မဇ္ဈိမနိကာယ်
၃—စူဠမာလုကျသုတ်
၁၂၂။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်—
အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ ဆိတ်ငြိမ်ရာသို့ ကိန်းအောင်းနေသော အသျှင်မာလုကျပုတ္တမထေရ်အား ဤသို့ စိတ်အကြံဖြစ်ပေါ်၏— “လောကသည် မြဲ၏ဟူ၍လည်းကောင်း၊ လောကသည်မမြဲဟူ၍ လည်းကောင်း၊ လောကသည် အဆုံးရှိ၏ဟူ၍လည်းကောင်း၊ လောကသည်အဆုံးမရှိဟူ၍လည်းကောင်း၊ ထိုအသက်သည်ပင် ထိုကိုယ်တည်းဟူ၍လည်းကောင်း၊ အသက်သည်တခြားကိုယ်သည်တခြားတည်းဟူ၍ လည်းကောင်း၊ သတ္တဝါသည် သေသည်မှနောက်၌ ဖြစ်၏ဟူ၍လည်းကောင်း၊ သတ္တဝါသည် သေသည်မ ှနောက်၌ မဖြစ်ဟူ၍လည်းကောင်း သတ္တဝါသည် သေသည်မှနောက်၌ ဖြစ်လည်းဖြစ်၏၊ ဖြစ်လည်း မဖြစ်ဟူ၍လည်းကောင်း သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်သည်လည်း မဟုတ်၊ မဖြစ်သည်လည်း မဟုတ်ဟူ၍လည်းကောင်း မြတ်စွာဘုရား မဟောကြားကုန်သော တန့်ထားကုန်သောပယ်ထားကုန်သော အယူတို့သည် ရှိကုန်၏၊ ထိုအယူတို့ကို မြတ်စွာဘုရားသည် ငါ့အားဟောကြားတော်မမူ။ ယင်းအယူတို့ကို ငါ့အား မြတ်စွာဘုရား မဟောကြားခြင်းကို ငါမနှစ်သက်၊ ငါမကြိုက်။ ငါသည် မြတ်စွာဘုရားထံ ချဉ်း ကပ်၍ ထိုအကြောင်းကို မေးလျှောက်အံ့၊ အကယ်၍မြတ်စွာဘုရားသည် ‘လောကသည် မြဲ၏ဟူ၍လည်း ကောင်း၊ လောကသည် မမြဲဟူ၍လည်းကောင်း။ပ။ သတ္တဝါသည် သေသည်မှနောက်၌ ဖြစ်သည်လည်း မဟုတ်၊ မဖြစ်သည်လည်း မဟုတ်’ဟူ၍လည်းကောင်းငါ့အား ဟောကြားငြားအံ့၊ ဤသို့ ဟောကြားသော် ငါသည် မြတ်စွာဘုရားအထံတော်၌ မြတ်သောရဟန်းအကျင့်ကို ကျင့်အံ့၊ အကယ်၍ မြတ်စွာဘုရားသည် ‘လောကသည် မြဲ၏ဟူ၍လည်းကောင်း၊ လောကသည် မမြဲဟူ၍လည်းကောင်း။ပ။ သတ္တဝါသည် သေပြီး သည်မှနောက်၌ ဖြစ်သည်လည်း မဟုတ်၊ မဖြစ်သည်လည်း မဟုတ်’ဟူ၍လည်းကောင်း ငါ့အား မဟော ကြားငြားအံ့၊ ဤသို့ မဟောကြားသော်ငါသည် ရဟန်းသိက္ခာကို စွန့်ပယ်၍ လူထွက်တော့အံ့”ဟု (စိတ် အကြံဖြစ်၏)။
၁၂၃။ ထို့နောက် အသျှင်မာလုကျပုတ္တသည် ညနေချမ်းအချိန်၌ ကိန်းအောင်းရာမှထ၍ မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ အလွန်ရိုသေစွာ ရှိခိုးပြီးလျှင် သင့်လျော်ရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအားဤသို့ လျှောက်ထား၏—
၁၂၄။ အသျှင်ဘုရား ဆိတ်ငြိမ်ရာသို့ကပ်၍ ကိန်းအောင်းသော တပည့်တော်အား ဤသို့ စိတ်အကြံဖြစ်ပါ၏— “လောကသည် မြဲ၏ဟူ၍လည်းကောင်း လောကသည် မမြဲဟူ၍လည်းကောင်း။ပ။ သတ္တဝါသည့်သေသည်မှနောက်၌ ဖြစ်သည်လည်း မဟုတ်၊ မဖြစ်သည်လည်း မဟုတ်”ဟူ၍လည်းကောင်း မြတ်စွာဘုရားမဟောကြားကုန်သော တန့်ထားကုန်သော ပယ်ထားကုန်သော အယူတို့သည် ရှိကုန်၏၊ ထိုအယူတို့ကိုမြတ်စွာဘုရားသည် ငါ့အား ဟောကြားတော်မမူ။ ယင်းအယူတို့ကို ငါ့အား မြတ်စွာဘုရား မဟောကြားခြင်းကို ငါမနှစ်သက်၊ ငါမကြိုက်၊ ငါသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ ထိုအကြောင်းကို မေးလျှောက်အံ့၊ အကယ်၍ မြတ်စွာဘုရားသည် ‘လောကသည် မြဲ၏ဟူ၍လည်းကောင်း၊ လောကသည် မမြဲဟူ၍လည်းကောင်း။ပ။ သတ္တဝါသည် သေသည်မှနောက်၌ ဖြစ်သည်လည်း မဟုတ်၊ မဖြစ်သည်လည်း မဟုတ်’ဟူ၍လည်းကောင်း ငါ့အား ဟောကြားငြားအံ့၊ ဤသို့ ဟောကြားသော် ငါသည်မြတ်စွာဘုရားအထံတော်၌ မြတ်သော ရဟန်းအကျင့်ကို ကျင့်အံ့၊ အကယ်၍ မြတ်စွာဘုရားသည်’လောကသည် မြဲ၏ဟူ၍လည်း ကောင်း လောကသည် မမြဲဟူ၍လည်းကောင်း။ပ။ သတ္တဝါသည်သေပြီးသည်မှ နောက်၌ ဖြစ်သည်လည်း မဟုတ်၊ မဖြစ်သည်လည်း မဟုတ်’ ဟူ၍လည်းကောင်း ငါ့အားမဟောကြားငြားအံ့၊ ဤသို့ မဟောကြား သော် ငါသည် ရဟန်းသိက္ခာကို စွန့်ပယ်၍လူထွက်တော့အံ့”ဟု စိတ်အကြံဖြစ်ပါ၏။ “လောကသည် မြဲ၏” ဟူ၍ မြတ်စွာဘုရားသည် အကယ်၍သိတော်မူ ငြားအံ့၊ မြတ်စွာဘုရားသည် အကျွန်ုပ်အား “လောကသည် မြဲ၏” ဟူ၍ ဟောကြားတော်မူပါ၊ “လောကသည် မမြဲ” ဟူ၍ မြတ်စွာဘုရားသည် အကယ် ၍ သိတော်မူငြားအံ့၊ မြတ်စွာဘုရားသည်”လောကသည် မမြဲ”ဟု အကျွန်ုပ်အား ဟောကြားတော်မူပါ၊ “လောကသည် မြဲ၏”ဟူ၍လည်းကောင်း၊ “လောကသည် မမြဲ” ဟူ၍လည်းကောင်း မြတ်စွာဘုရားသည် အကယ်၍ သိတော်မမူငြားအံ့၊ မသိသော်မမြင်သော် မသိမမြင်ဟု ဝန်ခံခြင်းသည်သာလျှင် ဖြောင့်မတ်သော သဘောဖြစ်၏။
“လောကသည် အဆုံးရှိ၏”ဟု မြတ်စွာဘုရားသည် အကယ်၍ သိသည် ဖြစ်အံ့၊ မြတ်စွာဘုရားသည်”လောကသည် အဆုံးရှိ၏”ဟု အကျွန်ုပ်အား ဟောကြားတော်မူပါ။ “လောကသည် အဆုံးမရှိ”ဟုမြတ်စွာဘုရားသည် အကယ်၍ သိသည် ဖြစ်အံ့၊ မြတ်စွာဘုရားသည် “လောကသည် အဆုံးမရှိ”ဟုအကျွန်ုပ်အား ဟောကြားတော်မူပါ။ “လောကသည် အဆုံးရှိ၏”ဟူ၍လည်းကောင်း “လောကသည် အဆုံးမရှိ”ဟူ၍လည်းကောင်း မြတ်စွာဘုရားသည် အကယ်၍ မသိသည် ဖြစ်အံ့၊ မသိသော် မမြင်သော် မသိမမြင်ဟု ဝန်ခံခြင်းသည်သာလျှင် ဖြောင့်မတ်သော သဘောဖြစ်၏။ “ထိုအသက်သည်ပင်ထိုကိုယ်တည်း”ဟု မြတ်စွာဘုရားသည် အကယ်၍ သိသည် ဖြစ်အံ့၊ “ထိုအသက်သည်ပင်ထိုကိုယ်တည်း”ဟု မြတ်စွာဘုရား သည် အကျွန်ုပ်အား ဟောကြားတော်မူပါ။ “အသက်သည်တစ်ခြားကိုယ်သည်တစ်ခြားတည်း”ဟု မြတ်စွာ ဘုရားသည် အကယ်၍ သိသည်ဖြစ်အံ့၊ “အသက်သည်တစ်ခြားကိုယ်သည်တစ်ခြားတည်း”ဟု မြတ်စွာ ဘုရားသည် အကျွန်ုပ်အား ဟောကြားတော်မူပါ။ “ထိုအသက်သည်ပင် ထိုကိုယ်တည်း”ဟူ၍လည်းကောင်း၊ “အသက်သည် တစ်ခြားကိုယ်သည်တစ်ခြားတည်း”ဟူ၍လည်းကောင်း မြတ်စွာဘုရားသည် အကယ်၍ မသိသည်ဖြစ်အံ့၊ မသိသော်မမြင်သော် မသိ မမြင်ဟု ဝန်ခံခြင်းသည်သာလျှင် ဖြောင့်မတ်သော သဘော ဖြစ်၏။ “သတ္တဝါသည်သေသည်မှနောက်၌ ဖြစ်၏”ဟု မြတ်စွာဘုရားသည် အကယ်၍ သိသည် ဖြစ်အံ့၊ “သတ္တဝါသည်သေသည်မှနောက်၌ ဖြစ်၏”ဟု မြတ်စွာဘုရားသည် အကျွန်ုပ်အား ဟောကြားတော်မူပါ။ “သတ္တဝါသည်သေသည်မှနောက်၌ မဖြစ်”ဟု မြတ်စွာဘုရားသည် အကယ်၍ သိသည် ဖြစ်အံ့၊ “သတ္တဝါသည်သေသည်မှနောက်၌ မဖြစ်”ဟု မြတ်စွာဘုရားသည် အကျွန်ုပ်အား ဟောကြားတော်မူပါ။ “သတ္တဝါသည်သေသည်မှနောက်၌ ဖြစ်၏”ဟူ၍လည်းကောင်း၊ “သတ္တဝါသည် သေသည်မှနောက်၌ မဖြစ်”ဟူ၍လည်းကောင်း မြတ်စွာဘုရားသည် အကယ်၍ မသိသည်ဖြစ်အံ့၊ မသိသော် မမြင်သော် မသိ မမြင်ဟုဝန်ခံခြင်းသည်သာလျှင် ဖြောင့်မတ်သော သဘောဖြစ်၏။ “သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်လည်းဖြစ်၏၊ ဖြစ်လည်း မဖြစ်”ဟု မြတ်စွာဘုရားသည် အကယ်၍ သိသည် ဖြစ်ငြားအံ့၊ “သတ္တဝါသည့်သေသည်မှနောက်၌ ဖြစ်လည်းဖြစ်၏၊ ဖြစ်လည်းမဖြစ်”ဟု မြတ်စွာဘုရားသည် အကျွန်ုပ်အား ဟောကြားတော်မူပါ။ “သတ္တဝါသည် သေသည်မှနောက်၌ ဖြစ်သည်လည်းမဟုတ်၊ မဖြစ်သည်လည်းမဟုတ်”ဟုမြတ်စွာဘုရားသည် အကယ်၍ သိသည် ဖြစ်အံ့၊ “သတ္တဝါသည် သေသည်မှနောက်၌ ဖြစ်သည်လည်းမဟုတ်၊ မဖြစ်သည်လည်းမဟုတ်”ဟု မြတ်စွာဘုရားသည် အကျွန်ုပ်အား ဟောကြားတော်မူပါ။ “သတ္တဝါသည် သေသည်မှနောက်၌ ဖြစ်လည်း ဖြစ်၏၊ ဖြစ်လည်း မဖြစ်”ဟူ၍လည်းကောင်း “သတ္တဝါသည်သေသည်မှနောက်၌ ဖြစ်သည်လည်း မဟုတ်၊ မဖြစ်သည်လည်း မဟုတ်” ဟူ၍လည်းကောင်း မြတ်စွာဘုရားသည် အကယ်၍ မသိသည်ဖြစ်အံ့၊ မသိသော် မမြင်သော် မသိ မမြင်ဟု ဝန်ခံခြင်းသည်သာလျှင်ဖြောင့်မတ်သော သဘောဖြစ်၏ဟု (လျှောက်ထား၏)။
၁၂၅။ မာလုကျပုတ္တ ငါသည် သင့်ကို “မာလုကျပုတ္တ သင်လာခဲ့လော့၊ ငါဘုရားအထံ၌ မြတ်သောအကျင့်ကို ကျင့်လှည့်လော့၊ ‘လောကသည် မြဲ၏ဟူ၍လည်းကောင်း လောကသည်မမြဲဟူ၍လည်းကောင်း လောကသည် အဆုံးရှိ၏ဟူ၍လည်းကောင်း လောကသည်အဆုံးမရှိဟူ၍လည်းကောင်း ထိုအသက်သည်ပင် ထိုကိုယ်တည်းဟူ၍လည်းကောင်း အသက်သည် တခြားကိုယ်သည် တခြားတည်းဟူ၍လည်းကောင်း၊ သတ္တဝါသည် သေသည်မှနောက်၌ ဖြစ်၏ဟူ၍လည်းကောင်း၊ သတ္တဝါသည် သေသည်မှ နောက်၌ မဖြစ်ဟူ၍ လည်းကောင်း၊ သတ္တဝါသည် သေသည်မှ နောက်၌ဖြစ်လည်း ဖြစ်၏ မဖြစ်လည်း မဖြစ်ဟူ၍လည်း ကောင်း၊ သတ္တဝါသည် သေသည်မှနောက်၌ဖြစ်သည်လည်းမဟုတ် မဖြစ်သည်လည်းမဟုတ်’ဟူ၍လည်း ကောင်း သင့်အား ငါဘုရားဟောကြားအံ့”ဟု ဤသို့ ဆိုခဲ့ဖူးသလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား မဆိုခဲ့ဖူးပါ (ဟုလျှောက်၏)။
သင်ကလည်း ငါ့ကို “အသျှင်ဘုရား ‘လောကသည် မြဲ၏ဟူ၍လည်းကောင်း၊ လောကသည် မမြဲဟူ၍လည်းကောင်း၊ လောကသည် အဆုံးရှိ၏ဟူ၍လည်းကောင်း၊ လောကသည် အဆုံးမရှိဟူ၍လည်းကောင်း၊ ထိုအသက်သည်ပင် ထိုကိုယ်တည်းဟူ၍လည်းကောင်း၊ အသက်သည် တစ်ခြား ကိုယ်သည် တစ်ခြားတည်းဟူ၍လည်းကောင်း၊ သတ္တဝါသည် သေသည်မှနောက်၌ ဖြစ်၏ဟူ၍လည်းကောင်း၊ သတ္တဝါသည် သေသည်မှနောက်၌ မဖြစ်ဟူ၍လည်းကောင်း၊ သတ္တဝါသည် သေသည်မှနောက်၌ ဖြစ်လည်း ဖြစ်၏ မဖြစ်လည်းမဖြစ်ဟူ၍လည်းကောင်း၊ သတ္တဝါသည် သေသည်မှနောက်၌ ဖြစ်သည်လည်းမဟုတ် မဖြစ်သည်လည်းမဟုတ်’ဟူ၍လည်းကောင်း အကျွန်ုပ်အား မြတ်စွာဘုရား ဟောကြားငြားအံ့၊ အကျွန်ုပ်သည် မြတ်စွာဘုရားထံ၌ မြတ်သော ရဟန်းအကျင့်ကို ကျင့်ပါအံ့”ဟု ဆိုခဲ့ဖူးသလောဟု (မေးတော်မူ၏)။ အသျှင်ဘုရားမဆိုခဲ့ဖူးပါ (ဟု လျှောက်၏)။
မာလုကျပုတ္တ ဤသို့လျှင် ငါကလည်း သင့်ကို “မာလုကျပုတ္တ သင်လာခဲ့လော့၊ ငါဘုရားအထံ၌မြတ်သော အကျင့်ကို ကျင့်လော့၊ ‘လောကသည် မြဲ၏ဟူ၍လည်းကောင်း လောကသည် မမြဲ’ ဟူ၍လည်းကောင်း။ပ။ ‘သတ္တဝါသည် သေသည်မှနောက်၌ ဖြစ်သည်လည်းမဟုတ် မဖြစ်သည်လည်းမဟုတ်’ ဟူ၍လည်းကောင်း သင့်အား ငါဘုရားဟောကြားအံ့”ဟု မဆိုခဲ့ဖူးပေ။ သင်ကလည်း ငါ့ကို “အသျှင်ဘုရား’လောကသည် မြဲ၏ဟူ၍လည်းကောင်း၊ လောကသည် မမြဲ’ဟူ၍လည်းကောင်း။ပ။ ‘သတ္တဝါသည်သေသည် မှ နောက်၌ ဖြစ်သည်လည်း မဟုတ်၊ မဖြစ်သည်လည်း မဟုတ်’ ဟူ၍လည်းကောင်းအကျွန်ုပ်အား မြတ်စွာဘုရား ဟောကြားငြားအံ့၊ အကျွန်ုပ်သည် မြတ်စွာဘုရားအထံ၌ မြတ်သောရဟန်းအကျင့်ကို ကျင့်ပါအံ့” ဟူ၍လည်း မဆိုခဲ့ဖူးပေ၊ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သောယောကျာ်းဤသို့ဖြစ်သော် အဘယ် သူတောင်းပန်သည်ဖြစ်၍ အဘယ်သူ့ကို တုံ့ပြန်ပြော ကြားရမည်နည်း။
၁၂၆။ မာလုကျပုတ္တ “လောကသည် မြဲ၏ဟူ၍လည်းကောင်း၊ လောကသည် မမြဲဟူ၍လည်း ကောင်း။ပ။ သတ္တဝါသည် သေသည်မှနောက်၌ ဖြစ်သည်လည်း မဟုတ် မဖြစ်သည်လည်း မဟုတ် ဟူ၍ လည်းကောင်း့မြတ်စွာဘုရားသည် ငါ့အား မဟောကြားသေးသမျှ ငါသည် မြတ်စွာဘုရားအထံ၌ မြတ် သောရဟန်းအကျင့်ကို မကျင့်အံ့”ဟု အကြင်သူက ဤသို့ ဆိုငြားအံ့၊ မာလုကျပုတ္တ ထိုသူသည် ထိုသို့မကျင့်ရသေးမီပင် သေလေရာ၏၊ ထိုအကြောင်းကို ဘုရားမဟောထားသည်သာ ဖြစ်ရာ၏။
မာလုကျပုတ္တ ဥပမာသော်ကား ယောကျာ်းတစ်ယောက်သည် ထူထူထဲထဲ လိမ်းကျံထားသောဆိပ်လူးမြားဖြင့် အပစ်ခံရသည် ဖြစ်ရာ၏၊ ထိုယောကျာ်း၏ မိတ်ဆွေ ခင်ပွန်း ဆွေမျိုးသားချင်းတို့သည်မြားနုတ်တတ်သော ဆေးဆရာကို ပင့်လာကုန်ရာ၏။ ထိုမြားမှန်ခံရသော ယောကျာ်းသည် “မြားပစ်သောယောကျာ်းကို ‘မင်းဟူ၍လည်းကောင်း ပုဏ္ဏားဟူ၍လည်းကောင်း ကုန်သည်ဟူ၍လည်းကောင်း သူဆင်းရဲဟူ၍လည်းကောင်း’ မသိရသေးသမျှ ငါသည် ဤမြားကို မနုတ်အံ့”ဟု ဆိုရာ၏။
ထိုမြားမှန်ခံရသော ယောကျာ်းသည် “မြားပစ်သော ယောကျာ်းကို ‘ဤသို့သော အမည်ရှိ၏ ဤသို့သော အနွယ်ရှိ၏’ဟူ၍ မသိရသေးသမျှ ငါသည် ဤမြားကို မနုတ်အံ့”ဟု ဆိုရာ၏။ ထိုမြားမှန်ခံရသော ယောကျာ်းသည် “မြားပစ်သော ယောကျာ်းကို ‘မြင့်သောသူဟူ၍လည်းကောင်း၊ နိမ့်သောသူဟူ၍လည်းကောင်း၊ အလတ်ဖြစ် သောသူ’ဟူ၍လည်းကောင်း၊ မသိရသေးသမျှ ငါသည် ဤမြားကို မနုတ်အံ့”ဟု ဆိုရာ၏။ ထိုမြားမှန်ခံရသော ယောကျာ်းသည် “မြားပစ်သော ယောကျာ်းကို ‘မည်းနက်သောသူဟူ၍လည်းကောင်း၊ ရွှေသောသူဟူ၍လည်းကောင်း၊ ကြမ်းပိုးကျောက်ကုန်းကဲ့သို့ အဆင်းရှိသောသူ’ဟူ၍လည်းကောင်း မသိရသေးသမျှ ငါသည် ဤမြားကို မနုတ်အံံ့့”ဟု ဆိုရာ၏။ ထိုမြားမှန်ခံရသော ယောကျာ်းသည် “မြားပစ်သော ယောကျာ်းကို ‘ဤအမည်ရှိသော ရွာကဟူ၍လည်းကောင်း၊ ဤအမည်ရှိသော နိဂုံးကဟူ၍လည်းကောင်း၊ ဤအမည်ရှိသော မြို့ကဟူ၍လည်းကောင်း’ မသိရသေးသမျှ ငါသည် ဤမြားကိုမနုတ်အံံ့့”ဟု ဆိုရာ၏။ ထိုမြားမှန်ခံရသော ယောကျာ်းသည် “ပစ်သော လေးကို ‘လင်းလေးဟူ၍လည်းကောင်း၊ ဒူးလေးဟူ၍လည်းကောင်း’ မသိရသေးသမျှ ငါသည် ဤမြားကို မနုတ်အံ့”ဟု ဆိုရာ၏။ ထိုမြားမှန်ခံရသော ယောကျာ်းသည် “ပစ်သောညှို့ကို မုရိုးလျှော်ညှို့ဖြစ်သည်ကိုလည်းကောင်း၊ ဝါးလျှော်ညှို့ ဖြစ်သည်ကိုလည်းကောင်း၊ အကြောညှို့ဖြစ်သည်ကိုလည်းကောင်း၊ သင်ပန်းလျှော်ညှို့ဖြစ်သည်ကိုလည်းကောင်း ဥမွန်းနွယ်လျှော်ညှို့ဖြစ်သည်ကိုလည်းကောင်း မသိရသေးသမျှ ငါသည် ဤမြားကို မနုတ်အံံ့့”ဟုဆိုရာ၏။ ထိုမြားမှန်ခံရသော ယောကျာ်းသည် “ပစ်သောမြားကို စိုက်ပျိုးမထားသော ချုံမှဖြစ်သော မြားဟူ၍လည်းကောင်း စိုက်ပျိုးထားသော ချုံမှဖြစ်သော မြားဟူ၍လည်းကောင်း မသိရသေးသမျှငါသည် ဤမြားကို မနုတ်အံ့”ဟု ဆိုရာ၏။ ထိုမြားခံရသော ယောကျာ်းသည် “ပစ်သောမြားကိုလင်းတတောင်၊ သို့မဟုတ် ဘုံမတီးငှက်တောင်၊ သို့မဟုတ် စွန်ရဲတောင်၊ သို့မဟုတ် ဥဒေါင်းတောင်၊ သို့မဟုတ် သိထိလဟနုအမည်ရှိသော ငှက်တောင်ဖြင့် မြားရွက်တပ်ထားသည်ဟု မသိရသေးသမျှ ငါသည်ဤမြားကို မနုတ်အံ့”ဟု ဆိုရာ၏။ ထိုမြားမှန်ခံရသော ယောကျာ်းသည် “ပစ်သောမြားကို နွားကြော၊ သို့မဟုတ် ကျွဲကြော၊ သို့မဟုတ် ဝံကြော၊ သို့မဟုတ် မျောက်ကြောဖြင့် ရစ်ပတ်ထားသည်ဟုမသိရသေး သမျှ ငါသည် ဤမြားကို မနုတ်အံံ့့”ဟု ဆိုရာ၏။ ထိုမြားမှန်ခံရသော ယောကျာ်းသည်”ပစ်သောမြားကို ပကတေ့သော မြားဟူ၍လည်းကောင်း၊ သို့မဟုတ် သင်တုံး သွားတပ်ထားသောမြားဟူ၍လည်းကောင်း၊ သို့မဟုတ် နားတွင်းသို့စူးဝင်နိုင်သော မြားဟူ၍လည်းကောင်း၊ သို့မဟုတ်အသွားတပ်သော မြားဟူ၍ လည်းကောင်း၊ သို့မဟုတ် လေးသောမြားဟူ၍လည်းကောင်း၊ သို့မဟုတ်ကြာမြင့်မှ ရောက်သော မြားဟူ ၍လည်းကောင်း မသိရသေးသမျှ ငါသည် ဤမြားကို မနုတ်အံံ့့”ဟုဆိုရာ၏။ မာလုကျပုတ္တ ထိုသို့ မနုတ်ရသေးမီ ထိုယောကျာ်း သေသော် သေရာ၏၊ ထိုအကြောင်းကိုထိုယောကျာ်းသည် မသိ နိုင်သည် သာ ဖြစ်လေရာ၏။ မာလုကျပုတ္တ ဤဥပမာအတူသာလျှင်အကြင်သူသည် “လောကသည် မြဲ၏ဟူ၍လည်း ကောင်း၊ လောကသည် မမြဲဟူ၍လည်းကောင်း။ပ။ သတ္တဝါသည် သေသည်မှနောက်၌ ဖြစ်သည်လည်း မဟုတ် မဖြစ်သည်လည်း့မဟုတ်ဟူ၍လည်းကောင်း၊ မြတ်စွာဘုရားသည် ငါ့အား မဟောကြားသေးသမျှ ငါသည်မြတ်စွာဘုရားအထံ၌ မြတ်သောရဟန်းအကျင့်ကို မကျင့်အံ့ဟု ဤသို့ ဆိုငြားအံ့၊ မာလုကျပုတ္တ ထိုသို့မကျင့်ရသေးမီ ထိုပုဂ္ဂိုလ် သေလေရာ၏၊ ထိုအကြောင်းကို ဘုရားမဟောသည်သာ ဖြစ်ရာ၏။
၁၂၇။ မာလုကျပုတ္တ လောကသည် မြဲ၏ဟု အယူရှိလတ်သော် မြတ်သော အကျင့်ကို ကျင့်ခြင်း သည်ဖြစ်နိုင်ရာသလောဟူမူ— ဤသို့အယူရှိသော် မဖြစ်နိုင်။ မာလုကျပုတ္တ လောကသည် မမြဲဟု အယူရှိလတ်သော် မြတ်သောအကျင့်ကို ကျင့်ခြင်းသည် ဖြစ်နိုင်ရာသလောဟူမူ— ဤသို့အယူရှိသော် မဖြစ်နိုင်။ မာလုကျပုတ္တ လောကသည် မြဲ၏ဟု အယူရှိလတ်သော်လည်းကောင်း၊ လောကသည် မမြဲဟု အယူရှိလတ်သော်လည်းကောင်း ပဋိသန္ဓေနေရခြင်းသည် ရှိသည်သာတည်း၊ အိုရခြင်းသည် ရှိသည်သာတည်း၊ သေရခြင်းသည် ရှိသည်သာတည်း၊ ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာပင်ပန်းခြင်းတို့သည် ရှိကုန်သည်သာတည်း၊ ယင်းတရားတို့ကို မျက်မှောက်သော ကိုယ်၏ အဖြစ်၌ပင် ဖျက်ဆီးရမည်ဟု ငါပညတ်၏။ မာလုကျပုတ္တ လောကသည် အဆုံးရှိ၏ဟု အယူရှိလတ်သော် မြတ်သောအကျင့်ကို ကျင့်ခြင်းသည် ဖြစ်နိုင်ရာသလောဟူမူ— ဤသို့ အယူရှိသော် မဖြစ်နိုင်။ မာလုကျပုတ္တလောကသည် အဆုံးမရှိဟု အယူရှိလတ်သော် မြတ်သောအကျင့်ကို ကျင့်ခြင်းသည်ဖြစ်နိုင်ရာသလောဟူမူ— ဤသို့ အယူရှိလတ်သော် မဖြစ်နိုင်။ မာလုကျပုတ္တ လောကသည် အဆုံးရှိ၏ဟုအယူရှိလတ်သော်လည်းကောင်း၊ လောကသည် အဆုံးမရှိဟု အယူရှိလတ်သော်လည်းကောင်းပဋိသန္ဓေတည် နေရခြင်းသည် ရှိသည်သာ တည်း၊ အိုရခြင်းသည် ရှိသည်သာတည်း၊ သေရခြင်းသည်ရှိသည်သာတည်း၊ ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာပင်ပန်းခြင်းတို့သည်ရှိကုန်သည်သာတည်း၊ ယင်းတရားတို့ကို မျက်မှောက်သော ကိုယ်၏ အဖြစ်၌ပင် ဖျက်ဆီးရမည်ဟုငါပညတ်၏။
မာလုကျပုတ္တ ထိုအသက်သည်ပင် ထိုကိုယ်တည်းဟု အယူရှိလတ်သော် မြတ်သောအကျင့်ကိုကျင့်ခြင်းသည် ဖြစ်နိုင်ရာသလောဟူမူ— ဤသို့ အယူရှိသော် မဖြစ်နိုင်။ မာလုကျပုတ္တ အသက်သည်တခြားကိုယ်သည် တခြားတည်းဟု အယူရှိလတ်သော် မြတ်သော အကျင့်ကို ကျင့်ခြင်းသည် ဖြစ်နိုင်ရာသလောဟူမူ— ဤသို့ အယူရှိသော် မဖြစ်နိုင်။ မာလုကျပုတ္တ ထိုအသက်သည်ပင် ထိုကိုယ်တည်းဟုအယူရှိလတ်သော်လည်းကောင်း၊ အသက်သည်တစ်ခြား ကိုယ်သည်တစ်ခြားတည်းဟု အယူရှိလတ်သော်လည်းကောင်း ပဋိသန္ဓေတည်နေရခြင်းသည် ရှိသည်သာလျှင်တည်း။ပ။ ဖျက်ဆီးရမည်ဟု ငါပညတ်၏။ မာလုကျပုတ္တ သတ္တဝါသည် သေသည်မှနောက်၌ ဖြစ်၏ဟု အယူရှိလတ်သော် မြတ်သောအကျင့်ကို ကျင့်ခြင်းသည် ဖြစ်နိုင်ရာသလောဟူမူ— ဤသို့ အယူရှိသော် မဖြစ်နိုင်။ မာလုကျပုတ္တ သတ္တဝါသည်သေသည်မှနောက်၌ မဖြစ်ဟု အယူရှိလတ်သော် မြတ်သောအကျင့်ကို ကျင့်ခြင်းသည် ဖြစ်နိုင်ရာသလောဟူမူ— ဤသို့ အယူရှိသော် မဖြစ်နိုင်။ မာလုကျပုတ္တ သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်ရာ၏ဟုအယူရှိလတ်သော်လည်းကောင်း၊ သတ္တဝါသည် သေသည်မှနောက်၌ မဖြစ်ဟု အယူရှိလတ်သော်လည်းကောင်း ပဋိသန္ဓေတည်နေရခြင်းသည် ရှိသည်သာတည်း။ပ။ ယင်းတရားတို့ကို မျက်မှောက်သော ကိုယ်၏အဖြစ်၌ပင် ဖျက်ဆီးရမည်ဟု ငါ ပညတ်၏။
မာလုကျပုတ္တ သတ္တဝါသည် သေသည်မှနောက်၌ ဖြစ်လည်းဖြစ်၏ ဖြစ်လည်းမဖြစ်ဟု အယူရှိလတ် သော်မြတ်သောအကျင့်ကို ကျင့်သုံးခြင်းသည် ဖြစ်နိုင်ရာသလောဟူမူ— ဤသို့ အယူရှိသော် မဖြစ်နိုင်။ မာလုကျပုတ္တ သတ္တဝါသည် သေသည်မှနောက်၌ ဖြစ်သည်လည်းမဟုတ် မဖြစ်သည်လည်းမဟုတ်ဟု အယူရှိလတ်သော် မြတ်သောအကျင့်ကို ကျင့်သုံးခြင်းသည် ဖြစ်နိုင်ရာသလောဟူမူ— ဤသို့ အယူရှိသော်မဖြစ်နိုင်။ မာလုကျပုတ္တ သတ္တဝါသည် သေသည်မှနောက်၌ ဖြစ်လည်းဖြစ်၏၊ ဖြစ်လည်းမဖြစ်ဟု အယူရှိလတ်သော်လည်းကောင်း သတ္တဝါသည် သေသည်မှနောက်၌ ဖြစ်သည်လည်းမဟုတ်၊ မဖြစ်သည်လည်း့မဟုတ်ဟု အယူရှိလတ်သော် မြတ်သောအကျင့်ကို ကျင့်သုံးခြင်းသည် ဖြစ်နိုင်ရာသလောဟူမူ— ဤသို့အယူရှိသော် မဖြစ်နိုင်။ မာလုကျပုတ္တ သတ္တဝါသည် သေသည်မှနောက်၌ ဖြစ်လည်းဖြစ်၏၊ ဖြစ်လည်းမဖြစ်ဟု အယူရှိလတ်သော်လည်းကောင်း၊ သတ္တဝါသည် သေသည်မှနောက်၌ ဖြစ်သည်လည်းမဟုတ်၊ မဖြစ်သည်လည်းမဟုတ်ဟု အယူရှိလတ်သော်လည်းကောင်း ပဋိသန္ဓေ တည်နေရခြင်းသည် ရှိသည်သာတည်း။ပ။ ယင်းတရားကို မျက်မှောက်သောကိုယ်၏ အဖြစ်၌ပင် ဖျက်ဆီးရမည်ဟု ငါ ပညတ်၏။
၁၂၈။ မာလုကျပုတ္တ ထို့ကြောင့် ဤသာသနာတော်၌ သင်သည် ငါ မဟောကြားသည်ကိုလည်းမဟောကြားသည့်အတိုင်း မှတ်သားလော့၊ ငါ ဟောကြားသည်ကိုလည်း ဟောကြားသည့်အတိုင်းမှတ်သား လော့၊ မာလုကျပုတ္တ ငါမဟောကြားသည်မှာ အဘယ်နည်း— မာလုကျပုတ္တ လောကသည်မြဲ၏ဟု ငါမဟောကြား၊ လောကသည် မမြဲဟု ငါမဟောကြား၊ လောကသည် အဆုံးရှိ၏ဟုငါမဟောကြား၊ လောကသည် အဆုံးမရှိဟု ငါမဟောကြား၊ ထိုအသက်သည်ပင် ထိုကိုယ်တည်းဟုငါမဟောကြား၊ အသက် သည်တခြား ကိုယ်သည်တခြားဟု ငါ မဟောကြား၊ သတ္တဝါသည်သေသည်မှနောက်၌ ဖြစ်၏ဟု ငါ မဟောကြား၊ သတ္တဝါသည် သေသည်မှနောက်၌ မဖြစ်ဟုငါမဟောကြား၊ သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်လည်း ဖြစ်၏၊ ဖြစ်လည်း မဖြစ်ဟုငါမဟောကြား၊ သတ္တဝါသည် သေသည်မှနောက်၌ ဖြစ်သည်လည်း မဟုတ်၊ မဖြစ်သည်လည်း မဟုတ်ဟုငါမဟောကြား။ မာလုကျပုတ္တ ထိုအကြောင်းကို အဘယ်ကြောင့် ငါမဟောကြားသနည်း၊ မာလုကျပုတ္တထိုအကြောင်းသည် အကျိုးစီးပွါးနှင့် မစပ်၊ မြတ်သောသာသနာတော်၏ အစအနမျှလည်း မဖြစ်၊ ဝဋ်ဆင်းရဲကို ငြီးငွေ့ခြင်းငှါ မဖြစ်နိုင်၊ ရာဂကင်းခြင်းငှါ မဖြစ်နိုင်၊ ရာဂချုပ်ခြင်းငှါ မဖြစ်နိုင်၊ ကိလေသာမီးငြိမ်းအေးခြင်းငှါ မဖြစ်နိုင်၊ ထူးသောဉာဏ်ဖြင့် သိခြင်းငှါ မဖြစ်နိုင်၊ သစ္စာလေးပါးကို သိခြင်းငှါ မဖြစ်နိုင်၊ ချုပ်ငြိမ်းခြင်းငှါ မဖြစ်နိုင်၊ ထို့ကြောင့် ထိုအကြောင်း အရာကို ငါဘုရားမဟောကြား။
မာလုကျပုတ္တ အဘယ်ကို ငါဘုရားဟောကြားသနည်း— မာလုကျပုတ္တ ဤကား ဆင်းရဲတည်းဟုငါဘုရား ဟောကြား၏၊ ဤကား ဆင်းရဲဖြစ်ကြောင်းတည်းဟု ငါဘုရားဟောကြား၏။ ဤကား ဆင်းရဲချုပ်ရာတည်းဟု ငါဘုရားဟောကြား၏။ ဤကား ဆင်းရဲချုပ်ရာသို့ ရောက်ကြောင်းအကျင့်တည်းဟုငါဘုရားဟောကြား၏။ မာလုကျပုတ္တ ထိုတရားကို အဘယ်ကြောင့် ငါဟောကြားသနည်း— မာလုကျပုတ္တထိုတရားသည် အကျိုးစီးပွားနှင့် စပ်၏၊ ထိုတရားသည် မြတ်သောအကျင့်ဖြစ်သော သာသနာတော်၏အစအနဖြစ်၏၊ ဝဋ်ဆင်းရဲ၌ ငြီးငွေ့ခြင်းငှါ ရာဂကင်းခြင်းငှါ ရာဂချုပ်ခြင်းငှါ ကိလေသာမီးအေးငြိမ်းခြင်းငှါ ထူးသောဉာဏ်ဖြင့် သိခြင်းငှါ သစ္စာလေးပါးကို သိခြင်းငှါ ချုပ်ငြိမ်းခြင်းငှါ ဖြစ်၏၊ ထို့ကြောင့် ထိုတရားကို ငါဟောကြား၏။ မာလုကျပုတ္တ ထို့ကြောင့်သာလျှင် သင်တို့သည်ဤငါမဟောကြားသည်ကို မဟောကြား သည့်အတိုင်း မှတ်ကြကုန်လော့၊ ငါဟောကြားသည်ကိုလည်းဟောကြားသည့်အတိုင်း မှတ်သားကြကုန် လော့ဟု မြတ်စွာဘုရားသည် ဤတရားတော်ကိုမိန့်ကြားတော်မူ၏။ အသျှင်မာလုကျပုတ္တသည် မြတ်စွာ ဘုရား၏ တရားတော်ကိုနှစ်ခြိုက်ဝမ်းမြောက်လေ၏။
သုံးခုမြောက် စူဠမာလုကျသုတ် ပြီး၏။