မဇ္ဈိမနိကာယ်

၁—အမ္ဗလဋ္ဌိကရာဟုလောဝါဒသုတ်

၁ဝ၇။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်—

အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ရှဉ့်နက်တို့ကို အစာကျွေး၍ မွေးမြူရာဖြစ်သောဝေဠုဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ အသျှင်ရာဟုလာသည်လည်း အမ္ဗလဋ္ဌိကကျောင်း၌သီတင်းသုံးနေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ညနေချမ်းအချိန်တွင် ကိန်းအောင်းရာမှ ထတော်မူ၍ အမ္ဗလဋ္ဌိကကျောင်း အသျှင်ရာဟုလာထံသို့ ချဉ်းကပ်လေ၏။ အသျှင်ရာဟုလာသည် အဝေးမှ ကြွလာတော်မူသော မြတ်စွာဘုရားကို မြင်၍ နေရာကို ခင်းထား၏၊ ခြေဆေးရေကိုလည်း တည်ထား၏။ မြတ်စွာ ဘုရားသည် ခင်းထားသော နေရာ၌ ထိုင်ပြီးလျှင် ခြေတို့ကို ဆေးတော်မူ၏။ အသျှင်ရာဟုလာသည်လည်း မြတ်စွာဘုရားကို ရိုသေစွာ ရှိခိုး၍ လျောက်ပတ်သော နေရာ၌ ထိုင်နေ၏။

၁ဝ၈။ ထိုအခါ မြတ်စွာဘုရားသည် အနည်းငယ်သော ရေကြွင်းရေကျန်ကို ရေအင်တုံ၌ ထား၍အသျှင်ရာဟုလာကို မိန့်တော်မူ၏ “ရာဟုလာ သင်သည် ဤအနည်းငယ်သော ရေကြွင်းရေကျန်ကိုခြေဆေးရေအင်တုံ၌ ထားသည်ကို မြင်၏လော”ဟု (မေးတော်မူ၏)။ အသျှင်ဘုရား မြင်ပါ၏ဟု (လျှောက် ၏)။ ရာဟုလာမုသား ‘သိလျက် ချွတ်ယွင်းသော’ စကားကို ပြောဆိုရာ၌ အရှက်မရှိသောရဟန်းတို့အား ရဟန်းတရားသည် ဤအတူ နည်းပါးလှချေ၏။ ထို့နောက် မြတ်စွာဘုရားသည်အနည်းငယ်သော ရေကြွင်းရေကျန်ကို စွန့်တော်မူ၍ အသျှင် ရာဟုလာကို “ရာဟုလာ အနည်းငယ်သောရေကြွင်းရေကျန်ကို စွန့်လိုက်သည်ကို မြင်၏လော”ဟု (မေးတော်မူ၏)။ အသျှင်ဘုရား မြင်ပါ၏ဟု (လျှောက်၏)။ ရာဟုလာ မုသား ‘သိလျက် ချွတ်ယွင်းသော’ စကားကို ပြောဆိုရာ၌ အရှက်မရှိသောရဟန်းတို့အား ရဟန်းတရားသည် ဤအတူ စွန့်ထားပြီးဖြစ်သည်သာတည်း။ ထို့နောက်မြတ်စွာဘုရားသည် ထိုခြေဆေးရေအင်တုံကို မှောက်၍ အသျှင်ရာဟုလာကို “ရာဟုလာ သင်သည်ဤရေအင်တုံကို မှောက်ထားသည်ကို မြင်၏လော”ဟု (မေးတော်မူ၏)။ အသျှင်ဘုရား မြင်ပါ၏ဟု (လျှောက်၏)။ ရာဟုလာ မုသား ‘သိလျက် ချွတ်ယွင်းသော’ စကားကို ပြောဆိုရာ၌ အရှက်မရှိသောရဟန်းတို့အား ရဟန်းတရားသည် ဤအတူ မှောက် ထားပြီးဖြစ်သည်သာတည်း။ ထို့နောက်မြတ်စွာဘုရားသည် ထိုခြေဆေးရေအင်တုံကို လှန်၍ အသျှင် ရာဟုလာကို “ရာဟုလာ သင်သည်ဤရေအင်တုံကို အချည်းနှီး ဘာမျှမရှိသည်ကို မြင်၏လော”ဟု (မေးတော်မူ၏)။ အသျှင်ဘုရားမြင်ပါ၏ဟု (လျှောက်၏)။ ရာဟုလာ မုသား ‘သိလျက် ချွတ်ယွင်းသော’ စကားကို ပြောဆိုရာ၌အရှက်မရှိသော ရဟန်းတို့အား ရဟန်းတရားသည် ဤအတူ အချည်းနှီး ဘာမျှ မရှိသည်သာတည်း။

ရာဟုလာ ဥပမာသော်ကား ရထားလှည်းသန်နှင့် အလားတူ အစွယ်ရှိသော စစ်မြေပြင်သို့ ဝင်ဖူးသော ထွားကျိုင်း၍ အမျိုးကောင်းသော မင်းစီးဆင်သည် စစ်မြေပြင်သို့ ရောက်သော် ရှေ့ခြေတို့ဖြင့်လည်း အမှုကိစ္စကိုပြု၏၊ နောက်ခြေတို့ဖြင့်လည်း အမှုကိစ္စကို ပြု၏၊ ရှေ့ကိုယ်ဖြင့်လည်း အမှုကိစ္စကို ပြု၏၊ နောက်ကိုယ်ဖြင့်လည်း အမှုကိစ္စကို ပြု၏၊ ဦးခေါင်းဖြင့်လည်း အမှုကိစ္စကို ပြု၏၊ နားရွက်တို့ ဖြင့်လည်းအမှုကိစ္စကို ပြု၏၊ အစွယ်တို့ဖြင့်လည်း အမှုကိစ္စကို ပြု၏၊ အမြီးဖြင့်လည်း အမှုကိစ္စကို ပြု၏၊ သို့ရာတွင် နှာမောင်းကိုမူ စောင့်ရှောက်သည်သာတည်း။

ထိုဆင် ပြုလုပ်သောအရာ၌ ဆင်စီးသူရဲအား ဤသို့သော အကြံသည် ဖြစ်၏— “ရထားလှည်းသန်နှင့် အလားတူ အစွယ်ရှိသော စစ်မြေပြင်သို့ ဝင်ဖူးသော ထွားကျိုင်း၍ အမျိုးကောင်းသော ဤမင်းစီးဆင်သည် စစ်မြေပြင်သို့ ရောက်သော် ရှေ့ခြေတို့ဖြင့်လည်း အမှုကိစ္စကို ပြု၏၊ နောက်ခြေတို့ဖြင့်လည်းအမှုကိစ္စကို ပြု၏။ပ။ အမြီးဖြင့်လည်း အမှုကိစ္စကို ပြု၏။ သို့ရာတွင် နှာမောင်းကိုမူ စောင့်ရှောက်သည့်သာတည်း၊ မင်းစီးဆင်သည် အသက်ကိုမူကား မစွန့်နိုင်သေးချေ”ဟု (အကြံဖြစ်၏)။

ရာဟုလာ အကြင်အခါ၌ကား ရထားလှည်းသန်နှင့် အလားတူ အစွယ်ရှိသော စစ်မြေပြင်သို့ ဝင်ဖူးသော ထွားကျိုင်း၍ အမျိုးကောင်းသော မင်းစီးဆင်သည် စစ်မြေပြင်သို့ ရောက်သော် ရှေ့ခြေတို့ဖြင့်လည်း အမှုကိစ္စကို ပြု၏၊ နောက်ခြေတို့ဖြင့်လည်း အမှုကိစ္စကို ပြု၏။ပ။ အမြီးဖြင့်လည်း အမှုကိစ္စကိုပြု၏၊ နှာမောင်းဖြင့်လည်း အမှုကိစ္စကို ပြု၏၊ ထိုဆင်ပြုလုပ်သောအရာ၌ ဆင်စီးသူရဲအား ဤသို့သောအကြံသည် ဖြစ်၏—

“ရထားလှည်းသန်နှင့် အလားတူ အစွယ်ရှိသော စစ်မြေပြင်သို့ ဝင်ဖူးသော ထွားကျိုင်း၍ အမျိုးကောင်းသော ဤမင်းစီးဆင်သည် စစ်မြေပြင်သို့ ရောက်သော် ရှေ့ခြေတို့ဖြင့်လည်း အမှုကိစ္စကို ပြု၏၊ နောက်ခြေတို့ဖြင့်လည်း အမှုကိစ္စကို ပြု၏၊ ရှေ့ကိုယ်ဖြင့်လည်း အမှုကိစ္စကို ပြု၏၊ နောက်ကိုယ်ဖြင့်လည်း အမှုကိစ္စကို ပြု၏၊ ဦးခေါင်းဖြင့်လည်း အမှုကိစ္စကို ပြု၏၊ နားရွက်တို့ဖြင့်လည်းအမှုကိစ္စကို ပြု၏၊ အစွယ်တို့ဖြင့်လည်း အမှုကိစ္စကို ပြု၏၊ အမြီးဖြင့်လည်း အမှုကိစ္စကို ပြု၏၊ နှာမောင်းဖြင့်လည်း အမှု ကိစ္စကို ပြု၏၊ မင်းစီးဆင်သည် အသက်ကိုပင် စွန့်လွှတ်ထားပြီ။ ယခုအခါ၌မင်းစီးဆင် မပြုလုပ်သော အမှုမည်သည် တစ်စုံတစ်ခုမျှ မရှိတော့ပြီ”ဟု (အကြံဖြစ်၏)။

ရာဟုလာ ဤဥပမာအတူသာလျှင် မုသား ‘သိလျက် ချွတ်ယွင်းသော’ စကားကို ပြောဆိုရာ၌အရှက်မရှိသော မည်သည့်ရဟန်းအားမဆို မပြုလုပ်ဝံ့သော အကုသိုလ်မကောင်းမှုသည်လည်း တစ်စုံတစ်ခုမျှ မရှိပြီဟူ၍ ငါ ဟော၏၊ ရာဟုလာ ထို့ကြောင့် ဤမုသာဝါဒ၌ “ရယ်ရွှင်မြူးထူးလို၍မျှလည်း ချွတ်ယွင်းသော စကားကို မဆိုအံ့”ဟု ဤသို့လျှင် သင်သည် ကျင့်ရမည်။

၁ဝ၉။ ရာဟုလာ ထိုငါဆိုမည့်စကားကို သင်အဘယ်သို့ မှတ်ထင်သနည်း။ ကြေးမုံ ‘မှန်’ သည်အဘယ်အကျိုးရှိသနည်းဟု (မေးတော်မူ၏)။ အသျှင်ဘုရား ကြေးမုံ ‘မှန်’ သည် ကြည့်ရှုရခြင်း အကျိုးရှိပါ၏ဟု (လျှောက်၏)။ ရာဟုလာ ဤဥပမာအတူသာလျှင် ကြည့်ရှု ‘ဆင်ခြင်’ ၍ ကြည့်ရှု ‘ဆင်ခြင်’ ၍ ကိုယ်အမှုကို ပြုရမည်၊ ကြည့်ရှု ‘ဆင်ခြင်’ ၍ ကြည့်ရှု ‘ဆင်ခြင်’ ၍ နှုတ်အမှုကို ပြုရမည်၊ ကြည့်ရှု ‘ဆင်ခြင်’ ၍ကြည့်ရှု ‘ဆင်ခြင်’ ၍ စိတ်အမှုကို ပြုရမည်။

ရာဟုလာ သင်သည် အကြင်အမှုကို ကိုယ်ဖြင့် ပြုလိုသည်ဖြစ်အံ့၊ ထိုကိုယ်အမှုကို သင် ကြည့်ရှု’ဆင်ခြင်’ ရမည်၊ “ငါသည် အကြင်အမှုကို ကိုယ်ဖြင့် ပြုလို၏၊ ငါ၏ ဤကိုယ်အမှုသည် မိမိဆင်းရဲစေခြင်းငှါလည်း ဖြစ်ရာသလော၊ သူတစ်ပါးကို ဆင်းရဲစေခြင်းငှါလည်း ဖြစ်ရာသလော၊ မိမိသူတစ်ပါးနှစ်ပါးစုံကိုဆင်းရဲစေခြင်းငှါလည်း ဖြစ်ရာသလော၊ ဤကိုယ်အမှုသည် အကုသိုလ်လော၊ ဆင်းရဲကို ပွါးစေတတ်သလော၊ ဆင်းရဲသော အကျိုးရှိလေသလော”ဟု (ကြည့်ရှုဆင်ခြင်ရမည်)။

ရာဟုလာ သင်သည် ကြည့်ရှုဆင်ခြင်သော် “ငါသည် အကြင်အမှုကို ကိုယ်ဖြင့် ပြုလို၏၊ ငါ၏ ဤကိုယ်အမှုသည် မိမိကိုယ်ကို ဆင်းရဲစေခြင်းငှါလည်း ဖြစ်ရာ၏၊ သူတစ်ပါးကို ဆင်းရဲစေခြင်းငှါလည်းဖြစ်ရာ၏၊ မိမိ သူတစ်ပါးနှစ်ပါးစုံကို ဆင်းရဲစေခြင်းငှါလည်း ဖြစ်ရာ၏၊ ဤကိုယ်အမှုသည် အကုသိုလ်တည်း၊ ဆင်းရဲကို ပွါးစေတတ်၏၊ ဆင်းရဲသော အကျိုးရှိ၏”ဟု အကယ်၍ သိငြားအံ့၊ ရာဟုလာ ဤသို့သဘောရှိသော ကိုယ်အမှုကို သင်သည် စင်စစ် မပြုသင့်။

ရာဟုလာ သင်သည် ကြည့်ရှုဆင်ခြင်သော် “ငါသည် အကြင်အမှုကို ကိုယ်ဖြင့် ပြုလို၏၊ ငါ၏ ဤကိုယ်အမှုသည် မိမိကိုယ်ကို ဆင်းရဲစေခြင်းငှါလည်း မဖြစ်ရာ၊ သူတစ်ပါးကို ဆင်းရဲစေခြင်းငှါလည်း မဖြစ်ရာ၊ မိမိ သူတစ်ပါးနှစ်ပါးစုံကို ဆင်းရဲစေခြင်းငှါလည်း မဖြစ်ရာ၊ ဤကိုယ်အမှုသည် ကုသိုလ်တည်း၊ ချမ်းသာမှုကို ဖြစ်ပွါးစေတတ်၏၊ ချမ်းသာသော အကျိုးရှိ၏”ဟု အကယ်၍ သိငြားအံ့၊ ရာဟုလာ ဤသို့သဘောရှိသော ကိုယ်အမှုကို သင်သည် ပြုသင့်၏။

ရာဟုလာ သင်သည် ကိုယ်ဖြင့် အမှုကို ပြုနေဆဲဖြစ်သော်လည်း ထိုကိုယ်အမှုကို သင် ကြည့်ရှု့ဆင်ခြင်ရမည်— “ငါသည် အကြင်အမှုကို ကိုယ်ဖြင့် ပြု၏၊ ငါ၏ ဤကိုယ်အမှုသည် မိမိဆင်းရဲခြင်းငှါလည်း ဖြစ်ရာသလော၊ သူတစ်ပါးကို ဆင်းရဲခြင်းငှါလည်း ဖြစ်ရာသလော၊ မိမိသူတစ်ပါးနှစ်ပါးစုံကိုဆင်းရဲခြင်းငှါလည်း ဖြစ်ရာသလော၊ ဤကိုယ်အမှုသည် အကုသိုလ်လော၊ ဆင်းရဲကို ပွါးစေတတ်သလော၊ ဆင်းရဲသော အကျိုးရှိလေသလော”ဟု (ကြည့်ရှုဆင်ခြင်ရမည်)။

ရာဟုလာ သင်သည် ကြည့်ရှုဆင်ခြင်သော် “ငါသည် အကြင်အမှုကို ကိုယ်ဖြင့် ပြု၏၊ ငါ၏ ဤကိုယ်အမှုသည် မိမိဆင်းရဲခြင်းငှါလည်း ဖြစ်၏၊ သူတစ်ပါးဆင်းရဲခြင်းငှါလည်း ဖြစ်၏၊ မိမိသူတစ်ပါးနှစ်ပါးစုံ ဆင်းရဲခြင်းငှါလည်း ဖြစ်၏၊ ဤကိုယ်အမှုသည် အကုသိုလ်တည်း၊ ဆင်းရဲကို ဖြစ်ပွါးစေတတ်၏၊ ဆင်းရဲသော အကျိုးရှိ၏”ဟု အကယ်၍ သိငြားအံ့၊ ရာဟုလာ ဤသို့သဘောရှိသော ကိုယ်အမှုကို သင်သည်ရုပ်သိမ်းလေလော့။

ရာဟုလာ သင်သည် ကြည့်ရှုဆင်ခြင်သော် “ငါသည် အကြင်အမှုကို ကိုယ်ဖြင့် ပြု၏၊ ငါ၏ ဤကိုယ်အမှုသည် မိမိဆင်းရဲခြင်းငှါလည်း မဖြစ်၊ သူတစ်ပါးဆင်းရဲခြင်းငှါလည်း မဖြစ်၊ မိမိသူတစ်ပါးနှစ်ပါးစုံဆင်းရဲခြင်းငှါလည်း မဖြစ်၊ ဤကိုယ်အမှုသည် ကောင်းမှုကုသိုလ်တည်း၊ ချမ်းသာကို ဖြစ်ပွါးစေတတ်၏၊ ချမ်းသာသော အကျိုးရှိ၏”ဟု အကယ်၍ သိငြားအံ့၊ ရာဟုလာ ဤသို့သဘောရှိသော ကိုယ်အမှုကိုသင်သည် ကြိုးပမ်းလေလော့။

ရာဟုလာ သင်သည် ကိုယ်ဖြင့် အမှုကို ပြုပြီးသော်လည်း ထိုကိုယ်အမှုကို သင် ကြည့်ရှုဆင်ခြင်ရမည်— “ငါသည် အကြင်အမှုကို ကိုယ်ဖြင့် ပြုမိပြီ၊ ငါ၏ ဤကိုယ်အမှုသည် မိမိဆင်းရဲခြင်းငှါလည်း ဖြစ်ရာသလော၊ သူတစ်ပါးဆင်းရဲခြင်းငှါလည်း ဖြစ်ရာသလော၊ မိမိသူတစ်ပါးနှစ်ပါးစုံ ဆင်းရဲခြင်းငှါလည်းဖြစ်ရာသလော၊ ဤကိုယ်အမှုသည် အကုသိုလ်လော၊ ဆင်းရဲကို ဖြစ်ပွါးစေတတ်သလော၊ ဆင်းရဲသောအကျိုးရှိလေသလော”ဟု (ကြည့်ရှုဆင်ခြင်ရမည်)။

ရာဟုလာ သင်သည် ကြည့်ရှုဆင်ခြင်သော် “ငါသည် အကြင်အမှုကို ကိုယ်ဖြင့် ပြုမိပြီ၊ ငါ၏ ဤကိုယ်အမှုသည် မိမိဆင်းရဲခြင်းငှါလည်း ဖြစ်၏၊ သူတစ်ပါးဆင်းရဲခြင်းငှါလည်း ဖြစ်၏၊ မိမိသူတစ်ပါးနှစ်ပါးစုံ ဆင်းရဲခြင်းငှါလည်း ဖြစ်၏၊ ဤကိုယ်အမှုသည် အကုသိုလ်တည်း၊ ဆင်းရဲကို ဖြစ်ပွါးစေတတ်၏၊ ဆင်းရဲသော အကျိုးရှိ၏”ဟု အကယ်၍ သိငြားအံ့၊ ရာဟုလာ ဤသို့သဘောရှိသော ကိုယ်အမှုကိုသင်သည် ဆရာ့ထံ၌ဖြစ်စေ၊ ပညာရှိတို့ထံ၌ဖြစ်စေ၊ သီတင်းသုံးဖော်တို့ထံ၌ဖြစ်စေ ပြောကြားရမည်၊ ဖွင့်ပြရမည်၊ ထင်စွာ ပြုရမည်၊ ပြောကြား၍ ဖွင့်ပြ၍ ထင်စွာ ပြု၍ နောင်အခါ၌ စောင့်ရှောက်ခြင်းသို့ ရောက်ရမည်။

ရာဟုလာ သင်သည် ကြည့်ရှု ‘ဆင်ခြင်’ သော် “ငါသည် အကြင်အမှုကို ကိုယ်ဖြင့် ပြုမိပြီ၊ ငါ၏ဤကိုယ်အမှုသည် မိမိဆင်းရဲခြင်းငှါလည်း မဖြစ်၊ သူတစ်ပါးဆင်းရဲခြင်းငှါလည်း မဖြစ်၊ မိမိသူတစ်ပါးနှစ်ပါးစုံ ဆင်းရဲခြင်းငှါလည်း မဖြစ်၊ ဤကိုယ်အမှုသည် ကုသိုလ်တည်း၊ ချမ်းသာကို ဖြစ်ပွါးစေတတ်၏၊ ချမ်းသာသော အကျိုးရှိ၏”ဟု အကယ်၍ သိငြားအံ့၊ ရာဟုလာ သင်သည် ထိုနှစ်သက်ဝမ်းမြောက်ခြင်းဖြင့်သာလျှင် ကုသိုလ်တရားတို့၌ နေ့ရောညဉ့်ပါ ကျင့်ကြံလျက် နေရာ၏။

၁၁ဝ။ ရာဟုလာ သင်သည် အကြင်အမှုကို နှုတ်ဖြင့် ပြုလိုသည် ဖြစ်အံ့၊ ထိုနှုတ်အမှုကို သင် ကြည့်ရှု’ဆင်ခြင်’ ရမည် — “ငါသည် အကြင်အမှုကို နှုတ်ဖြင့် ပြုလို၏၊ ငါ၏ ဤနှုတ်အမှုသည် မိမိဆင်းရဲခြင်းငှါလည်း ဖြစ်ရာသလော၊ သူတစ်ပါးဆင်းရဲခြင်းငှါလည်း ဖြစ်ရာသလော၊ မိမိသူတစ်ပါးနှစ်ပါးစုံဆင်းရဲခြင်းငှါလည်း ဖြစ်ရာသလော၊ ဤနှုတ်အမှုသည် အကုသိုလ်လော၊ ဆင်းရဲကို ဖြစ်ပွါးစေတတ်သလော၊ ဆင်းရဲသော အကျိုးရှိလေသလော”ဟု (ကြည့်ရှုဆင်ခြင်ရမည်)။

ရာဟုလာ သင်သည် ကြည့်ရှု ‘ဆင်ခြင်’ သော် “ငါသည် အကြင်အမှုကို နှုတ်ဖြင့် ပြုလို၏၊ ငါ၏ဤနှုတ်အမှုသည် မိမိဆင်းရဲခြင်းငှါလည်း ဖြစ်ရာ၏၊ သူတစ်ပါးဆင်းရဲခြင်းငှါလည်း ဖြစ်ရာ၏၊ မိမိ့သူတစ်ပါးနှစ်ပါးစုံ ဆင်းရဲခြင်းငှါလည်း ဖြစ်ရာ၏၊ ဤနှုတ်အမှုသည် အကုသိုလ်တည်း၊ ဆင်းရဲကို ဖြစ်ပွါးစေတတ်၏၊ ဆင်းရဲသော အကျိုးရှိ၏”ဟု အကယ်၍ သိငြားအံ့၊ ရာဟုလာ ဤသို့သဘောရှိသော နှုတ်အမှုကို သင်သည် စင်စစ်မပြုသင့်။

ရာဟုလာ သင်သည် ကြည့်ရှု ‘ဆင်ခြင်’ သော် “ငါသည် အကြင်အမှုကို နှုတ်ဖြင့် ပြုလို၏၊ ငါ၏ ဤနှုတ်အမှုသည် မိမိဆင်းရဲခြင်းငှါလည်း မဖြစ်ရာ၊ သူတစ်ပါးဆင်းရဲခြင်းငှါလည်း မဖြစ်ရာ၊ မိမိသူတစ်ပါးနှစ်ပါးစုံ ဆင်းရဲခြင်းငှါလည်း မဖြစ်ရာ၊ ဤနှုတ်အမှုသည် ကုသိုလ်တည်း၊ ချမ်းသာကို ဖြစ်ပွါးစေတတ်၏၊ ချမ်းသာသော အကျိုးရှိ၏”ဟု အကယ်၍ သိငြားအံ့၊ ရာဟုလာ ဤသို့သဘောရှိသော နှုတ်အမှုကိုသင်သည် ပြုသင့်၏။

ရာဟုလာ သင်သည် နှုတ်အမှုကို ပြုနေဆဲဖြစ်သော်လည်း ထိုနှုတ်အမှုကို သင် ကြည့်ရှု ‘ဆင်ခြင်’ရမည်၊ “ငါသည် အကြင်အမှုကို နှုတ်ဖြင့် ပြုဆဲဖြစ်၏၊ ငါ၏ ဤနှုတ်အမှုသည် မိမိဆင်းရဲခြင်းငှါလည်းဖြစ်ရာသလော၊ သူတစ်ပါးဆင်းရဲခြင်းငှါလည်း ဖြစ်ရာသလော၊ မိမိသူတစ်ပါးနှစ်ပါးစုံ ဆင်းရဲခြင်းငှါလည်းဖြစ်ရာသလော၊ ဤနှုတ်အမှုသည် အကုသိုလ်လော၊ ဆင်းရဲကို ဖြစ်ပွါးစေတတ်သလော၊ ဆင်းရဲသောအကျိုးရှိလေသလော”ဟု (ကြည့်ရှုဆင်ခြင်ရမည်)။

ရာဟုလာ သင်သည် ကြည့်ရှု ‘ဆင်ခြင်’ သော် “ငါသည် အကြင်အမှုကို နှုတ်ဖြင့် ပြု၏၊ ငါ၏ ဤနှုတ်အမှုသည် မိမိဆင်းရဲခြင်းငှါလည်း ဖြစ်၏၊ သူတစ်ပါးဆင်းရဲခြင်းငှါလည်း ဖြစ်၏၊ မိမိသူတစ်ပါးနှစ်ပါးစုံ ဆင်းရဲခြင်းငှါလည်း ဖြစ်၏၊ ဤနှုတ်အမှုသည် အကုသိုလ်တည်း၊ ဆင်းရဲကို ဖြစ်ပွါးစေတတ်၏၊ ဆင်းရဲသော အကျိုးရှိ၏”ဟု အကယ်၍ သိငြားအံ့၊ ရာဟုလာ ဤသို့သဘောရှိသော နှုတ်အမှုကိုသင်သည် ရုပ်သိမ်းလေလော့။

ရာဟုလာ သင်သည် ကြည့်ရှု ‘ဆင်ခြင်’ သော် “ငါသည် အကြင်အမှုကို နှုတ်ဖြင့် ပြု၏၊ ငါ၏ ဤနှုတ်အမှုသည် မိမိဆင်းရဲခြင်းငှါလည်း မဖြစ်၊ သူတစ်ပါးဆင်းရဲခြင်းငှါလည်း မဖြစ်၊ မိမိသူတစ်ပါးနှစ်ပါးစုံဆင်းရဲခြင်းငှါလည်း မဖြစ်၊ ဤနှုတ်အမှုသည် ကုသိုလ်တည်း၊ ချမ်းသာကို ဖြစ်ပွါးစေတတ်၏၊ ချမ်းသာသော အကျိုးရှိ၏”ဟု အကယ်၍ သိငြားအံ့၊ ရာဟုလာ ဤသို့သဘောရှိသော နှုတ်အမှုကို သင်သည်ကြိုးပမ်းလေလော့။

ရာဟုလာ သင်သည် နှုတ်အမှုကို ပြုပြီးသော်လည်း ထိုနှုတ်အမှုကို သင် ကြည့်ရှု ‘ဆင်ခြင်’ ရမည်၊ “ငါသည် အကြင်အမှုကို နှုတ်ဖြင့် ပြုမိပြီ၊ ငါ၏ ဤနှုတ်အမှုသည် မိမိဆင်းရဲခြင်းငှါလည်းဖြစ်ရာသလော၊ သူတစ်ပါးဆင်းရဲခြင်းငှါလည်း ဖြစ်ရာသလော၊ မိမိသူတစ်ပါးနှစ်ပါးစုံ ဆင်းရဲခြင်းငှါလည်းဖြစ်ရာသလော၊ ဤနှုတ်အမှုသည် အကုသိုလ်လော၊ ဆင်းရဲကို ဖြစ်ပွါးစေတတ်သလော၊ ဆင်းရဲသောအကျိုးရှိလေ သလော”ဟု (ကြည့်ရှုဆင်ခြင်ရမည်)။

ရာဟုလာ သင်သည် ကြည့်ရှု ‘ဆင်ခြင်’ သော် “ငါသည် အကြင်နှုတ်အမှုကို ပြုမိပြီ၊ ငါ၏ ဤနှုတ်အမှုသည် မိမိဆင်းရဲခြင်းငှါလည်း ဖြစ်၏၊ သူတစ်ပါးဆင်းရဲခြင်းငှါလည်း ဖြစ်၏၊ မိမိသူတစ်ပါးနှစ်ပါးစုံဆင်းရဲခြင်းငှါလည်း ဖြစ်၏၊ ဤနှုတ်အမှုသည် အကုသိုလ်တည်း၊ ဆင်းရဲကို ဖြစ်ပွါးစေတတ်၏၊ ဆင်းရဲသော အကျိုးရှိ၏”ဟု အကယ်၍ သိငြားအံ့၊ ရာဟုလာ ဤသို့သဘောရှိသော နှုတ်အမှုကို သင်သည်ဆရာ့ထံ၌ဖြစ်စေ၊ ပညာရှိတို့ ထံ၌ဖြစ်စေ၊ သီတင်းသုံးဖော်တို့ထံ၌ဖြစ်စေ ပြောကြားရမည်၊ ဖွင့်ပြရမည်၊ ထင်စွာ ပြုရမည်၊ ပြောကြား၍ ဖွင့်ပြ၍ ထင်စွာပြု၍ နောင်အခါ၌ စောင့်ရှောက်ခြင်းသို့ ရောက်ရမည်။

ရာဟုလာ သင်သည် ကြည့်ရှု ‘ဆင်ခြင်’ သော် “ငါသည် နှုတ်ဖြင့် အကြင်အမှုကို ပြုမိပြီ၊ ငါ၏ ဤနှုတ်အမှုသည် မိမိဆင်းရဲခြင်းငှါလည်း မဖြစ်၊ သူတစ်ပါးဆင်းရဲခြင်းငှါလည်း မဖြစ်၊ မိမိသူတစ်ပါးနှစ်ပါးစုံဆင်းရဲခြင်းငှါလည်း မဖြစ်၊ ဤနှုတ်အမှုသည် ကုသိုလ်တည်း၊ ချမ်းသာကို ဖြစ်ပွါးစေတတ်၏၊ ချမ်းသာသော အကျိုးရှိ၏”ဟု အကယ်၍ သိငြားအံ့၊ ရာဟုလာ သင်သည် ထိုသို့ နှစ်သက်ဝမ်းမြောက်ခြင်းဖြင့်သာလျှင် ကုသိုလ်တရားတို့၌ နေ့ရောညဉ့်ပါ ကျင့်ကြံလျက်နေရာ၏။

၁၁၁။ ရာဟုလာ သင်သည် အကြင်အမှုကို စိတ်ဖြင့် ပြုလို၏၊ သင်သည် ထိုသို့သဘောရှိသောစိတ်အမှုကို ကြည့်ရှု ‘ဆင်ခြင်’ ရမည် — “ငါသည် အကြင်အမှုကို စိတ်ဖြင့် ပြုလို၏၊ ငါ၏ဤစိတ်အမှုသည် မိမိဆင်းရဲ ခြင်းငှါလည်း ဖြစ်ရာသလော၊ သူတစ်ပါးဆင်းရဲခြင်းငှါလည်း ဖြစ်ရာသလော၊ မိမိသူတစ်ပါး နှစ်ပါးစုံ ဆင်းရဲခြင်းငှါလည်း ဖြစ်ရာသလော၊ ဤစိတ်အမှုသည် အကုသိုလ်လော၊ ဆင်းရဲကို ဖြစ်ပွါးစေ တတ်သလော၊ ဆင်းရဲသော အကျိုးရှိလေသလော”ဟု (ကြည့်ရှုဆင်ခြင်ရမည်)။

ရာဟုလာ သင်သည် ကြည့်ရှု ‘ဆင်ခြင်’ သော် “ငါသည် အကြင်အမှုကို စိတ်ဖြင့် ပြုလို၏၊ ငါ၏ဤစိတ်အမှုသည် မိမိဆင်းရဲခြင်းငှါလည်း ဖြစ်ရာ၏၊ သူတစ်ပါးဆင်းရဲခြင်းငှါလည်း ဖြစ်ရာ၏၊ မိမိသူတစ်ပါးနှစ်ပါးစုံ ဆင်းရဲခြင်းငှါလည်း ဖြစ်ရာ၏၊ ဤစိတ်အမှုသည် အကုသိုလ်တည်း၊ ဆင်းရဲကို ဖြစ်ပွါးစေတတ်၏၊ ဆင်းရဲသော အကျိုးရှိ၏”ဟု အကယ်၍ သိငြားအံ့၊ ရာဟုလာ ဤသို့သဘောရှိသော စိတ်အမှုကို သင်သည် စင်စစ် မပြုသင့်။

ရာဟုလာ သင်သည် ကြည့်ရှု ‘ဆင်ခြင်’ သော် “ငါသည် အကြင်အမှုကို စိတ်ဖြင့် ပြုလို၏၊ ငါ၏ ဤစိတ်အမှုသည် မိမိဆင်းရဲခြင်းငှါလည်း မဖြစ်ရာ၊ သူတစ်ပါးဆင်းရဲခြင်းငှါလည်း မဖြစ်ရာ၊ မိမိသူတစ်ပါးနှစ်ပါးစုံ ဆင်းရဲခြင်းငှါလည်း မဖြစ်ရာ၊ ဤစိတ်အမှုသည် ကုသိုလ်တည်း၊ ချမ်းသာကို ဖြစ်ပွါးစေတတ်၏၊ ချမ်းသာသော အကျိုးရှိ၏”ဟု အကယ်၍ သိငြားအံ့၊ ရာဟုလာ ဤသို့သဘောရှိသော စိတ်အမှုကိုသင်သည် ပြုသင့်၏။

ရာဟုလာ သင်သည် စိတ်အမှုကို ပြုနေဆဲဖြစ်သော်လည်း ထိုစိတ်အမှုကိုသာလျှင် သင် ကြည့်ရှု’ဆင်ခြင်’ ရမည်၊ “ငါသည် အကြင်အမှုကို စိတ်ဖြင့် ပြုဆဲဖြစ်၏၊ ငါ၏ ဤစိတ်အမှုသည် မိမိဆင်းရဲခြင်းငှါလည်း ဖြစ်ရာသလော၊ သူတစ်ပါးဆင်းရဲခြင်းငှါလည်း ဖြစ်ရာသလော၊ မိမိသူတစ်ပါးနှစ်ပါးစုံ ဆင်းရဲခြင်းငှါလည်း ဖြစ်ရာသလော၊ ဤစိတ်အမှုသည် အကုသိုလ်လော၊ ဆင်းရဲကို ဖြစ်ပွါးစေတတ်သလော၊ ဆင်းရဲသော အကျိုးရှိသလော”ဟု (ကြည့်ရှုဆင်ခြင်ရမည်)။

ရာဟုလာ သင်သည် ကြည့်ရှု ‘ဆင်ခြင်’ သော် “ငါသည် အကြင်အမှုကို စိတ်ဖြင့် ပြုဆဲဖြစ်၏၊ ငါ၏ဤစိတ်အမှုသည် မိမိဆင်းရဲခြင်းငှါလည်း ဖြစ်၏၊ သူတစ်ပါးဆင်းရဲခြင်းငှါလည်း ဖြစ်၏၊ မိမိသူတစ်ပါးနှစ်ပါးစုံ ဆင်းရဲခြင်းငှါလည်း ဖြစ်၏၊ ဤစိတ်အမှုသည် အကုသိုလ်တည်း၊ ဆင်းရဲကို ဖြစ်ပွါးစေတတ်၏၊ ဆင်းရဲသော အကျိုးရှိ၏”ဟု အကယ်၍ သိငြားအံ့၊ ရာဟုလာ ဤသို့သဘောရှိသော စိတ်အမှုကိုသင်သည် ရုပ်သိမ်းလေ လော့။

ရာဟုလာ သင်သည် ကြည့်ရှု ‘ဆင်ခြင်’ သော် “ငါသည် အကြင်အမှုကို စိတ်ဖြင့် ပြုဆဲဖြစ်၏၊ ငါ၏ဤစိတ်အမှုသည် မိမိဆင်းရဲခြင်းငှါလည်း မဖြစ်၊ သူတစ်ပါးဆင်းရဲခြင်းငှါလည်း မဖြစ်၊ မိမိသူတစ်ပါးနှစ်ပါးစုံ ဆင်းရဲခြင်းငှါလည်း မဖြစ်၊ ဤစိတ်အမှုသည် ကုသိုလ်တည်း၊ ချမ်းသာကို ဖြစ်ပွါးစေတတ်၏၊ ချမ်းသာသော အကျိုးရှိ၏”ဟု အကယ်၍ သိငြားအံ့၊ ရာဟုလာ ဤသို့သဘောရှိသော စိတ်အမှုကိုသင်သည် ကြိုးပမ်းလေလော့။

ရာဟုလာ သင်သည် စိတ်အမှုကို ပြုလုပ်ပြီးသော်လည်း ထိုစိတ်အမှုကို သင်သည် ကြည့်ရှု ‘ဆင်ခြင်’ရမည်၊ “ငါသည် အကြင်အမှုကို စိတ်ဖြင့် ပြုမိပြီ၊ ငါ၏ ဤစိတ်အမှုသည်မိမိဆင်းရဲခြင်းငှါလည်း ဖြစ်ရာသလော၊ သူတစ်ပါးဆင်းရဲခြင်းငှါလည်း ဖြစ်ရာသလော၊ မိမိသူတစ်ပါးနှစ်ပါးစုံ ဆင်းရဲခြင်းငှါလည်း ဖြစ်ရာသလော၊ ဤစိတ်အမှုသည် အကုသိုလ်လော၊ ဆင်းရဲကိုဖြစ်ပွါးစေတတ်သလော၊ ဆင်းရဲသော အကျိုးရှိလေသလော”ဟု (ကြည့်ရှုဆင်ခြင်ရမည်)။

ရာဟုလာ သင်သည် ကြည့်ရှု ‘ဆင်ခြင်’ သော် “ငါသည် အကြင်အမှုကို စိတ်ဖြင့် ပြုမိပြီ၊ ငါ၏ဤစိတ်အမှုသည် မိမိဆင်းရဲခြင်းငှါလည်း ဖြစ်၏၊ သူတစ်ပါးဆင်းရဲခြင်းငှါလည်း ဖြစ်၏၊ မိမိသူတစ်ပါး့နှစ်ပါးစုံ ဆင်းရဲခြင်းငှါလည်း ဖြစ်၏၊ ဤစိတ်အမှုသည် အကုသိုလ်တည်း၊ ဆင်းရဲကို ဖြစ်ပွါးစေတတ်၏၊ ဆင်းရဲသော အကျိုးရှိ၏”ဟု အကယ်၍ သိငြားအံ့၊ ရာဟုလာ ဤသို့သဘောရှိသော စိတ်အမှုကို သင်သည် ငြီးငွေ့ရမည်၊ ရှက်ရမည်၊ စက်ဆုပ်ရမည်၊ ငြီးငွေ့၍ ရှက်၍ စက်ဆုပ်၍ နောင်အခါ စောင့်ရှောက်ခြင်းသို့ ရောက်ရမည်။

ရာဟုလာ သင်သည် ကြည့်ရှု ‘ဆင်ခြင်’ သော် “ငါသည် အကြင်အမှုကို စိတ်ဖြင့် ပြုမိပြီ၊ ငါ၏ ဤစိတ်အမှုသည် မိမိဆင်းရဲခြင်းငှါလည်း မဖြစ်၊ သူတစ်ပါးဆင်းရဲခြင်းငှါလည်း မဖြစ်၊ မိမိသူတစ်ပါးနှစ်ပါးစုံဆင်းရဲခြင်းငှါလည်း မဖြစ်၊ ဤစိတ်အမှုသည် ကုသိုလ်တည်း၊ ချမ်းသာကို ဖြစ်ပွါးစေတတ်၏၊ ချမ်းသာသော အကျိုးရှိ၏”ဟု အကယ်၍ သိငြားအံ့၊ ရာဟုလာ သင်သည်ထိုနှစ်သက်ဝမ်းမြောက်ခြင်းဖြင့်သာလျှင် ကုသိုလ်တရားတို့၌ နေ့ရောညဉ့်ပါ ကျင့်ကြံလျက် နေရမည်။

၁၁၂။ ရာဟုလာ လွန်လေပြီးသောအခါက ကိုယ်အမှုကို သုတ်သင်ခဲ့ကြကုန်သော၊ နှုတ်အမှုကိုသုတ်သင်ခဲ့ကြကုန်သော၊ စိတ်အမှုကို သုတ်သင်ခဲ့ကြကုန်သော သမဏဗြာဟ္မဏအားလုံးတို့သည် ဤသို့ကြည့်ရှု ‘ဆင်ခြင်’၍ ကြည့်ရှု ‘ဆင်ခြင်’ ၍သာ ကိုယ်အမှုကို သုတ်သင်ခဲ့ကြကုန်၏၊ ကြည့်ရှု ‘ဆင်ခြင်’ ၍ကြည့်ရှု ‘ဆင်ခြင်’ ၍သာ နှုတ်အမှုကို သုတ်သင်ခဲ့ကြကုန်၏၊ ကြည့်ရှု ‘ဆင်ခြင်’ ၍ ကြည့်ရှု ‘ဆင်ခြင်’ ၍သာစိတ်အမှုကို သုတ်သင်ခဲ့ကြ ကုန်၏။

ရာဟုလာ လာလတ္တံ့ အနာဂတ်အခါ၌ ကိုယ်အမှုကို သုတ်သင်လတ္တံ့ဖြစ်ကုန်သော၊ နှုတ်အမှုကိုသုတ်သင်လတ္တံ့ ဖြစ်ကုန်သော၊ စိတ်အမှုကို သုတ်သင်လတ္တံ့ဖြစ်ကုန်သော သမဏဗြာဟ္မဏအားလုံးတို့သည်လည်း ဤသို့ ကြည့်ရှု ‘ဆင်ခြင်’ ၍ ကြည့်ရှု ‘ဆင်ခြင်’ ၍သာ ကိုယ်အမှုကို သုတ်သင်ကြကုန်လတ္တံ့၊ ကြည့်ရှု ‘ဆင်ခြင်’ ၍ ကြည့်ရှု ‘ဆင်ခြင်’ ၍သာ နှုတ်အမှုကို သုတ်သင်ကြကုန်လတ္တံ့၊ ကြည့်ရှု ‘ဆင်ခြင်’ ၍ကြည့်ရှု ‘ဆင်ခြင်’ ၍သာ စိတ်အမှုကို သုတ်သင်ကြကုန်လတ္တံ့။

ရာဟုလာ ယခုအခါ၌ ကိုယ်အမှုကို သုတ်သင်နေကြကုန်သော၊ နှုတ်အမှုကို သုတ်သင်နေကြကုန် သော၊ စိတ်အမှုကို သုတ်သင်နေကြကုန်သော သမဏဗြာဟ္မဏအားလုံးတို့သည်လည်း ဤသို့ ကြည့်ရှု’ဆင်ခြင်’ ၍ ကြည့်ရှု ‘ဆင်ခြင်’ ၍သာ ကိုယ်အမှုကို သုတ်သင်နေကြကုန်၏၊ ကြည့်ရှု ‘ဆင်ခြင်’ ၍ ကြည့်ရှု’ဆင်ခြင်’ ၍သာ နှုတ်အမှုကို သုတ်သင်နေကြကုန်၏၊ ကြည့်ရှု ‘ဆင်ခြင်’ ၍ ကြည့်ရှု ‘ဆင်ခြင်’ ၍သာ စိတ်အမှုကို သုတ်သင်နေကြကုန်၏။

ရာဟုလာ ထို့ကြောင့် ဤသာသနာတော်၌ “ကြည့်ရှု ‘ဆင်ခြင်’ ၍ ကြည့်ရှု ‘ဆင်ခြင်’ ၍ ကိုယ်အမှုကိုသုတ်သင်အံ့၊ ကြည့်ရှု ‘ဆင်ခြင်’ ၍ ကြည့်ရှု ‘ဆင်ခြင်’ ၍ နှုတ်အမှုကို သုတ်သင်အံ့၊ ကြည့်ရှု ‘ဆင်ခြင်’ ၍ကြည့် ရှု ‘ဆင်ခြင်’ ၍ စိတ်အမှုကို သုတ်သင်အံ့”ဟု သင်သည် ဤသို့သာ ကျင့်ရမည်ဟု မြတ်စွာဘုရားသည် ဤတရားတော်ကို ဟောကြားတော်မူ၏၊ အသျှင်ရာဟုလာသည် မြတ်စွာဘုရား၏ စကားတော်ကိုနှစ်သက်ဝမ်းမြောက်လေ၏။

ရှေးဦးစွာသော အမ္ဗလဋ္ဌိကရာဟုလောဝါဒသုတ် ပြီး၏။