မဇ္ဈိမနိကာယ်
၅—ဘဒ္ဒါလိသုတ်
၁၃၄။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်—
အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို “ရဟန်းတို့”ဟုခေါ်တော်မူ၏။ ထိုရဟန်းတို့သည် “အသျှင်ဘုရား”ဟု မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကြကုန်၏။ မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏— “ရဟန်းတို့ ငါသည်ကား တစ်ထပ်တည်းသောအစာကို စား၏၊ ရဟန်းတို့ ငါသည် တစ်ထပ်တည်းသော အစာကို စားသည်ရှိသော် အနာကင်းသောအဖြစ်ကိုလည်းကောင်း၊ ကြောင့်ကြကင်းသော အဖြစ်ကိုလည်းကောင်း၊ လျင်စွာထနိုင်သော အဖြစ်ကိုလည်းကောင်း၊ အားရှိသည့်အဖြစ်ကိုလည်းကောင်း၊ ချမ်းသာစွာ နေရခြင်းရှိသည်ကိုလည်းကောင်း သိရ၏။ ရဟန်းတို့ လာကြကုန်လော့၊ သင်တို့လည်း တစ်ထပ်တည်းသော အစာကို စားကြကုန်လော့၊ ရဟန်းတို့သင်တို့လည်း တစ်ထပ်တည်းသော အစာကို စားကြကုန်သည်ရှိသော် အနာကင်းသော အဖြစ်ကိုလည်းကောင်း၊ ကြောင့်ကြကင်းသော အဖြစ်ကိုလည်းကောင်း၊ လျင်စွာ ထနိုင်သည့် အဖြစ်ကိုလည်းကောင်း၊ အားရှိသည့်အဖြစ်ကိုလည်းကောင်း၊ ချမ်းသာစွာ နေရခြင်းရှိသည့်အဖြစ်ကိုလည်းကောင်း သိကြကုန်လတ္တံ့”ဟု မိန့်တော်မူ၏။
ဤသို့ မိန့်တော်မူသော် အသျှင်ဘဒ္ဒါလိသည် မြတ်စွာဘုရားအား— “အသျှင်ဘုရား အကျွန်ုပ်သည်ကား တစ်ထပ်တည်းသော အစာကို စားခြင်းငှါ မစွမ်းနိုင်ပါ၊ အသျှင်ဘုရား တစ်ထပ်တည်းသော အစာကိုစားခြင်းကို စားသည်ရှိသော် တပည့်တော်အား တွေးတောယုံမှားမှု ဖြစ်ရာပါ၏၊ နှလုံးမသာမှု ဖြစ်ရာပါ၏”ဟု လျှောက်၏။ ဘဒ္ဒါလိ ထိုသို့ဖြစ်မူ သင်သည် ဖိတ်ထားရာအရပ်တို့၌ တစ်စိတ်တစ်ဝက်ကို စားပြီးလျှင် တစ်စိတ်တစ်ဝက်ကို ဆောင်ယူ၍သော်လည်း စားရာ၏၊ ဘဒ္ဒါလိ ဤသို့ စားသော်လည်း တစ်ထပ်တည်းသော အစာကို စားခြင်းသာဖြစ်၍ မျှတလတ္တံ့ဟု (မိန့်တော်မူ၏)။ အသျှင်ဘုရား ဤသို့ စားခြင်းငှါလည်း အကျွန်ုပ် မစွမ်းနိုင်ပါ၊ အသျှင်ဘုရား ဤသို့ စားသော်လည်း အကျွန်ုပ်အား တွေးတောယုံမှားမှုဖြစ်ရာပါ၏၊ နှလုံးမသာမှု ဖြစ်ရာပါ၏ဟု (လျှောက်၏)။ ထိုအခါ မြတ်စွာဘုရား သိက္ခာပုဒ် ပညတ်တော်မူသော် ရဟန်းအပေါင်းသည် သိက္ခာကို ဆောက်တည်နေပါလျက် အသျှင်ဘဒ္ဒါလိသည်ကား အားမထုတ့်နိုင်ခြင်းကို ပြောကြား၏။ ထိုအခါ အသျှင်ဘဒ္ဒါလိသည် ထိုသုံးလပတ်လုံး မြတ်စွာဘုရားနှင့် လုံးဝအတွေ့အမြင်မခံတော့ပေ။ မြတ်စွာဘုရားသာသနာတော်၌ သိက္ခာကို မဖြည့်ကျင့်သူတို့ကဲ့သို့ပင်တည်း။
၁၃၅။ ထိုအခါ များစွာသော ရဟန်းတို့သည် “သင်္ကန်းကိစ္စပြီးဆုံးလတ်သော် သုံးလလွန်သော အခါ၌မြတ်စွာဘုရားသည် ဒေသစာရီကြွတော်မူလတ္တံ့”ဟု နှလုံးသွင်းကာ မြတ်စွာဘုရား၏ သင်္ကန်းကိစ္စကိုပြုကြကုန်၏။
ထိုအခါ အသျှင်ဘဒ္ဒါလိသည် ရဟန်းတို့ရှိရာအရပ်သို့ ချဉ်းကပ်၍ ထိုရဟန်းတို့နှင့် အတူ ထိုင်နေ၏၊ သင့်လျော်ရာ၌ ထိုင်နေသော အသျှင်ဘဒ္ဒါလိကို ထိုရဟန်းတို့က— “ငါ့သျှင်ဘဒ္ဒါလိ မြတ်စွာဘုရား၏အကျိုးငှါ သင်္ကန်းကိစ္စကို ပြု၍ သင်္ကန်းကိစ္စပြီးဆုံးလတ်သော် သုံးလလွန်သောအခါ၌ မြတ်စွာဘုရားသည်ဒေသစာရီ ကြွတော်မူလတ္တံ့၊ ငါ့သျှင်ဘဒ္ဒါလိ ငါတို့ တိုက်တွန်း၏၊ ထိုအပြစ်ကို ကောင်းစွာနှလုံးသွင်းလော့၊ နောက်မှ သင့်အား အခက်ကြုံခြင်း မဖြစ်စေလင့်”ဟု ပြောဆိုကြကုန်၏။
အသျှင်ဘဒ္ဒါလိသည် “ငါ့သျှင်တို့ ကောင်းပါပြီ”ဟု ထိုရဟန်းတို့အား ပြန်ကြား၍ မြတ်စွာဘုရားရှိတော်မူရာသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားကို ရိုသေစွာရှိခိုးလျက် သင့်လျော်ရာ၌ ထိုင်နေ၏၊ သင့်လျော်ရာ၌ ထိုင်နေပြီးသော် အသျှင်ဘဒ္ဒါလိသည် မြတ်စွာဘုရားအား—“အသျှင်ဘုရား မိုက်သည့်အလျောက် တွေဝေသည့်အလျောက် မလိမ္မာသည့်အလျောက် တပည့်တော်အား အပြစ်သည် လွှမ်းမိုးလျက်ရှိပါ၏၊ မြတ်စွာဘုရား သိက္ခာပုဒ်ပညတ်တော်မူသော် ရဟန်းအပေါင်းသည် သိက္ခာပုဒ်ကို ဆောက်တည်နေပါလျက် တပည့်တော်သည်ကား အားမထုတ်နိုင်ခြင်းကို လျှောက်ထားခဲ့မိပါ၏၊ အသျှင်ဘုရား မြတ်စွာဘုရားသည် ထိုတပည့်တော်၏ အပြစ်ကို နောင်အခါ စောင့်စည်းခြင်းအကျိုးငှါ အပြစ်အားဖြင့် သည်းခံတော်မူပါဘုရား”ဟု လျှောက်၏။
ဘဒ္ဒါလိ သင်သည် မိုက်သည့်အလျောက် တွေဝေသည့်အလျောက် မလိမ္မာသည့်အလျောက် အပြစ် သည်လွှမ်းမိုးခြင်းသို့ ရောက်၏၊ ငါ သိက္ခာပုဒ် ပညတ်သည်ရှိသော် ရဟန်းအပေါင်းသည် သိက္ခာပုဒ်ကိုဆောက်တည် နေပါလျက် သင်သည် အားမထုတ်နိုင်ခြင်းကို ပြောကြားဘိ၏။
ဘဒ္ဒါလိ သင်သည် အကြောင်းကိုမျှလည်း မသိနိုင်လေ၊ မြတ်စွာဘုရားသည် သာဝတ္ထိပြည်၌နေတော်မူ၏၊ မြတ်စွာဘုရားသည်လည်း ငါ့ကို “ဘဒ္ဒါလိမည်သော ရဟန်းသည် မြတ်စွာဘုရား အဆုံးအမသိက္ခာပုဒ်၌ ဖြည့်ကျင့်ခြင်း မရှိ”ဟု သိတော်မူနိုင်ရာသော ဤအကြာင်းကိုလည်း မသိနိုင်လေ။
ဘဒ္ဒါလိ သင်သည် အကြောင်းကိုမျှလည်း မသိနိုင်လေ၊ များစွာကုန်သော ရဟန်းတို့သည် သာဝတ္ထိပြည်၌ဝါကပ်ကြကုန်၏၊ ထိုရဟန်းတို့သည်လည်း ငါ့ကို “ဘဒ္ဒါလိမည်သော ရဟန်းသည် မြတ်စွာ ဘုရားအဆုံးအမ သိက္ခာပုဒ်၌ ဖြည့်ကျင့်ခြင်း မရှိ”ဟု သိနိုင်ကုန်ရာသော ဤအကြာင်းကိုလည်း မသိနိုင် လေ။
ဘဒ္ဒါလိ သင်သည် အကြောင်းကိုမျှလည်း မသိနိုင်လေ၊ များစွာကုန်သော ဘိက္ခုနီမတို့သည်သာဝတ္ထိပြည်၌ ဝါကပ်ကြကုန်၏၊ ထိုဘိက္ခုနီမတို့သည်လည်း ငါ့ကို “ဘဒ္ဒါလိမည်သော ရဟန်းသည်မြတ်စွာဘုရား အဆုံးအမသိက္ခာပုဒ်၌ ဖြည့်ကျင့်ခြင်း မရှိ”ဟု သိနိုင်ကုန်ရာသော ဤအကြာင်းကိုလည်းမသိနိုင်လေ။
ဘဒ္ဒါလိ သင်သည် အကြောင်းကိုမျှလည်း မသိနိုင်လေ၊ များစွာကုန်သော ဥပါသကာတို့သည်သာဝတ္ထိပြည်၌ နေကြကုန်၏၊ ထိုဥပါသကာတို့သည်လည်း ငါ့ကို “ဘဒ္ဒါလိမည်သော ရဟန်းသည် မြတ်စွာဘုရား အဆုံးအမသိက္ခာပုဒ်၌ ဖြည့်ကျင့်ခြင်း မရှိ”ဟု သိနိုင်ကုန်ရာသော ဤအကြာင်းကိုလည်း မသိနိုင်လေ။
ဘဒ္ဒါလိ သင်သည် အကြောင်းကိုမျှလည်း မသိနိုင်လေ၊ များစွာကုန်သော ဥပါသိကာမတို့သည်သာဝတ္ထိပြည်၌ နေကြကုန်၏၊ ထိုဥပါသိကာမတို့သည်လည်း ငါ့ကို “ဘဒ္ဒါလိမည်သော ရဟန်းသည်မြတ်စွာဘုရား အဆုံးအမ သိက္ခာပုဒ်၌ ဖြည့်ကျင့်ခြင်း မရှိ”ဟု သိနိုင်ကုန်ရာသော ဤအကြာင်းကိုလည်း့မသိနိုင်လေ။
ဘဒ္ဒါလိ သင်သည် အကြောင်းကိုမျှလည်း မသိနိုင်လေ၊ များစွာကုန်သော အသီးသီးသော အယူဝါဒရှိကြကုန်သော ရဟန်းပုဏ္ဏားတို့သည် သာဝတ္ထိပြည်၌ နေကြကုန်၏၊ ထိုအသီးသီးသော အယူဝါဒရှိကုန်သော ရဟန်းပုဏ္ဏားတို့သည်လည်း ငါ့ကို “ရဟန်းဂေါတမ၏ တပည့်ဖြစ်သော မထေရ်တို့တွင် တစ်ပါးအပါအဝင်ဖြစ်သော ဘဒ္ဒါလိမည်သော ရဟန်းသည် ရဟန်းဂေါတမ၏ အဆုံးအမသိက္ခာပုဒ်၌ ဖြည့်ကျင့်ခြင်းမရှိ”ဟု သိနိုင်ကုန်ရာသော ဤအကြာင်းကိုလည်း မသိနိုင်လေဟု (မိန့်တော်မူ၏)။
အသျှင်ဘုရား မိုက်သည့်အလျောက် တွေဝေသည့်အလျောက် မလိမ္မာသည့်အလျောက် အပြစ်သည်တပည့်တော်ကို လွှမ်းမိုးခဲ့ပါ၏။ မြတ်စွာဘုရား သိက္ခာပုဒ် ပညတ်တော်မူသော် ရဟန်းအပေါင်းသည်သိက္ခာပုဒ်ကို ဆောက်တည်နေပါလျက် တပည့်တော်သည်ကား အားမထုတ်နိုင်ခြင်းကို လျှောက်ထားခဲ့မိပါ၏၊ အသျှင်ဘုရား ထိုအကျွန်ုပ်၏ အပြစ်ကို နောင်အခါ စောင့်စည်းခြင်းအကျိုးငှါ အပြစ်အားဖြင့် သည်းခံတော်မူပါဘုရားဟု (လျှောက်၏)။
ဘဒ္ဒါလိ ကြံအောက်မေ့လော့၊ သင်သည် မိုက်သည့်အလျောက် တွေဝေသည့်အလျောက် မလိမ္မာသည့်အလျောက် အပြစ်သည် လွှမ်းမိုးခြင်းသို့ ရောက်ခဲ့၏၊ ငါသိက္ခာပုဒ်ပညတ်သော် ရဟန်းအပေါင်းသည်သိက္ခာပုဒ်ကို ဆောက်တည်နေပါလျက် သင်သည် အားမထုတ်နိုင်ခြင်းကို လျှောက်ထားဘိ၏။
၁၃၆။ ဘဒ္ဒါလိ ထိုငါဆိုမည့်စကားကို သင်အဘယ်သို့ မှတ်ထင်သနည်း၊ ဤသာသနာတော်၌ ရဟန်းသည်ရူပကာယ နာမကာယနှစ်ပါးစုံမှ လွတ်မြောက်သော ရဟန်းဖြစ်၏၊ ထိုရဟန်းကို “ရဟန်း လာခဲ့လော့၊ သင်သည် ညွန်ပျောင်း၌ ငါ၏ တံတားဖြစ်လော့”ဟု ဆိုရာ၏၊ ထိုရဟန်းသည် တံတား ဖြစ်ရာသလော၊ ကိုယ်ကိုတခြားသို့သော်လည်း တိမ်းရှောင်သွားရာသလော၊ တံတားမဖြစ်နိုင်ဟူ၍လည်း ဆိုရာသလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား မဖြစ်နိုင်ပါဟု (လျှောက်၏)။
ဘဒ္ဒါလိ ထိုငါဆိုမည့်စကားကို သင်အဘယ်သို့ မှတ်ထင်သနည်း၊ ဤသာသနာတော်၌ ရဟန်းသည်ပညာဖြင့် ကိလေသာမှ လွတ်မြောက်သူ ‘ပညာဝိမုတ္တ’ ဖြစ်ရာ၏၊ ခန္ဓာငါးပါး၌ ဝိပဿနာရှု၍ မဂ်ဖိုလ်သို့ရောက်သူ ‘ကာယသက္ခီ’ ဖြစ်ရာ၏၊ ပညာအမြင်ပြဋ္ဌာန်းသည်ဖြစ်၍ မဂ်ဖိုလ်သို့ ရောက်သူ ‘ဒိဋ္ဌိပ္ပတ္တ’၊ သဒ္ဓါ ပြဋ္ဌာန်း၍ ကိလေသာမှ လွတ်သူ ‘သဒ္ဓါဝိမုတ္တ’၊ သင်္ခါရတရားသို့ အစဉ်လျှောက်ကာ ဝိပဿနာရှု၍မဂ်ဖိုလ်သို့ ရောက်သူ ‘ဓမ္မာနုသာရီ’၊ သဒ္ဓါရှေ့သွားရှိသည်ဖြစ်၍ မဂ်ဖိုလ်သို့ ရောက်သူ ‘သဒ္ဓါနုသာရီ’ဖြစ်ရာ၏၊ ထိုရဟန်းကို ငါသည် “ရဟန်း လာခဲ့လော ့၊ သင်သည် ညွန်ပျောင်း၌ ငါ၏ တံတားဖြစ်လော့”ဟု ဆိုရာ၏။ ထိုရဟန်းသည် တံတားဖြစ်ရာသလော၊ ကိုယ်ကို တခြားသို့သော်လည်း တိမ်းရှောင်သွားရာသလော၊ တံတားမဖြစ်နိုင်ဟူ၍လည်း ဆိုရာသလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား မဖြစ်နိုင်ပါ (ဟုလျှောက်၏)။
ဘဒ္ဒါလိ ထိုငါဆိုမည့်စကားကို သင်အဘယ်သို့ မှတ်ထင်သနည်း၊ ဘဒ္ဒါလိ သင်သည် ထိုအခါ၌ ရူပကာယ နာမကာယ နှစ်ပါးစုံမှ လွတ်မြောက်သူ ဖြစ်သလော၊ သို့မဟုတ် ပညာဖြင့် ကိလေသာမှ ထွက်မြောက်သူ၊ သို့မဟုတ် ခန္ဓာငါးပါး၌ ဝိပဿနာရှု၍ မဂ်ဖိုလ်သို့ ရောက်သူ၊ သို့မဟုတ် ပညာအမြင်ပြဋ္ဌာန်းသည် ဖြစ်၍ မဂ်ဖိုလ်သို့ ရောက်သူ၊ သို့မဟုတ် သဒ္ဓါပြဋ္ဌာန်း၍ ကိလေသာမှ လွတ်သူ၊ သို့မဟုတ်သင်္ခါရတရားသို့ အစဉ်လျှောက်ကာ ဝိပဿနာရှု၍ မဂ်ဖိုလ်သို့ ရောက်သူ၊ သို့မဟုတ် သဒ္ဓါရှေ့သွားရှိသည်ဖြစ်၍ မဂ်ဖိုလ်သို့ ရောက်သူ ဖြစ်သလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား မဖြစ်နိုင်ပါဟု (လျှောက်၏)။ ဘဒ္ဒါလိ သင်သည် ထိုအခါ၌ အချည်းနှီး ဘာမျှမရှိ ချွတ်ချော်နေသူ မဟုတ်လောဟု (မေးတော်မူ၏)။ အသျှင်ဘုရား မှန်ပါ၏ (ဟု လျှောက်၏)။
အသျှင်ဘုရား မိုက်သည့်အလျောက် တွေဝေသည့်အလျောက် မလိမ္မာသည့်အလျောက် တပည့်တော်ကိုအပြစ်သည် လွှမ်းမိုးခဲ့ပါ၏၊ မြတ်စွာဘုရား သိက္ခာပုဒ်ပညတ်တော်မူသော် ရဟန်းအပေါင်းသည့်သိက္ခာပုဒ်ကို ဆောက်တည်နေပါလျက် တပည့်တော်သည် အားမထုတ်နိုင်ခြင်းကို လျှောက်ထားခဲ့မိပါ၏၊ အသျှင်ဘုရား မြတ်စွာဘုရားသည် ထိုအကျွန်ုပ်၏ အပြစ်ကို နောင်အခါ စောင့်စည်းခြင်းအကျိုးငှါ အပြစ်အားဖြင့် သည်းခံတော်မူပါ ဘုရားဟု (လျှောက်၏)။ ဘဒ္ဒါလိ အမှန်အားဖြင့် သင်သည် မိုက်သည့်အလျောက် တွေဝေသည့်အလျောက် မလိမ္မာသည့်အလျောက် အပြစ်သည် လွှမ်းမိုးခဲ့၏၊ ငါ သိက္ခာပုဒ်ကိုပညတ်သည်ရှိသော် ရဟန်းအပေါင်းသည် သိက္ခာပုဒ်ကို ဆောက်တည်နေပါလျက် သင်သည် အားမထုတ်နိုင်ခြင်းကို လျှောက်ထားခဲ့၏။ ဘဒ္ဒါလိ သင်သည် အပြစ်ကို အပြစ်ဟု သိမြင်၍ တရားအားလျော်စွာကုစား၏၊ သင်၏ ထိုအပြစ်ကို အပြစ်ဟု ငါတို့ လက်ခံကုန်၏။ ဘဒ္ဒါလိ အပြစ်ကို အပြစ်ဟု သိမြင်၍တရားအားလျော်စွာ ကုစား၏၊ နောက်နောင်အခါ စောင့်စည်းခြင်းသို့ ရောက်၏၊ ဤသို့ စောင့်စည်းခြင်းသို့ ရောက်ခြင်းသည် အရိယာ ‘ဘုရား’ ၏ အဆုံးအမသာသနာတော်၌ ကြီးပွါးခြင်းတိုးတက်ခြင်း၏အကြောင်းဖြစ်ပေ၏။
၁၃၇။ ဘဒ္ဒါလိ အချို့သော ရဟန်းသည် မြတ်စွာဘုရားသာသနာတော်၌ သိက္ခာကို ဖြည့်ကျင့်လေ့မရှိ၊ ထိုရဟန်းအား “ငါသည် ဆိတ်ငြိမ်ရာဖြစ်သော ကျောင်းသို့လည်းကောင်း၊ တောသို့လည်းကောင်း၊ သစ်ပင်ရင်းသို့လည်းကောင်း၊ တောင်သို့လည်းကောင်း၊ ချောက်သို့လည်းကောင်း၊ တောင်ခေါင်းသို့လည်းကောင်း၊ သုသာန်သို့လည်းကောင်း၊ တောအုပ်သို့လည်းကောင်း၊ လွင်တီးခေါင်သို့လည်းကောင်း၊ ကောက်ရိုး ပုံသို့လည်းကောင်း ကပ်ရောက်၍ နေရမူ ငါသည် လူတို့၏ ကုသိုလ်ကမ္မပထတရားထက်လွန်မြတ်သော၊ ကိလေသာကို ဖျက်ဆီးခြင်းငှါ စွမ်းနိုင်သော၊ မြတ်သော ဉာဏ်အမြင်ထူးကိုမျက်မှောက်ပြုနိုင်တန်ရာ ၏“ဟု ဤသို့သော အကြံသည် ဖြစ်၏၊ ထိုရဟန်းသည် ဆိတ်ငြိမ်ရာဖြစ်သောကျောင်းသို့လည်းကောင်း၊ တောသို့လည်းကောင်း၊ သစ်ပင်ရင်းသို့လည်းကောင်း၊ တောင်သို့လည်းကောင်း၊ ချောက်သို့လည်းကောင်း၊ တောင်ခေါင်းသို့လည်းကောင်း၊ သုသာန်သို့လည်းကောင်း၊ တောအုပ်သို့လည်းကောင်း၊ လွင်တီးခေါင်သို့ လည်းကောင်း ကောက်ရိုးပုံသို့လည်းကောင်း ဆည်းကပ်၏၊ ထိုသို့သော အခြင်းအရာဖြင့် ဆိတ်ငြိမ်ရာ အရပ်သို့ ကပ်သည်ဖြစ်၍ နေသော ထိုရဟန်းကိုမြတ်စွာဘုရားသည်လည်း စွပ်စွဲ၏၊ သီတင်းသုံးဖော် ပညာရှိသူတော်ကောင်းတို့သည်လည်း စိစစ်၍စွပ်စွဲကုန်၏၊ နတ်တို့သည်လည်း စွပ်စွဲကုန်၏၊ ကိုယ်တိုင် လည်း မိမိကိုယ်ကို စွပ်စွဲ၏။ ထိုရဟန်းသည်မြတ်စွာဘုရား အစွပ်စွဲခံရ၍ သီတင်းသုံးဖော် ပညာရှိ သူတော်ကောင်းတို့ စိစစ်ကာ အစွပ်စွဲခံရ၍ နတ်တို့အစွပ်စွဲခံရ၍ ကိုယ်တိုင်လည်း မိမိကိုယ်ကို စွပ်စွဲ သည်ဖြစ်၍ လူတို့၏ ကုသိုလ်ကမ္မပထတရားထက်လွန်မြတ်သော၊ ကိလေသာကို ဖျက်ဆီးခြင်းငှါ စွမ်းနိုင် သော၊ မြတ်သော ဉာဏ်အမြင်ထူးကိုမျက်မှောက်မပြုနိုင်။ ထိုသို့ ဖြစ်ခြင်းသည် အဘယ်ကြောင့်နည်း ဟူမူ— ဘဒ္ဒါလိ မြတ်စွာဘုရားသာသနာတော်၌ သိက္ခာကို ဖြည့်ကျင့်လေ့မရှိသော သူအား ဖြစ်မြဲဓမ္မတာ အတိုင်း ဤသို့သာဖြစ်ရသောကြောင့်တည်း။
၁၃၈။ ဘဒ္ဒါလိ အချို့သော ရဟန်းသည် မြတ်စွာဘုရားသာသနာတော်၌ သိက္ခာကို ဖြည့်ကျင့်လေ့ ရှိ၏၊ ထိုရဟန်းအား “ငါသည် ဆိတ်ငြိမ်ရာဖြစ်သော ကျောင်းသို့လည်းကောင်း၊ တောသို့လည်းကောင်း၊ သစ်ပင်ရင်းသို့လည်းကောင်း၊ တောင်သို့လည်းကောင်း၊ ချောက်သို့လည်းကောင်း၊ တောင်ခေါင်းသို့လည်းကောင်း၊ သုသာန်သို့လည်းကောင်း၊ တောအုပ်သို့လည်းကောင်း၊ လွင်တီးခေါင်သို့လည်းကောင်း၊ ကောက်ရိုး ပုံသို့လည်းကောင်း ချဉ်းကပ်ရမူ ငါသည် လူတို့၏ ကုသိုလ်ကမ္မပထတရားထက်လွန်မြတ်သော၊ ကိလေသာကို ဖျက်ဆီးခြင်းငှါ စွမ်းနိုင်သော၊ မြတ်သော ဉာဏ်အမြင်ထူးကိုမျက်မှောက်ပြုနိုင်တန်ရာ ၏“ဟု ဤသို့သော အကြံသည် ဖြစ်၏၊ ထိုရဟန်းသည် ဆိတ်ငြိမ်ရာဖြစ်သောကျောင်းသို့လည်းကောင်း၊ တောသို့လည်းကောင်း၊ သစ်ပင်ရင်းသို့လည်းကောင်း၊ တောင်သို့လည်းကောင်း၊ ချောက်သို့လည်းကောင်း၊ တောင်ခေါင်းသို့လည်းကောင်း၊ သုသာန်သို့လည်းကောင်း၊ ့တောအုပ်သို့လည်းကောင်း၊ လွင်တီးခေါင်သို့ လည်းကောင်း၊ ကောက်ရိုးပုံသို့လည်းကောင်း ချဉ်းကပ်၏၊ ထိုသို့သော အခြင်းအရာအားဖြင့် ဆိတ်ငြိမ်ရာ အရပ်သို့ကပ်သည်ဖြစ်၍ နေသော ထိုရဟန်းကိုမြတ်စွာဘုရားသည်လည်း မစွပ်စွဲ၊ သီတင်းသုံးဖော် ပညာရှိသူတော်ကောင်းတို့သည်လည်း စိစစ်၍မစွပ်စွဲကုန်၊ နတ်တို့သည်လည်း မစွပ်စွဲကုန်၊ ကိုယ်တိုင် လည်း မိမိကိုယ်ကို မစွပ်စွဲ။ ထိုရဟန်းသည်မြတ်စွာဘုရား အစွပ်စွဲမခံရသည်ဖြစ်၍ သီတင်းသုံးဖော် ပညာရှိသူတော်ကောင်းတို့ စိစစ်ကာအစွပ်စွဲမခံရသည်ဖြစ်၍ နတ်တို့အစွပ်စွဲကိုလည်း မခံရသည်ဖြစ်၍ ကိုယ်တိုင်လည်း မိမိကိုယ်ကိုမစွပ်စွဲသည်ဖြစ်၍ လူတို့၏ကုသိုလ်ကမ္မပထတရားထက် လွန်မြတ်သော၊ ကိလေသာကို ဖျက်ဆီးခြင်းငှါစွမ်းနိုင်သော၊ မြတ်သော ဉာဏ်အမြင်ထူးကို မျက်မှောက်ပြုနိုင်၏။
ထိုရဟန်းသည် ကာမဂုဏ်တို့မှ ကင်းဆိတ်၍သာလျှင် အကုသိုလ်တရားတို့မှ ကင်းဆိတ်၍သာလျှင်ကြံစည်ခြင်း ‘ဝိတက်’ နှင့်တကွဖြစ်သော၊ သုံးသပ်ဆင်ခြင်ခြင်း ‘ဝိစာရ’ နှင့်တကွဖြစ်သော၊ (နီဝရဏ) ကင်းဆိတ်ခြင်းကြောင့်ဖြစ်သော၊ နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ ရှိသော ပဌမဈာန်သို့ ရောက်၍နေ၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်း ဟူမူ— ဘဒ္ဒါလိ မြတ်စွာဘုရား သာသနာတော်၌သိက္ခာကို ကောင်းစွာ ဖြည့်ကျင့်လေ့ရှိသော ရဟန်းအား ဖြစ်မြဲဓမ္မတာအတိုင်း ဤသို့သာဖြစ်ရသောကြောင့်တည်း။
၁၃၉။ ဘဒ္ဒါလိ တစ်ဖန် ထို့ပြင်လည်း ဝိတက် ဝိစာရငြိမ်းခြင်းကြောင့် မိမိသန္တာန်၌ စိတ်ကိုကြည်လင်စေတတ်သော၊ စိတ်တည်ကြည်ခြင်း ‘သမာဓိ’ ကို ဖြစ်ပွားစေတတ်သော၊ ကြံစည်ခြင်း ‘ဝိဘက်’မရှိသော၊ သုံးသပ်ဆင် ခြင်ခြင်း ‘ဝိစာရ’ မရှိသော၊ တည်ကြည်ခြင်း ‘သမာဓိ’ ကြောင့်ဖြစ်သော၊ နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ ရှိသော ဒုတိယဈာန်သို့ ရောက်၍ နေ၏။ ထိုသို့ ဖြစ်ခြင်းသည်အဘယ် ကြောင့်နည်း ဟူမူ— ဘဒ္ဒါလိ မြတ်စွာဘုရား သာသနာတော်၌ သိက္ခာကို ဖြည့်ကျင့်လေ့ရှိသူအားဖြစ်မြဲ ဓမ္မတာအတိုင်း ဤသို့သာ ဖြစ်ရသောကြောင့်တည်း။
ဘဒ္ဒါလိ တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် နှစ်သိမ့်ခြင်း ‘ပီတိ’ ကိုလည်း မတပ်မက်ခြင်းကြောင့်သတိရှိသည်ဖြစ်၍ ပညာအဆင်ခြင်ရှိသည်ဖြစ်၍ လျစ်လျူရှုလျက် နေ၏၊ ချမ်းသာခြင်း ‘သုခ’ ကိုလည်းကိုယ်ဖြင့် ခံစား၏၊ အကြင်တတိယဈာန်ကြောင့် ထိုသူကို အရိယာသူတော်ကောင်းတို့သည် “လျစ်လျူရှုတတ်သူ သတိရှိသူ ချမ်းသာစွာ နေလေ့ရှိသူ”ဟူ၍ ချီးကျူးကြကုန်၏၊ ထိုတတိယဈာန်သို့ ရောက်၍နေ၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ်ကြောင့်နည်း ဟူမူ— ဘဒ္ဒါလိ မြတ်စွာဘုရား သာသနာတော်၌သိက္ခာကို ဖြည့်ကျင့်လေ့ ရှိသူအား ဖြစ်မြဲဓမ္မတာအတိုင်း ဤသို့သာ ဖြစ်ရသောကြောင့်တည်း။
ဘဒ္ဒါလိ တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် သုခကို ပယ်ခြင်းကြောင့်လည်းကောင်း၊ ဒုက္ခကိုပယ်ခြင်းကြောင့်လည်းကောင်း ရှေးမဆွကပင်လျှင် သောမနဿ ဒေါမနဿတို့၏ ချုပ်နှင့်ခြင်းကြောင့်သုခလည်းမဟုတ် ဒုက္ခမဟုတ်သော ဥပေက္ခာကြောင့်ဖြစ်သည့် သတိ၏ စင်ကြယ်ခြင်းရှိသော စတုတ္ထဈာန်သို့ ရောက်၍ နေ၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်း ဟူမူ—ဘဒ္ဒါလိ မြတ်စွာဘုရား သာသနာတော်၌ သိက္ခာကို ဖြည့်ကျင့်လေ့ရှိသူအား ဖြစ်မြဲဓမ္မတာအတိုင်း ဤသို့သာ ဖြစ်ရသောကြောင့်တည်း။
ထိုရဟန်းသည် ဤသို့ တည်ကြည်သောစိတ်သည် စင်ကြယ်လတ်သော် ဖြူစင်လတ်သော် ညစ်ကြေးမရှိလတ်သော် ညစ်ညူးခြင်း ကင်းလတ်သော် နူးညံ့လတ်သော် ပြုတိုင်းရလတ်သော် တည်တံ့လတ်သော်မတုန်လှုပ်ခြင်းသို့ ရောက်လတ်သော် ပုဗ္ဗေနိဝါသာနုဿတိဉာဏ်အကျိုးငှါ စိတ်ကို ရှေးရှု ညွတ်စေ၏။
ထိုရဟန်းသည် များသော အစီအရင်ရှိသော ရှေးကနေခဲ့ဖူးသော ခန္ဓာအစဉ်ကို အောက်မေ့နိုင်၏၊ ဤအောက်မေ့နိုင်သော ခန္ဓာအစဉ်သည် အဘယ်နည်း ဟူမူ — တစ်ခုသော ဘဝကိုလည်းကောင်း နှစ်ခုသောဘဝတို့ကိုလည်းကောင်း။ပ။ ဤသို့ အခြင်းအရာနှင့်တကွ ညွှန်ပြဖွယ် (အမည်အနွယ်) နှင့်တကွ များသောအစီအရင်ရှိသော ရှေးကနေခဲ့ဖူးသော ခန္ဓာအစဉ်ကို အောက်မေ့နိုင်၏။ ထိုသို့ဖြစ်ခြင်းသည့်အဘယ်ကြောင့် နည်းဟူမူ— ဘဒ္ဒါလိ မြတ်စွာဘုရားသာသနာတော်၌ သိက္ခာကို ဖြည့်ကျင့်လေ့ရှိသူအားဖြစ်မြဲဓမ္မတာ အတိုင်း ဤသို့သာ ဖြစ်ရသောကြောင့်တည်း။
ထိုရဟန်းသည် ဤသို့ တည်ကြည်သောစိတ်သည် စင်ကြယ်လတ်သော် ဖြူစင်လတ်သော် ညစ်ကြေးမရှိလတ်သော် ညစ်ညူးခြင်းကင်းလတ်သော် နူးညံ့လတ်သော် ပြုတိုင်းရလတ်သော် တည်တံ့လတ်သော်မတုန်လှုပ်ခြင်းသို့ ရောက်လတ်သော် သတ္တဝါတို့၏ စုတိပဋိသန္ဓေကို သိသောဉာဏ်အကျိုးငှါ စိတ်ကို ရှေးရှု ညွတ်စေ၏။
ထိုရဟန်းသည် အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိထက်သာလွန်သော နတ်မျက်စိနှင့် တူသော’ဒိဗ္ဗစက္ခု’ ဉာဏ်မျက်စိဖြင့် စုတေဆဲသတ္တဝါ ပဋိသန္ဓေနေဆဲသတ္တဝါ အယုတ်ဖြစ်သောသတ္တဝါအမြတ်ဖြစ်သောသတ္တဝါ အဆင်းလှသောသတ္တဝါ အဆင်းမလှသောသတ္တဝါ ကောင်းသောလားရာရှိသောသတ္တဝါ မကောင်းသော လားရာရှိသောသတ္တဝါတို့ကို မြင်၏၊ ကံအားလျော်စွာ ကပ်ရောက်ကြသောသတ္တဝါတို့ကို “အချင်းတို့ ဤသတ္တဝါတို့သည် အမှန်အားဖြင့် ကာယဒုစရိုက်နှင့် ပြည့်စုံကြကုန်၏။ပ။ ဖရိုဖရဲကျရာ ငရဲရွာသို့ ကပ်ရောက် ကြရကုန်၏။ အချင်းတို့ ဤသတ္တဝါတို့သည်ကား ကာယသုစရိုက်နှင့်ပြည့်စုံကြကုန်၏။ပ။ ကောင်းမြတ်သူတို့ လားရောက်ရာဖြစ်သော မြတ်သော ရူပါရုံစသည်တို့၏ တည်ရာဖြစ်သော နတ်ရွာလောကသို့ ကပ်ရောက်ကြရကုန်၏”ဟု အမှန်အတိုင်း သိ၏။ ဤသို့ အထူးသဖြင့်စင်ကြယ်သော လူတို့၏ မျက်စိထက်သာလွန်သော နတ်မျက်စိနှင့်တူသော ဒိဗ္ဗစက္ခုဉာဏ်မျက်စိဖြင့်။ပ။ ကံအားလျော်စွာ ကပ်ရောက်ကြရကုန်သော သတ္တဝါတို့ကို အမှန်အတိုင်း သိမြင်၏။ ထိုသို့ဖြစ်ခြင်းသည်အဘယ့်ကြောင့်နည်းဟူမူ — ဘဒ္ဒါလိ မြတ်စွာဘုရား သာသနာတော်၌ သိက္ခာကို ဖြည့်ကျင့်လေ့ရှိသူအားဖြစ်မြဲဓမ္မတာအတိုင်း ဤသို့သာ ဖြစ်ရသောကြောင့်တည်း။
ထိုရဟန်းသည် ဤသို့ တည်ကြည်သောစိတ်သည် စင်ကြယ်လတ်သော် ဖြူစင်လတ်သော် ညစ်ကြေးမရှိလတ်သော် ညစ်ညူးခြင်း ကင်းလတ်သော် နူးညံ့လတ်သော် ပြုတိုင်းရလတ်သော် တည်တံ့လတ်သော်မတုန်လှုပ်ခြင်းသို့ ရောက်လတ်သော် အာသဝေါတရားတို့ ကုန်ခြင်းငှါ စိတ်ကို ရှေးရှု ညွတ်စေ၏။ ထိုရဟန်းသည် ဤကား ဒုက္ခတည်းဟု မှန်သောအတိုင်း သိ၏၊ ဤကား ဒုက္ခ၏ ဖြစ်ကြောင်းတည်းဟုမှန်သောအတိုင်း သိ၏၊ ဤကား ဒုက္ခ၏ ချုပ်ရာ နိဗ္ဗာန်တည်းဟု မှန်သောအတိုင်း သိ၏၊ ဤကားဒုက္ခ၏ချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်း အကျင့်တည်းဟု မှန်သောအတိုင်း သိ၏၊ ဤသည်တို့ကားအာသဝေါတရားတို့တည်းဟု မှန်သောအတိုင်း သိ၏၊ ဤကား အာသဝေါတရားတို့၏ ဖြစ်ကြောင်းတည်းဟု မှန်သောအတိုင်း သိ၏၊ ဤကား အာသဝေါတရားတို့ချုပ်ရာ နိဗ္ဗာန်တည်းဟု မှန်သောအတိုင်းသိ၏၊ ဤကား အာသဝေါတရားတို့ချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်း အကျင့်တည်းဟု မှန်သောအတိုင်းသိ၏၊ ဤသို့သိသော် ဤသို့မြင်သော် ထိုရဟန်းအား ကာမာသဝမှလည်း စိတ်သည် လွတ်၏၊ ဘဝါသဝမှလည်းစိတ်သည် လွတ်၏၊ အဝိဇ္ဇာသဝမှလည်း စိတ်သည် လွတ်၏၊ လွတ်ပြီးသည်၌ လွတ်ပြီဟု ဆင်ခြင်ဉာဏ်ဖြစ်၏၊ “ပဋိသန္ဓေနေမှုကုန်ပြီ၊ မြတ်သော အကျင့်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ် (မဂ်) ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်) ကိစ္စအလို့ငှါ တစ်ပါးသော ပြုဖွယ်မရှိပြီ”ဟု သိ၏။ ထိုသို့ ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်း ဟူမူ — ဘဒ္ဒါလိ မြတ်စွာဘုရား သာသနာတော်၌ သိက္ခာကို ဖြည့်ကျင့် လေ့ရှိသူအား ဖြစ်မြဲဓမ္မတာအတိုင်း ဤသို့သာ ဖြစ်ရသောကြောင့်တည်း။
၁၄ဝ။ ဤသို့ မိန့်တော်မူသော် အသျှင်ဘဒ္ဒါလိသည် မြတ်စွာဘုရားအား ဤသို့ လျှောက်ထား၏ —“အသျှင်ဘုရား အချို ့သော ရဟန်းကို နှိပ်စက်၍ နှိပ်စက်၍ ညှဉ်းပန်းမှုကို ပြုကြသော အကြောင်းကားအဘယ်ပါနည်း၊ အထောက်အပံ့ကား အဘယ်ပါနည်း၊ အသျှင်ဘုရား အချို့သော ရဟန်းကို ထိုသို့သောအခြင်းအရာအားဖြင့် နှိပ်စက်၍ နှိပ်စက်၍ ညှဉ်းပန်းမှုကို မပြုကြသော အကြောင်းကား အဘယ်ပါနည်း၊ အထောက်အပံ့ကား အဘယ်ပါနည်း”ဟု (လျှောက်ထား၏)။
ဘဒ္ဒါလိ အချို ့သောရဟန်းသည် မပြတ် အာပတ်သင့်၏၊ အာပတ်များသူဖြစ်၏၊ ထိုရဟန်းသည်တစ်ပါးသော ရဟန်းတို့က ဆိုဆုံးမသည်ရှိသော် အကြောင်းတစ်ပါးဖြင့် အကြောင်းတစ်ပါးကို ဖုံးလွှမ်း၏၊ အပသို့ စကားကို ရောက်စေ၏၊ အမျက်ကိုလည်းကောင်း၊ ဒေါသကိုလည်းကောင်း၊ မနှစ်သက်ခြင်းကိုလည်းကောင်း ထင်စွာ ပြု၏၊ ကောင်းစွာမကျင့်၊ လျော်စွာမကျင့်၊ အာပတ်မှ ထွက်မြောက်ကြောင်းအကျင့်ကို မကျင့်၊ သံဃာနှစ်သက်သောအမှုကို ပြုပါအံ့ဟု မဆို။ ဘဒ္ဒါလိ ထိုသို့ဖြစ်ရာ၌ ရဟန်းတို့အားဤသို့ ပြောဆိုခြင်းသည် ဖြစ်၏၊ “ငါ့သျှင်တို့ ဤရဟန်းသည် မပြတ်အာပတ်သင့်၏၊ အာပတ်များသူဖြစ်၏၊ ထိုရဟန်းသည် တစ်ပါးသော ရဟန်းတို့က ဆိုဆုံးမသည်ရှိသော် အကြောင်းတစ်ပါးဖြင့်အကြောင်းတစ်ပါးကို ဖုံးလွှမ်း၏၊ အပသို့ စကားကို ရောက်စေ၏၊ အမျက်ကိုလည်းကောင်း၊ ဒေါသကိုလည်းကောင်း၊ မနှစ်သက်ခြင်းကိုလည်းကောင်း ထင်စွာပြု၏၊ ကောင်းစွာမကျင့်၊ လျော်စွာမကျင့်၊ အာပတ် မှ ထွက်မြောက်ကြောင်း အကျင့်ကို မကျင့်၊ သံဃာနှစ်သက်သော အမှုကို ပြုပါအံ့ဟု မဆို။ အသျှင် ဘုရားတို့ တောင်းပန်ပါ၏၊ ဤရဟန်း၏ အဓိကရုဏ်း လျင်စွာ မငြိမ်းအေးနိုင်မည့် နည်းလမ်းကိုစူးစမ်း ကြကုန်လော့”ဟု (ဤသို့ ပြောဆိုခြင်းသည် ဖြစ်၏)။ ဘဒ္ဒါလိ ဤသို့လျှင် ရဟန်းတို့သည်ထိုရဟန်း၏ အဓိကရုဏ်း လျင်စွာ မငြိမ်းအေးနိုင်မည့် နည်းလမ်းကို စူးစမ်းကြကုန်၏။
၁၄၁။ ဘဒ္ဒါလိ ဤသာသနာတော်၌ အချို့သော ရဟန်းသည် မပြတ်အာပတ်သင့်၏၊ အာပတ်များ သူဖြစ်၏၊ ထိုရဟန်းသည် တစ်ပါးသော ရဟန်းတို့က ဆိုဆုံးမသည်ရှိသော် အကြောင်းတစ်ပါးဖြင့်အကြောင်းတစ်ပါးကို မဖုံးကွယ်၊ အပသို့ စကားကို မရောက်စေ၊ အမျက်ကိုလည်းကောင်း၊ ဒေါသကိုလည်းကောင်း၊ မနှစ်သက်ခြင်းကိုလည်းကောင်း ထင်စွာမပြု၊ ကောင်းစွာကျင့်၏၊ လျော်စွာကျင့်၏၊ အာပတ်မှ ထွက်မြောက်ကြောင်း အကျင့်ကို ကျင့်၏၊ သံဃာနှစ်သက်သောအမှုကို ပြုပါအံ့ဟု ဆို ၏။
ဘဒ္ဒါလိ ထိုသို့ဖြစ်ရာ၌ ရဟန်းတို့အား ဤသို့ ပြောဆိုခြင်းသည် ဖြစ်၏— “ငါ့သျှင်တို့ ဤရဟန်း သည်မပြတ်အာပတ်သင့်၏၊ အာပတ်များသူဖြစ်၏၊ ထိုရဟန်းသည် တစ်ပါးသော ရဟန်းတို့က ဆိုဆုံးမသည်ရှိသော် အကြောင်းတစ်ပါးဖြင့် အကြောင်းတစ်ပါးကို မဖုံးကွယ်၊ အပသို့ စကားကို မရောက်စေ၊ အမျက်ကိုလည်းကောင်း၊ ဒေါသကိုလည်းကောင်း၊ မနှစ်သက်ခြင်းကိုလည်းကောင်း ထင်စွာ မပြု၊ ကောင်းစွာ ကျင့်၏၊ လျော်စွာ ကျင့်၏၊ အာပတ်မှ ထွက်မြောက်ကြောင်း အကျင့်ကို ကျင့်၏၊ သံဃာနှစ်သက်သော အမှုကို ပြုပါအံ့ဟု ဆို၏။ အသျှင်ဘုရားတို့ တောင်းပန်ပါ၏၊ ဤရဟန်း၏အဓိကရုဏ်း လျင်စွာ ငြိမ်းအေးနိုင်မည့် နည်းလမ်းကိုလည်း စူးစမ်းကြကုန်လော့”ဟု (ဤသို့ ပြောဆိုခြင်းသည် ဖြစ်၏)။ ဘဒ္ဒါလိ ဤသို့လျှင် ရဟန်းတို့သည် ထိုရဟန်း၏ အဓိကရုဏ်းလျင်စွာ ငြိမ်းအေးနိုင်မည့် နည်းလမ်းကို စူးစမ်း ကြကုန်၏။
၁၄၂။ ဘဒ္ဒါလိ ဤသာသနာတော်၌ အချို့သော ရဟန်းသည် ရံခါသာ အာပတ်သင့်၏၊ အာပတ် များသူမဟုတ်ပေ။ ထိုရဟန်းသည် တစ်ပါးသော ရဟန်းတို့က ဆိုဆုံးမသည်ရှိသော် တစ်ပါးသောအကြောင်းဖြင့် တစ်ပါးသော အကြောင်းကို ဖုံးလွှမ်း၏၊ အပသို့ စကားကို ရောက်စေ၏၊ အမျက်ကိုလည်းကောင်း၊ ဒေါသကိုလည်းကောင်း၊ မနှစ်သက်ခြင်းကိုလည်းကောင်း ထင်စွာ ပြု၏၊ ကောင်းစွာမကျင့်၊ လျော်စွာမကျင့်၊ အာပတ်မှ ထွက်မြောက်ကြောင်း အကျင့်ကို မကျင့်၊ သံဃာနှစ်သက်သော အမှုကို ပြုပါအံ့ဟု မဆို။ ဘဒ္ဒါလိ ထိုသို့ဖြစ်ရာ၌ ရဟန်းတို့အား ဤသို့ပြောဆိုခြင်းသည် ဖြစ်၏ — “ငါ့သျှင်တို့ ဤရဟန်းသည် ရံခါသာ အာပတ်သင့်၏၊ အာပတ်များသူမဟုတ်ပေ၊ ထိုရဟန်းသည် တစ်ပါးသောရဟန်း တို့က ဆိုဆုံးမသည်ရှိသော် တစ်ပါးသော အကြောင်းဖြင့်တစ်ပါးသောအကြောင်းကို ဖုံးကွယ်၏၊ အပသို့ စကားကို ရောက်စေ၏၊ အမျက်ကိုလည်းကောင်း၊ ဒေါသကိုလည်းကောင်း၊ မနှစ်သက်ခြင်းကိုလည်းကောင်း ထင်စွာ ပြု၏၊ ကောင်းစွာမကျင့်၊ လျော်စွာမကျင့်၊ အာပတ်မှ ထွက်မြောက်ကြောင်း အကျင့်ကို မကျင့်၊ သံဃာနှစ်သက်သော အမှုကို့ပြုပါအံ့ဟု မဆို။ အသျှင်ဘုရားတို့ တောင်းပန်ပါ၏၊ ဤရဟန်း၏ အဓိကရုဏ်း လျင်စွာမငြိမ်းအေးနိုင်မည့် နည်းလမ်းကို စူးစမ်းကြကုန်လော့”ဟု (ဤသို့ ပြောဆိုခြင်း သည် ဖြစ်၏)။ ဘဒ္ဒါလိဤသို့လျှင် ထိုရဟန်းတို့သည် ထိုရဟန်း၏ အဓိကရုဏ်း လျင်စွာ မငြိမ်းအေး နိုင်မည့်နည်းလမ်းကိုစူးစမ်းကြကုန်၏။
၁၄၃။ ဘဒ္ဒါလိ ဤသာသနာတော်၌ အချို့သော ရဟန်းသည် ရံခါသာ အာပတ်သင့်၏၊ အာပတ် များသူမဟုတ်ပေ။ ထိုရဟန်းသည် တစ်ပါးသောရဟန်းတို့က ဆိုဆုံးမသည်ရှိသော် တစ်ပါးသော အကြောင်းဖြင့်တစ်ပါးသောအကြောင်းကို မဖုံးကွယ်၊ အပသို့ စကားကို မရောက်စေ၊ အမျက်ကိုလည်း ကောင်း၊ ဒေါသကိုလည်းကောင်း၊ မနှစ်သက်ခြင်းကိုလည်းကောင်း ထင်စွာ မပြု၊ ကောင်းစွာကျင့်၏၊ လျော်စွာကျင့် ၏၊ အာပတ်မှ ထွက်မြောက်ကြောင်း အကျင့်ကို ကျင့်၏၊ သံဃာနှစ်သက်သော အမှုကိုပြုပါအံ့ဟု ဆို၏။
ဘဒ္ဒါလိ ထိုသို့ဖြစ်ရာ၌ ရဟန်းတို့အား ဤသို့ ပြောဆိုခြင်းသည် ဖြစ်၏ — “ငါ့သျှင်တို့ ဤရဟန်းသည် ရံခါသာ အာပတ်သင့်၏၊ အာပတ်များသူ မဟုတ်ပေ၊ ထိုရဟန်းသည် တစ်ပါးသောရဟန်းတို့ကဆိုဆုံးမသည်ရှိသော် တစ်ပါးသောအကြောင်းဖြင့် တစ်ပါးသောအကြောင်းကို မဖုံးကွယ်၊ အပသို့ စကားကိုမရောက်စေ၊ အမျက်ကိုလည်းကောင်း၊ ဒေါသကိုလည်းကောင်း၊ မနှစ်သက်ခြင်းကိုလည်းကောင်း ထင်စွာမပြု၊ ကောင်းစွာကျင့်၏ လျော်စွာကျင့် ၏၊ အာပတ်မှ ထွက်မြောက်ကြောင်း အကျင့်ကို ကျင့်၏၊ သံဃာနှစ်သက်သော အမှုကို ပြုပါအံ့ဟု ဆို၏။ အသျှင်ဘုရားတို့ တောင်းပန်ပါ၏၊ ဤရဟန်း၏ အဓိကရုဏ်းလျင်စွာ ငြိမ်းအေးနိုင်မည့် နည်းလမ်းကို စူးစမ်းကြကုန်လော့”ဟု (ဤသို့ ပြောဆိုခြင်းသည် ဖြစ်၏)။ ဘဒ္ဒါလိ ဤသို့လျှင် ရဟန်းတို့သည် ထိုရဟန်း၏ အဓိကရုဏ်း လျင်စွာငြိမ်းအေးနိုင်မည့် နည်းလမ်းကိုစူးစမ်းကြကုန်၏။
၁၄၄။ ဘဒ္ဒါလိ ဤသာသနာတော်၌ အချို့သော ရဟန်းသည် ယုံကြည်ကာမျှဖြင့် ချစ်နှစ်သက် ကာမျှဖြင့် (သာသနာ့ဝန်ကို) ရွက်ဆောင်၏၊ ဘဒ္ဒါလိ ထိုသို့ရွက်ဆောင်ရာ၌ ရဟန်းတို့အား ဤသို့ ပြောဆိုခြင်းသည်ဖြစ်၏ —“ငါ့သျှင်တို့ ဤရဟန်းသည် ယုံကြည်ကာမျှ ဖြင့် ချစ်နှစ်သက်ကာမျှဖြင့် ရွက် ဆောင်၏၊ ငါတို့သည် ဤရဟန်းကို နှိပ်စက်၍ နှိပ်စက်၍ ညှဉ်းပန်းမှုကို အကယ်၍ ပြုကုန်ငြားအံ့၊ ဖြစ်ပေါ်နေသောယုံကြည်ခြင်းမျှ ချစ်နှစ်သက်ခြင်းမျှသည်လည်း ယုတ်လျော့ရာ၏၊ ထိုယုံကြည်ခြင်းမျှ ချစ်ခင်နှစ်သက်ခြင်းမျှမှလည်း မဆုတ်ယုတ်ပါစေလင့်”ဟု (ဤသို့ ပြောဆိုခြင်းသည် ဖြစ်၏)။
ဘဒ္ဒါလိ ဥပမာသော်ကား ယောကျာ်းတစ်ယောက်အား မျက်စိတစ်လုံးသာ ရှိရာ၏၊ ထိုယောကျာ်း၏အဆွေခင်ပွန်းဆွေမျိုးသားချင်းတို့သည် “ထိုယောကျာ်းအား မျက်စိတစ်လုံးသာရှိ၏၊ ထိုမျက်စိတစ်လုံးမှလည်း မဆုတ်ယုတ်ပါစေလင့်”ဟု ထိုမျက်စိတစ်လုံးကိုပင် စောင့်ရှောက်ကုန်ရာသကဲ့သို့၊ ဤအတူသာလျှင်အချို့သော ရဟန်းသည် ယုံကြည်ကာမျှဖြင့် ချစ်နှစ်သက်ကာမျှဖြင့် ရွက်ဆောင်၏။ ဘဒ္ဒါလိ ထိုသို့ဆောင်ရွက်ရာ၌ ရဟန်းတို့အား ဤသို့ ပြောဆိုခြင်းသည် ဖြစ်၏ — “ငါ့သျှင်တို့ ဤရဟန်းသည် ယုံကြည်ကာမျှ ဖြင့် ချစ်နှစ်သက်ကာမျှဖြင့် ရွက်ဆောင်၏၊ အကယ်၍ ငါတို့သည် ဤရဟန်းကို နှိပ်စက်၍နှိပ်စက်၍ ညှဉ်းပန်းမှုကို ပြုကုန်ငြားအံ့၊ ဖြစ်ပေါ်နေသော ယုံကြည်ခြင်းမျှ ချစ်နှစ်သက်ခြင်းမျှသည်လည်းယုတ်လျော့ ရာ၏၊ ထိုယုံကြည်ခြင်းမျှ ချစ်နှစ်သက်ခြင်း မျှမှလည်း မဆုတ်ယုတ်ပါစေလင့်”ဟု (ဤသို့ပြောဆိုခြင်း ဖြစ်ပါ၏)။ ဘဒ္ဒါလိ အချို့သော ရဟန်းကို နှိပ်စက်၍ နှိပ်စက်၍ ညှဉ်းပန်းမှုကိုပြုသောအကြောင်းကား ဤသည်ပင်တည်း၊ အထောက်အပံ့ကား ဤသည်ပင်တည်း။ ဘဒ္ဒါလိအချို့သောရဟန်းကို ထိုသို့သော အခြင်းအရာအားဖြင့် နှိပ်စက်၍ နှိပ်စက်၍ ညှဉ်းပန်းမှုကို မပြုကြသောအကြောင်းကား ဤသည်ပင် တည်း၊ အထောက်အပံ့ကား ဤသည်ပင်တည်းဟု (မိန့်တော်မူ၏)။
၁၄၅။ အသျှင်ဘုရား ရှေးအခါက သိက္ခာပုဒ်များ အလွန်နည်းပါးပါကုန်လျက် များစွာသောရဟန်း တို့၏့အရဟတ္တဖိုလ်၌ တည်ကြသော အကြောင်းကား အဘယ်ပါနည်း၊ အထောက်အပံ့ကား အဘယ်ပါ နည်း၊ အသျှင်ဘုရား ယခုအခါ၌ သိက္ခာပုဒ်များ အလွန်များပါကုန်လျက် အလွန်နည်းပါးသော ရဟန်းတို့ ၏အရဟတ္တဖိုလ်၌ တည်ကြသော အကြောင်းကား အဘယ်ပါနည်း၊ အထောက်အပံ့ကား အဘယ်ပါနည်းဟု (လျှောက်၏)။
ဘဒ္ဒါလိ ဤသို့သာ ဖြစ်ရ၏၊ သတ္တဝါတို့ ကိုယ်ကျင့်တရား ဆုတ်ယုတ်ကုန်သည်ရှိသော် သူတော်ကောင်းတရား ကွယ်ခါနီးလတ်သော် သိက္ခာပုဒ်တို့သည် များပြားကုန်၏၊ သို့ရာတွင် အလွန်နည်းပါးသောရဟန်းတို့သည်သာ အရဟတ္တဖိုလ်၌ တည်ကြကုန်၏။ ဘဒ္ဒါလိ အာသဝေါတရားလျှင် တည်ရာရှိကုန်သောအချို့သော (လွန်ကျူးမှု) တရားတို့သည် သံဃာ၌ ထင်ရှားမဖြစ်ပေါ်သေးသမျှကာလပတ်လုံး မြတ်စွာဘုရားသည် တပည့်တို့အား သိက္ခာပုဒ်ကို ပညတ်တော်မမူသေး။ ဘဒ္ဒါလိ ဤ (သာသနာတော်) ၌အာသဝေါတရားလျှင် တည်ရာရှိကုန်သော အချို့သော လွန်ကျူးမှုတရားတို့သည် သံဃာ၌ ထင်ရှားဖြစ်ပေါ်လာသော အခါ အာသဝေါတရားလျှင် တည်ရာရှိသော ထိုလွန်ကျူးမှုတရားတို့ကို ပယ်ဖျောက်ခြင်းအကျိုးငှါသာလျှင် မြတ်စွာဘုရားသည် တပည့်တို့အား သိက္ခာပုဒ်ကို ပညတ်တော်မူ၏။
ဘဒ္ဒါလိ သံဃာသည် များပြားသောအဖြစ်သို့ မရောက်သေးသမျှကာလပတ်လုံး ဤသာသနာတော်၌အာသဝေါတရားလျှင် တည်ရာရှိကုန်သော အချို့သော လွန်ကျူးမှုတရားတို့သည် သံဃာ၌ ထင်ရှားမဖြစ်ပေါ်ကုန်သေး။ ဘဒ္ဒါလိ သံဃာများပြားသည်၏အဖြစ်သို့ ရောက်သောအခါ၌မူကား ဤသာသနာတော်၌အာသဝေါတရားလျှင် တည်ရာရှိကုန်သော အချို့သော လွန်ကျူးမှု တရားတို့သည် သံဃာ၌ ထင်ရှားဖြစ်ပေါ်လာကုန်၏၊ ထိုအခါ ထိုအာသဝေါတရားလျှင် တည်ရာရှိကုန်သော အချို့သော လွန်ကျူးမှုတရားတို့ကို ပယ်ဖျောက်ရန်အကျိုး ငှါသာလျှင် မြတ်စွာဘုရားသည် တပည့်တို့အား သိက္ခာပုဒ်ကို ပညတ်တော်မူ၏။
ဘဒ္ဒါလိ သံဃာသည် လာဘ်ပေါများသည်၏အဖြစ်သို့ မရောက်သေးသမျှကာလပတ်လုံး ဤသာသနာတော်၌ အာသဝေါတရားလျှင် တည်ရာရှိကုန်သော အချို့သော လွန်ကျူးမှုတရားတို့သည် သံဃာ၌ ထင်ရှားမဖြစ်ပေါ်ကုန်သေး၊ အခြံအရံများပြားသည်၏အဖြစ်။ အကြားအမြင် များပြားသည်၏အဖြစ်။ ညဉ့်အပိုင်းအခြားကို သိသောရဟန်း များပြားသည်၏အဖြစ်သို့ မရောက်သေးသမျှကာလပတ်လုံး ဤသာသနာတော်၌ အာသဝေါတရားလျှင် တည်ရာရှိကုန်သော အချို့သောလွန်ကျူးမှုတရားတို့သည် သံဃာ၌ထင်ရှားမဖြစ်ပေါ်ကုန်သေး။
ဘဒ္ဒါလိ သံဃာသည် ညဉ့်အပိုင်းအခြားကို သိသောရဟန်း များပြားသည်၏အဖြစ်သို့ ရောက်သော အခါဤသာသနာတော်၌ အာသဝေါတရား၏ တည်ရာဖြစ်ကုန်သော အချို့သော လွန်ကျူးမှုတရား တို့သည်သံဃာ၌ ထင်ရှားဖြစ်ပေါ်ကုန်၏၊ ထိုအခါ အာသဝေါတရားတို့၏ တည်ရာဖြစ်ကုန်သော အချို့ သောလွန်ကျူးမှုတရားတို့ကို ပယ်ဖျောက်ရန်အကျိုးငှါသာလျှင် မြတ်စွာဘုရားသည် တပည့်တို့အား သိက္ခာပုဒ်ကိုပညတ်တော်မူ၏။
၁၄၆။ ဘဒ္ဒါလိ သင်တို့အား အာဇာနည်မြင်းငယ်ဥပမာရှိသော တရားကို ငါ ဟောစဉ်က သင်တို့ သည်အနည်းငယ်မျှသာ ဖြစ်ကုန်၏၊ ဘဒ္ဒါလိ ထိုတရားကို သင်မှတ်မိသေး၏လောဟု (မေးတော်မူ၏)။ အသျှင်ဘုရား မမှတ်မိပါဟု (လျှောက်၏)။ ဘဒ္ဒါလိ ထိုမမှတ်မိရာ၌ အဘယ်အကြောင်းကို ယုံကြည်ဘိသနည်းဟု (မေးတော်မူ၏)။ အသျှင်ဘုရား တပည့်တော်သည် မြတ်စွာဘုရား သာသနာတော်၌ ရှည်မြင့်စွာသော ကာလပတ်လုံး သိက္ခာပုဒ်ကို ဖြည့်ကျင့်လေ့မရှိခဲ့သောကြောင့် ဖြစ်တန်ရာပါ၏ဟု (လျှောက်၏)။
ဘဒ္ဒါလိ အမှန်အားဖြင့် ဤသည်သာလျှင် အကြောင်းမဟုတ်သေး၊ ဤသည်သာလျှင် အထောက်အပံ့မဟုတ်သေး။ ဘဒ္ဒါလိ ငါသည် သင့်ကို ရှည်မြင့်စွာသော ကာလပတ်လုံး စိတ်ဖြင့် စိတ်ကို ပိုင်းခြား၍”ဤမဂ်ဖိုလ်မှ အချည်းနှီးသောသူသည် ငါ တရားဟောသည်ရှိသော် အရိုအသေ ပြု၍ နှလုံးသွင်းပြီးလျှင့်အလုံးစုံကို စိတ်ဝင်စားကာ နားစိုက်လျက် တရားမနာ”ဟု သိ၏။ သို့ရာတွင် သင့်အား ငါသည်အာဇာနည်မြင်းငယ် ဥပမာရှိသော တရားကို ဟောကြားပေအံ့၊ ထိုတရားကို ကောင်းစွာ နာယူလော့၊ ကောင်းစွာ နှလုံးသွင်းလော့၊ ဟောကြားပေအံ့ဟု (မိန့်တော်မူ၏)။ အသျှင်ဘုရား ကောင်းပါပြီဟုအသျှင်ဘဒ္ဒါလိသည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထား၏။ မြတ်စွာဘုရားသည် ဤသို့ ဟောကြားတော်မူ၏ —
၁၄၇။ ဘဒ္ဒါလိ ဥပမာသော်ကား ကျွမ်းကျင်သော မြင်းဆရာသည် အာဇာနည်မြင်းကောင်းကိုရသည်ရှိသော် ရှေးဦးစွာ ဇက်ခွံ့ရာ၌ ညှဉ်းပန်းမှုကို ပြုစေ၏၊ ထိုဇက်ခွံ့ရာ၌ ညှဉ်းပန်းမှုအ ပြုခံရသောထိုအာဇာနည်မြင်းအား အနည်းအကျဉ်းသော ဆိုးသွမ်းမှု ကြမ်းတမ်းမှု လှုပ်ရှားမှုတို့သည် ဖြစ်ပေါ်လာကုန်သည်သာတည်း၊ ထိုသို့ ဖြစ်ခြင်းသည် ရှေး၌ မပြုလုပ်စေခဲ့ဖူးသေးသော ညှဉ်းဆဲမှုကို အပြုခံရသော သတ္တဝါ၏ ထုံးတမ်းအတိုင်းပင်တည်း။ ထိုမြင်းသည် မပြတ်ညှဉ်းဆဲခြင်းဟူသော အကြောင်းကြောင့်အစဉ်အတိုင်း ညှဉ်းဆဲခြင်းဟူသော အကြောင်းကြောင့် ထိုမယဉ်ကျေးသောအရာ၌ ကြမ်းတမ်းမှုသည်ငြိမ်း၏။
ဘဒ္ဒါလိ အကြင်အခါ၌ အာဇာနည်မြင်းကောင်းသည် မပြတ်ညှဉ်းဆဲခြင်းဟူသော အကြောင်းကြောင့်အစဉ်အတိုင်း ညှဉ်းဆဲခြင်းဟူသော အကြောင်းကြောင့် ထိုမယဉ်ကျေးသော အရာ၌ ကြမ်းတမ်းမှုသည်ငြိမ်း၏၊ ထိုမြင်းအာဇာနည်ကို မြင်းဆရာသည် ထို့ထက်အလွန် ယာဉ်တပ်ခြင်း၌ ညှဉ်းဆဲမှုကို ပြုစေပြန်၏၊ ယာဉ်တပ်ခြင်း၌ ညှဉ်းဆဲမှုအပြုခံရသော ထိုမြင်းအား အနည်းအကျဉ်းသော ဆိုးသွမ်းမှု ကြမ်းတမ်းမှု လှုပ်ရှားမှုတို့သည် ဖြစ်ပေါ်လာကုန်သည်သာတည်း၊ ထိုသို့ဖြစ်ခြင်းသည် ရှေး၌ မပြုလုပ်စေခဲ့ဖူးသေးသော ညှဉ်းဆဲမှုကို အပြုခံရသော သတ္တဝါ၏ ထုံးတမ်းအတိုင်းပင်တည်း။ ထိုမြင်းသည် မပြတ်ညှဉ်းဆဲခြင်းဟူသော အကြောင်းကြောင့် အစဉ်အတိုင်း ညှဉ်းဆဲခြင်းဟူသော အကြောင်းကြောင့် ထိုမယဉ်ကျေးသောအရာ၌ ကြမ်းတမ်းမှုသည် ငြိမ်း၏။
ဘဒ္ဒါလိ အကြင်အခါ၌ အာဇာနည်မြင်းကောင်းသည် မပြတ်ညှဉ်းဆဲခြင်းဟူသော အကြောင်းကြောင့်အစဉ်အတိုင်း ညှဉ်းဆဲခြင်းဟူသော အကြောင်းကြောင့် ထိုမယဉ်ကျေးသော အရာ၌ ကြမ်းတမ်းမှုသည်ငြိမ်း၏။
ထိုမြင်းကို မြင်းဆရာသည် ထို့ထက်အလွန် ညှဉ်းဆဲမှုကို ပြုစေပြန်၏၊ ခုန်လွှားခြင်း၌လည်းကောင်း၊ လုံးနေအောင်ပြေးခြင်း၌လည်းကောင်း၊ ခွာဖျားထောက်၍ ပြေးခြင်း၌လည်းကောင်း၊ ကောင်းစွာ ဆောင်နိုင်ခြင်း၌လည်းကောင်း၊ မထိတ်မလန့် စစ်ပွဲသို့ဝင်ခြင်း၌လည်းကောင်း၊ မင်းသိစေရန် ဂုဏ်ပြုနိုင်ခြင်း၌လည်းကောင်း၊ ရာဇဝင်တွင်အောင် ဆောင်ရွက်ခြင်း၌လည်းကောင်း၊ အသာလွန်ဆုံး လျင်မြန်ခြင်း၌လည်းကောင်း၊ အကောင်းဆုံးမြင်း ဖြစ်စေခြင်း၌လည်းကောင်း၊ အသိမ်မွေ့ဆုံးသော စကားဖြင့် စေခိုင်းရခြင်း၌လည်းကောင်း၊ ညှဉ်းဆဲမှုကို ပြုစေ၏၊ အသာလွန်ဆုံး လျင်မြန်ခြင်း၌လည်းကောင်း၊ အကောင်းဆုံး မြင်း ဖြစ်စေခြင်း၌လည်းကောင်း၊ အသိမ်မွေ့ဆုံးသော စကားဖြင့်စေခိုင်းရခြင်း၌လည်းကောင်း ညှဉ်းဆဲမှု အပြုခံရသော ထိုမြင်းအား အနည်းအကျဉ်းသော ဆိုးသွမ်းမှုကြမ်းတမ်းမှု လှုပ်ရှားမှုတို့သည် ဖြစ်ပေါ် လာကုန်သည်သာလျှင်တည်း၊ ထိုသို့ဖြစ်ပေါ်ခြင်းသည် ရှေး၌မပြုလုပ်စေခဲ့ဖူးသော ညှဉ်းပန်းမှုကို အ ပြုခံရသော သတ္တဝါ၏ ထုံးတမ်းအတိုင်းပင်တည်း။ ထိုမြင်းသည်မပြတ်ညှဉ်းဆဲခြင်း ဟူသော အကြောင်း ကြောင့် အစဉ်အတိုင်း ညှဉ်းဆဲခြင်းဟူသော အကြောင်းကြောင့်ထိုမယဉ်ကျေးသော အရာ၌ ကြမ်းတမ်းမှု သည် ငြိမ်း၏။
ဘဒ္ဒါလိ အကြင်အခါ၌ အာဇာနည်မြင်းကောင်းသည် မပြတ်ညှဉ်းဆဲခြင်းဟူသော အကြောင်းကြောင့်အစဉ်အတိုင်းညှဉ်းဆဲခြင်းဟူသော အကြောင်းကြောင့် ထိုမယဉ်ကျေးသော အရာ၌ ကြမ်းတမ်းမှုသည်ငြိမ်း၏။ ထိုမြင်းကို မြင်းဆရာသည် ထို့ထက်အလွန် မင်းနှင့်သာထိုက်သော အစာကိုလည်းကောင်း၊ ့မင်းနှင့်သာထိုက်သော ရေကိုလည်းကောင်း ကျွေး၏။ ဘဒ္ဒါလိ ဆယ်ပါးကုန်သောဤအကြောင်းအင်္ဂါတို့နှင့် ပြည့်စုံသော အာဇာနည်မြင်းကောင်းသည် မင်းနှင့်ထိုက်တန်၏၊ မင်းတို့သုံးဆောင်သင့်၏၊ မင်း၏ အင်္ဂါ ဟူ၍သာ ရေတွက်ခြင်းသို့ ရောက်၏။
ဘဒ္ဒါလိ ဤအတူသာလျှင် ဆယ်ပါးကုန်သောတရားတို့နှင့် ပြည့်စုံသော ရဟန်းသည် အဝေးမှဆောင်ယူ၍ လှူအပ်သော အလှူကို ခံထိုက်၏၊ ဧည့်သည်တို့အား ရည်မှတ်၍ ထားသော အလှူကိုခံထိုက်၏၊ မြတ်သော အလှူကို ခံထိုက်၏၊ လက်အုပ်ချီခြင်းကို ခံထိုက်၏၊ သတ္တဝါအပေါင်း၏ ကုသိုလ်မျိုးစေ့တို့ စိုက်ပျိုးရာ အတုမရှိ မြတ်သော လယ်ယာမြေကောင်းသဖွယ် ဖြစ်၏။
ဆယ်ပါးသော တရားတို့ဟူသည် အဘယ်နည်း — ဘဒ္ဒါလိ ဤသာသနာတော်၌ ရဟန်းသည်ရဟန္တာတို့၏ ဥစ္စာဖြစ်သော ကောင်းသော ဉာဏ်အမြင်နှင့် ပြည့်စုံ၏၊ ရဟန္တာတို့၏ ဥစ္စာဖြစ်သောကောင်းသော အကြံနှင့် ပြည့်စုံ၏၊ ရဟန္တာတို့၏ ဥစ္စာဖြစ်သော ကောင်းသော စကားနှင့် ပြည့်စုံ၏၊ ရဟန္တာတို့၏ ဥစ္စာဖြစ်သော ကောင်းသောအမှု ပြုခြင်းနှင့် ပြည့်စုံ၏၊ ရဟန္တာတို့၏ ဥစ္စာဖြစ်သောကောင်းသော အသက်မွေးခြင်းနှင့် ပြည့်စုံ၏၊ ရဟန္တာတို့၏ ဥစ္စာဖြစ်သော ကောင်းသော အားထုတ်ခြင်းနှင့် ပြည့်စုံ၏၊ ရဟန္တာတို့၏ ဥစ္စာဖြစ်သော ကောင်းသော သတိနှင့် ပြည့်စုံ၏၊ ရဟန္တာတို့၏ ဥစ္စာဖြစ်သော ကောင်းသော တည်ကြည်မှု ‘သမာဓိ’နှင့် ပြည့်စုံ၏၊ ရဟန္တာတို့၏ ဥစ္စာဖြစ်သော ကောင်းသောဉာဏ်အမြင်နှင့် ပြည့်စုံ၏၊ ရဟန္တာတို့၏ ဥစ္စာဖြစ်သော ကောင်းသော လွတ်မြောက်ခြင်း ‘ဝိမုတ္တိ’နှင့်ပြည့်စုံ၏။
ဘဒ္ဒါလိ ဤဆယ်ပါးသော အင်္ဂါတို့နှင့့်် ပြည့်စုံသော ရဟန်းသည် အဝေးမှ ဆောင်ယူ၍ လှူအပ်သောအလှူကို ခံထိုက်၏၊ ဧည့်သည်တို့အား ရည်မှတ်၍ ထားအပ်သော အလှူကို ခံထိုက်၏၊ မြတ်သောအလှူကို ခံထိုက်၏၊ လက်အုပ်ချီခြင်းကို ခံထိုက်၏၊ သတ္တဝါအပေါင်း၏ ကုသိုလ်မျိုးစေ့တို့ စိုက်ပျိုးရာအတုမရှိ မြတ်သော လယ်ယာမြေကောင်းဖြစ်ပေ၏ဟု ဆိုရ၏ ဟူ၍ မြတ်စွာဘုရားသည် ဤတရားတော်ကိုဟောကြားတော်မူ၏။ အသျှင်ဘဒ္ဒါလိသည် မြတ်စွာဘုရား၏ တရားစကားတော်ကို နှစ်ခြိုက်ဝမ်းမြောက်လေ၏။
ငါးခုမြောက် ဘဒ္ဒါလိသုတ် ပြီး၏။