မဇ္ဈိမနိကာယ်
၂—ရဋ္ဌပါလသုတ်
၂၉၃။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်—
အခါတစ်ပါး၌ မြတ်စွာဘုရားသည် များစွာသော ရဟန်းသံဃာနှင့်အတူ ကုရုတိုင်း၌ ဒေသစာရီလှည့်လည်တော်မူလတ်သော် ထုလ္လကောဋ္ဌိကနိဂုံးသို့ ရောက်တော်မူ၏။ ထုလ္လကောဋ္ဌိကရွာသား ပုဏ္ဏားနှင့်အမျိုးသားတို့သည် ဤသို့ ကြားသိကြကုန်၏— “အချင်းတို့ သာကီဝင်မင်းမျိုးမှ ရဟန်းပြုသည့်သာကီဝင်မင်းသား ရဟန်းဂေါတမသည် ကုရုတိုင်းသို့ ဒေသစာရီ လှည့်လည်တော်မူရာ များစွာသောရဟန်းသံဃာနှင့်အတူ ထုလ္လကောဋ္ဌိက ရွာသို့ ရောက်တော်မူ၏။ ထိုအသျှင်ဂေါတမ၏ ကောင်းသောကျော်စောသံသည် ဤသို့ ပျံ့နှံ့၍ ထွက်၏— ‘ထိုမြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သောအကြောင်းကြောင့်လည်း ‘အရဟံ’ မည်တော်မူ၏၊ (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာသိတော် မူသော အကြောင်းကြောင့်လည်း ‘သမ္မာသမ္ဗုဒ္ဓ’ မည်တော်မူ၏၊ အသိဉာဏ် ‘ဝိဇ္ဇာ’ အကျင့်’စရဏ’နှင့် ပြည့်စုံတော်မူသော အကြောင်းကြောင့်လည်း ‘ဝိဇ္ဇာစရဏသမ္ပန္န’ မည်တော်မူ၏၊ ကောင်းသောစကားကို ဆိုတော်မူတတ်သော အကြောင်းကြောင့်လည်း ‘သုဂတ’ မည်တော်မူ၏၊ လောကကို သိတော်မူသော အကြောင်းကြောင့်လည်း ‘လောကဝိဒူ’ မည်တော်မူ၏၊ ဆုံးမထိုက်သူကိုဆုံးမတတ်သည့် အတုမဲ့ပုဂ္ဂိုလ် ဖြစ်တော်မူသော အကြောင်းကြောင့်လည်း ‘အနုတ္တရော ပုရိသဒမ္မသာရထိ’မည်တော်မူ၏၊ နတ်လူတို့၏ ဆရာဖြစ်တော်မူသော အကြောင်းကြောင့်လည်း ‘သတ္ထာ ဒေဝမနုဿာနံ’မည်တော်မူ၏၊ (သစ္စာလေးပါး တရားတို့ကို) သိစေတော်မူသော အကြောင်းကြောင့်လည်း ‘ဗုဒ္ဓ’မည်တော်မူ၏၊ ဘုန်းတန်ခိုးကြီးတော် မူသော အကြောင်း ကြောင့်လည်း ‘ဘဂဝါ’ မည်တော်မူ၏’ဟု (ပျံ့နှံ့၍ ထွက်၏)။
ထိုမြတ်စွာဘုရားသည် နတ် မာရ်နတ် ဗြဟ္မာနှင့်တကွသော နတ်လောကနှင့် သမဏ ဗြာဟ္မဏ မင်းများလူများနှင့်တကွသော လူ့လောကကို ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုလျက် ဟောကြားတော်မူ၏။ ထိုမြတ်စွာဘုရားသည် အစ၏ကောင်းခြင်း အလယ်၏ကောင်းခြင်း အဆုံး၏ကောင်းခြင်းရှိသောအနက်နှင့်ပြည့်စုံသော သဒ္ဒါနှင့်ပြည့်စုံသော တရားကို ဟောတော်မူ၏၊ အလုံးစုံပြည့်စုံသော စင်ကြယ်သောမြတ်သောအကျင့်ကို ပြတော်မူ၏၊ ထိုသို့သဘောရှိသော ရဟန္တာ (ပုဂ္ဂိုလ်) တို့ကို ဖူးမြော်ရခြင်းသည်ကောင်းသည်သာတည်း”ဟု (ကြားသိကြကုန်၏)။
ထိုအခါ ထုလ္လကောဋ္ဌိကရွာသား ပုဏ္ဏားနှင့် အမျိုးသားတို့သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍အချို့တို့သည် မြတ်စွာဘုရားကို ရှိခိုး၍ တစ်ခုသော နေရာ၌ ထိုင်နေကုန်၏၊ အချို့တို့သည် မြတ်စွာဘုရားနှင့်အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆိုကုန်၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကိုပြောဆိုပြီးဆုံးစေ၍ တစ်ခုသော နေရာ၌ ထိုင်ကုန်၏။ အချို့တို့သည် မြတ်စွာဘုရားရှိရာသို့ လက်အုပ်ချီလျက် တစ်ခုသော နေရာ၌ ထိုင်ကုန်၏၊ အချို့တို့သည် အမည်အနွယ်ကို ပြောကြားလျက် တစ်ခုသောနေရာ၌ ထိုင်ကုန်၏၊ အချို့ တို့သည် တိတ်ဆိတ်စွာ တစ်ခုသော နေရာ၌ ထိုင်ကုန်၏။ မြတ်စွာဘုရားသည် တစ်ခုသော နေရာ၌ ထိုင်ကုန်သော ထုလ္လကောဋ္ဌိကရွာသား ပုဏ္ဏားနှင့်အမျိုးသားတို့အား တရားစကား ဖြင့် (အကျိုးစီးပွားကို) သိမြင်စေလျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန် စေ ရွှင်လန်းစေတော်မူ၏။
၂၉၄။ ထိုအခါ ထိုထုလ္လကောဋ္ဌိကနိဂုံး၌ပင်လျှင် မြတ်သော အမျိုး၏ သားဖြစ်သော ရဋ္ဌပါလမည်သောအမျိုးကောင်းသားသည် ပရိသတ်၌ ထိုင်နေ၏၊ ထိုအခါ ရဋ္ဌပါလအမျိုးကောင်းသားအား—“ငါသည်မြတ်စွာဘုရား ဟောတော်မူသည့် တရားတော်ကို ထိုက်သည့်အားလျော်စွာ သိရ၏၊ ထိုသို့သိရသည့်အတိုင်း လူ့ဘောင်၌ နေသူသည် စင်စစ် ပြည့်စုံစင်ကြယ်၍ ခရုသင်းပွတ်သစ်နှင့်တူသော ဤမြတ်သောအကျင့်ကို ကျင့်ရန် မလွယ်ကူချေ၊ ငါသည် ဆံမုတ်ဆိတ်ကို ပယ်ပြီးလျှင် ဖန်ရည်ဆိုးသော အဝတ်တို့ကိုဝတ်ရုံ၍ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ရမူ ကောင်းလေစွ”ဟု အကြံဖြစ်၏။ ထိုအခါထုလ္လကောဋ္ဌိကရွာသား ပုဏ္ဏားနှင့် အမျိုးသားတို့သည် မြတ်စွာဘုရားက တရားစကားဖြင့် (အကျိုးစီးပွားကို) သိမြင်စေလျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန်စေရွှင်လန်းစေပြီးသော် မြတ်စွာဘုရား၏ တရားတော်ကို နှစ်သက်ဝမ်းမြောက်၍ နေရာမှထကာ မြတ်စွာဘုရားကို့ရှိခိုးပြီးလျှင် အရိုအသေပြုလျက် ဖဲခွါသွားကြကုန်၏။
ထို့နောက် ရဋ္ဌပါလအမျိုးကောင်းသားသည် ထုလ္လကောဋ္ဌိကရွာသား ပုဏ္ဏားနှင့် အမျိုးသားတို့ ထသွား၍မကြာမီ မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် ရှိခိုး၍ တစ်ခုသော နေရာ၌ထိုင်ကာ မြတ်စွာဘုရားအား— “အသျှင်ဘုရား အကျွန်ုပ်သည် မြတ်စွာဘုရားဟောတော်မူသည့် တရားတော်ကို ထိုက်သည့်အားလျော်စွာ သိပါ၏၊ ထိုသို့ သိရသည့်အတိုင်း လူ့ဘောင်၌ နေသူသည် စင်စစ် ပြည့်စုံစင်ကြယ်၍ခရုသင်းပွတ်သစ်နှင့်တူသော ဤမြတ်သောအကျင့်ကို ကျင့်ရန် မလွယ်ကူပါ၊ အသျှင်ဘုရား အကျွန်ုပ်သည်ဆံမုတ်ဆိတ်ကို ပယ်ပြီးလျှင် ဖန်ရည်ဆိုးသော အဝတ်တို့ကို ဝတ်ရုံ၍ လူ့ဘောင်မှ ရဟန်းဘောင်သို့ဝင်ရောက်လိုပါသည်၊ မြတ်စွာဘုရား အကျွန်ုပ်သည် မြတ်စွာဘုရားထံ၌ ရှင်ရဟန်းအဖြစ်ကို ရလိုပါ၏၊ မြတ်စွာဘုရားသည် အကျွန်ုပ်ကို ရဟန်းပြုတော်မူပါလော့”ဟု လျှောက်၏။ ရဋ္ဌပါလ သင့်ကို အမိအဖတို့က လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ရန် ခွင့်ပြုပြီးဖြစ်သလောဟု (မေးတော်မူ၏)။ အသျှင်ဘုရားအကျွန်ုပ်ကို အမိအဖတို့က လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ရန် ခွင့်မပြုသေးပါဟု (လျှောက်၏)။ ရဋ္ဌပါလ မြတ်စွာဘုရားတို့သည် အမိအဖတို့က ခွင့်မပြုသောသားကိုရဟန်းပြုပေးတော်မမူကုန်ဟု (မိန့် တော်မူ၏)။ အသျှင်ဘုရား ထိုအကျွန်ုပ်တို့သည် လူ့ဘောင်မှရဟန်းဘောင်သို့ ဝင်ရောက်ရန် မိဘတို့က ခွင့်ပေးအောင် ပြုပါမည်ဟု (လျှောက်၏)။
၂၉၅။ ထို့နောက် ရဋ္ဌပါလအမျိုးကောင်းသားသည် နေရာမှ ထကာ မြတ်စွာဘုရားကို ရှိခိုး၍ အရိုအသေပြုပြီးလျှင် မိဘတို့ထံသို့ ချဉ်းကပ်ပြီးသော် မိဘတို့အား— “မိခင်ဖခင်တို့ အကျွန်ုပ်သည်မြတ်စွာဘုရားဟောတော်မူသည့် တရားတော်ကို ထိုက်သည့်အားလျော်စွာ သိရပါ၏၊ ထိုသို့ သိရသည့်အတိုင်း လူ့ဘောင်၌ နေသူသည် စင်စစ် ပြည့်စုံစင်ကြယ်၍ ခရုသင်းပွတ်သစ်နှင့် တူသော ဤမြတ်သောအကျင့်ကို ကျင့်ရန် မလွယ်ကူပါ၊ အကျွန်ုပ်သည် ဆံမုတ်ဆိတ်ကို ပယ်ပြီးလျှင် ဖန်ရည်ဆိုးသော အဝတ်တို့ကို ဝတ်ရုံ၍ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်လိုပါသည်၊ အကျွန်ုပ်ကို လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ရန် ခွင့်ပြုကြပါကုန်”ဟု ပြောဆို၏။
ဤသို့ ပြောသော် ရဋ္ဌပါလအမျိုးကောင်းသား၏ မိဘတို့သည် ရဋ္ဌပါလအမျိုးကောင်းသားအား “ချစ်သား ရဋ္ဌပါလ သင်သည် ငါတို့၏ တစ်ဦးတည်းသော သားဖြစ်၍ ချစ်ခင်အပ်သူ နှစ်သက်အပ်သူချမ်းသာစွာ ကြီးပြင်းလာသူ ချမ်းသာစွာ မွေးမြူလာရသူ ဖြစ်ပေ၏၊ ချစ်သားရဋ္ဌပါလ သင်သည် မည်သည့် ဆင်းရဲကိုမျှ မသိ၊ သင်သေသော်မှလည်း ငါတို့သည် အလိုမရှိကုန်ဘဲ သင်နှင့် ခွဲခွါကြရကုန်အံ့၊ အသက်ရှင်နေသော သင့်ကိုကား ဤလူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ရန် အဘယ်မှာ ငါတို့ ခွင့်ပြုနိုင်ပါကုန်အံ့နည်း”ဟု ပြောဆိုကြကုန်၏။ နှစ်ကြိမ်မြောက်လည်း ရဋ္ဌပါလအမျိုးကောင်းသားသည်။ပ။ သုံးကြိမ်မြောက်လည်း ရဋ္ဌပါလအမျိုးကောင်းသားသည် မိဘတို့အား— “မိခင်ဖခင်တို့ အကျွန်ုပ်သည်မြတ်စွာဘုရားဟောတော်မူသည့် တရားတော်ကို ထိုက်သည့်အားလျော်စွာ သိပါ၏၊ (ထိုသို့သိရသည့်အတိုင်း) လူ့ဘောင်၌ နေသူသည် စင်စစ်ပြည့်စုံ စင်ကြယ်၍ ခရုသင်းပွတ်သစ်နှင့်တူသော ဤမြတ်သောအကျင့်ကို ကျင့်ရန် မလွယ်ကူပါ၊ အကျွန်ုပ်သည် ဆံမုတ်ဆိတ်ကို ပယ်ပြီးလျှင် ဖန်ရည်ဆိုးသော အဝတ်တို့ကို ဝတ်ရုံ၍ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်လိုပါသည်၊ အကျွန်ုပ်ကို လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ရန် ခွင့်ပြုကြပါကုန်”ဟု ပြောဆို၏။ သုံးကြိမ်မြောက်လည်း ရဋ္ဌပါလအမျိုးကောင်းသား၏ မိဘတို့သည် ရဋ္ဌပါလအမျိုးကောင်းသားအား— “ချစ်သားရဋ္ဌပါလ သင်သည် ငါတို့၏ တစ်ဦးတည်းသော သားဖြစ်၏၊ ချစ်ခင်အပ်သူ နှစ်သက်အပ်သူ ချမ်းသာစွာ ကြီးပြင်းလာသူ ချမ်းသာစွာ မွေးမြူလာရသူ ဖြစ်ပေ၏၊ ချစ်သားရဋ္ဌပါလ သင်သည် မည်သည့် ဆင်းရဲကိုမျှ မသိ၊ ငါတို့သည် သင်သေသော်မှလည်း အလိုမရှိကုန်ဘဲ သင်နှင့် ခွဲခွါကြရကုန်အံ့၊ အသက်ရှင်နေသော သင့်ကိုကား ငါတို့သည် ဤလူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ရန် အဘယ်မှာလျှင် ခွင့်ပြုနိုင်ပါကုန်အံ့နည်း”ဟု ပြောဆိုကြ့ကုန်၏။
၂၉၆။ ထို့နောက် ရဋ္ဌပါလအမျိုးကောင်းသားသည် “ငါ့ကို မိဘတို့က လူ့ဘောင်မှ ရဟန်းဘောင်သို့ဝင်ရောက်ရန် ခွင့်မပြုကုန်”ဟု သိ၍ အခင်းမရှိသော မြေပေါ်၌ “ဤနေရာ၌သာလျှင် ငါ့အားသေခြင်းသော်လည်းကောင်း၊ ရဟန်းအဖြစ်သော်လည်းကောင်း ဖြစ်လိမ့်မည်”ဟု (ဆို၍) ထိုအရပ်၌ပင်အိပ်၏။ ထို့နောက် ရဋ္ဌပါလအမျိုး ကောင်းသားသည် ထမင်းတစ်နပ်ကိုလည်း မစား၊ ထမင်းနှစ်နပ်တို့ကိုလည်း မစား၊ ထမင်းသုံးနပ်တို့ကိုလည်း မစား၊ ထမင်းလေးနပ်တို့ကိုလည်း မစား၊ ထမင်းငါးနပ်တို့ကိုလည်း မစား၊ ထမင်းခြောက်နပ်တို့ကိုလည်း မစား၊ ထမင်းခုနစ်နပ်တို့ကိုလည်း မစား။ ထိုအခါရဋ္ဌပါလ အမျိုးကောင်းသား၏ မိဘတို့သည် ရဋ္ဌပါလအမျိုးကောင်းသားအား— “ချစ်သားရဋ္ဌပါလ သင်သည်ငါတို့၏ တစ်ဦးတည်းသော သားဖြစ်၍ ချစ်ခင်အပ်သူ နှစ်သက်အပ်သူ ချမ်းသာစွာ ကြီးပြင်းလာသူချမ်းသာစွာ မွေးမြူလာရသူ ဖြစ်ပေ၏၊ ချစ်သားရဋ္ဌပါလ သင်သည် မည်သည့် ဆင်းရဲကိုမျှ မသိ၊ ငါတို့သည် သင်သေသော်မှလည်း အလိုမရှိကုန်ဘဲ သင်နှင့် ခွဲခွါကြရကုန်အံ့၊ အသက်ရှင်နေသော သင့်ကိုကား ငါတို့သည် ဤလူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ရန် အဘယ်မှာ ခွင့်ပြုနိုင်ပါကုန်အံ့နည်း၊ ချစ်သားရဋ္ဌပါလ ထလော့၊ စားလည်း စားလော့၊ သောက်လည်း သောက်လော့၊ ပျော်လည်း ပျော်ပါးလော့၊ စားသောက်ပျော်ပါးကာ ကာမဂုဏ်များကို ခံစား၍ ကောင်းမှုများကို ပြုလျက် မွေ့လျော်လော့၊ သင့်ကို လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ရန် ငါတို့ ခွင့်မပြုနိုင်ကုန်”ဟု ပြောဆိုကြကုန်၏။
ဤသို့ ပြောကြကုန်သော် ရဋ္ဌပါလအမျိုးကောင်းသားသည် ဆိတ်ဆိတ်နေ၏။ နှစ်ကြိမ်မြောက်လည်း။ပ။ သုံးကြိမ်မြောက်လည်း ရဋ္ဌပါလအမျိုးကောင်းသား၏ အမိအဖတို့သည် ရဋ္ဌပါလအမျိုးကောင်းသားအား—“ချစ်သား ရဋ္ဌပါလ သင်သည် ငါတို့၏ တစ်ဦးတည်းသော သားဖြစ်၍ ချစ်ခင်အပ်သူနှစ်သက်အပ်သူ ချမ်းသာစွာ ကြီးပြင်းလာသူ ချမ်းသာစွာ မွေးမြူလာရသူ ဖြစ်ပေ၏၊ ချစ်သားရဋ္ဌပါလသင်သည် မည်သည့်ဆင်းရဲကိုမျှ မသိ၊ သင်သေသော်မှလည်း ငါတို့သည် အလိုမရှိကုန်ဘဲ သင်နှင့် ခွဲခွါကြရကုန်အံ့၊ အသက်ရှင်နေသော သင့်ကိုကား လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ရန် အဘယ်မှာ ခွင့်ပြုနိုင်ပါကုန်အံ့နည်း၊ ချစ်သားရဋ္ဌပါလ ထလော့၊ စားလည်း စားလော့၊ သောက်လည်း သောက်လော့၊ ပျော်လည်း ပျော်ပါးလော့၊ စားသောက်ပျော်ပါးကာ ကာမဂုဏ်များကို ခံစား၍ ကောင်းမှုများကိုပြုလျက် မွေ့လျော်လော့၊ သင့်ကို လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ရန် ငါတို့ ခွင့်မပြုနိုင်ကုန်”ဟု ပြောဆိုကြကုန်၏။ သုံးကြိမ်မြောက်လည်း ရဋ္ဌပါလအမျိုးကောင်းသားသည် ဆိတ်ဆိတ်နေ၏။
၂၉၇။ ထို့နောက် ရဋ္ဌပါလအမျိုးကောင်းသား၏ သူငယ်ချင်းတို့သည် ရဋ္ဌပါလ အမျိုးကောင်းသားထံချဉ်းကပ်ပြီးသော် ရဋ္ဌပါလအမျိုးကောင်းသားအား “အဆွေရဋ္ဌပါလ သင်သည် မိဘတို့၏ တစ်ဦးတည်းသောသား ဖြစ်၍ ချစ်ခင်အပ်သူ နှစ်သက်အပ်သူ ချမ်းသာစွာ ကြီးပြင်းလာသူ ချမ်းသာစွာ မွေးမြူလာရသူဖြစ်ပေ၏၊ အဆွေရဋ္ဌပါလ သင်သည် မည်သည့်ဆင်းရဲကိုမျှ မသိ၊ သင်၏ မိဘတို့သည် သင်သေသော်မှလည်း (မိဘတို့) အလိုမရှိကုန်ဘဲ သင်နှင့် ခွဲခွါကြရပေလိမ့်မည်၊ အသက်ရှင်နေသော သင့်ကိုကားလူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ရန် အဘယ်မှာ ခွင့်ပြုနိုင်ပါကုန်အံ့နည်း၊ အဆွေရဋ္ဌပါလထလော့၊ စားလည်း စားလော့၊ သောက်လည်း သောက်လော့၊ ပျော်လည်း ပျော်ပါးလော့၊ စားသောက်ပျော်ပါးကာ ကာမဂုဏ်များကို ခံစား၍ ကောင်းမှုများကိုပြုလျက် မွေ့လျော်လော့၊ သင့်ကို လူ့ဘောင်မှရဟန်းဘောင်သို့ ဝင်ရောက်ရန်ကား မိဘတို့ ခွင့်ပြုနိုင်လိမ့်မည် မဟုတ်ကုန်၊ သင်၏ မိဘတို့သည်သင်သေသော်မှလည်း အလိုမရှိကုန်ဘဲ သင်နှင့် ခွဲခွါကြရပေမည်၊ အသက်ရှင်နေသော သင့်ကိုကားလူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ရန် အဘယ်မှာ ခွင့်ပြုနိုင်ကုန်အံ့နည်း”ဟု ပြောဆိုကြကုန်၏။
ဤသို့ ပြောကုန်သော် ရဋ္ဌပါလ အမျိုးကောင်းသားသည် ဆိတ်ဆိတ်နေ၏။ နှစ်ကြိမ်မြောက် လည်း။ပ။ သုံးကြိမ်မြောက်လည်း ရဋ္ဌပါလအမျိုးကောင်းသား၏ သူငယ်ချင်းတို့သည် ရဋ္ဌပါလအမျိုး့ကောင်းသားအား—“အဆွေရဋ္ဌပါလ သင်သည် မိဘတို့၏ တစ်ဦးတည်းသော သားဖြစ်၍ ချစ်ခင်အပ်သူနှစ်သက်အပ်သူ ချမ်းသာစွာ ကြီးပြင်းလာသူ ချမ်းသာစွာ မွေးမြူလာရသူ ဖြစ်ပေ၏၊ အဆွေရဋ္ဌပါလသင်သည် မည်သည့်ဆင်းရဲကိုမျှ မသိ၊ သင်၏ မိဘတို့သည် သင်သေသော်မှလည်း (မိဘတို့) အလိုမရှိကုန်ဘဲ သင်နှင့် ခွဲခွါကြရပေလိမ့်မည်၊ အသက်ရှင်နေသော သင့်ကိုကား လူ့ဘောင်မှ ရဟန်းဘောင်သို့ဝင်ရောက်ရန် အဘယ်မှာ ခွင့်ပြုနိုင်ကုန်အံ့နည်း၊ အဆွေရဋ္ဌပါလ ထလော့၊ စားလည်း စားလော့၊ သောက် လည်း သောက်လော့၊ ပျော်လည်း ပျော်ပါးလော့၊ စားသောက် ပျော်ပါးကာ ကာမဂုဏ်များကိုခံစား၍ ကောင်းမှုများကို ပြုလျက် မွေ့လျော်လော့။ သင့်ကို လူ့ဘောင်မှ ရဟန်းဘောင်သို့ဝင်ရောက်ရန်ကား မိဘတို့ ခွင့်ပြုနိုင်လိမ့်မည် မဟုတ်ကုန်၊ သင်၏ မိဘတို့သည် သင်သေသော်မှလည်းအလိုမရှိကုန်ဘဲ သင်နှင့် ခွဲခွါကြရပေမည်၊ အသက်ရှင်နေသော သင့်ကိုကား လူ့ဘောင်မှရဟန်းဘောင်သို့ ဝင်ရောက်ရန် အဘယ်မှာ ခွင့်ပြုနိုင်ကုန်အံ့နည်း”ဟု ပြောဆိုကြကုန်၏။ သုံးကြိမ်မြောက်လည်း ရဋ္ဌပါလ အမျိုးကောင်း သားသည် ဆိတ်ဆိတ်နေ၏။
၂၉၈။ ရဋ္ဌပါလအမျိုးကောင်းသား၏ သူငယ်ချင်းတို့သည် ရဋ္ဌပါလ အမျိုးကောင်းသား၏ မိဘတို့ထံ သို့ချဉ်းကပ်ကြပြီးသော် “မိခင်ဖခင်တို့ ‘ဤရဋ္ဌပါလသည် အခင်းမရှိသော မြေပေါ်ဝယ် ဤနေရာ၌သာလျှင်ငါ့အား သေခြင်းသော်လည်းကောင်း၊ ရဟန်းအဖြစ်သော်လည်းကောင်း ဖြစ်လိမ့်မည်’ဟု အိပ်၏။ သင်တို့သည် ရဋ္ဌပါလကို လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ရန် ခွင့်မပြုကြပါမူ ထိုနေရာ၌ပင် သေခြင်းသို့ရောက်လိမ့်မည်၊ အကယ်၍ သင်တို့သည် ရဟန်းပြုရန် ခွင့်ပြုကြပါမူ ရဟန်းအဖြစ်နှင့်နေသောရဋ္ဌပါလကို မြင်ကြရဦးမည်၊ ရဋ္ဌပါလသည် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်၍ ရဟန်းပြုပြီးမှ အကယ်၍မပျော် ပိုက်ပါမူ သူ့အား မိဘတို့ အိမ်မှတစ်ပါး သွားစရာ အဘယ်မှာရှိအံ့နည်း၊ ဤ (အိမ်) သို့သာလျှင်တစ်ဖန် ပြန်လာပါလိမ့်မည်၊ ရဋ္ဌပါလကို လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ရန်ခွင့်ပြုကြပါကုန်”ဟု ပြော ဆိုကြကုန်၏။
ထိုအခါ ရဋ္ဌပါလ၏ မိဘတို့သည် “အမောင်တို့ ရဋ္ဌပါလကို လူ့ဘောင်မှ ရဟန်းဘောင်သို့ဝင်ရောက်ရန် ငါတို့ ခွင့်ပြုပါကုန်၏၊ သို့ရာတွင် ရဟန်းပြုပြီးနောက် မိဘတို့ကို အတွေ့ခံပါစေ”ဟု (ပြောဆိုကြကုန်၏)။ ထိုအခါ ရဋ္ဌပါလအမျိုးကောင်းသား၏ သူငယ်ချင်းတို့သည် ရဋ္ဌပါလအမျိုးကောင်းသားထံ ချဉ်းကပ်ကြပြီးသော် “အဆွေရဋ္ဌပါလ ထလော့၊ သင့်ကို မိဘတို့သည် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ရန် ခွင့်ပြုကြပြီ၊ သို့ရာတွင် သင်သည် ရဟန်းပြုပြီးနောက် အမိအဖတို့ကို အတွေ့ခံရမည်”ဟု ပြောကြကုန်၏။
၂၉၉။ ထို့နောက် ရဋ္ဌပါလအမျိုးကောင်းသားသည် ထ၍ အားယူကာ မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်လျက် မြတ်စွာဘုရားအား— “အသျှင် ဘုရားအကျွန်ုပ်ကို မိဘတို့က လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ရန် ခွင့်ပေးကြပါပြီ၊ မြတ်စွာဘုရားသည်အကျွန်ုပ်ကို ရဟန်းပြုတော်မူပါလော့”ဟု လျှောက်၏။ ရဋ္ဌပါလ အမျိုးကောင်းသားသည် မြတ်စွာဘုရားအထံ၌ ရှင့်အဖြစ် ရဟန်းအဖြစ်ကို ရလေ၏။ ထိုအခါ မြတ်စွာဘုရားသည် အသျှင်ရဋ္ဌပါလ ရဟန်းပြု၍မကြာမြင့်မီ လခွဲမျှ လွန်လတ်သော် ထုလ္လကောဋ္ဌိကနိဂုံး၌ မွေ့လျော်တော်မူသမျှ နေတော်မူ၍သာဝတ္ထိပြည်သို့ ဒေသစာရီကြွချီတော်မူ၏။ အစဉ်အတိုင်း ဒေသစာရီကြွချီတော်မူလတ်သော် သာဝတ္ထိပြည်သို့ ရောက်တော်မူ၏၊ သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ အသျှင်ရဋ္ဌပါလသည် တစ်ပါးတည်း ဆိတ်ငြိမ်ရာသို့ ကပ်၍ မမေ့မလျော့ ပြင်းစွာအားထုတ်လျက် (နိဗ္ဗာန်သို့) စေလွှတ်သော စိတ်ရှိသည်ဖြစ်၍ နေလတ်သော် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ကြသော အမျိုးကောင်းသားများ လိုလားအပ်သည့် အတုမရှိသော မြတ်သော အကျင့်၏ အဆုံးဖြစ်သော အရဟတ္တဖိုလ် အကျိုးကို မကြာမီ ယခုဘဝ၌ပင် ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် မျက်မှောက့်ပြုကာ ပြည့်စုံစေ၍ နေ၏၊ “ပဋိသန္ဓေနေမှုကုန်ပြီ၊ မြတ်သောအကျင့်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ်ကိစ္စကိုပြုပြီးပြီ၊ ဤ (မဂ်) ကိစ္စအလို့ငှါ တစ်ပါးသော ပြုဖွယ်မရှိတော့ပြီ”ဟု သိ၏။ အသျှင်ရဋ္ဌပါလသည်ရဟန္တာတို့တွင် တစ်ပါးအပါအဝင် ဖြစ်လေ၏။
ထိုအခါ အသျှင် ရဋ္ဌပါလသည် မြတ်စွာဘုရားကို ရှိခိုး၍ သင့်လျော်ရာ၌ ထိုင်လျက် “အသျှင်ဘုရားအကျွန်ုပ်ကို အကယ်၍ မြတ်စွာဘုရား ခွင့်ပြုတော်မူပါလျှင် အကျွန်ုပ်သည် အမိအဖတို့ကို အတွေ့ခံလိုပါ၏”ဟု လျှောက်၏။ ထိုအခါ မြတ်စွာဘုရားသည် ရဋ္ဌပါလ အမျိုးကောင်းသား သိက္ခာချ၍ လူထွက်ရန်မထိုက်သည်ကို သိတော်မူသည့် အခြင်းအရာအားဖြင့် အသျှင်ရဋ္ဌပါလ၏ စိတ်ကို (မိမိ) စိတ်တော်ဖြင့်ပိုင်းခြား၍ နှလုံးသွင်းတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် အသျှင်ရဋ္ဌပါလကို “ရဋ္ဌပါလ ယခုအခါ၌အတွေ့ခံရန် အချိန်ကို သင် သိ၏ (အတွေ့ခံရန်မှာ သင်၏ အလိုအတိုင်းပင် ဖြစ်၏)”ဟု (မိန့်တော်မူ၏)။ ထိုအခါ အသျှင်ရဋ္ဌပါလသည် နေရာမှ ထ၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင်အရိုအသေပြုကာ ကျောင်း အိပ်ရာ နေရာကို သိုမှီး၍ သပိတ်သင်္ကန်းကို ယူပြီးလျှင်ထုလ္လကောဋ္ဌိကနိဂုံးသို့ ဒေသစာရီကြွချီခဲ့ရာ အစဉ်အတိုင်း ထုလ္လကောဋ္ဌိကနိဂုံးသို့ ဆိုက်ရောက်၏၊ အသျှင်ရဋ္ဌပါလမထေရ်သည် ထိုထုလ္လကောဋ္ဌိကနိဂုံး၌ ကောရဗျမင်း၏ မိဂစီရမည်သော ဥယျာဉ်၌သီတင်းသုံးနေတော်မူ၏။
ထိုအခါ အသျှင်ရဋ္ဌပါလသည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူပြီးလျှင် ထုလ္လကောဋ္ဌိကနိဂုံးသို့ ဆွမ်းခံဝင်လေ၏၊ ထုလ္လကောဋ္ဌိကနိဂုံး၌ အိမ်စဉ်အတိုင်းရပ်၍ ဆွမ်းခံကြွတော်မူသည်ရှိသော် မိမိ၏ အဖအိမ်သို့ ချဉ်းကပ်မိလေ၏၊ ထိုအခါ အသျှင်ရဋ္ဌပါလ၏ အဖသည် အလယ်တံခါးမုခ်ဦး၌ ဆံရှင်း၍နေ၏။ အသျှင်ရဋ္ဌပါလ၏ အဖသည် အဝေးကကြွလာသော အသျှင်ရဋ္ဌပါလကို မြင်၍”ဤဦးပြည်းရဟန်းယုတ်တို့သည် ငါတို့၏ ချစ်လှစွာသော နှလုံးကို ပွါးစေတတ်သော တစ်ယောက်တည်းသော သားကို ရဟန်းပြုပေးကြကုန်၏”ဟု ဆို၏။ ထိုအခါ အသျှင်ရဋ္ဌပါလသည် မိမိအဖအိမ်မှ အလှူဒါနမရခဲ့သည့်ပြင် ‘ကန်တော့’ဟု တုံ့ပြန်မှုဆွမ်း (ကန်တော့ဆွမ်း) ကိုမျှ မရခဲ့၊ စင်စစ်သော်ကား ဆဲရေးမှုကိုသာရခဲ့၏၊ ထိုအခါအသျှင်ရဋ္ဌပါလ၏ ဆွေမျိုးသဖွယ်ဖြစ်သည့် (အိမ်ပေါက်) ကျွန်မသည် တစ်ညဉ့်လွန် (သိုးလေ) ပြီးသော မုယောမုန့်ကို စွန့်ပယ်လို၏၊ ထိုအခါ အသျှင်ရဋ္ဌပါလသည် ထိုဆွေမျိုးသဖွယ်ဖြစ်သည့်ကျွန်မကို “နှစ်မ ထို (မုန့်) ကို အကယ်၍ စွန့်ပစ်ရမည် ဖြစ်အံ့၊ ငါ၏ ဤသပိတ်၌ လောင်းလော့”ဟုပြော၏။ ထိုအခါ အသျှင်ရဋ္ဌပါလ၏ ဆွေမျိုးသဖွယ်ဖြစ်သူ ကျွန်မသည် တစ်ညဉ့်လွန် (သိုးလေ) ပြီးသောထိုမုယောမုန့်ကို အသျှင်ရဋ္ဌပါလ၏ သပိတ်၌ လောင်းစဉ် လက် ခြေ အသံတို့၏ အမှတ်အသားကို မှတ်ယူ၏။
၃ဝဝ။ ထို့နောက် အသျှင်ရဋ္ဌပါလ၏ ဆွေမျိုးသဖွယ်ဖြစ်သူ ကျွန်မသည် အသျှင်ရဋ္ဌပါလ၏ မိခင်ထံသို့ချဉ်းကပ်၍ “အသျှင်မ သိပါလော့၊ အသျှင့်သား ရဋ္ဌပါလသည် ရောက်လာပြီ”ဟု အသျှင်ရဋ္ဌပါလ၏အမိကို ပြော၏။ ဟယ် ကျွန်မ အကယ်၍ သင်အမှန်ပြောမူ သင့်ကို ကျွန်အဖြစ်မှ လွှတ်ပစ်မည်ဟု (ဆို၏)၊ ထို့နောက် အသျှင်ရဋ္ဌပါလ၏ မိခင်သည် အသျှင်ရဋ္ဌပါလ ဖခင်ရှိရာသို့ ချဉ်းကပ်၍အသျှင်ရဋ္ဌပါလ၏ ဖခင် ကို “အသျှင် သိပါလော့၊ အမျိုးကောင်းသား အသျှင်ရဋ္ဌပါလသည်ရောက်လာပြီ”ဟု ပြောဆို၏။
ထိုအခါ အသျှင်ရဋ္ဌပါလသည် နံရံခြေတစ်ခုကို မှီ၍ တစ်ညဉ့်လွန် (သိုးလေ) ပြီးသော ထိုမုယောမုန့် ကိုသုံးဆောင်နေ၏။ ထိုအခါ အသျှင်ရဋ္ဌပါလ၏ အဖလည်း အသျှင်ရဋ္ဌပါလထံသို့ ချဉ်းကပ်၍ အသျှင်ရဋ္ဌပါလအား ဤစကားကို ပြောဆို၏— “ချစ်သားရဋ္ဌပါလ တစ်ညဉ့်လွန် (သိုးလေ) ပြီးသော မုယောမုန့်ကိုစားမှ စားပလေ၊ အကယ်စင်စစ် မိမိအိမ်သို့ သွားသင့်သည် မဟုတ်ပါလော”ဟု ပြော၏။ ဒါယကာကြီးလူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်သော ငါတို့အား အဘယ်မှာ အိမ်ရှိအံ့နည်း၊ ဒါယကာကြီး့ငါတို့သည် အိမ်မရှိကြကုန်၊ ဒါယကာကြီး သင်၏ အိမ်သို့ ရောက်ခဲ့ပြီ၊ ထိုအိမ်မှ အလှူဒါနမရခဲ့သည့်ပြင် တုံ့ပြန်မှု (ကန်တော့ဆွမ်း) ကိုမျှ မရခဲ့၊ စင်စစ်သော်ကား ဆဲရေးခြင်းကိုသာ ရခဲ့၏ဟု (ပြော၏)။ ချစ်သား ရဋ္ဌပါလ လာ, အိမ်သို့ သွားကြကုန်အံ့ဟု (ဆို၏)။ ဒါယကာကြီး တန်ပြီ၊ ယနေ့အကျွန်ုပ်အား ဆွမ်းကိစ္စ ပြီးပြီဟု (ဆို၏)။ ချစ်သားရဋ္ဌပါလ သို့ဖြစ်မူ နက်ဖန်အတွက် ဆွမ်းကိုလက်ခံပါလော့ဟု (လျှောက်၏)။ အသျှင်ရဋ္ဌပါလသည် ဆိတ်ဆိတ်နေသဖြင့် လက်ခံတော်မူ၏။ ထိုအခါအသျှင်ရဋ္ဌပါလ၏ အဖသည် အသျှင်ရဋ္ဌပါလ လက်ခံသည်ကို သိ၍ မိမိအိမ်သို့ ချဉ်းကပ်ကာ ကြီးစွာသောရွှေပုံ ငွေပုံကို ပြုစေ၍ ဖျာတို့ဖြင့် ဖုံးပြီးလျှင် အသျှင်ရဋ္ဌပါလ၏ မယားဟောင်းတို့ကို “ချွေးမတို့လာကြကုန်လော့၊ ရှေးအခါက ရဋ္ဌပါလအမျိုးကောင်းသားအား ကြိုက်နှစ်သက်စေတတ်သောအဆင်တန်ဆာကို ဝတ်ဆင်ကြ ကုန်လော့”ဟု ပြောဆို၏။
၃ဝ၁။ ထိုအခါ အသျှင်ရဋ္ဌပါလ၏ အဖသည် ထိုညဉ့်လွန်သဖြင့် မိမိအိမ်၌ မွန်မြတ်သောခဲဖွယ်ဘောဇဉ်ကို စီရင်၍ အသျှင်ရဋ္ဌပါလအား “ချစ်သားရဋ္ဌပါလ ဆွမ်းပြင်ပြီးပြီ၊ ဆွမ်းစားရန် အချိန်တန်ပြီ”ဟု အချိန်ကို ကြားလျှောက်၏။ ထိုအခါ အသျှင်ရဋ္ဌပါလသည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍သပိတ်သင်္ကန်းကို ယူပြီးလျှင် မိမိအဖ၏ အိမ်သို့ ချဉ်းကပ်၍ ခင်းထားသော နေရာ၌ ထိုင်၏။ ထိုအခါအသျှင်ရဋ္ဌပါလ၏ အဖသည် ရွှေပုံ ငွေပုံကို ဖွင့်၍ အသျှင်ရဋ္ဌပါလအား—“ချစ်သားရဋ္ဌပါလဤ (ရွှေငွေ) သည် သင့်အမိ၏ အမိဘက်မှ ပါလာသော ဥစ္စာတည်း (မိန်းမသား၏ မိန်းမသုံးဥစ္စာတည်း၁)။ အဖဘက်မှ ပါလာသော ဥစ္စာသည်ကား တစ်ခြားရှိသေး၏၊ အဘိုးအဘေးဘက်မှ (ဆင်းသက်) လာသော ဥစ္စာလည်း တစ်ခြားရှိသေး၏၊ ချစ်သားရဋ္ဌပါလ လူထွက်၍စည်းစိမ်တို့ကိုလည်း ခံစားရန် ကောင်းမှုတို့ကိုလည်း ပြုရန် ရနိုင်၏၊ ချစ်သားရဋ္ဌပါလ လာလော့၊ လူထွက်၍ စည်းစိမ်တို့ကိုလည်း ခံစားလော့၊ ကောင်းမှုတို့ ကိုလည်း ပြုလော့”ဟု ပြောဆို၏။ ဒါယကာကြီး အကယ်၍ ငါ၏ စကားကို လိုက်နာသည် ဖြစ်မူ ဤရွှေငွေတို့ကို လှည်းတို့ဖြင့်ထုတ်ဆောင်ကာ ဂင်္ဂါမြစ်လယ် ရေအလျဉ်၌ ပစ်ချလိုက်လော့၊ အဘယ် ကြောင့်ဆိုသော်ထို (ဥစ္စာဟူသော) အကြောင်းကြောင့် သင့်အား ပူဆွေးရမှု ငိုကြွေးရမှု ကိုယ်ဆင်းရဲရမှု စိတ်ဆင်းရဲရမှုပြင်းစွာ ပင်ပန်းမှုတို့သည် ဖြစ်ကုန်လိမ့်မည်ဟု ဆို၏။
ထိုအခါ အသျှင်ရဋ္ဌပါလ၏ မယားဟောင်းတို့သည် အသီးအသီး ခြေတို့ကိုကိုင်၍ အသျှင်ရဋ္ဌပါလ အား—“အသျှင့်သား အကြင် (နတ်သမီး) တို့ကို (ရလိုမှုဟူသော) အကြောင်းကြောင့် အသျှင့်သားသည်မြတ်သောအကျင့်ကို ကျင့်၏၊ ထိုနတ်သမီးတို့ကား အဘယ်သို့သော သဘောရှိပါကုန်သနည်း”ဟုပြောကြ ကုန်၏။ နှမတို့ ငါသည် နတ်သမီးဟူသော အကြောင်းကြောင့် မြတ်သောအကျင့်ကို ကျင့်သည်မဟုတ်ဟု (ဆို၏)။
ထိုအခါ အသျှင်ရဋ္ဌပါလ၏ မယားဟောင်းတို့သည် ငါတို့ကို အသျှင့်သားရဋ္ဌပါလသည် နှမတို့ဟူသောခေါ်ဝေါ်ပြောဆိုခြင်းဖြင့် ခေါ်ဝေါ်ပြောဆိုနေတော့သည်ဟု ထိုနေရာ၌ပင်လျှင် မိန်းမောတွေဝေ၍ လဲကုန်၏။ ထိုအခါ အသျှင်ရဋ္ဌပါလသည် အဖဖြစ်သူအား “ဒါယကာကြီး ဆွမ်းဘောဇဉ်တို့ကို ပေးလှူမည် ဖြစ်လျှင်ပေးလှူလော့၊ အကျွန်ုပ်တို့ကို (ဥစ္စာမိန်းမ အထွေထွေပြလျက်) မညှဉ်းဆဲပါလင့်”ဟု ပြောဆို၏။ ချစ်သားရဋ္ဌပါလ သုံးဆောင်လော့၊ ဆွမ်းပြင်ပြီးပါပြီဟု (ဆို၏)။ ထို့နောက် အသျှင်ရဋ္ဌပါလ၏ မိဘတို့သည် အသျှင်ရဋ္ဌပါလအား မွန်မြတ်သော ခဲဖွယ်ဘောဇဉ်ဖြင့် ရောင့်ရဲသည့်တိုင်အောင် တားမြစ်သည့်တိုင်အောင် မိမိကိုယ်တိုင် လုပ်ကျွေးကုန်၏။
၃ဝ၂။ ထိုအခါ အသျှင်ရဋ္ဌပါလသည် ဆွမ်းစားပြီး၍ သပိတ်မှ လက်ကို ဖယ်ပြီးသော် ရပ်လျက်သာ လျှင်ဤဂါထာတို့ကို ရွတ်ဆို၏ —
“ရှုစမ်းလော့၊ အနာဝအပြည့်, ကိုယ်ဖြစ်၍ (အရိုးအကြောအသားတို့ဖြင့်) ထက် ဝန်းကျင့်စိုက်ဆောက်ထားသော အမြဲကျင်နာ၍ အများသတ္တဝါတို့ ကြံစည်အပ် (ကြံစည်ရာဖြစ်) သောအဆန်းတကြယ် ပြုထားသည့် ခန္ဓာကိုယ် အတ္တဘောသည် အမြဲတည်မှု မရှိနိုင်ချေ။
ရှုစမ်းလော့၊ ပတ္တမြားနားတောင်းဖြင့် ဆန်းကြယ်စွာ ပြုပြင်ထားသော အရိုးကို အရေဖုံးနေသောရုပ်ပုံသည် အဝတ်နှင့်တကွ ဖြစ်မှသာလျှင် တင့်တယ်ပေ၏။
ချိပ်ရည် ဆိုးထားသော ခြေထောက်များနှင့် နံ့သာမှုန့် လိမ်းကျံထားသော မျက်နှာတို့သည် လူမိုက်အားတွေဝေရန် စွမ်းနိုင်၍ (နိဗ္ဗာန်) ကမ်းတစ်ဖက်ကို ရှာမှီးသူအား တွေဝေရန် မစွမ်းနိုင်ကုန်သည်သာတည်း။
ရှစ်မျိုးသော အဖို့အစုတို့ဖြင့် ဆင်ယင်ထုံးဖွဲ့ထားသော ဆံပင်တို့နှင့် မျက်ကွင်း ဆေးလိမ်းကျံထားသော မျက်စိတို့သည် လူမိုက်အား တွေဝေရန် စွမ်းနိုင်၍ (နိဗ္ဗာန်) ကမ်းတစ် ဖက်ကိုရှာမှီးသူအား တွေဝေရန် မစွမ်းနိုင်ကုန်သည်သာတည်း။
မျက်စဉ်းကျည်အဆင်းရှိသော ဆန်းကြယ်သော တန်ဆာဆင်ထားသော အပုပ် ကောင်သည်ထိုလူမိုက်အား တွေဝေရန် စွမ်းနိုင်၍ (နိဗ္ဗာန်) ကမ်းတစ်ဖက်ကို ရှာမှီး သူအား တွေဝေရန်မစွမ်းနိုင်သည်သာတည်း။
သားမုဆိုးသည် ပိုက်ကို ထောင်ထား၏၊ သားသမင်သည် ပိုက်ကို မထိပါးစေဘဲ အစာကို စားလျက်သားမုဆိုး မြည်တမ်းစဉ် ဖဲသွားလေသတည်း”ဟု (ရွတ်ဆို ၏)။
ထိုအခါ အသျှင်ရဋ္ဌပါလသည် ရပ်လျက်သာလျှင် ဤဂါထာတို့ကို ရွတ်ဆိုလျက် ကောရဗျမင်း၏မိဂစီရဥယျာဉ်သို့ ချဉ်းကပ်၍ သစ်ပင်ရင်းတစ်ခု၌ နေ့သန့်စင်နေ၏။
၃ဝ၃။ ထိုအခါ ကောရဗျမင်းသည် မိဂဝဥယျာဉ်မှူးကို “အချင်းမိဂဝ မိဂစီရဥယျာဉ်မြေကို ပြင်ဆင် လော့၊ ရှုမျှော်ခင်းကို ကြည့်ရှုရန် သွားကြကုန်အံ့”ဟု မိန့်၏၊ “အသျှင်မင်းမြတ် ကောင်းပါပြီ”ဟူ၍သာ လျှင်မိဂဝဥယျာဉ်မှူးသည် ကောရဗျမင်းအား ပြန်လျှောက်ကြား၍ မိဂစီရဥယျာဉ်ကို ပြင်ဆင်သည်ရှိသော်သစ်ပင်ရင်းတစ်ခု၌ နေ့သန့်စင်နေသော အသျှင်ရဋ္ဌပါလကို မြင်၍ ကောရဗျမင်းထံသို့ ချဉ်းကပ်ပြီးလျှင်”အသျှင်မင်းမြတ် သင်၏ မိဂစီရဥယျာဉ်သည် ပြင်ဆင်ပြီးဖြစ်ပါပြီ၊ ဤဥယျာဉ်၌ ဤထုလ္လကောဋ္ဌိကနိဂုံးမှမြတ်သော အမျိုးသား ဖြစ်သော ရဋ္ဌပါလအမျိုးကောင်းသားလည်း ရှိပါ၏၊ သင်မင်းမြတ် မပြတ်ပြောဆိုတမ်းတနေသော ရဋ္ဌပါလအမျိုးကောင်းသားသည် သစ်ပင်ရင်းတစ်ခု၌ နေ့သန့်စင်နေပါ၏”ဟု လျှောက်၏။ အချင်းမိဂဝ သို့ဖြစ်မူ ယခု ဥယျာဉ်မြေကို မကြည့်ရှုလိုတော့ပြီ၊ ထိုအသျှင်ရဋ္ဌပါလထံသို့သာလျှင်ငါတို့ ချဉ်းကပ်ကြကုန်အံ့ဟု (ဆို၏)။
ထိုအခါ ကောရဗျမင်းသည် စီရင်သင့်သော ခဲဖွယ်ဘောဇဉ် အလုံးစုံကို စီရင်ကြကုန်လော့ဟု ဆို၍ကောင်းသည်ထက် ကောင်းကုန်သော ယာဉ်တို့ကို ကစေ၍ ကောင်းသည်ထက် ကောင်းသော ယာဉ်ကိုတက်စီးပြီးလျှင် ကောင်းသည်ထက် ကောင်းသော ယာဉ်တို့ဖြင့် ထုလ္လကောဋ္ဌိကနိဂုံးမှ ကြီးကျယ်သောမင်းကျက်သရေဖြင့် အသျှင်ရဋ္ဌပါလကို ဖူးမြော်ရန် ထွက်သွားလေ၏။ ယာဉ်ဖြင့် သွားသင့်သော အရပ်တိုင်အောင် ယာဉ်ဖြင့်သွား၍ ယာဉ်မှ သက်ဆင်းပြီးလျှင် ခြေကျင်သာလျှင် ကျော်စောထင်ရှားသောပရိသတ်ဖြင့် အသျှင်ရဋ္ဌပါလထံသို့ ချဉ်းကပ်၍ အသျှင်ရဋ္ဌပါလနှင့်အတူ ဝမ်းမြောက်ဝမ်းသာ ပြောဆို၏၊ ဝမ်းမြောက်ဖွယ် အောက်မေ့ဖွယ်စကားကို ပြောဆိုပြီးဆုံးစေပြီးလျှင် သင့်လျော်ရာ၌ ရပ်လျက်အသျှင်ရဋ္ဌပါလအား— “အသျှင်ရဋ္ဌပါလ အသျှင်သည် ဤဆင်ကုန်းနှီး၌ ထိုင်ပါလော့”ဟု လျှောက်၏။ မင်းကြီး တန်ပြီ၊ သင်ထိုင် လော့၊ ငါသည် မိမိနေရာ၌ ထိုင်နေ၏ဟု (ဆို၏)။ ကောရဗျမင်းသည်ခင်းထားသော နေရာ၌ ထိုင်ပြီး လျှင် အသျှင်ရဋ္ဌပါလအား—
၃ဝ၄။ အသျှင်ရဋ္ဌပါလ ပျက်စီးခြင်းတို့သည် ဤလေးပါးတို့ပါတည်း၊ ယင်းပျက်စီးခြင်းတို့နှင့်ပြည့်စုံသော သူအချို့တို့သည်သာ ဆံမုတ်ဆိတ်ကို ပယ်၍ ဖန်ရည်ဆိုးသော အဝတ်တို့ကို ဝတ်ပြီးလျှင်လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ကြပါကုန်၏။ အဘယ်လေးပါးတို့နည်း ဟူမူ— အိုမှုဟူသော ပျက်စီးခြင်း၊ နာမှုဟူသော ပျက်စီးခြင်း၊ စည်းစိမ်ပျက်စီးခြင်း၊ ဆွေမျိုးပျက်စီးခြင်းတို့ပေတည်း။ အသျှင်ရဋ္ဌပါလ အိုမှုပျက်စီးခြင်းဟူသည် အဘယ်နည်း— အသျှင်ရဋ္ဌပါလ ဤလောက၌ အချို့သောသူသည်အိုမင်းကြီးမြင့် အရွယ်ရင့်ကာ ဆင့်ဆင့်လွန်မြောက် နောက်ဆုံးအရွယ်သို့ ရောက်၏။ ထိုသူသည်”ယခုအခါ ငါသည် အိုမင်းကြီးမြင့် အရွယ်ရင့်ကာ ဆင့်ဆင့်လွန်မြောက် နောက်ဆုံးအရွယ်သို့ ရောက်ခဲ့ပြီ၊ ငါသည် မရသေးသော စည်းစိမ်ကိုရရန် ရပြီးသော စည်းစိမ်ကို တိုးပွါးအောင်ပြုရန် မလွယ်ကူချေ၊ ငါသည် အကယ်၍ ဆံမုတ်ဆိတ်ကို ပယ်ပြီးလျှင် ဖန်ရည်ဆိုးသော အဝတ်တို့ကို ဝတ်ရုံလျက် လူ့ဘောင်မှရဟန်းဘောင်သို့ ဝင်ရမူ ကောင်းလေရာ၏”ဟု ဆင်ခြင်၏။ ထိုသူသည် အိုမှုဟူသော ပျက်စီးခြင်းနှင့်ပြည့်စုံသည်ဖြစ်၍ ဆံမုတ်ဆိတ်ကို ရိတ်ပယ်၍ ဖန်ရည်ဆိုးသော အဝတ်တို့ကို ဝတ်ရုံလျက် လူ့ဘောင်မှရဟန်းဘောင်သို့ ဝင်ရောက်၏။ အသျှင်ရဋ္ဌပါလ ဤပျက်စီးခြင်းကို အိုမှုပျက်စီးခြင်းဟူ၍ ဆိုရ၏။ အသျှင် ရဋ္ဌပါလမူကား ယခုအခါ ငယ်ရွယ်၏၊ ပျိုမျစ်၏၊ သူငယ်သာ ဖြစ်၏၊ မည်းနက်သောဆံရှိ၏၊ ပဌမအရွယ်အားဖြင့် ကောင်းမြတ်သော အရွယ်နှင့် ပြည့်စုံ၏။ အသျှင်ရဋ္ဌပါလအား ထိုအိုမှုဟူသောပျက်စီးခြင်းသည် မရှိ၊ အသျှင်ရဋ္ဌပါလသည် အဘယ်အကျိုးထူးကို သိ၍ မြင်၍ ကြား၍ လူ့ဘောင်မှရဟန်းဘောင်သို့ ဝင်ရောက်ပါသနည်း။ (၁)
အသျှင်ရဋ္ဌပါလ နာမှု ပျက်စီးခြင်းဟူသည် အဘယ်နည်း— အသျှင်ရဋ္ဌပါလ ဤလောက၌ အချို့သောသူသည် အနာရှိ၏၊ ဆင်းရဲ၏၊ ပြင်းစွာနာ၏၊ ထိုသူသည် “ယခုအခါ ငါသည် အနာရှိ၏၊ ဆင်းရဲ၏၊ ပြင်းစွာနာ၏၊ ငါသည် မရသေးသော စည်းစိမ်ကိုရရန် ရပြီးသော စည်းစိမ်ကို တိုးပွါးအောင်ပြုရန်မလွယ်ကူချေ၊ အကယ်၍ ငါသည် ဆံမုတ်ဆိတ်ကို ရိတ်ပယ်၍ ဖန်ရည်ဆိုးသော အဝတ်တို့ကိုဝတ်ရုံလျက် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရမူ ကောင်းလေရာ၏”ဟု ဆင်ခြင်၏။ ထိုသူသည်ထိုနာမှုပျက်စီးခြင်း နှင့် ပြည့်စုံသည်ဖြစ်၍ ဆံမုတ်ဆိတ်ကို ပယ်ပြီးလျှင် ဖန်ရည်ဆိုးသော အဝတ်တို့ကိုဝတ်ရုံလျက် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်၏။ အသျှင်ရဋ္ဌပါလ ဤပျက်စီးခြင်းကို နာမှုပျက်စီးခြင်းဟူ၍ ဆိုရ၏။ အသျှင်ရဋ္ဌပါလမူကား ယခုအခါ အနာမရှိ၊ ဆင်းရဲမရှိ၊ အညီအမျှကျေကျက်စေတတ်သော မအေးလွန်း မပူလွန်းသော ပါစကဓာတ်နှင့် ပြည့်စုံ၏၊ အသျှင်ရဋ္ဌပါလအားထိုနာမှုဟူသော ပျက်စီးခြင်း သည် မရှိ။ အသျှင်ရဋ္ဌပါလသည် အဘယ်အကျိုးထူးကို သိ၍ မြင်၍ကြား၍ လူ့ဘောင်မှ ရဟန်းဘောင် သို့ ဝင်ရောက်ပါသနည်း။ (၂)
အသျှင်ရဋ္ဌပါလ စည်းစိမ်ပျက်စီးခြင်းဟူသည် အဘယ်နည်း— အသျှင်ရဋ္ဌပါလ ဤလောက၌ အချို့ သောသူသည် ကြွယ်ဝ၏၊ များသော ဥစ္စာရှိ၏၊ များသောစည်းစိမ် ရှိ၏။ ထိုသူ၏ ထိုစည်းစိမ်တို့သည်အစဉ်အတိုင်း ကုန်ခန်းခြင်းသို့ ရောက်ကုန်၏။ ထိုသူသည် “ရှေးအခါက ငါသည် ကြွယ်ဝ၏၊ များသောဥစ္စာရှိ၏၊ များသော စည်းစိမ်ရှိ၏၊ ထိုငါ့အား ထိုစည်းစိမ်တို့သည် အစဉ်အတိုင်း ကုန်ခန်းခြင်းသို့ရောက်ကုန်၏။ ငါသည် မရသေးသော စည်းစိမ်ကိုရရန်, ရပြီးသော စည်းစိမ်ကို တိုးပွါးအောင် ပြုရန်မလွယ်ကူချေ၊ အကယ်၍ ငါသည် ဆံမုတ်ဆိတ်ကို ရိတ်ပယ်၍ ဖန်ရည်ဆိုးသော အဝတ်တို့ကို ဝတ်ရုံလျက် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရမူ ကောင်းလေရာ၏”ဟု ဆင်ခြင်၏။ ထိုသူသည် ထိုစည်းစိမ်ပျက်စီးခြင်းနှင့် ပြည့်စုံသည်ဖြစ်၍ ဆံမုတ်ဆိတ်တို့ကို ရိတ်ပယ်ပြီးလျှင် ဖန်ရည်ဆိုးသော အဝတ်တို့ကိုဝတ်ရုံလျက် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်၏။ အသျှင်ရဋ္ဌပါလ ဤပျက်စီးခြင်းကို စည်းစိမ်ပျက်စီးခြင်းဟူ၍ ဆိုရ၏။ အသျှင်ရဋ္ဌပါလမူကား ဤထုလ္လကောဋ္ဌိက နိဂုံး၌သာလျှင် မြတ်သော အမျိုး၏သားဖြစ်ခဲ့၏၊ အသျှင်ရဋ္ဌပါလအား ထိုစည်းစိမ်ပျက်စီးမှု မရှိချေ။ အသျှင် ရဋ္ဌပါလသည် အဘယ်အကျိုးထူးကို သိ၍ မြင်၍ ကြား၍ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ပါသနည်း။ (၃)
အသျှင်ရဋ္ဌပါလ ဆွေမျိုးပျက်စီးခြင်းဟူသည် အဘယ်နည်း— အသျှင်ရဋ္ဌပါလ ဤလောက၌ အချို့သောသူအား များစွာသော အဆွေခင်ပွန်း ဆွေမျိုးသားချင်းတို့သည် ရှိကုန်၏၊ ထိုသူ၏ ထိုအဆွေအမျိုး့တို့သည် အစဉ်အတိုင်း ကုန်ခန်းခြင်းသို့ ရောက်ကုန်၏။ ထိုသူသည် “ငါ့အား ရှေးအခါက များစွာသောအဆွေခင်ပွန်း ဆွေမျိုးသားချင်းတို့သည် ရှိကုန်၏၊ ထိုငါ့အား ထိုအဆွေအမျိုးတို့သည် အစဉ်အတိုင်းကုန်ခန်းခြင်းသို့ ရောက်ကုန်၏။ ငါသည် မရသေးသော စည်းစိမ်တို့ကို ရရန်, ရပြီးသော စည်းစိမ်တို့ကိုတိုးပွါးအောင် ပြုရန် မလွယ်ကူချေ၊ အကယ်၍ ငါသည် ဆံမုတ်ဆိတ်ကို ရိတ်ပယ်၍ ဖန်ရည်ဆိုးသောအဝတ်တို့ကို ဝတ်ရုံလျက် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရမူ ကောင်းလေရာ၏”ဟု ဆင်ခြင်၏။ ထိုသူသည် ထိုဆွေမျိုးပျက်စီးခြင်းနှင့် ပြည့်စုံသည် ဖြစ်၍ ဆံမုတ်ဆိတ်ကို ရိတ်ပယ်ပြီးလျှင် ဖန်ရည်ဆိုးသော အဝတ်တို့ကို ဝတ်ရုံလျက် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်၏။ အသျှင်ရဋ္ဌပါလ ဤသို့သဘောရှိသော ပျက်စီးခြင်းကို ဆွေမျိုးပျက်စီးခြင်းဟူ၍ ဆိုရ၏။ အသျှင်ရဋ္ဌပါလမှာမူကား ဤထုလ္လကောဋ္ဌိကနိဂုံး၌ပင်လျှင် များစွာသော အဆွေခင်ပွန်း ဆွေမျိုးသားချင်းတို့သည် ရှိပါကုန်၏၊ အသျှင်ရဋ္ဌပါလ အား ထိုဆွေမျိုးပျက်စီးခြင်းသည် မရှိပါ။ အသျှင်ရဋ္ဌပါလသည် အဘယ်အကျိုးထူးကို သိ၍မြင်၍ ကြား၍ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ပါသနည်း။ (၄)
အသျှင်ရဋ္ဌပါလ ဤသည်တို့ကား ပျက်စီးခြင်း လေးပါးတို့ပါတည်း၊ ယင်းပျက်စီးခြင်းတို့နှင့် ပြည့်စုံသူအချို့တို့သည်သာ ဆံမုတ်ဆိတ်ကို ရိတ်ပယ်၍ ဖန်ရည်ဆိုးသော အဝတ်တို့ကို ဝတ်ရုံပြီးလျှင် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ကြကုန်၏။ ထိုလေးပါးသော ပျက်စီးခြင်းတို့သည် အသျှင်ရဋ္ဌပါလအား မရှိကုန်။ အသျှင်ရဋ္ဌပါလသည် အဘယ်အကျိုးထူးကို သိ၍ မြင်၍ ကြား၍ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ပါသနည်းဟု လျှောက်၏။
၃ဝ၅။ မင်းကြီး သိတော်မူ မြင်တော်မူ၍ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားသည် လေးပါးသော တရားအကျဉ်းတို့ကိုညွှန်ပြတော်မူ၏။ ငါသည် ယင်းတရားကို သိ၍ မြင်၍ ကြား၍ လူ့ဘောင်မှ ရဟန်းဘောင်သို့ဝင်ရောက်ခဲ့၏။ အဘယ်လေးပါးတို့နည်း ဟူမူ— မင်းကြီး “လူအပေါင်းသည် အိုခြင်း သေခြင်းသို့ ရောက်ရ၏၊ အမြဲမတည်” ဟူ၍ သိတော်မူ မြင်တော်မူ၍ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားသည် ရှေးဦးစွာသော တရားအကျဉ်းကိုညွှန်ပြတော်မူ၏။ ငါသည် ယင်းတရားအကျဉ်းကို သိ၍ မြင်၍ ကြား၍ လူ့ဘောင်မှ ရဟန်းဘောင်သို့ဝင်ရောက်၏။ မင်းကြီး “လူအပေါင်းသည် ခိုကိုးရာမရှိ၊ အားထား ရာမရှိ”ဟူ၍ သိတော်မူ မြင်တော်မူ၍ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားသည် နှစ်ခုမြောက်သော တရားအကျဉ်းကို ညွှန်ပြတော်မူ၏။ ငါသည် ယင်းတရားကို သိ၍မြင်၍ ကြား၍ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ခဲ့၏။ မင်းကြီး “လူအပေါင်းသည် ကိုယ်ပိုင်ဥစ္စာမရှိ၊ အလုံးစုံသော ဥစ္စာကို စွန့်လွှတ်၍ သွားရ၏”ဟူ၍ သိတော်မူ မြင်တော်မူ၍ ပူဇော်အထူးကိုခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားသည်သုံးခုမြောက်သော တရားအကျဉ်းကို ညွှန်ပြတော်မူ၏။ ငါသည် ယင်းတရားကို သိ၍ မြင်၍ ကြား၍လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ခဲ့၏။ မင်းကြီး “လူအပေါင်းသည် အလိုမပြည့်၊ ယုတ်လျော့လျက်သာ ရှိ၏၊ ရောင့်ရဲမှုမရှိ၊ တဏှာ၏ ကျွန်တည်း”ဟူ၍ သိတော်မူ မြင်တော်မူ၍ ပူဇော်အထူးကိုခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားသည်လေးခုမြောက်သော တရားအကျဉ်းကို ညွှန်ပြတော်မူ၏။ ငါသည် ယင်းတရားကိုသိ၍ မြင်၍ ကြား၍လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ခဲ့၏။ မင်းကြီး သိတော်မူ မြင်တော်မူ၍ ပူဇော်အထူးကိုခံတော်မူ ထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသောထိုမြတ်စွာဘုရားသည် ဤ လေးပါးသော တရားအကျဉ်းတို့ကို ညွှန်ပြတော်မူ၏။ ငါသည်ယင်းတရားလေးပါးကို သိ၍ မြင်၍ ကြား၍ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်၏ဟု (ဆို၏)။
၃ဝ၆။ “လူအပေါင်းသည် အိုခြင်း သေခြင်းသို့ ရောက်ရ၏၊ အမြဲ မတည်”ဟု အသျှင်ရဋ္ဌပါလသည်ဆို၏၊ အသျှင်ရဋ္ဌပါလဆိုသော ဤစကား၏ သဘော (အဓိပ္ပါယ်) ကို အသို့ မှတ်ရပါမည်နည်းဟု (လျှောက်၏)။ မင်းကြီး ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ နှစ်ဆယ်ရွယ် အစိတ်ရွယ်ဟု ခန့်မှန်းရသော သင်မင်းကြီးသည် ဆင်စီးအတတ် မြင်းစီးအတတ် ရထားစီးအတတ် လေးအတတ် ဓားလှံအတတ်တို့၌ တတ်မြောက်ပြီးဖြစ်၍ ပေါင်အား လက်ရုံးအားရှိသည့်ပြင် စစ်မြေပြင်၌ ကျင်လည်နိုင်သောအတ္တဘော စွမ်းအားလည်း ရှိခဲ့ဖူးသည် မဟုတ်ပါလောဟု (မေး၏)။ အသျှင်ရဋ္ဌပါလ နှစ်ဆယ်ရွယ်အစိတ်ရွယ်ဟု ခန့်မှန်းရသော အကျွန်ုပ်သည် ဆင်စီးအတတ် မြင်းစီးအတတ် ရထားစီးအတတ်လေးအတတ် ဓားလှံ အတတ်တို့၌ တတ်မြောက်ပြီး ဖြစ်၍ ပေါင်အား လက်ရုံးအားရှိသည့်ပြင်စစ်မြေပြင်၌ ကျင်လည်နိုင်သော အတ္တဘောစွမ်းအားလည်း ရှိခဲ့ဖူးပါ၏။ အသျှင်ရဋ္ဌပါလ အကျွန်ုပ်သည်တစ်ခါတစ်ရံ တန်ခိုးရှိသူကဲ့သို့ ထင်မှတ်ပါ၏၊ မိမိအားနှင့် တူမျှသောအားရှိသူကို မမြင်ခဲ့ပါဟု (လျှောက်၏)။ မင်းကြီး ထိုအရာကို အဘယ်သို့ အောက်မေ့ဘိသနည်း။ သင်မင်းကြီးသည် ယခုအခါရှေးကကဲ့သို့ ပေါင်အား လက်ရုံးအား ရှိသည့်ပြင် စစ်မြေပြင်၌ ကျင်လည်နိုင်သော အတ္တဘောစွမ်းအားရှိသေး၏လောဟု (မေး၏)။ အသျှင် ရဋ္ဌပါလ မဖြစ်နိုင်တော့ပါ၊ ယခုအခါ အိုမင်းကြီးမြင့် အရွယ်ရင့်ကာဆင့်ဆင့် လွန်မြောက် နောက်ဆုံး အရွယ်သို့ ရောက်ခဲ့ပါပြီ၊ အကျွန်ုပ်သည် ရှစ်ဆယ်ရွယ် ရှိနေပါပြီ၊ အသျှင်ရဋ္ဌပါလ တစ်ရံတစ်ခါ အကျွန်ုပ် သည် ဤအရပ်၌ ခြေချအံ့ဟု နှလုံးသွင်းလျက် အခြားအရပ်၌ချမိပါ၏ဟု (လျှောက်၏)။
မင်းကြီး သိတော်မူ မြင်တော်မူ၍ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားသည် ဤသည်ကို ရည်ရွယ်၍ “လူအပေါင်းသည်အိုခြင်း သေခြင်းသို့ ရောက်ရ၏၊ အမြဲမတည်”ဟု ဟောတော်မူ၏။ ယင်းကို သိ၍ မြင်၍ ကြား၍အကျွန်ုပ်သည် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ခဲ့ပါ၏ဟု (ဆို၏)။ အသျှင်ရဋ္ဌပါလ အံ့ဖွယ်ရှိပါပေစွ အသျှင်ရဋ္ဌပါလ မဖြစ်ဖူးမြဲ ဖြစ်ပါပေစွ၊ သိတော်မူ မြင်တော်မူ၍ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားသည် “လူအပေါင်းသည်အိုခြင်း သေခြင်းသို့ ရောက်ရ၏၊ အမြဲမတည်” ဟူ၍ ဟောထားသော ဤစကားသည်အလွန်မှန်လှပေ၏။ အသျှင်ရဋ္ဌပါလ လူအပေါင်းသည် အိုခြင်း သေခြင်းသို့ ရောက်ရ၏၊ အမြဲမတည်ပါချေ။ (၁)
အသျှင်ရဋ္ဌပါလ ဤမင်းမျိုး၌ ဆင်တပ် မြင်းတပ် ရထားတပ် ခြေလျင်တပ် ရှိကြပါကုန်၏၊ အကျွန်ုပ်တို့အား ဘေးရန်ရှိသောအခါ ဆီးတားရန် ဖြစ်ပါကုန်လတ္တံ့။ အသျှင်ရဋ္ဌပါလသည် “လူအပေါင်းသည် ခိုကိုးရာမရှိ၊ မှီခိုရာ မရှိ” ဟူ၍ ဆို၏၊ အသျှင်ရဋ္ဌပါလဆိုအပ်သော ဤစကား၏သဘော (အဓိပ္ပါယ်) ကို အသို့မှတ်ရပါမည်နည်းဟု (လျှောက်၏)။ မင်းကြီး ထိုအရာကို အဘယ်သို့မှတ်ထင်သနည်း၊ သင်မင်းကြီးအား သက်သာရာမရအောင် နာကျင်သောအနာတစ်စုံတစ်ခုဖြစ်ဖူး၏လောဟု (မေး၏)။ အသျှင်ရဋ္ဌပါလ အကျွန်ုပ်အား သက်သာရာမရအောင်နာကျင်သောအနာ ဖြစ်ဖူးပါ၏။ အသျှင်ရဋ္ဌပါလ တစ်ရံတစ်ခါ အကျွန်ုပ်ကို “ကောရဗျမင်းသည်ယခုသေလတ္တံ့၊ ကောရဗျမင်းသည် ယခုသေလတ္တံ့”ဟု အဆွေခင်ပွန်း ဆွေမျိုးသားချင်းတို့သည်ခြံရံဝိုင်းအုံ၍ တည်ကြကုန်၏ဟု (လျှောက်၏)။
မင်းကြီး ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ သင်မင်းကြီးသည် ထိုအဆွေခင်ပွန်း ဆွေမျိုးသားချင်းတို့ကို “လာကြကုန်လော့၊ ငါ၏ အဆွေခင်ပွန်း ဆွေမျိုးသားချင်းဖြစ်ကုန်သော အမောင်တို့ငါခံစားရသည့် ဝေဒနာပေါ့ပါးသက်သာအောင် ထင်ရှားရှိကုန်သည့် အားလုံးသော သင်တို့သည်ပင် ဤငါ၏ဝေဒနာကို ခွဲယူ၍ ခံကြပါကုန်”ဟု ဆို၍ ရပါလတ္တံ့လော၊ သို့မဟုတ် သင်မင်းကြီးသည်သာလျှင် ထို့ဝေဒနာကို ခံစားရရာသလောဟု (မေး၏)။ အသျှင်ရဋ္ဌပါလ အကျွန်ုပ်သည် အဆွေခင်ပွန်း ဆွေမျိုးသားချင်းတို့ကို “လာကြကုန်လော့၊ ငါ၏ အဆွေခင်ပွန်း ဆွေမျိုးသားချင်း ဖြစ်ကြကုန်သော အမောင်တို့ငါခံစားရသည့် ဝေဒနာပေါ့ပါးသက်သာအောင် ထင်ရှားရှိသည့် အားလုံးသော သင်တို့သည် ဤငါ၏ဝေဒနာကို ခွဲယူ၍ ခံကြပါကုန်”ဟု ဆို၍ မရနိုင်ပါ၊ စင်စစ်သော်ကား အကျွန်ုပ်သည်သာလျှင်ထိုဝေဒနာကို ခံစားရပါ၏ဟု (လျှောက်၏)။ မင်းကြီး သိတော်မူမြင်တော်မူ၍ ပူဇော်အထူးကိုခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားသည်ဤသို့သဘောရှိ သော အကြောင်းကို ရည်ရွယ်၍ “လူအပေါင်းသည် ခိုကိုးရာမရှိ၊ အားထားရာမရှိ”ဟုဟောကြားတော် မူ၏။ ယင်းကို သိ၍ မြင်၍ ကြား၍ အကျွန်ုပ်သည် လူ့ဘောင်မှ ရဟန်းဘောင်သို့ဝင်ရောက်ခဲ့ပါ၏ဟု (ဆို၏)။ အသျှင်ရဋ္ဌပါလ အံ့ဖွယ်ရှိပါပေစွ၊ အသျှင်ရဋ္ဌပါလ မဖြစ်ဖူးမြဲ ဖြစ်ပါပေစွ၊ သိတော်မူ မြင်တော် မူ၍ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားသည် “လူအပေါင်းသည် ခိုကိုးရာမရှိ၊ အားထားရာမရှိ”ဟူ၍ဟောထားသော ဤစကား သည် အလွန်မှန်လှပေ၏။ အသျှင်ရဋ္ဌပါလ လူအပေါင်းသည် ခိုကိုးရာမရှိသည် မှန်ပါ၏၊ အားထားရာ မရှိသည် မှန်ပါ ၏။ (၂)
အသျှင်ရဋ္ဌပါလ ဤမင်းမျိုး၌ မြေ၌မြှပ်ထားသည်လည်းဖြစ်သော ဟင်းလင်းပြင်၌ ထားသည်လည်းဖြစ်သော များစွာသော ရွှေငွေသည် ရှိသည်သာတည်း။ “ဤလူအပေါင်းသည် ကိုယ်ပိုင်ဥစ္စာဟူ၍ မရှိ၊ အလုံးစုံသော ဥစ္စာကို စွန့်ပစ်ခဲ့၍ သွားရ၏”ဟူ၍ အသျှင်ရဋ္ဌပါလ ဆို၏။ အသျှင်ရဋ္ဌပါလဆိုသောဤစကား၏ သဘော (အဓိပ္ပါယ်) ကို အသို့မှတ်ရပါမည်နည်းဟု (လျှောက်၏)။
မင်းကြီး ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ သင်မင်းကြီးသည် ယခုဘဝ၌ ငါးပါးသောကာမဂုဏ်တို့ဖြင့် ရောင့်ရဲသည်ဖြစ်၍ ပြည့်စုံသည်ဖြစ်၍ စံပယ်ခံစားသကဲ့သို့ “တမလွန်လောက၌လည်းထို့အတူသာလျှင် ငါသည် ဤသည့်ငါးပါးသော ကာမဂုဏ်တို့ဖြင့်သာလျှင် ရောင့်ရဲသည်ဖြစ်၍ ပြည့်စုံသည်ဖြစ်၍ စံပယ်ခံစားအံ့”ဟု သင်မင်းကြီးသည် ရနိုင်ပါမည်လော၊ ထိုသို့မဟုတ် တစ်ပါးသော သူတို့သည်ဤစည်းစိမ်ကို သုံးဆောင်၍ သင်မင်းကြီးမှာမူ ကံအားလျော်စွာ သွားရမည် မဟုတ်ပါလောဟု (မေး၏)။ အသျှင်ရဋ္ဌပါလ အကျွန်ုပ်သည် ယခုဘဝ၌ ငါးပါးသော ကာမဂုဏ်တို့ဖြင့် ရောင့်ရဲသည်ဖြစ်၍ ပြည့်စုံသည်ဖြစ်၍ စံပယ်ခံစားသကဲ့သို့ “တမလွန် လောက၌လည်း ဤအတူသာလျှင် အကျွန်ုပ်သည် ဤငါးပါးသော ကာမဂုဏ်တို့ဖြင့်သာလျှင် ရောင့်ရဲသည်ဖြစ်၍ ပြည့်စုံသည်ဖြစ်၍ စံပယ်အံ့”ဟူ၍ မရနိုင်ပါ၊ စင်စစ်သော်ကား တစ်ပါးသောသူတို့သည် ဤစည်းစိမ်ကို သုံးဆောင်ကြ၍ အကျွန်ုပ်မှာမူ ကံအားလျော်စွာသာ သွားရပါမည်ဟု (လျှောက်၏)။ မင်းကြီး သိတော်မူ မြင်တော်မူ၍ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားသည် ဤသည်ကိုရည်ရွယ်၍ “လူအပေါင်းသည် ကိုယ်ပိုင်ဥစ္စာဟူ၍ မရှိ၊ အလုံးစုံသော ဥစ္စာတို့ကို စွန့်ပစ်ခဲ့၍ တမလွန်လောကသို့ သွားရ၏”ဟု ဟောတော်မူ၏။ ယင်းကို သိ၍ မြင်၍ ကြား၍ ငါသည် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ခဲ့ပါ၏ဟု (ဆို၏)။ အသျှင်ရဋ္ဌပါလ အံ့ဖွယ်ရှိပါပေစွ၊ အသျှင်ရဋ္ဌပါလ မဖြစ်ဖူးမြဲဖြစ်ပါပေစွ၊ သိတော်မူ မြင်တော်မူ၍ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားသည် “လူအပေါင်းသည် ကိုယ်ပိုင်ဥစ္စာဟူ၍ မရှိ၊ အလုံးစုံသော ဥစ္စာကို စွန့်ပစ်ခဲ့၍ တမလွန်လောကသို့ သွားရ၏”ဟု ဟောထားသော ဤစကားသည်အလွန် မှန်လှပါ၏၊ အသျှင်ရဋ္ဌပါလ လူအပေါင်းသည် ကိုယ်ပိုင်ဥစ္စာဟူ၍ မရှိသည် မှန်လှပါ၏၊ အလုံးစုံသောဥစ္စာကို စွန့်ပစ်၍ တမလွန်လောကသို့ သွားရသည် မှန်လှပါ၏။ (၃)
“လူအပေါင်းသည် အလိုမပြည့် ယုတ်လျော့လျက်သာ ရှိ၏၊ ရောင့်ရဲမှုမရှိ၊ တဏှာ၏ ကျွန်တည်း” ဟူ၍အသျှင်ရဋ္ဌပါလသည် ဆို၏။ အသျှင်ရဋ္ဌပါလဆိုသော ဤစကား၏ သဘော (အဓိပ္ပါယ်) ကို အဘယ် သို့မှတ်ရပါမည်နည်းဟု (လျှောက်၏)။ မင်းကြီး ထိုအရာကို အဘယ်သို့မှတ်ထင်သနည်း၊ (သင်သည်) စည်ပင်ဝပြောသော ကုရုတိုင်းကို စိုးအုပ်၍ နေသည် မဟုတ်ပါလောဟု (မေး၏)။ အသျှင်ရဋ္ဌပါလစည်ပင်ဝပြောသော ကုရုတိုင်းကို (ငါ) စိုးအုပ်၍ နေသည် မှန်ပါ၏ဟု (လျှောက်၏)။ မင်းကြီးထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ ဤကုရုတိုင်း၌ ယုံကြည်ထိုက်သော ခိုင်လုံသည့်စကားရှိသောယောကျာ်း တစ်ယောက်သည် အရှေ့အရပ်မှ လာရောက်ပြီးလျှင် သင်မင်းကြီးကို ချဉ်းကပ်၍ “မင်းကြီးပြောကြား ပါ၏၊ သိတော်မူလော့၊ အကျွန်ုပ်သည် အရှေ့အရပ်မှ လာခဲ့ပါ၏၊ ထိုအရှေ့အရပ်၌ ပြည့်လည်းပြည့်စုံ၍ စည်ပင်ဝပြောကာ လူဦးရေများ၍ လူမျိုးစုံပြွမ်းသော နယ်ပယ်ကြီးကို မြင်ခဲ့ပါ၏၊ ထိုနယ်ပယ်၌ဆင် အပေါင်း မြင်းအပေါင်း ရထားအပေါင်း ခြေသည်သူရဲအပေါင်းတို့သည် များကုန်၏၊ ထိုနယ်ပယ်၌ဥစ္စာ စပါးလည်း ပေါများပါ၏၊ ထိုနယ်ပယ်၌ ပြုလုပ်ပြီး မပြုလုပ်ရသေးသည့် ရွှေငွေလည်း ပေါများပါ၏၊ ထိုနယ်ပယ်၌ သိမ်းယူသင့်သော မိန်းမလည်း ပေါများပါ၏၊ မင်းကြီး စစ်သည်ဗိုလ်ပါ ရဲမက် အနည်းငယ်မျှဖြင့် အောင်မြင်နိုင်သည်သာ ဖြစ်ပါ၏”ဟု ဆိုရာ၏၊ ထိုနယ်ပယ်ကို သင်မင်းကြီးသည် အသို့ပြုရာသနည်းဟု (မေး၏)။ အသျှင်ရဋ္ဌပါလ ထိုနယ်ပယ်ကိုလည်း အကျွန်ုပ်တို့သည် သိမ်းပိုက်အုပ်စိုးနေပါကုန်အံ့ဟု (လျှောက်၏)။
မင်းကြီး ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ ဤကုရုတိုင်းသို့ အနောက်အရပ်မှ ယောကျာ်း တစ်ယောက်သည် လာရာ၏၊ မြောက်အရပ်မှ။ တောင်အရပ်မှ။ သမုဒ္ဒရာတစ်ဖက်ကမ်းမှ ယုံကြည်ထိုက်သော ခိုင်လုံသည့်စကားရှိသော ယောကျာ်းတစ်ယောက်သည် လာရာ၏၊ ထိုယောကျာ်းသည် သင်မင်းကြီးကို ချဉ်းကပ်၍ “မင်းကြီး ပြောကြားပါ၏၊ သိတော်မူလော့၊ အကျွန်ုပ်သည် သမုဒ္ဒရာတစ်ဖက်ကမ်းမှလာခဲ့ပါ၏၊ ထိုသမုဒ္ဒရာ တစ်ဖက်ကမ်း၌ ပြည့်လည်း ပြည့်စုံ၍ စည်ပင်ဝပြောကာ လူဦးရေများ၍ လူမျိုးစုံပြွမ်းသော နယ်ပယ်ကြီးကို မြင်ခဲ့ပါ၏၊ ထိုနယ်ပယ်၌ များစွာသော ဆင်အပေါင်း မြင်းအပေါင်းရထားအပေါင်း ခြေသည်သူရဲအပေါင်းတို့သည် များကုန်၏။ ထိုနယ်ပယ်၌ ဥစ္စာစပါးလည်း ပေါများပါ၏၊ ထိုနယ်ပယ်၌ ပြုလုပ်ပြီး မပြုလုပ်ရသေးသည့် ရွှေငွေလည်း ပေါများပါ၏၊ ထိုနယ်ပယ်၌ သိမ်းယူသင့်သောမိန်းမလည်း ပေါများပါ၏၊ မင်းကြီး စစ်သည်ဗိုလ်ပါ ရဲမက်အနည်းငယ်မျှဖြင့် အောင်မြင်နိုင်သည်သာဖြစ်ပါ၏”ဟု ဆိုရာ၏၊ ထိုနယ်ပယ်ကို သင်မင်းကြီးသည် အသို့ပြုရာသနည်းဟု (မေး၏)။ အသျှင်ရဋ္ဌပါလ ထိုနယ်ပယ်ကိုလည်း အကျွန်ုပ်တို့သည် သိမ်းပိုက်အုပ်စိုးနေပါကုန်အံ့ဟု (လျှောက်၏)။ မင်းကြီးသိတော်မူ မြင်တော်မူ၍ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားသည် ဤသည်ကိုရည်ရွယ်၍ “လူအပေါင်းသည် အလိုမပြည့်ယုတ်လျက် သာ ရှိချေ၏၊ ရောင့်ရဲမှုမရှိ၊ တဏှာ၏ ကျွန်တည်း”ဟု ဟောတော်မူ၏။ ငါသည်ယင်းတရားကို သိ၍ မြင်၍ ကြား၍ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ခဲ့ပါ၏ဟု (ဆို၏)။ အသျှင်ရဋ္ဌပါလ အံ့ဖွယ်ရှိပါပေ စွ၊ အသျှင်ရဋ္ဌပါလ မဖြစ်ဖူးမြဲ ဖြစ်ပါပေစွ၊ သိတော်မူ မြင်တော်မူ၍ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသောထိုမြတ်စွာဘုရားသည် “လူအပေါင်းသည် အလိုမပြည့် ယုတ်လျက်သာ ရှိ၏၊ မရောင့်ရဲနိုင်၊ တဏှာ၏ကျွန်တည်း”ဟု ဟောထားသော ဤစကား သည် အလွန်လျှင် မှန်လှပေ၏။ အသျှင်ရဋ္ဌပါလလူအပေါင်းသည် အလိုမပြည့်ပါ၊ ယုတ်လျော့လျက်သာ ရှိပါ၏၊ မရောင့်ရဲပါ၊ တဏှာ၏ ကျွန်ပါတည်းဟု (လျှောက်၏)။ (၄)
အသျှင်ရဋ္ဌပါလသည် ဤစကားကို ဟောကြား၏၊ ဤတရားစကားကို ဟောကြားပြီးနောက် ထိုမှတစ်ပါး ဤဂါထာများကို ဟောကြားပြန်၏ —
၃ဝ၇။ (မင်းကြီး) လောက၌ ဥစ္စာရှိသူ လူတို့ကို ငါ မြင်ရသည်မှာ မောဟဖက်၍ ရပြီး ဥစ္စာကိုမလှူရက်ကြသည့်ပြင် လောဘတက်၍ ဥစ္စာသိမ်းဆည်းမှုကိုသာ ပြုကြကုန်၏၊ ကာမဂုဏ်တို့ကို တိုး၍့တိုး၍သာ တောင့်တကြကုန်၏။
မင်းကြီးသည်ပင် ရန်သူအပေါင်းကို ဖိနှိပ်၍ သမုဒ္ဒရာအဆုံးရှိ မြေပြင်အလုံးကို အောင်နိုင်ကာမြေပြင်အလုံးကို စိုးအုပ်ရသူဖြစ်လျက် သမုဒ္ဒရာ၏ ဤမှာဘက် မိမိတိုင်းပြည်ဖြင့် ရောင့်ရဲသည့်သဘောမရှိဘဲ သမုဒ္ဒရာ၏ ထိုမှာဘက် သူပိုင် တိုင်းပြည်ကိုလည်း တောင့်တသေး၏။
မင်းသည်လည်းကောင်း အခြားလူအများသည်လည်းကောင်း တပ်မက်မှု မကင်း ခြင်းဖြင့်သာသေခြင်းသို့ ရောက်ကြကုန်၏၊ အလိုဆန္ဒပြည့်ဝသည် မရှိ၊ ယုတ် လျော့ကုန် လျက်သာလျှင် ခန္ဓာကိုယ်အတ္တဘောကို စွန့်ကြကုန်၏၊ လောက၌ ကာမဂုဏ်တို့ဖြင့် ရောင့်ရဲမှု မရှိသည်သာတည်း။
ထို (သေ) သူကို ဆွေမျိုးတို့သည် ဆံပင်တို့ကို ဖြန့်ကြဲလျက် ငါတို့၏ (သားကား) သေသွားလေပြီတကားဟု ငိုကြွေးမြည်တမ်းကာ ပြောဆိုကြကုန်၏၊ အဝတ်ဖြင့် ရစ်ပတ်ထားသောထိုသူကို ထိုသေရာအိမ်မှ ထုတ်ဆောင်ကြပြီးလျှင် ထင်းပုံသို့ ယူဆောင်ကာ မီးတိုက်ကြကုန်၏။
ထိုသေသူသည် စည်းစိမ်တို့ကိုစွန့်၍ အဝတ်တစ်ထည်တည်းဖြင့်သာ မီးတိုက်ခံရ၏၊ တံကျင်တို့ဖြင့်အထိုးခံရ၏၊ ဆွေမျိုး မိတ်ဆွေအပေါင်းအသင်းတို့သည် ထို သေရသူ၏ အားထားမှီခိုရာတို့ မဖြစ်လာကြကုန်။
အမွေခံတို့သည် ထိုသေသူ၏ အမွေဥစ္စာကို ဆောင်ကြကုန်၏၊ သေသောသတ္တဝါ သည်ကားကံအားလျော်စွာသာ လားရ၏၊ သားသမီးဖြစ်စေ၊ မယားဇနီးဖြစ်စေ၊ ဥစ္စာဖြစ်စေ၊ တိုင်းနိုင်ငံဖြစ်စေမည်သည့်ဥစ္စာမဆို သေသူ၏နောက်သို့ အစဉ်မလိုက် ကြကုန်။
အသက်ရှည်မှုကို ဥစ္စာပေး၍ မရနိုင်၊ စည်းစိမ်ပေးသဖြင့်လည်း အိုခြင်းကို မပယ်ဖျောက်နိုင်ကြကုန်၊ ပညာရှိတို့သည် ဤအသက်ကား နည်းငယ်တိုလျှ၏၊ အမြဲမရှိ၊ ဖောက်ပြန်တတ်သော သဘောရှိ၏ဟုဆိုကြကုန်၏။
ကြွယ်ဝသူတို့သည်လည်းကောင်း၊ ဆင်းရဲသူတို့သည်လည်းကောင်း၊ သေခြင်း အတွေ့ကိုတွေ့ကြရကုန်၏၊ ထို့အတူ သူမိုက်သည်လည်းကောင်း ပညာရှိသည် လည်းကောင်း သေခြင်းအတွေ့ကိုတွေ့ရမည်သာတည်း၊ သူမိုက်သည်ကား မိုက်သည့်အဖြစ်ကြောင့်သာလျှင် တုန်လှုပ်ချောက်ချားကာ သေရာညောင်စောင်း၌ လျောင်းအိပ်ရ၏၊ ပညာရှိသည်သာ သေခြင်းအတွေ့ဖြင့် တွေ့သော်လည်း မတုန်လှုပ်။
ထို့ကြောင့် ပညာသည်သာ ဥစ္စာထက် မြတ်၏၊ ယင်းပညာဖြင့် ကိစ္စအားလုံး ပြီးဆုံးရာအရဟတ္တဖိုလ်ကို ရနိုင်၏၊ မိုက်မဲတွေဝေသူတို့သည် (ကိစ္စအားလုံး) မပြီးဆုံးသေး သောကြောင့်သာလျှင် ဘဝကြီးငယ်တို့၌ ယုတ်မာမှု အကုသိုလ်တို့ကို ပြုမိကြကုန်၏။
ဘဝအဆက်ဆက် ကျင်လည်၍ အမိဝမ်းတိုက်သို့လည်းကောင်း၊ တမလွန်လောက သို့လည်းကောင်းကပ်ရောက်ရ၏၊ ထိုပညာမရှိသူ၏ စကားကို ပညာနည်းသူသည် အလွန် ယုံကြည်သည်ဖြစ်၍အမိဝမ်းတိုက်သို့လည်းကောင်း၊ တမလွန်လောကသို့ လည်းကောင်း ကပ်ရောက်ရ၏။
စည်းခြံစပ်အဝ၌ ခိုးယူတတ်သော ယုတ်မာသော သဘောရှိသူကို မိမိအမှုက ညှဉ်းဆဲဘိသကဲ့သို့ထို့အတူ တမလွန်လောက၌ အကုသိုလ်တရားယုတ်ရှိသည့် သတ္တဝါအပေါင်းကို မိမိအမှုကပင်ညှဉ်းဆဲလေ၏။
မင်းကြီး ကာမဂုဏ်ငါးပါးတို့သည် ဆန်းကြယ်ကုန်သည်သာလျှင်တည်း၊ သာယာဖွယ်ကဲ့သို့ ဖြစ်ကုန်၏၊ မွေ့လျော်ဖွယ်ကဲ့သို့ ဖြစ်ကုန်၏၊ အထူးထူးသော သဘောဖြင့် စိတ်ကို မွှေနှောက်တတ်ကုန်၏၊ ကာမဂုဏ်တို့၌ အပြစ်ကို မြင်သော ကြောင့် ငါသည် ရဟန်းပြု၏။
မင်းကြီး (ငယ်ငယ်ကြီးကြီး) သစ်သီးတို့သည် ကြွေကျကုန်သကဲ့သို့ လုလင်ပျို တို့သည်လည်းကောင်း၊ ငယ်ရွယ်သူတို့သည်လည်းကောင်း၊ ကြီးသူတို့သည်လည်း ကောင်း သေကြကုန်၏၊ ထိုအကြောင်းကိုလည်း့မြင်၍ မချွတ်မယွင်း ဝဋ်ဆင်းရဲတွင်းမှ ထွက်မြောက်ကြောင်းဖြစ်သော ရဟန်းအဖြစ်သည်သာ မြတ်လှပေ၏ဟု နှလုံးသွင်းလျက် ငါသည် ရဟန်းပြုခဲ့ပေသတည်း။
နှစ်ခုမြောက် ရဋ္ဌပါလသုတ် ပြီး၏။
၁။ သနပ်ခါးဖိုး ပန်းဖိုးမျှ ရှိသေး၏ဟု ဆိုလိုသည်။