မဇ္ဈိမနိကာယ်

၇— ဝတ္ထသုတ်

၇ဝ။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်—

အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို “ရဟန်းတို့” ဟုခေါ်တော် မူ၏။ ရဟန်းတို့သည် မြတ်စွာဘုရားအား “အသျှင်ဘုရား” ဟု ပြန်ကြားလျှောက်ထားကုန်၏။ မြတ်စွာ ဘုရားသည် ဤတရား ဒေသနာကို ဟောတော်မူ၏ —

ရဟန်းတို့ ဥပမာသော်ကား ညစ်နွမ်းသော အညစ်အကြေးကပ်စွဲနေသော အဝတ်ကို ဆေးဆိုးသမားသည် အညိုရောင်အတွက်ဖြစ်စေ၊ အရွှေရောင်အတွက်ဖြစ်စေ၊ အနီရောင်အတွက်ဖြစ်စေ၊ မောင်းသောအရောင်အတွက်ဖြစ်စေ အကြင်အကြင်သို့သော ဆိုးရည်၌ ထည့်ခဲ့လျှင် မကောင်းသောအရောင်မစင်ကြယ် သောအရောင်သာလျှင် ဖြစ်ရာ၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်း၊ ရဟန်းတို့အဝတ်မစင်ကြယ်ခြင်းကြောင့်တည်း။ ရဟန်းတို့ ဤအတူပင် စိတ်ညစ်နွမ်းခဲ့သော်မကောင်းသောလားရာ ‘ဂတိ’ကို အလိုရှိ အပ်၏။

ရဟန်းတို့ ဥပမာသော်ကား စင်ကြယ်ဖြူဖွေးသော အဝတ်ကို ဆေးဆိုးသမားသည် အညိုရောင်အတွက်ဖြစ်စေ၊ အရွှေရောင်အတွက်ဖြစ်စေ၊ အနီရောင်အတွက်ဖြစ်စေ၊ မောင်းသောအရောင်အတွက်ဖြစ်စေအကြင်အကြင် သို့သော ဆိုးရည်၌ ထည့်ခဲ့လျှင် ကောင်းစွာစွဲသောအရောင်စင်ကြယ်သောအရောင်သာလျှင် ဖြစ်ရာ၏။ ထိုသို့ ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်း၊ ရဟန်းတို့အဝတ်စင်ကြယ်ခြင်းကြောင့်တည်း။ ရဟန်းတို့ ဤအတူပင် စိတ်မညစ်နွမ်းခဲ့သော် ကောင်းသောလားရာ ‘ဂတိ’ကို အလိုရှိအပ်၏။

၇၁။ ရဟန်းတို့ စိတ်ညစ်ညူးကြောင်း တရားတို့ကား အဘယ်တို့နည်း။ (သူတစ်ပါးစည်းစိမ်ကို) ရှေးရှုကြံစည်ခြင်း ‘အဘိဇ္ဈ ာ‘၊ မသင့်လျော်ရာ၌ လိုချင်တပ်မက်ခြင်း ‘ဝိသမလောဘ’ သည် စိတ်၏ညစ်ညူးကြောင်းတည်း။ သူတစ်ပါးပျက်စီးစေလိုခြင်း ‘ဗျာပါဒ’၊ အမျက်ထွက်ခြင်း ‘ကောဓ’၊ ရန်ငြိုးဖွဲ့ခြင်း ‘ဥပနာဟ’၊ ဂုဏ်ကျေးဇူးကို ချေဖျက်ခြင်း ‘မက္ခ’၊ ဂုဏ်ပြိုင်ခြင်း ‘ပဠာသ’၊ ငြူစူခြင်း ‘ဣဿာ’၊ ဝန်တိုခြင်း ‘မစ္ဆရိယ’၊ လှည့်ပတ်ခြင်း ‘မာယာ’၊ စဉ်းလဲခြင်း ‘သာဌေယျ’၊ စိတ်ခက်ထန်ခြင်း ‘ထမ္ဘ’၊ ခြုတ်ခြယ်ခြင်း ‘သာရမ္ဘ’၊ မောက်မော်ခြင်း ‘မာန’၊ အလွန်မောက်မော်ခြင်း ‘အတိမာန’၊ မာန်ယစ်ခြင်း ‘မဒ’၊ သတိမေ့လျော့ခြင်း ‘ပမာဒ’သည် စိတ်၏ ညစ်ညူးကြောင်းတည်း။

၇၂။ ရဟန်းတို့ ရဟန်းသည် (သူတစ်ပါးစည်းစိမ်ကို) ရှေးရှုကြံစည်ခြင်း ‘အဘိဇ္ဈ ာ‘၊ မသင့်လျော် ရာ၌လိုချင် တပ်မက်ခြင်း ‘ဝိသမလောဘ’ကို စိတ်ညစ်ညူးကြောင်းတည်းဟု သိ၍ ပယ်စွန့်၏။ သူတစ်ပါးပျက်စီးစေလိုခြင်း ‘ဗျာပါဒ’ကို စိတ်ညစ်ညူးကြောင်းတည်းဟု သိ၍ ပယ်စွန့်၏။ အမျက်ထွက်ခြင်း့ ‘ကောဓ’ ကို စိတ်ညစ်ညူးကြောင်းဟု သိ၍ ပယ်စွန့်၏။ ရန်ငြိုးဖွဲ့ခြင်း ‘ဥပနာဟ’ ကို စိတ်ညစ်ညူးကြောင်းတည်းဟု သိ၍ ပယ်စွန့်၏။ ဂုဏ်ကျေးဇူးကို ချေဖျက်ခြင်း ‘မက္ခ’ကို စိတ်ညစ်ညူးကြောင်းတည်းဟု သိ၍ ပယ်စွန့်၏။ ဂုဏ်ပြိုင်ခြင်း ‘ပဠာသ’ ကို စိတ်ညစ်ညူး ကြောင်းတည်းဟု သိ၍ ပယ်စွန့်၏။ ငြူစူခြင်း ‘ဣဿာ’ ကို စိတ်ညစ်ညူးကြောင်းဟု သိ၍ ပယ်စွန့်၏။ ဝန်တိုခြင်း ‘မစ္ဆရိယ’ ကို စိတ်ညစ်ညူးကြောင်းတည်ဟု သိ၍ ပယ်စွန့်၏။ လှည့်ပတ်ခြင်း ‘မာယာ’ ကို စိတ်ညစ်ညူးကြောင်းတည်းဟုသိ၍ ပယ်စွန့်၏။ စဉ်းလဲခြင်း ‘သာဌေယျ’ ကို စိတ်ညစ်ညူးကြောင်းတည်းဟု သိ၍ ပယ်စွန့်၏။ စိတ်ခက်ထန်ခြင်း ‘ထမ္ဘ’ကို စိတ်ညစ်ညူးကြောင်းတည်းဟု သိ၍ ပယ်စွန့်၏။ ခြုတ်ခြယ်ခြင်း ‘သာရ မ္ဘ’ ကိုစိတ်ညစ် ညူးကြောင်းတည်းဟု သိ၍ ပယ်စွန့်၏။ မောက်မော်ခြင်း ‘မာန’ ကို စိတ်ညစ်ညူးကြောင်းတည်းဟု သိ၍ ပယ်စွန့်၏။ အလွန်မောက်မော်ခြင်း ‘အတိမာန’ကို စိတ်ညစ်ညူးကြောင်းတည်းဟု သိ၍ပယ်စွန့်၏။ မာန်ယစ်ခြင်း ‘မဒ’ကို စိတ်ညစ်ညူးကြောင်းတည်းဟု သိ၍ ပယ်စွန့်၏။ သတိမေ့လျော့ခြင်း ‘ပမာဒ’ကို စိတ်ညစ်ညူးကြောင်းတည်းဟု သိ၍ ပယ်စွန့်၏။

၇၃။ ရဟန်းတို့ အကြင်ရဟန်းအား (သူတစ်ပါးစည်းစိမ်ကို) ရှေးရှုကြံစည်ခြင်း ‘အဘိဇ္ဈ ာ‘၊ မသင့်လျော်ရာ၌ လိုချင်တပ်မက်ခြင်း ‘ဝိသမလောဘ’ကို စိတ်ညစ်ညူးကြောင်းတည်းဟု သိ၍ ပယ်စွန့်ပြီးဖြစ်၏။ သူတစ်ပါးပျက်စီးစေလိုခြင်း ‘ဗျာပါဒ’ကို စိတ်ညစ်ညူးကြောင်းတည်းဟု သိ၍ ပယ်စွန့်ပြီးဖြစ်၏။ အမျက်ထွက်ခြင်း ‘ကောဓ’ ကို စိတ်ညစ်ညူးကြောင်းတည်းဟု သိ၍ ပယ်စွန့်ပြီးဖြစ်၏။ ရန်ငြိုးဖွဲ့ခြင်း ‘ဥပနာဟ’ကို စိတ်ညစ်ညူးကြောင်းတည်းဟု သိ၍ ပယ်စွန့်ပြီးဖြစ်၏။ ဂုဏ်ကျေးဇူးကို ချေဖျက်ခြင်း ‘မက္ခ’ကိုစိတ်ညစ်ညူးကြောင်းတည်းဟု သိ၍ ပယ်စွန့်ပြီး ဖြစ်၏။ ဂုဏ်ပြိုင်ခြင်း ‘ပဠာသ’ ကို စိတ်ညစ်ညူးကြောင်းတည်းဟု သိ၍ ပယ်စွန့်ပြီးဖြစ်၏။ ငြူစူခြင်း ‘ဣဿာ’ ကို စိတ်ညစ်ညူးကြောင်းတည်းဟု သိ၍ပယ်စွန့်ပြီး ဖြစ်၏။ ဝန်တိုခြင်း ‘မစ္ဆရိယ’ ကို စိတ်ညစ်ညူးကြောင်းတည်းဟု သိ၍ ပယ်စွန့်ပြီး ဖြစ်၏။ လှည့်ပတ်ခြင်း ‘မာယာ’ ကို စိတ်ညစ်ညူးကြောင်းတည်းဟု သိ၍ ပယ်စွန့်ပြီး ဖြစ်၏။ စဉ်းလဲခြင်း ‘သာဌေယျ’ ကို စိတ်ညစ်ညူးကြောင်းတည်းဟု သိ၍ ပယ်စွန့်ပြီး ဖြစ်၏။ စိတ်ခက်ထန်ခြင်း ‘ထမ္ဘ’ ကိုစိတ်ညစ်ညူးကြောင်းတည်းဟု သိ၍ ပယ်စွန့်ပြီးဖြစ်၏။ ခြုတ်ခြယ်ခြင်း ‘သာရ မ္ဘ’ ကို စိတ်ညစ်ညူးကြောင်းတည်းဟု သိ၍ ပယ်စွန့်ပြီးဖြစ်၏။ မောက်မော်ခြင်း ‘မာန’ကို စိတ်ညစ်ညူးကြောင်းတည်းဟု သိ၍ပယ်စွန့်ပြီးဖြစ်၏။ အလွန်မောက်မော်ခြင်း ‘အတိမာန’ ကို စိတ်ညစ်ညူးကြောင်းတည်းဟု သိ၍ ပယ်စွန့်ပြီးဖြစ်၏။ မာန်ယစ်ခြင်း ‘မဒ’ကို စိတ်ညစ်ညူးကြောင်းတည်းဟု သိ၍ ပယ်စွန့်ပြီးဖြစ်၏။ သတိမေ့လျော့ခြင်း ‘ပမာဒ’ ကို စိတ်ညစ်ညူးကြောင်းတည်းဟု သိ၍ ပယ်စွန့်ပြီးဖြစ်၏။

၇၄။ ထို (ရဟန်း) သည် မြတ်စွာဘုရား၌ ဉာဏ်ဖြင့် သက်ဝင်၍ မတုန်မလှုပ် ကြည်ညိုခြင်းနှင့် ပြည့်စုံ၏။

“ထိုမြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သော အကြောင်းကြောင့်လည်း ‘အရဟံ’မည်တော်မူ၏၊ (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော အကြောင်းကြောင့်လည်း ‘သမ္မာသမ္ဗုဒ္ဓ’ မည်တော်မူ၏၊ အသိဉာဏ် ‘ဝိဇ္ဇာ’ အကျင့် ‘စရဏ’နှင့် ပြည့်စုံတော်မူသောအကြောင်းကြောင့်လည်း ‘ဝိဇ္ဇာစရဏသမ္ပန္န’ မည်တော်မူ၏၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော အကြောင်းကြောင့်လည်း ‘သုဂတ’ မည်တော်မူ၏၊ လောကကို သိတော်မူသောအကြောင်းကြောင့်လည်း ‘လောကဝိဒူ’ မည်တော်မူ၏၊ ဆုံးမထိုက်သူကို ဆုံးမတတ်သည့် အတုမဲ့ပုဂ္ဂိုလ်ဖြစ်တော်မူသော အကြောင်းကြောင့်လည်း ‘အနုတ္တရော ပုရိသဒမ္မသာရထိ’ မည်တော်မူ၏၊ နတ်လူတို့၏ ဆရာဖြစ်တော်မူသော အကြောင်းကြောင့်လည်း ‘သတ္ထာ ဒေဝမနုဿာနံ’ မည်တော် မူ၏၊ (သစ္စာလေးပါးတရားတို့ကို) သိစေတော်မူသော အကြောင်းကြောင့်လည်း ‘ဗုဒ္ဓ’ မည်တော် မူ၏၊ ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်းကြောင့်လည်း ‘ဘဂဝါ’ မည်တော်မူ၏” ဟု (မတုန် မလှုပ်ကြည်ညိုခြင်းနှင့် ပြည့်စုံ၏။) ့တရားတော်၌ ဉာဏ်ဖြင့် သက်ဝင်၍ မတုန်မလှုပ် ကြည်ညိုခြင်းနှင့် ပြည့်စုံ၏။ “မြတ်စွာဘုရား ကောင်းစွာဟောထားသော တရားတော်သည် ကိုယ်တိုင် သိမြင်နိုင်သော တရားတော်ပါပေတည်း၊ အခါမလင့် အကျိုးကို ပေးတတ်သော တရားတော်ပါပေတည်း၊ လာလှည့် ရှုလှည့်ဟုပြထိုက်သော တရားတော်ပါပေတည်း၊ (မိမိကိုယ်ထဲစိတ်ထဲ၌) ဆောင်ယူထားထိုက် သော တရားတော်ပါပေတည်း၊ (အရိယာ) ပညာရှိတို့သာ ကိုယ်စီကိုယ်င သိနိုင် ခံစားနိုင်သော တရားတော်ပါပေတည်း” ဟု (ဉာဏ်ဖြင့် သက်ဝင်၍ ကြည်ညိုခြင်းနှင့် ပြည့်စုံ၏)။

သံဃာတော်၌ ဉာဏ်ဖြင့် သက်ဝင်၍ မတုန်မလှုပ် ကြည်ညိုခြင်းနှင့် ပြည့်စုံ၏။

“မြတ်စွာဘုရား၏ တပည့်သား ‘သာဝက’ သံဃာတော်သည် ကောင်းသော အကျင့် ရှိတော်မူ ပါပေ၏၊ မြတ်စွာဘုရား၏ တပည့်သား ‘သာဝက’ သံဃာတော်သည် ဖြောင့်မတ်သော အကျင့် ရှိတော်မူပါပေ၏၊ မြတ်စွာဘုရား၏ တပည့်သား ‘သာဝက’ သံဃာတော်သည် မှန်သော အကျင့် ရှိတော်မူပါပေ၏၊ မြတ်စွာဘုရား၏ တပည့်သား ‘သာဝက’ သံဃာတော်သည် လျော်ကန်သော အကျင့် ရှိတော်မူပါပေ၏၊ အစုံအားဖြင့် လေးစုံ, ပုဂ္ဂိုလ်အားဖြင့် ရှစ်ပါးအရေအတွက်ရှိသော မြတ်စွာဘုရား၏ တပည့်သား ‘သာဝက’သံဃာတော်သည် (အရပ်ဝေးမှ) ဆောင်လာ၍သော်လည်း ပေးလှူပူဇော်ရန် ထိုက်တန်တော်မူပါပေ၏၊ ဧည့်သည်အလို့ငှါ စီမံထားသော ဝတ္ထုကို သော်လည်း ပေးလှူပူဇော်ရန် ထိုက်တန်တော်မူပါပေ၏၊ တမလွန်အတွက် ရည်မျှော်သော အလှူ ကို ခံတော်မူထိုက်ပါပေ၏၊ လက်အုပ်ချီခြင်းကိုခံတော်မူထိုက်ပါပေ၏၊ သတ္တဝါအပေါင်း၏ ကောင်းမှုပြုရန် အမြတ်ဆုံး လယ်မြေဖြစ်တော်မူပါပေ၏” ဟု (ဉာဏ်ဖြင့် သက်ဝင်၍ မတုန်မ လှုပ် ကြည်ညိုခြင်းနှင့် ပြည့်စုံ၏)။

၇၅။ ထိုရဟန်းသည် ပိုင်းခြားထားတိုင်းသော ကိလေသာကို စွန့်ပစ်ပြီးဖြစ်၏၊ ထွေးအန်ပြီးဖြစ်၏၊ လွတ်ကင်းပြီးဖြစ်၏၊ ပယ်ရှင်းပြီးဖြစ်၏၊ တစ်ဖန်ပယ်စွန့်ပြီးဖြစ်၏။ ထိုရဟန်းသည် “ငါသည် မြတ်စွာဘုရား၌ သက်ဝင်ကြည်ညိုခြင်းနှင့် ပြည့်စုံ၏” ဟု အနက်အဓိပ္ပါယ်ကိုသိခြင်း တရားကိုသိခြင်းတရားနှင့်စပ် သော ဝမ်းသာခြင်းကို ရ၏၊ ဝမ်းသာသော ရဟန်းအား နှစ်သက်ခြင်းဖြစ်၏၊ နှစ်သက်စိတ်ရှိသော ရဟန်း အား ကိုယ်သည် အေးမြ၏၊ ကိုယ်အေးမြသော ရဟန်းသည် ချမ်းသာမှုကိုခံစားရ၏၊ ချမ်းသာမှုရှိသော ရဟန်း၏ စိတ်သည် တည်ကြည်၏။

“ငါသည် တရားတော်၌။ပ။ ငါသည် သံဃာတော်၌ သက်ဝင်ကြည်ညိုခြင်းနှင့် ပြည့်စုံ၏” ဟုအနက်အဓိပ္ပါယ်ကိုသိခြင်း တရားကိုသိခြင်း တရားနှင့်စပ်သော ဝမ်းသာခြင်းကို ရ၏၊ ဝမ်းသာသောရဟန်းအား နှစ်သက်ခြင်းဖြစ်၏၊ နှစ်သက်စိတ်ရှိသော ရဟန်းအား ကိုယ်အေးမြ၏၊ ကိုယ်အေးမြသောရဟန်းသည် ချမ်းသာမှုကို ခံစားရ၏၊ ချမ်းသာမှုရှိသော ရဟန်း၏ စိတ်သည် တည်ကြည်၏။

(ထိုရဟန်းသည်) “ငါသည် ပိုင်းခြားထားတိုင်းသော ကိလေသာကို စွန့်ပစ်ပြီးဖြစ်၏၊ ထွေးအန်ပြီးဖြစ်၏၊ လွတ်ကင်းပြီးဖြစ်၏၊ ပယ်ရှင်းပြီးဖြစ်၏၊ တစ်ဖန်ပယ်စွန့်ပြီးဖြစ်၏” ဟု အနက်အဓိပ္ပါယ်ကိုသိခြင်းတရားကိုသိခြင်း တရားနှင့်စပ်သော ဝမ်းသာခြင်းကို ရ၏၊ ဝမ်းသာသော ရဟန်းအား နှစ်သက်ခြင်းဖြစ်၏၊ နှစ်သက်စိတ်ရှိသော ရဟန်းအား ကိုယ်အေးမြ၏၊ ကိုယ်အေးမြသော ရဟန်းသည်ချမ်းသာခြင်းကို ခံစားရ၏၊ ချမ်းသာခြင်းရှိသော ရဟန်း၏ စိတ်သည် တည်ကြည်၏။

၇၆။ ရဟန်းတို့ ဤသို့သော အလေ့အကျင့် ဤသို့သော သဘော ဤသို့သော အသိပညာရှိသောရဟန်းသည် ဆန်မည်းကို ရွေးချယ်ထားသော သလေးဆွမ်းနှင့် များစွာသောဟင်း, စားမဲဟင်းလျာကိုအကယ်၍ သုံးဆောင်စေကာမူ ထိုသုံးဆောင်ခြင်းသည် ထိုရဟန်းအား (မဂ်ဖိုလ်၏) အန္တရာယ် မဖြစ်နိုင်ချေ။ ရဟန်းတို့ ဥပမာသော်ကား ညစ်နွမ်းသော အညစ်အကြေးကပ်စွဲနေသော အဝတ်သည် ကြည်လင်သော ရေကို အကြောင်းပြု၍ စင်ကြယ် ဖြူဖွေးသကဲ့သို့လည်းကောင်း၊ ရွှေသည် မိုက်ဝကို အကြောင်းပြု၍အညစ်အကြေး စင်ကြယ်ဝင်းလက် သကဲ့သို့လည်းကောင်း ဤအတူပင် ဤသို့သော အလေ့အကျင့် ဤ့သို့သောသဘော ဤသို့သော အသိပညာ ရှိသော ရဟန်းသည် ဆန်မည်းကို ရွေးချယ်ထားသောသလေးဆွမ်းနှင့် များစွာသောဟင်း, စားမဲဟင်းလျာကို အကယ်၍ သုံးဆောင်စေကာမူ ထိုသုံးဆောင်ခြင်းသည် ထိုရဟန်းအား (မဂ်ဖိုလ်)၏ အန္တရာယ် မဖြစ်နိုင်ချေ။

၇၇။ မေတ္တာနှင့်ယှဉ်သော စိတ်ဖြင့် တစ်ခုသော အရပ်မျက်နှာကို ပျံ့နှံ့စေလျက် နေ၏။ ထို့အတူနှစ်ခုမြောက် အရပ်မျက်နှာကို။ သုံးခုမြောက် အရပ်မျက်နှာကို။ လေးခုမြောက် အရပ်မျက်နှာကို ပျံ့နှံ့စေလျက် နေ၏။ ဤနည်းဖြင့် အထက် အောက် ဖီလာ အရပ်မျက်နှာ အလုံးစုံတို့၌ သတ္တဝါအားလုံးကိုမိမိနှင့် အတူပြု၍ သတ္တဝါအားလုံးပါဝင်သော သတ္တလောကကို ပြန့်ပြောသော မြင့်မြတ်သော အတိုင်းအရှည်မရှိသော ရန်မရှိသော ကြောင့်ကြမရှိသော မေတ္တာနှင့်ယှဉ်သော စိတ်ဖြင့် ပျံ့နှံ့စေလျက် နေ၏။ ကရုဏာနှင့်ယှဉ်သော စိတ်ဖြင့်။ပ။ မုဒိတာနှင့် ယှဉ်သော စိတ်ဖြင့်။ပ။ ဥပေက္ခာနှင့်ယှဉ်သော စိတ်ဖြင့်တစ်ခုသော အရပ်မျက်နှာကို ပျံ့နှံ့စေလျက် နေ၏။ ထို့အတူ နှစ်ခုမြောက် အရပ်မျက်နှာကို။ သုံးခုမြောက် အရပ်မျက်နှာကို။ လေးခုမြောက် အရပ်မျက်နှာကို ပျံ့နှံ့စေလျက် နေ၏။ ဤနည်းဖြင့် အထက်အောက် ဖီလာ အရပ်မျက်နှာအလုံးစုံတို့၌ သတ္တဝါအားလုံးကို မိမိနှင့်အတူပြု၍ သတ္တဝါအားလုံးပါဝင်သောသတ္တလောကကို ပြန့်ပြောသော မြင့်မြတ်သော အတိုင်းအရှည်မရှိသော ရန်မရှိသော ကြောင့်ကြမရှိသောဥပေက္ခာနှင့်ယှဉ်သော စိတ်ဖြင့် ပျံ့နှံ့စေလျက် နေ၏။

၇၈။ ထိုရဟန်းသည် “ဤနာမ်ရုပ်တရားသည် ရှိ၏” ဟု ခွဲခြား၍ သိ၏၊ “ယုတ်ညံ့သော (လောဘ) တရားသည် ရှိ၏” ဟု ခွဲခြား၍ သိ၏၊ “မြတ်သော (အရိယာမဂ်) တရားသည် ရှိ၏” ဟု ခွဲခြား၍ သိ၏၊ “ဤ (ငါရနေသော ဗြဟ္မဝိဟာရ) စိတ်ထက် သာလွန်သော ထွက်မြောက်ရာ (နိဗ္ဗာန်) တရားသည် ရှိ၏ဟုခွဲခြား၍ သိ၏၊ ဤသို့သိသော ဤသို့မြင်သော ထို (ရဟန်း)၏ စိတ်သည် ကာမာသဝမှလည်း လွတ်မြောက်၏၊ ဘဝါသဝမှလည်း လွတ်မြောက်၏၊ အဝိဇ္ဇာသဝမှလည်း လွတ်မြောက်၏။ လွတ်မြောက်ပြီးလတ် သော် “လွတ်မြောက်လေပြီ” ဟု အသိဉာဏ်ဖြစ်ပေါ်၏၊ “ပဋိသန္ဓေနေမှုကုန်ပြီ၊ မြတ်သော အကျင့်ကို ကျင့် သုံးပြီးပြီ၊ (မဂ်) ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်) ကိစ္စအလို့ငှါ တစ်ပါးသောပြုဖွယ်မရှိတော့ပြီ” ဟု သိ၏။

ရဟန်းတို့ ဤရဟန်းကို အတွင်း၌ ဖြစ်သော ရေချိုးခြင်းဖြင့် ရေချိုးပြီးသော ရဟန်းဟု ခေါ်ဆိုရ၏ဟု (မိန့်တော်မူ၏)။

၇၉။ ထိုအခါ သုန္ဒရိကဘာရဒွါဇပုဏ္ဏားသည် မြတ်စွာဘုရား၏ အနီး၌ ထိုင်နေ၏။ ထိုအခါ သုန္ဒရိကဘာရဒွါဇပုဏ္ဏားသည် မြတ်စွာဘုရားအား—

အသျှင်ဂေါတမသည် ဗာဟုကာမြစ်သို့ ရေချိုးရန် သွားပါသလောဟု လျှောက်ထား၏။

ပုဏ္ဏား ဗာဟုကာမြစ်ဖြင့် အဘယ် အကျိုးရှိမည်နည်း၊ ဗာဟုကာမြစ်သည် အဘယ် (အကျိုး) ကိုပြုလုပ်နိုင်မည်နည်းဟု (မေးတော်မူ၏)။

အသျှင်ဂေါတမ ဗာဟုကာမြစ်သည် (ကိလေသာကို) ခေါင်းပါးစေတတ်၏ဟု လူအများက သမုတ်ထားပါ၏၊ အသျှင်ဂေါတမ ဗာဟုကာမြစ်သည် (ကိလေသာကို) စင်ကြယ်စေတတ်၏ဟု လူအများကသမုတ်ထားပါ၏၊ လူအများသည် ပြုပြီးသော မကောင်းမှုကို ဗာဟုကာမြစ်၌ မျှောကြပါ၏ဟု (လျှောက်၏)။

ထိုအခါ မြတ်စွာဘုရားသည် သုန္ဒရိက ဘာရဒွါဇပုဏ္ဏားကို ဂါထာတို့ဖြင့် ဟောကြားတော်မူ၏။ ပုဏ္ဏား ဗာဟုကာမြစ်သို့လည်းကောင်း၊ အဓိကက္ကဆိပ်သို့လည်းကောင်း၊ ဂယာ ဆိပ်သို့လည်းကောင်း၊ သုန္ဒရိကမြစ်သို့လည်းကောင်း၊ သရဿတီမြစ်သို့လည်း ကောင်း၊ ပယာဂဆိပ်သို့လည်းကောင်း၊ ဗာဟုမတီမြစ်သို့လည်းကောင်း မည်းညစ် သော ကံရှိသော သူမိုက်သည် အမြဲပင်ဝင်ရောက်ချိုးသုံးသော်လည်း မစင်ကြယ် နိုင်ချေ။

သုန္ဒရိကမြစ်သည် အဘယ်ကို ပြုလုပ်နိုင်မည်နည်း၊ ပယာဂဆိပ်နှင့် ဗာဟုကာ မြစ်သည် အဘယ်ကိုပြုလုပ်နိုင်မည်နည်း၊ ရန်ရှိသော ကြမ်းကြုတ်သည့်အမှုကို ပြုလုပ်ထားသော မကောင်းမှုကံရှိသူကိုမသုတ်သင်နိုင်ချေ။ (ကိလေသာ) စင်ကြယ်သူအား စင်စစ် အခါခပ်သိမ်း ဖဂ္ဂုနီနက္ခတ်ကောင်းကြုံ လျက်ရှိ၍ အခါခပ်သိမ်းဥပုသ်စောင့်သုံးပြီး ဖြစ်နေ၏။ စင်ကြယ်သော သန့်ရှင်း သော အမှုရှိသူအား ကျင့်ဝတ်သည် အခါခပ်သိမ်းပြည့်စုံသည်သာတည်း၊ ပုဏ္ဏား ဤသာသနာတော်၌သာ ရေချိုးလော့၊ သတ္တဝါအားလုံးတို့၌ဘေးကင်းသည်ကို ပြုလော့။ (သင်သည်) အကယ်၍ မဟုတ်မမှန် မပြောဆိုအံ့၊ အသက်ကို မသတ်ဖြတ်အံ့၊ မပေးသည်ကို မယူအံ့၊ ယုံကြည်သူ ဝန်မတိုသူ ဖြစ်ခဲ့အံ့။ ဂယာဆိပ်သို့ သွား၍ အဘယ်ကို ပြုလုပ်မည်နည်း၊ ရေတွင်းသည်လည်း သင့် အတွက် ဂယာဆိပ်ပင်ဖြစ်ပေ၏ဟု (မိန့်တော်မူ၏)။

၈ဝ။ ဤသို့ ဟောကြားတော်မူလတ်သော် သုန္ဒရိကဘာရဒွါဇပုဏ္ဏားသည် မြတ်စွာဘုရားအား—

“အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေ၏၊ အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေ၏၊ အသျှင်ဂေါတမ ဥပမာသော်ကား မှောက်ထားသောဝတ္ထုကိုလှန်ဘိသကဲ့သို့လည်းကောင်း၊ ဖုံးလွှမ်းထားသောဝတ္ထုကို ဖွင့်လှစ်ဘိသကဲ့သို့လည်းကောင်း၊ မျက်စိလည်သောသူအား လမ်းမှန်ကို ပြောကြားဘိသကဲ့သို့လည်းကောင်း “မျက်စိအမြင်ရှိသောသူတို့သည် အဆင်းတို့ကို မြင်ကြလိမ့်မည်” ဟု အမိုက်မှောင်၌ ဆီမီးတန်ဆောင်ကို ဆောင်ပြဘိသကဲ့သို့လည်းကောင်း ဤအတူသာလျှင် အသျှင်ဂေါတမသည် အကြောင်းအမျိုးမျိုးဖြင့် တရားတော်ကို ပြတော်မူ၏၊ အသျှင်ဂေါတမအကျွန်ုပ်သည် အသျှင်ဂေါတမကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ တရားတော်ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ သံဃာတော်ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ အသျှင်ဂေါတမ အကျွန်ုပ်သည် အသျှင်ဂေါတမ၏ အထံ၌ ရှင်အဖြစ်ကို ရလိုပါ၏၊ ရဟန်းအဖြစ်ကို ရလိုပါ၏” ဟု လျှောက်ထား၏။

သုန္ဒရိကဘာရဒွါဇပုဏ္ဏားသည် မြတ်စွာဘုရားအထံတော်၌ ရှင်အဖြစ်ကို ရ၏၊ ရဟန်းအဖြစ်ကို ရ၏။ ရဟန်းဖြစ်၍ မကြာသေးသော အသျှင်ဘာရဒွါဇသည် တစ်ယောက်တည်း ဆိတ်ငြိမ်ရာသို့ကပ်၍မမေ့မလျော့ ပြင်းထန်စွာ အားထုတ်လျက် (နိဗ္ဗာန်သို့) စိတ်ကို စေလွှတ်၍ နေသည်ရှိသော် လူ့ဘောင်မှရဟန်းဘောင်သို့ ကောင်းစွာ ဝင်ရောက်သော အမျိုးကောင်းသားတို့ လိုလားအပ်သော မြတ်သောအကျင့်၏ အဆုံးဖြစ်သော အတုမရှိသော အရဟတ္တဖိုလ်သို့ မကြာမီ ယခုဘဝ၌ပင် ထူးသော ဉာဏ်ဖြင့်ကိုယ်တိုင် မျက်မှောက်ပြုလျက် ရောက်၍ နေ၏။ “ပဋိသန္ဓေနေမှုကုန်ပြီ၊ မြတ်သော အကျင့်ကိုကျင့်သုံးပြီးပြီ၊ (မဂ်) ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်) ကိစ္စ အလို့ငှါ တစ်ပါးသော ပြုဖွယ်ကိစ္စ မရှိတော့ပြီ” ဟုသိ၏၊ အသျှင်ဘာရဒွါဇသည် ရဟန္တာတို့တွင် တစ်ပါး (အပါအဝင်) ဖြစ်တော်မူလေသတည်း။

ခုနစ်ခုမြောက် ဝတ္ထသုတ်ပြီး၏။