မဇ္ဈိမနိကာယ်
၆—သန္ဒကသုတ်
၂၂၃။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်—
အခါတစ်ပါး၌ မြတ်စွာဘုရားသည် ကောသမ္ဗီပြည် ဃောသိတာရုံကျောင်း၌ သီတင်းသုံး နေတော် မူ၏။ ထိုအခါ သန္ဒကပရိဗိုဇ်သည် ငါးရာမျှသော ပရိဗိုဇ်ပရိသတ်များနှင့် အတူ ပိလက္ခဂူ၌ နေ၏။ ထိုအခါအသျှင်အာနန္ဒာသည် ညနေချမ်းအခါ ကိန်းအောင်းရာမှ ထလျက် ရဟန်းတို့ကို “ငါ့သျှင်တို့ လာ, သွားကြကုန်အံ့၊ ဒေဝကတအိုင် ဂူလိုဏ်ကို ကြည့်ရန် ချဉ်းကပ်ကြကုန်အံ့”ဟု မိန့်ဆို၏။ “အသျှင်ဘုရားကောင်းပါပြီ” ဟူ၍သာလျှင် ထိုရဟန်းတို့သည် အသျှင်အာနန္ဒာအား ပြန်ကြားလျှောက်ထားကုန်၏။ ထိုအခါ အသျှင်အာနန္ဒာသည် များစွာသော ရဟန်းတို့နှင့် အတူ ဒေဝကတအိုင်သို့ ချဉ်းကပ်၏။
ထိုအခါ သန္ဒကပရိဗိုဇ်သည် များပြားသော မဂ်ဖိုလ်မှ ဖီလာဖြစ်သော စကားကို ပဲ့တင်ထပ်မျှပြင်းပြကျယ်လောင်သော အသံဖြင့် ပြောဆိုလျက် များစွာသော ပရိဗိုဇ်ပရိသတ်နှင့်အတူ နေ၏။ ဤသည်ကား အဘယ်နည်း။ မင်းနှင့်စပ်သောစကား ခိုးသူနှင့်စပ်သောစကား အမတ်ကြီးနှင့်စပ်သောစကားစစ်သည်နှင့်စပ်သောစကား ကြောက်ဖွယ်နှင့်စပ်သောစကား စစ်ထိုးခြင်းနှင့်စပ်သောစကား စားဖွယ်နှင့်စပ်သောစကား သောက်ဖွယ်နှင့်စပ်သောစကား အဝတ်နှင့်စပ်သောစကား အိပ်ရာနှင့်စပ်သောစကား ပန်းနှင့်စပ်သောစကား နံ့သာနှင့်စပ်သောစကား ဆွေမျိုးနှင့်စပ်သောစကား ယာဉ်နှင့်စပ်သောစကား ရွာနှင့်စပ်သောစကား နိဂုံးနှင့်စပ်သောစကား မြို့နှင့်စပ်သောစကား နယ်နှင့်စပ်သောစကား မိန်းမနှင့်စပ်သောစကား ယောကျာ်းနှင့်စပ်သောစကား၁ သူရဲကောင်းနှင့် စပ်သောစကား လမ်းနှင့်စပ်သောစကား၂ရေခပ်ဆိပ် နှင့်စပ်သောစကား သေလွန်သူနှင့်စပ်သော စကား အထွေထွေနှင့်စပ်သောစကား လောက (အကြောင်း) နှင့် စပ်သောစကား သမုဒ္ဒရာ (အကြောင်း) နှင့်စပ်သောစကား ကြီးပွါးခြင်း ဆုတ်ယုတ်ခြင်းနှင့်စပ်သော စကားတို့တည်း။
သန္ဒကပရိဗိုဇ်သည် ကြွလာသောအသျှင်အာနန္ဒာကို အဝေးကပင် မြင်လတ်သော် “အသျှင်တို့ တိတ်ဆိတ်စွာ နေကြပါကုန်လော့၊ အသံမပြုကုန်လင့်၊ ရဟန်းဂေါတမ၏ တပည့်ဖြစ်သော ဤရဟန်းအာနန္ဒာသည် ကြွလာနေ၏၊ ကောသမ္ဗီပြည်၌ နေကြသမျှသော ရဟန်းဂေါတမ၏ တပည့်သာဝကတို့တွင် ဤ့ရဟန်းအာနန္ဒာသည် တစ်ပါးအပါအဝင်ဖြစ်၏၊ ထိုအသျှင်တို့သည် တိတ်ဆိတ်ခြင်းကို အလိုရှိကြ၏၊ တိတ်ဆိတ်ခြင်း၌ မြတ်စွာဘုရားက ဆုံးမထားပြီးဖြစ်ကုန်၏၊ တိတ်ဆိတ်ခြင်း၏ ဂုဏ်ကို ဆိုလေ့ရှိကုန်၏၊ ပရိသတ်အသံ တိတ်ဆိတ်နေသည်ကို သိလျှင် ချဉ်းကပ်သင့်သည်ဟု အောက်မေ့တန်ရာ၏”ဟူ၍ မိမိပရိသတ်ကို သေဝပ်စွာ နေရန် ပြောဆို၏။ ထိုသို့ ဆိုသော် ထိုပရိဗိုဇ်တို့သည် ဆိတ်ဆိတ်နေကုန်၏။
၂၂၄။ ထိုအခါ အသျှင်အာနန္ဒာသည် သန္ဒကပရိဗိုဇ်ထံသို့ ချဉ်းကပ်လေ၏။ ထိုအခါ သန္ဒကပရိဗိုဇ် သည်အသျှင်အာနန္ဒာအား— “အသျှင်အာနန္ဒာ ကြွလာတော်မူပါလော့၊ အသျှင်အာနန္ဒာ ကြွလာခြင်းသည်ကောင်းသော ကြွလာခြင်းဖြစ်ပါသည်၊ အသျှင်အာနန္ဒာသည် ဤအရပ်သို့ ကြွလာတော်မူရန် အလှည့်ကိုကြာမြင့်မှ ပေးတော်မူဘိ၏၊ အသျှင်အာနန္ဒာ ထိုင်တော်မူပါ၊ ဤနေရာကို ပြင်ထားပါသည်”ဟု လျှောက်၏။ အသျှင်အာနန္ဒာသည် ပြင်ထားသော နေရာ၌ ထိုင်နေ၏။ သန္ဒကပရိဗိုဇ်သည်လည်း နိမ့်သော ထိုင်စရာတစ်ခုကို ယူ၍ တစ်ခုသော နေရာ၌ ထိုင်၏၊ တစ်ခုသော နေရာ၌ ထိုင်ပြီးသော သန္ဒကပရိဗိုဇ်အားအသျှင်အာနန္ဒာသည် ဤစကားကို ပြောဆို၏ — “သန္ဒက ယခုအခါ သင်တို့သည် အဘယ်စကားဖြင့်စည်းဝေးကြကုန်သနည်း၊ သင်တို့၏ မပြီးဆုံးသေးသော အကြားစကားသည်ကား၃ အဘယ်ပါနည်း”ဟု (ပြောဆို၏)။ အသျှင်အာနန္ဒာ ယခုအခါ အကျွန်ုပ်တို့ စုဝေးထိုင်နေလျက် ပြောဆိုနေကြသော စကားကိုထားပါဦး၊ ဤစကားသည် အသျှင်အာနန္ဒာအား နောက်အခါ၌လည်း ကြားနာရန် ခဲယဉ်းမည် မဟုတ်ပါ။ အသျှင်အာနန္ဒာကိုသာ တောင်းပန်ပါ၏၊ မိမိဆရာ၏ အယူ၌ ပါဝင်သော တရားစကားကိုအကျွန်ုပ်တို့အား ဟောကြားပါလော့ဟု (ပြောဆို၏)။ သန္ဒက သို့ဖြစ်မူ နာကြားလော့၊ ကောင်းစွာနှလုံးသွင်းလော့၊ ဟော ကြားမည်ဟု (ပြောဆို၏)။ “အသျှင်ကောင်းပါပြီ” ဟူ၍ သန္ဒကပရိဗိုဇ်သည်အသျှင်အာနန္ဒာအား ပြန်ကြား လျှောက်ထား၏။
အသျှင်အာနန္ဒာသည် ဤစကားကို မိန့်ဆို၏—“သန္ဒက သိတော်မူ မြင်တော်မူ၍ ပူဇော်အထူးကိုခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားသည်ဤမမြတ်သော အကျင့်ကို ကျင့်သုံးမှုလေးမျိုးတို့ကို ဟောကြားတော်မူ၏၊ သက်သာရာကို မရစေနိုင်သောမြတ်သော အကျင့်လေးမျိုးတို့ကိုလည်း ဟောကြားတော်မူ၏။ ယင်းအကျင့်၌ သိနားလည်သောယောကျာ်းသည် မြတ်သော အကျင့်ဟူ၍ စင်စစ် မကျင့်သုံးရာ၊ ကျင့်သုံးသော်လည်း နည်းလမ်းမှန်သောကုသိုလ်တရားကို မပြည့်စုံစေနိုင်ရာ”ဟု (မိန့်ဆို၏)။ အသျှင်အာနန္ဒာ သိတော်မူ မြင်တော်မူ၍ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားသည် ဟောကြားထားသော သိနားလည်သည့် ယောကျာ်းသည် မြတ်သော အကျင့်ဟူ၍ စင်စစ်မကျင့်သုံးရာဖြစ်သော ကျင့်သုံးသော်လည်း နည်းလမ်းမှန်သော ကုသိုလ်တရားတို့ မပြည့်စုံစေနိုင်ရာသောမမြတ်သော အကျင့်ကို ကျင့်သုံးမှုလေးမျိုးတို့ဟူသည် အဘယ်တို့နည်းဟု (မေးလျှောက်၏)။
၂၂၅။ သန္ဒက ဤလောက၌ အချို့သောဆရာသည် ဤသို့ အယူဝါဒရှိ၏—“ပေးလှူခြင်းသည် မရှိ၊၄ ယဇ်ပူဇော်ခြင်းသည် မရှိ၊ ဟုံးပူဇော်ခြင်းသည် မရှိ၊ ကောင်းမှု မကောင်းမှုတို့၏ အကျိုးဝိပါက်သည် မရှိ၊ ဤလောကသည် မရှိ၊ တစ်ပါးသော လောကသည် မရှိ၊ အမိသည် မရှိ၊၅ အဖသည် မရှိ၊ သေလွန်၍တစ်ဖန်ဖြစ်သော သတ္တဝါတို့သည် မရှိကုန်၊ ဤလောကကိုလည်းကောင်း၊ တစ်ပါးသောလောကကိုလည်းကောင်း ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုလျက် ဟောကြားနိုင်ကုန်သောဖြောင့်မှန် သော အရိယမဂ်သို့ ရောက်ကုန်သော ကောင်းသော အကျင့်ရှိကုန်သောသမဏဗြာဟ္မဏတို့သည် လောက၌ မရှိကုန်၊ ဤသတ္တဝါသည် မဟာဘုတ်လေးပါး အစုအဝေးဖြစ်၏၊ သေသောအခါ မြေဓာတ်သည် မြေဓာတ်အစုသို့ ဆိုက်၏၊ ရောက်၏၊ ရေဓာတ်သည် ရေဓာတ်အစုသို့ဆိုက်၏၊ ရောက်၏၊ မီးဓာတ်သည် မီးဓာတ်အစုသို့ ဆိုက်၏၊ ရောက်၏၊ လေဓာတ်သည်လေဓာတ်အစုသို့ ဆိုက်၏၊ ရောက်၏၊ နာမ်ဣန္ဒြေ တို့သည် ကောင်းကင်သို့ ပြောင်းရွှေ့ကုန်၏၊ ့ညောင်စောင်းလျှင် ငါးခုမြောက်ဖြစ်သော ယောကျာ်းတို့သည် သူသေကောင်ကို ယူ၍ သွားကုန်၏၊ သင်းချိုင်းတိုင်အောင် သူသေကောင်တို့သည် ထင်ကုန်၏၊ အရိုးတို့ သည် ခိုအဆင်းကဲ့သို့ ဖြစ်ကုန်၏၊ အလှူတို့သည် ပြာအဆုံးရှိကုန်၏၊ အလှူပေးခြင်းကို လူမိုက်တို့က ပညတ်ထား၏၊ အချို့သူတို့သည်ပေးလှူခြင်းစသည် ရှိ၏ ဟူသော ဝါဒကို ပြောဟောကုန်၏၊ ထိုသူတို့၏ စကားသည် အချည်းနှီးဖြစ်၏၊ မှားယွင်း၏၊ ယောင်ယမ်းပြောဆိုသော စကားဖြစ်၏၊ လူမိုက်ဖြစ်စေ၊ ပညာရှိဖြစ်စေ ခန္ဓာကိုယ်ပျက်စီးလျှင်ပြတ်စဲကုန်၏၊ ပျက်စီးကုန်၏၊ သေသည်မှနောက်၌ မရှိကုန်”ဟု ဤသို့ အယူရှိကုန်၏။
သန္ဒက သိနားလည်သော ယောကျာ်းသည် ထိုအယူဝါဒ၌ ဤသို့ ဆင်ခြင်၏— ဤအသျှင်ဆရာသည်”ပေးလှူခြင်းသည် မရှိ၊ ယဇ်ပူဇော်ခြင်းသည် မရှိ၊ ဟုံးပူဇော်ခြင်းသည် မရှိ၊ ကောင်းမှုမကောင်းမှုတို့၏ အကျိုးဝိပါက်သည် မရှိ၊ ဤလောကသည် မရှိ၊ တစ်ပါးသော လောကသည် မရှိ၊ အမိသည် မရှိ၊ အဖသည် မရှိ၊ သေလွန်၍ တစ်ဖန်ဖြစ်သော သတ္တဝါတို့သည် မရှိကုန်၊ ဤလောကကိုလည်းကောင်း၊ တစ်ပါးသောလောကကိုလည်းကောင်း ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် သိ၍မျက်မှောက်ပြုလျက် ဟောကြား နိုင်ကုန်သော ညီညွတ်ကုန်သော ကောင်းသော အကျင့်ရှိကုန်သောသမဏဗြာဟ္မဏတို့သည် လောက၌ မရှိကုန်၊ ဤသတ္တဝါသည် မဟာဘုတ်လေးပါး အစုအဝေးဖြစ်၏၊ သေသောအခါ မြေဓာတ်သည် မြေဓာတ် အစုသို့ ဆိုက်၏၊ ရောက်၏၊ ရေဓာတ်သည် ရေဓာတ်အစုသို့ဆိုက်၏၊ ရောက်၏၊ မီးဓာတ်သည် မီးဓာတ်အစုသို့ ဆိုက်၏၊ ရောက်၏၊ လေဓာတ်သည်လေဓာတ်အစုသို့ ဆိုက်၏၊ ရောက်၏၊ နာမ်ဣန္ဒြေ တို့သည် ကောင်းကင်သို့ ပြောင်းရွှေ့ကုန်၏၊ ညောင်စောင်းလျှင် ငါးခုမြောက်ဖြစ်သော ယောကျာ်းတို့သည် သူသေကောင်ကို ယူ၍ သွားကုန်၏၊ သင်းချိုင်းတိုင်အောင် သူသေကောင်တို့သည် ထင်ကုန်၏၊ အရိုးတို့ သည် ခိုအဆင်းကဲ့သို့ ဖြစ်ကုန်၏၊ အလှူတို့သည် ပြာအဆုံးရှိကုန်၏၊ အလှူပေးခြင်းကို လူမိုက်တို့က ပညတ်ထား၏၊ အချို့သူတို့သည်ပေးလှူခြင်းစသည် ရှိ၏ ဟူသော ဝါဒကို ပြောဟောကုန်၏၊ ထိုသူတို့၏ စကားသည် အချည်းနှီးဖြစ်၏၊ မှားယွင်း၏၊ ယောင်ယမ်းပြောဆိုသော စကားဖြစ်၏၊ လူမိုက်ဖြစ်စေ၊ ပညာရှိဖြစ်စေ ခန္ဓာကိုယ်ပျက်စီးလျှင်ပြတ်စဲကုန်၏၊ ပျက်စီးကုန်၏၊ သေသည်မှနောက်၌ မရှိကုန်”ဟု ဤသို့ ဆိုလေ့ယူလေ့ရှိ၏။
အကယ်၍ ဤအသျှင်ဆရာ၏ စကားသည် မှန်ခဲ့ပါလျှင် “ငါတို့ နှစ်ဦးလုံးသည် ခန္ဓာကိုယ်ပျက်စီး၍သေပြီးသည်မှ နောက်အခါ၌ ပြတ်ကုန်လတ္တံ့၊ ပျက်စီးကုန်လတ္တံ့၊ သေသည်မှ နောက်အခါ၌ မဖြစ်ကုန်လတ္တံ့”ဟု မဆိုသော ငါသည် ဤဆရာ၏ အယူဝါဒ၌ မပြုဘဲလျက် ပြုပြီးဖြစ်ရာ၏၊ မကျင့်သုံးဘဲ လျက်ကျင့်သုံးပြီး ဖြစ်ရာ၏၊ ရဟန်းတရား၌ ငါတို့နှစ်ဦးလုံးပင် တူမျှသည့်အဖြစ်သို့ ရောက်ကုန်၏ဟု (ဆင်ခြင်၏)။ အဝတ်မဝတ်သော အချည်းနှီးသော ဦးပြည်း (ခေါင်းတုံး) သော ဆောင့်ကြောင့်ထိုင်သောဆံမုတ်ဆိတ်ကိုနုတ်သော ဤအသျှင်ဆရာ၏ အကျင့်သည် အပိုသာတည်း။ သားမယားတို့ဖြင့် ကျဉ်းမြောင်းသော အိမ်၌နေလျက် ကာသိကရာဇ်တိုင်းဖြစ် စန္ဒကူးတို့ကို လိမ်းကျံခံစားလျက် ပန်းနံ့သာ နံ့သာပျောင်းတို့ကို ဆောင်လျက် ရွှေငွေကို သာယာလျက် တမလွန်လောက၌ ဤအသျှင်ဆရာနှင့် တူမျှသောလားရာရှိမည်ဖြစ်သော ငါသည် ဤဆရာ့ထံ၌ အဘယ်အကျိုးကို သိသည်ဖြစ်၍ အဘယ်အကျိုးကိုမြင်သည်ဖြစ်၍ မြတ်သောအကျင့်ကို ကျင့်ရအံ့နည်း။ ထိုသူသည် “ဤသည်ကား မမြတ်သော ကျင့်သုံးမှုတည်း”ဟု သိ၍ ထိုမြတ်သောအကျင့်မှ ငြီးငွေ့ကာ ဖဲခွါသွားလေ၏။ သန္ဒက ဤသည်ကား သိတော်မူမြင်တော်မူ၍ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားသည် ဟောကြားထားသော သိနားလည်သော ယောကျာ်းသည် မြတ်သောအကျင့် ဟူ၍ စင်စစ် မကျင့်သုံးရာဖြစ်သော ကျင့်သုံးသော်လည်း နည်းလမ်းမှန်သော ကုသိုလ်တရားကိုမပြည့်စုံစေနိုင်ရာသော ရှေးဦးစွာသော မမြတ်သော အကျင့်ကို ကျင့်သုံးမှုပေတည်း။
၂၂၆။ သန္ဒက နောက်တစ်မျိုးကား ဤ လောက၌ အချို့သော ဆရာသည် ဤသို့ ဆိုလေ့ ယူလေ့ရှိ၏—“ပြုသူ ပြုစေသူ၊ ဖြတ်သူ ဖြတ်စေသူ၊ နှိပ်စက်သူ နှိပ်စက်စေသူ၊ ပူဆွေးအောင် ပြုသူ ပြုစေသူ၊ ပင်ပန်းအောင် ပြုသူ ပြုစေသူ၊ တုန်လှုပ်သူ တုန်လှုပ်စေသူ၊ အသက်ကို သတ်သူ (သတ်စေသူ)၊ ခိုးယူသူ (ခိုးယူစေသူ)၊ အိမ်ကို ဖောက်ထွင်းသူ (ဖောက်ထွင်းစေသူ)၊ (ရွာကို) တိုက်ခိုက်လုယူသူ (တိုက်ခိုက်လုယူစေသူ)၊ ခရီးလမ်း၌ စောင့်၍ လုယက်သူ (လုယက်စေသူ)၊ သူ့မယားကို သွားလာသူ (သွားလာစေသူ)၊ မဟုတ်မမှန်သော စကားကို ပြောသူ (ပြောစေသူ)၊ များသော မကောင်းမှုကို ပြုသော်လည်း ပြုသည်မမည်၊ ဤမြေပေါ်ရှိ သတ္တဝါတို့ကို သင်တုန်းသွားစက်ဖြင့် တစ်ခုတည်းသော အသားစုအသားပုံဖြစ်အောင် အကယ်၍ ပြုစေကာမူ ထိုအကြောင်းကြောင့် မကောင်းမှု မရှိ၊ မကောင်းမှုဖြစ်ခြင်းမရှိ၊ အသက်ကို သတ်လျက် သတ်စေလျက်၊ ဖြတ်လျက် ဖြတ်စေလျက်၊ နှိပ်စက်လျက် နှိပ်စက်စေလျက်၊ ဂင်္ဂါမြစ်၏ တောင်ဘက်ကမ်းသို့ အကယ်၍ သွားစေကာမူ ထို (သတ်ခြင်းစသော) အကြောင်းကြောင့်မကောင်းမှု မရှိ၊ မကောင်းမှုဖြစ်ခြင်း မရှိ၊ လှူလျက် လှူစေလျက်၊ ပူဇော်လျက် ပူဇော်စေလျက်၊ ဂင်္ဂါမြစ်၏ မြောက်ဘက်ကမ်းသို့ အကယ်၍ သွားစေကာမူ ထို (လှူခြင်း စသော) အကြောင်းကြောင့်ကောင်း မှုမရှိ၊ ကောင်းမှုဖြစ်ခြင်း မရှိ၊ အလှူပေးခြင်း ဣန္ဒြေကို ဆုံးမခြင်း သီလစောင့်စည်းခြင်းအမှန်ဆိုခြင်း တို့ကြောင့် ကောင်းမှု မရှိ၊ ကောင်းမှုဖြစ်ခြင်း မရှိ”ဟု (ဆိုလေ့ ယူလေ့ရှိ၏)။
သန္ဒက သိနားလည်သော ယောကျာ်းသည် ထိုအယူ၌ ဤသို့ ဆင်ခြင်၏— ဤအသျှင်ဆရာသည် “ပြုသူ ပြုစေသူ၊ ဖြတ်သူ ဖြတ်စေသူ၊ နှိပ်စက်သူ နှိပ်စက်စေသူ၊ ပူဆွေးအောင် ပြုသူ ပြုစေသူ၊ ပင်ပန်းအောင် ပြုသူ ပြုစေသူ၊ တုန်လှုပ်သူ တုန်လှုပ်စေသူ၊ အသက်ကို သတ်သူ (သတ်စေသူ)၊ ခိုးယူသူ (ခိုးယူစေသူ)၊ အိမ်ကို ဖောက်ထွင်းသူ (ဖောက်ထွင်းစေသူ)၊ (ရွာကို) တိုက်ခိုက်လုယူသူ (တိုက်ခိုက်လုယူစေသူ)၊ ခရီးလမ်း၌ စောင့်၍ လုယက်သူ (လုယက်စေသူ)၊ သူ့မယားကို သွားလာသူ (သွားလာစေသူ)၊ မဟုတ်မမှန်သော စကားကို ပြောသူ (ပြောစေသူ)၊ များသော မကောင်းမှုကို ပြုသော်လည်းပြုသည်မမည်၊ ဤမြေပေါ်ရှိ သတ္တဝါတို့ကို သင်တုန်းသွားစက်ဖြင့် တစ်ခုတည်းသော အသားစုအသားပုံဖြစ်အောင် အကယ်၍ ပြုစေကာမူ ထိုအကြောင်းကြောင့် မကောင်းမှု မရှိ၊ မကောင်းမှုဖြစ်ခြင်းမရှိ၊ အသက်ကို သတ်လျက် သတ်စေလျက်၊ ဖြတ်လျက် ဖြတ်စေလျက်၊ နှိပ်စက်လျက် နှိပ်စက်စေလျက်၊ ဂင်္ဂါမြစ်၏ တောင်ဘက်ကမ်းသို့ အကယ်၍ သွားစေကာမူ ထို (သတ်ခြင်းစသော) အကြောင်းကြောင့်မကောင်းမှု မရှိ၊ မကောင်းမှုဖြစ်ခြင်း မရှိ၊ လှူလျက် လှူစေလျက်၊ ပူဇော်လျက် ပူဇော်စေလျက်၊ ဂင်္ဂါမြစ်၏ မြောက်ဘက်ကမ်းသို့ အကယ်၍ သွားစေကာမူ ထို (လှူခြင်း စသော) အကြောင်းကြောင့် ကောင်းမှုမရှိ၊ ကောင်းမှုဖြစ်ခြင်း မရှိ၊ အလှူပေးခြင်း ဣန္ဒြေကို ဆုံးမခြင်း သီလစောင့်စည်းခြင်း အမှန်ဆိုခြင်းတို့ကြောင့် ကောင်းမှု မရှိ၊ ကောင်းမှုဖြစ်ခြင်း မရှိ”ဟု ဆိုလေ့ ယူလေ့ရှိ၏။
အကယ်၍ ဤအသျှင်ဆရာ၏ စကားသည် မှန်ခဲ့ပါလျှင် “နှစ်ဦးသူတို့ ပြုထားသော မကောင်းမှုသည်ပြုသည်မမည်”ဟု မဆိုသော ငါသည် ဤဆရာ၏ အယူဝါဒ၌ မပြုဘဲလျက် ပြုပြီးဖြစ်ရာ၏၊ မကျင့်သုံးဘဲလျက် ကျင့်သုံးပြီး ဖြစ်ရာ၏၊ ဤရဟန်းတရား၌ ငါတို့နှစ်ဦးလုံးပင် တူမျှသောအဖြစ်သို့ရောက်ကုန်၏ဟု (ဆင်ခြင်၏)။
အဝတ်မဝတ်သော အချည်းနှီးသော ဦးပြည်း (ခေါင်းတုံး) သော ဆောင့်ကြောင့်ထိုင်သော ဆံမုတ်ဆိတ်ကို နုတ်သော ဤအသျှင်ဆရာ၏ အကျင့်သည် အပိုသာတည်း။ သားမယားတို့ဖြင့် ကျဉ်းမြောင်းသော အိမ်၌ နေလျက် ကာသိကရာဇ်တိုင်းဖြစ် စန္ဒကူးကို လိမ်းကျံခံစားလျက် ပန်းနံ့သာ နံ့သာပျောင်းတို့ကို ဆောင်လျက် ရွှေငွေကို သာယာလျက် တမလွန်လောက၌ ဤအသျှင်ဆရာနှင့် တူမျှသော လားရာရှိမည်ဖြစ်သော ငါသည် အဘယ်အကျိုးကို သိ၍ အဘယ်အကျိုးကို မြင်၍ ဤဆရာ၌ မြတ်သောအကျင့်ကို ကျင့်သုံးအံ့နည်း။ ထိုသူသည် “ဤသည်ကား မမြတ်သော ကျင့်သုံးမှုတည်း”ဟု သိ၍ ထိုမြတ်သော အကျင့်မှ ငြီးငွေ့ကာ ဖဲခွါသွားလေ၏။
သန္ဒက ဤသည်ကား သိတော်မူ မြင်တော်မူ၍ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရား ဟောကြားထားသောသိနားလည်သော ယောကျာ်းသည် မြတ်သော အကျင့်ဟူ၍ စင်စစ် မကျင့်သုံးရာဖြစ်သောကျင့်သုံးသော်လည်း နည်းလမ်း မှန်သော ကုသိုလ်တရားကို မပြည့်စုံစေနိုင်ရာသော နှစ်ခုမြောက်မမြတ်သော အကျင့်ကို ကျင့်သုံးမှု ပေတည်း။
၂၂၇။ သန္ဒက နောက်တစ်မျိုးကား ဤ လောက၌ အချို့သော ဆရာသည် ဤသို့ ဆိုလေ့ယူလေ့ရှိ၏—“သတ္တဝါတို့ ညစ်ညူးရန် အကြောင်းသည် မရှိ၊ အထောက်အပံ့သည် မရှိ၊ အကြောင်းမရှိအထောက်အပံ့မရှိဘဲ သတ္တဝါတို့ ညစ်ညူးကုန်၏။ သတ္တဝါတို့ စင်ကြယ်ရန် အကြောင်းသည် မရှိ၊ အထောက်အပံ့သည် မရှိ၊ အကြောင်းမရှိ အထောက်အပံ့မရှိဘဲ သတ္တဝါတို့သည် စင်ကြယ်ကုန်၏။
ခွန်အားသည် မရှိ၊ လုံ့လသည် မရှိ၊ ယောကျာ်းတို့စွမ်းအားသည် မရှိ၊ ယောကျာ်းတို့အားထုတ်မှုသည် မရှိ၊ အလုံးစုံသောသတ္တဝါ အလုံးစုံသော သက်ရှူသတ္တဝါ အလုံးစုံသော ထင်ရှားဖြစ်သတ္တဝါ အလုံးစုံသော သက်ရှိအရာတို့သည် အစွမ်းမရှိကုန်၊ ခွန်အားမရှိကုန်၊ လုံ့လမရှိကုန်၊ ဖြစ်မြဲအတိုင်း ဆုံစည်းသည့်အတိုင်း သဘာဝအတိုင်း အမျိုးမျိုးဖြစ်ကုန်၍ ဇာတ်အထူးခြောက်မျိုးတို့၌သာလျှင် ချမ်းသာ ဆင်းရဲကို ခံစားကုန်၏”ဟု (ဆိုလေ့ ယူလေ့ရှိ၏)။
သန္ဒက သိနားလည်သော ယောကျာ်းသည် ထိုအယူဝါဒ၌ ဤသို့ ဆင်ခြင်၏—ဤအသျှင်ဆရာသည်”သတ္တဝါတို့ ညစ်ညူးရန် အကြောင်းသည် မရှိ၊ အထောက်အပံ့သည် မရှိ၊ အကြောင်း မရှိ အထောက်အပံ့မရှိဘဲ သတ္တဝါတို့ ညစ်ညူးကုန်၏။ သတ္တဝါတို့ စင်ကြယ်ရန် အကြောင်းသည် မရှိ၊ အထောက်အပံ့သည် မရှိ၊ အကြောင်းမရှိ အထောက်အပံ့မရှိဘဲ သတ္တဝါတို့သည် စင်ကြယ်ကုန်၏။ ခွန်အားသည် မရှိ၊ လုံ့လသည် မရှိ၊ ယောကျာ်းတို့စွမ်းအားသည် မရှိ၊ ယောကျာ်းတို့အားထုတ်မှုသည် မရှိ၊ အလုံးစုံသောသတ္တဝါ အလုံးစုံသော သက်ရှူသတ္တဝါ အလုံးစုံသော ထင်ရှားဖြစ်သတ္တဝါ အလုံးစုံသော သက်ရှိအရာတို့သည် အစွမ်းမရှိကုန်၊ ခွန်အားမရှိကုန်၊ လုံ့လမရှိကုန်၊ ဖြစ်မြဲအတိုင်း ဆုံစည်းသည့်အတိုင်း သဘာဝအတိုင်း အမျိုးမျိုးဖြစ်ကုန်၍ ဇာတ်အထူး ခြောက်မျိုးတို့၌သာလျှင် ချမ်းသာဆင်းရဲကို ခံစားကုန်၏”ဟု (ဆိုလေ့ ယူလေ့ရှိ၏)။ အကယ်၍ ဤအသျှင်ဆရာ၏ စကားသည် မှန်ခဲ့ပါလျှင် “ငါတို့နှစ်ဦးသည်အကြောင်းအထောက်အပံ့မရှိဘဲ စင်ကြယ်ကုန်လိမ့်မည်”ဟု မဆိုသော ငါသည် ဤဆရာ၏ အယူဝါဒ၌ မပြုဘဲလျက် ပြုပြီးဖြစ်ရာ၏၊ မကျင့်သုံးဘဲလျက် ကျင့်သုံးပြီးဖြစ်ရာ၏၊ ဤရဟန်းတရား၌ ငါတို့ နှစ်ဦးလုံးပင် တူမျှသောအဖြစ်သို့ ရောက်ကုန်ရာ၏ဟု (ဆင်ခြင်၏)။ အဝတ်မဝတ်သော အချည်းနှီးသော ဦးပြည်း (ခေါင်းတုံး) သော ဆောင့်ကြောင့်ထိုင်သော ဆံမုတ်ဆိတ်ကို နုတ်သော ဤအသျှင်ဆရာ၏ အကျင့်သည်အပို သာတည်း။ သားမယားဖြင့် ကျဉ်းမြောင်းသော အိမ်၌နေလျက် ကာသိကရာဇ်တိုင်းဖြစ်သောစန္ဒကူးကို လိမ်းကျံခံစားလျက် ပန်းနံ့သာ နံ့သာပျောင်းတို့ကို ဆောင်လျက် ရွှေငွေကို သာယာလျက်တမလွန် လောက၌ ဤအသျှင်ဆရာနှင့် တူမျှသော လားရာရှိမည်ဖြစ်သော ငါသည် အဘယ်အကျိုးထူးကိုသိ၍ အဘယ်အကျိုးထူးကို မြင်၍ ဤဆရာ၌ မြတ်သော အကျင့်ကို ကျင့်သုံးရအံ့နည်း။ ထိုသူသည် “ဤသည်ကား မမြတ်သော ကျင့်သုံးမှုတည်း”ဟု သိ၍ ထိုမြတ်သော အကျင့်မှ ငြီးငွေ့ကာ ဖဲခွါသွားလေ၏။ သန္ဒက ဤသည်ကား သိတော်မူ မြင်တော်မူ၍ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရား ဟောကြားထားသောသိနားလည်သော ယောကျာ်းသည် မြတ်သော အကျင့်ဟူ၍ စင်စစ် မကျင့်သုံးရာဖြစ်သောကျင့်သုံးသော်လည်း နည်းလမ်း မှန်သော ကုသိုလ်တရားကို မပြည့်စုံစေနိုင်ရာသော သုံးခုမြောက်မမြတ်သော အကျင့်ကို ကျင့်သုံးမှုပေ တည်း။
၂၂၈။ သန္ဒက တစ်ဖန် ထို့ပြင်လည်း ဤလောက၌ အချို့သော ဆရာသည် ဤသို့ ဆိုလေ့ယူလေ့ရှိ၏—“ဤခုနစ်ပါးသော အစုတို့သည် ပြုလုပ်ထားသည် မဟုတ်ကုန်၊ ပြုလုပ်ထားစေသည် မဟုတ်ကုန်၊ ဖန်ဆင်းထားသည် မဟုတ်ကုန်၊ ဖန်ဆင်းထားစေသည် မဟုတ်ကုန်၊ မြုံကုန်၏၊ တောင်ထွတ်ကဲ့သို့တည်ကုန်၏၊ ခိုင်မြဲသော တံခါးတိုင်ကဲ့သို့ တည်ကုန်၏၊ ထိုအစုတို့သည် မတုန်လှုပ်ကုန်၊ မဖောက်ပြန်ကုန်၊ အချင်းချင်း မညှဉ်းဆဲနိုင်ကုန်၊ အချင်းချင်း ချမ်းသာရန်လည်းကောင်း၊ ဆင်းရဲရန်လည်းကောင်း၊ ချမ်းသာဆင်းရဲရန်လည်းကောင်း မတတ်နိုင်ကုန်၊ ခုနစ်ပါးတို့ဟူသည် အဘယ်နည်း၊ မြေအစု ရေအစုမီးအစု လေအစု ချမ်းသာ ဆင်းရဲ ခုနစ်ခုမြောက် အသက်တို့တည်း။ ဤခုနစ်ပါးသော အစုတို့သည်ပြုလုပ်ထားသည် မဟုတ်ကုန်၊ ပြုလုပ်ထားစေသည် မဟုတ်ကုန်၊ ဖန်ဆင်းထားသည် မဟုတ်ကုန်၊ ဖန်ဆင်းထားစေသည် မဟုတ်ကုန်၊ မြုံကုန်၏၊ တောင်ထွတ်ကဲ့သို့ တည်ကုန်၏၊ ခိုင်မြဲသော တံခါးတိုင်ကဲ့သို့ တည်ကုန်၏၊ ထိုအစုတို့သည် မတုန်လှုပ်ကုန်၊ မဖောက်ပြန်ကုန်၊ အချင်းချင်း မညှဉ်းဆဲနိုင်ကုန်၊ အချင်းချင်း ချမ်းသာရန်လည်းကောင်း၊ ဆင်းရဲရန်လည်းကောင်း၊ ချမ်းသာဆင်းရဲရန်လည်းကောင်း မတတ်နိုင်ကုန်၊ ထိုအစုတို့၌ သတ်သူ သတ်စေသူ၊ ကြားသူ ကြားစေသူ၊ သိသူ သိစေသူများ မရှိကုန်။ ထက်စွာသော လက်နက်ဖြင့် ဦးခေါင်းကို ဖြတ်စေကာမူ တစ်ဦးတစ်ယောက်သည် တစ်ဦးတစ်ယောက်ကိုသတ်သည်မမည်၊ လက်နက်သည် ခုနစ်ပါးသော အစုတို့၏အကြား ဟင်းလင်းပြင်သို့ ကျရောက်၏၊ ဤတစ်သန်းလေးသိန်းခြောက်ထောင့်ခြောက်ရာသော အဓိကသတ္တဝါမျိုးများ ငါးရာသောကံများ ငါးပါးသောကံများ သုံးပါးသောကံများ (ပြည့်သော) ကံများ ထက်ဝက်သောကံများ ခြောက်ဆယ့်နှစ်ပါးသော အကျင့်များ ခြောက်ဆယ့်နှစ်ပါးသော အန္တရကပ်များ ခြောက်မျိုးသော ဇာတ်အထူးများ ရှစ်ပါးသော ယောကျာ်းတို့၏ အရွယ်များ လေးထောင်ကိုးရာသော တက္ကတွန်းတို့၏ အသက်မွေးမှုများ လေးထောင်ကိုးရာသောပရိဗိုဇ်များ လေးထောင်ကိုးရာသော နဂါးတို့နေရာများ နှစ်ထောင်သော ဣန္ဒြေများ သုံးထောင်သောငရဲများ သုံးဆယ့်ခြောက်မျိုးသော မြူဓာတ် (တည်ရာ) များ ခုနစ်မျိုးသော သညာရှိပဋိသန္ဓေများ ခုနစ်မျိုးသော သညာမဲ့ပဋိသန္ဓေများ ခုနစ်မျိုးသော အဆစ်ပဋိသန္ဓေများ ခုနစ်မျိုးသောနတ်များ ခုနစ်မျိုးသောလူများ ခုနစ်မျိုးသော မြေဖုတ်ဘီလူးများ ခုနစ်ခုသော အိုင်ကြီးများ ခုနစ်ခုသော အဖုကြီးများ ခုနစ်ခုသော ချောက်ကြီးများ ခုနစ်ရာသော ချောက်ငယ်များ ခုနစ်ခုသော အိပ်မက်ကြီးများ ခုနစ်ရာသော အိပ်မက်ငယ်များ ရှစ်သန်းလေးသိန်းသော မဟာကပ်များ ရှိကုန်၏၊ ယင်း (မဟာကပ်တို့) ပတ်လုံး လူမိုက်ဖြစ်စေ၊ ပညာရှိဖြစ်စေ (တစ်ဘဝမှ တစ်ဘဝသို့) ပြေးသွားကျင်လည်၍ ဆင်းရဲကုန် ဆုံးခြင်းကို ပြုကြလတ္တံ့၊ ထိုအတွင်း (ဆင်းရဲကုန်ဆုံးခြင်း မရှိ)။ ‘ငါသည် ဤသီလဖြင့်သော်လည်းကောင်း ဤကျင့်ဝတ်ဖြင့်သော်လည်းကောင်း၊ ဤခြိုးခြံမှုဖြင့်သော်လည်းကောင်း၊ မြတ်သောအကျင့်ဖြင့်သော်လည်းကောင်း မရင့်သေးသော ကံကိုမူလည်း ရင့်စေမည်၊ ရင့်ပြီးသော ကံကိုမူလည်း တွေ့၍ တွေ့၍ ပျက်စီးစေမည်’ဟုဤသို့ (ပြုပြင်နိုင်ခြင်း) မရှိ၊ ချမ်းသာဆင်းရဲသည် စရွတ်တောင်းဖြင့် ခြင်ထားသကဲ့သို့ ဖြစ်၏၊ သံသရာသည် အပိုင်းအခြား ပြုထားပြီးဖြစ်၏၊ အတိုးအဆုတ် မရှိ၊ အလွန်အယုတ် မရှိ၊ ချည်လုံးကို ပစ်လိုက်သော် (ချည်ရှိသရွေ့သာ) ပြေလျက် ပြေးသွားရာသကဲ့သို့ ဤအတူ လူမိုက်ဖြစ်စေ၊ ပညာရှိဖြစ်သော (တစ်ဘဝမှ တစ်ဘဝသို့) ပြေးသွား ကျင်လည်၍ ဆင်းရဲကုန်ဆုံးခြင်းကို ပြုလတ္တံ့”ဟု (ဆိုလေ့ ယူလေ့ ရှိ၏)။
သန္ဒက သိနားလည်သော ယောကျာ်းသည် ထိုအယူဝါဒ၌ ဤသို့ ဆင်ခြင်၏—ဤအသျှင်ဆရာသည်”ဤခုနစ်ပါးသော အစုတို့သည် ပြုလုပ်ထားသည် မဟုတ်ကုန်၊ ပြုလုပ်ထားစေသည် မဟုတ်ကုန်၊ ဖန်ဆင်းထားသည် မဟုတ်ကုန်၊ ဖန်ဆင်းထားစေသည် မဟုတ်ကုန်၊ မြုံကုန်၏၊ တောင်ထွတ်ကဲ့သို့ တည်ကုန်၏၊ ခိုင်မြဲသော တံခါးတိုင်ကဲ့သို့ တည်ကုန်၏၊ ထိုအစုတို့သည် မတုန်လှုပ်ကုန်၊ မဖောက်ပြန်ကုန်၊ အချင်းချင်း မညှဉ်းဆဲနိုင်ကုန်၊ အချင်းချင်း ချမ်းသာရန်လည်းကောင်း၊ ဆင်းရဲရန်လည်းကောင်း၊ ချမ်းသာဆင်းရဲရန်လည်းကောင်း မတတ်နိုင်ကုန်၊ ခုနစ်ပါးတို့ဟူသည် အဘယ်နည်း၊ မြေအစု ရေအစု မီးအစုလေအစု ချမ်းသာ ဆင်းရဲ ခုနစ်ခုမြောက် အသက်တို့တည်း။ ဤခုနစ်ပါးသော အစုတို့သည် ပြုလုပ့်ထားသည် မဟုတ်ကုန်၊ ပြုလုပ်ထားစေသည် မဟုတ်ကုန်၊ ဖန်ဆင်းထားသည် မဟုတ်ကုန်၊ ဖန်ဆင်းထားစေသည် မဟုတ်ကုန်၊ မြုံကုန်၏၊ တောင်ထွတ်ကဲ့သို့ တည်ကုန်၏၊ ခိုင်မြဲသော တံခါးတိုင်ကဲ့သို့တည်ကုန်၏၊ ထိုအစုတို့သည် မတုန်လှုပ်ကုန်၊ မဖောက်ပြန်ကုန်၊ အချင်းချင်း မညှဉ်းဆဲနိုင်ကုန်၊ အချင်းအချင်း ချမ်းသာရန်လည်းကောင်း၊ ဆင်းရဲရန်လည်းကောင်း၊ ချမ်းသာဆင်းရဲရန်လည်းကောင်း မတတ်နိုင်ကုန်။ ထိုအစုတို့၌ သတ်သူ သတ်စေသူ၊ ကြားသူ ကြားစေသူ၊ သိသူ သိစေသူများ မရှိကုန်။ ထက်စွာသော လက်နက်ဖြင့် ဦးခေါင်းကို ဖြတ်စေကာမူ တစ်ဦးတစ်ယောက်သည် တစ်ဦးတစ်ယောက်ကို သတ်သည်မမည်၊ လက်နက်သည် ခုနစ်ပါးသော အစုတို့၏အကြား ဟင်းလင်းပြင်သို့ ကျရောက်၏ဟု အယူရှိ၏၊ ဤတစ်သန်းလေးသိန်းခြောက်ထောင့်ခြောက်ရာသော အဓိကသတ္တဝါမျိုးများ၊ ငါးရာသော ကံများငါးပါးသောကံများ သုံးပါးသောကံများ (ပြည့်သော) ကံများ ထက်ဝက်သောကံများ ခြောက်ဆယ့်နှစ်ပါးသော အကျင့်များ ခြောက်ဆယ့်နှစ်ပါးသော အန္တရကပ်များ ခြောက်မျိုးသော ဇာတ်အထူးများ ရှစ်ပါးသော ယောကျာ်းတို့၏ အရွယ်များ လေးထောင်ကိုးရာသော တက္ကတွန်းတို့၏ အသက်မွေးမှုများလေးထောင်ကိုးရာသော ပရိဗိုဇ်များ လေးထောင်ကိုးရာသော နဂါးတို့နေရာများနှစ်ထောင်သောဣန္ဒြေများ သုံးထောင်သောငရဲများ သုံးဆယ့်ခြောက်မျိုးသော မြူဓာတ် (တည်ရာ) များခုနစ်မျိုးသော သညာရှိ ပဋိသန္ဓေများ ခုနစ်မျိုးသော သညာမဲ့ပဋိသန္ဓေများ ခုနစ်မျိုးသောအဆစ်ပဋိသန္ဓေများ ခုနစ်မျိုးသောနတ် များ ခုနစ်မျိုးသောလူများ ခုနစ်မျိုးသော မြေဖုတ် ဘီလူးများခုနစ်ခုသောအိုင်ကြီးများ ခုနစ်ခုသော အဖုကြီးများ ခုနစ်ခုသောချောက်ကြီးများ ခုနစ်ရာသောချောက်ငယ်များ ခုနစ်ခုသောအိပ်မက်ကြီးများ ခုနစ်ရာသောအိပ်မက်ငယ်များ ရှစ်သန်းလေးသိန်းသောမဟာကပ်များ ရှိကုန်၏၊ ယင်း (မဟာကပ်တို့) ပတ်လုံး လူမိုက်ဖြစ်စေ ပညာရှိဖြစ်စေ (တစ်ဘဝမှတစ်ဘဝသို့) ပြေးသွားကျင်လည်၍ ဆင်းရဲကုန်ဆုံးခြင်း ကို ပြုကြလတ္တံ့။ ထိုအတွင်း (ဆင်းရဲကုန်ဆုံးခြင်း မရှိ)။ ‘ငါသည် ဤသီလဖြင့်သော်လည်းကောင်း၊ ဤ ကျင့်ဝတ်ဖြင့်သော်လည်းကောင်း၊ ဤခြိုးခြံမှုဖြင့်သော်လည်းကောင်း၊ ဤမြတ်သော အကျင့်ဖြင့်သော်လည်း ကောင်း မရင့်သေးသောကံကိုမူလည်း ရင့်စေမည်၊ ရင့်ပြီးသော ကံကိုမူလည်း တွေ့၍ တွေ့၍ ပျက်စီး စေမည်’ဟုဤသို့ (ပြုပြင်နိုင်ခြင်း) မရှိ၊ ချမ်းသာဆင်းရဲသည် စရွတ်တောင်းဖြင့် ခြင်ထားဘိသကဲ့သို့ ဖြစ်၏၊ သံသရာသည် အပိုင်းအခြား ပြုထားပြီးဖြစ်၏၊ အတိုးအဆုတ် မရှိ၊ အလွန်အယုတ် မရှိ၊ ချည်လုံးကိုပစ်လိုက်သော် (ချည်ရှိသရွေ့သာ) ပြေလျက် ပြေးသွားရာသကဲ့သို့ ဤအတူ လူမိုက်ဖြစ်စေ၊ ပညာရှိဖြစ်စေ (တစ်ဘဝမှ တစ်ဘဝသို့) ပြေးသွားကျင်လည်၍ ဆင်းရဲကုန်ဆုံးခြင်းကို ပြုလတ္တံ့”ဟုဆိုလေ့ ယူလေ့ရှိ၏။
အကယ်၍ ဤအသျှင်ဆရာ၏ စကားသည် မှန်ခဲ့ပါလျှင် “ငါတို့နှစ်ဦးသည် တစ်ဘဝမှ တစ်ဘဝသို့ပြေးသွားကျင်လည်၍ ဒုက္ခ၏ အဆုံးကို ပြုကြရကုန်တော့အံ့”ဟု မဆိုသော ငါသည် ဤဆရာ၏အယူဝါဒ၌ မပြုဘဲလျက် ပြုပြီးဖြစ်ရာ၏၊ မကျင့်သုံးဘဲလျက် ကျင့်သုံးပြီးဖြစ်ရာ၏၊ ဤရဟန်းတရား၌ငါတို့နှစ်ဦးလုံး ပင် တူမျှသော အဖြစ်သို့ ရောက်ကုန်၏ဟု (ဆင်ခြင်၏)။ အဝတ်မဝတ်သောအချည်းနှီးသော ဦးပြည်း (ခေါင်းတုံး) သော ဆောင့်ကြောင့်ထိုင်သော ဆံမုတ်ဆိတ်ကို နုတ်သောဤအသျှင်ဆရာ၏ အကျင့်သည် အပိုသာတည်း။ သားမယားတို့ဖြင့် ကျဉ်းမြောင်းသော အိမ်၌ နေလျက်ကာသိကရာဇ်တိုင်းဖြစ် စန္ဒကူးကို လိမ်းကျံခံစားလျက် ပန်းနံ့သာ နံ့ သာပျောင်းတို့ကို ဆောင်လျက်ရွှေငွေကို သာယာလျက် တမလွန် လောက၌ ဤအသျှင်ဆရာနှင့် တူမျှသော လားရာရှိမည်ဖြစ်သောငါသည် အဘယ်အကျိုးကို သိ၍ အဘယ်အကျိုးကို မြင်၍ ဤဆရာ၏ အထံ၌ မြတ်သောအကျင့်ကိုကျင့်အံ့နည်း။ ထိုသူသည် “ဤကား မမြတ်သော ကျင့်သုံးမှုတည်း”ဟု သိ၍ ထိုမြတ်သော အကျင့်မှငြီးငွေ့ကာ ဖဲခွါသွားလေ၏။ သန္ဒက ဤသည်ကား သိတော်မူ မြင်တော်မူ၍ ပူဇော်အထူးကို့ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားဟောကြားထားသော သိနားလည်သော ယောကျာ်း သည် မြတ်သောအကျင့်ဟူ၍ စင်စစ်မကျင့်သုံးရာဖြစ်သော ကျင့်သုံးသော်လည်း နည်းလမ်းမှန်သော ကုသိုလ်တရားကို မပြည့်စုံစေနိုင်ရာသောလေးခုမြောက် မမြတ်သော အကျင့်ကို ကျင့်သုံးမှုတည်း။
သန္ဒက သိတော်မူ မြင်တော်မူ၍ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားသည် ဤမမြတ်သော အကျင့်ကိုကျင့်သုံးမှုလေးမျိုး တို့ကို ဟောကြားတော်မူ၏၊ ယင်းအကျင့်၌ သိနားလည်သော ယောကျာ်းသည်မြတ်သော အကျင့်ဟူ၍ စင်စစ် မကျင့်သုံးရာ၊ ကျင့်သုံးသော်လည်း နည်းလမ်းမှန်သော ကုသိုလ်တရားကိုမပြည့်စုံစေနိုင်ရာဟု (မိန့်ဆို၏)။
အသျှင်အာနန္ဒာ အံ့သြဖွယ်ရှိပါပေစွ၊ အသျှင်အာနန္ဒာ မဖြစ်ဖူးမြဲ ဖြစ်ပါပေစွ၊ သိတော်မူ မြင်တော် မူ၍ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသောထိုမြတ်စွာဘုရားသည် ဤမမြတ်သော အကျင့်ကို ကျင့်သုံးမှုလေးမျိုးတို့ကို ဟောကြားတော်မူပေ၏၊ “ယင်းအကျင့်၌ သိနားလည်သော ယောကျာ်းသည် မြတ်သော အကျင့်ဟူ၍ စင်စစ် မကျင့်သုံးရာ၊ ကျင့်သုံးသော်လည်း နည်းလမ်းမှန်သော ကုသိုလ်တရားကို မပြည့်စုံစေနိုင်ရာပါ”။ အသျှင်အာနန္ဒာသိတော်မူ မြင်တော်မူ၍ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားသည် ဟောကြားထားသော “ယင်းအကျင့်၌ သိနားလည်သောယောကျာ်းသည် မြတ်သောအကျင့်ဟူ၍ စင်စစ် မကျင့်သုံးရာဖြစ်သော ကျင့်သုံးသော်လည်း နည်းလမ်းမှန်သော ကုသိုလ်တရားကို မပြည့်စုံစေနိုင်ရာသော” သက်သာရာကို မရစေနိုင်ကုန်သော မြတ်သော အကျင့်လေးမျိုးတို့ဟူသည် အဘယ်တို့ပါနည်းဟု (လျှောက်၏)။
၂၂၉။ သန္ဒက ဤလောက၌ အချို့သော ဆရာသည် အလုံးစုံကို သိ၏၊ အလုံးစုံကို မြင်၏၊ “ငါသွားနေသည်ဖြစ်စေ၊ ရပ်နေသည်ဖြစ်စေ၊ အိပ်ပျော်နေသည်ဖြစ်စေ၊ နိုးကြားနေသည်ဖြစ်စေ အမြဲမပြတ်ဉာဏ်အမြင်သည် ရှေးရှုထင်၏”ဟု အကြွင်းမဲ့ ဉာဏ်အမြင်ကို ဝန်ခံ၏။ ထိုဆရာသည် ဆိတ်သုဉ်းသောအိမ်သို့လည်း ဝင်၏၊ ဆွမ်းလည်း မရ၊ ခွေးလည်း ကိုက်၏၊ ကြမ်းသော ဆင်နှင့်လည်း တွေ့ဆုံ၏၊ ကြမ်းသော မြင်းနှင့်လည်း တွေ့ဆုံ၏၊ ကြမ်းသော နွားနှင့်လည်း တွေ့ဆုံ၏၊ မိန်းမ၏လည်းကောင်း၊ ယောကျာ်း၏လည်းကောင်း၊ အမည်ကိုလည်းကောင်း၊ အနွယ်ကိုလည်းကောင်း မေး၏၊ ရွာ၏လည်းကောင်း၊ နိဂုံး၏လည်းကောင်း၊ အမည်ကိုလည်းကောင်း၊ လမ်းခရီးကိုလည်းကောင်း မေး၏။ ထိုဆရာသည် “ဤ အမှုသည် အသို့ပါနည်း”ဟု မေးသည်ရှိသော် ဆိတ်သုဉ်းသော အိမ်ကို ငါဝင်သင့်၏၊ ထို့ကြောင့် ဝင်၏။ ဆွမ်းကိုလည်း မရသင့်၊ ထို့ကြောင့် မရခဲ့။ ခွေးသည် ကိုက်သင့်၏၊ ထို့ကြောင့်ကိုက်၏။ ကြမ်းသော ဆင်နှင့် တွေ့ဆုံသင့်၏၊ ထို့ကြောင့် တွေ့ဆုံ၏။ ကြမ်းသော မြင်းနှင့်တွေ့ဆုံသင့်၏၊ ထို့ကြောင့် တွေ့ဆုံ၏၊ ကြမ်းသော နွားနှင့် တွေ့ဆုံသင့်၏၊ ထို့ကြောင့် တွေ့ဆုံ၏။ မိန်းမ၏လည်းကောင်း ယောကျာ်း၏လည်းကောင်း၊ အမည်ကိုလည်းကောင်း၊ အနွယ်ကိုလည်းကောင်းမေးသင့်၏၊ ထို့ကြောင့် မေး၏။ ရွာ၏လည်းကောင်း၊ နိဂုံး၏လည်းကောင်း၊ အမည်ကိုလည်းကောင်း၊ လမ်းခရီးကိုလည်းကောင်း မေးသင့်၏၊ ထို့ကြောင့် မေး၏ဟု (ဖြေဆို၏)။
သန္ဒက သိနားလည်သော ယောကျာ်းသည် ထိုအယူဝါဒ၌ ဤသို့ ဆင်ခြင်၏—ဤအသျှင်ဆရာသည်အလုံးစုံကို သိ၏၊ အလုံးစုံကို မြင်၏၊ အကြွင်းမဲ့ ဉာဏ်အမြင်ကို ဝန်ခံ၏။ပ။ ရွာ၏လည်းကောင်း၊ နိဂုံး၏လည်းကောင်း၊ အမည်ကိုလည်းကောင်း၊ လမ်းခရီးကိုလည်းကောင်း မေးသင့်၏၊ ထို့ကြောင့် မေး၏ဟုဖြေဆို၏ဟု (ဆင်ခြင်၏)။ ထိုသူသည် “ဤသည်ကား သက်သာရာ မရစေနိုင်သော မြတ်သော အကျင့်တည်း”ဟု သိ၍ ထိုမြတ်သော အကျင့်မှ ငြီးငွေ့ကာ ဖဲခွါသွားလေ၏။ သန္ဒက ဤသည်ကား သိတော်မူ့မြင်တော်မူ၍ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာသိတော်မူ သော ထိုမြတ်စွာဘုရား ဟောကြားထားသည့် သက်သာရာကို မရစေနိုင်သော ရှေးဦးစွာသောမြတ်သော အကျင့်ပေတည်း၊ ယင်းအကျင့်၌ သိနားလည်သော ယောကျာ်းသည် မြတ်သော အကျင့်ဟူ၍စင်စစ် မကျင့်သုံးရာ၊ ကျင့်သုံးသော်လည်း နည်းလမ်းမှန်သော ကုသိုလ်တရားကို မပြည့်စုံစေနိုင်ရာ။
၂၃ဝ။ သန္ဒက နောက်တစ်မျိုးကား ဤလောက၌ အချို့သော ဆရာသည် တစ်ဆင့်ကြားသည်ကို မှီ၍တစ်ဆင့်ကြားသည်ကို အမှန်အားဖြင့် ယူ၏။ ထိုဆရာသည် “ဤသို့တဲ့ ဤသို့တဲ့”ဟု တစ်ဆင့်ကြားဖြင့် အစဉ်အလာအားဖြင့် ပိဋကတ်ကျမ်းဂန်လေ့လာမှုဖြင့် တရားဟော၏။ သန္ဒက တစ်ဆင့်ကြားသည်ကိုမှီ၍ တစ်ဆင့်ကြားသည်ကို အမှန်အားဖြင့် ယူသော ဆရာအား ကောင်းစွာ ကြားအပ်သည်လည်း ရှိ၏၊ မကောင်းသဖြင့် ကြားအပ်သည်လည်း ရှိ၏။ ထိုကြားတိုင်းလည်း ဖြစ်နိုင်၏၊ တစ်မျိုးအားဖြင့်လည်းဖြစ်နိုင်၏။ သန္ဒက ထိုအယူဝါဒ၌ သိနားလည်သော ယောကျာ်းသည် ဤသို့ ဆင်ခြင်၏—ဤအသျှင်ဆရာ သည် တစ်ဆင့်ကြားသည်ကို မှီ၍ တစ်ဆင့်ကြားသည်ကို အမှန်အားဖြင့် ယူ၏၊ ထိုဆရာသည် “ဤသို့တဲ့ ဤသို့တဲ့”ဟု တစ်ဆင့်ကြားဖြင့် အစဉ်အလာအားဖြင့်ပိဋကတ်ကျမ်းဂန်လေ့လာမှုဖြင့် တရားဟော၏၊ တစ်ဆင့်ကြားကို မှီ၍ တစ်ဆင့်ကြားသည်ကိုအမှန်အားဖြင့် ယူသော ဆရာအား ကောင်းစွာ ကြားအပ် သည်လည်း ရှိ၏၊ မကောင်းသဖြင့်ကြားအပ်သည်လည်း ရှိ၏၊ ထိုကြားတိုင်းလည်း ဖြစ်နိုင်၏၊ တစ်မျိုး အားဖြင့်လည်းဖြစ်နိုင်၏ဟု (ဆင်ခြင်၏)။ ထိုသူသည် “ဤကား သက်သာရာ မရစေနိုင်သော မြတ်သောအကျင့်တည်း”ဟု သိ၍ ထိုမြတ်သော အကျင့်မှ ငြီးငွေ့ကာ ဖဲခွါသွားလေ၏။ သန္ဒက ဤသည်ကားသိတော်မူ မြင်တော်မူ၍ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရား ဟောကြားထားသည့် သက်သာရာကို မရစေနိုင်သော ဒုတိယမြတ်သော အကျင့်ပေတည်း။ ယင်းအကျင့်၌ သိနားလည်သော ယောကျာ်းသည် မြတ်သော အကျင့်ဟူ၍စင်စစ် မကျင့်သုံးရာ၊ ကျင့်သုံးသော်လည်း နည်းလမ်းမှန်သော ကုသိုလ်တရားကို မပြည့်စုံစေနိုင်ရာ။
၂၃၁။ သန္ဒက နောက်တစ်မျိုးကား ဤလောက၌ အချို့သော ဆရာသည် ကြံစည်လေ့ရှိ၏၊ စူးစမ်းလေ့ရှိ၏၊ ထိုဆရာသည် ကြံစည်ထားသည့်အတိုင်း စူးစမ်းမိသည့်အတိုင်း မိမိထင်မြင်ချက်အတိုင်းတရားဟော၏။ သန္ဒက ကြံစည်လေ့ရှိသော စူးစမ်းလေ့ရှိသော ဆရာအား ကောင်းစွာ ကြံစည်အပ်သည်လည်းရှိ၏၊ မကောင်းသဖြင့် ကြံစည်အပ်သည်လည်းရှိ၏၊ ထိုအတိုင်းလည်း ဖြစ်နိုင်၏၊ တစ်မျိုးအားဖြင့်လည်းဖြစ်နိုင်၏။ သန္ဒက သိနားလည်သော ယောကျာ်းသည် ထိုအယူဝါဒ၌ ဤသို့ဆင်ခြင်၏— ဤအသျှင်ဆရာသည် ကြံစည်လေ့ရှိ၏၊ စူးစမ်းလေ့ရှိ၏၊ ထိုဆရာသည် ကြံစည်ထားသည့်အတိုင်း စူးစမ်းမိသည့်အတိုင်း မိမိထင်မြင်ချက်အတိုင်း တရားဟော၏။ ကြံစည်လေ့ရှိသော စူးစမ်းလေ့ရှိသော ဆရာအားကောင်းစွာ ကြံစည်အပ်သည်လည်းရှိ၏၊ မကောင်းသဖြင့် ကြံစည်အပ်သည်လည်းရှိ၏။ ထိုအတိုင်းလည်းဖြစ်နိုင်၏၊ တစ်မျိုးအားဖြင့်လည်း ဖြစ်နိုင်၏ဟု (ဆင်ခြင်၏)။ ထိုသူသည် “ဤသည်ကား သက်သာရာမရစေနိုင်သော မြတ်သော အကျင့်တည်း”ဟု ဤသို့ သိ၍ ထိုမြတ်သော အကျင့်မှ ငြီးငွေ့၍ ဖဲခွါသွားလေ၏။ သန္ဒက ဤသည်ကား သိတော်မူ မြင်တော်မူ၍ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရား ဟောကြားထားသည့် သက်သာရာမရစေ နိုင်သော တတိယ မြတ်သော အကျင့်ပေတည်း၊ ယင်းအကျင့်၌ သိနားလည်သောယောကျာ်းသည် မြတ် သော အကျင့်ဟူ၍ စင်စစ် မကျင့်သုံးရာ၊ ကျင့်သုံးသော်လည်း နည်းလမ်းမှန်သောကုသိုလ်တရားကို မပြည့်စုံစေနိုင်ရာ။
၂၃၂။ သန္ဒက ဤလောက၌ အချို့သော ဆရာသည် ပညာနုံ့၏၊ တွေဝေ၏၊ ထိုဆရာသည်ပညာနုံ့သောကြောင့် တွေဝေသောကြောင့် ထိုထိုအရာ၌ အမေးခံရလျှင် အဆုံးမရှိ ပစ်လွှတ်သော စကားကို ဆို၏ “ဤ သို့ဟူ၍လည်း ငါမယူ၊ ထိုသို့ဟူ၍လည်း ငါမယူ၊ အခြားသို့ဟူ၍လည်း ငါမယူ၊ ဤသို့ ထိုသို့ အခြားသို့ မဟုတ်ဟူ၍လည်း ငါမယူ၊ ဤသို့ ထိုသို့ အခြားသို့ မဟုတ်သည်မဟုတ်ဟူ၍လည်း ငါမယူ”ဟု (ဆို၏)။ သန္ဒက သိနားလည်သော ယောကျာ်းသည် ထိုအယူဝါဒ၌ဤသို့ ဆင်ခြင်၏— ဤ အသျှင်ဆရာသည် ပညာနုံ့၏၊ တွေဝေ၏၊ ထိုဆရာသည် ပညာနုံ့သောကြောင့်တွေဝေသောကြောင့် ထိုထို အရာဌာန၌ အမေးခံရလျှင် အဆုံးမရှိ ပစ်လွှင့်သော စကားကို ဆို၏”ဤသို့ဟူ၍လည်း ငါမယူ၊ ထိုသို့ ဟူ၍လည်း ငါမယူ၊ အခြားသို့ဟူ၍လည်း ငါမယူ၊ (ဤသို့ ထိုသို့အခြားသို့) မဟုတ်ဟူ၍လည်း ငါမယူ၊ (ဤသို့ ထိုသို့ အခြားသို့) မဟုတ်သည် မဟုတ်ဟူ ၍လည်းငါမယူ”ဟု (ဆို၏)။ ထိုသူသည် “ဤကား သက်သာရာ မရစေနိုင်သော မြတ်သော အကျင့်တည်း”ဟုသိ၍ ထိုမြတ်သော အကျင့်မှ ငြီးငွေ့၍ ဖဲခွါ သွားလေ၏။ သန္ဒက ဤသည်ကား သိတော်မူ မြင်တော်မူ၍ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံး စုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသောထိုမြတ်စွာဘုရား ဟောကြားထားသည့် သက်သာရာ ကို မရစေနိုင်သော စတုတ္ထ မြတ်သောအကျင့်ပေတည်း၊ ယင်းအကျင့်၌ သိနားလည်သော ယောကျာ်း သည် မြတ်သော အကျင့်ဟူ၍ စင်စစ်မကျင့်သုံးရာ၊ ကျင့်သုံးသော်လည်း နည်းလမ်းမှန်သော ကုသိုလ် တရားကို မပြည့်စုံစေနိုင်ရာ။ သန္ဒကဤသည်တို့ကား သိတော်မူ မြင်တော်မူ၍ ပူဇော်အထူးကို ခံတော်မူ ထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားဟော ကြား ထားသည့် သက်သာရာကိုမရစေနိုင်သော မြတ်သော အကျင့်လေးမျိုးတို့ပေတည်း၊ ယင်းအကျင့်တို့၌ သိနားလည်သောယောကျာ်းသည် မြတ်သောအကျင့်ဟူ၍ စင်စစ် မကျင့်သုံးရာ၊ ကျင့်သုံးသော်လည်း နည်းလမ်း မှန်သောကုသိုလ်တရားကို မပြည့်စုံစေနိုင်ရာဟု (မိန့်ဆို၏)။
အသျှင်အာနန္ဒာ အံ့သြဖွယ်ဖြစ်ပါပေစွ၊ အသျှင်အာနန္ဒာ မဖြစ်ဖူးမြဲဖြစ်ပါပေစွ၊ သိတော်မူ မြင်တော် မူ၍ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသောထိုမြတ်စွာဘုရားသည် လေးမျိုးသော မြတ်သော အကျင့်တို့ကို သက်သာရာကို မရစေနိုင်၍သာလျှင်သက် သာရာကို မရစေနိုင်ဟု ဟောကြားတော်မူပေ၏၊ ယင်းအကျင့်တို့၌ သိနားလည်သောယောကျာ်းသည် မြတ်သော အကျင့်ဟူ၍ စင်စစ် မကျင့်သုံးရာ၊ ကျင့်သုံးသော်လည်း နည်းလမ်းမှန်သောကုသိုလ်တရားကို မပြည့်စုံစေနိုင်ရာ။ အသျှင်အာနန္ဒာ ထိုမြတ်စွာဘုရားသည်ကား အဘယ်သို့ယူလေ့ရှိပါသနည်း၊ အဘယ် သို့ ဆိုလေ့ရှိပါသနည်း၊ ယင်းမြတ်စွာဘုရား၏ အယူဝါဒ၌ သိနားလည်သောယောကျာ်းသည် မြတ်သော အကျင့်ဟူ၍ စင်စစ် ကျင့်သုံးရာပါသနည်း၊ ကျင့်သုံးလျှင်လည်းနည်းလမ်းမှန်သော ကုသိုလ်တရားကို ပြည့်စုံစေနိုင်ရာပါသနည်းဟု (လျှောက်၏)။
၂၃၃။ သန္ဒက ပူဇော်အထူးကို ခံတော်မူထိုက်သော၊ (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာသိတော်မူသော၊ အသိဉာဏ် ‘ဝိဇ္ဇာ’ အကျင့် ‘စရဏ’ နှင့် ပြည့်စုံတော်မူသော၊ ကောင်းသော စကားကိုဆိုတော်မူတတ်သော၊ လောကကို သိတော်မူသော၊ ဆုံးမထိုက်သူကို ဆုံးမတတ်သည့် အတုမဲ့ပုဂ္ဂိုလ်ဖြစ်တော်မူသော၊ နတ်လူတို့၏ ဆရာဖြစ်တော်မူသော၊ (သစ္စာလေးပါးတရားတို့ကို) သိစေတော်မူသော၊ ဘုန်းတန်ခိုးကြီးတော်မူသော မြတ်စွာဘုရားသည် ဤလောက၌ ပွင့်တော်မူ၏။ပ။ ထိုရဟန်းသည် စိတ်ညစ်ညူးကြောင်း ဖြစ်ကုန်သော ဤအပိတ် အပင် ‘နီဝရဏ’ တရားငါးပါးတို့ကို ပယ်၍ ကာမဂုဏ်တို့မှကင်းဆိတ်၍သာလျှင် အကုသိုလ်တရားတို့မှ ကင်းဆိတ်၍သာလျှင် ကြံစည်ခြင်း’ဝိတက်’နှင့်တကွဖြစ်သော သုံးသပ်ဆင်ခြင်ခြင်း ‘ဝိစာရ’ နှင့်တကွဖြစ်သော (နီဝရဏ) ကင်းဆိတ်ခြင်းကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ ရှိသော ပဌမဈာန်သို့ ရောက်၍နေ၏။ သန္ဒက ဤသို့သဘောရှိသော မွန်မြတ်သည့် တရားထူးကို တပည့်ရစေနိုင်သည့် ဆရာ့ထံ၌သိနားလည်သော ယောကျာ်းသည် မြတ်သော အကျင့်ဟူ၍ စင်စစ် ကျင့်သုံးရာ၏၊ ကျင့်သုံးလျှင်လည်း့နည်းလမ်းမှန်သော ကုသိုလ်တရားကို ပြည့်စုံစေ နိုင်ရာ၏။
သန္ဒက တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် ဝိတက်ဝိစာရတို့၏ ငြိမ်းခြင်းကြောင့်။ပ။ ဒုတိယ ဈာန်သို့ရောက်၍ နေ၏။ သန္ဒက ဤသို့သဘောရှိသော မွန်မြတ်သည့် တရားထူးကို တပည့်ရစေနိုင် သည့်ဆရာ့ထံ၌ သိနားလည်သော ယောကျာ်းသည် မြတ်သော အကျင့်ဟူ၍ စင်စစ် ကျင့်သုံးရာ၏၊ ကျင့်သုံးလျှင်လည်း နည်းလမ်းမှန်သော ကုသိုလ်တရားကို ပြည့်စုံစေနိုင်ရာ၏။
သန္ဒက တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် ပီတိကိုလည်း တပ်နှစ်သက်မှု ကင်းခြင်းကြောင့် လျစ်လျူရှု၍ နေ၏။ပ။ တတိယဈာန်သို့ ရောက်၍ နေ၏။ သန္ဒက ဤသို့သဘောရှိသော မွန်မြတ်သောတရားထူးကို တပည့် ရစေနိုင်သည့် ဆရာ့ထံ၌ သိနားလည်သော ယောကျာ်းသည် မြတ်သောအကျင့်ဟူ၍ စင်စစ် ကျင့်သုံးရာ၏၊ ကျင့်သုံးလျှင်လည်း နည်းလမ်းမှန်သော ကုသိုလ်တရားကိုပြည့်စုံစေနိုင်ရာ၏။
သန္ဒက တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် သုခကို ပယ်ခြင်းကြောင့်လည်းကောင်း။ပ။ စတုတ္ထဈာန်သို့ ရောက်၍ နေ၏။ သန္ဒက ဤသို့သဘောရှိသော မွန်မြတ်သော တရားထူးကို တပည့်ရစေနိုင်သည့် ဆရာ့ထံ၌ သိနားလည်သော ယောကျာ်းသည် မြတ်သော အကျင့်ဟူ၍ စင်စစ် ကျင့်သုံးရာ၏၊ ကျင့်သုံးလျှင်လည်း နည်းလမ်းမှန်သော ကုသိုလ်တရားကို ပြည့်စုံစေနိုင်ရာ၏။
ထို (ရဟန်း) သည် ဤသို့ တည်ကြည်သောစိတ်သည် စင်ကြယ်လတ်သော် ဖြူစင်လတ်သော်ညစ်ကြေးမရှိလတ်သော် ညစ်ညူးခြင်းကင်းလတ်သော် နူးညံ့လတ်သော် ပြုတိုင်းရလတ်သော်တည်တံ့လတ် သော် မတုန်လှုပ်ခြင်းသို့ ရောက်လတ်သော် ထို (ရဟန်း) သည် ရှေး၌ ဖြစ်ဖူးသောခန္ဓာအစဉ်ကို အောက် မေ့နိုင်သော ‘ပုဗ္ဗေနိဝါသာနုဿတိ’ ဉာဏ်အလို့ငှါ စိတ်ကို ရှေးရှုညွတ်စေ၏၊ ထို (ရဟန်း) သည် များပြား သော ရှေး၌ ဖြစ်ဖူးသော ခန္ဓာအစဉ်ကို အောက်မေ့နိုင်၏။ ဤသည်ကားအဘယ်နည်း။ တစ်ဘဝကို လည်းကောင်း၊ နှစ်ဘဝတို့ကိုလည်းကောင်း။ပ။ ဤသို့ အခြင်းအရာနှင့်တကွညွှန်ပြဖွယ် (အမည်အနွယ်) နှင့်တကွ များပြားသော ရှေး၌ ဖြစ်ဖူးသော ခန္ဓာအစဉ်ကို အောက်မေ့နိုင်၏။ သန္ဒက ဤသို့သဘော ရှိသော မွန်မြတ်သော တရားထူးကို တပည့်ရစေနိုင်သည့် ဆရာ့ထံ၌သိနားလည်သော ယောကျာ်းသည် မြတ်သော အကျင့်ဟူ၍ စင်စစ် ကျင့်သုံးရာ၏၊ ကျင့်သုံးလျှင်လည်းနည်းလမ်းမှန်သော ကုသိုလ်တရားကို ပြည့်စုံစေနိုင်ရာ၏။
ထို (ရဟန်း) သည် ဤသို့ တည်ကြည်သောစိတ်သည် စင်ကြယ်လတ်သော် ဖြူစင်လတ်သော်ညစ်ကြေးမရှိလတ်သော် ညစ်ညူးခြင်းကင်းလတ်သော် နူးညံ့လတ်သော် ပြုတိုင်းရလတ်သော်တည်တံ့လတ် သော် မတုန်လှုပ်ခြင်းသို့ ရောက်လတ်သော် ထို (ရဟန်း) သည် သတ္တဝါတို့၏ သေခြင်းဖြစ်ခြင်းကို သိသော ‘စုတူပပါတ’ ဉာဏ်အလို့ငှါ စိတ်ကို ရှေးရှုညွှတ်စေ၏၊ ထို (ရဟန်း) သည်အထူးသဖြင့် စင်ကြယ် သော လူတို့၏ မျက်စိထက် သာလွန်သောနတ်မျက်စိနှင့်တူသော ‘ဒိဗ္ဗစက္စု’ ဉာဏ်ဖြင့် သေဆဲသတ္တဝါ ဖြစ်ပေါ်ဆဲသတ္တဝါ ယုတ်သောသတ္တဝါမြတ်သောသတ္တဝါ အဆင်းလှသောသတ္တဝါ အဆင်းမလှသောသတ္တဝါ ကောင်းသောလားရာရှိသောသတ္တဝါမကောင်းသောလားရာရှိသောတ္တဝါတို့ကို မြင်၏။ပ။ ကံအလျောက်ဖြစ် သော သတ္တဝါတို့ကို သိ၏။ သန္ဒက ဤသို့သဘောရှိသော မွန်မြတ်သော တရားကို တပည့်ရစေနိုင်သည့် ဆရာ့ထံ၌ သိနားလည်သောယောကျာ်းသည် မြတ်သော အကျင့်ဟူ၍ စင်စစ် ကျင့်သုံးရာ၏၊ ကျင့်သုံး လျှင်လည်း နည်းလမ်းမှန်သောကုသိုလ်တရားကို ပြည့်စုံစေနိုင်ရာ၏။
ထို (ရဟန်း) သည် ဤသို့ တည်ကြည်သောစိတ်သည် စင်ကြယ်လတ်သော် ဖြူစင်လတ်သော်ညစ်ကြေးမရှိလတ်သော် ညစ်ညူးခြင်းကင်းလတ်သော် နူးညံ့လတ်သော် ပြုတိုင်းရလတ်သော် တည်တံ့လတ်သော် မတုန်လှုပ်ခြင်းသို့ ရောက်လတ်သော် ထို (ရဟန်း) သည် အာသဝေါတရားတို့ကို ကုန်စေနိုင့်သော ‘အာသဝက္ခယ’ ဉာဏ်အလို့ငှါ စိတ်ကို ရှေးရှုညွတ်စေ၏၊ ထို (ရဟန်း) သည် ‘ဤကား ဆင်းရဲ’ဟုဟုတ်မှန်သောအတိုင်း သိ၏၊ ‘ဤကား ဆင်းရဲဖြစ်ပေါ်ခြင်း၏ အကြောင်း’ဟုဟုတ်မှန်သောအတိုင်းသိ၏၊ ‘ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်)’ဟုဟုတ်မှန်သောအတိုင်း သိ၏၊ ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်း အကျင့်ဟုဟုတ်မှန်သော အတိုင်းသိ၏။ ‘ဤကား အာသဝတို့’ဟုဟုတ်မှန်သောအတိုင်း သိ၏၊ ‘ဤကား အာသဝတို့ ဖြစ်ပေါ်ခြင်း၏ အကြောင်း’ဟုဟုတ်မှန်သောအတိုင်းသိ၏၊ ‘ဤကား အာသဝတို့ချုပ်ရာ (နိဗ္ဗာန်)’ဟုဟုတ်မှန်သောအတိုင်း သိ၏၊ ‘ဤကား အာသဝတို့ချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်’ဟုဟုတ်မှန်သောအတိုင်း သိ၏။ ဤသို့ သိသော်ဤသို့မြင်သော် ထို (ရဟန်း) ၏ စိတ်သည် ကာမာသဝမှလည်း လွတ်မြောက်၏၊ ဘဝါသဝမှလည်း လွတ်မြောက်၏၊ အဝိဇ္ဇာသဝမှလည်း လွတ်မြောက်၏၊ လွတ်မြောက်ပြီးလတ်သော် လွတ်မြောက်ခဲ့လေပြီဟုအသိ ဉာဏ် ဖြစ်ပေါ်၏၊ “ပဋိသန္ဓေ နေမှုကုန်ပြီ၊ မြတ်သော အကျင့်ကို ကျင့်သုံးပြီးပြီ၊ (မဂ်) ကိစ္စကိုပြုပြီးပြီ၊ ဤ (မဂ်) ကိစ္စအလို့ငှါ တစ်ပါးသော ပြုဖွယ်မရှိတော့ပြီ”ဟု သိ၏။ သန္ဒကဤသို့သဘောရှိသော မွန်မြတ်သော တရားကို တပည့်ရစေနိုင်သည့် ဆရာ့ထံ၌ သိနားလည်သောယောကျာ်းသည် မြတ်သော အကျင့်ဟူ၍ စင်စစ် ကျင့်သုံးရာ၏၊ ကျင့်သုံးလျှင်လည်း နည်းလမ်းမှန်သောကုသိုလ်တရားကို ပြည့်စုံစေ နိုင်ရာ၏ဟု (မိန့်ဆို၏)။
၂၃၄။ အသျှင်အာနန္ဒာ အာသဝေါကုန်ပြီးသော (မဂ်) အကျင့်ကို ကျင့်သုံးပြီးသော ပြုဖွယ်ကိစ္စကိုပြုပြီးသော ဝန်ကိုချထားပြီးသော ကိုယ်ကျိုးကိုယ့်စီးပွါးကို ယူပြီးသော ဘဝသံယောဇဉ် ကုန်ခန်းပြီးသောကောင်းစွာ သိ၍ ကိလေသာမှ လွတ်မြောက်ပြီးသော ရဟန္တာရဟန်းသည် ကာမဂုဏ်တို့ကို ခံစားရာသေးသလောဟု (လျှောက်၏)။ သန္ဒက အာသဝေါကုန်ပြီးသော (မဂ်) အကျင့်ကို ကျင့်သုံးပြီသော ပြုဖွယ်ကိစ္စကို ပြုပြီးသော ဝန်ကို ချထားပြီးသော ကိုယ်ကျိုးကိုယ့်စီးပွါးကို ရယူပြီးသော ဘဝသံယောဇဉ်ကုန်ခန်းပြီးသော ကောင်းစွာ သိ၍ ကိလေသာမှ လွတ်မြောက်ပြီးသော ရဟန္တာရဟန်းသည် ငါးပါးသောအရာဌာနတို့ကို လွန်ကျူး၍ ကျင့်ခြင်းငှါ မထိုက်ပြီ။ အာသဝေါကုန်ပြီးသော ရဟန်းသည် စေတနာနှင့်တကွ စေ့ဆော်၍ သတ္တဝါကို သတ်ခြင်းငှါ မထိုက်ပြီ။ အာသဝေါကုန်ပြီးသော ရဟန်းသည် မပေးသည်ကိုခိုးလိုသော စိတ်အစုဖြင့် ယူခြင်းငှါ မထိုက်ပြီ။ အာသဝေါကုန်ပြီးသော ရဟန်းသည် မေထုန်အကျင့်ကိုမှီဝဲခြင်းငှါ မထိုက်ပြီ။ အာသဝေါကုန်ပြီးသော ရဟန်းသည် သိလျက် မဟုတ်မမှန်သော စကားကို ဆိုခြင်းငှါ မထိုက်ပြီ။ အာသဝေါကုန်ပြီးသော ရဟန်းသည် ရှေးလူဖြစ်စဉ်အခါကကဲ့သို့ ဝတ္ထုကာမဂုဏ်တို့ကိုသိုမှီး၍ မှီဝဲခြင်းငှါ မထိုက်ပြီ။ သန္ဒက အာသဝေါကုန်ပြီးသော (မဂ်) အကျင့်ကို ကျင့်သုံးပြီးသောပြုဖွယ်ကိစ္စကို ပြုပြီးသော ဝန်ကို ချထားပြီးသော ကိုယ်ကျိုးကိုယ့်စီးပွါးကို ရယူပြီးသော ဘဝသံယောဇဉ်ကုန်ခန်းပြီးသော ကောင်းစွာ သိ၍ ကိလေသာမှ လွတ်မြောက်ပြီးသော ရဟန္တာရဟန်းသည်ဤငါးပါးကုန်သော အရာဌာနတို့ကို လွန်ကျူး၍ ကျင့်ခြင်းငှါ မထိုက်ပြီ။
၂၃၅။ အသျှင်အာနန္ဒာ အာသဝေါကုန်ပြီးသော (မဂ်) အကျင့်ကို ကျင့်သုံးပြီသော ပြုဖွယ်ကိစ္စကိုပြုပြီးသော ဝန်ကို ချထားပြီးသော ကိုယ်ကျိုးကိုယ့်စီးပွါးကို ရယူပြီးသော ဘဝသံယောဇဉ် ကုန်ခန်းပြီးသော ကောင်းစွာ သိ၍ ကိလေသာမှ လွတ်မြောက်ပြီးသော ရဟန္တာဖြစ်သော ရဟန်းအားသွားနေစဉ်ဖြစ် စေ၊ ရပ်နေစဉ်ဖြစ်စေ၊ အိပ်နေစဉ်ဖြစ်စေ၊ နိုးကြားနေစဉ်ဖြစ်စေ “ငါ့အားအာသဝေါတရားတို့သည် ကုန်ခန်းကုန်ပြီ”ဟု ဉာဏ်အမြင်သည် အမြဲမပြတ် ရှေးရှုထင်ပါသလောဟု (လျှောက်၏)။ သန္ဒက သို့ဖြစ်မူ သင့်အား ဥပမာပြအံ့၊ ဤလောက၌ ပညာရှိသော ယောကျာ်းတို့သည်ဥပမာဖြင့် ပြောကြား သောစကား၏ အနက်ကို သိကြကုန်၏။ သန္ဒက ဥပမာအားဖြင့် ယောကျာ်းအားလက်ခြေတို့သည် ပြတ် ကုန်၏၊ ထိုယောကျာ်းအား သွားနေစဉ်ဖြစ်စေ၊ ရပ်နေစဉ်ဖြစ်စေ၊ အိပ်နေစဉ်ဖြစ်စေ၊ နိုးကြားနေစဉ်ဖြစ်စေ “ငါ၏ လက်ခြေတို့သည် ပြတ်ကုန်ပြီ”ဟု အမြဲမပြတ့်သိသလော။ ထိုသို့ မဟုတ် ဆင်ခြင်မှသာ “ငါ၏ လက်ခြေတို့သည် ပြတ်ကုန်ပြီ”ဟု သိသလောဟု (မေး၏)။ အသျှင်အာနန္ဒာ ထိုယောကျာ်းသည် အမြဲ မပြတ် “ငါ၏ လက်ခြေတို့သည် ပြတ်ကုန်ပြီ”ဟုမသိပါ၊ စင်စစ်သော်ကား ဆင်ခြင်မှသာ “ငါ၏ လက်ခြေ တို့သည် ပြတ်ကုန်ပြီ”ဟု သိပါ၏ဟု (လျှောက်၏)။ သန္ဒက ဤဥပမာအတူသာလျှင် အာသ ဝေါကုန်ပြီး သော (မဂ်) အကျင့်ကိုကျင့်သုံးပြီးသော ပြုဖွယ်ကိစ္စကို ပြုပြီးသော ဝန်ကို ချထားပြီးသော ကိုယ်ကျိုး ကိုယ့်စီးပွါးကိုရယူပြီးသော ဘဝသံယောဇဉ်ကုန်ခန်းပြီးသော ကောင်းစွာ သိ၍ ကိလေသာမှ လွတ် မြောက်ပြီးသောရဟန္တာဖြစ်သော ရဟန်းအား သွားနေစဉ်ဖြစ်စေ၊ ရပ်နေစဉ်ဖြစ်စေ၊ အိပ်နေစဉ်ဖြစ်စေ၊ နိုးကြားနေစဉ်ဖြစ်စေ “ငါ့အား အာသဝေါတရားတို့သည် ကုန်ခန်းကုန်ပြီ”ဟု အမြဲမပြတ် ဉာဏ်အမြင်သည် ရှေးရှုမထင်၊ စင်စစ်သော်ကား ဆင်ခြင်မှသာ “ငါ့အား အာသဝေါတရားတို့သည် ကုန်ခန်းကုန်ပြီ”ဟု သိ၏ဟု (မိန့်ဆို၏)။
၂၃၆။ အသျှင်အာနန္ဒာ ဤဓမ္မဝိနယ ‘သာသနာတော်’၌ ကျွတ်တမ်းဝင်သူတို့သည် အဘယ်မျှများပြားပါကုန်သနည်းဟု (လျှောက်၏)။ သန္ဒက ဤဓမ္မဝိနယ ‘သာသနာတော်’၌ ကျွတ်တမ်းဝင်သူတို့သည် တစ်ရာလည်း မကကုန်၊ နှစ်ရာလည်း မကကုန်၊ သုံးရာလည်း မကကုန်၊ လေးရာလည်းမကကုန်၊ ငါးရာလည်း မကကုန်၊ စင်စစ်အားဖြင့် လွန်စွာ များကုန်၏ဟု (မိန့်ဆို၏)။ အသျှင်အာနန္ဒာအံ့သြဖွယ် ရှိပါပေစွ၊ အသျှင်အာနန္ဒာ မဖြစ်ဖူးမြဲ ဖြစ်ပါပေစွ၊ မိမိတရားကို မမြှောက်တင် သူတစ်ပါးတရားကို မနှိမ့်ချဘဲ ရှိတုံဘိ၏၊ ရှည်ရှည် လျားလျား တရားဟောခြင်းသာ ဖြစ်တုံဘိ၏၊ ထိုမျှလောက်များပြားသော ကျွတ်တမ်းဝင်သူတို့လည်း ထင်ရှားကုန်ဘိ၏၊ သားသေမိခင်၏ သားဖြစ်သော ဤအာဇီဝကတို့သည် မိမိကိုယ်ကိုလည်း ချီးမြှောက်တတ်ကုန်၏၊ သူတစ်ပါးကိုလည်း ရှုတ်ချတတ်ကုန်၏၊ ကျွတ်တမ်းဝင်သူ သုံးယောက်တို့ကိုသာ ပြကြကုန်၏။ ဤသူတို့ကား အဘယ်တို့နည်း၊ နန္ဒဝစ္ဆ ကိသသံကိစ္စ မက္ခလိဂေါသာလတို့ပေတည်းဟု (ပြကြကုန်၏)။ ထိုအခါ သန္ဒကပရိဗိုဇ်သည် မိမိပရိသတ်ကို”အချင်းတို့ သင်တို့သည် သွားကြကုန်လော့၊ ရဟန်းဂေါတမအထံ၌ မြတ်သော အကျင့်ကိုကျင့်သုံးမှုသည် ရှိ၏၊ ငါတို့မူကား ယခုအခါ၌ လာဘ်ပူဇော်သကာ အကျော်အစောတို့ကို စွန့်လွှတ်ရန်မလွယ်ကူပြီ”ဟု ပြောဆို၏။
ဤသို့လျှင် သန္ဒကပရိဗိုဇ်သည် မိမိ၏ ပရိသတ်အား မြတ်စွာဘုရားအထံ၌ မြတ်သော အကျင့်ကိုကျင့်သုံးရန် လွှတ်လိုက်လေသတည်း။
ခြောက်ခုမြောက် သန္ဒကသုတ် ပြီး၏။
၁။ ဤပါဠိတော်နှင့် သီလက္ခန္ဓဝဂ္ဂပါဠိ (၇) ၌ ပုရိသကထံ မပါ (သျာ၊ ကံ၊ က) တို့၌ကား ပါသည်။
၂။ မြို့တွင်းလမ်းကို ဆိုလိုသည်။
၃။ ငါမလာမီ အကြား၌ ဖြစ်သောစကား (အဋ္ဌကထာ)
၄။ အကျိုးမရှိဟု ဆိုလိုသည်။
၅။ အမိသည် မရှိ၊ အမိ၌ ကောင်းစွာ ပြုခြင်း မကောင်း ပြုခြင်း၏ အကျိုးမရှိဟု ဆိုလိုသည် (အဖသည် မရှိ ဆိုရာ၌လည်း ဤအတူပင်)။