်၍ နေ၏၊ ကုသိုလ်တရားတို့၌ အားထုတ်နိုင်စွမ်း၏၊ မြဲမြံသော လုံ့လရှိ၏၊ ဝန်ကိုမချထား။

(၆) အောက်မေ့ခြင်း သတိရှိ၏၊ မြတ်သော ရင့်ကျက်သည့် သတိနှင့် ပြည့်စုံ၏၊ ကြာမြင့်စွာကပြုလုပ်ပြောဆိုဖူးသည်ကိုလည်း အောက်မေ့နိုင်၏၊ အဖန်ဖန် အောက်မေ့နိုင်၏။

(၇) ပညာရှိ၏၊ ဖြစ် ပျက်ကို သိစွမ်းနိုင်သော, မြတ်သော, ဖောက်ထွင်းနိုင်သော, ဒုက္ခကင်းရာနိဗ္ဗာန်သို့ ကောင်းစွာ ရောက်စေတတ်သော ပညာနှင့် ပြည့်စုံ၏၊ မဟာနာမ် ဤသို့လျှင် မြတ်စွာဘုရား၏တပည့်သည် သူတော်ကောင်းတရား ခုနစ်ပါးတို့နှင့် ပြည့်စုံ၏။ (၅—၁၁)

၂၆။ မဟာနာမ် အဘယ်သို့လျှင် မြတ်စွာဘုရား၏ တပည့်သည် အထူးစင်ကြယ်သောစိတ်၌ အပါ အဝင်ဖြစ်ကုန်သော မျက်မှောက်ကိုယ်၌ ချမ်းချမ်းသာသာ နေမှုဖြစ်ကုန်သော ဈာန်လေးပါးတို့ကို အလိုရှိတိုင်းရသူ မငြိုမငြင်ရသူ မပင်မပန်းရသူ ဖြစ်သနည်း —

မဟာနာမ် ဤသာသနာတော်၌ မြတ်စွာဘုရား၏ တပည့်သည် ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ ပဌမဈာန်သို့ ရောက်၍နေ၏။ ဝိတက်ဝိစာရငြိမ်းခြင်းကြောင့် မိမိသန္တာန်၌ စိတ်ကို ကြည်လင်စေတတ်သော။ပ။ ဒုတိယဈာန်သို့ ရောက်၍နေ၏။ နှစ်သိမ့်ခြင်း ‘ပီတိ’ ကိုလည်း မတပ်မက်ခြင်းကြောင့်။ပ။ တတိယဈာန်သို့ ရောက်၍ နေ၏။ ချမ်းသာ ဆင်းရဲကို ပယ်ခြင်းကြောင့်လည်းကောင်း၊ ရှေးဦးကပင်လျှင်ဝမ်းသာခြင်း နှလုံးမသာခြင်းတို့၏ ချုပ်နှင့်ခြင်းကြောင့်လည်းကောင်း။ပ။ စတုတ္ထဈာန်သို့ ရောက်၍နေ၏။ မဟာနာမ် ဤသို့လျှင် မြတ်စွာဘုရား၏ တပည့်သည် အထူးစင်ကြယ်သောစိတ်၌ အပါအဝင်ဖြစ်ကုန်သောမျက်မှောက်ကိုယ်၌ ချမ်းချမ်းသာသာ နေမှုဖြစ်ကုန်သော ဈာန်လေးပါးတို့ကို အလိုရှိတိုင်းရသူ မငြိုမငြင်ရသူ မပင်မပန်းရသူ ဖြစ်၏။ (၁၂—၁၅)

၂၇။ မဟာနာမ် အကြင့်ကြောင့် မြတ်စွာဘုရား၏ တပည့်သည် ဤသို့ သီလနှင့် ပြည့်စုံ၏၊ ဤသို့ဣန္ဒြေတို့၌ စောင့်စည်းအပ်သော တံခါးရှိ၏၊ ဤသို့ ဘောဇဉ်၌ အတိုင်းအရှည်ကို သိ၏၊ ဤသို့နိုးကြား မှု၌ အားထုတ်၏၊ ဤသို့ သူတော်ကောင်းတရားခုနစ်ပါးတို့နှင့် ပြည့်စုံ၏၊ ဤသို့အထူးစင်ကြယ်သော စိတ်၌ အပါအဝင်ဖြစ်ကုန်သော မျက်မှောက်ကိုယ်၌ ချမ်းချမ်းသာသာနေမှုဖြစ်ကုန်သော ဈာန်လေးပါး တို့ကို အလိုရှိတိုင်းရသူ မငြိုမငြင်ရသူ မပင်မပန်းရသူ ဖြစ်၏။ မဟာနာမ် (ထို့ကြောင့်) ဤမြတ်စွာ ဘုရား၏ တပည့်ကို “သေခအကျင့်မြတ်နှင့် ပြည့်စုံသောသူ”ဟူ၍ဆိုရ၏။ မပုပ်သော ဥကဲ့သို့ ကိလေသာ တို့ဖြင့် ပုပ်ခြင်းမရှိသော ဝိပဿနာဉာဏ်နှင့် ပြည့်စုံသည်ဖြစ်၍အဝိဇ္ဇာတည်းဟူသော ဥခွံကို ဖောက်ခွဲခြင်း ငှါ ထိုက်၏၊ သစ္စာလေးပါးကို ထိုးထွင်း၍ သိခြင်းငှါထိုက်၏၊ အတုမဲ့ ယောဂကုန်ရာ နိဗ္ဗာန်ကို ရခြင်းငှါ ထိုက်၏။ မဟာနာမ် ကြက်မ၌ရှစ်လုံးသော်လည်းကောင်း၊ ဆယ်လုံးသော်လည်းကောင်း၊ တစ်ဆယ့်နှစ်လုံး သော်လည်းကောင်း ဥတို့သည်ရှိကုန်ရာ၏၊ ထိုဥတို့ကို ကြက်မသည် ကောင်းစွာ ဝပ်အပ်ကုန်၏၊ ထက်ဝန်းကျင်မှ ကောင်းစွာအငွေ့ပေးအပ်ကုန်၏၊ ထက်ဝန်းကျင်မှ ကောင်းစွာ (ကြက်နံ့ကို) ထုံစေအပ် ကုန်၏၊ ထိုကြက်မအား”ကြက်ငယ်တို့သည် ခြေသည်းဖျား နှုတ်သည်းဖျားဖြင့် ဥခွံကို ဖောက်ခွဲ၍ ချမ်းသာစွာထွက်မြောက်ပေါက်ဖွားလာကြပါကုန်မူကား ကောင်းလေစွ”ဟု ဤသို့သော အလိုဆန္ဒသည်မရှိငြားသော်လည်း အမှန်အားဖြင့် ထိုကြက်ငယ်တို့သည် ခြေသည်းဖျား နှုတ်သည်းဖျားဖြင့် ဥခွံကိုဖောက်ခွဲ၍ ချမ်းသာစွာ ထွက်မြောက်ပေါက်ဖွားခြင်းငှါ ထိုက်ကြကုန်သကဲ့သို့ မဟာနာမ် ဤအတူသာလျှင်အကြင့်ကြောင့် မြတ်စွာဘုရား၏ တပည့်သည် ဤသို့ သီလနှင့် ပြည့်စုံ၏၊ ဤသို့ ဣန္ဒြေတို့၌စောင့်စည်း အပ်သော တံခါးရှိ၏၊ ဤသို့ ဘောဇဉ်၌ အတိုင်းအရှည်ကို သိ၏၊ ဤသို့ နိုးကြားမှု၌အားထုတ်၏၊ ဤသို့ သူတော်ကောင်းတရားခုနစ်ပါးနှင့် ပြည့်စုံ၏၊ ဤသို့ အထူးစင်ကြယ်သောစိတ်၌အပါအဝင်ဖြစ် ကုန်သော မျက်မှောက်ကိုယ်၌ ချမ်းချမ်းသာသာ နေမှုဖြစ်ကုန်သော ဈာန်လေးပါးတို့ကိုအလိုရှိတိုင်းရသူ မငြိုမငြင်ရသူ မပင်မပန်းရသူ ဖြစ်၏။ မဟာနာမ် (ထို့ကြောင့်) ဤမြတ်စွာဘုရား၏တပည့်ကို “သေခ အကျင့်မြတ်နှင့် ပြည့်စုံသောသူ” ဟူ၍ ဆိုရ၏။ မပုပ်သောဥကဲ့သို့ ကိလေသာတို့ဖြင့်ပုပ်ခြင်းမရှိသော ဝိပဿနာဉာဏ်နှင့် ပြည့်စုံသည်ဖြစ်၍ အဝိဇ္ဇာတည်းဟူသော ဥခွံကို ဖောက်ခွဲခြင်းငှါထိုက်၏၊ သစ္စာ လေးပါးကို ထိုးထွင်း၍ သိခြင်းငှါ ထိုက်၏၊ အတုမဲ့ ယောဂကုန်ရာ နိဗ္ဗာန်ကို ရခြင်းငှါထိုက်၏။

၂၈။ မဟာနာမ် ထိုမြတ်စွာဘုရား၏ တပည့်သည် အတုမဲ့သော ဥပေက္ခာကြောင့်ဖြစ်သည့် ဤ သတိ၏စင်ကြယ်ခြင်း (စတုတ္ထဈာန်သမာဓိ) ကိုသာလျှင် အစွဲပြု၍ များပြားသော ရှေး၌ဖြစ်ဖူးသောဘဝကိုအောက်မေ့နိုင်၏။ ဤသည်တို့ကား အဘယ်နည်း—

တစ်ဘဝကိုလည်းကောင်း၊ နှစ်ဘဝတို့ကိုလည်းကောင်း။ပ။ ဤသို့ အခြင်းအရာနှင့်တကွ ညွှန်ပြဖွယ် (အမည်အနွယ်) နှင့်တကွ များပြားသော ရှေး၌ဖြစ်ဖူးသော ဘဝကို အောက်မေ့နိုင်၏။ ဤ (ပုဗ္ဗေ နိဝါသာနုဿတိဉာဏ်) သည်ကား ကြက်ငယ်သည် ဥခွံအတွင်းမှ ဖောက်ခွဲထွက်ပေါ်လာသကဲ့သို့ (အဝိဇ္ဇာဥခွံမှ) ထိုသူ၏ ရှေးဦးစွာ (ပဌမ) ဖောက်ခွဲထွက်ပေါ်လာခြင်း ဖြစ်၏။ (၁)

မဟာနာမ် ထိုမြတ်စွာဘုရား၏ တပည့်သည် အတုမဲ့သော ဥပေက္ခာကြောင့်ဖြစ်သည့် ဤသတိ၏စင်ကြယ်ခြင်း (စတုတ္ထဈာန်သမာဓိ) ကိုသာလျှင် အစွဲပြု၍ အထူးသဖြင့် စင်ကြယ်သော လူတို့၏မျက်စိထက် သာလွန်သော နတ်မျက်စိနှင့်တူသော ‘ဒိဗ္ဗစက္ခု’ ဉာဏ်ဖြင့် သေဆဲသတ္တဝါ ဖြစ်ပေါ်ဆဲသတ္တဝါယုတ်သောသတ္တဝါ မြတ်သောသတ္တဝါ အဆင်းလှသောသတ္တဝါ အဆင်းမလှသောသတ္တဝါ ကောင်းသောလားရာရှိသောသတ္တဝါ မကောင်းသောလားရာရှိသော သတ္တဝါတို့ကို မြင်၏။ပ။ ကံအားလျော်စွာ ဖြစ်သောသတ္တဝါတို့ကို သိ၏။ ဤ (ဒိဗ္ဗစက္ခုဉာဏ်) သည်ကား ကြက်ငယ်သည် ဥခွံတွင်းမှ ဖောက်ခွဲထွက်ပေါ်လာသကဲ့သို့ (အဝိဇ္ဇာဥခွံမှ) ထိုသူ၏ နှစ်ကြိမ်မြောက် (ဒုတိယ) ဖောက်ခွဲထွက်ပေါ်လာခြင်း ဖြစ်၏။ (၂)

မဟာနာမ် ထိုမြတ်စွာဘုရား၏ တပည့်သည် အတုမဲ့သော ဥပေက္ခာကြောင့်ဖြစ်သည့် ဤသတိ၏စင်ကြယ်ခြင်း (စတုတ္ထဈာန်သမာဓိ) ကိုသာလျှင် အစွဲပြု၍ အာသဝေါတရားတို့၏ ကုန်ခြင်းကြောင့်အာသဝေါ ကင်းသော လွတ်မြောက်သော (အရဟတ္တဖိုလ်) စိတ်နှင့် လွတ်မြောက်သော (အရဟတ္တဖိုလ်) ပညာကို ယခု ဘဝ၌ပင်လျှင် ထူးသောဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက်ပြုလျက် ရောက်၍ နေ၏။ ဤ (အာသဝက္ခယ ဉာဏ်) သည်ကား ကြက်ငယ်သည် ဥခွံအတွင်းမှ ဖောက်ခွဲထွက်ပေါ်လာသကဲ့သို့ (အဝိဇ္ဇာဥခွံမှ) ထိုသူ၏ သုံးကြိမ်မြောက် (တတိယ) ဖောက်ခွဲထွက်ပေါ်လာခြင်း ဖြစ်၏။ (၃)

၂၉။ မဟာနာမ် မြတ်စွာဘုရား၏ တပည့်သည် သီလနှင့် ပြည့်စုံ၏၊ ဤ (သီလနှင့်) ပြည့်စုံခြင်းသည်လည်း ထိုသူ၏ (နိဗ္ဗာန်ရောက်ကြောင်း) စရဏတည်း။ မဟာနာမ် မြတ်စွာဘုရား၏ တပည့်သည်ဣန္ဒြေတို့၌ စောင့်စည်းအပ်သော တံခါးရှိ၏၊ ဤ (ဣန္ဒြေတို့ကို စောင့်စည်းခြင်း) သည်လည်း ထိုသူ၏ (နိဗ္ဗာန်ရောက်ကြောင်း) စရဏတည်း။ မဟာနာမ် မြတ်စွာဘုရား၏ တပည့်သည် ဘောဇဉ်၌ အတိုင်းအရှည်ကို သိ၏၊ ဤ (ဘောဇဉ်၌ အတိုင်းအရှည်ကို သိခြင်း) သည်လည်း ထိုသူ၏ (နိဗ္ဗာန်ရောက်ကြောင်း) စရဏတည်း။ မဟာနာမ် မြတ်စွာဘုရား၏ တပည့်သည် နိုးကြားမှု၌ အားထုတ်၏၊ ဤ (နိုးကြားမှု၌အားထုတ်ခြင်း) သည်လည်း ထိုသူ၏ (နိဗ္ဗာန်ရောက်ကြောင်း) စရဏတည်း။ မဟာနာမ် မြတ်စွာဘုရား၏တပည့်သည် သူတော်ကောင်းတရားခုနစ်ပါးတို့နှင့် ပြည့်စုံ၏၊ ဤ (သူတော်ကောင်းတရားခုနစ်ပါးတို့နှင့်ပြည့်စုံခြင်း) သည်လည်း ထိုသူ၏ (နိဗ္ဗာန်ရောက်ကြောင်း) စရဏတည်း။ မဟာနာမ် မြတ်စွာဘုရား၏တပည့်သည် အထူးစင်ကြယ်သောစိတ်၌ အပါအဝင်ဖြစ်ကုန်သော မျက်မှောက်ကိုယ်၌ ချမ်းချမ်းသာသာနေမှုဖြစ်ကုန်သော ဈာန်လေးပါတို့ကို အလိုရှိတိုင်းရသူ မငြိုမငြင်ရသူ မပင်မပန်းရသူ ဖြစ်၏၊ (ဤဈာန်လေးပါးရခြင်း) သည်လည်း ထိုသူ၏ (နိဗ္ဗာန်ရောက်ကြောင်း) စရဏတည်း။

မဟာနာမ် မြတ်စွာဘုရား၏ တပည့်သည် များပြားသော ရှေး၌ဖြစ်ဖူးသော ဘဝကို အောက်မေ့၏။ ဤသည်တို့ကား အဘယ်နည်း— တစ်ဘဝကိုလည်းကောင်း၊ နှစ်ဘဝတို့ကိုလည်းကောင်း။ပ။ ဤသို့အခြင်းအရာနှင့်တကွ ညွှန်ပြဖွယ် (အမည်အနွယ်) နှင့်တကွ များပြားသော ရှေး၌ဖြစ်ဖူးသော ဘဝကိုအောက်မေ့၏။ ဤ (ပုဗ္ဗေနိဝါသာနုဿတိဉာဏ်) သည်လည်း ထိုသူ၏ ဝိဇ္ဇာဖြစ်၏။

မဟာနာမ် မြတ်စွာဘုရား၏ တပည့်သည် အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိထက်သာလွန်သော နတ်မျက်စိနှင့်တူသော ‘ဒိဗ္ဗစက္ခု’ ဉာဏ်ဖြင့် သေဆဲသတ္တဝါ ဖြစ်ပေါ်ဆဲသတ္တဝါ ယုတ်သောသတ္တဝါ မြတ်သောသတ္တဝါ အဆင်းလှသောသတ္တဝါ အဆင်းမလှသောသတ္တဝါ ကောင်းသောလားရာရှိသောသတ္တဝါ မကောင်းသောလားရာရှိသော သတ္တဝါတို့ကို မြင်၏။ပ။ ကံအားလျော်စွာ ဖြစ်သော သတ္တဝါတို့ကိုသိ၏၊ ဤ (ဒိဗ္ဗစက္ခုဉာဏ်) သည်လည်း ထိုသူ၏ ဝိဇ္ဇာဖြစ်၏။

မဟာနာမ် မြတ်စွာဘုရား၏ တပည့်သည် အာသဝေါတရားတို့၏ ကုန်ခြင်းကြောင့် အာသဝေါကင်း သောလွတ်မြောက်သော (အရဟတ္တဖိုလ်) စိတ်နှင့် လွတ်မြောက်သော (အရဟတ္တဖိုလ်) ပညာကို ယခုဘဝ၌ပင်လျှင် ထူးသောဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက်ပြုလျက် ရောက်၍ နေ၏။ ဤ (အာသဝက္ခယဉာဏ်) သည်လည်း ထိုသူ၏ ဝိဇ္ဇာဖြစ်၏။

မဟာနာမ် ဤသို့သဘောရှိသော မြတ်စွာဘုရား၏ တပည့်ကို ဝိဇ္ဇာနှင့်ပြည့်စုံသောသူဟူ၍လည်း ကောင်း၊ စရဏနှင့်ပြည့်စုံသော သူဟူ၍လည်းကောင်း၊ ဝိဇ္ဇာစရဏနှင့်ပြည့်စုံသော သူဟူ၍လည်းကောင်း ဆိုရ၏။

၃ဝ။ မဟာနာမ် သနင်္ကုမာရဗြဟ္မာသည်လည်း ဤဂါထာကို ဆို၏—

လူအပေါင်း၌ အကြင်သူတို့သည် အမျိုးအနွယ်ကို အားကိုးလေ့ရှိကုန်၏၊ (ထိုသူ တို့တွင်) မင်းမျိုးသည်မြတ်၏၊ နတ်လူအပေါင်း၌ (အကြင်သူသည်) အသိဉာဏ် ‘ဝိဇ္ဇာ’ အကျင့် ‘စရဏ’ နှင့် ပြည့်စုံ၏၊ ထိုသူသည် မြတ်၏ဟု (ဆို၏)။

မဟာနာမ် သနင်္ကုမာရဗြဟ္မာသည် ထိုဂါထာကို ကောင်းစွာ သီဆိုပေ၏၊ မကောင်းသဖြင့် သီဆိုသည်မဟုတ်ပေ။ ကောင်းစွာ ရွတ်ဆိုပေ၏၊ မကောင်းသဖြင့် ရွတ်ဆိုသည် မဟုတ်ပေ။ အကျိုးနှင့် စပ်ပေ၏၊ အကျိုးနှင့် မစပ်သည် မဟုတ်ပေ။ မြတ်စွာဘုရားသည် သဘောတူတော်မူ၏ဟု (ဆို၏)။

ထိုအခါ မြတ်စွာဘုရားသည် ထတော်မူ၍ အသျှင်အာနန္ဒာအား “အာနန္ဒာ ကောင်းပေစွ၊ ကောင်း ပေစွ၊ အာနန္ဒာ သင်သည် ကပိလဝတ်ပြည်သား သာကီဝင်မင်းသားတို့အား သေက္ခပုဂ္ဂိုလ်တို့၏ အကျင့် ကိုကောင်းစွာသာလျှင် ဟောကြားပေ၏”ဟု မိန့်တော်မူ၏။

အသျှင်အာနန္ဒာသည် ဤတရားစကားကို ဟောတော်မူ၏၊ မြတ်စွာဘုရားသည်လည်း ခွင့်ပြုတော်မူ၏၊ ကပိလဝတ်ပြည်သား သာကီဝင်မင်းသားတို့သည် အသျှင်အာနန္ဒာဟောသော တရားတော်ကို နှစ်ခြိုက်ဝမ်းမြောက်ကြကုန်၏။

သုံးခုမြောက် သေခသုတ် ပြီး၏။