မဇ္ဈိမနိကာယ်

၄—ဒီဃနခသုတ်

၂ဝ၁။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်—

အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ဂိဇ္ဈကုဋ်တောင်တွင် သူကရခတလိုဏ်၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ ဒီဃနခပရိဗိုဇ်သည် မြတ်စွာဘုရား ရှိတော်မူရာအရပ်သို့ ချဉ်းကပ်၍ မြတ်စွာ့ဘုရားနှင့်အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆို၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ်သော စကားကိုပြောဆိုပြီးဆုံးစေ၍ သင့်လျော်ရာအရပ်၌ ရပ်တည်လေပြီးသော ဒီဃနခပရိဗိုဇ်သည် မြတ်စွာဘုရားအား—“အသျှင်ဂေါတမ အကျွန်ုပ်သည် အယူအားလုံးကို မနှစ်သက်ဟု ဤသို့ ဆိုလေ့ရှိပါ၏၊ ဤသို့ ယူလေ့ရှိပါ၏”ဟု လျှောက်ထား၏။ အဂ္ဂိဝေဿန “အယူအားလုံးကို အကျွန်ုပ် မနှစ်သက်” ဟူသော သင်၏ အယူကိုမျှလည်း သင်မနှစ်သက် သလောဟု (မေးတော်မူ၏)။ အသျှင်ဂေါတမ ထိုအယူကိုလည်း အကျွန်ုပ်နှစ်သက်ငြားအံ့ “ထိုအယူအားလုံးကို မနှစ်သက်ဟူသော စကားသည်လည်း ထိုနှစ်သက်ပါသည်ဟူသောစကားနှင့် အလားတူပင် ဖြစ်ရာ၏၊ ထိုအယူ အားလုံးကို မနှစ်သက်ဟူသော စကားသည်လည်း ထိုနှစ်သက်ပါသည်ဟူသော စကားနှင့် အလားတူပင် ဖြစ်ရာ၏”ဟု (လျှောက်ထား၏)။

အဂ္ဂိဝေဿန လောက၌ “ထိုအယူအားလုံးကို မနှစ်သက်ဟူသော စကားသည်လည်း ထိုနှစ်သက်ပါ သည်ဟူသော စကားနှင့် အလားတူပင် ဖြစ်ရာ၏၊ ထိုအယူအားလုံးကို မနှစ်သက်ဟူသော စကားသည် လည်းထိုနှစ်သက်ပါသည်ဟူသော စကားနှင့် အလားတူပင် ဖြစ်ရာ၏”ဟု ဆိုကြ၍ ထိုအယူကိုလည်းမစွန့်ကြဘဲ အယူတစ်ပါးကိုလည်း စွဲလမ်းနေသော သူတို့သာလျှင် အလွန့်အလွန် များကုန်၏။ အဂ္ဂိဝေဿန လောက၌ “ထိုအယူအားလုံးကို မနှစ်သက်ဟူသော စကားသည်လည်း ထိုနှစ်သက်ပါသည်ဟူသော စကားနှင့် အလားတူပင် ဖြစ်ရာ၏၊ ထိုအယူအားလုံးကို မနှစ်သက်ဟူသော စကားသည်လည်းထိုနှစ်သက်ပါသည်ဟူသော စကားနှင့် အလားတူပင် ဖြစ်ရာ၏”ဟု ဆိုကြ၍ ထိုအယူကို စွန့်ကာ အယူတစ်ပါးကိုလည်း မစွဲလမ်းကြသော သူတို့ကား အလွန့်အလွန် နည်းပါးကုန်၏။

အဂ္ဂိဝေဿန “အယူအားလုံးကို ငါနှစ်သက်၏”ဟု ဤသို့ဆိုလေ့ရှိကုန်သော ဤသို့ယူလေ့ရှိကုန်သောအချို့သော ရဟန်း ပုဏ္ဏားတို့သည် ရှိကုန်၏။ အဂ္ဂိဝေဿန “အယူအားလုံးကို ငါမနှစ်သက်”ဟုဤသို့ဆိုလေ့ရှိကုန်သော ဤသို့ယူလေ့ရှိကုန်သော အချို့သော ရဟန်း ပုဏ္ဏားတို့သည် ရှိကြကုန်၏။ အဂ္ဂိဝေဿန “အချို့ကို ငါနှစ်သက်၍ အချို့ကို ငါမနှစ်သက်”ဟု ဤသို့ဆိုလေ့ရှိကုန်သောဤသို့ယူလေ့ရှိ ကုန်သော အချို့သော ရဟန်း ပုဏ္ဏားတို့သည် ရှိကုန်၏။ အဂ္ဂိဝေဿန ထိုသုံးမျိုးသောပုဂ္ဂိုလ်တို့တွင် “အယူအားလုံးကို ငါ နှစ်သက်၏”ဟု ဤသို့ဆိုလေ့ရှိကုန်သော ဤသို့ယူလေ့ရှိကုန်သောသူတို့၏ ဤ အယူဝါဒသည် ပြင်းစွာ တပ်မက်ခြင်းငှါ နီးစပ်၏၊ သံယောဇဉ်ဖြစ်ခြင်းငှါ နီးစပ်၏၊ လွန်စွာနှစ်သက်ခြင်းငှါ နီးစပ်၏၊ လွှမ်းမိုးဖိစီးခြင်းငှါ နီးစပ်၏၊ ပြင်းစွာစွဲလမ်းခြင်းငှါ နီးစပ်၏။ အဂ္ဂိဝေဿန ထိုသုံးမျိုးသော ပုဂ္ဂိုလ်တို့တွင် “အယူအားလုံးကို ငါ မနှစ်သက်”ဟုဤသို့ဆိုလေ့ရှိကုန်သော ဤသို့ယူလေ့ရှိကုန်သော သူတို့၏ ဤအယူဝါဒသည် ပြင်းစွာ မတပ်မက်ခြင်းငှါနီးစပ်၏၊ သံယောဇဉ်မဖြစ်ခြင်းငှါ နီးစပ်၏၊ လွန်စွာမနှစ်သက်ခြင်းငှါ နီးစပ်၏၊ မလွှမ်းမိုး မဖိစီးခြင်းငှါနီးစပ်၏၊ ပြင်းစွာမစွဲလမ်းခြင်းငှါ နီးစပ်၏ဟု (မိန့်တော်မူ၏)။

၂ဝ၂။ ဤသို့ မိန့်တော်မူသော် ဒီဃနခပရိဗိုဇ်သည် “အသျှင်ဂေါတမသည် အကျွန်ုပ်၏ အယူကိုချီးမြှောက်၏၊ အသျှင်ဂေါတမသည် အကျွန်ုပ်၏ အယူကို ရွှင်လန်းစေ၏”ဟု မြတ်စွာဘုရားကို လျှောက်ထား၏။ အဂ္ဂိဝေဿန ထိုသုံးမျိုးသော ပုဂ္ဂိုလ်တို့တွင် “အချို့ကို ငါနှစ်သက်၏၊ အချို့ကို ငါမနှစ်သက်”ဟု ဤသို့ ဆိုလေ့ရှိကုန်သော ဤသို့ယူလေ့ရှိကုန်သော ထိုပုဂ္ဂိုလ်တို့အား နှစ်သက်သော အယူသည် ပြင်းစွာတပ်မက်ခြင်းငှါ နီးစပ်၏၊ သံယောဇဉ်ဖြစ်ခြင်းငှါ နီးစပ်၏၊ လွန်စွာနှစ်သက်ခြင်းငှါ နီးစပ်၏၊ လွှမ်းမိုးဖိစီးခြင်းငှါ နီးစပ်၏၊ ပြင်းစွာ စွဲလမ်းခြင်းငှါ နီးစပ်၏။ ထိုပုဂ္ဂိုလ်တို့အား မနှစ်သက်သော အယူသည် ပြင်းစွာမတပ်မက်ခြင်းငှါ နီးစပ်၏၊ သံယောဇဉ်မဖြစ်ခြင်းငှါ နီးစပ်၏၊ လွန်စွာမနှစ်သက်ခြင်းငှါနီးစပ်၏၊ မလွှမ်းမိုးမဖိစီးခြင်းငှါ နီးစပ်၏၊ ပြင်းစွာ မစွဲလမ်းခြင်းငှါ နီးစပ်၏။

အဂ္ဂိဝေဿန ထိုသုံးမျိုးသော ပုဂ္ဂိုလ်တို့တွင် “အယူအားလုံးကို ငါနှစ်သက်၏”ဟု ဤသို့ဆိုလေ့ရှိကုန်သော ဤသို့ယူလေ့ရှိကုန်သော ရဟန်း ပုဏ္ဏားတို့၌ သိကြားလိမ္မာသော ယောကျာ်းသည် ဤသို့ဆင်ခြင်၏— “အယူအားလုံးကို ငါနှစ်သက်၏” ဟူသော ငါ၏ ဤအယူကိုသာလျှင် အခိုင်အမာ အစွဲအမြဲနှလုံးသွင်း၍ “ဤငါ၏ အယူသည်သာ မှန်၏၊ တစ်ပါးသောအယူသည် အချည်းနှီးသာတည်း”ဟု ဤသို့ပြောဆိုငြားအံ့၊ နှစ်ယောက်သော ပုဂ္ဂိုလ်တို့နှင့် ငါ၏ ဝါဒကွဲခြင်းသည် ဖြစ်ရာ၏၊ “အယူအားလုံးကိုငါမနှစ်သက်”ဟု ဤသို့ ဆိုလေ့ရှိသော ဤသို့ယူလေ့ရှိသော ရဟန်း ပုဏ္ဏားတို့နှင့်လည်းကောင်း “အချို့ကို ငါနှစ်သက်၏၊ အချို့ကို ငါမနှစ်သက်”ဟု ဤသို့ဆိုလေ့ရှိသော ဤသို့ယူလေ့ရှိသော ရဟန်းပုဏ္ဏားတို့နှင့်လည်းကောင်း ဤနှစ်မျိုးသော ပုဂ္ဂိုလ်တို့နှင့် ငါ၏ ဝါဒကွဲခြင်းသည် ဖြစ်ရာ၏၊ ဤသို့ ဝါဒကွဲခြင်းဖြစ်လတ်သော် စကားများခြင်း ဖြစ်ရာ၏၊ စကားများခြင်းဖြစ်လတ်သော် စိတ်ဆင်းရဲခြင်း ဖြစ်ရာ၏၊ စိတ်ဆင်းရဲခြင်းဖြစ်လတ်သော် စိတ်ပင်ပန်းခြင်း ဖြစ်ရာ၏။ ဤသို့ ထိုသူသည် ဝါဒကွဲခြင်း စကားများခြင်းစိတ်ဆင်းရဲခြင်း စိတ်ပင်ပန်းခြင်းကို မိမိ၌ ကောင်းစွာ မြင်သည်ဖြစ်၍ ထိုအယူကိုလည်း စွန့်၏၊ အယူတစ်ပါးကိုလည်း မစွဲလမ်း။ ဤသို့လျှင် ဤအယူတို့ကို ပယ်ခြင်းသည် ဖြစ်၏၊ ဤသို့လျှင်ဤအယူတို့ကို စွန့်ခြင်းသည် ဖြစ်၏။

၂ဝ၃။ အဂ္ဂိဝေဿန ထိုသုံးယောက်သော ပုဂ္ဂိုလ်တို့တွင် “အယူအားလုံးကို ငါမနှစ်သက်”ဟုဤသို့ဆိုလေ့ရှိကုန်သော ဤသို့ယူလေ့ရှိကုန်သော ရဟန်း ပုဏ္ဏားတို့၌ သိကြားလိမ္မာသော ယောကျာ်းသည် ဤသို့ ဆင်ခြင်၏— “အယူအားလုံးကို ငါမနှစ်သက်” ဟူသော ငါ၏ ဤအယူကိုသာလျှင် အခိုင်အမာ အစွဲအမြဲ နှလုံးသွင်း၍ “ဤငါ၏ အယူသည်သာ မှန်၏၊ တစ်ပါးသော အယူသည် အချည်းနှီးသာတည်း”ဟု ဤသို့ ပြောဆိုငြားအံ့၊ နှစ်ယောက်သော ပုဂ္ဂိုလ်တို့နှင့် ဝါဒကွဲခြင်းသည် ဖြစ်ရာ၏၊ “အယူအားလုံးကို ငါနှစ်သက်၏”ဟု ဤသို့ဆိုလေ့ရှိသော ဤသို့ယူလေ့ရှိသော ရဟန်း ပုဏ္ဏားတို့နှင့်လည်းကောင်း “အချို့ကို ငါနှစ်သက်၏၊ အချို့ကို ငါမနှစ်သက်”ဟု ဤသို့ဆိုလေ့ရှိသော ဤသို့ယူလေ့ရှိသော ရဟန်း ပုဏ္ဏားတို့နှင့်လည်းကောင်း ဤ နှစ်မျိုးသော ပုဂ္ဂိုလ်တို့နှင့် ငါ၏ ဝါဒကွဲခြင်းသည် ဖြစ်ရာ၏၊ ဤသို့ ဝါဒကွဲခြင်းဖြစ်လတ်သော် စကားများခြင်းသည် ဖြစ်ရာ၏၊ စကားများခြင်းဖြစ်လတ်သော် စိတ်ဆင်းရဲခြင်းဖြစ်ရာ၏၊ စိတ်ဆင်းရဲခြင်းဖြစ်လတ်သော် စိတ်ပင်ပန်းခြင်းဖြစ်ရာ၏။ ဤသို့ ထိုသူသည် ဝါဒကွဲခြင်း စကားများခြင်း စိတ်ဆင်းရဲခြင်း စိတ်ပင်ပန်းခြင်းကို မိမိ၌ ကောင်းစွာ မြင်သည် ဖြစ်၍ ထိုအယူကိုလည်း စွန့်၏၊ အယူတစ်ပါးကိုလည်း မစွဲလမ်း။ ဤသို့လျှင် ဤအယူတို့ကို ပယ်ခြင်းသည် ဖြစ်ရာ၏၊ ဤသို့လျှင် ဤအယူတို့ကို စွန့်ခြင်းသည် ဖြစ်ရာ၏။

၂ဝ၄။ အဂ္ဂိဝေဿန ထိုသုံးယောက်သော ပုဂ္ဂိုလ်တို့တွင် “အချို့ကို ငါနှစ်သက်၏၊ အချို့ကို ငါမနှစ်သက်”ဟု ဤသို့ဆိုလေ့ရှိကုန်သော ဤသို့ယူလေ့ရှိကုန်သော ရဟန်းပုဏ္ဏားတို့၌ သိကြားလိမ္မာသောယောကျာ်းသည် ဤသို့ ဆင်ခြင်၏— “အချို့ကို ငါနှစ်သက်၏၊ အချို့ကို ငါမနှစ်သက်” ဟူသော ငါ၏ ဤအယူကိုသာလျှင် အခိုင်အမာ အစွဲအမြဲ နှလုံးသွင်း၍ “ဤငါ၏ အယူသည်သာ မှန်၏၊ တစ်ပါးသော သူတို့၏ အယူသည် အချည်းနှီးသာတည်း”ဟု ဤသို့ ပြောဆိုငြားအံ့၊ နှစ်ယောက်သော ပုဂ္ဂိုလ်တို့နှင့် ငါ၏ဝါဒကွဲခြင်းဖြစ်ရာ၏၊ “အယူအားလုံးကို ငါနှစ်သက်၏”ဟု ဤသို့ဆိုလေ့ရှိသော ဤသို့ယူလေ့ရှိသောရဟန်းပုဏ္ဏားတို့နှင့်လည်းကောင်း၊ “အယူအားလုံးကို ငါမနှစ်သက်”ဟု ဤသို့ဆိုလေ့ရှိသော ဤသို့ယူလေ့ရှိသော ရဟန်းပုဏ္ဏားတို့နှင့်လည်းကောင်း ဤနှစ်မျိုးသော ပုဂ္ဂိုလ်တို့နှင့် ငါ၏ ဝါဒကွဲခြင်းသည်ဖြစ်ရာ၏။ ဤသို့ ဝါဒကွဲပြားခြင်း ဖြစ်လတ်သော် စကားများခြင်းသည် ဖြစ်ရာ၏၊ စကားများခြင်း ဖြစ်လတ်သော် စိတ်ဆင်းရဲခြင်း ဖြစ်ရာ၏၊ စိတ်ဆင်းရဲခြင်း ဖြစ်လတ်သော် စိတ်ပင်ပန်းခြင်း ဖြစ်ရာ၏၊ ဤသို့ ထိုသူသည် ဝါဒကွဲပြားခြင်း စကားများခြင်း စိတ်ဆင်းရဲခြင်း စိတ်ပင်ပန်းခြင်းကို မိမိ၌ ကောင်းစွာမြင်သည်ဖြစ်၍ ထိုအယူကိုလည်း စွန့်၏၊ အယူတစ်ပါးကိုလည်း မစွဲလမ်း။ ဤသို့လျှင် ဤအယူတို့ကိုပယ်ခြင်းသည်ဖြစ်၏၊ ဤသို့လျှင် ဤအယူတို့ကို စွန့် ခြင်းသည် ဖြစ်၏။

၂ဝ၅။ အဂ္ဂိဝေဿန ရုပ်ရှိသော လေးပါးသော မဟာဘုတ်တို့ကို မှီ၍ဖြစ်သော အမိအဖတို့၏့သုက်သွေးကြောင့်ဖြစ်သော ထမင်းမုယောမုန့်တို့ဖြင့် ကြီးပွါးသော အမြဲမတည်ခြင်း ဖုံးလွှမ်းရခြင်းဆုပ်နယ်ရခြင်း ကွဲခြင်း ပျက်စီးခြင်း သဘောရှိသော ဤကိုယ်ကို မမြဲသောအားဖြင့် ဆင်းရဲသောအားဖြင့်ရောဂါအားဖြင့် အိုင်းအမာအားဖြင့် မြားငြောင့်အားဖြင့် ဆင်းရဲအားဖြင့် အနာအားဖြင့်သူစိမ်းပြင်ပအားဖြင့် ပျက်စီးတတ်သောအားဖြင့် သတ္တမှကင်းဆိတ်သောအားဖြင့်အနှစ်အသားမရှိသောအားဖြင့် ကောင်းစွာရှု ရမည်။ ဤခန္ဓာကိုယ်ကို မမြဲသောအားဖြင့်မချမ်းသာသောအားဖြင့် ရောဂါအားဖြင့် အိုင်းအမာအားဖြင့် မြားငြောင့်အားဖြင့် ဆင်းရဲအားဖြင့်အနာအားဖြင့် သူစိမ်းပြင်ပအားဖြင့် ပျက်စီးတတ်သောအားဖြင့် သတ္တမှကင်းဆိတ်သောအားဖြင့်အနှစ်အသားမရှိသောအားဖြင့် ကောင်းစွာရှုသော ထိုသူအား ခန္ဓာကိုယ်ပေါ် ၌ တပ်မက်သောတဏှာကိုယ်၌ တွယ်တာသော တဏှာအစေး ကိုယ်၌ အစဉ်လိုက်တတ်သော တဏှာ သည် ပျောက်ကင်း၏။

အဂ္ဂိဝေဿန ခံစားမှုတို့သည် ချမ်းသာခံစားမှု ဆင်းရဲခံစားမှု ဆင်းရဲမဟုတ်ချမ်းသာမဟုတ်သော ခံစားမှုဤသုံးပါးတို့တည်း။ အဂ္ဂိဝေဿန ချမ်းသာခံစားမှုကို ခံစားသောအခါ၌ ဆင်းရဲခံစားမှုကို မခံစား ပေ၊ ဆင်းရဲလည်းမဟုတ် ချမ်းသာလည်းမဟုတ်သော ခံစားမှုကိုလည်း မခံစားပေ၊ ထိုအခါ၌ ချမ်းသာခံစားမှုကိုသာ ခံစား၏။ အဂ္ဂိဝေဿန ဆင်းရဲခံစားမှုကို ခံစားသောအခါ၌ ချမ်းသာခံစားမှုကို မခံစားပေ၊ ဆင်းရဲလည်းမဟုတ် ချမ်းသာလည်းမဟုတ်သော ခံစားမှုကိုလည်း မခံစားပေ၊ ထိုအခါ၌ ဆင်းရဲခံစားမှုကိုသာ ခံစား၏။ အဂ္ဂိဝေဿန ဆင်းရဲလည်းမဟုတ် ချမ်းသာလည်းမဟုတ်သော ခံစားမှုကိုခံစားသောအခါ၌ ချမ်းသာခံစားမှုကို မခံစားပေ၊ ဆင်းရဲခံစားမှုကိုလည်း မခံစားပေ၊ ထိုအခါ၌ဆင်းရဲလည်းမဟုတ် ချမ်းသာလည်းမဟုတ်သော ခံစားမှုကိုသာ ခံစား၏။ အဂ္ဂိဝေဿနချမ်းသာခံစားမှုသည်လည်း မမြဲပေ၊ ပြုပြင်အပ်၏၊ အကြောင်းကို စွဲ၍ဖြစ်၏၊ ကုန်ခန်းတတ်သောသဘောရှိ၏၊ ပျက်စီးတတ်သော သဘော ရှိ၏၊ တပ်မက်ဖွယ်ရာကင်းသော သဘောရှိ၏၊ ချုပ်ပျောက်တတ်သော သဘောရှိ၏။

အဂ္ဂိဝေဿန ဆင်းရဲခံစားမှုသည်လည်း မမြဲပေ၊ ပြုပြင်အပ်၏၊ အကြောင်းကို စွဲ၍ ဖြစ်၏၊ ကုန်ခန်းတတ်သော သဘောရှိ၏၊ ပျက်စီးတတ်သော သဘောရှိ၏၊ တပ်မက်ဖွယ်ရာကင်းသော သဘောရှိ၏၊ ချုပ်ပျောက်တတ်သော သဘောရှိ၏။ အဂ္ဂိဝေဿန ဆင်းရဲလည်းမဟုတ် ချမ်းသာလည်းမဟုတ်သောခံစားမှုသည်လည်း မမြဲပေ၊ ပြုပြင်အပ်၏၊ အကြောင်းကို စွဲ၍ဖြစ်၏၊ ကုန်ခန်းတတ်သော သဘောရှိ၏၊ ပျက်စီးတတ်သော သဘောရှိ၏၊ တပ်မက်ဖွယ်ရာကင်းသော သဘောရှိ၏၊ ချုပ်ပျောက်တတ်သောသဘော ရှိ၏။

အဂ္ဂိဝေဿန ဤသို့ မြင်လတ်သော် အကြားအမြင်နှင့် ပြည့်စုံသော အရိယာတို့၏ တပည့်သည်ချမ်းသာခံစားမှု၌လည်း ငြီးငွေ့၏၊ ဆင်းရဲခံစားမှု၌လည်း ငြီးငွေ့၏၊ ဆင်းရဲလည်းမဟုတ် ချမ်းသာလည်းမဟုတ်သော ခံစားမှု၌လည်း ငြီးငွေ့၏၊ ငြီးငွေ့သော် တပ်ခြင်းကင်း၏၊ တပ်ခြင်းကင်းခြင်းကြောင့် (ကိလေ သာမှ) လွတ်၏၊ (ကိလေသာမှ) လွတ်ရာ၌ လွတ်ပြီဟု အသိဉာဏ်ဖြစ်၏၊ “ပဋိသန္ဓေတည်နေမှုကုန်ပြီ၊ မြတ်သောအကျင့်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ်ကိစ္စကို ပြုပြီးပြီ၊ အရဟတ္တမဂ်ဉာဏ်အကျိုးငှါ တစ်ဖန်ပြုဖွယ် ကိစ္စ မရှိတော့ပြီ”ဟု သိ၏။ အဂ္ဂိဝေဿန ဤသို့ (ကိလေသာမှ) လွတ်ပြီးသော စိတ်ရှိသော ရဟန်း သည် တစ်စုံတစ်ယောက်နှင့်မျှ မပြောဆို၊ တစ်စုံတစ်ယောက်နှင့်မျှ မငြင်းခုံ၊ လောက၌ ပြောဆိုအပ်သော စကားဖြင့်သာ ခေါ်ဝေါ်ပြောဆို၏၊ မှားသောအားဖြင့်ကား မသုံးသပ်တော့ပြီဟု (မိန့်တော်မူ၏)။

၂ဝ၆။ ထိုအခါ အသျှင်သာရိပုတြာသည် မြတ်စွာဘုရား၏ နောက်မှ မြတ်စွာဘုရားကို ယပ်ခပ်လျက်တည်နေ၏၊ ထိုအခါ အသျှင်သာရိပုတြာမထေရ်အား “ငါတို့၏ မြတ်စွာဘုရားသည် ထိုထိုတရားတို့ကိုထူးသောဉာဏ်ဖြင့် သိ၍ ပယ်ခြင်းကို ဟောတော်မှု၏၊ ငါတို့ မြတ်စွာဘုရားသည် ထိုထိုတရားတို့ကို့ထူးသောဉာဏ်ဖြင့် သိ၍ စွန့်လွှတ်ခြင်းကို ဟောတော်မူ၏”ဟု ဤသို့သောအကြံသည် ဖြစ်၏၊ ဤသို့ဤတရားသဘောကို အဖန်ဖန် ရှုဆင်ခြင်သော အသျှင်သာရိပုတြာမထေရ်၏ စိတ်သည် တဏှာဒိဋ္ဌိတို့ဖြင့်တစ်စုံတစ်ခုသော တရားကိုမျှ မစွဲလမ်းမူ၍ အာသဝေါတရားတို့မှ လွတ်ပြီ၊ ဒီဃနခပရိဗိုဇ်အားကား “ဖြစ်ပေါ်လာသမျှ တရားအလုံးစုံသည် ချုပ်ခြင်းသဘောရှိ၏”ဟု ကိလေသာမြူကင်းသော ကိလေသာအညစ်အကြေးကင်းသော တရားမျက်စိ ‘သောတာပတ္တိမဂ်ဉာဏ်’ သည် ထင်ရှား ဖြစ်ပေါ်လာပြီ။

ထိုအခါ ဒီဃနခပရိဗိုဇ်သည် မြင်အပ်ပြီးသောတရားရှိသည်ဖြစ်၍ ရောက်အပ်ပြီးသော တရားရှိသည်ဖြစ်၍ သိအပ်ပြီးသော တရားရှိသည်ဖြစ်၍ သက်ဝင်အပ်ပြီးသော တရားရှိသည်ဖြစ်၍ ကူးမြောက်အပ်ပြီးသော ဝိစိကိစ္ဆာရှိသည်ဖြစ်၍ သို့လော သို့လော တွေးတောယုံးမှားခြင်း ကင်းသည်ဖြစ်၍ ရဲရင့်သောအဖြစ်သို့ ရောက်သည်ဖြစ်၍ သူတစ်ပါးကြောင့် ယုံကြည်သူမဟုတ်ဘဲ မြတ်စွာဘုရား သာသနာတော်၌မြတ်စွာဘုရားမှတစ်ပါး ယုံကြည်အပ်သောသူ မရှိသည်ဖြစ်၍ မြတ်စွာဘုရားအား “အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ်ရှိပါပေစွ၊ အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ်ရှိပါပေစွ၊ အသျှင်ဂေါတမ ဥပမာသော်ကား မှောက်၍ ထားအပ်သော ဝတ္ထုကို လှန်၍ ပြဘိသကဲ့သို့လည်းကောင်း ဖုံးလွှမ်း၍ ထားအပ်သော ဝတ္ထုကို ဖွင့်လှစ်၍ ပြဘိသကဲ့သို့လည်းကောင်း၊ မျက်စိလည်၍ ခရီးမှားသောသူကို ခရီးမှန်ကို ပြောကြားဘိသကဲ့သို့လည်းကောင်း၊ ‘မျက်စိအမြင်ရှိသော သူတို့သည် ရူပါရုံတို့ကို မြင်ကြကုန်လတ္တံ့’ဟု အမိုက်တိုက်၌ ဆီမီးတန်ဆောင်ကို ညှိထွန်းပြဘိသကဲ့သို့လည်းကောင်း ဤအတူသာလျှင် အသျှင်ဂေါတမသည် များစွာသော အကြောင်းဖြင့် တရားတော်ကို ပြတော်မူအပ်ပါပေ၏။ ထိုအကျွန်ုပ်သည် အသျှင်ဂေါတမကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ တရားတော်ကိုလည်းကောင်းရဟန်းအပေါင်းကိုလည်းကောင်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ အသျှင်ဂေါတမသည် ယနေ့ကို အစပြု၍ အသက်ရှည်သမျှကာလပတ်လုံး အကျွန်ုပ်ကို (ရတနာသုံးပါးကို) ကိုးကွယ်ရာဟူ၍ ဆည်းကပ်တတ်သော ဥပါသကာဒါယကာဟူ၍ မှတ်တော်မူပါလော့”ဟု (လျှောက်၏)။

လေးခုမြောက် ဒီဃနခသုတ် ပြီး၏။