မဇ္ဈိမနိကာယ်
၄ — ပေါတလိယသုတ်
၃၁။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်
အခါတစ်ပါး၌ မြတ်စွာဘုရားသည် (မဟီမြစ်၏ မြောက်ဘက်) အင်္ဂတိုင်း အာပဏနိဂုံး၌ သီတင်းသုံး နေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ် သင်္ကန်းကို ယူလျက် အာပဏနိဂုံးသို့ ဆွမ်းအလို့ငှါ ဝင်တော်မူ၏၊ အာပဏနိဂုံး၌ ဆွမ်း အလို့ငှါ လှည့်လည် ပြီး၍ ဆွမ်းခံရွာမှ ဖဲခဲ့ပြီးနောက် တစ်ခုသော တောအုပ်သို့ နေ့သန့် စင်ရန် ချဉ်းကပ်၏၊ ထိုတောအုပ်သို့ သက်ဝင်၍ တစ်ခုသော သစ်ပင်ရင်း၌ နေ့သန့် စင်ရန် ထိုင်တော်မူ၏။
ပေါတလိယ သူကြွယ်သည်လည်း ပြည့်စုံသော အဝတ်အရုံ ရှိသည်ဖြစ်၍ ထီး ဆောင်းကာ ဖိနပ် စီးလျက် အညောင်းပြေ လမ်းလျှောက် လှည့်လည်သော် တောအုပ်ဆီသို့ ချဉ်းကပ်ပြီးလျှင် တောအုပ် အတွင်းသို့ သက်ဝင်၍ မြတ်စွာဘုရားထံသို့ ချဉ်းကပ်လျက် မြတ်စွာဘုရားနှင့်အတူ ဝမ်းမြောက် ဝမ်းသာ နှုတ်ဆက် ပြောဆို၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြောဆို ပြီးဆုံး စေပြီးနောက် တစ်ခုသော နေရာ၌ ရပ်တည်၏၊ တစ်ခုသော နေရာ၌ ရပ်နေသော ပေါတလိယ သူကြွယ်အား မြတ်စွာဘုရားသည် “သူကြွယ် နေရာတို့သည် များစွာ ရှိကုန်၏၊ အလိုရှိမူ ထိုင်လော့” ဟု မိန့်တော်မူ၏။ ဤသို့ မိန့်တော် မူသော် ပေါတလိယသူကြွယ်သည် “ရဟန်းဂေါတမသည် ငါ့ကို သူကြွယ် ဟူသော အခေါ်အဝေါ်ဖြင့် ခေါ်ဝေါ် ပြောဆိုဘိသည်” ဟု အမျက်ထွက်လျက် နှလုံး မသာသည် ဖြစ်၍ (စကားမပြောဘဲ) ဆိတ်ဆိတ် နေ၏။
နှစ်ကြိမ်မြောက်လည်း မြတ်စွာဘုရားသည်။ပ။ သုံးကြိမ်မြောက်လည်း မြတ်စွာဘုရားသည် ပေါတလိယသူကြွယ်ကို “သူကြွယ် နေရာတို့သည် များစွာ ရှိကုန်၏၊ အလိုရှိမူ ထိုင်လော့” ဟု မိန့်တော် မူ၏။ ဤသို့ မိန့်တော် မူသော် ပေါတလိယသူကြွယ်သည် “ရဟန်းဂေါတမသည် ငါ့ကို သူကြွယ် ဟူသော အခေါ် အဝေါ်ဖြင့် ခေါ်ဝေါ် ပြောဆိုဘိသည်” ဟု အမျက် ထွက်လျက် နှလုံး မသာသည် ဖြစ်၍ မြတ်စွာဘုရားအား— “အသျှင်ဂေါတမ အသျှင်ဂေါတမသည် အကျွန်ုပ်ကို သူကြွယ် ဟူသော အခေါ် အဝေါ်ဖြင့် ခေါ်ဝေါ် ပြောဆိုခြင်းသည် မသင့်တင့် မလျောက်ပတ်ပါ” ဟု လျှောက်၏။ သူကြွယ် သင်၏ အမူအရာ အသွင်အပြင် ပုံပန်းတို့သည် သူကြွယ် ကဲ့သို့ပင် ဖြစ်ပေသည် ဟု (မိန့်တော်မူ၏)။ အသျှင်ဂေါတမ အကျွန်ုပ်သည် ခပ်သိမ်းသော လူမှု ကိစ္စတို့ကို ပယ်ထားပြီးပြီ၊ ခပ်သိမ်း သော လူ့အသုံး အနှုန်းတို့ကို ဖြတ်တောက်ထား ပြီးပါပြီ ဟု (လျှောက်၏)။
သူကြွယ် အဘယ်သို့လျှင် သင်သည် ခပ်သိမ်းသော လူမှု ကိစ္စတို့ကို ပယ်ထား သနည်း၊ အဘယ် သို့လျှင် ခပ်သိမ်းသော လူ့အသုံး အနှုန်းတို့က ို ဖြတ်တောက်ထား သနည်း ဟု (မေးတော် မူ၏)။ အသျှင်ဂေါတမ အကျွန်ုပ်မှာ ရှိသော ဥစ္စာ စပါး ငွေ ရွှေ အားလုံးကို သားသမီးတို့အား အမွေ ပေးထား ပြီးပြီ၊ ထိုဥစ္စာစု၌ အကျွန်ုပ်သည် ဆုံးမခြင်း မရှိ ပြစ်တင် ပြောဆိုခြင်း မရှိဘဲ စားလောက်ရုံ ဝတ်လောက် ရုံမျှ အတိုင်း အရှည်ဖြင့်သာ နေပါ၏။ အသျှင်ဂေါတမ ဤသို့လျှင် အကျွန်ုပ်သည် ခပ်သိမ်းသော လူမှု ကိစ္စတို့ကို ပယ်ထား ပြီးပါပြီ၊ လူ့အသုံး အနှုန်းတို့ကို ဖြတ်တောက်ထား ပြီးပါပြီ ဟု (လျှောက်၏)။ သူကြွယ် သင်ကား လူ့ အသုံးအနှုန်း ဖြတ်တောက်ပုံကို တစ်မျိုးအားဖြင့် ပြောဆို၏၊ (ငါ) ဘုရား အဆုံးအမ၌ကား လူ့အသုံးအနှုန်း ဖြတ်တောက်ပုံသည် တစ်မျိုးဖြစ်၏ ဟု (မိန့်တော်မူ၏)။ အသျှင် ဘုရား အဘယ်သို့လျှင် မြတ်စွာဘုရား အဆုံးအမ၌ လူ့အသုံးအနှုန်း ဖြတ်တောက်ပုံ ဖြစ်ပါ သနည်း၊ တောင်းပန်ပါသည် မြတ်စွာဘုရား၊ မြတ်စွာဘုရား၏ အဆုံး အမတော်၌ လူ့အသုံးအနှုန်း ဖြတ်တောက်မှု ဖြစ်ပုံ တရားတော်ကို အကျွန်ုပ်အား ဟောကြားတော်မူပါ ဟု (လျှောက်၏)။
သူကြွယ် သို့ဖြစ်လျှင် နားထောင်လော့၊ ကောင်းစွာ နှလုံး သွင်းလော့၊ ဟောကြားပေအံ့ ဟု (မိန့်တော်မူ၏)။ “ကောင်းပါပြီ မြတ်စွာဘုရား” ဟု ပေါတလိယသူကြွယ်သည် မြတ်စွာဘုရားအား ပြန် ကြား လျှောက်ထား၏။
၃၂။ မြတ်စွာဘုရားသည် ဤဆို လတ္တံ့သော တရားတော်ကို ဟောတော်မူ၏— သူကြွယ် မြတ်စွာဘုရား၏ အဆုံးအမ၌ ရှစ်ပါးသော ဤတရားတို့သည် လူ့အသုံးအနှုန်း ဖြတ်ခြင်းငှါ ဖြစ်ကုန်၏။ အဘယ် ရှစ်ပါးတို့နည်း ဟူမူ
အသက်မသတ်ခြင်းကို မှီ၍ အသက် သတ်ခြင်းကို ပယ်ရမည် (၁)။ ပေးသော ဥစ္စာ ယူခြင်းကို မှီ၍ မပေးသော ဥစ္စာ ယူခြင်းကို ပယ်ရမည် (၂)။ မှန်ကန်သော စကားကို မှီ၍ မမှန်ကန်သော စကားကို ပယ်ရမည် (၃)။ ကုန်းမတိုက်သော စကားကို မှီ၍ ကုန်းတိုက်သော စကားကို ပယ်ရမည် (၄)။ မတပ်မက် မလိုချင်မှုကို မှီ၍ တပ်မက် လိုချင်မှုကို ပယ်ရမည် (၅)။ မကဲ့ရဲ့ မခြုတ်ခြယ်ခြင်းကို မှီ၍ ကဲ့ရဲ့ ခြုတ်ခြယ်ခြင်းကို ပယ်ရမည် (၆)။ အမျက်မထွက်ခြင်း မပင်ပန်းခြင်းကို မှီ၍ အမျက်ထွက်ခြင်း ပင်ပန်းခြင်းကို ပယ်ရမည် (၇)။ လွန်စွာ မာန်မမူခြင်းကို မှီ၍ လွန်စွာ မာန်မူခြင်းကို ပယ်ရမည် (၈)။
သူကြွယ် အကျဉ်းအားဖြင့် ဟောကြား၍ အကျယ်အားဖြင့် မဝေဖန်ရ သေးသော ဤတရား ရှစ်ပါးတို့သည် မြတ်စွာဘုရား အဆုံးအမ၌ လူ့အသုံးအနှုန်း ဖြတ်ခြင်းငှါ ဖြစ်ကုန်၏ ဟု (မိန့်တော်မူ၏)။ အသျှင်ဘုရား အကျဉ်းအားဖြင့် ဟောကြား၍ အကျယ်အားဖြင့် မဝေဖန် ရသေးသော ဤတရား ရှစ်ပါးတို့သည် မြတ်စွာဘုရား အဆုံးအမ၌ လူ့အသုံးအနှုန်း ဖြတ်ခြင်းငှါ ဖြစ်ကုန်၏၊ အသျှင်ဘုရား တောင်းပန်ပါ၏၊ မြတ်စွာဘုရားသည် တပည့်တော်အား အစဉ် သနားသည်ကို အကြောင်းပြု၍ ဤတရား ရှစ်ပါးတို့ကို အကျယ်ချဲ့ကာ ဝေဖန်တော် မူပါ ဟု (လျှောက်၏)။
သူကြွယ် ထိုသို့ ဖြစ်လျှင် နားထောင်လော့၊ ကောင်းစွာ နှလုံး သွင်းလော့၊ ဟောပြပေအံ့ ဟု (မိန့်တော်မူ၏)။ “အသျှင်ဘုရား ကောင်းပါပြီ” ဟု ပေါတလိယသူကြွယ်သည် မြတ်စွာဘုရားအား ပြန်ကြား လျှောက်ထား၏။ မြတ်စွာဘုရားသည် ဤတရားတော်ကို ဟောတော်မူ၏—
၃၃။ “အသက် မသတ်ခြင်းကို မှီ၍ အသက် သတ်ခြင်းကို ပယ်ရမည်” ဟူသော စကားကို (ငါဘုရား) ဟောထား၏၊ ထိုစကားကို အဘယ်ကို အစွဲပြု၍ ဟောထားသနည်း— သူကြွယ် ဤသာသနာ တော်၌ မြတ်စွာဘုရား၏ တပည့်သည် ဤသို့ ဆင်ခြင်၏— ငါသည် အကြင် (အနှောင်အဖွဲ့) သံယောဇဉ် တို့၏ အကြောင်းကြောင့် အသက်ကို သတ်လေ့ ရှိသူ ဖြစ်ရာ၏၊ ငါသည် ထို(အနှောင်အဖွဲ့) သံယော ဇဉ်တို့ကို ပယ်ခြင်း အကြွင်းမဲ့ ဖြတ်ခြင်းငှါ ကျင့်ကြံ နေ၏။ အကယ်၍ ငါသည် အသက် သတ်လေ့ရှိသူ ဖြစ်အံ့၊ အသက် သတ်ခြင်းတည်း ဟူသော အကြောင်းကြောင့် ငါ့ကို ငါကိုယ်တိုင်လည်း စွပ်စွဲရာ၏၊ အသက် သတ်ခြင်းတည်း ဟူသော အကြောင်းကြောင့် ငါ့ကို ပညာရှိ သူတော်ကောင်းတို့သည်လည်း ဆင်ခြင် နှိုင်းချိန် စိစစ်ကြ ကုန်၍ ကဲ့ရဲ့ ကုန်ရာ၏၊ အသက် သတ်ခြင်းတည်း ဟူသော အကြောင်း ကြောင့် ကိုယ်ခန္ဓာ ပျက်စီး၍ သေပြီးသည်မှ နောက်၌ မကောင်းသော လားရာ ရှိသည်သာ ဧကန် ဖြစ်ရမည်။ ဤအသက် သတ်ခြင်းသည် ပင်လျှင် (အနှောင်အဖွဲ့) သံယောဇဉ် ဖြစ်၏၊ ဤအသက် သတ်ခြင်းသည် ပင်လျှင် ပိတ်ပင် တားဆီး တတ်သော နီဝရဏဖြစ်၏၊ အသက် သတ်ခြင်းတည်း ဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာမည့် အာသဝေါ တရား, ပင်ပန်းခြင်း, ပူပန်ခြင်း တရားတို့သည် အသက် သတ်ခြင်းမှ ရှောင်ကြဉ်သော သူအား မဖြစ်ပေါ်ကြကုန်။ “အသက် မသတ်ခြင်းကို မှီ၍ အသက် သတ်ခြင်းကို ပယ်ရမည်” ဟူသော ထိုစကားကို ဤ (ဆိုခဲ့ပြီးသော) အကြောင်းကို စွဲ၍ ဟောထား၏။
၃၄။ “ပေးသော ဥစ္စာ ယူခြင်းကို မှီ၍ မပေးသော ဥစ္စာယူခြင်းကို ပယ်ရမည်” ဟူသော စကားကို (ငါဘုရား) ဟောထား၏၊ ထိုစကားကို အဘယ်ကို အစွဲပြု၍ ဟောထား သနည်း— သူကြွယ် ဤသာသနာ တော်၌ မြတ်စွာဘုရား၏ တပည့်သားသည် ဤသို့ ဆင်ခြင်၏— ငါသည် အကြင် (အနှောင်အဖွဲ့) သံယောဇဉ်တို့၏ အကြောင်းကြောင့် မပေးသော ဥစ္စာကို ခိုးယူလေ့ ရှိသူ ဖြစ်ရာ၏၊ ငါသည် (ထိုအနှောင်အဖွဲ့) သံယောဇဉ်တို့ကို ပယ်ခြင်းငှါ အကြွင်းမဲ့ ဖြတ်ခြင်းငှါ ကျင့်ကြံနေ၏။
အကယ်၍ ငါသည် မပေးသော ဥစ္စာကို ခိုးယူလေ့ ရှိသူ ဖြစ်အံ့၊ မပေးသော ဥစ္စာကို ခိုးယူခြင်း တည်း ဟူသော အကြောင်းကြောင့် ငါ့ကို ငါကိုယ်တိုငလ် ည်း စွပ်စွဲရာ၏၊ မပေးသော ဥစ္စာကို ခိုးယူခြင်း တည်း ဟူသော အကြောင်းကြောင့် ငါ့ကို ပညာရှိ သူတော်ကောင်းတို့သည်လည်း ဆင်ခြင် နှိုင်းချိန် စိစစ်ကြ ကုန်၍ ကဲ့ရဲ့ ကုန်ရာ၏၊ မပေးသော ဥစ္စာကို ခိုးယူခြင်းတည်း ဟူသော အကြောင်းကြောင့် ကိုယ်ခန္ဓာ ပျက်စီး၍ သေပြီးသည်မှ နောက်၌ မကောင်းသော လားရာ ရှိသည်သာ ဧကန် ဖြစ်ရမည်။ ဤမပေးသော ဥစ္စာကို ခိုးယူခြင်းသည် ပင်လျှင် (အနှောင်အဖွဲ့) သံယောဇဉ် ဖြစ်၏၊ ဤမပေးသော ဥစ္စာကို ခိုးယူခြင်းသည် ပင်လျှင် ပိတ်ပင် တားဆီးတတ်သော နီဝရဏ ဖြစ်၏၊ မပေးသော ဥစ္စာကို ခိုးယူခြင်းတည်း ဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာမည့် အာသဝေါ တရား, ပင်ပန်းခြင်း, ပူပန်ခြင်း တရားတို့သည် မပေးသော ဥစ္စာကို ခိိုးယူခြင်းမှ ရှောင်ကြဉ်သော သူအား မဖြစ်ပေါ်ကြကုန်။ “ပေးသော ဥစ္စာ ယူခြင်းကို မှီ၍ မပေးသော ဥစ္စာ ယူခြင်းကို ပယ်ရမည်” ဟူသော ထိုစကားကို ဤ(ဆိုခဲ့ပြီးသော) အကြောင်းကို အစွဲပြု၍ ဟောထား၏။
၃၅။ “မှန်ကန်သော စကားကို မှီ၍ မမှန်ကန်သော စကားကို ပယ်ရမည်” ဟူသော စကားကို (ငါဘုရား) ဟောထား၏၊ ထိုစကားကို အဘယ်ကို အစွဲပြု၍ ဟောထားသနည်း— သူကြွယ် ဤသာသနာ တော်၌ မြတ်စွာဘုရား၏ တပည့်သားသည် ဤသို့ ဆင်ခြင်၏— ငါသည် အကြင် (အနှောင်အဖွဲ့) သံယောဇဉ်တို့၏ အကြောင်းကြောင့် မမှန်ကန်သော စကားကို ပြောဆိုလေ့ ရှိသူ ဖြစ်ရာ၏၊ ငါသည် ထို(အနှောင်အဖွဲ့) သံယောဇဉ်တို့ကို ပယ်ခြင်း အကြွင်းမဲ့ ဖြတ်ခြင်းငှါ ကျင့်ကြံနေ၏။ အကယ်၍ ငါသည် ပင်လျှင် မမှန်ကန်သော စကားကို ပြောဆိုလေ့ ရှိသူ ဖြစ်အံ့၊ မမှန်ကန်သော စကားကို ပြောဆိုခြင်းတည်း ဟူသော အကြောင်းကြောင့် ငါ့ကို ငါကိုယ်တိုင်လည်း စွပ်စွဲရာ၏၊ မမှန်ကန်သော စကားကို ပြောဆိုခြင်းတည်း ဟူသော အကြောင်းကြောင့် ငါ့ကို ပညာရှိ သူတော်ကောင်း တို့သည်လည်း ဆင်ခြင် နှိုင်းချိန် စိစစ်ကြ ကုန်၍ ကဲ့ရဲ့ ကုန်ရာ၏။
မမှန်ကန်သော စကားကို ပြောဆိုခြင်းတည်း ဟူသော အကြောင်းကြောင့် ကိုယ်ခန္ဓာ ပျက်စီး၍ သေပြီးသည်မှ နောက်၌ မကောင်းသော လားရာ ရှိသည်သာ ဧကန် ဖြစ်ရမည်။ ဤမမှန်ကန်သော စကားကို ပြောဆိုခြင်းသည် ပင်လျှင် (အနှောင်အဖွဲ့) သံယောဇဉ် ဖြစ်၏၊ ဤမမှန်ကန်သော စကားကို ပြောဆိုခြင်းသည် ပင်လျှင် ပိတ်ပင် တားဆီးတတ်သော နီဝရဏ ဖြစ်၏၊ မမှန်ကန်သော စကားကို ပြောဆိုခြင်းတည်း ဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာမည့် အာသဝေါ တရား, ပင်ပန်းခြင်း, ပူပန်ခြင်း တရားတို့သည် မမှန်ကန်သော စကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်သော သူအား မဖြစ်ပေါ် နိုင်ကုန်။ “မှန်ကန်သော စကားကို မှီ၍ မမှန်ကန်သော စကားကို ပယ်ရမည်” ဟူသော ထိုစကားကို ဤ (ဆိုခဲ့ ပြီးသော) အကြောင်းကို အစွဲပြု၍ ဟောထား၏။
၃၆။ “ကုန်းမတိုက်သော စကားကို မှီ၍ ကုန်းတိုက်သော စကားကို ပယ်ရမည်” ဟူသော စကားကို (ငါဘုရား) ဟောထား၏၊ ထိုစကားကို အဘယ်ကို အစွဲပြု၍ ဟောထား သနည်း— သူကြွယ် ဤသာသနာ တော်၌ မြတ်စွာဘုရား၏ တပည့်သားသည် ဤသို့ ဆင်ခြင်၏— ငါသည် အကြင် (အနှောင်အဖွဲ့) သံယောဇဉ်တို့၏ အကြောင်းကြောင့် ကုန်းတိုက်သော စကားကို ဆိုသူ ဖြစ်ရာ၏၊ ငါသည် ထို (အနှောင်အဖွဲ့) သံယောဇဉ် တို့ကို ပယ်ခြင်း အကြွင်းမဲ့ ဖြတ်ခြင်းငှါ ကျင့်ကြံ နေ၏။
အကယ်၍ ငါသည် ကုန်းတိုက်သော စကားကို ပြောဆုသိ ူ ဖြစ်အံ့၊ ကုန်းတိုက်သော စကားကို ပြောဆိုခြင်းတည်း ဟူသော အကြောင်းကြောင့် ငါ့ကို ငါကိုယ်တိုင်လည်း စွပ်စွဲရာ၏၊ ကုန်းတိုက်သော စကားကို ပြောဆိုခြင်းတည်း ဟူသော အကြောင်းကြောင့် ငါ့ကို ပညာရှိ သူတော်ကောင်းတို့သည်လည်း ဆင်ခြင် နှိုင်းချိန် စိစစ်ကြ ကုန်၍ ကဲ့ရဲ့ ကုန်ရာ၏။ ကုန်းတိုက်သော စကားကို ပြောဆိုခြင်းတည်း ဟူသော အကြောင်းကြောင့် ကိုယ်ခန္ဓာ ပျက်စီး၍ သေပြီးသည်မှ နောက်၌ မကောင်းသော လားရာ ရှိသည်သာ ဧကန် ဖြစ်ရမည်။
ဤကုန်းတိုက်သော စကားသည် ပင်လျှင် (အနှောင်အဖွဲ့) သံယောဇဉ် ဖြစ်၏၊ ဤကုန်းတိုက်သော စကားသည် ပင်လျှင် ပိတ်ပင် တားဆီးတတ်သော နီဝရဏ ဖြစ်၏။ ကုန်းတိုက်သော စကားကို ပြောဆို ခြင်းတည်း ဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာမည့် အာသဝေါ တရား, ပင်ပန်းခြင်း, ပူပန်ခြင်း တရားတို့သည် ကုန်းတိုက်သော စကားမှ ရှောင်ကြဉ်သူအား မဖြစ်ပေါ်နိုင်ကုန်။ “ကုန်းမတိုက်သော စကားကို မှီ၍ ကုန်းတိုက်သော စကားကို ပယ်ရမည်” ဟူသော ထိုစကားကို ဤ(ဆိုခဲ့ပြီးသော) အကြောင်းကို အစွဲပြု၍ ဟောထား၏။
၃၇။ “မတပ်မက် မလိုချင်မှုကို မှီ၍ တပ်မက် လိုချင်မှုကို ပယ်ရမည်” ဟူသော စကားကို (ငါဘုရား) ဟောထား၏။ ထိုစကားကို အဘယ်ကို အစွဲပြု၍ ဟောထားသနည်း— သူကြွယ် ဤသာသနာ တော်၌ မြတ်စွာဘုရား၏ တပည့်သားသည် ဤသို့ ဆင်ခြင်၏— ငါသည် အကြင် (အနှောင်အဖွဲ့) သံယောဇဉ်တို့၏ အကြောင်းကြောင့် တပ်မက်မှု လိုချင်မှု ရှိသူ ဖြစ်ရာ၏၊ ငါသည် ထို (အနှောင်အဖွဲ့) သံယောဇဉ်တို့ကို ပယ်ခြင်း အကြွင်းမဲ့ ဖြတ်ခြင်းငှါ ကျင့်ကြံနေ၏။
အကယ်၍ ငါသည် တပ်မက် လိုချင်မှု ရှိသူ ဖြစ်အံ့၊ တပ်မက် လိုချင်မှုတည်း ဟူသော အကြောင်း ကြောင့် ငါ့ကို ငါကိုယ်တိုင်လည်း စွပ်စွဲရာ၏၊ တပ်မက် လိုချင်မှုတည်း ဟူသော အကြောင်းကြောင့် ငါ့ကို ပညာရှိ သူတော်ကောင်းတို့သည်လည်း ဆင်ခြင် နှိုင်းချိန် စိစစ်ကြ ကုန်၍ ကဲ့ရဲ့ ကုန်ရာ၏။ တပ်မက် လိုချင်မှုတည်း ဟူသော အကြောင်းကြောင့် ကိုယ်ခန္ဓာ ပျက်စီး၍ သေပြီးသည်မှ နောက်၌ မကောင်း သော လားရာ ရှိသည်သာ ဧကန် ဖြစ်ရမည်။
ဤတပ်မက် လိုချင်မှုသည် ပင်လျှင် အနှောင်အဖွဲ့ သံယောဇဉ် ဖြစ်၏၊ ဤတပ်မက် လိုချင်မှုသည် ပင်လျှင် ပိတ်ပင် တားဆီးတတ်သော နီဝရဏ ဖြစ်၏၊ တပ်မက် လိုချင်မှုတည်း ဟူသော အကြောင်း ကြောင့် ဖြစ်ပေါ်လာမည့် အာသဝေါ တရား, ပင်ပန်းခြင်း, ပူပန်ခြင်း တရားတို့သည် တပ်မက် လိုချင်မှုမှ ကြဉ်ရှောင်သော သူအား မဖြစ်ပေါ် နိုင်ကုန်။ “မတပ်မက် မလိုချင်မှုကို မှီ၍ တပ်မက် လိုချင်မှုကို ပယ်ရမည်” ဟူသော ထိုစကားကို ဤ (ဆိုခဲ့ပြီးသော) အကြောင်းကို အစွဲပြု၍ ဟောထား၏။
၃၈။ “မကဲ့ရဲ့ မခြုတ်ခြယ်ခြင်းကို မှီ၍ ကဲ့ရဲ့ ခြုတ်ခြယ်ခြင်းကို ပယ်ရမည်” ဟူသော စကားကို (ငါဘုရား) ဟောထား၏၊ ထိုစကားကို အဘယ်ကို အစွဲပြု၍ ဟောထားသနည်း— သူကြွယ် ဤသာသနာ တော်၌ မြတ်စွာဘုရား၏ တပည့်သားသည် ဤသို့ ဆင်ခြင်၏— ငါသည် အကြင်(အနှောင်အဖွဲ့) သံယောဇဉ်တို့၏ အကြောင်းကြောင့် ကဲ့ရဲ့ ခြုတ်ခြယ်တတ်သော အလေ့ရှိသူ ဖြစ်ရာ၏။ ငါသည် ထို(အနှောင်အဖွဲ့) သံယောဇဉ်တို့ကို ပယ်ခြင်း အကြွင်းမဲ့ ဖြတ်ခြင်းငှါ ကျင့်ကြံ နေ၏။ ငါသည် ကဲ့ရဲ့ ခြုတ်ခြယ် တတ်သော အလေ့ရှိသူ ဖြစ်အံ့၊ ကဲ့ရဲ့ ခြုတြ်ခယ်ခြင်းတည်း ဟူသော အကြောင်းကြောင့် ငါ့ကို ငါကိုယ်တိုင်လည်း စွပ်စွဲရာ၏။ ငါ့ကို ကဲ့ရဲ့ ခြုတ်ခြယ်ခြင်းတည်း ဟူသော အကြောင်းကြောင့် ပညာရှိ သူတော်ကောင်းတို့သည်လည်း ဆင်ခြင် နှိုင်းချိန် စိစစ်ကြ ကုန်၍ ကဲ့ရဲ့ ကုန်ရာ၏။ ကဲ့ရဲ့ ခြုတ်ခြယ်ခြင်းတည်း ဟူသော အကြောင်းကြောင့် ကိုယ်ခန္ဓာ ပျက်စီး၍ သေပြီးသည်မှ နောက်၌ မကောင်းသော လားရာ ရှိသည်သာ ဧကန် ဖြစ်ရမည်။
ဤကဲ့ရဲ့ ခြုတ်ခြယ်ခြင်းသည် ပင်လျှင် (အနှောင်အဖွဲ့) သံယောဇဉ် ဖြစ်၏၊ ဤကဲ့ရဲ့ ခြုတ်ခြယ် ခြင်းသည် ပင်လျှင် ပိတ်ပင် တားဆီးတတ်သော နီဝရဏ ဖြစ်၏၊ ကဲ့ရဲ့ ခြုတ်ခြယ်ခြင်းတည်း ဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာမည့် အာသဝေါတရား, ပင်ပန်းခြင်း, ပူပန်ခြင်း တရားတို့သည် ကဲ့ရဲ့ ခြုတ်ခြယ်လေ့ မရှိသူတို့အား မဖြစ်ပေါ်နိုင်ကုန်။ “မကဲ့ရဲ့ မခြုတ်ခြယ်ခြင်းကို မှီ၍ ကဲ့ရဲ့ ခြုတ်ခြယ်ခြင်းကို ပယ်ရမည်” ဟူသော ထိုစကားကို ဤ (ဆိုခဲ့ပြီးသော) အကြောင်းကို အစွဲပြု၍ဟောထား၏။
၃၉။ “အမျက်မထွက်ခြင်း မပင်ပန်းခြင်းကို မှီ၍ အမျက်ထွက်ခြင်း ပင်ပန်းခြင်းကို ပယ်ရမည်” ဟူသော စကားကို (ငါဘုရား) ဟောထား၏၊ ထိုစကားကို အဘယ်ကို အစွဲပြု၍ ဟောထားသနည်း— သူကြွယ် ဤသာသနာတော်၌ မြတ်စွာဘုရား၏ တပည့်သားသည် ဤသို့ ဆင်ခြင်၏— ငါသည် အကြင် (အနှောင်အဖွဲ့) သံယောဇဉ်တို့၏ အကြောင်းကြောင့် အမျက်ထွက်လေ့ ရှိသူ ပင်ပန်းလေ့ရှိသူ ဖြစ်ရာ၏။ ငါသည် ထို(အနှောင်အဖွဲ့) သံယောဇဉ်တို့ကိုပယ်ခြင်း အကြွင်းမဲ့ ဖြတ်ခြင်းငှါ ကျင့်ကြံ နေ၏။ အကယ်၍ ငါသည် အမျက် ထွက်လေ့ရှိသူ ပင်ပန်း လေ့ရှိသူ ဖြစ်အံ့၊ ငါ့ကို ငါကိုယ်တိုင်လည်း စွပ်စွဲရာ၏၊ ငါ့ကို အမျက်ထွက်ခြင်း ပင်ပန်းခြင်းတည်း ဟူသော အကြောင်းကြောင့် ပညာရှိ သူတော် ကောင်း တို့သည်လည်း ဆင်ခြင် နှိုင်းချိန် စိစစ်ကြ ကုန်၍ ကဲ့ရဲ့ ကုန်ရာ၏။ အမျက်ထွက်ခြင်း ပင်ပန်း ခြင်းတည်း ဟူသော အကြောင်းကြောင့် ကိုယ်ခန္ဓာ ပျက်စီး၍ သေပြီးသည်မှ နောက်၌ မကောင်းသော လားရာ ရှိသည်သာ ဧကန် ဖြစ်ရမည်။
ဤအမျက် ထွက်ခြင်း ပင်ပန်းခြင်းသည် ပင်လျှင် (အနှောင်အဖွဲ့) သံယောဇဉ် ဖြစ်၏၊ဤအမျက် ထွက်ခြင်း ပင်ပန်းခြင်းသည် ပင်လျှင် ပိတ်ပင် တားဆီးတတ်သော နီဝရဏ ဖြစ်၏၊ အမျက်ထွက်ခြင်း ပင်ပန်းခြင်းတည်း ဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာမည့် အာသဝေါတရား, ပင်ပန်းခြင်း, ပူပန်ခြင်း တရားတို့သည် အမျက်ထွက်လေ့ မရှိသူ ပင်ပန်းလေ့ မရှိသူတို့အား မဖြစ်ပေါ်နိုင်ကုန်။ “အမျက်မထွက်ခြင်း မပင်ပန်းခြင်းကို မှီ၍ အမျက်ထွက်ခြင်း ပင်ပန်းခြင်းကို ပယ်ရမည်” ဟူသော ထိုစကားကို ဤ(ဆိုခဲ့ပြီးသော) အကြောင်းကို အစွဲပြု၍ ဟောထား၏။
၄ဝ။ “လွန်စွာ မာန် မမူခြင်းကို မှီ၍ လွန်စွာ မာန် မူခြင်းကို ပယ်ရမည်” ဟူသော စကားကို (ငါဘုရား) ဟောထား၏၊ ထိုစကားကို အဘယ်ကို အစွဲပြု၍ ဟောထား သနည်း— သူကြွယ် ဤသာသနာ တော်၌ မြတ်စွာဘုရား၏ တပည့်သားသည် ဤသို့ ဆင်ခြင်၏— ငါသည် အကြင် (အနှောင်အဖွဲ့) သံယောဇဉ်တို့၏ အကြောင်းကြောင့် လွန်စွာ မာန်မူလေ့ ရှိသူ ဖြစ်ရာ၏။
ငါသည် ထို(အနှောင်အဖွဲ့) သံယောဇဉ်တို့ကို ပယ်ခြင်း အကြွင်းမဲ့ ဖြတ်ခြင်းငှါ ကျင့်ကြံနေ၏။ အကယ်၍ ငါသည် လွန်စွာ မာန်မူခြင်း ရှိသူ ဖြစ်အံ့၊ လွန်စွာ မာန်မူခြင်းတည်း ဟူသော အကြောင်း ကြောင့် ငါ့ကို ငါကိုယ်တိုင်လည်း စွပ်စွဲရာ၏၊ ငါ့ကို လွန်စွာ မာန်မူခြင်းတည်း ဟူသော အကြောင်း ကြောင့် ပညာရှိ သူတော်ကောင်းတို့သည်လည်း ဆင်ခြင် နှိုင်းချိန် စိစစ်ကြ ကုန်၍ ကဲ့ရဲ့ ကုန်ရာ၏။ လွန်စွာ မာန်မူခြင်းတည်း ဟူသော အကြောင်းကြောင့် ကိုယ်ခန္ဓာ ပျက်စီး၍ သေပြီးသည်မှ နောက်၌ မကောင်းသော လားရာ ရှိသည်သာ ဧကန် ဖြစ်ရမည်။
ဤလွန်စွာ မာန်မူခြင်းသည် ပင်လျှင် (အနှောင်အဖွဲ့) သံယောဇဉ် ဖြစ်၏၊ ဤလွန်စွာ မာန်မူခြင်း သည် ပင်လျှင် ပိတ်ပင် တားဆီးတတ်သော နီဝရဏ ဖြစ်၏၊ လွန်စွာ မာန်မူခြင်းတည်း ဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာမည့် အာသဝေါ တရား, ပင်ပန်းခြင်း, ပူပန်ခြင်း တရားတို့သည် လွန်စွာ မာန်မူခြင်း မရှိသူအား မဖြစ်ပေါ်နိုင်ကုန်။ “လွန်စွာ မာန်မမူခြင်းကို မှီ၍ လွန်စွာ မာန်မူခြင်းကို ပယ်ရ မည်” ဟူသော ထိုစကားကို ဤ(ဆိုခဲ့ပြီးသော) အကြောင်းကို အစွဲပြု၍ ဟောထား၏။
၄၁။ သူကြွယ် အကျဉ်းအားဖြင့် ဟောကြား၍ အကျယ်အားဖြင့် ဝေဖန်ထားသော အကြင် တရား ရှစ်ပါးတို့သည် မြတ်စွာဘုရား အဆုံးအမ၌ လူ့အသုံးအနှုန်း ဖြတ်ခြင်းငှါ ဖြစ်ကုန်၏။ ထိုတရား ရှစ်ပါးတို့ ဟူသည် ဤသည်တို့ပင်တည်း။ ထိုမျှလောက်ဖြင့် မြတ်စွာဘုရား အဆုံးအမ၌ အခါခပ်သိမ်း လုံးဝ အသုံး အနှုန်း ပြတ်သည် မဟုတ်သေးသည် သာတည်း ဟု (မိန့်တော်မူ၏)။
အသျှင်ဘုရား အဘယ်သို့သော အခြင်းအရာ အားဖြင့် မြတ်စွာဘုရား၏ အဆုံးအမ၌ အခါခပ်သိမ်း လုံးဝ အသုံးအနှုန်း ပြတ်ခြင်းသည် ဖြစ်ပါသနည်း။ အသျှင်ဘုရား တောင်းပန်ပါ၏၊ မြတ်စွာဘုရားသည် မြတ်စွာဘုရား အဆုံးအမ၌ အခါခပ်သိမ်း လုံးဝ အသုံးအနှုန်း ပြတ်ခြင်း ဖြစ်ပုံ တရားတော်ကို အကျွန်ုပ် အား ဟောတော်မူပါ ဟု (လျှောက်၏)။
သူကြွယ် ထိုသို့ ဖြစ်လျှင် နာလော့၊ ကောင်းစွာ နှလုံးသွင်းလော့၊ ဟောပြပေအံ့ ဟု (မိန့်တော်မူ၏)။ “အသျှင်ဘုရား ကောင်းပါပြီ”ဟု ပေါတလိယသူကြွယ်သည် မြတ်စွာဘုရားအား ပြန်ကြား လျှောက်ထား ၏။ မြတ်စွာဘုရားသည် ဤတရားကို ဟောကြားတော် မူ၏။
ကာမဂုဏ်တိုု့၏ အပြစ်ကို ဆိုရာစကား
၄၂။ သူကြွယ် ဥပမာသော်ကား မွတ်သိပ် ဆာလောင်သဖြင့် အားနည်း၍ နေသော ခွေးသည် နွားတို့ကို သတ်ဖြတ်ရာ စဉ်းတီတုံး အနီး၌ ရှေးရှု တည်နေသည် ဖြစ်ရာ၏။ ကျွမ်းကျင်သော နွားသတ် သမားသည် လည်းကောင်း၊ နွားသတ်သမား၏ တပည့်သည် လည်းကောင်း ကောင်းစွာ ခြစ်ယူခြင်းဖြင့် ခြစ်ယူ ထားပြီးသော အသား မရှိသော သွေးသာ လိမ်းကျံနေသော အရိုးကို ထိုခွေး၏ အနီးသို့ပင် ပစ်ပေးရာ၏။
သူကြွယ် ထိုစကားကို သင် အဘယ်သို့ မှတ်ထင်သနည်း— ထိုခွေးသည် ကောင်းစွာ ခြစ်ယူခြင်းဖြင့် ခြစ်ယူ ထားပြီးသော အသားမရှိ သွေးသာ လိမ်းကျံနေသော ဤအရိုးကို လျက်သော် မွတ်သိပ် ဆာလောင် သဖြင့် အားနည်းခြင်းကို ပယ်ဖျောက် နိုင်ပါမည်လော ဟု (မေးတော်မူ၏)။ အသျှင်ဘုရား မပယ်ဖျောက် နိုင်ပါ၊ အဘယ်ကြောင့်နည်း၊ အသျှင်ဘုရား ဤအရိုးသည် ကောင်းစွာ ခြစ်ယူခြင်းဖြင့် ခြစ်ယူ ထား၍ အသားမရှိ, သွေးသာ လိမ်းကျံ နေသောကြောင့်တည်း။ အမှန်အားဖြင့် ထိုခွေးသည် ပင်ပန်းရုံ နွမ်းနယ်ရုံ မျှသာ ဖြစ်ရာပါ၏ ဟု (လျှောက်၏)။
သူကြွယ် ဤအတူ သာလျှင် မြတ်စွာဘုရား၏ တပည့်သားသည် ဤသို့ ဆင်ခြင်၏— “ကာမဂုဏ်တို့ သည် အရိုးနှင့် တူကုန်၏၊ များစွာ ဆင်းရဲခြင်း ရှိကုန်၏၊ များစွာ ပင်ပန်းခြင်း ရှိကုန်၏၊ ဤကာမဂုဏ် တို့၌ အပြစ်သည် များပြား လှ၏” ဟု မြတ်စွာဘုရားသည် ဟောကြားတော် မူ၏။ ဤသို့ ထိုကာမဂုဏ်ငါးပါးတို့ကို ဟုတ်မှန်သည့်အတိုင်း ကောင်းသော ပညာဖြင့် မြင်၍ အထူးထူး သော သဘောရှိသော အထူးထူးသော သဘောကို မှီသော ဥပေက္ခာမျိုးကို ရှောင်ကြဉ်၍ တစ်ခု တည်းသော သဘောရှိသော တစ်ခုတည်းသော သဘောကို မှီသော အခါ ခပ်သိမ်း လောကသားများ တပ်မက်စရာ (ကာမဂုဏ်ငါးပါး) တို့ကို စွဲလမ်းခြင်း ‘ဆန္ဒရာဂ’ အကြွင်းမဲ့ ချုပ်ရာဖြစ်သော ဥပေက္ခာမျိုး ကိုသာလျှင် ပွါးများ၏။
၄၃။ သူကြွယ် ဥပမာအားဖြင့် လင်းတသည် လည်းကောင်း၊ ဘုံမတီးငှက်သည် လည်းကောင်း၊ စွန်ရဲသည် လည်းကောင်း သားတစ်ကို ချီ၍ ပျံသွားရာ၏၊ ထိုသားတစ်ကို ချီ၍ ပျံသော ငှက်သို့ လင်းတ တို့သည် လည်းကောင်း၊ ဘုံမတီးငှက်တို့သည် လည်းကောင်း၊ စွန်ရဲတို့သည် လည်းကောင်း အစဉ်တစိုက် လိုက်ကုန် လိုက်ကုန်၍ ထိုးဆိတ်ကြ ကုန်ရာ၏၊ သားတစ်ကို လွှတ်ချ စေကုန်ရာ၏၊ သူကြွယ် ထိုစကား ကို သင် အဘယ်သို့ မှတ်ထင်သနည်း။ အကယ်၍ လင်းတသည် လည်းကောင်း၊ ဘုံမတီးငှက်သည် လည်းကောင်း၊ စွန်ရဲသည် လည်းကောင်း ထိုအစာသားတစ်ကို လျင်စွာသာလျှင် မစွန့်လွှတ် ငြားအံ့၊ ထိုသားတစ်ချီ ယူသော ငှက်သည် ထိုငှက်အပေါင်းတို့က လုယူ ထိုးဆိတ်ကြခြင်းတည်း ဟူသော အကြောင်းကြောင့် သေခြင်းသို့သော် လည်းကောင်း၊ သေလောက်သော ဆင်းရဲသို့ သော်လည်းကောင်း ရောက်ရာသည် မဟုတ်လော ဟု (မေးတော်မူ၏)။ အသျှင်ဘုရား မှန်ပါ၏ ဟု (လျှောက်၏)။
သူကြွယ် ဤအတူ သာလျှင် မြတ်စွာဘုရား၏ တပည့်သားသည် ဤသို့ ဆင်ခြင်၏— “ကာမဂုဏ်တို့ သည် သားတစ်နှင့် တူကုန်၏၊ များစွာ ဆင်းရဲခြင်း ရှိကုန်၏၊ များစွာ ပင်ပန်းခြင်း ရှိကုန်၏၊ ဤကာမ ဂုဏ် စည်းစိမ်တို့၌ အပြစ်သည် များပြား လှ၏” ဟု မြတ်စွာဘုရားသည် ဟောကြားတော် မူ၏၊ ဤသို့ ထိုကာမဂုဏ်တို့ကို ဟုတ်မှန်သည့် အတိုင်း ကောင်းသော ပညာဖြင့် မြင်၍ အထူးထူးသော သဘော ရှိသော အထူးထူးသော သဘောကို မှီသော ဥပေက္ခာမျိုးကို ရှောင်ကြဉ်၍ တစ်ခုတည်းသော သဘော ရှိသော တစ်ခုတည်းသော သဘောကို မှီသော အခါခပ်သိမ်း လောကသားများ တပ်မက်စရာ (ကာမ ဂုဏ်ငါးပါး) တို့ကို စွဲလမ်းခြင်း ‘ဆန္ဒရာဂ’ အကြွင်းမဲ့ ချုပ်ရာ ဖြစ်သော (စတုတ္ထဈာန်) ဥပေက္ခာမျိုးကို သာလျှင် ပွါးများ၏။
၄၄။ သူကြွယ် ဥပမာ တစ်နည်းသော်ကား ယောကျာ်းသည် တောက်လောင် နေသော မြက်မီးရှူးကို ကိုင်ယူ၍ လေညာသို့ သွားလေရာ၏။ သူကြွယ် ထိုစကားကို သင် အဘယ်သို့ မှတ်ထင် သနည်း။ အကယ်၍ ထိုယောကျာ်းသည် တောက်လောင် နေသော ထိုမြက်မီးရှူးကို လျင်မြန်စွာ သာလျှင် မစွန့် လွှတ် ငြားအံ့၊ ထိုတောက်လောင် နေသော မြက်မီးရှူးသည် ထိုယောကျာ်း၏ လက်ကို သော်လည်း လောင်ရာ၏၊ လက်ရုံးကို သော်လည်း လောင်ရာ၏ အင်္ဂါကြီးငယ် တစ်ခုခုကို သော်လည်း လောင်ရာ၏၊ ထိုယောကျာ်းသည် ထိုမြက်မီးရှူး လောင်မြိုက်ခြင်းတည်း ဟူသော အကြောင်းကြောင့် သေခြင်းသို့ သော် လည်းကောင်း၊ သေလောက်သော ဆင်းရဲသို့ သော်လည်းကောင်း ရောက်ရာသည် မဟုတ်လော ဟု (မေးတော်မူ၏)။ အသျှင် ဘုရား မှန်ပါ၏ ဟု (လျှောက်၏)။ သူကြွယ် ဤအတူ သာလျှင် မြတ်စွာဘုရား ၏ တပည့်သားသည် ဤသို့ ဆင်ခြင်၏—“ကာမဂုဏ်တို့သည် မြက်မီးရှူးနှင့် တူကုန်၏၊ များစွာ ဆင်းရဲခြင်း ရှိကုန်၏၊ များစွာ ပင်ပန်းခြင်း ရှိကုန်၏၊ ဤကာမဂုဏ်တို့၏ အပြစ်သည် များပြား လှ၏” ဟု မြတ်စွာဘုရားသည် ဟောကြားတော် မူ၏၊ ဤသို့ ဟုတ်မှန်သည့် အတိုင်း ကောင်းသော ပညာဖြင့် မြင်၍ ။ပ။ (စတုတ္ထဈာန်) ဥပေက္ခာမျိုးကို သာလျှင် ပွါးများ၏။
၄၅။ သူကြွယ် ဥပမာ တစ်နည်းသော်ကား ကင်းသော မီးတောက် မီးခိုး ရှိကုန်သော ယောကျာ်း၏ အရပ်တသူ (လက်ခုပ်တစ်ဖောင်) အတိုင်းအရှည် ရှိကုန်သော မီးကျီးခဲတို့ဖြင့် ပြည့်သော မီးကျီးတွင်း သည် ရှိလေရာ၏။ ထိုအခါ အသက်ရှည်လို မသေလိုသော ချမ်းသာခြင်းကို အလိုရှိသော ဆင်းရဲမှုကို စက်ဆုပ်သော ယောကျာ်း တစ်ယောက်သည် ရောက်လာ ရာ၏။ ထိုယောကျာ်းကို အားရှိကုန်သော ယောကျာ်း နှစ်ယောက်တို့သည် လက်ရုံးတို့ကို အသီးအသီး ကိုင်လျက် မီးကျီးတွင်းသို့ ဆွဲငင် ကုန်ရာ၏။ သူကြွယ် ထိုစကားကို သင် အဘယ်သို့ မှတ်ထင် သနည်း။ အမှန်အားဖြင့် ထိုယောကျာ်းသည် ထိုသို့ ဤသို့ ကိုယ်ကို ရုန်းကန်ရာသည် မဟုတ်လော ဟု (မေးတော်မူ၏)။ အသျှင်ဘုရား မှန်ပါ၏၊ အဘယ့်ကြောင့်နည်း၊ အသျှင်ဘုရား ထိုယောကျာ်းသည် “ငါသည် မီးကျီးတွင်းသို့ ကျအံ့၊ ထိုသို့ ကျရောက်ခြင်းကြောင့် သေခြင်းသို့သော် လည်းကောင်း၊ သေလောက်သော ဆင်းရဲခြင်းသို့ သော်လည်း ကောင်း ရောက်လေရာ၏” ဟု သိသောကြောင့် ပါတည်းဟု (လျှောက်၏)။
သူကြွယ် ဤအတူ သာလျှင် မြတ်စွာဘုရား၏ တပည့်သားသည် ဤသို့ ဆင်ခြင်၏— “ဤကာမဂုဏ် တရားတို့သည် မီးကျီးတွင်းနှင့် တူကုန်၏၊ များစွာ ဆင်းရဲခြင်း ရှိကုန်၏၊ များစွာ ပင်ပန်းခြင်း ရှိကုန်၏၊ ဤကာမဂုဏ်တရား ငါးပါးတို့၌ အပြစ်သည် များပြား လှ၏” ဟု မြတ်စွာဘုရားသည် ဟောကြားတော် မူ၏၊ ဤသို့ ဟုတ်မှန်သည့်အတိုင်း ကောင်းသော ပညာဖြင့် မြင်၍။ပ။ (စတုတ္ထဈာန်) ဥပေက္ခာမျိုးကို သာလျှင် ပွါးများရာ၏။
၄၆။ သူကြွယ် ဥပမာ တစ်နည်းသော်ကား ယောကျာ်းသည် မွေ့လျော် ဖွယ်သော အရံ မွေ့လျော် ဖွယ်သော တောအုပ် မွေ့လျော်ဖွယ်သော မြေအပြင် မွေ့လျော် ဖွယ်သော ရေကန်ကို အိပ်မက် မြင်မက် ရာ၏၊ ထိုယောကျာ်းသည် နိုးသည် ရှိသော် တစ်စုံတစ်ခုကိုမျှ မမြင်မတွေ့ရာ သကဲ့သို့၊ သူကြွယ် ဤအတူ သာလျှင် မြတ်စွာဘုရား၏ တပည့်သားသည် ဤသို့ ဆင်ခြင်၏—“ကာမဂုဏ် တရားတို့သည် အိပ်မက်နှင့် တူကုန်၏၊ များစွာ ဆင်ရဲခြင်း ရှိကုန်၏၊ များစွာ ပင်ပန်းခြင်း ရှိကုန်၏၊ ဤကာမဂုဏ် တရားတို့၌ အပြစ်သည် များပြား လှ၏” ဟု မြတ်စွာဘုရားသည် ဟောကြားတော် မူ၏။ပ။ (စတုတ္ထဈာန်) ဥပေက္ခာမျိုးကို သာလျှင် ပွါးများ၏။
၄၇။ သူကြွယ် ဥပမာ တစ်နည်းသော်ကား ယောကျာ်းသည် ငှါးရမ်းထားသော ဥစ္စာ ဖြစ်သော ယာဉ်, ယောကျာ်းအား ထိုက်တန်သော မြတ်သော ပတ္တမြား နားဍောင်းကို ငှါးရမ်း၍ ထိုငှါးရမ်း ထားသော ဥစ္စာတို့ဖြင့် ဝတ်ဆင် ဗန်းပြလျက် ဈေးတွင်းသို့ သွားရာ၏၊ ထိုယောကျာ်းကို လူအပေါင်းသည် မြင်၍—“အချင်းတို့ ဤယောကျာ်းသည် ဥစ္စာ ရှိပေစွတကား၊ ဥစ္စာ ရှိသူတို့သည် ဥစ္စာတို့ကို ဤသို့ပင် ခံစားကြ ကုန်၏”ဟု ပြောဆိုရာ၏။ ထိုယောကျာ်းကို ဥစ္စာရှင်တို့သည် တွေ့လေရာရာ အရပ်၌ သာလျှင် မိမိပိုင် ဥစ္စာတို့ကို ယူကုန် ရာ၏။ သူကြွယ် ထိုစကားကို သင် အဘယ်သို့ မှတ်ထင် သနည်း။
ထိုယောကျာ်းအား တစ်မျိုးတစ်ဖုံ ဖြစ်နိုင် ပါမည်လော ဟု (မေးတော်မူ၏)။ အသျှင်ဘုရား ဖြစ်နိုင်ပါ၏။ အဘယ်ကြောင့်နည်း၊ အသျှင်ဘုရား ဥစ္စာရှင်တို့သည် မိမိပိုင် ဥစ္စာတို့ကို ယူကုန်သောကြောင့် ပါတည်း ဟု (လျှောက်၏)။ သူကြွယ် ဤအတူ သာလျှင် မြတ်စွာဘုရား၏ တပည့်သားသည် ဤသို့ ဆင်ခြင်၏— “ကာမဂုဏ် တရားတို့သည် ခေတ္တ ခဏမျှ ငှါးရမ်းထားသော စည်းစိမ် ဥစ္စာနှင့် တူကုန်၏၊ များစွာ ဆင်းရဲခြင်း ရှိကုန်၏၊ များစွာ ပင်ပန်းခြင်း ရှိကုန်၏၊ ဤကာမဂုဏ် တရားတို့၌ အပြစ်သည် များပြား လှ၏” ဟု မြတ်စွာဘုရားသည် ဟောကြားတော် မူ၏။ပ။ (စတုတ္ထဈာန်) ဥပေက္ခာမျိုးကို သာလျှင် ပွါးများ ၏။
၄၈။သူကြွယ် ဥပမာ တစ်နည်းသော်ကား ရွာ၏သော် လည်းကောင်း နိဂုံး၏ သော်လည်းကောင်း မနီးမဝေး၌ ထူထပ်သော တောအုပ်သည် ရှိရာ၏၊ ထိုတောအုပ်၌ သစ်ပင် တစ်ပင်သည် ချိုမြိန် ကောင်း မြတ်သော အသီးလည်း ရှိရာ၏၊ များပြားသော အသီးလည်း ရှိရာ၏၊ မြေ၌ ကြွေကျသော တစ်စုံ တစ်ခုသော အသီးမျှလည်း မရှိရာ။ ထိုအခါ အသီးကို အလိုရှိသည် ဖြစ်၍ အသီးရှာသော ယောကျာ်း သည် အသီးရှာ လှည့်လည်လာ ရာ၏၊ ထိုယောကျာ်းသည် ထိုတောအုပ်သို့ သက်ဝင်၍ ချိုမြိန် ကောင်းမြတ်သော အသီးများသော အသီးရှိသော ထိုသစ်ပင်ကို မြင်လေရာ၏၊
ထိုယောကျာ်းအား ဤသို့သော အကြံအစည်သည် ဖြစ်ရာ၏—“ဤသစ်ပင်သည် ချိုမြိန် ကောင်းမြတ် သော အသီးလည်း ရှိ၏၊ များသော အသီးလည်း ရှိ၏၊ မြေ၌ ကျွေကျသော တစ်စုံတစ်ခုသော အသီးမျှလည်း မရှိ၊ ငါသည် သစ်ပင်သို့ တက်ရန် နားလည်၏၊ ဤသစ်ပင်သို့ တက်၍ အလိုရှိတိုင်း စား၍ ခါးပိုက်ကိုလည်း ပြည့်စေရမူ ကောင်းလေစွ” ဟု (အကြံအစည် ဖြစ်ရာ၏)။ ထိုသူသည် ထိုသစ်ပင်သို့ တက်၍ အလိုရှိတိုင်းလည်း စားရာ၏၊ ခါးပိုက်ကိုလည်း ပြည့်စေရာ၏။
ထို့နောက် အသီးကို အလိုရှိသည် ဖြစ်၍ အသီးကို ရှာသော ဒုတိယ ယောကျာ်းသည် ထက်လှစွာ သော ဓားမကို ယူ၍ အသီးရှာ လှည့်လည် လာရာ၏၊ ထိုဒုတိယ ယောကျာ်းသည် ထိုတောအုပ်သို့ သက်ဝင်၍ ချိုမြိန်သော အသီး, များသော အသီးရှိသော ထိုသစ်ပင်ကို မြင်လေရာ၏၊ ထိုယောကျာ်းအား ဤသို့သော အကြံအစည် ဖြစ်၏ “ဤသစ်ပင်သည် ချိုမြိန်သော အသီးလည်း ရှိ၏၊ များသော အသီး လည်း ရှိ၏၊ မြေ၌ ကျွေကျသော တစ်စုံ တစ်ခုသော အသီးမျှလည်း မရှိ၊ ငါသည် သစ်ပင်သို့ တက်ရန် နားမလည်၊ ငါသည် ဤသစ်ပင်ကို အရင်းမှ ဖြတ်ပြီးလျှင် အလိုရှိတိုင်း စား၍ ခါးပိုက်ကိုလည်း ပြည့်စေရမူ့ ကောင်းလေစွ” ဟု (အကြံအစည် ဖြစ်၏)။ ထိုသူသည် ထိုသစ်ပင်ကို အရင်းက သာလျှင် ဖြတ်လေ ရာ၏။
သူကြွယ် ထိုစကားကို သင် အဘယ်သို့ မှတ်ထင်သနည်း။ ရှေးဦးစွာ သစ်ပင် တက်သော ဤမည် သော ယောကျာ်းသည် အကယ်၍ လျင်မြန်စွာ မဆင်းသက် ငြားအံ့၊ ထိုသစ်ပင် လဲသည် ရှိသော် ယောကျာ်း၏ လက်သည် မူလည်း ကျိုးရာ၏၊ ခြေထောက်သည် မူလည်း ကျိုးရာ၏၊ အင်္ဂါကြီးငယ် တစ်ခု ခုသည်လည်း ကျိုးပဲ့ ပျက်စီးရာ၏။ ထိုရှေးဦးစွာ သစ်ပင် တက်နှင့်သော ယောကျာ်းသည် သစ်ပင် လဲခြင်းကြောင့် သေဆုံးခြင်း သို့သော် လည်းကောင်း၊ သေလောက်သော ဆင်းရဲသို့ သော်လည်းကောင်း ရောက်ရာသည် မဟုတ်လော ဟု (မေးတော် မူ၏)။ အသျှင်ဘုရား မှန်ပါ၏ ဟု (လျှောက်၏)။
သူကြွယ် ဤအတူ သာလျှင် မြတ်စွာဘုရား၏ တပည့်သားသည် ဤသို့ ဆင်ခြင်၏— “ကာမဂုဏ် တို့သည် ချိုမြိန် ကောင်းမြတ်သော အသီး ရှိသော သစ်ပင်နှင့် တူကုန်၏၊ များစွာ ဆင်းရဲခြင်း ရှိကုန်၏၊ များစွာ ပင်ပန်းခြင်း ရှိကုန်၏၊ ဤကာမဂုဏ်တို့၌ အပြစ်သည် များပြားလှ၏” ဟု မြတ်စွာဘုရားသည် ဟောကြားတော် မူ၏။
ဤသို့ ထိုကာမဂုဏ်တို့ကို ဟုတ်မှန်သည့်အတိုင်း ကောင်းသော ပညာဖြင့် မြင်၍ အထူး ထူးသော သဘောရှိသော အထူး ထူးသော သဘောကို မှီသော ဥပေက္ခာမျိုးကို ရှောင်ကြဉ်၍ တစ်ခုတည်းသော သဘောရှိသော တစ်ခုတည်းသော သဘောကို မှီသော အခါခပ်သိမ်း လောကသားများ တပ်မက်စရာ (ကာမဂုဏ်ငါးပါး) တို့ကို စွဲလမ်းခြင်း ‘ဆန္ဒရာဂ’ အကြွင်းမဲ့ ချုပ်ငြိမ်းရာ ဖြစ်သော (စတုတ္ထဈာန်) ဥပေက္ခာမျိုးကို သာလျှင် ပွါးများ၏။
၄၉။သူကြွယ် ထိုမြတ်စွာဘုရား၏ တပည့်သားသည် အတုမဲ့သော ဥပေက္ခာကြောင့် ဖြစ်သည့် ဤသတိ၏ စင်ကြယ်ခြင်း (စတုတ္ထဈာန်သမာဓိ) ကိုသာလျှင် အစွဲပြု၍ များပြားသော ရှေး၌ နေခဲ့ဖူး သောဘဝ (ခန္ဓာအစဉ်)ကို အောက်မေ့ နိုင်၏၊ ဤရှေး၌ နေခဲ့ဖူးသော ဘဝဟူသည် အဘယ်နည်း။ တစ်ဘဝကို လည်းကောင်း၊ နှစ်ဘဝတို့ကို လည်းကောင်း။ပ။ ဤသို့ အခြင်းအရာ နှင့်တကွ ညွှန်ပြဖွယ် အမည်အနွယ် နှင့်တကွ ရှေး၌ နေခဲ့ဖူးသော ဘဝ (ခန္ဓာအစဉ်) ကို အောက်မေ့နိုင်၏။ သူကြွယ် ထိုမြတ်စွာဘုရား၏ တပည့်သားသည် အတုမဲ့သော ဥပေက္ခာကြောင့် ဖြစ်သည့် ဤသတိ ၏ စင်ကြယ်ခြင်း (စတုတ္ထဈာန် သမာဓိ) ကိုသာလျှင် အစွဲပြု၍ အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိထက် သာလွန်သော နတ်မျက်စိနှင့် တူသော ‘ဒိဗ္ဗစက္ခု’ ဉာဏ်ဖြင့် စုတေဆဲ သတ္တဝါ ပဋိသန္ဓေ နေဆဲ သတ္တဝါ ယုတ်သော သတ္တဝါ မြတ်သော သတ္တဝါ အဆင်းလှသော သတ္တဝါ အဆင်းမလှသော သတ္တဝါ ကောင်းသော လားရာ ရှိသော သတ္တဝါ မကောင်းသော လားရာ ရှိသော သတ္တဝါ တို့ကို မြင်၏ ။ပ။ မိမိတို့ ကံအားလျော်စွာ ကပ်ရောက် ကြရကုန်သော သတ္တဝါတို့ကို သိ၏။
သူကြွယ် ထိုမြတ်စွာဘုရား၏ တပည့်သားသည် အတုမဲ့သော ဥပက္ခာကြောင့် ဖြစ်သည့် ဤသတိ၏ စင်ကြယ်ခြင်း (စတုတ္ထဈာန်သမာဓိ) ကိုသာလျှင် အစွဲပြု၍ အာသဝေါ တရားတို့၏ ကုန်ခြင်းကြောင့် အာသဝေါ တရား မရှိသော လွတ်မြောက်သော (အရဟတ္တဖိုလ်) စိတ်နှင့် လွတ်မြောက်သော (အရဟတ္တ ဖိုလ်) ပညာကို ယခုဘဝ၌ပင် ကိုယ်တိုင် ထူးသော ဉာဏ်ဖြင့် မျက်မှောက် ပြုလျက် ပြည့်စုံစေ၍ နေ၏။ သူကြွယ် ဤဆို အပ်ပြီးသော အတိုင်းအရှည်ဖြင့် သာလျှင် မြတ်စွာဘုရား၏ အဆုံးအမ၌ အခါခပ်သိမ်း လုံးဝ အသုံးအနှုန်း ပြတ်ခြင်းသည် ဖြစ်ပေ၏။
၅ဝ။ သူကြွယ် ထိုစကားကို သင် အဘယ်သို့ မှတ်ထင်သနည်း။ မြတ်စွာဘုရား၏ အဆုံးအမ၌ အခါ ခပ်သိမ်း လုံးဝ အသုံးအနှုန်း ပြတ်မှု ဖြစ်ပုံ နည်းလမ်းအားဖြင့် အသုံးအနှုန်း ပြတ်ပုံကို သင်သည် မိမိ သန္တာန်၌ တွေ့မြင်ပါ၏လော ဟု (မေးတော်မူ၏)။
အသျှင်ဘုရား တပည့်တော်သည် ဘယ်လိုအစား ဖြစ်ပါသနည်း၊ မြတ်စွာဘုရား အဆုံးအမတော်၌ အခါခပ်သိမ်း လုံးဝ အသုံးအနှုန်း ပြတ်မှုသည် ဘယ်လိုအစား ဖြစ်ပါမည်နည်း။ အသျှင်ဘုရား တပည့် တော်သည် မြတ်စွာဘုရား၏ အဆုံးအမတော်၌ အခါခပ်သိမ်း လုံးဝ အသုံးအနှုန်း ပြတ်ခြင်းမှ ဝေးကွာ လှပါ၏။
အသျှင်ဘုရား တပည့်တော်တို့သည် ရှေးအခါက အယူတစ်မျိုး ရှိကုန်သော ပရိဗိုဇ်တို့ကို မသိသူ များ ဖြစ်ကုန်လျက် သိသူများ ဟု အောက်မေ့ ခဲ့ကြပါကုန်၏၊ မသိသူများ ဖြစ်ပါလျက် သိသူများအား ကျွေးမွေး ထိုက်သော ဘောဇဉ်ကို ကျွေးမွေးခဲ့ မိကြပါ ကုန်၏။ မသိသူများ ဖြစ်ပါလျက် သိသူများအရာ ၌ ထားခဲ့မိကြပါ ကုန်၏။ အသျှင်ဘုရား တပည့်တော်တို့သည် ရဟန်းတို့ကိုကား သိသူများ ဖြစ်ကြပါကုန်လျက် မသိ သူများ ဟု အောက်မေ့ကြပါ ကုန်၏၊ သိသူများ ဖြစ်ပါလျက် မသိသူများအား ကျွေးမွေး ထိုက်သော ဘောဇဉ်ကို ကျွေးမွေးခဲ့ မိကြပါ ကုန်၏။ သိသူများ ဖြစ်ပါကုန်လျက် မသိသူများ၏ အရာ၌ ထားခဲ့ မိကြပါ ကုန်၏။ အသျှင်ဘုရား ယခုအခါ၌ တပည့်တော်တို့သည် အယူတစ်မျိုး ရှိကုန်သော ပရိဗိုဇ်တို့ကို မသိ သူများသာ ဖြစ်ကုန်၍ မသိသူများ ဟု သိရပါကုန်တော့အံ့၊ မသိသူများသာ ဖြစ်ကုန်၍ မသိသူများအား ကျွေးမွေး ထိုက်သော ဘောဇဉ်ကို ကျွေးမွေးကြပါ ကုန်တော့အံ့၊ မသိသူများသာ ဖြစ်ကုန်၍ မသိသူများ ၏ အရာ၌ သာလျှင် ထားပါ ကုန်တော့အံ့။
အသျှင်ဘုရား တပည့်တော်တို့သည် ရဟန်းတို့ကို သိသူများသာ ဖြစ်ကုန်၍ သိသူများ ဟု သိကြရ ကုန်တော့အံ့၊ သိသူများသာ ဖြစ်ကုန်၍ သိသူများအား ကျွေးမွေး ထိုက်သော ဘောဇဉ်ကို ကျွေးမွေးကြပါ ကုန်တော့အံ့၊ သိသူများသာ ဖြစ်ကုန်၍ သိသူများ၏ အရာ၌ ထားကြပါ ကုန်တော့အံ့။ အသျှင်ဘုရား မြတ်စွာဘုရားသည် အကျွန်ုပ်ကို ရဟန်းတို့၌ ရဟန်းဟု ချစ်ခြင်းကို လည်းကောင်း၊ ရဟန်းတို့၌ ရဟန်းဟု ကြည်ညိုခြင်းကို လည်းကောင်း၊ ရဟန်းတို့၌ ရဟန်း ဟု ရိုသေခြင်းကို လည်း ကောင်း သိစေတော် မူပါပေ၏။
အသျှင်ဘုရား (တရားတော်သည်) အလွန် နှစ်သက်ဖွယ် ရှိပါ၏၊ အသျှင်ဘုရား (တရားတော်သည်) အလွန် နှစ်သက်ဖွယ် ရှိပါ၏၊ အသျှင်ဘုရား ဥပမာသော်ကား မှောက်ထားသော ဝထ္ထုကို လှန်ဘိ သကဲ့သို့ လည်းကောင်း၊ ဖုံးလွှမ်းထားသော ဝထ္ထုကို ဖွင့်လှစ်ဘိ သကဲ့သို့ လည်းကောင်း၊ မျက်စိလည် သော သူအား လမ်းမှန်ကို ပြောကြားဘိ သကဲ့သို့ လည်းကောင်း ‘မျက်စိ ရှိသော သူတို့သည် အဆင်း တို့ကို မြင်ကြလိမ့်မည်’ ဟု အမိုက်မှောင်၌ ဆီမီး တန်ဆောင်ကို ဆောင်ပြဘိ သကဲ့သို့ လည်းကောင်း အသျှင်ဘုရား ဤအတူ သာလျှင် မြတ်စွာဘုရားသည် အကြောင်း အမျိုးမျိုးဖြင့် တရားတော်ကို ပြတော် မူ၏၊ အရှင်ဘုရား အကျွန်ုပ်သည် အသျှင်ဘုရားကို ကိုးကွယ်ရာ ဟူ၍ ဆည်းကပ်ပါ၏၊ တရားတော် ကိုလည်း ကိုးကွယ်ရာ ဟူ၍ ဆည်းကပ်ပါ၏၊ သံဃာတော်ကိုလည်း ကိုးကွယ်ရာ ဟူ၍ ဆည်းကပ်ပါ၏၊ မြတ်စွာဘုရားသည် အကျွန်ုပ်ကို ယနေ့မှ စ၍ အသက်ထက်ဆုံး (ရတနာသုံးပါးကို) ကိုးကွယ် ဆည်းကပ် သော ဥပါသကာဟူ၍ မှတ်တော်မူပါ ဟု (လျှောက်၏)။
လေးခုမြောက် ပေါတလိယသုတ် ပြီး၏။ ——————